Friday, November 29, 2019

(ထောက်တော့ ထောက်ခံတယ်ဆိုပါတယ်)

0 comments
(ထောက်တော့ ထောက်ခံတယ်ဆိုပါတယ်)
နိုင်ငံခြားရေးဝန်ကြီးဌာန(ဒေါ်အောင်ဆန်းစုကြည်)ထုတ်ပြန်ကြေညာချက်ကိုသေချာ စေ့စေ့ငုငုဖတ်ကြည့်ပါ။ စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ပါမယ်လို့ ပြောပါတယ်။ သဘောက ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပါ့မယ်ပြောတာပါ။ နိုင်ငံရေးစကား မပြောပါ။ ဥပဒေစကားပြောထားပါတယ်။ ဒီရာဇဝတ်မှူကြီးကို မကျူးလွန်ဘူးလို့ ဘူးခံငြင်းမယ်လို့အဓိပ္ပါယ်မထွက်ပါ။ ကျူးလွန်တာမှန်ကြောင်း သက်သေသွားခံမယ်လို့လည်း မဆိုလိုပါ။ စွဲချက်မတင်သင့်ဘူးဆိုတဲ့အကြောင်း သွားလျှောက်လဲရမှာပါ။ အဲ့သလို စွဲချက်မတင်သင့်ကြောင်းပြောတဲ့အခါမှာလည်း ဘယ်လူမျိုး ဘယ်ဘာသာ ဘယ်အစုအဖွဲ့ကိုမှ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ထိခိုက်နာစေခြင်း တိုက်ခိုက်ခြင်းမလုပ်ဖူး ပကတိအရှိတရားနဲ့သံန္နိဌာန်ကို ကမ္ဘာသိအောင်လုပ်မယ်လို့ပြောထားတာပါ။ ဒါက ကြေညာချက်ကိစ္စပါ။
ထောက်ခံတဲ့ကိစ္စကျ ရှူပ်ထွေးမှူတွေများလာပါတယ်။ ပါမောက္ခတို့ ထေရဝါဒအစွန်းရောက်ဘုန်းကြီးဂိုဏ်းနဲ့ သူ့နောက်လိုက်တွေက ပုံစံတမျိုးနဲ့ထွက်လာတာပါ။ သူတို့ ရပ်ခံချက်က ရိုဟင်ဂျာတွေကိုသတ်တာ တိုင်းပြည်ကနေထွက်ပြေးအောင်လုပ်တာ မမှားဘူး။ OIC က မွတ်စလင်မ်နိုင်ငံတွေဖြစ်လို့ ရိုဟင်ဂျာတွေဘက်က လိုက်နေတာ။ ဂမ်ဘီယာက OIC ကိုယ်စား တရားစွဲတာ။ ဒါ့ကြောင့် တရားစွဲဆိုမှူကို ဆန့်ကျင်တယ်။ ချုပ်ရရင် သူတို့က ဂမ်ဘီယာနိုင်ငံကနေ OIC နိုင်ငံတွေကို ကိုယ်စားပြုတရားလိုလုပ်ပြီး တရားစွဲတာကို ဆန့်ကျင်တယ်။ ဘာသာရေး လူမျိုးရေးအခြေခံတယ်။
နောက်တပုံမှာတွေ့ရတဲ့ မေမေ့သားနီပေါတွေကလည်း ဂမ်ဘီယာ နိုး Gambia No လုပ်နေတယ်။ ဒီတော့ ဘုန်းကြီးဆိုးဂိုဏ်းနဲ့ မေမေ့သားနီပေါတချို့နဲ့က ဂမ်ဘီယာကိုဆန့်ကျင်တယ်။ ဂမ်ဘီယာကိုဆန့်ကျင်တယ်ဆိုတာ တရားစွဲတာကိုဆန့်ကျင်တယ်ဆိုတဲ့သဘော။ ဒီတော့ ဒီ အကြမ်းဖက်ဘုန်းကြီးဂိုဏ်းနဲ့ မေမေ့သားနီပေါတချို့က ရည်ရွယ်ချက်တူနေတယ်။ ဘုန်းကြီးဖြစ်ဖြစ် မေမေ့သားနီပေါဖြစ်ဖြစ်က လုပ်ရတာ ဘာမှမခက်ဘူး။ ဂတုံးတုံးပြီး သင်္ကန်းကောက်ပတ်လိုက်ရင်၊ ပင်နီဝတ်ပြီး ရင်ထိုးထိုးလိုက်ရင် ပွဲတက်ချိန် လက်သီးလက်မောင်းတန်းချိန် ကြွေးကြာ်သံတိုင်ချိန်မှာ ဘုန်းကြီးပဲ မေမေ့သားနီပေါပဲ။ သေချာစစ်ဆေးရင်ပေါ်ပေမယ့် လတ်တလော ရုပ်အထွက်မှာတော့ မဘသ နဲ့ မေမေ့သားနီပေါလို့ပဲ လူတွေကမြင်မှာပါ။ တကယ့်မေမေ့သား နီပေါအစစ်တွေလည်း အဲ့ဒီလိုင်းမှာရှိနေတာလည်း ဖြစ်နိုင်တယ်။
ခု တချို့ ဒေါ်အောင်ဆန်းစုကြည်သွားပြီး စွဲချက်မတင်သင့်ကြောင်း လျှောက်လဲချက်ပေးမှာကို ထောက်ခံပွဲတွေလုပ်နေကြတယ်။ တယောက်တပေါက်ပဲ။ အပေါ်မှာပြောခဲ့တဲ့ ဘုန်းကြီးဆိုးတွေနဲ့ မေမေ့သားနီပေါတွေလည်းတွေ့ရတယ်။ နောက်ပိုင်း(ဒေါ်စုထွက်ခွားသွားချိန်)ကျမှလုပ်ကြမယ်ဆိုတဲ့သူတွေလည်း ထောက်ခံတယ်သာပြောတာ ဘာထောက်ခံမှန်း နိုင်ငံရေးအရ တိတိပပပြောနိုင်တာ မတွေ့ရသေးဘူး။ အမျိုးသားအကျိုးစီးပွားကာကွယ်ဖို့ဆိုတဲ့ မရေမရာနိုင်တဲ့ ဝါဒဖြန့်စကားလုံးအောက်ကနေ တောင်တောင်အီအီတွေ ပြောနေတာပဲတွေ့ရတယ်။ ဘာကိုထောက်ခံမှာလဲ ယတိပြတ်မပြောနိုင်ဘူး။ ထောက်ခံရင်းနဲ့ ဆန့်ကျင်မိရက်သားဖြစ်နေမယ့်ကိန်းမျိုး မဆိုက်ဘူးလည်း မပြောနိုင်ဘူး။ တခါ ဆန့်ကျင်တယ်ဆိုတော့ရော နီပေါအတုတွေနဲ့ဘုန်းကြီးဆိုးတွေလို ဗြောင်ပြောပြီးဆန့်ကျင်မျာလားဆိုတော့လည်း ဟုတ်မယ်မထင်ဘူး။
နောက်တချက် အရေးကြီးတာက အဲ့ဒီကိုသွားဖို့ ဒေါ်စုဦးဆောင်တာကတော့ ဟုတ်ပြီ။ စစ်အုပ်စုက ဘယ်သူလိုက်မလဲ။ ဘယ်စစ်ဗိုလ်ကြီးကြီးတွေကို ထည့်ပေးမှာလဲ။ ဒါလည်း ခုထိ စစ်အုပ်စုက တရားဝင်မပြောသေးဘူး။ ပုံကြည့်ရတာ စစ်တပ်နဲ့ဒေါ်စု(အစိုးရ)ကြားမှာ အပြန်အလှန်သံသယတွေနဲ့ ခံစစ်ပြင်နေကြတဲ့သဘောများလားလို့တွေးမိပါတယ်။ ဒါ့ကြောင့် ဒီသံသယကိုလည်း ဖြည်ထုတ်ဖို့ တယောက်တပေါက်ဆန္ဒပြနေတာတွေကိုလည်း ကြွေးကြော်သံတခုတည်းအောက်မှာစုဖို့ ဒီကြေညာချက်ကိုထုတ်ပုံပေါ်တယ်။ ခက်နေတာက ကြေညာချက်ကိုယ်တိုင်က “အရေးကြီးပြီ သွေးစည်းကြစို့“ဆိုတာကလွဲလို့ ဘာမှမပြောနိုင်ဘူး။ ဘယ်ကြွေးကြော်သံအောက်မှာ အားလုံးတစုတည်း စုကြပါလို့ အပြီးအပြတ်မပြောနိုင်ဘူး။ အဲ့ဒါကိုက ရှူပ်ထွေးမှူတွေဖြစ်လာစေမယ့် ရေခံမြေခံလိုဖြစ်နေတယ်။
ဒီတော့ ဖြစ်လာနိုင်စရာက ၂ ခုတွေးမိတယ်။ တခုက အရေးကြီးပြီ ညီနောင်အပေါင်းတို့ဆိုတဲ့ ကိုမွန်းအောင်သီချင်းနဲ့ ကွေးနေအောင်ကကြခုန်ကြတဲ့ နီပေါအုပ်ကြီးတွေ ထွက်လာမယ်။ ဘုန်းကြီးဆိုးတွေနဲ့နောက်လိုက်နောက်ပါတွေကလည်း OIC ဆန့်ကျင်ရေးကိုင်ပြီး မိုက်မိုက်ရိုင်းရိုင်းတွေပြောပြီး ထွက်လာလိမ့်မယ်။ တုတ်တွေ ဓားတွေပါ ဆောင်လာနိုင်တယ်။ အရေးကြီးပြီညီနောင်အပေါင်းနဲ့ ကခုန်နေတဲ့လူတွေနဲ့ ငြိနိုင်တယ်။ ဘယ်အစဆွဲထုတ်ပြီး ငြိမလဲကတော့ မပြောတတ်သေးဘူး။ စစ်အုပ်စုကတော့ အခြေအနေကြည့်ပြီး အရေးကြီးပြီညီနောင်အပေါင်းတို့ကို ငွေစကြေးစပေးတန်ပေးလိမ့်မယ်။ ဟန်ပုံမပေါ်ရင် မဘသတွေနဲ့ ဓားကြိမ်းကြိမ်းပြီး ဘီလူးဆိုင်းနဲ့ထွက်လာလိမ့်မယ်။ ဒါပေမယ့် လူမျိုးရေး ဘာသာရေးအဓိကရုဏ်း ဖြစ်မလာအောင်တော့ သတိကြီးကြီးထားလိမ့်မယ်။ ဒီအချိန် ထပ်ဖန်တီးပြီး ထပ်ဖြစ်လိုက်လို့ကတော့ မိုးမီးလောင်လိမ့်မယ်။
ကြည့်တော့ကြည့်ရမှာပါ။ မြင်လည်း မြင်ရမှာပါပဲ။ မကြာပါဘူး။
မျိုးမြင့်ချို
နိုဝင္ဘာ ၂၈၊ ၂ဝ၁၉

Wednesday, November 27, 2019

ဒုက္ခိတဒုက္ခကို ဒုက္ခိတက ပိုသိပါတယ်

0 comments
(ဒုက္ခိတဒုက္ခကို ဒုက္ခိတက ပိုသိပါတယ်)
တိုက်ပွဲကြောင့် ကရင်နဲ့မွန်အရပ်သားတွေက ထွက်ပြေးခိုလှုံစရာ ထိုင်းရှိတယ်၊ ကချင်အပါအဝင် ရှမ်းမြောက်မှာတိုက်ပွဲဖြစ်ရင် ထွက်ပြေးခိုလှုံစရာက တရုတ်ရှိတယ်။ ရခိုင် အရပ်သူအရပ်သားတွေအတွက်ကြ အဲ့သလိုမဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်ဘက် ပြေးဝင်ခိုလှူံဖို့က မဖြစ်နိုင်ဘူး။ အိန္ဒိယဆီသွားဖို့ကြ ပိုတောင်ဆိုးသေး။ ဒီတော့ ဖြစ်ပဟေ့ဆိုတာနဲ့ ရရာလေးတွေဆွဲပြီး ခြေဦးတည့်ရာ ပြေးကြလွှားကြရရှာတာပဲ။ ဒါပေမယ့် နယ်စပ်တော့မကျော်ဝံ့ကြဘူး။ အထဲမှာပဲ တဝဲလည်လည်ဖြစ်နေကြရရှာတာ။ ပြီးတော့ အစိုးရနဲ့စစ်တပ်က ပြည်တွင်းပြည်ပ အကူအညီပေးမယ့်သူတွေ အဖွဲ့အစည်းတွေကိုလည်း နည်းမျိုးစုံနဲ့ကန့်သတ်ထားတာ။ ပိုဆိုးတာက အင်တာနက်ပါ ဖြတ်တောက်ပစ်လိုက်တာ။ ဖြတ်လေးဖြတ်ပုံစံ အတိအကျ မလုပ်သေးရုံတမယ်ပဲ ကျန်တော့တယ်။ ဒါပေမယ့် ဖြတ်လေးဖြတ်အောက်တော့ မလျော့ဘူး။ ဘာလို့ ဘင်္ဂလားဒေ့ရှ်ဘက် မပြေးရဲလဲကတော့ ရခိုင်အမျိုးသားတွေ ကိုယ့်အကြောင်းကိုယ်သိကြမှာပါပဲ။
နောက်တချက်ထပ်ဆိုးတာက ကျောထောက်နောက်ခံ တိုင်းပြည် ဒါမှမဟုတ် ဒေသမရှိတာပဲ။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ သေနတ်ကလေး လက်ထဲရှိတာနဲ့ ကောက်လုပ်လို့ရတဲ့ကိစ္စမှ မဟုတ်တာ။ မုန်းတီးစိတ်အခြေခံ တခုတည်းနဲ့လည်းလုပ်မရသလို မခံချင်စိတ်တခုတည်းနဲ့လည်း လုပ်လို့မှ မဖြစ်တာ။ ဒါပေမယ့် အဲ့ဒါတွေ လိုတယ်။ မိမိရန်သူဟာ ဘယ်သူဖြစ်ကြောင်း၊ ဘာ့ကြောင့် ရန်သူဖြစ်ကြောင်းကို လူတွေကို သဘောတရားရေးအရ၊ အတွေးအခေါ်အရ သိမြင်နားလည် လက်ခံလာအောင် ဦးဆောင်ပြီး အရင်လုပ်ရတာပါ။ ပြီးမှ နိုင်ငံရေးအရ ဦးဆောင်မှုပေးရတာမဟုတ်လား။ နိုင်ငံရေးအရ ဦးဆောင်မှုဆိုတာက လမ်းစဉ်ချပြပြီး ဦးဆောင်တာပါ။ လမ်းစဉ်ချတယ်ဆိုတာကလည်း ဘယ်သူကရန်သူ၊ ဘယ်သူကမိတ်ဆွေ၊ ဘယ်သူက ကြားထားရမယ့်သူ၊ ဘယ်သူကတော့ စည်းရုံးသိမ်းသွင်းရမယ့်သူ စတာတွေကိုသတ်မှတ်ရတာမဟုတ်လား။ နိုင်ငံရေးအရ(လမ်းစဉ်အရ)ဦးဆောင်မှုပေးပြီးလို့လည်း ပြီးမသွားသေးဘူး။ လက်နက်ရရာရကြောင်း လုပ်ရတယ်။ ရတဲ့လက်နက်နဲ့ ပြောက်ကြားတပ်တွေဖွဲ့တာ လေ့ကျင့်မှုတွေလုပ်တာ၊ အခြေခံဒေသတွေတည်ဆောက်တာတွေက အများကြီးလုပ်ရသေးတာမဟုတ်လား။ ဒါနဲ့လည်းမပြီးသေးဘူး မိမိလုပ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးကို စာနာနားလည်ပြီး အကူအညီပေးမယ် ပြည်ပ မဟာမိတ်ရှာရသေးတာမဟုတ်လား။
ဆိုတော့ အေအေမှာက အဲ့သလိုတွေနဲ့တည်ဆောက် ပြင်ဆင်ပြီးမှ လက်နက်ကိုင်တော်လှန်ရေး စလုပ်တာလားဘာလားကတော့ သူတို့ပဲသိမယ်ထင်တယ်။ လက်နက်တွေ ရရာရကြောင်း ဘယ်လိုလုပ်လဲဆိုတာလည်း သူတို့ပဲသိမယ်။ မြင်နေရတဲ့တခုကတော့ ကျောထောက်နောက်ခံ တိုင်းပြည် ဒါမှမဟုတ် ဒေသမရှိတာကတော့ သေချာတယ်။
စစ်တိုက်ရင် လူသေတယ် ဒဏ်ရာရတယ်။ သေတာက အလောင်းကောက်နိုင်ရင် ကျင်းတူးမြှုပ်လိုက်ရုံပဲ။ အခြေအနေပေးရင် အလံအုပ်အလေးပြုပေါ့။ အလောင်းမကောက်နိုင်ရင် ပစ်ထားခဲ့ရတာပဲ။ ဒါက စစ်တိုက်တဲ့ဘက်တိုင်းမှာ ဒီအတိုင်းချည်းပဲ။ အေအေမှ မဟုတ်ဘူး။ ကျသွားတဲ့ကောင်ကတော့ ရှင်းတယ်။ ဒဏ်ရာရတဲ့ကောင်က မရှင်းဘူး။ ဒဏ်ရာရနေတဲ့လူကို မရရအောင် တက်ဆွဲရမှာပဲ။ သေမယ့်အတူတူကွာဆိုပြီး ပစ်သတ်လိုက်လို့လည်းမရဘူး။ အဲ့လိုပစ်သတ်လိုက်ကြည့် စစ်တိုက်လို့ကိုမရဘူး။
စစ်တပ်ကို စစ်ဗိုလ်စစ်သားကို အကြောက်တရား(အမိန့်)နဲ့မကြောက် ကြောက်အောင်လုပ်ပြီး အုပ်ချုပ်တာမှန်ပေမယ့် ဒီလို ပစ်သတ်ပစ်တာမျိုးက အမိန့်နာခံလာအောင်ခြောက်တာ မဟုတ်ဘူး။ ဒီလိုပစ်သတ်လိုက်ရင် စစ်တိုက်ဖို့မပြောနဲ့ တပ်ပျက်မသွားရင်တောင် ကံကောင်း။ ဒီတော့ ဒဏ်ရာရနေတဲ့ကောင်ကို တက်ဆွဲရတယ်။ ဆွဲလို့ရလာလည်း ဒီအတိုင်းထားလို့မရဘူး။ ဆေးကုရမယ်။ ဆေးကုဖို့ဆိုတာ နေရာရှိရတယ်။ လုံခြုံပြီး ရန်သူမထိုးဖေါက်နိုင်လောက်တဲ့အစီအမံနဲ့ ဆေးရုံဆေးခန်းရှိရတယ်။ ဒဏ်ရာတွေကုလို့ပျောက်တောင် နာလန်ပြန်ထဖို့ လုပ်ရတယ်။ ဖြေပြတ်လက်ပြတ် ပြတ်ရင် ခြေတုလက်တုလိုဟာ လုပ်ပေး(ဖို့အခြေအနေပေးရင်)ရတယ်။ သူ့ နေရေးထိုင်ရေး စားရေးသောက်ရေး လုံခြံုရေးတွေအတွက် တာဝန်ယူရတယ်။ ပစ်ထားလို့မရဘူး။ ပစ်ထားလိုက်တာနဲ့ စိတ်ပြောင်းသွားတတ်တာလည်းရှိတယ်။ စိတ်က ရိုးရိုးပြောင်းရင်တော်သေး ရန်သူ့ဘက် တကိုယ်လုံးပြောင်းသွားရင် ကျန်သူတွေပါ ငါးပါးမှောက်မှာ။
အရပ်သူအရပ်သားကတော့ မတော် ဒဏ်ရာရခဲ့ရင် အစိုးရဘက်က ကုပေး ဆေးရုံတင်ပေးတယ်လို့ပဲ ထားပါတော့။ (ထားပါတော့လို့ပြောတာနော် တကယ်ကုမကု ကျနော်လည်း သေချာမပြောနိုင်ဘူး) အေအေ စစ်သားကျ ဘယ်လိုလုပ်မလဲ။ အေအေကိုယ်တိုင်က မိမိဒေသကိုအခြေပြုတယ်ဆိုပေမယ့် ခုထိ လွတ်မြောက်နယ်မြေ ထူထောင်ထားတာမကြားမိသေးဘူး။ အေအေရဲ့ ဆေးရုံဆေးခန်းနေရာတွေကို စစ်တပ်ကဝင်တိုက်တယ်တို့ ဆေးရံဆေးခန်းတွေ သိမ်းမိတယ်တို့လည်း မကြားမိသေးဘူး။ အဲ့ဒီအတွက် ကောင်းတယ်ဆိုးတယ် ချိုတယ်ခါးတယ်ပြောစရာ မရှိပါ။
ကျနော်တွေးတာက ကိုယ်လည်း စစ်ကြောင့် ဒဏ်ရာရခဲ့တဲ့လူ။ ဒုက္ခိတ။ စစ်ဖြစ်ရင်လူသေတာနဲ့ ဒဏ်ရာရတာတွေကို စစ်မမြင်ဖူးသူတွေလိုသိတာထက် ကျနော်က ကိုယ်တိုင်ကိုယ်ကျကိုသိတာပါ။ စာနာတယ်။ စိတ်ထဲလည်း အမြဲတွေးတယ်။ တွေးတိုင်းလည်း စိတ်ထိခိုက်တယ်။ နာကျင်ရတယ်။ စစ်ဘေးဒုက္ခသည် အရပ်သူအရပ်သားတွေအတွက် စိတ်ထိခိုက်ပူပန်ရတာ စိုးရိမ်ရတာ စာနာရတာမှာလည်း အများနည်းတူ ပါပဲ။ ဒါပေမယ့် ဒုက္ခိတဆိုတော့ ဒုက္ခိတရဲ့ဒုက္ခကို ပိုသိတယ်။ ဒါ့ကြောင့် ဒုက္ခခံပြီးကို တွေးမိတာပါ။
(စာအရေးအသား မာကျောတာ ဆတ်တာ အချိုးမပြေတာတွေပါရင် ခွင့်လွှတ်ကြပါ၊ စိတ်ထဲ ခံစားရသလို ပြောပြတာမို့ စာစီမချောဖြစ်တာပါ)
မျိုးမြင့်ချို
နိုဝင္ဘာ ၂၇၊ ၂ဝ၁၉

(ထောင်မှာစိန်ဌေး...တဲ့)

