Saturday, March 30, 2019

ကုန်သွယ်ရေးစစ် စတင်ခြင်း (၁၂) ကျော်ဇောခိုင်

0 comments
ကုန်သွယ်ရေးစစ် စတင်ခြင်း (၁၂)

အာမေဇုံတောနက်ထဲကပေးပို့ချက်များ
ဘီလီယံနာသူဋ္ဌေးကြီး ဂျက်ဘီဇော့ဟာ ကမ္ဘာ့အချမ်းသာဆုံးဖြစ်သလို သူ့ကုမဏီဖြစ်တဲ့ အာမေဇုံဟာလည်း လက်ရှိအမေရိကန်နည်းပညာ ကုမဏီတွေထဲမှာ သုတေသနနဲဖွံ့ဖြိုးရေး (R&D – Research & Development) အတွက်ရင်းနှီးထားတဲ့ငွေ အများဆုံးပါပဲ။ ဒုတိယ အချမ်းသာဆုံး ဘီလ်ဂိတ်ရဲအရင်ကုမဏီကကောလိုမေးလာရင် မိုက်ခရိုဆော့ဖ်က သုတေသနမှာ ရင်းထားတာနံပါတ်လေးဖြစ်တယ်။ ဒါဆိုကြားထဲက ၂ နဲ့ ၃ကို သိချင်လာကြပါလိမ့်မယ်။ အယ်ဖာဘက် (Alphabet - အက္ခရာ)ကုမဏီနဲ့ ကွန်ပြူတာရဲ့ဦးနှောက်လို့ခေါ်တဲ့ ဗဟိုထိမ်းချုပ်တွက်ချက်တဲ့ယူနစ် စီပီယူကဒ် (CPU – Central Processing Unit ထဲက chip) တွေထုတ်တဲ့နေရာမှာ ရှေဆုံးကပြေးနေတဲ့ အင်တဲ(Intel) တို့ပါပဲ။ အယ်ဖာဘက်ဟာ နောင်မှာ တကယ့်ကိုပြိုင်ဘက်ကင်းလာနိုင်တဲ့ ကုမဏီကြီး တခုပါ။ ဒီကုမဏီ အကြောင်းနဲ့ သူ့ရဲ့ကုမဏီခွဲတခုချင်းရဲ့ ရည်ရွယ်ချက်တွေက စာတစောင်ပေတဖွဲပြောရလောက်တယ်။ သူက အင်တာနက်သုံးသူများရဲ့ အသည်းစွဲ အချက်အလက်ရှာဖွေထုတ်လုပ်တဲ့စက်(Search Engine) တွေထဲမှာ ဘယ်သူမှလိုက်မမှီတဲ့ ဂူဂဲ(Google)ကို အခြေခံပြီး တည်ဆောက်ထားတဲ့ကုမဏီဖြစ်တယ်။ ဂူဂဲကတော့သိကြပါလိမ့်မယ်။ ဘာသိချင်သလဲ ဂူဂဲပေါ်တက်ခဲ့လို့ ပြောရလောက်အောင်၊ ကမ္ဘာမှာလူသုံးအများဆုံး အချက်အလက်ရှာဖွေတဲ့အင်ဂျင်ပါ။

ဒါပေမယ့် မြန်မာပြည်မှာတကယ်ပျံ့နှံ့တဲ့ လူသုံးအများဆုံး နည်းပညာပစ္စည်း၂ခု၊ ဒါမှမဟုတ် ကုမဏီ၂ခု ကတော့ အက်ပဲ(Apple - အက်ပဲလို့ ပဲခေါ် ကြတာပေါ့။ ဘယ်သူကမှ လည်းပန်းသီးလို့ မခေါ်ကြပါဘူး)နဲ့ ဖဘ(Facebook) တို့ပဲဖြစ်တယ်။ အက်ပဲက သုတေသနမှာ ရင်းထားတဲ့ငွေက နံပါတ် ၅ ပြီးရင် ဖဘက ၆။ ပြီးခဲ့တဲ့ ငါးနှစ် (၂ဝ၁၃ ကနေ ၂ဝ၁၈) စာရင်းအရ နံပါတ်၁ နဲ့ ၂ က ဘီလီယံ ၃ဝနဲ့ ၂ဝကျော်၊ နံပါတ် ၃၊ ၄၊ ၅ က ၁၅ ဘီလီယံနီးပါးစီနဲ့ နံပါတ် ၆က ၁ဝ ဘီလီယံ အသီးသီးသုတေသနထဲမှာ နှစ်မြုပ်ပြီးအလုပ်လုပ်နေကြတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံငွေ အများဆုံးရလာတာကတော့ အက်ပဲ (ဒေါ်လာ ၂၆၆ဘီလီယံ)၊ အာမေဇုံ(၂၃၃ဘီလီယံ)၊ အယ်ဖာဘက် (၁၃၇ဘီလီယံ)၊ မိုက်ကရိုဆော့ဖ်(၁၁ဝဘီလီယံ)၊ အင်တဲ(၇၁ဘီလီယံ) နဲ့ ဖဘ(၅၆ဘီလီယံ) တို့ဖြစ်တယ်။ ဝန်ထမ်းအင်အားအနေနဲ့ဆိုရင် အာမေဇုက ၆သိန်း ကျော်နဲ့အများဆုံးဖြစ်ပြီဖဘ က နှစ်သောင်းခွဲလောက်နဲ့ အနည်းဆုံးပါ။ ကျန်တဲ့ကုမဏီတွေလည်ဝန်ထမ်းသိန်းချီရှိကြတာပါပဲ။
အနည်းဆုံးငွေရင်းနဲ့ ဝန်ထမ်းဦးရေအနည်းဆုံးရှိတယ်ဆိုပေမယ့် အမြတ်မှာတော့ ဖဘက တတိယလိုက်တယ်။ အက်ပဲနဲ့ အယ်ဖာဘက် နောက်မှာပေါ့။ ဒီလိုဆိုတော့ ဇူကာဘက်ကို ဖုန်းပွတ်ပြီး အလုပ်အကျွေးပြုသူတွေဟာ မြန်မာတွေချည်းပဲတော့ မဟုတ်ဘူးပြောရမှာပါ။

အာမေဇုက ဝန်ထမ်းတွေများလှပါလားဆိုရင် ဟုတ်ပါတယ်ပြောရမှာပါပဲ။ ဝေါမတ် (Wall Mart) ပြီးရင် အမေရိကန်မှာဝန်ထမ်းအများဆုံး ကုမဏီပါ။ ကမ္ဘာပေါ်မှာ အင်တာနက်နဲ့ပါတ်သက်သမျှ အကြီးဆုံးဝန်ဆောင်မှုပေးတဲ့ကုမဏီလည်းဖြစ်တယ်။ ဆိုလိုတာက နိုင်ငံတွေ၊ မြို့တွေလိုပဲ အင်တာနက်မှာလည်း အခြေခံအဆောက်အဦတွေရှိတယ်။ လမ်းတွေ တံတားတွေ လေဆိပ်တွေ ကားလမ်းတွေ ရထားလမ်းတွေ ကျောင်းတွေ ရုပ်ရှင်ရုံတွေ ဈေးတွေ အစရှိသဖြင့်ပေါ့ အဲဒါတွေအားလုံး ပြည့်စုံကောင်းမွန်နေတဲ့နိုင်ငံကို နိုင်ငံတနိုင်ငံရဲ့ အခြေခံ အဆောက် အဦတွေမြင့်တယ် ပြည့်စုံတယ်ပြောလို့ရသလို အင်တာနက်မှာလည်း အဲသလို အခြေခံ အဆောက်အဦတွေရှိတယ်။

အာမေဇုံဟာ အဲသည်အပိုင်းမှာအမြင့်ဆုံးပဲ။ နောက်ပိုင်းမှာဒါကို မိုးတိမ်(cloud) လို့လည်းပြောကြတယ်။ အက်ပဲက Icloud ကို လူသိများ ပေမယ့် အာမေဇုံကအကြီးဆုံးပါ။ အဲသည်မိုးတိမ်ပေါ်မှာ အင်တာနက်ဝန်ဆောင်မှုတွေအများကြီးပေးနိုင်တယ်။ Cloud ကို အာမေဇုံက ၄၁ ရာနှုန်းကျော်၊ မိုက်ကရိုဆော့ဖ်က ၃ဝ ရာနှုန်းလောက်နဲ့ ဂိုဂဲက ၃ ရာနှုန်းလောက် ဈေးကွက်ဝေစုရထား ကြတယ်။ စာသမားတွေ ဝယ်ချင် ကြတဲ့ ကင်းဒဲလ်(Kindle) ဆိုတာ အာမေဇုံက ထုတ်တယ်။ ဝထ္ထုစာအုပ်အသေးအရွယ်လောက်ရှိပြီး စာအုပ်တော်တော်များများကို အွန်လိုင်း ကနေ ဝယ်ပြီးဖတ်နိုင်တယ်။ စာအုပ်ကိုင်ဖတ်ရသလို အရသာမျိုးပေးတယ်လို့ နာမည်ကြီးတယ်။ နောက်ပိုင်းအာမေဇုံကထုတ်ပြီး သိပ်မတွင် ကျယ်သေးတာတခုက အယ်လက်ဆာ(Alexa) ဆိုတာပါ။ သူကအိမ်သုံး။ စကားပြောလို့လည်းရတယ်။ အိုင်ပက်တွေလိုအရွယ်အစား အမျိုးမျိုးထုတ်တယ်။ အဓိကအစားအသောက်၊ စာအုပ်၊ သီချင်း၊ ရုပ်ရှင်နဲ့ တခြား နေစဉ်အသုံးဝင်နိုင်တာ အားလုံးကိုသူ့ကိုမေးနိုင်တယ်။

ဥပမာ အဲလက်ဆာရေ ငါ့ကို ငါးသလောက်ပေါင်း ချက်နည်းလေးပြောစမ်းပါဆိုရင် သူကအကုန်ပြောပြမယ်။ ငါးသလောက် တပိဿာကို ကြက်သွန်ဥ ဘယ်နှစ်ဥ၊ ဘာတွေထည့်၊ ဘယ်နှစ်နာရီပေါင်း ဘယ်ရှာလကာရည်သုံးရင် ဘာတွေဖြစ်မယ်ဆိုတာမျိုးပေါ့။ အယ်လက်ဆာရေ ကျော်ဇောခိုင်စာအုပ် အသစ်ထွက်တယ်။ ဘယ်ဝက်ဆိုက်မှာ ရှာဝယ်ရမလဲဆိုလည်းရတယ်။ သူပြန်ဖြေတယ်။ လောလောဆယ် စာအုပ်တွေ ပြတ်သွားလို့ ဒုတိယအကြိမ် နောက်လထဲထုတ်မယ်ဆိုတာမျိုး ပြန်ဖြေပေးမယ်။ ငါအခု စာတိုက်ကြီးဘက်သွားမလို့ ၂နာရီလောက်ပဲ ကြာမယ်၊ မိုးရွာနိုင်သလားလို့မေးရင် ဆရာရေ ထီးတော့ယူသွား၊ နောက်တနာရီလောက်ဆို ရွာဖို၈ဝ ရာခိုင်နှုန်းလောက်ရှိတယ်။ အရင်တခါလို ဘီယာဆိုင်ထဲ ကျန်မနေခဲ့စေနဲ့ စသည်ဖြင့် သူအားလုံးပြောနိုင်တယ်။ ဒါက စက်မှတ်ဥာဏ် (AI – Artificial Intelligence) သုံးထားတာ တွေပါ။ ဂိုဂဲကို တိုက်ထားတဲ့သဘောပါ။ ဒါပေမယ့် ဂိုဂဲမှာလည်း ဂိုဂဲအိမ်(Google Home) ဆိုတာရှိတယ်။ အင်တာနက်မှာရတာတွေထဲက သီးခြားဆွဲထုတ်ပြီး စီစဉ်ပေးထားတာတွေဖြစ်တယ်။ လူသုံးသိပ်မများသေးဘူး။ အနှစ်ချုပ်ပြောရရင် အင်တာနက်ပေါ်မှာပေးတဲ့ဆားဗစ်မှာ အရောင်းအဝယ်တွေမှာ အာမေဇုံကို လူသုံးအများဆုံးပဲ။

ဂိုဂဲနဲ့ မိခင်အယ်ဖာဘက်
ဂိုဂဲရဲ့မိခင်ကုမဏီ အယ်ဖာဘက်ကိုကြည့်ရင် သူ့မှလည်း ထင်ရှားတာတွေ အများကြီးရှိတယ်။ ကမ္ဘာ့လူသုံးအများဆုံးဝက်ဆိုဒ်ဖြစ်တဲ့ Google.com နဲ့ ဒုတိယအများဆုံးဖြစ်တဲ့ Youtube.com ဟာ အယ်ဖာဘက်ရဲ့ ဝက်ဆိုဒ်တွေဖြစ်တယ်။ ဂိုဂဲမှာ ဂျီမေးရှိတယ်။ ဂိုဂဲမြေပုံရှိတယ်။ အင်တာနက်ဘရောက်ဇာဖြစ်တဲ့ ခရုမ်း (Chrome) ရှိတယ်။ ဆမ်ဆောင်းလို မိုဘိုင်းကုမဏီကြီးကသုံးတဲ့ အင်းဒရိုက် (Android Operating System) ရှိတယ်။ ယှဉ်ပြရရင် ခရုမ်းကို မိုက်ကရိုဆော့ဖ်အင်တာနက်ဘရောက်ဇာဖြစ်တဲ့ အရင်ကလူသိများတဲ့ အင်တာနက်လှည့်လည် ရှာဖွေသူ (Internet Explorer) ကော ခုနောက်ပိုင်းထွက်တဲ့ မိုက်ကရိုဆော့ဖ်အက်ခ်ျ (Microsoft Edge) ကောမယှဉ်နိုင်ဘူး။

အယ်ဖာဘက်ကုမဏီရဲ့ဝင်ငွေ ၈၅% ကို အင်တာနက်ကြော်ငြာလုပ်ငန်းကနေရတယ်။ ဂိုဂဲကို Search Engine အနေနဲ့ တကမ္ဘာလုံးရဲ့ ၉ဝ% က သုံးကြတာကိုး။ ခုခေတ်လူငယ်လေးတွေက နေရာတနေရာကို ဘယ်လိုသွားရမှန်း မသိရင် ဂိုဂဲမြေပုံကို ဖွင့်ရှာလိုက်ကြတာပဲ။ ၂ဝ၁၈ စာရင်းအရ ဂိုဂဲသုံးပြီး အင်တာနက်ပေါ်မှာရှာဖွေတာ အသုံးပြုတာဟာ တနေကို အသုံးပြုတဲ့အရေအတွက် ပျမ်းမျှခြင်း ၃.၅ ဘီလီယံ လောက် အထိရှိတယ်ဆိုတယ်။ မိုက်ကရိုဆော့ဖ်ရဲ့ အင်တာနက်အိတ်ပလိုရာဟာ ၂ဝဝ၉ မှာ သုံးစွဲသူအားလုံးရဲ့ ၆ဝ ရာနှုန်းရှိနေရာက ခုတော့ ဂိုဂဲရဲ့ခရုမ်းကို ဖယ်ပေးလိုက်ရတယ်။ လောလောဆယ်မှာ ဂိုဂဲခရုမ်းက ၆၂% ပြီးရင် အက်ပဲ ရဲ့ ဆာဖာရီ(Safari) က ၁၅% ဈေးကွက်ဝေစု ရှိတယ်။ အများဆုံးတွေပါပဲ။ မိုက်ကရိုဆော့ဖ်ဟာ ရှာဖွေစက်(Search Engine) မှာ ကျသွားတာသာမဟုတ် ကွန်ပြူတာ တွက်ချက် လည်ပတ်စနစ် (Operating System)မှာလည်း ဝင်းဒိုးဟာ အင်းဒရိုက်ကို ဖယ်ပေးလိုက်ရပြီ ဖြစ်တယ်။ ၂ဝ၁ဝမှာ ကွန်ပြူတာလည်ပတ်စနစ် ဝင်းဒိုးဟာ ဈေးကွက်ဝေစု ၉ဝ% ရှိပြီး ဒီနေမှာ ၃၅% လောက်ကိုကျသွားတယ်။ အင်းဒရိုက်(အယ်ဖာဘက်) က ၃၈%လောက်ကို တက်လာပြီ။ ဒါတွေက ဗဟုသုတအချက်အလက်တွေဖြစ်လို့ တပြုံတည်း အားလုံးပြောလိုက်ရင် ပျင်းစရာ ကောင်းလှတယ်။

အနှစ်ချုပ်ပြောပါဆိုရင် အာမေဇုံ(တောင်အမေရိကတောနက်ကြီး) က အင်တာနက်ပေါ်က အရောင်းအဝယ်နဲ့ ဝန်ဆောင်မှုအားလုံးမှာ ရှေကပြေးနေတယ်။ အင်တာနက်ရှာဖွေစက်(Search Engine) နဲ့ ကွန်ပြူတာနဲ့မိုဘိုင်းတွက်ချက်လည်ပတ်စနစ်(Operating System)၊ တွေမှာ အယ်ဖာဘက်(ဂိုဂဲ) ဟာ ထိပ်ကပြေးနေတယ်။ မိုဘိုင်းဖုန်းမှာ အက်ပဲကဦးဆောင်နေပြီး လူမှုကွန်ယက်မှာ ဖဘကိုမကျော်နိုင်ကြသေးဘူး။

