Tuesday, February 28, 2017

(ချစ်ခြင်း၌တည်သောမေတ္တာ) မျိုးမြင့်ချို

0 comments
မိမဲ့ဖမဲ့ ကျနော့်ခွေးလေး ၂ ကောင်ကို ကျနော်ချစ်ပါသည်။ အထူးသဖြင့် အဇ္ဇီကို ပိုချစ်ပိုသနားပါသည်။ စိတ်ကောင်းရှိရုံမက ခလေးလေးလို အပြစ်ကင်းစင်သည့်အတွက်လည်းပါပါသည်။ ညအိပ်လျှင် ကျနော့်ရင်ခွင်ထဲဝင်ကွေးကာ ငြိမ်ငြိမ်လေးအိပ်ပါသည်။ တခါတလေ ကျနော် မူးမူးနှင့်လွန့်သဖြင့် ဖိမိသဖြင့် ကန်မိသဖြင့် သူ မသက်မသာဖြစ်သည့်တိုင် တချက်ကလေးမှမညည်းပဲ ကိုယ်လေးကို ရွှေ့ရွှေ့ပေးပါသည်။ စောင်တွေခေါင်းအုံးတွေ မူးမူးနှင့်ကန်ထုတ်မိပြီး ကုတင်အောက်ကျသွားလျှင်လည်း မနိုင့်တနိုင်နှင့် အောက်ဆင်းကောက်ပေးပါသည်။ သူ ချီမရလျှင် မနိုင်တော့လျှင့် ကုတင်ပေါ်ပြန်တက်ကာ ကျနော့်ကို ပါးလျှက်လျှက်ပြီး နှိုးပါသည်။ ကျနော် အိပ်ချင်မူးတူး မထချင်ထချင်နှင့်ထပြီး ပြန်ကောက်ပြန်တင်ပြီးမှ သူပြန်အိပ်ပါသည်။ တခါတလေ အိပ်ယာမဝင်ခင် အီးပါသေးပေါက်ထုတ်ရန် မေ့သွားသည့်အခါ တညလုံး ဆီးအောင့် အီးအောင့်ပြီးနေပါသည်။ မနက်လင်းလို့ သားသားတို့ ရှူရှူးပေါက် အီးအီးပါဟုခေါ်လိုက်လျှင် တညလုံးအောင့်ထားသည့်ဒဏ်ကိုလွှတ်ရန် အိနြေ္ဒမရဖြစ်ပါသည်။ ကျနော် စိတ်မကောင်းပါ။ နှိပ်စက်သလိုဖြစ်သွားပါသည်။ တခုခု စားစရာချကျွေးလျှင်လည်း ဘယ်တော့မှအရင်မစားဘဲ ရော့ကီအလာအထိစောင့်ပါသည်။ သူ့ကျွေးထားသည့်အစာ ရော့ကီကယူစားပြီး ငေါက်ငေါက် ငေါက်ငေါက်နှင့်ထွက်သွားမှ မျက်ဝန်းနက်နက်ကြီးတွေ ပုတ်ခတ်ပုတ်ခတ်နှင့် အလွှာချလိုက် မော့ကြည့်လိုက်လုပ်ကာ သားသားဖို့ရောဖေဖေဆိုသည့်အထာနှင့် အငြိမ်ထိုင်ကာနေတတ်ပါသည်။ ထို့ကြောင့် သူ့အားချစ်သနားပိုကာ ရော့ကီတခုဆို သူ ၂ ခု အမြဲလိုလို ချချပေးဖြစ်ပါသည်။ သို့သော် သူ ဘယ်တော့မှ ၂ ခုလုံးမစားပါ။ အပိုတခုကို တပိုင်းချိုး၍ ရော့ကီထံပေးလိုက်မှ သူ့အပိုဆောင်းတဝက်ကိုစားပါသည်။ ကျနော် သည်နှစ်ကောင်အတွက် ငွေကုန်ပါသည်။ တိရိစ္ဆာန်ဆရာဝန်နှင့် ပုံမှန် တနှစ် ၂ ကြိမ် ဆေးခန်းသွားပြရပါသည်။ ခွေးရူးကာကွယ်ဆေး၊ နှလုံးသန်ကောင်ကာကွယ်ဆေး၊ ခွေးလှေး ခွေးသန်းကာကွယ်ဆေး၊ အနံ့အသက် ကင်းစင်ရေးအပါအဝင် အခြားကြိုတင်ကာကွယ်ဆေးများလည်း ထိုးရတိုက်ရပါသည်။ အစာဖိုးအပါဝင် တနှစ်ကုန်လို့ ချုပ်လိုက်လျှင် ဒီနှစ်ကောင်စာက ဒေါ်လာတထောင်သာသာခန့်ရှိပါသည်။ သူတို့ ကျနော့်အပေါ် ဘာမှ ကျေးဇူးပြန်ပြုနိုင်သည်မဟုတ်ပါ။ ကျနော် သူတို့ဆီမှ ဘာမျှော်လင့်ချက်မှမထားပဲ ချစ်ရုံသက်သက်ချစ်တာဖြစ်ပါသည်။ သူတို့လည်း ကျနော့်ကို ချစ်ရုံသက်သက်ချစ်ကြပါသည်။ သူတို့နှင့်ကျနော့်ကြားတွင် အပြန်အလှန် ဘာအကျိုးစီးပွားမှမရှိပါ။ မေတ္တာသက်သက်ဖြင့် ချစ်ခင်ခြင်းဖြစ်ပါသည်။ မေတ္တာဖြင့်ချစ်ခင်ခြင်း၌ ကျေးဇူးရှင်တို့ အနန္တောအနန္တတို့မရှိပါ။ အကျိုးမျှော်ကာ လူမွေးပြီးအနန္တောအနန္တလုပ်နေသူများထက်စာလျှင် ဘာအကျိုးမှမမျှော်ဖြစ်သည့် ကျနော်နှင့်ကျနော့်ခွေးလေးများချစ်ခြင်းက ပိုအပြစ်ကင်းပါသည်။ ပိုသန့်စင်ပါသည်။ ပိုမေတ္တာပါပါသည်။ အကျိုးမျှော်သည့် ကျေးဇူးခံကျေးဇူးစားသဘောလည်းမရှိပါ။ ဤအကြောင်းအရာကို ရေးရသည်မှာ စိတ်မကောင်းပါ။ ကျနော့်ခွေးလေးများ နတ်ပြည်လိုပြည်မှ ကျနော့်အိမ်တွင် ခွေးလာဖြစ်ကာ ဘာအပူအပင်မှမရှိသည့်အပြင် အချစ်ချည်းသက်သက်ခံနေရချိန်၌ ဗမာပြည်တွင် ဆင်းရဲတွင်းနက်ကာ ဝမ်းမဝခါးမလှသူများ ဒုနဲ့ဒေးဖြစ်နေပါသည်။ ကျနော်ပြောချင်သည်မှာ ကျေးဇူးခံကျေးဇူးစားသဘောကင်းသည့် ချစ်ခြင်းမေတ္တာအစစ်ကိစ္စဖြစ်ပါသည်။
ဖေဖော်ဝါရီ ၂၆၊ ၂ဝ၁၇

အခွန်ဆောင်သူ့ဆဲခွင့်(မျိုးမြင့်ချို)

0 comments
မနက်ဖြန် အလုပ်ပြန်ဆင်းရပါဦးမည်။ ကျနော့်လုပ်ခမှ ခရိုင်အစိုးရကြေး၊ ပြည်နယ်အစိုးရကြေး၊ ဖက်ဒရယ်လ်အစိုးရကြေးဆိုကာ ကြေးသုံးကြေး ဆက်ကြေးသွင်းရပါသည်။ အစိုးရဆိုတော့ အခွန်ကောက်တာဟုပြောပါသည်။ သူပုန်ဆိုလျှင် ဆက်ကြေးဟုသုံးပါသည်။ ဘယ်နေရာနေနေ ပြည်သူဆိုသည်မှာ သေနတ်ရှိသူတပ်ရှိသူအား ဆက်ကြေးပေး သို့မဟုတ် အခွန်ဆောင်ရပါသည်။ ဆက်ကြေးပေး အခွန်ဆောင်သဖြင့် မင်းတို့ကိုငါတို့အုပ်ချုပ်မယ်၊ ငါတို့ကို မင်းတို့က မဲပေးကြဟူ၍ ကိုယ့်လည်ပင်း ကိုယ်ပြန်ကြိုးကွင်းစွပ်ခွင့်ပေးထားပါသည်။ ဒါကို နိုင်ငံသားအခွင့်အရေးဟု ဆိုပါသည်။ ကျနော်တို့ကား အလုပ် လုပ်ပြီးမှထမင်းစားရသည့်အပြင် ဘာစောက်လုပ်မှလုပ်စရာမလိုသည့် ထိုအမတ်များ ဝန်ကြီး ဝန်ကလေးများ သမ္မတများကိုပါ ကိုယ့်လုပ်စာထဲက ဖဲ့ကြွေးနေရပါသေးသည်။ အခွန်ပြန်အမ်းငွေစနစ်သာမရှိလျှင် အမေရိကန်ပျက်တာကြာပါပြီ။ သို့သော် ကျနော်တို့လင်မယား အခွန်ပြန်အမ်းငွေ တခါမှ မရဖူးသည့်အပြင် နှစ်တိုင်းလိုလို ပြန်ပါလျော်ရပါသည်။ နှစ်ယောက်လုံး အလုပ်လုပ်ပါသည်။ ဝင်ငွေရှိပါသည်။ သားသမီးမရှိပါ။ ထို့ကြောင့် ဆက်ကြေးစုံအတွက် အထွက်သာရှိပြီး ပြန်အအမ်းမခံရပါ။ သို့သော် ဤနိုင်ငံတွင် စိတ်လုံခြုံ ဘဝလုံခြုံသလိုခံစားရသဖြင့် နေပျော်ပါသည်။ ဘယ်အချိန် အိမ်တံခါးလာခေါက်ပြီး ခနလိုက်ခဲ့ပါဆိုကာ ထောင် ၁ဝ ဆယ်နှစ်ချလိုက်မှာ မစိုးရိမ်ရပါ။ ဒေါ်ကြီးကို ကောင်းကောင်းမွန်မွန်ဝေဘန်ခြင်းမှစကာ မိုးမွှန်အောင်ဆဲ မအေနှင့်ပါကိုင်တုတ်လည်း ရပါသည်။ ကျနော်တို့လုပ်စာ သူတို့စားနေရုံမက ကျနော်တို့ကိုပါ တက်အုပ်ချုပ်နေသူများဖြစ်ကြသဖြင့် ကျနော်တို့တွင် ဆဲခွင့်အပြည့်အဝရှိပါသည်။ ဗမာပြည်မျာလို နိုင်ငံတော်အတိုင်ဖင်ခံကိုဆဲသဖြင့် ၆၆(ဃ)စာ မမိပါ။ မင်းအောင်လှိုင်ကိုဆဲသဖြင့် အဖမ်းမခံရပါ။
ဖေဇော်ဝါရီ ၂၅၊ ၂ဝ၁၇

ခွေး(မျိုးမြင့်ချို)

0 comments
ဟိုနေ့က ဆေးခန်းကပြန်တော့ ခွေးဆိုရှယ်လ်ဝေါ့ကားက သူတို့ဆီ ၃ နှစ်ဆက်တိုက်ဖေါက်သည်ဖြစ်ခဲ့သဖြင့် အမှတ်တရသဘော အထိမ်းအမှတ်လက်ဆောင်ဟုဆိုကာ ကျနော့် ခွေးလေး ၂ ကောင်အား လည်ပတ်ပြားအသစ် လည်ဆွဲပြားအသစ်လေးတွေ တပ်ပေးလိုက်ပါသည်။ လည်ပတ်အသစ်လေးတွေက အပြာရောင်လေးတွေဖြစ်ပြီး အရင်အဟောင်းထက် ပို နုနုအိအိလေးရှိပါသည်။ ဆွဲပြားလေးများကလည်း သတ္တုပြားအမာ ကျီးဥရောင်ဖြစ်ပြီး အပေါ်တွင် သူတို့အမည်၊ အသက်၊ ကာကွယ်ဆေးများထိုးခဲ့သည့်သင်္ကေတ၊ ဆေးခန်းအမည်နှင့် ခွေးမှတ်ပုံတင်နံပတ်လည်းပါပါသည်။ အဇ္ဇီက ထိုဆွဲပြားအသစ်လေးအား အလွန်ကြိုက်ပုံပေါ်ပါသည်။ ခနခန ခနခန ကျနော့်ရှေ့ လာလာပြပါသည်။ ထိုဆွဲပြားလေးများမှာ ယောင်တောင်ပေါင်တောင်နှင့် အပြင်ထွက်အလည်လွန်ပြီး ခွေးမျက်စေ့လည်လျှင် ရဲ သို့မဟုတ် တိရိစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ထိုလည်ဆွဲပြားပါ မှတ်ပုံတင်နံပတ်ကို စစ္စတာမ်ထဲရိုက်ထည့်လိုက်ရုံနှင့် ကျနော့်အိမ်လိပ်စာပေါ်ပြီး သူတို့အား အိမ်တိုင်ယာရောက်ပြန်ပို့ပေးပါသည်။ သို့သော် အလကားမရပါ။ အနည်းဆုံး ဒေါ်လာ ၈ဝ ဆယ်မှ တရာ့လေးဆယ်လောက်အထိ ပေးရပါသည်။ ထို့ကြောင့် ကျနော့် ခွေးသူငယ်များ မျက်စေ့လည်းလမ်းမှားခြင်းမရှိအောင် သတိအမြဲထားရပါသည်။ ငွေလည်းကုန်သလို လူလည်း စိတ်ပူရပါသည်။ ကျနော်နေသည့် ဖို့တ်ဝိန်းတွင် ခွေးသတ်စားသူမရှိသေးသော်လည်း ခွေးသတ်စားချင်သူ အိမ်အထိအရောက်လာဖူးပါသည်။ ဒီလောက် အသားငါး ချီးပေါသေးပေါ ပေါသည့်ပြည်ရောက်လာပြီး ခုထိ ခွေးသားဘက် စိတ်လည်နေကြသည်မှာ အံ့စရာဖြစ်နေပါသည်။ ခွေးတွေ့တိုင်း သွားရည်တမြားမြားဖြစ်နေကြသည်မှာ စက်ဆုပ်စရာဖြစ်နေပါသည်။ ကန်စွန်းရွက်တပေါင်ကို ၃ ဒေါ်လာခန့်ပေးရသော်လည်း ကြက်သား ဝက်သား အမဲသားတပေါင်ကို တဒေါ်လာခွဲလောက်နှင့်ရသည့်တိုင်းပြည်လာပြီး တောင်ပေါ်တုန်းကလို ကောက်ညှင်းအဝကြွေးပြီး ခွေးသတ်စားချင်သူများ ရှိနေပါသည်။ ငတ်တုန်းက စားခဲ့ကြပြီးပါပြီ။ ခု တော်လောက်ပါပြီ။ တခါတခါ ကျနော် စိုးရိမ်ပါသည်။ ကျနော့်ခွေးလေးတွေ မျက်စေ့လည်လမ်းမှားပြီး သူတို့အပိုင်းဘက်ရောက်သွားလျှင် ဆွဲပြားလေးပါမြေအမြှုပ်ခံရပြီး အရှင်ထွက်ပြန်ထွက်စရာမရှိပါ။
ဖေဖော်ဝါရီ ၂၆၊ ၂ဝ၁၇

ငါးပိရည်ခိုးစားတဲ့လူ...တဲ့(မျိုးမြင့်ချို)

