Friday, February 26, 2016

ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက်

0 comments
ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက် (ဗမာပြည်ကွန်မြူနစ်ပါတီ ၀ဘ်ဆိုက်မှ ကူးယူဖော်ပြသည်။)
*********************************************
”အခုတလော အပြောများနေကြတဲ့ ဂိုရှယ်စစ်တမ်းဆိုတာ တကယ်ရှိသလား”
ဒါနဲ့ပတ်သက်ပြီး ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလထုတ် ပြည်သူ့အာဏာဂျာနယ် အမှတ် (၁၁) မှ ဆောင်းပါးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက်
ဂျာမနီနိုင်ငံ၊ ဟင်းဘတ်မြို့တွင် သိမ်းဆည်းထားသော သုတေသနအချက်အလက် ဖိုင်တွဲများအထဲတွင် “ဗမာပြည်ရှိ ကွန်မြူနစ်ဝါဒနှင့်ပတ်သက်သော စာရွက်စာတမ်းများ ၁၉၄၅ – ၁၉၇၇ ခုနှစ်” ဟူသည့် ဖိုင်တွဲတတွဲ ရှိသည်။ ယင်းဖိုင်တွဲ၏ စာမျက်နှာ ၈၃ တွင် “ဗမာပြည် မျက်မှောက်နိုင်ငံရေးအခြေအနေနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းတာဝန်များ” ရေးသူ ဗတင်၊ ၁၉၄၈ ခုနှစ်၊ မတ်လ (?) ဟူသော စာတမ်းစောင်လည်း ပါရှိသည်။ ဗမာပြည်ကွန်မြူနစ်ပါတီအကြောင်း အထူးသဖြင့် ပြည်တွင်းစစ် စတင်ပေါ်ပေါက်မှုအကြောင်း ရေးသားပြောဆိုကြရာတွင် အနောက်တိုင်းမှ စာရေးသူများရော၊ ဗမာပြည် အုပ်စိုးသူလူတန်းစားအား ကိုယ်စားပြုရေးသူများပါ ဤစာတမ်းကို မကြာခဏ ကိုးကားလေ့ရှိကြသည်။ ဤစာတမ်းနှင့်ပတ်သက်ပြီး ထိုစဉ်က ကောင်းကောင်းသိရှိသူတဦး၏ ရှင်းပြချက်ကို အောက်တွင်ဖော်ပြလိုက်ပါသည်။
အဲဒီစာတမ်းထဲမှာပါတဲ့ အယ်ဒီတာရဲ့မှတ်ချက်များ၊ စာမျက်နှာ ၁၂၂ မှာ စာတမ်းရေးသူအကြောင်း အခုလို ဖော်ပြထားတယ်။ “၁၉၄၆ ခုနှစ်၊ သြဂုတ်လတွင် သခင်ဗဟိန်း၏ ငှက်ဖျာရောဂါ ပိုမိုဆိုးဝါးလာသောအခါ၌ သူ (ရဲဘော်ဗတင်) သည် ဗမာပြည်၏ အဓိကသဘောတရားရေးဆရာ ဖြစ်လာလေသည်။”
ဒါမမှန်ပါဘူး။ သခင်ဗဟိန်းဟာ ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ကွယ်လွန်သွားပါတယ်။ သခင်စိုး ပါတီခွဲထွက်သွားပြီးတဲ့နောက် ဗဟိုကော်မတီအစည်းအဝေးကနေ သခင်ဗသိန်းတင်ကို နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးခဲ့ပါတယ်။ အဲဒီအချိန်အထိ ရဲဘော်ဗတင် (ဂိုရှယ်) ဟာ ရန်ကုန်ကို ရောက်မလာသေးပါဘူး။ သူဟာ ၁၉၄၇ ခုနှစ် အဆန်းပိုင်းကျမှ ရန်ကုန်ကို ရောက်လာတာ ဖြစ်ပါတယ်။ နောက်ပြီး ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလအကုန်၊ ဖေဖော်ဝါရီလဆန်းလောက်မှာမှ သခင်သိန်းဖေ (သိန်းဖေမြင့်) ကို ပါတီက အရေးယူပြီး ရဲဘော်ဗတင်ကို နိုင်ငံရေးဦးဆောင်အဖွဲ့ထဲမှာ ထည့်တာပါ။
ဒါနဲ့တဆက်တည်း ပြောလိုက်ချင်တာက ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ဘရောက်ဒါဝါဒဟာ မှားတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့သာ အာဏာသိမ်းနိုင်မယ်ဆိုတာကို ၁၉၄၆ ခုနှစ် ဒုတိယနှစ်ဝက်ထဲမှာ (သခင်စိုးတို့ ခွဲမထွက်မီ) ပြုလုပ်တဲ့ ဗဟိုကော်မတီအစည်းအဝေးတခုကနေ ဆုံးဖြတ်ခဲ့ပါတယ်။ ဘရောက်ဒါဝါဒလမ်းစဉ်ကို ပြင်ရာမှာ အိန္ဒိယကွန်မြူနစ်ပါတီက ကျနော်တို့ပါတီထက် နောက်ကျပါတယ်။ သူတို့က ၁၉၄၇ ခုနှစ်ထဲမှာမှပါ။
စာမျက်နှာ ၁၂၃ မှာတော့ “အိန္ဒိယကွန်မြူနစ်ပါတီသည် သခင်သန်းထွန်းနှင့် သခင်ဗတင် (ဝါ) ဂိုရှယ်တို့ ပါဝင်တက်ရောက်သည့် ဗဟိုကော်မတီအစည်းအဝေးတခုတွင် ယင်းပေါ်လစီသစ်ကို ချမှတ်ခဲ့သည်။ အချို့သော စာရေးသူများ၏ အဆိုအရဆိုလျှင် ဂိုရှယ်သည် ‘၁၉၄၈ ခုနှစ်၏ တော်လှန်ရေးအလားအလာများ’ ဆိုသော စာတမ်းကို ဤကာလအတွင်း ရေးခဲ့ခြင်းဖြစ်ပြီး အချို့ခေါင်းဆောင်များနှင့်ပင် ဤအကြောင်း ဆွေးနွေးခဲ့သည်” လို့ ရေးထားပါတယ်။
ဒါလည်း လုံးဝမဟုတ်ပါဘူး။ ပါတီတခုရဲ့ ဗဟိုကော်မတီအစည်းအဝေးကို တခြားပါတီတခုကလူတွေ တက်လို့ ဘယ်ရလိမ့်မလဲ။ ကျနော်တို့ဆီက ဘယ်သူမှ သွားမတက်ပါဘူး။
အဲဒီအောက်က စာပိုဒ်မှာ “ထို့နောက် သခင်သန်းထွန်းနှင့် ဂိုရှယ်တို့သည် အရှေ့တောင်အာရှ လူငယ်ကွန်ဖရင့်နှင့် ယင်းနောက်တွင် ဆက်တိုက်ပြုလုပ်သော ဖေဖော်ဝါရီလ အိန္ဒိယကွန်မြူနစ်ပါတီ၏ ကွန်ဂရက်တို့သို့ တက်ရောက်ခဲ့ကြသည်။” လို့ ပါခဲ့ပါတယ်။
ဒါလည်း လုံးဝမဟုတ်ပါဘူး။ သခင်သန်းထွန်းနှင့်သခင်ဗသိန်းတင်တို့ဟာ အိန္ဒိယကွန်မြူနစ်ပါတီရဲ့ ကွန်ဂရက်ကို သွားတက်ကြတာပါ။ ကွန်မြူနစ်ခေါင်းဆောင်တွေအနေနဲ့ လူငယ်ကွန်ဖရင့်တခုသို့ သွားတက်လို့ မဖြစ်ပါဘူး။ ဒါကြောင့် သွားလည်းမသွားခဲ့ပါဘူး။ လူငယ်ကွန်ဖရင့်ကို သွားတက်ခဲ့တာဟာ ရဲဘော်အောင်ကြီးတို့ ဗိုလ်အောင်မင်းတို့ ဖြစ်ပါတယ်။ နောက်ပြီး တချို့လူတွေ ရေးကြပြောကြသလို ဒီလူငယ်ကွန်ဖရင့်ကနေ အာရှတိုက်အတွင်း လက်နက်ကိုင်တိုက်ပွဲ လုပ်ရမယ်လို့ ဆုံးဖြတ်တယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ ကွန်မြူနစ်ပါတီတွေအတွက် လုပ်ငန်းစဉ်၊ လမ်းစဉ်ကို လူငယ်ကွန်ဖရင့်က ဆုံးဖြတ်ချမှတ်တယ်ဆိုတာ လုံးဝအဓိပ္ပာယ်မရှိတဲ့ဟာပဲ။
တကယ်က ဒီလိုလုပ်ကြံဖန်တီးမှုတွေဟာ ကျနော်တို့ပါတီကို “အိန္ဒိယပါတီရဲ့ နောက်လိုက်” “နိုင်ငံခြားပါတီတွေရဲ့ ညွှန်ကြားချက်အတိုင်း လုပ်နေသူ” “ပြည်တွင်းစစ်ကို အစီအစဉ်ရှိရှိ ဖန်တီးခဲ့သူ” စသဖြင့် အမနာပ သွားပုပ်လေလွင့် ပြောတာတွေ ဖြစ်ပါတယ်။ အခု ပြောခဲ့တဲ့ အချက်အလက်တွေကို ကြည့်ရင်ပဲ ရှင်းနေပါတယ်။ ဒီနေရာမှာ နောက်ထပ် အချက်တချက် ဖြည့်ပြီးပြောပါရစေ။
၁၉၄၈ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ရဲဘော်ဗတင်က အိန္ဒိယကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ကို ခဏသွားချင်တယ်လို့ ပါတီကို တင်ပြလို့ ကျန်တဲ့နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် နှစ်ဦးက သဘောတူလိုက်ကြပါတယ်။ သူ ဘုံဘေကို ရောက်ပြီးတော့ အိန္ဒိယကွန်မြူနစ်ပါတီက ထုတ်တဲ့ “ပြည်သူ့ခေတ်” (People’s Age) ဂျာနယ်ထဲမှာ ရဲဘော်ဗတင် ရေးတယ်ဆိုတဲ့ “မျက်မှောက်အခြေအနေနှင့် လုပ်ငန်းတာဝန်များ” ဆိုတဲ့ စာတမ်း ပါလာပါတယ်။ အဲဒီစာတမ်းမှာ “ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လမ်းစဉ်ဟာ လက်ယာကျနေတယ်။ ဒါကြောင့် ပြင်ရမယ်” ဆိုတဲ့သဘောမျိုး ပါဝင်ပါတယ်။
ကျနော်တို့ပါတီအနေနဲ့ ၄၆ ခုနှစ်ထဲမှာပဲ ဘရောက်ဒါဝါဒကို စွန့်ပစ်ခဲ့ပြီပဲ။ အခု ဒီဆောင်းပါးဟာ ပါတီကို အသိမပေးဘဲ ပါတီလမ်းစဉ်ကို ဆန့်ကျင်ပြီး ရေးသားတာဖြစ်လို့ ရဲဘော်ဗတင်ကို နိုင်ငံရေးဦးဆောင်အဖွဲ့နဲ့ ဗဟိုကော်မတီတို့က ဒါနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ကြတယ်။ ဒီအရင်လေးတင်ကပဲ သခင်သိန်းဖေဟာ နေးရှင်းသတင်းစာ တစောင်ထဲကနေ ပါတီကို တိုက်ခိုက်ရေးသားလို့ အရေးယူခဲ့ရပြီးပြီ။ ရဲဘော်ဗတင်က ဒီဆောင်းပါးကို သူရေးတာ မဟုတ်ပါဘူး။ အိန္ဒိယကွန်မြူနစ်ပါတီ ခေါင်းဆောင်တယောက်က သူ့နာမည်နဲ့ ရေးတာပါလို့ ပြန်လည်ရှင်းပြတာနဲ့ ဒီကိစ္စ ဒီတင်ရပ်သွားခဲ့ပါတယ်။
စဉ်းစားကြည့်ပါ။ ဂိုရှယ်စစ်တမ်းဆိုတာ တကယ်ရှိခဲ့ရင် ၁၉၄၈ ခုနှစ် မတ်လထဲမှာ တောက်လျှောက်လုပ်နေတဲ့ (ညတိုင်းပဲ) ဗဟိုကော်မတီအစည်းအဝေးတွေမှာ သူက ဘာဖြစ်လို့ “သပိတ်စုံ သူပုန်ထ” အယူအဆကို တင်နေမလဲ။ ဒီအယူအဆဟာ ဂိုရှယ်စစ်တမ်းဆိုတာထဲက စိတ်ဓာတ်နဲ့ တခြားစီပဲ။ ရန်သူက မတ်လ ၂၈ ရက်နေ့မှာ လက်နက်နဲ့ စတင်ဖိနှိပ်လာတဲ့နောက် ရန်ကုန်၊ ကျောက်ကြီးပေါက်၊ စွယ်တော်မြိုင်တို့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးလေးကြိမ်မှာလည်း ရဲဘော်ဗတင်ဟာ “ကျေးလက်အခြေခံ – မြို့ကိုဝိုင်း” ဆိုတဲ့လမ်းစဉ်ကို တောက်လျှောက်ဆန့်ကျင်ခဲ့တယ်။
တကယ်ဆိုတော့ ဂိုရှယ်စစ်တမ်းဆိုတာ နှုတ်နဲ့သော်လည်းကောင်း၊ စာနဲ့သော်လည်းကောင်း လုံးဝမရှိခဲ့ပါဘူး။ ပြည်တွင်းစစ်ဖြစ်ရေးဆိုတာ ဘယ်တုန်းကမှ ပါတီရဲ့လမ်းစဉ် မဖြစ်ခဲ့ပါဘူး။ အဲဒီတုန်းက ပါတီရဲ့ လက်နက်ကိုင်တိုက်ပွဲ မြားဦးဟာ နောက်ဆုံးအချိန်အထိ အင်္ဂလိပ်နယ်ချဲ့သမားပဲ။ ပြည်တွင်းစစ် မဟုတ်ဘူး။ ဒီနောက်ဆုံးတိုက်ပွဲ လမ်းစဉ်ကိုလည်း တပြည်လုံးအနှံ့ တရားဝင်ဖြန့်ထားတာပဲ။
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သမိုင်းနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပ ဖောက်ပြန်ရေးသမားတွေက လီဆယ်ထားကြတာ၊ လူထုတွေ ယုံမှတ်မှားနေကြတာ မနည်းပါဘူး။ တခြားလည်း ရှိပါသေးတယ်။ နောင် အလျင်းသင့်ရင် သင့်သလို ပြောသွားကြတာပေါ့။ …………….။

