Monday, December 7, 2020

ပြည်ထောင်စု ပြဿနာ (အပိုင်း ၅)

0 comments

ပြည်ထောင်စု ပြဿနာ (အပိုင်း )

(ရဲဘော်ကြင်မောင်)

ပြည်ထောင်စု ပြဿနာ (ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

အဆမတန်အားနည်းသောလူမျိုးက အားကြီးသောလူမျိုးကိုတိုက်နေရလျှင် အားကိုးတခုခုကို ရှာစမြဲဖြစ်သည်။ ခွဲထွက်ရေး ကြွေးကြော်စဉ်က အမေရိကန် ဆီးတိုး (SEATO) ကို အားကိုးဖူးသည်။ အင်္ဂလိပ် “ တောင်တန်းသားမိတ်ဆွေများ ” ကို ဆက် သွယ်ခဲ့သည်။ ထိုဆက်သွယ်မှုမှာ ဗကပနှင့် မဟာမိတ်ဖွဲ့နေစဉ်ပင် အဆက်မပြတ်ခဲ့ပါ။ သူတို့က မပြောသော်လည်း ကျွန်တော်တို့ သိနေသည်။ ဘာတွေရေးသည်ဆိုသည်ကိုပင် သိသည်။ ဗမာ့အောက်ပစ်မထားခဲ့ဘူးဆိုပြီး ခုတော့ ဗမာကို လွတ်လပ်ရေးပေးပြီး ဗမာ့ အောက်ပစ်ထားတယ်ဟု စကားနာထိုးခြင်းဖြစ်ပါသည်။ (ဗမာပြည်အကြောင်းရေးကြသော “ လူဖြူကျွမ်းကျင်သူ ” များလည်း ထိုစာများကို ဖတ်ဖူးဟန်ရှိသည်။)

ဤကိစ္စကို မှတ်ချက်တခုရေးပြီး ရပ်ပါမည်။

(မှတ်ချက်) KIO က ၁၉၇၉ တွင် ဆက်တိုက် သဖြင့် အကျိုးမယုတ်ပါ။ ၁၉၉၀ ခုနှစ်များတွင် ဗကပခွဲထွက်များ ဖောက်ခဲ့သောလမ်းကို သူတို့လိုက်သည်။ (၁၇) ချက်ထက်သာသောအခွင့်အရေး ရခဲ့သည်။ လက်နက်မချရ။ KIO. KIA မဖျက်ရ၊ နိုင်ငံရေးလုပ်ခွင့် ရှိနေသည်။]

မိမိတို့အတွင်းမှပင် ဗကပခွဲထွက် ငြိမ်းအဖွဲ့များပေါ်နေရာ KIO ငြိမ်းအဖွဲ့လုပ်သည်ကို အပြစ်မပြောပါ။ တရုတ်နယ်စပ်တွင် အားလုံး “ ငြိမ်း ” ဖြစ်နေချိန် သူက ထီးထီးကြီး ဆက်တိုက်နေ၍မဖြစ်ပါ။ သိပ်နာသွားလိမ့်မည်။

ဗကပခွဲထွက် ငြိမ်းအဖွဲ့များကို သူတို့၏မူလနေရာသို့ပြန်သွားသော ရဲဘော် မှ မဟာမိတ်ဖြစ်သွားသူ” ဟု သဘောထားသလို KIO ကိုလည်း မဟာမိတ်များအဖြစ်ပင် သဘောထားဆဲ ဖြစ်ပါသည်။

SSPP. KIO တို့သည် ခွဲထွက်ရေးမှ ပြည်ထောင်စုစစ်စစ်မူကို ပြောင်းပြီး ပထမဆုံးလက်ခံသူများဖြစ်၍ ဗကပက သံယောဇဉ်ကြီးပါသည်။

အထက်တွင်ရေးခဲ့သည်များမှာ ထိပ်တန်းလျှို့ဝှက်ချက်များ မဟုတ်တော့၍ ရေးပါသည်။ နဝတ၊ နအဖ မသိချင်အဆုံးဖြစ်နေသော ကိစ္စများ ဖြစ်သည်။

