Wednesday, May 15, 2019

(အသံထွက်တာလား အသံထုတ်ပေးတာလား) မျိုးမြင့်ချို

0 comments

(အသံထွက်တာလား အသံထုတ်ပေးတာလား)
အပစ်ရပ်လက်မှတ်ထိုးပြီးသား ၁ဝ ဖွဲ့စု ထဲမှာ အသေးနဲ့အကြီး အသံမညီဖြစ်လာနေတယ်၊ ဘယ်တော့ ခွဲထွက်ကြမလဲ မပြောတတ်သေးဘူး၊ ခွဲထွက်ချင်တဲ့အဖွဲ့သေးထဲမှာမှ နယ်မြေရှိသူ၊ လူမျိုးစုနောက်ခံရှိသူတွေက မထောင်းတာဘူးပဲထားဦး အဲ့လိုမရှိတဲ့အဖွဲ့သေးက ဘာလုပ်မယ်ဘယ်လိုရပ်တည်ရမယ်ဆိုတာ သေချာချိန်ဆရတော့မယ်။ မိမိ မှီခိုနေရတဲ့အဖွဲ့ကြီးက မူတမျိုး မိမိကမူတမျိုးနဲ့တော့သွားလို့မရဘူး။ နေခွင့်နယ်မြေသဘောရော၊ နိုင်ငံရေးအရ ကျောထောက်နောက်ခံရော ပေးထားတဲ့အဖွဲ့ကြီးက အဲ့သလိုဖြစ်မှာကိုတော့ ဘယ်နည်းနဲ့မှ ခွင့်ပြုလို့မရဘူး။ အခြေခံအရမတူတော့ရင် “သတ်သတ်နေကွာ“ဆိုပြီး လုပ်မှာဘဲ။ ဘယ်နားသွားနေမလဲ။ နေတဲ့နေရာရတယ်ဘဲထားပါဦး ဘာလုပ်မှာလဲက ပြဿနာ။

အဖွဲ့သေးတချို့က NCA ကိစ္စလည်းရှေ့ဆက်တိုး၊၊ နိုင်ငံရေးဆွေးနွေးပွဲသွားစရာရှိလည်း မြန်မြန်သွား၊ ၂၁ ရာစုပင်လုံဆိုလည်း မြန်မြန်လုံစေချင်တဲ့သဘောမျိုးရှိနေပုံရတယ်။ ခုလို စစ်လည်းမတိုက် ငြိမ်းချမ်းရေးလည်းမရဘဲ လက်နက်ကိုင်ပြီး စီးပွားရှာကြတာချင်းအတူတူ ကိုယ့်နယ်မြေ ကိုယ့်လူမျိုးစုနောက်ခံမရှိတော့ ဂွင်ပျောက်ပြီး အကောက်ဂိတ်ပါဖွင့်မရတဲ့အနေအထားကြီး။ ကားပါမစ်ဆိုတာကလည်း တသက်စာ စားမကုန်တာမဟုတ်သလို အရက်လိုင်စင်ဆိုတာလည်း ခရိုနီတွေနဲ့ယှဉ်လိုက်တော့ အရက်ပုန်းဆိုင်သာသာပါ။ အပစ်ရပ်ဘုစုခရုတွေပေါင်းထောင်မယ့်ကုမ္ဗဏီဆိုတာကလည်း ငွေလိုတယ်။ ငွေက စစ်အုပ်စုနဲ့ခရိုနီတွေဆီမှာဘဲရှိတာ။ သူတို့ ပေးစာကမ်းစာ မတည်ငွေမပါရင် ရွာထဲကအိမ်ဆိုင်ကြီးကြီးလောက်ထက် မပိုဘူး။ ဒီကြားထဲ လူသစ်မစုရ၊ တပ်မတိုးချဲ့ရဆိုတော့ ကြာရင် လုံးပါး ပါးမယ့်ကိန်း။ ပိုဆိုးတာက စစ်အုပ်စုက မထင်ရင်မထင်သလို တယောက်စနှစ်ယောက်စ ကောက်ကက်ဖမ်းပြီး သွေးတိုးအစမ်းခံနေရတာဘဲ။

