Tuesday, October 25, 2022

Tatoo

0 comments

"တို့ငယ်ငယ်က ဆေးမင်ကြောင် Tatoo ထိုးတယ်ဆိုတာ လူဆိုးလူမိုက်တွေပဲ လုပ်တာလို့ မှတ်ခဲ့ကြတယ်၊ ခုတော့ Tatoo ထိုးတဲ့အပေါ် အမြင်တွေပြောင်းလာကြပြီ၊ ခန္ဓာကိုယ်ကိုအလှဆင်တဲ့အနုပညာ Body Art အဖြစ် လက်ခံလာကြပြီ၊ တက္ကသိုလ်တွေမှာလည်း အနုပညာအတန်းတွေရှိပြီး အဲ့အထဲမှ တချို့က Body Art ကိုပါ အနုပညာအဖြစ်ထည့်ပြီးသင်လာကြပြီလေ၊ ငါ နားပေါက် သွားဖောက်တဲ့ဆိုင်က Tatoo Artist ဆိုရင် Saint Francis University က ဘွဲ့ရလေ"ဟု ဇနီးသည်က ဆိုသည်။

ကျွန်တော်က ဗမာ့ဓလေ့မှာ ယောက်ျားတွေ ထိုးကွင်မင်ကြောင်ထိုးခြင်းနှင့် တချို့လူမျိုးစုတွေမှာ အမျိုးသမီးတွေပါ မင်ကြောင်ထိုးကြကြောင်း၊ လူမျိုးတစုဆိုလျှင် မျက်နှာတွင် 'ပရဲထိုးကြကြောင်း သူ့ကိုပြောပြသည်။ မျက်နှာမှာ ပရဲဘာ့ကြောင့်ထိုးရသလဲကို သူ မမေး၍သာတော်တော့သည်။ မေးလာလျှင် မှန်မမှန်တိကျသေချာမသိသည့် ကြားဖူးနားဝစကားဖြင့်သာ ဖြေဖြစ်လိမ့်မည်ထင်၏။

ထိုးကွင်းမင်ကြောင်နှင့် စုပ်ထိုးသည့်အကြောင်းပြောတိုင်း ရန်ကုန်ဘဆွေ၏ မြန်မာပြည်သားထဲက ကောင်းမြတ်ကိုအမှတ်ရ၏။ မိတ်ဆွေတယောက် ညွှန်းဖူးသော ဆင်ဖြူကျွန်းအောင်သိန်း၏ 'မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့'ကို ဖတ်ဖူးချင်၏။ 'အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုးဆိုသည့် ဆိုရိုးစကားကို အောက်မေ့၏။ ရှေးမြန်မာမင်းများလက်ထက်က သေဒဏ် ထောင်ဒဏ် မပေးလောက်သည့် လူဆိုးဓားပြများအား နဖူးတွင် သူခိုး ဓားပြစသည်ဖြင့် စုတ်ထိုးကာလွှတ်တတ်ကြောင်းလည်း ကြားဖူး၏။ ဂျူးလူမျိုးများနှင့် အစ္စလာမ်ဘာသာဝင်များတွင် ဆေးမင်ထိုး၍အမှတ်အသားလုပ်ခြင်းကို တင်းကြပ်စွာတားမြစ်ထားကြောင်းလည်းရှိ၏။

ကျွန်တော် ငယ်ငယ်က အောင်ဇေယျ မြန်မာ့သိုင်းဆရာ ကိုတုတ်ကလေးထံတွင် သိုင်းသင်ခဲ့ဖူး၏။ သိုင်းတွင် သင်သင်ခြင်းအစ၌ တပွဲပေးရပြီးအဆင့်တဆင့်တက်သွားတိုင်း တပွဲထပ်ပေးရ၏။ အစပြုပွဲပေးသည်မှာ သိုင်းသင်သားအဖြစ်အသိအမှတ်ပြုခြင်းပွဲဲဲဲဲဲဲဲဲဖြစ်၏။

ကျွန်တော် ပထမအဆင့်ပွဲတက်သောအခါ လက်မောင်း၊ နဖူး၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်နှင့်နဖူးတွင် မင်ကြောင် အစက်ကလေးတွေ စုတ်ထိုးရ၏။ သုံးစက်စီဖြစ်၏။ သိတ် ထင်ထင်ရှားရှားကြီးတွေတော့ မဟုတ်ကြ။ ဘုရား တရား သံဃာကို အထိမ်းအမှတ်ပြုခြင်းဟု နားလည်၏။ ကြေးစုပ်ကြီးနှင့် တဒေါက်ဒေါက်ထိုးသဖြင့် ထိုက်သလောက်တော့နာ၏။ စုတ်ထိုးပြီးနောက် မိမိကိုယ်ပေါ်မှ အစက်ကလေးများကိုကြည့်ရင်း အသိအမှတ်ပြုခံရခြင်း၌ ဝမ်းမြောက်ပီတိလည်းဖြစ်၏။ ရေချိုးတိုင်းကြည့်မိသလို သူငယ်ချင်းတွေကိုလည်း လှန်လှန်ပြရသည်မှာ အမော။ ကိုယ်ကသာ အစက်ကလေးအတွက် မန်တက်နေသော်လည်း အမေသိသွားသည့်အခါ ဆူလိုက်သည့်ဖြစ်ခြင်း။ "သွား အခု ချက်ခြင်း သွားပြန်ဖျက်"ဟု အမေအော်ခဲ့သည်ကိုလည်း ယခုတိုင်ကြားယောင်၏။ ဖျက်မရတော့ပါ။ ယခုတိုင် ထိုအစက်ကလေးများ ကိုယ်ပေါ်တွင်ရှိနေဆဲ။ တခါတခါ ထိုအစက်ကလေးတွေကိုကြည့်ရင်း ငယ်ဘဝတွေကို တောင့်တမိ၏၊ လွမ်း၏၊ အမှတ်ရ၏။ သိုင်းသင်ဖော်သင်ဘက်တွေထဲက သိန်းစည်နှင့်သန်းဦးကို သတိရ၏။ ခု သူတို့ ဘယ်တွေရောက် ဘယ်တွေပေါက်လို့ ဘာတွေဖြစ်နေသည်ကို မသိတော့။

နောက် ကျွန်တော်ထောင်ကျတော့ ထောင်ထဲက အထင်ကရလူဆိုးလူမိုက်များတွင်ရော ဘာမဟုတ်သည့် ထမိန်ရုပ်သော လူလေလူလွင့် သူခိုးဂျပိုးများတွင်ပါ ဆေးမှင်ကြောင်တွေ ဗရပွဖြင့်တွေ့ရ၏။ "ဒါက ငယ်ကြောင်လေးတွေပါ"ဟုပြောရင်း အသည်းဓားစိုက်တို့ ကြယ်ပျံံဓားစိုက်တို့ ကြောင်ဆင်းကြောင်တက်တို့ သတ္တိတို့ ဗမာ့သွေးတို့ စသည့် မင်ကြောင်သေးသေးလေးတွေကို ပြဖူးသည့် ဒလလူမိုက် ကိုချာတိတ်ဆိုသူနှင့်လည်း ဆုံဖူး၏။ သူ့ ကျောတွင် လောကနတ်ရုပ်ကြီးရှိ၍ မပူပဲနှင့် အင်္ကျီချွတ်ကာနေတတ်တာကိုလည်း သတိထားမိ၏။ "ခင်ဗျားက ရင်ဘတ်ကျယ်ပြီး အသားလည်းဖြူတော့ ခင်ဗျားရင်ဘတ်မှာ နဂါးနှစ်ကောင်လိမ်နေတဲ့ပုံသာ ထိုးလိုက်လို့ကတော့ ရှယ်ပဲ"ဟုပြောသည့် ဆေးရုံကြီးလူဆိုး မတ်သီးနှင့်လည်း ဆုံံံခဲ့၏။ သူတို့အဖို့တော့ တက်တူးထိုးသည်မှာ လူဆိုးလူမိုက်လက္ခဏာဖြစ်ပြီး အရုပ်ကြီးလေလေ မိုက်လုံးကြီးလေလေဟု ဆိုရမလားမပြောတတ်။

သတ္တိရှိမှ စိန်ခေါ်ပါ၊ မတူရင် မတုနဲ့၊ အသည်းကောင်းလို့ ပွဲတောင်းတာ၊ ဘဝကို ပုံသေမမှတ်နဲ့၊ လူဆိုးမှာလည်း အသဲနဲ့ပါ၊ အချစ်ဟောင်းရင် အသစ်ပြောင်းမယ် စသည်ဖြင့် ပြောရလျှင်များသည့် စာတမ်းများမှာ သူတို့ခန္ဓာကိုယ်ပေါ်တွင် မတွေ့ချင်မှအဆုံး။ ထူးထူးခြားခြား နဖူးတွင် 'တာမွေကောင်စီ လီးဘဲ'ဟု ထိုးထားသူတယောက်လည်းတွေ့ခဲ့ရပါသည်။ တာမွေကောင်စီကို အတော်စိတ်နာနေဟန်တူ၏။

နောက် ထောင်ကလွတ်ပြီး မဲဆောက်ရောက်လာတော့ Tatoo ထိုးသည့်ဆိုင်တွေ တရားဝင်ဖွင့်နေကြတာကို ပထမဆုံးအကြိမ် စမြင်ဖူးတော့ အံ့ဩကြီးစွာဖြစ်မိသလိုပင်။ ဆိုင်အတွင်း အလှဆင်ယင်ထားသည့် တက်တူးနမူနာပုံစံများ၊ ကိုယ်လုံးပြည့် အလှတက်တူးထိုးထားသည့် ပိုစတာကြော်ငြာများ စသည်ဖြင့်စုံလှ၏။ ထိုင်းတွေ အလှတက်တူး အတော်ထိုးကြဟန်တူ၏။ "ထိုင်းမတွေလည်း တက်တူးထိုးကြတယ်ဗျ"ဟု အသိကပြော‌၏။

