Wednesday, November 27, 2013

ဘာပြင်မှာလဲမောင်ရေခဲ၊ ဘာမြင်သွားလဲမရွှေဖဲ(၁-၂) (မျိုးမြင့်ချို)

0 comments
ဘာပြင်မှာလဲမောင်ရေခဲ၊ ဘာမြင်သွားလဲမရွှေဖဲ(၁-၂)(မျိုးမြင့်ချို)
၂ဝဝ၈ ဖွဲ့စည်းပုံဘာလဲကို ဝိတ္တာချဲ့စရာမလိုတော့ဟုထင်၏။ ဗိုလ်သန်းရွေစစ်နန်းဆက်နှင့် စစ်အုပ်စုကြီးတစ်စုံလုံး၏ အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ် အသက်ဗူးမှန်း၊ ခါးပိုက်ဆောင်စစ်ဂိုဏ်းဖွဲ့ စီးပွားရှာဝိဉာဉ်သေတ္တာမှန်း လူတိုင်းသိနှင့်ပြီးသား။

ထိုဖွဲ့စည်းပုံနှင့်ဟန်ကျနေသရွေ့ ပြင်ဖို့/ဖျက်ဖို့စကား သွားပြောလျှင် နောက်ကြောင်းပြန်မည့်သူဆိုကာ စစ်တပ်ကရော ဒီမိုကရေစီဆိုသူ (အချို့)ကပါ လက်ညှိုးငေါက်ငေါက်ထိုး နင်ပဲငဆ လုပ်နေကြတာမြင်နေရ၏။ သန္ဓေတည်စကပင် အဆင့်တိုင်းမှာတိုက်ဖျက်ရမည်ဆိုသူတချို့ပင် ထိုဖွဲ့စည်းပုံအောက် လက်ပြန်ကြိုးနှင့်ဒူးထောက်ရက်သားဖြစ်နေတာလည်းမြင်၏။ စီးပွားဘက်တွေမို့ ဒူးထောက်ရက်သားဟုအဆိုခံရလျှင် မချိအောင်နာတတ်ကြတာလည်း အထင်အရှား။

စစ်အုပ်စုကတော့ အခုအတိုင်းအထိုင်ကျနေသမျှ နောက်ကြောင်းပြန်တွေ ရှေ့ကြောင်းချီတွေ စိုးစဉ်းမျှပင်ကြားချင်မည်မဟုတ်။ သို့သော် သန္ဓေပါချို့ယွင်းချက်တွေနှင့် ထိုဖွဲ့စည်းပုံကိုကိုင်ကာ ရေရှည်သွားမရမှန်းတော့ကောင်းကောင်းသိ၏။
လွှတ်တော်နှင့်အစိုးရ ခနခနငြိငြိနေကြရတာလည်း ထို ချို့ယွင်းချက်တွေကြောင့်ဆိုတာ သိထားကြ၏။ အလိုက်သင့်မထိန်းညှိနိုင်လျှင် အခန့်မသင့်ဖြစ်ကာဖွဲ့စည်းပုံပျက်ကိန်း ဆိုက်သွားနိုင်ကြောင်း ရေလည်ပြီးသားတွေလည်းဖြစ်၏။ စစ်သားစကားနှင့်ပြောရလျှင် တိုက်ပွဲတွင် အထိအခိုက်အကျအဆုံးများပြီးတပ်ပျက်ပါက ဖွဲ့စည်းပုံပျက်သွားပြီဟုဆိုကာ (တပ်သစ်ပြန်တည်)ဖွဲ့စည်းပုံပြန်လုပ်ရ၏။ ဖွဲ့စည်းပုံပျက်ခြင်း (တပ်ပျက်ခြင်းအခြေအနေ)သည် မည်မျှသွေးပျက်ချင်စရာ၊ မည်မျှကဖြဲကရုန်းဖြစ်ရာ၊ မည်မျှစိုးရိမ်စရာ၊ မည်မျှ အုပ်ရစီးရခက်ရာကောင်းမှန်း အရပ်သားထက် စစ်သားကပိုနားလည်သည်ဟုထင်၏။ ထို့ကြောင့် ဒီတစ်ကြိမ်တော့ စစ်တပ်သည် ဖွဲ့စည်းပုံအပျက်မခံနိုင်တော့မှန်း ပေါ်လွင်၏။

နောက်တချက်က ဖွဲ့စည်းပုံဖျက်ခြင်း။ ဗမာပြည်တွင် ဖွဲ့စည်းပုံ ၂ ကြိမ်အဖျက်ခံရဖူးသည့် အတွေ့အကြုံရှိ၏။ တစ်ကြိမ်က တပ်ကဖျက်တာ ဖြစ်ပြီး နောက်တစ်ကြိမ်က လူထုကဖျက်တာဖြစ်၏။ ဆိုတော့ ဤအတွေ့အကြုံ လူထုဆီမှာလည်းရှိကြောင်း စစ်အုပ်စုကနောကြေထား၏။ ၄၇ နှင့် ၇၄ တို့လိုကြမ္မာမျိုး ၂ဝဝ၈ ကို အတိုးမခံနိုင်၊ ခံလည်းခံဝံ့တော့မည်မဟုတ်ဟု ယူဆ၏။ ဆိုတော့ ဖျက်ရေးပြောလာ/လုပ်လာလျှင် ပြင်ရေးဘက်ဇောင်းသွင်းပေးရမည်။ လမ်းကြောင်းပေးရမည်။ ပြင်ရေးမှာပင်လျှင် အပြင်လူဝင်ပြင်တာ၊ အပြင်လူဝင်ပါလာမှာကို (လွှတ်တော် ပြင်ပအင်အားစုများပါလာမှာ)လက်ခံလို့မဖြစ်။ စစ်တပ်စီးထားသည့်လွှတ်တော်ထဲကတဆင့်သွားရေးနည်းမှတပါး လက်ခံလို့မရ။
ပြင်ချင်ရင် အင်န်အယ်လ်ဒီလို ဒေါ်စုလို ဝင်ခဲ့ပါဟု တစာစာခေါ်ကာ အကြိုတော်ထောက်နေ၏။

၂ဝဝ၈ နှင့်ပတ်သက်လျှင် စစ်တပ်နှင့်စစ်အလိုတော်ရိမဟုတ်သည့် အင်အားစုများထဲတွင် ယေဘုယျအားဖြင့် ၂ စုရှိနေသည်ဟုဆိုရမည်ဖြစ်၏။ တစုက ဖွဲ့စည်းပုံကို ဝိဉာဉ်နှုတ်ဖို့လိုသည်ဟုယူဆပြီး အခြားတစုက အစွယ်တုံးပေး ခြေသည်းတိပေးချင်သူ အစုဟူကာ ၂ စုဖြစ်နေ၏။ ပထမအစုက တစ်စုံလုံးဖျက်အသစ်ပြန်ဆွဲရေး။ ဒုတိယအစုက ထိမရတာချန်ကာပြင်တန်တာပြင်ရေး။ ချုပ်ရလျှင် သစ်ရေးနှင့်ပြင်ရေး။ ခုပြောချင်သည်က တစ်စုံလုံးဖျက်ကာအသစ်ပြန်ရေးဆွဲရေး (သစ်ရေး)မဟုတ်။ သစ်ရေးက လူထုလုပ်မှရသည့်အလုပ်။ လူထုတိုက်ပွဲပါမှ လုပ်၍ရသည့် အလုပ်။ ခေတ်စကားနှင့်ပြောရလျှင် လမ်းပေါ်နိုင်ငံရေး။ ထိုလမ်းပေါ်နိုင်ငံရေးကို အာဏာလက်ရှိတို့တင်မက လွှတ်တော်ထဲရောက်နေသူတို့လည်း နှာခေါင်းရှုံ့ကြ၏။ လမ်းပေါ်နိုင်ငံရေး တနည်းဆိုရလျှင် လူထုတိုက်ပွဲဆိုသည်က အာဏာလက်ရှိ (အစိုးရ)တွေကိုရော လွှတ်တော်တွေကိုပါတိုက်ဖျက်နိုင်သည့် အစွမ်းအစနှင့်ခွန်အား ရှိသည်မဟုတ်လား။ ပြီးတော့ ထို လမ်းပေါ်နိုင်ငံရေးသည် ဘယ်အချိန်မှာထုအကြီးဆုံးဖြစ်ကာ ဘယ်အချိန်မှာ အာဏာတွေလွှတ်တော်တွေကို တိုက်ဖြိုမယ်ဖြစ်ဆိုကာ မိုးလေဝသလိုဟောရ၍သည့်ကိစ္စလည်းမဟုတ်။ ဆိုတော့ ပြင်ရေးကိစ္စပဲပြောမည်တွေးမိ၏။

ပြင်ရေးကိစ္စပြောမည်ဆိုလျှင်ပဲ အပေါ်တွင်ဆိုခဲ့သည့် နင်ပဲငဆများက မကြိုက်။ အထူးသဖြင့် ဖျက်မည်ဆိုလျှင် ပိုတောင်မကြိုက်။ ဖျက်ရေးတို့အားရက်ဒီကယ်လ်တွေ၊ ဉာဏ်နံ့သူတွေ၊ နိုင်ငံရေးအတုံးတာတွေဆိုကာ လှောင်ပြောင်ပျက်ရယ်ပြု၏။ ပြတ်ပြတ်သားသား ဆန့်ကျင်၏။ ပြင်မယ်ဆိုသူတွေကျတော့ ဘာပြင်မှာလဲဆိုသလဲအပေါ်တည်ကာ ချီးမွမ်းပေးလိုက် ခြေနှင့်ကျောက်လိုက်၊ ထိပ်ပုတ်လိုက်၊ နားရွက်တံတွေးဆွတ်လိုက်လုပ်၏။ မထေမဲ့မြင်ပြုသည့်အခါပြု၏။

အင်န်အယ်လ်ဒီနှင့် ဒေါ်စု ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ကြွေးကြော်သံတွေ ထွက်လာ၏။ တစ်ခုက ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေး။ ဘယ်ပုံ ဘယ်နည်းပြင်မယ်သာ မသိရသော်လည်း အင်န်အယ်လ်ဒီပါတီတည်ဆောက်ရေးအတွေးအခေါ်နှင့် ပါတီဖွဲ့စည်းပုံကိုအရင်ပြင်ပြီး စစ်လွှတ်တော်ထဲ ခြေစုံပစ်ဝင်သွား၏။ ဘာတွေ ပြင်ခဲ့ပြီနည်း။ (ဆက်လက်တင်ပြပါမည်)
မျိုးမြင့်ချို
နိုဝင်ဘာ ၂၂ ရက်၊ ၂ဝ၁၃


