Wednesday, December 2, 2020

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၂)

0 comments

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၂)

 

သမ္မဘုရှ်သည် ဤရေးသားချက်များကို အကောင်အထည်ဖော်လိုဟန်ရှိပါသည်။ ထို့ကြောင့် NMD (အမျိုးသားဒုံးပျံကာကွယ်ရေး) အစီအစဉ်ချပါသည်။ ကျိုတိုသဘောတူညီချက်ကို တဖက်သတ်ဖျက်ပါသည်။

အပြောအဆိုကတော့ သူ့အကြံပေးတွေလို မကြမ်းဝံ့ပါ။ ယက်ကန်ယက်ကန်နှင့် သမ္မတဖြစ်လာသူက ထိုသို့ အပြောမကြမ်းနိုင်ပါ။ အပြတ်အသတ်နိုင်လာလျှင်ကား ကြမ်းပေလိမ့်မည်။

“NMD နှင့် ကျိုတို ကို ကိုင်လိုက်သောအခါ ရုရှားနှင့်တရုတ်ကဆန့်ကျင်ပါသည်။ မဟာမိတ်များက မကြိုဆိုပါ။ ဆန့်ကျင်သူတောင်ရှိပါသည်။ ဂျပန်က အင်တင်တင် လက်ခံပါသည်။ အိန္ဒိယကတော့ အမေရိကန်က ပထမဆုံး အရေးတယူလုပ်ရှင်းပြသဖြင့် ကျေနပ်ပါသည်။ သူ၏အကြံအစည်အတွက် အကျိုးရှိ၍လည်း NMD ကို လိုလားသည့်သဘောပြောပါသည်။

ရုရှားနှင့်တရုတ်ဆန့်ကျင်မည်ဟု ကြိုတွက်ပြီးဖြစ်သဖြင့် သမ္မတဘုရှ်မအံ့ဩပါ။ သို့သော် မဟာမိတ်များ၏ ရပ်တည်ချက်သိရသောအခါ အံ့ဩပုံပေါ်ပါသည်။ ယခုထိ ရှင်းလင်းမဆုံးဖြစ်နေရပါသည်။

အမေရိကန်၏ ဂျူနီယာပါတနာ (Junior Partner) အင်္ဂလိပ်ကပင် ခါတိုင်းလို လှိုက်လှဲမှုမရှိပါ။ ဥရောပသမဂ္ဂ EU နှင့်လည်း မကင်းနိုင်၊ အမေရိကန်နောက်လည်းလိုက်ချင် စိတ်ဒွိဟဖြစ်နေပုံပေါ်ပါသည်။

အမေရိကန်ကိုဝင်ရိုးပြု၍ တကမ္ဘာလုံးလည်ပတ်ရမည်ဟူသော အတွေးအခေါ်သည် အမေရိကန် လက်ဝါးကြီးအုပ်အရင်းရှင်ကြီးများ၏ အတွေးအခေါ်ဖြစ်ပါသည်။ ထို့ကြောင့် အဓိကပါတီကြီး ၂ ခု၏ အတွေးအခေါ်လည်း ဖြစ်နေရပါသည်။

ဝင်ရိုးတခုတည်းရှိသော ကမ္ဘာ့စနစ်လော၊ ဝင်ရိုးအများရှိသောကမ္ဘာ့စနစ်လော ဆိုသည့်ပြဿနာသည် ယနေ့အဓိကပြဿနာဖြစ်ပါသည်။ မည်သည့်ဘက်ကမှလည်း အလျှော့ပေးကြမည်မဟုတ်ပါ။ “အမျိုးသားအကျိုးစီးပွား”ချင်း ထိပ်တိုက်တွေ့နေသည့်ပြဿနာဖြစ်၍ ကျယ်ပြန့်ပြင်းထန်လာမည်ဖြစ်ပါသည်။

ဝင်ရိုးတခုနှင့် ဝန်ရိုးအများလွန်ပွဲသည် မျက်မှောက် နိုင်ငံတကာ့အခြေအနေကို ဖန်တီးနေပါလိမ့်မည်။

ယနေ့ထိအခြေအနေကို(အပြောမကြည့်ပဲ အလုပ်ကိုကြည့်၍)သုံးသပ်လျှင် အဆိုးဆုံးအခြေအနေသို့လည်း ရောက်မသွားနိုင် အကောင်းဘက်သို့လည်းရွေ့လျားမသွားဘဲ ဖြစ်နေလိမ့်မည်ဟု ခန့်မှန်းပါသည်။