အမေရိကရောက်ပြီး Tatoo ဆိုင်တွေမြင်ရတော့ ထူးပြီးမဆန်းတော့။ အမေရိကတက်တူးဆိုင်တွေက တက်တူးအလှထိုးတာတခုတည်း လုပ်တာမဟုတ်။ နား နှာခေါင်း ချက် နှုတ်ခမ်း မျက်ခုံးတို့တွင်သာမဟုတ် အလိုရှိပါက ခန္ဓာကိုယ်ရှိမည်သည့်နေရာတွင်မဆို အပေါက်တွေဖောက် ကွင်းတွေတပ် အစို့လေးတွေတပ်လည်းလုပ်ကြ၏။ ထို့ထက်မက ခန္ဓာကိုယ်တွင် အနာရွတ်ကြီးများဖြစ်ကာ အသားမာဖုရွတ်တွကြီးများဖြစ်အောင် ဓားနှင့်လှီးကာ အလှဆင်သည်များလည်းလုပ်ကြ၏။ တီဗီ မှုခင်းသတင်းများတွင် တွေ့ရသည့် အမေရိကန်လူဆိုးလူမိုက်များတွင်လည်း မျက်နှာပါမကျန်တက်တူးတွေနှင့်ဖြစ်၏။ သူတို့တက်တူးတွေက မလှ။ ကြောက်စရာလန့်စရာပုံတွေ။

အမေရိကန်တွင် တက်တူးထိုးခတွေမှာ ဈေးအလွန်ကြီးသည်ဆို၏။ လက်ရာမြောက်လေလေ အနုစိတ်လေလေ အရောင်စုံလေလေ ထိုးသူကျင်လည်လေလေ နံမည်ကြီးလေလေ ဈေးကြီးလေ‌လေဟုဆို၏။ အမေရိကရောက်ပြီးမှ တက်တူးအလှထိုးကြသည့် ဗမာပြည်ဖွားတွေထဲတွင် ယောက်ျားလေးတွေ အမျိုးသားတွေသာမဟုတ် မိန်းကလေးတွေလည်းပါ၏။ တချို့လည်း အရုပ်နှင့်လူ၊ အသားအရည်နှင့်အရောင် လိုက်ဖက်သဖြင့် ကြည့်လှ၏။ တချို့က မလိုက်ဖက်။ လှစေချင်၍ တက်တူးထိုးကာခါမှ အကျည်းတန်သလိုဖြစ်သွား၏။

"သေရင် ငါ့နောက်ပါမှာဆိုလို့ ဒါပဲရှိတာ"ဟု ရယ်ကျဲကျဲဖြင့်ဆိုတတ်သည့် တကိုယ်လုံးနီးပါး တက်တူးတွေထိုးထားသည့် အမေရိကန်မိတ်ဆွေတယောက်နှင့်လည်း ခင်ဖူး၏။ "တက်တူးဆိုတာ ထိုးစရှိရင် ထိုးချင်ချင်" ဖြစ်တတ်သည်ဟုပြောသံံံံံလည်း ကြားဖူး၏။ "မင်းအသားအရောင်နဲ့ ကိုယ်ပြည့်တာနဲ့ဆို ကျောမှာ အလှတက်တူးပုံကြီးကြီး တပုံလောက်ထိုးပါလား"ဟုတိုက်တွန်းသည့် မိတ်ဆွေအား မိမိကိုယ်ပေါ်မှ အစက်ကလေးများကို မိမိဘာသာပြန်ကြည့်ရင်း "နေပါစေတော့ဗျာ။ မထိုးပါရစေနဲ့"ဟု ပြန်လည်းပြောဖူး၏။

ကျွန်တော်သည် မိမိကိုယ်ပေါ်မှအစက်ကလေးများကို အပြီးတိုင်ဖျက်ပစ်ရန် တခါမှ စိတ်မကူးမိခဲ့။ ဘာပဲဖြစ်ဖြစ် ထိုအစက်ကလေးများသည် ကြည့်မကောင်း မလှပ အရောင်မစုံ အရုပ်မပီသော်လည်း ဘဝ၏ကောက်ကြောင်းတခု အောက်မေ့ဖွယ်ရာတခု လွမ်းဆွတ်စရာတခုတော့ မဟုတ်လား။ ထိုအစက်ကလေးများကို ကျွန်တော်သေသည်အထိ စွဲစွဲငြိငြိတော့ရှိနေမည်မှာ အမှန်ပင်။

