Thursday, January 31, 2013

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း (၃၉) မျိုးမြင့်ချို

0 comments

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း (၃၉) ဇန်နဝါရီ ၃၁ ရက် ၂၀၁၃ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။ သောတရှင်များခင်ဗျား..ဒီတပတ်တော့ ကချင်လွတ်မြောက်ရေးအဖွဲ့ကေအိုင်အိုနဲ့လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ပါ သဘောတူညီချက်တချို့ကိုတင်ပြပါရစေ။ စာချုပ်ကို (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ကိုယ်စားလှယ်အဖွဲ့နှင့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့တို့၏ နှစ်ဦးနှစ်ဖက်နားလည်သဘောတူညီချက်များ)လို့ အမည်ပေးထားပါတယ်။ စာချုပ်မှာ အပိုဒ်ကြီး ၆ ခုနဲ့ အပိုဒ်ငယ်အတော်များများပါဝင်ပါတယ်။ အပိုဒ်ကြီး ၁ ကတော့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့စပ်ရက် ရှမ်းပြည်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်းစစ်ဋ္ဌာချုပ်နယ်မြေတွေအတွင်းမှာ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကိုရည်မျှော်ပြီး ငြိမ်းချမ်းမှုတည်ဆောက်နိုင်ရန် နဝတအဖွဲ့ရဲ့ကိုယ်စားလှယ်တွေနဲ့ကေအိုင်အိုတို့ဟာ ရိုးသားပွင့်လင်းစွာလုံ့လစိုက်ထုတ်ကြိုးပမ်းခဲ့ကြလို့ (၁၉၉၃)ခုနှစ်အတွင်း မြစ်ကြီးနားမြို့မှာ (၅)ကြိမ်တိုင်တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးနဲ့ဆိုင်တဲ့ သဘောတူညီချက်တွေရခဲ့ပြီးပြီဖြစ်ကြောင်းဖော်ပြထားတာ တွေ့ရပါတယ်။ သဘောကတော့ နှစ်ဘက်ကိုယ်စားလှယ်တွေဟာ သက်ဆိုင်ရာအစိုးရနဲ့အဖွဲ့အစည်းတွေကို ကိုယ်စားပြုမှုရှိရုံတင်မက တရားဝင်တွေ့ဆုံမှုဖြစ်ကြောင်းလည်း ဖော်ပြထားတာဖြစ်ပါတယ်။

အပိုဒ်ကြီး ၂မှာ ဤသဘောတူညီချက်များရရှိရေးအတွက် အောက်ပါတူညီသောရည်မှန်းချက်များအပေါ်အခြေခံ၍ ဆောင်ရွက်ခဲ့သည်လို့ဖော်ပြထားပြီး အပိုဒ်ငယ် ၃ ခုတွေ့ရပါတယ်။ အပိုဒ်ငယ်(က)မှာ ကချင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့်ဆက်စပ်လျှက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် အပစ်အခတ်ရပ်ဆိုင်းခြင်းဖြင့် ငြိမ်းချမ်းသာယာမှုရရှိစေရန်လို့တွေ့ရပါတယ်။ သဘောကတော့ ဒီအပစ်အခတ်ရပ်ဆိုင်းထားမှုဟာ ကချင်ပြည်နယ်ရယ်၊ ကချင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများအတွင်းနဲ့သာသက်ဆိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

အပိုဒ်ငယ်(ခ)မှာ အထက်အပိုဒ်ငယ်(က)ပါဒေသများအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုရရှိစေရန်လို့တွေ့ရ ပါတယ်။ ဒီနေရာမှာ တွေးစရာရှိလာတာကတော့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလို့ဆိုရင် လူအများရဲ့ယေဘုယျနားလည်ချက်မှာ စီးပွားရေးဖွံ့ဖြိုးမှုလည်းတပါတည်း ပါပြီးသားဖြစ်နေတာပါ။ လူထုကြီးပွားချမ်းသာရေးဟာ ဘက်စုံဖွံ့ဖြိုးရေးရဲ့ အဓိကအချက်တွေထဲကတချက်ဖြစ်နေရက်နဲ့ ဒီစာချုပ်မှာတော့ အဲ့ဒီ ၂ ခုကို သီးခြားသဖွယ်ပိုင်းခြားထားတာဟာ စာချုပ်ရဲ့ထူးခြားချက်တခုလို့ဆိုရမယ်ထင်ပါတယ်။

အပိုဒ်ငယ်(ဂ) ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံးတွင် ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်လို့တွေ့ရပါတယ်။ အဲ့ဒီနေရာမှာ တပြည်လုံးပြည်တွင်းငြိမ်းချမ်းရေးတွေလုပ်ရာမှာ စစ်တပ်နဲ့ကေအိုင်အိုတို့ အတူတွဲလုပ်မယ်လို့ပြောတာလား ဒါမှမဟုတ် စစ်တပ်ကလုပ်တာကို ကေအိုင်အိုက ဝင်ပါပေးလို့ပြောတာလားဆိုတာ မရှင်းသလိုဖြစ်နေပါတယ်။ စစ်အစိုးရဟာ လက်နက်ကိုင်အင်အားစုတွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့အခါတိုင်း(ကျန်နေသေးတဲ့လူတွေနဲ့ အပစ်အခတ်ရပ်စဲရေးရဖို့ ခင်ဗျားတို့လည်းကူပြောပေးပါ) ဆိုတဲ့စကားမျိုး အမြဲတောင်းဆိုလေ့ရှိပါတယ်။ အဲ့သလိုတောင်းဆိုမှုတွေဟာ သဘောရိုးနဲ့ဆိုတာထက် လူမျိုးစုတွေကြား သွေးခွဲသပ်လျှိုတဲ့သဘောပိုကဲနေတယ်လို့ မြင်ကြတာတွေလည်းရှိပါတယ်။

အဲဒီအမြင်ဟာလည်း စဉ်းစားဖို့ကေင်းပါတယ်။ ဥပမာ မကြာသေးခင်ကမှတွေ့ဆုံခဲ့တဲ့ ကေအန်ယူခေါင်းဆောင်တွေကို ခု ကချင်ပြည်နယ်က စစ်ပွဲတွေရပ်ဖို့ အပစ်အခတ်ရပ်စဲရေးပြန်ဖြစ်ဖို့ ဝိုင်းဝန်းလုပ်ကြပါလို့အစိုးရက ပြောတဲ့နေရာမှာ (ကရင်အဖွဲ့က ကချင်အဖွဲ့လို တံတားချိုး၊ လမ်းဖျက်၊ မိုင်းထောင်စတာတွေလုပ်တတ်တဲ့ သောင်းကျန်းသူအဖွဲ့အစည်းမဟုတ်ဘူး)ဆိုတဲ့ သဘောသက်ရောက်အောင် သွယ်ဝိုက်ပြောခဲ့တာရှိပါတယ်။ အစိုးရအဆက်ဆက်ဟာ ကေအန်ယူအပါအဝင် လက်နက်ကိုင် အင်အားစုအားလုံးကို သောင်းကျန်းသူအဖျက်သမားတွေလို့ပဲ တလျောက်လုံးသတ်မှတ်သုံးစွဲခဲ့တာပါ။ ဒါကြောင့် အခုလို ကချင်ကိုတိုက်နေချိန်မှာ ကရင်ကို သောင်းကျန်းသူအဖျက်သမားစာရင်းထဲက ပယ်လိုက်သယောင်ယောင်ပြောဆိုတာဟာ ပရိယာယ်ဝေဝုစ်လို့ယူဆရမှာဖြစ်ပါတယ်။ ကချင်ကိုတိုက်ချိန် ကရင်ကိုပြောသလိုမျိုး နောင်တချိန်ကရင်ကိုတိုက်တဲ့အခါ ဘယ်သူ့ကိုပြောလေဦးမလဲဆိုတာဟာလည်း တွေးချင်စရာဖြစ်လာပါတယ်။ အဲ့သလိုတွေးမိတဲ့အတွက် စိုးရိမ်ရန်ကောလို့ပြောမယ်ဆိုရင် ခုလောလောလတ်လတ် ကချင်ပြည်နယ်က ဧရာမထိုးစစ်ကြီးတွေကိုပဲ နမူနာထုတ်ပြပါရစေ။  အဲသလိုတိုက်တွန်းပေးဖို့ပြောတာ မှန်တယ်ဆိုရင်လည်း အဲဒီ အဖွဲ့အစည်းတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ကြဖို့ ကျန်သူတွေကိုတိုက်တွန်းရုံတင်မက အစိုးရကိုပါတိုက်တွန်းခွင့်ရှိရမယ်လို့ထင်ပါတယ်။ တိုက်တွန်းရက်နဲ့မှ မလုပ်ဘူးဆိုရင် မလုပ်တဲ့သူကိုပြစ်တင်ရှုတ်ချခွင့်လည်း ရှိရပါလိမ့်မယ်။ တခါလုပ်ပြီးမှ ပြန်ကျိုးပေါက်ကြ ပြန်တိုက်ကြဆိုပြန်ရင်လည်း စချိုးဖေါက်သူကို ပြစ်တင်ရှုတ်ချရုံတင်မက နိုင်ငံရေးအရကန့်ကွက်ဆန့်ကျင်ခွင့်လည်း ရှိရပါလိမ့်မယ်။

သောတရှင်များခင်ဗျား…. တပြည်လုံးအရေးမို့ အားလုံးပါဝင်ကြဖို့ပြောတာအမှန်ဆိုရင်တော့၊အားလုံးပါဝင်လာနိုင်အောင် တံခါးဖွင့်ပေးတာမျိုးအမှန်ဆိုရင်တော့ ကြိုဆိုရမယ့်ကိစ္စလို့မြင်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ လွတ်လပ်ရေးရပြီးချိန်ကစလို့ ခု လက်ရှိအစိုးရတွေအထိ အစိုးရအဆက်ဆက်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ All Inclusive လို့ဆိုတဲ့ အားလုံးတန်းတူပါဝင်ခွင့်ရရေးကိုခွင့်ပြုခဲ့တာ တခါမှ မတွေ့ခဲ့ရပါဘူး။ သူတို့ စိတ်ကြိုက်ခေါင်းခေါက်ရွေးထားတဲ့ လူပုဂ္ဂိုလ်အချို့၊ အဖွဲ့အစည်းအချို့ကိုတောင် အကန့်အသတ်ကြီးကြီးနဲ့ခွင့်ပြုခဲ့တာပဲ တွေ့ရပါတယ်။

နောက်သီတင်းပတ်တွေမှာ စာချုပ်ပါအချက်အလက်တွေကို ဆက်လက်တင်ပြပေးသွားပါ့မယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

Friday, January 25, 2013

လင်းပိုင် ဦးပိုင်နဲ့ကဘောက်တိကဘောက်ချာများ (မျိုးမြင့်ချို)

0 comments

လင်းပိုင် ဦးပိုင်နဲ့ကဘောက်တိကဘောက်ချာများ (မျိုးမြင့်ချို) ၁/၂၅/၂၀၁၃
ရေးတော့ လင်းပိုင်။ ဖတ်တော့ လဘိုင်ပေါ့ဗျာ။ တချို့လည်း လင်းပိုင်လို့ပဲထွက်ပါတယ်။ ဦးပိုင်၊ ကိုပိုင်၊ မောင်ပိုင်တွေကျတော့..၊ ဦးပိုင်ကို ဦးဘိုင်လို့ထွက်ပေမယ့် ကိုပိုင် မောင်ပိုင်တို့ကျတော့ ပိုင်က ပိုင်ပဲ၊ ဘိုင် မသွားဘူး။ ဒါ့ကြောင့် ဆရာချစ်ဦးညိုကပြောတာ ငယ်တုန်းက မောင်ပိုင်၊ လူလတ်ပိုင်းကျတော့ ကိုပိုင်၊ ခုတော့ဦးပိုင်ဆိုပြီး။ (ဦးဘိုင်လို့တော့ အသံမထွက်တာ သတိထားလိုက်မိတယ်) ဆရာက ဆက်ပြောသေးတာ ဒါ့ကြောင့်ပေါ့တဲ့ လူတွေက မောင်ပိုင်စီးတယ် မောင်ပိုင်စီးတယ်နဲ့ပြောကြတာ..တဲ့။ ထားဦးဗျာ ခန။ ဒီ ပိုင် ၃ ပိုင်ကိစ္စ။ တကောင်တည်းဖြစ်တဲ့ဦးပိုင်ကို ဦးပိုင်ရော ဦးဘိုင်ပါခေါ်ကြသလို ဒီလင်းပိုင်ဆိုတဲ့အကောင်ကိုလည်း လင်းပိုင်လို့ခေါ်သူခေါ် လဘိုင်ခေါ်သူခေါ်တယ်ဗျာ။ အဲ့လိုတွေးတော့ ဒီ အကောင်ဟာ နံမည်တင်မကတော့ဘူး အမူအကျင့်နဲ့အလေ့အထကလည်း စိတ်ဝင်စားစရာဖြစ်လာတယ်ဗျာ။ ရေသတ္တဝါတွေထဲမှာအကောင်ကြီးပေမယ့် လူနဲ့အတော်အနေနီးတယ်ဗျာ။ သင်လို့ရအောင်ယဉ်ပါးပြီး လူတွေနဲ့ပွတ်သီးပွတ်သပ်နေရာတာကိုလည်း ကြိုက်ပုံရတယ်။ ပျော်ရင် အူမြူးတဲ့အသံလေးနဲ့ အော်လည်းအော်တတ်သေးတယ်။ ဘောလုံးကစားပြတာ၊ ကြိမ်ကွင်းကြီးတွေထဲ ကွက်တိခုန်ဝင်တာအပြင် ဂျွမ်းတွေဘာတွေလည်း ပစ်တတ်တယ်ဗျာ။ လှေပျက်သင်္ဘေပျက်ကလူတွေ မသေလို့မျောနေတာတွေ့လည်း ကယ်တတ်တယ် ပြောတယ်ဗျာ။ ပြီးတော့တခါ ငါးငါးချင်းသစ္စာဖေါက်တဲ့အကောင်ဆိုပြီး လူမုန်းလည်းများတယ်။ (ငါးမုန်းများ/မများတော့ကျနော်လည်း မပြောတတ်ဘူး) ဒီကောင်က သူ့လိုပဲ တခြားငါးတွေ အုပ်လိုက်ရှိတဲ့နေရာကိုသိတယ်..တဲ့။ ဒီတော့ တံငါတွေက သူ့ကို ငါးလမ်းပြလုပ်ခိုင်းပြီး သူပြတဲ့နေရာသွားဖမ်းတယ်.. တဲ့။ ငါးတွေမိရင် တံငါတွေက ဒီကောင့်ကို လမ်းပြကြေးသဘော ဖမ်းမိတဲ့ထဲက သူကြိုက်မယ့်ငါးတချို့ကို ဝေစုအနေနဲ့ပြန်ပေးရတယ်..တဲ့။ သူကလည်းစားတယ်..တဲ့။ ငါးတော့ငါးပဲ သူလည်း။ ဇာတ်အတိအကျ မတူလို့နဲ့တူတယ်။ ခုချိန်ထိ လင်းပိုင်ကိုးသောင်းပျက်တယ်လို့ မကြားမိသေးဘူး။ ထားပါတော့ ဒီကောင့်အကြောင်း။

