Thursday, August 18, 2022

တဘောင်ဆိုတာ ဒါပဲကိုး

0 comments

တဘောင်ဆိုတာ ဒါပဲကိုး

၂၂-၄-၁၉၇၂ နေ့ထုတ် ဟံသာဝတီသတင်းစာမှာ မနေ့က ရွာဟိုင်းသုသာန်မှာ မြှုတ်နှံသင်္ဂြိုဟ်ထားတဲ့ မိန်းကလေးအလောင်းတစ်လောင်းကို လူတစ်စုက တကယ်မသေသေးဘူးအထင်ရှိပြီး ပြန်ဖော်ဖို့ အကြိမ်ကြိမ် ကြိုး စားနေလို့ စစ်(တပ်)ကလာပြီး လူစုခွဲလိုက်ရတယ်။ အလောင်းမြေပုံကိုလည်း စိန်ပန်းရဲကစောင့်နေရတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။

 

ဖြစ်ပုံက ဒီလိုတဲ့။ အိမ်တော်ရာ သင်္ကန်းတန်းက အသက် ၁၇ နှစ်အရွယ် ခင်မာလာဆိုတဲ့ကလေးမ၊ သင်္ကြန်တွင်းတုန်းက ရေကစားပြီး နေေကောင်းလို့ ဆရာဝန်နဲ့ဆေးကုတော့ Penicillin Shock ရတယ်ထင်ပါရဲ့။ ၁၉ ရက်နေ့ မနက် ၂ နာရီက သေဆုံးသွားတယ်။ ဒီအသုဘကို ၂၀ ရက်နေ့ညနေ ၄ နာရီမှာ သင်္ဂြိုဟ်တယ်။ မြေမြှုပ်ခါနီး  ခါးဖက်ငိုကြတော့ အလောင်းက နွေးနေသေးတယ်။ သေမှ သေသေးရဲ့လား မျောနေတာလားဆိုပြီး လူတွေက ဇဝေဇဝါဖြစ်လာတယ်။ ဒါနဲ့ တစ်ယောက်တစ်ပေါက်နဲ့ အလောင်းကိုခေါင်းထဲကထုတ်ပြီး လေသာတိုက်ထဲ လူမမာထားသလို သိပ်ထားသတဲ့။ ဆရာဝန်တစ်ယောက်နဲ့ထပ်စစ်တော့ ဆရာဝန်ကလည်း သေပါတယ်ပြောလို့ နောက်နေ့မနက်တော့ အစောကြီး မြေမြှုပ်လိုက်ကြတယ်။ နို့ပေမယ့် ခင်မာလာမသေဘူးဆိုတဲ့သတင်းကြီးပြီး လေသာတိုက်လာကြည့်တာ လူ ၄-၅၀ အမြဲရှိသတဲ့။ မြှုပ်ပြီးပါဆိုတဲ့အချိန်အထိ မကျေနပ်လို့ မြေပုံအထိလိုက်ကြည့်နေကြတယ်။

 

“ခင်မာလာ တကယ်သေ မသေ”ဆိုတဲ့သတင်း ပါလာတဲ့နေ့မှာပဲ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့အတူ ဗိုလ်မှူးချုပ်တစ်ယောက်၊ ဗိုလ်မှူးကြီး ၁၆ ယောက်။ ဒဗိုလ်မှူးကြီး ၃ ယောက်တို့က စစ်ဘက်ကအငြိမ်းစားယူလိုက်တယ်ဆိုတဲ့ သတင်းကလည်း သတင်းစာတွေမှာပါလာတယ်။

 

အဲ့ဒီရက်မှာပဲ မန္တလေးမှာ ၃၅ လမ်းနဲ့ ၈၂ လမ်းထောင့်က မန်ကျည်းပင်တစ်ပင်ရဲ့ အကိုင်းတစ်ကိုင်းဟာ သူ့အလိုလိုနေရင်း လေမတိုက်ပဲနဲ့လှုပ်နေပါတယ်လို့ အကျော်ဇေယျဖြစ်လာပြန်ပါရော။

 

 မန်ကျည်းကိုင်းက ကြေးနန်းကြိုးချည်ထားလို့လှုပ်တာကို အလိုလိုလှုပ်ပါတယ်ဆိုပြီး သူ့ထက်ငါသွားကြည့်နေကြလို့ ၃၅ လမ်းဟာ ကားသွားမဖြစ်အောင် တခါတလေပိတ်နေတယ်။

နောက်တော့ ကြေးနန်းရုံးက သူတို့ချည်ထားတဲ့ကြိုးကိုလည်း ဖြုတ်ယူသွားပါတယ်။ လှုပ်ပါတယ်ဆိုတဲ့ကိုင်းလည်း ခုတ်ချသွားတယ်။ နို့ပေမယ့် သတင်းကြားနဲ့ အကြည့်လာတဲ့လူကတော့ မစဲသေးဘူး။

 

အဲ့ဒီရက်မှာ တဘောင်တခုပေါ်လာတယ်။ တဘောင်က “ခင်မာလာမသေတော့ မြင်သာတာတွေက မန်ကျည်းကိုင်း လှုပ်တာ။ မန်ကျည်းကိုင်းလှုပ်တော့ အကြီးပိုင်းပြုတ်တာပေါ့။ အကြီးပိုင်းပြုတ်ရင် ပုတီးလိုင်းက အုပ်တော့မယ်” တဲ့လေ။

 

အဓိပ္ပာယ်ကတော့ ဦးနုတို့လာတော့မယ်ပေါ့။

 

ဗမာရှင်ဘုရင်တွေခေတ်က ဘယ်တော့မှာ ဘယ်တဘောင်ပေါ်တယ်၊ ပြီးတော့ ဘာဖြစ်လာတယ် စတဲ့ အရေးအသားတွေ ရာဇဝင်မှာ ခဏခဏတွေ့ရတယ်။ ပဒေသရာဇ်ခေတ်မှာ လူဖြစ်လာရတဲ့လူတွေပဲကိုး အတွေးအခေါ်မရင့်ကျက်သေးလို့ဖြစ်တာပဲလို့ အောက်မေ့မိခဲ့တယ်။

 

တကယ်တော့ အဲ့ဒါတွေဟာ Mass Psychology ပဲကိုး၊ လူထုရဲ့စိတ်ဓာတ်ကို တစ်နည်းတစ်လမ်း ဖော်ပြချက်ပဲ။ တဘောင်ဆိုတာ ဒါပဲကိုးလို့ အောက်မေ့မိတယ်။

ဒေါ်အမာ(၂၃-၄-၁၉၇၂)

(လူထုဒေါ်အမာမွေးနေ့ အနှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ်ထုတ်ဝေတဲ့ “လူထုကိုလွမ်းရတယ်နဲ့ အခြားမှတ်စုများ” စာအုပ်မှာပါတဲ့ တဘောင်ဆိုတာဒါပဲကိုးမှတ်စုကို ကျနော်စာရိုက်ပြီး ပြန်တင်ပေးတာပါ။ မျိုးမြင့်ချို)

0 comments:

Post a Comment