Thursday, July 31, 2014

ဗမာကိုဗမာလိုပြန်ရတဲ့ မူကြိုကျောင်းကလေး(မျိုးမြင့်ချို)

0 comments

ဗမာကိုဗမာလိုပြန်ရတဲ့ မူကြိုကျောင်းကလေး(မျိုးမြင့်ချို)
ကျနော် အချိန်ပိုင်းစကားပြန်နဲ့ဘာသာပြန်လုပ်နေတဲ့ မူကြိုကျောင်းလေး (အင်္ဂလိပ်လိုအတိုကောက် CANI အရှည်က Head Start - Community Action of Northeast Indiana) က အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့၊ East Paulding လမ်းနဲ့ Hassen Cassel လမ်းထောင့်မှာရှိတဲ့ Saint Henry Church ဝင်းထဲမှာရှိပါတယ်။ ၃ နှစ်ကနေ ၅ နှစ်အရွယ် ကလေးငယ် ၈ဝ လောက်ရှိပြီး ဗမာပြည်သားမိဘများကမွေးတဲ့ကလေးက သုံးဆယ်ကျော် လေးဆယ်နီးပါးရှိပါတယ်။ ဆရာ/ဆရာမတွေနဲ့ကျောင်းအမှုထမ်းတွေထဲမှာ ဗမာပြည်သားဆိုလို့ ဆရာမတဦးနဲ့ ကျနော် ၂ ယောက်ပဲရှိပြီး ကျန်တာတွေက အမေရိကန်(အဖြူ/အမည်း)တွေချည်းပါပဲ။ ဆရာမကစာသင် ကျနော်က ကျောင်းအုပ်၊ မိသားစုအကျိုးတော်ဆောင်အပါအဝင် ဆရာ/ဆရာမတွေနဲ့ ကလေးမိဘတွေအိမ်ကို ပုံမှန် Home Visits သွားရတာ၊ ကျောင်းအပ်လက်ခံပေးရတာ၊ မိဘဆရာအစည်းအဝေးတွေ၊ မိဘများချည်းသက်သက်အစည်းအဝေးတွေ၊ တခြား ဟိုဌာနဒီဌာနက ကျောင်းကိုလာ ဟောပြောပို့ချတာမျိုးတွေမှာ စကားပြန်လုပ်ရ၊ ကျောင်းနဲ့ဆိုင်တဲ့စာရွက်စာတမ်းတွေ ဘာသာပြန်ရတာပါ။

ကျောင်းက အခမဲ့ပညာသင်ပေးရုံတင်မကပါဘူး ကလေးတွေအတွက် မနက်စာ၊ နေ့လည်စာ အစားအသောက်ဖျော်ရည် အသီးအနှံနဲ့ မုန့်ပဲသွားရည်စာပါ အလကားကျွေးပါတယ်။ တိရိစ္ဆာန်ရုံ၊ ဖရုံသီးခင်း၊ ကလေးကစားကွင်း၊ ပန်းခြံကြီးတွေနဲ့ ကျောင်းပြင်ပလေ့လာရေး ခရီးတွေလည်း တပြားမှ ပေးစရာမလိုပါဘူး။ တခုပါပဲ ကျောင်းပညာသင်နှစ်တနှစ်မှာ မိဘများဘက်က စေတနာ့ဝန်ထမ်းလုပ်အားပေး နာရီပေါင်း ၅ဝ တော့လုပ်ပေးရပါတယ်။ အဲ့ဒီ နာရီပေါင်း ၅ဝ ဆယ်ထဲမှာ မိဘဆရာအစည်းအဝေး၊ မိဘများအစည်းအဝေးတက်ချိန်တွေ၊ ကျောင်းပြင်ပလေ့လာရေးခရီးမှာ မိမိတို့သားသမီးတွေနဲ့အတူလိုက်တာတွေ၊ ကျောင်းကပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ ရန်ပုံငွေရှာပွဲတွေမှာ ဝင်ပါတာတွေအပြင် နေ့စဉ် ကလေးကို ကျောင်းပို့ကျောင်းကြိုလုပ်တာတွေပါ အကြုံးဝင်ပါတယ်။ ဆိုတော့ အဲ့ဒီနည်းနဲ့ပဲ အဲ့ဒီလုပ်အားပေးနာရီ ၅ဝ လည်း ပြီးသွားတာပါ။ သတ်သတ်ကြီး ကျောင်းမှာလာပြီး လုပ်အားပေးရတယ်ရယ်လို့ မရှိသလောက်ပါပဲ။
ခုလိုရာသီ စိုက်ချင်ပျိုးချင်တဲ့ မိဘများအတွက်လည်း ကျောင်းခြံဝင်းထဲက ၂ ဧကနီးပါးရှိတဲ့ကွက်လပ်ကြီးထဲမှာ သစ်သားဘောင်ကြီးတွေချ မြေဆွေးတွေထည့် ကိုယ့်မျိုးစေ့ ကိုယ့်အပင်ပေါက်ကိုယ်ယူလာပြီး စိုက်၊ စိုက်လို့ရသမျှ ကိုယ်ရကိုယ်ယူပါ။ ကျောင်းကို ဘယ်ရွေ့ဘယ်မျှပေးရမယ်လို့ မသတ်မှတ်ထားတဲ့အပြင် အပင်တွေလောင်းဖို့ရေပါ ဖြည့်ဆည်းပေးပါသေးတယ်။ တချို့ကတော့
ထွတ်တဲ့သီးနှံလေးတွေလှူ ပိုက်ဆံလေးဘာလေးထည့်ဝင်တာရှိပါတယ်။
မထည့်လို့လည်း ဘာမှမဖြစ်ပါဘူး။ အဓမ္မအလှူခံတာလည်း မရှိပါဘူး။

ကျောင်းလေးက ကျနော့်အိမ်ကဆို ကားနဲ့ ၃ မိနစ်လောက်မောင်းရပြီး လျှပ်စစ်ဘီးတပ်ကုလားထိုင်နဲ့ကြတော့ မိနစ် ၄ဝ လောက်ကြာပါတယ်။ လမ်းလျှောက်ဖို့တော့ သိတ်မလွယ်လှပါဘူး။ ဂျိုင်းထောက်နဲ့ကြတော့ ခရီးမတွင်တဲ့အပြင် ဂျိုင်းကနာသေးတာကိုး။ ဒါ့အပြင် တလမ်းတဝက် ကျော်ကျော်က လမ်းဘေးလူလျှောက်ပေ့ဗ်မင်န့်လည်းမရှိတော့ ကားလမ်းပေါ်တက်လျှောက်တဲ့အခါ (အန္တရာယ်မရှိမှန်းသိလည်း)နောက်မှာ ကားရှိနေတဲ့အခါ၊ ကိုယ့်ကိုကျော်တက်သွားတဲ့အခါ အသည်းတော့အေးတာပါပဲ။ လမ်းကလည်း အသွားအပြန်နှစ်စီးစာမောင်းတဲ့ မြို့ပတ်လမ်းလေးကိုး။ မြို့ပြင်ဘက်ဆိုတော့ လယ်သမားယာသမားတွေပဲ အနေများတာမဟုတ်လား။ လယ်ယာသုံးစက်ကြီး/စက်ကလေးတွေနဲ့လည်း လမ်းပေါ်မှာ မကြာမကြာတွေ့ရပါတယ်။ နောက်ပြီး ကျန်းမာရေးအတွက် လမ်းလျှောက်၊ စက်ဘီးနင်း၊ မြင်းစီးသူတွေလည်းရှိနေတတ်ပါတယ်။ ကျနော့်အိမ်နဲ့နောက်ဘက် ဓါးလွယ်ခုတ်မှာတင် မြင်းနဲ့ မြင်းပုလေးတွေမွေးတဲ့ခြံ ၂ ခြံရှိပါတယ်။ တချို့နေရာတွေမှာ ကားတစီးနဲ့တစီး ကျော်တက်လို့မရဘူးလေ။ အဲ့လိုနေရာမျိုးများလည်းအရောက်၊ နောက်က ကားကလည်းရှိ ရှေ့ကားကလည်းလာနေဆို၊ နောက်ကားက ကျနော်လျှောက်နေတာကို စိတ်ရှည်လက်ရှည်နဲ့စောင့်ပေးရပ်ပေးပြီး ရှေ့ကားလွန်မှ ကျနော်ကိုကွင်းပြီးမောင်းရတာပါ။ သူတို့ကိုလည်း စိတ်ထဲအားနာမိတယ်။ ဒီမှာက အချိန်သည်ငွေဆိုတဲ့အတိုင်း လူတိုင်းအချိန်နဲ့အမျှ စားသုတ်သုတ် သွားသုတ်သုတ်တွေကိုး။ အပန်းဖြေအနားယူချိန်ကလွဲလို့ ဘယ်သူ့ကြည့်လိုက်ကြည့်လိုက် အချိန်တိုင်းလိုလို မပြေးရုံတမယ် သုတ်ခြေတင်နေရတာမဟုတ်လား။

