Sunday, May 5, 2019

(သေချင်ရဲ့ မသေချင်ရဲ့) မျိုးမြင့်ချို

0 comments
(သေချင်ရဲ့ မသေချင်ရဲ့)

အစာရေစာမဝမလင် အာဟာရပြတ် ပိန်းချုံးပြီး အရိုးပေါ်အရေတင်ဖြစ်နေတဲ့ဂျူးတွေကို အော့ဇဝစ်က အဆိပ်ငွေ့လွှတ်ထားတဲ့အခန်းကြီးတွေထဲ ထည့်သတ်ဖို့ အလုံပိတ်ရထားတွဲတွေအပြည့်အသိပ်တင်ပြီး မောင်းလာတယ်။ ရထားတွဲထဲမှာတင် သေသူတွေသေကြတယ်။ နာဇီလက်မရွံ့တွေက လမ်းက တချို့ဘူတာတွေမှာ ရထားရပ်ပြီး အလောင်းတွေကို တွဲပေါ်ကဆွဲချတယ်။ ဒီတော့ ခုမှ နည်းနည်းချောင်ပြီး အသက်ရှူလို့ရတော့တယ်လို့ ပြောတဲ့လူလည်းရှိတယ်။ သူလည်း နောက်တော့ Gas Chamber ကြီးတွေထဲမှာ အသက်ပျောက်သွားတယ်။


ဒါကိုကြည့်ပြီး အမြင်ကတော့ အမျိုးမျိုးထွက်လာစရာရှိနိုင်ပါတယ်။ ကျနော်ကတော့ လူအတော်ပီသတယ်လို့ ပြောမယ်ဆို မမှားတန်ရာလို့ထင်တယ်။ ကိုယ့်ကိုယ်ကိုသတ်သေသူမှတပါး လူဟာ နေက်ဆုံးအချိန်အထိ အသက်ရှင်နေချင်သေးတာကိုး။


ကျနော် သတ်သေဖူးပါတယ်။ မသေခဲ့တာပါ ။ သေကြောင်းလည်း အခါခါ ကြံဖူးပါတယ်။ သတ်သေပါရက်နဲ့ မသေလိုက်ရတဲ့လူတယောက်ရဲ့ သေရာပါမယ့်စိတ်ဝေဒနာလည်း ခုထိခံနေရတုန်းပါ။ မသေသွားပါလားလို့ သိလိုက်ရတဲ့အခိုက်အတန့်လေးမှာ ဖြစ်ခဲ့ရတဲ့စိတ်ဝေဒနာနဲ့ မပျော်ရွှင်မှုဟာ ဘယ်စကားလုံးနဲ့ဖော်ပြလို့ မရနိုင်လောက်အောင် ပြင်းထန်လွန်းပါတယ်။ ကျနော် ရှိုက်ကြီးတငင် ငိုခဲ့ပါတယ်။ ခုထိလည်း နိုးနေတဲ့အချိန် အဲ့ဒီဝေဒနာဝင်လာရင်ဖြစ်ဖြစ် အိပ်မက်ထဲမှာမက်လာရင်ဖြစ်ဖြစ် ကျနော် အလိုလိုဝမ်းနည်းပြီး အရုပ်ကြိုးပြတ်ဖြစ်သလို အလိုလို ငိုမိတာပါဘဲ။ ခုထိလည်း တချိန်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်မသေဘူးလို့ အာမ မခံနိုင်တဲ့စိတ်အခြေအနေနဲ့ စိတ်အခံကရှိနေတုန်းပါဘဲ။


