Tuesday, August 30, 2022

ကမ္ဗောဇ (ဌေးမြိုင်)

0 comments

ကမ္ဗောဇ (ဌေးမြိုင်)

ရှမ်းပြည်....တောင်တန်းတို့ဖြင့် ညို့ညို့မှိုင်းမှိုင်း၊ ရှုလိုက်တိုင်းသာယာသော ရှမ်းပြည်။ တောင်စဉ် ခင်တန်းတို့ဖြင့် စိမ်းစိမ်းစိုစို၊ လွမ်းဆွတ်ဖွယ်ကောင်းသာ ရှမ်းပြည်၊ ငွေရောင်ဖန်ပြွန်ရေတံခွန်တို့ဖြင့် မဖြစ်စတောင်းသာမျိုးစုံပေါင်းကြသည့် ရှမ်းပြည်။

အိပ်မက်ထဲ၌ကား ရှမ်းပြည်သည် ကွန့်မြူးလျက်ရှိသည်။ ရှမ်းလူမျိုးတွေ ရိုးသည်၊ သဘောကောင်းသည်၊ ဧည့်ဝတ်ကျေသည်။ ရှမ်းမလေးတွေ ပါးအို့နီနီနှင့်။

ရှေးရှေးတုန်းက ရှမ်းပြည်သည် ငှက်ဖျားပေါရာဌာန၊ စုန်း ကဝေ တစ္ဆေ၊  အင်းအိုင်လက်ဖွဲ့၊ ခလွှဲ့မန္တရား စသောပညာတို့ကျက်စားရာအဖြစ်သာ ကြားဖူးနားလည်ကု၍ ရှမ်းပြည်ကို အိမ်ဦးကြမ်းပြင် ဖြစ်နေသော်လည်း အရောက်အပေါက်နည်းခဲ့သည်။ ယခုအခါ၌ကား ရှမ်းပြည်သည် လောင်းကစားပွဲတို့ဖြင့် အရှေ့တိုင်းမွန်တီကာလိုဟု ကျော်ကြား၏။ ပင်စင်ယူပြီးသော ဥရောပတိုက်သားတို့ခေါင်းချရာ အာရှတိုက် ဆွစ်ဇလန်ဟုလည်း ထင်ရှား၏။  တိတ်တိတ်ပုန်း ဘိန်းချရာ၊ ရုပ်ရှင်ရိုက်ရာ၊ နွေရာသီရုံး၊ ကျောင်းပိတ်၍ အပျော်အပါးလှည့်လည်ရာ “စခန်းသာ” အဖြစ်လည်း လူသိများကြသည်။

 

သို့သော် မကြာသေးမီက ကျိုးတုံ(မူရင်းအတိုင်းဖြစ်ပါသည်)စော်ဘွား သေနတ်ဖြင့်ပစ်သတ်မှုသည် လည်းကောင်း၊ တရုတ်ပြည်နှင့် အနောက်တိုင်းကို တံတားကူးပေးသော ယူနန်-ဗမာလမ်းမကြီးသည် လည်းကောင်း၊ မောရစ်ကောလစ်၏ နေဝင်ဘုရင်များစာအုပ်သည်လည်းကောင်း ရှမ်းပြည်အား ကမ္ဘာ့သတင်းရှေ့နောက်ဖို့(မူရင်းအတိုင်း) အတင်းဆွဲသွင်းလိုက်တော့သည်။ အိပ်မောကျနေသော လူတစ်ယောက်ကို ဇာတ်ခုံပေါ်သို့ အတင်းတင်လိုက်သည်နှင့်သာ တူတော့သည်။ ရှမ်းပြည် ဘယ်လို က မည်နည်း။

