Saturday, January 28, 2023

ကညွှတ်ကွင်းအိမ်ပြေး(၂)

0 comments

ကညွှတ်ကွင်းအိမ်ပြေး(၂)

ကျနော်လည်း ဒေါ်ခနောက်မှ ခတ်ရို့ရို့လေး အထဲဝင်လိုက်လာပါသည်။ ကဖိုးထောင် ဒီမှာ အရက်ဝယ်လာတယ်၊ သားတယောက်လည်း ကောက်ရခဲ့တယ်ဟုပြောရင်း အရက်ပုလင်းကိုပေးကာ ကျွန်တော့်အား မေးဆတ်ပြပြီး မီးဖိုဘက်သို့သွားပါသည်။ 

 

မေးဆတ်ပြသည့် သဘောက သူသင်ထားသလို အဖေဟု ခေါ်လိုက်ခေါ်လိုက်ဟူသည့်အနက်ပင် ဖြစ်ပါသည်။ ကွန်ကိုသဲကြီးမဲကြီးငုံ့ထိုးနေသည့် ဦးဖိုးထောင်မှာ သည့်တော့မှ တချက်မော့ကြည့်ပြီး ဟာ..ငါ့ကောင်က လူချောပဲ နံမည်က ဘာတဲ့တုန်း၊ ဒီကို ဘယ်လိုရောက်လာတာတုန်းဟုမေးရင်း တဆက်တည်း မိခရေ ကြောင်အိမ်ထဲက ကြွက်ကြော်ပန်းကန်ယူခဲ့၊ ပြီးတော့ အကြမ်းပန်းကန်နဲ့ ရေတဖလားလည် ဆွဲခဲ့ဟု လှမ်းအော်ပါသည်။ 

 

ဦးဖိုးထောင်မှာ သာမန်လယ်သမားတဦးလိုရုပ်ရည်ရှိပြီး တောသားကြီးနှင့်တူပါသည်။ စကားပြောလျှင် အားရပါးရ အကျယ်ကြီးပြောတတ်ပါသည်။ အသက် ၆၀ ခန့်ရှိပြီး တောင့်တောင့်တင်းတင်း သန်သန်မာမာဖြစ်ပါသည်။ အသားမဲသည်ဟုပြောရမလောက်အောင် ညိုပါသည်။ သွက်သွက်လက်လက်ရှိမည့်ပုံ ပေါ်ပါသည်။ 

 

ကျွန်တော့်နံမည်မျိုးမြင့်ပါ၊ ရန်ကုန်ကပါ၊  ကျောင်းပြေးတာများပြီး အိမ်မပြန်ရဲတာနဲ့ အိမ်ကပြေးလာတာပါ။ ဒီဘူတာရောက်တော့ ဆင်းချင်စိတ်ပေါ်လာတာနဲ့ဆင်းလိုက်တာပါ၊ ဗိုက်ဆာနေတာလည်း ပါပါတယ်၊ ဖိနပ်သဲကြိုးကလည်း သူများနောက်ကနေတက်နင်းလို့ ပြတ်သွားပါတယ်၊ အဲ့ဒါ ဈေးနားမှာ ဘာလုပ်ရမှန်းမသိဘဲ ရပ်နေတုန်း ဒေါ်လေးနဲ့တွေ့ပြီး ဒီကိုရောက်လာတာပါအဖေဟုဆိုတော့ သူက ဟေ...မင်း ငါ့ကို အဖေခေါ်တယ် ဟုတ်လားဟုပြောပြီး ဖင်ရွှေ့ကာ ကျွန်တော့်အနားတိုးလာပါသည်။ 

 

ထိုအချိန်တွင် ဒေါ်ခက ကြွက်ကြော်ပန်းကန်၊ ရေတဖလားနှင့် အကြမ်းပန်းကန်လုံးတလုံးယူကာ ကျွန်တော်တို့ဆီ ရောက်လာပါသည်။ ကဖိုးထောင် သားက လူချောနော်၊ ကုလားဆင်လေး၊ ဒို့မွေးစားလိုက်ရရင် ဘယ့်နှယ်လဲဟု ပြောပါသည်။  အေးဟုတ်တယ် ဒါပေမယ့် သူ့အဖေအမေတွေက ဘယ်သူတွေလဲ၊ ဘာလုပ်တာလဲ အဲ့ဒါတွေမှမသိတာ၊ တော်ကြာနေ ရုံးရောက်ဂတ်ရောက်တွေဖြစ်မှ ခက်မယ်ဟုပြောရင်း အရက်ငှဲ့ပါသည်။  ကြွက်ကြော်လေးဝါးလိုက် အရက်လေးသောက်လိုက်နှင့် သုံးလေးခွက်လောက်ရှိမှ အေးအေး အဲ့ဒါတွေထားလိုက်၊ နောက်တော့ ပြောတာပေါ့၊ မင်းကိုယ်က နံနေတယ်၊ ငါလည်း ရေမချိုးရသေးဘူး၊ လာ မင်းနဲ့ငါ ရေသွားချိုးမယ်ဟုပြောကာ ထပါသည်။ 

 

ကျွန်တော်တို့ နှစ်ယောက်သား  တဲနှင့်မနီးမဝေး ခြံအစပ်တွင်ရှိသည့် ရေတွင်းဆီသွားကြပါသည်။ ကျွန်တော့်တွင် ခါးဝတ်ခါးစားသာပါပါသည်။ ရေချိုးရန် ရေလဲပုဆိုးတို့ သဘက်တို့ ဆပ်ပြာတို့လည်း မပါပါ။ သူကတော့ ပုဆိုးဟောင်းတထည်ကိုခေါင်းပတ်ကာ ပုဆိုးတိုတိုနှင့်ဖြစ်ပါသည်။ ကျွန်တော် ရေလည်း ချိုးချင်နေပါသည်။ သို့သော် ရေကို ဘယ်လိုချိုးရမလဲဟုတွေးနေတုန်း ဦးဖိုးထောင်က သား..အဝတ်အစားတွေ ချွတ်လိုက်ဟု သာမန်ပြောသလို ပြောရင်း ကျွန်တော့်အင်္ကျီကြယ်သီးတွေ ကူဖြုတ်ပေးပါသည်၊ ပုဆိုးလည်းချွတ်၊ ဘောင်းဘီပါရင် ဘောင်းဘီလည်းချွတ် ဟု ပြောပါသည်။ ကျွန်တော်က ရှက်ပြီးဘာလုပ်ရမှန်းမသိဖြစ်နေပါသည်။ လူပျိုပေါက်အရွယ်မို့ ရှက်ရကောင်းမှန်း သိသော်လည်း တခြားလည်းရွေးချယ်နေစရာမရှိပါ။ ရှက်မနေနဲ့သား၊ ဘယ်သူမှမရှိဘူးဟု ဖခင်ဆန်ဆန်ပြောသည့် သူ့အသံကြောင့်  အားလုံးချွတ်ချလိုက်ပါသည်။ သူ့အသံတွင် ဖခင်ရင်းတယောက်၏ကြင်နာဟန်မျိုး ပါသည်ဟု ခံစားရပါသည်။ ကျွန်တော့် ကိုယ်လုံးတီးနှင့် ဂွေးငေါက်တောက်လေးကိုမြင်တော့ ဟား...မင်းက မွတ်စလင်ကိုးဟု ပြောရင်း ရယ်ပါသည်။ 

 

ရေတွင်းထဲကရေကိုငင်ပြီး တယောက်တပုံး သုံးပုံးလောက်လောင်းပြီးသည့်အခါ ရေတွင်းဘောင်ပေါ်မှ ဆင်ခြေးတုံး ဆပ်ပြာအမဲကြီးနှင့် သူရော ကျွန်တော့်ကိုပါတိုက်ပေးပါသည်။ တကိုယ်လုံး အကြိုအကြားမကျန်အောင်တိုက်ပြီး ချေးလည်းတွန်းပေးပါသည်။ သူ့လက်မှာ ကြမ်းသဖြင့် အသားနုသည့်နေရာများတွင် နည်းနည်းနာသလိုဖြစ်ပါသည်။ ဆပ်ပြာတိုက်ချေးတွန်းပြီး နောက်ထပ် ရေဆယ်ပုံးခန့်လောင်းပေးပါသည်။ ဆပ်ပြာစင်ရန် ရေလောင်းလိုက်ပွတ်လိုက် လုပ်ရင်း ပေါင်ခြံကြားတွေရောက်သည့်အခါ အဲ့ဒီနေရာက ဆပ်ပြာစင်မှကွ၊ နို့မဟုတ်ရင် ဂျွတ်ပေါက်တတ်တယ်ဟု ပြောပါသည်။ ကျွန်တော်က ဂျွတ်ဆိုသည်မှာ ဘာမှန်းမသိပါ။ 

 

ရေချိုးပြီးတော့ သူ ခေါင်းပေါင်း ပေါင်းထားသည့် ပုဆိုးဟောင်းနှင့် ကျွန်တော့်တကိုယ်လုံး သုတ်ပေးပါသည်။ သား ဒီမှာ ခဏနေဦး အဖေ အတို့အမြှုပ်လေး နည်းနည်းခူးလိုက်ဦးမယ်ဆိုကာ ကျွန်တော့အား ဖင်တုံးလုံးထားခဲ့ပြီး  ရေတွင်းနှင့် ခြေလှမ်းနှစ်ဆယ်ခန့်ရှိသည့် ကန်လေးသို့ သွားပါသည်။ ကန်ထဲက ဉာဏ်ညွန့် ကန်စွန်းရိုးနီနှင့် ကညှို့တွေခူးပြီး ပြန်ရောက်လာပါသည်။ တွင်းရေနှင့် စင်စင်ဆေးသင်ရင်း ဒီကောင်တွေက အစိမ်းတို့မှကောင်းတာ၊ ဒါပေမဲ့ ရေနွေးလေးဖျောမှရတယ်၊ နို့မဟုတ်ရင် ဝမ်းကိုက်တာတို့ဘာတို့ဖြစ်တတ်တယ်ဟု ပါးစပ်ကလည်းပြောပါသည်။ ပြီးတော့ ခုန ကျွန်တော့်ကိုသုတ်ပေးသည် ခေါင်းပေါင်းပုဆိုးကို လဲပါသည်။ ရေစိုပုဆိုးကို ညှစ်ပြီးပခုံးပေါ်တင်ကာ  သွားကြစို့ဟုပြောပါသည်။ ကျွန်တော်က အဖေ ရေစိုအဝတ်တွေ ဒီအတိုင်းထားရမှာလား၊ ပြီးတော့ကျွန်တော်လည်း ဒီအတိုင်းသွားရမှာလားဟုမေးပါသည်။ အေး ဒီအတိုင်းထားခဲ့ မင်းအမေချိုးမှ လျှော်လိမ့်မယ်၊ မင်းလည်း ဒီအတိုင်း  လာပေါ့၊ အိမ်မှာ ဘယ်သူရှိတာမှတ်လို့၊ တဲရောက်တော့ အဝတ်လဲတာပေါ့၊ အဖေ့မှာ ပုဆိုးအင်္ကျီအပိုရှိတယ်ဟု ပြောရင်း ရှေ့ကနေ ယိုင်တိယိုင်တိုင်နှင့်ထွက်သွားသဖြင့် ကျွန်တော်လည်း နောက်ကနေလိုက်လာပါသည်။ (ဆက်ပါဦးမည်)

ကညွှတ်ကွင်းအိမ်ပြေး (၁)

0 comments

ကညွှတ်ကွင်းအိမ်ပြေး (၁)

ဒေါ်ခသည် ကညွှတ်ကွင်းတွင်နေပါသည်။ ကညွှတ်ကွင်းသည် သခင်သန်းထွန်း၏ ချက်မြုတ်မြေဖြစ်ပါသည်။ ဒေါ်ခနှင့်သခင်သန်းထွန်း ဘာအဆက်အစပ်မှမရှိသလို ကျနော်နှင့်ဒေါ်ခလည်း ဘာသွေးသားမှ မတော်စပ်ပါ။ ဒေါ်ခဆိုသည်မှာလည်း သူပြောလို့သိရသည့် သူ့နံမည်ဖြစ်ပါသည်။ နားပေါင်ဟောင်းလောင်းနှင့် ဒေါ်ခမှာ ပါးချိုင့်ချိုင့် မေးရိုးပေါ်ပေါ်  နှာတံစင်းစင်း မျက်လုံးမျက်ခုံးကောင်းကောင်းနှင့်ဆိုသော်လည်း ရုပ်မှာ အိုစနာကျသလိုဖြစ်နေပါသည်။ အသက် ၆၀ ခန့်ရှိမည့်ပုံ ပေါ်နေပါသည်။

 

ဒေါခနှင့်ကျွန်တော် တွေ့ပုံမှာ ဤသို့ဖြစ်ပါသည်။ တရက် ကျနော် အိမ်ပြေးဘဝနှင့်  ကညွှတ်ကွင်းဈေးနားတွင်ယောင်လည်လည်ဖြစ်နေချိန်တွင် ဟင်းရွက်ကန်စွန်းဗန်းကြီး ခေါင်းပေါ်တင်ကာ အသီးအရွက်စုံရမယ် အသီးအရွက်စုံ ဟုအော်ရင်း ကျနော့်နား ရောက်လာသည့်ဒေါ်ခက ငါ့သားကကျောင်းသားလား ဒီမှာဘာလာလုပ်နေတာလဲဟု မေးပါသည်။ ထိုအချိန်က ကျနော့်လက်ထဲ ပိုက်ဆံငါးမူးလောက်ပဲ ရှိပါတော့သည်။ ဖိနပ်ကလည်း ပြတ်နေသဖြင့် လက်ကကိုင်ထားရပါသည်။ ဗိုက်ကလည်း အတော့်ကိုဆာနေပါသည်။ ကျောင်းလွယ်အိတ်နှင့်ဖြစ်ပါသည်။ ဒေါ်လေး ကျနော် ရန်ကုန်ကပါ အိမ်ပြေးလာတာပါ၊ ဒီက ကျောင်းသား မဟုတ်ပါဘူး ဗိုက်လည်းဆာနေလို့ဟုဆိုတော့ ဟယ် ဒါဆိုလာ ဒေါ်လေး ထမင်းဘဲဥဟင်း လိုက်ကျွေးမယ်ဆိုပြီး ဈေးစပ်နား ခေါ်သွားပါသည်။ ဆိုင်ရောက်တော့ ဟေ့ မယ်မျှင်း ဒါငါ့တူ ရန်ကုန်က ဒီကိုလာတာ အဲ့ဒါဘဲဥချဉ်ရေနဲ့ ထမင်းတပွဲထည့်ပေးလိုက်၊ ငါ အခုပြန်လာခဲ့မယ်ဆိုပြီး ထွက်သွားပါသည်။

 

ကျနော်လည်း စိတ်ပူပူ ဘုမသိဘမသိနှင့် တဝကြုံးပါတော့သည်။ ငါးပိရည်ကျို တို့စရာတွေကလည်း တပုံကြီး ပါပါသည်။ လိုက်ပွဲပါ တောင်းပါသေးသည်။ ခနနေတော့ ဒေါ်ခပြန်ရောက်လာပါသည်။ ထမင်းဖိုး တကျပ်ခွဲရှင်းပြီးတော့ သူ့ ဘေးလွယ်လိပ်လေးထဲမှ လက်ဝါးတံဆိပ် ရော်ဘာဖိနပ်အသစ်လေးပါ ထုတ်ပေးပါသည်။ ကျနော်ဝမ်းသာ၍ ငိုမိမလိုဖြစ်ပါသည်။ ဒေါ်ခက မငိုနဲ့တိတ်တိတ် လာ ဒေါ်လေးနောက်လိုက်ခဲ့ နောက် တပတ်လောက်ပတ်လိုက်ရင် ဒါတွေကုန်ပြီဆိုကာ သူ့ ကုန်စိမ်းဗန်းကြီးကို ထိုးပြပါသည်။ ဒါနှင့် ကျနော်လည်း ဖိနပ်သစ်ကလေးစီး၍ သူ့နောက်က တကောက်ကောက်လိုက်ကာ ရပ်ကွက်တပတ်ပတ်တော့ သူပြောသလို အကုန်ကုန်သွားပါသည်။ ပိုက်ဆံတွက် ကြည့်တော့ အားလုံး ဆယ့်ရှစ်ကျပ်လောက် ရသည်ဟုထင်ပါသည်။ ဈေးလည်းကွဲသွားပါပြီ။