ကျနော်ဟာ စစ်သားဘဝနဲ့ သေခြင်းတရားကို မျက်မြင်ဒိဌ အနီးကပ်မြင်ခဲ့ရသလို ကိုယ်တိုင်လည်း သေလောက်တဲ့ဒဏ်ရာတွေရပြီး သေခြင်းနဲ့ လက်တကမ်းကိုရောက်ခဲ့တာပါ။ ကိုယ်နဲ့ ခု စကားပြောနေရင်းတန်းလန်း စားနေ ဆေးလိပ်ထိုင်သောက်နေရင်း တန်းလန်းကနေ ရှေ့ကို ထွက်သွားပြီး သေနတ်မှန် လက်နက်ကြီးထိပြီး သေသွားတဲ့လူတွေလည်း ကြုံခဲ့ပါတယ်။ အလောင်းတွေနဲ့လည်း အတူနေခဲ့ဖူးပါတယ်။ ကျနော် ဒဏ်ရာတွေရလို့ စီစီဝမ်တာပန်ကုန်းကနေ မူဆယ်ဆေးရုံရောက်၊ ခွဲစိတ်ဖြတ်တောက်ပြီး နောက်နေ့မနက် မေ့ဆေးပြယ်တော့ အရင်ဆုံးဝင်လာတဲ့အသိက ငါ မသေသေးပါလားဆိုတာပါဘဲ။ အဲ့ဒီတုန်းက ကျနော် မသေခဲ့ရတာအတွက်ရလိုက်တဲ့ ချမ်းသာသုခဟာလည်း ဘယ်စကားလုံးနဲ့ ဖော်ပြခြင်းငှာ မစွမ်းသာပါဘူး။


ကျနော် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ချိတ်ဆက်ပြီး၊ NLD တယောက်အနေနဲ့ နိုင်ငံရေးလုပ်တော့ အဖမ်းခံရပြီး ထောင်ထဲရောက်ပါတယ်။ ၁၅ နှစ် ကြာခဲပါ့တယ်။ ရေကြည်အိုင်နဲ့ လေတပ်ထောက်လှမ်းရေး (၁)တို့မှာ မချိမဆန့်အနှိပ်စက်ခံရပါတယ်။ စစ်အုပ်စုအတွက် ဗကပဟာ ကြောက်စရာအကောင်းဆုံးနဲ့ အမုန်းဆုံးရန်သူပါ။ တရုတ်ကုလား မုန်းတီးဆန့်ကျင်ရေးအခြေခံရှိတဲ့ စစ်အုပ်စုအတွက် ကျနော်ဟာ ကုလားပါ။ မိဘများက အစ္စလာမ်ဘာသာဝင်တွေပါ။ တအူထုံ့ဆင်း မောင်ရင်းနှမတွေထဲမှာ ဗုဒ္ဓဘာသာဝင်တွေရှိပါတယ်။ ကျနော်က စစ်သားလူထွက်ပါ။ သူတို့အမြင်မှာစစ်သားလူထွက်ဖြစ်ပြီး စစ်တပ်ကိုပြန်ဆန့်ကျင်တဲ့သစ္စာဖေါက်ဖြစ်ပါတယ်။ ဒီတော့ ဗကပ၊ ကုလား၊ စစ်သားသစ္စာဖေါက်ဆိုပြီး သုံးထပ်ကွမ်း သုံးပြန်သုံးဆ အနှိပ်စက်ခံရပါတယ်။ အသေးစိတ်မပြောလိုတော့ပါ။


ကျနော့်မှာ မသေလိုက်ရတဲ့ဝမ်းနည်းစိတ်၊ မသေခဲ့ရတဲ့ဝမ်းသာစိတ်၊ သေလုမြောပါးခံခဲ့ရတဲ့ အနှိပ်စက်ဒဏ်တွေ ခုထိ စွဲထင်နေတုန်းပါ။ ကျနော့်စိတ်မှာဖြစ်နေတာတွေကို ကျနော်မှတပါး အခြားဘယ်သူမှ မသိနိုင်ပါ။ သိဖို့လည်း မဖြစ်နိုင်ပါ။ စကားလုံးတွေဝေါဟာရတွေဆိုတာ လူ့ခံစားမှုကို၊ အသိကို၊ အတွေးကို ပြည့်စုံအောင် ဘယ်တော့မှ ဖြည့်ဆည်းနိုင်မှာလည်း မဟုတ်ပါဘူး။

