Sunday, December 30, 2018

စစ် အကြမ်းဖက်ခြင်း ဗုဒ္ဓဝါဒရှုထောင့် (ကိုတာ)

0 comments
ကိုတာ

ခေတ်နဲ့ဆီလျော်လာသောဝေါဟာရများ
စစ် အကြမ်းဖက်ခြင်းဗုဒ္ဓဝါဒရှုထောင့်

စစ်နှင့်လုလင်
လွတ်လပ်ရေးဟု
ရေးဘိတ်ကုန်စင်၊ ချင်းတွင်းဝင်သည်
လုလင်တိုက်ပွဲ ဆိုင်ခဲ့၏။

တော်လှန်ရေးဟု
ရန်ကြွေးဆပ်ချင်၊ တောခိုဝင်သည်
လုလင်သေနတ် ကိုင်ခဲ့၏။

ပွဲတခုတွင်၊ တိုက်ကင်းပြင်သော်
အရှင်လှလှ၊ ရန်ဓားပြအား
လက်ရဖမ်းလေ၊ မှာလိုက်ချေလည်း
သေမင်းသခင်၊ သွေးနတ်ဝင်သည်
လုလင်မထိန်းနိုင်ခဲ့ပြီ။ ။
ဇော်ဂျီ

ရွှေပွဲလာပရိတ်သတ်များခင်ဗျား ..
အထက်ပါကဗျာဟာ တော်လှန်ရေးအတွက်ပဲဖြစ်စေ၊ လွတ်လပ်ရေးအတွက်ပဲဖြစ်ပစေ တိုက်ပွဲဝင်ကြရတယ်ဆိုပေတဲ့ စစ်(ဝါ) အကြမ်း ဖက်ခြင်းကိုယ်၌က တော်လှန်ရေးသမား လုလင်ငယ်လေးတယောက်ကို အကြမ်းဖက်သမားဖြစ်သွားစေတဲ့ အကြောင်းပဲ။ အင်မတန် စဉ်းစားဆင်ခြင်စရာကောင်းတဲ့ ကဗျာပေါ့။

မြန်မာတွေဟာ ငြိမ်းချမ်းတဲ့လူတွေ အေးဆေးတဲ့သူတွေလို့ အရင်က အကောင်းပြောခံရတယ်။ အခု ကျွန်တော်တို့ မရိုင်းကြမှ တော်မယ်။ အင်း .. ကျွန်တော်တို့ တိုင်းပြည်ကြီးရဲ့ ပြည်တွင်းစစ်ဟာ ကြာလှပြီ။ စစ်ဘာကြောင့်ဖြစ်ရတာတုန်း။ အနိုင်ကျင့်မှု၊ မတရားမှုကြောင့် ဖြစ်ကြတာပဲ။ သို့သော် လူတွေက စစ်မုန်းကြတယ်လို့ပြောပေတဲ့ အမှန်တကယ်ကျတော့ စစ်ကို နှစ်သက်နေကြလို့ စစ်ဖြစ်တာလား။ စစ်ဖြစ်ချင်တာ အကြမ်းဖက်ချင်တာက လူတစုပါဗျာလို့ပြောပေတဲ့ အများစုက အဲဒီလူတစုလုပ်တာကို လက်ခံနေကြလို့လား။ စေ့စေ့တွေးတော့ အောက်ပါအတိုင်း ရေးရေးပေါ်တယ်။

စစ်ကြောင့်အဆင်ပြေတဲ့ လူစုရှိတာကိုး။ စစ်ကတော့ ငရဲပဲ။ စစ်ပွဲမှာ သတ္တိပြရတယ်ဆိုတဲ့ ဆင်စီး၊ မြင်းစီး၊ ဓားခုတ်၊ လှံထိုးခေတ်လည်းကုန်ပြီ။ ယခုခေတ်ကြီးက စစ်ဆိုတာ ယောက်ျားတွေ သတ္တိပြရတဲ့နေရာပဲဆိုပြီး စစ်ကို ရောမန္တိက(လွမ်းစရာ)လုပ်တဲ့ခေတ် မဟုတ်တော့ဘူး။ ဒါပေတဲ့ စစ်ကြောင့် အဆင်ပြေတဲ့လူတစုရှိတယ်။ စစ်ကြောင့် ချမ်းသာတဲ့လူက ချမ်းသာတယ်။ အမေရိကန်မှာ စစ်စရိတ် တနှစ် ဘီလျံ ၆ဝဝ ရှိတယ်။ အဲဒီ စစ်စက်မှုယန္တရားကြီးပြိုသွားရင် အမေရိကန်စီးပွားရေး ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့် စစ်ရှိအောင်လုပ်တယ်။ ရန်သူရှိအောင် လုပ်တယ်။ ရန်သူမရှိရင် ဘယ်နှယ့်လုပ်ကြပ။ ရန်သူမရှိရင် အခက်ပဲ၊ တော်ပါသေးတယ် ကံကောင်းလို့သာ “အကြမ်းဖက်သမားတွေနဲ့ တိုက်တဲ့စစ်” ရှိလာလို့ သို့မဟုတ် ဖန်တီးနိုင်လို့သာ ဟန်ကျသွားတာတဲ့။

ကျွန်တော်တို့ပြည်မှာလည်း စစ်မှာ စစ်ကြေးတွေ ဆက်ကြေးတွေနဲ့ ထောတဲ့သူတွေ ရှိဆိုကိုး။ စစ်ဖြစ်ရင် စစ်သားတွေအတွက် ငွေရှာရလွယ် တယ်ဆိုတဲ့ ဒိုင်းနမစ်ရှိတာကိုး။ ကြောက်စရာကြီး။ ဒါကြောင့်မို့ အဲသလို ကိုယ့်အချင်းချင်းဖြစ်တဲ့ အောက်တန်းစားစစ်ကိုပဲ သဘောတူကြ လက်ခံကြတာတွေက ဟိုဘက်မှာရော ဒီဘက်မှာပါရှိတာ။ ကိုယ့်အချင်းချင်းဖြစ်တဲ့စစ်မို့ ကျွန်တော်က အောက်တန်းစားစစ်လို့ ခေါ်လိုက် တာပဲ။ ကန့်ကွက်မယ့်သူ ရှိပါသလား။

(တရားသောစစ်)
နောက်တခုကတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်တာလို့ အကြောင်းပြတာပဲ။ ဘယ်စစ်ပွဲမဆို တရားဝင်အကြောင်းပြတာက “ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ” လို့ပဲ။ လူတွေကိုသတ် သူတို့ရပ်ရွာတွေကိုဖျက်ဆီးရမယ်၊ သူတို့က ကျွန်တော်တို့ကို အဲသလို လုပ်ချင်တာ မို့ပဲလို့ အဲသလို အကြောင်းပြကြတယ်။

အဲသလို အကြောင်းပြတာကတော့ နာဇီ ဂိုအားရင်းပြောတာနဲ့ ဆင်ဆင်ပ။ “ခေါင်းဆောင်တွေအလိုကျ လူတွေလိုက်နာအောင်လုပ်ဖို့ လွယ်ပါတယ်။ ငါတို့တော့ အတိုက်ခံနေရပြီလို့သာ ပြောလိုက်။ ငြိမ်းချမ်းအောင်လုပ်မယ့်သူတွေကိုတော့ ဒီလူတွေက မျိုးချစ်စိတ် မရှိဘူး၊ တိုင်းပြည်ဒုက္ခရောက်အောင်လုပ်နေတယ်လို့ အပုပ်ချလိုက်” ဒါပါပဲ။

သူတို့က ငါတို့ကို ခုထိတော့ မတိုက်သေးဘူး။ ဒီတော့ ကာကွယ်စစ် ထိုးရမယ်။ သလိုကိုး။ တရားသောစစ် (Just War) သီအိုရီ တွေရဲ့ ပြဿနာက အဲဒါပဲ။ တရားသောစစ်ရယ်လို့ရှိရင်၊ စစ်မှန်သမှကို တရားသောစစ်လို့ ပြောကြတာချည်းပဲ။

(ဗုဒ္ဓဘာသာနှင့် အကြမ်းဖက်ခြင်)း
ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းဆိုလည်း စစ်နဲ့ကင်းတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင် ဂျပန်ဘုန်းကြီးတွေဟာ ဂျပန်ဖက်ဆစ်အစိုးရကို အားတက် သရော ထောက်ခံခဲ့တာပ။ ကနေ့ သီရိလင်္ကာမှာ နိုင်ငံရေးစိတ်ဝင်နေတဲ့ ဘုန်းတော်ကြီးတွေဟာလည်း ပြည်တွင်းစစ်ရပ်စဲရေးအတွက် စေ့စပ် ဖြေရှင်းနည်းကိုဆန့်ကျင်ခဲ့တာပ။ ဒါနဲ့ပဲ တမီလ် ၂ သိန်း အသတ်ခံရတယ်။ သီဟိုဘုန်းတော်ကြီးတွေကတော့ အများလက်ညှိုးထိုးစရာ ဖြစ်ကုန်တယ်။

သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာဝင်တွေလို့ ပြောဆိုနေသူတွေကိုယ်တိုင် အကြမ်းဖက်ခြင်းကို လိုလားသူတွေဖြစ်ကြရတာက ဗုဒ္ဓဘာသာဟာ မျိုးချစ်ဝါဒ(Nationalism)နဲ့ ပေါင်းသွားတာကိုး။ အကြမ်းဖက်ခြင်းဆိုတာ ဗုဒ္ဓဘာသာအဆုံးအမနဲ့ ဆန့်ကျင်နေပေတဲ့ အကြမ်းဖက်ခြင်းကို လိုလားသူတွေဖြစ်ကုန်ကြတယ်။ ဗုဒ္ဓဘာသာဟာ မသတ်ရ မဖြတ်ရလို့ဟောရုံသာ မကဘူး၊ အင်အားထက် ပညာကသာ တန်ဖိုးထားစရာလို့ ဟောတဲ့တရားဖြစ်သော်လည်းပဲ။

ကမ္ဘာလောကကြီးဟာ စစ်မြေပြင်ကြီးလား၊ လောကကြီးဟာ အကောင်းနဲ့မကောင်းဆိုးဝါး (good vs evil) တိုက်နေရတဲ့ တိုက်ပွဲလား။ လူဆိုတာဟာ အဲဒီလောကတိုက်ပွဲကြီးမှာ ဘယ်နေရာကရပ်မှာလဲလို့ ရွေးချယ်နေကြရတာလား။ ဒါမျိုးက အယ်ကိုင်ဒါးတွေရဲ့ အယူအဆပ။ အယ်ကိုင်ဒါးတွေရဲ့အယူအဆက သူတို့တိုက်တဲ့စစ်ဟာ မကောင်းဆိုးဝါးနဲ့တိုက်တဲ့ မြင့်မြတ်တဲ့စစ်ဆိုပဲ။ အယ်ကိုင်ဒါးနဲ့ ဂျော့ခ်ျဘုရှ်က ဒီနေရာမှာ သွားတူတယ်။ ဘုရှ်ပြောတာကလည်း ရယ်စရာကောင်းတယ်။ “ခင်ဗျားက ကျုပ်တို့ဘက်မှာမနေရင် ခင်ဗျားက ကျုပ်တို့ကို ဆန့်ကျင်တာပဲ” (ဘိုလိုကတော့ If you are not with us, you are against us) လို့ သူပြောခဲ့တာကိုး။

လောကတိုက်ပွဲကြီးမှာ ကြားနေခြင်းရယ်လို့ မရှိဘူးလို့ တွေးကြတဲ့အခါ အပြစ်မရှိတဲ့ ကြားကလူတွေအပေါ် ထည့်တွက်စရာမလိုတော့ဘူးတဲ့။ တစုံတယောက်ကို ဒါမှမဟုတ် လူတဖွဲ့ကို မကောင်းဆိုးဝါးလို့ အမည်တပ်လိုက်ပြီဆိုမှတော့ မကောင်းဆိုးဝါးကို ဖျက်ဆီးရတော့မှာပ။ အဲဒီလူစုကို အောင်နိုင်ဖို့ရယ် အင်အားအသုံးချဖို့ရယ်ကို ဘယ်နည်းနဲ့ပဲဖြစ်ပစေ လုပ်ရုံပဲ။ အကြမ်းဖက်ရရင် ဖက်ရပစေ ထောက်ခံကြတော့ တာပါပဲ။ (အကြမ်းပတမ်း အနိုင်အထက်ကို လူတစုကလုပ်ရင် အကြမ်းဖက်ခြင်းလို့ခေါ်တယ်၊ နိုင်ငံတော်ကလုပ်ရင်တော့ စစ်လို့ခေါ်တယ်။)

ဒါပေတဲ့ ဗုဒ္ဓဘာသာမှာ တခြားရှုထောင့်တခုရှိတယ်။ အဲဒီ ရှုထောင့်ကတော့ မှန်စွာသိခြင်းနဲ့မသိခြင်း (အမောဟနဲ့ မောဟ)ပဲ။ ကမ္ဘာလောက ကို အကောင်းနဲ့အဆိုးလို့မြင်တာကိုပဲ မောဟ(delusion) လို့ ယူကြရမယ်လို့ ထင်ပါတယ်။ သမိုင်းမှာ မကောင်းတဲ့လူအစုတွေလို့သတ်မှတ်ပြီး အဲဒီလူတွေကိုရှင်းပစ်ဖို့ လုပ်ခဲ့ကြတာတွေ အပုံအပင်ပဲ။ အဒေါ့ဖ်ဟစ်တလာဟာ အဆုံးသတ်ဖြေရှင်းခြင်း (final solution) ဆိုပြီး ဂျူးပြသနာ ကို ကြိုးစားခဲ့တာပ။ ဒီကမ္ဘာကြီးကိုသန့်ဖို့ အာရိယန်လူမျိုးတွေပဲ ကျန်ရမယ်။ ဂျူးတွေကို မျိုးဖြုတ်ပစ်မယ်။ တခြားပိုးကောင်တွေ (ဂျစ်ပဆီတွေ၊ အခြောက်တွေ၊ စိတ်ရောဂါသည်တွေ)လည်း သတ်ပစ်ရမယ်။

စတာလင်လည်းပဲ ချမ်းသာတဲ့ရုရှားလယ်သမားတွေကို သတ်ပစ်တာပ။ သူလည်းပဲ သမဝါယမ လယ်လုပ်သားတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ စံလူ့အဖွဲ့အစည်း ထူထောင်ချင်လို့ပဲ။ မော်စီတုန်းလည်း ဒီအတိုင်းပ။ မြေရှင်တွေကို ရှင်းပစ်တယ်။ ဘုရှ်နဲ့ ဘင်လာဒင်လိုပဲ မကောင်းတဲ့သူတွေ နဲ့ကင်းပတဲ့ ဆိုဖွယ်ရာမရှိတဲ့ကမ္ဘာကြီး တည်ဆောက်ချင်လို့ပဲ။

သမိုင်းမှာ မကောင်းဆိုးဝါးတွေကိုရှင်းပစ်ဖို့ ကြိုးစားမှုတွေ ကိုယ်၌က၊ “မကောင်းခြင်းရဲ့အကြောင်းရင်း” ဖြစ်ခဲ့ကြရတယ်။ အကောင်းနဲ့ မကောင်းဆိုးဝါးလို့စဉ်းစားတဲ့ အစဉ်းစားမှား(မောဟ-delusive way of thinking) ကြောင့်ပဲလို့ ဗုဒ္ဓဝါဒရှုထောင့်က အဲသလိုပဲ တွေးမိပါတယ်။ ဗုဒ္ဓဝါဒမှာ ဘယ်အရာမဆိုဟာ အကြောင်းတွေ အခြေအနေတွေပေါ်မှာ မူတည်ပြီးဖြစ်တယ်၊ ကောင်းခြင်းလည်း အဲသလိုပဲ။ မကောင်းခြင်းဟာ လည်း အတူတူပဲ။ ဒါကြောင့် ဗုဒ္ဓဝါဒက မကောင်းခြင်းပေါ်မှာ အလွန်မူတည်မစဉ်းစားဘဲ မကောင်းခြင်းဖြစ်ရတဲ့အကြောင်းများ (အကုသလမူလ) လောဘ ဒေါသ မောဟကို ပိုစဉ်းစားတယ်။

ထင် ။ ။ စစ်ဖြစ်ရင် အကြမ်းဖက်ရင် ပထမဆုံးခံရတာကတော့ အမှန်တရားလို့ဆိုတာပဲ။ မီဒီယာတွေကလည်း စစ်ပုံပြင်တွေကို ဘေးတီး ပေးရတယ်။ “ကျွန်တော်တို့အနေနဲ့ ကိုယ်တိုင်းပြည်က လွတ်လပ်ရေးအတွက်၊ လုံခြုံရေးအတွက်” အကြမ်းဖက်ကြတာကိုပဲ လူတစုက သဘောကျနေတာဟာ၊ အဲဒီ သဘောကြောင့်ပဲလား ခင်ဗျာ။ နေ့စဉ်ကြုံနေရတဲ့ပြဿနာတွေကိုများ ကျော်ချင်လို့လားခင်ဗျာ။ လူကောင်းတွေ (ဒိဋ္ဌိတွေ)ဟာ ညီညွတ်ရမယ်။ လူမကောင်းတွေ(မိစ္ဆာဒိဋ္ဌိ) ကို ဆန့်ကျင်ရမယ်ဆိုတဲ့အယူအဆကြီးကြောင့်လားခင်ဗျာ။ ဒါပေတဲ့ အဲသလို ဟောပြောခြင်းနောက်ကွယ်မှာ ကြောက်နေတာလည်း ပါမယ်ထင်တယ်။
အယ်ဒီတာ ။ ။ လူ့ဘဝဟာ အဓိပ္ပာယ်ရှိသလိုလို ဖြစ်သွားတာပေါ့ဗျာ။
ထင် ။ ။ ကျုပ် ဖတ်တဲ့အရေးအသားတခုရှိတယ်။ War is a force that gives us meaning. စစ်က အဓိပ္ပာယ်ရှိမှုကို ပေးတာမို့လို့ပဲတဲ့။
အယ်ဒီတာ ။ ။ အကျယ်ဟောလေဗျာ။
ထင် ။ ။ အကြမ်းဖက်ခြင်းမှာ ဆွဲဆောင်တာရှိလို့ပဲ။ တကယ်တော့ ဘဝဆိုတာမှာ အသေးအဖွဲတွေကပဲလွမ်းမိုးနေတာ။ အဲ စစ်တို့ အကြမ်းဖက်ခြင်းတို့နဲ့ကျကာမှ ကျုပ်တို့က မြင့်မြတ်တဲ့သူတွေ ဖြစ်သွားပါလေရောတဲ့။ လူတယောက်ဟာ လူများစွာကိုသေအောင်သတ် ကိုယ့်အသက်လည်း သေချင်သေပစေတဲ့။ အဲဒါ ဘာကြောင့်လဲ။ ယုံကြည်ကိုးကွယ်မှုကပဲ အဲသလိုလုပ်နိုင်တယ် လှုံ့ဆော်နိုင်တာပဲ။ ယုံကြည်ကိုးကွယ်မှုကပဲ အဲသလိုရက်စက်မှုကြီးကို ထောက်ခံအောင် လုပ်နိုင်တာပဲ။ ကျွန်တော်တို့အနေနဲ့ ယုံကြည်ကိုးကွယ်မှုကိုပဲ ပြန်ပြောင်းဆင်ခြင်ကြဖို့ လိုမယ်ထင်တယ်။
* * *
ရွေပွဲလာပရိသတ်ကြီးခင်ဗျား ..
အကြမ်းဖက်ခြင်းအကြောင်းကိုစေ့ငုတဲ့ ဟန်နာအားရဲန့် (Hannah Arendt) ဆိုတာရှိတယ်။ သူ့အလိုကတော့ “အကြမ်းဖက်တယ်ဆိုတာ ကတော့ အသုံးချတဲ့အရာပဲ။ အကြမ်းဖက်ပြီး လိုရာပန်းတိုင်ရောက်ရဲ့လား မရောက်ဘူးလား စဉ်းစားရမယ်” ကိုယ်လုပ်လိုက်တဲ့ အမှုကြောင့် ဘာရလဒ်တွေထွက်မယ်ဆိုတာ ကံသေကံမ မသိနိုင်တာကများတာမို့ အကြမ်းဖက်ခြင်းဆိုတာ ရေတိုရလဒ်အတွက်ပဲ စဉ်းစားပြီးလုပ်ရတာ မျိုးပါ။ အကြမ်းဖက်ခြင်းမှာ ကျိုးကြောင်းရှိချင် ရှိမယ်။ သို့သော် ဘာကြောင့်ပဲလုပ်လုပ် အကြမ်းဖက်ခြင်းကြောင့်တော့ ဂုဏ်မတက်ဘူး။ သမိုင်းပဲဖြစ်စေ တော်လှန်ရေးပဲဖြစ်စေ အကြမ်းဖက်ခြင်းကြောင့်တော့ ဂုဏ်မတက်ဘူး။ ဒီအလုပ်က နာကြည်းနေတာတွေကို လူသိအောင် ဇာတ်ဆန်အောင် လုပ်နိုင်တာပဲရှိမယ်။

