Friday, April 29, 2016

ဗမာ-ဗမာခြင်းဂုတ်သွေးမစုပ်နဲ့တဲ့လား(မျိုးမြင့်ချို)

0 comments
ဓနရှင်လူတန်းစားကို သွားပြီး ဗမာ ဗမာခြင်း ဂုတ်သွေးစုတ်တာတော့မကောင်းပါဘူး ပြောတဲ့လူလောက် ဉာဏ်တိမ်တာရှိဦးမလား။

ဓနရှင်လူတန်းစားဆိုတာ ဖိနှိပ်ခံတွေအပေါ်မပြောနဲ့ သူတို့ ဓနရှင်ဓနရှင်ခြင်းတောင် ဂုတ်သွေးပြန်ပြန်စုပ်ကြလို့ ကမ္ဘာစစ် ၂ ကြိမ်ဖြစ်ခဲ့ရပြီးပြီ။

ဓနရှင်လူတန်းစားမှာ လူမျိုးတူခြင်းမပြောနဲ့ ဆွေမျိုးတောင် မရှိဘူး။
အရထူးရင် ဘနဖူး သိုက်တူးတာချည်းပဲ။

နောက်တချက်က လူမျိုးအစွဲကြီးအမြင်နဲ့ဆိုင်တယ်။
ဗမာ-ဗမာခြင်း မစုပ်နဲ့ဆိုတော့ ဗမာမဟုတ်တဲ့ ဘယ်သူ့ကို စုပ်စုပ် ကောင်းတယ်ပေါ့။ အတော်အောက်တန်းကျတဲ့ လောကအမြင်ပဲ။


ပြည်ချစ်အရင်းရှင်ဆိုတာ မရှိဘူးမဟုတ်ဘူး ရှိတယ်။
အမျိုးသားဓနရှင်လို့ပဲ လွယ်လွယ်ဆိုပါတော့။ အဲ့ဒီ ပြည်ချစ်ဓနရှင်တောင်မှ အာဏာနဲ့ထိန်းထားလို့ မနိုင်၍သည်းခံရသည်လည်းကောင်းဆိုတာနဲ့ ပြည်ချစ်နေကြတာ၊ လူမျိုးအပေါ် တိုင်းပြည်အပေါ် မသဓာရေစာ ပြန်စွန့်ကြဲနေကြတာ။
ဧပြီ ၂၉၊ ၂ဝ၁၆

ထမိန်ခြုံမယ့် ကလိန်ခြုံ(မျိုးမြင့်ချို)

0 comments
သူ့ဆွေသူမျိုး၊ သူ့မဲဆန္ဒနယ်ကတောင် အကျင့်တန်တဲ့ကောင်ဆိုပြီး
မောင်းထုတ်လိုက်တာကို ကိုယ်က နိုင်ငံရေးအရာသွင်းပြီး လွှတ်တော်ထဲဇွတ်ဆွဲသွင်းပြီး ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဌခန့်တာက ကိုယ့်ဘက်က နသားပါယားအလုပ်များသွားတာလို့ ပြောရမှာပါ။ ကိုယ်ပလူးတာက အရေးမကြီး၊ သူ့ကို အာဏာအဝန်းအဝိုင်းထဲ မမြင်ချင်တော့လို့ မဲမပေးခဲ့တဲ့လူတွေစိတ်ထဲ ဘယ်လိုခံစားရမလဲဆိုတာလောက်တော့ ထောက်ထောက်ညှာညှာတွေးဖို့ လိုလိမ့်မယ်။

သူဟာ တကယ်ပဲ အမှားမြင် အမှန်ပြင်လာတဲ့၊ ပြည်သူဘက်ကို နိုင်ငံရေးအရရော စိတ်ဓာတ်ရေးအရရော လူထုအကျိုးစီးပွားကိုရှေးရှူလို့ရော ပြောင်းလာသူဆိုရင်တော့ အဆောင်အယောင်နဲ့ ရာထူးနေရာသာမက ဒီ့ထက်မကတောင် မြှောက်စားအားပေးသင့်တာပါပဲ။

သူ လွှတ်တော်ဥက္ကဌတုန်းက တိုင်းပြည်အတွက်အကျိုးရှိရာရှိကြောင်း
အဆိုတွေဥပဒေတွေကို ဒီမိုကရေစီအမတ်တွေက တင်ကြပြကြ ပြောကြဆိုကြဆွေးနွေးကြတော့ သူ ဘယ်ပုံဟန့်တားခဲ့သလဲ ဘယ်နည်းခြိမ်းခြောက်ခဲ့သလဲ ဥက္ကဌပါဝါသုံးပြီး ဘယ့်နှယ်ပယ်ချခဲ့သလဲ။
ဒါတွေ အထင်အရှားရှိခဲ့တယ်။

ခုလည်း အမှားပြင် အမှန်မြင်လို့ သွေးရိုးသားရိုးကူးလာတာ မဟုတ်ဘူး။ စစ်အုပ်စုအကျိုးစီးပွားကြီးတင်မက သူနဲ့သူ့သားတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကြီးတွေကလည်း ဧရာမကြီးတွေ။ စီးပွားရေးအင်ပိုင်ယာကြီးတွေ။ ဒါကြီးတွေကို သေချာသထက်သေချာအောင် ကာကွယ်ဖို့ပဲ။

ပြီးတော့ သူဟာ အာဏာရမက်ကြီးသူဖြစ်တယ်။ သမ္မတထက်ကြီးတာရှိတောင် ဖြစ်လိုသူဖြစ်တယ်။ စစ်အုပ်စုအကျိုးစီးပွားကို လွှတ်တော်ထဲကနေ လူခွဲနေရာခွဲပြီး ကာကွယ်ရာမှာ သူဟာ အတော်ကျင်လည်သူဖြစ်တယ်။ လွှတ်တော်ထဲလာပြီး နိုင်ငံရေးစကားမပြောနဲ့တို့ တပ်မတော်ကို (အဖွဲ့အစည်းကို) ထိခိုက်မယ့်စကားတွေမပြောနဲ့ ထိုင်တို့ ဆိုတာတွေက သာမန် အပရိကလေးတွေပါ။

ခုလည်းကြည့် သူ့ကြံ့ဖွံ့ပါတီထဲကနေ အထုတ်ခံရပြီး နောက်တနေ့မှာ သူ့ခံစားမှုနဲ့ပြည်သူတွေခံစားမှုတူပါတယ်ဆိုပြီး ပလီစေ့ချောက်ခြက်ပြောပြီး လူထုကို မလိမ့်တပတ်လုပ်တယ်။ ဒါက တော်သေးတယ်။ ပြည်သူကသိတယ် သူ့ သောက်ကျင့်ကို။ ဘာမှသာ ပြန်မပြောပေမယ့် ခုနေ ရွေးကောက်ပွဲထပ်လုပ်ပြီး ကြံ့ဖွံ့ကနေပဲ သူ့ကို ထပ်ဝင်ပြိုင်ခိုင်းကြည့် ပြည်သူ့ခံစားမှုဘာလဲဆိုတာ ပြကြလိမ့်မှာပဲ။ အေး တခုတော့ရှိတယ် အင်န်အယ်လ်ဒီကနေဝင်ပြိုင်ရင်တော့ လူမကြည့်နဲ့ပါတီကြည့်မူနဲ့ အမတ်ဖြစ်ပြီး လွှတ်တော်ထဲ ပြန်ရောက်ရင်ရောက်သွားနိုင်တယ်။ ဒါတောင် မသေချာဘူး။ လူတွေ ပျဉ်းဖိုး နည်းနည်းပါးပါးတွက်တတ်နေပြီ။

ခု နောက်တလှမ်း လှမ်းလာပြန်ပြီ။ ဒီခြေလှမ်းက အရေးကြီးပါတယ်။ နိုင်ငံရေးအရရော ဥပဒေကြောင်းအရရော၊ အုပ်ချုပ်ရေးပိုင်းအရရော။ သူ့ပါတီထဲမှာဖြစ်တဲ့ကိစ္စ ပါတီတွင်းအရေးယူတဲ့ကိစ္စကို လွှတ်တော်ထဲ ဆွဲသွင်းပြီး အရေးကြီးကော်မရှင်ရဲ့ဥက္ကဌနဲ့ ပါတီဝင်အများအပြားဖြစ်နေလို့ပဲ ကြံ့ဖွံ့ထဲကနေ တမင်ထုတ်လိုက်သယောင်ယောင် ထင်မြင်ချက်တွေ လူထုအကြားဖြစ်စေချင်တဲ့စေတနာနဲ့ နိုင်ငံရေးရည်ရွယ်ချက်ပါပါ ခြေလှမ်းရှိရှိလုပ်တာလို့မြင်တယ်။

ကြေညာချက် နံပတ်ရှစ်မှာ ၈။ ယခုဖြစ်စဉ်ဖြစ်ရပ်များသည် ပါတီနှင့်သာသက်ဆိုင်သည့် အကြောင်းအရာတစ်ရပ် ဖြစ်သော်လည်း နိုင်ငံတော်နှင့်နိုင်ငံသားအကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်းဖြင့်သက်ရောက်မှု တစ်စုံတစ်ရာရှိလာနိုင်သည်ဟုယူဆပါသည်လို့ဆိုထားတယ်။ ဒါဟာ ဘယ်သူ့ကိုသွယ်ဝိုက်ခြိမ်းခြောက်တာမှန်း၊ ဘယ်သူ့ကို မျက်စလှမ်းပြစ်တာမှန်း၊ ဘယ်သူ့ကို စကားလှမ်းခေါ်မှန်း အလွန်သိသာသလို ပြည်သူတွေကပဲ သူ့အတွက်ကြောင့် မခံမရပ်နိုင်ဖြစ်ပြီး ပေါက်ကွဲအုံကြွလာတော့မယ့်အချိုး ချိုးပြတာပါ။ လူထုနဲ့၊ လွှတ်တော်နဲ့၊ အစိုးရနဲ့၊ အင်န်အယ်လ်ဒီပါတီနဲ့၊ စစ်တပ်နဲ့၊ ကြံ့ဖွံ့နဲ့ကြားမှာ မီးစတစ်စ စမ်းချကြည့်တာလို့မြင်ပါတယ်။

ကျနော်တို့ သတိရှိကြဖို့ပါ။ ပြောစရာရှိပြောကြဖို့ပါ။ လူထုအကျိုး တိုင်းပြည်အကျိုးပဲ တည့်တည့်ကြည့်ကြဖို့ပါ။ အဲ့ဒါနဲ့ သွေဖည်လာပြီဆို ဒေါ်အောင်ဆန်းစုကြည်မကလို့ ဘယ်သူဖြစ်ဖြစ်ပါ၊ အင်န်အယ်လ်ဒီမကလို့ ဘာပါတီဖြစ်ဖြစ်ပါ ပြောစရာရှိပြောကြဖို့ပါ။ ဝေဘန်ကြဖို့ အကြံပေးကြဖို့ ထောက်ပြပေးကြဖို့လိုသလို အဲ့ဒီအကျိုးတွေအတွက်ဆို ထောက်မပေးကြ။ ပူးပေါင်းပေးကြဖို့၊ ဝန်းရံပေးကြဖို့။ ကူညီပေးကြဖို့လည်း လိုပါတယ်။

သိတ်လိုအပ်လာရင်တော့ ပြစ်တင်ရှုတ်ချတာ၊ ရာဇာပလ္လင်ပေါ်ကဆွဲချတာတွေအထိ လုပ်ရမှာပါ။
ဒါနိုင်ငံရေးပါ။ အားနာစရာကိစ္စမဟုတ်ပါ။ ဧည့်သည် ထမင်းဖိတ်ကျွေးတာ မဟုတ်ပါ။
ဧပြီ ၂၇၊ ၂ဝ၁၆

လူကျင့်တရားနဲ့ကိုယ်ကျင့်တရား(မျိုးမြင့်ချို)

0 comments
ခင်ဗျားဟာခင်ဗျား ဘာလူမျိုးဖြစ်ဖြစ် မဖြစ်ဖြစ်၊
ဘာသာသာ ကိုးကွယ်ကွယ် မကွယ်ကွယ်၊
ဘယ်နိုင်ငံသား ခံယူယူမယူယူ
ကမ္ဘာမြေရဲ့တနေရာရာမှာ မတရားမှု နိုင့်ထက်စီးနင်းမှု မမျှတမှု လူမဆန်မှုတွေမြင်နေပါရက်နဲ့
အားနည်းသူ ဖိနှိပ်ခံရသူ မတရားအလုပ်ခံရသူ အနိုင်ကျင့်နှိပ်စက်ခံရသူဘက်က အနိမ့်ဆုံးအဆင့် စာနာပေးတာ သနားကရုဏာသက်တာလောက်တော့ လူသိရှင်ကြား လုပ်အပ်တာပါပဲ။

ဒီ့ထက်ပိုရင်တော့ အဲ့ဒီလူတွေဘက်က ရပ်တည်ပေး အရေးဆိုပေးတာ ကူညီထောက်ပံ့ပေးတာတွေလုပ်ပေါ့။

ဒီ့ထက်ပိုရင်တော့ အဲ့ဒီလူတွေအတွက် အဲ့ဒီလူတွေနဲ့အတူ တိုက်ပွဲဝင်ပေါ့။ 
ကိုယ်နိုင်သလောက် ထမ်းရုံပေါ့။

