Wednesday, January 29, 2014

၂ဝ၁၄ ဇန်နဝါရီလကုန်ပိုင်းမှာရေးတဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဇန်နဝါရီ လကုန်ပိုင်းမှာရေးတဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
ခု လိုင်ဇာကပွဲလည်းပြီးပြီ။ လော်ခီးလာက ပွဲလည်းပြီးပြီ။ ဖားအံမှာလုပ်မယ့်ပွဲ ထစ်နေတယ်ကြားပါတယ်။ တချို့ကတော့ ဖြစ်ဖို့တောင် မရှိဘူးလို့ဆိုပါတယ်။ စစ်အုပ်စုက ဖားအံမှာမလုပ်ပဲ ကြပ်ပြေးမှာလာလုပ်ဖို့ပြောနေတယ်လည်း ကြားပါတယ်။ ဗိုလ်သိန်းစိန်တို့ကတော့ အပစ်ကိုမြန်မြန်ရပ်ချင်မှာပဲ။ ဒါမှ နော်ဝေကပေးစာကမ်းစာလေး ဆက် လက်ဖြန့်လို့ရနေမှာကိုး။ ဟိုလူတွေခမျာလည်း တော်လှန်ရေး (စကားလုံး)ပါဖို့/မပါဖို့တောင် မနည်းကြိတ်နေရတဲ့ဘဝကိုး။ အပိတ်မိန့်ခွန်းမှာတောင် မလိုအပ်တဲ့နေရာမှာ တော်လှန်ရေးစကားလုံး ထည့်မပြောကြပါနဲ့ဆိုကာအုပ်လိုက်ရတဲ့အဖြစ်မဟုတ်လား။ ထားပါတော့အဲ့ဒါတွေ။ ဖြစ်တာပျက်တာက သူ့အကြောင်းနဲ့သူလို့ပဲ။ သိချင်တာက ရန်ကုန်အထိဆင်းပြီး ကြပ်ပြေးအထိသွားပြီး အပစ်ရပ်မယ်တို့ ငြိမ်းချမ်းရေးလုပ်မယ်တို့ ပြောခဲ့စဉ်တုန်းက ကရင်ဘက်ကခေါင်းဆောင်ပါခဲ့တဲ့ နော်စီပိုးရာစိန်တို့ နော်မေဦးတို့ ပျောက်ချက်သားကောင်းလှတယ်။ ဘယ်ရောက်လို့ ဘာဖြစ်ကြပါလိမ့်။ (ပျောက်ချက်သားကောင်းသူများ)

ဒေါ်စု ရခိုင်ပြည်နယ်ခရီးစဉ်ရှိတယ်လို့ကြားရပါတယ်။ ဘယ့်လောက်သေချာကတော့ သေချာပေါက်မပြောနိုင်သေးပါ။ သွားတာကောင်းတယ်လို့ မြင်ပါတယ်။ အသက်အန္တရာယ်အတွက်တော့ ပူမယ်ဆိုပူချင်စရာပါ။ ဒါပေမယ့် စစ်ဗိုလ်တွေက သိပါတယ်..။ ဘယ်အချိန် အိမ်အချုပ်နဲ့ထား၊ ဘယ်အချိန် လွှတ်၊ ဘယ်အချိန် လက်ဘက်ရည်သောက်ခေါ်၊ ဘယ်အချိန် အလ္လပသလ္လပခေါ်ပြော၊ ဘယ်အချိန် ဆည်မြောင်းချောင်းကန်နဲ့ တံတားတွေအတူလိုက်ကြည့်၊ ဘယ်အချိန် အသက်ရန်ရှာ၊ ဘယ်အချိန် ခရမ်းချဉ်သီးနဲ့ပေါက်၊ ဘယ်အချိန် အမကြီးခေါ်၊ ဘယ်အချိန် ကုလားမယားခေါ်၊ ဘယ်အချိန်ဓါတ်ပုံတွဲရိုက်၊ ဘယ်အချိန် လွှတ်တော်ထဲသွင်းကျမ်းကျိန်၊ ဘယ်အချိန် ဥပဒေစိုးမိုးရေးလူကြီးခန့်၊ ဘယ်အချိန် စုံစမ်းရေးကော်မရှင်ဖွဲ့၊ ဘယ်အချိန် နိုင်ငံခြားလွှတ်၊ ဘယ်အချိန် လက်ခုတ်တီးပေး၊ ဘယ်အချိန် ထိပ်ပုတ်၊ ဘယ်အချိန် ကန်တော့၊ ဘယ်အချိန် ဆွမ်းကျွေးတရားအတူနာ၊ "ဘယ်အချိန် ဘယ်သူဘာလုပ်"ဆိုတဲ့အစီအစဉ် သူတို့ဆီ ရှိထားပြီးသားပါ။ ထောင်စကားနဲ့ပြောရရင် ဇယားကျေပါတယ်။ နောက်တချက်က ခုချိန်မှာ ဒေါ်စုဟာ ရွှေဥ ပေးနေတဲ့ ငန်းပါ။ ရင်ခွဲရှာရှင် ရင်ကွဲပက်လက်ဖြစ်မှာ သိထားပြီးသားတွေပါ။ အနည်းဆုံး သူတို့တွေ မူလတန်းဖတ်စာတော့ ကျေကြပါတယ်။ ဒီခရီးစဉ်ကစပြီး ဖွဲ့စည်းပုံ ရှင်းပြတာနဲ့ ပြင်မလားသွားမေးတာတွေတော့ တော်လောက်ပြီထင်ပါတယ်။ လူထုက ဒီဖွဲ့စည်းပုံ ဘာလုပ်စေချင်မှန်းပြောပြီးသားပါ။ ဒေါ်စုလည်း သိပြီးသားပါ။ စကားလုံးတွေနဲ့ အချိန်ကုန်လေကုန်ခံနေတာ ဒေါ်စုရောလူထုပါ ပင်ပမ်းလှပါပြီ။ ပင်မယ်ပြောပြီး လွှတ်တော်ထဲ ဝင်သွားတာလည်း လူထုသိပါတယ်။ ပြင်ပြင်-မပြင်ပြင် ဝင်မယ်လို့ ဆိုတာလည်းသိကြပါတယ်။ ၂ဝ၁၅ အတွက်ကြိုပြင်တဲ့သဘောမျိုး မဲဆွယ်စည်းရုံးရေးဆို မဆိုးဘူးတွေးပါတယ်။ ဒါကလည်း ဆောက်ဖြစ်မှကျောင်းဒကာဆိုတာ လူထုကိုအသိပေးမယ်ဆိုကောင်းပါတယ်။ လူသားချင်းစာနာမှုအရေး၊ လူ့အခွင့်အရေးအချိုးဖေါက်ခံနေရတဲ့ကိစ္စ၊ ဖက်ဒရယ်လ်ကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ (ဒါကလည်း ကြားဖြတ် ဝင်တုန်းက ဟစ်ကြွေးခဲ့တဲ့ ၃ ချက်ထဲက တချက်ပါ)စတာတွေအပြင် ပါတီရဲ့နိုင်ငံခြားရေးပေါ်လစီကိုပါ တိတိကျကျရှင်းရှင်းလင်းလင်း ပြောပြနိုင်ရင်အလွန်ကောင်းမှာပါ။ စစ်အုပ်စုရဲ့ နိုင်ငံကြီးတွေကြားနဲ့ ဒေသတွင်းနိုင်ငံရေးကစားကွက်ဟာ အန္တရာယ်တွေကိုလက်ယပ်ခေါ် နေတာမို့ အင်န်အယ်လ်ဒီရဲ့နိုင်ငံခြားရေးပေါ်လစီဟာ ခုချိန်မှာ လူထုအသိချင်ဆုံးအရာတွေထဲကတစ်ခုဖြစ်သလို ပြောပြရမယ့်ကိစ္စလည်း ဖြစ်တယ်လို့ယုံပါတယ်။ ဘယ်လိုရန်အရှာခံရတာမျိုးမှ မကြုံရပါစေနဲ့၊ အန္တရာယ်များလည်းကင်းပါစေ၊ သွားလမ်းသာလို့ လာလမ်းများလည်း ဖြောင့်ပါစေ။
(ရခိုင်ခရီးကိစ္စ)

မင်းကိုနိုင်ဖို့ရေးတဲ့စာ (မျိုးမြင့်ချို) ၂ဝ၁၄ ဇန်နဝါရီ ၂၇
သူတို့ စာရေးဆရာလိုလို အနုပညာသမားလိုလို လုပ်နေပြောနေတာတွေကြိုက်သလားဆိုတော့ မကြိုက်ဘူး။ ဘာလို့လဲဆို သူတို့ အဓိကလုပ်ရမယ့်အလုပ်ဟုတ်တယ်လို့ မထင်လို့ပဲ။ ပြီးတော့ အဲ့ဒီနေရာမှာ သူတို့ကို ကြိုက်စရာအကွက် မမြင်လို့ပဲ။ သူတို့အစွမ်းပြစရာ နေရာမှ မဟုတ်ပဲ။ မင်းကိုနိုင်ရေးတာမဟုတ်ရင် "နောက်ကြည့်မှန်"ဖတ်မယ့်သူ ဘယ်နှယောက်ရှိမလဲ။ စင်မှားတက်မိပြီး ပြန်ဆင်းရ ခက်နေတယ်လို့လည်း မထင်ဘူး။ တက်ချင်လို့ကို တက်နေကြမှန်းသိသာတယ်။ ကိုယ့်ဘာသာစင်ထိုးပါလားလည်း မပြောအားဘူး။ အင်န်ဂျီအိုဆိုတာ စင်ထိုးလို့မရမှန်းသိနေနှင့်ပြီးသား။ ကျွဲကူးရေပါလို့ဆိုရအောင်လည်း ကျွဲကကျွဲ ရေကရေ သတ်သတ်စီဖြစ်နေတယ်။ ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့၊ ကိုယ်နဲ့တခေတ်တည်းအပြိုင်ဖြတ်ခဲ့ဖူးတဲ့မင်းကိုနိုင်ကို တချိန်ချိန်မှာ ကိုယ့်ခေါင်းဆောင်၊ နိုင်ငံ့ ခေါင်းဆောင်အဖြစ်ပဲ မြင်ချင်တာ။ နိုင်ငံရေးလုပ်နေလို့ စာမရေးရဘူး အနုပညာ ဝါသနာမပါရဘူးလို့ ဘယ်နိုင်ငံရေးကျင့်ဝတ်စံကမှမဆိုသလို “နိုင်ငံရေးကနားမှ စာရေးမယ်”ဆိုတာလည်း တစ်ဦးချင်းဆိုင်ရာဆုံးဖြတ်ရွေးချယ်မှုပဲ။ လုပ်မိလုပ်ရာလျှောက်လုပ်နေတာမဟုတ်မှန်းတော့ သိတယ်။ ဒါပေမယ့် ဘာလုပ်မယ်မှန်းမသိတော့ ဘာလုပ်နေမှန်းကိုမသိဘူး။ တိတိကျကျပြောရရင် ဟိုပန်မှာ ဗြောင်ကျကျ သံပုံးတီးသလိုလို တောခြောက်သလိုလို အလုပ်ခံရပြီးကတည်းက ဒီလူတွေ လူကြားထဲကထွက်ပြီး စင်ပေါ်တက်သွားတာလို့မြင်တယ်။ နိုင်ငံရေးက လမ်းမတွေကနေ ဟိုတယ်လ်ပေါ်တက်သလို တက်နည်းကားများလား။ တက်ပြီးရင် ဆင်းတော့ဆင်းရမှာပဲ။ ဘယ်လိုဆင်းမလဲ။ ခု စင်ပေါ်မတက်နဲ့ပဲပြောသေးတာ နောက်ဆို စင်ပေါ်ကမောင်းမချဘူးလို့ ခင်ဗျားပြောနိုင်မလား။ ခုလိုပြောလို့ “ခင်ဗျားပြောတာ ကျနော် သဘောမတူဘူး ဒါပေမယ့်ခင်ဗျားလွတ်လပ်ခွင့်ကိုတော့ အသက်ပေးကာကွယ်မယ်တို့ ဒီမိုကရေစီပဲ..ခင်ဗျားမှာလည်း လွတ်လပ်ခွင့် ရှိပါတယ်"တို့ဆိုတဲ့ကလီရှေးတွေနဲ့ သဘောထားအကြီးပြတတ်သလို မဆိုလေနဲ့။ လက်တွေ့မှာ လူတိုင်း"ဘက်" ရှိတယ်၊ ဘက်လိုက်တယ်။ ကျနော် အေးဆေးတည်ငြိမ်ပြီး ဖြူစင်ဖြောင့်မတ်တဲ့ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ အနာဂတ်နိုင်ငံရေးသမား မင်းကိုနိုင်ဘက်က လိုက်တယ်။ စာရေးဆရာ “ဆရာမင်းကိုနိုင်”လို့ခေါ်တဲ့ဘက်မှာ ကျနော် ဘယ်တော့မှမရပ်ဘူး။
(စာရေးဆရာမင်းကိုနိုင်ကိစ္စ)

