Sunday, February 20, 2022

သုခမြို့တော်၊ ဟာစရီပါးနှင့် ကျွန်မ ဖေဖေ

0 comments
သုခမြို့တော်၊ ဟာစရီပါးနှင့် ကျွန်မ ဖေဖေ
(မြူမြူ)
(၁)
ရန်ကုန်ဆေးရုံကြီး၏ အထူးကြပ်မတ်ဆောင် (ICU) ထဲရှိ ခုတင်တစ်လုံးပေါ်ရှိ လူမမာ၏ တစ်ကိုယ်လုံးတွင် ပိုက်များ ရှုပ်ယှက်ခတ်စွာ တပ်ဆင်ထားသည်။ ခုတင်၏ ဘယ်ဘက်ရှိတိုင်တွင် ချိတ်ဆွဲထားသော သွေးပုလင်းထဲမှ သွေးများက တစ်စက်ချင်း၊ တစ်စက်ချင်းကျနေကာ ပလတ်စတစ် ပိုက်ဖြူဖြူထဲမှ လူနာ၏ခန္ဓာကိုယ်ထဲ စီးဝင်နေသည်။
Fresh Blood သွေးများ။
ဆေးရုံ၏အပြင်ဘက်စင်္ကြံ တွင် များစွာသော မိတ်ဆွေများက တံခါးပိတ်ထားသော ထိုအခန်း ဆီသို့ မျှော်နေကြသည်။ သူတို့အားလုံး၏မျက်နှာတွင် အလွန်အမင်း စိတ်ထိခိုက်သည့် အရိပ်အယောင် များက အထင်းသားပေါ်လွင်နေလျက်။
ထိုမြင်ကွင်းကို ကျွန်မ မေ့ပစ်အောင် ကြိုးစားထားသည့်တိုင်း ကျွန်မတစ်သက် မည်သည့်အခါ မှ မေ့ပစ်၍ မရနိုင်သော အဖြစ်ဆိုးကြီးထဲမှ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပေသည်။
ထိုနေ့ကား ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။
(၂)
ဖေဖော်ဝါရီ ၁၅ ရက် ညနေက ကျွန်မဖခင်သည် ကျိုက်ထီးရိုးတောင်တက်ခရီးမှ ပြန်ရောက် လာခဲ့သည်။ ကျွန်မအဖေသည် သူ့တစ်သက်နှင့် တစ်ကိုယ် ထိုတစ်ခေါက်တည်းသာ ကျိုက်ထီးရိုးကို ရောက်ခဲ့ဖူးသဖြင့် အတွေ့အကြုံသစ်များဖြင့် ပျော်ရွှင်နေသည်။ ညစာထမင်းဝိုင်းတွင် ကျိုက်ထီးရိုးအတွေ့ အကြုံများကို ပြောပြနေသည့် ဖေဖေ့အသံသည် တက်ကြွလန်းဆန်းနေသည်။
ရယ်စရာစကားတွေဖြင့် ထိုဖေဖော်ဝါရီလလယ် ညစာထမင်းဝိုင်းသည် ပျော်ရွှင်ဖွယ်ရာ မိသားစု နောက်ဆုံး ထမင်းဝိုင်းဖြစ်မှန်း မည်သူမျှ ကြိုမသိခဲ့ပေ။
“အဖေ တစ်သက်မှာ ဒါကျိုက်ထီးရိုးကို ပထမဆုံးအကြိမ်တက်ခြင်းပဲ၊ ဟိုမှာ ရေသိပ်ရှားတယ် ကွာ၊ နောက်နှစ် ကျိုက်ထီးရိုးထပ်သွားမယ်၊ ဟိုမှာ ရေအလှူသွားလုပ်မယ်၊ ကိုယ်နိုင်သလောက်ပေါ့ အမေကြီးရာ၊ ငါကွာ ပျော်လိုက်တာ၊ ဘယ်လိုပျော်မှန်း မသိဘူး” ထိုစကားများပြောနေသည့် အချိန်တွင် မျက်မှန်နောက်မှ မှုန်ရီပြာဝေသော ဖေဖေ့မျက်လုံးများသည် လင်းလက်ကာတောက်ပနေကြသည်ကို ကျွန်မ အမှတ်ရနေမိသည်။ အသက် ၆၀ နှောင်းပိုင်းမှ တစ်ခေါက်သာရောက်ခဲ့ရသည့် ထိုခရီးစဉ်သည် ကျွန်မ ဖခင်အဖို့အံ့သြထူးဆန်းမှုများနှင့် ပြည့်နေခဲ့သည်ကျိုက်ထီးရိုးခရီးစဉ် မစမီ ထိုတစ်ညကဖော်ဝါရီ ၁၂ ရက်၊ ပြည်ထောင်စုနေ့။
"ကားနဲ့တက်လေ ဖေဖေ၊ ရသေ့တောင်ထိ ကားနဲ့တက်လို့ရတယ်၊ ရသေ့တောင်ကနေ တောင် ပေါ်ထိ လမ်းလျှောက်ကြပေါ့”
ကျောပိုးအိတ်ထဲ အဝတ်အစားတွေထည့်ပေးရင်း ပြောမိလိုက်သေးသည်။ “အောင်မယ်.... ညည်းက အဖေတို့ကို အထင်သေးနေတာပေါ့လေ၊ လမ်းလျှောက် သွားမှာဆိုတော့ တောင်ပေါ်ခရီးစဉ်တစ်လျှောက်လုံးက ခြေကျင်ပဲပေါ့အေ”
“ပင်ပန်းတယ် ဖေဖေရဲ့၊ မြူတို့တောင် ကားနဲ့ပဲတက်တာ” ဟု ကန့်ကွက်စကားပြောလိုက်သည့်အခါ...
