Showing posts with label အတွေး. Show all posts
Showing posts with label အတွေး. Show all posts

Sunday, April 14, 2013

ကမ္ဘာရွာ- မင်းမြဇင်(၂ဝဝ၄ သြဂုတ် စတိုင်သစ်မဂ္ဂဇင်းမှ)

0 comments
သင်္ကြန်အကြောင်း ရာသီစာတပုဒ်ရေးချင်လှလို့ လက်နားနီးတဲ့မဂ္ဂဇင်းလေးတွေ ပြန်လှန်မိတဲ့အကြောင်း မနက်က နည်းနည်းပြောခဲ့ပါတယ်။ ကိုယ့်စာကိုယ်မရေးဖြစ်ပေမယ့် ဆရာမြို့မကိုပေါနဲ့ ကိုဝင်းကိုကိုတို့ရဲ့အင်တာဗျူးလေး ကနေ မြနန္ဒာသီချင်းရဲ့ကောက်ကြောင်းနဲ့ နောက်ကြောင်းသိခွင့်ရပြီး အကျိုးများမယ်ထင်လို့ စာရိုက်ပြီးပြန်တင်ပေးဖြစ်ခဲ့ပါတယ်။ ညက လှန်လှောခဲ့တဲ့မဂ္ဂဇင်းတွေထဲမှာ သြဂုတ် ၂ဝဝ၄ခုထုတ် စတိုင်သစ်မဂ္ဂဇင်း အမှတ်(၁၁၃)လည်း ပါပါတယ်။ အဲ့ဒီမဂ္ဂဇင်းပါ “ကဗျာ စတိုင်သစ်”ထဲကမင်းမြင့်ဇင်ရေးတဲ့ “ကမ္ဘာရွာ” ကဗျာကို ခုညနေ အိမ်ပြန်ရောက်ချိန်ထိ ငြိနေတုန်း။ ဒါနဲ့စာရိုက်ပြီး ပြန်တင်ဦးမှလို့ စိတ်ကူးရတယ်။ ဒါနဲ့ရိုက်တယ်။ အခုတင်ပါတယ်။ ကဗျာသရုပ်ဖော်ပန်းချီကKo Ko Naing ပါ။



ကမ္ဘာရွာ

ကောင်းကင်တစ်ခုတည်းအောက်တွင်မှဟုတ်ရဲ့လား….
သင်နေသောမြေနှင့်ငါနေသောမြေသည်လည်းကောင်း
သင်ရှူသောလေနှင့်ငါရှူသောလေသည်လည်းကောင်း
သင်သောက်သောရေနှင့်ငါသောက်သောရေသည်လည်းကောင်း
“သံတူကြောင်းကွဲ”များပင်လား…စသည်ဖြင့်
အနေဝေး၍အတွေးဝေဝါးမှုများ တရံတခါ
ငါ့မှာဖြစ်ကြောင်းဝန်ခံသည်။

ကွာလှမ်းသော်ငြား
သင့်အိမ်အားလောင်မြိုက်သောမီးသည်
ငါ့ရင်ကိုလာဟပ်သဖြင့်
တရပ်တရွာတည်းဖြစ်ကြောင်း
ငါယုံပြီ။

မင်းမြင့်ဇင်

“ကဗျာဘာလဲဆိုတာအဓိပ္ပါယ်ဖွင့်ကောင်းလှတဲ့အရာမဟုတ်” မဟုတ်လား။ ကဗျာဟာ ကျူးကျော်တဲနဲ့ဆင်စွယ်ရဲတိုက်မှာအတူတူဖြစ်ထွန်းတယ်။ ဖွဲ့သူနဲ့ဖတ်သူဟာ လူချည်းသာဆိုပေသိ ဘဝနဲ့ပြဌာန်းသိတွေက ကဗျာ့အတိမ်အနက်နဲ့အတိုင်းအရှည်ကို ထောက်ချင့်မိတယ် မဟုတ်လား။ ဖွဲ့သူမှာ ဖတ်သူ့အပူ လာဟပ်တဲ့အခါ ကဗျာဖြစ်တယ်။ ဖတ်သူ့အနွေး လာထွေးတဲ့အခါလည်း ကဗျာဖြစ်တာပဲမဟုတ်လား။ ဒီမှာ အပူဟပ်သွားတဲ့ ကဗျာ့ဓာတ်စီးမှုကိုမြင်လိုက်ရတယ် ဘမှတ်တယ်။
မျိုးမြင့်ချိုဧပြီ ၁၄၊ ၂ဝ၁၃

Saturday, February 23, 2013

စွက်ဖက်ခြင်းနှင့်ကင်းသည့်အရာ (မျိုးမြင့်ချိ)