သင်္ကန်းခြုံအလဇ္ဖီဘိက္ခု(တချို့)နဲ့ စစ်အာဏာရှင်တွေဟာ Sadist လင်နဲ့ Masochist မယားလိုဖြစ်နေတယ်။ အရပ်ထဲပြောကြသလို ”အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်” ခတ်ဆန်ဆန်ပဲ။ ဆာ့ဒစ်လင်က သူတပါးနာကျင်အောင်လုပ်ပြီးမှ သာယာစိတ်နဲ့လိင်စိတ်ထကြွ၊ မဆိုးခေတ်စ်မယားက အသားနာမှသာယာပြီး လိင်စိတ်နိုးကြား။ နှစ်ယောက်လုံးအလိုပြည့်တော့ မယားကိုယ်ကဒဏ်ရာကို ပရုပ်ဆီလေး ပွတ်ပေးလိုက် ဇက်ကြောလေးဆွဲပေးလိုက်၊ အနာဖြေကြ အလွမ်းဖြေကြ။ အာသာပြေကြ။ နောက်တစ်ကြိမ် ရမ္မက်မီးအတွက်လက်သီးပြင်ကြ ပါးပြင်ကြ။ ဘုမသိဘမသိ ဘေးလူတွေက မယားဘက်ကဝင်နာလိုက် လင်ကိုဆဲလိုက် ဟိုမှာတော့ နှစ်ကိုယ်တူချစ်သမျှကို မြင့်မိုရ်ရွှေတောင်လုံး။ (၉၆၉ နဲ့ အစိုးရကိစ္စ)

”ဝီရသူ”ကို ဝီရသူမခေါ်လို့ ဘာခေါ်ရမလဲ။ ဆရာဝီရသူလို့ ခေါ်စေ့ချင်သလား။ ဗမာပြည်မှာ လူထုအတွက်အတွေးအခေါ်၊ အနုပညာ၊ ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှုစတာတွေမှာ အကောင်းတွေချည်းလုပ်လို့ အသတ်မှတ်ခံချီးကျူးဂုဏ်ပြု ဦးထက်အတင်ခံခဲ့ရတဲ့ ခံနေရတဲ့ စာရေးဆရာကြီးတွေကိုတောင် သူတို့ကလောင်အမည်ရှေ့မှာ ”ဦး”တပ်ခေါ်ရတာမဟုတ်ဘူး။ ဝီရသူဆိုတာ ကလောင်အမည်ပဲ။ ကလောင်မှာမှ ကလောင်ဆိုး-ကလောင်ယုတ်ပဲ။ အမုန်းမီးတိုက် အာဃာတတရားဖြန့်ချိ အကြမ်းဖက်မှုမှာမွေ့လျော်တဲ့ သင်္ကန်းခြုံအလဇ္ဖီဘိက္ခုပဲ။ ဒီလို ကလောင်ကို ဆရာတပ်ခေါ်ဖို့ဆိုတာ နှုတ်အာ”သန”တယ်။ ဝီရသူလို့ခေါ်တာတောင် အားနာဖို့သင့်လှပြီ။ ဒီ့ထက် ”ကမ်းတက်”လာရင်တော့ (လူ-ကလောင်မကွဲတဲ့ကိစ္စ)

တနေ့က တူမချော ကျောင်းပြန်လာချိန် သူတို့အိမ်ရောက်တယ်။ အိမ်ထဲဝင်ဝင်းချင်း ကျနော့်မြင်တော့ ဘဘဆိုပြီး ကျောပိုးအိပ်လေး လွှတ်ချတဲ့ကာ အနားပြေးလာပြီး နမ်းတယ်။ သမီးဒီနေ့လည်း အစိမ်းရတယ်လို့ ဝမ်းသာအားရဆိုကာ နေ့စဉ်ကျောင်းစာနဲ့အခြားကိစ္စများ အဆင့်ကောင်းမွန်မှုအခြေပြအရောင်ကို ပြောတယ်။ ပြီးတော့ သူဆွဲထားတဲ့ပုံတွေ ထုတ်ပြတယ်။ နောက်ဆုံးကျမှ ဒီမှာကြည့် ဒါ အတန်းထဲက သမီးသူငယ်ချင်းတွေဆိုကာ ဓါတ်ပုံထုတ်ပြရင်း ပါးစပ်ကနေ တစ်ယောက်ချင်းအမည်လေးတွေရွတ်ကာရွတ်ကာ၊ လက်ညှိုးလေးထောက်ကာ ထောက်ကာနဲ့။ သမီးအချစ်ဆုံးသူငယ်ချင်းကောင်လေးက သူဆို ထောက်ပြတော့ ဖြူဖြူလေး။ သမီးအချစ်ဆုံးသူငယ်ချင်းကောင်မလေးက သူဆို ထောက်ပြတော့ ညိုညိုလေး၊ သမီးရဲ့အကောင်းဆုံးသူငယ်ချင်းမက သူဆို ထောက်ပြတော့ မဲမဲလေး။ သမီး သူတို့ကို ချစ်လားဆိုတော့ “ချစ်တာပေါ့..ဘဘကလည်း”ဆိုပြီး ပြုံးနေတယ်။ ကလေးတွေကြည့်လိုက်တော့ အသွေးစုံ၊ သဏ္ဍန်စုံ၊ ရုပ်လက္ခဏာစုံလေးတွေ။ အဖြူ၊ အမည်း၊ အညို၊ အဝါလေးတွေ။ ဆင်ယင်မှုကြည့်ပြန်တော့ ဘာသာစုံဖြစ်မှန်းလည်းပေါ်တယ်။ ဘယ်သူ ဘာလူမျိုးမေးလည်း တူမချောက သိနိုင်မယ့်အရွယ်မဟုတ်တော့ မေးမနေတော့ဘူး။ ဘယ်ဘာသာကတော့ မေးလို့ကိုမဖြစ်ချေဘူး။ ဒီမှာ မှတ်ပုံတင်ကအစ ဘာ ဘာသာလို့ မထည့်ရသလို၊ ရုံးပြင်ကန္နား၊ အစိုးရကိစ္စနဲ့ အခြားဘာကိစ္စသွားသွား ဘယ်သူမှ မမေးဘူး။ မပြောရဘူး။ ပြောစရာလိုတဲ့ကိစ္စလို့ကို သဘော မထားဘူး။ လူတစ်ယောက်ယောက်ကို ခင်ဗျား ဘာ ဘာသာဝင်လဲလို့သွားမေးလို့ အမေးခံရသူကမကျေနပ်ရင် တရားပါအစွဲခံရတဲ့ တိုင်းပြည်ပဲ။ တူမချောကျောင်းမှာ လူမျိုးစုံ ဘာသာစုံကလေးတွေ ပညာအတူသင်နေကြတယ်။ မတူတဲ့အစားတွေ အတူစားလို့၊ မတူတဲ့အဝတ်တွေ အတူဝတ်လို့၊ မတူတဲ့ယဉ်ကျေးမှုတွေ အတူယဉ်ကျေးလို့။ မတူတဲ့ကလေးတွေ အတူတူချစ်လို့ခင်လို့ တွယ်တာလို့။ (တူမချောရဲ့ကျောင်းခရီး)

