Sunday, August 14, 2022

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများအတွက် အခြေခံသိမှတ်ဖွယ်(တပ်ပေါင်းစုပေါ်လစီ)

0 comments

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများအတွက် အခြေခံသိမှတ်ဖွယ်(တပ်ပေါင်းစုပေါ်လစီ)ကို စာရိုက်ပြီး ပြန်တင်ပေးတာပါ။

ဘုံရန်သူ။ မျက်မှောက်ဗမာပြည် ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးရဲ့ရန်သူဟာ စစ်အာဏာရှင်စနစ် ဖြစ်တယ်။ စစ်အာဏာရှင်စနစ်ဟာ စစ်(၃)စစ်ကိုဆိုလိုတယ်။ စစ်(၃)စစ်ဆိုတာ (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား)တို့ဖြစ်တယ်။ စစ်အုပ်စုဟာ စစ်အစိုးရနဲ့ စစ်ဗျူရိုကရေစီယမ္တရားကို ဖန်တီးသူဖြစ်တယ်။ ဒါ့ကြောင့် စစ်(၃)စစ်ကိုဖော်ပြရာမှာ စစ်အုပ်စုကို နံပတ် ၁ နေရာမှာထားရမယ်။ စစ်အုပ်စုက စစ်အစိုးရကိုဖန်တီးတယ်။ (မျက်မှောက်အခြေအနေမှာ စစ်ကောင်စီကိုဖန်တီးထားတယ်) သူ့ကို နံပတ် ၂ နေရာမှာထားရမယ်။ စစ်အစိုးရက စစ်ဗျူရိုကရေစီယန္တရားကိုလည်ပတ်စေပြီး အဖိနှိပ်ခံပြည်သူတရပ်လုံးကို ဖိနှိပ်သွေးစုပ်တယ်။ စစ်ဗျူရိုကရေစီယန္တရားဆိုတာ စစ်အုပ်စုကိုအလုပ်အကျွေးပြုနေတဲ့ စစ်အုပ်စုရဲ့လက်ကိုင်တုတ်စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပျူစောထီးစတဲ့လက်နက်ကိုင်အဖွဲ့များ၊ တရားရုံး၊ တရားစီရင်ရေးစနစ်၊ အကျဉ်းထောင်စတဲ့ အုပ်ချုပ်ရေး ယန္တရားများပါဝင်တယ်။ သူ့ကို နံပတ် ၃ နေရာမှာထားတယ်။ ဒီ စစ်(၃)စစ်က အဖိနှိပ်ခံ ဗမာပြည် ပြည်သူလူထုအပေါ်  ဖိနှိပ်သွေးစုပ်နေတဲ့စနစ်ဆိုးကို စစ်အာဏာရှင်စနစ်လို့ခေါ်တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်(စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား)လို့ ရည်ညွှန်းလေ့ရှိတယ်။ ကျွန်တော်တို့ဟာ အဓိကပဋိပက္ခကိုရှာဖွေပြီး အဲ့ဒီအပေါ်ကနေ ရန်သူနဲ့မိတ်ဆွေလို့ ခွဲခြားပါတယ်။ ရန်သူ့ဘက်သားမဟုတ်သူတွေနဲ့ တပ်ပေါင်းစုလုပ်(နိုင်)ပါတယ်။

 

စစ်အုပ်စုဟာ ဖက်ဆစ်လုပ်ဟန်တွေကျင့်သုံးတဲ့အစိုးရအာဏာကို ချုပ်ကိုင်ထားရုံတင်မက စစ်တပ်ကို ချုပ်ကိုင်ထားတယ်။ အဓိက စီးပွားရေးလုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတယ်။ ဒါဟာ ပြည်တွင်းဖြစ်ဖက်ဆစ်ဝါဒအတွက်အခြေခံတွေဖြစ်ပြီး တိုင်းပြည်ကိုအုပ်စိုးရာမှာတော့ သူတို့အာဏာ သူတို့အကျိုးစီးပွားအတွက် ဖက်ဆစ်လုပ်နည်းလုပ်ဟန်များအရ လူမျိုးပေါင်းစုံပြည်သူများကို လူမဆန်တဲ့ ညှဉ်းဆဲသတ်ဖြတ်မှုမျိုးစုံကျူးလွန်ပြီး ရက်ရက်စက်စက်ဖိနှိပ်ပါတယ်။