အင်တဲ(Intel) ကိုတော့ ကွန်ပြူတာသမားတွေက ပိုသိမယ်။ ချစ်ပ်(Chip) ပြားတွေထုတ်တာမှာ အင်တဲက ဘုရင်ပဲ။ ဆီမီးကွန်ဒတ်တာ (Semiconductor) လိုင်းလို့ခေါ်ကြတယ်။ ကမ္ဘာမှာ ဒုတိယအကြီးဆုံးကုမဏီ (ဆမ်ဆောင်းက အဲဒီလိုင်းမှာ ပထမ။ တိုးရလွယ်တယ်ထင်လို့ လားမသိ၊ တရုတ်က ဟွာဝေးဝင်လာတဲ့လိုင်းထဲမှာ ဆီမီးကွန်ဒတ်တာဟာ အထင်အရှားပဲ။ နောက်တခုက မက်က်ဖီး(McAfee)၊ အင်တာနက် ကွန်ပြူတာဗိုင်းရပ်စ် သုတ်သင်တဲ့အနုထည်(software) ကို အင်တဲကထုတ်တာဖြစ်တယ်။ မိုက်ကရိုဆော့ဖ်ရဲ့ အထင်ရှားဆုံးကတော သူ့ရဲ့ ရုံးသုံးအနုထည်(Microsoft office software) ပါပဲ။ အက်ပဲရဲ့မက်ကင်းတော့ရှ် ကွန်ပြူတာသုံးသူတွေတောင် office software ကို သတ်သတ် တပ်ယူကြရတယ်။ မိုက်ကရိုဆော့ဖ်က ဖဘလို လမ်းပေါ်မှာရှင်သန်တဲ့၊ လူထုနဲ့နီးစပ်တဲ့လူမှုကွန်ယက်မဟုတ်ဘူး။ သူက ရုံးလုပ်ငန်း အထူးသဖြင့် စီးပွားရေးလုပ်ငန်းသုံးတွေမှာ ပိုတွင်ကျယ်တယ်။ နိုင်ငံတနိုင်ငံကနေ တခြားနိုင်ငံကို အင်တာဗျူးမယ်ဆို ဘယ်သူကမှ မက်ဆင်ဂျာ မသုံးဘူး။ ဗိုက်ဗာ မသုံးဘူး။ Whats App မသုံးဘူး။ Skype နဲ့ပဲ ပြောကြတယ်။ အခုကုမဏီတွေ အီးမေးတွေကို မိုက်ကရိုဆော့ဖ် ရဲ့ Outlook ကိုပဲသုံးပြီးတင်ကြတယ်။ ဖဘလို လူမှုကွန်ယက်နဲ့တူတဲ့ LinkedIn ဆိုတဲ့ အလုပ်ကွန်ယက်ဟာ မိုက်ကရိုဆော့ဖ်ဆီကလာတယ်။
အက်ပဲ မိုက္ကရိုဆော့ဖ် အင်တဲ ဖဘ အားလုံးခြုံကြည့်လိုက်တော့ လူကြားထဲအပျံ့နှံ့ဆုံးကတော့ အက်ပဲရဲ့ မိုဘိုင်းဖုန်းနဲ့ ဖဘပဲဖြစ်တယ်။

အာမေဇုံက အွန်လိုင်းအရောင်းအဝယ်နဲ့ ဝန်ဆောင်မှုတွေမှာ အကောင်းဆုံးဖြစ်နေတယ်။ ကျန်တဲ့ကုမဏီသုံးခုဖြစ်တဲ့ အယ်ဖာဘက်၊ မိုက်ကရိုဆော့ဖ်နဲ့ အင်တဲဟာ လူထုကြားပျံ့နှံ့ပေမယ့် တကယ့်အခြေခံ လူထုဆိုတာထက် အပေါ်ယံတလွှာခြားထားတဲ့သဘောမျိုး တွေရတယ်။ ဒီကုမဏီတွေက ခုလိုခြားထားတာ မဟုတ်ပေမယ့် သူတို့ထုတ်တဲ့ပစ္စည်းနဲ့နမည်တွေ လူတွေထဲ ဝင်ထွက်နေပုံကတော့ မတူတာတွေရတယ်။ အက်ပဲရဲ့ သွားလေသူ စတိဂျော့နဲ့ ဖဘ ရဲ့ ဇူကာဘက်ဟာ တီရှပ်နဲ့ ဂျင်းဘောင်းဘီနဲ့ စင်ပေါ်တက်လာတဲ့အချိန်မှာ မိုက်ကရိုဆော့ဖ် တည်ထောင်ခဲ့သူ ဘီလ်ဂိတ်က ရှပ်အကျီလက်ရှည်ပေါ်ကို ဗွီပုံစံဆွယ်တာ ထပ်ဝတ်ထားပြီး သူ့ရဲ့ LinkedIn ကော်ပိုရိတ် အလုပ်ကွန်ယက်မှာ မျက်နှာထွက်ပြလေ့ရှိတယ်။ သို့သော် တဘက်မှာ အက်ပဲနဲ့ ဇူကာဘက်တို့က အောင်မြင်မှုနဲ့ငွေကြေးနောက်ကို အသည်းအသန် ဈေးကွက်ထဲ တောနင်းလိုက်နေရချိန်မှာ မိုက်ကရိုဆော့ဖ်သူဋ္ဌေးဟောင်းကတော့ ငှက်ဖျားတို့ ဝက်သက်တို့ရဲ့ ကာကွယ်ဆေး အသစ်ထုတ်ဖိုလုံးပမ်းနေရတာတို့ အာဖရိကအငတ်ဘေးတို့ဆိုတာတွေနဲ့ လူသားမျိုးနွယ်စုကို ဘယ်လို ကာကွယ်စောင့်ရှောက်မှု ပေးရမလဲဆိုတဲ့ဘက်ကို ရောက်နေခဲ့ပြီ။

ကောင်းပြီ။ ဒီကုမဏီ ၆ခုဟာ အမေရိကနဲ့တပြိုင်နက်တည်းမှာ တကမ္ဘာလုံးမှာ ထိပ်တန်းရောက်နေတဲ့ ကုမဏီတွေ ဖြစ်တယ်။ အချမ်းသာဆုံးကတော့ အက်ပဲနဲ့ အာမေဇုန်တို့ပဲ။ မနှစ်က ဒီကုမဏီ၂ ခုရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁ထရီလီယံ (ဘီလီယံ ၁ဝဝဝ) စကျော်တဲ့ ပထမဆုံးကမ္ဘာ့ကုမဏီ ၂ခု ဖြစ်တယ်။ စတော့ရှယ်ယာဈေးတွေ ကုန်သွယ်စစ်နဲ့ အခြားအထွေထွေအနေအထားတွေကြောင့် အတက်အကျ တွေဖြစ်လို့မိုပြန်ကျသွားတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၉ ဖေဖော်ဝါရီလက ပိုင်ဆိုင်မှုတွေကို တချက်လောက်ကြည့်ကြရအောင်။
Apple 838 billion
Microsoft 814 b
Amazon 780 b
Alphabet 767 b
Facebook 486 b
Intel 228 b တို့ကို အစဉ်လိုက်တွေရမယ်။ ဘီလီယံ ၇၅ဝ နဲ့ ၈၅ဝ အတွင်းမှာ အမေရိကန်နည်းပညာကုမဏီကြီး ၄ခုရှိတယ်။ အက်ပဲ၊ မိုက်ကရိုဆော့ဖ်၊ အာမေဇုံနဲ့ အယ်ဖာဘက်။ သူတို့သွားနေတဲ့လမ်းကြောင်းဟာ ကိုယ့်လိုင်းနဲ့ကိုယ် သီးခြားထိုးဖောက်နေရာကနေ ခုတော့ အားလုံးမှာဆုံမှတ်တွေက တူလာကြတယ်။ အဲဒါတွေက မိုဘိုင်းဖုန်း၊ ကွန်ပြူတာ၊ ဖုန်းနဲ့ကွန်ပြူတာကြားထဲရောက်နေတဲ့ အိုင်ပက်လိုမျိုး တက်ပလက်(Tablet) တွေ၊ ဂိမ်း၊ နဲ့ နောက်ဆုံး ကွန်ပြူတာရဲ့စက်ာဏ်ရည်(Artificial Intelligence) ဆိုတာတွေမှာ တယောက်နဲ့ တယောက် နောက်ကောက်မကျအောင် ပြိုင်နေကြရတယ်။ ဆိုလိုတာက မိုက်ခရိုဖြစ်တဲ့ တခုချင်း အသေးစိတ်တွေကနေ မက်ခရိုဖြစ်တဲ့ အင်တာနက်၊ အွန်လိုင်း၊ နက်ဝပ်၊ အစရှိတဲ့ လူဘဝရဲ့အပေါ်ယံကို ဝေ့တက်လာတဲ့ နည်းပညာရပ်ဝန်းကြီးတခုလုံးဆိုတဲ့ မက်ခရိုလိုင်းကို သိမ်းဖိုကျိုးစားလာကြတာဖြစ်တယ်။ နောက်နှစ် ၂ဝအတွင်းမှာ အမေရိကန်ဟာ ၁၈ ရာစုက အင်္ဂလိပ်တွေအောင်မြင်ခဲ့တဲ့ စက်မှုတော်လှန်ရေးလိုမျိုး နောက်ထပ်တော်လှန်ရေးတခုဖြစ်တဲ့ နည်းပညာတော်လှန်ရေးကို အောင်မြင်ဖိုရှိနေတယ်။ ဒီတော့ နောက်မှာကပ်နေတဲ့ ပေါက်ဖော်ကြီးက ဘယ်ငြိမ်နေပါ့မလဲ။ အီကြာကွေးနဲ့ပေါက်စီလောက်သာ လုပ်တတ်ရင် ခုလိုကုန်သွယ်စစ်ဆိုတာဘယ်ဖြစ်လာမလဲ။ ကဲ တရုတ်တွေဘာလုပ်ကြသလဲ ကြည့်ရအောင်။

ဗင်ကိုဗားမှာဟွာဝေးအကျယ်ချုပ်ကျခြင်း
ကုန်သွယ်စစ်နဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်နဲ့ ရှီကျင်းပင်တွေဆုံပွဲကို မတ်လအကုန် ဒါမှမဟုတ် အေပယ်အစောပိုင်းလောက်မှာလုပ်ဖိုရည်ရွယ်ထားပေမယ့် အမေရိကန်ဘက်က ဒီတွေဆုံပွဲကို ရက်ရွှေလိုက်တယ်။ အကြောင်းပြချက်က ဆွေးနွေးထားတဲ့သဘောတူချက်တွေကို တရုတ်တွေဘက်က အရင် လိုက်နာလုပ်ဆောင်တယ်ဆိုတာတွေကို သေချာစောင့်ကြည့်ချင်လို့ဖြစ်တယ်ဆိုတယ်။ ဒီရွှေဆိုင်းမှုကနေ ကောက်ချက်ဆွဲလို့ရတာတွေက တရုတ်ဘက်က သဘောတူညီချက်တွေကိုပေးပေမယ့် တကယ်လိုက်နာဖိုတုန်ဆိုင်းနေပုံရပြီး အမေရိကန် ဘက်က တရုတ်နဲ့သဘောတူညီချက်ထပ်ရဖိုအရင်မလိုဘူးဆိုတဲ့သဘောပါ။ မာနိုင်သေးတယ်ပေါ့။

တရုတ်ဘက်က ကုန်သွယ်စစ်အတွက်တွေဆုံပွဲ မဟုတ်ပဲ နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအဖြစ်ပုံဖော်ပြီး တွေဆုံပွဲကို ကြီးကျယ်အောင်လုပ်ပြီး ဝါရှင်တန်ကို မတ်လကုန်ပိုင်းလောက်မှာလာဖိုလေသံပစ်ခဲ့ပေမယ့် အမေရိကန်ဘက်က သဘောတူပုံမပြခဲ့ပါဘူး။ ဆိုလိုတာက ကုန်သွယ် စစ်အကျပ်အတည်းက နှစ်ဘက်စလုံးမှာဆိုပေမယ့် အမေရိကန်က ပိုကာတွေကိုင်ထားပြီး ခေါ်ဖဲပစ်ထားတဲ့သဘောပါ။ တရုတ်ကလည်း ရှားဖဲဝင်ရင် ဒေါင်းသွားနိုင်ပါတယ်။ တရုတ်ရှားဖဲတွေက နဂါးပတ်လမ်း(Belt and Road)၊ တက္ကနော်လော်ဂျီပြိုင်ပွဲနဲ့ တရုတ်ငွေကို နိုင်ငံတကာ သုံးဖြစ်အောင် လုပ်နိုင်ဖို့ဆိုတာတွေ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ အဲဒီတွေထဲမှာအခြေခံအကျဆုံးပြသနာက ပြည်တွင်းမှာ လုပ်ငန်းတွေ (စက်ရုံတွေ) စက်လည်ပတ်နိုင်ဖိုအတွက် ပစ္စည်းတွေဖြုန်းပေးမယ့်ပရောဂျက်တွေ လိုနေတာဖြစ်တယ်။ တရုတ်အလုပ်သမားတွေ အစုလိုက် အပြုံလိုက် အလုပ်လက်မဲ့ဖြစ်လာရင် ပြည်တွင်းတည်ငြိမ်ရေးကို ထိခိုက်မှာ ဖြစ်တယ်။ ဒီတော့ တရုတ်တွေအတွက် နိုင်ငံတကာ ပရောဂျက် တွေကို ငွေ၊ လူနဲ့ ပစ္စည်းတွေကိုတင်ပို့နိုင်ဖိုလိုတယ်။ တက္ကနော်လော်ဂျီစစ်မျက်နှာမှာတော့ နည်းပညာအားသာချက်ရှိလာတာနဲ့အမျှ နိုင်ငံရေး မှာ ထိမ်းကျောင်းရလွယ်လာမှာဖြစ်ပြီး စစ်ရေးမှာလည်း အမေရိကန်အားသာချက်တွေကို ပြန်ပြီးထိမ်းထား ထေထားနိုင်မှာဖြစ်တယ်။

တရုတ်ငွေ နိုင်ငံတကာမှာ အသုံးတွင်ကျယ်လာဖိုကတော့ အချိန်ယူရဦးမယ့်သဘောရှိတယ်။ ဒါပေမယ့် တရုတ်တွေ နိုင်ငံတကာမှာ ငွေတွေ လှည့်ချေးငှားနေတယ်ဆိုတာ တကယ်တမ်းမှာ ဒီရည်ရွယ်ချက်လည်း အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်နေဖိုရှိပါတယ်။ ပြောမယ်ဆို တရုတ်ဟာ လောလောဆယ်မှာ တကမ္ဘာလုံးမှာ ငွေအင်အား အလုံးအရင်းနဲ့အသုံးနိုင်ဆုံးနိုင်ငံ ဖြစ်တယ်။ အမေရိကန်အစိုးရက တရုတ်အစိုးရလောက ငွေမထုတ်နိုင်ဘူးဆိုတာ နိုင်ငံတကာမှာ သဘောပေါက်ထားကြပါပြီ။ ဒါပေမယ့် အမေရိကန်အစိုရရဲ့ သံခင်းတမန်ခင်းပါဝါကိုတော့ တရုတ်တွေ မယှဉ်နိုင်သေးပါဘူး။ ဒီတော့ နိုင်ငံတကာမှာ နိုင်ငံတွေရဲ့ပေါ်လစီရေးရာချမှတ်သူတွေမှာ ဒီနှစ်နိုင်ငံနဲ့ပါတ်သက်လာရင် သတိထား ဖြေနေရတဲ့မေးခွန်းကတော့ အမေရိကန်ပါဝါနဲ့တရုတ်ငွေချိုတွေကို ဘယ်လိုသုံးမလဲဆိုတာပါပဲ။ ဒီတော့ ချုပ်လိုက်ရင် တရုတ် စောင့်ကစား နေတဲ့ ရှားဖဲတွေကို ၂ မျိုး တွေရမှာဖြစ်တယ်။ တမျိုးက နိုင်ငံတကာရင်းနှီးမြုပ်နှံမှု (ပြည်တွင်းနဲ့ပါပတ်သက်တဲ့ လက်ရှိအကျပ်အတည်း)နဲ့ နောက်တမျိုးက နည်းပညာပြိုင်ပွဲ(အနာဂတ်ကို သိမ်းပိုက်ဖို) ဖြစ်တယ်။ ကုန်သွယ်ရေးစစ်စတင်ခြင်း ရှေပိုင်းတွေဟာ တရုတ်ပထမဖဲကို အနည်းနဲ့အများ မြင်သာစေမယ်မျှော်လင့်တယ်။

ဟွာဝေးကို အမေရိကန် အဓိကစွပ်စွဲချက် ၂ခု ရှိတယ်။ ပထမတခုက အမေရိကန်တွေ ပိတ်ဆိုထားတဲ့အီရန်နဲ့ အဆက်အစပ်လုပ်လို့ဖြစ်တယ်။ နောက်တခုက ဟွာဝေးကထုတ်တဲ့ ချစ်ပ်ပြားတွေဟာ သုံးစွဲသူတွေရဲ့(တနည်းသုံးစွဲတဲ့နိုင်ငံတွေရဲ့) အချက်အလက်တွေကို ရယူနိုင်မှာဖြစ်ပြီး အဲသည်နိုင်ငံတွေကို တရုတ်က ကောင်းကောင်း စောင်ကြည့်ထိမ်းကျောင်းသွားနိုင်မှာဖြစ်တယ်လို့ ဆိုတယ်။ ပြဿနာလူသိရှင်ကြား စဖြစ်တာ ကတော့ မနှစ်က ဒီဇင်ဘာ ၁ရက်နေမှာပါ။ ကနေဒါနိုင်ငံ ဗင်ကိုဗား နိုင်ငံတကာလေဆိပ်မှာ လေယဉ်ပြောင်းဖိုစောင့်နေတဲ့ ဟွာဝေး တည်ထောင်သူ ကုမဏီဥက္ကဋ္ဌရဲ့သမီးလည်းဖြစ် ဟွာဝေးရဲ့ဘဏ္ဍာရေးအရာရှိချုပ် (CFO – Chief Financial Officer) လည်းဖြစ်တဲ့ မင်ဝမ်ဇူး (Meng Wanzhou)ကို ကနေဒါအစိုးရက အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်အရ ဖမ်းဆီးထိမ်းသိမ်းလိုက်တာပဲဖြစ်တယ်။