“ညည်းက အဖေလောက်တောင် အကြမ်းပတမ်းမခံနိုင်တဲ့ဟာ၊ ကျိုက်ထီးရိုးတက်ပြီး အဖေတို့ တစ်ဖွဲ့လုံး ကြံ့ခိုင်မှုစွမ်းရည်ကို စစ်ကြမှာ၊ သန်လျင်ကိုတောင် လမ်းလျှောက်သွားတဲ့အဖွဲ့၊ အဖေတို့များ နယ်နယ်ရရမှတ်လို့” ဟု ကျွန်မအား ပြုံး၍ကြွားနေသည်။ ကျွန်မထည့်ပေးသော ကျောပိုးအိတ်ကိုလွယ်၍ ချိန်ဆနေသော ဖေဖေ့ကိုကြည့်ရသည်မှာ လူငယ်စိတ်နှင့် လူကြီးကိုယ်ထည် ပေါင်းယှက်နေသည်။
ထိုအချိန် မျက်မှန်အထူကြီးတပ်ထားစဉ်က ကျွန်မဖခင်သည် လမ်းထွက်လျှင် ကောင်းကောင်း မမြင်ရ၊ အရောင်အဆင်းမြင်မှုသည်လည်း မမှန်ကန်ပေ။ လိမ္မော်ရောင်ဆိုလျှင် အညိုမြင်နေသည်။ အသံကိုနားထောင်ပြီး မှန်း၍သွားသည်။ ဖေဖေ့မိတ်ဆွေများက မြို့ထဲထွက်လျှင် ဖေဖေ့ကို အိမ်အထိ လာခေါ်တတ်သည်။ မြို့ထဲမှ အိမ်အထိ ပြန်ပို့ပေးသည်။
မျက်စိခွဲပြီးနောက် သွားနိုင် လာနိုင်သည့်အခါ ဖေဖေကြည့်ရသည်မှာ အမြင်အာရုံအတွက် အလွန်ကျေနပ်နေသည်။ ကျွန်မတို့က ဖေဖေနှင့်အပြင်ထွက်သည့်အခါ ယခင်ကကဲ့သို့ လက်မောင်းကို ဖမ်းဆုပ်လျှင် ကျွန်မဖခင်သည် သိပ်မကြိုက်တော့။
“ညည်းတို့ကလည်း အဖေမျက်စိကောင်းနေပါပြီ။ မတွဲနဲ့၊ အဖေဘာသာ အဖေသွားလို့ရတယ် ဟုပြောကာ ရုန်းတတ်သည်။
ကျွန်မတို့အိမ်အပေါ်ထပ်မှ ဖေဖေဆင်းသည့်အခါတိုင်းလည်း လှေကားလက်ရန်းကို ကိုင်ပြီးအမြဲဆင်းတတ်သည်။ ကျွန်မ မိခင်မှာမူ လှေကားမှဆင်းတိုင်း လက်ရန်းကိုမကိုင်ဘဲ လူငယ်တစ်ယောက် ကို ဖျိုးဖျိုးဖျတ်ဖျတ် ဆင်းလာတတ်သည်။ ထိုအခါမျိုးတွင် ဖေဖေသည် “လှေကားလက်ရန်း
ထားတာ အလကားထားတာမဟုတ်ဘူးကွ၊ ကိုင်ပြီး ဆင်းလာဖို့ထားတာ၊ ဟိုတစ်ခါလည်း မီးဖိုချောင်ထဲ ချော်လဲပြီးပြီ၊ ကံကောင်းလို့ ဦးဆက်မကွဲတာ” ဟု မေမေ့ကို မာန်တတ်သည်။
“အေး ...... မင်းတို့ကို သတိပေးရင်၊ ငါ့ကို ပြန်ချေပနေတာပဲ၊ ငါက သတိအမြဲတန်းရှိတယ်။ငါ့အတွက် မပူနဲ့” ဟု ဆက်ပြောသေးသည်။
သတိ အမြဲတမ်းရှိသည်ဟု ပြောခဲ့သော ကျွန်အဖေသည် ထိုနေ့က လှေကားပေါ်မှ ကျကာ ကျွန်မတို့အဖို့ ဖြေမဆည်နိုင်သည့် အဖြစ်ဆိုးကြီးကို ဖြစ်ပေါ်စေခဲ့သည်။
ထိုစဉ်က ကျွန်မက မနက်ပိုင်း အရုဏ်ဆွမ်း လောင်းနေကျ။တ နောက်တစ်နေ့ ၂နာရီတွင် ဖေဖေထလာသံကိုကြားသဖြင့် “ဖေဖေ ဘယ်နနာရီလဲ” ဟု ကျွန်မက အိပ်ရာထဲမှ လှမ်းမေးခဲ့ သည်။ “အိပ်ဦး သမီး၊ စောသေးတယ်၊ အဖေလည်း ပြန်အိပ်လိုက်ဦးမယ်” ဟုပြောကာ အိပ်ရာထဲ ပြန် ဝင်သည်။