ရှမ်းပြည်ကား ဗမာနိုင်ငံအပါအဝင်မဟုတ်။ နယ်ချဲ့အင်္ဂလိပ်အစိုးရက သွေးခွဲစနစ်အရ ဗမာပြည်နှင့်ခွဲကာ တိုက်ရိုက်အုပ်စိုးသော သီးခြားပြည်ထောင်စုတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ရှမ်းပြည်ကို ရှမ်းပြည်ထောင်စုဟု ခေါ်သည်။ ရှမ်းပြည်ဟုဆိုလိုက်လျှင် အလွန်သတင်းမွှေးလှသော ဖွားဘက်တော် ပုဒ်မ-၁၀ ကို မကြားဖူးဘဲနေမည်မဟုတ်။ အဘယ်ကြောင့် ပုဒ်မ-၁၀ သည် ကျော်ကြား ရသနည်း။ ရှမ်းပြည်အစဉ်အလာဥပဒေတွင် ဗမာပြည်မှာကဲ့သို့ ရှုပ်ထွေးများမြောင်လှသော ဥပဒေတွေ မရှိ။ အစုစုပေါင်းမှ ၁၀ ခုသာရှိသည်။ ၁ မှ ၉ အထိမှာ သူ့အပြစ်နှင့်သူ တသီးတခြား ရေးသားထားသည်။ ပုဒ်မ -၁၀ အောက်ကား...ပုဒ်မ-၉ အထိမပါသော ပြစ်မှုဟူသရွေ့ သေဒဏ်မှ တစ်ပါး ပေးချင်သောအပြစ်ကို ပေးနိုင်သည်ဟုရေးထိုး၏။ အဓိပ္ပာယ်မှာ ရှမ်းပြည်မျက်စေ့ထဲတွင် အလိုမရှိလျှင် နာရီပိုင်းအတွင်း ရှမ်းပြည်မှထွက်ခွာသွားရမည်။ မတုပနိုင်သော ပုဒ်မ-၁၀။ ဘယ်လိုမှ ထုချေခွင့်မရှိ။ တစ်ချက်လွှတ်အမိန့်တော်ပင်ဖြစ်သည်။ ဘယ် ဝတ်လုံတော်ရမှ မတတ်နိုင်။ ပုဒ်မ-၁၀ ကို တွေ့ခဲ့ရဖူးသည်။

ကျွန်တော်နှင့် သမဂ္ဂဥက္ကဌဟောင်းကိုဗဟိန်းတို့သည် ၁၉၃၉ ခု သီတင်းကျွတ်ကျောင်းပိတ်ရက်အတွင်း ရှမ်းပြည်သို့ ဒေသန္တရခရီးထွက်ခဲ့ကြသည်။ တစ်ဖန် ဗမာပြည်သို့ပြန်ရောက်သောအခါ ရာသီဥတု ပူအိုက်သလောက် ရှမ်းပြည်အတွက် စိတ်ပူခြင်းတည်းဟူသောလက်ဆောင်ကိုပါ ယူခဲ့ရပါသည်။ ဤရှမ်းရွာလက်ဆောင် ဆောင်းပါးသည်လည်း စိတ်ပူခြင်းမှသီးပွင့်၍လာရပါသည်။

 

(၂)

“ကဲ ကိုဗဟိန်း...ရုံးမော်ဟိုးက တရုတ်လက်ဖက်ရည်မွှေးမွှေးကို နှုတ်ဆက်သောက်...သောက်လိုက် ကြရအောင်” “အဟဲ...ဟဲဟဲ”။ ကျွန်တော်တို့နှစ်ယောက်ကား ပြုံးရင်း ဖော်ရွေသောအိမ်ရှင် ငှဲ့ပေးသည့် တရုတ်လက်ဖက်ရည်ကြမ်းကို နှစ်ခြိုက်စွာ သောက်လျက်ရှိကြသည်။ ဘေးက ဗမာစကား နားမလည်သော တရုတ်များက ပြုံးကြသည်။

ရုံးမော်ဟိုးဆိုသည်မှာ လွယ်ယိုး(လားရှိုးဟောင်း)ရှိ ကျွန်တော်တို့တည်းခိုနေသော တရုတ် ကုန်သည်ကြီးတစ်ဦး၏ နေအိမ်အမည်ဖြစ်သည်။

တရုတ်တွေကား ကျွန်တော်တို့အား ချစ်ကြည်ကြသည်။ ဧည့်ဝတ်ကျေပွန်စွာ လက်ခံကြသည်။ သူတို့ ကျွေးမွေးသည့်အထဲတွင် တရုတ်လက်ဖက်ခြောက်ကို လှော်၍ခတ်သော တရုတ်လက်ဖက်ရည်ကြမ်းသည် ကျွန်တော်တို့ခံတွင်းတွင် အလွန်အရသာရှိလှသည်။ မွှေးမြသောရနံ့နှင့် သောက်၍ကောင်းလှသည်။ ထိုနေ့ကား လားရှိုးမှသိန္နီသို့ ထွက်ခွာမည့်နံနက်ခင်း ဖြစ်လေသည်။ ကျွန်တော်သည် ဝန်စည်စလှယ်များကို ထုတ်ပိုးချည်နှောင်နေခိုက် ကိုဗဟိန်းမှာ တရုတ်တွေနှင့် အရှေ့တိုင်းစစ်ပွဲများ အကြောင်းကိုဆွေးနွေးရင်း လက်ဖက်ရည်ကိုသာ တစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်နေသည်။

