Friday, February 5, 2021

ကျနော်တို့ဖျက်ချင်တာက

0 comments
(ကျနော်တို့ဖျက်ချင်တာက)
ဥပဒေရှုထောင့်က ဖွဲ့စည်းပုံပျက်ပြီဟု မည်မျှပြောပြော ပကတိနိုင်ငံရေး၏သဘောအရမူ ဖွဲ့စည်းပုံက မပျက်။ သူတို့လက်ထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတခု ဆုပ်ဆုပ်ကိုင်ကိုင်ရှိနေသည်မှာ ငြင်းမရ။ ထိုဖွဲ့စည်းပုံနှင့်အညီ ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရနှင့်လွှတ်တော်ရှိခဲ့ဖူးတာလည်း မှန်၏။ အမတ် ၇၀ ကျော်ဖြင့် ကိုယ့်ဘာသာခေါ်ယူသည့်လွှတ်တော်ကလည်း ထိုဖွဲ့စည်းပုံနှင့်ပင် ကျမ်းကျိန်ထားသည်မှာလည်း မှန်၏။ ၂၀၂၀ ရွေးကောက်ပွဲရလာဒ် အကောင်အထည်ဖော်ရေးဆိုသည်မှာလည်း ထိုဖွဲ့စည်းပုံအောက်က အစိုးရနှင့်လွှတ်တော်ပေါ်ပေါက်လာရေးပင်ဖြစ်၏။ စစ်အုပ်စုက စစ်အာဏာသိမ်းသည်ကိုပင် ထိုဖွဲ့စည်းပုံနှင့်အညီဆိုကာ လက်တလုံးခြားလှည့်ပတ်ကစားသွား၏။ ရှေ့လျှောက်လည်း ထိုဖွဲ့စည်းပုံကိုင်ကာ သွားနေဦးမည်ဖြစ်၏။ ဤသည်တို့ကြောင့် ယခုအာဏာသိမ်းမှုသည် မှန်တမ်းမကျ။ အတော် အဆီအငေါ် မတည့်သည့်ကိစ္စဖြစ်နေ၏။
ဒီချုပ်၏မူမဲ့သောရင်ကြားစေ့ရေးနှင့် စစ်အုပ်စုအား အကာအကွယ်ပေးနေသည်များကို ကျနော်တို့ ဘယ်လောက် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဝေဖန်ခဲ့ တခါမှတော့ “ရန်သူပြော” မပြောခဲ့ကြ။ “ရန်သူမြင်” မမြင်ခဲ့ကြ။ လုပ်ကြည့်ပေ့စေဦး အချိန်တော့ ကိုယ်တိုင်သိနဲ့ အဖြူအမဲသဲကွဲသွားမည်ဆိုကာ တခါတလေ ဘေးမဲ့ပင်ပေးထားသေး၏။ ထိုမျှလောက်ကိုပင် မမြင်နိုင်သူတို့က ကျနော်တို့က စစ်အုပ်စုနှင့်ဒီချုပ်ကို “ပေးစား”သည်ဟု ယိုး၏။ အောင်သွယ်ရုံ နားချရုံမက တကယ့်လက်တွေ့ ဒီချုပ်နှင့်စစ်အုပ်စုကိုပေးစားသွားတာက အမေရိကန်ဖြစ်၏။ အိုဘားမားအစိုးရဖြစ်၏။ တိုးတိုးတိတ်တိတ် သံခင်းတမန်ခင်းတွေအဆုံး ဒေါ်စုကို ကိုယ်တိုင်လာတွေ့သလို ဦးသိန်းစိန်ကိုလည်း အိမ်ဖြူတော်ခေါ် ကျောသပ်ရင်သပ်လုပ်ပေးခဲ့တာ လူတိုင်းအသိပင်။ ထားတော့။
အာဏာတစိတ်တပိုင်းနှင့်မတင်းတိမ်နိုင်သောစစ်အုပ်စုက မူမမှန်သည့်အကြောင်းပြချက်တွေနှင့် ယခု အာဏာသိမ်း၏။ ထိုအကြောင်းပြချက်တွေကို ဒီချုပ်က လိုက်လိုက်လျောလျော လိုက်ဖြေရှင်းစေဦး သူတို့တွင် “နင်မဟုတ် နင့်အမေ” အကြောင်းပြချက်တွေကရှိ၏။ ဒီချုပ်ဘက်က လူထုအပ်နှင်းထားသည့်အခွင့်အာဏာကိုကိုင်၍ သူတို့ လည်မြိုအညှစ်ကိုမခံပဲ မလိုက်လျောခဲ့တာ နိုင်ငံရေးအရမှန်၏။ သမိုင်းလည်း လှ၏။ ကိုဗစ်အန္တရာယ်ကြားမှ မဲပေးခဲ့သည့် ပြည်သူလူထု၏ ဆန္ဒနှင့်လည်းကိုက်ညီ၏။ ထောက်ခံရမည်ဖြစ်၏။
အစကိုပြန်ကောက်ရလျှင် ယခုစစ်အုပ်စုသည် ဖွဲ့စည်းပုံတအုပ်နှင့် အာဏာသိမ်းသွားပြီဖြစ်၏။ ကျနော်တို့က ထိုဖွဲ့စည်းပုံကို ဖျက်ချင်သူများ။ သို့နှင့်တိုင် အာဏာမသိမ်းခင် ဗိုလ်မင်းအောင်လှိုင်က “ဖွဲ့စည်းပုံဖျက်မည်”ပြောတော့ ကျနော်တို့ ဝမ်းမသာခဲ့။ ဆန့်ပင် ဆန့်ကျင်ခဲ့ကြ၏။ ထိုဖွဲ့စည်းပုံသည် ဖျက်ရမည်မှန်သော်လည်း စစ်အာဏာသိမ်း နည်းနှင့် ဖျက်ရမှာမဟုတ်။ ထိုနည်းသည် မှန်ကန်သည့်နည်းမဟုတ်။ လူထုပါဝင်သည့် လူထုနည်းနှင့်ဖျက်ရမည်ဖြစ်၏။ သို့မှသာ နည်းမှန်လမ်းမှန်ကျ၏။
အခုထိတော့ ထိုဖွဲ့စည်းပုံကို ကျနော်တို့ မဖျက်နိုင်သေး။ ဖွဲ့စည်းပုံဖျက်ရေးဦးတည်ရည်မှန်းသော်လည်း ဖွဲ့စည်းပုံဖျက်ရေးကို အန္တိမရည်မှန်းချက်အဖြစ်တော့ မထားအပ်။ ၂၀၀၈ ဖွဲ့စည်းပုံဖျက်ရေးသည် စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တရား အကုန်အစင်ဖျက်သိမ်းရေးအတွက် “အစချီချက်” အဖြစ် ထားရမည် ဖြစ်၏။ သူတို့လက်ထဲတွင် ဖွဲ့စည်းပုံ မပျက်မယွင်းရှိနေတာကို ကျနော်တို့ နိုင်ငံရေးပကတိအရမြင်ရန်လို၏။
မျိုးမြင့်ချို။ ဖေဖော်ဝါရီ ၅။ ၂၀၂၁

