Thursday, August 30, 2012

ပုဂံရှင်းတမ်း(မောင်သန်းဆွေ-ထားဝယ်)

0 comments
“လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံ ဘုရားပေါင်း”
“ညိုးညိုးညံ၊ ပုဂံဆော်သည့်မောင်း”“ကိုးကိုးတန်၊ ပုဂံအိမ်ခြေပေါင်း”“ရွှေလသာဝါ၀ါဝင်း၊ပုဂံဘုရား ရေချိုးဆင်း”အထက်ပါ စာလင်္ကာများကို မည်သည့်စာအုပ်၊ စာပေ၊ ပုရပိုက်၊ ကျောက်ပြား(ကျောက်စာ)တွင်မျှ မတွေ့ဖူးပါ။ “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း”ဆိုသည်မှာ လေးသန်း၊ လေးသိန်းလေးသောင်း ခြောက်ထောင့်ခုနစ်ရာ သုံးဆယ့်သုံးဆူ(၄၄၄၆၇၃၃)သော ဘုရားများသည် ပုဂံမြေပေါ်ရှိ ဘုရားအရေအတွက်ဖြစ်သည်ဟု ဆိုလိုကြောင်း ပြောကြသည်။ ကျန်သည့် စာလင်္ကာများသည်လည်း ထိုသို့ပင် အဓိပ္ပာယ်ဆောင်သည်ဟု ပြောကြပါသည်။ “ပုဂံရာဇ၀င်ကို၊ တုတ်ထမ်း၊ ဓားထမ်း၍ ပြောကြသည်”ဟု ဆိုသည့် အတိုင်း ပုဂံဘုရားများ အရေအတွက်၊ ပုဂံမြေနှင့်ပတ်သက်၍လည်း တုတ်ထမ်း၊ ဓားထမ်း၍ငြင်းရမည်ကဲ့သို့ ဖြစ်နေပါတော့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ရှင်းပြခဲ့သူတစ်ဦး ရှိပါသည်။ သူကား ပုဂံ သခင်ရဲညွန့် ဆိုသူဖြစ်သည်။ ယခုအခါ သခင်ရဲညွန့် ရှိတော့မည်မထင်ပါ။ သူက ခရစ်နှစ် ၁၈၉၉ ခု ဖွားဟုဆို၍ ယခုသက်ရှိထင်ရှားရှိခဲ့လျှင် အသက် ၁၁၃ နှစ်ပင်ရှိရော့မည်။ သူနှင့်တွေ့ကြုံရပုံ၊ သူရှင်းပြခဲ့သည့် ပုဂံဘုရားများအရေအတွက်နှင့် ပုဂံမြေ အကြောင်းအရာများကို ရှင်းပြပါမည်။ သူနှင့် စာရေးသူတို့ ပုဂံမြေပေါ်တွင်ဆုံရသည်မှာ၊ ပုဂံငလျင်ကြီးမလှုပ်မီ တစ်နှစ်က ဖြစ်၏။ စာရေးသူဖခင်၏ ညီဝမ်းကွဲ ဒေါက်တာလျန်း ဆိုသူမှာ မန္တလေးမှဆရာဝန်ကြီး ဖြစ်သည်။ အစိုးရမှ အငြိမ်းစားယူပြီးနောက် ကိုယ်ပိုင်ဆေးခန်းဖွင့်ပြီး မန္တလေးတွင်ပင် အခြေချနေထိုင်ခဲ့ပါသည်။ တာရဲတန်း၊ လမ်း ၈၀ ပေါ်မှ လျမ်းကလဲနစ်ခေါ်သည့် ဆေးခန်း၊ ဆေးတိုက်၊ သားဖွားဆောင်ကိုဖွင့်ပြီး ဆေးကုသနေသည်။ သူ၏ဇနီးမှာ ဒေါ်နှင်းမြဟုခေါ်သည်။ မန္တလေးတစ်မြို့လုံးက မာမီလျမ်းဟု ခေါ်ကြ၏။ သူတို့ဇနီးမောင်နှံတွင် သမီးသာရှိသည်။ သား မရှိပါ။ စာရေးသူအား စာရေးသူမိခင်က ဗိုက်ခွဲ၍မွေးဖွားရာတွင် အင်္ဂလိပ်ဆရာဝန်ကြီးနှင့်အတူ အန်ကယ်လျန်းလည်း ရှိနေပါသည်။ ထို့ကြောင့် စာရေးသူအား မွေးပေးခဲ့သူလည်း ဖြစ်သည်။ သူတို့ဇနီးမောင်နှံသည် စာရေးသူကို သားအရင်းတမျှချစ်ခင်ကြပါသည်။ ထို့ကြောင့် အောက်တိုဘာ ကျောင်းပိတ်ရက်များတွင် မန္တလေးမှ သူတို့ထံသွားနေရလေ့ ရှိသည်။ အန်ကယ် ဆုံးသွားပြီးနောက် အန်တီဒေါ်နှင်းမြသည် ဘုရားတည်၊ ကျောင်းဆောက် အလှူ အတန်းများ လုပ်ပြီး ခရီး ထွက်နေသည်က များသည်။ ထိုသို့ ခရီးထွက်လျှင် ကျောင်းပိတ်ရက် နှင့်ဆုံက စာရေးသူ လိုက်ပါ သွားရတတ်သည်။အန်တီ ဒေါ်နှင်းမြသည် ပုဂံမှ ဂေါတော့ပလ္လင်စေတီကို လုံးတော်ပြည့်ရွှေချသည်။ ကုလားကျောင်းကိုမူ ထုံးသင်္ကန်းကပ်သည်။ ထိုနှစ်က ထုံးသင်္ကန်းအစား ခေတ်ပေါ်ရေဆေးအဖြူ သုတ်လှူ၍ ပုဂံသို့သွားခြင်းဖြစ်သည်။ ဂေါတော့ပလ္လင်ဘုရားသို့ ရောက်သောအခါ ဂေါပကများနှင့်အတူ သခင်ရဲညွန့်လည်း ရှိနေပါသည်။ သူသည် အန်တီဒေါ်နှင်းမြနှင့် နဂိုကတည်းကသိကျွမ်းနေပုံရသည်။ ထိုနေ့က နံနက်စာ အတူသွားစားကြရာ သူနှင့် အန်တီဒေါ်နှင်းမြတို့ ပုဂံဘုရားများအရေအတွက်နှင့်ပတ်သက်ပြီး စကားလက်ဆုံကျကြသည်။ သူ့စကားများမှာ တန်ဖိုးရှိလှ၍ စာရေးသူလိုက်မှတ်ထားသဖြင့် ယခုကဲ့သို့ ရေးနိုင်ခြင်းဖြစ်ပါသည်။ “လှည်းဝင်းရိုးသံ တညံညံ ပုဂံဘုရားပေါင်းဆိုတော့ ပုဂံမှာ ဘုရား စေတီအရေအတွက်ပေါင်း လေးသန်း လေးသိန်းလေးသောင်း ခြောက်ထောင့်ခုနစ်ရာသုံးဆယ့်သုံးဆူ ရှိတယ်လို့ထင်ရမှာပေါ့ ဒေါ်နှင်းမြရယ်။ ဒါဟာ လုံးဝ မဟုတ်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပုဂံက ရွှေကျောင်းဆရာတော်ဦးစန္ဒကို ကျွန်တော် မေးလျှောက်ခဲ့ဖူးတယ်။ ဒီဆရာတော်ကြီးက ပုဂံမြို့တိုက်စုရပ်မှာ ဖွားမြင်တော်မူခဲ့တဲ့ ပုဂံမြို့သားစစ်စစ် ဆရာတော်ကြီြးုဖစ်တယ်။ မန္တလေးနေပြည်တော် မင်းတုန်းမင်းတရားကြီး နှင့် သီပေါမင်းတရားတို့ မင်းနှစ်ပါးလက်ထက်တော်များမှာ ကင်းဝန်မင်းကြီးကျောင်းတိုက်က စာချဆရာတော်ဖြစ်ပါတယ်။ ပါတော်မူတဲ့အခါ ဆရာတော်ဟာ သူ့ဇာတိပုဂံမြို့ကိုပြန်လာပြီး မြို့အရှေ့ဘက်မှာရှိတဲ့ ရွှေကျောင်းကြီးမှာပဲ ကျောင်းထိုင်ဆရာတော်အဖြစ်နဲ့ သီတင်းသုံးခဲ့တယ်။ ဆရာတော်ကြီးဟာ အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့နာယကဆရာတော်ဖြစ်သလို နတ်ထောင့်ဂိုဏ်းကြီးရဲ့ဂိုဏ်းချုပ်ဆရာတော်ကြီးလည်း ဖြစ်တယ်။ စာပေပိဋကတ်ကျမ်းဂန်များ နှံ့စပ်တတ်ကျွမ်းရုံသာမက ရှေးဟောင်းကျောက်စာများကိုလည်း လေ့လာဆည်းပူးထားလေတော့ ဒီဆရာတော်ကြီးကို ကျွန်တော်က ပုဂံဘုရားများ အရေအတွက်လင်္ကာများနဲ့ပတ်သက်ပြီး ဘ၀င်မကျလို့ မေးမြန်းလျှောက်ထားတဲ့အခါမှာ ဆရာတော်ကြီးက စိတ်ရှည်လက်ရှည်ရှင်းပြခဲ့ပါတယ်။ ဆရာတော်ကြီးက ဒီလင်္ကာများဟာ ဘယ်စာထုပ်၊ ပေပုရပိုက်၊ ကျောက်စာတွေမှာမှ ရေးထားတာမဟုတ်ဘူးတဲ့။ ပုဂံမြို့အရှေ့တောင်ဘက် တစ်တိုင်ရွာက ဖွားစောရွာသူကြီး ဦးထွန်းဦးဆိုသူက ကြံဖန်ရေးစပ်ထားခဲ့ခြင်းသာ ဖြစ်တယ်လို့မိန့်ကြားတော်မူပါတယ်။ “မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်နှစ်လောက်မှာ ကျောက်စာဌာန(ယခု ရှေးဟောင်းသုတေသနဌာန)က ပုဂံမြို့မှာရှိတဲ့ စေတီပုထိုး၊ ဂူကျောင်းများရဲ့ဘွဲ့တော်များကို ရေတွက်ရေးမှတ်ပြီး ဘုရားစာရင်းပြုလုပ်ပါသတဲ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဦးထွန်းဦးကို သိတယ်လို့ယုံကြည်ပြီး ကျောက်စာဝန်က သူ့ကို ခရီးညွှန်လမ်းပြအဖြစ်နဲ့ခေါ်ယူသွားပြီး ဘုရားပုထိုးများရဲ့ဘွဲ့နာမည်များကို ပြောပြစေခဲ့ပါတယ်။ ပုဂံ ၀န်ထောက်ဦးတင်ကိုယ်တိုင်က သူ့ကို ယုံနေတာကလား။ “နောက်မကြာမီပဲ ဦးထွန်းဦးက ရှေးပေပုရပိုက်တွေမှာတွေ့သယောင်ယောင်နဲ့ ပုဂံဘုရားများနဲ့ပတ်သက်တဲ့ လင်္ကာများကိုရေးစပ်ပါတော့တယ်။ လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း ဆိုတော့ ပုဂံမြေပေါ်မှာ ဘုရားစေတီပေါင်း လေးသန်းလေးသိန်း လေးသောင်းခြောက်ထောင့်ခုနစ်ရာ သုံးဆယ့်သုံးဆူရှိတယ်လို့ အဓိပ္ပာယ်ဆောင်နေတာပေါ့။ “ဒေါ်နှင်းမြ စဉ်းစားကြည့်ပါ။ ဒီဘုရားတွေ ပုဂံမြေပေါ်မှာ တည်ထားရင် မဆံ့နိုင်ပါဘူး။ ဒီလောက်လည်း ပုဂံမြေမရှိပါဘူး။ ဒီဘုရားတွေတည်ထားဖို့ မြန်မာနိုင်ငံတစ်ဝက်လောက် နေရာလိုလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု သခင်ရဲညွန့်က ရှည်လျားစွာ ပြောပြသောအခါ အန်တီဒေါ်နှင်းမြက-“ဒါဖြင့်ရင် ရွှေလသာဝါ၀ါဝင်း၊ ပုဂံဘုရားရေချိုးဆင်း ဆိုတာကကော”“ရွှေလသာဝါ၀ါဝင်း၊ ပုဂံဘုရား ရေချိုးဆင်းဆိုတာက ဧရာဝတီမြစ်ရေတိုက်စားသွားလို့ ဘုရားပေါင်း လေးသိန်းလေးသောင်းခြောက်ထောင့် လေးရာလေးဆယ့်လေးဆူ ရေထဲပါသွားတယ်လို့ ဆိုလိုတာပါ။ အဲဒီ အရေအတွက် ဘုရားစေတီပေါင်းသာ မြစ်ရေတိုက်စားခံရရင် ပုဂံမြို့လူနေအိမ်တွေလည်း အခုလို ကျန်နေတော့မှာ မဟုတ် ပါဘူး။ ဘုရားများနှင့်အတူ ဘုန်းတော်ကြီးကျောင်းများ၊ ဇရပ်များပါ မျောပါသွားနိုင်ပါတယ်။ ဘယ်လိုမှ အကျိုးအကြောင်း ဆီလျော်ဆက်စပ်မှု မရှိပါဘူး။ ဦးထွန်းဦးက သူရွတ်ဆိုလို့ကောင်းသမျှကို လက်တန်းရေးစပ်သွားဟန်ရှိတယ်လို့ ဆရာတော်ကြီးက မိန့်တော်မူပါတယ်။ မြစ်ရေတိုက်စားလို့ ရေထဲမျောပါသွားတဲ့ ဘုရားစာရင်းကို ဘယ်သူကမှ ရေတွက်ရေးမှတ်ထားခဲ့ဟန်လည်း မတူပါဘူး။ “ကိုးကိုးတန် ပုဂံအိမ်ခြေပေါင်း ဆုတဲ့ ကိုးဆယ့် ကိုးကုဋေကျော်မျှရှိတဲ့ နေအိမ်များလည်း ပုဂံမြေမှာ ဆံ့မှာမဟုတ်ပါဘူး။ ဦးထွန်းဦးရဲ့လက်တန်း စကားများသာဖြစ်ပါတယ်။ “ဆရာတော်ကြီးက အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ရဲ့နာယကဆရာတော်ကြီးဖြစ်တာကြောင့် အာနန္ဒာဘုရားကြီးနဲ့ပတ်သက်ပြီးလည်း မေးလျှောက်ခဲ့ပါတယ်။ ဆရာတော်ကြီးက စေတီရံ တစ်သောင်း၊ မုခ်ပေါင်းတစ်ထောင်၊ လမ်းသုံးမြှောင်လို့လည်း ဦးထွန်းဦးက ရေးစပ်ခဲ့ပါသေးတယ်။ ဘုရားကြီးမှာ စေတီရံတစ်သောင်းလည်း မရှိပါဘူး။ မဟာရံတံတိုင်းအပြင်ဘက် တစ်ဖက်ကို စေတီငယ် နှစ်ရာ့ငါးဆယ်စီ ရှိပါတယ်။ လေးဖက်ပေါင်းမှ တစ်ထောင်ရှိတာပါ။ စေတီကြီးပေါ်မှာရှိတဲ့စေတီများ မဟာရံတံတိုင်း မုခ်လေးမုခ်ရဲ့စေတီလေးဆူနဲ့တကွ အားလုံးပေါင်းမှ စေတီငယ်ပေါင်းတစ်ထောင်နဲ့ နှစ်ဆယ့်ကိုးဆူပဲ ရှိပါတယ်။ မုခ်ပေါင်းတစ်ထောင်ဆိုတာကလည်း မဟုတ်ပါဘူး။ တိုးလျှိုပေါက် ထုတ်ချင်းခတ်လိုက်မှ မုခ်အကြီးအငယ် တစ်ရာ့ခြောက်ဆယ်၊ မုခ်ကပ်လိုဏ်ဝင် အကြီးအငယ် တစ်ထောင့်ငါးရာနှစ်ဆယ့်လေးဖြစ်လို့ မုခ်ပေါင်းတစ်ထောင့်ခြောက်ရာ ရှစ်ဆယ့်လေးမုခ်ရှိတယ်လို့ ဆိုပါတယ်။ “လမ်းသုံးမြှောင်လည်း မရှိပါဘူး။ လိုဏ်ဂူတော်အတွင်းမှာ လိုဏ် နှစ်ထပ်ဖြစ်လို့ လမ်းနှစ်မြှောင်ပဲ ရှိတဲ့အကြောင်း ဆရာတော်ကြီးက သေသေချာချာရှင်းပြတော်မူခဲ့ပါတယ်” ယခုကဲ့သို့ သခင်ရဲညွန့်က ပုဂံမြို့ရွှေကျောင်းဆရာတော်ကြီး၏မိန့်ကြားချက်များအရ သူသိခဲ့ရသည့် ပုဂံဘုရားများ အရေအတွက်နှင့်ပတ်သက်၍ ပုဂံဖွားစောရွာသူကြီး ဦးထွန်းဦး၏လုပ်ကြံမှု ယုံတမ်းစကားများကို ရှင်းလင်းပြောကြားခဲ့သည့်အတွက် အထူးပင် ကျေးဇူးကြီးလှပါသည်။ ဖွားစောရွာသူကြီး ဦးထွန်းဦးနှင့်ပတ်သက်သည့် ပါးစပ်ရာဇ၀င်များကိုလည်း စာရေးသူ၏ဆရာ ဗိုလ်မှူးဘရှင်ပြောပြခဲ့၍ သိရသည့်အကြောင်းများ ရှိပါသေးသည်။ ဖွားစောရွာ၏အနောက်ဘက်ရှိ ရေကန်ငယ်ကို ဦးထွန်းဦးက “မင်းတိမ်းကန်”၊ စုက္ကတေးနှင့်အနော်ရထာ စီးချင်းထိုးကြရာ စုက္ကတေး ကြောက်ရွံပြီး တိမ်းသွားသောနေရာကို အနော်ရထာ တူးဖော်ခဲ့သဖြင့် “မင်းတိမ်းကန်” ခေါ်တွင်သည်ဟုလည်းကောင်း၊ ဖွားစောရွာ၏အနောက်ဘက် မိဖုရားစော အုတ်ကျောင်းတောင်ဘက်၌ ညာဏ်တော် ၁၅ တောင်၊ အတောင် ၂၀ ခန့်ရှိဘုရားကိုလည်း “မင်းမရဲဘုရား”၊ စီးချင်းထိုးပွဲမှာ စုက္ကတေးကြောက်ရွံ့၍ မြင်းပေါ် မှာတင် တုန်လှုပ်သောနေရာ၌ အနော်ရထာ တည်ထားခဲ့သောကြောင့် “မင်း မရဲဘုရား”ဘွဲ့တွင်ကြောင်း၊ ထိုဘုရား၏အနောက်ဘက်တွင်ရှိသော လှံဘုရားကို ဦးထွန်းဦးက “လှံကျဘုရား”ဟု ဘွဲ့ပေးပါသည်။ စုက္ကတေး၊ အနော်ရထာ စီးချင်းထိုးပွဲမှာ စုက္ကတေး၏လှံသည် မြင်းပေါ်ကကျသွားသဖြင့် အနော်ရထာက အမှတ်တရတည်ထားခဲ့သောကြောင့် “လှံကျဘုရား”ဘွဲ့တွင်ကြောင်းလည်း ဦးထွန်းဦးကဆိုခဲ့သည် ဆိုပါသည်။ အနော်ရထာနှင့်စုက္ကတေး စီးချင်းထိုးကြသည်မှာ ဦးထွန်းဦးဇာတိ ဖွားစောရွာအနီးတွင် မဟုတ်ပါ။ သဗ္ဗညုဘုရားကြီး၏ တောင်ဘက် ပုဂံမြို့ရိုးအပြင်ဘက်ရှိ “သစ်မထီး” ချောင်းငယ်တွင် တိုက်ကြခြင်း ဖြစ်ပါသည်။ ထိုနေရာ၌ စုက္ကတေးသည် အနော်ရထာ၏လှံချက်ဖြင့် မြင်းပေါ်မှ လိမ့်ကျသွားခဲ့ပါသည်။ မြင်းပေါ်တွင် စုက္ကတေးမပါရှိတော့ဘဲ “မြင်းက”(ကုန်းနှီး)သာ ပါရှိပြီး မြင်းသည် အနုရာဓမြို့ (ယခု မြင်းကပါရွာ) ဆီသို့ ပြေးသွားခဲ့သည်။ အနုရာဓမြို့၏ မြောက်ဘက်၌လည်း အနော်ရထာ၊ စုက္ကတေး စီးချင်းထိုးပွဲ၏ရလဒ်ကို နားထောင်ကြည့်ရှုရန် လူစုလူဝေးကြီး စုရုံးရောက်ရှိနေပါသည်။ မြင်းပေါ်၌လူ (စုက္ကတေး) မပါရှိဘဲ “မြင်းက” သာပါရှိသည်ကို မြင်ကြရ၍ “မြင်းကသာပါသည်၊ မြင်းကသာပါသည်”ဟု ပြောဆိုကြသဖြင့် “အနုရာဓ” မှာ “မြင်းကပါ” အမည်တွင်လာခဲ့ သည်။ မြင်းကပါရွာ၏မြောက်ဘက် အတောင် ၁၀၀ ကွာလောက်တွင် မြင်းကသာပါကြောင်း တွေ့ရှိရာ၌ အနော်ရထာတည်ထားခဲ့သောဘုရားကို “မြင်းကပါ ဘုရား”ဟု ဘွဲ့တော်သတ်မှတ်လျက် ယနေ့တိုင် အထင်အရှား ဖူးတွေ့နိုင်ပါသည်ဟု ဆရာဗိုလ်မှူးကြီးဘရှင်ပြောပြခဲ့၍ သိခဲ့ရပါသည်။ ရှေးဟောင်းသုတေသနဌာနက ပုဂံမြို့နှင့်အနီးတစ်ဝိုက်တွင် စေတီပုထိုးပေါင်း ၅၀၀၀ ကျော်ရှိသည်ဟု ဆိုပါသည်။ (ယဉ်ကျေးမှုဌာန၀န်ကြီး ဦးချစ်သောင်း၏ ပုဂံရက်သတ္တပတ်ဖွင့်ပွဲမိန့်ခွန်းတွင် ဤကဲ့သို့ ပါသည်)။ အင်္ဂလိပ်ခေတ် ကျောက်စာဌာနမှ ပုဂံမြို့နှင့်ဝန်းကျင်ရှိ ဘုရားပုထိုးစေတီများကို ရေတွက်စာရင်း ပြုလုပ်ခဲ့ဖူး ပါသည်။ ဘုရားတစ်ဆူလျှင် သစ်ဆေးဖြင့်နံပါတ်ရေးထိုး၍ ရေတွက်စာရင်းပြုလုပ်ရာ အရေအတွက် သုံးထောင်ကျော်သာရှိကြောင်း မှတ်သားရပါသည်။ ပုဂံဝန်ထောက်ဦးတင်သည် ပုဂံတွင် (အင်္ဂလိပ်ခေတ်က) နှစ်ပေါင်း ၃၀ ကျော်မျှ နေထိုင်သွားခဲ့သည်။ သူ့ကို ကျောက်စာများနှင့် ပုဂံဘုရားများသမိုင်းကို ကောင်းစွာလေ့လာခဲ့သူဖြစ် ၍ နိုင်ငံခြားမှ ထင်ရှားသောပုဂ္ဂိုလ်များ ပုဂံဘုရားဖူးရာတွင် ရှင်းလင်းဖော်ပြစေရန် အငြိမ်းစားယူသည်အထိ မရွှေ့ပြောင်းစေဘဲ ပုဂံနယ်မှာပင် ခန့်ထားအမှုထမ်းစေခဲ့သည်ဟု မှတ်သားရဖူးပါသည်။ အဆိုပါ ပုဂံဝန်ထောက်မင်းဦးတင်၏ ပုဂံဘုရားများသမိုင်း လက်ရေးစာမူစာအုပ်ကို စာရေးသူ ဖတ်ရှုလေ့လာခဲ့ဖူးရာ ထိုလက်ရေးစာမူတွင် ပုဂံဘုရားများအရေအတွက်ကို လေးသန်းကျော်ရှိသည်ဟု ရေးသားမထားပါ။ ထို့ကြောင့် နောင်လာနောက်သားများ အမှတ်အသားမမှားစေရန် တစ်ဆင့်ပြော ပါးစပ်ပြောရာဇ၀င်များကို အမှန်ဟုမယူမှတ်ကြဘဲ အမှန်ကိုသာ သိရှိမှတ်သားနိုင်စေရန် ရေးသားရှင်းပြလိုက်ရခြင်း ဖြစ်ပါသည်။       
မောင်သန်းဆွေ၊ထားဝယ်၊    
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)