“ဒါ့ထက် ဆရာတို့ အခု အမတ်ကြီးအိမ်သွားဦးလေ၊ သူ့ကိုသွားတွေ့ဖို့ကောင်းတယ်၊ ည ကလည်း နှစ်ခေါက်တောင် ခင်ဗျားတို့ကို လာရှာတယ်၊ သူ ဘာပြောချင်လို့လည်း မပြောတတ်ဘူး”ဟု အိမ်ရှင်က သတိပေးသည်။ 

ဟုတ်သည်၊ အမတ်ကြီးနှင့်တွေ့ရဦးမည်။ ရှမ်းပြည်တွင် အမတ်ကြီးခေါ်သော်လည်း အမှန်မှာ မြို့အုပ် ဖြစ်လေသည်။

“ဟုတ်ကဲ့...ကျွန်တော်တို့ သွားကြည့်ဦးမယ်လေ၊ ဟို..စာပို့ကားလာရင်သာ ခဏ စောင့်ခိုင်းထားလိုက်ပါ”။ “အင်း...အင်း... စောင့်ခိုင်းထားလိုက်ပါ့မယ်၊ မြန်မြန်ပြန်လာနိုင်အောင် ဘိုင်စကယ်နှစ်စင်း ယူစီးသွားပါလား...” 

ရှမ်းပြည်တွင် အတော်အေးလေပြီ။ အုတ်တံတိုင်းဖြင့် ဘေးပတ်လည်ကာရံထားသော ရုံးမော်ဟိုးနံရံ အပြင်သို့ထွက်လျှင်ပင် ဆောင်းဝင်စလေကြောင့် အတော်ချမ်းသည်။ နှင်းတွေလည်း 

မှိုင်းမှိုင်းဝေလျက်ရှိလေပြီ။ တစ်ဖက်ချိုင့်ဝှမ်းနယ်နိမိတ်ရှိ တောတန်းစိမ်းညို့ညို့သည် နှင်းရိပ် ရေးရေးသာ ပေါ်နေလေ၏။

မှုန်ပြာသော နှင်းတိုက်ဝယ် စက်ဘီးနှစ်စီးသဏ္ဌန်သည် လားရှိုးလမ်းပေါ်တွင်ပြေးလျက်။ နောက်...ကုန်းကလေးပေါ်ရှိ မြို့အုပ်ဦးဓူဝံ၏အိမ်ရှေ့၌ ထိုးရပ်လေသည်။

ဦးဓူဝံနှင့် ကျွန်တော်တို့ နာရီဝက်ခန့် စကားကောင်းနေကြသည်။ သူက ကျွန်တော်တို့လာသည့် ရည်ရွယ်ချက်ကို မေးသည်။ ကိုဗဟိန်းက ရှမ်းပြည်စာအုပ်ရေးရန် လှည့်လည်ကြည့်ရှုကြောင်း၊ နိုင်ငံရေးကိစ္စ ဘာမျှမပါကြောင်း ပြန်ဖြေသည်။ ဦးဓူဝံကား အတော်ဖော်ရွေ၏။ ကျွန်တော်တို့အား ကော်ဖီပူပူဖြင့်ဧည့်ခံသည်။ အသွားအလာ ဂရုစိုက်ဖို့၊ ရှမ်းပြည်တွင် နိုင်ငံရေးမလုပ်ဖို့ စေတနာနှင့် သတိပေးသည်။ သူသည် စာပေဝါသနာပါ၍ တက္ကသိုလ်က သိပ္ပံမောင်ဝ၊ ဦးလူဖေဝင်း၊ သခင်နု စသောပုဂ္ဂိုလ်များကိုလည်း မေးသည်။ သူသည် ရန်ကုန်တက္ကသိုလ်ကျောင်းထွက်ဖြစ်သည်။ မောရစ်ကောလစ်ရေး နေဝင်ဘုရင်များစာအုပ်ကိုလည်း ဝေဖန်ချက်ပေးသည်။ သူနှင့်စကားပြောနေစဉ် သိန္နီမှ ရာဇဝတ်ဘက်ဆိုင်ရာအမတ်ရောက်လာ၍ ကျွန်တော်တို့နှင့် အသိဖွဲ့ပေးလေသည်။

နောက် ကျန်တော်တို့သည် ဦးဓူဝံကို နှုတ်ဆက်ကာ ပြန်ခဲ့ကြလေသည်။ နှင်းတွေကား တဝေတည်းဝေလျက်ပင်ရှိလေသည်။ ရုံးမော်ဟိုးတံခါးဝတွင် စာပို့ကားသည် ကျွန်တော်တို့အား စောင့်လျက်ရှိ၏။ ကားမှန်ဘောင်မှ လားရှိုးစုံထောက် စောစံမြင့်သည် ကျွန်တော်တို့အား ပြုံး၍ နှုတ်ဆက်လေသည်။ ကားပေါ်တွင် ခရီးသည် ၆ ယောက်ခန့်သာရှိသေးသည်။