0 comments
(ထောင်မှာစိန်ဌေး...တဲ့)
ကျနော်တို့အမှုတွဲထဲမှာ ဦးသိန်းဌေးဆိုတာပါတယ်။ ကျနော်တို့အမှုတွဲဆိုတာက ဗကပ 4828 UG ကိုသက်ခိုင်အမှုတွဲကို ဆိုလိုတာပါ။ ဦးသိန်းဌေးဟာ အလွန်အေးဆေးပြီး သဘောမနောကောင်းတဲ့ လူကြီးလူကောင်းတယောက်ပါ။ ပြုံးပြံုးရွှင်ရွှင်နေတတ်ပြီး စကားနည်းပါတယ်။ ပြောတဲ့အခါမှာတော့ ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေးပြောတတ်ပါတယ်။ နှိမ့်နှိမ့်ချချလည်းနေတတ်သူမို့ လူအချစ်အခင်များပါတယ်၊ အင်းစိန်ထောင် ၄ရှည်မှနေတော့ ကိုဌေးသိန်း Naung Kyaw၊ ကိုတင်အေး၊ ကိုစိုးမြင့်၊၊ ကိုဝင်းထိန်တို့နဲ့ တခန်းတည်းနေကြတာပါ။ အဖမ်းခံရပြီး စက်လှေနဲ့တင်ခေါ်လာချိန် လမ်းလည်ကောင်ကြီးကျမှ လူဝင်မှုကြီးကြပ်ရေး မြိ့ုနယ်ဦးစီးမှူးအဆင့် ရာထူးတိုးတဲ့စာကို ဖတ်ရတာလို့ဆိုပါတယ်။ အဖမ်းခံရချိန်နဲ့ရာထူးတိုးချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင်တပြိုင်တည်းဖြစ်နေတာပါ။
အဖမ်းခံရတာကလည်း သူ့အိမ်နီးချင်းနေခဲ့သူ ကွန်မြူနစ်ပါတီ ယူဂျီခေါင်းဆောင်တွေထဲကတဦးဖြစ်တဲ့ အန်ကယ်လ်ကြီးခေါ် ဦးတင်အောင်ကို မှတ်ပုံတင်လုပ်ပေးလို့ဖြစ်ပါတယ်။ ဦးတင်အောင် နိုင်ငံရေးသမားမှန်း ကျွန်းပြန်မှန်းလည်း သူသိထားတာမဟုတ်ပါ။ လုပ်ပေးတာကလည်း လာဘ်စားငွေကြေးယူပြီး မှတ်ပုံတင်အတုလုပ်ပေးတာမဟုတ်ပါ။ ဦးတင်အောင် မှတ်ပုံတင်ပျောက်သွားလို့ အသစ်ပြန်ထုတ်ပေးတာဖြစ်တဲ့အပြင် ၁၉၈၈ မတိုင်မီ အချိန်အတော်ကြာကြာကတည်းက ဖြစ်ပါတယ်။ အဲ့ဒါကို ဗကပ ယူဂျီအတွက် မှတ်ပုံတင်လုပ်ပေးရကောင်းလားရန်ငြှိုးနဲ့ ထောင် ၃ နှစ်ချလိုက်တာပါ။ တကယ်တမ်းပြန်တွက်ကြည့်ရင် သူဟာ နိုင်ငံရေးနဲ့ ဘာမှမပတ်သက်တဲ့အပြင် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ယူဂျီလုပ်ငန်းတွေနဲ့ ဘာဆိုဘာမှကို ပသတ်သက်ခဲ့သူမဟုတ်ခဲ့ပါ။ ဒီလို မပတ်မသက် အချောင်သက်သက် ထောင် ၃ နှစ်လည်း အချခံရ ရာထူးလည်းပြုတ်ခဲ့ရပေမယ့် ကွန်မြူနစ်ပါတီကလူတွေအပေါ် နာကျည်း အပြစ်တင်စကား ဆိုဖို့နေနေသာသာ ငြိုငြင် ငြူစူတာမျိုးတောင်မရှိခဲ့သူပါ။ သူ ခုလို မတရားခံရတာအတွက် တကယ့်လက်သည်ရင်းဟာ ဘယ်သူဘယ်ဝါဆိုတာ နိုင်ငံရေးအရကို သိမြင်နားလည်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ နောက်တချက်က ဦးစိန်ဌေးမှာ နီလာဌေးဆိုတဲ့သမီးတယောက်ရှိပြီး အဲ့ဒီသမီးက အင်းစိန်ထောင်မှာပဲ ထောင်မှူးပြန်လုပ်နေတာပါ။ ဦးသိန်းဌေးတို့ကျနော်တို့ ထောင်ထဲရှိစသ်က နီလာဌေးက သူ့ဦးလေးလိုတာရှိ ကူညီဖို့ပြောပေမယ့် သူက ဘာအကူအညီမှ ယူခဲ့တောင်းခဲ့တာမရှိပါ။
သူနဲ့ တအူထုံ့ဆင်း ညီတော်မောင် သို့မဟုတ် အကိုရင်းက ဦးစိန်ဌေးပါ။ ဦးသိန်းဌေးကြည့်ရတာ သူ့ညီ/အကို ဦးစိန်ဌေးအကြောင်း စိတ်လိုလက်ရပြောတာတော့ တခါမှမကြားမိဖူးပါ။ ပြောချင်ပုံလည်း မပေါ်ပါ။ ခု သူတို့ ညီအကိုတော်တယ်ဆိုတာလည်း သူပြောပြလို့ သိရတာမဟုတ်ပဲ ဘယ်လိုအဆက်အစပ်ကနေတဆင့် ကျနော်သိရတာလဲတော့ မမှတ်မိတော့ပါ။ ကိုအောင်ခင်(စာရေးဆရာ အောင်မြိုင်)ကျနော့်ကိုပြောပြတာတော့ မှတ်မိနေပါတယ်။ အဲ့ဒီဦးသိန်းဌေးအကို ဦးစိန်ဌေးဆိုတာက ဗမာပြည်ထောင်သမိုင်းမှာ နံမည်ဆိုးနဲ့ အလွန်ကျော်ကြားသူပါ။ နိုင်ငံရေးသမားတွေကိုနှိပ်ကွပ်တဲ့နေရာမှာနဲ့ လူဆိုးလူမိုက်တွေကိုင်ပြီး ထောင်ကျင့်ထောင်ကြံ အုပ်ချုပ်တဲ့နေရာတွေမှာ အလွန်လက်သံပြောင်ပါတယ်။ သူ့အကြောင်းက မကြားချင်မှအဆုံးပါ။ ကုန်းမှာမြွေပွေး၊ ရေမှာငါးရွေး၊ ထောင်မှာစိန်ဌေးဆိုပြီးကို နံမည်ကြီးတာပါ။
ကိုးကိုးကျွန်းမှာ နိုင်ငံရေးသမားတွေနဲ့ အခြား အစိုးရနဲ့မသင့်မြတ်သူတွေကို တကျွန်းပို့ပြီး နှိပ်ကွပ်ခဲ့ချိန်က ကျွန်းထောင်ပိုင်ကြီးက ဦးထွန်းခင်လို့ဆိုပါတယ်။ နိုင်ငံရေးသမားတွေကို ထောင်ပိုင်ဦးထွန်းခင် ကိုင်တွယ်တာပြော့ညံ့တယ်လို့ အကျဉ်းထောင်အထူးအရာရှိ ဗိုလ်မှူးမြင့်သိန်းကမြင်ပါတယ်။ ဒီလူက စစ်ထောက်လှမ်းရေးကလာတဲ့လူလို့ ဆိုပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီက ဦးစိန်ဌေးရေးခဲ့တဲ့ ကိုးကိုးကျွန်းရဲ့သွေးစွန်းမှတ်တမ်းဆိုတဲ့ စာအုပ်အကြောင်းကို ပြည်သူ့အာဏာဂျာနယ် အမှတ် ၄၁ မှာ စာတအုပ်ကိုဖတ်မိခြင်းဆိုပြီး ရီဗျူးသဘောရေးပါတယ်။ နိုင်ငံရေးအရ ပြောတာဆိုတာပါ။ အချက်အလက် အမှားအယွင်းတွေ ရှေ့နောက်မညီတာတွေ ကျိုးကြောင်းမဆီလျော်တာတွေကို ထောက်ပြဝေဘန်ရှူံ့ချသလို အချက်အလက်မှန်တွေ တန်ဖိုးရှိတဲ့မှတ်တမ်းမှတ်ရာတွေ ဖော်ပြတဲ့အတွက်လည်း ကျေးဇူးပြုရာရောက်ကြောင်း ပြောထားတာတွေ့ရပါတယ်။
အဲ့ဒီအချိန်က ထောင်မှူးကြီးအဆင့်သာရှိသေးတဲ့ဦးစိန်ဌေးကို ကျွန်းကိုတာဝန်ချတော့ ဗိုလ်မှူးမြင့်သိန်းက “ကျွန်းမှာအုပ်ချုပ်ရေးပျက်နေပြီ၊ ဒါကို ခင်ဗျားလုပ်နိုင်မှသွား မလုပ်နိုင်မသွားနဲ့“ လို့အမိန့်ပေးခဲ့တယ်ဆိုပါတယ်။ ပြီးတော့ “ထောင်ပိုင်ကြီးဦးထွန်းခင် သွားတုန်းက မြွေဟောက်လိုသွားတယ်၊ ကျနော်တို့က တကယ်ထင်ပြီး စောင့်ကြည့်နေတာ၊ ဟိုရောက်တော့ သတ္တိရှိရှိ မလုပ်ရဲဘူး၊ မြက်လျှောဖြစ်သွားတယ်၊ ခင်ဗျားလည်း ခု ကျနော်ပြောတာတွေကို ခေါင်းညိတ်နေတာပဲ၊ ဟိုရောက်တော့မှသာ မြက်လျှောမဖြစ်စေနဲ့“လို့ မောင်းမဲလွှတ်လိုက်တာလို့ ဆိုပါတယ်။ ထောင်ပိုင်ကြီးဦးထွန်းခင်နဲ့ လက်မရွံ့စိန်ဌေးကို ရန်လည်းတိုက်ပေး ဆွလည်းဆွပေးလိုက်တဲ့သဘောလို့ စာရေးသူက ဆိုထားပါတယ်။
အတိုချုပ်ရင် ဦးစိန်ဌေး ကျွန်းရောက်သွားတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ပယ်ပယ်နယ်နယ်နှိပ်ကွပ်ရာမှာ တက်တက်ကြွကြွ စိတ်လိုလက်ရလုပ်ခဲ့တယ်ပေါ့ဗျာ။ ဒါကလည်း ကျွန်းအကြောင်း ကွန်းတိုက်ပွဲတွေအကြောင်းနဲ့ နိုင်ငံရေးသမားတွေကို တကျွန်းပို့တဲ့စနစ် အပြီးတိုင်ဖျက်သိမ်းရေး အစာအငတ်ခံတိုက်ပွဲအကြောင်း ဖတ်ဖူးသူတိုင်းသိပြီးသားမို့ ဒီနေရာမှာ ကျနော့်အနေနဲ့ ပြောဖို့မရှိပါ။
ကျနော် ပထမအကြိမ်ကအဖမ်းခံရတာက ၁၉၈၉ ဆဲဗင်န်းဂျူလိုင်ပါ။ ဒုတိအကြိမ် ပြန်အဖမ်းခံရတာက သြဂုတ် ၈ ရက်ပါ။ တတိယအကြိမ် ထပ်အဖမ်းခံရတာက ၁၉၉၇ မတ်လထဲမှာပါ။ ၁၉၈၉ ခု ဂျူလိုင်ကနေ ၁၉၉၁ နိုဝင်ဘာအထိ အင်းစိန်ထောင်မှာ ကျနော်ရှိနေခဲ့ပါတယ်။ အဲ့ဒီအချိန်တွေမှာ ထောင်ပိုင်ကြီးက ဦးအန်းဖေ၊ အထူးအရာရှိကဦးဘိုကြည်လို့မှတ်မိနေပါတယ်။ ဦးစိန်ဌေးကို ကျနော် မမှီလိုက်တာလား မမှတ်မိတာလားကတော့ မသဲကွဲတော့ပါ။
ပြန်ကောက်ရရင် ဦးစိန်ဌေးနဲ့ဦးသိန်းဌေးဟာ ညီအကိုပါ။ ကျနော် ဦးစိန်ဌေးလက်စာ မမိခဲ့ပေမယ့် ဦးသိန်းဌေးရဲ့ နုညံ့သိမ်မေ့မှု ပျူငှာဖော်ရွှေမှု ပညာတ် လူကြီးလူကောင်းဆန်မှုတွေကို သတိရသလို သူ ရှိမှရှိသေးရဲ့လားလို့လည်း တွေးနေမိပါတယ်။ ရှိနေသေးတယ်ဆိုလည်း အသက်ကြီးလှပြီမို့ ကျန်းမာရေးမှကောင်းရဲ့လားလည်း တွေးမိပါတယ်။ ရှိနေသေးတယ်ဆိုရင်တော့ အသက်ရှည်သမျှ ကျန်းမာစေဖို့ ဆန္ဒပြုပါတယ် ဦးရေ။
(စာကြွင်း။ ကိုတင်အေး ထောင်ကလွတ်တဲ့အချိန်မှာ ဦးသိန်းဌေးကို အဆက်အသွယ်ရဖို့ ပြန်ကြိုးစားခဲ့ပေမယ့် မရခဲ့ပါ။ နောက်တော့မှ သူ ကွယ်လွန်သွားပြီလို့ သိရတယ်လို့ဆိုပါတယ်)
မျိုးမြင့်ချို
နိုဝင္ဘာ ၂၆၊ ၂ဝ၁၉

Sunday, November 24, 2019

(ကိုယ့်ဘဝ ကိုယ်တွေးထား)

0 comments
(ကိုယ့်ဘဝ ကိုယ်တွေးထား)
ညီပုလေးဝတ္ထိုပေါင်းချုပ်ထဲမှ သည်းခြေကြိုက်ကိုဖတ်ရင်း အော်လံတော်ဘသိန်းအား ဓားပြအမွှာညီအကို ဗိုလ်ကို ဗိုလ်ညိုတို့၏ကြိမ်းမောင်းသံက ဖတ်သူ့အဖို့ ပြုံးချင်စရာကောင်းသည်မှန်သော်လည်း ဘသိန်းခမျာတော့ တုန်နေကြောက်နေရှာမည်ထင်၏။ ဘသောင်းဇက်ပိုးကို လက်ဝါးစောင်းဖြင့်ခုတ်တာတင် ဇက်ကျိုးမတတ်ခံလိုက်သည်ဟု ဆိုထားနှင့်သည်မဟုတ်လား။ ဂုပ်ပိုးကို လက်ဝါးနှင့်အုပ်ထားရင်း တုန်တုန်ရင်ရင်ဖြစ်နေမည့် ဘသောင်းအား ဓားပြဗိုလ်က ဓာတ်စက်ရပ်ရင် ဇက်ဖြတ်ပစ်မတဲ့။ ခေါင်းမပါပဲ လမ်းလျှောက်နိုင်ရင် ရပ်လိုက်စမ်းတဲ့။ အလွန်ကြက်သီးထစရာ မောင်းမဲမှုများပင်။ ဖတ်နေရင်းတန်းလန်း မျက်စေ့က ရပ်သွား၏။ စိတ်ထဲ တခုခု ဖိတ်စင်ဝင်ရောက်လာသည့်နှယ် ဖြစ်သွား၏။
ထောင်။ ထောင်ထဲပြန်ရောက်သွားခြင်းပင်။ ၁၉၉ဝ ခု စက်တင်ဘာ ၂၅ ထောင်တွင်းအုံကြွမှုအပြီး လူတွေခွဲ၊ တိုက်တွေခွဲ၊ အဆောင်တွေခွဲ၊ ထောင်တွေပြောင်းတော့ ကျနော်နှင့် သဲကုန်အင်န်အယ်လ်ဒီဥက္ကဌဦးအောင်သန်းက နှစ်တိုက်(အတို)သို့ ပြစ်ဒဏ်နှင့်ရောက်လာ၏။
ဦးအောင်သန်းက ကျွန်းဆွယ်အရေးအခင်းအပြီး ဗမာပြည်ကွန်မြူနစ်ပါတီသို့ လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် ဆင်းသွားပြီးမှ ပြန်လက်နက်ချလာသူ။ မဆလခေတ်က ထောင်ထဲအထိလာပြီး ဗကပ ယူဂျီများ၊ တိုက်ပွဲဖမ်းမိသူများအား မဆလနှင့်ပူးပေါင်းရန်သဘောမျိုး လာရောက် ဆွယ်တရားဟောခဲ့ရဖူးသည်ဟုဆို၏။ ကျနော်တော့ အသေအချာမပြောတတ်။
ပဲခူးတိုင်းအနောက်ခြမ်းက လက်ဝဲအနွယ်တွေကတော့ သူ့ကို သိတ်မကြိုက်လှ။ ထဲထဲဝင်ဝင်ဆက်ဆံတာမျိုးလည်း သိတ်မတွေ့ရ။ ဘာလို့ သည်လိုပြောနိုင်သလဲဆိုတော့ ကျနော်နှင့်တခန်းတည်း အတူနေသူက မင်းလှ(အုတ်ဖို) အင်န်အယ်လ်ဒီဥက္ကဌဦးအောင်မေသု ဖြစ်နေ၍ဖြစ်၏။ ဦးအောင်မေသုက လက်ရှိနိုင်ငံရေးအခြေအနေနှင် အင်န်အယ်လ်ဒီတပါတည်းလည်းဖြစ် အနောက်ခြမ်းသားတွေလည်းဖြစ် မြိ့ုနယ်ဥက္ကတွေလည်းဖြစ်ကြတာကတကြောင်း နိုင်ငံရေးအရ ဘုံရန်သူ စစ်အစိုးရ စစ်အာဏာရှင်စနစ်ကြီးကလည်း ရှိနေ အတူလည်းတိုက်နေသဖြင့် ဦးအောင်သန်းအား ထိန်းထိန်းသိမ်းသိမ်း ပြောဆိုဆက်ဆံတာတွေ့ရ၏။ ကျနော်တို့က မေးနိုင်လွန်း၍သာ ဦးအောင်သန်းအကြောင်း တစွန်းတစပြောပြသော်လည်း နှုတ်ပိတ်၏။ ကျနော်တို့လည်း ချိုသည်ခါးသည် ဘာမှမပြောကြ။ အလိုက်သင့်ဆက်ဆံခဲ့ကြ၏။ သို့သော် ဗကပ ယူဂျီတာဝန်ရှိသူများက သူ့အား သဘောထားတခုဖြင့်ဆက်ဆံ၏။ ဒါက သူတို့ပါတီကိစ္စ ယူဂျီကိစ္စတွေမို့ ကျနော်လည်း မသိ။ ပြောလည်း မပြောတတ်။
နောက်တော့ ဦးအောင်သန်းက သာယာဝတီထောင်ပြောင်းပါသွားပြီး ကျနော်က တောင်ငူထောင်ရောက်သွား၏။ သာယာဝတီထောင်တွင် လွတ်ရက်စေ့ပါလျှက် လွှတ်မပေးသဖြင့် နိုင်ငံရေးအကျဉ်းသားများ အစာအငတ်ခံဆန္ဒပြကြခြင်း၊ အစာငတ်ခံတိုက်ပွဲတွင် ကိုအောင်ကျော်မိုးကျဆုံးခဲ့ခြင်း စသည်တို့နှင့်အတူ ဦးအောင်သန်းအကြောင်းများလည်း ဟိုကဒီကကြားရ၏။ သိသူတို့သိကြသလို ပြန်ပြောသူတို့ပြောကြ၏။ အခု ထိုဦးအောင်သန်းသည် အင်န်အယ်လ်ဒီတွင် ဗဟိုကော်မတီဆိုလားဖြစ်နေသလိုလိုလည်းကြားရ၏။ သိတ်တော့မသေချာလှ။
ကျနော်တို့ကို ကြိုးတိုက်(၂ တို)သို့ ပို့လိုက်သည့်အချိန်က လူက တကိုယ်လုံး ကိုင်ရိုက်ထားသလို ဘယ်နေရာ ထိကြည့်ကြည့် မခံမရပ်နိုင်အောင် နာကျင်နေကြ၏။ မှောက်လျှက်အနေအထားနှင့် ခြေလက်တို့အား စစ်ဖိနပ်တို့ဖြင့်နင်းကာ တနေကုန် နေပူလှမ်းပြီး အရိုက်ခံခဲ့ရခြင်း၏ဒဏ်များ။ ညဆို ဘယ်ဘက်မှ လှည့်အိပ်လို့မရ။ လှည့်လိုက်တိုင်း ပါးစပ်က အလိုလို ကျွတ်ကျွတ် ကျွတ်ကျွတ်မြည်သံ ထွက်လာကြချိန်ကြီးပင်။ ထိုညနေ ကြိုးတိုက်သွင်းပြီး မနက်ကျတော့ အဆောင်က တန်းစီးလူဆိုးလူမိုက်တွေ ထပ်အားဖြည့်ကာ တိုက်ဝင်းတဝင်းလုံးကို ပါးစပ်ပင်လှုပ်မရအောင်ကျပ်တော့၏။ အလွန်ဆင်းရဲဒုက္ခရောက်ခဲ့ကြသည့်ကာလမို့ ခုထိ ဘယ်သူမှမမေ့ကြ။ ခွင့်လည်း မလွှတ်ကြ။
ထိုအချိန်တွင် ကျနော်တို့ ၂ တို ကို ကိုင်သည့်တန်းစီးလူမိုက်မှာ ဓားပြသန်းလွင်ဟုထင်၏။ မသေချာတော့။ သူက ဘာပဲပြောပြော လူစိတ်တော့ အတန်ရှိသေး၏။ ကျနော်တို့ကိုလည်း ထောင်မှူးထောင်ပိုင် ထောင်ဝန်ထမ်းများရှေ့တွင် နှစ်ပြားမတန်အောင် ရစရာမရှိအောင် ဆဲဆိုကြိမ်းမောင်းခြိမ်းခြောက်သောလည်း ကွယ်ရာတွင် ခင်ဗျားတို့ဗျာ ခင်ဗျားတို့ဗျာနှင့် စိတ်မကောင်းဖြစ်ဖြစ်နေတတ်သူ။ လူလစ်လျှင် ဆေးလိပ်လေး တဖွာနှစ်ဖွာခိုးတိုက်တာမျိုး၊ ငါးပိကျော်လေး တဇွန်းတဖဲ့ ပန်းကန်ထဲလာပုံပေးတာမျိုး၊ ပါရာစီတမောလေး ပရုပ်ဆီလေး ရှာဖွေပေးတာမျိုးလည်းလုပ်၏။
သို့သော် မနက်ည ထောင်ဖွင့်ထောင်ပိတ် တန်းစီချိန်များနှင့် ပုံစံမောင်းချိန်များတွင်တော့ သူသည် စိတ်မိုက်စိတ်ရိုင်းများနှင့် ရုန့်ရင်းကြမ်းတမ်း စကားများနှင့်ပြည့်ကာ တကယ့်ထောင်တန်းစီး လူမိုက်တယောက်ပြန်ဖြစ်သွား၏။ ကျနော်တို့အား ပုံစံကြီးထိုင်ခိုင်းထားရင်း သူက အခန်းများရှေ့မှ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း သြဝါဒခြွေ၏။ ဆူပူကြိမ်းမောင်း၏။ ဆဲ၏ဆို၏။ လက်ထဲက ကြိမ်တုတ်ကလည်း တရမ်းရမ်းနှင့်။ တချက်တချက် တိုက်နံရံကို ထိုတုတ်ဖြင့် တဗြန်းဗြန်းရိုက်လိုက်သေး၏။ သူ့ပါးစပ်က ထောင်မှာနေထောင်စည်းကမ်း အိမ်မှာနေ အိမ်စည်းကမ်းဘာညာကနေစလိုက်သည်မှာ နောက်ဆုံး ဘာမလုပ်ရ ဘာမလုပ်ရ။ ဘယ်လိုမနေရ မထိုင်ရ။ မပြောရမဆိုရတွေမှာ ဆုံး၏။ အားလုံးဆုံးတော့မှ နိဂုံးချုပ်စကားဖြင့် ပိတ်၏။ ဒါက နိစ္စဓူဝ ပြစ်ဒဏ်ကျခံနေရသည့် ကာလတလျှောက်လုံးကြုံရသည့်ကိစ္စ။
သူ့လက်သုံးစကား နိဂုံးချုပ်စကား “ခင်ဗျားတို့ကို ပြောပြီးပြီ။ ပြောပြီးရင် လုပ်ဖို့ပဲ ကျန်တယ်။ လုပ်ဖို့ကျန်တယ်ဆိုတာက လူတိုင်းကိုမဟုတ်ဘူး။ ပြောတဲ့အတိုင်း မနေတဲ့လူ စည်းကမ်းဖေါက်တဲ့လူကိုပြောတာ။ နားလည်လား အားလုံး“ ဟု ကြုံးအော်ရင်းမေးလျှင် ကျနော်တို့က နားလည်ပါတယ်ဟု အသံကုန်အော်ပြန်ဖြေရ၏။ ပြန်ဖြေသံ သူစိတ်တိုင်းမကျလျှင် ကျသည်အထိ ထပ်ခါထပ်ခါမေး၏။ သူကျေနပ်ပြီဆိုတော့ အေး...ဒါဆိုဒါပဲ ပြောတဲ့အတိုင်း မနေလို့ကတော့ “ကိုယ့်ဘဝကိုယ်တွေးထား“ ဒါပဲဟုဆိုသည်တွင်ဆုံး၏။ သူပြောသည့် ကိုယ့်ဘဝကိုယ်တွေးထားဆိုသည်မှာ အသက်အန္တရာယ်အထိပင် ရန်ရှာမည်ဟုသည်အထိ အဓိပ္ပါယ်ပါ၏။
လူဆိုးလူမိုက်ကား လူဆိုးလူမိုက်ပင်။ သို့သော် ခြွင်းချက်တချို့ကားရှိ၏။ နိုင်ငံရေးသမားတွေ တရားချလို့ အမြင်မှန်ရသွားသူတချိုရှိကြောင်း ဆရာမြသန်းတင့်၏ရှင်မတောင် ဓားပြဂိုဏ်းအကြောင်းဖတ်ရင်း မှတ်မိ ဖူး၏။ သိန်းဖေမြင့်၏ စစ်အတွင်းခရီးသည်တွင်း ဗိုလ်ရန်နိုင်တပ်နှင့် သူအတူလိုက်သွားတုန်း လမ်းတွင်ဓားပြတွေဖမ်းမိပြီး ဗိုလ်ရန်နိုင်ကသတ်မိန့်ပေးသော်လည်း သူက နိုင်ငံရေးတရားပြပြီး ဓားပြတွေကို တပ်နှင့်အတူခေါ်လာကြောင်း၊ ထင်းခွေရေခပ်လုပ်ခိုင်းပြီး ကောင်းကောင်းမွန်မွန် ကျိုးကျိုးနွံနွံနေလျှင် ဘီအိုင်အေတပ်ထဲပါဝင်ပြီး အမှုထမ်းခွင့်ပေးမည်ဆိုသဖြင့် ထိုဓားပြတွေက အခြားဓားပြများသတင်းပေးသည့်အပြင် အခြားဓားပြများလက်ရဖမ်းမိနိုင်အောင် အကူအညီများပင်ပေးကြကြောင်းလည်း ဖတ်မိဖူး၏။ ထိုဓားပြများကား ခြွင်းချက်ဖြစ်မည်ထင်၏။ ခြွင်းချက်ကို ကျနော်တို့က ယေဘုယျလုပ်မရ။ ပြောမရ။
ခု ညီပုလေး၏ သည်းခြေကြိုက်ထဲမှာ ဓားပြဗိုလ် ဗိုလ်ကိုတို့ ဗိုလ်ညိုတို့လည်း ထောင်တွေဘာတွေကျကျက်ပြီး တန်းစီးတွေဘာတွေဖြစ်ကာ ကျနော်တို့လို နိုင်ငံရေးအကျဉ်းသားတွေကို ခြိမ်းခြောက်ကိုင်တွယ်ရလျှင် သန်းလွင်းနည်းတူ ကိုယ့်ဘဝကိုယ်တွေးထားပဲ ပြောမည်ထင်၏။
မျိုးမြင့်ချို
နိုဝင္ဘာ ၂၃၊ ၂ဝ၁၉
(လက်ချောင်းကမစုံရတဲ့အထဲ ဒီစက်နဲ့စာရိုက်ရတာ အဆင်မပြေလို့ စာလုံးပေါင်းတွေချောနေတာ ခွင့်လွှတ်ပါခင်ဗျား)