နောက်တစ်ခါ မီးဖွင့်သံကြားသဖြင့် ကျွန်မ လှမ်းမေးပြန်သည်။ “စောသေးတယ် အိပ်ဦး၊ သုံး နာရီပဲရှိသေးတယ်၊ အဖေတော့ မအိပ်တော့ဘူး၊ စာဖတ်ဦးမယ်” ဟု လှမ်းပြောကာ အပေါ်ထပ်တွင် စာဖတ်နေသည်။ ။
လေးနာရီခွဲတွင် အိမ်ရှေ့စာကြည့်ခန်းမှ “ထတော့” ဟု လှမ်းနှိုးနေသည်။ ကျွန်မက အိပ်ခန်း ထဲမှအထွက် ဖေဖေက လှေကားဆီ ဓာတ်ဘူးတစ်ဖက်၊ မတ်ခွက်တစ်ဖက်နှင့် လှေကားထိပ်အရောက်။ ဘာဆိုဘာမှန်းမသိလောက်အောင် အဖြစ်ဆိုးကြီးဖြစ်သွားခဲ့သည်။ လျှပ်ပြက်သည့်နှယ် မြန်ဆန်လွန်း သဖြင့် ဖြစ်သွားသည့်အခြေအနေကို နောက်ပိုင်းမှာ ကျွန်မ ခေါင်းအေးအေးဖြင့် ပြန်စဉ်းစားယူခဲ့ရသည်။
လှေကားမှ ဝုန်း ••• ဝုန်း ဒုန်း ... ဒုန်း တလိမ့်ခေါက်ကွေးကျသံ၊ ဘောလုံးတစ် လုံးနယ် လိမ့်ဆင်းသွားသည့် ကိုယ်ထည်တစ်ခု။ ဒုန်း . ဝုန်း ခလွမ်၊ ခလင် အသံမျိုးစုံ။ လှေကား တစ်ဆစ်ချိုး သမံတလင်းပေါ်မှာ ခွေခေါက်ကျနေသော ကျွန်မဖခင်။ ယိုစီးကျလာသော သွေးစီးချောင်း။ အုတ်ခုံပေါ်မှ အောက်လှေကားထစ်ဆီသို့ ကျနေသော သွေးရည်။ ထိုမှ ကြမ်းပြင်ပေါ်သို့ တတောက် တောက်နှင့် စီးကျလာနေသော သွေးစက်များ။
လူတစ်ယောက်၏ခန္ဓာကိုယ်မှ ထိုမျှများပြားသည့်သွေးတွေကို ကျွန်မ မမြင်ဖူးခဲ့ပါ။ မကြုံဖူးခဲ့ပါ။
တိတ်ဆိတ်နေသော အရုဏ်မပျို့မီ အမှောင်ထုအောက်တွင် ကျွန်မတို့အိမ်၏သွေးလေချောက် ချားမှုမှာ ပို၍ သိပ်သည်းနက်ရှိုင်းသွားခဲ့တော့သည်။
အခန်းတံခါးဖွင့်သံများ၊ တုန်တုန်ယင်ယင်ဖြင့် လှမ်းမေးသံများ၊ ပြေးထွက်လာသံများနှင့်အတူ ကျွန်မက ဖေဖေ့အနား အရင်ရောက်သွားသည်။ ခွေခေါက်လဲနေသော ကျွန်မဖခင်၏ ဦးခေါင်းကို ထူမ လိုက်သည်တွင် သွေးများက ကျွန်မကိုယ်ခန္ဓာကိုယ်ပေါ် တရဟော စီးကျလာသည်။ ကျွန်မတို့ နောက်က ပြေးဆင်းလာသည့် ကျွန်မ မိခင်သည် သွေးများကို မြင်လိုက်သည့်အခါတွင် သွေးလန့်သွားကာ ခြေ ထောက်မှာ သွေးဆုတ်နေလေပြီ။
အစိမ်းရောင်ဓာတ်ဘူးက အဖုံးပွင့်လျက်။ ရေနွေးကြမ်း မတ်ခွက်က အဖုံးတခြား ခွက်တခြား။ မျက်မှန်က လှေကားတစ်ဆစ်ချိုး၏ ထောင့်တစ်နေရာမှာ။ အားလုံး အကောင်းပကတိအတိုင်း။ ဦးခေါင်းနောက်စေ့မှ သွေးစီးကြောင်း။ ဆတ်ခနဲ ဆတ်ခနဲ ခုန်တက်လာသော ဒူးနှစ်ဖက်။ ခန္ဓာကိုယ် တစ်ခုလုံး၏ ပျက်စီးယိုယွင်းလာမှု။
(၃)
ဆေးရုံးကြီးပြင်ပလူနာဌာန။