တခြားကမ္ဘာက ဂြိုဟ်သားများ(ရဲဘော်အောင်သော်)

0 comments
တခြားကမ္ဘာက ဂြိုဟ်သားများ

ဗမာပြည်က တောနဲ့မြို့ကြားမှာ ချောက်ကမ်းပါးကြီးခြားနေတယ်။ အဲဒီချောက်ကမ်းပါးကြီးက ချမ်းသာ၊ ဆင်းရဲ ကွာဟချက် ချောက်ကမ်းပါးကြီး။ တောနဲ့မြို့ဟာ ကမ္ဘာတခုစီက လူတွေလို ဖြစ်နေတယ်။ တောကလူတွေ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုစား၊ ဘယ်လိုသောက်၊ ဘယ်လိုတွေး၊ ဘယ်လိုခေါ်သလဲဆိုတာကို မြို့ကလူတွေ နားမလည်နိုင်ဘူး။ မြို့ကလူတွေနဲ့ ပတ်သက်ရင်လည်း တောကလူတွေရဲ့ စိတ်ထဲမှာ အလားတူ။ တပြည်တည်းနေ၊ တရေတည်း သောက်၊ တမြေတည်းမှာ ကြီးပြီး လူလူချင်း အဆင့်အတန်း ကွဲပြားကွာဟနေတာဟာ ရင်နာစရာလည်း ကောင်းတယ်။ အဲသလို အဆင့်အတန်းကွာဟ ကွဲပြားတဲ့စနစ်ကို သိသိနဲ့ လျစ်လျူရှု မသိဟန်ဆောင်နေကြတာဟာလည်း ရှက်စရာ ကောင်းတယ်။
ဘဝချင်းသိပ်ကွာတယ်။ ဘာ့ကြောင့်ကွာသလဲလို့ မေးရင် မွေးတဲ့နေရာမှားလို့ ကွာတယ်လို့ ဆိုရတော့မလိုဖြစ်နေတယ်။ အင်္ဂလိပ်စကားလုံးမှာတော့ အဲသလို မွေးရပ်ကလေး ကွာသွားတာနဲ့ ဖြစ်ပေါ်လာမယ့် ဘဝတခုလုံး၊ အနာဂတ်တခုလုံး၊ ကံကြမ္မာတခုလုံး အစစအရာရာ ကွဲပြားသွားတာကို Accident of Birth ကြောင့် ဘဝချင်းခြားနားသွားရတယ်လို့ ပြောလေ့ရှိကြတယ်။ သူမွေးချင်ရာ မွေးတဲ့သဘောကြောင့် ဘဝချင်းကွာ ခြားသွားရတယ်ဆိုတဲ့ သဘောပေါ့။
တောဟာ အမှောင်ကျနေတယ်။ ဒါဟာ တင်စားပြောတဲ့စကား မဟုတ်ဘူးဆိုတာ တောမှာ နေဖူးရင် သိနိုင်ပါတယ်။ တောမှာ လျှပ်စစ်မီးမရှိဘူး။ နေဝင်တာနဲ့ အမှောင်ကျတော့တာပဲ။ အရင်ခေတ်တုန်းက ရေနံဆီ မီးခွက်။ နောက်တော့ ဖယောင်းတိုင်။ အခုတော့ ဘက္ထရီနဲ့ ဖယောင်းတိုင် တွဲသုံးတဲ့ ခေတ်ဆိုပါတော့။ ဒါပေမဲ့ ဘယ်ခေတ်တုန်းကမှာ ညအတွက် လောင်စာဟာ လုံလုံလောက်လောက် မရခဲ့ဘူး။ အမှောင်ကိုခွင်း အလင်းကို ဆောင်ဖို့ရာ ငွေကိုမီးရှို့ ထွန်းညှိရမလို ဖြစ်နေတယ်။ မြို့ကလူတွေ တောကိုလာရင် မနေတတ်မထိုင်တတ်ကြဘူး။ တောဆိုတာ အမှောင်တကယ်ကျနေပါလားဆိုတာကို သူတို့ ရင်ထဲအသည်းထဲကနေ စွဲစွဲမြဲမြဲ သိသွားတတ်ကြတယ်။
တလောက လွှတ်တော်မှာ အငြင်းပွားမှုတခု ဖြစ်သွားတယ်။ နေပြည်တော်လျှပ်စစ်မီးအတွက် သန်း (၁၀၀၀) အသုံးပြုဖို့ ဘတ်ဂျက်တင်တာကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွှတ်တော် အမတ်တယောက်က တဝက်လောက် ဖြတ်တောက်ပြီး ကျေးရွာမီးလင်းရေး ဆောင်ရွက်ဖို့ ကန့်ကွက်တဲ့ သတင်းပါ။ စစ်အာဏာရှင်တွေရဲ့ တကိုယ်ကောင်းဆန်မှုနဲ့ မတော်လောဘကတော့ အလွန့်ကို မသိသားဆိုးဝါးလွန်းလှပါတယ်။ သူတို့အတွက် မီးထိန်ထိန်လင်းနေတာကိုတောင် အားမရနိုင်ဘဲ သူတို့နေပြည်တော်လျှပ်စစ်မီးအတွက် ငွေသန်းပေါင်းများစွာကို မတန်တဆ တောင်းထားလိုက်ပြန်ပါသေးတယ်။ လောဘဟာ အတောမသပ်နိုင်လောက်အောင် ဖြစ်နေပါတယ်။ ဒီအချိန်မှာ တောကလူတွေ ဘယ်လိုနေနေကြသလဲဆိုတာကို သူတို့လုံးဝ ထည့်မစဉ်းစားပါဘူး။
လျှပ်စစ်ရှိတဲ့ဘဝနဲ့ လျှပ်စစ်မရှိတဲ့ဘဝဟာ သိပ်ခြားနားပါတယ်။ လျှပ်စစ်မရှိရင် အလင်းရောင်မရှိဘူး။ လျှပ်စစ်မီးမရှိရင် ရေခဲသေတ္တာမရှိဘူး။ လျှပ်စစ်မီးမရှိရင် လျှပ်စစ်မီးပူ မရှိဘူး။ လျှပ်စစ်မီးမရှိရင် လျှပ်စစ်မီးဖို မရှိဘူး။ ဒါက သိပ်ထင်ရှားတဲ့ အချက်လောက်ကိုသာ ပြောပြတာပါ။ နောက်ထပ်အများကြီး ရှိသေးတယ်ဆိုတာကို မြို့နေလူတန်းစားတွေ သိကြပါတယ်။
အာဏာရှင်ဆိုသူတွေက လျှပ်စစ်မီးတွေကို အလျှံပယ် အလွန်အကျူး ဖောချင်းသောချင်း အသုံးပြုနေချိန်မှာ တောကလူတွေကတော့ ငါတို့ဘဏ္ဍာငွေတွေကိုသုံးပြီး သူတို့ ပျော်ပါးနေကြပါလား၊ သူတို့ အပျော်ကြူးနေကြပါလားလို့တောင် စောဒက တက်ရကောင်းမှန်း မသိကြရှာဘူး။ သို့မဟုတ် စောဒကတက်ချင်သူ ရှိရင်လည်း သူတို့အသံကို မြန်မာပြည်သူအများကရော၊ ကမ္ဘာကရော မကြားကြဘူး။ တောကလူတွေ အပါအဝင် တနိုင်ငံလုံးပြည်သူတွေနဲ့ ဆိုင်တဲ့ဘဏ္ဍာငွေကို သူတို့နေပြည်တော်အတွက် ခြုံပုတ်ကအစ လင်းအောင် အလျှံပယ် အသုံးပြုနေချိန်မှာ ငါတို့ကိုတော့ မီးနဲ့ မထိုက်တန်တဲ့ ကျောက်ခေတ်ဂူအောင်းလူသား တွေလိုများ သဘောထားနေကြသလားဆိုတာကို တောကလူတွေ စောဒကတတ်ကြတာမျိုးကို ဘယ်မှာမှ မကြားရဘူး။ ဒီနေ့လို လူမှုကွန်ရက်မှာ အရပ်သားဂျာနယ်လစ်ဇင် citizen journalism ထွန်းကားပေါ်ပေါက်နေပါတယ်ဆိုတဲ့ ခေတ်ကြီးမှာတောင် အဲသလို စောဒက တက်သံမျိုး စိုးစဉ်းမှ မကြားရဘူး။
ဒါပဲ ကွာသလားဆိုတော့ မဟုတ်ဘူး။ အများကြီး ကွာခြားသေးတယ်။ တောဆိုရာမှာလည်း တောအကြီး အသေး ရှိသေးတယ်။ အကြီးအသေးကိုလိုက်ပြီး ထပ်ပြီး အဆင့်အတန်း ကွဲပြားကွာခြားတယ်။
တောမှာ ဆေးရုံမရှိဘူး။ ဆေးပေးခန်းမရှိဘူး။ ဒီ့ထက်ပိုပြီး ကံမကောင်းအကြောင်းမလှတာက တောအရပ်တော်တော်များများမှာ မြွေဆိုးတွေကလည်း ရှိနေတတ်ကြတယ်။ မြွေကိုက်ခံရပြီး ဆေးအချိန်မမီလို့ သေကြရတဲ့သူတွေဟာ တောအရပ်မှာ ဒီနေ့အထိ ဒုနဲ့ဒေး။ မြန်မာနိုင်ငံမှာ မြွေကိုက်ပြီး ဆေးမကုနိုင်လို့ လူတွေ သေနေတာကို နိုင်ငံရပ်ခြားက သာမန်အရပ်သား တယောက်ကြားရင် သိရင် သိပ်အံ့သြမယ်။ မြန်မာပြည်ဆိုတာ ကျောက်ခေတ်ထဲက ရွာတရွာ ပါလားလို့ ထင်သွားမယ်။
တောမှာ ရဲစခန်းမရှိဘူး။ တောမှာစာတိုက်ပုံးမရှိဘူး။ တောကို စာပို့သမားမလာဘူး။ တောကို သတင်းစာ ပို့တဲ့လူမလာဘူး။ တောကို ဂျာနယ်ရောင်းတဲ့သူ မလာဘူး။ တောမှာ လက်ဘက်ရည်ဆိုင် မရှိတဲ့ရွာတွေ ကနေ့အထိ ဒုနဲ့ဒေး။ တောမှာ ဈေးမရှိတဲ့ရွာတွေ ဒီနေ့အထိ အနတဂ္ဂမ။ တောမှာပိုက်ဆံရှိရင်တောင် အသားဝယ်စားလို့ မရတဲ့တောတွေအများကြီး။
တောမှာရုပ်ရှင်ရုံမရှိဘူး။ ဗီဒီယိုရုံတောင် အနိုင်နိုင်။ တောမှာ ကာရာအိုကေမရှိဘူး။ တောမှာ ဗြူတီပါလာ မရှိဘူး။ တောမှာ ဖာလူဒါနဲ့ရေခဲမုန့်မရှိဘူး။
အဲသလိုတောဟာ တောကြီးမျက်မည်းနဲ့ မတူပေဘူးလား။
နိုင်ငံရေးသမားတွေဟာ တောကို ယောင်လို့တောင် လှည့်မကြည့်ခဲ့ကြဘူး။ ရွေးကောက် ပွဲနီးလို့ မဲလိုချင်မှသာ မလွဲသာမရှောင်သာ တောကိုဆင်းလာကြတယ်။ ကြံ့ခိုင်ရေးအမတ် ဦးလှဆွေကဆိုရင် တောမှာ သူတို့ခေတ်ကျမှ ဆိုင်ကယ်တွေရှိလာပြီ၊ မိုဘိုင်းဖုန်းတွေရှိလာပြီ၊ တောသူတွေ ခေါင်းလျှော်ရည်သုံးနိုင်လို့ သန်းမရှိတော့ဘူးဆိုပြီး မရှက်မကြောက် ပြောသွားလိုက်ပြန်သေးတယ်။ ဆိုင်ကယ်တို့ မိုဘိုင်းဖုန်းတို့ဆိုတာ တကမ္ဘာလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေဟာ ထိန်းမနိုင်သိမ်းမရ ပြည့်လျှံလာလို့ မလွဲမရှောင်သာ တောအထိ စီးကျလာတယ်ဆိုတာ လူတိုင်းသိတယ်။ သူတို့အစိုးရသာ မတန်တဆဈေးတင်ပြီးမထားရင်၊ မြန်မာ့ဆက်သွယ်ရေးက မတန်တဆ အမြတ်ထုတ် ဂုတ်(ကုပ်)သွေးစုပ်မထားခဲ့ရင် လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂၀ ကတည်းက တောသူ တောင်သားတွေ တယ်လီဖုန်းကိုင်နိုင်တယ်ဆိုတာ လူတိုင်းသိပါတယ်။
ဘာ့ကြောင့် တောနဲ့မြို့ဒီလောက်တောင် ကွာခြားရသလဲ။
အချက်နှစ်ချက်ရှိတယ်။ တခုက လူရဲ့ပယောဂ။ တခုက ရုပ်ပတ်ဝန်းကျင်ရဲ့သဘာဝ။ တနည်းအားဖြင့် ပြောရရင်တော့ အတ္တဘာဝနဲ့ ပကတိဘာဝ။