0 comments
မနက်ဖြန် ထမင်းဖိုးရှာရမည့်အလုပ် ဘာမှမလုပ်စရာမရှိပါ။ ထမင်းဖိုး အနည်းဆုံး ၂ လစာခန့် အလုံအလောက်ရှိနေပါပြီ။ ထရပ်ကားကလေးဝယ်ဖြစ်လျှင်တော့ အသည်းအသန်ပြန်ရှာရပါလိမ့်မည်။ ဝယ်လည်း မဖြစ်မနေဝယ်ရပါမည်။ မနက်ဖြန် လူမှုရေးအကူညီတောင်းထားသည့် အင်္ဂလိပ်စာ/စကားတလုံးမှတခွန်းမှမတတ်သော အသက် ၆၅ ပြည့်လုနီးပါး အဒေါ်ကြီး ၂ ယောက်နှင့် ဦးလေးကြီးတယောက်အား လူမှုဖူလုံရေးအထောက်အပံ့ လိုက်လျှောက်ပေးရာတွင် စေတနာ့ဝန်ထမ်း စကားပြန်အဖြစ် လိုက်ကူညီပေးမည်ဟု ပြောထားပြီးပါသည်။ ရကြဖို့လည်း ရာနှုန်းပြည့်သေချာပါသည်။ ကားကိစ္စ အသွားအပြန်အတွက်လည်း အခြားစေတနာ့ဝန်ထမ်းတယောက်က ကူညီပါလိမ့်မည်။ လူစုံမိကြတော့ သူတို့ကလည်း ဆရာ အပြန်ကြ အိမ်မှာ ထမင်းစားပြီးမှပြန်ဟု ပြောပါသည်။ စားချင်ပါသည်။ သို့သော် အချိန်ရမည်မထင်ပါဟုပြောတော့ အဒေါ်ကြီး နှစ်ယောက်အနက် ကွမ်းစားသော သွားတွေတုံးတိုနေသည့် သွားကျိုးပါးကျိုးအဒေါ်တယောက်က ဒါဆိုလည်း ဟင်းထည့်ပေးလိုက်မယ်လေ ယူသွားပေါ့ အိမ်ကြစားပေါ့ကိုယ့်ဖာသာဟု ကွမ်းပလုပ်ပလောင်းနှင့်ပြောသည်မှာ ချစ်စရာအလွန်ကောင်းပါ။ မယူတော့ဘူး အဒေါ် အပြန်ကြ လမ်းက ကျနော့်အိမ်အရင်ဝင် ကျနော့်အရင်ချပေးပြီးမှ အဒေါ်တို့အိမ် ဆက်သွားကြမှာလေ။ နောက်တခေါက်ပေါ့ နောက်ကြုံတဲ့အခါပေါ့၊ ကြုံရင် မဖိတ်လည်း ရှိတာနဲ့ဝင်စားပါ့မယ်ဆိုတော့ လက်ကို ထွာဆိုင်ဝိုင်းပြ အမြင့်ကို လက်ဝဖါးနှစ်ဘက်ဖြင့် ရှစ်လက်မလောက်ချဲပြပြီး ကိုယ့်ဘာသာ ဝင်ငွေသတ်သတ် မရှာတတ်ပေမယ့် သမီးတွေသားမက်တွေမှာ အလုပ်ရှိကြပါတယ်၊ ဒီလောက်တဗူးကြီး ဆီပြန်ချက်တာမှ ၃ ဒေါ်လာလောက် မကျပါဘူး။ ကျမတို့လည်း အဲ့လောက်တော့ တတ်နိုင်ပါသေးတယ်၊၊ ဆရာဝင်မယူအားလည်း ကားမောင်းပို့မယ့်ဖိုးတခွားနဲ့ ပြန်ပို့ခိုင်းလိုက်မယ်ဟုဆိုတော့ မလုပ်ပါနဲ့အဒေါ်၊ ကျနော်ကြုံရင်ဝင်စားပါ့မယ်၊ ငါးပိရည်သာကျိုထား တို့စတာလေးသာလုပ်ထားဟုပြောတော့ ဟင်..ဆရာက အင်္ဂလိပ်မယောက်ျားလုပ်ပြီး ငါးပိစားသလားဟုမေးတော့ ကျနော်က ရယ်ရယ်မောမောနှင့် ကျနော်က အင်္ဂလိပ်မဟုတ်ဘူးလေအဒေါ်ဆိုတော့ တချိန်လုံး ဘေးမှငြိမ်နေသည့်ဦးလေးကြီးက နင်ကလည်း အလိုက်တာ၊ သူ့အိမ်မှာ ငါးပိရည်ကျိုစားမရလို့ နင့်အိမ်လာခိုးစားမယ်ပြောတာပေါ့ဟဲ့။ ကျိုသာထားလိုက် အတို့အမြှုတ်လေးလုပ်ထားလိုက်ဟုပြောတော့ ကျနော်တို့အားလုံး အားရပါးရ ရယ်မောမိကြပါသည်။ ဒီနေ့ညနေခင်းတဒင်္ဂလေးမှာ ပျော်စရာလေးဖြစ်သွားပါသည်။
ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၇

ရှင်ပြုနားသ မဘသ(မျိုးမြင့်ချို)

0 comments
ပြည်တွင်းမှာ မဘသလူသတ်ပွဲတွေ သွေးသံတရဲရဲလုပ်ကြတော့ အမေရိကားကလူတချို့လည်း ရှင်ပြု နားသနဲ့ ဒုလ္လဘခံပွဲတွေ ခြိမ့်ခြိမ့်သဲသဲကျင်းပကြတယ်။ အတွင်းအပြင် ညီညွတ်ရေးကို သဏ္ဍန်တမျိုးနဲ့ဖော်ပြကြတာလားလို့တောင် ထင်ချင်စရာဖြစ်ရတယ်။ ဗမာပြည်ဖွားမိဘတွေကနေ ဒီမှာမွေး ဒီမှာကြီးတဲ့ကလေးတယောက်ကို ရှင်လောင်းလှည့်မယ့်မနက်မှာ ရွှေချည်ငွေချည်ထိုး ပုဆိုး ကော်အတောင့်သားကြီး ခါးပတ်ကြီးပတ်နဲ့ မျက်နှာမှာလည်းမိတ်ကပ်တွေအဖွေးသားနဲ့ ဆံပင်ကလည်း ယောင်ပေစူးအတုကြီးနဲ့ ဖိနပ်ကလည်း ခြေနင်းတော်လို့ပြောတဲ့ဟာကြီးနဲ့ ကိုယ်မှာမင်းညီမင်းသားဝတ်စုံလို့ပြောတဲ့ဟာကြီးနဲ့ စလွယ်ကြီးနဲ့ အတော် စိတ်ရှုပ်နေတာတာ ခနခန မသက်မသာဖြစ်နေတာတွေ့တာနဲ့ သား ဒါတွေက ဘာလို့ဝတ်ရတာလဲသိလား၊ ဘာဝတ်စုံလဲသိလားဆိုတော့ နွေဦးပေါက် အအေးမပြည့်တပြယ်အချိန်မှာ ချွေးဇောတွေပြန်ပြီး မသိပါဘူး ဦးလေးရာ၊ အဖေတို့က ဝတ်ရမယ်၊ ဒါမှ ဘုရင့်သားလိုဖြစ်တာလို့ပြောတယ်။ သူတို့က ဘုရင်တွေမဟုတ်ပဲ ကျနော်က ဘုရင့်သားဘယ်လိုလုပ်ဖြစ်မှာလဲ မတွေးတတ်ပါဘူး။ ဘောင်းဘီနဲ့လုပ်လည်း ဒါက မရဘူးလားလို့ အင်္ဂလိပ်လိုပြောတော့ ကျနော်ပြုံးမိတာပဲ။ ပုဆိုးတောင် မဝတ်တတ်ကဲ့ကလေးတွေကို အဲ့သလိုသွားဆင်တော့ ခနဆိုပေမယ့် သူတို့စိတ်အိုက်ကြမှာပဲ။ မနေတတ်မထိုင်တတ်လည်းဖြစ်ကြမှာပဲ။ အဖေအမေကိုယ်တိုင်ကလည်း အဲ့ဒီအချွန်အတက်ကြီးတွေ ပြိုးပြိုးပြက်ပြက် လိုးလိုးလက်လက်ကြီး ဘာ့ကြောင့်ဝတ်ပေးရတာဆိုတာကို ပြောပြရှင်းပြနိုင်လောက်အောင် မသိကြတာပါသလို ပြောပြတတ်ခဲ့ဦးတောင် ကလေးတွေနားလည်မယ့် ဗမာစကားလေး ချသုံးပြီးမပြောတတ်၊ ကလေးတွေကို အင်္ဂလိပ်လို ပြောမပြတတ်ရှင်းမပြတတ်ကလည်းပါတော့ ကလေးတွေ ပို အခံရခက်မယ်ထင်တယ်။ နားသမယ့် မိန်းကလေးတယောက်ဆို ခေါင်းကဆောင်းပေးထားတဲ့ မကိုဋ်လိုဟာကြီး ဆွဲချွတ်လိုက်ပြန်တိုက်နဲ့ စိတ်အတော်ညစ်နေပုံပဲ။ ကျနော်လည်း သူတို့ကြည့်ပြီး စိတ်ထဲမကောင်းဘူး။ ကိုယ်လည်း ဘာမှ မတတ်နိုင်ဘူး။ သာသနာ့ဘောင် သွပ်သွင်းကြတာမဟုတ်လား။ ဘာသာတိုင်းမှာ သာသနာ့ဘောင်ကို မတူတဲ့ပုံစံတွေနဲ့ သွပ်သွင်းကြတာမဟုတ်လား။ နောက်မှသာ ကြီးမှသာ သူတို့ဟာသူတို့ ဘာကိုးကွယ်ကွယ် မကွယ်ကွယ် လောလောဆယ် မိဘအရှိန်အဝါနဲ့ အသိုင်းအဝိုင်းအဟန့်လေးသုံးပြီး အဲ့လို သွပ်သွင်းလိုက်ရမှ နေသာထိုင်သာရှိသွားကြတဲ့ မိဘတွေလည်း အများစုမဟုတ်လား။
ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၇

ရုပ်အတု ထုတဲ့လူတွေ(မျိုးမြင့်ချို)

0 comments
ကိုယ်အာဏာရှိနေတုန်း ကိုယ့်ရုပ်တုတွေအတင်းလိုက်ထု အတင်းလိုက်ထောင်တဲ့သူတွေဟာ ဉာဏ်ထိမ်ကြသူတွေလို့ပြောရင် မမှားလောက်ဘူး။

သမိုင်းဆိုင်ရာအမြင်အရ တန်ဖိုးတစုံတရာရှိခဲ့ဦးတောင် အဲ့ပုဂ္ဂိုလ်တွေအာဏာသစ်ကိုင်းလွတ်ပြီး နိုင်ငံရေးဈန် ဒါမှမဟုတ် လူ့အသက်လျှောတဲ့အခါ ဒါမှမဟုတ် ဘာမှမလျှောခင် သူ့ဆန့်ကျင်ဘက် ငတိတွေ စစ်တပ်ကိုကိုင်နိုင်တဲ့အခါ သေနတ်ကိုအမိန့်ပေးနိုင်တဲ့အခါ အဲ့အရုပ်ကြီးတွေ မြေခကြတာပဲ။ လည်ပင်းကြိုးတပ်ပြီး ဆွဲအလှဲခံရတာပဲ။ ဘူဒိုဇာနဲ့အထိုးခံရတာပဲ။ သံရည်ကျိုစက်ရောက်ကြတာပဲ၊ အမှုန့်အကြိတ်ခံရတာပဲ။ အုတ်နီခဲပြန်ဖြစ်ကြတာပဲ။ 

ဒါတောင် သူတို့ဟာ ကိုယ်အာဏာရနေတုန်း လုပ်ခဲ့တာနော်။ 

ဗိုလ်ချုပ်အောင်ဆန်းဟာ အလုပ်ကြံခံရလို့ ကွယ်လွန်တာ ကြာပြီ။ သူ့ရုပ်တုတွေလည်း ဗမာပြည်မှာ သမိုင်းဆိုင်ရာအတွက် ထိုက်သလောက်ရှိနေပြီ။ တော်ပြီပေါ့ ဘာထပ်လုပ်နေဦးမှာလဲ။ အခု သူ့သမီး ဒေါ်အောင်ဆန်းစုကြည့် စစ်အာဏာလေး နို့သက်ခံစို့ရရုံရှိသေးတယ် တပြည်လုံးလျှောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းအရုပ်ကြီးတွေ လိုက်ထု လိုက်ထောင်လုပ်ကြပြန်ပြီ။ တချိန်ချိန်မှာ အဲ့ဒါကြီးတွေ ဘယ်ဘဝရောက်ကြမယ်မှန်း ခုထိ မတွေးနိုင်ကြတာ အံ့စရာကောင်းသလို သနားစရာလည်းကောင်းနေပြန်တယ်။
ဖေဖော်ဝါရီ ၂၈၊ ၂ဝ၁၇

ကြီး ၂ ကြီး(မျိုးမြင့်ချို)

0 comments
ဒီတချီ မေမေပွဲပြန်ထုတ်တာက ဉာဏ်ကြီး(ဘူးသီးပါ)ပါ။ တကိုယ်တော်မင်းသားကြီးတော့ မဟုတ်ပါ။ ငဖြိုးနဲ့တွဲထုတ်တာဖြစ်ပါတယ်။ ထိန်ကြီး(စောက်ရူး)ကို နောက်တန်းဆင်း ခန နားခိုင်းထားပုံပေါ်ပါတယ်။ ဦးကိုနီ့ကိစ္စ စစ်သတင်းစာရှင်းပွဲအကြောင်း ထိန်ကြီး(စောက်ရူး)ပြောတာ မေမေ သွေးနည်းနည်းထွက်သွားပုံပေါ်ပါတယ်။

ဉာဏ်ကြီးလည်း ကျောင်းသားတွေကို မင်းတွေငါတွေပြောလိုပြော အိုးနင်းခွက်နင်းတွေဖြစ်ပြီး နောက်ဆုံး ငါ့မှာ တာဝန်မရှိဘူးနဲ့ နိဂုံးချုပ်သွားပါတယ်။

နိုင်ငံရေးသမားမဆန်ခြင်းကို ထိန်ကြီးရော ဉာဏ်ကြီးဆီမှာပါတွေ့နိုင်ပါတယ်။ တယောက်ကစစ်ဗိုလ်လူထွက် စိုင်ကော်လို့ချုံပေါ်ရောက်လာသူ တယောက်ကသေရင်တောင် လျှာမီးမလောင်မယ့်လူ ဒေါ်စု နေအိမ်အကျယ်ချုပ်ကာလမှာ ဥပဒေကိစ္စအကြောင်းပြုပြီး အဝင်အထွက်လုပ်ရင်း တောင်စမုတ်ကထောင်ထုပ်များချီးမြှင့်ခံရသူ။ 

အဘဦးအုန်းမြင့်တို့ အဘဦးစိုးဝင်းတို့အပါအဝင် နိုင်ငံရေးသမားတွေ တို့ဗမာအစည်းရုံးဝင်သခင် သခင်မကြီးတွေဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်သူ ဘယ်သူ့ကိုမဆို ကိုယ့်သားမြေးမြစ်အရွယ်ရှိနေပါစေ စောက်ရူးလို့ခေါ်ဖို့မပြောနဲ့ မင်းနဲ့ငါနဲ့ငါတာင်မပြောကြပါ။ ခင်ဗျားကျနော်နဲ့ အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံကြပါတယ်။ 

ဒီ စစ်ဗိုလ်စောက်ရူးနဲ့ ရှေ့နေဘူးသီးဟာ ဒီ နိုင်ငံရေးယဉ်ကျေးမှုဆိုတာ နကန်းတလုံးတောင် သိပုံမရပါ။ ကျောင်းသားဆိုတာက နိုင်ငံရေးကို မုန့်ဖိုးနဲ့လုပ်ရသူပါ၊ မိဘဆီလက်ဝါးဖြန့်ပြီး သူငယ်ချင်းအိမ်ခိုကပ်ပြီးလုပ်ရသူတွေပါ၊ ထောင်နှုပ်ခမ်းနင်းပြီး လုပ်ရသူတွေပါ။ သူတို့လို သောင်သောင်သာသာကနေ အိုးနှုပ်ခမ်းတက်ပြီး နိုင်ငံရေးဘဝရခဲ့သူတွေမဟုတ်ကြပါ။
ဖေဖော်ဝါရီ ၂၈၊ ၂ဝ၁၇