--------------------------------------------------------------------

 

 

(၃) ဘုံလုပ်ငန်းစဉ်မရှိလျှင်

ဘုံရန်သူ ရှိပါသည်။ သို့သော် ဘာကြောင့်ရန်သူဖြစ်သလဲဆိုသည့်ကိစ္စတွင်ကား မတူကြပါ။ (ဗကပ) က စစ်အုပ်စု၊ စစ်အစိုးရကို စစ်အာဏာရှင်စနစ်ကျင့်သုံးသော စစ်ဗျူရိုကရက် အရင်းရှင်များဖြစ်သောကြောင့် ရန်သူဟု သတ်မှတ်ခြင်းဖြစ်သည်။

သီးခြားတိုင်းပြည်” ခွဲထွက်ရေး” ကြွေးကြော်သူများက ဗမာ နယ်ချဲ့” များဖြစ်၍ ရန်သူဟုသတ်မှတ်ခြင်းဖြစ်သည်။ အခြေခံချင်းပင် မတူကြပါ။

ကွန်မြူနစ်များက တနှစ်စောပြီး တောခိုသည်။ KNU ကပါ တောခိုလာသောအခါ တောထဲတွင် ပဋိပက္ခဖြစ်ရသည်။ သို့ သော် တောကကျယ်သည်။ သူ့စည်းကိုယ့်စည်း နေလို့ရသည်။ ၁၉၅၈ အထိ ထိုသို့ “ ရှဉ့်လဲလျှောက်သာ၊ ပျားလဲစွဲသာ ” ပေါ်လစီ လုပ်လို့ရသည်။

တပ်ပေါင်းစုစကားလည်း အများအားဖြင့် ပြည်သူ့ရဲဘော်၊ အလံနီတို့နှင့် ပြောရသည်။ ပြည်သူ့ရဲဘော်နှင့် ဗကပ နီးစပ်သည်။ သူတို့လည်း ပြည်ထောင်စုဘက်သား၊ ဗကပလည်း ပြည်ထောင်စုဘက်သား။ ၁၉၄၇ ပြည်ထောင်စု အခြေခံဥပဒေမှာ ဗိုလ်အောင်ဆန်း ဦးဆောင် ရေးဆွဲခြင်းဖြစ်သည်။ (ဗကပ) က ထောက်ခံခဲ့သည်။ ထို့ကြောင့် ပြည်ထောင်စု ပြဿနာတွင် မကွဲကြပါ။

အလံနီက လူမျိုးတမျိုး တိုင်းပြည်တပြည်စနစ်ကိုလိုလားသည်။ ပြည်ထောင်စု မလိုချင်၊ သူက ကွဲအက်ရေး ခွဲထွက်ရေးသမား။ အလံနီဘာပြောနေနေ ကိစ္စမရှိပါ။ သူကလူထု အခြေခံမရှိ။ ဗကပ ဖြူလျှင် သူမည်းမည်။

(ဗကပ) က ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးပြောတော့ သူက ကျွန်ပွဲစားကြီး သခင်သန်းထွန်း ဟု ပြောသည်။

သီးခြားတိုင်းပြည်” ခွဲထွက်ရေး” သမားတို့ကတော့ ပြည်ထောင်စုစကား မကြားချင်၊ နားခါးသည်။ ပြည်ထောင်စုဟုပြောမိလျှင် ဗမာနီနှင့်ဗမာညို တသံတည်းပဲဟု စွပ်စွဲသည်။

၁၉၅၈ – ၆ဝ အိမ်စောင့်ခေတ်က မောင်မောင်၊ အောင်ကြီးတို့ KNU နှင့် တိတ်တိတ် ၃ ကြိမ်တိတိ ဆွေးနွေးသည်။ ဗကပကို ဦးတည်တိုက်ရန် KNU ကို စည်းရုံးသည်။ ၁၉၅၈ - ၆၀ သည် ဗကပ အတွက် အနာဆုံးကာလဖြစ်သည်။ (ဗကပ က KNU အပေါ် ဘယ်တုန်းကမှ အကောက်မကြံခဲ့ဟု KNU ခေါင်းဆောင်ကို မကြာမီကပင် ပြောလိုက်သေးသည်။)