လူရဲ့ပယောဂဆိုတာကတော့ အားမနာတမ်းမညှာတမ်းပြောရရင် အာဏာရှင်တွေ အသုံးမကျလို့ပဲ။ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်အောက်မှာ စစ်အစိုးရတွေဟာ ဗမာပြည်ရဲ့ လူဦးရေ အများစုဖြစ်တဲ့ လယ်သမားပြည်သူတွေဘက်က ရပ်တည်တာ၊ အကျိုးပြုတာ၊ ကာကွယ်စောင့်ရှောက်တာ၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးတာတွေ မရှိလို့ပဲ။ လူကို လူလို မမြင်တတ်လို့ပဲ။ နေချင်သလိုနေ၊ သေချင်သလိုသေဆိုပြီး ဂရုမစိုက်ဘဲ ပစ်ထားလို့ပဲ။ တကယ်ဆို တောကို တိုးတက်အောင် လမ်းဖောက်ပေးလို့ရတယ်။ တကယ်ဆို တောကိုတိုးတက်အောင် ကျောင်းဆောက်ပေးလို့ရတယ်။ တကယ်ဆို တောကို တိုးတက်အောင် ဆေးခန်းဖွင့်ပေးလို့ရတယ်။ တကယ်ဆို တောကို တိုးတက်အောင် စာကြည့်တိုက် ထောင်ပေးလို့ရတယ်။ တကယ်ဆို တောကိုတိုးတက်အောင် စာတိုက်ပုံး ထောင်ပေးလို့ရတယ်။ တကယ်ဆို တောကိုတိုးတက်အောင် သတင်းစာပို့ပေးလို့ရတယ်။ တကယ်ဆို တောကိုတိုးတက်အောင် ရုပ်ရှင်ရုံတွေ ဆောက်ပေးလို့ရတယ်။ တကယ်ဆို တောကိုလုံခြုံအောင် ရဲစခန်းတွေ ထားပေးလို့ရတယ်။ အာဏာရှင်အစိုးရဟာ ဒါတွေကို တခုမှ လုပ် မပေးဘူး။ လုပ်မပေးတဲ့အပြင် တောက လူတွေရဲ့ လယ်ယာမြေတွေကို စစ်အုပ်စုနဲ့ ခရိုနီတွေ၊ အစိုးရအာဏာပိုင်တွေက မြေနိမ့်ရာ လှံစိုက် အဓမ္မလုယက်သိမ်းပိုက်တာ တပြည်လုံး ဧက သိန်းသန်းချီ ရှိနေတော့ တောကလူတွေရဲ့ အခြေအနေဟာ ဆိုးသထက်ဆိုးရွားသွားတယ်။ ဒီလူတွေဆီကတောင်းထားတဲ့ အခွန်အတုတ်တွေကို သူတို့နေတဲ့နေရာတွေမှာပဲဖို့တယ်။ ဒီလူတွေဆီက တောင်းထားတဲ့ အခွန်အတုတ်တွေကို သူတို့ပါးစပ်ပေါက်ထဲပဲ ဖြည့်ပစ်တယ်။ ဒီလူတွေဆီက ရတဲ့အခွန် အတုတ်တွေကို သူတို့သားသမီးအတွက်ပဲ သုံးတယ်။ ဒါ့ကြောင့် အလုပ်တကယ်လုပ်ရတဲ့ တောသူတောင်သား လယ်သမားတွေဟာ ဆင်းရဲသားနင်းပြားဘဝက မတက်နိုင်ကြဘူး။
တောနဲ့မြို့ ခြားနားကွာခြားရခြင်းရဲ့ နောက်ထပ် အကြောင်းရင်းတခုကတော့ စီးပွားရေးပဲ။ ဒါက လူ့ပယောဂကြောင့် မဟုတ်တဲ့ ပကတိဘာဝ။ တောရဲ့ စီးပွားရေးက မြို့စီးပွားရေးရဲ့ လက်အောက်ခံဖြစ်နေလို့ပဲ။ တောဟာ မြို့ရဲ့ လက်အောက်ခံဖြစ်နေလို့ပဲ။ တောကကုန်ဟာ မြို့ကနေတဆင့် ကုန်သွယ်ရောင်းဝယ်နေရလို့ပဲ။ တောက ကုန်ထုတ်လုပ်သူတွေကို မြို့နေအရင်းရှင်လူတန်းစားက သွေးစုပ်ခေါင်းပုံဖြတ်မှု ရှိနေလို့ပဲ။ တောက ထွက်တဲ့သီးနှံဟာ စိုက်ပျိုးသူထုတ်လုပ်သူ တောင်သူလယ်သမားနဲ့ဝေးသွားလေလေ ဈေးမြင့်သွားလေလေ၊ အဖိုးတန်လေလေ ဖြစ်သွားတယ်။ တောသူတောင်သားတွေဟာ လုပ်လိုက်ကြရတာက သေကောင် ပေါင်းလဲ။ ရောင်းချရငွေက တပြားနှစ်ပြား။ စားရသောက်ရပြန်တော့ မဝရေစာပဲ။
တောရဲ့စီးပွားရေးနိမ့်ကျရခြင်းအကြောင်းဟာ ပကတိဘာဝ ဒါမှမဟုတ်ရုပ်ပတ်ဝန်းကျင်ရဲ့ ဖြစ်တည်မှုလို့ဆိုပေမယ့် ဒီနေရာမှာလည်း လူရဲ့ ပယောဂကတော့ အများကြီး ပါပြန်တယ်။ တောကလူတွေအတွက် အစိုးရ အာဏာပိုင်တွေက လုံလောက်တဲ့ စောင့်ရှောက်မှု၊ ကူညီမှု မပေးတာဟာ အဓိကအကြောင်းရင်းကြီးတခုပဲ။ စပါးဈေး၊ သီးနှံဈေး ထိန်းညှိပေးရမယ့် တာဝန်တွေကို အစိုးရအာဏာရှင်တွေ ပျက်ကွက်ခဲ့ကြတယ်။ အမတော်ကြေး အကူအညီတွေ လုံလုံလောက် လောက်ပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ မြေသြဇာတွေ ပိုးသတ်ဆေးတွေပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ နည်းပညာတွေပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ စက်မှုလယ်ယာဖြစ်အောင် ကူညီတည်ဆောက်ပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ သူတပါး တိုင်းပြည်တွေမှာ လယ်ကို နွားနဲ့ မထွန်၊ စက်နဲ့ထွန်ခဲ့ကြတာ နှစ်ပေါင်းရာနဲ့ချီ ကြာခဲ့ပြီ။ လက်နဲ့မရိတ်၊ စက်နဲ့ရိတ်နေကြတာ နှစ်ပေါင်းရာနဲ့ချီကြာခဲ့ပြီ။ လက်နဲ့မလှေ့ စက်နဲ့လှေ့နေကြတာ နှစ်ပေါင်းရာနဲ့ချီကြာခဲ့ပြီ။ ဒါတွေ ဗမာပြည်မှာ ဘာလို့ မရှိသလဲ။ ဆင်းရဲလို့ဆိုတာ လုံလောက်တဲ့ အကြောင်းပြချက်လား။ သဘာဝဓာတ်ငွေ့တွေ၊ ရေနံတွေ ရောင်းလို့ရတဲ့ငွေတွေ ဘယ်ရောက်ကုန်သလဲ။ ကျောက်စိမ်းတွေ၊ ပတ္တမြားတွေရောင်းလို့ရတဲ့ငွေတွေ ဘယ်ရောက်ကုန်သလဲ။ သစ်တွေ ရောင်းလို့ရတဲ့ငွေတွေ ဘယ်ရောက်ကုန်သလဲ။ ငါးတွေ ပုစွန်တွေ ရောင်းလို့ရတဲ့ငွေတွေ ဘယ်ရောက်ကုန်သလဲ။ ကမ္ဘာမှာ ကျောက်စိမ်းထွက်တဲ့ တခုတည်းသောနိုင်ငံ၊ ကမ္ဘာမှာ အကောင်းဆုံးပတ္တမြား ထွက်တဲ့နိုင်ငံ၊ ကမ္ဘာမှာ အကောင်းဆုံးကျွန်းသစ်၊ တမလန်း၊ ပိတောက် ထွက်တဲ့နိုင်ငံမှာ တိုင်းပြည်ဆင်းရဲလွန်းလို့ လယ်သမားတွေက အခုထိ လယ်ထွန်စက်မသုံးနိုင်ကြသေးဘူးဆိုတာ ရင်နာစရာအဖြစ်အပျက်ကြီး မဟုတ်လား။
တောဆိုရာမှာ ကျေးလက်ဆိုရာမှာ ဗမာကျေးလက်ကိုသာ ဆိုလိုနေတာမဟုတ်ဘူး။ တနိုင်ငံလုံးက ကျေးလက်တွေကို ပြောနေတာ။ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ကျေးလက်ကို ဆိုလိုတာ ဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ ဒေသမှာဆိုရင် ပိုပြီး ဆိုးဝါး၊ ပိုပြီး အနိုင်ကျင့်ခံရပါသေးတယ်။
ဒါပေမဲ့ လယ်သမားတွေရဲ့ ဘဝဟာ နှစ်ပေါင်းများစွာ အဖိနှိပ်ခံရလွန်းလို့ လယ်သမားအချင်းချင်း စုပေါင်းသင်းဖွဲ့ပြီး ခုခံကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်ဓာတ်နိုးကြားတဲ့ အခြေအနေကိုတောင် ပြည့်ပြည့်ဝဝ မရောက်လာကြသေးဘူး။ ဗမာပြည်မှာ လယ်သမားစစ်စစ်တွေက ကိုယ်တိုင်ဖွဲ့ထားတဲ့ လယ်သမားသမဂ္ဂဘယ်နှခုရှိနေပါပြီလဲ။
လယ်သမားသမဂ္ဂဘယ်နှခုက ကိုယ့်လိုလားချက်အတွက် တောင်းဆိုဆန္ဒပြနိုင်ကြပြီလဲ။ လယ်သမားသမဂ္ဂဟာ အလုပ်သမားသမဂ္ဂလက်အောက်ခံမဟုတ်ဘဲ လယ်သမားသမဂ္ဂစစ်စစ်ဖြစ်ရမယ်လို့များ တောင်းဆိုအော်ဟစ်တာကို ကျွန်တော်တို့ ကြားကြရပါပြီလား။ မြို့နယ်လုံးဆိုင်ရာ လယ်သမားသမဂ္ဂ ဘယ်နှခုရှိပြီလဲ။ လယ်သမားစစ်စစ်တွေကိုယ်တိုင်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂ ဘယ်တော့များကျမှ ပေါ်လာမှာပါလဲ။ မြန်မာပြည်မှာ လယ်သမားလူတန်းစား ပါတီဆိုတာမျိုးရော တရားဝင် ရပ်တည်ဖွဲ့စည်းထားတာ ရှိပါပြီလား။
ဒါဟာ တောအတွက် တောင်သူလယ်သမားတွေအတွက် အသက်တမျှ အရေးကြီးတဲ့ မေးခွန်းပုစ္ဆာတွေပါပဲ။ ဘယ်လူတန်းစားမဆိုဟာ ကိုယ့်လွတ်မြောက်မှုအတွက် ကိုယ်တိုင်မလုပ်ဘဲ ရမှာမဟုတ်ဘူး။ ကိုယ်နဲ့ဘဝတူချင်း စုစည်းခုခံတာ၊ စုစည်းတောင်းဆိုတာ၊ စုစည်းတိုက်ပွဲဝင်တာ မရှိရင် ဘာတခုမှ ရမှာမဟုတ်ဘူး။
အခုခေတ်ပြောင်းပြီလို့ ဆိုသူတွေကဆိုနေကြတယ်။ အရင်းရှင်စနစ်ဟာ တံခါးခေါက်နေပြီ။ Cargill လို Monsanto လို နိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေက လယ်သမားတွေကို လည်လှီးဖို့ ဓားသွေးနေကြပြီ။ အင်ဒိုနီးရှားမှာတုန်းကလည်း ဒီလိုပဲ အမဲဖျက်ခဲ့ဖူးပြီ။ ဗမာလယ်သမားတွေဘက်ကတော့ ဘာမှ မပြင်ဆင်ရသေး ဘူး။
ဗမာပြည်ဟာ လယ်သမားအများစုရှိတဲ့ နိုင်ငံပါ။ ဗမာပြည်ဟာ ကျေးလက်နေလူဦးရေက အများစုရှိတဲ့နိုင်ငံပါ။ လယ်သမားမလွတ်မြောက်ရင် ဗမာပြည်မလွတ်မြောက်နိုင်ပါဘူး။
ရဲဘော်အောင်သော်
(မကြာခင်ထွက်မည့် အရေးတော်ပုံ အတွဲ (၂) အမှတ် (၄) မှ ဆောင်းပါး ဖြစ်ပါသည်။)