ဆေးရုံအလုပ်သမားယူလာသည့် ကပ်ပေါ်တွင် ကျွန်မဖခင်ကိုမြင်ရသည်မှာ သွေးအိုင်ထဲနှစ်နေ သည့်နှယ်။ သွေးထွက်သည့် ဒဏ်ရာကို တာဝန်ကျဆရာက ချုပ်ခိုင်းသဖြင့် ဆေးရုံဝန်ထမ်းက ယာယီချုပ်ပေးနေသည်ကို ကျွန်မက မကြည့်ရက် ကြည့်ရက်ဖြင့် ငေးစိုက်ကြည့်နေသည်။
ဖေဖေ့ခန္ဓာ တစ်ခုလုံး ခြောက်ခန်းသွားသည့်တိုင်အောင် သွေးတွေ ထွက်ဦးမှာလား ဟင် ...။
“အစ်မ စိတ်မခိုင်ရင် မကြည့်နဲ့ ဒဏ်ရာက တော်တော်နက်တယ်” ကျွန်မကို . ဆေးရုံဝန်ထမ်းက ပြောသည်။ ကျွန်မစိတ်တို့သည် ထူးဆန်းစွာ အသိမဲ့နေသည်။ အပ်ကောက်ကြီးတစ်ခု နှင့် ဖေဖေ့ခေါင်းကို ချုပ်နေသော အလုပ်သမား၏ လက်အလှုပ်အရွေ့၊ ကွဲနေသော ဟကြောင်းကြီး၏ တစ်ဖက်တစ်ချက်ကို ဆွဲပူးပြီး အပ်ကောက်ကြီးနှင့်ချုပ်နေသော သွေးစွန်းထင်းနေသော လက်ချောင်းများ။ တစ်ချက် ... နှစ်ချက် ••• သုံး • • •။ ကျွန်မ မမှတ်မိတော့။
“လက်လေးသစ်လောက်နက်တယ်” ဟု ကျွန်မမျက်နှာကို လှမ်းကြည့်ရင်းပြောသည့် တာဝန်က ဆရာဝန်၏ ကရုဏာမျက်ဝန်း။
“ဟာ ... ဒီလောက်များတဲ့ သွေးထွက်တဲ့လူနာ ကျွန်တော်မမြင်ဖူးသေးဘူး” ဟု သူ့အဖော် အား ပြောနေသည့် ဆေးရုံအလုပ်သမားတစ်ယောက်၏ အာမေဍိတ်သံ။
ကျွန်မခန္ဓာကိုယ်သည် ချောက်ကမ်းပါးတစ်ခုထဲ လွင့်စဉ်ကျနေသည့်နှယ်။ ရင်တွေ တလှပ် လုပ်။ ဆတ်ခနဲ ဆတ်ခနဲ ထောင်တက်လာနေသည့် ဒူးနှစ်ဖက်။ ခေါင်းမှ သွေး၊ နားမှ သွေး။ နှာခေါင်း မှ သွေး၊ ပါးစပ်မှ သွေးများ။ ကျွန်မလက်မှတ်။ Neuro ထဲမှ ခွဲစိတ်မှုတစ်ခု။ ဦးနှောက်မှာခဲနေသည့် သွေးခဲ ခွဲထုတ်မှုကြာချိန် တစ်နာရီခန့်။
ထို့နောက် ICU ထဲရှိ ဖြူဆွတ်နေသော အိပ်ရာခင်းပေါ် ကျွန်မဖခင်အား တင်ထားသည်။ တဒင်္ဂလေးမှာပင် အနီရောင်အိပ်ရာခင်းဖြစ်သွားသည်။ အိပ်ရာခင်း အဖြူထပ်လဲသည်။ အနီရောင်၊ အဖြူရောင် အနီရောင်တစ်လှည့်စီ ကျွန်မ မြင်ခဲ့ရသည်။
ခွက်တစ်ခွက်ခံလိုက်ပါ” ဟု ပြောလိုက်သည့် စစ္စတာကြီး၏အသံ။ တောက် ... တောက် • တောက်။ နားထဲမှ ယိုစီးကျလာသော သွေးများအောက်တွင် ခွက်သေးသေးတစ်ခု ခံထားလျက်။
ကျွန်မ မမြင်ချင်လဲ မြင်ခဲ့ရသည်။ ကျွန်မ မကြားချင်လဲ ကြားခဲ့ရသည်။ ဖေဖေ့မျက်လုံးနှစ်လုံးက ပွင့်လျက်သား။ ဟင့်အင်း ... ဖေဖေ ကျွန်မကို မမြင်ဘူး။
ဖေဖေမျက်နှာပေါ် ကျွန်မဲ့မိုးကြည့်နေသည်။ ဟင့်အင်း ••• ဖေဖေ ကျွန်မကို မသိဘူး။ ဖေဖေ ••• ဖေဖေ ဟု ကျွန်မနှုတ်မှ တရစပ် ခပ်တိုးတိုးရွတ်နေမိသည်။ ကျွန်မဖခင်သည် ဘာကို ဘာကိုမျှ မသိတော့။
