Thursday, May 2, 2019

(ဟွာဝေးဖုန်းနဲ့မုန်ညင်းဆီ) မျိုးမြင့်ချို

0 comments
(ဟွာဝေးဖုန်းနဲ့မုန်ညင်းဆီ)
တရုတ်နဲ့ ကနေဒါကြားမှာ မနှစ်က ဒီဇင်ဘာမတိုင်မီအထိ နှစ်ဦးတည်းထိပ်တိုက်တွေ့တဲ့ပြဿနာရယ်လို့မရှိပါ။ ဟွာဝေးဖုန်းကုမ္ပဏီထူထောင်သူ ရဲ့သမီးလည်းဖြစ် ကုမ္ပဏီရဲ့ဘဏ္ဏာရေးအကြီးအကဲလည်းဖြစ်တဲ့ Meng Wanzhou ကို အမေရိကန်က အလိုရှိလို့ ကနေဒါအစိုးရကဖမ်းပေးပြီးလိုက်တဲ့နောက်ပိုင်း နှစ်နိုင်ငံကြားဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။ အဲ့ဒီ အမျိုးသမီးကို အမေရိကန်ကိုလွှဲပြောင်းပေးဖို့ရှိတယ်ဆိုပေမယ့် ခုထိတော့ ကနေဒါမှာပဲ အာမခံပေးပြီး နေအိမ်အကျယ်ချုပ်သဘောထားပါတယ်။ တရုတ်က သူ့ကိုပြန်လွှတ်ပေးဖို့တောင်းဆိုနေပေမယ့် ကနေဒါဘက်က ခုချိန်ထိတော့ ဘာမှအကြောင်းမပြန်သေးပါ။ အမေရိကန်ဘက် လွှဲမယ်မလွှဲဘူးလည်း ယတိပြတ်မပြောသေးပါ။ ဒီ့နောက်တော့ တရုတ်ဘက်ကလည်း မြောက်ကိုးရီးယားနပ်စပ်အခြေပြုပြီး တရုတ်ကို လာထောက်လှမ်းနေတဲ့ ကနေဒါဒလျှိုတွေဆိုပြီး ကနေဒါနိုင်ငံသားတချို့ကို ဖမ်းလိုက်ပါတယ်။ ကြားထဲမှာလည်း လာဘ်ပေးမှုနဲ့ ဖမ်းတာ၊ မူးယစ်ဆေးဝါးနဲ့နွယ်တာဆိုပြီး ဖမ်းတာတွေရှိပါတယ်။ ဟိုတနေ့ကလည်း ကနေဒါနိုင်ငံသားတယောက်ကို တရုတ်မှာနေပြီး မူးယစ်ဆေးဝါးကိစ္စတွေမှာ ပါဝင်ပတ်သက်တယ် ဆိုတဲ့စွဲချက်နဲ့ ကနေဒါနိုင်ငံသားတယောက်ကို သေဒဏ်အမိန့် ချမှတ်လိုက်ပါတယ်။ နှစ်ဘက်အပြန်အလှန် ဓားဆာခံဖမ်းသလိုဖမ်းပြီး အလဲအလှယ်လုပ်ကြမယ့်သဘောအထိဖြစ်လာနိုင်တယ်လို့ တွက်ဆနေသူတွေလည်း မနည်းပါ။

ကနေဒါဟာ ဆီမုန်ညင်း အကြီးအကျယ်စိုက်တဲ့နိုင်ငံပါ။ မုန်ညင်းစိုက်ပျိုးရေးနဲ့ ဆီလုပ်ငန်းတွေမှာ အလုပ်သမား ၂ သိန်းခွဲလောက် အလုပ် လုပ်နေကြပြီး တိုင်းပြည်ဝင်ငွေရဲ့ လေးပုံတပုံကို အဲ့ဒီက ရနေတာဖြစ်ပါတယ်။ ကနေဒါမုန်ညင်းဆီတွေ မတင်သွင်းဖို့ တရုတ်ဘက်က ပြတဲ့အကြောင်းပြချက်မှာ မုန်ညင်းဆီတွေမသန့်ဘူး ကျန်းမာရေးထိခိုက်နိုင်တဲ့ဓာတ်တွေပါတယ်လို့ဖြစ်ပါတယ်။ ဒီအကြောင်းပြချက်ကို ကနေဒါဘက်ကတော့ ခါးခါးသီးသီးငြင်းပါတယ်။

မုန်ညင်းဆီတွေမရောင်းရတော့ ဆီမုန်းညင်းစီးပွားရေးတင်ပျက်တာ မဟုတ်ပါ မုန်ညင်းစိုက်တောင်သူတွေပါ ထိပါတယ်။ စိုက်ပျိုးစားရိတ် ထုတ်လုပ်မှုစားရိတ်တွေ ပိနေပါတယ်။ အရှူံးပေါ်ပါတယ်။ ဒီတော့ ကနေဒါအစိုးရက တောင်သူတွေကို ကနေဒါဒေါ်လာတသန်းစီ ချေးမယ်။ ၅ သိန်းအတွက်က အတိုးပေးစရာမလိုဆိုပြီး တိုင်းပြည်အိပ်စိုက် အမတော်ကြေး ပေးပါတယ်။ ကနေဒါ ဒေါ်လာ တသန်းဟာ အမေရိကန်ဒေါ်လာ ၇ သိန်းခွဲရှိပါတယ်။ တပြိုင်တည်းမှာ မုန်ညင်းဆီဝယ်လက်တွေလည်း အသည်းအသန်ရှာနေရပါတယ်။

ကနေဒါ ကုန်သွယ်ရေးဝန်ကြီးကတော့ ကနေဒါဟာ ဒီ ပြဿနာကို သတ္တိရှိရှိရင်ဆိုင်ပြီး အောင်အောင်မြင်မြင်ကျော်လွှားသွားနိုင်မှာပါ တောင်သူတွေရော ဆီလုပ်ငန်းရှင်တွေရော ပို့ကုန်သမားတွေပါ မစိုးရိမ်ကြဖို့ ဖျောင့်ဖြနေပါတယ်။

တရုတ်စီးပွားရေးနဲ့ဓနဥစ္စာအခြေအနေက ပါးကိုက်ရင် နားကိုက်မယ်ဆိုတဲ့အနေအထားအထိ ရောက်လာနေတယ်လို့ဆိုပါတယ်။
(ဒါက ခု ၂ ရက် ၃ ရက်အတွက်း ကနေဒါ-တရုတ်မုန်ညင်းဆီကိစ္စတွေ့တာတွေဖတ်ပြီး အဆင်ပြေအောင်ပြန်ပြောပြတာဖြစ်ပါတယ်)

0 comments:

Post a Comment