ကက်သေးပစ္စဖိတ်လေကြောင်းလိုင်းရဲ့ အထူးတန်းကနေလိုက်ပါလာတဲ့ တရုတ် အကြီးဆုံးမိုဘိုင်းဖုန်းကုမဏီရဲ့ဒုတိယဥက္ကဋ္ဌမင်ဝမ်းဇူးဟာ သူ့နောက်ကိုလိုက်နေတဲ့ အမေရိကန်တွေရဲ့ အင်္ဂလိပ်စကားပြော အဓိကမဟာမိတ်နိုင်ငံဖြစ်တဲ့ ကနေဒါ၊ (အင်္ဂလန်၊ သြစတေးလျှနဲ့ နယူးဇီလန် နိုင်ငံတွေလည်းပါတယ်) နိုင်ငံရဲ့လေဆိပ်ထဲကို ဒီဇင်ာ၁ရက်နေမှာ ရောက်လာတယ်။ အဲသည်နေမှာပဲ တရုတ်သမ္မတရှီကျင်ပင်းဟာ ဗြူနိုအေရီးစ်မှာ ကုန်သွယ်စစ်အတွက် သဘောတူညီချက်တွေကို စေ့စပ်ညှိနှိုင်းပြီးလို့ အမေရိကန်သမ္မတထရမ့်နဲ့ ညစာစားနေတဲ့အချိန် ဖြစ်တယ်။ ရုပ်ရှင်တွေထဲမှာလိုဆိုရင်တော့ ရှီကျင်းပင်က အမဲသားပြားကိုလှီးလိုက်တဲ့အချိန် စိမ်းနေသေးတဲ့အသားကြားက သွေးစိုစိုထွက်လာချိန်၊ ရှီရဲ့ အနီးကပ်လူတယောက်က ရှီရဲ့နားကိုကပ်ပြီး ခပ်တိုးတိုးစကားတခွန်းပြောတဲ့ပြကွက်မျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။

နိုင်ငံတနိုင်ငံဟာ အမေရိကန်စီးပွားရေးပိတ်ဆိုလိုက်ရင် အတော် ဗျာများသွားတာကတောအမှန်ပါ။ အီရန်ဟာ တရားမဝင်လမ်းကြောင်းတွေ ကနေ ပစ္စည်းတွေသွင်းရမယ်။ ကြားခံကုမဏီတွေဆီကနေ အမေရိကန်တားမြစ်ထားတဲ့ကုန်တွေကိုဝယ်ရမယ်။ ဟွာဝေးဟာ သူ့လက်ခွဲ ကုမဏီ(ဟွာဝေးက ဝန်မခံဘူး)ဖြစ်တဲ့ စကိုင်းကွမ်း(Skycom) ဆိုတဲ့ကုမဏီကနေ အမေရိကန် ကွန်ပြူတာဆက်စပ်ပစ္စည်းတွေကို အီရန်ကို သွင်းတဲ့ပြဿနာ ဖြစ်တယ်။

(ကမ္ဘာနှစ်ခု အင်တာနက်နှစ်ခု)
နောက်တခု စွပ်ဆွဲချက်ဖြစ်တဲ့ သုံးစွဲသူကို လှို့ဝှက်ထောက်လှမ်းနိုင်တဲ့ချစ်ပ်ပြားတွေ မိုဘိုင်းဖုန်းမှာ တပ်ဆင်ပေးလိုက်တယ်ဆိုတာကတော့ ပထမတခုလို သက်သေပြဖိုလွယ်ကူတဲ့အနေအထားတော့ မဟုတ်ပါဘူး။ နည်းပညာကိုအသုံးပြုပြီး စပိုင်လုပ်တယ်ဆိုတာ တကယ်တော့ အမေရိကန်ကပဲ စတာပါ။ အိုဘားမား မဆင်းခင်က မဟာမိတ်ဂျာမနီအကြီးအကဲတွေရဲ့ဖုန်းတွေကို ကြားဖြတ်ခိုးနားထောင်တာတွေ လုပ်ခဲ့ သလို၊ ဂျူလီယံအာဆင်းနက်ခ်ျ (Julian Assange)ရဲ့ ဝီကီလိခ်နဲ့ အမေရိကန်စီအိုင်အေကနေ အချက်အလက်တွေစုပြီး တိမ်းရှောင်လာတဲ့ စနိုးဒင်(Eward Snowden) တို့ရဲ့ဇတ်လမ်းတွေကိုကြည့်ရင် သိနိုင်တယ်။ တရုပ်ကိုကြည့်တော့ သူ့နိုင်ငံတွင်းမှာ လူတွေကိုစောင့်ကြည့်ပြီး သူတို့ရဲ့အပြုအမူတွေပေါ်မူတည်လို့ ရမှတ်တွေသတ်မှတ်ပေးပြီး ထိန်းချုပ်မယ့်စနစ်(Social Credit system)ကို ၂ဝ၂ဝ လောက်မှာ စတင် အသက်သွင်းဖိုရှိနေတယ်။ မြို့ထဲမှာတပ်ဆင်ထားတဲ့ စီစီတီဗီကင်မရာတွေ၊ ခရက်ဒစ်ကဒ်တွေ၊ လက်ကိုင်ဖုန်းတွေကနေ လူထုရဲ့ အချက် အလက်တွေကို အစိုးရကရယူပြီး ဘယ်သူဟာဖြင့် လူကောင်းဖြစ်တယ်၊ လူဆိုးဖြစ်တယ်၊ အမှတ်ပေးစနစ်နဲ့ သတ်မှတ်ပေးမှာဖြစ်ပြီး ခရီး သွားခွင့်၊ ငွေချေးငှားခွင့် အလုပ်အကိုင်၊ အစရှိတဲ့ အခြေအနေတွေကို အစိုးရက ထိန်းကျောင်းသွားမယ့်သဘောပါ။

ဆိုတော့ တရုတ်အစိုးရက ရည်မှန်းချက်ကြီးကြီးထားနေတဲ့ ၂ဝ၂၅ တရုတ်မှာလုပ်သည်(Made in China 2025)ဆိုတဲ့ စီမံကိန်းကြီးအတွက် မောင်းနှင်အားတခုဖြစ်တဲ့ အစိုးရက နောက်ကွယ်က ငွေထောက်ပံ့ပေးထားတယ်ဆိုတဲ့ အရှင်မွေးလို့ နေချင်းကြီးလာတဲ့ ဟွာဝေးအတွက် ချစ်ပ်ပြားတွေမှာ သုံးစွဲသူတွေရဲ့အချက်အလက်ကို အခုမဟုတ်တောင် နောင်မှာတနေရာက စောင့်ကြည့်ဖို့ ကြိုတင်စီစဉ်ထားနိုင်တယ်ဆိုတဲ့ အချက်ကလည်း ဖြစ်နိုင်ချေရှိနေပြန်တယ်။ ဒါတွေက မျက်နှာပြင်ပေါ်ကအခြေအနေတွေကို ပြန်ပြောနေတယ်ဆိုရင် တကယ်ဟွာဝေးက အနည်းငယ် ရှေရောက်နေတယ်လို့ပြောနိုင်တာက 5G ကွန်ယက်ပါ။

သိကြတဲ့အတိုင်း ကွန်ပြူတာမှာ၊ အိုင်တီမှာ နောက်ပိုင်းအရေးကြီးတဲ့အချက် ၂ချက်ရှိတယ်။ တစ်ကမြန်ဖိုနဲ့ နှစ်က ပေါ့ဖိုနဲ့ပါးဖိုပဲ။ မင်းစက်ရဲ့ တွက်ချက်နှုန်း(processing power) က ဘယ်လောက်ရှိသလဲ။ စက်က ဘယ်လောက်ပေါ့သလဲကို လူတွေစိတ်ဝင်စားတယ်။ တန်ဖိုး ထားတယ်။ တီဗွီကြီးတွေ နံရံမှာကပ်ပြီးပြားနေတာကို ပိုကြိုက်လာတယ်။ လက်ပ်တော့တွေ မိုဘိုင်ဖုန်းတွေဝယ်ရင် ကိုင်ကြည့်တယ်၊ ဆကြည့်တယ်။ (အရင်က တောမှာ လူတွေ အုန်းသီးဝယ်သလိုပေါ့။ မကြည့်တယ်၊ လှုပ်ကြည့်တယ်၊ နားတောင်ထောင်ကြည့် လိုက်ကြ သေးတယ်)။ 5G ဆိုတာ မိုဘိုင်းဖုန်းတွေရဲ့ပဉ္စမမျိုးဆက်(5 generation)ကို ဆိုချင်တာ။ မြန်နှုန်း တအားမြင့်သွားမယ်။ အရင်က အင်တာနက်ကနေ ရုပ်ရှင်တကားကို ဆွဲချ(download)မယ်ဆိုရင် ၃နာရီလောက်ကြာနိုင်တယ်။ ခု 5G နဲ့ဆိုရင် ၁၅ မိနစ်လောက်ပဲ ကြာမယ်ဆိုတယ်။ ဒါက အလွယ်ပြောတာ။ လုပ်ငန်းသုံးမယ့်ဖိုင်တွေ တနေရာကနေတနေရာကို စီးပွားရေးနဲ့ဆိုင်တဲ့အချက်အလက်တွေ၊ ရုပ်ပုံကားချပ်တွေ ဗွီဒီယိုတွေဟာ လေထဲမှာ မီးပန်းလို ဖွားကနဲပေါက်ပြီး ပြန်ကျဲနေသလို ရွှေလျားလာကြမယ်။ ဒီအမြန်ပြိုင်ပွဲကြီးမှာ တရုတ်က လက်ဦးမယ်။

အဲသည် တရုတ်နက်ဝပ်ထဲမှာ တရုတ်ဖုန်းတွေသုံးပြီး တရုတ်ဖုန်းတွေထဲက ချစ်ပ်ပြားတွေဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေအားလုံးကို တနေရာကနေ စောင့်ကြည့်နေမယ်၊ စောင့်ယူနေမယ်ဆိုရင် ဘာတွေဖြစ်ကုန်မလဲ။ စီအိုင်အေနဲ့ ကမ္ဘာပတ်ကျင်လည်ခဲ့တဲ့ အမေရိကန်က လှို့ဝှက်ထောက်လှမ်းရေးရဲ့ အားသာချက်ကို နောကျေပြီးသားပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝေါ်ရီလထဲမှာ အမေရိကန် စီအီးအိုတယောက်က တရုတ်မှာတာဝန်ထမ်းဆောင်ပြီး အမေရိကန်ကိုပြန်လာတော့ ဝေါစထရိ သတင်းစာမှာ ဆောင်းပါးတဆောင်ရေးတယ်။ ကမ္ဘာနှစ်ခု၊ အင်တာနက်နှစ်ခုဆိုတဲ့နာမည်လို့ မှတ်မိနေတယ်။ ဘေဂျင်းက ပြန်လာတဲ့ အမေရိကန်ကုမဏီတခုရဲ့စီအီးအိုဟာ အမေရိကားကိုရောက်တော့ ၁၉ ရာစုထဲ ပြန်ရောက်သွားတယ်လို့ ထင်ရတယ်လို့ဆိုတယ်။ လူဦးရေ သန်း ၂ဝဆယ်လောက်နေတဲ့ ဘီဂျင်းရဲ့ကွန်ကရိတောနက်ကြီးထဲမှာ စက်ရှေတယ်လီဖုန်းလေးထောင်ပြရုံနဲ့ ငွေချေပြီးသားဖြစ်နေပြီ။ အိမ်ကနေ ရုံးကနေ တယ်လီဖုန်းထဲ ကလစ်တချက်နှိပ်တာနဲ့ ဂျက်မားရဲ့ အလီဘာဘာခိုးသားငါးရာဟာ နေတွင်းချင်း အိမ်တံခါးကို လာခေါက်ပြီး ပစ္စည်းတွေပို့နေပြီ။ အမေရိကန်အာမေဇုံလို တရုတ်အလီဘာဘာ ရှိတယ်။ တရုတ်မှာ ဖေ့စ်ဘုတ်လိုမျိုး၊ မက်ဆင်ဂျာလိုမျိုး၊ ဝီချတ်(We chat) ရှိတယ်။ ဝေဘို(Weibo)ဟာ တရုတ်တွစ်တာဖြစ်တယ်။ တရုတ်နည်းပညာကုမဏီကြီးတခုဖြစ်တဲ့ ဆယ်ပြား(တင်းဆင့် - ten cents)ရဲ့ QQ ဟာ ချက်ခြင်း မက်ဆေ့ခ်ျတွေပို့ရာမှာ အသုံးများတယ်။ ယူကျကို တရုတ်မှာသွားမေးရင် သိကြမှာမဟုတ်ဘူး။ တရုတ်ယူကျဟာ ယူကူ(Youku Tudou) ဖြစ်တယ်။ တရုတ်မှာ ဂိုဂဲမသုံးကြဖူး။ ဘေဒိုး(Baidu Tieba) ဟာ တရုတ်အင်တာနက်ရှာဖွေစက် ဖြစ်တယ်။ ဒီလောက်ဆို အင်တာနက် ၂ခုဆိုတာကို သဘောပေါက်လောက်ပါပြီ။ ကနေအနောက်မှာသုံးနေတဲ့ နည်းပညာအသစ် အွန်လိုင်း အင်တာနက် စတာတွေအားလုံးဟာ တရုတ်မှာ သူ့နည်းသူဟန်နဲ့ ချက်ခြင်းထွင်ပြီး ရှိနေပြီ။ တရုတ်ဟာ ငွေရှိတယ်၊ ဈေးကွက်ရှိတယ်။ အရင်းရှင်စနစ်ဆိုတာ အဲသည်နှစ်ခုကို ပေါင်းထားတာပဲ။ အဲသည်နှစ်ခု ပြည့်စုံမှ လုပ်လို့ရမယ်။ ကုန်သွယ်စစ်ဆိုတာ အမေရိကန်က တရုတ်ငွေကို သွယ်ဝိုက်တိုက်တယ်။ တရုတ်ဈေးကွက်ကို တိုက်ရိုက်ထိုးနှက်တယ်။

ကွန်ပြူတာ၊ အင်တာနက်၊ မိုဘိုင်းဖုန်း၊ အချက်အလက်(Data)၊ သတင်း၊ စတာတွေကိုအခြေခံတဲ့ ကနေခေတ် နည်းပညာဟာ သူ့နည်းတူ အလွန်တိုးတက်လာတဲ့ဇီဝဗေဒနဲ့ ပေါင်းစပ်နေပြီ။ လူရဲ့ဦးနှောက်လိုမျိုး ဒါပေမယ့် အဲသည်ဦးနှောက်ထက် အဆများစွာသာလွန်မယ့် အတုတခုကို ဖန်တီးနေကြပြီဖြစ်တယ်။ မကြာတော့မယ်အချိန်တခုမှာ လူကိုယ်ထဲကို ချစ်ပ်ပြားလေးတပြား ထဲ့ပေးလိုက်ရုံနဲ့ ခန္ဓာကိုယ်ထဲက အချက်အလက်တွေအားလုံးကို စက်ကသိတော့မယ်။ အသက်ကို သတ်စရာမလိုပဲ အသားကိုအစစ်နီးပါးဖြစ်အောင်လုပ်လာကြတော့မယ်။ နွားတကောင်မှာပါတဲ့ ပရိုတိန်း ဗီတာမင်ကိုလက်စထရော အရသာ စတာတွေကို ဓါတ်ခွဲခန်းတွေကနေ ထုတ်လုပ်လာနိုင်တော့မယ်။

ျိုးဗီဇနယ်ပယ်နဲ့ ဇီဝသိပ္ပံပညာရပ်ဟာ ထူးခြားကောင်းမွန်လာတယ်။ လူရဲ့အသက်ဇီဝကို နည်းပညာနဲ့ မောင်းနှင်ပြီး လူကိုအသစ်ပြန်လုပ်ဖို့ ကြိုးစားလာမှာဖြစ်တယ်။ နောက် နှစ်ငါးဆယ်လောက်မှာ လူသက်တမ်းဟာ ဇာတာထဲကလို ၁၂ဝ ရှည်ဖိုဖြစ်လာပါလိမ့်မယ်။ ဒီကြီးမားတဲ့ တော်လှန်ရေးကြီးကို ငါတို့အတွက် စိတ်ကူးယဉ်သက်သက်ပဲလို့ဆိုတာထက် ဘယ်လိုပုံချဉ်းကပ်ဖိုကောင်းမလဲ၊ သေးသေးလေးကပဲဖြစ်ဖြစ် ဖြစ်နိုင်ချေကို မြန်မာတွေ ကြံဆကြဖိုလိုလာပါပြီ။ တရုတ်ရဲ့ငွေချိုမှာ ထောင်ချောက်တွေရှိနိုင်ပါတယ်။ ဒါပေမယ့် ကျားဖမ်းချင်ရင်တော့ တောထဲသွားဖိုကြောက်လို့မရဘူး။ အမေရိကန်အကူအညီတွေမှာ နှောင်ဖွဲမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဆင်ကိုကိုယ်စမ်းမိ တဲ့အပိုင်းတွေ ကနေ သုံးသပ်နေရုံနဲ့ နိုင်ငံကတက်လာမှာမဟုတ်ဘူး။ အန်ကယ်ဆမ်ပါဝါနဲ့ ဆွေမျိုးပေါက်ဖော်ကြီးရဲ့ငွေကို သင့်အောင်ချိန်ပြီး နည်းပညာကို အစပြုပါလို့အကံပြုလိုတယ်။
Kyaw Zaaw Khine 2011+ Publishing မှ ကူးယူဖော်ပြပါတယ်

Friday, March 29, 2019

(သိမ်းပါပြောကြည့်)

0 comments
(သိမ်းပါပြောကြည့်)

၆၂ တုန်းကလုပ်ခဲ့တာက ဟိုတုန်းကပြည်တွင်းအခြေအနေနဲ့ ကမ္ဘာ့အခင်းအကျင်းကြောင့်ဖြစ်ပါတယ်။ စစ်အေးကနဦးကာလများဆီက နေတိုး/ဝါဆောစစ်စာချုပ်ကြီးတွေအတွက် တပ်သားသစ်စုနေချိန်ကြီးဖြစ်နေပါတယ်။

