Tuesday, June 24, 2014

အသွားစေခိုင်းသူ မင်းဧကရာဇ် (ဗမာပြည်ကွန်မြူနစ်ပါတီဝက်ဘ်ဆိုက်မှ)

0 comments
အသွားစေခိုင်းသူ မင်းဧကရာဇ်
မဟာသန္တိသုခအရေးနဲ့ပတ်သက်လို့ ရဟန်းရှင်လူတွေရဲ့မကျေနပ်မှု ပိုပိုပြီး တိုးပွားများပြားလာတာနဲ့အမျှ အစိုးရကလည်း ဓားစားခံတွေကို တယောက်ပြီးတယောက် ဆွဲထုတ်အရေးယူနေတယ်။ တရားခံလက်သည်အစစ်ကို ဖုံးဖိဖျောက်ဖျက်ပေးဖို့ ဝိုင်းကူကြိုးပမ်းနေသူတွေဟာ ဘယ်သူက ဘာလဲဆိုတာ ပိုမိုသဲကွဲစွာမြင်လာရချိန်ဖြစ်တယ်။
အခု ဦးအံ့မောင်ကို ဓားစာခံအဖြစ်ထိုးကျွေးချင်တဲ့သဘောမျိုးလည်း တွေ့လာရတယ်။
ဦးဆန်းဆင့်က တရားခံလား။
ဦးအံ့မောင်က တရားခံလား။
ဆန္ဒန်ဆင်မင်း ဝတ္ထုကို သွား သတိရမိတယ်။
မှတ်မိသလောက် (အစွယ်လိုသူ မိဘုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ကျွန်တော်မျိုး ဤသုံးဦးသားအနက်မှ ကံကွက်ကြား၍ ငမိုက်သား မုဆိုးလေ၊ နင်ချည်းပင် သေစေတော့ဟု) ဆိုတဲ့စကားကို မုဆိုးပြောစကားအနေနဲ့ ရေးထားတယ်။
ဦးပုည ခွဲခြမ်းစိတ်ဖြာတဲ့နည်းလိုပဲ နိုင်ငံရေးမှာ ဓားစာခံအဖြစ်ဆွဲထုတ်အသတ်ခံလိုက်ရတဲ့အခိုင်းခံရသူတွေနဲ့ ပင်မလက်သည်တရားခံ ခွဲကြည့်ကြဖို့လိုတယ်၊
မဟာသန္တိသုခအရေးမှာသာမက လက်ပံတောင်းအရေးလိုကိစ္စအပါအဝင် ဘယ်အရေးကိစ္စမှာမဆို မြန်မာပြည်ရဲ့နိုင်ငံရေး အရေးကိစ္စတွေမှာ အဓိကတရားခံ စစ်အစိုးရဟာ သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြစ်တင်စွပ်စွဲလာမယ့်အရိပ်အခြေမြင်ရင် သူ လက်သတ်မွေးထားသူ တွေကိုပဲ တရားခံအဖြစ်ဆွဲထုတ်ကာ (သုဿန်ထုတ် ဓားခုတ်သတ်စေ)လုပ်ခဲ့တာချည်းပဲ။ ကိုယ်မွေးထားတဲ့သူပဲဆိုပြီး ညှာလိမ့်မယ်မထင်နဲ့။
အရေးအခင်း အမှုကိစ္စတွေမှာ သူတို့ဘယ်လိုပဲ ဖုံးဖုံး၊ ပြည်သူ့ဘက်တော်သားတွေကတော့ နောက်ကွယ်က တရားခံအစစ်အမှန်ကို တန်းခနဲမြင်တာချည်းပါပဲ။ ပြည်သူ့ခုံရုံး မတင်နိုင်သေးတဲ့ကာလမို့ တရားခံကို ကုပ်ဆွဲပြီးထုတ်မပြနိုင်သေးဘူးပေါ့။
နောက်တချက်က ဆန္ဒန်ဆင်မင်းကိုသတ်ရာမှာ ကျင့်သုံးတဲ့နည်းဗျူဟာကို စစ်အစိုးရကျင့်သုံးချင်နေတာကိုလည်း သတိပြုသင့်တယ်။
သားသတ်မုဆိုးက ဘုရားလောင်းဆန္ဒန်ဆင်မင်းကိုသတ်ဖို့ သင်္ကန်းကိုယူသွားပြီး သင်္ကန်းခြုံလိုက်တာပဲ။ သူ့ကို ဆန္ဒန်ဆင်မင်က
အစွယ်နဲ့ထိုးသတ်မယ်လုပ်တော့လဲ အစွယ်ပေါ် သင်္ကန်းပစ်တင်ပေးလိုက်တာပဲ။
ဘုရားအလောင်းသူမြတ်ကောင်းကို ဘုရားလိုဏ်ခေါင်း၊ အောင်း၍မာန်သွေး၊ ဟောင်းသည့်ခွေး-ဆိုပြီး မုဆိုးကိုပြစ်တင်ရှုတ်ချတဲ့စကားကိုလည်း သတိရမိပြန်တယ်။
ဘုရားလိုဏ်ခေါင်း၊ အောင်း၍မာန်သွေးပြီး ဟောင်နေကြတာတွေရော၊ သားသတ်မုဆိုးလိုပဲ သင်္ကန်းခြုံပြီး သားသတ်နေကြတာတွေရော ဒီကနေ့ တွေ့နေရပြီ မဟုတ်လား။
ဒီနေ့ ဗမာပြည်ပြဿနာက ပိုဆိုးတယ်။
သံဃာထုကြီးတရပ်လုံးကို ဖြိုခွဲချေမှုန်းဖို့အတွက် သားသတ်မုဆိုးတွေရဲ့လက်ထဲ ဧကရာဇ်က သင်္ကန်းတွေထုတ်ပေးပြီး အယုတ်မာဆုံးနည်းလမ်းတွေနဲ့ ခိုင်းစေထားတာကြောင့်ပဲ။
(ဗမာပြည်ကွန်မြူနစ်ပါတီဝက်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါတာဖြစ်ပါတယ်)

အင်ဂျလီနာ ဂျိုလီ...သို့ (မောင်မှိုင်းလွင်-အင်းဝ)

0 comments
အင်ဂျလီနာ ဂျိုလီ...သို့
ဒို့ဒုက္ခတွေကို
မျှဝေခံစားပေးတာ
ကျေးဇူးပါဂျိုလီ...။


ဂျိုလီ
မင်းစာဖတ်တယ် မဟုတ်လား။
မင်းလိုပဲ ရုပ်ရှင်မင်းသမီး
မင်းလိုပဲ ဟောလီဝုဒ်စတား
မင်းလိုပဲကမ္ဘာကျော်
မင်းလိုပဲ အမေရိကန်နိုင်ငံသူ
မင်းလိုပဲ ကမ္ဘာအရေးစိတ်ဝင်စားသူ
မင်းလိုပဲ အများအရေးဦးစားပေးတဲ့
ဂျိန်းဖောင်ဒါ ဆိုတာရှိဘူးရဲ့။

သူမဟာ…
ဗီယက်နမ်ကိုသွား
တော်လှန်စစ်ဆင်နွှဲနေတဲ့
ဗီယက်ကောင်းတွေကိုအားပေးခဲ့။

သူမဟာ...
နယ်ချဲ့ကျူးကျော်သူအမေရိကန်စစ်စခန်းကိုဝင်
အပြစ်မဲ့တဲ့ဗီယက်နမ်ပြည်သူတွေကိုပစ်သတ်မယ့်
တင့်ကားရဲ့အမြောက်ပြောင်းမှာ
အောက်ခံဘောင်းဘီချွတ်ပြီးစွပ်ပေးခဲ့သူ
ချစ်စရာ့ အမေရိကန်။

ဂျိုလီ.....
ငါ့ကလေးတွေကို အားပေးပါ
ခမျာမှာ အဖေမပေါ်ရှာဘူး။

ဂျိုလီ.....
ငါ့သမီးတွေကို နှစ်သိမ့်ပါ
ခမျာတွေ အစော်ကားခံနေရ။

ဂျိုလီ.....
ငါ့အမေတွေကို ပြုစုပါ
ခမျာမှာ ငိုစရာမျက်ရည် မကျန်ကြ။

ဂျိုလီ.....
ငါတို့မုန်းတဲ့စစ်ကို ဆန့်ကျင်ပါ။

အောက်ခံဘောင်းဘီ
များများပါခဲ့ရဲ့လား.......ဂျိုလီ။ ။

မောင်မှိုင်းလွင်(အင်းဝ)
၂၃ ၆ ၂၀၁၄
https://www.facebook.com/mghmaing.lwinava?fref=ts


Monday, June 23, 2014

တောင်းပန်သူ ဗိုလ်အောင်မင်းသည် အင်္ဂုလိမာလဂိုဏ်းသားလော ဒေဝဒတ်ဂိုဏ်းသားလော(တူမောင်ညို)

0 comments
တောင်းပန်သူ ဗိုလ်အောင်မင်းသည် အင်္ဂုလိမာလ ဂိုဏ်းသားလော ဒေဝဒတ်ဂိုဏ်းသားလော (တူမောင်ညို)
(၂ဝ၁၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်)
ချစ်စနိုးနဲ့ (ချို) ဂျို ကိုင်ကြည့်တာပါလို့ဆိုဆို၊ ပမာမခန့်နဲ့ အမြှီးတက်နင်းတာပဲဖြစ်ဖြစ် စစ်အုပ်စုက အကဲဆတ်တယ်၊ ကျွဲမြှီးတိုတယ်ဆိုတာကို ဗိုလ်အောင်မင်းတောင်းပန်စာက ထင်ဟပ်ဖော်ပြနေပါတယ်။ စစ်အုပ်စုတခြံထဲပေါက်အချင်းချင်းပင်ဖြစ်ပါစေ  သည်းမခံဘူးလို့ပြောချင်ပြချင်ပုံ ရပါတယ်။ ဒါ့အပြင် မင်းတို့ပြောနေဆိုနေတာတွေကို ငါတို့မပြတ်စောင့်ကြည့်နေတယ်လို့ သတိပေးချင် ပုံလည်းရပါတယ်။  ဗိုလ်အောင်မင်းခမျာ “သစ္စာဖောက်ခဲ့ခြင်းမရှိ၊ နောင်လည်းသစ္စာဖောက်မည်မဟုတ်ပါ”လို့ စစ်အုပ်စုထံ (အငြိမ်းစားပါ မကျန်) ရှိခိုးဦးတင် တောင်းပန်ရပါတယ်။ တကယ်တော့ အငြိမ်းစားနေတာဆိုလို့ ဗိုလ်သန်းရွှေနဲ့ဗိုလ်မောင်အေးပဲရှိတာပါ။