ကျနော့်ကို NLD လားလို့မေးရင် ဟုတ်တယ်လို့ဖြေလို့ရသလို မဟုတ်ဘူးလို့လည်းဖြေလို့ရတယ်။ ဒါဆို ခုထိ မင်းက NLD ပေါ့လို့ တိတိကျကျ မေးရင်တော့ မဟုတ်တော့ဘူး။ မျက်စေ့လည်မစိုးလို့ ချုပ်ပြီးရှင်းပြပါရစေ။ မင်္ဂလာဒုံမြို့နယ်ကနေ အစောဆုံးဝင်ဖြစ်ခဲ့သူတွေထဲ ကျနော်လည်း ပါတယ်။ အထုတ်မခံရဖူးဘူး။ မထွက်ဖူးဘူး။ ဘာစည်းကမ်းနဲ့မှ အရေးယူမခံရဖူးဘူး။ ထောင်ထဲရောက်တော့ ဘာအနေနဲ့ရပ်လဲဆိုတော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့၊ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးလုပ်တဲ့ နိုင်ငံရေးအကျဉ်းသားအဖြစ် ရပ်တယ်။ ထောင်တွင်းနေ အင်န်အယ်လ်ဒီတချို့ရဲ့ ပါတီကြီးမောက်မာမှုတွေကို မနှစ်မြို့လို့ပဲ။ ထောင်ကထွက် အင်န်အယ်လ်ဒီ ပြန်ဆက်တော့ ထောင်ထွက်တွေ ပါတီက အကပ်မခံဝံ့ဖြစ်နေချိန်ဆိုတော့ ခွာပြီးကူတယ်။ ပြဿနာက တသက်လုံး ဘယ်အစိုးရတက်တက်ငါ့အစိုးရလုပ်ပြီး စစ်ထောက်လှမ်းရေးနဲ့ ပရောပရီလုပ်နေတဲ့ သတင်းပေးလိုလိုလို မြိ့မျက်နှာဖုံးလိုလိုလူတွေရဲ့ အအုပ်အစီးအောက်က NLD မှာ ကိုယ်တိုင် သွယ်ဝိုက်သတင်းအပေး ခံရပြီး ခွေးပြေးဝက်ပြေးထွက်ပြေးနိုင်လို့မှ လက်မတင်လေးကပ်လွတ်ပြီး ထိုင်းကိုရောက်တာ။ နို့မို့ဆို စတုတ္ထအကြိမ်အဖမ်းခံရပြီး တတိယအကြိမ်ထောင်နန်းစံသေးတယ်။ (ထိုင်း)မဲဆောက်ရောက်ပြီး ၃ ရက်မြောက်မှာ မဲဆောက်မှာအထိုင်ကျနေတဲ့လွတ်မြောက်နယ်မြေ (အင်န်အယ်လ်ဒီ)ကို ထုံးစံရှိသည့်အတိုင်း သတင်းသွားပို့တော့ လွတ်မြောက်နယ်မြေ NLD အဖြစ် ပါတီဝင်ပြန်လျှောက်ရမယ်ဆိုတယ်။ ဒါနဲ့ ဦးဝင်းခက်ကို “ဆရာတို့တောင် သေနတ်၊ တပ်၊ လူထုနောက်ခံဘာမှမရှိ၊ သူများ အိမ်ခြံငှားနေနေပြီး ကျနော်က ဘယ့်နှယ်လို့ လွတ်မြောက်ရပါ့မလဲဆရာ။ ကြည့်လည်းလုပ်ပါဦး”လို့ပြောပြီး နောင် ဘယ်တော့မှ ခြေဦးမလှည့်တော့ဘူး။ အမေရိကားရောက်ပြီး သိတ်မကြာဘူး ဖို့တ်ဝိန်း NLD တွေနဲ့ ၃ ကြိမ်လောက် ဝိုင်းထိုင်ဖြစ်တယ်။ လွတ်မြောက်တွေရော၊ မလွတ်မြောက်တွေရော၊ ဒီပဲယင်းတွေရော၊ အဝေးရောက်တွေရော၊ အနီးကပ်တွေရော၊ အမတ်မင်းရော စုံတော့အတော်စုံပါတယ်။ ကိုယ့်ကီးသူ့ကီး ညှိကြည့်ရင် နှစ်ဖက်လုံး အသံကြောင်ကုန်မစိုးလို့ ကိုယ့်ကီးကိုယ်မချိန်းပဲ ဆက်တီးခတ်နေတယ်။ ဒေါ်စုနောက်ဆုံးအကြိမ်ပြန်လွတ်တယ်။ အရှိကိုအရှိအတိုင်းဆိုပြီး ပါတီမှတ်ပုံပြန်တင်တာ၊ ပါတီဖွဲ့စည်းပုံပြင်တာ၊ ပါတီဝင်သစ်တွေစုဆောင်းတာ၊ ပါတီဝင်ဟောင်းတွေ ပြန်သိမ်းဆည်းတာလုပ်တော့ ဘဝင်မကျစရာက ပါလာတယ်။ ပါတီကနေအထုတ်မခံရတဲ့ အရေးယူမခံရတဲ့ပါတီဝင်ဟောင်းတွေ ပါတီဝင်ဆက်ဖြစ်နေသေးချင်ရင် အသစ်ပြန်လျှေက်ရမတဲ့။ အဲ့ဒီအထိလည်း ပြဿနာမရှိသေးဘူးပဲထားပါဦး။ သမ္မတကြီးကိုယုံတယ်..တို့၊  ၂ဝဝ၈ ကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ပါ့မည်တို့လည်းဖြစ်လာရော NLD နိုင်ငံရေးခန္တီစကျသွားတာ ကုန်းကောက်စရာတောင်မရှိတော့တာနဲ့ ပါတီဝင် ပြန်မလျှောက်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း NLD လို့ မခံယူတော့ဘူး။ မူနဲ့ရပ်ခံချက်ကို ကြိုက်တာ/မကြိုက်တာကြောင့် ပါတီဝင် ဆက်ဖြစ်/မဖြစ်က မိမိရွေးချယ်ချက်ဖြစ်တယ်။ NLD ဟာ အဝင်ရောအထွက်ပါမခက်တဲ့နိုင်ငံရေးပါတီပါ။ မကြိုက်လို့ ထွက်ရပ်တာကတပိုင်း။ ဖိနှိပ်ခံရလို့ ဝင်ရပ်ပေးတာကတပိုင်းပဲ။ ဖိနှိပ်ခံဆို NLD မှမဟုတ်ဘူး၊ ပါတီတခုခုမှမ မဟုတ်ဘူး၊ လူမျိုးတမျိုးမှ မဟုတ်ဘူး၊ ဘာသာတခုမှ မဟုတ်လူး၊ (ကုန်ကုန်ပြောရရင်)လူတယောက်ယောက် နိုင့်ထက်စီးနင်းလုပ်ခံရတယ်ဆိုရင်တော့ အနိုင်ကျင့်သူကို ပြစ်တင်ရှူတ်ချဆန့်ကျင် မှာပဲ။ အဲ့ဒါဟာ ဘာပါတီဝင်ဖြစ်လို့/မဖြစ်လို့၊ ဘာလူမျိုး ဘာ ဘာသာဝင်ဖြစ်လို့/မဖြစ်လို့၊ ဘာနိုင်သားဖြစ်လို့/မဖြစ်လို့နဲ့မဆိုင်ပဲ ဓမ္မနဲ့အဓမ္မ၊ ဖိနှိပ်သူနဲ့ဖိနှိပ်ခံ ဘယ်ဘက်ကရပ်မလဲဆိုတဲ့ လူတစ်ဦးချင်းစီရဲ့ ကျင့်ဝတ်အပေါ်အခြေခံတဲ့သိစိတ်အလိုအရ ရွေးချယ်မှုရှိရှိဆုံးဖြတ်ချက်သာပဲ။ (အင်န်အယ်လ်ဒီခြင်း မ ဒီခြင်းကိစ္စ)

ပြည်သူတွေအတွက်တိကျသောလုပ်ငန်းစဉ် (တူမောင်ညို)