၁၉၅၈ - ၆၀ မှာ ဗကပတို့ မွေးရာ ဇာတိနှင့်အောင်မြေကို လက်လွတ်ရသောကာလဖြစ်သည်။ ဗကပ၏မွေးရာဇာတိသည် မင်းဝံတောင်ကြော ပဲခူးရိုးမဖြစ်သည်။ အောင်မြေသည် ဧရာဝတီမြစ်ဝှမ်းဖြစ်သည်။ (မောင်မောင်၊ အောင်ကြီးတို့နှင့် KNU ဘာတွေ ကျိတ်ပြီး နားလည်မှုရခဲ့သည်ဆိုသည်ကို သူတို့ပြောမှ ကောင်းမည်ဖြစ်၍ မတင်ပြတော့ပါ။)

ရှမ်းများက SSIA ဖွဲ့ လက်နက်ကိုင်တိုက်ပွဲတိုက်တော့ “ ဗမာနီနယ်ချဲ့တွေ ပြန်သွား ” ဟု ရာဇသံပေးသည်။ သီးခြားရှမ်းပြည်၏ နယ်နိမိတ်သည် မန္တလေးလွင်ပြင်အထိဟု ပြောသည်။ အနီးစခန်းအောက်ဘက်အထိ ဆုတ်ရမည်။ မဆုတ်လျှင် တိုက်မည်ဟု စာရေးသည်။ (ဗကပ) က ရှမ်းပြည်ရောက်နေသည်မှာ ၁၉၄၉ ကတည်းက ဖြစ်သည်။ ဖဆပလ အစိုးရရှိသည့်နေရာမှာ တိုက်မည်၊ တိုက်နေသည်မှာ ကြာပြီ။ သူတို့ သူပုန်ထမှ (ဗကပ) ကို မောင်းထုတ်သည်။ ခြောက်တိုင်း ကြောက်ပြီး ဖိတိုင်း ပိလျှင် တော်လှန်ရေး သမားမဟုတ်၊ ထို့ကြောင့် ထွက်မသွားပါ။

သူတို့က နယ်နိမိတ်ကို သက်ညှာစွာ သတ်မှတ်တာဟုဆိုသည်။ မန္တလေး၊ ပင်းယ၊ အင်းဝအထိ ယူလို့ရသည်၊ သမိုင်းရှိသည်ဟု ဆိုသည်။ ဗကပ နေစရာမရှိမှာစိုး၍ သက်ညှာတာဟု ပြောသည်။

ကံကောင်းထောက်မစွာ ဗကပ ရှမ်းပြည်မှ မဆုတ်ခဲ့ရ။ တိုက်လည်းမတိုက်လိုက်ရပါ။

တိုက်ရသည်က KIO နှင့်ဖြစ်သည်။ စောစောက မတိုက်ရ၊ ၁၉၆၈ အရှေ့မြောက်ပိုင်းပေါပြီးမှ တိုက်ရခြင်းဖြစ်သည်။

တိုက်ရသည်မှာလည်း နိုင်ငံခြားပယောဂပါသည်။

 