“လူ သိတ်မရသေးပါလားဗျ”။ “ရှိပါတယ် တချို့က ဒမ်းစတေရှင်မှာ စောင့်နေကြလိမ့်မယ်။ ဝန်စည်စလှယ်တွေသာ တင်ကြပါ။ ကျုပ်တို့ ခု...ထွက်မှာပဲ”ဟု ဒရိုင်ဗာက စီးကရက်ကိုဖွာရင်း ပြောသည်။

အိမ်ရှင်တရုတ်များသည် သားရေသေတ္တာ၊ အိပ်ယာလိပ်စသည်တို့ကို အိမ်တွင်းမှ သယ်ယူလာကြသည်။ စုံထောက်လည်း ကူညီ၍သယ်သည်။ စုံထောက်ကား ကျွန်တော်တို့နှင့် တကောက်ကောက်လိုက်နေရ၍ လူချင်း အတော်လေး အကျွမ်းတဝင်ဖြစ်နေသည်။ ဝန်စည်စလှယ်များ အကုန် ဘတ်စကားအတွင်းသို့ တင်ပြီးသောအခါ ဒရိုင်ဗာသည် ကားကို တဝူးဝူးနှင့် စက်နှိုးလိုက်လေသည်။ အိမ်ရှင်တရုတ်တွေက ပြုံး၍ရပ်ကြည့်နေကြသည်။

“ကျုပ်တို့ သွားဦးမယ်၊ အပြန်ဝင်ဖို့အချိန်ရရင် ဝင်ခဲ့ဦးမယ်၊ ခင်ဗျားတို့ဧည့်ခံတဲ့ လက်ဖက်ရည်မွှေးမွှေးကိုဖြင့် အမြဲသတိရနေမှာပဲ၊ သွားဦးမယ်နော်”။ “ဟုတ်ကဲ့...ဟုတ်ကဲ့၊ နောက်လာလည်း ဒီမှာပဲတည်းကြပါ၊ ဗမာနဲ့တရုတ်ဟာ အာရှသားချင်းအတူတူပါ၊ ကဲ... သွားပေဦးတော့”။

ကားလည်း တဝူးဝူးအော်ကာ ထွက်သွားလေသည်။ အုတ်တံတိုင်းအတွင်းမှ အချွန်အတက်တွေနှင့် ရုံးမော်ဟိုးသည် မှုန်ဝါးဝါးနှင်းတိုက်ကြားဝယ် တစ်စတစ်စ ကွယ်ပျောက်ကျန်ရစ်လေပြီ။

 

(၃)

ကားသည် ဗမာ-ယူနန်လမ်းမကြီးပေါ်တွင် တငြိမ့်ငြိမ့်ပြေးလျက်ရှိသည်။ ကညင်ခြံကျော်လျှင် လက်နက်ရုံကို ကမူစွန်းမှမြင်ရလေသည်။ လက်နက်ရုံအလွန်တွင် ရှမ်းခရီးသည် ၉ ဦးခန့် စောင့်နေသည်။ ကားလည်းရပ်လိုက်၏။

စုံထောက်စောစံမြင့်သည် ကားရပ်လျှင် ဆင်းလိုပ်လေသည်။

“ဘာပြုလို့လဲဗျ...ခငက်ဗျား သိန္နီမလိုက်ဘူးလား”။ “ဟင့်အင်း.. ကျုပ်လိုက်ဖို့ မလိုပါဘူး၊ ဟိုဘက်ဆိုတော့ ‌ဗြိတိသျှက လုံးဝတာဝန်မခံဘူး၊ သိန္နီစော်ဘွားနဲ့ဆိုင်တယ်၊ ကျုပ်တို့က လားရှိုးလောက်သာ တိုက်ရိုက်ဆိုင်တာ၊ ဒါပေမယ့် ဟိုမယ် ရာဇဝတ်ဘက်ဆိုင်ရာအမတ် ပါသားပဲ၊ သူက ကိုဘဗဟိန်းတို့ လာလည်တယ်ဆိုလို့ သိန္နီက တမင်တကာ လားရှိုးကိုလာရတာ”ဟု ကားထဲရှိ ဦးထုပ် ကာကီရောင်ကိုဆောင်းထားသော ရာဇဝတ်ဆိုင်ရာအမတ်ကို မေးငေါ့၍ပြလေသည်။ ကျွန်တော်တို့သည် ယခုမှပင် တစ်ကားထဲပါလာသော ရှမ်းအမတ်ကို သတိထားမိကြသည်။ သူသည် ရုံးမော်ဟိုးမှထွက်ခါစ ဈေးနားမှတက်လာခြင်းဖြစ်လိမ့်မည်။ သူသည် ကျွန်တော်တို့အားကြည့်၍ ပြုံးနေလေသည်။