ဒါဟာ လူကျင့်တရားပဲ။ လူကျင့်ဝတ်ပဲ။ လူဆန်မှုပဲ။ လူ့မေတ္တာတရားပဲ။

ကိုယ်ကျင့်တရားဆိုတဲ့ခေါင်းစဉ်အောက်ကနေ ပညတ်တော်ဆယ်ပါးတွေ၊ ပရောဖက်မိုဟာမက်ဒ်ပြောတာတွေ၊ ဆယ်ပါးသီလတွေ စောင့်ထိန်းကျင့်ကြံလိုက်တော့နာပါရဲ့ မိမိမျက်မှောက်တင် မတရားမှုထင်ရှားရှိပါလျက် ဥပက္ခောသဘောရော လျစ်လျူရှုတဲ့သဘောရောဆောင်ပြီဆို ဒီလူဟာ လူကျင့်လူကြံမကြံသူ လူကျင့်တရားပျက်သူ
လူစိတ်မရှိသူ လူမဆန်သူပဲ။

သူ့ဟာသူ ဘာစကားပြောပြော၊ သူ့ဟာသူ ဘာကိုယ်ကျင့်တရားပြောပြော၊ သူ့ဟာသူ ဘာအရေခြုံထားခြုံထား။ မျိုးမြင့် ဧပြီ ၂၈၊ ၂ဝ၁၆

နိုင်ငံရေးထဲ အင်န်ဂျီအိုဝင် ဂလောင်ဂလင် သေးနဲ့ပန်းထုတ်(မျိုးမြင့်ချို)

0 comments
ဒီနေ့ မိတ်ဆွေတယောက်ဆီက အတွင်းသတင်းတခုကြားလို့ပါ။ Union Ceasefire Joint Monitoring Committee (UJMC) အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ကော်မတီနဲ့ ဒေါ်အောင်ဆန်းစုကြည်(နိုင်တိုင်ပင်)တွေ့တော့ ဒီပရောဆက်တခုလုံးမှာ ပါဝင်သင့်ပါဝင်ထိုက်သူများကိစ္စဆွေးနွေးကြတာလည်း ပါပါတယ်။

သတင်းတွေမှာ အသေးစိတ်အချက်အလက် အစည်းအဝေးမှတ်တမ်းတွေ ထုတ်ပြန်ရိုးမရှိတာမို့ ဒီသတင်းက အပြင်တော့ တရားဝင်ထွက်လာဖို့ မရှိသေးပါ။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရပ်ဘက်ကလူတွေပါ ပါနေတာတွေ့လို့ ဝမ်းသာကြောင်းနဲ့ ပါဖို့လိုအပ်ကြောင်းကို အလေးအနက်ထောက်ပြသွားသလို “အရပ်ဘက်အဖွဲ့အစည်း(သူတို့ပြောတဲ့ စီအက်စ်အို)ကလူတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဝင်ပါစရာ မလိုအပ်ကြောင်း“ ပြောသွားတယ်လို့ဆိုပါတယ်။

ဒီနေရာမှာတွေးရမှာ ဒီကိစ္စဟာ ပြည်သူတရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ် ဆိုတာရယ် ပြည်သူတရပ်လုံး တက်တက်ကြွကြွ မပါဝင် ပါဝင်လာအောင် အစိုးရဘက်က ဖွင့်ပေးထားရမယ် ဖိတ်ခေါ်ရမယ်ဆိုတာရယ်ကို လေးနက်ဖို့ပါ။ တကယ်တမ်းဆုံးဖြတ်ချက်တွေချတဲ့အခါမှာတော့ ပြည်သူ သန်း ၆ဝလုံး(ပဲထားပါ) ပါလို့မရပေမယ့် ပြည်သူအများတကာ့အများစုကြီးရဲ့သဘောထားတွေ လိုအင်ဆန္ဒတွေကိုထင်ဟပ်တဲ့ အဆုံးအဖြတ်တွေပဲဖြစ်ရမှာပါ။

ပြည်တွင်းစစ်ဟာ အကြီးဆုံးပြသနာပါ။ အကျေလည်ဆုံး မှန်မှန်ကန်ကန် တာဝန်ခံမှုရှိရှိဖြေရှင်းနိုင်မှ ရမယ့်ကိစ္စပါ။ တိုင်းပြည်ရဲ့ သေရေးရှင်ရေးပါ။ ဒီလောက်ကြီးမားတဲ့ကိစ္စကြီးကို အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုခေါင်းဆောင်များကသာ လူထုဆန္ဒကိုထင်ဟပ်ပြီး ဆုံးဖြတ်ရမှာပါ။

ကူညီပေးသူ၊ ဝန်းရံပေးသူ၊ သက်သေလုပ်ပေးသူ၊ ကြားဝင်ညှိနှိုင်းပေးသူ စောင့်ကြည့်ပေးသူ စတာတွေလိုပေမယ့် ဒီလူတွေဟာ အဆုံးအဖြတ်ပြုရမယ့်သူတွေ မဟုတ်ပါ။ အဲ့ဒီလူတွေထဲမှာ အင်န်ဂျီအိုတွေ(စီအက်စ်အို)ကလူတွေလည်း ပါနိုင်ပါတယ်။ ဒီလူတွေဟာ ဒီဖြစ်စဉ်ကြီးမှာ ပေါ်လစီမိတ်ကားစ်တွေမဟုတ်သလို ဒဇီးရှင်န်မိတ်ကားစ်တွေလည်း မဟုတ်ပါ။
ဒါ့ကြောင့် ဒီလူတွေကို ဒီဖြစ်စဉ်ရဲ့ မူချမှတ်သူ ဆုံးဖြတ်ချက်ချမှတ်သူနေရာတွေမှာ ထားလို့မရပါ။ ထားဖို့မလိုပါ။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ “စီအက်စ်အိုကလူတွေ ပါစရာမလို“လို့ပြောတာ ဖြစ်နိုင်ပါတယ်။

ဟုတ်တယ်ဆို ကောင်းပါတယ်။ ဒေါ်စုပြောတဲ့အတိုင်း ၂၁ ရာစုပင်လုံညီလာခံဟာ ဒေါ်စုပြောသလို ဖုတ်ပူမီးတိုက်လုပ်လို့ရ/မရ၊ လုပ်ဖို့လို/မလို၊ လက်တွေ့ကျ/မကျ။ ဖြစ်နိုင်ခြေရှိ/မရှိတွေက တပိုင်းပါ။
ကျနော်ကတော့ ဒီဖြစ်စဉ်ကြီးရဲ့ ပေါ်လစီမိတ်ကား ဒါမှမဟုတ် ဒဇီးရှင်န်မိတ်ကားလိုနေရာမျိုးတွေမှာ စီအက်စ်အို(အင်န်ဂျီအိုလိုလို)၊ နိုင်ငံရေးလိုလို၊ ၈၈ မျိုးဆက်ကြီးတခုလုံးကိုပဲကိုယ်စားပြုသလိုလိုနဲ့ စစ်အုပ်စုကြိုက် ငြိမ်းပွင့်ခေါင်းဆောင်ဦးကိုကိုကြီးမှမဟုတ် အခြားသူလိုလူတွေ ဘယ်သူပါပါ မနှစ်မြို့ပါ။ မျိုးမြင့်ချို ဧပြီ ၂၈ ရက်၊ ၂ဝ၁၆

မတော်ရာခွတဲ့အမှု (မျိုးမြင့်ချို)

0 comments
“ခွင့်ပြုထားတဲ့နေရာနဲကြွေးကြော်သံတွေမဟုတ်တာကြောင့် အမေရိကန်သံရုံးရှေ့ ဆန္ဒထုတ်ဖော်မှုကို တရားစွဲမယ်“ဆိုပဲ သဘောက “ဘာသာရေးလူမျိုးရေး ခွဲခြားဆက်ဆံမှုတွေတော့ လုပ်လို့ရတယ် ခွင့်ပြုတဲ့နေရာမှာဆန္ဒမပြလို့ ပြခွင့်လာတင်တုန်းက ပြောခဲ့တဲ့ကြွးကြော်သံတွေ မဟုတ်လို့သာ“တရားစွဲမယ့် သဘောပဲ။ ဒီ့ထက်မပိုဘူး။

ဒီလိုပုဒ်မနဲ့တရားစွဲမှာဆို ဘယ်သူ့ကိုစွဲစွဲ လက်ခံစရာအကြောင်းကို မရှိဘူး။ ခုလိုဆိုတော့ “လူပဲကွာ သူ့ဆန္ဒ သူ့ဘာသာ ဘယ်နေရာပြပြ ဘယ်သူ့ဆီကမှ ဘာခွင့်ပြုချက်မှတောင်းစရာမလိုသလို ကြွေးကြော်သံလည်း သူတိုင်ချင်ရာ တိုင်မှာပေါ့“လို့ စည်းလွတ်ဝါးလွတ် ဆိုလိုခြင်းမဟုတ်။ မတရားတဲ့ဥပဒေတွေကို ဖီဆန်တဲ့နေရာမှာ ဖိနှိပ်သူဆီက ခွင့်ပြုချက်မလိုဆိုလိုတာပါ။ တရားဥပဒေ မစိုးမိုးတဲ့ပြည်မှာ မတရားတဲ့ဥပဒေတွေကို ခင်ဗျားက ခွင့်ပြုချက်မယူပဲဆန္ဒပြလို့ အစိုးရကဖမ်းရင် ခင်ဗျားဘက်က ကျနော်ရပ်တည်ပေးမှာပဲ။ ခုနေ လွှတ်တော်ထဲက စစ်အမတ်တွေထွက်သွားလို့ ခင်ဗျားတို့လမ်းပေါ်ထွက် ဆန္ဒပြလို့ အစိုးရက ဒီပုဒ်မနဲ့အရေးယူရင် ဒီအစိုးရကို ဒီလုပ်ရပ်အတွက် ကျနော် ဆန့်ကျင်ကန့်ကွက်မှာပဲ။

တရားဥပဒေစိုးမိုးပါတယ်ဆိုတဲ့ ဒီမိုကရေစီဆိုတဲ့ပြည်ကြီးတွေမှာတောင် သက်ဆိုင်ရာအာဏာပိုင်ဆီ အသိပေးအကြောင်းကြားတာ လုပ်ရပါတယ်။ တချို့နိုင်ငံတွေမှာ နေရာ လူအရေအတွက် အချိန် စတာတွေအတွက် ခွင့်ပြုချက်လိုပါတယ်။ အကြောင်းခံတွေရှိပါတယ်။

ဒီနေရာမှာ ပြောလိုတာက ဒီပုဒ်မနဲ့အရေးယူမယ်ဆိုတာထက် ဘာသာရေး လူမျိုးရေး သွေးခွဲလှုံ့ဆော်မှု ခွဲခြားဆက်ဆံမှုဆိုင်ရာ ဥပဒေတွေ ပုဒ်မတွေနဲ့ အရေးယူရမှာပါ။ ကျနော်တို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံကို နိုင်ငံရေးအနှစ်သာရအရ မကြိုက်ပေမယ့် အဲ့ဒီ ဖွဲ့စည်းပုံထဲမှာ ဒီလိုအပြုအမူတွေ အပြောအဆိုတွေ လှုပ်ရှားမှုတွေမလုပ်ဖို့ တားမြစ်ထားတာရှိမှန်း ကျနော်တို့သိတယ်။ အလားတူပဲ လုပ်ရင် ဘယ်ပုဒ်မနဲ့ ဘယ်လိုတရားစွဲပြီး ဘယ်လောက်အပြစ်ပေးရမယ်ဆိုတဲ့ ဥပဒေ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေရှိတာလည်းသိတယ်။

ဥပဒေကရှိပါလျှက် မကျင့်သုံးတာကိုပဲ အသက်မဝင်တာကိုပဲ တရားဥပဒေစိုးမိုးမှုမရှိဘူးလို့ (ယေဘုယျ)အနက်ဖွင့်နေကြတာမဟုတ်လား။ ဒါဆို တရားဥပဒေစိုးမိုးရေးကြွေးကြော်သံနဲ့ တက်လာတဲ့အရပ်တပိုင်းအစိုးရက နိုင်ငံရေးအနှစ်သာရတွေခနထားလို့ အဲ့ဒီ လူလူခြင်း ဘာသာ လူမျိုးမခွဲခြားရပြဌာန်းချက်ပါ ဥပဒေစိုးမိုးရေးလေးလောက်တော့လုပ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ကြတယ်မဟုတ်လား။

တကယ့်လက်တွေ့မှာ ဘယ်အခြေဆိုက်နေသလဲလည်း ကျနော်တို့မြင်နေရတာပဲမဟုတ်လား။ တကယ့်အာဏာရဲ့သော့ချက်က ဘယ်နားမှာနဲ့ သေနတ်ပြောင်း(တပ်ကို)ကို အမိန့်ပေးနိုင်သူဟာ အာဏာကိုင်ထားနိုင်သူဖြစ်ကြောင်းလည်း ထင်ရှားသထက် ထင်ရှားလာပြီမဟုတ်လား။

ဆိုတော့ ဒီအစိုးရပဲဖြစ်ဖြစ် ဘယ်အစိုးရပဲဖြစ်ဖြစ် ဒီဥပဒေပြဌာန်းထားပြီး ဒီပုဒ်မနဲ့တရားစွဲတာကို လက်ခံစရာ ထောက်ခံစရာမရှိဘူး။ သူတို့ရဲ့မတရားတဲ့ဥပဒေတွေဖျက်သိမ်းဖို့ ဒီနည်းနှင်နှင်ဆန္ဒပြကြည့် ခင်ဗျားလည်း ဒီပုဒ်မနဲ့ဆွဲစေ့မှာပဲ။

