Tuesday, January 24, 2023

ဇောင်းလျားသီးနှင့်မုန့်လက်ဆောင်း

0 comments

(ဇောင်းလျားသီးနှင့်မုန့်လက်ဆောင်း)

ဇောင်းခွားသီး ခေါင်းနားနီးဟု ကျွန်တော်တို့ဆိုခဲ့ဖူးသောအသီး၏အမည်မှန်မှာ ဇောင်းလျားသီးဖြစ်ကြောင် အတော်လေးကြီးမှသိပါသည်။ ဇောင်းလျားသီးအား ကန့်လန့်ဖြတ် အကွင်းလိုက်လှီးချလိုက်လျှင် ထောင့် ငါးထောင့်နှင့် ကြယ်ပုံလေးတွေ ထွက်လာပါသည်။ ကြည့်၍ အလွန်လှပါသည်။ ငန်ပြာရည်ထဲတွင် ငရုပ်သီးမှုန့်နှင့် ဆေးသကြားလေး နည်းနည်းစီထည့်ဖျော်ပြီး ထိုကြယ်ပုံလေးများကိုစိမ်၍စားလျှင် အလွန်အရသာရှိပါသည်။ တို့စားတာထက် ပိုကောင်းပါသည်။ ဇောင်းလျားသီးမှထွက်သောအရည်နှင့် ငန်ပြာရည်ဖျော်တို့ပေါင်းစပ်သွားသည့်အခါ အရသာမှာ ချိုချယ်ငန်စပ်ကလေး ဖြစ်ကာ အလွန်စားကောင်းပါသည်။ ကျွန်တော်တို့က ဇောင်းလျားသီးအဖတ်များ ကုန်သွားသည့်အခါ ထိုအရည်ကို မော့၍သောက်ချလိုက်ပါသည်။ လည်ချောင်းထဲ ရှတတနှင့်ဝင်သွားကာ အရသာခံ၍အလွန်ကောင်းပါသည်။ အမေက အများကြီးမစားနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်သည်ဟု ဘယ်လိုပြောပြော ကျွန်တော်တို့ကား အစားမပျက်ပါ။

ဇောင်းခွားသီးမှာ ရောင်းတန်းဝင်အသီးတမျိုး မဟုတ်ဟုထင်ရသော်လည်း ဈေးထဲတွင် ဇောင်လျားသီးအမှည့်များ ရောင်းနေသည်ကို တွေ့ရဖူးပါသည်။ ဇောင်းခွားသီးမှာ အရည်ရွှမ်းလှသဖြင့် ဇီးသီးတို့ မရမ်းသီးတို့ သရက်သီးတို့လို ချဉ်စပ်ထုတ်လုပ်မရပါ။ သို့သော် အမေရိကန်ရောက်မှ ကျောက်ဖရုံယိုလို ယိုထိုးထားသော ဇောင်းလျားသီးယိုကို စားဖူးပါသည်။ တရုတ်မှလာတာဖြစ်ပါသည်။ ဝယ်စားကြည့်ရာ ဇောင်းလျားသီးနံ့အပြည့်ရသော်လည်း အရသာမှာ မပီပြင်ပါ။ ချိုရဲရဲနေပါသည်။ အာသာပြေရုံရှိပါသည်။ ဇောင်းလျားသီးအခြောက်လည်းရှိသည်ဟု ဆိုပါသည်။ မတွေ့ဖူးသေးပါ။

ကျွန်တော်တို့ရပ်ကွက်တွင် သုတိ၊ ဩဘာ၊ မင်္ဂလာ၊ သီရိဟု လမ်းလေးလမ်းရှိရာ သီရိလမ်းက ဒေါ်သန်းအေးတို့အိမ်တွင် ဇောင်းလျားပင်ကြီးတပင်ရှိပါသည်။ ထိုအပင်က အသီးမှာ မှည့်လျှင်ဝင်းကာ ချိုချိုချဉ်ချဉ်လေးနှင့် အရည်လည်း ရွှမ်းပါသည်။ ကိုက်လိုက်လျှင် ပါးစောင်ထဲအရည်ပြည့်ကာ အပြင်သို့စီးထွက်သဖြင့် ပါးစပ်ကို လက်ခုံဖြင့် ခဏခဏသုတ်ယူရပါသည်။

