Friday, December 11, 2020

လက်သုတ်စားခြင်း

0 comments

(လက်သုတ်စားခြင်း)

ကျနော့်သူငယ်ချင်းတယောက်၏အမေမှာ လက်သုတ်ရောင်းပါသည်။ လက်သုတ်ဟုဆိုရာ၌ အစုံသုတ် ခေါက်ဆွဲသုတ်နှင့် တို့ဟူးသုတ်များကို ဆိုလိုပါသည်။ သူတို့ဆိုင်မှ အသုတ်နှင့်တွဲစားသည့် ဗူးသီး ကြာဇံဟင်းခါးမှာ ငါးပနော်အခပ်များတပုံတမနှင့် ငရုပ်ကောင်းနံ့ တထောင်းထောင်းထကာ အလွန်သောက်ကောင်းပါသည်။

 

ကျနော့်သူ့ငယ်ချင်းမှာ ညီအကိုမောင်နှမ ခြောက်ယောက်ရှိပြီး သူငယ်ချင်းက စတုတ္ထမြောက်ဖြစ်ပါသည်။ သူငယ်ချင်း ၄ တန်းကျောင်းသား အရောက်တွင် သူတို့အဖေမှာ လူ့ဘဝကိုငြီးငွေ့သည်ဆိုကာ ဘုန်းကြီး အပြီးဝတ်သွားပါသည်။ ထိုအချိန်မှစ၍ သူငယ်ချင်းအမေမှာ လက်သုတ်သည်ဖြစ်လာပါသည်။ အကြီးဆုံးသမီး အိမ်ထောင်ကျသည်မှတပါး ကျန်သားသမီးများမှာ ကျောင်းသားများချည်းဖြစ်သဖြင့် အိမ်စီးပွားရေးကျပ်တည်းပြီး ကသီလင်တလည်း နိုင်ပါသည်။ သို့သော် မနက်တိုင်းဆွမ်းခံကြွသည့် သူ့ယောက်ျား(ဟောင်း) ဦးပဥ္ဇင်းကို ဆွမ်းမှန်မှန်လောင်းပါသည်။ ဝတ်မပျက်ပါ။

 

လက်သုတ်ဆိုင်မှာ မြို့ကလေး၏လမ်းဆုံပန်းခြံ ခြံစည်းရိုးကို ကပ်ဖွင့်ထားပါသည်။ ဆိုင်မှာ စားပွဲကြီးတလုံး ခုံတန်းရှည်တခုနှင့် အမိုးမှာ တာလပတ်စကို ဝါးလုံးများနှင့်တွဲကာ အရှင်ဆင်ထားခြင်းဖြစ်ပါသည်။ ဆိုင်ဖွင့်ချိန်မှာ နေ့လည် ၂ နာရီ လောက်မှဖြစ်ပြီး ည ရှစ်နာလောက်ဆိုလျှင် သိမ်းပါသည်။ စောစောကုန်သည့်နေ့များဆိုလျှင် စောစောသိမ်းပါသည်။

 

ကျနော်သည် အစုံသုတ်အလွန်ကြိုက်သူဖြစ်ပါသည်။ ထို့ကြောင့် သူငယ်ချင်းအမေဆိုင်တွင် မကြာမကြာ သွားသွားစားတတ်ပါသည်။ တပွဲမှ ငါးမူးသာပေးရပါသည်။ ကျနော့် တရက် ကျောင်းမုန့်ဖိုးမှာ တမတ်ဖြစ်သဖြင့် အစုံသုတ်တခါစားဖို့ နှစ်ရက်စုရပါသည်။ အစုံသုတ်ဆိုသည်မှာ ခေါက်ဆွဲနည်းနည်း၊ ကြာဆံနည်းနည်း၊ တို့ဟူးနည်းနည်း၊ ထမင်းငရုပ်ဆီဆိုးနည်းနည်း၊ ဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်ရေနွေးဖျော၊ ကျောက်ပွင့် စသည်တို့အား ပဲအကျက်မှုန့် မန်ကျည်းနှစ် ငံပြာရည် ငရုပ်သီးမှုန့် ကြက်သွန်ဆီချက်များနှင့် ရောနယ်ကာ ရှောက်ရွက်လေး အုပ်ထားသည့် လက်သုတ်ဖြစ်ပါသည်။ ကျနော်က မန်ကျည်းနှစ်ရွှဲရွှဲ ပဲမှုန့်နိုင်းချင်းနှင့် ချယ်ငန်စပ်ကလေး ကြိုက်ပါသည်။