အလုပ်ရှိမှ ဝမ်းဝ ခါးလှ(မျိုးမြင့်ချို)

0 comments

အသက်ကလည်း လူမှုဖူလုံရေးထောက်ပံ့ကြေး လျှောက်စားလောက်ရအောင်မကြီးသေး၊ ကျန်းမာရေးကလည်း အလုပ် လုပ်နိုင်လောက်အောင် ကောင်းသေး၊ တန်းတူညီမျှ အလုပ်လုပ်ပိုင်ခွင့်ကလည်းရှိထားသေးဆိုလျှင် အမေရိကားတွင် လူတိုင်း ကိုယ့်အထွာနှင့်ကိုယ် အလုပ် လုပ်ကြရပါသည်။ အလုပ်မလုပ် ဝင်ငွေမရှိလျှင် အိမ်ခြေယာခြေမဲ့ဘဝခံယူပြီး ရှယ်လ်တာများတွင် ညဘက်သွားအိပ် နေ့ခင်းဘက်များတွင် လမ်းဘေး၌နေပူမိုးရွာမရှောင် လည်ပင်းစာဆွဲပြီး တောင်းရမ်းစားလျှင်စား မစားလျှင် သတ်သေချင်စိတ်ပေါက်လောက်အောင် စိတ်ညစ်စရာကောင်းပါသည်။ စားရေး သောက်ရေး နေရေးထိုင်ရေး ကျန်းမာရေးကိစ္စအဝဝအတွက် လကုန်တိုင်း ခေါင်းမီးတောက်ရပါသည်။

မည်သည့် ရီတိုင်းယားမင်န့်မှမရှိပဲ ဆိုရှယ်စီကျူရတီဆပ်ပလီမင်န်တယ် SSI တခုတည်း ရထားသူတွေကြတော့လည်း ရသည့်ငွေမှာ လကုန်လို့ ဘာဖိုးညာဖိုး ဆန်ဖိုးဆီဖိုးနှင့် ကွက်တိလောက်ဖြစ်ပါသည်။ မပိုလျှံပါ။ အလွန့်အလွန် အချွေတာ အဆင်းရဲခံနိုင်လွန်းမက ခံနိုင်လွန်းသူတချို့ကတော့ တလ တရာစနှစ်ရာစ စုမိကြပါသည်။ ထိုသူများလည်း နောက်ဆုံး အဖိုးနည်းအိုးကွဲ အစိုးရအိမ်ယာများနှင့် ကွန်မြူနတီအိုးအိမ်စီမံကိန်းများတွင် ခွေးတိုးဝက်ဝင် ဖြစ်ကုန်ကြတာများပါသည်။ နာရီသုံးရာလုပ်အားပေးပြီးရသော တန်ဖိုးနည်းအိမ်ယာစီမံကိန်းများရှိသလို ဆက်ရှင်အိတ် Section-8 ဆိုသည့်အကန့်နှင့် အကြုံးဝင်သူများလည်း အကြုံးဝင်ရာအလိုက်တော့ ရကြပါသည်။ သို့သော် ကာလတခုအထိ တက်သာနေရသော်လည်း လခသာပေးနေရသော်လည်း ကိုယ်မပိုင်ပါ။ တော်ကြာနေ ဟိုစာရွက်တောင်း ဒီစာရွက်တောင်း၊ တော်ကြာနေ ဟိုအထောက်အထားပြ ဒီအထောက်အထားပြခိုင်း၊ တော်ကြာနေ ဝင်ငွေပြ ဘဏ်စာရင်းပြခိုင်းတွေရှိသလို တခါတခါ လိုအပ်လျှင် ဖုန်းအင်တာဗျူး လူအင်တာဗျူးတွေလည်း လုပ်ရပါသည်။ ပရိုက်ဗေစီကို အလွန်ဦးစားပေးသည့် ကွန်ဖီဒင်န်ရှယ်ကို အလွန်အလေးထားသည့်ပြည်တွင် ထိုသူတွေ ထိုဘဝပျောက်ဆုံးသွားရပါသည်။ ပြောရလျှင် ထိုကိစ္စများက သတ်သတ်စီ ခေါင်းစဉ်ငယ်လေးတွေခွဲပြီး တခုခြင်းလည်းပြောပြ တစုံလုံးလည်း ချဲ့ပြ ချုံ့ပြမှရပါမည်။

ယခု ကျနော်ပြောချင်သည်မှာ အပေါ်ကပြောခဲ့သည့်အကြောင်းအရာနှင့်ဆက်စပ်ကာ အမေရိကားရောက်လာသည့် သင်းအုပ်ဆရာများ၊ ပါစတာများ၊ ဗလီဆရာများ၊ ဘုန်းကြီးများကိစ္စဖြစ်ပါသည်။ သူတို့အားလုံး အလုပ် လုပ်ကြရပါသည်။ ဤနေရာတွင် အလုပ်ဆိုသည်မှာ စက်ရုံ အလုပ်တွေ ရုံးတွေ ဌာနတွေမှာလုပ်သည့် အလုပ်မျိုးကိုမဆိုလိုပါ။ သူတို့ ဗမာပြည်မှာတုန်းကလို မိန့်မိန့်ကြီးထိုင် ပို့ဆွမ်းစားနေလို့မရတော့ပါ။ ထိုသို့စားလျှင် ကာလလေးတခုသာခံပြီး ဘုန်းကြီးလည်း လူထွက်ကျောင်းပြန်အပ်(ဒါမှမဟုတ် ဘဏ်အသိမ်းပြန်ခံ)သလို ဗလီဆရာလည်း အလုပ်တဘက်အပြင်မှာလုပ် ဗလီကျောင်းမှာ ဘာသာရေးစာ သင်ခယူပြီးသင် သင်းအုပ်တို့ ပါစတာတို့တွေလည်း အပြင်အလုပ်တဘက်နှင့် အသင်းတော်မှထောက်ပံ့ကြေးလေး မစို့မပို့နှင့် ဘဝတွေပြားကြရပါသည်။

သူတို့လုပ်ရသည့်အလုပ်မှာ စက်ရုံအလုပ်ရုံ ရုံးဌာနတွေမှာမဟုတ်ပဲ လူတွေကို ကူညီရသည့်အလုပ်ဖြစ်ပါသည်။ အလွန်လည်းလက်တွေ့ကြသလို ရုပ်ဘဝလည်း အလွန်ဆန်ပါသည်။ ထိုသို့ကူညီသည့်အလုပ် လုပ်ရမည့်လူများ ဘုန်းကြီးများမှာ အင်္ဂလိပ်စကားတတ်ရပါသည်၊ ကွန်ပြူတာသုံးတတ်ရပါသည်၊ အင်တာနက်ပေါ် အလုပ် လုပ်တတ် ရပါသည်။ ကားမောင်းတတ်ရပါသည်။ ကားရှိ ဒရိုင်ဗာလိုင်စင်ရှိရပါသည်။ ဒါတွေကို လူတွေကိုဝန်ဆောင်မှုပေးရာတွင် မရှိမဖြစ်လိုသည့် အရည်အချင်းဟုဆိုပါမည်။ ပြီးတော့ လူမှုဆက်ဆံရေး ပြေပြစ်မွန်ရည်ရပါသည်။ ပြီးတော့ ဆိုင်ရာ ဘာသာရေးများတွင်လည်း ဆရာတဆူလို တတ်မြောက်ကျင်လည်ရပါသည်။ အရည်အချင်းရှိသော်လည်း ဟောက်စားငေါက်စားလုပ်လျှင်၊ လူမှုရေး ပြေပြစ်သော်လည်း ကူညီနိုင်လောက်သည့်အရည်အချင်းမရှိလျှင် သို့မဟုတ် ၂ ခုလုံး ချို့တဲ့လျှင် သို့မဟုတ် သီလ သမာဓိ ပညာ စာဂ စသည့်တရားများ ပွန်းပွန်းပါးပါးဟုအမည်ထွက်လာလျှင်၊ ဆိုင်ရာ ဘာသာရေးတွင်လည်း အိယောင်ဝါးဆိုလျှင် ဘယ်လူတယောက်ကမှ ကျောင်းသို့လည်းမလာ၊ ဆွမ်းချိုင့်လည်းမပို့ (ဆွမ်းခံစားလို့ရသည့်နိုင်ငံလည်းမဟုတ်ပါ) ပါစတာတွေ သင်းအုပ်တွေ ဗလီဆရာတွေမို့ဆိုပြီး ဘယ်သူကမှ တရိုတသေမလုပ်နှင့် နောက်ဆုံး ပေးမင်န့်တွေလည်း မနိုင်ရင်ကာဖြစ် စားစရာလည်းမရှိတော့သဖြင့် လုံးပါး ပါးကာ ရထားသည့် အပူဇော်ခံ ဦးအညွှတ်ခံ အရိုအသေပေးခံဘဝမှ ခေါင်းနှင့်ဆင်းပြေးရပါသည်။ ကျနော်တို့လို နဖူးကချွေးခြေမကျမှ ထမင်းဝပါတော့သည်။

ရွှေဝါရောင်အပြီး ထွက်လာကြသည့် ဘုန်းကြီးများတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးပညာဇောတ (နတ်ဇော)တပါးသာ ခုထိ သင်္ကန်းဝတ်ဖြင့် တင်ကျန်သည်ဟု သိရပါသည်။ ကျန်ကိုယ်တော်များ လူထွက်ပြီး စက်ရုံရောက်ကုန်ကြပါသည်။

ဗမာပြည်က မော်လဝီများ ဗလီဆရာများလည်း မော်မလဝီနိုင် ဗလီမဆရာနိုင်တွေ ဖြစ်ကုန်ကြတာများပါသည်။ ပါစတာများ သင်းအုပ်များလည်း ဝက်ရုံတွင် ဝက်သားခုတ်ရင်း သင်းကိုအုပ်နေကြရတာ ရှိပါသည်။

ကျနော်ဆိုလိုချင်သည်မှာ ချို့ယွင်းချက် အားနည်းချက်တွေရှိသော်လည်း အမေရိကားသည် လူတိုင်းကို ဥပဒေတခုတည်းအောက်ဆွဲသွင်းထားပြီး ဘာသာရေးနှင့်နိုင်ငံတော် (အစိုးရ)ဆိုသည်ကို သတ်သတ်ခွဲထားသဖြင့် ဗမာပြည်မှာလို ဘာသာရေးသမားများ စားပေါက်မချောင်ပါ။ ဆိုရှယ်လ်စီကျူရတီဆိုသည့် ဂဏန်းလေးကိုးလုံးပါသည့်စနစ်ဖြင့် လူတိုင်းအား ထိန်းထားပါသည်။ အလုပ်တခုခု လုပ်မနေလျှင် ရှိမနေလျှင် လူတွေကို ကူညီဝန်ဆောင်မှုပေးမနေလျှင်၊ ဆက်ဆံရေးမပြေပြစ်မမွန်ရည်လျှင်၊ သီလ သမာဓိ သိက္ခာ ပညာ ပွန်းပါးလျှင်၊ ဘာသာရေးကိစ္စများ၌မတတ်ပွန်လျှင် ကျောင်းပေါ်က ခေါင်းတော်နှင့်ဆင်းပြေးရပါသည်။
ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၇

Tuesday, February 21, 2017

ဆံပင်ညှပ်ခြင်း(မျိုးမြင့်ချို)

0 comments
(ဆံပင်ညှပ်ခြင်း)
ဒီနေ့ လင်းကြက်မတွန်မီကတည်းက အလုပ်သွားဖို့အိမ်မှထွက်ရပြီး နွားရိုင်းသွင်းချိန်လွန်မှ အိမ်ပြန်ရောက်ပါသည်။ လုပ်ငန်းခွင်အကြို မိတ်ဆက်သင်တန်း ပေးရခြင်းဖြစ်ပါသည်။

ကုမ္ပဏီဘက်မှဆိုင်ရာလူတွေသာ အလှည့်ပြောင်းသွားကြသောည်လည်း ကျနော် အထိုင်စကားပြန် ဘာသာပြန်အဖြစ် အသုံးတော်ခံရပါသည်။ ရာခိုင်နှုန်းပြည့်မဟုတ်သော်လည်း အစစအရာရာ အဆင်ပြေသည်ဟု ဆိုရပါမည်။
အလုပ်သမားသစ်အားလုံး ဗမာစကားတတ်ကြသည့်အတွက် ကျနော် အသက်ရှူချောင်ပါသည်။ အားအကုန် အသံအကုန် လျော့ပါသည်။ ဗမာလို မဆိုစလောက်လေးတတ်ပြီး ပိုးကရင်စကားကိုထုံးလိုမွှေ ရေလိုနှောက်သည့် ကရင်အမျိုးသားတယောက်အတွက် ဗမာ-ကရင် ၂ ဘာသာတတ်လူတယောက်နှင့် ဘေးတိုက် နေရာချပေးနိုင်သဖြင့်လည်း Three Ways Interpretation အတွက် အချိန် သိတ်မဖင့်ဘဲ ကိစ္စအပြီးမြောက်မြန်ခဲ့ပါသည်။
စာတလုံးမှမတတ်သော်လည်း စကားအထအန ကောက်သည့်ပုဂ္ဂိုလ်ကိုလည်း ကြေလည်အောင် ဖြည်ပြ ဖျဉ်ပြခွင့်ရခဲ့ပါသည်။ မိမိဇနီး၏ အမည်ရင်းမသိသူအားလည်း သင်တန်းချိန်တွင်းဖြစ်သော်လည်း သူ့ဇနီးအား ချက်ခြင်းဖုန်းဆက်ပြီး မေးမြန်းခွင့်ရသဖြင့်ုနှစ်ပေါင်း နှစ်ဆယ်ကျော်ပေါင်းသင်းလာခဲ့သည့် မိမိဇနီး၏နံမည်ရင်းကိုလည်းကောင်း အင်္ဂလိပ်လို မည်သို့စာလုံးပေါင်းရသည်ကိုလည်းကောင်း သူ သိခွင့်ရသွားပါသည်။ တိုက်တိုက်တွန်းတွန်းနှင့် အလွတ်ကျက်ခိုင်းသဖြင့် ထိုခင်ပွန်းသည်လည်း သူ့ဇနီး၏အမည်အင်္ဂလိပ်လိုစာလုံးပေါင်းကို အသေမှတ်မိသွားပါသည်။

လက်ထဲတွင် အိုင်ဖုန်း ၇ ကိုင်ထားသော်လည်း ကိုယ့်ဖုန်းနံပတ်လည်း မသိ၊ မည်သို့ရှာရမှန်းလည်းမသိသူတယောက်အား အခြားသူတယောက်၏ဖုန်းကိုခေါ်ခိုင်းပြီး ထိုသူ့ထံတဆင့်ပြန်မေးကာ သူ့ဖုန်းနံပတ်အားရှာပေးလိုက်နိုင်သဖြင့် သူလည်း သက်မချနိုင်သွားပါသည်။ ထမင်းစားခန နားချိန်တွင် ထိုသူက ဒါ ငါ့ဖုန်းနံပတ်ဟု လူတိုင်းအား လိုက်ပေးနေပြနေသည်ကို တွေ့ရသည်မှာ စိတ်ကြည်နူးစရာကောင်းဝလို စိတ်မကောင်းစရာလည်းဖြစ်ပါသည်။ ကိုယ့်အိမ်လိပ်စာမသိသူ ၂ ယောက်အားလည်း အမှတ်ရလွယ်နည်းလေးများ ပြပေးလိုက်သဖြင့် အဆင်ပြေသွားပါသည်။