0 comments


နိုင်ငံရေးပါတီတခုရဲ့အတွင်းရေးကို အခြားပါတီတခုခုက ဒါမှမဟုတ် အခြားပါတီဝင် တယောက်ယောက်က ဝင်ပြောတယ်စွက်ဖက်တယ်ဆိုတာ နိုင်ငံရေးကျင့်ဝတ်အရ မလုပ်ထိုက် မလုပ်ကောင်းတဲ့အရာဆိုတာ မှန်ပါတယ်။ ဝင်မပြောထိုက် မစွက်ဖက်ထိုက်ဘူးဆိုလိုက်ရုံနဲ့ ဝေဘန်တယ် ထောက်ပြတယ်၊ ချီးမွမ်းတယ် ကဲ့ရဲ့တယ်၊ ထောက်ခံတယ် ကန့်ကွက်တယ်၊ ပြစ်တင်တယ် ထောမနာပြုတယ်၊ လိုလားတယ် မလိုလားဘူး၊ ပူးပေါင်းတယ် ဆန့်ကျင်တယ် ဆိုတာမျိုးတွေကအစ လူထုမှာ အခြားပါတီတွေမှာ အခြားပါတီဝင်တွေမှာပါ လုပ်ခွင့်မရှိတော့ဘူး မလုပ်ရဘူးလို့ပြောတာမဟုတ်ပါ။ သူ့ပါတီအတွင်းရေးတွေမှာ ဝင်မပါဖို့ ဝင်မစွက်ဖို့၊ သူ့ပါတီမူဝါဒရေးဆွဲရာမှာ ဝင်မရှုပ်ဖို့ ဝင်မနှောက်ဖို့ ကဖျက်ယဖျက်မလုပ်ဖို့ စတဲ့သဘောပဲ။ တိုင်းပြည်/လူထုနဲ့ဆိုင်တဲ့ ပါတီတခုခုရဲ့အပြုအမူ လုပ်ရပ်၊ မူဝါဒရေးရာ၊ ရပ်တည်ချက် စတာတွေမှာကျတော့ အခြားပါတီ၊ အခြားပါတီဝင်တင်မှမဟုတ်ဘူး လူထုမှာပါပြောခွင့်ရှိတယ်၊ မပြောပဲနေခွင့်လည်းရှိတယ်။ ထောက်ခံခွင့် ကန့်ကွက်ခွင့်၊ ဆန့်ကျင်ခွင့် ပူးပေါင်းခွင့်၊ ချီးမွမ်းခွင့် ကဲ့ရဲ့ခွင့်၊ လိုလားခွင့် ဖယ်ကျဉ်ခွင့်၊ လိုလားခွင့် မလိုလားခွင့်အကုန်ရှိတယ်။ အာဏာရပါတီလည်း လူထုမကြိုက်တဲ့အခါ အာဏာလက်မဲ့ဖြစ်ပြီး အာဏာမဲ့ပါတီလည်း လူထုကြိုက်တဲ့အခါ အာဏာရလာမှာပါ။ လူထုကြိုက်တယ်/မကြိုက်ဘူး ဆိုတာက(လွတ်လပ်ပွင့်လင်းတဲ့ခေတ်မှာတော့) လူထုအကျိုး တိုင်းပြည်အကျိုးကို ဘယ့်လောက် ဆောင်သလဲဆိုတာနဲ့ပဲ တိုင်းပါတယ်။ ပါတီတွေကို လူထုက လူထုနည်းနဲ့ ထိန်းကျောင်းပေးရပါတယ်။ အဲ့သလို လူထုနည်းနဲ့ အထိန်းအကျောင်းမခံရတဲ့ပါတီ၊ မခံချင်တဲ့ ပါတီ၊ မနှစ်သက်တဲ့ပါတီ၊ ထိန်းကျောင်းမရအောင်လုပ်ထားတဲ့ပါတီဟာ လူထုကိုဗိုလ်ကျ စိုးမိုးတဲ့ပါတီ တနည်းပြောရရင် တစ်ပါတီစနစ်ကျင့်သုံးတဲ့ အာဏာရှင်စနစ်ပါတီ ဒါမှမဟုတ် ပါတီကြီးဝါဒကျင့်သုံးပြီး မောက်မာတဲ့ပါတီမျိုး ဖြစ်သွားမှာပဲ။ ပါတီတခု အာဏာရဖို့ဆိုတာ (လွတ်လပ်တဲ့အနေအထားတရပ်အောက်မှာ) လူထုဆီကမဲဆန္ဒနဲ့သွားရတာဆိုတဲ့ ပါတီနဲ့လူထုအဆက်အစပ်ရဲ့ အခြေခံအကျဆုံးအခြင်းအရာကို မမေ့ဖို့ပါ။ အဲ့ဒါကို ပါတီကမေ့ရင် လူထုကအဲ့ဒီပါတီကိုမေ့ပြီး၊ အဲ့ဒါကို လူထုကမေ့ရင် အဲ့ဒီပါတီရဲ့ မောက်မာရိုင်းပြမှုကို လူထုကခံရစမြဲပါ။ မျိုးမြင့်ချို။ ဖေဖော်ဝါရီ ၂၃/၂၀၁၃

Wednesday, February 6, 2013

ကိုမင်းဟန်(ခ)ဘမင်းသစ် လုပ်သွားချင်ခဲ့ပြီး လုပ်မသွားခဲ့ရတာတွေထဲက တစ်ခု။

0 comments

ဆုံးပါးသွားရှာခဲ့ပြီဖြစ်တဲ့ မိတ်ဆွေကြီး ကိုမင်းဟန်(ခ) ဘမင်းသစ် လုပ်သွားချင်ခဲ့ပြီး လုပ်မသွားခဲ့ရတာတွေထဲက တစ်ခု။ ထောင်တွင်းသမိုင်းများ
by Min Han on Monday, October 29, 2012 at 10:25am ·



ထောင်တွင်းသမိုင်းဆိုတာ..........

ကျွန်တော်တို့ 
အကျဉ်းထောင်တွေထဲမှာ
နှစ်ရှည်လများနေလာခဲ့ပြီး
မနှစ်ကမှ
ပြန်လွတ်လာခဲ့တယ်။
ထောင်ထဲမှာကျန်နေသေးတဲ့
နိုင်ငံရေးအကျဉ်းသားတွေကိစ္စဆောင်ရွက်ရင်း
ဘေးမှာပဲ
ခပ်အေးအေးနေခဲ့တာပါ။

ဒါပေမယ့်....အေးအေးနေချင်လို့လားမသိ
မီးက ဒီနေ့ လာလောင်တာပဲ။

ဒီနေ့ ထောင်ထွက်တွေ မချိန်းဘဲဆုံဖြစ်ကြတယ်။
ထောင်အစုံကပေါ့။
ထောင်ထဲကအကြောင်းတွေ ပြောဖြစ်ကြတယ်။
ပြဿနာက အဲဒီမှာစတာဘဲ။

ထောင်ထွက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေမှာ သမိုင်းတွေရှိတယ်။
ထောင်ကျခဲ့ရတဲ့သမိုင်း...၊ နောက် ထောင်တွင်းဖြတ်သန်းမှုသမိုင်း......
ထောင်တွင်းဖြတ်သန်းမှုသမိုင်းဟာ အလွန်အပြောနည်းကြပါတယ်။

ကြမ်းတမ်းလှတဲ့ထာင်တွင်းဖြတ်သန်းမှုတွေဟာ နိုင်ငံရေးသမားတိုင်းကို
သမိုင်းမှတ်ကျောက် တင်ပေးလိုက်တာပါ။

တိုင်းပြည်တခုလုံးကို ခဏထားဦး
ထောင်ထဲကအကျဉ်းသားတွေအတွက်
ဘာတွေလုပ်ခဲ့လဲ။
အဲသလောက်မဟုတ်တောင်
ကိုယ်နေတဲ့တိုက်
ကိုယ်နေတဲ့အဆောင်အတွက်
ဘာတွေလုပ်ခဲ့သလဲ။           

ကောင်းပြီ...ဘာမှမလုပ်ခဲ့တဲ့လူတွေရှိတယ်..
ဟုတ်တယ်...သူတို့က ဘာမှ မလုပ်ခဲ့ဘူး။
ဒါပေမယ့်..ဘယ်သူ့ကိုမှ အနှောင့်ယှက်မပေးခဲ့ကြဘူး။
ဒါက လူတန်းစားတမျိုး ........

နောက်တမျိုးက
သူတို့ကိုယ်ကျိုးအတွက်
အများအကျိုးကို ချနင်းပြစ်တဲ့လူတွေ...
ကိုယ့်အတွက်အကျိုးရှိမယ်ဆိုရင်
ထောင်အာဏာပိုင်တွေနဲ့
စိတ်ရောကိုယ်ပါပူးပေါင်းခဲ့ကြတဲ့သူတွေ...........

နောက်တမျိုးကတော့
ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် အမှားတွေဆက်တိုက်ကျူးလွန်သူတွေ...

အဲဒီလိုလူတွေထဲမှာမှ
အားလုံးအကျိုး အားလုံးအခွင့်အရေးအတွက်
ဥိးဆောင်တိုက်ပွဲဝင်ခဲ့ကြသူတွေ...