 

ထိုစဉ်က လက်သုတ်သယ်များမှာ ယခုခေတ်လို ပလပ်စတစ်အကြည် လက်အိတ်များမစွပ်ပါကြပါ။ လက်ဗလာနှင့်ပင် လက်သုတ်ကို နယ်ပါသည်။ နယ်ဖတ်၍ သမသလောက်ရှိလျှင် လက်တချောင်းချောင်း၏အဖျားကို စုပ်ကြည့်ကြ ပါသည်။ စုပ်ကြည့်၍၊ အရသာက မှာသူအကြိုက်မဟုတ်သေးဟုထင်လျှင် လက်ကို ရေအင်တုံကြီးထဲတွင် နှစ်ဆေးပြီး လိုအပ်မည့် အရသာများထပ်ထည့်ကာ ထပ်နယ်ပါသည်။ ဤတကြိမ်တွင်တော့ လက်စုပ်ပြီး အရသာခံမကြည့်တော့ပါ။ သေချာသွားပြီဖြစ်ပါသည်။

 

သူတို့ လက်နှစ်ဆေးသည့် ရေအင်တုံကြီးဆိုသည်မှာလည်း လက်ဆေးအင်တုံသက်သက်မဟုတ်ပါ။ စားပြီးသား ပန်းကန်များဆေးသည့် ပန်းကန်ဆေးအင်တုံကြီးလည်းဖြစ်ပါသည်။ ထိုအင်တုံကြီးထဲကရေတွင် စားကြွင်းစားကျန် မုန့်ဖတ်များ အစအနများ အဆီများဝေ့နေပြီး ပန်းကန်တိုက်သည့် ရေဖတ်စအဝတ်တခုလည်း ပေါလောမျော နေတတ်ပါသည်။  တခါတလေ စားသူကျပြီး ချက်ခြင်းမဆေးအားလျှင် ရေအင်တုံကြီးထဲတွင် ပန်းကန်တွေ လေးငါးဆယ်ချပ် ပုံနေတတ်ပါသည်။ စားကြွင်းစားကျန်တွေ သိတ်များလာ ဆီတွေသိတ်ဝေ့လာသည့်အခါ ရေအသစ်လဲပါသည်။ တော်ရုံတန်ရုံကတော့ ဒီအတိုင်းပဲ စားပြီးသားပန်းကန်တွေ နှစ်ဆေးလိုက် ရေပတ်ဝတ် တိုက်လိုက် လုပ်ကြပါသည်။ စားပြီးသားပန်းကန်တွေဇွန်းတွေကို ထိုအင်တုံကြီးထဲ အကြမ်းတထပ်နှစ်ဆေးပြီးမှ ရေသန့်သန့်ထည့်ထားသည့် အင်တုံငယ်ထဲတွင် တထပ် ထပ်ဆေးပါသည်။ ပြီးလျှင်ထပ်ထားပြီး နောက် စားမည့်သူများအတွက် အသင့်ပြင်ထားပါသည်။ 

 