http://shweamyutay.com/index.php?option=com_content&view=article&id=4349%3A2012-08-30-04-32-13&catid=90%3A2008-06-08-19-55-01&Itemid=682

ငြိမ်းချမ်းရေးပဲ့တင်သံ -အပိုင်း ၁၇(မျိုးမြင့်ချို)

0 comments

ငြိမ်းချမ်းရေးပဲ့တင်သံ -အပိုင်း ၁၇(မျိုးမြင့်ချို) သြဂုတ် ၃၀ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျာ…
နဝတ နအဖနဲ့ လက်ရှိ ဦးသိန်းစိန်အစိုးရလက်ထက်အထိ လုပ်ခဲ့တဲ့၊လုပ်နေတဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေကိုမတင်ပြခင်မှာ  မတရားသင်းအက်ဥပဒေလို့ဆိုတဲ့ ဥပဒေဆိုးတစ်ခုအကြောင်း နည်းနည်းတင်ပြချင်ပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေအကြောင်း ပြောကြမယ်ဆိုရင် ဒီကိစ္စကိုလည်းပြောရမှာဖြစ်ပါတယ်။ ဒီဥပဒေကြောင့် ပြည်တွင်းစစ်ဖြစ်ရတာမဟုတ်ပေမယ့် လက်နက်ကိုင်တော်လှန်အုံကြွမှုတွေကိုနှိပ်ကွပ်ဖို့ရာ အာဏာရအစိုးရတွေက လက်ကိုင်တုတ်သဖွယ်သုံးခဲ့တဲ့ဥပဒေလို့ ပြောရင်တော့ရပါတယ်။ ဒီဥပဒေကြောင့်ပဲ လူထုစိတ်ထဲမှာ အခြိမ်းခြောက်ခံနေရတဲ့စိတ်ခံစားမှုရှိနေပြီး၊ အကြောက်တရားနဲ့ နေထိုင်နေရတဲ့သဘောလည်းဖြစ်နေပါတယ်။

ဒီဥပဒေကိုအင်္ဂလိပ်လိုတော့ Unlawful Association Act လို့ ခေါ်ပါတယ်။ (၁၉ဝ၈) ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့မှာ အင်္ဂလိပ်ကိုလိုနီအစိုးရကပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ အဓိကဦးတည်ပစ်မှတ်က သူ့ကျွန်မခံချင်လို့ လက်နက်ကိုင်ပုန်ကန်နေကြတဲ့လူမျိုးစုံ ဗမာပြည်သူတွေဖြစ်ပါတယ်။ ပြဋ္ဌာန်းရတဲ့ရည်ရွယ်ချက်ကတော့ ပြည်သူတွေရဲ့တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ဓါတ်ကိုအညွန့်ချိုးပြီး နလံမထူအောင်နှိပ်ကွပ်ပစ်ရေးဖြစ်ပါတယ်။ ဗြိတိသျှနယ်ချဲ့သမားဟာ ဒီလိုဥပဒေမျိုးကို ဗမာပြည်လို သူ့ကိုလိုနီနိုင်ငံတစ်ခုမှာသာ ပြဋ္ဌာန်းရဲပေမယ့် သူတို့ဆီမှာတော့ မပြဋ္ဌာန်းဝံ့ပါဘူး။ ဒီမိုကရေစီစနစ်အောက်မှာ  တရားမဝင်အသင်းအပင်းရှိဖို့ဆိုတာဟာ မဖြစ်နိုင်လို့ပါပဲ။ ဒါတောင် မတရားသင်းအက်ဥပဒေကို ဗမာပြည်မှာပြဋ္ဌာန်းခဲ့တာမှန်ပေမယ့် သူတို့လက်အောက်မှာ မတရားသင်းအဖြစ် အကြေငြာခံခဲ့ရတဲ့အဖွဲ့အစည်းရယ်လို့ တစ်ခုမှမရှိခဲ့ပါဘူး။ ဝိုင်အမ်ဘီအေကအစ တို့ဗမာအစည်းအရုံးကြီးအဆုံး ကျောင်းသားသမဂ္ဂတွေအပါအဝင် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးအသင်းအပင်း အဖွဲ့အစည်းတွေကိုလည်း အတိုင်းအတာတခုအထိ သူတို့လက်အောက်မှာ လွတ်လွတ်လပ်လပ်ရှင်သန် လှုပ်ရှားခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေနဲ့ အရေးယူခံခဲ့ရသူပမာဏဟာလည်း လွတ်လပ်ရေးရပြီးနောက် အမျိုးသားအစိုးရတွေအဆက်ဆက် အရေးယူခဲ့တာတွေနဲ့ယှဉ်လိုက်တော့ မပြောပလောက်ဘူးလို့တောင် ဆိုရမလိုဖြစ်နေပါတယ်။ ပြဋ္ဌာန်းခဲ့သူကကျင့်သုံးခဲ့တာထက် အပြဋ္ဌာန်းခံတွေအာဏာရခါမှ ဒီဥပဒေကိုင်ပြီး အချင်းချင်းပြန်နှိပ်ကွပ်တာက ပိုတောင်ကြီးတယ်လို့ပြောရတော့မလိုဖြစ်နေပါပြီ။

ဒီဥဒေကို နိုင်ငံရေးအရပြောကြဆိုကြသလို တရားဥပဒေကြောင်းအရ ဝေဘန်ကြတာတွေလည်းရှိပါတယ်။ ဒီဥပဒေထွက်လာပြီးနှစ်ပေါင်း(၈ဝ) အကြာ (၁၉၈၈ ခုနှစ် အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ)ကို နဝတ စစ်အာဏာသိမ်းအစိုးရကပြဋ္ဌာန်းခဲ့တာရှိပါတယ်။ ဒီဥပဒေ(၂) ခုထဲက ပုဒ်မတွေကိုနှိုင်းယှဉ်ပြပြီး ဘယ်ဥပဒေက ပိုဆိုးသလဲဆိုတာ ဥပဒေပညာရှင်တွေက ထောက်ပြပြောဆိုနေကြတာဖြစ်ပါတယ်။ (၁၉ဝ၈) ခုနှစ်ဥပဒေရဲ့ မတရားသင်းအဓိပ္ပါယ်ဖွင့်ဆိုချက်က (မတရားအသင်းဆိုသည်မှာ အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်မှုများကိုကျူးလွန်ရန် ကူညီအားပေးသောအဖွဲ့အစည်း သို့တည်းမဟုတ် ထိုကဲ့သို့ပြုမူမှုများကို ကျူးလွန်လေ့ရှိသောအဖွဲ့ဝင်များပါဝင်သော အသင်းကိုဆိုလိုသည်) လို့ပြောထားပြီးတော့ (၁၉၈၈) ခုဥပဒေမှာတော့(နိုင်ငံတော်အုပ်ချုပ်ရေးယန္တယားရှိ ပြည်သူ့တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့၊ နိုင်ငံတော်အုပ်ချုပ်ရေးယန္တယားလည်ပတ်မှုကိုထိခိုက်စေရန် သို့မဟုတ် ရပ်တန့်သွားစေရန် အားထုတ်သော၊ လှုံ့ဆော်သော၊ တိုက်တွန်းသော၊ အားပေးသော၊ ကူညီသော၊ ပြုလုပ်သောအသင်းအဖွဲ့ကို ဖွဲ့စည်းခြင်းမပြုလုပ်ရန်၊ ဖွဲ့စည်းထားပြီးဖြစ်လျှင်လည်း လှုပ်ရှားခြင်းမပြုလုပ်ရန်၊ ဆက်လက်တည်ရှိခွင့် မရှိစေရန်တားမြစ်သည်) လို့  အတိအလင်းဖေါ်ပြထားတာ တွေ့ရပါတယ်။ ဒီဥပဒေလိုပဲ တခြားမတရားတဲ့ဥပဒေအမြောက်အများကိုလည်း စစ်အာဏာရှင်အစိုးရတွေက ပြဋ္ဌာန်းထားတာရှိပေမယ့် အကြောင်းအရာခြင်းက သီးခြားဖြစ်နေလို့ ဒီနေရာမှာမတင်ပြတော့ပါဘူး။

မတရားသင်းဥပဒေနဲ့ငြိတယ်လို့စွပ်စွဲပြီး တရားစွဲထောင်ချရာမှာလည်း ကိုယ်တိုင်ကိုယ်ကျပါဝင်တာနဲ့ ဆက်သွယ်အားပေးတာရယ်ဆိုပြီး ခွဲခြားထားသလို၊ ထောင်ဒဏ် ပြစ်ဒဏ်တွေလည်းမတူကြပါဘူး။ အဲဒီ မတရားသင်းပုဒ်မတွေနဲ့စွဲဆိုပြီး သေဒဏ်၊ ထောင်ဒဏ်တွေနဲ့ မိသားစုဘဝပျက်ခဲ့ရသူတွေထဲမှာ နိုင်ငံရေးနဲ့လုံးဝမပတ်သက်တဲ့ သာမန်လက်လုပ်လက်စားတွေ၊ တောသူတောင်သား လယ်သမားကြီးတွေလည်း ပါဝင်ပါတယ်။ တကယ်ဆိုရင်သူတို့တွေဟာ လက်နက်ကိုင်အင်အားစုတွေ အခြေပြုရာအရပ်တွေမှာနေထိုင်ကြသူတွေဖြစ်လို့သာ ဘဝအရ မကင်းရာမကင်းကြောင်းသဘော၊ နီးရာဓါးကြောက်ရတဲ့သဘောတွေနဲ့ ဆက်ဆံနေကြရတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပုဒ်မနဲ့အဖမ်းအဆီးခံရပြီဆိုရင်တော့ သူပုန်အားပေး၊ သူပုန်ထောက်ခံဆိုပြီး မိတဲ့နေရာတင်ပစ်သတ်ခံရတာမျိုး၊ စစ်ကြောရေးစခန်းတွေမှာ အနှိပ်စက်ခံရပြီး အသက်ပျောက်သွားရတာမျိုး၊ ထောင်ထဲနှစ်ရှည်လများနေရပြီး မိသားစုဘဝပျက်ခဲ့ရတာမျိုးတွေလည်း အနမတဂ္ဂရှိနေပါတယ်။ အပြဋ္ဌာန်းခံအသင်းအပင်းဝင်တွေအပေါ်တင်မကတော့ပဲ မလွှဲသာလို့ဆက်ဆံရတဲ့ ပြည်သူတွေအပေါ်မှာပါ ထင်သလိုဆွဲဆန့်ကျင့်သုံးလို့ရအောင်ဆိုပြီး (နိုင်ငံတော်လုံခြုံရေး)ဆိုတဲ့စကားလုံးနဲ့ပါ ကပ်လိုက်ရင်တော့ ကြိုးစင်တက်ရင်တက်ရ၊ မတက်ရရင်တော့ တသက်တကျွန်းနဲ့လွတ်လမ်းမရှိတွေပါ ဖြစ်ကုန်တော့တာပါပဲ။