Saturday, November 23, 2019

(အစိုးရ ၂ ခု မရွိပါ)

0 comments
(အစိုးရ ၂ ခု မရွိပါ)
ကျနော် တခါမှ ဗမာပြည်မှာ အစိုးရ ၂ ရပ်ဖြစ်နေတယ်လို့ မပြောဖူးပါ။ မပြောရတာက ဖြစ်လည်း ဖြစ်မနေလို့ပါ။ ဘာ့ကြောင့်မဖြစ်ရတာလဲဆိုတာတော့ ဖြည်ဖြည်ဖြန့်ဖြန့်မပြောဖူးပါ။ မပြောရတာက ကျနော်ရေးတာတွေ ဖတ်သူတိုင်းဟာ ကျနော့်နည်းတူ သိပြီးဖြစ်မယ်တွေးမိလို့ပါ။ တခါတလေ သိတ်လိုအပ်လာရင် စစ်အုပ်စုနဲ့ စုအုပ်စုလို့သုံးတာ ရှိပါတယ်။ ဒါက အစိုးရနဲ့စစ်တပ်ဆိုတာကို အရောက်လွယ်အောင်ခွဲတာပါ။ အစိုးရ ၂ ရပ်ဆိုတဲ့သဘောမပါပါ။ ရှိနေတာက အာဏာကိုင်ထားတဲ့အစုနဲ့ အာဏာပိုင်ထားတဲ့အစုပါ။ ဒေါ်စုအစိုးရက လူထုကနေ အာဏာပိုင်စေလို့ အခွင့်ပေးထားတဲ့အစုပါ။ လက်တွေ့မှာ အာဏာ ၃ ရပ်လုံး အပြည့်မပိုင်ပါ။ စစ်အုပ်စုက ဘယ်သူကမှမပေးပဲ ဘယ်သူ့ကိုမှကိုယ်စားမပြုပဲ ၂ဝဝ၈ ဖွဲ့စည်းပုံအရ အာဏာကိုင်ထားတဲ့အစုပါ။ ဒါပေမယ့် ဒီနှစ်စုဟာ သတ်သတ်စီကွဲနေကြတာမဟုတ်တဲ့အပြင် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ မှီနေကြတာပါ။ တခုကိုတခုက အပြန်အလှန် လိုအပ်နေကြတာဖြစ်ပါတယ်။ လိုအပ်တာခြင်းအတူတူမှာတောင်မှ အစိုးရက ပိုလိုအပ်တာပါ။
ရိုဟင်ဂျာကိစ္စဖြစ်ဖြစ် အခြားလူမျိုးစုတွေအပေါ် ထိုးစစ်ဆင်တာဖြစ်ဖြစ် ပြည်တွင်းစစ်ပြဿနာကို ကျနော်ပြောတဲ့အခါ ဒေါ်စုအစိုးရနဲ့စစ်တပ်ကို ဘယ်တော့မှခွဲမပြောပါ။ စစ်တပ်ကလုပ်ချင်တိုင်းလုပ်နေတယ် အစိုးရက စစ်တပ်ကိုထိန်းချုပ်လို့မရဘူးဆိုတဲ့စကားက နိုင်ငံရေးစကားမဟုတ်သလို လက်တွေ့အရလည်း အဲ့သလိုဖြစ်မနေပါ။ စစ်အုပ်စုကလုပ်တဲ့ စစ်ဆင်ရေးကြီး/ငယ်တိုင်းဟာ အစိုးရရဲ့သဘောတူမှုမပါပဲ လုပ်လို့မရပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ အစိုးရက သူ့ဟာသူ ဘာဖြစ်နေနေ မဖြစ်နေနေ လုပ်ငန်းဆောင်တာသဘောအရ စစ်တပ်နဲ့ ချိတ်ဆက်ဆောင်ရွက်ရပါတယ်။ အစိုးရရဲ့ အမိန့်ပေးမှု ခွင့်ပြုမှုတွေမယူပဲ လုပ်တဲ့စစ်ဆင်ရေးတွေမှာတောင် အနိမ့်ဆုံးအဆင့် အစိုးရရဲ့သဘောတူညီမှုတော့ယူရပါတယ်။ ကာကွယ်ရေးအသုံးစရိတ်ကို အစိုးရက မစိစစ်နိုင် မစစ်ဆေးနိုင်တာ၊ စစ်ဗိုလ်စစ်သားကျူးလွန်တဲ့ရာဇဝတ်မှုတွေကို နယ်ဘက်တရားရုံးတွေက မစစ်ဆေးနိုင်တာ၊ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက မခန့်အပ်နိုင်တာ၊ လွှတ်တော်အဆင့်ဆင့်တိုင်းမှာ စစ်အမတ် ၂၅ ရာခိုင်နှုန်းပါနေတာကို ခွင့်ပြုထားရတာ စသည်ဖြင့် အလားတူကိစ္စတွေကို အစိုးရ မလွှမ်းမိုးနိုင် မပယ်ဖျက်နိုင် မစွက်ဖက်နိုင်တာတွေက ကိစ္စတခုပါ။
စစ်တပ်နဲ့အစိုးရဟာ အရေးကြီးတဲ့ စစ်ဆင်ရေးတိုင်းမှာ တနည်းမဟုတ်တနည်းနဲ့ ပတ်ကိုပတ်သက်ရပါတယ်။ အပေါ်မှာပြောခဲ့သလို အနိမ့်ဆုံးအဆင့် သမ္မတလက်မှတ်ထိုးပြီး အတည်ပြုပေးရတာ သဘောတူပေးရတာတွေ မုချရှိနေနိုင်ပါတယ်။ စစ်အုပ်စုက လည်ပါတယ်။ ပြည်တွင်းစစ်နဲ့ နိုင်ငံရေးအံခွနေပါပြီ။ အထူးသဖြင့် ရိုဟင်ဂျာလိုအရေးကိစ္စမျိုးမှာ ပြဿနာတက်လာရင် အစိုးရကိုအပါခေါ်ဖို့ အမှုတွဲ့ဖို့ စီမံပြီးသားဖြစ်မှာပါ။ လက်တွေ့မှာ စစ်တိုက်ရင်း နယ်မြေရှင်းလင်းတယ်ပြောပြီး အကြမ်းဖက်မှုတွေကျူးလွန်ရင်း လက်လွန်ခြေလွန်တွေဖြစ်ကုန်တာကတော့ စစ်တပ်လက်ချက်ပါ။ အစိုးရက အဲ့သလိုတွေလုပ်ကိုလုပ်ရမယ်လို့ ပြောတာမျိုး အမိန့်ပေးတာမျိုးတော့ ရှိချင်မှရှိနိုင်ပါလိမ့်မယ်။ မြေပြင်မှာ စစ်ရာဇဝတ်မှုကြီးတွေ လုယက်သတ်ဖြတ် မီးရှိူ့ မုဒိန်းကျင့် စတဲ့ ကြောက်ခမန်းလိလိအမှုကြီးတွေ လက်တွေ့ကျူးလွန်တာက စစ်တပ်ပါ။ ဒါပေမယ့် စစ်တပ်နဲ့အစိုးရဆက်နွယ်မှုအရ စစ်ဆင်ရေးလုပ်ဖို့ (အမိန့်ကတော့ ပေးမရလို့ အမိန့်ပေးတယ်လို့မပြောပါ) သဘောတူခဲ့တဲ့ ခွင့်ပြုခဲ့ရတာ လိုက်လျောခဲ့ရတာတွေ မုချရှိပါလိမ့်မယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အရူးအမူအသည်းအသန် ခုခံကာကွယ်နေရတာပါ။
ပြန်ပြောပါ့မယ်။ ဗမာပြည်မှာ အစိုးရ ၂ ရပ်ရှိတယ်လို့ ကျနော် မမြင်ပါ။ အုပ်စု ၂ စုရှိပါတယ်။ အာဏာပိုင်တယ်လို့အမည်ခံရုံအုပ်စုနဲ့ အာဏာကိုင်ထားတဲ့အစုပါ။ ဒီ ၂ စုဟာ အပြန်အလှန်လိုအပ်ချက်တွေကြောင့် အပြန်အလှန်မှီခိုနေပါတယ်။ စစ်အုပ်စုလုပ်တဲ့ စစ်ဆင်ရေးကြီးငယ်တွေမှာ အစိုးရနဲ့ဆက်နွယ်မှုတွေမုချရှိပါမယ်။ အနိမ့်ဆုံးအဆင့် သဘောတူခဲ့တာ ခွင့်ပြုခဲ့ရတာ လိုက်လျောခဲ့ရတာတွေရှိပါလိမ့်မယ်။ ဒါ့ကြောင့် အမြီးချင်းလိမ်မိပြီး အမှုတွဲဖြစ်နေတာပါ။ ကြံရာပါဖြစ်နေလို့ အရူးအမူး သွေးရူးသွေးတမ်း ထွက်ကာကွယ်နေတာပါ။ ကာကွယ်နေတာက စစ်အုပ်စုတခုတည်းကိုမဟုတ်ပါ။ မိမိကိုယ်ကိုယ်ပါ ကာကွယ်နေရတာပါ။
မျိုးမြင့်ချို
နိုဝင္ဘာ ၂၃၊ ၂ဝ၁၉

(ျမက္ဋီကာ)

0 comments
(ျမက္ဋီကာ)
လွန်ခဲ့တဲ့ ၂ ပတ်ကျော်က အပျင်းတက်တာရော အလုပ်များတာရော အိမ်ခေါင်မိုး မိုးတဲ့ကုမ္ပဏီက လာမိုးနေတာတွေကြောင့်ရော အားလုံးပေါင်းပြီး အိမ်ရှေ့အိမ်နောက် ဘယ်နေရာမှ မြက်မရိပ်လိုက်ဘူး။ ဒီကြားထဲ ဟိုးတမြန်နေ့တွေဆီက နှင်းဦးက တမနက်ခင်းထဲ ၄ လက်မလောက်ကျပစ်လိုက်တော့ ရေတွေခဲ မြက်တွေနှင်းပိပြီး ဘာမှလုပ်မရတော့ပြန်ဘူး။ မနေ့ကတော့ အေးပေမယ့် နှင်းမကျဘူး။ ကျထားတဲ့နှင်းတွေလည်း ပျော်လို့ကုန်ပြီ။ နည်းနည်းလေးလည်း အအေးပေါ့တယ် မြက်တွေလည်း ပြန်ပေါ်လာတယ်။ မြက်တွေပေါ်တော့ ကြက်တွေပျော်ပြီး အစာစိမ်း ဝဝလင်လင်စားကြရတယ်။ မြေကြီးကို ဂျိုင်းထောက်နဲ့ ထိုးစမ်းကြည့်တော့လည်း မြေက ပျော့မနေဘူး။ အောက်ကနေ တင်းခံနေတယ်။ လမ်းလျှောက်တော့လည်း ဂျိုင်းထောက်မကျွံဘူး။ သဘောက မြက်ရိပ်မယ်ဆို ရိပ်လို့ရပြီ။ မြက်ရိပ်စက် ဘီးတွေ ယက်ကန်ယက်ကန်ဖြစ်စရာမရှိဘူး။
အိမ်ရှေ့ဘက်ကြည့်လိုက်တော့ နှင်းအပျော်မှာ ကျန်ရစ်တဲ့မြက်တွေက ထိုးထိုးထောင်ထောင်နဲ့ ၄လေးငါးလက်မလောက်ဖြစ်နေပြီ။ ဒီကြားထဲ ဟိုဘက်ဘေးအိမ်ရှေ့ သစ်ပင်ကြီးတွေက ခြွေချလို့ကျလာတဲ့ သစ်ရွက်ခြောက်တွေကလည်း မြက်တွေနဲ့ရောပြီး မြင်မကောင်းဘူး။ အတော်လေး အကျည်းတန်နေတယ်။ ကျနော်တို့က မြိ့ုပြင်မှာနေတာဆိုတော့ တော်ရံတန်ရုံမြက်ရှည်နေလို့လည်း ဘယ်စည်ပင်ကမှ မြက်ရှည်နေပြီ ရိပ်ပါတော့လို့ စာလာမကပ်ပါဘူး။ ကိုယ့်ဘာသာ အမြင်မတော်မှ ကိုယ့်ခြံဝင်းလေး သပ်ရပ်နေစေချင်လို့မှ ထထက်ရိပ်ကြတာမျိုးပါ။ စာမကပ်ပေမယ်လို့ ရပါတယ်ကွာဆိုပြီး ဘယ်သူကမှတော့ အရှည်မခံပါဘူး။ Standard သဘောသတ်မှတ်ထားတဲ့ ၃ လက်မလောက်ဖြစ်နေအောင်တော့ ကိုယ့်အသိနဲ့ကိုယ်ရိပ်ကြတာပါ။ ကျနော်တို့ဆို နွေအခါမယ် အိမ်ရှေ့မြက်ကို ၉ ရက်ဆို တခါရိပ်တာပါတယ်။ ရိပ်ပြီးတာနဲ့ မြက်အားတိုးဆေးဖြန်းပြီး ၃ နာရီလောက် ရေပန်းတွေလွှတ်ပေးထားလိုက်တာပါ။ ဒါဆို ပြန်တက်လာတဲ့မြက်က အရောင်စိမ်းစိုရုံမက မြက်သားပါထူပြီး မြေကြီးပိတ်နေတာပါ။ မြေပေါ်နေရင် ကွက်ပြီး ကြည့်မလှသလို ဖုန်လည်း ထတတ်တယ်မဟုတ်လား။ ပိုဆိုးတာက ကြက်တွေ။ နောက်ဘက်ပိုင်းမှာနေကြပေမယ့် တခါတလေ ခြေရှည်တဲ့ကြက်တချို့က အိမ်ရှေ့ဘက်ထွက်လာပြီး မြက်ကြားက ပိုးကောင်မွှားကောင်လေးတွေ ရှာရှက်စားရင်း မြေပေါ်နေတာလေးများတွေ့လို့ကတော့ ပွဲတော်ပဲ။ အငမ်းမရ ယက်တော့တာပဲ။ အောက်ကများ တီကောင်လေးဘာလေး ထွက်လာလို့ကတော့ အချိုရှာ သကာတွေ့ပေါ့။ ဘာပြောကောင်းမလဲ။ ဒါ့ကြောင့် မြေမေပါ်အောင် မြက်သားထူပြီးပိတ်နေအောင် လုပ်ရပါတယ်။
မြိ့ုတွင်းအိမ်တွေတော့ မြက်က ၄ လက်မကျော်လောက်ရှိသွားတယ်ဆိုရင်ပဲ စည်ပင်က မျက်စောင်းထိုးပြီး၊ ရပ်ကွက်စုက ကွက်ကြည့်ကွက်ကြည့်လုပ်ပြီ။ ၆ လက်မလောက် ဖြစ်ပြီဆိုလို့ကတော့ စာလာကပ်ပြီ၊ ရိပ်တော့ဆိုပြီး။ ၂ ရက်လောက်စောင့်ကြည့်ပြီးမှ အိမ်ရှင်က မရိပ်ရင် သူတို့ဘာသာ စက်တွေ မချလာပြီး တထိုင်တည်း အပြီးရိပ်သွားပေးတယ်။ ပြီးရင် စာလေးပါ ချသွားတယ်။ ရိပ်ခဘယ်လောက်ဆိုပြီး။ အနည်းဆုံးတော့ ဒေါ်လာ သုံးဆယ်လောက်တော့ ကိစ္စချောတာပဲ။
ဒါနဲ့ ရာသီဥတုသတင်းကြည့်တော့ ဒီနေ့ မနက်ဖြန်နေ့တွေမှာ အပူချိန်က ၄၅ ဒီဂရီဖါရင်ဟိုက်လောက်ရှိမတဲ့။ အေးတော့ အေးပေမယ့် မြက်ရိပ်မယ်ဆို ရိပ်လို့ကောင်းတဲ့အနေအထားပဲ။ ဒါနဲ့ ဂိုဒေါင်ထဲသွားပြီး မြက်ရိပ်စက်က ဓာတ်ဆီအခြေအနေကြည့်တော့ တခြံလုံးရိပ်မလောက်ဘူး။ ဆီနည်းနေတယ်။ ကယ်ရင်ရေ နင်အလုပ်မသွားခင် ဓာတ်ဆီ ၂ ဂါလန်လောက်ဝယ်ပေးခဲ့လေ၊ ငါ ဒီနေ့ အားတဲ့အချိန် ခြံထဲဆင်းမြက်ရိပ်လိုက်မယ်ဆိုတော့ မျက်လုံးတချက်လှန်ကြည့်ပြီး အပြင်ကိုလည်း တချက်ဝေ့ဝိုက်ပြီးကြည်တယ်။ အေးတော့အေးနေတုန်းပဲ၊ မြေကတော့ မာနေပါပြီ၊ မြက်လည်း ရှည်တော့နေပြီ၊ နင်ရိပ်ချင်လည်း ရိပ်လေ၊ နွေးနွေးထွေးထွေး ဝတ်ထားပေါ့ပြောပြီး ဓာတ်ဆီသွားဝယ်တယ်။ သူ အပြင်ထွက်တုန်း ကျနော်က ပေါင်းအိုးထဲ ဆန်ထည့်ပြီး ထမင်းတအိုးချက်တယ်။ ဟင်းကတော့ ညီမပေးထားတဲ့ ပဲပြုပ်နဲ့အမဲကြော်ရှိတယ်။ ဟိုတလောက ဗမာပြည်လူကြုံတွေ လက်ဆောင်ပေးခဲ့တဲ့ ပုဇွန်ငါးပိထောင်းရှိတယ်။ ဟိုနေ့က ကညွှတ်ကြော် လက်ကျန်လည်း ရှိတယ်။ မိန်းမလက်ရာ ပြင်သစ်အာလူးစွပ်ပြုပ် Potato Soup လည်းရှိတယ်။ ဘာမှ ပူနေစရာမလိုဘူး။ အကုန် စားကောင်းတဲ့ဟာချည်းပဲ။ စားလို့ရတဲ့ဟာချည်းပဲ။
ထမင်းမကျက်ခင်ပဲ ဇနီးပြန်ရောက်တယ်။ ဓာတ်ဆီအပြင် ခွေးလေးတွေအတွက် နှလုံးမှာသန်ကောင်မတွယ်အောင် ၆ လတကြိမ်ကျွေးရတဲ့ ပဋိဇီဝ ကာကွယ်ဆေးလည်း ထုတ်လာခဲ့တယ်။ ပြက္ခဒိန်ကြည့်တော့မှ ဟုတ်သားပဲ မနေ့က ၆ လပြည့်တာ ငါမေ့တောင်နေတယ်ဟဆိုတော့ သူက နင် နေ့လည်လောက်ကျရင် Peanut Butter လေးအုံပြီး တကောင်တလုံးစီကျွေးလိုက်နော်တဲ့။ ပြောပြီး ထမင်းဗူးပြင်တယ်။ ကျနော်လည်း ရှိတာတွေချပေးတော့ နင့်အမေလုပ်တဲ့သရက်သီးသနပ်နဲ့ နင်ညီမပေးတဲ့ အမဲသားကြော်ထည့်ယူသွားမယ်ပြောပြီး ထည့်ယူသွားလေရဲ့။
ကဲ ကျနော်လည်း စက်ထဲ ဓာတ်ဆီဖြည့်လိုက်ဦးမယ်။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၉၊ ၂ဝ၁၉

Monday, November 18, 2019

(ချီလီလှုပ်ရှားမှုထဲက အလုပ်သမားများ)

0 comments
(ချီလီလှုပ်ရှားမှုထဲက အလုပ်သမားများ)
ကွန်မြူနစ်တွေယုံကြည်တဲ့ လူတန်းစားမဲ့လောကရောက်သွားချိန်မှာ အုပ်စိုးသူလူတန်းစား(အစိုးရ)ဟာ အလိုလိုညှိုးရော်ခြောက်သွေ့သွားမယ်ဆိုတာနဲ့ Anarchists တွေပြောတဲ့ အုပ်စိုးသူလူတန်းစား(အစိုးရ)မလို ဆိုတာ မတူပါ။ Anarchism ကို မင်းမဲ့ဝါဒလို့ပြန်တာဟာလည်း Negative Sense ထွက်တာမို့ ဟန်မကျပါ။ ဗမာစကားမှာ ယေဘုယျအားဖြင့် မဲ့ ဆိုရင် မကောင်းတဲ့အနက်က ပိုထင်ပါတယ်။
အမေရိက က Occupy Wall street ၊ ဥရောပက Yellow Vest အခု ချီလီအပါအဝင် နိုင်ငံတချို့မှာဖြစ်နေတဲ့လှုပ်ရှားမှုတွေမှာ Anarchists တွေရဲ့ပါဝင်မှုဟာ အားအလွန်ကြီးပါတယ်။ တစုံလုံးက လူထုအကျပ်အတည်းနဲ့ တပြည်လုံးကိစ္စဖြစ်နေလို့သာ သူတို့ ဝါဒရေးရာအရ ရှေ့တလှမ်းထပ်တိုးပြီး အလံထွက်ထောင်လို့မရတာပါ။ လှုပ်ရှားမှုကြီးထဲ လှုပ်ရှားမှုအသေးတွေတွေ(စစ်ပွဲထဲက တိုက်ပွဲတွေ)တချို့မှာ Anarchists တွေ ပေါ်ပေါ်တင်တင်ထွက်ပါတယ် အလံထောင်ပါတယ် ဆိုင်းဘုတ်တင်ပါတယ်။
သပိတ်စုံဖြစ်တဲ့အလျှောက် လူတန်းစားပေါင်းစုံ အလွှာစုံပါပါတယ်။ ဘယ်သူက အတွေးအခေါ်အရ (သဘောတရားရေးအရ)၊ နိုင်ငံရေးအရ(လမ်းစဉ်အရ)၊ စည်းရုံးရေး(အလုပ်အဖွဲ့အစည်းများ) ဦးဆောင်နေတယ်ဆို ရှင်းရှင်းလင်းလင်းမရှိသလို သဲသဲကွဲကွဲလည်း မမြင်ရပါ။
Anarchists တွေ ဆိုရှယ်လစ်တွေ အခြားလက်ဝဲအင်အားစုတွေ လစ်ဘရယ်လ်တွေ လက်ယာအစွန်းရောက်တွေ လူမျိုးရေးဝါဒီတွေ အစုံပါနေတာပါ။ လူထုကိစ္စဖြစ်တော့ အလုပ်သမားလူတန်းစားတွေ အလုပ်သမားသမဂ္ဂတွေလည်း ပါပါတယ်။ (အလုပ်သမားလူတန်းစားနဲ့ အလုပ်သမားသမဂ္ဂကို ခွဲပြောရတာက အရင်းရှင်နိုင်ငံတွေက အလုပ်သမားသမဂ္ဂဆိုတာမျိုးက အများစုအနေနဲ့တော့ အလုပ်ရှင်အလုပ်သမားကြားက ပွဲစားလောက်ရှိတာပါ။ ပွဲစားဆိုပေမယ့် လုပ်တတ်ကိုင်တတ်တော့ အလုပ်သမားတွေအတွက်တော့ တစုံတရာ အားထားလို့ရနေပါသေးတယ်။ တချို့အရင်းရှင်နိုင်ငံတွေက အလုပ်သမားသမဂ္ဂဆိုတာတွေကတော့ အလုပ်ရှင်(အရင်းရှင်)တွေရဲ့ ကိုယ်စားလှယ်အလုပ်တောင် လုပ်ပေးနေကြတာပါ။ ဒါ့ကြောင့် ခွဲပြောတာပါ)။
စက်ရုံအလုပ်ရုံတွေ ကုန်ထုတ်လုပ်ငန်းနဲ့ အစိုးရယန္တယား ရပ်ဆိုင်း သွားဖို့ဆို အလုပ်သမားလူတန်းစားပါမှဖြစ်ပါတယ်။ သူတို့မပါပဲ အစိုးရယန္တယားကြီး ရပ်ဆိုင်းသွားအောင် ဒါမှမဟုတ် တုံ့နှေးသွားအောင်လုပ်မရပါ။
ဒါပေမယ့် ခု ချီလီအပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာဖြစ်နေတဲ့ လူထုလှုပ်ရှားမှုတွေထဲက အလုပ်သမားလူတန်းစား(အလုပ်သမားတွေ)က အလုပ်သမားလူတန်းစားအတွေးအခေါ် သဘောတရားတပ်ဆင်ပြီးသားတွေပါလို့ သိမ်းကြုံးပြောဖို့ခက်ပါတယ်။ ပြောမယ်ဆိုလည်း မမှန်နိုင်ပါ။ အလုပ်သားလူတန်းစားအတွေးအခေါ်နဲ့သဘောတရား ပီပီပြင်ပြင် မတပ်ဆင်ရသေးတဲ့ မဆုပ်ကိုင်မိသေးတဲ့အလုပ်သမားကို တခြားလူများနည်းတူ သာမန်ဖိနှိပ်ခံအလုပ်သမားတွေလို့ပဲ ပြောလို့ရပါလိမ့်မယ်။
ကျနော်အပေါ်မှာပြောခဲ့သလို Anarchism ကပြောတဲ့အစိုးရမလိုနဲ့ ကွန်မြူနစ်တွေပြောတဲ့ အစိုးရရှိတော့မှာမဟုတ်က တူသယောင်ယောင်နဲ့ ဖီလာကျပါတယ်။
စပိန်ပြည်တွင်းစစ်မတိုင်မီ ပြည်တွင်းစစ်ကာလနဲ့ ပြည်တွင်းစစ်အပြီး စပိန်က Anarchists တွေနဲ့ သူတို့လှုပ်ရှားမှုတွေကို စူးစမ်းကြည့်ပါ။ ဆိုရှယ်လစ်ရေးလှုပ်ရှားမှုနဲ့ ပြဒါးတလမ်းသံတလမ်း ဖြစ်နေတာတွေ့ရပါလိမ့်မယ်။ အုပ်ချုပ်သူလူတန်းစား(အစိုးရ)မလိုအပ်ဘူးလို့ကြွေးကြော်တဲ့ စပိန် Anarchists တွေထဲက တချို့ဟာ အသစ်ဖြစ်ထွန်းလာတဲ့ စပိန်အစိုးရထဲမှာ နိုင်ငံရေးရာထူး ကြီးငယ်တွေ ယူခဲ့ကြ လက်ခံခဲ့ကြပါတယ်။ အလုပ်သမားမှာလည်း အတွေးအခေါ်နဲ့သဘောတရားတပ်ဆင်ထားပြီးသား အလုပ်သမားနဲ့ မတပ်ဆင်မိသေး မဆုပ်ကိုင်မိသေးတဲ့အလုပ်သမား ခြားနားပါတယ်။ လူထုလှုပ်ရှားမှုကြီးတွေမှာ အလုပ်သမားတွေ အလုပ်သမားသမဂ္ဂတွေပါတိုင်း ဒါဟာ အလုပ်သမားလူတန်းစားရဲ့ဦးဆောင်မှုလို့ ပုံသေကားချကောက်ချက်ဆွဲပြီး ပတ်တောပိတ်ပြောတာဟာ သင့်တော်တဲ့ကိစ္စမဟုတ်သလို မှန်ကန်မှုလည်းမရှိပါ။
မျိုးမြင့်ချို
ႏိုဝင္ဘာ ၁၈၊ ၂ဝ၁