0 comments
ပြည်သူတွေအတွက် တိကျသောလုပ်ငန်းစဉ် (တူမောင်ညို)၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်
“ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မပေးရင် ပြည်သူတွေ ဘာလုပ်သင့်သလဲ”ဒေါ်အောင်ဆန်းစုကြည်က တိကျတဲ့အဖြေပေးမသွားပါဘူး။ ၂၅ ဇန်နဝါရီ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ခရီးစဉ်၊ နမ့်စန်မြို့ က ပြည်သူလူထုနဲ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို ပြည်သူတစ်ဦးက မေးတဲ့မေးခွန်းဖြစ် ပါတယ်။ ဘယ်အတိုင်းအတာအထိပြင်ပေးမယ်/ပြင်မပေးဘူးဆိုတာ တိတိကျကျဘယ်သူမှမသိနိုင်ပါဘူး။
ဘယ်အတိုင်းအတာအထိ ပြင်ဆင်ပေးမလဲဆိုတဲ့ကိစ္စဟာ ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရနဲ့စစ်တပ်ရဲ့လက်ထဲမှာရှိနေတဲ့ကိစ္စဖြစ်ပါတယ်။ သူတို့ (ကြံ့ဖွံပါတီ/ကြံ့ဖွံ့အစိုးရ/စစ်တပ်) ဆုံးဖြတ်၊ သတ်မှတ်ပေးတဲ့ဘောင်အတွင်းကသာ ပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။
အကယ်၍ သူတို့ပြင်ဆင်ပေးမယ့်အချက်တွေဟာ ဒီချုပ်က ပြင်ဆင်ပေးဖို့တင်ပြတောင်းဆိုထားတဲ့အချက်တွေမပါဝင်ဘူးဆိုရင် ပြည်သူတွေဘာလုပ်သင့်သလဲဆိုတဲ့မေးခွန်းကို နမ့်စန်မြို့က ပြည်သူတစ်ဦးမေးခဲ့တာပါ။ မေးသင့်မေးထိုက်တဲ့မေးခွန်းဖြစ်ပါတယ်။
“ကျွန်မတို့ ပြည်သူလူထုက မပြင်နိုင်ရမှာလဲ ပြင်ကိုပြင်နိုင်ရမယ်”ဆိုတာက သန္နိဋ္ဌာန်သဘောဖြစ်ပါတယ်။ “တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့” ဆိုတာလိုမျိုးဖြစ်ပါတယ်။ နမ့်စန်မြို့က ပြည်သူတစ်ဦးသိလိုမေးလိုတာက ဘယ်လိုလုပ်ငန်းစဉ်မျိုးနဲ့ ပြင်ဆင်နိုင်အောင် ဘာတွေလုပ်သင့် သလဲဆိုတဲ့ “တိကျတဲ့လုပ်ငန်းစဉ်”ကိုသိလို၍ မေးခြင်းဖြစ်ပါတယ်။
ဒီမေးခွန်းက မြန်မာပြည်သူတစ်ရပ်လုံးကသိချင်နေတဲ့မေးခွန်းလည်း ဖြစ်ပါလိမ့်မယ်။ ဒီချုပ်ပါတီဝင်တွေလည်း သိချင်ကြမှာပါ။ လမ်းစဉ်တို့လုပ်ငန်းစဉ်တို့ဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည် နှုတ်ကပြောထွက်လာမှာမို့ ဒေါ်အောင်ဆန်းစုကြည်ဘာပြောမလဲ၊ ဘယ်လို(လေသံနဲ့)ပြောမလဲဆိုတာ စောင့်ကြည့်နားထောင် အကဲခပ်နေကြရတဲ့အနေအထားဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြည်ပနိုင်ငံခရီးစဉ်တွေမှာပြောတဲ့“လေသံ”နဲ့ ပြည်တွင်းခရီးစဉ်တွေမှာပြောတဲ့ “လေသံ”တွေရဲ့ ဒီဂရီအနိမ့်အမြင့်က ကွဲပြားတတ်သေးတာမို့ ဘယ်လေသံနဲ့ဘယ်သဘောထားကို အတည်ယူရမလဲဆိုတာ“ရွှေနဲ့ယိုးမှားပန်းစကား”လို့ ဆိုရလောက်အောင် ဝေခွဲရခက်လှပါတယ်။ ပြည်တွင်းခရီးစဉ်မှာလည်း ချင်းပြည်နယ်ခရီးစဉ်က “လေသံ”နဲ့ ကရင်ပြည်နယ်ခရီးစဉ် “လေသံ”မတူသလို၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ခရီးစဉ် “လေသံ”တွေဟာ တစ်နေရာနဲ့တစ်နေရာ အပျော့/အပြင်းကွာခြားနေတတ်ပါတယ်။ ဘာကြောင့် ဒီလိုခြားနားနေရတာလဲလို့ လေ့လာစိစစ်မိပြန်တော့ သမ္မတဦးသိန်းစိန်၊ အမတ်ချုပ်ကြီးဦးရွှေမန်း၊ ကာချုပ်ဗိုလ်မင်းအောင်လှိုင်တို့ရဲ့ တုန့်ပြန်မှုတွေနဲ့ နီးနီးကပ်ကပ်ဆက်စပ်နေတာကို တွေ့ရှိ၊ သတိပြုမိပါတယ်။
“သမ္မတ၊ အမတ်ချုပ်၊ ကာချုပ်”တို့ လေသံပြောင်းသွားတဲ့အခါ  ဒေါ်အောင်ဆန်းစုကြည်ရဲ့လေသံဟာ (သူစိမ်းလျှင်ကိုယ်စိမ်းမှာပေါ့ ဆိုသလို)ပြောင်းလဲသွားတတ်ပါတယ်။ ခက်နေတာက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်တွင်း ခရီးစဉ်တွေ ဆက်လက်သွားနေရဦးမှာဖြစ်သလို၊ “သမ္မတ၊ အမတ်ချုပ်၊ ကာချုပ်”တို့ကလည်း သူတို့ပြောချင်တာ ပြောနေကြဦးမှာဆိုတော့  အကဲခပ်ရခက်ခက်ဆိုတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
တိကျတဲ့လုပ်ငန်းစဉ်တစ်ရပ် ရှိထားတယ်။ ပြည်သူများ၊ ပါတီဝင်များကလည်း အဲဒီ တိကျတဲ့လုပ်ငန်းစဉ်ကို သိရှိနားလည် သဘောပေါက်ထားပြီး ဖြစ်တယ်ဆိုရင် “ချက်ဆိုရင် နားခွက်ကမီးတောက်”ဆိုသလို အကင်းပါးပြီးတီထွင်နိုင်စွမ်းရှိတဲ့ (ကုန်တင်ကားကို ရွေ့လျားစင်မြင့်အဖြစ် ဖန်တီးပေးနိုင်တဲ့) လူမျိုးစုံပြည်သူများဟာ ခေါင်းဆောင်ပြတဲ့အရိပ်အကဲကို ကောင်းကောင်းမြင်နိုင်သူတွေဖြစ်ပါတယ်။
ဒါကြောင့် ယနေ့လိုအပ်နေတာက တိကျတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါဟာ ပြည်သူတွေမေးနေကြတဲ့၊ ဒီချုပ်ပါတီဝင်တွေလည်းသိလိုနေကြတဲ့  “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မပေးရင် ပြည်သူတွေဘာလုပ်သင့်သလဲ”ဆိုတဲ့မေးခွန်းရဲ့ အဖြေပဲ ဖြစ်ပါတယ်။
ဒီအဖြေကို ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါး အခြားပေးနိုင်မယ့်သူမရှိပါဘူး။( ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားတွေကို တဆင့်ပြန်ပြီးပြောပြသူနဲ့ ဘယ်ပြောဆိုချက်က “သဘောတရားအရပြောတာ” ဖြစ်ပြီး၊  ဘယ်ပြောဆိုချက်ကဖြင့် “အိုင်ဒီယာ သဘောပြောတာ”စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရှင်းပြနိုင်သူသာဖြစ်ပါတယ်) 
“၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး”ဆိုတဲ့လုပ်ငန်းစဉ်ဆိုတာ ကြီးကျယ်တဲ့လုပ်ငန်းစဉ်ကြီးဖြစ်ပါတယ်။ ဒီချုပ်ပါတီကချမှတ်ထားတဲ့ တိကျတဲ့လုပ်ငန်း ၃ ရပ်အနက် တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။
ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်သွားလာနေတဲ့ခရီးစဉ်တွေမှာ “အထစ်အငေါ့”တွေ တစ်ခုမဟုတ်တစ်ခု၊ တစ်နေရာ မဟုတ်တစ်နေရာ ကြုံရတတ်ပါတယ်။ နေပြည်တော်မှာဟောပြောဖို့အတွက် နေပြည်တော်ကောင်စီကတားမြစ်လို့၊ ခွင့်ပြုချက် ရှောရှောရှူရှူမပေးလို့၊ ကသိကအောက် ဖြစ်ရတာ၊ ချင်းပြည်နယ်မှာကြုံရတဲ့ တည်းခိုခန်းကိစ္စ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မီးပုံးပျံကွင်းမှာဟောပြောခွင့် စစ်တပ်က ခွင့်မပြုတာ၊ နမ့်စန်လေယာဉ်ကွင်းမှာ ဆင်းသက်ခွင့်မရတာ စတဲ့ “အထစ်ငေါ့”တွေဟာ အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ လုပ်ငန်းစဉ်ကြီးနဲ့နှိုင်းယှဉ်လိုက်ရင် မဖြစ်စလောက်ကိစ္စလေးတွေ၊ ပမွှားကိစ္စလေးတွေပါလို့ပြောရင်ရနိုင်ပါလိမ့်မယ်။
ဒါပေမယ့် ဒီလိုဘာမဟုတ်တဲ့၊ ပမွှားကိစ္စလေးတွေမှာတောင် ထစ်ငေါ့နေတာမို့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကြီးမှာ ချောမွေ့လွယ်ကူဖို့ ဆိုတာ ကံယုံပြီးဆူးပုံနင်းကြည့်ရမယ့် ကိစ္စမျိုးဖြစ်ပါတယ်။
ခရီးစဉ်တွေမှာ လက်တွေ့ကြုံတွေ့နေရတဲ့ “ထစ်ငေါ့မှု”တွေဟာ ပြည်နယ်အာဏာပိုင်/ဒေသအာဏာပိုင်တွေရဲ့ သခင့်အလိုကျ အာဏာပါဝါပြမှု မဟုတ်ဘဲ၊ ကြံ့ဖွံ့အစိုးရနဲ့စစ်တပ်ရဲ့ တိုက်ရိုက်အမိန့်ပေးမှုကြောင့်ဖြစ်ပေါ်လာရတဲ့ “အထက်ကလာတဲ့ ထစ်ငေါ့မှု” တွေဖြစ်တယ်ဆိုတာ ဒီချုပ် ခေါင်းဆောင်များသိရှိသလို၊ ပြည်သူများက နားလည်သဘောပေါက်ကြပါတယ်။
ပြည်တွင်းပြည်ပ မီဒီယာတွေက ကြံ့ဖွံ့ပါတီနဲ့ဒီချုပ်ပါတီအကြား၊ အစိုးရနဲ့ဒီချုပ်ပါတီအကြား၊ စစ်တပ်နဲ့ဒီချုပ်ပါတီအကြား၊  သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား၊ အမတ်ချုပ်ဦးရွှေမန်းနဲ့ဒေါ်အောင်ဆန်းစုကြည်အကြား၊ ကာချုပ်ဗိုလ်မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တမင်သွေးကွဲအောင် သပ်ရှိုသွေးခွဲနေတဲ့မုသာဝါဒရေးသားချက်တွေ၊ လှုံ့ဆော်ဘေးတီးမှုတွေကြောင့် ပေါ်ပေါက်လာရတဲ့ “ထစ်ငေါ့မှု”တွေ မဟုတ်ပါဘူး။
အခုလည်း “ပုဒ်မ ၅၉ (စ) ဖျက်သိမ်းရေးဆန္ဒပြပွဲ”တွေ ပေါ်ပေါက်ခဲ့သလို။  “ပုဒ်မ ၅၉(စ)ဆက်လက်တည်ရှိရေးထောက်ခံဆန္ဒပြပွဲ”တွေကို ကြံ့ဖွံ့ပါတီနဲ့ သူ့ရဲ့လက်အောက်ခံ/သြဇာခံပါတီအစုအဖွဲ့နဲ့ လူပုဂ္ဂိုလ်တချို့က လာမယ့်ဖေဖေါ်ဝါရီလထဲမှာပြုလုပ်ကြလိမ့်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်/ကြားသိနေကြရပါတယ်။
ဒါကြောင့် “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မပေးရင် ပြည်သူတွေဘာလုပ်သင့်သလဲ”ဆိုတဲ့ မေးခွန်းအတွက်ရှင်းလင်းတဲ့အဖြေဖြစ်တဲ့ တိကျတဲ့လုပ်ငန်းစဉ်ချမှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါတီမှာ တာဝန်ရှိပါတယ်။ ပြည်သူလူထုအင်အားဆိုတာ တိကျတဲ့လုပ်ငန်းစဉ်နဲ့စုစည်းပေးနိုင်မှသာ ရင်ဆိုင်ရမယ့် ဘယ်လိုအခက်အခဲအတားအဆီးတွေကိုမဆို အောင်အောင်မြင်မြင်ကျော်ဖြတ် နိုင်တဲ့ ထုထည်စွမ်းပကားဖြစ်လာမှာပါ။ ဒီလိုစွမ်းပကားမျိုးနဲ့သာ ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေးကို ချောချောမွေ့မွေ့ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ယခုလက်ရှိ လွှတ်တော်ပြင်ပမှာ ဒေါ်အောင်ဆန်းစုကြည် လှည့်လည်ဟောပြောစည်းရုံးနေရတာဟာ လွှတ်တော်တွင်းတိုက်ပွဲ အတွက် အားဖြည့်နေတာပါ။
“၂ဝဝ၈ အခြေခံဥပဒေကိုပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင်ကို - ဝင်မယ်၊ ပုဒ်မ၅၉ (စ) ပြင်မပေးလည်း ဝင်မှာပါ”ဆိုတဲ့ ဒီချုပ်ပြောခွင့်ပုဂ္ဂိုလ်ဦးဉာဏ်ဝင်းမှတဆင့်ပြောခဲ့တဲ့ပြောစကား၊ ရပ်တည်ချက်အတိုင်းဆိုရင်တော့ တိကျတဲ့လုပ်ငန်းစဉ်ချမှတ် ပေးစရာမလိုအပ်ပါဘူး။
“ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ရှိရင် တချို့တွေက ကျွန်မကိုမေးပါတယ်။ တပ်မတော်က မပြောင်းရင် ဘယ့်နှယ့်လုပ်မလဲလို့ မေးကြတာရှိတယ်။ ဘာလုပ်မလဲဆိုတော့ ကျွန်မလူထုအင်အားနဲ့ ပြင်မယ်။ ကျွန်မလူထုအားကို အားကိုးပါတယ်” ဟု ဆိုလျှင် တိကျသောလုပ်ငန်းစဉ်တစ်ရပ် မုချလိုအပ်ပါတယ်။ 


Tuesday, January 28, 2014

အမျိုးသားနေ့မရှိတဲ့ပြည်က အမျိုးသားနေ့များ (မျိုးမြင့်ချို)