မျိုးမြင့်ချို အောက်တိုဘာ ၂၅။ ၂၀၂၂

Saturday, October 15, 2022

ခုမရှိတော့ပြီဖြစ်တဲ့ လူတန်းစားတရပ်

0 comments
ခုမရှိတော့ပြီဖြစ်တဲ့ လူတန်းစားတရပ်
ရေးသူ- လူထုဒေါ်အမာ
ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်တုန်းက ကျွန်မတို့ မန္တလေးမှာ လူ့အလွှာတလွှာ ရှိခဲ့ပါတယ်။ သူတို့က မြန်မာဘုရင်များရဲ့ အနွယ်တော် မင်းဆွေစိုးမျိုးတွေနဲ့ မင်းမှုထမ်း ၀န်ကြီး၊ မှူးကြီး၊ မတ်ကြီးများရဲ့ အဆက်အနွယ် များပါ။ ဟိုတုန်းကတော့ သူတို့က တခြားသူများနဲ့ သိပ်ရောရောနှောနှော မရှိလှဘူး။ မရှိပုံက ဒီလိုပါ။ ကျွန်မက ၁၂၇၇- ခု တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက်မှာ မွေးသူဆိုပါတော့။ ပါတော်မူပြီး နှစ်ပေါင်း (၃၀) တိတိ အကြာမှာ မွေးတဲ့ ဆင်းရဲသား သားသမီးပါ။ ဒါပေမယ့် ကျွန်မ ကြီးပြင်းတဲ့ ခေတ်မှာတော့ ဘုရင်နဲ့၊ နန်းတော်အိမ်တော်နဲ့၊ မှူးကြီးမတ်ရာဆိုသူတွေရဲ့ မြေး၊ တတိယမျိုးဆက်လောက်နဲ့က ကျွန်မနဲ့ ကစားဖက်၊ ကျောင်းနေဖက် အရွယ်တွေပေါ့။ ဒုတိယမျိုးဆက်ကိုတော့ ကျွန်မက လူကြီးတွေအဖြစ်နဲ့ တွေ့မြင်သိမှီခဲ့သူပေါ့။
ဒီလူတွေက တတိယမျိုးဆက်လောက်အထိ ကျွန်မတို့နဲ့ တစပ်တည်း တကျုံ့တည်း မဖြစ်ပုံက ဒီလိုပါ။ သူတို့က စကားပြောရင် ညင်ညင်သာသာနဲ့ ခပ်တိုးတိုးပဲ ပြောတတ်ပါတယ်။ အော်လား ဟစ်လား မရှိဘူး။ နင်ပဲငဆ မပြောဘူး။ ဆဲရေးတိုင်းထွာ မလုပ်ဘူး။ သူတို့နဲ့ ကျွန်မတို့နဲ့ စကားပြောရင် ကျွန်တော်၊ ကျွန်မ မသုံးဘူး။ သူတို့နာမည်ပဲ ထည့်ပြောတယ်။ ကျွန်မတို့က 'အမေသွားရင် ကျွန်မတို့လည်း အမြဲလိုက်တာပေါ့' ဆိုတဲ့ စကားမျိုးကို သူတို့က ပြောရင် 'မဘုရား နောက်က ထိပ်တင်တို့ ပါမြဲပေါ့' ဆိုတာမျိုး ပြောတတ်တယ်။ 'မယ်မယ်က ဘယ့်နှယ်၊ ခေါင်ခေါင်က ဘယ်သို့' ဆိုတာမျိုးဟာ သူတို့ အသုံးအနှုန်းပါ။
သူတို့ကို အင်္ဂလိပ်အစိုးရက တော်တော်ရင်းချာသေးတဲ့ ဆွေတော် မျိုးတော်ဆိုရင်၊ ပင်စင်ဆိုတဲ့ ရိက္ခာ၊ လစာပေးပါတယ်။ ကျွန်မသိသလောက် အိမ်ရှေ့ကိုယ်တော်ကြီး (ကနောင်မင်းသား)ရဲ့ သားတော် ထန်းတပင် မင်းသား၊ ထန်းတပင်မင်းသားရဲ့ မြေးတော် ကျွန်မသူငယ်ချင်း ထိပ်တင်မျိုးတို့၊ ထိပ်တင်တိုးတို့ ညီအမ ပင်စင်လစာ တလ ၁၅ိ/- ရပါတယ်။ ဒီ ၁၅ိ/- က ကျောင်းထားတော့ ကျောင်းလခနှုတ်တဲ့အခါ (၉ိ/-) ပဲ ကျန်ပါတယ်။ အဲဒါဟာ ထမင်းဖိုးမှ အနိုင်နိုင်ပါ။ အ၀တ်အစားဖိုး မကျန်ပါဘူး။ အဓိပ္ပါယ်က မသေရုံတော့ ကျွေးထားတယ် ဆိုတဲ့ သဘောပါပဲ။
ဒါပေမယ့် အဲဒီ မင်းမျိုး စိုးမျိုးတွေက ၀င်ငွေနည်းလှပါသကောလို့ တခြားအလုပ်လည်း ဘာအလုပ်မှ လုပ်မစားကြပါဘူး။ (၁၀ိ/-) နဲ့ ၀ယ်ပြီး (၁၀ိ/-၈ဲ) နဲ့ ရောင်းတယ်။ (၁၁ိ/-၈ဲ) နဲ့ ရောင်းတယ်။ (၁၀ိ/-) ရင်းတော့ ငါးမူးမြတ်တယ်၊ တကျပ်မြတ်တယ် ဆိုတဲ့ အရောင်းအ၀ယ်မျိုးလည်း သူတို့ လုပ်မစားတတ်ဘူး။ သူများဆီမှာ လခစားဆိုတဲ့ အလုပ်မျိုးကိုလည်း သူတို့က ဘယ်တော့မှ မလုပ်ဘူး။ မစားလောက်ရင် ရှိတာလေးတွေ ရောင်းချ၊ ပေါင်နှံပြီး ခြိုးခြိုးခြံခြံ ချွေချွေတာတာ သုံးစွဲစားသောက်ပြီး အသက်ရှင်ကြတာပဲ။ သူတို့ သူများဆီမှာ မျက်နှာ အောက်ကျခံပြီး ချေးပါ၊ ငှားပါ၊ ပေးပါ၊ ကယ်ပါ လို့လည်း လျှာမြက်ပေါက်ပါစေ၊ ဘယ်တော့မှ မပြောပါဘူး။ ဒီလိုနဲ့ ပိန်လိန်ပြီး နေကြတာပါ။
သူတို့အပေါ် တကယ်သစ္စာရှိတဲ့၊ တကယ်မြတ်နိုးတဲ့ သူတို့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတချို့က သူတို့ နန်းတော် အိမ်တော်ထဲမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းပစ္စယလေးမျိုးများကို လက်နဲ့လုပ်ကိုင်ရောင်းချပြီး လုပ်ကျွေးပါ တယ်။ ဒါကလည်း ဘယ်လောက်ရအောင် ရှာနိုင်မှာလဲ။
ဥပမာ ကျွန်မသိသလောက် ရေးပြပါမယ်။ ဖော့ကို ရေစိမ်ပြီးတော့ ဓားနဲ့လှီး၊ အဖတ်ကလေးတွေ ဆေးဆိုးပြီး ဖော့ပန်းကလေးတွေ လုပ်ရောင်းတယ်။ မန္တလေးက မျက်နှာကြီး အလှူမင်္ဂလာဆောင်တွေမှာ ဖလားစုံ ကွမ်းအစ်များ တည်တဲ့အခါ ကွမ်းအစ်ထဲ အလှထည့်တဲ့ လေးညှင်းပွင့် နာနတ်သီး လုပ်ရောင်းပါတယ်။ လုပ်ပုံက ဖော့ကလေးကို နာနတ်သီးပုံလှီးပြီး အသီးရဲ့ မျက်ကွင်းအနေနဲ့ လေးညှင်းပွင့်ကလေးတွေ ထိုးထည့်ထားတာပါ။ ပြီးတော့ ရောင်ပြားကလေးနဲ့ နာနတ်သီးအရွက်နဲ့ အရိုးကို အထက်အောက်မှာ စိုက်ပေးပါတယ်။ ဆေးကပ်လုပ်ရောင်းပါတယ်။ ကွမ်းဝါးဆေး၊ ဆေးရွက်ကြီးကို အခေါက်ခေါက်ထပ်ပြီးတော့ အဲဒီ အထပ်ကို ရောင်ပြားစက္ကူနဲ့ ကပ်ညှပ်ပြီး အပ်နဲ့ချုပ်နှောင်ပါတယ်။ ပြီးတော့ ဆေးထပ်ကို ဝိုင်းသွားအောင် ကိုက်ပြီး အထက်မှာ ရောင်ပြားလိပ်ပြာကလေး၊ ငွေချည်နှုတ်ခမ်းမွေးကလေးနဲ့တကောင် ဆေးထပ်ပေါ်နားနေဟန် လုပ်ထားပါတယ်။ ကွမ်းတအစ်ကို တခု ထည့်ဖို့ပါ။ အဲဒါမျိုး အလှူမင်္ဂလာတွေက မှာကြားရင် (၁၀၀၊ ၂၀၀) လုပ်ရောင်းပါတယ်။ ကျွန်မတို့ ငယ်ငယ်က အလှူကြီးတွေ လိုက်ရရင် ကွမ်းအစ်ထဲက လေညှင်းပွင့် နာနတ်သီးတို့၊ ဆေး လိပ်ပြာကပ်တို့ကို နှိုက်ယူလာခဲ့ကြတာပါ။
အလှူ၊ မင်္ဂလာ လက်ဖက်ပွဲမှာ ထည့်ဖို့ ကြက်သွန်ဖြူကြော်များ ကြော်ပေးပါတယ်။ သူတို့ ကြက်သွန်ဖြူကြော်က ဥတလုံး ဒေါင်းသိုး ကြက်သွန်ဖြူ အမြစ်ရှည်ရှည်ကလေးကို ပိုးတီလှီးထားပြီး ပိုးတီကို ဆန့်ကြော်ပါတယ်။ ဥက အမြိတ်ကလေးက ပိုးတီရဲ့ ခေါင်းလေးလို နေတာမို့ ခေါင်းပိုင်မှာ မျက်စိနှစ်ပေါက် ဆေးနက်ကလေးနဲ့ ထည့်ပေးပါတယ်။ ဒါကြောင့် ကြက်သွန်ပိုးတီကြော်က ပိုးကောင်ကလေးနဲ့ တူနေပြီး လှလည်းလှ ဆန်းလည်း ဆန်းကြယ်ပါတယ်။ အဲဒီကြက်သွန်ကြော် (၁၀၀၊ ၂၀၀) စသဖြင့် ရာနဲ့ချီမှာပြီး ၀ယ်ရ ပါတယ်။ ဒီလိုဟာတွေက ရှေးကတော့ နန်းတော်အိမ်တော်ထဲမှာ အားနေတဲ့ ခြွေရံသင်းပင်းက စိတ်ကူးရတာကို အဆန်းအပြား အလှအပ လုပ်ပြီး၊ ဆက်သတာများ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့ သိမီတဲ့ခေတ်မှာ သူတို့ အရှင်သခင်များ ခရမ်းသီးပိန်၊ ဓားတုံးဘ၀မှာ မဝရေစာ ပင်စင်နဲ့ မတ်တတ်ခြောက်နေတော့ မကြည့်ရက်လို့ တပည့်တပန်းများက တတ်တဲ့ပညာနဲ့ ရှာဖွေကျွေးတဲ့ ပုံစံပါ။ ဒီပုံစံက ဘယ်လောက်များ ၀လင်နိုင်ပါ့မလဲ။
မန္တလေးမြို့မှာ ပုရစ်ပေါ်တဲ့ အခါမှာတော့ အဲဒီအိမ်တော်တွေမှာ ဥပြောင်းကြော် ဆိုတာမျိုး စားကြပါသတဲ့။ ဥပြောင်းကြော်ဆိုတာက ပုရစ်တို့ထုံးစံ အမက ဥတွဲတွေနဲ့မို့ ဆိမ့်တယ်။ အဖိုက ဥမပါဘူး။ ဒါပေမယ့် ချိုတယ်။ အဲဒါ ချိုတဲ့ ပုရစ်အဖိုရဲ့ ကိုယ်ထဲကို ဆိမ့်လှတဲ့ ပုရစ်အမက ဥတွေကို ဖောက်ညှစ်ထည့်ရပါတယ်။ ထည့်တာက ဖင်က ထည့်တာပါ။ ပြီးရင် ဒီဥတွေ ပြန်ထွက်မကျအောင် ကြက်သွန်ဖြူဥကလေးနဲ့ ဖြစ်စေ၊ ၀က်သားတုံး သေးသေးလေးနဲ့ ဖြစ်စေ၊ ပိတ်ဆို့ပေးရပါတယ်။ ပြီးမှ ဥပြောင်းပုရစ်ကို ကြော်တာပါ။ ချိုပြီး ဆိမ့်နေမှာပေါ့။ ကျွန်မတို့က ကြားသာ ကြားဖူးပါတယ်။ မစားဖူးပါဘူး။ လုပ်လည်း မလုပ်အားကြပါဘူး။ အိမ်မှာ ပုရစ်ကြော်တယ်ဆိုရင် ချေးမှ အနိုင်နိုင်ထုတ်ပြီး ကြော်နိုင်တာပါ။
ကျွန်မတို့က သူတို့လက်ရာကလေးတွေကို ၀ယ်ယူသုံးစွဲ စားသောက်ရတယ်ဆိုရင် ရင်ထုမနာ ရှိပါတယ်။ သူတို့ကို သနားတာကိုး။ သူတို့က အရှင်သခင်မရှိတော့တဲ့ခေတ်မှာ သူတို့ အဲဒီလိုပဲ အသက်ရှင်နေတာကို ကျွန်မတို့က ၀မ်းနည်းပြီး သနားနေကြတာပါ။
အလှူမင်္ဂလာပွဲ ပွဲနေပွဲထိုင်ရှိလို့ ကျွန်မတို့က သူတို့ကို ဖိတ်တယ်၊ ကြားတယ်ဆိုရင်လည်း လာပါတယ်။ လာတဲ့အခါ သူတို့ ဖီးလိမ်း၀တ်စားလာပုံက ဆံပင်ကို ဆီလိမ်းပြီး သပ်သပ်ရပ်ရပ် နှစ်ပတ်ရစ်ထုံးနှောင်ပါတယ်။ ရှေ့မှာ လိပ်ခွံဘီးအဝိုင်းကို စိုက်ထားပါတယ်။
တရုတ်အင်္ကျီရင်ဖုံးနဲ့ ကွင်းထဘီကို ခပ်ရှည်ရှည် ဒရင့်တိုက်နီးပါး ၀တ်ပါတယ်။ ပြီးတော့ ငါးတောင်ပုဝါကို စုံချပြီး ဒေဝီခြုံဖြန့် ခြုံထားပါတယ်။ ဘာတွေ ၀တ်ခဲ့ ၀တ်ခဲ့ သူတို့ အ၀တ်အစားကတော့ သစ်လွင်တောက်ပြောင်မှု မရှိတော့ပါဘူး။
ပရိသတ်တွေနဲ့ တွေ့တော့လည်း ဖော်ရွေစွာ ပြုံးရွှင်မှုပြပေမယ့် ပရိသတ်ထဲမှာ ဖောင်လောက်အောင် စကားပြောနေတဲ့ လူရယ်လို့ မရှိသလောက်ပါ။ ကျွန်မတို့ ဘေးလူက သူတို့ကိုကြည့်ပြီး ရင်ထဲ ခံစားရပုံကတော့ သူတို့ဘ၀ဟာ မှေးမှိန်လိုက်တာလို့ပဲ ခံစားရပါတယ်။
ဒီလူမျိုးတွေ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့ နောက်မှာတော့ မရှိတော့ပါဘူး။ ဆွေတော်မျိုးတော် ပင်စင်ဆိုတာလည်း ဗြိတိသျှအစိုးရမှ မရှိတော့ဘဲ။ ပေးတဲ့လူ မရှိတော့ဘူးပေါ့။ ပြီးတော့ တချို့က အိုမင်းရင့်ရော်လို့ သေဆုံးကုန်ကြတယ်။ ငယ်ရွယ်သူတွေကလည်း သာမန် ဆင်းရဲသားများနဲ့ ရောနှောကုန် ကြတယ် ထင်ပါရဲ့။ မင်းဆွေ မင်းမျိုးဆိုလို့ အလွန်ကို နည်းပါးသွားပါတော့တယ်။
ကျွန်မတို့ အခုတွေ့နေရသေးတဲ့ စတုတ္ထသမီးတော်ရဲ့ သားသမီးတွေ ဆိုတာကလည်း ကျွန်မတို့ သိတဲ့ တော်ဘုရားကလေးတို့ဆိုရင် နိုင်ငံရေးနယ်ပယ်ထဲ ရောက်လာပြီး လူဆင်းရဲတွေနဲ့ တသားတည်းဖြစ်အောင် ဘယ်လိုနေပါတယ် ဆိုဆို သူတို့ကို ဗြိတိသျှတွေက ပြည်သူနဲ့ ရောနှောမှုမရှိအောင် ဘိုကျောင်းတွေမှာ ထားပြီး ငယ်ငယ်လေးကတည်းက ပညာသင်စေခဲ့တာမို့ ထမင်းစားရင် လက်နဲ့ မစားတတ်ဘူး။ ဇွန်းခက်ရင်းနဲ့ စားချင်တယ်။ မြန်မာစကားကို ရေရေလည်လည် မပြောတတ်ပေမယ့် အင်္ဂလိပ်လို ပြောရမယ်ဆိုရင်၊ ကျကျနန ပြောဆို ရေးသားတတ်တယ်။ သူတို့ ခမျာ မြန်မာဖြစ်အောင်မနည်းကြိုးစား သင်ကြားနေကြရပါတယ်။
ခုဆိုရင် ဘုရင်မရှိတော့တာ နှစ်ပေါင်း (၁၁၆) နှစ် ရှိပြီ မဟုတ်လား။ အဲဒီတော့လည်း လူမျိုးဆက် (၄-၅) ဆက် ကြာလေပြီမို့ အဲဒီလူစားတွေ ရောနှောပျောက်ကွယ် သွားကြပြီဆိုရင် မဆန်းတော့ဘူးပေါ့။ (လူထုဒေါ်အမာ)
ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၁၄၆၊ ဇန်နဝါရီ ၂၀၀၂။ မန္တလေးအနှစ်၁၅၀ပြည့် မဂ္ဂဇင်း၊ ၂၀၀၉ မေလ၊ ပထမအကြိမ် မှ ကူးယူဖော်ပြပါတယ်။

