Showing posts with label ရေးတဲ့စာ. Show all posts
Showing posts with label ရေးတဲ့စာ. Show all posts

Wednesday, March 29, 2023

ပြည်တွင်း

0 comments

“ပြည်တွင်း”

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က NLD အပါအဝင် ပါတီပေါင်း ၄၀ ကို မှတ်ပုံအသစ်ပြန်မတင်လို့ အလိုအလျှောက်ပျက်ပြယ်တယ်ဆိုပြီး ဖျက်သိမ်းလိုက်ပါပြီ။ ပါတီသစ်တွေတည်ထောင်မှာကိုတော့ ဆက်လက် ခွင့်ပြုထားတယ်ဆိုပေမယ့် NLD ပါတီဟာ အသစ်တည်ထောင်မလားလို့တွေးရင်တော့ မတည်ထောင်တော့ဘူးလို့ ယတိပြတ်ယူဆစရာမရှိသေးပါဘူး။ ပြည်တွင်းက ထောင်အပြင်မှာရောက်နေတဲ့ CEC တွေ CC တွေအနေနဲ့လည်း လူမစုံတာကတကြောင်း ဒေါ်စုသဘောထားမပါဘဲ ဘာမှလုပ်မှာမဟုတ်မှာကတကြောင်းတို့ကြောင့် လောလောဆယ်မှာ ဘာမှ ဆုံးဖြတ်လုပ်ကိုင်မယ်မထင်ပါဘူး။ 

နောက်တချက်က စစ်အုပ်စုက ဒီတချီမှာ ဒေါ်စုနိုင်ငံရေးကို အပြတ်ဖြတ်ပြီး NLD ကို အပြီးတိုင်ပွဲသိမ်းသွားအောင် လုပ်ချင်တာပါ။ လုပ်လို့ ရ/မရကလည်း ပြောဖို့ခက်ပါတယ်။ မင်းအောင်လှိုင်ရဲ့ မလုပ်ရဲတာ ဘာမှမရှိဘူး ဆိုတာကိုလည်း ထည့်တွက်ရမှာပါ။ ခုကိုပဲ ကျွန်တော်တို့ မဖျက်ဝံ့လောက်ဘူးထင်တဲ့ NLD ကိုဖျက်လိုက်ပြီ မဟုတ်လား။ ဒေါ်စုကို ပုဒ်မမျိုးစုံနဲ့ အကျဉ်းချလိုက်ပြီ မဟုတ်လား။ 

ဒေါ်စု အခြေအနေတရပ်ကြောင့် ပြန်လွတ်လာခဲ့ရင်ရော ပါတီသစ်ထောင်မလားကလည်း တွေးစရာပါ။ တခါ ပါတီသစ်ထောင်ပြန်ရင်လည်း ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ပေးမလားကလည်း တွေးစရာပါ။ ခုကိုပဲ ပါတီအသစ်ထောင်ဖို့မှတ်ပုံတင်ထားတဲ့ပါတီတွေ မနည်းရှိနေပေမယ့် ရွေး/ကော်က စိစစ်ဆဲဆိုပြီး ကြိုးရှည်ရှည်နဲ့ လှန်ထားတာမဟုတ်လား။ 

တကယ်တော့ NLD ပါတီဆိုတာ ဒေါ်စုဆိုတဲ့ ဝိညာဉ်နဲ့အသက်ဝင်နေတာပါ။ NLD ထဲက ဒေါ်စုနှုတ်လိုက်ရင် ပါတီဟာ တွယ်ရာမဲ့သွားမှာပါ။ ပြည်သူရှိရင် ပါတီရှိတယ် ဘယ်လိုပြောပြော တကယ့်နိုင်ငံရေး Real Politik မှာတော့ စစ်အုပ်စုက မှတ်ပုံတင်ပေးပါမှ ပါတီဟာ ပေါ်စေဖြစ်ရမှာပါ။ သူတို့မတင်ပေးရင်နေ ကိုယ့်ဘာသာ လူထုနဲ့အတူရပ်တည်မယ်ဆိုပြီး လူထုတိုက်ပဲဆင်နွှဲပြီး ပြည်သူ့ပါတီလုပ်မှာလားလို့တွေးကြည့်ရင် ဝေးပါ်သေးတယ်။ ဒေါ်စု တလျှောက်လုံး ဂုဏ်ယူဝံ့ကြွားစွာ ပြောတာတွေထဲမှာ "NLD ဟာ NLD တခုလုံးအနေနဲ့ မူချပြီး ဘယ်ဆန္ဒပြပွဲကိုမှမလုပ်ခဲ့ဘူး၊ မပါခဲ့ဘူး၊ ပါတီဝင်တွေ တယောက်ချင်းအနေနဲ့ ဆန္ဒပြကြတာပဲရှိတယ်"ဆိုတာလည်းပါပါတယ်။ တချို့ပါတီဝင်တွေများ အဲ့သလိုဆန္ဒပြမိလို့ ပါတီဝင်အဖြစ်ကထုတ်ပစ်တာတွေတောင်ရှိပါတယ်။ ဒီတော့ လူထုလှုပ်ရှားမှုလုပ်ပြီး လူထုပါတီအဖြစ် တည်ဆောက်ရပ်တည်သွားဖို့ဆိုတာ မဖြစ်နိုင်ပါ။ 

ဒါဆို ဘာလုပ်မလဲ၊ ခု ပါတီတော့ အဖျက်ခံလိုက်ရပြီ၊ ဘယ်လိုဆက်စခန်းသွားကြမလဲက တွေးစရာအပြည့်ပါ။ ပြည်ပရောက်နေတဲ့ NLD(CWC) ကတော့ ဘေးလွတ်ရာကနေဆိုတော့ ပြောအားရှိပါတယ်။ ဘာမှဖြစ်မယ်မဖြစ်ဘူး ဆိုတာကတော့ တပိုင်းပါ။ ဒီ့မတိုင်မီကပဲ NLD(CWC)က ပါတီမှတ်ပုံမတင်ဘူး ရွေးကောက်ပွဲမဝင်ဘူးနဲ့ အတိအလင်း ပြောခဲ့တာပါ။ ပြည်တွင်းအခြေအနေ (လူမစုံတာ၊ ဒေါ်စုမပါတာ)တွေကြောင့် NLD ဟာ မှတ်ပုံတင်ဖို့့မတင်ဖို့ အခက်ပွေနေချိန်မှာ NLD(CWC)က ကြေညာချက်ဦးအောင်ထုတ်ပြီး အမြတ်ထုတ်တာလားကလည်း တွေးစရာ ဖြစ်ပါတယ်။ သူတို့ကို ပြည်တွင်း NLD က မှတ်ပုံမတင်ဘူး ရွေးကောက်ပွဲမဝင်ဘူးဆို ဘာလုပ်မှာလဲလို့မေးရင် ဖြေစရာတော့ရှိမယ်မထင်ပါဘူး။ 

ဒီနေရာမှာပြောစရာရှိတာက "ဗမာပြည်နိုင်ငံရေးအလှည့်အပြောင်းကို 'ပြည်တွင်းကပဲဖန်တီးနိုင်တယ်"ဆိုတဲ့ခံယူမှုပါ။ ဒီမှာပြောတဲ့ "ပြည်တွင်း" ဆိုတာဘာလဲကို ရှင်းရှင်းလင်းလင်းသိထားဖို့လိုပါလိမ့်မယ်။ ပြည်တွင်းဆိုတာ ပြည်တွင်းကမြေပေါ်မှတ်ပုံတင်ပါတီတွေသက်သက်ကိုပြောတာ မဟုတ်ပါ။ "ပြည်တွင်း"ဆိုတာ လက်နက် ကိုင်ကိုင်/မကိုင်ကိုင်  နိုင်ငံတွင်းမှာနေပြီး စစ်အုပ်စု စစ်အစိုးရ စစ်ဗျူရိုကရေစီယန္တရားကို ဆန့်ကျင်တွန်းလှန် နေသူအားလုံး၊ အဖွဲ့အစည်းအားလုံး၊ လူထုအားလုံးကိုဆိုလိုတာပါ။ ဒါကို တချို့ကမှတ်ပုံတင်ပါတီတွေကိုချည်းကွက်ပြီး  ပြည်တွင်း ပြည်တွင်း”နဲ့လုပ်နေတာဟာ ရည်ရွယ်ချက်ပါပါတယ်။ မသမာမှုပါ။ လူထုမပါဘဲ၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေမပါဘဲ မှတ်ပုံတင်ပါတီတွေချည်း ဘာမှလုပ်မရပါဘူး။ သူတို့ဟာ တကယ်တော့ စစ်အုပ်စုရဲ့ ထားရာနေစေရာသွား ပေါ်စေပျောက်စေပါတီတွေပါ။ 

 

ဒီလိုဆိုလိုက်လို့ နိုင်ငံရေးပါတီတွေမရှိရတော့ဘူးလားလို့ မေးစရာဖြစ်ပါလိမ့်မယ်။ မရှိရဘူး မဟုတ်ပါဘူး။ ရှိချင်ရင် ရှိလို့ရပါတယ်။ ဘာလုပ်လို့ရမယ်/မရဘူးဆိုတာပဲ စကားပြောပါတယ်။ သေချာတာတခုကတော့ မှတ်ပုံတင် နိုင်ငံရေးပါတီတွေကပဲ ဗမာပြည်ရဲ့အပြောင်းအလဲကိုလုပ်နိုင်မယ်”ဆိုတဲ့အတွေးအခေါ်အမှားကို ကျွန်တော်တို့ လက်မခံမိကြဖို့ပါ။ မှတ်ပုံတင်ပါတီတွေကိုချည်းရည်ရွယ်ပြီး ပြည်တွင်းပြည်တွင်းလုပ်နေတာကို လက်မခံမိကြဖို့ပါ။

မျိုးမြင့်ချို။ မတ် ၂၉။ ၂၀၂၃

Monday, March 27, 2023

ဘုရားကျောင်းလေး

0 comments

"ဘုရားကျောင်းလေး"

ခု လူက နည်းနည်းဝလာတယ်။ မတော်တော့တဲ့ ခါးပတ်တွေ အဝတ်အစားတွေ များလာတယ်။ ဟို့နေ့က ကိုယ်နဲ့မတော်တော့တဲ့ အဝတ်အစားတွေထဲက ကောင်းသေးလတ်သေးတာတွေရယ်၊ မတော်ပေမယ့်အသစ်အတိုင်းရှိသေးပြီး တခါမှမဝတ်ရသေးတဲ့ ဘောင်းဘီ အင်္ကျီတွေရယ်ကိုရွေးထုတ်ကာ Saint Henry ဘုရားကျောင်းရန်ပုံငွေအတွက် ပြန်ရောင်းတဲ့အဟောင်းဆိုင်လေးThrift Store ကို သွားလှူလိုက်တယ်။

အဲ့ဒီဘုရားကျောင်းက ကျွန်တော်တို့ရောက်စက Preschool ခေါ်တဲ့မူကြိုကျောင်းလေးပါ တွဲဖွင့်ထားခဲ့ဖူးတယ်။ ကျွန်တော် အဲ့ဒီကျောင်းလေးမှာ အလုပ်လုပ်ဖူးတယ်။ ကျောင်းအုပ်က Mr Fey Fey ပါ။ ကျွန်တော်တို့ ဗမာပြည်ဖွားတွေ အခါကြီးရက်ကြီးတွေ၊ အခမ်းအနားတွေလုပ်ကြတဲ့အခါ သူ့ဆီက ခမ်းမဆောင်ကိုငှားပြီး သုံးခဲ့ကြဖူးတယ်။ နောက်ပိုင်း ချင်းအမျိုးသားတွေ အရောက်များလာပြီး အဲ့ဒီဘုရာကျောင်းဝင်းအတွင်း ဟင်းသီးဟင်းရွက်တွေ စိုက်ကြပျိုးကြနဲ့ တော်တော်လေး စည်စည်ကားကားရှိခဲ့တယ်။

ဘုရားကျောင်း ဖာသာကြီးက ကျွန်တော့်ယောက္ခမဘိုးတော်နဲ့သူငယ်ချင်းလည်းဖြစ်တော့ ဘိုးတော်နဲ့ဘွားတော် ဘုရားကျောင်းတက်ရင် အဲ့ဒီမှာပဲတက်သလို သူတို့သမီး ကျွန်တော့်ဇနီးလည်း အဲ့ဒီမှာပဲတက်တယ်။ ကျွန်တော်လည်း တခါတလေ ဘုရားသွားကျောင်းတက် လိုက်လိုက်သွားတတ်တယ်။ ဖာသာကြီး တရားဟောတာ သဘောကျလို့။ သူဟောတဲ့တရားက လူမှုရေးအခြေခံ ကျင့်ဝတ်သီလလုံခြုံရေးအဓိကပါပဲ။ ဓမ္မသစ်ထဲကဟာတွေများတယ်။ နိုင်ငံရေးအယူအဆတွေမပါပေမယ့် အစိုးရရဲ့ကမောက်ကမလုပ်ပုံတွေကို ဟာသနှောပြီးပြောတတ်တယ်။ တရားဟောရင် ရယ်စရာမောစရာလေးတွေလည်း ပါတတ်တယ်။ အသံကလည်း ငြိမ်ပြီးကြည်လို့ရွှင်လို့။ မျက်နှာကလည်း အလွန်အေးချမ်းပါတယ်။ တနင်္ဂနွေနေ့ဆို ကျောင်းတဝက်လောက် လူပြည့်ပါတယ်။ အများစုကတော့ လက်တီနိုတွေနဲ့ စပင်းန်နစ်တွေပါပဲ။ အဖြူတွေလည်း နည်းတော့မနည်းပါဘူး။

နောက်တော့ ဘယ်လိုဖြစ်တယ်မသိ အဲ့ဒီဖာသာကြီးပြောင်းသွားပြီး သူ့နေရာမှာ သက်လတ်ပိုင်းအရွယ် ဖာသာတယောက်ရောက်လာတယ်။ သူက တရားဟောရင် စိတ်လိုက်မန်ပါ ဟောတတ်တယ်။ ရယ်စရာမောစရာလေးတွေလည်း ကြားညှပ်မပြောတတ်ဘူး။ မျက်နှာကလည်း သာမန်သူလိုကိုယ်လိုမျက်နှာပဲ။ ကြည်လင်အေးချမ်းနေတာမျိုးလည်းမဟုတ်၊ တင်းမာခက်ထန်နေတာမျိုးလည်းမဟုတ်ပါဘဲ။ သူ့တရားတွေက များသောအားဖြင့် ဓမ္မဟောင်းထဲကဟာတွေများတယ်။ ဂျူးနည်းနည်းဆန်တယ်လို့ထင်တယ်။ နိုင်ငံရေးလေးတွေလည်း ကပ်ထည့်ပြီးဟောတတ်တယ်။ သူ့နိုင်ငံရေးတိမ်းညွှတ်မှုက ကန်ဆားဗတစ်ဆန်တယ်လို့ ထင်ရတယ်။ အဲ့ဒီဖာသာလက်ထက်မှာ ဘုရားကျောင်းလာသူတွေ နည်းသထက်နည်းနည်းလာပြီး နောက်ဆုံး ဘုရားကျောင်းက Services တွေပါ ရပ်သွားတယ်။