ခုလို နွေနဲ့နွေဦးပေါက် အလုပ်ရှိတဲ့ရက်တွေမှာ ဘီးတပ်ကုလားထိုင်နဲ့ အသွားအပြန်လုပ်လို့ရပေမယ့် ဆောင်းတွင်းကြတော့ အေးလွန်းတာကတကြောင်း၊ နှင်းတွေ ရေခဲတွေထူတာကတကြောင်းဆိုတော့ ဘီးတပ်ကုလားထိုင်လည်း အလုပ်မဖြစ်ပြန်ဘူး။ ဒါဆို ဇနီးက သူ့အလုပ်သွားရင်း ကျနော့်ကို ကျောင်ဝင်ပို့ပေး၊ အလုပ်ပြီးရင် ကျောင်းက တယောက်ယောက်က အပြန်ပို့ ပို့ပေးကြပါတယ်။ ဂျိုင်းထောက်နဲ့ဖြစ်ဖြစ် ဘီးတပ်ကုလားထိုင်နဲ့ဖြစ်ဖြစ် သွားတဲ့အခါလမ်းမှာတွေ့သမျှလူ တွေ့သမျှကားတွေက ဟိုင်း..ဟဲလို ဘာညာနဲ့နှုတ်ဆက်ကြတာလည်း စိတ်ကြည်နူးချမ်းမြေ့စရာပါ။ တချို့ကားတွေ၊ လူတွေဆို တကူးတကန့်ရပ်ပြီးတောင် ဘာကူညီရမလဲ၊ အဆင်ပြေရဲ့လား၊ အိမ်လိုက်ပို့ပေးရမလား စတာမျိုးတွေမေးမြန်းတဲ့အခါ ဝမ်းသာလို့မျက်ရည်လည်မိတဲ့အထိပါပဲ။

တခါကဆို ဟာလေးဒေးဗစ်ဆင်မော်တော်ဆိုင်ကယ်လ်ကြီးနဲ့ လူထွားကြီးတယောက် ကျနော့်ကိုကျော်တက်မောင်းသွားပြီး သမင်လည်ပြန် တချက်ကြည့်တယ်။ ခနနေတော့ ထရပ်ကားလေးနဲ့ ကျနော့်နောက်ကပတ်ပြီး ပြန်ရောက်လာတယ်။ ဟွန်းတီးကားရပ်ပြီး ဆင်းလာတယ် ပြုံးပြုံး-ပြုံးပြုံးနဲ့။ လာ..ငါ့ကားပေါ်တက် ရှေ့ခန်းမှာထိုင်၊ မင်း ဘီးတပ်ကုလားထိုင်က နောက်မှာတင်လို့ရတယ်၊ ငါ့ကားက ပစ္စည်းအတင်အချ ဟိုက်ဒရောလစ်အပေါ့စားဆင်ထားတာဆိုပြီး ပြောလည်းပြော ကျနော့်လည်း လက်မောင်းကနေဖေးကိုင်ပြီး ထခိုင်းတယ်။ ကျနော်က နေပါ့စေ ငါ့အိမ်က နောက် ၁၅ မိနစ်လောက်ဆို ရောက်ပါပြီ၊ ကျေးဇူးတင်ပါတယ်ဆိုတာတောင် ၁၅ မိနစ်လည်း မိနစ်ပေါ့ကွာ၊ လာပါ တက်ပါ၊ ငါ မင်းအိမ်လိုက်ပို့ပေးပါရစေဆိုတာနဲ့ ကျနော်လည်း အဲ့နေ့က သူ့ကားနဲ့ အိမ်ပြန်ရောက်တယ်။ အိမ်ရောက်တော့ ကျနော့်စိုက်ခင်းလေးတွေနဲ့ ကြက်ကလေးတွေမြင်ပြီး သြော်..မင်းက စိုက်ပျိုးရေးမွေးမြူရေးလည်းလုပ်သကိုး၊ ကောင်းကွာ ငါလည်းလယ်သမားပဲကွဆိုပြီး ခြံထဲတပတ်လှည့်ကြည့်ရင်း စကားလေးဘာလေး ပြောဖြစ်သွားကြတယ်။ ကျနော့်အကြောင်းနားထောင်ရင်း တချို့နေရာတွေမှာ စုပ်သပ်လိုက် တချို့နေရာတွေမှာ မျက်ခုံးပင့်လိုက် မျက်မှောက်ကြုပ်လိုက် ပါးစပ်အဟောင်းသားဖြစ်လိုက်နဲ့ နောက်ဆုံး မင်းတို့အစိုးရတော်တော်ဆိုးတဲ့ အစိုးရပဲလို့ မှတ်ချက်ပေးပြီးပြန်သွားတယ်။ နောက်ပိုင်းလည်း တခါတလေ သူ လမ်းကြုံတဲ့အခါဝင်၊ ပြောင်းဖူးတွေချိုးလာတဲ့ချိုးလာ၊ မုန်လာဥတွေနှုတ်လာတဲ့အခါနှုတ်လာ၊ ဖရဲသီးတွေခူးလာတဲ့အခါ ခူးခူးလာတယ်။ သူလာတိုင်း ကျနော်ကလည်း စိုးဝင်းလက်ဘက်ခြောက်နဲ့ အကျအနနှပ်ထားတဲ့ လဘက်ဘက်ရည်ပေါ့ကျလေး ဖျော်ဖျော်တိုက်တယ်၊ သူလည်း နှစ်နှစ်ခြိုက်ခြိုက်ကိုသောက်တာပါ။ တစ်ခေါက်များ ညီမအိမ်ကပေးလိုက်တဲ့ ဘိန်းမုန့်ထုတ်ကျွေးတော့ စားပြီးသဘောတွေကြလို့ လုပ်နည်းတောင်မေးသေးတယ်။ တဖြည်းဖြည်းနဲ့ တယောက်နဲ့တယောက် မိတ်ဟောင်းဆွေဟောင်းတွေလို ပိုပိုပြီး ခင်ခင်မင်မင်ရင်းရင်းချာချာ ရှိလာပါတယ်။ မြေဆွေးတို့ဘာတို့ သယ်စရာရှိရင်ပြော ငါ့ကားနဲ့လာတိုက်ပေးမယ်လို့လည်း ခနခနပြောပါတယ်။

ကျောင်းလေးမှာလုပ်ရတာ သွားရေးလာရေး အဆင်ပြေသလို ကျောင်းအုပ်၊ မိသားစုရေးရာအကျိုးတောင်ဆောင်နဲ့ ဆရာ/ဆရာမတွေ အားလုံး သဘောကောင်းပြီး စိတ်လည်းရှည်ကြတဲ့အပြင် ကျနော့်အခြေအနေကို နားလည်သဘောပေါက်ကြတာမို့လုပ်ရကိုင်ရတာလည်း ပျော်စရာပါ။ ချင်း၊ မွန်၊ ကရင်နဲ့ မြန်မာမွတ်စလင်မ် မတထောင်သား ကလေးဘုစုခရုတွေကြား ဗျာများတဲ့အခါ များ၊ (တခါတခါ)ဗမာစကားကို ဗမာကနေဗမာလိုဘာသာပြန်ရတဲ့မိဘများနဲ့ ငိုအားထက်ရီအားသန်ဒုက္ခလေးတွေကတော့ ရှိတာပေါ့လေ။ ဗမာပြည်သားတွေဆိုပေမယ့် မြို့ကြီးပြကြီးက ပညာတတ်တွေမဟုတ်ကြပဲ ပြည်တွင်းစစ်ဒဏ်ခါးစည်းခံပြီး စာသင်ကျောင်းမရှိ ဆေးရုံမရှိ ဘာဆိုဘာမှမရှိတဲ့ မသေရုံတမယ်အသက်ဆက်ရပြီး ချို့တဲ့နွမ်းပါးပညာသင်ခွင့်မရခဲ့ကြတဲ့ ဝေးလံခေါင်းပါးတောတောင်တွေကြားကနေ
ရောက်လာကြသူက အများစုမဟုတ်လား။ တချို့ ဗမာစာ ဗမာစကား အင်္ဂလိပ်စကားမပြောနဲ့ သူတို့မိခင်စကားကပဲ ပြောတတ်ကြတာလေ။ ဒါနဲ့ ကျနော်က ဇနီးသည်ကို  ငါ့ဟာက အင်္ဂလိပ်-မြန်မာ စကားပြန်နဲ့ဘာသာပြန်တင်မဟုတ်ဘူး မြန်မာကနေမြန်မာလိုလည်းပြန်ရတဲ့ စကားပြန်လည်း ဖြစ်နေတာကိုးဟလို့ပြောပြတော့ အေးလေ..သူတို့မှ ဗမာလိုမတတ်တာ၊ နင်မပြန်လို့ ဘယ်သူပြန်မလဲ၊ နင့်ကျောင်းကို လုပ်ခ နှစ်ဆတောင်းပေါ့ဟလို့ နောက်တယ်။

ဘာပဲဖြစ်ဖြစ်ပါ ကျနော့်အလုပ်တွေထဲကတခုဖြစ်တဲ့ ဒီအလုပ်ကိုလည်း ကျနော်နှစ်ခြိုက်ကြည်နူးမိပါတယ်။ တနာရီလုပ်ခက ထောင်တို့ ဆေးရုံတို့ ပုဂ္ဂလိကကုမ္ပဏီမှာတို့ရတာနဲ့ယှဉ်ရင် အတော့်ကိုနည်းပေမယ့် စိတ်ချမ်းသာပီတိဖြစ်တာမို့ လုပ်နိုင်သလောက်တော့ ဒီကျောင်းလေးမှာ ဖင်မြဲမြဲနဲ့ဆက်လုပ်သွားမယ်လို့ စိတ်ကူးနေတာပါပဲ။

ပုံထဲကဖိတ်စာလေးကတော့ လာမယ့် သြဂုတ်လ ၂၈ ရက် ကြသပတေးနေ့ ညနေ ၅ နာရီကနေ ၇ နာရီအထိ ကျောင်းလေးမှာ ဆရာ/ဆရာမတွေနဲ့ မိဘတွေ၊ ကွန်မြူနတီတွေကလူတွေ၊ အေဂျင်စီတွေကပုဂ္ဂိုလ်တွေ တွေ့ကြဆုံကြနှုတ်ဆက်ကြ
မိတ်ဆက်ကြမယ့်ပွဲလေးအတွက်ဖိတ်တာပါ။ အဲ့ဒီမှာ မိဘတွေအတွက် ကွန်မြူနတီတွေအတွက် ကလေးတွေရဲ့ပညာရေး၊ မိဘများအတွက် မိသားစုအထောက်အကူတွေ ဘယ်နေရာ ဘယ်ဌာနမှာ ဘယ်လိုပံ့ပိုးကူညီနေတယ် ဘယ်ပုံရယူနိုင်တယ်ဆိုတာ ရှင်းပြပြောပြပေးမှာ ဖြစ်ပါတယ်။