 

လူတန်းစားအရဆိုရင် စစ်ဗျူရိုကရက်ဓနရှင်လူတန်းစားဟာ ဗမာပြည် ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင် တော်လှန်ရေးရဲ့ ရန်သူဖြစ်တယ်။

 

ဒီရန်သူဟာ အဖိနှိပ်ခံလူတန်းစားအားလုံးရဲ့ ရန်သူဖြစ်တယ်။ လူမျိုးပေါင်းစုံပြည်သူများရဲ့ ရန်သူဖြစ်တယ်။ ဗမာပြည်ရှိ အဖိနှိပ်ခံလူနည်းစုအမျိုးသားအသီးသီးရဲ့ ရန်သူဖြစ်တယ်။ အဖိနှိပ်ခံအဖွဲ့အစည်းအသီးသီးနဲ့ လက်နက်မကိုင်တဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ရန်သူဖြစ်တယ်။ အားလုံးရဲ့ရန်သူဟာ တဦးတည်းတူညီနေတာမို့ ဘုံရန်သူဖြစ်တယ်။

 

မဟာမိတ်။  တော်လှန်ရေးတရပ်မှာ ဘယ်သူဟာရန်သူလဲ၊ ဘယ်သူဟာမိတ်ဆွေလဲ ခွဲခြားသတ်မှတ်ရေးဟာ အရေးကြီးတဲ့လုပ်ငန်းတာဝန်တရပ်ဖြစ်တယ်။ တော်လှတ်ရေးရဲ့မဟာမိတ်ဆိုတာ တော်လှန်ရေးအတွင်းရှိ ယုံကြည်စိတ်ချရတဲ့မိတ်ဆွေကို ဆိုလိုတာဖြစ်တယ်။ တော်လှန်ရေးမှာ မိမိရဲ့ရန်သူကိုမိတ်ဆွေနည်းစေတာဟာ တော်လှန်ရေးအောင်ပွဲခံစေရေးအတွက် အကြောင်းအချက်တခုဖြစ်တယ်။ ထို့အတူ တော်လှန်ရေးမှာ မိမိရဲ့မိတ်ဆွေတွေများတာ မိတ်ဆွေအင်အားတောင့်တင်းတာဟာ တော်လှန်ရေးအောင်ပွဲခံနိုင်စေတဲ့ နောက်ထပ် အကြောင်းရင်းတခုဖြစ်တယ်။

 

လူတန်းစားမဟာမိတ်ဖွဲ့မှုမှာ အလုပ်သမားကိုအခြေခံ၊ လယ်သမားနဲ့ ခိုင်မာတဲ့မဟာမိတ်ဖွဲ့၊ ဓနရှင်ပေါက်စကိုစည်းရုံး၊ အမျိုးသားဓနရှင်ကိုကြားထား၊ စစ်သုံးစစ်ကိုဦးတည်တိုက်ဆိုတဲ့ပေါ်လစီကို ကျင့်သုံးရမယ်။ ဘုံရန်သူကို ဦးတည်တိုက်တဲ့နေရာမှာ ရန်သူမဝေဝါး မထွေပြားဖို့သတိပြုရမယ်။ ရန်သူလည်းမဟုတ်၊ မဟာမိတ်အဆင့်အထိ မရောက်သေးတဲ့အင်အားစုတွေကို ရန်သူဘက်တွန်းပို့သလိုမဖြစ်ရအောင် ကြားထားသင့်တဲ့အင်အားစုကို ကြားထားပြီး ရန်သူကိုဆန့်ကျင်တိုက်ခိုက်လာစေဖို့ တွန်းဆော်ပေးရမယ်။