ခုဆို အဲ့ဘုရားကျောင်းမှ ဘာ Services မှမရှိတော့သလို Sunday Mass တောင်မရှိတော့ဘူး။ ကျောင်းတံခါးပိတ်သွားပြီ။ ဒါပေမယ့် Thrift Store လေးကတော့ ရှိတုန်းပဲ။ ကျွန်တော့်ဇနီးလည်း ခုဆို ဘုရားကျောင်းပြောင်းတက်နေပြီ။ ခု သူတက်နေတဲ့ကျောင်းက ပိုခမ်းနားတယ် ပိုလှတယ် ပိုတိတ်ဆိတ်ငြိမ်သက်တယ်။ ဖာသာကြီးက အသက်ကြီးပေမယ့် မျက်နှာက ကလေးတယောက်လိုအပြစ်ကင်းပြီး ကည်လင်ဝင်းပနေတယ်။ ခင်စရာလည်းတော်တော်ကောင်းပါတယ်။ ဒီဖာသာကြီးတရားတော့ သေချာမနာဖူးသေးတာမို့ ‌မှန်းရခက်နေတုန်းပါပဲ။

လူတွေပြောကြတယ်မဟုတ်လား။ ခုဆို အနောက်နိုင်ငံတွေမှာ ဘုရားကျောင်းလာသူတွေ နည်းနည်းလာလို့ ဘုရားကျောင်းတွေ ပိတ်ပိတ်ကုန်ကြတယ်ဆိုတာ။ တကယ်က ဘုရားကျောင်းလာသူတွေ နည်းသွားရတာက ဘာသာတရားအပေါ် အရင်ကလောက် Deep မဖြစ်ကြတော့တာလည်းပါသလို ဘုန်းတော်ကြီးတွေရဲ့ လောကီဆန်လွန်းခြင်းတွေကြောင့်လည်း ပါမယ်ထင်တယ်။

ဘာသာမဲ့တွေများများလာတာလည်းပါပေမယ့် ဘုရားကျောင်း လူအလာနည်းရတာက ဘာသာမဲ့တွေကြောင့်တော့ မဟုတ်ဘူးထင်တာပါဘဲ။ ဒီက ခု နောက်ပိုင်းမျိုးဆက်တွေ ဘာသာမဲ့မဲ့ကုန်ကြတယ်ဆိုတာက ဘာသာတရားတွေကို စနစ်တကျလေ့လာရင်းကနေ အတွေးအခေါ်အရသိမြင်ပြီးမှ စွန့်လွှတ်လိုက်ကြတာမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်းအတွင်းမှာနေရင်း သူတို့အသက်ရှင်သန်နေထိုင်နိုင်ဖို့ ဘာသာတရားမလိုအပ်ဘူးလို့ ယူဆလာကြတာကြောင့်ပါပဲ။ သူတို့ ဘာသာမကိုးကွယ်ကြတော့လို့ ကွန်မြူနစ်တွေဖြစ်ကုန်ပြီ မင်းမဲ့ဝါဒီတွေဖြစ်ကုန်ပြီလို့ သွားပြောလို့လည်းမရဘူး။ ကွန်မြူနစ်တွေရဲ့စံနဲ့လည်း သူတို့ မနေနိုင်ကြဘူး။ ဓနရှင်လူ့အဖွဲ့အစည်းအတွင်းမှာ ကိုယ်ကျင့်တရားစံတွေကလည်း ကုန်ထုတ်လုပ်မှုဆက်ဆံရေးတွေကြောင့် ပြောင်းလဲကုန်ကြပြီမဟုတ်လား။ ဒီတော့ သူတို့ လွတ်လွတ်လပ်လပ်နေကြတယ်။ လွတ်လွတ်လပ်လပ်တွေးခေါ်စဉ်းစားကြတယ်။ သူတို့ရနေတဲ့ လွတ်လပ်မှုအတွက် သူတို့ပြန်ရတဲ့ ဆုလာဘ်ရောပြစ်ဒဏ်ကိုပါ သူတို့ စံနေခံနေကြတာပါပဲ။

မျိုးမြင့်ချို။ မတ် ၂၇။ ၂၀၂၃။

Sunday, March 26, 2023

ဆုံစေ့ချင်ပြီ

0 comments
"ဆုံစေ့ချင်ပြီ"
ဟိုတနေ့က ကုန်စုံဆိုင်သွားရင်း ဗမာပြည်မှာနေမရတော့လို့ ဗမာပြည်ကနေ ထိုင်း၊ ထိုင်းကတဆင့် အမေရိကအထိ ဒုက္ခသည်ဖြစ်နဲ့ရောက်လာသူတဦးနဲ့ဆုံပါတယ်။ သူကတော့ ဒီကိုရောက်လာပြီး သူ့မိသားစုက ခုထိ ထိုင်းနိုင်ထဲက ဒုက္ခသည်စခန်းတခုမှာ ကျန်နေသေးတဲ့သူဖြစ်ပါတယ်။ မိသားစုက ခုထိ ထိုင်းအစိုးရက ဒုက္ခသည်အဖြစ်အသိအမှတ်ပြုမခံရသေးပါ။ ဒီကိုလာဖို့ အခြေအနေက ရွှေပြည်တော် မျှော်တိုင်းဝေးလိုဖြစ်နေရှာတာပါ။ မယားတကွဲသားတကွဲဖြစ်နေသူဆိုတော့ သူ့အပူလည်း မသေးပါဘူး။
သူက ဒီကစက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်တဲ့ သာမန်အလုပ်သမားတယောက်ပါ။ တယောက်တည်းသမားဆိုတော့ အိမ်လည်းမဝယ်ဖြစ်၊ အိမ်ငှားနဲ့နေရ၊ သူ့တယောက်စာ စားဝတ်နေရေးနဲ့ သူ့လုပ်ခနဲ့က ပိုလည်း အများကြီး ပိုပိုလျှံလျှံမရှိ၊ လဆန်းတိုင်း ဒုက္ခသည်စခန်းက မိသားစုကိုလည်း ပုံမှန်ထောက်ပံ့နေတာဆိုတော့ သူရှာတဲ့ငွေဟာ လောက်ငှတယ်ဆိုရုံလောက်ပါပဲ။ တယောက်ရှာပြီး နှစ်မိသားစုစားနေရသလိုပါပဲ။
ဒီမှာက သာမန်အလုပ်သမား တယောက်တည်းသမားတွေအဖို့က သိတ်မကိုက်လှပါဘူး။ အလုပ်သိတ်ကောင်းလွန်းပါမှ အလုပ်အချိန်ပိုလုပ်နိုင်ပါမှ တန်ကာကျတာပါ။ ငွေပိုငွေလျှံရှိတာပါ။ နို့မဟုတ်လို့ကတော့ ရရစားစားဝါးဝါးမြိုမြိုပါပဲ။ "ကျွန်တော်ဗျာ မိသားစုနဲ့ ဗီဒီယိုကောလ်ခေါ်ပြီး စကားပြောတိုင်း မျက်ရည်ကျမိတာပဲ၊ ကိုယ်ကလည်း ဘာမှမလုပ်ပေးနိုင် ဘာမှလည်း လုပ်မပေးတတ်နဲ့၊ အကူအညီပေးတဲ့အေဂျင်စီတွေကလည်း ဘာမှလုပ်ပေးလို့မရနဲ့"လို့ပြောတော့ ယောက်ျားတန်မဲ့ သူ့မျက်လုံးမှာ မျက်ရည်တွေ အိုင်ထွန်းနေတာပါ။ ကျွန်တော်လည်း စာနာစိတ်အပြည့်နဲ့ နားထောင်ပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ပါ။
"ထိုင်းအစိုးရ တော်တော်ညစ်တယ်ဗျာ။ မကောင်းဘူး၊ ဒုက္ခသည်စခန်းက လူတွေကိုကျတော့ နှစ်ပေါင်းများစွာညစ်ထားပြီး ခုမှ လက်သုံးချောင်းထောင် ထွက်ပြေးလာကြသူတွေကိုတော့ အမေရိကန်ကိုထွက်ခွင့်ပေးနေတယ်လေ"လို့ သူပြောတော့ ကျွန်တော်လည်း ခေါင်းပဲ ညိတ်နေမိပါတယ်။
သူပြောတဲ့ လက်သုံးချောင်းထောင် ထွက်ပြေးလာကြသူတွေဟာ အမေရိကန်ရဲ့အထူးအစီအစဉ်နဲ့ ခေါ်ယူတာဖြစ်လို့ UNHCR နဲ့ ထိုင်းအစိုးရတို့က လိုက်လျောပြီး လုပ်ပေးနေတာမှန်း သူ သိဟန်မတူပါဘူး။ ကျွန်တော်လည်း ဒီအစီအစဉ်ကို ဒီ့ထက်ပို နက်နက်ရှိုင်းရှိုင်းမသိပါဘူး။ သေချာတာကတော့ အာဖဂန်နီတွေ၊ ယူကရိန်းနီးယန်းတွေနဲ့ သူပြောတဲ့ လက်သုံးချောင်းထောင် ထွက်ပြေးလာကြသူတွေကတော့ ဒီကို ရောက်လာနေကြတာပါပဲ။ ဒီတော့ သူပြောမယ်ဆိုလည်း ပြောချင်စရာပါ။
ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ သူ့အမြင်အပေါ်တော့ "ထိုင်းနိုင်ငံက မကောင်းဘူးဆိုပေမယ့် ကျွန်တော်တို့ခင်ဗျားတို့အတွက်တော့ ဗမာစစ်အစိုးရတွေထက် အပုံကြီးသာပါတယ်ဗျ၊ ကျွန်တော့်တို့ကို ခိုလှုံခွင့်ပေးတာရယ်၊ ဘာသာယုံကြည်တယ်ဆိုလည်း ဘာသာရေးလွတ်လပ်ခွင့် ထိုက်သလောက်ရှိနေတာရယ်၊ တတိယနိုင်ငံတွေထွက်ဖို့ အခွင့်အလမ်းရယ်တော့ ပေးသေးတယ်မဟုတ်လား" လို့ သူ့တကိုယ်စာ နားလည်လွယ်အောင် ပြောဖြစ်ပါတယ်။
တကယ်တော့ ထိုင်းနိုင်ငံဟာ ဗမာပြည်အပြောင်းအလဲအတွက် ဘာမှ တိုက်ရိုက် လုပ်မပေးနိုင်ပါဘူး။ လုပ်လည်း လုပ်မပေးပါဘူး။ လုပ်မပေးတဲ့အပြင် တခါတလေကျ သူ့ ဗမာပြည်ပေါ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒကဗမာပြည်မှာ ဘယ်အစိုးရတက်တက် ငါ့အစိုးရလုပ်ချင်တာပါပဲ။ ဗမာစစ်ဗိုလ်ချုပ်တွေနဲ့ မျက်နှာမပျက်ရအောင်နေပြီးသူ့စီးပွားရေး နင်းလုပ်နေတာပါ။
ဒါပေမဲ့ တဘက်ကြည့်ပြန်တော့လည်း ထိုင်းနိုင်ငံဟာ သူ့မြေပေါ်နင်းပြီး ဗမာပြည်စစ်အုပ်စုကို ဆန့်ကျင်အာခံနေကြသူတွေကိုတော့ အတိုင်းအတာတခုအထိ လုပ်ခွင့်နေခွင့်ပြုပါတယ်။ အဲ့လိုအဖွဲ့အစည်းတွေ အခြေစိုက်နေတာကို မသိကျိုးကျွန်ပြုပေးပါတယ်။ ဗမာပြည်ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင် ခိုလှုံလာကြသူတွေကို သူ့မြေပေါ်မှာ အကန့်အသတ်တခုနဲ့ နေခွင့်ပြုပါတယ်။ အဲ့သလိုလူတွေ အဖွဲ့အစည်းတွေအတွက်တော့ အိမ်နီးခြင်းနိုင်ငံတွေထဲမှာ ထိုင်းက အသာဆုံးပါပဲ။ လက်ရှိအနေအထားမှာ အဲ့သလိုမျိုး ထိုင်းလောက် ဘယ်အိမ်နီးချင်းနိုင်ငံကမှ မလိုက်လျောပါဘူး။
သူပြောသလို လက်သုံးချောင်ထွက်ပြေးလာကြသူတွေ တတိယနိုင်ငံတွေမှာ အခြေချခွင့်ရကြသလိုဒုက္ခသည် စခန်းတွေမှာ နှစ်ပေါင်းဆယ်ချီပြီး နေနေကြရရှာတဲ့ သူ့မိသားစုလိုဒုက္ခသည်တွေကိုလည်း အသီးသီးသော တတိယနိုင်ငံတွေမှာ အခြေချနေစေ့ချင်လှပါတယ်။ မိသားစုတွေပြန်စုံ‌စေချင်လှပါတယ်။ ဗမာပြည်အပြောင်းအလဲအတွက်လည်း ထိုင်းနိုင်ငံအနေနဲ့ တတ်နိုင်သလောက် ဝင်ပြောတာ ဝင်ပါတာလုပ်စေချင်ပါတယ်။ (ခက်နေတာက ထိုင်းလက်ရှိအစိုးရကလည်း ဗမာပြည်စစ်အုပ်စုနဲ့ ပိန်မသာလိန်မသာဖြစ်နေတာ မဟုတ်လား)
မျိုးမြင့်ချို မတ် ၂၆။ ၂၀၂၃