အဆိုးဆုံးဆိုသည်မှာ စစ်ပွဲဖြစ်ပြီး၊ အကောင်းဘက်ဆိုသည်မှာ ဝင်ရိုးအများရှိသောစနစ်ကို အမေရိကန်က လက်ခံလိုက်ခြင်းကို ဆိုလိုပါသည်။

ကမ္ဘာ့စနစ် အတည်တကျမဖြစ်သေးသမျှ ကုလသမဂ္ဂပြုပြင်ရေးကိစ္စသည်လည်း ထစ်နေပါလိမ့်မည်။

၁၉၄၅ ခုနှစ်က စစ်နိုင်သူများချမှတ်ထားသော ကမ္ဘာ့ကုလသမဂ္ဂဖွဲ့စည်းပုံကို ပြင်ဆင်ရန်အချိန်တန်ပြီဟု နိုင်ငံကြီးတွေပြောဆိုနေကြပါသည်။ သို့သော် ကမ္ဘာ့စနစ်သစ် အတည်တကျမဖြစ်သေးသမျှ လက်တွေ့ ပြုပြင်ရန်ခက်နေပါသည်။ မည်သည့် ကြီး(၅)ကြီးကမှလည်း ပြုပြင်ထားသောဖွဲ့စည်းပုံ တစုံလုံးကိုမဆိုထားနှင့် ပြုပြင်ထားသောဖွဲ့စည်းပုံ တစိတ်တဒေသကိုပင် တင်ပြနိုင်ခြင်းမရှိပါ။ ဝင်ရိုးတခုလော ဝင်ရိုးအများလော ဆိုသည့်ပြဿနာ မပြေလည်သေးသမျှ လက်ရှိဖွဲ့စည်းပုံအတိုင်းပင် ရှိနေပါလိမ့်မည်။

အမေရိကန်က ကုလသမဂ္ဂ၏ ပြင်ဘက်ထွက်ပြီး ကိုဆိုဗိုပြဿနာကို နေတိုး NATO နံမည်နှင့် ဝင်ကိုင်ကြည့်ပါသည်။ နောက်ဆုံးတွင် ရုရှားပါ ပါလာပြီး ကုလသမဂ္ဂတွင်း ပြန်ရောက်သွားပါသည်။ ကိုဆိုဗိုကိစ္စမှာ ဥရောပတွင်း ပြဿနာဖြစ်၍ ဤသို့လုပ်နိုင်ခြင်းဖြစ်ပါသည်။ အခြားနေရာဆိုလျှင် လုပ်ဖို့ခက်ပေလိမ့်မည်။

NMD ကိစ္စနှင့် ကျိုတိုဆုံးဖြတ်ချက်ကိစ္စကြောင့် ကုလသမဂ္ဂရွေးကောက်ပွဲ ၂ ခု၌ အမေရိကန်ရှုံးရပါသည်။ အရှက်ရကြပါသည်။ အမေရိကန်လွှတ်တော်က ကုလသမဂ္ဂသို့ထည့်ဝင်ရမည့်(အကြွေး) မပေးဘဲနေရန်အထိ ပြောသံကြားရပါသည်။ အမတ်တယောက်ကမူ “စူပါ ပါဝါဆိုတာ ပေးစရာရှိတဲ့အကြွေး ပေးရတယ်၊ စူပါ ပါဝါဆိုတာ မငိုရဘူး၊ နောက်ဆုံးကျမှ တခွင်လုံးသိမ်းကြတာပေါ့” ဟု အားပေးစကားလိုလိုခြိမ်းခြောက်တာလိုလို ပြောပါသည်။

ဝင်ရိုးတခုတည်းရှိတဲ့ကမ္ဘာ့စနစ်ဖြစ်မှ မင်းတို့သိမယ်ဟု မဲထည့်သူများကို ကြိမ်းသလားမပြောနိုင်ပါ။ တခွင်လုံးဆိုသည့်စကားက ကုလသမဂ္ဂကိုဆိုသလား၊ မဲနိုင်သွားသည့် ပြင်သစ်၊ ဩစတြီးယား၊ ဆွီဒင်ကိုဆိုသလား၊ ပြင်သစ်က ၅၃ ဦး မဲထည့်တာမှာ ၅၂ ဦးရသည့်အတွက် ပြင်သစ်ကိုပဲကြိမ်းသလားမပြောတတ်ပါ။