“ကဲ...ကိုဗဟိန်း၊ ကိုဌေးမြိုင်တို့ သွားကြပေဦး”။

ဘတ်စကားသည် ထွက်ခွာစပြုလေရာ စုံထောက်သည် ကျွန်တော်တို့အား လက်ပြရင်းကျန်ရစ်ခဲ့သည်။ နှင်းရိပ်ဝယ် ဝင်းဝါသော နေရောင်ခြည်သည် တလွင်လွင်ပေါ်လေပြီ။ အေးစိမ့်သောပတ်ဝန်းကျင်နှင့် တက်သစ်စနေပူတို့လည်း တိုက်ခိုက်ကြလေပြီ။ ကားသည် တဖြည်းဖြည်း လားရှိုးနှင့်ဝေးခဲ့လေပြီ။

လားရှိုးနှင့် သိန္နီမှာ မိုင် ၃၀ ခန့်ဝေးလေသည်။ ကားသည် တောင်မြင့်သို့ကွေ့ကာပတ်ကာ ဝေ့ကာပတ်ကာနှင့် တက်လေပြီ။ တစ်ဖက်တစ်ချက်တွင်ကား ညို့ညို့ဆိုင်းဆိုင်း မှိုင်းသောတောင်တန်း။ မြူနှင်းလွင်တို့ဖြင့် ရီရီမှုန်နေသောတောရိပ်တောင်ရိပ်။ အလေ့ကျ ဖူးပွင့်ချင်တိုင်းဖူးပွင့်နေကြသော တောပန်းမာလာ။ ငွားငွားစွင့်စွင့် မြင့်မားသောကျွန်းပင်များ။ တောင် ဆင်ခြေလျှောမှ ကပ်ကပ်သတ်သတ် ကျဉ်းမြောင်းသော လယ်ကွင်းယာတော။

ချိုင့်ဝှမ်းများကိုဆင်းသည့်အခါ ဆင်းသည်။ ကုန်းမြင့်များသိုတက်သည့်အခါ တက်သွားသည်။ စမ်းချောင်းကလေးများကို ဖြတ်သွားသောတံတားများကိုလည်း ဝေါခနဲကျော်သွားခဲ့ကြသည်။ လမ်းဘေးတွင် သက်ငယ်တဲ့ ၄-၅တဲဖြင့်ဖွဲ့စည်းထားသော ရှမ်းရွာငယ်တို့ကိုတွေ့ရသည်။ ရောင်ခြည်ခိုးသည် ရွှေအတောင်ပန်ကိုဖြန့်ကာြဖန့်ကာ တောတောင်အထွတ်အဖျားတို့၌ လွှားကနဲ နားလိုက်လေသည်။

၁၅ မိုင်ခန့် ကျော်ကျော်မောင်းမိလျှင် ကတ္တရာလမ်းပျောက်ကာ မြေလမ်းရောက်လာလေသည်။ အကွေ့အကောက် အဖုအထစ်ကလည်း အတော်များလာသည်။ လမ်းကြမ်းလှသဖြင့် အကွေ့ကွေ့တွင် ယိမ်းထိုးကာ ကားဆောင့်လှသည်။

သို့နှင့် ၃ နာရီခွဲတွင် သိန္နီသို့နီးလာသည်။ ဒုဌဝတီမြစ်လက်တက်ကိုဖြတ်သွားသော သံတံတားကို ကျော်လျှင် တောင်ကုန်းမြင့်မညီမညာမှ အစုလိုက်အစုလိုက်အိမ်ကလေးတွေနှင့် သိန္နီမြို့၏ ရှုမြင်ကွင်းကို မြင်ရလေသည်။ အတော်ကလေးသွားမိလျှင် ရာဇဝတ်သားကို သစ်ပင်တွင် ကြိုးနှင့်ချည်၍ သေနတ်ဖြင့်ပစ်သတ်စီရင်ရာ မြို့ပြင် လူသတ်ကုန်းသို့ရောက်လေသည်။ အိမ်တွေကား တိုက်တာအဆောက်အဦးများ မဟုတ်ကြ။ ပျဉ်ထောင်သွပ်မိုးသာဖြစ်သည်။ အများအားဖြင့်ကား သက်ငယ်အိမ်များပင်။ ရှမ်းတွေကား ဆင်းရဲလှသည်။ မွဲလှသည်။

 