ဗိုလ်အောင်မင်းက လေးကောင်ဂျင်သမား၊ ဖဲသုံးချပ်သမားလို စကားတွေပြောတတ်သူပါ။ အခုဟာကလည်း ဗိုလ်အောင်မင်း ထုံးစံအတိုင်း အာချောင်ပြီး “သူရ/သီဟတွေ”ရဲ့ အမြှီးနင်းမိသွားတာပါ။

ဗိုလ်အောင်မင်းတို့အပါအဝင် စစ်အုပ်စုဟောင်း/သစ်တွေဟာ ပြည်သူလူထုအပေါ် မောက်မာ၊  ရမ်းကား၊ ရိုင်းစိုင်းပြီး အကြမ်းဖက်ဖိနှိပ် သတ်ဖြတ်ခဲ့ကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ အဲဒီလို ရာဇဝတ်မှုလုပ်ရပ်တွေနဲ့ပတ်သက်လို့ ပြည်သူလူထုအပေါ် ဘယ်တုန်းကမှ ဝန်ချ တောင်းပန်တာမျိုး လုံးဝမရှိခဲ့ပါဘူး။ ဝေးဝေးကအကြောင်းတွေကို မပြတော့ပါဘူး၊ လတ်တလောကာလမှာပဲကြည့်လိုက်ပါ။

လျှပ်စစ်ဝန်ကြီး ဗိုလ်ဇော်မင်း၊ လယ်ဆည်ဝန်ကြီး ဗိုလ်မြင့်လှိုင်၊ မွေး/ရေလုပ်ငန်းဝန်ကြီး ဗိုလ်အုန်းမြင့်၊စက်မှုဝန်ကြီး ဗိုလ်အေးမြင့်၊ ဘူးလက်ဗိုလ်လှဆွေတို့ ပြည်သူလူထုအပေါ် ရိုင်းရိုင်းစိုင်းစိုင်းပြုမူပြောဆို ခဲ့တာတွေကိုဘယ်သူကများ ၊ ဘယ်လိုအနူးအညွတ်ဝန်ချ တောင်းပန်ခဲ့ကြဖူးသလဲ။ မတောင်းပန်တဲ့အပြင် ပြန်ကြားရေးဝန်ကြီး ဗိုလ်အောင်ကြည်တို့၊ သမ္မတပြောခွင့်ရ ဗိုလ်ရဲထွဋ်တို့က ဝိုင်းဝန်း၊ ဖာထေး၊ အကာကွယ်ပေးနေကြတာကို မျက်မြင်နားကြားပဲမဟုတ်ပါလား။

ဗိုလ်သန်းရွှေဓါတ်ပုံနဲ့အတူ ယှဉ်တွဲချိတ်ဆွဲထားတဲ့ စစ်အုပ်စုရဲ့ဂေါ့ဖားသားဖြစ်တဲ့ ဗိုလ်နေဝင်းကိုကြည့်ပါ။ “၇ ရက်ဇူလိုင် အရေးအခင်း”နဲ့ (တကသ) အဆောက်အအုံဖြိုချတာကို တောင်းပန်ခဲ့ဖူးသလား။ “ဒါး - ဒါးခြင်း၊ လှံ - လှံခြင်း”ဆိုပြီး လူမိုက်လို စိန်ခေါ် ပါတယ်။  “၈၈ အရေးတော်ပုံကြီး” ကြောင့် မတတ်သာပဲ အာဏာပလ္လင်ပေါ်က ဆင်းသွားရတော့လည်း “စစ်တပ်ဆိုတာ မိုးပေါ်ထောင်ဖောက်တာမပါဘူး - ပစ်ရင်တည့်တည့်ပစ်တယ်”လို့ ကြုံးဝါးသွားခဲ့ပါတယ်။ ဒီတော့ ဘမျိုးဘိုးတူဆိုတာလို ဗိုလ်နေဝင်း - ဗိုလ်သန်းရွှေတို့ရဲ့ အမွေစားအမွေခံ ယနေ့စစ်အုပ်စုဟာ ပြည်သူလူထုအပေါ်မတောင်းပန်တာ သိပ်တော့မဆန်းလှပါဘူး။

သူတို့လောဂျစ်က လူထုဆိုတာစော်ကားဖို့၊ အကြမ်းဖိနှိပ်သတ်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ပြည်သူလူထုအပေါ် နေနဲ့မီးလို ကျင့်ကြံပြုမူ ကြပြီး၊ ထိပ်သီးစစ်အာဏာရှင်များအပေါ်မှာတော့ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးဆိုတာလို သစ္စာမြဲကြပါတယ်။

တကယ်တော့“သီဟတွေ၊သူရတွေ” ဆိုတာ စစ်အုပ်စုထိပ်သီးက သူသိမ်းပိုက်ထားတဲ့အာဏာကို မိုက်မိုက်ကန်းကန်းကာကွယ်ပေးတဲ့သူ၊ မျက်ကန်းတစ္ဆေမကြောက်လုပ်ဝံ့သူတွေကို စစ်အုပ်စုထိပ်သီးကပေးသနားတဲ့ “ဆု” ဖြစ်ပါတယ်။ ပြည်ပကျူးကျော်မှုရန်စွယ်ကို တိုက်ဖျက် နိုင်လို့၊ တိုင်းပြည်နဲ့ပြည်သူကို စွန့်စွန့်စားစားကာကွယ်ခဲ့လို့ ပေးတာမှမဟုတ်ဘဲ။ ဦးတင်ဦး(ဒီချုပ်ပါတီနာယကကြီး)ကတော့ ချွင်းချက်ပေါ့။ သူက ကူမင်တန် တရုတ်ဖြူကျူးကျော်စစ်ပွဲမှာ ရခဲ့တာလို့ထင်ပါတယ်။  ဗိုလ်ရွှေမန်းရှေ့က “သူရ”ဆိုတာကတော့ (KNU) နဲ့ တိုက်လို့ရတာ ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် ဗိုလ်အောင်မင်းပြောတဲ့စကားတိုင်းဟာ အတည်ယူလို့ရတာတွေ မဟုတ်ပါဘူး။ “အလွတ်သဘော”ပြောတာဆိုတော့ ပါးစပ်ထဲရှိတာ ပြောတာပါ။ သူ့ကို ဒီလိုပြောခွင့်ပေးထားတာပါ။
           
ဗိုလ်အောင်မင်းနဲ့တွေ့ကြရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲကအချို့နဲ့ ဒီမိုကရေစီအင်အားစုတွေထဲကအချို့ဟာ  ဗိုလ်အောင်မင်း အပြောမှာ “မျော” သွားကြတယ်။ ဗိုလ်အောင်မင်းဒိုင်ကြောင်တွေကို “ခိုက်”သွားကြပါတယ်။ ဗိုလ်အောင်မင်းလေမှာ အအေးမိနှာစေးကုန် ကြပါတယ်။ တချို့များဆိုရင်နှစ် ၂ဝ  လောက်ကွဲနေတဲ့ “အမေ့မောင်”ကို ဗြုံစားကြီး ပြန်တွေ့ရသလို ရင်ထဲတလှပ်လှပ်ဖြစ်ကြရတဲ့ပုံစံမျိုးတွေ ပြောတာ ကြားရပါတယ်။  ဒါကြောင့် ဗိုလ်အောင်မင်းနဲ့စကားပြောနေကြသူတွေ သတိရှိစေချင်ပါတယ်။

နောက်တစ်ခုက “ သင်လို့လွယ်တဲ့သူနဲ့ သင်လို့ခက်တဲ့လူ” သို့မဟုတ် “အင်္ဂုလိမာလဂိုဏ်း” နဲ့ “ဒေဝဒတ်ဂိုဏ်း”ဆိုပြီး ခွဲပြောနေတဲ့ကိစ္စ ဖြစ်ပါတယ်။ တကယ်တော့ (နဝတ-နအဖ) စစ်အုပ်စုနဲ့သူတို့ အမွေစားအမွေခံတွေဟာ ဘယ်လိုပဲဂိုဏ်းကွဲနေပါစေ သူတို့အားလုံးဟာ အမိအဖဆိုတဲ့ပြည်သူလူထုအပေါ် လက်ညှိုးလည်းဖြတ်မယ်၊ ခြေဖဝါးကို ဓါးနဲ့ခွဲပြီးဆားသိပ်မယ်ဆိုတဲ့သူတွေချည်းဖြစ်ပါ တယ်။

ဒါကြောင့် အဓိကသတိပြုစေချင်တဲ့အချက်ကတော့ သူတို့ဟာ ဒေဝဒတ်ထက် အပြန်တစ်ရာမကမိုက်မဲသူတွေဖြစ်တယ်ဆိုတာပါပဲ။ “သင်နိုင်ကောင်းရဲ့/ကျွတ်နိုင်ကောင်းရဲ့”လို့ မျှော်လင့်နေခြင်းဟာ စိတ်ကူးယဉ်တာသာဖြစ်ပါလိမ့်မယ်။

စစ်အုပ်စုကို ထိထိရောက်ရောက် သင်ကြားပြောင်းလဲပေးနိုင်မယ့်၊ ချွတ်နိုင်/ကျွတ်နိုင်စေမယ့် သူကတော့ပြည်သူ့တော်လှန်ရေးဆိုတဲ့ ဆရာသမားကောင်းသာလျှင်ဖြစ်ပါတယ်။


သမ္မတဦးသိန်းစိန် အနေဖြင့် အချင်းချင်း ဖုံးဖိ ပြေပျောက်စေခြင်းမျိုး မလုပ်သင့်(တူမောင်ညို)