မည်သို့ပင်ဆိုစေ အမေရိကန်တဦးတည်း ဗိုလ်ကျနိုင်သည့်ခေတ် ရောက်ရမည်ဟု အမေရိကန်နိုင်ငံရေးသမားများက ယုံကြည်နေပါသည်။

အမေရိကန်လွှတ်တော်ကလည်း ကမ္ဘာ့လွှတ်တော်ကဲ့သို့ ပြုမူကျင့်ကြံနေပါသည်။

ဝင်ရိုးအများရှိသော ကမ္ဘာ့စနစ်ဘက်တွင်လည်း အားမသေးပါ။ ဤစနစ်က အသာစီးရပါက ကုလသမဂ္ဂပြုပြင်ရေးတွင် တစုံတရာ ဆုံးဖြတ်ချက်ကျနိုင်သော်လည်း ရှောရှောရှူရှူတော့ဖြစ်မည့်ပုံမရှိပါ။ အိန္ဒိယကတော့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ကြီးတကြီးအဖြစ်ပါရမည်ဟု ထင်ပုံပေါ်ပါသည်။ ပါကစ္စတန်က လက်ခံပါမည်လော။ ဂျပန်ပါလာလျှင် တောင်မြောက်ကိုးရီးယားက ကျေနပ်မည်လော။ အာရှကို ကွက်၍ပြောခြင်းဖြစ်ပါသည်။ အခြားထင်နေသည့်တိုင်းပြည်များ ကမ္ဘာအနှံ့ရှိပါသည်။ ကျေနပ်သူမကျေနပ်သူ ရှိပါလိမ့်မည်။ ဝင်ရိုးတခုတည်းကမ္ဘာ့စနစ် မည်သည့်အခါကမျှ မရှိခဲ့ပါ။ အင်ပါယာများရှိခဲ့ဖူးပါသည်။ သို့သော် ကမ္ဘာလွှမ်းခြုံသော အင်ပါယာမဟုတ်ပါ။

အင်္ဂလိပ်အင်ပါယာသည် ကမ္ဘာအနှံ့ကျယ်ပြန့်ပါသည်။ သို့သော် ကမ္ဘာ့အင်ပါယာမဟုတ်ပါ။ အပြိုင်အဆိုင် အင်ပါယာများရှိပါသည်။ ကမ္ဘာစစ်ဖြစ်ရပါသည်။

အမေရိကန်စိတ်ကူးနေသောပုံစံသည် တကမ္ဘာလုံး မတည်ငြိမ်မှုကိုသာ ဖြစ်စေပါလိမ့်မည်။ NMD လုပ်ထား၊ ခေါင်းထောင်ထသူကို အပြတ်နှိမ်၊ ကမ္ဘာ့ပုလိပ်ကြီးလုပ်။ ဤစိတ်ကူး အလုပ်ဖြစ်ပါမည်လော။

NMD ကို အမေရိကန်အသံ VOA က ဘာသာပြန်သည်မှာ ဒိုင်းလွှာဟု ပြန်ပါသည်။ မဆိုးပါ။ ဒိုင်းကောင်းလျှင် လှံကောင်းလာစမြဲ။ မထိုးဖေါက်နိုင်သောဒိုင်း ရှိမည်မဟုတ်ပါ။

တခုပဲရှိသည်။ ကမ္ဘာပေါ်တွင် နိုင်ငံအငယ်နှင့်အသေးချည်းရှိမည်ဆိုလျှင် မထိုးဖေါက်နိုင်သောဒိုင်း ဖြစ်နိုင်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၂၀၀၀ ရှိရေးအပြောအဆိုများကြားရသည်မှာ ဤစိတ်ကူးကြောင့်ဖြစ်မည်။

NMD မှာ ဝင်ရိုးတခုတည်းရှိသော ကမ္ဘာ့စနစ်ထူထောင်ရေးအတွက်လှမ်းသော ပထမဆုံးခြေလှမ်းဖြစ်သည်။

