Thursday, December 17, 2020

တွေ့တော့တွေ့ကြတာပါပဲ

0 comments

တွေ့တော့တွေ့ကြတာပါပဲ

ဦးသိန်းစိန်လက်ထက်က အပစ်အခတ်ရပ်စဲရေးတွေလုပ်မည်ဆိုတော့ ဦးအောင်မင်းတို့အဖွဲ့ကို တာဝန်ပေး၏။ လုပ်ပိုင်ခွင့် အပ်နှင်း၏။ မတရားသင်းကြေညာထားသည့် အဖွဲ့အစည်းများနှင့် တွေ့ရမှာဖြစ်သဖြင့် ဥပဒေကြောင်းအရ ကင်းလွတ်ခွင့် အမိန့်စာကို သမ္မတလက်မှတ်ထိုးပြီး ထုတ်ပေး၏။ ထိုစာ၏သဘောက ဦးအောင်မင်းတို့အဖွဲ့သည် မတရာသင်းများနှင့် ဆက်သွယ်တွေ့ဆုံမည်ဖြစ်သော်လည်း ဥပဒေကြောင်းအရ “မတရားသင်းဆက်သွယ်မှု ပုဒ်မများနှင့်” ငြိစွန်းမှုမရှိပါဆိုသည့်သဘောပင်။ ထို့ကြောင့် မတရားသင်းများနှင့်ဆက်သွယ်သော်လည်း မတရားသင်းဆက်သွယ်မှုမမြောက်။ ဘာ မတရားသင်းပုဒ်နှင့်မှ တရားစွဲလို့မရ။ တရားဝင်တွေ့ကြခြင်းပင်။

 

ခု အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားသော AA နှင့် စစ်အုပ်စုတွေ့၏။ အထက်ကပြောခဲ့သလို သမ္မတအမိန့်နှင် လက်မှတ်ထိုးထုတ်သောစာ ပါသည်မပါသည်မသိရ။ စစ်အုပ်စုက နိုင်ငံရေးလက်ဦးမှုယူရန်နှင့် အင်န်အယ်လ်ဒီအစိုးရအား အမြီးလှန်ချိုးရန်အကြံဖြင့် သူ့သဘောနှင့်သူ တွေ့တာလား ဒါမှမဟုတ် အတွင်းကျိတ်ဝိုင်းလေးဖြင့် အချိန်ကပ်မှ သမ္မတကိုအကျပ်ကိုင် စာထုတ်ခိုင်းပြီးတွေ့သလားမပြောတတ်။ တချို့ကိစ္စတွေ သူတို့ချင်း လက်ဝါးရိုက်ပြီး ကျိတ်လုပ်နေကြတာ ပြည်သူတွေ ဘာမှမသိရ။ မီဒီယာတွေဆီက အစထွက်လာပြီး မေးလားမြန်းလားလုပ်တော့မှ ဟိုတစဒီတစ ထွက်လာတာမျိုးဖြစ်၏။ တိုင်းပြည်နှင့် လူထုအပေါ် မရိုးဖြောင့်ကြခြင်းပင်။

 

သမ္မတအမိန့်စာထုတ်ထားတာမပါပဲ စစ်အုပ်စုက ကိုယ့်သဘောနှင့်ကိုယ် AA နှင့် တွေ့သည်ဆိုလျှင် ဥပဒေကြောင်းအရ မတရားသင်းဆက်သွယ်မှုဖြစ်၏။ ပါဝင်သူတွေကို သက်ဆိုင်ရာပုဒ်မတပ်ပြီး အမှုဖွင့် တရားစွဲလို့ရ၏။ AA သည် မတရားအသင်း။ မတရားအသင်းမှာမှ “အကြမ်းဖက်အဖွဲ့အစည်း” ဆိုင်းဘုတ်ပါတပ်ထားသည့် လက်နက်ကိုင် အင်အားစု။ ထိုသို့ စာမပါဘာမပါ တွေ့ရိုးမှန်လျှင် အစိုးရက စစ်တပ်ကို ဥပဒေကြောင်းအရ အရေးယူဝံ့မလားက မသေချာ။ သေချာတာကတော့ စစ်အုပ်စုက လက်ဦးမှုယူသွားခြင်းပင်။

 

