Monday, December 7, 2020

ပြည်ထောင်စု ပြဿနာ (အပိုင်း ၈)

0 comments

ပြည်ထောင်စု ပြဿနာ (အပိုင်း ၈)

(ရဲဘော်ကြင်မောင်)

ပြည်ထောင်စု ပြဿနာ (ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

 

 

မဆလ၏ “ ဆိုရှယ်လစ် စီးပွားရေးစီမံကိန်း ” ပိုလုပ်လေ - မှောင်ခိုဈေးကွက် ပိုကြီးထွားလေ - ဂိတ်ဖွင့်၊ အခွန်ပိုကောက်နိုင်လေ ဖြစ်နေသည်။

အောင်ကြီးပြောသည့် “ ဟိုချီမင်းလမ်း ” ဖောက်ရေးကို ပြည်သူ့တပ်မတော်က လုပ်ရခက်သည်။ “ ပြည်တွင်းစစ် ပြဿနာ ” တွင် တင်ပြခဲ့သလို ကျွန်တော်တို့တပ်မှာ ဝ များ၊ ကိုးကန့်များ၊ အခါများ၊ ကချင်များဖြင့် ဖွဲ့ထားရရာ တပ်သုံးစကားမှာ တရုတ်စကား ဖြစ်သည်။ ဗမာစကား မတတ်ကြပါ။ အတွင်းပိုင်းထိုးဝင်လျှင် စကားပြန်နှင့်သွားရသည်။ သွားရမည့်နေရာက ဗမာဒေသ။ KNU နှင့် တပ်ပေါင်းစုကလည်း မချောမောတော့ အခက်အခဲအလွန်များသည်။

အကြိမ်ကြိမ် လန်ကျလာသောအခါ ပြည်သူ့တပ်မတော် တပ်မှူးကြီး (ဝ အမျိုးသား)များက ဝ တောင်တန်းမှာသာ တိုက်ခိုင်းပါ။ ဒီတောင်ကုန်း ရန်သူ့လက်မကျစေနဲ့ဆိုရင် မကျအောင် အသေခံတိုက်မယ်။ ဗမာဒေသတွေတော့ စကားမပေါက် ဘာမပေါက်နဲ့ မသွားပါရစေနဲ့တော့ဟု တင်ပြကြသည်။

ဗဟိုစစ်ကော်မရှင်နှင့်ဆွေးနွေးရင်း သူတို့က နည်းလမ်းတခုတင်ပြသည်။ လက်နက် ၂ လက်စီ ထမ်းပြီးဆင်းမည်။ ဟိုမှာရှိတဲ့ ဒေသခံပြောက်ကျားတပ်ကို လက်နက်ပေးခဲ့ပြီးပြန်လာမည်ဟု တင်ပြသည်။ “ မြစ်ဝကျွန်းပေါ် စီမံကိန်း ” မှာ ထိုအကြံအစည်ဖြင့် လုပ်ခြင်းဖြစ်သည်။

သူတို့ တင်ပြချက်မှာ အလွန်အကျိုးအကြောင်းဆီလျော်ပါသည်။ ဗကပ ဗဟိုကလည်း ကိုယ့်ဝမ်းနာကိုယ်သာသိသည်။ တသက်မှာ တခါကြုံမည့် အခါအခွင့်ပေးခိုက် ကြိုးစားချင်သည်။ ဗဟိုနှင့်တပ်မှူးကြီးများ ဤသို့ ပဋိပက္ခဖြစ်နေသည်မှာ နှစ်ချီပြီးကြာခဲ့ပြီ။

ဗမာကျောင်းသားတွေကို လက်နက်တသောင်းပေးရေး ဆုံးဖြတ်သောအခါ ပဋိပက္ခအထွတ်အထိပ်သို့ ရောက်တော့သည်။

လက်နက်တသောင်း မပေးနိုင်ခင် သူတို့က လက်ဦးမှုယူပြီး ခွဲထွက်ကြတော့သည်။ သူတို့ကို အနှစ် ၂ဝ တိုက်ခိုင်းခဲ့ပြီးမှ ဗမာကျောင်းသားတွေကို လက်နက်တသောင်းပေးရမည်ကို နှမြောတွန့်တိုကြသည်မှာလည်း သဘာဝကျပါသည်။