Monday, March 20, 2023

သူပုန်

0 comments
“သူပုန်”
ပဒေသရာဇ်ခေတ်က အုပ်ချုပ်သူလူတန်းစားဘက်မှ ယင်းတို့အား ထောင်ထားပုန်ကန်သူမှန်သမျှကို “သူပုန်”ဟု သတ်မှတ်ပါသည်။ ပုန်ကန်ခြားနားသူဟု အဓိပွါယ်ထွက်ပါသည်။ မကောင်းသည့်အနက်ထွက်ပါသည်။ အပြတ်အသတ် နှိမ်နင်းခံပါသည်။ ကိုလိုနီခေတ်ရောက်သောအခါ အုပ်စိုးသူ အရင်းရှင်နယ်ချဲ့အစိုးရအား ပုန်ကန်ခြားနားသူမှန်သမျှကို “သူပုန်”ဟုပင်ခေါ်ပါသည်။ မင်းညီမင်းသား ပုန်ကန်ခြားနားမှုမှ ဆရာစံလယ်သမားသူပုန်ကြီးအထိပင်။ ဤနေရာ၌ သတိထားမိရန်လိုသည်မှာ သူပုန်သည် “လက်နက်ကိုင်”ပါသည်။ လက်နက်မဲ့ လူထုအုံကြွမှုကို သူပုန်ထသည်ဟု မခေါ်ပါ။
“သူပုန်”ကို အုပ်စိုးသူလူတန်းစားဘက်မှနားလည်ချက်နှင့် လူထုနားလည်ချက်ဟူ၍ နှစ်ပိုင်းခွဲရမည်ထင်ပါသည်။ အုပ်စိုးသူလူတန်းစားဘက်မှနားလည်ချက်တွင် “သူပုန်”သည် မလိုလားအပ်သောအရာဖြစ်ပြီး လူထုဘက်မှကြည့်လျှင် “လိုလားထောက်ခံ”အပ်သောကိစ္စဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လက်နက်နှင့်ဖိနှိပ်အုပ်စိုးသူလူတန်းစားအား လက်နက်ဖြင့် ပုန်ကန်ထကြွသောကြောင့်ဖြစ်ပါသည်။ ကောင်းသည့်အနက်ထွက်သဖြင့် ‘သူပုန့်အိမ်’ ‘သူပုန်ကြီး’ ‘သူပုန့်အမေ’စသည့်ဖြင့် စာအုပ်များပင်ထွက်ခဲ့ပါသည်။ ပုန်ကန်မှုကြီးများကိုလည်း ဆရာစံသူပုန်ကြီး၊ အိုင်ယာလန် သူပုန်ကြီးဟု ဝံ့ဝံ့စားစား အမွန်အမြတ်အမည်များပေးခဲ့ကြပါသည်။
ကျွန်တော်တို့ထောင်ထဲနေစဉ်ကာလများကလည်း စစ်အစိုးရအားဆန့်ကျင်ပုန်ကန်နေကြသော လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်၍ထောင်ကျလာသူများကလည်း သူတို့ကိုယ်သူတို့ “သူပုန်”တွေဟု ပြောကြပါသည်။ ထိုင်း-ဗမာနယ်စပ်ရောက်တော့လည်း လက်နက်ကိုင်အဖွဲ့အစည်းမှလူများအား သူပုန်ဟုပင်နှုတ်ကျိုးကြပါသည်။ တခါ အမေရိကရောက်တော့လည်း လက်နက်ကိုင်တော်လှန်ရေးကို စွန့်ခွာလာသူများကလည်း သူတို့ကိုယ်သူတို့ “သူပုန်လူထွက်”များဟုခေါ်တာ ကြားရပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူပုန်ဖြစ်ရခြင်းကို၊ သူပုန်ဖြစ်ခဲ့ရခြင်းကို သူတို့ ကျေနပ်ပီတိဖြစ်ကြသည် ဂုဏ်ယူဝံ့ကြွားကြသည်ပင်။ ဤနေရာ၌ “သူပုန်”ကို သံခိပ်ပြုခြင်းသာဖြစ်ပါသည်။ ဝိတ္တာရချဲ့ရန်မရှိပါ။
ယခုအခါ စစ်အာဏာရှင်စနစ်ဆန့်ကျင်နေသူတချို့က မင်းအောင်လှိုင်စစ်တပ်အား “သူပုန်စစ်တပ်”ဟု ကင်ပွန်းတပ် နေကြပါသည်။ မင်းအောင်စစ်တပ်သည် လူထုတပ်မဟုတ်တော့တာတော့ သေချာသည်။ သို့သော် ထိုစစ်တပ်သည် အစိုးရကိုပုန်ကန်နေသည်မဟုတ်။ အစိုးရလည်း သူတို့သာဖြစ်သည်။ ထိုစစ်တပ်တပ်သည် လက်နက်ဖြင့် ဖိနှိပ်နေသည်ကို လက်နက်ဖြင့်ပုန်ကန်နေသည်မဟုတ်။ သူတို့ကိုယ်တိုင်က လက်နက်ဖြင့်ဖိနှိပ်နေသူဖြစ်သည်။ ထိုစစ်တပ်သည် မတရားမှုကိုထောင်ထားခြားနားနေသူမဟုတ် သူတို့ကိုယ်တိုင်က မတရားမှုပြုနေသူဖြစ်သည်။
နိုင်ငံတော်အာဏာအား မတရားနည်းဖြင့်ရယူသိမ်းပိုက်ပြီး တိုင်းပြည်နှင့်လူထုကို လက်နက်ဖြင့် ဖိနှိပ်အုပ်ချုပ်နေသူသည် ဘယ်ကဘယ်လို “သူပုန်” ဖြစ်ရသနည်း။ “သူပုန်” ဟူသည့် အမွန်အမြတ်စကားဖြင့် ဘယ်သို့ ကင်ပွန်းတပ်အပ်မည်နည်း။ ဘယ်သို့ ထိုက်တန်သွားရမည်နည်း။
ဤနေရာ၌ “NUG သည် လူထုတင်မြှောက်ထားသောအစိုးရဖြစ်သောကြောင့် NUG အား ပုန်ကန်နေသဖြင့် ထိုစစ်တပ်အား သူပုန်ဟုခေါ်ရပါသည်”ဟု စကားကပ်ကို ခဲယဉ်းစွာဆိုခဲ့ပါကလည်းမှားပါသည်။ လက်တွေ့တွင် NUG ၌ အာဏာသုံးရပ်ကျင့်သုံးနိုင်စွမ်းမရှိပါ။ လက်နက်ကိုင်ဖိနှိပ်နေတာ မရှိပါ။ လက်နက်ဖြင့်ဖိနှိပ်အုပ်ချုပ်နေသည့် “အစိုးရ”မဟုတ်ပါ။ ဒါကိုမှ “အစိုးရ”ဟု ဇွတ်ပြောလာလျှင်လည်း နှစ်ပြန်ထပ် မှားပါသည်။ ယင်းသို့ဆိုလျှင် အဓိပ္ပါယ်မှာ “ထို NUG သည် လက်နက်ဖြင့်လူထုကိုဖိနှိပ်နေသဖြင့် မင်းအောင်လှိုင်စစ်တပ်က လက်နက်ဖြင့် ထောင်ထားခြားနားနေရသည်။ ပုန်ကန်နေရသည်၊ သူပုန်ထနေရသည်”ဟု ပြောင်းပြန်အနက်ထွက်ပါလိမ့်မည်။
ဝေါဟာရတိုင်း၏အနက်သည်သည် ရွေ့လျားနေပါသည်။ စကားလုံးတိုင်းနောက်တွင် အဘိဓမ္မာရှိပါသည်။ လူထုဘက်ကနားလည်ချက်နှင့် ဖိနှိပ်အုပ်စိုးသူဘက်မှနားလည်ချက် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ပါသည်။ မင်းအောင်လှိုင်၏တလက်ကိုင်ကြေးစားတပ်အား “သူပုန်တပ်”ဟု လက်လွတ်စပယ်ခေါ်နေကြခြင်းကို ပြန်စဉ်းစားရန်လိုပါမည်။
မျိုးမြင့်ချို။ မတ် ၁၈။ ၂၀၂၃။

Tuesday, March 14, 2023

စပ်မိစပ်ရာများ

0 comments

(စပ်မိစပ်ရာများ)

Shanghai Cooperation Organization SCO ဟာ အစိုးရတွေအချင်းချင်းစုဖွဲ့ထားတဲ့ အဖွဲ့အစည်းပါ။ ၂၀၀၁ ခုနှစ် ဇွန် ၁၅ ရက်နေ့မှာ ရှန်ဟိုင်းမှာ စတည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လောလောဆယ်မှာ အဖွဲ့ဝင် ၈ နိုင်ငံ (China, India, Kazakhstan, Kyrgyzstan, Russia, Pakistan, Tajikistan and Uzbekistan) နဲ့ လေ့လာသူ ၄ နိုင်ငံ (Afghanistan, Belarus, Iran, and Mongolia) ရှိပါတယ်။ ဒီ ၄ နိုင်ငံက တချိန်ကျရင် အချိန်ပြည့်အဖွဲ့ဝင်တွေအဖြစ် တက်လှမ်းသွားမယ်လို့ ယူဆရပါတယ်။ ဆွေးနွေးဘက် ၆ နိုင်ငံ (Armenia, Azerbaijan, Cambodia, Nepal, Sri Lanka and Turkey) ရှိပါတယ်။ ကုလသမဂ္ဂနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်က ဒေသတွင်းလုံခြုံရေးကိစ္စရပ်များအပေါ် ဗဟိုပြုထားပြီး ဒေသတွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဒေသတွင်း လူမျိုးစုခွဲထွက်ရေးဝါဒနဲ့ ဘာသာရေးအစွန်းရောက်မှုများကို ဆန့်ကျင် တိုက်ဖျက်ရေးတို့ဖြစ်ပါတယ်။ နောက်ဆုံးသိရတဲ့သတင်းတွေအရဆိုရင် အဖွဲ့ရဲ့ရည်မှန်းချက်တွေထဲမှာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးပါ ပါလာပြီဖြစ်ပါတယ်။ ကမ္ဘာ့ GDP ရဲ့ ၄၀ ရာခိုင်နှုန်းဟာ SCO ကနေ ထုတ်နေတာဖြစ်ပါတယ်။ တကယ်တော့ SCO စုဖွဲ့မှုဟာ နေတိုးလို “စစ်ရေး”စုဖွဲ့မှုမဟုတ်ပါ။ အသေးစိတ်အချက်အလက်နဲ့ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကို သိချင်ရင်တော့ အွန်လိုင်းနဲ့ စာစောင်စာတမ်းတွေမှာ ရှာဖွေလေ့လာဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိကပြောချင်တာက SCO ဟာ NATO လို စစ်စာချုပ်မဟုတ်ဘူး ဆိုတာပါ။ ဒါကို စစ်စာချုပ်သဖွယ်ပြောနေရေးနေတာတွေ မြင်နေရလို့ပါ။

 

ခု SCO အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း ကုန်သွယ်ကြတဲ့အခါ ရောင်းဝယ်ဖောက်ကားကြတဲ့အခါ မိမိတို့နိုင်ငံသုံးငွေကြေးတွေနဲ့ ပေးချေတာရှိသလို တရုတ်တို့ ရုရှတို့နဲ့လုပ်ကြရင်တော့ မိမိငွေကြေးတဝက် ယွမ်ငွေတဝက်၊ မိမိငွေကြေးတဝက် ရူဘယ်လ်ငွေတဝက်ပုံစံနဲ့ လုပ်ကြတာလည်းရှိပါတယ်။ သဘောက ယွမ်နဲ့ရူဘယ်လ်ငွေကြေးတွေကို အဖွဲ့အစည်းအတွင်းက နိုင်ငံတွေမှာ လှည့်ပတ်သုံးစွဲစေတာဖြစ်ပါတယ်။ သူတို့ငွေတွေကို ဒေသတွင်းသုံးငွေဆန်ဆန်ဖြစ်လာအောင် လုပ်နေတာဖြစ်ပါတယ်။ နောက်ဆို အိန္ဒိယရူပီးငွေပါ ပါလာလိမ့်မယ်ထင်ပါတယ်။

 

ခုလိုမျိုး သူတို့ဆိုင်ရာ ငွေကြေးတွေနဲ့ အရောင်းအဝယ်လုပ်ကြတော့ ဒေသတွင်းကုန်သွယ်ရေးဟာ ပိုတွင်ကျယ်လာသလို ကုန်ဈေးနှုန်းတွေလည်း လျော့ပေါ့လာစေပါတယ်။ အရင်ကလို ကုန်သွယ်မယ်ရောင်းဝယ်ဖောက်ကားမယ်ဆို အမေရိကန်ဒေါ်လာကို အရင်ဝယ်၊ ပြီးမှအဲ့ဒါနဲ့ဖောက်ကားဆိုတာမျိုးမရှိတော့လို့ ငွေဝယ်ရတဲ့အကုန်အကျနဲ့ (ချေးယူရရင်) ပေးရတဲ့အတိုးတွေမရှိတော့လို့ပါ။ နောက်တချက်က တရုတ်အပါအဝင် အဲ့ဒီအဖွဲ့ဝင်နိုင်ငံတွေမှာ အမေရိကန်ဒေါ်လာငွေတခုတည်းကို နိုင်ငံခြားအရန်ငွေအဖြစ် ထားတာထက် ယွမ်တို့ ရူဘယ်လ်တို့ကိုပါ ထားလာကြပါတယ်။ ဒေါ်လာထက် ရွှေကိုလည်း ပိုစုလာကြပါတယ်။ တရုတ်ဆို ခု နောက်ပိုင်း ရွှေအတော်ဝယ်စုဆောင်းလာတာ သတင်းတွေမှာတွေ့နေရပါတယ်။

 

ဒီတော့ ဘာဖြစ်လာသလဲဆိုတော့ ဒေါ်လာငွေကို ကမ္ဘာ့ငွေကြေးသဖွယ်ဖြစ်အောင်လုပ်ထားတဲ့အမေရိကန်ရဲ့ မလိုမုန်းထားနဲ့အငြှိုးသိုတာ ခံရပါတယ်။ တခါတခါ ဓားကြိမ်း ကြိမ်းတာအထိတောင် ရှိပါတယ်။ အဲ့သလိုတွေရှိနေတဲ့ကြားကပဲ SCO နိုင်ငံတွေမှာ စီးပွားရေးအခြေခံအဆောက်အဦတွေတိုးတက်လာတာ ဒေသတွင်းကုန်သွယ်ရေးမြင့်တက်လာတာတွေအပြင်လူမျိုးရေးခွဲထွက်မှုနဲ့ အကြမ်းဖက်မှုတွေလည်း ကျဆင်းလာပါတယ်။ 

 

တပြိုင်နက်တည်းမှာ အမေရိကန်ဒေါ်လာငွေတန်ဖိုးဟာလည်း အတက်ကြမ်း နေပါတယ်။ ဒေါ်လာငွေဈေးတက်တော့ နဂိုကမှ စီးပွားရေးအကျပ်အတည်းတွေကြောင့် လူထုအုံကြွမှုဖြစ်ချင်လို့ တာစူနေကြတဲ့၊ ဒေါ်လာဝယ်ပြီး ကုန်သွယ်ရတဲ့နိုင်ငံငယ်တွေအဖို့ လဲရာသူခိုးထောင်းဖြစ်လာပါတယ်။ တချိန်တုန်းကတော့ မိမိငွေဈေးတက်တာဟာ ဂုဏ်ယူစရာဖြစ်ခဲ့တာမှန်ပေမယ့် ဂလိုဘယ်လိုက်ဇေးရှင်န်းခေတ်မှာတော့ ငွေဈေးတက်ရင် မိမိကုန်သွယ်ရေးထိခိုက်မယ်၊ မိမိကုန်ပစ္စည်းတွေ ဈေးတက်မယ်၊ ဝယ်သူနည်းလာမယ်၊ တခါ ဒေါ်လာငွေနဲ့အရောင်းအဝယ်လုပ်နေရတဲ့နိုင်ငံတွေ မျက်ဖြူဆိုက်စရာဖြစ်လာပါတယ်။ 

 

အဲ့ဒီအချိန်မှာ စီးပွားရေးအကြီးအကျယ်ဖြစ်ထွန်းနေတဲ့တရုတ်ဟာ သူ့ယွမ်ငွေတန်ဖိုးကို မတက်အောင် ထိန်းနေရပါတယ်။ အမေရိကန်က ယွမ်ငွေတန်ဖိုးမြှင့်ဖို့ တောက်လျှောက်ဖိအားပေးနေတာပါ။ တကယ်တော့ ခုခေတ်မှာ စီးပွားပြိုင်ဘက်နိုင်ငံတွေ ကုန်သွယ်ကြတယ်ဆိုရင် ကိုယ့်နိုင်ငံငွေတန်ဖိုးကို မကျ ကျအောင်လုပ်ပြီးမှ ကုန်သွယ်ကြတာပါ။ မဟုတ်ရင် ကိုယ့်ပစ္စည်းကဈေးကြီးပြီး အဝယ်မလိုက်တတ်တော့ပါ။ ခု ဒေါ်လာဈေး အတက်ကြမ်းတော့ တရုတ်ယွမ်ငွေဟာ သတ်သတ်လုပ်ပြီး ငွေတန်ဖိုးချနေစရာမလိုပဲ ဂွင်မှန်နေတာပါ။

 