တကယ်တော့...
ကျွန်တော်က
ဦးဆောင်တိုက်ပွဲဝင်သူတွေအကြောင်း ရေးချင်ပြောချင်တာ မဟုတ်ပါ
သူတို့ကလည်း ဒါကို မကြိုက်ကြပါ
ဒီလို ဂုဏ်ဖေါ်တာမျိုးကို မကြိုက်ကြ
ထောင်ထဲမှာတောင်
သူတို့တိုက်ပွဲတွေအကြောင်း သိပ်မပြောကြ
ဂုဏ်မဖေါ် ကြ။

ဒါဖြင့် ဘာပြောချင်တာလဲ...................
ပြဿနာက ဒီလို
ထောင်ထွက်တွေဆုံကြ..
ထောင်ထဲကအကြောင်းတွေပြောကြရင်း
ထောင်တွင်းသမိုင်းအကြောင်း ပြောဖို့လိုနေပြီလို့သတိထားမိကြတယ်။

ဘာကြောင့်လဲဆိုတော့
ထောင်တွင်းသမိုင်းမှာ
ဆိုးဆိုးဝါးဝါး အမှားကျူးလွန်ခဲ့ကြသူတွေက
နေရာကြီးကြီး..
ရာထူးကြီးကြီး..ရလိုရ
သူရဲကောင်းတွေ...ဖြစ်လိုဖြစ်...

ဒါဆို..
ထောင်တွင်းသမိုင်းကို ပြောဖို့ ရေးဖို့လိုနေပြီ
သိတဲ့သူတွေအားလုံး တာဝန်ရှိတယ်
တာဝန်အရပြည်သူကို အသိပေးရတော့မှာပေါ့။  

ထောင်ထွက်တွေ ဒါကိုလက်ခံကြပါတယ်။
ဒါဖြင့် ဘယ်ပုံစံ တင်ပြကြမလဲ။

ခိုင်လုံတဲ့သက်သေရှိရမယ်။
ထောင်အလိုက်တင်ပြမယ်။
လတ်တလောအခြေအနေအရ
အမည်နာမကိုချန်ထားမယ်။
သက်ဆိုင်ရာအဖွဲ့အစည်းတာဝန်ရှိသူကို လျှို့ဝှက်အကြောင်းကြားမယ်။
တကယ်လို့ အရေးယူမှုမရှိမှသာ အဲဒီလူဟာ အဲဒီနေရာနဲ့ မထိုက်တန်ကြောင်း
ပြည်သူတရပ်လုံးကို အသိပေးမှာဖြစ်တယ်။

ဒါကြောင့် ထောင်တွင်းသမိုင်းကို တိုက်ပွဲဝင်သူတွေအားလုံး ရေးကြ..ပြောကြရလိမ့်မယ်
ပုဂ္ဂိုလ်ရေးမုန်းတီးမှု မပါ။
သမိုင်းအမှန်ကိုသာ ဖေါ်ထုတ်ကြမည်။   
https://www.facebook.com/notes/min-han/ထောင်တွင်း-သမိုင်း-များ/291000341001162
လူ (၅၁) ဦး Share လုပ်ထားတာတွေ့ရပါတယ်။

Monday, December 3, 2012

နှင်းခဲပျော်ချိန်နောက်ဆုံးအိပ်မက် (မျိုးမြင့်ချိ)

0 comments
ညက Chicago ကနေပြန်ရောက်ပါတယ်။ ဒီမနက်တော့ ပြန်ပါလာတဲ့အရှုပ်တွေရော အိမ်ထဲကအရှုပ်တွေကိုပါရှင်း၊ ရေမိုးချိုးပြီး စက်ရှေ့မထိုင်ခင်လေး အိမ်နောက်ဖေးတံခါးပေါက်ကို ဖွင့်ကြည့်လိုက်တော့ နှင်း (Snow)ရဲ့ရှေ့တော်ပြေး မြူခိုး Fog တွေကို တွေ့လိုက်ရတယ်။ ပြောရရင် ဒီတံခါးလည်း မဖွင့်ဖြစ်တာ တလလောက်ရှိပြီ။ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကအထိ အရွက်တဖါးဖါးနဲ့စိမ်းမြနေခဲ့တဲ့ ပင်မအို့တအိုလည်း ခုတော့ ဟေမန္တရဲ့ ကနဦးထိုးစစ်မှာတင်ပဲ ကျဆုံးသွားသယောင်။ ဝတ်လစ်စလစ်..တရွက်ဆိုတရွက်လေးတောင်မကျန်တော့။ အကုန်ကြွေကျ အကုန်ချွေချ။ စိမ်းမြသစ်ရွက်တို့ကြွေနေတုန်း...(နောက်ဆုံးအိပ်မက်)ကိုတိုးတိုးလေးငြီးမိတယ်။
အိမ်နောက်ကန်စောင်းက တနွေလုံး ဆောင်းခိုရင်း သားပေါက်ကြတဲ့ငန်းရိုင်းတွေ အုပ်လိုက်အုပ်လိုက် လမ်းကြောင်းမှန်ရွေးပြီးပျံကုန်ပြီ။ မိုင်ထောင်ချီခရီးပေါ့..နွေးထွေးရာအရပ်မှာ ဆောင်းခိုဖို့။ အရင်ဆောင်းကို ဒီမှာခိုရင်း မျိုးဆက်သစ်ကိုမွေးဖွားခဲ့ကြပြီ။ ခုဆောင်းကို ဟိုမှာခိုရင်း မျိုးဆက်သစ်ကိုမွေးဖွားဦးပေါ့။ ဒီမှာပေါက်ခဲ့တဲ့ မျိုးဆက်သစ်တွေက အတောင်စုံပြီမို့ မျိုးဆက် ၂ ဆက်အတူ ပျံသန်းကြတော့မှာ။ နောက်နှစ်နွေမှာပြန်လာတဲ့အခါ အခုပြန်သွားတဲ့ကောင်တွေထဲက ဘယ်နှစ်ကောင်ပြန်ပါလာလေမလဲတော့ မပြောတတ်။
အင်း..နှင်းတွေလာတော့မယ်။ နှင်းတွေ လာရင်လား။ နှင်းတွေလာရင်ရှိသမျှသစ်ပင်တွေအရွက်အချွေခံရမှာပဲ။ ကောက်ပဲသီးနှံတွေလည်း မသီးနိုင်မပွင့်နိုင်နဲ့။ (ဒီလောက်နှင်းတွေထူနေမှတော့ ပဲပင်လေးတွေအညှောင့်ထွက်နိုင်ပါဦးမလား) အဲ့ကဗျာတပိုင်းစတလည်းခေါင်းထဲဝင်လာတယ်။ မထွက်နိုင်ပါဘူး ဘယ်ပဲပင်လေးတွေမှ အညှောင့် မထွက်နိုင်ပါဘူး။ နှင်းဖိလို့ မြက်ခင်းစိမ်းတွေပါနှင်းပိပြီး သေဆုံးကြရဦးတော့မှာ။
နှင်းခဲနှင်းဖတ်နှင်းပွင့်တွေက မချွေနိုင်တာဆိုလို့ Evergreen လို့အမေရိကန်တွေခေါ်တဲ့ ထင်းရှူးပင်တမျိုးရဲ့အရွက်တွေပဲရှိတယ်။ ကျနော်တို့ ရွှေပြည်တော်ကြီးမှာလဲ Evergreen လို အပင်တွေဆက်ရှင်သန်ကြပါစေ။ ကျနော်တို့ ရွှေပြည်ကြီးမှာ ပဲပင်လေးတွေ အညှောင့်ပေါက်နိုင်ကြပါစေ။ ကျနော်တို့ ရွှေပြည်ကြီးမှာ ငန်းရိုင်းတွေ မျိုးဆက်သစ်တွေပေါက်ဖွားကြပါစေ။ လွတ်လွတ်လပ်လပ်ပျံသန်းကြပါစေ။ နှင်းတွေမကျပါနဲ့တော့.. နှင်းတွေမကျပါစေနဲ့တော့.. နှင်းတွေနောက်ထပ်မကျပါစေနဲ့တော့။ ကျပြီးခဲ့တဲ့နှင်းတွေလည်း အရည်ပျော်သွားပါစေ။ နှင်းခဲပျော်ချိန် မြန်မြန်ရောက်ပါတော့။