ဒေါ်သန်းအေးသည် မုန့်လက်ဆောင်းသည်ဖြစ်ပါသည်။ အိမ်တွင် မုန့်ကြိတ်ဆုံရှိသလို မုန့်လက်ဆောင်းဖတ်များလည်း လုပ်ရောင်းပါသည်။ သူလုပ်သည့် မုန့်လက်ဆောင်းဖတ်လေးများမှာ ပျော့ပျော့အိအိတုံတုံလေးတွေနှင့် စိမ်းဖန့်ဖန့်လေး နေကာ ဆွမ်းမွှေးရွက်နံသင်းပါသည်။ အမေက အိမ်တွင် မုန့်လက်ဆောင်းရည်ဖျော်ပြီး ဒေါ်သန်းအေးဆီမှ မုန့်ဖတ် ဝယ်ပါသည်။ အမေ့မုန့်လက်ဆောင်းမှာ တခါတလေ အုန်းနို့နှင့်ဖြစ်ပြီး တခါတလေ မုန့်လုပ်ထန်းလျက်နှင့် ဖြစ်ပါသည်။ ကျွန်တော်က ထန်းလျှက်ရည်မုန့်လက်ဆောင်းကိုပိုကြိုက်ပါသည်။ ထန်းလျက်ရည်အညိုရောင်ပေါ်တွင် အုန်းသီးဖတ်လေးများ ပေါလောပေါ်နေသည်ကို ကြည့်ရသည်မှာ အလွန်လှပါသည်။ ထန်းလျက်နှင့်အုန်းသီး အလွန်လိုက်သည်မဟုတ်လား။

ဒေါ်သန်းအေးတို့ဇောင်းလျားပင်ကြီးအောက်တွင် မတ်တပ် လက်ထိုးကျောက်ကြိတ်ဆုံကြီးရှိသည်။ ကျောက်ကြိတ်ဆုံ ဆေးရာမှထွက်သောမုန့်နှစ်ရည်များမှာ အိမ်ရှေ့မြောင်းထဲသို့ စီးဝင်သွားသော်လည်း အစီးအလာမကောင်းပါ။ မုန့်နှစ်ရည်စီးရာတလျှောက်တွင် အိုင်နေတတ်ပါသည်။ ထို အအိုင်လေးများကြာတော့ အချဉ်ဖပါက်ကာ အနံ့လည်း ချဉ်စူးစူးနေပါသည်။ ဒေါ်သန်းအေးသည် မုန့်ကြိတ်လိုသူများရှိက ကြိတ်ဆုံအငှားလည်း ကြိတ်ပေးပါသည်။ ကြိတ်ထိုးသည်ဟု ခေါ်ပါသည်။ ကိုယ့်ဘာသာကြိတ်လာထိုးလျှင် ဈေးတမျိုး သူတို့ကကြိတ်ထိုးပေးလျှင် ဈေးတမျိုး ဖြစ်ပါသည်။ ထိုကြိတ်ဆုံကြီးဘေးတွင် မုန့်နှစ်ဖိရန် ကျောက်ပြားကြီး တချပ်နှင့် ကျောက်တုံးကြီးတတုံးလည်း ရှိပါသည်။ တချို့က မုန့်နှစ်ရည်ပျစ်ပျစ်များကိုသာ တခါတည်းယူသွားသော်လည်း တချိ့က မုန့်နှစ်ကို ရေစစ်အောင်ဖိပြီး မုန့်နှစ်တုံးလုပ်ပြီးမှ ယူကြပါသည်။ ကျွန်တော်တို့ကလေးတွေက ဇောင်းလျားသီး သွားခူးစားရင်း လက်မောင်းလက်ဖျံတွေအောင့်လာသည်အထိ မုန့် အပျော်ဝင်ဝင်ထိုးပေးကြပါသည်။

ထိုကျောက်ဖိခုံဘေးတွင် လူ့ရင်ဘတ်လောက်မြင့်သော မုန့်လက်ဆောင်းဖတ်ညှစ်စရာ မု့န့်ညှစ်ဆန်ကာရှိပါသည်။ ဆန်ကာ၏အောက်တည့်တည့်တွင် ရေအပြည့်နှင့် အိုးအကြီးကြီးတလုံး ရှိပါသည်။ ဆန်ကာမှာ သံဖြင့်ရိုက်၍ အပေါက်ကလေးများဖောက်ကာ ခတ်ခွက်ခွက်နေအောင်ထုထားသည့် သံပြားကြီးဖြစ်ပါသည်။ ဘေးလေးဘက်ထွင် သစ်သားပေါင် ကျက်ထားပါသည်။

ကြိတ်၍ရလာသည့် မှန့်နှစ်များကို ရေအလောတော်ဖြင့် အနေတော်သည်အထိ မပြတ်မွှေကာကျိုရပါသည်။ မုန့်နှစ်များကျက်၍ ဗွက်ဗွက် ဗွက်ဗွက်နှင့်ပွက်လာပြီး အပျစ်အကျဲအနေတော်ရှိသောအခါ ခွက်ကြီးဖြင့်ခပ်ခပ်ယူကာ မုန့်ညှစ်ဆန်ကာထဲ လောင်းလောင်းထည့်ပါသည်။ ထိုအခါ ဆန်ကာပေါက်များမှ မုန့်ဖတ်နွေးနွေးလေးများ ရည်ရှည်မျောမျောနှင့် တပေါက်ပေါက်ကျလာပြီး အောက်ကရေပြည့်အိုးကြီးထဲ သွားထိုင်ပါသည်။ အေးသွားသည့်အခါ ရေသွန်ပြီးစစ်လိုက်လျှင့် မုန့်လက်ဆောင်းဖတ် ဖွေးဖွေး အိအိတုံတုံလေးများရပါသည်။ ဆန်ကာကိုအမြင့်ထားသည်မှာ ကမွာမြေ၏ဆွဲအားကို အသုံးချခြင်းဖြစ်ပါသည်။ ဒေါ်သန်းအေးမှာ ကမ္ဘာမြေဆွဲအားမပြောနှင့် ကမ္ဘာကြီး လုံးသလား ပြားသလားပင်မသိပါ။ စိတ်လည်း မဝင်စားပါ။ နွမ်းပါးသော်လည်း သူ့ သားသမီးမြေးမြစ်တွေနှင့် ပျော်နေပုံရပါသည်။