(၁၉ဝ၈) ခုနှစ်ဥပဒေနဲ့ ပထမဆုံးမတရားသင်း အကြေငြာခံရတဲ့အဖွဲ့အစည်းက အလံနီကွန်မြူနစ်ပါတီဖြစ်ပြီး (၁၉၄၇) ခုနှစ်မှာဖြစ်ပါတယ်။ BLC လို့ ခေါ်တဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီကိုတော့ (၂ဝဝ၉) ခုနှစ်မှာ နောက်ဆုံးကြေငြာခဲ့တာဖြစ်ပါတယ်။ ကိုလိုနီလက်အောက်မှာတုန်းက မတရားသင်းရယ်လို့ မရှိခဲ့တဲ့တိုင်းပြည်မှာ ခုဆိုရင် မတရားသင်းပေါင်း(၁ဝ) ခုကျော်ရှိနေပြီဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေကို မြေအောက်အဖွဲ့အစည်းတွေ၊ ဥပဒေပြင်ပ တရားမဝင်အဖွဲ့အစည်းတွေဆိုပြီး တံဆိပ်ကပ်ပေးထားပါတယ်။ အဲဒီ အဖွဲ့အစည်းတွေရဲ့နံမည်တွေကို နိုင်ငံရေးနဲ့အလှမ်းဝေးတဲ့ သာမန်ပြည်သူတွေကြားမိတဲ့အခါမှာ စိတ်ထဲမသတီစရာလိုလိုတောင် ဖြစ်ဖြစ်သွားတတ်ကြပါတယ်။ 

ကျောင်းသားသမဂ္ဂလိုအဖွဲ့အစည်းမျိုးကိုတောင် မတရားသင်းထဲထည့်မထားပေမယ့် ကျောင်းသားသမဂ္ဂဖွဲ့စည်းရာမှာ၊ ကျောင်းသားလှုပ်ရှားမှုတွေမှာပါဝင်လာပြီဆိုရင်တော့(၁၉၈၈) ခုနှစ် အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တော့တာပါပဲ။

အမှန်က ဒီလို ဥပဒေဆိုးမျိုးတွေဟာ လွတ်လပ်တဲ့အမျိုးသားနိုင်ငံတစ်ခုမှာ မရှိသင့်တော့ပါဘူး။ အထူးသဖြင့်  ဒီမိုကရေစီတို့၊ အပစ်အခတ်ရပ်စဲရေးတို့၊ ထာဝရငြိမ်းချမ်းရေးတို့ဆိုတဲ့စကားလုံးတွေ နားမဆန့်အောင်ကြားနေရပြီး အပြောင်းအလဲတွေလုပ်နေပါတယ်ဆိုတဲ့ ခုလိုကာလမျိုးမှာ ပိုလို့တောင် မရှိသင့်တော့ပါဘူး။ မဖြစ်မနေ ဖျက်ကိုဖျက်ပစ်ရမယ့် ဥပဒေတွေလည်းဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ အာဏာရအစိုးရအဆက်ဆက်ဟာ လူထုကိုနှိပ်ကွပ်ရာမှာ ဒီဥပဒေတွေကို အသုံးတည့်လှတဲ့ လိုတရဆေးကြီးသဖွယ် တွင်တွင်ကြီး ဆက်လက်သုံးစွဲနေရုံနဲ့တင်မကတော့ပဲ တချို့ပုဒ်မတွေမှာဆို မူလကသတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေထက်တောင် အဆပေါင်းများစွာထပ်တိုးပြီး အပြင်းအထန်နှိပ်ကွပ်နေတာတွေ့ရပါတယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား

Wednesday, August 29, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၁၆ (မျိုးမြင့်ချို)

0 comments

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း (၁၆) (မျိုးမြင့်ချို )သြဂုတ် ၂၃ ရက် ၂၀၁၂ နေ့ကအာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား..(၆၂) ခုနှစ်မှာအာဏာသိမ်း၊ အစိုးရအဖွဲ့ဝင်တွေကိုဖမ်း၊ ပါလီမန်ကိုဖျက်ခဲ့ပေမယ့် ဖဆပလအပါအဝင် ပါတီအဖွဲ့အစည်းတွေကိုတော့ (၁၉၆၄) ခု ကျမှ တရားဝင်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေစဉ်ကာလတွေက ဖဆပလနဲ့ ပမညတတို့လိုအဖွဲ့အစည်းတွေ တည်ရှိနေပါသေးတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပျက်မှာ ဖဆပလ က ထုတ်ပြန်ခဲ့တဲ့ကြေညာချက်ဟာ ထူးခြားတယ်လို့ထင်ရတဲ့အတွက် အဲဒီကြေညာချက်ကို နည်းနည်းတင်ပြပေးချင်ပါတယ်။ ဒီကြေညာချက်ကို (၁၆) ရက် (၁၁) လ (၆၃) နေ့စွဲနဲ့ ဖဆပလ ယာယီအလုပ်အမှုဆောင်အဖွဲ့အမည်နဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကြေညာချက်ထဲမှာပါတာကတော့ နယ်မြေကိစ္စနဲ့ပတ်သက်လို့ရော၊ အပစ်ရပ်ထားချိန်တပ်တွေကိစ္စနဲ့ပတ်သက်လို့ရော၊ မဒညတဘက်ကတင်ပြတာတွေကို အစိုးရဘက်ကမလိုက်လျောခဲ့တာဟာ မှန်တဲ့သဘောမျိုးဖော်ပြထားတာတွေ့ရပါတယ်။ ဘဏ္ဏာရေးကိစ္စမှာလည်း အပစ်ရပ်ထားချိန်မှာ တဘက်အဖွဲ့အစည်းတွေကို ရံပုံငွေကောက်ခံဖို့ အစိုးရဘက်ကမလိုက်လျောခဲ့တာလည်း မှန်ကြောင်းဖော်ပြထားပါတယ်။ ငြိမ်းချမ်းရေးကြီးဆွေးနွေးပွဲကြီးလိုအဆင့်မပြောနဲ့ ခုလို ပဏာမအပစ်ရပ်ရေးကိစ္စပြောဆိုနေတာမှာတောင် တဘက်အဖွဲ့အစည်းတွေက မြေပေါ်မြေအောက်ပေါင်းပြီး စစ်ရေးနိုင်ငံရေးစည်းရုံးရေးတိုက်ပွဲတွေနဲ့အတူ အစိုးရကိုအကြပ်ကိုင်နေတာဖြစ်လို့ မရိုးသားမမှန်ကန်လို့မြင်ပြီး အစိုးရရဲ့အချိန်မီတားဆီးတဲ့လုပ်ရပ်ကိုထောက်ခံကြောင်းဖော်ပြပြီး လက်နက်ကိုင်တပ်တွေဆိုတာ အစိုးရမှာပဲရှိရထားရမယ့်အကြောင်းနဲ့ အခြားအင်အားစုတွေရဲ့လက်နက်ကိုင်တပ်တွေပပျောက်ရေးအတွက် သူတို့အနေနဲ့ပါ ကြိုးပမ်းလုပ်ဆောင်လုပ်ဆောင်သွားမယ်ဆိုတဲ့ကြောင်း ကြေညာချက်မှာအတိအလင်းဖော်ပြထားတာတွေ့ရပါတယ်။ တကယ်လို့များနောင်ကို ဆွေးနွေးပွဲတွေပြန်လုပ်ဖြစ်ခဲ့မယ်ဆိုလည်း မဒညတအနေနဲ့ တောတွင်းကတရားမဝင်ရပ်တည်မှုကို အရေးမဆိုဖို့၊ မြေပေါ်ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ဖို့ကိစ္စပဲပြောဖို့၊ အဲသလိုရပ်တည်ခွင့်ရတာနဲ့ ရံပုံငွေကောက်ခံတာတွေရပ်ပြီး လက်နက်ကိုင်တိုက်နေတာတွေကိုလည်း အမြန်စွန့်လွှတ်ဖို့နဲ့ အာဏာရရေး/မရရေးတွေးမနေပဲ အခြားမြေပေါ်ပါတီတွေနဲ့ယှဉ်ပြိုင်ဖို့ ဥပဒေဘောင်တွင်းသာဝင်ခဲ့ပါဆိုပြီး ဖဆပလက တိုက်တွန်းထားတာတွေ့ရပါတယ်။

သောတရှင်များခင်ဗျား..ဒီနေရာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့အနေအထားကိုလည်း နည်းနည်းလောက်တင်ပြပါရစေ။ (၁၉၄၈) ပြည်တွင်းစစ်ကြီးစချိန်ကတည်းက ဆရာကြီးဟာ ရန်ကုန်နဲ့မန္တလေးကဆရာတော်သံဃာတော်တွေကို လျှောက်ထားပြီး တယောက်ထဲလိုလိုပဲ ငြိမ်းချမ်းရေးကိစ္စကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ (၁၉၅၆)ခုနှစ်အရောက်မှာအဖွဲ့ဝင်ရှစ်ဦးပါတဲ့ ပထမပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကိုဖွဲ့စည်းပြီး တိုင်းပြည်အနှံ့ ငြိမ်းချမ်းရေးတရားတွေဟောကြားခဲ့ကြပေမယ့် ၁၉၅၇ ရောက်တော့မှသာ တရားဝင်(ပြည်တွင်းငြိမ်းချမ်းရေးရှစ်ဦးကော်မတီ) ဆိုတာကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ (၁၉၅၈) ခု ရောက်တော့ ပြည်တွင်းစစ် (၁၀) နှစ်ပြည့်ချိန်နဲ့အတူ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုကြီးလည်း အဆမတန်ကြီးထွားလာသလို အိမ်စောင့်အစိုးရလည်း ပေါ်လာပါတယ်။ အိမ်စောင့်အစိုးရအောက်မှာ အခက်အခဲအကန့်အသတ်တွေကြီးလာသလို လှုပ်ရှားမှုတွေဟာလည်းချိနည့်သွားခဲ့ရတာနဲ့ (၁၉၅၉) မှာ အဖွဲ့အစည်းကြီးကိုဖျက်ပစ်ခဲ့ရပါတယ်။ တခါ (၁၉၆၁) ရောက်တော့ ဆယ်ဦးပါ ဒုတိယပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့ခဲ့ကြပြန်ပါတယ်။ ဦးဆောင်သူတွေထဲမှာ တဦးတည်းသောအမျိုးသမီးအဖြစ် ဆရာတော်ဦးဥတ္တမရဲ့နှမတော် ဒေါ်အိမ်စိုး ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။ အဖွဲ့ကြီးဟာလည်း အင်အားပြန်လည်တောင့်တင်းလာပြီး လှုပ်ရှားမှုအရှိန်အဟုန်ဟာလည်း (၅၈) ခုတုန်းကလို ပြန်ဖြစ်လာချိန်မှာပဲ ဗိုလ်နေဝင်းဦးဆောင်တဲ့ (၆၂) အာဏာသိမ်းမှုအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ တခါ ရပ်သွားကြရပြန်ပါတယ်။ နောက်ပိုင်း ပြည်တွင်းငြိမ်းချမ်းရေးခေါ်ချိန်ရောက်တော့လည်း အဖွဲ့ကြီးဟာသတိကြီးကြီးနဲ့ရပ်တည် ထောက်ခံခဲ့ပါတယ်။ ဆွေးနွေးပွဲတွေပျက်ပြီးနောက်ပိုင်းမှာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအကန့်သတ်ခံရသလို နောက်ပိုင်းမှာ အသင်းအပင်းအဖွဲ့အစည်းတွေ အဖျက်ခံရတဲ့အထဲပါသွားပြီး အဖွဲ့ကြီးလည်းပျက်စီးခဲ့ရပြီးတဲ့နောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရည်မှန်းခဲ့တဲ့ သူမနာကိုယ်မနာနည်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ပန်းတိုင်လည်း ပျောက်ကွယ်ခဲ့ရပါတယ်။
သောတရှင်များခင်ဗျား..၆၃ ခုနှစ် ဆွေးနွေးပွဲတွေကိုပြန်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးတဲ့အဆင့်မရောက်ခင်မှာတင်ပျက်သွားခဲ့တာကို မြင်ကြရမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေပျက်ရတာဟာ အစိုးရရဲ့ငြိမ်းချမ်းရေးထောင်ချောက်နဲ့ လက်နက်ချခိုင်းရေးကိစ္စဖြစ်တယ်၊ ဒါကိုသိနေတဲ့ တောတွင်းအင်အားစုတွေကရှောင်ရှားပြီး မိမိတို့တောင်းဆိုချက်တွေနဲ့ ညှိနှိုင်းဖို့အာဘော်တင်ပြကြတယ်၊ ဒီတင် အစိုးရဘက်က သူလိုချင်တဲ့ပုံစံကို စိတ်တိုင်းကျမရနိုင်တော့တဲ့အဆုံး ဆွေးနွေးပွဲတွေကို တဘက်သတ်လက်ဦးမှုယူပြီးဖျက်သိမ်းခဲ့တာလို့ ကျောင်းသားသမဂ္ဂတွေအပါအဝင် လူထုလူတန်းစားအဖွဲ့အစည်းအများစုကရှူမြင်ခဲ့ပေမယ့် ဖဆပလမြင်သလိုရှူမြင်ခဲ့တဲ့ အဖွဲ့အစည်းတွေလည်းရှိခဲ့ပါတယ်။
ဆွေးနွေးပွဲတွေပျက်ပြီးပြီးချင်း တော်လှန်ရေးကောင်စီဘက်က စလုပ်တဲ့အလုပ်ကတော့ တတိုင်းပြည်လုံး လူဖမ်းပွဲကြီးကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူတွေ၊ ပါတီအဖွဲ့အစည်းခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ  လူတွေ ထောင်ချီပြီးအဖမ်းခံ အနှိပ်စက်ခံ အသတ်အဖြတ်ရရုံတင်မကတော့ပဲ ခေါင်းဆောင်တွေအပါအဝင်တချို့ကို တကျွန်းပို့ပြီး ပြန်လမ်းမရှိနည်းနဲ့ အပြီးသတ်နှိပ်ကွပ်ခဲ့တာတောင် ရှိပါတယ်။ အဲသလိုမျိုး ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးကို ရပ်ပစ်ဖို့ကြိုးစားခဲ့တာ၊ ပြည်တွင်းစစ်အပြုတ်တိုက်ရေးလမ်းစဉ်တွေချမှတ်ခဲ့တာမှန်ပေမယ့် လက်တွေ့မှာတော့ ပြည်တွင်းစစ်မီးဟာ ငြိမ်းမသွားတဲ့အပြင်ပိုလို့တောင် အရှိန်ပြင်းပြင်းနဲ့တောက်လောင်နေခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဖဆပလလက်ထက်ကလည်း (၆) လအတွင်း ပြည်တွင်းစစ်အပြုတ်တိုက်ရေးမူ ရှိခဲ့သလို နောက်ပိုင်းအစိုးရတွေမှာလည်းရှိခဲ့ပါတယ်။ အဲသလိုပါပဲ တောတွင်းအင်အားစုတွေမှာလည်း ပြည်တွင်းစစ်ကိုအပြတ်ချဖို့ အားထုတ်ခဲ့တာတွေရှိခဲ့ပါတယ်။ ဗကပက ကိုရီးယားစစ်ဖြစ်ချိန်နဲ့တိုက်ပြီး  (၂) နှစ်အတွင်းစစ်နိင်ရေးလုပ်ခဲ့ဖူးတာရှိသလိုပဲ ကိုယ့်ရည်မှန်းချက်အသီးသီးနဲ့လက်နက်ကိုင်ခဲ့ကြရတဲ့ လူမျိုးစုတွေမှာလည်းရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်ဘက်ကမှအပြတ်မဖြတ်နိုင်ခဲ့ပဲ ပြည်တွင်းစစ်ကြီး ခုလောက်သက်ဇိုးရှည်နေရတာကို ယေဘုယျကောက်ချက်ဆွဲကြည့်မယ်ဆိုရင်.. တောတွင်းအင်အားစုတွေမှာ ဘုံရန်သူသာရှိပြီး ဘုံလုပ်ငန်းလမ်းစဉ်မရှိတာကြောင့်လည်းဖြစ်နိုင်သလို စစ်အာဏာရှင်စနစ်ဟာ ကိုယ်ကျိုးစီးပွားတွေပေါ်မှာ စနစ်တကျအမြစ်တွယ်ပြီး တဘက်အင်အားစုတွေနဲ့တိုင်းပြည်ကို ရက်ရက်စက်စက်ဖိနှိပ်ဖြိုခွဲထားနိုင်တာကြောင့်လည်း ဖြစ်မယ်လို့တွက်လို့ပါတယ်။

သောတရှင်များခင်ဗျား..နောက်အပတ်တွေမှာတော့ နဝတ၊ နအဖနဲ့ လက်ရှိသမ္မတဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရအထိလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးတွေအကြောင်း ပျက်ခဲ့တာတွေအကြောင်း အကျဉ်းချုပ်တင်ပြပေးသွားပါမယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား

Tuesday, August 28, 2012

ပထမဆုံးအသံထွက်မြန်မာရုပ်ရှင်ဇာတ်ကား (မောင်သန်းဆွေ-ထားဝယ်)

0 comments
၂၁ နှစ်ပြည့်၊ ရွှေအမြုတေရုပ်စုံမဂ္ဂဇင်းမှ၊ ဒါရိုက်တာကြည်စိုးထွန်း၏ ကမ္ဘာကြည့်ကြည့်မြင် မြန်မာ့ရုပ်ရှင်ဆောင်းပါးကိုဖတ်ရ၍ စာရေးသူ၏ဦးလေးတော်ခဲ့သူ ဒဂုန်ဦးဘတင်၏မှတ်စုမှ ပထမဆုံး အသံထွက်မြန်မာရုပ်ရှင်ဇာတ်ကား ရိုက်ကူးပုံအကြောင်းကို သတိရမိသည်။ အင်္ဂလိပ် အသံထွက်ရုပ်ရှင်ကားများ မြန်မာပြည်သို့ ရောက်ရှိသည်မှာ ၂ နှစ်မျှကြာခဲ့ပြီးသောအချိန်တွင် မြန်မာရုပ်ရှင်ကြည့် ပရိသတ်များသည် မြန်မာရုပ်ရှင်အသံထွက်ကားများ ထွက်ပေါ်လာရေးကို မျှော်လင့်တောင့်တလျက်ရှိကြသည့် အချိန်။ မြန်မာပြည်တွင် ရုပ်ရှင်ကုမ္ပဏီပေါင်းများစွာရှိသော်လည်း အသံထွက်ဇာတ်ကား ရိုက်ကူးရန်အတွက် တတ်နိုင်သောကုမ္ပဏီကား မပေါ်သေးချေ။ နိုင်ငံခြားမှလာသော အသံထွက်ကားများကလည်း တစ်ကားထက် တစ်ကား တိုးတက်လာကြသည်ကို မြင်တွေ့ နေရသည်။သံတိတ်ရုပ်ရှင်ကားများလက်ထက်က နာမည်ကြီးဇာတ်ကားများကိုပင် အသံထွက်ကားများအဖြစ် ပြောင်းလဲရိုက်ကူးနေကြသည်။ ထို့ကြောင့် မြန်မာ့ရုပ်ရှင်ပရိသတ်ကလည်း နိုင်ငံခြားကား ကောင်းများကို ကြည့်ရသလောက် မြန်မာ့ရုပ်ရှင် အသံထွက်ကားများကိုကြည့်ရန် အမျှော်လင့်ကြီး မျှော်လင့်လာခဲ့ကြခြင်း ဖြစ်သည်။ ရုပ်ရှင်ကုမ္ပဏီများကလည်း အသံထွက်ဇာတ်ကားရိုက်ကူးနိုင်ရန်အတွက် အထူးကြိုးစားကြသည် ဆို၏။ မြန်မာ့ရုပ်ရှင်ကုမ္ပဏီကြီးများအနက် ထိုအချိန်က ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီ (နောင်အခါ ညွန့်မြန်မာရုပ်ရှင် ဖြစ်လာ)၊ မြန်မာအဆွေ (နောင်အခါ အေ၀မ်းဖလင်းဖြစ်လာ) ကုမ္ပဏီကြီး နှစ်ခုနှင့် နာဇာမီ ရုပ်ရှင်ခေါ် အိနိ္ဒယကုမ္ပဏီကြီးတို့သာ အသံထွက်ရိုက်ကူးနိုင်ခြေ ရှိလေသည်။ ထိုကုမ္ပဏီကြီး သုံးခုသည် မြန်မာ့မြေပေါ်တွင် အသံထွက်ရုပ်ရှင်ကား ဦးအောင်ပြနိုင်ရန် သူ့ထက်ငါ ကြိုးစားနေကြသည်။ ဘထိုအချိန်တွင် ဗြိတိသျှဘားမားကုမ္ပဏီသည် ရုပ်ရှင်စက်ပစ္စည်းရောင်းသောဈေးကွက်ရှိရာ အိနိ္ဒယပြည် ဘုံဘေမြို့သို့သွားရောက်၍ တတ်သိသောပညာရှင်များကိုရှာရန်နှင့် စက်ပစ္စည်းကိရိယာများကိုဝယ်ရန် စီစဉ်လေသည်။ မြန်မာအဆွေရုပ်ရှင်ကလည်း ဂျပန်ပြည်ရှိ ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုနှင့် ဆက်သွယ်ကာ စီစဉ်နေသည်။ အိန္ဒိယရုပ်ရှင်ကုမ္ပဏီ နာဇာမီကလည်း ၎င်းတို့ အဆက်အသွယ်ရှိရာ အိန္ဒိယပြည် ဘုံဘေမြို့သို့ သွားရောက်ရိုက်ကူးရန် စီစဉ်နေကြသည်။ ကုမ္ပဏီကြီးသုံးခုသည် အပြိုင်အဆိုင် ကြိုးစားစီစဉ်နေကြသည်ဆို၏။ မြန်မာအဆွေ ရုပ်ရှင်ကုမ္ပဏီမှ ဦးညီပုနှင့်မောင်မောင်စိုးတို့ခေါင်းဆောင်ကာ ဂျပန်ပြည်သို့ ဂျပန့်ရင်သွေးဇာတ်ကားရိုက်ကူးရန် ထွက်ခွာသွားကြသည်။ နာဇာမီ အိန္ဒိယရုပ်ရှင်ကုမ္ပဏီကမူ ဇာတ်ဆောင် ၃၀ ကျော်နှင့် ငွေပေးလို့မရ ရုပ်ရှင်ဇာတ်ကားရိုက်ရန် ဘုံဘေမြို့သို့ထွက်ခွာကြသည်။ ထိုသို့သွားသည့်အထဲတွင် ရုပ်ရှင်မင်းသမီး ခင်မေကြီး ခင်မေလေး၊ မင်းသားကိုအေးကို လူကြမ်းဦးချစ်တင်၊ ဂီတဘက်ဆိုင်ရာ ဆရာတောက်နှင့် ဒါရိုက်တာဦးတုတ်ကြီးတို့ ပါသည်ဆို၏။ ဗြိတိသျှဘားမားရုပ်ရှင်ကလည်း ဘုံဘေသို့သွားရောက်ကာဝယ်ယူခဲ့သော အသံထွက်ဆိုင်ရာ ရုပ်ရှင်အသံဖမ်းစက်မှအစ အသံစမ်းစက်ပါမကျန် ပြည့်စုံစွာဖြင့် ပြန်လည်ရောက်ရှိလာကြသည်။ ထိုအသံဖမ်းစက်များကို ကိုင်တွယ်ရန် အိန္ဒိယစက်ဆရာမစ္စတာ အာယာနီ ဆိုသူကို ခေါ်လာခဲ့ကြ၏။ ကင်မရာမှာ ပါမလာ၍ လက်ရှိကုမ္ပဏီတွင် ရှိပြီးဖြစ်သော ဒီဗရေးကင်မရာကို မော်တာတပ်၍ ပြင်ဆင်ကာရိုက်ကူးရသည်ဆို၏။ အသံထွက်ရုပ်ရှင် ရိုက်ကူးရန်မှာ လက်ရှိ အသံတိတ်ရိုက်ကူးနေသော ဓာတ်မီးလုံးများမှအစ အားလုံးပြောင်းလဲ ၀ယ်ယူရသည်။ လက်ရှိ မီးလုံးများမှာ မီးလုံး မဟုတ်၊ ကာဗွန်ချောင်းနှင့် လင်းအောင်ထွန်းရသော ဂျူပီတာ မီးခွက်များဖြစ်သည်။ ၎င်းမီးခွက်များ၏အသံသည် မီးထွန်းလိုက်လျှင် ကာဗွန်နှစ်ချောင်းမီးခတ်သံမှ တဂျီဂျီမြည်လျက်ရှိ၍ အသံထွက်ရိုက်ရန် မရပါ။ ဗြိတိသျှဘားမားရုပ်ရှင်သည် ဇာတ်ထုပ်ကြီးရိုက်ကူးရန် ၀တ္ထု၊ ဇာတ်လမ်း၊ ဒါရိုက်တာမှအစ ရွေးချယ်နေစဉ် အမြန်ဆုံး မြန်မာပြည်တွင်ပြနိုင်ရန် အသံထွက်ဇာတ်လမ်း ဇာတ်ထုပ် အပိုင်းတို နှစ်ပိုင်းရှိ ဇာတ်ထုပ်ကလေးတစ်ခုကို စီစဉ်ရပါသည်။ ထိုဇာတ်ထုပ်အမည်မှာ ရွှေအိမ်စည်နှင့်ပဋိက္ခရား ဖြစ်သည်။ ဤဇာတ်လမ်းရည်ရွယ်ချက်မှာ ထိုအချိန်က မြန်မာပြည်တွင် အိန္ဒိယနှင့်မြန်မာ တွဲရေးခွဲရေးလွန်ဆွဲနေချိန်ဖြစ်၍ ထိုဇာတ်လမ်းလေးကို ခေတ်မီ နိုင်ငံရေး ဇာတ်သိမ်းအဖြစ် ခွဲရေးကိုအားပေး၍ စီစဉ်ကြခြင်းဖြစ်သည်။ ဇာတ်လမ်းကို ဦးဉာဏ ရေးသည်ဆို၏။ လအိနိ္ဒယမှခေါ်လာသော အသံဖမ်းစက်ဆရာ မစ္စတာအာယာနီကလည်း သူ၏စက်ကို အသင့်ဖြစ်ရန်အတွက် တပ်ဆင် ပြင်ဆင်လျက်ရှိသည်။ တစ်ခါဖူးမှ မြန်မာလူမျိုးတို့အနေဖြင့် အသံဖမ်းစက်ကိုမမြင်ဖူးကြသဖြင့် လူအများ၏၀ိုင်းကြည့်ခြင်းကို ခံနေရပါသည်။ ခြံတွင်းတစ်နေရာ၌ ဒဂုန်ဆရာတင် နှင့် သရုပ်ဆောင်မင်းသား ကိုလှဖေ၊ မင်းသမီးအဖြစ် ခင်ခင်ရီ၊ ၀န်ကြီးအဖြစ် ဦးဖိုးဂေါင်၊ မင်းသားကြီးအဖြစ် ဦးကံကြီးတို့ကလည်း သီချင်း တိုက်နေကြသည်။ ဒါရိုက်တာ ဆရာခန့်၊ ဦးမောင်ကြီး၊ ဦးအောင်မြတ်၊ ဦးဘထွန်းနှင့် ဆရာဒဂုန်လွန်းတို့လည်း အထူးပင် စိတ်လှုပ်ရှားလျက် ရှိနေကြ၏။ ဇာတ်ကားရိုက်ကူးရန်အချိန်ကို ရွေးကြရာတွင် နေ့တွင် ရိုက်ကူးရန်မှာ ပတ်ဝန်းကျင်အသံများရှိသဖြင့် ညတွင်ရိုက်ကူးရန် ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ကြပါသည်။ ဗြိတိသျှဘားမားသူဌေး ဦးညွန့်အားတင်ပြရာ သဘောတူလိုက်သည်။ အသံဖမ်းစက်ဆရာကလည်း သူ့စက်အသင့်ဖြစ်ကြောင်း သတင်းပို့ သည်။ ဒဂုန်ဆရာတင်ကလည်း သူ့လူများ ပညာဝလှပြီဖြစ်၍ “အသံထွက်လောက်တော့ လွယ်ပါတယ်”ဟု ခပ်ကြွားကြွား ပြောနေပါသည်။ သို့သော် ခေါင်းဆောင်ရိုက်မည့် ဒါရိုက်တာဦးမောင်ကြီးနှင့်ဆရာခန့်တို့မှာ ခပ်ဆိုင်းဆိုင်းပင် ဖြစ်နေကြသည်။ စိုးရိမ်လွန်း၍ ဖြစ်၏။ ဆရာဒဂုန်လွန်းကမူ အသံထွက်ရိုက်ကူးရာတွင် အလွန်တရာအရေးကြီးဆုံးနေရာမှ “ဂျပ်” ရိုက်ရသော တာဝန်ကိုယူထားသည်။ သူသည် ကျောက်သင်ပုန်းပေါ်မှာရေးထားသော အခန်း နံပါတ်၊ အမူအရာ နံပါတ်များကိုလည်း အသံဖမ်းရာတွင် အရေးကြီးသဖြင့် ဖတ်၍ အော်ဆိုရပါသေးသည်။ စတင်ရိုက်ကူးသောနေ့ကို ရောက်လာပြီ။ စက်ဆရာသည် စက်ကို ပြင်ဆင်လျက်ရှိသည်။ အခမ်းအနားဆိုင်ရာတာဝန်ခံက နန်းတွင်းအခမ်းအနားကို ပြင်ဆင်လျက်ရှိသည်။ ဓာတ်မီးဘက်ဆိုင်ရာ ဆရာများကလည်း မီးအကြီး၊ အသေး၊ အပေါ်မီး၊ အောက်မီး၊ ဘေးမီး၊ ဆလိုက်များကို အသင့်ဖြစ်စေရန် ပြင်ဆင်ထားသည်။ မင်းသားကိုလှဖေက စောယွန်းမင်းအဖြစ်လည်းကောင်း၊ မင်းသမီးကြီး ခင်ခင်ရီက ရွှေအိမ်စည်အဖြစ်လည်းကောင်း၊ နှစ်ပါးသွားသီချင်းကို စမ်းသပ်သီဆိုကြည့်နေကြသည်။ ဦးဖိုးဂေါင်ကမူ သူလျှောက်ထားမည့်စကားကို စိတ်ပါလက်ပါ လေ့ကျင့်လျက်ရှိသည်။ ဒါရိုက်တာဦးမောင်ကြီးကမူ မြန်မာလူကြီးဒါရိုက်တာပီပီ နတ်ပွဲအခမ်းအနားနှင့် နယ်ရှင်ပယ်ရှင်တို့ကို တောင်းပန်ပသလျက် ရှိလေသည်။ မှောင်စပြုလာသည်။ စိတ်ဓာတ်များ တဖြည်းဖြည်း လှုပ်ရှားလာကြလေပြီ။ ပါဝင်သူများအဖို့ ပို၍၊ ပို၍ ရင်ခုန်နေကြပြီ ဖြစ်သည်။ ဆရာဒဂုန်လွန်းက မီးလုံးကြီးများထိုးထားသောရှေ့သို့ ၀င်ရောက်ကာ အသံထွက်ကား နံပါတ်၊ အခန်းနံပါတ်၊ သရုပ်ပြနံပါတ်တို့ကို အရင်ဆုံးအော်ဆို၍ “ဂျပ်”ကို ရိုက်တော့မည်ဖြစ်လေသည်။ လက်ဦးဆုံးရိုက်မည့်အခန်းမှာ ရွှေအိမ်စည်နှင့်ပဋိက္ခရားကို ဘုရင်က သဘောမတူ၍ ခွဲရန် မှူးမတ်များနှင့်တိုင်ပင်သော အခန်းဖြစ်၏။ ဇာတ်တကာဇာတ်တွင် သေတ္တာမှောက်လုပ်ခဲ့ဖူးသူ ဦးဖိုးဂေါင်က“မှန်လှကြောင်းပါ ဘုရား၊ ကုလားနှင့်မြန်မာ စုလျားရစ်ပတ်ရေးမှာ အရှေ့နှင့်အနောက် ဖီလာတန်းသကဲ့သို့ ညီညာလမ်းမရှိကြောင်းကို သံတော်ဦးတင်ဝံ့ပါသည် ဘုရား” ဆိုသော စာကြောင်းကို ရိုက်ရိုက်ချင်း ပါဝင်ပြောဆိုရပါမည်။ ဦးဖိုးဂေါင်ကလည်း မရိုက်ခင် လူတိုင်းက “ဟေ့ ဆရာကြီး ဖြစ်ပါ့မလား” ဟု မေးလိုက်လျှင်“ဘိုကေစိန် ဇာတ်က စပြီး၊ သရဲ အောင်စိန်အထိ စုစုပေါင်း ၁၇ ဇာတ်လောက်က ထွက်လာတဲ့ လူပါကွ” ဟု ပြုံးပြုံးကြီး