Thursday, December 17, 2020

ရေယုန်ကာကွယ်ဆေး

0 comments
(ရေယုန်ကာကွယ်ဆေး)
အမေရိကပြည်ထောင်စုတွင် အသက် ၅၀ ဆယ်ကျော် နိုင်ငံသားတိုင်းအား Shingles Vaccine or Shingles Shot ခေါ် ရေယုန်ကာကွယ်ဆေးကို အခမဲ့ထိုးပေးပါသည်။ ဆေးက နှစ်လုံးထိုးရပြီး တလုံးနှင့်တလုံး ၂ လခန့်ခြားပြီး ထိုးကြရတာ ဖြစ်ပါသည်။ ဆေးစတိုးဆိုင်ကြီးများနှင့် ဆေးရုံဆေးခန်းများတွင် သွားရောက် အထိုးခံနိုင်ပါသည်။ အိုင်ဒီ သို့မဟုတ် ဒရိုင်ဗာလိုင်စင် ပြလိုက်ရုံသာ။
ကျနော်က Shingles ကို ရေယုန်ဟုပြန်သလို နှုတ်ခမ်းတွင်ပေါက်တတ်သည့် Herpes or Cold Sores ကိုလည်း ရေယုန်ဟုပင်ပြန်ပါသည်။ ဗမာတွေလည်း ထိုနည်းနှင်နှင်ခေါ်သည်ဟု ထင်ပါသည်။ မသေချာပါ။ ဗိန္ဓောဆရာများ အခေါ်တွင် သီးခြားရှိလျှင်လည်း ရှိနိုင်ပါသည်။ ကျနော်တော့ မသိပါ။ ကျနော်က နှုတ်ခမ်းတွင်ပေါက်သောရေယုန်နှင့် ကိုယ်ခန္ဓာအနှံ့အပြားတွင်ပေါက်တတ်သော ရေယုန်ဟူ၍ မှတ်သားထားပါသည်။ Shingles သည် အထူးသဖြင့် ခါးပတ်ပတ်လည် ရင်အုံနေရာနှင့် နံပါးနှင့် လည်ပင်းတို့တွင်အပေါက်များသည်။ Shingles ရေယုန် ခါးပတ်လည်တွင် ပေါက်ပြီး ခါးတပတ်ပြည့်လျှင် သူ့အလိုလိုပျောက်ကင်းသွားသည်ဟုဆိုသော်လည်း ဖြစ်နေတုန်းမှ မချိမဆန့် ခံရသည်ဟုဆိုပါသည်။ ဆေးသိပ္ပံပညာတွင် Shingles နှင့် Herpes တို့မှာ သီးခြားနံမည်များနှင့် ဖြစ်သလို သီးခြားလက္ခဏာတွေလည်း ရှိပါသည်။
ကျနော်တို့လင်မယား မနေ့မနက်က Shingles Vaccine ဒုတိယအလုံး Second Dose သွားထိုးကြပါသည်။ ပထမအလုံး First Dose ထိုးတုန်းက ဘာမှမဖြစ်ခဲ့ဟုထင်မိသော်လည်း ယခုအလုံးထိုးရာ၌ ဆေးဝင်ဝင်ခြင်း အသားထဲ နည်းနည်း အောင့်သလို ခံရပါသည်။ စိတ်ထဲထင်တာလည်း ဖြစ်နိုင်ပါသည်။ ဆေးထိုးဆရာက Side Effects ဘေးထွက်ဆိုးကျိုးများ ရှင်းပြပါသည်။ သို့သော် လက်မောင်းရင်းဆေးထိုးထားသည့်နေရာ နည်းနည်းအောင့်သည်မှ တပါး တနေကုန်ဘာမှမဖြစ်။ နေဝင်ရီတရောရောက်သည့်အခါ ဘေးထွက်ဆိုးကျိုးအစွမ်းပြပါတော့သည်။ ကိုယ်ပူလာသည်။ ကိုယ်တွေလက်တွေကိုက်သည်။ ခေါင်းကိုက်ပြီး မူးနောက်နောက်နေသည်။ ကြွက်သားတွေနာသည်။ ချမ်းသလိုလို တုန်သည်။ လူက နုံးနေသည်။
စစချင်းတော့ “ဒါ Shingles Vaccine ကြောင့်”ဟုတွေးမိသော်လည်း။ ည အိပ်ရာဝင်ခါနီးတွင် အဖျားလည်း ပိုတက်၊ ကိုယ်လက်တွေလည်း ပိုကိုက်၊ ။ ခေါင်းလည်းခဲကာ လူက ခေါင်းမထူချင်အောင်ဖြစ်လာသည်။ ထိုအခါ စိတ်ထဲ “ကိုဗစ်များလား”ဟု သံသယနည်းနည်းဝင်လာသည်။ ဒါနှင့် ရေးနွေးပူပူကျိုပြီး အကိုက်အခဲပျောက်ဆေးတွေ ကိုယ်ပူကျဆေးတွေ သောက်ပါသည်။ စောင်ခြုံပြီး ရေနွေးပူပူ ၃ ခွက်လောက်ကို တဖူးဖူးမှုတ်သောက်လိုက်သဖြင့် ချွေးလေးဘာလေးစို့ကာ ခနတော့ နေလို့ကောင်းသွားသည်။ တအောင့်လောက်ကြာတော့ ခေါင်းက မခံမရပ်နိုင်အောင် ကိုက်လာပြန်သည်။ ဒီတကြိမ်ဆေးမသောက်တော့ပဲ အိပ်ယာပေါ်လှဲရင်း နာကျင်ကိုက်ခဲနေသည့်နေရာများအပေါ် စိတ်အမှတ်ကိုချက ဝေဒနာနုဿတိလုပ်ကြည့်ပါသည်။ စိတ်က စုလို့မရချင်။ ပျံ့လွင့်လွန်းအားကြီးနေသည်။ ဒါနှင့် ဆေးတခွက်ထပ်သောက်ကာ အိပ်ရာထဲ လှဲနေပါသည်။ အိပ်ရာထဲနေရင်း ကိုဗစ်များလားဟုအထင်က ပို၍ပင် အားကောင်းလာပါသည်။
ကိုဗစ်ဆိုရင် အနံ့ပျောက်တာ အရသာပျောက်တာတွေဖြစ်ရမည်။ ခုနက ရေနွေးကြမ်း သုံးခွက်ဆင့်သောက်ချ လိုက်တာလည်း အနံ့အရသာမရခဲ့ဟု စိတ်ကထင်လာပါသည်။ ဒါနှင့် မီးဖိုခန်းထဲသွားကာ စိုးဝင်းအချိုခြောက်ဗူးဖွင့်ပြီး ရှူကြည့်သည်။ အနံ့ကောင်းကောင်းကောင်းရပါသည်။ သည်မျှနှင့် မရပ် လုပ်လက်စနှင့် အရသာရအောင် လုပ်မည်ဟုတွေးကာ ရေနွေးတည် လက်ဖက်ခြောက် ကျကျနှပ်ပြီး ပေါ့ကျကောင်းကောင်း ဓာတ်ဗူးသေးတဗူးစာ ဖျော်ပါသည်။ (ထောင်ထဲမှာ ကိုအံ့ဘွယ်ကျော်ဖျော်တိုက်သည့် အကျစံချိန်အတိုင်းတော့ မသောက်နိုင်တော့ပါ။ ထိုအကျစံချိန်အတိုင်း သောက်မိလျှင် လူက ရင်တွေပန်းတွေတုန်ကာ တညလုံးမျက်စေ့ကြောင်နေတတ်ပါသည်။)
လက်ဖက်ရည်ကို စိတ်တိုင်းကျဖျော်ပြီး ခတ်နွေးနွေးမှာ ဖြည်းဖြည်းချင်းမျှဉ်းကာ အရသာခံသောက်ကြည့်သည်။ အရသာရပါသည်။ အနံ့လည်းရ အရသာလည်းရသဖြင့် ကိုဗစ်တော့ ဘယ်နည်းနဲ့မှမဖြစ်နိုင် ရေယုန်ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးများပင်ဖြစ်သည်ဟု စိတ်ဒုံးဒုံးချကာ စိတ်လည်းအေးသွားပါသည်။ ဇနီးသည်လည်း ကျနော့်နည်းတူ အားလုံးဖြစ်သည်မို့ သူလည်း ဆေးတွေသောက်သလို လက်ဖက်ရည်လည်းသောက်ပါသည်။ အနံ့ရောအရသာပါ ရသည်မို့ သူလည်း စိတ်အေးသွားပါသည်။ သို့သော် လက်ဖက်ရည်တန်ခိုးကြောင့် နှစ်ယောက်စလုံး တညလုံး အိပ်မပျော်တချက် ပျော်တချက်နှင့် မိုးစင်စင်လင်းခဲ့ပါသည်။
ဒီမနက် အိပ်ယာကနိုးတော့ ညကလောက် မခံစားရတော့။ စိတ်လည်း အေးနေပါသည်။ ကားလည်း မောင်းနိုင်ပါသည်။ တညလုံးကျထားသော နှင်းလည်း အကျရပ်သွားပါသည်။ ထို့ကြောင့် ဒူးအတွက် ကာယကုထုံးအပွိုင်မင်န်သွားပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်း ဆေးဖြင့် နှိပ်ပေးခြင်းများ လုပ်ပေးပါသည်။ ခုတော့ ကိုဗစ်မဟုတ်မှန်းသိသဖြင့် စိတ်အေးအေးဖြင့် ဤစာကိုရေးပါသည်။
မျိုးမြင့်ချို ဒီဇင်ဘာ ၁၇။ ၂၀၂၀

တွေ့တော့တွေ့ကြတာပါပဲ

0 comments

တွေ့တော့တွေ့ကြတာပါပဲ

ဦးသိန်းစိန်လက်ထက်က အပစ်အခတ်ရပ်စဲရေးတွေလုပ်မည်ဆိုတော့ ဦးအောင်မင်းတို့အဖွဲ့ကို တာဝန်ပေး၏။ လုပ်ပိုင်ခွင့် အပ်နှင်း၏။ မတရားသင်းကြေညာထားသည့် အဖွဲ့အစည်းများနှင့် တွေ့ရမှာဖြစ်သဖြင့် ဥပဒေကြောင်းအရ ကင်းလွတ်ခွင့် အမိန့်စာကို သမ္မတလက်မှတ်ထိုးပြီး ထုတ်ပေး၏။ ထိုစာ၏သဘောက ဦးအောင်မင်းတို့အဖွဲ့သည် မတရာသင်းများနှင့် ဆက်သွယ်တွေ့ဆုံမည်ဖြစ်သော်လည်း ဥပဒေကြောင်းအရ “မတရားသင်းဆက်သွယ်မှု ပုဒ်မများနှင့်” ငြိစွန်းမှုမရှိပါဆိုသည့်သဘောပင်။ ထို့ကြောင့် မတရားသင်းများနှင့်ဆက်သွယ်သော်လည်း မတရားသင်းဆက်သွယ်မှုမမြောက်။ ဘာ မတရားသင်းပုဒ်နှင့်မှ တရားစွဲလို့မရ။ တရားဝင်တွေ့ကြခြင်းပင်။

 

ခု အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားသော AA နှင့် စစ်အုပ်စုတွေ့၏။ အထက်ကပြောခဲ့သလို သမ္မတအမိန့်နှင် လက်မှတ်ထိုးထုတ်သောစာ ပါသည်မပါသည်မသိရ။ စစ်အုပ်စုက နိုင်ငံရေးလက်ဦးမှုယူရန်နှင့် အင်န်အယ်လ်ဒီအစိုးရအား အမြီးလှန်ချိုးရန်အကြံဖြင့် သူ့သဘောနှင့်သူ တွေ့တာလား ဒါမှမဟုတ် အတွင်းကျိတ်ဝိုင်းလေးဖြင့် အချိန်ကပ်မှ သမ္မတကိုအကျပ်ကိုင် စာထုတ်ခိုင်းပြီးတွေ့သလားမပြောတတ်။ တချို့ကိစ္စတွေ သူတို့ချင်း လက်ဝါးရိုက်ပြီး ကျိတ်လုပ်နေကြတာ ပြည်သူတွေ ဘာမှမသိရ။ မီဒီယာတွေဆီက အစထွက်လာပြီး မေးလားမြန်းလားလုပ်တော့မှ ဟိုတစဒီတစ ထွက်လာတာမျိုးဖြစ်၏။ တိုင်းပြည်နှင့် လူထုအပေါ် မရိုးဖြောင့်ကြခြင်းပင်။

 

သမ္မတအမိန့်စာထုတ်ထားတာမပါပဲ စစ်အုပ်စုက ကိုယ့်သဘောနှင့်ကိုယ် AA နှင့် တွေ့သည်ဆိုလျှင် ဥပဒေကြောင်းအရ မတရားသင်းဆက်သွယ်မှုဖြစ်၏။ ပါဝင်သူတွေကို သက်ဆိုင်ရာပုဒ်မတပ်ပြီး အမှုဖွင့် တရားစွဲလို့ရ၏။ AA သည် မတရားအသင်း။ မတရားအသင်းမှာမှ “အကြမ်းဖက်အဖွဲ့အစည်း” ဆိုင်းဘုတ်ပါတပ်ထားသည့် လက်နက်ကိုင် အင်အားစု။ ထိုသို့ စာမပါဘာမပါ တွေ့ရိုးမှန်လျှင် အစိုးရက စစ်တပ်ကို ဥပဒေကြောင်းအရ အရေးယူဝံ့မလားက မသေချာ။ သေချာတာကတော့ စစ်အုပ်စုက လက်ဦးမှုယူသွားခြင်းပင်။

 

တကယ် အပစ်အခတ်ရပ်တော့မည်ဆိုလျှင် မတရားသင်းအဖြစ်ကရော အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကပါ ပယ်ဖျက်ပေးဖို့ရန်မှာ အစိုးရနှင့်လွှတ်တော်အလုပ်များဖြစ်၏။ စစ်အုပ်စုအလုပ် မဟုတ်။ သူတို့ လုပ်မရ။ ဒါက ဿပဒေရေးရာကိစ္စတွေဖြစ်၏။ တခါ အပစ်ရပ်ပြီးလျှင် AA အား “ဘယ်နေရာတွင်  ဘယ်ပုံဖြင့်ချထားမည်” ဆိုသည်ကိုလည်း စစ်တပ်ကဆုံးဖြတ်လို့မရ။ အခုလောလောဆယ်အချိန်အထိ AA အား ရခိုင်ပြည်နယ်တွင်အခြေချခွင့် မပြုနိုင်ဟုဆိုသည်ကို ဘယ်လိုပြင်မလဲကလည်း စဉ်းစားစရာဖြစ်၏။ ရခိုင်ပြည်တွင် နေရာချထားမည်ဆိုစေဦး ဘယ်နေရာတွေမှာ ချထားမလဲနှင့် ဘယ်ပုံ နေရာချထားမလဲက ထပ်တွေးစရာဖြစ်နေ၏။ လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေးအဖွဲ့လား၊ နယ်ခြားစောင့်လား၊ ပြည်သူ့စစ်လား စသည်တွေက ခေါင်းစားစရာ။ ဘာပဲလုပ်လုပ် အစိုးရကိစ္စတွေရှိလာမည်ဖြစ်၏။

