Saturday, December 5, 2020

ပြည်တွင်းစစ် ပြဿနာ (အပိုင်း၂)

0 comments

ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁၊ ၂၀၀၂ မတ်လမှာ နှောင်းခေတ်လူငယ်တွေ၊ ပါတီမျိုးဆက်သစ်တွေအတွက် ရည်စူးပြီး ရဲဘော်ကြင်မောင် ရေးသားခဲ့တာဖြစ်ပါတယ်။)

(ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

 

၁။ ပြည်တွင်းစစ် ပြဿနာ (အပိုင်း၂)

 

 

သခင်စိုး-ဗိုလ်အောင်ဆန်း အပြန်အလှန်အပုပ်ချပွဲ (သခင်စိုးက စတာ) ကျမှ ဗိုလ်အောင်ဆန်းကို ပစ်ပြီးထောက်ခံကာ ဦးကျော်ငြိမ်းတို့ ဆရာမွေးပါတယ်။ ဖဆပလ ကွန်မြူနစ်ကွဲတော့ သူတို့ပိုပြီး တွင်ကျယ်လာပါတယ်။ အထွေထွေအတွင်းရေးမှူးနေရာကို အပိုင်စီး ကြပါတယ်။

နိုင်ငံရေးအမွေဆိုတာမှာ ကောင်းမွေရော ဆိုးမွေပါ ရှိပါတယ်။ သခင်စိုးရဲ့ ဂိုဏ်းဂဏက ဆိုးမွေပါ။ ဖဆပလအတွင်း လက်ယာဂိုဏ်းကို အားတက်စေပါတယ်။ ဦးသိန်းဖေ (မြင့်) ရဲ့ သခင်စိုးအပေါ်ထားတဲ့ တန်ပြန် ဂိုဏ်းဂဏကလည်း (ဗကပ)ကို မနာလိုမရှုစိမ့်ဖြစ်နေတဲ့ ဆိုရှယ်လစ်ပါတီကို အားတက်စေတာပါပဲ။ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်စုဟာ ဖက်ဆစ်တော်လှန်ရေးမှာ မတက်ကြွခဲ့ပါဘူး။ အချောင်ခိုပါတယ်။

ဒါလူတိုင်းအသိပါ။ (ဗကပ) ထဲက အလံနီခွဲထွက်တော့ (ဗကပ) သိက္ခာကျပါတယ်။ ဆိုရှယ်လစ်ပါတီအတွက် အကွက်ကောင်းပါ။ သူတို့က ဦးသိန်းဖေ (မြင့်) ကို စည်းရုံးရမယ့်ပစ်မှတ်ထား ချဉ်းကပ်ပါတယ်။

(စကားချပ်)။ ။ ဘရောက်ဒါဝါဒအကြောင်းပြုပြီး “ ရှားစောင်းစေးနဲ့မျက်ချေး ” ဖြစ်နေတဲ့ သခင်စိုးနဲ့ဦးသိန်းဖေ(မြင့်)တို့ဟာ နောက်ဆုံးတော့ မဆလ ခြံထဲ ရောက်ကြပါတယ်။ သူတို့ချင်း စည်းလုံးမိကြပါတယ်။ သင့်မြတ်စွာအတူနေကြပါတယ်။ ဗိုလ်နေဝင်းကို အားတက်သရော အလုပ်အကျွေးပြုကြပါ တယ်။ သက်တမ်းအတိုင်းနေပြီး သေဆုံးသွားကြပါတယ်။ ပါတီရဲ့ သမိုင်းမှာ အထွေထွေအတွင်းရေးမှူးသုံးယောက်၊ ဥက္ကဌသုံးယောက် ခေါင်းဆောင်ခဲ့ပါတယ်။ ပထမဆုံး အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းက ရန်သူ့လက်ချက်နဲ့ ကျဆုံးပါတယ်။ “ ကြက်ခေါင်းဆိတ်မခံ ” ဖြစ်ကြတဲ့ သခင်စိုးနဲ့ ဦးသိန်းဖေ (မြင့်) နှစ်ယောက်ပဲ သစ္စာဖောက်ဖြစ်ပြီး (မဆလ) ကို အလုပ်အကျွေးပြုသွားကြပါတယ်။ ဥက္ကဌ နှစ်ယောက် (သခင်သန်းထွန်းနဲ့ သခင်ဇင်) က ရန်သူ့လက်ချက်နဲ့ ကျဆုံးပါတယ်။ ဥက္ကဌ တယောက် (သခင်ဗသိန်းတင်) က အခြေအနေအရ ပြည်ပမှာ ကွယ်လွန်ခဲ့ပါတယ်။]