ခုလည်း သေခြင်းတရားနဲ့ နီးနီးကပ်ကပ်ကပ်ရင်ဆိုင်ရာကနေရခဲ့တဲ့ စိတ်ဒဏ်ရာတွေဟာ ကျနော့်စိတ်ထဲက ပျောက်ထွက်မသွားသေးပါဘူး။ တခါတခါ မတွေးပဲ အလိုလိုဝင်လာတယ်။ တခါတခါ တိုက်ဆိုင်ပြီး ဝင်လာတယ်။ တခါတခါ အိပ်မက်အနေနဲ့ဝင်လာတယ်။ ခြောက်ခြောက်ခြားခြား ဇောချွေးတွေပြန် ကတုန်ကယင်တွေဖြစ်ပါတယ်။ စိတ်ဒဏ်ရာဟာ လူဒုက္ခိတမို့ ပိုခံရတယ်ထင်ပါတယ်။ အဲ့သလိုအခါဆို အားလုံးကို မေ့ပစ်ဖို့အတွက် အရက်ထဲခေါင်းနှစ်မိတာတွေလည်း အကြိမ်ကြိမ်ပါ။ အမူးပြေတဲ့အခါ ရှိနေတဲ့ PTSD နဲ့တွဲပြီး စိတ်ကျဝေဒနာက ပိုတိုးပါတယ်။ တိုးလေသောက်လေ သောက်လေတိုးလေနဲ့ အရက်နဲ့စက္ကန့်မလပ်နေခဲ့ဖူးပါတယ်။


ခု ကျနော် အသက်ရှင်နေပါတယ်။ ရှင်လည်း ရှင်နေချင်စိတ်ဖြစ်ပါတယ်။ ရှင်နေချင်စိတ်ဖြစ်တဲ့ အခိုက်အတန့်တွေကို မက်မက်မောမော တွယ်တွယ်တာတာလည်း ဖြစ်ပါတယ်။ ရှင်ချင်စိတ်ရှိနေသမျှ ဘဝကို ဖက်တွယ်ပြီး သန့်ရှင်းတဲ့ဝမ်းကြောင်းမှုနဲ့ အသက်ရှင်နိုင်ရုံ လုံလောက်ပြည့်စုံမှုနဲ့ နေပါတယ်။

မသေချင်တဲ့လူတွေကို မသေစေချင်ပါဘူး။ နောက်ဆုံးစက္ကန့်အထိ ရှင်နေစေ့ချင်ပါတယ်။ ဆွဲထားလို့ရရင် ဆွဲထားပေးချင်ပါတယ်။ ကုန်ကုန်ပြောရရင် အဲ့လိုလူတွေ သေရင်တောင် သက်သောင့်သက်သာ အဖြစ်ဆုံး သေသွားစေ့ချင်တာပါ။


သေချင်လို့ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့လူတွေလည်း ပွဲခြင်းပြီး သေစေ့ချင့်ပါတယ်။ သေကြောင်းကြံစည်တယ်ဆိုလည်း ထမြောက်စေ့ချင်ပါတယ်။ လူတယောက် ကျနော့်ရှေ့မှာ လာသတ်သေလည်း ကျနော် ဆွဲမိမှာမဟုတ်တာတော့ သေချာပါတယ်။

ဟိုးအပေါ်မှာ ကျနော်ပြောခဲ့တဲ့ဂျူးအမျိုးသားဟာ သူ သေမယ်မှန်းသိပေမယ့် မသေခင်အချိန်လေးမှာတော့ အဖြစ်နိုင်ဆုံး သက်သောင့်သက်သာလေး နေသွားချင်တာပါ။ သူဟာ မသေချင်ပေမယ့် သေသွားရတဲ့လူပါ။

ကျနော်ဟာ ရှင်ခြင်းကိုရော သေခြင်းကိုပါ လူ့စိတ်အလိုအတိုင်းဖြစ်စေ့ချင်ပါတယ်။ လူတယောက်ခြင်းစီရဲ့ စိတ်တိုင်းကျဖြစ်စေ့ချင်ပါတယ်။ ဒါပေမယ့် မဖြစ်ကြပါ။ ကျနော် ခုထိ ရှင်နေတာကိုကြည့်ရင် သေခြင်းဟာ ကျနော့်အလိုကို မလိုက်သေးဘူးဆိုတာပါဘဲ
မျိုးမြင့်ချို
မေ ၄၊ ၂ဝ၁၉

0 comments:

Post a Comment