0 comments
သမ္မတဦးသိန်းစိန် အနေဖြင့် အချင်းချင်း ဖုံးဖိ ပြေပျောက်စေခြင်းမျိုး မလုပ်သင့်(တူမောင်ညို)
(၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်)
“ဘာသာ၊သာသနာ”တို့ဆိုတာ အာဏာရဲ့လက်အောက်ခံသာလျှင်ဖြစ်တယ်ဆိုတဲ့အချက်ကို “သန္တိသုခကျောင်း” စီးနင်းသိမ်းပိုက်မှုကနေတဆင့် ကြံ့ဖွံ့အစိုးရက လက်တွေ့ပြသလိုက်ပြီ။ သံဃာတွေလှုပ်ရှားလာရင် “မီးလောင်ဗုံး”နဲ့ ပစ်ခတ်နှိမ်နင်းရတယ်ဆိုတဲ့အချက်ကိုတော့ “လက်ပံတောင်းအရေးအခင်း”မှာ ကျနော်တို့ပြည်သူများ ကိုယ်တွေ့မျက်မြင်သိရှိခဲ့ကြပြီးပြီ။
ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကြံ့ဖွံ့သမ္မတ(ဗိုလ်) ဦးသိန်းစိန်အနေနဲ့ အောက်ပါ ပြဿနာ ၂ ခုကို ဖြေရှင်းပြဖို့တာဝန်ရှိပါတယ်။
- ဘာကြောင့် သန္တိသုခကျောင်းစီးနင်းသိမ်းပိုက်ရသလဲ
- ဘာကြောင့် သာသနာရေးဝန်ကြီးဗိုလ်ဆန်းဆင့်ကို ဖြုတ်ထုတ်ဖမ်းရသလဲ

ဘာကြောင့် သန္တိသုခကျောင်းစီးနင်းသိမ်းပိုက်ရသလဲ
“ရွှေဝါရောင်တော်လှန်ရေး”မှာ ပီနံဆရာတော် ပါဝင်အားပေးမှုအပေါ် အညှိုးအတေးအာဃာတနဲ့ ကြံ့ဖွံ့အစိုးရကလက်စားချေ တာလို့မြင်ပါတယ်။ ဒီအချက်ကို သီတဂူဘုန်းကြီးလည်း ထောက်ပြထားပါတယ်။ (ဗိုလ်)သိန်းစိန်ကြံ့ဖွံ့အစိုးရက “သင်္ကန်းဝတ်စွမ်းအားရှင်များ”ကို “မျိုးစောင့်ဥပဒေ”ဖန်တီးခိုင်းရုံတင်မကဘူး၊ “ဝေါ်ကီတော်ကီ” တပ်ဆင်ပေးပြီး စီနင်းသိမ်းပိုက်ရေးမှာပါ အသုံးချလာခဲ့ပြီ။
ချုပ်လိုက်ရင် ကြံ့ဖွံ့အစိုးရဟာ သူတို့ရဲ့ရိုင်းစိုင်းမှုနဲ့အကြမ်းဖက်မှုစံချိန်ကို တဆင့်တိုးဖော်ပြလိုက်တာလည်းဖြစ်ပါတယ်။

ဒီလိုလုပ်ရပ်တွေ အထင်သားမြင်နေရတာသော်လည်း ဘုန်းကြီးဝီရသူက မျက်ကွယ်ပြုပြီး “အံ့မောင်”ကိုသာ အဓိကတရားခံအဖြစ် ယိုးမယ်ဖွဲ့နေတယ်။ ဒီအချက်က အဓိကတာဝန်ရှိသူဖြစ်တဲ့ သမ္မတ(ဗိုလ်)ဦးသိန်းစိန်နဲ့ကြံ့ဖွံ့အစိုးရကို ဗြောင် အကာအကွယ်ပေးတာနဲ့ လမ်းလွှဲပေးတာဖြစ်ပါတယ်။ ဘုန်းကြီးဝီရသူက သံဃာ့အရေးမှာလည်း သူဟာ ရှေ့ကနေပါဝင်သူပါဆိုပြီး သူ့ကိုယ်သူ သိဒ္ဓိတင် အမြတ်ထုတ်လိုက်တာလည်းဖြစ်တယ်။

ဘုန်းကြီး ၅ ပါးကို ပုဒ်မ ၂၅၉(က) သာသနာညှိုးနွမ်းစေမှု၊ ဥပဒေအမှတ် ၂၀/၉၀ သံဃာအဖွဲ့အစည်းဆိုင်ရာပြစ်မှုတွေဖမ်းဆီး၊ လူဝတ်လဲစေပြီး၊ အခုတော့ တစ်ပါးကို “ သိန်း ၂၀၀ အာမခံ” နဲ့ ပြန်လွှတ်ပေးထားပါတယ်။ လန်ဒန်ကဘုန်းကြီး ဦးဥတ္တရဟာ ကြံ့ဖွံ့သမ္မတဗိုလ်သိန်းစိန်ကို “မြန်မာ့ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်ဆု” ပေးအပ်ဂုဏ်ပြုခဲ့တဲ့ ဘုန်းကြီးဖြစ်ပါတယ်။ (ဗိုလ်)ဦးသိန်းစိန်က ဒီ ဆုရဲ့မျက်နှာကိုတောင်မထောက်ထားပဲ ဖမ်းချုပ်ပြီး လူဝတ်လဲစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ပေါ်ကနေ ဒီကိုယ်တော်လည်း “သံဝေဂ”တော့ရလိမ့်မယ်လို့ ထင်ရတာပါပဲ။

ဘာကြောင့် သာသနာရေးဝန်ကြီး ဗိုလ်ဆန်းဆင့်ကို ဖြုတ်ထုတ်ဖမ်းရသလဲ

ပြဿနာရဲ့ဒီဂရီ အတိုင်းအတာက ကြံ့ဖွံ့သမ္မတ (ဗိုလ်)ဦးသိန်းစိန်အဖို့ သာသနာရေးဝန်ကြီးကို ဖြုတ်၊ထုတ်၊ ဖမ်းချုပ်ရတဲ့အဆင့်ထိရောက်သွားတယ်။
ဗိုလ်ဆန်းဆင့်ဟာ (နအဖ)စစ်အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ် ကြီး စတဲ့တာဝန်တွေယူခဲ့သူဖြစ်ပါတယ်။ ကြံ့ဖွံ့အစိုးရလက်ထက်မှာတော့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကြံ့ဖွံ့ပါတီဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်ပါတယ်။ မီဒီယာသတင်းတွေအရဆိုရင် ဗိုလ်ဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင် ပို့ထားတယ်လို့ဆိုပါတယ်။ ပြည်သူ့ဘဏ္ဍာငွေအလွဲသုံးစားမှု ဥပဒေပုဒ်မ ၄၀၉/၁၀၉နဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။ ပြည်သူ့ဘဏ္ဍာငွေအလွဲသုံးစားမှုဆိုတာ အရပ်စကားနဲ့ပြောရရင် ပြည်သူ့ငွေတွေကို “ဘုံးတာ/ခိုးတာ” ပါ။
သာသနာရေးဝန်ကြီးကို ခိုးမှုနဲ့အရေးယူရတယ်ဆိုတာကတော့ဖြင့် အရပ်ရပ်နေပြည်တော်ကြားလို့မှ မတော်တဲ့အဖြစ်ပါပဲ။ ကြံ့ဖွံ့သမ္မတဗိုလ်သိန်းစိန်တို့အုပ်စိုးနေတာအချိန်ကာလကို “အမြင်မတော်/အကြားမလျော်တဲ့ဖြစ်ရပ်တွေ ဝရုန်းသုန်းကား ပေါ်ပေါက်ဖြစ်ပွားနေတဲ့ကာလကြီး” လိုပြောရင်လွန်မယ်မထင်ပါဘူး။
ပြည်သူ့ဘဏ္ဍာငွေအလွဲသုံးစားလုပ်တယ်၊ ဘုံးကြတယ်၊ ခိုးကြတယ်ဆိုတာ ဗိုလ်ဆန်းဆင့်တစ်ယောက်ထဲတော့ ဟုတ်မယ်မထင်ပါဘူး။ အုံနဲ့ကျင်းနဲ့ ဂိုဏ်းဖွဲ့ပြီး ခိုးကြတာဖြစ်ပါလိမ့်မယ်။ ဒီတော့ ဒီဖြစ်ရပ်မှာ အဓိကတာဝန်အရှိဆုံးဖြစ်တဲ့ (ဗိုလ်)ဦးသိန်းစိန်အနေနဲ့ သမ္မတတစ်ယောက်အနေနဲ့ရော၊ အစိုးရအဖွဲ့ကို တာဝန်ခံတဲ့အနေနဲ့ရော ပြည်သူများရှင်းရှင်းလင်းလင်းသိအောင် ထုတ်ဖော်ရှင်းလင်းပြဖို့လိုပါတယ်။ ဇွန်လ ၁၉ ရက်နေ့က “ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာအစည်းအဝေး” မှာ သမ္မတ(ဗိုလ်) ဦးသိန်းစိန်ပြောခဲ့သလို “မမှန်ကန်သည့်လုပ်ရပ်များကို ထိရောက်စွာအရေးယူခြင်းမရှိဘဲ၊ အချင်းချင်း ဖုံးဖိပြေပျောက်စေခြင်းမျိုးသည် လွဲမှားသောလုပ်ဆောင်မှုဖြစ်သည်” ဆိုတဲ့ပြောဆိုချက်ကို အပြောသက်သက်မဟုတ်ဘဲ၊ စံနမူနာပြအဖြစ် တကယ်လက်တွေ့ လုပ်ဆောင်ပြစေလိုပါတယ်။
သမ္မတပြောခွင့်ရ ဗိုလ်ရဲထွဋ်အပြောအရတော့ သာသနာရေးဝန်ကြီးဗိုလ်ဆန်းဆင့်ဟာ “သန္တိသုခကိစ္စက အကြောင်းအချက်တွေထဲက တစ်ခုသာလျှင်ဖြစ်တယ်၊ အဓိကမူဝါဒ ၂ ရပ် အကောင်အထည်ဖော်မှုမှာ အားနည်းချက်ချို့ယွင်းချက်တွေအများကြီးရှိတယ်၊ သမ္မတ မှာကြားတာထက် ဘောင်ကျော်လုပ်တယ်၊ ဒါကြောင့်မလွှဲမရှောင်သာ အရေးယူလိုက်ရတယ်” ပြောပါတယ်။
ဒါကြောင့် ဗိုလ်ရဲထွဋ်ပြောတဲ့စကားထဲမှာပါသလို ဗိုလ်ဆန်းဆင့်ချို့ယွင်းချက်အားနည်းချက်တွေက ဘာတွေလဲ၊ သန္တိသုခကိစ္စထက်ပိုမိုကြီးမားတဲ့၊ ပိုမိုများပြားတဲ့ အခြားကိစ္စတွေက ဘာတွေလဲ၊ ဒါတွေကို “ဖုံးဖိပြေပျောက်စေ” တာမျိုးတွေ မလုပ်ဆောင်ဘဲ။ ဒီကိစ္စတွေကို သံဃာထုနဲ့ပြည်သူလူထုသိအောင် အကျယ်တဝင့်ရှင်းပြဖို့ လိုအပ်ပါတယ်။
ယင်းသို့ ကြံ့ဖွံ့သမ္မတ(ဗိုလ်) ဦးသိန်းစိန်တို့ဘက်က အချက်အလက်နဲ့ရှင်းပြသလို၊ ဖမ်းချုပ်ခံ ဗိုလ်ဆန်းဆင့်ကို ပြန်လည်ရှင်းလင်းထုချေခွင့်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုပေးမှလည်း မျှတမှုရှိပါလိမ့်မယ်။ ဗိုလ်သိန်းစိန်တို့ဘက်ကချည်းပဲ ပြစ်မှုတင်စွပ်စွဲ၊ ဖြုတ်ထုတ် ဖမ်းဆီး၊ ထောင်ချပစ်မယ်ဆိုရင် တရားမျှတလိမ့်မယ်မဟုတ်ပါ။
ဗိုလ်ဆန်းဆင့်ဘက်ကရေးကြတဲ့ သတင်းများအရဆိုရင် ဗိုလ်ဆန်းဆင့်ဆီမှာ “အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ အကျင့်ပျက်ချစားမှု များနဲ့ပတ်သက်ပြီး သက်သေအထောက်အထားများစွာရှိကြောင်း”ကြားသိနေရပါတယ်။ ဒီတော့ ဗိုလ်ဆန်းဆင့်ကို ဥပဒေနဲ့အညီ ခုခံချေပခွင့်တော့ ဗိုလ်သိန်းစိန်တို့ဘက်ကပေးမှသာလျှင် တရားမျှတပေလိမ့်မယ်။
ဘာသာရေးဘက်က ဆုံးမသင်ကြားချက်တစ်ခုဖြစ်တဲ့ “ရန်သူမျိုး ၅ ပါး”ထဲမှာဆိုရင်လည်း “သူခိုးနဲ့မင်း(အုပ်စိုးသူ)”ကို တစ် တန်းထဲထားပြီး ဖော်ပြထားတာပါ။ ဒါ့အပြင်(မဆလ)အစိုးရ၊ (နဝတ-နအဖ)စစ်အစိုးရ၊ကြံ့ဖွံ့အစိုးရတွေထဲမှာ ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမလုပ်တဲ့သူ၊ မဘုံးတဲ့သူ၊ မခိုးတဲ့သူ၊ မရှိဘူးဆိုတာကို ပြည်သူတွေကတော့ သူတို့ဘဝပေးအတွေ့အကြုံများအရ လေးလေးနက်နက်သိရှိ သဘောပေါက်ထားပြီးသား ဖြစ်ပါတယ်။
အခုလည်းပြည်သူတွေသိချင်တယ်ဆိုတဲ့အချက်က ဘယ်သူတွေဟာ ဘယ်လိုပမာဏနဲ့အတိုင်းအတာကို ဘယ်လိုနည်းလမ်းတွေနဲ့ တိုင်းပြည်ဘဏ္ဍာတွေကို ဘုံးခဲ့ကြသလဲ၊ ဘုံးနေကြသလဲ ဆိုတဲ့အချက်ကိုသာလျှင်သိချင်နေကြတာပါ။

