Tuesday, September 30, 2014

ဦးစံလင်းနဲ့ဗိုလ်အောင်မင်းတို့ ဘာကြောင့် အောင်မြင်တဲ့အကျိုးရလဒ် မရရှိခဲ့သလဲ(တူမောင်ညို)

0 comments
ဗိုလ်အောင်မင်းနဲ့ နောက်ပါ (MPC)တစ်သိုက်ရဲ့အဖြစ်က “ကြိုပွိုင့်”တွေ အချီကြီးပေးမိတဲ့ “လေပတ်ကား” ပဲပွဲစားတွေနဲ့ သွားတူနေပါတယ်။ “အချက်(၁ဝ၄)ချက်နဲ့စပြီး ညှိခဲ့ကြပြီး မူကြမ်းအချက်(၅)ချက်သာကျန်တော့တဲ့အတွက် ယခုတစ်ကြိမ်ဆွေးနွေးပွဲမှာ အပြီးသတ်လက်မှတ် ရေးထိုးနိုင်ကြလိမ့်မယ်”ဆိုတဲ့ စိတ်ကူးယဉ်မှုလေးဟာ လေထဲမှာကျေပျက်သွားပြီဖြစ်ပါတယ်။ ဦးစံလင်းတို့အုပ်စု “ဓမ္မစေတီ ခေါင်းလောင်း” ဆယ်မရသလိုပဲ။ ဗိုလ်အောင်မင်းတို့အုပ်စုလည်း “အပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုတဲ့ ခေါင်းလောင်း”ကို ဆယ်လို့ မရခဲ့ပါဘူး။

ဦးစံလင်းနဲ့ဗိုလ်အောင်မင်းတို့မှာ ဘာကြောင့် အောင်မြင်တဲ့အကျိုးရလဒ်မရခဲ့သလဲ။
တစ်ခွန်းထဲပြောရရင် ဖြောင့်မတ်မှန်ကန်တဲ့သဘောထားအခြေခံနဲ့ မှန်ကန်တဲ့နည်းလမ်းကိုမကျင့်သုံးခဲ့ကြတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ဦးစံလင်းတို့ ခေါင်းလောင်းဆယ်တဲ့အဖွဲ့ကလည်း သိပ္ပံနဲ့နည်းပညာတွေ စဉ်ဆက်မပြတ်ဆန်းသစ်ပေါက်ကွဲပေါ်ထွက်နေတဲ့ ၂၁ ရာစုမှာ အလယ်ခေတ်၊ အမှောင်ခေတ်ကနည်းနာတွေဖြစ်တဲ့ နတ်နဂါး၊ ဂါထာမန္တယားတွေနဲ့ ခေါင်းလောင်းဆယ်ယူဖို့ မိုက်မဲစွာ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီး၊ ရလဒ်က အချိန်နဲ့ငွေကုန်ပြီး တစ်ရှက်က နှစ်ရှက်ဆိုသလို  အရှက်ရစရာတွေချည်းဖြစ်ခဲ့ရတယ်။ ယနေ့လူငယ်ထုနဲ့ ပြည်သူများ အကြားမှာတော့“ဦးစံလင်း၊ နတ်နဂါးနဲ့ ဂါထာမန္တယား”တို့ဆိုတာ ရယ်ပွဲဖွဲ့စရာ ၊ လှောင်ပြောင်စရာအဖြစ် ဇာတ်သိမ်းသွားခဲ့ပါပြီ။ ဦးစံလင်းတို့ အနေနဲ့လည်း “နတ်နဂါးနဲ့ ဂါထာမန္တယား”ကို အားကိုးပြုပြီး ဆက်လက်ရှာနေကြဦးမယ်ဆိုရင် ဓမ္မစေတီခေါင်းလောင်းဝေးပါသေးတယ်၊ နို့အေးချောင်းသည်တွေကိုင်တဲ့ “ဂလိုင်လေး”တောင် ရှာတွေ့မှာမဟုတ်ပါဘူး။

ဗိုလ်အောင်မင်းနဲ့ (MPC)အဖွဲ့ကလည်း အပစ်အခတ်ရပ်စဲရေးခေါင်းလောင်းကြီး ဆယ်တဲ့ကိစ္စမှာ ဦးစံလင်းတို့လိုပဲ “နတ်နဂါးနဲ့ ဂါထာမန္တယား” ပုံစံတမျိုးကိုကျင့်သုံးခဲ့ကြတာပါပဲ။ ဗိုလ်အောင်မင်းတို့အဖွဲ့ကျင့်သုံးခဲ့တဲ့ နတ်နဂါးနဲ့ ဂါထာမန္တယားကတော့ “ကာချုပ်ရဲ့မူဝါဒ (၆) ရပ်” ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ “မူဝါဒ ၆ ရပ်”ကိုင်စွဲထားသမျှ အပစ်အခတ်ရပ်စဲရေးစာချုပ် ပေါ်ထွက်လာနိုင်စရာအကြောင်း မရှိပါ။ ငြိမ်းချမ်းရေးဘယ်တော့မှ ရနိုင်လိမ့်မည်မဟုတ်ပါ။

ဒီသဘောထား၊ ဒီမူဝါဒကို စက်တင်ဘာ(၁၉)ရက်နေ့မှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်က “နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) သင်တန်း” ဖွင့်ပွဲမှာ ထပ်ပြီးပြောခဲ့ပါတယ်။ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့ပြောဆိုမှုဟာ မောက်မာရင့်သီးတဲ့ပြောဆိုချက်ဖြစ်ပါတယ်။
လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုများကိုခုတုံးလုပ်ပြီး ပြည်ပနဲ့နယ်စပ်ရောက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ပြည်တွင်းပြန်လည် ဝင်ရောက်လာပြီး၊ ရှင်သန်ရပ်တည်လာတာဖြစ်တယ်၊ နိုင်ငံခြားအထောက်အပံ့ယူတယ်၊ နိုင်ငံရေးနဲ့စစ်ရေးအင်အားတည်ဆောက်ပြီး တောင်းဆိုမှုတွေလုပ်နေတယ်၊ (UNFC)၏ ငြိမ်းချမ်းရေးအတွက် အခက်အခဲဖြစ်လာနိုင်တယ်၊ သတိထားရမယ် စသဖြင့် ပြောခဲ့တာတွေပါ။

ဒီပြောဆိုချက်ဟာ ဆွေးနွေးဖက်အဖွဲ့အစည်းတစ်ခုအပေါ် အမည်ထုတ်ဖော်ပြီးပြောဆိုတာဖြစ်လို့ တန်းတူရည်တူသဘောမထားတာနဲ့ ရန်လိုမောက်မာတဲ့သဘောထားကို အတိအလင်းဖော်ပြတာဖြစ်ပါတယ်။ ဒါ့အပြင် “ဖဆပလ၊ တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီ၊ တပ်မတော်အစိုးရစသည့် ခေတ်(၄)ခေတ်လုံးတွင် ငြိမ်းချမ်ရေးရရှိရန် ကြိုးစားဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင် ခဲ့ကြောင်း”ဟူသောပြောဆိုချက်ကလည်း အုပ်စိုးသူများထံ လက်နက်ချ အညံ့ခံသွားသူတွေရှိခဲ့တဲ့အချက်ကို အတိုင်းအတာတစ်ခုထိ အောင်မြင်မှုလို့ ရည်ညွန်းပြောဆိုနေတာကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်ရိုက်စော်ကားလိုက်တာဖြစ်ပါတယ်။
တချို့ လက်နက်ချအညံ့ခံတာဟာ အတိုင်းအတာတစ်ခုအထိအောင်မြင်မှုဖြစ်ရင် အကြွင်းမဲ့လက်နက်ချအညံ့ခံခြင်းဟာ အပြည့်အဝ အောင်မြင်မှုလို့ ပြောချင်ပုံရပါတယ်။ သေချာတာတော့ ခေတ်အဆက်ဆက် တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးမရခဲ့ဖူးသေးတာကိုတော့ ကာချုပ် မသိမသာဝန်ခံထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အချို့ အဆက်ဆက်သောအုပ်စိုးသူများထံ လက်နက်ချအညံ့ခံသွားကြတဲ့ ဖြစ်ရပ်အချို့ရှိခဲ့တာကို သူတို့ဘက်က အောင်မြင်မှုအဖြစ်သတ်မှတ်တယ်၊ သဘောထားတယ်ဆိုတဲ့အချက်လည်း ပေါ်လွင်နေပါတယ်။