ဒီကောင်နဲ့ ခုနပြောတဲ့ ဦးပိုင်နဲ့ ခိုင်းကြည့်နှိုင်းကြည့်ရအောင်ဗျာ။ လင်းပိုင်က လူနားနီးတယ်ဗျာ။ ဦးပိုင်က လူနားနီးဖို့မပြောနဲ့ လူစော်ကိုမနံတာဗျာ။ လင်းပိုင်က အချော့ကြိုက်တယ်ဗျာ။ ဦးပိုင်က ခြောက်စားဟောက်စားဗျာ။ လင်းပိုင်က မျက်နှာချိုတယ်ဗျာ။ ဦးပိုင်က မျက်နှာပြောင်တယ်ဗျာ။ လင်းပိုင်က အပျော့ဆွဲဗျာ။ ဦးပိုင်က ကျားစီးဖါးစီးဗျာ။ လင်းပိုင်က ပွတ်သီးပွတ်သတ်ကြိုက် တယ်ဗျာ။ ဦးပိုင်က နားရွက်တံတွေးဆွတ်တယ်ဗျာ။ လင်းပိုင်က အမွှေးအမျှင်မရှိဘူး။ ဦးပိုင်က လူမွှေးလူတောင်ပြောင်နေတယ်ဗျာ။ လင်းပိုင်က လူကျွေးမှစားရတာဗျာ ဦးပိုင်က လူတွေကို ချချကျွေးပစ်တာဗျ။ တခါတလေ ဘုန်းကြီးပါ မီးနဲ့ပူဇော်ပစ်တာဗျာ။ လင်းပိုင်က မြူးရင်အော်တယ်ဗျာ။ ဦးပိုင်ကျတော့ မူးရင်ဆော်လားမသိဘူး။ လင်းပိုင်က ဂွင်းကြီးတွေထဲ ကွက်တိခုန်ဝင်ပြတတ် တယ်ဗျာ။ ဦးပိုင်က ဂွင်ကြီးတွေကိုင်ပြီး တတိတိနဲ့ဝါးသွားတယ်ဗျာ။ လင်းပိုင်က ဘောလုံးနဲ့ကစားတယ်ဗျာ။ ဦးပိုင်တော့ ဘောမရတာနဲ့ ဘောအမခံရတာကို ကြိုက်တယ်ဗျာ။ လင်းပိုင်က ငါးငါးချင်းသစ္စာဖေါက်လို့ ဆိုတယ်ဗျာ။ ဦးပိုင်ကျတော့ စစ်ဗိုလ်တွေက သစ္စာခံထားတာဗျာ။ လင်းပိုင်က ငါးလမ်းပြလုပ်လို့ လူမုန်းများတယ်ဗျာ။ ဦးပိုင်ကျတော့ သူခိုးလမ်းပြလုပ်တော့ ခရိုနီတွေချစ်တယ်ဗျ။ လင်းပိုင်က တံငါဆီကဝေစုရတယ်ဗျာ။ ဦးပိုင်ကျတော့ လက်ဝေခံတွေနဲ့မျှစားတာဗျာ။ မတူတာတွေအများကြီးပဲဗျ။ အဲ တူတာတွေကြည့်ရအောင်... လင်းပိုင်ရောဦးပိုင်ရော ဇာတ်တူသားစားတာတူတယ်ဗျာ။ ကိုးသောင်းမပျက်၊ မျိုးမကန်းသေးတာလည်းတူတယ်ဗျာ။ လူမုန်းလူချစ်များတာလည်း နည်းနည်းတူတယ်ဗျာ။

မနက်က ဒေါ်စုက ဟာဝိုင်းအီးမှာ လင်းပိုင်တွေအစာကြွေးနေပုံတွေ တွေ့တယ်ဗျာ။ တချို့ကလည်း အဲ့ဒါ ယတြာချေတာ..တဲ့။ ဓါတ်ဆင်ဓါတ်ရိုက်တို့၊ ယတြာတို့၊ ကက်ကင်းတို့၊ တြင်းတို့ နဝင်းတို့ဆိုတာတွေကို ယုံသူပိုပိုများတဲ့ခေတ်မဟုတ်လား။ မဟုတ်ဘူးလို့ ကျနော်လည်း ဘယ်လာ ယတိပြတ်ပြောနိုင်ပါ့မတုန်း။ တချို့ကလည်း ဒေါ်စုက သတ္တဝါလေးတွေချစ်တတ်လို့ပါ..တဲ့။ ဟုတ်ရင်ဟုတ်မှာပါ။ ခြံထဲမှာသူ့ခွေးလေးနဲ့ တခါတခါကစားနေတဲ့ဓါတ်ပုံ တွေ့တာပဲ။ တွေးမိတာကဗျာ.. ဒေါ်စု ဒီလင်းပိုင်တွေကို အစာကြွေး ချော့မြှူပွတ်သတ်လို့ရပေမယ့် ဦးပိုင်ကျတော့ အဲ့လိုလုပ်လို့ရပါ့မလား။ ခုလင်းပိုင်တွေက အစာဝရင်ဋ္ဌာနပြန်/မပြန် မသေချာပေမယ့် ဦးပိုင်ကတော့ အစာဝတယ်လို့မှမရှိတော့ ဋ္ဌာနလည်းပြန်မယ်မထင်ဘူး။ ဦးပိုင်ကိုလည်း အစာခွံ့ ပွတ်သပ် ချော့မြှူပြီး ဋ္ဌာနပြန်ခိုင်းနိုင်ပါစေလို့ ဆုတောင်းပေးရတာပါပဲ။ မောင်ပိုင်အစီးခံရပြန်လေတယ်ဆိုသံ မကြားပါရစေနဲ့လို့လည်း ထပ်ဆုတောင်းပါရစေဗျား။ မျိုးမြင့်ချို

ဖေ့စ်ဘွတ်ခ်မှာစာမရေးဖြစ်တာကြာ..တဲ့။ (ရန်မျိုးသိမ်း)

1 comments

ဖေ့စ်ဘွတ်ခ်မှာစာမရေးဖြစ်တာကြာ..တဲ့။ (ရန်မျိုးသိမ်း)

ဖေ့စ်ဘုတ်မှာစာမရေးဖြစ်တာ ရက်အတန်ကြာပါပြီ။ ဒီနေ့တော့ နည်းနည်းရေးမယ်စိတ်ကူးမိပါတယ်။ ရေးမယ်ဆိုတော့လဲ၊ အကြောင်းအရာ၊ ကုန်ကြမ်းက ဒီအထဲမှာပဲ တ၀ဲလည်လည်လို့ပြောရမယ်ထင်တယ်။ ကျွန်တော့်ခေါင်းထဲရောက်လာတာက ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပါ။ 

မကြာသေးခင်ကမှ ဖိလစ်ပိုင်နိုင်ငံကိုလေ့လာရေးခရီးသွားပြီး၊ ပြန်ရောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ ရှေ့ဆက်ပြီး ဘယ်လို ဘယ်စခန်းကို ဘယ်ခြေလှမ်းတွေနဲ့သွားကြမလဲဆိုတာကို စိုးရိမ်စိတ်ဝင်မိပါတယ်။ 


သိမိ၊ ကြားမိသလောက်တော့ အကြမ်းဖျင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ထဲမှာ ပါတီနိုင်ငံရေးကို ပီပီပြင်ပြင်လုပ်ချင်တဲ့သူတွေရှိနိုင်သလို၊ အမျိုးသားနိုင်ငံရေးလိုလို၊ လူမှုရေးလိုလိုကို လုပ်ချင်တဲ့သူတွေလည်းရှိနေမှာပါ။ အဲဒီ ပါတီနိုင်ငံရေးကိုပီပီပြင်ပြင်လုပ်ချင်တဲ့သူတွေထဲမှာ အန်အယ်လ်ဒီပါတီထဲမှာ ၀င်လုပ်ချင်တဲ့သူတွေ၊ အန်အယ်လ်ဒီပါတီမှာဝင်မလုပ်ပေမဲ့ ရစ်သီရစ်သီလုပ်ချင်တဲ့သူတွေ ရှိနေနိုင်သလို၊ သီးခြား နိုင်ငံရေးပါတီထောင်မယ့်သူတွေလည်း ရှိနေမှာပါ။ အမျိုးသားနိုင်ငံရေးလိုလို၊ လူမှုရေးလိုလိုလုပ်ချင်တဲ့သူတွေမှာတော့ စည်းနဲ့စနစ်နဲ့တိတိကျ ကျလုပ်ချင်တဲ့သူတွေရှိနိုင်သလို၊ အလိုက်သင့်ကလေး ပေါ့ပေါ့တန်တန်လုပ်ချင်တဲ့သူတွေလည်း ရှိနေမှာပါ။ အဲဒီလို လူစုံ၊ အသွေးအရောင်စုံ တဲ့အဖွဲ့တစ်ဖွဲ့ဟာ ကာလအတန်ကြာ ၀ိုးတိုးဝါးတားဖြစ်နေတယ်ဆိုတာ သဘာဝကျတဲ့ဖြစ်စဉ်ပါ။ ဆက်ပြီး ဝေတေ၀ါးတားဖြစ်နေနိုင်တယ် လို့လည်း မြင်တဲ့သူတွေကမြင်ကြပါတယ်။ အဲဒီလိုအဖွဲ့မျိုးထဲမှာ ဝေလေလေသမားတွေလည်းပါနေနိုင်တာကတော့ မငြင်းနိုင်တဲ့အချက်ပါ။

မြန်မာကြီး၊ ငယ်၊ လတ်တွေကို ကျွန်တော်ကတော့ အတော့်ကိုသနားမိပါတယ်။ သူတို့ဟာ မျိုးဆက်သစ်တွေ၊ ၈၈ မျိုးဆက်တွေကို မျှော်လင့် နေကြပါတယ်။ စောင့်ကြည့်နေကြပါတယ်။ တလေးတစားနဲ့ပါ။ အဲဒီလိုကြည့်နေရင်း နိုင်ငံရေးချိုမိုင်မိုင်ကပြတာတွေ၊ မျက်လှည့်ပြတာတွေ၊ လက်လှည့်ပြတာတွေကိုလည်း မြင်နေတွေ့နေရတယ်လို့ ပြောကြပါတယ်။ 

သူတို့လည်း ခရီးတွေသွား၊ အလုပ်တွေရှုပ်၊ စာပေဟောပြောပွဲတွေတက်၊ နေ့စေ့လစေ့ဖိတ်တဲ့ပွဲတွေတက်၊ အဲဒီလိုနဲ့ အချိန်တွေယောင်ကိုင်း လာကြတယ်ထင်ပါတယ်။ တကယ်တမ်းက သူတို့ဘာလုပ်သင့်တယ်ဆိုတာကို သူတို့က အသိဆုံးပါ။ နောက် သူတို့ ဘာမလုပ်သင့်ဖူးလဲ ဆိုတာကိုလည်း သူတို့တွေက အသိဆုံးပါ။ ဘယ်အခြေအနေကိုဖြစ်ဖြစ်၊ သာယာနေလို့မဖြစ်ဖူးဆိုတာ ကောင်းကောင်းသိကြပါတယ်။ 
ကျွန်တော်ထင်တာကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အနေနဲ့ နိုင်ငံရေးပါတီဖွဲ့ပြီး၊

ပါတီနိုင်ငံရေးထဲဝင်လုပ်ဖို့ အဖက်ဖက်က အသင့်ဖြစ်သေးပုံမရပါဘူး။
သူတို့ကိုယ်သူတို့လည်း ယုံကြည်မှုအပြည့်အ၀ရဖို့ အချိန်လိုပါဦးမယ်။
အချိန်ကြာလာတာနဲ့ ဆုံးရှုံးတာကလည်း များလာနိုင်ပါတယ်။
အဲဒီတော့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အနေနဲ့၊ ရှေ့ဆက်ဘာလုပ်မယ်ဆိုတာ၊ ဘယ်လိုပုံ၊ ဘယ်လိုဟန်နဲ့ရှေ့ဆက်မယ်ဆိုတာတွေကို အများပြည်သူသိအောင် အမြန်ဆုံးချပြသင့်နေပြီလို့ထင်ပါတယ်။
နိုင်ငံရေးပါတီ၊ ပါတီနိုင်ငံရေးလမ်းကတော့ ၈၈ မျိုးဆက်ကျောင်းသားများအတွက် ဆူးညောင့်ခလုတ်တွေ၊
မတ်စောက်တဲ့အတက်အဆင်းတွေများတဲ့ လမ်းပဲဖြစ်နေမှာပါ။

