Tuesday, January 31, 2023

ကညွှတ်ကွင်းအိမ်ပြေး ၈

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၈)

 

ကျွန်တော်လည်း အဖေ့ဘေးဝင်၍ ခေါင်းချလိုက်ပါသည်။ အဖေမှာ တခေါခေါနှင့်အိပ်ပျော်နေပါသည်။ အဖေ့အရက်နံ့မှာ အလွန်ဆိုးပါသည်။ ခံရခက်ပါသည်။ ပထမတော့ ကျွန်တော် နှာခေါင်းပိတ်မိပြီး နောက်တော့ တဘက်လှည့်ကာ အိပ်လိုက်ပါသည်။ နည်းနည်းတော့ အနံ့သက်သာသွားပါသည်။ ကောက်ရိုးမွေ့ယာမှာ နွေးသော်လည်း ကြမ်းပါသည်။ လှုပ်လိုက်တိုင်းလည်း အသံမြည်ပါသည်။

 

ထိုအချိန်တွင် အမေရောက်လာပြီး ကျွန်တော့်ဘေးတွင် ဝင်လှဲပါသည်။ ကျောတွေခါးတွေ အင်းအဲနှင့်ဆန့်ရင်း သား ဒီဘက် နည်းနည်းတိုး၊ နင့်အဖေအရက်နံ့က နံတယ်ဟုပြောပါပြီး ကျွန်တော့်ကို သူ့ ရင်ခွင်ထဲ အသာအယာဆွဲသွင်း ပါသည်။ ကျောကိုလည်း ဖြည်းဖြည်းပုတ်ပေးပါသည်။ အမေ့ရင်သား ပျော့တွဲတွဲနှင့် ကျွန်တော့်နဖူးနှင့်ထိနေမှန်း ကျွန်တော်သိနေသည်။ အမေ့အနံ့ကလည်း တမျိုးကြီးဖြစ်ပါသည်။ လူကြီးနံ့ အဖွားကြီးနံ့ နံသည်ဟု ကျွန်တော်ထင်ပါသည်။ ဆေးလိပ်စော်လည်း နံပါသည်။ အသက်ရှူကျပ်သလိုလည်း ခံစားရပါသည်။ ကျွန်တော် မကြိုက်ပါ။ 

 

အိမ်တွင် ကျွန်တော့်လောက် ကြီးကောင်ကြီးမားသားသမီးတွေကို အမေက တခါမှ ဖက်လည်းမအိပ်ဖူးသလို ကျောလည်း အိပ်ရင်းသပ်မပေးဖူးပါ။ ငယ်ငယ်တုန်းသာ မိဘများနှင့်အိပ်ရသော်လည်း နည်းနည်းလေးကြီးလာသည်နှင့် အိပ်ယာခွဲအိပ်ရပါသည်။ အခုတော့ အမေခ၏အပြုအမူသည် ကျွန်တော့်အတွက် ဆန်းနေပါသည်။ အမှန်အတိုင်း ပြောရလျှင် ကျွန်တော် သူတို့နှစ်ယောက်ကြားတွင် မအိပ်ချင်ပါ။ ကျွန်တော့ဖာသာ တနေရာတွင်အိပ်ချင်ပါသည်။ သို့သော် ထိုသို့ ပြောမကောင်းပါ။ ကျွန်တော်က ခုမှရောက်လာသူဖြစ်သလို သူတို့ကျေးဇူးလည်း ကျွန်တော့်အပေါ် ရှိနေပါသည်။ လတ်တလောဖြစ်ပေါ်လာသည့် ချစ်ခင်စိတ်အားကိုးစိတ်တို့ကြောင့် အမေအဖေဟုခေါ်သော်လည်း အမေရင်းအဖေရင်းများ မဟုတ်ကြပါ။ အမှန်က တစိမ်းပြင်ပြင်တွေ ဖြစ်သည်။ ကျွန်တော် ကြိုက်ကြိုက် မကြိုက်ကြိုက် သူတို့အကြိုက်ကို လိုက်နေမှဖြစ်မည်ဟု ထင်ပါသည်။ တခုခုကို ခံမပြောမိရန်၊ ကျွန်တော့် ဖြစ်ချင်တာကိုမပြောမိရန်လည်း သတိထားရပါသည်။

 

ကျွန်တော် အမေ့ရင်ထဲမှ လူးလွန့်တွန်းထိုးထွက်တော့ အမေက လူလေးက အမေဖက်ထားတာ မကြိုက်ဘူးလား၊ ဘာလို့လဲဟုမေးပါသည်။ ကျွန်တော် အဖြေရကျပ်သွားပါသည်။ မွန်းလို့ပါအမေ နောက်ပြီး အိမ်မှာ ကျွန်တော်တို့က တယောက်ခြင်း အိပ်ကြတာလေဟုပြောတော့ ဟုတ်လားသား..ဒါဆို အမေမဖက်တော့ဘူး၊ သားသာ အမေ့ဘက် လှည့်အိပ်ဟုပြောရင်း ခြေရင်းသေတ္တာပေါ်က မီးခွက်ကို မှုတ်လိုက်ပါသည်။ အမှောင်ထဲတွင် အမေ ကျွန်တော့်ကို စိုက်ကြည့်နေမှန်း ကျွန်တော်အလိုလိုသိနေပါသည်။

 

ကျွန်တော်ကသာ အဖေ့အရက်နံ့ တထောင်းထောင်းကို မခံနိုင်သော်လည်း အမေ့အတွက်တော့ ထူးပြီးမဆန်းသလိုပင် ထင်ပါသည်။ နွားတွေ ခွာရှပ်သံ အမြီးရိုက်သံတွေကိုကြားရင်း၊ တဲထဲဝင်လာသည့် ပိုးစုန်းကြူးကေင်လေးတွေကို ကြည့်ရင်း၊ ပုရစ်အော်သံ ညည့်ငှက်သံများကိုနားထောင်ရင်း ကျွန်တော်လည်း အိပ်ပျော်သွားပါသည်။ 

 

တရေးနိုး သေးပေါက်ချင်သဖြင့် ကျွန်တော် လွန့်တော့ အမေလည်းနိုးသွားပါသည်။ ဘာလဲသားဟုမေးသဖြင့် သေးပေါက်ချင်ကြောင်းပြောရာ အမေလိုက်တည်မယ်ဟုပြောက သူပါ ကျွန်တော်သေးပေါက်ရာအထိ လိုက်လာ ပါသည်။ သေးပေါက်ပြီး ပြန်မဝင်ခင် ကောင်းကင်ကိုမော့ကြည့်တော့ ကြယ်တွေအများကြီးမြင်ပါသည်။ လခြမ်းကွေးကွေးကိုလည်း ရေးရေးမြင်ရပါသည်။ အပြင်တွင် မြူတွေဆိုင်းနေပါသည်။ ဆောင်းဦးမို့ အအေးလည်း ပိုနေပါပြီ။ ကျွန်တော့်ဘဝတွင် တခါမှ ခုလို ညနက်သန်းကောင်ကြီး အပြင်ဘက်ဟင်းလင်းပြင်တွင် ရှူရှူး မပေါက်ဖူးသလို ကောင်းကင်ကိုလည်း ခုလိုစိတ်ပါလက်ပါ တခါမှမကြည့်ဖူးခဲ့ပါ။ ယခုတော့ အိပ်ချင်မူးတူးလည်း မရှိသလို စိတ်လည်း ကြည်လင်နေသည်ထင်ပါသည်။

ကညွှတ်ကွင်းအိမ်ပြေး ၇

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၇)

 

ကျွန်တော်အပြင်ရောက်တော့ မျက်စေ့တဆုံးလယ်ကွင်းပြင်ကြီးကို တွေ့ရပါသည်။ ကျွန်တော် လယ်ကွင်းစပ်အထိ လျှောက်သွားပါသည်။ အချိန်မှာ တိမ်တောက်ချိန်ဆိုရမလား မပြောတတ်ပါ။ တိမ်တွေမှာ နေရောင်ဖြင့် လှချင်တိုင်း လှနေပါသည်။ တိမ်မျှင်တိမ်တန်းများ တိမ်ဆိုင်တိမ်အုပ်များ တရွေ့ရွေ့ရွေ့နေကြပါသည်။ 

 

ထိုမျှအပြန့်ကျယ်သည့် လယ်ကွင်းပြင်ကြီးကို လာတုန်းက သတိမထားမိခဲ့ပါ။ လယ်ကွင်းပြင်ကြီးအဝေး ဟိုး တနေရာများတွင် တောအုပ်လိုလို အရိပ်ညို့ညို့တွေ အုပ်အုပ်အုပ်အုပ်နှင့် တွေ့ရပါသည်။ မီးခိုးအူအူများလည်း တွေ့ရပါသည်။ ရွာတွေဖြစ်မည်ထင်ပါသည်။ အိပ်တန်းပြန်ငှက်များ အုပ်လိုက်အုပ်လိုက် ပျံနေကြပါသည်။ ဗျိုင်းတွေက များပါသည်။ နေရောင်မှိုင်းမှိုင်းသည် အနှံများငိုက်နေသည့် စပါးပင်တွေအပေါ်  ဖြန့်ကျဲကြနေပုံမှာ အလွန်လှပါသည်။ နည်းနည်းလေး အေးလာတာလည်းပါသလို နေလည်းစုံးစုံးမြုပ်တော့မည်မို့ အမှောင်ရိပ်များသန်းလာပါသည်။ ညီအကို မသိတသိအချိန်ရောက်လာပါပြီ။ ကျွန်တော်လည်း တဲထဲပြန်ဝင်လာပါသည်။

 

မှောင်ပါပြီ။ ထိုအချိန်အထိ အမေ့မှာ မီးခွက်တလုံးထွန်း၍ လက်ပွတ်စူးလေးတချောင်းနှင့် အလုပ်ရှုပ်နေတုန်း ဖြစ်ပါသည်။ ကျွန်တော်က အမေ့အား အမေ ညဘက် ရှူရှူးပေါက်တော့ ဘယ်နားလဲဟုမေးရာ အပြင်ထွက်ပြီး တဲနဲ့ဝေးဝေးမှာ သွားလိုက်ပေါ့ သားရဲ့ ၊ အိမ်သာအထိသွားမနေနဲ့၊ တဲနားမှာပဲ တောထိုင်လိုက်ဟုဆိုပါသည်။ ထိုင်ပေါက်နော် မတ်တပ်မပေါက်ကောင်းဘူးဟုလည်း သတိပေးပါသည်။ တောထိုင်သည်ဆိုသည်ကို ကျွန်တော် တခါမှမကြားဖူးသော်လည်း အပြင်တွင်သေးပေါက်ခြင်းဟု ချက်ခြင်း နားလည်လိုက်ပါသည်။ ထိုအချိန်အထိ အိမ်သာ ဘယ်နားရှိမှန်း ကျွန်တော် မသိသေးပါ။

 