ခုအမေရိကန်မှာ စီလီကွန်ဗယ်လီဘဏ်ပြိုကွဲသွားပါတယ်။ သူလည်း ဘဏ်ကြီးတခုပါ။ တခါထပ်ပြီး ဆစ်ဂ်နေးချားဘဏ်လည်း ပြိုပြန်ပါတယ်။ သူလည်း ဧရာမဘဏ်ကြီးတခုပါ။ သူတို့ပြိုတော့ သူတို့နဲ့ချိတ်ဆက်လုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ဘဏ်တွေ ဘယ်လောက် ထိခိုက်ကြဦးမလဲကတော့ မပြောတတ်သေးပါ။ မနေ့ညကတော့ သမ္မတဂျိုးဘိုင်ဒန်ကိုယ်တိုင် ထွက်ပြောယူရတဲ့အထိ ဖြစ်လာပါတယ်။ အမေရိကန်ဟာ ဘဏ်တွေထပ်မပြိုလဲအောင် ဒေါ်လာငွေတန်ဖိုးကျအောင် တော်တော်ကြီး ရုန်းကန်နေရတာပါ။ ဒီကြားထဲ ယူကရိန်းစစ်ဝန်ပိနေတာ၊ ဆော်ဒီအာရေဗျနဲ့ မကြည်မဖြူဖြစ်နေတာတွေကလည်း ရေနံဈေးတွေတက်စေပါတယ်။ ခုကိုပဲ ကျွန်တော်တို့နေတဲ့ ဖို့တ်ဝိန်းလိုတောမြို့မှာ ဓာတ်ဆီတဂါလန် ၃ ဒေါ်လာခွဲလောက်(ပျမ်းမျှနှုန်း)ရောက်နေပြန်ပါပြီ။ ဘယ်အထိ ထပ်တက်ဦးမလဲကတော့ မပြောတတ်သေးပါ။ 

 

ဒီနေရာမှာ သတိပြုစရာက ”အမေရိကန်ဒေါ်လာရဲ့အခန်းကဏ္ဍကို လုံးလုံးပယ်ဖျောက်လို့မရနိုင်သေးဘူး”ဆိုတဲ့ တရုတ်ရဲ့အပြောအဆိုကို သတိမူရမှာဖြစ်သလို အမေရိကန်ဒေါ်လာဈေးတက်ရုံ ဘဏ်တချို့ပြိုပွဲရုံနဲ့တော့ အမေရိကန်ဟာ ဆိုဗီယက်ယူနီယံလို တစစီ ပြိုကွဲသွားမှာတော့မဟုတ်” တဲ့အကြောင်းပါဘဲ။

မျိုးမြင့်ချို

။မတ် ၁၄။ ၂၀၂၃

Friday, March 10, 2023

ဇော်ဝင်းတင့်ခေါ် ဇ,ဝ,တ

0 comments
(ဇော်ဝင်းတင့်ခေါ် ဇ,ဝ,တ)
သူဟာ အချိန်ရှိသရွေ့ အခန်းနှစ်ခန်းကြားက အုတ်ရိုးကို တဂျိဂျိနဲ့ ဖောက်နေတော့တာပဲ။ အုတ်ရိုးဖောက်တယ်ဆိုလို့ လွန်တို့ဘာတို့လို အပေါက်ဖောက်တဲ့ကိရိယာတွေနဲ့တော့ မဟုတ်ပါဘူး။ ရေချိုးချတုန်း ရေချိုးကန်နားက သံဆူးကြိုး တတောင်လောက်ကို မရမကလိမ်ဖြတ်ပြီး ယူလာတဲ့ဟာပါ။ အဲ့ဒီ ဆူးလိမ်ကြိုးမှာ လိမ်ထားထဲ့အဆူးတွေကို အလိမ်အရင်ဖြည် သံနန်းကြိုးနှစ်ချောင်းကို ကျစ်နေအောင်ပြန်ပူးပြီး လိမ်ထားပါတယ်။ အဲ့ဒီအလိမ်ရဲ့ထိပ်တဘက်ကို အုတ်ခဲနဲ့ ခဲခဲယဉ်းယဉ်းထုပြီး ပြားထားရထားရယ်။ အဲ့သလို ပြားသွားပြီဆိုမှ အသွားတွေထက်လာအောင် သံမံတလင်းမှာ သွေးထားရတာပါ။ နှစ်ပင်လိမ်အသွားလေးတွေက သေးပေပျော့ပေမယ့် လွန်သွားအတိုင်း ထက်မြိ နေတာပါ။ တခြားတဘက်ထိပ်ကိုတော့ ပုံစံစောင်ကဆုတ်ယူလာတဲ့အဝတ်စကိုအုပ်ပြီး လက်ကိုင်လို လုပ်ထားပါတယ်။
ဒီ့နောက် သရိုးကိုင်ထားတဲ့ဘိလပ်မြေကို အရင်ခွာ၊ အောက်က အုတ်စီထားတာပေါ်တော့မှ အုတ်နှစ်လုံးကြားက လက်မဝက်လောက် အစာသွပ်ပြီး တေ့ဆက်ဆက်ထားတဲ့နေရာကို နှစ်ပင်လိမ်နန်းကြီးနဲ့ထိုးပြီး ဖြည်းဖြည်းချင်း လှည့်လှည့်ပေးရပါတယ်။ အဲ့ဒီ မဆလာသွပ်ထားတဲ့ တေ့ဆက်နေရာကိုမှ ရွေးဖောက်လို့ရတာကိုး။ အုတ်သားတွေကို ဖောက်ဆို ဘယ်ကလာဖောက်လို့ရမှာလဲ။ အုတ်ကလည်း သုံးလွှာတောင် စီထားတာကိုး။ အုတ်တွေကြားက မဆလာတွေက နှစ်တွေကြာလာတော့ ခတ်ဖွယ်ဖွယ် ဖြစ်နေပါပြီ။ ဖြစ်ဆို ဒီအဆောက်အဦးကြီးက ကိုလိုနီခေတ် ကတည်းက ဆောက်ထားတာကြီးကိုး။
ဘာလုပ်ဖို့ အပေါက်ဖောက်နေမှန်း သူ့ဘာသာသူ မသိတာ၊ ဖောက်တော့ဖောက်ကြည့်နေတာပါပဲ။ အပေါက်ကလေးကလည်း ဘာရှိတာမှတ်လို့ လက်သန်းတလုံးဝင်စာလောက်ပဲ ကျယ်မှာပေါ့။ တကယ်လို့ ဟိုဘက်ဒီဘက် ဒိုးလျှိုပေါက်သွားရင် ဟိုဘက်ဒီဘက်မမြင်ရတောင် အနည်းဆုံး အပေါက်နားပါးစပ်တေ့ပြီး စကားပြောလို့တော့ရမယ်လို့ သူထင်နေတယ်။
တခါတလေ ဒီနေရာမှာက တခန်းနဲ့တခန်စကားမပြောရအမိန့်က ရှိတတ်တာကိုး။ တခါတလေများ တခန်းတည်း အတူနေသူတွေတောင် စကားမပြောရအထိ လုပ်တတ်ပါတယ်။ အတော်အလုပ်မဖြစ်တဲ့ ဖိနှိပ်မှုပါဘဲ။
အုတ်တလွှားစာပေါက်သွားတော့ သူ အခက်ကြုံရတယ်။ ပြဿနာက အုတ်တွေက ရိုးစိစီထားတာဆိုတော့ စုံ,မ ဖြစ်နေပြီး အလွှားက မထပ်ပါ။ အလျားတခဲ အနံတခဲစီထားတာပါ။ အလျားလိုက်အခဲကိုဖေါက်သွားတော့ အနံလိုက်အခဲက ထိပ်ကပိတ်ခံနေတာပေါ့။ ဒီတော့ သူက နှစ်ပင်လိမ်နန်းကို နည်းနည်းကွေးယူပြီး ကွေ့ပြီး ဖောက်ရတာပါ။ တော်တော့်ကို ကပ်သီးကပ်သပ်နိုင်သလို လက်လည်းဝင်ပါတယ်။ လက်ချောင်းဖျားတွေ လက်ကောက်ဝတ်တွေ မခံနိုင်အောင်ကိုနာတဲ့အထိပါပဲ။ အခန်းထဲက လူတွေကလည်း သူလုပ်နေတာကို ကြည့်သာ ကြည့်နေကြတာ ဘာမှမှတ်ချက်ပေးတာမလုပ်သလို သူ့ကို ကူလည်း မကူကြပါဘူး။ ဒါပေမယ့် သူကတော့ ဇွဲခတ်ပြီးဖောက်နေတာပါပဲ။
သူ့ဘက်က အုတ်နှစ်လွှားကိုပေါက်ပြီးတော့မှ ဟိုဘက်အခန်းက မိလ္လာချချိန်မှာ သူ အပေါက်ဖောက်နေတဲ့ အကြောင်းပြောပြီး ဘယ်နေရာလောက်မှာ လာပေါက်လိမ့်မယ်လို့ပြောပြလိုက်တယ်။ ဟိုလူတွေလည်း အံ့အားသင့်နေကြတယ်။ တယောက်ကတော့ မဖြစ်နိုင်ဘူးနဲ့တူတယ်လို့ပြောတော့ သူက အုတ် နှစ်လွှားပေါက်သွားပြီဗျ၊ ခင်ဗျားတို့ဘက် ပေါက်လာရင်သာ အဲ့အပေါက်လေးကို ထုံးအရည်ဖျော်ပြီး ပြန်မံထားဗျလို့ပြောတယ်။
နောက်တော့ သူပြောတဲ့အတိုင်း ဟိုဘက်ဒီဘက် ထုတ်ချင်းခတ်ပေါက်သွားတယ်။ တဘက်နဲ့တဘက်တော့ ဘယ်မြင်ရမလဲ။ အလယ်အလွှားကအုတ် ခံနေတာကိုး။ ဒီတော့မှ သူက အောင်မြင်မှုရတဲ့ဟန်နဲ့ ကဲ...ကျုပ်တော့ ဖောက်ပြီးသွားပြီ ဘာလုပ်ကြမလဲလို့ အခန်းထဲကလူတွေကိုမေးတယ်။ အခန်းထဲကလူတွေကလည်း ချက်ခြင်းတော့ ဘယ်သူမှ ဘာမှပြန်မပြောကြဘူး။ သူကတော့ တခန်းခန်းနဲ့တခန်း လှမ်းပြောလို့ရတဲ့စကားတွေကိုရော ပြောလို့မရတဲ့စကားတွေကိုရော အပေါက်ကလေးနားပါးစပ်တေ့ပြောလိုက် နားရွက်ကပ်နားထောင်လိုက်နဲ့ သူ့ဟာသူ ‌ကျေနပ်နေတာပဲ။ ဒီနေရာမှာ “တခန်းနဲ့တခန်း လှမ်းပြောလို့ရတဲ့စကားတွေ”ဆိုတာက နေကောင်းလား။ ဘာလုပ်နေလဲ။ အိမ်ကို လွမ်းတယ်ဗျာ။ ဧည့်တွေ့ ဘယ်နေ့လဲ။ သီချင်းဆိုဗျာ။ စတာမျိုးတွေလောက်ပါပဲ။ ဒါတောင် အစောင့်တွေလစ်မှ ပြောလို့ရတာပါ။
တနေ့တော့ သူ ဘယ်ကနေဘယ်လိုဖန်လာတာမှန်းမသိတဲ့ ဝါယာကြိုးနှစ်ချောင်းပါလာတယ်။ နှစ်လန်လောက်ရှိမယ်။ နောက်တော့ နို့ဆီခွက်တခွက်လည်းပါလာတယ်။ နို့ဆီခွက်ကို အုတ်ခဲနဲ့ထုပြားပြီး ခေါက်တယ်။ ခေါက်ရာအတိုင်း ဖြန့်ချည် ခေါက်ချည်လုပ်တော့ သံပြား နှစ်ပြားပြတ်ထွက်လာတယ်။ အဲ့သံပြားတွေကိုခွေပြီး အလယ်က ဝါးခြမ်းပြားလေးခံပြီး တွဲတယ်။ ကျန်လူတွေက ရေနွေးကျိုတဲ့ဂေါက်လုပ်မှန်း အဲ့တော့မှသိကြတာ။ နောက်တော့ အခန်းထဲမီးပေးတဲ့ လျှပ်စစ်ဝါယာကြိုးရှိတဲ့အထိ လူပေါ်လူဆင့်တက်ပြီး သူ့ဝါယာကြိုးနှစ်ချောင်းနဲ့ အပေါက်ဖောက်ပြီး ချိတ်တယ်။ အားလုံးပြီးသွားပြီဆိုမှ ပလပ်စတစ်သောက်ရေခွက်ထဲ ရေထည့်ပြီးကျိုတယ်။ ဂေါက်နဲ့ဝါယာကြိုးက အရှင် ချိတ်ရုံလေးချိတ်ထားတာဆိုတော့ ရေနွေးပွက်ရင် ချိတ်ကလေးဖြုတ်ထားလိုက်ရုံပဲ။ အဲ့သလိုနဲ့ ရေနွေး တခွက်ပြီးတခွက်ကျိုတယ်။ အခန်းထဲမှာ ရေနွေးကြမ်းမပြတ်သလို ကော်ဖီမစ်က်လည်း သောက်ချင်တဲ့အချိန် ဖျော်သောက်ရုံပဲ။ သောက်ချင်တဲ့အချိန်ဆိုပေမယ့် နေ့ဘက်ပဲရတာ။ အဲ့ဒီရေနွေးကျိုတဲ့ဂေါက်နဲ့ဝါယာကို ပလပ်စတစ်အိတ်နဲ့ထုတ်ပြီး ညနေ မိလ္လာချချိန်ဆို အပြင်ထုတ်မြေကြီးထဲမြှုပ်ထားရတာ။ မနက်မနက်တွေဆို တလာစီတယ်ခေါ်တဲ့ရှာဖွေရေးက အချိန်မရွေးဖြစ်တတ်တာကိုး။ တလာစီလို့ အဲ့ဒါတွေသာ လက်ထဲမိလို့ကတော့ သေပြီဆရာပဲ။ မနက် တန်းဖွင့်ပြီးမိလ္လာချချိန်ကျမှ အဲ့ဒါတွေပြန်ဖော် အခန်းထဲယူလာ တနေကုန်ထားရတာ။
တနေ့တော့ သူက ဘယ်ကနေဘယ်လိုဖန်လာမှန်းမသိတဲ့ လူကို သွေးတို့ ဂလူးကို့စ်တို့သွင်းတဲ့ ပိုက်အကြည်အပျော့ အဟောင်းတချောင်းပါလာတယ်။ ပိုက်က ရှိလှမှ သုံးတောင်ပဲ။ ဘာလုပ်ဖို့လဲဆိုတော့ ဟိုဘက်အခန်းကလူတွေ ရေနွေးလိုချင်ရင်ပေးဖို့တဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ပိုက်ယူလာတဲ့နေ့မှာပဲ ဟိုဘက်အခန်းကလူတယောက်ဖျားတယ်။ အစောင့်ကိုပြောပြီး ရေနွေးတောင်းတာ မရဘူး။ ဒီတော့ သူက မပူနဲ့ ကျွန်တော်ပေးမယ်ဆိုပြီး ပြောလိုက်တယ်။ နောက်တော့ သွေးသွင်းပိုက်ကို အုတ်ရိုးအပေါက်ကြားနေ ခက်ခက်ခဲခဲထိုးထိုးသွင်းတယ်။ ဟိုဘက်ကို ပိုက်အစတဘက် ရောက်သွားတော့ ဂေါက်နဲ့ရေနွေးကျိုတယ်။ ရေနွေးပွက်တော့ ဒီဘက်ကနေခွက်ကို ခတ်မြင့်မြင့်ထားပြီး ပိုက်အစကိုနှစ်ထားတယ်။ အပေါက်ကနေပဲ ဟိုဘက်ကလူကို ပါးစပ်နဲ့နည်းနည်းစုပ်လိုက်၊ ပြီးရင် ခွက်ခံထားလို့ ပြောတယ်။ ဟိုဘက်က အိုကေဆိုတော့ သူ့ခွက်ကိုပိုမြှင့်ပေးလိုက်တယ်။ သူ့ခွက်ထဲကရေအကုန် ဟိုဘက်ကို ပိုက်ကတဆင့် စီးသွားတယ်။ ဟိုဘက်လူက ကျေးဇူးကျေးဇူးတဲ့။ သူက ရပါတယ်ဗျ၊ နောက်လိုလည်းပြောပါလို့ ပြောလိုက်သေးတယ်။ အဲ့သလိုနဲ့ ဟိုဘက်အခန်းကလူတွေလည်း နေ့ဘက်ရေနွေးလိုချင်တဲ့အချိန်တိုင်း ရေနွေးပေးနိုင်တယ်။ သူလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ ပီတိတွေဝေလို့။
မျိုးမြင့်ချို။ မတ် ၁၀။ ၂၀၂၃