ဘဲဂလော် (မဲလ)ဒုက္ခသည်စခန်းမှ ရောက်လာသူအများစုနေထိုင်ကြသည့် အပါ့တ်မင်န့်ကွန်ပလက်စ်ကြီး၏အမည်မှာ Autumn Wood ဖြစ်သော်လည်း ဘဲဂလော်စုဟုပဲ သူတို့ပြောကြပါသည်။ ဘယ်အပါ့တ်မင်န့်မှာနေသလဲဟုမေးလျှင် အာတမ်ဝုဒ်ဟု သူတို့ မပြောတတ်ပါ၊ ဘဲဂလော်စုဟုသာပြောပါ။ East Wood Pointe ဟုခေါ်သည့် အပါ့တ်မင်န့်ကွန်ပလက်စ်ကြီးတွင်ကား အုန်းပြန့်ဒုက္ခသည်စခန်းမှ လာကြသူအများစုနေသဖြင့် အိစ်ဝုဒ်ပွိုင့်တ်အပါ့တ်မင့်န့်ဆိုလျှင် မည်သူမှမသိပဲ အုန်းပြန့်စုဆိုလျှင် လူတိုင်း တန်းကနဲသိကြပါသည်။ ထို့ကြောင့် လိပ်စာမေးသည့်အခါ ဇစ်ပ်ကုဒ်ဖြည့်ရန်လိုသည့်အခါ ကျနော်က အုန်းပြန့်စုကလား ဘဲဂလော်စုကလားဟုမေးလိုက်လျှင် အလွန်မြန်ဆန်ပြီး တာသွားပါသည်။ မျက်နှာဖြူသင်တန်းဆရာတွေ ဒါကို သဘောမပေါက်ဖြင့် ရှင်းပြတော့ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမောနှင့် နင်ကရော ဘယ်အစုကလဲဟုမေးပါသည်။ လာတာကတော့ အုန်းပြန့်ကပဲ ဒါပေမယ့် ရောက်တည်းက အဲ့အစုတွေမှာမနေခဲ့တော့ ဘယ်အစုကလို့ပြောလို့မရဘူး၊ ဒါပေမယ့် ငါက ဗမာပြည်ကလာပြီး အမေရိကန်စုမှာနေတာဆိုတော့ ဘာရ်ရိကန်စုကပေါ့ဆိုတော့ သူတို့ ဝါးလုံးကွဲရယ်ကြပါသည်။

ထို့နောက့် Safety Orientation ခေါ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရေးကဏ္ဍသို့ ဆက်စခန်းသွားကြပါသည်။ သင်တန်းဆရာမှာ အမေရိကန်လေတပ်တွင် လေယဉ်စက်အင်ဂျင်နီယာအဖြစ် အနှစ် ၂ဝ (တန်းပြည့်စစ်မှုထမ်း)ပြီးထွက်လာသည့် တပ်ထွက်အင်ဂျင်နီယာ ဖြစ်ပါသည်။ တပ်မှ ပင်စင်အပြည့်ဖြင်ထွက်လာပြီး ယခုကုမ္ပဏီတွင် စက်ရုံဝင်းကြီးတခုလုံး၏ ဘေးကင်းရေးအင်ဂျင်နီယာအဖြစ် အလုပ် လုပ်နေသူဖြစ်ပါသည်။ အရပ်ရှည်သလို စိတ်လည်းရှည်ပြီး ဗမာပြည်သားတွေကို ခင်မင်ပါသည်။ သူ့ အိုရီရင်န်တေးရှင်န်းအတွက် စကားပြန် ဘာသာပြန်လုပ်ပေးနေရင်း တနေရာရောက်တောပ့ စက်မှုလုပ်ငန်းဖြစ်သဖြင့် စက်ယန္တယားများ ယဉ်များ စက်ကိရိယာများ ကိုင်တွယ်မောင်းနှင်လုပ်နေရသည့်အလုပ်ဖြစ်သောကြောင့် အလုပ်နေသည့်အချိန်တွင် နားကွင်း နားဆွဲ ဆံထိုး ဆံညှပ် နာရီ လက်စွပ်များ ဝတ်မထား ပတ်မထားကြရန်ပြောပါသည်။ နားတွင်ကပ်၍ပန်ထားသည့် နားကပ်တော့ရပါသည်၊ ကျန်တာများ ခွင့်မပြုကြောင်း လူအတွက် အန္တရာယ်ရှိသဖြင့် ချွတ်ထားကြရန်လိုကြောင်း၊ အိမ်မှ ပတ်လာဝတ်လာခဲ့လျှင်လည်း အလုပ်အဆိုင်းမစခင် အားလုံးချွတ်ပြီး လော့ကာများထဲတွင် ထားရမည်ဖြစ်ကြောင်း၊ အလုပ်အဆိုင်းပြီး၍ အိမ်ပြန်ချိန်ကြ ပြန်ဝတ်နိုင် ပတ်နိုင်ကြောင်းပြောတော့ မိန်းမငယ်လေးတယောက် လက်ထပ်လက်စွပ်ရောဟုပေးပါသည်။ အင်ဂျင်နီယာဆရာက ငါလည်း အိမ်ထောင်သည်ပါ ငါဝတ်မထားပါဘူး၊ လူတွေအားလုံး အလုပ်လာတုန်းကလို အလုပ်ကအပြန်လည်း အဲ့အတိုင်းပြန်စေ့ချင်ပါသည်၊ ဘယ်လူတယောက်ကိုမှ ထိခိုက်အနာတရ ဖြစ်သွားတာမျိုး ငါမမြင်ရက်ပါ၊ ဒါ့ကြောင့် မိမိအိမ်ထောင်ရှိမှန်း ဖော်ပြချင်စိတ်ရှိငြားလည်း အလုပ်ချိန်ရှစ်နာရီအတွင်း အိမ်ထောင်သည် ဖြစ်မှန်းကို လက်စွပ်ဖြင့်မဖော်ပြဘဲ အခြင်းခြင်း နှုတ်ဖြင့်ပြောလည်းရပါသည်ဟုဆိုပါသည်။

ဆက်ရှင်းရင်း တနေရာရောက်တော့ ဆံပင်ရှည်သမားများ ဆံပင်ကို ပြည်မကျအောင် လျှောမကျအောင် ချည်ထားထုံးထားရပါမည်၊ အကယ်၍ ထုံးမထားချည်မထားလိုလျှင် ဆံပင်တိုညှပ်ကြတာကောင်းပါသည်၊ ဆံပင်ရှည်ကြီး တဖါးဖါးနှင့်လုပ်ရင်း စက်ထဲဆံပင်ညှပ်ပါသွားပြီး ဦးရေးတပြားလုံးစုတ်ပြတ်ကာ တသက်တာဒဏ်ရာရသွားသည့် အမျိုးသားတယောက်အကြောင်း ဥပမာပေးပြီး ရှင်းပြပါသည်။ သူက ဆံပင်ရှည်များ ချည်ထားထုံးထားပါ၊ မချည်ချင်မထုံးချင်လျှင်ဆံပင်တိုက ပိုအဆင်ပြေပါသည်ဟုဆိုသည်တွင် ကွိုင်ကစပါသည်။

အင်္ဂလိပ်လိုလည်း နည်းနည်းပြောတတ်သည့် နားလည်းလည်သည့် ဆံပင် ခါးလည်ခန့်ရှိသောမိန်းကလေးက Then I will have to cut my hair. ဟု ဝမ်းနည်းသံဖြင့်ပြောပါသည်။ သူဆံပင်ရှည်ကို မြတ်နိုးတနာရှိမှန်း ကျနော်ရော သင်တန်းဆရာရော ခံစားနားလည်ပါသည်။ ထို့အတူ သူ ဘာပြောချင်မှန်းကို ကျနော်တို့နားလည်သဘောပေါက်ပါသည်။ သင်တန်းဆရာက မင်းဆံပင်တွေကို အလုပ် လုပ်နေချိန်မှာ ပြည်မကျအောင် စည်းစားချည်ထားရင်ရပါတယ် ညှပ်စရာမလိုဟုပြောတော့ မိန်းကလေး ငါက ဆံပင်တွေကို ခုအတိုင်း ဖားဖားကျနေတာ ဖွားဖွားလွင့်နေတာကိုပဲကြိုက်တယ် ချည်ထားရတာကိုမကြိုက်ဘူး၊ နောက်ပြီး ချည်ထားရင် နာလည်းနာတယ်ဟု ဗမာလို စောဒကတက်ပါသည်၊ ကျနော်က သင်တန်းဆရာကိုဘာသာပြန်ပေးတော့ ဖားဖားကျနေလို့မရပါ ဖွားဖွားလွင့်နေလို့မရပါ။ စည်းထားချည်ထားပါ။ မစည်းထားမချည်ထားချင်ဘူးဆိုရင် ဒီမှာ အလုပ်လာလုပ်လို့မရပါ။ ဒါဟာ ကုမ္ပဏီက (စက်ရုံက)သတ်မှတ်ထားတဲ့ ကျန်းမားရေးနဲ့ ဘေးကင်းရေးဆိုင်ရာပေါ်လစီကိုဆန့်ကျင်ရာ ချိုးဖေါက်ရာရောက်ပါတယ်။ လက်မခံနိုင်ပါဟုဆိုတော့ ကောင်မလေး ပိုဝမ်းနည်းသွားပုံပေါ်ပါသည်။ မျက်နှာမကောင်းပါ။ ကျနော်လည်း စိတ်မကောင်းပါ။ သို့သော် ဘာမှ မတတ်နိုင်ပါ။ သို့ဖြင့် သင်တန်း ဆက်သွားကြပါသည်။
ဤနေရာတွင် ကျနော့်တွင် ကောင်မလေးအားပြောချင်တာ ရှိလာ ပေါ်လာပါသည်။ သို့သော် သင်တန်းနှင့်မဆိုင်သဖြင့် ပြောမဖြစ်ပါ။ ဒါနှင့် ထမင်းစားချိန်ကြ ဦးမျိုးမြင့် ပြောစရာရှိတယ်ဟုပြောပြီး ဖြတ်လိုက်ပါသည်။

ထမင်းစားချိန်ရောက်တော့ သူတယောက်တည်းထမင်းစားနေသည့်နေရာသွားပြီး ဆံပင်ကိစ္စကတော့ ညည်းရှင်းသွားပြီထင်ပါတယ်ဟု ပြောတော့ ရှင်းတယ်ဦးလေး၊ ဦးလေး ဘာပြောချင်တာလဲဟုမေးပါသည်။ ဒီလို ဦးမျိုးမြင့်က အိမ်မှာ လျှပ်စစ်ဆံပင်ညှပ်စက်လေးရှိတယ်။ ဆံပင်ကလည်း ဂတုံးကေထားတာဆိုတော့ မှန် ရှေ့တချပ်နောက်တချပ်ထားပြီး ကိုယ့်ဘာသာကိုယ် ရိပ်လိုက်တာပဲ။ အဲ့ဒါကို I shave my hair or I cut my hair. လို့ပြောလို့ရတယ်။ အဲ့သလိုပဲ သိဒ္ဓတ္ထမင်းသားတောထွက်တော့ အနော်မာသောင်ကမ်းမှာ သူ့သံလျက်နဲ့ သူ့ဆံပင် သူကိုင်ဖြတ်တာကိုလည်း He cut his hair. လို့ပြောလို့ရတယ်။ သဘောက ကိုယ့်ဆံပင် ကိုယ့်လက်နဲ့ ပြန်ဖြတ် ပြန်ညှပ်တာ။ သူများက ဖြတ်ပေး ညှပ်ပေးတာမဟုတ်ဘူး။ သူများက လာဖြတ်ပေးညှပ်ပေးတာ၊ သူများဆီသွား အဖြတ်အညှပ်ခံတာဆိုရင်တော့ အဲ့လိုပြောလို့ မရတော့ဘူးကွဆိုတော့ ကျနော့်ကို အထူးအဆန်းသတ္တဝါတကောင်တော့ လာတွေ့နေပြီဆိုသည့်အကြည့်နှင့်ကြည့်ပါသည်။

ဒါနှင့် ဘောလ်ပင်န်စာရွက်ထုတ်ပြီး ကိုယ့်ဆံပင်ကို ဆိုင်သွားညှပ်တယ်ဖြတ်တယ်၊ သူများက လာညှပ်ပေးဖြတ်ပေးတယ်ဆို I have my hair cut or I have my hair shave. လို့ပြောရတယ်ဆိုတော့ ဟင်..တခါမှမကြားဖူးဘူးဟုပြောကာ သမီးကို အဲ့ဒီစာရွက်လေးပေးပါလားဟုပြောပါသည်။ ဒါနှင့်သူ့လက်ထဲ အဲ့စာရွက်လေးပေးလိုက်ပါသည်။ ဒါဆို သမီးက ငါဆံပင် ညှပ်ရမယ်ဆိုရောဟု ထပ်မေးပါသည်။ ဒါဆို I will/shall have to have my hair cut တို့ I am going to have my hair cut. တို့ I am supposed to have my hair cut. တို့ စတာတွေနဲ့ အလှည့်သင့်သလို ကြည့်ပြီးပြောပေါ့ဆိုတော့ မျက်နှာတချက် လက်ကနဲဖြစ်သွားပြီး အိုကေ သဘောပေါက်ပြီ၊ ကျေးဇူး ဦးလေး၊ ထမင်းစားပါဦး အမဲအူစုံအသည်းစုံချက်လေဟု ပြောပါသည်။ ကျနော် စားချိန်မရတော့သဖြင့် နောက်မှဟုပြောကာ အခန်းထဲပြန်ခဲ့ပါသည်။ ကျနော် ဝမ်းသာပါသည်။ သူလည်း ဝမ်းမြောက်မည် တွေးပါသည်။
မျိုးမြင့်ချို။ ဖေဖော်ဝါရီ ၂၁၊ ၂ဝ၁၇

Monday, February 20, 2017

၁ ရက် ၁ လစာ ဘဝအမောများ(မျိုးမြင့်ချို)

0 comments
(၁ ရက် ၁ လစာ ဘဝအမောများ)
ကျနော် ဒီနေ့ အလုပ်တနေကုန်(၁ဝ နာရီ)သွားလုပ်ရပါသည်။ အမှန်က ၁၂ နာရီခွဲမှ ညနေ ၄ နာရီအထိပဲလုပ်ရန်ဖြစ်ပါသည်။ သို့သော် မနက်က ၆ နာရီ ၄၅ မိနစ်တွင် အလုပ် အိပ်ခ်ျအာရ် Human Resource မှာ ဖုန်းခေါ်ပြီး ၉ နာရီခွဲ အရောက်လာပါဟု ယမထာဆော်ပါသည်။

အိမ်သာခွက်ထဲ ကွမ်းသွေးထွေးမှုအပါအဝင် အခြားကိစ္စ ၂ ခုလည်း အရေးပေါ်သည်ဟုဆိုပါသည်။ သို့နှင့် မိတ်ဆွေတယောက်အား အကူအညီတောင်း၍ ခွေးပြေးဝက်ပြေးပြေးရပါသည်။ ဟိုရောက်တော့ ကိစ္စတွေရှင်းရှက်ပြုပြက်ပြီး ခနနားမလားတွေးနေတုန်း ကျနော့်နံမည်တပ်ပြီး လူ ၈ ယောက်ခန့် အပေါက်ဝတွင်ရောက်နေပါသည်။

အပွိုင်မင်န်လုပ်ထားပါသလားဟု ဧည့်ကြိုခန်းအမျိုးသမီးမှကျေနာ့်အားမေးသဖြင့် ဒီနေ့ ငါ ဘယ်လူတယောက်မှ အချိန်းအချက်လုပ်ထားတာမရှိပါဟု အင်တာကွန်းနှင့်ပြန်ဖြေတော့ ခနလေးဖုန်းကိုင်ထားဆိုကာ ထိုလူများအား သွားမေးနေသံ အင်တာကွန်းထဲကကြားနေရပါသည်။
ထိုလူများက အလွတ်ကျက်ထားပုံပေါ်သည့် အင်္ဂလိပ်စကားဖြင့် We want to see Ko Myo Myint ဟု ထပ်တလဲလဲပြောသံကြားနေရပါသည်။ ဧည့်ကြိုမယ်မဒီက ဘာမေးမေး ဘာပြောပြော သူတို့က ဝီဝန့်တ်တူဆီး ကိုမျိုးမြင့်ချည်းသာပြောပါသည်။ နောက်ဆုံး ဧည့်ကြိုမယ်မမလည်း လက်လန်ပြီး ဟေး မျိုး နင့်ကိုတွေ့ချင်တာလို့ပြောတယ် လွှတ်လိုက်ရမလားဟု မေးပါသည်။ လွှတ်လိုက်ဟုဆိုတော့ မောင်မင်းကြီးသားနှင့် မယ်ကြီးမ မယ်မင်းကလေးမ ၁၁ ယောက်လောက် ဗမာ့ထုံးစံနှင့်အညီ တန်းမစီဘာမစီ စုပြုံတိုးဝှေ့ ကျနော့်အခန်းရှေ့ ပေါက်ချလာကြပါသည်။

