Tuesday, May 14, 2019

"အစဉ်အလာနှင့် တော်လှန်ရေး " ရေးသူ- ဗညားသီဟ(ဒဂုန်တာရာ)

0 comments
"အစဉ်အလာနှင့် တော်လှန်ရေး " ရေးသူ- ဗညားသီဟ(ဒဂုန်တာရာ)
(က)
အစဉ်အလာ။
လေးနက်သော အဓိပ္ပါယ်ပါသည့် စကားလုံး။ အတွေးအခေါ်ပါသည့် စကားလုံး။ အစဉ်အလာ။ ခေါင်းဆောင်တယောက်ကို အကဲဖြတ်ရာ ဝေဖန်စိစစ်ရာ၌ မှတ်ကျောက်တခု။ ခေါင်းဆောင်ဆိုရာ၌ နိုင်ငံရေး ခေါင်းဆောင်၊ စာပေခေါင်းဆောင်။ တကယ်ကတော့ ခေါင်းဆောင် ဆိုသည်မှာ တခေတ်မှာ တယောက်လောက်သာ ပေါ်တတ်သည်။ စာပေခေါင်းဆောင်များတွင် ရုရှားတွင် ဂေါ်ကီ။ တရုတ်ပြည်တွင် လူရွှန်း။ မြန်မာပြည်တွင် သခင်ကိုယ်တော်မှိုင်း။ ဘယ်သူမှ ငြင်း၍မရ။ ထင်ရှားသည်။ သိသာသည်။ အဝေးမှပင် မြင်နိုင်ပါသည်။ ရွှေတောင်ကြီးလို၊ နေလို လလို။ ဘာကြောင့် ငြင်းမရသလဲ။ ဘာကြောင့် ထင်ရှားသလဲ။ ဘာကြောင့် အဝေးကပင် မြင်နိုင်သလဲ။ အစဉ်အလာကြောင့်။ ယင်း စာပေခေါင်းဆောင်တို့၏ ရုပ်ပုံမှ ဖြာထွက်လင်းဝင်းလျက်ရှိသော ရောင်ခြည်ကြောင့်။ အစဉ်အလာ လင်းရောင်ခြည်ကြောင့်။ နေမင်းအရောင်၊ လမင်းအရောင်တို့ကို ပြည်သူတို့က မြင်ကြရသည် မဟုတ်လား။
စာပေခေါင်းဆောင်။
ခေါင်းဆောင်ဆိုသည်မှာ လုပ်ယူ၍ ရတာမျိုး မဟုတ်။ ကိုယ့်ကိုယ်ကို နာမည်ပေး၍ ရသည်မဟုတ်။ လူသိများသော စာရေးဆရာလည်း စာပေခေါင်းဆောင်ဖြစ်ပြီဟု ထင်မှတ်၍ မရ။ ပြည်သူတို့၏ရင်ထဲက လိုလားနှစ်သက် ကြည်ညိုလေးစား ချစ်ခင်ယုံကြည်သောကြောင့်သာ သူတို့၏ ခေါင်းဆောင်ဟူ၍ ပြည်သူကအသိအမှတ်ပြုခြင်း ဖြစ်ပေသည်။ အကြောင်းမဲ့မဟုတ်။ သူ၏ စာပေ၊ အနုပညာကြောင့်၊ သူ၏ ပြည်သူတို့အကျိုးဆောင်ရွက်ချက်ကြောင့်၊ ပြည်သူတို့ဘက်က အစဉ်ရပ်တည်သော ဆောင်ရွက်ချက်အစဉ်အလာကြောင့်။ ယင်း အစဉ်အလာကြောင့်။
အစဉ်အလာဆိုသည်မှာ သူဖြတ်သန်းသွားသော ခေတ်သမိုင်းကို သူမည်သို့ တုံ့ပြန်ဆောင်ရွက်သည်ဆိုသော လုပ်ရပ်။ အဖိနှိပ်ခံ ပြည်သူ ဘက်က မည်သို့ ပ်တည်သလဲဆိုသော သမိုင်းဖြစ်ရပ်။ ဤကား ငြင်း၍မရ။ သမိုင်းကို ဖျောက်ဖျက်၍လည်းမရ။ စာပေပညာရှင်များအဖို့ သာ၍ မရ။ သူ၏ အရေးအသားများမှာ အဖြူပေါ် အမည်းထင်ပြီးသား၊ ကမ္ဗည်းထိုးပြီးသား။ ခေတ်အဆက်ဆက် ရှာဖွေကိုးကား၍ ရသည်။ ဘယ် ခေတ်တုန်းက ဘာရေးခဲ့သည်။ အဖိနှိပ်ခံ ပြည်သူဘက်နေသလား၊ ဖိနှိပ်သော အုပ်စိုးသူဘက်နေသလား။ ဤကား သူ၏ အစဉ်အလာကို ရှာဖွေခြင်းဖြစ်သည်။ ဤကား သူဖြတ်သန်းလာသော သမိုင်းခေတ်အဆက်ဆက်တွင် သူဘာတွေလုပ်သလဲဆိုသော အစဉ်အလာ။
အစဉ်အလာသည် သူ၏ ပြည်သူများ ဆင်နွှဲသောတော်လှန်ရေးကြီးနှင့် ဆက်စပ်နေပေသေးသည်။ ဂေါ်ကီ၊ လူရွှန်း၊ သခင်ကိုယ်တော်မှိုင်း။ ဆိုရှယ်လစ်တော်လှန်ရေး၊ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ တော်လှန်ရေး စသော သူတို့ပြည်ရှိ တော်လှန်ရေး အသီးသီးသည် သူတို့နှင့်ဆက်စပ်နေသော အစဉ်အလာများပင် မဟုတ်ပါလား။
တော်လှန်ရေးဆိုသည်ကား လက်ရှိစနစ်ထက် သာလွန်ကောင်းမွန်သော စနစ်သစ်တရပ်သို့ တဟုန်ထိုး ပြောင်းလဲခြင်းဖြစ်သည်။ ခေတ်ဟောင်း စနစ်ဟောင်းထက် သာလွန်ကောင်းမွန်ချင်သောကြောင့် တော်လှန်ရေးဆင်နွှဲခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ဘာကြောင့် အသက်အိုးအိမ်အဆုံးရှုံးခံ၍ တော်လှန်ရေး ဆင်နွှဲတော့မည်နည်း။ တော်လှန်ရေးရှိသကဲ့သို့ ဆန့်ကျင်ဘက်တော်လှန်ရေးဆိုတာလည်း ရှိတတ်သေးသည်ကို သတိပြုဖို့ လိုပေသည်။ တန်ပြန်တော်လှန်ရေးဟူ၍လည်း ခေါ်ကြသည်။ တော်လှန်ရေးနှင့် ပြောင်းပြန်သွားနေသော ဆန့်ကျင်ဘက်ရေစီးကြောင်း။ တော်လှန်ရေးက တိုးတက်ခြင်းကိုရှေ့ရှု၍ ဆန့်ကျင်ဘက်တော်လှန်ရေးကတော့ ဆုတ်ယုတ်ခြင်းကို ကိုယ်စား ပြုသည်။ အစဉ်အလာရှိသူသည် တော်လှန်ရေးဘက်မှ နေ၍၊ အစဉ်အလာမရှိသူသည် ဆန့်ကျင်ဘက်တော်လှန်ရေးမှ နေတတ်သည်။
တိုင်းပြည်တိုင်းတွင် တော်လှန်ရေးများ ရှိသည်သာ။ တော်လှန်ရေးတို့တွင် စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုဘက်မှ မီးရှူးတန်ဆောင် ထွန်းညှိ ပေးသူများ ရှိစမဲပင်။ ပြည်သူတို့က ယင်း မီးရှူးတန်ဆောင်အလင်းရောင်၌ ချီတက်ကြသည်။
ယင်းသို့လျှင် အစဉ်အလာ၊ ခေါင်းဆောင်၊ တော်လှန်ရေးတို့သည် ဆက်စပ်နေသော ဓမ္မတရားများ ဖြစ်ကြပေသည်။
(ခ)
