Wednesday, August 31, 2022

သမိုင်းနိဂုံးချုပ် မချုပ်ကိစ္စ

0 comments

"သမိုင်းနိဂုံးချုပ် မချုပ်ကိစ္စ"

 

၁။ သမိုင်းနိဂုံးချုပ်” ကိစ္စဟာ ကိစ္စကြီးဖြစ်တယ်။ ဒါကို ဆွေးနွေးချင်ပါတယ်။ ဒီကိစ္စက စစ်အေးခေတ် (၁၉၄၇ - ၁၉၈၉) ပြီးဆုံးစကာလကစပြီး ပေါ်လာတာပါ။ ကွန်ဆာဗေးတစ်လက်သစ် (neo - con) တဦးဖြစ်တဲ့ ဖူကုယာမဆိုသူက စလိုက်တာပဲ။ အတော်ကလေး ဂယက်ထသွားပါတယ်။ ကွန်မြူနစ်ဆန့်ကျငရေးသမားတွေရဲ့ ကျမ်းတဆူနီးပါး (သူ့စာအုပ်က) ဖြစ်သွားပါတယ်။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး။ ၂၁ ရာစုထဲလည်း ၀င်လာရော သမိုင်းက နိဂုံးချုပ်” ဖို့နေနေသာသာ သမိုင်းက အရှိန်အဟုန်နဲ့ဖြစ်ပေါ်တိုးပွားလာတယ်။ အာဖဂန်စစ်၊ အီရတ်စစ်ဖြစ်လာတော့ ဖူကုယာမ ကိုယ်တိုင် နောက်တလှမ်းဆုတ်တယ်။ ထားပါတော့။

 

၂။ ဖူကုယာမရဲ့အတွေးအခေါ်က မာ့က်စ်ဝါဒ နိဂုံးချုပ်ပြီလို့ ပြောနည်းတမျိုးနဲ့ပြောတာပါ။ မာ့က်စ်ဝါဒရဲ့အစဟာ ကွန်မြူနစ်ကြေညာစာတမ်း” (၁၈၄၈) ကပါ၊ အဲဒီကြေညာစာတမ်းမှာ သမိုင်းဆိုတာဟာ လူတန်းစားတိုက်ပွဲတွေရဲ့ သမိုင်းပဲလို့ ဖြည့်စွက်ပါတယ်။ ပိုပြီးပြည့်စုံသွားတာပေါ့။

ကျနော်တို့ပါတီက ဖူကူယားမားရဲ့နိဂုံးချုပ်အယူအဆကို ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတန်းစားကွဲပြားမှုရှိနေသမျှ လူတန်းစားတိုက်ပွဲရှိနေမယ်။ လူတန်းစားတိုက်ပွဲရှိနေသမျှ သမိုင်းလည်းရှိနေမယ်လို့ယူဆလို့ပါ။  

 

၃။ ဖူကုယာမ အဲဒီအယူအဆတင်စဉ်က ဆိုဗီယက်ယူနီယံ ပြိုကွဲချိန်ပါ။ နိုင်ငံတကာ့ ကွန်မြူနစ် အရေးတော်ပုံကြီးတခုလုံး နောက်တလှမ်းဆုတ်နေရချိန်ပါ။ တချို့က အုပ်စီးပျက်ပြီး ကစဥ့်ကလျား ဆုတ်တယ်။ တချိူ့က အုပ်စီးမပျက်အောင် ထိန်းပြီးဆုတ်ကြပါတယ်။ (ကျနော်တို့ပါတီက ဒုတိယအမျိုးအစားမှာ ပါ ပါတယ်။)

အခုဆွေးနွေးချင်တာက ဘာကြောင့်ဆုတ်ရသလဲ ဆိုတာပါ၊ ပုဂ္ဂလိကအမြင်သက်သက်ကို တင်ပြတာပါ။

 

ဘာကြောင့်ဆုတ်ရသလဲ

(က) ရုရှားတော်လှန်ရေးနဲ့ တရုတ်တော်လှန်ရေးတို့မှာ တူညီတဲ့ထူးခြားချက်ရှိတယ်။ သူတို့ တော်လှန်ရေးတွေဟာ မာ့က်စ်၊ အိန်ဂယ်လ်တို့ တွေးခေါ်ခဲ့သလို ရှေ့တန်းရောက် တိုင်းပြည်တွေက တပြိုင်တည်း အရင်းရှင်အာဏာရှင်စနစ်ကိုတော်လှန်တဲ့ ကမ္ဘာ့တော်လှန်ရေးမျိုးလုပ်တာမဟုတ်ဘူး။ ရှေ့တန်းရောက်တိုင်းပြည်တွေဆိုတာက (အဲဒီတုန်းက) အရင်းရှင်စနစ် အမြင့်ဆုံးအဆင့်ရောက်နေတဲ့ အင်္ဂလန်နဲ့ ဂျာမဏီ၊ ပြင်သစ်နဲ့အမေရကန်တို့ကိုပဲ ဆိုလိုတာပါ။ ရုရှားပြည်၊ တရုတ်ပြည်တို့က ပဒေသရာဇ်တပိုင်း အရင်းရှင်တပိုင်း ခေတ်နောက်ကျတဲ့တိုင်းပြည်တွေပဲ။ သူတို့တော်လှန်ရေးတွေ နိုင်တာက ရှေ့တန်းရောက် တိုင်းပြည်ကြီးတွေအချင်းချင်း နယ်ချဲ့စစ်ပွဲ(ကမ္ဘာစစ်) ဆင်နွှဲနေကြတာကို ချက်ကောင်းယူနိုင်လို့ပဲ။ ပထမကမ္ဘာစစ်မှာ အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်ကတဖက် ဂျာမဏီက တဖက် စစ်ဖြစ်နေတာကို ချက်ကောင်းယူနိုင်လို့ ရုရှားတော်လှန်ရေး အောင်မြင်တာပဲ။ 

 

တရုတ်တော်လှန်ရေးကလည်း ဒုတယကမ္ဘာစစ်ကို ချက်ကောင်းယူနိုင်လို့အောင်မြင်တာပဲ။ ဒီမှာ သင်ခန်းစာထုတ်ယူနိုင်တာက နိုင်ငံတကာ့အခြေအနေကို ချက်ကောင်းယူပြီး မိမိပြည်တွင်း တော်လှန်ရေးကို အောင်မြင်အောင်လုပ်နိုင်တယ်ဆိုတဲ့သင်ခန်းစာ ဖြစ်တယ်။

 

(ခ) ဖွံ့ဖြိုးပြီးနိုင်ငံတွေ(ရှေ့တန်းရောက်နိုင်ငံတွေ)က အမြဲတမ်း သူတို့အချင်းချင်း စစ်တိုက်နေကြတာ မဟုတ်ဘူး။ အထူးသဖြင့် ၁၉၄၇ လောက်ကစပြီး သူတို့အချင်းချင်းသွေးစည်းနေကြတယ်။ အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်ကို ခေါင်းဆောင်တင် ဗိုလ်လုပ်ခွင့်ပေးပြီး စည်းလုံးနေကြတယ်။ သူတို့အချင်းချင်း ပဋိပက္ခဖြစ်ရင်လည်း စစ်ဖြစ်လောက်သည်အထိ မပြင်းထန်အောင် ထိန်းညှိ ကြတယ်။ အဲဒီလိုလုပ်နေတာ အခုအထိပဲ။

 

၁၉၄၇ က အခုအထိ (နှစ် ၆၀) ကျတော့ တမျိုးဖြစ်တယ်။ ကျေကျေနပ်နပ်ပဲ အမေရိကန်ကို ဗိုလ်လုပ်ခိုင်းထားကြတယ်။ ရန်လည်းသိပ်မဖြစ်ကြဘူး။ G7 ဆိုပြီး ဖွဲ့ထားတယ်။ ရန်ဖြစ်မယ့် အခြေအနေဖြစ်ရင်လည်း ထိန်းညှိတယ်။ တခါတလေ ပြင်သစ်လိုဟာက ဘေးဖဲ့ထွက်ရင်လည်း စေ့စပ်လိုက်တယ်။ ထိန်းညှိလိုက်တယ်။ အင်္ဂလိပ်ကတော့ အမေရိကန်ကို လိုလိုချင်ချင်ပဲ ဗိုလ်လုပ်ခိုင်းထားတာပဲ။ ဂျာမဏီ၊ ဂျပန်ကတော့ စစ်ရ္နံးထားတာတွေဖြစ်တယ်။ စီးပွားရေးမှာ ကြီးကျယ်နေပေမယ့် နိုင်ငံရေးမှာ အမေရိကန်ကို မှီခိုနေရရှာတယ်။ တည်ရှိနေတဲ့ ကမ္ဘာ့အစီအစဉ် (World Order) ကလည်း သူတို့ကို ပစားမပေးဘူး။ အမေရိကန်ကိုမှီခိုမှ လူရာ၀င်မှာကို ဂျာမဏီ၊ ဂျပန်က သိနေတယ်။

 

 

(ဂ) ရုရှား(ဆိုဗီယက်) နဲ့တရုတ်ကတော့ စည်းလုံးမှုမရှိတဲ့အချိန်က ခပ်များများပါ။ ဆိုရှယ်လစ်ဂိုဏ်းဆိုတာ ကြာကြာခံခဲ့တာ မဟုတ်ဘူး။ အများပိုင်းက အိမ်ခွဲနေကြတာဖြစ်တယ်။

ဒီအထဲမှာ အောင်မြင်မှုနဲ့ယစ်မှုးနေကြသေးတယ်။ လီနင်ရဲ့တိုင်းပြည်တပြည်ချင်း ဆိုရှယ်လစ်စနစ် ထူထောင်နိုင်တယ်ဆိုတာကို ဆန္ဒစွဲကျကျတိုးချဲ့ပြီး တိုင်းပြည်တပြည်ချင်း ကွန်မြူနစ်လောက ချီတက်နိုင်တယ်ဆိုသည်အထိ လုပ်လာတယ်။ သူဦးကိုယ်ဦး ပြိုင်ကြသေးတယ်။ ရုရှား (ခရူးရှက်ဖ်) က ကွန်မြူနစ်လောကကို ချီတက်မယ်ဆိုပြီးလုပ်တော့ တရုတ် (မော်စီတုန်း) က ခုန်လွားချီတက်ရေးယဉ်ကျေးမှုတော်လှန်ရေးလုပ်ပြီး ပြိုင်တယ်။ လက်ဝဲ” ဆန္ဒစွဲအမှားတွေ အပြိုင်လုပ်ကြတယ်။ နောက်ဆုံးကျတော့ ရုရှား (ဂိုဘာချော့ပ်) က ဖရိုဖရဲဆုတ်ရတယ်။ တရုတ် (တိန့်ရှောင်ဖင်) က အုပ်စီးမပျက်အောင်ဆုတ်တယ်။

 

၄။ ရုရှားရော တရုတ်ပါ ဆုတ်ကြတော့ ဖူကုယာမက သမိုင်းနိဂုံးချုပ်ပြီ” လို့ကြွေးကြော်လိုက်တာပဲ။ ဒါပေမဲ့ မကြာပါဘူး။ လူတန်းစားတိုက်ပွဲက ပုံစံတမျိုးနဲ့ပေါ်လာတယ်။ အဲဒါက အာဖဂန်စစ်ပွဲ၊ အီရတ် စစ်ပွဲပဲ။

 

ပစ္စည်းမဲ့လူတန်းစားနဲ့တိုက်ရတဲ့ လူတန်းစားတိုက်ပွဲတော့ မဟုတ်ဘူး။ လူတန်းစားတိုက်ပွဲတော့ လူတန်းစားတိုက်ပွဲပဲ။ ဘာသာရေးအခြေခံတဲ့ ပဒေသရာဇ်လူတန်းစားလို့ မှုဆလင်အစွန်းရောက်” တွေကို သတ်မှတ်ရမလားတော့မသိဘူး။

 

အီရတ်ကျတော့တမျိုး။ ဘာ့သ်ပါတီဟာ မူဆလင်အစွန်းရောက်တော့ မဟုတ်ဘူး။ အီရတ်ကွန်မြူနစ်ပါတီက ဘယ်လိုသတ်မှတ်သလဲတော့ မသိဘူး။ လေ့လာရဦးမှာ ဖြစ်တယ်။

ဘင်လာဒင်တို့ တာလီဘန်တို့ ဆက်ဒမ်ဟူစိန်တို့ဟာ ပစ္စည်းမဲ့လူတန်းစားကိုယ်စားလှယ် မဟုတ်တာတော့ သေချာတယ်။

 

အခုပြောချင်တာက သူတို့ကို ဘာလူတန်းစားလို့ သတ်မှတ်ဖို့မဟုတ်ဘူး။ လူတန်းစားတိုက်ပွဲဆိုတာ အရင်းရှင်နဲ့ ပစ္စည်းမဲ့တိုက်တဲ့တိုက်ပွဲကိုမှ လူတန်းစားတိုက်ပွဲ ဆိုလိုတာမဟုတ်ဘူး။ ဘယ်လူတန်းစားတွေတိုက်တိုက် လူတန်းစားတိုက်ပွဲပဲ။ လူတန်းစားတိုက်ပွဲတွေ တိုက်နေကြသမျှ သမိုင်းနိဂုံးမချုပ်သေးဘူး ဆိုတာကိုပဲ ပြောချင်တာပါ။

"ပြည်သူ့အာဏာ"ဂျာနယ် (အမှတ် - ၂၉)

နှမ်းပွင့် (ဒုတိယပိုင်း)

0 comments

(မြသန်းတင့်ရဲ့ ဧကရာဇ်တို့ဘဏ္ဍာတိုက်များ”မှ နှမ်းပွင့်” ဒုတိယပိုင်းကို စာရိုက်တင်ပေးတာ ဖြစ်ပါတယ်)

ဆရာသမားများ၏အဆုံးအမကို နာယူပြီးတဲ့နောက်မှာ ကျွန်တော်တို့ဟာ  ဆရာသမားတွေရဲ့ အတွေးအခေါ်ထဲကို ဝင်ရောက်နိုင်ဖို့ကြိုးစားရမယ်။ တစ်နည်းပြောရလျှင် သူတို့ရဲ့နှလုံးသားထဲကို ဝင်ရောက်နိုင်အောင် ကြိုးစားရမယ်။ ပြီးတော့ သူတို့နဲ့အတူနေထိုင်ပြီး သူတို့ရဲ့ “ခံစားချက်”တွေကို ခွဲဝေခံစားရမယ်။ ဒီနေရာမှာ ခံစားချက်ဆိုတဲ့စကားလုံးကို  ကျွန်တော် သုံးလိုက်ပါတယ်။ မကြာသေးမှကပဲ ခံစားချက်” ဆိုတဲ့စကားလုံးနဲ့ပတ်သက်လို့  လူတော်တော်များများက ဒီစကားလုံးကို သုံးရမလားဆိုပြီး အပြစ်ဆိုခဲ့ကြပါတယ်။ ကျွန်တော်ကတော့ အပြစ်မဆိုရုံတင်မက  “ခံစားချက်”ကို ရအောင်ပိုပြီးတောင် ကြိုးစားရမယ်လို့ ပြောချင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားကြတာ၊ သတ္တဝါတစ်ခုနဲ့တစ်ခု မတူကွဲပြားကြတာဟာ တစ်ယောက်နဲ့တစ်ယောက် တစ်ခုနဲ့တစ်ခု “ခံစားချက်”မတူကြလို့ပါပဲ။  ခံစားချက်အတိုင်းအတာကိုလိုက်ပြီး တစ်ဦးနဲ့တစ်ဦးကွဲပြားကြတယ်။  ကျွန်တော်တို့ဟာ ရေမြှုပ်တွေဖြစ်နေလျှင် ခံစားချက်မရှိကြဘူး။  ကျွန်တော်တို့ဟာ အချိန်မရွေး ပေါက်ပြားချက်ကြောင့် နှစ်ပိုင်းဖြတ်ခံရမယ့်အခြေအနေမျိုးရောက်နေတဲ့တီကောင်လို ခံစားချက်မျိုးကိုတော့ မလိုချင်ကြဘူးပေါ့။  အလွန်အကျွံခံစားချက်မျိုးကတော့ မကောင်းဘူးပေါ့။  ဒါပေမဲ့ ကျွန်တော်တို့ဟာ လူသားတွေဖြစ်တယ်။ ဒါ့ကြောင့် ခံစာချက်ရှိတာဟာ ကျွန်တော်တို့အတွက် ကောင်းတယ်။ ကျွန်တော်တို့ဟာ ထက်မြက်တဲ့ခံစားချက်ရှိနေခြင်းကြောင့်သာ လူရယ်လို့ဖြစ်နေကြခြင်းဖြစ်ပါတယ်။

 

“အထက်မှာ လွန်လေပြီးသောသူတို့ရဲ့ လူ့အဖွဲ့အစည်းကြီး(ရှေးပညာရှိတို့ရဲ့ စာပေဘဏ္ဍာတိုက်ကြီး) ရှိတယ်ဆိုတာ ကျွန်တော်ပြောခဲ့ပြီး အဲ့ဒီ လူ့အဖွဲ့အစည်းကြီးထဲကို ယုတ်ညံ့သူများနဲ့ ပညာမဲ့သူများကို ဝင်ခွင့်မပေးဘူးလို့ ကျွန်တော်ပြောခဲ့ပြီ။