တကယ် အပစ်အခတ်ရပ်တော့မည်ဆိုလျှင် မတရားသင်းအဖြစ်ကရော အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကပါ ပယ်ဖျက်ပေးဖို့ရန်မှာ အစိုးရနှင့်လွှတ်တော်အလုပ်များဖြစ်၏။ စစ်အုပ်စုအလုပ် မဟုတ်။ သူတို့ လုပ်မရ။ ဒါက ဿပဒေရေးရာကိစ္စတွေဖြစ်၏။ တခါ အပစ်ရပ်ပြီးလျှင် AA အား “ဘယ်နေရာတွင်  ဘယ်ပုံဖြင့်ချထားမည်” ဆိုသည်ကိုလည်း စစ်တပ်ကဆုံးဖြတ်လို့မရ။ အခုလောလောဆယ်အချိန်အထိ AA အား ရခိုင်ပြည်နယ်တွင်အခြေချခွင့် မပြုနိုင်ဟုဆိုသည်ကို ဘယ်လိုပြင်မလဲကလည်း စဉ်းစားစရာဖြစ်၏။ ရခိုင်ပြည်တွင် နေရာချထားမည်ဆိုစေဦး ဘယ်နေရာတွေမှာ ချထားမလဲနှင့် ဘယ်ပုံ နေရာချထားမလဲက ထပ်တွေးစရာဖြစ်နေ၏။ လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေးအဖွဲ့လား၊ နယ်ခြားစောင့်လား၊ ပြည်သူ့စစ်လား စသည်တွေက ခေါင်းစားစရာ။ ဘာပဲလုပ်လုပ် အစိုးရကိစ္စတွေရှိလာမည်ဖြစ်၏။

 

AA ဘက်ကတော့ ရှင်းသည် ရခိုင်တပ်တော်သည် ရခိုင်တွင်ရှိရမည်ဆို၏။ ဘယ်နေရာတွေမှာ ဘယ်ပုံနေရာချထားရေး တွေကတော့ ဘာသံမှထွက်မလာသေး။ ဒါကလည်း စေ့စပ်ဆွေးနွေးရေးတွေ အပေးအယူတွေ တက်လာတော့မှ သိရမည်ထင်၏။

 

ရခိုင်က လူမျိုးစိတ်နှင့်ဒေသစိတ်ကြီးသည့်နေရာတွင်လည်း လူပြောများ၏။ သို့သော် လူမျိုးစိတ်ဖြင့် စစ်တိုက်လျှင် စစ်အုပ်စုကို မနိုင် နိုင်မှန်းသူတို့လည်းသိ၏။ စစ်အုပ်စုတွင် စစ်သားအရင်းအမြစ်ကြီး၏။ စစ်သား လိုသလောက် စုနိုင်၏။ ဝါဇီရှိနေသမျှ လခပေးထားနိုင်၏။ စပါ်းစိုက်နေသမျှ ကျွေးထားနိုင်၏။ AA တွင် ထိုအခြေအနေ ထိုအခွင့်အလမ်းမျိုး မရှိပါ။  စစ်အုပ်စုသည်လူမျိုးကြီးဝါဒကို ဗြောင်ကျင့်သုံးသလို လူမျိုးစိတ်လည်း အလွန်ကြီး၏။ လူမျိုးစိတ်ကြီးရာမှာ ရခိုင်ထက်သာ၏။

 

ပြန်ချုပ်ရလျှင် ယခု AA နှင့် စစ်အုပ်စုတွေ့၏။ တရားဝင်တွေ့တာဟုတ်မဟုတ် သမ္မတအမိန့်စာပါမပါမသိရ။ တရားမဝင်တွေ့တာဆိုလျှင် အင်န်အယ်လ်ဒီအစိုးရအနေနှင့် ဘာလုပ်မည်နည်း။ ဘာလုပ်လို့ရမည်နည်း။ ထိုသို့တွေ့ကြရာမှတဆင့်တက်လာလျှင် ဥပဒေရေးရာကိစ္စတွေပါလာလျှင် အစိုးရမပါလို့မရတော့။ လွှတ်တော် ငြိမ်နေလို့မရတော့။ ထိုအခါ စစ်အုပ်စု အစိုးရနှင့် AA သုံးပွင့်ဆိုင်ကိစ္စမှာ စိတ်ဝင်စားစရာတွေချည်း ဖြစ်မည်တွေး၏။

 

ဤနေရာတွင် ကြားဝင်စေ့စပ်ပေးသူအကြောင်းပြောသည်မဟုတ်သဖြင့် သူ့ကိစွချန်ခဲ့ပါသည်။

မျိုးမြင့်ချို၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၀

0 comments:

Post a Comment