ခုနေ ကြိုက်သလောက်တိုက်တွန်း စစ်တပ်က သူ့သဘောနဲ့သူ ၆၂ တုန်းကလို အာဏာဘယ်တော့မှ မသိမ်းပါဘူး စိတ်ချပါ။ သိမ်းဖို့သွားပြောလို့ ပြောတဲ့လူ ပစ်အသတ်မခံရရင်ကံကောင်းပြောရမယ်ထင်ပါတယ်။ ရခိုင်အင်န်အယ်လ်ဒီကိုကိုင်ဖို့ ရိုဟင်ဂျာမျိုးဖြုတ်ဖို့ ဒေါက်တာအေးမောင်တို့ အဲ့သဘောမျိုးလုပ်ခဲ့တာပါပဲ။ နောက်ဆုံး အေးမောင် ဘာဖြစ်သွားလဲ။ ဖြစ်သွားတာကြည့်ပြီး စိတ်မကောင်းတော့ မဖြစ်မိပါဘူး။ ဒီ့နောက် စစ်အုပ်စုနဲ့စုအုပ်စု ပိုတောင် ပလူးသွားပါတယ်။

၆၂ သိမ်းနည်းကားသိမ်းတာနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ အလိုလိုပျက်ပါတယ်။ သူတို့ ၂ဝဝ၈ ကို သူတို့လက်နဲ့သူတို့ မဖျက်ပါ။ ခုအနေအထားက ကာလုံခေါ် ၆ မဲ ၅ မဲနဲ့ သမ္မတလက်မှတ်ယူပြီး ဖွဲ့စည်းပုံကပြောထားတဲ့အတိုင်း အာဏာလွှဲပေးဆိုရင် ကျည်တတောင့်မှမကုန် ကင်းတယောက်မှမလှည့်ရပဲ ပွဲကပြီးပါတယ်။ ၅၈ တုန်းက ဦးနုလုပ်သလို ပလစီစေ့ခြောက်ခြက်တွေ ကလိန်စေ့ငြမ်းစင်တွေတောင် လုပ်ပေးဖို့မလိုပါဘူး။

၃၂ ပါတီခေါ်တွေ့တာ အာဏာသိမ်းဖို့ ပါတီတွေရဲ့အား ယူတယ်ဆိုတဲ့အပြောဟာ ဘာအခြေအမြစ်မှမရှိပါဘူး။ ဖွဲ့စည်းပုံအရအာဏာလွှဲပြောင်းယူယူ မယူယူ အဲ့ဒီပါတီတွေရဲ့ အာဏာသဘောအရရော နိုင်ငံရေးအရရောအရေးပါမှုက ဘယ်နေရာမှာမှမရှိပါဘူး။ ငါတို့လည်း ဒီလူတွေနဲ့ပူးထားတယ်၊ မင်းတို့လည်း လုပ်စရာရှိတာလုပ်၊ ဒါပေမယ့် ခြေလှမ်းတိုင်းကိုတော့ ငါတို့နောက်က ထောက်ထားတယ်၊ အလွတ်မပေးဘူးဆိုတဲ့သဘောထားကို လွှတ်တော်ကို လှမ်းပြတာလောက်ပဲလို့ ယူဆပါတယ်။ စစ်တပ်ကို ကိုယ့်သဘောနဲ့ကိုယ် အာဏာသိမ်းပါလို့သွားပြောရလောက်အောင်လည်း အဲ့ဒီ ၃၂ ပါတီကလူတွေ မညံ့ပါဘူး။ မညံ့လို့မှ ပါတီထောင်ပြီး အစိုးရလုပ်ဖို့မှန်းနေကြတာပါ။ အစိုးရဆိုတာ ရှင်ဘုရင်ပဲ၊ ရှင်ဘုရင်လုပ်မယ့်သူဆိုတာ ညံ့လို့မှမရဘဲ။

ဗမာ့နိုင်ငံရေးနဲ့ အစိုးရလက်တွေ့သဘောအရ ထူးခြားချက်က အမျိုးသားရေးဦးဆောင်မှုဏ္ဍဆိုပြီး စစ်တပ်က ထိပ်ကထိုင်ထားတယ်။ အစိုးရက ရှင်ဘုရင်မဟုတ်ဘူး။ သူ့အထက်မှာ ဘုရင်လုပ်တဲ့သူ King Maker ရှိတယ်။ အလားတူပဲ သမ္မတဟာ ဥသျှောင်ဆိုပေမယ့် သမ္မအထက်မှာ နန်းမတော်ရှိတယ်။ ဒါတွေလည်း တွေးကြပါ မေမေ့သားတို့။ မေမေ့အကွက်တွေဆိုပြီး သင်္ကြန်အမြောက်တွေ မီးရှူးမီးပန်းတွေလည်း ဖောက်တာလည်း ဖောက်ပေါ့။
မျိုးမြင့်ချို
မတ် ၂၈၊ ၂ဝ၁၉

(နှစ်နံမည်နဲ့နေ့) မျိုးမြင့်ချို

0 comments
(နှစ်နံမည်နဲ့နေ့)

မိမိအစိုးရဖြစ်နေတုန်းမှာ မတ် ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့လို့တရားဝင်ဘာလို့ပြန်မပြောင်းတာလဲ၊ လွှတ်တော်ထဲမှာရော ဘာလို့ NLD အမတ်တွေ ဒီအကြောင်း အဆိုမတင်တာလဲ။ အစိုးရထဲက ဝန်ကြီးတယောက်ယောက်ကရော ဘာလို့ အဆိုပြုတာတွေဘာတွေ မလုပ်တာလဲ။ ကာကွယ်ရေးဝန်ကြီးက စစ်ဗိုလ်မို့လို့ဆို တခြားစစ်ဗိုလ်မဟုတ်တဲ့ တယောက်ယောက်ကရော ဘာလို့မတင်တာလဲ။ ဒေါ်စုကိုယ်၌ကရော ဘာလို့ ဒီကိစ္စမှာ ရေငုံနှုတ်ပိတ်နေနေ ရသလဲ။ အနိမ့်ဆုံးအဆင့် လွှတ်တော်အတွင်းမှာ ခြေခြေမြစ်မြစ် ကျိုးကြောင်းသင့်သင့် ခိုင်ခိုင်မာမာ ဘာလို့မဆွေးနွေးကြတာလဲ။  

ကျနော်တို့က အစိုးရဆိုပေမယ့်……” ဘာညာ အစချီတဲ့မပြီးနိုင်တဲ့ ငိုချင်းရှည်ကြီးကတော့ လူတွေမကြားချင် တော့ပါဘူး။ ကိုယ့်ပါတီအာဏာထဲရှိနေတုန်း လုပ်မယ်ဆို(ရရ မရရ) တွန်းတွန်းတိုက်တိုက် ကြိုးစားကြည့်ရမယ်။ ခု ဖွဲ့စည်းပုံ ပြင်မယ် ဘာညာဆိုပြီး ကြိုက်လုံးပစ်သလိုပစ်ကြည့်ပေါ့ လူတွေဆီက ဘာသံထွက်လာမလဲ သိရအောင်။ 

စစ်အုပ်စုကတော့ စစ်အမတ်တွေကနေ တဆင့်ရော အပြင်ကနေရော မိန့်ခွန်းတွေကနေရော ခါးခါးသီးသီး အိနြေ္ဒမရ သွေးရူးသွေးတမ်းကာကွယ်မှာပဲ။ ဒါဆို သူတို့ ပို ပွင့်ကျတာပေါ့။ ကိုယ့်စည်းရုံးအတွက်လည်း ကောင်းတာပေါ့။ ခုက အစိုးရအနေနဲ့ကတော့ ပြန်တမ်းမှာ တပ်မတော်နေ့သုံးနေပြီး NLD ပါတီက တော်လှန်ရေးနေ့ လုပ်နေတယ်။ ခုလို အစိုးရတမျိုး ပါတီတမျိုး လုပ်နေတော့အာခံရဲလိုက်တဲ့ သတ္တိကောင်းတွေလို့မမြင်ပဲ ခါးတောင်းကျိုက်တလွဲ ဖင်တလွဲလူတွေ၊ ရှေ့တမျိုးနောက်တမျိုးလူတွေဆိုပြီး ပိုတောင် အရိုအသေတန် သေးတယ်။

ဂျပန့်ခေတ်မှာ ဂျပန်ဖက်ဆစ်ကိုမတော်လှန်ရသေးလို့ ဗမာ့တပ်မတော်နေ့လို့ သုံးရတာဖြစ်တယ်။ ဖက်ဆစ်တော်လှန်ရေးနောက် လွတ်လပ်ရေးတွေဘာတွေအရပြီး နိုင်ငံရေးအစိုးရလက်ထက် ၁၉၅၅ ကျမှ ဗိုလ်နေဝင်းက ဦးဗဆွေကတဆင့် အစိုးရကိုချဉ်းကပ်ပြီး မတ် ၂၇ ရက်နေ့ကို တပ်မတော်နေ့လုပ်ခိုင်းတာ။ အစိုးရကအတည်ပြုပေးလိုက်တော့ တပ်မတော်နေ့ဖြစ်သွားတာ။ ဒါတောင် တော်လှန်ရေးနေ့ဆိုတာနဲ့ တွဲတွဲပြီး ကြိုကြားကြိုကြားသုံးသုံးနေသေးတာပဲ။ အဲ့ဒါကလည်း စစ်တပ်ကို ဗိုလ်နေဝင်း ထင်တိုင်းလုပ်မရသေးလို့။ မရသေးတာက နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးက ခေတ်ပြိုင်တွေ မျိုးဆက်တွေရှိသေးလို့ပဲ။ ထောက်ရမယ့် ငဲ့ရမယ့်မျက်နှာတွေရှိနေသေးလို့။ စစ်အာဏာ မငြိမ်သေးလို့။ သူ့အတန်းကလူတွေအကုန် ရှင်းမထုတ်ရသေးလို့။

၁၉၈၈ နောက်ပိုင်း စစ်လွှမ်းမိုးမှုလုံးဝရသွားတော့မှ တပ်မတော်ဆိုပြီး အပြီးအပြတ်လုပ်ချပစ်လိုက်တာဖြစ်တယ်။ ဒီစစ်မျိုးဆက်မှာက ဘယ်မျက်နှာမှ ထောက်စရာမလိုတော့ဘူး။ တပ်မတော်ရဲ့ ဘာအစဉ်အလာကောင်းကိုမှ ထိန်းနေစရာမလိုတော့ဘူး။ နောက်ဆုံး သန်းရွှေလက်ထက်မှာ နေဝင်းဂိုဏ်းကိုပါ ကိုင်ထုတ်လိုက်တော့ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားတယ်။ ဘယ့်ကောင့်မှ မှုနေစရာမလိုတော့ဘူး။ ဘာသောညာသော တွေးနေစရာမလိုတော့ဘူး။ ကိုယ်ကျိုးစီးပွားရှာဖို့ တလက်ကိုင်တပ် ခါးပိုက်ဆောင်တပ် ပီပီပြင်ပြပုံသွင်းလို့ရသွားတာ။ ဒီတော့ကို တပ်မတော်နေ့ဆိုပြီး တခွန်းတည်းဖြစ်သွားတာ။

ဟိုးအရင်တုန်းက NLD က ပြောဖူးတယ်တချိန်ချိန်မှာ သူ့နေ့အမှန် ပြန်ဖြစ်အောင်လုပ်မယ်ဆိုပြီး။ ခုနေ မလုပ်ရင် ဘယ်အချိန် လုပ်မှာလဲ။ ဒေါ်စုလည်း အသက်ကြီးပြီ။ ၂ဝ၂ဝ ရွေးကောက်ပွဲ မျှော်မှန်းချက်ဆိုတာကလည်း ဆောက်ဖြစ်မှ ကျောင်းဒကာ။ အချိန်လေးလည်း ကျန်တုန်း ဒေါ်စုလည်းရှိနေတုန်းလေး တက်သုတ်ရိုက်ဖို့ကောင်းတယ်။

နိုင်ငံရေးဆိုတာ ဖြစ်နိုင်တာကိုလုပ်တာ။ ဒီနံမည်ပြောင်းကိစ္စဟာ ဖြစ်မှမဖြစ်နိုင်တာလို့ ဆင်ခြေပေးမယ်ဆို တခုတော့မေးမယ်။ လူထုအားမပါဘဲ လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံပြင်မယ်ဆိုတာကရော။
ကိုယ်လည်း မသေသေးလို့ အရာရာလည်း ဒီအတိုင်းဆို နောက်နှစ်လည်း တပ်မတော်နေ့တော်လှန်ရေးနေ့မြည်သံကို ကြားနေရမှာပါပဲ။
မျိုးမြင့်ချို
မတ် ၂၈၊ ၂ဝ၁၉

(ကမ္ဘာဆိုတာ တပြည်တည်းနဲ့တည်ထားတာမဟုတ်တော့) မျိုးမြင့်ချို

0 comments
(ကမ္ဘာဆိုတာ တပြည်တည်းနဲ့တည်ထားတာမဟုတ်တော့)

နိုင်ငံကြီးတွေက ရွှေတွေဝယ်လှောင်နေကြတယ်။ အဝယ်လိုက်ရင် ဈေးတက်ဖို့ကောင်းတဲ့ရွှေဟာ ဈေးကျနေပြီး လူအယုံအကြည်နည်းနည်းလျော့လာတယ်ဆိုတဲ့ အမေရိကန်ဒေါ်လာခေါ်တဲ့ ငွေမာဟာ ဈေးတက်လာတယ်။ ရွှေဈေးကွက်မှာ လူတွေ ကြိတ်ကြိတ်တိုးနေတယ်။ ဝယ်လက်တွေ ပျားပန်းခပ်ပြီး ရွှေဈေးကွက်ကြီး ဟီးဟီထနေတယ်ရလို့ World Gold Council ကမ္ဘာ့ရွှေကောင်စီက အံ့အားတကြီးကြေညာပါတယ်။

ရွှေဝယ်လှောင်ရာမှာ အမေရိကန်အစိုးရထုတ်ရောင်းထားတဲ့ နှစ်ရှည်ငွေချေးစာချုပ်တွေနဲ့ ငွေချေသူတွေက ချေနေကြတယ်။ ရွှေထုတ်ရောင်းနေတာက နိုင်ငံ ဘုစုခရုတွေ။ သူတို့ဘဏ်တွေထဲက ရွှေတွေကထွက်သွားပြီး ငွေချေးစာချုပ်တွေ ပိုက်မိနေကြတယ်။ တကယ်လို့ ဘာမပြောညာမပြော ဒေါ်လာ ရုတ်ရုတ် ရုတ်ရုတ် ထဖြစ်ရင် အရင်ဆုံးထိမှာက ဘုစုခရုနိုင်ငံလေးတွေဖြစ်တယ်လို့ဆိုတယ်။ မရှူနိုင်ကယ်နိုင်မဖြစ်ရအောင် တခုခုတော့ စီမံထားသင့်တယ်လို့ ဆိုသူတွေကဆို အကြံပေးသူတွေကပေးနေပါတယ်။