 

“ကောင်းပြီ ဒါဖြင့်လျှင် ယုတ်ညံ့သူဆိုတာ ဘယ်လိုလူမျိုးကိုခေါ်တာလဲ၊ ယုတ်ညံ့ခြင်းဆိုတာကိုရော ကျွန်တော်တို့က ဘယ်လိုနားလည်ကြသလဲ၊  တော်တော်စဉ်းစားစရာကောင်းတဲ့ပြဿနာတစ်ရပ်ပါပဲ။ အတိုချုပ်ပြီးပြောရလျှင်တော့ ယုတ်ညံ့ခြင်းဆိုတာဟာ  ခံစားချက်ကင်းမဲ့ခြင်းပါပဲ။ ရိုးရိုးသားသား မသိဘဲနဲ့ယုတ်ညံ့ခြင်းမျိုးကတော့ အထိန်းအကွပ်မကောင်းခဲ့လို့၊ ကိုယ်နှုတ်နှစ်ပါးအမူအယာ ဖွံ့ဖြိုးတိုးတက်အောင်မလုပ်ခဲ့လို့ ဖြစ်တာပါ။ ဒါပေမဲ့ ပဋိသန္ဓေကပါလာတဲ့ယုတ်ညံ့မှုကတော့  ကြောက်စရာကောင်းလောက်အောင် ရိုင်းပြ အကြင်နာကင်းပြီး  နောက်ဆုံးမှာ ဘယ်လို ရက်စက်ကြမ်းကြုပ်တဲ့အလုပ်မျိုးဖြစ်ဖြစ်၊  ဘယ်လိုကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုမျိုးပဲဖြစ်ဖြစ်၊ အရှက်အကြောက်မရှိ အကြင်နာတရားမရှိ ကျူးလွန်နိုင်စွမ်းရှိပါတယ်။  ရိုင်းပြတဲ့လက်၊ အကြင်နာတရားမရှိတဲ့နှလုံးသား၊ ရောဂါဖြစ်နေတဲ့အလေ့အကျင့်၊ မာကျောနေတဲ့ဩတပ္ပစိတ်တွေ ရှိလာပြီဆိုလျှင်  အဲ့ဒီလူဟာ ယုတ်ညံ့လာတော့တာပဲ။ သူတို့ဟာ အကြင်နာမဲ့သလောက်၊ အသိတရားကင်းသလောက် ယုတ်ညံ့ကြတယ်။  ဒါကြောင့်မို့ ကျွန်တော်ပြောတဲ့လူ့အဖွဲ့အစည်းထဲကို သူတော်ကောင်းတို့သာလျှင် ဝင်ခွင့်ရခြင်း၊ သူယုတ်မာတို့ကတော့ ဝင်ခွင့်ရမှာမဟုတ်ဘူး။

 

“ကျွန်တော်တို့ဟာ လွန်လေပြီးသော ပညာရှိတို့ကို ဆည်းကပ်ရာမှာ မှန်ကန်ခြင်းဆိုတဲ့သစ္စာတရားကိုသာ သိဖို့မဟုတ်ဘဲ တရားမျှတခြင်းဆိုတဲ့ ဓမ္မတရားကိုလည်း သိဖို့ဖြစ်ပါတယ်။  ဒီတော့ သူတို့လိုခံစားနိုင်ဖို့ ကျွန်တော်တို့ဟာ သူတို့နည်းတူ သူတော်ကောင်း အကျင့်ကိုလည်း ကျင့်ကြံဖို့လိုတယ်။  ဒီလိုကျင့်ကြံတဲ့နေရာမှာ ဒုက္ခမခံဘဲ သက်သက်သာသာနဲ့  သူတော်ကောင်းအကျင့်ကို မရနိုင်ပါဘူး။

 

“စစ်မှန်သော အသိဉာဏ်တို့မည်သည် ခေါင်းထဲတွင်ရုတ်ခြည်းပေါ်လာသော အသိဉာဏ်မဟုတ်ဘဲ လေ့ကျင့်စမ်းသပ်ခံပြီးမှပေါ်လာတဲ့အသိဉာဏ်မျိုးဖြစ်တဲ့နည်းတူ စစ်မှန်သောခံစားချက်ဟာလည်း ရင်ထဲမှာ ရုတ်ခြည်းပေါ်လာတဲ့ခံစားချက်မဟုတ်ဘဲ လေ့ကျင့်စမ်းသပ်ခံပြီးတဲ့ခံစားမှုသာ ဖြစ်ပါတယ်။ ပထမဆုံးပေါ်လာတဲ့ခံစားချက်ဟာ အပေါ်ယံအတုအယောင် မှောက်မှားတဲ့ခံစားချက်သာဖြစ်ပါတယ်။  အဲ့ဒီခံစားချက်နောက်လိုက်လျှင် ထိန်းမနိုင်သိမ်းမရ လမ်းမှားကိုရောက်ပြီး နောက်ဆုံးမှာ ဘယ်ရည်ရွယ်ချက်ပန်းတိုင်ကိုမှလည်း မရောက်၊ ဘယ်ခံစားချက်မှလည်း မကျန်တော့ဘဲ လူ့ဘူးတောင်းအဖြစ်ကိုရောက်သွားနိုင်ပါတယ်။ အမှန်က လူတွေမှာဖြစ်ပေါ်နေတဲ့ခံစားချက်ဟာ  မမှားပါဘူး။ အဲ့ဒီခံစားချက်ကို အထိန်းအကွပ်မပေးတာသာလျှင် မှားတာပါ။  ခံစားချက်တစ်ခုဟာ စွမ်းအားရှိလျှင် တရားလျှင် မြင့်မြတ်တဲ့ခံစားချက်ဖြစ်တယ်။

ခံစားချက်တစ်ခုဟာ စွမ်းအားမဲ့လျှင် ဘာမဟုတ်တဲ့အသေးအဖွဲလေးကြောင့်ဖြစ်နေလျှင် အဲဒီခံစားချက်ဟာ မှားတဲ့ခံစားချက်ဖြစ်တယ်။

“ကလေးတစ်ယောက်ဟာ ဘောလုံးတွေကိုမြှောက်ပြနေတဲ့ မျက်လှည့်ဆရာတစ်ယောက်ကိုကြည့်ပြီး အံ့ဩနေတယ်ဆိုပါစို့။ ဒီ အံ့ဩမှုမျိုးဟာ သေးဖွဲတဲ့ခံစားမှုမျိုးဖြစ်တယ်။ သေးဖွဲတဲ့ခံစားချက် ဖြစ်တယ်။  ဒါပေမဲ့ ကောင်းကင်ပြင်ကြီးမှာ သဘာဝကြီးက မြှောက်ကစားနေတဲ့ ရွှေဘောလုံးတွေ (ကြယ်ပွင့်များ)ကိုကြည့်ပြီး အံ့ဩတာမျိုးကတော့မြင့်မြတ်တဲ့ အံ့ဩမှုမျိုးဖြစ်တယ်။  မကြည့်ရလို့ပြောထားတဲ့နေရာကို တံခါးကြားကနေချောင်းကြည်တဲ့ ကလေးရဲ့စူးစမ်းမှု၊ သခင်ရဲ့အလုပ်ကိစ္စကို တိတ်တဆိတ်ဝင်ကြည့်တဲ့အစေခံရဲ့စူးစမ်းမှုမျိုးဟာ သေးဖွဲတဲ့စူးစမ်းမှုမျိုး ဖြစ်တယ်။

 

“ဒါပေမဲ့ အန္တရာယ်ကြုံတွေ့လာတဲ့အခါမှာ သဲကမ်းပါးတွေအဆုံးက မြစ်ကြီးဧရာတစ်သွယ်ရဲ့ မြစ်ဖျားခံရာကိုသိလိုတဲ့ စူးစမ်းမှု၊  ပင်လယ်ရဲ့အဆုံးမှာရှိတဲ့ ပထဝီတိုက်ကြီးတစ်တိုက်ရဲ့တည်နေရာကို သိလိုတဲ့ စူးစမ်းမှုတို့ကတော့ မြင့်မြတ်တဲ့စူးစမ်းမှုများဖြစ်တယ်။ ဒါ့ထက်ပိုပြီး လူ့ဘဝဆိုတဲ့မြစ်ကြီး ဖြစ်ဖျားခံရာနဲ့ ကောင်းကင်ဘုံဆိုတဲ့ ပထဝီတိုက်ကြီးတစ်တိုက်ရဲ့အစကို သိလိုတဲ့စူးစမ်းမှုမျိုးကတော့ ပိုပြီးမြင့်မြတ်တဲ့စူးစမ်းမှုမျိုးဖြစ်တယ်။  

 

“အလားတူပါပဲ။ သိမ်ဖျင်းတဲ့ပုံဝတ္တုတစ်ခုနောက်ကိုလိုက်ပြီး ဘာဖြစ်မလဲလို့စိုးရိမ်ရတဲ့ စိုးရိမ်မှုမျိုးဟာ သေးဖွဲတဲ့စိုးရိမ်မှုဖြစ်တယ်။ ဒါပေမဲ့ ဒုက္ခဝေဒနာကိုခံစားနေရတဲ့ လူမျိုးတစ်မျိုးရဲ့ ဘဝကံကြမ္မာ အလှည့်အပြောင်းကိုကြည့်ပြီး ရင်တထိတ်ထိတ်ဖြစ်ရတာမျိုးကတော့ မြင့်မြတ်တဲ့စိုးရိမ်မှု မြင့်မြတ်တဲ့ခံစားမှုဖြစ်တယ်။ ကြည့်စမ်းပါဦး၊ ကျွန်တော်တို့အင်္ဂလန်ပြည်မှာ ဒီနေ့ဖြစ်နေတဲ့ ခံစားမှုကတော့ ဘယ်လောက် ကျဉ်းမြောင်းလိုက်ပါသလဲ၊ ဘယ်လောက် သေးဖွဲလိုက်ပါသလဲ၊ ဘယ်လောက် အတ္တဆန်လိုက်ပါသလဲ။ ကျွန်တော်တို့လူမျိုးရဲ့ခံစားမှုဟာ ပန်းစည်းတွေ၊ မိန့်ခွန်းတွေဆီမှာ ရောက်နေတယ်။ ပွဲလမ်းသဘင်တွေ၊ ပျော်ပွဲစားထွက်တာတွေဆီမှာ ရောက်နေတယ်။ အပျာ်လက်ဝှေ့ပွဲတွေ၊ ပွဲတွေနဲ့ လမ်းဘေးရုပ်သေးပွဲတွေမှာ ရောက်နေတယ်။ ယောက်ျား ယောက်ျားချင်း သတ်နေကြတာ၊ မိန်းမ မိန်းမချင်း သတ်နေကြတာ၊ ကလေး ကလေးချင်း သတ်နေကြတာတွေကို  မျက်ရည်တစ်စက်မကျဘဲ အားထုတ်မှုတစ်ခုမှမလုပ်ဘဲ ဒီခံစားမှုတွေကို အရသာခံနေကြတယ်။ 

 

“ဟုတ်တယ်၊ ကျွန်တော်တို့လူမျိုးရဲ့ ခံစားချက်ဟာ သေးဖွဲတယ်၊ အတ္တဆန်တယ်၊ တစ်နည်းပြောရလျှင် ကျွန်တော်တို့လူမျိုးရဲ့ခံစားချက်ဟာ တရားဓမ္မကင်းတယ်၊ ဖြောင့်မတ်မှန်ကန်ခြင်း ကင်းတယ်၊ “ဂျင်းတဲလ်မင်း”လို့ခေါ်တဲ့ အမျိုးသားကောင်းတစ်ယောက်ဟာ သင့်တင့်လျှောက်ပတ်စွာနှလုံးသွင်းပြီး မျှတစွာတွေးခေါ်တဲ့အတွက် သူ့ခံစားချက်ဟာ ဖောက်လွဲဖောက်ပြန်ခြင်းမရှိဘဲ တရားမျှတတယ်။ ဒီအချက်ကိုကြည့်လိုက်လျှင် လူတစ်ယောက်ဟာ သူတော်ကောင်းလား၊ သူယုတ်မာလားဆိုတာ အလွယ်တကူခွဲခြားသိနိုင်တယ်။ အလားတူပဲ ဒီအချက်တွေကိုကြည့်လိုက်ရုံနဲ့ လူမျိုးတစ်မျိုးဟာ မျိုးရိုးကောင်းတဲ့လူမျိုးလား၊ ပရမ်းပတာလူအုပ်လားဆိုတာ ခွဲခြားသိနိုင်တယ်။ ခင်ဗျားဟာ လူတစ်အုပ်ရှေ့မှာ ဘယ်အကြောင်းကိုမဆို ပြောနိုင်တယ်။

 

“အများအားဖြင့် အဲ့ဒီလူရဲ့ခံစားချက်ဟာ သဘောထားကြီးပြီး မှန်ကန်ခြင်းကို တည်တံ့အောင် ထိန်းထားဖို့အခြေခံမရှိဘူး။ ရေရှည်ဆုပ်ကိုင်နိုင်စွမ်းအား မရှိဘူး။ ခင်ဗျားဟာ လူအုပ်တစ်အုပ်ကို ဆွဲပေးနိုင်တယ်။ အဲ့ဒီလူအုပ်ဟာလည်း ခင်ဗျား စကားတစ်ခွန်းပြောလိုက်တာနဲ့ပဲ အအေးမိရောဂါ ကူးစက်သလို ချက်ခြင်းကူးစက်သွားပြီး ကောင်းချီးဩဘာပေးချင်ပေးလိမ့်မယ်။ ဒါပေမဲ့ တစ်နာရီလောက်လည်းကြာရော အရှိန်ကုန်သွားပြီး  ခင်ဗျားပြောတဲ့စကားကို မေ့သွားကြမှာပဲ။  ဒါပေမဲ့ ဂျင်းတဲလ်မင်းလို့ခေါ်တဲ့ အမျိုးကောင်းသားတစ်ယောက်။ ဒါမှမဟုတ် အမျိုးကောင်း လူမျိုးတစ်မျိုးရဲ့ ခံစားချက်ကတော့ တရားမျှတတယ်။ တိုင်းထွာ ချင့်ချိန်မှုရှိတယ်။  ရေရှည်ခံတယ်။ ဥပမာအားဖြင့် မြင့်မြတ်တဲ့လူမျိုးတစ်မျိုးဟာ လူဆိုးလူသွမ်းတစ်ယောက် ကျူးလွန်ခဲ့တဲ့ လူသတ်မှုတစ်ခုက သက်သေခံအထောက်အထားတွေနဲ့ပတ်သက်လို့ လပေါင်းများစွာ အချိန်ကုန်ခံပြီး စဉ်းစားမနေဘူး။ 

 

“ကြီးမြင့်တဲ့လူမျိုးတစ်မျိုးဟာ ဒီစစ်ပွဲဟာ ဘယ်ဘက်က မှားသလဲမှန်သလဲဆိုတာကို မစဉ်းစားပဲ ဒီစစ်ပွဲပြီးလျှင် ငါတို့ ကုန်အရောင်းအဝယ်ဘယ်လိုနေမလဲဆိုတာလောက်ကိုတွေးပြီး လူငယ်တွေနေ့စဉ်နဲ့အမျှ သေကြေပျက်စီးနေကြတာကို လက်ပိုက်ကြည့်မနေဘူး။  ကြီးမြတ်တဲ့ လူမျိုးတစ်မျိုးဟာ သစ်ကြားသီးလေးခြောက်လုံးလောက်ခိုးမိတာနဲ့ ကလေးတွေကို ထောင်ထဲမပို့ဘူး။ ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ ဆင်းရဲသားတွေရဲ့စုငွေတွေနဲ့ချမ်းသာနေကြတဲ့ ဘဏ်သူဌေးကြီးတွေ ခိုးဝှက်နေကြတာကို ဒီအတိုင်းကြည့်မနေဘူး။ မြင့်မြတ်တဲ့လူမျိုးတစ်မျိုးဟာ တောင်တရုတ်ပင်လယ်တစ်ဝိုက်မှာ လက်နက်အပြည့်တပ်ဆင်ထားတဲ့ သင်္ဘောကြီးတွေနဲ့ အမြောက်ကြီးတွေချိန်ပြီး သူများတိုင်းပြည်ကိုသွားပြီး ဘိန်းရောင်းနေတာကို ဒီအတိုင်း လက်ပိုက် ကြည့်မနေဘူး။  ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ ပိုက်ဆံပေးမလား အသက်ပေးမလားဆိုတဲ့ လမ်းဓားပြတို့ထက်ပိုကဲပြီး အသက်နဲ့ပိုက်ဆံပေးလို့တောင်းနေတဲ့ ဓားပြအကြီးစားတွေ ဓားပြတိုက်နေတာကို လက်ပိုက်ကြည့်မနေဘူး။

 