လေးစားလျက်
တွေ့တာနဲ့ယူတာက ဒီကပါ https://www.facebook.com/yan.m.thein

Thursday, January 24, 2013

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း ၃၈ (မျိုးမြင့်ချို)

0 comments
ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း ၃၈ (မျိုးမြင့်ချို) ဇန်နဝါရီ ၂၄ ရက် ၂၀၁၃ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီး။ သောတရှင်များခင်ဗျား… ခုတလော ပြည်တွင်းနဲ့နိုင်ငံတကာမှာဗမာ့အရေးပြောဖြစ်ကြတယ်ဆိုရင် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေတဲ့အကြောင်းက ထိပ်ဆုံးရောက်လာမှာသေချာပါတယ်။ (၁၇)နှစ်ကြာအပစ်ရပ်ထားပြီးမှ အသည်းအသန်ပြန်တိုက်နေကြရတယ်ဆိုကတည်းက အစ မကောင်း ခဲ့လို့ပေါ့လို့ဆိုပြီး ယတိပြတ်ကောက်ချက်ဆွဲရင်တော့ အမှန်နဲ့များ လှမ်းသွားမလားတွေးမိပါတယ်။ ဘာလို့လည်းဆိုတော့ ကေအိုင်အေလို့ဆိုတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်ဟာ အပစ်ရပ်အဖွဲ့တွေထဲမှာ စစ်အစိုးတွေနဲ့အပစ်အခတ်ရပ်စဲရေးကို စာချုပ်စာတမ်းနဲ့နှစ်ဘက် သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ တခုတည်းသောအဖွဲ့အစည်းဖြစ်နေလို့ပါပဲ။ ကျန်အဖွဲ့အားလုံးဟာ စစ်အစိုးရရဲ့နှုတ်ကတိတွေနဲ့ ပြီးပြီးရောလုပ်ခဲ့တဲ့သဘောမျိုးဆောင်နေပါတယ်။ စာချုပ်စာတမ်းနဲ့လုပ်ခဲ့သူတောင် ပြန်အတိုက်ခံရသေးတာပဲ တခြားသူတွေတော့ပြောမနေနဲ့တော့လို့ တွေးမိကြမယ်လည်းထင်ပါတယ်။ ဒါဆိုရင်လုပ်ခဲ့တဲ့ကျနော်တို့ စာချုပ်ဘက်ကို ပြန်သွားကြည့်ကြရအောင် ပါ။ စာချုပ်ကို နည်းနည်းဆန့်ပြီးတွေးကြည့်ဖို့လိုလာပြီလို့လည်းထင်ပါတယ်။

အဲ့ဒီစာချုပ်နဲ့ပတ်သက်လို့ ကျနော်လက်လှမ်းမီသရွေ့ စုဆောင်းထားတဲ့အချက်အလက်တချို့နောက်ခံ ထားပြီး တင်ပြဆွေးနွေးချင်ပါတယ်။ ကေအိုင်အေဆိုဟာ ကချင်လွတ်မြောက်ရေးတပ်ဖြစ်ပြီး သူ့မှာနိုင်ငံရေး သဘောဆောင်တဲ့ ကေအိုင်အိုလို့ဆိုတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်းရှိပါတယ်။ အခု စာချုပ်ကို ချုပ်ဆိုခဲ့စဉ်က ကချင်ဘက်ကတက်ရောက်သူ (၃) ဦးဖြစ်ပြီး အမည်တွေနဲ့ပြောရရင်ဆိုတော့ မလိဇွပ်ဇော်မိုင်၊ လမုန်တူးဂျိုင်နဲ့ဗိုလ်ချုပ်ဂေါ်ရီဇော်ဆိုင်းတို့ဖြစ်ကြပါတယ်။ အဖွဲ့ခေါင်းဆောင်ကတော့ မလိဇွပ်ဇော်မိုင်ပါပဲ။ နဝတစစ်အစိုးရဘက်ကလည်း (၃)ဦးဖြစ်ပြီး ဗိုလ်ချုပ်အေးကျော်က အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ခံခဲ့ပါတယ်။ အဖွဲ့ဝင်တွေကတော့ ဗိုလ်ချုပ်စောလွင်နဲ့ဗိုလ်မှူးကြီးကျော်သိန်း တို့ဖြစ်ကြပါတယ်။ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေကတော့  ဦးလဝမ်၊ ဦးဇဘွဲ့ဂျွန်နဲ့ဦးခွန်မြတ်တို့ဖြစ် ကြပါတယ်။ ဆွေးနွေးပွဲဟာ စုစုပေါင်း (၉)ဦး တက်ရောက်သဘောတူ လက်မှတ်ထိုးခဲ့ကြတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။

သောတရှင်များခင်ဗျား…ဒီစာချုပ်ဖြစ်မလာခင်နောက်ခံအခြေအနေတချို့နဲ့ ဆက်စပ်တွေးကြည့်ချင်ပါတယ်။ စာချုပ်စာတမ်းနဲ့ဖြစ်မလာခင်ကတည်းက ကေအိုင်အေဟာလည်း တခြားအဖွဲ့တွေနည်း နှုတ်ကတိ သဘောတူညီမှုတွေရဖို့ (၁၉ ၉၃) ခုနှစ်ထဲမှာ မြစ်ကြီးနားမြို့မှာ (၅)ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ကြပြီး အဲ့ဒီနှစ် စက်တင်ဘာလ (၂၇) ရက်နေ့ကျတော့မှပဲ နှစ်ဘက်အပစ်အခတ်ရပ်ရေးဆိုတာကို  နှုတ်အားဖြင့် သဘောတူညီခဲ့ကြပါတယ်။ နှုတ်ကတိနဲ့ယူခဲ့တဲ့ အပစ်ရပ်ရေးရဲ့ အခြေခံအကျဆုံးအချက်တွေကတော့ ကချင်ဒေသရယ်၊ ကချင်ဒေသနဲ့ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်ဘက်တွေမှာပါ အပစ်အခတ်ရပ်စဲထားကြဖို့၊ လောလောဆယ်မှာ ဒေသဖွံ့ဖြိုးကိစ္စတွေကိုဇောင်းပေးပြီး အတူလက်တွဲလုပ်ကြဖို့နဲ့ အဲ့ဒီကမှတဆင့် တနိုင်ငံလုံးနဲ့ချီတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေအထိ တည်ဆောက်ယူကြဖို့ဆိုပြီးဖြစ်ပါတယ်။ အဲ့ဒီသဘောတူချက်မှာ  တပ်တွေရဲ့တည်ရှိရာနေရာကိစ္စ၊ နှစ်ဘက်ဆက်ဆံရေးစခန်းတွေဖွင့်မယ့်ကိစ္စ၊ နှစ်ဘက်တပ်တွေသွားလာလှုပ်ရှားမှုနဲ့ တပ်မှူးတပ်သားတွေရဲ့ ခွင့်ပြန်တာနဲ့ဆေးဝါးကုသမှုစတဲ့ကိစ္စတွေမှာ နှစ်ဘက်ညှိနှိုင်းလုပ်ကြဖို့လည်း ပါပါတယ်။ လုပ်နေတဲ့ကြားကပဲ ပြဿနာတစုံတရာပေါ်လာခဲ့ရင်တော့ အတူတကွပူးပေါင်းပြီး ကွင်းဆင်းလေ့လာဖြေရှင်းကြမယ်လို့ ဆိုထားပါတယ်။ စာချုပ်မှာ တပ်ကိစ္စနယ်မြေကိစ္စတွေထက်စာရင် နိုင်ငံရေးအရလည်းဖြစ် အရေးအကြီးဆုံးလို့ယူဆရမှာလည်း ဖြစ်တဲ့အချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ဥပဒေဘောင်အတွင်းကနေ ဝင်ရောက်ပါဝင်ဆောင်ရွက်နိုင်ရေးနဲ့ ကေအိုင်တပ်ဖွဲ့ဝင်တွေကို ပြန်လည်နေရာချထားရေးဖြစ်ပါတယ်။

သောတရှင်များခင်ဗျား…အဲ့ဒီအချိန်က နဝတစစ်အစိုးရဟာ သူကြပ်မတ်ကွပ်ကဲတဲ့ ဖွဲ့စည်းပုံရေးဆွဲရေး အမျိုးသားညီလာခံမှာ မြေပေါ်မြေအောက်အဖွဲ့အစည်းတွေ လူမျိုးစုတိုင်းရင်းသားကိုယ်စားလှယ်တွေလည်း ပါတယ်ဆိုတာကိုပြချင်နေတာမို့ ဒီအချက်ကို တမင်ရအောင်ထည့်ယူတာလို့ ယူဆရမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့က ဥပဒေဘောင်အတွင်းမှဆိုတဲ့ဝေါဟာရပဲ ဖြစ်ပါလိမ့်မယ်။ သူတို့ပြောပြောနေတဲ့ ဥပဒေဘောင်အတွင်းဆိုတဲ့စကားလုံးဟာ ဝေဝေဝါးဝါးလို့ထင်စရာရှိပေမယ့် တကယ်တော့ အလွန်ရှင်းလင်း တိကျလှပါတယ်။ ဥပဒေဘောင်အတွင်းလို့ဆိုလိုက်တာနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် တပ်ဖျက်၊ လက်နက်ချဆိုတဲ့သဘောပါပဲ။ မြေပေါ် နိုင်ငံရေးအင်အားစု တွေအတွက်ကျတော့ ပြောသလိုနေ၊ မနေရင် ထောင်ထဲသွားနေဆိုတဲ့သဘော၊ ထောင်ထဲက စကားနဲ့ပြောရရင်တော့ ဥပဒေဘောင်တွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာလွန်ချမ်းသာ သဘောပဲဖြစ်မှာပါ။ ဒီစကားဟာ အပေါ်ယံအနေနဲ့တော့ဟုတ်သားပဲလို့ ထင်ရပေမယ့် ဘာဥပဒေတွေလဲဆိုတာကျတော့ စကားပြောလာပါလိမ့်မယ်။ ဥပဒေဆိုတဲ့သဘောနဲ့ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်တို့၊ အမိန့်ကြေညာချက်တို့ဆိုတာဟာ အလွန်မှကွာခြားလှပါတယ်။ ဥပဒေဆိုတာကိုပဲ နိုင်ငံရေးသဘောကြည့်တာနဲ့ ဥပဒေသဘောကြည့်တာမှာတောင် သိသိသာသာ ကွဲပြားတတ်ပါသေးတယ်။ ဒီနေရာမှာ သူတို့ပြောတဲ့ ဥပဒေတို့စည်းကမ်းတို့ဆိုတာတွေဟာ တကယ်ကတော့ အခြားအင်အားစုတွေကို နလန်မထူနိုင်အောင်နှိပ်ကွပ်ပစ်ဖို့၊  လိုသလိုကြုံ့နိုင်ဆန့်နိုင်တဲ့ ဖိနှိပ်ရေးအမိန့်အာဏာတွေပဲ ဖြစ်ပါတယ်။

သောတရှင်များခင်ဗျာ…ကေအိုင်အေနဲ့သဘောတူခဲ့စဉ်ကလည်း ဒီစကားလုံးသုံးခဲ့တာကို သတိထားမိကြမယ်ထင်ပါတယ်။ ကေအိုင်လို နိုင်ငံရေးအစဉ်အလာကြီးတဲ့အဖွဲ့မျိုးမပြောနဲ့ ခွန်ဆာလို မူးယစ်ရာဇာတောင် ဒီစကားလုံးရဲ့နောက်ကွယ်ကအနက်ကို ကောင်းကောင်းသိမှာပါ။ ဒါဆိုရင် သိသိနဲ့ ဘာလို့လက်ခံခဲ့ကြသလဲဆိုလာခဲ့ရင်တော့ အဲ့ဒီတုန်းက နှစ်ဘက်စလုံးမှာဖြစ်နေတဲ့ပကတိအခြေအနေတွေ အရလို့ပဲ ပြောရမယ်ထင်ပါတယ်။ တခါတခါမှာ အခြေအနေအရဆိုပြီး ပေးခဲ့ယူခဲ့လုပ်ခဲ့ကိုင်ခဲ့တဲ့ ကတိကဝတ်တွေကို  အခြေအနေပြောင်းရင်လိုက်ပြောင်းနိုင်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ နိုင်ငံရေးစကားနဲ့ဆိုရင်တော့ ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် နဂိုကတည်းကလုပ်ထားဖို့ လိုတယ်ဆိုတဲ့သဘောဖြစ်မယ်ထင်ပါတယ်။ အဲ့သလိုဖြစ်ဖို့ဆိုရင် ခုလုပ်တဲ့ကိစ္စတွေဟာ အခြေအနေပေါ်တည်ပြီးလုပ်ခဲ့ကြကြောင်းနဲ့  ယာယီအားဖြင့်သဘောတူညီချက်ဖြစ်ကြောင်းကို အစကတည်းက နှစ်ဘက်လုံးမှာတိတိကျကျနားလည်သဘောပေါက်ထားဖို့လိမ့်မယ်။ ဒါမှသာ နောင်ကိုအခြေအနေပြောင်းရင်ပြောင်း သဘောတူညီချက်တွေကိုလည်း ပြောင်းလို့ရမှာပါ။  ခုဖြစ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးတွေမှာပါဝင်ခဲ့ကြတဲ့ ဘက်အသီးသီးဟာ သူတို့လုပ်ခဲ့ကြတဲ့သဘောတူညီချက်တွေကို ယာယီသဘောတူညီချက်မျှသာဖြစ်တယ်လို့ တိတိလင်းလင်း ဖွင့်ဆိုသတ်မှတ်ခဲ့တာမျိုးမတွေ့ရပါဘူး။ ဒါ့ကြောင့်မို့လို့ ယာယီသဘောကို အသေဆုပ်ကိုင်ပြီး ပဋိပက္ခကို ပြန်မီးမွှေးနေလို့ကြတာဖြစ်ပါတယ်။