ဒီလုံး

0 comments
(ဒီလုံး)
ကျွန်တော်တို့က ကိုဒီလုံးကို ကိုဒီဟုခေါ်ကြပါသည်။ သူ့အမည်ရင်း သာညိမ်းမှန်းရော သူ ကျွန်တော့်ထက် ၆ နှစ် ကြီးမှန်းရော သူသေမှသိပါသည်။ သူ့တွင် အကိုတယောက်ရှိ၍ ထိုအကို၏အမည်မှာ ကျောက်ခဲဖြစ်ပါသည်။ ကျောက်ခဲကို ကျောက်ခဲမှန်းသိသော်လည်း ဒီလုံးဆိုသည်ကိုမူ မသိပါ။ ကျန်းမာ/မာကျောစေရန်ရည်ရွယ်၍ သူ့အကို ကို ကျောက်ခဲဟုမှည့်သော်လည်း သူ့ကိုဘာကြောင့် ဒီလုံးဟုမှည့်ရသလဲကို မသိပါ။ ဒီရေကိုသိပါသည်။ လုံးသည်ဆိုသည်ကို သိပါသည်။ ထို့ကြောင့် ဒီလှိုင်းတို့ဘာတို့လို ဒီလုံးလည်းရှိမည်ဟု ထင်မိပါသည်။ သို့သော် ရေရေရာရာမရှိပါ။ ဒီဘက်ခေတ်တွင် အဆိုတော် ဒိုးလုံးလည်း ပေါ်ဖူးပါသည်။ ဒိုးလုံးကိုမူ သေသာသွားရော လူမမြင်ဖူးလိုက်ပါ။
ကျွန်တော် ငယ်ငယ်က တနေ့ ငယ်သူငယ်ချင်း သိန်းစည်၏အမေ ဦးတာတီး၏ဇနီးဒေါ်မြတင်နှင့် ပေတရာဘေးက ချောင်းရိုးချောင်းစပ်တွင် ကန်စွန်းရိုးနီလေးတွေခူးခိုက် ရေအောက်တွင် ကျောက်တုံး လုံးလုံးကြီးတလုံးကိုနင်းမိသဖြင့် လူလည်း ရေထဲ လဲကျသွားပါသည်။ စိတ်တိုတိုနှင့် ထိုအလုံးကြီးကိုဆယ်တင်လိုက်ရာ အခွံခွာပြီးသားအုန်းသီး ကြီးကြီးတလုံးစာအရွယ်ရှိပြီး သူ့တွင်ထူးခြားချက်မှာ ငါးမူးဝိုင်းခန့်အပေါက်ငယ်တခုပါပါသည်။ ထိုအပေါက်မှာ သုံးလေးလက်မခန့် နက်ပါသည်။ ဟိုဘက်ဒီဘက် တိုးလျှိုပေါက်နေတာမဟုတ်ပါ။ ကျွန်တော်က အံ့ဩပြီး ထိုအလုံးကြီးကို လက်ထဲလှည့်ပတ်ကြည့်နေသည်ကို ဒေါ်မြတင်ကမြင်တော့ သား အဲ့ဒါ ဒီလုံးခေါ်တယ်ဟု ပြောပါသည်။ လူလုပ်တာလားဒေါ်လေးဆိုတော့ အေးပေါ့ လူလုပ်တာပေါ့ဟုပြောပြီး ပေတရာပေါင်စောင်း ရေစပ်နားအထိ ဆင်းလာပြီး လက်နှင့် ရေထဲသို့ဟိုစမ်းဒီစမ်းလုပ်ပါသည်။ ကျွန်တော့်ကိုလည်း လူလေး ခုနနေရာ ပြန်ဆင်းပြီး စမ်းကြည့်စမ်းဟုပြောပါသည်။ ကျွန်တော် ပြန်စမ်းကြည့်ရာ နောက်ထပ် ဒီလုံးတွေ ထွက်လာပါသည်။ အလုံးတိုင်းတွင် အပေါက်များပါပါသည်။ ဒေါ်လေး အဲ့ဒီ ဒီလုံးတွေက ဘာလုပ်တာလဲ၊ ဘာလုပ်ဖို့လဲဟု မေးကြည့်ပါသည်။
ဒေါ်လေးတို့ ငယ်ငယ်က ဒီလမ်းကြီးဖောက်တာ။ အဲ့ဒီတုန်းက လမ်းက လယ်တွေနဲ့ တပြင်တည်းလေ၊ မိုးတွင်းမို့ မိုးရွာပလားဆို လမ်းပေါ် ရေကအမြဲကျော်နေတာပေါ့၊ ဒီတော့ ဒီလမ်းက မိုးတွင်းဆိုသွားရလာရခက်တယ်။ အဲ့ဒါကို အင်္ဂလိပ်အစိုးရက လမ်းပေါင်မြှင့်ဖို့ မြေဖို့ ဖို့လုပ်တယ်၊ မြေဖို့လည်း ခဏပဲ၊ မိုးကြီးရင် လမ်းကပျော်ကျသွားတာပဲ၊ ဒီတော့ လမ်းဗိုလ်တွေနဲ့ ဝန်ထောက်တွေက အုတ်ဖုတ်ပြီး လမ်းကိုအုတ်ခင်းဖို့ အကြံပေးတယ်၊ ကျောက်က ဒီနားနီးနီးမှာ တူးလို့မှမရတာကိုး၊ အုတ်ကျတော့ လွယ်တယ်လေ၊ ဒီမှာ ရွှံ့စေးမြေက ပေါမှပေါ့ဆိုတော့၊ လက်လုပ်အုတ် ဖုတ်ဖို့ အုတ်ဖိုတွေတည်လိုက်ရုံပဲ၊ ဒါပေမယ့် အုတ်က ရွှံ့စေးကိုပြန်နယ်ရတာ အုတ်ရိုက်ပုံသွင်းရတာ၊ ညီညီညာညာစီပြီး တင်ရတာတွေနဲ့ အချိန်ကြာတယ်၊ ဒီတော့ မိုးပြတ်တာနဲ့ အုတ်ဖိုတည်၊ အုတ်ဖုတ် လမ်းခင်းဖို့က တရာသီတည်းနဲ့ မပြီးနိုင်ဘူး၊ ဒီတော့ အုတ်လိုလည်းမာကျောရအောင် တရာသီတည်းနဲ့လည်းပြတ်အောင် ကြံကြရင်း “ဒီလုံး”လုပ်ဖို့ အကြံရသွားတာ၊ ဒီလုံးက လွယ်တယ်၊ အုပ်လိုလည်း ဘာမှရွှံ့စေးနယ်စရာမလိုဘူး၊ နေထဲလည်း သွေ့အောင် ထားစရာမလိုဘူး၊ ကျောက်ခဲသေးသေးလေးတွေ ရောပါသွားလည်း ကိစ္စမရှိဘူး၊ ပုံလည်းရိုက်စရာမလိုဘူး၊ လက်ထဲလုံးလိုက်ရုံပဲ၊ အုတ်လိုလည်း စီထည့်နေစရာမလိုဘူး၊ ဒီအတိုင်းပစ်ထည့်ပြီး ကြုံသလိုစီလိုက်ရုံပဲ၊ မီးပေးတာကတော့ အုပ်ဖိုလိုပဲ၊ အုတ်ဖုတ်တာနဲ့အတူတူပဲ၊ ဒီလုံးတွေ မီးကျက်သွားတော့ ဖိုဖျက်ပြီး လမ်းခင်းရတာပေါ့၊ သူက အုတ်လိုလည်းမာတယ်၊ ကယိကထလည်းနည်းတယ်၊ အချိန်လည်းသက်သာတယ်လေဟု တနံတလျား ရှင်းပြပါသည်။ ကျွန်တော်က စာတလုံးမှမတတ်သည့် ဒေါ်မြတင်က ဤမျှသိနေပါလားဆိုကာ ထပ်အံ့ဩရပြန်ပါသည်။
ဒေါ်လေးက အဲ့ဒါတွေ ဘယ်လိုလုပ်သိတာလဲဟုမေးတော့ ဟဲ့...ငါ ငယ်ငယ်လေးကတည်းက အလုပ်လုပ်ရတာ၊ အဲ့ဒီလမ်းခင်းတော့ ဒီလုံးလုံးမယ့်အလုပ်သမတွေ လမ်းခင်းဖို့လူတွေလိုတယ်ဆိုတော့ ငါလည်း လာအလုပ်လုပ် ရတာပေါ့၊ အလုပ်ကြမ်းပေါ့၊ တအားပင်ပန်းတယ်၊ တနေ့ တမတ်ရတယ်၊ ကိုယ့်ထမင်းထုပ်နဲ့ ကိုယ်လာရတာဟု ပြောပါသည်။ ဒေါ်လေး အဲ့ဒီအလုံးကို ဘာကြောင့် ဒီလုံးလို့ခေါ်တာလဲဟုမေးတော့ ငါလည်းမသိဘူး။ ဘယ်သူစခေါ်မှန်းလည်း မသိဘူး၊ ဒါပေမယ့် ဒီအလုံးတွေကို ဒီလုံးမခေါ်လို့ ဘယ့်နှယ်ခေါ်မတုန်းဟု ဖြေပါသည်။ အပေါက်ပါတာကျတော့ရော ဒေါ်လေးဟုမေးတော့ ဟဲ့...အဲ့ဒီ ရွှံ့စေးအလုံးကြီးကို လက်နှစ်ဘက်နဲ့သယ်နေရရင် ခရီးမတွင်ဘူး၊ တခါသည် တလုံးပဲရမှာပေါ့၊ အဲ့ဒီတော့ လက် ၂ ဘက်မှာ ၂ လုံးသယ်လို့ရအောင် ရွှံ့စေးလုံးကြီးထဲ လက်မနှိုက်ပြီး လက်ချောင်းလေးလေးချောင်းနဲ့ ဆုပ်သယ်တာပေါပေါ့၊ တဘက် တလုံးလေ၊ နောက်ပြီး ဖိုဆရာတွေကပြောတယ် ဒီလုံးမှာအပေါက်ပါမှ အကျက်မြန် အကျက်ညီတယ်တဲ့၊ ကျက်သွားလို့ သယ်တော့လည်း အဲ့ဒီအပေါက်တွေပါတော့ တဘက်တလုံးသယ်လို့ရတာပေါ့ဟု ပြောပြပါသည်။ ကျွန်တော်သဘောပေါက်သွားပါသည်။ ကျောက်ခဲပြီးလျှင် နောက်မွေးလာသည့်သားကို အုတ်ခဲဟု မှည့်ရန်မဖြစ်။ ဒီတော့ ဒီလုံးဟုမှည့်လိုက်ခြင်းဖြစ်မည်။ သူလည်း ကျောက်ခဲလိုမာကျော၍ ခံနိုင်ရည်ရှိသည်မဟုတ်လား။
ကိုဒီသည် အလွန်မာကျော ကြံ့ခိုင်တောင့်တင်းသူဖြစ်ပါသည်။ လမ်းလျှောက်လျှင် ခေါင်းမော့ရင်ကော့ လက်ကားကား ကားကားဖြင့်လျှောက်တတ်သဖြင့် ကြည့်ရအဆင်မပြေပါ။ ဘယ်သူ့ကိုမှရန်မလိုသလို ရန်လည်း မစောင်တတ်ပါ။ ထောက်ကြန့် ခလရ(၈၂)နှင့် ခမရ(၁၀၆)မှ စစ်သားများကိုမူ အလွန်မုန်း၏။ သူတို့နှင့် မကြာခဏလည်း ရန်ဖြစ်တတ်၏။ ကရာတေးဂျုဒို မြန်မာ့သိုင်းများကိုလည်း ဆရာဖြစ်အထိ တတ်မြောက်ထားသူဖြစ်ပါသည်။ နံချပ်ကူတွေဘာတွေလည်း ကစားတတ်ပါသည်။ ကျွန်တော်၊ သိန်းစည်နှင့် ဇော်ဝင်း(ဇော်ဝင်းလွင် ယခုနော်‌ဝေ)တို့အား ယောင်ကြီးကိုငွေထွန်းနှင့် အတူ ကရာတေးသင်ပေးခဲ့သူဖြစ်ပါသည်။ သူအမြဲပြောနေကြစကားမှာ “ဒါတွေသင်တယ်ဆိုတာ ကျန်းမာရေးအတွက်က ပထမ၊ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့က ဒုတိယ၊ သူများကိုပြန်ချဖို့ဆိုတာက တတိယကွ”ဟု ဖြစ်ပါသည်။ သူ စစ်သားတွေနှင့်ရန်ဖြစ်တာမှာ “ပြန်ချ”တာပဲဖြစ်ပါလိမ့်မည်။ ခုနေ ကိုဒီရှိသေးလျှင် စစ်သားတွေကို “ပြန်ချ”နေမှာပဲဟုထင်ပါသည်။
ခု ကိုဒီလုံး အသက် ၆၆ နှစ်တွင်ဆုံးပါသည်။
မျိုးမြင့်ချို။ မတ် ၆။ ၂၀၂၃

Tuesday, March 7, 2023

ကညွှတ်ကွင်းအိမ်ပြေး ၅၉

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၉)

အမေ။ ကျွန်တော် အံအားလည်းသင့် လန့်လည်းလန့်သွားပါသည်။ ပါးစပ်မှလည်း “အမေ”ဟုထွက်သွားပါသည်။  လန့်သွားသည်ဆိုမှာ အမေ့ကိုကြောက်ခြင်း မဟုတ်ဘဲ မထင်မှတ်သည့်အချိန် မထင်မှတ်သည့်နေရာတွင် အမေ့ကို တွေ့လိုက်ရသောကြောင့် အထိတ်တလန့် ဖြစ်သွားခြင်းဖြစ်ပါသည်။ ကျွန်တော့်လက်မောင်းကိုင်ထားသည့် အမေ့လက်မှာ တင်းတင်းကျပ်ကျပ်။ ဘယ်တော့မှ ပြန်မလွှတ်တော့မည့် တင်းကျပ်မှုမျိုး။ ကျွန်တော် နည်းနည်းရုန်းကြည့်သည်။ မရ။ သို့ဖြင့်ကျွန်တော်မတ်တပ်ရပ်လိုက်ရသည်။

 