 

AA ဘက်ကတော့ ရှင်းသည် ရခိုင်တပ်တော်သည် ရခိုင်တွင်ရှိရမည်ဆို၏။ ဘယ်နေရာတွေမှာ ဘယ်ပုံနေရာချထားရေး တွေကတော့ ဘာသံမှထွက်မလာသေး။ ဒါကလည်း စေ့စပ်ဆွေးနွေးရေးတွေ အပေးအယူတွေ တက်လာတော့မှ သိရမည်ထင်၏။

 

ရခိုင်က လူမျိုးစိတ်နှင့်ဒေသစိတ်ကြီးသည့်နေရာတွင်လည်း လူပြောများ၏။ သို့သော် လူမျိုးစိတ်ဖြင့် စစ်တိုက်လျှင် စစ်အုပ်စုကို မနိုင် နိုင်မှန်းသူတို့လည်းသိ၏။ စစ်အုပ်စုတွင် စစ်သားအရင်းအမြစ်ကြီး၏။ စစ်သား လိုသလောက် စုနိုင်၏။ ဝါဇီရှိနေသမျှ လခပေးထားနိုင်၏။ စပါ်းစိုက်နေသမျှ ကျွေးထားနိုင်၏။ AA တွင် ထိုအခြေအနေ ထိုအခွင့်အလမ်းမျိုး မရှိပါ။  စစ်အုပ်စုသည်လူမျိုးကြီးဝါဒကို ဗြောင်ကျင့်သုံးသလို လူမျိုးစိတ်လည်း အလွန်ကြီး၏။ လူမျိုးစိတ်ကြီးရာမှာ ရခိုင်ထက်သာ၏။

 

ပြန်ချုပ်ရလျှင် ယခု AA နှင့် စစ်အုပ်စုတွေ့၏။ တရားဝင်တွေ့တာဟုတ်မဟုတ် သမ္မတအမိန့်စာပါမပါမသိရ။ တရားမဝင်တွေ့တာဆိုလျှင် အင်န်အယ်လ်ဒီအစိုးရအနေနှင့် ဘာလုပ်မည်နည်း။ ဘာလုပ်လို့ရမည်နည်း။ ထိုသို့တွေ့ကြရာမှတဆင့်တက်လာလျှင် ဥပဒေရေးရာကိစ္စတွေပါလာလျှင် အစိုးရမပါလို့မရတော့။ လွှတ်တော် ငြိမ်နေလို့မရတော့။ ထိုအခါ စစ်အုပ်စု အစိုးရနှင့် AA သုံးပွင့်ဆိုင်ကိစ္စမှာ စိတ်ဝင်စားစရာတွေချည်း ဖြစ်မည်တွေး၏။

 

ဤနေရာတွင် ကြားဝင်စေ့စပ်ပေးသူအကြောင်းပြောသည်မဟုတ်သဖြင့် သူ့ကိစွချန်ခဲ့ပါသည်။

မျိုးမြင့်ချို၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၀

Tuesday, December 15, 2020

ဖက်ဆစ်စနစ်အကြောင်းပြောကြမယ်ဆိုရင်

0 comments

ဖက်ဆစ်စနစ်အကြောင်းပြောကြမယ်ဆိုရင်

စာတည်းအဖွဲ့  (ပြည်သူ့အာဏာဂျာနယ်)

သြဂုတ်၊ ၂၀၀၀

(၁)

ဖက်ဆစ်အန္တရာယ်

သတိရှိကြလော့ -

သူ့ကို (ဟစ်တလာကို)

မွေးထုတ်ပေးလိုက်တဲ့ ခွေးမဟာ

အခုအထိ အ​ရွေလိုက်(မိတ်လိုက်)ချင်စိတ်

မပျောက်သေးဘူး 

(ဗားတော့ဗရက်)

ဖက်ဆစ်ဝါဒ ခေါင်းထောင်ထောင်ထနေတာကို တွေ့ရပြီးနောက်မှာ ဂျာမန်ကဗျာဆရာ ဗားတော့ဗရက်ရဲ့ တပ်လှန့်သံပါ။

ဗမာပြည် ပြည်သူတွေကတော့ ဒုတိယကမ္ဘာစစ်ကြီးမှာ အာရှဖက်ဆစ်ရဲ့ခါးသီးမှုကို ကောင်းကောင်းကြီး ခံစားလိုက်ကြဖူးပါတယ်။

အခုလည်း ဖက်ဆစ်နည်း - ဖက်ဆစ်ဟန် စစ်ဝါဒကို ခံစားနေကြရဆဲပါ။ ဒါကြောင့် ဖက်ဆစ်စနစ်အကြောင်း ရှင်းလင်းဖော်ပြဖို့ တာဝန်ရှိလာပါတယ်။

(၂)

ဖက်ဆစ်စနစ်

ဖက်ဆစ်စနစ်ဆိုတာ ပထမကမ္ဘာစစ်အပြီး အီတလီ၊ ဂျာမဏီ၊ ပိုလန်၊ ဟန်ဂေရီနဲ့ စပိန်စတဲ့ နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ နောက်ပိုင်း ပေါ်တူဂီ၊ (အာရှတိုက်မှာ)ဂျပန်စတဲ့ နိုင်ငံတွေလည်း ဖက်ဆစ်နိုင်ငံတွေ ဖြစ်လာပါတယ်။ ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းကတော့ အုပ်စိုးသူလူတန်းစားဟာ ပါလီမန်လွှတ်တော်စနစ်၊ တနည်းပြောရရင် ဓနရှင်ဒီမိုကရေစီစနစ်ဆိုတဲ့ နည်းဟောင်းတွေနဲ့ မအုပ်စိုးနိုင်ကြတော့လို့၊ ပြည်တွင်းပေါ်လစီမှာ ကြောက်လောက်အောင် ခြိမ်းခြောက်တဲ့နည်း၊ ပြည်ပပေါ်လစီမှာ ကျူးကျော်နယ်ချဲ့တဲ့နည်းတွေ သုံးလာကြရာက ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။

 

ဖက်ဆစ်ဝါဒဟာ ဆိုရှယ်လစ်ဝါဒ၊ လစ်ဘရယ်ဝါဒတို့နဲ့ တိုက်ရိုက်ဆန့်ကျင်တဲ့ဝါဒ ဖြစ်ပါတယ်။ နိုင်ငံသားတဦးအနေနဲ့ သီးခြားလွတ်လပ်စွာ ပြုမူပြောဆိုခွင့်နဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်ဟူ၍မရှိ၊ နိုင်ငံက ပေးသလောက် အခွင့်အရေးကိုသာ ခံစားရမယ်။ သူ့ရဲ့အသက်နဲ့ စည်းစိမ်ဥစ္စာကို နိုင်ငံတော်က ပိုင်တယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဘယ်လုပ်ငန်းကိုမဆို ဝေဖန်ပြောဆိုခြင်း၊ သဘောမတူရှိခြင်းများကို နိုင်ငံတော်သစ္စာဖောက်မှုအဖြစ် မှတ်ယူတယ်။ အတိုက်အခံပြုသူ၊ သွေဖီသူမှန်သမျှကို ထောက်လှမ်းဖျက်ဆီးဖို့ လျှို့ဝှက်ရဲတွေ အသင့်ချထားတယ်။ အမှတ်မထင် ဝေဖန်ပြောဆိုမိရင်တောင် ချက်ချင်းအဖမ်းခံရမယ်။ အပြစ်ပေးခံရမယ်။ အတိုက်အခံပါတီ မှန်သမျှ ဖျက်သိမ်းပစ်တယ်။ လူထုကို အသိဉာဏ်ပေးတဲ့ စာနယ်ဇင်း၊ ရေဒီယိုစတာတွေမှာ အာဏာပိုင်တွေ သိစေချင်တဲ့၊ နားလည်စေချင်တဲ့ အချက်အလက်တွေကိုသာ ပါစေဖို့ ဖြတ်တောက်ပညတ်တယ်။ ပြည်ပသို့ လွတ်လပ်စွာသွားလာခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် မရှိ။ ပြည်သူလူထုကို အမျိုးသားရေးစိတ်ဓာတ်လှုံ့ဆော်ပြီး စစ်သွေးစစ်မာန် အမြဲတက်နေအောင် လုပ်တယ်။

 

နိုင်ငံခြားရေး ပေါ်လစီမှာ တခြားအမျိုးသားတွေအပေါ် လူစိတ်ကင်းမဲ့တဲ့ ရန်လိုစိတ်တွေ လှုံ့ဆော်ပြီး၊ နည်းနာကျတော့ အလွန်အကျွံ ရက်စက်ရိုင်းစိုင်းတဲ့ ကျူးကျော်ရေးဝါဒ ဖြစ်တယ်။ ပြည်တွင်းပေါ်လစီ - ဖက်ဆစ်တွေရဲ့ ရည်ရွယ်ချက်ဟာ လူထုကြီးကို ထင်သလို သွေးစုပ်ဖို့ဖြစ်တယ်။ ဒါပေမဲ့ အရင်းရှင်စနစ်ဆန့်ကျင်ရေးဆိုတဲ့ အပါးနပ်ဆုံးဝါဒဖြန့်မှုနဲ့ လူထုကို ချဉ်းကပ်တယ်။ ဓနရှင်လူတန်းစားရဲ့ ဘဏ်တိုက်၊ ထရပ်စ်နဲ့ ဘဏ္ဍာထိပ်သီးများအပေါ် လုပ်သားပြည်သူတွေထားရှိတဲ့၊ နက်ရှိုင်းတဲ့မုန်းတီးမှုကိုအသုံးချပြီး နိုင်ငံရေး မရင့်မှည့်သေးတဲ့လူထုကို သွေးအဆောင်နိုင်ဆုံး ကြွေးကြော်သံတချို့ ဖော်ထုတ်မိတ်ဆက်ပေးပြီး ဆွဲဆောင်ခဲ့ကြတယ်။

အများအကျိုးဟာ တဦးချင်းအကျိုးထက် မြင့်မြတ်တယ်။

(ဂျာမဏီ)

ငါတို့နိုင်ငံဟာ အရင်းရှင်များရဲ့ နိုင်ငံမဟုတ်၊ တနိုင်ငံလုံး တစုတစည်းတည်းရှိတဲ့ နိုင်ငံတော်ဖြစ်တယ်။

(အီတလီ)

သွေးစုပ်မှုကင်းမဲ့တဲ့ ဂျပန်ပြည်ဖြစ်ရေး။

(ဂျပန်)

ဥစ္စာဓနများ အတူတကွ ခံစားကြ။

(အမေရိကန်)

ဒီလိုနဲ့ လူထုကို သူတို့ ခွင်” ထဲ ဆွဲထည့်ထားလိုက်ကြတယ်။ ဂျာမဏီမှာ ကိုယ့်ကိုယ်ကို အမျိုးသားသူရဲကောင်းတွေအဖြစ် တံဆိပ်ကပ်ပြီး “ ဗာဆေးစာချုပ် ဆန့်ကျင်ရေး” ကြွေးကြော်သံတင်ကာ ဓနရှင်ပေါက်စတွေရဲ့ ထောက်ခံမှုရအောင် လုပ်ခဲ့တယ်။

ဂျပန်ကတော့ အရှေ့အာရှ သာတူညီမျှရေး” ကြွေးကြော်သံနဲ့ နယ်ချဲ့ကျူးကျော်ခဲ့တယ်။ ဖက်ဆစ်အစိုးရတွေဟာ ပြည်သူတွေကို လာဘ်ယူလာဘ်စား အကျင့်အပျက်ပြားဆုံးအရာရှိတွေရဲ့ စီမံခြယ်လှယ်မှုအောက်မှာထားပြီး - ပြည်သူတွေရဲ့ ရှေ့မှာကျတော့ “ သန့်ရှင်းမျှတတဲ့အစိုးရ ” အဖြစ် အသိအမှတ်ပြုခံချင်ကြတယ်။

ဒါတွေကတော့ သမိုင်းမှာ ထင်ဟပ်ခဲ့တဲ့ ဖက်ဆစ်စနစ်ရဲ့ ပုံပန်းသဏ္ဌာန်တွေဖြစ်ပါတယ်။

(၃)

စီးပွားပျက်ကပ်၊ ပြည်သူနဲ့အစိုးရ၊ ဖက်ဆစ်နဲ့ စစ်ပေါ်လစီ

၁၉၂၉ ခု၊ အောက်တိုဘာလမှာ အမေရိကန် စတော့ဈေးကွက် ပျက်သွားခဲ့ပါတယ်။ ဒီကနေ တဆင့်ကူးပြီး တကမ္ဘာလုံး စီးပွားပျက်ကပ် ဆိုက်ခဲ့ကြရတယ်။ နိုင်ငံများစွာ ဒေဝါလီခံကြရတယ်။ လုပ်ငန်းတွေရပ်ဆိုင်းပြီး အလုပ်လက်မဲ့တွေ တိုးပွားလာပါတယ်။ စက်မှုနိုင်ငံများဖြစ်တဲ့ အမေရိကန်မှာ အလုပ်သမား ၁၂ သန်း၊ ဂျာမဏီ ၅.၆ သန်း၊ အင်္ဂလန် ၂.၇ သန်း အလုပ်လက်မဲ့ ဖြစ်ကုန်ကြတယ်။ အဲဒီခေတ် လူဦးရေအရဆိုရင် ရာခိုင်နှုန်း သိပ်များပါတယ်။

အစိုးရအသီးသီးက ပို့ကုန် - သွင်းကုန်တွေမှာ အကောက်ခွန်နှုန်း တိုးမြှင့်စည်းကြပ်ခြင်း၊ ပိတ်ပင်ခြင်းစတာတွေနဲ့ ကာကွယ်ဖို့ ကြိုးစားကြလို့ ကမ္ဘာ့ကုန်သွယ်ရေး သိသိသာသာ ကျဆင်းသွားပါတယ်။