 

ပြန်ကြမယ် ဟင်းစားလေး နည်းနည်းဝင်ဝယ်မယ်ဆိုကာ ဈေးထဲဝင်ပြီး ဘဲဥလေး လေးငါးလုံး၊  ခရမ်းချဉ်သီးလေး ၂လုံး ၃လုံးဝယ်ပြီး ပြန်လာကြပါသည်။ လမ်းတဝက်ရောက်တော့ ကျနော် တခါမှမမြင်ဖူးသည့် သူယောက်ျားအား နင့်ဦးလေးအတွက် ချက်အရက်လေးတလုံးဝယ်ရမယ်။ ခမျာပင်ပမ်းရှာတယ်ဟုပြောကာ အရက်ပုန်းဆိုင်လေးမှ တောအရက်တလုံး ဝယ်ပါသည်။ ဆိုင်ရှင် မျက်စိစွေစောင်းစောင်းနှင့်လူက ဒေါ်ခ ပုလင်းခွံတော့ ပြန်လာပေးဦးနော်ဆိုတော့ ဟဲ့ ငါပြန်လာမပေးတာများရှိဖူးလားဟု ပြန်ငေါက်ပါသည်။ ပြီးနောက် လာ သား သွားကြမယ်ဆိုပြီး ဗန်းကြီးတဖက် ပုလင်းတဘက်နှင့် အိမ်ပြန်ရောက်လာပါသည်။ ချွေးတွေစို့နေသည့် သူ့မျက်နှာမှာ ကြင်နာတတ်သည့်အရိပ်အရောင်များ ပေါ်နေပါသည်။ ဝမ်းလည်း သာနေသလိုနှင့် ပြုံးပြုံးရွှင်ရွှင်ဖြစ်နေပါသည်။  ဒေါ်ခပြောသည့် ကွင်းစပ်နားကအိမ်ဆိုသည်မှာ မြေစိုက် တဲရှည်ရှည်ကြီးတလုံးဖြစ်ပါသည်။ နွားတင်းကုပ်အကြီးကြီးနှင့် တူပါသည်။ ကုန်းမို့မို့လေးအပေါ်တွင် ဆောက်ထားခြင်းဖြစ်ပါသည်။  နွားသုံးကောင်ကိုလည်း ထိုတဲကြီး၏ အစွန်းဘက်တွင် ကောက်ရိုးစားနေတာ တွေ့ရပါသည်။ ကြောင် သုံးလေးကောင်နှင့် ခွေးသုံးကောင်လည်း တွေ့ပါသည်။

 

သား ဒါ ဒေါ်လေးတို့အိမ်ဘဲ။ အထဲမှာ ဦးလေးရှိတယ် ကွန် ထိုးနေတယ်။ ဒေါ်လေးတို့မှာ သားသမီးမရှိဘူး။ နင့်ဦးလေးကအဖေ သိတ်အခေါ်ခံချင်တာ။ နင့်ဦးလေးကိုတွေ့ရင် အဖေလို့သာခေါ်လိုက် ကြားလားဟုပြောပါသည်။ (ဆက်ပါဦးမည်)

Wednesday, January 25, 2023

လူများ(၂)

0 comments

လူများ(၂)

ကျွန်တော့်ကို ဘိန်းရှူဖူးအောင် နည်းပေးလမ်းပြလုပ်သူမှာ မိုးမိတ်မြို့အထွက် ရဲဂိတ်မှ ရဲတပ်ကြပ်ကြီး မြင့်အောင် ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်တို့ မိုးမိတ်တွင် စခန်းထိုင်နေချိန်ဖြစ်ပါသည်။ ကျွန်တော့်အသက်မှာ ၂၀ ခန့်ရှိပါပြီ။ အားလျှင် အရပ်ဝတ်ဝတ်ပြီး ရဲကင်းသို့သွားကာ ရဲများနှင့် စကားပြောပါသည်။ ရဲကင်းမှနေ၍ ရွာများမှ ဈေးလာရောင်းသည့် ရှမ်း၊ ပလောင်၊ လီဆူးစသည့် ကောင်မလေးများကို ငေးပါသည်။

ဤတွင် တပ်ကြပ်ကြီးမြင့်အောင်နှင့် သိကျွမ်းသွားရပါသည်။ ကျွန်တော်က သူ့သားအရွယ်မို့ ကျွန်တော့်အား ဘီအီးလေး ငါ့သားလေးဟုခေါ်ပါသည်။ အလွန်ဖော်ရွေသူဖြစ်ပါသည်။ အချိန်တိုင်းလိုလို ရေနွေးကြမ်းကိုသောက်နေတတ်ပြီး သူသောက်သည့်ရေနွေးကြမ်းမှာ အလွန်ခါးပါသည်။ အစကတော့ လဘက်ခြောက်အလကားရ၍ ဤမျှခါးခါး သောက်နေသည်ဟုထင်ပါသည်။

သူ့မျက်နှာမှာ ပွစိစိနှင့် လူကလည်း ဗိုက်ပူနံကားလိုဖြစ်ပါသည်။ လူက တောင့်တောင့်တင်းမရှိသလို ယူနီဖောင်းကိုလည်း ဖရိုဖရဲဝတ်တတ်ပါသည်။ ဘယ်တော့မှ သပ်သပ်ရပ်ရပ်မရှိသူဖြစ်ပါသည်။ ဦးထုတ်ကို ခေါင်းပေါ်တင်ရုံဆောင်းပြီး စတင်းဂန်းကိုပခုံးတွင်လွယ်ကာ မြို့ဝင်မြို့ထွက်များကို စစ်ဆေးစရာရှိစစ်ဆေး၊ ရှာဖွေစရာ စရာရှိရှာဖွေပါသည်။ ဈေးသည်လေးများက လက်ဆောင်သဘော လာဘ်ထိုးသည့်သဘော လဘက်ခြောက်၊ အသီးအနှံလေးများနှင့် တောကောင်အသားလေးများပေးလျှင် ပြုံးပြုံးပြုံးပြုံးနှင့်ယူပြီး သူ့ရဲဘော်တွေနှင့်အတူ ချက်ပြုတ်စားပါသည်။ ယူတိုင်းလည်း စေတနာရှိမှပေးနော်၊ စေတနာမရှိရင် မပေးနဲ့၊ တို့က အလကားဘာမှ မလိုချင်ဘူး၊ တို့က ရဲ၊ ရဲမှ ပြည်သူ့ရဲဟု ပြောပါသည်။ တပ်ကြပ်ကြီးသည် ဆေးလိပ်မသောက် အရက်မသောက်ပါ။ ကျွန်တော်က တခါတလေ ဆေးရည်စိမ် အရက်များသောက်လျှင် မသောက်နဲ့ကွ အရက်ကကြမ်းတယ်ဟုပြောပါသည်။

တနေ့သူက မြို့ထဲသွားရအောင်ဟုခေါ်ပါသည်။ ကျွန်တော်လည်းအားသဖြင့် လိုက်သွားပါသည်။ မြို့ထဲဆိုသော်လည်း တကယ်က မြို့စွန် ချောင်ကျကျရပ်ကွက်လေးတခုထဲ သွားခြင်းဖြစ်ပါသည်။ ခတ်မှောင်မှောင်ကုပ်ကုပ် အိမ်တအိမ်ရှေ့တွင်ရပ်လိုက်ပြီး ဒါ ငါ့ဘော်ဒါကြီးအိမ်ကွ၊ ဒီမှာ အရှူအရှိုက်ရတယ်ကွဟုပြောပါသည်။ အိမ်ထဲ ဝင်လိုက်သောအခါ စိမ်းရွှေရွှေအနံ့များရပါသည်။ အိမ်ရှင်တရုတ်ကြီးက ဟာ..ဆရာကြီးဟုပြောကာ အတွင်းခန်းသို့ ခေါ်သွားပါသည်။ အတွင်းခန်းမှာ ခတ်မှောင်မှောင်ဖြစ်သော်လည်း ကြမ်းပြင်ပေါ်တွင် လူ လေးငါးခြောက်ယောက် ဘေးတိုက်လှဲနေသည်ကို ခတ်ရေးရေးမြင်ရပါသည်။။ သူတို့မျက်နှာများရှေ့တွင် ဆီမီးခွက်လေးများ ထွန်းထားပါသည်။ အခန်းမှာ အလွန်အေးစက်စက်နိုင်ပြီး စိမ်းရွှေရွှေအနံ့လည်း အလွန်ပြင်းပါသည်။

တပ်ကြပ်ကြီးက ကျွန်တော့်အား လာကွာထိုင်၊ မင်း ဘိန်းရှူဖူးလား ငါ့သားဟုမေးပြီး ခါးပတ်ကိုဖြည်ကာ ကောက်ရိုးဖျာ ခင်းထားသည့်အပေါ် ခေါင်းကိုလက်ထောက်၍ ဘေးတိုက်လှဲချလိုက်ပါသည်။ မရှူဖူးကြောင်းပြောတော့ ခတ်ဟဟ ရယ်ပြီး ဘိန်းရှူတာလောက်ဇိမ်ကျတာ ဘာမှမရှိဘူးကွ၊ ရှူကြည့်ဟုပြောပါသည်။ ထိုအချိန်တွင် ဖန်ပုလင်းသေးသေးလေးတခုကိုင်ကာ ခုနတရုတ်ကြီးပြန်ရောက်လာပါသည်။ တပ်ကြပ်ကြီးက သာကော ကျေးဇူးပဲဟုပြောကာ ဖန်ပုလင်းလေးအားလှမ်းယူရင်း သာကော စေတနာရှိမှလုပ်နော်၊ ကျုပ်က ဘာမှ အလကားလိုချင်တာမဟုတ်ဘူး။၊ ကျုပ်တို့က ရဲ၊ ရဲမှပြည်သူ့ရဲ့ဟုပြောပါသည်။ တရုတ်ကြီးက ဆရာကြီးရာ စေတနာရှိလို့ပေးတာပေါ့ လုပ်ပါလုပ်ပါဟုပြောပြီး ပြန်ထွက်သွားပါသည်။

ဖန်ပုလင်းထဲတွင် ဖန်ဂေါ်လီတလုံးစာလောက် မဲမဲအလုံးလေးတလုံးပါပါသည်။ တပ်ကြပ်ကြီးက ထိုအလုံးလေးအား လက်ဖဝါးပေါ်သွန်ချပြီး အနံ့ခံနေပါသေးသည်။ ထိုနောက် ဖဲ့ကာ့ ရွေး ၂ စေ့ စာလောက် အလုံးကလေးတွေဖြစ်အောင် လုံးပါသည်။ ထို့နောက် ခေါင်းအုံးဘေး ခွက်ကလေးထဲမှ ၃ လက်မလောက် သံစူးချွန်ကလေးကိုယူကာ ထိုအးလုံးလေး တလုံး၏ အလည်တည့်တည့်ကို ဟိုဘက်ဒီဘက်ပေါက်အောင် ထိုးဖေါက်၍ အဖျားတွင် သီလိုက်ပါသည်။ ထို့နောက် ဆီမီးခွက်ကလေးကိုထွန်းပါသည်။ မီးအလင်းရောင်ဖြင့် ဘေးတစောင်း မြင်ရသော တပ်ကြပ်ကြီး၏မျက်လုံးတွင် အရောင်မရှိသော်လည်း တခုခုကို အာသာငမ်းငမ်းဖြစ်နေပုံ ပေါ်ပါသည်။

ထို့နောက် သံစူးချွန်အဖျားမှ ဘိန်းလုံးလေးကို ဆီမီးခွက်မီးလေးဖြင့် ဖျစ်ဖျစ်မမြည့်တမြည်ကင်ပါသည်။ ထို့နောက် ဘိန်းပြောင်းရှိ ဘိန်းထည့်ရမည့် ကတော့ပုံဖေါက်ထားသည့် အပေါက်ကလေးတွင် တေ့ထိုးပြီး သံစူးဖျားလေးကို အထဲသို့ပေါက်သည်အထိ လှည့်ထည့်ပါသည်။ ဘိန်းလုံးလေးမှအပေါက်နှင့် ဘိန်းပြောင်းမှအပေါက်ကျဉ်းကျဉ်းလေး တိုးလျှိုပေါက်သွားသည့်အခါ စူးကိုပြန်နှုတ်ပါသည်။

ဘိန်းပြောင်းမှာ အလျား တပေသာသာခန့်ရှိပြီး အရင်းတွင် ရှူရမည့်နေရာနှင့် အဖျားတွင် ဘိန်းအိုး(ကြွေအိုး)လေး စွပ်ထားပြီး ထိုဘိန်းအိုးလေးတွင် ကတော့ပုံအပေါက်ကလေး ရှိပါသည်။ ထိုအပေါက်လေးထဲသို့ ခုနပြောသည့် ဘိန်းလုံးလေးကို ထည့်ရခြင်းဖြစ်ပါသည်။ ထိုအချိန်တွင် တခြားလူများထံမှ ခတ်တိုးတိုး ရှူးရှူး ရှူးရှူး မြည်သံများမှတပါး အခန်းမှာ ငြိမ်သက်တိတ်ဆိတ်နေပါသည်။ သူတို့ လှုပ်ရှားပုံမှာ အလွန် ဖြည်းလေးညင်သာ လှသဖြင့် ဘာအသံမှမထွက်ပါ။ တယောက်နှင့်တယောက်လည်း စကားမပြောကြပါ။

တပ်ကြပ်ကြီးက ဘိန်းပြောင်းကို ပါးစပ်ဝနားကပ်ကာ ဘိန်းအိုးလေးမှ ဘိန်းလုံးလုံးရှိသည့်နေရာကို ဆီမီးဖြင့် တေ့ပါသည်။ ထို့နောက် ဘိန်းပြောင်းအရင်းမှနေ၍ ရှူးရှူး ရှူးရှူးနှင့် ဖြည်းဖြည်းချင်း ရှူသွင်းပါသည်။ ဆီမီးလောင်လောင်နေသည့် ဘိန်းလုံးလေးမှာ ကတော့ပုံခွက်ကလေးထဲတွင် ဖြစ်ဖြစ်ဖြစ်ဖြစ်မြည်ကာ ဆူနေပါသည်။ အငွေ့လေး နည်းနည်းပါးပါး အမျှင်တန်းထွက်နေပါသည်။ တပ်ကြပ်ကြီးက ဘိန်းပြောင်းလေးကို ဆီးမီးခွက်ဖြင့် တေ့ကာတေ့ကာ အသာအယာလှည့်ပေးပြီး အဆက်မပြတ် ရှူသွင်းနေပါသည်။ ထိုသို့ရှူနေစဉ်အတွင်းမှာပင် မီးလောင်၍ကုန်သွားသော ဘိန်းလုံးလေးမှာ ပြာလိုဖြစ်ပြီး ဘိန်းအိုးလေးအတွင်းသို့ ဖြုတ်ကနဲကြွေကျသွားပါသည်။ တပ်ကြပ်ကြီးလည်း ပြောင်းမှပါးစပ်ကို ခွာကာ ခဏအသက်အောင့်နေပါသည်။ နောက်မှ ဟူးကနဲ အသက် ခတ်မျှဉ်းမျှဉ်း မှုတ်ထုတ်ပါသည်။ သူ့ပါးစပ်မှ အငွေ့နည်းနည်းနည်းပါးပါး ထွက်ပါသည်။ တလုံးပြီးနောက်တလုံးနှင့် ၄ လုံးထောက်အထိ ရှူပြီးမှာတော့ ဘိန်းပြောင်းကို ကျွန်တော့်ဆီထိုးပေးရင်း ရှူကြည့် သိတ်ကောင်းတယ်ဟု ပြောပါသည်။