Saturday, June 21, 2014

ငါး (မျိုးမြင့်ချို)

0 comments

ငါး (မျိုးမြင့်ချို)အမေရိကန်ကို ဒုက္ခသည်အနေနဲ့ရောက်လာကြတဲ့ ဗမာပြည်သားတွေအနက် လူတချို့ ဒီက မြစ်တွေချောင်းတွေထဲက ငါးဖမ်းစားတဲ့ကိစ္စ နည်းနည်းပြောချင်လာတယ်။ ငါးက ဖမ်းစား(ချက်စား)ရုံတင်မကဘူး ငါးပိ/ငါးချဉ်ပါ သိပ်စားကြတာမျိုး၊ ခွဲပြီးဆားနယ်လုပ်တာမျိုး၊ ငါးခြောက်လှမ်းတာမျိုးတွေလည်းရှိတယ်။ ဗမာပြည်သားအများစုနေတတ်တဲ့ တချို့အပတ်မင်န့်ကြီးတွေထဲများ ဝင်သွားရင် ငါးပိနံ့လေး တညှင်းညှင်း၊ ငါးခြောက်နံ့လေးတလှိုင်လှိုင်၊ ယင်ကောင်တောင်ပံခတ်သံ တဇီဇီနဲ့ကိုနေတာပါ။

မြစ်တွေလို့ဆိုတဲ့နေရာမှာ မြို့လည်ကဖြတ်စီးနေတဲ့မြစ်တွေလည်း ပါပါတယ်။ အမေရိကန်တွေက(အများတကာ့အများစုကြီးက) အဲ့ထဲက အဲ့ငါးတွေကိုမစားကြဘူး။ မစားကြတာက တစ်တချက် ဒီမြစ်တွေက မသန့်တော့ဘူး။ ဓါတုစွန့်ပြစ်ပစ္စည်းတွေအပါအဝင် အခြား အညစ်အကြေးပေါင်းစုံပျော်ဝင်ပြီး ရေနေသတ္တဝါတွေမှာ
ဓါတ်တွေကူးနေပြီ၊ ဓါတ်ပြုနေပြီ။ စားရင် လူ့အတွက်အန္တရာယ်ကြီးတယ်။ နှစ်တချက် ပင်လယ်ငါးနဲ့ကန်မွေးငါးတွေက ဒီမှာ ဘုံးဘောလအောပဲ၊ ဟင်းသီးဟင်းရွက်ထက် ဈေးပေါတယ်။ လူတိုင်း ဝယ်စားနိုင်တယ်။ သုံးတချက် အဲ့မြစ်ထဲကငါးတွေရဲ့ အရသာနဲ့အညှီနံ့ကို သူတို့မခံနိုင်ဘူး၊ မကြိုက်ဘူး။ ဒါ ချုံ့ပြောတာ။ တခြားအကြောင်းတွေလည်း ရှိသေးတယ်။ ဒါပေမယ့် သူတို့ အဲ့ဒီ ရေဆိုးမြစ်တွေကန်တွေမှာ ငါးအပျော်မျှားတယ်။ ငါးမျှားပြိုင်ပွဲတောင်
လုပ်လိုက်သေးတယ်။ မိတဲ့ငါးကို တိုင်းထွာချိန်တွယ်စာရင်းမှတ်ပြီး ငါးမျှားချိတ်ကနေဖြုတ် မြစ်ထဲကန်ထဲပြန်လွှတ်ပေါ့။ ကောင်းတဲ့ကစားနည်းနဲ့
အပျင်းဖြေနည်းလို့ ကျနော်မထင်ဘူး။ စားဖို့မျှားတာဆို ဘာမှပြောစရာမရှိဘူး။ ခုက သူများအသားနာအောင်လုပ်ပြီး ကိုယ့်အပျော်ရှာတာကိုမကြိုက်တာ။
အဲ့ဒီ ရေဆိုးမြစ်တွေ ချောင်းတွေကန်တွေမှာ ငါးတွေက ဖမ်းမယ့်သူမရှိတော့ ပွားချင်တိုင်းပွား ထွားချင်တိုင်းထွားပြီး ရေနဲ့ငါး ဆတူလောက်ဖြစ်နေသလားတောင်
မှတ်ရတာပါ။

လူစားလို့ရတဲ့ငါးတွေနေတဲ့ သဘာဝကန်ကြီးတွေ အိုင်ကြီးအင်းကြီးတွေ အများကြီးရှိတယ်။ ရေသန့်ငါးသန့်တွေပဲ။ လူတွေ နည်းမျိုးစုံနဲ့ဖမ်းပြီး မျိုးစုံလုပ်စားကြတယ်။ အဲ့နေရာတွေမှာ ငါးသွားမျှားရင် တစ်တချက် လိုင်စင်လိုတယ်။ လိုင်စင်မရှိပဲမျှားရင် ဘယ်မှာမျှားမျှား အဖမ်းခံထိမယ်၊ ဒဏ်ရိုက်ခံရမယ်။ နှစ်တချက် သတ်မှတ်ကိရိယာနဲ့ပဲ ဖမ်းရမယ်။(တချို့နေရာတွေမှာ ပိုက်ကွန် အုပ်ဆောင်း ပိုက်တား စတာမျိုးတွေခွင့်မပြု၊ ငါးမျှားတံသက်သက်ပဲရမယ်) သုံးတချက် သတ်မှတ်ရာသီမှာ သတ်မှတ်ငါးပဲ မျှားရတယ်။ လေးတချက် သတ်မှတ်ရာသီ သတ်မှတ်ငါးဆိုစေဦး သတ်မှတ်အရွယ်အစားပဲယူရတယ်။ ၄ လက်မ အထက်ငါးပဲယူရမယ်ဆို အဲ့ထက်သေးတာ မတော်တဆမိလာရင် ချက်ခြင်း ရေထဲပြန်လွှတ်ရတယ်။ တခြားလည်း စည်းကမ်းတွေရှိသေးတယ်၊ ဒါက ချုံ့ပြောတာ။ အမေရိကန်အများစုက အဲ့ဒီနေရာတွေမှာ သွားဖမ်းကြမျှားကြ စားကြတယ်။ ဗမာပြည်သားတချို့လည်း သွားကြဖမ်းကြစားကြတာပါပဲ။ အဲ့နေရာမှာတော့ ရေနဲ့ငါးက သူ့ဟာနဲ့သူ တန်သလောက်ပဲရှိတာမျိုးပါ။

ဆိုတော့ ငါးကို တရားဝင်ဖမ်းချင်ရင် လိုင်စင်အတွက်ပိုက်ဆံ(နည်းနည်း)ကုန်မယ်။ ဖမ်းချင်တဲ့အချိန် ဖမ်းချင်တဲ့နေရာမှာ ဖမ်းချင်တာနဲ့ ဖမ်းချင်တိုင်းဖမ်းမရဘူး။ ဆိုတော့ ငွေလည်းမကုန် ဖမ်းချင်တာနဲ့ ဖမ်းချင်တိုင်းဖမ်းလို့ရမယ့်နေရာက ရေဆိုးမြစ်တွေ ချောင်းတွေကန်တွေပဲရှိတယ်။