ငုံ့ခံရေးအတွေးအခေါ်ကို ဆန့်ကျင်ကြ

0 comments
ငုံ့ခံရေးအတွေးအခေါ်ကို ဆန့်ကျင်ကြ
မောင်သန်းမြရွှေ
ဗမာပြည်နိုင်ငံရေး အချိုးအကွေ့တရပ်ကို ရောက်နေပြီ။ လူထုမဲနဲ့ ရွေးကောက်ခံသမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အစိုးရအဖွဲ့နဲ့ ဒီချုပ်ခေါင်းဆောင်အချို့ကို မင်းအောင်လှိုင်စစ်တပ်က အလွယ်တကူ အာဏာသိမ်းပြီး ကြက်ကလေး ငှက်ကလေးလို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က အသိအမှတ်မပြု၊ လွှတ်တော်ခေါ်ခွင့်မပေးလို့ ဒီချုပ်အမတ်များ နေပြည်တော်စည်ပင် ဧည့်ရိပ်သာမှာ အချုပ်ကျခဲ့ရပါတယ်။
ဒါလောက် ဖြစ်ပျက်နေတာကို - လာဖမ်းမှာကို အိမ်ကစောင့်နေတယ်၊ လမ်းပေါ်မထွက်ကြနဲ့၊ ထိန်းထိန်းသိမ်းသိမ်းနေကြပါ၊ ထောင်ချောက်ထဲမဝင်ကြပါနဲ့၊ ကျန်းမာစွာရှိပါတယ်၊ ထိန်းထားစဉ်ကကာလ ကောင်းကောင်းမွန်မွန်ကျွေးလို့ ကျေးဇူးတင်ပါတယ်၊ သွေးမြေမကျ အကြမ်းမဖက်တော်လှန်ရေး တဲ့။ ဘယ်လိုနားလည်ရမှာပါလဲ။ အာဏာသိမ်း ၃ ရက်မြောက်နေ့မှာမှ (၃ ဖေဖော်ဝါရီ ၂၀၂၁) ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အနေနဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်ထွက်ပါတယ်။ မည်သို့ပင်ဖြစ်စေ ဒီကြေညာချက်ကို ကြိုဆိုပါတယ်။ တိုးချဲ့စေချင်ပါတယ်။
ယခုလုပ်နေတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience ကိုလည်း အားပေးပါတယ်။ ဒါလောက်နဲ့ ရပ်မနေဖို့၊ အာဏာယန္တရားကို ကာယကံမြောက်ထိခိုက်စေတဲ့ လှုပ်ရှားမှုများ အနှံ့အပြား ဖြစ်လာစေဖို့နဲ့ နိုင်ငံရေးသပိတ် လူထုတိုက်ပွဲသို့ တက်လှမ်းဖို့လိုပါတယ်။ ပြည်တွင်းပြည်ပ စာနာထောက်ခံမှုရဖို့ ကူသူများဖို့လည်း တရားဝင်မှုကိုဆုပ်ကိုင်ပြီး ရှေ့ထွက်ရပ်ပြဖို့ လိုပါတယ်။
စစ်အုပ်စုက သူတို့ရေးခဲ့တဲ့ ၂၀၀၈ ခြေဥကိုတောင် မလိုက်နာနိုင်ဘဲ အာဏာသိမ်းခဲ့ပြီးနောက် ဘာကိုများ မျှော်လင့်နေပါသေးသလဲ။ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက အမိန့်တွေ ကြေညာချက်တွေ ဆက်တိုက်ထုတ်ပြီး သူတို့အာဏာခိုင်အောင် ဖြုတ်ထုတ်ရှင်းတွေ လုပ်နေပါတယ်။ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဖမ်းဆီးတာ ရုံးတင်တရားစွဲတာ၊ Facebook ယာယီပိတ်တာ၊ ခရီးသွားလာမှု ကန့်သတ်တာ စတာတွေ ဆက်တိုက်လုပ်နေပါတယ်။