ထိုအချိန်တွင် လူလည်း အထိုက်အလျှောက် စုမိနေပြီ။ လူတွေက ကျွန်တော်နှင့် အမေ့ကိုကြည့်နေကြသည်။ ငတင့်ကလည်း အူကြောင်ကြောင်ဖြင့် ကျွန်တော်တို့ကိုကြည့်နေသည်။ အမေက ဘယ်မှာလဲ ဝဏ္ဏဆိုတာဟုမေးတော့ ကျွန်တော် အယောင်ယောင်အမှားဖြင့် ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေသေးသည်။ စိတ်ပူနေသော်လည်း အမေ့လေသံမှာ ပုံမှန်ပင်။ ကားဂိတ်တဲထဲက ဆရာဝဏ္ဏအား လက်ညှိုးထိုးပြရင်း ဟိုမှာအမေဟုပြောလိုက်ချိန်တွင် သူကလည်း ကျွန်တော်တို့ကို ကြည့်နေချိန်ဖြစ်သည်။ အမေက ကျွန်တော့်လက်ကိုဆွဲယူကာ ကားဂိတ်အတွင်းသို့ တန်းတန်းမတ်မတ်ဝင်လာခဲ့သည်။

 

ကားဂိတ်ထဲတွင် ကားသမားများနှင့် ခရီးသည်တချို့ရှိနေသည်။ အမေက ကျွန်တော့်လက်မောင်းကိုဆွဲကာ  ဆရာဝဏ္ဏဆီသို့တည့်တည့်သွားပြီး ဒါငါ့သားပဲ၊ ပျောက်လို့လိုက်ရှာနေတာ၊ ရဲစခန်းမှာလည်း လူပျောက်အမှု ဖွင့်ထားတယ်၊ ငါ အခု ခေါ်သွားမယ်၊ ယီးတီးယားတာလုပ်ရင်တော့ ငါ ရဲခေါ်မယ်ဟု တဆက်တည်းပြောတော့ ဂိတ်တဲထဲက လူတွေက အမေ ကျွန်တော်နှင့် ဆရာဝဏ္ဏတို့ကို တလှည့်စီကြည့်နေကြသည်။ မင်းနှယ်ကွာ ဘယ်ကမှန်းမသိတဲ့ ဘယ်သူ့သားသမီးမှန်းမသိတဲ့ကလေးတယောက်ကို ခေါ်ခိုင်းရတယ်လို့ဟုပြောသည် အမေ့လေသံတွင် ပြစ်တင်သံ ပါနေသည်။ ကျွန်တော်ခေါ်လာတာမဟုတ်ပါဘူး အန်တီ သူ့ဘာသာကျွန်တော့်နောက် လိုက်လာတာပါ ဟု ဆရာဝဏ္ဏက ရို့ရို့ကျိုးကျိုးပြန်ဖြေပါသည်။ 

 

အေးလေ သူက လိုက်လာဦးတောင် မင်းက မိဘတွေအကြောင်းမေးမြန်းပြီး အိမ်လိုက်ပို့ဖို့ကောင်းတာပေါ့၊ ခုတော့ ဘယ့်နှယ်ကွယ် မျက်လှည့်ဝိုင်းမှာ ခိုင်းစားရတယ်လို့ဟု ထပ်ပြောပါသည်။ ထိုအခါ ဆရာဝဏ္ဏလေသံပြောင်းသွားပြီး ကျွန်တော် ခိုင်းစားတာမဟုတ်ပါဘူး သူ နေစရာမရှိ စားစရာမရှိဖြစ်နေလို့ ကြည့်ရှုထားတာပါ၊ သူ့လည်းမေးကြည့်ပါဟု ခတ်ဆတ်ဆတ်လေးပြန်ပြောပါသည်။ ဂိတ်တဲထဲက လူတွေကလည်း ကျွန်တော်တို့ကို တလှည့်စီလိုက်ကြည့်ရင်း တိုးတိုး တိုးတိုးပြောနေကြသည်။

 

ကဲကဲထားပါတော့ ငါ့သားက ဒုက္ခရောက်နေလို့ မင်းကကြည့်ရှုထားတာဆိုလည်း ကျေးဇူးတင်ပါတယ်၊ ကဲ အန်တီ သူ့ကို တခါတည်းခေါ်သွားမယ် ဟုတ်လားဟုပြောတော့ ဆရာဝဏ္ဏက ဟုတ်ကဲ့ဟုတခွန်းသာပြောပြီး ကျွန်တော့်ကို နှုတ်ဆက်သလိုကြည့်နေပါသည်။ ငတင့်လည်း လူတွေတန်းလန်းထားခဲ့ပြီး ကျွန်တော်တို့ဆီရောက်ချလာပါသည်။ ကျွန်တော်က ငတင့် ငါ အမေနဲ့ပြန်လိုက်သွားတော့မယ်ဟုပြောတော့ ငတင့်က အေးဟုတခွန်းပြောပါသည်။ ကျွန်တော်ကသာ စိတ်မကောင်းသလိုလို ဝမ်းနည်းသလိုလိုဖြစ်နေသော်လည်း  ငတင့်မျက်နှာတွင် ဘာခံစားမှုမှ ရှိမနေပါ။ ကျွန်တော်နှင့် ခဏဆုံရသည် ခုပြန်ခွဲရသည်။ သူ့အဖို့မဆန်းသလိုဖြစ်နေသည်။ တကယ်က ကျွန်တော် ငတင့်ကို ခင်သည်။ ခင်သည်ဆိုတာထက် သနားသလိုဖြစ်တာက ပိုသည်။ ခုတော့ ကျွန်တော်ခင်သည့် သနားသည့် ငတင့်နှင့်ခွဲရတော့မည်။ ဘယ်တော့ ပြန်‌တွေ့ရမယ်မှန်း မသိတော့။ 

 

ဆရာဝဏ္ဏ ကျွန်တော့် လက်မောင်းကိုကိုင်ကာ ကဲ...မောင်မျိုး မင်းအမေနဲ့လိုက်သွားတော့၊ ငါ နောက် ထောက်ကြန့်ကို လာပြတဲ့အခါ မင်းလာခဲ့ပေါ့ကွာ၊ အဲ့ဒီတော့ တွေ့ကြတာပေါ့ဟု ပြောပါသည်။ ကျွန်တော် ငိုချင်သလိုလို ဝမ်းနည်းသလိုလိုခံစားရသည်။ သို့သော် မငိုမိ။ အမေက ကျွန်တော့်လက်ကိုဆွဲကာ ကားပေါ်တက်လာချိန်တွင် ကျွန်တော် အသာတကြည်လိုက်ခဲ့သည်။

 

ကားပေါ်ရောက်မှ နောက်ပြန်လှည့်ကြည့်တော့ ငတင့်နှင့်ဆရာဝဏ္ဏကို ဝေဝေဝါးဝါးမြင်ရသည်။ ကျွန်တော့် မျက်လုံးအိမ်တွင် မျက်ရည်များ ပြည့်လျှံနေသည်။ ကားနားအထိလိုက်လာသော ငတင့်က ကားအောက်မှနေ၍ လက်ထောင်ကာ တာ့တာဆိုသည့်သဘောဖြင့် ယမ်းပြသည်။ သူတကယ်တော့ ဝမ်းနည်းနေပါလိမ့်မည်။ ဆရာဝဏ္ဏက ကျွန်တော့်ကို လှမ်းပြုံးပြနေသည်ဟုထင်ပါသည်.။

 

ကားပေါ်ထိုင်မိတေ့မှ အမေက ဟင်းချကာ အမေစိတ်ပူလိုက်ရတာ သားရယ်။ မင်းနှယ် တော်တော် လုပ်ရက်တာပဲဟု ပြောကာ ကျွန်တော့်ကို တင်းကျပ်နေအောင် ဖက်လိုက်ပါသည်။ ကားကြီးလည်း ဘီးစလှိမ့်ပါပြီ။ လက်ပြနေသော ငတင့်လည်း ကားဘေးတွင်မရှိတော့။ ဆရာဝဏ္ဏလည်း ဂိတ်တဲထဲမှ ထွက်သွားသည်။ ထိုအချိန်တွင် ကျွန်တော် ဝမ်းနည်းသလိုလို ဝမ်းသာနေသလိုလိုဖြစ်နေပါသည်။ စိတ်က အဖေဦးဖိုးထောင်ဆီရောက်လိုက်၊ အမေခဆီရောက်လိုက်၊ ငတင့်ဆီရောက်လိုက်၊ ဆရာဝဏ္ဏဆီရောက်လိုက်။

မျိုးမြင့်ချို

ဖေဖော်ဝါရီ ၈။ ၂၀၂၃

ကညွှတ်ကွင်းအိမ်ပြေး ၅၈

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၈)

ကျွန်တော့စိတ်တွေ နည်းနည်းရှုပ်ထွေးလာသလို ဆရာဝဏ္ဏကိုလည်း ဟိုလိုလိုဒီလိုလိုထင်မိပါသည်။ အိမ်ပြန်ရောက်တော့ ငတင့်က ဓားမကြီးတလက်နှင့် ထင်းခွဲနေတာတွေ့ရပါသည်။ ဆရာဝဏ္ဏက ငတင့်ရေ ပြီးရင်လာကွာ လုပ်စရာရှိတယ်ဟုပြောသည်။ ငတင့်လာတော့ ဇလုံယူခဲ့ဟုပြောပါသည်။ ငတင့်က ရေဖြည့်ထားသည့် ဇလုံခတ်လတ်လတ်တလုံးယူလာပြီး ဆရာဝဏ္ဏလှမ်းပေးသည့် ပင်နီဆလင်ပုလင်းလေးကိုယူကာ ဇလုံထဲဖောက်ထည့်ကာ တုတ်တလေးဖြင့်မွှေ၏။ တခန်းလုံး မွေးကြိုင်သွား၏။ 

 

နောက်မှ ဖောင်တိန်မင်ထည့်သည် ပလပ်စတစ်စုပ်ပြွန်လေးနှင့်စုပ်ယူကာ ကျွန်တော်သယ်လာသည့် မိုးရေပုလင်းလေးတွေထဲကို စိတ်ရှည်လက်ရှည် ဖြည့်ပါသည်။ ပထမဆုံးပုလင်းပြည့်တော့ ကျွန်တော့်အား မင်းက ဟိုဖော့စို့လေးတွေနဲ့ ပုလင်းကိုပိတ်ဟုပြောသဖြင့် ပိတ်ကြည့်ရာ အဆင်မပြေပဲ ပုလင်းထဲက နံ့သာဖြူရည်တွေပါ ထွက်ကျကုန်ပါသည်။ ဆရာဝဏ္ဏက ငါပြမယ်ဟုပြောပြီး ပြပေးပါသည်။ နောက်ပုလင်းတွေကျ အားလုံး အဆင်ပြေသွား၏။ ဤသို့ဖြင့် ငတင့်ကအရည်ဖြည့်လိုက် ကျွန်တော်က ဖော့စို့လေးဆို့လိုက်နှင့် ပုလင်းတထောင်ခန့် ရှိသွားပါသည်။ 

 

ဆရာဝဏ္ဏ ပုလင်းငါးဆယ်ခန့်ကို အတက်ချီကေ့စ်ထဲက ဘူးလေးတဘူးထဲထည့်သည်။ ကျန်တာတွေကို ပလပ်စတစ်အိတ်ဖြင့်ထုတ်သည်။ ထို့နောက် အတက်ချီကေ့စ်ထဲက ပလပ်စတစ်အထုတ်ကလေး တထုတ် ထုတ်ကာ နည်းနည်းသွန်ချလိုက်တော့ ရှင်သီဝလိရုပ်ပွားတော်တွေ ထွက်ကျလာသည်။ အဆူ ငါးဆယ်ခန့်ရေပြီး ဖန်ကြုတ်ကလေးထဲထည့်ကာ ကျန်တာကို ပြန်သိမ်းထားလိုက်တာတွေ့ရပါသည်။ ကျွန်တော့်အထင် ပလပ်စတစ်အိတ်ထဲတွင် ရုပ်ပွားတော်အဆူရာနှင့်ချီ၍ရှိမည်ထင်ပါသည်။ ဆရာဝဏ္ဏပြောတော့ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီးတပါးက ဆင်စွယ်အစစ်ဖြင့်ထုထားသည့် ရှင်သီဝလိရုပ်ပွားတော်အဆူ ငါးဆယ်ခန့် သူ့ကို စွန့်ကြဲ သွားခဲ့သည်ဟုဆိုသည်မဟုတ်လား။ ခုတော့ ရုပ်ပွားတော်တွေက တပုံကြီး။ ဒါ့အပြင် မျက်လှည့်ဝိုင်းထဲမှာတုန်းကလို ရုပ်ပွားတော်တွေကိုလည်း  လက်အုပ်ချီတာဘာတာမတွေ့ရ။ သာမန်ပစ္စည်းတွေလို ကိုင်တွယ်နေတာဖြစ်သည်။ ကျွန်တော်စိတ်တွေ ပိုရှုပ်ထွေးကုန်သည်။ မေးမိတော့မလို့ဖြစ်ပြီးမှ ညကျမှ ငတင့်ကို မေးတော့မယ်ဟု တေးထား လိုက်ပါသည်။ ဤသို့ဖြင့် ညနေစာ စားကြပါသည်။ ဆရာက မနက်ဖြန်တရက်နားဦးမယ်၊ နောက့်နေ့ကျမ မှော်ဘီမှာ တပွဲပြပြီး တိုက်ကြီးဘက်တက်ကြတာပေါ့ဟုပြောပါသည်။

 

ညအိပ်ယာဝင်တော့ ကျွန်တော်က ငတင့်ကို တိုးတိုးမေးပါသည်။ ငတင့်က မင်းကလည်းကွာ ဒီလိုပဲပေါ့ဟုပြောပါသည်။ မဟုတ်ဘူးလေကွာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေ ပုပ္ပါးကအထက်ပုဂ္ဂိုလ်တွေဆိုတာ မဟုတ်ဘူးပေါ့၊ ဒါတွေအားလုံးက လိမ်တာချည်းပဲပေါ့ဟု ထပ်မေးတော့ မင်းကလည်းကွာ ဒီလိုပဲပေါ့ဟု ထပ်ပြောပါသည်။ ပြီးတော့မှ လေသံ ခတ်ဆတ်ဆတ်ဖြင့် မင်းသိထားရင် မင်းစိတ်ထဲမှာပဲထား၊ ဟေ့ကောင်၊ အပြင်မှာလျှောက်မပြောနဲ့၊ ဆရာသိရင် မင်းကိုမောင်းထုတ်လိမ့်မယ်၊ အဲ့ဒီကျ မင်းဘယ်သွားနေမလဲဟု ပြောပါသည်။ ဘယ်သွားနေမလဲဟူသည့်စကားကြောင့် ကျွန်တော် အတော်လန့်သွားပါသည်။ ငတင့်ပြောတာ ဟုတ်သည်။ ဆရာဝဏ္ဏက ကျွန်တော့်ကို မောင်းထုတ်လိုက်လျှင် ကျွန်တော် ဘယ်သွားနေမလဲ။ အမေခတို့ဆီပြန်လို့လည်း မဖြစ်။ အိမ်ပြန်လို့လည်းမရနှင့် ကျွန်တော်ဒုက္ခတွေ့တော့မည်။

 