ကာချုပ်ကဒီလို ပေါ်လစီ မူဝါဒစကားကို တင်းတင်းမာမာပြောထားပြီးဖြစ်တဲ့အတွက် ဆဋ္ဌမအကြိမ် (Single text)မူကြမ်း ဆွေးနွေးပွဲမှာ ကာချုပ်ကိုယ်စားလှယ် ဗိုလ်မြင့်စိုးက “တပ်မတော်၏သဘောထားရပ်တည်ချက်မှာ နဂိုဆွေးနွေးပွဲများတွင်ချမှတ်ထားသည့်အတိုင်း မူဝါဒ ၆ ရပ်နှင့်အညီ ဆွေးနွေးသွားမည်ဖြစ်ကြောင်း” ပြောတယ်မဟုတ်ပါလား။ (UNFC)အပေါ် ကာချုပ်ပြောကြားချက်ကို မီဒီယာတစ်ခုကမေးတော့ “ကာချုပ်က သေချာလေ့လာပြီးမှ ပြောတာ”လို့ ဗိုလ်မြင့်စိုးက အတည်ပြုသွားတယ်မဟုတ်လား။ ကာချုပ်ရဲ့ပေါ်လစီမူဝါဒကို ဘယ်သူက ကျော်ပြီးဆွေးနွေးဝံ့မှာလဲ။ ဗိုလ်အောင်မင်းလည်း ကျော်ပြီးမဆွေးနွေးဝံ့ပါဘူး။ လွန်ခဲ့သော ဇွန်လ ၂၁ ရက်နေ့မှာ  ဗိုလ်အောင်မင်း စစ်တပ်ထံ (တာဝန်ထမ်းဆောင်ဆဲနဲ့အငြိမ်းစားများထံ) တောင်းပန်စာ ဆက်သွင်းထားရသူမဟုတ်ပါလား။
“၂ဝဝ၈ အခြေခံဥပဒေ”ပုဒ်မ ၂ဝ (ခ) မှာ “တပ်ပိုင်းဆိုင်ရာကိစ္စအားလုံး”ကို စစ်တပ်ကပဲ “လွတ်လပ်စွာ စီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်”လို့ ရေးဆွဲပြဋ္ဌာန်းထားတယ် မဟုတ်ပါလား။

ဒါကြောင့် ဗိုလ်အောင်မင်းတို့ (MPC)လူတစ်သိုက်အနေနဲ့လည်း “ကာချုပ်မူ ၆ ရပ်”အပေါ် ရပ်တည်ကိုင်စွဲနေသမျှ ကာလပတ်လုံး “ငြိမ်းချမ်းရေး လေပတ်ကားစကားတွေ”ကို ဘယ်လိုပဲ ကြွားလုံးထုတ်ပြောနေပါစေ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်မှာ မဟုတ်သလို၊ တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေကြတဲ့ငြိမ်းချမ်းရေးလည်း ပေါ်ပေါက်လာနိုင်လိမ့်မယ် မဟုတ်ပါ။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဘက်ကလည်း တချိန်တခါက “(KRC)စောဟန်တာသာမွှေး”ကဲ့သို့ စဉ်းစား လုပ်ဆောင်၊ အကောင်အထည်ဖော်လိုသူများ ပေါ်ထွက်လာလျှင်တော့“စောဟန်တာသာမွှေးရရှိဖူးတဲ့ငြိမ်းချမ်းရေးမျိုး”ရရှိကောင်း၊  ရရှိသွားပါ လိမ့်မယ်။ တချိန်က စောဟန်တာသာမွှေးနဲ့(KRC)တို့ ရရှိသွားခဲ့ဖူးတယ်ဆိုတဲ့၊ အဲဒီလိုငြိမ်းချမ်းရေးမျိုးဟာ တိုင်းရင်းသားပြည်သူတွေ လိုလားတဲ့ တကယ့်ငြိမ်းချမ်းရေးမျိုးမဟုတ်ပါဘူး။ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ပြောသလို“အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု”
ဆိုတာမျိုးတွေတော့ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

“နတ်နဂါးနဲ့ဂါထာမန္တယား”ကိုသာ လက်ကိုင်ပြုနေသမျှ ဦးစံလင်းတို့ ဓမ္မစေတီခေါင်းလောင်းဆယ်လို့ ရနိုင်မှာမဟုတ်သလို၊  “ကာချုပ်မူ ၆ ရပ်” ကိုင်စွဲထားနေသမျှ ဗိုလ်အောင်မင်းနဲ့(MPC)တို့လည်း အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း ရရှိနိုင်လိမ့်မည်မဟုတ်ပါ။ “ငြိမ်းချမ်းရေး”လည မရနိုင်ပါ။

“နိုင်ငံရေးဖရိန်ဝပ်” ငမ်းငမ်းတက်ပါဝင်ရေးဆွဲချင်နေကြတဲ့သူတွေအဖို့လည်း ခဲလေသမျှ သဲရေကျဖြစ်ရပြီပေါ့။

အတွင်းသဘောရ၊ အနှစ်သာအရပြောရရင် စစ်တပ်ပိုင် “မြဝတီသတင်းစာ”ထဲမှာ တနင်္လာနေ့တိုင်းဖော်ပြနေတဲ့ “ကာချပ်မူ ၆ ချက် (သို့မဟုတ်) စစ်တပ်ရဲ့ငြိမ်းချမ်းရေးမူ ၆ ချက်”ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို လက်နက်ချအညံ့ခံခိုင်းတာပဲ ဖြစ်ပါတယ်။
ညွန်း
 - ၂၃ စက်တင်ဘာ ၂ဝ၁၄ မြန်မာ့အလင်းသတင်းစာ၊
- ၂၇ စက်တင်ဘာ ၂ဝ၁၄ မြန်မာ့အလင်းသတင်းစာ၊
တူမောင်ညို(၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာ ၂ဝ၁၄)




Friday, September 26, 2014

သခင်သန်းထွန်း၏ နိုင်ငံ့ရေးရာကိစ္စနှင့်စပ်လျဉ်း၍ သံဃာတော်များသို့လျှောက်ထားချက်

0 comments
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးသခင်သန်းထွန်း၏ နိုင်ငံ့ရေးရာကိစ္စနှင့်စပ်လျဉ်း၍ သံဃာတော်များသို့ လျှောက်ထားချက်(ကောက်နှုတ်ချက်)
“ခြေတော်ဦးခိုက်လျှောက်ထားပါသည်၊ တပည့်တော်ကိုယ်တိုင် အလုပ်များနှင့်မအားမလပ်ဖြစ်နေပါသဖြင့် စာဖြင့်ရေးသား လျှောက်ထားပါသည်၊ ခွင့်လွှတ်နိုင်မည်ဟု ယုံကြည်ပါသည်ဘုရား”

ရန်ကုန်နေပြည်တော်တွင် ဂျပန်များထွက်သွားပြီးနောက် နိုင်ငံရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် သံဃာတော် အရှင်သူမြတ်များပါဝင်သည်ကို မတွေ့ကြရသဖြင့် အထက်ဗမာပြည်ရှိသံဃာတော်များ၏စိတ်ထဲတွင် မရှင်းမလင်းဖြစ်နေသည်ဟုသိရှိရပါသည်။

အမှန်အားဖြင့်လျှောက်ထားရလျှင် ရန်ကုန်မြို့ကို မဟာမိတ်တပ်များသိမ်းပြီးသည့်နောက် တပည့်တော်တို့ ရောက်သည့်အခါကစ၍ သံဃာတော်များအား နိုင်ငံရေးအခြေအနေလျှောက်ထားခြင်း၊ ကုန်သည်အသင်း၊ ကျောင်းဆရာအသင်း စသော အဖွဲ့အသင်းများကိုလှုံ့ဆော်ပေးခြင်းတို့ပြုလုပ်ခဲ့ပါသည်။ ဤကဲ့သို့ဆောင်ရွက်ကြသဖြင့်လည်း နိုင်ငံရေးအသက်ပြန်ဝင်လာသည်ဟု လျှောက်ထားရပါမည်။

ရန်ကုန်မြို့တော်တွင် ဂိုဏ်းပေါင်းစုံမဟာသံဃာ့အဖွဲ့ချုပ်၊ ပြည်သူ့လွတ်လပ်ရေးသံဃာအဖွဲ့ချုပ်ဟူ၍ ရှိပါသည်။ ဂိုဏ်းပေါင်းစုံမဟာသံဃာ့ အဖွဲ့ချုပ်မှာ လွန်ခဲ့သောခေတ်အခါကဖွဲ့စည်းထားသော သံဃာ့အဖွဲ့အစည်းဖြစ် ပါသည်။ တပည့်တော်သိရသလောက် စည်းမျဉ်းမှာအလွန်ကျနပြီး စည်းစည်းလုံးလုံးရှိသည်ဟုသိရပါသည်။
 

ပြည်သူ့လွတ်လပ်ရေးသံဃာအဖွဲ့ချုပ်မှာ ဂျပန်လက်ထက်က တိတ်တိတ်ပုန်းဖွဲ့စည်းသောအဖွဲ့ချုပ်ဖြစ်ပါသည်။ ဂျပန်တော်လှန်ရေးကို လျှို့ဝှက်စွာကူညီဆောင်ရွက်ခဲ့သောအဖွဲ့ဖြစ်ပါသည်။