အလံနီက ဂိုဏ်းခွဲတော့ ဖဆပလထဲက လက်ယာဂိုဏ်း တစခန်းထသလို ဗမာပြည်ဆိုရှယ်လစ်ပါတီကလည်း တဖြည်းဖြည်းချင်း လက်ယာဘက်သို့ တိမ်းညွတ်သွားပါတယ်။ ဖဆပလက ဘုရင်ခံအမှုဆောင်အဖွဲ့ထဲဝင်မိတော့ အလိုတော်ရိ ဦးတင်ထွဋ်နဲ့ ပေါင်းမိပါတယ်။ ပိုပြီးလက်ယာဘက် ယိမ်းပါတယ်။ အင်္ဂလိပ်နဲ့စေ့စပ်ရေးကို တက်တက်ကြွကြွလုပ်ပါတယ်။ “ ရရင်ရ မရရင်ချ ” ဆိုတဲ့ ဗိုလ်အောင်ဆန်းလမ်းစဉ်ကိုတောင် မရဲတရဲ ဆန့်ကျင်ပါတယ်။ “ ချရေး ” ကို ပယ်ပြီး “ ရရေး ” ကို ဇောက်ချလုပ်ပါတယ်။ (ဗကပ) က “ ချရေး ” ကို ဇောင်းပေးပါတယ်။ ဗိုလ်အောင်ဆန်း ကျဆုံးတော့ သူတို့ လွတ်လွတ်ကျွတ်ကျွတ် လက်ယာယိမ်းသွားကြပါတယ်။ ဦးနုကို မှုစရာလို့ သူတို့ဘယ်တုန်းကမှ သဘောမထားပါ။

(ဗကပ) နဲ့ ဗိုလ်အောင်ဆန်းတို့ လုပ်နေတဲ့ ဖဆပလ-ကွန်မြူနစ် ညီညွတ်ရေး (လက်ဝဲညီညွတ်ရေး ပြန်လည်တည်ဆောက်ရေး) လည်း ဗိုလ်အောင်ဆန်းကျဆုံးလို့ သဲထဲရေသွန် ဖြစ်ရပါတယ်။ လွတ်လပ်ရေးမရခင်က ဆိုရှယ်လစ်ပါတီက ဖဆပလ ကွန်မြူနစ်ညီညွတ်ရေးကို ဟန်ပြကိုင်စွဲပြီး (ဗကပ) ကို အညွန့်ချိုးဖို့ လုပ်ပါသေးတယ်။ အညွန့်ချိုးတဲ့နည်းက အများစုက ဆုံးဖြတ်ထားတာကို မဝေဖန်ရ ဆိုတာပါ။ ဖဆပလ တပ်ပေါင်းစုဟာ တူတာတွဲလုပ်၊ မတူတာခွဲလုပ်ဖို့ ဖွဲ့ထားတာပါ။ ပါတီမဟုတ်ပါဘူး။ မတူရင် ဝေဖန်ခွင့် ရှိရမှာပါ။

လွတ်လပ်ရေးရတော့ အညွန့်ချိုးရေးက တဆင့်တက်ပြီး (ဗကပ)ချေမှုန်းရေး လုပ်ပါတယ်။ (ဗကပ) အညွန့်ချိုးရေးနဲ့ ချေမှုန်းရေးဟာ အနှစ်သာရအရ ပြောရင် လက်ဝဲအင်အားစု” ဆန့်ကျင်ရေးပါပဲ။