ရေဆိုးမြစ်ငါးဖမ်းစားသူအများစုဟာ ပြည်တွင်းစစ်ဒဏ်တိုက်ရိုက်ခံရတဲ့ဒေသတွေက လာကြတာများပြီး ဘဝပေးအခြေအနေအရ ပညာခံအားနည်းကာ အင်္ဂလိပ်စာ/စကားတတ်ဖို့ မလိုတဲ့အလုပ်နေရာမျိုးတွေမှာ လုပ်ကြတာများပါတယ်။ မိသားစုလည်း ကြီးတတ်ကြပါတယ်။ ဝင်ငွေနိမ့်တဲ့ အခြေခံလက်လုပ်လက်စားတွေ ဆိုပါတော့။ ငွေပိုငွေလျှံမရှိ၊ နေ့ဖို့ညစာချန်စားရသူတွေပါ။ လကုန်ရင် အိမ်လခ မီးခ ရေဖိုး တယ်လီဖုန်း ကားပေးမင်န့် ဘာညာတွေနဲ့ ရသမျှတက်တက်ပြောင်။ လကုန်ငွေခမ်း မိသားစုမျိုးတွေပါ။ အဲ့သလိုမိသားစုတွေမှာ သက်ကြီးရွယ်အိုတွေလည်း ရှိနေတတ်ကြပါတယ်။ သူတို့ ငါးဖမ်းလိုင်စင်အတွက် ငွေအကုန်မခံနိုင်ဘူး။ ငါးမျှားတံနဲ့မျှားရတာ အားမရဘူး။ ကွန်သာ ပစ်ထည့်လိုက်ချင်တာ၊ ပိုက်သာ ထောင်လိုက်ချင်တာ၊ ဆောင်းနဲ့သာ အုပ်လိုက်ချင်တာဆိုတဲ့လူမျိုးတွေပါ။ ပစ်လည်းပစ် ထောင်လည်းထောင်
အုပ်လည်း တကယ်အုပ်ကြပါတယ်။

ငါးဟာ လူ့စိတ်အာရုံကိုဖမ်းစားနိုင်တဲ့နေရာမှာ အခြားသတ္တဝါတွေထက် မလျော့ဘူး။ လယ်ထဲချောင်းထဲရေလျှံလို့ ပေတရာပေါ် ငါးပြေမကြီးတွေ ငါးခူကြီးတွေတက်လာတဲ့အခါ၊ ငါးမွေးကန်ရေလျှံလို့ ငါးကြင်းဆူဆူကြီးတွေ ကန်ဘောင်ပေါ်တက်လာတာမျိုးကြုံရင် ငါးညှီနံ့ မခံနိုင်ဘူးဆိုသူတောင် ဖမ်းချင်လို့လက်ယားတာပဲမဟုတ်လား။ ငါး ဒင်းကြမ်းပြည့်နေတဲ့ ရေဆိုးမြစ်တွေကြည့်ပြီး တချို့ အူယားမယ်ဆို ယားချင်စရာပါ။ နဂိုကတည်း တောတောင်လျှိုမြောင်တွေကြား ငါးထောင်ဖါးနှိုက် နှိုက်လာကြတာသူတွေအဖို့ အူအယားကို လက်တွေ့နဲ့ဖျောက်တာပေါ့လေ။ လူလစ် လစ်သလို ဝုန်းဆိုရေထဲဆင်းပြီး ဖမ်းတာမျိုးရှိသလို၊ ဝေးဝေးလံလံမှာ ညအိပ်ညနေ နေပြီးတော့ကို ဖမ်းကြတာလည်းရှိပါတယ်။ လူအလစ်လို့ပြောရတာက တကယ့်ကို လူလစ်မှရတာပါ။ ရဲလစ်ရုံနဲ့မရပါ။ လူတယောက် အဲ့မြစ်ဆိုးတွေထဲငါးဖမ်းနေတာ ရဲကမြင်ရင် လာမေးတယ်၊ လိုင်စင်ရှိ/မရှိကြည့်တယ်။ အပျော်မျှားလား စားဖို့လားမေးတယ်။ ရဲကလည်း နေရာတကာ ၂၄ နာရီ ရှိနေတာမှမဟုတ်တာ။ ဒါပေမယ့် အမေရိကန်တွေ(အများစု)မှာ ဝသီသဘောပါနေတာက ကိုယ့်ရှေ့မှာ တယောက်ယောက် ဥပဒေချိုးဖေါက်နေတယ်ထင်ရင် အဲ့လူ မသိအောင် ၉၁၁ ဖုန်းခေါ်ပြီး သတင်းပို့လိုက်တာပါပဲ။ ၉၁၁ ကလည်း မခေါ်လိုက်နဲ့ ခေါ်လိုက်တာနဲ့ရောက်လာတာပါ။ အချိန်နေရာ အကွာအဝေးနဲ့အမှုပေါ်ပဲတည်တယ်၊ အမြန်နဲ့အနှေးတော့ ရောက်ချလာတာပါ။ ဒါ့ကြောင့် ငါးခိုးဖမ်းမယ်ဆို ရဲရောလူပါ လစ်ဖို့လိုပါတယ်။ နို့မို့ဆို ကွိတာပါပဲ။ တရားရုံး၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာတွေအထိလိုက်ပြီး အဲ့အမှုမျိုးဖြစ်သူတွေကို ကျနော်တို့ စေတနာ့ဝန်ထမ်း အကြိမ်ကြိမ်ကူညီပါတယ်။ ခုလည်း ကူညီနေတာပါပဲ။ ပြောလည်း ပြောပြတာပါပဲ။ ပြောတဲ့ကြား ဒဏ်ထိတဲ့ကြားက နောက်အကြိမ်ပြန်ဖေါက်သူတွေလည်းရှိတာပါပဲ။

ခုပြောတဲ့ ရွှေတံငါတွေမှာ အစွဲလေး ကဲတတ်တာလည်းတွေ့ရတယ်။ ဗမာပြည် တောထဲတောင်ထဲက ချောင်းတွေမြစ်တွေကသန့်တယ်။ စက်မှုနိုင်ငံမဟုတ်တော့
ဓါတုပစ္စည်းတို့ အနုမြူစွန့်ပစ်ပစ္စည်းတို့ ဟိုဓါတ်ဒီဓါတ်တို့ ဘယ်ကလာ ကြွစရာရှိမလဲ။ ဒါကို ဒီကရေနဲ့ဟိုကရေမတူဘူးပြောရင်”ဘာလို့မတူရမှာလဲ ရေရေခြင်းအတူတူပဲ”
လို့ပြန်ပြောလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်တာပဲ၊ အမြင်မှာ ရေဟာအတူတူပဲ။ ဒီကရေက ပိုတောင် ကြည်ချင်ကြည်နေဦးမှာပါ။ ဒီ ငါးတွေက အဆိပ်သင့်နေတာလို့ပြောရင် ”အဆိပ်မိမှတော့ သေပြီပေါ့၊ ခုမမိလို့ပဲ ကူးနေတာမတွေ့ဘူးလား”လို့ ပြန်ပြောလိမ့်မယ်။ ဒါဆို ရှင်းပေတော့ စိတ်ရှည်လက်ရှည်နဲ့ တနံတလျား။ တယောက်သိသွားလည်းအမြတ်ဆိုတဲ့စိတ်အခံ မွေးထားဖို့တော့လိုလိမ့်မယ်။ ကျနော်တို့တတွေ အဲ့ဒီနည်းနဲ့ ကိုယ့်ကွန်မြူနတီထဲမယ် တစ်ဦးခြင်းအလိုက် ကြုံ ကြုံသလို
ဂွင်ဝင် ဝင်သလို ကိုယ့်အချင်းချင်း အသိပွားအသိမျှ မျှနေကြရတာပါပဲ။ အေဂျင်စီတွေနဲ့ အုပ်ချုပ်ရေးအပိုင်းတို့၊ ကျန်းမာရေးဌာနတို့နဲ့တွဲပြီးလုပ်တာလည်း လုပ်ရတာပါပဲ။ ဟိုလိုလုပ်တာကတော့ ဥပဒေတို့ ရဲစခန်းတို့ ထောင်ဒဏ် ငွေဒဏ်တို့ဆိုတဲ့အကြောက်တရားလေးပါတော့ လိုက်နာဖို့ပိုလွယ်ကူတာမှန်ပေမယ့် မကြောက်ရမယ့် အနေအထားဆို ပြန်ဖေါက်တာပါ။ ခိုးလုပ်တာပါ။ တစ်ဦးချင်းအသိမျှတာကတော့ တသက်စာထိရောက်တာပါ။ ကြောက်လို့ရှောင်ရ/လိုက်နာရတာ မဟုတ်ပဲ၊ အသိအရရှောင်ကြဉ်သွားတာမျိုးပါ။ ပိုတောင် အကျိးများတယ်မှတ်ပါတယ်။ ဒါပေမယ့် တခါတရံတော့လည်း ဖုံးတန်ဖုံး ဖိတန်ဖိ ကြိတ်ပြောတန်ပြောနဲ့ ဖေးမရတာလည်းရှိပါတယ်။ ကိုယ့်အမျိုးအကြောင်း ကိုယ်အသိဆုံးကိုး။

ဒီ ဗမာပြည်သားတချို့ရဲ့ငါးအရေးတော်ပုံကို ဖို့တ်ဝိန်းနေ အမေရိကန်တချို့သိကြတာပါပဲ။ တချို့လည်း နှာခေါင်းရှူံ့၊ တချို့လည်း နားလည်စာနာပေးရင်း အားနာနာနဲ့ဖေးဖေးမမ ကူညီကြပါတယ်။ ကျနော့်စိတ်ထဲမလည်း နှာခေါင်းရှူံ့ကြသူတွေနဲ့ဆုံတိုင်း ခိုးလို့ခုလုဖြစ်ရတာပါပဲ။ တချို့ကို ပြန်ရှင်းပြပြောပြပေမယ့် တချို့ကိုတော့
ထင်ချင်သလိုထင်ကွာလို့ ထားလိုက်မိတာလည်းရှိပါတယ်။