ဖြစ်စဉ်မှာ

နေဝင်းတကွက်မှား၍ တရုတ်အစိုးရ ဒေါပွသည်။ အင်ဒိုနီးရှား၊ မလေးတို့မှာလို နေဝင်းက ကွန်မြူနစ်ဆန့်ကျင်ရေး၊ တရုတ်ဆန့်ကျင်ရေး လုပ်မိသည်။ တရုတ်ဆန့်ကျင်ရေးကို ယူနီဖောင်းချွတ်စစ်သားများနှင့် လုပ်ခဲ့သည်။ စစ်သားများကို စစ်ကားဖြင့် သယ်လာ၊ ယူနီဖောင်းချွတ် လုံချည်ဝတ်စေပြီး အရက်တိုက်ကာ အဓိကရုဏ်းဖန်တီးစေခြင်းဖြစ်သည်။ တရုတ်က အမေရိကန်အန္တရာယ် သတိထားချိန်၊ အမေရိကန်က ဗီယက်နမ်စစ်ရှိန်မြှင့်ချိန်၊ နျူကလီယားဗုံးအသေးစား သုံးမသုံး ချိန်ဆနေချိန်၊ ယဉ်ကျေးမှု တော်လှန်ရေးကြောင့် တရုတ်များ အကဲဆတ်နေချိန်နှင့် သွားတိုးသည်။

မကြုံစဖူး ဗကပ လက်နက် ဖောခြင်းသောခြင်းရသည်။ မဟာမိတ်များကို တသောင်းဂဏန်း ရောက်လုနီးနီး ကူညီနိုင်ခဲ့သည်။

(အကူအညီ လက်ခံခဲ့သူများအားလုံး ငြိမ်းအဖွဲ့” များ ဖြစ်နေခြင်း၊ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါး ရှိပြီဖြစ်ခြင်းကြောင့် တခါက ထိပ်တန်းလျှို့ဝှက်ချက်ကို ဖွင့်ပြောခြင်းဖြစ်သည်။)

ပထမဆုံးရသည့် မဟာမိတ်ထဲမှာ KIO ပါသည်။ ထိုအခါက KIO ကို ဇော်ညီအစ်ကိုတွေ ခေါင်းဆောင်သည်။ ဇော်တူးက ဗကပထံမှ လက်နက်အကူအညီ ယူသည်။ ထိုင်းတွင်နေသောအစ်ကိုက ကွန်မြူနစ်ပေးတဲ့လက်နက် ထမ်းရကောင်းလား? “လက်နက်နီ” မထမ်းနဲ့! ဟု ညွှန်ကြားသည်။ (ခွဲထွက်သီးခြားတိုင်းပြည် ထူထောင်ချင်သူတိုင်း ထိုင်းအခြေခံကြသည်ချည်းဖြစ်သည်။ ဟုတ်တာမဟုတ်တာ အပထား ကွန်မြူနစ်တရုတ်ဆန့်ကျင်လျှင် လက်နက်ပေးမလိုလို လေသံပေးနေ၍ တနေ့ ရနိုးနိုး စောင့်နေကြသည်။ ရသည်ဟုတော့ မကြားဖူးပါ။ ရွှေငုံးမင်းအမြီးမျှော်ရင်းနှင့် အချိန်တွေသာ ကုန်ခဲ့ကြသည်။)

ဇော်ဆိုင်းအမိန့်ဖြင့် ဇော်တူးက နှစ်ဘက်သဘောတူညီချက်ကို တဖက်သတ်ဖျက်သည်။ ရထားသောလက်နက်တော့ ယူထားပြီး မော်စီတုန်းဩဝါဒ စစ်ရေး ၆ စောင်တို့ကို ဖျက်ဆီးပစ်သည်။

ဗမာနီနယ်ချဲ့သမားဟု ပြောသည်။ အကွက်ချောင်းနေသော မဆလစစ်အုပ်စုက ဝင်ပြီး အမြတ်ထုတ်သည်။ ဗကပ တိုက်ရေးအတွက် အားပေးသည်။ ရိက္ခာ၊ ကျည် အနည်းအကျဉ်း ပေးသည်။ မလွှဲမရှောင်သာ စစ်တိုက်ရတော့သည်။ ယခင် ၁၉၆၈ မတိုင်မီက မတိုက်ခဲ့ရပါ။