(ဝက္သားကိုတုတ္ထိုးမိတာ)

0 comments
(ဝက္သားကိုတုတ္ထိုးမိတာ)
အမေရိကန်ကနေ တရုတ်ကိုပို့နေတဲ့ ပဲတီစိမ်းနဲ့ဝက်သားအပေါ်မှာ တရုတ်ဘက်က သွင်းကုန်ခွန် ပြန်စည်းကြပ်ရင်းစည်းကြပ်ရင်းနဲ့ ခုဆို ပဲတီစိမ်းက ၃၃ ရာခိုင်နှုန်းအထိရောက်သွားပြီး ဝက်သားကတော့ ၇၂ ရာခိုင်နှုန်းအထိဖြစ်သွားပါပြီ။ သဘောက ဝက်သားတပိသာ တဒေါ်လာဆို အခွန်က ၇၂ ဒေါ်လာ၊ ပေါင်း ၇၃ ဒေါ်လာပေါ့ဗျာ။ အမေရိကန်ဘက်ကလည်း တရုတ်သွင်းကုန်အားလုံးနီးပါးအပေါ် သွင်းကုန်ခွင် တိုးမြှင့်စည်းကြပ်တာတွေလုပ်ပြီးပါပြီ။ ၂ ဘက်စလုံးက ကိုယ်စီ သွင်းကုန်ခွန်စည်းကြပ်ကြတာ သွင်းကုန်ရာခိုင်နှုန်း ၉ ဆယ်လောက်အထိဖြစ်နေပါပြီ။ တရုတ်ဘက်မှာ အမေရိကန်ဝက်သားဈေးတွေ အကြီးအကျယ်တက်သလို အမေရိကန်ဝက်မွေးမြူရေးခြံကြီးတွေလည်း အတော်အထိနာနေပါတယ်။
သွင်းကုန်ခွန်ဆိုတာ ပို့သူဘက်ဆောင်ရတာ မဟုတ်ပါ။ သွင်းသူဘက်က ဆောင်ရတာပါ။ သွင်းသူဘက်ကဆောင်ရတော့ သွင်းသူကလည်း သူ့မထိခိုက်အောင် အချိုးကျချပြီး ဈေးနှုန်းကိုမြှင့်ပါတယ်။ နောက်ဆုံး စားသုံသူက ဈေးကြီးပေးဝယ်ရတာပါ။ ဈေးတွေကြီးတော့ မတန်လို့ ဒါမှမဟုတ် မတတ်နိုင်လို့ စားသုံးသူက မဝယ်တော့ရင် သွင်းသူကလည်း လျှော့သွင်းရာကနေ နောက်ဆုံး လုံးဝမသွင်းတော့တဲ့အထိ ဖြစ်တတ်ပါတယ်။
အဲ့ဒီသွင်းကုန်ကို ပြည်တွင်းမှာ ထုတ်နိုင်တယ်ဆိုရင်တော့ မသွင်းရလည်း ဘာအရေးလဲ ပြည်တွင်းမှာပဲထုတ်ပြီး ပြည်တွင်းမှာပဲပြန်ရောင်းမှာပေါ့လို့ အလွတ်ပြော အရပ်ပြော ပြောဖို့လွယ်တဲ့ကိစ္စတော့လည်း မဟုတ်ပါ။ တချို့ပစ္စည်းတွေက ပြည်တွင်းမှာထုတ်တာထက် ပြည်ပကနေတင်သွင်းတာက စီးပွားရေးအရ ပိုတွက်ခြေကိုက်တာတွေရှိပါတယ်။ (ဒီကိစ္စက အသေးစိတ်တွေပြောစရာများပါတယ်)။
နောက်တချက်က ပြည်တွင်းမှာလည်း ထုတ်နိုင်တယ်။ ဒါမှမဟုတ် ခုသွင်းနေတဲ့နိုင်ငံကမဟုတ်ပဲ တခြား တနိုင်ငံငံကနေ ဝယ်သွင်းလည်းရတယ်။ ၂ မျိုးလုံးက အကုန်အကျလည်း သက်တာတယ် ဈေးလည်းချိုတယ် ဝန်တာလည်း သိတ်မပိုဘူး။ ဒါပေမယ့် အစိုးရအစိုးရချင်းဆက်ဆံရေးတွေ နိုင်ငံရေးအရတွေကြောင့် ဈေးများမှန်းသိသိ ဝန်ပိုမှန်းသိသိ တွက်ခြေသိတ်မကိုက်မှန်းသိသိနဲ့ သွင်းနေတဲ့နိုင်ငံကနေပဲ သွင်းရတာလည်းရှိပါတယ်။(ဒါလည်း ပြောစရာများပါတယ်)
နောက်ဆုံး နိုင်ငံချင်း အစိုးရချင်းဆက်ဆံရေးပြေလည်နေဖို့ ရွှေလမ်းငွေလမ်းပေါက်နေဖို့အတွက် ကိုယ့်ဘက်ကလိုလို မလိုလိုဝယ်၊ နောက်တနိုင်ငံငံကို အရှူံးခံပြန်ရောင်းရတာမျိုးတောင် ရှိပါတယ်။ ဒါက ချမ်းသာတဲ့နိုင်ငံတွေမှ လုပ်ကြပါတယ်။ အမေရိကန် လက်ဖျားငွေသီးနေတုန်းကဆို တချို့နိုင်ငံတွေက တချို့ကုန်စည်တွေကို ဖောဖောသီသီဝယ်ပြီး ကမ္ဘာအနှံ့ကလိုအပ်နေတဲ့ဆီတွေကို ကုလသမဂ္ဂအေဂျင်စီတွေ ပရိုဂရမ်တွေကနေတဆင့် လှူဒန်းပစ်တာတွေလည်းရှိပါတယ်။ လိုအပ်နေတဲ့နိုင်ငံတိုင်း ဒေသတိုင်းကိုမဟုတ်လို့ အပြောအဆို မလွတ်တာတွေလည်းရှိပါတယ်။ လှူတာတန်းတာမှာတောင် နိုင်ငံရေးသဘောက လက်မလွတ်ပါ။ ဘက်သဘောက ပါပြီးသားပါ။ ထားပါတော့။
အခု သွင်းကုန်ခွန်တွေ နှစ်ဘက်အပြန်အလှန် တိုးြှမှင့်စည်းကြပ်ကြတယ်။ ကုန်ဈေးနှုန်းတွေ တက်လာတယ်။ စားသုံးသူတွေ ငွေပိုကုန်တယ်။ လူတွေ ညည်းလာတယ်။ တဘက်မှာလည်း ထိခိုက်တယ်။ (ဥပမာ) အမေရိကန်လယ်သမားတွေနဲ့ မွေးမြူရေးသမားတွေ ထိတယ်။ ဒီတော့ အစိုးရက လယ်သမား မွေးမြူရေးသမားတွေကို နှစ်သိမ့်ဖို့ ငွေတွေခုပေးတယ်။ ခုလောလောဆယ်အထိ နှစ်ကြိမ်ခွဲပြီး ထုတ်ပေးတာ ၂၈ ဘီလီယံလောက်ရှိသွားပြီ။ ဒါတောင် ၂ နှစ်စာပဲရှိသေးတယ်။
ဒီလောက် စိုက်ထုတ်လျော်ပေးတာတောင် လယ်သမား/မွေးမြူရေးသမားတွေ ပို့ကုန်မပို့ရလို့ရှူံံးတဲ့အရှူံးကို ထေမိရုံလောက်လေးပဲ။ အမြတ်မထွက်ဘူး။ ဒီကြားထဲ လယ်သမားကြီးတွေပဲရပြီး လယ်သမားလတ်တွေ လယ်သမားငယ်တွေက မရလို့ ပူညံပူညံဖြစ်နေတယ်။ ထရမ့်ရဲ့ တကယ်အမာခံပရိတ်သတ်က တောနယ်တွေက လယ်သမား မွေးမြူရေးသမားတွေဖြစ်တယ်။ အဲ့လူတွေက ချမ်းသာပြီး ကွန်ဆားဗတစ်အယူတွေမှာ စွဲမြဲတယ်။ ခု အဲ့လူတွေက ထရမ့်ကိုအရေးဆိုနေပြီ။ “ငါတို့လိုချင်တာ ကုန်သွယ်ရေးကောင်းဖို့ တို့ထွက်ကုန်တွေ ပုံမှန်ပို့နေရဖို့ဖြစ်တယ်၊ အစိုးရက မသေမထမင်း မသေဟင်းကျွေးသလို စိုက်ထုတ်ပေးတာကို မလိုချင်ဘူး“ဆိုပြီးပြောလာကြတယ်။ တချိန်က ထရမ့်ကို သည်းသည်းလှုပ်ထောက်ခံခဲ့ကြတဲ့ တောနယ်တွေမှာ ခုတော့ အင်တင်တင်ဖြစ်တဲ့လူတွေရှိလာနေပြီ။ တရုတ်က အဲဒီ အချက်ကိုကိုင်ပြီး နိုင်ငံရေးလုပ်တာပါ။
ခုတော့ တရုတ်မှာ အမေရိကန်ကသွင်းတဲ့ဝက်သားတွေဈေးတက်တယ်။ အမေရိကန်ဝက်ကြိုက်တဲ့အမေရိကန်ဝက်နြ့စီးပွားဖြစ်နေတဲ့တရုတ်တွေ ညည်းတယ်။ တပြိုင်တည်းမှာပဲ ပြည်တွင်း ဝက်မွေးမြူရေးလုပ်ငန်းတွေကို ကြီးထွားသထက်ကြီးထွားအောင် အစိုးရက သွယ်ဝိုက်တဲ့နည်းတွေနဲ့ အားပေးနေတယ်။ အဲ့ဒီအထဲမှာ ဝက်မွေးမယ့်လူတွေ ပဲပိစပ် ပဲတီစိမ်း ပြောင်းဖူး ဂျုံ ပန်းနှမ်း စတာတွေ မွေးမယ်မြူမယ် စိုက်မယ်ပျိုးမယ်ဆို ဘဏ်တွေကနေ အတိုးနည်းနည်းနဲ့ နှစ်ရှည်ချေးငွေတွေ ချေးပေးနေတာလည်းပါတယ်။ အမေရိကန်ကတော့ လယ်ယာနဲ့မွေးမြူရေးလုပ်ငန်းတွေကို ဖေးတာမတာတွေလုပ်နေသလို လယ်ယာထွက်ပ္စည်းနဲ့ ဝက်သားတွေကို တရုတ်ဘက်က ပိုပြီးဝယ်ယူပေးဖို့တိုက်တွန်းတောင်းဆိုနေသလို တဘက်မှာလည်း တခြားဝယ်လက်တွေကို အပူတပြင်းရှာနေပါတယ်။
တပြိုင်တည်းမှာ တရုတ်နဲ့ကုန်သွယ်စစ် အရှိန်လျှော့ချဖို့ နှစ်ဘက်ကိုယ်စားလှယ်တွေ ဆွေးနွေးကြတယ်။ သဘောတူညီချက်တချို့ ရတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေက အဲ့ဒီဆွေးနွေးပွဲရလာဒ်တွေအပေါ် သဘောတူကြကြောင်း လက်မှတ်ထိုးဖို့ သဘောတူလိုက်ကြတယ်။ ဒီတော့ စီးပွားရေးလောကသားတွေ အကောင်းမြင်ကြ ကြိုဆိုကြတယ်။ စတော့ရှယ်ယာဈေးကွက်ကြီး မကြုံဖူးအောင် ပျားပန်းခတ်လာတယ်။ စတော့ဈေးတွေအတက်ကြမ်းတယ်။ လူတွေပျော်ကြတယ်။
အဲ့ဒီလက်မှတ်ထိုးပွဲကို နိုဝင်ဘာ ၁၇ ရက် ချီလီနိုင်ငံမှာလုပ်မယ့် ထိပ်သီးအစည်းဝေးကြီးမှာ လုပ်မယ်လို့ သတ်မှတ်လိုက်ကြတယ်။ ကံဆိုးချင်တော့ ချီလီမှာ နိုင်ငံရေးမငြိမ်သက်မှုတွေကနေ လူထုအုံကြွမှုတွေအထိဖြစ်လာတော့ အဲ့ဒီလုပ်မယ့်အစည်းအဝေးကို နောက်ဆုတ်လိုက်ရတယ်။ ရှိကျင့်ဖျဉ်နဲ့ ထရမ့်တို့လည်း နောက်ဆုတ်လိုက်ကြရတယ်။ ခဲလေသမျှ သဲရေကျမဖြစ်ရေး ၂ ဘက်စလုံးက ရေးကြီးသုတ်ပြာတွေတော့ လုပ်နေကြပါတယ်။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၇၈၊ ၂ဝ၁၉
(ဒီမနက်နဲ့ မနေ့ တနေ့ကတွေက ဖတ်မိတာလေးတွေကို ကျနော့်အတွေးနဲ့နျောပြီး ပြန်ပြောပြတာပါ)

တက္ကသိုလ်(ဒေါက်တာသန်းထွန်း)