ဒီရောက်ပြီး ၄ နှစ်လောက်အကြာ တနေ့မှာ ကျနော့်ကိုစာသင်ပေးဖူးတဲ့ အမေရိကန်ဆရာတယောက်နဲ့ ရက်ဒ်အင်ဒီယန်းရိုးရာပွဲတပွဲမှာ ဆုံမိတယ်။ ပွဲလုပ်တာက သစ်ကြီးဝါးကြီးတွေနဲ့၊ ငှက်တွေကျေးတွေနဲ့၊ ချောင်းတွေလျှိုတွေနဲ့ သဘာဝအတိုင်းလှတဲ့နေရာပါ။ ဆရာနဲ့ စကားပြောလမ်းလျှောက်ရင်း စမ်းချောင်းလေးတခုနားရောက်တော့ နှစ်ယောက်သား ပြိုင်တူရပ်မိကြတယ်။ တခြားကြောင့် မဟုတ်ဘူး။ ဒူးလောက်နက်တဲ့စမ်းချောင်းထဲမှာ ငါးတွေမှ မြင်မကောင်းဘူး ကူးကလန်ခတ်နေကြတာ။ အရွယ်စုံအရောင်စုံ ရေတိမ်တိမ်ထဲမှာ တဝုန်းဝုန်း တဗြန်းဗြုန်းနဲ့။ လူတချို့လည်း ပေါက်ပေါက်ဆုပ်တွေ ရေထဲပစ်ပြီး ငါးစာကျွေးနေတယ်။ ကျနော်တို့နှစ်ယောက်လုံး
ရေစပ်ဆင်းပြီး ငါးတွေကို လက်နဲ့ထိကြည့်ကြတယ်။ အထိခံတဲ့ကောင်ခံတယ် မခံတဲ့ကောင်မခံဘူး။ ကြည်နူးစရာပဲ။ ငါးတွေ လက်နဲ့ထိကြည့်ကြရင်း ငါး ခတ်လတ်လတ်တကောင် ဗြုန်းဆိုခုန်လိုက်တာ ကျနော့်ဘေးက မြက်တွေပေါ်ကျသွားတယ်။ တဖျတ်ဖျတ်ခုန်လို့။ ကျနော်ဖင်ထိုင်ချပြီး အဲ့ငါးကိုကြည်တာမြင်တော့
ဆရာက “မျိုး…စားချင်စိတ်ပေါက်နေပြီလား။ မင်းတို့ ဗမာပြည်သားတွေ ဒီက မြစ်ထဲချောင်းထဲကငါးတွေ ဖမ်းကြစားကြတယ်နော်။ ဟိုတလောကဆို သတင်းစာနဲ့တီဗီထဲတောင် ပါလာတယ်။ မင်းတို့ ပညာပေးလုပ်ငန်းတွေလုပ်နေတာလည်းပါတယ်။ ကောင်းတယ် လုပ်ကြကွာ၊ ဖြစ်နိုင်ရင် စားဖို့မပြောနဲ့၊ အပျော်တောင်မဖမ်းစေနဲ့ကွ၊ အဲ့ဒီမြစ်ရေတွေက လူနဲ့ထိမိရင်တောင် ကောင်းတာမဟုတ်ဘူး”လို့ ဆိုတယ်။

အင်း…ဟုတ်တော့ဟုတ်ပါတယ်..ဆိုပြီး ကျနော့်စကားဆက်မလို့လုပ်နေတုန်းမှာပဲ ဘေးက ငါးစာကျွေးနေသူတယောက်က အင်မတန်စက်ဆုပ်ရွံရှာဟန် မျက်နှာထား၊ လေယူလေသိမ်းနဲ့ ကျနော့်ဆရာကိုကြည့်ရင်း“သူတို့ အဲ့ဒီငါးတွေစားတယ် ဟုတ်လား၊ ဒီလောက်ညစ်ပတ်ပြီး အန္တရာယ်များတာတွေကို”လို့ ဝင်ပြောတော့ ကျနော့်စိတ်ထဲ ကျဉ်ကနဲဖြစ်သွားတယ်။ ဒါနဲ့… “အေးဟုတ်တယ်၊ ဖမ်းတယ်၊ စားတယ်၊ ဒါပေမယ့် လူတိုင်းတော့မဟုတ်ဘူး၊ စားနေကြသူတွေမှာ ကျန်းမာရေးအသိပညာနည်းပါးတာ၊ ဝင်ငွေနည်းပါးတာ၊ ချောင်းထဲမြစ်ထဲ ငါးရှာဖါးရှာဝါသနာစွဲနေသေးတာ၊ ငါးကြိုက်တတ်တာအပြင် ငါးမြင်ရင်စိတ်မထိမ်းနိုင်တာတွေလည်း ပါတယ်၊ တို့က ဆင်းရဲတဲ့ပြည်ကလာတာဆိုတော့ ဆင်းရဲသားအတွေး၊ ဆင်းရဲသားအသိ၊ ဆင်းရဲသားဉာဉ်မပျောက်သေးတာ မကျွတ်သေးတာ မချွတ်နိုင်သေးတာလည်းပါတယ်၊ တို့ခုလို ဖမ်းစားတာကို မင်းတို့နားမလည်နိုင်ကြတာက မင်းတို့က ဆင်းမှမဆင်းရဲဘူးသေးပဲကိုး၊ မွေးကတည်းက ချမ်းသာတဲ့ပြည်မှာ မဆင်းရဲသူတွေအဖြစ် ကြီးကြသူတွေကိုး၊ မင်းတို့ ငါတို့လို ဆင်းရဲသွားကြည့် အဲ့ငါးတွေ မင်းတို့စားတာနဲ့တင်ကုန်မှာ၊ တို့ဖမ်းစားဖို့တောင်ကျန်မယ်မထင်ဘူး”လို့ လေသံရောမျက်နှာထားပါတင်းပြီး စွတ်ရွတ်ပြောထည့်လိုက်တယ်။ ဒီငနဲလည်း ကျနော် စိတ်ဆိုးသွားမှန်းသိလို့ ဆောရီးဆောရီးနဲ့ပြောပြီး လစ်တော့တာပါပဲ။

သူထွက်သွားမှ ဆရာက “မျိုး…ငါစိတ်မကောင်းဘူး၊ တောင်းပန်ပါတယ်၊ ငါ့ကြောင့် မင်း စိတ်ဆိုးသွားရတာ သူ့ကိုယ်စားရော ငါ့အတွက်ပါ ငါတောင်းပန်ပါတယ်”လို့ ထပ်တလဲလဲပြောတယ်။
ကျနော်လည်း ရပါတယ်ဆရာလို့တောင် တခွန်းလေးပြန်မပြောဖြစ်ဘူး။

အဲ့ဒီ ညက ကျနော် အိပ်မပျော်ဘူး။
မျိုးမြင့်ချို(ဇွန် ၂ဝ၁၄)

Thursday, June 19, 2014

တမတ်သားကို မပြတ်သားရင် ခွေးကတက်မှာပဲနေရမယ် စိမ်းမြင့် (မန္တလေး)

0 comments
တမတ်သားကိုမပြတ်သားရင် ခွေးကတက်မှာ ပဲနေရမယ် စိမ်းမြင့် (မန္တလေး) (အဓိပတိဂျာနယ်တွင် ဖော်ပြပြီး ဖြစ်ပါသည်)

နိုင်ငံရေးအလုပ်တွင် သဘောထားကြီးတာတွေ၊ သဘောကောင်း တာတွေ၊မေတ္တာတွေစေတနာတွေ သည် တကယ်တမ်းလက်တွေ့ကျသောအရာတွေ မဟုတ်ဘဲ စိတ်ကူးယဉ်စံနှုန်းတွေ သာဖြစ်သည် ဆိုသောအချက်ကို  သမိုင်းတွင် အကြိမ်ကြိမ်အခါခါ သက်သေပြခဲ့ကြဖူးပြီ။ တကယ့်အရှိတရား၊ တကယ့်အဖြစ်တရားကို ရှိနေဖြစ်နေသည့်အတိုင်း ရှူမြင်၍ ဖြစ်သင့်ဖြစ်ထိုက်သော အရာကို ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားဆောင်ရွက်ရဲဖို့လိုအပ်သည်။ ဟိုလူ့မျက်နှာငဲ့ပြီး အမှန်တရားကို တဖဲ့ဖဲ့ပေးလိုက်ရ၊ ဒီလူစိတ်ဆိုးမှာစိုးသောကြောင့် အမှန်တရားကနေ တထစ်လျှော့လိုက်ရဆိုလျှင် စာရင်းချုပ်သောအခါ ငထွားသာ ခါးနာပါလိမ့်မည်။


ဆိုရှယ်လစ်စနစ်ကိုထူထောင်မည်ဆိုလျှင် ခွေးကတက်မှာပဲနေရ၊နေရဟု ဝိဓူရကြီးက ကြွေးကြော်ခဲ့ဖူးသည်။ နိုင်ငံရေးအရ သဘောထားကြီး ပြခြင်းဖြစ်သည်။ ကိုယ့်ဘက်ကနေအစွမ်းကုန် အလျှော့ပေးစေ့စပ်ခြင်းဖြစ်သည်။ သို့သော် လက်တွေ့ဖြစ်ရပ်များက ဘာကို သက်သေပြသွား ပါသနည်း။ ဝိဓူရကြီးသာ ခွေးကတက်မှာ တသက်လုံးနေသွားရသည်။ ဆိုရှယ်လစ်စနစ်ကား ဘယ်တော့မှဖြစ်မလာခဲ့ချေ။ သူ့စေတနာကား ဘာမျှ အဖတ်မတင်။ ဆိုရှယ်လစ်အတုအယောင်အောက်မှာ တိုင်းပြည်မွဲပြာကျသွားတာသာ အဖတ်တင်လေသည်။



ဖြစ်နိုင်ခြေရှိတာကိုလုပ်တာနိုင်ငံရေးဟု တချို့က ဆိုကြသည်။ တကယ်တော့ အလျှော့ပေးခိုင်းခြင်းသာ ဖြစ်သည်။ လျှော့လျှော့ပေါ့ပေါ့လုပ်ပါ။ ပေးသလောက်နှင့်ကျေနပ်ပါ။ ရနိုင်သလောက်သာယူပါဟု ပြောနေခြင်းဖြစ်သည်။ ထိုသို့ပေးသလောက်ယူတာကိုပင် လက်တွေ့ကျသည်ဟု ဆိုနေကြပြန်သေးသည်။ စင်စစ်တွင်မူ ပေးသလောက်နှင့်ကျေနပ်သောနိုင်ငံရေးသည် အချောင်သမားနိုင်ငံရေးဖြစ်သည်။ ခက်ခဲသည်ကို မလုပ်ချင်သောကြောင့် သို့မဟုတ် မလုပ်ရဲသောကြောင့် အလွယ်လမ်းလိုက်သော အချောင်သမားနိုင်ငံရေးဖြစ်သည်။ ထိုနိုင်ငံရေးသည် လက်တွေ့မကျရုံသာမက စိတ်ကူးယဉ်ဆန်လွန်းလှပါသည်။ ပေးသလောက်ယူ၊ ကျွေးသလောက်စား၊ ဖြစ်နိုင်ခြေရှိသလောက်ပဲလုပ်လျှင် အစစအရာရာ အဆင်ပြေလိမ့်မည်ဟု ချောမွေ့လိမ့်မည်ဟု စိတ်ကူးယဉ်မှန်းဆသောနိုင်ငံရေးဖြစ်သည်။ ကိုယ်ကအလျှော့ပေးလျှင် တဖက်ကလည်း ကိုယ့်စေတနာကိုသိပြီး လိုက်လျောလာမည်ဟု စိတ်ကူးယဉ်သောနိုင်ငံရေးဖြစ်သည်။ လက်တွေ့တွင်မူ ကိုယ့်ဘက်က တထစ်လျှော့သောအခါ သူ့ဘက်က တထစ်တိုးလာသည်ကိုသာ တွေ့ရမြဲဖြစ်လေသည်။ ဖြစ်သင့်ဖြစ်ထိုက်သောအရာကို မဖြစ်ဖြစ်အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်ခြင်းသည်သာ လက်တွေ့ကျသောနိုင်ငံရေးဖြစ်သည်။