အလွန်အကျွံမဖြစ်အောင် ဘောင်ထဲကနေပြီး ရေတို ခဏပန်း ရည်ရွယ်ချက်တွေအတွက် လုပ်တယ်ဆိုပေတဲ့ သဝေထိုးပြီး ကိုယ်ရည်ရွယ်ရာ ကို မရောက်တတ်တာက များတယ်။ (ရှေ့ဆုံးကဖော်ပြတဲ့ကဗျာလိုပဲ ဖြစ်တတ်တယ်။) ကိုယ်လိုတာ မြန်မြန်မရလို့ကတော့ အကြမ်းဖက်ခြင်း က ရမယ့်ရလဒ်က အရှုံးပဲ။ အရှုံးတင်မကဘူး နိုင်ငံရေးနယ်ထဲကို အကြမ်းဖက်တဲ့အလေ့အကျင့်ကြီး ရောက်သွားမှာပဲ။ ပြီးသွားတဲ့ အပြုအမူကို ပြန်လှန်လို့မှ မရတော့တာကိုး၊ ရှုံးသွားရင် အရင်အခြေအနေ ပြန်မရောက်နိုင်တော့ဘူး။ အားလုံးသောအပြုအမူတွေလိုပဲ၊ အကြမ်းဖက်ခြင်းနဲ့လည်း ကမ္ဘာကြီးကပြောင်းပါတယ်။ ဒါပေတဲ့ ပိုကြမ်းတမ်းတဲ့ကမ္ဘာကြီး ပိုအကြမ်းဖက်တဲ့ကမ္ဘာကြီးအဖြစ် ပြောင်းမှာပေါ့။
ပရိတ်သတ်ကြီးခင်ဗျား ..
ဆရာဇော်ဂျီကဗျာကို အသေအချာ ဆင်ခြင်တော်မူကြပါ။ မြန်မာတွေရဲ့ “စိတ်အစဉ်”တွေ ပြောင်းလဲပြီး ရိုင်းတဲ့လူတွေ ဖြစ်မသွားဖို့ပါပဲ။ အကြမ်းမဖက်တဲ့နည်းလမ်း ရှာတော်မူကြဖို့ပါပဲခင်ဗျာ။ အကြမ်းဖက်ခြင်း မကောင်းပုံကတော့ ဟန်နာအားရဲန် ဟောသလိုပါပဲ ခင်ဗျား။
https://www.facebook.com/chindwinsalayam/posts/1700217963421950?__tn__=K-R

(ကန်တော့ရဦးမယ့်ခင်ညွန့်တွေ) မျိုးမြင့်ချို

0 comments
(ကန်တော့ရဦးမယ့်ခင်ညွန့်တွေ)

ကျနော်လည်း မနေ့က NLD နဲ့ဖြိုးမင်းသိမ်းကို စိတ်ကြိုက်သြဘာပေးပြီးပါပြီ။ ထပ်ပြောဖို့ မကျန်တော့ပါဘူး။ ခုဖြည့်ပြောချင်တာက ၂ ခုရှိပါတယ်။ တခုက အဲ့ဒီကိစ္စကို စစ်အုပ်စု၊ ကြံ့ဖွံ့၊ မဘသနဲ့ သူတို့နွယ်တဲ့လူတွေဆီက ဘာသံမှမကြားသေးပါဘူး။ အဖွဲ့အစည်းတွေအနေနဲ့ သူတို့ဆီက ကိုယ်စားပြုမှုပါတဲ့အသံမျိုးကြားဖို့တော့ မမျှော်လင့်ပါဘူး။ ဒါက စာတတန်ပေတတန်၊ ကြေညာချက်တတန်၊ သဝဏ်လွှာတတန်နဲ့ ဝမ်းသာအားရလက်ခမောင်းထခတ်ပြီး ထုတ်ပြန်ရမယ့်ကိစ္စမဟုတ်ဘူးလို့ တွေးမိပါတယ်။ ဒါပေမဲ့ အချင်းချင်းကြားတော့ ဝမ်းသာစရာသတင်းမို့ လှည့်ကြမှာပါ။ 

ဒီမိုကရေစီအင်အားစုတွေအတွက် ဒါဟာ နိုင်ငံရေးကိစ္စ၊ မူကိစ္စ၊ ရပ်တည်ချက်ကိစ္စဖြစ်သလို သူတို့အတွက်လည်း အဲ့သလိုပါပဲ။ မတူတာကကျနော်တို့အတွက် ဒါဟာ စိတ်ပျက်ခံခက်စရာဖြစ်ပေမယ့် သူတို့အတွက်တော့ ကြိတ်ကျေနပ်ကြည်နူးစရာဖြစ်မှာသေချာပါတယ်။ သူတို့ကတော့ ဖြစ်နိုင်ရင် စစ်အုပ်စုအဟောင်းအသစ်မှန်သမျှကို ကယ်တင်ရှင်တွေအဖြစ်၊ ဒီမိုကရေစီရေးအသွင်ကူးပြောင်းပေးတဲ့ကျေးဇူးရှင်တွေအဖြစ် တနှစ်တခါထိုင်ဦးချကြ ကန်တော့ကြတာမျိုးပါ ဖြစ်စေ့ချင်မှာပါ။ ဒါကိုပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်အုပ်စုနဲ့ရင်ကြားစေ့ရေးအတွက် ကနဦးလုပ်ဆောင်ချက်အဖြစ် လုပ်ပြစေချင်ကြမှာပါ။

နောက်တချက်က ဖြိုးမင်းသိမ်းနဲ့ NLD ဆီကလည်း အမှားဝန်ခံကြောင်း တရားဝင် ပြောဆိုလိမ့်မယ်လို့ မထင်မိပါဘူး။ ပြောရေးဆိုခွင့်ရှိသူတွေနဲ့ ဟိုနားဒီနား စကားစပ်မိလို့ လမ်းကြုံလို့ မိဒီယာကမေးလို့ဆိုရင်တောင် ဆင်ဝှေ့ရန်ရှောင် လှီးလှီးလွှဲလွှဲလောက်ပဲပြောကြမယ်ထင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ NLD နဲ့ သူ့ရဲ့ဦးဆောင်သူကိစ္စပါ။ ဒီနေရာမှာ ကျနော်က ဦးဆောင်မှုလို့မသုံးတာကို သတိချပ်စေ့ချင်ပါတယ်။ NLD တချို့ကတော့ ဖုံးကြဖိကြဖာကြထေးကြ ထန်းလက်နဲ့ အသည်းအသန်ကာကွယ်ကြတာတွေ့ရပါတယ်။ ဒါကလည်း သူတို့ကိုယ်စီရဲ့ နိုင်ငံရေး ရေချိန်နဲ့တွေးခေါ်မြော်မြင်နိုင်မှုတွေကို ထုတ်ဖော်ပြကြတာပါ။ နောက်တချက်ကလည်း သူတို့သွားနေတဲ့ တဘက်သတ် ဒူးထောက်အညံ့ခံရေး မူမဲ့တဲ့ရင်ကြားစေ့ရေးလမ်းကြောင်းက သွေဖည်လို့မရလို့ပါ။ 

တချို့ နိုင်ငံရေး ရေချိန်လည်းရှိခဲ၊ အတွေးအခေါ်လည်းရှိခဲ့၊ ဖြတ်သန်းမှုလည်းရှိခဲ့၊ ရပ်တည်ချက်လည်း ခိုင်မာခဲ့ဖူးတဲ့လူတွေတောင် အတော်လေးဖော့ပြီးပြောရတဲ့ဘဝ ရောက်နေကြရတာတွေ့ရပါတယ်။ အာဏာလက်မဲ့ နိုင်ငံရေးမှီခိုရာမဲ့ဖြစ်နေတဲ့ အကန်တော့ခံငနဲကိုသာ မဲပြီး မြေနိမ့်တုန်းလှံစိုက် လုပ်ဝံ့ကြပေမယ့် ကန်တော့သူကိုတော့ ဖေးဖေးမမလေးလုပ်ကြရပါတယ်။ ဒါကလည်း အကြောင်း ၂ ချက်ကြောင့်ဖြစ်ပါတယ်။ တကြောင်းက သူတို့ အားကိုထောက်တည်ရာ ကျားသနားမှနွားချမ်းသာပေါ်လစီကို ထိုခိုက်မှာစိုးတာပါ။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်မျက်စောင်းဟာ အကြောင်းသုံးပါးမရွေးဘူးဆိုတာ သဘောပေါက်နေကြလို့ပါ။

နအဖ ခေတ် ခင်ညွန့် ဘုန်းမီးနေလတောက်ပနေတုန်းက တည်ဆောက်ပြုပြင်မြန်ပြည်တခွင်ပရိုဂရမ်မှာ ဒေါ်စုနဲ့ခင်ညွန့် တပူးပူးတတွဲတွဲလုပ်ခဲ့တာရှိပါတယ်။ မှတ်မိကြမှာပါ။ “တပ်မတော်သားကြီးတွေကို ရှေ့တန်းအထိတောင် သွားပြီး အားပေးလိုက်ချင်ရဲ့“လို့ ထုတ်ပြောအထိ ရှိခဲ့ပါတယ်။ ဒါကိုနိုင်ငံရေးအခြေအနေအရလုပ်ရတာပါလို့ ဆင်ခြေပေးရင် ခုကိစ္စလည်း နိုင်ငံရေးအခြေအနေအရဖြစ်တာလို့ ပြောရမှာပါပဲ။ နိုင်ငံရေးသမား(အထူးသဖြင့် နိုင်ငံရေးရာထူးရယူထားသူ)တယောက်ရဲ့ လူထုနဲ့ဆိုင်တဲ့ ပြုမှုပြောဆိုသမျှဟာ နိုင်ငံရေးဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုဖြစ်ပါတယ်။ ဖြိုးမင်းသိမ်းဟာ နိုင်ငံရေးရာထူး ယူထားသူပါ။ ဒေါ်စု ခင်ညွန့်နဲ့ နိုင်ငံရေးပလီတုန်းကတော့ နိုင်ငံရေးကိစ္စဖြစ်တယ်လို့မြင်ကြပြိး ခုကိစ္စကြမှ ပုဂ္ဂိုလ်ရေးလို့ ထမင်းရည်ပူလျှာလွှဲလို့မရပါ။ ဆိတ်သရေနဲ့ဖုံးလို့မရပါ။ ဒါက ထပ်ဖြည့်ပြောချင်တဲ့အကြောင်း ၂ ခုဖြစ်ပါတယ်။

ဒီနေရာမှာ ကျနော်တို့အားလုံး အတွေးအခေါ်အရ နိုင်ငံရေးအရ ရပ်တည်ချက်အရပြတ်ပြတ်သားမြင်နိုင်တာကတော့ “စစ်အုပ်စုနဲ့ မူမဲ့တဲ့စေ့စပ်ရေးကိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်မယ်ဆို နောက်ထပ်ကန်တော့စရာ ခင်ညွန့်တွေအများကြီးကျန်ပါသေးတယ်“ဆိုတာပါဘဲ။
မျိုးမြင့်ချို(ဒီဇင်ဘာ ၂၉ ၊ ၂ဝ၁၈)

Saturday, December 29, 2018

နိုင်ငံတော်နှင့်စစ်မှုထမ်း(မောင်မြတ်ထင်)

0 comments
ဒုတိယမ္ပိဆင်ခြင်ခြင်းများ
နိုင်ငံတော်နှင့်စစ်မှုထမ်း
စာအုပ်ရီဗျူး

ရွှေပွဲလာပရိသတ်ကြီးခင်ဗျာ ..
ယခုချိန်ဟာ စစ်တပ်ရဲ့နေရာဟာ ဘယ်နေရာလဲ၊ အဲသည်မေးခွန်းကို စေ့ငုနေကြတဲ့ အချိန်ပါပဲ။ တပ်ရဲ့နေရာဟာဘာလဲစေ့ငုထားတဲ့ စာအုပ်တစ်အုပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပဲ ထွက်တယ်ခင်ဗျ။ ရေးသူက သီရိပျံချီ ဗိုလ်မှူးကြီး(ဟောင်း) ကြည်မောင်၊ စာအုပ်အမည်က နိုင်ငံတော်နှင့်စစ်မှုထမ်းတဲ့။ စစ်တပ် စစ်ကျောင်းများ၌ မသင်သေးသောသင်ခန်းစာများဆိုတဲ့ ခေါင်းစဉ်ခွဲနဲ့ပါ။ ဒီစာအုပ်ကို တပ်က မောင်တွေအပါအဝင် ကျွန်တော်တို့ ဖတ်သင့်တယ်လို့ ထင်တယ်။
ရေးသူ ဗိုလ်မှူးကြီး (ဟောင်း) ကြည်မောင်ခေါ် ဦးကြည်မောင်အကြောင်း၊ ဒီချုပ်ဦးတင်ဦးအမှာကတော့ အောက်ပါအတိုင်းပါ။

ကျွန်တော့်အဖို့ ဦးကြည်မောင်နှင့်ပတ်သက်ပြီးတော့ ပထမဆုံးဖြစ်တဲ့အမှတ်တရတစ်ခုကတော့ သူရဲ့ BC (Burma Commission) နံပါတ်နဲ့ ကျွန်တော့်ရဲ့ BC နံပါတ်က အံ့သြလောက်အောင်ပဲ ဂဏန်းတွေက ရှေ့နောက် တူနေတာပါ။ သူ့ရဲ့ BC နံပါတ်က ၃၅၁၆၊ ကျွန်တော့်ရဲ့ BC နံပါတ်က ၃၆၅၁ ပါ။ သူက ကျွန်တော့်ထက် နှစ်ပတ်စဉ်လောက်ကျော်ပြီးတော့ ပြန်တမ်းဝင်အရာရှိဖြစ်တယ်လို့ မှန်းရပါတယ်။ ပြန်တမ်းဝင် အရာရှိပေမယ့်လို့ ကျွန်တော်က ဆယ်တန်းပဲအောင်တဲ့သူဆိုတော့ ပြန်တမ်းဝင်အရာရှိဖြစ်တဲ့အခါမှာ ဒုဗိုလ်အနေနဲ့ပဲ ဖြစ်ပါတယ်။ ဦးကြည်မောင်ကတော့ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာသိပ္ပံကျောင်းက အောင်လာတဲ့အတွက် ဗိုလ်ကြီးတန်းဖြစ်ပါတယ်။ အဲဒီလို ဗိုလ်ကြီး တန်းဖြစ်တဲ့ ပြန်တမ်းဝင်အရာရှိတွေထဲမှာ ဗိုလ်ကြီးကြည်မောင်က ထူးထူးခြားခြားပါပဲ။ အများက သူ့ကို တော်တော်လေးလေးစားစားရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဂျပန်စစ်တက္ကသိုလ်မှာ ပညာသင်စဉ်ကလည်း စာတော်တယ်။ လုပ်ရည်ကိုင်ရည်ရှိတယ်ဆိုပြီးတော့ အများက အားကိုးတကြီးဖြစ်တာ ကျွန်တော်သတိပြုမိတယ်။

ပညာတင် မကပါဘူး။ လုပ်ငန်းခွင်မှာလည်း စစ်ဆင်ရေးစီမံချက်တွေရေးသားရာမှာ အလွန်ပဲကောင်းပါတယ်။ စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ စစ်ဆင်ရေးညွှန်ကြားချက်၊ စီမံချက်တွေကိုရေးသားရာမှာ အလွန်စနစ်ကျပြီး စေ့စပ်သေချာလှပါတယ်။ ဦးကြည်မောင် ရန်ကုန်တိုင်းမှူး ဖြစ်တော့ ကျွန်တော်က ပြည်မှာပါ။ တပ်မ ၁၃ မှာ တပ်မဟာမှူး ဖြစ်ပါတယ်။ သူဟာ တပ်မတော်အားလုံးနှင့်ပတ်သက်ပြီး သန်စွမ်းမှု၊ ထက်မြက်မှု၊ သွေးသစ်လောင်းဖို့အတွက် တပ်မှူးငယ်တွေကိုမွေးထုတ်ဖို့အတွက် အင်မတန်ကိုပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်ခန်းများကိုလည်း လုပ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့အခါအထိ တော်လှန်ရေးကောင်စီဖွဲ့တဲ့အထဲမှာ ပြန်ပါလာပါတယ်။

သို့သော်လည်း ဦးကြည်မောင်ဟာ သူ့မူရှိပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး လက်နက်နဲ့အာဏာသိမ်းပိုက်တာကို မကြိုက်ပါဘူး။ ဒီလိုနဲ့ ဦးကြည်မောင်ဟာ အနားပေးခံလိုက်ရပြီးနောက်မှာ ကျွန်တော်က သူ့နေရာကို သွားလဲရပါတယ်။ ကျွန်တော်လည်းပဲ သူ့နေရာကို တာဝန်ယူ ရတော့ သူ့အတွက် စိတ်မကောင်းဘူး။ သူပြောသွားတဲ့စကားလေး ရှိပါတယ်။ ''ကိုတင်ဦး အာဏာသိမ်းလိုက်တဲ့ကျုပ်တို့ဟာ လွဲပြီ၊ မှားပြီပေါ့။ ဒီအမှားအတွက် တစ်သက်တာ ကျွန်တော်တို့ခံရပြီပေါ့''ဆိုပြီး စကားလေးထွက်ခဲ့ပါတယ်။
(ဦးကြည်မောင် ဒီချုပ်မှာပါဝင်တာ ထောင်ကျတာတွေကတော့ လူတိုင်း သိပြီးသားပါပဲ။ တက္ကသိုလ်တက်တုန်းက ကိုအောင်ဆန်းအောက်မှာ လုပ်ခဲ့တာ၊ အင်းစိန်စစ်မျက်နှာမှာတိုက်ခဲ့တာ စသည်တို့ကို သူ့ကိုယ်ရေးအကျဉ်းမှာ ဖတ်ရပါတယ်။)