0 comments
တက္ကသိုလ်(ဒေါက်တာသန်းထွန်း)
တက္ကသိုလ်ကိုပြုပြင်မယ်လို့ အကြမ်းသိထားကြတယ်။ ဘယ်လိုပြင်မလဲလို့ သက်ဆိုင်သူတိုင်း ကြောင့်ကြနေကြတယ်။ ယခုလဆန်း ၆ရက်နေ့က တက္ကသိုလ်ကောင်စီ စတင်စည်းဝေးပြီလို့ကြားရတော့ ဘာတွေဘယ်လိုပြင်ပြီလဲလို့ နားစွင့်ကြတယ်။ ကိုးနာရီလုံးလုံး စည်းဝေးတယ်လို့သာ သာမညသိရတော့ ထပ်ပြီးသတင်းစုံကို နားစွင့်ရပြန်တယ်။ စင်စစ် အဲဒီအစည်းအဝေးက(မူ)ချပေးတာကို ဆိုင်ရာကော်မတီလေးတေ ဖွဲ့စည်းပြီး အသေးစိတ်စဉ်းစားခိုင်းတယ်လို့ဘဲ ယူဆနိုင်တယ်။ ဒီတော့ အသေးစိတ်စဉ်းစားကြတဲ့အခါ ဒီအချက်တွေတော့ ရှိတယ်ခင်ဗျာ၊ ကြိုက်ယူ မကြိုက်လဲမတတ်နိုင်ဘူးဆိုပြီး ဒဲ့ဒိုးပြောချင်တာကလေးတွေ တန်းစီပြီး ပြောလိုက်ချင်တယ်။
တက္ကသိုလ်။ ။ တက္ကသိုလ်ဆိုတာ စာပေသင်ကြားပို့ချတဲ့ကျောင်းအကြီးစားလို့ လွယ်လွယ်မမှတ်စေချင်ဘူး။ ပညာပြန့်ပွားရေးဗဟိုရ်ဌာန (Centre of Learning)လို့ မှတ်ကြပါ။ ပညာပြန့်တယ်ဆိုတာ မသိသေးတဲ့လူကို သိအောင်သင်တာ(Teaching)ရယ် မသိသေးတာကို သိအောင်လုပ်တာ(Research)ရယ်လို့ နှစ်မျိုးရှိတယ်။ လူငယ်တွေကို စာသင်ပေးတာတခုထဲလုပ်ရင်(Centre of Teaching) တက္ကသိုလ် မခေါ်ဘူး။ ခေါ်မြဲမို့ ဆက်ခေါ်နေရင်လဲ ကြွားတာဘဲဖြစ်တယ်။ ရှင်းရှင်းပြောတော့ ရန်ကုန်တက္ကသိုလ်ဟာ စာသင်တာတခုဘဲဖြစ်လာခဲ့လို့ ခုလိုပျက်ဆီးတာဘဲ၊ သုတေသနလုပ်တဲ့ ဆရာကြီးငယ်တချို့ရှိနေရင်လည်း လက်ချိုးရေလို့ရတယ်၊ အဲဒါကိုလည်း ဖျင်းတဲ့လူက အများစု ဖြစ်နေတော့ မရှက်ကြဘူး။ တိုတိုပြောရရင် ရန်ကုန်တက္ကသိုလ်မှာ "စာသင်တာအဓိက"ဆိုတဲ့ မူဟာ အထက်စီးရနေတယ်၊
ဒီအတိုင်းကြည့်နေရင် တက္ကသိုလ်ဆိုတဲ့နံမယ်နဲ မထိုက်တန်၊ အခုတော်လှန်ရေးခေတ်မှာ ရန်ကုန်တက္ကသိုလ်တွင် "သုတေသနအဓိက"လို့ ပြင်နိုင်ရင် ထိပ်တန်းဘဲ။ သို့မဟုတ် ရေမီးအစုံကစားချင်သေးလို့ စေ့စပ်ရေး Compromise နည်းနည်းထဲ့ပြီး "စာလဲသင် သုတေသနလဲလုပ်" ဆိုတဲ့ နှစ်ဖက်ချောအနံကြီးဂွင်းကျယ် ဆေးခိုင်အာမခံ လုပ်ချင်သေးရင်လည်း လုပ်ပေါ့။ ကြော်အောင်သာငြာရတယ်ဆိုတဲ့ အစားဘဲ၊ သိပ်မကောင်းဘူး။ မျက်ရည်နဲ့ အပြုံးဆိုတဲ့တက္ကသိုလ်ဘဝ ရောက်မယ်၊ ကျုပ်အကြိုက်ကတော့ "သုတေသနအဓိက"ဘဲ။ ပြင်းပြင်းထန်ထန် မညှာတမ်းပြောရရင် တက္ကသိုလ်မှာ စာသင်တာဟာ မလွဲသာလုပ် လုပ်ရတဲ့ ဘိုင်ပရောဒတ်By-Product ပါဗျာ။ သဘောကတော့ တက္ကသိုလ်က ရှိပြီးသိပြီးပညာကို ထိမ်းရတယ်၊ အဲဒီအခါမှာ ရှိပြီးသားဆရာတွေသေရင် လူစားရဖို့ Recruit လူသစ်မွေးရတယ်။ ရှိပြီးသား ဆရာတွေ ထမင်းငတ်မသေအောင် လူသစ်တွေကပေးတဲ့ကျောင်းလခကို မက်မောရတယ်။ အဲဒီနှစ်ချက်ကြောင့် လူသစ်လက်ခံပြီး စာသင်ပေးတယ်။ လူသစ်တထောင်ရောက်လာလို့ သုတေသနဆက်လုပ်မယ့် ဆရာတယောက်ဖြစ်မလာဘူးဆိုတာလည်း မမေ့ပါနဲ့၊ အဲဒီလို ဘိုင်ပရောဒတ်(By-Product)ကိစ္စမျိုးကို မိန်းလိုင်း(Main Line)ပို့လိုက်ကထဲက ရန်ကုန်တက္ကသိုလ် ဖျင်းသွားတာဘဲ။ ရှေ့ဆက်ပြောလို့ အပိုဘဲ။ စာဘဲသင်လို့အမိန့်ချရင် နံမယ်ပါပြောင်း၊ ကြိုက်မယ်ဆိုရင် "မဟာဟိုက်စကူးကြီး"လို့ ကွယ်ရာက သူတကာ မကြားတကြား ခေါ်နေမှာဘဲ။
ကျောင်းသား။ ။ တသက်လုံး ဖျင်းလာတဲ့သူငယ်ကလေးကို ဆယ်ပေပတ်လယ်အခမ်းငယ်ထဲမှာ နှစ်ယောက်တတွဲထဲ့ပြီး လေးနှစ်ထားလိုက်ရုံနဲ့ တိုင်းပြည်အတွက်အသုံးဝင်မယ့် လူတော်လူကောင်းလေး ဖြစ်မလာပါဘူး။ စိတ်ချ၊ လူတရာမှာ ကိုးဆယ့်ငါးယောက် ဘီအေ အောင်မယ်ဆိုရင် နှစ်မျိုးဘဲ ပြောလို့ရတယ်၊ (၁)တယ်တော်တဲ့ဆရာတွေဘဲလို့ ချီးမွမ်းပြီး၊ (၂)ကျန်တဲ့ငါးယောက်က နုနေသလားလို့ဘဲ မေးစရာကျန်တော့တယ်။ ဘီအေအောင်သွားတဲ့ ၉၅ယောက်ကလဲ ငါဘီအေကွလို သွေးကြီးပြီး ပေါကြောင်ကြောင်ဖြစ်သွားတယ်။ ဟန်ဟန်ပန်ပန်အလုပ်တခုကိုဦးစီးပြီး လုပ်ကိုင်နိုင်တဲ့ အရည်အချင်းရမသွားဘူး၊ ကျန်ရစ်တဲ့ငါးယောက်ကလည်း နောင်နှစ် မတ်လမှာလည်း ငါတို့လည်း ကြိမ်းသေအောင်အုံးတော့မယ်လို့ အအိပ်အစားမပျက်လှဘူး။ ဒီတော့အဖြေက တက္ကသိုလ်ကိုရောက်လာတဲ့လူချစ်ကလေးဟာ "ဇ"ရှိတဲ့ လူငယ်ဖြစ်ရမယ်။
ကုန်ရိုင်း (Raw Material)ကောင်းမှ အထည်(Finished Product)ချောမယ်။ အချုပ်က မတ်ထရီကူလေးရှင်းအဆင့်ကို မြှင့်ပါ များများ မမှန်းပါနဲ့။ စစ်ကြိုခေတ်အဆင့်ကိုဘဲ ပို့ပေးပါ။ ဆောင်ပုဒ်ကတော့ "တက္ကသိုလ်ရောက်လို့ရှိမှ စာတကြောင်းတော့ ဖြောင့်အောင်ရေးတတ်ရမယ်"။ အင်္ဂလိပ်မြန်မာ နှစ်ဘာသာလုံးကို ရည်ညွှန်းပါတယ်။ တက္ကသိုလ်မှာ ဝါကျဖွဲ့ထုံးကို ထပ်ပြီးသင်မနေသင့်ပါ။ ဖွဲကို ဆီလုပ်နိုင်တယ်လို့ ကန်ဘဲ့ လက်တွေ့သုတေသနက ကြေညာဘူးပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကနားယောင်ပြီး ဖွဲကို ဆီမလုပ်သင့်ပါ၊ တက္ကသိုလ်က နှမ်းကိုသာ ဆီကြိတ်စေချင်တယ်။ တိုင်းပြည်ကလည်း ပဲဆီတောင် တို့မကြိုက်လို့ တင်းသင့်တယ်။ အချုပ်ကတော့ တက္ကသိုလ်မှာ ရောက်နေပြီး ဖွဲတွေကို ကန်ဘဲ့နည်းနဲ့ ဆီဖြစ်အောင်လုပ်နိုင်လည်းလုပ်ပါ။ သို့သော် နောက်နောင်ကိုတော့ နှမ်းကိုဘဲပေါက်ဈေးနဲ့ဝယ်ပို့ပါ ဈေးကြီးချင်ကြီးပါစေ။
ဆရာ။ ။ တက္ကသိုလ်မှာ ရှေးရှေးက ကျောင်းကိုဝိုင်းထားတဲ့ သံဝင်းထရံသာရှိတယ်။ အခု တက္ကသိုလ်နယ်တခုလုံး သံထရံဝိုင်းပြီးပြီ။ ဝင်ကြေး ကလေးတမတ်-လူကြီး ပြားလေးဆယ်။ တိရိစ္ဆာန်များကို မစပါနဲ့ဆိုတဲ့ဆိုင်းဘုတ်ဘဲလိုတော့တယ်လို့ ပျက်ရယ်ပြောတာ ကြားဘူးတယ်။ မန်ချူးရီးယားကျား၊ ပါကစ္စတန်ဆိတ်သိုး၊ အမေရိကန်နွားရိုင်း၊ အင်္ဂလန်မွေးရှည်လိပ်ဆိုတဲ့ စာတမ်းကလေးများလဲ လိုသေးသပေါ့ဗျာ။ လူမျိုးဆက်ပြန့်ပွားရေးသာမူလ။ တလင်တမယားစနစ်ဟာ ကျဉ်းမြောင်းတယ်။ သဘာဝလိင်ပြဿနာကို လူလုပ်တဲ့ဥပဒေနဲ့ ဘောင်မခတ်ရ၊ အရေးမယူရလို့ ယူဆကြဟန်လည်း ရှိမယ်ပေါ့ဗျာ။ လေကိုသာစားတဲ့ ကြောင်ပါးကြီးရှိသလို သက်သတ်လွတ်စားတဲ့ ကျားလည်းရှိတယ်။ လူစကားပြောတဲ့ ကျီးဖြူလဲည်းရှိမယ်။ အကုန်လုံး တလှိမ့်ထဲ မကောင်းမကန်းတွေတော့ ဟုတ်မယ်မဟုတ်ပါဘူး။
ဒီတော့(၁) နိုင်ငံခြား ကန်ဂရူးမကြီးဗိုက်ထဲ ဝင်နေတဲ့ သားသားလေးဆရာ။ (၂) ငွေစာရင်းမရှင်းနိုင်တဲ့ သမဝါယမလူကြီးဆရာ။ (၃) ဇာတ်တူသားစားတဲ့ ငန်းတော်ကြားဆရာ။ (၄) မေးခွန်းပေါက်တော့ အိမ်စေကြောင့်လို့ပြောတဲ့ အိမ်စေ့အမှုထမ်းဆရာ။ (၅) ကြင်ဖော်အများကို ဆရာမချည်းခန့်နိုင်စွမ်းရှိတဲ့ ဖျံဆရာ။ အဲဒီဆရာတွေကိုလည်း စစ်ထုတ်ပြီး ရေကြည်ရာမြက်နုရာ၊ သွားလိုရာရာ၊ သွားတော့ နုတ်ထွက်စာကလေးရေးခဲ့ဗျာလို့ ပစပ်နားရွက်ချိတ်အောင် ခပ်ပြုံးပြံုးမျက်နှာထား၊ ဒူးနဲ့တိုက်ဘို့ကောင်းပါပြီ။
ကျန်ဆရာတွေကိုတော့ သုတေသနကိုလည်း လေးလေးစားစားလုပ်ခိုင်းပါ။ လုပ်နိုင်အောင်လည်း အခွင့်အရေး(Research Facility)ပေးပါ။ သတင်းတပတ်မှာ နာရီ ၃ဝ စာသင်ခိုင်းနေရင်တော့ ဘာသုတေသနမှ လုပ်မရဘူး။ နာရီ ၁၄ ဆိုတာတောင် များတယ်။ ကျောင်းသားကို လူစစ်စစ် နည်းနည်းဖြစ်သွားအောင် ရွေးချယ်ပြီးမှလက်ခံရင် ဆရာမှာလည်း စာသင်တာဝန်(Teaching Load)ပေါ့သွားမယ်၊ သုတေသနလုပ်ချိန် ရမယ်။
အချုပ်ကတော့ တက္ကသိုလ်မှာ သုတေသနကို မူလအခြေခံကိစ္စတရပ်အနေနဲ့ ထားစေချင်တယ်။ ဒီမူနဲ့မကိုက်ရင် ဘယ်ဆရာမှ ရာထူးတိုး (Promotion) မပေးနဲ့။ ရုရှားမှာ ပါမောက္ခကို သုံးနှစ်သာခန့်တယ်၊ အဲဒါလည်း သုတေသနလက်စကို ကြည့်ခန့်တာ၊ ပါမောက္ခဖြစ်ပြီးမှ ညာဝါးနေရင်လဲ နောက်သုံးနှစ် ဆက်မဖြစ်ဘူး၊ အောက်ကလူထက် တော်တဲ့လူက တက်လာမှာဘဲ။ ရာထူးတိုးရေးမှာ လုပ်သက်(Seniority) ထက် သုတေသနအရည်အသွေး(Research Ability)ကို ရုရှားမှာ အဓိကထားတယ်လို့ သိရတယ်။ အဲဒါလေးတခုလည်း သတိရကြစမ်းပါ။
နောက်တချက်ကတော့ အခုတက္ကသိုလ်မှာသင်ကြားပို့ချတဲ့ ဘာသာရပ်တွေများလွန်းလို့ မနိုင်မနင်းရှိတာလည်းရှိ၊ ငွေကုန်ကြေးကြများ များတာလည်းများဆိုသလို ဖြစ်နေတယ်။ ဒီတော့ တချို့ဌာနတွေ ဖြုတ်၊ တချို့ပေါင်း၊ တချို့ဆရာဖြုတ်၊ တချို့ရာထူးချဆိုတာတွေ လုပ်ရတော့မယ်။
ပေါင်းသင့်တာက ဝိဇ္ဇာဘက်မှာ(၁)အရှေ့တိုင်းရာဇဝင်နဲ့ အနောက်တိုင်းရာဇဝင်။ (၂)မြန်မာဘာသာ၊ မြန်မာစာပေ။ (၃)ပါဠိနဲ့ ဗုဒ္ဓကျမ်းစာ၊ ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒနဲ့စာရင်းအင်း။ (၄)နိုင်ငံရေးပညာနဲ့နိုင်ငံတကာဆက်ဆံရေး။ (၅)ဖီလော်ဆော်ဖီနဲ့ဆိုင်ကိုလိုဂျီ။ (၆) ပထဝီ၊ ဘူမိဗေဒနဲ့အန်သရိုပေါ်လော့ဂျီ။ (၇)အဘိဓာန်ဘသာပြန်စာအုပ်ထုတ်ဝေရေးနဲ့ပုံနှိပ်လုပ်ငန်း-အဲဒါတွေဘဲ။
သိပ္ပံဘက်က (၁) ရုက္ခဗေဒနဲ့သတ္တဗေဒပေါင်းပေါ့ဗျာ။ အင်ဂျင်နီယာနဲ့ မယ်ဒီကယ်က အကြွေးတွေလည်း ပေါင်းစပ်ပေးပေါ့ဗျာ။ အဲဒီလို ပေါင်းတော့ ဌာနနည်းသွားမယ်၊ အဆောင်အယောင်တွေပြုတ်တော့ ငွေကုန်နည်းသွားမယ်။ ဒါပေမယ့် ဌာနတခုမှာ ပါမောက္ခတယောက်ထက် ပိုချင်ပိုပါစေဆိုတဲ့မူကတော့ ကြိုက်စရာပါဘဲ။ နမူနာပြောရရင် ပထဝီဌာနမှာ ပထဝီပါမောက္ခ၊ ဘူမိဗေဒပါမောက္ခနဲ့ အာခီအော်လောဂျီ ပါမောက္ခ သုံးဦးတောင် ရှိချင်ရှိမယ်ပေါ့။ ဌာနမှူးကတော့ သူတို့ အလှည့်နဲ့ လုပ်ချင်လုပ်၊ သုတေသနမှာ အစွမ်းဆုံးလူကိုဘဲ ထားထားပေါ့ အဲဒီလိုပြောချင်တယ်။ ပါမောက္ခကိုလည်း ရုရှားမှာလို သုံးနှစ်အပိုင်းအခြားထားရင် သာကောင်းအုံးမယ်။ အဲဒီအခါမှာ လုပ်စေခိုင်းသူနဲ့ လုပ်ရမဲ့လူနှစ်ဦးစလုံး သတ္တိရှိကြမှ ဖြစ်မယ်။ လူညံ့လူဆိုးတွေတော့ မနေနိုင်အောင်လုပ်လိုက်တာဘဲ ကောင်းမယ်။
သင်ကြားပို့ချရန် ဘာသာစကား။ ။ တခါက တက္ကသိုလ်မှာ မြန်မာသက်သက်သင်ကြားပို့ချတော့မယ်လို့စိတ်ကူးကို မဖြစ်ဖြစ်အောင် ကြံစည်အားထုတ်ဘူးတယ်။ သင့်မသင့် အခြေအတင်စဉ်းစားကြတယ်။ မြန်မာလိုသင်တော့လို့ ခိုင်းခဲ့တယ်၊ လုပ်ကြည့်တယ်။ ၁၉၆ဝ ပြည့် နှစ်မှာ မြန်မာလို ဘာသာအားလုံးသင်နိုင်တော့မယ်လို့ ကြွားခဲ့တယ်။ မဖြစ်ခဲ့ဘူး။ အခုအခါမှာတော့ မဖြစ်နိုင်သေးပါခင်ဗျားလို့ ဘွာခပ်ချိန် ရောက်ပြီ၊ မြန်မာအင်္ဂလိပ် စင်ပြိုင်သင်တန်း ထားနေရတုံးပါဘဲ။ ဘီအေတန်းမှာ အင်္ဂလိပ်သက်သက်သာသင်နိုင်တဲ့ဘာသာက များနေတုံးဘဲ။
ဒီတော့ အောက်က မက်ထရစ်ကူလေးရှင်းအဆင့်မှာ အင်္ဂလိပ်ဘာသာ နိုင်နင်းသူများဖြစ်မဖြစ် စစ်ပြီးမှ တက္ကသိုလ်ကိုပို့လိုက်ရင် ယခုပြဿနာ ရှိတော့မှာ မဟုတ်ဘူး။ အခုလက်တွေ့ကတော့ အင်္ဂလိပ်လိုဘဲသင်ဘို့ သင့်တယ်လို့ ယုံတယ်။ အထူးသဖြင့် ဂုဏ်ထူးတန်း(Honours)နဲ့ ဘွဲ့လွန်တန်း(Post-Graduate)များမှာ အင်္ဂလိပ်ဘာသာကို လက်လွှတ်လို့မဖြစ်။ အဲဒီအချက်ကို တပည့်ရော-ဆရာရော အစိုးရရော မျက်ခြေ မပြတ်သင့်ဘူး။
မော်ကွန်းထိန်း။ ။ တက္ကသိုလ်ပညာပိုင်းမှာ ပါမောက္ခရှိသလို၊ အုပ်ချုပ်ရေးပိုင်းမှာ မော်ကွန်းထိန်းရှိတယ်။ တက္ကသိုလ်မှာ အရည်အချင်း ကောင်းတဲ့ ကျောင်းသားကိုသာ လက်ခံမယ်။ အသက်မွေး အလုပ်သင်ကျောင်း(Vocational & Technical Institutes)တွေကို ကျောင်းသား များများရောက်သွားအောင် လမ်းလွဲပေးနိုင်မယ်ဆိုရင် တက္ကသိုလ်မှာ ကျောင်းသားနည်းသွားမယ်။ ပြီးတော့ တက္ကသိုလ်ကလည်း "အဌာရသ သုံးလီ"သင်မယ်လို့ ကြွားမနေဘဲ "အာတာ၊ အဌာရသ"လောက်ဘဲ သင်တော့မယ်ဆိုရင် ဆရာနည်းသွားမယ်။ စာမေးပွဲတွေ မအောင်မခြင်း လုပ်မပေးတော့ဘူးဆိုရင် အလုပ်နည်းသွားမယ်။
ကျောင်းဆောင်ပြဿနာ၊ ဆရာနေအိမ်ပြဿနာတွေလဲ နည်းသွားမယ်။ ဒီတော့ အုပ်ချုပ်ရေးမှာ မော်ကွန်းထိန်းနှစ်ယောက် မလိုတော့ဘူး။ မော်ကွန်းထိန်းတယောက်ရှိရင် တော်ပြီ။ ရှိပြီးသားနှစ်ယောက်အနက် တယောက်က ၅၅ နှစ်ကျော်၊ တယောက်က ၃၅ နှစ်အောက်လို့ သိရတယ်၊ နှစ်ယောက်စလုံးပယ်ပြီး ၇ဝ ကျော်ကိုစမ်းချင်စမ်းပါ။
ဒါပေမဲ့ ပါမောက္ခအရည်အသွေးမျိုး၊ လခမျိုးနဲ့ ဂုဏ်သိက္ခာကြီးသူကိုဘဲရွေးပြီး တယောက်ထဲထားသင့်တယ်။ မော်ကွန်းထိန်းဆိုတဲ့ပုဂ္ဂိုလ်က ဘီအေ ဘီအက်စီလောက်ဆိုရင် ပါမောက္ခချုပ်ရဲ့ဩဇာခံသက်သက် သေဆိုသေ၊ ရှင်ဆိုရှင် ဖြစ်နေမယ်။ ဖြစ်လည်းဖြစ်ခဲ့တယ်။ ရှင်းရှင်း ပြောရရင် မော်ကွန်းထိန်းက ပါမောက္ခချုပ်ကို မျက်နှာစေ့စေ့ကြည့်ပြီး ကိုယ့်ဆရာ အလောင်းစည်သူ ဘယ်တုံးကဖြစ်သွားသလဲ၊ လက်ညှိုးထိုးတိုင်း ရေမဖြစ်ဘူးဗျလို့ ပြောရဲရမယ်။ မနေ့တနေ့ကအထိ တက္ကသိုလ်မှာ အလောင်းစည်သူပါမောက္ခချုပ်များ လက်ညှိုးထိုးတိုင်း ရေဖြစ်လာခဲ့တာဟာ တဖက်က မော်ကွန်းထိန်းများက ဗျာဒိတ်တော်မြတ်သာ ကြားပါ ကျောကုန်းကို နင်းရှောက်သွားပါလို့ သုမေဓာလုပ်ခဲ့လို့ ဖြစ်တယ်။ လူပေါ်လူနင်းရှောက်တာကို ခံတဲ့ သုမေဓာ မော်ကွန်းထိန်းမျိုးမထားသင့်ဘူး၊ လူတော်ကိုရှာ တယောက်ထဲထား လခတိုးပေး ပါမောက္ခချုပ်ခိုင်းသမျှသာလုပ် စာရေးကြီးမျိုးဘဝကဆွဲထုပ်ပြီး တာဝန်ခံအကြီးအကဲအဆင့်ပြန်ပို့ အဲဒါအဖြေဘဲ။
-ထွန်းနေ့စဉ် သတင်းစာပါ ဆောင်းပါး ၁၉၆၀

Sunday, November 17, 2019

(စနေဈေးပတ်ခြင်း)

0 comments
(စနေဈေးပတ်ခြင်း)
မနက်က လယ်သမားစျေးသွားခဲ့၏။ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း အိမ်ချက် ကိုယ်တိုက်ဆပ်ပြာတတုံး ဝယ်၏။ ၅ ဒေါ်လာ။ ပြီးတော့ အရွက်သုပ် Salad အတွက် Cherry Tomato လေးတွေ နည်းနည်းဝယ်၏။ ၄ ဒေါ်လာ။ ပြီးတော့ အဆာသွပ်မုန့်အချို တဗန်းဝယ်၏။ ၁၄ ဒေါ်လာ။ ရွှေဝါကန်စွန်းဥ ၅ လုံးပါ တခြင်း(တခြင်းလုံးမှ အစိတ်သားလောက်ရှိ) ကို ၈ ဒေါ်လာဆိုတော့ စျေးနည်းနည်းများသည်ထင်ပြီး မဝယ်ခဲ့။ ကိုယ့်ရှေ့တင်လှော်ပြီး အမှူန့်ကြိတ်ဖျော်ပေးသည့် ဘရာဇေးလ်ကော်ဖီက တခွက် ၂ ဒေါ်လာနှင့် ၂ ယောက်ဆိုတော့ ၂ ခွက်။ ခွက်က ၃ ငုံစာလောက်ပဲရှိသော်လည်း တန်သည်ဟုစိတ်တွင်ထင်၏။ အမေတို့ဘက် သွားရကောင်းမယ်တွေးပြီး အမေကြိုက်သည့် ခရမ်းသီးအဝိုင်းသီးကြီးတွေ ရှာ၏။ မတွေ့။ ပန်းဂေါ်ဇီ ရှာ၏။ မတွေ့။ မုန်လာဥအဖြူ ရှာ၏။ မတွေ့။ ရုံးပတီသီးတွေတော့ တွေ့၏။ အမေရိကန်ရုံးပတီ အသေးစားလေးတွေ။ လက်ညှိုးသာသာလေးတွေ။ အမေက ဗမာရုံးပတီ ဆင်စွယ်ဆိုသည့်အတောင့်ကြီးတွေ ပိုကြိုက်မှန်းသိတော့ မဝယ်ဖြစ်တော့။

ဆောင်းဝင်ပြီဆိုတော့ အသီးအနှံ တပိုင်တနိုင်စိုက်သည့် လယ်သမားတွေ သိတ်အလုပ်ဖြစ်တော့ပုံ မပေါ်တော့။ အသီးအနှံသည်တွေက နည်းပြီး လက်မှူပစ္စည်းသည်တွေ၊ Lotion တို့ Lip Balm တို့ အသားလှဆီတို့ရောင်းသူတွေ မနည်းလှ။ ကိုးရီးယားကင်မ်ချီရောင်းနေသည့် ငယ်ငယ်ရွယ်ရွယ်စုံတွဲတွင် ကောင်လေးကအဖြူ၊ မျက်လုံးပြာ ဆံပင်ရွှေရောင်။ ကောင်မလေးက ရုပ်ရှင်တွေထဲတွင် တွေ့ရလေ့သည့် ကိုးရီးယားမင်းသမီးရုပ်ကလေး။ နှစ်ယောက်လုံး ချောမောလှပသည့်အပြင် ငယ်ဂုဏ်လေးတွေနှင့် အပြုံးကိုယ်စီနှင့်။ ဖြစ်ချင်တော့ သူတို့နှင့်ကပ်လျက်မှာ စားပွဲခင်းရောင်းနေတာက Pie မုန့်သည်။ ကင်မ်ချီသည်ဆီက ချဉ်ဖတ်နံ့စူးစူးကို အတော် စိတ်အချဉ်ပေါက်နေဟန်ပေါ်သည့် Pie သည် အဖြူမက ကျနော်တို့ကို မုန့်အမြည်းလေးတွေ ဖဲ့ပေးရင်း ဟိုဘက်က အနံ့အတွက် ဆောရီးနော်ဟု ပြော၏။ သူ့အသံက ဟိုကင်မ်ချီ စုံတွဲကြားလောက်၏။ သို့သော် သူတို့ကလည်း မှူပုံမရ။ သူတို့စားပွဲရှေ့မလည်း ကင်မ်ချီဝယ်နေသူ လေးငါးဦးရှိ၏။

ပန်းသီးတွေ တောင်းလိုက် အပြည့်အမောက်ထည့်ကာ ရောင်းနေသည့်စုံတွဲက သူတို့ပန်းသီးတွေကို သူတို့ပြန် အလုံးလိုက် တဂွပ်ဂွပ်ကိုက်စားနေ၏။ ကြည့်ရသည့်မျာ အားရပါးရရှိလှ၏။ ကျနော့်တွေတော့ Hi ဆိုပြီး ပန်းသီးတတောင်းကို လက်ညှိုးထိုးပြရင်း ပလုပ်ပလောင်းနှင့် ဒီအသီးမျိုးက ယိုထိုးစားလည်းကောင်းတယ် ဒီအတိုင်းစားလည်းကောင်းတယ် Caramel and Chocolate အုပ်ပြီးစားလည်း ကောင်းတယ်ဟု စျေးခေါ်၏။ ကျေးဇူးတင်ပါတယ်ဟု အလိုက်သင့်ပြန်ပြောရင်း သူ့ဘေးက ခေါက်မုန့်သည်ဘက် မျက်စေ့ရောက်၏။

အမေရိကန်ခေါက်မုန့်ဟုဆိုရမည်ထင်၏။ ဂျုံနှစ်ရည်အပျစ်တွေကို ယောက်ချိုအသေးစားလေးနှင့် ခပ်ယူပြီး အောက်ကနေမီးအပူပေးထားသည့် သံကျွပ်ပြားအထူပေါ် ဖြန့်လောင်းချပြီး ယောက်ချိုဖင်ဖြင့် ဖြန့်၏။ ခေါက်မုန့်ဆန်နှစ်ရည် ဖြန့်နည်းကားအတိုင်း ယောက်ချိုလေးကို မွှေ့ကာမွှေ့ကာနှင့်။ ပြီးတော့ Parmesan Cheese အမှူန့်ကြမ်းတွေဖြူး၏။ ပျားရည်ထပ်ဆမ်း၏။ အနံ့အတွက် အမှူန့်လေးတွေဖြူး၏။ နောက်တော့ ဂေါ်ပြားလေးဖြင့် ခေါက်မုန့်ခေါက်သလို ကော်ကာ ထပ်ကနဲ ခေါက်လိုက်၏။ ဟိုဘက် ဒီဘက် ၂ ချက် သုံးချက် ဖတ်ကနဲဖတ်ကနဲလှည့်၏။ ပြီးတော့ ပန်းကန်လုံးပက်လက်ကြီးထဲက ထောပတ်ဆီတွေထဲနှစ်ထားသည့် ဆေးသုတ် Brush ကြီးကို ဇတ်ကနဲဆွဲယူကာ ပူနွေးနေသည့် ခေါက်မုန့်ပေါ် ရွှပ်ကနဲရွှပ်ကနဲ ဘယ်ပြန်ညာပြန် သုံးလေးချက်သုတ်ချလိုက်၏။ ထောပတ်နံ့ ထောင်းကနဲထလာ၏။ ပျားရည်နံ့ သင်းလာ၏။ ချီးစ်လေးတွေက ခေါက်မုန့်အပြင်ကို ပေါက်စီးယိုလာ၏။ တချပ်ဘယ်လောက်လဲဆိုတော့ ၅ ဒေါ်လာ။ ဇနီးက စားချင်ဝယ်လေဆိုသည့်အထာနှင့် ပိုက်ဆံအိပ်ထုတ်၏။ ဒါနှင့် တချပ်ဝယ်၏။ မတ်တပ်ပဲဆိုင်ရှေ့မှာ ရပ်စားမည်ဆိုတော့ တငုံစာ ကော်ဖီကြမ်းခွက်ကလေး ၂ ခွက်ပေး၏။ ကော်ဖီလေးကျိုက်လိုက် ခေါက်မုန့်လေး ဖဲ့ကာရွဲ့ကာ စားလိုက်နှင့် အရသာတော်တော်လေးလည်း တွေ့၏။

စျေးပေါက်ကထွက်တော့ ခွက်အကြီးကြီးတခွက်ကို လက်မှာပိုက်ထားသည့် စန်တာကလော့စ်ဝတ်စုံနှင့် အဖိုးအိုတယောက်ကိုတွေ့၏။ သူ့ရှေ့ထောင်ထားသည့် ဆိုင်းဘုတ်မှာက ကင်န်ဆာဝေဒနာသည် လးငယ်များအတွက် ရန်ပုံငွေဟုရေးထား၏။ သူ့ပါးစပ်ကလည်း သူတို့ပရဟိလုပ်ငန်းအကြောင်း တတွတ်တွတ်ရှင်းပြ လက်ကမ်းစာစောင်လေးလည်းဝေ လိပ်စာကဒ်ပြားလေးလည်းပေး၏။ ဒါနှင့် ၅ ဒေါ်လာ ဒါနပြုခဲ့ပြီးအပြင်လှမ်းအထွက် ထောင့်ချိုးကွေ့လေးမှာ ကောင်းကောင်းမွန်မွန် ဝတ်စားထားသည့် ရုပ်ရည်သန့်သန့်ပြန့် အမျိုးသီးကြီးတဦး၊ မိန်းမငယ် ၃ ယောက်။ လူရွယ် ၂ ယောက် ရပ်နေ၏။ လက်ထဲတွင်လည်း စာရွက်များ ဖိုင်များနှင့်အတူ Clip Board လေးတွေ ကိုယ်စီနှင့်။ သူတို့နောက်မှာက ပွဲတက်ဝတ်စုံပြည့်ဝတ်ထားသည့် လူချောလူလှတယောက်၏ Life Size ရုပ်ပုံကားတချပ် ထောင်ထား၏။ ကြည့်လိုက်တာနှင့် ဒါဘယ်သူမှန်း ကျနော်ရောဇနီးပါ တန်းသိ၏။

လက်ရှိ South Bend မြိ့ုတော်ဝန် Pete ။ သူက ၂ဝ၂ဝ သမတရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီမှ သမတလောင်းအဖြစ် ဝင်ပြိုင်မည့်သူ။ စစ်သားလူထွက်။ ဘွဲ့ရပညာတတ်။ Gay လိင်တူစုံမက်သူ။ အမျိုးသားချင်း တရားဝင်လက်ထပ်ထားသူ။ South Bend က ဖို့ဝိန်းလောက် Cultural Diversity မဖြစ်။ အိုင်းရစ်ရှ်လူမျိုး ရိုမင်ကက်သလစ်တွေများ၏။ Notre Dame တက္ကသိုလ်ပင်ရှိ၏။ ကက်သလစ်ဘာသာဝင်တို့ ထုံးစံအတိုင်း လိင်တူဆက်ဆံခြင်း ကိုယ်ဝန်ဖျက်ချခြင်း တားဆေးစားခြင်း စသည်တို့ကို တင်းတင်းကျပ်ကျပ်တားမြစ်၏။ ဘာသာရေးကို ဖိဖိစီးစီးလုပ်၏။
ဒီလိုမြိ့ု ဒိလိုလူတွေ အနေများသည့်မြိ့ုမှာ သူက မြိ့ုတော်ဝန်ဆိုတော့ အလွန်ထူးဆန်း၏။ ပို၍ထူးဆန်းသည်မှာ သူ့မြိ့ုသူမြိ့ုသားများက သူတို့ စုံတွဲကို ချစ်ကြခင်ကြ၏။ လိင်တူချင်းလက်ထပ်ထားသူမို့ဆိုပြီး အပြစ်ပြောသံမကြားရ။ မကြားရသည့်အပြင် ခုသူတို့မြိ့ုက သမတလောင်းထွက်သည်ဆိုပြီး မြိ့ုသားတွေက ဂုဏ်ယူနေကြ၏။ ခု ဒီလူစုလေးက သူ့အတွက် မဲလာဆွယ်နေကြခြင်းပင်။

