Friday, May 31, 2019

(အမေရိကန်-မက္ကဆီကို ကုန်သွယ်စစ် စစ်မျက်နှာဖွင့်မယ်ဆို) မျိုးမြင့်ချို

0 comments
(အမေရိကန်-မက္ကဆီကို ကုန်သွယ်စစ် စစ်မျက်နှာဖွင့်မယ်ဆို)
ခုနောက်ပိုင်းမှာ ကနေဒါကိုခိုးဝင် အခြေချတဲ့အမေရိကန်တွေ များသထက်များများလာတယ်၊ ကနေဒါကလည်း အမေရိကန်ကို ဟိုပြည်နယ်ရောင်းမလား ဒီပြည်နယ်ရောင်းမလား ဘယ်လောက်ပေးမယ် ဘာညာတွေအထိပြောလာတယ်။ ကနေဒီယာန်တွေကတော့ အမေရိကန်ကို တရားဝင်လာနေကြတယ်၊ ဒါတောင် အပြီးအပိုင်နေသူ နည်းတယ်၊ တချို့ နှစ်နိုင်ငံသားသဘောနေကြတယ်၊ တချို့ ဂရင်းကဒ်နဲ့နေတယ်၊ တချို့လည်း နိုင်ငံသားခံယူတယ်။

မက္ကဆီဘက် သွားနေကြတဲ့ အမေရိကန်ဦးရေကလည်း မနည်းဘူး၊ တရားမဝင်ရွှေပြောင်းအလုပ်သမားတွေအနေနဲ့တော့ မရှိသလောက်ပါ။ တရားဝင် အလုပ်သွားလုပ်နေကြသူတွေလည်း များပါတယ်။ လူနေမှုစရိတ်က အမေရိကန်ထက်သက်သာလို့ တချို့ တနှစ်ကိုးသီးတင်း သွားနေတဲ့လူတွေလည်းရှိပါတယ်။ သွားနေကြတာတွေထဲမှာ တရားဝင်ထက် တရားမဝင်က ပိုများပါတယ်၊ နှစ်နိုင်ငံ လူးလာခေါက်တုံ့လုပ်နေတဲ့ ဒုစရိုက်သမားတွေ လူဆိုးဂိုဏ်းတွေ မူးယစ်ဆေးဝါးကုန်သည်တွေ သေနတ်ပွဲစားတွေဆိုတာ နယ်စပ်မှာ ခြေချင်းလိမ်နေကြတာပါ၊ 

အခု ဒေါ်နယ်ထရမ့်ပ်က နယ်စပ်တံတိုင်းခတ်မယ်၊ တရားမဝင်နယ်စပ်ဖြတ်ကျော်တွေကို နှိမ်နင်းမယ် ဘာညာတွေဖိပြောပြီး ကိုယ့်အကျပ်အတည်းကို သူ့အပေါ်ပုံချပြီး ကြိုက်လုံးပစ်နိုင်ငံရေးတွေလုပ်နေတယ်။ ဒီတော့ မက္ကဆီကန်တွေလည်း တံတိုင်းမကလို့ ဘာခတ်ခတ် ကိုယ့်ပိုက်ဆံရှိကိုယ်လုပ်ပေါ့ဆိုတဲ့အထာနဲ့ နေတယ်။ မြောက်အမေရိကလွတ်လပ်စွာကုန်သွယ်ရေးစာချုပ် NAFTA ကို အမေရိကန်က တဘက်သတ် ဖျက်လိုဖျက်ဆီးလုပ်တာကို မကျေနပ်ဘူး။ မက္ကဆီကန်တွေ ဘာလုပ်ပေး ညာလုပ်ပေးနဲ့ ထရမ့်ပ်က အသံကုန်အော်နေလည်း ဟိုက အင်းမလုပ်အဲမလုပ်ဆိုတော့ ထရမ့်ပ်လည်း ကြံရာမရဖြစ်လာတယ်။ 

ဒီတော့ ထုံးစံအတိုင်း ကုန်သွယ်ရေးကိစ္စအကြောင်းပြုပြီး ပြဿနာအစရှာဖို့လုပ်တယ်။ ဒီနေ့ နေ့လည်က ထရမ့်ပ်က သူ့တွစ်တာအကောင့်မှာ အမေရိကန်ကိုတရားမဝင် ဝင်လာနေတာတွေကို ရအောင်တားပေး၊ မတားပေးရင် ဇွန်လ ၁ဝ ရက်နေ့ကစပြီး မက္ကဆီကိုကနေ အမေရိကန်သွင်းနေတဲ့ သွင်းကုန်မှန်သမျှအပေါ် သွင်းကုန်စည်းကြပ်ခွန် ၅ ရာခိုင်နှုန်းတိုးကောက်မယ်။ ဒါမှ မက္ကဆီကန်တွေဘက်က ဘာမှအရေးတယူမလုပ်ရင် မလုပ်မခြင်း ၂၅ ရာခိုင်နှုန်းရောက်တဲ့အထိ တိုးတိုးပြီးကောက်သွားမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ 

ခုထိတော့ မက္ကဆီကန်တွေ ဘာမှပြန်မပြောသေးဘူး။ ပြောတော့ ပြောလိမ့်မယ်။ ပါးကိုက်နားကိုက် သူလုပ်ကိုယ်လုပ်တွေ ပြန်လုပ်လာလိမ့်မယ်။ မက္ကဆီကိုဟာ အမေရိကန်ရဲ့အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံတွေထဲပါတယ်။ အမေရိကန်နဲ့ မက္ကဆီကို တနေ့ကုန်သွယ်မှုက ဒေါ်လာ တစ်ဒဿမ ၇ ဘီလီယံဝန်းကျင်ရှိတယ်။ အခုနလေးကပဲ မက္ကဆီကိုဘက်ကေ သတင်းတခုမှာ "တို့လူတွေချည်း မင်းတို့ဘက်သွားနေတာမဟုတ်၊ မင်းတို့လူတွေလည်း တို့ဆီမှာ တပုံကြီး"လို့ ထိပ်ပြန်ပုတ်တဲ့ ထေ့တေ့တေ့အသံတခုကြားလိုက်ရတယ်။

Thursday, May 30, 2019

(ငကြွက်ဟာ သတ်ပစ်ရမယ့်ကောင်) မျိုးမြင့်ချို

0 comments
(ငကြွက်ဟာ သတ်ပစ်ရမယ့်ကောင်)
သေဒဏ်ပေးပြီး အကြိမ်ကြိမ်ပြန်သတ်ပစ်ဖို့ကောင်းတဲ့ လူယုတ်မာရာဇဝတ်ကောင်တွေနဲ့ ထောင်ထဲမှာ ကျနော်ဆုံခဲ့တာမနည်းဘူး။ သူတို့တွေ သေဒဏ်ကျနေကြတာ ကျနော်ထောင်ထဲမရောက်ခင်ကရော ရောက်ပြီးမှရောဘဲ။ စစ်အုပ်စုကပေးတဲ့ အစိုးရလွတ်ငြိမ်းသက်သာတွေရပြီး သူတို့သာ တယောက်ပြီးတယောက် လွတ်ကုန်တယ်။ ကျနော်က လျှော့ရက် တရက်တောင်မရတော့ နေမြဲနဲ့ကျန်ခဲ့တယ်။ ဒီ လူယုတ်မာရာဇဝတ်ကောင်တွေ လွတ်သွားတာကို မကျေမချမ်းဖြစ်စရာမရှိပေမယ့် ဒီလူတွေထဲမှာ သေဒဏ်အမိန့်ချပြီးတာနဲ့ လုပ်စရာရှိတာတွေမြန်မြန်ပြီးပြတ်အောင်လုပ်ပြီး မြန်မြန်သတ်ပစ်ရမယ့်လူတွေ အများကြီးရှိတာကိုတော့ လူတွေသိဖို့လိုပါတယ်။

အမှုတခုမှာဆို ဘယ်လောက် ယုတ်မာရက်စက်သလဲပြောပြပါ့မယ်။ အမှုက ဓားပြ၊ မုဒိန်း၊ လူသတ်။ ဒီလူတွေနဲ့ကျနော်က အင်းစိန်ထောင် ကြိုးတိုက်(တိုက်အမှတ် ၂၊ ရင်ကွဲတိုက်)မှာ ဆုံခဲ့တာ။ သူတို့က အမှုတွဲ ၃ ယောက်။ ၂ ယောက်က သေဒဏ်။ တယောက်က နှစ်ကြီး။ နှစ်ကြီးသမားက အဆောင်မှာ အခန်းလူကြီးဖြစ်ပြီး ထောင်မင်းသားလုပ်နေတော့ ဒီသေဒဏ်ကျ သူ့အမှုတွဲ ၂ ယောက်ကို တော်တော်လေးပြန်ကြည့်တယ်။ ဒီတော့ ဒီ ၂ ယောက်က ကြိုးတိုက်မှာ အကောင်ပဲ။ ထောင်ပိတ်ပြီး အိပ်ချိန်မပေးခင် ညဘက်ဆို မျက်နှာချင်းဆိုင်အခန်းကလူတွေနဲ့ တိုးတိုးသက်သာ ရောက်တတ်ရာရာပြောကြတယ်။ ကျနော်ပြောတာတွေမှာ ဝတ္ထုဇာတ်လမ်းတွေကလွဲလို့ ကျန်တာတွေ သူတို့စိတ်မဝင်စားဘူး။ ကျနော်က သူတို့အကြောင်း သူတို့အမှုတွေအကြောင်း စိတ်ဝင်တစားမေးတယ်။ ပြန်ပြောကြတယ်။ ပြောတဲ့နေရာမှာ မှားခဲ့မိုက်ခဲ့တာအတွက် နောင်တနဲ့ယှဉ်တဲ့စိတ်အခံနဲ့ပြောသူကများပါတယ်။ ခုပြောတဲ့ လူ ၂ ယောက်ကတော့ သူတို့အမှုကို ပြောတာမှာ ဘာနောင်တရတဲ့လေသံမှ မပါတဲ့အပြင် အရသာခံပြီးကို မြိန်ရည်ယှက်ရည်ကိုပြောတာ။ တချက်တချက် တဟားဟားနဲ့ပါ ရယ်သေးတာ။ နားထောင်ရင်း စက်ဆုပ်ရွံရှာစိတ်နဲ့အတူ ထိတ်လန့်ကြက်သီးမွေးညှင်းပါထတယ်။ ၂ ယောက်ထဲက တယောက်က ခေါင်းဆောင်။ နံမည်က ငကြွက်ပဲထားပါတော့။

ငကြွက်က အင်းသူကြီးသား၊ ပိုက်ဆံရှိတယ်။ နောက်လိုက်ရှိတဲ့ လူမိုက်။ မြစ်ဝကျွန်းပေါ်သား၊ နေတဲ့ရွာကမြို့နဲ့အလှမ်းဝေးပြီး ရွာဆက်ပြတ်ပေမယ့် ရွာကြီး၊ ပင်လယ်နဲ့နီးတယ်။ ငကြွက်တို့က ကျေးရွာကောင်စီက ဆက်ကြေးပြန်ပေးနေရတဲ့လူ၊၊ ကောင်စီက အရက်ပုန်းချက်တဲ့လူတွေ မီးသွေးခိုးဖုတ်တဲ့လူတွေ တရားမဝင်ငါးဖားရှာစားတဲ့လူတွေဆီက လိုင်းကြေးယူတယ်။ ငကြွက်တို့အုပ်က အဲ့ဒီကောင်စီတွေ မဟုတ်တာလုပ်နေတာသိတော့ သူတို့ပါ ဝေစုပေးဆိုပြီး မိုက်ကြေးခွဲစားတယ်။ မိုက်ဂုဏ်နဲ့လူအုပ်ဆိုတော့ လူတွေကလန့်တယ်။ ငကြွက်က ရွာထဲက ကောင်မလေးတယောက်ကို ကြိုက်တယ်။ ကောင်မလေးက ပြန်မကြိုက်ဘူး။ ကောင်မလေးမိဘတွေက ငကြွက်နဲ့ သဘောမတူပေမယ့် မပြောရဲဘူး။ မပေးစားဘူးပြောရင် သတ်ပစ်မယ်တို့ဘာတို့ လုပ်ထားတာ။ နောက်တော့ ကောင်မလေး ရွာနီးချင်းမှာ အုတ်သွားဖုတ်ရင်း အုတ်ဖုတ်အလုပ်သမား ကောင်လေးတယောက်နဲ့ ကြိုက်တယ်၊ ယူလိုက်တယ်။ ၂ ရွာကြားက အုတ်ဖိုတွေရှိတဲ့နေရာမှာ တဲထိုးပြီးနေတယ်၊ သမီးမရှိတော့လို့ ငကြွက်ရန်အေးသွားပေမယ့် သူ့သမီးလင်မယားကို ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ်တွေ အိမ်ရှေ့လာ ကြိမ်းကြိမ်းနေတော့ မိဘတွေလည်း လန့်ပြီး ရွာပြောင်းပြေးကြတယ်။

တရက် ငကြွက်က သူ့တပည့် ၂ ယောက်ခေါ်ပြီး ကောင်မလေး လင်မယားနေတဲ့ တဲကိုလာတယ်၊ ကြက်ဖမ်းသတ် ချက်ခိုင်းပြီး အရက်နဲ့မြည်းရင်း ကောင်လေးရှေ့တင် ကောင်မလေးကို ဖက်လားရမ်းလားတွေလုပ်တယ်၊ မခံချင်အောင် အမျိုးမျိုးပြောတယ်၊ အဲ့သလို ရန် အခါခါလာစတယ်၊ နောက်တော့ ကောင်လေးကရှက်ပြီး တနေ့တော့တွေ့ကြမှာပါလို့ အသိတယောက်ကိုပြောတယ်။ အဲ့ဒီအသိက ငကြွက်ကိုပြန်ပြောတော့ ငကြွက်က မင်းလားကွ ငါ့ကိုဆိုပြီး လူလည်ကောင်မှာ ထိုးကြိတ်ကန်ကျောက်ပြီး မသေရုံတမယ်လုပ်ပစ်တယ်၊ နောက်တော့ လင်မယား ရွာပြောင်းပြေးတော့မလိုလို မြို့တက်ပြီး ကြုံရာကျပမ်းလုပ်စားတော့မလိုလို အသံထွက်လာတယ်၊ ငကြွက်က အဖော်တွေနဲ့ သူတို့နေတဲ့ တဲကိုသွားပြီး မင်းသွားရင်သွား ငါ့မယားတော့ထားခဲ့ဆိုပြီး ကောင်မလေးကို ဖက်ရမ်းနမ်းရှူံ့ တကိုယ်လုံးစိတ်ကြိုက် ကိုင်တွယ်ပွတ်သတ် ဖျစ်ညှစ်တာတွေလုပ်ပြီး ပြန်သွားတယ်။

ဒါကိုကြားတဲ့ ကောင်လေးဘက်က ဆွေမျိုးသားချင်းတွေက မခံနိုင်လို့ နောက်တခါလာလုပ်ရင် ပြန်ချမယ်ဆိုပြီး လူစုတာ ဓားသွေးတာ လှံချွန်တာလုပ်တယ်၊ ရဲတွေ ကောင်စီတွေတော့ မတိုင်ဝံ့ဘူး၊ တိုင်လည်း ဘာမှမထူးဘူးဆိုတာ သိနေတယ်။ ကောင်လေးဘက်အမျိုးက လူအုပ်တောင့်တော့ ငကြွက်က နောက်တခါ နေ့ခင်းကြောင်တောင် သွားပြီးမရမ်းကားဘူး၊ ဂွင်စောင့်ပြီးလုပ်ဖို့ကြံတယ်၊ စိတ်ချရတဲ့ လက်ရုံးလူမိုက် ၂ ကောင်ကလွဲလို့ ဘယ်သူ့မှအသိမပေးဘဲ ကြိတ်ကြံကြတယ်။ ဒီကြားထဲမှာ ခြေငြိမ်နေတယ်၊ ဖြူသည်မဲသည် ဘာမှမပြောတော့ဘူး၊ ကိုယ်ရှိန်သတ်ထားတယ်၊ လူတွေကတော့ ဟိုဘက်က လုအုပ်တောင့်တော့ ငကြွက်တို့ ကျွတ်နေပြီဆိုပြီး ကြိတ်ဝမ်းသာကြတယ်၊
လူတွေသွေးအေးသလောက်ရှိသွားပြီး ဟိုလင်မယားလည်း တဲမှာဘဲဆက်နေဖို့ဖြစ်သွားတယ်၊ ရွာလည်းမပြောင်းမြို့လည်း မတက်ဖြစ်တော့ဘူး။ ငကြွက်လည်း စိတ်လေပြီး ပုသိမ်ဘက်ဘဲတက်သွားသလိုလို မြို့မှာဘဲ ရိုက်မှုဖြစ်လို့ ထောင်ကျနေသလိုလိုတွေ ရွာထဲမှာအသံထွက်လာတယ်။ လူတွေလည်း စိတ်အေးသလိုဖြစ်နေကြတယ်။

အမှန်က ငကြွက်က သူ့ လက်ရုံး ၂ ကောင်ခေါ်ပြီး ပင်လယ်ဘက်က ရွာတရွာမှ ခြေရာခနသွားဖျောက်နေတာ။ နောက်တော့ လူတွေ မေ့သလောက်ရှိတော့မှ ဘယ်သူမှမရိပ်မိအောင် ငကြွက်နဲ့သူ့လူတွေ ဟိုလင်မယားနေတဲ့တဲကိုသွားတယ်၊ တုတ် ဓား အပြင် လုပ်သေနတ်အတိုတလက်လည်း ယူသွားတယ်။
တဲထဲရောက်တော့ လင်မယား ၂ ယောက်ကို ရိုက်နှက်ပြီး ကြိုးတုတ်တယ်။ ကောင်လေးကို အမျိုးမျိုးနှိပ်စက်တယ်။ လက်ပြန်ကြိုးတုပ်ထားတဲ့ကောင်လေးရှေ့မှာ ကောင်မလေးကို တုံးလုံးချွတ်ပြီး ၃ ယောက် တယောက် တလှည့် မုဒိန်းကျင့်တယ်၊ ကျင့်လို့ဝတော့ ကောင်မလေးပေါင်ခြံကြားထဲ အုန်းဆံကြိုးအကြမ်းကိုညှပ်ပြီး ရှေ့နောက် ပွတ်တိုက်ပြီးဆွဲတယ်။ အကုန်လုံး စုတ်ပြတ်သတ် သွေးချင်းချင်းရဲပြီး သတိလစ်တဲ့အထိလုပ်တယ်။ ကောင်လေးရဲ့ ယောက်ျားတန်ဆာကို အရင်းကနေဓားနဲ့ဖြတ်ပြီး ကောင်လေးပါးစပ်ထဲဆို့တယ်။ နောက်ဆုံး ဘယ်လောက်အထိ ယုတ်မာလဲဆိုတော့ သွေးချင်းချင်းရဲပြီး မချိမဆန့် နာကျင်ညည်းတွားနေတဲ့ကောင်လေးကို မှောက်ခိုင်းပြီး သတိမေ့နေတဲ့ကောင်မလေးကို အပေါ်ကနေ ပက်လက်လှန်တင်ပြီး ကောင်မလေးတန်ဆာထဲကို သေနတ်နဲ့ ၃ ချက် ဆက်ပစ်တယ်။ ကျည်ဆန်က အောက်က ကောင်လေးကိုပါဖေါက်မှန်ပြီးပွဲချင်းပြီးကုန်ကြတယ်၊ နောက်တော့ ဓားမြတိုက်တာလိုလို ထင်ရအောင် ရှိတဲ့ပစ္စည်းလေးတွေယူ တအိမ်လုံးမွှေနှောက်လှန်လှောမွှေနှောက်ပြီး ထားခဲ့တယ်။

အမှုကကြီးတော့ စီအိုင်ဒီအထိပါရောက်ပြီး နောက်ဆုံးပေါ်ကုန်တယ်။ ငကြွက်နဲ့ တပည့်တကောင်က သေဒဏ်ကျတယ်။ ကျတာမှ ငကြွက်က တကြိုးနဲ့ တကျွန်း။ နောက်တကောင်က တကြိုး။ ငကြွက်အမှုက တပေါင်းတည်း ချထားတာ။ အမှုတွေ ခွဲမထားဘူး။