(ဦးကြည်မောင်၏ ကိုယ်ရေးအကျဉ်း)
ဦးကြည်မောင်ကို ညောင်တုန်းမြို့တစ်ဘက်ကမ်း ရန်ကင်းစံရာရွာတွင် အဖ ဦးဖိုးသိန်း၊ အမိ ဒေါ်ငွေခင်တို့မှ ၁၉၁၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် မိခင်ကွယ်လွန်ပြီး နှစ်အနည်းငယ်အကြာတွင် ဖခင်ဖြစ်သူပါကွယ်လွန်သဖြင့် အစ်ကိုကြီးဖြစ်သူ အိုင်စီအက်စ် ဦးကြင်၏ အစီအစဉ်ဖြင့် ကျိုက်ထိုမြို့ အလယ်တန်းကျောင်းတွင် ဆရာဂျိုးဇက်၏အိမ်မှ တက်ရောက်ပညာသင်ကြားခဲ့သည်။ ခုနစ်တန်းအောင်မြင် ပြီးနောက် ရန်ကုန်မြို့ စိန်ဂျွန်းကောလိပ် အထက်တန်းကျောင်းတွင် ပြောင်းရွှေ့ပညာသင်ကြားခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲ အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ပညာသင်ကြားခဲ့ပြီး ၁၉၃၇-၁၉၃၈-၁၉၃၉ ခုနှစ်များတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကိုအောင်ဆန်း လက်အောက်တွင်လည်းကောင်း၊ ဆက်လက်၍ သမဂ္ဂဥက္ကဋ္ဌ ကိုလှရွှေနှင့်လည်းကောင်း၊ သမဂ္ဂအလုပ်အမှုဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဘီအေနောက်ဆုံးနှစ်ထိ တက်ရောက်ခဲ့သည်။

၁၉၄၁ ခုနှစ် ဧပြီလတွင် မန္တလေးမြို့မှ ဘီအိုင်အေတပ်သို့ ဝင်ရောက်ခဲ့ပြီး ဂျပန်ခေတ် မင်္ဂလာဒုံဗိုလ်သင်တန်း ပထမပတ်သို့ တက်ရောက်ခဲ့ သည်။ ၁၉၄၃ မှ ၁၉၄၅ ခုနှစ်ထိ ဂျပန်ပြည် ဘုရင့်စစ်တက္ကသိုလ်တွင် သင်တန်းအမှတ်(၅၇)သို့ တက်ရောက်ခဲ့ပြီး၊ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် ဗမာ့တပ်မတော် တပ်ရင်း(၅)၌ ပြန်တမ်းဝင်အရာရှိအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ စစ်သင်တန်းတက်ရောက်ခဲ့ပြီး နောက် တပ်ရင်း(၅) တပ်ရင်းမှူး၊ တပ်ရင်း(၁) တပ်ရင်းမှူးတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်တွင်းသောင်းကျန်မှုကာလတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် ပြည်ထောင်စုအရန်တပ်ရင်းကိုဦးစီးကာ အခြားတပ်များမရောက်မီ အချိန်အတွင်း အင်းစိန်စစ်မျက်နှာ၌ ဦးဆောင်တိုက်ခိုက်ခဲ့သည်။ တိုင်းမှူး ဗိုလ်ချုပ် ဒီအေဘလိတ်၊ တိုင်းမှူးဗိုလ်ချုပ်ကျော်ဇောတို့နှင့်တွဲ၍ စစ်ဦးစီးမှူး(ပထမတန်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၅-၅၆ အမေရိကန်ပြည် ဖို့ဒ်လဲဗင်းဝပ်ရှိ ကွပ်ကဲမှုနှင့် စစ်ဦးစီးတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။

(လူတော် ဦးကြည်မောင်ဟာ ဒီချုပ်မှာ သုတေသနမှူး လုပ်တယ်။ ၉ဝ ရွေးကောက်ပွဲကို ဦးဆောင်တဲ့သူပဲ။ သူက စာရေးကောင် ခင်ဗျ။ လေးအတတ်နဲ့ဉာဏ်အထူး၊ ပန်းအတတ်နဲ့ဉာဏ်အထူးဆိုတဲ့ စာအုပ် ၂ အုပ်ရဲ့ သူ့ဘာသာပြန်ဟာ ကျွန်တော်တို့တော့ သူ့လိုမပြန်နိုင်ပါဘူး။ အင်မတန်ကောင်းပါတယ်။ ကျွန်တော်လည်း ရှည်လျားပေများနေလိုက်တာ စာဖတ်ပရိသတ်အနေနဲ့ကတော့ စစ်တပ်ရဲ့နေရာ၊ စစ်မှုထမ်းနဲ့ နိုင်ငံတော်ရဲ့ဆက်နွှယ်ပုံအကြောင်း သမိုင်းနဲ့ချီပြီး သူသုံးသပ်ထားတာကိုပဲ ဖတ်ချင်ကြမှာပါ။ ဦးကြည်မောင်က စစ်၏သဘောနဲ့ စစ်ဘက် နယ်ဘက်ဆက်နွှယ်ပုံကို၊ အခန်း(၁) အနေနဲ့ စရေးပါတယ်။)

စစ်ဘက်နှင့်နယ်ဘက်ဆက်နွှယ်ပုံ
ဦးကြည်မောင်။ ။ လုံခြုံရေးအလုပ်သည် စစ်ဘက်မှာ အရေးပါပါတယ်။ ဒါတွင်မကဘဲ နိုင်ငံတွင်းရှိ လူမှုရေးအဖွဲ့အစည်းများနှင့်၊ နိုင်ငံရေးယုံ ကြည်ချက်တွေခြားနားသော ဘဝပေါင်းစုံ လူတန်းစားပေါင်းစုံတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး စသည်တို့ကိုလည်း တစ်လုံးတစ်စည်းတည်း နိုင်ငံတော်အစိုးရဘက်က ထည့်သွင်းစဉ်းစားရသည်ဆိုသည့်သဘောကို စစ်တပ်ကလည်း တစ်ပါတည်း အလေးအနက်ပြုရန် ဖြစ်ပါတယ်။

နိုင်ငံတော်သည် နိုင်ငံသားတို့အား တိုက်ရိုက်စီမံခန့်ခွဲပေးရာ၌ သူ့လက်အောက်ရှိ အရေးပါ၍ တန်ဖိုးကြီးသောအဖွဲ့အစည်းများကို ဘဏ္ဍာငွေ အချိုးကျ ခွဲဝေပေးရပါတယ်။ စစ်တပ်၏ လုံခြုံရေးတာဝန်အတွက်ကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါတယ်။ စစ်တပ်ဖွဲ့နှင့် ကျန်ရှိသော နိုင်ငံ၏ လူ့အဖွဲ့အစည်းအားလုံးတို့၏ လူမှုရေး၊ စီးပွားရေး၊ ဆက်နွှယ်မှုတို့ကို ဘတ်ဂျက်ဝေခွဲမှုမှတစ်ဆင့်ကြည့်လျှင် ရပါတယ်။ ဘတ်ဂျက် ခွဲဝေမှုသည် နိုင်ငံတော်နှင့်စစ်တပ်၏ဆက်နွှယ်မှုကို ရောင်ပြန်ဟပ်တယ်လို့ ယူဆနိုင်ပါတယ်။

(ဦးကြည်မောင်ဟာ အရာရှိကို ကျွမ်းကျင်ပညာရှင်အဖြစ် ရှုမြင်ပါတယ်။ ရှုစားတော်မူကြပါ။)
ကျွမ်းကျင်ပညာရှင်အဖြစ် အရာရှိတစ်ဦးကိုရှုမြင်သုံးသပ်ခြင်း ပညာရှင်ဖြစ်သောစစ်ဗိုလ်
ဦးကြည်မောင် ။ ။ မျက်မှောက်ခေတ် နိုင်ငံတကာမှာရှိကြတဲ့ တပ်ဖွဲ့တွေအားလုံးက အရာရှိတပ်ဖွဲ့ဝင်တစ်ဦးကို(Officer corps) ပညာရှင် တစ်ဦးအဖြစ် သတ်မှတ်ပါတယ်။
သူတတ်သိရမယ့် ပညာအဆင့်အတန်းမှာ ကျွမ်းကျင်တဲ့သဘောလက္ခဏာတွေ အများကြီးရှိတာကြောင့် ပညာရှင်တစ်ဦးလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ Professional တစ်ဦးဖြစ်တယ်လို့ဆိုတဲ့အခါမှာ ယနေ့ခေတ် စစ်ဗိုလ်ဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးမှာ (က)ကျွမ်းကျင်မှုရှိတယ် (ခ)သူ့တာဝန်ကို သူလေးစားတယ် (ဂ)သူ့တပ်ဖွဲ့ ဂုဏ်ကျက်သရေကိုလည်း ထိန်းသိမ်းတယ်ဆိုတဲ့ အင်္ဂါရပ်သုံးခု အကျုံးဝင်ပါတယ်။

ကျွမ်းကျင်မှုနဲ့ပတ်သက်ရင်လည်း — Professional တစ်ဦးဟာ တာဝန်ကိုလေးစားပြီး သူ့တပ်ဖွဲ့ရဲ့ ဂုဏ်ကျက်သရေကို ထိန်းသိမ်းတယ် ဆိုရာမှာလည်း သင်ယူကျွမ်းကျင်ပြီးမြောက်ခဲ့တဲ့ဘာသာရပ်ကို ဘယ်လိုအသုံးချသလဲဆိုတာနှင့် တိုင်းတာနိုင်ပါတယ်။

ပညာရှင်တစ်ဦးဟာ လူမှုရေးနယ်ပယ်မှာ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုတဲ့အလုပ်တစ်ခုကို လုပ်ကိုင်ပေးရပါမယ်။ ကျန်းမာရေးလား၊ ပညာရေးလား၊ တရားဥပဒေနှင့်ပတ်သက်မယ်လား။ စွမ်းဆောင်ချက်တစ်ခုခုကိုတော့ လူ့အဖွဲ့အစည်းအတွက် သူလုပ်ဆောင်ပေးရန် တာဝန်ရှိပါတယ်။ သူ့အလုပ်နှင့်ပတ်သက်တဲ့ဆက်ဆံရတဲ့ ပုဂ္ဂိုလ်ကတော့ ပြည်သူပါ။ ဆက်ဆံရတဲ့ပုဂ္ဂိုလ်ဆိုတဲ့နေရာမှာ လူတစ်ဦးလည်း ဖြစ်ချင်ဖြစ်ပါမယ်၊ စုပေါင်းလို့လည်း ဖြစ်နိုင်ပါတယ်။ သူဆောင်ရွက်ပေးမယ့်ဝန်ဆောင်မှုသည် သူတစ်ဦးတည်းရဲ့အသိပညာနှင့် သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် ပေးရခြင်းဖြစ်သဖြင့် ပြည်သူက သူ့ကို တောင်းဆိုလာတဲ့အခါမှာ တာဝန်ရှိရှိဆောင်ရွက်ပါလိမ့်မယ်။ ဘယ်လို တာဝန်ရှိရ မှာလဲလို့မေးရင် သူ့ကျွမ်းကျင်မှုဆိုင်ရာ ကျင့်ဝတ်သိက္ခာနှင့်အညီ စေတနာအပြည့်အဝနှင့် ပြည်သူကိုဝန်ဆောင်မှုပေးရတဲ့ တာဝန်ပါ။ ဒီလို ဝန်ဆောင်မှုပေးရာမှာ မိမိအကျိုးကိုရှေးရှုပြီး လူထုကိုဆန့်ကျင်တဲ့အပြုအမူမျိုးနဲ့ သူ့ပညာကို မဖွယ်မရာအသုံးချမယ်ဆိုရင် သူဟာ အကျင့် ပျက်ပြီဖြစ်လို့ မိမိတပ်ဖွဲ့ရဲ့ထက်မြက်သောဂုဏ်ကို ယုတ်လျော့စေသူ ဖြစ်သွားပါလိမ့်မယ်။ ပညာရှင်တစ်ဦးဟာ ငွေအများကြီး ရရမယ်ဆိုတဲ့ ရည်မှန်းချက်ကြီးတစ်ခုကိုထူထောင်ဖို့ ဘယ်လိုနည်းနှင့်မျှ မသင့်လျော်ပါ။
စစ်ဗိုလ်၏အရည်အချင်းနှင့်တန်ဖိုး
ဦးကြည်မောင် ။ ။ စစ်ဗိုလ်များအဖွဲ့မှာ ထားရှိတဲ့စံတွေဟာ မြင့်မားပါတယ်။ စစ်ဗိုလ်များအဖွဲ့မှာ Expert တွေက အခြားအဖွဲ့အစည်းတွေထက် များပြားလှပါတယ်။ စစ်စာပေရေးတဲ့ Harold Lasswell ဆိုတဲ့ စာရေးဆရာကြီး၏ယူဆချက်ကိုပြောရရင် စစ်ဗိုလ်တွေရဲ့ကျွမ်းကျင်မှုဟာ 'အကြမ်းဖက်မှုကို ကွပ်ကဲခြင်းပညာ' (The management of violence) လို့ သူက ခေါ်ပါတယ်။
(စစ်ဗိုလ်တစ်ဦး၏တာဝန်)
ပြည်သူလူထုနှင့်ဆက်ဆံရာမှာ လိုက်နာကျင့်သုံးရမယ့်တာဝန်ကို မဖွယ်မရာ ကိုယ်ကျိုးစီးပွားအတွက်အသုံးပြုခဲ့ရင် လူ့အဖွဲ့အစည်းကို ဖျက်ဆီးရာကျရောက်လိမ့်မယ်လို့ သတိထားကြရပါလိမ့်မယ်။ ''အကြမ်းဖက်မှုကို ကွပ်ကဲခြင်း''ကိုကျင့်သုံးရာမှာ လူ့အဖွဲ့အစည်းက အသုံးပြုပိုင်ခွင့်ပေးထားသော ကိစ္စရပ်များအတွက်သာလျှင် အသုံးပြုဖို့ဖြစ်ပါတယ်။ စစ်မှုထမ်းအလုပ်သည် နိုင်ငံတော်တစ်ဦးတည်းကသာ ပိုင်ဆိုင်သဖြင့် နိုင်ငံတော်ကိုသာ သူက အလုပ်အကျွေးပြုရပါလိမ့်မယ်။

စစ်မှုထမ်း၏တာဝန်သည် နိုင်ငံတော်၏ လုံခြုံရေးတာဝန်ကိုထမ်းဆောင်ဖို့ ဖြစ်ပါတယ်။ လက်တွေ့၌ စစ်ပွဲတွင် ရန်သူကိုချေမှုန်းတဲ့အလုပ် ဖြစ်ပါတယ်။ ဤကိစ္စထက်အရေးကြီးသော အခြားကိစ္စတစ်စုံတစ်ရာမျှမရှိပါ။ စစ်အတွင်း ဂျပန်စစ်ကျောင်းတွင် စစ်လက်စွဲစာအုပ် ပထမ စာကြောင်းမှာ ''စစ်တပ်၏ အရေးကြီးဆုံးအလုပ်သည် စစ်တိုက်ခြင်းဖြစ်၏။ ဒါကြောင့် ငါတို့၏လုပ်ဆောင်ချက်အားလုံးသည် စစ်တိုက်ဖို့ကို ရှေးရှု၏။ စစ်တိုက်ရာတွင် ပထမဆုံးရည်ရွယ်ချက်မှာ ရန်သူကိုဝိုင်း၍ စစ်မြေပြင်တွင်ချေမှုန်းရမည်ဖြစ်၏''လို့ ဆိုပါတယ်။ ရန်သူကို ချေမှုန်းနိုင်ရန် သူ့ကို လက်နက်၊ ပစ္စည်း၊ အဝတ်အစား၊ လေ့ကျင့်ပညာပေး စသည်တို့ကို နိုင်ငံတော်ကပံ့ပိုးပေးပါဆိုတဲ့စကားကို ကမ္ဘာတစ်ဝှမ်း လုံးရှိ စစ်ကျောင်းများတွင် ဘာသာစကားအမျိုးမျိုးဖြင့် ရှေးဦးဆုံး လူသစ်များကို သင်ကြားပေးကြပါတယ်။ ဆရာများနှုတ်ကလည်း လေ့ကျင့်ရေး အရေးကြီးတယ်လို့ တဖွဖွပြောပါတယ်။

ဒါဖြင့်ရင် စစ်ဗိုလ်မှာ သားကျွေးမှု မယားကျွေးမှုကိစ္စ မစဉ်းစားတော့ဘူးလား။ သူ့ဘဝမြင့်မားရေးအတွက် အထက်ကိုလှမ်းချင်တဲ့စိတ် မရှိရ တော့ဘူးလား။ ဒါထက်ကောင်းတဲ့အလုပ်တွေ အများကြီးရှိသားနှင့် ဘာဖြစ်လို့ စစ်မှုထမ်းချင်တာလဲလို့ မေးဖို့ရှိပါတယ်။ ရှင်းရှင်းဖြေရသော် စီးပွားရေးရည်မှန်းချက်နှင့် ရာထူးကိုနှစ်သက်လို့၊ ဂုဏ်ရှိချင်လို့၊ လူကြီးဖြစ်ချင်လို့၊ လခကောင်းလို့ဆိုတဲ့စိတ်မျိုးကို စစ်မှုထမ်းတွေ မထားကြပါ။ စစ်အရာရှိသည် ကြေးစားအငှားလိုက်သူ မဟုတ်။ သူသည် ခေတ္တခဏ တာဝန်ထမ်းဆောင်ရန်သာတာဝန်ယူရသည့် အရပ်သား စစ်သားလည်းမဟုတ်၊ သူ့စိတ်အလိုအရ သူလုပ်နေတဲ့စစ်မှုထမ်းဘဝကို ပျော်ပိုက်နှစ်ခြိုက်ခြင်း၊ အခြားအလုပ်ကို မလုပ်လိုသဖြင့် ပြည်သူအတွက် သူပေးနိုင်စွမ်းရှိတဲ့အလုပ်တစ်ခုဖြစ်တဲ့စစ်မှုထမ်းခြင်းကို ရွေးချယ်ခဲ့တယ်လို့ ခိုင်ခိုင်မာမာဖြေမှာပါ။ အတုံ့အလှည့်အားဖြင့် ပြည်သူကလည်း လုံလောက်တဲ့လစာကို သူ အလုပ်လုပ်စဉ် ပုံမှန်ပေးပြီး သူ အနားယူချိန်တွင်လည်း ဆက်လက်ချီးမြှင့်မယ်လို့ သူယုံကြည်ပါတယ်။ စစ်မှုထမ်း၏လစာသည် သူ့အတွက် လုံလောက်မှုရှိသဖြင့် သူရွေးချယ်၏။ သူ့စိတ်တွင် အလွန်နှစ်သက်၍သာ ဤအလုပ်ကို ရွေးချယ်ခြင်းဖြစ်၏။
(ရွှေပွဲလာပရိသတ်ကြီးခင်ဗျာ ..အထက်ကဖော်ပြတဲ့အတိုင်း တန်ဖိုးတွေ အရည်အချင်းတွေနဲ့အညီဖြစ်တဲ့ ဗိုလ်မင်းတွေကို ကျွန်တော်တို့ အနေနဲ့ အလိုရှိအပ်ပါတယ်။)