ခိုးမှုမသင်္ကာနှင့်ရာဇဝတ်သား..တဲ့။ (မျိုးမြင့်ချိ)

0 comments
ဒါတွေ့တော့ ကျနော်တို့အဖမ်းခံခဲ့ရတဲ့အချိန်တွေဆီ စိတ်ပြန်ပြေးတယ်။ စစ်ထောက်လှမ်းရေးတွေက ကျနော်အပါအဝင် နိုင်ငံရေးမှုနဲ့အဖမ်းခံရသူတွေကိုလာဖမ်းတာ ဖမ်းဝရမ်းမပါဘူး၊ ရှာဖွေပုံစံမပါဘူး၊ ရပ်ကွက်လူကြီး ပါတဲ့အခါ ပါတယ်။ မပါတဲ့အခါမပါဘူး။ ပါပါ မပါပါ ဘာမှမဖြစ်ဘူး။ ဖမ်းသွားပြီးရင် ရေကြည်အိုင် ဒါမှမဟုတ် စစ်ထောက်လှမ်းရေးစခန်းတွေမှာ စစ်ကြောရေးလုပ်တယ်(ဒီနေရာမှာ စစ်ကြောရေးအကြောင်းပြောမှမဟုတ်သေးပါ)။ ပြီးရင် ထောင်ကိုပို့တယ်(အဲ့နေ့ဟာ အလွန်ပျော်ရတဲ့နေ့ပါ) ထောင်ရောက်တော့ သိတ်မကြာဘူး အက်စ်ဘီလားရဲလား ဘာလားညာလားတော့မသိပါဘူး။ အရပ်ဝတ်နဲ့၊ လွယ်အိပ်နဲ့(တခါတလေ ကချင်ပုဆိုးနဲ့၊ လည်ကတုံးအဖြူနဲ့၊ ကတ္တီပါဖိနပ်နဲ့)လူတွေရောက်လာပြီး စာရွက်တွေမှာ လက်မှတ်ထိုးခိုင်းတယ်။ (ပေးတော့မဖတ်ဘူး။ ခေါင်းစွပ်ကိုမျက်လုံးပေါ်ရုံလောက်လေးမတင်ပေးပြီး ဒီမှာထိုးလို့ ပြောပြီးထိုးခိုင်းတာ။ ထိုးရတာ။) နောက်တော့ ရုံးတင်တယ်(ပထမအကြိမ်မှာ စစ်ခုံရုံး(စစ်ဗိုလ်တွေ၊ တရားခံတွေကိုယ်တိုင်က တရားသူကြီးလုပ်ပြီး တရားလိုကိုထောင်ပြန်ချတဲ့ဇာတ်ဝင်ခန်း)။ တခါတလေ အထူးတရားရုံးကိုတင်တယ်။ (အရပ်သားတရားသူကြီးတွေကို စစ်အစိုးရကချိတ်ပိတ်စာအိပ်ထဲ စီရင်ချက်ရေးပြီး ပေးထားတာ။ တရားသူကြီးတွေ အပြစ်ရှိ/မရှိတစ်ခွန်းမေးတယ်။ ရှိတယ်ပြောပြော မရှိဘူးပြောပြော အတူတူပဲ။ ပြီးတာနဲ့ စာအိပ်ဖွင့်ဖေါက်ပြီး စီရင်ချက်ဖတ်ပြတယ်။ ပြီးတာနဲ့ ကျနော်တို့က ဘာမှတောင်ပြန်မပြောရသေးဘူး။ တရားသူကြီးထိုင်ခုံ (နောက်မှီမြင့်ကြီးနဲ့)ကနေ ဖြုတ်ကနဲထပြီး နောက်ခန်းထဲဝင်ပြေးတာပဲ) ထားပါတော့ အဲ့အကြောင်း။ ကျနော် တတိယအကြိမ်အဖမ်းခံရတော့ အရပ်ဝတ်နဲ့ထောင်ထဲလာပြီး ကျနော့်ကိုလက်မှတ်ထိုးခိုင်းတဲ့လူကိုမေးတယ် (ဘာလုပ်ဖို့ အဲ့စာရွက်တွေမှာ ကျနော်က လက်မှတ်ထိုးရတာလဲ) တရားရုံးကနေ၊ တရားသူကြီးဆီကနေ ရမန်ယူတာပါ (ဖမ်းချုပ်ထားခွင့်နဲ့နောက်ရုံးချိန်း)တဲ့။ ဒါနဲ့ ကျနော်က(ဘာပုဒ်မနဲ့ဖမ်းတာလဲဗျ) ဆိုတော့ (၃၈ဝ/၅၄)တဲ့။ ကျနော်လည်း သြော်..အဲဒါနိုင်ငံရေးမှုကိုထောင်မချခင် ယာယီတပ်တဲ့ပုဒ်မပဲနေမှာလို့တွေးပြီးနေလိုက်တယ်။ နောက်တော့ ဘယ်ဟုတ်မတုန်း (သူခိုးတွေ ပြောပြမှသိတာ) အဲဒါ (ခိုးမှုမသင်္ကာ)တဲ့။ ကျနော်လည်း(အယ်)ကနဲတချက်ဖြစ်သွားတာပေါ့။ ခုလည်း လုပ်ပြန်ပြီး ကိုယ်တော်တွေ(ရာဇဝတ်မှု)တဲ့