ဤမျှရေးနေရခြင်းမှာ ပန်ဆန်းတွင် နှစ်ရက်တမွန်းတည့် နေခဲ့ရုံ၊ ဥက္ကဌနှင့်တွေ့ခဲ့ရုံနှင့် ဗကပ အကြောင်းနောကြေအောင် သိသူအဖြစ် ကြွားဝါနေသော ဘာတီးလင့်တနာဆိုသူပြောသမျှ အဟုတ်ထင်သူတချို့ ရှိနေ၍ဖြစ်သည်။

ဗိုလ်ခင်ညွန့်က သူတို့ နဝတ အကျိုးကျေးဇူးအတွက် ၁၉၈၈ လူထုအုံကြွမှုကို ဗကပ လက်သို့ ထိုးအပ်သောအခါ ၄၈၂၈ နှင့် မဆက်သွယ်မိသော ကျောင်းသားခေါင်းဆောင်များက “ ဗကပနဲ့ဘာမှမဆိုင်ဘူး၊ ငါတို့လုပ်တာ ” ဟု ဖြေရှင်းကြသည်။ ဟုတ်ပါသည်။ ဗကပ က ဆိုင်သည်ဟု မပြောခဲ့ပါ။ ဗိုလ်ခင်ညွန့် ပြောနေတာပါ။ ဗကပ ကလည်း ဟုတ်နေလျှင်တောင် မပြောသင့်ဟု ထင်ပါသည်။

ကျောင်းသားများက ပြောမိလျှင် အမေရိကန်ထံမှ လက်နက်ရရေးမျှော်လင့်ချက်သာမက ငွေရရေးပါ လုံးဝပိတ်သွားလိမ့်မည်။ ထို့ကြောင့် မပြောသင့်ပါ။ ပြောလျှင်ပင် မပြောသင့်ကြောင်း ဗကပ က အကြံပေးမည်။

နောက်တကြောင်းမှာ ထိုင်းနယ်စပ်တွင် ဗကပပါဟုပြောလျှင် သက်သာမည်မဟုတ်။ ခေါင်းကောင်း၍ ဓားတောင်းခြင်းဖြစ်သွားမည်။

ကာယကံရှင် ကျောင်းသားခေါင်းဆောင်များပြောသည်ကို ဗွေမယူပါ။ မဆီမဆိုင် ဘာတီးလင့်တနာက သူ့စာအုပ်တွင် ဗကပနှင့် ၁၉၈၈ အုံကြွမှုမဆိုင်ဟု အတော်ကလေး ရေးသည်။ စာအုပ်ထွက်ကတည်းက ဖတ်ရပါသည်။ အရေးမဟုတ်၍ အလေးမထားခဲ့ပါ။

ယခုရေးနေသည်မှာ “ လက်သစ် တောင်တန်းသားမိတ်ဆွေများ ” ၏အန္တရာယ်ကို သတိပေးလို၍ဖြစ်သည်။ သူတို့သည် “ အကြမ်း မဖက်ရေး ” ဆေးမြီးတိုပေးပြီး ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို သားလျှောစေခဲ့ပြီးပြီ။ ယခု ပျော့ပျော့သာကျန်သော လူမမာကို “ ဈေးမကိုင်နဲ့ ရတဲ့ဈေးနဲ့ ရောင်းထုတ် ” ဟု ပေးနေကြပြန်ပြီ။ ဤဆေးမြီးတို စားမိလျှင် စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်တော့မည်။ နေဝင်း၊ အောင်ကြီးစစ်အုပ်စုကို မြေမြှုပ်သင်္ဂြိုဟ်ပြီး သုံးချောင်းထောက် နအဖ စစ်အုပ်စုကို အလဲထိုးရမည့်အချိန် ဖြစ်နေ၍ ဤသို့တင်ပြနေခြင်း ဖြစ်သည်။

(ဖွင့်ပြောရန် အချိန် ရောက်နေ၍လည်း ဖွင့်ပြောပါသည်။)

-----------------------------------------------------------------

 