“ကျွန်တော်တို့တစ်တွေဟာ ဘာဖြစ်လို့ စာဖတ်ဖို့အကြောင်းကိုပြောနေရသလဲ။ ခုအခြေအနေမှာ ကျွန်တော်တို့လူမျိုးဟာ စာမဖတ်နိုင်ဘဲဖြစ်နေတယ်။ ဒီလို စိတ်ဓာတ်ပျက်ပြားနေတဲ့လူမျိုးတစ်မျိုးဟာ စာမဖတ်ချင်ဘဲဖြစ်နေတယ်။ ဘယ်လောက်ကြီးကျယ်တဲ့ စာရေးဆရာရေးခဲ့တဲ့စာပဲဖြစ်စေ ဒီလို ဖြစ်ပျက်နေတဲ့လူမျိုးဟာ နားဝင်နိုင်မှာမဟုတ်ဘူး။  ခု လက်ရှိအခြေအနေမှာ ကျွန်တော်တို့ အင်္ဂလိပ်လူမျိုးဟာ  လေးနက်တဲ့ အတွေးအခေါ်ပါတဲ့စာပေကို ဖတ်နိုင်မှာမဟုတ်ဘူး။  မောဟတွေ လောဘတွေဖုံးနေတဲ့အတွက် ဘယ်အတွေးအခေါ်ကိုမှလည်း လက်ခံနိုင်မှာမဟုတ်ဘူး။

 

လူမျိုးတစ်မျိုးဟာ ဘယ်လောက်ပဲ သဘောထားကြီးသည်ဖြစ်စေ၊ ပရမ်းပတာလူအုပ်အဖြစ်သို့ပြောင်းသွားလျှင် ကိုယ့်ခံစားချက်ကို ထိန်းကွပ်ပေးရမယ်။ ထိန်းမတ်ပေးရမယ်။ လူမျိုးတစ်မျိုးဟာ ပိုက်ဆံသက်သက်ကိုသာရှာနေတဲ့ ပရမ်းပတာလူအုပ်သာဖြစ်နေလျှင် ကြာရှည် တည်လိမ့်မယ် ဟုတ်ဘူး။ လူမျိုးတစ်မျိုးဟာ စာပေကို အထင်သေးနေလျှင်၊ သိပ္ပံပညာကို အထင်သေးနေလျှင်၊ အနုပညာကို အထင်သေးနေလျှင်၊ သဘာဝကို အထင်သေးနေလျှင်၊ မေတ္တာကရုဏာကို အထင်သေးနေလျှင် ပိုက်ဆံကို ဒီလောက်မက်နေလျှင် အဲ့ဒီလူမျိုးဟာ ကြာရှည်ခံမှာမဟုတ်ဘူး။ ကျွန်တော်ပြောတဲ့စကားတွေ ရင့်သီးတယ်လို့များထင်ကြလျှင် သည်းခံနားထောင်ကြပါ။ ကျွန်တော်ရှင်းပြပါ့မယ်။ 

 

(ရပ်စကင်းက ဒီဟောပြောပို့ချတဲ့အချိန်ဟာ ဥရောပမှာ နပိုလီယံစစ်ပွဲတွေပြီးစအချိန်ဖြစ်တယ်။ အရှေ့ဖျားမှာ ဘိန်းစစ်ပွဲ ပြီးခါစအချိန်ဖြစ်တယ်။ ဗြိတိသျှအင်ပါယာကြီး နေမဝင်အင်ပါယာကြီး ထူထောင်နေချိန်ဖြစ်တယ်။ အင်္ဂလိပ်လူမျိုးဟာ စာပေတွေကိုမဖတ်ကြတော့ဘဲ စီးပွားရေးလုပ်ငန်းတွေကို တရကြမ်းလုပ်နေတဲ့အချိန်ဖြစ်တယ်။ အင်္ဂလိပ်လူမျိုးတို့ရဲ့စိတ်ဓာတ် ပျက်ပြားနေတာ၊ စာရိတ္တတန်ဖိုးတွေကျဆင်းနေတာကို ရပ်စကင်းက သတိပြုမိပုံရပါတယ်။ ဒါ့ကြောင့်မို့ သူ့ဟောပြောချက်ထဲမှာ လူတစ်ယောက်ရဲ့အကျင့်သီလဟာ  ဘယ်လောက်အရေးကြီးတဲ့ အကြောင်း၊ လူမျိုးတစ်မျိုးရဲ့အကျင့်သီလဟာ အရေးကြီးတဲ့အကြောင်းကို အကျယ်တဝင့် ပြောသွားပါတယ်။  လူမျိုးတစ်မျိုးဟာ ပရမ်းပတာလူအုပ်တစ်အုပ်နဲ့တူသွားလျှင် အဲ့ဒီလူမျိုးဟာ အနှေးနဲ့အမြန် ကျဆုံးမှာဖြစ်တဲ့အကြောင်း၊ အင်္ဂလိပ်လူမျိုးဟာ စာပေ၊ အနုပညာ၊ သိပ္ပံပညာနဲ့တကွ မေတ္တကရုဏာတရားကို အထင်သေးနေကြတဲ့အကြောင်းကို အကျယ်တဝင့်ပြောသွားတာကို တွေ့နိုင်ပါတယ်) 

(မူရင်းသတ်ပုံအတိုင်း။ ကျနော် ဆက်ပြီး စာရိုက်တင်ပေးပါ့မယ်။ မျိုးမြင့်ချို)

နှမ်းပွင့်

0 comments

(မြသန်းတင့်ရဲ့ ဧကရာဇ်တို့ဘဏ္ဍာတိုက်များ”မှ နှမ်းပွင့်” ကိုစာရိုက်တင်ပေးတာဖြစ်ပါတယ်)

ကျွန်တော်တို့ဟာ စာအုပ်တွေကိုချစ်ရမယ်။ ဒီလိုချစ်တဲ့နေရာမှာ နည်းနှစ်နည်းနဲ့ပြရမယ်လို့ ရပ်စကင်းက ပြောသွားပါတယ်။ ဒီ နည်းနှစ်နည်းကို ရပ်စကင်းက ဒီလို ဆက်ပြောပါတယ်)

 

ကျွန်တော်တို့ဟာ ပညာရှိတွေရေးထားတဲ့စာအုပ်တွေရဲ့ အဆုံးအမကို နာခံလိုတဲ့ဆန္ဒရှိရမယ်။ သူတို့အတွေးအခေါ်တွေထဲ ဝင်ရောက်ကျက်စားလိုတဲ့ဆန္ဒရှိရမယ်။ သူတို့အတွေးအခေါ်တွေထဲ ဝင်ရောက်ကျက်စားလိုတဲ့ဆန္ဒရှိရမယ်ဆိုတဲ့စကားကို သတိပြုစေချင်ပါတယ်။ ဆိုလိုတာက ကိုယ့်အတွေးကို အဲ့ဒီစာအုပ်တွေထဲမှာလိုက်ရှာဖို့ မဟုတ်ပါဘူး။ စာအုပ်တစ်အုပ်ကိုရေးတဲ့ စာရေးဆရာဟာ ကိုယ့်ထက်ပညာမရှိလျှင် ဒီစာအုပ်ကိုဖတ်စရာ မလိုတော့ပါဘူး။ ကိုယ့်ထက် ပညာရှိလျှင်၊ အသိအလိမ္မာရှိတယ်ဆိုလျှင်တော့ နေရာများစွာမှာ သူများနဲ့မတူတဲ့ ခြားနားစွာ တွေးခေါ်တာကို တွေ့ရလိမ့်မယ်။  စာအုပ်တစ်အုပ်ကိုဖတ်ပြီးတာနဲ့ ဒီစာအုပ်ဟာ သိတ်ကောင်းတာပဲ။  ကျွန်တော်တွေးတာနဲ့အတူတူပဲလို့ ကျွန်တော်တို့ မကြာခဏပြောလေ့ရှိကြတယ်။ အမှန်ကတော့ ဒီလိုမဖြစ်သင့်ဘူး။ ဒီစာအုပ်ဟာ တော်တော်ထူးခြားတဲ့စာအုပ်ပဲ။ အရင်တုန်းက ကျွန်တော် ဒီလို တစ်ခါမှမတွေ့ဖူးဘူး၊ ကြည့်စမ်း ဘယ်လောက်မှန်သလဲဆိုတာ တွေ့ရလိမ့်မယ်။ ခု မတွေ့သေးလျှင်လည်း နောက်တစ်နေ့မှာ ဒီစာအုပ်ထဲကအတိုင်းဖြစ်မှာပဲဆိုတဲ့အတွေးမျိုး ကျွန်တော်တို့မှာပေါ်လာရမယ်။ ထားပါလေ။ ဒီလောက်ထိ စာအုပ်တစ်အုပ်ကို အထင်ကြီး ကိုးကွယ်ခြင်းမပြုလိုသည့်တိုင် အနည်းဆုံး စာအုပ်ထဲမှာ ကိုယ့်အတွေးကိုရှာဖို့မဟုတ်ပဲ စာရေးဆရာ ဘယ်လိုရေးသလဲဆိုတာသိလိုတဲ့ဆန္ဒနဲ့ ဖတ်သင့်တယ်။ ခင်ဗျားဟာ တွေးတတ် ခေါ်တတ်တယ်ဆိုလို့ရှိလျှင် စာရေးဆရာရဲ့အတွေးအခေါ် မှန်မမှန်ကို နောက်ကျတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ယူပေါ့။

 

“ဒါပေမဲ့ လောလောဆယ်တော့ သူဘယ်လိုတွေးသလဲ၊ ဘာတွေးသလဲကို သိအောင်လုပ်သင့်တယ်။ ဒီလိုဖတ်တဲ့အခါမှာလည်း စာရေးဆရာဆိုလိုချင်တဲ့အဓိပ္ပာယ်၊ စာရေးဆရာ ဆိုလိုလိုချင်တဲ့အတွေးကို ချက်ခြင်းလက်ငင်း လုံးဝဥဿုံသိရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ အဓိပ္ပာယ်တစ်ခုလုံး၊ အတွေးအခေါ်တစ်ခုလုံးကို ချက်ခြင်းမသိနိုင်ပါဘူး။  တဖြည်းဖြည်းမှ သိလာတာပါ။ ဒီလိုဖြစ်တာဟာလည်း  စာရေးဆရာက ရှင်းရှင်းလင်းလင်းမရေးလို့ မဟုတ်ပါဘူး။  စာရေးဆရာက သူပြောလိုတာတွေကို ချန်ထားလို့မဟုတ်ပါဘူး။  တစ်ပြိုင်နက်တည်းမှာ အားလုံးကိုကုန်အောင် မပြောနိုင်လို့ပါ။ ပြောနိုင်လျှင်လည်း အားလုံးပြောမှာမဟုတ်ပါဘူး။  စာရေးဆရာဟာ ပြောချင်တာကို ပုံတိုပတ်စကလေးတွေနဲ့ သွယ်သွယ်ဝိုက်ဝိုက် ဖုံးဖုံးကွယ်ကွယ်ပြောလိမ့်ရှိပါတယ်။ ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့ ဒီလို ဖုံးဖုံးကွယ်ကွယ်ပြောတတ်လေသလဲ၊ ဘာဖြစ်လို့ ပညာရှိတွေရဲ့ရင်ထဲမှာ ရက်စက်တဲ့တိတ်ဆိတ်မှုရှိနေသလဲဆိုတာကိုတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ သူတို့ရဲ့ အတွင်းကျတဲ့ နက်ရှိုင်းတဲ့အတွေးတွေကိုတော့ ဖုံးကွယ်ထားတတ်ကြတာအမှန်ပဲ။

 

စာရေးဆရာများဟာ သူတို့ရဲ့အတွေးတွေကို ခင်ဗျားတို့ကိုပေးတဲ့နေရာမှာ အကူအညီအဖြစ်ပေးတာ မဟုတ်ဘူး။ ဆုလာဘ်အဖြစ် ပေးတာ။ ခင်ဗျားတို့ လှမ်းမယူခင် ခင်ဗျားတို့ အဲ့ဒီအတွေးတွေနဲ့ ထိုက်မှ ထိုက်ရဲ့လားလို့ စဉ်းစားချင့်ချိန်ပြီးမှပေးတာ။ ဒီနေရာမှာတော့ သူတို့ရဲ့ပညာဟာ ရွှေနဲ့အတူတူပဲ။  ရွှေဟာလည်း ရုပ်ဝတ္ထုဆိုင်ရာအသိဉာဏ်တစ်ပါးပါပဲ။ ခင်ဗျားတို့ ကျွန်တော်တို့အနေနဲ့ကြည့်ရင် လျှပ်စစ်စွမ်းအားစုများဟာ မြေကြီးထဲမှာရှိနေတဲ့ရွှေတွေကို တောင်ထိပ်ပေါ်ရောက်အောင် တစ်ခါတည်း ဘာဖြစ်လို့ပို့မပေးတာလဲ။ ဒီလိုဆိုရင် ကျွန်တော်တို့မှာ ရှာဖွေရတာ မလွယ်ပေဘူးလား။ ခုတော့ ကျွန်တော်တို့မှာ တူးရဆွရ၊ အချိန်ကုန်လူပန်းဖြစ်ရ၊ စိုးရိမ်သောကရောက်ရ။၊ တစ်ခါတလေမှာ ဘာမှ မရဘဲ အချည်းနှီးဖြစ်ရနဲ့၊ တစ်ခါတည်း ဘာဖြစ်လို့ မပေးလိုက်တာလဲလို့ မေးစရာရှိတယ်။ ဒါပေမဲ့ သဘာဝချင်းကြောင့် ဒီလိုဖန်တီးမထားဘူးလေ။  မြေကြီး ပက်ကြားအက်တွေကြားမှာ နည်းနည်းနည်းနည်းပဲ သိုမှီးထားတယ်။ ဘယ်နေရာမှာ ရှိတယ်ဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။ ပင်ပန်းခံပြီး အကြာကြီးတူးပေမယ့် ရွှေတစ်စကိုတွေ့ချင်မှ တွေ့တာ။ ရွှေလေးတစ်စရဖို့အတွက် ပင်ပင်ပန်းပန်းတူးချင်တူးရတာမျိုး။

 

“ပညာရှိတွေရဲ့ အကောင်းဆုံးသော အသိအလိမ္မာဉာဏ်ဟာလည်း ထိုနည်းလည်းကောင်းပဲ။ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်ပါ။ ငါဟာရွှေတူးသမားတစ်ယောက် လုပ်နိုင်ပါ့မလား။ ငါ့ပေါက်တူးတွေ၊ ဂေါ်ပြားတွေကရော ကောင်းရဲ့လား၊ ငါ့ကျန်းမာရေးကော ကောင်းရဲ့လား၊ စိတ်ဓာတ်ကော ကြံ့ခိုင်ရဲ့လား၊ အင်္ကျီလက်ဖျားကို တံတောင်ဆစ်အထိပင့်တင်ပြီး နင်လားငါလား လုပ်နိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။ ဒီမေးခွန်းဟာ အရေးကြီးပါတယ်။ ခင်ဗျားတူးရမယ့်ရွှေဟာ စာရေးဆရာရဲ့အတွေးအခေါ်၊ စာရေးဆရာရဲ့စိတ် ဖြစ်ပါတယ်။ ခင်ဗျား ခွဲခြေထုထောင်းပြီး အရည်ကြိုရမယ့် ကျောက်ခဲတုံးဟာ စာရေးဆရာရဲ့စကားလုံးတွေ ဖြစ်ပါတယ်။ ခင်ဗျားသုံးရမယ့် ပေါက်တူးတွေ ဂေါ်ပြားတွေဟာ ခင်ဗျားရဲ့အလေးထားမှု၊ ခင်ဗျားရဲ့ ဉာဏ်၊ ခင်ဗျားရဲ့ ပညာခံတို့ဖြစ်ပါတယ်။ ရလာတဲ့ အထုအထောင်းခွဲချေထားတဲ့သတ္ထုခဲကို  အရည်ကြိုရမယ့်ခင်ဗျားမီးဖိုဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်အတွေးအခေါ် စဉ်းစားဉာဏ် ဖြစ်ပါတယ်။ ဒီလက်နက်ကိရိယာတွေ၊ ဒီမီးဖိုတွေမပါဘဲ စာရေးဆရာရဲ့ အတွေးအခေါ်ကောင်းကို ရမယ်လို့မမျှော်လင့်ပါနဲ့။ ရွှေလေးတစ်စကိုလိုချင်လျှင် ခင်ဗျားလက်နက်ကိရိယာတွေက အချွန်ဆုံး အထက်ဆုံးဖြစ်လျှင် ပိုကောင်းတယ်။ စိတ်အရှည်ဆုံး ကျင့်ယူနိုင်လျှင် ပိုကောင်းတယ်။ 

 