ကြွားနေပါသည်။ ညအမှောင်သည် တဖြည်းဖြည်း ၉ နာရီခွဲကျော်လာပြီ ဖြစ်၏။ ရိုက်တော့မည်ဖြစ်၍ မီးများကိုဖွင့်လိုက်သည်။ ရာဇ၀င် အ၀တ်အစားများဆင်ယင်ထားသော မင်းသားကိုလှဖေနှင့် မင်းသမီးခင်ခင်ရီတို့ကလည်း ရောက်လာကြသည်။ အသံဖမ်းဆရာအာယာနီသည် အသံဖမ်းစက်ရုံအတွင်းမှနေ၍“အားလုံး အသင့်ရှိလျှင် စက်လည်ရန်အသင့်” ဟု အင်္ဂလိပ်လို လှမ်းအော်လိုက်သည်။ ဓာတ်ပုံဆရာကလည်း အသင့်ရှိနေပြီဟု အင်္ဂလိပ်လို ပြန်အော်လိုက်သည်။ ထိုအချိန်တွင် ဒါရိုက်တာဆရာခန့်သည် အလုပ်သမားအားလုံးကို လှမ်း၍ ကြည့်လိုက်သည်။ “ဟေ့ အားလုံးရိုက်မယ်” “ကိုဖိုးဂေါင် ရှင်ဘုရင့်ဝန်ကြီး သလွန်နားဝင်ထိုင်၊ ဓာတ်ပုံအသင့်၊ မီး သတိ” ဟု လှမ်းပြောလိုက်သည်။ ဦးဖိုးဂေါင်သည် ရှင်ဘုရင့်ရှေ့တွင် ၀ပ်လျက်ရှိလေသည်။“ရီဟာဇယ် (Reherasl) ”ဟု အော်လိုက်သည်။ ဦးဖိုးဂေါင် သည် ကျက်ထားသောစာများကို ဒလဟောရွတ်ချလိုက်သည်။ အမူအရာနှင့်တကွ စာကြောင်းမှန်ကန်၍ ဆရာဦးမောင်ကြီးက သူ့ပခုံးကို သွားရောက်ပုတ်ကာ ချီးမွမ်းသည်။ အာယာနီကိုလည်း အသင့်ရိုက်မည်ပြောပြီးနောက် သက်ဆိုင်ရာသို့ ရိုက်ရန်အမိန့်ပေးလိုက်သည်။ မီးအကုန်ဖွင့်ကာ ဓာတ်ပုံဆရာက လူများအတွက် မီးအလင်းအမှောင်ပေး၍ စမ်းလိုက်သည်။ အာယာနီကလည်း အသံဖမ်းစက်ထဲမှနေ၍ အသံဖမ်းမည်ဟု အင်္ဂလိပ်လို လှမ်းအော်လိုက်သည်။ ၀န်ကြီးလုပ်မည့် ဦးဖိုးဂေါင်ကလည်း အသံအစမ်းတစ်ခါစာကို ဒလဟောရွတ်ချပြလိုက်သည်။ အာယာနီက အထဲမှနေ၍ “အိုကေ”ဟု အော်လိုက်သည်။ ဒါရိုက်တာကြီးများလည်း တပြုံးပြုံးနှင့်ရှိသည်။ ဆရာဒဂုန်လွန်းကလည်း ကျောက်သင်ပုန်းပေါ်တွင် ရေးမည့် TI –S2-3 Act များကို ရေးထားလိုက်ပါသည်။ လာရောက်ကြည့်နေသူများအားလည်း စကားမပြောကြရန် သတိပေးထားရသည်။ တက်စုံလက်စုံ ဖြစ်နေကြပြီ။  “မီးအသင့်” ဟု အော်သံကို ကြားလိုက်ရသည်။ “စက်အသင့်” ဟု အသံနှင့်“အိုကေ” ဟု ပြန်အော်သံကို ကြားရသည်။ စတူဒီယိုတစ်ခုလုံးမှာ အပ်ကျသံ မကြားတော့ပေ။ ကြည့်နေကြသူ လူတိုင်းပင် အသက်ရှူခြင်းကို သတိထား၍ ရှူနေကြပုံရသည်။ ထိုအထဲတွင် မင်းသား၊ မင်းသမီးများ၊ အခြားကုမ္ပဏီမှ ဖိတ်ကြားထားသောပုဂ္ဂိုလ်ကြီးများ၊ သတင်းထောက်များ၊ လေ့လာသူများ အများအပြားပင် လာရောက် ကြည့်ရှုလျက်ရှိသည်။ ဆရာဒဂုန်လွန်းသည် ၀န်ကြီးလုပ်မည့် ဦးဖိုးဂေါင်ရှေ့သို့သွား၍ “ဂျပ်”ရိုက်ရန် အသင့် ရှိနေပြီ။ ဦးဖိုးဂေါင်သည် အသင့်ရှိရန် ခါးလေးကိုလှုပ်၍ ဘုရင်အားလျှောက်ထားမည့်ပုံ ၀ပ်၍ အနေအထား ယူလိုက်သည်။ အလွန်တရာ ငြိမ်သက်နေသည့်အထဲမှ စက်ခန်းမှအာယာနီသည်“ဂိုးအွန် Go On” ဟု လှမ်းအော်လိုက်သည်။ ဆရာဒဂုန်လွန်းသည် ကျောက်သင်ပုန်းပေါ်မှရေးသောစာများကို အော်ဖတ်လိုက်ပြီး နောက်ကလက်ကိုရိုက်ကာ နောက်သို့ တဖြည်းဖြည်းဆုတ်ထွက်လိုက်သည်။ ဦးမောင်ကြီးသည် လက်ပြနေသည်။ ထိုအချိန်မှ ဆရာဦးမောင်ကြီးသည် ခေါင်းညိတ်၍ ပြုံးသည်။ ဦးဖိုးဂေါင်သည် ၀ပ်နေရာမှ ပြောရမည့်စကားနှင့် လုပ်ရမည့်အမူအရာကိုလုပ်ရန် ဖြစ်ပါသည်။ သို့သော် မလုပ်သေးပါ။ ကြည့်ရှုနေကြသော ပရိသတ်ကြီးသည် ရင်တမမ၊ အသည်းတထိတ်ထိတ်နှင့် ကြည့်နေကြပါသည်။ သို့သော်လည်း ဦးဖိုးဂေါင်က မလှုပ်သေးပါ။ ဆရာဦးမောင်ကြီးနှင့်ဆရာခန့်တို့မှာ မျက်လုံးကြီးများဝိုင်း၍ ကြည့်နေကြပါသည်။ ဆရာဒဂုန်လွန်းသည် ကြည့်ရင်းကြည့်ရင်း စိတ်အလွန်တရာ မောလာပုံရသည်။ တစ်စက္ကန့်မှ တစ်စက္ကန့်၊ တစ်မိနစ်မှ တစ်မိနစ်သိုပြောင်းလာပါသည်။ ၀န်ကြီးလုပ်သည့်ဦးဖိုးဂေါင် မလှုပ်သေးပါ။ ၀ပ်လျက်ပင် ရှိနေပါသေးသည်။ ဒုတိယမိနစ်ကုန်ခါနီးမှ ဦးဖိုးဂေါင်သည် တဖြည်းဖြည်း လက်မြှောက်၍ လာပါသည်။ ဘုရင်ကို လျှောက်တော့မည့်အနေအထားသို့ရောက်လာ၍ ရပ်သွားပါသည်။ ဘာမျှ မပြောသေးပါ။ အတော်ကြာသည်အထိ မည်သည့်အသံမျှ ထွက်မလာပါ။ ဓာတ်ပုံဆရာလည်း သူ၏ စက်သွားသံကို နားကပ်၍ထောင်နေပါသည်။ စက်ခန်းထဲမှ အာယာနီက အပြင်သို့ထွက်၍ “ဟိုး ဟိုး” ဟု အော်လိုက်ပါသည်။ အားလုံး လှည့်၍ကြည့်ကြပါသည်။ ဦးဖိုးဂေါင်သည် ယင်းအနေအထားတိုင်းပင် ရှိနေပါသည်။ ထိုအချိန်မှ စက်ဆရာထွက်လာ၍ စက်ရပ်လိုက်ပြီဖြစ်ကြောင်း သိရပါတော့သည်။ ကြည့်နေကြသူအားလုံးလည်း အုတ်အုတ်ကျက်ကျက် ဖြစ်လာပါတော့သည်။ ဓာတ်ပုံ ဆရာကို“ခင်ဗျား ဖလင်ကိုထုတ်ကြည့်စမ်း” ဟု လှမ်းအော်လိုက်ပါသည်။ သူထင်သည့်အတိုင်းပင် ဖလင်ပေကို ဖွင့်ကြည့်ရာ ပေ၃၀၀ ကျော်နေပြီ။ ထည့်ထားသော ဖလင်မှာ ပေ ၄၀၀ အလိပ်ပင် ဖြစ်သည်။ ကုန်ရန် ပေ ၈၀ သာ ကျန်ပါတော့သည်။ ဦးဖိုးဂေါင်မှာ ငုတ်တုတ်ကြီးပင်ဖြစ်နေသည်။ ဆရာဦးမောင်ကြီးက ပြေး၍ ကျောနှင့်ရင်ဘတ်ကို ပုတ်လိုက်မှ“အင်” ဟု အသံပြင်းကြီးချကာ သတိရပါတော့သည်။ ငုတ်တုတ်ကြီး မေ့နေခြင်းဖြစ်၏။ ထိုအချိန်မှ ရေခပ်သူခပ်၊ ယပ်ခတ်သူခတ်နှင့် ၀ိုင်း၍ ပြုစုကြရပါသည်။ ကြည့်ရှုကြသူများမှာ တဟားဟားဖြင့် ရယ်ကြလေတော့သည်။ “သေတ္တာမှောက်မင်းကြီး ဘယ်လိုလဲဗျို့” ဟု လှမ်း၍ အော်ကြပါသည်။ “ဟေ့ ဖိုးဂေါင်ကြီး၊ ဘယ်လို ဖြစ်တာလဲကွ” “ဘယ်လိုမှန်းတောင် မသိပါဘူး ဆရာရယ်။ ဖြန်းခနဲ ဂျပ်ကြီးရိုက်တဲ့အသံကို ကြားလိုက်ရပြီးနောက် ဘာမှသတိမရတော့ပါဘူးဗျာ” ဟု ပြန်ဖြေလေသည်။ ဆရာခန့်က ၀င်၍ “ကဲ ကဲ နားလိုက်ကွာ။ တစ်ခါ မရရင် နောက်တစ်ခါရမှာပေါ့” ဟု အားပေးရင်း အားလုံးကို ၁၅ မိနစ်ခန့် အနားပေးလိုက်သည်။ လာရောက်လေ့လာသူများလည်း အတော်ကလေးလှုပ်ရှားသွားကြသည်။ ဦးဖိုးဂေါင်က ခဏကြာသော အခါ“ဆရာ ရိုက်ပါ၊ ကျွန်တော် ရပါပြီ” ဟု လှမ်းပြောလေသည်။ အားလုံးအသင့်ပြင်ရန် ဆရာဦးမောင်ကြီးက လှမ်းပြောလိုက်သည်။ အားလုံးပြန်၍ အသင့် ရှိနေကြပြန်ပါသည်။ ဆရာဒဂုန်လွန်းလည်း ဦးဖိုးဂေါင်ကြီးအနား ကလက်ရိုက်ရန် နေရာဝင်ယူထားရပြန် သည်။ နောက်တစ်ခါ မီးစုံတက်စုံလက်စုံဖြစ်သည်နှင့် ဆရာဦးမောင်ကြီးက“ရိုက်” ဟု အော်လိုက်ပါသည်။ အသံဖမ်းစက်မှ အာယာနီက “ဂိုးအွန်” ဟု ပြောလိုက်သည်။ ဆရာဒဂုန်လွန်းသည် ကျောက်သင်ပုန်းပေါ်တွင် ရေးထားသောစာကိုဖတ်လိုက်ပြီး ကလက်ကို ရိုက်ချလိုက်ပါသည်။ ဦးဖိုးဂေါင်လည်း ပြောရမည့်စကားလုံးများကို ဒလဟောရွတ်ချလိုက်သည်။ အသံဖမ်းဆရာထွက်လာ၍ စကားပြောခြင်းမှာ ကလက်နှင့်မလွတ်ကြောင်း ပြောပါသည်။ ဆရာဦးမောင်ကြီးက စကားပြောခြင်းမှာ စာရွတ်သလိုရွတ်လိုက်သဖြင့် ပြန်ရိုက်ရန် ပြော၏။ ဆရာဒဂုန်လွန်းသည် ကျောက်သင်ပုန်းပေါ်တွင် နောက်ထပ်ပြန်ရိုက်ခြင်း အဓိပ္ပာယ်ရသော “အာရ်”တပ်၍ အသင့်ပြင်ထားလိုက်သည်။ ထိုတစ်ချိန်တွင် ဟန်အမူအရာနှင့် စာသားပြေပြစ်သော်လည်း ကလက် မ၀င်သေးခင် ဆရာဦးမောင်ကြီးက အားရပါးရ ဘ“အဲဒါမှပေါ့ကွ” ဟု အော်လိုက်သဖြင့် ရိုက်ကွက်ပျက်သွားပြန်ပါတော့သည်။ နောက် ဆက်ရိုက် ရပါတော့သည်။ ထိုအခါကျမှ ချောချောမောမောနှင့် ဟန်သွားတော့သည်။ အချိန်မှာလည်း မိုးလင်းခါနီးပြီ။ ကျီးအာသံ၊ ကားသံ၊ ကားရထားသံများ ပေါ်လာ၏။ ကားရိုက်ခြင်းကို ရပ်လိုက်ပါတော့သည်။ ရိုက်ရန်ကျန်သေးသည့် မင်းသား၊ မင်းသမီးများအခန်းကိုလည်း ဆက်၍ မရိုက်ရတော့ပါ။ ဤမျှ ခက်ခက်ခဲခဲ ရိုက်ကူးရခြင်းမှာ အစဉ်လုပ်ကိုင်ရသူများအဖို့ မလွယ်ကူသည်မှာမဆန်းသော်လည်း ကြိုးစားပမ်းစား မဖြစ်ဖြစ်အောင် တီထွင်ကြသူများအား ချီးမွမ်းစရာကောင်းနေလေသည်။ ထို ရွှေအိမ်စည်နှင့်ပဋိက္ခရား ဇာတ်လမ်းတိုဇာတ်ကားမှာ နယ်များသို့ နယ်လှည့်အသံထွက်ပြစက်ကလေးများဖြင့် သွား၍ ပြကြသည်။  မြန်မာပြည်တွင် အသံထွက်ကား ပထမဆုံးပြနိုင်သောကုမ္ပဏီမှာ ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီ ဖြစ်လေသည်။ ဆက်၍ ဇာတ်လမ်းရှည် ခင်ခင်ရီနှင့်ဘတင့်တို့ပါဝင်သော လောကနိဗ္ဗာန်ဇာတ်ကားကို အခက်အခဲများကြားမှ ကြိုးစား၍ ရိုက်ကြရပြန်ပါသည်ဟု ဒဂုန်ပဦးဘတင်က ရေးသားထားသည်။ ဒဂုန်ပ ဦးဘတင်က မှတ်ချက်အဖြစ် ဆက်လက်၍ ဖော်ပြထားသည်မှာ မကြာမီပင် အိန္ဒိယပြည်တွင်သွားရိုက်သော ဇာတ်ကားသည်လည်းကောင်း၊ ဂျပန်ပြည်တွင်သွားရိုက်သော ဇာတ်ကားသည်လည်းကောင်း ပြန်ရောက်လာကြသည်။ အေ၀မ်းမှ ဂျပန့်ရင်သွေးကားမှာ အိမ်စယ်စီယာ (သို့ မဟုတ်) ဂလုပ်ရုံတွင် တင်သည်ဟု ထင်ပါသည်။ နာဇာမီကုမ္ပဏီမှ ငွေပေးလို့မရ ကားမှာ ပါသီ (Pathe) တွင်တင်၍၊ ဗြိတိသျှဘားမား၏ လောကနိဗ္ဗာန်ကားမှာ ရွိုင်ရယ်ရုပ်ရှင်ရုံတွင် တင်ပါသည်ဟု ဖြစ်၏။