1 comments
အမျိုးသားနေ့မရှိတဲ့ပြည်က အမျိုးသားနေ့များ (မျိုးမြင့်ချို)
အမေရိကန်တွင် အမျိုးသားနေ့မရှိပါ။ အမျိုးသမီးတန်းတူအခွင့်အရေးများ ပလူပျံနေပါသည်။ မျိုးစောင့်ဥပဒေ မရှိပါ။ ပြည်ချစ်ဥပဒေရှိပါသည်။ သာသနာရေးဝန်ကြီးဌာနမရှိပါ။ ဝန်ကြီးတွင် သူ့သာသနာနှင့်သူ ရှိပါလိမ့်မည်။ နိုင်ငံတော်ခရစ်ယာန်မဟာနာယကအဖွဲ့ မရှိပါ။ ဘာသာစုံနာယကများ နိုင်ငံတော်တွင် (သူ့ဟာနှင့်သူ)ရှိကြပါသည်။ နိုင်ငံတော်ဘာသာမရှိပါ။ ဘာသာစုံရှိသည့် နိုင်ငံဖြစ်ပါသည်။ ဆရာ-ဒကာ ညီညွတ်ရေးမတည်ဆောက်ပါ ဘာသာရေးကိုယ်စားလှယ်နှင့်အစိုးရ သူ့အလုပ်သူ ခွဲလုပ်ကြပါသည်။ ဖြူသူများသတ်သတ်၊ မဖြူသူများသတ်သတ်တက်သည့် ဘုရားကျောင်းများရှိသလို ဖြူဖြူမဲမဲဝါဝါညိုညို အတူတက်သည့်ကျောင်းများလည်းရှိပါသည်။ အမေရိကန်တို့သည် ယူတိုးပီးယားနှင့်ရောဘတ်အိုဝင်အကြောင်းစိတ်မဝင်စားသလို ကွန်မြူနစ်ဆိုလျှင် နားခါးတတ်ကြပါသည်။ ကျေးလက်ဒေသများတွင် ခုထိတိုင် ဆိုဗီယက်ဒုံးပျံကြောက်၍ မြေအောက်နုးကလီးယားဗုံးခိုကျင်းကြီးတွေထဲ ဆေးဝါးနှင့်အစားအစာ
သိုလှောင်ထားသူအမြောက်အများရှိပါသေးသည်။ နိုင်ငံခြားမှလာနေပြီး နိုင်ငံတကာသွားနေကြသော်လည်း နိုင်ငံခြားသားကြောက်သူများလည်း စုစုစုစုတွေ့ရတတ်ပါသည်။

အမေရိကန်သည် သူပုန်စိတ်နှင့်လွတ်လပ်မှုလိုချင်သော ပညာတတ်ဉာဏ်ကြီးသည့် ပြည်ပြေးကြီးများစုမိပြီး ထူထောင်ခဲ့သည့်ဓနရှင်ပြည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတကာမှပြည်ပြေးအရွယ်စုံအား နေရာထိုင်ခင်းပေးကာ မီးစတစ်ဖက်ရေမှုတ်တစ်ဖက်ပေါ်လစီကျင့်သုံး အောင်မြင်နေခြင်းဖြစ်မည်ထင်သည်။ လူတိုင်းတန်းတူခွင့်ရှိသော်လည်း အရည်အချင်းတူသူများသာ တန်းတူအခွင့်အရေးရှိပါသည်။ ကျွန်အပြုခံရပြီး ပြန်တိုက်ကာလွတ်လပ်ရေးရခဲ့သည့်နိုင်ငံမဟုတ်သဖြင့် ဇူလိုင် ၄ ရက်နေ့ကို လွတ်လပ်ရေးနေ့ဟုခေါ်လျှင် ခံတွင်းမတွေ့သော်လည်း လွတ်လပ်သောနိုင်ငံသားဟု တချက်တချက် နားထင်သွေးရောက်တတ်ပါသည်။ သူပုန်ကြီး၍အစိုးရဖြစ်သောအခါ ဗိုလ်ကြီးဝေါ်ရှင်တန်၏ဝေစုမှာ သမ္မတကြီးဖြစ်ပါသည်။ မယားနိုင်မင်းအဖြစ် နံမည်မကြီးခဲ့သောလင်ကွန်းမှာ ဥပစ္ဆေဒကဖြင့် ကံကုန်သော်လည်း သူ၏ Of the people, by the people, for the people ဆိုသည့် “အစိုးရဆိုတာ ဘာ”ကို ကမ္ဘာက ကြိုက်ကြပါသည်။ မာတင်လူသာကင်းဂျူနီယာအကြောင်း စာအုပ်၊ ရုပ်ရှင်၊ ပြတိုက်၊ အမှတ်တရတွေများသလောက် မယ်လ်ကွန်အိက်စ်မှာမူ အငုတ်ခံဖြစ်နေမှန်းပေါ်လွင်ပါသည်။ ကမ္ဘာ့ငြိမ်းချမ်းဖို့ထားဦး ဂွာတာနာမိုဘေးမှလူ့အခွင့်အရေးမှတ်တမ်းများ ပုံပျက်ပန်းပျက်ဖြစ်နေချိန်တွင် အိုဘားမားအား ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကြီးပေးလိုက်သဖြင့် ရုပ်ပျက်ဆင်းပျက်မေးငေါ့ခံခဲ့ရပါသည်။ ငြိမ်းချမ်းရေးစကားအများဆုံးပြောပြီး ကမ္ဘာ့လက်နက် ရောင်းနိုင်ငံများစာရင်းတွင် နံပတ်(၁)ဖြစ်ပါသည်။ ထို့ကြောင့် မိစ္ဆာအာဇီဝဟုမည်သူမျှမပြောပဲ ကြိတ် အားအကျပင်ခံရပါသည်။

အမေရိကန်တို့သည် မျိုးချစ်စိတ်ကို သွေးတူမွေးတူများကြားတွင် သိမ်သိမ်မွေ့မွေ့ယုယကြသော်လည်း ပြည်ချစ်စိတ်တွင်မူ အော်ကြီးဟစ်ကျယ်ချစ်တတ်ကြပါသည်။ ကမ္ဘာလှည့်ဗိုလ်ကျခွင့်ရှိသည့်အစိုးရကို ကမ္ဘာ့ပုလိပ်ကြီးဟုခေါ်သလို ကမ္ဘာလှည့်လူသတ်ပေးနေသည့်စစ်သားများကို လူသူလေးစားချစ်ခင်ကြပါသည်။ ဒစ္စခရမနေးရှင်းဆိုသည့် လူချင်းခွဲခြားဆက်ဆံမှုမပြုရဥပဒေရှိသော်လည်း မြို့ပြများတွင်လူမည်းဟုဆိုသည့်အာဖရိကန်-အမေရိကန် များကိုတွေ့ရပြီး ကျေးလက်တွင်မတွေ့ရခြင်းမှာ မနေရဟုလုပ်မထားသော်လည်း နေမရအောင် လုပ်ထားလို့များလားဟု တွေးစရာရှိပါသည်။ မာတင်လူသာကင်းနေ့မှာ တရားဝင်နိုင်ငံတော်ရုံးပိတ်ရက်ဖြစ်သော်လည်း တချို့ပြည်နယ်များတွင် မပိတ်ပါ။ တချို့ ပြည်နယ်များတွင် ကျေးလက်ဒေသမှစာသင်ကျောင်းများ ပိတ်မပေးပါ။

ဘာသာရေးသမားများက ဘုရားသခင်အလိုတော်မဟုတ်ဟုဆိုကာ ပူညံပူညံလုပ်နေသည့်ကြားမှ၊ အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် မိသားစုများပေါ်တည်၍ငွေရှာသည့်စီးပွားရေးသမားများက အမြတ်အစွန်းအပွန်းအပဲ့မခံနိုင်ဆိုကာ ဓါးကြိမ်းကြိမ်းနေသည့်ကြားမှ၊ တချို့ လူမှုအစုအဖွဲ့များက မီးတကျည်ကျည်လုပ်နေသည့်ကြားမှ ပြည်နယ်အချို့တွင် လိင်တူလက်ထပ်ခွင့်ဥပဒေများ အတိအလင်းပြဌာန်းလာ ကြသည်။ ဇနီး(၂)ယောက်တပြိုင်တည်း တရားဝင်ယူခွင့်မရှိကို ပြည်ထောင်စုဥပဒေဖြင့်ထိန်းမတ်ထားပြီး တဖက်တွင် ဖအေပေါ်သော်လည်း လင်မဖော်သည့် စင်ဂယ်လ်မားသားများအား တတ်နိုင်သရွေ့ထောက်ပံ့ပေးပါသည်။

အမေရိကန်သည် လူမျိုးမဟုတ်ပါ။ အမေရိကန်တွင် နိုင်ငံသားဖြစ်နေများဟုဆိုလျှင် မှားမည်မထင်ပါ။ ထို လူများတွင် လူမျိုးစုံပါပါသည်။ တိုင်းပြည်စုံကလာကြသည့် အသွေးအရောင်စုံများဖြစ်ပါသည်။ ကျနော်တို့သည် အညိုစာရင်းဝင်ကာ အဝါစာရင်းမပေါက်ဟုထင်ရပါသည်။

ပြန်ကောက်ပါမည်။ အမေရိကန်တွင် အမျိုးသားနေ့မရှိပါ။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဆိုသည့် ပဒေသရာဇ်စနစ်မထွန်းကားခဲ့သဖြင့် ဘယ်သူ့ဘယ်သူမှ ဘုရားထူးစရာအကြောင်းမပေါ်ခဲ့ပါ။ သူ့ကျွန်မဖြစ်ခဲ့ဖူးသဖြင့် အထွဋ်တပ်လှုံ့ဆော်စရာအမျိုးသားရေးလည်း မရှိခဲ့ပါ။ 

ကျနော်တို့ ရွှေပြည်ကြီးတွင်မူ တပြည်လုံးနှင့်ဆိုင်သည်ဆိုသည့် အမျိုးသားနေ့တစ်နေ့ ရှိသလို လူမျိုးစုတိုင်းတွင်လည်း သူ့အမျိုးသားနေနှင့်သူ ရှိကြပါသည်။ ထိုနေ့များကိုလည်း အမျိုးသားနေ့မရှိသည့်အမေရိကန်တွင် ဗမာပြည်သားတို့ ဝှဲချီးကျင်းပတတ်ပါသည်။ ဤတွင် တချို့ အမေရိကန်များ အဘယ့်ကြောင့် ဤမျှ အမျိုးသားနေ့များရသနည်းဆိုကာ မျက်စေ့လည်ကြပါသည်။ ထို့အတွက် “ဘာ့ကြောင့်”ကို ရှင်းပြမှ ရပါသည်။ ထိုသို့ရှင်းပြသည့်အခါတိုင်း ဗမာနှင့်မွန်၊ ဗမာနှင့်ရခိုင်၊ ဗမာနှင့်ကရင်၊ ဗမာနှင့်ချင်း၊ ဗမာနှင့်….ဗမာနှင့်… ဗမာနှင့်….တွေသာ ဖြစ်ရပါသည်။ ဘုန်းမီးနေလတောက်ခဲ့သည့် အတိတ်နိုင်ငံတော်တွေ ရွှေထီးတွေနှင့်စစ်ပွဲတွေပါလာရပါသည်။ ဤတွင် အတိတ်က ဗမာပဒေသရာဇ်များက အတိတ်ကလူမျိုးစုပဒေသရာဇ်များအပေါ်လွန်ကျူးနိုင်စားခဲ့သမျှသည် လူမျိုးတမျိုးက လူမျိုးတမျိုးပေါ်လွန်ကျူးခဲ့သည့်ရာဇဝတ်မှုကြီးတစ်ခုအလား ပုံပေါ်လာပါသည်။ တချို့လည်း ရည်ရွယ်ချက်ရှိရှိပုံဖော်ခြင်းဖြစ်လိမ့်မည်ထင်သည်။ တမင်ဖော်ဖော် မတော်တဆပေါ်ပေါ် ထိုသူများ တွေးရန်မေ့နေကြသည့်ကိစ္စတစ်ခုရှိပါသည်။ ယင်းမှာ သူတို့ ဤမျှတောင့်တတမ်းတနေကြသည့် သက်ဦးဆံပိုင်ပဒေရာဇ်စနစ်ကြီး ပြန်ပေါ်လာပါက အမေရိကန်ကိုစွန့်ခွာ၍ ထိုနိုင်ငံတော်ကြီးတွင် သွားနေလိုစိတ် မိမိတွင်မည်မျှရှိသနည်းနှင့် မိမိသားသမီးများတွင် မည်မျှရှိသနည်းဆိုသည်ကို တွေးကြည့်ရန်မေ့ခြင်းဖြစ်မည်ထင်ပါသည်။