ဖြစ်နိုင်ခြေမရှိတာကိုမလုပ်နှင့်ဟု အုပ်စိုးသူကိုဖားပြီး ထိုနိုင်ငံရေးသမားတို့က ရှေ့နေလိုက်ကြသေးသည်။ အကယ်စင်စစ် အုပ်စိုးသူတို့က မပေးချင်သောအရာကို မဖြစ်နိုင်ဟုစာကပ်ပြီး ရှေ့မတိုးဖို့သတိပေးနေခြင်းသက်သက်သာ ဖြစ်ပါသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းပွင့်တို့က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လူထုအားနှင့် စည်းရုံး ဆောင်ရွက်လာတာ တွေ့ရသည်။ နိုင်ငံရေးမှာလူထုကို ပါဝင်ခွင့်ပေးလာသည့်အတွက် ကျေးဇူးတင်ပါသည်။ နိုင်ငံရေးတွင် လူထု၏အခန်းကဏ္ဍကိုအသိအမှတ် ပြုလာသည့်အတွက် အားတက်စရာဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံရေးဆိုသည်မှာ လူထုကိုယ်တိုင်ပါဝင်ဖို့လိုပါသည်။ လူထုကိုယ်တိုင်မပါဝင်၊ မလှုပ်ရှားဘဲနှင့် ဒီမိုကရေစီနိုင်ငံရေးမဖြစ်နိုင်ပါ။



လူထုကိုယ်တိုင်ပါဝင်ဖို့ အဘယ်ကြောင့်လိုအပ်ပါသနည်း။

ပထမအချက်မှာ လူထုကသာ တကယ်တမ်း အပြောင်းအလဲကိုဆောင်ကြဉ်းနိုင်မည့်အင်အားရှင်ဖြစ်သောကြောင့် လူထုပါဖို့ မဖြစ်မနေ လိုအပ်ပါသည်။ ထိုမျှသာ မကသေး။ လူထုကိုယ်တိုင်ပါဝင်ဖို့ အရေးကြီးသောနောက်ထပ်ဒုတိယတချက် ရှိပါသေးသည်။ လူထုကိုယ်တိုင် ပါဝင်လှုပ်ရှားခြင်းအားဖြင့် လူထုကို မျက်စိဖွင့်နားဖွင့်ပေးရာရောက်သည်။ လူထုကိုယ်တိုင်ပါဝင်လှုပ်ရှားခြင်းအားဖြင့် လူထုကို ယုံကြည် ခိုင်မာစေ(confidence ရှိစေ)သည်။ လူထုကို နိုင်ငံရေးနားလည်တတ်ကျွမ်းစေသည်။ လူထုလှုပ်ရှားမှုဟူသောနည်းလမ်းဖြင့် လူထုကို သင်ကြားပေးခြင်းလည်းဖြစ်သည်။ တတိယတချက်မှာ ပို၍ပင်အရေးကြီးပါသေးသည်။ လူထုကိုသင်ကြားပေးရုံသာမက လူထုဆီမှ နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင်များက သင်ယူကြဖို့လိုပါသည်။ လူထုနှင့်အတူလှုပ်ရှားမှ လူထုနှင့်အတူအလုပ်လုပ်မှသာ ထိုကဲ့သို့ သင်ယူနိုင်သောအခွင့်အရေးကို ရနိုင်ပါသည်။ လူထုနှင့်အတူရှိခြင်းအားဖြင့် လူထု တကယ်လိုအပ်သောအရာမှာ ဘာဟု သိလာနိုင်ပါသည်။ လူထုသည် ဘယ်အခါတွင်ယုံကြည်တက်ကြွ၍ ဘယ်အခါတွင်စိတ်ပျက်တတ်သည်ကို သိနိုင်ပါသည်။ လူထုသည် ဘယ်သောအခါတွင် ဖြိုဖျက်မရနိုင်သောအင်အားအဖြစ် စုစည်းမိလာသည်ကို သိနိုင်ပါသည်။ ထို့အပြင် အုပ်စိုးသူက အကြမ်းမဖက်နိုင်အောင်၊ အုပ်စိုးသူက အာဏာမသုံးနိုင်အောင် ဘယ်လိုတားဆီးရမည်ဆိုသည်ကို လူထုကသာသိပါသည်။ အုပ်ချုပ်သူ၏သေနတ်ကနေ ကျည်ဆံမထွက်အောင် ချုပ်ထားနိုင်သောနည်းကို လူထုကသာသိပါသည်။ လူထုဆီကမသင်ယူဘဲနှင့် မသိနိုင်ပါ။



ကျွန်တော်တို့နိုင်ငံတွင် အပေါ်ကသာလှုပ်ပြီး အောက်ကမလှုပ်သောနိုင်ငံရေးကို မြင်တွေ့နေရသည်မှာ ကြာလှပါပြီ။ အပေါ်ကသာရွေ့ပြီး အောက်ကမရွေ့သောနိုင်ငံရေးကို မြင်နေရသည်မှာ ကြာလှပါပြီ။ ထိုသို့ အပေါ်ကလှုပ်သောနိုင်ငံရေးသည် အထူးပုဂ္ဂိုလ်တို့၏နိုင်ငံရေး(elite) နိုင်ငံရေး ဖြစ်ပါသည်။ ယခုအခါ အောက်လှုပ်လာတာကို စတင်မြင်တွေ့ရခြင်းဖြစ်ပါသည်။ ထို့အတွက် အားတက်စရာဟု ဆိုချင်ပါသည်။ သို့သော် ကျေနပ်လောက်သည်ဟုကား မဆိုချင်ပါ။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ ငြိမ်းပွင့်တို့၏ဦးဆောင်မှုသည် မဝံ့မရဲအဆင့်မှာသာ ရှိနေသေးသည်။ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေသေးသည်။ ထို့ကြောင့် ကျေနပ်ဖွယ်မဟုတ်ဟု ဆိုချင်သည်။ ဘာ့ကြောင့် မဝံ့မရဲဟု ဆိုရပါသနည်း။ တအုပ်လုံးမကောင်းသော၂ဝဝ၈ အခြေခံဥပဒေကြီးကို တချက်ချင်းပြင်ဖို့ကြိုးစားနေသောကြောင့် မဝံ့မရဲသွေးတိုးစမ်းနေသောအဆင့်သာရှိသေးသည်ဟု ဆိုခြင်းဖြစ်ပါသည်။ တအုပ်လုံးမကောင်းသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း သိပါသည်။ သိသောကြောင့် ပြင်ရမည့်အချက် ၁၆၈ ချက်ကို ကြေညာထားတာကိုလည်း တွေ့ရပါသည်။ ၁၆၈ ချက် မကောင်းမှန်းသိပါလျှက်နှင့် ဘာ့ကြောင့် တချက်ချင်းပြင်ချင်နေပါသနည်း။ ဘာ့ကြောင့် အချိန်ဆွဲချင်ပါသနည်း။ ဘာ့ကြောင့် တွန့်ဆုတ်နေပါသေးသနည်း။ အုပ်စိုးသူတို့ငြိုငြင်မှာကို စိုးရိမ်နေသေးသောကြောင့်ဖြစ်ပါသည်။ အလုပ်မဖြစ်နိုင်မှန်းသိပြီးဖြစ်သောလွှတ်တော်နိုင်ငံရေးကို လက်မလွှတ်ဝံ့သေးသောကြောင့် ဖြစ်ပါသည်။



တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏နိုင်ငံရေးသည် အမှန်တကယ်သတ္တိရှိသောနိုင်ငံရေး မဟုတ်သေး။ မင်းသားချော့ပြီး ထိုးကွင်းထိုးနေသောအဆင့်သာရှိသေးသည်။ မင်းသားက ကြောက်နေသည်။ ဒေါ်စုက စိန်ခေါ်သော်လည်း ထိုးကွင်း မထိုးရဲ။ ဒေါ်စုကလည်း မင်းသားကိုဖမ်းချုပ်ပြီး ထိုးကွင်းမထိုးရဲသေး။ ချော့နေသောအဆင့်သာရှိသေးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏နိုင်ငံရေးသည် လူထုပါဝင်လာသောကြောင့် အဆင့်မြင့်လာသည်။ သို့သော် တကယ်တမ်း အခြေခံဥပဒေပြင်ဆင်ရေးကို ဆောင်ရွက်သောအခါတွင်မူ လွှတ်တော်ထဲပြန်လှည့်ရဦးမည်ဆိုသောကြောင့် နိမ့်မြဲ နိမ့်နေပြန်သေးသည်။ တွေဝေမြဲ တွေဝေနေသေးသည်။