နောက်တော့ ကျနော်လည်း တောင်ငူထောင်ရောက်၊ ခန ပြန်လွတ်၊ ပြန်ဖမ်း၊ အင်းစိန်ပြန်ရောက်၊ ထောင်ပြောင်း သာယာဝတီထောင်ရောက်၊ နောက် မျက်စေ့ခွဲဖို့ အင်းစိန်ထောင်ပြန်ရောက်တယ်၊ သီးသန့်မှာခနထားပြီး အပြင်ထွက်မျက်စေ့ခွဲရတယ်၊ မျက်စေ့ခွဲပြီးတော့ ထောင်မကြီးပြန်ရောက်ပြီး အင်းစိန်ထောင်ဆေးရုံမှာ ခနနေရတယ်။ ထောင်ဆေးရုံမှာနေတုန်း ငကြွက်နဲ့ပြန်ဆုံတယ်၊ အဲ့ဒီအချိန်မှာ ငကြွက်က ထောင်ဆေးရုံတန်းစီးတော့မဟုတ်ဘူး။ အကောင်တော့ အကောင်ဘဲ။ ကျနော့်လည်း မှတ်မိတော့ ကောင်းကောင်းမွန်မွန်နှုတ်ဆက်ပြီး အကူအညီလိုရင်ပြောပါလို့ပြောတယ်။

သူက ကြိုးလွတ်၊ နစ် ၂ဝ ကျွန်းတည်၊ ၂ဝ ကျွန်းကမှ ၁ဝ နှစ်တည်ပြီး အဆင့်ဆင့်ပြစ်ဒဏ်လျော့လာလိုက်တာ သူ့နေသားနဲ့ဆို လွတ်ကာနီးနေပြီ။ “နောက် ၄ လလောက်ဆို ကျနော် လွတ်ပြီဗျ“ လို့ပြောရင်း ပျော်နေပုံဘဲ။ ကျနော်က သစ်ပင်မှာထောက်ထားတဲ့ သူ့လက်တွေကိုကြည့်ရင်း စိတ်ထဲ ခြောက်ခြောက်ခြားတွေဖြစ်ပြီး “အဲ့ဒီလက်တွေ အဲ့ဒီလက်တွေ“လို့ ပါးစပ်ကအလိုလို အသံထွက်သွားတယ်။ သူက “ဘာလဲဗျ အဲ့ဒီလက်တွေ အဲ့ဒီလက်တွေဆိုတာက“တဲ့။ “ဘာမှမဟုတ်ပါဘူး၊ ကျနော့်လက်တွေ ပြတ်နေတာကိုပြောတာပါ“လို့ပြောပြီး လှည့်ထွက်လာခဲ့တယ်။ အဲ့ဒီည ကျနော် အိပ်မပျော်ဘူး။ တညလုံးလိုလို “ကောင်မနဲ့အကောင်က ငကြွက်အရှက်ခွဲပြီးရုံမက ဆွေမျိုးအားကိုးနဲ့ သွေးတိုးစမ်းတော့ သေချင်းဆိုးနဲ့ သေကြတာပေါ့ဗျာ၊ ဒါမျိုးလုပ် ဒါမျိုးဘဲဖြစ်မှာပေါ့“ဆိုတဲ့ ငကြွက်အသံပဲ နားထဲမှာထပ်တလဲလဲကြားနေတယ်။ တိုက်ခန်းတခန်းလုံး အဲ့ဒီအသံတွေနဲ့ပြည့်နေတယ်။ စိတ်လည်း မချမ်းသာဘူး။ လူလည်း မောဟိုက်နေတယ်။ နောက်တော့ သိတ်မကြာဘူး ငကြွက်လွတ်သွားတာကြားတယ်။

ငကြွက်တို့လို ရာဇဝတ်သားတွေအတွက် သေဒဏ်ဟာမဖြစ်မနေရှိမှာဖြစ်သလို မသတ်မဖြစ်လည်း သတ်ပစ်ရမှာပါ။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ သေဒဏ်မရှိသင့်တော့ဘူးဆိုတာထက် ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ ငကြွက်တို့လိုလူတွေ မရှိသင့်ဘူး၊ ရှင်သန်ခွင့် မပေးသင့်ဘူးဆိုတာက ပိုတရားမျှတပြီး ပိုယဉ်ကျေးတဲ့အပြုအမူလို့ ယုံကြည်ပါတယ်။ အဲ့လိုယုံလို့ ကျနော်ဟာ မယဉ်ကျေးသူဆိုလည်း ကျေကျေနပ်နပ် မယဉ်မကျေးနေပါ့မယ်။
မျိုးမြင့်ချို
မေ ၃ဝ၊ ၂ဝ၁၉

Tuesday, May 28, 2019

(ရခိုင့်တပ်မတော်ကို ဘယ်မှာနေရာချမလဲ) မျိုးမြင့်ချို

0 comments
(ရခိုင့်တပ်မတော်ကို ဘယ်မှာနေရာချမလဲ)
AA နဲ့ စစ်အုပ်စု Bilateral ခေါ်တဲ့ တဖွဲ့ချင်းအပစ်ရပ်လက်မှတ်ထိုးဖြစ်ကြတဲ့အဆင့်ရောက်ဖို့ဆိုတာ AA တပ်နေရာတည်ရှိရေးကိစ္စမှာတင် ထစ်သွားနိုင်ပါတယ်။ စစ်အုပ်စု/အစိုးရက AA မပေါ်ခင်အထိ ရခိုင်ကို အဖြူရောင်နယ်မြေလို့ပြောထားတယ်။ ရခိုင်မှာ အေအေ့တည်ရှိမှုကို(လုံးဝ)လက်မခံပါလို့ပြောထားပြီးသားပါ။ AA ကလည်း ရခိုင့်တပ် ရခိုင်မှာရှိရမယ်လို့ ရပ်ခံထားတယ်။ ဒီ့ထက်ပို တင်းတင်းမာမာပြောသူတွေကတော့ စစ်အုပ်စုတပ် ရခိုင်ကနေထွက်ပါ ရခိုင်ပြည်နယ်ကို AA က ကာကွယ်မယ်ဆိုတဲ့အထိပြောပါတယ်။

တကယ်တော့ AA ရဲ့ သန္ဓေယူရာဟာရခိုင်ပေမယ့် မွေးဖွားရာဟာ ကချင်ပြည်နယ်မှာပါ။ တိတိကျကျပြောရရင် လိုင်ဇာမှာပါ။ ရှိပြီးသား AA တပ်တွေကို လိုင်ဇာမှာ (ကချင်ပြည်နယ်မှာ) ပိတ်ထားပြီး၊ ရခိုင်ပြည်နယ်နဲ့ အဆက်ဖြတ်ထားပြီး၊ အပစ်ရပ်မူအတိုင်း နယ်မြေမချဲထွင်ရ လူသစ်မစုဆောင်းရ စစ်ရန်ပုံငွေမကောက်မခံရသဘော လုပ်ထားနိုင်ရင် ရခိုင်ဘက်မှာ တရန်အေးပြီး စစ်တမျက်နှာငြိမ်းနေမယ်လို့ စစ်အုပ်စု/အစိုးရကတွက်မှာပါ။

အဲ့အခြေအနေအတိုင်း မြွေမသေတုတ်မကျိုးထားပြီး ကျန်တဲ့အပစ်ရပ်တွေကိုလုပ်ထားသလို လပ်ယားလပ်ယားတွေပေးလုပ်၊ စီးပွားရေးပေးလုပ်၊ ခေါင်းဆောင်တွေဇိမ်ယစ်ပြီး ကိုယ်ကျိုးစီးပွားရှာခိုင်း၊ ပါမစ်တွေဘာတွေပေး၊ လည်ပတ်ပြားတွေဆွဲပြီး အစည်းအဝေးတွေတက် ဟီးဟီးဟားဟားလုပ်၊ ချဖို့လိုတဲ့အခါ ကွက်ကွက်ပြီး စုတ်ပြတ်သတ်သွားအောင် တီးထည့်လိုက် စတာမျိုးတွေလုပ်ချင်မှာပါဘဲ။ အဲ့လိုနည်းနဲ့ "သူပုန်နဲ့စစ်တပ်အတူတူပါဘဲ သေနတ်ကိုင်အနိုင်ကျင့်ပြီး စီးပွားရှာကြီးပွားနေကြတဲ့ကောင်တွေပါ"ဆိုတဲ့ လူထုအမြင်ထွက်လာအောင်ဖန်တီးယူမှာပါ။ ခုတောင် ရသလောက်ရနေပါပြီ။

အဲ့ဒီတော့ ဘိုင်လစ်ထရယ်ဆွေးနွေးတဲ့အခါ အကြိတ်အနယ်ဖြစ်မှာက AA ကို ဘယ်နေရာထားမလဲဆိုတာပါ။ တပ်နေရာချထားရေးပါ။ AA ကို ABSDF လို စဉ်းစားလို့မရပါ။ အခြေအနေ အချက်အလက်မတူပါ။ AB ကို KNU နဲ့ကပ်ပြီးတွေးလို့ရပေမယ့် AA က လူမျိုးစုနောက်ခံနဲ့ ပြည်နယ်ရှိပါတယ်။ KIA နဲ့ ကပ်ပြီးတွေးလည်း ယာယီသဘောအရတော့ တွေးလို့ရပေမယ့် အခြေအနေပေါ်တည်ပြီး သူ့လူထုရှိရာ သူပြန်အခြေပြုမယ်၊ သူ့ကိုယ်ပိုင်လွတ်မြောက်နယ်မြေ ထူထောင်လာနိုင်မယ်ဆိုတဲ့အချက်ဟာ တချိန်ချိန်မှာ မလွဲမသွေဖြစ်လာမှာပါ။

ဒီနေရာမှာ အခြေအနေတို့ တချိန်ချိန်တို့ဆိုတာက ဗမာ့နိုင်ငံရေးမှာ စစ်အုပ်စုရဲ့ဗိုလ်ကျစိုးမိုးနေမှုကဏ္ဍကိုဆိုလိုတာပါ။ သဘောက စစ်အုပ်စုရှိနေသရွေ့ စစ်အာဏာ စစ်စီးပွား စစ်ဓနတွေ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့အထိုင်ကျနေသရွေ့ကို ဆိုလိုတာပါ။ ချုပ်ပြောရရင် စစ်အုပ်စုရှိနေသရွေ့ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးမပြောနဲ့ တပြည်လုံးအတိုင်းအတာနဲ့ စစ်စစ်မှန်မှန်အပစ်အခတ်ရပ်စဲရေးတောင် မျှော်လင့်လို့မရပါ။

ပြန်ချုပ်ရရင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ စစ်အုပ်စု/အစိုးရနဲ့ စကားပြောကြတဲ့အခါ AA ကိစ္စက စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်မှာပါ။ ဆွေးနွေးကြတဲ့အခါ AA က စကားပြောလာမှာပါ။ တနည်းပြောရရင် AA စကား ပြောကြရမှာပါ။ ခုထိတော့ ဘာစကားမှ အတိအလင်းမပြောကြသေးပါ။ အပြန်အလှန်စာပို့တာတွေ ဘာတွေတော့ရှိနေပါတယ်။
မျိုးမြင့်ချို
မေ ၂၈၊ ၂ဝ၁၉

(အမေ့ခြံ) မျိုးမြင့်ချို

0 comments
(အမေ့ခြံ)
ပြီးခဲ့တဲ့အပတ်က ကျနော်က မရင်နှစ်တို့အိမ်နောက်မှာ ဆယ်ပေ လေးပေလောက် ပေါင်လေးတခုဖော်တယ်။ ရင်နှစ်အဖေရဲမော်ထူးက မြေဆွေး ၂ အိပ်ဝယ်ပေးလို့ မြေဆွေးနဲ့သမပြီး မြေနှပ်ထားတယ်။ အမေစိုက်ချင်တာလေးစိုက်ရအောင်ဆိုပြီး။ ပထမတော့ ချဉ်ပေါင်စိုက်မလိုလို ပဲတောင့်ရှည်(တိုင်ထောင်ပဲ) စိုက်မှာလိုလိုနဲ့ဖြစ်နေတာ။ နောက်တော့ ညီတော်မောင် ကျော်ကျော်မြင့်က သူ့မှာ ရုံးပတီမျိုးစေ့တွေရှိတယ်ဆိုပြီး အမေ့ကို ပေးလိုက်တယ်။ ဒါနဲ့ ၈ လက်မစီလောက်ခြားပြီး တကျင်းမှာ ၂ စေ့နှုန်းနဲ့ ကျနော်က ပျိုးပေးလိုက်တယ်။“အေးလေ ပေါက်လာတော့ ပိုသန်တဲ့အပင်ချန်ပြီး လှီတာလေး နှုတ်လိုက်တာပေါ့၊ နှုတ်တာထက် အပင်ရင်းလေးကကပ်ပြီး ကပ်ကျေးနဲ့ညှပ်လိုက်တာကောင်းတယ်၊ ကျန်တဲ့အပင် အမြစ်မနာဘူး“ လို့ ပြောရင်း မနက်တိုင်း အမေက သွားသွားကြည့်တယ်။

နောက်နေ့ကျတော့ သင်းသင်းအေး(မရင်နှစ်အမေ)က ဗမာဆိုင်တွေဘက်ရောက်တုန်း မျိုးစေ့ထုတ်လေးတွေဝယ်လာတယ်။ ကန်စွန်းနဲ့ချဉ်ပေါင်တဲ့။ နောက် အသိတယောက်ကပေးလိုက်တဲ့ မုန်လာစေ့ထုတ်လေးလည်း ပါလာတယ်။ အဲ့ဒီ ပေါင်အသစ်မှာ စိုက်ဖို့တဲ့။ ပေါင်မှာက ရုံးပတီက ချပြီးသွားပြီ။ ထပ်စိုက်စရာ ပေါင်က မရှိတော့ဘူး။ အိမ်နောက်မှာ စိုက်စရာမြေတွေရှိပေမယ့် မြက်မွေးထားတာအပြင် အရင် ပေါင်အဟောင်းနေရာတွေက နည်းနည်းလေး မိုမောက်နေတော့ မြက်ရိပ်ရတာ သိတ်အဆင်မပြေဘူးလို့ ရဲမော်ထူးကပြောတယ်။ ဒါတောင် ဗူးစင်မှာရော အခုလုပ်လိုက်တဲ့ ရုံးပတီပေါင်မှာရော အရင် ပေါင်အဟောင်း ၂ ခုကိုဖြိုချ မြေညှိပြီးယူထားတဲ့ မြေစာတွေနဲ့လုပ်ထားတာ။

ထပ်လည်း ပေါင်အသစ် မလုပ်ချင်တော့ဘူး။ ဗူးလည်းရှိနေပြီ၊ ခရမ်းချဉ်၊ ငရုပ်၊ ပဲတောင့်ရှည်၊ ပဲပုဇွန်လေးတွေလည်း ရှိနေပြီဆိုတော့ အမေ့အတွက် အပျင်းပြေ အညောင်းပြေက လုံလောက်နေပြီ။ ဒါပေမယ့် မျိုးစေ့ထုတ်လေးတွေတွေ့တော့ သူမနေနိုင်ဘူး။ အထုပ်လေးတွေကိုင်ပြီး “ဟို ရုံးပတီပင်တွေ ပေါက်လာတော့မှ နေရာကြည့်ပြီး ရုံးပတီ ၂ ပင်ကြား ချဉ်ပေါင်လေးတွေ ချဲချဲပြီးချကြည့်တာပေါ့။ အပင်ကြီးတဲ့အထိမထားပဲ ကြဲခင်းချဉ်ပေါင်လို နှုတ်စားတာပေါ့။ အပင်ကြီးထားရင် ရုံးပတီပင်လည်း သွားထိခိုက်မယ်။ ရုံးပတီက အရွက်ကြီးပြီးကားတော့ ချဉ်ပေါင်က လောင်းမိမှာ၊ တကယ်လို့ ချဉ်ပေါင်က ထွားလာရင်လည်း ချဉ်ပေါင်ကြောင့် ရုံးပတီ သွားထိခိုက်မယ်“ဆိုပြီး စိုက်ချင်လို့ စကားခေါ်တယ်။ ဒါနဲ့“ထားပါဦး အမာရယ်၊ ခုလည်း အပင်က မနည်းရှိနေပြီပဲ၊ နေပါဦး၊ ကျနော်ကြည့်ပါဦးမယ်“ ဆိုပြီးသာပြောလိုက်တာ အမေ့ကြည့်ရတာ သိတ်တော့မဟန်ဘူး။ သူ စိုက်ချင်နေတယ်။

ဖြစ်ချင်တော့ နောက်နေ့မနက် ကော်ဖီထိုင်သောက်နေတုန်း တခါသုံး သတ္တုပါးဗန်း တဗန်း ပေါက်နေတဲ့အကြောင်း သင်သင်းကပြောတော့ အမေက ဗန်းကိုထောင်ကြည့်ပြီး “အေး သမြောစရာ“တဲ့။ ကျနော်က ချက်ခြင်းစိတ်ကူးရပြီး “သိမ်းထား အမာ မလွှင့်ပစ်နဲ့၊ အပြင်မှာ ပေါင်အဟောင်းမှာ မြေဆွေးကျန်သေးတယ်၊ ကျနော် အဲ့အထဲ ကန်စွန်းစိုက်ပေးမယ်ဆိုတော့ “အေး..ကောင်းသားပဲဆိုပြီး မျက်နှာ ဝင်းကနဲတချက်ဖြစ်သွားတယ်။
ဗန်းက ၂ ပေ တပေကျယ်ပြီး ဇောက်က ၃ လက်မသာသာလောက် ရှိတယ်။ ဒါနဲ့ နောက်တဗန်းထပ်တောင်းပြီး ရေဟောင်းထွက်သာအောင် ဗန်းဖင်မှာ အပေါက်ကလေးတွေဖေါက်၊ အထဲကိုမြေဆွေးလေး ခတ်မိုမိုထည့်ပြီး ကန်စွန်းစေ့လေးတွေ မြှုပ်ပေးထားတယ်။ သူ တနေ့ ၃ ကြိမ်(အနည်းဆုံး)ထွက်တိုင်း သွားသွားကြည့်တယ်။

အဲ့ဒါ ခုန သူ့မြေး ပန်းသီးပင်လေးတွေ သွားမကြည့်ခင်တခေါက် အပြင်ထွက်ပြီး ပြန်ဝင်လာတော့ သင်းသင်းကို လှမ်းပြီး “ဗူးပင်တွေလည်း အခြေအနေကောင်းတယ်၊ ပဲပင်တွေလည်း သန်နေတာဘဲ၊ ဟဲ့ ရုံးပတီတွေလည်း ပေါက်လာပြီ ၂ ပင်ပူးလေးတွေ၊ ကန်စွန်းတွေလည်း ပေါက်နေပြီ“ဆိုပြီး ပြုံးပြုံး ပြုံးပြုံးနဲ့လုပ်နေတယ်။ ဒါတောင် ချဉ်ပေါင်တထုပ်နဲ့ မုန်လာစေ့လေးတွေရှိသေးတယ်။ ဘာပြောဦးမလဲမသိဘူး။
ကျနော်တို့ မောင်နှမတွေက သူအပြင်ထွက်ထွက်ပြီး ရေလောင်းရင်း မတော် ချော်ချက်လဲပြီး တခုခုဖြစ်မှာစိုးလို့သာ မစိုက်နဲ့ ဝယ်စားလည်းရတယ်ဆိုပြီးပြောရတာ။ သူ အခုလို အပင်လေးတွေကြည့်ပြီး စိတ်ကြည်နူးနေတာမြင်ရတော့လည်း စိတ်ချမ်းသာရတာပါဘဲ။ “အပင်တွေ ရေလောင်းရင် ရေပန်းမွှားမွှားလေးတွေထွက်တဲ့ပိုက်နဲ့ဘဲ လောင်းနော်အမာ၊ ရေပန်းခယားနဲ့လည်း မလောင်းနဲ့၊ ဆန်ဆေးရည်တို့ဘာတို့ခံပြီး ခွက်နဲ့သွားလောင်းတာလည်း မလုပ်နဲ့နော်“ဆိုတော့ “အေးပါဟယ် မင်းတို့သာ အပင်တွေကို ရေအားပြင်းပြင်းပိုက်နဲ့ မထိုးမိစေနဲ့၊ အပင်နုလေးတွေ နာတယ်၊ အရမ်းပြင်းရင် အမြစ်ကပါ ကျွတ်ထွက်သွားတတ်တယ်“ဆိုပြီး ပြန်ပါပြောလိုက်သေး။ အမေကတော့ မစိုက်ရရင်ကို မနေနိုင်တာ။
မျိုးမြင့်ချို
မေ ၂၈၊ ၂ဝ၁၉