တချို့ ကွမ်းတဖေါင်ဖေါင်နှင့်ဖြစ်ပါသည်။ တချို့စကားသံ လောင်လောင်နှင့်ဖြစ်ပါသည်။ ဒါနှင့် ကဲ ဆိုကြပါဦး ဘာတွေများကိစ္စရှိလာရပြန်တုန်း အကို အမ နှမတို့ ညီတို့ဆိုတော့ ကျနော်တို့ ဒီမှာအလုပ်လာလျှောက်တာ အဲ့ဒါ လုပ်ပါဦး၊ အလုပ်ကလည်း လိုချင်နေပြီ၊ ပေးမင်န့်တွေကလည်းတက်နေပြီ၊ အလုပ်ကလည်း မရှိဘူး၊ အမေလည်း နေမကောင်းဘူးတွေရော ဘာတွေရောနှင့် သူတို့ဘဝအမောတွေနှင့် ကျနော့်ခန်းလုံးဖြည့်ပေးကြပါသည်။

ကျနော်လည်း ရင်ထဲ ကျင်နေလင့်ကစား ရီရီမောမောနှင့် ကဲဒါဆို ဖေါင်မ်တွေဖြည့်ကြမယ်။ အားလုံး အပြင်ပြန် ခနထွက်ပေးပါ၊ အရင်ဆုံးရောက်တဲ့လူ အရင်ခေါ်စနစ်နဲ့ ကျနော် တယောက်ခြင်းခေါ်ပါ့မယ်၊ တကြိမ်မှာတယောက် ကျနော်လုပ်ပေးမယ် အားလုံး အပြင်ပြန်ထွက်ကြပါဆိုတော့ ဘယ်သူမှ ပြန်မထွက်ချင်ကြပါ။ တယောက်မျက်နှာတယောက်ကြည့်ရင်း သူအရင်ရောက် ငါအရင်ရောက်တွေ အငြင်းအခုန်ဖြစ်တော့မည့်ပုံပေါ်နေပါသည်။

ဦး(စမူဆာဟုပဲထားပါ)က သူအရင်ဆုံးရောက်တာဖြစ်ကြောင်း ကွမ်းတွေ ပလုပ်ပလောင်းနှင့် အခြားသူတွေကို ခြောက်ခြောက်မောင်းမောင်းလေးပြောရင်း ကျနော့်အရင်လုပ်ပေးဟု မျက်နှာနားကပ်ပြောတော့ သူ့ကွမ်းသွေးစက်များ ကျနော်မျက်နှာပေါ် လာစင်ပါသည်။ ကျနော် ကွမ်းသွေးကို အလွန်ရွံပါသည်။ သို့သော် ဘာမှမဖြစ်လေဟန် တစ်ရှူး လေးငါးစဆွဲထုတ်သုတ်ရင်း ကဲ ဦးစမူဆာနဲ့စကြစို့ရဲ့။ ကျန်တဲ့လူတွေအပြင်ထွက်ပါ ဧည့်စောင့်ခန်းမှာ ထိုင်နေကြပါ။ တယောက်ပြီးတယောက် ကျနော်လုပ်ပေးပါ့မယ်။ အိုင်ဒီတွေ ဆိုရှယ်လ်ကဒ်တွေ အဆင်သင့်ထုတ်ထားကြပါဆိုတော့ မကြည်မသာမျက်နှာတွေနှင့် ထွက်ကုန်ကြပါသည်။

ကဲဦးစမူဆာ အိုင်ဒီပေးပါ ဆိုရှယ်ကဒ်ပေးပါ ကျနော် အလုပ်လျှောက်လွှာ ပုံစံဖြည့်ပါမယ်။ မေးစရာရှိတာမေးပါရစေဆိုတော့ ဘေးလွယ်အိတ်ထဲက အနှစ်နှစ်အလလ သိုမှီးထားပုံပေါ်သည့် စာရွက်အတိုအစအပိုင်းအစတွေ ကဒ်ပြားတွေရော တပုံတမကြီးအား စားပွဲပေါ် ဟောကနဲသွန်ချကာ ဒီထဲမှာဆရာ၊ ဘယ်ဟာတော့ ကျနော် မသိဘူး ဆရာ့ဖာသာရှာယူပါဟု ဆိုပါသည်။

ကျနော် စိတ်အတော် ညစ်သွားပါသည်။ ကျနော့်တွင် တခြားလုပ်စရာတွေ တပုံကြီး ပုံနေပါသည်။ သူတို့အတွက် ဒီနေ့ တရားဝင်အလုပ်သဘောအရ ဘာမှလုပ်ပေးစရာမလိုပါ။ သူတို့ဘာသာသူတို့ လောက်ထိုးထိုး ကျီးသုတ်သုတ် ပစ်ထားလည်းရပါသည်။ အဆင်မပြေလျှင် သူတို့ နောက်တကြိမ် မိုင်တရာလောက်မောင်းပြီး(ကားမရှိဘာမရှိနှင့်)လာကြရပါဦးမည်။ ကျနော် စိတ်လည်းတိုပါသည်။ စိတ်လည်းမကောင်းဖြစ်ပါသည်။ ရင်ထဲလည်း ထိခိုက်ပါသည်။

ဒီနေ့ အလုပ်လာလျှောက်သည့်လူတိုင်းသည် မွေးနေ့ ၁ ရက်၊ ၁ လ၊ ခုနှစ်သက္ကရာဇ်ကွဲများဖြစ်ကြပါသည်။ မိမိမွေးနေ့ပင် မသိနိုင်အားသည့် ဗမာပြည်သားများကို ကျနော့်ထမင်းစားချိန်အား လုပ်အားခမရပဲကူညီဖို့ ဆုံးဖြတ်ရပြန်ပါသည်။

အိခ်ျအာရ်မန်နေဂျာအား အကျိုးအကြောင်းပြောပြပြီး အနီးဆုံးအင်တာဗျူးထဲ ထည့်ပေးရန် အမြန်ဆုံး လုပ်ငန်းခွင်အကြိုမိတ်ဆက်သင်တန်းထဲထည့်ပေးရန် တွန်းတွန်းတိုက်တိုက် နားပူနားဆာလုပ်ရပါသည်။ သူက သဘောကောင်းသူလည်းဖြစ် သဘောကောင်းနေခိုက်လည်းဖြစ် သဘောကောင်းခွင့် အသုံးပြုချိန်ရခိုက်လည်းဖြစ်နေသဖြင့် ပြုံးပြုံးရွှင်ရွှင်နှင့် အိုကေ ငါတော့ မဗျူးအားဘူး အလုပ်များနေတယ်၊ နင်ဗျူးပေးမယ်ဆိုဖြစ်ပါတယ်ဟုဆိုပါသည်။ ဘာလို့မဖြစ်ရမှာလဲ၊ ငါ ဖေါင်မ်ဖြည့်ပေးလိုက်မယ်၊ ပြီးရင်တခါတည်း ဗျူးမယ်ဆိုတော့ ဟယ်..တကယ်ဟုဆိုကာ လုပ်လုပ်ဆိုပြီး လက်မထောင်ပြပါသည်။

ဤသို့ဖြင့် ဦးစမူဆာအပါအဝင် ဒီနေ့အလုပ်လာလျှောက်သူတိုင်း စူပါဗိုက်ဇာ/မန်နေဂျာများနှင့် ဒုတိယအကြိမ် အင်တာဗျူးရမည့်နေ့ အရက်/ဆေးဝါးကင်းစင်မစင်စစ်ရမည့်နေ့နှင့် အိုရီယာန်တေးရှင်းန်းခေါ် အလုပ်ဝင်အကြိုမိတ်ဆက်သင်တန်း တက်ရမည့်နေ့များပါ လုပ်ပေးနိုင်ခဲ့ပါသည်။ ထို့ကြောင့် သူတို့ ၃ လပိုင်း ၁ ရက်နေ့တွင် အလုပ်စဆင်းကြရပါတော့မည်။ ကျနော် ပျော်ပါသည်။ ကျနော် မောပါသည်။
ဖေဖော်ဝါရီ ၂ဝ၊ ၂ဝ၁၇

Sunday, February 19, 2017

စစ်ထွက်ဆရာကြီးတွေ ဘာလုပ်နေသလ (ဌေးလွန်း)

0 comments
စစ်ထွက်ဆရာကြီးတွေ ဘာလုပ်နေသလဲ
ဌေးလွန်း
အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ်(၈) မှာ ဖော်ပြမယ့် ဆောင်းပါးဖြစ် ပါတယ်။
အာဏာရပါတီရဲ့ ဥပဒေအကြံပေးကို လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်သူတွေက စစ် ထွက်တွေ ဖြစ်နေတယ်။ စစ်ထွက်ဆိုလို့ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့် တို့ အပါ အ၀င် စစ်အုပ်စု ထိပ်သီးတွေ အကုန်လုံးနီးပါးက စစ်ထွက်အုပ်စုပါ။ သူတို့ လို ထိပ်သီးတွေ
တင်မက ရာထူးအဆင့်အစုံ အသုတ်လိုက်ခွဲပြီး အရပ်ဘက်ပြောင်း ကိုယ်ယောင်ဖျောက်ထား
သူ စစ်ထွက်တွေ အများကြီး ရှိပါတယ်။ နယ်ပယ်အစုံမှာ အသွင်သဏ္ဌာန် မျိုးစုံနဲ့  ရှိနေတာပါ။ သူတို့ အုပ်စုက အင်အားတောင့်တယ်၊ တပ်အပေါ် သြဇာရှိသူ ဆရာကြီးတွေ ပါတယ်။ ဒီချုပ်ပါ တီကို အာဏာခွဲပေးပြီးတဲ့နောက် သူတို့ ဘာလုပ်နေသလဲ။
လက်ရှိ ကာချုပ် ဗိုလ်မင်းအောင်လှိုင်တို့ လို တရားဝင် အာဏာကိုင်ထားသူ၊ လွှတ်တော်တွင်း မှာ နေရာယူထားသူတွေထက် လွှတ်တော်ပ စစ်အုပ်စုက ပိုပြီးသြဇာအာဏာ ရှိပါတယ်။ လွှတ်တော်ပ အုပ်စုမှာက နိုင်ငံရေး ခလောက်ဆန်နေတဲ့ ကြံ့ဖွတ်အုပ်စု ရှိတယ်။ အနားယူသွား ပြီ၊ နိုင်ငံရေး မလုပ်တော့ဘူးဆိုတဲ့ နာယကကြီးတွေ ရှိတယ်၊ ၀ါရင့်သမ္ဘာရင့်တွေ ရှိတယ်။ အခု နောက်ပိုင်း ဇာတ်ရှိန်မြှင့်လာတဲ့ နိုင်ငံရေး တိုက်ကွက်တွေအရ စစ်အုပ်စုမှာ လမ်းပြမြေပုံ အသစ်လည်း ရှိပုံရတယ်။ မြေပုံအဟောင်းက လမ်းဆုံးသွားတော့ အသစ်နဲ့ ရှေ့ ဆက်ကြတဲ့ သဘောပဲ။
လမ်းပြမြေပုံအသစ်ရှိရင် ဘယ်နှစ်ဆင့်ရှိလဲ၊ ဘာတွေလဲ မသိရဘူး။ အရေးကြုံတိုင်း ရာဇ၀တ် သားတွေ ထုတ်သုံးတာတော့ သူတို့ ထုံးစံပဲ။ ဦး(ဗိုလ်)သိန်းစိန် လက်ထက်မှာ နိုင်ငံရေး
အကျဉ်းသားလွှတ်တိုင်း ရာဇ၀တ်သားတွေ ထောင်ချီပြီး လွှတ်ပေးခဲ့တယ်။ ဒီချုပ်အစိုးရ တက် ပြီး တဲ့နောက် လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု ဆိုတာတွေက မိုးဦးကျမှိုတွေလို ထွက် လာတော့တာပဲ။ နောက်ဆုံးမှာ နိုင်ငံရေးလုပ်ကြံမှုအဆင့်ထိ တက်လာတယ်။ ရာဇ၀တ်မှုတွေ တိုးပွားသလိုမျိုး လုပ်ကြံ သတ်ဖြတ်တာမှာလည်း တယောက်တည်းနဲ့ အဆုံးသတ်ပါ့မလား တွေးပူစရာ ရှိပါတယ်။
ဒီချုပ်ဟာ ရန်သူဝိုင်းဝိုင်းလည်နေတာ မဟုတ်ပါဘူး။ ရန်ဘက်ဆိုလို့ စစ်အုပ်စုပဲရှိတယ်။ အခု လုပ်ကြံသတ်ဖြတ်မှုမှာ စစ်ထွက်တွေက လုပ်တာဖြစ်ဖြစ်၊ လက်ရှိ ယူနီဖောင်းဝတ်တွေက လုပ် တာ ဖြစ်ဖြစ် အတူတူပါပဲ၊ တဖွဲ့ တည်းပါ။ သူတို့ ဘာလို့ ဒီအချိန်မှာ ဒီလို လုပ်သလဲ။ စနစ်တကျ အချိန်ယူ ပြင်ဆင်ပြီးသား ဖြစ်သလို ဦးတည်ချက်တွေလည်း အများကြီးရှိပါလိမ့်မယ်။ ဒီဖြစ်ရပ် အပေါ် တုံ့ပြန်သူတွေနဲ့ တုံ့ပြန်ပုံကို အကဲဖြတ် ပြီး သူတို့ ရှေ့ ဆက်မှာပါ။ သူတို့ က ဘယ် လို တုံ့ ပြန်မှုမျိုးကို လိုလားသလဲ။ ဘယ်လို တုံ့ ပြန်ကြမလဲ။ အထူးသဖြင့် အာဏာ တချို့  တ၀က်လည်း ရှိသလို၊ လုပ်ကြံခံရသူရဲ့ မိခင်အဖွဲ့ အစည်းလည်းဖြစ်တဲ့ ဒီချုပ်အစုရဲ့ ၊ ဒီချုပ် ခေါင်းဆောင်မှုရဲ့ တုံ့ ပြန်ပုံဟာ အင်မတန် အရေး ကြီးပါတယ်။
လွှတ်တော်ပြင်ပရောက် စစ်ထွက်အုပ်စုရဲ့ ထင်သာမြင်သာတဲ့ အလုပ်တွေက ပြည်တွင်းစစ်
ထောက်ခံရေးနဲ့ အမျိုးသားနိုင်ငံရေး ဆိုတာတွေပါ။ မသိရ၊ မမြင်ရတဲ့ အလုပ်တွေကတော့ အများကြီး ရှိပါလိမ့်မယ်။ လွှတ်တော်တွင်းနဲ့ အုပ်ချုပ်ရေး အ၀န်းအ၀ိုင်းထဲရောက် ယူနီဖောင်း ၀တ် အုပ်စုက ၂၀၀၈ အခြေခံကပဲ စကားပြောတယ်။ လက်နက်ကိုင်ဖြစ်ဖြစ်၊ လက်နက်မဲ့ဖြစ် ဖြစ် စစ်ရေးအရ လက်နက်ချ၊ နိုင်ငံရေးအရ အညံ့ခံပြီး ၂၀၀၈ ဖွဲ့ စည်းပုံအောက်ကို ခေါင်းလျှို ၀င်ခိုင်းတယ်။ ခလောက်ဆန်သူကဆန်၊ အကောက်ကြံသူကကြံပြီး စစ်အုပ်စုတဖွဲ့ လုံး အကွက်ကျ ကျ နိုင်ငံရေး ကစားနေတာပါ။ သိသာထင်ရှားတာက ဒီချုပ်ရဲ့ အဓိက နိုင်ငံရေး ဦးတည်ချက် (၃) ရပ် မအောင်မြင်အောင်၊ မဖြစ်မြောက်အောင် တိုက်ဖျက်နေတာပဲ ဖြစ်ပါတယ်။
၂၀၁၂ ကြားဖြတ်ကတည်းက အခြေခံဥပဒေပြင်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ကြွေးကြော်သံ (၃) ခုနဲ့ ထွက်လာတဲ့ ဒီချုပ်ဟာ ၂၀၁၅ မှာလည်း ဒီသုံးခုကို ဆက်လက်စွဲကိုင်
ပါတယ်။ သို့ ပေမဲ့ စစ်အုပ်စုနဲ့ အာဏာခွဲဝေရေးလုပ်ဖို့ လိုလာတော့ ရင်ကြားစေ့ရေးဆိုတာကို ရှေ့ တန်းတင်လာရတယ်။ ရင်ကြားစေ့ရေးကလည်း တဖက်သတ် အလျှော့ပေးရေး ဖြစ်နေတဲ့
အခါ မူလနိုင်ငံရေး ဦးတည်ချက် (၃)ရပ်ကို အကောင်အထည်ဖော်ဖို့ ဝေးသထက် ဝေးလာပါ
တယ်။ ၂၀၀၈ ပြင်ရေး ရှေ့ ဆက်ပြီး ရဲရဲချီတက်မလား။ အဓိက လူသတ်တရားခံ ဘယ်သူပဲဖြစ် ဖြစ် ဖော်ထုတ်ရုံးတင်ပြီး ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ပေးမလား။ ဒီချုပ်ခေါင်းဆောင်မှုအနေနဲ့  အလေးအနက် ဆုံးဖြတ်ရမှာပါ။ ဒါဟာ အရေးပါတဲ့ နိုင်ငံရေးတိုက်ပွဲ ဖြစ်ပါတယ်။
စစ်အုပ်စုကတော့ အလျှော့မပေးတဲ့အပြင် ပိုပိုပြီးတော့ ကြမ်းလာတယ်၊ ရမ်းလာတယ်။ အခုလို လက်နက်ကိုင်တိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲတွေကို အရှိန်မြှင့်လာတာဟာ သူတို့ ကြမ္မာငင်လာတာ
လည်း ဖြစ်နိုင်ပါတယ်။ သူတို့ ထင်တာက လက်နက်ရှိတယ်၊ အင်အားရှိတယ်၊ ဘယ်သူ့ မှ မှုစ
ရာ မလို၊ ဘာဖြစ်ဖြစ် မှုစရာမလို ဆိုတာမျိုးပါ။ သေနတ်နဲ့ ပစ်သတ်တိုင်း နောက်တွန့် တတ်သူ
တွေ မဟုတ်တာ ရှစ်လေးလုံး အရေးတော်ပုံကစလို့ အခုနောက်ဆုံး လူသတ်သမားကို ၀ိုင်းဖမ်း
ပြီး အနိုင်ယူလိုက်တဲ့ သမိုင်းဝင်ဖြစ်ရပ်တွေက သက်သေပါ။ ဘယ်သူတွေ ဘယ်လိုပဲ တုံ့ပြန် ပါစေ ပြည်သူ့ တရားစီရင်ခန်းနဲ့ ပြည်သူ့ အောင်ပွဲကတော့ ဧကန်မုချ ရောက်လာဦးမှာ ဖြစ်ပါ
တယ်။