ဘာပြင်မှာလဲမောင်ရေခဲ၊ ဘာမြင်သွားလဲမရွှေဖဲ(၂)(မျိုးမြင့်ချို)
သူ့ခွင်(ဂွင်)ထဲဝင်ကာ သူ့ဖွဲ့စည်းပုံပြင်ရတန်ကောင်းရဲ့စဉ်းစားချက်မှာ အခြေခံကစ မမှန်ဟုမြင်၏။ မိမိဘက်စဉ်းစားချက်က စကြည့်မည်။ ပြင်ရေးအဆိုအတွက်ထောက်ခံအမတ်ဦးရေရဖို့က သိတ်မခဲယဉ်း။ “လွှတ်တော်အမတ် ၇၆ ရာခိုင်နှုန်းရမှပြင်”ကိစ္စသည်ပြဿနာ၏ဗဟိုချက်။ ဒေါ်စုမီးသေလို့ ဘယ် အင်န်အယ်လ်ဒီအမတ်မှ ကလန်ကဆန်မလုပ်ဘူးထားဦး ကျန်ပါတီကြီး/ငယ်တို့ရှိသေး၏။ ဆန့်ကျင်ဘက်အရပ်မှ အမတ်ဖြစ်လာသူတွေမဆိုနှင့် တချိန်က အရိပ်ခိုရွှေဘုန်းတော်ဖွဲ့ခဲ့ကြသူတို့ပင် ဥက္ကဌဥက္ကဌခြင်း၊ အမတ်အမတ်ခြင်းဆိုကာ(မလှန်နိုင်မှန်း သိသော်လည်း) ကြေးတန်းတိုက်နေတာလည်း ရှိသေး၏။ တလွှတ်တော်လုံး ၇၅ ရာခိုင်နှုန်းအပြည့် ခေါင်းညိမ့်သည်ဆိုဦး(ဒေါ်စုပြောသည့်) ရဲရင့်သော စစ်လွှတ်တော်အမတ်တစ်ယောက်က အကျိုးစီးပွားအတွက်အမိန့်နာခံဖို့ ရွေးချယ်ထားသည့်စစ်သားဖြစ်၏။ အမိန့်လွန်ဆန်မည့်သူ မဟုတ်။ လွန်ဆန်ဝံ့လို့ ဘက်ပြောင်းသည်ထားဦး လူထုဆန္ဒခံယူပွဲကရှိသေး၏။ ဒါက လူတိုင်းသိပြီးသား မိမိဘက်ကပြင်ရေးအကျပ်အတည်း။ ဆိုတော့ အင်န်အယ်လ်ဒီဘက်က ဝင်/ပြင်စိတ်ကူးယဉ်လမ်းကြောင်းမှန်း ခုမှစသိသလို ငန်းထဖမ်းလို့လည်းမဖြစ်။ လေးစားလိုက်နာ ကာကွယ် စောင့်ရှောက်ပါမည်ဟု လူသိရှင်ကြားကျမ်းကျိန်ထားတာလည်းရှိ၏။ မလိုက်နာလျှင် ကျမ်းစူး/မစူးတော့မသိ အာဏာစူးမှာတော့သေချာ၏။ လူထုဘက်ကလည်း မပြင်နိုင်ရကောင်းလားဆိုကာငြိငြင်သည်ထက် မလိမ်မိုးမလိမ်မာ အလိမ်ခံ အပြစားခံ အနိုင်ကျင့်ခံရရှာလေသည့် အမတ်မင်းလေးတွေအဖြစ် အသနားပိုနေရသည့်ဘဝ။ ပြီးတော့ တည်မိတဲ့ဘုရား ကျီးနားနား လင်းတနားနားစိတ်ကိုလည်း ထည့်တွက်နေရသေး၏။

သူ့ဘက်ကိုပြန် စဉ်းစားကြည့်ရမှာလည်းရှိသေး၏။ ယခု သူတို့က ဒီမိုကရေစီကဇော်ဖေါက်ပေးနေ၏။ အမြှုတ်ထသူတို့လည်း တစီစီ။ အရင်လို စေတစ်လုံးစစ်အာဏာမဟုတ်ကြောင်း ပြယုဂ်တွေအဖြစ် လွှတ်တော်၊ ရောင်ပြအတိုက်အခံ၊ အရပ်ဝတ်စစ်အစိုးရနှင့် ဖွဲ့စည်းပုံတို့ရှိထားပေး ရ၏။ ပြင်ကွာ/ဖျက်ကွာကို ဥပဒေကဲ့သို့အာဏာတည်သောအမိန့်နှင့် အရင်လိုလုပ်ဖို့မဖြစ်။ သူတို့ဘာသာပြင်ချင်ဦးတော့ လွှတ်တော်မှာ ၇၆ ရာခိုင်နှုန်းသောထောက်ခံမဲရအောင် မည်သို့လုပ်ယူမည်နည်း။ ကြံ့ဖွံ့အမတ်ချည်း ခုံစေ့ထိုင်ထားလျှင်တမျိုး၊ ခုက သည်လိုမဟုတ်။ စစ်အမတ်တွေက ကာချုပ်အမိန့်မို့ ၂၅ ရာခိုင်နှုန်းမဲအသေဖြစ်ဦး ရောင်ပြအတိုက်အခံတွေဘက်က ၅၁ ရာခိုင်နှုန်းရအောင် မဲမည်သို့စု၍ ရမည်နည်း။ မယ့်တစ်မျက်နှာပါတီက အပေါက်အစနည်းလို့ “သူတို့တင်သည့်ပြင်ရေး”ဘက် အပြည့်ရပ်ပေးတယ်ထားဦး ကြံ့ဖွံ့မှာက ထီးပြိုင်နန်းပြိုင်တွေများ၏။ ရုံးတစ်မင်း ဓါးတစ်စင်းတွေဆန်ဆန်။ ဒါဆိုလည်း “အမတ်အားလုံး မထောက်ခံမနေရ”ဆိုကာ လွှတ်တော်ဥက္ကဌ တွေက ပွဲထွက်ကြမ်းလို့လည်းမဖြစ်။ သို့ဆိုလျှင် အယောင်ဆောင်ဒီမိုကရေစီမျက်နှာဖုံးကွာကျကာ ရုပ်ပျက်ဆင်းပျက်ဖြစ်မည်။ တစ်သက်လုံးပင် မဖုံးရသေး ကုန်းကွကွနှင့်အကုန်ပေါ်မည့်အရေး သူတို့လည်း မတွေးပဲမနေ။ ဤအထိုင်ပေါ်မှာဆက်တွေးလျှင် ဖွဲ့စည်းပုံပြင်ရေးသည် ကိုယ့်ဘက်မှာသာ ကျပ်တည်းသည်မဟုတ် သူတို့ဘက်လည်းမချောင်မှန်းထင်ရှား၏။ ဤအကျပ်အတည်းကို ပြင်ရေးအကျပ်အတည်းဆိုသည်ထက် ဖွဲ့စည်းပုံကိုယ်၌၏သန္ဓေပါအကျပ်အတည်း သို့မဟုတ် ဖွဲ့စည်းပုံအကျပ်အတည်းဟုသဘောပိုရ၏။
ထိုအကျပ်အတည်းတို့နှင့် “ထောင်”ထားသောဖွဲ့စည်းပုံသည် သူ့ဘက်ကိုယ့်ဘက်၊ မျက်နှာကြီးငယ်မရွေးပြင်ရန်ခက်၏။ ပြဌာန်းသူတို့လက်နှင့်ထုသည့်နတ်ရုပ်အား သူရောကိုယ်ပါ လိုက်တုပ်ကွနေရသည့်အဖြစ်။ ပူဇော်နေရသည့်ဘဝ။ ရေးတုန်းက သူတစ်ပါးပြင်မရအောင်ရေးခဲ့သည့်ဖွဲ့စည်းပုံသည် ယခု သူတို့ပါပြင်၍မရတော့။

ဤတွင် ပြင်ရေးအလုပ်မဖြစ်နိုင်။ ဖျက်ပြီးအသစ်ပြန်ရေးလိုင်း ရှေ့ထွက်လာ၏။ လူထုကလည်း သောင်းသောင်းဖျဖျရှိ၏။ နှစ်လိုကြ၏။ အသစ်ပြန်ရေးအသံ”သည် လွှတ်တော်တွင်းရွေးကောက်ခံ/မခံအမတ်မင်းတို့အထံမှ ထွက်လာသည်မဟုတ်။ သူတို့ပြောသည့် စာမတတ်ပေမတတ်တွေထံမှ။ ထို စာပေမကျဝမ်းမဝသည့်လူထုသည် ဖွဲ့စည်းပုံကိုဖတ်ဖူးဖို့ဝေးစွခြောက်ပါး မြင်ပင်မမြင်ဖူးကြသူများ၏။  ရှေ့နေတွေ ဥပဒေသမားတွေ နိုင်ငံရေးသမားတွေလိုဖတ်ဖို့လည်း လိုကြသည်မဟုတ်။ မတရားမှုဆိုသည်မှာ စာတတ်မှသိရသည့်ကိစ္စမဟုတ်။ ဘဝအရ လက်တွေ့အရသိသည့်ကိစ္စ။ (ဆက်လက်တင်ပြပါမည်) မျိုးမြင့်ချို

Tuesday, November 26, 2013

“သမ္မတကြီးအား စာအားဖြင့်မေတ္တာရပ်ခံရန်” ဆိုသည်နှင့်ပတ်သက်၍ (တူမောင်ညို)

