Wednesday, December 2, 2020

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၅)

0 comments

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၅)

 

ကွန်မြူနစ်ပါတီက ဗိုလ်သာကျော် ဗိုလ်ထွန်းတင်တို့ထံ အိတ်ဖွင့်ပေးစာရေးထားပါသည်။ စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

တစညဥက္ကဌ ဗိုလ်သာကျော်သို့ အိတ်ဖွင့်ပေးစာ

၁၃၊ ၁၊ ၂၀၀၀ ရက်စွဲတပ်ထားသည့် ဗိုလ်သန်းရွှေ(နအဖ ဥက္ကဌ)ထံသို့ ဗိုလ်သာကျော် (တစညဥက္ကဌ)မှပေးစာကို ဖတ်ရပါသည်။ လျှို့ဝှက်ဟု သတ်မှတ်ထားသော်လည်း မလျှို့ဝှက်လိုကြောင်း သိသာပါသည်။ တစညပါတီ ထွက်လာသင့်သည်ဟု ကျနော်တို့ပြောခဲ့သည်မှာ ကြာပါပြီ။ ယခုထွက်လာသဖြင့် ကြိုဆိုပါသည်။

ထွက်လာသည့်ရက်စွဲကိုကြည့်သောအခါ နအဖနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ “စကားပြောပွဲ” စ သည့်အချိန်နှင့် တိုက်ဆိုင်နေသည်ကို တွေ့ရပါသည်။ ရေးထားသည့်အာဘော်ကိုကြည့်သောအခါလည်း “လိပ်ပြာမသန့်” “သမိုင်းတရားခံ အဖြစ်မခံနိုင်”ဆိုထားသဖြင့် ဤစကားပြောပွဲဖြစ်စေရန် သူတို့လည်း တွန်းဆော်ပေးနေပါသည်ဟု တိုင်းပြည်သို့ အသိပေးလိုဟန်ရှိပါသည်။ ကျွန်တော်တို့သည် ဗိုလ်နေဝင်းထံသို့ မသေမီ တိုင်းပြည်အတွက် ကောင်းမှုတခုတော့ လုပ်သွားစေချင်ကြောင်းစာရေးဖူးပါသည်။ နအဖနှင့် NLD စေ့စပ်ဆွေးနွေးပွဲဖြစ်မြောက်အောင် သူ၏အရှိန်အဝါကိုသုံးပြီး သူ့တပည့်သားမြေးများကို တွန်းပေးပါက တိုင်းပြည်အတွက် ကောင်းမှုတခုပြုခြင်းဟု ကျွန်တော်တို့ စာရေးခြင်းဖြစ်ပါသည်။

ယခုလည်း တစညတွင်းမှ တပ်မှူးကြီး(ဟောင်း)များသို့ အောက်ပါအတိုင်းအကြံပေးလိုပါသည်။ တစညအနေနှင့် တပ်မတော်ပြိုကွဲမည်ကိုစိုးရိမ်နေကြောင်း အထင်အရှားတွေ့ရပါသည်။ NLD နှင့် တစည ကွဲနေခြင်းသည် တပ်မတော်ပြိုကွဲခြင်း၏ပြရုပ်ဟု ဆိုထားပါသည်။ ကျွန်တော်တို့ သဘောတူပါသည်။ ၄၈−၄၉ ကလည်း ဤသို့ပင် ပြိုကွဲဖူးပါသည်။ ထိုကိစ္စကိုတော့ တစည ထည့်မပြောပါ။ ဗိုလ်နေဝင်း အလိုမကျဖြစ်မှာကိုစိုးရိမ်၍ ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ နားလည်ပါသည်။

တစညက ဗိုလ်ဇော်ထွန်းလိုလူတွေ နအဖထဲ ထပ်မံပေါ်ထွက်လာမည်ကိုစိုးရိမ်နေကြောင်း အထင်အရှားတွေ့ရပါသည်။ စိုးရိမ်ထိုက်ပါသည်။

နအဖစစ်အုပ်စုမှာ အခြောက်တိုက်ဘဝင်မြင့်နေပါသည်။ ဗိုလ်သာကျော်တို့လည်း တွေ့မိလိမ့်မည်ထင်ပါသည်။ ရှေ့က စစ်အုပ်စုဟောင်းများ မလုပ်နိုင်ခဲ့တာတွေ သူတို့လုပ်နိုင်သည်ဟု အထင်ရောက်ပြီး ဘဝင်မြင့်ကြခြင်းဖြစ်ပါသည်။ စစ်အေးခေတ်ကုန်ဆုံးခြင်းဟူသည့် အကြောင်းအချက်ကို သူတို့ထည့်မတွက်ကြပါ။

ထိုသို့ ထည့်မတွက်သောကြောင့် စစ်အေးလွန်ခေတ်၏အကျိုးကျေးဇူး ယာယီခံစားရခြင်းကို အဟုတ်ကြီးထင်နေပြီး စစ်အေးလွန်ခေတ်ကပေးလာမည့်အန္တရာယ်ကို မမြင်နိုင်ကြတော့ပါ။

၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကိုငြင်းပယ်ခြင်းသည် ပြည်တွင်းရေးသက်သက် ဖြစ်ပါသည်။ ထိုငြင်းပယ်ခြင်း၏အကျိုးဆက်အဖြစ် နိုင်ငံတကာ့ခွင်တွင် အထီးကျန်ဖြစ်ရပါသည်။ နောက်ဆုံးတွင် ဗိုလ်ဇော်ထွန်းလို ပုဂ္ဂိုလ်မျိုး ပေါ်ရပါသည်။

ယခု ပြည်ပရေး (ထိုင်းနှင့် ပါးစပ်စစ် တိုက်ခြင်း)ကို လုပ်လာပါသည်။ ဤဘဝင်မြင့်လုပ်ရပ်ကြောင့် တိုင်းပြည် ဒုက္ခတွေ့ပါလိမ့်မည်။ တစညပါတီအစိုးရိမ်ဆုံးဖြစ်သော တပ်မတော်ပြိုကွဲရေးနှင့် ရပ်နေမည့်ကိစ္စမဟုတ်ပါ။ တိုင်းပြည်ပြိုကွဲမည့်အန္တရာယ်ကြီးပါ ကပ်ပါလာပါလိမ့်မည်။

တစညဥက္ကဌ ဗိုလ်သာကျော်အပါအဝင် ဗိုလ်ထွန်းတင်စသော တစညခေါင်းဆောင်စုသည် ခေတ်အမျိုးမျိုးကို ဖြတ်သန်းဖူးကြပါသည်။ တချက်မှားရုံဖြင့် တိုင်းပြည် မည်သည့်ဘဝကျရောက်နိုင်သည်ကို သိကြပါသည်။ ထို့ကြောင့် လက်ရှိစစ်အုပ်စုကို အချိန်မီပြုပြင်ပေးကြပါရန်  တိုက်တွန်းအပ်ပါကြောင်း။

(ကျွန်တော်တို့ ပြောရေးဆိုခွင့်ရှိသူ၏ ထိုင်း−ဗမာအရေးနှင့်ပတ်သက်သည့်ထုတ်ပြန်ချက် ပူးတွဲပေးလိုက်ပါသည်)

ကျန်းမာ၍ တိုင်းပြည်အကျိုးသည်ပိုးနိုင်ကြစေကြောင်း ဆုမွန်ကောင်းတောင်းပါသည်။

၁၃၆၃ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၀ ရက်၊

၂၀၀၁ ခုနှစ် ဇွန်လ ၃၀ ရက်။

ဗမာပြည်ကွန်မြူနစ်ပါတီအတွင်းမှ သင်တို့၏တိုက်ဖော်တိုက်ဖက်ဟောင်းများ။

 

တတိယစစ်အုပ်စလက်ထက်တွင် မာရှယ်လောဖြင့်အုပ်ချုပ်ခြင်းကြောင့် စစ်အုပ်စုလက်ထဲမှာ “တိုက်ရာပါ”ပစ္စည်းများ စုပုံရောက်ရှိနေသည်။

ပထမစစ်အုပ်စုလက်ထက်ကပစ္စည်း BEDC ကအစ၊ ဒုတိယစစ်အုပ်စုလက်ထက်ကပစ္စည်းများ (ဆိုရှယ်လစ် အရင်းအနှီးများ)အလယ်၊ တတိယစစ်အုပ်စုလက်ထက်ပွားပစ္စည်းများ(UMEH မှအစ စစ်တပ်ပိုင်အဆင့်မြင့် ကျောင်းများအထိ အဆုံး အလွန်များပါသည်။

နိုင်ငံရေးအာဏာ၊ စီးပွားရေးအာဏာ၊ လူမှုရေးအာဏာများကို အထိန်းအကွပ်မရှိ လုပ်ပိုင်ခွင့်ရျနေသဖြင့် ဤအရာများ လက်မလွှတ်ချင်ကြပါ။ တတိယစစ်အုပ်စု SPDC က NLD နှင့်ဆွေးနွေးပွဲတွင် လျှော့ပေးသွားမည်ကိုစိုးရိမ်သော စတုတ္ထစတုတ္ထမျိုးဆက်သစ်က ထိုင်း−ဗမာအရေးကို ဖန်တီးခြင်းဖြစ်ပါသည်။

SPDC သည် ကတိခံဝန်ချက်ပေးပြီး တက်လာရသည့်အစိုးရဖြစ်ပါသည်။ ရွေးကောက်ပွဲလုပ်ရေး၊ အခြေခံဥပဒေ ရေးဆွဲရေး ကတိများပေးထားရပါသည်။ မတင်မကျဖြစ်နေသော “အမျိုးသားညီလာခံ” ကလည်းရှိနေသေးသည်။ ထို့အပြင် ပြည်တွင်းပြည်ပအကျပ်အတည်းများကို လက်တွေ့ခံစားနေရသူများဖြစ်သည်။ ထို့ကြောင့် NLD နှင့် စကားပြောပွဲကို ကျိတ်ပြီးလုပ်နေရသည်။ ထိုသို့ကျိတ်ပြီးလုပ်သောအခါ မည်သို့ဖြစ်နေသည်၊ မည်သည့်အချက်များ ပြောနေကြသည်ကို သိလိုကြသည်မှာမဆန်းပါ။