Saturday, November 3, 2012

ပုဇွန့်ခေါင်းနန်းကျပေါက်ကောင်အဆက်ပါ။ တွေးမိတဲ့ နောက်တစ်ခုထပ်ပြောပါတယ်။

0 comments
ပုဇွန့်ခေါင်းနန်းကျပေါက်ကောင်...ဆိုတဲ့ ကျနော့်အဆိုအပေါ် သိမြင်နားလည်ပုံနဲ့ကောက်ယူပုံ မတူတဲ့ထောင့်တွေကိုဖေ့စ်ဘွတ်ခ်က ကွန်မန့်တွေမှာမြင်ရမှာပါ။ အလွန့်ကိုတန်ဖိုးရှိပြီး အကျိုးလည်းများတဲ့ အပြင် ကိုယ့်အတွေးသူများကိုချပြခွင့်ရသလို၊ သူ့အတွေးနဲ့ဖလှယ်ခွင့် ရကြတာမို့ တယောက်နဲ့ယောက် အပြန်အလှန်ကျေးဇူးပြုကြတဲ့ သဘောပါပဲ။ ရေးသူတိုင်းရဲ့တစ်ဦးခြင်း သဘောထားဆိုင်ရာလွတ်လပ် မှုမို့ ဘာမှပြောစရာမရှိပါဘူး။ ကျနော့် မူလစာမှာ အသုံးအနှုံးအရ (ကိုင်းဖျားကိုင်းနား)ဆိုတာကို နည်းနည်းလေးဖြည်ဖြည်ဖြန့်ဖြန့် ပြန်ပြောပါရစေ။ ကျနော့်ဆိုလိုချက်ကို နားလည်ရာမှာအထောက်အပံ့ ဖြစ်စေဖို့ရည်ရွယ်ပါတယ်။ ဒီလိုပါ၁၉၅၈ ကနေစလို့ အာဏာအရသာ ကို မြည်းစမ်းခွင့်ရခဲ့တဲ့စစ်အုပ်စုဟာ ၁၉၆၂ မှာ စစ်အာဏာကိုဗြောင်ထူထောင်ပြီး စစ်အာရှင်စနစ်၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယားကြီးကို ခုတ်မောင်းလာလိုက်တာ တိုင်းပြည်ဟာ ခုချိန်ထိလည်း စစ်တပိုင်းအာဏာနဲ့ စစ်လက်ဝါးကြီးအုပ်စီးပွားရေး(ခရိုနီစီးပွားရေးများအပါအဝင်) စစ်လောင်းရိပ်မှာပဲ ရှိနေပါသေးတယ်။ ဒါကို ကျနော်က အတိုဆုံးချုပ်ပြီး “စစ်အုပ်စုတခုလုံးရဲ့အကျိုးစီးပွား”“စစ်အုပ်စုကြီး တစ်ခုလုံး” စတဲ့ဝေါဟာရတွေနဲ့ ထင်ဟပ်ယူတာပါ။ စစ်အုပ်စုတစုလုံးဆိုရာမှာ ဗိုလ်နေဝင်းကနေ ခု (ဗိုလ်)ဦးသိန်းစိန်၊ ဗိုလ်မင်းအောင်လှိုင်တို့အထိ ဓါးမိုးပြီးပိုးမွေးသလိုမွေးထားတဲ့ “စစ်နန်းဆက်”ကို ရည်ညွှန်းပါတယ်။ စစ်အကျိုးစီးပွားဆိုရာမှာ BEDC, DSI ကနေ ခုနောက်ဆုံး “ဦးပိုင်” အထိဖြစ်ပါတယ်။ အဲဒီအာဏာနဲ့အကျိုးစီးပွားဆိုတာနဲ့ယှဉ်ရင် (ဗိုလ်)ခင်ညွန့်လိုလူလောက်မပြောနဲ့ စစ်နန်းဆက်ထူထောင် သူနဲ့စစ်ဘုရင်ကြီးဗိုလ်နေဝင်း၊ အဆင့်ဆင့်ဆက်ခံလာသူဗိုလ်စောမောင် (နံပတ်ဝမ်းမဟုတ်ပေမယ့် ဝမ်းနီးနီးဓါးထက်ခဲ့သူတွေ၊ လုပ်ဖော်ကိုင်ဘက် ကြံဖော်ကြံဘက်တွေကိုပန်ချတာ၊ ဖြုတ်ထုတ်ရှင်း တာတွေ ပြောနေရင် စာရှည်မစိုးလို့ချန်ခဲ့ရတာပါ) တို့တောင်အချိုင်ခံရပါတယ်။ “ပင်စည်ပင်မ”က စစ်အုပ်စုတစ်စုလုံးရဲ့အကျိုးစီးပွားဖြစ်ပါတယ်။