(၅) ၂ ဦး ၂ ဘက် အစွဲအလမ်းများ

ဗမာ၊ ရှမ်း၊ ကချင်၊ ကရင်၊ ဝ၊ ပအိုဝ်း စသဖြင့် လူမျိုးအားလုံးတွင် အစွဲအလမ်းများ ရှိကြသည်။ ခွဲထွက်ရေးဒီရေမြင့်ချိန်က ခွဲထွက်ရေးခေါင်းဆောင်များ၏အစွဲအလမ်းကို အရင်တင်ပြမည်။ နောက်မှ ဗမာလူမျိုးကြီးဝါဒီတို့၏ အစွဲအလမ်းကို တင်ပြမည်။ “ ပြည်ထောင်စုမူ ကို ပို၍ အန္တရာယ်ပေးသည်မှာ လူမျိုးကြီးဝါဒီ အစွဲအလမ်းဖြစ်သည်။ အခုအထိ ဒုက္ခပေးနေဆဲ ဖြစ်သည်။

၁၉၈၈ - ၉၀ တွင် ခွဲထွက်ရေးဒီရေက ကျသွားခဲ့ပြီ။ ဒီရေတက်ချိန်ကတော့ မြန်မာဆို နီနီ၊ ဖြူဖြူ၊ ညိုညို၊ မည်မည်း မယုံရ၊ အားလုံး လည်သည်၊ လိမ်သည်ဟု စွဲလမ်းသည်။

၁၉၆၃ ခုနှစ်က အတွေ့အကြုံတခု တင်ပြမည်။ ရှမ်း ခွဲထွက်ရေးခေါင်းဆောင် တက္ကသိုလ်ပညာတတ်တယောက်နှင့် တပ်ပေါင်းစုကိစ္စ ဆွေးနွေးစဉ်ကဖြစ်သည်။ ဆွေးနွေးသည်ဆိုတာထက် ခရီးသွားဟန်လွှဲ တွေ့ကြခြင်းဖြစ်သည်။ သူက စွဲချက်နှစ်ခုတင်သည်။

ပထမစွဲချက်။ ၁၉၄၇ အခြေခံဥပဒေသည် ဗမာ ဥပဒေကျွမ်းကျင်သူများက ရှမ်းစော်ဘွား(ဥပဒေနားမလည်သူ) များကို လိမ်ခြင်း ဖြစ်သည်ဟု စွပ်စွဲသည်။ သူတို့မိဘများ ပညာမတတ်၍ အလိမ်ခံရခြင်းဖြစ်သည်၊ သူတို့ခေတ်မှာ အလိမ်မခံတော့ဟု ဆိုသည်။ အမှန်မှာ ဖဆပလနှင့်စော်ဘွား အပေးအယူလုပ်ကြခြင်းဖြစ်သည်။ စော်ဘွားများသည် အင်္ဂလိပ်အရေးပိုင်၊ နယ်ပိုင်ဝန်ထောက်နှင့် ဈေးဆစ် ဖူးသူများဖြစ်၍ လည်ပါသည်။ သမ္မတနေရာရအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးနေရာများရအောင်၊ ရွေးကောက်ပွဲမဝင်ဘဲ အမတ် ၂၅ နေရာရအောင် လုပ်နိုင်သူများဖြစ်သည်၊ မအပါ။ အမတ် ၅၀ ရှိသည့် ပြည်နယ်လွှတ်တော်တွင် ၅ဝ ရအောင် လုပ်သွားခြင်း ဖြစ်သည်။ (စစ်အုပ်စုက ၂၅/ သာတောင်းနေခြင်းနှင့် ယှဉ်ကြည့်ပါ။)

ဒုတိယစွဲချက်။ ဗမာချင်း လက်ဝါးချင်းရိုက်ပြီး လူမျိုးစုတွေကို လက်နက်ချအောင် လုပ်သည်။ ဤစွဲချက်က ပိုကြီးသည်။ ဗကပကို ဦးတည်သည်။

သူ့အပြောအရ ၁၉၆၃ စေ့စပ်ဆွေးနွေးပွဲခေါ်တော့ SSIA ကိုယ်စားလှယ်များ သွားကြသည်။ ရန်ကုန်မရောက်။ လွယ်လင်လား၊ တောင်ကြီးလားမသိ အဲဒီက ပြန်ခဲ့ရသည်။ သူတို့နှင့်တွေ့ရသူက ဗိုလ်တင့်ဆွေ(ထင်သည်။) မဆွေးနွေးရဘဲ လက်ချာ နားထောင် ပြန်ခဲ့ရသည်။ မင်းတို့ - ငါတို့ ဟုသုံးပြီး လက်ချာရိုက်လွှတ်လိုက်သည်ဟု ဆိုသည်။