ဒီအရာတွေအားလုံး ငတင့်သိထားပြီးဖြစ်သည်။ သို့သော် ဘာမှမမေး။ မပြော၊။ မသိသလိုနေသည်။ လုပ်စရာရှိ လုပ်သည်။ စားစရာရှိစားသည်။ ခိုင်းတာမှန်သမျှ အကုန်လုပ်သည်။ အလုပ်ရှိသည့်နေ့ တနေ့ ၅ ကျပ်ပေးတာကို ယူသည်။ ကျွန်တော့်မှာ လောလောဆယ် သွားနေစရာ ဘာမှမရှိ။ ဆရာဝဏ္ဏဆီပဲ နေရမည်။ ထိုသို့နေလျှင် ဆရာဝဏ္ဏအကြိုက်ပဲနေရမည်။ ငတင့်လိုနေရမည်။ ဆရာဝဏ္ဏပြောသည့် ငတင့်လိုနေဆိုသည်မှာ ဒါပဲဖြစ်မည်။

 

တော်တော်နှင့် အိပ်မပျော်တော့။ အမေခတို့ကိုလည်း လွမ်းသလိုလိုဖြစ်မိသည်။ အမေ့အိမ်ကလို မွေ့ယာနှင့် ခြင်ထောင်နှင်အိပ်ရသလိုမဟုတ်သော်လည်း အမေခတို့တဲကြီးက ကောက်ရိုးခင်းအိပ်ယာကို အောက်မေ့မိသည်။ ညဘက်ဆိုလျှင် အဖေဦးဖိုးထောင်နှင့် အမေခအကြားအိပ်ရတာ စိတ်လုံခြုံသည်။ အဖေ့အရက်စော်နံနံလေးကို ပြန်အမှတ်ရသည်။ အမေ့ ကြွက်ကြပ်တိုက် ခြောက်စပ်ကြော်လေးကို ပြန်စားချင်သည်။ အဖေနှင့် ကြွက်ထောင် ပြန်လိုက်ချင်သည်။ ကျွန်တော်အမေခတို့ဆီနေတုန်းက ငတင့်လို မနေခဲ့ရ။ ငတင့်လုပ်တာတွေလည်း မလုပ်ရ။ ခုတော့ လုပ်ရတော့မည်။ ကျွန်တော်က နေရာသစ်တွေရောက်ဖူးချင်သည်။ အတွေ့အကြုံသစ်တွေရချင်သည်၊ ခရီးတွေ သွားချင်သည်။ အမေခတို့ဆီတွင် ဒါတွေမရ။ ဒါတွေရနိုင်တာက ဆရာဝဏ္ဏဆီမှပဲဖြစ်သည်။ ဒီတော့ ဆရာဝဏ္ဏဆီ နေမှဖြစ်မည်။ ထိုသို့နေမည်ဆိုလျှင် ငတင့်လိုနေမှရမည်။ ဟုတ်သည် ကျွန်တော် ငတင့်လိုနေရမည်။

 

ဤသို့ဖြင့် ခရီးစထွက်မည့်နေ့ရောက်လာသည်။ ဘာ့စ်ကားဖြင့် မှော်ဘီသို့သွားကြသည်။ ကျွန်တော်တို့ ဈေးရှေ့ မှော်ဘီကားဂိတ်နားတွင် မျက်လှည့်ပြမည်။ ဝိုင်းခင်းနေတုန်း ကျွန်တော်က ဘင်ထု၍ လူစုရသည်။ လူတွေ များများလာတာကြည့်ရင်း ကျွန်တော်ပျော်လာပါသည်။ ခေါင်းတွေကိုယ်တွေပါ လှုပ်လာသည်။ လူမမြင်အောင် မျက်နှာငုံ့ထားရန်တွေဘာတွေ မရှိတော့။ မျက်နှာမော့ကာ ဘင်ထုရင်းအားလုံးကို မေ့သွားသည်။ ဘင်ထုနေတာထဲပဲ စိတ်ကစူးနေသည်။ ဆရာဝဏ္ဏကတော့ ဂိတ်တဲထဲတွင်ထိုင်ပြီး ကားသမားတွေနှင့် စကားပြောလိုက် တဝါးဝါး ပွဲကျလိုက်နှင့်။ ငတင့်ကလည်း စားပွဲတွေခင်းလိုက် စည်းတွေသားလိုက်နှင့်။

 

ထိုအချိန်တွင် တစုံတယောက်က ကျွန်တော့်လက်မောင်းကို ညှစ်ကာဆွဲထူရင်း သား...လာ..ထ အိမ်ပြန်မယ်ဟု ပြောသံကိုကြားရလိုက်သည်။ မော့ကြည့်လိုက်တော့..............။

(ဆက်ပါဦးမည်)

ကညွှတ်ကွင်းအိမ်ပြေး ၅၇

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၇)

တော်လေးကြာတော့ ဝက်သားတတွဲနှင့် အထုတ်တွေနှင့် အမပြန်ရောက်လာသည်။ ဆရာဝဏ္ဏကမြင်တော့ မင်း ဝက်သားမစားဘူးမို့လားဟုမေးပါသည်။ ကျွန်တော် ခေါင်းညိတ်ပြတော့ မိန်းမရေ နင်တခြား ဘာပါလာသေးလဲဟ၊ မောင်မျိုးက ဝက်သားမစားဘူးဟုပြောတော့၊ ထင်တော့ထင်သား၊ ငါးဖမ်းမဆားနယ်ပါလာတယ် အဲ့ဒါ ကြော်ပေးမယ်ဟုပြောပါသည်။ ကျွန်တော် သူ့နံမည်မသိပါ။ သိစရာလည်း မလိုဟုထင်သည်။ ငတင့်လည်း သိသည်ဟုမထင်ပါ။ အမဟုခေါ်လိုက်လျှင် ပြီးပြီမဟုတ်လား။

 

နောက် အမက နောက်ဖေးကြမ်းပြင်တွင်ထိုင်ကာ ထုတာထောင်းတာ လှီးတာချွတ်တာတွေလုပ်သည်။ ထိုအချိန်တွင် မီးဖိုးပေါ်မှထမင်းအိုးက ပွက်လာသည်။ အကိုရေ တချက်လောက်မွှေပေးပါဦးဟုဆိုတော့ ဆရာကထပြီးမွှေသည်။ ပြီးတော့ အဲ့အနားတွင်ပဲ ဆောင့်ကြောင်ထိုင်နေပါသည်။ ခဏနေတော့ ဆရာက ထမင်းအိုးငှဲ့ပါသည်။ ကျွန်တော်က ဆရာ့ကိုအံ့ဩနေပါသည်။ ဆရာသည် ကွင်းထဲတွင် ဆရာမဟုတ်လား။ အိမ်တွင် ထမင်းအိုးငှဲ့စရာမလိုဟုလည်း ထင်မိပါသည်။

 

တအောင့်လောက်ကြာတော့ ကျွန်တော်တို့ ထမင်းစားကြသည်။ ကြမ်းပြင်ပေါ်ထိုင်ပြီး စားရတာဖြစ်သည်။ ဝိုင်းအလယ်တွင် ဝက်သားဟင်းတခွက်၊ ငပိရည်တို့စရာနှင့် ကျွန်တော့်ရှေ့နားတွင် ဆနွင်းဝါဝါနှင့်ငါးဖမ်းမဆားနယ်။ အမေခတို့လိုပဲ သူတို့လည်းဇွန်းကို ညာလက်နှင့်ကိုင်သည်။ ကျွန်တော် မသတီတော့။ မွေးကတည်းက ဝက်သား စားမလာသူလည်းဖြစ်၊ ဝက်သားကို မစားထိုက်သည့်အစာလည်းဖြစ်သည်ဟု သွန်သင်ခံထားရသူလည်းဖြစ်တော့ စိတ်ထဲတမျိုးကြီးဖြစ်နေသည်။ ဆိုးတာက ငပိရည်ဇွန်း။ ဝက်သားဟင်းနှင့် အားရပါးရနယ်ဖတ်စားနေသည့် သူတို့လက်များနှင့် ငပိရည်ဇွန်းကိုကိုင်တော့ ဇွန်းတွင် ဟင်းများပေနေသည်။ ဒါကို ကျွန်တော်ကပါ ညာလက်ဖြင့်ကိုင်ပြီး ခပ်လျှင် ကျွန်တော်ဝက်သားစားတာနှင့် ဘာထူးမည်နည်း။ ကျွန်တော် ဇဝေဇဝါဖြစ်နေသည်။ သူတို့ကတော့ ရိပ်ပင်မရိပ်မိ။ ကျွန်တော်က ဘယ်လက်ဖြင့်ကိုင်ချင်သည်။ သူတို့မကြိုက်မှာလည်း စိုးရသည်။ နောက်တော့ မထူးတော့ပါဘူးကွာဟုသဘောပိုက်ကာ ညာလက်ဖြင့်ပဲ ငပိရည်ဇွန်းကိုကိုင်လိုက်သည်။ 

 

ထမင်းစားပြီးကြတော့ ၄ ယောက်လုံး အိမ်ရှေ့ခန်းတွင်ထိုင်ကြသည်။ ညနေလည်း စောင်းနေပြီ။ ဆရာက အမကို ပိုက်ဆံတွေအပ်သည်။ တရက်နှစ်ရက်လောက်နေပြီး တိုက်ကြီးဘက်တက်မယ်၊ ပြည်လောက်အထိပေါ့၊ ဆယ်ရက်လောက်တော့ ကြာမှာပဲဟုပြောသည်။ အမက ဘာမှမထူးဆန်းသလိုပင် အကို အဝတ်တစုံလောက် ထပ်ချုပ်ပေါ့။ ခု ရလာနဲ့ဆို ဟိုဘက်ဆယ်ရက်လောက် လောက်တာအပြင် ပိုပါသေးတယ်ဟုပြောပါသည်။ ထား..ထား အဝတ်မချုပ်သေးဘူး၊ ငါ ဝယ်ရမှာလေးတွေရှိသေးတယ်ဟုပြောပါသည်။

 

ညကျတော့ ကျွန်တော်နှင့် ငတင့်က အပြင်ခန်းကဖျာပေါ်တွင် အိပ်ရသည်။ စောင်က နောက်တထည်ရသော်လည်း ခေါင်းအုံးကတလုံးတည်း။ ခြင်ထောင်လည်းတလုံးတည်း။ ကျွန်တော်က ခေါင်းအုံးကိုမအုံးချင်တာနှင့် မအုံး။ ခြင်ထောင်တလုံးတည်းနှစ်ယောက်အိပ်ရတာအပြင် စောင်ကသေးစော်လည်းနံသေးသည်။ တော်တော်နှင့်အိပ်မပျော်။ တအောင့်လောက်ကြာတော့ ကြမ်းက ကျွိကျွိ ကျွိကျွိနှင်မြည်ကာ လှုပ်လည်းလှုပ်လာပါသည်။ တကျွိကျွိအသံမှာ ပိုကျယ်လာသည်။ ကြမ်းလည်း ပိုလှုပ်လှုပ်လာသည်။ ထိုအချိန်တွင် ငတင့်လည်းနိုးလာပြီး ကျွန်တော့်ကို လက်ကုပ်ကာ အထဲဘက်လို့ လက်မနောက်ပြန်ပြပါသည်။ ကျွန်တော် ချက်ခြင်းသဘောမပေါက်။ ငတင့်က အမတို့ အလုပ်ဖြစ်နေကြပြီဟု လေသံတိုးတိုးဖြင့်ပြောမှ ကျွန်တော်လည်း သဘောပေါက်သွားပါသည်။ ခဏနေတော့ ကျွိကျွိမည်သံတွေတိတ်ကျသွားသည်။ အထဲက လှုပ်လှုပ် လှုပ်လှုပ် လုပ်နေသံတွေတော့ ကြားရပါသည်။ ကျွန်တော်လည်း အိပ်ပျော်သွားပါသည်။

 

မနက်ကြတော့ ထမင်းကြမ်းနှင့်ပဲပြုတ်သုတ်စားကြပါသည်။ ဆရာဝဏ္ဏက ငါဒီနေ့ မြို့ထဲသွားရမယ်၊ ပစ္စည်းလေးနည်းနည်းဝယ်ဖို့ ကိုအောင်ကျော်မိုးတို့ဆီသွားရမယ်၊ ငတင့်မင်းနေခဲ့ ငါ မောင်မျိုးကို ခေါ်သွားမယ်ဟု ဆိုပါသည်။ ကျွန်တော်နှင့် ဆရာဝဏ္ဏမှော်ဘီရန်ကုန်ကားနှင့် ရန်ကုန်ဘက်ထွက်လာကြပါသည်။ ထောက်ကြန့်တွင် ကားရပ်သော်လည်း အသိတယောက်နှင့်မှ မတိုးပါ။ ကားပေါ်တွင်လည်း အသိတယောက်မှမပါပါ။ စိတ်အတော်သက်သာရာရပါသည်။ 

 

လှိုင်ရောက်တော့ တနေရာတွင်ဆင်းကြပါသည်။ ရပ်ကွက်တွေထဲဖြတ်ပြီး လျှောက်လာရင်း ပျဉ်ထောင်အိမ်ကြီးကြီး တလုံးရှေ့ရောက်တေ့ ဒါ ဆရာ အောင်ကျော်မိုးအိမ်ပဲ။ နောက်အပတ်လောက်ဆို ငတင့်ဒီမှာနေရတော့မှာ၊ မင်းကတော့ ငါနဲ့အတူနေပေါ့ဟုပြောပါသည်။ ငတင့်ပြောပြောနေသည့် ဆရာကြီးအောင်ကျော်မိုးဆိုပါလား။ ကျွန်တော် တွေ့ဖူးချင်နေသည်။ ဆရာကြီးမှာ ပြကွက်တွေအများကြီးကွ၊ သံစည်ပိုင်းထဲလူထည့်ပြီး မီးရှို့ပြတာတွေ၊ ထန်းခေါက်ဖာထဲလူထည့်ပြီး သံချွန်တွေနဲ့ ထိုးပြတာမျိုးတွေရောပဲကွဟု ငတင့်ပြောဖူးသည်။

 

ကျွန်တော်တို့ အိမ်ထဲဝင်သွားတော့ အောက်ထပ်ကဧည့်ခန်းထဲမှာ ဆရာအောင်ကျော်မိုးနှင့်တွေ့ရသည်။ ဝဏ္ဏလာကွ ဘယ့်နှယ်လဲ မင်းတောင်ငူပွဲဆက်တွေဟုမေးပါသည်။ ဆရာဝဏ္ဏပြန်ပြောတာတွေကြားတော့မှ တောင်ငူကနေ ကျွန်းကလေးအထိ တောက်လျှောက်ပြလာခဲ့မှန်းသိရသည်။ မဆိုးပါဘူးဆရာ အလုပ်ဖြစ်ပါတယ်ဟုပြောပြီး စကားအဆုံးသတ်သည်။ ဆရာအောင်ကျော်မိုးကို ပိုက်ဆံတွေပေးတာမြင်သည်။ ကျွန်တော်ဆယ်ရက်လောက် ဆက်ယူထားဦးမယ်ပြောတော့ မြွေကြီးကိစ္စများလားဟု တွေးမိပါသည်။ ပစ္စည်းယူဦးမယ်ဆရာဟု ပြောပြီး နှစ်ယောက်သား အပေါ်ထပ်တက်သွားကြပါသည်။ ဆရာအောင်ကျော်မိုးကအိမ်မှာက ဘဘကြီးတို့အိမ်မှာလိုပဲ ပစ္စည်းတွေစုံသည်၊။ ဆောင်းဘောက်ကြီးတွေ သေတ္တာကြီးတွေလည်း မြင်သည်။ နောက်တော့ ဆရာဝဏ္ဏက သူ့ အတက်ချီကေ့စ်လေးဆွဲကာ ပြန်ဆင်းလာသည်။ လက်ထဲမှာတော့ အထုတ်တဘက်နှင့်။ 