ဂျပန်ခေတ်က အလုပ်သဘောချင်းမတူသောအဖွဲ့၊ ၄င်းအပြင် ဗြောင်ဖွဲ့ထားသောအဖွဲ့၊ တိတ်တိတ်ပုန်းဖွဲ့သောအဖွဲ့ဟူ၍ သီးခြားခြားနားနေသော အဖွဲ့ဖြစ်ပါသည်။ နိုင်ငံရေးအတိအလင်း

လုပ်လာနိုင်သောအခါ ဤနှစ်ဖွဲ့ကို တဖွဲ့တည်းဖြစ်အောင် တပည့်တော်တို့က ကြိုးစားခဲ့ပါသည်။ အောင်မြင်သင့်သလောက် မအောင်မြင်သေးပါ။

တပည့်တော်၏သဘောမှာ..
(က) သံဃာတော်အရှင်သူမြတ်များသည် တစည်းတလုံးတည်းရှိသင့်ပါသည်
(ခ) သံဃာတော်များအဖွဲ့ချုပ်အနေဖြင့် တဖွဲ့ကိုပယ်၍ ကျန်တဖွဲ့ကိုအားပေးခြင်းမပြုသင့်။
(ဂ) သံဃာတော်များအဖွဲ့ချုပ်အနေဖြင့် သာသနာကိစ္စများ၊ သာသနာသန့်ရှင်းရေးကိစ္စများကို အထူးကြိုးစားသင့်ပါသည်။
(ဃ) တိုင်းပြည်လွတ်လပ်ရေး၊ ပြန်လည်ထူထောင်ရေး စသော အများနှင့်ဆိုင်သည့်ကိစ္စမျိုးတွင် တပည့်တပန်းများအား သင့်လျော်သောသြဝါဒများပေးသင့်သည်ဟု ယူဆပါသည်ဘုရား။
 

နိုင်ငံရေးလုပ်ငန်းမှာ ရှေးအခါက အရှင်ဘုရားများ သိတော်မူသည့်အတိုင်း မသန့်ရှင်းသောလုပ်ငန်းဖြစ်သည့်အတိုင်း တဂိုဏ်းအဖွဲ့အနေဖြင့်ကား အားပေးရန်မသင့်ပါ။ သို့ ရာတွင် ယခုအခါ နိုင်ငံရေးမှာ လတ်လတ်ဆတ်ဆတ်ရှိပြီး အတော်ပင်သန့်ရှင်းနေပါသည်။ တတိုင်းတပြည်လုံးညီညွတ်လိုသောဆန္ဒ၊ ပြာကျနေသောတိုင်းပြည်ကို ပြန်လည်ထူထောင်လိုသောဆန္ဒဖြင့် လွှမ်းမိုးလျက်ရှိပါသည်။ ဤကဲ့သို့ သန့်ရှင်းသောလုပ်ငန်းမျိုးကိုကား ဆရာတော်များ အားပေးရန် အထူးသင့်ပါသည်ဘုရား။

ညီညွတ်ရေးကိစ္စနှင့်ပတ်သက်၍ တပည့်တော် ဆက်လက်ရှင်းလင်းလိုပါသည်။ တပည့်တော်သဘောအရ ညီညွတ်ရေးထက် စည်းလုံးရေးဟူသောစကားက ပိုမိုမှန်ပါလိမ့်မည်။

အဖွဲ့အသင်းဆိုသည်တို့မှာ အလိုအလျောက်ပေါ်လာခြင်းမဟုတ်ပါ။ ကုန်သည်၊ လယ်လုပ်၊ ကျောင်းသား၊ ကျောင်းဆရာ စသည်ဖြင့် အသက်မွေးမှုကိုအကြောင်းပြု၍ လူအမျိုးအစားကွဲပြားနေသမျှ မိမိတို့ဆိုင်ရာအကျိုးစီးပွားကာကွယ်မည့် အဖွဲ့အစည်းများရှိပေမည်။ ဥပမာ.. ကုန်သည်အသင်း၊ ပွဲစားအသင်း၊ ကျောင်းသားအသင်း စသည်တို့ဖြစ်ပါသည်။ ၄င်းအသင်းများသည် အကျိုးစီးပွားတူသည့်အခါတွဲလုပ်ကြပါသည်။ မိမိတို့ဆိုင်ရာအကျိုးသက်သက်ဆိုလျှင် မိမိတို့ဆိုင်ရာအဖွဲ့အတွင်း လုပ်ကြပါသည်။
 

နိုင်ငံရေးပါတီဆိုသည်မှာလည်း အမှန်အားဖြင့် ၄င်းအဖွဲ့အစည်းများ၏ကိုယ်စားလှယ်ဖြစ်ပါသည်။ တချို့ပါတီသည် ကုန်သည်အကျိုးကို အဓိကထား၍ဆောင်ရွက်မည်။ အချို့ပါတီက လယ်သမားတို့၏အကျိုးကို အဓိကထား၍ဆောင်ရွက်မည်။ သို့ရာတွင် တတိုင်းပြည်လုံးကိစ္စများတွင် ရည်ရွယ်ချက်တခုတည်း အတူတူလုပ်မည်။

နိနိုင်ငံရေးပါတီများမရှိရဟုဆိုလျှင် အောင်မြင်မည်မဟုတ်ပါ။ ဗြောင်မလုပ်ရလျှင် တိတ်တိတ်ပုန်းလုပ်ကြပါမည်။ ဂျပန်လက်ထက်က တိတ်တိတ်ပုန်းလုပ်ကြပါသည်။ အဖွဲ့ဆိုင်းဘုတ်မတင်စေကာမူ ကိုယ့်အစုကလေးနှင့်ကိုယ်ဖြစ်နေမည်ကို မရှောင်နိုင်ပါ။

ကိုယ့်အစုကလေးနှင့်ကိုယ်နေလိုကနေ၊ သို့ ရာတွင် တိုင်းပြည်လုံးကိစ္စများတွင် တသဘောတည်း၊ တစည်းမျဉ်းတည်းလုပ်ကြရမည်ဟူသောသဘောနှင့် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို ဖွဲ့စည်းကြပါသည်။
ကိုယ့်အိမ်နဲ့ကိုယ်နေကြ၊ အရပ်ကိစ္စဝိုင်းလုပ်ကြဟူသောသဘောဖြစ်ပါသည်။ အဖွဲ့တွေဖျက်ဆိုလျှင် နာမည်လောက်ဖျက်ပြီး တိတ်တိတ်ပုန်းခြေထိုးသောအလုပ်များ ပိုလာမည်ကားမလွဲပါ။

ယခုဆိုလျှင် (က)စစ်အုပ်ချုပ်ရေးရပ်ဆိုင်းရေး (ခ)ယာယီအမျိုးသားအစိုးရ ရရှိရေး (ဂ)ရွေးကောက်ပွဲပြုလုပ်ရေး (ဃ)တိုင်းပြည်လွှတ်တော် ရရှိရေးတို့တွင် အဖွဲ့တိုင်းပါတီတိုင်း အားကြိုးမာန်တက် ဆောင်ရွက်နေကြပါသည်။ စီးပွားရေးအားသန်သည့်ပါတီသည် စီးပွားရေးဆောင်ရွက်၍ လယ်သမားအားသန်သည့်ပါတီသည် လယ်သမားအရေးဆောင်ရွက်ပါသည်။ လယ်ပိုင်ရှင်နှင့်လယ်သမား ပဋိပက္ခဖြစ်ခဲ့သော် စေ့စပ်ဆောင်ရွက်ကြရန်လည်း သဘောထားရှိကြပါသည်။ သို့ဖြစ်ပါ၍ အဖွဲ့များ၏စည်းလုံးရေးမှာ အောင်မြင်နိုင်ပါသည်။

သံဃာတော်များ နိုင်ငံရေးမလိုက်ရဟူ၍ တပည့်တော်ကြေညာချက်ထုတ်သည်ဟ အချို့ဆရာတော်များ နားပေါက်သည်ဟုသိရပါသည်။ တပည့်တော်ဤကဲ့သို့ ကြေညာစာတန်းထုတ်ခဲ့ဖူးသည်ဟု အမှတ်မရပါ။ တပည့်တော်ပြောသည့်စကားအချို့ကို အကြားလွဲသူတို့က တမျိုးပြောချင်လည်း ပြောစရာရှိပါသည်။

(က)နိုင်ငံရေးလုပ်ငန်းတွင် မြန်မာ၊ ကရင်၊ ရှမ်းတို့ ပါသည်။ သို့ဖြစ်၍ နိုင်ငံရေးလုပ်ငန်းမှာ လူတမျိုး (သို့မဟုတ်)ဘာသာတမျိုးတည်း၏ လုပ်ငန်းမဟုတ်။

(ခ)လူမျိုး၊ ဘာသာစုံပါဝင်သောလုပ်ငန်းတို့တွင် ဗုဒ္ဓဘာသာကိစ္စကိုချည်းပြောလျှင် အခြားလူမျိုး၊ အခြားဘာသာတို့ကို ထိခိုက်စရာရှိသည်။

(ဂ)သို့ဖြစ်၍ ဗုဒ္ဓဘာသာကိစ္စများဆောင်ရွက်စရာရှိလျှင် သန့်သန့်ဆောင်ရွက်ရန်သင့်ပေသည်။