လူရွှန်း (၁၈၈၁ - ၁၉၃၆)သည် တရုတ်ပြည်တော်လှန်ရေး၏ စာပေတပ်ဦးမှ ပြည်သူတို့၏ရင်ထဲကကို လိုလားနှစ်သက် ကြည်ညို လေစား၊ ချစ်ခင် ယုံကြည်ခြင်းခံရသောခေါင်းဆောင် ဖြစ်ပေသည်။ ဘာကြောင့်လဲ။ အစဉ်အလာ ရှိသောကြောင့် ဖြစ်ပေသည်။ ဘာအစဉ်အလာလဲ။ ပြည်သူတို့၏တော်လှန်ရေးနှင့် မကွဲမကွာဆက်စပ်နေသော အစဉ်အလာ။ ဆန့်ကျင်ဘက်တော်လှန်ရေး အယူအဆများကို တိုက်ခိုက်သော ရဲရင့်သောအစဉ်အလာ။ အဖိနှိပ်ခံပြည်သူတို့ဘက်မှ အစဉ်မပြတ်ရပ်တည်ခဲ့သော အစဉ်အလာ။
လူရွှန်း၏ဘဝသက်တမ်း၌ တရုတ်ပြည် တော်လှန်ရေးကြီးကို ဖြတ်သန်းသွားခဲ့သည်။ တော်လှန်ရေး (၂) ဆင့်။ ဓနရှင်တော်လှန်ရေးနှင့် ဒီမိုကရေစီတော်လှန်ရေး။ ၁၉၁၁ ၌ မြေရှင်ပဒေသရာဇ်မင်း မန်ချူးမင်းဆက်ကိုဖြုတ်ချကာ တရုတ်သမ္မတနိုင်ငံတော်တည်ထောင်သော တော်လှန်ရေးကာလ။ ထိုကာလ၌ လူရွှန်းမှာ ငယ်ရွယ်သေးသည်။ ဂျပန်ပြည်မှ ဆေးကျောင်းသားအဖြစ် ပြန်လာကာစ။ နယ်ချဲ့ဆန့်ကျင်ရေး၊ အလုပ်သမား၊ ကျောင်းသား၊ ပညာရှင်၊ လူငယ်များ လက်တွဲသော မြေရှင်ပဒေသရာဇ်၏ဆန့်ကျင်ရေး၊ ၁၉၁၉ မေလ(၄)ရက် အရေးတော်ပုံတွင်ကား လူရွှန်းကိုယ်တိုင် ပါဝင်လာတော့သည်။
ယင်းမေလ(၄)ရက် အရေးတော်ပုံပြီးနောက် တရုတ်ပြည်၏ တော်လှန်ရေးသည် ဒီမိုကရေသစ်တော်လှန်ရေးဟူသော ကဏ္ဍသစ်သို့ ကူးပြောင်းလာသည်ဟု အဆိုရှိပေသည်။ သည်ကာလ ပတ်ဝန်းကျင်လောက်ကစ၍ လူရွှန်း၏ စာပေတို့သည် ထက်မြက် တောက်ပ လာပေသည်။ ထိုအခါက လူရွှန်းသည် အသက် (၃၈)နှစ်ခန့် လူငယ်စာရေးဆရာ ဖြစ်ပေသည်။
၁၉၁၈ တွင် ရေးသော 'အရူးနေ့စဉ်မှတ်တမ်း'ဝတ္ထုသည် သူ၏ စာပေသစ်ကဏ္ဍတွင် မှတ်တိုင်တတိုင်ဖြစ်သည်။ မြေရှင်ပဒေသရာဇ် မိသားစု၏ ဆိုးရွားပုံကို သရုပ်ဖော်ထားသောဝတ္ထု ဖြစ်သည်။ သည်ဝတ္ထုကစ၍ လူရွှန်းသည် ပြည်သူတို့၏ အသည်းစွဲစာရေးဆရာအဖြစ် ကျော်ကြား လာခဲ့ပေသည်။ ဒီမိုကရေစီတော်လှန်ရေး၏ ဖွားဘက်တော် စာပေသစ်ယဉ်ကျေးမှုတပ်ကို စည်းရုံးလိုက်ခြင်းမည်ပေသည်။ စာဖတ်သူလူထု လွယ်ကူရှင်းလင်းစွာ နားလည်နိုင်သော နေ့စဉ်သုံးစကားလုံး စာသားဖြင့် ရေးသားသောဝတ္ထုဖြစ်၍ ခေတ်သစ်တရုတ် စာပေသမိုင်း၏ မှတ်တိုင်လည်း ဖြစ်ပေသည်။