ကျနော်တို့ဟာ ဒီ အစွန်းရောက်သမားတွေကို ဒီဥပဒေ ဒီပုဒ်မနဲ့တရားမစွဲပဲ လူလူခြင်း ဘာသာရေး လူမျိုးရေးခွဲခြားမှုတွေအတွက်နဲ့သာ တရားစွဲဆိုပြစ်ဒဏ်ပေးသင့်ကြောင်း ပြောကြရမယ်။ ရုံးတင်တရားစွဲဖို့ ဆိုင်းဘုတ်တွေ ကြွေးကြော်သံတွေ ပြောတာဟောတာတွေမှာ လုံလောက်တဲ့သက်သေအထောက်အထား အချက်အလက်တွေအပြည့်ပဲ။
ဧပြီ ၂၈ ရက်၊ ၂ဝ၁၆

ယောမင်းကြီး ဦးဖိုးလှိုင်နှင့်ရာဇဓမ္မသင်္ဂဟကျမ်း

0 comments
ယောမင်းကြီး ဦးဖိုးလှိုင်နှင့်ရာဇဓမ္မသင်္ဂဟကျမ်း

ယောမင်းကြီးဦးဖိုးလှိုင်ဟုခေါ်သော ယောအတွင်းဝန်ဦးဖိုးလှိုင်သည် ကုန်းဘောင်ခေတ်တွင် ထင်ရှားသောပညာရှင်တစ်ဦးပင် ဖြစ်သည်။ ယောမင်းကြီးသည် သူ၏တီထွင်မှုများစွာကိုပြုလုပ်ခဲ့သော်လည်း ကြွားဝါခြင်းမရှိသူတစ်ယောက်ဖြစ်သည်။ သူ၏များပြားလှစွာသော စာအုပ်စာတမ်းများကိုရေးသားခဲ့သည်။ ယခုခေတ်နှစ်တစ်လီနှစ်ဟုခေါ်သော အမြှောက်အလီကျမ်း၊ ဥတုဘောဇနကျမ်း၊ ကာယနုပသနာကျမ်း စသဖြင့် များစွာရေးသားခဲ့လေသည်။

ဦးဘိုးလှိုင်ကို ၁၁၉၁ ခုနှစ်တွင် မြင်းခြံမြို့ အထက်ရွာပုလဲရွာ၌ ဖွားမြင်သည်။ အဖမှာ ယင်းတောဝန်ကြီး ဖြစ်သည်။ ယင်းတောဝန်ကြီးသည် သာယာဝတီမင်း စိတ်နောက်စဉ် အသတ်ခံရသည်။ ဦးဘိုလှိုင်သည် ငယ်စဉ်ကပင် မင်းတုန်းမင်းသားထံတွင် ခစားထမ်းရွက်သည်။

မင်းတုန်းမင်းသား ဘုရင်ဖြစ်လာသောအခါ သူကောင်းမြှောက်ခြင်းခံရသည်။ အသက် ၂၄ နှစ်အရွယ်တွင် မကွေးမြို့စားဝန်ကြီး၏သမီး ခင်ဖြူနှင့် ထိမ်းမြားလက်ထပ်သည်။ ထိုအချိန်၌ ခင်ဖြူသည် အသက် နှစ်ဆယ်မျှသာရှိသေးသည်။
ဦးဘိုလှိုင်သည် မင်းတုန်းမင်းလက်ထက်မှ သီပေါမင်းလက်ထက်တိုင် အတွင်းဝန်၊ မြို့စား၊ အတိုင်ပင်ခံပညာရှိ စသောရာထူးတို့ဖြင့် အမှုထမ်းရွက်သည်။ တစ်ဖက်တွင်လည်း မြန်မာစာပေလောက၌ ထင်ရှားသော ဝိဇ္ဇာသိပ္ပံပညာရပ်ဆိုင်ရာကျမ်းများကို ပြုစုခဲ့သည်။

မင်းမှုထမ်းဘဝ၌ရှိစဉ် ဦးဘိုးလှိုင်သည် မင်းအလိုလိုက်၊ မင်းအကြိုက်မဆောင်ခဲ့ချေ။ ရာထူးစည်းစိမ်ကို မငဲ့ခဲ့။ မှန်ရာကို ပြောခဲ့၊ ရေးခဲ့၊ ပြုခဲ့သည်။ ဤတွင် မကြာခဏ ဘုရင် မျက်သည်ကို ခံခဲ့ရသည်။ သုံးကြိမ်ထက်မနည်း စည်းစိမ်နုတ်သိမ်းခြင်းခံရသည်။  အကျယ်ချုပ်ချထားခြင်း ခံခဲ့ရသည်။


သီပေါမင်းလက်ထက်တွင် ဦးဘိုးလှိုင်သည် အရာကျခဲ့ပြန်သည်။
ဦးဘိုလှိုင်သည် သက်ဦးဆံပိုင်ဘုရင်စနစ်အရအုပ်ချုပ်မှုကိုတော်လှန်လျက် ပြည်သူ့အာဏာဖြင့်အုပ်ချုပ်မှုကိုကြိုဆိုသည့် "ရာဇဓမ္မ သင်္ဂဟကျမ်း"ကို ရေးသားပြုစုခဲ့ရာ ဘုရင်ကမနှစ်သက်နိုင်အောင်ဖြစ်နေသည်။
ထိုအတောအတွင်း ဘုရင်မင်းမြတ်သည် လွန်စွာအသုံးအဖြုံးကြီးသည်။ "ဘဏ္ဍာတော်ဆိုသည်မှာ ဆင်းရဲသားတို့၏ချွေးနှဲစာမှ ညှစ်ထုတ်ယူ ထားသည်ဖြစ်၍ ကျောက်ခဲသလဲကဲ့သို့ သဘောမထားသင့်ပါ"ဟု ဆိုကာ ဘုရင့်ဘဏ္ဍာရေးအာဏာကိုကန့်သတ်ရန် ကြိုးပမ်းသည်။
ဤတွင် မိဘုရားက "ရှင်ဘုရင်လုပ်ရတာ ငလှိုင်ပေးသရွေ့နဲ့ စားရမတဲ့လား၊ ဒီလိုဖြင့် ရှင်ဘုရင်တောင် မလုပ်ချင်ပါဘူး"ဟူ၍ ဒေါသမာန် ပါပါဖြင့်ပြောရာ သီပေါမင်းကပါနားယောင်လျက် ဦးဘိုးလှိုင်ကို ရာထူးမှချလိုက်သည်။
ဤအကြိမ်သည် နောက်ဆုံးအကြိမ် ရာထူးကျခြင်းဖြစ်သည်။
ထပ်မံ ရာထူးခန့်အပ်ထားခြင်း မခံရတော့ပေ။ သို့ရာတွင် ဦးဘိုးလှိုင်သည် မမှုခဲ့၊ စိတ်ဓာတ်မကျခဲ့။ အေးချမ်းစွာ ခြံဥယျာဉ်အလုပ်ကို လုပ်ကိုင်လျက် မိမိဝါသနာပါသော ကျမ်းပြုခြင်းအလုပ်ကို လွတ်လပ်စွာ ဖိ၍လုပ်ကိုင်ခဲ့လေသည်။

ဦးဘိုးလှိုင်သည် မြန်မာ၊ ပါဠိ၊ သက္ကတစာပေတို့အပြင် မျိုးခြားစာပေများကိုလည်း ဆည်းပူးလေ့လာသည်။ အမှန်တရားကိုစူးစမ်းရှာဖွေ၍လည်း ထုတ်ဖော်လေ့ရှိသည်။ မင်းတုန်းမင်းလက်ထက်တွင် "ကမ္ဘာသည် လုံးသည်၊ ပြားသည်"ဟူသောပြဿနာ ပေါ်ပေါက်ခဲ့ရာ "ကမ္ဘာသည် လုံးသည်"ဟူသော အယူအဆဘက်မှ ရဲဝံ့စွာမားမားမတ်မတ်ရပ်ခဲ့သည်ဆိုသည်။ ထို့ကြောင့် ကနောင်မင်းသားနှင့် ဦးဘိုးလှိုင်တို့သည် အလွန်အတွဲညီကြသည်။ သူတို့သည် ခေတ်သစ်ကိုထူထောင်လိုသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံကို အခြားသောတိုးတက်နိုင်ငံများနည်းတူ တိုးတက်စေလိုသည်။ သို့မှလည်း နယ်ချဲ့ရန်ကို တွန်းလှန်နိုင်မည်ဟု မြင်ထားကြဟန်တူသည်။

ထို့ကြောင့် မြန်မာနိုင်ငံ ခေတ်မီတိုးတက်ရေးကို အစွမ်းကုန်ဆောင်ရွက်ကြသည်။
ဦးဘိုးလှိုင်က သဘောတရားရေးဆရာ၊ ကနောင်မင်းသားက လက်တွေ့ဆရာဖြစ်ရာ အလွန်လိုက်ဖက်ညီကြသည်။
ဘာသျှကာရဆရာ စီရင်သော လိကာဝတီဂဏန်းကျမ်းကို သက္ကတဘာသာမှ မြန်မာဘာသာသို့ ဦးဘိုးလှိုင်ပြန်ဆိုခဲ့သည်မှာ ကနောင်မင်းသား၏တိုက်တွန်းချက်အရ ဖြစ်ပေသည်။

ထိုစဉ်က ကနောင်မင်းသားကြီး၏စီမံကိန်းအရ အင်္ဂလန်၊ ပြင်သစ်၊ အီတလီနိုင်ငံများသို့ မြန်မာ၏ပညာတော်သင်များ စေလွှတ်ခဲ့သည်။
ယင်းတို့အထဲတွင် ဦးဘိုးလှိုင်၏တပည့်များစွာလည်း ပါဝင်သည်။ ဦးဘိုးလှိုင်သည် ထိုသူတို့၏အကူအညီဖြင့် အနောက်တိုင်းဝိဇ္ဇာသိပ္ပံ ပညာရပ်တို့ကို ကောင်းစွာလေ့လာဆည်းပူးခွင့် ရခဲ့သည်။ တစ်ဖန် ယင်းတို့ကိုလေ့လာဆည်းပူးရုံဖြင့် အားမရ၊ မြန်မာလူထုလက်သို့ ရောက်အောင်လည်း ဆီလျှော်အောင် ပြန်ဆိုပြုစုပေးခဲ့သည်။

ဦးဘိုးလှိုင်ရေးသားပြုစုခဲ့သောကျမ်းများမှာ နှောင်းလူတို့ ရှာဖွေတွေ့သမျှ စုစုပေါင်း ၁၄ ကျမ်း ဖြစ်သည်။

ယင်းတို့မှာ-

လိကာဝတီ ဂဏန်းကျမ်း(၁၂၂၅ ခုနှစ်)
လောကဓာတ် ဆေးကျမ်း(၁၂၃၀ ခုနှစ်)
လိပိဒိပိယာကျမ်း(၁၂၃၁ ခုနှစ်)
သဒ္ဒသင်္ဂဟ ကျမ်း(၁၂၃၁-၁၂၃၅ ခုနှစ်)
အဿဗေဒကျမ်း
ဝိမုတ္တိရသကျမ်း(၁၂၃၃ ခုနှစ်)
မဟာ သမ္မတ ဝိနိစ္ဆယကျမ်း(၁၂၃၄ ခုနှစ်)
ကာယာနုပဿနာကျမ်း(၁၂၃၇ ခုနှစ်)
ဝိပဿနာ ဉာဏ်ဆယ်ပါး(၁၂၃၉ ခုနှစ်)
ရာဇဓမ္မ သင်္ဂဟကျမ်း(၁၂၄၀ ခုနှစ်)
နဝသိဒ္ဓန္တ လက်ရိုးကျမ်း(၁၂၄၁ ခုနှစ်)
ဥတုဘောဇန သင်္ဂဟကျမ်း(၁၂၄၂ ခုနှစ်)
အလင်္ကာနိဿယကျမ်း(၁၂၄၂ ခုနှစ်)
မဟာသုဇာတက ကျမ်း(၁၂၄၃ ခုနှစ်) တို့ဖြစ်ကြသည်။

ယင်းတို့အနက် လောကဓာတ်ဆေးကျမ်းသည် ပြင်သစ်ဘာသာဖြင့် ပါမောက္ခ အင်ဒရီ မရီ အမ်ပီယာ (Andre Marie Ampere) ရေးသည့် ဓာတုဗေဒပညာရပ်ဆိုင်ရာကျမ်းကို မြန်မာဘာသာဖြင့်ဆီလျော်အောင်ပြန်ဆိုသော ကျမ်းဖြစ်သည်။
ပြင်သစ်ပြန် ဖန်ချက်ဝန်ထောက် မင်းထင်ပညာသိဒ္ဓိကျော်၏အကူအညီဖြင့် ပြန်ဆိုသည်။ ယင်းကျမ်း၌ ဓာတုဗေဒပညာရပ်ကိုသာမက ရူပဗေဒပညာရပ်ကိုပါ တင်ပြထားသည်။ ဓာတုဗေဒသဘောဖြစ်သော ဓာတ်အကြောင်း၊ ဓာတ်စင်တို့အကြောင်း စသည်တို့ကို တင်ပြသည့်နည်းတူ ရူပဗေဒသဘောဖြစ်သော အလင်း၊ အပူ၊ လျှပ်စစ်၊ အသံ စသည်တို့အကြောင်းကိုလည်းတင်ပြထားသည်မှာ စုံလင်လှပေသည်။