အမေက အဖေ့ထိုးလက်စကွန်အသစ်ကို လိပ်ပြီးတန်းပေါ်တင်နေခိုက် ကျွန်တော်က ထရံတွင်ချိတ်ထားသည့် ကွန်အဟောင်းများကိုမြင်ပြီး အမေ အဖေ့မှာ ကွန်တွေရှိရဲ့သားနဲ့ ဘာလို့ကွန်အသစ်ထိုးနေတာလဲဟု မေးမိပါသည်။ ဒါက ရောင်းဖို့လေ သားရဲ့၊ မင်းအဖေကွန်ထိုးတာ ကောင်းတယ် မြန်တယ် ဈေးလည်းမှန်တယ်ဆိုပြီး လူတွေက လာအပ်ကြတယ်လေ၊ အဲ့ဒါတွေ လက်ခံပြီးထိုးပေးတာပေါ့၊ ကွန်တလက်ကို ခဲသီးပါတွယ်ပြီးရင် တရာရတယ်သားရဲ့ ဟုပြောပါသည်။ ကွန်ထိုးတာနဲ့ ကွန်ကိုကျွန်တော်သိသည်ဟုထင်သော်လည်း ခဲသီးတွယ်သည်ကို ကျွန်တော်မသိပါ မေးမလို့လုပ်ပြီး နောက်မှမေးတော့မယ်ဟု ထားလိုက်ပါသည်။ သေးပေါက်ချင်နေ၍ ဖြစ်ပါသည်။ 

 

ပုဆိုးကြီး မနိုင်တနိုင်မကကာ အမေပြောသလို အပြင်ထွက်ပြီး တဲနှင့်ခတ်လှမ်းလှမ်းမှာ ရှူရှူပန်းလိုက်ပါသည်။ စွပ်ကျယ်လက်စကကြီးမှာလည်း ဒူးလောက်အထိရောက်နေပါသည်။  ပုရစ်အော်သံများ ကြားရပါသည်။ ညငှက်များ စထွက်နေပါပြီ။ လင်ကောင်ပိုးသံ တဂီးဂီးကိုကြားရပါသည်။ ရွာထဲဘက်မှ ခွေးဟောင်ံကိုကြားရပါသည်။ ဟိုး မြို့ ဝေးဝေးမှ လျှပ်စစ်မီးရောင်မြင်ရပါသည်။ တာလမ်းပေါ်မှ ကားသံနှင့် ကားမီးရောင်များလည်း ခတ်ဝေးဝေးမှာ မြင်ရကြားရပါသည်။ လူတချို့ လယ်ကွက်တွေဘက် မီးအုပ်တလက်လက်နှင့် ထွက်လာကြပါသည်။ ဒီအချိန်ကြီး လယ်ကွင်းထဲ ဘာလုပ်ကြတာပါလိမ့်ဟုတွေးမိပါသည်။ တဲထဲပြန်ရောက်တော့ အမေ့ကိုမေးတော့ ငှက်အုပ်ဖို့ ကြွက်ထောင်ဖို့ပေါ့သားရယ်ဟု ဖြေပါသည်။ 

 

 

ကြွက်ထောင်ဖို့ကို ကျွန်တော်နားလည်သလိုရှိသော်လည်း ငှက်အုပ်ဖို့ကို ကျွန်တော်မသိပါ။ ငှက်အုပ်တယ်ဆိုတာ ဘာလဲအမေဟုမေးတော့ စနိုက်ဖမ်းတာသားရဲ့၊ ညဘက် စနိုက်အိပ်တဲ့ကုန်းတွေမှာ ဒိုင်းဝန်းနဲ့အုပ်တာဟု ပြောပါသည်။ ဒိုင်းဝန်းတွေရော စနိုက်ကုန်းတွေရောပါလာသဖြင့် ကျွန်တော်ခေါင်းပိုရှုပ်သွားပါသည်။ ဒါကို အမေကရိပ်မိပြီး နောက်တော့ နင့်အဖေနဲ့လိုက်သွား၊ အဲ့တော့ သိလိမ့်မယ်ဟုပြောပြီး စကားဖြတ်ပါသည်။ ရေနွေးကရားကို ငှဲ့ရင်း သား...အဖန်ရည်သောက်တတ်လားဟုမေးပါသည်။ ကျွန်တော်က ရေနွေးကြမ်းဟုနားလည်ထားသော်လည်း အမေက အဖန်ရည်ဟုပြောပါသည်။

 

ပြီးတော့ ကဲကဲ အိပ်ကြမယ်၊ နင့်အဖေလည်း အိပ်ပျော်နေပြီ မနက်ကျ အဖေနဲ့ကွင်းထဲလိုက်သွားဟုပြောပါသည်။ အိပ်ယာဝင်မည်ဆိုမှ အမေက အိပ်ယာပြင်ပေးပါသည်။ ခေါင်းအုံးအပိုတလုံး၊ စောင်ကြမ်းအပိုတထည်ကို သူတို့ ၂ ယောက်ကြားတွင် ချပေးပါသည်။ သဘောက ကျွန်တော်က အလယ်တွင်အိပ်ရမည့်သဘောပင်။ ကျွန်တော့်ကို အိပ်ယာခင်းပေးပြီး အမေလည်းအပြင်ထွက် တောထိုင်ပါသည်။ 

Monday, January 30, 2023

ကညွှတ်ကွင်းအိမ်ပြေး ၆

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၆)

အမေက နေစောင်းပြီသားရဲ့ နွားမီးထည့်လိုက်ဦးမည်ဆိုကာ နွားတွေရှိရာဘက်သွားပါသည်။ နွားမီးထည့်တာ ဘာများလဲဟုသိချင်သဖြင့် ကျွန်တော် အနောက်ကအသာလိုက်သွားပါသည်။ ထိုနေရာတွင် နွားချေးနံ့သေးနံ့များ အလွန်နံပါသည်။ အမေသည် ထင်းတုံး မခြောက်တခြောက်များနှင့် ထင်းတုံးအခြောက်များကို အပြင် ထင်းစင်မှ သွားသယ်ရာ ကျွန်တော်လည်း မနေနိုင်သဖြင့် ထင်းတုံး နှစ်တုံးကို တဘက်တတုံးပခုံးပေါ်တင် လက်ဖြင့်ထိန်း၍ ကူသယ်ပေးပါသည်။ အမေက မလုပ်နဲ့ငါ့သား မတော် လွတ်ကျရင် ခြေထောက်နာနေမယ်ဟုပြောပါသည်။ အမေသည် မီးဖိုလိုနေရာတွင်  ထင်းတုံးအခြောက်များကိုအောက်ကခံ မခြောက်တခြောက်အတုံးများကို အပေါ်ကတင်၍ မီးမွှေး ပါသည်။ ခဏနေတော့ နွားတင်းကုပ်နေရာ တခုလုံး မီးခိုးများ အူနေပါသည်။ နွားမီးက ဘာလို့ထည့်ရတာလဲ အမေဟု ကျွန်တော်မေးတော့ နွားတွေကို ခြင်မကိုက်အောင်သားရဲ့။ ညဘက်ကျ ဖြုတ်တို့ မှက်တို့မရှိပေမယ့် ခြင်ကတော့ ရှိတယ်လေဟု ဆိုပါသည်။ 

 

ဟုတ်ပါသည် အမေပြောတော့မှ ကျွန်တော်တို့ တဲကြီးအတွင်း ခြင်များတဝီတီနေနေတာကို သတိထားမိပါသည်။ နွားမီးထည့်ရာမှမီးခိုးများ ကျွန်တော်တို့ လူနေအခြမ်းဘက်အထိ တလိမ့်လိမ့်နှင့်ရောက်ပါသည်။ ထိုအခါကျမှ ခြင်တွေပြေးပါသည်။ သည်တော့မှ အမေတို့ စောင်တွေခေါင်းအုံးတွေနှင့် အိပ်ယာမှာ ဘာ့ကြောင်မီးခိုးစော် နံနေရသလဲကို ကျွန်တော်သိပါတော့သည်။

 

နွားမီးထည့်ပြီး နဂိုနေရာပြန်လာ၍ ထိုင်ကြပါသည်။ အမေက လက်ပွတ်စူးလေးနှင့် ဝါးခြမ်းပြားလေးများကို အပေါက်ဖောက်ရင်း ကျွန်တော့်အကြောင်း မေးပါသည်။ အမေ့ မေးပုံမှာ စပ်စုချင်၍မေးပုံမျိုးမဟုတ်ပဲ အသံမှာလည်း အလွန်ချိုသာပါသည်။ စပ်စုချင်သည့်ပုံ မပေါက်ဆိုသည်မှာ မေးသာမေးနေရသော်လည်း ကျွန်တော့်တွင် အဖေရင်း အမေရင်းများရှိသည်ဆိုခြင်းကို သူကြားချင်ပုံမရပါ။ သူသာ အမေဖြစ်သည်ဟု ထင်နေသလားမပြောတတ်ပါ။ ကျွန်တော်ကလည်း မိဘတွေအကြောင်းနှင့်မိသားစုအကြောင်းကို လိမ်ပြောပါသည်။ (အမှန်အတိုင်း ဘာ့ကြောင့် မပြောခဲ့မိမှန်း ကျွန်တော်မသိပါ။ မိသားစုဘဝအမှန်ကို ကျွန်တော့်ဘဝအမှန်ကို မသိစေချင်၍ဟုသာပြောရပါမည်။ ထိုသို လိမ်ပြောမိတာ မကောင်းမှန်း၊ မဖြစ်သင့်မှန်းကို ကျွန်တော် အိမ်ပြန်ရောက်သည့်အခါမှ နောင်တ ရမိပါသည်။ အမေတို့ကို လိမ်ခဲ့တာကိုလည်း အပြစ်တခုလို ခံစားရပါသည်။)

 

အချိန်က နေဝင်လုအချိန်ဖြစ်ပါသည်။ အနောက်ဖက်ကိုမျက်နှာမူထားသောတဲကြီး၏ အဝင်ပေါက်မှနေ၍ နေရောင် ဝါဝါညို့ညို့က အလျားလိုက် တစောင်းကြီးဝင်နေပါသည်။ အမေနှင့်စကားပြောရင်း စကားစ ဖြတ်ချင်တာလည်း ပါသလို ပျင်းလည်းပျင်းလာသဖြင့် ကျွန်တော် အပြင်ထွက်ကြည့်ချင်တယ်ဟုပြောပြီး တဲအပြင် ထွက်လာပါသည်။ 

 

ထိုအခါကျမှ သတိထားမိသည်မှာ တဲကြီး၏ ဝင်ပေါက်တွင် ဘာတံခါးမှမရှိပါ။ တံခါးမရှိတော့ သူခိုးဝင်ခိုးရင် ဘယ့်နှယ်လုပ်မလဲဟု တွေးမိပါသည်။ နောက်မှ အမေက ဒီကွင်းစပ်မှာ ဘာသူခိုးမရှိဘူးသားရဲ့။ ဆာရင် ဝင်တောင်း စားသွားကြတာပဲ။ လူမရှိလည်း အိုးခွက်လှန်ပြီး စားသွားကြတာပဲ၊ ဘာမှလည်း မပျောက်ဘူး၊ အမေတို့မှာလည်း ခိုးစရာမှမရှိတာဟု ပြောပြပါသည်။ 

 

အမေပြောတာ ဟုတ်ပါသည်။ အိပ်ယာခြေရင်းတွင်ချထားသည့် ထင်းရှူးသေတ္တာ နှစ်လုံးမှာ သော့မပြောနှင့် အဖုံးများပင် တဝက်သာရှိပါသည်။ ထန်းခေါက်ဖာလိုလို ဖာသေးသေးတခုနှင့် သနပ်ခါးကျောက်ပျဉ်ကို မှန်ထောင်လျှက်သားနှင့် တွေ့ရပါသည်။ မှန်မှာ သနပ်ခါးစက်များပေကျံနေပါသည်။ ကြောင်တကောင်က ထိုသေတ္တာတခုထဲ ဝင်ခွေနေပါသည်။  