သောတရှင်များခင်ဗျာ..အပစ်အခတ်ရပ်စဲရေးစာချုပ်ပါအချက်အလက်တွေကို နောက်သီတင်းပတ်တွေမှာ ဆက်လက်တင်ပြပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

Wednesday, January 23, 2013

Brainwashing (သို့) ဦးနှောက်ကျင်းခြင်း (ဦးဦးမှော်ဆရာ)

0 comments
Brainwashing ကို အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ ဦးနှောက်ကျင်းခြင်းလို့၊ ရှိရင်းစွဲအတွေးအခေါ်အယူအဆတွေကို စွန့်လွတ်ဖယ်ရှားပြီး အခြားအယူအဆကို လက်ခံရန်အဓမ္မပြုကျင့်ခြင်းလို့ ဘာသာပြန်ထားတာတွေ့ရပါတယ်။ သဘောက လူတစ်ဦးရဲ့ခေါင်းထဲက အတွေးဟောင်း တွေကိုဖယ်ထုတ်ပစ်ပြီး အယူသစ်တွေ ရိုက်သွင်းပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးအတွေးအခေါ်အယူအဆတွေကို ကပြောင်းကပြန်ဖြစ်အောင် တနည်းအားဖြင့် ဆန့်ကျင်ဘက်ဖြစ်သွားအောင်ပြောင်းလဲပစ်နိုင်ဖို့ဆိုတာ တကယ်တော့မလွယ်ကူပါဘူး။ အဲဒီလိုဖြစ်သွားဖို့ အဲဒီလူရဲ့နှလုံးသားနဲ့ဝိဉာဉ် အားအင်ကုန်ခမ်းပြီး သိမြင်နားလည်နိုင်တဲ့ စွမ်းအားနဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့စွမ်းအားတွေကို သုည ဖြစ်သွားအောင်အရင်လုပ်ရမှာပါ။ “မင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုယုံကြည်နေသေးသလဲ”လို့မေးရင် “ကျွန်တော့ခေါင်းထဲ ဘာမှမရှိတော့ဘူး။ ဘာမှ မယုံကြည်တော့ဘူး”လို့ ပြောရတဲ့အဆင့်ထိရောက်အောင် အရင်အလုပ်ခံရပါတယ်။ အဲဒီအခါကျမှ  “ကဲ…ဒါဆို မင်းဒီလို ယုံကြည်ပေတော့’”လို့ ဆက်အပြောခံရပြီး နောက်ပြောတာတွေကို လိုက်မှတ်ရင်းမှတ်ရင်းနဲ့ သူတို့ပြောတာတွေကို တကယ်ယုံသွားရတဲ့ဘ၀ ရောက်သွားရခြင်းပဲဖြစ်ပါတယ်။
Brainwash ဆိုတဲ့ ဦးနှောက်ကျင်းတဲ့အလုပ်ကို ရှေးပဝေသဏီကတည်းက လူတွေလုပ်ခဲ့ကြတာပါ။ ရှေးအီဂျစ်နိုင်ငံ ဖာရိုဘုရင်တွေ လက်ထက်ကတည်းကလုပ်ခဲ့ကြပါတယ်။ လူတွေကို သွေးဆောင်ဖြားယောင်းပြီး ထုထည်ကြီးမားတဲ့ပိရမစ်ကြီးတွေ ဆောက်ခိုင်း ခဲ့တာကို သမိုင်းသုတေသီတွေက ထောက်ပြကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနိုင်ငံမှာလည်း လုပ်ခဲ့ကြတာပါပဲ။ စစ်အေးခေတ်မှာလည်း အရှေ့အုပ်စုနဲ့အနောက်အုပ်စု နှစ်စုလုံးက ဒီလိုလုပ်ခဲ့ကြပါတယ်။ ကိုရီးယားစစ်ပွဲ (၁၉၅၀-၅၃) အတွင်း တရုတ်အကျဉ်းထောင်များထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့အမေရိကန်စစ်သားတွေလည်း ဦးနှောက်ကျင်းခံခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အမေရိကန်ဂျာနယ်လစ် “အက်ဒွပ်ဟန်တား” ရေးတဲ့  New Leader’ ဆိုတဲ့စာအုပ် ၁၉၅၀ ခုနှစ်မှာ ထွက်လာပြီးတဲ့နောက်ပိုင်းမှာမှ Brainwashing ဆိုတဲ့ဝေါဟာရက ခေတ်စားလာတာပါ။ ဦးနှောက်အကျင်းခံရတာထက်စာရင် သေလိုက်တာကမှသက်သာဦးမယ်လို့ အဲဒီစာအုပ်မှာဆိုထားပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက လူတစ်ယောက်ရဲ့ အတွေးအခေါ်အယူအဆတွေကို ကပြောင်းကပြန်ဆန့်ကျင်ဘက်ဖြစ်သွားအောင် ပြောင်းလဲပစ်လိုက်တာမျိုးကိုသာ ဦးနှောက်ကျင်းတယ်လို့ခေါ်တာမဟုတ်ဘဲ လူတစ်ယောက် တစ်စုံတစ်ခုကိုယုံကြည်သွားအောင် ဆွဲဆောင်တိုက်တွန်း တာမျိုးကလည်း “Brainwash” လုပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါ ပါတယ် ။ ဥပမာ- အသစ်ပေါ်လာတဲ့ ပစ္စည်းတစ်ခုကို ၀ယ်သုံးချင်လာအောင် အတင်းတိုက်တွန်းပြီး ကြော်ငြာလွန်းမကကြော်ငြာကြတော့ လူအများက ဟုတ်မှာပဲလို့ယုံကြည်မိပြီး ၀ယ်သုံးလိုက်မိတဲ့အခါမျိုးမှာ “Brainwash” လုပ်ခံရတယ်လို့ ပြောလေ့ရှိကြပါတယ်။ အမှန်တကယ်လည်း ဒီနေ့ခေတ်မှာ မီဒီယာတွေ၊ ကြော်ငြာတွေအလွန်အားကောင်းလာတဲ့အတွက် လူတွေလည်း အလွယ်တကူဦးနှောက်ကျင်းခံရလေ့ရှိပါတယ်။ လိုအပ်ချက်တွေအရ၊ လုပ်ဆောင်ချက်တွေအရ ဦးနှောက်ကျင်းခြင်းဒီဂရီကွာခြားတယ်လို့ ဆိုပါတော့ဗျာ ။
ဒီခေါင်းစဉ်က အလွန်ကျယ်ပြန့်တဲ့အတွက် အသေးစိတ်ဖေါ်ပြနေရင် စာရှည်ပြီး စာဖတ်သူများစိတ်ဝင်စားမှုလျော့ နည်းနိုင်တာကြောင့် အတိုချုံးပြီးနားလည်ရလွယ်ကူအောင် ကျနော့်အမြင်များကိုပါပေါင်းစပ်ပြီး အတတ်နိုင်ဆုံးဖေါ်ပြပေးပါ့မယ်။ ယေဘူယျအားဖြင့် ဦးနှောက်ကျင်းနည်း (၆) မျိုး ရှိပါတယ်။ ဒီနည်းတွေကတော့ စာသင်ကျောင်းတွေ၊ စစ်တပ်တွေ၊ ဘာသာရေး အစွန်းရောက်အဖွဲ့အစည်းတွေ၊ တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်နဲ့အုပ်စိုးတဲ့တိုင်းပြည်တွေ၊ နိုင်ငံရေးခံယူချက်ကြောင့် အကျဉ်းကျခံနေရသူတွေ၊ စစ်သုံ့ပန်းတွေကို ပြုလုပ်လေ့ရှိတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။

ပထမဆုံးနည်းလမ်းကတော့ လိမ်ညာခြင်းဖြစ်ပါတယ်။ ၁၄ ရာစုက ဥရောပမှာ Black Death ဆိုတဲ့ ပလိပ်ရောဂါဆိုး ကျရောက်ခဲ့တယ်။ ဥရောပမှာရှိတဲ့လူဦးရေရဲ့ထက်ဝက်ကျော်ဟာ ဒီရောဂါကြောင့်သေခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဂျူးတွေက ရေတွင်းထဲကိုအဆိပ်ခပ်လို့ ခုလိုဖြစ်ရတာဆိုတဲ့ ကောလဟာလသတင်းထွက်လာတယ်။ လူတွေဟာ အဲဒီအချိန်တုန်းက တစ်ရွာနဲ့တစ်ရွာကူးလူးဆက်ဆံမှု သိပ်မရှိကြသေးဘူး။ ဒါကြောင့် ဒီသတင်း မှန် ၊ မမှန်မဆုံးဖြတ်နိုင်ဘဲ ယုံကြည်သွားကြတဲ့အတွက် လက်ရှိဘေးဒုက္ခကြီးမှထွက်ပေါက်ရှာတဲ့အနေနဲ့ အကြမ်းဖက်ကြရာမှာ ဂျူးတွေ လူးလိမ့် ခံခဲ့ကြရပါတယ်။

၈၈၈၈ အရေးခင်းအတွင်း ဗကပတွေမြို့ထဲဝင်ရောက်လာပြီဆိုတဲ့ဝါဒဖြန့်မှုနဲ့ လက်နက်မပါဘဲဆန္ဒပြနေသော ကျောင်းသားပြည်သူများကို ရက်ရက်စက်စက်ပစ်ခတ်နှိမ်နှင်းဖို့ စစ်တပ်ကိုခိုင်းခဲ့ရာမှာ ဒီနည်းလမ်းကိုအသုံးချခဲ့တာပါ။
ဒီမှာသိသာတဲ့အချက်က ပတ်ဝန်းကျင်ဒေသများနှင့်ကူးလူးဆက်ဆံခွင့်မပြုဘဲ အဆက်အသွယ်ဖြတ်ပြီး သီးခြားခွဲထုတ်ခံထားရတဲ့ ဒေသတွေ၊ လုအုပ်စုတွေ ( isolated area / community) မှာ အဓိကရုန်းဖန်တီးဖို့ ဦးနှောက်ကျင်းခံရဖို့ပိုမိုလွယ်ကူတယ် ဆိုတာပါပဲ။

ဒုတိယနည်းလမ်းက အတိအကျမဟုတ်ဘဲ ခြုံငုံကောက်ချက်ချခြင်း ဖြစ်ပါတယ်။  ဥရောပမှာ ဂျစ်ပဆီတွေဟာ ရာဇ၀တ်ကောင်တွေပဲလို့ကောက်ချက်ချလိုက်တာနဲ့ ဂျစ်ပဆီမှန်ရင်ရာဇ၀တ်မှုကျူးလွန်မဲ့သူများလို့ ထင်သွားကြတာမျိုးပါ။ ဒါနဲ့ပက်သက်ပြီး ဂရိနိုင်ငံမှာ စစ်တမ်းကောက်ယူလိုက်တဲ့အခါ ရာဇ၀တ်မှုကျူးလွန်သူတွေရဲ့ ၉၆% ဟာ ဂရိလူမျိုးတွေပဲဖြစ်နေ တာတွေ့ရတယ်။ ဒါပေမဲ့ အစွဲမချွတ်ဘဲ ထင်မြဲအတိုင်းဆက်ထင်နေတော့ နေရာအတည်တကျမရှိဘဲ ရွေ့ပြောင်းနေထိုင်လေ့ ရှိပေမယ့် အပြစ်မရှိတဲ့ဂျစ်ပဆီတွေအတွက်ကတော့  နစ်နာကြရတာပေါ့။
ယနေ့ ကမ္ဘာ့မီဒီယာစာမျက်နှာများပေါ်မှာ တွင်တွင်ကျယ်ကျယ်သုံးစွဲလာတဲ့ ၀ါဒဖြန့်စကားတစ်ခွန်းကတော့- “မွတ်ဆလင်တိုင်းသည် အကြမ်းဖက်သမားများမဟုတ်သော်လည်း အကြမ်းဖက်သမားတိုင်းသည် မွတ်ဆလင်များဖြစ်သည် ” ဆိုတဲ့စကားဖြစ်ပါတယ်။ အမှန်တကယ်တော့ ထိုစကားအတွက် တိကျခိုင်လုံသောအထောက်အထားများ၊ စစ်တမ်းများမရှိပါဘူး။ အမေရိကန်အက်ဖ်ဘီအိုင်မှ တရားဝင် ထုတ်ပြန်သောစစ်တမ်းတစ်ခုတွင် ၁၉၈၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင်ကျူးလွန်ခဲ့သောအကြမ်းဖက်မှုများ အနက် ၆% ကသာ အစ္စလာမ္မစ်အစွန်းရောက်များဖြစ်ပြီး၊ ကျန်တဲ့ ၉၄% အနက် ၄၂% မှာ အမေရိကန်ဖွားလက်တင်လူမျိုးများ၊ ၂၄% မှာ လက်ဝဲစွန်းရောက်များ၊ ၇% မှာ ဂျူးအစွန်းရောက်များ၊ ၅% မှာ ကွန်မြူနစ်များနှင့် ၁၆% မှာ ကျန်အစုအဖွဲ့များ အကြမ်းဖက်မှုများသာဖြစ်ပါတယ်။
ထို့အတူ ၂၀၀၈ ခုနှစ်ထိ ဥရောပတိုက်တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများနှင့်ပက်သက်သောစစ်တမ်းများကိုထုတ်ပြန်ရာ ၉၉.၆% က မွတ်ဆလင်မဟုတ်သောအခြားအစွန်းရောက်များရဲ့လက်ချက်များဖြစ်နေပါတယ်။ ထိုထဲတွင် ၈၄.၈% မှာ အစ္စလာမ်ဘာသာဝင်များနဲ့လုံးဝသက်ဆိုင်ခြင်းမရှိသော ခွဲထွက်ရေးသမားများကြောင့်ဖြစ်ရတဲ့အကြမ်းဖက်မှုများဖြစ်ပါတယ်။ လက်ဝဲစွန်းရောက်ဝါဒီများ၏ အကြမ်းဖက်မှုများကလည်း အစ္စလာမ္မစ်အစွန်းရောက်သမားများထက် ၁၆ ဆ  ပိုမိုဖြစ်ပွားခဲ့ပြီး မွတ်ဆလင်အစွန်းရောက်အကြမ်းဖက်မှုများမှာ ဖြစ်စဉ်အားလုံး၏ ၀.၄% သာရှိတယ်လို့သိရပါတယ်။ သို့သော်လည်း ဒီလိုတိကျခိုင်လုံတဲ့တရားဝင်စစ်တမ်းများရှိနေသော်လည်း မိမိဦးနှောက်ထဲဝင်ပြီးသားအစွဲတစ်ခုကို မစဉ်းစားမဆင်ခြင်ဘဲ ဆက်လက်ကိုင်စွဲထားသောကြောင့် အကြမ်းဖက်မှုများနဲ့မည်သို့မျှမသက်ဆိုင်သော ကမ္ဘာအနှံ့မှအစ္စလာမ်ဘာသာဝင်များ နစ်နာကြရပါတယ်။