လူက “အကိုင်းအခက်”သာဖြစ်ပါတယ်။ အကိုင်းအခက်မှာမှ ဗိုလ်သန်းရွှေနဲ့ယှဉ်တော့ (ဗိုလ်)ခင်ညွန့်က “ကိုင်းဖျားကိုင်းနား”ပါ။ ဗိုလ်သန်းရွှေကနတ်နေကိုင်းပါ။ ဗိုလ်စောမောင်က နတ်နေကိုင်းပါ။ နတ်နေကိုင်း (ချန်)ဖို့ ကိုင်းဖျားကိုင်းနားတွေကို (ချိုင်)ရပါတယ်။ ဒါတောင် တစုံလုံးတစ်စုလုံးအကျိုးစီးပွားနဲ့ယှဉ်ရင် တခါတလေမှာ နတ်နေကိုင်းပါအချိုင်ခံထိပါတယ်။ ဗိုလ်စောမောင်အဖြစ်ဟာ နတ်နေကိုင်းအချိုင်ခံထိတဲ့ အဖြစ်ပါ။ ပြန်ရှာဖတ်ရင် သူ့ဇနီးပြောခဲ့တာတွေနဲ့ ဦးအောင်လင်းထွဋ်တို့ပြောတာတွေမှာ တွေ့ရမှာပါ။ ဒါ့ကြောင့် တစ်စုံလုံးတစ်စုလုံးအကျိုးစီးပွား (စစ်အာဏာနဲ့စစ်စီးပွား)ဟာ ပင်စည်ပင်မပါ။ ထိပ်ဆုံးက နံပတ်ဝမ်းဟာ နတ်နေကိုင်းပါ။ Policy Maker ပါ Decision Maker ပါ။ (ဗိုလ်)ခင်ညွန့်တို့တတွေ က ပေါ်လစီတွေ၊ ဆုံးဖြတ်ချက်တွေကိုတက်တက်ကြွကြွ  စိတ်လိုလက်ရအကောင်အထည်ဖ်ာရတာပါ။ အကိုင်းအခက်တွေ ကိုင်းဖျားကိုင်းနားတွေပါ။ ဒါ့ကြောင့်မို့ ဒီဝေါရဟာရကို ရွေးသုံးရတာဖြစ်ပါတယ်။
နောက်ထပ် ကျနော့်အဆိုတခုကို ထပ်ပြီးတင်ပါ့မယ်။ အဲဒါကတော့ သိတ်မကြာခင်ကာလမှာ(ဗိုလ်) ခင်ညွန့်နဲ့စစ်ထောက်လှမ်းရေးများ၏ လူမဆန်သောရက်စက်မှုများစတဲ့သဘောမျိုး ခေါင်းစဉ်မျိုးနဲ့စာအုပ် (တွေ)ဖတ်ရတော့မယ်လို့ ထင်ပါတယ်။ (ဗိုလ်)ခင်ညွန့်ကို ကိုင်ပြီးနောက် တပ်ထဲမှာပြန်ရှင်းခဲ့တာတွေ ကတော့ လျှို့ဝှက်ဖိုင်လ်တွေအနေနဲ့ ရှိနေလောက်ပါတယ်။ ရှိကိုရှိနေရမှာလည်းဖြစ်ပါတယ်။ ခုလိုစာအုပ် သူတို့ကိုယ်တိုင်ထုတ်တော့ ဒါမှဟုတ် ထုတ်ခွင့်ပေးပြီးတော့ (ဗိုလ်)ခင်ညွန့်နဲ့(ကကလှမ်း)တွေလုပ်တာ တို့နဲ့မဆိုင်ဆိုပြီးကိုယ်လွတ်ရုန်းမယ့်အကွက်ရော (ဗိုလ်)ခင်ညွန့်အပုတ်ချပွဲရော တစ်ချက်ခုတ်နှစ် ချက်ပြတ်ဖစ်သွားမယ်လို့တွက်ပြီးလုပ်မယ်တွေးမိပါတယ်။ ဒါပေမယ့် သေချာမှ၊ သေချာချိန်မှစေ့စေ့စပ် ထုတ်မယ်၊ လုပ်မယ်ထင်ပါတယ်။ အဲ့ စာအုပ်ထုတ်တဲ့နေရာမလည်း သူတို့ကိုယ်တိုင်ရေးတာ၊ ထုတ်တာ ထက် (ဗိုလ်)ခင်ညွန့်ဒဏ် (တိုက်ရိုက်)ခံခဲ့ရသူတွေကို ရေးခွင့်ထုတ်ခွင့်ပေးတာက ပိုဖြစ်နိုင်ချေရှိပါတယ်။ ဒါက အမြင်ပိုလှသလို ပိုလည်းထိရောက်ပါတယ်။ အဲသလို ထုတ်မယ်၊ ထုတ်ခွင့်ပေးမယ်ဆို၊ ရေး ကြဟေ့ပြောကြဟေ့ဆို ရေးကြပြောကြမယ့်သူတွေများသလို ထုတ်ဝေချင်ကြမယ့်သူတွေလည်း နည်းလှမယ်မထင်ပါဘူး။ ရေးမယ့်ပြောမယ့်ထုတ်ဝေမယ့်သူတွေလက်ထဲက ရှိနှင့်ပြီးသားအချက် အလက်တွေ၊ ကိုယ်တိုင်ကြုံအဖြစ်သနစ်တွေအားလုံး တိတိကျကျထွက်ချလာမှာပါ။ ဖတ်ကြရမှာပါ။ ဒါ့အပြင် စစ်အုပ်စုဘက်ကလည်း ရေးမယ့်ပြောမယ့် ထုတ်ဝေမယ့်သူတွေလက်ထဲ မသိမသာရော သိသိသာသာရော လျှို့ဝှက်မှတ်တမ်းတွေ၊ ဖိုင်လ်တွေပေါက်ကြားပေးမှာပါ။ ပေါက်ကြားပေးတဲ့သူလည်း အပြစ်ယူမခံရတဲ့အပြင် သူကောင်းတောင်အပြုခံရဦးမယ်ထင်ပါရဲ့ဗျား။ သတိပြုမိတာက တစ်နွယ်ငင်လာမှာ၊ ပုတ်သင်ဥပေါ်လာမှာ၊ မြားဦးလည်လာမှာ၊ ပတ်ထမ်းနဲ့တွေ့မှာမျိုးတွေရှိနေသေးတယ် ဆိုရင်တော့ နှပ်ထားဦးမှာပါ။ အောင်ကြီးတို့ နေဝင်းတို့ စိန်လွင်တို့ သေသာသွားရော သမဂ္ဂအဆောက်အဦးဖြိုတဲ့ တရားခံပေါ်မလာပါဘူး။ ဖွင့်ဟဝန်ခံသွားတာမရှိပါဘူး။ အခု ဒီ အမြင်အပေါ်မှာလည်း ဝိုင်းဝန်းဆွေးနွေး ထောက်ပြဝေဘန်ကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျား။ (မျိုးမြင့်ချို)

Wednesday, June 22, 2011

ဖေ့စ်ဘွတ်ခ်ကရတဲ့ဆောင်းပါးပါ။

0 comments

[By Boston Cat]
အချိန်ကား ၁၆၃၃ ခုနှစ်။ ဂယ်လီလီယိုဆိုသူဟာ ရောမမြို့မှာ မိစ္ဆာဒိဌိဆိုတဲ့စွဲချက်နဲ့ တရားခွင်မှာ အစစ်ဆေးခံနေရပါတယ်။ ဖြစ်ရပုံက အခုကျွန်တော်တို့ သင်နေကြရတဲ့ နေစကြ၀ဠာမှာ နေကိုဗဟိုပြုပြီး ကျန်တဲ့ဂြိုဟ်တွေကလှည့်ပတ်နေကြတယ်ဆိုတဲ့ သူ့ရဲ့ အမြင်ကြောင့်ပါ။ နေဗဟိုပြု နေအဖွဲ့အစည်း (Heliocentric) လို့ခေါ်ပါတယ်။ ဒီစနစ် မတိုင်ခင်က လူသားများဟာ ကမ္ဘာကိုသာ နေနဲ့တကွအခြားသောဂြိုဟ်တွေက လှည့် ပတ်နေကြတယ်လို့ ယူဆခဲ့ကြတာပါ။ ကမ္ဘာဗဟိုနေအဖွဲ့အစည်း (Geocentric) လို့ ခေါ်နိုင်ပါတယ်။ ဒီ ကမ္ဘာဗဟိုပြုနေအဖွဲ့အစည်းအယူအဆကို လူသားတွေဟာ (၁၈) ရာစု မတိုင်ခင်အထိ နှစ်နှစ်ကာကာ လက်ခံလာခဲ့ကြတာပါ။ ဂယ်လီလီယို တရားခွင်ရောက် ရတဲ့အဖြစ်ကိုပဲကြည့်ပေါ့။ (၁၆) ရာစုလောက်ကဆိုရင် ကျွန်တော်တို့ ယနေ့ခေတ် လက်ခံကျင့်သုံးနေတဲ့ နေဗဟိုပြုစကြ၀ဠာစနစ်အယူအဆဟာ လူသားတွေနဲ့ ဘာသာတရားကိုစော်ကားတဲ့ မိစ္ဆာ ဒိဌိအယူအဆလို့ ခါးခါးသီးသီးသတ်မှတ်ခံခဲ့ရပါတယ်။ ဂယ်လီလီယိုက ကိုပါးနီးကပ်စ်နဲ့အယူအဆချင်း တူညီခဲ့တယ်။ တကယ်တော့ ဂယ်လီလီယိုဟာ ၁၆၁၆ ခုနှစ်ကထဲက ဘုရားကျောင်းတော်နဲ့ အမြင်မကြည်မှုရှိခဲ့တာပါ။ အဲဒီအချိန် ကထဲက သူ့ရဲ့အမြင်တွေကို ဘယ်သူ့ကိုမှမပြောဖို့နဲ့မသင်ပေးဖို့ ကျောင်းတော်က တားမြစ်ခဲ့ပါတယ်။ တားမြစ်ချက်ကို ဂယ်လီလီယိုက သဘောမတူရင် သူဟာ ဘုရားကျောင်းရဲ့ ထောင်သွင်းအကျဉ်းချအပြစ်ပေးခံရမှာ ဖြစ်ပါတယ်။ ဂယ်လီလီယိုရဲ့အမှုမှာ သူ့ကိုအပြစ်ပေးနိုင်ဖို့အတွက် အဓိကအချက်ကြီး သုံးချက်ရှိပါတယ်။