ကျနော်တို့ရှေ့ကဖြတ်တော့ ဒီမိုကရက်ထောက်ခံသူတွေပါလားရှင်ဟု မွန်မွန်ရည်ရည်မေး၏။ ဇနီးက ငါတို့ စိတ်ဝင်စားပါတယ်ဟု ပြန်ဖြေ၏။ ရွေးကောက်ပွဲမှာ မဲပေးဖို့ ရီဂျစ္စတာလုပ်ထားပါသလားခင်ဗျားဟု လူရွယ်ကမေး၏။ ကျနော်က လုပ်ထားပြီးပါပြီဆိုတော့ ဟိုအမျိုးသမီးကြီးက Pete ပုံကိုလက်ညှိုးထိုးပြကာ ကျမတို့ရဲ့ ကိုလူချောကို သိပါသလားဟုဆို၏။ သိပါတယ်ဆိုတော့ ကောင်းပါလေ့ရှင်။ ဒါဆို ကျမတို့ ဒီနေ့ ဒီနေရာမှာ လာပြီး မဲဆန္ဒရှင်တွေကို မဲပေးဖို့မှတ်ပုံတင်နိုင်ရေးအတွက် လာအသိပေးလှူံ့ဆော်သွားကြောင်းလေး အသိအမှတ်ပြုပေးပါလားရှင် ဆိုကာ Clip Board လေးထိုးေ၏။ ဒါနှင့် ယူပြီး ဖြည့်ရမည့်နေရာလေးတွေဖြည့် လက်မှတ်ထိုးကာ ပြန်ပေးလိုက်၏။
မဲကတော့ ကြိုက်တဲ့လူပေးပါရှင့် ကျမတို့ ကိုလူချော သမတဖြစ်ခဲ့ရင်တော့ ပေးတဲ့ဂတိတွေ တည်မယ်ဆိုတာတော့ ယုံကြည်ပါရှင့်ဆိုပြီး ကျေးဇူးတင်စကားများ ရွှမ်းရွှမ်းဝေအောင်ပြော၏။ 

ကျေးဇူးတင်ကြောင်းပြန်ပြောရင်း စိတ်ထဲမေးချင်တာတခုပေါ်လာ၏။ တခုမေးချင်လို့ပါ။ မမေးကောင်းဘူးဆိုတာတော့ သိပါတယ်။ ဒါပေမယ့် သိချင်လို့ပါ။ မဖြေချင်လည်း မဖြေပါနဲ့ဟုစကားခံတော့ ရပါတယ်မေးပါဟုပြော၏။ ခင်ဗျားတို့က ကက်သလစ်ဘာသာဝင်တွေလားခင်ဗျဆိုတော့ ဟုတ်ပါတယ်ရှင် အားလုံက ကက်သလစ်ဘာသာဝင် အိုင်းရစ်ရှ်နွယ်တွေပါဟုပြန်ဖြေ၏။ ဇနီးက ငါလည်း အိုင်းရစ်ရှ်၊ ကက်သလစ်ပဲ ဟုပြန်ပြောရင်း ပြုံးပြ၏။ နောက်တော့ ကျနော်တို့လည်း နှူတ်ဆက်ရင်း ဆောင်းအအေးကြီးထဲဖြတ်ကာ ကားဆီပြန်ရောက်၏။ ဇနီးက နင်က ဘာလို့သွားမေးရတာလဲဟု မြည်တွန်သယောင်ပြု၏။ သိချင်လို့ပါဟာ ဘာမှမဟုတ်ဘူးဟု ခတ်ပေါ့ပေါ့ ပြန်ဖြေတော့ မျက်စောင်းခဲ၏။

အမေရိကန်တွင် လူတယောက်အား ဘာ ဘာသာကိုးကွယ်လဲဟု သွားမေးမိ၍ ထိုအမေးခံရသူမှ မကျေနပ်ပါက ရဲခေါ်တိုင်ပြီး အမှူရှာလို့ရသည်မဟုတ်လား။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၆၊ ၂ဝ၁၉

Saturday, November 16, 2019

(ကာကွယ်ချင်ရင် ထွက်ကြပါ)

0 comments
(ကာကွယ်ချင်ရင် ထွက်ကြပါ)
စစ်ခေါင်းဆောင်တွေနဲ့ အစိုးရခေါင်းဆောင်တွေကို သူတို့ကျူးလွန်ခဲ့တဲ့ ပူးပေါင်းကြံစည်ခဲ့တာတွေအတွက် တရားစွဲတဲ့ကိစ္စမှာ နိုင်ငံ/လူမျိုးက ဘာကိစ္စ သိက္ခာကျရပါသလဲ။ ဒီလူတွေဟာ တိုင်းပြည်ခေါင်းဆောင်တွေ လူထုခေါင်းဆောင်တွေမို့ဆိုရင်တော့ တမျိုးပေါ့။ တကယ့်လူထုခေါင်းဆောင် တိုင်းပြည်ခေါင်းဆောင်တွေဆိုရင်တော့လည်း ဒီလိုရာဇဝတ်မှူကြီးတွေ ကျူးလွန်ဖို့ဆိုတာ စိတ်တောင် မကူးကြဘူးမှတ်တာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ တချိန်က လူထုခေါင်းဆောင်ဖြစ်ခဲ့ဖူးတာမှန်ပေမယ့် လက်ရှိမှာ နိုင်ငံရေးသမား၊ ပါတီခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ဝင်ဖြစ်တယ်။ ဒီ့ထက် ဘာမှမပိုဘူး။ မင်းအောင်လှိူင်အပါအဝင် ဘယ်စစ်ဗိုလ်ကများရော နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖူးပါသလဲ။ နေဝင်း၊ စောမောင်၊ သန်းရွှေကနေ မင်းအောင်လှိူင်အထိဟာ စစ်ခေါင်းဆောင်တွေဖြစ်ရုံတင်မက စစ်အာဏာရှင်တွေပါဖြစ်တယ်။ နေဝင်းက သူ့ကိုယ်သူဥက္ကဌကြီးဘယ်လိုတပ်တပ် သန်းရွှေက သူ့ကိုယ်သူ နိုင်ငံတော်အကြီးအကဲ ဘယ်လိုပြောပြော စစ်ခါင်းဆောင်/စစ်အာဏာရှင်တွေမျှသာပဲ။
ဒီ စစ်ခေါင်းဆောင်တွေ အစိုးရခေါင်းဆောင်တွေကို သူတို့ရဲ့ လူမဆန်တဲ့ရာဇဝတ်မှူတွေအတွက် ကမ္ဘာ့မိသားစုကြီးက တရားပဲစီရင်စီရင်၊ ပြစ်ဒဏ်ပဲပဲပေးပေး ကျနော်တို့ပြည်သူတွေအနေနဲ့ ကျေနပ်ဝမ်းသာရှိရမှာပါ။ သူတို့ရာဇဝတ်မှူတွေကို ကျနော်တို့ကမှ မစီရင်နိုင်တာပဲ။ ခုလည်း တရားစွဲဆိုမှူတွေက ဘယ်အတိုင်းအထာထိရှိမယ်မရှိဘူး၊ သက်ရောက်မယ်မရောက်ဘူးသာ မပြောတတ်ပေမယ့် ပြည်သူတွေရင်ထဲ ကျောသားရင်သားမခွဲခြားပဲ တခုခုအရေးယူမယ်ဆို နှစ်ထောင်းအားရှိကြမှာပဲ။
တကယ်လို့ အရေးယူလာခဲ့ရင်လည်း ဒါဟာ ဗမာပြည်ကိုအရေးယူတာမဟုတ်၊ တိုင်းပြည်နဲ့လူထုကို ပြစ်ဒဏ်ခတ်တာမဟုတ်လို့ တိုင်းပြည်နဲ့လူထုအတွက် ဘာမှ သိက္ခာကျစရာ အရှက်ရစရာမရှိပါ။ စီးပွားရေးအရ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့တာ၊ ကုန်သွယ်ရေး အထူးအခွန်ကင်းလွတ်ခွင့်တွေ ပြန်ရုပ်သိမ်းတာတွေ လုပ်ခဲ့တယ်ဆိုရင်တောင် ဒါဟာ အဲ့ဒီအစိုးရခေါင်းဆောင် စစ်ခေါင်းတွေအတွက် အထိနာစေဖို့ပါ။ ဖမ်းဝရမ်းထုတ်တာတို့ဘာတို့ လုပ်လာခဲ့လို့ ဒီလူတွေ ပြည်ပမထွက်ရဲပဲ ပြည်တွင်းမှာ တိမ်းရှောင်ပုန်းအောင်းနေရင်တောင် ကျနော်တို့ ပြည်သူတွေက ဝိုင်းဝန်းပြီး လက်ရဖမ်းပေးရမှာပါ။ ဖမ်းမိဖို့ ကိုယ်ထိလက်ရောက် ကူညီရမှာပါ။ ဒါတွေက ဖြစ်လာလိမ့်မယ်လို့ မယူဆသော်လည်း ဆယ်ရေးတရေး ကိုးရေးတရာဆိုပြီး အတွေးဆန့်ကြည့်တာပါ။
ပြည်သူတွေအနေနဲ့ တိုင်းပြည်ခေါင်းဆောင် လူထုခေါင်းဆောင်ဆိုတာနဲ့ အစိုးရခေါင်းဆောင် စစ်ခေါင်းဆောင်ဆိုတာကို ကွဲကွဲပြားပြားရှိဖို့လိုပါလိမ့်မယ့်။ အချင်းချင်းလည်း ဆွေးနွေးပြောဆိုရမယ်ထင်ပါတယ်။ ဒီလူတွေ ရိုဟင်ဂျာလူမျိုးတွေနဲ့ (တိုင်းရင်းသား)လူမျိုးစုတွေအပေါ် ဆယ်စုနှစ်ပေါင်းများစွာ အနိုင်ကျင့် ညှဉ်းဆဲသတ်ဖြတ် လူမဆန်တဲ့ရာဇဝတ်မှူတွေကျူးလွန်ခဲ့တာအတွက် ဒီနေ့ဒီအချိန်ကျမှ နိုင်ငံတကာတရားရုံးတင် တရားစွဲခံရတာပါ။
ဒါမှ တိုင်းပြည်နဲ့လူမျိုးသိက္ခာကျတယ်တို့ ရှက်လှချည်ရဲ့တိုဆို အတိအလင်း ထွက်ပြောပါ။ ဒီ့ထက်ပိုရင် ဒီလူတွေအတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ကာကွယ်ပါ။ ဒီလူတွေအတွက် အသက်ပါပေးချင် ပေးလို့ရပါတယ်။ ဒါပေမယ့် တိုင်းပြည်နဲ့လူမျိုးအတွက် ခံပြင်းတယ်တို့ နာကျည်းတယ်တို့ ခံရခက်တယ်တို့ဆိုပြီး ကြောင်သူတော်ဆန်ဆန် စကားလုံးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့ရဦးတောင် အခြားသူတွေကိတော့ လှည့်ဖျားလို့မရနိုင်ပါ။
နိုင်ငံရေးအာဏာတို့ ကျော်စောကိတ္တမရှိမှူတို့ အောင်မြင်မှူတို့ဆိုတာ ယာယီကိစ္စတွေပါ။ မမြဲပါ။ လူသေရင် ပြီးသွားပါတယ်။ လူသားတယောက်ရဲ့သီလ သမာဓိ တည်ကြည်မှူ လူသားဆန်မှူ လူ့ဂုဏ်သိက္ခာ လူကျင့်တရား နိုင်ငံရေးစာရိတ္တ နိုင်ငံရေးစရဏ နိုင်ငံရေးကိုယ်ကျင့်တရား စတာတွေကတော့ လူသေပေမယ့် ပြီးမသွားပါ။ သမိုင်းမှာ တွင်ကျန် တင်ကျန်ခဲ့ပါတယ်။ နှောင်းလူတွေ နောက်မျိုးဆက်တွေအတွက် စံပြုစရာ နမူနာထားစရာ အတုယူဖွယ်ရာတွေအဖြစ် ကျန်ခဲ့ပါတယ်။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၅၊ ၂ဝ၁၉

(အသံတိတ်ပေးတာလည်း နိုင်ငံရေးဆန္ဒဖြစ်နေတယ်)

0 comments
(အသံတိတ်ပေးတာလည်း နိုင်ငံရေးဆန္ဒဖြစ်နေတယ်)
သြဂုတ်လ ၁၅ ရက်နေ့ကစပြီး မေမြိ့ု လားရှိူး ကျောက်မဲ ကွတ်ခိုင်စတဲ့ဒေသတွေဘက်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက အတွင်းပိုင်းတွေအထိ ထိုးဖေါက်ပြီး တိုက်ခိုက်တာတွေလုပ်တယ်။ ခုလည်း လားရှိူး ကွတ်ခိုင် ကျောက်မဲဘက်တွေမှာ တွယ်နေကြတုန်းပဲ။
အဲ့သလို အထဲအထိဝင်လုပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်သလို စွန့်လည်းအတော်စွန့်စားရပါတယ်။ နိုင်ငံရေးသဘော စည်းရုံးရေးသဘော စစ်ရေးသဘောနားလည်တဲ့သူတွေနဲ့ စစ်တိုက်ဖူးတဲ့အတွေ့အကြုံရှိသူတွေ ပိုသိကြပါတယ်။
သူတို့တွေ လက်နက်လူသူတွေနဲ့ ကိုယ့်မြိ့ုကိုယ့်ရွာတဝိုက် စုရုံးနေတာကို၊ ရန်သူ့သတင်း ထောက်လှမ်းစုံစမ်းတာကို ဝင်လမ်းထွက်လမ်းကြည့်တာကို ဒေသခံတွေကို စည်းရုံးတာတွေကို လက်တွေ့တိုက်ပွဲမဝင်ခင်တွေကတည်းက အချိန်ယူပြင်ဆင်ရပါတယ်။ ဒါတွေကို ပြည်သူ သိနေပါတယ်။ သဘောက သူတို့ လုပ်နေတာတွေ ပြည်သူက သိတယ်။
သိရင် ဘာလို့ အစိုးရနဲ့ စစ်တပ်ကို သတင်းမပေးတာလဲ။ အဲ့ဒီဒေသတွေဆိုတာ စစ်တပ်ခြေချင်းလိမ်နေတဲ့ဒေသတွေပါ။ အုပ်ချုပ်ရေး လျော့တိလျော့ရဲ အရပ်တွေမဟုတ်ပါ။
အသံသာပါပြီး အဆန်မပါတဲ့အစိုးရ၊ လက်မပါတဲ့ ပါးစပ်ကစေတနာ ဗလပွနဲ့အစိုးရ ပြည်သူကိုနှိပ်စက်ညှဉ်းဆဲနေတဲ့စစ်တပ်ကို ဘာမှမလုပ်နိုင်တဲ့အစိုးရဆိုတဲ့အမြင် လူတွေကြားမှာ ရှိနေလို့ပါ။ “အားကိုးရမလားလို့ တို့ကသာ မဲပေးရွေးချယ်တင်လိုက်ပေမယ့် အာဏာလေးလည်းရသွားရော ဒီပုပ်ထဲကဒီပဲပါကွာ၊ နောက်ဘုန်းကြီး နောက်တချက်ထပ်ထောင်းသာ အပိုဆောင်းခံလိုက်ရတာပါကွာ“ ဆိုတဲ့ အရပ်သားသိ သိသွားကြလို့ လက်နက်ကိုင်အင်အားစုတွေရဲ့ လှူပ်ရှားသွာလာနေမှူတွေ စုဖွဲ့စည်းရုံးနေတာတွေကို သိသိနဲ့ အစိုးရနဲ့စစ်တပ်ကို သတင်းမပေးတဲ့နည်းနဲ့ ဆန့်ကျင်ပြလိုက်တာပါ။ အဲ့ဒီနည်းနဲ့ ဟိုဘက်ကိုထောက်ခံကြောင်း ပြလိုက်တာပါ။ နီးရာဓားကြောက်ရလို့မဟုတ်ပါ။ လက်တွေ့မှာ အစိုးရဓား စစ်တပ်ဓားက သူတို့နဲ့ပိုနီးရုံမက ခေါင်းပေါ် ဇက်ပေါ်ပါ မိုးထားတာပါ။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၆၊ ၂ဝ၁၉

(ကြည့်တဲ့အတိုင်း မြင်ပါတယ်)

0 comments
(ကြည့်တဲ့အတိုင်း မြင်ပါတယ်)
၂ဝဝ၈ ဖွဲ့စည်းပုံဟာ ဥပဒေကြောင်းအရကြည့်ရင် တရားဝင်ပါတယ်။ ဘယ်သူတွေဆွဲ ဘယ်အချိန်မှာဆွဲ ဘယ်ပုံဘယ်နည်းဆွဲ ဘာ့ကြောင့်ဆွဲ ဘယ်လို လူထုဆန္ဒခံယူပွဲလုပ်ခဲ့ စတာတွေက လူတိုင်းသိပြီးသားပါ။ နိုင်ငံရေးထောင့်ကကြည့်ရင်တော့ တရားဝင်ခြင်းမဝင်ခြင်းဆိုတဲ့အထိတောင် ပြောနေစရာမလိုပါ။
၂ဝ၁၀ ရွေးကောက်ပွဲလုပ်ချိန်အထိ အဲ့ဒီဖွဲ့စည်းပုံဟာ တရားဝင်မှူမရှိသေးပါ။ ရွေးကောက်ပွဲနည်းနဲ့တက်လာတဲ့ လွှတ်တော်အမတ်တွေက တခဲနက်အတည်ပြုလိုက်ပြီး သမတဗိုလ်သိန်းစိန် လက်မှတ်ထိုးအတည်ပြုလိုက်တော့မှ တရားဝင်ဖြစ်သွားတာပါ။ ဒီနေရာမှာလည်း ၂ဝ၁ဝ ရွေးကောက်ပွဲ ဘယ်လိုလုပ်ခြ့သလဲက လူတိုင်းသိပြီးသားပါ။
အဲ့သလိုတရားဝင်သွားတဲ့ ဖွဲ့စည်းပုံအရပဲ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေးယန္တယားတွေ ဖွဲ့စည်းပေါ်ပေါက်လာတာပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲ အင်န်အယ်လ်ဒီ မဝင်ရတာက ဖွဲ့စည်းပုံတရားဝင်မှူ မရှိသေးလို့ပါဆိုပြီး ထင်ကြေးပေးသူတွေ ရှိပါတယ်။ ၂ဝ၁၂ အင်န်အယ်လ်ဒီ ရွေးကောက်ပွဲ ဝင်တာကြတော့လည်း ဖွဲ့စည်းပုံကတရားဝင်ဖြစ်သွားပြီမို့လို့ မဖြစ်မနေဝင်ရတာပါလို့ အကြောင်းပြသူတွေရှိပါတယ်။ အင်န်အယ်လ်ဒီ ကိုယ်တိုင်ကလည်း ဝင်ပြင်ဆိုတဲ့ ရပ်ခံချက်နဲ့ ဖွဲ့စည်းပုံရဲ့တရားဝင်မှူကို အသိအမှတ်ပြုလက်ခံပြီးမှ ရွေးကောက်ပွဲဝင်ခဲ့တာပါ။
ဦးဝင်းတင်လို နိုင်ငံရေးအကြောမာတယ်ဆိုတဲ့လူတောင် ပြင်ဝင်ဆိုတဲ့နည်းနဲ့ ဖွဲ့စည်းပုံရဲ့တရားဝင်မှူကို လက်ခံခဲ့ပါတယ်။ ဖွဲ့စည်းပုံရဲ့ တရားဝင်နေမှူကို သွယ်ဝိုက်တဲ့နည်း အသိအမှတ်ပြုခဲ့ရတာပါ။ ပြင်ဝင်ဖြစ်ဖြစ် ဝင်ပြင်ဖြစ်ဖြစ်ဟာ ဖွဲ့စည်းပုံရဲ့တရားဝင်မှူကို တနည်းနည်းနဲ့ အသိအမှတ်ပြုတာဖြစ်တယ်လို့ နိုင်ငံရေးအရပြောရမှာပါ။ ပြင်ဝင်ကတော့ ခေါင်းမာမာနဲ့ ရလိုရငြား စျေးဆစ်ကြည့်တဲ့သဘောပါ။ ဘာလို့အဲ့လိုပြောရလဲဆိုတော့ မပြင်ရင်မဝင်တာတော့ ဟုတ်တယ် မဝင်ရင်ဘာလုပ်မလဲက မရှိထားလို့ပါ။ အကြမ်းမဖက်တဲ့ လူထုနည်း လူထုတိုက်ပွဲလမ်းစဉ် ချပြတာမရှိလို့ပါ။ စစ်အုပ်စုကတော့ ရှင်းတယ်။ ပါတီ မှတ်ပုံအသစ်ပြန်တင်ပါ၊ ရွေးကောက်ပွဲ ဝင်ပါ။ မဝင်ရင် ပါတီဖျက်ပစ်မယ်အတိအလင်း ပြောပြီးသားပါ။ သူ့ဘက်မှာ မဝင်ရင် ဘာလုပ်မလဲရှိပေမယ့် ကိုယ့်ဘက်မှာမရှိပါ။ ဦးဝင်းတင်မှာ စိတ်ဓာတ်ရှိပါတယ်၊ ရပ်တည်ချက်ကောင်းပါတယ်၊ မိမိအမြင်အပေါ် ရပ်ခံချက်ကောင်းပါတယ်။ ဒါပေမယ့် “အား“ မရှိပါ။ ပါတီတွင်းမှာ နောက်လိုက်တွေ နောက်က မလိုက်ဝံ့ပါ။ ဒေါ်စုကို လွန်ဆန်ပြီး သူ့နောက်လိုက်ရင် ဘာဖြစ်မယ်ဆိုတာ သူတို့သိကြပါတယ်။ ထောင်စကားနဲ့ပြောရရင် “ကိုယ့်ဘဝ ကိုယ်တွေးမိထားနှင့်သူတွေ“ ပါ။
ဖွဲ့စည်းပုံကိစ္စကို တရားဝင်မှူ မဝင်မှူတွေဆိုတဲ့ထောင့်ကနေပြောရင် ဥပဒေကိစ္စပါ။ ဥပဒေစကားပဲပြောရပါတယ်။ နိုင်ငံရေးစကား မပြောရပါ။ စစ်အုပ်စုက ဥပဒေစကားပြောတာပဲကြိုက်ပါတယ်။ “လွှတ်တော်ထဲလာ နိုင်ငံရေးစကားမပြောနဲ့“ လို့ကို ဗိုလ်ရွှေမန်းပြောတာ သတိရပါ။ အဲ့သလိုပြောနေတဲ့ကြားက ရှေ့နေကြီး ဦးကိုနီက ဖွဲ့စည်းပုံနဲ့စပ်ပြီး နိုင်ငံရေးစကားတွေပဲ တောက်လျှောက်ပြောပါတယ်။ ဒီဘိတ်တွေ စကားဝိုင်းတွေမှာ အင်န်အယ်လ်ဒီအမတ်တွေ ပါတီလိုင်းကလူတွေက (နိုင်ငံရေးသမားဆိုသူတွေက) ဥပဒေစကားပဲပြောနေချိန်မှာ ဥပဒေသမားက နိုင်ငံရေးစကားပြောပါတယ်။ ဒီတော့ စစ်အုပ်စုက သတ်ပြလိုက်ပါတယ်။ နဂိုကမှ ဖွဲ့စည်းပုံနဲ့စပ်လို့ နိုင်ငံရေးစကားမပြောဝံ့သူတွေ မီးကိုရေနဲ့ငြှိမ်းလိုက်သလို ငြိမ်ကျသွားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စဟာ နိုင်ငံရေးဖြစ်တယ် နိုင်ငံရေးကိစ္စဖြစ်တယ် နိုင်ငံရေးလိုပြောရမယ်လို့ ပြောသူတွေ နောက်ပိုင်းမှာ ထွက်လာပါတယ်။ သိတ် ကျယ်ကျယ်လောင်လောင်တော့ မဟုတ်ပေမယ့် (ကို) ကိုကိုကြီးနဲ့ ကိုမြအေးပါ။ သူတို့ နိုင်ငံရေးသမားပီသပါတယ်။ နိုင်ငံရေးစကားပြောပါတယ်။ ဒါတောင် တချက်တချက် “ပြင်မယ်ဆင်မယ် လက်သီးလက်မောင်းတန်းနေတဲ့ ဟောပြောရေးသမားတွေ၊ ပြင်ရေးထောက်ခံဆန္ဒပြခေါင်းဆောင်တွေလို“ ဥပဒေစကားတွေပြောပြီး ဖွဲ့စည်းပုံရဲ့တရားဝင်မှူကို ပြောင်းပြန်အကျိုးဆက်ထွက်စေတဲ့နည်းနဲ့ အသိအမှတ်ပြုလက်ခံတဲ့ ပွဲတွေမှာ သူတို့ကို ကြိုကြားကြိုကြားတွေ့နေရပါတယ်။
ပြန်ချုပ်ရရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ဘယ်ရှူထောင့်ကကြည့်သလဲ။ ကြည့်တဲ့ထောင့်အတိုင်း မြင်ပါတယ်။ မြင်တဲ့ထောင့်အတိုင်းပြောရပါတယ်။ အဲ့ဒီမှာ ဥပဒေစကားနဲ့ နိုင်ငံရေးစကား ကွဲသွားပါတယ်။ ဥပဒေသမားက “ပုဒ်ထီးပုဒ်မတွေ“ ပြောပြီး နိုင်ငံရေးသမားက “တရား“ ကိုပြောပါတယ်။
ဦးကိုနီက ၂ ခုလုံးကိုပြောပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်ခြင်းခံရပါတယ်။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၆၊ ၂ဝ၁၉
(စာကြွင်း။ ပြင်ရေးထောက်ခံပွဲတွေမှာ တက်တက်ကြွကြွပါခဲ့တဲ့ လက်မှတ်တွေ အားတက်သရောထိုးပေးခဲ့ကြတဲ့ ရိုးရိုးသားသား ပြည်သူတွေကို ကျနော် ထောက်ခံအားပေးပါတယ်။ အဲ့ဒီလို လူထုဘက်က ကျနော်ရပ်ပါတယ်)