ဗမာချင်းဆွေးနွေးပွဲကျတော့ တန်းတူရည်တူ အကြီးအကျယ်လုပ်ပေးသည်။ လေးလေးစားစား ဆက်ဆံသည်။ စာစောင်စာတမ်းတွေထုတ်သည်ဟု စွပ်စွဲသည်။ ရဲဘော်ဌေးနှင့် ဗိုလ်စောမြင့် တမြို့တည်းသား၊ ကျောင်းသားကြီးနှင့်ကျောင်းသားငယ်ဖြစ်ကြောင်း၊ ဗိုလ်ဇေယျနှင့်ဗိုလ်လှဟန် တပ်မှူးကြီးတပ်မှူးငယ်ဖြစ်ကြောင်းရှင်းပြတော့ စွဲချက်ကြီးတခု ထပ်ပြီးတင်သည်။

ထိုစွဲချက်မှာ ဆွေးနွေးပွဲမှတ်တမ်းစာအုပ်ကြီးတွင် ကွက်လပ်များပါနေသည်။ ထိုကွက်လပ်များမှာ သူတို့၏ယုံကြည်ရသော အတွင်းပိုင်းသတင်းအရ ဗကပနှင့် တော်လှန်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် ညှိကြခြင်းဖြစ်သည်ဟု စွပ်စွဲသည်။ ဟန်တာသာမွှေးကလွဲပြီး လူမျိုးစုတွေအားလုံး တောထဲပြန်ကုန်ပြီ၊ ဘယ်လိုလုပ်ကြမလဲဗကပ(ဗမာနီ) က တောထဲပြန်သွားဖို့၊ လူမျိုးစုတွေကို နောက်တခါ တောမောင်းပြီး (ဗမာညို)စစ်အစိုးရအောက်ရောက်အောင် တောမောင်းပေးဖို့ တိုင်ပင်ကြခြင်းဖြစ်သည်ဟု စွပ်စွဲသည်။ (သခင်စိုးက “ ကျွန်ပွဲစားကြီး ” ဟု စွပ်စွဲတာမျိုးနှင့် ဆင်သည်။)

မဟုတ်ပါဘူးဟု ပြောသော်လည်း မည်သို့မျှ ပြောမရ။ ထိပ်တန်းလျှို့ဝှက်ကိစ္စဖြစ်၍ သူ့ကို မဟုတ်ပါဘူးထက်လည်း ပိုမပြောနိုင်။ ဤသို့ဖြင့် ဆွေးနွေးပွဲပြီးသွားသည်။

မကြာခင်ကတော့ KNU ခေါင်းဆောင်တဦးနှင့် မှာလိုက်ရသည်။ သူစွပ်စွဲသလို မဟုတ်ကြောင်း၊ ၁၉၆၃ ဆွေးနွေးပွဲ မစခင်ကတည်းက တော်လှန်ရေးကောင်စီနှင့် နားလည်မှုယူခဲ့ကြောင်း၊ ဆွေးနွေးပွဲ အောင်သည်ဖြစ်စေ၊ ပျက်သည်ဖြစ်စေ သခင်ဗသိန်းတင်သည် ဗကပကိုယ်စားလှယ်၊ အလုပ်ရှိရာ တရုတ်ပြည်သို့ပြန်သွားမည်ဟု နားလည်မှုယူထားကြောင်း၊ ဆွေးနွေးပွဲပျက်သောအခါ ပြန်သွားရေး ဆွေးနွေးကြခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်က အထူးလေယာဉ် လာကြိုရေးကိစ္စပါနေ၍ သုံးဦးသုံးဖလှယ် ဆွေးနွေးရသလို ဖြစ်နေကြောင်း၊ ဆွေးနွေးပွဲပျက်ခါမှ အကြာကြီးဆက်ပြီး ဆွေးနွေးကြသည်မှာ ဒါကြောင့်ဖြစ်ကြောင်း မှာလိုက်ရသည်။ ဆွေးနွေးသည်ကလည်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ချင်းဖြစ်နေ - အပြန်အလှန်လည်း အကြာကြီးဆွေးနွေးနေ - ဆွေးနွေးသည့် အတွင်းသဘောကိုလည်း ဖော်မပြောဘဲ ကွက်လပ်ထားနေ - ဆိုတော့ မသင်္ကာစရာကြီးဖြစ်နေသည်။ သူတို့ မသင်္ကာဖြစ်တာ မဆန်းပါ။