“ဆိုင်းငံ့ရေး” စိတ်ကူး တကယ်ဖြစ်နိုင်/ မဖြစ်နိုင် (ဇော်လတ်)

0 comments
“ဆိုင်းငံ့ရေး” စိတ်ကူး တကယ်ဖြစ်နိုင်/ မဖြစ်နိုင်
(၂၀၁၆ ဖေဖေါ်ဝါရီ ၅ )
(ဒီချုပ်ပါတီ) က ဦးစီးတဲ့ လွှတ်တော်နှစ်ရပ်တော့ ပေါ်လာခဲ့ပြီ။ မတ်လကုန်ရင် “အစိုးရသစ်” ပေါ်လာပါတော့မယ်။
ပေါ်လာတဲ့ “လွှတ်တော်နဲ့အစိုးရ” ဘယ်လိုလွှတ်တော်နဲ့ဘယ်လိုအစိုးရ ဖြစ်သလဲဆိုတာကို သူတို့ ဘာတွေဘယ်လောက်လုပ် ဆောင်နိုင်သလဲဆိုတဲ့ (မူ၊ပေါ်လစီနဲ့အကောင်ထည်ဖော်မှု) လက်တွေ့ကိုကြည့်ပြီး အကဲဖြတ်ရမှာပါ။ ဘာတွေကိုအမှန်တကယ် ပြောင်းလဲ နိုင်သလဲ။ ပေးထားတဲ့ ရွေးကောက်ပွဲကတိတွေ (တရားဥပေဒစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေး) ကို ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်သလဲ။ ဒါတွေဟာ အကဲဖြတ်ရမယ့် နယ်ပယ်တွေ ဖြစ်ပါလိမ့်မယ်။

တနည်းအားဖြင့် စစ်အုပ်စု စိတ်ကြိုက်ရေးဆွဲထားပြီး အဓမ္မအတည်ပြုထားတဲ့ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲက နိုင်ငံရေး ပါတီတစ်ရပ်၊ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့အစိုးရဟာ တသွေးတသံတမိန့်အုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ပြောင်းလဲနိုင်/မပြောင်းနိုင်ဆိုတာကို မျက်ဝါးထင်ထင်တွေ့ကြမယ့် ခေတ်ပြိုင် လှုပ်ရှားမှုတစ်ခုလည်း ဖြစ်တယ်။ စမ်းသပ်မှုတစ်ခုလည်း ဖြစ်တယ်။ အဲဒီလို လက်တွေ့စမ်းသပ်မှုတွေ အပေါ်ကနေ ပြည်သူတွေ၊ဒီမိုကရေစီ နိုင်ငံရေးပါတီတွေနဲ့ ဒီမိုကရေစီနိုင်ငံရေးသမားတွေကို အတွေ့အကြုံသစ်နဲ့ သင်ခန်းစာသစ်တွေ ရရှိလာစေမှာလည်း ဖြစ်ပါတယ်။
လွှတ်တော်တွေ စတင်ချိန်ကနေစပြီး ခပ်စိပ်စိပ် ကြားလာနေရတဲ့ ဝေါဟာရက “ သိမ်သိမ်မွေ့မွေ့လုပ်ကိုင် နေရတယ်” ဆိုတဲ့ စကားပဲ ဖြစ်တယ်။ အဲဒီစကားက “စိုးရိမ်ကြောင့်ကျမှု (ဝါ) ကြောက်ရွံ့ခြင်း” ကို သံတမန်ဆန်ဆန် ဖော်ပြနေတာ ဖြစ်တယ်။ အဓိက အကျဆုံး စိုးရိမ်ကြောင့်ကျမှုက ဘာလဲဆိုတော့။ “နောက်ပြန်ဆုတ်သွားမယ့်ကိစ္စ” ပဲ ဖြစ်တယ်။ ဒီစကားကလည်း “စစ်တပ်က အာဏာ ပြန်သိမ်းလိမ့်မယ်” ဆိုတဲ့စကားကို ယဉ်ယဉ်ကျေးကျေးပြောတာပဲ ဖြစ်တယ်။
အရင်းစစ်လိုက်ရင် နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲတွေ ၊ လွှတ်တော်နဲ့ အစိုးရတွေဟာ “၂၀၀၈ အခြေခံဥပဒေ” အရ အာဏာကို စစ်အုပ်စုက ထာဝရသိမ်းပိုက်ထားတဲ့ အခြေခံပေါ်မှာ “၂၀၀၈အခြေခံဥပဒေ” ကို “လေးစားလိုက်နာထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါ့မယ်” ဆိုတဲ့ ကျမ်းသစ္စာပြုချက်နဲ့အတူ ပေါ်ပေါက်လာရတဲ့ အရာတွေသာ ဖြစ်ပါတယ်။
ပုဒ်မ ၆(စ) ဟာ စစ်အုပ်စုက အာဏာကို ထာဝရသိမ်းပိုက်ထားတာကို စာချောအောင်၊ အဆင်ပြေအောင် ရေးထားတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။ အာဏာ ထပ်ပြီးသိမ်းစရာ မလိုတော့ဘူး။ အာဏာကို ထာဝရသိမ်းထားပြီး ဖြစ်တယ် ၊ အခြေအနေ(ကာလအပိုင်းအခြား) အရ အာဏာသိမ်းဖို့ လိုအပ်လာခဲ့ရင်လည်း ဥပဒေနဲ့အညီ အာဏာသိမ်းနိုင်အောင် အသင့်ဖန်တီးရေးဆွဲပြဋ္ဌာန်းထားပြီးသားဖြစ်တယ်။
ချုပ်လိုက်တော့ တောင်ပြိုကမ်းပြိုအနိုင်ရသော်လည်း စိုးရိမ်စရာ၊ ထိတ်လန့်ကြောက်ရွံ့စရာကတော့ ရှိမြဲရှိနေတယ်။ အရိပ်မိုး ထားဆဲ၊ ခြိမ်းခြောက်နေဆဲဖြစ်တယ်ဆိုတာကို လက်တွေ့သာဓက ဆောင်တာပဲဖြစ်တယ်။ လက်တွေ့မှာ ပိုပြီးဗြောင်ကျကျ ခြိမ်းခြောက်လိုက်တာကလည်း လောလောလတ်လတ်ရှိနေတယ်မဟုတ်လား။
ဒါကတော့ လွှတ်တော်စတင်တဲ့ ပထမနေ့မှာပဲ စစ်တပ်ပိုင်မြဝတီသတင်းစာကနေ အချိန်ကိုက်ဖော်ပြလိုက်တဲ့ စိုင်းဝေဠု (မဟာဥပဒေ) ရဲ့ “နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို အမိနိုင်ငံတော် အကျိုးစီးပွားအတွက် ထာဝရ မပြောင်းမလဲတည်ရှိစေလို” ဆိုတဲ့ ဆောင်းပါးအာဘော်ဖြစ်တယ်။ အနှစ်သာရက “ ပုဒ်မ ၅၉(စ) ကို မပြောင်းနဲ့” လို့ စစ်တပ်က ဗြောင်ထွက်ပြောတာပဲဖြစ်တယ်။ “ဖြစ် – ပျက်”သင်္ခါဓမ္မကို သင်ကြားခံယူထားပါတယ် ဆိုသူတွေရဲ့ ထာဝရတည်မြဲလိုတဲ့ အစွန်းရောက်အတ္တကြီးမှုလို့ ပြောရမှာဖြစ်ပါတယ်။
ပုဒ်မ ၅၉ (စ) ထာဝရမပြင်နဲ့ လို့ စစ်တပ်က ပြောလာချိန်မှာ “ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့ရေး” ဆိုတဲ့ အသံကလည်း ကျယ်လာပါတယ်။ ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့ဖို့ စတင်ပြောသူဟာ ဗိုလ်အောင်ကို ဖြစ်တယ်။ အခုတော့ ဒီချုပ်နာယကကလည်း ပြောလာတယ်။ ဒီချုပ်အီးစီး ဦးထွန်းထွန်းဟိန် (ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ပူပူနွေးနွေးဖြစ်လာသူ) ကလည်း ပြောလာတယ်။ ရှေ့နေဦးကိုနီရဲ့ အဆိုကတော့ “၂၀၀၈ အခြေခံဥပဒေ” ထဲမှာ အခြေခံဥပဒေပုဒ်မတစ်ခုကို မဆိုင်းငံ့ရဘူးလို့ တားမြစ်ထားတဲ့ စကားရပ် မပါတဲ့အတွက် ဆိုင်းငံ့လို့ရတယ်ဆိုတဲ့ လောဂျစ်နဲ့ပြောနေတာပါ။ ဒီလိုဆိုရင် တစ်ဖက်ကလည်း အခြေခံဥပဒေပြင်ဆင်တာကို ၂၀၀၈ အခြေခံဥပဒေ၊အခန်း ၁၂ မှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မများ (ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆) နဲ့အညီသာ ပြင်ဆင်ကြရမယ်လို့ ချေပပါလိမ့်မယ်။
လက်တွေ့မှာ ဘယ်လို “ဆိုင်းငံ့နိုင်/မနိုင်” မသိနိုင်သေးသော်လည်း ၂၀၀၈ အခြေခံဥပဒေ၊ အခန်း ၁၁ ပါ ပုဒ်မများ( ပုဒ်မ ၄၁၀ မှ ၄၃၂ အထိကြည့်ပါ) အရတော့ အခြေခံဥပဒေပါ ပုဒ်မတွေကို ကာလပိုင်းခြားပြီး စိတ်ကြိုက်ကန့်သတ်နိုင်/ဆိုင်းငံ့နိုင်တဲ့ အခွင့်အာဏာဟာ “ကာလုံနဲ့ ကာချုပ်” လက်ထဲ ပေးအပ်ထားတာကို တွေ့ရပါလိမ့်မယ်။ “ပုဒ်မ ၄၁၈(ခ)” မှာ ဘယ်လောက်ထိဖော်ပြထားသလဲ ဆိုတော့ “ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ” လို့ပြဋ္ဌာန်းထားပါတယ်။ ဒီစကားရပ်က စစ်တပ်နဲ့ကာချုပ်က အာဏာသိမ်းတဲ့အခါမှာ ဘာကိုမဆို ကြိုက်သလို လုပ်နိုင်တယ်လို့ ရေးထားတာပါ။ ကမ်းကို ကုန်ရော မဟုတ်ပါလား။
“ဆိုင်းငံ့”လို့ ရတယ်ဆိုတာကို ကိုးကားပြဖို့ အားလုံးက သမိုင်းကို လှန်လှောကြပါတယ်။
၁၉၄၇ အခြေခံဥပဒေ ၊ ပုဒ်မ ၁၁၆ ကို ဦးနုက “ဆိုင်းငံ့” ပေးတာကို သမိုင်းလက်တွေ့အဖြစ်ပြောနေကြတယ်။ ဒီဖြစ်ရပ်က စစ်အုပ်စုက အကြပ်(ကျပ်)ကိုင်တာကိုခံရတဲ့ ဦးနုရဲ့ တစ်ချက်ခုတ်နှစ်ချက်ပြတ် လူပေါ်လူဆော်လုပ်ပြီး တုန့်(တုံ့) ပြန်တဲ့ လုပ်ရပ်ပဲဖြစ်တယ်။