“ဒီတော့ ရိုးရိုးသားသားနဲ့ ပိုင်ပိုင်နိုင်နိုင်ပြောလိုက်မယ်။(ပိုင်ပိုင်နိုင်နိုင်ပြောမယ်ဆိုတာကတော့ ကျွန်တော့်အယူအဆမှန်တယ်လို့ ထင်လို့ပါ)။  စာတစ်အုပ်ကိုဖတ်တော့မယ်ဆိုလျှင် စာလုံးတွေကို ဂရုစိုက်ဖတ်တတ်တဲ့အကျင့်ရှိအောင် လုပ်ပါ။ အသံတိုင်း အသံတိုင်း၊ စာလုံးတိုင်း စာလုံးတိုင်းကို နားလည်အောင်လုပ်ပါ။ စာလုံးတွေ အသံတွေဟာ သ‌င်္ကေတကိုဖော်ပြတာဖြစ်တဲ့အတွက်  ဒီလို သင်္ကေတတွေပါတဲ့စာအုပ်တွေကိုလေ့လာခြင်းကို စာပေလို့ ကျွန်တော်တို့က ခေါ်နေကြပေမယ့် ဒီလို လေ့လာတဲ့လူကိုလည်း စာအုပ်သမားလို့မခေါ်ဘဲ  စာပေသမားတွေလို့ ခေါ်နေကြပေမယ့် အထက်မှာ ကျွန်တော်ပြောခဲ့တဲ့အတိုင်း စာလုံးတွေရဲ့အဓိပ္ပာယ်ကိုတော့ သေသေချာချာသိဖို့လိုပါတယ်။ (ခင်ဗျားအသက်ရှည်လို့ ဗြိတိသျှပြတိုက်ထဲကစာအုပ်တွေအားလုံး ဖတ်ပြီးသည့်တိုင်) ခင်ဗျားဟာ စာမတတ် ပေမတတ်လူတစ်ယောက် ဖြစ်နေဦးမှာပဲ။ 

 

“ဒါပေမဲ့ ခင်ဗျားဟာ စာအုပ်ကောင်းတစ်အုပ်ကို ဆယ်မျက်နှာလောက်ဖတ်ပြီး တစ်လုံးချင်းကို တိတိကျကျ သေသေချာချာ နားလည်ပြီဆိုလျှင် ခင်ဗျားကို တစ်စုံတစ်ခုသောအတိုင်းအတာထိ စာပေတတ်ကျွမ်းတဲ့ပုဂ္ဂိုလ်လို့ ခေါ်နိုင်ပြီ။  (အသိဉာဏ်သဘောနဲ့ ပြောရမယ်ဆိုလျှင်) ပညာတတ်ခြင်း မတတ်ခြင်းဟာ အဲ့ဒီစကားတွေကို တိကျစွာနားလည်ခြင်း မလည်ခြင်းအပေါ်မှာတည်တယ်။

 

“ပညာတတ်ပုဂ္ဂိုလ်တစ်ယောက်ဟာ  ဘာသာစကားများစွာကို တတ်ကျွမ်းချင်မှ တတ်ကျွမ်းမယ်၊  ကိုယ့်အမိဘာသာရင်းကလွဲပြီး အခြားဘာသာစကားကို ပြောချင်မှပြောတတ်မယ်၊ စာအုပ်တွေကိုလည်း များများ ဖတ်ဖူးချင်မှ ဖတ်ဖူးမယ်၊ ဒါပေမဲ့ တိတိကျကျသိတယ်၊  သူထွက်တဲ့အသံဟာ မှန်ကန်တယ်လို့ဆိုလျှင် အဲ့ဒီပုဂ္ဂိုလ်ဟာ ပညာရှိပဲ။ စကားလုံးတွေရဲ့ ရင်းမြစ်ကိုသိတယ်၊ တစ်ချက်ကလေး ကြည့်လိုက်ရုံနဲ့ ရှေးခေတ်ကစကားလုံးနဲ့ ခုခေတ်စကားလုံး ခွဲခြားနိုင်တယ်၊ အဲ့ဒီစကားလုံးတွေ ပေါင်းစပ်သွားပုံ၊ အဓိပ္ပာယ်ရွေ့လျားသွားပုံ၊ အဓိပ္ပာယ်ပြောင်းသွားပုံ စသည်တို့ကိုသိတယ်ဆိုလျှင် အဲ့ဒီပုဂ္ဂိုလ်ဟာ ပညာရှိပဲ။  လူတစ်ယောက်ဟာ ဘာသာစကားတွေအများကြီးကို မှတ်ဉာဏ်အရ မှတ်လည်းမှတ်မိပါရဲ့၊ ပြောလည်းပြောနိုင်ပါရဲ့၊  စကားလုံးအဓိပ္ပာယ်ကိုမသိလျှင်၊ ကိုယ့်မူရင်းဘာသာရပ်စကားလုံးလည်း မသိဘူး၊ အဓိပ္ပာယ်ကိုလည်း မသိဘူးဆိုလျှင် အဲ့ဒီလူဟာ ပညာမဲ့တဲ့လူပဲ။ စာမတတ်တဲ့သူပဲ။ သာမန်အားဖြင့် လည်လည်ပတ်ပတ်ရှိတဲ့ သင်္ဘောသားတစ်ယောက်ဟာ သင်္ဘောဆိုက်တိုင်း ကမ်းကိုတက်ပြီး သွားတတ်လာတတ်လောက်တော့ ရှိတာချည်းပဲ။ ဒါပေမဲ့ သူ ဘာပြောတတ်မလဲ။  သာမန် စာတတ်တဲ့လူတစ်ယောက်ကို နားလည်အောင် ထမင်းစားရေသောက်လောက်ပဲ ပြောတတ်မှာပေါ့။ အသံထွက်လည်း ထိုနည်းလည်းကောင်းပဲ ဖြစ်မှာပေါ့။  နို့မို့ဆိုလျှင် သူ့ကို ကျွန်တော်တို့ ပညာရှိတစ်ယောက်အနေနဲ့ အသိအမှတ်ပြုရုံပဲရှိတော့တယ်။

 

“မှားတဲ့ အသံထွက်တစ်ခု သို့မဟုတ် မှားတဲ့အသံထွက်တစ်ခုကို ကြည့်လိုက် နားထောင်လိုက်ရုံနဲ့ (အထူးသဖြင့် လွှတ်တော်တွေထဲမှာဆိုလျှင်) ဒီလူဟာ ပညာအဆင့်အတန်း ဘယ်လောက်ရှိလဲ မရှိဘူးဆိုတာကို ကောက်ချက်ချလို့ရတယ်လို့ ပညာတတ်တွေက ယူဆလေ့ရှိတယ်။ ဒါဟာ မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက  အသံထွက်ထက် အဓိပ္ပာယ်တိကျမှုက ပိုလို့အရေးကြီးပါတယ်။ တိကျမှုကို အရေးကြီးထားမပြောလိုတာကတော့ တော်တော်ဝမ်းနည်းစရာ ကောင်းတယ်။ လွှတ်တော်ထဲမှာ လက်တင်ဘာသာနဲ့ အရေအတွက်ကိုပြောတာ အသံထွက်မှားနေရင် ပြုံးစေ့စေ့လုပ်တတ်ကြတယ်။  ဒါပေမဲ့ အင်္ဂလိပ်စကားနဲ့ တလွဲတချော်ပြောတာကို မျက်မှောင်ကုပ်ဖော် မရတာကတော့ သိတ်မနိပ်ပေဘူးပေါ့။ ဒီတော့ အသံထွက်ကိုလည်း ကြည့်သင့်သလောက်ကြည့်ပါ၊ ဒါပေမဲ့ အဓိပ္ပာယ်တိကျမှုကိုတော့ ပိုပြီးဂရုစိုက်ကြပါလို့ ကျွန်တော်ပြောချင်တယ်။  တိကျမှုကိုဂရုစိုက်လျှင် ကျွန်တော်တို့မှာ တော်တော် အရာရောက်နိုင်ပါတယ်။ သေချာစွာ ရွေးချယ်သုံးနှုန်းထားတဲ့ စကားလုံးတစ်လုံးဟာ၊ စကားလုံးအနည်းငယ်ဟာ စကားလုံးထောင်ပေါင်းများစွာမလုပ်နိုင်တဲ့အလုပ်ကို ပြီးစေနိုင်ပါတယ်။

 

(ရပ်စကင်းက စကားလုံးတွေအရေးကြီးပုံကို အင်္ဂလိပ်စာပေက ကဗျာစာဆို မီလ်တန်၊ ရှိတ်စပီးယားစတဲ့စာဆိုတွေရဲ့ ကဗျာတွေထဲက စကားအသုံးအနှုန်းတွေကို ဥပမာပြပြီး အသေးစိတ်ပြောသွားပါတယ်။ ရှေးဟောင်းဂရိစာပေ၊  လက်တင်စာပေအသုံးအနှုန်းတွေနဲ့လည်း ဥပမာပြပြီးပြောသွားပါတယ်။ ဂရိမှနေ လက်တင်၊ လက်တင်မှ ပြင်သစ်၊ ဂျာမန်၊ အင်္ဂလိပ် ဘာသာစကားထဲကို စကားလုံးတွေရောက်လာပုံကို ပြောသွားပါတယ်။ ပညာရှိတွေ ရေးခဲ့တဲ့စာပေတွေကို ဘယ်လိုချစ်ရမလဲဆိုတာနဲ့ပတ်သက်လို့ နည်းနှစ်နည်းကိုပြောတဲ့နေရာမှာ ရပ်စကင်းက ပထမနည်းဟာ ပညာရှိတွေရဲ့ ဒါမှမဟုတ် စာအုပ်တွေရဲ့အဆုံးအမကို နာခံလိုတဲ့ဆန္ဒ ရှိရမယ်လို့ပြောသွားပါတယ်။ ဒုတိယနည်းကို အောက်ပါအတိုင်း ဆက်ပြောပြန်ပါတယ်) 

Tuesday, August 30, 2022

ကမ္ဗောဇ (ဌေးမြိုင်)

0 comments

ကမ္ဗောဇ (ဌေးမြိုင်)

ရှမ်းပြည်....တောင်တန်းတို့ဖြင့် ညို့ညို့မှိုင်းမှိုင်း၊ ရှုလိုက်တိုင်းသာယာသော ရှမ်းပြည်။ တောင်စဉ် ခင်တန်းတို့ဖြင့် စိမ်းစိမ်းစိုစို၊ လွမ်းဆွတ်ဖွယ်ကောင်းသာ ရှမ်းပြည်၊ ငွေရောင်ဖန်ပြွန်ရေတံခွန်တို့ဖြင့် မဖြစ်စတောင်းသာမျိုးစုံပေါင်းကြသည့် ရှမ်းပြည်။

အိပ်မက်ထဲ၌ကား ရှမ်းပြည်သည် ကွန့်မြူးလျက်ရှိသည်။ ရှမ်းလူမျိုးတွေ ရိုးသည်၊ သဘောကောင်းသည်၊ ဧည့်ဝတ်ကျေသည်။ ရှမ်းမလေးတွေ ပါးအို့နီနီနှင့်။

ရှေးရှေးတုန်းက ရှမ်းပြည်သည် ငှက်ဖျားပေါရာဌာန၊ စုန်း ကဝေ တစ္ဆေ၊  အင်းအိုင်လက်ဖွဲ့၊ ခလွှဲ့မန္တရား စသောပညာတို့ကျက်စားရာအဖြစ်သာ ကြားဖူးနားလည်ကု၍ ရှမ်းပြည်ကို အိမ်ဦးကြမ်းပြင် ဖြစ်နေသော်လည်း အရောက်အပေါက်နည်းခဲ့သည်။ ယခုအခါ၌ကား ရှမ်းပြည်သည် လောင်းကစားပွဲတို့ဖြင့် အရှေ့တိုင်းမွန်တီကာလိုဟု ကျော်ကြား၏။ ပင်စင်ယူပြီးသော ဥရောပတိုက်သားတို့ခေါင်းချရာ အာရှတိုက် ဆွစ်ဇလန်ဟုလည်း ထင်ရှား၏။  တိတ်တိတ်ပုန်း ဘိန်းချရာ၊ ရုပ်ရှင်ရိုက်ရာ၊ နွေရာသီရုံး၊ ကျောင်းပိတ်၍ အပျော်အပါးလှည့်လည်ရာ “စခန်းသာ” အဖြစ်လည်း လူသိများကြသည်။

 

သို့သော် မကြာသေးမီက ကျိုးတုံ(မူရင်းအတိုင်းဖြစ်ပါသည်)စော်ဘွား သေနတ်ဖြင့်ပစ်သတ်မှုသည် လည်းကောင်း၊ တရုတ်ပြည်နှင့် အနောက်တိုင်းကို တံတားကူးပေးသော ယူနန်-ဗမာလမ်းမကြီးသည် လည်းကောင်း၊ မောရစ်ကောလစ်၏ နေဝင်ဘုရင်များစာအုပ်သည်လည်းကောင်း ရှမ်းပြည်အား ကမ္ဘာ့သတင်းရှေ့နောက်ဖို့(မူရင်းအတိုင်း) အတင်းဆွဲသွင်းလိုက်တော့သည်။ အိပ်မောကျနေသော လူတစ်ယောက်ကို ဇာတ်ခုံပေါ်သို့ အတင်းတင်လိုက်သည်နှင့်သာ တူတော့သည်။ ရှမ်းပြည် ဘယ်လို က မည်နည်း။

ရှမ်းပြည်ကား ဗမာနိုင်ငံအပါအဝင်မဟုတ်။ နယ်ချဲ့အင်္ဂလိပ်အစိုးရက သွေးခွဲစနစ်အရ ဗမာပြည်နှင့်ခွဲကာ တိုက်ရိုက်အုပ်စိုးသော သီးခြားပြည်ထောင်စုတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ရှမ်းပြည်ကို ရှမ်းပြည်ထောင်စုဟု ခေါ်သည်။ ရှမ်းပြည်ဟုဆိုလိုက်လျှင် အလွန်သတင်းမွှေးလှသော ဖွားဘက်တော် ပုဒ်မ-၁၀ ကို မကြားဖူးဘဲနေမည်မဟုတ်။ အဘယ်ကြောင့် ပုဒ်မ-၁၀ သည် ကျော်ကြား ရသနည်း။ ရှမ်းပြည်အစဉ်အလာဥပဒေတွင် ဗမာပြည်မှာကဲ့သို့ ရှုပ်ထွေးများမြောင်လှသော ဥပဒေတွေ မရှိ။ အစုစုပေါင်းမှ ၁၀ ခုသာရှိသည်။ ၁ မှ ၉ အထိမှာ သူ့အပြစ်နှင့်သူ တသီးတခြား ရေးသားထားသည်။ ပုဒ်မ -၁၀ အောက်ကား...ပုဒ်မ-၉ အထိမပါသော ပြစ်မှုဟူသရွေ့ သေဒဏ်မှ တစ်ပါး ပေးချင်သောအပြစ်ကို ပေးနိုင်သည်ဟုရေးထိုး၏။ အဓိပ္ပာယ်မှာ ရှမ်းပြည်မျက်စေ့ထဲတွင် အလိုမရှိလျှင် နာရီပိုင်းအတွင်း ရှမ်းပြည်မှထွက်ခွာသွားရမည်။ မတုပနိုင်သော ပုဒ်မ-၁၀။ ဘယ်လိုမှ ထုချေခွင့်မရှိ။ တစ်ချက်လွှတ်အမိန့်တော်ပင်ဖြစ်သည်။ ဘယ် ဝတ်လုံတော်ရမှ မတတ်နိုင်။ ပုဒ်မ-၁၀ ကို တွေ့ခဲ့ရဖူးသည်။

ကျွန်တော်နှင့် သမဂ္ဂဥက္ကဌဟောင်းကိုဗဟိန်းတို့သည် ၁၉၃၉ ခု သီတင်းကျွတ်ကျောင်းပိတ်ရက်အတွင်း ရှမ်းပြည်သို့ ဒေသန္တရခရီးထွက်ခဲ့ကြသည်။ တစ်ဖန် ဗမာပြည်သို့ပြန်ရောက်သောအခါ ရာသီဥတု ပူအိုက်သလောက် ရှမ်းပြည်အတွက် စိတ်ပူခြင်းတည်းဟူသောလက်ဆောင်ကိုပါ ယူခဲ့ရပါသည်။ ဤရှမ်းရွာလက်ဆောင် ဆောင်းပါးသည်လည်း စိတ်ပူခြင်းမှသီးပွင့်၍လာရပါသည်။

 

(၂)

“ကဲ ကိုဗဟိန်း...ရုံးမော်ဟိုးက တရုတ်လက်ဖက်ရည်မွှေးမွှေးကို နှုတ်ဆက်သောက်...သောက်လိုက် ကြရအောင်” “အဟဲ...ဟဲဟဲ”။ ကျွန်တော်တို့နှစ်ယောက်ကား ပြုံးရင်း ဖော်ရွေသောအိမ်ရှင် ငှဲ့ပေးသည့် တရုတ်လက်ဖက်ရည်ကြမ်းကို နှစ်ခြိုက်စွာ သောက်လျက်ရှိကြသည်။ ဘေးက ဗမာစကား နားမလည်သော တရုတ်များက ပြုံးကြသည်။

ရုံးမော်ဟိုးဆိုသည်မှာ လွယ်ယိုး(လားရှိုးဟောင်း)ရှိ ကျွန်တော်တို့တည်းခိုနေသော တရုတ် ကုန်သည်ကြီးတစ်ဦး၏ နေအိမ်အမည်ဖြစ်သည်။

တရုတ်တွေကား ကျွန်တော်တို့အား ချစ်ကြည်ကြသည်။ ဧည့်ဝတ်ကျေပွန်စွာ လက်ခံကြသည်။ သူတို့ ကျွေးမွေးသည့်အထဲတွင် တရုတ်လက်ဖက်ခြောက်ကို လှော်၍ခတ်သော တရုတ်လက်ဖက်ရည်ကြမ်းသည် ကျွန်တော်တို့ခံတွင်းတွင် အလွန်အရသာရှိလှသည်။ မွှေးမြသောရနံ့နှင့် သောက်၍ကောင်းလှသည်။ ထိုနေ့ကား လားရှိုးမှသိန္နီသို့ ထွက်ခွာမည့်နံနက်ခင်း ဖြစ်လေသည်။ ကျွန်တော်သည် ဝန်စည်စလှယ်များကို ထုတ်ပိုးချည်နှောင်နေခိုက် ကိုဗဟိန်းမှာ တရုတ်တွေနှင့် အရှေ့တိုင်းစစ်ပွဲများ အကြောင်းကိုဆွေးနွေးရင်း လက်ဖက်ရည်ကိုသာ တစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်နေသည်။

“ဒါ့ထက် ဆရာတို့ အခု အမတ်ကြီးအိမ်သွားဦးလေ၊ သူ့ကိုသွားတွေ့ဖို့ကောင်းတယ်၊ ည ကလည်း နှစ်ခေါက်တောင် ခင်ဗျားတို့ကို လာရှာတယ်၊ သူ ဘာပြောချင်လို့လည်း မပြောတတ်ဘူး”ဟု အိမ်ရှင်က သတိပေးသည်။ 

ဟုတ်သည်၊ အမတ်ကြီးနှင့်တွေ့ရဦးမည်။ ရှမ်းပြည်တွင် အမတ်ကြီးခေါ်သော်လည်း အမှန်မှာ မြို့အုပ် ဖြစ်လေသည်။

“ဟုတ်ကဲ့...ကျွန်တော်တို့ သွားကြည့်ဦးမယ်လေ၊ ဟို..စာပို့ကားလာရင်သာ ခဏ စောင့်ခိုင်းထားလိုက်ပါ”။ “အင်း...အင်း... စောင့်ခိုင်းထားလိုက်ပါ့မယ်၊ မြန်မြန်ပြန်လာနိုင်အောင် ဘိုင်စကယ်နှစ်စင်း ယူစီးသွားပါလား...” 