အစိုးရအသီးသီးဟာ အကျပ်အတည်းဖြစ်ရတဲ့ ဝန်ထုပ်အားလုံးကို အခွန်ထမ်းပြည်သူတွေရဲ့ ပခုံးပေါ်လွှဲတင်ဖို့ လုပ်လာကြတယ်။ အင်အားချည့်နဲ့သေးငယ်တဲ့အမျိုးသားတွေကို ကျွန်အဖြစ်သွတ်သွင်းပြီး ကိုလိုနီနိုင်ငံတွေကို ပိုမိုဖိနှိပ်ဖို့၊ ဒါ့အပြင် စစ်ရေးနည်းနဲ့ ကမ္ဘာကို အသစ်တဖန်ပြန်လည်ခွဲဝေပြီး ဈေးကွက်ပြဿနာဖြေရှင်းဖို့လည်း လုပ်လာကြတယ်။ တဖက်မှာ ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုတွေ တိုးပွားကြီးထွားလာမှာကို ကြိုတင်တားဆီးဖို့ ကြံစည်ကြတယ်။

အုပ်စိုးသူတွေအတွက် ငြိမ်းချမ်းတဲ့နိုင်ငံရေးပေါ်လစီနဲ့ လက်ရှိအခြေအနေက အလွတ်ရုန်းထွက်ဖို့ ထွက်ရပ်လမ်းရှာမရတဲ့ အတွက်ကြောင့် စစ်ပေါ်လစီကို မသုံးစွဲရင်မဖြစ်တော့ဘူးလို့လည်း ခံယူလာကြတယ်။

(၄)

ပေါ်ပေါက်ပုံ

ကမ္ဘာမှာ ဖက်ဆစ်စနစ် အနှံ့အပြား ပေါ်ပေါက်လာကြတဲ့အထဲက ဒုတိယကမ္ဘာစစ်ဖြစ်စေတဲ့အထိ ဖက်ဆစ်သရုပ်ကို အတိုင်းအတာအရ လွန်လွန်ကဲကဲ ဖော်ပြခဲ့ကြတဲ့ ဝင်ရိုးစွန်းသုံးနိုင်ငံနဲ့ စပိန်အကြောင်း ပြန်ပြောင်းပြောလိုပါတယ်။

 

အီတလီ။

အမျိုးသားရေးဝါဒသမား၊ ကွန်မြူနစ်ဆန့်ကျင်ရေးသမား၊ တခါက ဆိုရှယ်လစ်ဖြစ်ခဲ့တဲ့ မူဆိုလီနီရဲ့ဦးဆောင်မှုနဲ့ ၁၉၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်မှာ ဖက်ဆစ်ဝါဒဆိုတာ စပေါ်လာခဲ့တယ်။ အင်အားကြီးလာရာက ၁၉၂၂ ခုနှစ်မှာ ဘုရင်ကဖိတ်ခေါပြီး အစိုးရဖွဲ့စေပါတယ်။ ဖွဲ့ပြီးလို့ မကြာမီမှာပဲ အီသီယိုးပီးယားကိုဝင်သိမ်းလို့ နိုင်ငံပေါင်းချုပ်အသင်းကြီးက ကန့်ကွက်ပြီး အမိန့်တွေထုတ်ခဲ့ရတယ်။ ဒီအမိန့်တွေကို ဂရုမစိုက်ခဲ့ပါဘူး။ ဗြောင်ဆန့်ကျင်ခဲ့ပါတယ်။

အီတလီဖက်ဆစ် တပ်ဖွဲ့ဝင်တွေဟာ အများအားဖြင့် “ စစ်မှုထမ်းဟောင်းတွေ ” ဖြစ်လို့ ဖက်ဆစ်တပ်ဖွဲ့ကို ကျနစွာ စည်းရုံးနိုင်ခဲ့ကြတယ်။ “ ရှပ်နက် ” တပ်သားများအဖြစ် နာမည်ကြီးခဲ့တယ်။ ၁၉၂၅ ခုနှစ်မှာ အတိုက်အခံအဖွဲ့ အားလုံးကို ပြင်းပြင်းထန်ထန် နှိမ်နင်းလိုက်ပြီး နောက်မှာတော့ မူဆိုလီနီဟာ စစ်တပ်ကြီး တတပ်လုံးကို လက်ကိုင်ပြုကာ အာဏာရှင်အဖြစ် ခံယူလိုက်ပါတယ်။

ဂျာမဏီ။

ဟစ်တလာက ၁၉၁၉ ခုနှစ်မှာပဲ ဂျာမန်လူမျိုး နေရှင်နယ်ဆိုရှယ်လစ် အလုပ်သမားပါတီ” လို့ အဓိပ္ပာယ်ရတဲ့ နာဇီပါတီကို ထူထောင်ခဲ့တယ်။ အမျိုးသား ဆိုရှယ်လစ်ပါတီ” နာမည်ခံယူထားပေမယ့် အမှန်မှာ ဆိုရှယ်လစ်လမ်းစဉ် မဟုတ်၊ ရည်မှန်းချက်က ဂျာမဏီနိုင်ငံရဲ့စစ်အင်အားကို ကြီးထွားဖွံ့ဖြိုးစေဖို့ ၊ ကမ္ဘာကို ဂျာမန်လူမျိုးတွေကသာလျှင် လွှမ်းမိုးဖို့ ဖြစ်တယ်။

ဥရောပလူဖြူမျိုး - အာရိယန်တွေက တခြားလူမျိုးတွေထက် သာလွန်မြင့်မြတ်တယ်လို့ ခံယူကြတယ်။

ဂျာမဏီမှာ စီးပွားပျက်ကပ်ကိုအကြောင်းပြုပြီး ဖက်ဆစ်အမျိုးသားရေးအစွန်းရောက်သမားတွေ ခေါင်းထောင်ထလာကြပါတယ်။ စီးပွားရေးကျပ်တည်းမှုကြီးက ဖိစီးသည်ထက် ဖိစီးလာတဲ့အခါ လူထုအနေနဲ့ သူတို့ကို တနည်းတလမ်းနဲ့ ကယ်တင်လိမ့်မယ်လို့ထင်တဲ့ (ယုံလောက်အောင် ဆွဲဆောင်နိုင်တဲ့)ပါတီကို ဝိုင်းဝန်းအားပေးတတ်တာ ဓမ္မတာပါ။ နာဇီပါတီက ဒအခွင့်အရေးကိုအသုံးချကာ အမျိုးသားရေးကိုလှုံ့ဆော်ပြီး လူထုရဲ့ထောက်ခံမှုရအောင် ကြိုးပမ်းနိုင်ခဲ့ကြတယ်။

စက်မှုလက်မှု လုပ်ငန်းရှင်တွေကလည်း ဆိုရှယ်လစ်နဲ့ကွန်မြူနစ်ဝါဒ တိုက်ဖျက်ခြင်းကိစ္စမှာ သဘောကြိုက်ညီကြလေတော့ နာဇီပါတီကို အင်တိုက်အားတိုက် အားပေးခဲ့ကြတယ်။ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းတာကို အလုပ်ရှင်တွေက ခုခံတိုက်ဖျက်နိုင်ဖို့အတွက် ထောက်ခံဲ့ခြင်းလည်း ဖြစ်တယ်။ ဒါကြောင့် ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလမှာ နာဇီခေါင်းဆောင်ဟစ်တလာကို သမ္မတ ဟင်းဒင်ဗတ်က အဓိပတိအဖြစ် ကြေညာခန့်အပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့အရကတော့ ဟစ်တလာရဲ့ အာဏာရှင်စနစ်တည်မြဲစေဖို့ သိန်းသန်းမကတဲ့ ဂျာမန်လူမျိုးတွေဟာ လက်နက်နဲ့ နှိပ်ကွပ်ခြင်းခံခဲ့ရပါတယ်။ သမိုင်းပြဆိုချက်က တယူသန်အမျိုးသားရေးဝါဒ ကိုင်စွဲလာရင် သူများအမျိုးသားတွေ ချေမှုန်းဖျက်ဆီး ခံရတာတင်မက မိမိအမျိုးသားများလည်း ဖိနှိပ်ဖျက်ဆီးခြင်းခံရတယ်ဆိုတာပါပဲ။ အတိုက်အခံပါတီဟူ၍ မရှိစေရဘဲ နိုင်ငံအာဏာကို နာဇီခေါင်းဆောင်တွေရဲ့ လက်မှာသာထားပြီး အုပ်ချုပ်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။

စပိန်။

၁၉၂၃ ခုနှစ်မှာ ပရိုင်မိုရိုင်ဗီးယား အာဏာရှင် ဖြစ်လာပါတယ်။ ဘုရင်အယ်လ်မွန်ဆိုက ၁၉၃ဝ မှာ အာဏာရှင်စနစ် ဖျက်သိမ်းကြောင်း ကြေညာပေမယ့် သြဇာမသက်ရောက်ခဲ့ပါ။ ၁၉၃၁ ခုနှစ်ကျမှ တိုင်းပြည်က နှင်ထုတ်လို့ရပါတယ်။ ၁၉၃၆ ခုမှာ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ သမ္မတနိုင်ငံလိုလားသူတွေနဲ့ စင်ဒီကယ်မင်းမဲ့ဝါဒ (Syndicalism)ပါတီများပေါင်းပြီး အစိုးရဖွဲ့ခဲ့ကြတယ်။ ဒါပေမဲ့ ဖရန်ကိုခေါင်းဆောင်တဲ့ စစ်တပ်အရာရှိတွေက လက်မခံ၊ ပုန်ကန်ခဲ့ကြတယ်။ ၃ နှစ်ကြာစစ်ပွဲမှာ လူတသန်းခန့် သေကျေခဲ့ရတယ်။ သမ္မတနိုင်ငံဘက်က ဆိုဗီယက်ယူနီယံ၊ ပြင်သစ်၊ မက္ကဆီကိုတို့က ကူညီကြပြီး ဖရန်ကို ကို ဖက်ဆစ်အီတလီ၊ ဂျာမဏီတို့က ကူပါတယ်။ အင်္ဂလိပ်ကတော့ ကြားနေတယ်ပြောပြီး ဂျာမဏီဘက် ပင်းပါတယ်။ ဖရန်ကို အနိုင်ရသွားပါတယ်။ နောက်ဆုံး ပရိုင်မိုရိုင်ဗီးယား မလုပ်နိုင်တဲ့ကိစ္စတွေကို ဖရန်ကိုက လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ကြားနေတယ်ကြေညာပြီး ဖက်ဆစ်နိုင်ငံတွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံခဲ့လို့ ကုလသမဂ္ဂက ၁၉၅၅ ခုနှစ်အထိ ကြဉ်ထားတာ ခံခဲ့ရတယ်။

ဖရန်ကိုက ၁၉၆၉ ခုနှစ်မှာ မင်းသား ဟွမ်ကာလို့စ်ကို အနာဂတ်ဘုရင်နဲ့ နိုင်ငံအကြီးအကဲအဖြစ် လျာထားပေးခဲ့တယ်။ ယခုအထိ ဘုရင်ဖြစ်နေဆဲပါ။

ဂျပန်။

အာရှမှာရှိတဲ့ ဂျပန်ပြည် ဖက်ဆစ်နိုင်ငံဖြစ်လာပုံကျတော့ စစ်ဝါဒကနေ ကူးပြောင်းလာခြင်းဖြစ်ပါတယ်။ မူလကတော့ ဂျပန်လည်း တရုတ်လို အနောက်နယ်ချဲ့နိုင်ငံတွေရဲ့ မမျှတတဲ့စာချုပ်တွေကို လက်မှတ်ထိုးပေးခဲ့ရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ မေဂျီပြုပြင်ပြောင်းလဲရေးတွေကြောင့် တိုးတက်လာခဲ့တဲ့ဂျပန်ဟာ ၁၈၉ဝ ခုနှစ်များကျမှ စာချုပ်ကိစ္စတွေ ဖြေရှင်းနိုင်ခဲ့တာပါ။ တိုင်းပြည်ကာကွယ်ရေးအတွက် အလေးထားစိုးရိမ်စိတ်တို့က နယ်ပယ်ချဲ့ထွင်လိုတဲ့စိတ်ကို အလွယ်တကူ ပြောင်းလဲသွားစေခဲ့တယ် - လို့ ခံသာအောင် နိဂုံးချုပ်ပေးတဲ့ သမိုင်းဆရာတချို့လည်း ရှိပါတယ်။

တကယ်တမ်းတွေ့ရတာကတော့ အစွန်းရောက်အမျိုးသားရေးစိတ်အခံနဲ့ စီးပွားရေးနယ်ပယ် ချဲ့ထွင်ဖို့အတွက် အဆက်မပြတ် ကျူးကျော်စစ်များ ဆင်နွှဲခဲ့ခြင်းဖြစ်ပါတယ်။ ဂျပန်မှာ အဲဒီတုန်းက ဘုရင်နဲ့ပဒေသရာဇ်လူတန်းစားက ဖက်ဆစ်ဝါဒကို သဘောကျတယ်။ အာရှကိစိုးမိုးမယ့်ဧကရာဇ်ဖြစ်အောင်လုပ်ပေးလို့ပဲ။ ဖက်ဆစ်ဝါဒတွေကလည်း ဘုရင်ကို ဘုရားတဆူဂူတလုံး ဖြစ်အောင် ပြရုပ် အဖြစ်ထားပြီး ဂျပန်ဖက်ဆစ်ဝါဒကို အစွမ်းကုန်ကျင့်သုံးနိုင်ကြလို့ ကျေနပ်တယ်။ ၁၈၉၄ - ၉၅ မှာ ထိုင်ဝမ်ကျွန်းကို သိမ်းတယ်။ ၁၉၀၄ - ၀၅ မှာ ရုရှားကိုနိုင်ပြီး ဆခါလင်ကျွန်းကို သိမ်းပြန်ပါတယ်။ အားအင် တောင့်တင်းလာတာနဲ့အမျှ တရုတ်ဆီက အခွင့်အရေးတွေ တိုးယူ၊ ပိုအနိုင်ကျင့်ပါတယ်။ ၁၉၁၀ မှာ ကိုရီးယားလည်း ဂျပန့်လက်အောက် ရောက်သွားရပြန်ပါတယ်။

၁၉၁၄ ပထမကမ္ဘာစစ် ဖြစ်လာတော့ တရုတ်ပြည် စန်းတုန်းပြည်နယ်က ဂျာမန်တွေကိုတိုက်ထုတ်ပြီး အခွင့်အရေးတွေ လက်ပြောင်း ယူပါတယ်။ ပစိဖိတ်သမုဒ္ဒရာအတွင်းက ဂျာမန်ပိုင်ကျွန်းတွေကိုလည်း တိုက်ယူလိုက်ပါတယ်။