(အမုန်းတွေ တောမီးလိုဖြန့်) မျိုးမြင့်ချို

0 comments
(အမုန်းတွေ တောမီးလိုဖြန့်)
ခု ထရမ့်ပ်လက်ထက်မှာ အမေရိကန် စစ်လက်နက်ပစ္စည်းရောင်းပုံနဲ့ စစ်ကန်ထရိုက်ပေးပုံတွေ ပြောင်းလာပါတယ်။ အရင်တုန်းက လေယဉ်တွေအပါအဝင် လက်နက်သစ်ထွင်ပြီးပြီဆို လက်နက်ပြပွဲလုပ်ပါတယ်။ လက်နက်ကုန်သည် ပွဲစားတွေအပါအဝင် တိုက်ရိုက်ဝယ်လက်တွေကိုပါဖိတ်ပြီး ပြပါတယ်။ ဈေးတည့်တယ် အဆင်ပြေတယ်ဆို တခါတည်း အရောင်းအဝယ်စာချုပ်ချုပ်ပါတယ်။ ဝယ်သူတွေ စိတ်ချယုံကြည်ဖို့လိုအပ်ရင် အကန့်အသတ်နဲ့ ဒေသန္တစစ်တပွဲလောက် လုပ်ကြံဖန်တီးတိုက်ပြပြီး လက်နက်သစ်ကို လက်တွေ့စမ်းသပ်ပြပါတယ်။ လူသတ်ပွဲတွေလုပ်ပြပါတယ်။

တိုက်တဲ့နေရာမှာလည်း ဟိုးတုန်းကတော့ မြောက်အတ္တလန်တစ်စစ်စာချုပ်အဖွဲ့(နေတိုး)ဝင်တွေပါ ပူးပေါင်းကြတာမျိုးပါ။ ခြိမ်းခြောက်ဖို့လိုလို့ ဟန်ရေးပြရင်(စစ်ရေးလေ့ကျင့်မှု)တောင် နေတိုးဝင်တွေနဲ့လုပ်ပါတယ်။ နေတိုးဝင်မဟုတ်တဲ့ ဒေသန္တရစစ်ရေး နိုင်ငံရေးမဟာမိတ်တွေနဲ့လည်း လိုအပ်ချက်အရ ပူးတွဲလေ့ကျင့်မှုမျိုး လုပ်ပါတယ်။ ပွဲကြီးတွေတိုက်ကြတဲ့အခါ နေတိုးခေါင်းစဉ်နဲ့တိုက်တာမို့ တိုက်မယ့်နေရာပါမယ့်သူတွေကိုပါ မတိုက်ခင်ကတည်းက လက်နက်အရောင်းဈေးကွက်ခွဲတမ်းချပေးပါတယ်။ စစ်တပ်ကိုသွင်းတဲ့ ကန်ထရိုက်လုပ်ငန်းတွေလည်း ခွဲပေးရပါတယ်။ တခါ ပွဲပြီးလို့ တိုက်ရာပါဝေစုခွဲကြတော့လည်း ထည့်ဝင်တဲ့အချိုးကျအလိုက် ဝေစုကို အပုံတိုက်ပါတယ်။ စစ်ပွဲပြီးလို့ စစ်အလုပ်ခံရတဲ့ပြည်ကို ပြန်ထူထောင် Nation Rebuilding တဲ့အစီအစဉ်ရှိနေတုန်းကဆို ထူထောင်ရေးလုပ်ငန်းတွေအတွက် ကုန်ကျစရိတ်ကို စစ်အဖြစ်ခံရတဲ့ပြည်က အကုန်အကျခံရပြီး လုပ်ငန်းကြီးမှန်သမျှကို စစ်နိုင်သူတွေကဘဲ လက်ဝါးကြီးအုပ်ပါတယ်။

ဘာလို့အဲ့လိုတွေဖြစ်ဆိုရင်တော့ စစ်အေးရှိနေလို့ပါ။ ဆိုဗီယက်ယူနီယံရှိနေလို့ပါ။ အိုင်ဒယော်လော်ဂျီတိုက်ပွဲရှိနေလို့ပါ။ ဆိုဗီယက်ပြိုကျသွားပြီးနောက်ပိုင် နေတိုးရဲ့ကဏ္ဍကိုဖေါ့လိုက်ပြီး Sole Hyper Power အနေနဲ့ တကိုယ်တော် ဓားတစင်းမြင်းတစီး စလုပ်လာပါတယ်။ စစ်ပွဲပုံစံလည်းပြောင်းပါတယ်။ မြေပြင်တပ်ပို့ပြီးကိုယ်တိုင်သိမ်းတာထက် အထဲကရန်ဖြစ်နေကြတဲ့လူတွေကို လက်နက်ရောင်းပေးပြီး မိုးပေါ်ကနေ စိစိညက်ညက်ကြေအောင် ဗုံးကြဲပေးတာပါ။ စစ်သားသိတ်မဖြုန်းချင်တဲ့သဘောပါ။ စစ်သားဖြုန်းရတာ အရင်းသိတ်မကြီးပေမယ့် လက်လွန်သွားရင် ပြည်တွင်းက ပူညံပူညံအသံတွေ ထိန်းရခက်ပါတယ်။ ဗြိတိန်ကတော့ ဒယဥ့်တိုက်ပြီးလိုက်အောင် အပါတော့ခေါ်ပါတယ်။ နောက်ပိုင်း နေတိုးလည်းဘေးချိတ် ယူအင်န်ကတော့ စကားထဲကိုထည့်မပြောတဲ့အဆင့်အထိ လွန်ကဲလာပါတယ်။

ခု ထရမ့်ပ်လုပ်နေပုံက တကိုယ်တော်လူစွမ်းကောင်းလုပ်ပြီး ဟိုနိုင်ငံတိုက်မလို ဒီနိုင်ငံတိုက်မလိုလုပ်ပြီ ပတ်လည်နိုင်ငံတွေကို လက်နက်ရောင်းတာပါ။ တကိုယ်တော်ပွဲဆိုတော့ လက်နက်မှန်သမျှသူတဦးတည်းက ဒိုင်ခံရောင်းပါတယ်။ စစ်ကန်ထရိုက်မှန်သမျှလည် သူ့ပဲပေးရပါတယ်။ နည်းပညာတွေလည်း သူ့ဆီကပဲ ဝယ်ရပါတယ်။ လေ့ကျင့်ရေးစရိတ်နဲ့ သင်တန်းခတွေလည်း သူပဲရပါတယ်။ သဘောရှိကလောဟိ သပိတ်ဝင်အိပ်ဝင်လိုဖြစ်သွားပါတယ်။ လော့ခ်ဟိမာတင်၊ ဘိုးရင်း၊ နော့သရောကရူးမင်န်း၊ ရေသီယွန်စတဲ့ လက်နက်ကုမ္ဗကြီးတွေ လက်မလည်အောင်ကိုဖြစ်နေပါတယ်။ ဒါ့ကြောင့် ကာကွယ်ရေးအသုံးစားရိတ်တွေလည်း မတန်တဆကိုတိုးသုံးလာပါတယ်။ ခုချိန်ထိတော့ ထရမ့်ပ်ရဲ့ အမေရိကပြည်ထောင်စုတကိုယ်ရည်နည်းနဲ့ရှာတဲ့ စစ်စီးပွားဟာ ငွေဝင်လမ်းဖြောင့်နေပါသေးတယ်။ စစ်တပ်လည်း အရင်ကထက် မျက်နှာသာအပေးခံရပါတယ်။

America First တို့ Make America Great Again တို့အောက်မှာ လူဖြူကြီးစိုးလွှမ်းမိုးရေး အစွန်းရောက်အတွေးအခေါ်နဲ့ လူမျိုးရေးဝါဒ Racism ဟာ တောမီးလို ကြောက်ခမန်းလိလိ တောက်လောင်လာပါတယ်။ Hate Groups တွေ မှိုလိုပေါက်ပြီး Hate Speech တွေ တောင်လိုမောက်လာပါတယ်။ အမုန်းတရားအခြေခံရာဇဝတ်မှု Hate Crimes တွေ ဘယ်တုန်းကမှနဲ့ မတူအောင် အုံးအုံးထလာပါတယ်။ နာဇီလက်သစ်တွေ ဂျူးဆန့်ကျင်ရေးတွေ နေ့စဉ်နဲ့အမျှ ကြီးထွားနေပါတယ်။

Sunday, May 26, 2019

(စုဖွဲ့မှုသစ်လာလေလိမ့်မလား) မျိုးမြင့်ချို

0 comments
(စုဖွဲ့မှုသစ်လာလေလိမ့်မလား)
စစ်အုပ်စုနဲ့ တပြည်လုံးအဆင့် အပစ်အခတ်ရပ်စဲရေး (NCA)လက်မှတ်ထိုးထားပြီးသား လူမျိုးစုလက်နက်ကိုင် ၁ဝ ဖွဲ့ ရှိတယ်။ အဲ့ဒီ ဆယ်ဖွဲ့ အလုပ်အတူလုပ်နိုင်အောင် ဆယ်ဖွဲ့ပေါင်းက ခေါင်းဆေင်တွေချည်းပါတဲ့ Peace Process Steering Team (PPST)ဆိုတာရှိတယ်။ အစိုးရနဲ့ပြောပြော စစ်တပ်နဲ့ပြောပြော စကားပြောတဲ့အခါ PPST မှာ ဘုံသဘောတူထားတဲ့ မူဘောင်အတွင်းကပဲ ပြောတယ်။ မူရှိတယ်။ မူကိုင်ထားတယ်။ မူက အနှစ်သာရဆုပ်ပြီးပြောရရင် “လူမျိုးစုတိုင်း တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်မူ“။ ဒီမူကိုင်ပြီး စစ်အုပ်စုနဲ့ အပစ်အခတ် ရပ်စဲရေးကတဆင့် ငြိမ်းချမ်းရေးဆွေးနွေးကြတယ်။

စစ်အုပ်စုဘက်ကတော့ စကတည်းနေ တလျှောက်လုံး သူ့မူ(တပ်မတော်မူ ၆ ချက်) အသေဆုပ်ကိုင်ထားပြီး အဲ့ဒီ အခြေခံကနေ ရပ်ခံတယ်။ အဲ့ဒီကတဆင့် ဘာ ထပ်တက်လာလဲဆိုတော့ “တခုတည်းသောတပ်မတော်“ကို လက်ခံရမယ်။ “ဘယ်သောအခါမှ ခွဲမထွက်ပါ“ကတိပေးရမယ်။ ဒါမှ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်သွားမယ်ဆိုပြီး ဖြစ်လာတယ်။ ဒီအသစ်တင်လာတဲ့ တောင်းဆိုချက်ကိစ္စ ဆွေးနွေးကြရင်း အရင်ပြောလက်စတွေ ရပ်သွားတယ်။ အခြေအနေက ရှေ့ဆက်တိုးမရ ဖြစ်လာတယ်။ သူတို့စကားနဲ့ပြောရရင် တစ်ဆို့လာတယ်။

ဒီတော့ ခုန အပစ်ရပ် ဆယ်ဖွဲ့(တကယ်စတာက KNU/KNLA)က။ “ဒီအတိုင်းဆို NCA ဟာ လမ်းချော်သွားပြီ မူလ လမ်းကြောင်း ကနေသွေဖည်သွားပြီ၊ ဒါ့ကြောင့် အစိုးရ/စစ်တပ်တို့နဲ့ တရားဝင်တွေ့နေတာကို ယာယီရပ်ဆိုင်းတယ်၊ မိမိတို့ အချင်းချင်းကြား ဘုံသဘောတူညီချက်တခုခုရအောင် လုပ်ရဦးမယ်၊ ဒါပေမယ့် ကြားကာလတွေမှာတော့ အလွတ်သဘော Out of Record တော့ တွေတော့ရှိနေမယ်“ဆိုပြီး တရားဝင်တွေ့တာတွေ ရပ်လိုက်တယ်။ ကြားထဲမှာ အစိုးရကိုယ်စားလှယ်တချို့နဲ့ တွေ့ကြတာရှိတယ်။ ဘာမယ်မယ်ရရမှ သဘောတူညီချက်မရကြပါ။

အဲ့ဒီအခြေအနေမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ (ကချင်၊ ရခိုင်၊ ကိုးကန့်၊ ပလောင်)နဲ့ အစိုးရတို့ စစ်တပ်တို့နဲ့ တွေ့မယ်ဆိုပြီး ပြင်ဆင်ကြတယ်။ ခုထိတော့ တွေ့မယ့်နေရာ မသတ်မှတ်နိုင်သေးတာနဲ့ မတွေ့ဖြစ်ကြသေးပါ။ ဝ တပ်ဖွဲ့ကတော့ မြောက်ပိုင်းမဟာမိတ်တွေနဲ့ အစိုးရ/စစ်တပ်တွေ့မှာကို သတိထားပြီးကြိုဆိုအားပေးတယ်။ အပစ်ရပ်တဲ့အထဲမပါသေးတဲ့သူတွေကိုလည်း ဆွေးနွေးပွဲတွေမှာ (အနည်းဆုံး လေ့လာသူအဖြစ်)ဖိတ်တာ တက်ရောက်စေတာကို လိုလားတယ်။


ဒီနေရာမှာ သတိပြုရမှာ စစ်အုပ်စုဟာ အပစ်ရပ်ရေး လုပ်ငန်းစဉ်တွေမှာ နဂိုကမှ အရေးမပါသလိုဖြစ်နေတဲ့ အစိုးရရဲ့အခန်းကဏ္ဍကို ထပ် ကျုံ့သွားအောင်လို့ အပစ်ရပ်ကိစ္စတွေအတွက် လူမျိုးစုလက်နက်ကိုင်အင်အားစုတွေနဲ့ သီးသန့် တွေ့ဖို့ဆိုပြီး စစ်ကော်မရှင်တခု သတ်သတ်ဖွဲ့ထားကို ဖြစ်တယ်။ အစိုးရအပစ်ရပ်ကော်မတီ အဆင့်ဆင့်တိုင်းမှာလည်း ဥက္ကဌတွေက စစ်ဗိုလ်တွေဖြစ်တယ်။ ဒေါက်တာတင်မျိုးဝင်းဟာ ရိုးဂုဏ်အေးဂုဏ် မကောက်ကျစ်ဂုဏ် ဒေါ်စုအပေါ်သစ္စာခံဂုဏ်တွေဆိုပေမယ့် နိုင်ငံရေးအစွမ်းအစနဲ့ အတွေးအခေါ်အရထက်မြက်မှုမရှိတဲ့အပြင် ဆုံးဖြတ်နိုင်တဲ့ပါဝါရှိသူလည်းမဟုတ်တော့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်မှာ သူ့ရဲ့အရေးပါမှုဟာ ဘာမှပြောလောက်တဲ့ အနေအထားမဟုတ်ဘူး။

နောက်အရေးအကြီးဆုံးအချက်က အစိုးရပြောနေတဲ့ “၂၁ ရာစုပင်လုံ“ ဆိုတာက နိုင်ငံရေးအရ ဆုပ်ဆုပ်ကိုင်ကိုင် “မူ“ တခုခု ချမပြနိုင်တာဘဲဖြစ်တယ်။ ပင်လုံစိတ်ဓာတ် ပင်လုံအနှစ်သာရ ဘာညာနဲ့သာ အပေါ်ယံပြောနေတာ တကယ်လက်တွေ့ကျတဲ့ အာမခံချက်မျိုး ဘာမှမပြောနိုင်ဘူး။ ဒီလိုဖြစ်ရတာ စစ်အုပ်စုကို လက်ညှိုးထိုးတာထက် မိမိမှာ အခိုင်အမာ နည်းဗျူဟာ မဟာဗျူဟာ ရှိမထားဘူးဆိုတာကိုပြနေတာပါ။ လူမျိုးစုတွေလည်း လိုအပ်တဲ့အခါ ပင်လုံစိတ်ဓာတ်ဆိုပြီးသာ (စကားလုံးအရ)ပြောပေမယ့် အားကိုးလို့မရမှန်း သဘောပေါက်နေကြတယ်။ နိုင်ငံရေးအရ အားထားရလောက်တယ်ဆို လူမျိုးစုတွေက အင်န်အယ်လ်ဒီကိုဝန်းရံပြီး ခရီးအတူဆက်ကြဖို့ သဘောထားရှိတယ်။ အဲ့ဒါကို တိတိကျကျ အကဲခတ်နေကြတုန်းမှာဘဲ စစ်ခေါင်းဆောင်တွေနဲ့ အင်န်အယ်လ်ဒီတွေ့တဲ့ပွဲမှာ ဒေါ်စုက AA ကို အပြတ်ချေမှုန်းခိုင်းတာကြီး ပေါက်ထွက်လာတော့ အယုံအကြည်ပိုနည်းသွားတယ်။ ပို သတိကြီးကြီး ထားသွားကြတယ်။ အစိုးရကို စကားထဲသာ ထည့်ပြောနေရတာ အာဏာရဲ့သော့ချက်ဘယ်နားမှာမှန်းနဲ့ ဘယ်သူ့ဆီရှိမှန်းသိတော့ ရှိတဲ့လူကို ဒဲ့ဆက်ဆံနေကြတယ်။ ဒါက ဖြစ်နေတဲ့အခင်းအကျင်း အကျဉ်းချုပ်ပါ။ အသေးစိတ်တွေ များပါတယ်။

ပြန်ဆက်ရရင် NCA မှာ တစ်ဆို့နေတာတွေကို ဖြည်ထုတ်ရေး နည်းလမ်းရှာတဲ့အနေနဲ့ PPST အစည်းအဝေး ဟိုတလောက လုပ်တယ်။ အဲ့ဒီမှာ KNU က PPST ကို အလုပ်မဖြစ်တော့ဘူးဆိုပြီး ထားခဲ့ချင်တယ်။ ထားခဲ့ချင်တာက ၂ဝ၁၇ လောက်တည်းကလို့ဆိုတယ်။ KNU က လမ်းကြောင်းအသစ်တခု တနည်းပြောရရင် စုဖွဲ့မှုအသစ်တခု ဖော်ချင်တယ်။ အဲ့ဒီအဖွဲ့ကို Peace Process Consultative Meeting (PPCM)လို့ခေါ်မယ်။ အဲ့ဒီအဖွဲ့မှာ အခု ၁ဝ ဖွဲ့အပြင် အပစ်မရပ်ရသေးတဲ့အဖွဲ့တွေပါ ပါဝင်လာနိုင်ရေး ရည်ရွယ်တယ်။ အကြောင်းပြချက်က လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အနေအထားအရ လိုအပ်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရာမှာ ပိုမိုချောမွေ့အဆင်ပြေစေဖို့လို့ ဆိုတယ်။ ဆယ်ဖွဲ့ထဲက တချို့အဖွဲ့တွေက အဖွဲ့သစ်ဖွဲ့မှာကို မလိုလားဘူး။ PPST နဲ့ပဲ ဆက်သွားချင်တယ်။ ဒီတော့ PPMC တင်တဲ့ KNU က အဖွဲ့ထဲကနေ နှုတ်ထွက်မယ်ဆိုပြီးဖြစ်တယ်။ နောက်တော့ မဲခွဲဆုံးဖြတ်တာတွေ ပြန်ညှိကြတာတွေလုပ်ပြီး လောလောဆယ်တော့ မထွက်သေးဘူး၊ PPMC ကိစ္စကိုလည်း အပြီးတိုင်ပြန်မရုပ်သိမ်းထားဘူး။ အဖွဲ့တဖွဲ့ချင်းကြားမှာရော အဖွဲ့တွေအတွင်းမှာပါ ပြန်ညှိကြဦးမယ်။ နောက်လာမယ့် PPST အစည်းအဝေးတွေမှာ အဲ့ဒီကိစ္စပြန်တက်လာမယ့်သဘောရှိတယ်။ PPST မှာ အဲ့သလိုဖြစ်နေတုန်း မနေ့ကဘဲ UWSA လို့ခေါ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က လားရှိုးမြို့ရုံး ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက “KNU ရဲ့ အဆိုပြုချက်ကို လက်ခံသိရှိထားပြီး ကောင်းတဲ့အကြံပြုချက်ဖြစ်တယ်၊ ဒါဟာ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စုဖွဲ့ထားတဲ့ FPNCC ရဲ့ အားလုံးပါဝင်ရေးမူနဲ့တူညီတယ်၊ အားလုံးပါဝင်ရေးဆိုတာ နဂိုကတည်းက ကျနော်တို့ရဲ့ ရပ်တည်ချက်လည်း ဖြစ်တယ်၊ ရှေ့ဆက်ပြီးတော ပူးပေါင်းရမယ့်လုပ်ငန်းစဉ်တွေ ဘယ်လိုရှိမလဲဆိုတာကိုတော့ ဗဟိုဌာနချုပ်ရဲ့သဘောထားပေါ် မူတည်တယ်“လို့ အတိအလင်းထွက်ပြောလာပါတယ်။