ပြည်တွင်းဖြစ် စစ်ဖက်ဆစ် စစ်အာဏာရှင်အစိုးရက အာဏာအတွက်ဆိုရင် ဘာမဆိုလုပ်မှာပါ။ ပုဒ်မ ၁၄၄ မာရှယ်လော၊ စစ်အုပ်ချုပ်ရေး၊ စစ်ခုံရုံး စတာတွေ လာပါလိမ့်ဦးမယ်။ ပစ်ရင်မိုးပေါ်ထောင်မဖောက်ဘူး ဆိုတာတွေ လာပါလိမ့်ဦးမယ်။ သက်ညှာမှုကို စိတ်ကူးယဉ်မျှော်လင့် နေလို့ မဖြစ်ပါဘူး။ စစ်အုပ်စုဟာ ဖောက်ပြန်ရေးပရိယာယ် ကြွယ်ပါတယ်။
သမိုင်းမှာ မခုခံရအမိန့်ထုတ်ခဲ့တဲ့ သီပေါမင်းရဲ့ ပါတော်မူသင်ခန်းစာရှိခဲ့ပါတယ်။ ၂၀၀၃ ဒီပဲယင်းအရေးအခင်း သင်ခန်းစာလည်း အတိတ်ကိုမမေ့သေးသူများအဖို့ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ မခုခံရအမိန့်ကြောင့် ဒီပဲယင်းအရေးအခင်းပြီး နောက် ၄ နှစ်ကြာမှ ရွှေဝါရောင်အရေးအခင်း (၂၀၀၇) ပေါ်ပေါက်ပါတယ်။ ၉၀ ရလဒ်ကတော့ ကိုယ့်ဖာသာကိုယ် ဖျက်သလိုဖြစ်ခဲ့တာပါ။
၄ ဖေဖော်ဝါရီ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များရဲ့ တရားဝင်အခွင့်အဏာ ထုတ်ဖော်တဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ၅ ဖေဖော်ဝါရီ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဖွဲ့စည်းခြင်းကို ထောက်ခံပါတယ်။ ပြည်တွင်းပြည်ပ ထောက်ခံမှုကိုတိုးချဲ့၊ လွှတ်တော်ဥက္ကဋ္ဌဟောင်းများ ထောက်ခံကြောင်းယူ၊ ပဲရစ်ဘုံအဖွဲ့ကာလက တင်းနစ်ကွင်းလွှတ်တော်ပုံစံမျိုး (သို့) နေသူရိန်အစည်းအဝေး ပုံစံမျိုး လွှတ်တော်ထပ်လုပ်၊ လူထုအကာအကွယ်ယူရမှာပါ။
စစ်အစိုးရက တရစပ်ဖိနှိပ်နေတဲ့ကာလမှာ အချိန်နဲ့လက်ဦးမှုဟာ သိတ်အရေးကြီးပါတယ်။ ဒီအချိန်မှာ လွတ်လပ်ရေးတိုက်ပွဲကာလနဲ့ ၈လေးလုံးကာလက ကိုင်စွဲခဲ့တဲ့ "ရရင်ရ မရရင်ချ" ဆိုတဲ့ ကြွေးကြော်သံနဲ့ ပိုင်းဖြတ်ချက်ရှိတဲ့စိတ်ဓာတ် နဲ့သာ စစ်အုပ်စုရဲ့ ဗိုလ်ကျရမ်းကားမှုကို ဆန့်ကျင်တိုက်ဖျက်နိုင်ပြီး ၂၁ရာစု ဗမာပြည်သမိုင်းသစ်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
ဗမာပြည်လူထုကြီးဟာ နိုင်ငံရေးအတွေ့အကြုံ ရင့်ပါတယ်။ လက်တွေ့ကျပါတယ်။ ဘယ်တုန်းကမှ ငုံ့မခံခဲ့ပါဘူး။
(၄ ဖေဖော်ဝါရီ ၂၀၂၀)

တဆင့်တိုး တိုက်ပွဲဝင်ကြ

0 comments

တဆင့်တိုး တိုက်ပွဲဝင်ကြ

ရဲဘော်ဖိုးသံချောင်း

ဘယ်အခါကနဲ့မှမတူအောင် ဗမာပြည်သားတွေ ဆင်းရဲကြပ်တည်း၊ ကိုဗစ် ဖိစီးဒဏ်ခံနေရချိန်မှာ ကိုယ်ကျိုးကလွဲပြီးဘာကိုမှ မထောက်ထားတဲ့စစ်အုပ်စု ထိပ်သီး တွေက ဗမာပြည်ရဲ့ စတုတ္ထအကြိမြောက်အာဏာသိမ်းပွဲ ကို နေရာအရပ်ရပ်မှာ သံချပ်ကားတွေ၊ စစ်ရဟတ်ယာဉ်တွေ ဥဒဟို ပြေးလွှား၊ စစ်သားတွေဖြန့်ကြက် အင်အားပြနဲ့ လူထုကို ခြောက်ခြားအောင်လုပ်ပြီး စံကျတဲ့ အာဏာသိမ်းပွဲတရပ်ဖော်ထုတ် လိုက်ပါတယ်။