တနှစ်တစ်ကြိမ် ရိုးရာအစားအစာအစစ်ကို စားရခြင်း၊ တနှစ်တစ်ကြိမ် ရိုးရာဝတ်စုံများ ဝတ်ကြခြင်း၊ တနှစ်တစ်ကြိမ် ရိုးရာအကအခုန် အသီအဆိုအတီးအမှုတ်များ ကြည့်ရခြင်း၊ တနှစ်တစ်ကြိမ် ဟိုပြည်နယ်ဒီပြည်နယ်မှ လူများဆုံခွင့်ရခြင်း စသည်တို့မှာကောင်းပါသည်။
သို့သော် အမျိုးသားနေ့မရှိသော၊ မျိုးစောင့်ဥပဒေမရှိသော၊ အမျိုး ဘာသာ သာသနာ အသံကောင်းမဟစ်သော၊ ပဒေသရာဇ်စနစ် ဘာမှန်းမသိသော၊ မျိုးချစ်စိတ်ထက် ပြည်ချစ်စိတ်ကဲသောပြည်တွင်နေထိုင်ကာ ထိုပြည်၏လွတ်လပ်မှုနှင့်တန်ဖိုးများတွင် နှစ်ခြိုက်သာယာနေသည့်ကြားမှ မယ်သာကီနှင့် မောင်မျိုးချစ်များလုပ်နေကြခြင်းကိုမူ ကြောင်သူတော်အကျင့်ဟုဆိုလျှင် ထိုသူများခံနိုင်ကြမည်မဟုတ်ဟု သေချာပေါက်ပြောနိုင်ပါသည်။
မျိုးမြင့်ချို ၂ဝ၁၄ ဇန်နဝါရီ ၂၈ ရက်


Wednesday, January 22, 2014

၂ဝ၁၄ ဇန်နဝါရီ တတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

1 comments
ကျနော့်ကို NLD လားလို့မေးရင် ဟုတ်တယ် လို့ဖြေလို့ရသလို မဟုတ်ဘူးလို့လည်းဖြေလို့ရတယ်။ ဒါဆို ခုထိ မင်းက NLD ပေါ့လို့ တိတိကျကျမေးရင်တော့ မဟုတ်တော့ဘူး။ မျက်စေ့လည်မစိုးလို့ ချုပ်ပြီးရှင်းပြပါရစေ။ မင်္ဂလာဒုံမြို့နယ်ကနေ အစောဆုံးဝင်ဖြစ်ခဲ့သူတွေထဲ ကျနော်လည်းပါတယ်။ အထုတ်မခံရဖူးဘူး။ မထွက်ဖူးဘူး။ ဘာစည်းကမ်းနဲ့မှ အရေးယူ မခံရဖူးဘူး။ ထောင်ထဲရောက်တော့ ဘာအနေနဲ့ရပ်လဲဆိုတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့၊ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးလုပ်တဲ့နိုင်ငံရေးအကျဉ်းသားအဖြစ် ရပ်တယ်။ ထောင်တွင်းနေ အင်န်အယ်လ်ဒီတချို့ရဲ့ ပါတီကြီးမောက်မာမှုတွေကို မနှစ်မြို့လို့ပဲ။ ထောင်ကထွက် အင်န်အယ်လ်ဒီ ပြန်ဆက်တော့ ထောင်ထွက်တွေကို ပါတီက အကပ်မခံဝံ့ဖြစ်နေချိန်ဆိုတော့ ခွာပြီးကူတယ်။ ပြဿနာက တသက်လုံး ဘယ်အစိုးရတက်တက်ငါ့အစိုးရလုပ်ပြီး စစ်ထောက်လှမ်းရေးနဲ့ပရောပရီလုပ်နေတဲ့သတင်းပေးလိုလိုလို မြိ့မျက်နှာဖုံးလိုလိုလူတွေရဲ့အအုပ်အစီးအောက်က NLD မှာ ကိုယ်တိုင်သွယ်ဝိုက်သတင်းအပေးခံရတာ ခွေးပြေးဝက်ပြေး ထွက်ပြေးနိုင်လို့မှ လက်မတင်လေးကပ်လွတ်ပြီး ထိုင်းကိုရောက်တာ။ နို့မို့ဆို စတုတ္ထအကြိမ်အဖမ်းခံရပြီး တတိယအကြိမ်ထောင်နန်းစံသေးတယ်။ (ထိုင်း)မဲဆောက်ရောက်ပြီး ၃ ရက်မြောက်မှာ မဲဆောက်မှာအထိုင်ကျနေတဲ့လွတ်မြောက်နယ်မြေ (အင်န်အယ်လ်ဒီ)ကို ထုံးစံရှိသည့်အတိုင်း သတင်းသွားပို့တော့ လွတ်မြောက်နယ်မြေ NLD အဖြစ် ပါတီဝင်ပြန်လျှောက်ရမယ်ဆိုတယ်။ ဒါနဲ့ ဦးဝင်းခက်ကို “ဆရာတို့တောင် သေနတ်၊ တပ်၊ လူထုနောက်ခံဘာမှမရှိ၊ သူများ အိမ်ခြံငှားနေနေပြီး ကျနော်က ဘယ့်နှယ်လို့ လွတ်မြောက်ရပါ့မလဲဆရာ။ ကြည့်လည်းလုပ်ပါဦး”လို့ပြောပြီး နောင် ဘယ်တော့မှ ခြေဦးမလှည့်တော့ဘူး။ အမေရိကားရောက်ပြီး သိတ်မကြာဘူး ဖို့တ်ဝိန်း NLD တွေနဲ့ ၃ ကြိမ်လောက် ဝိုင်းထိုင်ဖြစ်တယ်။ လွတ်မြောက်တွေရော၊ မလွတ်မြောက်တွေရော၊ ဒီပဲယင်းတွေရော၊ အဝေးရောက်တွေရော၊ အနီးကပ်တွေရော၊ အမတ်မင်းရော စုံတော့အတော်စုံပါတယ်။ ကိုယ့်ကီးသူ့ကီး ညှိကြည့်ရင် နှစ်ဖက်လုံးအသံကြောင်ကုန်မစိုးလို့ ကိုယ့်ကီးကိုယ်မချိန်းပဲ ဆက်တီးခတ်နေတယ်။ ဒေါ်စုနောက်ဆုံးအကြိမ်ပြန်လွတ်တယ်။ အရှိကိုအရှိအတိုင်းဆိုပြီး ပါတီမှတ်ပုံပြန်တင်တာ၊ ပါတီဖွဲ့စည်းပုံပြင်တာ၊ ပါတီဝင်သစ်တွေစုဆောင်းတာ၊ ပါတီဝင်ဟောင်းတွေ ပြန်သိမ်းဆည်းတာလုပ်တော့ ဘဝင်မကျစရာကပါလာတယ်။ ပါတီကနေအထုတ်မခံရတဲ့ အရေးယူမခံရတဲ့ပါတီဝင်ဟောင်းတွေ ပါတီဝင်ဆက်ဖြစ်နေသေးချင်ရင် အသစ်ပြန်လျှေက်ရမတဲ့။ အဲ့ဒီအထိလည်း ပြဿနာမရှိသေးဘူးပဲထားပါဦး။ သမ္မတကြီးကိုယုံတယ်..တို့၊ ၂ဝဝ၈ ကို လေးစားလိုက်နာကာကွယ်စောင့်ရှောက်ပါ့မည်တို့လည်းဖြစ်လာရော NLD နိုင်ငံရေးခန္တီစကျသွားတာ ကုန်းကောက်စရာတောင်မရှိတော့တာနဲ့ ပါတီဝင်ပြန်မလျှောက်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း NLD လို့ မခံယူတော့ဘူး။ မူနဲ့ရပ်ခံချက်ကို ကြိုက်တာ/မကြိုက်တာကြောင့် ပါတီဝင်ဆက်ဖြစ်/မဖြစ်က မိမိရွေးချယ်ချက်ဖြစ်တယ်။ NLD ဟာ အဝင်ရော အထွက်ပါမခက်တဲ့နိုင်ငံရေးပါတီပါ။ မကြိုက်လို့ ထွက်ရပ်တာက တပိုင်း။ ဖိနှိပ်ခံရလို့ ဝင်ရပ်ပေးတာက တပိုင်းပဲ။ ဖိနှိပ်ခံဆို NLD မှမဟုတ်ဘူး၊ ပါတီတခုခုမှမ မဟုတ်ဘူး၊ လူမျိုးတမျိုးမှ မဟုတ်ဘူး၊ ဘာသာတခုမှ မဟုတ်လူး၊ (ကုန်ကုန်ပြောရရင်)လူတယောက်ယောက် နိုင့်ထက်စီးနင်း လုပ်ခံရတယ်ဆိုရင်တောင် အနိုင်ကျင့်သူကို ပြစ်တင်ရှူတ်ချဆန့်ကျင်မှာပဲ။ အဲ့ဒါဟာ ဘာပါတီဝင်ဖြစ်လို့/မဖြစ်လို့၊ ဘာလူမျိုး ဘာ ဘာသာဝင်ဖြစ်လို့/မဖြစ်လို့၊ ဘာနိုင်သားဖြစ်လို့/မဖြစ်လို့နဲ့မဆိုင်ပဲ ဓမ္မနဲ့အဓမ္မ၊ ဖိနှိပ်သူနဲ့ဖိနှိပ်ခံ ဘယ်ဘက်ကရပ်မလဲဆိုတဲ့ လူတစ်ဦးချင်းစီရဲ့ ကျင့်ဝတ်အပေါ်အခြေခံတဲ့သိစိတ်အလိုအရ ရွေးချယ်မှုရှိရှိ ဆုံးဖြတ်ချက်သာပဲ။ (ဘက်သဘောအရရပ်ခံခြင်း)