ဆိုတော့ KNU အဆိုပြုတဲ့ PPMC လိုင်းအသစ်ကို FPNCC ကလည်း သဘောကျတယ် ပူးပေါင်းလည်း လုပ်ကြမယ်ဆိုရင် အားကောင်းတဲ့ စုဖွဲ့မှုကြီးတခု ဖြစ်လာဖို့ရှိပါတယ်။ တရုတ်အနေနဲ့ကလည်း FPNCC နဲ့ အပစ်ရပ်/မရပ် အဖွဲ့တွေအားလုံးစုမိသွားရင် ကြားဝင်ပေးရတာ ပိုလွယ်ကူသွားမယ်ထင်ရတယ်။ KNU ရဲ့ နိုင်ငံရေးအနေအထားလည်း ပြန်တက်လာမယ်။ ခုက KNU က NCA ထိုးပြီးသား အပစ်ရပ် ဆယ်ဖွဲ့ထဲမှာသာ အားအကြီးဆုံးဖြစ်နေတာမှန်ပေမယ့် တရုတ်ဝင်ပါနေတဲ့ ဗမာ့အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဖြစ်စဉ်မှာကျတော့ အိမ်ဖြည့်သဘော၊ အရန်လူသဘောနဲ့ ဖုတ်လေတဲ့ငါးပိလို ဖြစ်နေတယ်။ စစ်အုပ်စုကလည်း နယ်မြေချဲ့ဖို့ စစ်ရေးနေရာယူမှုလုပ်ဖို့လိုရင် နယ်မြေအကန့်အသတ်ထားပြီး ဗြောင်တိုက်တယ်။ ဆွေးနွေးတဲ့အခါ ဟီးဟီးဟားဟားနဲ့ ပြီးပစ်လိုက်တယ်။ မထေမဲ့မြင် လုပ်တဲ့အခါ လုပ်ပြတယ်။ ကျန်တဲ့အချိန် ပေယျလကံလွှတ်ထားတယ်။ KNU အဖြစ်က ဂျင်ပဲ့လားတော့လည်း မဟုတ်ပြန်ဘူး။ ဂျင်ပဲ့က ဝိုင်းတိုင်းဝင်ပေါက်လို့ရတယ်။ မဝေးတော့မယ့် အနာဂတ်မှာ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ PPST တွေ့ပြီး PPMC လိုဟာ ပေါ်လာဖို့ အသေးစိတ်ညှိနှိုင်းမှုတွေ အတွင်းပိုင်းသဘောတူညီမှုတွေ နားလည်မှုတွေတော့ ကျကျနန ပြင်ဆင်ကြမယ်ထင်တယ်။ အဲ့သလိုသာဆို တရုတ်လည်း ခုထက်ပို လက်သွက်ခြေသွက်နဲ့ ထဲထဲဝင်ဝင် ပိုပါလာမယ်ယူဆရတယ်။

ခု PPST ထဲမှာ တချို့အဖွဲ့ခေါင်းဆောင်တွေက တခုခု မြန်မြန်ဆန်ဆန် ပြီးပြတ်သွားစေ့ချင်နေတယ်။ ခုလို သောင်မတင် ရေမကျဖြစ်နေတာ၊ စစ်လည်းတရားဝင်မတိုက် ငြိမ်းချမ်းရေးလည်းတရားဝင်မရဘဲ ဒီအတိုင်း လပ်ယားလယ်ယားကြာကြာနေရင် (အဖွဲ့သေးတွေ) လုံးပါး ပါးလိုက်လာမယ်။ နောက်ပြီး စီးပွားရေး(သူတို့အခေါ် ဒေသဖွံ့ဖြိုးရေး) လုပ်ရတာလည်း မလွတ်လပ်ဘူး။ နောက်ဆုံး စစ်အုပ်စုနဲ့ ဘာမှ ညှိမရတော့ဘူးဆိုလည်း မြန်မြန်တပ်ဖျက်၊ လက်နက်အပ်၊ ကုမ္ဗဏီထောင်၊ စီးပွားရှာ၊ ပါတီထောင် နိုင်ငံရေးလုပ်ဆိုတဲ့ စစ်တပ်မူ ၆ ချက်အတိုင်းပဲ သွားချင်တာတွေရှိနေနိုင်တယ်။

ဝ ဘက်ကပြောသလို ပေါင်းစည်းရေးတွေဖြစ်သွားရင် ဒီလူတွေအတွက်လည်း လွတ်လွတ်ကျွတ်ကျွတ် ရွေးချယ်စရာရသွားမှာမို့ ကောင်းပါတယ်။ ဟိုလူတွေပေါင်းစည်းမိသွားကြရင်သာ ဘယ်လိုဖြစ်မယ်မဖြစ်ဘူး ဘာမှ မပြောနိုင်သေးပေမယ့် စစ်တပ်မူ ၆ ချက်အတိုင်းသွားချင်သူတွေကတော့ တပ်ဖျက် လက်နက်အပ်ပြီး ကျန်တာတွေလုပ်မယ်မလုပ်ဘူး အတပ်မဆိုနိုင်ပေမယ့် ပါတီတွေတော့ “အရှက်ပြေ“ ထောင်ကြမှာတော့ သေချာသလောက်ရှိပါတယ်။ အဆန်းတော့လည်း မဟုတ်ပါ။ ဗမာ့သမိုင်းမှာ အရင်ကလည်း ဖြစ်ပြီးသားတွေပါ။ နောက်ဆုံး စစ်အုပ်စုက “ပေါ်စေ“ဆို ဟုန်းကနဲပေါ်ပြီး “ပျောက်စေ“ဆို ဟုတ်ကနဲ ပျောက်သွားကြမှာပါ။

မျိုးမြင့်ချို။
မေ ၂၆၊ ၂ဝ၁၉

Wednesday, May 22, 2019

(အရသာရှိတဲ့သမ္မတ) မျိုးမြင့်ချို

0 comments

(အရသာရှိတဲ့သမ္မတ)
အရင်သမ္မတတွေလက်ထက်က စစ်ရာဇဝတ်မှုတွေကျူးလွန်လို့ ထောင်ချခံထား အရေးယူခံထားရတဲ့ အမေရိကန်စစ်မှုထမ်းတွေကို ဒေါ်နယ်လ်ထရမ့်ပ်က သမ္မတရဲ့ အပြစ်လွှတ်မိန့်သုံးပြီး ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းခွင့်ပေးနေတာပါ။ အမေရိကန်လွတ်လပ်ရေးနေ့လို့လူသိများတဲ့ Forth of July ကျရင်လည်း အမြောက်အများထပ်လွှတ်ဖို့ စာရင်းတွေပြုစုနေတယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းတွေဆီက သတင်းတွေ ထွက်နေပါတယ်။ ပြည်နယ်တချို့ကတော့ ဒီလိုလွှတ်လိုက်လို့ လွတ်လာခဲ့သူတွေနဲ့ ထပ်လွတ်လာဦးမယ့်သူတွေကို ပြည်နယ်အလိုက် ဥပဒေသစ်တွေပြဌာန်းပြီး ပြန်ဖမ်း ပြန်အရေးယူမယ်လို့လည်း ဆိုပါတယ်။ ဗဟိုတရားရုံးတရားသူကြီးတွေကလည်း ဒါဟာ သမ္မတတယောက်အနေနဲ့ ဥပဒေနဲ့မလျှောက်ပတ်စွာပြုမူမှုအဖြစ် ပြစ်တင်ရှုတ်ချတာတွေ ရှိပါတယ်။ ဒီလိုလုပ်တာဟာ ကမ္ဘာအရပ်ရပ်မှာ တပ်ဖြန့်ထားတဲ့ အမေရိကန်စစ်သည်တွေနဲ့ စစ်ဖြစ်ရာဒေသတွေက အမေရိကန် စစ်သည်တွေအဖို့ စစ်ရာဇဝတ်မှုတွေကို လက်ရဲဇက်ရဲ့ ထင်တိုင်းကြဲ ပြုကျင့်လာစေဖို့ မြှောက်ထိုးပင့်ကော်လုပ်နေတာပါ။ ထရမ့်ပ်ဟာ ကာကွယ်ရေးအသုံးစရိတ်တွေ မတန်တဆတောင်းယူ စစ်တပ်ကို ဖျားယောင်းပြီး စစ်တပ်ရဲ့ထောက်ခံမှုကို အာသာငမ်းငမ်း လိုချင်နေတာပါ။

အမေရိကန်မှာ ခုထိတော့ စစ်ဗိုလ်စစ်သားကျူးလွန်တဲ့အမှုပေမယ်လို့ (သီးခြားကန့်သတ်အမှုတချို့မှတပါး) နယ်ဘက်(အရပ်ဘက်) တရားရုံးတွေ တရားသူကြီးတွေက ပြဌာန်းပြီးသားဥပဒေတွေအတိုင်း စီရင်ချက် ချနေတာပါ။ ခုချိန်ထိတော့ အမေရိကန်စစ်တပ်ဟာ အစိုးရယန္တရားရဲ့ နယ်ဘက်တရားစီရင်ရေးအောက်မှာရှိနေတာပါ။ ဒါတောင် အမေရိကန်စစ်အခြေစိုက်စခန်းတွေရှိတဲ့နိုင်ငံတွေမှာ အမေရိကန်စစ်သည်တွေ အဲ့ဒီနိုင်ငံက အရပ်သားတွေအပေါ်ရာဇဝတ်မှုတခုခုကျူးလွန်ခဲ့ရင် သက်ဆိုင်ရာနိုင်ငံတွေက အရေးယူခွင့်မရှိဘဲ အမေရိကန်ကိုပြန်ပို့ပြီး အမေရိကန်အစိုးရပဲအရေးယူတာပါ။

ထရမ့်ပ်ဟာ ဖြစ်နိုင်ရင် "ဗမာစစ်အုပ်စုလို စစ်ဗိုလ်စစ်သားကျူးလွန်တဲ့ အမှုအခင်းတွေအတွက် စစ်တပ်ကပဲစီရင်မယ်" ဆိုတာမျိုးအထိတောင် ဖြစ်နိုင်ရင် လုပ်ချင်မယ့်သူမျိုးပါ။ နောက်တချက်က ဖြစ်နိုင်ရင် သူလည်း ရာသက်ပန်သမ္မတ လုပ်ချင်သူပါ။ တရုတ်လွှတ်တော်က သမ္မတရှီကျင့်ဖျဉ်ကို သက်တမ်းအကန့်အသတ်မရှိသမ္မတ လုပ်ခွင့်ပေးလိုက်တော့ သူ အားအကျကြီးကျပြီး ဟန်တောင် မဆောင်နိုင်တော့ဘဲ ပါးစပ်ကပါထုတ်ပြောခဲ့ပါတယ်။ တမြန်နေ့ကလည်း ပွဲတခုမှာ နောက်သလိုပြောင်သလိုနဲ့ "အမေရိကန်ဖွဲ့စည်းပုံမှာ သမ္မတသက်တမ်းကို ၂ ကြိမ်ဘဲလုပ်ခွင့်ပြုထားတယ်ဆို၊ ဟုတ်လား"ဆိုပြီး ပြက်လုံးထုတ်ခဲ့တာပါ။ လူတွေက သူပြောတာလိုက်မရယ်လို့ အသာလေး ကိုယ်ရှိန်ပြန်သတ်သွားတာပါ။
အမေရိကန်မှာ သမ္မတလုပ်ရတာ အရသာတော့ရှိမယ့်ပုံပါ။

(စောစောကတက်လာတဲ့သတင်းတပုဒ်ကြည့်ရင်း ကျနော့်အတွေးနဲ့ အဆင်ပြေအောင် ပြန်ပြောပြတာပါ)
မျိုးမြင့်ချို
မေ ၂၁၊ ၂ဝ၁၉

(မျိုးချစ်စိတ်ဟာ ဈေးစကားပြောပါတယ်)

0 comments
(မျိုးချစ်စိတ်ဟာ ဈေးစကားပြောပါတယ်)
Nike တို့ Adidas တို့ဆိုတာက တကမ္ဘာလုံးသိတဲ့ ဖိနပ်နဲ့ အားကစားပစ္စည်း အားကစားဝတ်စုံတွေထုတ်တဲ့ ကုမ္ပဏီကြီးတွေပါ။ တမြန်နေ့က အဲ့ဒီကုမ္ပဏီကြီး၂ခုအပါဝင် အခြား အလားတူကုမ္ပဏီပေါင်း ၁၇ဝ က သမ္မတထရမ့်ဆီ စာရေးပြီး သတိပေးစကားဆိုခဲ့ကြပါတယ်။ တရုတ်နဲ့ ဖြစ်နေတဲ့ကုန်သွယ်စစ်ကြောင့် သွင်းကုန်ခွန်တွေမြင့်လာရင် လုပ်ငန်းတွေထိခိုက်လာနိုင်တယ်၊ အမေရိကန်ဈေးကွက်မှာ ကမောက်ကမ တွေဖြစ်လာမယ်၊ စီးပွားရေးကြီးတခုလုံးပါ အနည်းနဲ့အများ သွားထိခိုက်မယ်ဆိုတာတွေ ပလူပျံနေအောင်ရေးထားတာပါ။ အဲ့ဒီစာမှာ သူတို့ အဓိကအကျဆုံးထောက်ပြတာက တကယ်တမ်း နစ်နာစရာရှိတာက ဝယ်ယူသူတွေ(စားသုံးသူ)တွေဘဲဖြစ်တဲ့အကြောင်းပါ။ သူတို့ကတော့ ကုန်သွယ်ခွန်တိုးကောက်လည်း ပေးရမှာမှန်ပေမယ့် အဲ့ဒီငွေတွေကို ပစ္စည်းတန်ဘိုးပေါ် တင်ယူလိုက်ရုံပါဘဲ။ ဒါ့ကြောင့် ဈေးနှုန်းတက်တဲ့ ဒဏ်ကို ပြည်သူတွေဘဲခံရမှာဖြစ်တဲ့အကြောင်း စီကာပတ်ကုံးဖော်ပြထားတာပါ။ တခြားဟာတွေလည်း ပါ ပါသေးတယ်။ ဒီနေရာမှာ အဲ့ဒါတွေပြောမှာ မဟုတ်လို့ ချန်ခဲ့ပါရစေ။


ဇနီးက သူ့ဘက်ကတော်တဲ့ ကလေးတယောက်မွေးနေ့လက်ဆောင်အတွက် တောစီးဖိနပ်လိုဟာလေးတရံ စတိုးဆိုင်တွေမှာ လိုက်ရှာနေတာ ၅ ရက်လောက်ရှိပါပြီ။ သူလိုချင်တဲ့ဟာ မရသေးပါ။ ညကတော့ သူတယောက်တည်း အွန်လိုင်းမှာတကုပ်ကုပ် အလုပ်ရှုပ်နေပုံပါဘဲ။ ဒီမနက် ကော်ဖီစားပွဲထိုင်တော့မှ သူလိုချင်တဲ့ဖိနပ်ကို Amazon ကနေတွေ့လို့ ဝယ်လိုက်တဲ့အကြောင်းပြောပြီး စိတ်အေးသွားဟန်နဲ့ သက်မချပါတယ်။ 

ကျနော်က ဘာတံဆိပ်လဲဆိုတော့ Made in China of America ပေါ့၊ ဈေးလည်းတော်တယ်၊ ပို့ခလည်း အခမဲ့၊ နံမည်ကြီး (Brand Names) တော့ မဟုတ်ဘူးတဲ့။ ကျနော်က နိုက်ကေးတို့ အဒီးဒတ်စ်တို့ သတင်းကြားပြီးပြီလားဆိုတော့ ကြားသားပဲ အလကားဟာတွေ၊ Crocodile Tears တွေပါတဲ့။ အင်္ဂလိပ်မှာလည်း မိကျောင်းမျက်ရည်ဟာ မိကျောင်းမျက်ရည်ပါဘဲ။
ကျနော်က ဘာလို့တုန်းဆိုတော့ နင်စဉ်းစားကြည့်လေ သူတို့ အဲ့ဒီပစ္စည်းတွေ ဒီမှာထုတ်တုန်းကလည်း ဒီဈေးပဲ၊ ဟိုသွားပြီး(တရုတ်) ထုတ်တော့လည်း ဒီဈေးဘဲ၊ အဒီးဒတ်စ်ဘောင်းဘီဆို တထည်ကို လေး ငါး ခြောက်ဆယ်မပေးဘဲ မရဘူး၊ ဒီမှာအလုပ်သမားတယောက် ပေးရတဲ့လုပ်ခနဲ့ ဟိုမှာ အလုပ်သမား ၄ ယောက်လောက် ငှားလို့ရနေတာ လူတိုင်းသိတာဘဲ၊ ဟိုသွားထုတ်တော့ရော ပစ္စည်းဈေးတွေက ဘယ်မှာလာ သုံးလေးဆ ကျသွားလို့တုန်း အတူတူပဲ၊ ကုမ္ပဏီတွေသာ ချမ်းသာသွားတာ၊ CEOsတွေသာ ကိုယ်ပိုင်ဂျက်လေယဉ်တဝီဝီနဲ့ လခတွေ နင်းကန်ရသွားကြတာ ငါတို့အတွက်က ဘာထူးလို့တုန်း၊ ဒီမှာ လုပ်တာကမှ အမေရိကန်တွေ အလုပ်လေးဘာလေးရသေးတယ်၊ ဟိုသွားလုပ်တော့ ဟိုတိုင်းပြည်ဝင်ငွေရ ဟိုကအလုပ်သမားတွေ အလုပ်ရတာဘဲအဖတ်တင်တာပေါ့၊ ဟိုသွားပြီး လုပ်ကျွေးနေတာနဲ့ ဘာထူးလို့တုန်းတဲ့။ ဒီပြန်လာတာမှ တော်သေးတယ်တဲ့။