 

တကယ်တော့ဒီအကြိမ် အာဏာသိမ်းပွဲဟာအခုမှရုတ်တရက်ဗြုန်းစား ပေါ်လာတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမတိုင်မီကတည်းက အာဏာသိမ်းလိမ့်မယ်လို့ သတင်းတွေ ထွက်နေတာ အကျယ်ကြီး၊ အကြာကြီးပါ။ ဒါဟာ အာဏာသိမ်းမယ့်လူတွေက ခြိမ်းခြောက် တဲ့အနေနဲ့ တမင်သတင်းဖြန့်နေတာဖြစ်နိုင်သလို တာဝန်ရှိသူတွေ-အစိုးရဆိုသူတွေက တမင်မသိကျိုးနွံပြုနေတာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပစေအခုတော့ ကိုဗစ်-၁၉ ရောဂါကခြောက်လှန့်၊ အငတ်ဘေးကဖိစီးနဲ့ ပြည်သူတွေ စစ်ဘီလူးကသူရဲစီးတာခံကြရ ပြန်ပြီ။ စစ်တပ်ဟာသူတို့လိုချင်တာကို လက်နက်နဲ့ပဲ အရယူတယ်ဆိုတဲ့ ဓားပြဓလေ့ မြင်တွေ့ကြရပြန်တာဖြစ်ပါတယ်။

 

ဒီကနေဆက်စဉ်းစားစရာဖြစ်လာတာတွေက- ၂ဝဝ၈ဖွဲ့စည်းပုံဥပဒေရှိနေသမျှတော့ စစ် အုပ်စုကလုပ်ချင်တာလုပ်နေမှာပဲ၊ ၂ဝဝ၈ဖွဲ့စည်းပုံကိုလွှတ်တော်အတွင်းကနေပြင်ဆင်မယ် ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ဗိုလ်မင်းအောင်လှိုင်ရဲ့ တရက်တမျိုးပြောတဲ့စကားတွေကို အတည် သဘောထားယုံနေလို့ဖြစ်ပါ့မလား၊ သူတို့ပြောတဲ့ နောက်တနှစ်နေရင် သူတို့က လုပ်ပေး မယ်ဆိုတဲ့ရွေးကောက်ပွဲဟာ တရားဥပဒေနဲ့မညီရုံမက တရားမျှတမှုရှိမယ်လို့ကော ယုံလို့ ဖြစ်ပါ့မလား။

ဒီတချီမှာဗိုလ်မင်းအောင်လှိုင်က အရှေ့အနောက်၊ နိုင်ငံကြီးနိုင်ငံငယ်တွေ ပုံစံမျိုးစုံနဲ့ သတိပေးနေတဲ့အကြားက လုပ်လိုက်တာဟာ ဘယ်နိုင်ငံကိုမှအလေးမထားဘူးလို့ မောက် မာပြလိုက်တဲ့အဓိပ္ပာယ်လည်းထွက်ပါတယ်။

နဂိုကတည်းကမှ အိုင်စီဂျေရောက်၊ အဆင်းရဲဆုံးနိုင်ငံစာရင်းရောက်နဲ့ အရှက်တကွဲဖြစ် နေရတဲ့နိုင်ငံနဲ့အစိုးရဟာ အခုလိုကိုဗစ်ကာလမှာတောင် အာဏာသိမ်းရဲတယ်ဟေ့ဆိုတဲ့ မိုက်ဂုဏ်တခုတော့တိုးသွားတာပေါ့။ ကိုဗစ်ကာလဖြစ်လို့ လူစုလူဝေး လုပ်ဖို့ အခွင့်သာမှာ မဟုတ်ဘူးလို့ လူထုအခြေအနေကို လျှော့တွက်တာလည်း ဖြစ်နိုင်ပါတယ်။ ပြည်သူလူထု အဖို့ကတော့ စစ်တပ်ရဲ့အခန်း၊ ရွေးကောက်ပွဲရဲ့အဓိပ္ပာယ်၊ အရပ်သားအစိုးရဆိုတာရဲ့အစွမ်း စတာတွေကို ပိုလို့ပိုလို့နားလည် လာကြပါတယ်။ တဆက်တည်းမှာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်လမ်းကိုယ်ပဲ လျှောက်ရမယ်၊ စစ်အုပ်စုနဲ့ထိပ်တိုက်ဖြေရှင်းမှရတော့မယ်ဆိုတာကို သဘောပေါက်လာကြပါတယ်။