ကညွှတ်ကွင်းအိမ်ပြေး ၅

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅)

အမေ ဦးဖိုးထောင်ဆီသွားပြီး အိပ်တော့မလား ကဖိုးထောင်ဟု နှိုးပြီးမေးပါသည်။ အေးအေး ငါအိပ်တော့မယ် အိပ်ယာထဲ လိုက်ပို့ဦးဟု ဗလုံးဗထွေးပြောပါသည်။ သား အဲ့ဘက်က နည်းနည်းတွဲပေး သူ့ကို အိပ်ယာထဲ ပို့ရအောင်ဟုပြောသဖြင့် ကျွန်တော့် အဖေ့လက်ကိုဆွဲယူကာ သူ့ချိုင်းအောက်တွင် ကျွန်တော့်ပခုံးကိုထည့်ပြီး နှစ်ယောက်သား မနိုင့်တနိုင်နှင့် အိပ်ယာထဲပို့ကြပါသည်။

 

အဖေတို့အိပ်ယာဆိုသည်မှာ နွားချေးကျံထားသည့်ကြမ်းပြင်မှ အထက် ၂ ပေခန့်တွင် ဝါးကြမ်းခင်းနှင့် ကွပ်ပျစ်လို စင်အကြီးကြီး ထိုးထားခြင်း ဖြစ်ပါသည်။ ထိုဝါးကြမ်းခင်းပေါ်တွင် တမိုက်သာသာမျှ ကောက်ရိုးများခင်းထားပြီး ကောက်ရိုးအပေါ်ကနေ ဂုံနီအိတ်တွေဖြန့်ခင်းကာ အနားများအား ကြမ်းဖြင့်ဖိသတ်ထားပါသည်။ လူ လေးငါးယောက် လောက် အိပ်လို့ရအောင်ကျယ်ပါသည်။ စောင်နှင့်ခေါင်းအုံးများလည်းရှိပြီး ခြင်ထောင် ထောင်ထားတာမတွေ့ပါ။ စောင်နှင့်ခေါင်းအုံးများမှာ မီးခိုးစော်လိုလို ဘာလိုလိုတွေ နံနေပါသည်။ စောင်တွေမှာ အညာစောင်ကြမ်းကြီးတွေ ဖြစ်ပါသည်။ နည်းနည်းညစ်ပတ်သည်ဟု ကျွန်တော်ထင်ပါသည်။

 

အဖေ့ကိုနေရာချပြီးမှ အမေက တဲတနေရာသွားကာ အချောသပ်ထားသည့် ဝါးခြမ်းပြားလေးတွေ ယူလာပြီး ကြမ်းပေါ်ချက သူလည်း ဖင်ချထိုင်ပါသည်။ အမေ ဘာလုပ်မလို့လဲဟု ကျွန်တော်က ဘေးမှ ဝင်ထိုင်ရင်းမေးတော့ လယ်ညှပ်လုပ်မယ့်ဟာတွေ သားရဲဟုပြောပါ။  လက်ပွတ်စူးနဲ့ အပေါက်လေးတွေဖောက်ထားပေးမလို့ နင့်အဖေ မနက်ကျရင် ဆင်လိမ့်မယ်ဟုပြောပါသည်။ လယ်ညှပ်ဆိုတာ ဘာမှန်းမသိသလို လက်ပွတ်စူးဆိုတာလည်း ဘာမှန်း ကျွန်တော်မသိပါ။ ကျွန်တော်မသိမှန်း အမေသိတော့ လယ်ညှပ်ဆိုတာ ကြွက်ထောင်တဲ့ဟာကိုပြောတာသားရဲ့၊ ဒီဟာကိုခေါ်တာဟု အနားက လယ်ညှပ်တခုကိုယူပြပါသည်။ 

 

ဝါးများကိုအချောသပ် ဝါးချမ်းလေးတွေစိတ်ကာ မောင်းတံလိုဆင်ထားခြင်းဖြစ်ပါသည်။ အောက်ဆုံးတနေရာတွင် ကြိုးဖြင့်သီထားသော ၂ လက်မခန့်ရှိသည့်ဝါးအတံလေးက တွဲလောင်းကျနေပါသည်။ အခြေတွင် ကန့်လန့်ဖြတ် ထည့်ထားသည့်  ၈ လက်မခန့်ရှိသည့် ဝါးအတံလေးတတံလည်း တွေ့ပါသည်။ ဒီလိုထောင်ရတာသားရဲ့ဟုပြောကြာ ထောင်ပြပါသည်။ ခုနကတွဲလောင်းကျနေသည့် ဝါးအတံလေးမှာ ခလုပ်လိုဖြစ်ပါသည်။ ကြွက်တွင်းဝမှာ ဒါမှမဟုတ် ကြွက်လျှောက်လမ်းမှာ လယ်ညှပ်ကိုဆင်ပြီး ထောင်ထားရတယ်။ ကြွက်က လည်ညှပ်ကိုဖြတ်ပြေးရင်း အောက်က ဝါးတံကိုနင့်းမိတော့ ဒီဝါးခလုပ်လေးကပြုတ်ကြပြီး ကြွက်လည်ပင်းကိုညှပ်မိပြီး သေတာပေါ့။ ဒါ့ကြောင့်လည်ညှပ်လို့ ခေါ်တာ။ 

 

နင့်အဖေက လယ်ညှပ်ထည်းထောင် ကြွက်လည်းထိုးတတ်တယ်ဟုပြောပြန်ပါသည်။ ကြွက်ထိုးတာ ဘာလဲဟု ကျွန်တော်မေးချင်သော်လည်း မမေးဖြစ်လိုက်ပါ။ လက်ပွတ်စူးဆိုသည်ကို စိတ်ကရောက်နေသောကြောင့်ဖြစ်ပါသည်။

လက်ပွတ်စူးဆိုမှာ စက်ဘီး စပုတ်တံကို ၆ လက်မခန့်ဖြတ်။ အဖျားပိုင်းကို မီးပေးပြီး ပြားအောင် ညီအောင်ထုကာ မြနေအောင်သွေးထားသည့် သံစူးလေးဖြစ်ပါသည်။ ထိုသံစူးလေးကို အရင်းပိုင်းမှ ၃ လက်မခန့်မြုတ်အောင် လက်ကိုင်ရိုးတွင်ထည့်ထားပါသည်။ လက်ကိုင်ရိုးမှာ ရှည်မျောမျောလေးဖြစ်ပြီး အလျား ၄ လက်မခန့်ရှိပါသည်။ ထိုလက်ပွတ်စူးလေးကို အပေါက်ဖောက်မည့် ဝါးခြမ်းပြားပေါ်တင်ပြီး လက်ကိုင်ရိုးအား လက်ဖဝါးနှစ်ဘက်ဖြင့် ဖိ၍ဖောက်ကာ လှည့်လှည့်ပေးရပါသည်။ ထိုအခါ သတ်မှတ်ထားသည့်နေရာတွင် ထုတ်ချင်းပေါက် အပေါက် ကလေးများဖြစ်လာပါသည်။ လွန်ဖြင့်ဖောက်သလိုဖြစ်ပါသည်။ ထိုအပေါက်ကလေးမှနေ၍ ဝိုင်ယာကြိုး(နန်းကြိုး)ဖြင့် သီ၍ချည်ကာ လယ်ညှပ်လုပ်ရပါသည်။ တနည်းပြောရလျှင် လယ်ညှပ်လုပ်ရာတွင် လက်ပွတ်စူးမှာ မရှိမဖြစ်ကိရိယာ ဖြစ်ပါသည်။ ဝါးခြမ်းပြားကို လက်ပွတ်စူးနှင့်မှ အပေါက်ဖောက်၍ရပါသည်။

(ဆက်ပါမည်)

ကညွှတ်ကွင်းအိမ်ပြေး (၄)

0 comments

ကညွှတ်ကွင်းအိမ်ပြေး (

အဖေ ဦးဖိုးထောင်ကို နှိုးမရသည့်အဆုံး အမေခသည် စောင်တထည်နှင့်ခေါင်းအုံး သွားယူလာပြီး အဖေ့ခေါင်းကိုမကာ ခေါင်းအုံးထိုးသွင်းပါသည်။ ထို့နောက် စောင်ကို ကိုယ်ပေါ်လွှားပေးပြီး ဒန်ဂျိုင့်ဟောင်းတလုံးကိုလည်း အဖေ့မျက်နှာ နားတွင် ချပေးပါသည်။ ကျနော်က အမေ အဲ့ဒီဂျိုင့်ကဘာလုပ်ဖို့လဲဟုမေးတော့ နင့်အဖေ အန်ချင်ရင် အန်လို့ရအောင်ဟုပြောပါသည်။ ပြီးတော့မှ အမေထမင်းစားဦးမယ် သားအဖေ့အနားမှာထိုင်နေ၊ သူတကယ်လို့ အန်ရင် ထူပေးပြီးကျောကို မနာအောင်ထုထုပေးဟုပြောပြီး ခုက ကျွန်တော်စားပြီး ဆေးထားသည့်ဇလုံထဲ ထမင်းကြမ်းခဲ သုံးလေးခဲထည့် လယ်ပုဇွန်လုံချက်တွေဆမ်း ကန်းစွန်းရွက်ကြော်ခပ်ထည့်ပြီး အဖေချိုးလာသည့် အတို့အမြှုတ် တွေကို ထမင်းပေါ်တင်ရင်း ကျနော့်တို့ အနားလာထိုင်ပြီး စားပါသည်။ 

 

အမေ့ထမင်းစားသံမှာ တပျပ်ပျပ်မြည်သဖြင့် ကျွန်တော့်စိတ်ထဲမနှစ်မျို့ပါ။ ကျွန်တော်တို့က စားလျှင် ပါးစပ်ပိတ် ဝါးသော်လည်း အမေက ပါးစပ်ဖွင့်ကာဝါးပါသည်။ စားနေရင်းတန်းလန်း လက်ချောင်းတွေကိုလည်း ခနခန စုပ်ပါသည်။ တို့စရာတွေကို ဝါးသည့်အခါလည်း ဂျွိဂျွိ ဂျွိဂျွိနှင့်နေပါသည်။ စားနေရင်း ပါးစပ်ထဲ ထမင်းပလုပ်ပလောင်းနှင့် စကားတွေလည်းပြောပါသည်။ ထမင်းစေ့တွေထွက်ကျတော့ ကောက်ကောက်ပြီး နွားချေးကျံမြေကြမ်းခင်းပေါ် ပုံထားပါသည်။ စားနေရင်းက ဟော့တော့ဟု အမေဋိတ်သံပြုပါသည်။ ဘာလဲအမေဟု ကျွန်တော်မေးတော့ နင့်အဖေ ကြွက်ကြော်တွေ ကုန်အောင်မမြည်းသွားဘူး၊ မှန်းစမ်းဟုဆိုပြီး ကြွက်ကြော်ပန်းကန်ကို ကျွန်တော့်ကို လှမ်းခိုင်းပါသည်။ 

 