ဒါနဲ့ကျနော်က အခု ကုန်သွယ်ရေးစစ်တွေ သွင်းကုန်ခွန်တိုးကောက်တာတွေဘာတွေ မရှိဘူး၊ အရင်အတိုင်းပဲလို့ သဘောထားကြည့်၊ အဲ့ဒီ အနေအထားမှာ နိုက်ကေးဖိနပ်ကို ဟိုမှာဘဲသွားထုတ်မယ်၊ ဒါပေမယ့် ဒီမှာထုတ်တဲ့ဈေးထက် အများကြီး လျော့ပြီးရောင်းမယ်ကွာ၊ မင်းပြောသလို ၃ ဆလောက် သက်သာမယ်ဆိုရင်ရောဆိုတော့၊ တရုတ်မှမဟုတ်ဘူး ဘယ်နိုင်ငံ သွားထုတ်ထုတ်၊ Same Brand and Same Quality ဒီတံဆိပ်ဘဲ ဒီအရည်အသွေးဘဲဆို သုံးဆမဟုတ်ဘူး သုံးပုံတပုံသက်သာတောင် အဲ့ဒီနိုင်ငံတွေမှာ သွားထုတ်တာကောင်းတာပေါ့၊ ငါတို့အကုန်အကျ သက်သာတာပေါ့၊ ခုဟာက ကိုယ့်အလုပ်သမားလည်း အလုပ်မရ၊ အစိုးရလည်း အမြတ်မရ၊ ကုမ္ပဏီကြီးတွေ၊ သူဌေးကြီး တွေ၊ စီအီးအိုကြီးတွေဘဲ ချမ်းသာသထက် ချမ်းသာကုန်ကြတာလေတဲ့။ ကျနော်က အမေရိကန် မျိုးချစ်စိတ်ဟာ ပစ္စည်းအရည်အသွေးတူရင် ကုန်ဈေးနှုန်းအခြေခံ ချစ်ကြတာမျိုးပေါ့လေဆိုတော့၊ သူ ဆတ်ကနဲ့တချက်ဖြစ်သွား လေသံခတ်ဘောက်ဘောက်နဲ့ သေချာတာပေါ့ ကိုယ်က စားသုံးသူလေ စားသုံးသူနေရာကဘဲတွေးရမှာပေါ့၊ တဒေါ်လာတန်တဲ့ ဘာဂါကို အမေရိကန်ဆိုင်မို့လို့ ၂ ဒေါ်လာတင်ရောင်း ဘယ်သူမှ မျိုးချစ်လှချည်ရဲ့ဆိုပြီး သွားမစားဘူးတဲ့။ ကျနော်က ဆက်မလို့လုပ်တော့ သူ့ဖုန်းဝင်လာတာနဲ့ ရပ်လိုက်ရတယ်။ ကော်ဖီလည်း လက်စသတ်ပါတယ်။

ပြောဖြစ်တာက အဲ့ဒါလေးပါ။ ကျနော့်မိန်းမက ဘိုးစဉ်ဘောင်ဆက်အမေရိကန်မှာနေတဲ့၊ အိုင်းယာလန်သူပုန်အနွယ်၊ လူမျိုးစုံသွေးနှောထားတဲ့ အမေရိကန် လူဖြူမ ဖြစ်ပါတယ်။ ကျနော့်နံမည်မသိကြတဲ့ ဗမာပြည်ဖွားဒုက္ခသည်တချို့ကတော့ ကျနော့် “အင်္ဂလိပ်မယောက်ျား” လို့ခေါ်ပါတယ်။

မျိုးချစ်စိတ်ဟာ ဈေးစကားပြောပါတယ်။ ဦးနာအောက်ကြီး သင်္ဘောပြုတ်ပါတယ်။ မနှင်းဆီရထားလေး ဘူထာထဲမှာ ကျော်ချသွားပါတယ်။
မျိုးမြင့်ချို

(ခါးပါကျိုးမယ့် ငထွားများ) မျိုးမြင့်ချို

0 comments

(ခါးပါကျိုးမယ့် ငထွားများ)
အမေရိကန်-တရုတ် ကုန်သွယ်စစ်ဖြစ်တော့ အမေရိကန်ပြည်တွင်းနေ အမေရိကန်မဘသအေစစ်တွနဲ့ တရုတ်ပြည်တွင်းနေ တရုတ်မဘသအေစစ်တွက အလံပဲထောင်ကြတာ ထတော့ မချကြဘူး။ ချရင် နှစ်ဘက်လုံး စီးပွားပျက်မှာကို သိတယ်။ စီးပွားမပျက်ရုံလောက်လေး ထိန်းပြီး စကားလုံးသေနတ်တွေပစ်ကြတယ်။ စီးပွားရေးအရ လူစုကြတယ်။

ဒေါ်နယ်လ်ထရမ့်ကလည်း တရုတ်စီးပွားပျက်မှာကို မလိုလားဘူး။ တရုတ်ပျက်ရင် အမေရိကန်ပါ ပျက်မှာကိုး။ ဒီ ၂ နိုင်ငံပျက်ရင် ကျန်ကမ္ဘာ့နိုင်ငံတွေပါ ပတ်လည်ရိုက်ကုန်မှာကိုး။ ကျန်နိုင်ငံတွေကိစ္စက သူ့ဦးစားပေးမဟုတ်ပေမယ့်၊ America First အမေရိကန်ပထမလို့ သိမ်းသွင်း ကြွေးကြော်နေပေမယ့် တခြားနိုင်ငံတွေကို ထည့်တော့ စဉ်းစားရပါတယ်။ ကိုယ်ပထမဖြစ်ဖို့ဆို ဒုတိယတွေ တတိယတွေရှိမှ ရတာကိုး။ လူတွေအကုန်သေကုန်ရင် ငတေက ဘယ့်နှယ်လို့ မာလို့ရစရာ ရှိမှာတဲ့တုန်း။ 

ထရမ့်က ငတေလုပ်ချင်တာ မဟုတ်ပါ။ ထရမ့်အဲ့လောက် မညံ့ပါ။ ညံ့ရင် ဒီနေရာတောင် ရောက်မလာပါ။ သူက တရုတ်ဟာ သူ့လက်ထက်မှာ အမေရိကန်ကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်သွားမှာကို အဖြစ်မခံချင်တာပါ။ အဖြစ် မခံနိုင်တာပါ။ သူ့စကားအတိုင်းဆို တရုတ်ကို World Economic Super Power မဖြစ်ရေးပါ။ နိုင်ငံရေးနဲ့ အမျိုးသားကိုယ်ကျိုးစီးပွားတွေအပေါ် ထင်ဟပ်ထားတဲ့ သူ့ အတ္တနောမတိပါ။ 

ဒါကို တရုတ်ကလည်း သိပါတယ်။ ဒါ့ကြောင့်ဘဲ ၂ ဘက်လုံးက ကိုယ့်တာ ကိုယ်လုံအောင်ကာရေးကို ပိုဇောင်းပေးတယ်။ ပြည်တွင်းဖြစ်ကို အားပေးဖို့ဘက် တိုးပြီးလှုံ့ဆော်တယ်။ ကိုယ့်ငွေကြေး မပြိုလဲသွားရေး တွန်းတွန်းထိုးထိုးလုပ်ကြပါတယ်။ တခွန်းတည်း ချုပ်ပြော ပြောရရင် အမေရိကန်နဲ့တရုတ်ဟာ ငထွားတွေမဟုတ်ကြပါ။ ခါးနာစရာအကြောင်း မရှိပါ။

ကြားက ခါး အသားလွတ်ဝင်နာနေတာက ဗမာပြည်အပါအဝင် ကမ္ဘာအရပ်ရပ်က တရုတ်ဆို မျက်လုံးစုံမှိတ်ပြီးဆန့်ကျင်နေကြသူတွေနဲ့ အမေရိကန်ဆို မျက်စေ့ဖွင့်မကြည့်ပဲထောက်ခံနေကြသူတွေပါ။ ဒါကို ၂ နိုင်ငံလုံးက သိပါတယ်။ ဖြစ်နိုင်ရင် သူတို့ကတော့ တယောက်နဲ့တယောက် စောင်ရုံလောက်စောင်ထားပြီး ကိုယ့်မြေပေါ်ကျည်တတောင့်မှအကျမခံတဲ့ "ငထွားကြားခံကုန်သွယ်စစ်"ပုံသဏ္ဍန် အထိပြောင်းယူလို့ရမယ်ဆို ၂ နိုင်ငံလုံးကပြောင်းယူချင်ကြမှာပါ။ 

အဲ့ဒီအခါကျ ငထွားတွေ ခါးပါကျိုးကြမှာပါ။
မျိုးမြင့်ချို
မေ ၂၁၊ ၂ဝ၁၉

(မြေ၊ ငွေ၊ အာဏာနဲ့ဘိန်းစိုက်သူများ) မျိုးမြင့်ချို

0 comments

(မြေ၊ ငွေ၊ အာဏာနဲ့ဘိန်းစိုက်သူများ)
တခြားသီးနှံခနထားပါဦး။ ဘိန်းစိုက်တာတောင် ဘိန်းစိုက်တောင်သူတွေ ချမ်းသာသွားလို့လား။ ဘိန်းကုန်သည် မူးယစ်ရာဇာ သူပုန်ဗိုလ် စစ်ဗိုလ်တွေသာ သန်းကြွယ်သူထေးကြီးတွေဖြစ်ကြတာပါ။ ဘာတပြားမှမရတဲ့ ကြက်ဆူပင်စိုက်တာတောင် မြေတွေသိမ်းပြီး စစ်ဗိုလ်တွေ ဘယ်လောက်ထောသွားကြသလဲ ကိုယ်တွေ့ဘဲမဟုတ်လား။

အမေရိကန်လယ်သမားကြီးတွေ ချမ်းသာတယ်ဆိုတာက အသီးအနှံထွက်မကောင်းလည်း ဈေးနှုန်းတွေကမောက်ကမဖြစ်ထိုးကျသွားလည်း အစိုးရအမတော်ကြေး Subsidies တနင့်တပိုးရတာက အဓိကနေရာက ပါနေလို့ပါ။ ကုန်သွယ်စစ်ကြောင့် ထိသွားတဲ့လယ်သမားတွေကို အစိုးရက ဒေါ်လာ ၁၂ ဘီလီယံ ဝင်ခုပေးတဲ့အပြင် ဒီနှစ်အခြေအနေမကောင်းလို့ တရုတ်ကိုမရောင်းရလည်း အစိုးရကဝယ်မယ် ဘာမှမပူနဲ့လို့ နားသွင်းထားတာရှိပါတယ်။

ဘာလို့ အမေရိကန်လယ်သမားကြီးတွေ အဲ့သလို အခွင့်ထူးတွေရနေလဲဆိုတော့ မြေရှင်ကြီးတွေဖြစ်နေလို့ပါ။ တပြိုင်တည်းမှာ အဲ့ဒီမြေရှင်ကြီးအများစုဟာ နိုင်ငံရေးသမားတွေလည်း ဖြစ်နေလို့ပါ။ သူတို့မြေရှင်တွေဘက်က ကာကွယ်မယ့်ဥပဒေတွေကို သူတို့ဘာသာ လွှတ်တော်ထဲမှာ ပြဌာန်းခွင့်အာဏာရှိနေလို့ပါ။ စက်မှုဘယ်လောက် ထွန်းကားထွန်းကား မြေရဲ့ကဏ္ဍဟာ အဓိကနေရာ ရွေ့မသွားသေးပါဘူး။ မြေဟာ ကုန်ထုတ်အရင်းအနှီးတခုပါ။ ကုန်ထုတ်အရင်းအနှီး(မြေ၊ ငွေကြေး၊ ကုတ်ထုတ်ကိရိယာ) ကိုင်ထားပိုင်ထားသူဟာ ဓနဥစ္စာဖန်တီးနိုင်သူပါ။ ဓနဥစ္စာဖန်တီးနိုင်သူဟာ အာဏာပိုင်စိုးပါတယ်။ ဒီနေရာမှာ မြေ၊ ဓနဥစ္စာ၊ အာဏာရဲ့အဆက်အစပ်ကို ရေးရေးတွေ့ရမှာပါ။ တနည်းပြောရရင် အရင်းနှီး၊ အာဏာနဲ့ဓနဥစ္စာဟာ အဆက်အစပ်ပါ။

ပြန်ချုပ်ရရင် ဘိန်းဟာ(ဆေးဝါးကုန်ကြမ်းသဘော အကန့်အသတ်နဲ့ တရားဝင်စိုက်ခွင့်ပြုတာကလွဲလို့) တရားမဝင် စိုက်ပျိုးမှုဖြစ်ပါတယ်။ တရားဝင်စိုက်ပျိုးခွင့်ရတဲ့ခေတ်မျိုး ရောက်မလာဘူး မပြောနိုင်ဘူး။ အဲ့ဒီခေတ်ရောက်တဲ့အခါ ဘိန်းစိုက်မြေရှင်ကြီးတွေလက်ထဲ အာဏာရောက်မှာပါ။ ဘိန်းစိုက်တောင်သူပေါက်စလေးတွေဘဝကတော့ ဒုံရင်းဒုံရင်း ဓားမနောက်ပိတ်ခွေးဘဝထက် တက်လာစရာမရှိပါဘူး။

ကနေဒါမှာ ဆေးခြောက်တရားဝင်သုံးစွဲခွင့်ပြုလိုက်တော့ ဆေးခြောက်စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ဖေါက်ကားရေးလုပ်ငန်းဟာ ဒေါ်လာဘီလီယံချီတဲ့လုပ်ငန်းကြီးဖြစ်သွားပြီး ဘီလီယံနာကြီးတွေလက်ထဲရောက်သွားပါတယ်။ အဲ့ဒိ ဘီလီယံနာကြီးတွေကပဲ ဆေးခြောက် တရားဝင်သုံးစွဲရေးဥပဒေတွေကို လွှတ်တော်မှပြဌာန်းပေးခဲ့ကြတာပါ။ သူတို့ဟာ နိုင်ငံရေးသမားကြီးတွေလည်း ဖြစ်ပါတယ်။ သူတို့ ဆေးခြောက် မရှူကြပါ။

ခုတောင် ဘာတရားဝင်စိုက်ခွင့် ဘာကုန်သွယ်ခွင့်မရှိဘဲ ဘိန်းဘုရင်ခွန်ဆာအပါအဝင် စစ်အာဏာရှင်တွေ ဘယ်လို အာဏာပြည့်ပြည့် ဇိမ်ကျကျ နေသွား သေသွားကြသလဲ ဘယ်လို နေ နေကြသလဲကို ကိုယ့်မျက်စေ့ရှေ့တင် မြင်နေရတာဘဲမဟုတ်လား။ သူတို့ ဘိန်း မရှူကြပါ။

ဘာသီးနှံစိုက်ရင် တောင်သူတွေချမ်းသာမယ်ဆိုတဲ့ စကားနဲ့ဝါဒဖြန့်မှုဟာ ပဝေသဏီကတည်းကနေ ခုချိန်ထိ ယုံတမ်းစကားပါ။
မျိုးမြင့်ချို
မေ ၂၂၊ ၂ဝ၁၉

Tuesday, May 21, 2019

(အချက်အလက်ပေးနိုင်ဖို့ အတွေးအမြင်ချပြနိုင်ဖို့) မျိုးမြင့်ချို

0 comments
(အချက်အလက်ပေးနိုင်ဖို့ အတွေးအမြင်ချပြနိုင်ဖို့)
အမေရိကန်သမ္မတရဲ့အမိန့် Presidential Executive Order နဲ့ လွှတ်တော်ကပြဌာန်းပြီး သမ္မတက လက်မှတ်ထိုးအတည်ပြုပေးတဲ့ဥပဒေဆိုတာက အများကြီးခြားနားပါတယ်။ သီးသန့်လုပ်ပိုင်ခွင့် အခွင့်အာဏာဆိုပေမယ့် အကန့်အသတ်ရှိပါတယ်။ သမ္မတဟာ ဧကရာဇ်တပါးလို စေတလုံးပိုင်ရှင်သဖွယ် သူလုပ်ချင်ရာလုပ်လို့တော့ မရပါ။ အထိမ်းအကွပ်ရှိပါတယ်။

လွှတ်တော် တရားရုံး စတာတွေကို ဒီနေရာမှာ ခနဖယ်ထားလိုက်ပါဦး။ အမေရိကန်ဗဟိုဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ကုန်သွယ်ရေးသမား Traders တွေ သွင်းကုန်ထုတ်ကုန်သမား Importers and Exporters တွေ အမေရိကန်ပြည်တွင်းပြည်ပမှာ ရင်းနှီးမြှုပ်နှံနေကြတဲ့ အမေရိကန်ပိုင်ကုမ္ဗဏီတွေဟာလည်း သမ္မတအမိန့်ကို တိုက်ရိုက်ရော သွယ်ဝိုက်ပါ ထိမ်းကွပ်ထားတာဖြစ်ပါတယ်။ တခွန်းတည်းပြောရရင် စီးပွားရေးဟာ သမ္မတအမိန့်ဆိုတဲ့ကြမ်းကြီးကို ပရမ်းပတာမဖြစ်အောင် ကွပ်ပေးထားတဲ့အကွပ်ပါ။ ဖျာတချပ်ရဲ့ အနားသတ်ပါ။

အမေရိကန် တရုတ်ကုန်သွယ်စစ်ကိစ္စရေးကြပြောကြသူတွေ(အထူးသဖြင့် ဟွာဝေးဖုန်းနဲ့ နည်းပညာကိစ္စ)မှာလည်း သမ္မတအမိန့်နဲ့ဥပဒေ စာဖတ်သူတွေနားလည်အောင် ကျွဲကူးရေပါပြောပြရှင်းပြနိုင်တယ်ဆို ဖတ်သူတွေအတွက် တွေးစရာအချက်အလက် ပိုရမှာပါ။ စာဖတ်သူအတွက် အကျိုးကျေးဇူးဖြစ်မဖြစ်ဆိုတာက ဖတ်သူရဲ့အတွေးဘက်နဲ့ အတွေးရေချိန်ကိစ္စပါ။ ကိုယ့်အတွေးကိုယ့်အမြင်ကို ချပြပြောပြတာမှာလည်း ရေးသူက ဆရာစိတ်အရင်းတည်ပြီး စေတနာဗလဝ မလုပ်ဖို့ပါ။ ဖတ်သူတွေးနိုင်ဖို့ အချက်အလက်နဲ့အတွေးစပေးနိုင် ချန်နိုင်ရမှာပါ။ 

စာဆိုတာ ဆုံးမစာတခုတည်း လောကနီတိတခုတည်းကိုပြောတာမဟုတ်ပါ။ စာဆိုတာတွေးဖို့ အစာပါ။ Food for Thought ပါ။ ခုလို သတင်းအချက်အလက်တွေ ဒလဟောစီးဆင်းနေတဲ့ခေတ်မှာ ကိစ္စတခုခုဖြစ်တိုင်း ထောက်ခံဘက် ဆန့်ကျင်ဘက် ၂ ခုလုံးကရတဲ့ အချက်အလက်တွေ အမြင်တွေ သုံးသပ်ချက်တွေကို လူတွေလက်ထဲ ပို့ပေးနိုင်ဖို့ပါ။

ခေတ်က knowledge ကို ဗဟုသုတလို့ ဘာသာပြန်တဲ့ခေတ်ကို လွန်သွားပါပြီ။ Knowledge is Power ဆိုတာကိုထောက်ချင့်ရင် Knowledge ဟာ ပညာ ဖြစ်သွားပါတာ တွေ့ရမှာပါခင်ဗျာ။ လူတွေလက်ထဲ အချက်အလက်တွေ ထည့်ပေးပေမယ့် ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်မှ Power ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် စာရေးဆရာဆိုတဲ့နေရာမျာ စာရေးသူလို့ပါ ပြောင်းနိုင်တယ်ဆို ပိုကောင်းမလားတောင် ထင်ပါတယ်။ စာရေးသူလို့ပြောလိုက်မှ ဘာစာရေးသူမှန်း တိတိကျကျခွဲလို့ ရသွားမှာဖြစ်ပါတယ် ခင်ဗျား။
မျိုးမြင့်ချို
မေ ၂၈၊ ၂ဝ၁၉

Thursday, May 16, 2019

(ကင်းတော့ ရှင်းတယ်) မျိုးမြင့်ချို

0 comments

(ကင်းတော့ ရှင်းတယ်)
ကျနော်တို့ နိုင်ငံရေးနဲ့စပ်လို့ မြင်သလောက် တွေးမိသလောက် စိတ်ရှိသလောက်ပြောလို့ရတယ်ဆိုတာက ဗမာပြည်ပြင်ပမှာနေလို့ မဟုတ်ပါ။

ကိုယ့်ထမင်းကိုယ်ရှာစားပြီး ဘယ်အစိုးရ ဘယ်ပရိုပိုဆယ် ဘယ်အင်န်ဂျီအို ဘယ်စစ်အာဏာရှင်အဆက်အနွယ် ဘယ်ခရိုနီတွေဆီကမှ တပြားတချပ်မှယူမထား စားမထား အစွန့်အကြဲမှ ခံမထားလို့ပါ။