0 comments

“သမ္မတကြီးအား စာအားဖြင့်မေတ္တာရပ်ခံရန်” ဆိုသည်နှင့်ပတ်သက်၍(တူမောင်ညို)(၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၂၄ ရက်) 
“နှစ်ယောက်ထဲသိတဲ့ထိတွေ့မှု”၊ “နှစ်ယောက်အတူတွဲ ဓါတ်ပုံရိုက်တာသာရလဒ် အဖြစ်မြင်ကြရတဲ့စကားပြောပွဲ”--- မျိုးတွေကို စိတ်ကုန်ပါသည်။ ဝေးသောအတိတ်မှဖြစ်ရပ်များကို မပြောတော့ပါ။၁၉၈၈ နောက်ပိုင်းမှစ၍ပြောရလျှင် အစိုးရနှင့်အတိုက်အခံပါတီများအကြား၊ အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား  ယနေ့အထိ “နိုင်ငံရေးဆွေးနွေးပွဲ” များပေါ်ပေါက်ခဲ့ခြင်းမရှိသေးပါ။
(နဝတ-နအဖ)စစ်အစိုးရ၌လည်း “တွေ့ဆုံဆွေးနွေးရန်” နိုင်ငံရေးအာသီသမရှိခဲ့သလို၊ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၌လည်း မရှိပါ။ ရှိသည်ဟုဆိုလျှင် “ဟန်ပြ”သဘောမျှသာဖြစ်ပြီး၊ အပေါ်စီးမှလက်ဦးမှုယူရန်နှင့်“၂၀၀၈ အခြေခံဥပဒေ”စည်းဝိုင်းထဲ ဇွတ်အတင်း သွတ်သွင်းဖို့သာဖြစ်သည်။
ယခုလည်း တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့်“ချင်းမိုင်စကားဝိုင်း”၊ “ရွှေလီစကားဝိုင်း”၊ “မြစ်ကြီးနား စကားဝိုင်း”၊ “ဘားအံစကားဝိုင်း”တွေလုပ်နေပါသည်။ နေရာတွေသာ တစ်ခုပြီးတစ်ခုပြောင်းနေသော်လည်း ရလဒ်အနေဖြင့်ကား လက်ဆုတ်လက်ကိုင်ပြစရာ မရှိခဲ့ပါ။“ဘားအံစကားဝိုင်းပြီးလျှင် “မော်လမြိုင် စကားဝိုင်း”၊“တောင်ကြီးစကားဝိုင်း” စတာတွေဖြစ်မလာနိုင်ဟု ဘယ်သူပြောနိုင်မလဲ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး အဆင်ပြေချောမွေ့စွာဖြစ်မြောက်စေရန်” ရည်ရွယ်၍သမ္မတ၊ လွှတ်တော်၊ တပ်မတော်”တို့ထံ “စာအားဖြင့်မေတ္တာရပ်ခံရန်”ဆုံးဖြတ်ချက်တစ်ရပ်ကို ဒီချုပ်က သတင်းထုတ်ပြန်ခဲ့သည်။ ပြည်သူများကို အသိပေးရုံသက်သက်ပဲဖြစ်ပုံရသည်။
“တောင်းဆို”သည်ဆိုသည့်စကားလုံးကိုပင်ရှောင်ရှားပြီးပျော့ပြောင်းညင်သောအသုံးအနှုန်း “မေတ္တာရပ်ခံ” ဟူ၍သုံးထားပါသည်။ “တစ်ဦးမေတ္တာတစ်ဦးမှာ”ဆိုသလို တုန့်လှည်မေတ္တာပြန်လည်ရရှိနိုင်ပါစေဟု လှိုက်လှိုက်လှဲလှဲဆုတောင်းပါသည်။

အသေးစိတ်မပြောနိုင်လျှင်လည်း ရှိပါစေ၊ဖွဲ့စည်းပုံပြင်ဆင်ရေး အဆင်ပြေချောမွေ့စေရန် လိုအပ်သည့်အခြေခံအချက်များကိုတော့ ပြည်သူများ သိရှိသဘောပေါက်အောင်ဖော်ပြပေးဖို့ လိုအပ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်ချထားခြင်းခံရစဉ်က“တွေ့ဆုံမှုများ”နှင့်ပတ်သက်၍ “မုံရွာအောင်ရှင်”၏ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရက်စွဲမှတ်တမ်း - ပထမတွဲ)ကို ဖတ်ရမှ တစ်စွန်းတစ်စသိရတော့သည်။ ပါတီစီအီးစီများပင် မသိနိုင်သည့်ကိစ္စများရှိသည်ဟုဆိုနေပြန်တော့လည်း သာမန်ပါတီဝင်များနှင့်ပြည်သူများသိရှိနိုင်ရန်မှာ မိုးနှင့်မြေပမာကွာလှမ်းနေပါတော့သည်။ ပါတီ၏မူပေါ်လစီများ၊ လုပ်ငန်းစဉ်လမ်းစဉ်များ ပါတီအီးစီများ၊ ပါတီဝင်များ၊မဟာမိတ်များ၊ ပြည်သူများ သိရှိနားလည်သဘောပေါက်လျှင် အဆိုပါ ပါတီချီတက်လျှောက်လှမ်းမည့်လမ်းခရီးသည် ပို၍မြိုင်မြိုင်ဆိုင်ဆိုင်ရှိပါလိမ့်မည်။ ပို၍ ခွန်အားရှိပါလိမ့်မည်။ တစ်ကိုယ်တော် ထူးချွန်ထက်မြက်မှုသည် အလွန်အရေးပါ ပါသည်။ သို့သော်လည်း တစ်ဖက်က ငြိုငြင်မှာကိုအစိုးရိမ်လွန်ပြီး ပါတီဝင်များ၊ မဟာမိတ်များ၊ ပြည်သူများကို ပွဲကြည့်ပရိသတ်လိုသဘောမထားသင့်ပါ။

၏အုပ်စိုးသူအစိုးရကတော့အစိုးရပီသပါသည်။ သေနတ်နှင့်ပစ်သည်၊ မီးလောင်ဗုံးနှင့်ထုသည်၊ ပုဒ်မ ၁၈ ၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့် ထောင်ဒဏ်တွေ ချမှတ်နေပါသည်။ အီးယူအကူအညီဖြင့်“လူစုလူဝေးအား စနစ်တကျ စီမံထိန်းသိမ်းမှုလုပ်ငန်း”(Crowd Management ) အမည်ဖြင့် လူထုဆန္ဒပြမှုများကိုဖြိုခွဲသည့် သင်တန်းတွေပေးနေသည်။“မတရားသင်းအက်ဥပဒေ” ပယ်ဖျက်မပေးနိုင်ဟု ပြောနေသည်။
သို့ပါ၍အတိုက်အခံပါတီများသည် အတိုက်အခံပါတီ ပီသကြဖို့လိုပါသည်။ အာဏာရအစိုးရနှင့် လက်တွဲလုပ်သင့်သည့်ကိစ္စကိုရဲရဲလုပ်ရန်လိုအပ်သလို၊ ပြတ်ပြတ်သားသား စည်းခြားပြီးလုပ်ရမည့် အလုပ်ကို ပြတ်ပြတ်သားသားစည်းခြားလုပ်ဖို့လိုပါသည်။ ပြည်သူတွေထဲမှာ“၂၀၀၈အခြေခံဥပဒေကို ဖတ်ဖူးသူဘယ်နှယောက်ရှိသလဲ”ဆိုတာထက် ပိုအရေးကြီးသည့်အချက်မှာ မိမိတို့ပါတီဝင်များက ပြည်သူတွေထဲမှာ “၂၀၀၈ အခြေခံဥပဒေ” နှင့်ပတ်သက်ပြီး မည်မျှဆွေးနွေး အသိပညာပေးထားသလဲဆိုသည့်အချက်ဖြစ်ပါသည်။

ယခုလည်းအများကြီးမမျှော်လင့်ပါ။ အခြေခံဥပဒေပြင်ဆင်ရေး၏ အဆုံးအဖြတ်ကံကြမ္မာသည် ကြံ့ဖွံ့ပါတီအမတ်များနှင့်ကာချုပ်ဗိုလ်မင်းအောင်လှိုင်၏ စစ်သားအမတ်များလက်ထဲတွင် ရှိသောအရာဖြစ်ပါသည်။

ဒီချုပ် သတင်းထုတ်ပြန်ချက်ထဲတွင်တွေ့ဆုံဆွေးနွေးရန်ရည်ညွန်းထားသည့် “သမ္မတ၊ လွှတ်တော်၊ တပ်မတော်” ဆိုသည်မှာ အာဏာပိုင်(ကာလုံ) ပင်မဟုတ်ပါလော။
ညွန်း - သတင်းထုတ်ပြန်ချက်၊(၂၃/၁၁/၂၀၁၃) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

စစ်ဘာကြောင့်ဖြစ် (ရဲဘော် ဖိုးသံချောင်း)

0 comments
စစ်ဘာကြောင့်ဖြစ် (ရဲဘော် ဖိုးသံချောင်း)
အခုတလောအပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးစကား၊ ရင်ကြားစေ့ရေးစတဲ့အသံတွေ အများကြီးကြားနေရ ပါတယ်။ သူ့ခေတ်နဲ့သူ့အခါကြားရတာမို့ မဆန်းဘူးလို့ ပဲအောက်မေ့နေလိုက်ပါတယ်။ ဒါပေမယ့် အဲဒီလိုပြောမှု ဆိုမှုတွေထဲမှာ စစ်ဖြစ်ရတဲ့အကြောင်းရင်းဟာ သုံးမျိုးပဲရှိတယ်ဆိုတဲ့ပြောနည်းမျိုးကို ကြားလိုက်ရ ပါတယ်။ ပြောကြတာက စစ်မက်ဖြစ်ပွားတယ်ဆိုတာ ဟာ (၁)လူမျိုးရေး၊ (၂)ဘာသာရေး၊ (၃)ဝါဒရေးဆိုတဲ့ အကြောင်းရင်းသုံးခုကြောင့်ဖြစ်ပွားတာဖြစ်တယ်။ တခြားအကြောင်းရင်းမရှိဘူး ဆိုတဲ့အယူအဆဖြစ်ပါတယ်။ သဘောတရားတခုတင်လာတဲ့ သဘောလိုဖြစ်နေပါတယ်။ ဒီအယူအဆ၊ ဒီလိုအပြောအဆိုကို အရင်ကလည်းဖတ်ဖူး၊ ကြားဖူးပါတယ်။ တဖြည်းဖြည်းများလာတဲ့သဘောရှိတဲ့အတွက် ကိုယ့်အမြင်ကိုတော့ပြောမှပဲဆိုပြီး ကီးဘုတ်ကိုနှိပ်နေမိ ပါတယ်။ တချိန်ထဲမှာ ကိုယ်လက်လှမ်းမီတဲ့စစ်ပွဲတွေကိုလည်း ပြန်စဉ်းစားနေမိပါတယ်။

ဦးဆုံးကတော့ အင်္ဂလိပ်နယ်ချဲ့သမားနဲ့ ဗမာပဒေသရာဇ်တွေ တိုက်ခဲ့ကြတဲ့စစ်ပွဲတွေပါ။ (၁၉)ရာစုနှစ် အတွင်းမှာ အင်္ဂလိပ်နယ်ချဲ့သမားက ဗမာပြည်ကိုစစ်သုံးကြိမ်တိုက်ပြီး ကျူးကျော်သိမ်းပိုက်တာဟာ ဝါဒကြောင့်လား၊ လူမျိုးရေးကြောင့်လား၊ ဘာသာရေးကြောင့်လား။ ဘယ်ဟာမှမဟုတ်ပါဘူး။ ဒါဖြင့် အဲဒီအရင်လေးကဖြစ်ခဲ့တဲ့ မင်းတုန်းနဲ့ကနောင် မင်းသားညီနောင်တို့ ရွှေဘိုကိုသွားအောင်မြေနင်းပြီး သူတို့ရဲ့အကို ပုဂံမင်းကိုပုန်ကန်တာကရော- ဝါဒကြောင့်လား၊ လူမျိုးရေးကြောင့်လား၊ ဘာသာရေးကြောင့် လား။ ဘယ်ဟာကြောင့်မှမဟုတ်ပါဘူး။ ဗမာပြည် ပြည်သူတွေက အင်္ဂလိပ်နယ်ချဲ့နဲ့ဂျပန်ဖက်ဆစ်တွေကို လက်နက်ကိုင်ခြင်းအပါ နည်းမျိုးပေါင်းစုံနဲ့တော်လှန်တိုက်ပွဲဝင်ကြတာဟာ အဲဒီလူမျိုးတွေကိုမုန်းလို့လား၊ ဘာသာရေးကြောင့်လား၊ ဒါမှမဟုတ် အယူဝါဒတွေ ကွဲနေလို့လား။ မဟုတ်ပါဘူး။ ကိုယ့်တိုင်းကိုယ့်ပြည်ကို ချစ်လို့၊ လွတ်လပ်ချင်လို့ဆိုတာ သိပ်ရှင်းနေပါတယ်။