နောက်တော့ တခြားလက်ဝဲ အင်အားစု ပြည်သူ့ရဲဘော်တွေ၊ တပ်တွင်း လက်ဝဲသမားတွေ (ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်သိန်း၊ ဗိုလ်လှမော်၊ ဗိုလ်စိုးမောင် စသူများ) တောခိုကြရပါတယ်။ နောက်ဆုံးမှာတော့ ဆိုရှယ်လစ်ပါတီထဲက လက်ဝဲအင်အားစုတွေတောင် ဖဆပလအစိုးရရဲ့ အတိုက်အခံ ဖြစ် သွားရပါတယ်။ သူတို့ဟာ မြေပေါ် ကွန် မြူနစ်” လို့ စွပ်စွဲခံရပြီး အနှိမ်ခံကြရပါတယ်။

အဲဒီကာလက အရေးကြီးဖြစ်စဉ် တချို့ တင်ပြပါမယ်။

လက်ဝဲပြန်လည်ညီညွတ်ရေး” ကို ဗိုလ်အောင်ဆန်းလုပ်ခဲ့သလို ဦးနုနဲ့ ဦးသိန်းဖေ (မြင့်) တို့ လုပ်ခဲ့ပါသေးတယ်။

ဦးနုက “ နု မူ ” ဆိုတာ တင်ပြပြီး “ လက်ဝဲညီညွတ်ရေး ” လုပ်ပါတယ်။ “ ရဲဘော် မူ ” ဆိုတာကို ပြည်သူ့ရဲဘော်က စင်ပြိုင်တင်ပါတယ်။ ဆိုရှယ်လစ်ပါတီက ခြေထိုးဖျက်ဆီးပါတယ်။

နု မူ လုပ်စက အင်္ဂလိပ်က ဦးနုရဲ့ ပရိယာယ်ဝေဝုစ်” ကို နားမလည်ပါဘူး။ ဗမာပြည် နီသွားပြီ” လို့ ထင်ပါတယ်။ နောက် မှ ဦးနုရဲ့ လှည့်ကွက်ဆိုတာ သိသွားပါတယ်။ ပြည်သူ့ရဲဘော်ကတော့ ဗိုလ်အောင်ဆန်း မရှိတော့ကတည်းက အဖမဲ့သား ဖြစ်နေတာပါ။ ဆိုရှယ်လစ်ပါတီက နု မှု၊ ရဲဘော် မူ ပဋိပက္ခမှာ ပြည်သူ့ရဲဘော်ကို မဖျက်သိမ်းနိုင်တော့ (၂) ခြမ်းခွဲပစ်လိုက် ပါတယ်။ အနည်းစုကို သိမ်းသွင်း၊ အများစုကြီးကို တောထဲမောင်းပို့ပါတယ်။

ဗိုလ်အောင်ဆန်းရှိစဉ်က ပြည်သူ့ရဲဘော်ကို ဆိုရှယ်လစ်ပါတီ မထိရဲပါဘူး။ ၁၉၄၇ အထွေထွေရွေးကောက်ပွဲမှာ ဗိုလ်အောင်ဆန်းက ပြည်သူ့ရဲဘော်ဗိုလ်တွေကို လွှတ်တော်ထဲ အမတ်အဖြစ် ပို့ပေးထားတာ မနည်းပါဘူး။

[စကားချပ်။ ။ တော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့တပ်ကို အမတ်နေရာ ပေးတာနဲ့ တလက်ကိုင်ကြေးစားတပ်အတွက် အမတ်နေရာတောင်းတာ (အမတ် လေးပုံတပုံ တောင်းတာ) အနှစ်သာရချင်းမတူပါဘူး။]

ပြည်သူ့ရဲဘော်အမတ်က ဆိုရှယ်လစ်ပါတီအမတ်နဲ့ အင်အားချင်းဆတူလောက် ဖြစ်နေတာကို ဆိုရှယ်လစ်တွေ မနှစ်မြို့ပါဘူး။

သိန်းဖေမြင့်၏ ကျော်ငြိမ်း စာအုပ်မှာ ဦးကျော်ငြိမ်းက ပြည်သူ့ရဲဘော်ကို ကမ္ဘာ့ဗဟုသုတ ဘာမှမရှိသူတွေလို့ ရေးတာကို ကြည့်ပါ။ ပြည်သူ့ရဲဘော်ကို အမြန်ဖျက်သိမ်းဖို့လည်း သူလုပ်ခဲ့တာကို ဝန်ခံထားပါတယ်။