လူရွှန်း၏ စာရေးဆရာဘဝ မာတိကာကား ဘက်စုံလှပေသည်။ ဝတ္ထုရေးဆရာ၊ ကဗျာရေးဖွဲ့သူ၊ ဝေဖန်ရေးဆရာ၊ လူငယ်သစ် မဂ္ဂဇင်း အယ်ဒီတာ၊ စာပေသမိုင်းဆရာ၊ စာပေပါမောက္ခ၊ လက်ဝဲစာရေးဆရာအသင်းတည်ထောင်သူ၊ ဘာသာပြန်ဆရာ။ ဝတ္ထုဆရာအဖြစ်ကား သူသည် တရုတ်ပြည် ဘဝအလွှာစုံ၊ ခစားမှုအစုံကို ဝတ္ထုတိုပေါင်းများစွာဖြင့် ဖွဲ့နွဲ့ခဲ့သည်။ ကဗျာအနည်းငယ် ရေးသည်။ ဝေဖန်ရေးဆရာ အဖြစ်ကား ဆန့်ကျင်ဘက်တော်လှန်ရေးအယူအဆများကို ပြတ်သားထက်မြက်သော နိုင်ငံရေး၊ အတွေးအခေါ်ရေး ဝေဖန်စာ မြောက်မြား စွာဖြင့် တိုက်ခိုက်ခဲ့သည်။ သူက 'တော်လှန်စာပေ' ဟူသော တံဆိပ်ကပ်ကာ ဟန်ရေးပြနေသူများကို အမြင်ကပ်နေပုံရသည်။ သူက တကယ့် တော်လှန်ရေးသမားမှ တော်လှန်ရေးစာပေကိုရေးနိုင်သည်ဟု ဝေဖန်ထားသည်။ သူသည် အတုနှင့်အစစ်ကို ခွဲခြားရန် သတိပေးခြင်း ဖြစ်သည်။ တော်လှန်ရေးနှင့် ဆန့်ကျင်ဘက်တော်လှန်ရေးသမားကို ကွဲပြားအောင်စီစစ်ပေးခြင်း သဘော။ အထူးသဖြင့် ချန်ကေရှိတ်၏ ကူမင်တန်အစိုးရလက်ထက် ရှုပ်ထွေးနေသောအယူအဆများယှက်သန်းနေသည့်ကာလ၌ စာဖတ်သောပြည်သူတို့သည် လူရွှန်း၏ ဝေဖန်ရေး ဆောင်းပါးများကိုဖတ်ပြီး ထင်လင်း ကြည်လင်ခြင်း ဖြစ်ကြရသည်။ ထို့ကြောင့် လူရွှန်း၏ ဝေဖန်ရေးဆောင်းပါးများကို စောင့်ဖတ်ရသည်ဟု အဆိုရှိသည်။
သူသည် လူငယ်သစ်မဂ္ဂဇင်းအယ်ဒီတာအဖြစ်ဆောင်ရွက်ရင်း တိုးတက်သော လူငယ်ပညာတတ်ပိုင်းကို စည်းရုံးသည်။ သူသည် ရသစာပေ ဖွဲ့နွဲ့ရာ၌သာတော်သည် မဟုတ်သေး။ တရုတ်ဝတ္ထုသမိုင်းကိုပြုစုသော စာပေသမိုင်းဆရာလည်း ဖြစ်သည်။ ပီကင်း၊ အေမွိုင်၊ ကန်တုန် စသော တရုတ်ပြည်ရှိတက္ကသိုလ်များ၌ စာပေပို့ချသော ပါမောက္ခဖြစ်သည်။ ပါမောက္ခအဖြစ် ခေတ်သစ်တရုတ်စာပေကို သင်ကြားရင်း ကျောင်းသား လူငယ်များ၏ ဒီမိုကရေစီအခွင့်အရေးဘက်မှ ရပ်တည်ပေးသည်။ ကျောင်းသားလူငယ်များက သူ့ကို ရဲဘော်အဖြစ် ချစ်ခင်ယုံကြည်ကြသည်။ ၁၉၃ဝ ပတ်ဝန်းကျင်၌ လက်ဝဲ တရုတ်စာရေးဆရာလောကတွင် တော်လှန်ရေးနှင့် ဆန့်ကျင်ဘက်တော်လှန်ရေး သဘောထားများဖြင့် ရှုတ်ထွေးကာ အရောရောအနှောနှောဖြစ်နေစဉ် သူသည် ကြည်လင်ပြတ်သားသောဦးတည်ချက်ဖြင့် လက်ဝဲစာရေးဆရာအသင်းဟူသော