ပထမဆုံးအနေနဲ့ ဂယ်လီလီယိုအမှုမှာ သူရဲ့ နေဗဟိုပြုအယူအဆကို စွန့်လွှတ်ဖို့လိုအပ်ပါတယ်။ သူ့အယူအဆတွေ ဟာ ဒဿနအစစ်အမှန်မှာ အခြေခံထားခြင်းမရှိဘဲ အမှားတွေသာဖြစ်ကြောင်း ၀န်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် သမ္မာ ကျမ်းစာရဲ့ အလိုနဲ့လည်း ဆန့်ကျင်နေပါတယ်။ ဒီအတွက်ကြောင့်ပဲ သူဟာ ကမ္ဘာမြေအပေါ်မှာထားတဲ့ သူ့ရဲ့အမြင်ကို လည်း စွန့်လွှတ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ သူ့ရဲ့အမြင်အရ ကမ္ဘာဟာ ကောင်းကင်ဘုံနဲ့ အလွန်ဝေးကွာနေပြီး အနည်း ဆုံးအားဖြင့် မှားယွင်းစွာယုံကြည်နေမှုသာဖြစ်တယ်လို့ ဆိုပါတယ်။ ဂယ်လီလီယိုဟာ ပထမ အကျဉ်းချခံခဲ့ရတယ်၊ နောက်တော့ သူ့ရဲ့ပြစ်ဒဏ်ကို တစ်စုံတစ်ခုသောအကြောင်းကြောင့် နေအိမ်အကျယ်ချုပ်အဖြစ် လျှော့ချခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့နောက်ပိုင်းဘ၀ တစ်လျှောက်လုံးပါပဲ။ ဂယ်လီလီယိုရဲ့အမှုကြောင့် သူ့ရဲ့စာအုပ်တွေအားလုံးဟာ ပိတ် ပင်ခြင်းခံခဲ့ရပြီး ပုံနှိပ်ထုတ်ဝေခွင့်ကိုလည်း လုံးဝတားမြစ်ခံခဲ့ရပါတယ်။

ဂယ်လီလီယိုရဲ့ အမှုဟာ ၁၉၉၀ ပြည့်မတိုင်မီအထိ ဘာသာရေးနဲ့ သိပ္ပံပညာတို့ရဲ့တိုက်ပွဲအဖြစ် တည်ရှိနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ (၁၅) ရက်နေ့မှာတော့ ကာဒီနယ် ရာဇင်ဂါ (Cardinal Ratzinger) က ဂယ်လီလီယို၏ တရားခွင်နဲ့ပတ်သက်တဲ့ တွေ့ရှိချက်တစ်ခုကို တစ်စွန်းတစ်စဖွင့်ဟခဲ့ပါတယ်။ မော်ဒန်ကာလက လူတွေဟာ ဘယ်လောက် သံသယအတိုင်းအဆရှိတယ်ဆိုတာပြသတဲ့ ဖြစ်ရပ်တစ်ခုလို့ သူက ဆိုခဲ့ပါတယ်။

ရာဇင်ဂါရဲ့အဆိုအရ ဂယ်လီလီယိုရဲ့တရားခွင်ဟာ ထိုအချိန်ကာလအနေနဲ့ကြည့်ရင် ကျိုးကြောင်းဆီလျော်မှုရှိပြီး ယုတ္တိကျတဲ့ စီရင်မှုတစ်ခုသာဖြစ်ပါတယ်။ ဘုရားကျောင်းတော်ဟာ ဂယ်လီလီယိုထက်စာရင်တောင်မှ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိခဲ့ပါတယ်။ ကျင့်ဝတ်ပိုင်းအရ၊ လူမှုရေးပိုင်းအရ ကောင်းကျိုးဆိုးပြစ်တွေကို အသေအချာ တွက် ဆခဲ့တာပါလို့ဆိုတယ်။ ဒါဟာ ဘာသာရေးဆိုင်ရာ ပြစ်ဒဏ်တစ်ခုမျှသာမဟုတ်ပါဘူးလို့ ရာဇင်ဂါက သူ့ရဲ့ယုတ္တိအရ ဆိုပါတယ်။ ဤနည်းအားဖြင့် သူက ဘုရားကျောင်းတော်ရဲ့ဆုံးဖြတ်ချက်ကို ဖာထေးဖို့ကြိုးစားခဲ့ပါတယ်။ ပုပ်ဂျွန်ပေါ () (Pope John Paul II) ပုပ်ရဟန်းမင်းကြီးနေရာ ရလာတဲ့အချိန်မှာတော့ ဘုရားကျောင်းတော်ရဲ့ အနေအထား ဟာ နူးညံ့ပျော့ပြောင်းလာခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာတော့ ကက်သလစ်ကျောင်းတော်က ဂယ်လီလီယိုရဲ့အမှုကို တောင်းပန်ခြင်းအားဖြင့် ပယ်ဖျက်ခဲ့ ပါတယ်။ သူဟာ မှားယွင်းစွပ်စွဲခံရခြင်းသာဖြစ်ပြီး အပြစ်မရှိကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ထောင် စုနှစ်တစ်စုအကျော်က ကျောင်းတော်ကကျူးလွန်ခဲ့တဲ့ ကြမ်းတမ်းရက်စက်မှုနဲ့ တရားမမျှတမှုအတွက် ၀န်ချတောင်း ပန်ကြောင်း ပုပ်ဂျွန်ပေါ () က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

အမှန်တရားတစ်ခုကို လူသားများလက်ခံနိုင်ဖို့ အချိန် ဘယ်လောက်ယူရပါသလဲ။ အကယ်၍ နှစ်ပေါင်း ၁၀၀၀ ဟု ဆိုလျှင် အရမ်းကြာလွန်းမယ်ထင်ပါတယ်။ အဲဒီအမှန်တရားကရော သေချာမှုပမာဏ ဘယ်လောက်ရှိပါသလဲ။ ခေတ်သစ် ဂယ်လီလီယိုများ ထပ်ပေါ်လာလျှင် ပြောင်းရဦးမှာလား။ ဒီလိုတွေ တွေးမိရင်း ဖတ်ခဲ့ဖူးတဲ့ ဟာသလေး တစ်ခုကို သွားသတိရမိပါတယ်။

ဆရာ နေဟာ ကမ္ဘာကြီးရဲ့အထက်ကနေဖြတ်ပြီး အရှေ့မှအနောက်သို့ သွားလေ့ရှိတယ်။ ထူးခြားတာကတော့ နေ့ အခါမှာသာ ဖြတ်သွားလေ့ရှိပြီး ညအခါ လုံးဝဖြတ်မသွားတာပဲ။