ခု အင်န်အယ်လ်ဒီကို ထောင်တိုက်နေတဲ့သင်္ကန်းခြုံဘိက္ခူတွေထဲမှာ NLD အပါအဝင် ဒီမိုကရေစီအင်အားစုတွေက(နိုင်ငံရေးမှမဟုတ်ဘူး ဘယ်ကိစ္စမျိုးနဲ့မဆို) ဓါတ်တိုင်မှာကြိုးတုတ်ရိုက်လို့ကွဲခဲ့ပြဲခဲ့တဲ့၊ ဖမ်းလို့ အချုပ်အနှောင်ခံခဲ့ရတဲ့၊ သင်္ကန်းပေးမဝတ်လို့ ပုံစံဝတ်စုံနဲ့နေခဲ့ရတဲ့၊ သိက္ခာအတင်းချခိုင်းလို့ လူဝတ်လဲခဲ့ရတဲ့၊ ပုံစံမထိုင်လို့ မအေနှမကိုင်အတုတ်ခံခဲ့ရတဲ့၊ စစ်ကြောရေးမှာ"ဘူး"ခံလို့ ပါးရိုက်နားရိုက်ခံခဲ့ရတဲ့၊ ထောင်တွင်းတိုက်ပွဲပါလို့"ရှင့်"ထူးခဲ့ရတဲ့၊ လူထုဘက်ကရပ်လို့ မီးလောင်ဗုံးနဲ့အထုခံခဲ့ရတဲ့ကိုယ်တော် တစ်ပါးမှပါတယ်မထင်ဘူး။ ဝီရသူလို အကြမ်းဖက်မှုနဲ့ ထောင်အချခံခဲ့ရတဲ့ရာဇဝတ်ကောင်ဘုန်းကြီးဆိုးတွေထိပ်ဆုံးကပါနေတာ မဆန်းပေမယ့် ဘုန်းကြီးစာတတ်တိပိဋကတွေနဲ့ လူမှုရေးဘုန်းကြီးကပါ ကြံဖော်ကြံဖက်ဖြစ်နေလေတော့ ပြည်တင်မကဘူး သာသနာပါ နာတယ်။ (ဘုန်းကြီးဆိုးတွေ စိုးတဲ့မြေ)

နှင်းတွေသဲသဲလှုပ်လှုပ်ပဲ အပြင်မှာ။ ပြတင်းမှန်မှာလာကပ်နေတဲ့ နှင်းတွေကို အတွင်းဘက်ကနေ ပြောင်းပြန် ပြန်ကြည့်ရတာဆိုတော့ အမြင်ဆန်းပြီး စိတ်ပါ ဖျန်းကနဲကြက်သီးခဲသွားသလို။ တံစက်မြိတ်က ကြက်တူရွေး Wind Chime လေးတောင် နှင်းကဆွဲခဲလိုက်လို့ လေထဲမှာ အသံမဲ့ အတွဲလိုက်လေးလှုပ်လှုပ်ယမ်းယမ်း။ တချက်တချက် ဝှီးကနဲတိုက်ချလိုက်တဲ့လေတဟူးဟူးထဲ နှင်းပွင့်နှင်းဖတ်တွေ ကစဥ့်ကရဲ။ ခေါင်မိုးပေါ်က အထိုင်ကျနေတဲ့နှင်းဖျာကြီးကွာကျလာပုံက တောင်ပေါ်လမ်းမြေပြိုသလို ဖွားကနဲဖွားကနဲ ဖျောကနဲလျှောကနဲ။ မြေမို့နေရာ မြေချိုင့်နေရာလေးတွေမှာ စနိုးတွေ ဂွမ်းဆိုင်လိုပုံ့ပုံ့ရွရွ၊ လှိုင်းတွေလို အိအိမွမွ။ အပြင်ညီတဲ့မြေမှာတော့ နှင်းဖုံထည်အိပ်ယာခင်းကြီး တင်းတင်းဖြန့်ဖြန့် စန့်စန့်ပျံ့ပျံ့။ စက်နဲ့တိသလို မျက်နှာပြင်ညီညာ။ နင်းချလိုက်တိုင်း ရေခဲခြစ်သားမွမွလေးကို လက်နဲ့ဖိချလိုက်တဲ့အခါ ရတဲ့အထိအတွေ့မျိုးနဲ့ ဂျွိကနဲဂျွိကနဲခြေကျွံတဲ့အရသာကလည်း နှစ်သက်စရာလိုလို။ ကိုယ်ကဖိနင်းချလိုက်လို့ ပြားကပ်ပိကျစ်သွားတဲ့နှင်းအပေါ် အောင်ပွဲခံစိတ် နိုင့်ထက်စီးနင်းလုပ်ရတဲ့သာယာချင်စိတ်လေးလည်း ပေါ်တဲ့အခါပေါ်။ ကလေးတွေ နှင်းနင်းကစားရတာဘာ့ကြောင့်ပျော်ကို ဒီအရသာ ဒီခံစားမှုကြောင့်များလားလို့လည်း အတွေးတချက် ဖျတ်ကနဲဝင်ခဲ့။ တီဗီမှာတော့ အနွေးထည်ခေါင်းစွပ်လက်အိပ်တွေနဲ့ မျက်ခုံးမွှေးနှင်းတွေသီးလို့ မိုက်ရိုဖုန်းကနေ စကားပြောလိုက်တိုင်း အာငွေ့နွေးတွေ တဝှူးဝှူးမှုတ်ရင်း လမ်းပေါ်ကသတင်းသမား လမ်းချော် ကားတိုက်မှောက်တဲ့အကြောင်းတွေ ခရားရေလွှတ်ပြောလို့။ ဖန်သားပြင်အောက်ခြေ စာတမ်းမတော့ ပိတ်တဲ့ကျောင်းတွေပိတ်ပြီး ကျန်တဲ့ကျောင်းတွေ 2 hours Delay တဲ့။ တနေကုန်အေးမယ်.. တဲ့။ ရေခဲမှတ်အထက် ၁ဝ ဒီဂရီဝန်းကျင်..တဲ့။ ညဦးပိုင်းကျ ရေခဲမှတ်အောက်ထိဆင်းသွားမယ်..တဲ့။ ဖာသိဖာသာနေမရတဲ့ နှင်းပါလား။ အဲ့နှင်းတွေထဲ အပြင်ထွက်ရဦးမှာပါလား။ အရူးစကားပြန်လို့ သူတို့ခေါ်တဲ့အတိုင်း စိတ်ကျန်းမာရေးဌာနမှာ ဗမာပြည်သား(၃)ဦး စိတ်ရောဂါကုဆရာဝန်နဲ့တွေ့ဖို့ စကားပြန် လုပ်ပေးမယ်လို့ဆိုကာ အပွိုင်မင်န်(၃)ခု လက်ခံထားတာရှိနှင့်ပြီးသား။ ဖြစ်နိုင်ရင် အပြင်မထွက်ချင်ဘူး။ တနေကုန်အိမ်မှာကုတ်ပြီး စာဖတ်ချင်တယ်။ ဟိုတလောက ဝယ်ထားတဲ့စာအုပ်တွေလည်း လျှောက်မြည်းစမ်းလှန်လှောကြည့်ချင်လှတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ ထွေရာလေးပါး အွန်လိုင်းမှာပြောဖို့ချိန်းထားတာ ခုတော့ ဖျက်ရပြီ။ နောက်ဖက် အိမ်ပြင်မီးမောင်းလေးဖွင့်ပြီး ကြက်ကလေးတွေကို အစာ/ရေ သွားထည့်ပေးတယ်။ နှင်းက (အရင်လက်ကျန် မပျော်သေးတာတွေနဲ့ ပေါင်းမိသွားတော့) ၆ လက်မခွဲလောက်ဖြစ်နေတယ်။ ဂျိုင်းထောက် မချော်အောင်ထိန်းရတာမှာ အနုပညာပါ/မပါတော့မသိ ကြမ်းတမ်းလို့မရတာတော့ ကိုယ်တွေ့။ လျှပ်စစ်ဘီးတပ်ကုလားထိုင်က ဒီလောက်နှင်းထုထူရင် သုံးမှမရတော့တာ။ ကြက်အိမ်လေးထဲကြည့်လိုက်တော့ တစ်ကောင့်တစ်ကောင် ပူးပူးကပ်ကပ်လေးတွေ။ ကျနော့်မြင်တော့ ကတဲ့ကတဲ့ ကတော့်ကတော့်နဲ့ စကားတီးတိုးဆိုတယ်။ အဖကြီး(၂)ကောင် အောက်အီးအီးလို့ သံပြိုင်အွတ်ပြီး နှုတ်ဆက်လိုက်သလားမှတ်ရတယ်။ ညသောက်ရေခွက်က ခဲသွားပြီ။ ဒီလောက် အအေးဆို ၂ နာရီတစ်ကြိမ် ရေလဲလဲပေးမှရတယ်။ နို့မို့ဆို ရေငတ်ငတ်စိတ်တိုတိုနဲ့ ခွက်ထဲကရေခဲ သောက်မရလို့ နှုတ်သီးလေးနဲ့တဒေါက်ဒေါက်ခေါက်ကြတော့တာကိုး။ အနက်မလေး ၂ ကောင်က အပါး။ ရေငတ်ရင် ဘယ့်လောက်အေးအေး ခြေဗလာနဲ့အိမ်ပြင်ထွက်ပြီး Snow Flaks တွေ ကောက်စားပြီး ရေငတ်ဖြေတတ်တယ်။ အစာသစ်လေးတွေပြေးစားလိုက် အစာနင်သလိုဖြစ်တော့ ရေအသစ်နွေးနွေးလေးကို တညလုံးငတ်ငတ်နဲ့ ခုမှ အတိုးချသောက်ရသလို အလုအယက်ပြေးသောက်လိုက်ကြနဲ့ ယောက်ယက်ကိုခတ်နေကြပါပေါ့လား။ ချစ်စရာ။ ထမင်းရှာစားရတာ ဘယ့်လောက်အပမ်းကြီးမှန်း တင်စား စာဆိုတဲ့ ”ကြက်လိုယက်ရှာစားရတယ်”ဆိုတာဟာ သူတို့အတွက် မဟုတ်တာတော့သေချာလှချည်ရဲ့။ ထမင်းရှာစားရတာ ဘယ့်လောက်အပမ်းကြီးမှန်း/မကြီးမှန်း ကိုယ်တိုင်ရှာစားစရာမလိုသူတွေ ဘယ့်နှယ်လို့ စာနာနားလည် သိမြင်ခံစားနိုင်စွမ်းမတုန်း။ ကိုယ်အင်္ဂါမပြည့်မစုံနဲ့ ထမင်းရှာစားရတာပင်ပမ်းလှချည်ရဲ့ဆိုကာ ငါ့ခမျာသနားစရာသတ္တဝါခံစားမှု ဝင်မလို့ဖြစ်တိုင်းဖြစ်တိုင်း ရွှေပြည်ကြီးက ထမင်းတစ်လုပ် တုတ်တစ်ချက်ဘဝတွေ၊ ထမင်းစားကျွန်ခံ ဘဝတွေ၊ ထမင်းနပ်မမှန် ဘဝတွေကိုမြင်ပြီး အားနာစိတ်နဲ့ အတွေးဟာ 
တွန့်ဆုတ်တန့်ရပ်သွားခဲ့ရတာချည်း။ (အတွေးဆုတ်ရတဲ့အကြောင်း)
ဘာပဲဖြစ်ဖြစ် နှင်းတွေထဲထွက်ရမှာပါ။ ဘာပဲဖြစ်ဖြင် နှင်းတွေကို နင်းလျှောက်သွားရမှာပါ။ ဘာပဲဖြစ်ဖြစ် သွေးခဲလောက်တဲ့အေးစက်မှုကြီးထဲကနေ နွေးထွေးတဲ့အေးချမ်းတဲ့
ဘဝတဏှာလေးနဲ့ ဖြစ်ခြင်းပျက်ခြင်း မတည်မြဲခြင်းတွေထဲဖြတ်သန်းရင်း ဘဝရသ ဘဝအရသာ(ဆိုး/ကောင်း)တွေခံစားရင်း ဘဝအသိတွေရှာရင်းဖွေရင်း အသက်တော့ဆက်နေရဦးမှာ။