ကျွန်တော်က မလုပ်တတ်ကြောင်းပြောတော့ မင်းရှူ ငါလုပ်ပေးမယ် ခဏလေးဟုပြောပြီး မှိန်းနေပါသေးသည်။ နောက်တော့ ထပြီး ဘိန်းလုံးလေးတလုံးကို ခုနက သူလုပ်ခဲ့သည့်အတိုင်း ဘိန်းအိုးတွင်ထည့်ပေးပါသည်။ မင်း အဲ့ပေါက်ကို မီးမှာတေ့ပြီး တခါတည်းဆက်တိုက်ရှူသွင်း၊ ဆေးလိပ်သောက်သလို ဖွာပြီးမှမရှိုက်နဲ့ဟုပြောပါသည်။ ကျွန်တော် ရှူပါသည်။ မီးခိုး မသီးပါ။ ဘိန်းလေးတလုံးလုံး ပြာဖြစ်သွားသည်အထိ ဆက်တိုက်ရှူသွင်းပါသည်။ အဆုပ်ထဲဝင်သွားသည့် အခိုးအငွေ့မှာ အများကြီးလည်း မဟုတ်ပါ။ လူလည်း ဘာမှမဖြစ်ပါ။ ဘာမှလည်း မခံစားရပါ။ နှာခေါင်းထဲတွင် နံသည့်အနံ့ကိုတော့ မကြိုက်ပါ။ သို့ဖြင့် နောက်တလုံး နောက်တလုံး သုံးလုံးမြောက်တော့ လူက လှိုက်မောလာသလိုလို ပျို့ချင်အန်ချင်တာလိုလို နှလုံးခုန်နှေးသွားတာလိုလိုဖြစ်လာသည်။ တပ်ကြပ်ကြီးက သူသောက်နေသည့် ရေနွေးကြမ်းခွက်ကို ကျွန့်တော့်အား လှမ်ပေးသဖြင့် ယူပြီးတကျိုက်သောက်ချလိုက်သည်။ ခါးလိုက်သည့်ဖြစ်ခြင်း။ သို့သောာ် ခံတွင်းလိုက်သလိုလို ကြိုက်သလိုလိုဖြစ်မိပါသည်။

ကျွန်တော်လည်း လှဲချင်လာပါသည်။ တပ်ကြပ်ကြီးဘေးတွင် ကပ်သီးကပ်သပ်လှဲချလိုက်ပါသည်။ ခေါင်းအုံးမှာ အစွပ်မရှိပါ။ ဆီများချေးများဖြင့် ပြောင်ချောချော အေးစက်စက်နေပါသည်။ သို့သော် လှဲနေ၍အလွန်ကောင်းပါသည်။ လူက ရီရီဝေဝေလေးနှင့် ငြိမ့်ငြိမ့်လေးလို လွင့်နေနေပါသည်။ ဘာမှမတွေးဘဲ အတွေးတွေ သူ့အလိုလိုဝင်လာပါသည်။ ဝင်လာသည့်အတွေးတွေကိုလည်း ကြိုက်ပါသည်။ အတွေးတွေမှာ သာသာယာယာလည်းနိုင်ပါသည်။ ထို့နောက် အိပ်ပျော်သွားတာလိုလို ဘာလိုလိုဖြစ်ပြီး တပ်ကြပ်ကြီးကနှိုးမှ ပြန်နိုးလာသလိုလို၊ သတိပြန်လည်လာတာလိုလို ဖြစ်ပါသည်။ ပြန်ကြစို့ဟုပြောသဖြင့် ထထိုင်ရာ မထချင်ပဲ လှဲ၍သာနေချင်နေပါသည်။ လူလည်း လျော့လျော့ခွေခွေ နေပါသည်။ ရေနွေးကြမ်းလည်း အငမ်းမရသောက်ချင်နေပါသည်။ သူက ကျွန်တော့်အား မင်းဒီတခါတည်းနဲ့တော့ အရသာ ကောင်းကောင်း ခံတတ်သေးမှာမဟုတ်ဘူးဟုပြောပြီး ထူပေးပါသည်။ ကျွန်တော် ဖြည်းဖြည်းချင်းထပါသည်။ ဘာကိုမှ မြန်မြန်ဆန်ဆန်မလုပ်ချင်ပါ။

နောက့်နေ့တွင် ကျွန်တော် ဘိန်းကို ထပ်စမ်းချင်ဖြင့် တပ်ကြပ်ကြီးနှင့်အတူ ဘိန်းခန်းသို့သွားပါသည်။ ၄ ရက်ခန့်ရှိတော့ ကျွန်တော် ဘိန်းအရသာကို ကောင်းကောင်းခံတတ်သွားပါသည်။ မှိန်းပြီး သာသာယာယာအတွေးများ စိတ်ကူးများနှင့် နေရသည်မှာ ကောင်းသလိုလိုရှိသော်လည်း နည်းနည်းလေးပြယ်လိုက်သည်နှင့် လူက ဘာကိုမှန်းမသိဘဲ ကြောက်နေသည်။ တခုခု အဆိုးတွေဖြစ်လာမှာကို စိုးရိမ်နေသည်။ စိတ်အားလည်းငယ်ပြီး ငိုချင်သလိုလို ဝမ်းနည်း သလိုလိုလည်း ခံစားရသည်။ လူတွေက ကိုယ့်ကိုစိတ်ဆိုးမှာကို ထိတ်လန့်နေသည်။ အသံဗလံတွေကို မကြိုက်ပါ။ လူတွေကြားထဲ မသွားချင်ပါ။ အဆိုးဆုံးက တခုခုကို ကြောက်နေခြင်းနှင့် စိုးရိမ်နေခြင်းပင်ဖြစ်သည်။ ထိုခံစားမှုတွေ အရသာတွေကို ကျွန်တော် မကြိုက်ပါ။ ကျွန်တော်နှင့် မဖြစ်ပါ။ ထို့ကြောင့် ၅ ရက်မြောက်နေ့တွင် တပ်ကြပ်ကြီးအား မလိုက်တော့ဘူးဟုပြောပြီး နောင်လည်း ဘယ်တော့မှ မလိုက်တော့ပါ။ ကျွန်တော် ဘိန်းအစမ်းရှူကြည့်ခြင်းကို အပြီးရပ်ပစ်လိုက်ပါသည်။

ကျွန်တော့် စီနီယာအကိုအား ထိုအကြောင်းများပြောပြသည့်အခါ သူက အေး စိတ်နိုင်ရင် ဘာဖြစ်ဖြစ် စမ်းကြည့်တာ ကောင်းတယ်ကွ၊ အစွဲတော့ မခံနဲ့ပေါ့ကွာဟု ပြောပါသည်။

မျိုးမြင့်ချို၊ ဇန်နဝါရီ ၂၅။ ၂၀၂၃။

Tuesday, January 24, 2023

ဇောင်းလျားသီးနှင့်မုန့်လက်ဆောင်း

0 comments

(ဇောင်းလျားသီးနှင့်မုန့်လက်ဆောင်း)

ဇောင်းခွားသီး ခေါင်းနားနီးဟု ကျွန်တော်တို့ဆိုခဲ့ဖူးသောအသီး၏အမည်မှန်မှာ ဇောင်းလျားသီးဖြစ်ကြောင် အတော်လေးကြီးမှသိပါသည်။ ဇောင်းလျားသီးအား ကန့်လန့်ဖြတ် အကွင်းလိုက်လှီးချလိုက်လျှင် ထောင့် ငါးထောင့်နှင့် ကြယ်ပုံလေးတွေ ထွက်လာပါသည်။ ကြည့်၍ အလွန်လှပါသည်။ ငန်ပြာရည်ထဲတွင် ငရုပ်သီးမှုန့်နှင့် ဆေးသကြားလေး နည်းနည်းစီထည့်ဖျော်ပြီး ထိုကြယ်ပုံလေးများကိုစိမ်၍စားလျှင် အလွန်အရသာရှိပါသည်။ တို့စားတာထက် ပိုကောင်းပါသည်။ ဇောင်းလျားသီးမှထွက်သောအရည်နှင့် ငန်ပြာရည်ဖျော်တို့ပေါင်းစပ်သွားသည့်အခါ အရသာမှာ ချိုချယ်ငန်စပ်ကလေး ဖြစ်ကာ အလွန်စားကောင်းပါသည်။ ကျွန်တော်တို့က ဇောင်းလျားသီးအဖတ်များ ကုန်သွားသည့်အခါ ထိုအရည်ကို မော့၍သောက်ချလိုက်ပါသည်။ လည်ချောင်းထဲ ရှတတနှင့်ဝင်သွားကာ အရသာခံ၍အလွန်ကောင်းပါသည်။ အမေက အများကြီးမစားနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်သည်ဟု ဘယ်လိုပြောပြော ကျွန်တော်တို့ကား အစားမပျက်ပါ။

ဇောင်းခွားသီးမှာ ရောင်းတန်းဝင်အသီးတမျိုး မဟုတ်ဟုထင်ရသော်လည်း ဈေးထဲတွင် ဇောင်လျားသီးအမှည့်များ ရောင်းနေသည်ကို တွေ့ရဖူးပါသည်။ ဇောင်းခွားသီးမှာ အရည်ရွှမ်းလှသဖြင့် ဇီးသီးတို့ မရမ်းသီးတို့ သရက်သီးတို့လို ချဉ်စပ်ထုတ်လုပ်မရပါ။ သို့သော် အမေရိကန်ရောက်မှ ကျောက်ဖရုံယိုလို ယိုထိုးထားသော ဇောင်းလျားသီးယိုကို စားဖူးပါသည်။ တရုတ်မှလာတာဖြစ်ပါသည်။ ဝယ်စားကြည့်ရာ ဇောင်းလျားသီးနံ့အပြည့်ရသော်လည်း အရသာမှာ မပီပြင်ပါ။ ချိုရဲရဲနေပါသည်။ အာသာပြေရုံရှိပါသည်။ ဇောင်းလျားသီးအခြောက်လည်းရှိသည်ဟု ဆိုပါသည်။ မတွေ့ဖူးသေးပါ။

ကျွန်တော်တို့ရပ်ကွက်တွင် သုတိ၊ ဩဘာ၊ မင်္ဂလာ၊ သီရိဟု လမ်းလေးလမ်းရှိရာ သီရိလမ်းက ဒေါ်သန်းအေးတို့အိမ်တွင် ဇောင်းလျားပင်ကြီးတပင်ရှိပါသည်။ ထိုအပင်က အသီးမှာ မှည့်လျှင်ဝင်းကာ ချိုချိုချဉ်ချဉ်လေးနှင့် အရည်လည်း ရွှမ်းပါသည်။ ကိုက်လိုက်လျှင် ပါးစောင်ထဲအရည်ပြည့်ကာ အပြင်သို့စီးထွက်သဖြင့် ပါးစပ်ကို လက်ခုံဖြင့် ခဏခဏသုတ်ယူရပါသည်။

ဒေါ်သန်းအေးသည် မုန့်လက်ဆောင်းသည်ဖြစ်ပါသည်။ အိမ်တွင် မုန့်ကြိတ်ဆုံရှိသလို မုန့်လက်ဆောင်းဖတ်များလည်း လုပ်ရောင်းပါသည်။ သူလုပ်သည့် မုန့်လက်ဆောင်းဖတ်လေးများမှာ ပျော့ပျော့အိအိတုံတုံလေးတွေနှင့် စိမ်းဖန့်ဖန့်လေး နေကာ ဆွမ်းမွှေးရွက်နံသင်းပါသည်။ အမေက အိမ်တွင် မုန့်လက်ဆောင်းရည်ဖျော်ပြီး ဒေါ်သန်းအေးဆီမှ မုန့်ဖတ် ဝယ်ပါသည်။ အမေ့မုန့်လက်ဆောင်းမှာ တခါတလေ အုန်းနို့နှင့်ဖြစ်ပြီး တခါတလေ မုန့်လုပ်ထန်းလျက်နှင့် ဖြစ်ပါသည်။ ကျွန်တော်က ထန်းလျှက်ရည်မုန့်လက်ဆောင်းကိုပိုကြိုက်ပါသည်။ ထန်းလျက်ရည်အညိုရောင်ပေါ်တွင် အုန်းသီးဖတ်လေးများ ပေါလောပေါ်နေသည်ကို ကြည့်ရသည်မှာ အလွန်လှပါသည်။ ထန်းလျက်နှင့်အုန်းသီး အလွန်လိုက်သည်မဟုတ်လား။

ဒေါ်သန်းအေးတို့ဇောင်းလျားပင်ကြီးအောက်တွင် မတ်တပ် လက်ထိုးကျောက်ကြိတ်ဆုံကြီးရှိသည်။ ကျောက်ကြိတ်ဆုံ ဆေးရာမှထွက်သောမုန့်နှစ်ရည်များမှာ အိမ်ရှေ့မြောင်းထဲသို့ စီးဝင်သွားသော်လည်း အစီးအလာမကောင်းပါ။ မုန့်နှစ်ရည်စီးရာတလျှောက်တွင် အိုင်နေတတ်ပါသည်။ ထို အအိုင်လေးများကြာတော့ အချဉ်ဖပါက်ကာ အနံ့လည်း ချဉ်စူးစူးနေပါသည်။ ဒေါ်သန်းအေးသည် မုန့်ကြိတ်လိုသူများရှိက ကြိတ်ဆုံအငှားလည်း ကြိတ်ပေးပါသည်။ ကြိတ်ထိုးသည်ဟု ခေါ်ပါသည်။ ကိုယ့်ဘာသာကြိတ်လာထိုးလျှင် ဈေးတမျိုး သူတို့ကကြိတ်ထိုးပေးလျှင် ဈေးတမျိုး ဖြစ်ပါသည်။ ထိုကြိတ်ဆုံကြီးဘေးတွင် မုန့်နှစ်ဖိရန် ကျောက်ပြားကြီး တချပ်နှင့် ကျောက်တုံးကြီးတတုံးလည်း ရှိပါသည်။ တချို့က မုန့်နှစ်ရည်ပျစ်ပျစ်များကိုသာ တခါတည်းယူသွားသော်လည်း တချိ့က မုန့်နှစ်ကို ရေစစ်အောင်ဖိပြီး မုန့်နှစ်တုံးလုပ်ပြီးမှ ယူကြပါသည်။ ကျွန်တော်တို့ကလေးတွေက ဇောင်းလျားသီး သွားခူးစားရင်း လက်မောင်းလက်ဖျံတွေအောင့်လာသည်အထိ မုန့် အပျော်ဝင်ဝင်ထိုးပေးကြပါသည်။

ထိုကျောက်ဖိခုံဘေးတွင် လူ့ရင်ဘတ်လောက်မြင့်သော မုန့်လက်ဆောင်းဖတ်ညှစ်စရာ မု့န့်ညှစ်ဆန်ကာရှိပါသည်။ ဆန်ကာ၏အောက်တည့်တည့်တွင် ရေအပြည့်နှင့် အိုးအကြီးကြီးတလုံး ရှိပါသည်။ ဆန်ကာမှာ သံဖြင့်ရိုက်၍ အပေါက်ကလေးများဖောက်ကာ ခတ်ခွက်ခွက်နေအောင်ထုထားသည့် သံပြားကြီးဖြစ်ပါသည်။ ဘေးလေးဘက်ထွင် သစ်သားပေါင် ကျက်ထားပါသည်။