နိုင်ငံခြားနေပြီး အပေါ်ကပြောတာတွေနဲ့ မကင်းတဲ့လူတွေဟာ ကျနော်တို့ပြောသလို လုပ်သလိုမျိုးကိုအပြင်ကနေလည်းမပြောဘူး အထဲပြန်ဝင်သွားလည်းမပြောဘူး။ အထဲမှာ နေတုန်းကလည်းမပြောဘူး။ အထဲကနေပြန်လာတော့လည်းမပြောဘူး။

တချို့ဆို ငွေမျက်နှာ အခွင့်အရေးမျက်နှာအတွက် အထဲအထိသွားပြီးတောင် ဒူးထောက်ကြပါတယ်။

အထဲမှာဘဲ တလျှေက်လုံးနေပေမယ့် အပေါ်ကပြောတာတွေနဲ့ ကင်းတဲ့လူတွေဟာ ကျနော်တို့နည်းတူပြောတာလုပ်တာမှ တပုံကြီးပါ။ ဘယ်လူတွေ ဘာလုပ်နေတယ်နေတယ်ဆိုတာ လူတွေမြင်ပါတယ်။

တခါ တချိန်တုန်းကတော့ ကင်းခဲ့ပါရဲ့ ခုမကင်းတော့တဲ့လူတွေ ခုဘာဖြစ်နေလဲ။ ဘာပြောကြတော့လဲ။

ကျနော်တို့လိုပြောတယ် လုပ်တယ်ဆိုတာ ကျနော်တို့လို ငွေကြေးနဲ့နိုင်ငံရေးမရောဘဲ ကင်းကင်းရှင်းရှင်းနေနိုင်မှရပါတယ်။ ပြည်တွင်းပြည်ပ နိုင်ငံခြားဗမာပြည်စတဲ့ နေတဲ့နေရာနဲ့ လားလားမှမဆိုင် နိုင်ငံရေးစိတ်သန့်မှုမှာ အခြေခံပါတယ်။ ကင်းတော့ ရှင်းပါတယ်။
မျိုးမြင့်ချို
မေ ၁၆၊ ၂ဝ၁၉

Wednesday, May 15, 2019

(အသံထွက်တာလား အသံထုတ်ပေးတာလား) မျိုးမြင့်ချို

0 comments

(အသံထွက်တာလား အသံထုတ်ပေးတာလား)
အပစ်ရပ်လက်မှတ်ထိုးပြီးသား ၁ဝ ဖွဲ့စု ထဲမှာ အသေးနဲ့အကြီး အသံမညီဖြစ်လာနေတယ်၊ ဘယ်တော့ ခွဲထွက်ကြမလဲ မပြောတတ်သေးဘူး၊ ခွဲထွက်ချင်တဲ့အဖွဲ့သေးထဲမှာမှ နယ်မြေရှိသူ၊ လူမျိုးစုနောက်ခံရှိသူတွေက မထောင်းတာဘူးပဲထားဦး အဲ့လိုမရှိတဲ့အဖွဲ့သေးက ဘာလုပ်မယ်ဘယ်လိုရပ်တည်ရမယ်ဆိုတာ သေချာချိန်ဆရတော့မယ်။ မိမိ မှီခိုနေရတဲ့အဖွဲ့ကြီးက မူတမျိုး မိမိကမူတမျိုးနဲ့တော့သွားလို့မရဘူး။ နေခွင့်နယ်မြေသဘောရော၊ နိုင်ငံရေးအရ ကျောထောက်နောက်ခံရော ပေးထားတဲ့အဖွဲ့ကြီးက အဲ့သလိုဖြစ်မှာကိုတော့ ဘယ်နည်းနဲ့မှ ခွင့်ပြုလို့မရဘူး။ အခြေခံအရမတူတော့ရင် “သတ်သတ်နေကွာ“ဆိုပြီး လုပ်မှာဘဲ။ ဘယ်နားသွားနေမလဲ။ နေတဲ့နေရာရတယ်ဘဲထားပါဦး ဘာလုပ်မှာလဲက ပြဿနာ။

အဖွဲ့သေးတချို့က NCA ကိစ္စလည်းရှေ့ဆက်တိုး၊၊ နိုင်ငံရေးဆွေးနွေးပွဲသွားစရာရှိလည်း မြန်မြန်သွား၊ ၂၁ ရာစုပင်လုံဆိုလည်း မြန်မြန်လုံစေချင်တဲ့သဘောမျိုးရှိနေပုံရတယ်။ ခုလို စစ်လည်းမတိုက် ငြိမ်းချမ်းရေးလည်းမရဘဲ လက်နက်ကိုင်ပြီး စီးပွားရှာကြတာချင်းအတူတူ ကိုယ့်နယ်မြေ ကိုယ့်လူမျိုးစုနောက်ခံမရှိတော့ ဂွင်ပျောက်ပြီး အကောက်ဂိတ်ပါဖွင့်မရတဲ့အနေအထားကြီး။ ကားပါမစ်ဆိုတာကလည်း တသက်စာ စားမကုန်တာမဟုတ်သလို အရက်လိုင်စင်ဆိုတာလည်း ခရိုနီတွေနဲ့ယှဉ်လိုက်တော့ အရက်ပုန်းဆိုင်သာသာပါ။ အပစ်ရပ်ဘုစုခရုတွေပေါင်းထောင်မယ့်ကုမ္ဗဏီဆိုတာကလည်း ငွေလိုတယ်။ ငွေက စစ်အုပ်စုနဲ့ခရိုနီတွေဆီမှာဘဲရှိတာ။ သူတို့ ပေးစာကမ်းစာ မတည်ငွေမပါရင် ရွာထဲကအိမ်ဆိုင်ကြီးကြီးလောက်ထက် မပိုဘူး။ ဒီကြားထဲ လူသစ်မစုရ၊ တပ်မတိုးချဲ့ရဆိုတော့ ကြာရင် လုံးပါး ပါးမယ့်ကိန်း။ ပိုဆိုးတာက စစ်အုပ်စုက မထင်ရင်မထင်သလို တယောက်စနှစ်ယောက်စ ကောက်ကက်ဖမ်းပြီး သွေးတိုးအစမ်းခံနေရတာဘဲ။

စစ်အုပ်စုက အဖွဲ့သေးတွေကို အဖွဲ့ကြီးတွေထဲကနေ ကွဲထွက်လာဖို့မျှော်လင့်သလို ခွဲထုတ်ဖို့လည်း မြှူနေတာပါ။ ခေါင်းဆောင်ပိုင်းတွေကို ခုထက်နည်းနည်းလေး စီးပွားရေးလုပ်ကွက်လေးဘာလေး ချပေးမယ်ထင်တယ်။ အစည်းပြေသထက်ပြေပြီး စီးပွားရေးသမားတွေချည်း နီးနီးလောက်ဖြစ်လာမှ တပ်ဖျက် လက်နက်အပ် ကုမ္ဗဏီထောင်၊ ပါတီလည်းထောင်ချင်ထောင်ဆိုပြီး မပြန်လမ်းပို့မယ့်ခြေလှမ်းဘဲ။ ဒါမှ ခေါင်းမာနေသေးရင် မာတဲ့ကောင် ထောင်ထဲဆွဲသွင်းချင် သွင်းထားနိုင်တယ်။ အဖွဲ့သေးထဲကတချို့ခေါင်းဆောင်ပိုင်းကလည်း ခုလို သောင်မတင်ရေမကျဖြစ်နေတာထက်စာရင် တခုခုကို မြန်မြန်ဆန်ဆန်ဖြစ်စေ့ချင်နေပြီ။ သူတို့ အနာဂတ်ကိုလည်း သူတို့တွေးလို့ရနေပြီ။ ဒီနေရာမှာ သူတို့အနာဂတ်ဆိုတာက ၂ ပိုင်းရှိမှာပါ။ တပိုင်းက အဖွဲ့အစည်းရဲ့အနာဂတ်။ နောက်တပိုင်းက ခေါင်းဆောင်တွေရဲ့ကိုယ်ကျိုးစီးပွားအနာဂတ်။ နယ်မြေလည်းရှိ လူမျိုးစုနောက်ခံလည်းရှိတဲ့ အဖွဲ့ကြီးတွေကိုတော့ အဲ့သလောက်လုပ်ဖို့မဖြစ်နိုင်ဘူး။

ခုက လက်နက်ကိုင်အားအားစုတွေအပေါ်မှာ လူထုကြားထဲမှာ(အထူးသဖြင့် ပြည်မဒေသနေတွေ) “စစ်တပ်နဲ့ အတူတူပါဘဲကွာ သေနတ်ကိုင်ပြီး စီးပွားရှာ ကြီးပွားချမ်းသာနေကြသူတွေပါ၊ တိုင်းပြည်ကို ဒုက္ခအမျိုးမျိုးပေးနေကြတာပါ“ဆိုတဲ့အမြင်က တဖြည်းဖြည်းကြီးထွားလာနေတယ်။ တချို့ဆို စစ်အုပ်စုနဲ့တန်းတူထားပြီးကို တူးတူးခါးခါးဖြစ်နေတယ်။ စစ်အုပ်စုဘက်က လူတွေစိတ်ထဲ အဲ့လိုမဖြစ်ဖြစ်အောင်ကို လုပ်နေတာပါ။ ခု အဖြစ်တွေများလာတော့ အားရဝမ်းသာဖြစ်နေကြတာ။ အမြတ်က ဒီလောက်နဲ့တင် အတော်ကြီးကို ထွက်နေပါပြီ။ အဲ့ဒီကမှတဆင့် “စစ်တပ်ကမှတော်သေးတယ်“ ဆိုတာအထိဖြစ်လာအောင် လုပ်မှာပါ။ အဲ့ဒီအထိဖြစ်လာရင် နေစရာနေရာမရှိဖြစ်လာမှာပါ။ စစ်အုပ်စုကလည်း ဖြစ်နိုင်ရင် အဲ့ဒီအထိလုပ်မှာပါဘဲ။

ဖိနှိပ်မှုရှိရင်တော်လှန်မှုရှိမယ်၊ လက်နက်ကိုင်ဖိနှိပ်ရင် လက်နက်ကိုင်ခုခံဆန့်ကျင်မယ်ဆိုတာက မုချသဘောဆိုပေမယ့် အကန့်အသတ်ရှိပါတယ်။ ဗမာပြည်ရဲပြဿနာတွေဟာ နိုင်ငံရေးပြဿနာတွေပါ။ နိုင်ငံရေးပြဿနကို နင်ငံရေးနည်းနဲ့မရှင်းသရွေ့ နောက်ထပ် KIA/KNU/ABSDF/ SSA/ ဗကပ လို စသည်ဖြင့်အဖွဲ့တွေလူတွေ ပေါ်နေဦးမှာဘဲ ဆိုပေမယ့် ငုတ်နေချိန်ကြာလေလေ စစ်အုပ်စုအတွက် အခွင့်သာလေလေဆိုတာက လက်တွေ့ပါ။ ဒါလည်း တရားပါ။ ဒါလည်း မုချသဘောပါ။

စဉ်းစားကြရတော့မှာ။ အပစ်ရပ် ၁ဝ ဖွဲ့ပေါင်းထဲက ခွဲထွက်လာသူတွေရှိလာနိုင်ပါတယ်။ စစ်အုပ်စုကတော့ အဲ့လိုလူတွေကို Warmly Welcome လုပ်ဖို့စောင့်နေပါတယ်။
မျိုးမြင့်ချို
မေ ၁၅၊ ၂ဝ၁၉

(ဝင်စို့ထွက်စို့) မျိုးမြင့်ချို

0 comments
(ဝင်စို့ထွက်စို့)
ဗမာပြည်ကွန်မြူနစ်ပါတီထူထောင်ကြတော့ ပါတီအဝင်အထွက်ကိစ္စကို အလေးအနက်ထားစဉ်းစားကြကြောင်း ရေးထားတာတွေဖတ်ဖူးသလို လူကြီးသူမတွေပြောတာလည်း မှတ်သားဖူးတယ်။ ပါတီအဝင်အထွက်ကိစ္စကို ဘယ်လိုစဉ်းကြသလဲဆိုတော့ “အဝင်လွယ်ပြီး အထွက်ခက်တဲ့ပါတီ”အဖြစ်သွားမလား၊ “အဝင်ခက်ပြီး အထွက်လွယ်တဲ့ပါတီ”အဖြစ်သွားမလား။ “အဝင်ရောအထွက်ပါ ခက်တဲ့ပါတီ”အဖြစ်သွားမလား၊ “အဝင်ရောအထွက်ပါ လွယ်တဲ့ပါတီ”အဖြစ်သွားမလားဆိုတဲ့သဘောမျိုးပဲ။

နောက်ဆုံးတော့ “အဝင်ခက်ပြီး အထွက်လွယ်တဲ့ပါတီ“လမ်းကြောင်းကို ရွေးချယ်ခဲ့ကြသတဲ့။ ကွန်မြူနစ်တယောက်ဖြစ်ဖို့ဆိုတာ မာ့က်စ်ဝါဒအတွေးအခေါ်အဘိဓမ္မာပေါ်ယုံကြည်စူးနစ်ရုံလောက်နဲ့မပြီးဘူး။ တော်လှန်ရေးသဘောတရားနဲ့ တော်လှန်ရေးလက်တွေ့ကိုပါ ယုံကြည်ဖြတ်သန်းမှဖြစ်တာ မဟုတ်လား။ မာ့က်စ်ဝါဒအဘိဓမ္မာယုံကြည်သက်ဝင်ရုံလောက်နဲ့ တကယ့်တော်လှန်ရေးလက်တွေ့ထဲပါဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာကိုး။ အလားတူပဲ အဘိဓမ္မာပေါ် ယုံကြည်သက်ဝင်ခြင်းမရှိပဲနဲ့လည်း ဘာတော်လှန်ရေးမှ သွားလို့မရဘူးမဟုတ်လား။ ဒါ့ကြောင့် အဘိဓမ္မာနဲ့တော်လှန်ရေးလက်တွေ့ ပေါင်းစပ်ရမယ်လို့ ကွန်မြူနစ်တွေက ခံယူထားကြတာလည်း အထင်အရှားပဲ။

ပြန်ကောက်ရရင် ဗမာပြည်ကွန်မြူနစ်ပါတီက ပါတီဝင်တယောက်ဟာ မိမိဆန္ဒအလျှောက် အချိန်မရွေးနှုတ်ထွက်နိုင်တာမှန်ပေမယ့် ပါတီဝင်တယောက်ဖြစ်လာဖို့ရာကြတော့ လုံလောက်တဲ့အတွေ့အကြုံရှိမှု ခိုင်ကျည်တဲ့အဘိဓမ္မာမြဲမှု စတာတွေနဲ့ တိုင်းတာစံချိန်ယူပြီးမှ ဖြစ်ကြရတာကိုး။

အခြား လက်ယျာပါတီတွေ(ခေတ်စကားနဲ့ပြောရရင်) ဒီမိုကရေစီပါတီတွေလို ၂ ကျပ်ပေး ဖေါင်ဝယ်ဖြည့်ရုံနဲ့ ပါတီဝင်ဖြစ်ရတာမျိုးနဲ့မတူပါဘူး။ ဒါတောင် အဲ့ဒီ နှစ်ကျပ်တန်ပါတီဝင်ဖြစ်ဖို့ ဖိနှိပ်မှုကြီးနေတဲ့အချိန်မှာ ဘယ်နှယောက် ပါတီဝင်ဖြစ်ဝံ့ခဲ့လဲ။ ဘယ်လောက်များများ စွန့်ခွာထွက်ပြေးကုန်ကြလဲ။ ဘယ်လောက်များများ ပါတီဝင်နှုတ်ထွက်ပွဲတွေ(စစ်အုပ်စုအလိုကျ)တခြိမ်းခြိမ်းလုပ်ခဲ့ကြသလဲ။ တခြားမကြည့်နဲ့ ကျနော်တို့ နှစ်ကျပ်တန်အင်န်အယ်လ်ဒီပါတီဝင်ခေတ်က ပါတီဝင်တွေကိုပဲကြည့်။ တချို့များ ပါတီအပေါ်သစ္စာဖေါက်ရုံမက စစ်အုပ်စုဆီမှာ အတွေးအခေါ်အရပါ လက်နက်ချ ဒူးထောက်ခဲ့သူတွေ တပုံကြီးပဲ။ ထိပ်တန်းခေါင်းဆောင်ဆိုတဲ့သူတချို့ ထိပ်ဆုံးကနေ ဒူးထောက်သွားတာတွေလည်း အထင်အရှားရှိတယ်။ တချို့ဆို နိုင်ငံရေးရာသီဥတုကိုကြည့်ပြီး ဝင်စို့ထွက်စို့ လုပ်နေကြတာလည်းရှိတယ်။ တချို့ဆို ဟိုခုန်ဒီခုန် ဟိုပါတီဒီပါတီပြောင်းပြီးနေကြတာတွေလည်းရှိတယ်။ အခွင့်အရေးသမား အချောင်သမားဆိုတာ ပါတီတိုင်း သမိုင်းခေတ်တိုင်း အခြေအနေတိုင်းမှာ ရှိကြစမြဲပဲ။ ဘာမှတော့လည်း သိတ်မဆန်းကြယ်လှဘူးထင်ရပေမယ့် အဲ့ဒီအချောင်သမားတွေလက်ထဲ အာဏာရောက်သွားရင်တော့ တိုင်းပြည်ဟာ လူလုံးမလှဖြစ်ရတာပဲ။ ပြည်သူတွေ ဝမ်းမဝ ခါးမလှဖြစ်ရတာပဲ။

ဒါဟာ အဘိဓမ္မာတခုခု ဝါဒတခုခု အတွေးအခေါ်တခုခုနဲ့စိုက်ထူထားတာမဟုတ်ပဲ “ဒီမိုကရေစီ”ဆိုတဲ့ လုပ်ဟန်တခုနဲ့တည်းနဲ့တည်ဆောက်ထားတဲ့ အဝင်လည်းလွယ် အထွက်လည်းလွယ်တဲ့ နိုင်ငံရေးပါတီတွေရဲ့ ဖြစ်ရမြဲသဘောပဲ။ ကြုံရမြဲဓမ္မတာပဲ။ အမေရိကန်မှာ လောလောဆယ် ဟော့တ်ဖြစ်နေတဲ့ ဒေါ်နယ်လ်ထရမ့်ကိုကြည့် ဒီမိုကရက်ယိမ်းလိုက် ရီပါတ်ဘလီကင်န်ယိမ်းလိုက် ဘယ်ဘက်မှမပါသလိုလို လုပ်ပြလိုက်နဲ့ ခုပေါ်လာတဲ့အခြေအနေကိုအခင်းအကျင်းကို ဖမ်းဆုပ်ပြီး ရီပါတ်ဘလီကင်န်လုပ်ပြီး ပါတီတွင်းသမ္မတလောင်းတောင်ဖြစ်နေပြီ။ မကြာခင်(ဒီကြားထဲ ဘာမှမဖြစ်ရင်) သမ္မတရွေးပွဲတောင် ဝင်တော့မှာပဲ။

နိဂုံးချုပ်ချင်တာက ဘယ်လောက်အဝင်လွယ် အထွက်လွယ်တဲ့ပါတီဖြစ်နေစေဦး ပါတီဝင်စိစစ်တာ ပါတီတွင်းသန့်ရှင်းရေးလုပ်တာတွေတော့ လုပ်နေရမှာပါပဲ။ ဒါကို ပါတီတည်ဆောက်ရေးလို့ ဆိုရမယ်ထင်ပါတယ်။