ထိုနေ့သည် ဈေးနေ့ဖြစ်သဖြင့် သွားကြလာကြ ဝယ်ကြခြမ်းကြနှင့် အမထူးစည်ကားနေလေသည်။ ကျွန်တော်တို့ကားသည် စာတိုက်၌ရပ်လေသည်။ ခရီးသည်အချို့ ဆင်းကြသည်။ ကားမှာ ကွတ်ခိုင်သို့သွားသော စာပို့ကားဖြစ်၍ စာတိုက်တွင် စာများထားခဲ့ပြီးလျှင် ဆက်၍မောင်းလေသည်။ သိန္နီတွင်တည်းခိုစရာထမင်းဆိုင်ကောင်းမရှိ၍ ဘိုတဲတွင် ကျွန်တော်တို့နှစ်ယောက်အား ထားပစ်ခဲ့ရန် ဒရိုင်ဗာအားပြောထားရသည်။ ကားသည် တစ်ဖန် စော်ဘွားရုံးတွင်ရပ်ရာ ရာဇဝတ်ဘက်ဆိုင်ရာအမတ် ဆင်းလေသည်။ သူသည် ကျွန်တော်တို့အားပြုံးကာ “နောက်လည်း လာလည်တာပေါ့”ဟုနှုတ်ဆက်၍ ရုံးပေါ်တက်သွားလေသည်။

ကားသည် အမြင့်သို့ ဝေ့ကာဝိုက်ကာ တက်ပြန်လေသည်။ အတော်ကလေးတက်မိ၍ သားသားနားနား အုပ်ကျွတ်မိုး တိုက်တစ်တိုက်ရှေ့သို့ရောက်လျှင် ကားရပ်၏။ “ကဲ...ဆရာတို့၊ ဒါ ဘိုတဲပဲ၊ ဆင်းကြ ပေတော့”။ ကျွန်တော်တို့သည် ဝန်စည်စလှယ်များကို အောက်သို့ချကြလေသည်။

ကုန်တင်စာပို့ကားလည်း ကွတ်ခိုင်သို့ဆက်မောင်းသွားလေသည်။ “ဘိုတဲကတော့ တယ်ဟန်တာပဲဗျို့၊ နေလို့ သိတ်ကောင်းမှာပဲ”ဟုကိုဗဟိန်းက သားနားသော ဘိုတဲကိုသဘောကျနေလေသည်။ “ဒါထက် အစောင့်လူလည်း တစ်ယောက်မျှ မမြင်ရပါကလား”။ “အေးဗျာ...အထဲဝင်ကြည့်ရအောင်” ကျွန်တော်တို့နှစ်ယောက် အတွင်းသို့ဝင်ကြည့်ကြသည်။ ဧည့်ခန်းဆောင်၊ အိပ်ခန်းဆောင်တို့မှာ အထူးသပ်ရပ်လှပေ၏။ သုံးခန်းရှိသည့်အနက် တစ်ခန်းသာလူရှိ၍ နှစ်ခန်းမှာ အားနေသည်။ လူရှိသည်ဆိုရာမှာလည်း အဝတ်အစားသေတ္တာကိုတွေ့မြင်၍ ပြောခြင်းဖြစ်၏။ တည်းခိုသူတွေကား အပြင်သို့ထွက်နေဟန်တူသည်။

“သိတ်ကောင်းတာပဲဗျို့။ ဘိုတဲက သိတ်ဟန်ကျတာပဲ၊ ဟောဒီနေရာလေးကြည့်စမ်း မြို့ရဲ့ ရှုမျှော်ခင်းဟာ ဘယ်လောက်လှလဲ”ဟု ကိုဗဟိန်းက ပြတင်းပေါက်မှ ကျွန်တော့်အားခေါ်လေသည်။

 

(၄)

စိမ်းစိမ်းညိုညိုတောင်တန်းကြီးမှ တသွင်သွင်ဖြာကျနေသောရေတံခွန်များကို နောက်ကကျောခံလျက် သိန္နီမြို့သည် လှပလှပေ၏။

“အေးဗျို့...လွှတ်လှတာပဲ၊ ဝန်စည်စလှယ်တွေ အပေါ်တင်ရအောင်၊ အစောင့်လည်း တစ်ယောက်မှ မတွေ့ပါကလား”။ 

ထိုအခိုက်ခြေသံကြား၍ လှည့်ကြည့်မိလိုက်ကြရာ ရှမ်းကြီးတစ်ယောက်ကိုတွေ့ရလေသည်။ သူသည် “ဘာလိုချင်လို့လဲ”ဟု ဝဲဝဲဖြင့်မေး၏“အခန်းလိုချင်တယ်”။ “မရနိုင်ဘူး၊ နေရာမရှိဘူး”။ “ဘာဖြစ်လို့လဲ၊ အခန်း နှစ်ခန်းလွတ်နေတာပဲမဟုတ်လား”။