ပန်းကန်သည် ကျွန်တော်နှင့်နီးပါသည်။ ပန်းကန်ကိုပေးလိုက်တော့ ပန်းကန်ထဲ လက်ညှိုးနှင့်မွှေနှောက်ပြီး အသားအရိုးတွဲ ဖတ်တွေကို တကြပ်ကြွပ်ကိုက်လိုက် သူ့ဇလုံဇောင်းတနေရာတွင် အရိုးလေးတွေ ထွေးထုတ်လိုက်နှင့် အားရပါးရစားနေပါသည်။ တချက်တချက် ထမင်းတွေအပေါ် ငရုပ်သီးမှုန့်တွေလည်း ဖြူးပါသေးသည်။  ဒါ..လယ်ကြွက်တွေသားရဲ့၊ အရမ်းသန့်တယ်၊ စပါးပေါ်ချိန်ဆို စားလို့သိပ်ကောင်းတာဟု ပြောပါသည်။ သူစားနေရင်း သား ပါးစပ်ဟဟုပြောတော့ ကျနော်လည်း အလိုလို ဟပေးမိလိုက်ပါသည်။ အဲ့ဒါ အသဖတ်လေး၊ ကြွက်မှာ အသည်းနဲ့ခေါင်းက အဆိမ့်ဆုံးဟုပြောရင်း ကျနော့်ပါးစပ်ထဲ ကြွက်အသည်းကို ခွံ့ပေးပါသည်။ ကျနော်သည် ထိုအချိန်က ကြွက်ဆိုသည်မှာ စားရကောင်းမှန်းမသိသည့်အပြင် ရွံစရာအကောင် ရောဂါတွေသယ်လာသည့် အကောင်ဟုသာ သိနေချိန်ဖြစ်ပါသည်။ ခုတော့ ကျွန်တော်မဖြစ်မနေ စားရပါတော့မည်။ ငြင်းဆန်လို့မဖြစ်ပါ။ အမေခွံ့ကြွေးသည့် ကြွက်အသည်းမှာ တကယ့်ကိုကောင်းပါသည်။ ဆိမ့်နေပါသည်။ မြိုချရမှာပင် သမြောစရာ ကောင်းနေပါသည်။ အမဲအသတို့ ကြက်အသတို့ထက် ပိုဆိမ့်ပါသည်။ 

 

ခနနေတော့ နေဦး ကြောင်အိမ်ထဲ လက်ကျန်ရှိသေးလားမသိဘူးဟုပြောရင်း ထမင်းဇလုံကို ကျနော့်ဘေးချပြီး မီးဖိုချောင်ဘက် ထသွားပါသည်။ ကြွေရည်သုတ်ပန်းကန်ပြားတချပ်နှင့် ပြန်ရောက်လာပြီး ငါ့သားကံကောင်းတယ် ခေါင်းမှ ၂ လုံးတောင်ကျန်သေးတယ်ဟုပြောပြီး ကျနော့်ကိုတလုံးပေးပါသည်။ 

 

ကြွက်သွားတွေက ရှေ့ကို ခတ်ငေါငေါကြီးပြူထွက်နေပြီး ခေါင်းကတော့ ပြောင်ချောနေပါသည်။ ကျွန်တော်ကြည့်ရင်း ရွံသလို ကြောက်သလိုလည်း ဖြစ်ပါသည်။ ပျို့လည်း ပျို့ချင်လာပါသည်။ ကြွက်ခေါင်းတွင် နားရွက်တွေမရှိပါ။ ပုံကြည့်ရသည်မှာ ကြွက်ခေါင်းကိုအရေဆုတ်ပြီး  ခြောက်နေအောင် ချက်ထားပုံရပါသည်။ ကျွန်တော်လည်း ကြွက်ခေါင်းကိုင်ပြီး ဘယ်လိုစားရမှန်းမသိ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်တွင် အမေက သူ့ကြွက်ခေါင်းမှ ကြွက်ဦးနှောက်ကို ပြွတ်ပြွတ်ပြွတ်ပြွတ်နှင့်စုပ်ပြီးရုံမက ဂုတ်ပိုးကိုပါ စားနေပါပြီ။ စားရင်း ကျွန်တော့်မကြည့်ပဲ ဦးနှောက်ကို အရင်စုပ်၊ သားက လူငယ်ဆိုတော့ သွားကောင်းတယ် ပြီးရင် ခေါင်းကိုဝါး အရည်စုပ်ပြီး အရိုးဖတ် အကြေတွေကို ထွေးထုတ်ပစ်လိုက်၊ အမေတို့ကတော့ မဝါးနိုင်တော့ဘူးဟုပြောပါသည်။

 

ကျွန်တော်က အမေ ဦးနှောက်ကို ဘယ်လိုစုပ်ရတာလဲဆိုတော့ အာ ငါ့သားကလည်းဟုပြောပြီး ဒီမှာတွေ့လား ဒီနေရာမှာ ပါးစပ်ကိုတေ့လိုက်၊ ပြီးရင် အသားကုန် စုပ်လိုက်၊ ပါးစပ်ထဲကို ဗြွတ်ကနဲဝင်လာလိမ့်မယ်ဟုပြောရင်း ကြွက်နောက်စေ့နေရာကို ပြပါသည်။ နောက်စေ့နေရာလေးမှာ အုတ်ခွံကို ဟက်ထားတာတွေ့ရပါသည်။ ဒါနှင့် ကျွန်တော်လည်း သူပြောသလိုုပ်ထည့်လိုက်ရာ ကြွက်ဦးနှောက်တွေက ကျွန်တော့်အသက်ရှူပြွန်ထဲအထိ ရောက်သွားပြီး တဟွတ်ဟွတ် သီးပါတော့သည်။ ကျွန်တော် ထွေးထုပ်ပစ်လိုက်ပါသည်။ အမေက ပျာပျာသလဲနှင့် အဖေ့ရေဂျိုင့်ကိုယူပြီး သား ပလုပ်ကျင်းလိုက် ဒီထဲတွေးထုပ်လိုက်ဆိုကာ ခုန အဖေအန်ဖို့ချထားသည့် ဒန်ဂျိုင့်ကို ပေးပါသည်။ 

 

အခံရအတော်ခက်ပါသည်။ ချက်ထားတာကလည်း ကြွက်ချောက်စပ်ဆိုတေ့ လူလည်း မျက်ရည်တွေကျ နှပ်ရည်တွေကျနှင့် ဖြစ်နေပါသည်။ နောက်ဆို အမေ ကြွက်ခေါင်းခွဲပြီး ဦးနှောက်ထုပ်ပေးမယ်၊ သားက စားမှ မစားတတ်သေးတာဟုပြောရင်း ကဲကဲ ဆက်မစားနဲ့တော့ဟုပြောကာ သူ့စားလက်စကိုလည်း လက်စသိမ်းပါသည်။ ထိုအချိန်တွင် အဖေ ကဖိုးထောင်ဆီက မိခ မိခ ဟု အသံထွက်လာပါသည်။ မျက်လုံးတော့ မပွင့်ပါ။ (ဆက်ပါဦးမည်)

ကညွှတ်ကွင်းအိမ်ပြေး (၃)

0 comments

ကညွှတ်ကွင်းအိမ်ပြေး (၃) 

တဲကြီးဆီပြန်ရောက်တော့ ဒေါ်ခ က ကဖိုးထောင် သားကိုဖင်တုံးလုံးပြန်ခေါ်ရသလားဟု ဆူပါသည်။ မိန်းမရာ သူက ခလေးဘဲဟာပြန်ပြောတော့ ဒေါ်ခက ခလေးမဟုတ်ဘူးရှက်တတ်တဲ့အရွယ်၊ လူပျိူပေါက်လေ ကဖိုးထောင်ဟုပြောပြီး ကျွန်တော့်အား လာ သား အဖေ့အဝတ်အစားတွေရှိတယ် အမေလဲပေးမယ်ဟုပြောကာ တဲနောက်ထဲ အဝတ်လဲ ပေးပါသည်။ 

 

ပုဆိုးကွင်းကျယ်ကြီးနှင့် စွပ်ကျယ်လက်စကကြီးနှင့် ဖြစ်ပါသည်။ ကျနော် တခါမှမဝတ်ဖူးသည့် အဝတ်အစားများ ဖြစ်ပါသည်။ ဖို့ရိုးဖားယားကြီးဖြစ်နေပါသည်။ အနံ့တွေ့ကလည်း လူကြီးစော် နံသလိုဖြစ်နေပါသည်။ ဒေါ်ခက ဘယ်တုန်းထဲက သိမ်းထားမှန်းမသိသည့် ေါင်ဒါတွေလည်း လူးပေးပါသည်။ ကျနော်က ဒေါ်လေး အဲ့ဒီပေါင်ဒါတွေက ကလေးတွေလိမ်းရတာလေ ကျွန်တော်က ခလေးမှမဟုတ်တာဆိုတော့ မင်းက ခလေးပဲ၊ ဒို့မလည်းလိမ်းပေးစရာက ဘာမှမရှိဘူး ပြီးတော့ မင်းကရန်ကုန်သားလေဟုပြောပါသည်။ သား ဘာစားချင်သလဲပြော ဒေါ်လေး ချက်ကျွေးမည်ဟု ပြောချိန်တွင် ကျနော့်စိတ်ထဲ ဘာမှန်းမသိဘဲ သူ့ကို အမေဟုခေါ်ချင်စိတ်ပေါက်လာပါသည်။ ဒါနှင့် အမေ အဖေ တို့စရာတွေ ခူးလာတယ်ဟုပြောလိုက်တော့ သူအံ့ဩသွားပြီး ခဏကြောင်နေပါသည်။ နောက်တော့ သား သားဟုခေါ်ပြီး ကျနော့်ခေါင်းကို သူ့ရင်ခွင်ထဲထည့်ကာ ဆံပင်တွေကိုပွတ်ပေးပါသည်။ သူ့ကိုယမှာ ချွေးစော်သံစော် နံစော်နေပါသည်။ ခနလေးလေးနေတော့မှ အမေ ရေသွားချိုးဦးမယ် နင့်အဖေနဲ့စကားပြောနေနှင့်ဆိုကာ ထမိန်အင်္ကျီပိုတွေယူကာ ရေတွင်းဘက်ထွက်သွားပါသည်။

 

ကျနော်လည်း အိမ်ရှေ့ဘက် ပြန်ထွက်လာပါသည်။ ထိုအချိန်တွင် အဖေဦးဖိုးထောင်သည် အတော်လေးမူးနေသည်ဟုထင်ရပါသည်။ သို့သော်ကွန်အထိုးမပျက်ပါ။ ကျွန်တော် အနားရောက်တော့ လာ သားကြီးထိုင်။ မင့်အမေ ဘာတွေ ပြောနေတာလဲဟု မူးသံကြီးနှင့်မေးပါသည်။ ဘာမှမဟုတ်ဘူးအဖေ အဲ့လိုဘဲဟုဖြေတော့ မင်း လှေလှော်တတ်လားဟု မေးပါသည် နည်းနည်းလှော်တတ်တယ်အဖေ ရေလည်းကူးတတ်တယ်ဟု ပြန်ဖြေတော့ ကောင်းကွာ ကွက်တိဘဲဟု ပြောပြီး မင်းမစားတာဘာရှိလဲဟုမေးပါသည်။ ကျွန်တော်တခါမှ ထိုသို့အမေးကို မခံဖူးပါ။ ဝက်သားမစားဘူးအဖေ၊ ကျန်တာတော့ အကုန်စားပါတယ်ဟုဖြေတော့ အေး...တို့လည်း ဝက်သား မစားနိုင်ပါဘူးကွာ၊ ကျန်တာတော့ အကုန် စားတာပဲဟုပြောကာ ဟားဟားဟားဟာရယ်ရင်း ငါ့သားအရင်းဘဲဖြစ်လိုက်ပါတော့ကွာဆိုပြီး အရက်သောက်ပြန် ပါသည် ကြွက်ကြော် မြည်းပြန်ပါသည်။ ကွန်ထိုးပြန်ပါသည်။