ကြိတ်၍ရလာသည့် မှန့်နှစ်များကို ရေအလောတော်ဖြင့် အနေတော်သည်အထိ မပြတ်မွှေကာကျိုရပါသည်။ မုန့်နှစ်များကျက်၍ ဗွက်ဗွက် ဗွက်ဗွက်နှင့်ပွက်လာပြီး အပျစ်အကျဲအနေတော်ရှိသောအခါ ခွက်ကြီးဖြင့်ခပ်ခပ်ယူကာ မုန့်ညှစ်ဆန်ကာထဲ လောင်းလောင်းထည့်ပါသည်။ ထိုအခါ ဆန်ကာပေါက်များမှ မုန့်ဖတ်နွေးနွေးလေးများ ရည်ရှည်မျောမျောနှင့် တပေါက်ပေါက်ကျလာပြီး အောက်ကရေပြည့်အိုးကြီးထဲ သွားထိုင်ပါသည်။ အေးသွားသည့်အခါ ရေသွန်ပြီးစစ်လိုက်လျှင့် မုန့်လက်ဆောင်းဖတ် ဖွေးဖွေး အိအိတုံတုံလေးများရပါသည်။ ဆန်ကာကိုအမြင့်ထားသည်မှာ ကမွာမြေ၏ဆွဲအားကို အသုံးချခြင်းဖြစ်ပါသည်။ ဒေါ်သန်းအေးမှာ ကမ္ဘာမြေဆွဲအားမပြောနှင့် ကမ္ဘာကြီး လုံးသလား ပြားသလားပင်မသိပါ။ စိတ်လည်း မဝင်စားပါ။ နွမ်းပါးသော်လည်း သူ့ သားသမီးမြေးမြစ်တွေနှင့် ပျော်နေပုံရပါသည်။

သင်္ကြန်အခါတွင် ဒေါသန်းအေးတို့မိသားစု လက်မလည်အောင်ရှိပြီး ငွေလည်းစည်ပါသည်။ မုန့်လုံးရေပေါ် လုပ်မည့်သူများက မုန့်အနှစ်အငှားလာကြိတ်သဖြင့် ကြိတ်ဆုံအငှားအလွန်လိုက်ပါသည်။ မုန့်လက်ဆောင်း လုပ်သူတို့က မုန့်လက်ဆောင်းဖတ်အော်ဒါမှာကြပါသည်။ ထိုအခါ ဒေါ်သန်းအေးမှာ မုန့်စက်များပေကျံနေသည့် ထမိန်တိုတိုကိုစည်းကာ ဖိနပ်မပါဘာမပါနှင့် ပြုံးပြုံး ပြုံပြုံးနေပါသည်။

ကျွန်တော့်အမေတို့ငယ်ငယ်ကအထိ မုန့်လက်ဆောင်းမှာ လက်ကြိတ် လက်ညှစ်ဖြစ်ပါသည်။ ကျွန်တော်တို့ခေတ်ရောက်တော့ စက်ကြိတ်ခုံများတစတစပေါ်လာပါသည်။ မုန်းဟင်းခါးဖတ်နှင့် မုန့်အနှစ်များကြိတ်ရောင်းသည့် စီးပွားဖြစ်မုန့်ကြိတ်ဖိုများပေါ်လာပါသည်။ Mass Production ဖြစ်လာပါသည်။ နေ့စဉ်မုန့်ဟင်းခါးဖတ်ပိဿာ ရာထောင်ချီထုတ်နေသလို သင်္ကြန်ဆိုလျှင် မုန့်နှစ်အတွက် ထိုမုန့်ကြိတ်ဖို့များမှာ မနားရပါ။ မုန့်ကြိတ်ခလည်း အလွန်ချိုပါသည်။ ထို့ကြောင့် မုန့်ဟင်းခါးသည်များက မုန့်ဖတ်ယူကြသလို၊ မုန့်လုံးရေပေါ် မုန့်လက်ဆောင်းနှင့် အခြား ဗမာမုန့်လုပ်ရောင်းသူများက ထို မုန့်ကြိတ်ဖိုများကို အားပေးကြပါသည်။ ဤသို့ဖြင့် ဒေါ်သန်းအေးတို့လို တနိုင်လက်ကြိတ်မုန့်ကြိတ်ဆုံလေးများ တဖြည်းဖြည်းပျောက်ကွယ်သွားပါသည်။ လက်ကြိတ်ဆုံလေးများ အငှားမလိုက်ကြတော့ပါ။ လက်ညှစ်နေရာမှာ စက်ညှစ်တွေဖြစ်လာပါသည်။

ယခုဆို ဒေါ်သန်းအေးလည်း ရှိတော့မည်မထင်ပါ။ ဇောင်းလျားပင်ကြီး ရှိမရှိလည်းမသိတော့ပါ။

သူ့သားမြေးမြစ်တွေလည်း မုန့်လက်ဆောင်းလုပ်ရောင်းနေမနေ မသေချာသော်လည်း ထို ကျောက်ကြိတ်ဆုံ၊ မုန့်ဖိကျောက်နှင့် မုန့်နှစ်စစ်သံဆန်ကာတို့ကို ဖယ်ရှားပစ်လောက်ပါပြီ။ အဟောင်းနေရာတွင် အသစ်အသစ်တို့၊ လက်မှုနေရာတွင် စက်မှုသို့အစားထိုးသွားကာ လူ့လောကတိုးတက်လာသည် ဆိုငြားလည်း ကျွန်တော်ကား ဒေါ်သန်းအေးတို့ ဇောင်းလျားပင်နှင့် ကျောက်ကြိတ်ဆုံလေးကို အောက်မေ့နေပါသည်။ ကြိတ်ထိုးခဲ့ရသည့်အပျော်ကို တမ်းတမိနေပါသည်။

မျိုးမြင့်ချို

ဇန်နဝါရီ ၂၄။ ၂၀၂၃

Sunday, January 22, 2023

ကံတို့ဝဋ်တို့နဲ့ မကင်းနိုင်တဲ့ အမေ

0 comments

"ကံတို့ဝဋ်တို့နဲ့ မကင်းနိုင်တဲ့ အမေ"
မနေ့က အမေနဲ့စကားပြောရင်း ထောက်ကြန့်က နိုင်ငံရေးမှုတွေနဲ့ ထောင်ကျဖူးတဲ့သူတွေအကြောင်း ရောက်သွားတယ်။ ကိုမြင့်လှိုင်(ကိုမြင့်)၊ ကိုရွှေအောင်သန်း၊ ကိုမြင့်ရီ၊ ကိုကျော်ကျော်ဝင်း၊ ကိုဝင်းလှိုင်နဲ့ ကျွန်တော်တို့ပေါ့။ 

ကိုရွှေအောင်သန်း ဆုံးသွားတဲ့အကြောင်း အမေ့ကိုကျွန်တော်ပြောဖူးတယ်။ အမေက မေ့နေတယ်။ ဟဲ့...ရွှေအောင်သန်းတယောက်ရောတဲ့။ သူ ဆုံးသွားပြီလေအမေဆိုတော့ ခနစဉ်းစားပြီး ဟုတ်သားပဲ မင်း အမေ့ကိုပြောဖူးတယ်လို့ ပြောတယ်။ အေးလေ သူ့အိမ်ထောင်ရေးကလည်း ကံမကောင်းရှာဘူး၊ ဆင်းရဲရတဲ့ကြားထဲတဲ့။ သူက ကဗျာဆရာ စာရေးဆရာဆိုတော့ သူ့ ကလေးတွေကိုပေးထားတဲ့နံမည်တွေက အကောင်းစားတွေချည်းပဲလို့ အုန်းအုန်းကပြောဖူးတယ်။ (အုန်းအုန်း ဆိုတာက ကျွန်တော့်သူငယ်ချင်းမောင်မဲတို့ ပျော့ကြီးတို့ရဲ့အမေပါ။ ဒေါ်အုန်းကို လူတွေက ချစ်စနိုးနဲ့ အုန်းအုန်းလို့ခေါ်တယ်။ သဘောသိတ်ကောင်းတဲ့ အဒေါ်ကြီးပါ)။ 

ကိုမြင့်နဲ့ကျွန်တော်တော့ အဆက်အသွယ်ရှိတဲ့အကြောင်းရောက်တော့ မာလာရော နေကောင်းလား၊ သူ့ကလေးတွေလည်း ကြီးရောပေါ့တဲ့။ မမာလာနေကောင်းတယ်အမေ ကျွန်တော်နဲ့တခေါက် မက်ဆင်ဂျာကနေ စကားပြောလိုက်ရသေးတယ်။ ကိုမြင့်ကလေးတွေ လိမ္မာတယ်အမေ။ သူ့သားလေးက စင်္ကာပူမှာ အလုပ်သွားလုပ်ပြီး ကိုမြင့်တို့ကိုထောက်နေတာလေ၊ ခု ကိုမြင့်က စာအုပ်ချုပ်လုပ်ငန်းရပ်သွားတယ်၊ ကလေးတွေ လိမ္မာတော့ မိဘတွေလည်း နည်းနည်း အေးအေးနေရတာပေါ့လို့ပြောပြတယ်။ 

ကျော်ကျော်ဝင်းကိုတော့ အမေက သိတ်မမှတ်မိတော့ဘူး။ ကျွန်တော်က မှတ်မိမလားလို့ ပြောပြတော့ အေးလေ သူက မြင့်ရီတို ရွှေအောင်သန်းတို့လောက် မင်းနဲ့မှမတွဲတာတဲ့။ အမေ ဝင်းလှိုင်ကိုရော မှတ်မိလား ဒု/စံပြထဲကလေဆိုတော့ မမှတ်မိတော့ဘူးတဲ့။ 

ကိုမြင့်ရီက ခု လွတ်ရာကျွတ်ရာရောက်နေတာကို အမေ့ကို ကျွန်တော်ပြောပြထားလို့သိနေတယ်။ အေးလေ မင်းတို့ မြင့်ရီတို့ ဗမာပြည်မှာ ခုနေရှိလည်း ထောင်ထဲပဲရောက်နေကြမှာလို့ပြောပြီး တံခါးပေါက်ကို ငေးနေတယ်။ 

ကျွန်တော်လည်း ဒီရောက်လာလို့ပဲ ဗမာပြည်မှာဆို ခုနေ ဘာဖြစ်လို့ဖြစ်နေမယ်မှန်း မစဉ်းတတ်ဘူးအမေလို့ပြောတော့ အေးလေ မင်းဒီရောက်လာတာလည်း ကံကောင်းတယ်၊ အမေဒီရောက်လာတာလည်း ကံကောင်းတာပဲ၊ နို့မို့ဆို ထောင်ဝင်စာပဲလိုက်တွေ့နေရမှာလို့ပြောပြီး သွားကျိုးပါးကျိုးလေးနဲ့ ရယ်တယ်။ 

အမေက အစ္စလာမ်ဘာသာဝင် ဟာဂျီမတဦးပါ။ တနေ့ ဘုရား ငါးကြိမ်ဝတ်ပြုမပျက်သလို ကိုရ်အန်ကျမ်းစာကိုလည်း မပြတ်ဖတ်ရွတ်နေသူပါ။ အားတဲ့အချိန်တွေဆို အိပ်ယာပေါ် ပက်လက်လေးလှန်ပြီး ပုတီးစိပ်စိပ်နေတာပါ။ အသက်ကလည်း ကြီးပြီဆိုတော့ နားနည်းနည်း ထိုင်း၊ ခါးနည်းနည်းကိုင်းလာပြီပေါ့။ ကြားကြာမထိုင်နိုင်ဘူး၊ နာရီဝက် တနာရီလောက်ထိုင်ပြီးရင် သူ ခါးဆန့်ချင်တယ်။

ကျွန်တော် အမေနဲ့စကားပြောရင်း အမေပြောတဲ့ "ကံကောင်းတာပေါ့"ဆိုတာကို သတိထားလိုက်မိတယ်။ အရင်လည်း တခါတလေ ဟိုအကြောင်း ဒီအကြောင်းလေးတွေပြောရင်း စိတ်လက်ချမ်းသာစရာကိစ္စလေးတွေကြားရင် အေးလေ ကံကောင်းတာပေါ့လို့ ပြောဖူးပေမယ့် ကျွန်တော် အမှတ်တမဲ့ပဲနေလိုက်မိတာပါ။ မနေ့ကတော့ ကံကောင်းတယ်ဆိုတာကို မှတ်မှတ်ရရ စိတ်ထဲစွဲမိတယ်။ သူတပါးအပေါ် မလုပ်ကောင်း မပြောကောင်းတာကို လုပ်ခဲ့ပြောခဲ့သူ ထပ်တူပြန်အလုပ်ခံရတာမျိုး အပြောခံရတာမျိုးကြားရတဲ့အခါလည်း အမေက အေးလေ သူ ဝဋ််ပြန်လည်တာပေါ့လို့ မှတ်ချက်လည်း တခါတခါချတတ်တယ်။ 

အမေတို့ အစ္စလာမ်ဘာသာမှာ ကံကိုယုံကြည်တာ မရှိပါဘူး။ ဝဋ်ဆိုတာလည်း မရှိပါဘူး။ အကောင်းအဆိုး ဘာပဲဖြစ်ဖြစ် အလ္လာဟ်အရှင်မြတ်အလိုတော်အရဖြစ်ရတာလို့ ခံယူပါတယ်။ အလ္လာ့ဟ်အလိုတော်အရဖြစ်ရတာလို့ စွဲမှတ်ယူသလို အလ္လာဟ်ဘာလုပ်တယ် ဒါအကောင်းပဲလို့လည်း အကောင်းမြင်စိတ်နဲ့ ခံယူပါတယ်။

အမေ့ အမေအဖေတွေ အဖိုးအဖွားတွေ ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေအားလုံး အစ္စလာမ်ဘာသာဝင်တွေပေမယ့် ဗမာပြည်မှာမွေး ဗမာပြည်မှာကြီး ဗမာပြည်မှာ သေဆုံးကြတာပါ။ ဒါကြောင့် ဗမာ့ယဉ်ကျေးမှုနဲ့ ထဲထဲဝင်ဝင်ရှိနေကြတာပါ။ ကံတို့ ဝဋ်တို့ သံသရာတိူ့ဆိုတာက ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်တဲ့ ယုံကြည်မှုပါ။ ဖန်ဆင်းရှင် ထာဝရဘုရားကိုယုံကြည်တဲ့ အမေဟာ ဗမာပြည်မှာမွေး ဗမာ့ယဉ်ကျေးမှုနဲ့ကြီးလာတာဆိုတော့ ဗုဒ္ဓဘာသာရဲ့ အငွေ့အသက်တွေနဲ့ မကင်းနိုင်ပဲရှိနေတာကို ကျွန်တော်မြင်လိုက် ကြားလိုက် သိလိုက်ရပါတယ်။

နောက်တခုက အမေဟာ ဘာသာရေးနဲ့ပတ်သက်ရင် တကယ့်ကိုပျော့ပြောင်းပြီး အမြင်လည်း လွတ်လပ်ပါတယ်။ သားသမီးတွေကို သူကိုးကွယ်တဲ့ဘာသာကို ကိုးကွယ်စေချင်ပေမယ့် အတင်းအကျပ် ဘာမှမရှိပါဘူး။ ကျွန်တော်တို့ ညီအကို မှောင်နှမတွေထဲမှာ ဗုဒ္ဓဘာသာကိုးကွယ်သူ ၂ ယောက်ရှိပြီး ကျွန်တော်ကတော့ ဝဋ်တို့ ကံတို့ သံသရာတို့၊ ဖန်ဆင်းရှင်ရှိတယ်တို့ဆိုတာကို မယုံကြည်သူပါ။ ဒီ့အတွက်တွေကြောင့် အမေ့စိတ်ထဲ ကောင်းချင်မှကောင်းမှာဖြစ်ပေမယ့် တခါမှ ကောင်းသည်ဆိုးသည် မပြောဖူးပါ။

တကယ်တော့ အမေဟာ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကိုယုံကြည်ပေမယ့် ဗုဒ္ဓမြတ်စွာရဲ့ ကံ ကံ၏အကျိုးကို ယုံကြည်နေသူပါလား။ ဝဋ်ဆိုတာကို ယုံကြည်နေသူပါလား။ ကျွန်တော့်အတွက်တော့ အမေ့လို အမေမျိုးရတာ၊ အမေ့လိုအမေမျိုးရဲ့သားဖြစ်ရတာ ကျေနပ်စရာပါ။
မျိုးမြင့်ချို
ဇန်နဝါရီ ၁၇။ ၂၀၂၃