(ယူတာက)http://shweamyutay.com/index.php?option=com_content&task=view&id=2852&Itemid=0

Wednesday, August 22, 2012

အိမ်မက်တွေနဲ့ကမ္ဘာ(ခိုင်ခိုင်စောလွင်)

0 comments
အိမ်မက်တွေနဲ့ကမ္ဘာ(ခေါင်းစဉ်မှာ မူရင်းစာလုံးပေါင်း သတ်ပုံအတိုင်းဖြစ်ပါသည်)
ညကအိပ်မက်ကို မနက်အထိ သတိရနေဆဲ၊ သတိရရင်းက ရင်တွေတလှပ်လှပ်ခုန်သည်က မပျောက်သွားသေး။ အိပ်မက်ထဲမှာ ကိုယ်ဟာ ဘုရင်မကြီးတဲ့၊ အိပ်မက်ထဲကလို အပြင်မှာလဲ တကယ်ပဲ ဘုရင်မဖြစ်နေရင် ကိုယ်ဘာလုပ်မလဲ၊ တွေးရင်းတွေးရင်း  ဘုရင်မလဲမဖြစ်ချင်ပါ၊ အိပ်မက်သည် တကယ်မဟုတ်ဆိုပေမယ့် ထိုအိပ်မက်ကို သတိရနေမိပြန်သည်။
၁။ ဘုရင်မကြီးဖြစ်တဲ့ကိုယ့်ကို ဘုရင်တပါးက တူနှစ်ကိုယ်တိုင်းပြည် ထူထောင်ကြစို့ဆိုကာ အတူလက်တွဲအုပ်ချုပ်ကြလေသည်။ ကိုယ်က ဘုရင်မကြီးပဲ။ ရှင်ဘုရင်နဲ့ညား မိဖုရား ဆိုတဲ့စကားအတိုင်းဆို သူကရော၊ သူက အိပ်မက်ထဲမှာလဲ ဘုရင်ကြီးပါပဲ၊ ကိုယ်လဲ ဘုရင်မ သူကလဲ ဘုရင်ကြီးပါပဲ၊ တိုင်းပြည်တစ်ပြည်ထဲကို ဘုရင်မရော ဘုရင်မကြီးပါ ပူးတွဲအုပ်ချုပ်သည်။ အပြင်မှာတော့ ဒါမျိုးရှိသည် မကြားဖူး။ အိပ်မက်ထဲမှာတော့ သူ့ဟာနဲ့သူ ဟုတ်လို့နေသည်။ ဘယ်လောက် အဆင်ပြေသနည်းဆို အနှစ်(၂၀)တောင် နန်းသက်ရနေသည်တဲ့။ အိပ်မက်ထဲမှာ။ သားတော်သမီးတော်ကလဲ (၃) ပါးတောင်ရှိနေသည်။ ဘုရင်မကြီးလဲ သက်တော် အတော်လေးရလာသည်။ ဒီအချိန်မှာ ဘုရင်ကြီးကစပြီး စိန်ခေါ်လေသည်။ သူလဲ ဘုရင်ကြီးဖြစ်ပါလျှက် ဘုရင်မကြီးပြောသမျှ အမိန့်တော်ချသမျှနေလာခဲ့တာ နှစ်ပေါင်း (၂၀) ကျော်လာခဲ့ပြီ။ အခု သီးမခံနိုင်တော့ပါ။ ဘုရင်မကြီး ကန့်သတ်ထားသောအမိန့်တွေကို ပယ်ဖျက်ပေးပါတဲ့။ ဘာတွေဖြစ်ကုန်လဲ ဘုရင်မကြီး မသိတော့ပါ။ ဘုရင်မကြီးချမှတ်ထားသည့် သူ့အတွက် ဘတ်ဂျက်ကို ပြင်ဆင်ပေးပါ၊ ဘုရင်မကြီး သတ်မှတ်ထားသည့် မည်သည့်နေ့တွင် ဘာအသား၊ နွား နို့ကဘယ်လောက် အသီးက ဘယ်ရွေ့ဘယ်မျှ၊ စတာတွေကိုလဲ သုံးဆောင်ချင်မှ သုံးဆောင်မည်။ ကိုယ်သုံးဆောင်ချင်သည်ကို အချိန်မရွေး ဘယ်နေ့ဖြစ်ဖြစ် သုံးဆောင်မည်တဲ့။ နောက်တခုက ဘုရင်ကြီးသည် ယစ်ရွှေရည်ကို အင်မတန် နှစ်သက်တော်မူရာ ဘုရင်မကြီးက တန်ဆေးလွန်ဘေးဖြစ်မည်ဆိုကာ ကန့်သတ်ထားပီး တနေ့ ဒီမျှသာဆိုတာကို လက်မခံတော့ပါ။ သူကြိုက်တာကို သူ့စိတ်ကြိုက် သောက်ခွင့်ပေးရမည်တဲ့။ ဒါတင်လားဆိုတော့ မပြီးသေးပါတဲ့၊ ဘုရင်ကြီးသည် ဘုရင်မကြီးအမိန့်ဖြင့် ကပွဲသဘင်တွင် မကရတာ တော်တော်ကြာနေပြီ။ ဘုရင်ကြီးက အဆိုအက အင်မတန်ဝါသနာပါလေရာ အောင့်အီးသည်းခံခဲ့ရတာ တော်တော်ကြာခဲ့ပါပြီတဲ့။ အခုတော့ သည်းမခံနိုင်ပါ။ သူ့စိတ်ထဲ ကချင် ဆိုချင် လာရင် ကပွဲသဘင်မှာ ကမည် ခုန်မည် ၊ မတားပါနှင့်တဲ့။ ဒီတောင်းဆိုချက်တွေကြားတော့ ဘုရင်မကြီးမှာ ရုတ်တရက် ဒေါသထွက်သည်။ ပညာရှိအမျက် အပြင်မထွက်ဆိုတဲ့ဆိုရိုးအတိုင်း အပြင်မထွက်အောင် ထိန်းရင်းက စဉ်းစားတော်မူလေသည်။ ဒါတွေ ချမှတ်ထားတာ ဘယ်သူ့အတွက်လဲ။ ကိုယ့်အတွက် မပါ၊ ဘုရင်ကြီးရဲ့ ဂုဏ်သိက္ခာ ရာဇအိနြေ္ဒအတွက်ပင် မဟုတ်ပါလား။ ဒီဘုရင်ကြီးတော့ အသက်ကြီးမှ ဒုက္ခ လှလှ တွေ့တော့မှာပါလား။ ဘာလုပ်ရင် ကောင်းမလဲ၊ ဘုရင်ကြီးအတွက် စဉ်းစားလို့မပြီးသေးခင်မှာ သားတော် သမီးတော်တို့က တစခန်းထလာကြပြန်လေသည်။ တချိန်ထဲမှာ တိုင်ပင်တော်မူထားကြသလား အောက်မေ့ရသည်။
သားတော်ကြီးက သူပြောပြောနေသည့် သူလိုချင်နေသည့် ချစ်စံအိမ်ဇာတ်ကားထဲမှာ မင်းသား ရိန်း စီးသည့် ကားကိုဝယ်ပေးရန် ဘတ်ဂျက်တောင်းသည်။ ဘုရင်မကြီးက အခုစီးနေသည့်ကားသည် တော်ဝင်တွေ စီးသည့်ကားဖြစ်တဲ့အပြင် ကားဆိုတာ စီးလို့ရ တော်ရောပေါ့ဆိုတာကို သူ လက်မခံနိုင်ပါ။ ဘာ့ကြောင့်လဲဆို အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တောင် ဝယ်စီးနေပြီ၊ သူက ဘုရင့်သားတော်ဖြစ်ပီး မစီးနိုင်ရကောင်းလားလို့ အပြောခံနေရပြီ။ ဒါ့ကြောင့် ဝယ်မည်၊ ဘာအမိန့်မှလာမပေးနှင့် ဝယ်မည်တဲ့။ ခပ်တင်းတင်း တင်လျှောက်လေသည်။ သမီးတော်တွေက သူတို့အတွက် ထုတ်ပေးထားသည့် ဘတ်ဂျက်သည် အဝတ်အစားဘိုးပဲ ရသည်။ လက်ဝတ်ရတနာ ဖန်စီ ဆန်းဆန်းလေးတွေ မဝယ်ရတာကြာပြီ။ ဟိုဟိုသည်သည် ရှော့ပင်းထွက်ရင် မလောက်တော့ပါတဲ့။ ကမ်းခြေ အပမ်းဖြေသွားချင်တာ ဘတ်ဂျက်ကြည့်နေရတာနှင့် ဘယ်မှမရောက်တာ ကြာပါရောလားတဲ့။ ဘတ်ဂျက်တိုးပေး၊ လွတ်လပ်စွာ အစောင့်အရှောက်များမပါပဲ သူငယ်ချင်းများနဲ့ကမ်းခြေသွားရေး တင်ပြလာကြသည်။ 
ဘုရင်မကြီး စဉ်းစားနေရလေပြီ။ ဘုရင်ကြီးအပါအဝင် သားတော်သမီးတော်များက ဘုရင်မကြီး စဉ်းစားနေတာကိုမရိပ်မိပဲ မပေးချင်၍မသိယောင်ဆောင်ကာ ငြိမ်နေသည်လို့ထင်ကြဟန်တူသည်။ ဘုရင်မကြီး အိပ်ခန်းဆောင်အဝသို့ လာရောက်၍ အရေးဆိုကြတော့သည်။
     ဘတ်ဂျက် တိုးပေး.... တိုးပေး
     လွတ်လွတ်လပ်လပ်... သွားလာရေး..  တို့အရေး.. တို့အရေး
     လုပ်ချင်တာ လုပ်ခွင့်ရရေး.... တို့အရေး
     အဲ.. အဲဒါကနေ ဘယ်လိုရောက်သွားသည်မသိ။
     ဒီမိုကရေစီရရှိရေး...   တို့အရေး
    လူ့အခွင့်အရေးပိတ်ပင်မှု ... အလိုမရှိ၊ အလိုမရှိ။
ဘုရင်မကြီး နားတွေအူလာသည်၊ ဆူညံသံတွေက နားအနီးကို အတင်းပဲကပ်လို့နေသည်။ မျက်လုံးဖွင့်ပီး ဒီလောက်တောင်ဆူညံရသလားပြောမည်ပြင်တော့ မျက်လုံးကဖွင့်မရ။ နောက်ဆုံး ဆူညံသံတွေက လွတ်အောင် အတင်းလူးလဲထဖို့လုပ်ရင်း နိုးလာသည်။ အိပ်ယာနဘေးမှာ အိမ်ဦးနတ်က ဘီဘီစီလား အာအက်ဖ်အေလားဖွင့်ပီး နားထောင်နေသည်။ ကျမလဲ ပုခုံးပေါ်ကျနေသည့်ဆံပင်တွေကို ကလစ်တခုဖြင့် စုညှပ်ရင်း ဘာလုပ်တာလဲမေးမိသည်။
"မေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာတွေ့လို့ ကိုယ်တိုင်မနှိုးရက်လို့ အသံပေးတာလေ"တဲ့။ ကျမရယ်လိုက်မိသည်။ ခေါင်းရင်းကနာရီကို လှမ်းကြည့်တော့ နံနက် ၆ နာရီနဲ့ မိနစ်လေးဆယ်။ ခါတိုင်း ၆ နာရီခွဲဆို ပုံမှန်နိုးနေကျ၊ ဒီနေ့အိပ်မက်က ရှည်လို့လားမသိ၊ နောက်ကျနေပြီ။ ကလေးတွေ ထမင်းဗူးအတွက်၊ နံနက်စောစောစာအတွက် ချက်ရပြုတ်ရမည်။
အင်း........  ရေဒီယို အသံကြောင့် အိပ်မက်ထဲမှာ ဒီမိုကရေစီရရှိရေး တို့အရေးတွေ ရောကုန်တာလားမသိပါဘူး။ တွေးရင်းက အမိန့်တော်မမှတ်လိုက်ရသည့် အိပ်မက်ထဲကဘုရင်မကြီး ကိုယ့်ကိုယ်ကို သတိရမိတော့သည်။

၂။ ည တစ်နာရီခွဲမှ အိမ်ပြန်ရောက်လာသည့်ခင်ပွန်းသည်ကို ဒီမနက် စကားပြောဖို့ မောင်းတင်ထားသည်။ ညကတည်းကပြောချင်ပေမယ့် ကိုယ်စိတ်ပူနေတာရော၊ ကလေးတွေကလဲ စိတ်ပူပီး မျှော်နေတာတွေရော စိတ်မောလူမော ဖြစ်ရတာရယ်၊ ညဥ့်လဲ အတော်နက်နေတာရယ်ကြောင့် မပြောပဲ အသာလေးမြိုသိပ်နေ ခဲ့ရသည်။ သူ့ကို စကားပြောချင်နေတာ ရိပ်မိသည်ထင့်၊ ရှောင်ဖယ်ရှောင်ဖယ် လုပ်နေသည်။ နောက်ဆုံး ဘယ်လိုမှ ရှောင်မရတော့မှ "ကဲ.. ပြော ဘာပြောမလို့လဲ" စကားစလေသည်။
"နောက်ကျမယ်ဆို ဖုန်းလေးဘာလေးဆက်ပီး ပြောလေ၊ အခုတော့ အလုပ်ကနေပြန်မလာတော့ ဘယ်သွားမှန်းမသိ၊ ဘယ်လာမှန်းမသိ၊ ဖုန်းကလဲ ပိတ်ထားသေးတယ်။ အလုပ်ထဲက လူတွေကို လိုက်ဖုန်းဆက်မေးရ၊ အတူပြန်တဲ့သူတွေကို လိုက်မေးရ၊ အိမ်မှာနေတဲ့သူတွေ ဘယ်လောက် စိတ်ပူရတယ်မှတ်လဲ" ကိုယ့်စကားဆုံးတော့
"အေး နောက်ဆက်မယ် ပြီးရောမှလား၊ ညကလဲ ဧည့်သည်ရောက်လာလို့ ဆိုင်မှာဧည့်ခံရင်း စကားပြောတာနဲ့မိုးချုပ်သွားတာ"
"အဲဒါ ညထဲက သိတယ်လေ၊ ဧည့်သည်က ကားထဲကဆင်းလာပီး လာနှုတ်ဆက်သေးတာပဲ၊ ဆိုလိုတာက သွားချင်သွားပါ၊ ဘယ်သွားတယ်ဆိုတာသာ အိမ်ကိုအသိပေးဖို့ပြောနေတာ"
သူ့အပြစ်နှင့်သူမို့ ဘာမှပြန်မပြောပဲ အလုပ်သွားတော့သည်။ ကိုယ့်စိတ်ထဲရှင်းသွားပေမယ့် သူ့စိတ်ထဲမကျေနပ်တာ ညဘက်အလုပ်ကအပြန်မှ သိရတော့သည်။ ယမကာလေးဝင်လာပီဆို အာသွက်လျှာသွက်သည့် သူ့ထုံးစံအတိုင်း "ကဲ.. မေ လာပါအုန်း၊ ဒီနေ့တော့ အပြတ်ရှင်းရမယ်၊ ကိုယ့်အခွင့်အရေးပြောတော့မယ်"
"မြတ်စွာဘုရား" မနေ့က အိပ်မက်ထဲကဘုရင်မကြီးကို သတိရမိတော့သည်။
"ကိုယ်က ဒီအိမ်မှာ အကြီးဆုံးပဲ၊ အဲဒါ မေ့အနေနဲ့ ဘာမှဆရာလုပ်စရာ မလိုဘူး၊ ကိုယ့်ဘာသာ ဘယ်သွားသွား ဘာလုပ်လုပ်၊ ကိုယ့်ကိုယ်ကို သိတယ်၊ နောက်ပီး...." သူ့စကားဆုံးအောင် နားမထောင်တော့၊ "ဘာပြောတယ်၊ ကိုယ့်ကိုယ်ကိုသိပေမယ့် အိမ်ကလူတွေ မသိဘူးလေ၊ ကိုယ် ဘယ်သွားတယ်ဆိုတာ အိမ်ကလူက ဘယ်လိုသိနိုင်မလဲ. ဒီလိုမပြောပါနဲ့" သူကလဲ သူပြောချင်တာ ဆက်ပြောသည်။
"နောက်တခုက ကိုယ့်မှာ အလုပ်၊ အလုပ်ကနေအိမ်၊ အိမ်ကနေ အလုပ်။ ဒါနဲ့ပဲ လုံးလည်လိုက်နေတယ်၊ အနုပညာဆိုတာ ကိုယ့်မှာပျောက်ကွယ်နေတာ ဘယ်လောက်ကြာဘီလဲ၊ အနုပညာကို မခံစားရတာ ဘယ်လောက်ကြာပီလဲ"
"ကဲ.. ဒါဖြင့် ကို ဘာလုပ်ချင်လဲ."
"ကာရာအိုကေ သွားဆိုချင်တယ်၊ မေ နေရာတကာ လိုက်မပြောပါနဲ့။ ကိုယ့်မှာ ဒီမိုကရေစီပျောက်နေတာကြာပီ၊ ကိုယ့်အတွက် ဒိမိုကရေစီအခွင့်အရေးရမှဖြစ်မယ်။ ဒီနေ့ပဲ တိုက်ပွဲဝင်တယ်။ဒီနေ့ ဒီရက်ကစပီး ဆိုမယ် ကမယ်၊ ကလပ်မှာ မကရတာလဲ ကြာပီ၊ ဒါပဲ ကဲ မေ မင်းဘာပြောချင်လဲ"

ကျမ စိတ်ထဲအတော် မကောင်းဖြစ်ရသည်။ ကိုယ်က နေရာတကာ လိုက်ပိတ်ပင်နေသည့် လူစားမျိုးလဲမဟုတ်၊ သူအရက်ဆိုင်ထိုင်တုန်း ဘယ်ဆိုင်မှာရှိနေတယ်လာခဲ့ဆို အတူလိုက်ထိုင်ဖူးသည်။
ကလပ်မှာ အလုပ်ထဲကသူငယ်ချင်းတွေစုပီး ကကြခုန်ကြမည်၊ အားလုံးစုံမှာမို့လိုက်ခဲ့ပါဆို ကလပ်ကဆူညံသည့် ဒိန်းကနဲဂီတသံက နှလုံးကိုလာဆောင့်သလို ခံစားရသော်လည်း လူမှုရေးအရ လိုက်ပါခဲ့ပေးသည်။ သူတို့အကကို ကိုယ်ကိုတိုင် မကတတ်သလို မကြိုက်လဲမကြိုက်တာတောင် ခုံတလုံးနှင့် ထိုင်ကြည့်နေခဲ့ပေးဖူးသည်။ ဘာမှမပြောချင်တော့၍ ဘာမှမပြောပဲ နှုတ်ဆိတ်နေလိုက်မိသည်။ မနက်ကျ ထပ်ပြောလာလျှင် ”ကြိုက်သလိုလုပ်”လို့ ပြောရမည်လား၊ ကို့မှာ သွေးတိုးရောဂါရှိတယ်လို့သိကတည်းက အရက်ကို ဆိုင်မှာမသောက်ပဲ အိမ်မှာသောက်ဖို့၊ အသက်ကြီးလာတဲ့အတွက် ကလပ်တွေမှာ မကြီးမငယ်နဲ့ခုန်ပေါက်ကခုန်နေတာ မသင့်တော်ပါဘူးလို့ပြောခဲ့တာတွေက ဘယ်သူ့အတွက်လဲ စသဖြင့် လေပြေထိုးရမှာလား။ လားပေါင်းများစွာ စဉ်းစားရင်းက အိပ်မက်ထဲကဘုရင်မကြီးဖြစ်ခဲ့စဉ်က တစုံတခုအမိန့်မချခဲ့ပဲ လန့်နိုးလာတာကို သတိရမိတော့သည်။
"မေရေ.. ညက ကိုယ် နည်းနည်းများသွားလားမသိဘူး၊ ကိုယ့်ကို ဆေးပေးပါအုန်း"
အလုပ်သွားကာနီး သူလှမ်းအပြော ဆေးကိုယူပေးရင်းက ပိုက်ဆံတထပ်ပါ ပေးလိုက်သည်။
"ဘာလဲဟ.. ဒီပိုက်ဆံတွေက.."
"ကာရာအိုကေ ဆိုဖို့ရယ်၊ ကလပ်သွားဖို့ရယ် ဘတ်ဂျက်တိုးပေးလိုက်တယ်" ကျမရဲ့စကားအဆုံးမတော့ သူက တဟားဟားရယ်ရင်း  ”မူးလို့ ပြောတာပါကွာ။ ကိုယ့်အသက်တောင် မနည်းမွေးနေရတာ၊ ဘယ်ကလပ်သွားက နိုင်မှာလဲ" ကျမစိတ်ထဲကျေနပ်ပေမယ့် ကိုယ်ကပဲ ပိတ်ပင်သယောင် အမျိုးမျိုး(အချိုးမျိုး ဖြစ်မည်ထင်) ပြောနေတာကို ထပ်မကြားချင်တဲ့အတွက် "ဒီမှာ ရှင့်ကို ဒီမိုကရေစီပေးပီးသား... ကို့ဘာသာကြိုက်တာလုပ် လူတိုင်းမှာ ကိုယ်လုပ်ချင်တာလုပ်ပိုင်ခွင့်ရှိတယ်၊ မတားဘူး၊ တားတယ်ဆိုတာ အားလုံးကောင်းဖို့အတွက်ပဲ"
"ဟုတ်ပါတယ်မေရယ်၊ ဒီအိမ်မှာ မေက ဘုရင်မပဲ၊ မေ စီမံတာ ကောင်းတာချည်းပဲလေ၊ ဘုရင်မကြီးဆိုတော့ ကြိုက်သလိုစီမံခန့်ခွဲပါ ဟုတ်ပီလား" လာပြန်ပီလား ဒီဘုရင်မ၊ အိပ်မက်ထဲမှာလဲဘုရင်မ၊ အပြင်မှာလဲ နောက်သလိုလိုနဲ့ သူ့အပြောက ဘုရင်မတဲ့၊