၁၉၃၁ မှာ မန်ချူးရီးယားကိုသိမ်းပြီး တရုတ်နန်းကျဘုရင် ပုယီကို (ရုပ်သေး)နိုင်ငံအကြီးအကဲ ခန့်ခဲ့တယ်။ ၁၉၃၂ မှာ တရုတ်နဲ့ စစ်ဖြစ်ပြန်ပါတယ်။ မန်ချူးရီးယားကိုဝင်သိမ်းတဲ့ကိစ္စ နိုင်ငံပေါင်းချုပ်အသင်းကြီးမှာ အချေအတင်ဆွေးနွေးကြတော့ လက်ဦးမှုရှိရှိ အသင်းကြီးကနေ နုတ်ထွက်လိုက်ပါတယ်။

ဒါတွေကတော့ ဂျပန်ပြည်မှာ စစ်ဝါဒီတွေ လွှမ်းမိုးဖို့ ဖြစ်လာစေတဲ့ နောက်ခံတွေပါ။

 

စီးပွားရေးဘက်ကို စစ်ရေးတိုးချဲ့မှုက အထောက်အကူ ပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ပထမကမ္ဘာစစ်အတွင်း လက်လှမ်းမီသလောက် ပါဝင်ခဲ့ရာက တိုင်းပြည်မှာ အမြဲချို့တဲ့နေတဲ့ ကုန်ကြမ်းပစ္စည်းတွေ ရခဲ့ပါတယ်။ ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာခဲ့တယ်။ စစ်ရေး အချက်အလက်တွေက အကြီးစားစက်မှုလုပ်ငန်းတိုးချဲ့မှုကို တွန်းအားပေးနိုင်ခဲ့တယ်။ ၁၉၂ဝ ခုနှစ်များရောက်တော့ အကြီးစား စက်မှုကဏ္ဍ ပြီးပြည့်စုံသွားတဲ့အဆင့် ရောက်ခဲ့တယ်။ ထုတ်လုပ်ရေးအပိုင်းမှာ လက်ဝါးကြီးအုပ်ကုမ္ပဏီကြီးတွေလည်း ပေါ်ထွန်းလာခဲ့တယ်။ စိုက်ပျိုးရေးဘက် တိုးတက်အောင်လည်း လုပ်နိုင်ခဲ့ကြတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ စီးပွားဈေးကွက်ပြိုလဲမှုက ဂျပန်ပြည်ကိုလည်း ချန်မထားရစ်ခဲ့ပါ။ ကမ္ဘာ့ကုန်သွယ်ရေးကျဆင်းမှု ဂျပန်ပြည်ရဲ့ စီးပွားရေးနဲ့ပို့ကုန်လုပ်ငန်းကို များစွာထိခိုက်စေခဲ့ပါတယ်။ တောရောမြို့ပါ ဒုက္ခရောက်ကုန်ကြပါတယ်။ ဒါကြောင့် စစ်တပ်အရာရှိတွေနဲ့ အမျိုးသားရေးဝါဒီတွေက လက်ရှိအစိုးရကို ဝေဖန်တိုက်ခိုက်လာကြပါတယ်။ ဒီလိုနဲ့ ၁၉၃၀ ခုနှစ် နောက်ပိုင်းကစပြီး ဂျပန်ပြည်ရဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ဩဇာလွှမ်းမိုးမှု အထွတ်အထိပ် ရောက်လာပါတော့တယ်။ ကက်ဘိနက်မှာ နိုင်ငံရေးသမားအရေအတွက် နည်းလာပါတယ်။ ၁၉၃၂ ခုနှစ်မှ စစ်ရှုံးချိန် ၁၉၄၅ အထိ ဂျပန်ဝန်ကြီးချုပ် ၁၁ ယောက်အနက် ၈ ယောက်က စစ်ဗိုလ်ချုပ်တွေ ဖြစ်ပါတယ်။

 

 

ဖက်ဆစ်စနစ်ကို တာစူပြီဆိုရင် ထုံးစံအတိုင်း ကွန်မြူနစ်တွေ မသက်သာကြပါ။ စီးပွားပျက်ကပ် မဆိုက်မီ ၁၉၂၈ ခုနှစ် ကတည်းက ဂျပန်ပြည်မှာ ကွန်မြူနစ်ထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီးဖြစ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေးပြောဆိုမှုတွေ အပိတ်ပင်ခံကြရတယ်။ စာအုပ်နဲ့ သတင်းစာထုတ်ဝေမှုကို တင်းကျပ်စွာကိုင်တွယ်ခဲ့တယ်။ တိုးတက်သူမှန်သမျှကိုဆန့်ကျင်ဖို့ အစိုးရကဦးစီးပြီး အရန် စစ်ရေးအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့တွေ၊ ကြက်ခြေနီအဖွဲ့တွေ၊ အမျိုးသမီးအသင်းတွေနဲ့ ဘာသာရေးအသင်း၊ သာရေးနာရေး အသင်းတွေကို လှုံ့ဆော်အသုံးချခဲ့ကြတယ်။

ပြောရမယ်ဆိုရင် စစ်ရေးအရ ပြည်ပမှာအောင်ပွဲခံနေတယ်ဆိုနိုင်ပေမယ့် ပြည်တွင်းမှာတော့ ဂျပန်လူမျိုးတွေအနေနဲ့ မကြုံဘူးလောက်အောင်ကြီးမားတဲ့ မတည်ငြိမ်မှုတွေ ကြုံတွေ့ခံစားကြရပါတယ်။ ပြည်ပရောက် ဂျပန်တပ်သားတွေက အဆက်မပြတ် တိုက်ပွဲတွေတိုက်ရင်း သေကျေကျိုးကန်းနေကြရသလို၊ ပြည်တွင်းမှာလည်း ချောင်းမြောင်းသတ်ဖြတ်တာ၊ အာဏာသိမ်းဖို့ ကြိုးစားရင်း သတ်ကြဖြတ်ကြတာစတဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေပါတယ်။

 

(၅)

ဥရောပဖက်ဆစ်နဲ့ အာရှဖက်ဆစ်

ဖက်ဆစ်စနစ်ဖြစ်ပေါ်လာပုံနဲ့ ဖော်ပြချက်တွေ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဥရောပနဲ့အာရှ(ဂျပန်) တူတာလည်းရှိ - မတူတာလည်း ရှိပါတယ်။

တကယ်က ၁၉၃၀ တဝိုက်မှာ ဖက်ဆစ်အယူအဆ၊ အာဘော်၊ ဖက်ဆစ်အဖွဲ့အစည်းတွေ ဥရောပမှာ နေရာအနှံ့ပေါ်ခဲ့တာပါ။ အင်္ဂလန်လည်း မလွတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုမှာလည်း ရှိတာပါပဲ။ ကိုယ့်အကျိုးစီးပွား၊ ကိုယ့်အမျိုးသားရေးအပေါ်မှာပဲ အခြေခံကြလို့ ရေရှည်အတူယှဉ်တွဲနေဖို့ခက်တဲ့ ဝါဒဖြစ်ပါတယ်။ ဟစ်တလာက ဖက်ဆစ်ဝါဒကိုအသုံးပြုပြီး မူလလမ်းထွင်ခဲ့သူ မူဆိုလီနီကို သြဇာလွှမ်း ကြိုးဆွဲပါတယ်။ နောက်မှ ဂျပန်ကို ကူးဆက်သွားတာပါ။

ဥရောပမှာ စီးပွားရေး၊ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဖက်ဆစ်ဝါဒပေါ်လာရတာဖြစ်ပြီး၊ ဂျပန်ကတော့ စစ်ဝါဒကနေ ကူးပြောင်းသွားတာ ဖြစ်ပါတယ်။

ပေါ်လာတဲ့အခါမှာလည်း ကိုယ့်နိုင်ငံသမိုင်းနဲ့ မတူကွဲပြားတဲ့အခြေအနေ၊ မတူတဲ့အကျိုးစီးပွားတွေကြောင့် မတူတဲ့ကြွေးကြော်သံတွေ ရှိပါတယ်။ အီတလီမှာ ဆောင်ပုဒ်လုပ်ထားတဲ့ “ မူဆိုလီနီ အမြဲတမ်းမှန်တယ် ” ဆိုတဲ့ကြွေးကြော်သံကို ဟစ်တလာက ဂရုမစိုက်ပါဘူး။ ဂျပန်မှာတော့ “ ဂျပန်ဧကရာဇ်ရဲ့အင်ပါယာ တိုးချဲ့ရေး ” ပဲ ကြွေးကြော်ပါတယ်။ ဂျာမဏီနာဇီတွေက ဆိုဗီယက်ယူနီယံကို ၁၉၄၁ ကတည်းက အနောက်ဘက်ကနေ တိုက်နေပါတယ်။ အောင်ပွဲတွေလည်း ရနေပါတယ်။ ဒါပေမဲ့ ဂျပန်ဖက်ဆစ်တွေက အရှေ့ဘက်ကနေ ဝင်မတိုက်ပါဘူး။ တိုက်ရင် နယ်မြေတွေ အများကြီးရနိုင်ပါတယ်။ ဒါပေမဲ့ ရမယ့်နယ်မြေက ဆိုက်ဘေးရီးယားလိုဒေသကြီး ဖြစ်နေတယ်။ အရှေ့တောင်အာရှမှာက သယံဇာတတွေပေါကြွယ်ရုံမက အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ချ်နယ်ချဲ့သမားတွေ တူးဖော်ရယူနေပါတယ်။ အဲဒီလို ခူးပြီးခပ်ပြီးကိုပဲ ဝင်နှိုက်ပါတယ်။ မိမိအကျိုးစီးပွားကိုပဲ ပဓာနထားပါတယ်။ ဂျပန်ကသာ အရှေ့ကဝင်တိုက်ရင် ဆိုဗီယက်ယူနီယံ မရှုမလှ ခံရပါမယ်။ ဒါပေမဲ့ အကျိုးအမြတ်အားလုံး ဂျာမဏီကပဲ ရသွားမှာဖြစ်လို့ ဂျပန်က လုံးဝမတိုက်ခဲ့ပါ။ တောင်ဘက်ကိုပဲ တိုးခဲ့ပါတယ်။ အင်္ဂလန်မှာ လေဘာဝန်ကြီးဟောင်း မော်ဆလေ ခေါင်းဆောင်တဲ့ “ ဗြိတိသျှယူနီယံ ” (၁၉၃၁ - ၁၉၃၉) ဖက်ဆစ်လှုပ်ရှားမှုက ဆီးမိုက် (ဂျူး -အာရပ်) ဆန့်ကျင်ရေးနဲ့ ဗြိတိသျှဓနသဟာယအကျိုးစီးပွားကိစ္စပဲ အာရုံစိုက်ပါတယ်။

 

ဒါပေမဲ့ သူတို့အချင်းချင်း တူကြတာတွေ(အများအားဖြင့် ပြည်တွင်းရေးမှာ) ကတော့ များမှများပါ။

သူတို့တတွေဟာ နိုင်ငံရေးမီးရှူးမီးပန်းတွေလွှတ်ပြီး မိမိသက်ဆိုင်ရာ လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကို ကိုယ်စားပြုကြသူချည်းပါပဲ။ တကမ္ဘာလုံးကို၊ နယ်မြေဒေသအသီးသီးကို အစိတ်စိတ်ပိုင်းကာ ကြံရာပါတွေနဲ့တွဲပြီး ခွဲဝေကြတာ၊ ဗိုလ်ကျဖို့လုပ်ကြတာမှာ တူကြတယ်။

- “တမျိုးသားလုံးအန္တရာယ် ကို ကာကွယ်ဖို့နဲ့ တမျိုးသားလုံး ချောက်ထဲမကျအောင်ကယ်တင်ဖို့ ကိုယ့်ကိုယ်ကို ကယ်တင်ရှင်ဂိုက်” ဖမ်းကြတာမှာ တူကြတယ်။

အစွန်းရောက်အမျိုးသားရေးဝါဒ(ရှော်ဗင်ဝါဒ) ကြွေးကြော်တာ၊ စစ်တပ်က တစတစ နိုင်ငံရေးထဲ ဝင်ပါလာတာ ဒါမှမဟုတ် အာဏာရှင်ရဲ့ တလက်ကိုင်စစ်တပ်ဖြစ်သွားတာ၊ ပါလီမန်ဒီမိုကရေစီကို လက်မခံကြတာ၊ ပြည်သူကို ဒီမိုကရေစီ မပေးကြတာတွေမှာ တူကြတယ်။

ရှေးရိုးစွဲလူထုတစိတ်တပိုင်းကို ဆွဲဆောင်နိုင်ဖို့ ပဒေသရာဇ်၊ ဧကရာဇ်စတဲ့သူတွေကို ရုပ်ပြအဖြစ် အသုံးချကြတာမှာလည်း ဆင်တူတယ်။

ဒါ့အပြင် ကွန်မြူနစ်တွေနဲ့တိုးတက်သူတွေကို ဆိုးဆိုးဝါးဝါးနှိပ်ကွပ်ရာမှာ တူကြတယ်။

ကိုယ့်အကျိုးစီးပွား ပွန်းပဲ့လာပြီဆိုရင် ကမ္ဘာ့အဖွဲ့အစည်းများကို ဆန့်ကျင်ဖို့၊ လိုအပ်လာရင်နုတ်ထွက်ဖို့ ဝန်မလေးကြတာမှာလည်း တူကြတယ်။

 

(၆)

စစ်တားဆီးရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး

ကျွန်တော်တို့ ကွန်မြူနစ်တွေဟာ ဖောက်ပြန်တဲ့စစ်ကို ဆန့်ကျင်သူတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို လိုလားသူတွေ ဖြစ်ပါတယ်။ နောက်ပြီး ဖက်ဆစ်စနစ်ကို ရွံမုန်းသူတွေထဲမှာ ရှေ့တန်းရောက်ခဲ့သူတွေပါ။ ဒါ့ကြောင့်လည်း ကမ္ဘာ့ပြည်သူတွေနဲ့ လက်တွဲပြီး ဖက်ဆစ်စနစ်ကို တိုက်ဖျက်ခဲ့ကြပါတယ်။

ဒါ့အပြင် ကျွန်တော်တို့တတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းလိုသူတွေဖြစ်ပါတယ်။ ကမ္ဘာ့ပြည်သူတွေနဲ့အတူ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတယ်။ ယနေ့အထိ တတိယကမ္ဘာစစ်ကို တားထားနိုင်ကြပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးသွားပေမယ့် ဖက်ဆစ်စနစ်ကို တခါတည်းမြေမြှုပ်သင်္ဂြိုဟ်ပစ်နိုင်ခဲ့တာ မဟုတ်ပါ။