ဒါဖြင့် ဒီနေ့ဗမာပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကကော။ ဘာကြောင့်ဖြစ်နေတာလဲ။ တိုင်းရင်းသား လူမျိုးစုတွေနဲ့ဗမာလူမျိုးတွေအကြား စစ်ဖြစ်နေတာလား။ မဟုတ်ပါဘူး။ ခရစ်ယံတွေနဲ့ဗုဒ္ဓဘာသာတွေ အကြားက စစ်ပွဲလား။ ဒါလည်း မဟုတ်ပါဘူး။ ဒါဖြင့် ဘာအယူဝါဒနဲ့ဘာအယူဝါဒအကြားက တိုက်ပွဲလဲ။ သူတို့ပြောတဲ့ အထက်ကစံသုံးချက်ထဲက တချက်နဲ့မှမကိုက်ဘူးထင်ပါတယ်။ ဒီတိုင်းပြည်မှာ ရာစုနှစ် တဝက်ကျော်ဖြစ်နေတဲ့စစ်ပွဲဟာ ဗမာလူမျိုးထဲက လူမျိုးကြီးဝါဒနဲ့စစ်အာဏာရှင်စနစ်ကိုကျင့်သုံးတဲ့ စစ်အာဏာရှင်တွေကတဘက်၊ စစ်အာဏာရှင်စနစ်နဲ့လူမျိုးကြီးဝါဒကိုဆန့်ကျင်တဲ့ ဗမာအပါလူမျိုးစုံပြည် သူတွေကတဘက် ဖြစ်တဲ့စစ်ပွဲပါ။

သမိုင်းမှာ ဘာသာရေးစစ်ပွဲ၊ လူမျိုးရေးစစ်ပွဲဆိုတာတွေမရှိခဲ့ဖူးဘူး မဟုတ်ပါဘူး။ အားလုံးသိကြတဲ့ ခရူးဆိတ်စစ်ပွဲလိုဟာတွေ အများအပြားပဲရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေဟာ ပဒေသရာဇ်စနစ်ကုန်ဆုံးတာနဲ့ အခြေခံအားဖြင့် ခေတ်ကုန်ဆုံးသွားတယ်လို့ဆိုနိုင်ပါတယ်။ ခြွင်းချက်လောက်ပဲ ကျန်တတ်ပါတယ်။ တချိန်က ကမ္ဘာပေါ်မှာပဒေသရာဇ်စနစ်လွှမ်းမိုးနေတုန်းက ဝါဒရေးရာဆိုတာမရှိသလောက်ပါ။ အဲဒီတုန်းက အဓိကအားဖြင့် အယူဝါဒ-ဘာသာရေးပဲရှိပါတယ်။ အဲဒီနောက် ကမ္ဘာကြီးကို အရင်းရှင်စနစ်က အဓိက လွှမ်းမိုးတဲ့နောက်ပိုင်းမှာ ဖြစ်ပွားတဲ့စစ်ပွဲတွေထဲက အများတကာ့အများစုဟာ အရင်းရှင်လက္ခဏာဆောင်တဲ့၊ နယ်ချဲ့ဖို့ဖြစ်တဲ့၊ အရင်းရှင်နယ်ချဲ့တွေအတွက် အရင်းမြှုပ်နှံစရာ၊ သွေးစုပ်စရာနယ်ပယ်နဲ့သယံဇာတလုယက်စရာနယ်တွေလုဖို့၊ အဲဒီအတွက် သြဇာခံနယ်တွေထူထောင်ဖို့စတဲ့ နိုင်ငံကြီးတွေရဲ့ကိုယ်ကျိုးစီးပွားရှာတဲ့အကြောင်းရင်းတွေကြောင့်
ဖြစ်ကြတာတွေပါ။

ဝါဒကြောင့်ဖြစ်တဲ့စစ်ပွဲ-။ သမိုင်းမှာ ကွန်မြူနစ်ဝါဒနဲ့အရင်းရှင်ဝါဒတို့အပါ၊ ဝါဒတခုနဲ့တခုအကြား၊ ဝါဒအတွက်ဖြစ်ခဲ့တဲ့စစ်ပွဲလို့ ပြောနိုင်တာဘယ်တခုများ ပီပီပြင်ပြင်ရှိခဲ့လို့လဲ။ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ် စစ်ပွဲစတာတွေဟာ ဝါဒနှစ်ခုအကြား စစ်ဖြစ်တာဆိုတာထက် သြဇာခံဒေသလုယက်မှုကနေ ပေါ်ပေါက်တယ်ဆိုမှသာ ပိုမှန်မယ်လို့ထင်ပါတယ်။ ဒီနေ့ကမ္ဘာမှာ စစ်ပွဲတွေ အများဆုံးဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေ(ခဲ့)တဲ့စစ်ပွဲတွေဟာ ခုနက အကြောင်းရင်းသုံးခုကြောင့် ဖြစ်ပေါ်နေ(ခဲ့)တာ မဟုတ်ပါဘူး။ အဲဒီဒေသတွေမှာရှိတဲ့ သယံဇာတတွေအတွက် မမှန်ကန်တဲ့ဆင်ခြေတွေအမျိုးမျိုးပေးပြီး ဝင်တိုက်နေကြတာဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဘုံဘေဘားမားသစ်ကုမ္ပဏီအတွက် အထက်ဗမာပြည်ကို ဆက်တိုက်သိမ်းတယ်ဆိုတဲ့ အဖြစ်မျိုးနဲ့ ဘာမှမကွာပါဘူး။ ဒီနေ့အခါမှာ တရုတ်နဲ့အမေရိကန် ရှားစောင်းစေးနဲ့မျက်ချေးဖြစ်နေကြတာ ကကော- အယူဝါဒကြောင့်လား။ လုံးဝမဟုတ်ပါဘူး။ သူတို့ချင်း အခုလို ဘာကြောင့်စောင်နေကြတယ် ဆိုတာ ဗမာပြည်သားတွေအသိဆုံးပါ။ တိုင်းပြည်ရဲ့လူအင်အား၊ ဓနအင်အားတွေအမြောက်အမြား အဆုံးအရှုံးခံပြီး အယူဝါဒအတွက်စစ်ပွဲတွေဆင်နွှဲရလောက်အောင် ဒီနေ့ခေတ်မှာ ဘယ်သမတ၊ ဘယ်ဝန်ကြီးချုပ်မှ မမိုက်ပါဘူး။ “အကြမ်းဖက်ဝါဒ”ကိုတိုက်ပါတယ်ဆိုတဲ့ အမေရိကန်အပါ အနောက်နိုင်ငံတွေဟာ သူတို့ပြောတဲ့ “အကြမ်းဖက်”ဝါဒီတွေကို သူတို့ကိုယ်တိုင်က ပြုစုပျိုးထောင်ခဲ့တယ် ဆိုတဲ့အချက်ကို ထုတ်မပြောပါဘူး။ ထိန်ထားကြပါတယ်။ နောက်ပြီး“အကြမ်းဖက်ဝါဒကိုနှိမ်နင်းတဲ့”စစ်ပွဲ ဆိုတာတွေအားလုံးဟာလည်း သယံဇာတ(အထူးသဖြင့်ရေနံ) ပေါကြွယ်ဝတဲ့၊ ပထဝီအရအချက်အခြာ ကျတဲ့ဒေသတွေမှာချည်း ဖြစ်နေတာဟာလည်းတိုက်ဆိုင်လွန်းလှချည့်လားလို့တောင်ပြောရမလို
ဖြစ်နေပါတယ်။

တခါပြည်တွင်းစစ်တွေဆိုရင်လည်း အာဏာသိမ်းမှုတွေနဲ့၊ လက်နက်ကိုအမိန့်ပေးနိုင်တဲ့အုပ်စိုးသူတွေက သူတို့အာဏာလိုချင်လို့၊ ဒါမှမဟုတ် အာဏာကိုလက်မလွှတ်ချင်လို့ အကြမ်းဖက်ရာကနေ ဖြစ်ပေါ်ခဲ့တာတွေက ဧရာမအများစုဖြစ်ပါတယ်။ ဒီစစ်ပွဲတွေဟာ အာဏာရှင်စနစ်နဲ့ အာဏာရှင်မဟုတ်တဲ့စနစ် စသဖြင့် စနစ်တွေအကြားတိုက်ပွဲပေါ်ပေါက်တာပါ။ နောက်ပြီး အဲဒီစနစ်တွေကို ကိုယ်စားပြုတဲ့လူတန်းစားတွေရှိတယ်ဆိုတာကို ဒီနေ့ဗမာပြည်အခြေအနေလောက်သိသာထင်ရှားတာ မရှိဘူးလို့ထင်ပါတယ်။