အတွေးကူးခြင်း (မျိုးမြင့်ချို)

0 comments
ကျနော် ခုနက ခြံထဲဆင်း ကန်ဘေးထိုင် ငါးလေးတွေအစာကျွေးတော့ ငါးသားပေါက်အမည်းလေးတွေ တပုံတခေါင်းကြီးတွေ့ပါသည်။ တကယ့်ကို ပိစိကွေးလေးတွေပါ။ ကျနော့အထင် လွန်ခဲ့သည့် ၂ ရက် ၃ ရက်ကမှ ပေါက်ထားခြင်းဖြစ်မည်ဟု ထင်ပါသည်။ ပုဇွန်ဆိတ်ကလေးမှမဟုတ် ငါးသားပေါက်လေးများလည်း ပင်လယ်ကူးတတ်ပုံပေါ်ပါသည်။ သူတို့ ရေထဲတွင်နေနေကြပါသည်။

ဤနေရာတွင် ငါးများရေထဲနေနေခြင်းသည် ရေကူးနေခြင်း ဟုတ်မဟုတ် ကျနော်မပြောတတ်ပါ။ အကယ်၍ ငါးများက ကုန်းပေါ်တက်ပြီး ကျနော်တို့လို့ မတ်တပ်မတ်တပ်လျှောက်သွားနေလျှင် ငါးတွေ လမ်းလျှောက်သည်ဟုပြော၍ရမည်ဖြစ်သော်လည်း ယခု သူတို့ဘာသာ ရေထဲနေနေခြင်းအား ရေကူးနေသည်ဟုပြောမရဟုတွေးမိပါသည်။ 

ကုန်းပေါ်မတ်တပ်လျှောက်သည့် ကျနော့်လို လူသတ္တဝါတကောင်အနေနှင့် ရေထဲဆင်း၍ ငါးများရေထဲလျှောက်သွားသလိုလုပ်ခြင်းအား ဒီလူဟိုလူရေကူးနေသည်ဟုပြောခြင်းကို ကျနော်မကန့်ကွက်ပါ။ သို့နှင့်တိုင် ကူးသည်ဆိုခြင်း၏အနက်တွင် တဘက်ကမ်းသို့ရောက်အောင်သွားခြင်းဆိုသည့်သဘောသွားပါ ပါပါသည်။ လူတချို့ရေထဲဆင်း ဆော့ကြခြင်း အားကစားလုပ်ကြခြင်းမှာ တဘက်ကမ်းသို့ရောက်အောင် ကူးခပ်မည်ဆိုသည့်သဘော မပါပါ။ 

ငါးလေးတွေ ရေထဲနေနေသည်ကိုကြည့်ရင်း ဇနီးသည်အား တယ်လီဖုန်းဖြင့် There are many small black baby fish. ဟု ဝမ်းပမ်းတသာပြောမိပါသည်။ သူက Wow, amazing. ဟု ပြန်ပြောပါသည်။ ဤနေရာတွင် Wow ကို နောက်တွင် အာမေဋိတ်အမှတ်အသားလေး ထည့်နားလည်စေချင်ပါသည်။ သို့မှသာ ဟယ် တကယ်...ဆိုသည့်သဘောရပါလိမ့်မည်။ ဝေါင်း အံ့စရာကြီးဟုဆိုလျှင် ဘာမှန်းမသိသည့်စကားကြီးဖြစ်သွားပါလိမ့်မည်။ 

ကျနော်ပြောသည့် There are many small black baby fish. ကိုလည်း ငါးသားပေါက် အမည်းလေးတွေ အများကြီးဟုဆိုလျှင် လုံလောက်သည်ထင်ပါသည်။ အနက်ရောင် ဘေဘီဖစ်ရှ်လေးတွေ အများကြီးရှိနေပါသည်ဟုဆိုလျှင် ဘာစကားမှန်း ရေရာမပြောနိုင်မည့် အဆာခတ်ကျယ်ကျယ်စကား ဖြစ်သွားမည်ထင်ပါ။ ငါးအမျိုးကွဲအများကြီးဆိုလျှင် Fishes ဟုပြောပြီး ငါးတမျိုးတည်း အကောင်အများကြီးဆိုလျှင်မူ Fish ဟူ၍ပဲပြောရပါသည်။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၉၊ ၂ဝ၁၇

မိမိကိုယ်ကို ချစ်ခြင်း(မျိုးမြင့်ချို)

0 comments
(မိမိကိုယ်ကို ချစ်ခြင်း)
ကျနော့်အလိုလည်းမပါ။ ကျနော့်တောင်းဆိုမှုလည်းမပါ။ ကျနော်ကိုယ်တိုင်လည်း ဘုမသိဘမသိနှင့် လောကထဲရောက်အောင် အသက်ဖြစ်လာအောင် လူဖြစ်လာအောင် အလုပ်ခံရခြင်း၌ ကျနော်က မည်သူ့ကို ဘာကိစ္စ ကျေးဇူးတင်ရမည်နည်း။

ကျနော့်အား အသက်ဖြစ်အောင် (လူဖြစ်အောင်)လုပ်ကြပြီးနောက် ကျနော့်အသက်(ကျနော့်ဘဝ)အား မသေအောင်မွေးမြူစောင့်ရှောက်ခြင်းအတွက်လည်း ဘယ်သူက ကျနော့်အပေါ် ဘာကျေးဇူးရှိသနည်း။

သူတို့ ကျနော်အသက်(ကျနော့်ဘဝ)အား မစောင့်ရှောက်ရုံမက သတ်ပစ်လိုက်လျှင်လည်း ကျနော့်အတွက် ဘာကိစ္စရှိပါသလဲ။ ကျနော် သေခြင်းမသေခြင်းကိုပင် ကျနော့်ဘာသာ သိနိုင်မည့်အခြေအနေမဟုတ်ပါ။ ထိုသို့ သတ်ပလိုက်လျှင် သို့မဟုတ် အမှိုက်ပုံသွားစွန့်ပစ်လိုက်လျှင် သူတို့သာ လူအကဲ့အရဲ့ခံရမည်မဟုတ်ပါလား။

အနိမ့်ဆုံးအဆင့် ကိုယ့်ဘာသာ ထမင်းရှာမစားနိုင်သေးသည့်ကျနော့်အား နို့ဝဝမတိုက်လျှင် ထမင်းဝဝမကျွေးလျှင် သူတို့တွင်တာဝန်ရှိသည်မဟုတ်ပါလား။
ကျနော်တောင်းဆို၍ ကျနော့်အလိုပါ၍ သူတို့က ကျနော့်အားလူဖြစ်အောင် ဘဝဖြစ်အောင် အသက်ဓာတ်ဖြစ်လာအောင်လုပ်ပေးရသဖြင့်ဆိုလျှင် ဟုတ်ပါသည်။ သူတို့ကျေးဇူး ကျနော့်အပေါ်တွင်ရှိပါသည်။ ကျနော် ကျေးဇူးတင်ရပါမည်။
သူတို့ ကျနော့်အား မွေးမြူစောင့်ရှောက်ကြခြင်း၌ (တချိန်ချိန်ကြ ငါတို့အိုမင်းလာသည့်အခါ) မျှော်လင့်ချက်တစုံတရာဖြင့် ပြုမူခဲ့ကြခြင်းမဟုတ်ပါဟု ခင်ဗျား အာမခံဝံ့ပါသလား။

ကျနော် အလိုမပါ တောင်းဆိုမှုမပါ ဘုမသိဘမသိနှင့် လူလာဖြစ်ရပြီးနောက်ပိုင်း ကျနော့်ဘာသာရှာသဖြင့် ရခဲ့သည့်ဒုက္ခတွေအတွက်လည်း သူတို့အပါအဝင် ဘယ်သူ့ကိုမှအပြစ်မတင်ပါ။ ထို့အတူ ကျနော့်အလိုမပါ ကျနော့်တောင်းဆိုမှုမပါ သူတို့ဘာသာ စိတ်အလိုသာယာသဖြင့်ရခဲ့သည့် ကျနော့်ဘဝ(အသက်) တွက်လည်း ဘယ်သူ့ကိုမှ ကျေးဇူးတင်စရာမရှိပါ။

ကျနော်လူဖြစ်လာပြီးနောက် ကျနော်ရှာ၍ခံရသည့်ဒုက္ခတွေအတွက် သူတို့တွင်တာဝန်မရှိပါ။ ရှိစရာလည်းမလိုပါ။ ရှိလည်းမရှိပါ။ ရှိပါသည်ဟု သွားပြောလျှင်လည်း အရည်မရအဖတ်မရ ဝဋ်တို့ကံတို့ ဘုရားသခင်တို့နှင့် ဂိတ်ဆုံးမည်သာဖြစ်ပါသည်။

ကျနော် ကလေးရလျင် ကျနော့်ကလေးကို ကျနော် ချစ်ပါမည်။ ပြုစုစောင့်ရှောက်ပါမည်။ မသေအောင် ထားပါမည်။ သို့သော် ကျနော် ဘယ်သောအခါမှ သူ့ကျေးဇူးရှင်အဖြစ်မခံပါ။ ငါးပါးဂုဏလည်း အဝင်မခံနိုင်ပါ။ ကျနော် အလွန်ရှက်ပါသည်။ မျက်နှာလည်း ပူပါသည်။
ခုလည်း ကျနော့်ကြက်လေးတွေ ခွေးလေးတွေ ငါးလေးတွေကို ကျနော်ချစ်ပါသည်။ တခါတရံအိမ်ဘက် ရောက်ရောက်လာတတ်သည့် သမင်များကိုလည်းကောင်း နေ့စဉ်ခြံစိုက်ခင်းထဲက အသီးအနှံများကို လာစားသောက်နေကြသည့် တောယုန်မိသားစုများကိုလည်းကောင်း ကျနော့်ကြက်ပေါက်စလေး ၂ ကောင် ၃ ကောင်လောက်အား သုတ်ချီစားသောက်သွားသော အမေရိကန်လင်းယုန်နှင့် သိမ်းငှက်များကိုလည်းကောင်း အိမ်တံစက်မြိတ်တွင် အသိုက်ဆောက် ကလေးပေါက်ကြသော စာကလေးလိုလို ဘာလိုလို ငှက်ကလေးများကိုလည်းကောင်း ဘဝတူ ဗမာပြည်သားဒုက္ခသည်များကိုလည်းကောင်း ကျနော် တတန်းတည်းထားပြီး ချစ်ပါသည်။ ကျနော့်ကိုယ်ကျနော်လည်း ချစ်ပါသည်။ ကျနော့်ဇနီးကိုလည်း ကျနော်ချစ်ပါသည်။ အမေ့ကိုလည်း ညီအကိုမောင်နှမတွေ ဆွေမျိုးတွေကိုလည်း ချစ်ပါသည်။ မိတ်ဆွေမှန်သမျှကိုလည်း ချစ်ပါသည်။
အနန္တောအနန္တဆိုသည်မှာ မက်လုံးမပါလျှင် အနက်မရှိပါ။ ထို့အတူ တာဝန်ယူမှုမပါလျှင် ပြောရ အလွန်လွယ်ပါသည်။
ထို့ကြောင့် အနန္တောအနန္တများ ကောင်းစားကြပါသည်။ ကြီးပွားကြပါသည်။

မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၉၊ ၂ဝ၁၇

Saturday, February 18, 2017

စိတ်ပိစာ(မျိုးမြင့်ချို)