ကမ္ဘာပေါ်မှာ လက်ဝါးကြီးအုပ်အရင်းရှင်စနစ် ရှိနေရင်၊ နယ်ချဲ့စနစ် ရှိနေရင် ဖက်ဆစ်အန္တရာယ်ဆိုတာ အချိန်မရွေးပေါ်နိုင်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့အရင်းရှင်စနစ်မှာ အထွေထွေအကျပ်အတည်းကြီး (စီးပွားရေး၊ နိုင်ငံရေးမှာ) ပေါ်ရင် ဖက်ဆစ်စနစ် ပေါ်တတ်ပါတယ်။

ဒီနေ့ ကမ္ဘာ့အခြေအနေဟာ “ တကမ္ဘာလုံးဆိုင်ရာ --- ” ကမ္ဘာမှုပြုခြင်း အရင်းရှင်သီဝရီတွေနဲ့ အာဘော်တွေ ဖန်တီးနေချိန် ဖြစ်ပါတယ်။ ကမ္ဘာ့အခင်းအကျင်းသစ်အတွက် ခြေလှမ်းတွေပြင်နေချိန်၊ ဆင်းရဲ/ချမ်းသာကွာဟမှု ကြီးမားနေတဲ့အချိန် ဖြစ်ပါတယ်။

ဒါ့အပြင် ဖက်ဆစ်ဝါဒရေခံမြေခံ အမျိုးသားရေးဝါဒတွေ ခေါင်းထောင်ထနေတာလည်း သတိပြုရမယ်။

သမိုင်းမှာ စစ်တပ်ကလာတဲ့ ဖက်ဆစ် (ဟစ်တလာ၊ ဖရန်ကို၊ ဂျပန်) တွေ၊ ဒါမှမဟုတ် စစ်တပ်ကို တလက်ကိုင်လုပ်ထားနိုင်တဲ့ ဖက်ဆစ် (မူဆိုလီနီ၊ ပေါ်တူဂီက ဆလာဇာ) တွေချည်း တွေ့ရပါတယ်။ ဒါကြောင့်လည်း လူထုကို စစ်တပ်လို သဘောထားကြတယ်။ “ တသွေး၊ တသံ၊ တမိန့် ” ပြဋ္ဌာန်းပြီး လိုက်နာခိုင်းခဲ့တယ်။

ဒီနေ့ ဗမာစစ်တပ်ကကော ဘယ်လိုအမျိုးအစား စစ်တပ်လဲကွန်မြူနစ်တွေကတော့ ဖက်ဆစ်စနစ်နဲ့ သူ့ရဲ့ အကြံယုတ်ကို ဘယ်တုန်းကမှခေါင်းငုံ့မခံခဲ့သလို၊ အခုလည်း ခေါင်းငုံ့ခံကြမှာမဟုတ်ပါ။

ဖက်ဆစ်စနစ်လက်သစ်တွေ အခုခေါင်းပြန်ထောင်နေပြန်ပြီ။ ဖက်ဆစ်စနစ်ဟောင်းတုန်းက သေခဲ့ရတာကိုလဲ မမေ့ပျောက်သင့်ပါဘူး။ ဖက်ဆစ်ဝါဒဆိုတာဟာ အရင်းရှင်စနစ်ရဲ့ ထုတ်လုပ်မှု၊ နယ်ချဲ့စနစ်ရဲ့ ပုံစံတခုဆိုတာလဲ သတိရသင့်ပါတယ်။ 

အထွေထွေအတွင်းရေးမှူး (ယာယီ)၏ အစီရင်ခံစာ - ၁၉၉၄ ခုနှစ်မှ

Monday, December 14, 2020

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း (အပိုင်း ၅)

0 comments

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း (အပိုင်း ၅)

 

ယနေ့အထိ တည်ရှိနေသော ထုတ်လုပ်ရေးနည်းနာအားလုံးသည် အလုပ်၏အနီးကပ်ဆုံးနှင့် တိုက်ရိုက်အကျဆုံး အသုံးဝင်သော အကျိုးသက် ရောက်မှုရရှိရေးကိုသာ ရည်ရွယ်သည်။ နောက်ပိုင်းမှပေါ်ထွက်လာသော တဖြည်းဖြည်း ထပ်ခါတလဲလဲဖြစ်ခြင်း၊ စုပုံခြင်းတို့မှ ပေါ်ပေါက်လာသော တဆင့်တက်လာသည့်အကျိုးဆက်များကိုမူ လုံးဝလျစ်လျူရှုထားကြသည်။ ကနဦး မြေယာဘုံပိုင်မှုစနစ်သည် တဘက်တွင် ယေဘုယျအားဖြင့် အနီးကပ်ဆုံးအရာဝတ္ထုများတွင်သာ မြင်ကွင်းကန့်သတ်ထားခြင်းခံရသောလူတို့၏ ဖြစ်ပေါ်တိုးပွားမှုအဆင့်နှင့် လျော်ညီပေသည်။ အခြားတဘက်တွင် ရှေးဦးစီးပွားရေး၏ မမျှော်လင့်ပဲပေါ်လာနိုင်‌သောဆိုးကျိုးများကို ကျော်နင်းရန် တစုံတရာ အထောက်အကူပြုသည့် အသုံးပြုနိုင်သော တစုံတရာမြေပိုလျှံမှုကို ရှေးဦးလိုအပ်ချက်အဖြစ်ထားရှိသည်ကို၎င်း၊ မြေယာအပိုအလျှံ ကုန်ခမ်းသွားသည်နှင့် ဘုံပိုင်ဆိုင်မှုစနစ်သည်လည်း ပြိုကွဲသွားတော့၏။ သို့စေကာမူ ပိုမိုမြင့်မားသော ထုတ်လုပ်ရေးသဏ္ဌန်အားလုံးသည် လူများကို မတူသောလူတန်းစားများအဖြစ်ကွဲပြားစေပြီး ထိုမှတဆင့် အုပ်စိုးသောလူတန်းစားနှင့် အဖိနှပ်ခံလူတန်းစားတို့၏ ရန်ဘက်ဖြစ်မှုကို ပေါ်ပေါက်စေသည်။ ထုတ်လုပ်ရေးကို အဖိနှိပ်ခံများ၏ အနိမ့်ဆုံး ဘဝတည်တန့်မှုပစ္စည်းများတွင် ကန့်သတ်မထားသည်နှင့်အမျှ အုပ်စိုးသော လူတန်းစား၏အကျိုးစီးပွားသည် ထုတ်လုပ်ရေးကို တွန်းဆော်သောအချက်ဖြစ်လာသည်။ အနောက်ဥရောပတွင် ယနေ့အုပ်စိုးနေသော အရင်းရှင်ထုတ်လုပ်ရေးနည်းနာတွင် ဤအချက်ကို အပြည့်စုံဆုံးဖော်ပြထားပေသည်။ ထုတ်လုပ်ရေးနှင့် ဖလှယ်ရေးကိုကြီးစိုးနေသော တဦးချင်းအရင်းရှင်များသည် သူတို့၏ပြုမူမှုများ၏ တိုက်ရိုက်အကျဆုံး အသုံးဝင်သောအကျိုးသက်ရောက်မှုကိုသာ ဂရုစိုက်နိုင်ကြပေ၏။ အမှန်ပင် ထုတ်လုပ်သော သို့မဟုတ် ဖလှယ်သောကုန်ပစ္စည်း၏ အသုံးဝင်မှုပြဿနာ မည်သို့ပင်ရှိစေကာမူ ဤအသုံးဝင်သောအကျိုးသက်ရောက်မှုပင်လျှင် နောက်ကွယ်သို့ လုံးဝရောက်သွားပြီး ရောင်းချရာတွင် ရရှိလိုက်သောအမြတ်သည်သာ တခုတည်းသော တွန်းဆော်မှု ဖြစ်လာပေသည်။

 

ဓနရှင်လူတန်းစား၏ လူမှုဝိဇ္ဇာပညာ (ဝါ)စံတင်နိုင်ငံရေးဘောဂဗေဒသည် ထုတ်လုပ်ရေး ဖလှယ်ရေးတို့နှင့်ဆက်စပ်နေသော လူသားလှုပ်ရှားမှု၏ တိုက်ရိုက်ရည်ရွယ်သော လူ့အဖွဲ့အစည်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဦးစားပေးထားသည်။ ဤဝိဇ္ဇာပညာသည် ဤသို့သော လူမှုအဆောက်အဦနှင့် လုံးဝကိုက်ညီပြီး ထိုအဆောက်အဦ၏ သဘောတရားရေးအရ ဖော်ပြချက်ဖြစ်သည်။ တဦးချင်း အရင်းရှင်များသည် တိုက်ရိုက်အမြတ်အစွန်းအတွက် ထုတ်လုပ်ရေးနှင့်ဖလှယ်ရေးတွင် ပါဝင်လုပ်ကိုင်ကြသည့်အလျှောက် အနီးကပ်ဆုံးနှင့် တိုက်ရိုက်အကျဆုံး အကျိုးသက်ရောက်မှုများကိုသာလျှင် ဦးစွာအားဖြင့် ဂရုစိုက်နိုင်ပေတော့သည်။ ပြုလုပ်ထားသော သို့မဟုတ် ဝယ်ယူထားသောကုန်စည်ကို မက်မောလောက်သည့် ရနေကျအမြတ်အစွန်းဖြင့် ရောင်းချနေသည်နှင့်အမျှ တဦးချင်းစက်ရုံပိုင်ရှင် သို့မဟုတ် ကုန်သည်သည်ကျေနပ်နေခဲ့ပြီး နောင်တွင် ကုန်စည်နှင်း ၎င်းကိုဝယ်သူများ မည်သို့ဖြစ်သွားမည်ကို စိတ်ဝင်စားခြင်းမရှိ။ ဤပြုမူမှုများ၏ သဘာဝအကျိုးသက်ရောက်မှုများမှာလည်း အလားတူပင်ဖြစ်သည်။ တောင်စောင်းများပေါ်ရှိသစ်တောများကို မီးရှို့ပစ်ပြီး မျိုးဆက် တဆက်အတွက် အမြတ်များများရမည့်ကော်ဖီပင်များကိုစိုက်ပျိုးရန် လုံလောက်သောမြေဩဇာပြာများရကြသည့် ကျူးဘားပြည်ရှိ စပိန်ခြံပိုင်ရှင်များသည် နောင်တွင် သည်းထန်သောအပူပိုင်းဒေသ မိုးက အကာအကွယ်မရှိတော့ပြီဖြစ်သော အပေါ်ယံမြေဆီလွှာကို တိုက်စားပစ်လိုက်ကာ ကျောက်တုံး ထီးထီးသာကျန်ရှိစေသည်ကို ဂရုစိုက်မိကြပါမည်လေ။ မျက်မှောက်ထုတ်လုပ်ရေးနည်းနာသည် သသဘာဝနှင့်ပတ်သက်၍၎င်း၊ လူ့အဖွဲ့အစည်းနှင့်ပတ်သက်၍၎င်း အစဦးဆုံး အထင်ရှားဆုံးအကျိုးဆက်ကိုသာ ဦးစားပေးကြပေသည်။ ထို့နောက် ဤအကျိုးဆက်ကိုဦးတည်သောပြုမူမှု၏ ပိုမိုဝေးကွာသော အကျိုးသက်ရောက်မှုများမှာ လုံးဝခြားနားသည့်အဖြစ်သို့၎င်း၊ များသောအားဖြင့် လုံးဝဆန့်ကျင်ဘက်အဖြစ်သို့၎င်း ရောက်ရှိသွားသည်ကို အံ့ဩကြပြန်သည်။ ရောင်းအားနှင့်ဝယ်အား လိုက်လျောညီမှုသည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်အဖြစ်သို့ပြောင်းလဲသွား၏။ ၁၀ နှစ်တကြိမ် စက်မှုလုပ်ငန်း စက်ဝိုင်းသဖွယ်လည်ပတ်မှုက ၎င်းအချက်ကို ဖော်ပြနေပေသည်။ ဂျာမဏီပြည်သည်ပင် ပြိုကွဲမှု ၅ ထဲတွင် ပဏာမအဖြစ် အနည်းငယ်ထိတွေ့ လိုက်ရသည်။ ၎င်းမှာ တဦးတယောက်၏ အလုပ်ပေါ်အခြေခံသောပုဂ္ဂလိကပိုင်ဆိုင်မှုသည် အလုပ်သမားများကို ပိုင်ဆိုင်မှုကင်းမဲ့သူများအဖြစ် မုချဖြစ်ပေါ်တိုးပွားသွားကာ တချိန်တည်းမှာပင် ဥစ္စာဓနအားလုံးသည် အလုပ်မလုပ်သူများလက်ထဲသို့ ပို၍ပို၍စုစည်းလာတော့သည် ၎င်းမှာ…….*

၁၈၇၆ ခုနှစ်တွင်ရေးသည်။                                                                                      လက်ရေးမူအတိုင်းပုံနှိပ်သည်။

၁၈၉၆ ခုနှစ် နယူးဇိဂျာနယ်တွင် ပထမဆုံးထည့်သွင်းထုတ်ဝေသည်။                                  ဂျာမန်ဘာသာမှပြန်ဆိုသည်။

 

ဤနေရာတွင် လက်ရေးမူပြတ်တောက်သွားသည်။ အယ်ဒီတာ

 