Friday, November 15, 2019

(အေသဝနာစဗာလနံ)

0 comments
(အေသဝနာစဗာလနံ)
နှုတ်သီးကောင်းလျှာပါးက လက်ပန်းတောင်က တောင်သူမလေးတွေအပေါ်လုပ်တာတောင် လူစက်ဆုပ်သေးတာပဲ။ နိုင်ငံတကာကို သွားလုပ်တော့ သန္ဓေယုတ်လို့ဆိုပြီး အပြောမခံရတာကံကောင်း။ သံခင်းတမန်ခင်းကမှ ပရိယယ်ဝေုစ်တွေများရလို့ ထားပါဦး။ နိုင်ငံရေးစကားက ရှင်းရှင်းပြတ်ပြတ် ပြောရတာ။ ရှင်းရှင်းပြတ်ပြတ်ဆိုတာ ငါးစိမ်းသည်ရန်တွေ့သလို ထမိန်စွန်တောင်ဆွဲ မဟုတ်ဘူး။ စစ်ထွက်မိန့်ခွန်းလို တုံးဆိုတိုက် ကျားဆိုကိုက်ပြောရတာမဟုတ်ဘူး။ နိုင်ငံရေးစကားကို နိုင်ငံရေးပါပါပြောတတ်ဖို့က အင်္ဂလိပ်စကားတတ်မှရယ်လို့လည်း မဟုတ်ဘူး။ အင်္ဂလိပ်လိုတတ်ပြီး နိုင်ငံရေးစကားကို နိုင်ငံရေးပါပါ တာဝန်ခံမှုရှိရှိ တာဝန်ယူမှုရှိရှိ တိတိကျကျမပြောတတ်လည်း သဲထဲရေသွန်ပဲ။ အရပ်ထဲက အတင်းအဖျင်းပဲ။
ခုက အဲ့သလို မပြောတတ်လို့ဖြစ်တာလည်း မဟုတ်ဘူး။ သံခင်းတမန်ခင်း မကျင်လည်လို့ဖြစ်ရတာလည်း မဟုတ်ဘူး။ ဓါးခုတ်ရာ လက်လျှိုမိတာလဲ မဟုတ်ဘူး။ ဗိုက်အငှားနဲ့ ဓားထိုးခံတာလည်းမဟုတ်ဘူး။ စစ်အုပ်စုနဲ့ ရင်ကြားစေ့ချင်ဇောနဲ့ လောပြီး ကာရင်း ဖာရင်း ပြောမှားဆိုမှား ဖြစ်တာလည်းမဟုတ်ဘူး။ တမင့်ကို ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရှိရှိ ခြေလှမ်းရှိရှိ ပူးပေါင်းကြံစည်မှု အလိုတူအလိုပါဖြစ်မှု ဖြစ်တယ်။ မတရားမှုမှာ ခြေလှမ်းရှိရှိ ပြင်ဆင်မှုရှိရှိ အလိုတူအလိုပါကျူးလွန်တဲ့အထိ ပါနေတာ။ ဒုစရိုက်မှုကြီးကို သင်္ကာယနကင်းကင်းနဲ့ တကိုယ်လုံးလျှိုဝင်သွားတာ။ ဧရာမရာဇဝတ်မှုကြီးထဲ သိစိတ်ရှိရှိနဲ့ ယီးလေးခိုလိုက်သွားတာ။
စစ်အုပ်မှာ ရိုဟင်ဂျာအရေးကိစ္စတွေနဲ့ပတ်သက်လို့ အစည်းအဝေးမှတ်တမ်းတွေ အချက်အလက်တွေ အသံဖိုင်တွေ တယ်လီဖုန်းစကားပြော မှတ်တမ်းတွေ ကြိတ်ဝိုင်းလျှို့ဝှက်ချက်တွေ အကုန်ရှိနေတာလည်း လူတိုင်းခန့်မှန်းနိုင်တယ်။
အေအေကိုချေမှုန်းခိုင်းတဲ့ကိစ္စ စစ်အုပ်စုက အပြင်ကို တမင်ပေါက်ကြားပေးလိုက်တာက ပြည်တွင်းကလူတွေနဲ့ ရခိုင်တွေကို ပြဖို့သက်သက်မဟုတ်ဘူး။ အဲ့သလောက်နဲ့ နောက်ကနေ ထမိန်စဆောင့်မနင်းဘူး။ သူတို့နဲ့တကြိတ်တည်းတဉာဏ်တည်းဖြစ်တယ် ကြံရာပါဖြစ်တယ်ဆိုတာ နိုင်ငံတကာကို အထုတ်ဖြည်ပြတာ။ နိုင်ငံတကာကို ရည်ရွယ်ချက်နဲ့ ထုတ်ပြလိုက်တာ။
မေတ္တာနဲ့အုပ်ချုပ်မယ့်သူဟာ ၃၈ ဖြာမင်္ဂလာလောက်တော့ သိပြီးဖြစ်မှာပါ။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၅၊ ၂ဝ၁၉

(ဝန်တကယ် ပိပြီလား)

0 comments
(ဝန်တကယ် ပိပြီလား)
အမေရိကန်ဟာ ကမ္ဘာ့နေရာဒေသတော်တော်များများမှာ လှည့်ပတ်ပြီး သူ့စစ်အခြေစိုက်စခန်းတွေ ချထားတယ်။ တချို့နိုင်ငံတွေမှာ တပ်ပါစွဲထားပြီး တချို့နေရာတွေမှာ ဝင်ပါတိုက်နေတာဖြစ်တယ်။ အကြောင်းပြချက်က အမေရိကန့်အကျိုးစီးပွားအတွက်ဖြစ်တယ်။ အမေရိကန်အကျိုးစီးပွားဟာ ကြီးတယ်၊ နေရာတိုင်းမှာရှိတယ်လို့ ဆိုရင်မမှားဘူး။ ဒီလို ကြည်းရေလေ စစ်အခြေစိုက်စခန်းတွေချတာမှာ အမေရိကန်တနိုင်ငံတည်းအနေနဲ့လုပ်တာရှိသလို နေတိုးစစ်စာချုပ်အဖွဲ့အနေနဲ့လုပ်တာလည်း ရှိတယ်။ အမေရိကန်ချည်းပဲ လုပ်တဲ့နေရာမှာ အဓိကအားဖြင့် ပုံစံ ၃ မျိုး နဲ့လုပ်တယ်။ တမျိုးက အမေရိကန်က နေရာဒေသတွေကို ဘယ်နှနှစ်စာချုပ်နဲ့ မြေငှားတယ်ဆိုပြီး မြေအပြတ်ငှားပြီး စစ်စခန်းဖွင့်တာ။ နောက်တမျိုးက ကုန်ကျစရိတ်တွေကို သက်ဆိုင်ရာနိုင်ငံတွေနဲ့မျှခံတာဖြစ်တယ်။ အများစုကိုတော့ အမေရိကန်ကစိုက်တယ်။ နောက်တမျိုးက မျှတော့ခံကြတယ် ဒါပေမယ့် ဟိုနိုင်ငံတွေဘက်က အမေရိကန်ကို လူမိုက်ငှားတဲ့သဘောဖြစ်ပြီး ဟိုဘက်က စရိတ်စခ ပိုခံရတယ်။ အမေရိကန်ဘက်က စိုက်တော့စိုက်တယ်။ နည်းတယ်။ အသေးစိတ်ပြောရရင် စစ်ရေးအပါအဝင် အခြားခေါင်းစဉ်အမျိုးမျိုးနဲ့ပေးတဲ့ အကူအညီတွေရှိတယ်။ ဒါပေမယ့် အလကားမတ်တင်းတွေချည်းပဲတော့လည်း မဟုတ်ဘူး။
ခုက တောင်ကိုးရီးယားနဲ့ဖြစ်တာကိုပြောမှာဆိုတော့ အဲ့ဒါလေးပဲ ကွက်ပြီး ယေဘုယျပြောပါရစေ။ ကိုးရီးယားစစ်ပြီးတဲ့နောက် ကိုးရီးယားကျွန်းဆွယ် တောင်နဲ့မြောက် ၂ ပိုင်း အပိုင်းခံရတယ်။ ဒါကလည်း ဆန်းသလားဆိုတော့ မဆန်းဘူး။ ကမ္ဘာနဲ့ချီတဲ့စစ်ပွဲကြီးတွေပြီးသွားရင် ကမ္ဘာ့မြေပုံပြန်ပြင်ဆွဲသလို အိုင်ဒယော်လော်ဂျီအခြေခံတဲ့ ဒေသန္တရစစ်ပွဲတွေပြီးသွားရင်လည်း ဒေသ မြေပုံပြန်ပြင်ဆွဲကြတာပဲ။ တောင်ကိုးယား၊ မြောက်ကိုးရီးယားနည်းတူ တောင်မြောက် အရှေ့အနောက် အခွဲခံလိုက်ရတဲ့ပြည်တွေ ကမ္ဘာပေါ်မှာရှိနေတာ သတိပြုမိကြမှာပါ။ အခြေခံကတော့ အင်အားကြီး ဒါမှမဟုတ် အင်အားလွန်နိုင်ငံကြီးတွေက ဝင်စွက်တာတွေကြောင့်လို့ ပြောရင် ဘယ်သူမှ ငြင်းမယ်မထင်ဘူး။ အဓိက အဲ့သလို ဝင်စွက်တာကို အမေရိကန်ဦးဆောင်တဲ့ အနောက်နယ်ချဲ့အရင်းရှင်တွေ လုပ်ခဲ့တာဖြစ်တယ်။ ဆိုဗီယက်ခေတ်ကလည်း ဆိုဗီယက်ယူနီယံက လုပ်ခဲ့တာရှိတယ်။ ဒါပေမယ့် အမေရိကန်လောက်မများဘူး။ ဒါ့ကြောင့်ပဲ တရုတ်အပါအဝင် တခြား ဆိုရှယ်လစ် ကွန်မြူနစ်နိုင်ငံတွေ ပါတီတွေက ဆိုဗီယက်ကို ဆိုရှယ်နယ်ချဲ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ ဟန်ဂေရီကိုဝင်တာ အထင်ရှားဆုံးကိစ္စဖြစ်တယ်။ လူပုဂ္ဂိုလ်တဦးခြင်းအနေတွေထဲကဆိုရင် ဆရာဒဂုန်တာရာက ဒီလုပ်ရပ်အတွက် ဆိုဗီယက်ယူနီယံကို ချက်ခြင်း ဆန့်ကျင်တုန့်ပြန်ခဲ့တာလည်း အထင်အရှားရှိတယ်။
ခု အမေရိကန်ဟာ ထရမ့်လက်ထက်မှာ ဘတ်ဂျက်လိုငွေပြမှူ မတန်တဆတက်လာတယ်။ အရင်ရှိပြီးသားလိုတွေအပြင် သူ့လက်ထက်မှာ အစိုးရအသုံးစရိတ်နင်းကန်သုံးတော့ တက်နှူန်းက မြန်လည်းမြန်မြင့်လည်းမြင့်တယ်။ တမဟုတ်ချင်းတက်လာတာ။ ဒီကြားထဲ ကုန်သွယ်ရေးလိုငွေပြမှူတွေကလည်းရျိနေတယ်။ ဒီလိုငွေပြမှူကတော့ အရင့်အရင်သမတတွေလက်ထက်က အရင့်အရင်အခြေအနေတွေရဲ့ လိုအပ်ချက်အရ(စစ်အေး ကာလ)အပေါ်တည်ပြီး နိုင်ငံတချို့ကို အထူးကုန်သွယ်ဘက်အဆင့်အတန်း ပေးခဲ့ရတာတွေကြောင့် အဓိကဖြစ်တယ်။ နောက်တချက်က ဂလိုဘယ်လ်လိုက်ဇေးရှင်းရဲ့ သက်ရောက်မှူလည်းပါတယ်။ လုပ်အားလည်းသက်သာ။ ပညာတတ်အလုပ်သမားလည်းရှိ၊ နည်းပညာလည်းဖွံ့ဖြိုး၊ အခြေခံအဆောက်အဦတွေလည်းကောင်းတဲ့ နိုင်ငံတွေဆီ အမေရိကန်အရင်းအနှီးတွေ စီးထွက်ကုန်ကြတာကို ပြောတာပါ။ ဒီတော့ ပို့ကုန် သွင်းကုန်အချိုးက တဘက်စောင်းနင်းဖြစ်ပြီး ကုန်သွယ်ရေး မညီမျှမှူဖြစ်လာတယ်။ ပြည်ပကြွေးမြီတွေ ထပ် ထူပြောလာတယ်။ ပြည်တွင်းမှာ ကုန်စျေးနှူန်းတက်လာတယ်။ တိုင်းပြည်ဟာ ဒွေးရောဥပါဒ်ပါတက်ပြီး မနိုင်ရင်ကာတွေဖြစ်လာတယ်။
ဒီတော့ ကုန်သွယ်ရေးလိုငွေပြတာကို မျှသွားအောင် ဒါမှမဟုတ် အသာစီးပြန်ရအောင် ကုန်သွယ်စစ် ဆင်နွှဲရတယ်။ ဘတ်ဂျက်လိုငွေပြတာ ပြန်ထေမိအောင် အစိုးရအသုံးစရိတ်တွေ လျှော့ချရတယ်။ အဲ့ဒီ လျှော့ချတာတွေထဲမှာ နေတိုးစစ်အုပ်စုထဲ ပုံမှန်ထည့်ဝင်နေကြ ငွေပမာဏကိုကိုလျှော့တယ်။ နေတိုးမှာ အမေရိကန်က အများဆုံးထည့်ဝင်တာဖြစ်တယ်။ တခါ အမေရိကန်တနိုင်တည်းအနေနဲ့ အခြေစိုက်ထားတဲ့ ပြည်ပမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေဘက် အလှည့်ကျလာတယ်။
တောင်ကိုးရီးယားမှာစိုက်ထားတဲ့အမေရိကန် စစ်အခြေစိုက်စခန်းတွေနဲ့ တခြားစစ်ရေးဖြည့်ဆည်းပေးမှူတွေအတွက်က ဟိုး အပေါ်မှာပြောခဲ့သလို စရိတ်မျှပေးပုံစံဖြစ်တယ်။ ကိုးရီးယားက သူ့ကို အကာအရံလုပ်ပေးခ ပိုက်ဆံပေးရတယ်။
ခု ထရမ့်အစိုးရက ကိုးရီးယားကို ငှားရမ်းခ ထပ်တိုးတောင်းနေတယ်။ တောင်းတာမျ အဆ ၅ ရာအထိဖြစ်နေတယ်။ သဘောက အရင်က တဒေါ်လာငှားက ခု ဒေါ်လာ ၅ ရာဆိုတဲ့သဘော။ ဒီတော့ တောင်ကိုးရီးဘက်ကရော အမေရိကန် စစ်ဌာနချုပ်(ပင်တာဂွန်)ဘက်ကရော၊ ရီပတ်ဘလီကင်န်နဲ့ ဒီမိုကရက်နိုင်ငံရေးသမားတွေဘက်ကပါ ပူညံပူညံဖြစ်လာတယ်။ လန့်လည်းလန့်ဖြန့်သွားသလို စိတ်တွေလည်းပူကြတယ်။
ထရမ့်အစိုးရဘက်က အကြောင်းပြတာက မြောက်ကိုးရီးယားခြိမ်းခြောက်မှူက အိမ်ဦးခန်းရောက်လာပြီ၊ တောင်ကိုးရီးယား ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်နေပြီ၊ ငွေတတ်နိုင်တဲ့အနေအထားရှိနေပြီ၊ ချမ်းသာနေပြီဖြစ်တဲ့ တောင်ကိုးရီးယားကို ကာကွယ်ပေးရတဲ့စရိတ်ကို အမေရိကန်အခွန်ထမ်း ပြည်သူတွေက ကျခံနေရတာ မသင့်တော်တော့ဘူး၊ အမေရိကန်အခွန်ထမ်းတွေ ကိုးရီးယားဝန် အပိခံစရာမလိုတော့ဘူး ဆိုပြီးဖြစ်တယ်။
ဒီနေရာမှာ ရှိထားတဲ့အချက်အလက်ကို ထည့်စဉ်းစားရမယ်ထင်တယ်။ မြောက်ကိုးရီးယား ခြိမ်းခြောက်မှူ(ပဲထားပါ)က ခုမှ ထဖြစ်တာမဟုတ်ဘူး။ အိမ်ဦးခန်းရောက်မရောက်လည်း တကယ့်ဖြစ်ရပ်တွေနဲ့ရောသမပြီး ရောင်တော်ပြန် ပုံကြီးချဲ့တာတွေရှိတယ်။ တောင်ကိုးရီးယားစီးပွားတက်တာက နတ်ရေကန်ထဲချလိုက်သလို ဝုန်းဆိုကြီးလာတာမဟုတ်ဘူး။ အမေရိကန်အခွန်ထမ်းပြည်သူတွေ အဲ့ဒီစရိတ်ကို ကျခံပေးနေရတာကလည်း ခုမှမဟုတ်ဘူး။ သူပြောတဲ့အချက်အလက်တွေက မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်။ ဒီအချက်အလက်တွေကြောင့် ဒီလိုလုပ်ရပါတယ်ဆိုတာကတော့ ရာနှူန်းပြည့်မှန်တဲ့ အကြောင်းပြချက်မဟုတ်ဘူး။
အရေးအကြီးဆုံးစဉ်းစားစရာက တောင်ကိုးရီးယားဟာ အမေရိကန်နဲ့ကုန်သွယ်ရာမှာ ပိုငွေ အကြီးအကျယ်ပြနေတဲ့နိုင်ငံတွေထဲ ပါနေတယ်။ မြောက်ကိုးရီးယားနဲ့ နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးမှာ အမေရိကန်က အပေါ်စီးကနေ ထိုင်ကစားတာ ဝင်ပါနေတာကို လျှော့ချနေတယ်။ စီးပွားကုန်သွယ်လုပ်ငန်းတွေကို တောင်အာရှ အရှေ့တောင်အာရှဘက်ကို ဦးလှည့်နေတယ်။ အဲ့ဒီအထဲ ဗမာပြည်လည်းပါတယ်။ နိုင်ငံခြားရန်ငွေ Foreign Reserve ကိုလည်း အမေရိကန်ဒေါ်လာနဲ့ ငွေတိုက်စာချုပ် Bonds တွေအပြင် အခြားငွေကြေးတွေ၊ ရွှေတွေပါ ထားလာတယ်။ သဘောက နိုင်ငံခြားအရန်ငွေကို ဒေါ်လာတခုတည်းပေါ် ယုံမှတ်ပုံအပ်တာမဟုတ်တော့ဘူး။ မြောက်ကိုးရီးယားနဲ့ စစ်ရေးချို နိုင်ငံရေးပို စီးပွားရေးကဲ ဆက်ဆံချင်တယ်။ ဆက်ဆံတာမှာလည်း သူ့လက်သူ့ခြေ အနှောင်အဖွဲ့ကင်းကင်းသွားချင်တယ်။
ဒါတွေက ပကတိရှိနေတဲ့ အချက်အလက်နဲ့ အခြေအနေတွေပါ။
ကျနော်တို့ စဉ်းစားတဲ့အခါ ချန်ထားလို့မရတာတွေပါ။ (ဒါ မနေ့ကနဲ့ ဒီမနက် နားထောင်မိ ဖတ်မိ ကြည့်မိတဲ့ တောင်ကိုးယား-အမေရိကန် ကိစ္စတွေထဲက အချက်အလက်တချို့ကိုအခြေခံပြီး ပြန်ပြောပြတာပါခင်ဗျား)
မျိုးမြင်ချို
နိုဝင္ဘာ ၁၅၊ ၂ဝ၁၉

Thursday, November 14, 2019

(မီးခြစ်ရှာတော်ပုံ)