ဗမာလယ်သမားဈေး

0 comments
"ဗမာလယ်သမားဈေး"
အခုနှစ် ချဉ်ပေါင်ပေါ်ချိန်ဆိုင်လျှင် တပေါင်ကို အနည်းဆုံး ၅ ဒေါ်လာလောက် ရောင်းကြမည်ထင်၏။ ထို့ထက်ပိုချင်လည်း ပိုနိုင်ပါလိမ့်မည်။ အစစအရာရာ ကုန်ဈေးနှုန်းတွေ မိုးထိုးနေ၏။ ငွေဖောင်းပွမှုနှုန်းကလည်း ကြောက်စရာ။ ကြက်ဥဈေးကလည်း ကြောက်ခမန်းလိလိ။ တဒါဇင်ကို ၅ ဒေါ်လာကျော်နေပြီ။ တချို့ မြို့ကြီးတွေကဆိုင်တွေမှာ ၈ ဒေါ်လာအထိဖြစ်နေကြောင်း သတင်းများတွင် တွေ့ရပါသည်။ ပြည်နယ်အချို့က ကြက်ခြံတွေမှာ ကြက်နာကျ(ကြက်တုပ်ကွေး)ဖြစ်ကာ ဥစားကြက်မကောင်ရေ သိန်းသန်းချီပြီး သေကြသောကြောင့် ဥအထွက်တွေကျကာ Walmart လို Kroger လို ကုန်စုံဆိုင်ကြီးတွေတွင် ကြက်ဥပြတ်နေ၏။ ဟိုတလောက ကိုမင်းနိုင်က ကွန်မန့်တခုတွင် ရောင်းပြီးရင် ပြန်ဝယ်ရတဲ့ဈေးနဲ့က အတူတူဖြစ်နေလို့ သူ့ဆိုင်တွင် ကြက်ဥ မတင်တော့ကြောင်း ရေးထားတာလေးလည်း ဖတ်လိုက်ရ၏။
ဖို့တ်ဝိန်းမြို့ မြူနီစီပယ်ဥပဒေအရ City Limit မြို့နယ်နိမိတ်အတွင်း အိမ်မွေးတိရိစ္ဆနာမှအပ ဘာအကောင်ပလောင်မှ မမွေးရ။ ထို့ကြောင့် မြို့ပြင်တွင်ရှိသည့် ကျွန်တော်မှာ ကြက်မွေးခွင့်ရနေ၏။ ကျွန်တော့်တွင် လွန်ခဲ့သည့် ၅ နှစ်လောက်က ကြက်မ အကောင်တရာလောက်အထိဖြစ်ခဲ့ဖူး၏။ ကြက်အဖလည်း လေးငါးကောင်ရှိသဖြင့် မျိုးကြက်ဥ Fertilized Eggs တွေဖြစ်၏။ တချို့ကြက်မတွေက ဥပြီးပြန်ဝပ်တာကြောင့် ကြက်ပေါက်စလေးများနှင့် ကြက်သားအုပ်မများလည်း ရှိ၏။ သည်တုန်းက Fresh Farm Eggs က တဒါဇင်မှ ၃ ဒေါ်လာရ၏။ ဒါတောင် Large Eggs ခေါ် ဥကြီးတွေမှဖြစ်၏။ ဥအသေးဥအလတ်တွေကတော့ တဒါဇင် ၂ ဒေါ်လာနှင့် ၂ ဒေါ်လာအောက်။ သည်တုန်းက ချဉ်ပေါင် တပေါင်မှာ ပေါ်ဦးပေါ်စတွင် ၃ ဒေါ်လာရှိပြီး နောက်ကျလျှင် တပေါင် တဒေါ်လာခွဲလောက်သာရှိ၏။ ခုတော့ ကျွန်တော့်လည်း ဥကြက်မကြီး ၃ ကောင်သာကျန်တော့၏။ လူ မနိုင်သဖြင့် လျှော့ရင်းလျှော့ရင်း ဤသို့ဖြစ်သွား၏။ ရောင်းစရာ ကြက်ဥမရှိတော့။ ပြန်ပင် ဝယ်စားနေရ၏။
ကျွန်တော်တို့ ကြက်ဥရောင်းပုံမှာ အလွန်လွယ်၏။ အိမ်ရှေ့ကားလမ်းဘေးတွင် စားပွဲခုံတလုံးချ။ တဒါဇင်ကြက်ဥကာဒ်တွေ စီပြီးတင်။ အဝကျယ်ဖန်ပုလင်းတလုံးကို အဖုံးဖွင့်ပြီးချ။ အထဲတွင် အကြွေလဲနိုင်ရန် တဒေါ်လာတန် ဆယ်ရွက်လောက်ထည့်ထား။ Fresh Farm Eggs, $3 for a dozen ဟုရေးပြီးထားလိုက်ရုံပင်။ လူက တနေကုန်ဘယ်သွားသွား သွားလို့ရ၏။ လူစောင့်နေစရာမလို။ ညနေပြန်လာလို့ ကြက်ဥ ဆယ်ဒါဇင်လျော့သွားလျှင် ဖန်ပုလင်းထဲ၌(ကိုယ်ထည့်ထားသည့် တဆယ်ကိုဖယ်ပြီး) ဒေါ်လာ သုံးဆယ်တွေ့ရ၏။ ပိုတာလိုတာ လျော့တာဘာညာမရှိ။ အချိန်မကုန်ပဲ ဈေးရောင်းရတာဖြစ်၏။
ပန်းသီးခြံတွေလည်း အလားတူပင်။ ခြံအဝ၌ ၅ ဒေါ်လာတန်အိတ်၊ ဆယ်ဒေါ်လာတန်အိတ်၊ ၁၅ ဒေါ်လာတန်အိတ် စသည့်ဖြင့် ပလပ်စတစ်အိပ်အထူတွေကို ရေခဲသေတ္တာအဟောင်းတခုထဲတွင် စီ၍ချပေးထား၏။ ဘေးတွင် အကြွေလဲနိုင်ရန် ၅ ဒေါလာတန် လေးငါးရွက်ကို ဗူးကြီးတဗူးတွင်ထည့်ထား၏။ ပန်းသီးဝယ်သူက ကိုယ်ဝယ်မည့် အိပ်ကိုရွေးယူ၊ ပိုက်ဆံကို ဗူးကြီးထဲထည့်ပြီး ခြံထဲသွားကာ ကြိုက်သည့်အပင်မှ ကြိုက်သည့်အသီးကို အိတ်အပြည့်ထည့်ရ၏။ ခူးနေတုန်း(ခြံထဲရှိနေတုန်း) ကြိုက်သလောက် ခူးစား၊ အဝစား တပြားမှပေးစရာမလို။ အိတ်ပြည့်လျှင် ပြန်ရုံသာ။ ဒါက မြို့ပြင်နှင့် ကျေးလက်များတွင် ပန်းသီး အသီးအရွက်နှင့် ကြက်ဥရောင်းသည့်ပုံစံဖြစ်၏။
ဖို့တ်ဝိန်းနေ ဗမာပြည်ဖွားများမှာ မြေငှား၍ဖြစ်စေ ကိုယ်ပိုင်မြေတွင်ဖြစ်စေ မြို့၏ပရောဂျက်တခုခုကရသည့်မြေမှာဖြစ်စေ ဗမာသီးနှံများစိုက်ကြ၏။ ကန်စွန်း ချဉ်ပေါင်၊ ငရုပ်၊ ဘူးသီး၊ ရုံးပတီသီး စသည်များ။ တချို့ မြို့ပရောဂျက်တို့ ဘုရားကျောင်းတို့က ပေးသည့်မြေများတွင်စိုက်လျှင် ရေနှင့် သဘာဝမြေဩဇာများလည်းရတတ်၏။ မြေငှားခလည်း(တချို့နေရာများတွင်) တပြားမှပေးစရာမလို။ ထိုနေရာမျိုးတွင် လူအများ စုပေါင်းပြီးရော တကိုယ်ရည်ရော စိုက်ကြ၏။ ထွက်သည့် သီးနှံမှာ မိမိ(တို့)ကိုယ်ပိုင်ဖြစ်၏။ ကြိုက်သည့်နေရာတွင် ရောင်းနိုင်၏။ ဗမာပြည်ကလို ခေါင်းရွက်ဗျတ်ထိုးနှင့် လမ်းဘေးလေးချ၊ ထိုင်ပြီးတော့ ရောင်းလို့မရ။ တပတ်တကြိမ် စနေနေ့တွင်လုပ်သည့် Farmers Market ခေါ် လယ်သမားဈေးလေးတွေတွင် စားပွဲများခင်းကာ အမိုးပါသည့် Booth လေးများထိုးပြီး စုစုစည်းစည်းလေးရောင်းချကြသလို ရပ်ကွက်အတွင်းမှ အော်ဒါမှာသည်ကို ပို့ပေးရသည်များလည်းရှိ၏။
ဗမာအသီးအနှံတွေကို အမေရိကန်လယ်သမားဈေးတွင် ရောင်းရသည်မှာ သိတ်တော့ကီးမကိုက်လှ။ ဒါနှင့် ကိုဝင်းထွန်းညွန့်တို့ဦးဆောင်ကာ Autunm Wood အပါ့တ်မင့်အနီးက ကွက်လပ်တနေရာတွင် ခွင့်ပြုချက်ယူကာ ရောင်းပေး၏။ သူတို့က ဒါကို ဗမာလယ်သမားဈေးဟု ခေါ်၏။ ဗမာပြည်ဖွားအများစုနေထိုင်ရာ ရပ်ကွက်တွေနှင့်လည်းနီး ဈေးကလည်းချိုသောကြောင့် ဗမာလယ်သမားဈေးလေးမှာ ဗမာလိုတွေဝတ်စား ဗမာစကားသံတွေဝေဝေစီစီနှင့် စည်စည်ကားကား။ ကျွန်တော်လည်း မနှစ်က ချဉ်ပေါင် ပေါင်နှစ်ဆယ် ဝယ်ဖူး၏။ သည်တုန်းက တပေါင်ကို ၄ ဒေါ်လာမှန်သော်လည်း ကိုဝင်းထွန်းညွန့်က ကျွန်တော့်ကို လျှော့ပေး၏။ ကျေးဇူးတင်ရပါသည်။
အခုနှစ်လည်း သူတို့ စိုက်ကြပျိုးကြဦးမည်ဖြစ်၏။ အသီးအနှံတွေလည်း ထွက်ဦးမည်။ ဗမာလယ်သမားဈေးလေးလည်း စည်ကားဦးမည်။ ဘာမှအပြောင်းအလဲလည်း ရှိမည်တော့မထင်။ သို့သော် ဈေးတွေအဖြစ်ကတော့ မနှစ်ကနှင့်မတူဖြစ်မှာသေချာနေ၏။ ဘာပဲဖြစ်ဖြစ် စိုက်သူတွေရှိလို့စားနေရတာမို့ သူတို့ကိုကျေးဇူးတင်ရ၏။ များများစိုက်နိုင်ကြပါစေ။
မျိုးမြင့်ချို
ဇန်နဝါရီ ၂၁။ ၂၀၂၃

Saturday, January 21, 2023

လဘက်ရည်

0 comments

"လဘက်ရည်"

ကျွန်တော်က ဗမာပြည်နေတုန်းက လဘက်ရည်သမားပါ။ လဘက်ရည်ဆိုင်ထိုင်ရတာကိုကြိုက်ပေမယ့် နေကုန်နေခမ်း လဘက်ရည်ဆိုင် ထိုင်တတ်သူတော့ မဟုတ်ပါ။ သောက်ချင်တဲ့အခါ ဆိုင်သွားပြီးသောက်ရင်း သူငယ်ချင်းတွေနဲ့ ရောက်တတ်ရာပြောကြပါတယ်။ ကျွန်တော်တို့ ရောက်တတ်ရာရာတွေထဲမှာ နိုင်ငံရေးနဲ့ စာအကြောင်းပေအကြောင်းလည်း ပါပါတယ်။ အစိုးရမကောင်းကြောင်းကနိုင်ငံရေးဆိုရင် နုနုရည်အင်းဝရဲ့ ထမိန်ကလေးတထည်က စာပေကိစ္စပေါ့။ အဲ့အချိန်က (ဦး)အောင်သင်းရဲ့စာတွေကို အဟုတ်မှတ်ပြီး ဖတ်ခဲ့ချိန်ပေါ့။ ထောင်နှုပ်ခမ်းနင်းသွားပြီးတဲ့နောက်မတော့ (ဦး)အောင်သင်းစာတွေဟာ ကျွန်တော့်အတွက် ဖတ်စရာမလိုတော့မှန်း သေချာသွားပါတယ်။

ကျွန်တော် အမေရိကားကို ရောက်စက ဖို့တ်ဝိန်းမှာ ‌ဗမာလဘက်ရည်ဆိုင်လေး တဆိုင်ပဲရှိပါတယ်။ ခုတော့ အဲ့ဆိုင်လေးမရှိတော့ပါ။ ခု မနက်စာအဆာပြေ Breakfast စားဖို့ကောင်းတဲ့ဆိုင် ၂ ဆိုင်နဲ့ ကျန်တဲ့အချိန်တွေ စားစရာရောင်းတဲ့ဆိုင်က ၁ ဆိုင်ဆိုတော့ ဆိုင် ၃ ဆိုင်တောင်ရှိနေပါပြီ။ Breakfast ဆိုင် ၂ ဆိုင်လုံးက လဘက်ရည်ကောင်းပါတယ်။ ဒါပေမဲ့ ဗမာပြည်က လဘက်ရည်ဆိုင်ထိုင်ရသလို အရသာမျိုးတော့ မရတော့ပါ။ ဆေးလိပ်သမားတွေအတွက် ပိုဆိုးပါတယ်။ လဘက်ရည်လေးတကျိုက် ဆေးလိပ်လေးဖွာလိုက် လုပ်လို့မရပါ။ စကားတူတဲ့လူတွေနဲ့ဆုံမိတဲ့အခါ နိုင်ငံရေးနဲ့စာပေကိစ္စတွေ ပြောဖြစ်တယ်ဆိုပေမယ့် အရင်လို အရသာမရှိတော့ပါ။ မလွတ်လပ်တဲ့ကောင်းကင်အောက်က ဓါးအမိုးခံထားရတဲ့ဘဝက လွတ်လပ်ခြင်းအကြောင်းပြောရတာလောက် အရသာရှိတာ ဘာမှမရှိပါ။

ရောက်စက လဘက်ရည်ကို အိမ်မှာဖျော်ဖျော်သောက်တဲ့အခါ သောက်ပါတယ်။ အဲ့အချိန်ကရှိတဲ့ တဆိုင်တည်းသော လဘက်ရည်ဆိုင်ကလေးကိုလည်း သွားတဲ့အခါသွားပါတယ်။ ကော်ဖီတော့ မသောက်တတ်သေးသလို ကြိုက်လည်း မကြိုက် စွဲလည်းမစွဲသေးပါ။ ကော်ဖီဆိုတာဟာ လူမမာစာလို့ပဲနားလည်ခဲ့တဲ့ အချိန်က လူဖြစ်ခဲ့တာကိုး။ ခုတော့ ဗမာပြည်မှာလည်း ကော်ဖီဆိုင်၊ ကော်ဖီဆိုင်ထိုင်၊ ကော်ဖီယဉ်ကျေးမှုနဲ့ ယဉ်ပါးနေပါပြီ။ ကျွန်တော်တို့ခေတ်က ကော်ဖီဆိုင်ရယ်လို့ သတ်သတ်မရှိပါ။ ကဖေးလို့ရေးထားလည်း လဘက်ရည်ဆိုင်ပါပဲ။ လူကုန်တန်ရပ်ကွက်တွေအနီးမှာနဲ့ မြို့လည်ကောင်မှာတော့ ကော်ဖီဆိုင်လေးတွေရှိတတ်ပါတယ်။