Friday, October 14, 2022

အမေရိကန်ကိုဘယ်လိုတွေး

0 comments
အောက်တိုဘာ ၆ ရက်နေ့၌ သမ္မတဂျိုးဘိုင်ဒန်က ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဖြင့် အကျဉ်းချခံထားရသူများအား အပြစ်မှလွတ်ငြိမ်းခွင့်ပြုလိုက်၏။ ထို့ကြောင့် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဖြင့်ထောင်ကျနေသူ ထောင်ပေါင်းများစွာ လွတ်လာကြမည်ဖြစ်၏။ သူသမ္မတဖြစ်လျှင် “ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှ လျှော့ချပေးမည်၊ ဆေးခြောက် လက်ဝယ်တွေ့ ရှိ၍ပြစ်ဒဏ်ချခြင်းကို သက်သာစေရမည်”ဟု ရွေးကောက်ပွဲကတိတွေပေးခဲ့၏။ ယခု သမ္မတ၏ကြေညာချက်သည် ထိုကတိများဖြည့်ဆည်းပေးရန်ရှေ့ရှုခြင်းနှင့် ဆေးခြောက်တရားဝင်မှုပြုရေးအတွက် ဗွေဆော်ဦးခြေလှမ်းဖြစ်သည်ဟု ဆိုကြ၏။ ဤနေရာတွင် ကျွန်တော်က ဆေးခြောက်ကိစ္စသာပြောလိုရင်းဖြစ်၍ Politics of Legalization of Marijuana ကိုပြောရန်မရည်ရွယ်ပါ။ သို့သော် အမေရိကန် Mid-tern Election နှင့်ဆက်စပ်ပြီး အချိန်ကိုက်ကြေညာချလိုက်ခြင်းမှာ “နိုင်ငံရေးတွေပါ၏”။
ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဆိုသည်မှာ တကယ်တော့ “ဆေးခြောက်ရှူခြင်း ဝါ ဆေးခြောက်သုံးစွဲခြင်း”ပင်ဖြစ်၏။ ဆေးခြောက်သုံးစွဲမှုပတ်သက်၍ အမေရိကန်ဒီမိုကရက်နိုင်ငံရေးသမားတွေနှင့် သူတို့ကိုထောက်ခံသူ သန်းပေါင်းများစွာသောအမေရိကန်တွေ တွေးပုံက ဤသို့ဖြစ်၏။
ဆေးခြောက်သုံးစွဲခြင်းသည် Illegal or Unlawful သာ ဖြစ်ပြီး Criminal Activities မဟုတ်။ ဆေးခြောက်သမားသည် ရာဇဝတ်ကောင်မဟုတ်။ ဆေးခြောက်ရှူခြင်းသည် ရာဇဝတ်မှုကျူးလွန်ခြင်းမဟုတ်။ ထို့ကြောင့် ရာဇဝတ်မှုဖြင့် တရားစွဲဆိုထောင်ချခြင်းမှာ တရားမျှတမှုမရှိ။ မလုပ်သင့်။
တခါ လူတယောက် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရပြီဆိုပါစို့၊ သူ့အတွက် ရဲက ဖမ်းဆီးရာတွင် သုံးစွဲရသည့်ကုန်ကျစရိတ်မှစကာ ရုံးတင်စစ်ဆေးရာတွင် ကုန်ကျရသည့်စရိတ်၊ အချုပ်ခံနေစဉ်နှင့် ထောင်ကျ နေစဉ်ကာလများတွင် သူ့အား ကျန်းမာရေးစောင့်ရှောက်ခနှင့် ကျွေးမွေးထိန်းသိမ်းရသည့်စရိတ်စခများ ပေါင်းလိုက်သော်မနည်းလှ။ ထောင်ကျသည့် အချိန်အတိုင်းအရှည်ပေါ် မူတည်၍ စရိတ်စခအနည်းအများသာ ကွာသည်။ ကုန်တာတော့ ကုန်တာချည်းပင်။ တခါ ထိုလူ လွတ်လာတော့လည်း ဆေးခြောက်ပြန်မရှူပါဟု မည်သူမှ အာမမခံနိုင်။ များသောအားဖြင့် လွတ်လာပြီးနောက် ပြန်သုံးစွဲကြသည်သာဖြစ်၏။ ဆေးခြောက်တရားဝင် လုပ်လိုက်လျှင် ထိုကုန်ကျစရိတ်တွေ တိုင်းပြည်က ကျခံစရာမလိုတော့။ အများကြီးသက်သာသွားမည်။
နောက်တချက်က အခွန်။ ဆေးခြောက်ကို တရားမဝင်လုပ်ထားသဖြင့် စိုက်ပျိုးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုများမှ ဘာအခွန်အခမှ တိုင်းပြည်ကမရ။ တရားဝင်လုပ်လိုက်လျှင် တရားဝင်အခွန်အခတွေရ၍ အစိုးရဘဏ္ဏာထဲ ဝင်လာမည်။ ထို့ကြောင့် ဆေးခြောက်ကိုတရားဝင်လုပ်လိုက်သင့်သည်ဟုတွေးကြပြီး ဆေးခြောက်တရားဝင်နီးနီး ခွင့်ပြုထားသည့်ပြည်နယ်များနှင့် တရားဝင်ခွင်ပြုထားသည့်နိုင်ငံများကို ထောက်ပြကြ၏။ အဆိုပါပြည်နယ်များနှင့် နိုင်ငံများတွင် ဆေးခြောက်တရားဝင်လုပ်ထားသဖြင့် ဆေးခြောက်သုံးစွဲသူ ပို၍တိုးမလာ။ အကျဉ်းဦးစီးဌာနအတွက် အစိုးရအသုံးစရိတ်တွေလျော့ကာ အခွန်ငွေတွေသာ ဘဏ္ဏာတိုက်ထဲတိုးလာသည်ဟု ဆိုကြ၏။ ဤကား အမေရိကန်တချို့ အမေရိကန်ကို အမေရိကန်တွေး တွေးကြပုံဖြစ်၏။
အမေရိကန်ရောက် ကျွန်တော်တို့ဗမာပြည်ဖွားတွေထဲတွင် ဒီမိုကရက်တွေကိုမကြိုက်သူ ဒုနှင့်ဒေး။ သူတို့ မကြိုက်ကြသည်မှာ ဒီမိုကရက်တွေ၏ နိုင်ငံခြားရေးပေါ်လစီတွေ၊ ပြည်တွင်းလူမှုစီးပွားရေး မူဝါဒတွေဘာတွေကို အဓိကအခြေခံ၍ မကြိုက်ခြင်းမဟုတ်။ ဒီမိုကရက်တွေက ကိုယ်ဝန်တရားဝင်ဖျက်ချခွင့်၊ ဆေးခြောက်တရားဝင် သုံးစွဲခွင့်နှင် လိင်တူလက်ထပ်ထိမ်းမြားခြင်းတွေကို လိုလားသည်။ ဥပဒေဖြင့်ပြဌာန်းပေးသည်။ ထိုကိစ္စတွေကို ဘုရားမကြိုက်။ ထို့ကြောင့် သူတို့မကြိုက်။ ထို့ကြောင့် ဒေါ်နယ်လ်ထရမ့်ရွေးကောက်ပွဲဝင်တုန်းက သူ့ကို မဲပုံအောပေးကြသူများရှိ၏။ ထရမ့်က သူအာဏာရလျှင် ထိုကိစ္စတွေ ခွင့်မပြုဟုဆိုခဲ့သည်မဟုတ်လား။ ကျွန်တော်က သူတို့အတွေး မှားသည် မှန်သည်ဟု ယတိပြတ်မပြောလိုသော်လည်း သူတို့သည် “အမေရိကန်ကို ဗမာတွေးတွေးသည်” ဟုပြောရမလား ထင်နေ၏။ အမေရိကန်ကို အမေရိကန်လိုတွေးတွေး အမေရိကန်ကိုဗမာလိုတွေးတွေး တွေးခွင့်တော့ လူတိုင်း ရှိသည်မဟုတ်လား။
အမေရိကန်ကို ဘယ်လိုတွေးတွေး လွတ်လွတ်လပ်လပ် တွေးခွင့်ရနေသည်ကတော့ အမှန်ပင်။
မျိုးမြင့်ချို
အောက်တိုဘာ ၇ ရက်။ ၂၀၂၂။

