Sunday, August 21, 2022

“အဝေးရောက်အစိုးရ”

0 comments
ဂျပန် မကျူးကျော်ခင်က မြန်မာနိုင်ငံဟာ ဩသစတြေးလျ၊ ကနေဒါတို့လို ဒိုမီနီယံကြီးတွေလောက်မပြည့်စုံပေမယ့် ဓနသဟာယထဲမှာ လွတ်လပ်ရေးအများကြီးရနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံကထွက်ရ(အိန္ဒိယပြည် ဆင်းမလားကို စစ်ပြေးရတာကိုပြောတာဖြစ်ပါတယ်)တဲ့အခါမှာလည်း ဒိုမီနီယံအဆင့်ကို ဘယ်ပုံဘယ်နနည်း ရောက်အောင်ပို့ရမလဲလို့ စဉ်းစားတယ်။ ယခုအခါ ပြောပုံမျိုးပြောရရင် “ဓနသဟာယထဲမှာနေပြီး ဒိုမီနီယံအဆင့်ကိုပေးဖို့”ဖြစ်ပါတယ်။ ပြန်လည်နေရာချထားရေးဌာန(စာရေးသူ လက်ထောက်အတွင်းဝန်ချုပ်အဖြစ် အလုပ် လုပ်သည့်ဌာန)ကလည်း ဒီသဘောမျိုးပဲ အမှန်ရှိတယ်။ ရက်စွဲအတိအကျ(နဲ့)ဘယ်တော့ ဒိုမီနီယံအဆင့်ပေးမယ်လို့ ကြေညာနိုင်ရင် သာလို့ ကောင်းမယ်ထင်ပါတယ်။ စစ်ထောင်းလို့ကြေမွနေတဲ့နေရာကို ပြည်လည်ထူထောင်ဖို့ ကူညီရဦးမယ်။ သုံးနှစ်နဲ့ ခုနှစ်နှစ်လောက် အချိန်ယူသင့်တယ်လို့ထင်တယ်။ အဲ့ဒီအယူအဆကိုပြတ်သားအောင် လန်ဒန်မှာတင်ပြကြပါတယ်။ လက်သင့်မခံပါ။ ဘာဖြစ်လို့လဲဆိုတော့ ချာချီက “အင်ပါယာဖျက်ပွဲမှာ ငါက လူကြီးမလုပ်ချင်ဘူး”လို့ ပြောထားတဲ့အတွက် ဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာပဲ ပြန်လည်နေရာချထားရေးဌာနမှာပါဝင်မယ့်သူတွေကို မြန်မာနိုင်ငံကိုပြန်လိုက်မယ့်သူတွေထဲကပဲ ရွေးပါ။ သူတို့ကလည်း မြန်မာတွေလိုလားတဲ့အုပ်ချုပ်ရေးကို ပေးချင်စိတ်ရှိပြီးသားဖြစ်ရမယ်။ အဲ့ဒါကြောင့် တစ်ယူသန် ဆက်ပြီးအုပ်ချုပ်ရမယ်လို့ယူဆတဲ့လူတွေကို ကျွန်တော်တို့ဌာနမှာ အလုပ်မခန့်ပါ။ ဒါပေမဲ့ သူတို့ အယူအဆကိုလည်း လွတ်လွတ်လပ်လပ်တင်ပြခွင့် ပြုပါတယ်။ ဒါ့ကြောင့်သူတို့ကလည်း အခုဖွင့်တဲ့ဌာန (မြန်မာပြည်ပြန်လည်ထူထောင်ရေးဌာန)ကို မေးငေါ့ပြီး ရှုတ်ချကြပါတယ်။