ကဲဗျာ ဖို့ဝိန်းက ကျောင်းလေးရဲ့အပိုင်စားနယ်မြေမှာနောကတဲ့ ၃ နှစ်နဲ့ ၅ နှစ်ကြားကလေးငယ်ရှိတဲ့မိဘများကို တလက်စတည်း ဖိတ်လိုက်ပါတယ်။ လာနိုင်ရင်လာကြပါဦး။ ကျနော်လည်း အဲ့နေ့ကျ စကားပြန်လာလုပ်ရမှာပါ။ တွေ့ကြတာပေါ့လေ။
မျိုးမြင့်ချို (၂ဝ၁၄ ဇူလိုင်)

Monday, July 28, 2014

တော်လှန်ရေးကို ကြောက်ဒူးတုန်နေသူများနှင့် စတိဖြစ်ဖြစ်စွန့်လွှတ်ချင်သူများ(တူမောင်ညို)

0 comments
တော်လှန်ရေးကို ကြောက်ဒူးတုန်နေသူများနှင့် စတိဖြစ်ဖြစ်စွန့်လွှတ်ချင်သူများ တူမောင်ညို
(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)

တကယ်တော့ (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ ပြောနေ/လုပ်နေသည့် “တပြည်လုံးအပစ်အခတ်ရပ်စဲရေး” ဆိုသည်မှာ သွေးရိုးသားရိုးမဟုတ်၊ မူမှန်လမ်းမှန်မဟုတ်၊ ထောင်ချောက်တစ်ခုသာဖြစ်ပြီး ထိုထောင်ချောက်ထဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်လာအောင်  ဝန်ကြီး(ဗိုလ်)ဦးအောင်မင်းနဲ့ နောက်တော်ပါ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC )သည် တောချောက်ပေးနေကြသူများသာဖြစ်သည်။
သွေးရိုးသားရိုး၊ မူမှန်လမ်းမှန် အပစ်အခတ်ရပ်စဲရေးဆိုလျှင် ဤမျှအချိန်ဆွဲကြံ့ကြာနေစရာအကြောင်းလုံးဝမရှိချေ။

(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် ငြိမ်းချမ်းရေးကို သွေးရိုးသားရိုးလိုလားသည်မှန်လျှင် ပစ်ခတ်တိုက်ခိုက်မှုများကို တစ်ဖက်သတ်ရပ်စဲကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်ထားသည့်နယ်မြေတိုင်းရှိ မိမိစစ်တပ်၏စစ်ရေးလှုပ်ရှားမှုများကို တစ်ဖက်သတ်ရပ်စဲလိုက်ကြောင်းကို ကမ္ဘာသိကြေညာလိုက်ရုံဖြင့်ကိစ္စပြတ်ပါသည်။ ယခုထိုသို့မဟုတ် စစ်ရေးအရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း အကြပ်ကိုင်ကျုံးသွင်းနေသည်။

စစ်ရေးအရ
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို အဖက်ဖက်ကလက်ဦးမှုရယူပြီး ဝိုင်းပတ်ချုပ်ကိုင်မိရေးအတွက် ၎င်းတို့စစ်တပ်ကို အဆက်မပြတ်လှုပ်ရှားနေစေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏လှုပ်ရှားမှုမှန်သမျှကို ကန့်သတ်နေသည်၊ ဝိုင်းပတ်ချုပ်ငင်နေ သည်။ ထိတွေ့မှုများ၊ တိုက်ပွဲများသည်  ကြံ့ဖွံ့အစိုးရစစ်တပ်၏
ထိုသို့သော “စိုးမိုးချုပ်ကိုင်ရေးလှုပ်ရှားမှုများ”ကြောင့်ပေါ်ပေါက်နေရခြင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ကြံ့ဖွံ့အစိုးရစစ်တပ်အား သွားရောက်ထိုးစစ်ဆင်ခြင်းကြောင့် တိုက်ပွဲများပေါ် ပေါက် ဖြစ်ပွားနေရခြင်း မဟုတ်ချေ။ မိမိတို့အား တစ်ဖက်ရန်သူက ဝိုင်းပတ်ချုပ်ငင်လာမှုကို ကြားဖြတ်ဟန့်တား၊ ဖောက်ထွက်တိုက်ခိုက်ရခြင်းသည် သာမန် စစ်ရေးလုပ်ထုံးလုပ်နည်းတစ်ရပ်သာဖြစ်သည်။ တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းများဘက်က
ထိုသို့သောနည်းလမ်းဖြင့် ခုခံကာကွယ်နေကြသည့်သဘောသာဖြစ်သည်။


နိုင်ငံရေးအရ
အထင်အရှားဆုံးအကြပ်ကိုင်မှုမှာ “ကာချုပ်မူ ၆ ရပ်” ဆိုသည်ပင်ဖြစ်သည်။ ထို မူ ၆ရပ် ကို (ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်နှင့် စစ်တပ်)တို့က တစ်ကျိတ်တည်းတစ်ဉာဏ်တည်းချမှတ်ခဲ့ကြခြင်းဖြစ်သည်။

တန်းတူရည်တူမရှိဆုံး၊ ဗြောင်အကျဆုံး လုပ်ရပ်လည်းဖြစ်သည်။ ထို “ကာချုပ်မူ ၆ ရပ်” ကို စစ်တပ်ပိုင်မြဝတီသတင်းစာ၌ “ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မူဝါဒ ၆ ရပ်”
(The six peace principles) ဟူ၍ ဇွန်လ ၁၇ ရက်မှ ၃၀ ရက်နေ့ထိ အင်္ဂလိပ်မြန်မာ ၂ ဘာသာဖြင့်အထင်အရှားဖော်ပြခဲ့သည်။ အပစ်အခတ်ရပ်စဲကိစ္စကိုဖြစ်စေ၊ နိုင်ငံရေးကိစ္စကိုဖြစ်စေ ဆွေးနွေးအဖြေရှာကြရာတွင် နှစ်ဖက်အပြန်အလှန်တန်းတူရည်တူရှိရေးသည်
ပထမဆုံးနှင့် အရေးအကြီးဆုံးအချက်ဖြစ်ပါသည်။ ၁၉၈၈ နောက်ပိုင်းမှစ၍ပြောရလျှင် (နဝတ-နအဖ)စစ်အစိုးရလက်ထက်မှ ယနေ့ စစ်တစ်ပိုင်းအစိုးရလက်ထက်အထိ တန်းတူရည်တူဆွေးနွေးပွဲမရှိခဲ့သေး။ စကားထဲထည့်ပြောနိုင်လောက်သည့် နိုင်ငံရေးဆွေးနွေးပွဲဟူ၍ လုံးဝမရှိ။

(နဝတ-နအဖ) စစ်အစိုးရနှင့် ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးတို့က တစ်နပ်စားအကြံဖြင့်လုပ်သွားသော “ငြိမ်းချမ်းရေး” ဆိုသည်မှာလည်း အပစ်အခတ်ရပ်စဲရေးသာဖြစ်သည်။ ဤသည်ကလည်း ၁၉၈၈ ခုနှစ်နောက်ပိုင်းပြင်းထန်လာသော မြို့ပြနိုင်ငံရေးတိုက်ပွဲများကိုရင်ဆိုင်နိုင်ရန် တောတွင်းလက်နက်ကိုင်တပ်ဖွဲ့များကို ယာယီအားဖြင့် အချိုသပ်ထားခဲ့ခြင်းသာဖြစ်သည်။ အမျိုးသားညီလာခံမှာ နိုင်ငံရေးဆွေးနွေးပါဟူသောစကားမှာ လှည့်ဖျားမှုဖြစ်ကြောင်း၊
ထောင်ခြောက်တစ်ခု သာဖြစ်ကြောင်း ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။
(နဝတ-နအဖ) စစ်အစိုးရ စိုးမိုးထားသည့်ကာလ၌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့ “တွေ့ဆုံကြသည်” မှာလည်း အိမ်ချုပ်ချခံထားရသူနှင့် အိမ်ချုပ်ချထားသူများ၏ တွေ့ဆုံမှု၊ အိမ်ချုပ်ချခံထားရသူနှင့် ထောင်ပိုင်တို့၏တွေ့ဆုံမှုသာဖြစ်သည်။ ဗိုလ်အောင်ကြည် (လက်ရှိ ပြန်ကြားရေးဝန်ကြီး) နှင့် “တွေ့ဆုံမှု” ဆိုသည်မှာလည်း တည့်တည့်ပြောရလျှင် အကျဉ်းသားနှင့်ထောင်ပိုင်၏ ဆက်သားတွေ့ကြရခြင်းသာဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ(ဗိုလ်) ဦးသိန်းစိန်တို့ “တွေ့ဆုံမှု”ဆိုသည်မှာလည်း အတူယှဉ်တွဲရိုက်ခဲ့ကြဖူးသည့်ဓါတ်ပုံ တစ်ပုံမှလွဲ၍
ထူးထူးခြားခြားပြောစရာဆိုစရာမရှိခဲ့။ ထိုဓါတ်ပုံသည် ယခုအခါ ပင့်ကူမြှေးယှက်နေလောက်ရော့မည်။
ဆိုလိုချင်သည်မှာ လက်နက်ကိုင်အင်အားစုများကိုဖြစ်စေ၊ မြို့ပေါ်က နိုင်ငံရေးပါတီအင်အားစုများကိုပင်ဖြစ်စေ (နဝတ-နအဖ) စစ်အစိုးရနဲ့ ၎င်း၏ အမွေစားအမွေခံကြံ့ဖွံ့အစိုးရတို့က နိုင်ငံရေးအရတန်းတူရည်တူ သဘောမထားခဲ့သည်ကိုပြောလိုရင်းဖြစ်သည်။
အမတ်ချုပ်ဗိုလ်ရွှေမန်းကဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အား လူထုအစိတ်အပိုင်းတစ်ခု၏ခေါင်းဆောင်ဟူ၍သာ သဘောထားကြောင်း ခပ်ပြောင်ပြောင်ပင် ပြောခဲ့ဖူးသည်မဟုတ်သလော။