0 comments
ခုတလော စိတ် အဖိစီးများနေပါသည်။ အလုပ်လည်း နည်းနည်းပိပါသည်။ ကားလည်း သမင်တိုက်မိပြီး ကြေမွသွားပါပြီ။ နောက်စီးအမြန်ဝယ်ရန် ပိုက်ဆံ အသည်းအသည်ရှာနေရသည့်သဘောလည်း ပါပါသည်။ နဂိုကမှခြေလက်မရှိသူတယောက်အတွက် ဖို့တ်ဝိန်းလိုတောမြို့တွင် ကားမရှိလျှင် ဘဝပါမရှိသလိုဖြစ်ရပါသည်။ ကိုယ်တိုင်အတွေ့အတွေ့အကြုံရှိမှ ခံစားနားလည်နိုင်မည်မို့ ဇာမချဲ့လိုပါ။ ကျနော်တို့လိုလူတွေအဖို့ ကားဆိုသည်မှာ ကိုယ်ကသူ့စီးသည်လား သူကကိုယ့်စီးသည်လားဟူ၍ပင် တပ်အပ်သေချာမပြောနိုင်ကြပါ။ ကားမရှိသဖြင့် အလုပ်မတွင်စိတ်ညစ်ရသော်လည်း ညည်းတော့မညည်းပါ။ ညည်းသံလည်း မပါစေချင်ပါ။ ညည်းလည်း ညည်းညူစရာမဟုတ်ပါ။ ဘဝကို ညည်းစရာဟု တခါမှမမြင်ဘူးပါ။ ဘဝဆိုသည်မှာ သုံးဆောင်ခံစားရန်သာဖြစ်ပါသည်။ ဘယ်နေရာတွင်းသုံး၍ ဘယ်နေရာခံစားရမည်ကို ဘဝကပြဌာန်းသဖြင့် လူတိုင်း မိမိဘဝပြဌာန်းသလို ဘဝတွေကို ခံစားသုံးဆောင်နေကြခြင်းဖြစ်ပါသည်။ ကျနော်တို့လို လက်လှုပ်မှပါးစပ်လှုပ်ရသည့် နိုင်ငံအကြီးကြီးမှ လူသေးသေးတွေအတွက် တခါတရံအပျော်အပါးလိုက်စားခြင်းမှတပါး အခြား စိတ်အတင်းဖြေစရာ အလွန်နည်းပါသည်။ ဤနေရာတွင်လည်း အပျော်အပါးကို အရက်သောက် ဖဲရိုက် ဖါချလောက်ဟုသာ နားလည်ထားသူတွင် သင်ယူစရာတွေအများကြီး ရှိနေပါသည်။ အပျော်အပါး၏အနက်မှာ ဘုန်းကြီးကျောင်းသွားခြင်းမှအစ ပင်လယ်ကမ်းခြေသွားခြင်းအလည် လူတွေ အိမ်ဖိတ်ပြီး မုန့်ဟင်းခါးချက်စားကြခြင်းအဆုံးအထိပါပါသည်။ တခါတရံ အပျော်အပါးသည် အဘုဘလိုက်ပို့ရင်း သူများကလေးမွေးနေ့သွားရင်း မင်္ဂလာဆောင်တခုခုသွားရင်း အလုပ်မှပေးသည့် ဘရိတ်ခ်ချိန်ခေါ် ထမင်းစားချိန် မိနှစ် ၂ဝ လောက်တွင် ကော်ဖီသောက်ရင်းလည်းရပါသည်။ အပေါစားအရက်ဘားများ ဘီယာပါ့ဘ်များသွားရင်းလည်းရပါသည်။ ဘာရည်ရွယ်ချက်မှမရှိ စတီယာရင်ဦးတည့်ရာ ကားလျှောက်မောင်းရင်းလည်း ရပါသည်။ မိမိဇနီးသည်နှင့် သူ့အလိုကိုယ့်အလိုဖြည့်ရင်းလည်းရပါသည်။ ထို့ကြောင့် အပျော်အပါးကို အနက်သစ်ထပ်ဖြည့်ကြရန်နှင့် အဓိပ္ပါယ်သစ်ဖွင့်ကြရန် နှိုးဆော်ပါသည်။ ခုတလော စာလည်းမဖတ်ဖြစ်ပါ။ ရေးလည်းမရေးဖြစ်ပါ။ ဘာဒေါသညာဒေါသ သင့်မည်စိုးသဖြင့်မရေးခြင်း မဟုတ်ပါ။ စာဆိုသည်မှာ ဒေါသတခုခုမှမပါလျှင် ရေးလို့ကိုမရပါ။ လူမှုရေးတွေ(ဘာပွဲညာပွဲအပါအဝင် သာရေးနာရေး)တွေအတော်လွတ်ပါသည်။ သာရေးလွတ်တာကကိစ္စမရှိပါ။ နာရေးကြကိစ္စရှိပါသည်။ တခါတလေ(တခါတလေ တခါတလေထက်ပိုပါသည်)ကိုယ် ကူညီနှိုင်တာတွေ မကူညီလိုက်ရပါ။ ဖေ့စ်ဘွတ်ခ် မသုံးတော့လျင်ကောင်းမလား တွေးနေပါသည်။ ဖတ်စရာ စာအုပ်တွေလည်း မဖတ်ဖြစ်ပါ။ မခွာညိုပို့ထားသည့်စာအုပ်လည်း မနေ့က ရောက်လာပါသည်။ ဒီနေ့ ဖတ်မလားတွေးတော့ မိုးလင်းတာနှင့် ကြက်အိမ်လေးထဲက တဆောင်းတွင်းလုံးပုံနေသည့် ကြက်ချေးများရှင်းထုတ်ပြီး ဂျုံရိုးသစ်ပြန်ခင်းပေးရပါမည်။ နွေဦးပေါက် နွေနှင့် ရေမခဲခင်ကာလတွေအထိ သူတို့သောက်ရမည့် ကြက်ရေခွက်အမျိုးအစားကို ပြန်ထုတ်ဆေးကြောရေဖြည့်ပြီး အပြင်တွင် တည်ပေးရပါမည်။ (ရေခဲနေချိန်တလျှောက်လုံး)သူတို့သောက်ခဲ့သည့် အပူပေးရေခွက်ကို ပြန်ဆေးကြောပြီး လာမည့်နှစ်အတွက်ပြန်သိမ်းရပါမည်။ ငါးကန်လေးလည်း လုံးဝ အရည်ပြန်ပျော်သွားပါပြီ။ မနေ့ညနေ အလုပ်ကပြန်လာတော့ ဘီယာနည်းနည်းဆွဲသွားပြီး ကန်စောင်းကသစ်တုံးဗုံတိုပေါ်ထိုင်ရင်း ငါးလေးတွေ ကူးခပ်နေတာကြည့်လိုက် ဘီယာလေးကျိုက်လိုက် အစာဖတ်လေးတွေ ကြဲချကြွေးလိုက်နှင့်နေရသည်မှာ ဆောင်းမဝင် ကန်ရေမခဲခင်က ရခဲ့သည့်အရသာနီးပါးပြန်ရပါသည်။ ဤနေရာတွင် နီးပါးဟုဆိုရခြင်းမှာ နွေလောက် မြေမမာသေး အအေးမပေါ့သေးကိုပြောချင်တာဖြစ်ပါသည်။ စထရော်ဘယ်ရီတွေလည်း အညွန့်အညှောက် ထွက်စပြုပါပြီ။ ဒီနှစ်တော့ အသီးဆွတ်ရလွယ်အောင် ပြင်စိုက်ထားပါသည်။ အရင့်အရင်နှစ်တွေတုန်းက ခြံလှအောင်စိုက်မိသဖြင့် အသီးအများကြီး ဆုံးရှူံးခဲ့ရပါသည်။ ကညွှတ်ဖူးလေးတွေ နောက်တပတ်လောက်ဆို ထွက်တော့မလားဟု မျှော်လင့်စိတ်စောဖြင့် သူတို့နေရာသွားကြည့်တော့ အလားအလာမမြင်သေးပါ။ ရေဝပ်နေဖြင့် မြေပျော့ထဲ ဂျိုင်းထောက်ကျွံကာ ပြန်ဆွဲနှုတ်တော့ အရှိန်လွန်ပြီး ဖင်ထိုင်ရက်ကျပါသည်။ တကိုယ်လုံး ဗွက်လူးသွားပါသည်။ ဒါနှင့် ငါးကန်ဘေးက သစ်ဗုံတိုပေါ်ခနပြန်ထိုင် ဘီယာနည်းနည်းထပ်ကျိုက် ရွှံ့လေးဘာလေးသပ်သက်ပြီး အိမ်ထဲပြန်ဝင်သည်။ လူက အေးစက်စက်ဖြစ်နေသည်။ အပြင်မှာက အအေးလေး နည်းနည်းစွက်နေသေးသည်။ အိမ်ဆိုသည်မှာ နွေးထွေးသည် အိမ်ဆန်သည်ဆိုသော်လည်း အပြင်မှာလို အပြင်မှာလောက် မလွတ်လပ်ပါ။ အိမ်ဆန်မှုကိုလိုချင်လျှင် အပြင်ကလွတ်လပ်မှုကို အိမ်ပေါက်ဝတွင်ထားပြီး ဝင်နိုင်ပါမှတော်ကာကြပါသည်။ ကျနော်သည် အိမ်ကိုကြိုက်သလို အပြင်ကိုလည်းကြိုက်ပါသည်။ ထို့ကြောင့် ကျနော့်တွင် အိမ်နှင့်အပြင်ပဋိပက္ခ အမြဲတမ်းရှိနေခြင်းဖြစ်ပါသည်။ ခွေးလေး ၂ ကောင်က ရာသီဥတုလေးနွေးစပြုလာ နှင်းတွေ ရေခဲတွေလည်း ပျောက်ပြယ်သွားကာနေလည်း ခြင်းခြင်းလင်းလင်းရှိလာသဖြင့် အပြင်ထွက် လမ်းလျှောက်ချင်စိတ်ပေါက်ကာ ဇနီးသည်ကို အပူတိုက်နေတာလည်း မြင်ပါသည်။ တောစီးလည်ရှည် ရာဘာဖိနပ်ကြီးကိုချွတ်ရင်း အနားကစင်ပေါ်ရှိ ကန်စွန်းဥကြီးတွေက အနံ့တခုခုရသဖြင့် လက်နှင့်စမ်းကြည့်တော့ ခြင်းထဲကျန်နေသေးသည့် မနှစ်ကခြံထွက် လက်ကျန်ဥကြီးတွေအကုန် ဒလဗိုင်လိုက်ကုန်ပါပြီ။ ဒါနှင့် ခြင်းကိုယူဖိနပ်ပြန်စွပ်ပြီး ကြက်အိမ်လေးရှေ့သွားသွန်ချတော့ မယ်မင်းကြီးမတွေထွက်လာပြီး အလုအယက်မြိန်ရည်ရှက်ရည် သုံးဆောင်တော်မူကြပါသည်။ ဤစာကို ဤနေရာတွင်ခနရပ်ပါမည်။

Thursday, February 2, 2017

တူတူမျှမျှချစ်ဖို့ဆို(မျိုးမြင့်ချို)

0 comments
ကြေညာချက်ထုတ်တာလည်း ထုတ်ပါ။ လက်သည်ကိုလည်း ရဲရဲဆွဲထုတ်ပြပါ။ တောင်းဆိုတာလည်း တောင်းဆိုပါ။ တင်ပြတယ်တော့ မလုပ်ပါနဲ့။ ကြေညာချက်ထုတ်လိုက်ရုံနဲ့ အသုဘလိုက်ပို့ရုံနဲ့ ကြေပြွန်ပြီလို့ မခံယူလိုက်ပါနဲ့။ လုပ်စရာတွေ အများကြီးရှိနေပါတယ်။ ကိုယ်လုပ်မယ်လို့ ကိုယ့်ဘာသာခံယူထားတဲ့ ဝတ္တရားတွေ ထမ်းကြဖို့ပါ။

ကျန်သူတွေလည်း ခုထက်ပို နိုင်ငံရေးမှာနိုးနိုးကြားကြား လုံခြုံရေးမှာသတိဝီရိယထားထား နေကြပါ။ ကျည်ကွယ်မျက်ကွယ် ကျည်လွတ်မြေက ကျနော်တို့အားလုံးဟာ ဘာလက်နက်မှမရှိ ဘာအကာအကွယ်မှမရဘဲ စစ်ပွဲအလယ်ရောက်နေတဲ့ ခင်ဗျားတို့အားလုံးအတွက် ပူပန်ကြောင့်ကြစိတ် အမြဲရှိပါတယ်။

ဗမာ့ဒီမိုကရေစီရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်/ဖျက်သိမ်းရေး၊ လူမျိုးရေး ဘာသာရေး နိုင်ငံရေးအကြာင်းခံ လုပ်ကြံသတ်ဖြတ်မှုနဲ့ မတရားတဲ့စစ်ပွဲတွေချုပ်ငြိမ်းဖို့၊ ဖက်ဒရယ်လ်ပြည်ထောင်စုထူထောင်ဖို့ လူမျိုး ဘာသာ အသားရောင် ကျားမလိင်မခွဲခြားတဲ့လူ့အဖွဲ့အစည်းဖြစ်လာဖို့ ကျနော်တို့ ဒီကနေ လှမ်းထည့်ဝင်နိုင်တာက မဖြစ်စလောက် ငွေကြေးလေး၊ မပြည့်မစုံ အကြံဉာဏ်ပေးခွင့်လေး၊ မရဲတရဲဝေဘန်ချက် ပေးတာလေးလောက်လေးပါဘဲ။

စိတ်မလုံခြုံ ဘဝမလုံခြုံ တွေနဲ့ပြွမ်းတီးနေတဲ့ အရာရာကို မယုံမရဲစိတ်နဲ့ ထိတ်လန့်စိုးရိမ်တကြီးနဲ့ ရှင်သန်နေရရုံမက လွတ်လွတ်လပ်လပ် ဝမ်းနည်းကြေကွဲခွင့်လေးတောင်မရှိရှာတဲ့ခင်ဗျားတို့အတွက် ကျနော်တို့ စိတ်ထိခိုက် ကြေကွဲနေတယ်ဆိုတာ ယုံပါ။

ဒီအဖြစ်ဆိုးတွေကင်းစင်ဖို့ နောင်အလားတူမဖြစ်ဖို့ဆို စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းနိုင်မှပါ။ ကျနော်တို့ မျက်ခြည်မပြတ်ကြဖို့ပါ။ ကျနော်တို့ လမ်းအလွှဲမခံကြဖို့ပါ။ အသားထဲကလောက်တွေကို ရှောင်ကြဉ်ဖို့ပါ။ မိမိ ရည်မှန်းချက်နဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို ကောင်းတဲ့စိတ်စေတနာနဲ့ဖော်ပြရင်း ဆက်ချီတက်ကြဖို့ပါ။

အများကောင်းကျိုး ရွက်သည်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့...ဆိုတဲ့
ရွှေဟင်္သာတောရဆရာတော်ကြီးရဲ့အဆုံးအမဟာ ဒီနေရာအတွက်ဖြစ်ရမှာပါ။
ဇန်နဝါရီ ၃ဝ၊ ၂ဝ၁၇

ဦးကိုနီနှင့် ကားမောင်းခြင်း(မျိုးမြင့်ချို)

0 comments
ဒီနေ့ အလုပ်သွားရမယ်။ အသွားအပြန် ၁၆၄ မိုင်မောင်းရမယ်။ ရာသီက ၂ဝ ဒီဂရီ ဖာရင်ဟိုက်ဆိုတော့ ဆဲလ်စီးယပ်နဲ့တွက်ရင် မိုင်းနပ်စ် ၆.၆၆၆၆၇ ဖြစ်နေတယ်။

ခဲတာမှ ရေတင်မဟုတ်ဘူး မြေပါခဲသွားပြီ။
အိမ်နောက် စိုက်ခင်းထဲကမြေကို ခုနေ ပေါက်တူးနဲ့ပေါက်ကြည့် ချွလွင်ချွလွင် ချွလွပ်ချွလွပ်နဲ့ ရေခဲတုံးကို ပေါက်ချွန်းနဲ့ပေါက်သလိုအသံတွေ ထွက်ထွက်ပြီး အစ အစလေးတွေ ပဲ့ပဲ့ထွက်လာမယ်။

နှင်းမရှိတော့ မြေပေါ်လျှောက်ရတာ ရေခဲပြင်ပေါ်လျှောက်ရသလိုဖြစ်ပြီး ချော်မလဲအောင် မနည်းသတိထားနေရတဲ့ အနေအထားမျိုး။ နှင်းမွမွလေးတွေခံနေရင် အများကြီးတော်သေးတယ်။ ဂျိုင်းထောက်က နှင်းထဲကျွံပြီးချုပ်မိနေတော့ ချော်ချော်မထွက်ဘူးပေါ့။
တဘက်ကပြန်ကြည့်လို့ တခုတော်တာက ညက နှင်းမကျထားတော့ ဟိုင်းဝေးလမ်းတွေမှာ အိုက်ဆီးလို့ခေါ်တဲ့ ရေခဲအလွှာပါး ရှိမနေမှာပဲ။