ဇော်ညီအစ်ကိုများ တယောက်က ဗကပနှင့်တိုက်ရင်း ကျဆုံးသည်။ အကြီးနှစ်ယောက်က သူတို့ချင်းလုပ်ကြံတာ ခံရသည်။ KIO တခုလုံး ခြေမကိုင်မိ လက်မကိုင်မိဖြစ်သည်။ ဗကပ က မရန်ဘရန်ဆိုင်း၊ ဇော်မိုင်းတို့ကို လက်နက်ကိုင်တိုက်ပွဲ ဆက်တိုက်ရန် အားပေးသည်။ အကူအညီပေးသည်။

ကချင်က ထိုင်းနှင့်အဝေးကြီး။ နိုင်ငံခြားအမှီရှာလျှင် ကုလား၊ တရုတ်ပဲ မှီလို့ရသည်။ သူများနှင့် မတူပါ။ ကုလားက သူ့ဒုက္ခနှင့် သူ၊ အရှေ့မြောက်ဒေသတွင် စစ်တိုက်နေရသည်။ KIO ကို လက်နက်ပေးလို့ မဖြစ်ပါ။ ထို့ကြောင့် ဗကပထံမှ တရုတ်လက်နက် ယူရသည်။ KIO မှာ ထိုင်းတွင်တကြိမ် လုပ်ကြံခံရပြီးဖြစ်သောကြောင့် ထိုင်းကိုမှီ၍ မဖြစ်။ ထို့ကြောင့် ဗကပနှင့် ပြန်ပြီး မဟာမိတ်ဖွဲ့သည်။ ပြည်သူ့ဒီမိုကရေစီလမ်းကြောင်းလက်ခံသည်ဟု ဆိုသည်။

လက်နက်တွင် အဖြူအနီ မရှိ၊ ထမ်းမည့်သူသာ အဖြူအနီရှိသည်ကို KIO ခေါင်းဆောင်မှုအဖွဲ့သစ်က သိပါသည်။ သူတို့မှာ ထိုင်းတွင် နေသူများမဟုတ်ကြ၍ ယူရဲသည်။ ထိုင်းတွင်နေလျှင် လက်နက်အကူအညီ ယူလို့မဖြစ်။ ယူမိလျှင် ကမ္ဘာမီးလောင်မည်။

ဤသို့ဖြင့် လက်နက်အကူအညီ ထောင်ချီပြီး (ဗကပ) က ပေးသည်။ လက်နက်တို့၏သဘောမှာ ကျည်ဆန်ရှိရသည်။ လူ ထမင်းစားသလို သေနတ်က ကျည်ဆန်စားသည်။ မစားရလျှင် တုတ်လောက်ပင် အသုံးမကျ။ နှစ်စဉ် (ဗကပ) က ကျည်ဖြည့် ထောက်ပံ့ရသည်။

လက်နက်ကို မပေးခင် (ဗကပ) က သင်တန်းပေးသည်။ သူတို့ဗဟိုကလည်း “ သွားသင်တန်းတက်ကြ၊ ပြောသမျှနားထောင်ခဲ့ကြ၊ ပြန်စောဒက မတက်ကြနဲ့၊ လက်နက်ထမ်း ပြန်ခဲ့ကြ ” ဟု ညွှန်ကြားလိုက်သည်။ အများကတော့ နာခံသည်။ တယောက်ကတော့ သူတို့ ဗဟိုညွှန်ကြားချက်ကို ဖောက်ဖျက်သည်။ တချီတမောင်း တိုက်ထားကြရ၍ မခံချိမခံသာ ဖြစ်နေပုံရသည်။ မအောင့်နိုင်။

ဗကပကို အစဉ်အဆက် ခေါင်းဆောင်ခဲ့သူများအကြောင်း သင်တန်းပေးအပြီးတွင် အပြန်အလှန်ဆွေးနွေးပွဲ၌

လောကမှာ သခင်ယေရှုတယောက်ပဲ ကြားဖူးတယ်။ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သိန်းဖေ၊ သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ဗသိန်းတင် မကြားဖူးဘူး ဟု ခွတိုက်သည်။