သူတို့ပြောသလိုသာ စစ်ဖြစ်ရတဲ့အကြောင်းရင်းဟာ ဒီသုံးမျိုးထဲရှိတယ်လို့အသေသတ်မှတ်ထားရင် ဒီနေ့ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကိုသုံးသပ်တာတွေအကုန် မှားကုန်နိုင်ပါတယ်။ တခြားမပြောနဲ့ ဗမာပြည်ကပြည်တွင်းစစ်ကို အဲဒီ စံသုံးခုနဲ့တိုင်းလိုက်ရင် စစ်အာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုနဲ့ (တိုင်းရင်းသားပေါင်းစုံ)ပြည်သူလူထုအပေါ်စစ်ခင်းခြင်းဆိုတဲ့ တကယ့်သွင်ပြင်လက္ခဏာတွေကို ဖုံးကွယ်ပေးပြီးသားဖြစ်သွားမယ့်အပြင် စစ်အုပ်စုနဲ့ခရိုနီတွေအတွက် စစ်ခင်းနေတဲ့စစ်ဗိုလ်ချုပ်တွေဟာ “ဗမာလူမျိုး”တွေကို ကိုယ်စားပြုသလိုလို၊ “ဗမာလူမျိုး”အားလုံးအတွက် တိုက်ပွဲဝင်နေကြသယောင်ယောင်၊ သူတို့ကို“ဗမာလူမျိုး”အားလုံးကပဲ တခြားတိုင်းရင်းသားတွေကိုတိုက်ဖို့ တာဝန်ပေးထားတဲ့အလား တလွဲအဓိပ္ပာယ်တွေပေါက်ကုန်နိုင်ပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်းကျမှပေါ်ပေါက်တဲ့ ပြည်တွင်းစစ်အမြောက်အမြားဟာ စစ်တပ်က (သူတို့နောက်ကွယ်မှာ ပြည်ပအင်အားပါချင်ပါမယ်၊ မပါချင်မပါဘူး) အာဏာသိမ်းလို့ဖြစ်ပွားတဲ့စစ်ပွဲတွေ အာရှ၊ အာဖရိကနဲ့လက်တင် အမေရိကတို့မှာ နည်းသမို့လား။ သူတို့ပြောတဲ့စံသုံးချက်ဟာ ဒီအချက်ကို တမင်ရှောင်သွားတာလား၊ ဖုံးပေးတာလား၊ စဉ်းစားစရာပါ။ နောက်ပြီး ဗမာပြည်သားတိုင်း အသဲထဲမှာစွဲနစ်နေတဲ့ ဆရာစံလယ်သမားအုံကြွမှု။ ဒီသူပုန်ထမှုကြီးဟာ အဲဒီ စံသုံးချက်အထဲက ဘယ်အချက်ကြောင့်ဖြစ်ပေါ်ခဲ့တာလဲ၊ လယ်သမားတွေဆီက လယ်တွေကိုလုယူ၊ ဆန္ဒပြတော့အကြမ်း ဖက်နှိမ်နင်း၊ အဲဒီလို လူတန်းစားပဋိပက္ခတွေကနေ ပေါ်ပေါက်လာတာဖြစ်တယ်ဆိုတာကို သမိုင်းမသင်ဖူးတဲ့လူတောင် သိပါတယ်။ နောက်ပြီး (၁၉၄၆)ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့လယ်ဝေးသူပုန်။ အင်္ဂလိပ်ကိုလိုနီအစိုးရတာဝန်ပေးချက်နဲ့ ဗိုလ်နေဝင်းကိုယ်တိုင်သွားပြီး နှိမ်နင်းခဲ့တဲ့လယ်သမား သူပုန်ထမှုကြီး။ အားလုံးဟာ လူတန်းစားတိုက်ပွဲက ပေါ်ထွက်လာတာတွေချည်းဖြစ်ပါတယ်။  ဒါပေမယ့် ဒီစံသုံးချက်ထဲမှာတော့ ဒီနေ့ မြေယာလုယက်မှုတွေရဲ့ဆိုးဝါးမှုကို လျှော့ပေါ့ချင်ထားချင်လို့လားမသိဘူး လူတန်းစားတိုက်ပွဲတွေကနေ စစ်ပွဲတွေဖြစ်တယ်ဆိုတဲ့ အချက်ကို တမင်ချန်ထားသလိုဖြစ်နေပါတယ်။   
ဒီနေရာမှာတပါတည်းထောက်ပြသင့်တာတခုက “စစ်ရဲ့အကြောင်းရင်းမှာ ဘာသာရေးနဲ့လူမျိုးရေးတို့ ပါဝင်တယ်” ဆိုတဲ့အပြောမျိုးအရဆိုရင် ဒီနေ့ဗမာပြည်မှာ တမင်ဖန်တီးထားတဲ့လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေကနေ စစ်ပွဲတွေပေါ်ပေါက်လာနိုင်တယ်၊ ဒါကြောင့် စစ်တပ်ရဲ့အခန်းကို အသိအမှတ်ပြုရမယ်၊ “အာဏာသိမ်းသင့်လို့သိမ်း”တာကို အသိအမှတ်ပြုရမယ်ဆိုတဲ့ လောဂျစ်တွေဆက်ပေါ်လာနိုင် ပါတယ်။ နောက်ပြီး (၁၉၆၂) ခုနှစ်က “တိုင်းရင်းသားတွေအစည်းအဝေးလုပ်လို့ ဖြစ်ပေါ်လာတဲ့ လက်တစ်လုံးခြားသာလိုတော့တဲ့”အခြေအနေမျိုးတွေကလည်း ပေါ်ပြီးရင်းပေါ်နေပါလိမ့်မယ်။

ဒီကနေ့ကမ္ဘာမှာဖြစ်နေတဲ့စစ်ပွဲတွေဟာ အဓိကအားဖြင့် နိုင်ငံကြီးတွေရဲ့ သြဇာခံနယ်မြေတိုးချဲ့မှု၊ သယံဇာတလုယက်မှု၊ နောက်ပြီး ဒေသခံအာဏာရှင်တွေရဲ့ ကိုယ့်အာဏာနဲ့ဓနခိုင်မြဲရေးတို့ ကနေ ဖြစ်ပေါ်တာသာဖြစ်တယ်ဆိုတာကို အတိအလင်းဖော်ထုတ်ဖို့လိုနေပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အာဏာသိမ်းခွင့်ကိုပြဋ္ဌာန်းထားတာကိုကပဲ အချိန်မရွေးစစ်ဖြစ်ဖို့ အခြေအနေတွေ ဖန်တီးထားတာဖြစ်တယ်ဆိုတာကို ထောက်ပြကြရပါတော့မယ်။
ရဲဘော်ဖိုးသံချောင်း


ဗကပနဲ့ကျောင်းသားသမဂ္ဂ

0 comments
ဗကပနဲ့ကျောင်းသားသမဂ္ဂ
ဗကပ၏ ဇာတိဇစ်မြစ်
တကသ၊ ဗကသနဲ့ တို့ဗမာအစည်းအရုံး (သခင်ပါတီ)တို့အထဲမှာ ဗကပသန္ဓေတည်ပြီး ၁၉၃၉ ခုမှာ မွေးဖွားလာတာဖြစ်ပါတယ်။
ဗမာပြည်က ခေတ်ပညာတတ်တွေဟာ ၁၉၁၇ ရုရှား အောက်တိုဘာတော်လှန်ရေးအမြောက်သံကို ၁၉၂၀ မတိုင်မီကတည်းက ကြားပါတယ်။ ၁၉၂၀ လွန်တော့ ဗမာပြည်မှာ အိန္ဒိယကွန်မြူနစ်ပါတီနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ရဲ့လှုပ်ရှားမှုများက တဆင့်လည်း အောက်တိုဘာတော်လှန်ရေး၊ ဘော်ရှီဗစ်ပါတီ ကွန်မြူနစ်ပါတီသဘောတရားများကို လေ့လာ မှတ်သားရပါတယ်။ ဘိလပ်ပြန်များကယူလာတဲ့ မာ့က်စ် လီနင် စတာလင်တို့ရဲ့ကွန်မြူနစ်သဘောတရား စာအုပ်များကိုလည်း လေ့လာရပါတယ်။ ဒီလိုနဲ့ (တကသ၊ ဗကသ)ကျောင်းသားတွေ၊ သခင်ပါတီထဲက သခင်ပါတီဝင်တွေဟာ မာ့က်စ်ဝါဒလေ့လာရေးအစုများ ဖွဲ့ပြီး မာ့က်စ်ဝါဒလေ့လာကြပါတယ်။ စာအုပ်စာတမ်းရေးပြီး ထုတ်ဝေကြတယ်။

၁၉၃၆၊ ၁၉၃၈ ကျောင်းသားသပိတ်များနဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံပြီးတဲ့နောက်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီဖွဲ့စည်းဖို့ အခြေအနေပေးလာတယ်။ ဖွဲ့စည်းတော့ သဘာဝကျစွာပဲ လေ့လာရေးအစုခေါင်းဆောင်တွေဟာ ဗကပရဲ့ခေါင်းဆောင်တွေဖြစ်လာကြတယ်။ အစုဝင်တွေက ပါတီဝင်တွေဖြစ်လာကြတယ်။

လွတ်လပ်ရေးတိုက်ပွဲဝင်ကာလက တိုးတက်တဲ့နိုင်ငံရေးကျောင်းသားများဟာ တို့ဗမာအစည်းအရုံး (သခင်ပါတီ) ဝင်စမြဲပဲ။ ဒါကြောင့်ပဲ ဗကပ ရဲ့ခေါင်းဆောင်ရော၊ ပါတီဝင်တွေပါ သခင်ဘွဲ့ခံသူတွေချည်း ဖြစ်လာရတာပဲ။

ကြုံကြိုက်လို့ အဖြစ်အပျက်ကလေးတခုကို ပြောချင်တယ်။ KIO နဲ့ ဗကပ မဟာမိတ်ဖွဲ့တုန်းက ဖြစ်တာပါ။ ဗကပ က KIO ကို လက်နက်တွေကူညီခဲ့တယ်။ လက်နက်မပေးခင် KIA တပ်ဖွဲ့တွေကို ပြည်သူ့ဒီမိုကရေစီ လုပ်ငန်းစဉ်သဘောတရား သင်တန်းပေးတယ်။ သင်တန်းဆရာက “ဗကပသမိုင်း”ပြောတော့ ပါတီခေါင်းဆောင်တွေအားလုံးက သခင်ဘွဲ့ ခံသူတွေချည်းဖြစ်နေတယ်။ နားကလောလာလို့ ထင်ပါရဲ့ KIA ဗိုလ်တယောက်က ထပြီးကောတယ်။ “သခင်ယေရှုတယောက်ပဲ ကြားဖူးတယ်။ ခုတော့ ဗကပမှာ သခင်တွေများလှပါလား”လို့ ပြောဖူးတယ်။

၁၉၄၅ အလွန် ဗကပ ရဲ့ရေသောက်မြစ်

ရေသောက်မြစ်က ‘ဗကသ’ ‘အလုပ်သမားသမဂ္ဂ’ ‘တောင်သူလယ်သမားသမဂ္ဂ’ စတာတွေ ဖြစ်လာတယ်။ သခင်ပါတီက တဇာတ်သိမ်းသွားပြီ။ ဖောက်ပြန်သွားပြီ။

အဲဒီတုန်းက ဗကပ လည်း ဥပဒေတွင်း O/G ပါတီ ဖြစ်သလို ဗကသ၊ အလုပ်သမားလယ်သမား သမဂ္ဂတွေလည်း တရားဝင်တွေချည်းဖြစ်တယ်။ ဒါကြောင့် ဘာမှ လျှို့လျှို့ဝှက်ဝှက်လုပ်နေစရာ မလိုဘူး။ ဗကပရဲ့ကွန်ဖရင့်တွေ၊ အစည်းအဝေးတွေမှာ ဗကပကျောင်းသားတွေ တက်မြဲဖြစ်တယ်။ ဒါကြောင့်လည်း ဘယ်ကျောင်းသားက ကွန်မြူနစ်ပဲဆိုတာကိုအားလုံးကသိကြတာပဲ။ ဗကပရဲ့တင်းကျပ်တဲ့စည်းမျဉ်းကို မလိုက်နာနိုင်တော့လို့ ကိုသန်းထွန် (ဒေါက်တာသန်းထွန်း)က ပါတီကထွက်ပြီး ကျောင်းဆရာလုပ်တယ်။ နိုင်ငံခြားပညာတော်သင်သွားဖို့လျှောက်တော့ ပညာသင်ရွေးချယ်ရေးအဖွဲ့က လူခေါ်တွေ့တယ်။ အဖွဲ့ဥက္ကဋ္ဌဦးကျော်ငြိမ်းက သူ့ကို ကွန်မြူနစ်ယူ/ဂျီလုပ်နေတယ်လို့ သံသယဖြစ်ပြီး မေမြန်းစစ်ကြောခဲ့တာပဲ။ မေးပုံဖြေပုံကို “ငါပြောချင်သမျှ ငါ့အကြောင်း”မှာ ဖတ်ရတယ်။