“ပုဒ်မ ၁၁၆”ကို ဆိုင်းငံ့ပြီး ဗိုလ်နေဝင်း ကို အိမ်စောင့်အစိုးရအဖြစ် (ဝန်ကြီးချုပ်အဖြစ်) အခြေခံဥပဒေဘောင်ထဲကနေ အာဏာပေးလိုက်နိုင်ရင် ပြည်တွင်းစစ်ကို အရှိန်မြှင့်နိုင်မယ်၊ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကို ဖိနှိပ်နိုင်မယ်၊ အာဏာသိမ်းဖို့ အကျပ်ကိုင်လာတဲ့ စစ်အုပ်စုရန်ကနေလည်း ယာယီအားဖြင့် ရှောင်လွှဲနိုင်မယ်ဆိုတဲ့ လုပ်နည်းဖြစ်တယ်။ ဦးနုရဲ့ ဒီလုပ်နည်းဟာ ၁၉၆၂ စစ်တပ်က အာဏာသိမ်းတဲ့အခါမှာတော့ “လောက်ကောင်ကို မိထားပြီ” လို့ အပြောခံရတဲ့ဘဝနဲ့ အဆုံးသတ်သွားပါတယ်။
ဒီလို ပုဒ်မ ၁၁၆ ကို ဆိုင်းငံ့တာဟာ အခြေခံဥပဒေရဲ့အသည်းနှလုံး (ရွေးကောက်ခံရသူသာ အစိုးရဝန်ကြီး လုပ်ရမယ်ဆိုတဲ့ အချက်) ကို ထုတ်ပစ်တာဖြစ်တယ်လို့ သခင်ချစ်မောင်က လွှတ်တော်ထဲမှာ ဝိဓူရဇာတ်ခင်းပါတယ်။
အဲဒီလို အခြေခံဥပဒေထဲက “ပုဒ်မတစ်ခု” ကို ယာယီဆိုင်းငံ့တာကို ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့တဲ့ (ဝိဓူရဇာတ်ခင်းသူ) သခင်ချစ်မောင်ဟာ “၁၉၄၇ အခြေခံဥပဒေတစ်ခုလုံး” ကို စက္ကူစုတ်လုပ်ပစ်ပြီး အာဏာသိမ်းတဲ့ တော်လှန်ရေးကောင်စီ (စစ်အစိုးရ) ကို ထောက်ခံကြိုဆိုသူ ဖြစ်သွားခဲ့ပါတယ်။နောက်တော့ သူဟာ ဗိုလ်နေဝင်းရဲ့“ဆိုရှယ်လိမ်ဖိနပ်ချွတ်”မှာ ဝမ်းလျားထိုးသူ ဖြစ်သွားရှာပါတယ်။ သမိုင်းရဲ့ လှောင်ပြောင်သရော်ချက်လို့ ဆိုရပါလိမ့်မယ်။
အခု “ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့မယ်” လို့ဆိုနေတာကို သမိုင်းတပတ်လည်တာလို့ အလွယ်ပြောရမလားမသိပါ။
ဟိုတုန်းက “ဆိုင်းငံ့” ရတဲ့ရည်ရွယ်ချက်က စစ်အုပ်စုက အကျပ်ကိုင်တာကိုခံရတဲ့ ပါလီမန်အစိုးရက ကာချုပ်ကို “ဝန်ကြီးချုပ် အာဏာ” ပေးပြီး လာဘ်ထိုးရတာဖြစ်ပါတယ်။
ဒီတခါ ဆိုင်းငံ့ရမယ့်ရည်ရွယ်ချက်က စစ်အုပ်စုက နိုင်ငံရေးအဆင့်နေရာမပေးချင်လို့ တမင်ညစ်ထားတာကို ဆိုင်းငံ့ ပေးဖို့ ဖြစ်ပါတယ်။ဟိုတချိန်တုန်းကလည်း ပါလီမန်အစိုးရခမျာ စစ်အုပ်စုကို အကြိုက်ပေး ချော့မြှူခဲ့ရပါတယ်။ ဒီတခါ ကြားရတာတော့ “သိမ်သိမ် မွေ့မွေ့ဆောင်ရွက်နေတယ်”ဆိုတဲ့ စကားဖြစ်ပါတယ်။

ဒီတခါဆိုင်းငံ့ရမယ့် “ပုဒ်မ” က စစ်အုပ်စုစိတ်ကြိုက် ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေထဲက ပုဒ်မဖြစ်နေပါတယ်။ ပုဒ်မ ၅၉(စ)က လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်း (ဒေါ်အောင်ဆန်းစုကြည်)ကို တမင်ရည်ရွယ်ပြီး ထည့်သွင်းရေးဆွဲထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။
ဒီ “ပုဒ်မ” ကို ပေါ်ပေါက်နေပြီဖြစ်တဲ့ “လွှတ်တော်သစ်”က တကယ်ပဲ ဆန္ဒရှိနေကြသလို “ဆိုင်းငံ့” နိုင်မလား၊ ဒီဆိုင်းငံ့မှုကို ကာချုပ်နဲ့စစ်တပ်ရဲ့ ၂၅% စစ်သားအမတ်ဆိုသူတွေက လွှတ်တော်ထဲမှာ ဘယ်လိုတားဆီးကာကွယ်ကြမှာလဲ။ မြဝတီသတင်းစာကနေတော့ “ထာဝရမပြင်နဲ့” လို့ ဗြောင်ထုတ်ပြောထားပြီးပြီ။
မကြာခင် ပုဒ်မ ၅၉ (စ) “ဆိုင်းငံ့ရေး စမ်းသပ်မှု” ကို ငွေရောင်ပိတ်ကားပေါ်မှာရှုစားကြရပါတော့မယ်။
ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေးကိစ္စဟာ လွှတ်တော်သစ်၊အစိုးရသစ်တို့က တစ်ဖက်၊ စစ်အုပ်စု(ကာချုပ်၊ စစ်တပ်၊ ကြံ့ဖွံ့ပါတီ) က တစ်ဖက် ထိပ်တိုက်ရင်ဆိုင်ကြရတော့မယ့်အနေအထားတစ်ခု ဖြစ်ပါတယ်။
ဒီချုပ်ပါတီဘက်က လွှတ်တော်ထဲမှာ ပုဒ်မ ၅၉(စ)ဆိုင်းငံ့ ရေး “အရေးကြီးအဆို” တင်သွင်းမယ်လို့ဆိုတဲ့ (အတည်မပြုနိုင်တဲ့ သတင်း) ကြားသိရပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ စိတ်ဝင်စားဖွယ် အရေးအခင်းတစ်ခု ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကနေလည်း “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ရဲ့အနှစ်သာရ ဘာလဲ ဆိုတာနဲ့ ဘယ်သူ့ကို အကျိုးပြုသလဲဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ပြည်သူတွေ၊ ဒီိမိုကရေစီ နိုင်ငံရေးပါတီတွေနဲ့ ဒီမိုကရေစီနိုင်ငံရေးသမား တွေကို အတွေ့အကြုံနဲ့သင်ခန်းစာတွေ ပေးအပ်မြဲပေးအပ်မှာဖြစ်ပါတယ်။

ဒါကြောင့် “၂၀၀၈ အခြေခံဥပဒေ” တစ်ခုလုံးကို မပြင်ဆင်နိုင်သေးမီ၊ ၂၀၀၈ အခြေခံဥပဒေထဲက “ပုဒ်မ တစ်ခု” ကို ဆိုင်းငံ့နိုင် /မနိုင် လွှတ်တ်ာသစ်နဲ့အစိုးရသစ်အနေနဲ့အစမ်းစာမေးပွဲတစ်ခုဖြေကြည့်ကြရတဲ့ စမ်းသပ်ပွဲကို စောင့်ကြည့်လေ့လာကြပါစို့။
(မကြာခင်ထွက်မည့် အရေးတော်ပုံ အတွဲ (၂) အမှတ် (၄) မှ ဆောင်းပါး ဖြစ်ပါသည်။)