(“ပါဝါအစီအစဉ်ကြီး”မှာ စစ်မှုထမ်းရဲ့နေရာဟာ ဘယ်မှာလဲ။ စစ်မှုထမ်းက လောကကို ဘယ်လိုမြင်သလဲ၊ စစ်မှုထမ်းရဲ့လောကအမြင်ဟာ အင်မတန်အရေးကြီးတာကလား။ ဦးကြည်မောင်ရဲ့ရှုမြင်ပုံက သလိုပါ)
စစ်မှုထမ်းတို့၏လောကနှင့်လူသားအပေါ် ရှုမြင်သုံးသပ်ပုံ
ဦးကြည်မောင် ။ ။ စစ်မှုထမ်းရဲ့အမြင်ကို အနှစ်ချုပ်လိုက်တဲ့အခါ လူ့သဘာဝဟာ ဖောက်ပြန်တတ်ခြင်း၊ စိတ်အင်အား ချည့်နဲ့ခြင်း၊ ဆိုးညစ် ယုတ်မာခြင်းတို့ အပြည့်ရှိတယ်။ လူ့အဖွဲ့အစည်းကို လူတစ်ဦးချင်းထက် အလေးပေးရမယ်။ ဘယ်အရာမဆို အစီအစဉ်နဲ့ပြုလုပ်ရမယ်။ ကိုယ့်တာဝန် သူ့တာဝန် ခွဲခြားရမယ်။ နိုင်ငံတော်ဟာ နိုင်ငံရေးအဖွဲ့အစည်းမှာ အမြင့်ဆုံးဖြစ်တယ်လို့ သူ ယုံကြည်တယ်။ စစ်ဆိုတာ လောကမှာ ဆက်ပြီးဖြစ်နေမှာပဲလို့ သူ လက်ခံထားတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ တိုင်းပြည်ရဲ့အင်အားဟာ တန်ခိုးလို့ သူ ယုံကြည်တယ်။ နိုင်ငံရဲ့လုံခြုံရေးအတွက် စစ်တပ်က အာမခံရတယ်။ နိုင်ငံတော်က မိမိနိုင်ငံအကျိုးသက်သက်ကိုသာ စဉ်းစားစေလိုတယ်။ အခြားနိုင်ငံတွေ အတွက် အာမခံပေးတာမျိုးကို ဆင်ခြင်စေချင်တယ်။ စွန့်စားတဲ့သဘော ရန်လိုတဲ့သဘောမျိုးကို ချုပ်တည်းစေချင်ကြတယ်။ စစ်ဟာ နိုင်ငံရေးပေါ်လစီ၏လက်နက်လို့ သူ သဘောတူတယ်။ စစ်တပ်သည် နိုင်ငံရေးပုဂ္ဂိုလ်တို့၏ စေခိုင်းရာကိုလုပ်ရမယ်ဆိုတာကိုလည်း သူ လက်ခံတယ်။ (and that civilian control is essential to military professionalism) စစ်တပ်အား အရပ်သားအစိုးရ၏ အုပ်ချုပ်မှု အောက်မှာထားခြင်းဟာ စစ်အရည်အသွေး တောက်ပြောင်မှုအတွက် လိုအပ်ချက်ဖြစ်တယ်လို့ သူ ယုံကြည်တယ်။ စစ်မှုထမ်းအတွက် အမိန့်ကိုနာခံခြင်းဟာ အမြင့်မားဆုံး ဂုဏ်ကျက်သရေဖြစ်တယ်လို့ သူ ခံယူတယ်။

အထက်ပါတို့ကို အကျဉ်းချုံးလိုက်သော် စစ်မှုထမ်းသည် အဆိုးဘက်ကို ရှုမြင်တတ်၏။ စုပေါင်းလုပ်ဆောင်လိုသည်။ သမိုင်းတွင် စိတ်ညွတ်၏။ ခွန်အားသမားဖြစ်၏။ အမျိုးသားစိတ် ထက်သန်၏။ ''စစ်''ဝါသနာထုံ၏။ ရန်လိုသောသဘော မရှိ။ စစ်မှုထမ်းဘဝသည် အသုံးချခံသောဘဝဟု ယုံကြည်၏။ စကားအတိုချုပ်ဖြင့် အမှန်ကိုမြင်တတ်၏။ ဆင်ခြင်တုံတရားရှိ၏ဟု ဆုံးဖြတ်ရပေမည်။

(စစ်ရေးတာဝန်နှင့်နိုင်ငံရေးတာဝန် ခွဲခြားမှု)
(စစ်ဗိုလ်ဟာ စစ်ရေးတာဝန်နဲ့နိုင်ငံရေးတာဝန် ခွဲခြားရမတဲ့။ ဦးကြည်မောင်က အောက်ပါအတိုင်း သုံးသပ်ပါတယ်။)
စစ်မှုထမ်းတို့ဟာ သူ့စစ်အလုပ်ခွင်နှင့်ပတ်သက်လို့ အလွန်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။ သို့ရာတွင် သူတို့အလုပ်ရဲ့ပြင်ပလောကနှင့် ပတ်သက်လို့တော့ သူတို့ကျွမ်းကျင်ကြောင်း မပြနိုင်ကြပါ။ ဒါကြောင့် နိုင်ငံတော်နှင့်စစ်မှုထမ်းတို့ဆက်ဆံရေးဟာ လုပ်ငန်းခွင်မှာ ကျွမ်းကျင်မှု ဧရိယာ ခွဲထားခြင်း (Division of Labour)ရှိဘိသကဲ့သို့ နိုင်ငံတော်ကလည်း စစ်မှုထမ်းများကို ''မင်းတို့ဟာ စစ်ရေးရာမှာကျွမ်းကျင်တဲ့ (military experts)တွေ ဖြစ်ကြတယ်။ ဟောဒီပုဂ္ဂိုလ်တွေက(political experts) တွေ၊ နိုင်ငံရေးရာမှာ ကျွမ်းကျင်ကြတယ်''ဆိုပြီး ခွဲခြား သတ်မှတ်ချက် ပေးထားရပါတယ်။
စစ်မှုထမ်းခြင်းကို အသက်မွေးဝမ်းကျောင်းမှုအဖြစ် သတ်မှတ်ချက်မပြုရသေးတဲ့ သိပ္ပံပညာဖွံ့ဖြိုးမှု အလွန်အားနည်းနေတဲ့ကာလမှာတုန်းက လူတစ်ဦးထဲက စစ်ရေးရော နိုင်ငံရေးပါ တာဝန်ထမ်းဆောင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ခုခေတ်မှာ ဒီလိုလုပ်လို့ မရနိုင်တော့ပါ။ နပိုလီယံဟာ စစ်သိပ္ပံပညာနှင့်နိုင်ငံရေး နှစ်ခုစလုံးရဲ့တာဝန်တွေကို သူတစ်ဦးတည်းထမ်းဆောင်ခဲ့တဲ့ ကမ္ဘာကြီးရဲ့ နောက်ဆုံး စစ်ဘုရင်ကြီးတစ်ပါး ဖြစ်ခဲ့ပါတယ်။ သူ့ခေတ် ကုန်ဆုံးတဲ့အခါ နိုင်ငံရေးဘက်မှာ ဘစ်စမတ်ခ်(Bismarck)၊ စစ်ရေးမှာ မော့လ်(တ်)ကား(Moltke) ဆိုပြီး ဂျာမနီ နိုင်ငံမှာ နှစ်ဦးပေါင်းတစ်စုံ ဖြစ်ပေါ်လာခဲ့ပါတယ်။ အမှန်မှာ နိုင်ငံရေးက စစ်တပ်အပါအဝင် အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးကို တာဝန်ယူရတဲ့ အတွက် ဖြစ်ပါတယ်။
စစ်သိပ္ပံပညာ(Military Science) နယ်ပယ်ဟာ နိုင်ငံတော်ရဲ့ပေါ်လစီကို လက်နက်ကိုင်တပ်ဖွဲ့နှင့် ရုပ်လုံးဖော်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလို စည်းကားပေါ်လာရခြင်းအကြောင်းက စစ်တပ်အလုပ်ဟာ အသက်မွေးဝမ်းကျောင်းတဲ့အလုပ်ရယ်လို့ သတ်မှတ်ချက် ဖြစ်ပေါ်လာခဲ့ပြီးမှ ပေါ်လာရခြင်းပါ။ တကယ့်စစ်မှုထမ်းဆိုတာ စစ်ပရိယာယ်မှာ အလွန်ဆင်ခြင်တုံတရားနှင့်ပြည့်စုံတဲ့သူ(a conservative in strategy) ပါ။ သို့သော် ပွင့်လင်းတဲ့စိတ်ဓာတ်လည်းရှိပြီး အမြဲဆန်းသစ်မှု၊ တီထွင်မှုတွေ ဆက်တိုက်ဖြစ်လာနေတဲ့ ယနေ့ကမ္ဘာရဲ့ လက်နက်ဆန်းများနှင့် သေနင်္ဂဗျူဟာပုံစံသစ်တွေကို အမီလိုက်ပြီး စဉ်းစားတွေးခေါ်မြော်မြင်ကြည့်တတ်သူလည်း ဖြစ်ဖို့လိုပါတယ်။ ပြီးတော့ ဒီလိုပုဂ္ဂိုလ်ဟာ စစ်သိပ္ပံပညာရပ်မှာ အမြဲတမ်းတည်ရှိနေတဲ့လက္ခဏာတွေနှင့် အမြဲတမ်းပြောင်းလဲနေတဲ့လက္ခဏာတွေကို ကျွမ်းကျင်စွာ ခွဲခြားသိမြင်တတ်သူ လည်း ဖြစ်ရပါမယ်။ သူ့စစ်တပ်ကို ဒီအချက်တွေအပေါ်မှာမှီတည်ပြီး အမြဲပြုပြင်နေဖို့ကလည်း သူ့တာဝန်ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ကြီးက သူ့ နယ်ပယ်အတွင်းအခြေအနေတွေကို နိုင်ငံရေးသမားတွေကိုတင်ပြတဲ့အခါ မှာ နိုင်ငံရေးဘက်က ကောင်းစွာလက်ခံစဉ်းစားပြီး စစ်၏လိုအပ် ချက်တွေကို ဖြည့်ဆည်းရပါမယ်။
နိုင်ငံရေးက နိုင်ငံရဲ့ပေါ်လစီတွေကို ဆောင်ရွက်ရပါတယ်။ ဒီနယ်ပယ်အတွင်းမှာ အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းရှိရန် ဘယ်အချက်တွေ ဟာ အဓိကျသလဲလို့ ရှုမြင်သုံးသပ်နိုင်တဲ့စွမ်းရည်နှင့် ဘယ်နေရာမှာ နိုင်ငံတော်ရဲ့အကျိုးစီးပွားရှိသလဲလို့ အမှန်ထောက်ပြနိုင်တဲ့စွမ်းရည် ရှိဖို့ လိုအပ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကိုပေးတဲ့ပုဂ္ဂိုလ်ဟာ စစ်မှန်တဲ့အာဏာ လက်ကိုင်ရယူထားသူတစ်ဦးသာ ဖြစ်ရပါမယ်။၏
နိုင်ငံရေးဟာ စစ်ရေးနယ်ပယ်ရဲ့ပြင်ပမှာ တည်ရှိနေပါတယ်။ ဒါကြောင့် ကိုယ်နှင့်မသက်ဆိုင်တဲ့နယ်ပယ်အတွင်းကို စစ်ဗိုလ်တွေ ဝင်ရောက် လာရင် သူတို့ရဲ့ မူလတာဝန်တွေ၊ သူတို့ရဲ့ စစ်ရေးကျွမ်းကျင်မှုအရည်အချင်းတွေ ဆုံးရှုံးနစ်နာစေခြင်းကို ဖြစ်ပေါ်စေပါလိမ့်မယ်။

စစ်အရာရှိဟာ နိုင်ငံရေးမှာ ဘက်မလိုက်ရပါ။ “စစ်တပ်ကို အုပ်ချုပ်နေသူတစ်ဦးဟာ နိုင်ငံရေးမှာလက်ဦးမှုရယူဖို့အတွက် ဝင်ရောက်စွက်ဖက် မယ်ဆိုရင် သူ့ရဲ့ထက်မြက်တဲ့ စစ်ဘက်ဆိုင်ရာအဆုံးအဖြတ်ပေးနိုင်တဲ့စွမ်းရည်ကို ကွေးကောက်သွားစေပါလိမ့်မယ်။ ဒါကြောင့် မစွက်ဖက်ရပါ။

(စာဖတ်သူများခင်ဗျား..
အမေရိကန်စစ်တပ်ရဲ့ ပြုပြင်ပြောင်းလဲနိုင်ခဲ့ပုံကိုဆင်ခြင်နိုင်ဖို့ အောက်ပါစာပိုဒ်ကို ဖတ်ကြပါ။ အမေရိကန်ပြည်တွင်းစစ်အပြီးမှာ ပြည်သူတွေ ဟာ စစ်ကို အတော်ရွံ့မုန်းသွားကြတယ်။ ၁၈၆၅ ခုနှစ် နောက်ပိုင်းမှာ စစ်တပ်ကို အမေရိကန်လူ့အဖွဲ့အစည်းက အော့နှလုံးနာကြသတဲ့။ သို့သော် ဒီအခြင်းအရာကလည်း အမေရိကန်စစ်မှုထမ်းတွေကို သူတို့ကိုယ်သူတို့ ပြန်လည်တွေ့ရှိစေတယ်လို့ ပြောပါတယ်။ ဒီလို အဆို ရှိပါတယ်။
''အမေရိကန်စစ်သမိုင်းတွင် ဝိုင်းပယ်ခံရခြင်းကြောင့် အမေရိကန်စစ်မှုထမ်းတို့၏ဘဝတွင် စဉ်းစားဉာဏ် အထက်မြက်ဆုံး ဖန်တီးတီထွင်မှု အကောင်းဆုံး ဘဝတစ်လျှောက်လုံးတွင် အရေးအပါဆုံး ရေရှည်တည်တံ့ခိုင်မြဲမယ့်ကိုယ်ကျင့်တရားတွေကို ရှာဖွေတွေ့ရှိတဲ့ကာလ ဖြစ်ပါတယ်')

(အမေရိကန်ပြည်သူတို့၏ သူတို့တပ်မတော်အပေါ် သဘောထားအမြင်)
အာဏာလက်လွတ် သြဇာအရှိန်အဝါလည်း ကင်းမဲ့တဲ့အခါ (လိပ်များသည် သူတို့ခေါင်းကို အခွံထဲသို့ ထည့်သွင်းကြသလို) အရာရှိတပ်ဖွဲ့သည် လည်း သူတို့စိတ်အတွင်းမှာ အမေရိကန်အရာရှိစစ်မှုထမ်းဘဝကို ဘယ်လို စံချိန်စံညွှန်းတွေနှင့် ထူထောင်ရမလဲ၊ ဘယ်လိုအရည်အချင်းတွေ ကို စံထားရမလဲ၊ ဘယ်လိုဖွဲ့စည်းကြရမလဲ၊ ဘယ်လိုစိတ်ဓာတ်နှင့် အလုပ်လုပ်ရမလဲ၊ ကြေးစားစစ်မှုထမ်းဘဝစစ်စစ် ဖြစ်ရအောင် ဘယ်လို ဘယ်ပုံ ကျင့်ကြံရမလဲဆိုတဲ့မေးခွန်းတွေကိုမေးပြီး အဖြေတွေကိုလည်းရလာခဲ့ပြီမို့ သူတို့ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်။
သူတို့သည် သူတို့ခေတ်မတိုင်မီစစ်မှုထမ်းတို့နှင့် လုံးဝခြားနားသောဘဝကိုရရှိခဲ့ပြီဟု ယုံကြည်လာကြပါတယ်။ စစ်တပ်ကို သူတစ်ဦးတည်း ထီးထီးကြီး နေခွင့်ပြုခဲ့သဖြင့် ကြေးစားစစ်မှုထမ်းအဖြစ် သူတို့ရဲ့ဘဝကို အသွင်ပြောင်းနိုင်ခဲ့တယ်လို့ စစ်မှုထမ်းတွေက ယုံကြည်ကြပါတယ်။ ငြိမ်းချမ်းသောကာလဖြစ်သဖြင့်လည်း အထီးကျန်နေနိုင်ခွင့်ရခဲ့တယ်လို့ သူတို့က ကျေနပ်မိကြပါတယ်။
တစ်နည်းပြောရရင် အမေရိကန်နိုင်ငံက စစ်တပ်ကို အသုံးချဖို့မလိုတဲ့ကာလမို့ စစ်တပ်သည် ကြေးစားတပ်ဖွဲ့အသွင်ကို အောင်မြင်စွာ ကူးပြောင်းလို့ရခဲ့ပါတယ်။ အမှောင်ဖုံးတဲ့နှစ်ဆိုတဲ့၊ စစ်တပ်မှာ အာဏာတစေ့မှမရှိတဲ့အချိန်သည် ကြေးစားစစ်သည်တို့ပေါက်ဖွားခဲ့တဲ့(ရွှေ) နှစ်များပါကလားလို့ သူတို့ တွေ့ရှိကြပါတယ်။ အကယ်၍သာ အရာရှိတပ်ဖွဲ့သည် ဝိုင်းဝယ်ခြင်းကိုမခံခဲ့ရပါက၊ တစ်နည်းဆိုသော် အာဏာနှင့် လုံးဝကင်းကွာသောအနေအထားတွင် မရှိခဲ့ပါက၊ ၁၉၁၇ ခုနှစ် ပထမကမ္ဘာစစ်နှင့် ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်တွင် အမေရိကန်သည် စစ်အတွင်းသို့ ဝင်ရောက်ရသည့်အခါ လွန်စွာမှ ကြီးမားသောအခက်အခဲများကိုဖြတ်သန်းရန် ဖြစ်နိုင်ပါ့မလားဟု စစ်ရေးကျွမ်းကျင်သူများက သံသယဝင်ခဲ့ကြပါတယ်။ ရွှေနှစ်များကြောင့်သာလျှင် သံမဏိကဲ့သို့ခိုင်မာသောစိတ်ဓာတ်ကို သူတို့ မွေးမြူခွင့်ရခဲ့ကြတယ်လို့ ဝမ်းမြောက်ကြ ပါတယ်။ ဤကဲ့သို့ အမေရိကန်စစ်မှုထမ်းတို့မွေးမြူခဲ့သော ကြေးစားစိတ်ဓာတ်ခိုင်မာမှုသည် အမေရိကန်နိုင်ငံကို ကယ်တင်နိုင်ခဲ့ခြင်း၏ အကြောင်းရင်းဖြစ်ပါသည်ဟူ၍ အသိအမှတ်ပြုခြင်းကို ခံခဲ့ကြရပါတယ်။
(အမေရိကန်စစ်တပ်၏ဦးနှောက်နှင့်တူသော ပုဂ္ဂိုလ်ကြီးများ)
ဦးကြည်မောင် ။ ။ အမေရိကန်စစ်တပ်က ဂျင်နရယ်ရှားမင်းအကြောင်း အောက်ပါအတိုင်း ပြောချင်ပါတယ်။
အမေရိကန်စစ်တပ်ကို စစ်တပ်နှင့်တူအောင်ပြုလုပ်ပေးခဲ့သည့်ပုဂ္ဂိုလ်သုံးဦးမှာ ဂျင်နရယ်ဝီလျံရှားမင်း(William T. Sherman)၊ အင်ပရီအပ်တင်(Emery Upton) နှင့် ရေတပ်ဗိုလ်ချုပ် စတီဗင်ဘီ-လူ့စ်(Stephen B.Luce)တို့ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးသုံးဦးထဲမှာ အကျော်ကြားဆုံးပုဂ္ဂိုလ်က ရှားမင်းဖြစ်ပါတယ်။ ၁၈၆၉ ခုနှစ်မှ ၁၈၈၃ ခုနှစ်အထိ ကြည်းတပ်၏ကွန်မန်ဒါအဖြစ် အမှုထမ်းခဲ့ပါတယ်။ အမေရိကန်စစ်တပ်မှာ ကွန်မန်ဒါအဖြစ် ဝန်ထမ်းသက်ဒုတိယအရှည်ဆုံးပုဂ္ဂိုလ် ဖြစ်ပါသည်။ သူဒီရာထူးကို မြဲတဲ့အကြောင်းရင်းက နိုင်ငံရေးကိစ္စကို လုံးဝ၊ ဘယ်တော့မှ ပတ်သက်မှုမရှိစေရဘူးလို့ဆိုတဲ့ သူ့စိတ်ထဲကဆုံးဖြတ်ချက်ကြောင့် ဖြစ်ပါတယ်။ သူ အလေးထား ဆောင်ရွက်ခဲ့တာက စစ်တပ်၏ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဖြစ်ပါတယ်။ ဦးစားပေးပြုပြင်ရာမှာ ဘယ်လိုပညာရှင်အဆင့်မှာ အသက်မွေးဝမ်းကျောင်းပြုလုပ်သူကိုမဆို သင်ကြားအပ်တဲ့ဘာသာရပ်တွေနဲ့ Liberal education ကောလိပ်ကျောင်းအဆင့် သင်ကြားရမယ့် ဘာသာရပ်များကို ဗိုလ်သင်တန်းကျောင်းမှာ သင်ပေးရမယ်။ စစ်တပ်ရဲ့အကျင့်သိက္ခာနှင့်ပတ်သက်ပြီး တန်ဖိုးထားတဲ့အရာတွေကို ကောင်းစွာ သင်ကြားပေးရမယ်။ စစ်မှုထမ်းမှန်သမျှတို့ လိုက်နာရမယ့်စည်းကမ်းတွေကို သင်ကြားပေးရမယ်။ နောက်ဆုံးမှာမှ သူတို့ အသက်မွေးဝမ်း ကျောင်းမှုနှင့်သက်ဆိုင်တဲ့ဘာသာရပ်တွေကို အဆင့်မြင့်ကျောင်းတွေမှာ သင်ယူစေရမယ်လို့ သတ်မှတ်ပါတယ်။ သူ့ကို လူသိများသည်မှာ သူသည် စစ်ကိုရွံမုန်းသူဖြစ်ခြင်းနှင့် နိုင်ငံရေးကိုရှောင်ကြဉ်ခြင်းကြောင့် ဖြစ်ပါတယ်။
***
စာဖတ်သူများခင်ဗျား ..
သမိုင်းနဲ့ချီပြီးရေးထားတဲ့ ''နိုင်ငံတော်နဲ့စစ်မှုထမ်း''ဟာ စဉ်းစား ဆင်ခြင်စရာတွေ အများကြီးပဲ။ ဂျာမန်စစ်တပ်၊ ဂျပန်၊ အမေရိကန်စစ်တပ် တွေရဲ့သမိုင်းကိုအခြေခံကာ ထိုးထွင်းထားတဲ့ မြန်မာစစ်ဗိုလ်ကြီးတစ်ယောက်ရဲ့အမြင်ဟာ အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။ စာအုပ်ရီဗျူးဆိုတော့ ဒါလေးကတော့ အကျဉ်းပါ။ အကျယ်ကိုတော့ စာအုပ်ကိုသာ ဖတ်ကြပါတော့။
ရိုသေစွာဖြင့်
မောင်မြတ်ထင်
https://www.facebook.com/chindwinsalayam/posts/1778033255640420?__tn__=K-R