၁၉၄၈ အလွန်ကာလ

ဗကပ ပါတီက တောထဲရောက်သွားပြီ။ ဗကသ က တရားဝင်အဖွဲ့အစည်းပဲ။ အာဏာပိုင်တွေက ‘ဗကသ’ကို မယုံဘူး။ ဦးနု က စပြီး ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်လေးတို့ကလည်း ဗကသကို ရန်ဘက်လို့ပဲ သဘောထားတယ်။ သူတို့က တချိန်က ဗကသခေါင်းဆောင်တွေချည်းပဲ။ ဒါပေမယ့် ဗကသကို ရန်ဘက်လို့ပဲသတ်မှတ်ကြတယ်။ ဗသကကို ဗကပ (ယူ/ဂျီ)လို့ပဲ သံသယရှိကြတယ်။

ဦးနုက ပါးစပ်နဲ့ပဲ ခြိမ်းခြောက်တယ်။ ဦးကျော်ငြိမ်းက သေနတ်နဲ့ခြိမ်းခြောက်တယ်။ ဗိုလ်ခင်မောင်လေးကတော့ သူကိုယ်တိုင်သေနတ်ဖောက်ပြီး ခြိမ်းခြောက်တယ်။ ဒါက ‘ဗကသ’ ခေါင်းဆောင်ဟောင်းတွေရဲ့ရန်လုပ်ပုံ ဖြစ်တယ်။

၁၉၆၂ အလွန်မှ အခုအထိ
စစ်အာဏာသိမ်း အစိုးရခေတ်မှာလည်း ဗကသကို ဗကပ (ယူ/ဂျီ)လို့ပဲ သံသယရှိတယ်။ သူတို့က ‘ဗကသ’မှာ တခါမှ မလုပ်ဖူးဘူး။ သံယောဇဉ် မရှိဘူး။ ဒါကြောင့် သေနတ်နဲ့ခြိမ်းခြောက်ရုံ မကဘူး သေနတ်နဲ့ပစ်တယ်။ ပစ်တာကလည်း သေအောင်ချိန်ပစ်တာ။ အစုလိုက်အပြုံလိုက် သေအောင်ပစ်တာပဲ။
ဒီလိုနဲ့ ဗကသ လည်း မြေလျှိုးရပြီ။ မြေလျှိုးရတာ နှစ် ၅၀ နီးနေပြီ။ ရှေ့မှာလည်း မြေလျှိုးနေရဦးမှာပဲ။

ရှေ့တခေါ် မျှော်ကြည့်
ဗကသနဲ့ ဗကပရပ်တည်ချက်တူနေလို့ အမြင်တူ၊ အတွေးတူ၊ အလုပ်တူခဲ့ကြတယ်။ ရှေ့တခေါ် မျှော်ကြည့်တော့ ‘၂၀၀၈ အခြေခံဥပဒေ’ နဲ့ ‘၂၀၁၀ ရွေးကောက်ပွဲ’ကိစ္စဟာ ဘီလူးစည်း-လူစည်း ခွဲမယ့်စည်းကြောင်းလို့ မြင်ပါတယ်။ တပြည်လုံးမှာ အကြီးအကျယ်ကွဲပြားမှုကြီးဖြစ်တယ်။ ပြီးရင် အကြီးအကျယ် ပြန်လည်စုစည်းမှုကြီးဖြစ်မယ်လို့ ဗကပက မြော်မြင်ပါတယ်။ ဘယ်သူတွေ ဘယ်လိုလုပ်ကြမလဲ မပြောတတ်ပါ။ သတင်းတွေကတော့ အများကြီး ကြားပါတယ်။ ‘ရွေးကောက်ပွဲဥပဒေ’ထွက်လာရင် ရှင်းလာပါလိမ့်မယ်။

ဒီတခါမှာလည်း ဗကပ နဲ့ ဗကသ အမြင်တူ၊ အတွေးတူ၊ အလုပ်တူကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ ချီတက်ရမယ့်ခရီး ဝေးပါတယ်။ အခက်အခဲတွေ တင်းကျမ်းဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် မိမိတို့ကသန္နိဋ္ဌာန်ခိုင်မာစွာနဲ့ချီတက်ရင် ကျော်နင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ဗကပ ရဲ့ နှစ် ၇ဝ ပြည့်သဝဏ်လွှာ ဖြစ်ပါတယ်။ ဗကသ က ၇၃ နှစ်ပါ။ မကြာမီ ၇၅ နှစ် ပြည့်ပါမယ်။ ပိုမိုကောင်းမွန်တဲ့ တောက်ပတဲ့အနာဂတ်ဆီသို့ ချီတက်ကြပါစို့။ ။
ယူတာက ဒီနေရာကပါ။https://www.facebook.com/rahul.koko

Tuesday, November 19, 2013

“ဆိုးသွမ်းမိုက်မဲမှု”အစဉ်အလာဓလေ့ကို စနစ်အရသာမက သွေးသားအရပါအမွေပေးသွားခဲ့သည် (တူမောင်ညို)