Tuesday, February 9, 2016

စစ်အာဏာရှင်အောက်မှာ နောက်ထပ် ၅ နှစ်တာခရီး ဇော်ဝင်း(၈၈ ကျောင်းသားဟောင်း

0 comments
စစ်တပ်၊ အစိုးရ၊ လွှတ်တော်ဆိုတဲ့ စစ်အာဏာရှင်စနစ်ကို ထောက်မကျားကန်ပေးထားတဲ့ ဒေါက် ၃ ခု အနက်မှာ ၂ ဒေါက်က နည်းနည်းယိုင်သွားပြီ။ လွှတ်တော်ဒေါက်တိုင်နဲ့ အစိုးရဒေါက်တိုင်။
လွှတ်တော်နဲ့ပတ်သက်ရင် စစ်အုပ်စုအတွက် တရားဝင်မှု legitimacy ကလုံးဝနီးနီးဆုံးရှုံးသွားပြီ။ သူတို့ဘက်က အရွေးကောက်ခံထားရတဲ့သူဟာ တယောက်နှစ်ယောက် အရှက်ပြေရုံလောက်ပဲ ပါတော့တယ်။ ဒါပေမယ့် အဲဒီဒေါက်တိုင်တတိုင်တော့ ပြိုလဲသွားပြီလို့ကျနော်မပြောဘူး။ ယိုင်သွားပြီလို့ပဲ ကျနော်ပြောတယ်။ ဘာ့ကြောင့်လဲဆိုတော့ အချက်နှစ်ချက်ကြောင့်။ ပထမတချက်က လွှတ်တော်ထဲမှာ NLD တွေ အများစုဖြစ်ပေမယ့် သူတို့ဟာ လွတ်လပ်သူတွေမဟုတ်ဘူး။ အားလုံးဟာ ၂၀၀၈ အခြေခံ ဥပဒေကို ကျမ်းသစ္စာကျိန်ဆိုထားကြရသူ လွှတ်တော်အမတ်တွေချည်းဖြစ်နေလို့ပဲ။ သူတို့ကို ချည်ပြီးတုတ်ပြီးသား။ သူတို့ကိုလွှတ်တော်ထဲပို့လိုက်ပေမယ့် လွတ်လွတ်လပ်လပ်ပို့လိုက်တာ မဟုတ်ဘူး။ ကြိုးတန်းလန်းနဲ့ ပို့လိုက်တာ။ NLD အမတ်တွေရဲ့ဘဝက ကလေးတွေစိန်ပြေးတမ်းကစားတဲ့အခါ ဆိုကြသလိုမျိုး ခွေးရူးဘဝ မလွတ်မလွတ် သံကြိုးကြီးနဲ့ဒရွတ်ဒရွတ် ဖြစ်နေဦးမှာပဲ။

ဒုတိယတချက်က လွှတ်တော်ထဲမှာ မဲမရ ဘာမရပဲ မိန့်မိန့်ကြီးထိုင်နေမယ့် တမတ်သားက ရှိနေဦးမှာ မို့လို့ပဲ။ အဲဒီတမတ်သားက သဘောမတူရင် ဘာမှပြင်လို့မရဘူးဆိုတဲ့ အခြေခံဥပဒေသတ်မှတ်ချက်ကြီး ကလည်း ရှိနေပြန်တယ်။ ဒီတော့ တမတ်သားကအဓိက သုံးမတ်သားကသာမည ဖြစ်နေတယ်။ ဒါ့ကြောင့် လွှတ်တော်ဒေါက်တိုင်ဟာ ယိုင်ပဲယိုင်သွားတယ်။ မပျက်မစီးသေးဘူး။ လွှတ်တော်ဟာ စစ်အာဏာရှင် စနစ်ကို အလုပ်အကျွေးဆက်ပြုရဦးမှာပဲ။

နောက်ဒေါက်တိုင်တခုက အစိုးရဒေါက်တိုင်။ ဒီဒေါက်တိုင်ကလည်း မပြိုသေးဘူး။ ယိုင်ရုံလောက်ပဲ ယိုင်တယ်။ အစိုးရအဖွဲ့တဖွဲ့လုံးကို NLD စိတ်ကြိုက်ဖွဲ့ခွင့်ရတော့မယ်ဆိုပေမယ့် အားလုံးသိကြပြီးဖြစ်တဲ့ အတိုင်း အရေးပါတဲ ဝန်ကြီးဌာနတွေဖြစ်ကြတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်လုံဝန်ကြီးဌာနတွေက စစ်အာဏာရှင်တွေရဲ့လက်ထဲမှာပဲ ရှိနေတယ်။ ကာကွယ်ရေးက တတိုင်းတပြည်လုံးကို အာဏာသိမ်းခွင့် ရှိတယ်။ အစိုးရတဖွဲ့လုံးကို ဖျက်သိမ်းခွင့်ရှိတယ်။ ဒီတော့ ကာကွယ်ရေးက တကယ့်အာဏာရှင် ဝန်ကြီးဌာန။ ပြည်ထဲရေးနဲ့နယ်လုံက ပြည်သူလူထုကို တိုက်ရိုက်ထိတွေ့အုပ်ချုပ်တဲ့အုပ်ချုပ်ရေးဝန်ကြီးဌာန။

တနိုင်ငံလုံးမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်အဆင့်ထွေအုပ်၊ မြို့နယ်အဆင့်ထွေအုပ်တွေအားလုံးကို ပြည်ထဲရေး ဝန်ကြီးဌာနကခန့်မယ်။ ဒီနေရာမှာ နည်းနည်းလေး ကိုးလိုးကန့်လန့်ဖြစ်နေတာက ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေက ဥပဒေအရရွေးချယ်တင်မြှောက်ရမှာ ဖြစ်နေတယ်။ ဒီတော့ ရပ်ကျေးအဆင့်က NLD ရဲ့လူတွေဖြစ်နေရင်တော့ မြို့နယ်ထွေအုပ်က အုပ်ချုပ်ရတာ နည်းနည်းပါးပါးအခက်အခဲတွေ့နိုင်တယ်။ ဒါပေမယ့် သူတို့က အကုန်စဉ်းစားပြီးသား။ အဲသလို အခက်တွေ့မှာစိုးလို့ ဥပဒေချိုးဖောက်ပြီး ရပ်ကျေးတွေကို သက်တမ်းမကုန်ခင် ရွေးကောက်ပွဲလုပ်ပစ်လိုက်တယ်။

တကယ်ဆို ရပ်ကျးအုပ်ချုပ်ရေးမှူးသက်တမ်းက ၂၀၁၂ ကပြဋ္ဌာန်းတဲ့ ဥပဒေအရဆိုရင် လွှတ်တော် သက်တမ်းကုန်မှ ရွေးကောက်ပွဲစရမယ်။ အခုအသစ်ပြန်ပြင်တဲ့ဥပဒေအရဆိုရင် သမ္မတသက်တမ်း ကုန်မှ ရွေးကောက်တင်မြှောက်ပွဲစရမယ်။ အခုတော့ ဥပဒေချိုးဖောက်ပြီး ဘာမှသက်တမ်းမကုန်သေးခင် အသစ်ရွေးနေကြတယ်။ NLD ကတော့ ထုံးစံအတိုင်း အာဏာမပေးမှာစိုးလို့ ဘာမှ မပြောရဲ။ လွှတ်တော်ဟောင်းအမတ်တွေကလည်း တယောက်မှ ပါးစပ်မဟကြ။

ဒီတော့ နိုင်ငံရေးအာဏာက ကာကွယ်ရေးဝန်ကြီးဌာနလက်ထဲမှာ။ အုပ်ချုပ်ရေးအာဏာက ပြည်ထဲရေးနဲ့ နယ်လုံလက်ထဲမှာ။ သူတို့စစ်အာဏာရှင်တွေလက်လွှတ်လိုက်ရတာက စီမံခန့်ခွဲခွင့်အာဏာ တစိတ် တဒေသ။ NLD ကရသွားမှာက စီမံခန့်ခွဲခွင့်အာဏာ တစိတ်တဒေသ။ စစ်ရေး၊ လုံခြုံရေးမှအပဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစီမံခန့်ခွဲခွင့်အာဏာဟာ NLD လက်ထဲရောက်သွားမယ်။ ဒါပေမယ့်လည်း သူတို့မကြိုက်တာလုပ်ရင် အာဏာသိမ်းပစ်လိုက်လို့ရနေသေးတယ်ဆိုတော့ စစ်အာဏာရှင်တွေ အဖို့ရာ အေးအေးဆေးဆေးထိုင်ကြည့်နေရုံပဲ။ ဒါ့ကြောင့် အစိုးရဆိုတဲ့ ဒုတိယဒေါက်တိုင်ကလည်း တခြမ်းတပဲ့ နဲ့သွားယိုင်သွားရုံလောက်ပဲရှိသေးတယ်။ သူတို့လက်ထဲက လွတ်မသွားသေးဘူး။

စစ်အာဏာရှင်စနစ်ရဲ့ အဓိကအကျဆုံးဒေါက်တိုင်ကြီးဖြစ်တဲ့စစ်တပ်ကတော့ သူတို့လက်ထဲမှာ အပြည့်အဝရှိနေသေးတယ်။ အရပ်သားအစိုးရကအမိန့်ပေးတာကို သူတို့လိုက်နာစရာမလိုဘူး။ စစ်တပ်နဲ့ပတ်သက်တဲ့ကိစ္စအဝဝမှန်သမျှ အစိုးရကဘာမှဝင်စွက်ဖက်လို့ မရဘူး။ ၂၀၀၈ အခြေခံဥပဒေအရ စစ်တပ်ကို အစိုးရကဘာမှတို့လို့ထိလို့ မရဘူး။ ၂၀၀၈ အခြေခံဥပဒေအကာအကွယ်အောက်က စစ်တပ်ကို အစိုးရက စိတ်နဲ့တောင်ပြစ်မှားလို့ မရဘူး။

ဒီချုပ်အာဏာရခဲ့သော်ဆောင်းပါးကို ကျနော်ရေးတဲ့အချိန်တုန်းက အခုပြောခဲ့တဲ့အချက်တွေ အပေါ်မှာ တော်တော်လေး အငြင်းအခုံဖြစ်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ ဒါတွေကို အားလုံးလက်ခံ သဘောတူထားကြ ပြီလို့ ကျနော်ထင်ပါတယ်။ အခုဒါတွေကို ကျနော်ပြန်ပြောနေတာက အငြင်းပွားမှု ရှိနေသေးလို့မဟုတ်ဘူး။ ရှေ့ဆက်ပြောချင်တဲ့အကြောင်းအရာအတွက် နိဒါန်းပျိုးနေတာပါ။ လက်ရှိအခင်းအကျင်းက ဒီလိုရှိပါတယ်ဆိုတာကို အရင်ချပြတဲ့သဘောပါ။
ဒီလိုအခြေအနေ၊ ဒီလိုအခင်းအကျင်းမျိုးအောက်မှာ စစ်အာဏာရှင်တွေအနေနဲ့ ရှေ့ငါးနှစ်သက်တမ်းမှာ သူတို့ ဘယ်လိုလုပ်ကြမလဲ။ ဒါကဒီဆောင်းပါးမှာ ကျနော်အဓိက ဆွေးနွေးချင်တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။

NLD ဟာစစ်အာဏာရှင်တွေအတွက် အဓိကရန်သူမဟုတ်တော့ဘူး။ NLD ဆိုတဲ့ဆင်ရိုင်းကို ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ကျုံးထဲမှာ ပိတ်ဖမ်းပြီးယဉ်ပါးအောင် ဆုံးမထားနိုင်ပြီ။ စစ်အာဏာရှင်တွေအတွက် တကယ့်ရန်သူဟာ လွှတ်တော်ရဲ့ပြင်ပမှာရှိနေတယ်။ သူတို့ရဲ့တကယ့်ရန်သူဟာ လက်ဝဲအင်အားစုဖြစ်တယ်။ လက်ဝဲအင်အားစုဆိုတာ အစဉ်တစိုက်တောက်လျှောက်ကျင့်သုံးလာတဲ့ လက်ဝဲလက်ယာခွဲခြားနည်းအရပြောတဲ့ လက်ဝဲအင်အားစုကိုဆိုလိုပါတယ်။ ဆိုလိုတာက အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားနဲ့ လူများစုပြည်သူကြီးရဲ့အကျိုးစီးပွားဘက်ကရပ်တည်သူတွေကို လက်ဝဲလို့ သတ်မှတ်ပြီး၊ ရေပေါ်ဆီလူတန်းစား၊ အထူးစပယ်ရှယ်လူတန်းစား၊ သူဌေးသူကြွယ်၊ ခရိုနီ၊ စစ်ဗိုလ်ဆိုတဲ့ အခွင့်ထူးခံလူတန်းစားတွေ အကျိုးရှိမယ့်စကား၊ အဲဒီလူတွေအကျိုးရှိမယ့်အလုပ်လုပ်တဲ့သူတွေကို လက်ယာသမားလို့ဆိုလိုတာဖြစ်ပါတယ်။