လှေကား ပေါ်က လိမ့်မကျခင် ဦးခေါင်းက သွေးကြောမျှင်အသေးလေး အရင်ပြတ်ပြီး သတိ လက်လွတ်ကျတာဖြစ်နိုင်တယ်။ လှေကားကလိမ့်ကျပြီး ဆောင့်မိတဲ့ဒဏ်ရာက ပိုပြင်းသွားတာ၊ အရေး ကြီးတဲ့ သွေးလွှတ်ကြောပြတ်သွားတာ၊ ဒဏ်ရာက တော်တော်ပြင်းတယ်”
“ဥပမာပေးရရင် မုန်းတဲ့သူကို သံတုတ်နဲ့ နောက်စေ့ကို ချောင်းရိုက်လိုက်တာမျိုး။ တစ်ထောင် မှာ တစ်ယောက်ဖြစ်ခဲတယ်”
ကျွန်မအနားမှ ဆရာဝန်ကြီးများ၏ ထင်မြင်ဆွေးနွေးချက်များ ကြားတစ်ချက် မကြားတစ်ချက်။
ကျွန်မစိတ်တွေ ဘယ်မှာလဲ။
သွေးလိုအပ်မှု B Type၊ သွေးလှူရှင်များ သွေးလှူချင်သည့်တိုင် ဘီသွေးအမျိုးအစားမဟုတ် သူများ။ ဖေဖေ့မိတ်ဆွေများ။ စာပေလောကသားများ။ စာဖတ်ပရိသတ်များ။
“လူနာရှင်ကိုပြော ဘီသွေးလိုသေးတယ် ရှာထားပါ။ Fresh Blood လိုတယ်” ဟု လာ ပြောသည့်အခါ ကျွန်မကိုယ်တိုင် သွေးရှာရတော့သည်။
Fresh Blood လိုအပ်မှု၊ ဆိုးကျိုးများ၊ ကျွန်မ သဘောတူကြောင်း လက်မှတ်။ ကျွန်မအား ခေါ်၍ ဆရာဝန်ကြီးနှင့် စစ္စတာကြီး၏ ဆွေးနွေးမှုတစ်ခု။ Hopeless
- ကျွန်မ၏လှုပ်ရှားမှုတိုင်းက အိပ်မက်လွင်ပြင်ထဲ ယောင်တိယောင်ကန်းလျှောက်နေသည့်နှယ်။ မည်သို့သော စကားလုံးရှာ၍ ပြောရမှန်းမသိသည့် ခံစားမှုကြီးတစ်ခု။
ထို့နောက် ICU ရှေ့ စက်မှာ ကျွန်မထွက်အလာကို မျှော်လင့်ကြီးစွာ စောင့်နေကြသည့် သွေးရောင်းသူများ။ သွေးအမျိုးအစား အမြန်စစ်။ ကျွန်မက ပိုက်ဆံပေးလိုက်သည့်အခါ သူတို့က ကျွန်မ အား ကျေးဇူးတင်စွာကြည့်နေသည့် မျက်လုံးများ။ အိုး ... ထိုမျက်လုံးတွေကို ကျွန်မ ဘယ်မေ့နိုင် ပါမည်နည်း။ မိမိ၏သွေးကို ဖောက်ထုတ်ပြီး တစ်ခဏချင်းမှာ “ကြက်ပျောက်ငှက်ပျောက်” ပျောက်သွား မည့် ငွေကြေးအတွက် သူတို့က ကျွန်မအား ကျေးဇူးတင်နေကြသည်ဆိုသည်မှာ ယုံနိုင်ဖွယ်မရှိပြီ။
အမှန်ပင်ဖြစ်သည်။ သူတို့က ကျေးဇူးတင်ကြသည်။ သူတို့က ပြောပြကြသည်။ ကျွန်မ နား ထောင်သည်။ ကျွန်မ ဖခင်အတွက် မျက်ရည်။ သူတို့အတွက် မျက်ရည်။ သီးခြားစီမကျဘဲ တစ်သား တည်းကျခဲ့သည့် နေ့တစ်နေ့။ သွေးရူးသွေးတန်း မျက်ရည်နေ့တစ်နေ့။
(၄)
ကာလကတ္တားမြို့၏ ဆင်းရဲသားရပ်ကွက်ကြီးတစ်ခု။ အာနန်နဂရ (သုခမြို့တော်)။ ဟာစရီပါး။ ဟာစရီပါးတွေ အများကြီးရှိနေသည်ကို ဒိဋ္ဌဓမ္မ ကျွန်မ မြင်လိုက်ရသည်။
ဝမ်းဗိုက်လည်း ဆာလှပြီး ခေါင်းကလည်း မူးလှပြီး၊ စိတ်ပျက်အားငယ်မှုကြောင့် သူ့ရင်ထဲတွင် လည်း လေးလံနေပြီ။ ဟာစရီပါးသည် မူးသလိုလို ဖြစ်လာသဖြင့် နံရံတစ်ခုကို မှီ၍ထိုင်လိုက်သည်။