(ဃ)သို့သော် တိုင်းပြည်ကိစ္စမှာ သံဃာတော်များလျစ်လျူရှုမထားနိုင်သဖြင့် ဗုဒ္ဓဘာသာကိစ္စတခုတည်းသဘောမျိုးမဟုတ်ဘဲ ဒါယကာ၊ ဒါယိမများအကျိုးရည်စူး၍ တတ်စွမ်းသမျှ သြဝါဒပေးသင့်သည်။

တပည့်တော်၏အယူအဆမှာ သည်အတိုင်းဖြစ်၍ သည်အတိုင်းပြောတတ်သည်ကို အဓိပ္ပာယ်ကောက်လွဲခြင်း ဖြစ်ပါလိမ့်မည်။

တပည့်တော်၏အတွေ့အကြုံအရ အောက်ဗမာပြည်နှင့် အထက်ဗမာပြည်မှာ မတူပါ။ အထက်ဗမာပြည်၌မူ သံဃာတော်များနှင့် ဒါယကာ ဒါယိမများအားကူညီရန် ပိုမိုတာဝန်ကြီးပါသည်။ ဒါယကာ ဒါယိမများကို လျစ်လှူရှုရန်မဖြစ်နိုင်ပါ။ သို့ဖြစ်၍ အထက်ဗမာပြည်၌မူ အောက်ဗမာပြည်မှာထက် သံဃာတော် အရှင်မြတ်များသည် နိုင်ငံပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ပိုမိုပါဝင်ဆောင်ရွက်ကြရပါမည်။

တပည့်တော် နိုင်ငံရေးဟူသောစကားကို မသုံးလိုပါ။ နိုင်ငံအရေး၊ နိုင်ငံလွတ်လပ်ရေး၊

နိုင်ငံပြန်လည်ထူထောင်ရေးဟူသောစကားကိုသာ သုံးလိုပါသည်။ နိုင်ငံရေးဆိုလျှင် တဂိုဏ်းတပါတီကိုအားပေးလျှင် ယခင်လွှတ်တော်နိုင်ငံရေးများကို သတိရစရာဖြစ်ပါသည်။ ဤကဲ့သို့ ခြေရှုပ်သောနိုင်ငံရေးများတွင်ကား သံဃာတော်များပါဝင်ထိုက်သည်ဟု တပည့်တော်မယူဆပါ။ ရခိုင်ပြည်တွင် ဦးပညာသီဟကိုယ်တော်သည် ဂျပန်တော်လှန်ရေးတွင်ခေါင်းဆောင်ခဲ့သည့် လုပ်ငန်းမျိုးကိုကား တပည့်တော်သဘောကျပါသည်။

တပည့်တော်၏သဘောအတိုချုပ်မှာ ခြေရှုပ်သောနိုင်ငံရေးမပါဘဲ သန့်ရှင်းသောနိုင်ငံရေးတွင် ပါဝင်ရန်ဖြစ်ပါသည်။

သန့်ရှင်းသောနိုင်ငံရေးလုပ်လျှင် ပြာကျနေသောတိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်မည်။ တိုင်းပြည်သာယာမည်။ သို့မှသာလျှင် “ရေမြင့်မှကြာမြင့်”ဆိုသောစကားကဲ့သို့ သာသနာတော်သည်လည်း သန့်ရှင်းစရာရှိပါသည်။

တပည့်တော် ဤမျှအကျိုးအကြောင်းလျှောက်ထားသည်မှာ ရှင်းလင်းပြီဟုယူဆပါကြောင်း အဆုံးသတ်လျှောက်ထားပါသည်ဘုရား။

သန်းထွန်း
အထွေထွေအတွင်းရေးမှူး
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်
ရန်ကုန်
(သခင်သန်းထွန်း၏ အထက်ပါ လျှောက်ထားချက်အား မန္တလေးမြို့ နေပြည်တော်အဖွဲ့ချုပ် နာယကဆရာတော် သံဃာတော်များထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ၁၉၄၅ ခုနှစ်အောက်တိုဘာလ၊ ၁၉ ရက် နေ့လည် ၃း ၄၅ နာရီတွင် မန္တလေးမြို့ဘုရားကြီးကျောင်းတိုက်၌ ၄င်းလျှောက်ထားလွှာကို ဖတ်ကြားခဲ့သည်)
ဤစာစု အကိုးအကားကို Northern Star ဂျာနယ် အမှတ် ၂၈၃ မှ ယူပါသည်။
ကျနော်ယူတာက ဒီနေရာကပါ။ https://www.facebook.com/aungmyo.tun.52?fref=ufi
Beatles Pancake How-to

Thursday, September 25, 2014

လေကြောင်းရန်ကာစိစစ်ဇုန်နဲ့ ဘယ်သူ့ဘယ်သူမှရန်မလုပ်ရေး(မျိုးမြင့်ချို)

0 comments
စစ်ပူကြီးအေးတော့ စစ်အေးကြီးပူလာ၏။ စစ်တွင် ပူပူအေးအေး စစ်အတွေးအခေါ်ရှိရစမြဲ။ အတွေးအခေါ်ဆိုသည့်အတိုင်း ကောင်းမွေ ဆိုးမွေလည်း ကပ်လျှက်ပါရိုးရှိ၏။ ယခုပြောမည့် Air Defense Identification Zone- ADIZ ဆိုသည့်“လေကြောင်းရန်ကာ စိစစ်ဇုန်” ကိစ္စသည်လည်း စစ်အေး အတွေးအခေါ်တွေထဲက အမွေတစ်ခုဖြစ်၏။ ကျနော်က “အမွေ”ဆိုသည်ထက် “အမွှေ”ဟုဆိုမှ မှန်မလား တွေးနေ၏။

ADIZ အကြောင်း
ဒုတိယကမ္ဘာစစ်တွင် ပုလဲဆိပ်ကမ်းအလစ်တိုက်ခံရခြင်းသင်္ခန်းစာမှ နောက်နောင် ဒီလိုမခံရအောင်ဆိုပြီး အမေရိကန်ဘက်က ကြိုတင် ပြင်ဆင်မှုများလုပ်သည့်အခါ ADIZ လည်း ထိပ်ဆုံးကပါ၏။ နိုင်ငံတိုင်းတွင် အတိအကျသတ်မှတ်ထားသည့် ဝေဟင်ပိုင်နက်များရှိ၏။ ထိုပိုင်နက်များအတွင်း ခွင့်မတိုင်အသိမပေးဝင်လာသည့်လေယဉ်အား သက်ဆိုင်ရာနိုင်ငံ၏ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများရှိ၏။ ဤသည်မှာ အချုပ်အခြာအာဏာပိုင်မှုအား ထင်ဟပ်ခြင်းဖြစ်သည်။ ADIZ မှာမူ မိမိလေကြောင်းနယ် Territorial Airspace (သို့) National Territory ထက်ကျော်လွန်ပြီး အချုပ်အခြာဏာပိုင်စိုးမှုကိုကျင့်သုံးရန် တာစူခြင်းဟုဆိုရမည်မှတ်၏။ ထိုနယ်ပယ်ကို မိမိဝေဟင်ပိုင်နက်အလွန် မိုင်ပေါင်း(၃ဝဝ)အထိ သတ်မှတ်နိုင်သည်ဟုဆို၏။

ထို သတ်မှတ်ဇုန်နယ်အတွင်းသို့ အကြောင်းမကြား ခွင့်ပြုချက်မပါဝင်လာသည့်လေယဉ်အား ရန်သတ္တုပြုနိုင်ခြေ ရှိ/မရှိစိစစ်ပြီး၊ မရှိပါက အသာကြည့်ရုံကြည့်နေခြင်း၊ အသိပေးခြင်း၊ သတိပေးခြင်း၊ လိုအပ်ပါက ဂျက်လေယဉ်များနှင့်တက်ပြီး ထိုနယ့်အပြင် ရောက်သည်အထိ စောင့်ကြပ်ခြင်းများလုပ်ကြ၏။ အကယ်၍ ရန်ပြုနိုင်ခြေရှိပါက နိုင်ငံ့ဝေဟင်ပိုင်နက်မရောက်မီ လက်ဦးမှုယူတိုက်ခိုက်ရန် ရည်ရွယ်ရင်း ဖြစ်၏။ မတိုက်ခိုက်ခင်အထိ အဆင့်ပေါင်းများစွာတော့ရှိသည်။ တော်ရုံ့တန်ရုံ မလုပ်။ ထိုနယ်ကို ဖြတ်ပျံမည့်လေယဉ်တိုင်း၊ လေကြောင်းလိုင်းတိုင်း ကလည်း သက်ဆိုင်ရာနိုင်ငံကို ကြိုတင်အကြောင်းကြားထားရ၏။