စစ်အုပ်စုတွင် လုပ်နည်းတခုရှိသည်။ ထိုလုပ်နည်းကို ယခုပိုပြီး လုပ်နေသည်။ ထိုလုပ်နည်းမှာ တော်လှန်ရေးအင်အားစုများအတွင်းသံသယပွားအောင် သတင်းလိမ်ကို တမင်ပေါက်ကြားပေးသည့်နည်းဖြစ်သည်။ (SSIA ခေါင်းဆောင်များ မည်သည့်နေရာက ထိုသတင်းလိမ်ရသည်ကို ကျွန်တော်တို့ ခန့်မှန်းနိုင်ပါသည်။ မပြောသင့်၍ မပြောတော့ပါ။)

SSIA နှင့်တော့ မတိုက်ခဲ့ရပါ။ KIA နှင့် တိုက်ခဲ့ရသည်။ စစ်အစိုးရက ဝင်ပြီးအမြတ်ထုတ်တာ အကြိမ်ကြိမ်ခံခဲ့ရသည်။ ငြိမ်းအဖွဲ့များ” ဖြစ်သောအခါ အချင်းချင်းရန်တိုက်ပေးသည့်နည်း စစ်အုပ်စုက အကြီးအကျယ်လုပ်သည်။

အဖွဲ့အစည်းအသီးသီးတွင် အတွင်းပဋိပက္ခများရှိကြသည်။ ဗကပခွဲထွက်များအတွင်း ရှိသလို မဟာမိတ်များအတွင်း၌လည်း ရှိသည်။

KIO အဖွဲ့အတွင်း ပဋိပက္ခပြင်းထန်နေသည် ဟုကြားရသည်။ ပါတီဗဟိုက မိမိ ရဲဘော်များအတွင်းရော၊ မဟာမိတ်များ အတွင်းမှာပါ ပြည်သူတွင်းပဋိပက္ခအဖြစ်နှင့် အကြိမ်ကြိမ်ဝင်ပြီး ဖြေရှင်းပေးခဲ့ရဖူးသည်။ စေ့စပ်ပေးခဲ့သဖြင့် ရန်/ငါပဋိပက္ခအဖြစ် မကူးပြောင်းခဲ့ပါ။

ငြိမ်းအဖွဲ့များခေတ်သို့ ရောက်သောအခါ စစ်အုပ်စုက ရန်/ငါ ပဋိပက္ခအဖြစ်သို့ မရောက်ရောက်အောင် တွန်းပို့သည်။ ဤသို့ဖြင့် “ ငြိမ်းအဖွဲ့ ” တချို့ ပျက်စီးသွားသည်။

သွယ်ဝိုက်မနေတော့ဘဲ ရှင်းအောင် ရေးမည်။

ဗကပ လက်ထက်က ကိုးကန့်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မိုးမိတ်ဒေသများသည် မြောက်ပိုင်းဗဟိုဌာနခွဲအောက်က ဖြစ်သည်။ လူမျိုးစုံသည်။

ခွဲထွက်ကြတော့ အားလုံး ဖုန် ညီအစ်ကိုအောက် ရောက်သည်။ ဖုန်ညီအစ်ကိုနှင့် ယန်ညီအစ်ကိုတို့ အတွင်းပဋိပက္ခ ကြီးသည်။ ပါတီထဲ သူတို့ရှိစဉ်ကတော့ ပါတီက ပြည်သူတွင်းပဋိပက္ခအဖြစ် အကြိမ်ကြိမ်ဖြေရှင်းပေးခဲ့၍ ရန်/ငါပဋိပက္ခအဖြစ်သို့ တိုးပွားမသွားခဲ့။

ငြိမ်းအဖွဲ့” ဖြစ်သောအခါ ပဋိပက္ခကို စစ်အုပ်စုက ဆွပေးသည်။ ဆွပေးဖို့လည်း လွယ်သည်။ သူဌေးဖြစ်လမ်း စီးပွားရေး အခွင့်အလမ်းများဖြင့် ဆွပေးလို့ရသည်။ ဘိန်း မူးယစ်ဆေးဝါးလုပ်ငန်းဖြင့်လည်း ဆွပေးလို့ရသည်။ သစ်ကန်ထရိုက်၊ ကျောက်မျက် တူးဖော်ခွင့် စသည်များဖြင့် ဆွပေးလို့ရသည်။