တတိယနည်းလမ်းကတော့ လွှဲချခြင်း(သို့)ထိုးကျွေးခြင်းပါ။ ကိုယ်ပြစ်မှုကျူးလွန်တာကိုသံသယမရှိအောင် အများသံသယရှိလောက်တဲ့အခြေအနေရှိသူတစ်ဦးဦးကို တရားခံအဖြစ်ကင်ပွန်းတပ်ပေးလိုက်ခြင်းကို ဆိုလိုပါတယ်။ ဒါကို လူတွေယုံကြည်သွားတဲ့အတွက် ပြစ်မှုမကျူးလွန်ပါဘဲ ထောင်ထဲရောက်သွားရတဲ့လူတွေလည်း တော်တော်များများရှိခဲ့ပါတယ်။ ထိုနည်းလမ်းကို အဓိကရုဏ်းများဖန်တီးရာတွင်လည်း မရိုးတမ်းအသုံးပြုလေ့ရှိပါတယ်။ လူအများစုရဲ့စိတ်ထဲမှာဖြစ်လေ့ရှိတဲ့ တဖက်သားအပေါ်အထင်အမြင်သေးတဲ့စိတ်၊ သံသယစိတ်ကို အသုံးချတာလို့ပဲမြင်ပါတယ်။ တော်တော်လေးထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။
၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ နော်ဝေးနိုင်ငံ အော်စလိုမြို့ရှိ အစိုးရရုံးများတည်ရှိရာနေရာအနီးမှာ ကားဗုံးဖေါက်ခွဲခဲ့ရာ လူ(၈)ဦး သေဆုံးခဲ့ပါတယ်။ ထို့နောက် ယူတိုရာ (Utoya) ကျွန်းကိုသွားရောက်ပြီး လူငယ်အများအပြားပါဝင်တဲ့လူအုပ်စုကို ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၆၉ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ လက်ယာစွန်းရောက်အမျိုးသားရေးဝါဒီ“အန်းဒရက်စ် ဘရီဗစ်ခ်”ဆိုသူ တစ်ဦးတည်းက ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း ဒီပြဿနာ စ ဖြစ်ဖြစ်ခြင်း သတင်းကြေငြာခဲ့ရာမှာတော့ “အယ်လ်ကေဒါရဲ့လက်ချက်နဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားတယ်” လို့ ကြေငြာခဲ့တာကို ပြန်အမှတ်ရမိပါသေးတယ်။
မြန်မာပြည်မှာလည်း တနေရာရာမှာဗုံးပေါက်ကွဲမှုဖြစ်ပြီဆိုတာနဲ့ သေချာတဲ့စုံစမ်းစစ်ဆေးမှုမလုပ်ရသေးဘဲ နိုင်ငံပိုင်သတင်းစာ တွေထဲမှာတော့ KNU ၊ KIA ၊ ABSDF စတဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့လက်ချက်ဖြစ်ကြောင်း ကြေငြာလေ့ရှိခဲ့တာတွေကလည်း ဒီအချက်ထဲမှာ အကျုံးဝင် ပါတယ်။

စတုတ္ထနည်းလမ်းကတော့ ခံစားချက်ကိုခေါင်းပုံဖြတ်တာပါ။  ဥပမာ- ဆောင်းပါးတစ်ပုဒ်ရဲ့အစမှာ “ကျွန်တော့ရဲ့ဆောင်းပါးကို တော်ရုံတန်ရုံပညာအခြေခံမျိုးနဲ့ ဘယ်နားလည်နိုင်ပါ့မလဲ” လို့ အစချီထားလိုက်ရင် ဆောင်းပါးကြီးကအသုံးမကျမှန်းသိနေပေမယ့် ဘယ်သူကမှ မဝေဖန်ရဲတော့ဘူး။ ဝေဖန်လိုက်ရင် ကိုယ်ပါ ပညာအခြေခံမကောင်းလို့နားမလည်တဲ့သူ ဖြစ်သွားတော့မှာကိုး။ လူဆိုတာ အဲဒီလို ကိုယ့်ကိုယ်ကို မသေချာမရေရာလေ့ရှိတဲ့ သက်ရှိတစ်မျိုးဖြစ်ပါတယ်။ ဒီအားနည်းချက်ကြောင့် သူတပါး အမြတ်ထုတ်တာခံနေကြရတာပါ။ တကယ်တော့လည်း မကောင်းတာကိုမကောင်းဘူးလို့ ထုတ်ဖေါ်မပြောရဲတဲ့အတွက် ပိုပြီးတော့လည်း ညံ့ရာရောက်သွားပါတယ်။
တခါတုန်းက သာယာဝတီမင်းဟာ ကြက်ဟင်းခါးရွက်အစိမ်းကို ငါးပိချက်နဲ့တို့စားရတာ ခံတွင်းတွေ့တော်မူတယ်။ အဲဒါကို မူုးကြီးမတ်ကြီးတွေကို စားခိုင်းတော့ ခါးလွန်းလို့မစားနိုင်ကြဘူး။ အဲဒီတော့ ကြိတ်မှိတ်မြိုချရင်း ပြုံးနေတာကိုတွေ့တဲ့အခါ “ဘာပြုံးတာလဲ”လို့ မင်းကြီးကမေးတယ်။ ဒီတော့ အမတ်ကြီးဦးပေါ်ဦးက မင်းကြီးကို “နတ်ဝတ်ပုဆိုး တိမ်မီးခိုး” ဆိုတဲ့ပုံပြင်ကို လျောက်ထားခဲ့တယ်။ တခါတုန်းက ဘုရင်ကြီးကို ရုက္ခစိုးနတ်က “နတ်ဝတ်ပုဆိုး တိမ်မီးခိုး” ဆိုတဲ့ ဘာမှမရှိတဲ့ဟာကြီးကို ရွှေကလပ်ပေါ်တင်ပြီး ဆက်သ သတဲ့။ ဘုန်းကံရှိသူတွေသာလျှင် မြင်ရလိမ့်မယ်လို့လည်း ဆိုလိုက်သေးတယ်။ ဒီတော့ ဘုရင်ကြီးက ဘုန်းကံမရှိဘူးလို့အထင်ခံရမှာစိုးလို့ ဘာမှမရှိတဲ့ဟာကြီးကိုဝတ်ဟန်ဆောင်တာကို မှုးကြီးမတ်ကြီးတွေကမကြည့်ရဲလို့ ခေါင်းငုံ့ပြီးပြုံးနေကြရတဲ့ပုံပြင်ပေါ့။ အမှန်တော့ အဲဒီရုက္ခစိုးဆိုတာလည်း တကယ်မရှိပါဘူး။ ဘုရင့်ဆုလာဘ်တော်ကိုမျှော်ကိုးတဲ့ တောတွင်းသားတစ်ယောက်က ရုက္ခစိုးကလွတ်လိုက်တာဆိုပြီး လူလည်လုပ်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒီပုံပြင်မှာ မူကွဲရှိပါသေးတယ်။ အဲဒီမူကွဲပုံပြင်မှာ ရက်ကန်းသည်က ဘုရင်ကြီးကို နတ်ဝတ်ပုဆိုးတိမ်မီးခိုးကို ဆက်သတယ်ပေါ့ဗျာ။ ပြီးတော့ ငါးပါးသီလမလုံသူတွေမမြင်ရဘူးလို့ လျောက်ထားခဲ့တယ်။ မင်းကြီးက အဲဒီနတ်ဝတ်ပုဆိုးတိမ်မီးခိုးကိုဝတ်ပြီး တိုင်းခန်းလှည့်လည် ခဲ့ပါတယ်။ တကယ်တမ်း မင်းကြီးမှာ ဘာပုဆိုးမှမပါဘဲ တွဲလောင်းကြီးဖြစ်နေတာကိုလူတိုင်းမြင်ပေမယ့် ဘယ်သူကမှ မပြောရဲကြဘူး။  တနေရာမှာ ကလေးတစ်ယောက်က အမှန်ကိုထအော်တော့မှ အားလုံးဟာ ရက်ကန်းသည်ရဲ့ Brainwash လုပ်တာ ခံလိုက်ကြရပြီဆိုတာကို သိလိုက်ကြရတာပါ။ အဲဒီလိုအဖြစ်မျိုး ရှေးယခင်က ရှိခဲ့ကြဖူးတယ်လို့ဆိုပါတယ်။