NMD မှာ အာကာသတက်မည့်၊ ငွေအလွန်ကုန်မည့်စီမံကိန်းဖြစ်သည်။ လောလောဆယ်တွင် အမေရိကန်တဦးတည်းသာ တတ်နိုင်သည်။ ရုရှားမှာ အရင်ကလို စိန်ခေါ်လျှင် တိမ်ပေါ်အထိမလိုက်နိုင်။ အတတ်ပညာ ယှဉ်နိုင်သော်လည်း ငွေမတတ်နိုင်။ ဥရောပသမဂ္ဂ EU မှာ အတတ်ပညာလည်းရှိ ငွေလည်းရှိသည်။ သို့သော် နိုင်ငံအများ ညှိပြီးလုပ်ရမည်။ ညှိရလွယ်မည်မဟုတ်။ တရုတ်မှာ အတတ်ပညာက အာကာသတက်စ၊ ငွေကြေးအခြေခံက မတတ်နိုင်သေး။ ဂျပန်က အတတ်ပညာ၊ ငွေကြေး လုပ်မည်ဆိုလျှင် တတ်နိုင်သည်။ သို့သော် လူထုက စစ်ကိုနာကျည်းနေသည်။ အမေရိကန်ပြည်သိမ်းတပ် ရေးဆွဲပေးထားသည့် အခြေခံဥပဒေ၏ အကန့်အသတ်လည်းရှိသည်။ အချိန် အများကြီးယူရလိမ့်မည်။ အမေရိကန်နှင့် အတိုက်အခံလုပ်ဖို့လည်း မလွယ်လှ။ အမေရိကန်က ဂျပန်ကို NMD ၏ လက်အောက်ခံTMD “တာလတ်တာတို ဒုံးပျံကာကွယ်ရေး”လောက်ပဲ လုပ်စေချင်သည်။ အာကာသတက်စရာမလိုသည့် ကာကွယ်ရေးစနစ်ဖြစ်သည်။

အာကာသတက် လက်နက်တပ်ဆင်နိုင်လျှင် ကမ္ဘာကြီးအပေါ် ဗိုလ်လုပ်၍ရပြီ။

ဤကား NMD ၏စိတ်ကူး။ ထို့ကြောင့် စစ်အေးခေတ် ABM (ဒုံးခွင်းဒုံးကန့်သတ်ရေး)စာချုပ်ကို ဖျက်ချင်သည်။ ABM ရှိလျှင် NMD လုပ်မရ။

ABM ကို ရုရှားကအဖျက်မခံချင်။ ရုရှားအနီးကပ်နေရသော EU ကလည်း အင်အားချိန်ခွင်လျှာပျက်မှာစိုးသည်။ တရုတ်ကလည်း ချိန်ခွင်လျှာ အပျက်မခံနိုင်။ ဤသို့ဖြင့် အမျိုးသားအကျိုးစီးပွားချင်း ပဋိပက္ခဖြစ်နေကြသည်။

ဗမာပြည်ကွန်မြူနစ်ပါတီက ဝင်ရိုးတခုကမ္ဘာ့စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုစနစ်ကြောင့်...

(က) အမေရိကန်၏ နိုင်ငံရေးအရ ဗိုလ်ကျလွှမ်းမိုးမှုကိုခံရမည်။

(ခ) အမေရိကန်လက်ဝါးကြီးအုပ်အရင်းရှင်များ၏ စီးပွားရေးအရလွှမ်းမိုးမှုကိုခံရမည်။

(ဂ) နိုင်ငံ၏ဖွံ့ဖြိုးရေးလမ်းကြောင်း ပိတ်သွားမည်။

(ဃ) “မတော်သူသေ တော်သူနေ” စနစ်ကြီး တရားဝင်ဖြစ်လာကာ ခေတ်နှင်အမီမလိုက်နိုင်သော နောက်အကျဆုံးနိုင်ငံများနှင့်လူမျိုးများ ကွယ်ပျောက်ကုန်မည်။

(င) မြေကမ္ဘာဂြိုဟ်ကို ထိန်းညှိထားသောသဘာဝစနစ်များ ပျက်စီးမည်။

ထိုစနစ်အသေးစားနမူနာကို ယူဂိုဆလားဗီးယားနိုင်ငံဟောင်းတွင် ဖြစ်ပျက်နေသည်များကိုကြည့်က တွေ့နိုင်သည်။ လူမျိုးချင်းနှင့်နိုင်ငံငယ်ကလေး (မီနီစတိတ် Mini State)များအချင်းချင်း တကျက်ကျက် ရန်ဖြစ်နေကြသည်။ (ရန်ဖြစ်မှ ကမ္ဘာ့ပုလိပ်ကြီး အလုပ်ရှိမည်)