“ပိုက်ဆံကလေး ဘာလေးရတဲ့ အလုပ်လုပ်မလား” မေးသံ။ သွေးပွဲစားနောက်က သူလိုက် သွားသည်။ “တစ်နေရာရောက်ရင် မင်းသွေးကို ဖောက်ယူလိမ့်မယ်၊ မင်းကို ငွေသုံးဆယ်ပေးမယ်။ ငါ့ကို ဆယ်ငါးကျပ်ပေး”
“ကျွန်တော့်လို ဆင်းရဲသားရဲ့သွေးကို ဘယ်သူက ငွေသုံးဆယ်ပေးမှာလဲဗျ”
“သွေးက သွေးပဲပေါ့၊ ပညာရှိဆီက လာလာ၊ သူတောင်းစားဆီက လာလာ၊ ဗိုက်ကြီးရွဲနေတဲ့ မာရဝါရီကုန်သည်ကြီးဆီကပဲဖြစ်ဖြစ်၊ မင်းလို လမ်းဘေးက ဆင်းရဲသားဆီကပဲဖြစ်ဖြစ်၊ သွေးဟာ သွေးပဲပေါ့”
ကြံရာမရဖြစ်နေသူ တစ်ယောက်အဖို့ သူ့အသက်ရှင်ရေးအတွက် ဒီနည်းမှလွဲ၍ အခြားနည်း မရှိတော့ပြီ။ ။
“သွေးရောင်းမလို့လား” နောက်ထပ်ကြားပွဲစားတစ်ယောက်။
အထက်ပါ စာသားတချို့မှာ ကျွန်မဖခင် ဘာသာပြန်သွားသည့် ပြင်သစ်စာရေးဆရာ ဒိုးမီးနိလာပီယဲ၏ သုခမြို့တော်မှ စာသားအချို့ဖြစ်သည်။
ထိုနေ့က ကျွန်မဖခင်အား သွေး ၁၁ ပုလင်းသွင်းရသည်။ “ကျွန်တော့်သွေးက B၊ ခုနက စစ်ပြီးသား အစ်မ”
“ဟင့်အင်း ... ရှင်က စောစောကလေးတင် ရောင်းပြီးသား၊ ရှင် ထပ်မရောင်းနဲ့ ကျွန်မ တခြားလူရှာမယ်”
ကျွန်မအနားလာပြောသူကို တစ်ချက် စူးစိုက်ကြည့်ပြီး ပြောလိုက်သည်။
“ကျွန်တော်ကြက်ဥပြုတ်လည်း စားပြီးသွားပြီး၊ ငှက်ပျောသီးလည်း စားထားတယ်၊ ရတယ်။ နောက်ထပ် တစ်ပုလင်းရသေးတယ်”
“ဟင့်အင်း တခြားလူရှာမယ်” ကျွန်မ သူ့နားမှ ခြေလှမ်းပြင်ကာ ထွက်ခွာမည်အပြု•••၊
“စိတ်ချအစ်မ၊ တစ်ပုလင်း ရနိုင်သေးတယ်၊ ဟိုလူတွေဆီ အစ်မသွားလည်း အပိုပဲ။ ခုနတုန်း က ကျွန်တော်နဲ့အတူတူ သွေးအမျိုးအစားစစ်ပြီးသား၊ သူတို့က B အုပ်စု မဟုတ်ဘူး” ဟု ပြောလိုက် သည်။
ထိုအခါ သူ့ကို ကျွန်မ ပြန်ကြည့်မိပြန်သည်။ လူပုံက ပိန်ချုံးလျက်၊ အသွေးအသားတွေက ခန်းခြောက်နေသည်။ ကျွန်မ ပင့်သက်ရှည်ကြီး တစ်ချက် ချလိုက်မိသည်။ သူတစ်ကိုယ်လုံးက သွေး တွေ ခန်းခြောက်သွားအောင် ထုတ်ရောင်းတော့မည်လားမသိ။ ကျွန်မ မမေးရက်တော့ပါ။
ကျွန်မ ဘာဆက်လုပ်ရမည်နည်း။ ဖေဖေ့မျက်နှာ။ သုခမြို့တော်မှ မျက်နှာများ။ “Fresh Blood ရပြီလားလို့ မေးနေတယ်၊ တစ်ပုလင်း အမြန်ရှာထားပါတဲ့”
ကျွန်မ ဝေခွဲရခက်နေစဉ် ညီမတစ်ဝမ်းကွဲ အပြင်ထွက်လာပြီး ကျွန်မကို အလောသုံးဆယ် လှမ်းပြောသည်။ ထိုလူနှင့် ကျွန်မဖျတ်ခနဲအကြည့်ချင်းသွားဆုံသည်။ မျက်လုံးတစ်စုံစီ၏ အဓိပ္ပာယ်များက မူ အကွာကြီးကွာခြားနေပေလိမ့်မည်။ သို့ရာတွင် ဆုံမှတ်တစ်ခုကမူ Fresh Blood ဘီသွေး အမျိုး အစား။