စစ်အုပ်စုက အဖွဲ့သေးတွေကို အဖွဲ့ကြီးတွေထဲကနေ ကွဲထွက်လာဖို့မျှော်လင့်သလို ခွဲထုတ်ဖို့လည်း မြှူနေတာပါ။ ခေါင်းဆောင်ပိုင်းတွေကို ခုထက်နည်းနည်းလေး စီးပွားရေးလုပ်ကွက်လေးဘာလေး ချပေးမယ်ထင်တယ်။ အစည်းပြေသထက်ပြေပြီး စီးပွားရေးသမားတွေချည်း နီးနီးလောက်ဖြစ်လာမှ တပ်ဖျက် လက်နက်အပ် ကုမ္ဗဏီထောင်၊ ပါတီလည်းထောင်ချင်ထောင်ဆိုပြီး မပြန်လမ်းပို့မယ့်ခြေလှမ်းဘဲ။ ဒါမှ ခေါင်းမာနေသေးရင် မာတဲ့ကောင် ထောင်ထဲဆွဲသွင်းချင် သွင်းထားနိုင်တယ်။ အဖွဲ့သေးထဲကတချို့ခေါင်းဆောင်ပိုင်းကလည်း ခုလို သောင်မတင်ရေမကျဖြစ်နေတာထက်စာရင် တခုခုကို မြန်မြန်ဆန်ဆန်ဖြစ်စေ့ချင်နေပြီ။ သူတို့ အနာဂတ်ကိုလည်း သူတို့တွေးလို့ရနေပြီ။ ဒီနေရာမှာ သူတို့အနာဂတ်ဆိုတာက ၂ ပိုင်းရှိမှာပါ။ တပိုင်းက အဖွဲ့အစည်းရဲ့အနာဂတ်။ နောက်တပိုင်းက ခေါင်းဆောင်တွေရဲ့ကိုယ်ကျိုးစီးပွားအနာဂတ်။ နယ်မြေလည်းရှိ လူမျိုးစုနောက်ခံလည်းရှိတဲ့ အဖွဲ့ကြီးတွေကိုတော့ အဲ့သလောက်လုပ်ဖို့မဖြစ်နိုင်ဘူး။

ခုက လက်နက်ကိုင်အားအားစုတွေအပေါ်မှာ လူထုကြားထဲမှာ(အထူးသဖြင့် ပြည်မဒေသနေတွေ) “စစ်တပ်နဲ့ အတူတူပါဘဲကွာ သေနတ်ကိုင်ပြီး စီးပွားရှာ ကြီးပွားချမ်းသာနေကြသူတွေပါ၊ တိုင်းပြည်ကို ဒုက္ခအမျိုးမျိုးပေးနေကြတာပါ“ဆိုတဲ့အမြင်က တဖြည်းဖြည်းကြီးထွားလာနေတယ်။ တချို့ဆို စစ်အုပ်စုနဲ့တန်းတူထားပြီးကို တူးတူးခါးခါးဖြစ်နေတယ်။ စစ်အုပ်စုဘက်က လူတွေစိတ်ထဲ အဲ့လိုမဖြစ်ဖြစ်အောင်ကို လုပ်နေတာပါ။ ခု အဖြစ်တွေများလာတော့ အားရဝမ်းသာဖြစ်နေကြတာ။ အမြတ်က ဒီလောက်နဲ့တင် အတော်ကြီးကို ထွက်နေပါပြီ။ အဲ့ဒီကမှတဆင့် “စစ်တပ်ကမှတော်သေးတယ်“ ဆိုတာအထိဖြစ်လာအောင် လုပ်မှာပါ။ အဲ့ဒီအထိဖြစ်လာရင် နေစရာနေရာမရှိဖြစ်လာမှာပါ။ စစ်အုပ်စုကလည်း ဖြစ်နိုင်ရင် အဲ့ဒီအထိလုပ်မှာပါဘဲ။

ဖိနှိပ်မှုရှိရင်တော်လှန်မှုရှိမယ်၊ လက်နက်ကိုင်ဖိနှိပ်ရင် လက်နက်ကိုင်ခုခံဆန့်ကျင်မယ်ဆိုတာက မုချသဘောဆိုပေမယ့် အကန့်အသတ်ရှိပါတယ်။ ဗမာပြည်ရဲပြဿနာတွေဟာ နိုင်ငံရေးပြဿနာတွေပါ။ နိုင်ငံရေးပြဿနကို နင်ငံရေးနည်းနဲ့မရှင်းသရွေ့ နောက်ထပ် KIA/KNU/ABSDF/ SSA/ ဗကပ လို စသည်ဖြင့်အဖွဲ့တွေလူတွေ ပေါ်နေဦးမှာဘဲ ဆိုပေမယ့် ငုတ်နေချိန်ကြာလေလေ စစ်အုပ်စုအတွက် အခွင့်သာလေလေဆိုတာက လက်တွေ့ပါ။ ဒါလည်း တရားပါ။ ဒါလည်း မုချသဘောပါ။

စဉ်းစားကြရတော့မှာ။ အပစ်ရပ် ၁ဝ ဖွဲ့ပေါင်းထဲက ခွဲထွက်လာသူတွေရှိလာနိုင်ပါတယ်။ စစ်အုပ်စုကတော့ အဲ့လိုလူတွေကို Warmly Welcome လုပ်ဖို့စောင့်နေပါတယ်။
မျိုးမြင့်ချို
မေ ၁၅၊ ၂ဝ၁၉

0 comments:

Post a Comment