တပည့် အဲလိုမဟုတ်ဘူးဆရာ။ ကမ္ဘာကြီးက မိမိရဲ့ဝင်ရိုးပေါ်မှာ ၂၃ ဒီဂရီတိမ်းစောင်းပြီး ၂၄ နာရီလျှင် တစ်ပတ်နှုန်း နဲ့ လည်ပတ်

ဆရာ တိတ်စမ်း။ မင်းပြောတာက စာအုပ်ထဲကဟာတွေ၊ ဆရာအားလုံးသိတယ်။ ခု ဆရာပြောတာက စာတွေ့မ ဟုတ်ဘူး။ ကိုယ်တွေ့ကွကိုယ်တွေ့

ကိုယ်တွေ့အားဖြင့်ပြောကြေးဆိုရင် ကမ္ဘာကြီးလုံးတယ် ဆိုရာမှာတောင် လက်ခံနိုင်ဖို့ခက်ပါလိမ့်မယ်။ လက်တွေ့ မြင်နေရတဲ့ ကမ္ဘာမြေပြင်ကတော့ ပြားပြားကြီးပဲမဟုတ်လား။ ဒီလိုဆို ကမ္ဘာကြီးပြားတယ်လို့ပဲ (The World is Flat ကမ္ဘာပြားဖြစ်စဉ်နှင့် မသက်ဆိုင်ပါ) ကိုယ်တွေ့အားဖြင့် ဇွတ်ပြောနေရမှာလား။ ဒီလိုတော့ တော်မည်မထင်ပါ။ ယခုလောလောဆယ်အခြေအနေတွင် ကမ္ဘာက နေကိုလှည့်ပတ်နေသည်ဟူသော သိပ္ပံပညာကပေးသည့် အဖြေ ကိုသာ လက်ခံထားခြင်းဟာ အကျိုးအကြောင်းဆီလျော်ပါတယ်။

အိန်းစတိန်းက "Science without religion is lame, religion without science is blind." လို့ ဆိုခဲ့ ပါတယ်။ သိပ္ပံမပါတဲ့ ဘာသာရေးဟာ အကျိုး၊ ဘာသာရေးမပါတဲ့ သိပ္ပံဟာ အကန်းပါတဲ့။ ဒါပေမဲ့ ခက်တာက အဲဒီ အကျိုးနဲ့အကန်းကလည်း အစေးကပ်ကြတာမဟုတ်တော့အကျိုးကလည်း ထော့ကျိုးထော့ကျိုးနဲ့ တရွေ့ရွေ့ ကိုယ့်ဘာကိုယ်ခရီးဆက်၊ အကန်းကလည်း စမ်းတ၀ါးဝါးနဲ့ ယောင်ကန်းကန်း ခရီးနှင်ဖြစ်နေတာပါပဲ။ ဒါပေမဲ့ ဒီ အဆိုကို သိပ်သဘောကျလှတယ်တော့ မဟုတ်ဘူး။ အထူးသဖြင့် ရီးလေးဂျင်းမပါတဲ့ သိပ္ပံပညာဟာ အကန်းဖြစ် တယ်ဆိုတာ သဘာဝမကျလှပါဘူး။ အိန်းစတိန်းကြီးက တင်စားပြီးပြောခဲ့တယ်လို့ပဲ မှတ်ယူပါတယ်။

ယနေ့ခေတ်လူသားများအဖို့ သိပ္ပံပညာတွေ့ရှိချက်တွေကို ဇွတ်တင်းငြင်းဆန်ဖို့ရာ ခက်ပါတယ်။ ငြင်းချင်းငြင်းရင် ဘာသာရေးဆိုင်ရာ အမှန်တရားတွေကိုပဲ ငြင်းပယ်နိုင်မှာပါ။ သိပ္ပံပညာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူ့အဖွဲ့ အစည်းထဲမှာ အသက်ရှင်နေရတော့ ဘုရားသခင်ကဖန်ဆင်းထားတာပါဆိုပြီး ကျေးဇူးတင်နေရင်လည်း အရာရောက် လှမှာမဟုတ်ပါဘူး။ ဒါကို ငြင်းချင်တယ်ဆိုရင်ဖြင့်ဂယ်လီလီယိုရဲ့ တရားခွင်ကို သက်သေအဖြစ် ကြည့်မြင်နိုင်ပါ လိမ့်မယ်။

ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ဟာ နေအဖွဲ့အစည်းမှာတောင် သိပ်အရေးမပါလှတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးပါ။ နေမင်း ကြီးကို ခခယယ ၀ိုင်းကြီးပတ်ပတ်လှည့်နေရတဲ့ဘ၀ပါ။ ဗဟိုမဟုတ်ပါဘူး။ အဲဒီ ပေစုတ်စုတ် ဂြိုဟ်ကလေးပေါ်က ဇနပုဒ်နိုင်ငံလေးတစ်နိုင်ငံမှာ အခြေခံလူတန်းစားဘ၀နဲ့နေရတဲ့ လူတစ်ယောက်ရဲ့အတ္တက ဘယ်လောက်များ အရေးပါပါသလဲ။ နှိုင်းယှဉ်သုံးသပ်နည်းနဲ့ စဉ်းစားကြည့်ရင် လူ့ဖြစ်တည်မှုရဲ့သေးသိမ်မှုကို မြင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အမြဲတမ်းခေါင်းမာခဲ့ကြတယ် မဟုတ်လား။ ဂယ်လီလီယိုကို နှစ်ပေါင်းများစွာ မျက်ကွယ်ပြု ထားခဲ့ကြတယ်မဟုတ်လား။ သူပြောခဲ့တဲ့ အမှန်တရားဆိုတာကို ကျွန်တော်တို့က ဘာသာရေးဆိုတဲ့အမှားနံရံတွေနဲ့ ပိတ်ဆို့ထားခဲ့တယ်မဟုတ်လား။ အချုပ်အားဖြင့် ပြောရလျှင်လူ့ဖြစ်တည်မှုဟာ သေးသိမ်ပါတယ်။ စကြ၀ဠာကြီး ထဲမှာ လူသားများမှာ မြူမှုန်ငယ်ကလေးတွေမျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အတ္တက အရွယ်အစားချင်း မမျှအောင် ကြီးမားပါတယ်။ အမှန်ကိုလက်ခံနိုင်စွမ်းက ကြောက်စရာကောင်းလောက်အောင်ကို အားနည်းပါတယ်။ ကာဆီးထားတဲ့ အမှားနံရံတွေဟာ တဖြည်းဖြည်းပိုကျလာပြီလို့တော့ အကောင်းမြင်ပါတယ်။ ဒါပေမဲ့ အဲဒီနံရံတွေ အားလုံး ပြိုကျပျက်စီးသွားပြီးတဲ့အခါမှာ လူသားဟာ လွင်တီးခေါင် လေကြမ်းကြမ်းကွင်းပြင်မှာ အကာအရံမရှိ အထီးကျန်ဖြစ်တည်မှုအဖြစ်သာ မိမိရဲ့အတ္တကို မြင်တွေ့ရပါလိမ့်မယ်

တေဇာ - လရောင်လမ်းအောက်တိုဘာ (၂၁) ၂၀၀၉