ပြည်သူက သိလိုသည်မှာ တိုင်းပြည်၏ရှေ့ရေးအတွက်ဖြစ်သည်။ စစ်အုပ်စုလောင်းလျာများ သိလိုသည်မှာ သူတို့ရှေ့ရေးအတွက်ဖြစ်သည်။ မတူပါ။ NLD ကို ဘာတွေ လျှော့ပေးနေလဲ၊ တို့အတွက် ဘာကျန်သလဲ၊ တို့ အစိုးရတက်လုပ်ဖို့အလှည့်ကို ပိတ်ပစ်ခဲ့ပြီလား၊ စစ်တန်းလျားပြန်ရတော့မလား စသည်ဖြင့် သူတို့စိတ်လောနေသည်။

SPDC မှာ ရှေ့တွင်ပြည်သူ၊ နောက်တွင် စတုတ္ထမျိုးဆက်လောင်းလျာ ဤ နှစ်ခုကြား အကျဉ်းအကျပ်ထဲ ရောက်နေပါသည်။

SPDC ကို ကတိအတိုင်းလုပ်ပါ။ နောက်မဆုတ်နဲ့ဟု ကွန်မြူနစ်ပါတီကသတိပေးသည့်အနေဖြင့် ထိုင်း−ဗမာအရေး ထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

SPDC သည် စတုတ္ထစစ်အုပ်လောင်းလျာများအလိုကျမလုပ်ဟု အတပ်မပြောနိုင်ပါ။ နောက်ပြန်လှည့်သွားနိုင်ပါသည်။ စကားပြောပွဲသို့အရောက် တံဖျာတလှည့် ထမ်းပိုးကျည်းတလှည့်သုံးပြီး အရောက်ပို့ထားရခြင်းဖြစ်ပါသည်။ နောက်ပြန်လှည့်သွားလျှင် အဆိုးဆုံးဖြစ်ပြီး တိုင်းပြည် ကံဆိုးမိုးမှောင်ကျပါလိမ့်မည်။

အကောင်းဆုံးကိုမျှော်လင့် အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားရပါမည်။

ထိုင်းဝန်ကြီးချုပ်၏ ဗမာပြည်ခရီးအောင်မြင်ခြင်းသည် အဆိုးဆုံးသို့မရောက်သေးဟု အဓိပွပါယ်ရပါသည်။ သို့သော် စိတ်မချရပါ။

ကမ္ဘာ့စနစ်သစ် လွန်ဆွဲပွဲကရှိနေသည်။ ASEAN ကလည်း ကွန်မြနစ်ရော၊ ပဒေသရာဇ်ရော၊ စစ်အစိုးရရော ယိုင်နဲ့နဲ့ဒီမိုကရေစီရော စုပေါင်းစပ်ပေါင်းအဖွဲ့ဖြစ်သည်။ အဖွဲ့၏ကြံ့ခိုင်မှုမရှိပါ။ သူ့သမိုင်းကလည်း အပြောင်းအလဲများလှသည်။

၂၁ ရာစုတွင် ငြိမ်းချမ်း၍တည်ငြိမ်သောဗမာပြည် ဖြစ်ပေါ်စေလိုသည့်စေတနာဖြင့်(ဗကပ)က အရာရာကို ချဥ်းကပ်ပါသည်။ သို့သော် လက်တွေ့ဘဝကိုလည်း အာရုံပြုပါသည်။

အကောင်းဆုံး(NLD နှင့် SPDC အပေးအယူမျှခြင်း)ကို မျှော်လင့်၊ အဆိုးဆုံး(SPDC က နောက်ပြန်ဆုတ်ပြီး စတုတ္ထစစ်အုပ်စုအတွက် တက်လမ်းဖွင့်ပေးခဲ့ခြင်း)အတွက်လည်း ပြင်ဆင်ထားပါသည်။

(ဃ) (ဗကပ)၏ လုပ်ငန်းအရပ်ရပ်။

(၁) တပ်ပေါင်းစုလုပ်ငန်း။

(၂) အလုပ်သမားရေးရာလုပ်ငန်း။

(၃) လယ်သမားရေးရာလုပ်ငန်း။

(၄) ကျောင်းသားလူငယ်ရေးရာလုပ်ငန်း။

(၅) အမျိုးသားအရင်းရှင်နှင့်ပတ်သက်သည့်လုပ်ငန်း။

(၆) သီးခြားပြဿနာအပေါ် အမြင်နှင့်သဘောထာား။

၂၀၀၁ ခုနှစ် ဇွန်လ။

ဗဟိုစည်းရုံးကော်မတီ။

ဗမာပြည်ကွန်မြူနစ်ပါတီ။

0 comments:

Post a Comment