တကယ်တော့ စစ်အင်အားနဲ့အာဏာသိမ်းတယ်ဆိုတာဟာ အာဏာရယူနည်းတွေထဲ မှာ အောက်တန်းအကျဆုံးလို့ပြောရင်ရပါမယ်။ လက်နက်ရှိတဲ့လူချင်းတိုက်ခိုက်ပြီးအာဏာ ရယူတာမျိုးနဲ့တခြားစီပါ။ နိုင်ငံအုပ်ချုပ်သူတွေအကြားမှာအုပ်စုတွေဖွဲ့၊ စစ်တပ်တွေ၊ စစ်ဗိုလ် တွေအကြားမှာအုပ်စုတွေဖွဲ့၊ ဂိုဏ်းဂဏ၊ အုပ်စုဖွဲ့တဲ့ မသမာနည်းတွေကနေ တဆင့် တက်လာတဲ့နည်းနာဖြစ်ပါတယ်။ အာဏာသိမ်းတဲ့လူတွေဟာ ဘယ်သူ့ကိုမှမျက်စိမထား သူတွေဖြစ်လေတော့ အာဏာရတော့လည်း ဘယ်သူ့ကိုမှမထောက်ထား၊ အားလုံးကိုကိုယ့် လက် အောက်ခံသဘောထားပြီး ဖိနှိပ်ညှဉ်းပန်းလေ့ရှိပါတယ်။ ဒါ့အပြင် အုပ်စု အလေ့ပါလာတဲ့ အာဏာရှင်အုပ်စုမို့ သူတို့ချင်းလည်း များမကြာမီပဲ ဇာတ်ခေါင်းကွဲ တတ်ပါတယ်။

ဒါပေမဲ့ အဲဒီမောက်မာမှုကြောင့်ပဲ သူတို့ဟာပြည်သူလူထုကိုနားမလည်ဖြစ်ပြီး ပြည်သူ လူထုရဲ့ဆန့်ကျင်မှုကိုနည်းမျိုးစုံရင်ဆိုင်ကြရပါတယ်။ ဗမာပြည်ပြည်သူလူထုဟာ လက်နက် စွဲလို့ရော၊ လက်နက်မဲ့ပါ ရာစုနှစ်တခုခန့် ဖိနှိပ်သူအမျိုးမျိုးကိုရင်ဆိုင် တိုက်ခိုက်ခဲ့ကြတယ် ဆိုတာ မမေ့သင့်ပါဘူး။ ဒီတချီလည်းခြွင်းချက်မဖြစ်နိုင်ပါဘူး။

ပြည်သူတွေဘက်ကကြည့်ရင်တော့ ဒီတခါတိုက်ပွဲဟာပစ်မှတ်ရှင်းပါတယ်။ ဘယ် သူ(တွေ)နဲ့ မဟာမိတ်လုပ်ရမယ်ဆိုတာလည်းရှင်းပါတယ်။ ပြည်သူတွေအနေနဲ့ နည်း ပေါင်းစုံနဲ့ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ခုခံဆန့်ကျင်နေကြတာကို လေးလေး နက်နက် ထောက်ခံပါတယ်။ တဆင့်တိုးပြီး တိုက်ပွဲဝင်လာကြလိမ့်မယ်လို့လည်း ယုံကြည် မျှော်လင့်ပါတယ်။

Wednesday, February 3, 2021

Civil Disobedience

0 comments

စကားလုံးတိုင်း၏နောက်ကွယ်တွင် အနက်အဓိပွါယ်ရှိသလို အဘိဓမ္မာလည်းရှိပါသည်။ Civil Disobedience လည်း အတူတူပင်။ ဤနေရာတွင် စကားလုံး၏အဘိဓမ္မာနှင့်အနက်အဓိပ္ပါယ်ကိုပြောစရာ မလိုတော့ဟုယူဆသဖြင့် မပြောတော့ပါ။ ဘာသာစကားအရလည်း လူအများနားလည်သိမြင်ပြီး ဖြစ်သည်ဟုလည်း ယုံပါသည်။ သို့သော် ဤသို့သော်က အရေးကြီးမည်ထင်ပါသည်။ “ဘာသာစကားအရနှင့်လူအများ”ကိစ္စဖြစ်ပါသည်။ မျက်နှာဖြူလူမျိုးတွေ တွေ့တိုင်း “အင်္ဂလိပ်တွေ”ဟုပြောပြီး စပိန်နိုင်ငံကို စပလိန်နိုင်ငံဟုဆိုသည့် အခြေခံလူတန်းစားများအတွက်တော့ အနက်အဓိပ္ပါယ်နှင့် လှုပ်ရှားလုပ်ဆောင်မှုကို သိစေဦး စကားလုံးအသံထွက်ပြောရန်ခက်ပါလိမ့်မည်။ ထိုသူတို့မှာ “လူအများ”ဖြစ်နိုင်ပါသည်။ တချို့ကမူ အနက်အဓိပ္ပါယ်နှင့်လှုပ်ရှားလုပ်ဆောင်မှုကိုတောင် သိလိမ့်မည်မထင်ပါ။ လှုပ်ရှားမှုတရပ်ရပ်တွင် ပြည်သူအများ ပါဝင်လာစေရန်ဆိုလျှင် လူအများနားလည်မည့် ဝေါဟာရတွေစကားလုံးတွေ သုံးရမည်ဖြစ်ပါသည်။ ယခု လှုပ်ရှားမှုမျိုးကို တချိန်က “ဘူး”လှုပ်ရှားမှုဟုခေါခဲ့ပြီး “ဘူးအသင်းများ”လည်းရှိခဲ့ပါသည်။ အစိုးရနဲ့မဆက်ဆံဘူး ဒိုင်အာခီကိုအသိအမှတ်မပြုဘူး၊ အခွန်မဆောင်ဘူး စသဖြင့် ဘူးခံခဲ့သည့် သာဓက။ “ဘူး” လှုပ်ရှားမှုကို လူအများနားလည်ခဲ့ပါသည်။ ယခုလည်း Civil Disobedience လှုပ်ရှားမှုဖြစ်လာပါသည်။ ထိုစကားလုံး အတွက် အာဏာဖီဆန်ရေးဟု မြန်မာပြန်လည်းရှိနေပါသည်။ အလွန်တာသွားသည့်စကားလည်း ဖြစ်ပါသည်။ Civil Disobedience နှင့်စာလျှင် အာဏာဖီဆန်ရေးစကားလုံးက “လူအများ”ကြား အကျလွယ်သလို အရောက်လည်း လွယ်ပါသည်။ ထို့ကြောင့် အင်္ဂလိပ်လို Civil Disobedience ဟုပြောမည့်အစား ဗမာလို “အာဏာဖီဆန်ရေး”ဟုပြောက ပိုသင့်မည်ဟုအကြံပြုလိုပါသည်။