(လက်ဆွဲတာလား လက်မြှောက်တာလား) မျိုးမြင့်ချို

0 comments
(လက်ဆွဲတာလား လက်မြှောက်တာလား)

နိုင်ငံရေးမှာ "ရန်သူနဲ့လက်ဆွဲနှုတ်ဆက်တယ်" ဆိုတဲ့အဆင့်တဆင့် ရှိပါတယ်။ မဖြစ်မနေ ဖြတ်သန်းရတဲ့အဆင့်တခုလို့ ကံသေကံမ ပြောလို့မရမှန်း လူ့သမိုင်းရဲ့အလှည့်အပြောင်းတွေ အချိုးအကွေ့တွေ တော်လှန်ရေးလက္ခဏာပါတဲ့ အပြောင်းအလဲတွေကိုသေချာကြည့်ရင် မြင်ရမှာဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပန်းတိုင်ကိုချီတက်နေသူတွေတောင် ရန်သူနဲ့စကားပြောကြပါတယ်။ စေ့စပ်ရေးနည်းကို ငြင်းပယ်လေ့မရှိပါဘူး။ တဘက်က မသမာတဲ့နည်း မရိုးသားတဲ့နိုင်ငံရေးအခံနဲ့ "စကားပြောရအောင်"လုပ်မှန်းသိသိနဲ့တောင် မိမိက လက်ခံ ဆွေးနွေးရပါတယ်။ ရန်ဘက်ကို မစေ့စပ်စတမ်း မဆွေးနွေးစတမ်း အသေအလဲတိုက်ရတဲ့အခါတွေရှိသလို တိုက်နေတာခနရပ်ပြီး ဆွေးနွေးပွဲ စကားဝိုင်းကို အလှည့်ပေးရတာမျိုးလည်းရှိတယ်။

ဘယ်အခြေအနေမှာ၊ ဘယ်ပုံစံနဲ့၊ ဘယ်လောက်အပေးအယူ အလျှော့အတင်းနဲ့သွားမလဲ၊ အပြီးသတ်အောင်ပွဲကို ဘာနဲ့ယူမလဲက "မူ" ဖြစ်ပါတယ်။ စွန့်လွှတ်စွန့်စားရမှာ မကြောက်ပေမယ့် အောင်ပွဲယူရမှာကြောက်တဲ့အခါ လမ်းတဝက်ကဖြတ်ပြီး စေ့စပ်ဆွေးနွေးတယ်ဆိုတဲ့ စကားလုံးနဲ့အညံ့ခံပြီး အဆုံးသတ်မှာ ဒူးထောက်သွားကြတာတွေလည်း မမြင့်ချင်အဆုံးမြင်ရမှာပါ။ စစ်စစ်မှန်မှန် စေ့စပ်ဆွေးနွေးကြတယ် ဆိုတာ တဘက်နဲ့တဘက် အားခြေမျှလာတဲ့အခါ၊ လုပ်မှဖြစ်တော့မယ်လို့ ၂ ဘက်လုံးက နက်နက်နဲနဲ သိမြင်လာတဲ့အခါ စကားပြောကြမယ် ဆိုတဲ့အသံ ထွက်လာကြပါတယ်။ တခါတလေမှာ ကြားလူ ပါရပါတယ်။ သမာသမတ်ကျတဲ့ကြားလူဖြစ်ရင် အေးအေးချမ်းချမ်းနဲ့ အောင်မြင် ပြီးမြောက်မသွားတောင် ပွဲဟာ မျက်နှာပန်းလှလှနဲ့ ရပ်တန့်သွားပါတယ်။

လစ်ဘရယ်လ်ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ(တော်လှန်ရေးတွေ)ဟာ ဆွေးနွေးညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်း၊ ကြေအေးတန်ကြေအေး ရင်းနဲ့ တဖြည်းဖြည်း တရွေ့ရွေ့ခြင်း ရှေ့ကိုတိုးတက်သွားကြရတာမျိုး ဖြစ်ပါတယ်။ အတိတ်က တိုင်းပြည်အပေါ်လူထုအပေါ် အပြစ်မျိုးစုံ ကျူးလွန်ခဲ့သူတွေကို ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးတာမျိုးတွေ မလုပ်နိုင်ဦးတောင် ဒီလိုလုပ်ခဲ့တာတွေကို လူသိရှင်ကြားတောင်းပန် တာ၊ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို သမိုင်းဆိုင်ရာမှတ်တမ်းမှတ်ရာတွေအဖြစ် ပြုစုတာ၊ ထိန်းသိမ်းတာ၊ နှောင်းလူတွေအတွက် သင်ခန်းစာ ယူစရာတွေအဖြစ် ကျန်ရစ်အောင်ဆောင်ရွက်ရပါတယ်။

လုပ်ခဲ့သူတွေဘက်ကလည်း တကယ့်ကို ရိုးရိုးသားသား နောင်တရပြီး တောင်းပန်ရုံမက နောက်တဖန် ဘယ်တော့မှ ဒီလို စနစ်ဆိုးမျိုး ပြန်ခေါင်းထောင်မလာရေးအတွက် အသစ်တက်လာတဲ့အင်အားစုနဲ့ပူးပေါင်းပြီး ကာကွယ်တာ တားဆီးတာတွေလုပ်ရပါတယ်။ ဒါတောင် တကယ်စစ်မှန်တဲ့ လစ်ဘရယ်လ်ဒီမိုကရေစီ အလှည့်အပြောင်းမှာတောင် ဒီလောက်ပဲဖြစ်ကြတာများပါတယ်။ အကြွင်းမဲ့အာဏာပြောပြော အာဏာ ၃ ရပ်ဆိုဆို အဲ့ဒါတွေကို အပြည့်အဝရလိမ့်မယ်လို့ နဂိုကတည်းကရည်မှန်းပြီး လုပ်ရတာလည်း မဟုတ်ပါဘူး။ ရရင်တော့ ကောင်းတာပေါ့ဆိုတဲ့ အခြေခံအတွေးတော့ရှိကြပါတယ်။

အဲ့လိုဆိုလိုက်တော့ ပေးသလောက်ယူ ကျွေးသလောက်စာ "အာဏာမသဓာရေစာနဲ့ နိုင်ငံရေးမှီခိုရာတစိတ်တပိုင်း"လောက်ရရင်ပဲ ကျေနပ်တယ်ဆိုပြီ ထ လုပ်ကြတယ်လို့ အဓိပ္ပါယ်မထွက်ပါဘူး။ လုပ်တုန်းက ဒီ့ထက်မကတဲ့ ရည်မှန်းချက်ရှိပေမယ့် လုပ်ရင်းကိုင်ရင်း လူထုကိုမယုံ လူထုကိုအားမကိုး လူထုလှုပ်ရှားမှုနည်းနာတွေကနေသွေဖည်ပြီး အတွေးအခေါ်ရေး ဝေဝါးလာတဲ့အခါ နိုင်ငံရေး စည်းရုံးရေး ကျလာတဲ့အခါ လူထုတိုက်ပွဲကို လမ်းတဝက်ကဖြတ်ပြီး ရသလောက်ယူတော့မယ်ဆိုတဲ့ မူမဲ့တဲ့စေ့စပ်ကြေအေးရေးဘက် ရောက်သွားတာ ဖြစ်ပါတယ်။

လစ်ဘရယ်လ်ဒီမိုကရေစီရေးအတွက် တကယ့် အင်နဲ့အားနဲ့လည်းလုပ်ခဲ့၊ နောက်မှာ ထု လည်းရှိတဲ့ လှုပ်ရှားမှုကြီးတွေတောင် အောင်ပွဲခံတဲ့ အခါ အာဏာ ၃ ရပ်လုံး ပြည်ပြည့်ဝဝ စိုးစိုးပိုင်ပိုင်မရကြပါဘူး။ အဲ့သလို လှုပ်ရှားမှုတွေကို ပုံပျက်ပန်းပျက်အောင်လုပ်ဖြစ်လိုက်တဲ့အခါ တိုင်းပြည် ဘာဆက်ဖြစ်လဲဆိုတာကို အဝေးကြီး သွားကြည့်နေစရာမလိုပါဘူး။ မျက်မှောက် ဗမာ့နိုင်ငံရေးအခြေအနေဟာ အကောင်းဆုံး ပြယုဂ်ဖြစ်ပါတယ်။ အမြင်သာဆုံးသာဓကလည်းဖြစ်ပါတယ်။

လှုပ်ရှားမှုတိုင်းမှာ ခေါင်းဆောင်နဲ့ခေါင်းဆောင်မှုကဏ္ဍဆိုတာရှိပါတယ်။ လူနဲ့မူလို့ပြောရင် ပိုလွယ်မယ်ထင်ပါတယ်။ ပုဂ္ဂိုလ်ရေးသြဇာ ဆိုတာဟာ ခေါင်းဆောင်တိုင်းအတွက် မရှိမဖြစ်မဖြစ်လိုအပ်ပါတယ်။ ပုဂ္ဂိုလ်ရေးသြဇာ အလွန်အကျွံမထူထောင်မိဖို့ ခေါင်းဆောင်က သတိထားဖို့လိုသလို နောက်လိုက်ကလည်း အဲ့ဒါကို ခွင့်မပြုဖို့လိုပါတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုတာ ၂ ဘက်စလုံးကြောင့်ဖြစ်ရတာပါ။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအထိ ရောက်သွားရင်တော့ မူဟာ အရေးနိမ့်သွားပါတော့တယ်။ မူ ဗုံးဗုံးလဲသွားပါတော့တယ်။ နောက်တော့ သိတ်မကြာဘူး အဲ့ဒီအဖွဲ့အစည်း၊/ပါတီလည်း စုပ်စမြုပ်စပျောက်သွားပါတယ်။ ဗမာ့သမိုင်းမှာ အဲ့ဒီနည်းနဲ့ ပျောက်ခြင်းမလှပျေက်သွားတဲ့ ပါတီတွေအဖွှဲစည်းတွေ များလှပါတယ်။ အမြင်သာဆုံးကိုပြပါဆိုရင်တော့ ဖဆပလ ကိုပြရမှာပါ။ ဖဆပလဟာ သာမညောင်ညပါတီလေးတခု မဟုတ်ပါဘူး။ အဖွဲ့ချုပ်ကြီးပါ။ တပ်ပေါင်းစုကြီးပါ။

ပါတီအဖွဲ့အစည်းတခုကို ပဲ့ကိုင်တာဟာ မူဖြစ်ပါတယ်။ ဦးဆောင်မှုဖြစ်ပါတယ်။ သြဇာကိတ္တမကြီးတဲ့ခေါင်းဆောင်(လူ)ဆိုတာက အသွား ၂ ဘက်ပါတဲ့ဓားနဲ့ တူပါတယ်။ အဲ့ဒီဓားဟာ လူထု၊ ပါတီဝင်ထု၊ မဟာမိတ်အင်အားစုတွေကို စုစည်းတဲ့နေရာမှာရော ပြန့်ကျဲပြိုကွဲသွားအောင် လုပ်တဲ့နေရာမှာရော အသုံးတည့်ပါတယ်။ ပုဂ္ဂိုလ်ရေးသြဇာအားကြီးရင်ကြီးသလောက် အဲ့ဒီဓားဟာ ပိုထက်မြက်သလို ပိုလည်းစွမ်းပါတယ်။ အလားတူပဲ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကြီးရင် ကြီးသလောက် အန္တရာယ်လည်း အလွန်များပါတယ်။ မူကိုဖျက်တဲ့နေရာ မူမဲ့သွားအောင်လုပ်တဲ့ နေရာမှာရော မူရှိအောင် မူကိုကြံ့ခိုင်နေအောင် မူအတိုင်းမသွေဖည်ရအောင်လည်း အဲ့ဒီ သြဇာကိတ္တမကပဲ ဆောင်နိုင်စွမ်းပါတယ်။ အဲ့ဒီ သြဇာကိတ္တမကပဲ အသံ ထွက်လာစေတာဖြစ်ပါတယ်။ ကျနော်တို့က အဲ့ဒီ အသံဟာ "မရဏမောင်းလား အောင်စည်လား"ကို ဂဃနဏ သိဖို့တော့လိုပါလိမ့်မယ်။

မူမဲ့သွားပြီးဆို ရန်သူနဲ့လက်ဆွဲနှုတ်ဆက်ရေးဟာ ရန်သူ့ရှေ့ဒူးထောက်ရေး ဖြစ်သွားပါတယ်။ အောင်ပွဲရဖို့ဦးဆောင်မှုမပေးနိုင်တော့ပဲ အကြိမ်ကြိမ်အရှူံးပေးလက်မြှောက်ရေးဆီဦးတည်တဲ့ခေါင်းဆောင်မှုမျိုးပဲ ပေးနိုင်ပါတော့တယ်။
မျိုးမြင့်ချို (ဒီဇင်ဘာ ၂၉၊ ၂ဝ၁၈)

Friday, December 28, 2018

(ဒေါ်ကြီးတံတိုင်း) မျိုးမြင့်ချို

0 comments
(ဒေါ်ကြီးတံတိုင်း)
မဲဆွယ်စဉ်ကာလ- တံတိုင်းကာကိုကာရမယ်၊ ဒေါ်လာ ဘီလီယံ ၂ဝ လောက်ကုန်မယ်၊ ပိုက်ဆံကိုမက္ကဆီကိုက ပေးရမယ်၊ အမေရိကန်မှာ တရားမဝင်နေထိုင်တဲ့မက္ကဆီကန် ၁၁ သန်းကိုပြန်ပို့မယ်။

သမ္မတဖြစ်ပြီး- တံတိုင်းကတော့ မကာလို့မဖြစ်ဘူး။ ပိုက်ဆံကတော့ ကိုယ့်ဘက်ကကုန်လည်း ကိစ္စမရှိဘူး၊ အရေးကြီးတာက နိုင်ငံတော်လုံခြုံရေးဖြစ်တယ်။ မက္ကဆီကန် ၁၁ သန်းထဲက ရာဇဝတ်မှုကျူးလွန်သူတွေ၊ လက်နက် မူးယစ်ဆေးဝါးကိစ္စ ပတ်သက်နေသူတွေကို အဓိကထားကိုင်တွယ်မှဖြစ်မယ်။

ဂါးဗမင်န့်ရှပ်ဒေါင်းမတိုင်ခင်- တံတိုင်းကာဖို့ပိုက်ဆံ ကွန်ဂရက်စ်က ခွင့်ပြုရမယ်၊ မပြုလို့ ရှပ်ဒေါင်းဖြစ်သွားလည်း ငါက ဂုဏ်တောင်ယူသေး၊ ကြိုက်တောင်ကြိုက်သေး။

နန်စီပလိုစီ ရှူးမားတို့နဲ့တွေ့တော့- ပိုက်ဆံလိုသလောက်ပေး၊ နယ်စပ်လုံခြုံရေး အရေးကြီးတယ်၊ မပေးရင် ဘတ်ဂျက်ဥပဒေ ငါလက်မှတ်မထိုးဘူး၊ ရှပ်ဒေါင်းဖြစ်ရင် မင်းတို့ကြောင့်၊ ရှပ်ဒေါင်းဖြစ်တာကောင်းတယ်လို့ ငါတခါမှမပြောဘူး။

ရှပ်ဒေါင်းဖြစ်သွားတော့- ဒီမိုကရက်တွေကြောင့်ဖြစ်တာ၊ ငါ့အပြစ်မရှိဘူး၊ ငါတောင်းတဲ့ပိုက်ဆံမရမခြင်း ရှပ်ဒေါင်းဖြစ်နေပေ့စေ၊ ဂရုမစိုက်ဘူး၊

ရှပ်ဒေါင်းကြောင့် သူ့လူတွေ သူ့ပြန်ထောင်းတော့- ငါအစကတည်းကမပြောဘူးလား ဒီမိုကရက်တွေညစ်ကြလိမ့်မယ်၊ ငါလုပ်ချင်တာ လုပ်မရအောင် ကန့်လန့်တိုက်လိမ့်မယ်၊ အေး..ခုတော့ ရှပ်ဒေါင်းဖြစ်ပြီ ကောင်းကြသေးရဲ့လား၊ အေး လွှတ်တော်ပြန်စလို့ ငါတောင်းတဲ့ငွေ မပေးရင်တော့ အမေရိကန်-မက္ကဆီကို နယ်စပ်တလျောက်လုံး နေရာလပ်မကျန်အောင် ပိတ်ဆို့ပြမယ်ကြည့်နေ၊ တွေ့ကြသေးတာပေါ့ကွာ။(သူ့လူတွေဆိုတာက ပေါလ်ရိုင်ယန်တို့ မစ်ခ်ျမက္ကော်နဲလ်တို့အပါအဝင် ထိပ်တန်းရီပတ်ဘလီကင်န်တွေ)

အဲ့ဒါ တံတိုင်းကိစ္စတခုတည်းရှိသေးတာ။ ဒေါ်ကြီး ဗလောင်းဗလဲနိုင်တာတွေ၊ ဖင်တခွန်းခေါင်းတခွန်းပြောတာတွေ၊ ကလိန်ကကျစ်ကျတာတွေ၊ ရှေ့တမျိုးကွယ်ရာတမျိုးပြောတာတွေ၊ နေ့တမျိုးညတမျိုးပြောတာတွေ၊ ပလီစေ့ခြောက်ချက်တွေ၊ ကလိန်စေ့ငြမ်းစင်တွေ စတာတွေကို သတင်းဌာနတွေက မှတ်တမ်းတင်ထားတယ်။ တနှစ်အတွင်း ဘယ်နှကြိမ်ဆိုပြီး။
မျိုးမြင့်ချို(ဒီဇင်ဘာ ၂၈၊ ၂ဝ၁၈)

(လခလှူမယ့် အမတ်မင်းမ) မျိုးမြင့်ချို

0 comments
(လခလှူမယ့် အမတ်မင်းမ)