ယင်းကျမ်းသည် ဘာသာပြန်ဆိုပုံကို ကျစ်လစ်သိပ်သည်း၍ အဓိပ္ပါယ်တိကျသည်ဟု ဆိုကြသည်။
ခဲရာခဲဆစ်ဖြစ်သော သိပ္ပံဝေါဟာရတို့ကို မြန်မာအဂ္ဂိရတ်ကျမ်းတို့၌ရှိပြီးဖြစ်သော ပါဠိ၊ သက္ကတ ဝေါဟာရတို့နှင့် ညှိုနှိုင်းပြန်ဆိုထားသည်။
ဥပမာ- အခဲကို ဃန၊ အရည်ကို ဒဝ၊ အခိုးကို ဓုမ၊ ဒြပ်စင်ကို သုဒ္ဓ၊ အောက်စီဂျင်ကို ရီတိဇ စသည်ဖြင့် ပြန်ဆိုထားသည်။
ထိုခေတ်လူတို့ နှစ်သက်လက်ခံသောဝေါဟာရများကို ဦးစားပေးအသုံးပြုထားခြင်းပင် ဖြစ်သည်။

လိပိဒိပိကာကျမ်းသည် မော့စ် ဥပဒေကို အခြေခံထားလျက် မြန်မာဘာသာဖြင့် ကြေးနန်းရိုက်နည်းကိုတီထွင်ပြုစုသောကျမ်းဖြစ်သည်။
ထိုကျမ်းကို မန္တလေးမြို့၌ရုံးစိုက်သော ဗြိတိသျှကိုယ်စားလှယ် မေဂျာမက္ကမေဟန်က အင်္ဂလိပ်ဘာသာပြန်ဆိုသည်။
မြန်မာမင်းပိုင်နေပြည်တော်အတွင်း ကြေးနန်းသွယ်တန်းဆက်သွယ်ပြီးနောက် ကြေးနန်းဆက်သွယ်ရေးအလုပ်သမားတို့အကျိုးငှာ ပြုစုခြင်း ဖြစ်သည်ဆိုသည်။

ကာယာနုပဿနာကျမ်းသည် အီတာလျံဘာသာဖြင့်ရေးသားထားသော ခန္ဓာဗေဒကျမ်း(Anatomy)ကို ဗုဒ္ဓဘာသာကမ္မဌာန်းတရားနှင့် ယှဉ်ပြသောကျမ်းဖြစ်သည်။

မဟာသုဇာတကကျမ်းမှာမူ ဗေဒင်ပညာရပ်တို့ကို နက္ခတ္တဗေဒ (Astronomy) နှင့် ယှဉ်ပြသောကျမ်းဖြစ်သည်။

အထင်ရှားဆုံးမှာ "ဥတုဘောဇန သင်္ဂဟကျမ်း" ဖြစ်သည်။
နောက်ဆုံး ရာထူးကျပြီးနောက် ရေးသားပြုစုသောကျမ်းဖြစ်သည်။
ပါဠိ၊ သက္ကတဆေးကျမ်းများနှင့် အနောက်တိုင်းဆေးကျမ်းတို့ကိုမှီငြမ်းပြုကာ မြန်မာ့မူ၊ မြန်မာ့ဟန်မပျက်တင်ပြထားသော ဆေးကျမ်းဖြစ်သည်။
ထိုခေတ် မြန်မာပြည်သူတို့အတွက် ကျန်းမာရေးလမ်းညွှန်ဖြစ်သည်ဟုဆိုလျှင် သင့်ပေသည်။ ထိုကျမ်းကို ဦးဘိုးလှိုင်သည် မကွယ်လွန်မီ ၃ နှစ် အလိုတွင် ရေးသားပြီးစီးခဲ့သည်။

သူ ကွယ်လွန်ပြီးတစ်နှစ်အကြာတွင် ၁၂၄၆ ခုနှစ်တွင် သီပေါဘုရင် ပုံနှိပ်တိုက်၌ရိုက်နိုပ်ခဲ့သည်။
ဥတုဘောဇနသင်္ဂဟကျမ်းသည် ဆေးပညာအနေဖြင့် အဖိုးထိုက်သောကျမ်းတစ်ကျမ်းလည်း ဖြစ်သည်။ မြန်မာစကားပြေ အရေးအသား အနေဖြင့်လည်း အဖိုးထိုက်သောကျမ်းတစ်ကျမ်း ဖြစ်သည်။ စံပြုထိုက်သော ကျမ်းဖြစ်သည်။ အရေးအသားမှာ အပိုအလို မပါ။
လွန်စွာ ကျစ်လစ်သိပ်သည်းသည်။ တိကျသည်။ ရှင်းလင်းသည်။ ပြတ်သားသည်။ ထိုကျမ်း၌ ကာဗွန်ကို မီးသွေး၊ Acid ကို ငရဲမီး၊ Beer ကို ဗျစ်ခါး စသည်ဖြင့် ပြန်ဆိုထားသည်။ မြန်မာဘာသာပြန်ဆို၍မထိမိသော ဝေါဟာရများကိုမူ ဟိုက်ဒရော်ဂျင် (Hydrogen)၊ အောက္ကစီဂျင် (Oxygen)၊ နိုက်ထရကာစစ် (Nitric Acid)၊ ကလော်ရစ် အာစစ် (Chloric Acid)၊ ဝှစ္စကီ (Whisky)၊ ဗြန္တီ (Brandy)၊ ရွန် (Rum)၊ ဝိုင် (Wine)၊ ဇင် (Gin) စသည်ဖြင့် အသံလှယ် ပြန်ဆိုထားခဲ့သည်။ နည်းမှီး အတုယူဖွယ်ပင် ဖြစ်လေတော့သည်။ မြန်မာ့သမိုင်းတွင် မက္ခရာ မင်းသားကြီးသည် ရီး၏ စွယ်စုံကျမ်း ( Ree's Encyclopedia)မှ သိပ္ပံပညာရပ်အချို့ကို မြန်မာဘာသာပြန်ဆိုသည်ဟု ဆိုသည်။
သို့ရာတွင် အခိုင်အခံ့ကား မကျန်ခဲ့ပေ။

မက္ခရာ မင်းသားကြီးနည်းတူ အခြား ပြန်ဆိုသူများ ရှိကောင်းရှိဦးမည်လား မဆိုနိုင်ပေ။ သို့ရာတွင် အခိုင်အခံ့ကား မကျန်ခဲ့ပေ။ အခိုင်အခံ့ ရပ်တည်ကျန်ရှိနေသည်ကား ဦးဘိုးလှိုင်၏သိပ္ပံစာပေတို့သာ ဖြစ်သည်။

ဤတွင် မြန်မာလူမျိုးများထဲ၌ အနောက်တိုင်းသိပ္ပံစာပေကို အခိုင်အခံ့တည်ရစ်အောင် ပထမဆုံး ပြန်ဆိုပြုစုခဲ့သူမှာ ဦးဘိုလှိုင်ပင်ဖြစ်သည်ဟု ဆိုသော် ရအံ့ထင်သည်။

ဦးဘိုးလှိုင်သည် ယင်းသို့ပညာအရာ၌ စံတင်ထိုက်သည်သာမက စိတ်ဓာတ်အရာတွင်လည်း စံတင်ထိုက်သည်။

သက်ဦးဆံပိုင်ဘုရင်ထံပါးတွင် အမှုထမ်းရပါလျက် အသက်အိုးအိမ် စည်းစိမ်ကို ဂရုမပြု။ ပြည်သူတို့ဘက်မှနေ၍ မှန်ရာကို ပြောခဲ့၊ ရေးခဲ၊ ပြုခဲ့သည်မှာ လွန်စွာအံ့ချီးဖွယ်ရာ ဖြစ်ပေသည်။ ဦးဘိုးလှိုင်သည် သူရသတ္တိနှင့်ပြည့်စုံသည်သာမက၊ အလွန်ဖြောင့်မတ်၏။ ပွင့်လင်း၊ ပြတ်သားသည်။ ထို့ပြင် ခွင့်လွှတ်တတ်သောသဘောလည်း ရှိ၏။ ကုန်းချောသောသူများကို မည်သည့်အခါမှ ရန်တုန့်မမူခဲ့ပေ။

တစ်ခါသော် ဦးဘိုးလှိုင်အား အရာကျအောင် မင်းတုန်းမင်းအားကုန်းချောခဲ့သော တောင်ထားဝယ်ဗိုလ်ကလေး ရတနာ့ဂူဘုရားပွဲတော်၌ မီးကျဉ်သင့်၍ သေဆုံးသွားသည်။ ထိုအခါ မင်းမှုထမ်းတစ်ဦးက "ဝန်မင်းကို ကုန်းချောတဲ့သူ သေပါရော့လား။ ရှေးက ဝိပါတ် ၇ ရက်၊ ကာလဝိပါတ် နောက်ပိုးတတ်ဆိုတာ မှန်ပါရော့လား" ဟု ဝမ်းသာအားရ ပြောလာသည်။ ဤတွင် ဦးဘိုးလှိုင်က "သူသေတာ ငါနှင့် မဆိုင်ပါဘူးကွယ်။ သူလည်း သူ့ကံနဲ့သူ။ ငါလည်း ငါ့ကံနဲ့ ငါပါ။ သည်ဟာနှင့်စပ်လျဉ်းလို့ နောက်ထပ် မည်သူ့ကိုမျှမပြောလေနှင့်နော်" ဟူ၍ တားမြစ်ခဲ့လေသည်။

ဦးဘိုးလှိုင်သည် အသက်၅၄ နှစ်အရွယ်၊ ၁၂၄၅ ခုတွင် ကွယ်လွန်သည်။
ကွယ်လွန်ခါနီး တစ်လခန့်အလိုတွင် သူ၏ ငယ်သူငယ်ချင်း ဦးတူကို အိမ်သို့ခေါ်ထားသည်။ သူငယ်ချင်းနှစ်ယောက် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုကြသည်။ ဗုဒ္ဓတရားတော်ကို ဆွေးနွေးကြသည်။ ရွတ်ဖတ်သရဇ္ဈာယ် ပြုကြသည်။
ယင်းသို့ ပြုရင်းပင် ဦးဘိုးလှိုင်သည် သေခြင်းတရားကို တုန်လှုပ်ကြောက်ရွံ့ခြင်း မရှိ။ အေးအေးဆေးဆေး ရင်ဆိုင်သွားခဲ့သည်။

သူကွယ်လွန်သည်မှာ ကာလကြာပြီး ဖြစ်သော်လည်း သူ့အမည်၊ သူ့စာ၊ သူ့စိတ်ဓာတ်၊ သူကြိုးပမ်းချက်တို့ကား မကွယ်ပေ။
ယနေ့တိုင် ရှင်သန်ဆဲပင် ဖြစ်ပေသည်။

မူရင်းအတိုင်းပြန်လည်ဝေမျှပါသည်။

ထာဝရ အေးချမ်းကြပါစေ…

ကုလားကြီးနဲ့အရာကြီးကိစ္စ(မျိုးမြင့်ချို)

0 comments
လူတဦးတယောက်ကို ပစ်မှတ်ထားပြီးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံပါဥပဒေပုဒ်မကို မပြင်နိုင်လို့ လူအမည်တပ်ပြီး နောက်ဥပဒေတခု ထပ်ပြဌာန်းတယ်ဆိုတာ နိုင်ငံရေးအရ မလျော်ကန်ဘူးလို့ ယေဘုယျသဘောပြောလို့ရပါတယ်။

စစ်တပ်ငြိုငြင်မခံနိုင်လို့ မလွန်ဆန်အားလို့ သစ္စာခံပြီးသား ၂ဝဝ၈ နဲ့ ကျမ်းမစူးအောင် ရှောင်ကာတိမ်းကာ ကွေ့ကာပတ်ကာ ကျော်ကာခွကာနဲ့ လုပ်နေရတဲ့အဖြစ်ကိုလည်း ပြည်သူတွေစိတ်လက်မသက်မသာနဲ့ ကြည့်နေရတာပါ။

တလျှောက်လုံး စစ်ပါးဝစစ်အာဏာပြနေတဲ့လွှတ်တော်ထဲက စစ်အမတ်တွေကို နှိပ်ကွပ်နိုင်လိုက်လို့ ဒီမိုကရေစီနည်းကျမဲခွဲဆုံးဖြတ်နိုင်ခဲ့လို့ ပြည်သူတွေ နှစ်ထောင်းအားရ ဖြစ်ခဲ့ကြတာလည်း ဝမ်းသာကြည်နူးစရာပါပဲ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာ သာမန်ဝန်ကြီးတယောက်လောက်တောင်မှ လုပ်ပိုင်ခွင့်(အာဏာ)မရှိပေမယ့် အရပ်တပိုင်းအစိုးရအပေါ် သြဇာငြောင်းတာတော့ အမှန်ပါပဲ။ ခက်တာက အာဏာနိုင်ငံရေးကို သြဇာနဲ့လုပ်မရသလို မေတ္တာတရားနဲ့လည်း သွားမရပါ။