 

နောက်တခုက ထို အာဏာဖီဆန်ရေးကို လုပ်ဆောင်နည်းများဖြစ်ပါလိမ့်မည်။ လမ်းမတွေပေါ်တက်ပြီး လူထုဘ လှုပ်ရှားမှုတွေအပါအဝင် စစ်အာဏာသိမ်း Regime နှင့် မပတ်သက်ဘူး ခေါ်လျှင်မသွား ခိုင်းလျှင်မလုပ် အမိန့်မှန်သမျှ မနာခံ စသည်ဖြင့် အာဏာဖီဆန်မှုတွေရှိသလို ထို စစ်အာဏာသိမ်း Regime အား မကျေနပ်ကြောင်း ထိုလုပ်ရပ်ကို မနှစ်မြို့ကြောင်း အခြားသဏ္ဍန်များနှင့် ဖော်ပြချက်များလည်းရှိနိုင်ပါသည်။ ဥပမာ သံပုံးတီး တောထုတ်ခြင်း၊ ဖယောင်းတိုင်မီးထွန်းခြင်း ဆိုရှယ်မီဒီယာများမှနေ၍ လှုံ့ဆော်ဖော်ပြခြင်း စသည်တို့ဖြစ်ပါသည်။ ဤနေရာတွင် အာဏာသိမ်း အစိုးရအား Regime ဟု အင်္ဂလိပ်သုံးသည်မှာ Government နှင့် ကွဲစေရန်ဖြစ်ပါသည်။ Government ကို အစိုးရဟုပြန်ပြီး Regime ကို အာဏာရှင်အစိုးရဟု ပြန်မှဖြစ်မည်ထင်ပါသည်။ အာဏာရှင်မှာမှ “စစ်အာဏာရှင်” ဖြစ်ပါသည်။ တိုင်းပြည်ပေါ် ဓားမိုးအုပ်ချုပ်ခြင်းဖြစ်ပါသည်။ သေနတ်ခါးထိုး စိုးမိုးဗိုလ်ကျခြင်းဖြစ်ပါသည်။

 

ကျနော်အနေဖြင့်မူ စစ်အာသိမ်းသည့်လုပ်ရပ်အား မည်သည့်နည်း မည်သည့်သဏ္ဍန်ဖြင့် ဆန့်ကျင်သည်ဖြစ်စေ ဖော်ထုတ်ပြသသည်ဖြစ်စေ ဖီဆန်သည်ဖြစ်စေ လှိုက်လှိုက်လှဲလှဲထောက်ခံပါသည်။ အားပေးပါသည်။ ကျနော်လည်း တတ်နိုင်သမျှ ပါဝင်ပါသည်။ ပြည်သူလူထုတရပ်လုံး နိုးနိုးကြားကြားဖြင့်ပါဝင်ဆောင်ရွက်လာရေးကိုလည်း အလိုရှိပါသည်။

