Monday, May 6, 2019

(လက်သည်ဖျောက်တဲ့ တဒေါ်လာ) မျိုးမြင့်ချို

0 comments

(လက်သည်ဖျောက်တဲ့ တဒေါ်လာ)
တဒေါ်လာကမ်ပိန်းက စလုပ်ကတည်းက နိုင်ငံရေးပါ။ နိုင်ငံရေးမှာမှ NLD ကိုတည်တိုက်ပြီး စစ်အုပ်စုကို ဒူးထောက်အညံ့ခံရေး လက်သည်ဖျောက်ရေးဖျားယောင်းမှုပါ။ စံနစ်ကျသွေးဆောင်လှည့်စားမှုပါ။

ခြေလှမ်းရှိရှိ ရည်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုပေမယ့် ပြင်ဆင်မှုထင်သလောက်မရှိခဲ့ပါ။ ကမန်းကတမ်းထလုပ်တာမဟုတ်ပေမယ့် ပြင်ဆင်ချိန် အလုံအလောက်မယူခဲ့ပါ။ မလုပ်ခင်က ခတ်စောစောလောက်ကတည်းက အာဘော်ဖန်တီးထားမှုမျိုးကလည်း လောက်လောက်လားလားမရှိပါ။ အော်ပီကျယ်တို့ လဘက်ရည်ဆိုင်မှာ ဗိုလ်မရှိဘိတ်မရှိ လျှောက်ပြောနေတာလောက်၊ ကိုတာတို့ ဒေါက်တာမြင့်ဇော်တို့၊ ဦးထွန်းလွင်တို့ ပညာရှင်စကားဝိုင်းလိုလို လူစုပြီးစကားပြောတာလိုလိုလောက်နဲ့ စင်ပေါ်ကောက်တင်ပြီး ကမူးရှူးထိုးထလုပ်တာပါ။ စိုင်းညွန့်လွင်ပါလာတာက ရှင်းပါတယ်။ တဒေါ်လာကမ်ပိန်းစင်ပေါ်တက်ပြီး သူပေးချင်တဲ့မက်ဆေ့ဂ်ျပေးသွားတာပါ။ ဒီပွဲမှာ သူများစင်တက်ပြီး ကိုယ့်အလုပ် လုပ်သွားနိုင်သူပါ။ သူဟာ နိုင်ငံရေးသမားဖြစ်လို့ ပတ်ဝန်းကျင်သဘာဝအယောင်ဆောင်ထားတဲ့စင်ပေါ်ကနေ တကယ့်နိုင်ငံရေးကို မျက်နှာဖုံးဖွင့်ပြတာပါ။

တခြားလူတွေပါ ပါအောင် လူစုံအောင်စုတယ်ဆိုပေမယ့် ပါချီပါချက်တွေပါ။ ထောင့်လည်း သိတ်တော့ သိတ်မစေ့ပါ။ လူလက်ခံနိုင်လောက်မယ် လူတွေနားထောင်နိုင်လောက်မယ့်ထင်ရတဲ့လူတွေ ဆွဲသွင်းလာပေမယ့် ဘာမှ ဟုတ်တိပတ်တိမပြောနိုင်ပါ။ အရပ်ထဲက ရေစည်လှည်းတွန်းတဲ့လူတောင်သိပြီးသားတွေကို ဖုန်သုတ်ပြီး ပေါ်လစ်ရှ်တင်တာလောက်ပါ။

လူတယောက်ချင်းဆီကနေ တဒေါ်လာ ၁၅ ကြိမ်ခွဲကောက်မယ်ဆိုတာလည်း စတန့်ထွင်တာပါ။ မကြားဖူးတာတွေကြားရပြီး ဝမ်းသာအဲလဲဖြစ်သူလည်းဖြစ်ပါတယ်။ တချို့က အပြင်အထိပါထွက်ပြီး ပြောလာတာပါ။ ထမင်းနပ်မမှန်တဲ့လူကတောင် ဧရာဝတီမြစ်ကြီးကိုကယ်ဆယ်ဖို့ ၁ ဒေါ်လာ ၁၅ ကြိမ်ထည့်လိုက်မဟဲ့ဆိုတာတွေအထိ ဖွကြ လှော်ကြ မီးမှုတ်ကြဘေးတီးကြတာပါ။

ကိုတာက လူလည်ပါ။ ဘယ်နေရာ ဘာဂွင်မှန်းသိပါတယ်။ ဘယ်ပတ်တီးရင် ဘာသံမြည်မှန်းသိပါတယ်။ စာရေးဆရာမဂျူးက ကိုယ့်ဘာသာ စာလေးရေးပြီး အင်န်ဂျီအိုလေးနဲ့ ထုတ်ထုတ်ပိုက်ပိုက်ရှိနေရာကနေ စင်ဖြစ်ပြီးရော ပြောရပြီးရောဆိုပြီး ကိုယ်မကျင်လည်တဲ့နယ်ကို မအူမလည်လာနဲ့ဝင်ပြီး ခုံဆွဲထိုင်တာပါ။ သူတို့မှားသွားတာက လူထုကို လျှော့တွက်လိုက်တာပါ။ လူထုကို “အ“မယ်လို့ ထင်လိုက်ကြတာပါ။

ပွဲသွင်းတဲ့ဘယ်လူ ပွဲစီစဉ်သူဘယ်သူဘယ်ဝါ ခုထိ အတိအလင်းမပြောပေမယ့် ရတဲ့လူတွေရကြပါတယ်။ အိပ်စိုက်ပဲလုပ်သလိုလေသံလွှင့်ပြီး လူမိသွားတော့ ဟို့အဖွဲ့အစည်းက ဟိုဖောင်ဒေးရှင်းန်းက နည်းနည်းပါးပါးလေးပေးတာပါဖြစ်လာတာပါ။ နိုဗိုတယ် မြစ်ဆုံတဒေါ်လာကမ်ပိန်းကြောင့် ယောမင်းကြီးလည်း ယောပြီး ယောတောရှိလုပ်တာ ပွင့်ကျသွားပါတယ်။

ခု ဘယ်နှဒေါ်လာ ကောက်ယူရရှိထားပြီလဲတော့ မသိပါ။ စကားဝိုင်းပြီးကတည်းက စင်ပေါ်ကနေပျောက်ချင်းမလှ ပျောက်ကုန်ကြတာတော့ လူတိုင်းသိပါတယ်။ ထွက် အကဲစမ်းကြည့်တာ တိုးကြည့်တာ ဟန်ပုံမပေါ်လို့၊ လူ့အစက်အဆုပ်ပါလို့ လက်လျှိုပြီး အမြီးကုပ်သွားကြတာပဲဖြစ်ပါစေလို့ စိတ်ထဲရှိပါတယ်။
မျိုးမြင့်ချို
မေ ၆၊ ၂ဝ၁၉

0 comments:

Post a Comment