Monday, May 6, 2019

(သွေးရိုးသားရိုးလွှတ်တာလား) မျိုးမြင့်ချို

0 comments
(သွေးရိုးသားရိုးလွှတ်တာလား)

အခု သမ္မတအခွင့်အာဏာနဲ့ပေးနေတာက အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် General Amnesty မဟုတ်ပါ။ ပြစ်ဒဏ်များမှ လွတ်ငြိမ်းသက်သာခွင့်ဖြစ်ပါတယ်။ ပုဒ်မ (၄ဝ၁) အပိုဒ် ၁ အရ ကျခံရန်ကျန်ရှိသည့်ပြစ်ဒဏ်များမှသက်သာစေတဲ့ သဘောဖြစ်ပါတယ်။ လွှတ်ချင်သူကိုလွှတ်ပြီး ချန်ချင်သူကို ချန်ထားလို့ရပါတယ်။ ပြစ်မှုပြစ်ဒဏ်အားလုံးတပြေးညီအကြုံးဝင်တဲ့ကိစ္စမဟုတ်ပါ။ ခေါင်ကောက် ရွေးလွှတ်လို့ရပါတယ်။ အဲ့ဒီအတိုင်းလည်းလုပ်နေတာ အထင်အရှားတွေ့ရမှာပါ။
အထွေထေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)က ခွင့်ပြုမှ သမ္မတက လက်မှတ်ထိုးပေးရတာပါ။ ကာလုံဟာ ဗမာပြည်မှာ အမြင့်ဆုံးအာဏာပိုင် အစုဖြစ်ပြီး အဖွဲ့ဝင်၁၁ ဦးနဲ့ဖွဲ့စည်းထားတာပါ။ ကာလုံဆီရောက်လာမယ့်ကိစ္စရပ်တိုင်းကို မဲခွဲဆုံးဖြတ်ပြီး မဲအသာဘက်က အနိုင်ရပါတယ်။ ကာလုံအဖွဲ့ဝင် ၁၁ ဦးမှာ ၆ ဦးက စစ်အုပ်စုလူတွေဖြစ်ပါတယ်။ သမ္မတ မကလို့ သမ္မတအထက်ကဆိုတဲ့လူက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးချင်လို့ တပိုင်းသေနေဦး အနည်းဆုံး ၆ မဲ မရရင် ပေးမရပါ။ အဲ့ဒီ ၁၁ ဦးထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ မပါပါ။ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ဒေါ်စုပါပါတယ်။

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတာမျိုးဟာ(ယေဘုယျသဘောအရ၊ အနှစ်သာရအရ) နိုင်ငံရေးနဲ့ပဲ တိုက်ရိုက်ဆိုင်တာပါ။ တပြည်လုံး အပစ်အခတ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲလိုဟာမျိုး ဟန်ဆောင်လိမ်ညာလုပ်မယ်ပဲဖြစ်ဖြစ်၊ တကယ်လုပ်မယ်ပဲဖြစ်ဖြစ် လုပ်တော့မယ်ဆိုရင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးထားဖို့ လိုအပ်ပါတယ်။ ဒါမှ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရော တရားရင်ဆိုင်နေရတဲ့ နိုင်ငံရေးအချုပ်သားတွေပါ အမှုတွေကနေ ကွင်းလုံးကျွတ်လွတ်ပြီး ဖြစ်ပေါ်လာတဲ့နိုင်ငံရေးအခင်းအကျင်းနဲ့ ဖြစ်စဉ်တွေမှာပါဝင်ခွင့်ရတာပါ။
တခါ တောထဲက လက်နက်ကိုင်တော်လှန်ပုန်ကန်နေကြသူတွေထဲကလည်း ငြိမ်းချမ်းရေးမဆွေးနွေးခင်မှာ လက်နက်ချချင်သူတွေရှိရင် ချလာလို့ရအောင် ''ထားပေးရပါတယ်။ ၆၃ ခုနှစ် အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဗိုလ်နေဝင်းက အထွေထွေ လွတ်ငြိမ်းချမ်းသာပေးခဲ့ပေမယ့် စကားလုံးအရတင်တင်စီးစီး ချိုးချိုးနှိမ်နှိမ်နဲ့ "အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့မှ မလုံလောက်ရင်"ဆိုပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့လုပ်ပါတယ်။ ဒါကို ဗမာပြည်ကွန်မြူနစ်ပါတီနဲ့အတူ အခြားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက "အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့မလုံလောက်လို့ ငြိမ်းချမ်းရေးဆွေးနွေးတာမဟုတ်၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ်တည်ဆောက်လို၍ဖြစ်တယ်' ဆိုတာကို အတိအလင်းပြောခဲ့ပါတယ်။ ပြီးတော့လည်း "ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်တလျှောက်လုံး တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ထားဖို့"တောင်းဆိုခဲ့တာကိုလည်း ဗိုလ်နေဝင်းရဲ့ အာဏာသိမ်းကောင်စီက လက်တလုံးခြား မရိုးမဖြောင့်လုပ်ခဲ့တာပါ။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ဖြစ်စဉ်တလျှောက်မှာ ပြည်သူလူထုပါဝင်ခွင့်၊ ပြည်သူ့လွတ်လပ်ခွင့်၊ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ ဆိုင်ရာအဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေ လွတ်လပ်စွာတွေ့ဆုံဆွေးနွေးခွင့်၊ သတင်းစာရှင်းလင်းပွဲအပါအဝင် နှစ်ဘက်သဘောတူညီချက်ဖြင့် အခြေအနေများကို ပြည်သူ့ထံထုတ်ပြန်ခွင့်စတာတွေလည်း ပါပါတယ်။ ပြောရရင် အများကြီးပါ။ ဒီနေရာမှာ ဒါပြောမှမဟုတ်လို့ ချန်ခဲ့ပါရစေ။