     စီးပွားရေးအရ လုံးဝ နို့သက်ခံနေရသည်။ (ကမ္ဘာ့အရင်းရှင်ကြီးများ စားကျက်တွေ့မည်)

     နေတိုးအဖွဲ့အတွင်းရေးမှူးက ကာယကံမြောက် “ဘုရင်ခံချုပ်”ဖြစ်နေသည်။ (ကိုလိုနီသစ်ပုံစံဖြစ်သည်)

     ရွေးကောက်ပွဲဆိုသည်များမှာ ဟန်ပြသက်သက်ဖြစ်နေသည်။(ငွေကြေးဖြင့် အာဏာဖြင့် ကိုယ့်လူ မနိုင် နိုင်အောင်လုပ်နေသည်။

ထိုကမ္ဘာ့စနစ်မျိုးသည် ဗမာပြည်အတွက် မည်သည့်ကောင်းကျိုးမှ ပေးမည်မဟုတ်ပါ။ ထို့ကြောင့်ဆန့်ကျင်ပါသည်။ ထိုစနစ် ကမ္ဘာမလွှမ်းစေရန် တားဆီးပါမည်။

အမေရိကန်အင်အားကြီးသည်မှာ မှန်ပါသည်။  သို့သော် ကမ္ဘာတခုလုံးကိုစိုးမိုးနိုင်ရန်ကား အင်အားအကန့်အသတ် ရှိပါသည်။ အမေရိကန်ကိုစိန်ခေါ်သူများ စုစည်းမိလာသောအခါ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး မုချပျက်စီးပါမည်။ ဒုတိယကမ္ဘာစစ်အပြီးမှ (၅၅)နှစ်ကျော် တားဆီးနိုင်ခဲ့သည့်တတိယကမ္ဘာစစ် ဖြစ်ပါလိမ့်မည်။ ဝင်ရိုးအများရှိသောကမ္ဘာ့စနစ်ကို ဗမာပြည်ကွန်မြူနစ်များ လိုလားပါသည်။

ကောင်းလွန်း၍ ခြောက်ပစ်ကင်း၍ လိုလားခြင်းကားမဟုတ်ပါ။ ကောက်ကောက်ထဲမှ အဖြောင့်ရှာရာတွင် ခတ်ကွေးကွေးကို အဖြောင့်သဘောထားပြီးရွေးရခြင်းဖြစ်ပါသည်။

လူလူချင်း၊ လူမျိုးချင်းဖိနှိပ်ချယ်လှယ်သွေးစုပ်သည့်စနစ် မချုပ်ငြိမ်းသေးသမျှ၊ ကမ္ဘာ့ဆိုရှယ်တော်လှန်ရေး မအောင်မြင်သေးသမျှ ဤသို့ပင် ကောက်ကောက်ထဲမှ အဖြောင့်ရှာ၊ ခတ်ကွေးကွေးဟာ အဖြောင့်ပဲဟု သဘောထားနေရပါမည်။

ဤဝင်ရိုးအများနစ်သည် ပထမကမ္ဘစစ်မတိုင်မီကစနစ်မျိုးမဖြစ်စေဖို့ တကမ္ဘာလုံးသတိရှိရပါမည်။ ကမ္ဘာကိုခွဲဝေပြီး ကိုလိုနီအဖြစ်စိုးမိုးကြသောစနစ် ဖြစ်သွားပါက ကမ္ဘာစစ်ကို အသေအချာပြန်ဖြစ်စေပါလိမ့်မည်။

ဝင်ရိုးများအတွင်း ပဋိပက္ခများကားရှိပါလိမ့်မည်။ ရှောင်လွှဲနိုင်မည်မဟုတ်ပါ။ သာမန်ဖြစ်ရိုးဖြစ်စဉ်ပဋိပက္ခကို ရန်ဘက်ပဋိပက္ခသို့ တိုးပွားမသွားစေရန် ကမ္ဘာ့ပြည်သူများက သတိဖြင့်တားဆီးကြရပါမည်။

ဝင်ရိုးတွေ မည်သည့်နိုင်ငံများဖြစ်မည်ကို အတတ်မပြောနိုင်သော်လည်း ဝင်ရိုးအလောင်အလျာများကိုကား တွေ့မြင်နေရပါသည်။ စီးပွားရေးအင်အား၊ လူဦးရေအင်အား၊ နိုင်ငံရေးအင်အားရှိသူများသည် ဝင်ရိုးဖြစ်နိုင်ခြေရှိသူများ၊ ဝင်ရိုးဖြစ်ရန်မျှော်လင့်ချက်ရှိသူများ ဖြစ်ပါသည်။