ရှမ်းကြီးသည် ပါးစပ်ဖြင့်မဖြေ။  အင်္ဂလိပ်ပုံနှိပ်စက်ဖြင့်ရိုက်ထားသော စာရွက်တစ်ရွက်ကို ပြလေသည်။ နယ်ခြားအရာရှိနှစ်ယောက်လာဖို့ တဲတစ်ခုလုံးကို သီးသန့်လုပ်ထားကြောင်း ဖြစ်လေသည်။ သူတို့တွေ လောဘကြီးလှသည်။ နှစ်ယောက်တည်းနှင့် လွတ်လွတ်လပ်လပ် နေနိုင်အောင် တစ်တဲလုံးကို ယူထား၏။ (ဆိုးသော အင်္ဂလိပ်အရာရှိ)

 ကျွန်တော်တို့ကား ဘာမှမတတ်နိုင်တော့။ အခုမှခက်ပြီ။ တည်းစရာလည်းမရှိ။ ကွတ်ခိုင်ဆက်သွားစရာ ကားမရှိတော့ပြီ။ ကျွန်တော်တို့နှစ်ယောက်တည်း စိတ်ပျက်ပျက်နှင့် အပြင်ထွက်ကာ သားရေသေတ္တာတွေပေါ်၌ မှိုင်နေကြရတော့သည်။ နေကလည်း ပူလာလေပြီ။ နောက်ဆုံး အကြံတစ်ခုရသည်မှာ မြို့ထဲသို့ပြန်သွား၍ ဗမာအိမ်တစ်အိမ် ရှာရန်ဖြစ်သည်။ ဘိုတဲစောင့်ရှမ်းကြီးအား ဝန်စည်စလှယ်တွေကို ထမ်းပိုးတင်၍ တောင်အောက်မြို့ထဲသို့ ပို့ပေးရန် တောင်းပန်ရတော့သည်။ မြို့နှင့် ဘိုတဲမှာ တစ်မိုင်လောက်ဝေးသည်။

စိတ်ပျက်ပျက်နှင့် လမ်းလျှောက်သွားကြ၏။ နေသည် ခေါင်းပေါ်တည့်တည့်ရောက်နေ၍ ပူသည်။ အထမ်းသမားရှမ်းကြီးမှာ သနားစရာ၊ ချွေးတွေစိုရွှဲလျက်၊ ကျွန်တော်တို့မှာလည်း ယိုင်တိုင်ယိုင်တိုင်နှင့်။

“ဟေ့..ဆရာတို့၊ ရပ်ကြဦး ရပ်ကြဦး” နောက်မှ ခေါ်သံတစ်သံသည် ခြေကိုတုံ့စေ၏။ ကျွန်တော်တို့အား ခေါ်သော ရှမ်းပုလိပ်သည် အနီးသို့ ချဉ်းကပ်လာလေသည်။ “ခင်ဗျားတို့ ဘယ်သွားကြမလို့လဲ”။ “ဈေးဘက် ခဏသွားမလို့”။ “ဒါဖြင့် ရုံး ခဏလိုက်ခဲ့ပါဦး”။ ကျွန်တော်တို့လည်း ဘာမှမပြောဘဲ သူခေါ်ရာသို့လိုက်ခဲ့ကြသည်။  မကြာမီ ကြူထရံကာမိုးနှင့် တဲတစ်တဲသို့ရောက်သည်။ အတွင်းတွင် ရှမ်းပုလိပ်ဆယ်ယောက်ခန့်နှင့် အကြီးအကဲတစ်ဦးကိုတွေ့ရသည်။ ထိုတဲသည် တရုတ်ပြည် လက်နက်တင်ကား အသွားအလာများကို မှတ်သောစခန်းဖြစ်လေသည်။ ကားတစ်စင်းလာလျှင် ဝါးလုံးရှည်တစ်ခုဖြင့်တား၍ရပ်စေကာ ခွင့်ပြုမှသွားရသည်။

“ခင်ဗျားတို့ ဘယ်သွားကြမလို့လဲ”ဟု အကြီးအကဲလုပ်သူကမေး၏။ “သိန္နီကနေ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းအထိ သွားမယ်စိတ်ကူးတယ်၊ ခရီးလမ်းပန်း ကြည့်လို့ပေါ့”ဟု ကိုဗဟိန်းက အေးဆေးစွာ ဖြေ၏။