ရှင်းလင်းချက်

၁* ၎င်းမှာ သဘာဝအနုပဋိလောမကျမ်းအတွက် စုဆောင်းထားသောအချက်အလက်အလက် စာတွဲ ဒုတိယတွဲ၏ မာတိကာစာရင်းတွင် ပါဝင်သောဆောင်းပါးဖြစ်ပြီး အိန်ဂယ်က ခေါင်းစဉ်ဖြည့်စွက်ထားသည်၊ မူလက ထိုဆောင်းပါးမှာ “ကျေးကျွန်စနစ်၏ အခြေခံသဏ္ဌန် သုံးရပ်”ဟူသည့် အတွင်းသဘောပိုမိုကျယ်ပြန့်သည့်ကျမ်းအတွက် အိန်ဂယ်ရေးသားထားသောနိဒါန်းပိုင်းဖြစ်သည်၊ နောက်ပိုင်းတွင် ၎င်းကို “အလုပ်သမားများအပေါ် ကျွန်ပြုခြင်းနိဒါန်း”ဟု အမည်ပြောင်းပေးခဲ့သည်၊ သို့သော် ဤကျမ်းကိုပြီးဆုံးသည်အထိ မရေးနိုင်ခဲ့ချေ။ အဆုံးတွင် အိန်ဂယ်က ဤကျမ်း၏နိဒါန်းပိုင်းကို လက်ရေးမူ၏အခြေခံအတွင်းသဘောနှင့်လိုက်ဖက်သည့် “လူဝံမှ လူသို့ကူးပြောင်းရာတွင်အလုပ်၏ ပါဝင်ရာအခန်း”ဟူသောခေါင်းစဉ်တပ်ပေးလိုက်သည်၊ ဆောင်းပါးကိုရေးသားခဲ့သည်မှာ ၁၈၇၆ ခုနှစ် ဇွန်လအတွင်းဖြစ်နိုင်ပေသည်။ ဆောင်းပါးရေးသားခြင်းနှင့်ပတ်သက်၍ ၁၈၇၆ ခု ဇွန်လ ၁၀ ရက်နေ့က အိမ်ဂယ်ထံသို့ရေးသားပေးပို့ခဲ့သော ဒဗလျူလစ်ဘနက်၏ပေးစာကို အထောက်အထားပြုနိုင်သည်။ ထိုပေးစာ၌ အခြားကိစ္စများအပြင် သူသည် “ဗော့စတက်” (ပြည်သူ့နိုင်ငံတော်)သတင်းစာတွင် ထည့်သွင်း ဖော်ပြမည်ဟုအာမခံထားသော အိန်ဂယ်၏ “ကျေးကျွန်စနစ်၏အခြေခံသဏ္ဌန်သုံးရပ်”ကျမ်းကို မျှော်လင့်ကြီးစွာစောင့်လျှက်ရှိနေကောင်း လစ်ဘနက်ကရေးသားထားသည်။ ဆောင်းပါးမှာ ၁၈၉၆ ခုနှစ်ရောက်လာမှ “ပီယိုနယူးဇိ” (ခေတ်သစ်)မဂ္ဂဇင်းတွင် ထည့်သွင်းပုံနှိပ်ခဲ့ရသည်။ (နှစ်စဉ်ထုတ် အတွဲ ၁၄ အုပ် ၂ စာမျက်နှာ ၅၄၅-၅၅၄)

 

၂* ၎င်းကို ချားလ်စ်ဒါဝင်၏ “လူဆင်းသက်လာပုံနှင့် လိင်နှင့်ပတ်သက်၍ ရွေးခြယ်ပုံ” စာအုပ် (အတွဲ၁၊ လန်ဒန်၊ ၁၈၇၁ ခု) အခန်း ၆ “လူ၏ သွေးသားတော်စပ်မှုနှင့် မျိုးနွယ်ဆင်းသက်လာမှု တွင်ကြည့်ပါ

 

၃* ၎င်းမှာ ၁၈၂၈ ခုနှစ်တွင် ဂို့တင်းဂျင်းမှပုံနှိပ်ထုတ်ဝေသော ဂျေဂရမ်း၏ “ရှေးဟောင်းဂျာမန်တရားဥပဒေ” စာအုပ်တွင်ပါရှိသည့် ဂျာမန် ဘုန်းကြီး လေဘယိုနော့ကာ (၉၅၂-၁၀၂၂ သက်သေခံအချက်အလက်ကို အိန်ဂယ်က ကိုးကားထားခ့ြင်းဖြစ်သည်။ နော့ကာနှင့်ပတ်သက်၍ အိန်ဂယ်၏ အပြီးမသတ်ရသေးသော “အိုင်ယာလန်သမိုင်း တွင်လည်း ပါရှိသည်။

 

၄* အပင်ဘဝ ရာသီဥတုအပေါ် လူ၏ပြုမူမှုအကျိုးသက်ရောက်ပုံနှင့်ပတ်သက်၍ ၁၈၄၇ ခုနှစ်တွင် လင်းရှတ်မှထုတ်ဝေသော စီဖရတ်စ်၏ “ကာလအသီးသီးရှိ ရာသီဥတုနှင့်အပင်ဘဝ စာအုပ်ကို အိန်ဂယ်က မှီငြမ်းရေးသားသည်။။ ၁၈၆၈ ခုနှစ် မတ်လ ၂၅ ရက်နေ့ပေးစာတွင် ဤ စာအုပ်ကို ဂရုစိုက်အလေးထားရန် အိန်ဂယ်အား မာ့က်စ်က တိုက်တွန်းထားသည်။

 

၅* ၎င်းမှာ ၁၈၇၃ ခုနှစ် စီးပွားပျက်ကပ်ကို အိန်ဂယ်ကရည်ညွှန်းထားခြင်းဖြစ်သည်။ ဂျာမဏီပြည်တွင် ဤစီးပွားပျက်ကပ်သည် ၁၈၇၃ မေလ တွင်ဖြစ်ပွားသော “ကြောက်မက်ဖွယ်ရာပြိုကွဲမှု” က စတင်လာခဲ့သည်။ ၎င်းသည် ၇၀ ခုနှစ်ပိုင်းကုန်ခါနီးအထိ ဆက်တိုက်ဖြစ်ပေါ်လာမည့် ကြပ်တည်းမှုကပ်၏ ရှေ့ပြေးနိမိတ်လည်းဖြစ်သည်။

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း (အပိုင်း ၄)

0 comments

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း (အပိုင်း ၄)

 

မည်သို့ပင်ဖြစ်စေ တိရိစ္ဆာန်များ၏ အစီအစဉ်ရှိစွာ ကြိုတင်ကြံဆထားသောနည်းဖြင့် ပြုမူနိုင်စွမ်းရှိမှုကို ကျနော်တို့ အငြင်းမပွားလိုပေ။ ဆန့်ကျင်ဘက်အားဖြင့် သက်ရှိမူလရေကြည် (ဝါ) သက်ရှိ ဥအကာအရည်တည်ရှိသော တုန့်ပြန်သက်ရောက်သောအရာတိုင်းတွင်၊ ဆိုလိုသည်မှာ ပြင်ပမှ တစုံတရာထိုးဆွမှုကြောင့် အလွန့်အလွန်ရိုးစေကာမူ တစုံတရာလှုပ်ရှားသည့်အရာတိုင်းတွင် အစီအစဉ်ရှိသော လှုပ်ရှားမှုသည် အညှောင့် အတက်သဏ္ဌန်ဖြင့်တည်ရှိသည်။ ဤတုန့်ပြန်သက်ရောက်မှုသည် အာရုံကြောကလပ်စည်းရှိသောအရာမဆိုထားနှင့် မည်သည့်ကလပ်စည်းမျှ မရှိသေးသောအရာမှာပင်လျှင် တည်ရှိသည်။ ပိုးမွှားစားတတ်သောအပင်များ၏ ပိုးမွှားဖမ်းယူပုံမှာ လုံးလုံး အသိမရှိစေကာမူ တဘက်မှကြည့်လျှင် တစုံတရာ အစီအစဉ်ရှိသောပြုမူချက်ဖြစ်သည်။ တိရိစ္ဆာန်များတွင် အသိရှိသော၊ အစီအစဉ်ရှိသော ပြုမူနိုင်စွမ်းသည် အာရုံကြောစနစ် တိုးပွားမှုနှင့်အချိုးညီစွာတိုးပွားလာပြီး နို့တိုက်သတ္တဝါများအတွင်းတွင် ၎င်းသည် လွန်စွာမြင့်မားသော အဆင့်သို့ရောက်ရှိလာသည်။ အင်္ဂလန်ပြည်တွင် မြေခွေးများကိုလိုက်ရာ၌ မြေခွေးသည် လိုက်လံသူများကိုရှောင်တိမ်းရန် ဒေသကျွမ်းကျင်မှုအား မည်သို့အသုံးပြုရမည်ကို ကောင်းစွာသိရှိသည်ကို၎င်း၊ သူ့အတွက်အကျိုးရှိသော မြေအနေအထား အားလုံးကိုအသုံးပြုပြီး ခြေရာဖျောက်ရန် အဘယ်မျှပိုင်နိုင်စွာသိရှိသည်ကို၎င်း နေ့စဉ်တွေ့မြင်နိုင်ပေသည်။ လူနှင့်နီးစပ်မှုကြောင့် ပိုမိုမြင့်မားစွာဖြစ်ပေါ်တိုးပွားလာသော ကျနော်တို့မွေးမြူထားသောတိရိစ္ဆာန်များအတွင်း၌ ကလေးများနည်းတူ သွက်လက်သောအပြုအမူများပြုလုပ်သည်ကို နေ့စဉ်တွေ့မြင်နိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လူ၏အမိဝမ်းတွင်းရှိ သန္ဓေဖြစ်ပေါ်တိုးပွားရာဖြစ်စဉ်သည် ပိုးကောင်မှအစပြု၍ ကျနော်တို့ဘိုးဘေးသတ္တဝါများ၏ ကိုယ်ခန္ဓာ တစတစပြောင်းလဲမှု၏ နှစ်သန်းပေါင်း များစွာရှည်ကြာသောသမိုင်းကို တဖန်ပြန်၍အကျဉ်းချုပ်ထားခြင်းသာလျှင်ဖြစ်သကဲ့သို့ ကလေးများ၏ စိတ်ပိုင်းဖြစ်ပေါ်တိုးပွားမှုသည်လည်း ဤဘိုးဘေးများ၊ ယုတ်စွအားဖြင့် အနီးကပ်ဆုံးဘိုးဘေးများ၏ အသိဉာဏ်ဖြစ်ပေါ်တိုးပွားမှုကို တဖန်ပို၍ အကျဉ်းခြုံးထားခြင်းသာ ဖြစ်သောကြောင့်တည်း။ သို့သော် တိရိစ္ဆာန်အားလုံး၏ အစီအစဉ်ရှိသောပြုမူမှုမှန်သမျှသည် သဘာဝအပေါ်တွင် သူတို့၏ဆန္ဒကိုခပ်နှိပ်ရန် မည်သည့်အခါမှ မစွမ်းဆောင်နိုင်ကြပေ။ ဤသည်ကို လူကသာလျှင်စွမ်းဆောင်နိုင်ပေသည်။

 

တိုတိုပြောရလျှင် တိရိစ္ဆာန်သည် ပြင်ပသဘာဝကိုအသုံးပြုရုံသာပြုပြီး ၎င်းတည်ရှိမှအရသာ ပြောင်းလဲစေခြင်းဖြစ်သည်။ လူကမူ သဘာဝကို ပြောင်းလဲပစ်ခြင်းနှင့် မိမိရည်မှန်းချက်အတွက် အလုပ်အကျွေးပြုစေပြီး သဘာဝကိုချုပ်ကိုင်လာခဲ့သည်။ ဤကား လူနှင့်အခြားသတ္တဝါများ အကြားမှ အဆုံးသတ်ဖြစ်သော အနှစ်သာရအရ ခြားနားချက်ဖြစ်သည်။ ဤခြားနားမှုကိုဖြစ်စေသည်မှာ အလုပ်ပင်ဖြစ်ပြန်သည်။

 

သို့စေကာမူ ကျနော်တို့လူသားများ သဘာဝအပေါ်အောင်ပွဲရသည့်အတွက် အလွန်အမင်းကျေနပ်မနေကြပါနှင့်။ ဤသို့အောင်ပွဲရတိုင်း သဘာဝ က ကျနော်တို့အပေါ် လက်စားချေခဲ့၏။ ပထမတွင် ကျနော်တို့ခန့်မှန်းထားသော အကျိုးသက်ရောက်မှုများကို ရရှိလိုက်သည်မှာ အမှန်ပင်ဖြစ်၏။ သို့သော် ဒုတိယနှင့်တတိယတွင်မူ ပထမအကျိုးဆက်များကိုပင် မကြာခန ဖျက်သိမ်းပစ်လေ့ရှိသည်။ လုံးဝမတူသော ကြိုတင်မမြင်သည့် အကျိုးသက်ရောက်မှုများကို ရရှိလိုက်၏။ မက်ဆိုပိုတေးမီးယား၊ ဂရိ၊ အာရှမိုင်းနားနှင့် အခြားနေရာများတွင် လူများသည် ထွန်ယက်စိုက်ပျိုးမြေရရှိရန် သစ်တောများ ပြုန်းသွားသည်အထိ ခုတ်ထွင်ပစ်ကြသည်။ ရေခိုးရေငွေ့စုဆောင်းထိန်းသိမ်းရာ အချက်အခြာဖြစ်သော သစ်တောများဆုံးပါးသွားသဖြင့် ထိုတိုင်းပြည်များတွင် မျက်မှောက်၌ တောပြုန်းသောအခြေအနေသို့ရောက်သွားရန် အုတ်မြစ်ချနေကြကြောင်းကို မည်သည့်အခါကမှ သူတို့ အိပ်မက် မမက်ခဲ့ကြပေ၊ ၄* အဲ့လ်ပ်တောင်တန်းများပေါ်ရှိ အီတလီများသည် ထင်းရှူးတောများကို မြောက်ဘက်တောင်စောင်းတွင် ဂရုတစိုက်ကာကွယ်ပေးခဲ့ရင်း တောင်ဘက်စောင်း၌ ခုတ်ထွင်ပစ်လိုက်ကြသည်။ သူတို့သည် ဤသို့လုပ်ခြင်းဖြင့် မိမိဒေသရှိ နို့စားတိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းအား အရင်းအမြစ်မှဖျက်ဆီးပစ်နေကြောင်းကို ထိုစဉ်က အနည်းငယ်မျှမသိရှိခဲ့ကြပေ။ သူတို့သည် ဤသို့ဖြင့် တနှစ်၏အများပိုင်းတွင် တောင်ကျစမ်းရေများခမ်းခြောက်စေပြီး မိုးရာသီ၌ တောင်ကျရေများ မြေပြန့်သို့ ဒလဟောထိုးဆင်းသွားစေသည်ကို ပို၍ပင်မသိခဲ့ပေ။ ဥရောပတွင် အာလူးမျိုးပြန့်ပွားစေသူများသည် ကဆီဓာတ်များသော ဤသစ်ဥနှင့် တပါတည်းတွင် ကြပ်နာရောဂါဖြန့်ဖြူးနေသည်ကို သတိမမူမိခဲ့ကြပေ။ သို့ဖြင့် ကျနော်တို့သည် သဘာဝအပေါ် အုပ်စိုးသည်မှာ တိုင်းတပါးသားအပေါ်အောင်နိုင်သူ၊ သဘာဝ ပြင်ဘက်တွင်ရှိနေသူကဲ့သို့အလျဉ်းမဟုတ်ပဲ ဆန့်ကျင်စွာပင် ကျနော်တို့နှင့် ကျနော်တို့အသွေးအသားနှင့်ဦးနှောက်တို့သည် သဘာဝနှင့်သက်ဆိုင်ပြီး သဘာဝအတွင်းတည်ရှိသည်ကို အစဉ်သတိရကြရမည်။  သဘာဝအပေါ် ကျနော်တို့၏ချုပ်ကိုင်မှုတရပ်လုံးမှာ အခြားသတ္တဝါအားလုံးထက် သဘာဝတရားများကိုသိရှိရာတွင်၎င်း သာလွန်ခြင်းပင်ဖြစ်၏။