ဟိုးတရက်ကအိပ်မက်ကို ဒီညဆက်မက်လို့ရရင်ကောင်းမည်။ အိပ်မက်ထဲက ကိုယ်ဖြစ်နေသည့်ဘုရင်မကြီးက အမိန့်တစ်စုံတရာချလိုက်လျှင် အိပ်မက်ထဲကဘုရင်ကြီးက ဘာပြောမလဲ သိချင်နေမိသည်။ ဘုရင်ကြီးအပြောကိုသိလိုသဖြင့် အိပ်မက်ဆက်မက်ချင်နေသေးသည်။ ကိုရယ် ဘုရင်ကြီးရယ်၊ ကိုယ်ရယ် ဘုရင်မကြီးရယ် အိပ်မက်ထဲမှာလုံးထွေးလိုက် ဆုံးဖြတ်လိုက် ဘာတွေဖြစ်လာမလဲ။ ဒီလိုပဲ အိပ်မက်တွေနဲ့လုံးထွေးရင်း ဘုရင်မကြီးဖြစ်လိုက် နိုးလာလိုက်နဲ့ပဲ ကျေနပ်နေရတော့မည်ထင်သည်။
ခိုင်ခိုင်စောလွင် 
(ယူတာက)http://www.kaungkin.com/index.php?option=com_content&view=article&id=835:story&catid=36:2009-04-17-01-30-11&Itemid=67

Tuesday, August 21, 2012

လွှတ်တော်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးထိပ်တိုက်ပြဿနာအပေါ်သုံးသပ်ချက် (အောင်ထူး-ရှေ့နေ)

0 comments
အောင်ထူး (ရှေ့နေ) ၏၂၀၁၂ ခုနှစ် သြဂုတ်လ (၂၁) ရက် ရက်စွဲပါစာ။
လွှတ်တော်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးထိပ်တိုက်ပြဿနာအပေါ် သုံးသပ်ချက်

(၁) ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းပေးလိုက်သည့် ကော်မတီနှင့်ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ပါဝင်ဖွဲ့စည်းပါက ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရပင် ပြည်ထောင်စုအဆင့် သတ်မှတ်ရမည်ဖြစ်သည်။ သို့

ရာတွင် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသော ကော်မတီနှင့်ကော်မရှင်များဖြစ်လျှင်မူ ယင်းတို့ကို ပြည်ထောင်စုအဆင့်မသတ်မှတ်နိုင်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဆုံးဖြတ်ခဲ့ပါက ယင်းဆုံးဖြတ်ချက်ကို လက်ခံရမည်သာဖြစ်သည်။

(၂) လွှတ်တော်သို့ပြန်ကြားသည့် သမတဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၀) ရက်နေ့ပါစာအရ ရှေ့နေချုပ်ရုံးကတင်သွင်းခဲ့၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဆုံးဖြတ်ခဲ့ပြီးဖြစ်သဖြင့်
ပြန်လည်ရုပ်သိမ်းရန်မဖြစ်နိုင်တော့ဟူသောအချက်သည် သဘာဝကျသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးမှာ အမြင့်ဆုံးတရားရုံးဖြစ်နေသဖြင့် မိမိဆုံးဖြတ်ထားသည်ကို မိမိပြန်ပြင်ရမည်ဆိုလျှင် တရားရုံးဟူ၍ပင် ခေါ်၍မရနိုင်ပါ။ တချိန်တည်းတွင် ခွဲခွဲခြားခြားမစဉ်းစားပဲ လွှတ်တော်ကိုယ်စားလှယ်များသက်သက်ဖြင့်ဖွဲ့စည်းထားလျှင်ပင် ပြည်ထောင်စုအဆင့်မသတ်မှတ်နိုင်ဟု တရားရုံးကဆုံးဖြတ်ခဲ့ပါက ယင်းမှာလည်း လွဲချော်နေပြန်ပါသည်။

(၃) ယနေ့ သြဂုတ်လ (၂၁) ရက်နေ့နံက် ဘီဘီစီအင်တာဗျူးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင် ဖြေကြားသွားသည်တို့အနက် အောက်ပါနှစ်ချက်မှာ လက်ခံနိုင်ဘွယ်မရှိပါ။

(က) သမတဦးသိန်းစိန်အဆိုပြုသည့် ဖွဲ့စည်းပုံပြင်ရေးကိုလက်မခံနိုင်ရခြင်းမှာ လွှတ်တော်ဘက်က အားနည်းချက်ဖြစ်သွားမည်ကို မလိုလား၊ ၄င်းတို့ဘက်က အမှန်ဟု ယူဆသည်။

(ခ) ဦးသိန်းစိန်ခန့်ထားသည့် အစိုးရ၀န်ကြီးအဖွဲ့ဝင်များတွင် ရွေးချယ်တင်မြှောက်ခံထားရသူများမပါဝင်သော်လည်း လွှတ်တော်က ၄င်းတို့အား ပြည်ထောင်စုအဆင့်သတ်မှတ်သည်။

လွှတ်တော်ကဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်များတွင် ရွေးချယ်တင်မြှောက်ခံထားရသူများမပါဝင်သော်လည်း အစိုးရက ၄င်းတို့အား ပြည်ထောင်စုအဆင့်သတ်မှတ်လက်ခံရမည် ဖြစ်သည်။

ဦးဘုန်းမြင့်အောင်၏ အထက်ပါတင်ပြချက်နှစ်ချက်အပေါ် အောက်ပါအတိုင်းသုံးသပ်သည်။

(က) လွှတ်တော်ဘက်က အားနည်းချက်ဖြစ်ခြင်း မဖြစ်ခြင်းမှာ အဓိက မဟုတ်ပါ။ State Institutions ဟုခေါ်သည့် တိုင်းပြည်တည်ဆောက်မှု အဆောက်အအုံတစုံလုံး ပုံမှန်လည်ပတ်ရေးအခြေခံကသာ ကြည့်ရန်လိုပါသည်။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသောကော်မတီနှင့်ကော်မရှင်များအား ပြည်ထောင်စုအဆင့်အဖြစ် အတင်းအကြပ်သတ်မှတ်ခိုင်းခြင်းမှ
ာ မမှန်ပါ။

သူရဦးရွှေမန်း၏သား တိုးနိုင်မန်းဆိုသူမှာ လွှတ်တော်ကိုယ်စားလှယ်မဟုတ်ပါဘဲလျှက် လွှတ်တော်ကဖွဲ့ပေးသည့်ကော်မရှင်တခုထဲတွင်ပါနေသည်ဟူသော စွပ်စွဲချက် ထွက်ပေါ်လျှက်ရှိသည်။ ယင်းကို ဟုတ်မဟုတ် စီစစ်သင့်ပါသည်။

(ခ) Presidential System ဟုခေါ်သည့် သမတစနစ်ကိုကျင့်သုံးသည့်နိုင်ငံများတွင် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများအား အစိုးရအဖွဲ့ဝင်များအနေဖြင့် ခန့်ခွင့်ရှိသည်။ ယင်းကို တကမ္ဘာလုံးတွင် ကျင့်သုံးလျှက်ရှိသည်။ ဤစနစ်ကိုမကြိုက်လျှင် ၀န်ကြီးချုပ်ဦးဆောင်သည့်ပါလီမန်စနစ်ကို ပြောင်းရပါမည်။ ယင်းတွင်အစိုးရအဖွဲ့ဝင်များအားလုံးသည် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ရပါမည်။

သမတစံနစ်ကိုလက်ခံကျင့်သုံးလျှင်မူ လွှတ်တော်အား သမတဦးဆောင်သည့်အစိုးရဖွဲ့စည်းပုံနှင့် တထပ်တည်း စဉ်းစား၍မရပါ။ လွှတ်တော်က ဖွဲ့ပေးလိုက်သည့် ရိုးရိုးကော်မတီနှင့်ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများပါဝင်ခြင်းမှာ ပြသနာမဟုတ်ပါ။ သို့ရာတွင် လွှတ်တော်ကဖွဲ့စည်းပေးလိုက်ပြီး ပြည်ထောင်စုအဆင့်ရှိစေလိုသည့်ကော်မတီနှင့်ကော်မရှင်များတွင်
လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများအားပါဝင်စေလျှင်မူ ဖေါင်းပွပြီး တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်သွားပါမည်။ မလိုလားအပ်သောပြဿနာများ တောက် လျှာက် ပေါ်နိုင်ပါသည်။

(၄) ဤ အကြပ်အတည်းကို ကျော်လွှားရန်မှာ တနည်းသာရှိသည်။ ယင်းမှာ သမတဦးသိန်းစိန် အကြံပေးသည့်အတိုင်း ဖွဲ့စည်းပုံကိုပြင်လိုက်ရန်ဖြစ်သည်။ စင်စစ်အားဖြင့်မူ ဦးသိန်းစိန်အနေဖြင့်လည်း ဖွဲ့စည်းပုံကို ပြင်ချင်လွန်းလှလို့တော့ ဟုတ်ပုံမရပါ။ အခြားထွက်ပေါက်ရှာ၍မတွေ့သဖြင့်သာ ဖြစ်ပုံရသည်။ အရင်းခံပြသနာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတရားသူကြီးများအပေါ် အယုံအကြည် နည်းကြသည့်နောက်ခံဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမတဦးသိန်းစိန်စိတ်ကြိုက် ခန့်ခဲ့သည့်ပုဂ္ဂိုလ်များဖြစ်နေသည်။ ၄င်းတို့အား ဦးသိန်းစိန်ကစဉ်းစားခဲ့ရာ၌ အဂတိတရားလေးပါးဖြစ်သော ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟကင်းစွာ လွတ်လပ်၊ ဘက်မလိုက်ဘဲ ထက်မြက်ရဲတင်းစွာ ဆုံးဖြတ်လုပ်ကိုင်မည့်ပုဂ္ဂိုလ်များအဖြစ် ရွေးချယ်ခဲ့ခြင်းမဟုတ်ကြောင်း ၄င်း၏စာအရ ထင်ရှားနေသည်။ အမျိုးသားညီလာခံတွင်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများဖြစ်၍ ရွေးချယ်ခဲ့ခြင်းဟူသည်မှာ နိုင်ငံရေးအရစဉ်းစားခြင်း ဖြစ်သည်။ ခိုင်းတာလုပ်မည့်ပုဂ္ဂိုလ်များအဖြစ်ယုံကြည်၍ ခန့်ခဲ့ခြင်းဖြစ်သည်မှာ ထင်ရှားနေသည်။ ဤသည်ကို လုံးဝ လက်မခံသင့်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြခြင်းမှာ ဤ အခြေခံကြောင့် ဖြစ်သည်။ ဤ အခြေခံကို အမြန်ဆုံးပြန်ပြင်ပြီးမှသာ အမြင့်ဆုံးတရားရုံးများ၏ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသည့်အစဉ်အလာကောင်းအား မြန်မာနိုင်ငံတွင် စတင်ထူထောင်နိုင်ပါမည်။

(၅) ၂၀၀၈ ဖွဲ့စည်းပုံကို စတင်ပြင်ဆင်ရန်မှာ ယခုအချိန်ကောင်းဖြစ်သည်။ အခန်း (၆) တရားစီရင်ရေးနှင့် စပ်လျှဉ်းသောကဏ္ဍတစုံလုံးကို ပြင်လိုက်ရန်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာတရားရုံးကို သီးခြားခွဲထုတ်ထားသည့်အပြင် တရားသူကြီးများအား သမတလုပ်သူက စိတ်ကြိုက် ခန့်ခွင့် ဖြုတ်ခွင့်ရှိသော ပြဌာန်းချက်ပါရှိနေသမျှကာလပတ်လုံး မည်သည့်အခါတွင်မျှ ဥပဒေစိုးမိုးရေး မရှိနိုင်ပါ။ စစ်ဘက်ဆိုင်ရာတရားရုံးများအား သီးခြားခွဲထုတ်ထားသည့်ပြဌာန်းချက်ကို ဖျက်သိမ်းလိုက်ရန်လိုပါမည်။ တည်ဆဲ ၁၉၅၉ ခုနှစ် တပ်မတော်ဥပဒေကို အသက်သွင်းရန်လိုပါမည်။ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သော တရားစီရင်ရေးယန္တယားကြီးပေါ်ပေါက်လာအောင် တရားသူကြီးချုပ်များအား မည်သို့ခန့်သင့် ဖြုတ်သင့်သည်ကို လူထုထံမှသဘောထားတောင်းခံသည့်လှုပ်ရှားမှုကြီး စတင်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်စပ်လျှဉ်းသောကိစ္စများကို စစ်အစိုးရကဖွဲ့စည်းပေးထားသော လွှတ်တော်ကွက်ကွက်ကလေးအတွင်းမှာသာ စဉ်းစားခြင်းမျိုးမဖြစ်သင့်တော့
ပါ။ လူထုများပါ ပါဝင်ပတ်သက်ခွင့်ရအောင်၊ လူထု၏ သဘောဆန္ဒများကျယ်ကျယ်ပြန့်ပြန့်ထုတ်ဖေါ်ခွင့်ရအောင်
သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ လူထုအသင်းအဖွဲ့များ၊ သတင်းဌာနများက ကမကထပြုကြမည်ဆိုလျှင် စစ်မှန်သော ဥပဒေစိုးမိုးရေးအတွက် အထောက်အကူဖြစ်ပါမည်။

(၆) ဖွဲ့စည်းပုံကိုပြင်ပြီးနောက် တရားသူကြီးများအား အစမှအဆုံး အသစ်ပြန်ခန့်နိုင်သည်။ ပြည်ထောင်စုအဆင့်သတ်မှတ်ရေးကိစ္စအားလည်း အတိအကျထည့်သွင်းပြဌာန်းနိုင်သည်။ သို့မဟုတ်ပါက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ကော်မတီသည်ပင် ပြည်ထောင်စုအဆင့်မရှိတော့ပြီမှာ သေချာသည်။ ပြည်ထောင်စုအဆင့်မရှိလျှင် တိုင်းနှင့်ပြည်နယ်အဆင့်သာ ရှိပါမည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ပင် နှိမ့်ချစွာခေါင်းငုံ့ဝင်ရောက်ပါလျှက် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာသိ လူထုခေါင်းဆောင်မျိုးကို တိုင်းနှင့်ပြည်နယ်အဆင့်လောက်မှာသာ အလုပ် ပေးထားခြင်းမျိုး မဖြစ်သင့်ပါ။ စစ်အာဏာရှင်များ၏ ဖွဲ့စည်းပုံဆိုင်ရာလှည့်ကွက်များကိုဖေါ်ထုတ်ဆန့်ကျင်လှုပ်ရှား သင့်ကြပါသည်။

အောင်ထူး (ရှေ့နေ)

၂၀၁၂ ခုနှစ် သြဂုတ်လ (၂၁) ရက်

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း(၃) အောင်ထူး(ရှေ့နေ)

0 comments

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း(၃) အောင်ထူး(ရှေ့နေ) ယခုအချိန်၌ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဟူသောစကားလုံးများကို ထပ်ခါ ထပ်ခါကိုးကားသုံးစွဲလာပြီဖြစ်သော သမတဦးသိန်းစိန်နှင့်ဆက်စပ်လျှက် နောက်ထပ် မြန်မာဆိုရိုးစကားတခုကို သတိရမိပါသည်။ "ပါးစပ်က ဘုရား ဘုရား လက်က ကိုးရိုးကားယားဟူ၍ဖြစ်သည်။ ဤဆိုရိုးစကားက အပြောနှင့်အလုပ်ညီဘို့လိုကြောင်း ထောက်ပြထားခြင်းပင်။ ရခိုင်အဓိကရုဏ်းကို ဤဆိုရိုးစကားနှင့်ချိန်ထိုးပါမည်။

ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရသည် ဘုရား ဘုရားဟူ၍ပင် ရှေ့ကနေ၍ပြောသွားခဲ့ခြင်းမရှိပါ။ လက်ကကိုးရိုး ကားယား အရင်လုပ်ခဲ့ပြီး နောက်ပိုင်းမှ ပါးစပ်က ဘုရား ဘုရား တခြင်းသာဖြစ်သည်။ သာဓက တခုကိုပြောပါမည်။ ယခုသြဂုတ် (၁၅) ရက်နေ့အင်တာဗျူးတွင် ဦးသိန်းစိန်က ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင်များနှင့်တွေ့ပြီးပြောဆိုကြောင်း၊ ရခိုင်လူထုကို ၄င်းက စကားဆယ်ခွန်းဆယ့်ငါးခွန်းပြောတာထက် ခင်ဗျားတို့တခွန်းပြောတာထိရောက်ကြောင်း ဆိုခဲ့သည်။ အတိအကျအားဖြင့် ဦးသိန်းစိန်က ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင်များအား "ခင်ဗျားတို့က၀င်ပြီး အမြင်မှန်ရလာအောင် ပြောင်းလဲလာအောင် ပြောပေးပါတောင်းခံနေပြီဖြစ်သည်။

ဤသို့ဆိုလျှင် အဓိကရုဏ်းကြီးအတွင်း၌ အမြင်မှားခဲ့သူမှာမည်သူနည်း။ ရခိုင်လူထုဖစ်သည်ဟု ဦးသိန်းစိန်က ဆိုနေခြင်းဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှ ရခိုင်လူထုအပေါ်အပြစ်ပုံချရန် လမ်းခင်းနေခြင်းဖြစ်သည်။ ရခိုင်လူထုအမြင်မှားနေသည်ဟုဆိုပါလျှင် ဦးသိန်းစိန်ဦးဆောင်သည့်စစ်အစိုးရသည် အစောပိုင်းကာလများကထဲက ယခုကဲ့သို့ ဘာကြောင့် ရှင်းပြဘို့မကြိုးစားခဲ့သနည်း။ မိမိ အစိုးရကိုယ်တိုင်၏တာဝန်ရှိမှုကိုဝန်မခံဘဲ နိုင်ငံတကာဖိအားများ သက်ရောက်လာနိုင်သည့် အခြေအနေရောက်လာမှ ရခိုင်လူထုကအမြင်မှားပြီး ပြစ်မှုကြီးများကို ကျူးလွန်နေသယောင် အဘယ်ကြောင့် ပြောဆိုလာပါသနည်း။

ယခုမှသာ ရခိုင်လူထုအပေါ် အပြစ်ပုံချဘို့ကြိုးစားနေသော်လည်း ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရသည် အဓိကရုဏ်း စဖြစ်ခါစတွင် ပြဿနာတရားခံအဖြစ်လက်ညှိုးထိုးခံခဲ့ရသူမှာ (ရိုဟင်ဂျာ) မွတ်ဆလင်များဖြစ်သည်။ သာဓက တခုပြပါမည်။ ၂၀၁၂ ခုနှစ် ဇွန်လ () ရက်နေ့ထုတ် ကြေးမုံသတင်းစာ၏ စာမျက်နှာ (၂၀) ကို ကြည့်ပါ။ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောမို့များ၌ ဆူပူသူ အင်အား ၁၀၀၀ ကျော်က အကြမ်းဘက်မှုများကို မည်သို့ကျူးလွန်နေကြောင်း သတင်းအဖြစ်ဖေါ်ပြထားပြီး အဆိုပါစာမျက်နှာတခုတည်းမှာပင် ယင်းသတင်းနှင့်ကပ်လျှက် အောက်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်သာသနာရေးအဖွဲ့ကြီးမေတ္တာရပ်ခံပန်ကြားလွှာနှစ်စောင်ကို တွဲထည့်ပေးထားသည်။ ယင်းပန်ကြားလွှာများတွင် နိုင်ငံတ၀ှမ်းနေထိုင်ကြသော အစ္စလမ်သာသနာဝင်များသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်သာသနာရေးအဖွဲ့ကြီးကထုတ်ပြန်သော အထူးမေတ္တာရပ်ခံချက်နှင့်အညီ နေထိုင်ကြရန်လိုကြောင်း ပါရှိသည်။ သို့ရာတွင် သတင်းစာ၏အဆိုပါစာမျက်နှာ၌ ဗုဒ္ဓဘာသာဝင်များအတွက် သံဃာ့နာယကအဖွဲ့ကြီးကထုတ်ပြန်သော မေတ္တာရပ်ခံချက် မပါရှိပါ။ ဤသည်မှာ စစ်အစိုးရကဦးဆောင်၍ သတင်းပညာအရ လုပ်ကြံထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ဆူပူအကြမ်းဘက်သူများသည် မွတ်ဆလင်ဘာသာဝင်များသာဖြစ်သည်ဟု သတင်းစာဖတ်သူအားလုံး ထင်ယောင်မှားဖြစ်စေရန် လုပ်ကြံထားခြင်းဖြစ်သည်။  

ဦးသိန်းစိန်ဦးဆောင်သည့်စစ်အစိုးရ၏ တာဝန်ရှိမှုအောက်တွင် အဓိကရုဏ်းကြီးအတွင်း အသက်စွန့်လွှတ်သွားခဲ့ရသူ လူထု အရေအတွက်ကို မည်သူမျှ အတိအကျမပြောနိုင်။ ဘ၀နစ်နာပျက်စီးဆုံးရှုံးခဲ့ရသူ အနည်းဆုံးခြောက်သောင်းကျော်အနက် ဒုက္ခသည်စခန်းမှနေ၍ ပြန်စရာနေအိမ်ပင်မရှိတော့သူ ဦးရေမှာလည်းများလှစွာသည်။ အဓိကရုဏ်းကီး၏ရိုက်ခတ်မှုကြောင့် ရှေ့ခရီးဘယ်လိုဆက်၍ ဘာတွေလုပ်ကိုင်စားသောက်ရမည်မသိတော့သူဦးရေမှာ သိန်း တချို့ချီရှိမည်ဟု မှန်းရသည်။

အဆိုးဆုံးမှာ ဦးသိန်းစိန်က ယခုအချိန်အထိ စစ်အစိုးရ၏တိကျသောမူဝါဒကို မကြေငြာသေးခြင်းပင်။ ရခိုင်ပြည်နယ်အတွင်း၌ရှိနေပြီဖြစ်သော မွတ်ဆလင်ဘာသာဝင်ဦးရေ အနည်းဆုံးရှစ်သိန်းကျော်ကို တကယ်ဘဲ ဆက်လက် မောင်းထုတ်သွားမှာလား။ မောင်းထုတ်သွားမည်ဆိုပါက လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ လုံခြုံမှုကိုရရှိစေပြီး နိုင်ငံတကာ၏ပူးပေါင်းဆောင်ရွက်မှုဖြင့် မည်သိ့ဖေါ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်မှုအောင်မြင်စေရန် ဒေသခံလူထုက မည်သို့ပူးပေါင်းဆောင်ရွက် သင့်ကြောင်း၊ ယင်းအစီအစဉ်အောင်မြင်စေရေးအတွက် အိမ်နီးခြင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အကူအညီနှင့် နိုင်ငံတကာ၏အကူအညီတို့ကို မည်သို့ရှာဖွေသွာမည်ဖြစ်ကြောင်း တပြည်လုံးလူထုအား ဦးသိန်းစိန်၏ စစ်အစိုးရက အတိအကျရှင်းပြရန်လိုသည်။

သိုမဟုတ် ယင်း ပထမမူဝါဒကို တရားဝင်ရုပ်သိမ်းပြီး နှစ်ဦးနှစ်ဘက်ငိမ်းချမ်းစွာအတူတကွ ဆက်လက်နေထိုင်ရေးကို ဖေါ်ဆောင်မည်လား။ ဒုတိယမူဝါဒသိ့ ပြောင်းလဲကျင့်သုံးမည်ဆိုပါက ယခု ဦးသိန်းစိန်အင်တာဗျူးတွင်ပြောခဲ့သကဲ့သို့ လွယ်လွယ်ပြော၍ မရနိုင်ပါ။ ဘ၀နစ်နာပျက်စီးဆုံးရှုံးခဲ့သူ လူထုကြီးတရပ်လုံး ထမင်းစားဘို့၊ နေစရာရဘို့အတွက် ဟိုက သည်က တောင်းခံပေးရုံ၊ လုံခြုံရေးအရ စစ်တပ်၏သေနတ်ပြောင်းအောက်တွင် ဒူးထောက် ခိုလှုံနေခွင့်ရရုံနှင့် လုံးဝ မလုံလောက်ပါ။

() အဓိကရုဏ်းကြီးနှင့်စပ်လျှဉ်း၍ အမှန်အတိုင်း ဘာတွေဖြစ်ပျက်ခဲ့သည်ဆိုသည်ကို လူထုကြီးရော နိုင်ငံတကာပါ အတိအကျသိခွင့်ရအောင် ဆောင်ရွက်ပေးဘိုလိုသည်။ ကုလသမဂ္ဂမှဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်အား လွတ်လပ်စွာစုံစမ်းစစ်ဆေးခွင့်ပေးဘို့ လိုသည်။

() ပြစ်မှုကျူးလွန်သူများသည် လမ်းများပေါ်တွင် ငြိမ်းချမ်းစွာလျှောက်သွားလျှက်ရှိကြသည်။ ထိုသူများအား ပြစ်မှုကျူးလွန်ခံရသူများကလည်း နေ့စဉ်တွေ့မြင်နေရဆဲဖြစ်သည်။ သို့ဖြစ်၍ ပြစ်မှုကျူးလွန်ခံရသူလူထု၏ စိတ်အစဉ်တွင် မည်သည့်အခါတွင်မျှ ငြိမ်းချမ်းမှုရမည် မဟုတ်။ တချိန်ချိန်မှာ ထပ်မံကျူးလွန်ခံရလိမ့်မည်ဟူသော စိုးရိမ်ထိတ်လန့်မှုများရှိနေမည် ဧကန်ဖြစ်သည်။ ဥပဒေစိုးမိုးရေးကို တကယ်တမ်းတည်ဆောက်မည်ဟုသက်သေပြလိုလျှင် ကျောသားရင်သားမခွဲခြားဘဲ ပြစ်မှုကျူးလွန်ခဲ့သူမှန်သမျှကို ဖေါ်ထုတ်အရေးယူရန် လိုသည်။

() အမှန်တရားများပေါ်ထွက်လာပြီးနောက် ပြစ်မှုကျူးလွန်သူများအား အရေးယူစစ်ဆေးစီရင်နေသည့် တချိန်တည်းတွင် နှစ်ဘက်ပြန်လည်သင့်မြတ်ကြရေးအတွက် အခြေခံလူထုများအတွင်း တွေ့ဆုံမှုများ၊ ညှိနိုင်းမှုများ၊ တဘက်၏နစ်နာချက်ကို အခြားတဘက်မှကြားသိစေခြင်းများ စီစဉ်ပေးဘို့လိုသည်။ ယင်းသို့ဖြင့် ကိုယ်ခြင်းစာနာစိတ်များ၊ အပြန်အလှန်ကူညီလိုမှုများ၊ မေတ္တာတရားများ ပွားများခွင့်ရလာအောင် စီစဉ်ပေးရန်လိုပါမည်။

() ရခိုင်ပြည်နယ်အတွင်းရှိ တရားစီရင်ရေးအပါအ၀င် တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများအား လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက် အားကောင်းလာအောင် ပြောင်းလဲဖွဲ့စည်း၊ လေ့ကျင့်တည်ဆောက်ဘိုလိုသည်။ ဤသည်ကို အင်္ဂလိပ်ဘာသာဖြင့် Institutional Reform ဟု ခေါ်သည်။
 အဓိကရုဏ်းကြီးနှင့်စပ်လျှဉ်း၍ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခေါ်ယူသတိပေးသည်မှာ မှန်သလား။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆွေးနွေးပွဲ မှတ်တမ်းတခု ပေါ်ထွက်လာခဲ့သည်။ ဤမှတ်တမ်းသည် ယခုအချိန်တွင်အတော်ပင်ကျယ်ပြန့်စွာ ပျံ့နှံ့လျှက်ရှိသည်။ ဤမှတ်တမ်းသည်လည်းကောင်း၊ မှတ်တမ်းတွင်ဖေါ်ပြရေးသားထားသည့် အကြောင်းအရာများသည်လည်းကောင်း၊ အစစ်အမှန်မဟုတ် မှားယွင်းနေသည်ဟုဆိုလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ နှစ်ခုလုံးအနေဖြင့် သတင်းစာရှင်းလင်းပွဲတရပ်ခေါ်ယူကာ အသေးစိပ်ရှင်းပြရန်တာဝန်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းမှတ်တမ်းတွင်ရေးသားထားချက်များသည် မတရားမှုများကိုဖုံးကွယ်ထားသလားဟူ၍ အများပြည်သူက မှတ်ယူနိုင်စရာအကြောင်း ရှိသောကြောင့်ဖြစ်သည်။

အဆိုပါမှတ်တမ်းအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၂ ခုနှစ် သြဂုတ်လ () ရက်နေ့စွဲဖြင့် ဒေါက်တာအေးမောင် ဥက္ကဌအဖြစ်တာဝန်ယူသည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအား အစည်းအဝေးဖိတ်ကြားခဲ့သည်။ ဥက္ကဌ ဒေါက်တာအေးမောင် မဖြစ်မနေတက်ရောက်ရန်ဟူသော စကားလုံးကိုသုံး၍ ဖိတ်ကြားခဲ့ကြောင်းနှင့်တွ့ရသည်။

၁။ ဒေါက်တာအေးမောင် (ဥက္ကဌ)
၂။ ဦးအုံးတင်           (ဒုဥက္ကဌ)
၃။ ဦးဘရှိန်             (ဗဟိုအလုပ်အမှုဆောင်)
၎။ ဦးဖေသန်း           (ဗဟိုအလုပ်အမှုဆောင်)
၅။ ဦးထွန်းအောင်ကျော်  (ဗဟိုအလုပ်အမှုဆောင်)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် ------------------ဒုတိယဗိုလ်ချုပ်ကြီးလှမင်းတင်ပြသော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ရခိုင်အရေးအခင်းအပေါ် ပါဝင်ပတ်သက်မှုကို အကျယ်ဆွေးနွေးခြင်းမရှိဘဲ "ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်ဟု ပြောကြားခဲ့ကြောင်း မှတ်တမ်းတွင်ရေးသားထားခဲ့သည်။

ရခိုင်အရေးအခင်းအတွင်း နှစ်ဘက်အပြန်အလှန်သတ်ဖြတ်မှုကြီးများပေါ်ပေါက်ခဲ့ကြောင်း မည်သူမျှ အငြင်းမပွားပါ။ ဦးသိန်းစိန်ကိုယ်တိုင်က၀န်ခံခဲ့ပြီး သေဆုံးသူဦးရေမှာ တရာထက်တော့မပိုကြောင်းနှင့် မီးရှို့ကြသည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်ကြသူဦးရေမှာ အဆမတန်များပြားကြောင်း ဆိုသွားခဲ့သည်။

ဤသတင်းများ လှိုင်လှိုင်ကြီးထွက်ပေါ်နေသည့်အချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအား အစည်းအဝေးခေါ်ယူပြီး "ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်ဟု သတိပေးခံလိုက်ရခြင်းမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ နိုင်ငံရေးဂုဏ်သိက္ခာကို များစွာထိခိုက်ပါသည်။ ရခိုင်ပြည်နယ်အတွင်း ပြစ်မှုကြီးများကျူးလွန်ရာ၌ အဓိကဦးဆောင်သောအဖွဲ့အစည်းမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က အတိအကျစွပ်စွဲလိုက်သည့် သဘောဆောင်သည်။ အဆိုပါမှတ်တမ်းသည် စစ်မှန်သည်ဆိုပါက ပေါ့ပေါ့မထားသင့်ပါ။  ရခိုင်သမိုင်းတခု၏အစိပ်အပိုင်း ဖြစ်သွားပါပြီ။

မစစ်မှန်သော မှတ်တမ်းဖြစ်သည်ဆိုလျှင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအနေဖြင့် အမြန်ဆုံးရှင်းလင်းဘို့လိုပါမည်။ စစ်မှန်သောမှတ်တမ်းဖြစ်သော်လည်း "ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်ဟု ရွေးကောက်ပွဲကော်မရှင်ကသတိပေးခြင်းမှာ ရခိုင်ပြည်နယ် အဓိကရုဏ်းအတွင်းဖြစ်ပွား ခဲ့သော သတ်ဖြတ်၊ မီးရှို့မှုကြီးများနှင့် လုံးဝပတ်သက်ခြင်း မရှိကြောင်း၊ နိုင်ငံရေးပါတီများနှင့်စပ်လျှဉ်း၍ အခြားမည်သည့်ကိစ္စရပ်အတွက် ကော်မရှင်ကခေါ်ယူသတိပေးခြင်းသာဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအနေဖြင့် လူထုတရပ်လုံးအားခြေခြေမြစ်မြစ် ရှင်းပြဘိုလိုပါမည်။

ထို့အပြင် ပို၍ အရေးကြီးသည်မှာ ရခိုင်ပြည်နယ်အတွင်းဖစ်ပွားခဲ့သောပြစ်မှုကြီးများအား ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကဘဲ အဓိကဦးဆောင်ကျူးလွန်နေသယောင်ယောင် သဘောသက်ရောက်စေသည့်မှတ်တမ်းကို ရေးသားသူ၊ အများသိအောင်ထုတ်ပြန်သူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ပါတီက ဥပဒေကြောင်းအရ အတိအကျပြန်လည် တရားစွဲဆိုသွားသင့်ပါသည်။

(အပိုင်း ကို ဆက်လက် ဖတ်ရှုပါရန်)