ယခုတော့ “တော်လှန်ရေး”ဆိုသည့်စကားလုံးကို ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့က မပြောရ၊ မဆိုရ၊ မသုံးစွဲရ ဟု ဆန့်ကျင်နေကြသည်၊
တားမြစ်နေကြသည်။ “တော်လှန်ရေး”နှင့်ပတ်သက်လာလျှင် စကားလုံးကိုပင် သူတို့ကြောက်ဒူးတုန်နေကြပါကလား။
ဤသို့“တော်လှန်ရေး”ကို အုပ်စိုးသူက ကြောက်ဒူးတုန်နေသကဲ့သို့ “တော်လှန်ရေး” ထဲကလည်း လူအချို့ကလည်း “တော်လှန်ရေး”ကို သွေးလန့်နေကြသည်ဟုကြားရသည်။ “တော်လှန်ရေး”ကြောင့် မပြေမလည်ဖြစ်နေရသည်၊ ကြံ့ကြာနေရသည်ဟူ၍ သုံးသပ်ပြောဆိုနေသည်ဟူ၍လည်းကြားရသည်။ ကြည့်ရသည်မှာ အနှီပုဂ္ဂိုလ်အချို့သည် “ တော်လှန်ရေး” ကို “စတိ” ဖြစ်ဖြစ်စွန့်လွှတ်လိုပုံရသည်။
အင်းစိန်တိုက်ပွဲကာလမှာ၊ ခြောက်လုံးပြူး လက်ထဲခဏထည့်ပါဆိုပြီး ဓါတ်ပုံရိုက်အမြတ်ထုတ်တာခံရဖူးသည့် စောဘဦးကြီး၏ အတွေ့အကြုံကိုလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ မမေ့သင့်ပါ။ ထို့အပြင် “မပူပါနဲ့ ခဏလေးပါ၊ လူထုအမြင် ကောင်းအောင် လက်နက်ချပြီးဓါတ်ပုံရိုက်မယ်၊
ဒါပြီးရင် လက်နက်တွေပြန်ပေးမယ်” ဆိုတဲ့ အတွေ့အကြုံကို ကြုံခဲ့ဖူးသော ဗိုလ်ချုပ်ကြီးစောဘိုမြ၏အတွေ့အကြုံကို ၂၀၁၄ ခုနှစ်၊ မတ်လတွင်၊ နေရီရီစာအုပ်တိုက်က ထုတ်ဝေခဲ့သော “ကျွန်တော့်ဘဝဖြတ်သန်းမှုအစစ်အမှန်” (စောဘိုမြ) စာအုပ်၌ဖတ်ကြည့်ကြစေချင်ပါသည်။

အုပ်စိုးသူအဆက်ဆက်အားစွန့်လွှတ်အနစ်အနာခံကာ တိုက်ပွဲဝင်သွားခဲ့ကြသောတော်လှန်ရေးခေါင်းဆောင်များ၊ ကျဆုံးလေပြီးသောတော်လှန်ရေးအာဇာနည်များ၊ တော်လှန်ရေးတိုက်ပွဲတွင်းက မျက်စေ့ ကိုယ်လက်စွန့်လွှတ်ခဲ့ရသည့်ဒုက္ခိတများ၏သစ္စာကိုတော့ စောင့်သိရိုသေကြဖို့လိုပါသည်။
တော်လှန်ရေးဆိုသည်မှာ(ဗိုလ်)ဦးအောင်မင်းပေးသော “ကားမစ်”မဟုတ်သဖြင့် လက်လွှဲရောင်းချ ရန်မလွယ်ကူပါ။
ဝယ်မည့်သူလည်းရှိမည်မထင်ပါ။
သို့ပါ၍ အပစ်အခတ်ရပ်စဲရေးကို တန်းတူရည်တူညှိနှိုင်းဆွေးနွေးကြစေလိုပါသည်။
အုပ်စိုးသူငြိုငြင်မှာစိုးသဖြင့် “တော်လှန်ရေး” ကို စတေးရတဲ့၊
ထိုးကျွေးရတဲ့အပစ်အခတ်ရပ်စဲကတော့ဖြင့် မဖြစ်သင့်မဖြစ်ထိုက်ဟုထင်ပါသည်။ ဒို့တိုင်းရင်းသားတွေရဲ့တော်လှန်ရေးကို
ဒို့တိုင်းရင်းသားတွေကပဲ ကိုယ်ပိုင်ဆုံးဖြတ်ကြမည်ဟုဆိုလျှင်တော့ကား မှတ်ချက်ပေးစရာများများမရှိတော့ပါ။
အုပ်စိုးသူအကြိုက် “သောင်းကျန်းသူနဲ့သောင်းကျန်းသူအဖွဲ့အစည်းများ”ဟူ၍ပြောင်းခေါ်ကြမလား။

Saturday, July 19, 2014

ဘိုဘိုလန်းစင်နဲ့တွေ့ဆုံခြင်း။ ညိုခက်ကျော်

0 comments
ဘိုဘိုလန်းစင်နဲ့တွေ့ဆုံခြင်း။ ညိုခက်ကျော်

(မေး)လူထုဦးလှ+ဒေါ်အမာနဲ့ပတ်သကပြီးး အမှတ်တရတခုခု ပြောပြပါဦး။

(ဖြေ)ဒီနေ့က အဘွားဆုံးတာ ၆နှစ်ပြည့်ဗျာ။ (US မှာ ဧပြီ၇ရက်။ ၂ဝ၁၄။) တောင်လေးလုံးမှာ မနေ့က ဆွမ်းကျွေးတယ်လေ။ Online မှာ ပုံတွေ တက်နေတယ် ။ ကျနော်က တခါပြောဘူးတယ်။ အဘွားလို့၊ အဘွားလိုအရွယ်တွေဆိုရင် တခြားနိုင်ငံမှာ သမ္မတတွေဘာတွေဖြစ်မှာလို့။ သူကပြန်ပြောတယ်။ ” ဘာလဲ။ မင်းက သမ္မတမြေး ဖြစ်ချင်လို့လား”တဲ့။ အဲဒါလေး ပြန်သတိရတယ်။ ခုချိန်မှာ သမ္မတတွေသိပ်ခေတ်စား နေလို့။ (ရီလျက်) အဘိုးကတော့ ကျနော်၂နှစ်မှာဆုံးတော့ သိပ်မမီလိုက်ဘူးပြောရမယ်။

(မေး) မြန်မာ့သမိုင်းမှာ လူထုသတင်းစာနဲ့ပတ်သက်ပြီး ဘယ်လိုသုံးသပ်မိလဲ။ ခုနေခါ သတင်းစာလုပ်နေသူတွေကိုရော ဘာပြောချင်လဲ။

(ဖြေ) ခုချိန်မြန်မာပြည်မှာ သတင်းစာတွေ ပြန်ထုတ်နေကြတဲ့အချိန်လေ။ တော်တော်များများက ရပ်တည်ဖို့လည်း တော်တော်ခက်ကြတယ်။ လည်ပတ်ဖို့ လူအင်အားရော၊ ငွေအင်အားရော မလုံလောက်တာတွေအများကြီးရှိတယ်။ ဦးလေးက လူထုတိုက် စိန်ရတုတုန်းကပြောတယ်။

 ”သတင်းစာတစောင်ဖြစ်ဖို့ စက္ကူနဲ့လွတ်လပ်ခွင့်ကလိုတယ်” ဆိုတာလေ။ မြန်မာပြည်က အစိုးရက စက္ကူကလည်းထောက်ပံ့မပေး။ လွတ်လပ်ခွင့်ကလည်း သိတဲ့အတိုင်းပဲ။ အကုန်လုံးက ဥပဒေပေါ်ကြိုးတန်းလျှောက်နေရတဲ့ဟာမျိုးဖြစ်နေတော့။ လူထုသတင်းစာက သူ့ခေတ်နဲ့သူ့အခါကလည်း သိပ်ပြီးလွတ်လပ်တယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ခုခေတ်ထက်တော့ နည်းနည်းပိုဆိုးမယ်ထင်တယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့ခေတ်မှာ ဖြတ်သန်းခဲ့ရတာဆိုတော့။ လူထုတိုက်ကို မိုင်းခွဲခံရတာမျိုးထိဖြစ်ခဲ့တယ်လေ။ ဒါပေမယ့် သူက နောက်ဆုံးပိတ် အကုန်လုံးသေခါမှသေရော သမိုင်းမှာတခုခုတော့ကျန်ခဲ့အောင်၊ ပြောစရာဖြစ်အောင် မှန်တယ်ထင်တဲ့ဘက်ကရေးမယ်ဆိုတဲ့ သတ္တိနဲ့တော့ရပ်သွားတယ်လို့ ကျနော်ထင်တယ်ဗျ။ သတင်းစာရပ်တည်ဖို့တခု၊ ဒါမှမဟုတ် ကိုယ့်ရဲ့ကျော်ကြားမှုနဲ့ တခြားအခွင့်အာဏာအတွက် မယိုင်လဲဘဲနဲ့ သူတို့ယုံကြည်တဲ့ဘက်ကနေ ရပ်တည်ခဲ့တယ်။ မှန်တာ၊ မှားတာကတော့ ကြည့်တဲ့သူတွေက ဆုံးဖြတ်လိမ့်မယ်။ အဲလိုရပ်တည်နိုင်အောင်ကြိုးစားသွားခဲ့တာတော့ သဘောကျတယ်ပေါ့ဗျာ။ နောက်လူတွေကြိုက်မကြိုက်တော့ မသိဘူး။ မီဒီယာလုပ်လုပ် ဘာလုပ်လုပ် ကိုယ့်လုပ်ရပ်က နောက်လူတွေဘယ်လိုအကဲဖြတ်မလဲဆိုတာ အဓိကကြည့်တာပေါ့နော်။ နောက်လူတွေ ပြန်ကြည့်ရင် ကိုယ့်လုပ်ရပ်ကို လူကြားထဲမှာ ပြရဲရဲ့လားဆိုတာလေးတခုပေါ့။ လူထုကတော့ သူ့လုပ်ရပ်သူ ရဲရဲရင့်ရင့်သတ္တိရှိရှိရပ်တည် နိုင်ခဲ့တယ်လေ။ အဲလိုလုပ်ရဲတဲ့ တခြားသတင်းစာတွေလည်း ရှိတယ်လေ။ ခုနေခါမှာလည်း အဲလိုသတင်းစာတွေ ထွက်ပေါ်လာစေချင်ပါတယ်။