မျိုးမြင့်ချိ

ဖေဖော်ဝါရီ ၃၊ ၃၀၂၁

Monday, February 1, 2021

တွေးမိရာရာ

0 comments
ကျနော်တို့ခေတ်တုန်းကတော့ ရှင်းတယ်။ ဖမ်းလိုက်ပြီဆို ထောင်ချဖို့ပဲ။ အဲ့ဒီအထဲမှာမှ သူတို့သုံးလို့ရမယ့်လူ ပြန်လွှတ်ပေးပြီး မွေးတာတို့၊ လက်နက်ချခိုင်းပြီး ပြန်လွှတ်ပေးတာတို့၊ ကိုင်းဖျားကိုင်းနားသိတ်ကျလွန်းသူတွေကို ခံဝန်ထိုးပြီးလွှတ်တာတို့ စတာတွေရှိတယ်။ ပြောရရင် များပါတယ်။ အများတကာအများစုကြီးကတော့ ထောင်ကျကြတာပါပဲ။ ခုလည်း ဖမ်းထားပြီ။ ခုဖမ်းတာက ကျနော်တို့တုန်းကလို နိုင်ငံရေးသမားသက်သက်မဟုတ်တော့ဘူး။ Activists တွေသက်သက်မဟုတ်တော့ဘူး။ အစိုးရအဖွဲ့ဝင်ဆိုတာတွေဖြစ်လာပြီ။ ဒေါ်စုတောင် ဟိုတုန်းကဒေါ်စုမှမဟုတ်တော့တာ။ ဒီလူတွေကို ဘာလုပ်မလဲဆိုတာကတွေးစရာရှိတယ်။ ခုတကြိမ် စစ်အုပ်စုရဲ့ဦးတည်ပစ်မှတ်က ဒီချုပ်ဖြစ်တယ်။ ဘေးပန်းကနေပါသွားသူလည်း နည်းနည်းပါးပါး ပါသွားနိုင်တယ်။ ပစ်မှတ်က ဒီချုပ်ဆိုတာတောင် ပါတီလိုင်းနဲ့အစိုးရလိုင်း ခွဲကိုင်တဲ့သဘောရှိနေတယ်။ ခု ပြန်လွှတ်တဲ့လူ လွှတ်ပေးနေတာတွေလည်း ကြားနေရတယ်။ နောက်ထပ်လည်း ကောက်သင်းကောက် ဖမ်းနိုင်တာတွေရှိလိမ့်မယ်ထင်တယ်။ ဒီကာလမှ လူထုလှုပ်ရှားမှုအကြီးကြီးတွေမပြောနဲ့ သေးသေးမွှားမွှားလေးတွေကိုတောင် နာလန်မထူအောင်နှိပ်ကွပ်ပစ်မှာပဲ။ အဲ့လိုပြောလို့ ကြောက်ဖို့မဟုတ်ဘူး။ ဖြစ်စရာရှိတာကိုပြောတာပါ။ တွေးစရာက ထောင်တွေထဲမှာ လက်ရှိနိုင်ငံရေးအကျဉ်းသားတွေရှိနေတယ်။ သူတို့ကို ဘယ်လိုသဘောထားမလဲ။ လွတ်ငြိမ်းသက်သာ တခုခုပေးပြီးပြန်လွှတ်မလား မလွှတ်ပဲဆက်ဖမ်းထားမလားက မရေရာဘူး။ တကယ်တော့ ဒီလူတွေဟာ အစိုးရ(ဟောင်း)ရဲ့ တရားစီရင်မှုယန္တရားဟောင်းက ဖမ်းဆီးချုပ်နှောင် ထောင်ချထားသူတွေပဲ။ သူတို့ကိုလွှတ်ရင် ဝီရသူတို့ ဘူးလက်လှဆွေတို့ မိုက်ကယ်ကျော်မြင့်တို့လည်း လွတ်လာမှာပဲ။ မလွှတ်ရင်ရော ဘာဖြစ်မလဲ။ အသစ်ဖမ်းလိုက်တဲ့လူတွေကိုရော ဘာလုပ်မှာလဲ။ ထောင်ချမှာလား။ ချရင်ရော စစ်ခုံရုံးတို့ အထူးတရားရုံးနဲ့ချမှာလား။ ဘာမှမချပဲနဲ့ ဆွေးနွေးပြီး လွှတ်ပေးပြီး ကြိုးရှည်ရှည်နဲ့လှန်ထားရင်ရော မဖြစ်နိုင်ဘူးလား။ တွေးစရာတွေကများပါတယ်။ တခါ ဒီချုပ်ကိုရော ဘယ်လိုသဘောထားမလဲ။ ပါတီတည်ရှိခွင့် လွတ်လွတ်ကျွတ်ကျွတ်ပေးမလား။ ခေါင်းဖြတ်ပြီး ကိုယ်လုံးချည်းချန်တဲ့နည်း သုံးမလား။ ဒါမှမဟုတ် "ကိုင်"လို့ရမယ်လူတွေလက်ထဲ ဒီချုပ်ကိုအပ်ပြီး မသေမရှင်လုပ်ထားမလား။ ဦးအောင်ရွှေတို့လက် အပ်ထားချိန်ကလိုပေါ့။ ဒီချုပ်ဘက်ကရော ပါတီဖျက်မယ်ဆို အခြိမ်းခြောက်ခံရရင် ဘာလုပ်မလဲ။ ဘာပဲလုပ်ရလုပ်ရ လိုက်လျောရလျောရ ပါတီမပျက်ဖို့အဓိကဆိုတဲ့မူနဲ့ စေ့စပ်ပြီး ပါတီအသက်ဆက်ရေးလုပ်မလား။ စတာတွေကလည်းတွေးစရာတွေပါ။ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကိုဖျက်ပစ်လိုက်ပြီဆိုတဲ့ သေချာတာတခုကလွဲလို့ စစ်အုပ်စုခြေလှမ်း မခန့်မှန်းနိုင်သေးခင်မှာ စဉ်းစားစရာတွေကများကြမှာပါပဲ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၊ ၂၀၂၁