နိုင်ငံခြားအရန်ငွေ Foreign Reserve ကိုလည်း ယူအက်စ်ဒေါ်လာနေရာမှာ ယူရိုအပါအဝင် တခြားငွေမာတွေ(ကနေဒါ၊ သြစတေးလျ၊ ဂျပန်၊ တရုတ် ငွေစတာမျိုးတွေ)ပါ အခုအခံလုပ်ပြီး ထားတာ ပိုများလာတယ်လို့ဆိုပါတယ်။ သမားရိုးကျနဲ့တွေးမယ်ဆို ဒေါ်လာခိုင်မာမှုအားပျော့တယ်ဆို ဒေါ်လာဈေးကျရမှာပဲ။ ခုက ဒေါ်လာ ပျော့တယ်လည်းပြောတယ် ဈေးက စွာနေပါတယ်။ အရင်ကဆို အမေရိကန်ကိုကျပ်ပေးချင်ရင် ဒေါ်လာကိုကစားကြတယ်။ သဘောက ဒေါ်လာဈေးကျစေ့ချင်ရင် ကိုယ့်ဆီရှိတဲ့ဒေါ်လာတွေထုတ်ရောင်း အမေရိကန်ငွေတိုက်စာချုပ်တွေ အပေါင်အငှားပြန်ချလုပ်ကြတာမျိုးပါ။ အဲ့လိုလုပ်လိုက်ရင် ဒေါ်လာဈေးအတက်အကျဖြစ်ဖြစ်သွားတတ်ပါတယ်။
ခုကမ္ဘာ့စီးပွားရေးက ဒေါ်လာတွေ မတန်တဆ ကိုင်ထားတဲ့ တရုတ်လိုပြည်ကလည်း အဲ့သလို မလုပ်ဝံ့ဘူး။ လုပ်ရင် သူပါကွဲမှာလို့ဆိုပါတယ်။ စီးပွားရေးနဲ့ ကုန်သွယ်မှုက ဖွတ်မြီးနဲ့ဖွတ်ချည်သဘောထက် မျောက် မျောက်ခြင်း အမြီးလိမ်နေကြတဲ့သဘောလို့ ဆိုပါတယ်။ ပိုဆိုးတာက အဲ့ဒီ နိုင်ငံကြီးတွေနဲ့ တနွယ်ငငင်တစင်ပါနိုင်ငံတွေပါ။ သူတို့အဖြစ်ကလည်း ဂေါင်ထိအကုန်လိုဖြစ်နေတော့ ဂေါင်မထိရေး ဝိုင်းကျားကန်ပေးနေရတဲ့သဘောပါဖြစ်နေတယ်လို့ဆိုပါတယ်။ ဂေါင် ဂေါင်ချင်းတည်တိုက်ရင် ဥသျှစ်သီး ၂ လုံးထုသလို ၂ လုံး လုံး ကြေတာထက် နောက်ကအလုံးတွေပါ လိုက် မွကုန်မယ့်ကိန်းလို့ အိုင်အမ်အက်ဖ်နဲ့ ကမ္ဘာ့ဘဏ်လို ငွေကြေးအဖွဲ့အစည်းကြီးတွေက ထောက်ပြကြပါတယ်။
ဆိုတော့ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့သက်ရောက်မှုဟာ အခုမှ အာနိသင်စပြတာလို့ ပညာရှင်တချို့ကပြောပါတယ်။ ဒီဂလိုဘယ်လိုက်ဇေးရှင်းကို အရင်းရှင်နိုင်ငံတွေကစပြီး အရင်းရှင်နိုင်ငံတွေကပဲ ငွေပင်ငွေရင်း နည်းပညာ စတာတွေနဲ့မတည်ခဲ့တာမှန်ပေမယ့် စီးပွားနဲ့ကုန်သွယ်မှုကို ဦးဆောင်ခဲ့တာမှန်ပေမယ့် ခေါင်သူကြီးလုပ်တဲ့အမေရိကန်က သောင်သောင်သာသာ သိတ်မဟုတ်တော့ တော့ အလိုလို အဆင့်နေရာလျှောကျသွားတာလို့ဆိုပါတယ်။ ဒီနေရာကိုဝင်ယူမယ့် ဘယ်ဥရောပနိုင်ငံကမျလည်း လောက်လောက်လားလားမရှိတော့ ငွေထုပ်ပိုက်ထားတဲ့ တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းတို့ OBOR တို့ကို မချစ်သော်လည်းအောင့်ကာနမ်းပြီး စီးပွားဘက်အဖြစ် တရေးတယူလုပ်ရတဲ့ကိန်းဆိုက်ကုန်တာလို့ဆိုပါတယ်။
အီတလီနဲ့ ပြင်သစ်အပြင် အီးယူထဲကတခြားနိုင်ငံတွေပါ တရုတ်ဘက် ခတ်ပါပါတွေဖြစ်လာကြတော့ အပေါ်ယံကြည့်လိုက်ရင် အနောက်ဘက်ကစလိုက်တဲ့၊ အရင်းရှင်စနစ်မှာ သန္ဓေတည်လိုက်တဲ့ဂလိုဘယ်လိုက်ဇေးရှင်းဟာ အရှေ့ဘက်တိုင်းပြည်က ကွန်မြူတွေလက်ထဲမှာ ဆိုရှယ်လစ်အိုင်ဒီယော်လော်ဂျီပုံစံနဲ့ သွားရှင်သန်လူလားမြောက်နေပြီလားလို့ ကောက်ချက်အမှားဆွဲစရာအထိဖြစ်ရတယ်လို့ဆိုပါတယ်။
ခု အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲမှာ စစ်ကြေငြာသူအမေရိကန်က အလံဖြူမထောင်ပေမယ့် လေးသံမြားသံ စဲချင်သဘောဖြစ်နေတာတွေ့ရပြီး တရုတ်ဘက်ကတော့ ခတ်အေးအေးနဲ့ စိတ်ရှည်လက်ရှည် ခုခံတိုက်ရင်း အလုံးအထည် ထင်သလောက်ပျက်မသွားတာတွေ့ရတော့ အနောက်ဥပရောနိုင်ငံတွေ တရုတ်ဘက် ပိုယိမ်းကုန်ကြတာဖြစ်တယ်တဲ့။ အဲ့သလို ပိုဖြစ်စေတဲ့အကြောင်းက အမေရိကန်ပထမဆိုတဲ့မူနဲ့လုပ်ခဲ့တဲ့ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ မဟာမိတ်နိုင်ငံရေး၊ လုပ်ဖော်ကိုင်ဘက်စီးပွားရေးပေါ်လစီတွေရဲ့ ချို့ယွင်းချက်အားနည်းချက်က အခရာကျပါသတဲ့။
အမေရိကန်တွေဘက်ကကျတော့လည်း သူတို့ တလျှောက်လုံး အိပ်စိုက်ခဲ့ လက်ဖွာခဲ့လို့ ခု နိုင်ငံခြားကြွေးမြီတွေတင် အတိုးတွေဆပ်ရ၊ အစိုးရဘတ်ဂျတ်လိုငွေတွေပြပြီး မျက်ဖြူဆိုက်ရတာ၊ မဟာမိတ်တွေက မဟာသာမိတ်ချင်တာ အမေရိကန့် အနုမြူထီးရိပ်အောက်သာ လုံလုံခြုံခြုံနေချင်တာ ဘယ်နေရာမှာမျ အားကိုးဖော်မရဘူးဆိုပြီး ရင်ထုမနာဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ဒါက ခု သုံးလေးရက်အတွင်း ဖတ်မိတဲ့သတင်းတွေကို အမြီးဖြတ်ခေါင်းဖြတ်လုပ်၊ ဟိုဆက်ဒီဆက် ပြန်ပြက် ဆက်ဆက်ပြီး ပဉ္စရူပအကောင်လို ကြည့်ကောင်းအောင် ဆက်စပ်ကြည့်တာပါ။
ခု ရွှေဈေးကျနေတယ်။ ဒေါ်လာ ပြန်ထောင်တက်နေတယ်။ တရုတ်က ကမ္ဘာပတ်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းကို တရုတ်နည်းတရုတ်ဟန် တရုတ်အမျိုးသားအကျိုးစီးပွားစေ့ဆော်မှုနဲ့ လုပ်နေတယ်။ အမေရိကန် စီးပွားရေးသိတ်မချောင်လည်းဘူး။ ပြည်တွင်းမှာ အစဉ်အဆက်ကပေးနေတဲ့ လူမှုဖူလုံရေးကြေးတွေ ထောက်ပံ့မှုတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ လျော့လျော့ချနေတယ်။ ပညာရေးအသုံးစားရိတ်တွေ လျှော့တယ်။ ကျောင်းသားပညာသင်ချေးငွေတွေ တင်းကျပ်နေတယ်။ ၂ဝ၂ဝ အစိုးရ ဘတ်ဂျတ်မှာ နိုင်ငံခြားအထောက်အပံ့၊ လူသားချင်းစာနာမှုအထောက်အပံ့၊ ဒုက္ခသည်ကူညီရေးအစီအစဉ်၊ ဒီမိုကရေစီနဲ့လူ့အခွင့်ရေးဖွံ့ဖြိုးမှု စတာတွေအတွက်သုံးနေတဲ့ ပိုက်ဆံတွေကို အကြီးအကျယ်ဖြတ်တောက်ထားတယ်။ လွှတ်တော်တွေကတော့ ဒီ အိမ်ဖြူတော်ဘတ်ဂျတ်လျာထားငွေစာရင်းကို အတည်ပြုမပေးဘူး သူတို့ဆီရောက်လာတာနဲ့ ပယ်ချမယ်လို့ မောင်းတင်ထားကြတယ်။

အမေရိကန်ဟာ လောလောဆယ်မှာကို တကမ္ဘာလုံးအတိုင်အးအတာနဲ့ ကျင့်ဝတ်တွေ နှုန်းစံတွေတန်ဖိုးတွေကို သိတ်မစောင့်စည်းတော့ဘူး။ လျော့လျဲလာတယ်။ ဒီတော့ သြဇာကျလာတယ်။ တရုတ်က စီးပွားရေးနဲ့ သံခင်းတမန်ခင်း နှစ်ပင်လိမ်ပြီး သြဇာဖြန့်ကျက်နေတယ်။

ဆက်ပြီးချုပ်ကြည့်ရင် ဗမာပြည်ဟာ တရုတ်ရဲ့ OBOR အတွက် ပထဝီအရအရေးပါတဲ့ဒေသဖြစ်တယ်။ နယ်နမိတ်ချင်း မိုင်ထောင်ချီထိစပ်နေတယ်။ သူ့နယ်စပ်မှာ စစ်အုပ်စုကို အန်တုရင်ဆိုင် ဖက်ပြိုင်နေတဲ့ လူမျိုးစုလက်နက်ကိုင်အင်အားစုကြီးတွေရှိနေတယ်။ အဲ့ဒါကြီးတွေအပေါ်မျာ တရုတ်သြဇာထိုက်သလောက်ရှိတယ်။ မြစ်ဆုံဆည်ကိစ္စရှိတယ်။ လက်ပန်းတောင်တောင်။ ဖားကန့်ကျောက်စိမ်း၊ စိုက်ပျိုးရေး၊ နယ်စပ်ကုန်သွယ်ရေး၊ ရန်ကုန်မြို့သစ်အပါအဝင် တခြား စီးပွားရေးကြီးတေါလည်း အထင်အရှားရှိနေတယ်။ စစ်အုပ်စုနဲ့ အရင်ကလောက် ပလဲနံပမသင့်ပေမယ့် ဒေါ်စုနဲ့ ရွှေလမ်းငွေလမ်းပေါက်နေတယ်။ မာကာခင်မှာ ဒေါ်စု ပီကင်းခရီးစဉ်ရှိတယ်။ ၂ နိုင်ငံ အကျိုးတူစီးပွားရေးစာချုပ်တွေ ပုဂ္ဂလိကလုပ်ငန်းတွေအတွက် နားလည်မှုစာခွန်လွှာလဲတာကို စာချုပ်ချုပ်တာတို့ သဘောတူလက်မှတ်ထိုးတာတွေ ပါလာပါလိမ့်မယ်။ ဒီဘက်မှာ ထွက်နေတဲ့(မသေချာတဲ့ သိတ် အားကိုးအားထားပြု လို့မရတဲ့) သတင်းတခုအရ ယူအက်စ်ဒေါ်လာ ၄၉ ဘီလံဖိုးလောက် အရောင်းအဝယ်နဲ့ ကုန်သွယ်မှုတွေဖြစ်လာလိမ့်မယ်လို့ဆိုနေပါတယ်။
ဆက်စပ်တွေးကြည့်ဖို့ပါ။ ကမ္ဘာဆိုတာ တပြည်တည်းနဲ့တည်ထားတာမဟုတ်လေတော့ သူများနိုင်ငံတွေထဲလည်း ဝင်ကြည့်ရတာပေါ့ဗျာ။
မျိုးမြင့်ချို
မတ် ၂၉ ၊ ၂ဝ၁၉

Wednesday, March 27, 2019

(ဖက်ဆစ်တော်လှန်ရေးနေ့က ရတဲ့ဒဏ်ရာ) မျိုးမြင့်ချို

0 comments
(ဖက်ဆစ်တော်လှန်ရေးနေ့က ရတဲ့ဒဏ်ရာ)
စစ်ပွဲဆိုတာ သေနတ်နဲ့တိုက်တာ။ သေနတ်ဟာ လူသေတယ်။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့လူကို အလောင်းကောက်မီရင် ကောက်တယ်။ သင့်တော်ရာမှ အလံအုပ်မြေမြှုပ်လိုက်တယ်။ ပြီးပြီ။ အလောင်းကောက်မမီရင် လက်နက်အပါမခံပဲ အလောင်းကို လက်လွှတ်လိုက်ရတယ်။ အလောင်းရော လက်နက်ပါ ပြန်ကောက်ချိန်မရရင်တော့ ထားခဲ့တော့ ဒီအတိုင်းပဲ။ ဒါ ကျသွားတဲ့ စစ်သားအလောင်းအတွက် အပြီးသတ်အဖြေပဲ။


ဒဏ်ရာ ရတဲ့လူကျတော့ ဖြစ်နိုင်သမျှ ပြန်ဆွဲရတယ်။ မသေမရှင်ဖြစ်နေရင်တောင် ကိုယ့်လက်ထဲမှာ သေဖို့လုပ်ရတယ်။ မဆွဲနိုင်လို့ ဒဏ်ရာရတဲ့လူချန်ခဲ့ရပြီး ရန်သူ့လက်ပါသွားရင် သတင်းတွေပေါက်ကြားတာ၊ ဝါဒအဖြန့်ခံရတာ၊ စိတ်ဓာတ်စစ်ဆင်ရေးအလုပ်ခံရတာ၊ နောက်ဆုံး အမျိုးမျိုးနှိပ်စက်ညှဉ်းပမ်းလို့ဝတော့ ဖျောက်ဖျက်ပစ်တာခံရတယ်။


တကယ့်စစ်ပွဲကြီးတွေမှာ အမိန့်လည်းနာခံ၊ စည်းကမ်းလည်း ကောင်း၊ ဥပဒေလည်း လိုက်နာပါတယ်ဆိုတဲ့ တပ်ကြီးတွေတောင် စစ်ဦးဘီလူးဆို သုံ့ပန်းပေါ်လစီချိုးဖေါက်ကြတာ အထင်အရှားပဲ။ ဒီတော့ ပြည်တွင်းစစ်လို၊ လူမျိုးရေးဘာသာရေးအခြေခံပဋိပက္ခတွေလို လက်နက်စွဲကိုင် ဖက်ပြိုင်ကြတဲ့စစ်လိုမျိုးတွေမှာ သုံ့ပန်းပေါ်လစီကျင့်သုံးတယ်ဆိုတာ နားရှိလို့ကြားရတဲ့စကားထက်မပိုဘူး။


တိုက်ပွဲဖြစ်နေချိန်မှာ လူ့စိတ်ဟာ သားရဲမင်းရဲစီးနေတယ်။ ငါ့သတ်ဖို့လာတဲ့ကောင် ငါမသတ်သူသတ်မှာပဲဆိုတဲ့အတွေးက ဦးဆောင်နေတယ်။ ဒီတော့ ဒဏ်ရာနဲ့အရှင်မိလာတဲ့ လက်ရသုံ့ကို ဂလဲ့စားချေတဲ့သဘောနဲ့ဆက်ဆံမှာဘဲ။


အရှင်မလိုချင်ဘူး၊ မြို့မှာ ကွန်မြူနစ်ရှားလို့ တောထဲသွားဖမ်းခိုင်းတာမဟုတ်ဘူး၊ ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့၊ ကွန်မြူနစ်ဆို သန္ဓေသားတောင်မထားနဲ့စတဲ့ အပြီးအပြတ်အမိန့်မျိုးရထားတဲ့ စစ်သားဟာ ဒဏ်ရာနဲ့လူကိုတွေ့တာနဲ့ ပစ်သတ်လိုက်မှာပဲ။ ဒါကို မှားတယ်မှန်တယ်၊ တရားတယ် မတရားဘူး၊ မျှတတယ် မမျှတဘူးပြောနေခြင်းမဟုတ်။ စစ်ဖြစ်ရင် အရင်ဆုံးကျဆုံးသွားတာက အဲ့ဒါတွေဖြစ်နေပြီဘဲ။ စကားအဖြစ်ပြောရင်တော့ ပြောလို့ရမှာဘဲ။


စစ်သားဟာ သူနဲ့အတူတိုက်နေတဲ့လူကို တိုက်ဖော်တိုက်ဘက် သေဖော်သေဘက် သတ်ဖော်သတ်ဘက်လို့ သဘောထားတယ်။ ကိုယ့်လူထိရင် နာတယ်။ ဒဏ်ရာဗလဝ သွေးအလိမ်းလိမ်းနဲ့ မချိမဆန့်ခံနေရတဲ့ ကိုယ့်လူမြင်ရင် ကြောက်စိတ်နဲ့တကွ လက်စားချေချင်စိတ် သတ်ချင်ဖြတ်ချင်စိတ် ရမ်းချင်ကားချင်စိတ်ဖြစ်တယ်။ ကိုယ့်လူအထိများရင် ကိုယ့်အလှည့်လာတော့မှာလည်းသိတော့ ကြောက်တယ်။ မသေချင်ဘူး။ ဒီတော့ သတ်တယ်။ ဒါကိုပဲ ရဲဘော်စိတ်လို့ စစ်သားစိတ်လို့ပြောတယ်။ ကြေးစားစစ်သားမှာတောင် ဒီစိတ်မျိုးရှိတယ်ဆိုရင် တခုခုကို ယုံကြည်စိတ်နဲ့တိုက်တဲ့စစ်သားမှာ ဒီစိတ်ဟာ ပိုတောင်ရှိတယ်ဆိုတာ မမှားဘူး။


ဒီတော့ ကိုယ့်ရှေ့မှာ ဒဏ်ရာရသွားတဲ့ကိုယ့်လူကို ဒီအတိုင်းပစ်မထားဖို့ လူနာတက်ကောက်ဖို့ စစ်သားရဲ့ဗီဇစိတ်ကိုက အလိုအလျှောက် စေ့ဆော်ပြီးပြီးသား တိုက်တွန်းပြီးပြီးသားဖြစ်နေတယ်။ အမိန့်တောင် စောင့်နေစရာမလိုဘူး။ ဒဏ်ရာနဲ့ကိုယ့်လူကို ပစ်ထားခဲ့ပြီး ကိုယ့်အသက်လုပြေးရင်း ကျည်ကွယ်မျက်ကွယ်ကိုရောက်ပြီဆိုတာနဲ့ စစ်သားဟာ မိမိအပြုအမူအတွက် ကိုယ့်ကိုယ်ကိုယ်ရှက်ရွံ့စိတ် သိမ်ငယ်စိတ် နားကျည်းစိတ်ဖြစ်ပြီး သူ့စစ်စိတ်စစ်မန်ကို ထိခိုက်သွားတယ်။ သူ့ စစ်သားဗီဇပျက်သွားတယ်။ သူရဲဘောကြောင်တဲ့အကောင်လို့ ကိုယ့်ကိုယ်ကိုယ်ထင်သွားတယ်၊ လူတွေက ကိုယ့်ကိုအဲ့သလို အထင်အမြင်သေးတဲ့မှာပဲဆိုတဲ့ အငုံ့စိတ်ဝင်သွားတယ်။ ဒါ စစ်သားအဖြစ်နဲ့ ကျနော်ရခဲ့တဲ့အတွေ့အကြုံက ရတဲ့အသိပဲ။ စစ်သားဘဝက ပြဌာန်းလိုက်တဲ့ စစ်သားသိ စစ်သားစိတ်ပဲ။