“ရှင် ... ခုနက တစ်ပုလင်းထုတ်ပြီးပြီလေ၊ မရဘူး သွား • သွား”
စစ္စတာတစ်ယောက်က သူ့ကိုမြင်လိုက်သည်နှင့် လှမ်းအော်ကာ ဟန့်တားတော့သည်။ နောက် တစ်ဦးရှာဟု ကျွန်မကို လက်ယမ်း၍ အပြင်သို့ သွားခိုင်းနေသည်။ သို့ရာတွင် ... နောက်ဆုံးမှာမူ
“အောက်ထပ်ဆေးဆိုင်က ဂလူးကို့ပါ ဝယ်ပေးလိုက်” ဟု စစ္စတာက ကျွန်မအားပြောရင်း တဆက်တည်း ခုတင်ပေါ်မှ သူ့ကိုပါ “ဒါပြီးရင် အိမ်ပြန်တော့၊ နောက်တစ်ခေါက်ဆို မရဘူး ” ဟု မာန်လိုက်သည်။ သွေးပုလင်းထဲတွင်မူ တဖြည်းဖြည်းမြင့်တက်လာသော သွေးရည်များ။
“ကျွန်တော့်မိသားစု ကျွန်တော့်အပြန်ကို စောင့်နေကြပြီ” “ရှင်က ဘယ်ပြန်မှာလဲ”
“ဒလကို ။
" ဟင်..ဒီလောက် မိုးချုပ်ကြီး”
သမ္ဗာန်ရှိပါသေးတယ်၊ ကျွန်တော်သွားမယ်”
“ရှင့်ကိုယ် ရှင်လည်း အားရှိအောင်စားလိုက်ဦး”
ကျွန်မ ထို့ထက်မမှာတတ်တော့ပါ။ ဆေးရုံဝန်းကျင်အမှောင်ထုထဲမှ ပိုးကောင်တို့၏ တစီစီ မြည်သံ၊ ပုရစ်တို့၏ စူးစူးရှရှ အဆက်မပြတ် အော်သံတို့က ကျွန်မနားထဲ မကောင်းဆိုးဝါး အော်သံနယ် ထင်နေမိသည်။
ဆေးရုံအောက်ထပ်ဆီမှ တ ဂျောင်းဂျောင်း တဂျိမ်းဂျိမ်းနှင့် တွန်းသွားသော သံလှည်းဘီးသံက ကျွန်မအဖို့ ကျောစိမ့်နေသည်။ ။
ဒယီးဒယိုင်ဖြင့် ကျွန်မနားမှ ထွက်သွားသော ထိုသူကို အမှောင်ထုထဲ တိုးဝင်ကွယ်ပျောက် သွားသည်အထိ ကျွန်မ ငေးကြည့်နေမိသည်။ စောစောတုန်းက ကျွန်မထံမှ ငွေကြေးယူပြီး ထွက်သွား သည့် လူနှစ်ယောက်မှာလည်း ထိုသူနှင့် ပိန်မသာ လိန်မသာ။ ဒယိမ်းဒယိုင်ဖြင့် အမှောင်ထဲထဲ ပျောက် သွားသည်။
ကျွန်မမျက်လုံးအိမ်ထဲမှ စီးကျနေသော မျက်ရည်များကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းပွတ်ပစ် လိုက်သည့်တိုင် မျက်ရည်များက စီးနေဆဲဖြစ်သည်။
(၅)
ဟာစရီပါးသည် ခေါင်းတွင် မူးရိပ်ရိပ်ဖြစ်လာကာ ဒယိမ်းဒယိုင်ဖြင့် ပြန်လာခဲ့သည်။ သူတို့ နေသည့် ပလက်ဖောင်းကို တော်တော်နှင့်ရှာမတွေ့။ ဇနီးသည်နှင့် ကလေးတွေက သူ့ကို မျှော်လှပြီ။ ပွဲစားနှစ်ယောက်ကိုပေးပြီး၊ သူ့အိတ်ထဲတွင် ကျန်သည့် ငွေဆယ့်ခုနစ်ကျပ်ခွဲအနက် ငွေငါးကျပ်ကို သူ့ မိသားစုနှင့်အတူ “လူမဆန်သောမြို့ကြီး” ထဲတွင် ပထမဆုံးလုပ်ခအဖြစ်ရသည့်အတွက် အောင်ပွဲခံသည့် အထိမ်းအမှတ်အဖြစ်သုံးရန် ဆုံးဖြတ်သည်။