သင်္ကြန်အခါတွင် ဒေါသန်းအေးတို့မိသားစု လက်မလည်အောင်ရှိပြီး ငွေလည်းစည်ပါသည်။ မုန့်လုံးရေပေါ် လုပ်မည့်သူများက မုန့်အနှစ်အငှားလာကြိတ်သဖြင့် ကြိတ်ဆုံအငှားအလွန်လိုက်ပါသည်။ မုန့်လက်ဆောင်း လုပ်သူတို့က မုန့်လက်ဆောင်းဖတ်အော်ဒါမှာကြပါသည်။ ထိုအခါ ဒေါ်သန်းအေးမှာ မုန့်စက်များပေကျံနေသည့် ထမိန်တိုတိုကိုစည်းကာ ဖိနပ်မပါဘာမပါနှင့် ပြုံးပြုံး ပြုံပြုံးနေပါသည်။

ကျွန်တော့်အမေတို့ငယ်ငယ်ကအထိ မုန့်လက်ဆောင်းမှာ လက်ကြိတ် လက်ညှစ်ဖြစ်ပါသည်။ ကျွန်တော်တို့ခေတ်ရောက်တော့ စက်ကြိတ်ခုံများတစတစပေါ်လာပါသည်။ မုန်းဟင်းခါးဖတ်နှင့် မုန့်အနှစ်များကြိတ်ရောင်းသည့် စီးပွားဖြစ်မုန့်ကြိတ်ဖိုများပေါ်လာပါသည်။ Mass Production ဖြစ်လာပါသည်။ နေ့စဉ်မုန့်ဟင်းခါးဖတ်ပိဿာ ရာထောင်ချီထုတ်နေသလို သင်္ကြန်ဆိုလျှင် မုန့်နှစ်အတွက် ထိုမုန့်ကြိတ်ဖို့များမှာ မနားရပါ။ မုန့်ကြိတ်ခလည်း အလွန်ချိုပါသည်။ ထို့ကြောင့် မုန့်ဟင်းခါးသည်များက မုန့်ဖတ်ယူကြသလို၊ မုန့်လုံးရေပေါ် မုန့်လက်ဆောင်းနှင့် အခြား ဗမာမုန့်လုပ်ရောင်းသူများက ထို မုန့်ကြိတ်ဖိုများကို အားပေးကြပါသည်။ ဤသို့ဖြင့် ဒေါ်သန်းအေးတို့လို တနိုင်လက်ကြိတ်မုန့်ကြိတ်ဆုံလေးများ တဖြည်းဖြည်းပျောက်ကွယ်သွားပါသည်။ လက်ကြိတ်ဆုံလေးများ အငှားမလိုက်ကြတော့ပါ။ လက်ညှစ်နေရာမှာ စက်ညှစ်တွေဖြစ်လာပါသည်။

ယခုဆို ဒေါ်သန်းအေးလည်း ရှိတော့မည်မထင်ပါ။ ဇောင်းလျားပင်ကြီး ရှိမရှိလည်းမသိတော့ပါ။

သူ့သားမြေးမြစ်တွေလည်း မုန့်လက်ဆောင်းလုပ်ရောင်းနေမနေ မသေချာသော်လည်း ထို ကျောက်ကြိတ်ဆုံ၊ မုန့်ဖိကျောက်နှင့် မုန့်နှစ်စစ်သံဆန်ကာတို့ကို ဖယ်ရှားပစ်လောက်ပါပြီ။ အဟောင်းနေရာတွင် အသစ်အသစ်တို့၊ လက်မှုနေရာတွင် စက်မှုသို့အစားထိုးသွားကာ လူ့လောကတိုးတက်လာသည် ဆိုငြားလည်း ကျွန်တော်ကား ဒေါ်သန်းအေးတို့ ဇောင်းလျားပင်နှင့် ကျောက်ကြိတ်ဆုံလေးကို အောက်မေ့နေပါသည်။ ကြိတ်ထိုးခဲ့ရသည့်အပျော်ကို တမ်းတမိနေပါသည်။

မျိုးမြင့်ချို

ဇန်နဝါရီ ၂၄။ ၂၀၂၃

0 comments:

Post a Comment