စားသူများအနေဖြင့် တနေ့တနေ့ ပန်းကန်တချပ်တည်းတွင် လူဘယ်နှယောက် စားသွားမှန်းမသိနိုင်သလို အင်တုံကြီးထဲမှရေလည်း ဘယ်နှထပ်လဲမှန်း မသိပါ။ ထို့အတူ လက်ချောင်းများ ဘယ်နှကြိမ်စုပ်ပြီး လက်ဘယ်နှကြိမ်နှစ်ဆေးမှန်းလည်း မသိကြပါ။ သို့သော် ထိုသို့လုပ်မှန်းကိုမူ လူတိုင်းသိကြပါသည်။ လူတိုင်းသိသဖြင့် မသတီစရာ ရွံစရာအဖြစ် ဘယ်သူမှ မမြင်ကြတာတော့ အံ့ဩဖို့ကောင်းပါသည်။ စားနေကျဖေါက်သည်များ စားမြဲစားကြသလို ဖေါက်သည်သစ်များလည်း စဲသွားသည်မရှိပါ။ ထိုသို့လုပ်ကြသဖြင့် ရောဂါတခုခုကူးစက်သွားတာ ဝမ်းလျှောဝမ်းပျက်ဖြစ်တာတွေလည်း မကြားရပါ။

 

ခုခေတ်လူများ ကျန်းမာရေးနှင့် သန့်ရှင်းရေးတို့တွင် ကျွန်တော်တို့ခေတ်ကထက် ပိုဂရုတမထားလာကတော့ သေချာပါသည်။ ရောဂါဘယများ ပိုထူပြောလာ၍လည်း ဖြစ်ပါလိမ့်မည်။ “လက်သုတ်သည်တိုင်းလိုလို ပလပ်စတစ်လက်အိတ်လေးတွေစွပ်ပြီး နယ်ကြဖတ်ကြသည်၊ လက်စုပ်ပြီး အရသာခံကြည့်တာတွေလည်း မရှိတော့၊ ဆိုင်အတော်များများ တခါသုံး ပန်းကန်များဇွန်းများ သုံးလာကြသည်”ဟု ရန်ကုန်မှ မိတ်ဆွေတယောက်က ပြောပြပါသည်။ “ကောင်းတာပေါ့ဗျာ၊ သန့်ရှင်းတာပေါ့၊ ကျန်းမာရေးနဲ့ ညီညွတ်တာပေါ့”ဟု ပြန်ပြောရင်း ကျွန်တော်တို့ငယ်ငယ်က လက်သုတ်ဆိုင်များသည် မသန့်ရှင်း၊ ကျန်းမာရေးမနှင့် မညီညွတ်၊ မကောင်း”ဟု စိတ်ထဲခံစားမှုဖြစ်လိုက်ပါသေးသည်။

 

သို့သော် စိတ်သည် ငယ်ငယ်က သူငယ်ချင်းအမေ လက်ဗလာနှင့်နယ်ပြီး လက်ချောင်းဖျားလေးများစုပ် အရသာခံကြည့်သည့် အစုံသုတ်ကို တောင့်တမိသလို စာကြွင်းစားကျန်မုန့်ဖတ်များနှင့်အတူ ရေစိုအဝတ်ဖတ် ပေါလောမျောနေသော အဆီတဝေ့ဝေ့ရေအင်တုံကြီးကိုလည်း မျက်စေ့ထဲမြင်ယောင်လာပါသည်။ မသတီစရာ ရွံစရာဖြစ်လောက်ကြီးအထိတော့ ခံစားမှုမဖြစ်ပါ။ လွမ်းစရာ အောက်မေ့စရာအဖြစ်က ကဲပါသည်။

 

ခုနေ အကြောင်းသင့်၍ ဗမာပြည်လည်းပြန်လည်ဖြစ် လမ်းဘေးအသုတ်ဆိုင်တဆိုင်ဆိုင်လည်း ထိုင်စားဖြစ်လျှင် ဘယ်လိုအရသာရှိမည်မပြောတတ်သော်လည်း ငယ်ငယ်တုန်းက အသုတ်ဆိုင်တဆိုင်တွင်ရသည့် အရသာမျိုးရဦးတောင် ငယ်ငယ်ကရသမျိုး မရတော့မှာတော့ သေချာပါသည်။ 

မျိုးမြင့်ချို

ဒီဇင်ဘာ ၁၁။ ၂၀၂၀။

0 comments:

Post a Comment