ခု ခေတ်လေးနည်းနည်းကောင်းလာ ဖိနှိပ်မှုလေးနည်းနည်းလျော့လာ အာဏာထဲခြေတဘက်ချမိသလိုဖြစ်လာတော့ အင်န်အယ်လ်ဒီကို ဦးတည်ပစ်မှတ်ထားပြီး ထိုးနှက်တိုက်ခိုက်နေချိန်က တက္ကသိုလ်ရိပ်သာလမ်းတို့ ဗဟန်းရေခဲဆိုင်မှတ်တိုင်ရှေ့တို့ ယောင်လို့တောင် လမ်းဖြတ်မလျှောက်ဝံ့ ခြေမချရဲခဲ့သူတွေ ခုတော့ မေမေ့ချစ်ချစ် အင်န်အယ်လ်ဒီပါတီဝင် တကယ့်သူရဲကောင်းကြီးတွေလို ရဲရင့်တက်ကြွနေကြတာတွေလည်းမြင်နေရတယ်။ ကောင်းပါတယ် အဲ့သလို ရဲရင့်တက်ကြွစိတ်ကို အရှိန်မသေအောင် မွေးထားကြပါ။ ဖိနှိပ်မှု ပြန်ထူလာလို့ ထောင်တံခါးတွေ ခုထက်ပို ကျယ်ကျယ်ဟလာတဲ့အခါ ဒီစိတ်မျိုးနဲ့ရှင်သန်ဖြတ်သန်းကြပါ။

အဝင်လွယ်အထွက်လွယ်ပါတီမို့ လက်နဲ့ရွယ်ရုံနဲ့ လက်နက်ချသွားသူတွေမဖြစ်ဖို့ပါပဲ။ ပြည်သူအပေါ် မမောက်မာမိဖို့ပါပဲ။
မျိုးမြင့်ချို

စက်တင်ဘာ ၅၊ ၂ဝ၁၉

Tuesday, May 14, 2019

"အစဉ်အလာနှင့် တော်လှန်ရေး " ရေးသူ- ဗညားသီဟ(ဒဂုန်တာရာ)

0 comments
"အစဉ်အလာနှင့် တော်လှန်ရေး " ရေးသူ- ဗညားသီဟ(ဒဂုန်တာရာ)
(က)
အစဉ်အလာ။
လေးနက်သော အဓိပ္ပါယ်ပါသည့် စကားလုံး။ အတွေးအခေါ်ပါသည့် စကားလုံး။ အစဉ်အလာ။ ခေါင်းဆောင်တယောက်ကို အကဲဖြတ်ရာ ဝေဖန်စိစစ်ရာ၌ မှတ်ကျောက်တခု။ ခေါင်းဆောင်ဆိုရာ၌ နိုင်ငံရေး ခေါင်းဆောင်၊ စာပေခေါင်းဆောင်။ တကယ်ကတော့ ခေါင်းဆောင် ဆိုသည်မှာ တခေတ်မှာ တယောက်လောက်သာ ပေါ်တတ်သည်။ စာပေခေါင်းဆောင်များတွင် ရုရှားတွင် ဂေါ်ကီ။ တရုတ်ပြည်တွင် လူရွှန်း။ မြန်မာပြည်တွင် သခင်ကိုယ်တော်မှိုင်း။ ဘယ်သူမှ ငြင်း၍မရ။ ထင်ရှားသည်။ သိသာသည်။ အဝေးမှပင် မြင်နိုင်ပါသည်။ ရွှေတောင်ကြီးလို၊ နေလို လလို။ ဘာကြောင့် ငြင်းမရသလဲ။ ဘာကြောင့် ထင်ရှားသလဲ။ ဘာကြောင့် အဝေးကပင် မြင်နိုင်သလဲ။ အစဉ်အလာကြောင့်။ ယင်း စာပေခေါင်းဆောင်တို့၏ ရုပ်ပုံမှ ဖြာထွက်လင်းဝင်းလျက်ရှိသော ရောင်ခြည်ကြောင့်။ အစဉ်အလာ လင်းရောင်ခြည်ကြောင့်။ နေမင်းအရောင်၊ လမင်းအရောင်တို့ကို ပြည်သူတို့က မြင်ကြရသည် မဟုတ်လား။
စာပေခေါင်းဆောင်။
ခေါင်းဆောင်ဆိုသည်မှာ လုပ်ယူ၍ ရတာမျိုး မဟုတ်။ ကိုယ့်ကိုယ်ကို နာမည်ပေး၍ ရသည်မဟုတ်။ လူသိများသော စာရေးဆရာလည်း စာပေခေါင်းဆောင်ဖြစ်ပြီဟု ထင်မှတ်၍ မရ။ ပြည်သူတို့၏ရင်ထဲက လိုလားနှစ်သက် ကြည်ညိုလေးစား ချစ်ခင်ယုံကြည်သောကြောင့်သာ သူတို့၏ ခေါင်းဆောင်ဟူ၍ ပြည်သူကအသိအမှတ်ပြုခြင်း ဖြစ်ပေသည်။ အကြောင်းမဲ့မဟုတ်။ သူ၏ စာပေ၊ အနုပညာကြောင့်၊ သူ၏ ပြည်သူတို့အကျိုးဆောင်ရွက်ချက်ကြောင့်၊ ပြည်သူတို့ဘက်က အစဉ်ရပ်တည်သော ဆောင်ရွက်ချက်အစဉ်အလာကြောင့်။ ယင်း အစဉ်အလာကြောင့်။
အစဉ်အလာဆိုသည်မှာ သူဖြတ်သန်းသွားသော ခေတ်သမိုင်းကို သူမည်သို့ တုံ့ပြန်ဆောင်ရွက်သည်ဆိုသော လုပ်ရပ်။ အဖိနှိပ်ခံ ပြည်သူ ဘက်က မည်သို့ ပ်တည်သလဲဆိုသော သမိုင်းဖြစ်ရပ်။ ဤကား ငြင်း၍မရ။ သမိုင်းကို ဖျောက်ဖျက်၍လည်းမရ။ စာပေပညာရှင်များအဖို့ သာ၍ မရ။ သူ၏ အရေးအသားများမှာ အဖြူပေါ် အမည်းထင်ပြီးသား၊ ကမ္ဗည်းထိုးပြီးသား။ ခေတ်အဆက်ဆက် ရှာဖွေကိုးကား၍ ရသည်။ ဘယ် ခေတ်တုန်းက ဘာရေးခဲ့သည်။ အဖိနှိပ်ခံ ပြည်သူဘက်နေသလား၊ ဖိနှိပ်သော အုပ်စိုးသူဘက်နေသလား။ ဤကား သူ၏ အစဉ်အလာကို ရှာဖွေခြင်းဖြစ်သည်။ ဤကား သူဖြတ်သန်းလာသော သမိုင်းခေတ်အဆက်ဆက်တွင် သူဘာတွေလုပ်သလဲဆိုသော အစဉ်အလာ။
အစဉ်အလာသည် သူ၏ ပြည်သူများ ဆင်နွှဲသောတော်လှန်ရေးကြီးနှင့် ဆက်စပ်နေပေသေးသည်။ ဂေါ်ကီ၊ လူရွှန်း၊ သခင်ကိုယ်တော်မှိုင်း။ ဆိုရှယ်လစ်တော်လှန်ရေး၊ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ တော်လှန်ရေး စသော သူတို့ပြည်ရှိ တော်လှန်ရေး အသီးသီးသည် သူတို့နှင့်ဆက်စပ်နေသော အစဉ်အလာများပင် မဟုတ်ပါလား။
တော်လှန်ရေးဆိုသည်ကား လက်ရှိစနစ်ထက် သာလွန်ကောင်းမွန်သော စနစ်သစ်တရပ်သို့ တဟုန်ထိုး ပြောင်းလဲခြင်းဖြစ်သည်။ ခေတ်ဟောင်း စနစ်ဟောင်းထက် သာလွန်ကောင်းမွန်ချင်သောကြောင့် တော်လှန်ရေးဆင်နွှဲခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ဘာကြောင့် အသက်အိုးအိမ်အဆုံးရှုံးခံ၍ တော်လှန်ရေး ဆင်နွှဲတော့မည်နည်း။ တော်လှန်ရေးရှိသကဲ့သို့ ဆန့်ကျင်ဘက်တော်လှန်ရေးဆိုတာလည်း ရှိတတ်သေးသည်ကို သတိပြုဖို့ လိုပေသည်။ တန်ပြန်တော်လှန်ရေးဟူ၍လည်း ခေါ်ကြသည်။ တော်လှန်ရေးနှင့် ပြောင်းပြန်သွားနေသော ဆန့်ကျင်ဘက်ရေစီးကြောင်း။ တော်လှန်ရေးက တိုးတက်ခြင်းကိုရှေ့ရှု၍ ဆန့်ကျင်ဘက်တော်လှန်ရေးကတော့ ဆုတ်ယုတ်ခြင်းကို ကိုယ်စား ပြုသည်။ အစဉ်အလာရှိသူသည် တော်လှန်ရေးဘက်မှ နေ၍၊ အစဉ်အလာမရှိသူသည် ဆန့်ကျင်ဘက်တော်လှန်ရေးမှ နေတတ်သည်။
တိုင်းပြည်တိုင်းတွင် တော်လှန်ရေးများ ရှိသည်သာ။ တော်လှန်ရေးတို့တွင် စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုဘက်မှ မီးရှူးတန်ဆောင် ထွန်းညှိ ပေးသူများ ရှိစမဲပင်။ ပြည်သူတို့က ယင်း မီးရှူးတန်ဆောင်အလင်းရောင်၌ ချီတက်ကြသည်။
ယင်းသို့လျှင် အစဉ်အလာ၊ ခေါင်းဆောင်၊ တော်လှန်ရေးတို့သည် ဆက်စပ်နေသော ဓမ္မတရားများ ဖြစ်ကြပေသည်။
(ခ)
လူရွှန်း (၁၈၈၁ - ၁၉၃၆)သည် တရုတ်ပြည်တော်လှန်ရေး၏ စာပေတပ်ဦးမှ ပြည်သူတို့၏ရင်ထဲကကို လိုလားနှစ်သက် ကြည်ညို လေစား၊ ချစ်ခင် ယုံကြည်ခြင်းခံရသောခေါင်းဆောင် ဖြစ်ပေသည်။ ဘာကြောင့်လဲ။ အစဉ်အလာ ရှိသောကြောင့် ဖြစ်ပေသည်။ ဘာအစဉ်အလာလဲ။ ပြည်သူတို့၏တော်လှန်ရေးနှင့် မကွဲမကွာဆက်စပ်နေသော အစဉ်အလာ။ ဆန့်ကျင်ဘက်တော်လှန်ရေး အယူအဆများကို တိုက်ခိုက်သော ရဲရင့်သောအစဉ်အလာ။ အဖိနှိပ်ခံပြည်သူတို့ဘက်မှ အစဉ်မပြတ်ရပ်တည်ခဲ့သော အစဉ်အလာ။
လူရွှန်း၏ဘဝသက်တမ်း၌ တရုတ်ပြည် တော်လှန်ရေးကြီးကို ဖြတ်သန်းသွားခဲ့သည်။ တော်လှန်ရေး (၂) ဆင့်။ ဓနရှင်တော်လှန်ရေးနှင့် ဒီမိုကရေစီတော်လှန်ရေး။ ၁၉၁၁ ၌ မြေရှင်ပဒေသရာဇ်မင်း မန်ချူးမင်းဆက်ကိုဖြုတ်ချကာ တရုတ်သမ္မတနိုင်ငံတော်တည်ထောင်သော တော်လှန်ရေးကာလ။ ထိုကာလ၌ လူရွှန်းမှာ ငယ်ရွယ်သေးသည်။ ဂျပန်ပြည်မှ ဆေးကျောင်းသားအဖြစ် ပြန်လာကာစ။ နယ်ချဲ့ဆန့်ကျင်ရေး၊ အလုပ်သမား၊ ကျောင်းသား၊ ပညာရှင်၊ လူငယ်များ လက်တွဲသော မြေရှင်ပဒေသရာဇ်၏ဆန့်ကျင်ရေး၊ ၁၉၁၉ မေလ(၄)ရက် အရေးတော်ပုံတွင်ကား လူရွှန်းကိုယ်တိုင် ပါဝင်လာတော့သည်။
ယင်းမေလ(၄)ရက် အရေးတော်ပုံပြီးနောက် တရုတ်ပြည်၏ တော်လှန်ရေးသည် ဒီမိုကရေသစ်တော်လှန်ရေးဟူသော ကဏ္ဍသစ်သို့ ကူးပြောင်းလာသည်ဟု အဆိုရှိပေသည်။ သည်ကာလ ပတ်ဝန်းကျင်လောက်ကစ၍ လူရွှန်း၏ စာပေတို့သည် ထက်မြက် တောက်ပ လာပေသည်။ ထိုအခါက လူရွှန်းသည် အသက် (၃၈)နှစ်ခန့် လူငယ်စာရေးဆရာ ဖြစ်ပေသည်။
၁၉၁၈ တွင် ရေးသော 'အရူးနေ့စဉ်မှတ်တမ်း'ဝတ္ထုသည် သူ၏ စာပေသစ်ကဏ္ဍတွင် မှတ်တိုင်တတိုင်ဖြစ်သည်။ မြေရှင်ပဒေသရာဇ် မိသားစု၏ ဆိုးရွားပုံကို သရုပ်ဖော်ထားသောဝတ္ထု ဖြစ်သည်။ သည်ဝတ္ထုကစ၍ လူရွှန်းသည် ပြည်သူတို့၏ အသည်းစွဲစာရေးဆရာအဖြစ် ကျော်ကြား လာခဲ့ပေသည်။ ဒီမိုကရေစီတော်လှန်ရေး၏ ဖွားဘက်တော် စာပေသစ်ယဉ်ကျေးမှုတပ်ကို စည်းရုံးလိုက်ခြင်းမည်ပေသည်။ စာဖတ်သူလူထု လွယ်ကူရှင်းလင်းစွာ နားလည်နိုင်သော နေ့စဉ်သုံးစကားလုံး စာသားဖြင့် ရေးသားသောဝတ္ထုဖြစ်၍ ခေတ်သစ်တရုတ် စာပေသမိုင်း၏ မှတ်တိုင်လည်း ဖြစ်ပေသည်။
လူရွှန်း၏ စာရေးဆရာဘဝ မာတိကာကား ဘက်စုံလှပေသည်။ ဝတ္ထုရေးဆရာ၊ ကဗျာရေးဖွဲ့သူ၊ ဝေဖန်ရေးဆရာ၊ လူငယ်သစ် မဂ္ဂဇင်း အယ်ဒီတာ၊ စာပေသမိုင်းဆရာ၊ စာပေပါမောက္ခ၊ လက်ဝဲစာရေးဆရာအသင်းတည်ထောင်သူ၊ ဘာသာပြန်ဆရာ။ ဝတ္ထုဆရာအဖြစ်ကား သူသည် တရုတ်ပြည် ဘဝအလွှာစုံ၊ ခစားမှုအစုံကို ဝတ္ထုတိုပေါင်းများစွာဖြင့် ဖွဲ့နွဲ့ခဲ့သည်။ ကဗျာအနည်းငယ် ရေးသည်။ ဝေဖန်ရေးဆရာ အဖြစ်ကား ဆန့်ကျင်ဘက်တော်လှန်ရေးအယူအဆများကို ပြတ်သားထက်မြက်သော နိုင်ငံရေး၊ အတွေးအခေါ်ရေး ဝေဖန်စာ မြောက်မြား စွာဖြင့် တိုက်ခိုက်ခဲ့သည်။ သူက 'တော်လှန်စာပေ' ဟူသော တံဆိပ်ကပ်ကာ ဟန်ရေးပြနေသူများကို အမြင်ကပ်နေပုံရသည်။ သူက တကယ့် တော်လှန်ရေးသမားမှ တော်လှန်ရေးစာပေကိုရေးနိုင်သည်ဟု ဝေဖန်ထားသည်။ သူသည် အတုနှင့်အစစ်ကို ခွဲခြားရန် သတိပေးခြင်း ဖြစ်သည်။ တော်လှန်ရေးနှင့် ဆန့်ကျင်ဘက်တော်လှန်ရေးသမားကို ကွဲပြားအောင်စီစစ်ပေးခြင်း သဘော။ အထူးသဖြင့် ချန်ကေရှိတ်၏ ကူမင်တန်အစိုးရလက်ထက် ရှုပ်ထွေးနေသောအယူအဆများယှက်သန်းနေသည့်ကာလ၌ စာဖတ်သောပြည်သူတို့သည် လူရွှန်း၏ ဝေဖန်ရေး ဆောင်းပါးများကိုဖတ်ပြီး ထင်လင်း ကြည်လင်ခြင်း ဖြစ်ကြရသည်။ ထို့ကြောင့် လူရွှန်း၏ ဝေဖန်ရေးဆောင်းပါးများကို စောင့်ဖတ်ရသည်ဟု အဆိုရှိသည်။
သူသည် လူငယ်သစ်မဂ္ဂဇင်းအယ်ဒီတာအဖြစ်ဆောင်ရွက်ရင်း တိုးတက်သော လူငယ်ပညာတတ်ပိုင်းကို စည်းရုံးသည်။ သူသည် ရသစာပေ ဖွဲ့နွဲ့ရာ၌သာတော်သည် မဟုတ်သေး။ တရုတ်ဝတ္ထုသမိုင်းကိုပြုစုသော စာပေသမိုင်းဆရာလည်း ဖြစ်သည်။ ပီကင်း၊ အေမွိုင်၊ ကန်တုန် စသော တရုတ်ပြည်ရှိတက္ကသိုလ်များ၌ စာပေပို့ချသော ပါမောက္ခဖြစ်သည်။ ပါမောက္ခအဖြစ် ခေတ်သစ်တရုတ်စာပေကို သင်ကြားရင်း ကျောင်းသား လူငယ်များ၏ ဒီမိုကရေစီအခွင့်အရေးဘက်မှ ရပ်တည်ပေးသည်။ ကျောင်းသားလူငယ်များက သူ့ကို ရဲဘော်အဖြစ် ချစ်ခင်ယုံကြည်ကြသည်။ ၁၉၃ဝ ပတ်ဝန်းကျင်၌ လက်ဝဲ တရုတ်စာရေးဆရာလောကတွင် တော်လှန်ရေးနှင့် ဆန့်ကျင်ဘက်တော်လှန်ရေး သဘောထားများဖြင့် ရှုတ်ထွေးကာ အရောရောအနှောနှောဖြစ်နေစဉ် သူသည် ကြည်လင်ပြတ်သားသောဦးတည်ချက်ဖြင့် လက်ဝဲစာရေးဆရာအသင်းဟူသော စာရေးဆရာအဖွဲ့အစည်းကို အချိန်ကိုက်တည်ထောင်ဖွဲ့စည်းလိုက်သည်။ ထိုအချိန်ကား ချန်ကေရှိတ် ကူမင်တန်အစိုးရက ပြည်သူများကို မညှာမတာ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ချုပ်ချယ်လျက် ရှိနေပြီး တဘက်တွင် တရုတ်ကွန်မြူနစ်ပါတီက လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲလျက် ရှိနေသည်။ ယင်းသို့ ဆန့်ကျင်ဘက်တော်လှန်ရေးနှင့် တော်လှန်ရေးတို့အားပြိုင်နေကြစဉ် ယင်းအချိန်ကာလ၌ လူရွှန်းက တရုတ် လက်ဝဲစာရေးဆရာအသင်းဖွင့်ပွဲတွင် 'ကျွန်တော့်အမြင်ကတော့ ဒီကနေ့ လက်ဝဲစာရေးဆရာတွေဟာ လက်ယာ စာရေးဆရာအဖြစ် ကူးပြောင်းသွားဖို့ အင်မတန်လွယ်ပါတယ်။ အဲဒါကို အနောက်နိုင်ငံတွေမှာ မှန်ခန်း ဆိုရှယ်လစ်တွေလို့ ခေါ်ပါတယ်' ဟု ပြောခဲ့ပေသည်။ သူသည် နယ်ခြားမျဉ်းကြောင်းကို သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။
လူရွှန်းသည် ဘာသာပြန်ဆရာအဖြစ် ဝတ္ထုများကို ဘာသာပြန်သူတယောက် ဖြစ်သည်။
လူရွှန်းသည် တရုတ်ပြည်သူ့အခွင့်အရေးအသင်း စသော ပြည်သူ့အဖွဲ့အစည်းများ၌ ပါဝင်ဆောင်ရွက်သည်။ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ် စသော ပြည်သူ့ဘက်မှ လူထုလှုပ်ရှားမှုကိုအားပေးသည်။ သူသည် ကွန်မြူနစ်ပါတီဝင်တယောက်ကား မဟုတ်။ သူ့ကို မော်က 'တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးကြီး၏ သေနာပတိချုပ်' ဟု ဖော်ပြခဲ့သည်။ ယင်းသို့ တော်လှန်ရေးအစဉ်အလာလည်းရှိ၊ စာပေရေးသားဖွဲ့နွဲ့မှုကလည်း အနုပညာမြောက်သဖြင့် ပြည်သူတို့၏ရင်ထဲကကို လိုလား နှစ်သက်ကြည်ညို၍ လေးစားချစ်ခင်အပ်သော စာပေ ခေါင်းဆောင် ဆရာကြီးတဆူအဖြစ် နေလရောင်ဝါ ထင်ရှားခြင်း ဖြစ်သည်။
အောင်ဇံသည် လူရွှန်း၏အတ္ထုပ္ပတ္တိကို စာအုပ် အကိုးအကားများဖြင့် ပြုစုထားပေသည်။
ဗညားသီဟ(ဒဂုန်တာရာ) လူရွှန်း
ရေးသူ- အောင်ဇံ
ထုတ်ဝေသူ- ရွှေပိန်ညှင်းစာအုပ်တိုက်
စာမျက်နှာ- ၄၅၄၊ အရွယ်- ၅ x ၇ လက်မ
အဖိုး- ၁၈ ကျပ်၊ အုပ်ရေ- ၁ဝဝဝ။

