Thursday, May 2, 2019

(ဇာတိစိတ်နဲ့ ပဝတ္တိ) မျိုးမြင့်ချို

0 comments
(ဇာတိစိတ်နဲ့ ပဝတ္တိ)
ပြောရရင် အမေရိကန်ဟာ ကျနော်နေတဲ့ပြည်ပါ။ နိုင်ငံသားလည်း ခံယူထားပြီးဖြစ်တဲ့အလျှောက် ကျနော့်နိုင်ငံလို့ပြောရမှာပါ။ တခြားနိုင်ငံတွေနဲ့စစ်ဖြစ်လို့ ဝင်တိုက်ချင်စိတ်ရှိရင်တိုက်လို့ရပြီး မတိုက်ချင်ရင် ထောင်အကျခံပြီးနေလို့ဖြစ်ပါတယ်။ ကိုယ်လည်းနေ ကိုယ့်နိုင်ငံလည်းဖြစ်နေတဲ့ပြည်ကို အေးချမ်းစေချင် ငြိမ်းချမ်းစေချင် တရားဥပဒေစိုးမိုးစေချင် တန်းတူညီမျှရှိစေချင်တာပါ။ ကုန်ကုန်ပြောရရင် ကောင်းရာမွန်ရာမှန်သမျှရစေ့ချင်တာပါ။

ဘာ့ကြောင့်လဲဆိုတော့ ကျနော့်နိုင်ငံဖြစ်နေလို့ပါ။ ကျနော့်နိုင်ငံရရင် ကျနော်ရတာပါဘဲ။ ဒီနိုင်ငံကောင်းရင် ဂုဏ်သိက္ခာရှိရင် ကျနော်ရှိတာပါ။ ဒီနိုင်ငံကပါ့စ်ပို့တ်ကို လူသူကလေးစားတယ်ဆို ကျနော်လည်း အလေးစားခံရတဲ့သဘောပါ။ ဒီနိုင်ငံသားတွေ ချောင်လည်တယ်ပြေလည်တယ်ဆို ကျနော်လည်း ချောင်လည်ပြေလည်တာပါဘဲ။
ဒီနိုင်ငံကလူတွေ ပြေလည်စေချင်တယ် တိုင်းပြည်အေးချမ်း သာယာစေချင်တယ်။ ဂုဏ်သိက္ခာရှိစေချင်တယ်။ ဒါပေမယ့် ခု ကျနော်အပါအဝင် အမေရိကန်တွေစိတ်ထဲမယ် ပြည်တွင်းမှာ နိစ္စဓူဝနားမချမ်းသာ စိတ်မချမ်းသာစရာတွေက များများလာတယ်လို့ လက်တွေ့အရ သိမြင်လာကြတယ်။ အမေရိကန်နှုန်းစံတန်ဖိုးတွေ အတိုက်စားခံလာရတယ်။ ပြည်ပမှာကျတော့လည်း အမေရိကန့်နိုင်ငံရေးနဲ့ သံတမန်ရေး အရှိန်အစော်နဲ့သြဇာကျဆင်းလာတယ်လို့ သိမြင်သဘောပေါက်လာပါတယ်။

ကမ္ဘာကြီးနဲ့ကြည့်တော့လည်း အမေရိကန်ဟာ တဖြည်းဖြည်းနဲ့ တခြားနိုင်ငံတွေနဲ့မက ကမ္ဘာ့အဖွဲ့အစည်းကြီးတွေနဲ့ပါ ကင်းကွာလာတယ်။ တချို့ကင်းကွာမှုတွေဟာ ကျန်နိုင်ငံတွေက လက်ညှိုးထိုးပြစ်တင်ရှုတ်ချစရာ နှာခေါင်းရှူံ့စရာအထိဖြစ်လာတယ်။ အမေရိကန်ဟာ ပြည်တင်မက အမေရိကန်နိုင်ငံသားတွေပါ အထီးကျန်ဖြစ်လာတယ်လို့ ခံစားနေကြတာတွေရှိပါတယ်။

ဒီမနက် ကိစ္စလေးတခုနဲ့ဆေးရုံဘက်သွားရင်း နားနေခန်းမှာ ဂျာမန်သွေးဖြစ်ပုံရတဲ့ အသက် ၇ဝ ရွယ်လောက်လူဖြူကြီးတယောက်နဲ့ မျက်နှာချင်းဆိုင်ထိုင်မိပါတယ်။ သူကသတင်းစာလှမ်းဆွဲတာ မမီတာနဲ့ကျနော်ကကူပေးလို့ ကျေးဇူးတင်ကြောင်းပြောရင်း ကျနော့်ကို စစ်မှုထမ်းဟောင်းလားလို့မေးပါတယ်။ ကျနော် ဂျာကင်အောက်က ခံဝတ်လာတာက အမေရိကန်ကြည်းတပ်ဂျာစီဖြစ်နေတာကိုး။ မဟုတ်ကြောင်း၊ ဗမာစစ်တပ်ကစစ်သားလူထွက်ဖြစ်ကြောင်းပြောတော့ မင်းတို့တိုင်းပြည်က နံမည်ပြောင်းသွားပြီကွလို့ပြောရင်း ငါ ၃ ကြိမ်ရှိပြီ အလည်သွားတာ၊ စစ်ဖြစ်တဲ့နေရာတွေများလာလို့ လည်ဖို့ပတ်ဖို့ ရှားရှားလာတယ်လို့ပြောပါတယ်။

ကျနော်က ရခိုင်ဘက်ကိုပြောတာလား ဆိုတော့ အင်း...တခြားနေရာတွေလည်းပါ ပါတယ်၊ လုတာယက်တာတွေလည်း မနည်းဘူး၊ မြို့ကြီးတွေမှာပါ လူတွေက မလုံခြုံသလိုပဲ၊ ရဲလည်း မလေးစားကြသလိုပဲ၊ ဥပဒေလည်း မရှိသလိုပဲ၊ အစိုးရကိုလည်း သိတ်အားကိုးကြပုံမရဘူး၊ အရင်တုန်းကမှ စိတ်ချလက်ချ သွားလို့ရတဲ့နေရာဆို သွားသာသွား၊ ဘာမှမပူရဘူး၊ ခု စိတ်ချလက်ချ သွားလို့ရတဲ့နေရာမှာတောင် ဘယ်အချိန် ကိုယ့်ဆီက လာလုမလဲတွေးပြီး လန့်နေရတာ၊ လူဆိုးသူခိုးတွေ အရင်ကထက် များလာလို့လားမသိဘူးတဲ့။
ကျနော် ဆက် နားမထောင်ချင်တော့ဘူး။ ကြားလည်း မကြားနိုင်တော့ဘူး။ ကြားနိုင်အား နားထောင်နိုင်အား မရှိတော့သလိုဖြစ်ပြီး စိတ်ဟာ တင်းကျပ်လာတယ်။ တခုခု ပြန်ပြောမိတော့မလို ဖြစ်လိုက်သေးတယ် ဒါပေမယ့် ဟာ... ငါ သွားရတော့မယ်၊ ချိန်းထားတာလေးရှိနေလို့ ဘာညာပြောပြီး နှုတ်ဆက်ရင်းထထွက်ခဲ့တယ်။

ကားပေါ်ရောက်မှ ဒီပြည်မှာ ငါဟာ ပဝတ္တိပါလားတွေးရင်း ဇာတိမြေအတွက် စိတ်လည်းထိခိုက် ရင်ထုမနာလည်းဖြစ်မိတယ်။
မျိုးမြင့်ချို
ဧပြီ ၃ဝ၊ ၂ဝ၁၉

0 comments:

Post a Comment