ကိုယ့်စစ်သားက ဒဏ်ရာလည်း ရနေပြီ၊ ရှင်လည်းမရှင်နိုင်တော့ဘူး ပြန်သယ်ဖို့လည်း မဖြစ်နိုင်တော့တဲ့တိုက်ပွဲအခြေအနေကြောင့် တပ်မှူးက ကိုယ်တိုင်ဆုံးဖြတ်ပြီး ပစ်သတ်လိုက်ရင်ဖြစ်ဖြစ် သတ်မိန့်ပေးလို့ တယောက်ယောက်ကပစ်သတ်လိုက်ရင်ဖြစ်ဖြစ် အဲ့ဒီ စစ်တပ်မှာရှိနေသေးတဲ့ ကျန်တဲ့စစ်သားတွေရဲ့စိတ်ဟာ ဆောက်တည်ရာမရ ဖြစ်ကုန်တယ်။ သွေးပျက်သွားတယ်။ ငါတို့လည်း ဒီလိုဖြစ်ရင် ဒီလို ကြမ္မာငင်မှာပါလားဆိုတဲ့ ကြောက်စိတ်တွေဖြစ်လာတယ်။ အချင်းချင်း မယုံသင်္ကာဖြစ်လာတယ်။ အထက်အမိန့်အပေါ် တပ်မှူးတွေအပေါ် နာခံလိုစိတ်ထက် အာခံလိုစိတ်တွေ မသိမသာဖြစ်လာတယ်။ ဒါမျိုး အဖြစ်များလာတဲ့အမျှ တပ်ဟာ အအုပ်အစည်းပျက်လာတယ်။ အမိန့်နာခံမှု လျော့ရဲလာတယ်။ စစ်တိုက်ဖို့ခက်လာတယ်။ နောက်ဆုံးမှာ အောက်ခြေကစတဲ့ တပ်တွင်းပုန်ကန်မှုတွေအထိဖြစ်ပြီး တပ်ပျက်တယ်။


စစ်တပ်ဆိုတာ အမိန့်နဲ့အုပ်ချုပ်တာ။ သူလည်းယောက်ကျား ကိုယ်လည်းယောက်ကျား၊ သူလည်း သေနတ်တလက် ကိုယ်လည်းတလက်၊ သူလည်း အသက်တချောင်း ကိုယ်လည်းအသက်တချောင်းချင်းအတူတူ လူလူချင်း အမိန့်ပေးပြီး သေခိုင်းသတ်ခိုင်းနေတာ။ အမိန့်ကြောင့် သတ်နေသေနေကြတာ။ အမိန့်ဟာ အသက်ပဲ။ အဲ့သလို အဖွဲ့အစည်းမှာ အမိန့်မနာခံရင် သတ်ပစ်တာ ဘာမှမဆန်းပေမယ့် ဒဏ်ရာနဲ့ကိုယ့်လူကို မဆွဲနိုင်တော့တာနဲ့ ပစ်သတ်တယ်ဆိုတာ သေဖော်သေဘက် သတ်ဖော်သတ်ဖက်စိတ်ဓာတ်ကို ရိုက်ချိုးလိုက်တာဖြစ်တယ်။ အမိန့်မနာခံစရာ ဖီဆန်ပုန်ကန်စရာဖြစ်စေတယ်။ စစ်တိုက်လို့မရတော့ဘူး။ တပ်ပျက်ဖို့လမ်းစဖြစ်လာတယ်။


ဒီတော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ဒဏ်ရာနဲ့ကိုယ့်လူကို ရှေ့တန်းကတိုက်ပွဲမှာ အရပြန်ဆွဲရမှာပဲ။ ပစ်ထားခဲ့လို့မရဘူး။ လူနာကိုပစ်ထားခဲ့ရင်တောင် စည်းရုံးရေးက ကျလှပြီ ပစ်ပါသတ်လိုက်လို့ကတော့ ဘာမှဆိုဖွယ်ရာမရှိပဲ။ ဆေးကုတာ ပြန်လည်ပြုစုပျိုးထောင်တာတွေက နောက်တန်းကအလုပ်။ စစ်ဆေးရုံ ဆေးခန်းတွေအလုပ်၊ ခြေတုလက်တုဆေးရုံတွေ အလုပ်။


အစိုးရစစ်တပ်တွေမှာ ဒါတွေအကုန်ရှိတယ်။ ပြည့်စုံတာ မပြည့်စုံတာလောက်ပဲကွာတယ်။ သူပုန်တွေ လက်နက်ကိုင်တ်ာလှန်ရေးတွေမှာကျ ကိုယ်ပိုင်လွတ်မြောက်နယ်မြေရှိရင် ဒါမှမဟုတ် ကိုယ် ကျောပေးထားတဲ့နိုင်ငံ ဒါမှမဟုတ် ဒေသက ခွင့်ပြုရင် ဒဏ်ရာရစစ်သားအတွက် ဆေးရုံဆေးခန်းကိစ္စက လုပ်လို့ရတယ်။ သဘောက တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ကိုယ်ပိုင်လွတ်မြောက်နယ်မြေမရှိရင် ကျောကပ်ထားတဲ့ပြည်(ဒေသ)လိုတယ်။ အဲ့ဒီပြည် အဲ့ဒီဒေသက ကိုယ့်တော်လှန်ရေးအတွင် စိတ်ပိုင်း ရုပ်ပိုင်း အတွေးအခေါ်ပိုင်းတွေပါကူတာဆို အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပဲ။ အဲ့သလောက်ကြီးအထိ ထောက်ခံမှုမရှိတောင် ကိုယ့်ကို စာနာပြီး သူတို့နယ်မြေအတွင်းမှာ ကိုယ့်လူနာတွေအတွက် ဆေးရုံဆေးခန်း ကုသမှု အနားယူစခမ်းစတာတွေလောက် လုပ်ခွင့်ပေးတယ်ဆို မဆိုးဘူး။ ကျန်တဲ့ လက်နက်ခဲယမ်း အရင်းအမြစ်တို့၊ သိုလှောင်တာတို့၊ ရိက္ခာတို့ဘာတို့ ညာတို့တွေတောင်မပါသေးဘူး ဒီ လူနာကိစ္စ ဆေးရုံဆေးခန်းကိစ္စ ကုသမှု စောင့်ရှောက်မှုကိစ္စလောက်နဲ့တင် ခေါင်းခဲစရာ ဘယ်လောက်ကောင်းသလဲတွေးကြည့်ပါ။


ခု AA နဲ့ စစ်အာဏာရှင်ခါးပိုက်ဆောင်တပ် ချနေတယ်။ စစ်တိုက်နေတယ်။ သေမှာပဲ။ ဒဏ်ရာ ရမှာပဲ။ အလောင်းတွေ ကျင်းတူးမြှုပ်လိုက်ပေမယ့် လူနာတွေ ဘယ်နား သွားထားမလဲ။ ကျောကပ်ထားတာပဲဆိုပြီး ဘင်္ဂလားဒေ့ရှ်သွားအားကိုးလို့ မရဘူး။ ကိုယ်တသက်လုံး မွှေးထားတဲ့မီးအတွက် သူတို့ဘက်စာနာစိတ်ကို ယောင်လို့တောင်မျှော်လို့မရနိုင်ဘူး။ သူတို့ဘက် လူနာထားဖို့ ကျွံဝင်လာတာနဲ့ ဆီး ချထဲ့လိုက်မှာပဲ။ ဘေးချင်းကပ် ချင်းပြည်နယ်ကိုရော။ ပိုတောင်ဆိုးသေး။ စစ်အာဏာရှင်တပ်နဲ့ပေါင်းပြီး မျိုးကန်းအောင် လုပ်ပစ်မှာဘဲ။ နဂိုကမှ လူမျိုးအရထူးခြားချက်ရှိရတဲ့အထဲ ရခိုင်အစွန်းရောက်တွေ မွှေတဲ့ဒဏ်ခံ သူတို့လည်းခံနေရတာ။ အိန္ဒိယလည်း တဆင့်ကျော် မျှော်လို့မရဘူး။ ခုတောင် မီဇိုပြဿနာ နာဂပြဿနာတွေမှာ စစ်အာဏာရှင်နဲ့ပင်းပြီး ကိုင်သွားတာကိုကြည့် အဖြေကရှင်းနေတယ်။


ဒီတော့ ဘာလုပ်မလဲ ဒဏ်ရာနဲ့ ကိုယ့်လူကို ပစ်သတ်မလား။ ပိုဆိုးကုန်မယ်။ ဒါဆို အရပ်သားတွေကြား ရွာတွေကြားပို့ပြီး တိုးတိုးတိတ်တိတ်ကုလား ထားမလား။ ဒါလည်း ရေရှည်မှာ မဖြစ်နိုင်ဘူး။ စစ်အုပ်စုက အုပ်ချုပ်ရေးယန္တရားကိုကိုင်ထားတယ် အစိုးရနဲ့ပေါင်းထားတော့ လက်တန်ရှည်တယ်။ မြို့ပို့ပြီး ဆေးကုမလား။ တွေးတောင် တွေးမရဘူး။


AA ခေါင်းဆောင်တွေမပြောနဲ့ ကျနော်တောင် အဲ့ဒါလေး(ဒဏ်ရာရသူကိစ္စ၊ လူနာကိစ္စ ဆေးရုံဆေးခန်းကိစ္စ၊ ကုသမှုကိုစ္စ၊ အနားယူစခမ်းကိစ္စ)တွေးတာတောင် ရင်ပူတယ်။ စိတ်ထိခိုက်တယ်။ စိတ်တွေ မွန်းကျပ်တယ်။ တခါတလေ စိတ်လက်ဆင်းရဲတဲ့အတွေးနဲ့ အိပ်မပျော်ဘူး။ ကျနော် AA ကို ထောက်ခံတယ်မထောက်ခံဘူး ဘာမှမပြောဘူး။ ကျနော် စစ်သားဖြစ်ခဲ့တုန်းက စစ်သားစိတ် စစ်သားဗီဇလေးတခုတည်းအပေါ်တင်ကြည့်ပြီး AA အနာဂတ်အတွက်ရင်လေးနေတာဘဲ။ စစ်သားစိတ်နဲ့ စစ်သားစစ်သားချင်း ကိုယ်ချင်းစာကြည့်တာဘဲ။
မျိုးမြင့်ချို
မတ် ၂၇၊ ၂ဝ၁၉

Tuesday, March 26, 2019

(စာနာစိတ်ဟာ စာနာစိတ်ကထွက်ပါတယ်) မျိုးမြင့်ချို

0 comments
(စာနာစိတ်ဟာ စာနာစိတ်ကထွက်ပါတယ်)

ရခိုင်စစ်ပြေးဒုက္ခသည်တွေအတွက် အထောက်အပံ့အကူအညီနဲ့ လူ့အခွင့်အရေး လူသားချင်းစာနာရေးရှုထောင့်ကနေ အကာအကွယ်ပေးမှုတွေအတွက် ရခိုင်အမျိုးသားတွေ ရှေ့မျက်နှာနောက်ထားပြီး မျက်နှာအောက်ချပြီး(တချို့ကတော့ မျက်နှာဗြောင်တိုက်ပြီး) နိုင်ငံတကာကို တိုးလျှိုးနေကြတာတွေ့တော့ စိတ်ထိခိုက်မိသလို စိတ်လည်းမကောင်းဘူး။ တပြိုင်တည်းမျာ အံ့အားလည်းသင့် မင်လည်းသက်မိပါတယ်။ နိုင်ငံတကာက စုံစမ်းစစ်ဆေးရေးတွေလုပ်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ ရခိုင်ကိုဝင်ခွင့်ပေးဖို့ကိုလည်း အားကြိုးမန်တက် ဆန္ဒတွေပြကြ၊ နိုင်ငံရေးသမားတွေချဉ်းကပ်ပြီး လော်ဘီတွေလုပ်နေကြတယ်။ သူတို့ဆန္ဒတွေ ပြည့်ဝစေချင်တယ်။ သူတို့လူတွေရဲ့ဒုက္ခတွေ ငြိမ်းစေချင်ပါတယ်။

ရခိုင်မှာ စစ်ဖြစ်နေတာပါ။ စစ်ဆှိုတာ သေနတ်နဲ့ဖြစ်ရတာပါ။ သေနတ်ဟာ ကျည်ထွက်ပါတယ်။ လူ့အသက်ကို တောင်းပါတယ်။ စစ်သားစစ်သားချင်း သေသေသတ်သတ်က ပြဿနာမရှိပေမယ့် ကြားက လက်နက်မဲ့အကာအကွယ်မဲ့ အရပ်သူအရပ်သားတွေ ဘဝတွေပျက်ကြ စစ်ပြေးဒုက္ခသည်တွေဖြစ်ကြ၊ နှိပ်စက်ညှဉ်းပမ်း လုယက်သတ်ဖြတ်ခံရတာ မြင်ရကြားရတာ စိတ်ထဲနာကျင်ထိခိုက် မချမ်းမသာဖြစ်ရပါတယ်။ ဘဝတွေဟာ တစစီကြေမွပျက်စီးပြီး ကူရာကယ်ရာမဲ့အဖြစ်တွေပါ။ အစာရေစာ ကျန်းမာရေး ဆေးဝါး အစစအရာရာ အရေးတကြီးလိုအပ်နေတာပါ။

ကချင်မှာ၊ ရှမ်းမှာ၊ ကရင်မှာ စတဲ့ဒေသတွေမှာ စစ်အုပ်စုနဲ့တိုက်ပွဲတွေဖြစ်တော့ စစ်ပွဲတွေရပ်ဖို့၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေလုပ်ဖို့၊ စစ်ပြေးဒုက္ခသည်တွေကိုကူညီဖို့ နိုင်ငံတကာကရော ပြည်တွင်းကပါ နင်လားငါလား အလုအယက် ပါဝင်ကြလုပ်ဆောင်ကြ ကူညီကြ ယိုင်းပင်းကြပါတယ်။ ပြည်ပက ဆန္ဒပြပွဲတွေ၊ လော်ဘီလုပ်တာတွေမှာလည်း ပြည်ပရောက်လူမျိုးပေါင်းစုံအနည်းနဲ့အများ ဝန်းရံပေးကြတာ ပါဝင်ပေးကြတာ ကူညီပေးကြတာတွေရှိပါတယ်။ ခု ရခိုင်အမျိုးသားတွေအတွက်လုပ်တဲ့ဆန္ဒပြပွဲတွေမှာတော့ လူမစုံတာ လူစုံမပါတာ သတိထားမိပါတယ်။ 

ဒါတင်မက AA နဲ့ စစ်အာဏာရှင်တပ်တွေတိုက်ပွဲဖြစ်ပြီး အရပ်သားတွေဒုက္ခရောက်တော့ နိုင်ငံတကာကရော ပြည်တွင်းမှာပါ အားရလောက်တဲ့လှုပ်ရှားမှုမျိုး ဖေးမစာနာမှုမျိုးတွေ မမြင်ရမတွေ့ရပါဘူး။ တယောက်စ ၂ ယောက်စဆီက တခွန်းစနှစ်ခွန်းစလောက် အသံခတ်ယဲ့ယဲ့လေးလောက်ပဲကြားရတာလည်း ဝမ်းနည်းစရာ စိတ်လက်မချမ်းမြေ့စရာပါ။ နိုင်ငံတကာ သံတမန်တွေဆီကဆီ မကောင်းတတ်လို့ပြောရတဲ့ သံတမန်ဆန်လွန်းတဲ့စကားတွေပဲကြားရပါတယ်။ အားတက်သရော မရှိလှပါ။

လွှတ်တော်အသီးသီးတွေထဲရောက်နေတဲ့ ရခိုင်အမတ်တွေဆီကလည်း နိုင်ငံရေးအရ အားရှိစရာ စိတ်အားတက်ကြွစရာ အပြောအဆိုတွေမကြားရပါ။ ခိုင်ခိုင်မာမာ တည်တည်ကြည်ကြည် စကားတွေအစား စစ်အုပ်စုကို မျက်ရည်ခံထိုးတဲ့စကားတွေ၊ ဥပဒေဘောင်အတွင်းတို့၊ နိုင်ငံရေးအရဖြေရှင်းပါတို့၊ ကော်မတီဖွဲ့ပါတို့တွေပဲ ထွက်လာကြပါတယ်။ အမတ်ဖြစ်ပြီး ၂ဝဝ၈ နဲ့ချည်မန်းကွင်းစွပ်မိနေတဲ့ဘဝတွေမို့ သူတို့အကန့်အသတ်ကို တစုံတရာနားလည်လို့ရဦးတောင် ရခိုင်ပြည်သူတွေကတော့ ဒီ့ထက်မက မျှော်လင့်ကြမှာသေချာပါတယ်။

စစ်ဘေးစစ်ဒဏ်ကို ဒီ့လောက်မချိမဆန့်ခံစားနေရတဲ့ စစ်အုပ်စုရဲ့အနှိပ်စက်အညှဉ်းပမ်းကိုခံနေရတဲ့ ရခိုင်စစ်ပြေးဒုက္ခသည်တွေအရေးကို လူတွေ ဘာကြောင့် မသိကျိုးကျင်သဘောအထိ ထားရက်ကြတာလဲ ထားနိုင်ကြတာလဲကို ထားကြသလဲကို တခြားသူတွေထက် ရခိုင်နိုင်ငံရေးသမားတွေ ရခိုင်ပညာတတ်တွေ ရခိုင်ခေါင်းဆောင်တွေ သေချာဃဏ သုံးသပ်ဆင်ခြင်ပြီး ပြင်တန်တာပြင် ပြောင်းတန်တာပြောင်းဖို့ လိုပါတယ်။ စကားလုံးတွေနောက်မှာ အဘိဓမ္မာတွေ တရားတွေရှိပါတယ်။ လူမျိုးကြီးဝါဒကို လူမျိုးစုံဝါဒနဲ့ပဲ တိုက်ဖျက်ရတာပါ။ ဖက်ဒရယ်လ်စနစ်ကို ပဒေသရာဇ်အတွေးအခေါ်နဲ့တိုက်လို့မရပါဘူး။ လူတန်းစားပြဿနာကို လူမျိုးရေးအမြင်နဲ့ချဉ်းကပ်ရင် မှားပါတယ်။ စစ်အာဏာရှင်စနစ်ကို တန်းတူရေး ညီမျှရေး ကိုယ်ပိုင်ပြဌာန်းခွင့် စတာတွေအခြေခံပြီးတိုက်ရပါတယ်။