တိုင်းစစ်ဌာနချုပ်နှင့် ထောက်လှမ်းရေး အတိုင်အဖောက်ညီညီလုပ်ကာ ပဋိပက္ခကို ဆွပေးသည်။ (ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်ပဋိပက္ခ ဟု ထင်ယောင်မှားသွားအောင် တမင်လုပ်ကြသည်။)

ဖုန်နှင့်ယန် ပဋိပက္ခမှာ (စစ်အုပ်စုက မြှောက်ပေး၍) အာဏာသိမ်းပွဲအထိ ဖြစ်သွားသည်။ ယန်ညီအစ်ကို အာဏာရသွားသည်။ ဖုန်တို့ ထွက်ပြေးရသည်။ မကြာပါ။ ဖုန်တို့က ယန်တို့ကို ဖြုတ်ချကြသည်။ ငါးပျံတလှည့် ဗုံလုံတလှည့် ဖြစ်နေကြသည်။

ဤသို့ အာဏာသိမ်းပွဲ၊ တန်ပြန်အာဏာသိမ်းပွဲ ကိုးကန့်တွင်ဖြစ်နေသောအခါ ကချင်များ၊ ရှမ်းများ၊ ပလောင်များက မုံးကိုးဘက်တွင် သီးခြားထောင်ကြသည်။ သူတို့တွင်း၌လည်း အပြန်အလှန်အာဏာသိမ်းပွဲများ ဖြစ်သည်။ ဗကပလက်ထက်က ဝ အမျိုးသားများ ဦးစီးသည့် ဝ အများအပြားပါသည့် တပ်မဟာရှိသည်။ ထိုတပ်မဟာနှင့် ကိုးကန့်ပေါင်းပြီး အာဏာသိမ်းရန် ကြံစည်ကြသည်။ အသေးစိတ် တင်ပြမည်။

အာဏာသိမ်းမည့်အကြောင်း အသေးစိတ်အစီအစဉ်ကို လားရှိုးသို့ ကိုယ်စားလှယ်လွှတ်ကာ ထောက်လှမ်းရေးသို့ သွားပြောသည်။ ထလရ က ထိုသတင်းကို တိုင်းစစ်ဌာနချုပ်သို့ ပေးသည်။ လာပြောသူ ကိုယ်စားလှယ်ကိုလည်း ဖမ်းထားလိုက်သည်။ သတ်ပစ်သည်ဟုလည်း ကြားရသည်။ မသေချာပါ။ ပြန်မရောက်တာတော့ သေချာသည်။

စီစဉ်ထားသည့်အတိုင်း အာဏာသိမ်းပွဲလုပ်သည်။ လားရှိုးက မီးစိမ်းပြသည်ဟုထင်ပြီး လုပ်ကြခြင်းဖြစ်သည်။ အာဏာသိမ်းတပ်ကို နအဖတပ်က ဆွေးနွေးရန်ဟုလိမ်ခေါပြီး ခေါင်းဆောင်၊ တရုတ်ခေါင်းဆောင်များအပါ တတပ်လုံးကို သတ်ပစ်လိုက်သည်။

အာဏာိမ်းခံရဆဲဖြစ်နေသည့် ကချင်ခေါင်းဆောင်များကိုကား ဆွေးနွေးရန်ဟုလိမ်ခေါပြီး ဖမ်းသည်။ တပ်ကို လက်နက်ပြုတ်ပြီး တပ်ဖျက်ပစ်လိုက်သည်။ ဤသို့ဖြင့် ၂ ဘက်စလုံး ချေမှုန်းခံလိုက်ရသည်။

သေသွားသူများရော အဖမ်းခံရသူများပါ သူတို့ခံရတာ ဗိုလ်ခင်ညွန့် မသိလိုက်ဘဲ ဗိုလ်မောင်အေးကလုပ်တာဟု ထင်သွားကြသည်။ ဗိုလ်ခင်ညွန့်သာသိလျှင် ထိုသို့မဖြစ်ဟု ထင်နေကြသည်။ မဟုတ်ပါ။ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်ပူးပေါင်းပြီး လုပ်လိုက်ခြင်းဖြစ်သည်။

 

0 comments:

Post a Comment