SCO နဲ့ တရုတ်

0 comments

The Shanghai Cooperation Organization (SCO) ခေါ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဟာ အစိုးရတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ၂၀၀၁ ခု ဇွန် ၁၅ ရက်နေ့မှာ စတင်တည်ထောင်ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျီစတန်၊ ရုရှ၊ ပါကစ္စတန်၊ တာဂျီကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ဖြစ်ကြပြီး၊ လေ့လာသူလည်းဖြစ်သလို အဖွဲ့ဝင်ဖြစ်ဖို့လည်း စိတ်ဝင်စားနေကြတဲ့ နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ဘဲလားရုစ်၊ အီရန်နဲ့မွန်ဂိုးလီယားတို့ ဖြစ်ကြပါတယ်။ SCO ရဲ့ ဆွေးနွေးဖော်မိတ်ဘက်နိုင်ငံတွေကတော့ အာမေနီးယား၊ အဇာဘိုင်ဂျန်၊ ကမ္ဗောဒီးယား၊ နီပေါလ်၊ သီရိလင်္ကာနဲ့ တူရကီတို့ဖြစ်ကြပါတယ်။ ၂၀၂၁ ခုနှစ်မှာ အီရန်ကိုအဖွဲ့ဝင်နိုင်ငံဖြစ်လာရေး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ တပြိုင်တည်းမှာ အီဂျစ်၊ ကာတာနဲ့ဆော်ဒီအာရေဗီးယားနိုင်ငံတွေကို ဆွေးနွေးဖော် မိတ်ဘက်နိုင်ငံတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ 

 

SCO စတည်ထောင်စဉ်က ဒေသဆိုင်ရာလုံခြုံရေးကိစ္စတွေအပေါ် အဓိကထားပြီး၊ ဒေသတွင်း အကြမ်းဖက်ဝါဒ၊ လူမျိုးစုများခွဲထွက်ရေးနဲ့ ဘာသာရေးအစွန်းရောက်မှုတွေကို ဆန့်ကျင်ပါတယ်။ ခုနောက်ဆုံးအနေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလည်း ပါလာပါတယ်။

SCO ဟာ ၂၀၀၅ ကစပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ လေ့လာသူဖြစ်လာခဲ့ပြီး ဧပြီ ၂၀၁၀ မှာတော့ ကုလသမဂ္ဂနဲ့ SCO ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကြေညာချက်ကို လက်မှတ်ထိုးခဲ့ကြ ပါတယ်။ ယူနက်စကို(UNESCO) အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေ ရုံးတွေ ကော်မရှင်အချို့ တွေနဲ့လည်း ဒေသတွင်းလုံခြုံမှုတိုးတက်ရေး၊ အကြမ်းဖက်မှုများကြိုတင်ကာကွယ်ရေးနဲ့ အကြမ်းဖက်ဝါဒတန်ပြန်ရေးတွေအပေါ် အလေးထားပူးပေါင်းဆောင်ရွက်နေပါတယ်။ ကမ္ဘာ့လူဦးရေရဲ ၄၀ ရာခိုင်နှုန်းရှိတဲ့ ဒီကမ္ဘာ့အကြီးဆုံး ဒေသဆိုင်ရာအဖွဲ့ကြီးဟာ global gross domestic product (GDP)ကမ္ဘာ့ကုန်ထုတ်လုပ်မှုရဲ့ ၃၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ တချို့ကလည်း ဒီ SCO အဖွဲ့ကြီးဟာ အမေရိကန်ဩဇာလွှမ်းမိုးမှုကို တန်းညှိဖို့အတွက် တရုတ်နဲ့ ရုရှပေါင်းပြီး ဖွဲ့ထားတဲ့ Security Group လို့ဆိုကြပါတယ်။ 

၂၀၂၂ ခု စက်တင်ဘာ ၁၅ ရက်နေ့က ၂၂ ကြိမ်မြောက် SCO နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးကို ဥဇဘက်ကစ္စတန်နိုင်ငံ စမာခန်းမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေ၊ လေ့လာသူနိုင်ငံတွေဟာ အဖွဲ့ဝင်နိုင်ငံတွေအပေါ်နဲ့ ဒေသအပေါ်ရိုက်ခတ်နေတဲ့ အဓိကပြဿနာတွေကို ဆွေးနွေးကြပါတယ်။ ဒီအစည်းအဝေးမှာ အီရန်ဟာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်စေဖို့  Memorandum of Obligations လိုက်နာရန်ဆိုင်ရာစာချွန်လွှာ”ကို လက်မှတ်ထိုးခဲ့ပါတယ်။ သဘောကတော့ အဖွဲ့ဝင်ဖြစ်ဖို့ တဆင့်ပိုနီးသွားပြီဆိုတာပဲဖြစ်ပါတယ်။ အကဲခတ်တချို့ကတော့ အီရန်ဟာ ၂၀၂၃ ဧပြီ ဆိုရင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီလို့ ခန့်မှန်းကြပါတယ်။ အဖွဲ့ဝင်ဖြစ်လာမယ့် အီရန်ဟာ စီးပွားရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ စွမ်းအင်ဆိုင်ရာလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မယ့် ကဏ္ဍသစ်ကို ခြေချမိသွားပါပြီ။ အီရန်နိုင်ငံက သူ့ရဲ့အငြင်းပွားစရာ အနုမြူကိစ္စကြောင့် အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်ခံနေရတာကို ဖယ်ချနိုင်မယ့်ယန္တရားတခု ထူထောင်ရာမှာ ကူညီကြဖို့ SCO အဖွဲ့ဝင်နိုင်ငံတွေကို ပန်ကြားထားတာရှိပါတယ်။ အီရန်နဲ့ရုရှလို အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့ခံထားရတဲ့တိုင်းပြည်တွေကြားကဆက်ဆံရေးဟာ ပြဿနာတွေကို အောင်အောင်မြင်မြင် ကျော်လွှားသွားနိုင်မယ်လို့ အီရန်သမ္မတ Ebrahim Raisi ကပြောပါတယ်။ 

ခုဆိုရင် SCO ဟာ ကမ္ဘာ့ဇာတ်ခုံမှာပြောရေးဆိုခွင့် ကြီးလာနေတဲ့အဖွဲ့ဖြစ်နေပါပြီ။ တစုံလုံးအနေနဲ့ ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးငြိမ်းချမ်းရေးတွေမှာ ပူးပေါင်းလုပ်ကိုင်နေပြီး သစ်လွင်တဲ့၊ ဒီမိုကရေစီကျတဲ့၊ မျှတမှုရှိတဲ့၊ နိုင်ငံရေးနဲ့စီးပွားရေးမှာ ချင့်ချင့်ချိန်ချိန်ရှိတဲ့အဖွဲ့ကြီး ဖြစ်လာဖို့ ရှေ့ရှုနေပါတယ်။ လုံခြုံရေးဆိုတာ အခြားနိုင်ငံတွေကို ထိခိုက်စေပြီးမှ ရလာအပ်တဲ့ အရာမဟုတ်ကြောင်း၊ စစ်အုပ်စုတခုခုဖွဲ့ပြီး အင်အားနဲ့ဖိတာဟာလည်း ဒေသတွင်းလုံခြုံရေးအတွက် အဖြေမဟုတ်ကြောင်း၊ နိုင်ငံတိုင်းရဲ့ လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေကို လေးစားမှုထားပြီး စစ်အေးခေတ်စိတ်ဓာတ်တွေအဆုံးသတ်ဖို့” တရုတ်က အလေးအနက်ထား တိုက်တွန်း ပြောဆိုနေတာရှိပါတယ်။

အပြန်အလှန်လေးစားမှု ပူးပေါင်းဆောင်ရွက်မှုတွေရှိတဲ့ SCO ဟာ  နေတိုးနဲ့ယှဉ်ရင် လုံးဝ ကွဲပြား ခြားနားတယ်လို့ဆိုပါတယ်။ နေတိုးဟာ စစ်အေးခေတ်ရဲ့ထုတ်ကုန်တခုဖြစ်ပြီး နှစ်ဖက်စလုံးရှုံးတဲ့ ရလာဒ်တွေ ထွက်ပေါ်စေပါတယ်။ SCO အနေနဲ့ကတော့ သူ့ရဲ့တည်ရှိမှုကိုမှန်ကြောင်း သက်သေထူဖို့ ရန်သူ မလိုဘူးလို့ဆိုပါတယ်။ ပူးပေါင်းကာကွယ်ရေးမူတွေကို ချဖို့မလိုသလို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ တိုင်းပြည်တွေကိုထိုးနှက်မယ့် လုပ်ငန်းသဘာဝလည်းမရှိပါ။။ အဲဒါတွေဟာ နေတိုးစစ်စာချုပ်တည်ထောင်ခြင်းရဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေအစား SCO ဟာ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အခြားပါဝင်သူတွေအကြား ပူးပေါင်းဆောင်ရွက်ခြင်း ပူးတွဲလုပ်ဆောင်ခြင်းတွေ အမြင့်မားဆုံးတွန်းတင်ဖို့ ရည်ရွယ်ပါတယ်။

 

နေတိုးဟာ ပဋိပက္ခတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို မွေးထုတ်သူဖြစ်ကြောင်း သက်သေသာဓက ပြနေပါတယ်။ နေတိုးဟာ အနောက်တိုင်းတန်ဖိုးတွေကို ရတဲ့နည်းနဲ့ ဖြန့်ချိသူ၊ ကာကွယ်မွေးမြူနေသူ အဖြစ် ပေါက်ဖွားလာတာပါ။ တရုတ်ပြည် ကြီးပွားတိုးတက်လာတာကိုတန်ပြန်ဖို့ သူ့ရဲ့ ပစ်မှတ်ကို ချဲ့ထွင်နေတာပါ။ 

မကြာသေးမီကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက နေတိုးဟာ အဖျက်အင်အားစုဖြစ်ကြောင်း ပြသနေပါတယ်။ သူ့ရဲ့ အဆင်အခြင်မဲ့ချဲ့ထွင်မှုကြောင့် ရုရှရဲ့လုံခြုံရေးကို ခြိမ်းခြောက်ခံရပါတယ်။ အဲဒီကနေ ကမ္ဘာ့အဓိကပဋိပက္ခကြီးတခု အစပျိုးခဲ့ပါတယ်။ နေတိုးဟာ နိုင်ငံတကာ ဖြစ်ရပ်တွေကို စစ်အေးကာလ အဖျက်စွမ်းအားနဲ့ ချဉ်းကပ်တယ်ဆိုတာကိုပြသနေသလို ဒီကနေ့ကမ္ဘာကြီးဟာ မတူတဲ့နည်းတွေနဲ့ အဖြေရှာကြဖို့ မလွဲမသွေလိုအပ်နေတယ်ဆိုတာ ပေါ်လွင်လာပါတယ်။

အနောက်တိုင်းဗဟိုပြု အနောက်တိုင်းဦးဆောင်တဲ့ World Order (ကမ္ဘာ့စနစ်)ဟာ အရှိန်သေနေပါပြီ။ ဒီစနစ်ကြောင့်ပဲ ဒီနှစ်ကျင်းပတဲ့ SCO ထိပ်သီးအစည်းအဝေးမှာ ကမ္ဘာမြေငြိမ်းချမ်းရေး ကြွယ်ဝချမ်းသာရေးတို့ဟာ အရေးထားစရာဖြစ်လာပါတယ်။ ဗလာဒီမာပူတင် ရှိကျင့်ဖျဉ်တို့ အပါအဝင် SCO ခေါင်းဆောင်အသီးသီးဟာ ကိုဗစ် ၁၉ လိုကိစ္စကအစ ကိစ္စရပ်တိုင်းကို မျက်နှာချင်းဆိုင်ဆွေးနွေးကြရုံမက ဧရာမအလှည့်အပြောင်းကြီးတွေနဲ့အတူဖြစ်ထွန်းလာတဲ့ ပထဝီနိုင်ငံရေးကိစ္စကိုလည်း ဆွေးနွေးကြပါတယ်။ 

ဒီနှစ်ကျင်းပတဲ့ SCO ထိပ်သီးအစည်းဟာ အဓိကအပြောင်းအလဲကြီးတခုကို အထိမ်းအမှတ်ပြုလိုက် နိုင်ပါတယ်။ အဲဒါကတော့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာဖြစ်ရပ်တွေမှာ အနောက်နိုင်ငံတွေကို ဗဟိုမပြုတဲ့ကဏ္ဍတခုကို စတင်လိုက်ခြင်းနဲ့ ဒီအဖွဲ့အစည်းကိုယ်၌က “ယနေ့စိန်ခေါ်ချက်တွေကို မနက်ဖြန်အတွက်အခွင့်အလမ်း”အဖြစ် ပြောင်းလဲလိုက်ဖို့ ပိုမိုကောင်းမွန်ကြံ့ခိုင်တဲ့ပြင်ဆင်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မိမိတို့ရဲ့ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေကိုပွဲထုတ်ဖို့နဲ့ ရှေ့လားရာလမ်းကြောင်း တွေကိုရေးဆွဲကြဖို့ဆိုတာက အရေးကြီးပါတယ်။ ဒီနည်းလမ်းဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ၊ စုဖွဲ့ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှုမှတဆင့် မယုံကြည်မှုဆိုတဲ့အန္တရာယ်ကို ဖောက်ထွက်ဖို့  တခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို SCO ပလက်ဖောင်းက အတိအကျကို ဖြည့်ဆည်းပေးပါတယ်။ သမ္မတရှီကျင့်ဖျဉ်က မျက်မှောက်ကမ္ဘာကြီးဟာ ရာစုနှစ်တခုအတွင်းမှာ မြင်ရခဲလှတဲ့ ဧရာမအပြောင်းအလဲကြီးတွေကို ကြုံနေရပါတယ်၊ ဒီအပြောင်းအလဲတွေဟာ အဓိကကျတဲ့အသွင်ပြောင်းလဲမှုအတွက် အခါအခွင့်တွေကို ဖြည့်စွမ်းပေးပါတယ်”လို့ပြောပါတယ်။

ဒီနေ့ကမ္ဘာကြီးဟာ တက်လည်းအတူ ကျလည်းအတူဖြစ်နေတဲ့ ကမ္ဘာကြီးပါ။ ဘယ်နိုင်ငံမှ သီးခြားရပ်တည်နေလို့မရပါဘူး။ ဘယ်နိုင်ငံကမှ ကမ္ဘာကြီးကို လွှမ်းမိုးလို့မရနိုင်ပါဘူး။ နေချင့်စဖွယ်ပိုကောင်းတဲ့ ကမ္ဘာမြေအစစ်ဖြစ်ဖို့ဆိုရင် နိုင်ငံအားလုံးဟာ ဘုံသဘောဆောင်တဲ့ ကြွယ်ဝမှုနဲ့လုံခြုံရေးရာတွေကို ရှေ့ရှုပြီး အလုပ်အတူလုပ်ကြရမှာပါ။ ကြေကွဲစရာအဆိုးသံသရာ ဖန်တီးတာကို ရှောင်ရှားကြရမှာပါ။

သမိုင်းနဲ့ လက်ရှိအဖြစ်အပျက်တွေက ဘာပြနေသလဲဆိုရင် တိုင်းပြည်တွေဟာ မိမိကိုယ်ကျိုးစီးပွား သက်သက်နဲ့ ပြုမူလုပ်ဆောင်လိုက်တဲ့အခါ အဖြေက ကြေကွဲစရာတွေချည်းထွက်လာပြီး၊ လာမယ့်အနာဂတ်ကိုဝေမျှတဲ့ လူ့အဝန်းအဝိုင်းအဖြစ် လုပ်ဆောင်ကြတဲ့အခါ အဖြေက အပြန်အလှန် အကျိုးအမြတ်ဖြစ်ထွန်းခြင်းကို ပြနေတာပဲဖြစ်ပါတယ်။ SCO ထိပ်သီးအစည်းအဝေး အရေးပါလာတာရဲ့အဓိကအကြောင်းက ဒါပဲဖြစ်ပါတယ်။ 

အပြန်အလှန်အကျိုးဖြစ်ထွန်းမှုနဲ့ အပြန်အလှန်ယုံကြည်မှုတွေကို အခြေခံဖွဲ့စည်းထားတဲ့ ဒီအဖွဲ့အစည်းကို ငြိမ်းချမ်းရေးနဲ့ကြွယ်ဝမှုတွေ မြှင့်တင်ရာမှာ အပြုသဘောဆောင်တဲ့ အကောင်းလက္ခဏာဆောင်တဲ့အခန်းကနေပါဝင်ဖို့ ချမှတ်လိုက်တာဖြစ်ပါတယ်။

ချိုဦး

အောက်တိုဘာ ၅။ ၂၀၂၂

CGTN ဝဘ်ဆိုက်မှာ Curtis Stone ရေးတဲ့ 2022 SCO summit marks the beginning of a new era of global politics ဆောင်းပါးကို ဆီလျော်အောင်ပြန်တာဖြစ်ပါတယ်။

Mid-Term နဲ့ထရမ့်ရဲ့ကံကြမ္မာ

0 comments

နိုဝင်ဘာ ၈ ရက်နေ့မှာ House of Representatives ခေါ်တဲ့ အောက်လွှတ်တော်အတွက် Mid-Term Election သက်တမ်းလည် ရွေးကောက်ပွဲရှိပါတယ်။ ကြိုတင်မဲပေးတဲ့သူတွေ ပေးနေကြပါပြီ။ လက်ရှိမှာက အထက်အောက် လွှတ်တော်နှစ်ရပ်လုံးကို ဒီမိုကရက်တွေကစီးထားတာပါ။ ဒါ့ကြောင့် အစိုးရနဲ့လွှတ်တော် ပလနံပသင့်ပြီး ကြံတိုင်းအောင်ဆောင်တိုင်းမြောက်ဖြစ်နေတာပါ။ ဒါတောင် ရေနံထုတ်လုပ်တင်ပို့သူများအဖွဲ့ OPEC ကိုဦးဆောင်တဲ့ ဆော်ဒီအာရေးဗျက ရေနံအထုတ်လျှော့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဆော်ဒီကို ဒဏ်ခတ်ရေးမှာ ဒီမိုကရက်အမတ်တွေနဲ့ အစိုးရအကြား ပွတ်တိုက်မှုတချို့ရှိနေပါတယ်။ ဒီမိုအမတ်တချို့က ဆော်ဒီရဲ့ ဒီဆုံးဖြတ်ကြောင့် အမေရိကန် အထိနာတယ်ဆိုပြီး ဆော်ဒီကို လက်နက်တင်ပို့ရောင်းချပေးနေတာကို ရပ်ထားစေချင်ကြောင်း သမ္မတကိုဖိအားပေးနေကြတာပါ။

အခုလာမယ့် အောက်လွှတ်တော်သက်တမ်းလည် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေရှုံးပြီး ရီပတ်ဘလီကင်အမတ်တွေ အများစုအနိုင်ရမယ့် အခြေအနေရှိပါတယ်။ ဒါကလည်း တယ်ပြီးတော့ မထူးဆန်းလှပါ။ အမေရိကန်မဲဆန္ဒရှင်တွေ လုပ်နေကျအတိုင်း လွှတ်တော်နဲ့အစိုးရ အပြန်အလှန်ထိန်းကျောင်းကြဖို့ လွှတ်တော်ဘက် မဲတင်းပေးတာပါ။ အောက်လွှတ်တော်မှာသာ အများစုအမတ်နေရာနဲ့ ရီပတ်ဘလီကင်တွေ အုပ်စီးမိသွားရင် ဒီမိုကရက်အစိုးရ လုပ်ရကိုင်ရခက်မှာတွေရှိပါတယ်။