ဝင်ရိုးတခုတည်းရှိသောကမ္ဘာ့စနစ်ကို ဗမာပြည်ကွန်မြူနစ်များမလိုလားသည့် အဓိကအကြောင်းတခုရှိပါသည်။ ဤအဓိကအကြောင်းကို မတင်ပြလျှင် ပြည့်စုံမည်မဟုတ်ပါ။

အဓိကအကြောင်းမှာ ဗမာပြည်သည် အရှေ့တောင်အာရှဒေသကြီးအတွင်းပါဝင်နေသောတိုင်းပြည်ဖြစ်ခြင်း၊ ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံကြီးနှစ်ခု တရုတ်နှင့်အိန္ဒိယအကြားတွင် တည်ရှိသောဒေသဖြစ်ခြင်းနှင့် ဗမာပြည်တွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုမရှိခြင်း ဖြစ်ပါသည်။

အရှေ့တောင်အာရှ၏ထူးခြားချက်မှာ

     ပေါ်တူဂီ၊ စပိန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ချ်၊ အမေရိကန်တို့၏ ကိုလိုနီဖြစ်ခဲ့သောသမိုင်း ရှိခြင်း။

     နယ်ချဲ့ပေါင်းစုံ စုစည်းမိခဲ့သောနေရာဖြစ်ခဲ့ခြင်း။

     ဗီယက်နမ်စစ်ဖြစ်ခဲ့သောနေရာ၊ ဆီတိုးအဖွဲ့ဌာနချုပ်ရှိသောနေရာဖြစ်ခဲ့ခြင်း။

     ကမ္ဘာ့အရှေ့ခြမ်းတွင် ရှားရှားပါးပါးထူးထူးခြားခြားရှိနေသော လူဖြူနိုင်ငံ ဩစတြေးလျနှင့် ပထဝီအရ နီးကပ်နေခြင်းတို့ ဖြစ်သည်။

ဩစတြေးလျ၏အခန်းသည် ဝင်ရိုးတခုတည်းရှိသောကမ္ဘာ့စနစ်ဖြစ်လာပါက အရှေ့တောင်အာရှတွင် အလွန် အရေးပါသောအခန်းက ပါလာလိမ့်မည်။ အရှေ့တီမောကိစ္စတွင် ဩစတြေးလျဝန်ကြီးချုပ်က ဩစတြေးလျသည် အမေရိကန်စေတလုံးရမြို့ဝန် (Sheriff)၏ လက်ထောက်မြို့ဝန်အခန်းက ပါဝင် တာဝန်ထမ်းဆောင်ပါသည်ဟု ပြောခဲ့ဖူးပါသည်။ (ကမ္ဘာ့ရွာဟု ဆိုကြသောကြောင့် Sheriff ကို စေတလုံးရရွာသူကြီးဟု ဘာသာပြန်ရမလားမသိပါ)

ဩစတြေးလျ အမေရိကန်နှင့်အရင်းနှီးဆုံးဖြစ်ပါသည်။ အမေရိကန်တိုက်သမျှစစ်တိုင်းတွင် အမြဲပါခဲ့ပါသည်။ လက်ရှိ စစ်ရေးမဟာမိတ်လည်းဖြစ်ပါသည်။ အရှေ့တောင်အာရှအရေးတွင် စိတ်ဝင်စားမှုလည်း အလွန်ရှိပါသည်။

ဗမာပြည်၏နိုင်ငံရေးအကျပ်အတည်းတွင် သူက နည်းသစ်ဖြင့်ဝင်လာနေပါသည်။ “လူ့အခွင့်အရေးသင်တန်း”ဖြင့်ဝင်ပါသည်။ သူများလို “နိုင်ငံရေးအန်တုမှု”ဖြင့်မဝင်ပါ။

စစ်အစိုးရကလည်း ဝမ်းမြောက်ဝမ်းသာလက်ခံပါသည်။ အမေရိကန်နှင့် ရင်ကြားစေ့ရန် လမ်းကြောင်းတခုပွင့်သည်ဟု ထင်ဟန်ရှိပါသည်။