0 comments
(မီးခြစ်ရှာတော်ပုံ)
မနေ့က ဇနီးသည်အလုပ်က အေးလို့ဆိုပြီး ၂ နာရီလားပဲဖွင့်ပြီး အလုပ်ပိတ်လိုက်တယ်။ အိမ်ပြန်ရောက်လာတော့ မုန့်လေးတချပ်နှစ်ချပ်ဝါးပြီး ပျင်းတယ်ဟယ် အပြင်ထွက်ရအောင်တဲ့။ ဒါ့လောက် အအေးကြီးထဲ ဘယ်သွားပြီး ဘာလုပ်မှာလဲဆိုတော့ ကုန်စုံဆိုင်သွားပြီး သစ်သားမီးခြစ်ဝယ်ရမယ်လေ၊ ပြီးတော့ Costco ဘက်သွားရအောင်၊ Salad အတွက် Dressing ဝယ်မယ်၊ တခြားလည်း စားစရာအပြင် ကြိုက်တာလေးတွေ့ ဝယ်ရတာပေါ့၊ အမြည်းလည်း လိုက်စားစို့ဆိုပြီး နှင်းတောကြီးထဲမှာပဲ အပြင်ထွက်ကြတပါတယ်။ Costco မှာက အစားအသောက်အမယ်သစ်တွေကို အမြည်းကျွေးတာကိုး။
သစ်သားမီးခြစ်ဝယ်ရတာက အိမ်သာတက်ပြီး ခြစ်ဖို့ပါ။ ဒီက အိမ်သာတွေက အပူ အအေးထိန်းဖို့အပြင် တကိုယ်ရည်လုံလုံခြုံခြံု စိတ်ချလက်ချသွားနိုင်အောင် စရွေးကိုက် ပိတ်ထားတာမဟုတ်လား။ ဒီဘက်ခေတ်ဆောက်တဲ့အိမ်တွေနဲ့ အများသုံးနေရာတွေက အိမ်သာတွေမှာက အနံ့ဆိုးအပြင်ထုတ်တဲ့စနစ်က ပါပြီးသားပေမယ့် ကျနော်တို့အိမ်လို ၅ ဆယ်ခုနှစ်တွေကဆောက်ခဲ့တဲ့ သစ်သားအိမ်တွေမှာကျ အဲ့စနစ်က မပါတတ်ကြပါဘူး။ ဒီတော့ တယောက်ယောက် ရှေ့ကသွားနှင့်ပြီးရင် အိမ်သာက နံကျန်နေတတ်တာပါ။ အနံ့ကတော်တော်နဲ့ မပြယ်နိုင်ပါဘူး။ မြန်မြန်ပြယ်အောင်ဆိုပြီး တံခါးဖွင့်ထားဖို့ဆိုတာကျတော့လည်း ဒီကယဉ်ကျေးမှုနဲ့မကိုက်ပြန်ဘူး။
ဒီတော့ ရှေ့ကလူက အိမ်သာသွားပြီးရင် နောက်လူအတွက် အထဲမှာ အနံ့ဆိုးမကျန်အောင် ကြံစည်ရပါတယ်။ အဲ့ဒီအခါမှာ ယမ်းမီးခြစ်ဆန်နဲ့မီးခြစ်က အဖိုးအနဂ္ဃထိုက်တဲ့ပစ္စည်း ဖြစ်တော့တာပါပဲ။ အိမ်သာသွား၊ ကိုယ့်အညစ်အကြေး သုတ်သင်၊ ပြီးရင် ရေဆွဲချ၊ ပြီးတာနဲ့ မီးခြစ်ဆန်တဆန်ကိုထုတ်ပြီး မီးခြစ်ဗူးဘေးက ယမ်းပြားပေါ်ခြစ်ချ၊ ရှဲကနဲမြည်ပြီး မီးလေးတောက်လာတာနဲ့ နတ်ကတော်များ နတ်ရုပ်ရှေ့မှာ အမွှေးတိုင် ဝှေ့ရမ်းသလို ကိုယ့်ပတ်ပတ်လည်ကို ခတ်သာသာလေး ဝှေ့ရမ်းပေးလိုက်ရင် မီးခြစ်ဆန်လည်းကုန် အနံ့လည်း တပါတည်းပျောက်သွားပါတယ်။ အဲ့လိုလုပ်တာကို ကျနော်က ပြောင်ပြီး Ritual လို့ပြောတော့ ဇနီးက နင်မို့ပေါက်ပေါက်ရှာရှာဆိုတဲ့သဘောပြောပြီး ရယ်ဖူးတယ်။ ဒါက ထိပ်တန်းလျှို့ဝှက်ချက်မဟုတ်ပေမယ့် သိသူတော့ သိတ်မများလှပါ။ ငွေကုန်ကြေးကျလည်းသက်သာ ဘယ်သူ့ဘယ်သူမှလည်း သူ့အနံ့ကိုယ့်အနံ့ကြောင့် စိတ်မသက်မသာ မဖြစ်ရတော့ဘူးပေါ့ဗျာ။ ငွေကုန်ကြေးကျ သက်သာတယ်လို့ပြောရတာက မီးခြစ်ဆန်အချောင်း ၃ ရာပါတဲ့ မီးခြစ်ဗူး ၃ ဗူးမှ ၂ ဒေါ်လာသာသာလေးပေးရလို့ပါ။
ဒါနဲ့ မီးခြစ်ဝယ်နေကျ Menards လို့ခေါ်တဲ့ အိမ်ဆောက်ပစ္စည်းတွေ လျှပ်စစ်နဲ့ လက်သမားသုံးပစ္စည်းတွေရောင်းတဲ့ ဆိုင်ရောက်ရော ဆိုပါတော့။ မီးခြစ်တွေက ခါတိုင်း ထားနေကြနေရာမှာ မတွေ့ဘူး။ ခါတိုင်းဆို အသားကင်စက် Grills တွေ မီးသွေးတွေ မီးမွှေးဆီတွေ ဂက်စ်မီးခြစ်လည်တံရှည်တွေထားတဲ့စင်တွေထဲ တနေရာရာမှာ တွဲထားတာ။ ခု မတွေ့ဘူး။ ၂ ယောက်သား ဟိုရှာဒီရှာနဲ့ ကြာတော့ စိတ်ကညစ်လာတယ်။ မရှာချင်တော့ဘူး။ ဆိုင်အရောင်းသမား တယောက်ယောက်မေးမှဆိုပြီး လှည့်ပတ်ကြည့်တော့ ဆိုင်ဝတ်စုံနဲ့ ၂ ယောက်တွေ့တယ်။ တယောက်က လူငယ် အသက် ၂ ဆယ်လောက်။ တယောက်က လူကြီး အသက် ၆ ဆယ်လောက်။
လူငယ်ဆို သိချင်မှသိမယ် လူကြီးမေးမှသိမှာပါဆိုပြီး လူကြီးဆီသွားတယ်။ ဒီက လူငယ်တွေမှာ ဟိုတုန်းက နံပတ်လေးတွေ တကွက်ခြင်းတကွက်ချင်း လက်နဲ့ထောက်လှည့်ပြီးဆက်ရတဲ့တယ်လီဖုန်း မသိကြတာက များနေပြီ။ တချို့ဆို လက်နဲ့ဂီယာပြောင်းပြောင်းပြီး မောင်းရတဲ့ကားတွေရှိတာတောင် မသိတော့ဘူး။ ကျနော်တို့အိမ်ဝယ်တော့ အိမ်မှာ အဲ့သလို ဟိုတုန်းက လက်နဲ့ Dial လုပ်ရတဲ့ဆင်စွယ်ရာင်ဖုန်းလေး ပါလာတယ်။ လိုင်းကတော့ မယူလို့ပြတ်နေပေမယ့် ဖုန်းက အကောင်းလေး အသစ်လေးအတိုင်းပဲ။ ဒါနဲ့ ဇနီးက အဲ့ဒါလေးဖြုတ်ရင်း ငါ့မြေးတွေပြဖို့ဆိုပြီး မြေအောက်ခန်းမှာ သွားသိမ်းထားတယ်။ ထားပါတော့လေ။
ဒါနဲ့ ကျနော်လည်း ခုန လူကြီးဆီသွားပြီး Strike on Box Matches တွေရှိလားလို့မေးတယ်။ သူက နားမလည်သလို ကြည့်နေတယ်၊ ကျနော်ထပ်ပြောတော့ ဘာလဲတဲ့ ဘာကိုပြောတာလဲတဲ့။ ဒီတော့ ကျနော်က လက်နဲ့ သစ်သားမီးခြစ် ခြစ်သလိုလုပ်ပြတယ်။ ဖယောင်းတိုင်မီးလေးတွေ လိုက်မီးညှိပြသလိုပါ လုပ်ပြတာ။ လက်လောင်တောာ့မယ့် မီးခြစ်ဆန်ချောင်းကမီးကို ပါးစပ်နဲ့ ဝှူးကနဲပါ မှုတ်ပြလိုက်သေးတာ။ လက်က တဘက်တည်းရှိတဲ့အပြင် ရှိတဲ့ဘက်ကလည်း လက်ချောင်းတွေ မစုံတော့ သစ်သားမီးခြစ် ခြစ်တာကို သရုပ်ပေါ်အောင်လုပ်ပြလို့ မပီပြင်ဘူး။ ဖယောင်းတိုင်မီးညှိသလိုပါ လုပ်ပြတော့ သူ ပိုရှုပ်ရှုပ်ကုန်ပုံရတယ်။ ခေါင်းတခါခါနဲ့ I don't know what you mean တွေချည်းလုပ်တော့တာပဲ။
သစ်သားမီးခြစ်က ဂက်စ်မီးခြစ်တွေလို လက်တဘက်တည်းနဲ့ ခြစ်လို့မှမရတာကိုး။ ဒီလောက် လုပ်ပြနေလည်း သူနားမလည်ဘူးဖြစ်နေတယ်။ ငါ့ အင်္ဂလိပ်အသံထွက် မပီလို့နေမှာပါထင်ပြီး တလုံးချင်း ပီပီသသ Strike On Box Matches ဆိုပြီးပြောလည်း သူမသိဘူး။ ဒါနဲ့ မင်း Gas Lighter သိလားဆိုတော့ သူ့အိပ်ထဲက မီးခြစ်ထုတ်ပြတယ်။ အေး..အဲ့ဒါမျိုးပဲ ဒါပေမယ့် အဲ့ဒါမျိုးတော့မဟုတ်ဘူးဆိုပြီး သစ်သားမိးခြစ်ကွာ သစ်သားမီးခြစ်လေ ဒါလေးတောင်မသိဘူးလားဆိုပြီး ပါးစပ်က ဗမာလိုတွေ ထွက်သွားတယ်။ သူ ပိုပြီး အူကြောင်ကြောင်ဖြစ်သွားတယ်။ ဘာစကားတွေနဲ့ လာပြောနေပါလိမ့်လိုလဲတွေးမိပုံပဲ။
ဒါပေမယ့် ကျနော် စိတ်တိုနေပြီဆိုတာတော့ Sir, i am sorry, i don't understand what you're saying. ဆိုပြီး ပြာပြာသလဲဖြစ်သွားတယ်။ ကျနော့်ပုံက လူကလည်း ခြေပြတ်လက်ပြတ်ပေမယ့် တောင့်တောင့်တင်းတင်း၊ ကျန်းမာရေးကလည်း ကောင်းတဲ့ပုံ၊ ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးနှုပ်ခမ်းမွှေးကလည်း ခတ်ပါးပါး၊ ဝတ်ထားတဲ့ အပေါ်ဝတ်ကလည်း စစ်သုံးနှင်းကာ ဂျက်ကက်၊ ရက်ကလည်း စစ်မှုထမ်းဟောင်းများနေ့နောက် ၂ ရက်ကြာဆိုတော့ သူ့စိတ်ထဲ အမေရိကန်စစ်ပြန်ထင်ပြီး သတိဆွဲသလိုလို Salute ရိုက်သလိုလိုဖြစ်ကုန်ပြီး Thanks for your service တွေဘာတွေပါ လုပ်ကုန်ရော။ ကျနော်လည်း စိတ်ဆိုးတာတွေပျောက်ပြီး စောက်ကျိုးနည်း ဖြစ်ရလေဆိုပြီး ရယ်ချင်သွားတယ်။ အသံလည်း ထွက်သွားတယ်။ ဒါနဲ့ သူ့ကိုနေပေ့စေတော့ ငါ့ဟာငါပဲရှာတော့မယ် မတွေ့လည်း တခြားလူမေးမယ်၊ မရှိလည်း တခြားဆိုင်သွားမယ် ကျေးဇူးတင်ပါတယ်လို့ ချိုချိုသာသာ ပျော့ပျော့ပြောင်းပြောင်းပြန်ပြောပြီး လှည့်ထွက်တော့ သူက Yes, Sir ဆိုပြီးကျန်ခဲ့တယ်။
နောက်ကအသံကြားလို့ လှည့်ကြည့်တော့ ဇနီး။ ကျနော့်မျက်နှာကြည့်ပြီး ပြုံးစေ့စေ့နဲ့ ဘာဖြစ်ရပြန်သတုန်းတဲ့။ ကျနော်က အဖြစ်အပျက်အစအဆုံးပြောပြတော့ သူပါ သဘောတွေကျပြီး တဟားဟား ရယ်တော့တာပဲ။ အဲ့ဒါကို ဟိုလူကြီးက မလှမ်းမကမ်းကကြည့်ရင်း ဘာမသိညာမသိ ဘာမကြား ညာမကြားပေမယ့် လှမ်းပြီးပြံုးပြရှာတယ်။ ကျနော်လည်း ရှိတဲ့ ဘယ်လက်နဲ့ သူ့ကို အဝေးကနေလှမ်းအလေးပြုရင်း Bye လုပ်လိုက်တယ်။
မျိုးမြင့်ချို
ႏိုဝင္ဘာ ၁၃၊ ၂ဝ၁၉

(မဟာတော့ မိတ်ကြပါတယ်)

0 comments
(မဟာတော့ မိတ်ကြပါတယ်)
ကြံ့ဖွံ့၊ ကိုကိုကြီးပါတီ၊ ရွှေမန်းပါတီ၊ လူမျိုးစုပါတီတချို့၊ လက်နက်ချပါတီထောင်လူမျိုးစုပါတီတချို့ ရွေးကောက်ပွဲမဟာမိတ်ဖွဲ့မလိုလို သတင်းထွက်နေပါတယ်။ ဟုတ်မဟုတ် တီးခေါက်စုံစမ်းကြည့်ကြပါခင်ဗျ။ ဒီလိုအခြေအနေမှာ ဒီလိုဖြစ်ကြတာဆိုလည်း မဆန်းသလို တကယ့်လစ်ဘရယ်လ်ဒီမိုကရေစီနိုင်ငံတွေမှာလည်း ပါတီတွေ မဟာမိတ်ဖွဲ့ကြ အားယူကြ အားပြိုင်ကြတွေရှိတာမို့ ထူးခြားတယ်လို့ ပြောမရပါ။
မဟာမိတ်ဖွဲ့ကြတာမှာ ရေရှည်ဗျူဟာမြောက်မဟာမိတ်ဖွဲ့တာရှိသလို ရွေးကောက်ပွဲအတွက်ပဲရည်ရွယ်တဲ့ ယာယီမဟာမိတ်ဖွဲ့တာရှိပါတယ်။ ဒီနှစ်ခုတော့ ကွဲပြားကြမယ်ထင်ပါတယ်။
အပေါ်မှာပြောတဲ့ "ဒီအခြေအနေ"ဆိုတာက အင်န်အယ်လ်ဒီမှာ အခြားလူမျိုးစုပါတီတွေနဲ့ ရေရှည်ဗျူဟာမြောက်မဟာမိတ်ဖွဲ့မှုရော ယာယီရွေးကောက်ပွဲမဟာမိတ်ဖွဲ့ထားမှုရော မရှိတာကိုပြောတာပါ။ ဒေါက်တာဇော်မြင့်မောင် အတိအလင်းပြောခဲ့တာနဲ့ အင်န်အယ်လ်ဒီ နောက်ဆုံးလုပ်ခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးထုတ်ပြန်ချက်တွေမှာ အထင်အရှားတွေ့ရမှာပါ။ အထူးအဆန်းမဟုတ် ထူးထူးခြားမဟုတ်ဆိုတာက မဟာမိတ်ဖွဲ့တဲ့အထဲပါတဲ့ပါတီတခုချင်းစီရဲ့ အာဏာအကျိုးစီးပွားအခြေခံဖြစ်တာမို့လို့ပါ။ အာဏာအကျိုးစီးပွားအခြေခံဆိုတာက နိုင်လို့အစိုးရဖွဲ့ရင် နိုင်ငံရေးရာထူးနေရာတွေ ဝေပုံကျခွဲယူတာဖြစ်ပါတယ်။
ဒီလို မဟာမိတ်ဖွဲ့ခြင်းနဲ့ တပ်ပေါင်းစုဖွဲ့ခြင်းကို ရောထွေးလို့မရပါ။ ကွဲပြားခြားနားပါတယ်။ တပ်ပေါင်းစုဆိုတဲ့သလောက တဦးချင်းပါဝင်ခွင့်ရှိသလို တဖွဲ့ချင်းတွေလည်း ပါဝင်ကြတာဖြစ်ပြီး အလုပ် အတူတူလုပ်လို့ရမယ့်လမ်းစဉ်ချပြီး ဝိုင်းလုပ်ကြတာပါ။ မိမိတို့ လူတန်းစားအကျိုးစီးပွားတွေ တနည်းပြောရရင် ပါတီအကျိုးစီးပွားတွေကို အခြေမခံပါ။
လမ်းစဉ်ချတယ်ဆိုတာ ဘယ်သူက ရန်သူ၊ ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ကြားချရမယ့်သူ၊ ဘယ်သူက စည်းရုံးသိမ်းသွင်းရမယ့်သူဆိုတာကို သတ်မှတ်တာပါ။
ဆိုတော့ တပ်ပေါင်းစုကြီးမှာပါဝင်တဲ့လူတွေ အဖွဲ့တွေမှာ ဘုံရန်သူရှိပါတယ် ဘုံလုပ်ငန်းစဉ်(လမ်းစဉ်)ရှိပါတယ်။ ဘုံလုပ်ငန်းကို ဘုံကဝိုင်းလုပ်ကြတာပါ။ ဗမာပြည်အနေနဲ့ဆို ဖဆပလ အဖွဲ့ချုပ်ကြီးကိုပြရမှာဖြစ်ပါတယ်။ အင်န်အယ်လ်ဒီမှာ အဖွဲ့ချုပ်(တပ်ပေါင်းစု)လက္ခဏာဆောင်သလိုလိုထင်ရတဲ့ကာလတခု ခနဖြစ်ခဲ့ဖူးတာရှိပေမယ့် တကယ်က အင်အားကြီးပါတီကြီးတခုသဘောက အခြေခံအဖြစ်တောက်လျှောက် ရှိနေတာပါ။
ခုဖြစ်နေတာက တပ်ပေါင်းစုလိုမလို ငြင်းခုန်နေကြတာပါ။ တပ်ပေါင်းစုလိုမလိုဆိုတာက ဘုံရန်သူရှိမရှိပြဿနာပါ။ စစ်အုပ်စုဟာ ဘုံရန်သူဟုတ်မဟုတ် မသတ်မှတ်နိုင်ကြတာပါ။
ပြန်ချုပ်ရရင် ရေရှည်ဗျူဟာမြောက်မဟာမိတ်ဖွဲ့ဖွဲ့ ယာယီရွေးကောက်ပွဲမဟာမိတ်ပဲဖွဲ့ဖွဲ့ အဲ့ဒါတပ်ပေါင်းစုမဟုတ်ပါ။ အာဏာရာထူး နေရာခွဲဝေရေးအတွက် ခြေလှမ်းပြင်တာပါ။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၄၊ ၂ဝ၁၉

Wednesday, November 13, 2019

(ထောင်ဟာ ထောင်ပဲတဲ့)

0 comments
(ထောင်ဟာ ထောင်ပဲတဲ့)
ဟိုတလောလေးက နှင်း မည်ကာမတ္တကျတယ်။ ယတြာချေတာကျနေတာပဲ ပြောမိလို့ ယတြာချေတယ်ဆိုတာဘာမှန်း ဇနီးကို စီကာပတ်ကုံးရှင်းပြရသေးတယ်။ သူတို့ဓလေ့မှာ ယတြာချေတယ်ဆိုတာ မရှိလို့ ဒါမှရှိတယ် သူမသိလို့နေမှာလို့ဘဲ တွေးမိတာပါပဲ။
ဒီနေ့တော့ နှင်းက ၂ လက်မကနေ ၄ လက်မအထိကျမတဲ့။ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက မိုးလေဝသကပြောနေတာ။ ကျရင် မနက် ၁၁ နာရီကနေ စကျမတဲ့။ တနေကုန်တဲ့။ ခတ်ပါးပါးဖွဲဖွဲနဲ့ ဖြည်းဖြည်းချင်းကျမှာမို့ သိတ်တော့ မပူရပေမယ့် လမ်းတွေတော့ချော်မတဲ့။ ပြောတဲ့အတိုင်းပဲ ၁၁ နာရီထိုးပြီး မိနစ်ကလေးပဲစွန်းတယ် နှင်းဦးက စကျတော့တာပါ။ ခုလည်း တဖွဲဖွဲကျနေတာပါ။
နှင်းကျတာကြည့်ရင်း ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်စခန်းကလူတွေနဲ့ ဗမာပြည်အရပ်ရပ်က ကျောမွဲတွေဘဝကိုတွေးမိပြီး သက်ပြင်းလည်းချမိတယ်။ ဒီမှာလည်း လူဆင်းရဲတွေ အိုးမဲ့အိမ်မဲ့တွေရှိတယ်ဆိုပေမယ့် ရာသီသိတ်ဆိုးလာရင် ညရေးညတာ လုံလုံခြုံခြံုခိုလှူံစရာ၊ ပူပူလောလောအစားအသောက်၊ နွေးနွေးထွေးထွေး အဝတ်အထည်တွေ အခမဲ့ဝေငှတဲ့နေရာတွေတော့ ထိုက်သလောက်ရှိနေတာပါ။ ဒီ့ထက်မက ရာသီဆိုးလာရင်တော့ အသင်းအပင်းအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာမြိ့ုအစိုးရအာဏာပိုင်တွေနဲ့ အလှူရှင်တွေနဲ့ တပွဲတိုးသက်သာရာ စီစဉ်ပေးတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် မလုံလောက်ပါ။ ဒီတော့ ပန်းခြံတွေ၊ မြေအေက်ဘူတာရုံတွေ၊ လူသူအရောက်အပေါက်မရှိတဲ့ ချောင်ကြိုချောင်ကြားတွေမှာ လူမသိသူမသိ အာဟာရပြတ်ပြီး အအေးလောင်ပြီး သေတဲ့လူတွေလည်း တနှစ်တနှစ်မနည်းပါ။
ဒီမှာက ဒီရာသီဆို ထောင်တွေလူစည်ပါတယ်။ အိုးမဲ့အိမ်မဲ့ အခြေအနေမဲ့တွေဟာ ဒီရာသီဆိုရင် Misdemeanors ခေါ်တဲ့ အမှူ အသေးအဖွဲလေးကို တမင်တကာကျူးလွန်ပြီး ထောင်ထဲ တန်းစီဝင်ကြတာပါ။ တခါတလေ အမှူကသေးလွန်းလို့ ထောင်လည်းချမရ၊ ချုပ်ထားဖို့ကလည်း မဖြစ်၊ Community Services ခေါ်တဲ့ အမှိူက်ကောက်တာ တံမျက်စည်းလှဲတာတွေကလည်း (ရာသီကြောင့်)ခိုင်းမရဆို ရုံးတင်ပြီးတာနဲ့ မြန်မြန် ပြန်ပြန်လွှတ်ရပါတယ်။ ဒီလူတွေကလည်း ပြန်အဖမ်း မခံရခံရအောင် အလားတူအမှူကိုပဲ နောက်ထပ်တကြိမ်နှစ်ကြိမ်ထပ် ကျူးလွန်ရပါတယ်။ ဒါမှ ထောင်ကျမှာကိုး။ ဒါမှ ၄ လလောက် ထောင်ကျမှာကိုး။ ထောင်ကျမှ အစားအသောက်လည်း နပ်မှန်၊ ကျန်းမာရေးစောင့်ရှောက်မှူလည်း အခမဲ့ရ၊ နွေးနွေးထွေးထွေးနဲ့ စိတ်ချလက်ချလည်း အိပ်ရမှာမဟုတ်လား။ တချိူ့ အမျိုးသမီးအိုးအိမ်မဲ့တွေဆို အချိန်ရာသီနဲ့ ကိုယ်ဝန်ဆောင်ရမယ့်ကာလ မီးဖွားရမယ့်ကာလကို ကျကျနနတွက်ချက်ပြီး အမှူလုပ် အဖမ်းခံ ထောင်ထဲလာ ခလေးမွေးကြတာလည်း ရှိပါတယ်။ မျက်နှာတော့ အတော်ငယ်ကြရှာတာပါ။
ဒီကထောင်တွေဆိုတာကလည်း ဗမာပြည်မှာလို ရဲဘက်ထုတ် ကျောက်ထုခိုင်း အလုပ်ကြမ်းလုပ်ခိုင်းလို့မှ မရတာဆိုတော့ ထောင်ကြီး Prisons တွေမှာလူပြည့်နေသလို ထောင်သေး Jails တွေမှာလည်း ရုံလျှံနေတာပါ။ ဆောင်းရာသီဆို လူလေလူလွင့်တွေအတွက် ထောင်ထဲမှာ အနေအစားချောင်တာမို့ ထောင်ဟာ သူတို့အတွက်တော့ ဂေဟာပါ။ တချို့ကတော့ လွန်လွန်ကျူးကျူး ဟော်တယ်လ်လို့တောင် ပြောကြပါတယ်။ ဒါကလည်း ထောင်ကို တကယ်မရောက်ဖူးသေးလို့နေမယ် ထင်ပါတယ်။ ကျနော်က ထောင်စကားပြန်ပါ လုပ်ခဲ့သူဆိုတော့ ဘယ်လောက်ကောင်းကောင်း ထောင်ဟာ ထောင်ပါ။ ပုံစံပေးပါတယ်။ ဦးချိုးပါတယ်။ နံနှိမ်ပါတယ်။ ပြစ်ဒဏ်ရှိပါတယ်။ တိုက်ရှိပါတယ်။ ခြေကျဉ်း ဒေါက်ရှိပါတယ်။ သံမဏိ ကိုယ်ကျပ်ဝတ်စုံရှိပါတယ်။ လျှပ်စစ် နံပတ်တုတ်ရှိပါတယ်။ ဒါပေမယ့် ဗမာပြည်က ကျနော်နေခဲ့ရတဲ့ထောင်တွေနဲ့ နှိူင်းစရာမရှိအောင် ကောင်းပါတယ်။ ကျနော့်ရုပ်ရှင်ကိစ္စအပြီး အခွင့်ကြုံလို့ ထောင်ကြီး Prison တထောင်ကို ဝင်ကြည့်ခွင့်ရပါတယ်။ သူတို့ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားမရှိပါ။ မရှိရတာက နိုင်ငံရေးပုဒ်မရယ်လို့ ရှိကိုရှိမထားလို့ပါ။
ထောင်ကပြန်အထွက်မှာ ထောင်ပိုင်ကြီးရုံးခန်း ခနဝင်ပြီး ကျေးဇူးတင်ကြောင်းပြော နှူတ်ဆက်စကားဆိုတော့ သူက တို့ဆီကထောင်တွေ ဘယ့်နှယ်လဲလို့ မေးရိုးမေးစဉ်သဘောမေးပါတယ်။ ကျနော့်အတွက်တော့ ရတောင့်ရခဲအခွင့်အရေးမို့ လက်လွတ်မခံပဲ တလေးတနက်ပြန်ဖြေပါတယ်။ အဖြေအားလုံးရဲ့အဆုံးသတ်မှာ ကျနော်က “ဒီက ရာဇဝတ်သားတွေရနေတဲ့ အခြအနေတွေ အခွင့်အလမ်းတွေသာ ဗမာပြည်မှာ ငါထောင်ကျနေတုန်းက ရမယ်ဆိုရင် ထောင်ထဲမှာ ဒီ့ထက်မကကြာအောင်ထားလည်း ငါနေနိုင်မှာပါ။ ဒီထောင်ထဲက ရာဇဝတ်သားတွေရနေတဲ့ အခွင့်အရေးတွေ အခြေအနေတွေဟာ ငါတို့တိုင်းပြည်က သာမန်ပြည်သူတွေ လူကောင်းသူကောင်းတွေတောင် ထောင်အပြင်မှာ မရကြရှာတာပါ။ တကယ့်ကို အများတကာ့အများစု ပြည်သူလူထုကြီးရဲ့ အပြင်ကဘဝတွေဟာ မင်းတို့ထောင်ထဲက ရာဇဝတ်သားတွေလောက်တောင် မပြည့်စုံမှတော့ ထောင်ထဲက တို့ဘဝတွေ တွေးကြည့်ပေါ့ကွာ“ဆိုတော့ သူ တချက် ငိုင်သွားတယ်။ နောက်တော့ ငါစိတ်မကောင်းဘူးကွာ အဲ့လိုကြားရတာပြောပြီး အသံတိတ်သွားတယ်။ ကျနော်လည်း သူ့ကို နှူတ်ဆက်ရင်း အသင့်ပါသွားတဲ့ AAPP ကထုတ်ခဲ့တဲ့ Torture Report; The Darkness We See ကို အချိန်ရတဲ့အခါဖတ်ကြည့်ပါပြောပြီး ပေးခဲ့ပါတယ်။
ထောင်ဟာထောင်ပဲ ဘယ်ထောင်မှ မကောင်းဘူးဆိုပေမယ့် လူကိုလူလို ဆက်ဆံခံရတဲ့ လူ့အခွင့်အရေး အကျဉ်းသားအခွင့်အရေးတွေ အာမခံချက်ရှိတဲ့ထောင်ဟာ မကောင်းတာတွေမှာတော့ အကောင်းလို့ပြောရမယ်ထင်ပါတယ်။
ခုလည်း ဆောင်း ပီပီမည်ပါပြီ။ နှင်းဖွေးဖွေးကျပါပြီ။ မစည်ကားအပ်တဲ့အရပ်မှာ လူတရုန်းရုန်း နေပါဦးမည်။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၁၊ ၂ဝ၁၉