အဲ့သလိုခက်မှာတွေထဲက တခုကတော့ ဇန်နဝါရီ ၆ ခေါ်တဲ့ အမေရိကန်လွှတ်တော်ကို လူအုပ်ကြီးနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ အမေရိကန်သမိုင်းမှာ အလွန်အရုပ်ဆိုး အကျည်းတန်ပြီး နိုင်ငံ့အသရေမဲ့စေတဲ့ ဖြစ်ရပ်ကြီးပါ။ ဒီဖြစ်ရပ်ကြီးအတွင်း ပါဝင်သက်ဆိုင်သူတွေ ကို ကျမ်းကျိန်စေကာ  လွှတ်တော်ကဆင့်ခေါ် ကြားနာပြီး တရားရုံးက အပြစ်ပေးနေတာတွေ ရှိပါတယ်။ အဲ့ဒီကော်မတီကို ဒီမိုကရက်အမတ် တွေနဲ့ဖွဲ့ထားတာပါ။  

 

ခုနောက်ဆုံးဖြစ်ပေါ်တိုးတက်မှုမှာ သမ္မတဟောင်းထရမ့်ကို လွှတ်တော်မှာ ကျမ်းကျိန်ပြီး လာရောက်ထွက်ဆိုဖို့ အဲ့ဒီကော်မတီက မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ ခေါ်တာကို မလာရင် ဗဟိုအစိုးရဥပဒေအရ ထောင် ၁ လကနေ ၁၂ အထိ ကျခံရပါလိမ့်မယ်။ အဲ့ဒါကို ထရမ့် ဘယ်လို တုံ့ပြန်မလဲကတော့ စောင့်ကြည့်ရမှာပါ။ စိတ်လည်း ဝင်စားစရာပါ။ သုံးသပ်သူတချို့ကတော့ ခုလုပ်နေတာတွေဟာ ထရမ့်ကို အပြစ်ပေးရေးမပေးရေးထက် သူ့နိုင်ငံရေးကိုသတ်ပြီး အာဏာအဝန်းအဝိုင်းထဲ တခါပြန်ဝင်မလာနိုင်အောင် လုပ်နေကြတာလို့ မြင်ကြပါတယ်။

 

ပြန်ကောက်ရရင် လွှတ်တော်သစ်က ၂၀၂၃ နှစ်ဆန်းမှာခေါ်ယူမှာပါ။ အကယ်၍ ရီပတ်ဘလီကင်တွေသာ အောက်လွှတ်တော်မှာ အများစုဖြစ်ခဲ့ရင် ခု ကြားနာစစ်ဆေးနေတဲ့ ကော်မတီလည်း ဖျက်သိမ်းခံရနိုင်ဖွယ်ရှိပါတယ်။ ဒါဆို ဇန်နဝါရီ ၆ လွှတ်တော်စီးနင်းမှုကြားနာ စစ်ဆေးရေးကိစ္စကြီးလည်း အီလည်လည်နဲ့ပြီးသွားမလားက တွေးစရာပါ။

Thursday, October 6, 2022

“Blockchain ဟာ တရုတ်ပြည်ရဲ့စွမ်းအင်စီမံကိန်းတွေမှာ အရေးပါလာပါပြီ”

0 comments

Blockchain ဟာ တရုတ်ပြည်ရဲ့စွမ်းအင်စီမံကိန်းတွေမှာ အရေးပါလာပါပြီ”

 

ဒီကနေ့ခေတ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေကလူတချို့ဟာ နိုင်ငံတော်ဗဟိုဘဏ်တွေက ငွေကြေးပေါ်လစီတွေချမှတ်တာ၊ အစိုးရတွေကဘဏ္ဏာရေးမူဝါဒတွေရေးဆွဲတာ စီမံခန့်ခွဲတာ ထိန်းချုပ်တာတွေကို ငြီးငွေ့စိတ်ပျက်စပြုလာကြပါတယ်။ အဲ့ဒီအခါ သူတို့ဟာ ဗဟိုဘဏ်တွေ အစိုးရတွေနဲ့လွတ်တဲ့ ငွေကြေးစနစ်တခုကို စဉ်းစားကြံဆလာကြရင်း  Cryptocurrency ကို ဖန်တီးလိုက်ကြပါတယ်။ ဒီ ခရိုက်ပ်တိုကာရင်စီခေါ်တဲ့ ဒစ်ဂျစ်တယ်လ်ငွေကြေးဟာ အစိုးရ ဒါမှမဟုတ် ဗဟိုဘဏ်ဆိုတဲ့ ဗဟိုတခုခုက ထိန်းချုပ်တာကနေလွတ်တဲ့ ငွေကြေးစနစ်တခုဖြစ်ပြီး ဒီငွေကြေးနဲ့ စိတ်ချလက်ချ ရောင်းဝယ်ဖောက်ကားတာ ကုန်သွယ်တာတွေ လုပ်လို့ရတယ်လို့ ဆိုပါတယ်။ ဒီငွေတွေထဲမှာ Bitcoin က လူသိများပါတယ်။ ဘစ်ကွိုင်တွေနဲ့ ရောင်းဝယ်ဖောက်ကား လုပ်တဲ့အခါ ကြားခံအနေနဲ့ ဘဏ်တွေမလိုပါဘူး။ ဒါပေမဲ့ Information တွေတော့လိုပါတယ်။ လိုတဲ့ အင်ဖော်မေးရှင်းတွေကို ကွန်ပြူတာနည်းပညာစနစ်တွေနဲ့ သိမ်းဆည်းထားပြီး တူရာတူရာ လူအချင်းချင်း၊ အဖွဲ့အစည်းတွေ အချင်းချင်း၊ လုပ်ငန်းတူတွေအချင်းချင်း လွှဲတာပြောင်းတာ ပို့တာယူတာတွေလုပ်ရပါတယ်။ 

 

အဲ့သလိုလုပ်ကြတဲ့အခါ Blockchain Technology ဆိုတာပေါ်လာပါတယ်။ Blockchain Technology က အချက်အလက် Data တွေကို တနေရာထဲမှာ ဗဟိုတခုတည်းမှာစုမထားပဲ သူနဲ့ချိတ်ဆက်ထားတဲ့သူမှန်သမျှ သိရအောင်ဖြန့်ခွဲထားပါတယ်။ Data တွေကို Block (အတုံးလေးတွေလို့သဘောထားပါ) တွေထဲမှာသိုလှောင်ထားပြီး အဲ့ဒီအတုံးလေးတွေကို Chain (ချိန်းကြိုးလိုသဘောထားပါ)နဲ့ချိတ်ဆက်ထားပါတယ်။ Block ထဲမှာ ဘာ Data ရှိသလဲဆိုတာ Blockchain Type အပေါ် မူတည်ပါတယ်။ ဥပမာ Bitcoin Block ဆိုပါတော့။ အဲ့ဒီ Block ထဲမှာ ဘစ်ကွိုင်ငွေကြေး ပို့တဲ့သူ လက်ခံမယ့်သူ ပို့တဲ့ငွေပမာဏစတဲ့ အင်ဖော်မေးရှင်းတွေပါဝင်ပါတယ်။ Blockchain ဟာ ဒစ်ဂျစ်တယ်ငွေကြေးကိစ္စမှာတင်မက အခြားအခြားသော နယ်ပယ်တွေ လုပ်ငန်းဆောင်တာတွေမှာပါ အသုံးပြုလို့ရဲ့နည်းပညာ ဖြစ်ပါတယ်။

 

အဲ့ဒီ Blockchain Technology ကို အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများက လူ့အဖွဲ့အစည်းတခုလုံးအတိုင်းအတာနဲ့ လက်တွေ့ကျကျ ဗျူဟာမြောက်အသုံးပြုရေးကို ထည့်သွင်းစဉ်းစားဖို့ရာ မသိကျိုးကျင်ပြုကြဆဲလို့ ဆိုပါတယ်။ တရုတ်ပြည်အနေနဲ့က သက္ကရာဇ် ၂၀၂၅ လောက်ရောက်ရင် Blockchain Technology အသုံးပြုရာမှာ ကမ္ဘာ့ဦးဆောင်နေရာရည်မှန်းတဲ့မူဝါဒတခု ချမှတ် လိုက်တာကို လူအတော်များများ သိမြင်ခဲ့ရမှာပါ။ တရုတ်ပြည်မှာ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် NDRC  ဆိုတာ ရှိပါတယ်။ အဲ့ဒီကော်မရှင်က တရုတ်စီးပွားရေးနဲ့ စပ်လျဉ်းတဲ့ စီမံကိန်းတွေစီမံခန့်ခွဲမှုတွေကို ထိန်းကျောင်းပေးရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ အဲ့ဒီ NDRCအတွင်းပြုပြင်ပြောင်းလဲမှုတွေ ရှိလာပါတယ်။ ၂၀၂၁ ခုနှစ်မှာ NDRC က သက္ကရာဇ် ၂၀၂၅မှာ တပြည်လုံးအတိုင်းအတာနဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးစီမံကိန်း’ တရပ်ကို ထုတ်ပြန်လာပါတယ်။ 

 

ဒီစီမံကိန်းမှာ Blockchain ကို Key Digital Technology လို့ အမည်ပေးထားပြီး သူနဲ့တွဲလျက် Artificial Intelligence, Big Data, and Cloud Computing တွေပါ ပါလာပါတယ်။ ၂၀၂၂ ခုနှစ် အတွင်း အခြေခံအဆောက်အဦဖွံ့ဖြိုးရေးစီမံကိန်းသစ်တွေမှာ တရုတ်အစိုးရအနေနဲ့ အဲ့ဒီ ဒီဂျစ်တယ်နယ်ပယ်ထဲ ပါဝင်လာတာကိုမြင်ရပါတယ်။ ပြီးခဲ့တဲ့လက တရုတ်စွမ်းအင်စီမံခန့်ခွဲရေးဌာန CEA က ကြေညာချက်တရပ်ထုတ်ပြန်ပါတယ်။ CAE ဟာ NDRC အောက်ကနေ တရုတ်ပြည်ရဲ့ စွမ်းအင်ဆိုင်ရာမူဝါဒတွေကို ရေးဆွဲရတာဖြစ်ပါတယ်။ CEA ကြေညာချက်ထဲမှာ Blockchain အခြေပြုတဲ့ စွမ်းအင်ရောင်းဝယ်ဖောက်ကားရေး ပလက်ဖောင်းတခုကို ကြံဆရှာဖွေမယ်ဆိုတာ ပါပါတယ်။ အဲ့ဒီ ပလက်ဖောင်းက ပုဂ္ဂလိကဓာတ်အားပေးလုပ်ငန်းများနဲ့ ပြည်နယ်ပိုင်၊ အစိုးရပိုင် ဓာတ်အားပေးလုပ်ငန်းများအကြား အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးဖို့လို့ဆိုပါတယ်။ 