ပဉ္စမနည်းလမ်းကတော့ ဆောင်ပုဒ်တွေ ကြွေးကြော်သံတွေဖြစ်ပါတယ်။  ဦးဦးမှော်ဆရာတို့နိုင်ငံမှာလည်း သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေ၊ ဗီဒီယိုတွေ၊ လမ်းဆုံလမ်းခွနေရာကောင်းတွေမှာ နှစ်ပေါင်းများစွာမြင်တွေ့ခဲ့ကြတဲ့ ဦးတည်ချက်တွေ၊ ဆောင်ပုဒ်တွေ၊ ကြွေးကြော်သံတွေက ဒီအချက်ထဲမှာအကြုံးဝင်ပါတယ်။ ကျနော့်တူလေးတွေငယ်စဉ်က မြန်မာ့ရုပ်မြင်သံကြား ကပြသခဲ့တဲ့ စစ်ကားတွေကြည့်ပြီး ဗကပတို့၊ ကေအန်ယူတို့ဆိုတာ အလွန်ဆိုးရွားတဲ့လူဆိုးဂိုဏ်းကြီးများအဖြစ်သာ မြင်ခဲ့ကြတာပါ။ သူတို့အမြင်မှာ ဗိုလ်မြဆိုတာ ဦးနှောက်မရှိသူ၊ အလွန်ဆိုးရွားတဲ့ လူသတ်ကောင်ကြီးပေါ့ဗျာ။ နိုင်ငံအနှံ့ကတိုင်းရင်းသားတွေ လက်နက်ကိုင်သူပုန်ထမှုရဲ့အကြောင်းရင်းအမှန်တွေကို သူတို့မှ မသိခဲ့ကြတာ။
ဒီလိုဝါဒဖြန့်မှုတွေထဲမှာ ပညာရေးစနစ်ကိုအသုံးချခြင်းဟာ အလွန်ဆိုးရွားပြီးထိရောက်လွန်းတဲ့ နည်းလမ်းတစ်ခုပါ။ ဥပမာ သမိုင်းဘာသာရပ်တွင် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးရည်ရွယ်ချက်ဖြင့် မရှိတာကိုအရှိလုပ်၊ တကယ်ဖြစ်ခဲ့တာကို ဘာမှမဖြစ်ခဲ့သလိုဖျောက်ဖျက်၊ မဖြစ်ခဲ့တာကို တကယ်ဖြစ်ခဲ့သလိုဖန်တီးပြီး သင်ကြားပေးမှုပါပဲ။ ယနေ့ခေတ်ကလေးများစုဟာ သမိန်ဗရမ်းနဲ့တရုတ်စစ်သူကြီးဂါမဏိတို့ စီးချင်းထိုးပွဲ၊ သမိန်ဗရမ်းနဲ့စလုံကျော်ခေါင်တို့ စီးချင်းထိုးပွဲတွေကို အဟုတ်ထင်နေကြတုန်းပါ။ အမှန်တကယ်တော့ ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး တိကျခိုင်လုံတဲ့သမိုင်းမှတ်တမ်းများမရှိဘဲ ထောက်ကွက်ဟာကွက်များဖြင့်ပြည့်နေတဲ့ ပုံတိုပတ်စသာဖြစ်ပါတယ်။ နောက်ပြီး ၁၉၆၂ ခုနှစ်မှာ တိုင်းပြည်ချောက်ထဲကျတော့မယ့် ဆဲဆဲ လက်တစ်လုံးလောက်အလိုမှာ မတတ်သာတဲ့အဆုံး သမိုင်းပေးတာဝန်အရ ဦးနေ၀င်းစစ်အစိုးရကကယ်တင် လိုက်ရတယ်ဆိုတဲ့ သမိုင်းလိမ်ကြီးကိုလည်း ကျနော့်တူတော်မောင်တွေစိတ်ထဲ အဟုတ်ထင်မှတ်ခဲ့ဖူးပါတယ်။ နောက်ပြီး သမိုင်းစာအုပ်ထဲမှာ နယ်ချဲ့အင်္ဂလိပ်ကို “ကုလားဖြူ”လို့ သင်ကြားခြင်း၊ အိန္ဒိယတိုက်သားများကို“ကုလား”လို့ သင်ကြားခြင်းဟာ လည်း ကလေးများကို ငယ်စဉ်ကတည်းက လူ လူခြင်းခွဲခြားစိတ်ကို ထည့်သွင်းပေးလိုက်ခြင်းပဲလို့ မြင်ပါတယ်။ အထက်ပါဥပမာတွေလိုပဲ သေးငယ်တဲ့ကိစ္စလေးတွေကိုအကြောင်းပြုပြီး ကလေးငယ်တွေရဲ့စိတ်ထဲ တဖြည်းဖြည်းနဲ့ လူမျိုးကြီးဝါဒ၊ လူမျိုးခြားမုန်းတီးတဲ့ အစွန်းရောက်အမျိုးသားရေးဝါဒမှိုင်းမိလာပြီး ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းလျော့နည်းလာကာ နောင်တွင်လည်း အလွယ်တကူဦးနှောက်ကျင်းခံရနိုင်ပါတယ်။
မြန်မာနိုင်ငံကို အင်္ဂလိပ်အုပ်စိုးစဉ်အခါကလည်း ကိုလိုနီပညာရေးတွင် နိုင်ငံတော်ဝါဒခေါ် အင်ပီရီးရယ်လစ်ဇင်းကို စာသင်ကျောင်းများတွင် တနည်းမဟုတ်တနည်းနဲ့ ထည့်သွင်းသင်ကြားခဲ့ပါတယ်။ ဒီအတွက် အင်္ဂလိပ်ဖတ်စာအုပ်တွေမှာ အင်္ဂလန်ဘုရင်ရဲ့ဘုန်းကျက်သရေကြီးပုံတွေ၊ မြန်မာဖတ်စာအုပ်တွေမှာ ဂျော့ဘုရင်ရဲ့ဘုန်းတော်ဘွဲ့ရတုတွေ၊ ပထ၀ီဝင်မှာ ဗြိတိသျှအင်ပိုင်ယာကြီး ကြီးကျယ်ပုံတွေ၊ ဗြိတိသျှရာဇ၀င်တွေမှာ အင်္ဂလိပ်တို့ရဲ့စွမ်းရည်ထက်မြက်ပုံတွေကို အားပါးတရထည့်သွင်း သင်ကြားခဲ့ပါတယ်။ ဒါတွင်မကသေး မြန်မာရာဇ၀င်ကိုလည်း အင်္ဂလိပ်ပညာဝန်“မစ္စတာ စီဒဗလျူကောက်”က အင်္ဂလိပ်လိုရေးပြီး ကျောင်းသုံးစာအုပ်အဖြစ် သင်ကြားခဲ့ပါတယ်။ ဒီလိုကျောင်းသုံးရေးရာမှာ ထင်ရှားတဲ့အချက်တွေကတော့ (၁) မြန်မာမင်းများ ရက်စက်ပြီး၊ အတွေးအခေါ်စဉ်းစားဉာဏ် နည်းပုံ၊ (၂) အင်္ဂလိပ်တို့က တရားသဖြင့်အုပ်ချုပ်သဖြင့် မြန်မာတို့ကြီးပွားတိုးတက် အေးချမ်းသာယာရှိပုံတို့ကို အဓိကဖေါ်ညွှန်းထားခြင်းပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာကလေးများ မိမိအမျိုးသားအုပ်ချုပ်ရေးကိုရွံမုန်းပြီး အင်္ဂလိပ်ကိုအားကိုးနေစေရန် သွန်သင်ခြင်းပဲဖြစ်ပါတယ်။ နောက်ပြီး ကိုလိုနီခေတ်က ကျောင်းတွေမှာ ကျောင်းတက်ရင် `God Save The King´ဆိုတဲ့ ကျွန်သီချင်းဆိုရတယ်။ အခမ်းအနားတွေမှာလည်း အဖွင့်အပိတ် အဲဒီသီချင်းဆိုရတယ်။ တကယ်တော့ ကိုလိုနီလက်အောက်ခံများကို ကျွန်စိတ်ဝင်အောင်ရိုက်သွင်းပေးခြင်းတမျိုးပါ။ ဒါတွေကတော့ ကိုလိုနီပညာရေးစနစ်ရဲ့ ဦးနှောက်ကျင်းနည်းတွေပါပဲ ..။

ဆဌမနည်းလမ်းကတော့ သင်္ကေတတွေပါ။   ဥပမာ- အနီရောင်အောက်ခံ စတုရန်းကွက်ထဲက အဖြူရောင်စက်ဝိုင်းထဲမှာရှိတဲ့ အနက်ရောင်စကြာတံဆိပ်လိုဟာမျိုးကို ဆိုလိုပါတယ်။ ဒီဂျာမန်နာဇီပါတီရဲ့စကြာတံဆိပ်ကိုမြင်လိုက်တာနဲ့ နာဇီပါတီဝင်တွေရဲ့စိတ်ထဲမှာ ဂျူးလူမျိုးတွေကိုသုတ်သင်သတ်ဖြတ်ချင်စိတ် တဖွားဖွားပေါ်လာကြတာမျိုးပါ။ နာဇီပါတီက ဂျူးလူမျိုးတွေကိုသုတ်သင်ခြင်းဟာမှန်ကန်တယ်လို့ ၀ါဒဖြန့်ခဲ့တာ ကိုး..။

ဒီတော့ အဲဒီလို ဦးနှောက်အကျင်းမခံရအောင် ဘယ်လိုလုပ်နိုင်မလဲ။
ဦးနှောက်အကျင်းမခံရအောင် ကာကွယ်ဖို့အတွက် ယေဘုယျအားဖြင့် အချက် (၅) ချက်ရှိပါတယ်။
ပထမအချက်က ကိုယ့်ကိုယ်ကို အခြေခံပညာရှိပြီးဗဟုသုတကြွယ်ဝအောင် လုပ်ထားကြဖို့ပါပဲ။ “အမှားအယွင်းဆိုတာ မသိခြင်းကစတယ်” ဆိုတဲ့စကားလည်းရှိပါတယ်။ ကိုယ်ဟာ အကြောင်းအရာတစ်ခုကို အမှန်အကန်သိပြီဆိုတာနဲ့ အလိမ်ခံရနိုင်တဲ့အကြောင်းအရာတစ်ခုလျော့သွားပြီးလို့ မှတ်ပါ။
ဒုတိယအချက်ကတော့ ခေတ်စကားနဲ့ပြောရရင် မပိန်းဖို့ လိုပါတယ်။ ဥပမာ- ခေါင်းလိမ်းဆီတစ်မျိုးဟာ ဆံပင်နက်စေတယ်လို့ အတင်းကြော်ငြာပြီးရောင်းနေရင် အဲဒီဆေးထုတ်လုပ်သူတွေဟာ ဘာကြောင့်သန်းကြွယ်သူဌေးမဖြစ်သေးတာလဲလို့ ထည့်စဉ်းစားသင့်ပါတယ်။ ဒီနေရာမှာပြောလိုတာက ကိစ္စရပ်တိုင်းကို ခါးခါးသီးသီးလုံးဝငြင်းပယ်တဲ့သဘောမဟုတ်ဘဲ ဆံပင်ပြန်နက်စေတဲ့ဆေးတွေ ပေါ်နေပါလားဆိုတာကို သတင်းတစ်ရပ်အနေနဲ့တော့ လက်ခံထားရမှာဖြစ်ပါတယ်။
တတိယအချက်ကတော့ မိမိရဲ့သိမြင်နိုင်စွမ်းအားကိုအသုံးချဖို့ပါပဲ။ ဟိုဘက်အိမ်က“အောင်ဘု”စတော်ဘယ်ရီပင်ပေါ်က ပြုတ်ကျလို့ ခြေထောက်ကျိုးသွားတယ်လို့ပြောလာရင် စဉ်းစားချိန်လည်းမရ၊ အရေးလည်းမကြီးလို့“အေး.. အေး”လို့ ခေါင်းငြိမ့်ခဲ့ရင်တောင်မှ နောက်ပြီးကျရင် စတော်ဘယ်ရီပင်ပေါ် လူတက်လို့ရရဲ့လားဆိုတာကို အေးအေးဆေးဆေးပြန်စဉ်းစားကြည့်ဖို့လိုပါတယ်။
စတုတ္ထအချက်က ၀ါဂွမ်းကိုရေထဲနှစ်လိုက်သလို ကြားသမျှအကြောင်းအရာတွေကို အကုန်မစုပ်ယူလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ကြားသမျှအရာတွေမှာ အဓိကအားဖြင့်နှစ်မျိုးနှစ်စားပဲရှိပြီး၊ အဲဒါတွေကတော့ ဖြစ်ရပ်မှန်နဲ့ထင်မြင်ချက်တို့ပဲဖြစ်တယ်ဆိုတာ သတိထားဖို့လိုတယ်။ ကြားသမျှအကြောင်းအရာတွေကိုနားထောင်ပြီး ဒီဟာတွေဟာ ဖြစ်ရပ်မှန်လား၊ ထင်မြင်ချက်ကို ခံစားချက်ထည့်ပေါင်းထားတာလားဆိုတာ ဆန်းစစ်ရပါမယ်။ ဒီနေရာမှာ ကိုယ်ကြားခဲ့တဲ့သတင်းရဲ့ဇစ်မြစ်ကိုလည်း ထည့်စဉ်းစားရပါမယ်။
ပဉ္စမအချက်ကတော့ ကိုယ်ကြားခဲ့ရတဲ့အချက်ကို လူတွေဘယ်လောက်လက်ခံကြတယ်၊ ဘယ်လိုထင်မြင်ကြတယ်၊ ဘယ်လိုတုန့်ပြန်ကြတယ်ဆိုတာ လေ့လာစူးစမ်းဖို့ပဲဖြစ်ပါတယ်။ ဒါဟာ အဖြေမှန်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ဒီအချက်ပေါ်အခြေခံပြီး ထပ်မံတွေးစရာတွေ အများအပြားရှိလာနိုင်ပါတယ်။ ကိုယ့်ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းပေါ်မူတည်ပြီးတော့ပေါ့ဗျာ။

ဒီအချက်(၅)ချက်ကို နားလည်မယ်ဆိုရင် အလွယ်တကူဦးနှောက်ကျင်းမခံရနိုင်ဘူးလို့ သုတေသီတွေက သုတေသနပြုတင်ပြထားပါတယ်။
ဒါကြောင့် ကြက်ဟင်းခါးရွက်ချိုတယ်လို့ ဘယ်ရုက္ခစိုးကပဲ မစားရ၀ခမ်းပြောနေ ပြောနေ ကိုယ်လေ့လာဆည်းပူးခဲ့တဲ့ ပညာဗဟုသုတတွေကို အခြေခံပြီး ကိုယ့်ဦးနှောက်ကိုကိုယ် အားကိုးခြင်းသည် သာလျှင် အမှန်ကန်ဆုံးနည်းလမ်း ဖြစ်ပါတယ် ခင်ဗျာ..။

ဦးဦးမှော်ဆရာ
(၁၁-၉-၂၀၁၂)

Ref: New Leader by Edward Hunter
      Brainwashing: The Science of Thought Control by Kathleen Taylor
      နီမင်းဆွေ -  နတ်ဝတ်ပုဆိုး တိမ်မီးခိုးနှယ်
      Propaganda Critic

ဓါးသွားထက် ကလောင်သွားထက်ကြောင်း ကိုမိုးအေးပြောပြတဲ့စာ

0 comments

လွတ်လပ်ရေးကြိုးပမ်းမူကာလတွေအသားအရောင်ခွဲခြားမှုတိုက် ဖျက်ရေးလှုပ်ရှားမူတွေ - ဒီမိုကရေစီရေးလှုပ်ရှားမူကာလတွေ ပေါ်ပေါက်လာတိုင်း The Pen Is Mightier than the Sword ကလောင်ဟာ ဓားသွားထက်ထက်တယ်ဆိုတဲ့ဆိုရိုးစကား ..  The Pen Stings worse than an arrow ကလောင်သွား မြားသွားထက် ပိုစူးတယ်ဆိုတဲ့အသုံးတွေနဲ့အတူ လွတ်လပ်မှုအတွက် ကလောင်နဲ့တိုက်ပွဲဝင်တဲ့လှုပ်ရှားမူတွေပေါ်ပေါက်စမြဲပါ။ အလားတူပဲ ကလောင်လက်နက်ကိုင်စွဲပြီး မျက်ကန်းမျိုးချစ်ဝါဒီတွေ၊ အစွန်းရောက်အကြမ်းဖက်သမားတွေ၊ အာဏာရှင်တွေကိုမွေးထုတ်ပေး ခဲ့တဲ့ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။ ဒီအထဲမှာ ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုကတော့ ဟစ်တလာကို မွေးထုတ်ပေးခဲ့တဲ့ သတင်းစာဆရာ စာရေးဆရာ ယူလီရိုစထရိုက်ခါရဲ့ Julius Streicher ဖြစ်ရပ်ပါ။