အာဏာသိမ်းပွဲနဲ့ပတ်သက်လို့

0 comments
၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူး ဆန့်ကျင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကအစိုးရ ဘာအစိုးရလဲဆိုတာကိုလည်း သိပါတယ်။ ဒါပေမဲ့ဒီအစိုးရဟာ လူထုကရွေးကောက်ထားတဲ့အစိုးရဖြစ်တယ်။ ဒါကိုဆန့်ကျင်ပြီး စစ်တပ်အာဏာသိမ်းတဲ့အတွက် ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ပါတယ်။ စစ်အာဏာသိမ်းမှုဟာ ဘယ်အခြေအနေမှာဖြစ်ဖြစ် တိုင်းပြည်လူထုကို ကောင်းကျိုးမပေးပါ။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သလို ကိုယ့်အချင်းချင်းလည်း အားပေးနှစ်သိမ့်ရင်း "ရဲတင်း"စကားဆိုပါတယ်။ စာနာစိတ်နဲ့ ကိုယ်ချင်းစာတရားလည်း ထားပါတယ်။ အားပေးတဲ့နေရာမှာ တလွဲတွေ၊ မစားရဝခမန်းတွေ၊ မဖြစ်နိုင်တဲ့မျှော်လင့်ချက်စကားတွေ မပါးမိဖို့ သတိထားပါတယ်။ နိုင်ငံတကာဆိုတာလည်း ကိုယ့်ပြဿနာနဲ့ကိုယ် လုံးချာလိုက်နေတာပါ။ နိုင်ငံကြီးတွေမှာလည်း ကိုယ်စီပြဿနာတွေရှိပါတယ်။ ဗမာပြည်ထက်နိုင်ငံရေးဆူ စစ်လည်းပူတဲ့ တိုင်းပြည်တွေ ဒေသတွေလည်း အများသားပါ။ ကိုယ့်တယောက်တည်းကို လာကွက်ကူဖို့ဆိုတာ စိတ်ကူးယဉ်မှုထက်မပိုပါ။ သူတို့ဆီက စာနာမှု ထောက်ထားမှလောက်ရတယ်ဆိုရင်ပဲ တော်လှပါပြီ။ ကိုယ့်ကိစ္စ ကိုယ်ရှင်းရတာပါ။ ပြည်ပဆိုတာက အရန်သဘောထက်မပိုပါ။ အကျိုးစီးပွားဆိုင်ရာကိစ္စကတော့ ဖန်တရာထေနေသမို့ မပြောတော့ပါ။ ခုပဲ အရေးယူပိတ်ဆို့မှုတွေလုပ်တော့မယောင်ယောင် ခုပဲ ဝင်ဖမ်းတော့မယောင်ယောင် ခုပဲ တပ်ကြီးနဲ့ဝင်ချလာတော့မယောင်ယောင်အပြောတွေလည်း သတိထားဆင်ခြင်ကြပါ။ ကျနော်တို့ အတွေ့အကြုံရှိလှပါပြီ။ ပြောရင် ခက်ထယော်ရှိပေမယ့် ဗမာပြည်လို နိုင်ငံရေး ရေခံမြေခံကြမ်းတဲ့နိုင်ငံမှာ ဒီနေ့အကျဉ်းသားဟာ နောက်နေ့သမ္မတဖြစ်နိုင်သလို ဒီနေ့သမ္မတဟာ နောက်နေ့အကျဉ်းသားဖြစ်သွားနိုင်ပါတယ်။ လူဟာ လက်နက်မရှိရင် ကြက်ငှက်ထက်ဖမ်းရလွယ်ပါတယ်။ ဒီလိုပြောတော့ လက်နက်အားကိုးသမားလို့မြင်စရာရှိမှာပါ။ နိုင်ငံရေး အာဏာဆိုတာ လက်နက်ကိုအမိန့်ပေးနိုင်မှ အာဏာပီပီမြည်တာပါ။ စစ်တပ်၊ ရဲတပ်၊ တရားရုံး၊ အချုပ်ထောင်နဲ့ အစိုးရယန္တရားကြီးတခုလုံး ကိုယ့်ဟာဖြစ်ပါမှ အမိန့်ပေးနိုင်ပါမှ အာဏာတကယ်ရတယ်ခေါ်တာပါ။ ဒီချုပ်မှာ အဲ့လိုအခြေအနေနဲ့အခွင့်အာဏာမရှိကြောင်းပေါ်လွင်စေချင်တာပါ။ အဲ့သလို အခွင့်အာဏာမရှိတဲ့ ဒီချုပ်အစိုးရကို နိုင့်ထက်စီးနင်းလုပ် စစ်အာဏာသိမ်းတာ မြေနိမ့်ရာကိုလှံထပ်စိုက်တဲ့သဘောပါ။ ကျနော်တို့မှာ ကိုယ်လုပ်နိုင်တာ သူ မလုပ်နိုင်၊ သူလုပ်နိုင်တာ ကိုယ်မလုပ်နိုင်တွေရှိတာမှန်ပေမယ့် သူရောကိုယ်ပါလုပ်လို့ရနိုင်တာတွေလည်း တပုံကြီးပါ။ စစ်အာဏာရှင်စနစ် စစ်အစိုးရ စစ်ဗျူရိုကရေစီယန္တရား စတာတွေကို ဘုံဆန့်ကျင်ဖို့ အလုပ်တူပါတယ်။ ဘုံရန်သူဆိုတဲ့စကားကို ကျနော်တို့လည်းပြောရပါမယ်။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁။ ၂၀၂၁။