 

ကျနော်လည်း တဲခေါင်တွင်ချိတ်ပြီး တန်းလန်းချထားသည့် အဖေ့ ကွန်ဘေးတွင်ထိုင်ရင်း ဘာလုပ်ရမှန်းမသိ ဖြစ်လာပါသည်။ ဗိုက်ကလည်းဆာလာပါသည် ဒါနှင့် အဖေ ကျနော်ဗိုက်ဆာတယ် ထမင်းစားချင်တယ်ဟုပြောတော့ ဟာ ငါ့သားကြီးရာ စားရမှာပေါ့ ဖေကြီးလုပ်ပေးမယ်ဟုပြောပြီး ဒယီးဒယိုင်နှင့်ထကာ စတီးလ်ဇလုံတလုံးကို ဆွဲပါသည်။ ထမင်းအိုးထဲက ထမင်းတွေခူးခပ်ထည့်ပါသည်။ ကျွန်တော်တို့က ဂဏန်းခေါ်ပြီး  သူပြောသည့်  လယ်ပုဇွန်လုံးငပိချက်တွေကော်ထည့် ကန်စွန်းရွက်ကြော်တွေခပ်ထည့်ပြီး ရော့စားသားကြီး အဖေငါးပိထောင်း ထောင်းပေးဦးမည်ဟု ယိုင်တီးယိုင်တိုင်နှင့် ပြောပါသည်။ ကြောင်တွေကလည်း တညောင်ညောင်နှင့် တချိန်လုံးအိမ်လုံး ပွက်နေပါသည်။ ခွေး ၃ ကောင်ကလည်း တဲထဲ ဝင်လိုက်ထွက်လိုက် ကြောင်တွေကိုရန်ရှာလိုက်နှင့် ဆူညံပွက် နေပါသည်။ အဖေ ကြွက်ချက်ကျွေးမယ်ဟုဆိုပြီး ထလိုက်တော့မှ ဖင်ထိုင်ရက်သားလဲကျသွားပါသည်။ သူ့ဟာသူလည်း ငါးပိထောင်းလား ကြွက်လား သွဲကွဲပုံ မရတော့ပါ။ 

 

ထိုအချိန်တွင် အဖေ ကဖိုးထောင်သည် နောက်ချေးကြံ (နွားချေးကြံ) ခင်းထားသည့်မြေအခင်းပေါ်တွင် မှောက်နေပါပြီ။ ကျနော်က အဖေအဖေ ဟုခေါ်တော့ ဟေ ဟေ ဟုသာ ထူးနိုင်ပါတော့သည်။ ကျနော်လည်း ဘာလုပ်ရမှန်းမသိသဖြင့် ရေတွင်းဘက်ပြေးပြီး အမေအမေ အဖေလဲကျသွားတယ်ဟု သွားအော်ပြောပါသည်။ ခေါင်းတွေဘာတွေကွဲသေးလား လူလေးဟု မေးပါသည်။ မကွဲဘူးထင်တယ်အမေဟုပြောတော့ အေးမကွဲရင် ဘာမှမဖြစ်ဘူး မင်း သွား အိမ်ထဲမှာနေ၊ အမေရေချိုးလျှော်ဖွပ်လိုက်ဦးမယ်ဆိုပြီး ထမိန်ရင်လျှားပြင်ဝတ်ရင်းပြောပါသည်။ သူ့အတွက်တော့ အဖေ ဦးဖိုးထောင် အရက်မူးပြီးလဲသည်မှာ မဆန်းသလို၊ ရိုးတာနေသလိုဖြစ်ပါသည်။

 

ဒါနှင့်ကျနော်လည်း တဲထဲပြန်ဝင်လာပါသည်။ ကျွန်တော်လည်း ဇလုံထဲက ကန်စွန်းရွက်ကြော် လယ်ပုဇွန်လုံးငပိချက်ကို နယ်ကာဖတ်ကာစားရင်း ထမင်းလည်းထပ်ထည့်ကာ အဖေလဲကျနေသည့်နေရာ အနားတွင် ထိုင်စားပါသည်။ အဖေ့ပါးစပ်က ဘာတွေမှန်းလည်းမသိတွေ ရေရွတ်နေပါသည်။ ပက်လက်လန်လိုက် မှောက်ခုံဖြစ်သွားလိုက် ဘေးစောင်းသွားလိုက်နှင့် အငြိမ်မနေနိုင် ဖြစ်နေပုံရပါသည်။ အဖေ့အရက်နံ့သည် ချဉ်စုတ်စုတ်ဖြစ်ပြီး နံလည်းအလွန် နံပါသည်။ ကျနော်လည်း ထမင်းစားပြီးနောက် ဇလုံကို အင်တုံကြီးထဲနှစ် အင်တုံနှုတ်ခမ်းပေါ်တွေ့သည် ရေပတ်ဝတ်နှင့် တိုက်ပါသည်။ ပန်းကန်ဆေးဆပ်ပြာတော့ မတွေ့ပါ။

 

ခနနေတော့ အမေ လျှော်ပြီးသားအဝတ်တွေနှင့် တဲထဲ ပြန်ဝင်လာပါသည်။ သား အဝတ်အစားတွေလည်း အမေလျှော်ခဲ့တယ်။ ခနနေမှ ထုတ်လှန်းမယ်ဟုပြောရင်း ကဖိုးထောင် ကဖိုးထောင်ဟု လေးငါးခွန်းခေါ်သော်လည်း အဖေကား ပြန်မထူးနိုင်တော့။ တခေါခေါနှင့်ပင် ဟောက်နေပါသေးသည်။ အရက်သာ မသောက်ရင်သူဟာ သူတော်ကောင်းပဲ သားရဲ့။ သူတခြားဘာမှလုပ်ဘူး။ စာရင်းငှားလုပ်တယ်၊ ကွန်ပစ်တယ် ငါးထောင်တယ် ကြွက်ဖမ်းတယ်၊  နို့ညှစ် ရောင်းတယ်။ ဘယ်သူ့အပေါ်မှ မတရားမလုပ်ဘူး။ သူများက ဖိနပ်တောင်းရင် အင်္ကျီရော ခေါင်းပေါင်းတဘက်ရော ချွတ်ပေးခဲ့တာ။ အမေ့အပေါ်လည်း သစ္စာရှိရှာတယ်ဟုပြောရင်း အဖေ့ကိုကြည့်ကာ မျက်ရည်တွေ လည်နေပါသည်။ ကျွန်တော်လည်း ဘာလို့မှန်းမသိ ရင်ထဲနင့်သလိုလို တခုခုကိုဝမ်းနည်းသလိုလိုတွေ ဖြစ်လာပါသည်။ (ဆက်ပါဦးမည်)

Saturday, January 28, 2023

ကညွှတ်ကွင်းအိမ်ပြေး(၂)

0 comments

ကညွှတ်ကွင်းအိမ်ပြေး(၂)

ကျနော်လည်း ဒေါ်ခနောက်မှ ခတ်ရို့ရို့လေး အထဲဝင်လိုက်လာပါသည်။ ကဖိုးထောင် ဒီမှာ အရက်ဝယ်လာတယ်၊ သားတယောက်လည်း ကောက်ရခဲ့တယ်ဟုပြောရင်း အရက်ပုလင်းကိုပေးကာ ကျွန်တော့်အား မေးဆတ်ပြပြီး မီးဖိုဘက်သို့သွားပါသည်။ 

 

မေးဆတ်ပြသည့် သဘောက သူသင်ထားသလို အဖေဟု ခေါ်လိုက်ခေါ်လိုက်ဟူသည့်အနက်ပင် ဖြစ်ပါသည်။ ကွန်ကိုသဲကြီးမဲကြီးငုံ့ထိုးနေသည့် ဦးဖိုးထောင်မှာ သည့်တော့မှ တချက်မော့ကြည့်ပြီး ဟာ..ငါ့ကောင်က လူချောပဲ နံမည်က ဘာတဲ့တုန်း၊ ဒီကို ဘယ်လိုရောက်လာတာတုန်းဟုမေးရင်း တဆက်တည်း မိခရေ ကြောင်အိမ်ထဲက ကြွက်ကြော်ပန်းကန်ယူခဲ့၊ ပြီးတော့ အကြမ်းပန်းကန်နဲ့ ရေတဖလားလည် ဆွဲခဲ့ဟု လှမ်းအော်ပါသည်။ 

 

ဦးဖိုးထောင်မှာ သာမန်လယ်သမားတဦးလိုရုပ်ရည်ရှိပြီး တောသားကြီးနှင့်တူပါသည်။ စကားပြောလျှင် အားရပါးရ အကျယ်ကြီးပြောတတ်ပါသည်။ အသက် ၆၀ ခန့်ရှိပြီး တောင့်တောင့်တင်းတင်း သန်သန်မာမာဖြစ်ပါသည်။ အသားမဲသည်ဟုပြောရမလောက်အောင် ညိုပါသည်။ သွက်သွက်လက်လက်ရှိမည့်ပုံ ပေါ်ပါသည်။ 

 

ကျွန်တော့်နံမည်မျိုးမြင့်ပါ၊ ရန်ကုန်ကပါ၊  ကျောင်းပြေးတာများပြီး အိမ်မပြန်ရဲတာနဲ့ အိမ်ကပြေးလာတာပါ။ ဒီဘူတာရောက်တော့ ဆင်းချင်စိတ်ပေါ်လာတာနဲ့ဆင်းလိုက်တာပါ၊ ဗိုက်ဆာနေတာလည်း ပါပါတယ်၊ ဖိနပ်သဲကြိုးကလည်း သူများနောက်ကနေတက်နင်းလို့ ပြတ်သွားပါတယ်၊ အဲ့ဒါ ဈေးနားမှာ ဘာလုပ်ရမှန်းမသိဘဲ ရပ်နေတုန်း ဒေါ်လေးနဲ့တွေ့ပြီး ဒီကိုရောက်လာတာပါအဖေဟုဆိုတော့ သူက ဟေ...မင်း ငါ့ကို အဖေခေါ်တယ် ဟုတ်လားဟုပြောပြီး ဖင်ရွှေ့ကာ ကျွန်တော့်အနားတိုးလာပါသည်။ 

 

ထိုအချိန်တွင် ဒေါ်ခက ကြွက်ကြော်ပန်းကန်၊ ရေတဖလားနှင့် အကြမ်းပန်းကန်လုံးတလုံးယူကာ ကျွန်တော်တို့ဆီ ရောက်လာပါသည်။ ကဖိုးထောင် သားက လူချောနော်၊ ကုလားဆင်လေး၊ ဒို့မွေးစားလိုက်ရရင် ဘယ့်နှယ်လဲဟု ပြောပါသည်။  အေးဟုတ်တယ် ဒါပေမယ့် သူ့အဖေအမေတွေက ဘယ်သူတွေလဲ၊ ဘာလုပ်တာလဲ အဲ့ဒါတွေမှမသိတာ၊ တော်ကြာနေ ရုံးရောက်ဂတ်ရောက်တွေဖြစ်မှ ခက်မယ်ဟုပြောရင်း အရက်ငှဲ့ပါသည်။  ကြွက်ကြော်လေးဝါးလိုက် အရက်လေးသောက်လိုက်နှင့် သုံးလေးခွက်လောက်ရှိမှ အေးအေး အဲ့ဒါတွေထားလိုက်၊ နောက်တော့ ပြောတာပေါ့၊ မင်းကိုယ်က နံနေတယ်၊ ငါလည်း ရေမချိုးရသေးဘူး၊ လာ မင်းနဲ့ငါ ရေသွားချိုးမယ်ဟုပြောကာ ထပါသည်။ 