0 comments
“ဆိုးသွမ်းမိုက်မဲမှု”အစဉ်အလာဓလေ့ကို စနစ်အရ သာမက သွေးသားအရပါအမွေပေးသွားခဲ့သည် (တူမောင်ညို)
(၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်)
သမ္မတ(ဗိုလ်) ဦးသိန်းစိန်က“နိုင်ငံရေးအကျဉ်းသား” ထဲ စာရင်းသွင်းပြီး “လွှတ်ပေး”လိုက်သည့် အေးနေဝင်း နဲ့ ကျော်နေဝင်းတို့ပြောစကားတွေကြားရတော့ ဤသို့ကောက်ချက်ချမိသည်။ (ဗိုလ်) ဦးနေဝင်းသည် သူ၏  “ဆိုးသွမ်းမိုက်မဲမှု”အစဉ်အလာဓလေ့ကို စနစ်အရသာမက၊ သွေးသားအရပါ အမွေပေးသွားခဲ့ ပါကလားဟူ၍ဖြစ်သည်။ (ဗိုလ်)ဦးနေဝင်းပေးထားရစ်ခဲ့သည့်အမွေဆိုးများအနက် အဓိကဆိုးမွေမှာ စစ်တပ်ကို တစ်လက်ကိုင်ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ပြီး ပြည်သူလူထုကိုအကြမ်းဖက်ဖိနှိပ်ကာ ကိုယ်ပိုင်ဓနဥစ္စာစုဆောင်းကြခြင်းပင်ဖြစ်သည်။
ယင်းမှရရှိလာသည့်အကျိုးဆက်မှာ အုပ်စိုးသူလက်တစ်ဆုပ်စာစစ်အုပ်စုမှာ အကြီးအကျယ်ကြွယ်ဝချမ်းသာလာပြီး တိုင်းပြည်နှင့်ပြည်သူလူထု ဆင်းရဲတွင်းနစ်ခဲ့ရခြင်းဖြစ်သည်။
ဗိုလ်နေဝင်း၏အနှီဆိုးမွေများကို ဆရာထက်တပည့်လက်စောင်းထက်စွာ ဆက်ခံနိုင်ခဲ့သူမှာ ဗိုလ်သန်းရွှေပင်ဖြစ်သည်။ ဗိုလ်ခင်ညွန့်မှာ (ပြည်သူလူထု၊ နိုင်ငံရေးသမားများနှင့် ကျောင်းသား လူငယ်များကိုဖိနှိပ်၊ ဖမ်းဆီးထောင်ချ၊ သတ်ဖြတ်ရာ၌) လက်စွမ်းပြနိုင်ခဲ့သော်လည်း အာဏာသက်မရှည်ခဲ့ချေ။ ဗိုလ်နေဝင်းသည် သူ၏လက်မရွံ့ လက်စွဲတော်ထောက်လှမ်းရေး ဗိုလ်တင်ဦး(မျက်မှန်)ကို ဖြုတ်ခဲ့သလိုပင်။ ဗိုလ်သန်းရွှေက ထောက်လှမ်းရေးဗိုလ်ခင်ညွန့်ကို တစ်ကွက်မက ကျောပြခဲ့သည်။
နောက်ဆုံး၌ ဗိုလ်နေဝင်းရော-ဗိုလ်ခင်ညွန့်ပါ ဗိုလ်သန်းရွှေ၏အကျဉ်းသားဖြစ်သွားခဲ့ကြရသည်။
ဗိုလ်သန်းရွှေက သူတို့ကို လက်ရှိအာဏာအဝန်းအဝိုင်း (စစ်အုပ်စုသစ်)နှင့်စည်းခြားပစ်ခဲ့သည်။ ထို့အပြင် “အမျိုးသားနိုင်ငံရေး”လုပ်သည်ဆိုသော ကြံ့ဖွံ့အသင်းအား “ပါတီနိုင်ငံရေး”လုပ်မည့်နိုင်ငံရေးပါတီအဖြစ် အရေခွံလဲပေးကာ စိတ်ကြိုက်ရေးဆွဲအတည်ပြုထားသည့် “၂၀၀၈အခြေခံဥပဒေ”ဖြင့် သဖူဆောင်းပေးခဲ့ပြီး “အာဏာအမွေ” သူ၏လက်ရွေးစင်တပည့်သားမြေးများထံ “ချောမွေ့လွယ်ကူစွာလွှဲပြောင်းပေး”ခဲ့သည်။ ဤအချက်များမှာ  ဗိုလ်သန်းရွှေသည် ဗိုလ်နေဝင်း -ဗိုလ်ခင်ညွန့်တို့ထက် တစ်လုံးပိုရှူပြနိုင်သည့်အချက်များ ပင်ဖြစ်သည်။  
ယခုအချိန်ထိ ဗိုလ်နေဝင်း၏ကျန်ရစ်သူမိသားစုဝင်များအပါအဝင် ဗိုလ်ခင်ညွန့်၏ထောက်လှမ်းရေးဂိုဏ်းမှာ ဗိုလ်သန်းရွှေ၏ စောင့်ကြည့်ခံအကျဉ်းသား များသာဖြစ်သည်။ “နိုင်ငံရေးမလုပ်ပါ”ဟူသည့်ခံဝန်ချက်ကို မှန်မှန်ဆက်သွင်းနေကြရသည်။
“နိုင်ငံရေးမလုပ်ပါ”ဟူသည့်ခံဝန်ချက်မှာ လက်ရှိအာဏာရစစ်အုပ်စုကို ထောက်ခံ၊ ကာကွယ်သည့်နိုင်ငံရေး လွတ်လပ်စွာလုပ်နိုင်သည်။ လက်ရှိအာဏာရ စစ်အုပ်စုဆန့်ကျင်သည့်နိုင်ငံရေး (လုံးဝ)လုပ်ခွင့်မရှိ ဟူ၍ဖြစ်သည်။
မောင်အေးနေဝင်းပြောသည့် “နေဝင်းမိသားစု (နိုင်ငံရေး)ခံယူချက် ၄ ချက်” ဆိုသည်မှာ “ဒို့တာဝန်အရေး ၃ပါး” တွင် “ဗုဒ္ဓဘာသာအရေး”ကိုထည့်သွင်း ထားခြင်းဖြစ်သည်။ “နေဝင်းမိသားစုခံယူချက် ၄ ချက်”သည် အရိုးဖြင့်စည်းရိုးကာမည်ဆိုသည့် “အကြမ်းဖက်မျက်ကန်းမျိုးစောင့်များ” အတွက် ပစ်ထောက်ခံ ချင်စရာပင်။
မြေးမိုက်ကလေးက “အဖေကြီးကို အိမ်ချုပ်ချလျှင် သမိုင်းအမည်းစက်ထင်လိမ့်မည်”ဟုပြောသည်။ ဤစကားမှာ ကိုယ့်အနာကိုယ့်ဘာသာကျိတ်ဖြေရသည့် သဘောမျှသာဖြစ်သည်။ သူတို့အဖေ (ဦးအေးဇော်ဝင်း)ကို ထောင်ချပြီး၊ သူတို့အမေ(ဒေါ်စန္ဒာဝင်း)ကို အိမ်ချုပ်ထားလိုက်လျှင် အိုမင်းတွင်းဆုံးကျနေသော သူတို့“အဖိုးမိုက်ကြီး”သည် ဘာများလုပ်နိုင်တော့မည်နည်း။
(နဝတ-နအဖ)စစ်အုပ်စု အပါအဝင်စစ်အုပ်စုအဆက်ဆက်ကသူကောင်းပြုခဲ့သော “ဘိန်းဘုရင်လောစစ်ဟန်၏မသာပွဲ”နှင့် “ဗိုလ်နေဝင်းအသုဘ”သို့ မည်သူတွေလာရောက် ဂါရဝပြုကြသည်ဆိုသည့်အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင်နိုင်သည်။
သမိုင်းကို အချက်အလက်တည်းဟူသောရှုဒေါင့်မှနေ၍ပြောရမည်ဆိုလျှင် (ဗိုလ်)ဦးနေဝင်းသည် သူ့ခေတ်သူ့အခါအရ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်aတ်ာလှန်ရေးတွင် ပါဝင်ခဲ့သူဖြစ်သည်။ ရဲဘော်သုံးကျိပ်ဝင် တစ်ဦးဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် စစ်တပ်တွင် ဗိုလ်ချုပ်စမစ်ဒွန်းပြီးနောက် ဒုတိယမြောက်စစ်ဦးစီးချုပ်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဗိုလ်နေဝင်း၏နောက်ဆုံးခရီးသည် လောစစ်ဟန်လောက် လူမစည်ခဲ့ချေ။
သူ့စိတ်ထဲမှာ တစ်ချိန်တစ်ခါကမှားမိခဲ့”တာပါဆိုပြီး  အေးနေဝင်းတို့တတွေက ဗိုလ်သန်းရွှေအပေါ် ကြံဖန်ကျေးဇူးတင်နေသည်။ (နေသေးသပ ခြုံထဲကဆိုသည့် ဂျိုးသွေးနေသည့်စိတ်ထားမျိုးလည်းဖြစ်နိုင် သည်)
“နာကျည်းမှုမရှိပါဘူး၊ အုပ်ချုပ်နေတဲ့အစိုးရသည်တပ်မတော်ဖြစ်လို့၊ ကျွန်တော်တို့ကလည်း တပ်မတော်မိသားစုဖြစ်လို့ မိသားစုစိတ်ဓာတ်နဲ့ပဲရှုမြင်ပါတယ်၊ ခံယူချက်ချင်းမတူလို့ဖြစ်သွားတာပဲရှိတယ် လို့ ခံယူပါတယ်၊ တစ်ယောက်နဲ့တစ်ယောက် ဘာမှအငြိုးအာဃာတ ခံယူစရာမရှိပါဘူး”ဟူ၍ပြောသည်။
စကား၊ စကားပြောပါများတော့ “စကားထဲက ဇာတိပြ”ဆိုသည့်စကားကဲ့သို့ပင် အေးနေဝင်းနဲ့ကျော်နေဝင်း တို့ပြောစကားတွေကြားရတော့“စစ်ခွေး”နဲ့ “ဘမျိုးဘိုးတူ”ဆိုသည့်စကားတွေရဲ့အဓိပ္ပါယ်သည် ပိုပြီး အရည်လည်လာသည်။ ထို့အပြင် သူတို့စစ်အုပ်စုတွင်း (အဟောင်းနဲ့အသစ်၊ အာဏာလက်မဲ့နှင့် အာဏာလက်ရှိ) အချင်းချင်းအကြား အပြန်အလှန်သဘောထားကြပုံကိုလည်း သိလိုက်ရသည်။
ဤပြောစကားများသည် အောက်ပါ အချက် ၂ ချက်ကို ညွန်ပြနေပါသည်။
ပထမအချက်မှာ “စစ်အုပ်စုအချင်းချင်းအကြား(အာဏာလက်မဲ့ဖြစ်သွားသူများဘက်က) ပြန်လည်သင့်မြတ်ရေးစိတ်ထား
ဖော်ပြချက်ဖြစ်သည်။
နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားများနှင့်တိုင်းရင်းသားများအပေါ်တွင် သူတို့အားလုံးသည် ကြီးစွာသောအငြိုးအာဃာတကို ထားပါသည်။ [၁၉၆၂ မှ ယနေ့ကာလအထိ စစ်အုပ်စုဟောင်း/သစ်များ၏ အငြိုးအာဃာတလုပ်ရပ်များထဲမှအချို့မှာ - ကိုကိုးကျွန်းပို့ပါသည်၊ သီပေါစော်ဘွားကို သတ်ဖြတ် အစဖျောက်ပါသည်၊ (တကသ)အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့်ဖြိုခွဲပစ်ပါသည်။ ကျောင်းသားလူငယ်ကို သေဒဏ်ပေးပါသည်၊ စစ်ကြောရေးတွင် နှိပ်စက် သတ်ဖြတ်ပါသည်၊ နှစ်ရှည်ထောင်ဒဏ်ကြီးများချပါသည်  - စသဖြင့်]
ဒုတိယအချက်မှာ လက်ရှိတွင် အာဏာသည်မည်သူ့လက်ထဲတွင်ရှိနေသည် ဆိုသောအချက်ကို ညွန်ပြနေပါသည်။

ယခုအခါ (ဗိုလ်) ဦးနေဝင်းပေးထားရစ်ခဲ့သော အဆိုးဝါးဆုံးအမွေ (အာဏာ)သည် ၊ ဗိုလ်သန်းရွှေထံမှတဆင့် (ဗိုလ်)ဦးရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်၊ (ဗိုလ်) ဦးသိန်းစိန်တို့လက်ဝယ်တွင် “၂၀၀၈အခြေခံဥပဒေ”ဖြင့် သရဖူဆောင်းထားပြီဖြစ်သည်။ ထိုဆိုးမွေ (စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ပြီး ပြည်သူကို အကြမ်းဖက်သည့်ဆိုးမွေ)ကို ပြတ်ပြတ်သားသား ဖယ်ရှားပစ်နိုင်မှသာ စစ်မှန်သောဒီမိုကရေစီ၊ စစ်မှန်သော(ဖက်ဒရယ်)ပြည်ထောင်စု ပေါ်ထွက်လာနိုင်မှာ ဖြစ်ပြီး။ တပ်မတော်သည်လည်း စစ်အုပ်စု၏ တစ်လက်ကိုင်ခါးပိုက်ဆောင်တပ်အဖြစ်မှ လူမျိုးပေါင်းစုံ ပြည်သူများအကျိုးကိုတကယ်တမ်း အကာအကွယ်ပေးနိုင်မည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကျော်ဇောတို့မျှော်မှန်းခဲ့သောတပ်မတော် ဖြစ်လာပေလိမ့်မည်။


Sunday, November 17, 2013

ဗိုလ်နေဝင်းမြေးတွေစကားနဲ့စပ်လို့ ကိုဝတုတ်ရဲ့အမြင်။

0 comments
ဗိုလ်နေဝင်းမြေးတွေစကားနဲ့စပ်လို့ ကိုဝတုတ်ရဲ့အမြင်။
အေးနေဝင်းက ဗိုလ်သန်းရွှေ သူ့အဖိုးကိုနေအိမ်အကျယ်ချုပ်ချဖို့ကြိုးစားလာချိန်မှာ ဗိုလ်ခင်ညွန့်အပါအဝင် အဲဒီအချိန်က ဝန်ကြီးတွေ၊ ဝန်ကလေးတွေ ဟိုဟာမှူး၊ ဒီဟာမှူးးတွေက သဘောမတူဘဲ သူ့အဖိုးဘက်ကနေ နေတယ်လို့ပြောတယ်။ သူ့အဖိုးကို အဲဒီအချိန်က စစ်အစိုးရရဲ့ပင်နယံဒေါက်တိုက်များက (ထောင်ထဲရှိနေတုန်းမှာလည်း တပ်ရဲ့ 'စေတနာ'ကို ခံစားသိရှိလိုက်ရတယ်တဲ့) 'အဖေကြီး' ဘက်ကနေ သစ္စာစောင့်သိတဲ့အကြောင်း ပြန်ပြောသွားတယ်။ သူ့အဖိုးရဲ့ အရှိန်သြဇာဟာ သူတို့အဖမ်းခံရချိန်က အစိုးရ ပင်နယံဒေါက်တိုက်တွေဆီမှာကျန်နေသေးတယ်လို့ ဆိုလိုချင်ပုံရတယ်။ ဒါ မှန်ချင်မှန်နိုင်ပါတယ်။ 