နု မူ - ရဲဘော် မူ အငြင်းပွားမှုကို ချက် ကောင်းယူပြီး လက်ဝဲအင်အားစု ပြည်သူ့ရဲဘော်ကို ဖဆပလထဲက မောင်းထုတ် တောထဲပို့ ချေမှုန်းရေးလုပ်ခဲ့ပါတယ်။ ဒီလိုညစ်ပတ် နည်းမျိုးကို (ဗကပ) အပေါ်လည်း ၁၉၄၈ မတ်လက လုပ်ခဲ့ဖူးပါတယ်။ ဖဆပလ-ကွန်မြူနစ်ညီညွတ်ရေး ဆွေးနွေးဖို့ဆိုပြီး ကွန်မြူနစ်ပါတီက ယုံကြည်လောက်တဲ့လူတွေပါတဲ့အဖွဲ့ ဖွဲ့ပါ တယ်။ ဆွေးနွေးပွဲရက်ချိန်း သူတို့ပေးပါတယ်။ ပြီးတော့ အဲဒီရက်မှာပဲ ပြည်ထဲရေးဝန်ကြီးက ပါတီခေါင်းဆောင်စုကိုဖမ်းဖို့ ဝရမ်းထုတ်ထားပါတယ်။ တကယ်က မျှားခေါ်ပြီး ဖမ်းဖို့ပါ။

ဦးနု “ လက်ဝဲ ညီညွတ်ရေး ” နဲ့ နိုင်ငံရေးကစားတာနဲ့ မရှေးမနှောင်း ဦးသိန်းဖေ (မြင့်) ကစားပါတယ်။

ဦးသိန်းဖေ (မြင့်) ရဲ့ “ လက်ဝဲ ညီညွတ်ရေး ” လုပ်နည်းကတမျိုး ဖြစ်ပါတယ်။ ဗစိန်/ထွန်းအုပ် လက်ယာဂိုဏ်းသား ဗိုလ်နေဝင်းကို ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့က လက်ဝဲစာရင်းဝင်ဖြစ်အောင် လုပ်ပေးခဲ့ပြီး၊ ဦးသိန်းဖေ (မြင့်) က ဗိုလ်နေဝင်းကို လက်ဝဲသမားထိပ်သီးဖြစ်အောင်လုပ်ပေးကာ အာဏာသိမ်းခိုင်းတာပါပဲ။ ဦးသိန်းဖေ (မြင့်) ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ သံသယဖြစ်စရာ ချည်းပါပဲ။

တို့ဗမာအစည်းအရုံးခေတ်က ဦးသိန်းဖေ (မြင့်) ဟာ ပုလိပ်သတင်းပေးပဲလို့ ဗိုလ်နေဝင်းက အတိအကျ စွပ်စွဲပါတယ်။ ပုလိပ်မင်းကြီး ပရက်စကော့ကားပေါ် တက်လိုက်သွားတာ သူ့မျက်မြင်ပဲလို့ “ ပီကင်းဆွေးနွေးပွဲ ၁၉၇၉ ” တုန်းက ပြောပါတယ်။ တီတူးရင်း မြင်တာလို့တော့ မပြောပါ။

အခုကိစ္စမှာလည်း ဦးသိန်းဖေ (မြင့်) က ဦးကျော်ငြိမ်းနဲ့ ညှိပြီးလုပ်တာလို့ သံသယ ရှိစရာပါ။ ဗိုလ်နေဝင်းကို ကာကွယ်ရေးဝန်ကြီး အသေအလဲခန့်ချင်နေတဲ့ ဆိုရှယ်လစ်ပါတီက ဦးသိန်းဖေ (မြင့်) ကို အသုံးချပြီးလုပ်တဲ့ လှည့်ကွက်လို့ ထင်ရပါတယ်။