ဌာနဖွင့်ပြီးမကြာမီ မြန်မာကော်မရှင်မှာ ထင်ရှားတဲ့မြန်မာနှစ်ယောက် ရောက်လာပါတယ်။ ဦးတင်ထွတ် ၁၉၂၁ က (အိုင်စီအက်စ်ခေါ်) အိန္ဒိယပဋိဉာဉ်ခံဝန်ထမ်းကို ဝင်ရောက်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲ့ဒီရာထူးရဖို့ အင်္ဂလန်မှာ အပြိုင် စာမေးပွဲဝင်ဖြေပြီးအောင်မြင်လို့ မြန်မာကိုလာပြီးအမှုထမ်းတဲ့အင်္ဂလိပ်တွေရတဲ့ ပင်လယ်ရပ်ခြားပံ့ပိုးငွေ(လစာအပို) ရတဲ့လူဖြစ်ပါတယ်။ အဲ့ဒီပုဂ္ဂိုလ်က အထွေထွေအကြံပေးလူကြီး ဖြစ်လာပါတယ်။ နောက်တစ်နှစ်ကြာတော့ ဦးကျော်မင်း ဝင်လာလို့ သူ့ကို ဒီဌာနရဲ့လုပ်ငန်းသဘာပတိခန့်ပါတယ်။
မြန်မာနိုင်ငံအစိုးရအဖွဲ့ရဲ့ နန်းရင်ဝန်ဟောင်းဦးစောက ဦးတင်ထွတ်ကို သူ့အတွင်းရေးမှူးအဖြစ်နဲ့ခေါ်ပြီး ၁၉၄၁ ခုနှစ် ကုန်ခါနီးက အင်္ဂလန်ကို ကိုယ်စားလှယ်အဖွဲ့သဘောမျိုး သွားတယ်။ ကောင်းကောင်းမွန်မွန် လက်ခံပြုစုပါတယ်။ ဒါပေမယ့် ချာချီဆီက စစ်ပြီးပြီးချင်း(သို့မဟုတ်) အတိုက်အခိုက်ရပ်စဲလျှင် ရပ်စဲခြင်းမြန်မာနိုင်ငံလွတ်လပ်ရေး ကြေညာပေးပါ့မယ်လို့ ကတိစကားကိုတော့မရခဲ့ပါ။ ဒါနဲ့ အဖွဲ့က အမေရိကကိုဆက်သွားတယ်။ မြန်မာနိုင်ငံကို ဟာဝိုင်အီကျွန်းဘက်ကလှည့်ပြန်တဲ့အခါ ဂျပန်က ပါးလ်(ပုလဲဆိပ်ကမ်း)သင်္ဘောဆိပ်ကို ဗုံးစကြဲပြီဖြစ်လို့ ခရီးလမ်းစဉ်ကိုပြောင်းရတယ်။ လစ်စဗုံက လှည့်ရမယ်။ လစ်စဗုံရောက်တော့ ဦးစောတယောက်တည်းက ဂျပန်သံအမတ်နဲ့တွေ့ပြီး မြန်မာနိုင်ငံကိုဂျပန်ဝင်ရင် မြန်မာက ဂျပန်အကူအညီကိုယူပြီး အင်္ဂလိပ်တော်လှန်ရေး လုပ်မယ်။ (အင်္ဂလိပ်ကိုမြန်မာမြေက မောင်းထုတ်မယ်လို့ဆိုလိုတယ်)အဲ့ဒီက ခရီးဆက်လို့ နောက်တစ်စခန်းဖြစ်တဲ့ ဟိုင်ဖာကိုရောရောက်တော့ သူတို့နှစ်ယောက်ကိုဖမ်းဆီးလိုက်တယ်။ ဦးစောကို စစ် မပြီးမချင်း ယူဂန်ဒါမှာထားတယ်။ နောက် ဦးတင်ထွတ်ကိုတော့(ဦးစောအစီအစဉ်ထဲမှာ မပါဘူး)ဆိုပြီး ဆင်းမလားအထိပြန်ခွင့်ပြုလို့ ပြည်ပြေးအစိုးရမှာ ဆက်လက်အမှုထမ်းခွင့်ရပါတယ်။