 

ကျွန်တော်တို့ နှစ်ယောက်သား  တဲနှင့်မနီးမဝေး ခြံအစပ်တွင်ရှိသည့် ရေတွင်းဆီသွားကြပါသည်။ ကျွန်တော့်တွင် ခါးဝတ်ခါးစားသာပါပါသည်။ ရေချိုးရန် ရေလဲပုဆိုးတို့ သဘက်တို့ ဆပ်ပြာတို့လည်း မပါပါ။ သူကတော့ ပုဆိုးဟောင်းတထည်ကိုခေါင်းပတ်ကာ ပုဆိုးတိုတိုနှင့်ဖြစ်ပါသည်။ ကျွန်တော် ရေလည်း ချိုးချင်နေပါသည်။ သို့သော် ရေကို ဘယ်လိုချိုးရမလဲဟုတွေးနေတုန်း ဦးဖိုးထောင်က သား..အဝတ်အစားတွေ ချွတ်လိုက်ဟု သာမန်ပြောသလို ပြောရင်း ကျွန်တော့်အင်္ကျီကြယ်သီးတွေ ကူဖြုတ်ပေးပါသည်၊ ပုဆိုးလည်းချွတ်၊ ဘောင်းဘီပါရင် ဘောင်းဘီလည်းချွတ် ဟု ပြောပါသည်။ ကျွန်တော်က ရှက်ပြီးဘာလုပ်ရမှန်းမသိဖြစ်နေပါသည်။ လူပျိုပေါက်အရွယ်မို့ ရှက်ရကောင်းမှန်း သိသော်လည်း တခြားလည်းရွေးချယ်နေစရာမရှိပါ။ ရှက်မနေနဲ့သား၊ ဘယ်သူမှမရှိဘူးဟု ဖခင်ဆန်ဆန်ပြောသည့် သူ့အသံကြောင့်  အားလုံးချွတ်ချလိုက်ပါသည်။ သူ့အသံတွင် ဖခင်ရင်းတယောက်၏ကြင်နာဟန်မျိုး ပါသည်ဟု ခံစားရပါသည်။ ကျွန်တော့် ကိုယ်လုံးတီးနှင့် ဂွေးငေါက်တောက်လေးကိုမြင်တော့ ဟား...မင်းက မွတ်စလင်ကိုးဟု ပြောရင်း ရယ်ပါသည်။ 

 

ရေတွင်းထဲကရေကိုငင်ပြီး တယောက်တပုံး သုံးပုံးလောက်လောင်းပြီးသည့်အခါ ရေတွင်းဘောင်ပေါ်မှ ဆင်ခြေးတုံး ဆပ်ပြာအမဲကြီးနှင့် သူရော ကျွန်တော့်ကိုပါတိုက်ပေးပါသည်။ တကိုယ်လုံး အကြိုအကြားမကျန်အောင်တိုက်ပြီး ချေးလည်းတွန်းပေးပါသည်။ သူ့လက်မှာ ကြမ်းသဖြင့် အသားနုသည့်နေရာများတွင် နည်းနည်းနာသလိုဖြစ်ပါသည်။ ဆပ်ပြာတိုက်ချေးတွန်းပြီး နောက်ထပ် ရေဆယ်ပုံးခန့်လောင်းပေးပါသည်။ ဆပ်ပြာစင်ရန် ရေလောင်းလိုက်ပွတ်လိုက် လုပ်ရင်း ပေါင်ခြံကြားတွေရောက်သည့်အခါ အဲ့ဒီနေရာက ဆပ်ပြာစင်မှကွ၊ နို့မဟုတ်ရင် ဂျွတ်ပေါက်တတ်တယ်ဟု ပြောပါသည်။ ကျွန်တော်က ဂျွတ်ဆိုသည်မှာ ဘာမှန်းမသိပါ။ 

 

ရေချိုးပြီးတော့ သူ ခေါင်းပေါင်း ပေါင်းထားသည့် ပုဆိုးဟောင်းနှင့် ကျွန်တော့်တကိုယ်လုံး သုတ်ပေးပါသည်။ သား ဒီမှာ ခဏနေဦး အဖေ အတို့အမြှုပ်လေး နည်းနည်းခူးလိုက်ဦးမယ်ဆိုကာ ကျွန်တော့အား ဖင်တုံးလုံးထားခဲ့ပြီး  ရေတွင်းနှင့် ခြေလှမ်းနှစ်ဆယ်ခန့်ရှိသည့် ကန်လေးသို့ သွားပါသည်။ ကန်ထဲက ဉာဏ်ညွန့် ကန်စွန်းရိုးနီနှင့် ကညှို့တွေခူးပြီး ပြန်ရောက်လာပါသည်။ တွင်းရေနှင့် စင်စင်ဆေးသင်ရင်း ဒီကောင်တွေက အစိမ်းတို့မှကောင်းတာ၊ ဒါပေမဲ့ ရေနွေးလေးဖျောမှရတယ်၊ နို့မဟုတ်ရင် ဝမ်းကိုက်တာတို့ဘာတို့ဖြစ်တတ်တယ်ဟု ပါးစပ်ကလည်းပြောပါသည်။ ပြီးတော့ ခုန ကျွန်တော့်ကိုသုတ်ပေးသည် ခေါင်းပေါင်းပုဆိုးကို လဲပါသည်။ ရေစိုပုဆိုးကို ညှစ်ပြီးပခုံးပေါ်တင်ကာ  သွားကြစို့ဟုပြောပါသည်။ ကျွန်တော်က အဖေ ရေစိုအဝတ်တွေ ဒီအတိုင်းထားရမှာလား၊ ပြီးတော့ကျွန်တော်လည်း ဒီအတိုင်းသွားရမှာလားဟုမေးပါသည်။ အေး ဒီအတိုင်းထားခဲ့ မင်းအမေချိုးမှ လျှော်လိမ့်မယ်၊ မင်းလည်း ဒီအတိုင်း  လာပေါ့၊ အိမ်မှာ ဘယ်သူရှိတာမှတ်လို့၊ တဲရောက်တော့ အဝတ်လဲတာပေါ့၊ အဖေ့မှာ ပုဆိုးအင်္ကျီအပိုရှိတယ်ဟု ပြောရင်း ရှေ့ကနေ ယိုင်တိယိုင်တိုင်နှင့်ထွက်သွားသဖြင့် ကျွန်တော်လည်း နောက်ကနေလိုက်လာပါသည်။ (ဆက်ပါဦးမည်)

ကညွှတ်ကွင်းအိမ်ပြေး (၁)

0 comments

ကညွှတ်ကွင်းအိမ်ပြေး (၁)

ဒေါ်ခသည် ကညွှတ်ကွင်းတွင်နေပါသည်။ ကညွှတ်ကွင်းသည် သခင်သန်းထွန်း၏ ချက်မြုတ်မြေဖြစ်ပါသည်။ ဒေါ်ခနှင့်သခင်သန်းထွန်း ဘာအဆက်အစပ်မှမရှိသလို ကျနော်နှင့်ဒေါ်ခလည်း ဘာသွေးသားမှ မတော်စပ်ပါ။ ဒေါ်ခဆိုသည်မှာလည်း သူပြောလို့သိရသည့် သူ့နံမည်ဖြစ်ပါသည်။ နားပေါင်ဟောင်းလောင်းနှင့် ဒေါ်ခမှာ ပါးချိုင့်ချိုင့် မေးရိုးပေါ်ပေါ်  နှာတံစင်းစင်း မျက်လုံးမျက်ခုံးကောင်းကောင်းနှင့်ဆိုသော်လည်း ရုပ်မှာ အိုစနာကျသလိုဖြစ်နေပါသည်။ အသက် ၆၀ ခန့်ရှိမည့်ပုံ ပေါ်နေပါသည်။

 

ဒေါခနှင့်ကျွန်တော် တွေ့ပုံမှာ ဤသို့ဖြစ်ပါသည်။ တရက် ကျနော် အိမ်ပြေးဘဝနှင့်  ကညွှတ်ကွင်းဈေးနားတွင်ယောင်လည်လည်ဖြစ်နေချိန်တွင် ဟင်းရွက်ကန်စွန်းဗန်းကြီး ခေါင်းပေါ်တင်ကာ အသီးအရွက်စုံရမယ် အသီးအရွက်စုံ ဟုအော်ရင်း ကျနော့်နား ရောက်လာသည့်ဒေါ်ခက ငါ့သားကကျောင်းသားလား ဒီမှာဘာလာလုပ်နေတာလဲဟု မေးပါသည်။ ထိုအချိန်က ကျနော့်လက်ထဲ ပိုက်ဆံငါးမူးလောက်ပဲ ရှိပါတော့သည်။ ဖိနပ်ကလည်း ပြတ်နေသဖြင့် လက်ကကိုင်ထားရပါသည်။ ဗိုက်ကလည်း အတော့်ကိုဆာနေပါသည်။ ကျောင်းလွယ်အိတ်နှင့်ဖြစ်ပါသည်။ ဒေါ်လေး ကျနော် ရန်ကုန်ကပါ အိမ်ပြေးလာတာပါ၊ ဒီက ကျောင်းသား မဟုတ်ပါဘူး ဗိုက်လည်းဆာနေလို့ဟုဆိုတော့ ဟယ် ဒါဆိုလာ ဒေါ်လေး ထမင်းဘဲဥဟင်း လိုက်ကျွေးမယ်ဆိုပြီး ဈေးစပ်နား ခေါ်သွားပါသည်။ ဆိုင်ရောက်တော့ ဟေ့ မယ်မျှင်း ဒါငါ့တူ ရန်ကုန်က ဒီကိုလာတာ အဲ့ဒါဘဲဥချဉ်ရေနဲ့ ထမင်းတပွဲထည့်ပေးလိုက်၊ ငါ အခုပြန်လာခဲ့မယ်ဆိုပြီး ထွက်သွားပါသည်။

 

ကျနော်လည်း စိတ်ပူပူ ဘုမသိဘမသိနှင့် တဝကြုံးပါတော့သည်။ ငါးပိရည်ကျို တို့စရာတွေကလည်း တပုံကြီး ပါပါသည်။ လိုက်ပွဲပါ တောင်းပါသေးသည်။ ခနနေတော့ ဒေါ်ခပြန်ရောက်လာပါသည်။ ထမင်းဖိုး တကျပ်ခွဲရှင်းပြီးတော့ သူ့ ဘေးလွယ်လိပ်လေးထဲမှ လက်ဝါးတံဆိပ် ရော်ဘာဖိနပ်အသစ်လေးပါ ထုတ်ပေးပါသည်။ ကျနော်ဝမ်းသာ၍ ငိုမိမလိုဖြစ်ပါသည်။ ဒေါ်ခက မငိုနဲ့တိတ်တိတ် လာ ဒေါ်လေးနောက်လိုက်ခဲ့ နောက် တပတ်လောက်ပတ်လိုက်ရင် ဒါတွေကုန်ပြီဆိုကာ သူ့ ကုန်စိမ်းဗန်းကြီးကို ထိုးပြပါသည်။ ဒါနှင့် ကျနော်လည်း ဖိနပ်သစ်ကလေးစီး၍ သူ့နောက်က တကောက်ကောက်လိုက်ကာ ရပ်ကွက်တပတ်ပတ်တော့ သူပြောသလို အကုန်ကုန်သွားပါသည်။ ပိုက်ဆံတွက် ကြည့်တော့ အားလုံး ဆယ့်ရှစ်ကျပ်လောက် ရသည်ဟုထင်ပါသည်။ ဈေးလည်းကွဲသွားပါပြီ။