စစ်ဒုသမ္မတအပါအဝင် စစ်ဝန်သုံးပါးက ကာချုပ်ပေးတဲ့အကြံညာဏ်ကလွဲလို့ ဘယ်သူပေးတာမှ မယူလည်းဖြစ်တဲ့အနေအထားပါ။ အကြံမယူလို့ လက်ဖျားနဲ့တောင် သွားတို့လို့မရပါ။ အစိုးရထဲက သူ့ကောင်တွေ သိပ်ရုပ်ပျက်ဆင်းပျက်ဖြစ်လာရင် မင်းအောင်လှိုင်က လူလဲပေးမှာပါ။

ကျနော်တို့လုပ်ရမှာက အရပ်တပိုင်းအစိုးရ လုပ်ပါ့မယ်လို့ပြောထားတွေချည်းဖြစ်သလို စစ်အုပ်စုကခါးခါးသီးသီး ငြင်းဆန်နေတဲ့အရာတွေလည်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံ ဒီမိုကရေစီကျအောင်ပြင်ဖို့၊ တရားတဲ့ဥပဒေစိုးမိုးဖို့။ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဖို့၊ ဖက်ဒရယ်လ်ပြည်ထောင်စုတည်ဆောက်ဖို့တွေပါ။

ကျနော်တို့ရည်မှန်းချက် တူနေကြဆဲပါ။ ရပ်တဲ့နေရာတူနေကြဆဲပါ။ ရောက်တဲ့နေရာနဲ့ ရတဲ့နေရာပဲမတူတာပါ။ ရပ်တဲ့နေရာတူသမို့ ရောက်တဲ့နေရာက ရတဲ့နည်းနဲ့ လုပ်ကြဖို့ပါ။ မျိုးမြင့်
ဧပြီ ၂၄ ရက်၊ ၂ဝ၁၆

Wednesday, April 27, 2016

ချိုးငှက်ကိုဒုံးပျံနဲ့ပစ်ချနေတဲ့စစ်အုပ်စု

0 comments
ချိုးငှက်ကိုဒုံးပျံနဲ့ပစ်ချနေတဲ့စစ်အုပ်စု

ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲတွေထဲက ကောင်းတာတခု ထပ်ထွက်လာပြန်ပါပြီ။ အဲဒါကတော့ ကြံ့ဖွတ်ပါတီ ခေါင်းဆောင်မှုထဲက အက်ကွဲကြောင်းကြီး ထင်ထင်ရှားရှား ပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ ဗိုလ်ရွှေမန်းအပါ ကြံ့ဖွတ်ထိပ်သီး ၁၇ ယောက်ကြီးများတောင် “အနားယူခွင့်”(ထုတ်ပစ်) ပေးလိုက်တာပါ။ 

သူတို့လည်းလေ လောကီသားပေမို့လို့ ပြောရမလား၊ သူတို့လည်းလေ ဗိုလ်ချုပ်များပေမို့လို့ ပြောရမလားမသိ၊ ပုခုံးပေါ်မှာ ဘားတပြောင်ပြောင်၊ ကြယ်တဝင်းဝင်းနဲ့ ဗမာပြည်က စစ်အုပ်စုအဆက်အဆက်ဟာ အခုလို မြေပေါ်ကို ပစ်ချလိုက်တဲ့အခါမှာ သင်းတို့ဟာ ကျီးအာသီး သာဖြစ်ကြောင်း၊ အတွင်းမှာ ပုပ်လိုက်နေတာသာဖြစ်ကြောင်း ကမ္ဘာက မြင်တွေ့ကြရပြန်ပါတယ်။


တခါမဟုတ်၊ နှစ်ခါမဟုတ်၊ မှတ်မှတ်ရရ ဒါပါနဲ့ဆိုရင် သုံး၊လေးခါ ရှိပါပြီ။ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဦးနုရဲ့ သန့်ရှင်းဖဆပလ က အပြတ်အသတ်နိုင်ပြီးတဲ့နောက် မိတ္ထိလာတပ်မှူးများညီလာခံမှာ ဗိုလ်နေဝင်းက သူတို့ထဲကလူတွေ ရွေးကောက်ပွဲမှာ တည်မြဲဖဆပလ ဘက်ကို ပင်းတယ်လို့အပြစ်ပုံချပြပြီး ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်သိန်းတုတ် စတဲ့ သူနဲ့မတည့်သူတွေကို တပ်ကထွက်ခိုင်းခဲ့တာကို သတိရကြမယ်လို့ထင်ပါတယ်။


နောက်တခါ မပြောမဖြစ်ပြောရမှာက ၁၉၇၇ ခုနှစ် မဆလပါတီ တတိယညီလာခံရဲ့ အရေးပေါ်ညီလာခံမှာတော့ ဗိုလ်နေဝင်းဟာ သူ့အောက်က ဦးထွန်းလင်း၊ ဦးသန်းစိန်၊ ဦးကျော်ဇောစတဲ့ ဗိုလ်ကနေ ဦးပြောင်းထားသူတွေကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားလုပ်လို့ (အဲဒီအမှုဟာ နို့ဆီသကြားအမှုလို့ နာမည်ထွက်ခဲ့ပါတယ်) ဆိုပြီး ဗဟိုကော်မတီတွေအပါ ဂိုဏ်းအလိုက်အရေးယူတဲ့သဘောမျိုး ထုတ်ပစ်ခဲ့ပါတယ်။ ပြဿနာစတာက ဗိုလ်နေဝင်းထက် ဗိုလ်စန်းယုက မဲပိုရနေလို့ လို့ပြောကြပါတယ်။


ဒါပြီးတော့ ၁၉၉၇ ခုနှစ်မှာ နဝတ ကနေ နအဖ ကို ပြောင်းတဲ့အခါမှာလည်း ဧရာမအရေးယူမှုကြီးတခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချီမှာ ဗိုလ်ကျော်ဘ၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်ချစ်ဆွေ၊ ဗိုလ်ဖုန်းမြင့်၊ ဗိုလ်မြသင်း၊ ဗိုလ်မြင့်အောင်၊ ဗိုလ်မျိုးညွန့်၊ ဗိုလ်မောင်သင့်၊ ဗိုလ်အေးသောင်၊ ဗိုလ်မောင်မောင်ခင်၊ ဗိုလ်ကျော်မင်း၊ ဗိုလ်အောင်ရဲကျော်၊ ဗိုလ်မောင်မောင်ခင်၊ ဗိုလ်စိုးမြင့်ဆိုတဲ့ ဗိုလ်ချုပ်အဆင့် ထိပ်သီး ၁၄ ဦးကို အပြုံလိုက် အရေးယူဖယ်ရှားခဲ့ပါတယ်။


စစ်အုပ်စုအတွင်းမှာ ဒီလိုကျူပင်ခုတ် ကျူငုတ်ပါမကျန်လုပ်တာတွေအပြင် ဗိုလ်စောမောင်၊ ဗိုလ်တင်ဦးစသူတွေ၊ ဗိုလ်ခင်ညွန့်နဲ့သူ့တပည့် လက်ကိုင်တုတ် ထောက်လှမ်းရေးတွေကိုဖြုတ်ပစ်တာလို တဦးချင်းအလိုက်၊ အစုလိုက် အရေးယူပစ်တာတွေလည်း မကြာခဏဆိုသလို အများအပြားရှိပါသေးတယ်။ ဒါတွေကိုကြည့်ပြီး လူတချို့က ဒါဟာ တခြားအဖွဲ့အစည်းတွေကို အစဉ်တစိုက် သပ်လျှိုဖြိုခွဲသူနေခဲ့သူတွေ ဝဋ်လည်တာလို့ဆိုချင်သူက ဆိုကြပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီလိုပြောရင် လွယ်လွန်းရာကျမယ်လို့ ထင်ပါတယ်။ တကယ်ကတော့ ကိုယ်ကျိုးသက်သက်အပေါ်မှာ အခြေခံစုစည်းထားတဲ့ လူအစုအဝေးတခုဟာ ကိုယ်ကျိုးကြောင့်ပဲ ကွဲအက်၊ ပဲ့ထွက်တာ မဆန်းဘူးလို့ မြင်မိပါတယ်။


ဒီလို အစိုးရအပြောင်းအလဲ၊ ကြံ့ဖွတ်ထိပ်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့အကြားကပဲ ဗမာပြည်မှာ မပြောင်းမလဲ ဆက်တည်ရှိနေတဲ့အနိဋ္ဌာရုံတွေက မနည်းပါဘူး။ အဲဒီဟာတွေအထဲက အဆိုးဝါးဆုံးတခုကတော့ ပြည်တွင်းစစ်ပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်သာမက ရခိုင်ပြည်နယ်မှာပါ မပြတ်ပြုလုပ်နေတဲ့ထိုးစစ်တွေဟာ အရေအတွက်ပိုများ၊ အတိုင်းအတာ ပိုကြီးလာနေပါတယ်။ ဒီနေ့အခါမှာ နိုင်ငံတော်အာဏာကို ကိုင်မထားနိုင်ပေမယ့် စစ်တပ်အာဏာကို ကိုင်ထားနိုင်တဲ့ ဗိုလ်နေဝင်းအမွေ ဆက်ခံသူ စစ်အုပ်စုက လုပ်ချင်တိုင်းလုပ်နေတာကို ၂ဝဝဂ ဖွဲ့စည်းပုံဥပဒေနဲ့ ခြေမန်းကွင်းစွပ်ခံထားရတဲ့၊ အသစ်တက်တဲ့အစိုးရဟာ လက်ပိုက်ကြည့်ရသလိုဖြစ်နေတာ တွေ့ရပါတယ်။ အဓိပ္ပာယ်က ဒီနိုင်ငံမှာ လက်ထဲသေနတ်ရှိနေရင် ကိုယ်ထင်တာလုပ်လို့ရနေတယ်ဆိုတာ ဖြစ်ပါတယ်။


ပြည်တွင်းစစ်ကိစ္စဟာ ဗမာပြည်နိုင်ငံရေးရဲ့ ထိပ်ဆုံးထားရတဲ့အရေးကိစ္စတခု ဖြစ်ပါတယ်။ ဗမာပြည်မှာ တက်လာတဲ့အစိုးရတိုင်းဟာ အနည်းဆုံးလိမ်ညာလို့၊ ဟန်ဆောင်လို့ပဲဖြစ်ဖြစ် ပြည်တွင်းစစ်ကိစ္စကို ပြောကြရ၊ ကိုင်တွယ်ကြရပါတယ်။ ဒါဟာ ဗမာပြည်ပြည်သူတွေ အတောင့်တဆုံးအရာမို့ အာဏာရသူတိုင်း၊ နိုင်ငံရေးလုပ်သူတိုင်း လုံးဝနှာစေးနေလို့မရတဲ့ပြဿနာဖြစ်ခဲ့တာ ဒီနေ့အထိပါပဲ။ ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီးကိုလည်း မချုပ်ကိုင်နိုင်၊ စစ်တပ်ကိုလည်းအမိန့်မပေးနိုင်တဲ့နိုင်ငံတော်အစိုးရဆိုတာရဲ့ စွမ်းရည်ကို ပြည်တွင်းစစ် ပြဿနာက စမ်းသပ်နေပါတယ်။ သူ့အဖို့ရှောင်လွှဲလို့မရတဲ့ မေးခွန်းဖြစ်နေပါတယ်။

သေချာတာကတော့ ပြည်သူလူထုမဲပေးတာဟာ ပြည်တွင်းစစ်ကို ဒီစစ်အုပ်စုနဲ့စစ်တပ်က ထင်သလိုလုပ်ခွင့်ပေးဖို့ မဟုတ်ပါဘူး။



ဒါဖြင့် ဒီစစ်တပ်က ဘာလို့အခုအထိ စစ်တလင်းတွေဖန်တီးပြီး ထင်တိုင်းကြဲနေသေးတာလဲ။ အသစ်တက်လာတဲ့ အစိုးရနဲ့ တိုင်းရင်းသားအင်အားစုတွေအကြားမှာ သပ်လျှိုဖို့လား၊ အစိုးရသစ်အတွက် အခက်အခဲတွေဖန်တီးတာပဲလား၊ စဉ်းစားစရာတွေကတော့ အများကြီးပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အရင်းစစ်တော့ အမြစ်မြေကဆိုသလို ဒီလိုပြဿနာတွေပေါ်နေရတာရဲ့ အဓိကအကြောင်းရင်းကတော့ ပြည်သူတွေက မဲမပေးဘဲ ပြည်သူတွေကမဲပေးအတည်ပြုတယ်လို့ လိမ်ညာအတည်ပြုခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကြောင့်ဆိုတာ တွေ့ရမှာပါ။


တည်မြဲ ဖဆပလ နဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေဟာ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲမှာ မနိုင်လည်းနိုင်ရမယ်၊ နိုင်လည်းနိုင်ရမယ်လို့ ကြွေးကြော်ခဲ့တာကို သင်ခန်းစာယူထားသလား အောက်မေ့ရပါတယ်။ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဒီဖွဲ့စည်းပုံအရ တည်ရှိနေသရွေ့ကတော့ ဗမာပြည်က စစ်အုပ်စုနဲ့စစ်ဗိုလ်ချုပ်တွေ ဒူးနှန့်နေမှာသာ ဖြစ်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီဝဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်