စာရေးဆရာအဖွဲ့အစည်းကို အချိန်ကိုက်တည်ထောင်ဖွဲ့စည်းလိုက်သည်။ ထိုအချိန်ကား ချန်ကေရှိတ် ကူမင်တန်အစိုးရက ပြည်သူများကို မညှာမတာ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ချုပ်ချယ်လျက် ရှိနေပြီး တဘက်တွင် တရုတ်ကွန်မြူနစ်ပါတီက လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲလျက် ရှိနေသည်။ ယင်းသို့ ဆန့်ကျင်ဘက်တော်လှန်ရေးနှင့် တော်လှန်ရေးတို့အားပြိုင်နေကြစဉ် ယင်းအချိန်ကာလ၌ လူရွှန်းက တရုတ် လက်ဝဲစာရေးဆရာအသင်းဖွင့်ပွဲတွင် 'ကျွန်တော့်အမြင်ကတော့ ဒီကနေ့ လက်ဝဲစာရေးဆရာတွေဟာ လက်ယာ စာရေးဆရာအဖြစ် ကူးပြောင်းသွားဖို့ အင်မတန်လွယ်ပါတယ်။ အဲဒါကို အနောက်နိုင်ငံတွေမှာ မှန်ခန်း ဆိုရှယ်လစ်တွေလို့ ခေါ်ပါတယ်' ဟု ပြောခဲ့ပေသည်။ သူသည် နယ်ခြားမျဉ်းကြောင်းကို သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။
လူရွှန်းသည် ဘာသာပြန်ဆရာအဖြစ် ဝတ္ထုများကို ဘာသာပြန်သူတယောက် ဖြစ်သည်။
လူရွှန်းသည် တရုတ်ပြည်သူ့အခွင့်အရေးအသင်း စသော ပြည်သူ့အဖွဲ့အစည်းများ၌ ပါဝင်ဆောင်ရွက်သည်။ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ် စသော ပြည်သူ့ဘက်မှ လူထုလှုပ်ရှားမှုကိုအားပေးသည်။ သူသည် ကွန်မြူနစ်ပါတီဝင်တယောက်ကား မဟုတ်။ သူ့ကို မော်က 'တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးကြီး၏ သေနာပတိချုပ်' ဟု ဖော်ပြခဲ့သည်။ ယင်းသို့ တော်လှန်ရေးအစဉ်အလာလည်းရှိ၊ စာပေရေးသားဖွဲ့နွဲ့မှုကလည်း အနုပညာမြောက်သဖြင့် ပြည်သူတို့၏ရင်ထဲကကို လိုလား နှစ်သက်ကြည်ညို၍ လေးစားချစ်ခင်အပ်သော စာပေ ခေါင်းဆောင် ဆရာကြီးတဆူအဖြစ် နေလရောင်ဝါ ထင်ရှားခြင်း ဖြစ်သည်။
အောင်ဇံသည် လူရွှန်း၏အတ္ထုပ္ပတ္တိကို စာအုပ် အကိုးအကားများဖြင့် ပြုစုထားပေသည်။
ဗညားသီဟ(ဒဂုန်တာရာ) လူရွှန်း
ရေးသူ- အောင်ဇံ
ထုတ်ဝေသူ- ရွှေပိန်ညှင်းစာအုပ်တိုက်
စာမျက်နှာ- ၄၅၄၊ အရွယ်- ၅ x ၇ လက်မ
အဖိုး- ၁၈ ကျပ်၊ အုပ်ရေ- ၁ဝဝဝ။

0 comments:

Post a Comment