ရှမ်းပြည်တွင် အတော်အေးလေပြီ။ အုတ်တံတိုင်းဖြင့် ဘေးပတ်လည်ကာရံထားသော ရုံးမော်ဟိုးနံရံ အပြင်သို့ထွက်လျှင်ပင် ဆောင်းဝင်စလေကြောင့် အတော်ချမ်းသည်။ နှင်းတွေလည်း 

မှိုင်းမှိုင်းဝေလျက်ရှိလေပြီ။ တစ်ဖက်ချိုင့်ဝှမ်းနယ်နိမိတ်ရှိ တောတန်းစိမ်းညို့ညို့သည် နှင်းရိပ် ရေးရေးသာ ပေါ်နေလေ၏။

မှုန်ပြာသော နှင်းတိုက်ဝယ် စက်ဘီးနှစ်စီးသဏ္ဌန်သည် လားရှိုးလမ်းပေါ်တွင်ပြေးလျက်။ နောက်...ကုန်းကလေးပေါ်ရှိ မြို့အုပ်ဦးဓူဝံ၏အိမ်ရှေ့၌ ထိုးရပ်လေသည်။

ဦးဓူဝံနှင့် ကျွန်တော်တို့ နာရီဝက်ခန့် စကားကောင်းနေကြသည်။ သူက ကျွန်တော်တို့လာသည့် ရည်ရွယ်ချက်ကို မေးသည်။ ကိုဗဟိန်းက ရှမ်းပြည်စာအုပ်ရေးရန် လှည့်လည်ကြည့်ရှုကြောင်း၊ နိုင်ငံရေးကိစ္စ ဘာမျှမပါကြောင်း ပြန်ဖြေသည်။ ဦးဓူဝံကား အတော်ဖော်ရွေ၏။ ကျွန်တော်တို့အား ကော်ဖီပူပူဖြင့်ဧည့်ခံသည်။ အသွားအလာ ဂရုစိုက်ဖို့၊ ရှမ်းပြည်တွင် နိုင်ငံရေးမလုပ်ဖို့ စေတနာနှင့် သတိပေးသည်။ သူသည် စာပေဝါသနာပါ၍ တက္ကသိုလ်က သိပ္ပံမောင်ဝ၊ ဦးလူဖေဝင်း၊ သခင်နု စသောပုဂ္ဂိုလ်များကိုလည်း မေးသည်။ သူသည် ရန်ကုန်တက္ကသိုလ်ကျောင်းထွက်ဖြစ်သည်။ မောရစ်ကောလစ်ရေး နေဝင်ဘုရင်များစာအုပ်ကိုလည်း ဝေဖန်ချက်ပေးသည်။ သူနှင့်စကားပြောနေစဉ် သိန္နီမှ ရာဇဝတ်ဘက်ဆိုင်ရာအမတ်ရောက်လာ၍ ကျွန်တော်တို့နှင့် အသိဖွဲ့ပေးလေသည်။

နောက် ကျန်တော်တို့သည် ဦးဓူဝံကို နှုတ်ဆက်ကာ ပြန်ခဲ့ကြလေသည်။ နှင်းတွေကား တဝေတည်းဝေလျက်ပင်ရှိလေသည်။ ရုံးမော်ဟိုးတံခါးဝတွင် စာပို့ကားသည် ကျွန်တော်တို့အား စောင့်လျက်ရှိ၏။ ကားမှန်ဘောင်မှ လားရှိုးစုံထောက် စောစံမြင့်သည် ကျွန်တော်တို့အား ပြုံး၍ နှုတ်ဆက်လေသည်။ ကားပေါ်တွင် ခရီးသည် ၆ ယောက်ခန့်သာရှိသေးသည်။

“လူ သိတ်မရသေးပါလားဗျ”။ “ရှိပါတယ် တချို့က ဒမ်းစတေရှင်မှာ စောင့်နေကြလိမ့်မယ်။ ဝန်စည်စလှယ်တွေသာ တင်ကြပါ။ ကျုပ်တို့ ခု...ထွက်မှာပဲ”ဟု ဒရိုင်ဗာက စီးကရက်ကိုဖွာရင်း ပြောသည်။

အိမ်ရှင်တရုတ်များသည် သားရေသေတ္တာ၊ အိပ်ယာလိပ်စသည်တို့ကို အိမ်တွင်းမှ သယ်ယူလာကြသည်။ စုံထောက်လည်း ကူညီ၍သယ်သည်။ စုံထောက်ကား ကျွန်တော်တို့နှင့် တကောက်ကောက်လိုက်နေရ၍ လူချင်း အတော်လေး အကျွမ်းတဝင်ဖြစ်နေသည်။ ဝန်စည်စလှယ်များ အကုန် ဘတ်စကားအတွင်းသို့ တင်ပြီးသောအခါ ဒရိုင်ဗာသည် ကားကို တဝူးဝူးနှင့် စက်နှိုးလိုက်လေသည်။ အိမ်ရှင်တရုတ်တွေက ပြုံး၍ရပ်ကြည့်နေကြသည်။

“ကျုပ်တို့ သွားဦးမယ်၊ အပြန်ဝင်ဖို့အချိန်ရရင် ဝင်ခဲ့ဦးမယ်၊ ခင်ဗျားတို့ဧည့်ခံတဲ့ လက်ဖက်ရည်မွှေးမွှေးကိုဖြင့် အမြဲသတိရနေမှာပဲ၊ သွားဦးမယ်နော်”။ “ဟုတ်ကဲ့...ဟုတ်ကဲ့၊ နောက်လာလည်း ဒီမှာပဲတည်းကြပါ၊ ဗမာနဲ့တရုတ်ဟာ အာရှသားချင်းအတူတူပါ၊ ကဲ... သွားပေဦးတော့”။

ကားလည်း တဝူးဝူးအော်ကာ ထွက်သွားလေသည်။ အုတ်တံတိုင်းအတွင်းမှ အချွန်အတက်တွေနှင့် ရုံးမော်ဟိုးသည် မှုန်ဝါးဝါးနှင်းတိုက်ကြားဝယ် တစ်စတစ်စ ကွယ်ပျောက်ကျန်ရစ်လေပြီ။

 

(၃)

ကားသည် ဗမာ-ယူနန်လမ်းမကြီးပေါ်တွင် တငြိမ့်ငြိမ့်ပြေးလျက်ရှိသည်။ ကညင်ခြံကျော်လျှင် လက်နက်ရုံကို ကမူစွန်းမှမြင်ရလေသည်။ လက်နက်ရုံအလွန်တွင် ရှမ်းခရီးသည် ၉ ဦးခန့် စောင့်နေသည်။ ကားလည်းရပ်လိုက်၏။

စုံထောက်စောစံမြင့်သည် ကားရပ်လျှင် ဆင်းလိုပ်လေသည်။

“ဘာပြုလို့လဲဗျ...ခငက်ဗျား သိန္နီမလိုက်ဘူးလား”။ “ဟင့်အင်း.. ကျုပ်လိုက်ဖို့ မလိုပါဘူး၊ ဟိုဘက်ဆိုတော့ ‌ဗြိတိသျှက လုံးဝတာဝန်မခံဘူး၊ သိန္နီစော်ဘွားနဲ့ဆိုင်တယ်၊ ကျုပ်တို့က လားရှိုးလောက်သာ တိုက်ရိုက်ဆိုင်တာ၊ ဒါပေမယ့် ဟိုမယ် ရာဇဝတ်ဘက်ဆိုင်ရာအမတ် ပါသားပဲ၊ သူက ကိုဘဗဟိန်းတို့ လာလည်တယ်ဆိုလို့ သိန္နီက တမင်တကာ လားရှိုးကိုလာရတာ”ဟု ကားထဲရှိ ဦးထုပ် ကာကီရောင်ကိုဆောင်းထားသော ရာဇဝတ်ဆိုင်ရာအမတ်ကို မေးငေါ့၍ပြလေသည်။ ကျွန်တော်တို့သည် ယခုမှပင် တစ်ကားထဲပါလာသော ရှမ်းအမတ်ကို သတိထားမိကြသည်။ သူသည် ရုံးမော်ဟိုးမှထွက်ခါစ ဈေးနားမှတက်လာခြင်းဖြစ်လိမ့်မည်။ သူသည် ကျွန်တော်တို့အားကြည့်၍ ပြုံးနေလေသည်။

“ကဲ...ကိုဗဟိန်း၊ ကိုဌေးမြိုင်တို့ သွားကြပေဦး”။

ဘတ်စကားသည် ထွက်ခွာစပြုလေရာ စုံထောက်သည် ကျွန်တော်တို့အား လက်ပြရင်းကျန်ရစ်ခဲ့သည်။ နှင်းရိပ်ဝယ် ဝင်းဝါသော နေရောင်ခြည်သည် တလွင်လွင်ပေါ်လေပြီ။ အေးစိမ့်သောပတ်ဝန်းကျင်နှင့် တက်သစ်စနေပူတို့လည်း တိုက်ခိုက်ကြလေပြီ။ ကားသည် တဖြည်းဖြည်း လားရှိုးနှင့်ဝေးခဲ့လေပြီ။

လားရှိုးနှင့် သိန္နီမှာ မိုင် ၃၀ ခန့်ဝေးလေသည်။ ကားသည် တောင်မြင့်သို့ကွေ့ကာပတ်ကာ ဝေ့ကာပတ်ကာနှင့် တက်လေပြီ။ တစ်ဖက်တစ်ချက်တွင်ကား ညို့ညို့ဆိုင်းဆိုင်း မှိုင်းသောတောင်တန်း။ မြူနှင်းလွင်တို့ဖြင့် ရီရီမှုန်နေသောတောရိပ်တောင်ရိပ်။ အလေ့ကျ ဖူးပွင့်ချင်တိုင်းဖူးပွင့်နေကြသော တောပန်းမာလာ။ ငွားငွားစွင့်စွင့် မြင့်မားသောကျွန်းပင်များ။ တောင် ဆင်ခြေလျှောမှ ကပ်ကပ်သတ်သတ် ကျဉ်းမြောင်းသော လယ်ကွင်းယာတော။

ချိုင့်ဝှမ်းများကိုဆင်းသည့်အခါ ဆင်းသည်။ ကုန်းမြင့်များသိုတက်သည့်အခါ တက်သွားသည်။ စမ်းချောင်းကလေးများကို ဖြတ်သွားသောတံတားများကိုလည်း ဝေါခနဲကျော်သွားခဲ့ကြသည်။ လမ်းဘေးတွင် သက်ငယ်တဲ့ ၄-၅တဲဖြင့်ဖွဲ့စည်းထားသော ရှမ်းရွာငယ်တို့ကိုတွေ့ရသည်။ ရောင်ခြည်ခိုးသည် ရွှေအတောင်ပန်ကိုဖြန့်ကာြဖန့်ကာ တောတောင်အထွတ်အဖျားတို့၌ လွှားကနဲ နားလိုက်လေသည်။

၁၅ မိုင်ခန့် ကျော်ကျော်မောင်းမိလျှင် ကတ္တရာလမ်းပျောက်ကာ မြေလမ်းရောက်လာလေသည်။ အကွေ့အကောက် အဖုအထစ်ကလည်း အတော်များလာသည်။ လမ်းကြမ်းလှသဖြင့် အကွေ့ကွေ့တွင် ယိမ်းထိုးကာ ကားဆောင့်လှသည်။

သို့နှင့် ၃ နာရီခွဲတွင် သိန္နီသို့နီးလာသည်။ ဒုဌဝတီမြစ်လက်တက်ကိုဖြတ်သွားသော သံတံတားကို ကျော်လျှင် တောင်ကုန်းမြင့်မညီမညာမှ အစုလိုက်အစုလိုက်အိမ်ကလေးတွေနှင့် သိန္နီမြို့၏ ရှုမြင်ကွင်းကို မြင်ရလေသည်။ အတော်ကလေးသွားမိလျှင် ရာဇဝတ်သားကို သစ်ပင်တွင် ကြိုးနှင့်ချည်၍ သေနတ်ဖြင့်ပစ်သတ်စီရင်ရာ မြို့ပြင် လူသတ်ကုန်းသို့ရောက်လေသည်။ အိမ်တွေကား တိုက်တာအဆောက်အဦးများ မဟုတ်ကြ။ ပျဉ်ထောင်သွပ်မိုးသာဖြစ်သည်။ အများအားဖြင့်ကား သက်ငယ်အိမ်များပင်။ ရှမ်းတွေကား ဆင်းရဲလှသည်။ မွဲလှသည်။

 

ထိုနေ့သည် ဈေးနေ့ဖြစ်သဖြင့် သွားကြလာကြ ဝယ်ကြခြမ်းကြနှင့် အမထူးစည်ကားနေလေသည်။ ကျွန်တော်တို့ကားသည် စာတိုက်၌ရပ်လေသည်။ ခရီးသည်အချို့ ဆင်းကြသည်။ ကားမှာ ကွတ်ခိုင်သို့သွားသော စာပို့ကားဖြစ်၍ စာတိုက်တွင် စာများထားခဲ့ပြီးလျှင် ဆက်၍မောင်းလေသည်။ သိန္နီတွင်တည်းခိုစရာထမင်းဆိုင်ကောင်းမရှိ၍ ဘိုတဲတွင် ကျွန်တော်တို့နှစ်ယောက်အား ထားပစ်ခဲ့ရန် ဒရိုင်ဗာအားပြောထားရသည်။ ကားသည် တစ်ဖန် စော်ဘွားရုံးတွင်ရပ်ရာ ရာဇဝတ်ဘက်ဆိုင်ရာအမတ် ဆင်းလေသည်။ သူသည် ကျွန်တော်တို့အားပြုံးကာ “နောက်လည်း လာလည်တာပေါ့”ဟုနှုတ်ဆက်၍ ရုံးပေါ်တက်သွားလေသည်။

ကားသည် အမြင့်သို့ ဝေ့ကာဝိုက်ကာ တက်ပြန်လေသည်။ အတော်ကလေးတက်မိ၍ သားသားနားနား အုပ်ကျွတ်မိုး တိုက်တစ်တိုက်ရှေ့သို့ရောက်လျှင် ကားရပ်၏။ “ကဲ...ဆရာတို့၊ ဒါ ဘိုတဲပဲ၊ ဆင်းကြ ပေတော့”။ ကျွန်တော်တို့သည် ဝန်စည်စလှယ်များကို အောက်သို့ချကြလေသည်။