ရိုဟင်ဂျာကိစ္စတုန်းက လူ့အခွင့်အရေးလာမပြောနဲ့၊ အကူအညီလာမပေးနဲ့ အမျိုးသားရေးထက် ဘာမှပိုအရေးမကြီးဘူးဆိုပြီး နိုင်ငံတကာကိုရန်အမျိုးမျိုးလုပ် အနှောင့်အယှက်အမျိုးမျိုးပေးပြီး၊ ရခိုင်ဒေသနေ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်မဟုတ်သူတွေအားလုံး ဒုက္ခမရောက်ရောက်အောင် ငတ်မသေ သေအောင် ပြည်ပကမ္ဘာနဲ့အဆက်မပြတ် ပြတ်အောင်လုပ်ခဲ့ပြီး အတွင်းမှာ အရက်စက်အကြမ်းတမ်း၊ အယုတ်မာဆုံး နိုင့်ထက်စီးနင်းလုပ်ခဲ့တာကို နိုင်ငံတကာမိသားစုက မေ့ထားပုံမပေါ်တာလည်း အမှန်ပါဘဲ။

အဲ့သလို ရခိုင်မဟုတ်သူတွေကို အပြင်းထန်အရက်စက်ဆုံး သွေးပျက်စရာကြောက်ခမန်းရာဇဝတ်မှုကြီးတွေကို အတူတကွကျူးလွန်ဖို့ စစ်အုပ်စုကို လက်ယပ်ခေါ်ရုံမက ပူးပေါင်းကြံစည် သတ်ဖြတ် လုယက် မီးလောင်တိုက်သွင်း အစုလိုအပြုံလိုက်သတ်ဖြတ်ခဲ့မှုတွေအတွက် နိုင်ငံတကာမိသားစုက ကြေကွဲနေကြတုန်း ဖေးမစာနာနေကြတုန်း၊ ကျူးလွန်ခဲ့တာတွေအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ ဒဏ်ခတ်ဖို့ပြင်ဆင်နေတုန်းဆိုတာကို ပြည်ပနိုင်ငံတွေမှာဆန္ဒပြနေကြတဲ့ရခိုင်အမျိုးသားတွေ သိကြသလို ပြည်တွင်းက ရခိုင် နိုင်ငံရေး စစ်ရေးခေါင်းဆောင်တွေ ရခိုင်ပညာတတ်တွေသိကြဖို့လိုပါတယ်။

နိုင်ငံတကာမိသားစုဟာ ရိုဟင်ဂျာအရေးမှာ စစ်အုပ်စုနဲ့ ရခိုင် ခဲ နှစ်လုံး တပြိုင်တည်း မှန်ထားခဲ့ဖူးပါတယ်။ နောက်တချက်က အမေရိကန်အပါအဝင် လူ့အခွင့်အရေး လူသားချင်းစာနာမှုပေးရေးတွေဇောင်းပေးလုပ်ကြတဲ့ ပြည်တွေမှာလည်း ကိုယ့်အပူတွေနဲ့ကိုယ်မို့ လှည့်မကြည့်အားတာ တစိတ်တပိုင်းအနေနဲ့ပါနိုင်ပါတယ်။ အဓိက ကတော့ ရခိုင်အမျိုးသားခေါင်းဆောင်တချို့ရဲ့ ကျဉ်းမြောင်းတဲ့လူမျိုးစွဲ ဒေသစွဲ ဘာသာစွဲစိတ်နဲ့ ကိုယ့်လူမျိုးရေးအတွက်ဆို စစ်အာဏာရှင်နဲ့တောင် အလိုတူအလိုပါပူးပေါင်းကြံစည်ဝံ့တဲ့စိတ်ဓာတ်၊ အတွေးအခေါ်၊ လုပ်ရပ်တွေကို သံသယရှိကြတာ မယုံကြည်ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အတော်သတိကြီးကြီးထားနေကြတာဖြစ်ပါတယ်။ တရားရှိရင် ကူသူများမလေ၊ တရားမဲ့ရင် ကူသူရှားမလေဆိုတာကိုကြည့်ပြီး တခြား လူမျိုးစုတွေလည်း သင်္ခန်းစာထုတ်ယူနိုင်ကြမယ်ထင်ပါတယ်။

တကယ် ဆန့်ကျင်ရမှာ စစ်အုပ်စု၊ စစ်အာဏာရှင်၊ စစ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်၊ စစ်အုပ်စုကိုယ်စားပြု ဗမာလူမျိုးကြီးဝါဒသာဖြစ်ပါတယ်။ တကယ် စစ်တိုက်နေရတာက စစ်အုပ်စုတလက်ကိုင်တပ် ခါးပိုက်ဆောင်တပ်ဖြစ်ပါတယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရခိုင်စစ်ပြေးဒုက္ခသည်တွေ ကူညီပေးရေးကို ပြည်တွင်းပြည်ပက ဗမာ့ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပါဝင်မှုအားနည်းတာ နိုင်ငံတကာမိသားစုက သွေးအေးနေတာတွေကတော့ အရှိတရားမို့ ငြင်းကွယ်လို့မရပါဘူး။ ဒါဟာ စိုးရိမ်စရာ ဝမ်းနည်းစရာ စိတ်ထိခိုက်စရာအဖြစ်ကြီးပါ။ ကြေကွဲစရာအဖြစ်ကြီးပါ။ 

ဒီကနေ ရုန်းထွက်နိုင်ဖို့ နည်းလမ်းတွေရှာကြိုးပမ်းကြရမှာပါ။ ဒါပေမယ့် ဒါဟာ နှစ်ရှည်ကြာစွာ မျိုးဆက်တွေနဲ့ချီပြီကိုလုပ်မှရမှာပါ။ စိတ်ရှည်သည်းခံမှုတွေ အပြန်အလှန်နားလည်မှုတွေ လေးစားမှုနဲ့ယုံကြည်မှုတွေကို ပြည်သူပြည်သူချင်းကြားမှာ အရင်စတည်ဆောက်ကြရမှာပါ။ ကြာပါလိမ့်မယ်။ ကြာပေမယ့် လုပ်ရပါလိမ့်မယ်။
ရခိုင်စစ်ဘေးဒုက္ခသည်တွေအပေါ် စာစာနာနာ ဖေးဖေးမမ စောင့်စောင့်ရှောက်လုပ်ကြဖို့ တိုက်တွန်းပါရစေ။
မျိုးမြင့်ချို
မတ် ၂၆၊ ၂ဝ၁၉

(တောမှောက်နေကြဦးမှာလား) မျိုးမြင့်ချို

0 comments
(တောမှောက်နေကြဦးမှာလား)

ရိုဟင်ဂျာအရေးတုန်းကလည်း အမေရိကန်နေ ရခိုင်အမျိုးသားတချို့ အိမ်ဖြူတော်ရှေ့ လွှတ်တော်ရှေ့ ယူအင်န်ရုံးရှေ့၊ မြန်မာသံရုံးရှေ့တွေ သွားပြီးဆန္ဒပြကြတယ်။ ခု AA အရေးပေါ်လာတော့လည်း အမေရိကန်နေ ရခိုင်အမျိုးသားအချို့ အဲ့ဒီနေရာတွေ သွားပြီးဆန္ဒပြကြပြန်တယ်။ မတူတာက ကြွေးကြော်သံတွေ ပြောင်းပြန်နီးနီးဖြစ်သွားပါတယ်။

ဆန္ဒပြသမားတွေဆိုပေမယ့် ဒီလူတွေထဲမှာ ဘယ်နှရာခိုင်နှုန်းက ဘယ်လောက်အားကိုးတကြီး ရှိမရှိကတော့ ရင်ထဲဝင်ကြည့်မှသိရမှာမို့ ပြောပြဖို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာက သတိမူလာစေ့ချင် အာရုံစိုက်လာစေ့ချင်ရုံလောက်သာ ရည်မှန်းသူတွေလည်း ပါနိုင်ပါတယ်။ ဒီလိုလူတွေကတော့ မိမိပြည်တွင်းရေး မိမိပြည်တွင်းအားကိုသာ အဓိကထားရမှန်းနဲ့ ရန်သူမိတ်ဆွေစည်းကြောင်းပြတ်သားသလို ရပ်တည်ချက်လည်း အခိုင်အမာရှိပါတယ်။

အလွယ်ဆုံးပြောရရင် ဒီလိုလူတွေဟာ ဗမာပြည်လက်တွေ့နိုင်ငံရေးမှာ ဖြစ်နေသမျှပြဿနာအစုစုဟာ၊ ဗမာလူမျိုးကြီးဝါဒကို ကိုယ်စားပြုနေတဲ့ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရအဆက်ဆက်၊ စစ်ဗျူရိုကရေစီယန္တယား၊ စစ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်သာ လက်သည်မှန်း တရားခံမှန်း ပြက်ပြက်ထင်ထင်သိပါတယ်။ အဲ့ဒီ လက်သည်တွေတရားခံတွေကိုသာ ဦးတည်ပစ်မှတ်အဖြစ် ဘုံရန်သူအဖြစ် တဆံခြည်မှမလွဲအောင် တည် တိုက်နေသူတွေဖြစ်ပါတယ်။

ဆန္ဒပြသမားတွေ ဆန္ဒတွေတော့ တခြိမ်းခြိမ်းပြနေကြတာပါပဲ။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဗမာပြည့်အရေး ထည့်ဝင်နေကြတာလို့လည်း သူတို့မှာ ခံယူယုံကြည်ထားမှုရှိပါတယ်။ ဒါက သူတို့ရဲ့ ခံယူမှုနဲ့ယုံကြည်မှုပါ။ သက်ရောက်မှု ဘယ်လောက်ဖြစ်မဖြစ်တွေကတော့ အမေရိကန်အစိုးရရဲ့ အခြေအနေအပေါ်လိုက်ပြောင်းလဲတဲ့ နိုင်ငံခြားရေးပေါ်လစီအပေါ်တည်ပါတယ်။
ခုလည်း ခုနပြောတဲ့နေရာတွေမှာ ဆန္ဒပြသမားတွေပြန်ပေါ်လာပါတယ်။ သူတို့ကြည့်ရတာ ကရုဏာသက်စရာလည်း ကောင်း၊ စိတ်မကောင်းစရာလည်း ကောင်း၊ စာနာစရာလည်း ကောင်းပါတယ်။ တတ်နိုင်သမျှ ဝင်ကူညီချင်စရာလည်း ကောင်းပါတယ်။ ဒါပေမယ့် ရခိုင်မဟုတ်တဲ့ တခြားအမျိုးသားတွေအများစုကြီးအနေနဲ့ ဝိုင်းဝန်းကြဖို့က အခက်တွေ့နိုင်ပါတယ်။ ကြွေးကြော်သံတချို့နဲ့ အပြောအဆိုတွေကြောင့်ပါဘဲ။

ရိုဟင်ဂျာအရေးတုန်းက ရခိုင်အမျိုးသားတွေနဲ့အတူပါဝင်ခဲ့ကြတဲ့ ရခိုင်မဟုတ်တဲ့ဆန္ဒပြသမားတွေရဲ့မျက်နှာတွေ မတွေ့ရတော့ပါဘူး။ ဒါကလည်း ခုန ကျနော်ပြောတဲ့ ကြွေးကြော်သံနဲ့ အပြောအဆိုတွေကြောင့်ဖြစ်ဖို့များပါတယ်။ ခုတကြိမ်မှာ ကြွေးကြော်သံတွေဟာ ရိုဟင်ဂျာအရေးတုန်းကနဲ့ လုံးလုံးကို ကွဲသွားပါတယ်။

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကို ဖိနှိပ်ကြီးစိုးနေတဲ့၊ ဗမာလူမျိုးကြီးဝါဒကိုယ်စားလှယ်ဖြစ်တဲ့ စစ်အုပ်စု၊ စစ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရမယ့်အစား လူမျိုးရေးသက်သက်ဆန်လွန်းတဲ့အပြောအဆိုတွေ၊ အသုံးအနှုန်းတွေ၊ ဝေါဟာရတွေ၊ ခွဲခြားမှုတွေ ပြွမ်းတီးနေပါတယ်။
 
စကားဝိုင်းတွေမှာဆို ပိုတောင် ဆိုးပါတယ်။ ဗမာလူမျိုးကြီးအယူရှိသူတွေနဲ့ ကျဉ်းမြောင်းတဲ့လူမျိုးစွဲအမြင်
ရှိသူတွေဆုံမိရင် ရန်လိုတဲ့ သဘောတွေအထိတောင်ပါပါတယ်။
လူမျိုးကြီးဝါဒဘဲဖြစ်ဖြစ် အမြင်ကျဉ်းမြောင်းတဲ့ လူမျိုးစွဲဝါဒဘဲဖြစ် အဲ့ဒီကျောင်းတော်ကရန်စ ၂ ခုကို ဘဝတူအဖိနှိပ်ခံတွေအဖြစ် အမေရိကန်ရောက်တဲ့အထိတောင် သယ်ဆောင်နေကြ လက်ဆင့်ကမ်းနေကြဆဲဖြစ်နေတာဟာ နောက်မျိုးဆက်အတွက် အမုန်း အာဃာတ ခါးသီးနာကျည်းမှု မယုံသင်္ကာနဲ့ မကျေနပ်မှုတွေကလွဲလို့ ဘာကောင်းမွေမှ မချန်ခဲ့နိုင်ပါဘူး။ ဒီမှာမွေး ဒီမှာကြီး ဒီကပညာသင်ကြတဲ့ ကလေးတွေထဲမှာ ဒီလို နာကျည်းချက်ကို မျိုးစေ့ကြဲဖို့ မလွယ်ကူဘူးဆိုပေမယ့် အချိန်နဲ့အမျှကြားနေရတော့ နည်းနည်း နည်းနည်းချင်းတော့ တစိမ့်စိမ့်ဝင်နေမှာပါဘဲ။ ကျနော်တို့ နောက်မျိုးဆက်ကို ဒီအမွေဆိုး မပေးမိဖို့ ဂရုတမပြုကြရမှာပါ။
 
ခုဆန္ဒပြနေကြတဲ့အထဲက လူတချို့ဟာ ဆန္ဒသာပြနေကြတာ ဘယ်သူ့ကိုပြနေကြမှန်း ရေရေရာရာမသိပဲဖြစ်နေတာပါ။ ဒါက သူတို့တွေရဲ့ နိုင်ငံရေးရေချိန် အတွေးအခေါ်ရေချိန် ဖြတ်သန်းမှုအတွေ့အကြုံနဲ့ ဆင်ခြင်တုံတရားတွေအပေါ် တည်တယ်ဆိုပေမယ့် ဦးဆောင် စည်းရုံးလှုံ့ဆော်သူတွေက လမ်းကြောင်းတည့်ပေး ပြင်ပေးဖို့လိုတာကြောင့်လည်းပါပါတယ်။ ဦးဆောင်သူတွေကိုယ်တိုင်က တကယ့်လက်သည်အစစ်အမှန်ကို မသိနိုင်မမြင်နိုင် ရှာမတွေ့နိုင်အောင်ကို မျက်စေ့လည်နေကြမယ်ဆိုရင် ဒီလိုနဲ့ပဲ တောမှောက်နေကြဦးမှာပါ။

ရိုဟင်ဂျာအရေးတုန်းက မိမိတို့လူမျိုးအကျိုးစီးပွားမို့ စစ်အာဏာရှင်မကလို့ ဘယ်သူနဲ့ပေါင်းရပေါင်းရ ပေါင်းမယ်ဆိုတာကို ကျနော့်အနေနဲ့ နားလည်ပေးလို့ရနိုင်ဦးတောင် လက်ခံစရာတော့မရှိပါ။ စစ်အာဏာရှင်နဲ့ပေါင်းပြီး ရိုဟင်ဂျာကိုဖိနှိပ်လို့ ရခိုင်လူမျိုးတွေ စစ်အာဏာစက အောက်ကလွတ်သွားတယ်ဆို ဒီပေါင်းမှုဟာ အလုပ်ဖြစ်တယ် အရာထင်တယ်လို့ပြောရမှာပါ။ ခုက အလုပ်လည်းမဖြစ် အရာလည်း မထင်တာမို့ အများအမြင်မှာတဇောက်ကန်းတွေ တယူသန်တွေ လူမျိုးစွဲကြီးသူတွေအဖြစ် နံမည်ပျက်သွားပါတယ်။

အဲ့သလိုလုပ်ခဲ့တာရဲ့အကျိုးဆက်ကတော့ စစ်အာဏာရှင်နဲ့ပေါင်းပြီး ရိုဟင်ဂျာတွေကိုရက်ရက်စက်စက်လုပ်ခဲ့သလိုမျိုး ငါတို့ကိုလည်း တချိန်ချိန်မှာ လုပ်လာနိုင်တယ်ဆိုတဲ့ အသိမျိုးအတွေးအမြင်မျိုးဟာ ရခိုင်ပြည်နယ်နေ ရခိုင်မဟုတ်တဲ့ အခြားလူမျိုးစုငယ်တွေမှာ စွဲထင်သွားပါတယ်။ မျိုးဆက်နဲ့ချီတဲ့ ခြိမ်းခြောက်မှု၊ စိုးရိမ်ထိတ်လန့်မှု၊ အန္တရာယ်နဲ့ နာကျည်းမှုတွေကို တခြားလူမျိုးစုတွေစိတ်ထဲ စွဲထင်သွားခဲ့ပါတယ်။ ဒါကို နိုင်ငံရေးအရ အတွေးအခေါ်အရ ပြန်သုံးသပ်တည့်မတ်ကြဖို့ ရခိုင်အမျိုးသားခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။

အများ စာနာမှုရဖို့ အများပါဝင်လာဖို့ဆို ဘုံအန္တရာယ်ကို တွေ့အောင်ရှာ မြင်အောင်ကြည့် အများနဲ့ပူးပေါင်းပြီး အများကိုဖိနှိပ်နေတဲ့ ဘုံရန်သူကို တည်တိုက်မှ ဖြစ်မှာပါ။ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ပါ။
 