ထောင်ထဲမှာ နိုင်ငံရေးနဲ့ကျလာသူအချင်းချင်းကြား ပြဿနာတွေမဖြစ်ဖြစ်အောင် စကားတွေရှုပ် စကားအရောင်းအဝယ်လုပ် ဖြေရရှင်းရ တောင်းပန်ရနဲ့ ရှုပ်တတ်တဲ့သူတွေကို နိုင်ငံရေးချီးထုတ်တွေ လို့ခေါ်တယ်။ နိုင်ငံရေးလောကထဲမလည်း ချီးထုတ်တွေရှိသကိုးလို့ မှတ်သားခဲ့မိတယ်။ အဆောင်မှာ အနေရများတဲ့နိုင်ငံရေးသမားတွေဆို ပိုသိတယ်။ ခု ဟိုဘုန်းကြီးက ဒီလိုပြောတာ ဟိုလိုပြောတာမဟုတ်လူး။ ဒီဘုန်းကြီးက ဟိုလိုပြောတာ ဒီလိုပြောတာမဟုတ်ဘူး၊ အလွတ်သဘော Out of Record ပြောတာ၊ တရားဝင်ပြောတာ မဟုတ်ဘူး၊ သူက ငါ့ကိုအသုံးချတယ် ငါကသူ့ကိုခုတုံးလုပ်တယ်ဘာညာနဲ့ စကားရှုပ်တွေရှင်းကြတော့ အင်း-သူတို့လောကထဲမလည်း...................တွေ မနည်းပဲကိုး။ (ချီးထုတ်တို့အကြောင်း)

နံမည်ချင်းတူနေရင် လူခွဲရလွယ်အောင်သဘောနဲ့ သူ့ရဲ့ထူးခြားတဲ့ရုပ်လက္ခဏာဖြစ်ဖြစ် အမူအကျင့်ဖြစ်ဖြစ် စိတ်နေစိတ်ထားဖြစ်ဖြစ် လူမျိုး/ဒေသကိုဖြစ်ဖြစ်ကို နံမည်ရှေ့က နာမဝိသေသနသဘောတွဲပြီးပြောလေ့ ရှိတာ လူ့အထာလို့ပြောရင် ရမယ်ထင်တယ်။ ဗမာတွေမှ မဟုတ်ဘူး လူမျိုးတိုင်း နိုင်ငံတိုင်းလိုလိုမှာ အဲ့သည်အလေ့ရှိတယ်လို့သိရတယ်။ တပ်ထဲနေတုန်းက လူပျိုလိုင်းမှာ တင်ညွန့်(၃)ညွန့်ရှိတော့ ညနေတိုင်း ဘုရားသွားပုတီးစိတ်ပြီး စကားပြောတိုင်းဗုဒ္ဓကဘာပြောတယ်ဘာညာဆိုကာ စကားအစချီတတ်တဲ့တင်ညွန့်ကို ဗုဒ္ဓတင်ညွန့်။ မုတ်ဆိတ်တိုလေးထားပြီး စကားဗလစ်ဗလစ်ပြောတတ်တဲ့တင်ညွန့်ကို မုတ်ဆိတ်တင်ညွန့်၊ မူးတာမှန်သမျှအကုန်ကြိုက်ပြီး အမြဲလိုလို ကောင်းနေတတ်တဲ့တင်ညွန့်ကို အမူးအမော်တင်ညွန့်ခေါ်ကြတာမျိုး။ လူမျိုးစုသုံးစုကလာတဲ့ထွန်းလှ (၃)လှ ရှိတော့လည်း တလှကို ကချင်ထွန်းလှ၊ နောက်တလှကို ရခိုင်ထွန်းလှ၊ နောက်တလှကို မွန်ထွန်းလှ စသည်ဖြင့်ခေါ်ကြတာမျိုး၊ ခင်ဝင်း(၂)ဝင်းထဲက သီချင်းကြီးတွေ ကြိုက်လည်းကြိုက်ဆိုလည်းဆိုတဲ့ခင်ဝင်းကို ယမုံနာခင်ဝင်း၊ နတ်ပွဲကြိုက်ပြီးအသံလည်း ညှဲ့ညှဲ့-ညှဲ့ညှဲ့ရှိတဲ့ ခင်ဝင်းက မနှဲလေးခင်ဝင်း စသည်ဖြင့်။ အလုပ်အကိုင်အသက်မွေးဝမ်းကြောင်းကိုလိုက်ပြီး ခေါ်တာတွေလည်းရှိပါသေးတယ်။ လူတဘက်သားကို ချိုးဖဲ့ချင်တဲ့စေတနာနဲ့ နှိမ်ပြီးခေါ်တာတွေလည်း မရှိဘူးမဟုတ်ပါဘူး ရှိပါတယ်။ အဲ့သလိုခေါ်ကြတာ ဘယ်သူမှန်းခွဲရလွယ်သမို့ ကောင်းတယ်လို့ဆိုဖို့တော့ခက်မယ် ထင်တယ်။ တချို့ကသာမန်။ တချို့ဂုဏ်ပုဒ်ပြလေးတွေက နုနယ်ပြီးလှရွနေသမို့ ချစ်စရာပြုံးစရာ။ တချို့ကျတော့ ကြောက်စရာ စက်ဆုပ်စရာ အော့နှလုံးနာစရာ မသတီစရာတွေလည်းရှိသကိုး။ နောက် နံမည်မခေါ်ပဲ ရုပ်လက္ခဏာ သွင်ပြင်သက်သက်ကိုသာညွှန်းပြီး ချစ်စနိုးနဲ့ ရင်းရင်းချာချာခေါ်တတ်ကြတဲ့ ကုလားကြီးတို့ တရုပ်ကြီးတို့ ကရင်ကြီးတို့ဆိုတာတွေလည်း ရှိသေးတယ်။ အဲ့သလို ကုလားကြီး တရုတ်ကြီး ကရင်ကြီးလို့အခေါ်ခံရလို့ ဘယ်သူမှစိတ်မဆိုးတဲ့အပြင် ရင်းရင်းချာချာရှိတယ်လို့တောင် ခံစားရသေးတယ်မဟုတ်လား။ အဲ့ဒါတွေဟာ မြန်မာ့ဓလေ့လို့ပြောမရတာမှန်ပေမယ့် မြန်မာတွေလေ့ကြတဲ့အထဲက တစ်ခုပါ။ ခုတော့ လူမျိုး ဘာသာအညှာကိုင်မင်းလုပ်တဲ့စစ်ဗိုလ်ဆိုးတွေနဲ့ ဘာသာရေးနဲ့အသက်မွေးပြီး
လောဘဇောတိုက်တဲ့ဘုန်းကြီးဆိုး(တချို့) ပေါင်းပြီး အစွဲအလမ်းကြီးတဲ့လူ့အန္ဓတွေကို နှစ်ပေါင်းများစွာ သွေးထိုးလှုံ့ဆော်ရာကနေ တယောက်ကိုတယောက်“ဟေ့ကုလားကြီ- ဟေ့တရုပ်ကြီး” လို့ အခေါ်ခံရရင်ကိုပဲ သွေးပျက်ရမယ့်ကိန်း စိတ်ဆိုးမန်ဆိုးဖြစ်ကြရတဲ့ကိန်း ဆိုက်သွားပါပကော။ (ချစ်နိုးအခေါ်ခံရမှာသွေးပျက်စရာ)

ဓါးဓါးချင်းလှံလှံချင်းရှင်းမယ်-မိုးပေါ်ထောင်မပစ်ဘူးဆိုသူကြီးရယ်၊ ကျန်စစ်သားလို့ မချိသွားဖြဲပြောသူကြီးရယ်၊ စာဖတ်နေသူကြီးရယ်၊ လေဖြတ်တရားမှတ်နေသူကြီးရယ်၊ ကော်ဖီဆိုင်လေး ဖွင့်စားနေရသူကြီးရယ်၊ ဥပဒေအထက်မှာဘယ်သူ့မှမရှိ ဆိုသူကြီးရယ်၊ မုန်းဟင်းခါး
ရောင်းစားမယ်ဆိုသူကြီးရင်၊ အိမ်ရှင်ဧည့်ဘာညာပြောသူကြီးရယ်၊ ဗုဒ္ဓဘင်လာဒင်ဆိုသူကြီးရယ်၊ ငါတို့အရိုးစည်းရိုးထိုးဆိုသူကြီးတွေရယ်…။ အဲ့သလို “ကြီး”ရယ်ဆိုတဲ့လူတွေပေါင်းမိမှ ဒီပြည်မရှက်ရရင် ဘယ်ပြည်ရှက်ရလိမ့်တုန်း။ ဒီပြည် ဓါးမနောက်ပိတ်ခွေးမဖြစ်ရင် ဘယ်ပြည် ဖြစ်ရလိမ့်တုန်း။ (ခိုးသားငါးရာစိုးမိုးတဲ့ပြည်)

"မျိုးစောင့်ဥပဒေ"ဆိုပြီးမဝံ့မရဲသမုတ်နေမယ့်အစား "ဗုဒ္ဓဝါဒီမြန်မာလူမျိုးစစ်စစ် မျိုးဆက်ပြန့်ပွားရေးဥပဒေ"လို့ ပညတ်တာက ပိုကောင်းမယ် ထင်တယ်။ ဒါဆို ဗုဒ္ဓဝါဒကို ဘာသာအဖြစ်နဲ့အမှတ်မှားနေကြတာလည်းပြင်ပြီးသားဖြစ်၊ လူမျိုးနဲ့ဝါဒတွဲပြောမှရတဲ့ လူမျိုးသစ်တခုလည်းထပ်ရ၊ ကမ္ဘာကြည့် ကြည့်ရကောင်းမှန်းမသိတဲ့လူ့အန္ဓတွေလည်း စိတ်လက်ချမ်းသာရာရ၊ လူဦးရေပေါက်ကွဲမှုလည်းထိန်းချုပ်ပြီးသားဖြစ်သွားမယ် ထင်တယ်။ တစ်ခုပဲ ပူပန်မိတာက ချစ်ခြင်းမေတ္တာနဲ့လိင်စိတ်အလိုကို ဇွတ်ဖိနှိပ်ချိုးနှိမ်လို့ဖြစ်တတ်တဲ့ ချစ်ခြင်းမေတ္တာမရ လိင်စိတ်အလိုမပြည့် စိတ်ဝေဒနာရှင်တွေ တိုးပွားလာမှာကိုပါပဲ။ (မျိုးစောင့်တွေ စစ်ဖို့)