ကုန်တင်စာပို့ကားလည်း ကွတ်ခိုင်သို့ဆက်မောင်းသွားလေသည်။ “ဘိုတဲကတော့ တယ်ဟန်တာပဲဗျို့၊ နေလို့ သိတ်ကောင်းမှာပဲ”ဟုကိုဗဟိန်းက သားနားသော ဘိုတဲကိုသဘောကျနေလေသည်။ “ဒါထက် အစောင့်လူလည်း တစ်ယောက်မျှ မမြင်ရပါကလား”။ “အေးဗျာ...အထဲဝင်ကြည့်ရအောင်” ကျွန်တော်တို့နှစ်ယောက် အတွင်းသို့ဝင်ကြည့်ကြသည်။ ဧည့်ခန်းဆောင်၊ အိပ်ခန်းဆောင်တို့မှာ အထူးသပ်ရပ်လှပေ၏။ သုံးခန်းရှိသည့်အနက် တစ်ခန်းသာလူရှိ၍ နှစ်ခန်းမှာ အားနေသည်။ လူရှိသည်ဆိုရာမှာလည်း အဝတ်အစားသေတ္တာကိုတွေ့မြင်၍ ပြောခြင်းဖြစ်၏။ တည်းခိုသူတွေကား အပြင်သို့ထွက်နေဟန်တူသည်။

“သိတ်ကောင်းတာပဲဗျို့။ ဘိုတဲက သိတ်ဟန်ကျတာပဲ၊ ဟောဒီနေရာလေးကြည့်စမ်း မြို့ရဲ့ ရှုမျှော်ခင်းဟာ ဘယ်လောက်လှလဲ”ဟု ကိုဗဟိန်းက ပြတင်းပေါက်မှ ကျွန်တော့်အားခေါ်လေသည်။

 

(၄)

စိမ်းစိမ်းညိုညိုတောင်တန်းကြီးမှ တသွင်သွင်ဖြာကျနေသောရေတံခွန်များကို နောက်ကကျောခံလျက် သိန္နီမြို့သည် လှပလှပေ၏။

“အေးဗျို့...လွှတ်လှတာပဲ၊ ဝန်စည်စလှယ်တွေ အပေါ်တင်ရအောင်၊ အစောင့်လည်း တစ်ယောက်မှ မတွေ့ပါကလား”။ 

ထိုအခိုက်ခြေသံကြား၍ လှည့်ကြည့်မိလိုက်ကြရာ ရှမ်းကြီးတစ်ယောက်ကိုတွေ့ရလေသည်။ သူသည် “ဘာလိုချင်လို့လဲ”ဟု ဝဲဝဲဖြင့်မေး၏“အခန်းလိုချင်တယ်”။ “မရနိုင်ဘူး၊ နေရာမရှိဘူး”။ “ဘာဖြစ်လို့လဲ၊ အခန်း နှစ်ခန်းလွတ်နေတာပဲမဟုတ်လား”။

ရှမ်းကြီးသည် ပါးစပ်ဖြင့်မဖြေ။  အင်္ဂလိပ်ပုံနှိပ်စက်ဖြင့်ရိုက်ထားသော စာရွက်တစ်ရွက်ကို ပြလေသည်။ နယ်ခြားအရာရှိနှစ်ယောက်လာဖို့ တဲတစ်ခုလုံးကို သီးသန့်လုပ်ထားကြောင်း ဖြစ်လေသည်။ သူတို့တွေ လောဘကြီးလှသည်။ နှစ်ယောက်တည်းနှင့် လွတ်လွတ်လပ်လပ် နေနိုင်အောင် တစ်တဲလုံးကို ယူထား၏။ (ဆိုးသော အင်္ဂလိပ်အရာရှိ)

 ကျွန်တော်တို့ကား ဘာမှမတတ်နိုင်တော့။ အခုမှခက်ပြီ။ တည်းစရာလည်းမရှိ။ ကွတ်ခိုင်ဆက်သွားစရာ ကားမရှိတော့ပြီ။ ကျွန်တော်တို့နှစ်ယောက်တည်း စိတ်ပျက်ပျက်နှင့် အပြင်ထွက်ကာ သားရေသေတ္တာတွေပေါ်၌ မှိုင်နေကြရတော့သည်။ နေကလည်း ပူလာလေပြီ။ နောက်ဆုံး အကြံတစ်ခုရသည်မှာ မြို့ထဲသို့ပြန်သွား၍ ဗမာအိမ်တစ်အိမ် ရှာရန်ဖြစ်သည်။ ဘိုတဲစောင့်ရှမ်းကြီးအား ဝန်စည်စလှယ်တွေကို ထမ်းပိုးတင်၍ တောင်အောက်မြို့ထဲသို့ ပို့ပေးရန် တောင်းပန်ရတော့သည်။ မြို့နှင့် ဘိုတဲမှာ တစ်မိုင်လောက်ဝေးသည်။

စိတ်ပျက်ပျက်နှင့် လမ်းလျှောက်သွားကြ၏။ နေသည် ခေါင်းပေါ်တည့်တည့်ရောက်နေ၍ ပူသည်။ အထမ်းသမားရှမ်းကြီးမှာ သနားစရာ၊ ချွေးတွေစိုရွှဲလျက်၊ ကျွန်တော်တို့မှာလည်း ယိုင်တိုင်ယိုင်တိုင်နှင့်။

“ဟေ့..ဆရာတို့၊ ရပ်ကြဦး ရပ်ကြဦး” နောက်မှ ခေါ်သံတစ်သံသည် ခြေကိုတုံ့စေ၏။ ကျွန်တော်တို့အား ခေါ်သော ရှမ်းပုလိပ်သည် အနီးသို့ ချဉ်းကပ်လာလေသည်။ “ခင်ဗျားတို့ ဘယ်သွားကြမလို့လဲ”။ “ဈေးဘက် ခဏသွားမလို့”။ “ဒါဖြင့် ရုံး ခဏလိုက်ခဲ့ပါဦး”။ ကျွန်တော်တို့လည်း ဘာမှမပြောဘဲ သူခေါ်ရာသို့လိုက်ခဲ့ကြသည်။  မကြာမီ ကြူထရံကာမိုးနှင့် တဲတစ်တဲသို့ရောက်သည်။ အတွင်းတွင် ရှမ်းပုလိပ်ဆယ်ယောက်ခန့်နှင့် အကြီးအကဲတစ်ဦးကိုတွေ့ရသည်။ ထိုတဲသည် တရုတ်ပြည် လက်နက်တင်ကား အသွားအလာများကို မှတ်သောစခန်းဖြစ်လေသည်။ ကားတစ်စင်းလာလျှင် ဝါးလုံးရှည်တစ်ခုဖြင့်တား၍ရပ်စေကာ ခွင့်ပြုမှသွားရသည်။

“ခင်ဗျားတို့ ဘယ်သွားကြမလို့လဲ”ဟု အကြီးအကဲလုပ်သူကမေး၏။ “သိန္နီကနေ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းအထိ သွားမယ်စိတ်ကူးတယ်၊ ခရီးလမ်းပန်း ကြည့်လို့ပေါ့”ဟု ကိုဗဟိန်းက အေးဆေးစွာ ဖြေ၏။

ကျွန်တော်တို့နေရပ်၊ မိဘအမည် စသည်တို့ကိုမှတ်ထားသည်။ နောက်...”ခဏ နေဦး၊ တော်ကြီးဘုရားနဲ့ သွားတွေ့လိုက်ဦးမယ်”ပြောကာ စက်ဘီးစီး၍ ဟောနန်းဆီသို့ထွက်သွားသည်။ စော်ဘွားကို တော်ဘုရားကြီးဟု ခေါ်၏။ ဟော်နန်းကား သိတ်မဝေးလှ။ တစ်နာရီခန့်ကြာလျှင် စာရွက်တစ်ရွက်ကိုကိုင်ကာ ပေါ်လာ၏။

“တော်ကြီးဘုရား အမိန့်ချမှတ်တော်မူတယ်၊ ခင်ဗျားတို့ ဒီနယ်မှာ မနေနိုင်ဘူး၊ ရှေ့ဆက်သွားဖို့လည်း မဖြစ်ဘူး၊ ဒီကနေ ပြန်လှည့်သွားရင်ကောင်းမယ်”။ ကျွန်တော်တို့ အံ့အားသင့်နေကြသည်။ “မှန်းစမ်း ဘယ်လိုအမိန့်တုန်း” လျှောက်လွှာစာရွက် ၄ မျက်နှာအပြည့် ရှမ်းဘာသာဖြင့်ရေးထားသော အမိန့်စာကို ပြလေသည်။ “ခင်ဗျားတို့ ပြန်သာပြန်ကြပါဗျာ၊ ရှေ့ဆက်သွားမယ်ဆိုလည်း အသွားအလာ ခရီးလမ်းပန်းက မကောင်းလေတော့ တော်ဘုရားကြီးက တာဝန်မယူနိုင်ဘူး”။ အချိုသတ်၍နှင်သည်ကို သိပါ၏။

“ကျွန်တော်တို့ စော်ဘွားကြီးနဲ့ မတွေ့နိုင်ဘူးလား”ဟု ကိုဗဟိန်းက မေးသည်။ “မတွေ့နိုင်ဘူး၊ စော်ဘွားကြီး သိတ်အလုပ်များတယ်၊ မအားဘူး၊ မတွေ့နိုင်ဘူး”။ “ဘာလုပ်နေလို့တုန်း”။ စော်ဘွားကြီး ဖဲရိုက်နေတယ်”။ ကျွန်တော်တို့ကား ဒေါသလည်းထွက်၊ ရယ်လည်းရယ်ချင်လှ၏။ သို့ရာတွင် မတတ်နိုင်တော့။

“ဒီနေ့တော့ဗျာ ဈေးနေ့မို့နေပါဦး၊ မနက်မှပြန်ပါရစေ”ဟု ကျွန်တော်က အထွန့်တက်လိုက်သည်။ “မဟုတ်ဘူးဗျပြန်ကြပါ”။မပြန်ရင်ကောဗျာ....”။ “ဖမ်းချုပ်နိုင်တယ်”။

ကျွန်တော်တို့ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံနေကြ၏။ ကိုဗဟိန်းကား သုန်မှုန်လျက် ဒေါသထွက်နေဟန်တူ၏။

“ပြန်လို့ ဘယ်ဖြစ်မလဲဗျ၊ ကားမှ မရှိဘဲ”ဟု ကိုဗဟိန်းက ခတ်ထန်ထန်ပြောလိုက်၏။ “ကားရမယ်၊ ကျုပ်တို့ရှာပေးမယ်”။ 

ပြောရင်းဆိုရင်း တရုတ်ပြည်မှ လက်နက်တွေချပြီး အလွတ်ပြန်လာသော လော်ရီတစ်စင်းကို ရပ်စေ၍ ကျွန်တော်တို့အား တင်လွှတ်လိုက်သည်။ ထိုင်စရာလည်း မရှိ။ နွားသရေ၊ ဂုံအိတ်စုတ်များဖြင့် နံစော် လှသည်။ ကားအိမ်မှာပျက်နေသဖြင့် ဟိုယိမ်းဒီယိမ်းဖြင့် အနေဆိုးလှသည်။ ဒရိုင်ဗာကလည်း လားရှိုးရောက်ချင်ဇောနှင့် အပြင်းမောင်းသည်။ ကျွန်တော်တို့တစ်တွေကား သေတ္တာထဲထည့်၍ ခလောက်သကဲ့သို့သောဒုက္ခကို ခံစားနေရသည်။

သို့ရာတွင် ကားသည် သိန္နီမှ ဝေးသည်ထက်ဝေးကာ ယူနန်လမ်းမကြီးပေါ်တွင်ပြေးလျက်ရှိလေသည်။

(သတ်ပုံ မူရင်းအတိုင်း)

ဌေးမြိုင်။

တာရာမဂ္ဂဇင်း။ အတွဲ ၂။ အမှတ် ၃။ (ဇွန် ၁၉၄၈)

ပဒုမ္မာကြာပွင့်အပြုံးရှင်

0 comments

ပဒုမ္မာကြာပွင့်အပြုံးရှင်

(ဒဂုန်တာရာ) စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၅၊ ၁၉၈၅၊ မေ၊

“အောင်ဆန်း သို့မဟုတ် အရိုင်း” ကိုရေးပြီးနောက် ဒုတိယရေးသောရုပ်ပုံလွှာအဖွဲ့အနွဲ့မှာ “ဗဟိန်း သို့မဟုတ် ကဗျာ”ဖြစ်သည်။ ၁၉၄၇ ဇန်နဝါရီလထုတ် တာရာမဂ္ဂဇင်းတွင်ပါသည်။

ကျွန်တော်နှင့် အချစ်ခင်ဆုံး၊ အရင်းနှီးဆုံး၊ နားအလည်ဆုံး၊ အလိုလားဆုံးမိတ်ဆွေများအနက်မှ တစ်ယောက်ဖြစ်သည်။ သခင်ဗဟိန်းမှာ ၁၉၄၆ နိုဝင်ဘာလတွင်ကွယ်လွန်၍ သူ့ကို ကွယ်လွန်ပြီးမှ ဖွဲ့နွဲ့ခဲ့သည်။ သခင်ဗဟိန်းကွယ်လွန်ချိန်တွင် ကျွန်တော်သည် တာရာမဂ္ဂဇင်းထုတ်ဝေရေးအတွက် ပြင်ဆင်အလုပ်များနေခဲ့သည်။ “အောင်ဆန်း သို့မဟုတ် အရိုင်း” ရုပ်ပုံလွှာအဖွဲ့အနွဲ့ကို ပုံနှိပ်ပြီးနေပြီ။

“မင်းသူငယ်ချင်း ကိုဗဟိန်း မန္တလေးဆေးရုံမှာဆုံးပြီ”ဟု ကျောင်းနေဖက်သူငယ်ချင်း သမာဓိသတင်းစာအယ်ဒီတာ မောင်မောင်က အိမ်လာပြောသည်။ ကျွန်တော့်ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ မောင်မောင်မှာ ကျွန်တော်နှင့် ကိုဗဟိန်း ခင်မင်သည်ကိုသိပြီး သတင်းရရခြင်း လာပြောခြင်းဖြစ်သည်။ ကျွန်တော်နှင့်ပတ်သက်၍ မောင်မောင်မှာ ကိုဗဟိန်းကို ခင်သွားသည်။ လူတိုင်း ကိုဗဟိန်းကို ခင်ကြသည်။ သူကလည်း လူတိုင်းကို ခင်သည်။ ပြောရလျှင် ရန်သူကပင် သူ့ကို ခင်သည်ဟု ရေးဖွဲ့ရမည်ထင်သည်။ အင်္ဂလိပ်စာပါမောက္ခ ရုတ်စ်က သူ့ကို နှစ်လိုဖွယ်ကောင်းသော သူငယ်ဟုပြောကြောင်း ကြားရဖူးသည်။

ကျွန်တော်သည် ကိုဗဟိန်းရုပ်ပုံလွှာကို ဖွဲ့နွဲ့မည်ရှိသောအခါ ချက်ခြင်း ခံစားမှုဝင်လာသည်။ ခံစားမှုအတိုင်း “ဗဟိန်း သို့မဟုတ် ကဗျာ”ဟု ခေါင်းစဉ်တပ်လိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းက “ဗဟိန်း သို့မဟုတ် Romance လို့တပ်ရင် ပိုမှန်မယ်”ဟု ပြောကြောင်း ကြားရသည်။ Romance ကို ဗမာလို အတိအကျပြန်ရန်ခက်သည်။ ကျွန်တော်ကတော့ ကိုယ့်ခံစားမှုနှင့်ကိုယ် ကဗျာပဲကြိုက်သည်။

ကျွန်တော်က သူ့ကို ကဗျာဟုခေါ်သည်မှာ အကြောင်းမဲ့မဟုတ်။ ကဗျာကို ကျွန်တော်ချစ်သည်။ စာပေခံစားမှုတွင် ကဗျာသည် ကျွန်တော်၏ ပထမအချစ်။ ကဗျာသည် အလှအပ။ အနုစာပေအဖွဲ့အနွဲ့၊ ယင်းသို့ အချစ် အလှ အနုတို့ပေါင်းစပ်ထားသောဝိသေသမျိုးရှိသောကဗျာနှင့်သာ ကိုဗဟိန်းကို တင်စားရေးချင်သည်။ 

ကိုအောင်ဆန်းက သူ့ကို Romance ဟုပြောခြင်းမှာ သူ့ခံစားမှုနှင့်သူ ပြောခြင်းဖြစ်မည်။ Romance ၏ အဓိပ္ပာယ်ကများသည်။ တကယ့်ဘဝမှဝေးပြီး စိတ်ကူးဘက်ယိမ်းခြင်း၊ အလှအပဘက် ညွှတ်ခြင်း၊ ကဗျာဆန်ခြင်း၊ စိတ်ကူးယဉ်အချစ်ဆန်ခြင်း အစရှိသောဝိသေသများအကျုံးဝင်သည်။ အချစ်ဝတ္ထုတစ်ပုဒ်ဟုလည်း အနက်ရသည်။ ကျွန်တော်က “စိတ်ကူးယဉ်စာပေ”ဟူ၍ စာပေဝေါဟာရအဖြစ်သုံးသည်။ ကိုအောင်ဆန်းက ဘယ်အဓိပ္ပာယ်ဖြင့် ယူသည်မသိ။ သူတို့ ကျောင်းသားသမဂ္ဂလုပ်ဖော်ကိုင်ဖက်များထဲတွင် ကိုဗဟိန်းကို သူတို့နှင့် စိတ်ခံစားမှုဘက်တွင် မတူသူတစ်ယောက်အဖြစ်မြင်ကြသည်ကို ကျွန်တော်သိသည်။ ကျွန်တော်နှင့် ကိုဗဟိန်း တတွဲတွဲနေသည်ကို သူတို့က ပြုံးကြသည်။ စိတ်ကူးယဉ်သမားနှစ်ယောက်တော့ တွဲမိနေပြီဟူသောသဘော။