ယူလီရိုစထရိုက်ခါဘ၀ ကျောင်းဆရာကစတယ်
ဂျူး - ကွန်မြူနစ်ဆန့်ကျင်ရေးနဲ့ဂျာမန်အမျိုးသားရေးဝါဒ
စထရိုက်ခါ-ဟစ်တလာနဲ့ မုန်တိုင်းသတင်းစာ
ကလောင်လက်နက်ကြောင့် ကြိုးပေးခံရသူ
စထရိုက်ခါလိုကလောင်စွမ်းမပြမိစေဖို့
စထရိုက်ခါဟာ ၁၈၈၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ ဂျာမနီအနောက်တောင်ပိုင်းမှာရှိတဲ့ အော့ဇ်ဘာ့ဂ်မြို့နယ်ထဲက ရွာလေးတစ်ရွာမှာမွေးဖွားကြီးပြင်းခဲ့သူပါ။ ဖခင်ဖြစ်သူက ကျောင်းဆရာတစ်ဦးဖြစ်သလို သူကိုယ်တိုင်လည်း မူလတန်းပြဆရာတစ်ဦးအနေနဲ့ ဘ၀စတင် ရပ်တည်ပါတယ်။ အသင်အပြလည်းကောင်း၊ အပြောလည်းကောင်းတဲ့စထရိုက်ခါဟာ အသက် ၂၄ နှစ် အရွယ်မှာ နျူရင်ဘတ်မြို့မှာ မူလတန်းကျောင်အုပ်ဖြစ်လာပါတယ်။ နျူရင်ဘတ်မြို့သူနဲ့ အိမ်ထောင်ကျခဲ့သလို နျူရင်ဘတ်မြို့ဟာ သူမြတ်နိုးတွယ်တာခဲ့ရတဲ့ သူ့အနာဂတ်အတွက် အရေးပါတဲ့မြို့တစ်မြို့ ဖြစ်လာပါတယ်။ စထရိုက်ခါ အသက် ၂၉ နှစ်အရွယ် ၁၉၁၄ ခုနှစ်မှာ ပထမကမ္ဘာစစ်ဖြစ်ခဲ့ပါတယ်။ အမျိုးသားတိုင်းတပ်ထဲမ၀င်မနေရအမိန့်နဲ့ စထရိုက်ခါဟာ ကျောင်းဆရာဘ၀ကိုစွန့်ပြီး  တပ်ထဲဝင်ခဲ့ရပါတယ်။ ၁၉၁၈ ခုနှစ် ဂျာမန်တွေ စစ်ရှုံးပြီးချိန်မှာ တပ်ကထွက်ခဲ့ပြီး မူလကျောင်းဆရာအလုပ် ပြန်လုပ်ပါတယ်။ ကျောင်းဆရာပြန်လုပ်နေရပေမယ့် စထရိုက်ခါဟာ စစ်ရဲ့ခါးသီးမှုတွေကိုမမေ့ပျောက်နိုင်ခဲ့ပါဘူး။ စစ်ရဲ့ခါးသီးမှုဆိုရာမှာ စစ်ရဲ့အနိဋ္ဌာရုံတွေထက် စစ်ရှုံးခဲ့ရတဲ့အပေါ် မမေ့နိုင်ခဲ့တာပါ။

စစ်ရှုံးစာချူပ်နဲ့ စထရိုက်ခါအမြင်
ပထမကမ္ဘာစစ်အဆုံးသတ်ဖို့ဆိုပြီး မဟာမိတ်တပ်တွေကနေ  ဗာဆိုင်းသဘောတူစာချုပ်လက်မှတ်ထိုးဖို့ ဂျာမန်တွေကို ဖိအားပေးအကျပ်ကိုင်ခဲ့ပါတယ်။ နျူရင်ဘတ်မြို့ကိုဗဟိုပြုပြီး  ဂျာမန်တနိုင်ငံလုံးကို ဖြတ်လေးဖြတ်စနစ် ကျင့်သုံးပိတ်ဆို့ခဲ့တာပါ။ နောက်ဆုံး ဂျာမန်တွေအရှုံးပေးခဲ့ရပြီး သဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ရပါတယ်။ စစ်လျော်ကြေးတွေပြန်ပေးဖို့သဘောတူခဲ့ရသလို စစ်ပွဲဖန်တီးသူဟာ ဂျာမန်ပါဆိုတဲ့ဝန်ခံချက်ကိုလည်း သဘောတူလက်မှတ်ထိုးပေးခဲ့ရပါတယ်။ အနာဂတ်မှာ ဂျာမန်စစ်အင်အား  သိန်းထက်ပိုဖွဲ့စည်းခွင့် မရှိဆိုတာကိုလည်းသဘောတူခဲ့ရပါတယ်။  စစ်အဆုံးသတ်ရေးစာချုပ်ဟာ ဂျာမန်အင်ပါယာပြိုကွဲအောင် ဂျာမန်တွေရဲ့အမျိုးဂုဏ်သိက္ခာ ညှိုနွမ်းအောင်ချိုးနှိမ်ခဲ့တဲ့စာချုပ်လို့ စထရိုက်ခါကယုံကြည်ပါတယ်။

ကမ္ဘာစစ်ပြီးခါနီး ရုရှားနိုင်ငံမှာ အောက်တိုဘာတော်လှန်ရေးနဲ့အတူ ကွန်မြူနစ်တွေအာဏာရလာပါတယ်။ ကွန်မြူနစ်အယူဝါဒကိုကိုင်စွဲပြီး ဆိုဗီယက်အင်ပါယာချဲ့ထွင်ဖို့ ကြိုးစားလာတဲ့အပေါ်ကိုလည်း အင်ပါယာဖျက်ဆီးခံခဲ့ရတဲ့ဂျာမန်လူမျိုးစထရိုက်ခါက ဘ၀င်မကျခဲ့ပါဘူး။ စစ်ရှုံးပြီး နာလန်မထူနိုင်ဖြစ်နေတဲ့ဂျာမန်မြေပေါ်မှာ ဆိုဗီယက်ကွန်မြူနစ်ဝါဒမျိုးစေ့ချဖို့ ကြိုးစားလာတာကိုလည်း စထရိုက်ခါက သဘောမကျပါဘူး။
ဂျာမန်ပြည်သူတွေ အငတ်ငတ်အပြတ်ပြတ်နဲ့ စစ်လည်းရှုံးရ၊ မျိုးနွယ်ဂုဏ်သိက္ခာလည်း ကုန်းကောက်စရာမရှိအောင် ကျဆင်းခဲ့ရ.. ဆိုဗီယက်ကွန်မြူနစ်အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရတာတွေကို အချိန်မီကုစားသင့်တယ်လို့ စထရိုက်ခါကယူဆပါတယ်။ ဂျာမန်တွေ စုတ်ပြတ်သတ်နေချိန်မှာ ဆီဦးထောပတ်စားနေနိုင်တဲ့ လူနည်းစုဂျူးလူမျိုးတွေကိုလည်း သူကအမြင်မကြည်လင်ခဲ့ပါဘူး။  ဂျူးတွေဟာ မဟာမိတ်တွေ၊ ရုရှားကွန်မြူနစ်တွေနဲ့ပေါင်းပြီး ဂျာမန်လူမျိုးတွေအပေါ် အမြတ်ထုတ်သစ္စာဖောက်သူတွေအဖြစ် စထရိုက်ခါကရှုမြင်ပါတယ်။ စစ်ရှုံးဂျာမန်တွေကို ဂျာမန်မျိုးချစ်စိတ်ဓာတ်တွေသွတ်သွင်းပေးရမယ်လို့ ယုံကြည်ပါတယ်။  စထရိုက်ခါလိုအယူအဆရှိနေသူ နောက်တစ်ဦးကတော့ သြစတြီးယားမှာမွေးပြီး ဂျာမနီမှာအာဏာရှင်ဖြစ်လာမယ့် အဒေါ့ဖ်ဟစ်တလာပဲဖြစ်ပါတယ်။

ဂျူးတွေကို သစ္စာဖောက်တွေ ဂုတ်သွေးစုပ်နေသူတွေလို့ စထရိုက်ခါကယုံကြည်နေချိန်မှာ ဟစ်တလာကလည်း မြူးနစ်မြို့မှာ ဂျူးဆန့်ကျင်ရေးတရားနဲ့လူကြိုက်များလာချိန်ပါ။ ၁၉၂၂ ခုနှစ်ထဲမှာ စထရိုက်ခါဟာ နျူရင်ဘတ်ကနေ မြူးနစ်ထိသွားရောက်ပြီး ဟစ်တလာတရားပွဲကို သွား နားထောင်ခဲ့ပါတယ်။ ဟစ်တလာရဲ့အပြောအဆိုတွေကိုသဘောကျခဲ့သလို စစ်ရှုံးလို့စိတ်ဓာတ်ပျက်ပြားနေတဲ့ဂျာမန်လူ့အဖွဲ့အစည်းကို  ဟစ်တလာလိုခေါင်းဆောင်မျိုးသာ ကယ်တင်နိုင်မယ့်သူလို့ယုံကြည်ခဲ့ပါတယ်။ ဟစ်တလာလိုဂျူးဆန့်ကျင်ရေးတရား ရဲရဲတင်းတင်းဟောရဲသူကို ဂျာမန်လူထုထောက်ခံလာဖို့လိုတယ်လို့လည်း စထရိုက်ခါကယူဆပါတယ်။ အဲဒီအယူအဆနဲ့ပဲ ၁၉၂၃-ခုနှစ်မှာ မုန်တိုင်း ဒါမှမဟုတ် တိုက်စစ်မှူးလို့အမည်ရမယ့်သတင်းစာကို စထရိုက်ခါက ထုတ်ဝေဖြန့်ချိပါတယ်။ ဂျူးဆန့်ကျင်ရေးသတင်းဆောင်းပါးတွေရေးပြီး ဂျာမန်အမျိုးသားရေးစိတ်ဓာတ်မြှင့်တင်ပေးဖို့နဲ့ ဟစ်တလာရဲ့နာဇီပါတီကိုလူကြိုက်များလာအောင် စည်းရုံးဝါဒဖြန့်ပေးပါတယ်။ အဲဒီနှစ်မှာ နိုင်ငံတော်အာဏာသိမ်းဖို့ကြိုးစားမူနဲ့ ဟစ်တလာအဖမ်းခံရပါတယ်။ ဟစ်တလာကိုပြန်လွှတ်ပေးဖို့နဲ့ နာဇီပါတီပြန်ထူထောင်ခွင့်ရဖို့ တွေကိုလည်း စထရိုက်ခါက ကလောင်သွားနဲ့လှုပ်ရှားနိုင်ခဲ့သူပါ။ ၁၉၂၅ ခုနှစ် ဟစ်တလာပြန်လွတ်လာချိန်မှာ စထရိုက်ခါကို နျူရင်ဘတ်မြို့ရဲ့ နာဇီပါတီတာဝန်ခံအဖြစ် ခန့်အပ်ပါတယ်။  ပါတီတာဝန်ခံလည်းဖြစ် သတင်းစာတိုက်ပိုင်ရှင်လည်းဖြစ်တဲ့စထရိုက်ခါဟာ ဂျူးဆန့်ကျင်ရေးကို မီးကုန်ယမ်းကုန်ဝါဒဖြန့်တော့တာပါပဲ။
ဂျာမန်စီးပွားရေးကိုချုပ်ကိုင်ထားတဲ့ လူနည်းစုဂျူးတွေကိုဆန့်ကျင်လိုတယ်ဆိုရင် ဂျူးတွေ ထုတ်လုပ်ရောင်းချတာတွေဝယ်ယူအားမပေးဖို့ မုန်တိုင်းသတင်းစာက ဂျာမန်လူထုကို တိုက်တွန်းပါတယ်။ ဂျာမန်ကလေးတွေအတွက် ဂျူးမုန်းတီးရေးပုံပြင်တွေ ဖန်တီးရေးသားပါတယ်။ ဂျာမန်အစိုးရ၀န်ကြီးဌာနတွေနဲ့ အာဏာပိုင်အဆင့်ဆင့်မှာ ဂျူးသွေးပါသူတွေကို ရာထူးတာဝန်တွေမပေးဖို့ လှုံ့ဆော်ရေးသားပါတယ်။ ဂျာမန်အစိုးရထဲက ဂျူးအရာရှိတွေကို အဂတိလိုက်စားသူတွေ အကျင့်ပျက်ခြစားသူတွေအဖြစ် သတင်းဆောင်းပါးတွေနဲ့ဝေဖန်ရေးသား တိုက်ခိုက်ပါတယ်။ ဂျာမန်အမျိုးသမီးငယ်တွေကို ဂျူးသူဌေးတွေကခြေတော်တင်တဲ့ လုပ်ကြံသတင်းတွေကိုဖြန့်ချိပါတယ်။  ဂျာမန်အနုပညာရှင်တွေကို ဂျူးဆန့်ကျင်ရေးပြဇာတ်တွေ သီချင်းတွေရေးပေးတာမျိုးစတဲ့ စာပေအနုပညာနယ်ကိုအသုံးချပြီး ဂျူးဆန့်ကျင်ရေး ဂျာမန်မျိုးချစ်စိတ်ဓာတ်ရှင်သန်လာရေးနဲ့ နာဇီပါတီအာဏာရရေးကိုလှုံ့ဆော်ခဲ့တာပါ။
၁၉၃၃ ခုနှစ်မှာ ဟစ်တလာ ဂျာမနီဝန်ကြီးချုပ်ဖြစ်လာသလို မုန်တိုင်းသတင်းစာဟာလည်း ဂျာမန်တွေရဲ့အသည်းစွဲသတင်းစာ ဖြစ်လာပါတယ်။ ၁၉၃၄မှာ ဟစ်တလာဟာ အတိုက်အခံအဖွဲ့အစည်း မှန်သမျှကိုဖယ်ရှားရှင်းလင်းခဲ့ပြီး နာဇီပါတီကပဲတိုင်းပြည်ကိုအုပ်ချုပ်သွားမယ့် တစ်ပါတီစနစ်ကို စတင်ကျင့်သုံးပါတယ်။ ဟစ်တလာလုပ်ချင်တာလုပ်လို့ရအောင် အဓိက၀ါဒဖြန့်ပေးတာကတော့ စထရိုက်ခါရဲ့ မုန်တိုင်းသတင်းစာပါပဲ။ ဂျူးဆန့်ကျင်ရေးနဲ့ အမျိုးသားရေးစိတ်သွတ်သွင်းနိုင်ခဲ့ တဲ့မုန်တိုင်းသတင်းစာဟာ ဂျာမန်စစ်အင်အားတောင့်တင်းဖို့ ဂျာမန်အင်ပါယာပြန်လည်ထူထောင်ဖို့ စစ်ရှုံးစာချုပ်ကိုလက်မခံဖို့တွေကို တစ်ဆင့်တက်ရေးသားလာပြန်ပါတယ်။ ဟစ်တလာကလည်း စစ်ရှုံးစဉ်က လက်မှတ်ထိုးသဘောတူတာအားလုံးကို မလိုက်နာနိုင်တော့ကြောင်း အတိအလင်းကြေညာပြီး ဂျာမန်စစ်အင်အားကိုတိုးချဲ့ပါတယ်။ ဟစ်တလာအတွက် လူထုကြိုက်မယ့် စကားလုံးတွေရွေးပေးခဲ့သူ၊ ဟစ်တလာအတွက် ကလောင်တချောင်းနဲ့ဝါဒဖြန့်ပေးခဲ့သူဟာ ယူလီရိုစထရိုက်ခါပဲဖြစ်ပါတယ်။ ဟစ်တလာရဲ့မျက်နှာသာပေးမှုကိုရနေတဲ့စထရိုက်ခါကို ကျန်နာဇီခေါင်းဆောင်တွေက မနာလိုဝန်တိုခဲ့ကြပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဟစ်တလာဟာ စထရိုက်ခါကို နျူရင်ဘတ်နာဇီပါတီတာဝန်ခံမလုပ်စေတော့ဘဲ မုန်တိုင်းသတင်းစာကိုပဲ ဦးစားပေးလုပ်ဝါဒဖြန့်ချိစေ ခဲ့ပါတယ်။
အကျဉ်းချုပ်ရရင်တော့ ဟစ်တလာဟာ ဒုတိယကမ္ဘာစစ်ကြီးကို ဖန်တီးခဲ့ပါတယ်။ ဂျာမန်တွေပဲစစ်ရှုံးခဲ့ပြီး ဟစ်တလာက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ စထရိုက်ခါကတော့ အမေရိကန်တပ်တွေရဲ့ ဖမ်းဆီးမှုခံရပြီး  တခြားနာဇီစစ်ခေါင်းဆောင်တွေနဲ့အတူ နျူရင်ဘတ်စစ်ခုံရုံးမှာ စွဲချက်တင်ခံခဲ့ရပါတယ်။