(မေး)သတင်းသမားတယောက်အတွက် ဘာအရေးကြီးဆုံးလို့ ခံယူသလဲ။

(ဖြေ) ပညာအရည်အချင်း ရှိချင်ရှိမယ်။ ပိုက်ဆံ ရှိချင်ရှိမယ်။ အခွင့်အာဏာ ရှိချင်ရှိမယ်။ အဓိကကတော့ မှန်တယ်ထင်တဲ့ဘက်ကရပ်ဖို့နဲ့ နောက်တခုက Underdog ပေါ့လေ။ မျက်နှာမရတဲ့သူ၊ နေရာမရတဲ့သူတွေ minority တွေအတွက်ရပ်ဖို့က အရေးကြီးတယ်။ အဲဒီလိုမျိုးဘက်ကနေရပ်နိုင်တဲ့ သတင်းသမားတွေပေါ်ဖို့ အရေးကြီးတာပေါ့။ ဒါပါပဲ။

(မေး)မီဒီယာက ဘက်လိုက်ဖို့လိုလား။

(ဖြေ) ဘက်လိုက်တယ်ဆိုတာက ပြောလို့မရဘူးလေ။ လူဆိုတာ အကုန်လုံးက “ဘက်”ဆိုတာက ရှိမှာချည်းပဲ။ မသိမသာနဲ့သိသိသာသာပဲ ရှိမယ်လေ။ ဒါပေမယ့် သူ့ရဲ့ Professional Ethics ကို တတ်နိုင်သမျှစောင့်ဖို့တော့လိုတယ်။ ဘယ်ဘက်ကလိုက်လိုက် ကိုယ့်ရဲ့တင်ပြပုံ၊ သုံးသပ်ပုံက ကိုယ့်ကိုထောက်ခံတဲ့သူရော၊ မထောက်ခံတဲ့သူရော စိတ်ထဲမှာ သမာသမတ်ရှိတယ်။ လက်ခံနိုင်စရာရှိတယ်ဆိုရင်တော့ ဘက်လိုက်တယ်။ မလိုက်ဘူးဆိုတာထက် မီဒီယာရဲ့စံတခုရှိတယ်လို့ပြောလို့ရတာပေါ့။ ဒီလိုရေးတာက ကိုယ်နဲ့အမြင်မတူပေမယ့် လက်ခံစဉ်းစားလို့ရနိုင်တယ်ဆိုတဲ့အနေအထားမျိုးကိုရအောင် ရေးနိုင်ရင်တော့ မဆိုးဘူး။ မဟုတ်ရင်တော့ Campaign လို၊ ကြော်ငြာရေးသလို ဖြစ်ကုန်မှာပေါ့။

(မေး) မြန်မာ့သမိုင်းကိုဖော်ပြကြတဲ့အထဲမှာ မရေမရာဖြစ်နေတာမျိုး။ အမှားကို အမှန်ရေးထားတာမျိုး။ အမှန်ကို မဖော်ထုတ်တာ၊ အမှားလို့ ရေးတာမျိုးတွေရှိရင် သမိုင်းပညာရှင်တယောက်အနေနဲ့ သုံးသပ်ပြပါဦး။

(ဖြေ) အမှား။ အမှန်ကတော့ ပြောဖို့ခက်ပါတယ်။ အချက်အလက်အရ မှားတယ်။ မှန်တယ်ဆိုတာတော့ ပြောလို့ရမယ်။ အချက်အလက် ကတော့ လိုက်နိုင်ရင်လိုက်နိုင်သလောက်၊ စုံရင်စုံသလောက် ခန့်မှန်းပြီးပြောရတာပေါ့နော်။ ဥပမာ- ဗမာပြည်လွတ်လပ်ရေးယူတာ စောတယ်လို့ ပြောတဲ့သူလည်းရှိတယ်လေ။ တိုင်းပြည်အခြေအနေကောင်းမှယူဖို့ကောင်းတယ် အဲဒါမျိုးပေါ့နော်။ အမှားအမှန်ဆိုတာကတော့ ငြင်းခုန်မှုပဲလေ။ တကယ့်အမှားအမှန်ကတော့ အချက်အလက်ပေါ့။ နိုင်ငံခြားမှာကတော့ ခိုင်ခိုင်လုံလုံ facts က ပေါတယ်။ ဗမာပြည်မှာကကျ
အဲလို စနစ်တကျမရှိဘူး။ အမှားကို အမှန်ထင်နေတာ ပြောရရင် Census လိုဟာမျိုးတောင် တိတိကျကျမရှိဘူုး။ Census မှာ လူမျိုး (၁၃၅)မျိုး ဆိုတာ အမှန်က လူမျိုးမဟုတ်ဘူး။ Dialect စကားပေါ့။ နောက် ဒေသအလိုက် အုပ်စုတွေပေါ့။ ဥပမာ- လူမျိုးဗမာထဲမှာ ဘိတ်တို့၊ ထားဝယ်တို့ ပါတယ်လေ။ တလောကဖတ်ရတယ်။ ဘိတ်မှာ မြိတ်သားဆိုတာရှိပါတယ်ပေါ့ ရေးထားတယ်။ နောက်တခါ နေရာပေါ် မူတည်ပြီး ချောင်းသားတို့။ တောင်ပေါ်သားတို့ခေါ်တာတွေ ရှိတယ်လေ။ လူမျိုးဆိုတာ Identity ကလည်း၊ ခံယူချက်ကလည်း ခေတ်အလိုက် ပြောင်းနေတာ။ အရင်တုန်းကတော့ ဗမာတို့၊ မွန်တို့ဆို ရှင်းတယ်လေ။ ဆင်းသက်လာထဲက တိကျတဲ့လူမျိုးအကြီးတွေရှိပြီးသားဆိုတော့။ တချို့တွေကျ ယဉ်ကျေးမှုအရလည်း နောက်ကျတယ်။ ပျံနှံ့နေတာလည်းကွဲတယ်ဆိုတော့ စုစည်းမှုကလည်း သိပ်မရှိဘူး။ နောက်ပိုင်း အင်္ဂလိပ်ဝင်လာတော့ ယဉ်ကျေးမှုရှိလာပြီး လူမျိုး Identity ကပေါ်လာတယ်။
ဥပမာ- ချင်းဆို ချင်းလို့ခေါ်ရမလား။ ဇိုလို့ခေါ်ရမလား။ မီဇိုလို့ခေါ်ရမလား။ သူတို့အချင်းချင်းမှာကိုအဲလိုကွဲနေတယ်။ အဓိကကတော့ လူမျိုးခံယူချက် ပေါ်ပေါက်လာတဲ့ အပေါ် ရှေ့ကျတာနောက်ကျတာပေါ်မူတညပြီးးကွဲတယ်။ သန်းခေါင်စာရင်း စစ်တမ်းမှာ အဲဒီ့၁၃၅မျိုးဆိုတာ လူမျိုးလား။ Dialect လား နားမလည်လို့ ခုလိုလူမျိုး၁၃၅မျိုးဆိုပြီးဖြစ်နေတာ။ အမှန်တော့ လူမျိုးဘယ်နှစ်မျိုး ဆိုတာကို ဒေသအလိုက်နေထိုင် သူတွေက သူတို့ဟာသူတို့သတ်မှတ်ရမှာလေ။