 ၁၉၄၁ မိုးမကုန်မီ လပိုင်းကာလ ဖြစ်မည်ထင်သည်။ ကျွန်တော်၏ “မေ”ဝတ္ထုထွက်သည့် လပိုင်းလောက်တွင် ကိုဗဟိန်းအဖမ်းခံရသည်။ ထိုအခါ ရွှေဂုံတိုင်ရှိ ခြင်္သေ့ရုပ်လှေကားအထက်နားရှိ ဇရပ်တစ်ဆောင်(ထိုအခါက အင်္ဂလိပ်တော်လှန်ရေး မြေအောက်စခန်း)မှအပြန် ညဘက် အဖမ်းခံရခြင်းဖြစ်သည်။ ဗဟန်းတွင်ရှိနေစဉ် ထိုညက “မခင်ကြီးကို လွမ်းတယ်ဗျာ”ဟုပြောပြီး မြေနုလမ်းအိမ်သို့အပြန် အဖမ်းခံရခြင်းဖြစ်သည်ဟု ကြားရဖူးသည်။ ဘယ်လောက် မှန်မမှန်တော့မသိ။ ယင်းကာလအပိုင်းက ကျောင်းသားသမဂ္ဂနှင့် တို့ဗမာအစည်းအရုံးမှ လုပ်ဖော်ကိုင်ဖက်များ အတော်လေး အဖမ်းခံကြရသည်။ လူချင်းကွဲသွားပြီးနောက် ၁၉၄၂ ဗမာ့လွတ်လပ်ရေးတပ်မတော် ရန်ကုန်ဝင်သောအခါ လူချင်းပြန်ဆုံကြသည်။ ဂျပန်ခေတ်အတွင်းဆေးရုံကြီး(ယခုစစ်ဆေးရုံ)တွင် ကိုအောင်ဆန်း ဆေးရုံတက်နေရစဉ် ဆုံမိကြရာ ကိုဗဟိန်းအဖမ်းခံရသောပုံပြင်ကို ဝိုင်းပြောနေကြသည်။ ကိုအောင်ဆန်းက “ခင်ဗျား ကိုဗဟိန်းက ဒီလိုလူဗျ”ဟုပြောပြီး သဘောကျသလိုရယ်မောနေသည်။ ကိုအောင်ဆန်းသည်လည်း သည်ဆေးရုံမှာပင် သူ၏အချစ်ဇာတ်လမ်း (Romance) ကို  စခဲ့သည်မဟုတ်ပါလား။

ကိုဗဟိန်းသည် ချစ်တတ်ကြိုက်တတ်သူ၊ လွမ်းတတ်သူ၊ လူသားဆန်သူဖြစ်သည်။ စကားဝိုင်းတွင် ဗိုလ်လက်ျာ။ ကိုကျော်ငြိမ်း၊ သခင်သန်းထွန်းတို့ပါသည်။ “ကျုပ်ကတော့ ကိုဗဟိန်းလိုမဟုတ်ဘူးဗျ”ဟု ကိုအောင်ဆန်းက ဆက်လိုက်သည်။ အားလုံး ပြုံးနေကြသည်။ စကားဝိုင်းပြီး၍ နေရီသွားသောအခါ “ခင်ဗျား စန္ဒရားတီးဗျာ။ အပေါ်ထပ်က ဆရာမအခန်းမှာ စန္ဒရားရှိတယ်”ဟု ကျွန်တော့်အား အတင်းခေါ်ကာ သုံးထပ်ရှိအခန်းသို့ တစ်ပြုံလုံးသွားကြသည်။ ကိုအောင်ဆန်းလည်း ပါလာသည်။

လျှို့ဝှက်စခန်းတွင် ပုန်းအောင်းနေစဉ် ကိုဗဟိန်းက ရကာစဇနီးသည်အား လွမ်းသည်ကို ကျွန်တော်က သဘောကျသည်။ ကိုဗဟိန်း လူသားဆန်သည်ဟု ကျွန်တော်မြင်သည်။ လူသည် ချစ်တတ် ကြိုက်တတ်သူ မဟုတ်ပါလား။ ကိုဗဟိန်း လွမ်းတတ်သည်ကို ကျွန်တော် အပြစ်ဟုမမြင်။ ကိုအောင်ဆန်းရော ကိုဗဟိန်းပါ နိုင်ငံရေးစိတ်ဓာတ်ပြင်းပြသည်ကို ကျွန်တော်သိသည်။ ကိုအောင်ဆန်းက တစိုက်မတ်မတ် တစ်ခုတည်းအာရုံထားလုပ်သူမို့ ကျန်တာ ဘာမှအာရုံသိတ်မထား။ လူမှုရေးရာဘက်တွင် ယုတ်လျော့သည်။ ကိုဗဟိန်းက သူ့လိုမဟုတ်။ ၁၉၃၉ ခု အောက်တိုဘာ ကျောင်းပိတ်ရက်က ရှမ်းပြည်နယ်မှမပြန် မန္တလေး၌ရှိနေစဉ် ကိုအောင်ဆန်းရောက်လာသည်။ ကိုဗဟိန်းက ကျွန်တော်နှင့်အတူ ရန်ကုန်ပြန်မလိုက်ချင်သေး။ ကျွန်တော်တစ်ယောက်တည်းလည်း မပြန်စေချင်။ ကျွန်တော် မျက်စေ့မှုန်သဖြင့် စိတ်ချဟန်မတူ။ တစ်ယောက်တည်းပြန်မည်ဆို၍ မရ။ ကိုအောင်ဆန်းရောက်လာခိုက် မနက်ဖြန်ည ပြန်မည်ဆိုသဖြင့် ကိုဗဟိန်းက “ကျွန်တော့်ကိုခေါ်သွားပါ၊ တစ်တွဲတည်းသွားပါ”ဟု ကိုအောင်ဆန်းကိုမှာသည်။ ညဘက် ဘူတာရုံတွင်ဆုံကြသည်။ ရထားထွက်တော့ ကျွန်တော်က မျက်စေ့မှုန်သူမို့ မမြင်ဘူးထား။ သူက မြင်ရမည်။ ရှာလျှင်တွေ့ရမည်။ နောက်တစ်နေ့မနက် ကွမ်းခြံဘူတာကြီးမှဆင်းသောအခါ ကျွန်တော့်ရှေ့မှ ၃-၄ ယောက်ကျော်က စိုက်စိုက်စိုက်စိုက်နှင့်သွားနေသည်ကို တွေ့လိုက်ရ၏။ ကျွန်တော့်ကိုနှုတ်ဆက်ဖို့ဝေးစွ။ ကျွန်တော် အပြစ်မမြင်။ ခွင့်လွှတ်သည်။ လွမ်းတတ်သူကို နားလည်ရသည်။ မလွမ်းတတ်သူကိုလည်း ခွှင့်လွှတ်ရသည်။ 

ကျောင်းသားသမဂ္ဂလုပ်ဖော်ကိုင်ဖက်များတွင် ကိုလှရွှေ ကိုဗဟိန်းတို့မှာ အစောဆုံး လက်ထပ်သွားကြသည်။ ကိုလှရွှေက ၁၃၀၀ ပြည့်အရေးတော်ပုံအပြီး။ ကိုဗဟိန်းက ၁၉၄၀ ရှေ့ဆင့်နောက်ဆင့်။ ဂျပန်ခေတ်အစတွင်ကား ကိုလှမောင်၊ ကိုအောင်ဆန်း၊ ဗိုလ်ဇေယျ၊ ဗိုလ်လက်ျာ၊ ကိုကျော်ငြိမ်း၊ ကိုဘဆွေတို့ လက်ထပ်သွားကြသည်။

“စိတ်ဓာတ်ကျတဲ့အချိန် မိန်းမရသွားကြတာပဲဗျ” ဟု ကျွန်တော်ကပြောသောအခါ သူတို့က လက်မခံကြ။ “ခင်ဗျား ဘာနားလည်လို့လဲ”ဟု သူတို့ကဆိုကြသည်။

ဂျပန်ခေတ်တွင် သူတို့လုပ်ချင်တာ မလုပ်နိုင်ကြသည်ကို ကျွန်တော်က စိတ်ဓာတ်ကျချိန်ဟု ဆိုလိုခြင်းဖြစ်သည်။

သည်အကြောင်းကို ကျွန်တော်က ကိုဗဟိန်းကို ပြန်ပြောသောအခါ သူက... “ချစ်သူဆိုတာ အချစ်ဆုံးအဖော်ပဲဗျ၊ အထူးသဖြင့် ဒုက္ခကို ဝေငှခံနိုင်တယ်”ဟု ပြောသည်။

ကိုဗဟိန်းနှင့် ခံစားမှုခြင်း အတွေးချင်းနီးစပ်သည်။ ထို့ကြောင့်ပင် ခဏတာနှင့် ခင်မင်ရင်းနှီးသွားကြသည်။ ဂီတ၊ ပန်းချီ။ ကဗျာ၊ ဝတ္ထုတို့ကိုပြော၍ရသည်။ သီချင်းအကြောင်း ပြောလည်း ရသည်။ လုံချည်အရောင်ရွေးတာချင်းပါ တူနေတတ်သည်။ အနုအလှ အင်မတန် ကြိုက်သည်။ စာအရေးအသား အဖွဲ့အနွဲ့လည်း ကောင်းသည်။ “ဓနရှင်လောက”ကဲ့သို့ အချက်အလက်ပါသော နိုင်ငံရေးသိပ္ပံကျမ်းများလို ရှင်းလင်းပြတ်သားသောစာကို ရေးနိုင်သလို “လေလွင့်သူ” ဘဝခရီး” စသော ဝတ္ထုတိုရသစာပေမျိုးကိုလည်း ရေးဖွဲ့သည်။ “လူ့အလို” ဝတ္ထုရှည်ကြီးကိုကား နိုင်ငံရေးတာဝန်များပိသဖြင့် ပြီးအောင်မရေးခဲ့ရ။ 

ကိုဗဟိန်းစိတ်က အနုအလှကြိုက်သလို ရုပ်ကအနုအလှ။ ဆံပင်ကောက်ကောက်။ အသားအရောင်က ဖြူဖြူ၊ အဖြူပေါ်တွင်ပန်းနုရောင်သန်းနေသည် သမ်းနေသည်။ (သည့်ဟုထင်ပါသည်) နှုတ်ခမ်းနှင့် ပါးအို့တွင် ပဒုမ္မာကြာပွင့်အပြုံးက အမြဲတမ်း လမ်းတင့် ရွှန်းပလျှက်။

လူကနုသော်လည်း သူ၏နိုင်ငံရေးယုံကြည်မှုကား ကြံ့ခိုင်သည်။ ကြီးမားသည်။ အားကောင်းသည်။

၁၉၄၀ ပတ်ဝန်းကျင်က စပိန်ပြည်နယ်တွင် ပြည်တွင်းစစ်ကြီးဖြစ်ရာ ဂျင်နရယ်ဖရန်ကိုနှင့်ဆန့်ကျင်ဘက်မှ “နိုင်ငံပေါင်းစုံတပ်ဖွဲ့”ဖွဲ့စည်း၍ ဥရောပမှ တိုးတက်သောလူငယ်များ ဝင်ရောက်တိုက်ခိုက်ပေးကြသည်။ စာရေးဆရာများ၊ ကဗျာဆရာများ ပါကြသည်။ ယင်းတပ်ဖွဲ့သို့ သွားဝင်ရအောင်ဟု ကိုဗဟိန်းက ကျွန်တော့်ကိုပြောဖူးသည်။ ပထမတော့ ကျွန်တော် အံ့ဩမိသည်။ နောက်ကျတော့ မအံ့ဩ။ နားလည်သွားသည်။

၁၉၄၅ ခု ဖက်ဆစ်တော်လှန်ရေးကာလက ကိုဗဟိန်းသည် ပဲခူးရိုးမတောင်ပေါ်ရှိ ဖက်ဆစ်ဆန့်ကျင်ရေး ပြောက်ကျားစခန်းတွင်ရှိနေခဲ့သည်။ “ကိုဗဟိန်းက ကာဘိုင်သေနတ်ကို လွယ်လို့ဗျ”လေထီးဆင်း ဗိုလ်တစ်ဦးကပြောသည်။ ကျွန်တော် မအံ့ဩတော့ပါ။ သူက အနုနှင့်အကြမ်း ရောထားနိုင်သူ ဖြစ်သည်။ လူကနုသော်လည်း ကြမ်းတမ်းမာကျောစွာ ခက်ထရော်သော နိုင်ငံရေးသမားဘဝကို သူရွေးချယ်ခဲ့သည်။ သူ့ယုံကြည်ချက်က ကြံ့ခိုင်သည်မဟုတ်လား။

ကျွန်တော်သည် အနုနှင့်အကြမ်းပေါင်းစပ်ခြင်းကို သဘောကျသည်။ ဆန့်ကျင်ဘက်ခြင်း ညီညွတ်ခြင်းကို ကြိုက်သည်။ ပန်းချီရေးလျှင်ပင် ကျွန်တော်သည် ဆန့်ကျင်ဘက်အရောင် တွဲစပ်ချင်သည်။

အမှန်အားဖြင့် ကျွန်တော်သည် ကျောင်းသားဘဝက ကိုဗဟိန်းကိုအထင်ကြီးသည်။ ကိုအောင်ဆန်းထက် အထင်ကြီးသည်။ (ဂျပန်ခေတ်ရောက်မှ ကိုအောင်ဆန်းကို အထင်ကြီးသွားသည်) အနုနှင့်အကြမ်းပေါင်းစပ်နိုင်သဖြင့် အထင်ကြီးသည်။ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာမည်ဟု ထင်သည်။ ခေါင်းဆောင်သည် အနုနှင့်အကြမ်းပေါင်းစပ်နိုင်ရမည်ဟု ထင်သည်။ အနုချည်းလည်း မဖြစ်။ အကြမ်းချည်းလည်း မဖြစ်။ ပျော့လျှင်ဖယောင်း၊ မာလျှင်သံချောင်းအစားမျိုး။ ကိုဗဟိန်းသည် အနုသမား။ သို့သော် သံမဏိ။

(ခ)

ကျွန်တော့်ကို နိုင်ငံရေးလောကသို့ရောက်စေချင်သူမှာ ကိုဗဟိန်း။ တကယ်က ကျွန်တော်သည် နယ်ခြားမျဉ်းကြောင်းပေါ်ရပ်နေတတ်သူ။ အဝေးမှနေပြီး အနီးအဝေးမြင်ကွင်းအမှန်ဖြင့် မကြည့်တတ်လျှင် တစ်ဖက်တည်းရောက်နေသည်ဟု အမြင်မှားသွားတတ်သည်။ ကျွန်တော်က ကိုဗဟိန်း၊ ကိုအောင်ဆန်းတို့လို့ နိုင်ငံရေးသမားလုပ်ရန် ရည်ရွယ်ချက် ရှိသည်မဟုတ်။ စိတ်ဓာတ်ရှိသော်လည်း ကန့်လန့်ကာနောက်ကွယ်မှသာ နေချင်သည်။ ရေးပေးမည်။ ဖတ်ပေးမည်။ ဒါက အရသာရှိသည်ဟုထင်သည်။

၁၉၃၉ က ကျွန်တော့်မှာ ကျွန်တော်မသိဘဲ တက္ကသိုလ်သမဂ္ဂအမှုဆောင်ကော်မတီဝင် ဖြစ်သွားခဲ့ရသည်။ သမဂ္ဂဥက္ကဌ၊ ဒုတိယဥ္ကက္ကဌနှင့်ငွေထိန်းများရွေးကောက်ပြီးနောက် အမှုဆောင် ၆ ဦး ရွေးကောက်ရသည်။ အမှုဆောင်လောင်းလျှောက်လွှာ ပိတ်သည့်နေ့က ကျွန်တော် သမဂ္ဂသို့ မရောက်ဖြစ်။ ထိုနှစ်က ကျွန်တော် နေ့ကျောင်းသားအဖြစ် ကျောင်းတက်နေသည်။ မိခင် ဆေးလာကု၍ မြို့ထဲနေသည်။ နောက်တစ်နေ့ သမဂ္ဂရောက်သွားသောအခါ သမဂ္ဂအမှုဆောင် စာရင်းထဲတွင် ကျွန်တော့်နာမည်ပါနေသည်ကို ကြော်ငြာသင်ပုန်း၌ ဖတ်ရသည်။ ကိုဗဟိန်းနှင့် ကိုလှရွှေတို့လက်ချက်မှန်း သိရသည်။ ကိုဗဟိန်းက နောက်ကွယ်က။ ကိုလှရွှေက တရားဝင်ဆောင်ရွက်သူ။ အမှန်က အမှုဆောင်လောင်းလျှောက်လွှာကို ကျွန်တော်က လက်မှတ်ထိုးရမည်။ ယခုတော့ ကျွန်တော် သည်နေ့မှ လက်မှတ်ထိုးရသည်။