 

ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေနဲ့ဆိုရင် စစ်ရေးအရ ဘုံရန်သူကို ပြတ်ပြတ်သားသား လက်နက်ကိုင်တိုက်ခိုက်တော်လှန်နေတဲ့ လူနည်းစုအမျိုးသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအပေါ်မှာ ပြတ်ပြတ်သားသား ရပ်ခံတဲ့အဖွဲ့အစည်းတွေဟာ မဟာမိတ်အဖြစ် သဘောထားနိုင်တဲ့အဖွဲ့အစည်းတွေ ဖြစ်တယ်။ (ဒါဟာ မောပြည် ကွန်မြူနစ်ပါတီကချမှတ်ထားတဲ့ မဟာမိတ်သဘောထားဖြစ်ပါတယ်)။ စစ်သုံးစစ်ကိုဆန့်ကျင်၊ တော်လှန်ရေးကို မဆန့်ကျင်၊ ပါတီကိုမဆန့်ကျင်သူမှန်သမျှကို မဟာမိတ်အဖြစ် သဘောထားတာဖြစ်ပါတယ်။ ဗမာပြည်ရှိ လူနည်းစုအမျိုးသားများနဲ့ပတ်သက်ရင်  “ဗမာပြည်ရှိ အဖိနှိပ်ခံလူနည်းစုအမျိုးသားများနဲ့ မဟာမိတ်ဖွဲ့ရေး၊ စည်းလုံးညီညွတ်ရေးသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခြေခံဝါဒ၊ အခြေခံလုပ်ငန်းစဉ်ဖြစ်သည်”လို့ ရှင်းရှင်းလင်းလင်းသတ်မှတ်ထားပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လူမျိုးစု(လူနည်းစုအမျိုးသားများ) ပေါ်လစီဟာလည်း အရင်းခံအားဖြင့် လူတန်းစားရပ်တည်ချက်ကို အခြေပြုထားတာဖြစ်ပါတယ်။

 

တပ်ပေါင်းစု ဘာကြောင့်လိုအပ်သလဲ။ ဗမာပြည်ရဲ့နိုင်ငံရေးအခြေအအနေမှာ ပါတီတခုတည်းကတော်လှန်ရေးဆင်နွှဲပြီး အောင်ပွဲခံဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ ပါတီဥက္ကဌ သခင်သန်းထွန်းကရော၊ ပါတီအတွင်းရေးမှူး ရဲဘော်ကြင်မောင်ကရော သင်ကြားပေးခဲ့ပါတယ်။

 

တော်လှန်ရေးအဖွဲ့အစည်းတခုခုနဲ့ ရန်သူစစ်အာဏာရှင်အစိုးရ တဖွဲ့ချင်းစီယှဉ်ရင် ရန်သူက အင်အားသာလွန် ကြီးမားပါတယ်။ အားကြီးတဲ့ရန်သူကို ယှဉ်ပြိုင်တိုက်ခိုက်ရာမှာ တော်လှန်ရေးအင်အားစုအသီးသီး မဟာမိတ်ဖွဲ့မှု၊ တပ်ပေါင်းစုဖွဲ့မှု၊ တော်လှန်တဲ့သွေးစည်းညီညွတ်မှုကပိုသာ တည်ဆောက်နိုင်ရင် ရန်သူကိုယှဉ်ပြိုင်တိုက်ခိုက်ဖို့ ပိုမိုကြီးမားတဲ့အင်အားကို စုစည်းနိုင်ပါတယ်။ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တော်လှနရေးအဖွဲ့အစည်းများ များစွာရှိနေပါတယ်။  ဒီအဖွဲ့အစည်းတွေရဲ့စုပေါင်းမှု၊ ညီညွတ်မှုဟာ တော်လှန်ရေးကိုအောင်ပွဲခံစေနိုင်တဲ့ “အား”ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းအားလုံးရဲ့ဘုံရန်သူဟာ တဦးတည်းတူညီနေတဲ့အတွက် တော်လှန်ရေးအဖွဲ့အစည်းအသီးသီး ပေါင်းစည်းညီညွတ်ရင် တော်လှန်ရေးအောင်ပွဲခံဖို့ ပိုမိုလျှင်မြန်တဲ့အရှိန်အဟုန်ဖြစ်စေမှာပါ။