ဟာစရီပါးသည် ဘာလီတစ်ပေါင်ဝယ်သည်။ ဂျုံစေ့ပြုတ် အချိုရည် ဆမ်းနည်းနည်းဝယ်သည်။ ဆန်လှော်စေ့အထုပ်နှစ်ဆယ်ဝယ်သည်။ ဆန်လှော်စေ့ကို သူ့အိမ်နီးချင်းများကိုလည်း ကျွေးရဦးမည် မဟုတ် လား။ ထို့နောက် သူကိုယ်တိုင်အတွက် ကွမ်းယာမွှေးတစ်ယာဝယ်သည်။ ကွမ်းယာသည် အားကိုဖြစ်စေ သည်မဟုတ်လော။ ခံတွင်းချဉ်သည်ကိုလည်း ပြေပျောက်စေသည် မဟုတ်လော။
အာလောကသည် သူ့ယောက်ျားကို မြင်လိုက်သည့်အခါတွင် လန့်သွား၏။ သူ့ယောက်ျား သည်ည အရက်တွေသောက်လာပြန်ပြီလား မဆိုနိုင် လက်ထဲတွင် ပိုက်လာသည့် အလုပ်တွေကို မြင် သည့်အခါတွင်လည်း သူ့ယောက်ျား အလစ်သုတ်လာပြီဟု ထင်လိုက်မိသည်။ ။
ယောက်ျားထံ အပြေးအလွှားလာ၍ကြိုသော်လည်း ကလေးတွေက သူ့ရှေ့ကရောက်နေကြလေ ပြီ။ ဒရယ်မိလာသည့် ခြင်္သေ့ကြီးရှေ့တွင် ရောက်နေသည့် ခြင်္သေ့ပေါက်ကလေးများလို လုယူနေကြ သည်။
ဟာစရီပါး၏ လက်မောင်းကွေးထဲတွင် ယခုတိုင် မြင်နေရသေးသည့် သွေးစို့နေသည့် အပ်ရာ ကလေးကို မည်သူမျှ သတိမထားမိကြ။
အထက်ပါ စာသားများသည် သုခမြို့တော်မှ စာသားများ ဖြစ်သည်။
ကျွန်မဖခင်၏ နဖူးပြင်ကို ငုံ့နမ်းရင်း ကျွန်မနှလုံးသားက စကားတွေ ၊နှုတ်ဖျားမှ စကားတွေပြောနေမိသည်။ သုခမြို့တော်အကြောင်း၊ ဟာစရီပါးအကြောင်း။ .သုခမြို့တော် ပြန်လည် ဖန်တီးရှင်ကမူ မျက်လုံးအပွင့်များဖြင့်။ နှာခေါင်း၊ ပါးစပ်နှင့် နားမှ ခြောက်သယောင် ဖြစ်နေသည့် သွေးနံ့ကို ကျွန်မရနေသည်။
ပိုက်ထဲမှ Fresh Blood ဘီသွေးများက တစ်စက်ချင်း၊ တစ်စက်ချင်း။ ပုလင်းထဲတွင် ရဲရဲအရည်တွေ တဖြည်းဖြည်းလျော့လာသည်။ မနက်တုန်းကလောက် မများတော့သည့်တိုင်သွေးများကထွက်နေဆဲဖြစ်သည်။ ဖေဖေ့နဖူးပြင်မှ ကျွန်မမျက်နှာ ခွာလိုက်စဉ် မျက်ရည်များက အိပ်ရာခင်းက ကျသွားသည်။ မျက်ရည်များက သွေးနှင့်ပေါင်းစပ်ကာ နီရဲရဲအသွင်ပြောင်းသွားသည်။
သုခမြို့တော်ကို ကျွန်မရောက်သွားသည်။ ဟာစရီပါးကို ကျွန်မတွေ့ဖူးခဲ့ပြီ။ သွေးစို့နေသည် အပ်ရာကလေးပေါင်းများစွာကို သူတို့အိမ်သားများ သတိမှ ထားမိကြရဲ့လား ကျွန်မမသိတော့ပြီ။
ကျွန်မဖခင်အတွက် မျက်ရည်။ သုခမြို့တော်အတွက် မျက်ရည်။ ဟာစရီပါးအတွက် မျက်ရည်။ သွေးမျက်ရည်။
သုခမြို့တော်၏ ပြန်လည်ဖန်တီးရှင်ကမူ ဘာဆိုဘာမျှ မသိနိုင်တော့ပြီ။
(ဆရာမြသန်းတင့် ၁၃ နှစ်ပြည့် အမှတ်တရဆောင်းပါး)
မြူမြူ
aစံပယ်ဖြူ၊ ၂၀၁၁၊ မတ်လ၊ အမှတ် (၈)၊