စစ်အာဏာရှင်တွေရဲ့ တကယ့်ရန်သူတွေဟာ အလုပ်သမားသပိတ်၊ အလုပ်သမားအရေးတက်ကြွသူ၊ လယ်သမားသပိတ်၊ လယ်သမားအရေးလှုပ်ရှားတက်ကြွသူ၊ လက်ပံတောင်းအရေးဆောင်ရွက်သူ၊ လက်ပံတောင်းလယ်သမား၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားတက်ကြွသူ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားတက်ကြွသူတွေနဲ့ အဲသလိုလူတွေကိုအကာအကွယ်ပေးသူ၊ ထောက်ခံသူ၊ အဲသလိုလူတွေ အင်အားတောင့်တင်းအောင် နည်းမျိုးစုံနဲ့ကူညီအားပေးကြသူတွေဟာ စစ်အာဏာရှင်တွေရဲ့ တကယ့် ရန်သူဖြစ်လာမယ်။ NLD ကိုတော့ သူတို့ဘက်ကကြည့်ရင် အပြည့်အဝယုံကြည်စိတ်ချရတဲ့ အနေအထား မရှိသေးတဲ့ ယာယီမဟာမိတ်လို့သဘောထားပါလိမ့်မယ်။

အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားဘက်ကကြည့်ရင်တော့ စစ်အာဏာရှင်ဟာ သူတို့ရဲ့ပင်မရန်သူဆိုတာ လက်တွေ့ကျကျ ပိုပြီးတွေ့လာသိလာရပါလိမ့်မယ်။ ဆွန်လွတ်ရွယ်ဂျာသိနည်း၊ ဒေါ်ခင်ဝင်းသိနည်း၊ ဦးအောင်မြင့်သိနည်း၊ ကိုပါကြီးသိနည်းမျိုးနဲ့ လက်တွေ့ကျကျ ဆက်ပြီးသိရဦးမှာမို့ ဘာမှ ဇဝေဇဝါ ဖြစ်စရာမရှိဘူး။ NLD နဲ့ပတ်သက်ရင်တော့ လူထုအဖို့ရာ (ဆက်လက်ပြီး) ဇဝေဇဝါဖြစ်လာရဖို့ရှိပါတယ်။ အားကိုးအားထားပြုစရာ တပ်ဦးအဖြစ်ကနေ၊ စိတ်မချရတဲ့ မိတ်ဆွေဟောင်း ဖြစ်လာပါလိမ့်မယ်။

ဒီလိုအခြေအနေကို ဘယ်ပုံဘယ်နည်းရောက်လာသလဲဆိုတာကို ပြန်ကြည့်ရင် ဒီအင်အားစုတွေရဲ့ ရပ်တည်ပုံရပ်တည်နည်းနဲ့ပတ်သက်ပြီး ပိုပြီး ရှင်းရှင်းလင်းလင်းမြင်သာပါလိမ့်မယ်။
ဒီနေ့ခေတ်မှာ ၁။ စစ်အာဏာရှင်အုပ်စု၊ ၂။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၃။ အမေရိကန်၊ အီးယူဦးဆောင်တဲ့ နီယိုလစ်ဘရယ်အုပ်စုဆိုတဲ့အုပ်စုကြီး ၃ ခုအတွင်းမှာ ဘုံအကျိုးစီးပွားတခု ပေါ်ပေါက်လာပါတယ်။ တူညီတဲ့ အကျိုးစီးပွားတရပ်ပေါ်ပေါက် လာတယ်။ ပေါ်ပေါက်လာတယ်ဆိုတာထက် တမင်ရည်ရွယ်ချက်ရှိရှိ ထူထောင်လိုက်လို့ ပေါ်ပေါက်လာတယ်လို့ဆိုရင် ပိုမှန်ပါမယ်။

ဒီအကွက်ပေါ်လာအောင် အကွက်စရွှေ့သူ အမေရိကန်၊ အီးယူခေါင်းဆောင်တဲ့ နီယိုလစ်ဘရယ်အုပ်စုဖြစ်ပါတယ်။ နီယိုလစ်ဘရယ်အုပ်စုဟာ သူတို့ကော်ပိုရေးရှင်းကြီးတွေ အတွက် မြန်မာနိုင်ငံမှာ ဈေးချိုလုပ်သားဈေးကွက်၊ ဈေးချိုသယံဇာတဈေးကွက်၊
ဈေးချိုကုန်ကြမ်းဈေးကွက်ဆိုတဲ့ ဈေးကွက်ကြီးတွေရလာတာကို မြင်ချင်တယ်။ မြန်မာနိုင်ငံကို ပထဝီနိုင်ငံရေးအရလည်း စိုးမိုးချုပ်ကိုင်ထားချင်တယ်။ အဲသလိုဖြစ်ဖို့အတွက် နှောင်ကြိုးမဲ့အရင်းရှင်စနစ် (unfettered capitalism) ထူထောင်ချင်တယ်။ အဲဒါက အမေရိကန် ၊ အီးယူခေါင်းဆောင်တဲ့ နီယိုလစ်ဘရယ်သမားတွေရဲ့ ဆန္ဒပဲ။ ဒီဆန္ဒအပေါ်အခြေခံပြီး စစ်အာဏာရှင်အုပ်စုနဲ့ အမေရိကန်တို့ တွေ့ဆုံညှိနှိုင်းခဲ့တယ်။ (ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးခင်ကာလမှာ ညှိနှိုင်းခဲ့ကြတယ်။) စစ်အာဏာရှင်အုပ်စုဘက်ကလည်း ဒါကို သဘောတူတယ်။ အရင်းရှင်စနစ်ဟာ သူတို့လက်မခံနိုင်တဲ့အရာ မဟုတ်ဘူး။ စစ်အာဏာရှင်များအဖြစ်ကနေ အရင်းရှင်ကြီးများအဖြစ် အသွင်ပြောင်းရမယ်ဆိုရင် သူတို့ပျော်ပျော်ကြီြးေုပာင်းချင်တယ်။ ဒါက ပြဿနာမဟုတ်ဘူး။ ပြဿနာက (သူတို့တောင်းဆိုချင်တာက) အရင်က သူတို့လုပ်ခဲ့သမျှမကောင်းမှုတွေကို သင်ပုန်းချေရမယ်။ သူတို့ လက်ရှိစည်းစိမ်ကို အကာအကွယ်ပေးရမယ်။

ဒါ့အပြင် နောက်တချိန်မှာ နီယိုလစ်ဘရယ်ဝါဒထွန်းကားလာတဲ့အခါမှာ မြန်မာဘက်အခြမ်းက အရင်းရှင်ကြီးများအဖြစ်စည်းစိမ်ခံစားကြရမယ့် အခွင့်ထူးခံလူတန်းစားဟာလည်း စစ်ခရိုနီလူတန်းစားဆိုတဲ့ (စစ်အာဏာရှင်ဟောင်းသစ် + သူတို့အပေါင်းအပါ ခရိုနီများ)သာဖြစ်ရမယ်။ စစ်အာဏာရှင်တွေဘက်က ဒီလိုလားချက်ကို အမေရိကန်ကလည်းသဘောတူတယ်။ အမေရိကန်၊ အီးယူ၊ နီယိုလစ်ဘရယ်တို့ရဲ့ သဘောက လက်ဝဲအင်အားစုနဲ့ လက်ယာအစွန်းရောက်စစ်အာဏာရှင်နှစ်ရပ်အနက် တခုခုကိုသာ ရွေးချယ်ရမယ်ဆိုရင် လက်ယာအစွန်းရောက်စစ်အာဏာရှင်ကိုသာ ရွေးမှာဖြစ်တယ်။ လက်ဝဲအင်အားစုတွေကိုချေမှုန်းဖို့အတွက် လက်ယာအစွန်းရောက်တွေကို တမင်တောင် ရည်ရွယ်ချက်ရှိရှိနဲ့ မွေးထုတ်ပေးခဲ့ဖူးတယ်။ ဒါမျိုးနမူနာတွေရှိခဲ့တယ်။

အာဖဂန်နစ္စတန်မှာ ဘာသာရေးအစွန်းမရောက်တဲ့အစိုးရ၊ တိုးတက်တဲ့လက်ဝဲအစိုးရကို ချေမှုန်းဖြိုချဖို့ အတွက် မူဂျာဟစ်ဒင်နဲ့တာလီဘန်တို့ကို လေ့ကျင့်သင်တန်းပေးမွေးထုတ်ခဲ့ဖူးတယ်။ လက်တင်အမေရိကမှာရှိတဲ့ လက်ဝဲအင်အားစုတွေကိုဖြိုခွင်းဖို့အတွက် လက်တင်အမေရိက လက်ယာ အကြမ်းဖက်သမားတွေကို အမေရိကစစ်သင်တန်းကျောင်း School of America က လေ့ကျင့် သင်တန်းပေးပြီး မွေးထုတ်ပေးဖူးတဲ့အထောက်အထားတွေလည်း အခိုင်အမာရှိခဲ့ပြီးဖြစ်တယ်။ အဲဒီကျောင်းသင်တန်းဆင်းတွေက လက်တင်အမေရိကခေါင်းဆောင်တွေ၊ လက်တင်အမေရိက ကက်သလစ်ဘုန်းတော်ကြီးတွေကို လုပ်ကြံသတ်ဖြတ်ခဲ့ဖူးတယ်။ ဒါ့ကြောင့် အခုအခါမှာ ဂျော်ဂျီယာနိုင်ငံ Fort Benning မှာ နာမည်ပြောင်းဖွင့်လှစ်ထားရတဲ့ အဲဒီကျောင်းကို School of America အမေရိကစစ် သင်တန်းကျောင်းအစား School of Assassin သုတ်သင်ရေးသမား သင်တန်းကျောင်းလို့တောင် လူ့အခွင့်အရေးသမားတွေက ရှုတ်ချခေါ်ဝေါ်ကြတယ်။

နီယိုလစ်ဘရယ်လမ်းစဉ်နဲ့အညီ နှောင်ကြိုးမဲ့အရင်းရှင်စနစ်ကိုသာလက်ခံမယ်ဆိုရင် စစ်အာဏာရှင်ဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ သူတို့အတွက် ပြဿနာမဟုတ်ဘူး။ ဒါဟာ မြန်မာတနိုင်တည်းနဲ့ပတ်သက်တဲ့ပေါ်လစီလည်း မဟုတ်ဘူး။ တကမ္ဘာလုံးဆိုင်ရာ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒဖြစ်တယ်။ ဒီလိုအခြေအနေမျိုးကြောင့် အမေရိကန်၊ အီးယူတို့ဟာ NLD ကို စစ်အာဏာရှင်တွေနဲ့ စေ့စပ်ပေးခဲ့တယ်။ စစ်အာဏာရှင်တွေလိုချင်တဲ့လွတ်ငြိမ်းချမ်းသာခွင့် အခွင့်အရေးပေးဖို့ စေ့စပ်ပေးခဲ့တယ်။ စေ့စပ်တာကိုလက်မခံရင် NLD ကိုတောင် ရာဇဝင်ထဲမှာ ထားရစ်ခဲ့ပြီး နီယိုလစ်ဘရယ်တွေနဲ့စစ်အာဏာရှင်တွေက ပျော်ပျော်ကြီးချီတက်ကြတော့မယ်လို့ အချက်ပြခဲ့တယ်။ ဒါ့ကြောင့်လည်း NLD ဟာ စစ်အာဏာရှင်တွေကို မတို့ရဲမထိရဲတဲ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက်မှာ စစ်အုပ်စုလုပ်သမျှ အညံ့ခံရတဲ့ဘဝရောက်လာခဲ့ တာပါပဲ။ NLD ရဲ့ နိုင်ငံရေးမူဝါဒ ၊ စီးပွားရေး အယူအဆကလည်း နီယိုလစ်ဘရယ်အယူဝါဒကို လက်သင့်ခံတယ်။ နှောင်ကြိုးမဲ့အရင်းရှင်စနစ်ကိုလက်ခံတယ်။ အလုပ်သမား၊ လယ်သမားအကျိုး စီးပွားနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုယှဉ်လာခဲ့ရင် ရင်းနှီးမြှုပ်နှံမှုအကျိုးစီးပွားဘက်မှာပဲ ရပ်တည်တယ်။ လက်ပံတောင်းအရေးနဲ့ အထည်ချုပ်အလုပ်သမားအရေးတွေမှာ NLD ရဲ့ ရပ်တည်ချက်ဟာ အဲသလို ရပ်တည်ချက်မျိုးဖြစ်ကြောင်းဖော်ပြခဲ့ပြီး ဖြစ်တယ်။