 

ဒါ့ကြောင့် တော်လှန်ရေးရဲ့ ပြဒါးရှင်သုံးလုံး(ပါတီ၊ တပ်၊ တပ်ပေါင်းစု)ထဲမှာ တပ်ပေါင်းစုကို ပြဒါးရှင်တလုံးအဖြစ် သတ်မှတ်ထည့်သွင်းထားခြင်းဖြစ်ပါတယ်။

 

ဗမာပြည်ရဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို အောင်ပွဲခံစေခဲ့တဲ့ အဓိကအကြောင်းရင်းတရပ်ဟာ ဖဆပလ ဆိုတဲ့ တော်လှန်တိုးတက်တဲ့တပ်ပေါင်းစုကြီးကို အင်အားတောင့်တင်းအောင်ဖွဲ့စည်းနိုင်ခဲ့လို့ဆိုတာ ထင်ရှားတဲ့ သမိုင်းသက်သေဖြစ်ပါတယ်။

 

တပ်ပေါင်းစုဖွဲ့ရေးသဘောထား။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဘုံရန်သူစစ်သုံးစစ်ကိုတိုက်ခိုက်ရန် အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်တရပ်ရေးဆွဲပြီး ထိုမှတဆင့် တပ်ပေါင်းစုတရပ် ဖွဲ့စည်းတည်ဆောက်သွားဖို့ ဆယ်စုနှစ်တချို့အတွင်း အကြိမ်အချို့ တင်ပြလှုံ့ဆော်ခဲ့ပါတယ်။ လက်တွေ့အားဖြငင့်လညည်း စွမ်းအားရှိသမျှ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။

 

ပါတီရဲ့သဘောထားမှာ အဖွဲ့အစည်းတွေရဲ့ မူ၊ ဝါဒ၊ သဘောထားတွေ အားလုံးတူညီမှ တပ်ပေါင်းစုဖွဲ့ရေးမဟုတ်ပါ။ မတူညီတာဟာ သဘာဝပါ။ ကွဲလွဲမှုထဲက တူတဲ့အချက်ကိုလက်တွဲလုပ်ရင်း(ဘုံရန်သူကို လက်တွဲတိုက်ရင်း) ခိုင်မာတဲ့ တပ်ပေါင်းစုအဆင့်သို့ တက်လှမ်းသွားရေးဖြစ်ပါတယ်။

 

တပ်ပေါင်းစုမှာ တူတာတွဲလုပ်၊ မတူတာခွဲလုပ်ရေးဟာ အခြေခံသဘောထားတခုဖြစ်ပါတယ်။ မတူတာတွေမှာ အဖွဲ့အသီးသီးက ကိုယ့်ဘာသာဆုံးဖြတ်ခွင့်ရှိစေရမှာဖြစ်ပါတယ်။ တူတာတွဲလုပ်ရင်း တချို့မတူတဲ့ကိစ္စတွေကို ဘုံရန်သူတိုက်ခိုက်ရေးမထိခိုက်စေဖို့ ဆက်လက် ညှိနှိုင်းသွားကြရမှာဖြစ်ပါတယ်။ တချက်တူ တချက်ပေါင်း၊ တရက်တူ တရက်ပေါင်းတဲ့ ပူးတွဲလုပ်ဟန်မှစလို့ တပ်ပေါင်းစုလုပ်ဟန်အဆင့်ဆင့်ကို လက်တွေ့တိုက်ပွဲများအတွင်းမှာ တိုးချဲ့တည်ဆောက်သွားရမှာဖြစ်ပါတယ်။