 

အဲ့ဒီမူဝါဒထဲမှာ ရပ်ကွက်ကျေးရွာတွေကိုမီးပေးနေတဲ့ အသေးစားနဲ့အလတ်စား ဓာတ်အားပေးရေးလုပ်ငန်းတွေနဲ့ ပြည်နယ်ပိုင်နဲ့ နိုင်ငံပိုင်လျှပ်စစ်ဖြန့်ဖြူးရေးတွေကြား ဓာတ်အားရောင်းဝယ်ဖောက်ကားရေးကို ရှာဖွေကြံဆဖို့လည်းပါပါတယ်။ မကြာသေးမီက တရုတ်ပြည်မှာ မိုးခေါင်ရေရှားဖြစ်ခဲ့ပြီး အပူလှိုင်းဖြတ်ခဲ့ပါတယ်။ အဲ့ဒီဒဏ်ကြောင့် ဇီချွမ်းပြည်နယ်ရဲ့ လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းဟာ အလူးအလဲခံခဲ့ရပါတယ်။ စက်မှုလုပ်ငန်းများနဲ့ လူနေရပ်ကွက်များမှာ မီးတွေပြတ်ခဲ့ပါတယ်။ ခု CAEကချတဲ့မူထဲမှာ အလားတူသဘာဝဘေးအန္တရာယ်နဲ့ မိုးခေါင်ရေရှားမှုတွေဖြစ်လာခဲ့ရင် လျှပ်စစ်မီးပျက်တာတွေလျော့ပါးအောင် ဒါမှမဟုတ် ရှောင်ရှားနိုင်အောင်လုပ်ဖို့ ရည်မှန်းချက်ထားတာတွေ့ရပါတယ်။ အဲ့ဒီပရောဂျက်အတွက်တော့ Blockchain ဟာ အခရာကျပါတယ်။  ခိုင်မာတည်တံ့တဲ့ ဒီနည်းပညာရဲ့သဘောက ပွင့်လင်းမြင်သာတဲ့ စာရင်းဇယားနဲ့မီတာခကောက်တာတွေ ဓာတ်အားအလွှဲအပြောင်းလုပ်တာတွေကို ထောက်ကူ ပေးနိုင်ပါတယ်။

 

Blockchain  ဟာ ဗဟိုချုပ်ကိုင်မှုမရှိတဲ့၊ အပြောင်းအလဲလုပ်မရတဲ့ Database ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ Network တခုထဲမှာ အလွှဲအပြောင်းမှတ်တမ်းမှတ်ရာတွေနဲ့ ပိုင်ဆိုင်မှုတွေကို ပိုပြီး လွယ်လွယ်ကူကူ ခြေရာကောက်နိုင်ပါတယ်။ ဝှက်စာနဲ့ရေးထားပြီး လုပ်ငန်းတူချင်းချိတ်ဆက်ထားတဲ့ Blocks တွေ၊ ဆုံမှတ်ပွိုင့်တွေတလျှောက် အလွှဲအပြောင်းမှတ်တမ်းမှတ်ရာတွေကို သိုမှီးထားပေးပါတယ်။ ပိုပြီးအသေးစိတ်ပြောရမယ်ဆိုရင် Data အသစ်တခုဝင်လာလိုက်ပြီဆိုတာနဲ့ အဲ့ဒီ Data ကို Block အသစ်တခုထဲ ထည့်လိုက်ပါတယ်။ အဲ့ဒီ Block မှာ Data ဖြည့်ပြီးသွားတာနဲ့ ချက်ခြင်း သူ့အရင်ရှိနေတဲ့ Block အပေါ်သွားပြီး ချိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒီ Block ဟာ နေ့စွဲစဉ်လိုက်အစီအစဉ်ထဲမှာ သွားပြီး ချိတ်ဆက်ပေးလိုက်ပါတယ်။ ဒီနည်းပညာဟာ ဒစ်ဂျစ်တယ် အင်ဖော်မေးရှင်းတွေကို မှတ်တမ်းပြုဖို့ ဖြန့်ဝေပေးဖို့ဖြစ်ပါတယ်။ ဒီအထဲမှာ တိုးပွားလာတဲ့ Data ရဲ့ လုံခြုံမှု ယုံကြည်စိတ်ချရမှုနဲ့ လာရာလမ်းကြောင်းကိုခြေရာခံနိုင်မှုတို့လည်း ပါပါတယ်။  Data တွေကို တည်းဖြတ်လို့တော့ မရနိုင်ပါ။ 

 

အစိုးရရဲ့ အခြေခံအဆောက်အဦတည်ဆောက်ရေးပရောဂျက်တခုထဲမှာ စိတ်ချရတဲ့ မီတာခကောက်ခံမှုနဲ့ ဓာတ်အားအလွှဲအပြောင်း အထောက်အထားတွေကိုစစ်ဆေးလို့ရပြီး အကျင့်ပျက်ခြစားမှုအန္တရာယ်ကိုလည်း လျှော့ချသွားနိုင်ပါတယ်။ ယေဘုယျသဘောပြောရမယ်ဆိုရင် Blockchain ဟာ ကမ္ဘာနဲ့အဝှမ်းက အစိုးရအမှုထမ်းတွေထဲမှာဖြစ်နေတဲ့ အလွဲသုံးစားအမှုတွေ၊ အလဟသဖြစ်မှုတွေ၊ စာရွက်စာတမ်းအတုအပလုပ်မှုတွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။ တရုတ်လိုနိုင်ငံမှာ ဒီလိုလုပ်ကိုင်ဆောင်ရွက်မှုကို သွတ်သွင်းလာတာဟာ တကယ့်ကို အံ့စရာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ ယုံကြည်စိတ်ချရတဲ့တဲ့လုပ်ငန်းဆောင်တာတွေနဲ့ Blockchain အခြေပြု ထောက်ပံ့ရေးနည်းလမ်းသစ်တွေ အသုံးပြုလာတာဟာတကယ့်ကိုကြီးမားတဲ့ ပရောဂျက်ကြီး တခုပါပဲ။ 

 

ဒီပရောဂျက်ကြီးက အထူးသဖြင့်အမေရိကန်နဲ့ အနောက်တိုင်းဒီမိုကရေစီနိုင်ငံတွေကို အလားတူလုပ်ရေးစဉ်းစားကြဖို့ တွန်းအားပေးပါလိမ့်မယ်။ ဒီလိုလုပ်ဖို့ရာ အနောက်နိုင်ငံတွေရဲ့ လက်ရှိအစိုးရတွေရော အရင့်အရင်အစိုးရတွေလက်ထက်တွေမှာပါ စဉ်းစားချက်မရှိခဲ့သေးပါဘူး။ ပြီးခဲ့တဲ့ မတ်လက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ခရိုက်ပ်တိုကာရင်စီလုပ်ငန်းကိုချဉ်းကပ်ရာမှာ အစိုးရတခုလုံးအပြည့်အဝပါဝင်ရေးနဲ့စပ်လျဉ်းတဲ့ သမ္မတအမိန့် (Executive Order) တခု ထုတ်ပြန်ခဲ့ပါတယ်။ ဒါက Blockchain Technology ကို ဘဏ္ဏာရေးကဏ္ဍတခုတည်းမှာသာ လုံးလုံးလျားလျား အခြေတည်ထားတာဖြစ်ကြောင်း အချက်ပြလိုက်တာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ခရိုက်ပ်တိုကာရင်စီနဲ့ သူ့ရဲ့အသုံးပြုမှုတွေကို ဘဏ္ဏာရေးတန်ဖိုးတွေအဖြစ် ထားရှိရေးပဲဖြစ်ပါတယ်။

 

Blockchain Technology ကို လူ့အဖွဲ့အစည်းတခုလုံးအတိုင်းအတာနဲ့ နယ်ပယ်ပေါင်းစုံမှာ(ဥပမာ စီးပွားရေးအခြေခံအဆောက်အဦလုပ်ငန်းတွေမှာ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးတွေမှာ၊ စာရင်းအင်း လုပ်ငန်းတွေမှာ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ) ဗျူဟာ‌မြောက်အသုံးချနိုင်ရေး ထည့်သွင်းစဉ်းစားဖို့ အခြားအစိုးရတွေနည်းတူ အမေရိကန်အစိုးရဟာလည်း မျက်ကွယ်ပြုနေတုန်း ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ Blockchain အောင်မြင်မှုဟာ စက်မှုလုပ်ငန်းတွေကြီးထွားလာဖို့၊ စစ်နိုင်ဆေးနိုင်ဖို့၊ ရှင်းလင်းမှုရှိစေဖို့တို့ကို ထောက်ကူဖြည့်ဆည်းပေးတဲ့စည်းမျဉ်း မူဝါဒ လုပ်ထုံးလုပ်နည်းအပေါ် မူတည်ပါလိမ့်မယ်။ ဒီနည်းပညာဟာ အသစ်ဖြစ်ပေါ်ကြီးထွားလာမယ့် ကြွယ်ဝမှုတွေကိုမြင်ရဖို့ တခုတည်းသောလမ်းဖြစ်ပါတယ်။

ချိုဦး

အောက်တိုဘာ ၄။ ၂၀၂၂

 

The National Interest ဝဘ်ဆိုက်မှာ MIchael Locketz ရေးထားတဲ့ Blockchain Is Critical to China’s Energy Plans ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားတာဖြစ်ပါတယ်။ အပေါ် ၂ ပိုဒ်က ခရိုက်ပ်တိုကာရင်စီကို ကျနော်နားလည်သလို ပြောပြထားတာပါ။