စစ်အာဏာရှင်စနစ်ဟာ ဗမာလူမျိုးတွေကို ကိုယ်စားမပြုပါဘူး။ သူတို့ကိုယ်စားပြုထားတဲ့ ဗမာလူမျိုးကြီးဝါဒဟာလည်း ဗမာတမျိုးသားလုံးနဲ့ မသက်ဆိုင်ပါဘူး။
စစ်တပ်ဆိုတာဟာလည်း စစ်အာဏာရှင်တွေရဲ့ ခါးပိုက်ဆောင်တပ် တလက်ကိုင်တပ်ပါ။
မျိုးမြင့်ချို
မတ် ၂၅၊ ၂ဝ၁၉

Friday, March 22, 2019

“အမျိုးသားရေးဝါဒနှင့်လူမျိုးစုံဝါဒ”

0 comments
“အမျိုးသားရေးဝါဒနှင့်လူမျိုးစုံဝါဒ”
အမျိုးသားရေးဝါဒသည် ကမ္ဘာ့ရွာကိုပျက်အောင်လုပ်နေသည်။ ယခင် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းမှသည် ချီချင်းညာအထိ ပြိုကွဲအောင်လုပ်နေသညဟု နိုင်ငံစုံဝါဒသမားတို့ကပြောကြသည်။ လူမျိုးစုများစုစည်းထားသည့်နိုင်ငံများသည် ပြိုလဲပျက်စီးနေကြသည်။ လူမျိုးစုခွဲထွက်ရေးဝါဒသည် အရှိန်ကောင်းနေသည်။ ယင်းမှာ ဆင်းရဲမွဲတေသည့် အာဖရိကတိုက်တွင်သာမဟုတ်။ ချမ်းသာသည့် ဥရောပတိုက်နှင့် မြေက်အမေရိကတိုက်မှာပင် ရှိနေသည်။ ၂၄ နာရီအတွင်း ကွန်ပြူတာဖြင့် အရောင်းအဝယ်လုပ်၍ အရင်းအနှီးများ တင်ပို့နေသည့် အင်တာနက်ခေတ်တွင် ထိုအခြင်းအရာသည် မည်သို့ ဖြစ်နိုင်စရာရှိပါသနည်း။

ကမ္ဘာ့ဝါဒပျံ့နှံ့ရေးသည် ကျွန်တော်တို့ခေတ်တွင် လွှမ်းမိုးတွင်ကျယ်နေသော ဝေါဟာရတခုဖြစ်သည်။ ကျွန်တော်တို့၏ အထင်အမြင်သေးသည့် သဘောထား၌ လူမျိုးစုံဝါဒသည် ယဉ်ကျေးမှုဟူသောအဓိပ္ပါယ်ထွက်နေပြီး အမျိုးသားရေးဝါဒသည် အရိုင်းအစိုင်းဝါဒဟု အဓိပ္ပါယ်ထွက် နေသည်။

လူမျိုးစုံဝါဒသမားတို့အဖို့ အမျိုးသားရေးအုံကြွမှုများသည် နားမလည်နိုင်စရာကောင်းသော အရာများဖြစ်နေဟန်ရှိ၏။ အာဏာသည် နိုင်ငံတော်မှလျှောကျသွားချိန်တွင် အချုပ်အချာအာဏာအတွက် အဘယ့်ကြောင့် တိုက်ပွဲဝင်နေမည်နည်း။ စင်္ကာပူလိုမြို့ပြနိုင်ငံ၊ တောင်ပိုင်း တရုတ်ပြည်လိုဒေသ၊ မြောက်အမေရိကတိုက် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် စသည့် တိုက်လုံးဆိုင်ရာ ကုန်သွယ်မှုအစီအစဉ် တို့သည် နောက်ရာစုသစ်ကြီး၏ ကမ္ဘာ့ပုံစံသစ်အတွက် ဆောက်လုပ်မည့် အုတ်အစိုင်အခဲများဖြစ်ကြသည်။ အင်တာနက်လှိုင်းလုံးကို စီး၍ရပါလျှက် ယဉ်ကျေးမှုအချုပ်အချာတည်ရှိရေးကို အဘယ့်ကြောင့် တိုက်ပွဲဝင်နေဦးမည်နည်း။ ကမ္ဘာ့စီးပွားရေး၏ ဆက်သွယ်ရေး ဘာသာစကားအဖြစ် အင်္ဂလိပ်ဘာသာစကားရှိနေပါလျှက် အငယ်စားဘာသာစကားကလေးများထိန်းသိမ်းရေးအတွက် အဘယ့်ကြောင့် တိုက်ပွဲဝင်နေဦးမည်နည်း။

ယခုအချိန်သည် လူမျိုးစုံဝါဒသမားတို့အဖို့ အမျိုးသားရေးဝါဒသမားတို့ကို အထင်သေးခြင်းမှရပ်တန့်ရန် အချိန်ရောက်လေပြီ။ နောက်လေယဉ် တစ်စင်းကိုစီးရန် ခတ်သုတ်သုတ်သွားနေကြသည့် နိုင်ငံတကာကုမ္ပဏီအုပ်ချုပ်ရေးမှူးများအားလုံသည် ချမ်းသာ၍ တည်ငြိမ်သောလူမျိုး နိုင်ငံများ၏ နိုင်ငံကူးလက်မှတ်များကို ကိုင်ဆောင်ထားကြမည်မှာ သေချာပါသည်။ သူတို့အဖို့မှာမူ လူမျိုးစုံဝါဒသမားဖြစ်ရန် ကုံလုံကြွယ်ဝ ကြပါပေ၏။ နိုင်ငံကူးလက်မှတ်တစ်စောင်နှင့်အတူ အခွင့်အရေးသည် ပါလာတတ်ပါ၏။ အမျိုးသားရေးမာန်ကို ရှုတ်ချခြင်းမပြုမီ ချီချင်းညာ လူမျိုးတို့အကြောင်းကို ကျွန်တော်တို့စဉ်းစားရန်သင့်ပါသည်။ ချီချင်းညာတို့၏မြို့တော်ရှိ သမ္မတနန်းတော်ကို ရုရှတင့်ကားများမှ အမြောက်ဖြင့် ထုရန် လူမျိုးစုံဝါဒသမားများက ဘာ့ကြောင့်အလိုရှိနေကြပါသနည်း။

ကမ္ဘာ့ဝါဒီတို့၏ ထိုဝေါဟာရကို သေသေချာချာ စဉ်းစားကြည့်ပါလေ။ ကာလီဖိုးနီးယားပြည်နယ်သားသည် သူ၏ အိမ်သုံးကွန်ပြူတာရှေ့တွင် ထိုင်ကာ တောင်ကိုးရီးယားရှိ မိတ်ဆွေတစ်သီးထံ စာတစ်စောင်ရိုက်နေစဉ် အပြင်တွင်ရပ်ထားသော သူတို့ကားများကို ခိုးသွားမည်လားဟု နှစ်ယောက်လုံး စိတ်တထင့်ထင့်ဖြစ်နေကြရသည်။ သူတို့၏ ကွန်ပြူတာအဆက်အသွယ်ကို လုံခြုံမှုရှိမရှိကို မည်သူအာမခံပါမည်နည်း။ ရဲ၊ တရားရုံးများ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ခေတ်သစ်လူမျိုးနိုင်ငံများ၏ ပုံမှန်အဆောက်အဦများက အာမခံချက်ပေးနေပါသည်။ ထိုအဆောက်အဦများမရှိလျှင် ကမ္ဘာ့ရွာသည် ပရမ်းပတာနေရာကြီးအဖြစ်သို့ ရွေ့လျားသွားပေလိမ့်မည်။ ခေတ်သစ်လူမျိုး-နိုင်ငံများအား ခေတ်မမီတော့ဟုဆိုကာ ကျော်လွှားဖယ်သွား၍မရနိုင်တေ့ပါ။ ခေတ်သစ်လူမျိုး-နိုင်ငံများကို ပို၍တောင့်တင်းအောင် လုပ်ရမည်သာ ဖြစ်ပါသည်။ တတိယကမ္ဘာတွင်မျှသာ မဟုတ်ပါ။ ယင်းမှာ အမျိုးသားရေးဝါဒသမားတစ်ဦး၏ နားလည်ချက်ဖြစ်ပါသည်။

လူမျိုးစုံဝါဒသမားများမှာပင်လျှင် အောက်ခြေပင်မြစ်များရှိပါသည်။ ကျွန်တော်တို့၏ဇာတိအရည်အသွေးသည် ကျွန်တော်တို့ကိုခွဲခြားထားသည့် သင်္ကေတကလေးများအပေါ်တွင် မှီ၍တည်၍နေပါသည်။ ထိုသင်္ကေတကလေးများကို(စိတ်ပညာရှင်)ဖရွိုက်က အသေးစားကွဲလွဲချက်ကလေး များကို ချစ်ခင်တွယ်တာသော နာစစ်ဆပ်ဝါဒဟုခေါ်ပါသည်။ ထိုကွဲလွဲချက်ကလေးသည် အလွန့်အလွန်သေးငယ်ကောင်း သေးငယ်ပါ လိမ့်မည်။ အကြောင်းမဟုတ်ပါ။ ထိုကွဲလွဲချက်ကလေးကိုပင် ကျွန်တော်တို့ပင်ကိုယ်ဇာတိအရည်အသွေး၏ အမြုတေအဖြစ်သုံးနိုင်ပါသည်။ လူမျိုးစုံဝါဒသမားတို့က လီဗိုင်းဂျင်းအဝတ်အထည်များနှင့် ဘင်နက်တန်ကုန်ပစ္စည်းများ၊ မက်ဒေါ်နယ်လ်ဟမ်ဘာဂါများနှင့် အိုင်ဘီအမ်စက်မှု သိပ္ပံပစ္စည်းများကြောင့် လူမျိုးများကြားတွင်တည်ရှိနေကြသော အသေးစားကွဲလွဲမှုကလေးများသည် ပျောက်ကွယ်သွားလိမ့်မည်ဟု မျှော်လင့် နေကြပါသည်။ တကယ်ဖြစ်လာသည်မှာ ထိုသို့မဟုတ်။ လူများက ပို၍ကြီးမားသောကွဲလွဲချက်များကို အတင်းဖမ်းဆုပ်ထားကြခြင်းဖြစ်သည်။

ယူဂိုဆလားဗီးယားတွင် ဆန်းပြားပွေလီသော ဥရောပတိုက်သားများဖြင့် ပြည့်နေပါသည်။ သူတို့သည် မာစီဒီးကားကြီးများကိုမောင်းကာ ဆွစ်ဇာလန်စတိုင် အနားယူဂေဟာများကို ပိုင်ဆိုကင်နေကြပါသည်။ အပြင်ပန်းအားဖြင့်ကြည့်လျှင် သူတို့ကို ခွဲခြား၍မရနိုင်ပါ။ အတွင်းသို့နှို က်ကြည့်လျှင် သူတို့သည် ခရိုအက်များ၊ ဆာ့ဘ်များ၊ ဘောာစနီးယားမွတ်ဆလင်များဖြစ်နေသည်ကို တွေ့ရပါသည်။ ခေတ်မီရေးလုပ်ငန်းသည် ကျွန်တော်တို့၏ ကြီးမားသောတွယ်တာစွဲလန်းမှုများကို ခွာချမပစ်နိုင်ကြောင်း ယူဂိုဆလားဗီးယားများက ပြသနေပါသည်။

အဖိနှိပ်ခံလူမျိုးများနှင့် လူမျိုးစုများက သူတို့ကိုယ်သူတို့ ကာကွယ်ခွင့်မရသေးသမျှကာလပတ်လုံး လုံခြုံရေးစိတ်ဓာတ်နှင့် အသိုက်အဝန်း စိတ်ဓာတ်သည် တည်ရှိဦးမည်သာဖြစ်ပါသည်။ ကမ္ဘာ့ပြောင်းလဲမှုသည် ကျွန်တော်တို့ကို နီးစပ်လာအောင်လုပ်ပေးခဲ့သည်မှာ မှန်ပါသည်။ သို့ရာတွင် ဤသို့နီးစပ်လာခြင်းကြောင့်ပင် ကျွန်တော်တို့သည် ကိုယ့်ယဉ်ကျေးမှု ကိုယ့်သမိုင်းနှင့် ကိုယ့်ဘာသာစကားစသည့် ကွဲလွဲချက်များ ကို ပို၍ ကာကွယ်ထိန်းသိမ်းလာခဲ့ကြပါသည်။ သို့မှ ကာကွယ်ထိန်းသိမ်းခြင်းမပြုနိုင်လျှင် လူအဖြစ်မှ လျှောကျသွားတော့မည်သာဖြစ်ပါသည်။ ၁၉၈၉ ခုနှစ်တွင် ဘောလ်တစ်ဒေသမှလူမျိုးစုများ၊ ပိုလန်လူမျိုးစုများ၊ ချက် လူမျိုးများ လွတ်လပ်ရေးရလာသည့်အခါတွင် နိုင်ငံစုံဝါဒသမား များသည် မှန်ကန်စွာ သြဘာပေးခဲ့ကြပါသည်။ ယင်းတို့မှာ အမျိုးသားရေးဝါဒ တော်လှန်ရေးသမားများဖြစ်ကြပါသည်။ ၁၇၇၆ ခုနှစ်တွင် အမေရိကန်လူမျိုးများ၊ ၁၇၈၉ ခုနှစ်တွင် ပြင်သစ်လူမျိုးများကိုနှိုးဆွခဲ့သည့် လွတ်လပ်မှုနှင့် ဒီမိုကရေစီစသော မျှော်မှန်းချက်များကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။

အမျိုးသားရေးဝါဒတွင် မှားနေသောအချက်မှာ ကိုယ့်အိမ်တွင် ကိုယ်အရှင်သခင် ဖြစ်ချင်သောဆန္ဒမဟုတ်ပါ။ အိမ်ကို အခြားသူများနှင့်အတူ ရောနှောမနေနိုင်ဟု ငြင်းဆန်နေသည့်ကိစ္စ ဖြစ်ပါသည်။ လူမျိုးတိုင်းတွင် ကိုယ်ပိုင်နိုင်ငံရှိရမည်ဆိုသည့်အမှားဖြစ်ပါသည်။ လူမျိုးသန့်စင် ရမည်။ မျိုးမနှောရဆိုသည့်အမှား ဖြစ်ပါသည်။ လူမျိုးစုံဝါဒသမားဖြစ်စေ၊ အမျိုးသားရေးဝါဒသမားဖြစ်စေ အရေပြားအောက်ကသွေးထဲတွင် မျိုးနှောနေကြပါသည်။ ကျွန်တော်တို့၏ ဘိုးဘေးများသည် အတူဝိုင်းဖွဲ့၍ အိပ်ခဲ့ကြခြင်းဖြစ်ပါသည်။ တကယ်အမှန်ပြောရလျှင် ကမ္ဘာပေါ်တွင် သွေးမနှောသည့် လူမျိုးသန့်စင်မှုဆိုသည်မှာ မရှိနိုင်ပါ။ အကယ်၍ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံကို ကျွန်တော်တို့လို မျိုးနှောနေ သူများနှင့် ခွဲဝေမနေနိုင်ပါဟုဆိုလျှင် မည်သို့သောကံကြမ္မာမျိုးနှင့်တွေ့ရတတ်ကြောင်းကို ယူဂိုဆလားဗီးယားက ပြသနေပါသည်။

လူမျိုးစုံဝါဒသမားများသည် အမျိုးသားရေးဝါဒသမားများအား ဘီလူးသဘက်ကြီးတွေအဖြစ် ပြောနေခြင်းမျိုးကို ရပ်တန့်သင့်ပါပြီ။ အမျိုးသား ရေးဝါဒသမားများကလည်း မိမိတို့လူမျိုးတွင် မိမိတို့ကိုယ်ပိုင်နိုင်ငံတော်ရှိရမည်ဆိုသည့်အစွဲကို ဖျောက်သင့်ကြပါပြီ။ ခွဲထွက်ရေးသမားတို့၏ စိန်ခေါ်မှုနှင့်ရင်ဆိုင်နေသည့် အခြေခိုင်နေသောနိုင်ငံများသည် အာဏာကိုဖြန့်ခွဲပေးဖို့လိုပါသည်။ သို့မှသာလျှင် လူမျိုးစုများသည် ခွဲထွက်ခြင်း မပြုဘဲ သူတို့၏ယဉ်ကျေးမှုနှင့်ဘာသာစကားကို ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။ အမျိုးသားရေးဝါဒသမားတို့၏စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည့်ဒေသများသည်(တူရကီ၊ အီရတ်၊ အီရန်နှင့် ဆီးရီးယားနယ်စပ်တလျှောက်တွင်နေကြသော ကာ့ဒ်လူမျိုးစုများကဲ့သို့) နယ်စပ် တလျှောက်တွင် ခွနေကြရသည့်လူမျိုးစုများအား ခွဲထွက်ခြင်းမပြုဘဲနှင့် ကိုယ်ပိုင်အုပ်ချုပ်မှုပုံသဏ္ဍန်များ ရရှိနိုင်သည့်နည်းလမ်းများကို ရှာဖွေသင့်ကြပါသည်။။

အနာဂတ်ကို လူမျိုးစုံဝါဒသမားများကလည်း မပိုင်ပါ။  အမျိုးသားရေးဝါဒမားများကလည်း မပိုင်ပါ။ သူတို့ချစ်သောနေရာများတွင် တိုက်ပွဲဝင်ရန်အသင့်ရှိနေသော၊ သူတို့မရောက်ဖူးသောနေရာများမှသင်္ခန်းစာယူရန်အဆင်သင့်ရှိသောလူမျိုးစုံဝါဒသမားများနှင့် လူမျိုးရေးဝါဒသမား နှစ်မျိုးလုံးဖြစ်ရန်အဆင်သင့်ရှိသောလူထုများကသာ ပိုင်ပါသည်။
ရည်ညွှန်း Times, February 27/ 1995 မှ Micheal Ignatieff ၏ The State of Belonging