ဝင်ရိုးတခုတည်းရှိသောစနစ်တွင် နယ်ချဲ့ဗိုလ်ကြီးတဦးတည်းသာရှိပါမည်။ သို့သော် ကမ္ဘာကိုပိုင်းခြား၍ လက်ထောက်များထားပါမည်။ အင်္ဂလိပ်ကတော့ နေရာဦးထားပါသည်။ သူ့ကိုယ်သူ နောက်လိုက်အပေါင်းအသင်း (Junior Partner)ဟု ပြောနေပါသည်။ သူက ဘယ်ဒေသ အပိုင်စားရလိုသလဲဆိုသည်ကား မသိရပါ။ ဩစတြေးလျကမူ အရှေ့တောင်အာရှအတွက် လက်ထောက်ဖြစ်ချင်မှန်းသိသာပါသည်။ အမေရိကန် “ဧကရာဇ်”၏ အရှေ့တောင်အာရှ “ဘုရင်ခံချုပ်”ဖြစ်ရန် တာစူနေပါသည်။

ဝင်ရိုးတခုသာရှိသောကမ္ဘာ့စနစ်၏ နမူနာတခုကို အာရှ အာဖရိကတွင်တွေ့လိုက်ဖူးပါသည်။

     “ဆိုးသွမ်းနိုင်များ”ကို သူက ဆုံးဖြတ်ပါသည်။ အားလုံး အာရှမှဖြစ်သည်။

     ပင်လယ်ပြင်မှနေ၍ အာဖဂန်နစ္စတန်နှင့်ဆူဒန်ကို ဒုံးပျံဖြင့်ပစ်သည်။

     အာရှ၏လေပြင်ပိုင်နက်ကို သူ့ပိုင်နက်အဖြစ်သဘောထားကာလုပ်သည်။

နောက်တခု နမူနာမှာ တဖက်ကိုပင်းသောဒိုင်လူကြီးလုပ်သည်။(အာရပ်−အစ္စရေးကိစ္စ) အရှေ့အလယ်ပိုင်း “ဘုရင်ခံချုပ်”အဖြစ် အစ္စရေးကိုခန့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဗမာပြည်တွင် အာဏာသိမ်းစစ်အစိုးရရှိနေသောကြောင့် ဤသို့သော ကမ္ဘာ့စနစ်မျိုးတွင် တိုင်းပြည်အနေဖြင့် သာဖို့မရှိပါ။ နာဖို့သာ ရှိပါသည်။ ဒီမိုကရေစီအစိုးရရှိခဲ့လျှင်လည်း အမြဲမပြတ် ပြည်တွင်းရေးရှုပ်ထွေးနေအောင် အလုပ်ခံရဖို့သာရှိသည်။ ထို့ကြောင့် တိုင်းပြည်အတွက် ကောင်းကွက်မရှိနိုင်ပေ။

ဝင်ရိုးအများရှိသောကမ္ဘာ့စနစ်ဖြစ်စေ၊ ဝင်ရိုးတခုသာရှိသောစနစ်ဖြစ်စေ မည်သည့်စနစ်ဖြစ်ဖြစ် “ပြည်ချစ်ဝါဒ”ဖြင့်သာ တိုင်းပြည်ကို ကာကွယ်နိုင်မည်ဖြစ်ပေသည်။

ယခုအခါ ကမ္ဘာ့စနစ်သစ်အတွက် လွန်ပွဲကြီးဖြစ်နေသည်။ ဗမာပြည် ကြားညပ်ခံ၍မဖြစ်ပါ။ သတိရှိကြရပါမည်။

ဝင်ရိုးအများရှိသည့်စနစ် ဖြစ်လျှင်လည်း အပြိုင်ဆွဲကြမည့် လွန်ပွဲကလေးများတော့ ရှိနေဦးမည်။ “ပြည်ချစ်ဝါဒ”ဖြင့်သာ မိမိတိုင်းပြည်၏အဆင့်နေရာကို မြင့်တက်စေရန်လုပ်ကြရပါမည်။ “ပြည်ချစ်ဝါဒ”ကိုအခြေခံကာ အမြော်အမြင်ရှိစွာဖြင့် တိုင်းပြည်ကို ဖွံ့ဖြိုးရေးလမ်းမှန်ပေါ်ရောက်အောင် ကြိုးပမ်းကြရမည်ဖြစ်ပါသည်။

0 comments:

Post a Comment