 

“ဗမာပြည်ကွန်မြူနစ်ပါတီအနေဖြင့် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးနှင့်(ခြားနားချက်များကို ခေတ္တဖယ်ထားပြီး၊ တူညီချက်များရှာကြံကာ) ညီညွတ်ရေး တည်ဆောက်ရန် ကြိုးစားသွားရမည်။ ရှိပြီးသားတပ်ပေါင်းစုကို ခိုင်မြဲစေကာ ဆက်လက်တိုးချဲ့သွားရမည်။ ထိုမျှမက ဒေသဆိုင်ရာ အလိုက် မိမိတို့ရဲ့ အခိုင်အမာအခြေအနေအရ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးတပ်ပေါင်းစုများ ဖွဲ့နိုင်သည်။ ဖွဲ့ရမည်ဟု ခံယူထားပါသည်”လို့ အတိအလင်းချမှတ်ထားခဲ့ပါတယ်။

 

အမျိုးအစားခွဲခြားသတ်မှတ်ထားတဲ့ တပ်ပေါင်းစုသဏ္ဌန်များ။

၁။ လူတန်းစားအရတပ်ပေါင်းစု(သမဂ္ဂပေါင်းစုံတပ်ပေါင်းစုအပါအဝင်)

၂။ လူမျိုးစုအမျိုးသားနဲ့ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစု။

၃။ စစ်ရေးတပ်ပေါင်းစု(စစ်ရေးမဟာမိတ်ဖွဲ့မှု)

၄။ တပြည်လုံး အမျိုးသားအသီးသီးပြည်သူများရဲ့ အမျိုးသားနိုင်ငံရေးဆိုင်ရာတပ်ပေါင်းစု။

၅။ ဝါဒရေးရာအရဖွဲ့တဲ့တပ်ပေါင်းစု(လက်ဝဲညီညွတ်ရေးမဟာမိတ်အဖွဲ့)

 

တပ်ပေါင်းစုဆိုင်ရာ အခိုင်အမာလမ်းညွှန်ချက်များ။

လက်တွေ့ အောက်ခြေမှာ တခြားအဖွဲ့အစည်းတွေနဲ့တွဲပြီးအလုပ်လုပ်နေကြရတဲ့ ကိုယ်ရဲဘော်များအတွက် (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများအပါအဝင်) အတွက်လည်း တပ်ပေါင်းစုသဘောထား၊ မဟာမိတ်သဘောထားများအဖြစ ပါတီအထွေထွေအတွင်းရေးမှူး ရဲဘော်ကြင်မောင်က လမ်းညွှန်ချက်များ ချမှတ်ပေးထားပါတယ်။

 

-       တစုံတခုသော ကာလတိုရည်ရွယ်ချက်အတွက် ယာယီပူးတွဲဆောင်ရွက်ခြင်း၊ ယာယီပူးတွဲကော်မတီမျိုး လုပ်နိုင်တယ်။

-       တပ်ပေါင်းစုတရပ်လို စုစုစည်းစည်းလည်းမဟုတ်၊ ယာယီပူးတွဲကော်မတီလည်းမဟုတ်တဲ့ တခြားသဏ္ဌန်များနဲ့ တပ်ပေါင်းစုလုပ်ခြင်းလည်းရှိနိုင်ပါတယ်။

-       တစုံတခုသော စစ်ရေးရည်ရွယ်ချက်အတွက် ကိုယ့်စစ်မျက်နှာမှကိုယ် ချိန်ကိုက်ိပြီးဆောင်ရွက်ခြင်းမျိုး၊ ကိစ္စတခုချင်းတွင် အပြန်အလှန်သတင်းပေး၊ အပြန်အလှန်ညှိနှိုင်း၊ အပြန်အလှန်ကူညီခြင်းများ လုပ်နိုင်တယ်။