 

ထို့ပြင် အမှန်မှာ ကျနော်တို့သည် နေ့စဉ်နှင့်အမျှသဘာဝတရားများကို ပိုမိုမှန်ကန်စွာနားလည်လာကြပြီး သဘာဝ၏ဖြစ်ရိုးဖြစ်စဉ်လမ်းကြောင်း ကို ကျနော်တို့ကစွက်ဖက်မှုကြောင့်ဖြစ်ပေါ်လာသည့် ပိုမိုနီးကပ်သောအကျိုးသက်ရောက်မှုများနှင့် ပိုမိုဝေးကွာသောအကျိုးသက်ရောက်မှု နှစ်ခုစလုံးကို သိမြင်လာနေ၏။ အထူးသဖြင့် ဤရာစုနှစ်ရှိ သဘာဝဝိဇ္ဇာပညာ တက်လှမ်းမှုကြီးများ၏နောက်ပိုင်းတွင် ကျနော်တို့သည် အနည်း ဆုံးအားဖြင့် သာမန်အဖြစ်ဆုံး ထုတ်လုပ်ရေးပြုမူမှုများ၏ ပိုမိုဝေးကွာသော သဘာဝအကျိုးသက်ရောက်မှုများကိုသိရှိပြီး၊ ထိုမှတဆင့် ချုပ်ကိုင်လာနိုင်သော အဆင့်နေရာသို့ ရောက်ရှိလာသည်။ သို့သော် ဤသို့ဖြစ်လေလေ လူများသည် သဘာဝနှင့်တသားတည်းဖြစ်မှုကို ခံစားမှုရှိရုံမက သဘောပေါက်လာလေလေဖြစ်သည်။ ထို့ပြင် စံတင်ရှေးခေတ် ပြိုကွဲပြီးနောက် ဥရောပတိုက်၌ပေါ်ထွက်ခဲ့သော ခရစ်ယာန် ဘာသာတွင် အမြင့်ဆုံး ချဲ့ကားဖော်ပြထားသည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်း၊ လူသားနှင့်သဘာဝ၊ ဝိဉာဉ်နှင့်ခန္ဓာကိုယ်ကြား အတိုက်အခံ ဖြစ်နေသည်ဟူသော အဓိပ္ပါယ်ကင်းမဲ့ပြီး သဘာဝမကျသည့် ဤသို့သောယူဆချက်များသည် ပို၍မဖြစ်နိုင်တော့ပေ။

 

သို့သော် ထုတ်လုပ်ရေးကိုဦးတည်ထားသော ကျနော်တို့၏ပြုမူမှုများ၏ ပိုမိုဝေးကွာသော သဘာဝအကျိုးသက်ရောက်မှုများကို တစုံတခုသော အတိုင်းအတာအထိ ခန့်မှန်းတတ်ရန် နှစ်ထောင်ပေါင်းများစွာ ရှည်ကြာခဲ့သောအလုပ်လိုအပ်ပါလျှင် ဤပြုမူမှုများ၏ ပိုမိုဝေးကွာသော လူ့အဖွဲ့ အစည်းဆိုင်ရာ အကျိုးသက်ရောက်မှုအတွက်ဆိုပါက ပို၍ပင်ခက်ခဲပေသည်။ အာလူးနှင့် ၎င်းကြောင့်ဖြစ်ပေါ်လာသော ကြပ်နာပြန့်ပွားမှု အကြောင်းကို ကျနော်တို့ ဖော်ပြခဲ့ပြီးပါပြီ။ သို့သော် အလုပ်သမားများ အာလူးကိုသာ စားနေရသောအဖြစ်သို့ ကျဆင်းသွားရခြင်းကြောင့် တိုင်းပြည်နှင့်ချီ၍ ပြည်သူလူထုကြီး၏ ဘဝအခြေအနေအပေါ် အကျိုးသက်ရောက်မှုနှင့်နှိုင်းယှဉ်ပါလျှင် သို့မဟုတ် ၁၈၄၇ ခုနှစ်က(ခုနှစ် မထင်ရှားပါ) အိုင်ယာလန်တွင် အာလူးပိုး ကျသောကြောင့် အာလူးစားသော၊ အာလူးသက်သက်ကိုသာစားသော အိုင်ယာလန်သား. လူတသန်းခန့်သေကြေပြီး နှစ်သန်းခန့်မှာ ပင်လယ်ရပ်ခြားသို့ထွက်ပြေးရသောအငတ်ဘေးနှင့် နှိုင်းယှဉ်လျှင် ထိုကြပ်နာသည် မည်သို့နည်း။ အာရပ်များသည် အရက်ချက်တတ်မြောက်လာကြစဉ်က ထိုအချိန်အထိ ရှာဖွေမတွေ့ရှိသေးသော အမေရိကတိုက် ဒေသခံလူမျိုးများအား ချေမှုန်းရန်အထိ အဓိက လက်နက်များအနက် တခုကို သူတို့ဖန်တီးနေသည်ဟု မည်သို့မျှ စဉ်းစားမိကြမည်မဟုတ်။ နောင်တွင် ကိုလန်ဘာ့စ်သည် အမေရိကတိုက်ကို ရှာဖွေတွေ့ရှိလိုက်ခြင်းဖြင့် ဥရောပတိုက်တွက် ကြာမြင့်စွာကတည်းက ဇျက်သိမ်းပြီးဖြစ်သော ကျေးကျွန်စနစ်အား ပြန်လည်အသက်သွင်းပေးနေသည်ကို၎င်း၊ ကပ္ပလီကျွန်ရောင်းဝယ်မှုအတွက် အုတ်မြစ်ချနေသည်ကို၎င်း သူမသိခဲ့ပေ။ ၁၇နှင့် ၁၈ ရာစုနှစ်များဆီက ရေနွေးငွေ့စက် ဖန်တီးလုပ်ဆောင်ခဲ့သောသူများသည် မည်သည့် အခြားအရာများထက်မဆို ကမ္ဘာနှင့်အဝှမ်း လူ့အဖွဲ့အစည်းဆိုင်ရာအကြောင်းအချက်များကို တော်လှန်ပစ်မည့်ကိရိယာအား သူတို့ဖန်တီးနေကြသည်ကို မသိရှိကြပေ။ အထူးသဖြင့် ဥရောပတိုက်တွင် လူနည်းစုလက်ထဲ၌ ဓနဥစ္စာများ စုစည်းသွားစေပြီး ဧရာမအများစုကြီးအား ပိုင်ဆိုင်မှုကင်းမဲ့စေလိုက်ခြင်းဖြင့် ဤကိရိယာသည် ရှေးဦးစွာ ဓနရှင်လူတန်းစားအား လူမှုရေးနှင့်နိုင်ငံရေးစိုးမိုးမှု ရစေလိုက်၏။ ထို့နောက်တွင် ဓနရှင်လူတန်းစားနှင့် ပစ္စည်းမဲ့လူတန်းစားအကြားရှိ လူတန်းစားတိုက်ပွဲကို ပေါ်ထွက်လာစေသည်။ ဤတိုက်ပွဲသည် ဓနရှင်လူတန်းစားအားဖြိုချခြင်းနှင့် လူတန်းစားရန်ဘက်ဖြစ်မှုအားလုံး ဖျက်သိမ်းမှသာ အဆုံးသတ်နိုင်ပေလိမ့်မည်။ သို့သော် ဤနယ်ပယ်တွင်လည်း ရှည်ကြာသော အကြိမ်ကြိမ် ခါးသီးသောအတွေအကြုံအရ၎င်း၊ သမိုင်းဆိုင်ရာအချက်အလက်များကို စုဆောင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းဖြင့်၎င်း ကျနော်တို့သည် ကျနော်တို့၏ ထုတ်လုပ်ရေးပြုမူလှုပ်ရှားမှု၏ သွယ်ဝိုက်သော ပိုမိုဝေးကွာသော လူ့အဖွဲ့အစည်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို ရှင်းလင်းစွာမြင်ရန် တဖြည်းဖြည်း သင်ယူတတ်မြောက်နေပေသည်။ သို့ဖြစ်၍ ဤ အကျိုးသက်ရောက်မှုများကို ကျနော်တို့က ချုပ်ကိုင်ခြင်း၊ ထိန်းညှိခြင်းများလည်း ဖြစ်နိုင်ဘွယ်ရာအကြောင်း သိရှိလာပေသည်။

 

သို့စေကာမူ ဤထိန်းညှိမှုကိုဆောင်ရွက်ရန်မှာ သိမြင်မှုသက်သက်ဖြင့် မလုံလောက်ပေ။ ကျနော်တို့၏ ယနေ့ထိတည်ရှိနေသော ထုတ်လုပ်ရေး နည်းနာ၊ ၎င်းနှင့်တပါတည်း ရှိရင်းစွဲလူနေမှုစနစ်တခုလုံးကို တော်လှန်ပြောင်းလဲပစ်ရန်လိုအပ်ပေသည်။

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း (အပိုင်း ၃)

0 comments

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း (အပိုင်း ၃)

 

၎င်းတို့မှာ အမဲလိုက်ကိရိယာနှင့် ငါးဖမ်းကိရိယာများဖြစ်ပြီး အမဲလိုက်ကိရိယာများသည် တချိန်တည်းတွင် လက်နက်များ လည်းဖြစ်၏။ သို့သော် အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်းသည် အသီးအရွက်ကိုသာစားသောက်ခြင်းမှ အသားကိုပါတွဲဖက်စားသောက်ခြင်းသို့ ကူးပြောင်းရေးအတွက် ရှေးဦးလိုအပ်ချက်ဖြစ်ပြီး ၎င်းသည် လူဝံမှလူသို့ ကူးပြောင်းရေးဖြစ်စဉ်တွင် အရေးကြီးသောခြေလှမ်းတလှမ်းလည်း ဖြစ်၏။ အသားအစားအစာတွင် ခန္ဓာကိုယ်တွင်း အသစ်အဟောင်းလှည့်ပတ်မှုအတွက် လိုအပ်သည့် အရေးအကြီးဆုံးအဆင့်ဖြစ်လုနီးပါး အစိတ်အပိုင်းများပါရှိသည်။ ၎င်းသည် အစာကြေညက်ရန်လိုအပ်သောအချိန်ကို တိုတောင်းစေခဲ့သည်သာမက အပင်ဘဝနှင့်လျော်ကန်သော အပင်သဏ္ဌန်ဆောင်သောခန္ဓာကိုယ်တွင်း အခြားဖြစ်စဉ်များကိုလည်း တိုတောင်းသွားစေသည်။ ဤသို့ဖြင့် စစ်မှန်သောသတ္တဝါဘဝကို ဖော်နိုင်ရန် ပို၍များပြားသော အချိန်၊ ရုပ်ဝတ္ထုနှင့်ဆန္ဒတို့ကိုရရှိခဲ့ပေ၏။ ထို့ပြင် ကူးပြောင်းဆဲလူသည် အပင်များမှအလှမ်းဝေးလေလေ တိရိစ္ဆာန်ထက် မြင့်တက်လေလေဖြစ်သည်။ အသားစားခြင်းမှ အသီးအရွက်ကိုပါ စားသောအလေ့အထဖြစ်လာမှုသည် တောကြောင်များနှင့် တောခွေးများကို လူ၏အစေအပါးအဖြစ်သို့ ပြောင်းလဲစေလိုက်သကဲ့သို့ပင် အသီးအရွက်စားခြင်းမှ အသားကိုပါစားခြင်းသို့ လိုက်လျောညီစွာ ဖြစ်လာမှုသည် ကူးပြောင်းဆဲလူ၏ ကာယစွမ်းနှင့်အမှီခိုကင်းမှုကို ကြီးမားစွာအကျိုးပြုလိုက်သည်။ သို့စေကာမူ အသားအစားအစာ၏ အဓိကအကျိုးသက်ရောက်မှုမှာ ဦးနှောက်အပေါ်တွင်ဖြစ်သည်။ ယခုအခါ ဦးနှောက်၏အာဟာရဖြည့်တင်းမှုနှင့်ဖြစ်ပေါ်တိုးပွားမှုအတွက် လိုအပ်သောရုပ်ဝတ္ထုများ ယခက်ထက်ပို၍ရရှိလာခဲ့ရာ ၎င်းသည် မျိုးဆက်တဆက်ပြီးတဆက် ပိုမိုလျှင်မြန်စွာနှင့် ပိုမိုပြည့်စုံကောင်းမွန်စွာ ဖြစ်ပေါ်တိုးပွားလာနိုင်ခဲ့သည်။ သတ်သတ်လွတ်စားသူများကို လေးစားပါသည်။ သို့သော် လူသည် အသားမစားပဲ လက်ရှိအဆင့်အထိ ရောက်မလာနိုင်သည်ကိုကား အသိအမှတ် ပြုရပေမည်။ ကျနော်တို့သိရှိထားသော လူမျိုးများထဲမှလူတို့သည် အသားစားခြင်းမှ တကြိမ်တခါတွင် လူသားစားခြင်းအထိရောက်ရှိခဲ့သည့်တိုင်အောင်(ဘာလင်သား၏ဘိုးဘေးများဖြစ်သည့် ဝီလက်တဆီယမ်များ သို့မဟုတ် ဝီဇီယံများသည် ၁၀ ရာစုနှစ်အထိ သူတို့၏မိဘများကို စားသောက်လေ့ရှိသည်) ၃* ၎င်းသည် ယနေ့ကျနော်တို့နှင့် မည်သို့မျှမသက်ဆိုင်ချေ။

 