အမေရိကပြည်ထောင်စုမှာ ပြည်နယ်ဘယ်လောက်ကြီးကြီး သေးသေး၊ လူဦးရေဘယ်လောက် ခြားနားနား မနားနား တပြည်နယ်မှာ ဆီနိတ်တာလို့ခေါ်တဲ့ အထက်လွှတ်တော်အမတ် ၂ ယောက်ကျစီရှိပါတယ်။ ၆ နှစ် သက်တမ်းဖြစ်ပါတယ်။ အဲ့ဒီဆီနိတ်တာတွေနဲ့ ကွန်ဂရက်စ်မင်န်းလို့ခေါ်တဲ့ အောက်လွှတ်တော် အမတ်တွေက တနှစ်ကို လခ အနေနဲ့ တသိန်း ၇ သောင်း လေးထောင်ရတယ်။ 

ကွန်ဂရက်စ်မင်းန်းတွေ ဆီနိတ်တာတွေဖြစ်ပြီး လွှတ်တော်တွေ ဆီးနိတ်တွေထဲရောက်သွားလို့ ခေါင်းဆောင်တွေဖြစ်သွားရင် လခက တသိန်း ၉ သောင်း ၃ ထောင့် ၄ ရာဖြစ်သွားတယ်။ ဝန်ကြီးတွေကတော့ တသိန်း ကိုးသောင်း ကိုးထောင့် ၇ ရာရတယ်။ အေက်လွှတ်တော် သဘာပတိဖြစ်ရင် ၂ သိန်း ၂ သောင်း ၃ ထောင့် ၅ ရာရတယ်။ 

ဒါက နိုင်ငံတော်ကခွင့်ပြုထားတဲ့ တရားဝင်ခံစားခွင့်၊ ကိုယ်ပိုင် ပရောဂျက်တွေ ပရိုဂရမ်တွေလုပ်တာ၊ ဘာညာ သာရကာ ဂါတာမဂါတာတော့ သူတို့ကိစ္စလို့ထားပါ။ ဟိုကောင်တွေလိုတော့ ထမင်းလွတ် ဟင်းလွတ် အသားလွတ်တော့ ဝိုက်မရပါဘူး။ မျက်လုံးဒေါက်ထောက် ကြည့်နေတဲ့မီဒီယာနဲ့ သက်ဆိုင်ရာဥပဒေတွေရှိပါတယ်။ လက်တလုံးခြားလုပ်ရင်း ဗူးပေါ်သလိုပေါ်သွားလို့ ကားသွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ (စကားချပ်။ ပါတီကို ၂၅ ရာခိုင်နှုန်းရန်ပုံငွေအဖြစ်ပြန်ထဲ့ရလား မထဲ့ရလားတော့ ကျနော်လည်းမသိပါဘူး)


အမေရိကမှာ Food Bank လို့ ခြုံပြီးခေါ်တဲ့ အစားအစာ အသီးအနှံစတာတွေ အခမဲ့ဝေခြမ်းတဲ့စနစ်တခု ရှိတယ်။ တပတ်ကိုတကြိမ်(တချို့လည်း အကြိမ်ရေကွဲတွေရှိ)သတ်မှတ်ရက်မှာ မည်သူမဆို လာတန်းစီပြီး တမိသားစု အတွက်သတ်မှတ်ထားတဲ့ အစားအစာအလေးချိန်ပမဏအတိုင်း အရေအတွက်အတိုင်း လာယူလို့ရတယ်။ တချို့ပရိုဂရမ်တွေကတော့ သူတို့ပရိုဂရမ်ထဲပါတဲ့လူတွေ(မိသားစု)ကို Food Voucher လို့ခေါ်တဲ့ အစားအသောက် အခမဲ့ထုတ်ယူခွင့်ပြေစာပါပေးတယ်။ ပေါင်ချိန် ၅ ဆယ် တရာစသည်ဖြင့်ပေါ့။ ဝင်ငွေနိမ့်ပါး၊ ဆင်းရဲသားတွေ အတွက် ခုသာခံသာလည်းဖြစ်ပါတယ်။ အားထားရာတခုလိုလည်း ဖြစ်ပါတယ်။ 

အဲ့ဒီကအလကားပေးတဲ့ အစားအသောက်တွေက ဘယ်ကရလဲဆိုတော့ အစားအသောက်ရောင်းတဲ့ ကုမ္ဗဏီကြီးတွေကနေ လှူတာလို့ ပြောရမယ်။ ဆိုင်ပေါ်တင်ရောင်းနေတဲ့ ဒါမှ မဟုတ် ခုမှစက်ရုံက ထွက်လာတဲ့ အစားအသောက်တွေ၊ ခုပဲ စိုက်ခင်းထဲက နှုတ်ချ ခူးချလာတဲ့အသီးအနှံတွေမဟုတ်သလို ယာဂုအိုးကြီးမှောက်ကာမှ ရွှေစည်းခုံလှူပါ၏ဘုရားလောက်ကြီးလည်းမဟုတ်ပြန်ဘူး။ စားလို့သောက်လို့ဖြစ်တယ်။ အန္တရာယ်မရှိဘူး။ အစာအဆိပ်မသင့်ဘူး၊ မအော့မအန်ဘူး။ အီးမပန်းဘူး။


ခု အမေရိကမှာ Government Shutdown ဖြစ်နေတယ်။ ဗဟိုအစိုးရနဲ့ဆိုင်တဲ့ဌာနတချို့၊ အေဂျင်စီတချို့က ဝန်ထမ်းတွေ လုပ်ခလစာမရပဲ အလုပ် လုပ်နေတယ်။ အလုပ် ခန နားထားတယ်။ ဝေါ်ရှင်တန်ဒီစီ ဘက်မှာဆို အစိုးရတာဝန်ယူထားတဲ့နေရာတွေက အမှိုက်သိမ်းကားတွေ အမှိုက်မသိမ်းလို့ လမ်းဘေးအမှိုက်ပုံးတွေ ပြည့်လျှံနေတယ်။ (စကားချပ်။ ဒေါ်စုတို့ ဖြိုးမင်းသိမ်းတို့ အကူအညီ အရေးပေါ်လိုနေတဲ့သဘောပဲ)


ဟာဝိုင်းအီးဆီနိတ်တာ ၂ ယောက်အနက် ဒီမိုကရက်ပါတီက တယောက်ဖြစ်တဲ့Mazie Hirono က ဂါးဗမင်န့် ရှပ်ဒေါင်းဖြစ်နေတုန်း Food Banks တွေကို သူ့ ဆီနိတ်တာလခကို လှူမယ်လို့ပြောတယ်။ သူလည်း တနှစ် တသိန်း ၇ သောင်း ၄ ထောင်စားပဲ။ တပတ်ဝင်ငွေ အနေနဲ့ဆို တပတ်ကို ၃ ထောင့် ၅ ရာ လျော့လျော့ပဲ။ တနှစ်စာလုံးလှူမယ်ပြောတာမဟုတ်ဘူးနော်။ အဲ့ဒီကာလအတွင်း သူရတာကိုပြောတာ။ ၃ ပတ်ကြာရင် ၃ ပတ်စာ လခကိုလှူမယ်ပြောတာပါ။ ဒီ ဆီနိတ်တာ အမျိုးသမီးက အရင် ၂ဝ၁၃ နဲ့၂ဝ၁၈ ရှပ်ဒေါင်းတွေဖြစ်တုန်းကလည်း ခုလိုပဲ အလှူဒါနလက်နဲ့မကွာ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ထောင်မြင်လို့ရာစွန့်သလား အကျိုးလိုလို့ညောင်ရေလောင်းသလားတော့ ဂဃနဏမပြောနိုင်ပါဘူး။ ထောင်ရရင်လည်း ကောင်းပါတယ်။ ပတ်ထမ်းနဲ့မတွေ့ရင်လည်း မဆိုးပါဘူး။ အပြည့်အစုံကိုသိချင်သပဆိုရင်တော့ ဒီပို့စ်မတိုင်မီတင်ထားဆီမှာ ဖတ်သာကြည့်ပေတော့ဗျား။
မျိုးမြင့်ချို(ဒီဇင်ဘာ ၂၈၊ ၂ဝ၁၈)

https://www.newsweek.com/government-shutdown-mazie-hirono-donald-trump-us-government-shutdown-1273577?fbclid=IwAR1FUINuEGVhdzXJFl7Z7pOLXaeAcNfSEhJjLjXkcQkc7-kGMudgOJT0vbQ

(ခွေ ချုပ်မယ့် ထွေအုပ်) မျိုးမြင့်ချို

0 comments
(ခွေ ချုပ်မယ့် ထွေအုပ်)

အရင်တုန်းက စစ်တပ်(ပြည်ထဲရေး)ကလုပ်တာ ကျနော်တို့ခိုင်းတာ မဟုတ်ဘူးလို့ ထန်းလက်နဲ့ကာလို့ရခဲ့ပါတယ်။ ပြောရတာ ကြောင်းကျိုးလည်း ဆီလျော်ပါတယ်။ ခု ကိုယ်က ခိုင်းရတော့မှာပါ။ ဘယ်လိုခိုင်းမလဲ၊ ဘယ်လောက် ခိုင်းနိုင်မလဲ၊ ဘယ်သူ့အပေါ်သစ္စာခံတဲ့လူကို ခိုင်းမလဲက စကားပြောလာပါပြီ။



စစ်အုပ်စုဘက်ကတော့ သူပိုင်လောက်တဲ့အနေအထားရောက်လို့ တဘက်လှည့်နဲ့ ပြန်ကစားတာမှန်း လူတိုင်းသိပါတယ်။ ဂျောက်ချတဲ့ သဘောလည်းပါပါတယ်။ ဇော်ဋ္ဌေးပြောတာကိုကြည့် "ဘယ်သူခိုင်းလို့ ဖိအားပေးလို့ တိုက်တွန်းလို့မှလုပ်တာမဟုတ်"လို့ အတိအလင်း ပြောထားပါတယ်။



နောက်တနည်းပြောရရင် ဗြမ္မာ့ဥက္ခောင်း အပ်လိုက်တာပဲ။ ဝကွက်တော့ မဟုတ်ဘူး။ အကန့်အသတ်လေးနဲ့။ လူတွေ မကျေနပ်လို့ ဆူဆူပူပူဖြစ်လာရင် လမ်းပေါ်ထွက်လာရင် အရင်ဆုံး ထိပ်တိုက်တွေ့ရတာက ထွေအုပ်တွေနဲ့ပဲ။ သူတို့မှာ ထွေအုပ်ဆိုတဲ့အတိုင်း အုပ်ထဲ့လိုက်လို့ရတဲ့ အခွင့်အာဏာပိုင်တယ်။ လက်သံပြောင်ပြောင်နဲ့ အုပ်လည်း အုပ်ထဲ့ခဲ့တာချည်းပါပဲ။ လူထုက မကျေနပ်ရင် လိုလားချက်ရှိလာရင် ကျပ်တည်းလာရင် ဘယ်လောက်ပဲ သေနတ်နားထင်တေ့ထားဦး အရေးဆိုတာပါပဲ။ အရေးနိမ့်သွားပေ့စေဦး အရေးတော်ပုံအောင်ရမည် စိတ်ဓာတ်ခွန်အားနဲ့ ရှေ့တိုးတာပါပဲ။ လူမပြောနဲ့ နွားတောင် ဗိုက်တကယ်ဆာပြီဆို နဖါးကြိုးအပြတ်ခံပြီးတော့ကို ချည်တိုင်ကနေ ရုန်းထွက်တာပါပဲ။



လူထုကတော့ အရေးဆိုမှာပဲ။ ခုလည်း ဆိုနေကြတာပါပဲ။ ဒါပေမယ့် အုပ်ချုပ်ရေးထဲမှာ စစ်အုပ်စုကဝင် "ခွေ" ထားတဲ့ ထွေအုပ်က ရှေ့ကနေအုပ်ထဲ့လိုက်တော့ ကိုယ်အနေချောင်တယ်။ မျက်နှာမပျက်ရဘူး။ သူတို့လုပ်တာလို့ လွှဲချလိုက်လို့ရတယ်။ ရှောင်စရာမလိုပဲ လွတ်ခဲ့ပါတယ်။



အခု ကိုယ့်လက်ထဲရောက်လာပါပြီ။ ဒီ ထွေအုပ်ယန္တယားကြီး။ ထွေအုပ်တွေကို အုပ်စီးမယ့်လူကလည်း စစ်အုပ်စုကလူ။ စစ်ဗိုလ်ဟောင်း။ သူခိုး ဘဏ္ဏာစိုးခန့်တယ်ပြောမလား၊ ကိုယ့်နောက်ကျောကနေထိုးမယ့်ဓား ကိုယ်တိုင် သွေးပေးရတယ်ပြောမလား၊ ကိုယ့်ခေါင်းကိုခွဲမယ့် ပုဆိန်သွားအတွက် ကိုယ်တိုင် ပုဆိန်ရိုးတပ်ပေးလိုက်တာလားကတော့ သိတ်မကြာခင်ကလာမှာ မြင်ရတော့မယ် ထင်ပါတယ်။



၂ဝ၂ဝ နီးနီးလာပါပြီ။ ရိုဟင်ဂျာအရေးကလည်း ဖုတ်ပူမီးတိုက် တိုက်လာပါပြီ။ အပစ်အခတ်ရပ်စဲရေးကလည်း ဖွဲမီးဖြစ်သထက်ဖြစ်လာပါပြီ။ ကိုင်ပိုင်ဝါဒဖြန်ယန္တယားတွေတင်မက ပျားရည်နဲ့ဝမ်းချထားတဲ့ မီဒီယာကောင်စီလည်း ခေါ်တွေ့ပြီးပါပြီ။ အမျိုးသားရေးပါတီလည်း ဖွဲ့နေပါပြီ။ ရဋ္ဌပါလအသင်းကြီးလည်း တစထက်တစကြီးထွားလာပါပြီ။ ကြံ့ဖွံ့တွေလည်း အတင့်ရဲရဲနဲ့ကို ရှေ့ပြန်ထွက်လာပါပြီ။ စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေလည်း ဆန္ဒတခြိမ်းခြိမ်းပြနေပါပြီ။ မြေသိမ်းခံပြည်သူတွေလည်း ပွဲပြတ်တယ်လို့ကိုမရှိအောင် လှုပ်ရှားနေပါပြီ။ ကျောင်းသား သမဂ္ဂတွေထဲကလည်း ပူညံပူညံအသံတွေကြားနေရပါပြီ။ ငွေစက္ကူအတု၊ ကုန်ဈေးနှုန်းကိစ္စတွေလည်း ကြီးနေပါပြီ၊ မဘသ နာဇီဂတုံးတွေနဲ့ နောက်လိုက်တွေလည်း တကြော့ပြန် ပေါ်ပေါ်တင်တင် ထကြွသောင်းကျန်းနေပါပြီ။ တပ်မတော်ထောက်ခံပွဲတွေ အိနြေ္ဒမရကိုလုပ်နေပါပြီ။



အရေးအကြီးဆုံးက ခုလုပ်နေတဲ့ အပစ်အခတ်ရပ်စဲရေးကနေ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းတွေအထိ အစိုးရကို လိုအပ်ရင် ဘေးချိတ်ထားပြီး စစ်အုပ်စုက ဗြောင်ကျကျကို အသေအလဲကို ဝင်ကစားတော့မှာပါ။



အမှန်တကယ်လိုအပ်ချက်အရ သွေးရိုးသားရိုး လမ်းပေါ်ထွက်လာသူတွေလည်း ထွက်လာမှာပါ။ ထမင်းထုတ်နဲ့ နေ့စားခနဲ့လည်း ထွက်တဲ့သူလည်း ထွက်လာကြမှာပါ။ ဘာသာရေးလူမျိုးရေးအစွန်းရောက် ဦးပြည်းတွေလည်း သွေးထိုးကြလှုံ့ဆော်ကြ ဘက်ပေါင်းစုံကနေ မတည်မငြိမ်ဖြစ်အောင် လုပ်ကြဦးမှာပါ။ မွှေဖို့နှောက်ဖို့ ဒုက္ခမျိုးစုံပေးဖို့ မီစရော ရေမှုတ်ပါ စစ်အုပ်စုက ကိုင်ထားပါတယ်။ ဂျောက်ချလို့ ရလောက်လို့ ထိုးအပ်လိုက်တာမဟုတ်ဘူးလို့ ယတိပြတ်ပြောနိုင်မယ့်သူမရှိပါ။ အဖမ်းအဆီးတွေ အကွပ်အညပ်တွေ လုပ်ရတော့မှာ။



သေချာတာကတော့ ငါတို့လုပ်တာမဟုတ်ဘူး၊ ပြည်ထဲရေးကလုပ်တာ၊ ပြည်ထဲရေးဝန်ကြီးက ကာချုပ်ကခန့်တဲ့စစ်ဗိုလ်၊ ထွေအုပ်တွေကို သူကိုင်တာ သူအမိန့်ပေးတာလို့ လုပ်မရတော့ပါဘူး။ ကိုယ်တိုင် ကိုင်ရတော့မှာပါ၊ လုပ်ရတော့မှာပါ။ သမ္မတကတဆင့် ကိုယ်တိုင် ခေါင်းခံ ရတော့မှာပါ။ နယ်ဘက်အုပ်ချုပ်ရေးယန္တယားကို တစိတ်တပိုင်း ခေါင်းဆောင်မှုပေးရတော့မှာပါ။



တိုင်းပြည်နဲ့လူထုကို စစ်အုပ်စုခြေဖဝါးအောက် အကြိမ်ကြိမ်အရှူံးပေးလက်မြှောက်ဖို့ပေးတဲ့ ခေါင်းဆောင်မှုမျိုး ထပ်ပေးဦးမယ်ဆိုရင်တော့ နိုင်ငံရေးပါရာဇိကကျမယ့်အရေး မြင်မိပါတယ်။
မျိုးမြင့်ချို(ဒီဇင်ဘာ ၂၈၊ ၂ဝ၁၈)

Wednesday, December 26, 2018

(ကျားနဲ့ရှင်ကြီး ပွဲတော်တည်)မျိုးမြင့်ချို

0 comments
(ကျားနဲ့ရှင်ကြီး ပွဲတော်တည်)(ပုံက ကို Kyaw Maw ဆီကတောင်းယူတာဖြစ်ပါတယ်။
အရင်တုန်းကမှ တို့တာဝန်အရေး ၃ ပါးကို ၃ ကြောင်းခွဲပြီး ရွတ်နေရသေးတယ်။ တကြောင်းပြီးတိုင်း ဒို့အရေး ဒို့အရေးတွေ ထည့်အော်နေရသေးတယ်။ ခုက ၁ ကြောင်းတည်းဆိုတော့ လူသက်သာတာပေါ့။ ဒို့အရေးတွေ အော်မနေရတော့ ပါးစပ်လည်း သိတ်မညောင်းဘူးပေါ့။ ပုံနှိပ်ရင် မင်အကုန်လည်း သက်သာသွားတာပေါ့။ ဟိုကောင်ကြီးလို မိဘပြည်သူများခင်ဗျာတွေဘာတွေ မပြောတတ်တဲ့ နိုင်ငံတော်အစိုးရ၏ စေတနာပေါ့လေ။ ပီတိသောမနဿဖြစ်စရာပါ။