ကမ္ဘာပေါ်တွင် အမေရိကန်အပါအဝင် ADIZ ထားသည့်နိုင်ငံနှင့်ဒေသပေါင်း ၂ဝ ခန့်ရှိနေ၏။ အမေရိကန်ပြည်ထောင်စုက (၁၉၅ဝ)တွင် ဦးဆုံး စ တီထွင်သတ်မှတ်ပြီး ဂျပန်ကအလယ် နောက်ဆုံးကြေညာသည်က တရုတ်။ အမေရိကန်ကြေညာစဉ်က ဘာသံမှမထွက်၊ တချို့ သိပင် မသိလိုက်။ (၁၉၆၉)တွင် ဂျပန်ကအလားတူကြေညာတော့ တရုပ်ကန့်ကွက်သဖြင့်  အသံ စီကနဲတချက်ထွက်လိုက်သေး၏။ နောက် ပျောက် သွား၏။ တခါ ဂျပန်က (၁၉၇၁)တွင်တကြိမ်၊ (၂ဝ၁၂)တွင် နောက်တကြိမ် ပြင်ဆင်တိုးချဲ့သတ်မှတ်ပြန်သည်။ ထိုသို့ သတ်မှတ်ရင်း သူ့ ADIZ မှာ တရုတ်ပြည်မကြီးနှင့် မိုင်(၁ဝဝ)အကွာနားထိရောက်လာ၏။ ဤတွင် တရုတ်ကလည်း သူ့ ADIZ ကို မြေပုံများဇယားများဖြင့်(၂ဝ၁၃ ခု နိုဝင်ဘာ ၂၃ ရက်) ကြေညာတော့၏။ သည်တော့ ပူညံပူညံတွေဖြစ်ကုန်၏။ အထူးသဖြင့် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုးရီယားတို့ဘက်မှ အသံ ပိုစွာ၏။ အကြောင်းက ထို(၃)နိုင်ငံကြေညာထားပြီးသားဇုန်နယ်များက တရုတ်ပြောသည့်အထဲပါသွား၏။ အလွယ်ပြောရလျှင် နယ်တွေ တနယ့်တနယ် ထပ်ကုန်၏။ ဂျပန်-အမေရိကန်စစ်ရေးပူးတွဲလေ့ကျင့်ဇုန်နှင့်လည်း သွားထပ်နေ၏။ ဂျပန်က သူပိုင်သည်ဟုဆိုကာ သူ့နယ်ထဲ ထည့်ကြေညာထားသည့် ဂျပန်အခေါ်ဆာကူးယားကျွန်း၊ တရုတ်အခေါ် တိုက်ယုကျွန်း (Diaoyu Islands)က တရုတ်ကြေညာလိုက်သည့် ADIZ ထဲ ပါသွား၏။ ဤတွင် ထိုကျွန်းက ပြဿနာ၏အဓိကနေရာမှ ပါလာ၏။ ဘာ့ကြောင့် ထိုသို့ ပါလာရသနည်း၊ ဖြစ်ရသနည်း။ ဘာ့ကြောင့် လေကြောင်းရန်ကာစိစစ်ဇုန်နဲ့ ကျွန်းကိစ္စသွားငြိနေရသနည်း။ နောက်ကြောင်းပြန်မှ ရှင်းမည်ထင်၏။

ဒုတိယကမ္ဘာစစ်အတွင်း(၁၉၄၃)ခု အီဂျစ်နိုင်ငံကိုင်ရိုမြို့တွင် အမေရိကန်သမ္မတရုစဘဲ့လ်၊ အင်္ဂလန်ဝန်ကြီးချုပ် ချာ့ချဲလ်၊ တရုပ်သမ္မတ ချန်ကေရှိတ်တို့ဆုံပြီး သဘောတူကြေညာချက်တစောင်ထုတ်ပြန်ခဲ့၏(*)။ ထိုကြေညာချက်ကို ကိုင်ရိုကြေညာချက်အဖြစ်လူသိများ၏။ အဆိုပါ ကြေညာချက်တွင် (ဂျပန်အနေဖြင့် ၁၉၁၄ ပထမကမ္ဘာစစ်ကတည်းကစပြီး တရုတ်ထံမှသိမ်းပိုက်ထားသည့် ပစိဖိတ်သမုဒ္ဒရာတွင်းရှိ ကျွန်းအားလုံးမှဖယ်ရှားပြီး မန်ချူးရီးယား၊ ထိုင်ဝမ်(ဖော်မိုဆာ)နှင့်ပင်န်ကူး(Pescadores)ကဲ့သို့သော တရုတ်ထံမှခိုးယူထားသည့်နယ်မြေ အားလုံးကို တရုတ်ထံပြန်ပေးရမည်)ဟု အတိအလင်းဆိုထား၏။ စစ်ကြီးအပြီး ပို့စဒမ်ကြေညာချက်ဖြင့် ဂျပန်တို့ခြွင်းချက်မရှိ လက်နက် ချသည့်အခါ တရုတ်နှင့်ပတ်သက်၍ နယ်မြေကိစ္စကိုင်ရိုကြေညာချက်အတိုင်း တည်ရပါစေမည်ဟုဆို၏ (**)။ ယခု သူပိုင်ကိုယ်ပိုင် အငြင်းပွားနေသည့် Diaoyu Island ခေါ် ဆာကူးယားကျွန်းမှာ(ကိုင်ရိုကြေညာချက်အရ)ပြန်ပေးပါမည်ဆိုသည့် ပင်န်ကူး Pescadores ကျွန်းဆွယ်ထဲပါနေ၏။ ယခုမူ ဂျပန်တို့ဘက်မှ “ကိုင်ရိုအစည်းအဝေးလည်း တို့မတက်၊ ကိုင်ရိုကြေညာချက် လက်မှတ်ထိုးတဲ့အထဲလည်း တို့မပါ၊ ဒါ့ကြောင့် ပြန်မပေးနိုင်” ဟုဆိုတော့ တရုတ်ဘက်က “လက်နက်ချစာချုပ် ချုပ်တုန်းကတော့ ကိုင်ရိုကြေညာချက်အတိုင်း တည်ရပါစေမယ်လို့ မင်းတို့ လက်မှတ်ထိုးခဲ့သမို့လား”ဆိုကာ ကိုင်ရိုကြေညာချက်ကိုကိုင်၍ “ဒီကျွန်း ငါတို့အပိုင်”လုပ်၏။

နောက်တချက်က  ၁၉၅၁ တွင် ဂျပန်အမေရိကန်(၂)နိုင်ငံပူးတွဲချုပ်ဆိုခဲ့သည့်ဆန်ဖရန်စစ္စကိုငြိမ်းချမ်းရေးစာချုပ်(**)။ ထိုစာချုပ်က စစ်အေးတိုက်ပွဲအတွင်း အမေရိကန်-ဂျပန် အဆက်အစပ်၏ အစဖြစ်၏။ အဆိုပါ စာချုပ် ချုပ်သည့် အစည်းအဝေးကို ထိုစဉ်က အာဏာရ တရုတ်ကွန်မြူနစ်အစိုးရအား မဖိတ်ခဲ့။ ယင်းစာချုပ်တွင် ဂျပန်သိမ်း-တရုတ်ပိုင်ကျွန်းများအား ဂျပန့်ဒေသန္တရအုပ်ချုပ်ရေးထဲ ထည့်ပေးခဲ့၏။ ဂျပန့်လက်ထဲထည့်ပေးသည်ဆိုငြားလည်း လက်တွေ့တွင် အမေရိကန်ကကိုင်ထားပြီး လေကြောင်းရန်ကာ စိစစ်ရေးဇုန်များပါသတ်မှတ်ခဲ့၏။ တရုတ်က ထိုလုပ်ရပ်ကို အပြင်းအထန်ကန့်ကွက်ခဲ့သော်လည်း အရာမထင်ခဲ့။ တခါ ၁၉၆၉ တွင် အမေရိကန်က သူ့ထိန်းချုပ်နယ်မြေများအား ဂျပန့်လက် ပြန်အပ်သည့်အခါ Diaoyu ကျွန်းအား အိုကီနာဝါခရိုင်အုပ်ချုပ်ရေးဒေသထဲ သွတ်သွင်းပေးခဲ့ခြင်းကလည်း  ပြဿနာရင်းမြစ် များထဲက တခုဖြစ်နေ၏။ ၅၁ ခု ဆန်ဖရန်စစ္စကိုငြိမ်းချမ်းရေးစာချုပ်သည် တရုတ်-ဂျပန်နယ်မြေကိစ္စနှင့်စပ်၍ ၁၉၄၃ ကိုင်ရိုကြေညာချက်အား ချောင်ထိုးလိုက်သည့်သဘောပင်။ ဂျပန်ကလည်း ၅၁ ဆန်ဖရန်ငြိမ်းချမ်းရေးစာချုပ်ကိုင်ကာ “ဒီကျွန်း မင်းတို့နဲ့မဆိုင်၊ ကျွန်းကိစ္စ ဘာမှ ဆွေးနွေးနေစရာ မလို၊ တို့ အလိုလို ပိုင်ပြီးသား”လုပ်၏။