(မေး) မြန်မာနဲ့ ဗမာ အသုံးအနှုံးကွဲပြားပုံရော။

(ဖြေ) မြန်မာနဲ့ဗမာက အတူတူပါပဲ။ ရေးတာကွဲတာပါပဲ။ စာထဲမှာ မြန်မာလို့သုံးတာလေ။ ဗမာဆိုတာက အရပ်ထဲမှာခေါ်တာလိုမျိုး သုံးတာလေ။ အင်္ဂလိပ်ဝင်လာတဲ့အခါကျ သူတို့က လမ်းပေါ်မှာပြောတဲ့ လူတွေစကားသံကိုယူပြီး Burman, Burmese အဲဒီလိုခေါ်တာ။ မြန်မာလို့ အင်္ဂလိပ်တွေ ဟိုးရှေးထဲက ရေးတာတွေရှိတယ်။ စာလုံးပေါင်းကတော့ ကွဲကြတယ်။ သုံးတာနည်းလို့။ အမှန်က အတူတူပါပဲ။ “တို့ဗမာ”က ဘာလို့ ဗမာလုပ်သလဲဆိုတော့ Ethnic Notion လို့ခေါ်မှာပေါ့။ ၁၉၃ဝလောက်က သူတို့က ဘာကိုအားကျသလဲဆိုတော့ ဂျာမဏီတို့၊ အီတလီတို့မှာ နယ်တွေအကုန်စုပြီး နိုင်ငံတွေခေါ်တာအားကျတယ်ထင်ပါတယ်။ တို့ဗမာအစည်းအရုံးခေါင်းဆောင်တွေက အဲဒီ့ခေတ်က ဂျာမန်အတွေးအခေါ်ပညာရှင်တွေကို နစ်ရှေးတို့ဘာတို့ကိုအားကျကြတယ် ထင်ပါတယ်။ သူတို့စိတ်ထဲမှာ လူမျိုးကြီးဖြစ်အောင် လုပ်မယ်ဆိုတာ ရှိပုံရတယ်လေ။ အဲဒီမှာ ရှိသမျှတိုင်းရင်းသားတွေအကုန်လုံးကိုပေါင်းပြီးတော့ အကုန်လုံးနဲ့ဆိုင်တဲ့ နာမည်ဖြစ်အောင် လုပ်မယ်ဆိုပြီးတော့” ဗမာ”ဆိုပြီး ရှေ့တန်းတင်လိုက်တယ်။ (၁၉၂ဝ)လောက်ထိ စာတမ်းတွေဘာတွေမှာ၊ အစည်းအဝေးတွေမှာ မွန်-မြန်မာ အမျိုးသားလို့ ရေးတယ်လေ။ ရခိုင်တောင် သူတို့သီးသန့်ကောက်တာ မဟုတ်ဘူး။ မြန်မာထဲမှာ ထည့်ထားတာ။ မြန်မာထက်ပိုပြီး အားပြင်းအောင်။ မြန်မာက အားလုံးထက်သာတယ်ဆိုတာမျိုးဖြစ်အောင် ဗမာလို့လုပ်လိုက်တာ။ အမှန်က မဟုတ်ပါဘူး။ တို့ဗမာအစည်းအရုံး ပျက်တဲ့လောက်ထိမှာ ရပ်သွားတာလေ။ ရှမ်းတွေဘာတွေတောင် သိပ်မသိဘူး။ တချို့ ၁၉၅ဝ လောက်ထိ တာချီလိတ်တို့၊ ဘာတို့ဘက်တွေမှာ လွတ်လပ်ရေးရတာ မသိတဲ့သူတွေရှိတယ်။

(မေး) မြန်မာပြည်မှာ ရှေးဟောင်းအဆောက်အဦတွေပြင်တဲ့ကိစ္စပေါ့လေ။ အမြင်တွေကွဲပြားတာလဲရှိကြတော့ ဘိုဘိုလန်းစင်ရဲ့ သမိုင်းပညာရှင်တယောက်အမြင်ကို သိချင်ပါတယ်။

(ဖြေ) အရင်အစိုးရလက်ထက် ဘယ်လိုပြင်သွားတယ်ဆိုတာပေါ် မူတည်တာပေါ့လေ။ နဂိုက အုတ်ပုံလောက်ရှိတဲ့ဘုရားကို ဘုရားလက်သစ်ကြီးဖြစ်အောင် ဆောက်ပစ်တာမျိုးကျ မသိဘူးလေ။ နိုင်ငံတကာစံနှုံးတွေအရကတော့ တဦးတယောက်ရဲ့စံနှုံးနဲ့တိုင်းလို့ မဖြစ်နိုင်ဘူးလေ။ နိုင်ငံတကာလက်ခံမှု တဦးချင်းလက်ခံမှုနဲ့ မတူနိုင်ပါဘူး။ ပြင်လိုက်တဲ့အတွက် နိုင်ငံတကာလက်ခံမှုက လျော့သွားနိုင်တယ်။ ကျနော်ကိုယ်တိုင်လည်း အန်ကောဝတ်ကိုရောက်တော့ တကယ့်အထင်ကရနေရာတွေမှာ နတ်ဘီလူးရုပ်ကြီးတွေဆို ဖျက်ဆီးတာခံရဖန် များတော့ ခါးပိုင်းလောက်ကနေကျန်တာကို ခေါင်းတွေဘာတွေ ဖြည့်ဆောက်ထားတယ်။ သူ့နိုင်ငံနဲ့ သူ့စံတော့ရှိပါတယ်။ ဒါပေမယ့် ခေါင်းပိုင်းလေးပြတ်နေမှ စိတ်ထဲကနေ ခေါင်းပိုင်းလေးဖြည့်ကြည့်လို့ရတဲ့ခံစားချက်က ပျက်သွားပြီးတော့ ပလာစတာရုပ်အသစ်ကြီး ရောက်လာတယ်လို့ စိတ်ထဲမှာထင်မိတယ်ပေါ့လေ။ Rome မှာက Dynamic ဖြစ်နေတယ်ဆိုတာက ခေတ်အဆက်ဆက် တခေတ်နဲ့တခေတ် မတူတာတွေက ထပ်ထပ်ပြီးပေါ်နေတာ။ ကျနော်ရောက်ဖူးတယ်လေ။ ခေတ်တခုနဲ့တခု မတူတာတွေပေါင်းပြီးလှနေတာပေါ့။ ပုဂံကကျတော့ Dynamic ဖြစ်ဖို့ဆိုတာက အရင်ပုံစံဟောင်းကိုပြန်တုပြီး အဲလောက်လဲမကောင်းတဲ့ နောက်ထပ်အသစ်၊ ရွှေတော့ရွှေ၊ ဒစ်စကိုရွှေပေါ့။ နဂိုပုံစံကို ပြန်တုထားတာ။ တကယ်ပုံစံအစစ်လည်း မဟုတ်ဘူး။ ပျင်းစရာကောင်းပြီး Dynamic လည်းမဖြစ်ဘဲ အီနေတာပေါ့နော်။ နောက်ပြန်လှည့်သလိုပေါ့။ ဥပမာ- ပုဂံဘုရားဟောင်းတွေကို ငုံငုံပြီး ပြန်ဆောက်တယ်ဆိုလည်း မူလလက်ရာမြင်နိုင်အောင် ဖန်နဲ့ငုံပြီး ဆောက်တာမျိုးဆိုရင်တော့ တမျိုးပေါ့။ လက်ခံနိုင်စရာပေါ့။ ကွန်ကရစ်လို၊ သံလိုမျိုးနဲ့ သိပ္ပံအဆောက်အဦတွေလိုမျိုး ပုံစံငုံရင်လည်းငုံပေါ့။ ဒါပေမယ့် Landscape ကြီးကတော့ ပျက်မှာပဲ။ ပုဂံမှာ မျှော်စင်ကြီးဆောက်လိုက်တဲ့အတွက် ပုဂံမှာမြင်ရတဲ့ Landscape က လုံးဝ ပြောင်းသွားတယ်လေ။ ဗိသုကာရယ်၊ Art History လည်းရှိတယ်။ စာသမားဘက်က မြင်တာလည်းရှိမယ်။ Philosophy ဘက်က အမြင်လည်းရှိမယ်။ မြို့တွေရဲ့ဝိဉာဉ်လည်းရှိတာပေါ့ ။ ကျနော်တို့မန္တလေးသားတွေကလည်း ကျုံးကိုပြန်ပြင်တာ ဆည်နဲ့တူသွားတယ်လို့ ပြောကြတယ်လေ။ အဲဒါကို ကျုံးက ပိုခိုင်၊ ပိုသန့်သွားတယ်လို့မြင်တဲ့သူတွေလည်း ရှိမှာပေါ့။ သူ့စံနဲ့သူ။ သူ့ Value နဲ့သူပေါ့။

(မေး) သတင်းဘက်ပိုင်း လုပ်ဖြစ်တာက။

(ဖြေ) သမိုင်းနဲ့ သတင်းနဲ့က ဆက်စပ်နေတယ်။ သတင်းစာများက သမိုင်းကိုပြောနေတယ်။ လက်ရှိခေတ်ဖြစ်နေတာတွေကို သိနိုင်။ မှတ်တမ်း တင်နိုင်တယ်လေ။ နိုင်ငံရေးကတော့ စိတ်ဝင်စားတယ်။ နိုင်ငံရေးကအမြဲပြောင်းနေတဲ့ခေတ်။ နိုင်ငံရေးကိုယ်တိုင်ဝင်လုပ်ဖို့တော့ သတ္တိမရှိ ပါဘူး။ နိုင်ငံရေးသမားတွေလွတ်လာကာစက လူတွေတော်တော်များများက နိုင်ငံရေးသမားတွေဘာလုပ်နေတယ် စိတ်ဝင်စားကြတော့ ဦးကိုကိုကြီး လက်ရှိဘာတွေလုပ်နေတယ်မေးခိုင်းတော့ ငွေဆောင်ဘက်မှာ အုန်းခြံတွေအသိမ်းခံရတာကို သူတို့ကိုလာတိုင်တယ်တဲ့။ အဲ့ဒီ့သတင်းလိုက်ပါလားတဲ့။ ဒီသတင်းတွေက Celebrity သတင်းတွေလည်းမဟုတ်တော့ လူသိပ်စိတ်မဝင်စားကြဘူးလေ။ မကြာခင်မှာ မုံရွာလက်ပတောင်းကိစ္စဖြစ်တာပဲ။ အစောဆုံးသိတဲ့ထဲမှာ ကျနော်တို့လည်းပါတယ်။ မုံရွာဒေသခံတွေလုပ်တဲ့ ဝက်ဘ်ဆိုက်လေးတွေကနေ စသိတာလေ။ သတင်းအစအနဘယ်က လိုက်ရမယ်မသိတဲ့အခြေအနေကနေ လက်ပတောင်းက ကမ္ဘာသိတဲ့ထိဖြစ်သွားတယ်။ သတင်းဆိုတာ ကြီးသည်ငယ်သည် မရှိဘူးလေ။ အချိန်မရွေး Top ရောက်သွားနိုင်တာဘဲ။ အင်မတန် လူစိတ်ဝင်စားခံရတဲ့သူတွေဟာလည်း တချိန်မှာရိုးအီသွားတာမျိုး ဖြစ်သွားနိုင်တာဘဲ။ သတင်းမှာလည်း နိုင်ငံရေးလောကလို သင်္ခါရဆိုတာရှိတယ်။ သတင်းတွေဟာ ကြည့်ရင်း ကြည့်ရင်းနဲ့ သမိုင်းအတွက်ဖြစ်သွားတယ်။