ကျွန်တော် စိုးဝင်းလဘက်ခြောက်နဲ့ ကိုယ်တိုင်နှပ်ပြီးဖျော်ရတဲ့ လဘက်ရည်ကိုကြိုက်ပါတယ်။ နို့ဆီနည်းနည်း နို့စိမ်းနည်းနည်းနဲ့ သကြားမပါဘဲ ဖျော်တာပါ။ စာတအုပ် ဒါမှမဟုတ် ကွန်ပြူတာတလုံးနဲ့ လဘက်ရည်ကျကျတခွက်နဲ့နေတဲ့အချိန်မျိုးလည်းရှိပါတယ်။ သာယာဝတီထောင်နေတုန်းက ကိုအံ့ဘွယ်ကျော်ဖျော်ဖျော်တိုက်တတ်တဲ့ လဘက်ရည်ကတော့ ကမ္ဘာပေါ်မှာ အကျဆုံးလဘက်ရည်လို့တောင်ပြောရမလိုပါ။ သောက်ပြီး တညလုံးမျက်စေ့ကြောင်ပြီး အိပ်ပါမရတော့ပါ။ ဒါပေမဲ့ ထောင်ထဲမှာ ရှားရှားပါးပါးသောက်ရတာမို့ တန်ဖိုးအလွန်ရှိသလို သူ့ကို ကျေးဇူးလည်းတင်ရပါတယ်။ အဲ့အချိန်က အင်္ဂလိပ်စာလည်း လေ့လာနေချိန်မို့ အိပ်မပျော်ရင် ထောင်ထဲခိုးသွင်းထားတဲ့ Time တို့ Newsweek တို့ Reader Digest တို့က စာရွက်အပိုင်းလေးတွေကို ဝါဒါမမြင်အောင်နံရံကွယ်ပြီး ခိုးဖတ်ခဲ့ချိန်တွေပေါ့။ ကျွန်တော့်အဖို့တော့ လဘက်ရည်နဲ့စာဟာ တွဲဘက်တွေပါပဲ။

အမေရိကားမှာ အချိန်အလွန်ရှားပါးပါတယ်။ အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်ပြီးနေတဲ့လူတွေ မိသားစုတွေလည်း တပုံကြီးပါ။ တနှစ်တခါလောက် Vacation လေးရလို့ ဟိုဟိုဒီဒီသွားသက်လည်ရတာလေးကိုပဲ အချိန်ထဲကအပျော်ဆိုပြီး ဖဲ့ဖဲ့ယူနေကြရတာပါ။ အိမ်မှာ လဘက်ရည်ကို အချိန်ယူနှပ်ပြီး ဖျော်သောက်နိုင်ဖို့ဆိုတာ တော်တော်လေး ကံကောင်းမှလို့ ဆိုရမလိုပါပဲ။ ‌

နောက်တော့ကျွန်တော်လည်း လဘက်ရည်ဖျော်သောက်ရတာကို အလုပ်ရှုပ်တယ်အချိန်ကုန်တယ်လို့ မှတ်ယူခဲ့ရတဲ့အခြေအနေကို ရောက်လာပါတယ်။ စကားပြန်နဲ့ဘာသာပြန်အလုပ် လုပ်နေပြီဆိုတော့ အလုပ်အတွက်ပဲ စိတ်ဟာကြောင့်ကြနေရတာပါ။ ဒါနဲ့ ကော်ဖီပြောင်းသောက်ကြည့်မယ်ဆိုပြီး စသောက်ပါတယ်။ သောက်စက ခံတွင်းမတွေ့ပါ။ အရသာလည်း မခံတတ်ပါ။ ကော်ဖီနဲ့စာအုပ် ဒါမှမဟုတ် ကွန်ပြူတာလည်း လိုက်ဖက်တယ်လို့ မခံစားရပါ။ နောက်တော့ ကော်ဖီအစေ့ကို လတ်လတ်ဆတ်ဆတ်ကြိတ်ထားတဲ့အမှုန့်ကိုဝယ်ပြီး ဖျော်သောက်ပါတယ်။ ဒါကျတော့ အရသာခံတတ်လာသလို စွဲလည်းစွဲလာပါတယ်။ အပြင်ထွက်တဲ့အခါ အပြင်ကကော်ဖီသောက်ပါတယ်။ နောက်တော့ ဇနီးက လှော်ပြီးသား အီသီယိုးပီးယားနဲ့ ဘရာဇေးလ်ကော်ဖီစေ့တွေဝယ်ပြီး အိမ်မှာတင်အမှုန့်ကြိတ်ပြီး ဖျော်သောက်ကြပါတယ်။ ကောင်းပါတယ်။ စွဲမက်စရာပါ။ ဒါပေမဲ့ ဒါလည်း အလုပ်နည်းနည်းပိုတယ်ထင်ပြီး ရယ်ဒီမိတ်ကော်ဖီ (Instance Coffee, Nsecafe-Teaster's Choice) ဝယ်ပြီး နှို့မှုန့် (Coffee Mate) နဲ့ဖျော်သောက်ပါတယ်။ သောက်စက အဝင်ဆိုးသလိုခံစားရပြီး တဖြည်းဖြည်းနဲ့ ကြိုက်လာပါတယ်။ စွဲလည်း စွဲသွားပါတယ်။ ဒီကော်ဖီကို ဇနီးက ဗမာကော်ဖီလို့ခေါ်ပြီး သူသောက်တဲ့ အစေ့လှော်ကော်ဖီမှုန့်ဖျော်ကိုတော့ အမေရိကန်ကော်ဖီလို့လို့ ခေါ်ပါတယ်။ ကော်ဖီသောက်တဲ့ ဗမာတွေ အသောက်များလို့ထင်ပါတယ်။

ခုတော့ အလုပ်လည်းမရှုပ် အချိန်လည်းမကုန်တဲ့ Nsecafe-Teaster's Choice ကို နှစ်သက်တတ်သွားပြီ။ ဒီကော်ဖီနဲ့ စာတအုပ် ဒါမှမဟုတ် ကွန်ပြူတာတလုံးနဲ့လည်း အသားကျသွားပါပြီ။ ခုဆို တခါတလေ လဘက်ရည်ချဉ်ခြင်းတက်တဲ့အခါမှတပါး လဘက်ရည်ဖျော်မသောက်တော့ပါ။ ဗမာဆိုင်လေးတွေက နို့ဆီ နို့စိမ်းနဲ့ ပျစ်နေအောင်ဖျော်ထားတဲ့ လဘက်ရည်ကိုလည်း ခံတွင်းမတွေ့ပေမယ့် တခါတလေတော့ အာသာပြေသွားသောက်တတ်ပါတယ်။ ဒါပေမဲ့ စာဖတ်လို့မရ စကားပြောရတာအရသာမရှိတာမို့ သိတ်ကြီးတော့ မစွဲမက်ပါ။ စကားပြောရတာ အရသာမရှိဆိုတာက လွတလပ်နေတဲ့ကောင်းကင်အောက်က ဇက်ပြတ်စရာမရှိတဲ့ဘဝနဲ့ မလွတ်လပ်သေးတဲ့ဘဝတွေရဲ့အကြောင်း ပြောရတာမို့လို့ပါ။

တကယ်တော့ စကားဆိုတာ ဘာသာစကားတူတဲ့လူနဲ့ပြောမှ အရသာရှိသလို လွတ်လပ်ခြင်းအကြောင်းကို ဂုတ်ပေါ်ဓားအမိုးခံထားရတဲ့ဘဝမှာပြောရမှ အရသာရှိတတ်တာမဟုတ်လား။

မျိုးမြင့်ချို

ဇန်နဝါရီ ၂၁။ ၂၀၂၃

စွမ်းသမျှ အမေ

0 comments

"စွမ်းသမျှ အမေ"

အမေဟာ အသက် ၉၁ နှစ်ရှိနေပေမယ့် သူ့ကိုယ်သူ တခုခုအတွက် ဒါမှမဟုတ် တယောက်ယောက်အတွက် အသုံးဝင်နေတုန်းဆိုတာကို ခံယူထားပုံရပါတယ်။

ညီမ သင်းသင်းအေးက သူ့ကို ဟင်းချက်တာတွေဘာတွေ ပေးမလုပ်တော့တာ အတော်ကြာလှပါပြီ။ ဒီတော့ သူက ထမင်းချက်တယ်။ ချက်တာကတော့ ပေါင်းအိုးနဲ့ဆိုတော့ ဆန်ဆေး ရေထည်ပြီး ခလုပ်နှိပ်လိုက်ရုံပါပဲ။ ဒါပေမယ့် သူက ထမင်းအိုးထဲမှာ ထမင်းမပြတ်ရှိနေဖို့ သိတ်သတိထားပါတယ်။ သင်းသင်းအေးအိမ်က ဧည့်သည်လည်း မပြတ်ဘူးမဟုတ်လား။ ဒါ့အပြင် သင်းသင်းကလည်း ဧည့်သည်လာရင် တခုခုစားပြီးမျပြန်တာကိုသဘောကျတော့ ဟင်းလည်း မပြတ်အောင်ချက်တယ်။ ခေါက်ဆွဲတို့ဘာတို့လည်း သုတ်စားချင်စားလို့ရအောင် လိုတဲ့အမယ်တွေကို အသင့်လုပ်ထားတယ်။ ဘယ်ဧည့်သည်မှ မလာတဲ့နေ့ဆိုရင်တောင် ကျွန်တော်ကတော့ တရက်ခြား ၂ ရက်ခြားတခါလောက်တော့သွားဖြစ်ပါတယ်။ ကျွန်တော် ရောက်တဲ့အခါတိုင်းလည်း ထမင်းစားပြီးမှ ပြန်တာ။ ဒီတော့ အမေ့ထမင်းအိုးဟာ ထမင်းပြတ်တယ်ရယ်လို့ မရှိပါ။

နောက်တခုက ငရုပ်သီးဆားထောင်း။ အမေ့ ငရုပ်သီးဆားထောင်းဟာ သူသူငါငါ ထောင်းကြသလိုမျိုး ငရုပ်သီးအလှော်မှုန့်ရယ် ဆားရယ် ပုဇွန်ခြောက်လေးနည်းနည်းရယ် ကြက်သွန်ဖြူရယ် အချိုမှုန့်လေး ပါလေဟန်ရယ် ဒါတွေကလွဲပြီး ဘာမှ အပိုဆာဒါးပါတယ်မဟုတ်ဘူး။ ဒါပေမဲ့ အတော်စားကောင်းတယ်။ အစပ်အဟပ် အချိုးအဆကြောင့်လားမပြောတတ်ဘူး။ အမေက ငရုပ်သီးဆားထောင်းလေးလည်း မပြတ်အောင်ထောင်းပြီး ထမင်းစား စားပွဲပေါ်တင်ထားတတ်တယ်။ ငပိရည် သိတ်မစားနဲ့သား အငံက လျှော့စားနိုင်လေ ကောင်းလေပဲလို့လည်း ပြောတတ်တယ်။

နောက်တခုက ကြက်သွန်ဖြူ။ သင်းသင်းအေးက ကြက်သွန်ဖြူဝယ်ရင် များသောအားဖြင့် Sam Club က အထုတ်ကြီး ဝယ်တတ်တယ်။ ‌တထုတ်ကို ၃၀ သားလောက်ရှိမယ်ထင်တာပဲ။ သေတော့ မသေချာပါဘူး။ တခါတလေလည်း ၅ ဥလောက်ပါတဲ့ ကြက်သွန်ဖြူတောင့်လေးတွေ ဝယ်တတ်တယ်။ ဘာပဲဝယ်ဝယ် အမေ့အလုပ်က ဝယ်ထာတဲ့ကြက်သွန်ဖြူတွေကို အခွံသင်တာပဲ (နွှာတာပဲ)။ ကုလားထိုင်နှစ်လုံးဆက်ပြီး ခြေလေးဆန့်ဆန့်ထား၊ ကိုယ်ကို တတ်နိုင်သမျှ မတ်မတ်လေးထိုင်ပြီး ကြက်သွန်ဖြူဇလုံကို ပေါင်ပေါ်တင်ရင် နွှာတော့တာပဲ။ ခုလိုလေး နွှာထားတော့ မင်းညီမ လိုတဲ့အခါ အဆင်သင့်ဖြစ်တာပေါ့လို့ပြောရင် နွှာပြီးသားကြက်သွန်ဖြူတွေကို Zip Lock အိတ်လေးတွေထဲ အတက်အကြီးက အကြီးသပ်သပ် အတက်သေးသေးသ သေးသေးသပ်သပ်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်တယ်။ အမေ အကြီးအသေးက ဘာလို့ခွဲရတာလဲလို့မေးကြည့်တော့ ဪ..အတက်ကြီးတွေက ဟင်းချက်တဲ့အခါထည့်ရုံမက ပါးပါးလှီးပြီး ဆီသတ်တာတို့ဘာတို့လုပ်တဲ့အခါသုံးပြီး အသေးတွေကတော့ ဟင်းချက်တဲ့အခါပဲ သုံးရတာလေ။ လိုတဲ့အခါ ရွေးမနေရတော့ဘူးလို့ ဖြေတယ်။

နောက်တခုက မရင်နှစ်ကိစ္စ။ သူ့မြေး မရင်နှစ်က သူ့အသက်ဗူးပဲ။ သူ သူ့မြေးကို အမြဲ အရိပ်တကြည့်ကြည့်နေတယ်။ သူ့မြေးဘာလိုလဲ ဘာစားချင်လဲကို အမြဲကြောင့်ကြစိတ်ထားတယ်။ သူ့မြေးမှာ ကောင်းတာတခုက ဘာလိုချင်တယ် ညာလိုချင်တယ် ဘာဝယ်ပေးပါ ညာဝယ်ပေးပါ မပူဆာတတ်သေးတာပဲ။ သူ့အမေ ဝယ်ပေးသမျှ ဝတ်တာပဲ။ သူ့အမေ ချက်ကြွေးသမျှထဲက သူစားတာဆို စားတာပဲ။ သူမစားတာတွေလည်းရှိတယ်။ ကြေးသိတ်မများဘူး။ မနက် ကျောင်းမသွားခင် Breakfast စားရင် တခါတလေ ကြက်ဥကြော်ပြီး ပေါင်မုန်ု့နဲ့ညှပ်စားတတ်တယ်။ ရင်နှစ်က ကြက်ဥကို သူ့ဘာသာကြော်တတ်တယ်။ ဒါပေမဲ့ အမေက မရဘူး နာနီကြော်ပေးမယ်သမီးဆိုပြီး တခါတလေ သူက ကြော်ကြော်ပေးတယ်။ သူ့မြေးကျောင်းသွားချိန်ကို သတိပေးစရာမလိုပဲ သတိပေးတတ်သလို သူ့မြေးကျောင်းကပြန်ချိန်ကိုလည်း တမျှော်မျှော်နဲ့နေတာ အမြဲပဲ။

အိမ်က ကြမ်းခင်း(သစ်သားခင်း)ဆိုတော့ ဖုန်စုပ်စက်နဲ့စုပ်လည်းရသလို အလိုအလျှောက် ဖုန်စုပ်စက်ကလေးရှိတော့ ဖုန်စုပ်တဲ့ကိစ္စကို ရဲမော်ထူးက တာဝန်ယူ သတိလုပ်ပြီး စုပ်တယ်။ ဒါပေမဲ့ အမေက မရဘူး။ ထမင်းစားခန်းနဲ့ မီးဖိုချောင်ကို သူကိုယ်တိုင် တံမြက်စည်းနဲ့ လှည်းရကျင်းရမှ။ ဖုန်စုပ်စက်က ချာင်ကြိုချောင်ကြားထဲအထိ မရောက်ဘူးလေ သားရဲ့။ တံမြက်စည်းလေးနဲ့ဆိုတော့ အကြိုအကြားထဲအထိ ခတ်လို့ရတယ်တဲ့။