အရင်တုန်းကမှ ဒါ စစ်အုပ်စုကလုပ်တဲ့ဟာမို့ ကလန်ကဆန်လုပ်လို့ရသေးတယ်။ ခုနေ ဒါလေး နှလုံးသားထဲထိပေါက်အောင်ပိုက်ထားရင် မေမေ့ချစ်ရာကျပါတယ်။ ဟိုကောင်တွေလို မလိုက်နာရင် သေနတ်ကြိမ်းမကြိမ်းတဲ့ မေတ္တာပေါ်လစီမို့ ဒါလည်း အနုမောဒနာခေါ်စရာပါ။
အရင်တုန်းကမှ ဒါဟာ စစ်အုပ်ချည်းသက်သက် တဘက်သတ်ဝါဒဖြန့်တာမို့ လှေခွက်ချည်းကျန်အလံမလှဲစိတ်ဓာတ်နဲ့ နှိပ်စက်ညှဉ်းပမ်းခံပြီး သေတဲ့အထိဆန့်ကျင်လို့ရသေးတယ်။ တုတ်စာမိလည်း တချက်ပဲ။ ခုတော့ စစ်အုပ်စုနဲ့စစ်ကန်ထရိုက်အစိုးရပေါင်းပြီး "စုပေါင်းအင်အားဖြင့်" နှိပ်ကွပ်မှာဆိုတော့ နည်းနည်းလေး ပါးစပ်ဟလိုက်တာနဲ့ တချက်တည်းနဲ့ အသက်ထွက်သွားအောင် ဇိဝိန်ချုပ်ပစ်မယ့်သဘောပဲ။ ၂ ချက်စာ မိမယ်။ ဒါလည်း သေရတာခြင်းအတူတူ အကြာကြီးအနှိပ်စက်ခံပြီးမှ သေတာထက် ပွဲခြင်းပြီးတော့ သေပျော်စရာပါ။ လူဟာ သေမျိုးပဲမဟုတ်လား။ အာဇာနည်မျိုးကတော့ သေရိုးမရှိလို့ပြောတာပဲ။ တိုင်းပြည်ကတော့ အသုဘ ခနခနချရလွန်းလို့ ခုဆို လိုက်ပို့မယ့်လူတောင် နည်း နည်း လိုက်လာပါပြီ။

စစ်ကန်ထရိုက်အစိုးရရဲ့ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်တွေထဲမယ် ထိပ်ဆုံးကနေဦးတော်တောင် တင်ထားရတာဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအောက်မှာ NLD ဘယ်လောက်ထိ ကျိုးနွံပျပ်ဝပ်နေရပြီလဲ၊ ဘယ်လောက်ထိ သူတော်ချင်းချင်း သတင်းလွေ့လွေ့ဖြစ်နေပြီလဲဆိုတာကို ပြေးကြည့်စရာမလိုအောင် ပွင့်ကျသွားတာပါဘဲ။ ဘယ်လောက် ဖုံးဖုံး နောက်ဆုံးအကုန်းမှာ ပေါ်သွားတော့တာပါဘဲ။
ကျားနဲ့ရှင်ကြီး ချစ်ကြည်ရေးပွဲတော်တည်ရာမှာ ပြည်သူ့အသွေးတွေ အသားတွေနဲ့ ပွဲတော်တည်ကြသတဲ့။
မျိုးမြင့်ချို(ဒီဇင်ဘာ ၂၆၊ ၂ဝ၁၈)

(ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရင် နိုင်ငံရေးတွေ မပါကြေး) မျိုးမြင့်ချို

0 comments
(ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရင် နိုင်ငံရေးတွေ မပါကြေး) မျိုးမြင့်ချို
ဒေါ်ကြီး မီလာနီကြီးပါ မပြီး အီရတ်ရောက် အမေရိကန်တပ်တွေဆီ ဒိုင်လျှိုလေးနဲ့ ဒိုးတယ်၊ “ဂါးဗမင်န့်ရှပ်ဒေါင်း သူ့ကြောင့်မဟုတ်ဘူး၊ ဒီမိုကရက်တွေကြောင့်”လို့ပြောပြီး နိုင်ငံရေးသမားနဲ့စစ်တပ်ကြား သပ်သွားလျှိုတာ၊ ရန် လှည့်တိုက်ပေးတာ။ ဒါပေမယ့် ထင်သလောက် မပေါက်တဲ့အပြင် နောက်က CNN က အစတခု ထပ်ဆွဲထုတ်ပြတာပါ ခံလိုက်ရသေးတယ်။ ဗီယက်နမ်စစ်တုန်းက ဒေါ်ကြီးဖနောင့်ရိုးက အတက်ထွက်လို့ စစ်မှုထမ်းကင်းလွတ်ခွင့် ရသွားတဲ့အကြောင်းကို ပြန်ဖော်ပေးတယ်။ ဆရာဝန်က ဒေါ်ကြီးအဖေမျက်နှာကြောင့် ဖနောင့်အရိုး အတက်ထွက်နေပါတယ်လို့ ဆေးစာရေးပေးလိုက်တာတဲ့။ စစ်တိုက်ရမှာကြောက်လို့ သူရဲဘောကြောင်ပြီး ရှောင်ခဲ့တဲ့ကောင်တဲ့လို့ မပြောရုံတမယ် ဝိုင်းရန်ထောင်ကြတယ်။


ဒီ့မတိုင်ခင်လေးက “အမေရိကန်တွေ ငါ့ဘက်တိမ်းညွှတ်လာတော့မှာပဲ”တွေးပြီး ကာကွယ်ရေးဝန်ကြီးအပါအဝင် အခြား စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာအရေး၊ အရှေ့အလယ်ပိုင်းအရေး၊ သံရေးတမန်ရေး နားလည်သူတွေကိုပြောနေတဲ့ကြားက အားလုံးကိုခါချပြီး ဆီးရီးယားက အမေရိကန်တပ်တွေ ပြန်ရုပ်မယ်ဆိုပြီးလုပ်တော့ သူထင်သလိုမဟုတ်တဲ့ တုံ့ပြန်မှုနဲ့ တိုးမိသွားတယ်။ စစ်လက်နက်ကုမ္ပဏီပိုင်ရှင်ကြီးတွေက မျက်စောင်းခဲလာတယ်။ စစ်ကန်ထရိုက်တာတွေ မျက်စိမျက်နှာ နည်းနည်းပျက်သွားတယ်။ ကာကွယ်ရေးဝန်ကြီးလည်း သိက္ခာရှိရှိ ထွက် ပစ်လိုက်တယ်။ နေတိုးမဟာမိတ်တွေလည်း အတော်လေး မြင်ပြင်းကပ်ကုန်တယ်။ ခြေမကိုင်မိ လက်မကိုင်မိတွေလည်း ဖြစ်သွားကြတယ်။ တကယ်တမ်း တပ်တွေပြန်ရုပ်ဖို့ဆိုတာ လက်တွေ့မှာ အတော်မလွယ်ကူသေးတဲ့ အနေအထားပါ။ ကိုယ်မွှေးတဲ့မီး ကိုယ့်ပြန် လောင်ပြီး အရူးမီးဝိုင်းဖြစ်မယ့်ကိန်းပါ။ ဒါကိုမလျှော့သေးဘူး၊ သူ့ ဒုတိယကကာကွယ်ရေးဝန်ကြီးက တပ်တွေရုပ်ဖို့ကိစ္စဆက်ကိုင်တွယ်ဖို့ သူ အမိန့်ပေး ပြီးပြီ၊ နောက်ထပ် တပ်ရုပ်စရာက အာဖဂန်နစ္စတန်ပဲ ဘာညာနဲ့ အလုံးကြီးတွေပစ်နေတယ်။


တပ်တွေသာ တကယ်ရုပ်မယ်ဆို စစ်ဗိုလ်စစ်သားတွေရဲ့မိသားတွေ ဆွေမျိုးတွေ ဝမ်းသာကြမှာပဲ။ ထောက်လည်း ထောက်ခံကြမှာပဲ။ စစ်အရင်းရှင်ကြီးတွေ၊ စစ်ကုန်သည်ကြီးတွေ၊ စစ်ပွဲစားကြီးတွေ၊ ဘဏ်သူဋ္ဌေးကြီးတွေ ဆထက်ထမ်းပိုးဓနတွေတိုးစေဖို့ သူတို့လင်တွေ၊ သားတွေ မိဘမောင်ဘွားတွေ ပြည်ပနိုင်ငံတွေသွား အသေခံနေကြရတာ မဟုတ်လား။ ဒါပေမယ့် ခက်နေတာက အဲ့ဒီ စစ်သားမယား တွေဆိုတာက လော့ဂ်ဟိမာတင်လို့၊ နော့သ်ရော့ကရူးမင်းလို၊ ဘိုးရင်းလိုဟာတွေမှာ ရှယ်ယာလေးတောင် လက်ကြီးကြီး မဝယ်နိုင်တာပဲ။ သူတို့လင်တွေသားတွေ မိဘမောင်ဘွားတွေလက်ထဲ သေနတ်သာရှိပေမယ့် ပစ်မိန့်ပေးနိုင်တဲ့အာဏာက သူတို့ပြောင်းဝကလာတာမှ မဟုတ်တာ။ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချရင်း၊ စစ်တိုက်စားရင်းကြီးပွားနေတဲ့ကောင်က စစ်ပွဲမရှိရင် လက်နက်သစ်တွေ တကယ့်လက်တွေ့ ဘယ်နားသွားစမ်းသပ်ပြရင်း ကြော်ငြာရင်း ဈေးခေါ်လို့ရပါ့မလဲ၊ ရှိတဲ့လက်နက်တွေ ဘယ်နားသွား ဖြုန်းပစ်ရပါ့မလဲလို့ အမြဲတွေးပူနေရတာလေ။ စစ်သားမယားက လင်သားအတွက်လောက် ပူရတာ။


ခရစ္စမတ်စ်မတိုင်ခင်လေးမှာပဲ မက္ကဆီကို-အမေရိကန်နယ်စပ် တံတိုင်းခတ်ဖို့လိုငွေ ဘီလီယံ ၂ဝ ထဲက ၅ ဘီလီယံကို အရင်ပေးထားရမယ်လို့ လွှတ်တော်တွေကို လည်မျိုသွားညှစ်တာ ဟိုတွေက နယ်စပ်လုံခြုံရေးအတွက် လိုအပ်တာလည်းမှန်တယ်။ ငွေလည်း ထိုက်သလောက် ပေးမယ်။ တံတိုင်းတော့ မလိုဘူး။ ငွေလည်း တောင်းသလောက်ခွင့်မပြုဘူးလို့ ခံထားလိုက်တော့ အေး..ဒါဆို အဲ့ဒါကို ငါလည်း လက်မှတ် မထိုးဘူးကွာ ရှပ်ဒေါင်းမကလို့ ခွပ်ဒေါင်းဖြစ်ဖြစ်ဆိုပြီး ညစ်လုံးပြန်လုံးတော့ ဂါးဗမင်န့်ရှပ်ဒေါင်းဖြစ်သွားတယ်။ အဲ့ဒါကို အေးအေးမနေဘူး၊ ခရစ္စမတ်စ်နေ့မှာ အမေရိကန်စစ်သားတွေနဲ့ ဖုန်းဆက်နှုတ်ခွန်းဆက်စကားပြောရင်း ငါကတော့ အဲ့ဒီငွေ မရမခြင်း အစိုးရပြန်မပွင့်လည်း ဒီအတိုင်းနေမယ်ဆိုပြီး လုပ်ချလိုက်တော့ လူ့ချဉ်ဖတ် ပိုဖြစ်သွားတယ်။


ဟော အခု အဲ့ဒါတွေရဲ့ဂယက်အပြင် တရုတ်နဲ့ဖြစ်တဲ့ကုန်သွယ်ရေးစစ်ကလည်း နဂါးအမြီးမကုပ်ဘဲ ကျားမြီးဆွဲမိသွားတယ်။ လောလောဆယ် မှာတော့ အဲ့ဒီကိစ္စကြီးက ဖြဲချောက်ရုံလောက်ဖြစ်နေတယ်။ အောက်ကိုးနဲ့ ဟောက်ထုတ်သလိုဖြစ်သွားတယ်။ နောင်တော့ ဘယ်အထိ ၂ ဘက်နာ နာကြမလဲ မပြောတတ်သေးဘူး။ လတ်တလောမှာ တရုတ်ကို ဘယ်လောက် ထိမထိ မပြောနိုင်ပေမယ့် ကိုယ့်ဘက်ထိချက်က ချက်ခြင်းသိသာလာတယ်။ ကုန်ပစ္စည်းထုတ်လုပ်မှုတွေ ကမောက်ကမ ဖြစ်လာတယ်။ စက်ရုံ အလုပ်ရုံ၊ ကုမ္ပဏီတွေရှေ့မှာ ထောင်ထောင် ထားတဲ့ Hiring now လူသစ်ငှားရမ်းနေပါသည်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ နည်းနည်းလာတယ်။



အဲ့လိုတွေ တဘက်မှာဖြစ်နေတုန်း တရုပ်ဖုန်းကုမ္ပဏီပိုင်ရှင်တပိုင်းလည်းဖြစ် စီးပွားရေးဆိုင်ရာအမှုဆောင်လည်းဖြစ်သူကို အီရန်နဲ့ဆက်လို့ ဆိုပြီး ကနေဒါကိုဖမ်းခိုင်းတာကလည်း မြွေပူရာကင်းမှောင့်ဖြစ်ပြန်တယ်။ တရုတ်ကလည်း ကနေဒါ ၃ ဦးကိုပြန်ဖမ်းထားတယ်။ စစ်အေး တခေတ်လုံး အဲ့သလိုမျိုး အပြန်အလှန်တွေ ဓားစာခံသဘောဖမ်းကြ၊ ပြန်လဲလှယ်ကြတာ ဘာမှမထူးဆန်းဘူး။ ဟိုတုန်းက သူ့ဘက်ကိုယ့်ဖမ်း ကြပြီဟေ့ဆို သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ထားသူတွေများတယ်။ ဖမ်းရင်လည်း ဒလျှိုလုပ်လို့ဆိုပြီး ဖမ်းတာ။ သံတမန်လုပ်ငန်းမှာ ဒလျှိုလုပ်ငန်းဟာ အခရာကျတဲ့လေတော့တော့ မပြေးသော်လည်းကန်ရာရှိ အဖမ်းခံကြရတာပဲ။ ခု ဖမ်းတာက သံတမန်တွေမဟုတ်ဘူး။ စီးပွားရေးသမားတွေ၊ နိုင်ငံရေးဆက်နွယ်စီးပွားရေးသမားတွေဆိုတော့ နည်းနည်းထူးမှာပဲ။ ခေတ်ကလည်း စစ်အေးခေတ်မဟုတ်ဘူး။


အဲဒီလို အသူရာနဲ့သိကြားမင်းစစ်တွေဖြစ်နေတုန်း ဒေါ်လာငွေသခွပ်ပင်က မီးတကျီကျီဖြစ်လာတယ်။ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဖြစ်လာတယ်။ ဒေါ်လာကို နိုင်ငံခြားအရန်ငွေအဖြစ် သိမ်းသူတွေစိတ်ထဲ "တောင်ပံနီဒင်္ဂါးတွေဖြစ်ကုန်ရင်တော့ ကိုယ်ကျိုးနည်းရချည်ရဲ့"ဆိုပြီး လက်ထဲ သိပ်မထားချင်တော့ဘူး။ အရင်ကဝယ်ထားတဲ့ အမေရိကန်အစိုးရငွေချေးစာချုပ်တွေကို မသိမသာရောရော သိသိသာသာရော၊ တိုးတိုးတိတ်တိတ်ရော ဗြောင်ကျကျရော ထုတ်ရောင်းလာကြတယ်။ ဗဟိုဘဏ့်ခေါင်းပေါ် ငွေကြေးဗြမ္မာ့ဥက္ခောင်းက ကျလာတယ်။ သူတင်လိုက်တဲ့ ဗဟိုဘဏ်ဥက္ကဌကလည်း ချေးငွေအတိုးနှုန်းကို မြှင့်လိုက်တယ်။ ဗဟိုဘဏ်ဥက္ကဌဆိုတာ အမေရိကန်ငွေကြေးပေါ်လစီကို ကျားကန်ပေးရတဲ့လူ။ ပြည်တွင်းပြည်ပ နိုင်ငံတကာ၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ငွေကြေးဖလှယ်မှု၊ သွင်းကုန်ထုတ်ကုန်၊ တဦးချင်းဝင်ငွေ၊ တမျိုးသားလုံး အသားတင်ထုတ်လုပ်မှု၊ ငွေဖောင်းပွနှုန်း၊ ငွေကျုံ့ဝင်နှုန်းစတာတွေကို အဘက်ဘက်က တွက်ချက်ပြီးမှ ငွေကြေးပေါ်လစီ ချမှတ်ရတာ။ သမ္မတက အမည်စာရင်းတင်သွင်းသူမှန်ပေမယ့် တိုင်းပြည်မျက်နှာကြည့်ပြီး ငွေကြေးကိစ္စကိုင်တွယ်တာမှာ သမ္မတမျက်နှာ ထောက်နေစရာမလိုဘူး။ သူ့မှာ ငွေလုပ်စက်မရှိပေမယ့် ငွေလုပ်နိုင်တဲ့ပါဝါရှိတယ်။ ငွေတိုးနှုန်းတွေ တက်လာတယ်။ ဒေါင်းဂျုံးစ်လို့ဆိုတဲ့ စတော့ရှယ်ယာဈေးကွက် အတက်အကျပြမြားဦးက အောက်စိုက်လာတယ်။ ရှယ်ယာဈေးတွေ လုံးပါး ပါးလိုက်လာတယ်။ ဒီတင် ဒေါ်ကြီး ကျားနာခဲ ခဲပြီး ဘဏ္ဏာရေးဝန်ကြီးကို ထုတ်မယ်တွေဘာတွေ ခြိမ်းခြောက်အကျပ်ကိုင်လာတယ်။ သူတင်တဲ့ ဝန်ကြီးတွေပဲ သူ့ပြန် ကလန် ကြတာ။



CNN  သတင်းသမားနဲ့သူနဲ့ ခွန်းကြီးခွန်းငယ်ဖြစ်ကြတာမှာလည်း သူတင်တဲ့ ဗဟိုတရားရုံးချုပ် တရားသူကြီးကပဲ “သတင်းသမားကို အိမ်ဖြူတော်လာ သတင်းယူခွင့်ပိတ်ပင်နိုင်တဲ့အာဏာ သမ္မတမှာမရှိဘူး၊ သူ့သတင်းထောက်ကဒ်ပြန်ပေးလိုက်ပါ”လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုင်ပြီး စီရင်ချက်ချလိုက်တော့ ဒေါ်ကြီး ထွန့်ထွန့်လူးသွားတယ်။ ငါမွေးတဲ့မျောက် ငါ့ပြန်ချောက်ရကောင်းလား ဖြစ်သွားပေမယ့် ဘာမှ လုပ်လို့မရဘူး။ လက်ဖျားနဲ့သွားတို့လို့မရဘူး။



ဒီကြားထဲ သူ့တဖားဖား မယားကလည်း တမျိုး။ သမ္မတကတော်ပေမယ့် အိမ်ဖြူတော်မှာ လင်နဲ့အတူ မနေသူ။ မော်ဒယ်ဘဝကနေ သမ္မတကတော် First Lady ဖြစ်လာတာဆိုတော့ နိုင်ငံရေးအဝန်းအဝိုင်းထဲ မဝင်ဆန့်ဘူး။ မစ်ရှဲလ်အိုဘားမားရဲ့စကားတွေကို သူ့မိန့်ခွန်းထဲ ခိုးထုတ်ခိုးထည်နဲ့မိခဲ့တယ်။ ရဟတ်ယဉ်ပေါ်တက်ခါနီး လင်တော်မောင်ကလက်ဆွဲတာကို ပုတ်ချတဲ့အထိ စိတ်မစောင့်စည်းနိုင်လို့ လူပြောစရာ လူရီစရာဖြစ်ခဲ့တယ်။ ပွဲတက်တိုင်းလည်း ရှိုးတိုးရှန့်တန့်တွေနဲ့ ဗိုလ်ပုံအလယ် မင်းပရိတ်သတ်တွေကြား မင်းခန်းမင်းနားတွေမှာ အိနြေ္ဒမရတာမို့ အမေရိကန်တွေက မျက်နှာပူကြတယ်။ လှောင်ကြ သရော်ကြတယ်။ သူကလည်း လင်တောင်မောင့်အားကျမခံ သမ္မတ ကတော်ရုံး အကြီးအကဲကို ဖြုတ်ပစ်လိုက်တယ်။ ဒါက ကိုယ်ရေးကိုယ်တာဆိုပေမယ့် သူက သမ္မတကတော်ဆိုတော့ နိုင်ငံရေးဖြစ်သွားတယ်။