“ကျွန်တော့်လည်း မပြောကြဘူးဗျာ”။ “မနေ့က ခင်ဗျားမှ ဒီမလာတာ”။ “ကျွန်တော်မှ မလုပ်ချင်တာ”။ မရတော့ပါ ကြေညာချက်ထွက်သွားပြီးပါပြီ။ “ကျွန်တော်နဲ့ မဖြစ်ဘူးထင်တယ်၊ ကျွန်တော်က ဝတ္ထုရေးချင်၊ ကဗျာစပ်ချင်၊ သီချင်းတီးချင်.....”။ “ဘယ်ရမလဲ၊ အဲဒါကြောင့် ခင်ဗျားကို အမှုဆောင်ထဲ ထည့်တာ၊ ဒီလိုလူမျိုး လိုချင်နေတာ” ကိုလှရွှေကို ပြန်ပြော၍မရတော့။ ကိုဗဟိန်းနှင့် နှစ်ယောက်ချင်း တွေ့သောအခါ ကျွန်တော်မသိဘဲ လုပ်သည့်ကိစ္စကိုထပ်ပြောကြသည်။ “လုပ်လိုက်ပါဗျာ၊ ခင်ဗျားနဲ့ တော်ပါတယ်၊ ကျွန်တော်ကတင် ပြောတာမဟုတ်ဘူး၊ သူတို့ကလည်း ခင်ဗျားကို လိုချင်တာဗျ”ဟု ကိုဗဟိန်းက ပြုံးကာပြောသည်။ သူ၏ ကြာပွင့်ပြုံး အေးမြအပြုံးက ကျွန်တော့်အား ငြိမ်းအေးစေလိုက်သည်။ တကယ်တော့ သူတို့သည် ကျွန်တော့်ကိုယုံကြည်၍၊ ခင်မင်ရင်းနှီး၍ လူရင်းသဘောထားကာ လုပ်လိုက်ကြခြင်းဖြစ်သည်ကို ကျွန်တော်နားလည်လိုက်သည်။

မူလ တက္ကသိုလ်အသင်းမှာ ပညာရေးဆန်ဆန်၊ လူမှုရေးဆန်ဆန်အသင်း ဖြစ်ခဲ့သည်။ ၁၉၃၆ ကျောင်းသားသပိတ်ခေတ်လောက်ကစ၍သာ နယ်ချဲ့ဆန့်ကျင်ရေးတပ်ဦးဖြစ်ခဲ့သည်။ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ခဲ့ပေ။ အောက်စဖို့ဒ်တက္ကသိုလ်သမဂ္ဂအသင်းကို စံနမူနာထား၍ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ သမဂ္ဂအမှုဆောင်များ တာဝန်ခွဲဝေကြသောအခါ ကျွန်တော့်ကို (ကိုဗဟိန်း၏အကြံပေးချက်အရ)လူမှုဆက်ဆံရေး ဆပ်ကော်မတီ၏သဘာပတိအဖြစ်ရွေးသည်။ ယင်းတာဝန်အပြင် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ်ပါ ပူးတွဲတာဝန်ယူရသည်။ သည်အလုပ်ကိုတော့ ကျွန်တော်ကိုယ်တိုင်က ကြိုက်သည်။ ကိုအောင်ဆန်းကို အိုးဝေမဂ္ဂဇင်းအယ်ဒီတာဘဝနှင့် သိကတည်းက အားကျခဲ့သည့်အလုပ်။ နောက်နှစ်တွင်လည်း ကျွန်တော် သမဂ္ဂအမှုဆောင် ဖြစ်ရပြန်သည်။ ကျွန်တော် သူတို့လူဖြစ်သွားပြီ။

ယခုပြန်၍တွေးကြည့်လျှင် ကျောင်းသားသမဂ္ဂအတွေ့အကြုံသည် ကျွန်တော်၏ ဘဝအတွေ့အကြုံများတွင် အဖိုးတန်အတွေ့အကြုံဖြစ်သည်ဟု ဆိုရမည်။ ကိုဗဟိန်းအမြော်အမြင်ဟု ပြောရမည်။

ကိုဗဟိန်းကား လက်မလျှော့ပါ။ ၁၉၃၉ က သဘောတရားကိုအခြေခံသော အဖွဲ့အစည်းကြီးတစ်လု တည်ထောင်ဖွဲ့စည်းလိုက်သည်။ ကိုဗဟိန်းက ယင်းအဖွဲ့အစည်းကြီးတွင် အမှုဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ယင်းအဖွဲ့တွင် ကျွန်တော်ပါဝင်ရန် ကိုဗဟိန်းက အလေးအနက်ပြောသည်။ ကျွန်တော်ကလည်း အလေးအနက်ပြန်ပြောရသည်။ ကျွန်တော်တို့နှစ်ယောက် ဆွေးနွေးငြင်းခုန်သော နေရာကား အဓိပတိလမ်းထိပ်၊ ဘွဲ့နှင်းသဘင်ခန်းမမျက်နှာစာ ခြင်္သေ့ရုပ်ရှေ့လှေကားထစ်ပေါ်။ ထိုညကား လရောင်ရွှန်းမြသောည။ မိုးသားကင်းစင်နေသည်။ ကိုဗဟိန်းက စီးကရက် တစ်လိပ်ပြီး တစ်လိပ်ဖွာရင်း စိတ်ရှည်လက်ရှည်ရှင်းပြသည်။ ကျွန်တော်က ပြန်ပြောသည်။ ငြင်းကြခုန်ကြသည်။ မပြတ်၍ နောက်တစ်နေ့ဆက်သွားကြသည်။ နောက်တစ်ခါ ထပ်ဆုံမှပြတ်သွားသည်ထင်သည်။

ကျွန်တော်က သည်လိုတင်ပြသည်။ သည်အဖွဲ့အစည်းကို ကျွန်တော်စိတ်ဝင်စားသည်။ ကြိုက်သည်။ သို့သော် ကျွန်တော် နိုင်ငံရေးသမားမဖြစ်ချင်ပါ။ သို့ဖြစ်၍ အဖွဲ့ဝင်မလုပ်ပါရစေနှင့်။ ကျွန်တော် ယုံကြည်တာ လက်ခံတာဆိုလျှင် လုပ်ပေးမည်။ ကျွန်တော်မယုံတာ လက်မခံတာမျိုးကိုတော့ တာဝန်မပေးပါနှင့်။ ကျွန်တော်လုပ်မည်မဟုတ်ပါ။

ကိုဗဟိန်းက ကျွန်တော့်အဖြေကို ကျေနပ်မည်မထင်။ သို့သော် သူက အေးမြသော ကြာပွင့်အပြုံးဖြင့်သာ တုံ့ပြန်သည်။ စိတ်ကမလျှော့။ “လူရင်းလိုတော့ သဘောထားမယ်နော်”။ “ထားပါ၊ လူရင်းတွေပဲဟာ၊ မဟုတ်ဘူးလား”။ ကျွန်တော်တို့နှစ်ယောက် ရယ်ကြသည်။ ပြတ်သည်။ ဒါပေမဲ့ မပြတ်။ ယင်းအဖွဲ့အစည်းတည်ထောင်ရန် စကားဝိုင်းအချို့တွင် ကျွန်တော်ပါဖူးသည်။ သည်ကတည်းက သိနေခဲ့သည်။ ကျွန်တော်ကလည်း သဘောတရားများကို လေ့လာနေသူ မဟုတ်လား။ စကားဝိုင်းတွင် တက္ကသိုလ်မှ အိန္ဒိယကျောင်းသားများပါသည်။

တကယ်ပင် လူရင်းလိုသဘောထားသည်။ နိုင်ငံခြားအဆက်အသွယ်ရှာရန် တရုတ်ပြည်သို့သွားရာတွင် ကျွန်တော့်ကိုခေါ်သည်။ အိန္ဒိယပြည် ရမ်းဂါးကွန်ဖရင့်သို့သွားရာတွင် ခေါ်သည်။ “နေရူးက ဖိတ်တာ၊ သူ့အိမ်မှာတည်းရမှာ၊ လိုက်ခဲ့ပါ”ဟု ခေါ်သည်။ ကျွန်တော် မလိုက်ဖြစ်။ တရုတ်ပြည်ကတော့ မရောက်။ သိန္နီမှလှည့်ပြန်ခဲ့ရသည်။

ဗမာ့ထွက်ရပ်ဂိုဏ်းဖွဲ့ရန်စိုင်းပြင်းသော ပဏာမအစည်းအဝေးများကို ကျွန်တော့်ကိုဖိတ်သည်။ ကျွန်တော် တစ်ခါနှစ်ခါလောက်သာတက်သည်။ နောက် မတက်တော့။ ပထမ အမျိုးသားအစည်းအရုံးဟု မပေါ်သေး။ ကျွန်တော့်ကိုလည်း နာမည်ရှာခိုင်းသည်။ ကိုဗဟိန်းကြောင့် နိုင်ငံရေးအတွေ့အကြုံရသည်။

ကိုဗဟိန်းက ကျွန်တော့်ကို ဇွဲကောင်းကောင်းဖြင့် နိုင်ငံရေးအရစည်းရုံးလျက်ရှိစဉ် ကျွန်တော်ကလည်း သူ့ကို စာပေအရ “စည်းရုံး”လျက်ရှိသည်။ သူ့ကို အမြဲတမ်း ဝတ္ထုရေးဖို့ပြောသည်။ သူ့ဝတ္ထုကိုယူ၍ ဒဂုန်မဂ္ဂဇင်းသို့ ပို့ပေးသည်။  “ဘဝခရီး”ဟူသောဝတ္ထုတိုပါလာသည်။ သူ နိုင်ငံရေးသမားမဖြစ်လျှင် စာရေးဆရာဖြစ်မည်ဟုထင်သည်။ စာရေးဆရာနှင့် နိုင်ငံရေးမားမှာ အမှန်တရားရှာဖွေသော ရည်ရွယ်ချက်ခြင်း တူကြသည်။ ရှာဖွေမှုပုံသဏ္ဌန်သာ ခြားနားခြင်းဖြစ်သည်ဟု ထင်သည်။

ကိုဗဟိန်းရုပ်ပုံလွှာအဖွဲ့အနွဲ့တွင် ကျွန်တော် သည်လိုရေးခဲ့သည်။ “ကိုဗဟိန်းက ကျွန်တော့်ကို နိုင်ငံရေးသမားဖြစ်စေချင်၏။ သို့သော် မဖြစ်။ ကျွန်တော်က ကိုဗဟိန်းကို စာရေးဆရာဖြစ်စေချင်၏။ သို့သော် မဖြစ်”

 

(ဂ)

ယနေ့ခေတ်တွင် ကျွန်တော်၏တူမငယ် ဆယ်ကျော်သက်ကလေးများ သမိုင်းစာအုပ်မှ ကိုဗဟိန်း၏ မကွေးတွင် ရေနံမြေအလုပ်သမားများအား ဟောပြောနေသောစကားရပ်ကို သင်အံနေသံ ကြားရသည်။ “မြင်းခွာတစ်ချက်ပေါက်ရင် တစ်ပြည်လုံး မီးဟုန်းဟုန်းတောက်စေ့မယ်” ကဗျာဆန်သော နိုင်ငံရေးလှုံ့ဆော်မှုစကားရပ်။

၁၉၃၈ ခုနှစ်က ကိုဗဟိန်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနှင့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌဖြစ်သည်။ အမှန်အားဖြင့် ထိုစာသင်နှစ်(၁၉၃၈-၃၉)ဥက္ကဌမှာ ကိုအောင်ဆန်းဖြစ်သည်။ ကိုအောင်ဆန်းမှာ ပထမနှစ်ဝက်က တို့ဗမာအစည်းအရုံးဝင်ကာ သခင်အောင်ဆန်းနာမည်ခံသွားသဖြင့် ဥက္ကဌမှနှုတ်ထွက်လိုက်ရာ ကိုဗဟိန်းက သူ့နေရာကိုဆက်ခံခြင်း ဖြစ်သည်။ ကိုဘဆွေမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအတွင်းရေးမှူးဖြစ်သည်။ သည်ကတည်းက ကျွန်တော်သည် ကိုဗဟိန်းအား ကျောင်းသားခေါင်းဆောင်သာမက နိုင်ငံရေးခေါင်းဆောင်ဖြစ်မည်ဟု ထင်ခဲ့လေသည်။

ကိုဗဟိန်းကွယ်လွန်သောအခါ သူသည် ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂဥက္ကဌ၊ ပြည်သူ့အာဏာဂျာနယ် အယ်ဒီတာဖြစ်သည်။

သူသည် နှလုံးရောဂါဖြင့် မန္တလေးဆေးရုံတွင် တက်ရောက်ကုသလျက်ရှိစဉ် ဖဆပလက ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်၏။ သူ့ကို အသိမပေးကြ။ ဆရာဝန်၏ညွှန်ကြားချက်အရ သူ့ကို သတင်းစာပေးမဖတ်။ တစ်နေ့ ပေါင်မုန့်ထုတ်သော ပြည်သူ့ဟစ်တိုင်” သတင်းစာတစ်ရွက်ကို သူတွေ့သွားသည်။ ယင်းစာရွက်တွင် သတင်းကပါလာသည်။ သည်ကတည်းက သူ့ရောဂါအခြေအနေ မကောင်းဟု ကြားသည်။ ဖဆပလ ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်းကလည်း မန္တလေးလာမည်။ ကိုဗဟိန်းကိုလာတွေ့မည်ဟု အစီအစဉ်ရှိသွားသည်။  ကိုအောင်ဆန်းလာလျှင် သူ မတွေ့ချင်ဘူးဟု ပြောကြောင်း ကြားရသည်။ စိတ် ထိခိုက်စရာ။ သူ့ကို ကိုအောင်ဆန်းက မတွေ့လိုက်ရတော့ပါ။ ကိုအောင်ဆန်းလာသောအခါ သူ ကွယ်လွန်ပါပြီ။ 

ကိုအောင်ဆန်းသည် ကိုဗဟိန်းရုပ်ကလပ်သို့သွားကာ အလေးပြုရင်း ချီးကျူးစကားပြောသည်။ ကိုအောင်ဆန်း မျက်ရည်ဝဲနေသည်ဟု ကြားရသည်။                                  ကိုအောင်ဆန်းသည်လည်း ၁၉၃၉ က ဖွဲ့စည်းတည်ထောင်ခဲ့သောပါတီတွင် ပထမဆုံးအတွင်းရေးမှူး မဟုတ်လား။

ရှေးပညာရှိတို့က နိုင်ငံရေးကို “တိမ်တောင်သဖွယ် မင်းရေးကျယ်”ဟု တင်စားခဲ့ကြသည်။ အရောင်အမျိုးမျိုး ပုံပန်းအမျိုးမျိုးပြောင်းလဲလျက်ရှိသည်။

၁၉၅၃ က ကျွန်တော် မော်စကိုရောက်သွားသည်။ ရင်ပြင်နီရှိ လီနင်ဂူကို သွားရောက်ကြည့်ရှုသည်။ ယင်းခံစားမှုကို “လီနင်ဂူ”ကဗျာဖြင့်ဖွဲ့စည်းခဲ့သည်။

…. …. …. …. 

မြို့ရိုးဘေးရှိ

ဖွေးဖွေးနှင်းခဲ၊ ကျဆဲပွင့်စက်

နှင်းပက်ကျောက်သား၊ အနီပြားဖြင့်

စီထားဆင့်ထပ်၊ ပတ်သန်းရန်ခင်း

ထင်းရှူးစိမ်းရင့်၊ နှင်းပွင့်သရဖူ

ရွက်ဖြူဆွတ်လွ၊ မှိုင်းမြမြသည်

ညနေဆည်းဆာ မှုန်ဖျော့စ၊

…. …. …. …. 

ရင်တွင်း၌ကား

လှိုက်ဖိုရှိုက်မက်၊ တသက်သက်တည့်

ပေါ်လျက်လာသည့်၊ မျက်ရည်ပျံ့ဆွတ်

လွတ်လပ်ရေးတွက်၊ တိုက်ပွဲရက်တွင်

အသက်ဆုံးရ၊ သခင်ဗဟိန်း

စိမ်းစိမ်းမြေ့မြေ့၊ အောက်မေ့စိတ်မှန်း

တမ်းတညွတ်ညွတ်၊ လွမ်းဆွတ်ဆွတ်မိ

ဒဂုန်တာရာ။ စံပယ်ဖြူမဂ္ဂဇင်း၊ အမှတ်၅၊ ‌၁၉၈၅၊ မေ

(မူရင်းသတ်ပုံအတိုင်းဖြစ်ပါသည်။ မျိုးမြင့်ချို)