နောက်တခုက လူတွေကို သတိပေးတာ။ အပွိုင်မင်န်တွေဘာတွေရှိရင် အချိန်ကို သတိပေးတတ်သလို ပြန်ခါနီး တခုခုမေ့မကျန်အောင်လည်း သတိပေးတတ်တယ်။ မင်းက အဝေးကြီးမှာနေတာ တခုခုမေ့ကျန်ခဲ့လို့ ပြန်လာယူရရင် မလွယ်ဘူးလို့ ကျွန်တော့်ကို အမြဲပြောတယ်။ ကျွန်တော်ကလည်း တခါတလေ မေ့ကျန်ဖြစ်အောင်ကျန်တယ်။ ဒီတော့ သူက မင်းတို့က ငယ်ငယ်လေးတွေနဲ့ မေ့တတ်တာလွန်ရော။ ရင်နှစ်လည်း ဘာထူးလဲ သတိပေးနေတဲ့ကြားက ဟိုနေ့က ကျောင်းထမင်းဗူးမေ့ကျန်ခဲ့တယ်။ အမေ့အမြင်မှာ ကျွန်တော်တို့ဟာ ငယ်သေးသူတွေပဲ။ အမေသတိကောင်းပုံက ဩချလောက်တယ်။ သူ ငယ်ငယ်တုန်းကအကြောင်းတွေ ပြန်ပြောပြတတ်သလို လတ်တလောကိစ္စတွေလည်း မှတ်မိနေတာပါ။

အမေဟာ သူ့ကိုယ်သူ လောကအတွက် (အနည်းဆုံး) မိသားစုအတွက် အသုံးဝင်တဲ့လူဖြစ်အောင်နေတာပါပဲ။ သူ လုပ်နိုင်သေးတယ် စွမ်းသေးတယ်ဆိုတာကိုလည်း သူ့ကိုယ်သူ သေချာအောင်လုပ်နေတာမျိုးပါပဲ။

မျိုးမြင့်ချို

ဇန်နဝါရီ ၂၁။ ၂၀၂၃

Friday, January 20, 2023

ဒေါ်ဌေးဌေးဝင်း ခေါ် ရိုစီအောင်

0 comments
“ဒေါ်ဌေးဌေးဝင်း ခေါ် ရိုစီအောင်”
ဒေါ်ရိုစီအောင်ခေါ် ဒေါ်ဌေးဌေးဝင်းကို ကျွန်တော်က ရှေ့တွင် အမဟုခေါ်ပြီး ကွယ်ရာတွင် အဖွားကြီးဟု ခေါ်သည်။ တကယ်က သူသည် အဖွားကြီးအခေါ်ခံရလောက်အောင်တော့ မအိုသေး။ သူက ကျွန်တော့်ကို ကိုမျိုးဟုခေါ်တတ်ပြီး စိတ်မလိုလျှင် သို့မဟုတ် ချစ်စနိုးဖြစ်လျှင် ဟဲ့အကောင်ဟုခေါ်တတ်သည်။
၁၉၇၄ ဦးသန့်အရေးအခင်းတွင် ထောင်ကျခဲ့ဖူးသည်ဆိုသည်မှ တပါး သူ့နိုင်ငံရေးနောက်ခံတွေကို ကျွန်တော်မသိ။ ဘာအယူအဆ ဘာအတွေးခေါ် ကိုင်စွဲသည်ကို ကျွန်တော် စကားမစပ်မိခဲ့။ စစ်အာဏာရှင်စနစ်ကို စိုက်လိုက်မတ်တပ် ဆန့်ကျင်နေသူတဦးဖြစ်တာတော့ သေချာသည်။ သူနှင့်အတူ ဒုက္ခသည်စခန်းတွင်း အတူနေခဲ့ဖူးရုံမက အမေရိက ရောက်ပြီးနောက်ပိုင်းလည်း ကျွန်တော်နှင့် တခါတခါ ဆုံရသည်။ တခါသား ဖို့တ်ဝိန်းမှာ သူ့အဆက်ကြီးနှင့် အတူလာနေတော့ အတော်ကြာကြာ သူနှင့်တွေ့ရသည်။ ကျွန်တော့်အိမ်ကိုလည်း ညအိပ်ညနေ လာလည်ဖူးသည်။ ကျွန်တော့်ကိုလည်း ချက်ပြုတ် ကျွေးမွေးဖူးရုံမက အဝေးကနေလည်း အစားအသောက်တွေ လှမ်းပို့ပို့ပေးတတ်သည်။ ငပိလည်းထောင်းပြီး ဗူးကြီးထဲထည့်ကာ ‘ဆီမြုပ်နေအောင်စိမ်ထား၊ အကြာကြီးအစားခံတယ်’ပြောကာ ငပိတွေလည်း ထောင်းပေးဖူး၏။ သူအစားအသောက်တွေ အဝေးကနေလှမ်းလှမ်းပို့တိုင်း ကျွန်တော်က ‘မပို့နဲ့အမ ကျွန်တော် မလိုချင်ဘူး၊ အမမှာ ဘာဝင်ငွေမှလည်းမရှိပဲနဲ့ ကျွန်တော့်ဆီပို့နေရတော့ ကျွန်တော် မစားရက်ဘူး အားနာတယ်’ ဟုပြောတိုင်း ဟဲ့အကောင် မရှည်နဲ့ လိပ်စာပေးမှာသာပေးစမ်းဟု ပြန်ပြန်ပြောတတ်သည်။ တခါပို့တိုင်း တခါ လိပ်စာပေးရသည်။
တခါတခါ သူ ရွှေတွေ ကျောက်တွေ လက်ဝတ်ရတနာတွေရောင်းနေတတ်ပြီး တခါတခါ လဘက်အကြော်စုံနှင့် ငါးခြောက်ငါးခြမ်းများလည်း ရောင်းနေတတ်သည်။ ဘယ်ကဘယ်လို အဆက်အသွယ်တွေရ၍ ဘယ်လောက် အမြတ်အစွန်းရမရတွေတော့ ကျွန်တော်မသိပါ။ မေးလည်း မမေးဖူးပါ။
ကျွန်တော်တို့ အုန်းပြန့်ဒုက္ခသည်စခန်းမှာ အတူနေခဲ့ကြတုန်း ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းကြီးဖြစ်သည်။ သူသည် ဒုက္ခသည်စခန်းမှနေ၍ ဗမာပြည်ထဲခိုးပြန်ကာ ထိုရွှေဝါရောင်အရေးအခင်းကြီးတွင် ကိုယ်ထိလလက်ရောက် ပါဝင်ဆန္ဒပြခဲ့သည်။ ကျွန်တော်တို့ မလုပ်ရဲ မလုပ်ဝံ့သည့်အလုပ်ကိုသူလုပ်ခဲ့သည်။ ရွှေဝါရောင်အရေးအခင်းကို စစ်အုပ်စုမှအကြမ်းဖက်ဖြိုခွင်းလိုက်သည့်အခါ သူ မဲဆောက်ကိုပြန်ရောက်လာသည်။ ထိုအချိန်က ကျွန်တော်လည်း မဲဆောက်တွင်ရှိနေချိန်ဖြစ်သည်။ တနေ့ဖုန်းဝင်လာ၍ကိုင်လိုက်ရာ သူဖြစ်နေသည်။ ‘ကိုမျိုး အမ မဲဆောက်ပြန်ရောက်နေတယ် အဆက်ကလေးလည်းပါတယ် ဟဲဟဲ’ ဟုပြောပြီး သူနေနေသည့် ဟိုတယ်(တည်းခိုခန်း)လိပ်စာပေးသည်။ ငါ့ လာတွေ့ဦးဟုပြောသည်။ ကျွန်တော်သွားတွေ့တော့ သူ့အဆက်ကလေးနှင့်မိတ်ဆက်ပေးရင်း သူလည်း ငါနဲ့အတူ အမေရိကကိုလိုက်မှာဟုပြောကာ ဘီယာတိုက်သည်။ ထိုအချိန်က ကျွန်တော် ဘာမှမသောက်ပဲနေချိန်ဖြစ်သဖြင့် သူတိုက်သည့်ဘီယာကိုငြင်းလိုက်ရာ ‘ဟဲ့ ဝယ်ပြီးသားလည်း ဖြစ်နေပြီ၊ ငါ့ချစ်ချစ်လေးကလည်း မသောက်တတ်ဘူး၊ ပြန်ပေးလို့လည်းမရဘူး၊ ယူသွား သောက်တတ်တဲ့လူ ပေးလိုက်’ဟုပြောသည်။ ထိုအချိန်တွင် သူ့ကြည့်ရတာ အပျိုပေါက်လေးတယောက်လို ရွှင်လန်းတက်ကြွနေသည်။ စကားပြောလည်း အပြုံးတွေ တဝေဝေနှင့်။ ကျွန်တော်က သူနှင့် သူ့ချစ်ချစ်လေးအကြောင်း ဇော်ကြီး(သစ်ကောင်းအိမ်)ကိုပြောပြတော့ အဖွားကြီးကတော့ လုပ်ချလိုက်ပြန်ပြီဟု ပြောပြီး ရယ်သည်။ နောက်တော့ သူ့ချစ်ချစ်လေးပါခေါ်ပြီး ဒုက္ခသည်စခန်းတွင်း ပြန်ဝင်လာသည်။ နောက်တော့ သူ့ချစ်ချစ်လေးက ဘာဖြစ်သည်မသိ ဗမာပြည်အပြီးပြန်သွားသည်။
ဒုက္ခသည်စခန်းတွင်နေစဉ်က သူသည် အုန်းပြန့်ဒုက္ခသည်စခန်း ၁၆ ရပ်ကွက် အမျိုးသမီးရေးရာအဖွဲ့တွင် ခေါင်းဆောင်ပြီး ကိစ္စရှိလျှင်တက်လည်းအလွန်တက်ကြွသည်။ သို့သော် သူသည် ဘာကိစ္စဖြစ်ဖြစ် သူ့စိတ်ထဲရှိလျှင် ရှိသည့်အတိုင်း ပြောပြောချတတ်သည့် အလေ့ရှိသည်။ နှုတ် သိတ်မစောင့်တတ်။ သူအလိုမကျလျှင် မဲ့ကာရွဲ့ကာလည်း ပြောတတ်သည်။ ရံဖန်ရံခါ စောက်တွေဘာတွေပါ ပါတတ်သည်။ ထို့ကြောင့် တခါတလေ ကိစ္စသေးသေးသည် ကိစ္စကြီးကြီး ဖြစ်သွားတတ်သည်။ ပြဿနာကို မီးထိုးပေးသလိုတွေလည်း ဖြစ်တတ်၏။ သူ့ကို အမျိုးသမီးရေးရာတွင် ထည့်ဖွဲ့မိသည့်အတွက် စခန်းတာဝန်ခံမှာ ဗြမ္မာ့ဥက္ခေါင်းကိုင်မိသလို ဖြစ်နေသည်ထင်သည်။
သူ့အကြောင်းလည်း သူသိသည်။ တရက်သား ကျွန်တော်တို့တဲကိုလာလည်ရင်း ရယ်စရာမောစရာတွေပြောရင်း “ဟဲ့ ငါ့သားကပြောတယ်၊ အမေ့လိုမိန်းမကို အနှစ် ၂ဆယ်ကျော်ကြီး ပေါင်းသင်းလာတဲ့အဖေ့ကို အံ့ဩတယ်လို့ ပြောတယ်ဟ”ဆိုပြီး တဟားဟားရယ်သည်။ သူ့သားတွေနှင့် သူ အစေးမကပ်သည့်အခါ မောင်နှမတွေရန်ဖြစ်သလို မခေါ်မပြောတွေနေတတ်သည်။
နောက်တော့ကျွန်တော်တို့တွေ အမေရိကရောက်လာ၏ သူက နူးယော့ခ်ပြည်နယ် ဘာ့ဖလိုးမြို့ ကျွန်တော်က ဖို့တ်ဝိန်း။ တခါတလေ ဖုန်းဆက်သည်မှအပ လူချင်းမတွေ့။ သူ့အဆက်ကြီးနှင့်နေရန် ဖို့တ်ဝိန်းရောက်လာတော့ မကြာမကြာ တွေ့ဖြစ်၏။ ထိုအချိန်တွင် သူ ကားမောင်းနေပြီး ကားလည်း ထည်လဲစီး၏။ ကျန်းမာရေးနှင့်အသက်အရွယ်ကြောင့် အစိုးရထောက်ပံ့ကြေးတော့ ရနေဟန်တူသည်။ သူ့အဆက်ကြီးနှင့်လမ်းခွဲပြီးနောက် ဘယ်ကို တိမ်လိုလေလို လွင့်သွားသည် မသိ။ လူချင်းလည်းမတွေ့ ဖုန်းလည်းမဆက်တော့။
နောက်တော့ သူ ဖေ့စ်ဘွတ်ခ်သုံးလာ၏။ အစပိုင်းတွင် Live လွင့်တာတွေ ဗီဒီယိုတင်တာတွေမလုပ်သေး။ နောက်ပိုင်းတော့ စစ်အုပ်စုကို ပွဲကြမ်းတော့သည်။ သူနှင့်မတည့်သူမှန်သမျှကိုလည်း ကလော်၏။ သူ့ Live နှင့် သူ့ဗီဒီယိုများ ကြည့်ဖူးသူတိုင်း သတိထားမိကြမည်ထင်သည်။ ‘အမ ပြောစရာရှိတယ်ထင်ရင်တော့ ပြောပါ ၊ ဒါပေမဲ့ သာသာလုပ်ပါ၊ နိုင်ငံရေးလည်း နက်နက်နဲနဲပါပါစေ၊ သိတ်ကြီးတော့ မကြမ်းစေချင်ဘူး’ ဟု ကျွန်တော်ပြောတော့ ‘နင် ဘာသိလို့လဲ ငါ့မောင်၊ တချို့က အဲ့သလိုပြောမှရတာ’ဟုပြန်ပြော၏။ သူမပြင်ခဲ့။
အမေရိကတွင် သူ့ လူမှုရေးဘဝသည် အတည်တကျမဖြစ်ခဲ့။ အမြဲတမ်း လွှင့်နေရသည့် ဦးတည်ရာမဲ့ ရွက်လှေတစင်းနှယ်။ ကြိုးပြတ်သွားသည့် လေတံခွန်နှယ်။ သို့သော် သူ မမှု။ တချို့ဒုက္ခတွေကို ဟားတိုက်ရယ်မော ပြစ်၏။ တချို့ဒုက္ခတွေကို အံကြိတ်ခံ၏၊။ တချို့ဒုက္ခတွေကို လိုင်းပေါ်တင်ပြီး နင်ပဲငဆပြော၏။ ဖေ့စ်ဘွတ်ခ်သည် သူ့ သောကများ သူ့ခံစားချက်များအား ရင်ဖွင့်စရာလို ဖြစ်နေသည်။ လူမုန်းများသလို လူချစ်လူခင်လည်းပေါသည်။
၂၀၂၂ ဒီဇင်ဘာ ဒုတိယပတ်လောက် မက်ဆင်ဂျာမှနေ၍ ‘ငါ့မောင် အမကိုလိပ်စာပေးစမ်း’ဆိုသည်။ ‘ဘာလုပ်မလို့လဲ အမ’ဟုမေးတော့ ‘ငါးရံ့ခြောက်တွေ ကောင်းမှကောင်းပဲ၊ ပို့ပေးမလို့’ဟုဆိုသည်။ ကျွန်တော်ကထုံးစံအတိုင်း မပို့ရန် ပြောသည်။ သူကလည်း ထုံးစံအတိုင်း ‘လျှာမရှည်နဲ့’ဟုဆိုသည်။ တဆက်တည်း ‘အမ နိုင်ငံသားလည်း‌ဖြေမယ်၊ နွေဦးပေါက်ရင် အမ ဖို့တ်ဝိန်းကို လာခဲ့မယ်၊ အဲ့ဒီမှာ ကြာကြာလေးနေမယ်၊ နိုင်ငံသားလည်း ဖြေမယ်၊ နင် လိုက်လုပ်ပေး’ ဟုပြောသည်။ ကျွန်တော်က ‘ရတယ်အမ လာခဲ့၊ ကျွန်တော်လိုက်လုပ်ပေးမယ်’ဟုပြောပြီး ဖုန်းချလိုက်ကြသည်။ သည်တကြိမ်သည် သူနှင့် နောက်ဆုံးအကြိမ် ဖုန်းပြောဖြစ်မည်မှန်း မသိခဲ့။ (ဒီဇင်ဘာ ၁၉ ရက်နေ့တွင် သူပို့လိုက်သည့် ငါးရံ့ခြောက်တွေရောက်လာသည်)
ခု သူ ကွယ်လွန်ပြီ။ သူ့တွင် နှလုံး၊ သွေးတိုး၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါများပါရှိသည်။ သို့သော် သူသည် အလွန် ဇွတ်တရွတ်နိုင်သလို အလွန်ပေပေတေတေလည်းနိုင်သည်။ သူ့ကိုယ်သူ ပေယျာလကံလည်း ထားသည်။ ‘အမ ကျန်းမာရေးဂရုစိုက်နော်’ ဟုပြောတိုင်း ‘ဟဲ့ စိုက်လည်း သေချိန်တန်သေမှာပဲ၊ ငါ့မှာ ဒီလောက်ရောဂါတွေနဲ့ ဒီလောက် အသက်ရှင်နေရတာတောင် လွန်လှပြီ’ဟုပြန်ပြန်ပြောသည်။
သူကွယ်လွန်ကြောင်းကြားတော့ ဩစတေးလျနေ သူ့ သားတော်မောင်ကို ဆက်သွယ်ပြီး သတင်းအတည်ပြုရသည်။ ၂၀၂၂ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကွယ်လွန်ဖြင့် သူ့ ငါးရံ့ခြောက်တွေရောက်လာပြီး နောက်တနေ့တွင် ဆုံးမှန်းသိရသည်။ သူကား ဆုံးပါးသွားခဲ့လေပြီ။ သူ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်နှင့် သူ့ ဗီဒီယိုများကတော့ အွန်လိုင်းတွင် ရှိနေလိမ့်ဦးမည်။
မျိုးမြင့်ချို
ဇန်နဝါရီ ၂၀။ ၂၀၂၃