စစ်အုပ်စုဝင်တွေ ရေးတဲ့ပြောတဲ့ထဲမှာ ဗိုလ်ဇေယျကို ကာကွယ်ရေးဝန်ကြီး မလုပ်ရလို့ တောခိုသူဖြစ်အောင် ရေးကြ ပြောကြပါတယ်။ ဗိုလ်ဇေယျလုပ်တာက ဗိုလ်နေဝင်း (ဆိုရှယ်လစ်) ကာကွယ်ရေးဝန်ကြီး မဖြစ်ဖို့ပါ။

ဦးကျော်ငြိမ်းက ဗိုလ်နေဝင်းကို ကာကွယ်ရေးဝန်ကြီးခန့်ဖို့ ဦးနုကို စည်းရုံးပြီးသားပါ။ ဦးနုရေးတဲ့ “ တာတေစနေသား ” မှာ ပါပါတယ်။

ပြည်တွင်းစစ်ကို အပြုတ်တိုက်ရေးလမ်းစဉ်နဲ့ တိုက်မယ့်သူ၊ နိုင်ငံတော်စစ်တပ်ကို ဆိုရှယ်လစ်ပါတီရဲ့ တလက်ကိုင်တပ်ဖြစ်အောင် လုပ်မယ့်သူဟာ ဗိုလ်နေဝင်းပါ။ ဦးကျော်ငြိမ်းဟာ လူရွေးကောင်းပါတယ်။ ဗိုလ်ဇေယျရှိနေရင် ဗိုလ်နေဝင်းကို ကာကွယ်ရေးဝန်ကြီးထားဖို့ မလွယ်ပါ။ ပြည်တွင်းစစ်ကို ဆိုရှယ်လစ်ပါတီအလိုကျ တိုက်ပေးမယ့်သူမဟုတ်လို့ ဗိုလ်ဇေယျကို ပယ်ရပါမယ်။

 

ဦးသိန်းဖေ (မြင့်) ရဲ့ “ လက်ဝဲညီညွတ်ရေး ” က လက်တွေ့အရတော့ ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်သိန်း၊ ဗိုလ်လှမော်၊ ဗိုလ်စိုးမောင် စတဲ့ လက်ဝဲဆန်တဲ့၊ ဆိုရှယ်လစ်မဟုတ်တဲ့ရဲဘော်တွေ တောခိုရတာပါပဲ။ ဗိုလ်နေဝင်း တလက်ကိုင်တပ်ဖြစ်ဖို့ လမ်းရှင်းပေးလိုက်သလို ဖြစ်သွားပါတယ်။

နောက်တော့ ဦးသိန်းဖေ (မြင့်) ကိုယ်တိုင်လည်း ဦးကျော်ငြိမ်းက အိမ်ကိုဖိတ် ကားလွှတ်ခေါ်ပြီး အိမ်ဝက စောင့်ဖမ်းခိုင်းတာ ခံရပါတယ်။ ထောင်ထဲခဏ ရောက်ပြီး ထောင်ကလွတ်တော့ ဘေးမဲ့နိုင်ငံရေးသမား ဖြစ်သွားပါတယ်။ အလွန်ကို မသင်္ကာစရာကြီးပါ။

ဦးနု၊ ဦးသိန်းဖေ (မြင့်) တို့ရဲ့ “ လက်ဝဲ ညီညွတ်ရေး ” လှည့်ကွက်တွေ ပြီးကတည်းက မြို့ပေါ်မှာ “ လက်ဝဲ ညီညွတ်ရေး ” လုပ်တာမရှိတော့ပါ။ ပုံစံသစ်နဲ့ လက်ဝဲ ညီညွတ်ရေးသာ ရှိပါတော့တယ်။ ဘယ်သူကမှလည်း ဗဆွေ ကျော်ငြိမ်း ဆိုရှယ်လစ်ပါတီကို လက်ဝဲအင်အားစုလို့ မသတ်မှတ်တော့ပါ။

လက်ဝဲညီညွတ်ရေး” ပျက်ရုံနဲ့ ပြည်တွင်းစစ်ဖြစ်တာဟာ ဗမာပြည်ရဲ့ ထူးခြားတဲ့ အခြေအနေနဲ့ အချက်အလက်တွေကြောင့် ဖြစ်ပါတယ်။

0 comments:

Post a Comment