ဒေါ်ကြီး သမ္မတတက်ဖြစ်ပြီးမှ ဖြုတ်ထုတ်ရှင်းလုပ်ခဲ့တဲ့ ဝန်ကြီးတွေအပါအဝင် အိမ်ဖြူတော်နဲ့ အစိုးရထိပ်တန်းအရာရှိပေါင်း အယောက် ၄ဝ ကျော်ပြီ။ သူနဲ့ဖြစ်ခဲ့တဲ့ ဒါမှမဟုတ် သူ ပြဿနာ မီးခွက်ထွန်းရှာလွှတ်လိုက်တဲ့လူတွေကိုကြည့် နိုင်ငံရေးသမားတွေ၊ စီးပွားရေးပညာရှင်တွေ၊ ငွေကြေးကျွမ်းကျင်သူတွေ၊ စီမံခန့်ခွဲရေးဂုရုတွေ၊ သံကြီးတမန်ကြီးတွေ၊ စစ်ဗိုလ်ဟောင်းကြီးတွေ၊ ဥပဒေနဲ့တရားရေးဌာနက လူတွေခည်းပဲ။ အားလုံးဟာ သူ့နယ်နဲ့သူ ထင်ရှားကြသူတွေ နံမည်ကောင်းရှိသူတွေများတယ်။ တရားဥပဒေကို၊ ဖွဲ့စည်းပုံကို၊ စည်းမျဉ်းစည်းကမ်းတွေကို၊ ကျင့်ဝတ်ကျင့်ထုံးတွေကိ၊ သံခင်းတမန်ခင်းတွေကို လေးစားတန်ဖိုးထားကြသူတွေဖြစ်သလို အမေရိကန်နှုန်းစံ တန်ဖိုးတွေကိုလည်း မြတ်နိုးတနာရှိကြသူတွေဖြစ်နေတယ်။ သူ့လို Popular Politics ကြိုက်လုံးပစ်နိုင်ငံရေးနဲ့လှည့်ဖျား၊ ငွေနဲ့ပေါက်ပြီး အာဏာထဲရောက်လာတဲ့ တဇောက်ကန်း တဇွတ်ထိုးသမားတွေ မဟုတ်ကြဘူး။



အမှန်က သူ အကျပ်ရိုက်နေတာ။ မျောက် မီးခဲကိုင်မိနေတာ။ အရူးမီးဝိုင်းဖြစ်နေတာ။ ဘာတွေ ဆက်ဖြစ်ဦးမလဲကတော့ နှစ်သစ်ကူးပြီးမှ ငွေရောင်ပိတ်ကားပေါ် ဆက်ကြည့်ရမှာဘဲ။ သူ့မဲပေးမိသူတွေအဖြစ်က မျောက်လက် စက်သေနတ် အပ်မိလိုက်တာ။ သူ့ မထောက်ခံတဲ့ လူတွေအတွက်ကျ အရူးနဲ့လင် အပေးစားခံလိုက်ရတာ။ နိုင်ငံတကာကတော့ ကိုယ်နိုင်ငံအိမ်ဦး ချေးတက်ပါမရအောင် လူ့စည်း ဘီလူးစည်းတွေ သားသားလာတာလည်း မြင်နေရတယ်။

မျိုးမြင့်ချို(ဒီဇင်ဘာ ၂၆၊ ၂ဝ၁၈)

(လူအတုနဲ့ငွေအတုအကြောင်းပြောခြင်း) မျိုးမြင့်ချို

0 comments
(လူအတုနဲ့ငွေအတုအကြောင်းပြောခြင်း)
ငွေစက္ကူအတုကို counterfeit money လို့ခေါ်တယ်ဟ အရူးအမတ်ရ၊ အဲ့ဒီ နာမဝိသေသနကိုမသုံးချင်ရင် Fraud တို့ Forgery တို့သုံးလည်းရတယ် သိတ်ကိစ္စမရှိဘူး၊ လူတွေနားလည်တယ်။ Fake money လို့တော့ မင်းတယောက်ကလွဲလို့ ဘယ်သကောင့်သားမှ မသုံးဘူးဟ။

မတတ် မတတ်ဘူးပြောကွာ။ မရှက်နဲ့။ အမတ်မို့လို့ အင်္ဂလိပ်စာ တတ်ရမယ်လို့လည်း မရှိဘူး။ အင်္ဂလိပ်စာမတတ်ဘဲ လူ့အဖွဲ့အစည်းကို ဦးဆောင်ခဲ့ကြ ဦးဆောင်နေကြတဲ့ ခေါင်းဆောင်တွေအများကြီး၊ အဝေးကြီး မကြည့်နဲ့ တရုတ်ကိုပဲကြည့်။

ဘာသာစကားတွင်ကျယ်မှုဆိုတာ ယဉ်ကျေးမှုတွင်ကျယ်မှုပဲဟ။ ယဉ်ကျေးမှုတခုခု ဘာသာစကားတခုခု တွင်ကျယ်တာဟာ လူအနည်းအများနဲ့ ဒီလောက် ဆိုင်လှတာမဟုတ်ဘူး။ တရုတ်လူမျိုးတွေ ဒီလောက်များနေတာပဲ တရုတ်စကား ဘာလို့ ကမ္ဘာချီပြီး မတွင်ကျယ်သလဲ။ လူမျိုးတမျိုးမှာ ပညာတတ်များခြင်းမများခြင်းနဲ့လည်း သိတ်မအပ်စပ်ဘူး။ အမေရိကနဲ့ဥရောပမှာတင်မကဘူး အိန္ဒိယမှာပါ ဟိန္ဒူလူမျိုးတွေ ပညာတတ်တွေမှ တပုံကြီး။ ဘာလို့ ဟိန္ဒူစကားက အိန္ဒိယတိုက်ငယ်ထဲကနေ အပြင်ထွက်မလာသလဲ။ အိန္ဒိယတိုက်ငယ်ထဲမှာတောင် ဘာသာစကားကွဲတွေမှ သောင်းခြောက်ထောင်ရှိနေသေးတာပဲ။ ဘာသာစကားဟာ သုံးရပြောရ အဆင်ပြေခြင်းမပြေခြင်း အသံထွက်ရလွယ်ခြင်း ခက်ခြင်းတွေနဲ့ ပိုတောင်မဆိုင်ဘူး။ ကိုယ့်မိခင်ဘာသာစကားမဟုတ်တဲ့ အခြားဘာသာစကားတခုခုကို ကြီးမှသင်ရင် ခက်တာချည်းပဲ။ ဘယ်လို အသံထွက်ထွက် သူ့လူအရင်းတွေပြောသလောက်ကို မပီဘူး။ သူတို့လောက် စကားလည်း မကြွယ်ဘူး။ သူတို့လောက်ကို မတတ်ဘူး။ ဗမာစကားတတ်လှချည်ရဲ့ဆိုတဲ့ နိုင်ငံခြားသား ဗမာစကားပါရဂူကြီးကို မင်းအိမ်ခေါ်ပြီး တနေ့လောက် စကားပြောကြည့် မင်းသိသွားလိမ့်မယ်။ ဘာသာစကားတိုင်းမှာ သူ့အရည်အချင်းတွေနဲ့သူ ပြည့်စုံတယ်။ သူ့စံတွေနဲ့ သူမီတယ်။ ဘယ် ဘာသာစကားကမှ ဘယ်ဘာသာစကားထက် ပိုအဆင့်မမြင့်ဘူး အဆင့်မနိမ့်ဘူး။ အရူးချီးပန်းတွေ မပြောနဲ့ကွာ။

ဘာသာစကားတခု တွင်ကျယ်လာတာဟာ အဲ့ဒီတိုင်းပြည် အဲ့ဒီလူ့အဖွဲ့အစည်းရဲ့ စီးပွားရေးအင်အား၊ ဓနအင်အားနဲ့ တိုက်ရိုက်ဆိုင်တယ်ကွာ။ ချမ်းသာတောင့်တင်းဖို့မပြောနဲ့ ဗမာပြည်လို ချွတ်ခြုံကျနေတဲ့လူ့အဖွဲ့အစည်းတခု တိုင်းပြည်တခုရဲ့(ယဉ်ကျေးမှု)ဘာသာစကား ကမ္ဘာတောတိုးဖို့ ဘယ့်နှယ်လို့ မျက်နှာပန်းလှမလဲကွ။

ကိုယ့်စကား ကမ္ဘာတန်းဝင်ချင်ရင် တိုင်းပြည်ချမ်းသာအောင်အရင်လုပ် လို့တော့ မပြောချင်ဘူး။ ဒါပေမယ့် မချမ်းသာတဲ့တိုင်းပြည်ရဲ့စကားကို ဘယ်အမျိုးကောင်းသားမှ ဖင်ကြားမညှပ်ဘူးကွ။ အဲ့ဒါ ဘဝင်ကျထားဖို့တော့ လိုတယ်။ အမေရိကန်တွေ ကမ္ဘာ့ထိပ်တက်လာတော့ အင်္ဂလိပ်စကားခြင်း အတူတူတောင် အမေရိကန်ပြောအင်္ဂလိပ်စကားဆိုပြီး ထပ်ဖြစ်ရသေးတယ် မဟုတ်လား။ ဘာသာစကား လှေကြီးပေါ် လှေငယ်တင်သေးတယ် မဟုတ်လား။ ခု တရုတ်စကားကို လေ့လာသူတွေ၊ တရုတ်စာသင်တဲ့ကျောင်းတွေ တက္ကသိုလ်တွေ ဒီဘက်မှာ အပြိုင်းအရိုင်းဖြစ်လာနေတယ်။ အဲ့ဒါ တရုတ်ရဲ့ ဓနအင်အားကြောင့်ပဲဆိုတာ ထင်ရှားသိသာတဲ့အချက်ပဲ။

ကိုယ့်သာစကား ဒီ့ထက်ပိုတွင်ကျယ်ချင်ရင် ကိုယ့်ယဉ်ကျေးမှု ဒီ့ထက်ပြန့်နှံ့စေချင်ရင် ကိုယ်ကိုယ်တိုင် ကိုယ့်စာကိုယ်လေ့လာရုံ မြှင့်တင်ရုံ ထိန်းသိမ်းရုံနဲ့မရဘူး။ အဲ့ဒါလောက်က စကားမပျောက် စာမပျောက်အောင်လောက်ပဲ တတ်နိုင်တယ်။ ပြန့်ပွားအောင် လုပ်ချင်တယ်ဆို အဲ့လောက်နဲ့မရဘူး။ အဲ့လောက်က ဝါးလုံးခေါင်းထဲပြန့်ပွားရုံပဲ။ မြန်စာပြန့်အဖွဲ့လည်း လုပ်တတ်တာပဲ။ လုပ်ခဲ့တာပဲ။ လုပ်နေတာပဲ။ ငါပြောတဲ့ပြန့်ပွားရေးက မင်းပြောတဲ့ "ဗမာစကားလည်း ဘာလို့ ကမ္ဘာသုံးစကား မဖြစ်နိုင်ရမှာလဲ"လို မဟုတ်ဘူး။ တူလည်း မတူဘူး။ မင်းပြောတာက ခု ခေတ်ပေါ် Popular Politics ဆိုတဲ့ ကြိုက်လုံးပစ်နိုင်ငံရေးပေါ် အခြေခံတာပါ။

အဲ့ဒါတွေက မင်းတို့မေမေကအစ အာဂုံဆောင်နေရတဲ့ အလုံးတွေပါကွာ။ သူက ပိုတောင် ဆောင်ရသေးတယ်။ သူ့အိမ်ထောင်ဘက်က မင်းတို့ပြောတဲ့ "လူမျိုးခြား"။ ငါက အဲ့ဒီ "လူမျိုးခြားတို့ ဘာသာခြားတို့"ဆိုတဲ့အသုံးကို မစင်ထက်ရွံတယ်။ လူလူချင်း အဲ့သလိုခွဲခြားတတ်တဲ့ ဉာဉ် ဗီဇရှိသူဆို "အဟိတ်တိရိစ္ဆာန်ထက်ပိုသည့်အသိ" မရှိသူလို့ပဲ သဘောထားတာကွ။ မင်းက လူမတူ ဘာသာအယူမတူမတူတဲ့ ကျန်တဲ့လူတွေသာ တိတ်တိတ်ပုန်းတမျိုး ဗြောင်တမျိုးဆန့်ကျင်နေတာ မင်း "မေမေ့လင်" ကျတော့ မေမေ့ရှေ့မှာ ပါးစပ်တောင် မဟဝံ့ဘူးမဟုတ်လား။ ဟရမယ်လို့ပြောတာ မဟုတ်ဘူး။ "ငါတို့မေမေမေလည်း လူပဲ၊ သူ့အိမ်ထောင်ဘက်ကို သူ့စိတ်ကြိုက်ရွေးချယ် လက်ထပ်ခွင့် လူတိုင်းမှာရှိသလို သူ့မှာလည်းရှိတာပဲ၊ ချစ်ခြင်းမေတ္တာမှာ လူမျိုး ဘာသာ အသားအရောင်ခွဲခြားတာဟာ မကောင်းမှုပဲ" စတာမျိုးလေးလောက် အခြေခံကစမှန်မှန်ကန်ကန်တွေးလို့ သိလို့ မဟတာမျိုးဆိုကောင်းတယ်။ ခု မင်း မဟဝံ့တာက ဘယာဂတိတွေကြောင့်။


ငါက ကိုယ့်ကိုယ်ကိုယ်တောင် ဘာလူမျိုးမှန်းမသိ။ ညားတဲ့မယားကလည်း ဘာလူမျိုးမှန်းမသိ။ နေတဲ့တိုင်းပြည်ကလည်း အမျိုးသားနေ့ မရှိတဲ့ပြည်။ ဘာသာကလည်း ခုထိ ကိုးကွယ်လောက်တာ မတွေ့မိသေးဘူး။ ဒါပေမယ့် ငါတို့ လူဖြစ်နေတယ်။ ငါတို့ ချစ်ချစ်ခင်ခင်နေတယ်။ ငါတို့ ကိုယ့်အပြင်ကို ထွက်ထွက်ကြည့်တယ်။ ကိုယ့်အဇ္ဈတ္တဥခွံလေးကို ကမ္ဘာထင်မနေဘူး။ စာဖတ်တယ်။ လူတွေကြားထဲနေတယ်။ ငါတို့ ဘာလူမျိုးလို့ ပြောမရပေမယ့် "လူ"လူမျိုးအစစ်တွေဖြစ်တယ်။ လူလိုကျင့်တယ် လူလိုနေတယ် လူလောက်ပဲ စံမီတယ်။ လူကျင့်တရားပဲ ကျင့်တယ်။ အဲ့ "လူဘာသာ" ပဲ။ လူ လူမျိုးကကိုးကွယ်တဲ့ လူဘာသာပေါ့ပွာ။

မင်းပြောသလိုဆို ငါ့မယားလည်း မင်းနဲ့ လူမျိုးခြား ဘာသာခြား။ ငါနဲ့လည်း လူမျိုးခြား ဘာသာခြားပဲ။ ဒါပေမယ့် ငါတို့ လူ လူမျိုးတွေဖြစ်တယ်။ လူဆန်တဲ့စိတ်မွေးတယ်။ တတ်နိုင်သမျှ လူသားစိတ်ထားတယ်။ မင်းကိုလည်း ငါ့လိုပဲ လူလို့ပဲမြင်တယ်။ ကျန်တာကတော့ မင်းဘာသာ ယုံချင်ရာယုံ။ မယုံချင်လည်းနေ ဘာမှမဖြစ်ဘူး။ အယူသည်း တဇောက်ကန်း အမြင်ကျဉ်းတဲ့ "မျိုးချစ်စိတ်"ဆိုတဲ့အစွဲအလမ်း တတ်နိုင်သမျှ ကင်းအောင်နေကွာ။ ဒါဆို မင်းလည်း လူ လူမျိုးဖြစ်။ လူဘာသာကိုးကွယ်ပြီ။ လူအစစ်ဖြစ်ပြီ။

ခုလည်း ငါ့ဘက်ကတော့ မင်းနဲ့ငါနဲ့ကြားမှာ ဘာမှ ခြားမနေဘူး။ လူတွေဘဲ။ မတူတဲ့လူမျိုး၊ ဘာသာတွေပဲ မတူတဲ့ကိုးကွယ်မှုမျိုး။ မတူမှုလေး လောက်ပဲ။ ဘာမှ မခြားဘူး။ မင်းစိတ်ထဲက မင်းအသွေးအသားထဲကနေ အခြောက်တိုက် ဘဝင်မြင့် အဆံချောင် အမျိုးဘာသာ သာသနာ ဝံသာနုရက္ခိတဆိုတဲ့ ဖားခြေရာခွက်ထဲကနေမြင်ရတဲ့ ကောင်းကင်ကို စကြ်ာဝဠာထင်နေတဲ့စိတ်ကိုပြန်ကြည့်ပါ သူငယ်ချင်း။

ငါတို့ကို အထဲလာပြီးလုပ်ကြည့်ဖို့ပြောတာထက် မင်း အပြင်ကို ထွက်ကြည့်ပါ။ လူအကောင်လိုက်ကြီး မထွက်နိုင်ရင်တောင် စိတ်ကိုကျယ်ကျယ်ဖွင့်ထားပါ။ ဦးနှောက်နဲ့ထွက်ပါ။ တလ ကိုးသီတင်းလာလည်ပြီး အမေရိကန်ကြီးကောင်းလှချည့်လုပ်တဲ့ လူစားတွေထဲတော့ ပါမသွားစေနဲ့။ စာများများဖတ်ပါ။ တွေးခေါ်မြော်မြင်မှုကို အခြေခံကစ ပြင်ကြည့်ပါ။ အယူသည်းမှု အစွန်းရောက်မှု အမုန်းတရား အာဃာတတရားတွေနဲ့ လောင်မီးကျနေတဲ့ပြည်ကို လေ ထပ်မပင့်ပါနဲ့ နစ်နေတဲ့ပြည်ကို ဝါးကူမထိုးပါနဲ့တော့။ လူထုကို အတွေးအခေါ်အရ၊ နိုင်ငံရေးအရ ကောင်းရာမွန်ရာဆီရောက်အောင် ဦးဆောင်ပါ။ ပြောရင်းနဲ့ ဘေးချော်ထွက်ပြီး ရှည်ကုန်ပြီ။

ငါလည်း အင်္ဂလိပ်လို ဘယ်လောက်မှတတ်တာ မဟုတ်ဘူး။ တတ်သလောက်နဲ့ ဒီလိုပဲ ပြောနေရတာ။ ဗမာစာရေးရင် လိုအပ်တဲ့နေရာတိုင်း အင်္ဂလိပ်စကားလုံးတွေ ညှပ်ရေးတာပဲ။ တခါတလေ ဘာသာလည်းမပြန်ဘူး၊ အင်္ဂလိပ်လို့လည်း စာလုံးမပေါင်းဘူး။ ဗမာအသံထွက်အတိုင်း ရေးချလိုက်တာက ပို လူကြားထဲကျတယ် ပေါက်ပြီးသားစကားမို့ ပိုထိရောက်တယ်။ ဂလိုဘယ်လိုက်ဇေးရှင်န်းလိုဟာမျိုး၊ ကာလဘ်ချားရှော့ခ်လိုဟာမျိုး။

အဲ့ဒီတော့ အပြီးသတ် တခွန်းတည်းပြန်ချုပ်ရရင် ငွေစက္ကူအတုဆိုတာကို Fake Money လို့ ခေါ်ရင် မမှန်ဘူးကွာ။
မျိုးမြင့်ချို(ဒီဇင်ဘာ ၂၆၊ ၂ဝ၁၈)