-       ဒေသပါတီကော်မတီများက ဒေသအလိုက် သူ့အခိုင်အမာအခြေအနေအရ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အတွက် တပ်ပေါင်းစုများဖွဲ့နိုင်တယ်၊ ဖွဲ့ရမယ်။

-       မြို့ပေါ်မှာလည်း ဒေသအလိုက် မြေအောက်လုပ်ငန်းအချင်းချင်း တပ်ပေါင်းစုသဘောဆောင်ရွက်ခြင်းများ၊ ချိန်ကိုက်ဆောင်ရွက်ခြင်းများရှိမယ်။

-       ရန်သူ့အကျဉ်းထောင်များမှာ ရန်သူက ပါတီစုံစုစည်းပေးထားသလိုဖြစ်နေတာကြောင့် ကျွန်တာ်တို့ ရဲဘော်များဟာ တပ်ပေါင်းစုသဏ္ဌန်မျိုးစုံဖွဲ့စည်းရမယ်။ ပူးတွဲလေ့လာရေး။ ပူးတွဲလှုပ်ရှားရေး၊ အပြန်အလှန် ကူညီရေးများ ဖွဲ့နိုင်တယ်။

-       စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တိုက်နေကြတဲ့အဖွဲ့အစည်း သီးသီးနဲ့(ခြားနားချက်များကို ဖယ်ရှားပြီး၊ တူညီချက်များရှာကြံကာ) ညီညွတ်ရေးတည်ဆောက်သွားရန် ကြိုးစားသွားရမယ်။ ရှိပြီးတပ်ပေါင်းစုကို ခိုင်မြဲစေကာ ဆက်လက် တိုးချဲ့သွားရမယ်။

 

ဒီအချက်များအပေါ်အခြေခံပြီး ကျွန်တော်တို့အနေနဲ့ မဟာမိတ်သဘောထား၊ တပ်ပေါင်းစုသဘောထားများချမှတ်ကာ အခိုင်အမာဆောင်ရွက်သွားနိုင်ကြပါတယ်။ ဒီတပ်ပေါင်းစုပေါ်လစီဟာ အခြေခံမူနဲ့ သဘောထားများသာဖြစ်ပြီး အခြေအနေသစ်များ၊ အချက်အလက်သစ်များအောက်မှာ အခိုင်အမာအခြေအနေများနဲ့ ဆီလျော်ကိုက်ညီအောင် ကျင့်သုံးသွားကြဖို့ဖြစ်ပါတယ်။

 

ပစ္စည်းမဲ့ နိုင်ငံတကာ့ဝါဒကို လက်ခံကျင့်သုံးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဦးဆောင်မှုအောက်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနေနဲ့ နိုင်ငံတကာ့ပစ္စည်းမဲ့ဝါဒအင်အားစုများနဲ့ မဟာမိတ်ပြုရေး ဆိုတာကိုလည်း အလေးအနက် နှလုံးသွင်းထားကြဖို့လိုပါတယ်။

 

ကေဒါများကို အပ်ထားရမယ့်ပေါ်လစီတခု။ မိမိကေဒါများကို အပ်ထားရမယ့်ပေါ်လစီတွေထဲမှာ တပ်ပေါင်းစုပေါ်လစီလည်း တခုအပါအဝင်ဖြစ်တယ်လို့ ယခင်ပါတီအတွင်းရေးမှူးရဲဘော်ကြင်မောင်က သင်ကြားခဲ့ပါတယ်။ (ဒီ ကေဒါများကိုအပ်ထားရမယ့်ပေါ်လစီတခုကိုလည်း ကျွန်တော်စာရိုက်ပြီး တင်ပေးဖူးပါတယ်)

0 comments:

Post a Comment