Monday, January 16, 2023

အခုအခံ

0 comments

အမေရိကကို စာတလုံးမှမတတ်ဘဲ ရောက်လာသူတွေ။ ပညာအခြေခံလေးရှိတဲ့သူတွေ။ သာမန်ဘွဲ့ရတွေအတွက်တော့ ရောက်ပြီးသိတ်မကြာဘူး အထိုင်ကျသွားကြပါတယ်။ သိတ် တောင်တောင်အီအီတွေ ရွေးမနေဘဲ ကိုယ်နဲ့ကိုယ် သင့်တော်ရာအလုပ်ကလေးတွေလုပ်ရင်း မိသားစုဘဝနဲ့ အိုးနဲ့အိမ်နဲ့ နေသားတကျရှိသွားကြပါတယ်။ လူမှုရေး စီးပွားရေးဘဝ အထိုင်ကျသွားကြပါတယ်။ တချို့ဆိုရောက်ပြီး ၃ နှစ်လောက်မှာတင် အိုးပိုင်အိမ်ပိုင်လေးနဲ့ ကားကောင်းကောင်းလေးတွေစီးလို့ ဘဝဟာ အထိုက်အလျှောက် သက်သောင့်သက်သာရှိသွားပါတယ်။ နိုင်ငံရေးအထိုင် ကျ မကျကတော့ တပိုင်းပေါ့လေ။ ဒါလည်း အမေရိက ကနေ လှမ်းလုပ်လို့ရတဲ့နိုင်ငံရေးက ဘာလဲဆိုတာ သိသွားရင် အလောတော်သွားပါတယ်။

ခက်နေတာက ဗမာပြည်က ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ရှေ့နေတွေ စတဲ့ပညာအဆင့်ရှိတဲ့သူတွေပါ။ သူတို့ဟာ ဒီမှာ ဆရာဝန်ပြန်လုပ်ဖို့ အင်ဂျင်နီယာပြန်လုပ်ဖို့ ရှေ့နေပြန်လုပ်ဖို့ အတော်ကြီးကို ရုန်းရပါတယ်။ ဒီက အဆင့်ကိုမီဖို့ မနည်းလုပ်ယူရပါတယ်။ ဆရာဝန်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ စကားပြန်လုပ်နေရသူတွေ၊ အင်ဂျင်နီယာဖြစ်ပြီး ‌Forklift မောင်းနေရသူတွေ၊ ရှေ့နေဖြစ်ပြီး တရားရုံးစကားပြန်လုပ်နေရသူတွေလည်းရှိပါတယ်။ သူတို့ဟာ ဗမာပြည်က သူတို့ရဲ့လူမှုအဆင့်အတန်းကို ပြန်ရဖို့ တော်တော်နဲ့ မမျှော်လင့်နိုင်ပါ။ ဒီကအဆင့်ကို မီသွားရင်တော့ ဒီက လူမှုရေးအဆင့်တွေကို ရကြတာပါပဲ။ အဲ့ဒီ အဆင့်ကို မရခင်စပ်ကြား သင့်တော်မယ့်အလုပ်တခုခုကို လုပ်ကြရပါတယ်။ ဒီအခါ သူတို့စိတ်ထဲ ခံစားမှုတွေ ဖြစ်တတ်ပါတယ်။ တော်တော်နဲ့ လူမှု/စီးပွားအထိုင်မကျနိုင်ပါ။

နောက်တမျိုးက ဗမာပြည်က ဆယ်လီဆိုတဲ့ Celebrities တွေပါ။ သူတို့လည်း တော်တော်နဲ့အထိုင်မကျကြပါ။ ရရာအလုပ် လုပ်မယ်ဆိုပြန်တော့လည်း ဆယ်လီဆိုတာကြီးက ခံနေပြန်ပါတယ်။ ဆရာဝန်တို့ အင်ဂျင်နီယာတို့ ရှေ့နေတို့လို ပညာတတ်သလား၊ အဲ့ဒီပညာတွေနဲ့ အလုပ်လုပ်စားသလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ သူတို့တတ်တာ အနုပညာကိစ္စတွေပါ။ ဗမာပြည်ကအနုပညာဟာ ဒီမှာ အလုပ်မဖြစ်ပါဘူး။ ဗမာပြည်က အနုပညာနဲ့ ဒီမှာ အသက်မွေးလို့မရပါဘူး။ ဘာလို့ မရ ရတာလည်းလို့မေးရင် ဖြေရမှာတွေများပေမယ့် တခွန်းတည်းသောအဖြေက ဒါ ဗမာပြည်မဟုတ်လို့ပါဘဲ။

ဒီရောက်ရင် ဒီကလူလိုကျင့်ရပါတယ်။ ရောမ ရောက်သလိုပေါ့လေ။ ဒီရောက်စ စက်ရုံအလုပ်ရုံတွေမှာ မလုပ်ချင်တဲ့အခါ (ငွေတတ်နိုင်ရင်တော့ တမျိုးပေါ့လေ၊ ကိုယ့်ကိုယ်ပိုင်လုပ်ငန်းတခုခု ထူထောင်လို့ရတာပေါ့) ဆူရှီလိပ်တာတို့ စားသောက်ဆိုင်တွေမှာလုပ်တာတို့ ဒလီဗရီပို့တာတို့ တက္ကစီမောင်းတာတို့ စတာတွေလုပ်ကြရပါတယ်။ ဒီလိုလုပ်လို့ ဒါဟာ ဂုဏ်ငယ်စရာလို့ မြင်သူမြင် ခံစားသူခံစားတွေလည်း ရှိကြပါတယ်။ ခံစားမယ် မြင်မယ်ဆိုလည်း မြင်ချင်ခံစားချင်စရာပါ။ ဗမာပြည်မှာ သူတို့ရခဲ့တဲ့ လူမှုရေးအဆင့်က နည်းမှမနည်းဘဲကိုး။ တချို့ဆို တွေ့ချင်ရင် ရက်ချိန်းယူပြီးမှ တွေ့ရတဲ့လူမျိုးတွေပါ။ ဒီရောက်တဲ့အခါ ခလုပ်အတိုက်ခံရသလို ဖြစ်သွားကြတာကိုး။

ပြန်ကောက်ရရင် သာမန်််််််််် သူလိုကိုယ်လိုလူတွေအတွက် အမေရိကားဟာ လူမှ/စီးပွားဘဝ အထိုင်ကျဖို့ မခက်ခဲပါ။ ဘာမှလည်း သိတ်ခံစားနေစရာမရှိပါ။ ကိုယ်နဲ့ တော်ရာတန်ရာအလုပ်ကလေးလုပ်ပြီး သူလိုကိုယ်လို နေသွားရုံပါပဲ။ ဆရာဝန် ရှေ့နေ အင်ဂျင်နီယာ ဆယ်လီဘရစ်တီးစ်တွေအဖို့တော့ ‌အတော်ခွကျပါတယ်။ ဒါ့ကြောင့်ထင်ပါတယ် တချို့ အတော် ညည်းကြပါတယ်။ စိတ်ပျက်သလိုတွေ ပြောကြပါတယ်။

ခုလည်း ဆယ်လီဗရစ်တီတယောက် ဆူရှီလိပ်တာကို ဂုဏ်ငယ်သလိုလို ရှက်စရာလိုလို ချိုးချင်နှိမ်ချင်တာလိုလို ရိတာကလိတာလိုလိုတွေ ပြောနေသံကြားရပါတယ်။ တကယ်တော့ အဲ့ဒီ ဆယ်လီဟာ အမေရိကကိုရောက်လာတာပါ။ အမေရိကရောက်တော့ အမေရိကလိုနေရပါတယ်။ ရောမရောက်ရင် ရောမလိုကျင့်ရပါတယ်။
မျိုးမြင့်ချို
ဇန်နဝါရီ ၁၃။ ၂၀၂၃

ကျဉ်တုပ်ခံဝံ့မခံဝံ့

0 comments
(ကျဉ်တုပ်ခံဝံ့မခံဝံ့)
မင်းမှာလုပ်ချင်၏ တင်းကုပ်မှာ အချုပ်ခံဝံ့မခံဝံ့၊ ပဲဟင်းကိုရှုတ်ချင်၏ နှုတ်ခမ်းမွှေးကို အနှုတ်ခံဝံ့မခံဝံ့၊ မှိုနှင့်မျှစ်ကိုနှုတ်ချင်၏ ကျဉ်တုပ်ခံဝံ့ မခံဝံ့ ဆိုတဲ့ ကျည်းကန်ရှင်ကြီးရဲ့ နန္ဒဓဇမေတ္တာစာလာ လင်္ကာတပုဒ်ကို လူတိုင်းလိုလိုကြားဖူးပြီးသားနေမှာပါ။ ဆရာမောင်သာရက ကျဉ်တုတ်ခံဝံ့မခံဝံ့ အမည်နဲ့ လုံးချင်းဝတ္ထုတပုဒ်ရေးဖူးပါတယ်။ ကျောင်းသားနိုင်ငံရေးနောက်ခံ ဇာတ်လမ်းပါ။
ဒီနေရာမှာပြောစရာရှိတာက မင်းမှာလုပ်ချင်၏လည်းမဟုတ်သလို ပဲဟင်းရှုံ့(ရှုတ်)တဲ့ကိစ္စလည်းမဟုတ်ပါ။ ဒီနှစ်ခုက အသိရလွယ်တာမို့ ချန်ခဲ့ပါရစေ။ မှိုနှင့်မျှစ်ကို နှုတ်ချင်၏ ကျဉ်တုပ်ခံဝံ့မခံဝံ့ ကတော့ အကောက်အယူထွေပြားတတ်တာမို့ နည်းနည်း ရှင်းပါရစေ။
တချို့က ကျဉ်တုပ်ခံရတာကို ထောင်သွင်းအကျဉ်းချခံရတာ၊ အနှောင်အဖွဲ့ခံရတာ၊ အနှိပ်အစက် အညှဉ်းအပန်းခံရတာတွေကို ညွှန်းပြီးသုံးလေ့ရှိကြပါတယ်။
တကယ်က ကျဉ်တုပ်တယ်ဆိုတာ ကျဉ်နီကောင်(ကျွန်တော်တို့ငယ်ငယ်က မပီမသနဲ့ ကရင်နီကောင်လို့ ခေါ်ပါတယ်) တုပ်တာကိုပြောတာပါ။ ကျဉ်နီကောင်မှာမှ ကျဉ်နက်ကောင်ဆိုတာလည်း ရှိပါတယ်။ ကျဉ်နီကျဉ်နက် ၂ မျိုးစလုံးကိုရောပြီး ကျဉ်ကောင်လို့ခေါ်ပါတယ်။ အဲ့ဒီ ကျဉ်ကောင်လေးတွေအတုပ်ကို ခံဝံ့ မခံဝံ့လို့ပြောတာပါ။
ပုရွက်ဆိတ်သဏ္ဏန်ရှိပြီး ပုရွက်ဆိတ်ထက် အဆပိုကြီးတဲ့အကောင်လေးတွေပါ။ အဲဒီကျဉ်ကောင်လေးတွေဟာ အလွန်အဆိပ်ပြင်းပါတယ်။ သူ့ အတုပ်ခံလိုက်ရရင် အဖုအပိန့်ကြီးတွေထပြီး အောင့်လည်းအောင့် နာလည်းနာပါတယ်။ အဲ့ဒီအကောင်လေးတွေဟာ မှိုကျင်းတို့ ဝါးရုံတောတို့ကြားမှာ အလွန်ပေါပါတယ်။ မှိုပေါက်ချိန်ဆို မှိုကျင်းတွေမှာ၊ မျှစ်အစို့တွေ ထွက်ချိန်ဆို မျှစ်တောတွေမှာ သူတို့ချည်းပါပဲ။ သူတို့ကိုယ်တိုင်ပဲ မှိုတွေမျှစ်တွေကိုစားတာလား ဒါမှမဟုတ် မှိုတွေမျှစ်တွေကိုလာစားတဲ့ အခြား ပိုးကောင်မွှားကောင်လေးတွေကိုပဲ သူတို့က ဖမ်းစားတာလားတော့ ကျွန်တော်လည်း မသိပါဘူး။
ကျွန်တော်ငယ်ငယ်က လှော်ကားတောထဲမှာ မှိုတိုးဖူးပါတယ်။ ကျဉ်အတုပ်လည်း အကြိမ်ကြိမ်ခံရဖူးပါတယ်။ တခါများဆို မျက်ခွံကို တုပ်ထဲ့လိုက်တာ မျက်လုံးပါ ဖွင့်မရဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် နောက်နှစ် မှိုပေါ်ချိန်ဆို မျီုတိုးပြန်တာပါပဲ။ သဘောကတော့ ကျွန်တော် ကျဉ်တုပ်ခံဝံ့လို့ မှိုတိုးပြီး မှိုနှုတ်တာပါ။ ကျဉ်အတုပ်မှ မခံဝံ့ရင် မှိုနဲ့မျှစ်ကိုလည်း နှုတ်လို့မရပါ။
ဆိုတော့ လူတချို့ ပြောကြသလို အချုပ်အနှောင်ခံရတာ၊ ထောင်သွင်းအကျဉ်းချခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာဆိုတဲ့တိုက်ရိုက်အနက်ကောက်သဘော မဟုတ်ပါ။ ဒါပေမဲ့ သွယ်ဝိုက်အဓိပ္ပါယ်အရ တခုခုကိုလိုချင်၊ ရချင်၊ လုပ်ချင်တယ်ဆို အဲ့ဒီလုပ်ရပ်ကြောင့်ရလာမယ့် ဆိုးမျိုးကိုလည်း ခံဝံ့ရမယ် ခံရဲရမယ်ဆိုတဲ့သဘောပါ။
ကျွန်တော်တို့ ဒီမိုကရေစီလိုချင်ကြပါတယ်။ ဒါ့ကြောင့် ထောင်ကျခံပြီး နိုင်ငံရေးလုပ်ကြပါတယ်။ ကျွန်တော်တို့ မျှစ်နဲ့မှိုကို နှုတ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ကျဉ်တုပ်ခံခဲ့ကြပါတယ်။
မျိုးမြင့်ချို။
ဇန်နဝါရီ ၁၃။ ၂၀၂၃

ers