ကျွန်တော်တို့နေရပ်၊ မိဘအမည် စသည်တို့ကိုမှတ်ထားသည်။ နောက်...”ခဏ နေဦး၊ တော်ကြီးဘုရားနဲ့ သွားတွေ့လိုက်ဦးမယ်”ပြောကာ စက်ဘီးစီး၍ ဟောနန်းဆီသို့ထွက်သွားသည်။ စော်ဘွားကို တော်ဘုရားကြီးဟု ခေါ်၏။ ဟော်နန်းကား သိတ်မဝေးလှ။ တစ်နာရီခန့်ကြာလျှင် စာရွက်တစ်ရွက်ကိုကိုင်ကာ ပေါ်လာ၏။

“တော်ကြီးဘုရား အမိန့်ချမှတ်တော်မူတယ်၊ ခင်ဗျားတို့ ဒီနယ်မှာ မနေနိုင်ဘူး၊ ရှေ့ဆက်သွားဖို့လည်း မဖြစ်ဘူး၊ ဒီကနေ ပြန်လှည့်သွားရင်ကောင်းမယ်”။ ကျွန်တော်တို့ အံ့အားသင့်နေကြသည်။ “မှန်းစမ်း ဘယ်လိုအမိန့်တုန်း” လျှောက်လွှာစာရွက် ၄ မျက်နှာအပြည့် ရှမ်းဘာသာဖြင့်ရေးထားသော အမိန့်စာကို ပြလေသည်။ “ခင်ဗျားတို့ ပြန်သာပြန်ကြပါဗျာ၊ ရှေ့ဆက်သွားမယ်ဆိုလည်း အသွားအလာ ခရီးလမ်းပန်းက မကောင်းလေတော့ တော်ဘုရားကြီးက တာဝန်မယူနိုင်ဘူး”။ အချိုသတ်၍နှင်သည်ကို သိပါ၏။

“ကျွန်တော်တို့ စော်ဘွားကြီးနဲ့ မတွေ့နိုင်ဘူးလား”ဟု ကိုဗဟိန်းက မေးသည်။ “မတွေ့နိုင်ဘူး၊ စော်ဘွားကြီး သိတ်အလုပ်များတယ်၊ မအားဘူး၊ မတွေ့နိုင်ဘူး”။ “ဘာလုပ်နေလို့တုန်း”။ စော်ဘွားကြီး ဖဲရိုက်နေတယ်”။ ကျွန်တော်တို့ကား ဒေါသလည်းထွက်၊ ရယ်လည်းရယ်ချင်လှ၏။ သို့ရာတွင် မတတ်နိုင်တော့။

“ဒီနေ့တော့ဗျာ ဈေးနေ့မို့နေပါဦး၊ မနက်မှပြန်ပါရစေ”ဟု ကျွန်တော်က အထွန့်တက်လိုက်သည်။ “မဟုတ်ဘူးဗျပြန်ကြပါ”။မပြန်ရင်ကောဗျာ....”။ “ဖမ်းချုပ်နိုင်တယ်”။

ကျွန်တော်တို့ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံနေကြ၏။ ကိုဗဟိန်းကား သုန်မှုန်လျက် ဒေါသထွက်နေဟန်တူ၏။

“ပြန်လို့ ဘယ်ဖြစ်မလဲဗျ၊ ကားမှ မရှိဘဲ”ဟု ကိုဗဟိန်းက ခတ်ထန်ထန်ပြောလိုက်၏။ “ကားရမယ်၊ ကျုပ်တို့ရှာပေးမယ်”။ 

ပြောရင်းဆိုရင်း တရုတ်ပြည်မှ လက်နက်တွေချပြီး အလွတ်ပြန်လာသော လော်ရီတစ်စင်းကို ရပ်စေ၍ ကျွန်တော်တို့အား တင်လွှတ်လိုက်သည်။ ထိုင်စရာလည်း မရှိ။ နွားသရေ၊ ဂုံအိတ်စုတ်များဖြင့် နံစော် လှသည်။ ကားအိမ်မှာပျက်နေသဖြင့် ဟိုယိမ်းဒီယိမ်းဖြင့် အနေဆိုးလှသည်။ ဒရိုင်ဗာကလည်း လားရှိုးရောက်ချင်ဇောနှင့် အပြင်းမောင်းသည်။ ကျွန်တော်တို့တစ်တွေကား သေတ္တာထဲထည့်၍ ခလောက်သကဲ့သို့သောဒုက္ခကို ခံစားနေရသည်။

သို့ရာတွင် ကားသည် သိန္နီမှ ဝေးသည်ထက်ဝေးကာ ယူနန်လမ်းမကြီးပေါ်တွင်ပြေးလျက်ရှိလေသည်။

(သတ်ပုံ မူရင်းအတိုင်း)

ဌေးမြိုင်။

တာရာမဂ္ဂဇင်း။ အတွဲ ၂။ အမှတ် ၃။ (ဇွန် ၁၉၄၈)

0 comments:

Post a Comment