အသားစားခြင်းသည် အရေးကြီးသောအဆုံးအဖြတ်ပေးသည့် တက်လှမ်းမှုအသစ်နှစ်ရပ်ဖြစ်သော မီးကိုအသုံးပြုခြင်းနှင့် တိရိစ္ဆာန်မွေးမြူခြင်း တို့ကို ဖြစ်စေ၏။ မီးသည် တစိတ်တပိုင်းကြေညက်ပြီးဖြစ်သောအစားအစာနှင့် ပါးစပ်ကိုဖြည့်တင်းပေးခြင်းနှင့် အစာချေသောဖြစ်စဉ်ကို ပိုမို တိုတောင်းစေလိုက်သည်။ အမဲလိုက်ခြင်းအပြင် တိရိစ္ဆာန်များမွေးမြူခြင်းသည် ပိုမိုမှန်တမ်းဖြစ်သော အစားအစာရေသောက်မြစ်အသစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြင့် အသားကို ပိုမိုကြွယ်ဝလာစေသည်။ ထို့ပြင် အနည်းဆုံး အသားကဲ့သို့ အာဟာရဓာတ်ပါရှိသော အစားအစာသစ်ဖြစ်သည့် နွားနို့နှင့် နို့ထွက်ပစ္စည်းများ ဖြည့်တင်းပေးလိုက်သည်။ သို့ဖြင့် ဤတက်လှမ်းမှုနှစ်ရပ်စလုံးသည် တိုက်ရိုက်အားဖြင့် လူတို့၏လွတ်မြောက်ရေး အတွက် နည်းလမ်းသစ်များဖြစ်လာသည်။ သွယ်ဝိုက်သောအကျိုးသက်ရောက်မှုမှာ လူနှင့်လူ့အဖွဲ့အစည်းတို့၏ ဖြစ်ပေါ်တိုးပွားမှုတွင် အလွန် တရာအရေးကြီးသောအခန်းမှပါသော်လည်း ရှည်ဝေးသွားလိမ့်မည်ဖြစ်သောကြောင့် ဤနေရာတွင် ကျနော်တို့ အသေးစိတ်မရှင်းပြတော့ပါ။

 

လူသည် စား၍ရသောအရာမှန်သမျှ စားတတ်လာသကဲ့သို့ပင် မည်သည့်ရာသီဥတုတွင်မဆို နေထိုင်တတ်လာခဲ့၏။ လူသည် မိမိဘာသာ ဤသို့ အပြည့်အဝလုပ်နိုင်စွမ်းရှိသည့် တခုတည်းသောသတ္တဝါဖြစ်သည့်အလျှောက် နေထိုင်နိုင်သောကမ္ယာအရပ်ရပ်သို့ ပြန့်နှံ့သွားခဲလေ၏။ အခြား သတ္တဝါများသည် ရာသီဥတုအမျိုးမျိုးတွင် နေထိုင်တတ်လာခြင်းမှာ မိမိဘာသာမဟုတ်ပဲ လူတို့နှင့်လိုက်၍နေထိုင်ရာမှ တတ်မြောက်လာခဲ့ခြင်း ဖြစ်၏။ ဥပမာ အိမ်မွေးတိရိစ္ဆန်နှင့် ဥပါဒ်ပေးတတ်သော ပိုးမွှားတိရိစ္ဆာန်တို့ဖြစ်သည်။ အမြဲတမ်းပူအိုက်သည့် လူတို့၏မူလဒေသမှ တနှစ်တွင် နွေနှင့်ဆောင်းအဖြစ်ပိုင်းခြားထားသော ပိုမိုအေးသည့်ဒေသများသို့ပြောင်းရွှေ့ခြင်းက လိုအပ်မှုအသစ်များ ပေါ်ပေါက်လာစေသည်။ အအအေးနှင့် စွတ်စိုမှုကိုကာကွယ်သော အမိုးအကာနှင့်အဝတ်အစားကို၎င်း၊ လုပ်ခင်းလုပ်ကွက်သစ်များ ထိုမှတဆင့်လှုပ်ရှားမှုသစ်များကို၎င်း ပေါ်ပေါက်စေ၏ ယင်းသည် လူကို တိရိစ္ဆာန်မှ ပို၍ပို၍ ကွဲကွာလာစေတော့၏။ 

 

လက်၊ စကားပြောအင်္ဂါနှင့်ဦးနှောက်တို့သည် တဦးစီတွင်သာမက လူ့အဖွဲ့အစည်း တွင်လည်း ပူးတွဲပြုမူသောကြောင့် လူတို့သည် ပို၍ပို၍ရှုပ်ထွေးသော ပြုမူလှုပ်ရှားမှုများကို လုပ်နိုင်စွမ်းရှိလာသည်။ ပိုမြင့်မားသောရည်မှန်းချက်ကို မိမိဘာသာချမှတ်နိုင်စွမ်းနှင့် အကောင်အထည်ဖော်နိုင်စွမ်းလည်း ရှိလာကြသည်။ အလုပ်သည် မျိုးဆက်တဆက်ပြီးတဆက် ကွဲပြားခြားနားကာ ပို၍ပြည့်စုံကောင်းမွန် ပို၍ဘက်ပေါင်းစုံလာ၏။ အမဲလိုက်ခြင်းနှင့် တိရိစ္ဆာန်မွေးခြင်းတို့အပြင် လယ်ယာလုပ်ငန်းပါ တိုးများလာသည်။ ထို့နောက် ချည်ငင်ခြင်း၊ ယက္ကန်းယက်ခြင်း၊သတ္တုလုပ်ငန်း အိုးခွက်လုပ်ငန်းနှင့် ရေကြောင်းသွာလာခြင်းတို့ပါ တိုးများလာ၏။ ကုန်သွယ်ရေး စက်မှုလက်မှု လုပ်ငန်းနှင့်တပါတည်း အနုပညာနှင့်ဝိဇ္ဇာပညာ တို့သည် နောက်ဆုံး၌ပေါ်ထွက်လာသည်။ မျိုးရိုးတူအုပ်စုများမှနေ၍ အမျိုးသားများနှင့် နိုင်ငံတော်များအဖြစ်သို့ တိုးပွားလာခဲ့၏။ တရားဥပဒေနှင့်နိုင်ငံရေးပေါ်ထွက်လာခဲ့ပြီး ၎င်းတို့နှင့်အတူ လူတို့၏ဦးနှောက်ထဲတွင် လူ့ဘဝ တည်ရှိမှုအပေါ် စိတ်ကူးရောင်ပြန်ဟပ်ချက်အဖြစ် ဘာသာရေးပေါ်ပေါက်လာခဲ့၏။ ဦးစွားအားဖြင့် ဦးနှောက်၏ရလာဒ်အဖြစ် ပေါ်ထွက်လာသော လူသားအဖွဲ့အစည်းကို လွှမ်းမိုးနေဟန်ရှိသော ဤ ဖန်တီးမှုအားလုံး၏ရှေ့မှောက်တွင် အလုပ်လုပ်သောလက်ဖြင့် ထုတ်လုပ်လိုက်သော ပို၍ရိုးသောအရာများသည် နောက်ကွယ်သို့ရောက်သွားသည်။ ထိုမျှမက လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးပွားမှု‌ စောစောပိုင်းအဆင့်(ဥပမာ ရှေးဦးမိသားစု)ကတည်းက အလုပ်ကိုစီစဉ်ခဲ့သောဦးနှောက်သည် စီစဉ်ထားသည့်အလုပ်ကို မိမိလက်ဖြင့်မဟုတ်ပဲ သူတပါး၏လက်ဖြင့် ဆောင်ရွက်စေနိုင်စွမ်းရှိလာသည်။ ယဉ်ကျေးမှု လျှင်မြန်စွာတက်လှမ်းခဲ့ခြင်းသည် ဦးခေါင်း၏ကောင်းမှုကြောင့်၎င်း၊ ဦးနှောက်၏ဖြစ်ပေါ်တိုးပွားမှုနှင့်လှုပ်ရှားမှု ကောင်းမှုကြောင်း၎င်းဖြစ်သည်ဟု မှတ်ယူကြသည်။ လူတို့သည် မိမိတို့၏လှုပ်ရှားမှုများကို မိမိတို့လိုအပ်ချက်များမှနေ၍ရှင်းပြရမည့်အစား မိမိတို့တွေးတောမှုများမှရှင်းပြသောအလေ့အထ ရှိကြသည်။ (၎င်းလိုအပ်ချက်များမှာ မည်သို့ပင်ဖြစ်စေ ဦးနှောက်တွင်ရောင်ပြန်ဟပ်ကာ အသိဖြစ်လာကြသည်) သို့ဖြင့် အချိန်ရွေ့လျားလာသည့် အလျှောက် စိတ်ဝါဒ ကမ္ဘာ့အမြင်ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် အထူးသဖြင့်ရှေးခေတ်ကမ္ဘာ ကုန်ဆုံးသွားသည့်အချိန်မှစ၍ လူများ၏ ဦးနှောက်တွင် လွှမ်းမိုးခဲ့သည်။ ၎င်းသည် အတိုင်းအတာကြီးမားစွာ စိုးမိုးနေဆဲဖြစ်ရာ ဒါဝင်ဂိုဏ်းထဲမှ ရုပ်ဝါဒအကျဆုံးသော သဘာဝ ဝိဇ္ဇာပညာရှင်များသည်ပင်လျှင် လူ၏မူလအစနှင့်ပတ်သက်၍ ရှင်းလင်းသောမည်သည့်အယူအဆကိုမျှ မထူထောင်နိုင်သေးပေ။ အကြောင်းမူ စိတ်ဝါဒ၏ဩဇာသက်ရောက်မှုအောက်တွင် သူတို့သည် လူစတင်ပေါ်ပေါက်ခဲ့စဉ်က အလုပ်၏ပါဝင်ရာအခန်းကို မသိမြင်ကြ၍ဖြစ်သည်။

 

ဖော်ပြခဲ့ပြီးသည့်အတိုင်းပင် တိရိစ္ဆာန်များသည် အတိုင်းအတာမတူစေကာမူလူကဲ့သို့ မိမိတို့၏ပြုမူမှုများဖြင့် ပြင်ပသဘာဝကို ပြောင်းလဲကြသည်။ ကျနော်တို့တွေ့မြင်ကြသည့်အတိုင်း ၎င်းတို့ကြောင့် ပြောင်းလဲသွားသောပတ်ဝန်းကျင်သည် ၎င်းတို့အပေါ် တုန့်ပြန်ဩဇာသက်ပြီး ၎င်းတို့ကိုပင် ပြောင်းလဲလိုက်စေသည်။ အကြောင်းမူ သဘာဝနယ်ပယ်တွင် သီးခြားဖြစ်ပေါ်နေသောအရာဟူ၍ မရှိသောကြောင့်တည်း။ အရာတိုင်းသည် တခုနှင့်တု အပြန်အလှန် ဩဇာသက်ရောက်ပေသည်။ အများအားဖြင့် ဤဘက်ပေါင်းစုံလှုပ်ရှားမှုနှင့် အပြန်လှန်ပြုမူမှုကို မေ့လျော့ထားကြသည့်အတွက်ကြောင့် ကျနော်တို့၏ သဘာဝဝိဇ္ဇာပညာရှင်များသည် အရိုးဆုံးသော အရာဝတ္ထုများကိုပင်လျှင် ရှင်းလင်းစွာမမြင်တော့ပေ။ ဂရိ ပြည်ရှိသစ်တောများ ပြန်မပေါက်နိုင်ရန် ဆိတ်များက မည်သို့ အတားအဆီးပြုခဲ့သည်ကို ကျနော်တို့တွေ့မြင်ရသည်။ စိန့်ဟယ်လီနာကျွန်းပေါ်သို့ ပထမဆုံးရောက်လာသူများက သယ်ယူလာသော ဆိတ်နှင့်ဝက်များသည် ရှိရင်းစွဲအပင်အားလုံးနီးပါးကို စားပစ်လိုက်ကြသည်။ သို့ဖြင့် နောက်တွင်ရောက်လာမည့် သင်းဘောသားများနှင့် ရွှေပြောင်းနေထိုင်သူများ ယူဆောင်လာသည့်သီးနှံများပြန့်ပွားစေရန် နေရာအသင့်ဖြစ်စေသည်။ သို့သော် တိရိစ္ဆာန်များသည် ၎င်းတို့၏ပတ်ဝန်းကျင်ကို ကြာမြင့်စွာအကျိုးသက်ရောက်သည်ဟုဆိုလျှင် ၎င်းသည် မရည်ရွယ်ပဲဖြစ်ခဲ့သည်။ တိရိစ္ဆာန်များအတွက်ဆိုသော် ၎င်းသည် ရှောင်တခင်အခြင်းအရာဖြစ်သည်။ သို့သော် လူသည် တိရိစ္ဆာန်နှင့်အလှမ်းဝေးလာလေလေ သဘာဝအပေါ် အကျိုးသက်ရောက်မှုသည် ကြိုတင်သိရှိထားသော အတိအကျရည်မှန်းချက်များသို့ရှေ့ရှုသည့်ကြိုတင်ကြံဆထားသော အစီအစဉ်ရှိသော ပြုမူမှုလက္ခဏာပို၍ ဆောင်လာလေလေဖြစ်၏။ တိရိစ္ဆာန်များသည် ဒေသတနေရာရာမှအပင်များကို ဖျက်မှန်းမသိဖျက်ဆီးပစ်လိုက်ကြ၏။ လူကဖျက်ဆီးခြင်းမှာ ခုတ်ထွင်ပြီးသောမြေပေါ်တွင် လယ်ယာသီးနှံများစိုက်ပျိုးရန် သို့မဟုတ် သစ်ပင်များသော်၎င်း၊ စပျစ်ပင်များသော်၎င်း စိုက်ပျိုးရန်ပင်ဖြစ်သည်။ ဤသို့စိုက်ပျိုးခြင်းသည် စိုက်ကြဲလိုက်သည့်ပမာဏထက် အဆများစွာထွက်လိမ့်မည်ဟု သူတို့ကသိရှိထားကြသည်။ လူသည် အသုံးဝင်သောအပင်များနှင့် မွေးမြူသောတိရိစ္ဆာန်များကို တတိုင်းပြည်မှတတိုင်းပြည်သို့ ပြောင်းရွှေ့ခြင်းဖြင့် ကမ္ဘာတခုလုံးရှိ တိရိစ္ဆာန်နှင့်အပင်များကို ပြောင်းလဲပစ်လိုက်၏။ ထိုမျှမက လူ၏မျိုးစပ်ပေးခြင်းဖြင့် အပင်များနှင့်တိရိစ္ဆာန်များသည် လူ၏လက်ထဲတွင် မမှတ် မိနိုင်လောက်အောင် ပြောင်းလဲသွားကြသည်။ လက်ရှိသီးနှံအမျိုးမျိုး၏ မူလအစဖြစ်သော အပင်ရိုင်းများကို ရှာဖွေရွေ့ပင်မတွေ့တော့ပေ။ တကောင်နှင့်တကောင်မတူသောခွေးများ သို့မဟုတ် အလားတူပင် အမျိုးအစားများပြားလှသောမြင်းများသည် မည်သည့်တိရိစ္ဆာန်ရိုင်းများမှ ဆင်သက်လာသည်ဆိုသောပြဿနာမှာ ငြင်းခုံနေကြဆဲဖြစ်ပေသည်။