ဦးတင်ထွတ်က မြန်မာမျိုးချစ်တစ်ဦးဖြစ်လို့ အစပထမက ပြန်လည်ထူထောင်ရးဌာနကို သိတ်ပြီး ယုံကြည်အားထားပုံ မပေါ်ပါ။ ဒါပေမဲ့ တဖြည်းဖြည်း အာဃာတတွေလျှော့ပြီး သူ့လူမျိုးကောင်းစားရေးကို အမှန်တကယ် ဆောင်ရွက် ပေးနိုင်တယ်လို့ယုံကြည်ကာ ကျွန်တော်တို့လုပ်ငန်းကို ဝင်ရောက်ကူညီပါတယ်။ သူ အရာရှိငယ်ဘဝက စိတ်နာကျည်းစရာတချက် ကြုံဖူးတယ်။ ခရစ်ကက်ကစားပြီး၊ ရေချိုးပြီးအဝတ်လဲဖို့ ပဲခူးကလပ်ကိုဝင်လာတော့ လက်မခံလို့ ခတ်ညံ့ညံ့နေရာတခုကိုဝင်ပြီး လဲရတယ်။ အိန္ဒိယနဲ့မြန်မာနိုင်ငံတွေမှာ အင်္ဂလိပ်က တိုင်းရင်းသားတွေကို လူလူချင်းဆိုတဲ့သဘောနဲ့မဆက်ဆံပဲ အထက်စီးကပြောဆိုဆက်ဆံတာဟာ တကယ့်အုပ်ချုပ်ရေးကိစ္စတွေမှာ အထက်စီးအနိုင်ယူတာထက်ပိုပြီး တိုင်းရင်းသားတွေက နာတယ်။ ဒါမျိုးက နိုင်ငံရေး၊ စီးပွားရေးမှာ အသာအကဲ ယူတာထက်ပိုပြီး အာဃာတဖြစ်စေတယ်။ ဦးတင်ထွတ်က အင်မတန် အရည်အချင်းပြည့်မီတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ သူ့ကို အုပ်ချုပ်ရေးပိုင်း စိတ်ချလက်ချလွှဲအပ်နိုင်တယ်။ သူကလည်း အင်္ဂလိပ်က မြန်မာကို လွတ်လပ်ရေးတကယ်မပေးမီ ကုလသမဂ္ဂကိုခေတ္တနအပ်ထားသင့်တယ်လို့ အကြံဉာဏ်ပေးမှာဖြစ်ပါတယ်။ ဒီလိုမလုပ်ရင် အခြေအနေအားလုံး ပျက်စီးကုန်မှာဖြစ်တယ်လို့ သူက သတိပေးလိုဟန်တူပါတယ်။
(ဆင်းမလားရောက်) မြန်မာအစိုးရနဲ့အတူထွက်ပေါ်လာတဲ့ နောက်မြန်မာတစ်ဦးကတော့ ဆာပေါ်ထွန်းဖြစ်ပါတယ်။ သူက ဦးစောအဖမ်းခံရပြီး ဦးစောနေရာကိုဆက်ခံနဲ့ နန်းရင်းဝန်ဖြစ်ပါတယ်။ ဆင်းမလားအဝေးရောက်နန်းရင်းဝန် အနေနဲ့ မြန်မာနိုင်ငံအုပ်ချုပ်ရေးနဲ့ပတ်သက်သူတွေကို မကြာခဏဖိတ်ကြားပြီး လက်ဖက်ရည်ပွဲလုပ်ပါတယ်။ ပြောလေ့ရှိတဲ့အကြောင်းအရာက ဆာပေါ်ထွန်းက သိတ်တော်တယ်ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း အမှုကိစ္စတစ်ခုကို မြန်မြန်နဲ့ပြီးပြတ်အောင် ဘယ်လိုလုပ်တယ်လို့ပြောပြလေ့ရှိပါတယ်။ သူ့ကျန်းမာရေးက ပိုပိုပြီးညံ့လာတော့ အဲ့ဒီ အစည်းအဝေးကို အခေါ်ကျဲသွားပါတယ်။
(Maurice Maybury က Heaven-Born in Burma လို့ရေးပြီး ဒေါက်တာသန်းထွန်းက မိုးကျရွှေကိုယ်လို့ ဘာသာပြန်တဲ့စာအုပ်ထဲက အခန်း ၄၅ ဖြစ်တဲ့ “အဝေးရောက်အစိုးရ”မှ စာပိုဒ်အချို့ကို စာရိုက်ပြီးတင်ပေးတာပါ။ စဉ်းစားတွေးဆစရာ အချက်အလက်တွေပါတယ်မြင်လို့ပါ)

0 comments:

Post a Comment