သူမကြားဖူးတာ ဟုတ်ကောင်း ဟုတ်မည်၊ သူ့အဖေ သူ့အဖိုးခေတ်ကတော့ ဗမာပြည်မှာ လူအမြောက်အမြားဟာ မျက်နှာဖြူဘိုတိုင်းကို သခင်ခေါ်ခဲ့ဖူးသည်ဆိုသည်ကို သင်တန်းဆရာက ပြန်မပြောလိုက်ပါ။ မဟာမိတ်ပြုနေကြသည်ပဲ။

(မဒတ၊ ဗကပ ပန်ဆန်းစည်းဝေးပွဲ)

အထက်တွင် ဘရန်ဆိုင်းက မဒတ ထဲ ပြန်ဝင်မည်၊ အင်္ဂလန်၊ အမေရိကန်သွားမည်ဆိုသောကိစ္စ တင်ပြပြီးပြီ။ ဘရန်ဆိုင်း ထိုင်းဆင်းသည်။ မဒတ ထဲ ပြန်ဝင်သည်။ အင်္ဂလန်သွားဖြစ်သည်။ တခါက မက်လုံးပေးအလွန်သန်သော “ တောင်တန်းသား မိတ်ဆွေကြီးများ ” နှင့် သွားတွေ့သည်။ သူတို့ထဲက အများစုက ကွယ်လွန်ပြီ။ ဆရာကြီးချာချီ၊ ဘုရင်ခံဟောင်း ဒေါ်မန်စမစ်တို့ မရှိကြတော့။ ကျန်ရစ်သူများက (Lord) လော့ဘွဲ့ခံပြီး အထက်လွှတ်တော်အမတ်များ လုပ်နေသည်။ သူတို့နှင့်တွေ့သည်။ သူတို့ခေါင်းထဲ ဗမာပြည်မရှိတော့။ တောင်တန်းသားများကိုလည်း စိတ်မဝင်စားကြတော့။ ဘရန်ဆိုင်း စိတ်ပျက်ရသည်။ အမေရိကန်သွားရန် ကြိုးစားသည်။ ကွန်မြူနစ်နှင့်မဟာမိတ်ပြုထားသူဖြစ်၍ အဝင်မခံ လှည့်ပြန်ခဲ့ရသည်။ စိတ်အပျက်ကြီးပျက်လာသည်။

ဤအချက်များမှာ ဘရန်ဆိုင်း၏ ပြန်လည်ပြောပြချက်ကို ချုပ်ပြီးတင်ပြခြင်းဖြစ်သည်။

နိုင်ငံခြားအားကို မှီခိုလို့မရရင် ကိုယ့်ပြည်တွင်းပဲ အားကိုးတော့မည်ဟုဆုံးဖြတ်ပြီး၊ မဒတ ကိုယ်စားလှယ်အဖွဲ့ကြီးကို ခေါ်ကာ KIO ဌာနချုပ်သို့ ပြန်လာသည်။ ဌာနချုပ်ရောက်လျှင် တဖက်က မဒတအဖွဲ့ကို ဗကပနှင့်တွေ့ဖို့ နားချသည်။ တဖက်ကလည်း ဗကပကို မဒတနှင့်တွေ့ရန် တိုက်တွန်းနေသည်။

ရင်းနှီးသော မိတ်ဆွေ၏တိုက်တွန်းချက်ကို (ဗကပ) က လက်ခံသည်။ မဒတ အဖွဲ့ကို နားချ၍လည်း ရသွားသဖြင့် (ဗကပ) က ဖိတ်သည်။

မိမိ၏အောက်ခြေ အဖွဲ့အစည်းများသို့လည်း “ ဗဟို၏ဧည့်သည်များ လာကြမည်၊ မိတ်ဝတ်မပျက်ဧည့်ခံကြ၊ သူတို့ထဲကတချို့ သွေးခွဲ ကြလိမ့်မည်။ ပြန်မတုံ့ပြန်ကြနဲ့ ” ဟု ညွှန်ကြားထားသည်။

0 comments:

Post a Comment