Friday, April 22, 2016

သိက္ခာရှိရှိအိမ်ပြန်ချင်သတဲ့လား(မျိုးမြင့်ချို)

0 comments

(သိက္ခာရှိရှိအိမ်ပြန်ချင်သတဲ့လား)
သိန်းစိန် အရေခွံလဲပြီး သမ္မတတက်လုပ်လာကတည်းက “ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေ သိက္ခာရှိရှိအိမ်ပြန်ဖို့“ဆိုတဲ့ဝေါဟာရ တယ်ခေတ်စားတာကလား။

ပြောသူတွေက အဖွဲ့လိုက်ကြီးတွေကိုညွှန်းနေတာလား တယောက်ခြင်းတွေကို ပြောနေတာလားလည်း မကွဲပြားဘူး။ လက်နက်ချပြီးပြန်ချင်တာလား၊ အခွင့်လွှတ်ခံအဖြစ်နဲ့ အညံ့ခံချင်တာလားလည်း မကွဲပြားဘူး။

အလားတူပဲ သိန်းစိန်လက်ထက်မှာ ပြည်နိုင်ငံတွေဆီ ရေသွန်သလို တရဟောထွက်ခွင့်ရလာသူတွေနှုတ်ကနေ သံယောင်လိုက်ပြီး ကြိုက်လုံးတွေပစ်ပစ်ပြီး ချူဆီသွင်းသွားတာတွေလည်း တွေ့ပါတယ်။ ဒီကလူတွေကြိုက်လုံးပစ်ပြီးသာပြောကြပေမယ့် သိက္ခာရှိရှိရဲ့အနက်ကို သူတို့ကိုယ်တိုင် ရေရေရာရာမရှိတာ လက်တွေ့အရသိခဲ့ရဖူးတယ်။ ဘာလဲဗျ သိက္ခာရှိရှိအိမ်ပြန်ဖို့ဆိုတာ သေချာလင်းပါဦးဆိုတော့ အင်းအဲနဲ့ပြီးသွားတာ များပါတယ်။ ရောက်လွယ်အောင်ပြောရရင် သိက္ခာရှိရှိပြန်ချင်ကို ပြောသူရော တဆင့်ပြန်ကြိုက်လုံးပစ်ပြောသူရော ဘူးလုံးနားမထွင်းလုပ်ပြီး စစ်အုပ်စုကို အတွေးအခေါ်ညိုမြ“လုပ်နေတဲ့သဘောဖြစ်နေတယ်။

တချို့ပြောတဲ့ “သိက္ခာရှိရှိ“က ကိုယ့်ကိုယ်ကို ရာဇဝတ်ကောင်ဇာတ်သွင်းပြီး စစ်အစိုးရဆီကနေ “အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်“ကို နိုင်ငံရေးသူဖုန်းစားလို လက်ဝါးဖြန့်ကာဖြန့်ကာ အသံတစာစာနဲ့ တောင်းရမ်းနေကြတာဖြစ်နေတယ်။

ခုလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ဦးထင်ကျော်ဦးစီးတဲ့ အရပ်တပိုင်းအစိုးရကို “သိက္ခာရှိရှိအိမ်ပြန်ချင်“ဆိုပြီး နားပူနားဆာလုပ်ကြပြန်ပြီ။

အဲ့ဒီစကားလုံးကို မိမိယုံကြည်ရာလမ်းစဉ်နဲ့အဖွဲ့အစည်းကို အစောဆုံးစွန့်ခွာပြီး တတိယနိုင်ငံတွေမှာ မိသားစုလိုက်အခြေကျနေသူ(တချို့) တွေဆီက ပိုတောင်ထွက်တတ်ပါသေးတယ်။

ခုရော သိန်းစိန်လက်ထက်မှာရော ပြန်သူတွေပြန်နေကြတာပဲမဟုတ်လား။ တချို့များ ၃ ကြိမ်လောက်တောင်ပြန်ပြီး တချို့ကြ အိမ်ဦးနဲ့ကြမ်းပြင်လုပ်နေတာ လမ်းတောင် ရေထွက်မတတ်ဖြစ်လှပါပြီ။ တချို့က မိသားစုနဲ့ပြန်ဆုံဖို့၊ လူမှုရေးခရီး၊ အလွမ်းပြေ၊ စီးပွားရေးလုပ်ရန်၊ အိမ်ထောင်ပြုရန်၊ သားသမီးတွေဆွေပြမျိုးပြ စသည်ဖြင့်ရိုးရိုးအကြောင်းတွေနဲ့ဖြစ်ပြီး ကိုမိုးသီးဇွန်တို့လိုလူတွေကတော့ “နိုင်ငံရေးပြန်လုပ်ဖို့“ စသည်ဖြင့်ပေါ့။

အဲ့လူတွေ အဲ့လို ပုံစံအမျိုးမျိုး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ပြန်နေကြတာရော သိက္ခာမရှိ ခိုးကြောင်ခိုးဝှက် အသရေယုတ်ယုတ် ပြန်နေကြတယ်လို့ပြောမလား။ ဟုတ်တယ်ဆိုရင်ရော ဘယ်လိုဟုတ်တာလဲ။ မဟုတ်ဘူးဆိုရင်ရော ဘယ်လိုမဟုတ်တာလဲ။ ဟုတ်တယ်မဟုတ်ဘူးကို ရှင်းပြတဲ့နေရာမှာ “သိက္ခာရှိရှိ“ကို ဘယ်လိုအနက်ဖွင့်မလဲက အဓိကပါ။ သိက္ခာရှိရှိကို သိက္ခာရှိရှိအနက်ဖွင့်မှရမှာပါ။

“အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်ဖို့“ ဆိုတာလောက် အနက်ဖွင့်ရင်တော့ လူမလေးခွေးမခန့်နိုင်ငံရေးဆိုပြီး အဟားခံရမှာပါ။

တချို့ကြ စစ်အုပ်စုဆီအခစားဝင်ပြီး ဒူးထောက်ပြီး ကြီးတောင်ကြီးပွားနေကြပါပြီ။ အညံ့ခံသူ လက်နက်ချသူ ဟိုဟာနဲ့ဒီဟာနဲ့ ဘာနဲ့ညာနဲ့လဲစားသူလည်း စားနေပါပြီ။ အဲ့သလိုလူတွေ အဖွဲ့အစည်းတွေကိုတော့ ခုပြောနေတဲ့သိက္ခာရှိရှိထဲ ထည့်မပြောလိုပါ။ သူတို့ကိစ္စကတခြားပါ။

ပြန်ခဲ့သူတွေ ပြန်ခဲ့ပါပြီ။ အကြိမ်ကြိမ်ပြန်သူတွေပြန်နေပါတယ်။ တခေါက်တကျင်းပြန်သူတွေလည်း ပြန်နေပါတယ်။ သူတို့ပြန်ကြတာက သူတို့အကြောင်းနဲ့ သူတို့အကျိုးစီးပွားနဲ့ သူတို့ကိစ္စနဲ့သူတို့ဖြစ်ပြီး ခင်ဗျားတို့ကျနော်တို့ မပြန်ကြတာ မပြန်ကြသေးတာ မပြန်ဖြစ်ကြသေးတာကလည်း ကိုယ့်အကြောင်းနဲ့ ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ့်ကိစ္စနဲ့ကိုယ် မဟုတ်လား။ သိက္ခာရှိခြင်းမရှိခြင်းခေါင်းစဉ်နဲ့ ပြောလို့မရပါ။ “ပြန်သူတွေသိက္ခာမရှိ၊ မပြန်သူတွေ သိက္ခာရှိရှိမပြန်ရလို့ မပြန်တာ“ဆိုတဲ့သဘောလည်း မယူအပ်ပါ။

သိက္ခာရှိရှိဆိုတာကို ခင်ဗျားကိုယ်တိုင် “အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တွေပေးပြီး လေဆိပ်မှာ ပန်းစည်းတွေ ပန်းကုံးတွေ အိုးစည်ဗုံမောင်းတွေနဲ့ ရန်သူကိုချေမှုန်းပြီး ပြည်သူကိုလွတ်မြောက်စေတဲ့ ပြည်သိမ်းစစ်သည်တွေ မြို့တော်ကြီးဆီဝင်လာသလို“အနက်ဖွင့်ရင်တော့ နေရင်းစွဲနိုင်ငံမှာပဲ “သိက္ခာရှိရှိနေပါ“။

ပြန်ချင်သူပြန်ပါ။ မပြန်ချင်သူ မပြန်ပါနဲ့။ ပြန်ခြင်းမပြန်ခြင်းကို “သိက္ခာရှိခြင်းမရှိခြင်း“နဲ့ မတိုင်းစေချင်ပါ။ ဘာရေရေရာရာမှ အနက်မဖွင့်နိုင်တဲ့ သိက္ခာရှိရှိကိုလည်း မဖွင့်ပါနဲ့။

ကိုယ့်ဘာသာပြန်ချင်တာနဲ့ အရှက်ပြေ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း မတောင်းပေးပါနဲ့။ ကျနော်တို့ရာဇဝတ်မှုကျူးလွန်ပြီး ထွက်ပြေးလာသူတွေ မဟုတ်ပါ။ သိက္ခာရှိရှိ အိနြေ္ဒရရလေးနေပေးကြပါ။

(စာကြွင်း။ ကျနော့် “သိက္ခာရှိရှိအိမ်ပြန်“ကတော့ “မတရားသင်းအက်ဥပဒေလို ဒီမိုကရေစီမကျတဲ့ နိုင်ငံရေးလွတ်လပ်ခွင့်ကိုကန့်သတ်ထားတဲ့ ဥပဒေဆိုးတွေမရှိတော့အခါ မိမိမွေးရာတိုင်းပြည်သို့ပြန်ခြင်း“ပဲဖြစ်ပါတယ်။ အဲ့ဒီလို ဥပဒေဆိုးဖျက်သိမ်းရေးအတွက် ခင်ဗျားတို့ကျနော်တို့ ဘယ်နေရာရောက်နေရောက်နေ ရောက်တဲ့နေရာကနေ တတ်နိုင်တဲ့နည်းပေါင်းစုံ သဏ္ဍန်ပေါင်းစုံနဲ့ သိက္ခာရှိရှိတောင်းဆို တိုက်ပွဲဆင်နေရမှာပဲ။)
 
(သိက္ခာရှိရှိအိမ်အပြန်နဲ့ အိမ်အပြန်သိက္ခာရှိရှိ)
သူများ “သိက္ခာရှိရှိအိမ်ပြန်“ကို မှိုချိုးမျှစ်ချိုးပြောပြီး ကိုယ့် “သိက္ခာရှိရှိ“ကိုလည်း အနက်ဖွင့်မှရမယ်။
နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအပေါ် ချမှတ်ကျင့်သုံးနေဆဲဖြစ်တဲ့ မတရားသင်းအက်ဥပဒေလို၊ ခွဲခြားကန့်သတ်ချက်ကြီးလွန်းတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေလို၊ အတွေးအခေါ်အယူအဆနဲ့ လွတ်လပ်စွာနိုင်ငံရေးလှုပ်ရှားခွင့်ကို ကန့်သတ်ထားတဲ့ နိုင်ငံရေးဥပဒေလို၊ နိုင်ငံသားအခွင့်အရေးနဲ့ အခြေခံလူ့အခွင့်အရေးကို အဟန့်အတားလုပ်ထားတဲ့ လူဝင်မှုဥပဒေလိုမျိုး ဥပဒေဆိုးတွေမရှိတော့တဲ့အခါ ကျနော်တို့ သိက္ခာရှိရှိအိမ်ပြန်လို့ရါပြီ။

အဲ့ဒီဥပဒေတွေမရှိမှ သိက္ခာရှိရှိအိမ်ပြန်နိုင်မှာပါ။ အဲ့ဒီဥပဒေတွေ မရှိတော့ဖို့ဖျက်သိမ်းပစ်ဖို့ ကျနော်တို့ ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာက ရတဲ့ပုံသဏ္ဍန်နဲ့ ဖြစ်နိုင်တဲ့နည်းနာတွေသုံးပြီး နိုင်ငံရေးသိက္ခာရှိရှိ တောင်းဆိုတိုက်ပွဲဆင်ရမှာပါ။

ဒီအခြေအနေကိုရောက်ပြီဆို ကျနော်တို့ “သိက္ခာရှိရှိအိမ်ပြန်နိုင်ရုံမက အိမ်အပြန်သိက္ခာလည်းအပြည့်ရှိပါပြီ“
ဒါ ကျနော့်သိက္ခာရှိရှိအိမ်အပြန်နဲ့ အိမ်အပြန်သိက္ခာရှိရှိပါ။
ဧပြီ ၂၂၊ ၂ဝ၁၆
 

ဘာမှ မလုပ်ရသေးတဲ့အရပ်တပိုင်းအစိုးရ(မျိုးမြင့်ချို)

0 comments
(ဘာမှ မလုပ်ရသေးတဲ့အရပ်တပိုင်းအစိုးရ)
ကျနော်က (ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ဦးထင်ကျော်ဦးစီးတဲ့ အရပ်တပိုင်းအစိုးရ ဘာမှမလုပ်ရသေးဘူး)လို့ပြောတာကို အနက်ကောက် အံချော်သူတွေအတွက် ဒါကိုရေးတာဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေပြဌာန်းတာတို့၊ နိုင်ကျဉ်းလွှတ်တာတို့၊ လက်ဆောင်ပစ္စည်းလက်ခံခြင်းဆိုင်ရာ ညွှန်ကြားချက်ထုတ်ပြန်တာတို့။ လဘ်ပေးလဘ်ယူပညာပေးတာတို့၊ ရက် ၁ဝဝ စီမံချက်တို့စတာတွေဟာ တိုင်းပြည်နဲ့ချီတော့ ဘာမှဒီလောက် နိုင်ငံရေးစကားလုပ် ပြောနေရမယ့်ကိစ္စတွေမဟုတ်ပါ။

ဆိုပါတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ဝန်ကြီးတယောက်လောက်တောင် ဘာလုပ်ပိုင်ခွင့်(ဘာအာဏာမှ)မရှိမှန်း လူတိုင်းသိမြင်နိုင်ပါတယ်။ ကိုယ့်ပါတီအမတ်ဦးရေများလို့ ကိုယ့်လူသမ္မတဖြစ်လို့ အစိုးရအဖွဲ့မှာ ကိုယ့်လူများလို့သာ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အကြံပေးနိုင်မှု ဆွေးနွေးညှိနှိုင်းနိုင်မှု စတာတွေရှိနေဖြစ်နေတာပါ။ ဒါတောင် ကိုယ့်အစိုးရအဖွဲ့ထဲက သူ့လူတွေ(ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ)စတဲ့ စစ်ဝန်ကြီးတွေက အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အကြံဉာဏ်ကိုနားမထောင်လည်း ဖြစ်တဲ့အနေအထားဆိုတာလူတိုင်းအသိပါ။ သူ့အကြံပေးလမ်းညွှန်မှုကိုမခံယူလို့ နားမထောင်လို့ အဲ့ဒီဝန်ကြီးတွေကို ဘယ့်နှယ်မှ သွားလုပ်လို့မရပါဘူး။

ကုန်ကုန်ပြောပါမယ် တရားဝင်သဘောအရ တိုင်းပြည်မှာ အာဏာအရှိဆုံးဆိုတဲ့ သမ္မတစကားတောင် ဒီလူတွေ နားထောင်စရာမလိုပါဘူး။ သမ္မတစကား နားမထောင်လို့ ဒီလူတွေထွက်ဆိုလည်း ပြဿနာမရှိပါ။ မင်းအောင်လှိုင်မှာ လဲစရာဗိုလ်တွေမှ တန်းစီနေတာပါ။

ဆိုတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာအစိုးရအပေါ် အာဏာအပြည့်မငြောင်းတာ အသိသာကြီးပါ။ နောက်တချက်က တိုင်းပြည်ရဲ့ သေရေးရှင်ရေးမှန်သမျှကို ဆုံးဖြတ်ခွင့်ရှိတာက အစိုးရမဟုတ်ပါ။ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေး (ကာလုံ)ပါ။ ကာလုံ ဘယ်ပုံဖွဲ့စည်းထားမှန်း ဘယ်နည်းအသာစီးယူထားမှန်းက ပြောနေစရာတောင်မလိုတော့ပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကာလုံကို နိုင်ငံခြားရေးဝန်ကြီးအနေနဲ့သာ တက်ရောက်ရမှာပါ။ မဲတမဲသာပေးရမှာပါ။ ကာလုံကို အတိုင်ပင်ခံပုဂ္ဂိုလ်က ဘာသြဇာမှလွှမ်းမိုးမရပါ။

ကျနော့်အမြင်မှာတော့ ဒီ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး တီထွင်ဖန်တီးယူတာဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် တိုင်းပြည်ရဲ့အထွဋ်အထိပ်နေရာ မမျှော်မှန်းနိုင်တော့လို့ နိုင်ငံရေးအာသာဖြေတဲ့သဘောထက် ပိုမြင်လို့မရပါ။ ဒီနေရာမှာ ကျနော်နဲ့သဘောကွဲလွဲသူတွေ ဆန့်ကျင်ဘက်အမြင်တွေလည်း အလွန်များလှပါတယ်။ နိုင်ငံရေးဆိုတော့ ဒါလည်း အလွန်သဘာဝကျတဲ့ကိစ္စပါ။ ကိစ္စကောင်းပါ။

အရပ်တပိုင်းအစိုးရ ဘာမှမလုပ်ရသေးကိုပြန်ကောက်ပါ့မယ်။ ကျနော့်အနေနဲ့ကတော့ လက်ပန်းတောင်းကိစ္စ၊ မြစ်ဆုံကိစ္စ၊ ရခိုင်ဂက်စ်ပိုက်လိုင်းကိစ္စစတာမျိုးတွေဟာ တိုင်းပြည်တပြည်လုံးကြီးက အရေးတွေနဲ့ယှဉ်တော့ အဓိကကိစ္စမဟုတ်ပါ။ လက်အောက်ခံကိစ္စတွေပါ။ အဓိကပြသနာတွေကို မှန်မှန်ကန်ကန်ကိုင်တွယ်ဖြေရှင်းနိုင်ရင် လက်အောက်ခံကိစ္စတချို့ အလိုလို မပြေလည်သွားတောင်
ပြေလည်အောင်ရှင်းဖို့လမ်းစတွေလည်း ပွင့်သွားမှာပါ။

ဖွဲ့စည်းပုံဒီမိုကရေစီကျအောင်လုပ်ရေးကိစ္စ၊ အပစ်အခတ်ရပ်/မရပ်အဖွဲ့တွေကိစ္စက၊
ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊
ဖက်ဒရယ်ပြည်ထောင်စုမူကိစ္စ၊
နိုင်ငံခြားရေးမူဝါဒကိစ္စ၊
တရားဥပဒေစိုးမိုးရေးနဲ့ မတရားသင်းအက်ဥဒေအပါအဝင် ရှေးရှုတဲ့ခေတ်စနစ်နဲ့မဆီလျော်တော့တဲ့
ဥပဒေဆိုးတွေ အပြီးဖျက်သိမ်းဖို့ကိစ္စ စတာတွေဟာ တိုင်းပြည်နဲ့ချီကြီးတဲ့ အလုပ်တွေပါ။ အရပ်တပိုင်းအစိုးရလုပ်ရမယ့် အလုပ်တွေပါ။ အလုပ်ကြီးတွေပါ။

အရပ်တပိုင်းအစိုးရအနေနဲ့လည်း လုပ်လိုစိတ်ရှိမှန်းသိသာမြင်သာတွေ့ရပါတယ်။ ဘယ်လောက်လုပ်နိုင်မနိုင်က အကန့်အသတ်တွေရှိတာမှန်ပေမယ့် ဒီလုပ်ငန်းစဉ်တွေအကောင်အထည်ဖော်တဲ့အခါမှာ လူထုတရပ်လုံးပါဝင်ခွင့်ရှိသလို လူထုပါဝင်ခွင့်ကိုလည်း အစိုးရအနေနဲ့ အကျယ်ပြန့်ဆုံးအလွတ်လပ်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးမှရမှာပါ။ လူထုတရပ်လုံးပါလာရင် စစ်အုပ်စုရဲ့အကန့်အသတ်တွေက ဆည်ကျိုးသလို ကျိုးပါတယ်။ အခြေခံအားဖြင့်သိမြင်နားလည်မိတာက ဒီအလုပ်တွေကို ၂ဝဝ၈ ဖွဲ့စည်းပုံကိုလွန်ဆန်မရသေးတဲ့ အရပ်တပိုင်းအစိုးရတခုတည်း လုပ်လို့မရပါ။ ဒေါ်အောင်ဆန်းစုကြည်
လုပ်ပါလိမ့်မယ်တွေးရင် ပိုလို့တောင် ဝေးပါသေးတယ်။

တပြည်လုံးနဲ့ဆိုင်သလို အနာဂတ်ကြီးတခုလုံးနဲ့ပတ်သက်တာမို့ ထိပ်သီးတွေ လက်သိပ်ထိုးပြီး ကြိတ်ဝိုင်းတွေ အပေးအယူတွေနဲ့တင် လုပ်လို့လည်းမဖြစ်ပါ။ တချို့ကိစ္စတွေမှာ ခေါင်းဆောင်တွေကြိတ်ဝိုင်းနဲ့အရင်ညှိ အဆင်ပြေမှ လူထုကိုချပြနည်းက အသုံးဝင်တာမှန်ပေမယ့် ဒီကိစ္စတွေကိုတော့ အဲ့သလိုတွေးလို့ လုပ်လို့မရပါ။

အရေးအကြီးဆုံးအချက်က ရွေးကောက်ပွဲကတိကဝတ်မို့ အကောင်အထည်ဖော်ရတယ်ဆိုတာထက် တိုင်းပြည်ရဲ့တကယ့်လိုအပ်ချက်နဲ့ လက်ငင်းဖြေရှင်းရမယ့်ကိစ္စကြီး(နိုင်ငံရေးကိစ္စ)အဖြစ်ခံယူပြီး လုပ်မယ်လို့လည်း မျှော်လင့်ယုံကြည်ပါတယ်။

ကျနော်ပြောတဲ့ အရပ်တပိုင်းအစိုးရ ဘာမှမလုပ်ရသေးပါက အဲ့ဒါပါ။
ဧပြီ ၂၂၊ ၂ဝ၁၆

Thursday, April 21, 2016

နိုင်ငံတကာစစ်ပွဲများကိုလည်း ဆန့်ကျင်ရမယ်(ဗကပ ဝဘ်ဆိုက်မှ)

0 comments
နိုင်ငံတကာစစ်ပွဲများကိုလည်း ဆန့်ကျင်ရမယ်
ဒီကမ္ဘာမှာ အမေရိကန်ကနေ“အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲကြီး (War on Terror)”စတင်လိုက်တဲ့နောက်ကစပြီး ကမ္ဘာကြီးတခုလုံး မငြိမ်မသက်ဖြစ်ပြီး နေရာအနှံ့ တိုက်ခိုက်မှုတွေပေါ်နေတာဟာ ဒီနေ့အထိဖြစ်ပါတယ်။ အစကတော့ အာဖရိကတိုက်နဲ့ အရှေ့အလယ်ပိုင်း၊ အခုတော့ အာရှတိုက်နဲ့ဥရောပမှာပါ စစ်ဆင်မှုမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။ ဥရောပကမ်းခြေတွေအပေါ် နိုင်ငံပေါင်းစုံက ဒုက္ခသည်အမျိုးမျိုး လှိုင်းတွေက ပုတ်တင်လိုက်သလို တသုတ်ပြီးတသုတ် ရောက်လာနေတာကိုတွေ့ကြရသလို နေတိုးနဲ့ရုရှားကြားမှာ စစ်ရေးတင်းမာမှုတွေ သည်းသန်လာနေတာကိုလည်း ထိတ်လန့်စိုးရိမ်ဖွယ်တွေ့နေရပါတယ်။ နယ်စပ်အငြင်းပွားမှုတွေကို ရှေ့တန်းပြန်တင်လာကြသလို ဒေသအလိုက် စစ်အင်အားဖြည့်တာ၊ တည်ဆောက်တာတွေလည်း အလျင်အမြန်ဖြစ်ပေါ်နေပါတယ်။ နိုင်ငံတကာ့သတင်းတွေမှာ ပူးတွဲစစ်လေ့ကျင့်ရေးတွေ၊ ပူးတွဲကင်းလှည့်တာတွေ၊ လက်နက်အသစ်အဆန်း ထုတ်လုပ်တာတွေ၊ စစ်စကားပြောတာတွေကို နေ့စဉ်လို တွေ့နေရတာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။

အိမ်ဖြူတော်ရဲ့“အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲကြီး”ရယ်လို့ လူကြားကောင်းအောင် နာမည်တပ်ထားတဲ့ စစ်ဆင်မှုကြီးကြောင့် လူသန်းချီ သေကြေခဲ့ရပြီး အိုးအိမ်စွန့်ပစ်ရသူ အရေအတွက်ဟာ သန်း ၆ဝ ရှိတယ်လို့ ဆိုကြပါတယ်။ ဒီ ၁၅ နှစ်တာ ထင်သလိုကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်အစိုးရထိပ်သီး၊ ဘယ်စစ်ဗိုလ်ချုပ်ကိုမှ အရေးယူတယ်လို့မရှိခဲ့ပါဘူး။ ဒါ့အပြင် ဒီအကြောင်းပြချက်နဲ့ လူတွေကို ထင်သလိုဖမ်း၊ တယ်လီဖုန်းနဲ့ဆက်သွယ်ရေး အင်တာနက်တွေကို ဖြတ်နားထောင်၊ ကြည့်ရှု၊ အရေးပေါ်အခြေအနေတွေကြေညာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာလည်း တရားမရှိဓားမရှိ ဖြစ်ပေါ်နေပါတယ်။ အစိုးရနာမည်နဲ့လုပ်ရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ အနေအထားတွေ ဖြစ်ပေါ်နေတာပါ။