နျူရင်ဘတ် နိုင်ငံတကာစစ်ခုံရုံးမှာ စွဲချက်တင်သေဒဏ်ပေးခံရသူတွေဟာ  စစ်ပွဲအကြိုကာလကစစ်ရန်စမှုတွေနဲ့ စစ်ပွဲကာလစစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သူတွေအများစုပါ။ စစ်ရန်စမှု၊ စစ်ရာဇ၀တ်မှုကျူးလွန်မူမရှိခဲ့ဘဲ သေဒဏ်ပေးခံခဲ့ရသူကတော့ စထရိုက်ခါတစ်ဦးပဲရှိခဲ့ပါတယ်။ နာဇီစစ်ဘက်အရာရှိကြီးတချို့တောင် သေဒဏ်ကလွတ်ပြီး ထောင်အနှစ် ၂၀တို့၊ တစ်ချို့ဆို ကွင်းလုံးကျွတ်လွတ်ခဲ့သူတွေတောင်ရှိခဲ့ပါတယ်။ စစ်အရာရှိတွေတောင် အမှုကလွတ်ခဲ့၊ သေဒဏ်ကလွတ်ခဲ့ပေမယ့်  ဟစ်တလာအတွက် စစ်ကြိုကာလမှာဝါဒဖြန့်ချိရေးလုပ်ပေးခဲ့သူ  သတင်းစာတိုက်ပိုင်ရှင်၊ စာရေးဆရာ၊ ကျောင်းဆရာစထရိုက်ခါကို ဘာလို့သေဒဏ်ပေးခဲ့တာလဲဆိုတာဟာ စိတ်ဝင်စားစရာကောင်းသလို သတိထားဆင်ခြင်စရာ ကောင်းလှပါတယ်။
စထရိုက်ခါဟာ ဟစ်တလာရဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးလည်းမဟုတ်၊ နာဇီစစ်အရာရှိလည်း မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းမရှိသလို သတ်ဖြတ်ဖို့အမိန့်လည်း မပေးခဲ့ပါဘူး။ လူ့ငရဲစခန်းတွေလို့နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အကျဉ်းစခန်းတွေဆောက်လုပ်ဖို့၊ ဂျူးတွေကို အမျိုးတုံးသတ်ဖြတ်ဖို့အကြံပေးစီစဉ်ခဲ့သူလည်း မဟုတ်ပါဘူး။ စစ်မဖြစ်ခင်ကတည်းက နျူရင်ဘတ်နာဇီပါတီတာဝန်ခံအဖြစ်က နုတ်ထွက်ပြီး သတင်းဆောင်းပါးတွေပဲရေးသားနေခဲ့သူပါ။
နျူရင်ဘတ်စစ်ခုံရုံးမှာ စထရိုက်ခါနဲ့တခြားနာဇီစစ်ရာဇ၀တ်ကောင်တွေကို ရုံးတင်ရာမှာ စွဲချက်  ခုနဲ့  တင်ပါတယ်။ အဲဒီ  ချက်ကတော့
-စစ်ဖြစ်အောင် ကြိုတင်ကြံစည်မှု
-နိုင်ငံတကာသဘောတူစာချုပ်တွေကိုဖောက်ဖျက်ပြီး ကျူးကျော်စစ်ဆင်နွှဲမှု
-စစ်ပွဲကာလမှာ စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့မှု
လူ့မျိုးနွယ်ဂုဏ်သိက္ခာကျဆင်းအောင်၊ လူမျိုးတစ်မျိုးရဲ့အသရေပျက်ပြားအောင်၊ လူမဆန်တဲ့ရာဇ၀တ်မှုတွေကျူးလွန်ခဲ့မှုဆိုတဲ့စွဲချက်  ခုနဲ့ ရုံးတင်စစ်ဆေးခဲ့တာပါ။
ယူလီရိုစထရိုက်ခါကို စွဲချက်  ခုနဲ့တင်ပါတယ်။ ဒါပေမယ့် စွဲချက်တစ်ခုမှာပဲအပြစ်ရှိကြောင်း ခုံရုံးကဆုံးဖြတ်ပါတယ်။ အဲဒါကတော့ ဂျူးမျိုးနွယ်ဂုဏ်သိက္ခာကျဆင်းအောင်၊ ဂျူးတွေကိုအသရေပျက်အောင်၊ လူ့အဖွဲ့အစည်းမှာ ဂျူးတွေရှင်သန်ရပ်တည်လို့မရအောင် ကလောင်လက်နက်နဲ့ တစ်ဖက်သတ်ဝါဒဖြန့်ခဲ့တယ်ဆိုတဲ့စွဲချက်ပါ။
စထရိုက်ခါနဲ့ သူ့မုန်တိုင်းသတင်းစာသာမရှိခဲ့ရင်၊ စထရိုက်ခါသာ ဂျူးဆန့်ကျင်ရေးဆောင်းပါးတွေစာအုပ်တွေမရေးခဲ့ဘူးဆိုရင် ဂျာမန်လူမျိုးတွေကြားမှာ ဂျူးမုန်းတီးရေးအတွေးအခေါ်တွေဝင်မလာနိုင်ဘူးလို့ စစ်ခုံရုံးကသုံးသပ်ပါတယ်။ စထရိုက်ခါ အနှစ် ၂၀ ကျော် ရေးသားဖြန့်ချိခဲ့မှုတွေဟာ ဂျူးတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့အခြေအနေဖြစ်လာစေတယ်လို့ခုံရုံးကဆုံးဖြတ်ပြီး ကလောင်နဲ့လက်စွမ်းပြခဲ့တဲ့ စထရိုက်ခါကို သေဒဏ်ချမှတ်ခဲ့တာပါ။ ၁၉၄၆ ခုနှစ် အောက်တိုဘာ ၁၆ရက်မှာ သူသိပ်ချစ်ခဲ့တဲ့နျူရင်ဘတ်မြို့မှာ ကြိုးပေးသတ်ဖြတ်ခံခဲ့ရပါတယ်။

အာဏာရှင်တွေအောက်နေခဲ့ရတဲ့၊ နေနေရတဲ့နိုင်ငံတွေမှာ စထရိုက်ခါလိုပုဂ္ဂိုလ်မျိုးတွေရှိတတ်ပါတယ်။ ယုံကြည်ချက်ကြောင့်ပဲဖြစ်ဖြစ် ကိုယ်ကျိုးစီးပွားအရပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့်အာဏာရှိသူတစ်ဦးတစ်ယောက်ကို အာဏာရှင်ကြီးတစ်ဦးဖြစ်သွားစေဖို့ အရူးဘုံမြှောက် လှုံ့ဆော်ဆောင်းပါးတွေရေးပေးတာမျိုး .. အာဏာရှင်အတွက် လူကြိုက်များမယ့်စကားလုံး လှလှလေးတွေနဲ့ မိန့်ခွန်းတန်ဆာဆင်ပေးရတာမျိုး .. အာဏာရှင်အကြိုက် အတိုက်အခံတွေကို ချိုးနှိမ်ဝေဖန်ဝါဒဖြန့်ဆောင်းပါးတွေ၊ စာအုပ်တွေရေးပေးတာမျိုး၊ အာဏာရှင်အတွက် ၀ါဒဖြန့်ချိရေး၊ ဖျော်ဖြေရေးအစီအစဉ်တွေ စီစဉ်တင်ဆက်ပေးတာမျိုး၊ အာဏာရှင်ကို တကယ့်မျိုးချစ်သူရဲကောင်း တစ်ဦးလို ကျေးဇူးရှင်တစ်ယောက်လိုပုံဖော်ဝါဒဖြန့်ပေးတာမျိုး လုပ်ပေးသူတွေရှိစမြဲပါ။ အဲဒီလိုလူမျိုးတွေဟာ လူတစ်ဦးတစ်ယောက်တစ်ဖွဲ့အပေါ် ဖမ်းဆီးသတ်ဖြတ်ဖို့ ကျူးလွန်ခဲ့သူတွေမဟုတ်သလို  ကျူးလွန်ဖို့အမိန့်ပေးသူတွေလည်း မဟုတ်ပါဘူး။ ဒါပေမယ့် နျူရင်ဘတ်စစ်ခုံရုံးရဲ့ အခြေခံစဉ်းစားချက်တွေအရဆိုရင်တော့ အာဏာရှင်တွေကို ပိုပြီးဘ၀င်မြင့်ရူးသွပ်စေဖို့၊ အာဏာရှင်ကို လူသားမဆန်တဲ့ပြစ်မှုတွေကျူးလွန်စေဖို့ ယူလီရိုစထရိုက်ခါလိုပဲ ကလောင်လက်နက်နဲ့ မြှောက်ပင့်တွန်းအားပေးနေသူတွေလို့ယူဆနိုင်ပါတယ်။
ဆိုလိုတာကတော့ နိုင်ငံရေးဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇ၀တ်မူတွေကျူးလွန်ရာမှာ ကျူးလွန်ဖို့အမိန့်ပေးစေခိုင်းသူနဲ့ အမိန့်နာခံပြီးကိုယ်တိုင်ကျူးလွန်ခဲ့သူတွေမှာပဲ အပြစ်ရှိတာမဟုတ်ပါဘူး။ အာဏာရှိသူတွေဘက်ကနေရပ်တည်ပြီး အာဏာရှင်အကြိုက် အနုပညာ၊ ကလောင်လက်နက်နဲ့ လှုံ့ဆော်တွန်းအားပေးရေးသားသူတွေမှာလည်း ကြီးလေးတဲ့အပြစ်ရှိတယ်ဆိုတဲ့သဘောပါ။ ကလောင်သွားဟာ ဓားသွားထက် ထက်တယ်ဆိုပေမယ့် စထရိုက်ခါလိုကလောင်သွားမထက်မိဖို့တော့  သတိထားဆင်ခြင်ကြရပါလိမ့်မယ်။
မိုးအေး (moeayedvb@gmail.com)
မှီငြမ်း
-Charter of the International Military Tribunal August Äç 1945
-The E_ecution of Nazi War Criminals by Kingsbury Smith
-Julius Streicher- Nazi Editor of the Notorious Anti-Semitic Newspaper Der Sturmer by Randall L.Bytwerk
-The Anatomy of the Nuremberg Trails by Telford Taylor (1992)
-TV documentary of Julius Streicher- Der Judenhetzer
တွေ့တာနဲ့ယူတာက ဒီကဖြစ်ပါတယ် https://www.facebook.com/myanmartandawsint