ပြောချင်တာက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဟာ နိုင်ငံရေးနဲ့ တိုက်ရိုက်ဆိုင်တယ်။ နိုင်ငံရေးဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံဥပဒေအရ ကာလုံရဲ့ အဆုံးအဖြတ်နဲ့မှ ပေးလို့ရတာပါ။ သမ္မတက ကာလုံဆုံးဖြတ်ချက်ကို လက်မှတ်ထိုးပေးရတဲ့ စာရေးကြီးသာသာဖြစ်နေတာပါ။ ဒီနေရာမှာ စဉ်းစားစရာက လက်ရှိအရပ်သားအမည်ခံထားတဲ့အစိုးရဆိုတာကရော အမှန်တကယ် ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆန္ဒရှိမရှိဆိုတာပါဘဲ။ စကားလုံးတွေ မိန့်ခွန်းတွေကြည့်ပြီး ငြင်းခုန်နေတာထက် လက်တွေကိုကြည့်ပြောရရင် AA ကိစ္စမှာ ဒေါ်စုနဲ့ NLD အစိုးရရဲ့ ပြည်တွင်းစစ်အပေါ်ရပ်တည်ချက်နဲ့ ပြည်တွင်းငြိမ်းချမ်းရေး အပေါ်ထားတဲ့သဘောထားနဲ့ စိတ်ဆန္ဒဟာပေါ်လွင်ပါတယ်။ ဒါ ငြင်းမရတဲ့ အချက်ပါ။

တဆက်တည်းပြောရရင် တပြည်လုံးအတိုင်းအတာနဲ့ပဲဖြစ်ဖြစ် ရခိုင်ချန်ပြီး ကျန်ဒေသတွေမှာပဲဖြစ်ဖြစ် အပစ်အခတ်ရပ်စဲမယ် မစဲဘူးဆိုတာဟာ ကာလုံနဲ့ဆိုင်တဲ့ကိစ္စမျိုးပါ။ တိုင်းပြည်နဲ့ချီ အရေးကြီးတဲ့ကိစ္စပါ။ ကာလုံလိုဟာမျိုးခေါ်ပြီး မလုပ်နိုင်ရင်တောင် ဒီလိုအဆုံးအဖြတ်မျိုးမှာ သမ္မတကို (အနိမ့်ဆုံးအဆင့်) ကြိုတင်အသိပေးတာမျိုးလောက် လက်မှတ်ခေါ်ထိုးခိုင်းတာမျိုးလောက်တော့ လူရိုသေရှင်ရိုသေလေး လုပ်ရမှာပါ။ ဒါပေမယ့် လုပ်ခဲ့တာ မတွေ့ရပါ။ ဒီကိစ္စကို စစ်အုပ်စုက သူ့သဘောနဲ့သူလုပ်ပြီးမှ အစိုးရကို အသိပေးတဲ့သဘော ပေါ်လွင်နေပါတယ်။ အဖြစ်အပျက်က ဘယ်လိုလဲဆိုတော့ စစ်အုပ်စုက ပစ်ရင်ပစ်မယ် ရပ်ရင်ရပ်မယ် ပြန်ပစ်ရင် ပစ်မယ်လုပ်နေတာကို အစိုးရက "ကျနော် ကျမတို့ ဝမ်းမြောက်ရွှင်လန်း အားရကျေနပ်လှပါသည်" လိုက်လုပ်နေရတဲ့ဘဝပါ။ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ အစိုးရအနေနဲ့ တွန်းတွန်းတိုက်တိုက်လုပ်ရင်ရတဲ့အခြေအနေ အခွင့်အလမ်းတွေ ရှိတာတောင် လုပ်တာမတွေ့ရပါ။

အစိုးရဟာ စစ်အုပ်စုရန်ကနေ လူထုကိုကာကွယ်ဖို့မပြောနဲ့ သူကိုယ်၌ကပါ စစ်အုပ်စုနဲ့ အလိုတူအလိုပါဖြစ်နေတယ်ဆိုတဲ့အထိကောက်ချက်ဆွဲသူတွေဆွဲကြတာ လုံးဝမှားတယ်လို့ ဆိုစရာမရှိပါ။

ခုလိုမျိုး နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက် အကြမ်းဖက်မှုတွေ ထောင်းလမောင်းထအောင်ခွင့်ပြုထားချိန်၊ မဘသအပါအဝင် ဘာသာရေးအစွန်းရောက်လူတွေ သင်္ကန်းဝတ်တွေ ဆူပူသောင်းကျမ်း လှုံ့ဆော်ခခွင့်ပေးထားချိန်မှာ ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များမှ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်လို့ ဆေးသမားတွေ ခိုးဆိုးနှိုက်တွေ စစ်ပြေးတွေ ဓမြတွေ ရာဇဝင်လူမိုက်တွေ ထောင်သောင်းချီလွတ်တာဟာ တိုင်းပြည်အတွက် ရတက်မအေးစရာပါ။ မီးလောင်ရာလေပင့်ပါ။ သွေးရိုးသားရိုးဟုတ်ပါ့မလားလို့တွေးစရာပါ။
မျိုးမြင့်ချို
မေ ၆၊ ၂ဝ၁၉

0 comments:

Post a Comment