ဒီတော့ နှောင်ကြိုးမဲ့အရင်းရှင်စနစ်ထူထောင်ရေးဆိုတဲ့ တူညီတဲ့ အကျိုးစီးပွားတရပ် အပေါ်မှာ နိုင်ငံခြားနီယိုလစ်ဘရယ်တွေရယ်၊ စစ်အုပ်စုရယ်၊ NLD ရယ်ဟာ သုံးဦးသုံးဖလှယ် သဘောတူညီချက်ရသွားခဲ့ကြပြီ။ သူတို့သုံးဦးအတွက် တူညီတဲ့ဘုံအကျိုးစီးပွား common ground တွေ့သွားခဲ့ကြတယ်။ အဲဒီအကျိုးစီးပွားအပေါ်မှာ သူတို့ ၃ အုပ်စုရဲ့ ဝင်း-ဝင်း-ဝင်း အခြေအနေတရပ်ဟာ အခုလို ထွက်ပေါ်လာတာဖြစ်တယ်။ သူတို့ရဲ့ ဝင်း-ဝင်း-ဝင်း ကစားပွဲမှာ ပါခွင့်မရဘဲ ဖယ်ချန်ခြင်းခံလိုက်ရတဲ့လူတန်းစားကတော့ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားလူတန်းစားတွေပါပဲ။
ဒီလိုအခြေအနေမျိုးကြောင့် မလွှဲသာမရှောင်သာဆက်လက်ထွက်ပေါ်လာမယ့် အလုပ်သမား၊ လယ်သမားတွေရဲ့လှုပ်ရှားမှုတွေကို စစ်အုပ်စုဘက်က ဘယ်လိုကိုင်တွယ်မလဲ။ ကိုင်တွယ်ပုံ နည်းလမ်းကိုရွေးချယ်မယ့်သူဟာ စစ်အုပ်စုဖြစ်မယ်။ ရှေ့လာမယ့် ၅ နှစ်ကာလနိုင်ငံရေးအခင်းအကျင်းကို ဦးဆောင်ပုံဖော်မယ့်သူဟာ စစ်အုပ်စုပဲဖြစ်မယ်။ သူတို့က တကယ့်အာဏာရှင်ဖြစ်တဲ့အတွက် သူတို့ကပဲ ဦးဆောင်မယ်။ သူတို့ကပဲ ရွေးချယ်မှုကိုလုပ်မယ်။ NLD ဟာ ပြုသူအနေအထား (active position) မှာ မရှိဘူး။ အပြုခံသူ၊ ခုခံသူအနေအထား (passive position) မှာပဲရှိမယ်။ စစ်အုပ်စုရဲ့ ဦးဆောင်မှုကို တုန့်ပြန်သူ၊ ခုခံသူအဆင့်မှာပဲ ရှိမယ်။ ဒါ့ကြောင့် စစ်အုပ်စု ဘယ်လိုကိုင်တွယ်မလဲဆိုတာကိုသာ အဓိကထားကြည့်ရှုချင်ပါတယ်။

စစ်အုပ်စုအနေနဲ့ ကိုင်တွယ်နည်းနှစ်နည်းရှိတယ်။ တနည်းအားဖြင့်ပြောရရင် ရွေးချယ်နိုင်တဲ့ နည်းလမ်းနှစ်မျိုးရှိတယ်။
ပထမနည်းက စစ်အုပ်စုက NLD နဲ့ မဟာမိတ်ဖွဲ့ပြီး အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားနဲ့ အများပြည်သူကိုယ်စားပြု ဒီမိုကရက်တစ်လှုပ်ရှားမှုတွေကို အတူပူးပေါင်းဖိနှိပ်ထားတဲ့နည်းဖြစ်တယ်။ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားလှုပ်ရှားမှုတွေကို ဖိထားမယ်။ (ရက်ရက်စက်စက် အပြတ် သုတ်သင်ရှင်းလင်းတာမျိုးတော့ မလုပ်ဘူး။) တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကို မြွေမသေတုတ်မကျိုး ဆက်လုပ်ထားမယ်။ NLD အစိုးရကို ကြီးထွားအောင်မြင်ခွင့်မပေး၊ သို့သော် အသက်ရှင်ခွင့်ပေးမယ်။ သူတို့စစ်အုပ်စုအကျိုးစီးပွားကို အကာအကွယ်ပေးဖို့ အကျိုးဆောင်ခိုင်းမယ်။ သူတို့စစ်အုပ်စု အကျိုးစီးပွားဖြစ်ထွန်းဖို့အတွက် အနောက်အင်အားစုနဲ့စစ်အုပ်စုကြားမှာ NLD ကိုပွဲစားလုပ်ခိုင်းမယ်။ အခြေအနေကို တတ်နိုင်သမျှတည်ငြိမ်အောင်ကျိုးစားပြီး နီယိုလစ်ဘရယ်အရင်းရှင်စနစ်အောင်မြင်အောင် ထူထောင်မယ်။ သူတို့ စစ်အုပ်စုအတွက်စီးပွားရှာမယ်။ စစ်အုပ်စုရဲ့ဘဏ္ဍာရေး တောင့်သထက်တောင့်အောင် လုပ်မယ်။ စစ်အင်အားကောင်းသထက်ကောင်းအောင်လုပ်ပြီး စစ်အာဏာရှင်စနစ် ခိုင်သထက်ခိုင်အောင်လုပ်မယ်။ အဲဒီနည်းအတိုင်းဆောင်ရွက်ရင် လာမယ့် ၅ နှစ်မှာ ယာယီဖွံ့ဖြိုးတည်ငြိမ်မှု တစုံတရာရှိနိုင်တယ်။ အလုပ်သမား၊ လယ်သမားတွေကတော့ ခက်ခက်ခဲခဲ ဆက်လက်ရုန်းကန်ကြရလိမ့်မယ်။

ဒုတိယနည်းကတော့ NLD နဲ့ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားလက်ဝဲလှုပ်ရှားမှုတွေကို ရန်တိုက်ပေးတဲ့နည်းဖြစ်တယ်။ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းမယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ရေးအရ တိုးမြှင့်ပြီး ပက်ပက်စက်စက် တိုက်ခိုက်မယ်။ လုယက်၊ မီးရှို့ ၊ မုဒိန်းကျင့်လုပ်ရပ်တွေကို အရှိန်မြှင့်တင်လုပ်ကိုင်မယ်။ မဘသနဲ့ အစွန်းရောက်မျိုးချစ်တွေကိုမြှောက်ပေးပြီး ပဋိပက္ခပေါင်းစုံဖန်တီးမယ်။ NLD ကို ဆူးကြားက ဘူးခါး ဘဝရောက်အောင်လုပ်မယ်။ NLD ကို နာမည်ပျက်အရှက်ရဘဝမျိုးရောက်အောင် နည်းမျိုးစုံနဲ့ ကြိုးစားစွမ်းဆောင်မယ်။ ဒါဆိုရင် NLD ရဲ့သဘာဝအရ ဘယ်ဘက်ကိုမှ ပြတ်ပြတ်သားသားမရှိတဲ့အတွက် ထမိန်မနိုင်ပုဝါမနိုင် ဖြစ်ဖို့များမယ်။ ဒီနည်းအားဖြင့် “NLD အစိုးရဖြစ်တော့မှ တိုင်းပြည်က ဆူဆူပူပူဖြစ်လာတယ်၊ ကသောင်းကနင်းဖြစ်လာတယ်၊ ထိန်းမနိုင်သိမ်းမရဖြစ်လာတယ်၊ NLD ဟာ အုပ်ချုပ်ရေးစွမ်းရည်မရှိဘူး၊ စစ်တပ်ကိုပဲအားကိုးရတယ်” ဆိုတာမျိုးဖြစ်အောင်လုပ်မယ်။ ဒီနည်းကိုသာ စစ်အုပ်စုကရွေးချယ်ခဲ့ရင်တော့ လာမယ့် ၅ နှစ်မှာ တိုင်းပြည်ဟာ သွေးချောင်းစီးဦးမယ့်အလားအလာ ရှိနေပါတယ်။

စစ်အုပ်စုဟာ နိုင်ငံရေး အတန်အသင့်တည်ငြိမ်မှုရပြီး သူတို့စစ်အုပ်စုတခုလုံးအတွက် စီးပွားရေးအကျိုးရှိမယ့်လမ်းကို ရည်မှန်းချက်ထားမယ်ဆိုရင် ပထမလမ်းကိုရွေးချယ်လိမ့်မယ်။ NLD နည်းနည်းအသက်ရှူချောင်မယ်။ ဒါမှမဟုတ်ဘဲ NLD နာမည်ပျက်ပြီး နောင် ၅ နှစ်မှာ သူတို့ အရွေးကောက်ခံရရေးဆိုတာမျိုးကို ရည်မှန်းချက်ထားရင်တော့ ဒုတိယလမ်းကိုရွေးချယ်ပါလိမ့်မယ်။ NLD အကျပ်အတည်းတွေ့မယ်။ အမြော်အမြင်နည်းပါးပြီး အလိုလောဘကြီးတဲ့စစ်အုပ်စုဟာ ဒုတိယနည်းကို မရွေးဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

ဘယ်နည်းကိုပဲရွေးရွေး အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ဆင်းရဲသားပြည်သူတွေအတွက် ကတော့ ဖိနှိပ်မှုတွေကို အနည်းနဲ့အများဆိုသလိုကြုံတွေ့ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ကိုယ့်အားကိုယ်ကိုးပြီး ခုခံကာကွယ်ရေးသည်သာ တခုတည်းသောရွေးချယ်ရာ ဖြစ်လိမ့်မယ်။

NLD အောက်ခြေရဲဘော်တချို့နဲ့ အကောင်းဘက်ကိုသာအမြဲမျှော်တွေးသူ ပေါ်လီယာနာ ဒီမိုကရက်တွေ မျှော်လင့်ချက်ထားကြတဲ့အိပ်မက်တခုရှိပါသေးတယ်။ အဲဒါကတော့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ တိုင်းရင်းသားပြည်သူတွေနဲ့ NLD ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ကြဖို့ဆိုတဲ့ အိပ်မက်ပါ။ အဲဒီအိပ်မက်က သိပ်လှတဲ့အိပ်မက်ပါ။ ဒါပေမယ့် အဲဒီအိပ်မက်ကို NLD ဘက်က ကတ္တီပါလမ်းခွဲလုပ်ခဲ့တာ တော်တော်ကြာပါပြီ။ ဦးဝင်းတင်ကို တကယ်လုပ်ပိုင်ခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကဖြုတ်ပြီး၊ နာယကအဖြစ် အပေါ်ကို ကန်ထုတ်ခဲ့ချိန် ကတည်းက အဲဒီကတ္တီပါလမ်းခွဲစတင်ခဲ့ပါတယ်။

NLD ဟာ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းမှာပဲနိုင်ငံရေးလုပ်မယ်လို့ ဆုံးဖြတ်ရွေးချယ်ထားသမျှ၊ စစ်တပ်နဲ့ ပြေလည်ရေးအတွက် ဘာမဆိုလိုက်လျောမယ်လို့ သန္နိဋ္ဌာန်ချထားသမျှမှာ အဲဒီအိပ်မက်ဟာ အကောင်အထည်ပေါ်လာစရာ အကြောင်းမရှိတော့ပါဘူး။ နှောင်းခဲ့ပါပြီ။ဇော်ဝင်း
၈၈ ဗကသကျောင်းသားဟောင်း