ယူကရိန်းနဲ့ဆီးရီးယားတို့က စစ်ပွဲလို့ အမည်မတပ်ကြတဲ့စစ်ပွဲတွေမှာ နေတိုးနဲ့ရုရှားတို့ရဲ့ ထိပ်တိုက်တွေ့မှုတွေဟာ ကမ္ဘာသူကမ္ဘာသားတွေကို အထူးပဲ ရတက်မအေးဖြစ်စေပါတယ်။ ၂ဝ၁၆ ခုနှစ် အစပိုင်းတုန်းက ဆွီဒင်က ထိပ်တန်းစစ်အရာရှိကြီးတယောက်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး အင်းဒါစ်ဘရန်စထရွမ်(Anders Brännström)က သူ့လက်အောက်ကတပ်တွေကို ဒီလိုနှိုးဆော်ခဲ့ပါတယ်- “ငါတို့ဖြတ်သန်းနေရတဲ့ ကမ္ဘာ့အခြေအနေကို လာမယ့်နှစ်အနည်းငယ်အတွင်း စစ်ပွဲကြီးတခုနဲ့ကြုံတွေ့ရနိုင်တယ်လို့ သုံးသပ်နိုင်တယ်”။

စစ်ဖြစ်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးကို သုံးသပ်မိရင် စစ်တပ်ကိုင်ထားသူတွေရဲ့တာဝန်ဟာ တကယ်ဖြစ်မှာလား၊ ဘယ်တော့ဖြစ်မှာလဲလို့ တွက်နေစောင့်နေဖို့ မဟုတ်ပါဘူး။ ကိုယ့်ဘက်က လက်ဦးမှုရတဲ့နေရာတွေယူ၊ ပြင်ဆင်မှုတွေလုပ်ဖို့ပဲဖြစ်တယ်ဆိုတာဟာ ဘယ်သူမှ မငြင်းတဲ့ စစ်ကျင့်ဝတ်ပါ။
ဒါပေမဲ့ ပြည်သူတွေအဖို့ကတော့ ဒီလိုအခြေအနေမျိုးကို ခန့်မှန်းလို့ရတယ်ဆိုရင် စစ်ကိုတားဆီးဖို့ စဉ်းစားပြင်ဆင်ကြရပါတယ်။ စစ်ကြီးရယ်လို့ ဖြစ်လာရင် အထိခိုက်၊ အနစ်နာဆုံးဟာ အလုပ်သမား၊ လယ်သမားတွေနဲ့ ဆင်းရဲသားပြည်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစစ်တားဆီးရေး လှုပ်ရှားမှုဟာ အလုပ်သမား၊ လယ်သမားနဲ့ ဆင်းရဲသားပြည်သူတွေရဲ့အကျိုးစီးပွားကို ကာကွယ်တဲ့လုပ်ငန်းလို့ သဘောထားရပါမယ်။ ဒီလှုပ်ရှားမှုကြီးမှာ သူတို့အင်အားကို အဓိကအခြေခံ၊ အားပြုရပါမယ်။ ဦးစွာအားဖြင့် စစ်ဆန့်ကျင်ရေးနဲ့ငြိမ်းချမ်းရေးလိုအပ်မှုဟာ ပြည်တွင်းမှာသာမက တကမ္ဘာလုံးအနေနဲ့ပါ လိုအပ်ကြောင်း ပြည်သူအားလုံးသဘောပေါက်အောင် ရှင်းပြကြရပါမယ်။ ဒီလှုပ်ရှားမှုက အဓိကဦးတည်ရမှာဟာ ဒီလိုစစ်ကြီးတွေနဲ့ ကြွယ်ဝချမ်းသာ၊ စီးပွားတက်ကြတဲ့၊ ဒီစစ်ပွဲကြီးဖန်တီးကြတဲ့ ကမ္ဘာ့အရင်းရှင်ကြီးတွေ၊ လက်နက်ထုတ်လုပ်သူတွေ ဖြစ်ရပါမယ်။

ဒီလှုပ်ရှားမှုဟာ တကမ္ဘာလုံးရှိ စစ်ဒဏ်ခံပြည်သူများနဲ့ စစ်ဆန့်ကျင်တဲ့အင်အားစုမှန်သမျှနဲ့တွဲလုပ်တဲ့ လှုပ်ရှားမှုမျိုးဖြစ်ပါလိမ့်မယ်။ ကိုယ့်တနိုင်ငံတည်းလုပ်လို့မရသလို တကမ္ဘာလုံး၊ ဒါမှမဟုတ် နိုင်ငံတွေအများကြီးပါဝင်လာမှလုပ်မယ်ဆိုတဲ့သဘောထားမျိုးနဲ့ လုပ်လို့မရပါ။

ဒီနေရာမှာ ဒီလုပ်ငန်းဟာ လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်မှုတွေနဲ့ကင်းဝေးဖို့ အလွန်အရေးကြီးကြောင်း အလေးထားပြောလိုပါတယ်။ 

ကမ္ဘာမှာ စစ်ကြီးနှစ်ခု ဖြစ်ခဲ့ဖူးပါပြီ။ ဒီစစ်ကြီးတွေရဲ့အစမှာ တချို့က စစ်ပွဲတွေဖြစ်ပေါ်ရတာဟာ လူမျိုးရေးတွေ၊ ဘာသာရေးတွေကြောင့်ဖြစ်တယ်လို့ ထောက်ပြဖို့ကြိုးစားခဲ့ကြပါတယ်။ အဲဒီအကြောင်းပြချက်နဲ့ မဟာမိတ်စု၊ ဝင်ရိုးတန်းဖွဲ့ဖို့လုံးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်ကြီးတွေပြီးလို့ အသေအချာပြန်သုံးသပ်လိုက်တော့ ဒီစစ်တွေဟာ ကမ္ဘာ့အရင်းရှင်စနစ်ကြောင့်၊ နယ်ချဲ့နိုင်ငံတွေကနယ်မြေတွေ တိုးချဲ့သိမ်းပိုက်ဖို့လုပ်ရင်း ဖြစ်ပေါ်လာတာဖြစ်တယ်ဆိုတာ ရှင်းသွားပါတယ်။ တကယ်တော့ ဒီနေ့အခါဟာ ကမ္ဘာမှာစစ်အေးလွန်တဲ့နောက် သြဇာခံနယ်မြေခွဲခြားသတ်မှတ်မှု ပြီးမပြီးဆိုတာတောင်ပြောရခက်သေးတဲ့ အခြေအနေပါ။ အနယ်မထိုင်သေးတဲ့ကာလတခုလို့ ဆိုရမှာပါ။

ဒီလိုအခြေအနေမှာ ပစ္စည်းမဲ့လူတန်းစားနဲ့ အဖိနှိပ်ခံပြည်သူတွေဟာ စစ်နဲ့စစ်ဝါဒပေါ်ပေါက်တာရဲ့အကြောင်းရင်းတွေကို သိထားဖို့လိုပါတယ်။ (၁) ဒီကမ္ဘာကြီးမှာ အပြန်အလှန်ဆက်စပ်မှီခိုနေရတဲ့ စီးပွားရေးစနစ်ကြီးရှိနေပြီး တချိန်တည်းမှာ သဘောထားချင်းမတိုက်ဆိုင်တဲ့နိုင်ငံတွေ တည်ရှိနေတာ။ (၂) တကမ္ဘာလုံးရဲ့ကုန်ထုတ်လုပ်မှုက အများလက္ခဏာဆောင်ပြီး ပိုင်ဆိုင်မှုကတော့ တဦးချင်းလက္ခဏာဆောင်နေတာ။ (၃) ဓနအင်အား၊ ဘဏ္ဍာအင်အားကြီးမားလှတဲ့ ဘဏ်ကြီးတွေ၊ ကော်ပိုရေးရှင်းကြီးတွေက သူတို့ရဲ့“အစိုးရ”ဆိုတာတွေကိုအသုံးပြုပြီး သဘာဝသယံဇာတတွေ၊ ကုန်ကြမ်းတွေရယူဖို့၊ ကုန်သွယ်ရေးလမ်းကြောင်းတွေဖောက်ဖို့၊ ရေနံပိုက်လိုင်းတွေဖောက်ဖို့နဲ့ ဈေးပေါတဲ့ လုပ်အားဈေးကွက်တွေရရှိဖို့တို့အတွက် စစ်အင်အားကိုအသုံးပြုကြတာတို့ကို သတိပြုလိုက်ကြပါ။

ဒါတွေအပြင် အထက်မှာပြောခဲ့တဲ့ ၁၉၉၁ ခုနှစ်နောက်ပိုင်း စစ်အေးလွန်ခေတ်မှာ သူ့ကိုတဦးတည်းသော စူပါပါဝါကြီးအဖြစ် အသိအမှတ်ပြုတာ ခံရဖို့၊ စူပါပါဝါအဆင့်နဲ့အညီ ကမ္ဘာကို ခြယ်လှယ်သွေးစုပ်နိုင်ရေးအတွက်လုပ်နေတဲ့ ကမ္ဘာ့ပုလိပ်ကြီးအမေရိကန်ရဲ့လုပ်ရပ်များဟာလည်း အခြေအနေကိုပိုဆိုးဝါးစေပါတယ်။ ဝါရှင်တန်ဟာ ဒီကမ္ဘာပေါ်မှာ သူတို့အကျိုးစီးပွားနဲ့ကင်းတဲ့နေရာရယ်လို့ ဘယ်မှာမှ မရှိဘူးလို့တောင် ဗြောင်ကြေညာထားတာပါ။ နိုင်ငံတိုင်း၊ ဒေသတိုင်းဟာ သူတို့ရဲ့စီးပွားရေး၊ ပထဝီနိုင်ငံရေးအကျိုးစီးပွားတွေနဲ့ ဆက်စပ်နေတာချည့် ဖြစ်နေပါတယ်။ အဲဒါတွေကိုကာကွယ်ရမယ်၊ အဲဒါတွေအတွက်စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ်၊ လုပ်သင့်တာလုပ်ရမယ်ဆိုတာဟာ အိမ်ဖြူတော်ရဲ့အခြေခံတွေးခေါ်မှုနဲ့ စဉ်းစားမှု ဖြစ်ပါတယ်။

အခုဆိုရင် အမေရိကန်အနေနဲ့ ကမ္ဘာ့တဦးတည်းသောထိပ်သီးနိုင်ငံဖြစ်ဖို့အတွက် တရုတ်ဟာ အဓိက ဆူးငြောင့်ခလုတ်ပဲလို့ ဗြောင်ထုတ်မပြောရုံတမယ် လုပ်နေပါတယ်။ မြောက်ကိုရီးယားကိုဖိအားပေးသလိုလိုနဲ့ အမြီးရှိတဲ့အကောင်တွေသတိထားကြလို့ သတိပေးနေပါတယ်။ ဟုတ်ပါတယ်။ ဓနအရ၊ စစ်ရေးအရ တရုတ်အင်အား ကြီးလာတာဟာ အမေရိကန်ကို သူလုပ်ချင်တိုင်းလုပ်မရအောင် အတားအဆီးဖြစ်စေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒါကို စစ်ရေးခြိမ်းခြောက်မှုတွေ၊ ဖိအားပေးမှုတွေနဲ့တုံ့ပြန်တာဟာ နယ်ချဲ့သမားတွေရဲ့ အစဉ်အလာလုပ်နည်းကိုင်နည်းသာ ဖြစ်ပါတယ်။ သူတို့က အာရှတိုက်မှာ တရုတ်နဲ့ကိုရီးယားတို့က ဘယ်လိုစစ်ပြင်နေကြတာ၊ လက်နက်တပ်ဆင်မှုတွေတိုးချဲ့နေတာ စသဖြင့် ဝါဒဖြန့်လွှင့်ထုတ်နေပြီး တဖက်မှာတော့ အာရှတိုက်မှာ ချိန်ခွင်လျှာညီအောင် လုပ်ရမယ်ဆိုတာမျိုးတွေကို အာဘော်ထုတ်လွှင့်နေပါတယ်။

ဗမာပြည်အဖို့ကတော့ အင်္ဂလိပ်နဲ့ဂျပန်တို့ တရုတ်ပြည်ကိုရဖို့လုရာကနေ ဒုတိယကမ္ဘာစစ်ဒဏ် ခံလိုက်ရတဲ့အဖြစ်ကို မမေ့အပ်ပါဘူး။ ဒါကြောင့် ကိုယ့်နိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေးကိုတောင်းဆိုတာနဲ့အတူ နိုင်ငံတကာစစ်ပွဲများကိုလည်း ဆန့်ကျင်ကြရပါမယ်။ ဒါ့အပြင် စစ်ပြင်ဆင်ဖို့ ခြေလှမ်းတွေ လုပ်နေတာတွေကိုလည်း မျက်ခြည်မပြတ် သတိထားစောင့်ကြည့်ဖို့လိုပါတယ်။ အခုအချိန်မှာ အမေရိကန်ရဲ့ တရုတ်ပြည်ပတ်လည်မှာ သူတို့စစ်တပ်အတွက်ခြေနင်းခုံတွေ တည်ဆောက်တာဟာ အရှေ့ဘက်တရိုးမှာ ပြည့်စုံသလောက်ဖြစ်နေပြီး (တောင်ကိုရီးယားကနေ သြစတြေးလျားအထိရှည်လျားလှတဲ့ မဟာမိတ်စစ်ကြောင်းကြီး တည်ထောင်ပြီးနေပြီ) အနောက်ဖက်မှာပဲ ကျန်တော့တယ်ဆိုတာ သတိထားမိကြပါတယ်။

နိုင်ငံကြီးတွေရဲ့ အင်အားတည်ဆောက်မှု အကြားမှာ နောက်တကြိမ် ကြားညပ်ခံရတယ်ဆိုရင် ကျွန်တော်တို့ ညံ့ရာကျလိမ့်မယ်လို့ ပြောလိုပါတယ်။