Wednesday, May 8, 2019

(အာတိတ်ဒေသနဲ့ Star Wars) မျိုးမြင့်ချို

0 comments

(အာတိတ်ဒေသနဲ့ Star Wars)
အမေရိကန် ဆိုဗီယက်စစ်အေးကာလတုန်းက ဆိုဗီယက်ကိုချတာတွေထဲမှာ Star Wars ဆိုတာလည်း ဗျူဟာတခုအနေနဲ့ပါပါတယ်။ ဆိုဗီယက်ပြိုကျသွားပြီးတော့မှ အဲ့ဒါကြီးဟာ ဘာကြီးမှန်းပေါ်လာတော့ လူတွေပြုံးကြရယ်ကြ ဟားတိုက် ပြက်ရယ်ပြုခဲ့ကြပါတယ်။ ဒါပေမယ့် ဆိုဗီယက်ကို ထိုးနှက်တဲ့နေရာမှာတော့ အတော်ထိရောက်ခဲ့တဲ့လက်နက်တခုပါ။ အာကာသကိုစီးမိကြဖို့ အပြိုင်ကြိုးစားကြရင်း အသည်းအသန်ချဲ့ထွင်ကြရင်း ဆိုဗီယက်ဘက်က ဒီ Star Wars အတွက် ငွေကုန်ကြေးကျအတော်များခဲ့ရတာပါ။

ခု အမေရိကန်(ဒေါ်နယ်ထရမ့်) ပြန်ဝဋ်လည်တယ်လို့ပြောရမလားမသိပါ။ တရုတ်က လကမ္ဘာရဲ့အမှောင်ဘက်ခြမ်းကိုယဉ်ဆင်းပြလိုက်တာ၊ လပေါ်လူလွှတ်ဖို့ ပြင်ဆင်နေတာ၊ လပေါ်အခြေစိုက် သုတေသနနဲ့ဓာတ်ခွဲခန်းဆောက်ဖို့ပြင်ဆင်တာတွေကြည့်ပြီး ထရမ့်ပ်က အားကျမခံ အမေရိကန်လေတပ်မှာ Space Force ဆိုပြီး အာကာသတပ်ဖွဲ့ ဖွဲ့ရမယ်တို့ အင်္ဂါဂြိုကိုလူလွှတ်မယ်တို့တွေ ဖြစ်လာပါတယ်။

တခါ တရုတ်က ခါးပတ်တကွင်းလမ်းတစင်းဆိုလုပ်ချလိုက်ပြီး ကမ္ဘာ့နိုင်ငံအများအပြားနဲ့ချိတ်ဆက်စီးပွားရေးလုပ်လာတော့ အမေရိကန်က ဒါကြီး ဖြစ်မလာအောင် ဖြစ်လာခဲ့ရင်တောင် တရုတ်တွေထင်သလောက်အကျိုးအမြတ်မဖြစ်အောင် အတော်လေးငွေကုန်ကြေးကျခံပြီး လိုက်ဖျက်နေရတဲ့သဘောဖြစ်နေပါတယ်။ အဲ့ဒီထဲဝင်မပါဖို့ နိုင်ငံတချို့ကို ဖဲ့စည်းရုံးရတာ လက်ချည်းပဲတော့မရပါ။ အရင်ကလောက် လက်မဖွာနိုင်အားပေမယ့် ကျသလောက်တော့ ကျပေးရပါတယ်။

တခါ တရုတ်နဲ့ရုရှားက ကမ္ဘာ့ရာသီဥတုအပြောင်းအလဲကြောင့် အာတိတ်ဒေသက ပင်လယ်ရေခဲတွေပျော်ပြီး နွေးလာတာကြောင့် လမ်းတွေဖေါက်(ရေကြောင်း ကုန်းကြောင်း) စီးပွားရေးချဲ့ထွင်ဖို့ သုတေသနလုပ်ငန်းတွေလုပ်ဖို့ အခြေစိုက်စခန်းတွေ(ခုထိတော့ စစ်ရေးအခြေစိုက်စခန်းမပါသေး)ဖွင့်ဖို့ အားထုတ်လာတော့ အမေရိကန်က အာတိတ် ၈ နိုင်ငံ (Norway, Sweden, Finland, Russia, the United States (Alaska), Canada (Yukon, Northwest Territories, and Nunavut), Denmark (Greenland), and Iceland (where it passes through the small offshore island of Grímsey) အစည်းအဝေးတက်ပြီး ကျားစီးဖားစီးတွေပြော အိနြေ္ဒမရတွေဖြစ်လာပါတယ်။ ပြောတဲ့အထဲမှာ အမေရိကန်က အာတိတ်ဒေသမှာ စစ်ရေးချဲ့ထွင်မယ် ရေတပ်တွေချမယ် သင်္ဘောတွေပြန်လည်မွမ်းမံနေတယ် အာတိတ် ၈ နိုင်ငံဆိုင်ရာ အမေရိကန်ရေတပ်အကြီးအကဲရာထူးတခုတီထွင်ပြီးခန့်မယ်ဆိုတာတွေအထိ ပါပါတယ်။ တရုတ်နဲ့ရုရှကတော့ နိုင်ငံတွေအားလုံးအကျိုးအမြတ်ဖြစ်စေဖို့ ပူးပေါင်းလုပ်ကြတာပေါ့ဆိုပြီး လေအေးအေးပဲ တုံ့ပြန်တာတွေရပါသေးတယ်။

ဟွာဝေးဖုန်းတို့၊ 5G၊ Artificial Intelligence (AI)တို့ကိစ္စတွေမှာလည်း အလားတူပါဘဲ။ တကယ့်ကို ကမူးရှူးထိုးတွေဖြစ်နေတာပါ။ အဲ့ဒါတွေကို တန်ပြန်ဖို့ ကျနော်တို့ဆောင်နေရတဲ့အခွန်ငွေတွေ သောက်သောက်လဲသုံးနေတာပါ။

ခုတလောဖတ်မိတဲ့ အာတိတ်ဒေသအရေး အမေရိကန်ပြာယာခပ်နေတဲ့သတင်းတွေ အတော့်ကိုတက်နေပါတယ်။ Star Wars ဝဋ်ပြန်လည်လားလို့တောင် တွေးချင်စရာပါ။
မျိုးမြင့်ချို
မေ၊ ၇၊ ၂ဝ၁၉

0 comments:

Post a Comment