 

ပြန်ကြစို့ကွာ သမိုင်းလမ်းဆုံရောက်ရင် ထမင်းစားမယ်ဟုပြောပြီး သူ့လက်ထဲကအထုတ်ကို ကျွန်တော့်အားပေးသည်။ အထုတ်က တော်တော်မွှေးသည်။ ဆရာပြောသည့် သိဒ္ဓိတင်ပြီးသားနံ့သာဖြူဆီအနံ့။ အထဲမှာ ဖန်ပုလင်းတွေက တလုံးနှင့်တလုံးပွတ်တိုက်သံကြောင့် တကျီကျီမြည်နေသည်။ ဟာ...ဒါ ဆရာပြောတဲ့ ဓာတ်ခန်းဝင်ထားတဲ့ ကြုတ်ကလေးတွေပါလား။ ကျွန်တော် တော်တော်အံ့အားသင့်သွားပါသည်။ ဆရာပြောတော့ ပုပ္ပါးနယ်ဘက်က  တရားကျင့်ကာ သာသနာပြုရင်း ဘုရားတည်နေသည်ဆိုသည့် အထက်လမ်းပုဂ္ဂိုလ်ဆီကမဟုတ်ဘဲ ဆရာအောင်ကျော်မိုးဆီကဖြစ်နေသည် မဟုတ်ပါလား။ 

(ဆက်ပါဦးမည်)

စပ်မိစပ်ရာအတွင်းအပြင်/အတွေးအခေါ်တိုက်ပွဲ

0 comments
(စပ်မိစပ်ရာ) အတွင်းအပြင်/အတွေးအခေါ်တိုက်ပွဲ။
ဟိုတုန်းက အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဆိုပြီးရှိခဲ့တယ်။ NLD(LA)ဆိုပြီး ရှိခဲ့တယ်။ ပြည်တွင်းမှာ ဒေါ်စု နေအိမ်အချုပ် ကျကျ/မကျကျ ပင်မ NLD ကြီးရှိနေတယ်။ အဲ့ ၂ ခုကြားမှာ နိုင်ငံရေးပွတ်တိုက်မှု (အတွေးအခေါ်တိုက်ပွဲ) မရှိပေမယ့် ပြည်တွင်း NLD က NLD(LA) တို့ NCGUB တို့နဲ့ ကင်းအောင်နေတယ်။ ပြည်ပရောက်နေတဲ့သူတွေကလည်း သူတို့လုပ်နိုင်တာ လုပ်တတ်တာတွေလုပ်ပြီး ပြည်တွင်း NLDကို ကျားကန်ပေးကြတယ်။ တချိန်မှာ ဦးအောင်ရွှေတို့က စစ်အုပ်စုအလိုကျ ဒေါ်စုကို NLD ကနေထုတ်ပေးခဲ့ရတယ်။ ပါတီတည်ရှိရေးအတွက် အကြောင်းပြတယ်။ ဒါကို ပြည်ပရောက်တွေက စိတ်အလိုမကျပေမယ့် ဦးအောင်ရွှေတို့ကို နိုင်ငံရေးအရနားလည်ပေးခဲ့တယ်။ ပါတီတည်ရှိရေးအတွက် ဇောင်းပေးခဲ့တယ်။ ဘာမှသာ မယ်မယ်ရရ မလုပ်ပေမဲ့ မီဒီယာနဲ့တွေ့လို့မေးလိုက်တိုင်း ဦးလွင်တို့ ဦးအောင်ရွှေတို့က "ကျွန်တော်တို့လုပ်စရာရှိတာတွေ လုပ်နေပါတယ်"ချည်းဖြေတာပါပဲ။ ဒေါ်စုပြန်လွတ်လာတော့ သူမရှိတုန်း ပါတီအအုပ်အစည်းမပျက်အောင် ထိန်းထားပေးတဲ့အတွက် "ကျေးဇူးရှင်ကြီးတွေပါ"လို့ပြောပြီး ဦးအောင်ရွှေတို့ ဦးလွင်တို့ကိုသွားကန်တော့တယ်။ ပြည်ပရောက်တွေကလည်း ဒေါ်စုမလွတ်သေးရင် လွှတ်ပေးဖို့တောင်းဆိုကြပြီး၊ လွတ်လာရင်လည်း "အမျိုးသားပြန်လည်သင့်မြတ်ရေး" ခေါ်ခေါ် "စစ်အုပ်စုနဲ့ရင်ကြားစေ့ရေး"ပြောပြော အဲ့ဒါလုပ်ဖို့ တွေ့ဆုံဆွေးနွေးရေးကိုသာ တစိုက်မတ်မတ်တောင်းဆိုတယ်။ စစ်အုပ်စုကတော့ အဖက်မလုပ်ပါ။ စစ်အုပ်စုက NLD ကို ဦးတည်ရန်သူအဖြစ်ထားသလို ဖျက်လည်း ဖျက်ပစ်ချင်ပေမယ့် မဖျက်ဝံ့ပါ။ လူထုနောက်ခံရှိနေလို့ပါ။ လူထုအားရှိနေလို့ပါ။
ခုလည်း အာဏာသိမ်းပြီးနောက် ပြည်ပရောက်သူတွေစုဖွဲ့ထားတဲ့ NUG တို့ NUCC တို့ CRPH တို့ရှိနေတယ်။ ပြည်တွင်းမှာလည်း NLD (ပင်မ)ကရှိနေတယ်။ ဒေါ်စုအပါအဝင် NLD ခေါင်းဆောင်တွေအကုန်လုံးလိုလို အဖမ်းခံထားရတယ်။ ဒီအချိန်မှာ ပါတီက ဘာအလုပ်မှမယ်မယ်ရရမလုပ်နိုင်တော့ဘူး။ ထောင်ထဲလည်းမရောက် ပြည်ပလည်းမထွက်တဲ့ ပါတီဒုတိယတန်းခေါင်းဆောင်တွေလို့ပြောရမယ့်သူတွေက ပါတီ(ရုံးခန်း၊ ဆိုင်းဘုတ်၊ အဆောက်အဦး)တည်ရှိရေးကို တတ်နိုင်သလောက်ထိန်းထားကြတယ်။ ပါတီခေါင်းဆောင်တချို့ ပြန်လွတ်လာတော့ သူတို့လက်ထဲအဲ့ဒါတွေအပ်တယ်။ ‌လွတ်လာတဲ့ခေါင်းဆောင်တွေကလည်း ဒေါ်စုမပါဘဲ ဒါမှမဟုတ် ဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီ ဒါမှမဟုတ် ဗဟိုကော်မတီစုံညီအစည်းအဝေးမခေါ်နိုင်ဘဲ ဘာဆုံးဖြတ်ချက်မှ ချလို့မရတဲ့အချိန်ကြီးဖြစ်နေတယ်။ အဲ့အချိန်မှာပဲ (ဖြိုးမင်းသိမ်းကတော့ထားပါတော့) ပြည်ပရောက် NLD(CWC)က ပြည်တွင်းက ပါတီဒုတိယတန်းခေါင်းဆောင်တချို့ကို ပါတီကနေထုတ်လိုက်တယ်။ ပြည်ပရောက်နေသူတွေနဲ့ ပြည်တွင်းမှာနေရစ်ခဲ့သူတွေရဲ့ ပါတီတွင်း နိုင်ငံရေးတိုက်ပွဲ တနည်းပြောရရင် အတွေးအခေါ်ရေးတိုက်ပွဲပါ။ ပြည်ပရောက်တွေက စစ်အုပ်စုလုပ်ပေးမယ့်ရွေးကောက်ပွဲကို မဝင်ဘူးလို့ ကြေညာရုံမက စစ်အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်သူတွေကိုပါ "နိုင်ငံတော်ပုန်ကန်မှု ကူညီအားပေးသူတွေ"လို့ အတိအလင်း ပြောလိုက်ပါတယ်။ ရန်သူများသွားပါတယ်။ ဦးကိုကိုကြီးက ဒါကို ထွက်ပြီး ချဲလင့်စ်လုပ်ပါတယ်။ ဒေါ်စန္ဒာမင်းက BBC နဲ့အင်တာဗျူးမှာ အတော်မခံချိမခံသာ ပွင့်ပွင့်လင်းလင်ပြောသွားပါတယ်။ သူကတော့ ပါတီတည်ရှိရေး (ဒေါ်စုမူ) ကိုကိုင်ထားတာတွေ့ရပါတယ်။ အချက်အလက်တွေကများ အခြေအနေတွေကရှုပ်ထွေးပြီး နိုင်ငံရေးနှင်းလည်း မကွဲသေးပါ။ သေချာတာ တခုကတော့ စစ်အုပ်စုဟာ NLD ပါတီကို ဖျက်ချင်ပေမယ့် မဖျက်ဝံ့ပါ။ နိုင်ငံကြီးတချို့နောက်ခံရှိနေလို့ပါ။ လူထုနောက်ခံကတော့ မှုန်ဝါးဝါးပါ။ ဒါ့ကြောင့် ပြည်တွင်း NLD (ပင်မ)ကို ရွေးကော်ဥပဒေထုတ်ပြီး သူ့ဘာသူပျက်သွားအောင်လုပ်တာပါ။
ကျွန်တော်ကတော့ ဒီမိုကရေစီပါတီတွေကို စစ်အုပ်စုအလိုကျလုပ်မယ့် "အာဏာသုံးရပ်လုံးမရနိုင်မယ့် ဘယ်ရွေးကောက်ပွဲကိုမှ" မဝင်စေချင်သူပါ။ အဲ့ဒီရွေးကောက်ပွဲမျိုးဝင်ဖို့ မတိုက်တွန်းမတောင်းဆိုပါ။ ပြည်တွင်း မှတ်ပုံတင်နိုင်ငံရေးပါတီတွေဆိုတာကလည်း လူထုတိုက်ပွဲလုပ်ဖို့ဝေးစွ စစ်အုပ်စုမငြိုငြင်အောင်တောင် မနည်းနေနေရတာ မဟုတ်လား။ စစ်အုပ်စုအလိုကျ "ပေါ်စေ ပျောက်စေ"ပါတီတွေဆိုပေမယ့် သူပေးထားတဲ့ကွင်းထဲ ဝင်ကစားဖို့ ကိုယ့်မှာလည်း လူလိုတယ်မဟုတ်လား။ ဒီတော့ ပြည်ထောင်စုအဆင့်ပါတီအဖြစ် ကြံ့ဖွံ့တပါတီတည်း ကျန်အောင် စစ်အုပ်စုက ဘယ်လောက် ညစ်ပတ်ညစ်ပတ် ကျွန်တော်တို့ဘက်ကလည်း စစ်အုပ်စုနဲ့နိုင်ငံရေးစကားပြောဖို့၊ လူထုနဲ့နိုင်ငံရေးလုပ်ဖို့ "တရားဝင်" ပါတီတော့ ရှိရမယ်လို့မြင်ပါတယ်။ ဒီနေရာမှာ တရားဝင်ဆိုတာက စကားပြောတာမှန်းသိပါတယ်။ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုပေမယ့်၊ ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုပေမယ်၊ မြေပေါ်မှာပါတီတည်ရှိရေးအတွက် စစ်အုပ်စုလုပ်သမျှခံမယ်ဆိုရင်တော့လည်း မစွံပါဘူး။ လူထုတိုက်ပွဲ မသွားနိုင်တဲ့ပါတီတွေမို့(နိုင်ငံရေးသမားတွေမို့) ပါးစပ်ပဲတတ်နိုင်တာပါ။ ပြောစရာရှိ ပြောရမယ်ဆိုရမယ်၊ ဆန့်ကျင်စရာရှိဆန့်ကျင် ကန့်ကွက်စရာရှိ ကန့်ကွက်ရမှာပါပဲ။ ဒါလောက်ပဲ သူတို့တတ်နိုင်တာပါ။ ဒါမှ ဖမ်းချင်သပ ထောင်ချချင်သပဆိုလည်း လိုက်သွားလိုက်ရုံပါပဲ။ တကယ်တမ်းသတ္တုချကြည့်တော့ စစ်အာဏာရှင်စနစ်အောက်မှာ လက်နက်မကိုင်ထားတဲ့နိုင်ငံရေးပါတီဆိုတာ စစ်အာဏာရှင်တို့စိတ်တိုင်းကျသာ ရှင်သန်ခွင့်ရှိတာပါ။ ဒီလိုပြောလို့ နိုင်ငံရေးပါတီတိုင်း လက်နက်ကိုင်ရမယ် မဆိုလိုပါ။ လက်နက်ရှိရင်တော့ ရန်သူကစကားပြောပါတယ်။ “ဝ”UWSA ကိုကြည့်ပါ။ အပစ်ရပ်ထားပေမယ့် သေနတ်သုံးသောင်းကထွက်တဲ့အသံဟာ စကားပြောပါတယ်။ “လက်နက်နဲ့ဖိနှိပ်လို့ လက်နက်ကိုင်တော်လှန်ရတယ်” ဘယ်လိုပဲပြောပြော နဂိုကတည်းက “လက်နက်နဲ့ဖိနှိပ်ရင် လက်နက်နဲ့ပြန်ချမယ်” ဆိုတဲ့ သဘောထားမရှိရင် လက်နက်ကိုင်လို့မရပါဘူး။ ဒေါ်စုမှာ စစ်အုပ်စုက ဘယ်လောက်ပဲ လက်နက်နဲ့ဖိနှိပ်ဖိနှိပ် လက်နက်နဲ့ပြန်ချဖို့သဘောထား ဘယ်တုန်းကမှမရှိခဲ့ပါ။
ချုပ်ရရင် ခု ပြည်တွင်း/ပြည်ပ(အတွင်းအပြင်)အတွေးအခေါ်ရေးတိုက်ပွဲ ရှိနေတယ်။ ဒါဟာ လူထုကို စိတ်ဓာတ် ပျက်ပြားစေတယ်၊ ဝေဝါးစေတယ်။ အတွင်းအပြင်ချိတ်ဆက်ပြီးလုပ်မရတောင် အပွတ်အတိုက်မရှိအောင်နေဖို့ ကောင်းတယ်။ စစ်အာဏာရှင်စနစ်အောက်မှာဆိုပေမယ့် ဒီမိုကရေစီပါတီတွေရှိစေ့ချင်တယ်။ ပြောလို့ရသလောက် လုပ်လို့ရသလောက်လုပ်စေ့ချင်တယ်။ ပါတီတိုင်း လက်နက်မကိုင်ပါ။ ကိုင်ဖို့လည်း မတောင်းဆိုပါ။ သူတို့လုပ်တဲ့ရွေးကောက်ပွဲမဝင်လို့ ဖျက်ပစ်မယ်ဆိုလည်း ဖျက်ချင်တိုင်းဖျက်မရအောင် လူထုနောက်ခံအား ရှိထားဖို့လိုပါတယ်။ ပြည်ပနိုင်ငံကြီးတွေရဲ့ထောက်ခံမှုကိုတော့ စစ်အုပ်စုကမမှုပါ။ လူထုသာ အခရာကျပါတယ်။ လူထုကသာ သမိုင်းကိုဖန်တီးပါတယ်။
မျိုးမြင့်ချို။ မတ် ၆ ။ ၂၀၂၃

s