ဗိုလ်နေဝင်းအခုလိုမျိုးဇာတ်သိမ်းမယ်၊ သူများတကာကို သူကပဲ (သခင်နု၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး စသဖြင့်) တသက်လုံး ဦးအောင်နွှာလာတဲ့ဗိုလ်နေဝင်းဟာ စားခွက်လုပွဲမှာရှုံးမယ်လို့ ဘယ်သူက တထစ်ချ ယုံရဲပါ့မလဲ။ မအောင်မြင်ရင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ကိုယ်တင်မက ကိုယ့်သားချင်းဆွေမျိုးမကျန် အကုန် ဒုက္ခရောက်ရနိုင်တဲ့စွန့်စားမှုမျိုးကို တော်ရုံတန်ရုံမသေချာဘဲ ဘယ်သူကမှ ကြေးထပ်ရဲမှာ မဟုတ်ဘူး။ နောက်တခုက အဲဒီအချိန်က old guard မှာ ကျန်နေသေးတဲ့ ဗိုလ်နေဝင်းတပည့် လက်ကျန်တွေဟာ ကြောက်လို့မဟုတ်ဘဲ အမှန်တကယ်သစ္စာစောင့်သိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ သို့သော်လည်း ဒါဟာ တလွဲဆံပင်ကောင်းနေတဲ့သစ္စာစောင့်သိမှုမျိုးသာသာပဲ။ ဓားပြဂိုဏ်းတွေလည်း သူ့ loyalty နဲ့သူ ရှိတတ်တာ မဆန်းဘူး။ ခေတ်နောက်ကျကျန်ခဲ့၊ ခေတ်နောက်ပြန်ဆွဲတဲ့ ပဒေသရာဇ်လူ့အဖွဲ့အစည်းကလူတွေမှာ တွေ့ရလေ့ရှိတဲ့ ဒို့ရဖို့ပါလာတဲ့ (တရားတာ မတရားတာဘေးချိတ်လို့) ကံက ခွဲတမ်းချပေးသလောက်ယူတာပေါ့ဆိုတဲ့ psyche နဲ့ မဆလတည်ငြိမ်မှုကို ဆယ်စုနှစ်နဲ့ချီထိန်းလာနိုင်ခဲ့တာအထင်အရှားပဲမလား။ 

ဒီတော့ကာ သူ့အသက်ကိုးဆယ်မွေးမှော့ ထိခြင်းငါးဖြာနဲ့ထိပြီးထိုင်ဝတ်ပြုတဲ့ပေါင်းတည်အမတ်လို 'အဖေကြီး'ပေါ်မှာ တကယ့် genuine loyalty မျိုးထားရှိတာဖြစ်နိုင်ပါတယ်။ (တချို့လည်း ရုပ်ဝထ္ထုစည်းစိမ် အကျိုးအမြတ်ထက်/တင်မက အများအမြင်မှာ ကိုယ့်နိုင်ငံရေးသိက္ခာကို တင့်တင့်တယ် တယ်ဖြစ်အောင်တော့ဆောက်ဖို့လိုသေးတယ်ဆိုပြီး စဉ်းစားသူတွေလည်း ရှိသေးတယ်၊ အဲဒီလို လူမျိုးတွေလည်း သူတို့လိုအပ်တဲ့သိက္ခာအတွက် အချင်ရနယ်ကို ဗိုလ်နေဝင်းဆီကရတတ်တယ်။ သခင်တင်မြတို့၊ to a lesser extent သိန်းဖေမြင့်တို့၊ နောက် ဗကပလက်နက်ချ and/or မဆလထိပ်သီး များဆီမှာတွေ့ရတယ်။ ကျော်ရင်လှိုင်ရဲ့ အပြင်ထုတ်မပြတဲ့ PhD သီးစစ်မှာလည်း အဲဒီလိုသစ္စာရှိမှုမျိုးကို တချက်တချက်တွေ့လိုက်ရတယ်။ ဒီလိုလူမျိုးတွေအတွက်က သူတို့နိုင်ငံရေးသိက္ခာကိုအကျမခံဘဲ ဗိုလ်နေဝင်းသိက္ခာကိုချလို့မရတဲ့အတွက် သူတို့အကျိုးစီးပွားထိခိုက်မှာစိုးလို့ ဗိုလ်နေဝင်းဒုက္ခရောက်တာ မမြင်ချင်ကြဘူး။ ဘဏ္ဍာရေးလောကကစကားနဲ့ပြောရရင် ဗိုလ်နေဝင်းဟာ အကျိုးစီးပွားအရရော၊ နိုင်ငံရေးသိက္ခာအရပါ (သူများလေးစားတာခံချင်တဲ့ရည်ရွယ်ချက်နဲ့တည်ဆောက်ထားတဲ့သိက္ခာမျိုး) အဲဒီအချိန်က ဗဟိုဘဏ်ကြီးလိုပဲ။ သူပြိုရင် သူ့ကိုအရင်းပြုတည်ဆောက်ထားတဲ့ ကိုယ့်အကျိုးစီးပွားတွေ အကုန်ပြိုဆင်းကုန်မှာမို့၊ ကိုယ့်အကျိုးစီးပွားနဲ့ ဗိုလ်နေဝင်းအကျိုးစီးပွားတထပ်ထဲကျနေလို့ ဗိုလ်နေဝင်းအခုလို ခွေးသေဝက်သေသေမှာကို အဖြစ်မခံဝံ့သူတွေအများကြီး) သို့သော်လည်း ဒီလူတွေ သိလျက်နဲ့မသိချင်ယောင်ဆောင်နေတာက သူတို့ကိုချပေးထားတဲ့ခွဲတမ်းဆိုတာ ပြည်သူလူထုဆီက မတရားတိုက်ယူပြီးရလာတာတွေဆီကလာတယ်ဆိုတာပဲ။ သူတို့စဉ်းစားချက်ထဲမှာ ပြည်သူလူထုအတွက်ဆိုတာ တစက်ကလေးမှ မရှိပါဘူး။ ဒါ့ကြောင့်လည်း စကတည်းက ဗိုလ်နေဝင်းဆီတပည့်ခံဖို့ ဆုံးဖြတ်ခဲ့ကြတာပေါ့။
 

အပေါ်မှာပြောထားတာကိုပြန်ဆက်ရရင် ဗိုလ်နေဝင်းပေါ် motive အမျိုးမျိုး (အတွက်မှားပြီး ဒုက္ခရောက်မှာ စိုးတဲ့လူ၊ ကိုယ်ပါသိက္ခာကျမှာကိုအဖြစ်မခံချင်သူ စသဖြင့်)နဲ့ သစ္စာစောင့်သိတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အေးနေဝင်းပြောသလို သူ့အဖိုးဆီမှာ သူတို့အဖမ်းခံရခါနီးတောင် အရှိန် တစုံတရာ ကျန်သေးတယ်ဆိုရင် ဒီအပြောဟာ သူ့အဖိုးကိုအဖတ်ဆယ်ဖို့ရည်ရွယ်ပြောတာဖြစ်နိုင်ပေမယ့် သူ့အဖိုးဗိုလ်နေဝင်းဟာ တိုင်းပြည်နဲ့လူမျိုးပေါ်ဘာစေတနာမှမထားခဲ့တဲ့ တကယ့်မကောင်းဆိုးဝါးဆိုတဲ့ အဓိပ္ပါယ်ပဲထွက်တယ်။ ဦးနေဝင်းဟာ အုပ်ချုပ်ရေးယန္တယားမှာ အဓိကတာဝန်ရှိသူတွေပေါ်သြဇာရှိခဲ့ရင် ဒီလူတွေကတဆင့် တိုင်းပြည်ကိုကောင်းတဲ့ဘက်ရောက်အောင် ဘာ့ကြောင့်မလုပ်ခဲ့သလဲ။ သူ့အရှိန် သြဇာကြီးလေ(အေးနေဝင်းပြောသလို)သူ့အနေနဲ့ တိုင်းပြည်ကောင်းအောင်လုပ်နိုင်တဲ့ အနေအထား ကြီးလေပဲ။ ဒါနဲ့တောင် တိုင်းပြည်နဲ့လူမျိုးအတွက် ဘာဆိုဘာမှလုပ်မသွားတာကိုကြည့်ရင် ဒီလူဟာ တိုင်းပြည်ကို ဘယ်လောက်ဒုက္ခပေးခဲ့လဲဆိုတာထင်ရှားတာပေါ့။ 

ဒီတော့ ပြောခဲ့တဲ့မေးခွန်းကို အေးနေဝင်းတင်မက ဗိုလ်နေဝင်းကိုအဖတ်ဆယ်ဖို့ကြိုးစားချင်သူတွေ ဘယ်လိုဖြေမလဲဆိုတာ စိတ်ဝင်စားစရာပဲ။ သူအာဏာရတဲ့အချိန်ကစပြီး တိုင်းပြည်အတွက် ဘာဆိုဘာမှမလုပ်ခဲ့ဘဲ မဆလကိုလူမိုက်ဂိုဏ်းလိုဖွဲ့ပြီး တတိုင်းပြည်လုံးကို ပြန်ပေးဆွဲထားခဲ့တာပဲ။
နောက်တခုက သူ့ညီလားအကိုလားမသိရတဲ့ကျော်နေဝင်းရဲ့ အပြော။ 'ကျနော် စစ်ခွေး၊ တပ်မတော်က ခိုင်းရင် ဘာမဆိုလုပ်မယ်၊' ဒီတော့ကာ စစ်တပ်ကခိုင်းမယ်ဆိုရင် ရှစ်လ၊ ကိုးလဗိုက်ကိုလည်း ဘက်နက်နဲ့ထိုးပြမယ့်သဘောရှိတယ်၊ ဘုန်းကြီး၊ သင်းအုပ်ဆရာ၊ ပလီဆရာတွေ ကိုလည်း အရှင်လတ်လတ်ဓာတ်ဆီလောင်းမီးရှို့ဖို့အခိုင်းခံရရင် လုပ်မယ့်သဘောရှိတယ်။ သူတို့အတွက်က လူလူချင်းထားရှိရမယ့်ကျင့်ဝတ်ထက် ကိုယ့်ကိုထမင်းကျွေးမယ့်လူပေါ်ထားရမယ့်ကျင့်ဝတ်က ပိုကြီးတယ်။ ကျော်နေဝင်းပြောနေတာ လက်ရှိအစိုးရကို ကျနော်တို့အောက်ကဝင်ဆိုဝင်ပါ့မယ်ဆိုပြီး မျက်စပစ်နေတာနဲ့ ဘာမှမခြားဘူးလို့မြင်မိတယ်။ ဟိုတလောကလည်း ဗိုလ်ခင်ညွန့်ဆီက အလားတူ မျက်စပစ်တာမျိုးကြားလိုက်သေးတယ်။ သူ့မှာရှိတဲ့ကျွမ်းကျင်မှုတွေကိုသိလျက်နဲ့တောင် သူ့ကို ဘာတာဝန်မှမပေးတာကို မချင့်မရဲဖြစ်တဲ့ပုံစံနဲ့ ပြောနေတာ။ 


ကျနော်တို့လူမျိုးမှာ ကောင်းတာတွေရှိသလို ပြုပြင်ရမယ့်အားနည်းချက်တွေလည်း အများကြီးပဲ။ ဒီလို အားနည်းချက်တွေကိုပြုပြင်တာမျိုးမလုပ်ဘဲ အခွင့်ကောင်းယူပြီး ကိုယ့်အကျိုးစီးပွားပြန် တည်ဆောက်တာမျိုးကို အဖြစ်မခံသင့်ဘူး။ ကျိုးကြောင်းမသင့်တဲ့ လူမျိုးခြား၊ ဘာသာခြားကြောက်ရွံ့မုန်းတီးမှုတွေကို ဒင်းတို့တွေ အမြတ်ထုတ်သွားမှာကိုအဖြစ်မခံကြပါနဲ့။
ယူတာကဒီနေရာကပါ။ https://www.facebook.com/ko.watote?hc_location=stream