(လက်သည်းလှီးတဲ့အမေ) မျိုးမြင့်ချို

0 comments
(လက်သည်းလှီးတဲ့အမေ)
ကျနော့်မှာ ညှပ်စရာ ခြေသည်းလက်သည်းက ၅ ခုဘဲရှိတယ်။ ဘယ်ခြေထောက်မှာ ခြေချောင်း ၅ ချောင်းလုံးအပြည့်ရှိသေးတယ်။ ကျနော်ဟာ အဲ့ဒီ ခြေ ၅ ချောင်းလက်ကျန်လေးကိုတောင် အညှပ်ရ အတော်ပျင်းပါတယ်။ ညှပ်ရင်တော့ လက်သည်းညှပ်နဲ့ ကိုယ့်ဘာသာပဲ ညှပ်ပါတယ်။ သိတ်ရှည်လာလို့ ဖိနပ်ထဲထောက်ထောက်နေရင်၊ ခြေအိပ်စွပ်လို့ ထစ်ထစ်နေရင်၊ စောင်ခြုံလို့ သွားသွားငြိလာပြီဆိုရင်တော့ မဖြစ်မနေညှပ်ပါတယ်။ ခြေစွယ်ငုတ်တာတွေဘာတွေလည်းမဖြစ်တော့ တော်ရုံရှည်နေလည်း ဘာမှမဖြစ်တော့ ဒီတိုင်းထားလိုက်တာပါဘဲ။

ပျင်းတယ်ဆိုတဲ့အပိုင်းမှာ အပျင်းချည်းသက်သက်ကြောင့်လို့တော့ ပြောလို့မရဘူး မှတ်ပါတယ်။ ကျနော့် ဘယ်ဘက်လက်မှာက လက်အဆစ်ပေါင်း ၅ ဆစ်နီးပါးရှိသေးတော့ လက်သည်းညှပ် ကိုင်လို့တော့ ရပါသေးတယ်။ ဒါပေမယ့် ထိန်းရတော့ အတော်ခက်ပါတယ်။ ချော်ထွက်သွားလိုက် လွတ်ကျသွားလိုက်နဲ့ကိုး။ နောက်ပြီး ညှပ်တဲ့ခြေထောက်ကလည်း ဘယ်ဘက်၊ ညှပ်တဲ့လက်ကလည်း ဘယ်လက်၊ ဒီကြားထဲ ဘယ်မျက်လုံးကပါ ၄ ကြိမ်ခွဲပြီးကွယ်သွားတော့ မမြင်ပြန်ဘူး။ ခေါင်းတစောင်းနဲ့ကြည့်ရတယ်။
လက်သည်းညှပ်ရင် ကြမ်းပြင်ပေါ်ဖင်ထိုင်ချ၊ ဘယ်ခြေ ဘယ်လက်ကို ညာမျက်စေ့နဲ့ ခေါင်းကိုစောင်း ခါးကိုလိမ်ပြီးကြည့်ရပါတယ်။ ကိုယ်အနေအထားက မမှန်တော့ ဟန်ချက်တွေကပျက် လက်သည်းညှပ်ကချော်ထွက်လိုက် လွတ်ကျလိုက်နဲ့ ခြေသည်းလေး ၅ ချောင်း တခါညှပ်ရင် အနည်းဆုံး ၅ မိနစ်လောက်အချိန်ကုန်ပါတယ်။ ညှပ်နေရင်း ကိုယ်ကစောင်း ခါးကလိမ်ထားတော့ လူက ကိုယ့်အမြီးကိုယ်ပြန်ကိုက်တဲ့ခွေး ချာလပတ်လည်သလို လည်လည်သွားတာလည်း ဖြစ်တတ်ပါတယ်။ အဲ့ဒါ စိတ်ညစ်တာလည်း ပါတယ်။ ပျင်းတာလည်းပါတယ်ပေါ့ဗျာ။ မိန်းမကတော့ အမြဲတမ်း သူညှပ်ပေးမယ်ပြောပါတယ်။ ကျနော်က ငယ်ငယ်လေးထဲက လက်သည်းခြေသည်း သူများညှပ်ပေးတာကိုမကြိုက်တော့ နေပေ့စေ ကိုယ့်ဘာသာလုပ်မယ်လို့ ပြောရပါတယ်။
ငယ်ငယ် ကိုယ့်ဘာသာ မညှပ်တတ်ခင်တုန်းကတော့ အမေက ညှပ်ပေးပါတယ်။ တခါတလေလည်း အမကြီး မမီမီအေးကညှပ်ပေးပါတယ်။ အမေက လက်သည်းခြေသည်းညှပ်ရင် ဘယ်တော့မှ လက်သည်းညှပ် မသုံးဘူး။ ဘလိတ်ဒါးနဲ့ပဲ လှီးတာ။ အမေက လက်သည်းခြေသည်း လှီးမယ်လာဆိုပြီး ကလေးတွေကိုခေါ်တတ်တယ်။ ခုထိလည်း လက်သည်းညှပ်နဲ့သာ ညှပ်နေတာ လက်သည်းလှီးတယ်လို့ပဲ သုံးနေတုန်းပါဘဲ။
ဘလိတ်ဒါးနဲ့ လက်သည်းခြေသည်းလှီးတာ အလွန်အူယားစရာပေမယ့် အမေလှီးလိုက်လို့ ဘယ်သားသမီးတယောက်မှ ဓားပြတ်သွားတယ်တို့ ဓားရှသွားတယ်လို့မရှိဘူး။ တခါတလေမျေား ခြေစွယ်ငုတ်ချင် သလိုလိုဖြစ်နေတာတွေ့ရင် အဲ့ဒီ ဘလိတ်ဒါးလေးကိုပဲ ကော့ပြီး ကွေးပြီး ခြေမနဲ့အသားကြား အဖျားလေးနဲ့ ထိုးထည့်ကလော်ပြီး ခြေသည်းစောင်းကလေးကို ထပ်ကနဲ လှီးဖဲ့ထုတ်ယူသွားတာများ ပဉ္စလှည့်အတတ်လားတောင်မှတ်ရတယ်။
တခုတော့ရှိတယ်။ အမေက အသန့်အပြန့်နဲ့ အသပ်အရပ် အလွန်ကြိုက်သူဆိုတော့ လက်သည်းခြေသည်းလှီးပြီဆိုရင် အောက်ခံအသားနဲ့ တတိတည်းဖြစ်အောင် လှီးတာ။ လက်သည်းခြေသည်းကြား ဂျီးရှိနေရင် အမေမကြိုက်ဘူး။ တခုခုစားမှာမို့ လက်ဘယ်လောက် စင်အောင်ဆေးဆေး အဲ့ဒီဂျီးရှိနေရင် အမေပြောတော့တာဘဲ။ အဲ့သလို တုံးတိနေအောင်လှီးတာကို ကျနော်ကမကြိုက်ဘူး။ မကြိုက်ရတာက တုံးတိသွားလို့မဟုတ်ဘူး။ တုံးတိက လှီးတုန်းလည်း ဘာမှမဖြစ်ဘူး လှီးပြီးလို့ ဘာမှ မဖြစ်ရင်လည်း ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ကျနော်က ဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ကျနော်က အလွန်အဆော့အကစားသန်တဲ့ကောင်။ လက်သည်းလှီးပြီးစ ထိုးကြိတ်သတ်ပုတ်တာမျိုးကစားရင်း လှီးထားတဲ့လက်ဖျားခြေဖျားနဲ့ တခုခုနဲ့ သွားခတ်မိ ခိုက်မိ ထိမိပြီဆိုရင်တော့ လက်သည်းခွံနဲ့အသားကြား နည်းနည်းကွာသွားတတ်တယ်။ အဲ့ဒီအခါကျ နာတယ်။ အဲ့ဒီတုန်းကတော့ လက်သည်းလေး အစွန်းနည်းနည်းထားပြီးလှီးပေးပါအမေရယ်လို့လည်း ပြောရကောင်းမှန်းမသိတော့ အမေလက်သည်းလှီးပေးတာကို သိတ်မကြိုက်ပေမယ့် ဒီလိုပဲ ပေတေပြီးခံရတာပေါ့။ ကိုယ်မှ မသိတာကိုး။ ခြေသည်းလက်သည်းကို ငုံးတိုအောင်မညှပ်ရ မလှီးရဘူးဆိုတာက ကြီးမှသိတာ။
ဟိုးတလောကလည်း အိမ်ထဲမှာ နည်းနည်းပူတော့ ကျနော်က ခြေအိပ် ချွတ်ထားတယ်။ အမေက တချက်လှမ်းကြည့်ပြီး သူ့အခန်းထဲ ဝင်သွားတယ်။ ပြန်ထွက်လာတော့ လက်သည်းညှပ်လေးယူလာပြီး မင်းခြေသည်းလေးတွေရှည်နေပြီ၊ အမာညှပ်ပေးရမလားတဲ့။ ရပါတယ် ကျနော့်ဘာသာ ညှပ်မယ်ဆိုတော့ ဘေးကနေကြည့်နေတယ်။ ကျနော် တယောက်တည်း ချာလပတ်လည်နေတာကြည့်ပြီး ပေးပေး အမာညှပ်ပေးမယ်၊ မင်းညှပ်ရတာအဆင်မပြေဘူးဆိုပြီး လက်သည်းညှပ်လှမ်းတောင်းတော့ ရတယ်အမေ ကျနော့်ဘာသာညှပ်မယ်ဆိုတော့ ဘာမှ မပြောတော့ဘဲ ဘေးက ခုံလေးပေါ်ထိုင်နေတယ်။ ကျနော်လည်း ခက်ရာခက်ဆစ်တွေ ခါးလိမ်ကိုယ်လိမ်တွေနဲ့ ညှပ်ညှက်ပြီးလို့ အပေါ်မော့ကြည့်တော့ အမေကျနော့်ကို ကြည့်နေတယ်။
အမေ့မျက်လုံးမှာ စိတ်မကောင်းဖြစ်နေတာ ကျနော့်ကြည့်ပြီးသနားနေတာ အထင်းသားပေါ်နေတယ်။ တော်တော်လေး စိတ်ထိခိုက်နေမှန်း သိသာတယ်။ ကျနော် တခါမှ သူ့ရှေ့မှာ အဲ့လို မညှပ်ဖူးဘူးကိုး။ ကျနော်လည်း စိတ်မကောင်းဖြစ်သွားတယ်။ ငါ့အမေ့ကို ပေးညှပ်လိုက်ရကောင်းသားလို့ စိတ်ထဲဖြစ်မိတယ်။ ဒါနဲ့ နောက်တခါကျ အမာညှပ်ပေးပေါ့ဆိုတော့ အေးလေလို့ပြောရင်း ခါးလေးကုန်း ကျနော့်ခြေသည်းတွေကိုကြည့်ပြီး ခြေသန်းထောင့်က အစွယ်လေးကို တိလိုက် သား၊ ဒါမှ ကောင်းမှာ၊ နို့မို့ဆို အဲ့ဒါလေးက ညဘက်စောင်ဆွဲခြုံလိုက်လိုက်လို့ စောင်နဲ့သွားငြိရင် အတော်အခံရခက်တယ်၊ ငြိပြီး ခြေသည်းကွဲသွားရင် ပြန်မဆက်တော့ဘူး၊ အဲ့ဒီအတိုင်းကွဲနေပြီး ရှည်ရှည်ထွက်လာ တတ်တယ်၊ ခြေအိပ်စွပ်လို့သွားထိရင်လည်း နာတယ်လို့ပြောတယ်။ ကျနော်လည်း ဟုတ်သားပဲလို့တွေးမိပြီး အဲ့ဒီခြေသည်းစောင်းလေးကို တချက်ညှပ်ထုတ် လိုက်တော့ အမေက သူ့လက်နဲ့စမ်းပွတ်ကြည့်ပြီး အေးခုမှ ချောသွားတာလို့ပြောပြီး စာရွက်အထူလေးပေးတယ်။
ကျနော် ရုတ်ရက်ကြောင်သွားတယ်။ နောက်မှ ချက်ခြင်းသဘောပေါက်ပြီး လက်ကိုတံတွေးဆွတ်ပြီး ခြေသည်းစလေးတွေကို စာရွက်ပေါ် တခုချင်းကောက်တင်၊ အိမ်အပြင်က ပန်းအိုးထဲသွားထည့်တယ်။ 'ခြေသည်းလက်သည်းဆိုတာ လှီးပြီးရင် အိမ်ထဲမှာ မရှိရဘူး၊ အိမ် လာဘ်တိတ်တတ်တယ်လို့ ရှေးလူကြီးတွေကပြောတယ်'ဆိုတဲ့ ငယ်ငယ်လေးကတည်းက အမေပြောနေကြစကားကိုပြန်တွေးမိပြီး စိတ်ထဲ ငိုချင်သလိုလိုဖြစ်တယ်။ မျက်ရည်လည်း ဝဲတယ်။ ဝမ်းလည်းနည်းတယ်။ ညီအကိုမောင်နှမတွေအားလုံးကိုလည်း အောက်မေ့တယ်။ တိုင်းပြည်ကိုလည်း လွမ်းတယ်။
မျိုးမြင့်ချို
မေ ၁၂၊ ၂ဝ၁၉

(တန်ပြန်ကုယ်သွခွန်ကို ဘယ်ပေါ် တည် ထားလဲ) မျိုးမြင့်ချို

0 comments

(တန်ပြန်ကုယ်သွခွန်ကို ဘယ်ပေါ် တည် ထားလဲ)
တရုတ်ဘက်က တန်ပြန်တဲ့အနေနဲ့ ကုန်သွယ်ခွန်တိုးကောက်တာက နိုင်ငံရေးသဘောကအတော်အရေးပါတဲ့အခန်းကပါနေတာ သတိထားမိပါတယ်။ လောလောဆယ်ကုန်သွယ်ခွန်တိုးတာတွေထဲမှာ ပြောင်း၊ ပဲပိစပ်၊ ဂျုံနဲ့ ဝက်သား စတာတွေရဲ့ပမာဏက အတော်များတယ်။ ထရမ့်ပ်ကိုထောက်ခံသူအများစုက ချမ်းသာလယ်သမားတွေနဲ့ မြေပိုင်ရှင်ကြီးတွေဖြစ်တယ်။ ပြောင်းပဲ၊ ပဲပိစပ်၊ ဂျုံ၊ သကြားနဲ့ဝက်သားက တရုတ်ဝယ်လက်ကအတော်ကြီးတယ်။ သိတ်အများကြီးမဟုတ်ပေမယ့် ပန်းနှမ်းဆီလည်း ပါတယ်။ တရုတ်နှမ်းဆီဈေးကွက်က ကနေဒါက စီးထားတာ။ ခု ကနေဒါဆီက နှမ်းဆီမဝယ်တော့ဘူးဆိုလို့ ကနေဒါလည်း ဖေါက်သည်သစ်တွေ အပြေးအလွှားထွက်ရှာနေရတယ်။

ပြန်ဆက်ရရင် ထရမ့်ကိုအကြီးအကျယ်ထောက်ခံတဲ့မဲဆန္ဒနယ်တွေမှာ ဝက်မွေးမြူရေး(အကြီးစား အလတ်စား)ခြံကြီးတွေနဲ့ Meat Process အသားလုပ်ငန်းကြီးတွေရှိတယ်။ မနှစ်က ကုန်သွယ်ခွန်တိုးလိုက်တာမှာလေးတင် အဲ့ဒီ လယ်သမားတွေ အတော်အထိနာသွားတယ်။ လယ်သမားတွေ ဝက်သမားတွေကို အစိုးရဘဏ္ဏာတိုက်ထဲက ၁၂ ဘီလီယံစိုက်လျော်ပေးလိုက်ရတယ်။ ခုလည် “လယ်သမားတွေ စိတ်မပူနဲ့။ မင်းတို့ထုတ်ကုန်တွေ တရုတ်ကမဝယ်လည်း အစိုးရကဝယ်မယ်“ဆိုပြီး ပြောပြီး တဘက်ကချွေးသိပ်ရင်း တဘက်က ၂ဝ၂ဝ အတွက် မဲမျြူနေတယ်။ တချိန်က ထရမ့်ပ်ကို အကြီးအကျယ်ထောက်ခံခဲ့ကြတဲ့ တောင်ပိုင်းပြည်နယ်တွေက လယ်သမားကြီးတွေ မြေပိုင်ရှင်ကြီးတွေ ထရမ့်ပ်အပေါ် အရင်ကလောက် နှစ်နှစ်ကာကာ သိပ်မရှိတော့လည်း သတင်းတွေမှာတွေ့ရတယ်။ သူတို့ဆီက မေးခွန်းတွေအများကြီးထွက်လာတယ်။ ထောက်ခံမှုလည်း လျော့ကျလာတယ်ဆို လူထုစစ်တမ်းကောက်ယူမှုတွေက ဖော်ပြနေပါတယ်။

ထရမ့်ဟာ အမေရိကန်တောင်ပိုင်းနဲ့ မြောက်ပိုင်း၊ အလယ်ပိုင်းတွေက(ဗမာလိုပြောရရင်)တောသားကြိုက် ကြိုက်လုံးပစ်နိုင်ငံရေးနဲ့တက်လာသူပါ။ ခု ကျနော်ပြောတဲ့အရပ်တွေမှာ ခရစ်ယာန်ဘာသာရေးအစွန်းရောက်တွေ၊ လူဖြူကြီးစိုးရေး၊ လူဝင်မှုဆန့်ကျင်ရေး၊ ကိုယ်ဝန်ဖျက်ချခွင့်မပေးရေး၊ လိင်တူအခွင့်အရေးဆန့်ကျင်သူတွေ အဖြွ့တွေများသလို ဂျူးဆန့်ကျင်ရေးသမားတွေလည်း ကြောက်ခမန်းလိလိ ပေါပါတယ်။ K သုံးတွေ ကြီးစိုးခဲ့ မင်းမူခဲ့တဲ့ဒေသတွေထဲလည်းပါပါတယ်။ ဒီမှာတော့ အဲ့သလိုလူတွေ အစုအသင်းဝင်တွေကို Conservative ကန်ဆားဗတစ် ရှေးရိုးဆန်သူတွေလို့ ဖေါ့ပြောတတ်ကြပါတယ်။

ခုတရုတ်က ကုန်သွယ်ခွန်တိုးတာဟာ စီးပွားရေးကိစ္စသင်သက်မျှမဟုတ်ဘဲ နိုင်ငံရေးအရပါ လုပ်တာပါ။ နိုင်ငံရေးသမားဆိုတော့ လုပ်တိုင်းမျာ နိုင်ငံရေးပါပါတယ်။ နိုင်ငံရေးဖြစ်ပါတယ်။ နိုင်ငံရေးရည်ရွက်ချက်ရှိပါတယ်။
မျိုးမြင့်ချို
မေ ၁၄၊ ၂ဝ၁၉