တဖြည်းဖြည်းနှင့် ဓါးကြိမ်း ကြိမ်းမတတ်ရှိတော့မှ အမေရိကန်ဝင်ပြီး  တရုတ်-ဂျပန် “၂ ဘက်စလုံးကို ပြန်မဖေါက်ကြပါနဲ့၊ နဂိုနေအတိုင်း ဆက်သွားနေစေချင်သည်” ဆိုသည့်စကားပြောလာ၏။ သူပြောသည့် နဂိုနေမှာ ၁၉၇၆ ခုနှစ်တွင် ပြန်လည်စတင်ခဲ့သည့် တရုတ်-ဂျပန် ပုံမှန်ဆက်ဆံရေးမူကို ဆိုလို၏။ ထိုမူတွင် “နယ်မြေအငြင်းပွားမှုများကို နောင်တွင် ဖြေရှင်းရန်ချန်ထားပြီး လောလောဆယ် ၂ နိုင်ငံအကျိုးတူ လုပ်ငန်းများကိုလုပ်ဆောင်ရန်”ဆိုသည့် သဘောထားပါ၏။ ထိုသို့ဆိုသည့်ကြားမှ ၂ဝ၁၂ နှစ်ဆန်းတွင် ဂျပန်ဘက်မှ Diaoyu ကျွန်းကို “တို့ပိုင်သမို့ တို့ပြည်သူ ယူတယ်”ဟု ကြေညာ၏။ ဤတွင် တရုတ်အမျက် ခြောင်းခြောင်းထွက်၏။ “အမေရိကန်တွေနေစေချင်တဲ့ နဂိုနေကို စဖေါက်တာ တို့မဟုတ်၊ ဂျပန်”ဟု တုန့်ပြန်တော့ အန်ကယ်လ်ဆမ် အာစေးမိ၏။ ထို့နောက် မိမိတို့ယခုလိုကြေညာရသည်မှာ နိုင်ငံတကာ ဥပဒေနှင့်ညီကြောင်း၊ မည်သူ့ကိုမှ ဦးတည်ရန်လိုခြင်းမဟုတ်ကြောင်း၊ မိမိနိုင်ငံလုံခြုံရေးအတွက် ဖြစ်ကြောင်း၊ နိုင်ငံတကာလေကြောင်း သွားလာမှုတွေကိုလည်း ထိခိုက်မှမဟုတ်ကြောင်း၊ တခြားနိုင်ငံပေါင်း (၂ဝ)လောက်လည်း အလားတူကြေညာပြီးသာရှိကြောင်း၊ အမေရိကန်ဆိုလျှင် သူ့နိုင်ငံပင်မကုန်းမြေကြီးနှင့်မိုင်ပေါင်းများစွာဝေးသည့် စစ်စခန်းများတည်ရှိရာ ဂူအမ်ကျွန်းမှာပင် ကြေညာထားကြောင်း စသည်ဖြင့် သမိုင်းဆိုင်ရာအထောက်အထား အကိုးအကားများနှင့် ရွာလည်ပြီးရှင်း၏။

ပြသဒ်မီးမလောင်သေးသော်လည်း အမှိုက်ကစခြင်းမဟုတ်။ ဒါအကြောင်းပြုပြီး ကမ္ဘာ့စီးပွားကြီး(၃)နိုင်ငံ ငြိကြတော့မလားကလည်း ပူစရာ။ သို့သော် ဤပြဿနာ၏ဇာတ်ကောင်များဖြစ်သည့် အမေရိကန်-တရုတ်-ဂျပန်တို့ကိုအခြားတဘက်မှလည်း တွေးလို့ရသေး၏။ ထိုသို့တွေးလျှင် သက်ပြင်းလည်း ကြ၏။ ရင်ခံစရာလည်း နည်း၏။ ဘာကိုမှ ဧကန်သဘောမကြည့်ပဲ အနေကန်သဘောမြင်ခြင်းလည်းဆန်၏။ ဤ အခြား တဘက်မှာ အခြားမဟုတ်၊ ထို(၃)နိုင်ငံအား စီးပွားရေးအထိုင်မှကြည့်ခြင်းပင်။ စီးပွားရေး ကြီး(၃)ကြီး ခုလို စောင်နေရာက တုတ်ဆွဲဓါးဆွဲ ဖြစ်လာလျှင် ရန်ပွဲထဲ တကမ္ဘာလုံးအပါခေါ်သွားမည်မှန်း လူတိုင်းတွေးသလို သူတို့လည်း တွက်မိကြပြီးသားဖြစ်မည်။ နောက်တချက်က အမေရိကန့်မဟာမိတ် ဥရောပနိုင်ငံများ။ အမေရိကန်နလန်ပြန်ထူမှ ဥရောပသားတို့ အသက်ရှူပြန်ချောင်မည်မှန်း၊ နာလန်ထူဖို့ အာရှပစိဖိတ် ဒေသ၏ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုမည်မျှအရေးပါမှန်း ဥရောပသားတို့လည်း ကောင်းကောင်းနောကြေ၏။ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မိမည့်အရေးမလုပ်မိရန် အချင်းချင်းဖြောင့်ဖျရင်း အမေရိကန်ကို ဖျန်ဖြေသူလောက်ပဲဖြစ်စေချင်မည်ထင်၏။

ထို့ကြောင့်လား မပြောတတ် ဂျိုးဘိုင်ဒင်န်၏ အာရှ(၃)နိုင်ငံခရီးစဉ်တွင် တရုတ် ADIZ ပြန်ရုပ်သိမ်းပေးရန် ဂျပန်-အမေရိကန်ပူးတွဲကြေညာ ချက်ထုတ်ရန်ဂျပန့်ကြိုးပမ်းချက်ကို အမေရိကန်ဘက်က အသာခေါက်ပြီး “စိတ်ပူစရာပဲ။ တရုတ်ပြည်ရောက်ရင် အပြတ်မေးပြမယ်”ဟု နှစ်သိမ့်မောင်းတင်ပြသွား၏။ တခါ တရုတ်ရောက်တော့ “တရုပ်သမ္မတကို ဒီကိစ္စနဲ့ပတ်သက်လို့ အပြတ်ပြောလိုက်ပြီ”ဟုဆိုပြီး အမေရိကန် လေကြောင်းကုမ္ပဏီများအား“တရုတ်ရဲ့တောင်းဆိုချက်ကို လိုက်နာပါ”ဟုဆို၏။ တရုတ်ကလည်း “ငါ့ သတ်မှတ်ချက်ကို တဘက်လှည့်နဲ့ လက်ခံတာ”ဟုဆိုကာ ကြိတ်ကျေနပ်နေ၏။ ယာယီငြိမ်းနေ၏ ငြိမ်လည်းနေ၏။ သို့သော်ကိစ္စကား မပြီးသေး။ ထိုစီးပွားရေး ကြီး(၃)ကြီး အနေဖြင့် ကမ္ဘာ့စီးပွားရေးနှင့် ဒေသကြီးတခုလုံးတည်ငြိမ်ရေးဇောင်းပေးပြီး ညှိညှိနှိုင်းနှိုင်းလုပ်ကြပါမူ နတ်လူ သာဓုခေါ်စရာဖြစ်လိမ့်မည်။
ပြဿနာတို့ကား မပြီးသေး။
ကိစ္စတွေလည်း ရှိသေး၏။
မျိုးမြင့်ချို (၂ဝ၁၄ စက်တင်ဘာ)

(***) https://digital.law.washington.edu/dspace-law/bitstream/handle/1773.1/748/11PacRimLPolyJ063.pdf?sequence=1


Monday, September 22, 2014

ဇီးသီးစားသူများ (တူမောင်ညို)