 

ပြန်ကြမယ် ဟင်းစားလေး နည်းနည်းဝင်ဝယ်မယ်ဆိုကာ ဈေးထဲဝင်ပြီး ဘဲဥလေး လေးငါးလုံး၊  ခရမ်းချဉ်သီးလေး ၂လုံး ၃လုံးဝယ်ပြီး ပြန်လာကြပါသည်။ လမ်းတဝက်ရောက်တော့ ကျနော် တခါမှမမြင်ဖူးသည့် သူယောက်ျားအား နင့်ဦးလေးအတွက် ချက်အရက်လေးတလုံးဝယ်ရမယ်။ ခမျာပင်ပမ်းရှာတယ်ဟုပြောကာ အရက်ပုန်းဆိုင်လေးမှ တောအရက်တလုံး ဝယ်ပါသည်။ ဆိုင်ရှင် မျက်စိစွေစောင်းစောင်းနှင့်လူက ဒေါ်ခ ပုလင်းခွံတော့ ပြန်လာပေးဦးနော်ဆိုတော့ ဟဲ့ ငါပြန်လာမပေးတာများရှိဖူးလားဟု ပြန်ငေါက်ပါသည်။ ပြီးနောက် လာ သား သွားကြမယ်ဆိုပြီး ဗန်းကြီးတဖက် ပုလင်းတဘက်နှင့် အိမ်ပြန်ရောက်လာပါသည်။ ချွေးတွေစို့နေသည့် သူ့မျက်နှာမှာ ကြင်နာတတ်သည့်အရိပ်အရောင်များ ပေါ်နေပါသည်။ ဝမ်းလည်း သာနေသလိုနှင့် ပြုံးပြုံးရွှင်ရွှင်ဖြစ်နေပါသည်။  ဒေါ်ခပြောသည့် ကွင်းစပ်နားကအိမ်ဆိုသည်မှာ မြေစိုက် တဲရှည်ရှည်ကြီးတလုံးဖြစ်ပါသည်။ နွားတင်းကုပ်အကြီးကြီးနှင့် တူပါသည်။ ကုန်းမို့မို့လေးအပေါ်တွင် ဆောက်ထားခြင်းဖြစ်ပါသည်။  နွားသုံးကောင်ကိုလည်း ထိုတဲကြီး၏ အစွန်းဘက်တွင် ကောက်ရိုးစားနေတာ တွေ့ရပါသည်။ ကြောင် သုံးလေးကောင်နှင့် ခွေးသုံးကောင်လည်း တွေ့ပါသည်။

 

သား ဒါ ဒေါ်လေးတို့အိမ်ဘဲ။ အထဲမှာ ဦးလေးရှိတယ် ကွန် ထိုးနေတယ်။ ဒေါ်လေးတို့မှာ သားသမီးမရှိဘူး။ နင့်ဦးလေးကအဖေ သိတ်အခေါ်ခံချင်တာ။ နင့်ဦးလေးကိုတွေ့ရင် အဖေလို့သာခေါ်လိုက် ကြားလားဟုပြောပါသည်။ (ဆက်ပါဦးမည်)

Wednesday, January 25, 2023

လူများ(၂)

0 comments

လူများ(၂)

ကျွန်တော့်ကို ဘိန်းရှူဖူးအောင် နည်းပေးလမ်းပြလုပ်သူမှာ မိုးမိတ်မြို့အထွက် ရဲဂိတ်မှ ရဲတပ်ကြပ်ကြီး မြင့်အောင် ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်တို့ မိုးမိတ်တွင် စခန်းထိုင်နေချိန်ဖြစ်ပါသည်။ ကျွန်တော့်အသက်မှာ ၂၀ ခန့်ရှိပါပြီ။ အားလျှင် အရပ်ဝတ်ဝတ်ပြီး ရဲကင်းသို့သွားကာ ရဲများနှင့် စကားပြောပါသည်။ ရဲကင်းမှနေ၍ ရွာများမှ ဈေးလာရောင်းသည့် ရှမ်း၊ ပလောင်၊ လီဆူးစသည့် ကောင်မလေးများကို ငေးပါသည်။

ဤတွင် တပ်ကြပ်ကြီးမြင့်အောင်နှင့် သိကျွမ်းသွားရပါသည်။ ကျွန်တော်က သူ့သားအရွယ်မို့ ကျွန်တော့်အား ဘီအီးလေး ငါ့သားလေးဟုခေါ်ပါသည်။ အလွန်ဖော်ရွေသူဖြစ်ပါသည်။ အချိန်တိုင်းလိုလို ရေနွေးကြမ်းကိုသောက်နေတတ်ပြီး သူသောက်သည့်ရေနွေးကြမ်းမှာ အလွန်ခါးပါသည်။ အစကတော့ လဘက်ခြောက်အလကားရ၍ ဤမျှခါးခါး သောက်နေသည်ဟုထင်ပါသည်။

သူ့မျက်နှာမှာ ပွစိစိနှင့် လူကလည်း ဗိုက်ပူနံကားလိုဖြစ်ပါသည်။ လူက တောင့်တောင့်တင်းမရှိသလို ယူနီဖောင်းကိုလည်း ဖရိုဖရဲဝတ်တတ်ပါသည်။ ဘယ်တော့မှ သပ်သပ်ရပ်ရပ်မရှိသူဖြစ်ပါသည်။ ဦးထုတ်ကို ခေါင်းပေါ်တင်ရုံဆောင်းပြီး စတင်းဂန်းကိုပခုံးတွင်လွယ်ကာ မြို့ဝင်မြို့ထွက်များကို စစ်ဆေးစရာရှိစစ်ဆေး၊ ရှာဖွေစရာ စရာရှိရှာဖွေပါသည်။ ဈေးသည်လေးများက လက်ဆောင်သဘော လာဘ်ထိုးသည့်သဘော လဘက်ခြောက်၊ အသီးအနှံလေးများနှင့် တောကောင်အသားလေးများပေးလျှင် ပြုံးပြုံးပြုံးပြုံးနှင့်ယူပြီး သူ့ရဲဘော်တွေနှင့်အတူ ချက်ပြုတ်စားပါသည်။ ယူတိုင်းလည်း စေတနာရှိမှပေးနော်၊ စေတနာမရှိရင် မပေးနဲ့၊ တို့က အလကားဘာမှ မလိုချင်ဘူး၊ တို့က ရဲ၊ ရဲမှ ပြည်သူ့ရဲဟု ပြောပါသည်။ တပ်ကြပ်ကြီးသည် ဆေးလိပ်မသောက် အရက်မသောက်ပါ။ ကျွန်တော်က တခါတလေ ဆေးရည်စိမ် အရက်များသောက်လျှင် မသောက်နဲ့ကွ အရက်ကကြမ်းတယ်ဟုပြောပါသည်။

တနေ့သူက မြို့ထဲသွားရအောင်ဟုခေါ်ပါသည်။ ကျွန်တော်လည်းအားသဖြင့် လိုက်သွားပါသည်။ မြို့ထဲဆိုသော်လည်း တကယ်က မြို့စွန် ချောင်ကျကျရပ်ကွက်လေးတခုထဲ သွားခြင်းဖြစ်ပါသည်။ ခတ်မှောင်မှောင်ကုပ်ကုပ် အိမ်တအိမ်ရှေ့တွင်ရပ်လိုက်ပြီး ဒါ ငါ့ဘော်ဒါကြီးအိမ်ကွ၊ ဒီမှာ အရှူအရှိုက်ရတယ်ကွဟုပြောပါသည်။ အိမ်ထဲ ဝင်လိုက်သောအခါ စိမ်းရွှေရွှေအနံ့များရပါသည်။ အိမ်ရှင်တရုတ်ကြီးက ဟာ..ဆရာကြီးဟုပြောကာ အတွင်းခန်းသို့ ခေါ်သွားပါသည်။ အတွင်းခန်းမှာ ခတ်မှောင်မှောင်ဖြစ်သော်လည်း ကြမ်းပြင်ပေါ်တွင် လူ လေးငါးခြောက်ယောက် ဘေးတိုက်လှဲနေသည်ကို ခတ်ရေးရေးမြင်ရပါသည်။။ သူတို့မျက်နှာများရှေ့တွင် ဆီမီးခွက်လေးများ ထွန်းထားပါသည်။ အခန်းမှာ အလွန်အေးစက်စက်နိုင်ပြီး စိမ်းရွှေရွှေအနံ့လည်း အလွန်ပြင်းပါသည်။

တပ်ကြပ်ကြီးက ကျွန်တော့်အား လာကွာထိုင်၊ မင်း ဘိန်းရှူဖူးလား ငါ့သားဟုမေးပြီး ခါးပတ်ကိုဖြည်ကာ ကောက်ရိုးဖျာ ခင်းထားသည့်အပေါ် ခေါင်းကိုလက်ထောက်၍ ဘေးတိုက်လှဲချလိုက်ပါသည်။ မရှူဖူးကြောင်းပြောတော့ ခတ်ဟဟ ရယ်ပြီး ဘိန်းရှူတာလောက်ဇိမ်ကျတာ ဘာမှမရှိဘူးကွ၊ ရှူကြည့်ဟုပြောပါသည်။ ထိုအချိန်တွင် ဖန်ပုလင်းသေးသေးလေးတခုကိုင်ကာ ခုနတရုတ်ကြီးပြန်ရောက်လာပါသည်။ တပ်ကြပ်ကြီးက သာကော ကျေးဇူးပဲဟုပြောကာ ဖန်ပုလင်းလေးအားလှမ်းယူရင်း သာကော စေတနာရှိမှလုပ်နော်၊ ကျုပ်က ဘာမှ အလကားလိုချင်တာမဟုတ်ဘူး။၊ ကျုပ်တို့က ရဲ၊ ရဲမှပြည်သူ့ရဲ့ဟုပြောပါသည်။ တရုတ်ကြီးက ဆရာကြီးရာ စေတနာရှိလို့ပေးတာပေါ့ လုပ်ပါလုပ်ပါဟုပြောပြီး ပြန်ထွက်သွားပါသည်။

ဖန်ပုလင်းထဲတွင် ဖန်ဂေါ်လီတလုံးစာလောက် မဲမဲအလုံးလေးတလုံးပါပါသည်။ တပ်ကြပ်ကြီးက ထိုအလုံးလေးအား လက်ဖဝါးပေါ်သွန်ချပြီး အနံ့ခံနေပါသေးသည်။ ထိုနောက် ဖဲ့ကာ့ ရွေး ၂ စေ့ စာလောက် အလုံးကလေးတွေဖြစ်အောင် လုံးပါသည်။ ထို့နောက် ခေါင်းအုံးဘေး ခွက်ကလေးထဲမှ ၃ လက်မလောက် သံစူးချွန်ကလေးကိုယူကာ ထိုအးလုံးလေး တလုံး၏ အလည်တည့်တည့်ကို ဟိုဘက်ဒီဘက်ပေါက်အောင် ထိုးဖေါက်၍ အဖျားတွင် သီလိုက်ပါသည်။ ထို့နောက် ဆီမီးခွက်ကလေးကိုထွန်းပါသည်။ မီးအလင်းရောင်ဖြင့် ဘေးတစောင်း မြင်ရသော တပ်ကြပ်ကြီး၏မျက်လုံးတွင် အရောင်မရှိသော်လည်း တခုခုကို အာသာငမ်းငမ်းဖြစ်နေပုံ ပေါ်ပါသည်။