ဟိုင်းဝေးဆိုတာကလည်း ထူးထူးခြားခြားကြီးဖြစ်မနေရင် သတ်မှတ်မိုင်နှုန်းထက်
ပိုမောင်း လျှော့မောင်းကို ၅ မိုင်အထက် ၅ မိုင်အောက်ပဲ လက်ခံတာ မဟုတ်လား။ တနာရီ မိုင် ၇ဝ မောင်းရမယ့်နေရာမှာ ၇၅ မိုင်အထိ၊ ၆၅ မိုင်အထိဘဲ အရော့တွက် အပိုဆောင်းပေးတာမဟုတ်လား။

အပြင်မှာအေးတာက သေအောင်အေး ကားမောင်းရတာပြသနာမရှိပေမယ့် နှင်းနည်းနည်းကျပြီး ခုလောက်အေးသွားရင် အိုက်ဆီးဖြစ်ပြီး ရေခဲပြင်ပေါ် ကားမောင်းရတာလိုလိုနဲ့ နည်းနည်းလေး နမော်နမဲ့ဖြစ်လိုက် သတိလေးတချက်လွတ်လိုက်တာနဲ့ တသက်စာပြန်ပြင်လို့မရနိုင်တော့တဲ့ အမှားတွေ ဒဏ်တွေ တသီကြီးခံရတော့တာပဲ။ ခုက အေးတယ် ဒါပေမယ့် လမ်းတွေကောင်းနေတယ်။
ပိတ်တဲ့ကျောင်းတွေပိတ် ဘယ်နှနာရီနောက်ကျပြီးမှကျောင်းလာပါ ကြေညာတဲ့ကျောင်းတွေက ကြေညာနဲ့။

အေးချက်ကြီး ကြမ်းနေတယ်။ အပြင်မှာ ခဲနေတယ်။ ရင်ထဲမှာတော့ ဦးကိုနီအတွက်ကြေကွဲ၊ ကျန်ရစ်သူမိသားစုဝင်တွေအတွက် စိတ်ထိခိုက်၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်/ဖျက်သိမ်းရေး လုပ်နေကြသူတွေအတွက်စိုးရိမ်စိတ်နဲ့ ရင်ဟာပူလောင်နေတယ်။ စိတ်ဟာ ကြိမ်မီးအုံးဖြစ်နေတယ်။ ကားကို သတိထားမောင်းရမယ်။ ဘေးမှာ လိုက်ထိုင်ပေးမယ့် ဇနီးသည်လည်း မပါဘူး။
ဇန်နဝါရီ ၃ဝ၊ ၂ဝ၁၇

တော်တဲ့နိုင်ငံ(မျိုးမြင့်ချို)

0 comments
ဗမာပြည်မှာ "နိုင်ငံ"နဲ့ "နိုင်ငံတော်"ဆိုတာကို သတ်သတ်ခွဲရတော့မယ့်သဘောဖြစ်လာတယ်။ ဦးကိုနီအလုပ်ကြံခံရတာဟာ နိုင်ငံကိုခြိမ်းခြောက်တာလား နိုင်ငံတော်ကိုခြိမ်းခြောက်တာလား မသဲကွဲဘူး။

 နိုင်ငံဆိုတာက ရာထူးအကြီးဆုံးသမ္မတ(ဘဲထားပါတော့)ကနေ ညစောင့်ဒရဝမ်အထိ၊ ဖာ့စ်လေဒီကနေ သူဖုန်းစားမယားအထိ၊
ဘီလီယံနာကနေ ထမင်းရည်ပူကူလျှက်နေသူအထိ၊
ဘိုး/ဘွားသက်ရှည်ကနေ ဖဝါးလက်နှလုံး ပခုန်းလက်နှသစ်လေးအထိ၊ ဘုရားလို့ကြေငြာသူကနေ ဘာဘုရားမှမလိုတဲ့သူအထိ၊ ပြောရရင် အယူကွဲ လူကွဲ ယဉ်ကျေးမှုကွဲ နုနုရွရွ ပုထုဇနမနုဿအားလုံး နေကြတဲ့နေရာ။ နယ်နိမိတ်အပိုင်းအခြား။

နိုင်ငံတော်ဆိုတာက ဗမာလို "လူကြီးတွေ"လို့ခေါ်တဲ့ လူကြီးတွေကိုပြောတာ။ အဲ့ဒီ နိုင်ငံတော်ဟာ လူသတ်တာလက်ယဉ်သွားတဲ့ အကြီးဆုံးစစ်ဗိုလ်ချုပ်ကြီးနေ မနေ့ကမှ ပခုံးပေါ်တပွင့်တင်လိုက်တဲ့ ဒီအက်စ်အေကျောင်းဆင်းလေးအထိ ထိပ်ဆုံးကပါတယ်။ သူတို့က နိုင်ငံတော်ထဲပါပေမယ့် ဖြစ်နေတာက ခြိမ်းခြောက်သူတွေ။

အဲ့ဒီနိုင်ငံတော်မှာ စစ်တပ်အလိုကြ ကပြအသုံးတော်ခံပေးရတဲ့
အစွန့်အကျဲခံမစို့မပို့အာဏာနဲ့ မသဓာရေစာဒီမိုကရေစီကိုယ်စားပြု နိုင်ငံတော်အတိုင်ပင်ခံကနေ ထောင်ပုံစံထမင်းထိုးတဲ့သူတွေအထိ အောက်ဆုံးက ပါတယ်။ သူတို့ကတော့ နိုင်ငံတော်ဆိုပေမယ့် အခြိမ်းခြောက်ခံနေရသူတွေ။

နောက်ဆို နိုင်ငံနဲ့ နိုင်ငံတော်ကို ကွဲအောင်ပြောမှဖြစ်မယ်။
၆၆(ဃ)လည်း နိုင်ငံတော်ထဲပါတယ်။
ဖေဖော်ဝါရီ ၂၊ ၂ဝ၁၇

သမ္မတအရုပ်နဲ့ အရုပ်သမ္မတ(မျိုးမြင့်ချို)

0 comments
(သမ္မတအရုပ်နဲ့ အရုပ်သမ္မတ)

မနေ့က အလုပ်သွားတော့ နောက်ပိုင်း သူတို့ကုမ္ပဏီက အလုပ်နဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေဘာသာပြန်တဲ့အခါ ပိုအဆင်ပြေအောင်ဆိုပြီး ဘေးအန္တရာယ်ကင်းရှင်းရေးအင်္ဂျင်နီယာက ကားဝင်ရိုးစက်ရုံဘက်အခြမ်းတခုလုံးကို လိုက်ပြရှင်းပြတယ်။ တနေရာကိုပြပြီး ပြောပြီးတိုင်း၊ အဲ့နေရာလုပ်နေသူတွေနဲ့ မိတ်ဆက်ပေးပြီးတိုင်း သိချင်တာရှိရင် မေးဖို့ အားမနာဖို့လည်း တောက်လျှောက်ပြောတယ်။ သိချင်တာရှိတိုင်း ကျနော်လည်းမေးလိုက် မှတ်စုလေးထုတ်ရေးလိုက်နဲ့ပါဘဲ။

ဒီလိုနဲ့ စက်ရုပ်တွေနဲ့ဂဟေဆော်တဲ့ဆက်ရှင်က ကွန်ပြူတာထိန်းချပ်ခန်းကို ရောက်လာတယ်။ ကွန်ပြူတာဆရာက ကုမ္ပဏီတံဆိပ်နဲ့စာတမ်းရိုက်ထားတဲ့ အလုပ်သမားရှပ်အင်္ကျီအောက်မှာ အိုဘားမားပထမသက်တမ်း မဲဆွယ်ကာလက အင်ဒီယားနားပြည်နယ် အလင်န်ကောင်တီကကထုတ်ခဲ့တဲ့ တီရှပ်အနက်လေးဝတ်ထားတယ်။ ရှပ်အင်္ကျီလည်ပင်းအောက်နားကကြယ်သီးနှစ်လုံးဖြုတ်ထားတော့ တီရှပ်ပေါ်က အိုဘားမားမျက်နှာအပေါ်ဘက်တခြမ်းလုံးက အပြင်ကို ပြူးတစ်ပြူတစ် ထွက်နေတာကိုး။

ကျနော့်လည်း အဲ့ဒီအချိန်က ဖို့တ်ဝိန်း(အလန်ကောင်တီ ဒီမိုကရက်ပါတီ စည်းရုံးရေးကော်မတီက) လက်ဆောင်ပေးတဲ့တထည်ရှိတယ်။ ကျနော် ဝတ်လည်းဝတ်တယ်။ အိုဘားမား သက်တမ်းမကုန်ခင်နေ့က အဲ့ဒါလေးကို ရေချိုးခန်းထဲ လက်နဲ့လျှော် အိမ်ထဲမှာပဲအခြောက်ခံပြီး အမှတ်တရအဖြစ် ကျနော့်မှတ်တမ်းကားထဲမှာ ဝတ်ခဲ့တဲ့ပုဆိုးအင်္ကျီတွေနဲ့အတူ ခေါက်သိမ်းထားလိုက်တယ်။

မသိမ်းခင် အင်္ကျီရှေ့ဘက်အခြမ်းမှာရိုက်ထားတဲ့အိုဘားမားပုံနဲ့ နှုတ်ဆက်မိန့်ခွန်းပြောတဲ့နေ့ကပုံ နှိုင်းကြည့်တော့ ရုပ်ကအတော့်ကို ကွာသွားတာကို သတိထားမိတယ်။ ရှစ်နှစ်အတွင်း လူတယောက်ဟာ (အမေရိကန်သမ္မတတယောက်ဟာ)ဒီလောက်တောင် အိုစာသွားနိုင်ပါ့လားလို့လည်း သံဝေဂရလိုက်သေးတယ်။

ခုတော့ ဒီလို တီရှပ်ဝတ်ထားသူနဲ့ မှ ည့်တည့်လာတိုးနေပါရောလား။ ငါကတော့ ဒါလေးကို အမှတ်တရအဖြစ် သိမ်းတောင်ထားလိုက်ပြီ။ သူက ဝတ်တုန်းပါလားဆိုပြီး စပ်စုချင်စိတ်ပေါက်လာတယ်။ ဒါနဲ့ လိုက်ပို့တဲ့အင်္ဂျင်နီယာကို "သူ့ကို အလုပ်နဲ့မဆိုင်တဲ့မေးခွန်းမေးလို့ရမလား"လို့ ခွင့်တောင်းတော့ ကွန်ပြူတာဆရာကိုကြည့်ပြီး "သူသဘောတူရင် မေးလို့ရပါတယ်"တဲ့။

ဒါနဲ့ ကွန်ပြူတာဆရာကို "မင်းက ဒီအင်္ကျီလေးကို သဘောကျလို့ဝတ်တာလား ဒါမှမဟုတ် ဘာ့ကြောင့်လဲ"လို့ အားမနာလျှာမကျိုးမေးမိတယ်။ သူ အံ့အားသင့်သလို တချက်ဖြစ်သွားတယ်။ နောက်တော့ အားရပါးရပြုံးတယ်။ ပြီးတော့ ရှပ်အင်္ကျီကြည်သီးတွေကို ချက်နေရာအထိအကုန်ဆွဲဖြုတ်ပြီး ညာလက်မနဲ့ အိုဘားများမျက်နှာပေါ်ထောက်ထောက်ပြီး "ဒါ ငါ့ သမ္မတအစစ်လေကွာ"..တဲ့။ ကျနော်က "ခု သူက သမ္မတမှမဟုတ်တော့တာ.. ငါသမ္မတဟောင်းလေ လို့ပြောရမှာမဟုတ်ဘူးလား"လို့မေးတော့။ "No" လို့ တုံးတိတိ တခွန်းပြောပြီး ရပ်သွားတယ်။

ဒါနဲ့ကျနော်က "ဒ်ါနယ်လ်ထရမ့်ပ်ကရော How about Donald Trump? လို့ အထွန့်နည်းနည်းတက်ကြည့်တော့ သူက "He is president of the united states, but not mine" လို့ဖြေတယ်။ သဘောကတော့ ဒေါ်ကြီးဟာ အမေရိကန်ပြည်ထောင်စုသမ္မတပေမယ်လို့ ငါ့သမ္မတတော့မဟုတ်ဘူး လို့ဆိုတာပါပဲ။ ကျနော်လည်း သဘောကျပြီး "ဘာလို့လဲ"လို့ထပ်မေးတယ်။ ဒီတော့ ကွန်ပြူတာဆရာက "ငါ သူ့ကို မဲမပေးခဲ့ဘူးကွ"လို့ မျက်နှာတည်တည်ပြန်ထားပြီးဖြေတယ်။

"မင်းသမ္မတမဟုတ်လည်း မင်း သူ့ အအုပ်ချုပ်တော့ခံရမှာဘဲ၊ သူတော့ နာခံရမှာဘဲမဟုတ်လား"လို့ ထပ်မေးတော့ "အေးလေကွာ ငါမကြိုက်တာရှိ ဆန္ဒပြလို့ ကန့်ကွက်လို့ရပေမယ့် သူ့ အအုပ်အချုပ်တော့ခံရမှာဘဲလေ။ ဒါက ဒီမိုကရေစီဘဲလေ"လို့ တည်တည်ငြိမ်ငြိမ်ပြန်ဖြေတယ်။

ကျနော်တို့ အချီအချပြောနေတာတွေ ဘေးကကြားနေတဲ့ အင်္ဂျင်နီယာကပြုံးပြီး "သူ့မှာက တိုင်းပြည်ရဲ့အစိုးရတင်မကဘူး ကိုယ်ပိုင်သမ္မတအစစ်ပါရှိတာ မင်းမှာရော"လို့ ကျနော့်ကို နောက်တယ်။ ကျနော် ဘာမှပြန်မဖြေဘဲနေလိုက်ပေမယ့် စိတ်က ဗမာပြည် ပြန်ရောက်သွားတယ်။

ဗမာပြည်ကလူတွေ ခုထိ "သမ္မတအစစ်" မရနိုင်သေးပါလား။ မန်းဝင်းမောင်တို့၊ စဝ်ရွှေသိုက်တို့၊ ဒေါက်တာဘဦးတို့တုန်းကလည်း ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်၊ နေဝင်းတို့၊ စန်းယုတို့၊ စိန်လွင်တို့၊ မောင်မောင်တို့တုန်းကလည်း ၁၉၇၄ ဖွဲ့စည်းပုံကြောင့်၊ သိန်းစိန်တုန်းကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံကြောင့်မို့လို့ဆိုပြီး ထားလိုက်လို့ရသေးပေမယ့် ဦးထင်ကျော်ကြတော စစ်အုပ်စုရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကြောင့်တင်မကတော့ပဲ နိုင်ငံတော်အတိုင်ပင်ခံဆိုပြီး သမ္မတအပေါ် တက်ထိုင်နေတဲ့လူကြောင့်ပါ ပါနေပါရောလား။ ဒီလူကြီးမှ မိအေး နှစ်ခါနာ နာရရှာတဲ့ 'သမ္မတအရုပ်"ကြီးပါလား။ ဟိုလူတွေကမှ "ရုပ်ပြသမ္မတ"ဖြစ်ခွင့်ရသေးတယ် သူ့ထက်စာ ကံကောင်းကြသေးတယ်လို့တွေးပြီး ကိုယ့်ဘာသာ စိတ်မကောင်းဖြစ်မိတာပါဘဲ။

ကိုယ်ကသာ စိတ်မကောင်းဖြစ်တာပါ သူကတော့ ပျော်ရင်ပျော်နေမှာပေါ့လေ။
ဖေဖော်ဝါရီ ၂၊ ၂ဝ၁၇