0 comments
ဇီးသီးစားသူများ (တူမောင်ညို)
(၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်)
ဗင်းဆင့်ဗန်ဂိုးသာ သက်ရှိထင်ရှားရှိနေအုံးမယ်ဆိုရင် “ဇီးသီးစားသူများ”ဆိုတဲ့ ပန်းချီကားရေးဆွဲပေးဖို့ တောင်းပန်ရမှာပါပဲ။ ဇီးသီးစားနေသူတွေကိုသရုပ်ဖော်တဲ့အခါ စစ်ယူနီဖောင်းဝတ်ထားတဲ့/အရပ်ဝတ်ဝတ်ထားတဲ့ စစ်ဗိုလ်ထိပ်သီးကြီးတွေရဲ့ အဆီတဝင်းဝင်း ပြုံးဖြီးဖြီးနဲ့ မျက်နှာပြဲပြဲကြီးတွေပေါ်လွင်အောင်ရေးဆွဲပေးဖို့ကိုလည်း မေတ္တာရပ်ခံရမယ်နဲ့တူပါတယ်။
အလဲဗင်းဂျာနယ် (၂ဝ စက်တင်ဘာ)မှာပါတဲ့ မာန်သူရှိန်ရဲ့“ဦးရဲထွဋ်တုန့်ပြန်၍ ဦးခင်အောင်မြင့်ကိုယ်စား ကျွန်တော်ပြောချင်သည်” ဆိုတဲ့ သတင်းဆောင်းပါးဖတ်ရတယ်။
မာန်သူရှိန်နဲ့ ဦးရဲထွဋ်တို့အပြန်အလှန်ပြောနေကြတာက ဘာနဲ့တူနေသလဲဆိုတော့ “သူ့ဘုန်းကြီး ငါးမျှားနေတာကိုယ်မြင်၊ ကိုယ့်ဘုန်းကြီး တီတူးနေတာ သူမြင်”တဲ့ ဘုန်းကြီးကျောင်းသား ၂ ယောက် ရွာအလယ်ခေါင်မှာ ရန်ဖြစ်ကြတာမျိုးနဲ့တူနေပါတယ်။
ဦးရဲထွဋ်ကလည်း ပြန်ကြားရေးဝန်ကြီးပူပူနွေးနွေး၊ သမ္မတပြောခွင့်ရဆိုတော့ အစိုးရတဖွဲ့လုံးကို “ဇီးသီးစားသူများ”လို့ ဦးခင်အောင်မြင့်က “ဗြင်း”ထည့်လိုက်တာကို  ဆတ်ဆတ်ခါနာသွားပုံရတယ်။
ဒဲ့ပြောရလျှင် အစိုးရသစ်ထဲမှာ “ဇီးသီး”မစားတဲ့သူ/မစားဖူးတဲ့သူဆိုတာ မရှိနိုင်ပါဘူး။ လက်ဝါးကြီးအုပ်ပြီး တစ်ဂွင်လုံးစားနေတဲ့သူနဲ့ လက်တစ်ဆုတ်စာ တစ်ကွက်ချင်းနှိုက်စားနေတဲ့သူ၊ ဇီးသီးတစ်ခြံလုံး၊ တစ်ဂွင်လုံး အပိုင်စားခွင့်ရှိတဲ့သူနဲ့အထက်က အတိုင်းအတာ၊ ဝေပုံကျနဲ့ပစ်ချပေးတဲ့ “ဗန်းထဲကဇီးသီး”(ဘတ်ဂျက်)ကို ပိုင်သလို/လျှင်သလို/လည်သလို နှိုက်စားကြသူတွေရယ်လို့သာ မတူကွဲပြားနိုင် ပါလိမ့်မယ်။
ဦးခင်အောင်မြင့်ကလည်း “ဗန်းထဲကဇီးသီး”လောက်သာ ထောက်ပြဝံ့တာပါ။ “ကာကွယ်ရေးဘတ်ဂျက်”လို ဇီးသီးခြံကြီး/ဂွင်ကြီးကိုတော့
သူ မပြောဝံ့ပါဘူး။ ဒီဘတ်ဂျက်ကို ဘယ်သူတွေ ဘယ်လောက်စားရတယ်ဆိုတာ ဦးခင်အောင်မြင့်မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ဦးခင်အောင်မြင့်က “လက်တစ်ဆုပ်စာ”ဇီးသီးစားကြတဲ့ ဖွတ်လို၊ ပုတ်သင်ညိုလို အကောင်သေးအကောင်မွှားလေးတွေကိုသာ လက်ညှိုးထိုး အနိုင်ထက်လုပ်ပြီး၊ မင်္ဂလာယူပြောရဲတာပါ။ ပြောနေတာပါ။ ကာကွယ်ရေးဘတ်ဂျက်လို ဇီးသီးခြံကြီးကိုစားနေကြတဲ့ ဒိုင်နိုဆောလို၊ ဆင်လို အကောင်ကြီးတွေကိုတော့ ဦးခင်အောင်မြင့်မပြောဝံ့ပါဘူး၊ မထိဝံ့၊ မတို့ဝံ့ပါဘူး။ ဦးခင်အောင်မြင့်လုပ်ပေါက်က အရိုးအရင်းလောက်သာ ကိုက်ကြ/ခဲကြရတဲ့ အကောင်သေးလေးတွေကို ခဲနဲ့ပစ်ပြီးခြောက်လှန့်နေတာမျိးနဲ့တူနေပါတယ်။
မာန်သူရှိန်ကလည်း ဆရာကောင်းတပည့်ပီသတယ်။ ဆရာကလေသံတောင် ထည့်ဟမသွားတဲ့ ကာကွယ်ရေးဘတ်ဂျက်လိုဟာမျိုးကျတော့ စပ်လို့တောင်ပြောမသွားဘူး။ ပညာရေး/ကျန်းမာရေးဘတ်ဂျက် တိုးလာတယ်(ငွေဖောင်းပွမှုနှုန်းနဲ့တွက်ကြည့်သင့်တယ်)ဆိုပြီး အပေါ်ယံ ရှပ်ပြီးပြောသွားတယ်။ အရိုးအရင်းလောက်သာဖြစ်ပြီး လူတိုင်းသိနေတဲ့ “တင်ဒါ” ကိစ္စကို ဇာချဲ့ပြသွားတယ်။
ဒီလိုပြောရင်းနဲ့ သူခိုးတွေနဲ့ သူခိုးလက်ခံတွေအကြောင်း၊ လာဘ်ပေးလာဘ်ယူကိစ္စက ဘောက်ချာနဲ့လုပ်ကြတာမဟုတ်ကြောင်း ခရိုနီတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပတ်သက်နေကြောင်းတွေတော့ မာန်သူရှိန်က ထုတ်ဖော်ဝန်ခံသွားတယ်။
အစိုးရသစ် ၄၁ လသက်တမ်းအတွင်း ရနိုင်တဲ့လစာနဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦးဟာ ဘာမှမစားမသောက်ပဲ စုထားရင်တောင် သူ ရတဲ့ လစာစုစုပေါင်း (၃၃၆ သိန်း) နဲ့ တိုက်ခန်းကျဉ်းကျဉ်းတောင် ဝယ်လို့မရပါဘူးဆိုတဲ့ ပြောဆိုချက်ကတော့ ကိုယ်ပိုင်တိုက်ခန်းတွေ၊ အိမ်ခြံမြေတွေ၊ လုပ်ငန်းတွေပိုင်ဆိုင်ထားကြတဲ့ ဝန်ကြီးတွေ/ဒုဝန်ကြီး တွေ/ညွန်ချုပ်တွေကို လာဘ်ပေးလာဘ်ယူသူတွေ၊ သူခိုးတွေ လို့ ပြောလိုက်တာပါပဲ။
             