(မေး) ဘယ်သူတွေကိုအားကျလဲ။ မြန်မာပြည်မှာ ဘယ်လိုသမိုင်းစာအုပ်တွေလိုသလဲ။

(ဖြေ) အောက်ခြေကလူတွေအတွက်ရေးတဲ့ သမိုင်းလိုဟာမျိုးကတော့ မြန်မာပြည်မှာနောက်ပိုင်း နောက်ကျတာပေါ့လေ။ အဲလိုမျိုးက ကိုယ့်အဖိုး ကိုယ်အားကျတာပေါ့။ ပြောလို့တော့ သိပ်မကောင်းဘူးဗျ။ (ရီလျက်) သူတို့စတယ်ပြောလို့ရတယ်။ သူတို့က လက်ဝဲအမြင်လည်း ရှိတယ်။ ” ထောင်နဲ့လူသား ” တို့၊ ” ကျနော်ဆားချက်သမား” တို့။ အင်္ဂလန်မှာ ” The Making of English Working Class ” ဆိုတဲ့စာအုပ် ရှိတယ်။ အင်္ဂလိပ်အလုပ်သမားလူတန်းစားတွေအကြောင်း ရေးထားတာ။ ..မြန်မာပြည်မှာ ဘယ်လို သမိုင်းစာအုပ်မျိုးလိုသလဲဆို Culture History, Social History နာမည် တော်တော်များများရှိပါတယ်။ လိုတာက မြန်မာလူမျိုး၊ မြန်မာနိုင်ငံဆိုတဲ့ အဲဒါမျိုးတွေ အမျိုးသားရေးစိတ် တွေပေါ်လာတာကို မြန်မာတွေရဲ့ရှုဒေါင့်ကမဟုတ်ဘဲနဲ့ ဒီမှာရှိတဲ့လူမျိုးစုတွေအားလုံးရဲ့အမြင်ကနေပြီးတော့ စုံစုံလင်လင်နဲ့သုံးသပ်နိုင်တဲ့ သမိုင်းမျိုးကလိုတယ်။ တော်တော်များများက မြန်မာမြင်တဲ့အမြင်၊ တိုင်းရင်းသားဘက်ကမြင်တဲ့အမြင်၊ နိုင်ငံခြားသားဘက်ကမြင်တဲ့အမြင် အဲလိုမျိုးတွေများတယ်လေ။ အကုန်လုံးဘက်ကကြည့်ရင် လက်ခံနိုင်တဲ့ National History လိုဟာမျိုးက မရှိသေးဘူး။ အဲလိုမရှိတဲ့အတွက် National Consensus ခေါ်တဲ့နိုင်ငံနဲ့ဆိုင်တဲ့ အမျိုးသားရေးစိတ်လည်းမရှိဘဲ ဇာတ်လမ်းတွေရှုပ်နေတယ်။ နိုင်ငံခြားသားနဲ့ တိုင်းရင်းသားနဲ့လည်း ခွဲတယ်။ မြန်မာနဲ့လူနဲစုနဲ့လည်း ခွဲတယ်။ လူမျိုးစုချင်းလည်း ခွဲတယ်။ မြန်မာမြန်မာချင်းမှာလည်း ဆင်းရဲတဲ့သူနဲ့
ချမ်းသာတဲ့သူနဲ့ခွဲတယ်။ အဲဒါတွေနဲ့ဇာတ်လမ်းကမပြီးတော့ဘူး။

24May14

Excerpt From Myanmar Gazette, Los Angeles

ယူတာက  http://bobolansin.wordpress.com/about/

ပြည်သူလူထုက တာဝန်ကျေပါတယ် (တူမောင်ညို)

0 comments
ပြည်သူလူထုက တာဝန်ကျေပါတယ် (တူမောင်ညို)
“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ကို အခုရော၊ နောင်ရော တစိုက်မတ်မတ်ဆန့်ကျင်သွားမယ် ဆိုတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အလေးထားပါတယ်။ ၈၈ အရေးတော်ပုံ ကြီးနောက်ပိုင်း  (နဝတ-နအဖ) စစ်အစိုးရရဲ့ အပြင်းထန်ဆုံး ဖိနှိပ်ညှင်းပန်းခြင်း၊ သတ်ဖြတ်ခြင်းခံခဲ့ကြရတဲ့ ဒီချုပ်ပါတီဝင်များ အပေါ်လည်း စာနာလေးစားပါတယ်။ ဒီချုပ်ပါတီဝင်များက ဒီချုပ်ပါတီကို “တစ်သက်မှာ နှစ်ဘဝ”ပါလို့ မချင့်မရဲ ပြောဆိုသံ ကိုလည်း ကြားပါတယ်။
ဒီချုပ်ပါတီဟာ  “တစ်သက် နှစ်ဘဝ”အတွင်းမှာ သဝေထိုးသွား တဲ့ အကြိမ်(၄)ကြိမ်ရှိခဲ့ပါတယ်။
-       ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ချီတက်ရေးကိစ္စ
-       ဂန္ဒီခမ်းမဆုံးဖြတ်ချက်ကိုပစ်ပယ်ကာ ၁၉၉၂ ခုနှစ်၊  အမျိုးသားညီလာခံ(ကျိုက္ကဆံ) တက်ရန်ဆုံးဖြတ်ခြင်း
နှင့် (နဝတ)စစ်အစိုးရရဲ့(၁/၉ဝ ကိုလက်မှတ်ထိုးကြခြင်း)
-       (အခြေခံဥပဒေကိုလက်မခံ/ပါတီမှတ်ပုံမတင်ဟုဆုံးဖြတ်ခဲ့ကြပြီး) “ရွှေဂုံတိုင်ကြေညာချက်” ကိုပစ်ပယ်ကာ “အရှိကိုအရှိအတိုင်း အသိအမှတ်ပြုတယ်”လို့ဆိုကာ ပါတီမှတ်ပုံတင်ခြင်း/ ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်း
-       “ဇယား(၄)ကတိသစ္စာပြုချက်ပြင်ဆင်ပေးရန်” တောင်းဆိုခဲ့ပြီး “ဇယား ၄ ” ပါ စကားလုံးအတိုင်း ကတိသစ္စာပြုမည်ဟု ဆုံးဖြတ်ကာ ၂ မေ ၂ဝ၁၂ တွင် လွှတ်တော်ထဲဝင်ရောက်သွားခြင်း
           
            အခုဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွင့်ပြောလာသကဲ့သို့ပင် (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရဟာ အောက်တန်း အကျဆုံးနည်းတွေ မီးကုန်ယမ်းကုန်သုံးပြီး တိုက်ခိုက်လာနေပါတယ်။ မကြာခင်က မန္တလေးမှာပေါ်ပေါက်ခဲ့တဲ့ဖြစ်ရပ်အပေါ် ဒီချုပ်ပါတီက ထုတ်ပြန်ခဲ့သောကြေညာချက်ကိုပင် “အတု”လုပ်ပြီးဖြန့်တဲ့အထိ ဇက်ရဲလက်ရဲလုပ်လာကြပါတယ်။
            “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး”နဲ့ပတ်သက်ရင်  ကြံ့ဖွံ့အစိုးရကလည်း ပြင်ချင်တဲ့ဆန္ဒမရှိ၊ စစ်တပ်ကလည်း မပြင်ချင်ဘူးဆိုတာ ဒီချုပ်ါတီ ကောင်းကောင်းသိနေပါတယ်။ “ဖြောင့်မတ်သော” နာယကကြီးမှာရော ဘယ်လိုဆန္ဒရှိသလဲ။
            အမတ်တစ်ယောက် လစာ ၃ သိန်းသာရနေချိန် အမတ်ချုပ်လစာ ၃၅ သိန်းရနေလို့ မလုံမခြုံခံစားရတယ်လို့ (မဲဆွယ် အပြောလေးနဲ့) နတ်သံနှောနေတဲ့ အမတ်ချုပ်ဗိုလ်ရွှေမန်းက ပုဒ်မ ၄၃၆ ကိစ္စကိုတော့ ဘာခံစားချက်မှမရှိဘဲ ပြောထွက်လာပြီ။ 
ဗိုလ်အောင်သောင်း၊ ဗိုလ်ဌေးဦးတို့ခြံရံထားတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမတ်ချုပ်ဗိုလ်ရွှေမန်းက ဒီချုပ်ပါတီကလုပ်နေတဲ့ ပြင်ဆင်ရေးလှုပ်ရှားမှုတွေဟာ “၃၁ ဦးကော်မတီ” အပေါ် “သိပ်ပြီး သြဇာသက်ရောက်မှုမရှိပါဘူး”လို့ ပြောနေပြီ။ ဒီပြောဆိုချက်က ဒီချုပ်ပါတီအနေနဲ့ လက်မှတ်တွေဘယ်လောက်ပဲရရ အရေးမစိုက်ဘူးလို့ပြောတာပါ။ 
 ဒီစကားကို  ဗိုလ်အောင်သောင်းနဲ့ဗိုလ်ဌေးဦးတို့ ဝဲယာခြံရံပြီးမှပြောတာမို့ ကြံ့ဖွံ့ပါတီရဲ့သဘောထားလည်းဖြစ်တယ်။ ဒီတော့ ကြံ့ဖွံ့အမတ်တွေနဲ့ကာချုပ်အမတ်တွေစီးနင်းထားတဲ့လွှတ်တော်ဟာ ဘယ်လိုအဆုံးအဖြတ်ပေးမယ်ဆိုတာ ရှင်းနေပါတယ်။
ဒါကြောင့် “ပြင်မပေးရင် ဘာဆက်လုပ်မလဲ” လို့ ပြည်သူတွေက  ဒီချုပ်ပါတီကိုမေးနေကြတာပါ။ ပြည်သူတွေရဲ့ဒီမေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေမှာ “တာဝန်ရှိတယ်”လို့ပြောပြီး ပြန်အဖြေပေးနေပါတယ်။
 ၁၉၉ဝ ရွေးကောက်ပွဲမှာလည်း တာဝန်သိတဲ့ပြည်သူတွေဘက်က တာဝန်ကျေခဲ့ကြပါတယ်။ ဒီချုပ်ပါတီကို မဲတွေပုံအောပေး ခဲ့ကြပါတယ်။ “ဂန္ဒီခမ်းမလှုပ်ရှားမှု” ဆိုတော့လည်း ပြည်သူတွေပဲ အားတက်သရောဝန်းရံခဲ့ကြတာပါ။ (စီအာပီပီ) ဆိုပြန်တော့လည်း  ပြည်သူတွေဟာ ဗေဒါပျံအံကိုခဲဆိုတာလို ရင်စီးခါးစီးပြီးအားပေးခဲ့ကြတာပဲ မဟုတ်ပါလား။ ဒါပေမယ့် ဘာတွေဖြစ်သွားခဲ့သလဲ။
 ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေဟာ အားတက်သရော ဒီချုပ်ပါတီကို မဲတွေပုံအောပေးခဲ့ကြပြန်ပါတယ်။ အခုလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ပြည်သူတွေဟာ တက်တက်ကြွကြွပါဝင်လက်မှတ်ရေးထိုးနေကြပါတယ်။ ဇွန်လ ၃ဝ ရက်မှာ ထုတ်ပြန်တဲ့ ဒီချုပ် ကြေညာချက်အရ (၃၃ သိန်း) ရနေပြီလို့ဆိုပါတယ်။
ပြည်သူတွေဘက်ကပြောရင် ဘယ်အခြေအနေမှာဖြစ်ဖြစ် တာဝန်ကျေပါတယ်။ ပြည်သူတွေဘက် တာဝန်ပျက်ကွက်တာ မရှိခဲ့ပါဘူး။ ပြည်သူတွေဟာ တရားရှိနဲ့တရားမဲ့သူ၊ ဖိနှိပ်အုပ်စိုးသူနဲ့အဖိနှိပ်ခံတွေဘက်က ရပ်တည်တိုက်ပွဲဝင်သူကို ရှင်းရှင်းပြတ်ပြတ် ခွဲခြားသိမြင် နိုင်သူတွေဖြစ်ပါတယ်။ ပွင့်လင်းမြင်သာတွေ၊ တရားဥပဒေတွေ စိုးမိုးတာတွေမစိုးမိုးတာတွေ၊ အခြေခံဥပဒေဘာညာတွေ၊ နိုင်ငံရေး သဘောတရားဘာညာ ဟောတတ်ပြောတတ်ချင်မှ ပြောတတ်ကြပါလိမ့်မယ်။ အမှန်နဲ့အမှား၊ အတုနဲ့အစစ်၊ တရားတာနဲ့မတရားတာတော့ ကောင်းကောင်းခွဲခြားသိကြသူတွေဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူလူထုမှာတာဝန်ရှိသလို၊ ပြည်သူလူထုကို ခေါင်းဆောင်နေတဲ့ပုဂ္ဂိုလ်တွေ၊ ပါတီအဖွဲ့အစည်းတွေမှာလည်း မှန်ကန်တဲ့ဦးတည်ချက်ကိုချီတက်နိုင်ဖို့ ဦးဆောင်လမ်းပြရမယ့်တာဝန်ရှိပါတယ်။ မှန်ကန်ပြတ်သားတဲ့ဦးဆောင်မှုရှိမှသာ သိသာထင်ရှားတဲ့ ရလဒ် ပေါ်ထွက်လာမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောနေဆိုနေတာတွေချုပ်ကြည့်လိုက်ရင် စိမ်ခေါ်ခြင်းတစ်ဝက်၊ ဖြောင့်ဖျနားချခြင်းတစ်ဝက်နဲ့ သူ့ဘက်ကနေ အလျော့အတင်းအပေးအယူတွေ ကမ်းလှမ်းနေတာကိုတွေ့ရပါလိမ်မယ်။
သာဓကပြရရင်ဖြင့် စစ်သားအမတ် ၂၅% နဲ့ပတ်သက်ပြီး “ လွှတ်တော်အတွင်းမှာ ပြည်သူလူထုကရွေး ချယ်တင်မြှောက်ထားခြင်း မရှိတဲ့ကိုယ်စားလှယ်တွေပါရင်ပါ ပါစေ၊ ဒါပေမယ့် အဓိကကျတဲ့ကိစ္စတွေမှာတော့ မဲပေးပိုင်ခွင့်တော့မရှိစေသင့်ဘူး” တဲ့။
ဒီချုပ်ကပြင်ဆင်လိုတဲ့ “ပုဒ်မ ၁၆၈ခု”  (၂ဝဝ၈ အခြေခံဥပဒေပေါ် လေ့လာသုံးသပ်အကြံပြုချက်စာတမ်း)ထဲမှာ အခြေခံဥပဒေ၊ ပုဒ်မ ၆ (ဃ)  “စည်းကမ်းပြည့်ဝသော”ဆိုတဲ့ စာသားကိုဖြတ်ပယ်ရန်နဲ့ ပုဒ်မ ၆(စ) “နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းနိုင်ရေးတို့ကို အစဉ်တစ်စိုက်ဦးတည်သည်”ဆိုတဲ့စာပိုဒ်များ၊ ပုဒ်မများကို ဖြုတ်ပယ်ရမယ်လို့ ဆိုထားသော်လည်း  ပုဒ်မ ၁၄ “ကာချုပ်ခန့်စစ်သားအမတ်များကိစ္စ”ကိုမူ “ဒီမိုကရေစီစံနှုန်းနှင့်ဆန့်ကျင်နေသောကြောင့်” ဆိုတဲ့ အကြောင်းပြချက်ပေးကာ “အထွေထွေ သဟဇာတဖြစ်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်သွားရန်” အဆိုပြုထားပါတယ်။  
ဒီအချက်တွေက တစ်ဖက်မှာ အခြေခံဥပဒေပြင်ဆင်ရေးကိုစိမ်ခေါ်သလို အလေးတင်းပြောနေပေမယ့်လည်း အခြားတစ်ဖက်မှာ “အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ပန်းတိုင်ကို ဘယ်တော့မှမျက်ခြည်မပြတ်ပါဘူး”ဆိုတဲ့ လေပြေထိုးမှုကလေးတွေနဲ့ဖြစ်ပါတယ်။  ဒါပေမယ့် ဒီအချက်တွေနဲ့ပတ်သက်လို့ တစ်ဖက်က (ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့ဘက်က) စိမ်းကားလှပါတယ်။ ဘာမှ  မတုန့်ပြန်ပါဘူး။  
ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟောပြောနေတဲ့ ဒီမိုကရေစီစံနှုန်းတွေကို မသိလို့ မဟုတ်ပါဘူး၊ သိပ်သိပါတယ်။ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ဆိုတာ စစ်အုပ်စုက သူတို့ပေးချင်သလောက်သာ အကန့်အသတ်နဲ့ ပေးသနားထားတဲ့“ဒီမိုကရေစီအခွင့်အရေး”မျှသာဖြစ်ပါတယ်။ ဒါဟာ“၂ဝဝ၈အခြေခံဥပဒေ” ရဲ့ အနှစ်သာရလည်းဖြစ်ပါတယ်။
သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အကန့်အသတ်နဲ့သာ နေရာပေးချင်တာပါ။ အာဏာခွဲဝေပေးဖို့ သူတို့မှာ သဘောထားမရှိပါဘူး။ အနောက်အုပ်စုနဲ့သူတို့အကြားက ၁၉၈၈ ကတည်းက စိမ်းကားဝေးကွာသွားကြတာကို ပြန်လည်နီးစပ်ရေးအတွက် (၂)ဖက်စလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့ကြတာ၊ အသုံးချနေကြတာသာ ဖြစ်ပါတယ်။
ကာချုပ်ဗိုလ်မင်းအောင်လှိုင်က ထိုင်းကာချုပ်နဲ့တွေ့စဉ် ပြောတဲ့စကားကရှင်းနေတာပါပဲ။ “ဒီမိုကရေစီသည် စည်းနှင့်ကမ်းနှင့် သွားရသည်ဆိုသည့်အမြင် ရှိရန်လိုအပ်ကြောင်း”ပြောနေတယ်မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် “၂ဝဝ၈အခြေခံဥပဒေ”ကို လွှတ်တော်တွင်းကနေပြင်ဆင်ရေးဆိုတဲ့ ဒီချုပ်ပါတီရဲ့“စမ်းသပ်ချက်”ဟာ လုံးဝ မအောင်မြင်နိုင်ဘူးဆိုတဲ့ အတွေ့အကြုံနဲ့သင်ခန်းစာရရှိတယ်ဆိုတဲ့ ဘက်ကပြောမယ်ဆိုရင် ပြည်သူများအတွက်အကျိုးရှိပါတယ်။ 
(တူမောင်ညို)

(၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၁၂ )