လွှတ်တော်သည် တဆင့်ခံဒီမိုကရေစီဖြစ်သည်။ လူထုကိုယ်စားလှယ်ဖြစ်သည်(မှန်မှန်ကန်ကန် ရွေးကောက်တင်မြှောက်ထားလျှင်)။ လူထုသည် တိုက်ရိုက် ဒီမိုကရေစီဖြစ်သည်။ လူထုကိုယ်တိုင်က သူ့သဘောထားကို ရှင်းရှင်းလင်းလင်းပြသပြီးဖြစ်ပါလျှက် ဘာ့ကြောင့် သူ့ကိုယ်စားလှယ်ဟုဆိုသောလွှတ်တော်ဆီ တခါပြန်သွားရဦးမည်နည်း။ ဒါဒီမိုကရေစီ မဟုတ်။ ဗျူရိုကရေစီဖြစ်သည်။ တကယ်တော့ ထိုလွှတ်တော်၊ ထိုကိုယ်စားလှယ်တို့နှင့် အလုပ်မဖြစ်နိုင်သည်ကိုလည်း သိပြီးဖြစ်သည်။ ဘာ့ကြောင့် ပြန်ကွေ့နေဦးမည်နည်း။ ကွေ့နေ ဝိုက်နေသည်မှာ မဆုံးနိုင်။ ထိုသို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တွေဝေနေဆဲအချိန်တွင် ပြတ်သားသောနိုင်ငံရေး လက်တွေ့ကျသော နိုင်ငံရေးဆိုတာ ဘာဟု အုပ်စိုးသူကြံ့ခိုင်ရေးတို့က ပြလိုက်ပါသည်။ မည်သို့ပြလိုက်ပါသနည်း။ အခြားမဟုတ်။ လွှတ်တော်တွင် ပီအာစနစ်ကို အဆိုတင်သည့်နည်းဖြင့် ပြလိုက်ခြင်းဖြစ်ပါသည်။ (ဘယ်ပါတီဝင်အမတ်က တင်သည်က အကြောင်းမဟုတ်ပါ။ အကျိုးအရှိဆုံးသူမှာ လက်ရှိအုပ်စိုးသူ ကြံ့ခိုင်ရေးပါတီသာ ဖစ်သောကြောင့် ကြံ့ခိုင်ရေးပါတီကစီစဉ်သော အစီအစဉ်ဟုသာ မှတ်ယူပါသည်)



ပီအာစနစ်သည် အဘယ့်ကြောင့် ကြံ့ခိုင်ရေးပါတီအတွက် အကျိုးအရှိဆုံးဖြစ်သည်ဟူသောအချက်ကို အောက်ကြေးသမားအကြံ ပီအာသံညံ ဟူသောဆောင်းပါးတွင် ကျွန်တော် တွက်ချက်ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ မဖတ်ရသေးလျှင် ပြန်ဖတ်ဖို့တိုက်တွန်းချင်ပါသည်။



ပီအာစနစ်ဘယ်လောက်ကောင်းကြောင်း သူ့ရှေ့နေများက နည်းမျိုးစုံဖြင့် ရှင်းလင်းကြပါသည်။ ဘယ်နိုင်ငံတွေမှာ ဘယ်လောက် သုံးနေပြီဖြစ်ကြောင်းလည်း ပြောကြပါသည်။ အခွင့်အရေးတူလျှင်၊ ကွင်းညီလျှင် (level playing field) ဆိုလျှင် ဘာစနစ်ဖြစ်ဖြစ် အကြောင်း မဟုတ်ပါ။ အခွင့်အရေးမညီသောကြောင့် ဆိုးနေခြင်းဖြစ်သည်။ ယခုအုပ်စိုးသူ ကြံ့ခိုင်ရေးတို့ဘက်တွင် သေချာပေါက်ရပ်တည်သော စစ်တပ်ကိုယ်စားလှယ် ၂၅ % သည် မဲအသာစီးယူထားသော တဖက်စောင်းနင်းအခြေအနေကြီး ဖြစ်ပါသည်။ သမ္မတရွေးသောအခါ ထို ၂၅% က ဒုတိယသမ္မတ တယောက်ရွေးခွင့်ရှိနေပါသည်။ ဒုတိယသမ္မတ သုံးယောက်ထဲကနေ သမ္မတကိုမဲပေးရွေးချယ်သောအခါ ထို စစ်တပ်ကိုယ်စားလှယ် ၂၅% ၏မဲသည် အလွန်ပင်အချက်ချာကျသော အဆုံးအဖြတ်ပေးနိုင်သော မဲများဖြစ်ပါသည်။ ထိုသို့ တဖက်သတ် အသာစီးယူထားသောအခြေအနေနှင့် ပီအာစနစ်ပေါင်းလိုက်လျှင် ကြံ့ခိုင်ရေးပါတီနှင့် စစ်အုပ်စုများမှာရွေးကောက်ပွဲ မဝင်ခင်ကပင် သေချာပေါက်အနိုင်ရပြီး ဖြစ်သွားပါပြီ။



အဘယ်ကြောင့် သေချာပေါက်အနိုင်ရပြီးဖြစ်ကြောင်းကို အောက်ကြေးသမားအကြံ ပီအာသံညံ ဆောင်းပါးတွင် ကိန်းဂဏန်းဖြင့် အသေအချာ တွက်ပြထားပြီးဖြစ်ပါသည်။ ပီအာစနစ်သည်ပါတီတခုနှင့်တခု မဲအပြတ်အသတ် အသာစီးမရနိုင်သောစနစ်ဖြစ်ပါသည်။ အရင်က ကျွန်တော်တို့ ကျင့်သုံးသော နိုင်သူယူစတမ်းမဲစနစ်မှာ မဲဆန္ဒနယ်တခုတွင် မဲရေတွက်ပြီးလျှင် ရှူံးသောသူ၏မဲများမှာလုံးဝ အဟောသိကံဖြစ်သွားသော စနစ်ဖြစ်သည်။ အခုပီအာစနစ်ကတော့ ရှူံးမဲတွေကိုပြန်စုပြီး အကျိုးခံစားစေသောနည်းဖြစ်သည်။ ထို့ကြောင့် မဲများများစားစား မပြတ်။ ၉ဝ ခုနှစ်ရွေးကောက်ပွဲတွင် တစညသည် နိုင်သူယူစနစ်အရ အပြတ်အသတ်ရှူံးသည်။ အကယ်၍ ပီအာစနစ်သာသုံးခဲ့မည် ဆိုလျှင် နေရာတော်တော်များများရနိုင်သည့်အခွင့်အရေး ရှိသည်။ (ကျွန်တော်၏ အောက်ကြေးသမား အကြံပီအာသံညံကို ပြန်ဖတ်ဖို့ ထပ်မံတိုက်တွန်း ချင်ပါသည်) ၂ဝ၁၅ ရွေးကောက်ပွဲတွင်လည်း ပီအာစနစ်ကိုသာကျင့်သုံးလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရသည့်တိုင်အောင် ကြံ့ခိုင်ရေးအတွက်ကလည်း သူတို့ရှူံးမဲတွေကိုပေါင်းလိုက်လျှင် တော်တော်တန်တန်စုမိမည်မှာ သေချာသည်။ ထိုရှူံးမဲများနှင့်အလကား ရထားသော ၂၅%ကို ပေါင်းလိုက်လျှင် စစ်အုပ်စု၏မဲအရေအတွက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထက် သေချာပေါက်သာပါလိမ့်မည်။ ဒီချုပ်က နိုင်/ရှူံး ဖြစ်ပြီး ကြံ့ခိုင်ရေးက ရှူံး/နိုင်ဖြစ်သွားလိမ့်မည်။ ထိုသို့ဖြစ်ခဲ့လျှင် သမ္မတမှာ စစ်အုပ်စုကလူသာလျှင် သမ္မတဖြစ်ပါမည်။ သမ္မတကသာ အစိုးရတခုလုံးကို ဖွဲ့ခွင့်ရပါမည်။ တကယ်တော့ အစိုးရမှာသာနိုင်ငံရေးအာဏာရှိပါသည်။ လွှတ်တော်က လေထိုးလေလျော် လောက်သာ တတ်နိုင်ပါသည်။



ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့်

၁။ ပီအာစနစ်ကို ရအောင်တားနိုင်လျှင်တား

၂။ ပီအာကိုမှ မတားနိုင်လျှင် မတရားအသာစီးယူထားသော မဲတမတ်သားကိုပြတ်ပြတ်သား ကန့်ကွက်ဖျက်သိမ်းနိုင်ဖို့ ကြိုးစားရပါလိမ့်မည်။



အထက်ပါနှစ်ချက်တွင် တချက်ကိုမှ မပြင်နိုင်၊ မတားနိုင်လျှင်၂ဝ၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မပြိုင်ခင်ကပင် ရှူံးနေပြီဟု ဆိုချင်ပါသည်။



ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို သူများထက်အခွင့်အရေးပိုမယူဖို့ စိန်ခေါ်သည်ဟု ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ စိန်ခေါ်ချက်ကို တပ်မတော်အပါအဝင်ဖြစ်သော စစ်အုပ်စုဟောင်းသစ်တို့ကပေးလိုက်သောအဖြေမှာ ပီအာပင် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က အခွင့်အရေးပိုမယူဖို့စိန်ခေါ်ချက်ကို ရသမျှအခွင့်အရေးအကုန်ယူမည်ဟု အဖြေပေးလိုက်ခြင်းဖြစ်ပါသည်။ သူတို့အဖြေမှာ အလွန်ပြတ်သားပါသည်။ အလွန်လက်တွေ့ကျပါသည်။ အခွင့်အရေးကို တကယ်ပြတ်ပြတ်သားသားလုပ်ပြီးတကယ် ပြတ်ပြတ်သားသားယူတာထက် ဘာကများပိုပြီး လက်တွေ့ကျနိုင်ပါဦးမည်နည်း။



ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် သူပြတ်သားသလို ကိုယ်ဘက်ကလည်း ပြတ်သားဖို့အချိန်တန်ပြီ ဖြစ်ပါသည်။ မပြတ်သားလျှင် ခံရပါတော့မည်။ အခြေအနေကား မင်းသားချော့ ထိုးကွင်းထိုးနေရမည့်အချိန် မဟုတ်တော့။ လက်တွေ့ကျသောနိုင်ငံရေးကို လုပ်ပြရတော့မည့်အချိန် ဖြစ်သည်။ တမတ်သားကို မပြတ်သားလျှင် ခွေးကတက်မှာ တသက်လုံးပျော်ပိုက်ရပါတော့မည်။



အချိန်က သိပ်မရတော့။ နည်းနည်းပင် နောက်ကျနေပါပြီ။ ယခုဆိုလျှင် အမျိုးသားလွှတ်တော်ကပင် ပီအာကို အတည်ပြုလိုက်လေပြီ။ ပြည်သူ့လွှတ်တော်တွင်လည်း အဆိုတင်နေလေပြီ။

စာရေးဆရာကြီး Mark Twain ၏ အောက်ပါစကား တခွန်းကိုသာ သတိရမိပါတော့သည်။

“သစ္စာက ဖိနပ်စီးနေချိန်တွင် မုသားက ကမ္ဘာတပတ်ပတ်နေလေပြီတကား။”

စိမ်းမြင့် (မန္တလေး)

ယူတာက ဒီနေရာကပါ https://www.facebook.com/same.myint