-       “နိုင်ငံတော်သမ္မတလစာက တစ်လ ကျပ် ၁၅ သိန်းနဲ့ ၃၆ လသိန်း ၅၄ဝ၊ အခု ပြင်ဆင်လိုက်တဲ့ တစ်လ သိန်း ၅ဝ နဲ့ ဩဂုတ်လကုန်အထိ ၅ လစာ သိန်း ၂၅ဝ၊ သမ္မတသက်တမ်းတစ်လျှောက် ၄၁ လစာအတွက် စုစုပေါင်းသိန်း ၇၉ဝ ရပါမယ်”
-       “အစိုးရသစ်လက်ထက် ၄၁ လလုံးလုံး တောက်လျှောက် ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့သူက ကျပ် ၃၆၆ သိန်းရပါမယ်။ ဒုဝန်ကြီးက ကျပ် ၂၆၂ သိန်းရပါမယ်။ ညွှန်ချုပ်အဆင့်က တစ်ဦးကို သုံးနှစ်ခွဲကျော်အတွင်းမှာ လစာကျပ်သိန်း ၈ဝ နီးပါး ပဲရပါမယ်”
ဝန်ကြီး၊ ဒုဝန်ကြီးတွေဆိုတာ အစိုးသစ်သက်တမ်း ၄၁ လအတွင်း မစားမသောက်ပဲ သူတို့လစာစုထားရင်တောင် (၃၃၆ သိန်းနဲ့) တိုက်ခန်းကျဉ်းကျဉ်း ဝယ်လို့မရနိုင်ဘူးတဲ့။
စစ်အုပ်စု အုပ်စိုးမှုသက်တမ်း ရှည်ကြာလာတာနဲ့အမျှ  တိုင်းပြည်နဲ့ပြည်သူလူထုက ကုန်းကောက်စရာမရှိအောင် မွဲနေတေသွားရပြီး အုပ်စိုးသ စစ်ဗိုလ်ချုပ်ကြီးတွေက ထားစရာမရှိအောင် ချမ်းသာကြွယ်ဝလာနေကြတဲ့အချက်ကဖြင့် ဘယ်လိုမှ ဖုံးကွယ်လို့မရတဲ့ ယနေ့ ကာလရဲ့ အထင်အရှားဆုံး ပကတိအရှိတရားတစ်ခုပဲဖြစ်ပါတယ်။ အုပ်စိုးသူ ဗိုလ်ချုပ်ကြီးနဲ့ သူတို့သားသမီးတွေ ဘယ်လိုပုံ၊ ဘယ်လိုနည်းနဲ့ အခုလို ကျိကျိတက် ကြီးပွားချမ်းသာကြွယ်ဝလာကြရတာလဲ။
တိုင်းပြည်ရဲ့အသက်သွေးကြောလိုဖြစ်တဲ့ သယံဇာတ (သစ်တော၊ သတ္တု၊ ကျောက်မျက်ရတနာ၊ စီးပွားရေးလုပ်ငန်းကိုင်ငန်း စသဖြင့်)တွေနဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှကို လက်ဝါးကြီးအုပ်အပိုင်စီး၊ ချုပ်ကိုင်ချယ်လှယ်နိုင်လို့သာလျှင်ဖြစ်ပါတယ်။
မာန်သူရှိန်က “အစိုးရသစ်သက်တမ်း ၄၁ လ” ဆိုတဲ့ မဆိုစလောက်ကာလကိုပဲကွက်ပြီး ထောက်ပြနေရှာတာပါ။ တကယ်တော့ (နဝတ-နအဖ) စစ်အစိုးရက ခေတ်ကာလ (နှစ်ပေါင်း ၂ဝ ကျော်) တစ်လျှောက်လုံး စစ်အုပ်စုက အပိုင်စီးလုယက်ခဲ့တာတွေဟာ စိန်စီသော မင်္ဂလာဆောင်မှာ ခင်းကျင်းပပြခဲ့ပြီမဟုတ်ပါလား။ ဒါက အကင်းလောက်၊ အဖျားအနားလောက်ရှိတာပါ။
ဗိုလ်ထွန်းကြည်က “နှစ် ၅ဝကိုယ်တွေ့များ(တတိယတွဲ)” ထဲမှာကြွားဝါဂုဏ်ယူခြင်း လေးပုံသုံးပုံ/ဖွင့်ချခြင်းတစ်စိတ်နဲ့ အခု ရေးထားပါတယ်။ ဗိုလ်နေဝင်းမိသားစုနဲ့အတူသွားရတဲ့ ဆွစ်ဇာလန်၊ ဂျာမနီ၊အမေရိကန် ၄၈ ရက်ကြာခရီးမှာ စင်းလုံးငှား လေယာဉ်ခချည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်းပေးခဲ့ရတယ်လို့ရေးပါတယ်။ လူ ၆ဝ ကျော်အတွက် ဟိုတယ်ခနဲ့စားစရိတ်မပါသေး။
အတ္တလန်တစ်ရှာရီတန်ဟိုတယ် ရောက်တဲ့အခါ သူ့မှာသာ မျက်စေ့သူငယ်၊ နားသူငယ်ဖြစ်နေပြီး “နှစ်စဉ်သွားနေကြ၊ လိုက်ပါနေကြသူများ (ကလေးထိန်း အမျိးသမီးကလေးများအပါအဝင်)ကတော့ ကိုယ့်အထုတ်ကိုယ်ဆွဲကာ(ဟိုတယ်ခန်း) တန်းတက်သွားကြသည်မှာ ကိုယ့်အိမ် ကိုယ်ပြန်ရောက်သည်နှင့်ပင်တူနေသည်”လို့ နတ်သံနှောထားပါတယ်။ ဒါတွေဟာ(မဆလ)ခေတ်မှာ ဗိုလ်နေဝင်းစစ်အုပ်စုမင်းမူခဲ့စဉ်က တိုင်းပြည်ဘဏ္ဍာကို သုံးကြဖြုန်းကြတာတွေထဲက အပေါ်ယံ အသေးအမွှားလေးတစ်ခုမျှသာ ဖြစ်ပါတယ်။
ဗိုလ်ထွန်းကြည်က သူကိုယ်တိုင် (နဝတ)စစ်အစိုးရခေတ်မှာ တိုင်းမှူး/ကုန်သွယ်ရေးဝန်ကြီးလုပ်ခဲ့စဉ်က စားခဲ့/ဝါးခဲ့တာတွေတော့ တစ်လုံးမျှ ထုတ်မပြောဘဲ ထိန်ချန်ထားပါတယ်။
ချုပ်လိုက်ရင် (မဆလ) ခေတ်မှာလည်း ဗိုလ်နေဝင်းနဲ့ စစ်အုပ်စုထိပ်သီးတစ်သိုက်သာ တိုင်းပြည်ဘဏ္ဍာနဲ့ဥစ္စာတွေကို အမွေဆိုင်ပစ္စည်းလို ထင်သလို သုံးခဲ့ဖြုန်းခဲ့ကြပါတယ်။
(နဝတ-နအဖ) စစ်အစိုးရခေတ်မှာလည်း ဗိုလ်နေဝင်းနေရာ ရလာခဲ့ကြသူတွေဖြစ်တဲ့ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်မောင်အေးတို့ကလည်း ဗိုလ်နေဝင်းနည်းတူ တိုင်းပြည်ဘဏ္ဍာဥစ္စာတွေကို မောင်ပိုင်စီးပြီး အရချိုင်ခဲ့ကြတာဖြစ်ပါတယ်။
ဗိုလ်နေဝင်း (မဆလ) ခေတ်(၂၆)အတွင်းနှစ်မှာ တိုင်းပြည်ဟာ အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ရတယ်။
ဗိုလ်သန်းရွှေ- ဗိုလ်မောင်အေး- ဗိုလ်ခင်ညွန့်တို့(နဝတ-နအဖ)စစ်အစိုးရခေတ်(၂၂နှစ်)အတွင်း တိုင်းပြည်နဲ့ပြည်သူတွေဟာ အဆင်းရဲဆုံး နွံအိုင်ထဲကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။  ဗိုလ်သန်းရွှေ- ဗိုလ်မောင်အေး- ဗိုလ်ခင်ညွန့်တို့ကတော့ တိုင်းသိပြည်သိ၊ ကမ္ဘာသိ၊ သူဌေးသူကြွယ်ကြီးတွေ ဖြစ်လာခဲ့ကြပါတယ်။ (နဝတ-နအဖ)စစ်အစိုးရရဲ့ အာဏာအမွေစားအမွေခံ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ (၄၁) လ သက်တမ်းကာလမှာလည်း မာန်သူရှိန်နဲ့ဝန်ကြီး(ဗိုလ်)ဦးရဲထွဋ်တို့ အပြန်အလှန် အရေခွံလှန်နေကြတာတွေ၊ ညောင်မြစ်တူး/ပုတ်သင်ဥဖော် နေကြတာတွေက ဘယ်စစ်အုပ်စု (ဗိုလ်နေဝင်းစစ်အုပ်စု/ဗိုလ်သန်းရွေစစ်အုပ်စု)ပဲဖြစ်ဖြစ် တိုင်းပြည်ဘဏ္ဍာကို ခိုးဝှက်မြဲခိုးဝှက်တယ်ဆိုတဲ့ အချက်ကို ဖော်ထုတ်ဝန်ခံတဲ့သဘောဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကြီး (ဗိုလ်)ဦးခင်အောင်မြင့်၊ ပြန်ကြားရေးဝန်ကြီး(ဗိုလ်)ဦးရဲထွဋ်နဲ့ မာန်သူရှိန်တို့အနေနဲ့ ကိုင်းဖြားကိုင်းနား အသေးအမွှား လေးတွေ ဇီးသီးစားကြတာကိုပဲ ဟန်ဆောင်ပန်ဆောင်နဲ့ အမှုကြီးတစ်ခုလို ရေးကြီးခွင်ကျယ်လုပ်ပြောမနေကြဘဲ၊ ဒုနဲ့ဒယ်နဲ့ အချီကြီးဝါးနေ၊ စားနေကြသူတွေဟာ ဘယ်သူတွေလည်းဆိုတာ နာမည်အတိအကျဖော်ထုတ်ပြောကြဖို့ ကောင်းပါတယ်။
“စစ်အာဏာရှင်စနစ်” ဆိုတာ တိုင်းပြည်ရဲ့ အသက်သွေးကြောဥစ္စာဓနမှန်သမျှ စစ်အုပ်စုထိပ်သီးတစ်စုနဲ့ မိုက်ဖော်ဆိုးဖက်ခရိုနီတစ်စုက လက်ဝါးကြီးအုပ် သိမ်းပိုက်လုယက်ထားတဲ့စနစ် ဖြစ်ပါတယ်။
“စစ်အာဏာရှင်စနစ်”ဆိုတာ ပြည်သူနဲ့တိုင်းပြည်က စုတ်ပြတ်ဆင်းရဲမွဲတေပြီး  လက်တစ်ဆုပ်စာစစ်အုပ်စုက ကျိကျိတက် ချမ်းသာကြွယ်ဝ လာစေတဲ့စနစ်ပါပဲ။ အဲဒီစနစ်ကို “၂ဝဝ၈အခြေခံဥပဒေ”ဆိုတာနဲ့ အပေါ်ယံ ဆေးအလှယ်ခြယ်ပေးထားတယ်ဆိုတာပါပဲ။  
ဒါကြောင့် “စစ်အုပ်စုနဲ့ ၂ဝဝ၈ အခြေခံဥပဒေ” ကို ကုန်စင်အောင် ဖယ်ရှားသုတ်သင်ရမယ်။
(တူမောင်ညို)
(၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်)