ထို့နောက် သံစူးချွန်အဖျားမှ ဘိန်းလုံးလေးကို ဆီမီးခွက်မီးလေးဖြင့် ဖျစ်ဖျစ်မမြည့်တမြည်ကင်ပါသည်။ ထို့နောက် ဘိန်းပြောင်းရှိ ဘိန်းထည့်ရမည့် ကတော့ပုံဖေါက်ထားသည့် အပေါက်ကလေးတွင် တေ့ထိုးပြီး သံစူးဖျားလေးကို အထဲသို့ပေါက်သည်အထိ လှည့်ထည့်ပါသည်။ ဘိန်းလုံးလေးမှအပေါက်နှင့် ဘိန်းပြောင်းမှအပေါက်ကျဉ်းကျဉ်းလေး တိုးလျှိုပေါက်သွားသည့်အခါ စူးကိုပြန်နှုတ်ပါသည်။

ဘိန်းပြောင်းမှာ အလျား တပေသာသာခန့်ရှိပြီး အရင်းတွင် ရှူရမည့်နေရာနှင့် အဖျားတွင် ဘိန်းအိုး(ကြွေအိုး)လေး စွပ်ထားပြီး ထိုဘိန်းအိုးလေးတွင် ကတော့ပုံအပေါက်ကလေး ရှိပါသည်။ ထိုအပေါက်လေးထဲသို့ ခုနပြောသည့် ဘိန်းလုံးလေးကို ထည့်ရခြင်းဖြစ်ပါသည်။ ထိုအချိန်တွင် တခြားလူများထံမှ ခတ်တိုးတိုး ရှူးရှူး ရှူးရှူး မြည်သံများမှတပါး အခန်းမှာ ငြိမ်သက်တိတ်ဆိတ်နေပါသည်။ သူတို့ လှုပ်ရှားပုံမှာ အလွန် ဖြည်းလေးညင်သာ လှသဖြင့် ဘာအသံမှမထွက်ပါ။ တယောက်နှင့်တယောက်လည်း စကားမပြောကြပါ။

တပ်ကြပ်ကြီးက ဘိန်းပြောင်းကို ပါးစပ်ဝနားကပ်ကာ ဘိန်းအိုးလေးမှ ဘိန်းလုံးလုံးရှိသည့်နေရာကို ဆီမီးဖြင့် တေ့ပါသည်။ ထို့နောက် ဘိန်းပြောင်းအရင်းမှနေ၍ ရှူးရှူး ရှူးရှူးနှင့် ဖြည်းဖြည်းချင်း ရှူသွင်းပါသည်။ ဆီမီးလောင်လောင်နေသည့် ဘိန်းလုံးလေးမှာ ကတော့ပုံခွက်ကလေးထဲတွင် ဖြစ်ဖြစ်ဖြစ်ဖြစ်မြည်ကာ ဆူနေပါသည်။ အငွေ့လေး နည်းနည်းပါးပါး အမျှင်တန်းထွက်နေပါသည်။ တပ်ကြပ်ကြီးက ဘိန်းပြောင်းလေးကို ဆီးမီးခွက်ဖြင့် တေ့ကာတေ့ကာ အသာအယာလှည့်ပေးပြီး အဆက်မပြတ် ရှူသွင်းနေပါသည်။ ထိုသို့ရှူနေစဉ်အတွင်းမှာပင် မီးလောင်၍ကုန်သွားသော ဘိန်းလုံးလေးမှာ ပြာလိုဖြစ်ပြီး ဘိန်းအိုးလေးအတွင်းသို့ ဖြုတ်ကနဲကြွေကျသွားပါသည်။ တပ်ကြပ်ကြီးလည်း ပြောင်းမှပါးစပ်ကို ခွာကာ ခဏအသက်အောင့်နေပါသည်။ နောက်မှ ဟူးကနဲ အသက် ခတ်မျှဉ်းမျှဉ်း မှုတ်ထုတ်ပါသည်။ သူ့ပါးစပ်မှ အငွေ့နည်းနည်းနည်းပါးပါး ထွက်ပါသည်။ တလုံးပြီးနောက်တလုံးနှင့် ၄ လုံးထောက်အထိ ရှူပြီးမှာတော့ ဘိန်းပြောင်းကို ကျွန်တော့်ဆီထိုးပေးရင်း ရှူကြည့် သိတ်ကောင်းတယ်ဟု ပြောပါသည်။

ကျွန်တော်က မလုပ်တတ်ကြောင်းပြောတော့ မင်းရှူ ငါလုပ်ပေးမယ် ခဏလေးဟုပြောပြီး မှိန်းနေပါသေးသည်။ နောက်တော့ ထပြီး ဘိန်းလုံးလေးတလုံးကို ခုနက သူလုပ်ခဲ့သည့်အတိုင်း ဘိန်းအိုးတွင်ထည့်ပေးပါသည်။ မင်း အဲ့ပေါက်ကို မီးမှာတေ့ပြီး တခါတည်းဆက်တိုက်ရှူသွင်း၊ ဆေးလိပ်သောက်သလို ဖွာပြီးမှမရှိုက်နဲ့ဟုပြောပါသည်။ ကျွန်တော် ရှူပါသည်။ မီးခိုး မသီးပါ။ ဘိန်းလေးတလုံးလုံး ပြာဖြစ်သွားသည်အထိ ဆက်တိုက်ရှူသွင်းပါသည်။ အဆုပ်ထဲဝင်သွားသည့် အခိုးအငွေ့မှာ အများကြီးလည်း မဟုတ်ပါ။ လူလည်း ဘာမှမဖြစ်ပါ။ ဘာမှလည်း မခံစားရပါ။ နှာခေါင်းထဲတွင် နံသည့်အနံ့ကိုတော့ မကြိုက်ပါ။ သို့ဖြင့် နောက်တလုံး နောက်တလုံး သုံးလုံးမြောက်တော့ လူက လှိုက်မောလာသလိုလို ပျို့ချင်အန်ချင်တာလိုလို နှလုံးခုန်နှေးသွားတာလိုလိုဖြစ်လာသည်။ တပ်ကြပ်ကြီးက သူသောက်နေသည့် ရေနွေးကြမ်းခွက်ကို ကျွန့်တော့်အား လှမ်ပေးသဖြင့် ယူပြီးတကျိုက်သောက်ချလိုက်သည်။ ခါးလိုက်သည့်ဖြစ်ခြင်း။ သို့သောာ် ခံတွင်းလိုက်သလိုလို ကြိုက်သလိုလိုဖြစ်မိပါသည်။

ကျွန်တော်လည်း လှဲချင်လာပါသည်။ တပ်ကြပ်ကြီးဘေးတွင် ကပ်သီးကပ်သပ်လှဲချလိုက်ပါသည်။ ခေါင်းအုံးမှာ အစွပ်မရှိပါ။ ဆီများချေးများဖြင့် ပြောင်ချောချော အေးစက်စက်နေပါသည်။ သို့သော် လှဲနေ၍အလွန်ကောင်းပါသည်။ လူက ရီရီဝေဝေလေးနှင့် ငြိမ့်ငြိမ့်လေးလို လွင့်နေနေပါသည်။ ဘာမှမတွေးဘဲ အတွေးတွေ သူ့အလိုလိုဝင်လာပါသည်။ ဝင်လာသည့်အတွေးတွေကိုလည်း ကြိုက်ပါသည်။ အတွေးတွေမှာ သာသာယာယာလည်းနိုင်ပါသည်။ ထို့နောက် အိပ်ပျော်သွားတာလိုလို ဘာလိုလိုဖြစ်ပြီး တပ်ကြပ်ကြီးကနှိုးမှ ပြန်နိုးလာသလိုလို၊ သတိပြန်လည်လာတာလိုလို ဖြစ်ပါသည်။ ပြန်ကြစို့ဟုပြောသဖြင့် ထထိုင်ရာ မထချင်ပဲ လှဲ၍သာနေချင်နေပါသည်။ လူလည်း လျော့လျော့ခွေခွေ နေပါသည်။ ရေနွေးကြမ်းလည်း အငမ်းမရသောက်ချင်နေပါသည်။ သူက ကျွန်တော့်အား မင်းဒီတခါတည်းနဲ့တော့ အရသာ ကောင်းကောင်း ခံတတ်သေးမှာမဟုတ်ဘူးဟုပြောပြီး ထူပေးပါသည်။ ကျွန်တော် ဖြည်းဖြည်းချင်းထပါသည်။ ဘာကိုမှ မြန်မြန်ဆန်ဆန်မလုပ်ချင်ပါ။

နောက့်နေ့တွင် ကျွန်တော် ဘိန်းကို ထပ်စမ်းချင်ဖြင့် တပ်ကြပ်ကြီးနှင့်အတူ ဘိန်းခန်းသို့သွားပါသည်။ ၄ ရက်ခန့်ရှိတော့ ကျွန်တော် ဘိန်းအရသာကို ကောင်းကောင်းခံတတ်သွားပါသည်။ မှိန်းပြီး သာသာယာယာအတွေးများ စိတ်ကူးများနှင့် နေရသည်မှာ ကောင်းသလိုလိုရှိသော်လည်း နည်းနည်းလေးပြယ်လိုက်သည်နှင့် လူက ဘာကိုမှန်းမသိဘဲ ကြောက်နေသည်။ တခုခု အဆိုးတွေဖြစ်လာမှာကို စိုးရိမ်နေသည်။ စိတ်အားလည်းငယ်ပြီး ငိုချင်သလိုလို ဝမ်းနည်း သလိုလိုလည်း ခံစားရသည်။ လူတွေက ကိုယ့်ကိုစိတ်ဆိုးမှာကို ထိတ်လန့်နေသည်။ အသံဗလံတွေကို မကြိုက်ပါ။ လူတွေကြားထဲ မသွားချင်ပါ။ အဆိုးဆုံးက တခုခုကို ကြောက်နေခြင်းနှင့် စိုးရိမ်နေခြင်းပင်ဖြစ်သည်။ ထိုခံစားမှုတွေ အရသာတွေကို ကျွန်တော် မကြိုက်ပါ။ ကျွန်တော်နှင့် မဖြစ်ပါ။ ထို့ကြောင့် ၅ ရက်မြောက်နေ့တွင် တပ်ကြပ်ကြီးအား မလိုက်တော့ဘူးဟုပြောပြီး နောင်လည်း ဘယ်တော့မှ မလိုက်တော့ပါ။ ကျွန်တော် ဘိန်းအစမ်းရှူကြည့်ခြင်းကို အပြီးရပ်ပစ်လိုက်ပါသည်။

ကျွန်တော့် စီနီယာအကိုအား ထိုအကြောင်းများပြောပြသည့်အခါ သူက အေး စိတ်နိုင်ရင် ဘာဖြစ်ဖြစ် စမ်းကြည့်တာ ကောင်းတယ်ကွ၊ အစွဲတော့ မခံနဲ့ပေါ့ကွာဟု ပြောပါသည်။

မျိုးမြင့်ချို၊ ဇန်နဝါရီ ၂၅။ ၂၀၂၃။