Wednesday, October 30, 2019

အကြမ်းဖက်သမားနဲ့အကြမ်းမဖက်ရေးသမား ဘယ်လိုများ ရင်ကြားစေ့ကြသလဲ (နီအောင်ဝေ)

0 comments
အကြမ်းဖက်သမားနဲ့အကြမ်းမဖက်ရေးသမား ဘယ်လိုများ ရင်ကြားစေ့ကြသလဲ
နီအောင်ဝေ
ဂျပန် စီးပွားရေးဂျာနယ် နီကေးအေးရှား ရီဗျူးနဲ့ဒေါ်စုရဲ့အင်တာဗျူးကို ဖတ်ရပါတယ်။ အင်တာဗျူး တဝက်လောက်က တရုတ်အပေါ် သဘောထားကို ဖြေရှင်းချက်ပေးတာနဲ့ ဂျပန်အတွက် စီးပွားရေး အခွင့်အလမ်း ဘာတွေရှိမလဲ စကားခေါ်ပြီး အနောက်အုပ်စုကို တီးခေါက်တာပါ။
ဗမာ့နိုင်ငံရေးနဲ့ဆိုင်တဲ့ အပိုင်းမှာတော့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းပြည်ပ အကျပ်အတည်းတွေ ဖိအားတွေ အောက်မှာ ကိုင်စွဲလက်စ ရင်ကြားစေ့ပေါ်လစီရဲ့ ကျဆုံးခန်းကို ခေါင်းမာမာနဲ့ခုခံကာကွယ် နေတာတွေ့ရပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့နည်းနည်းလေးဖြစ်ဖြစ် တိုးတက်မှုရှိတယ်လို့ပြောတာက ခါတိုင်း ပြောဆိုနေကျ လစ်ဘရယ်အကောင်းမျှော် နိုင်ငံရေးသမားတွေ ပြောပေါက်မျိုးပါပဲ။ အနှစ် ၇၀ ကျော်ပြဿနာကို သုံးနှစ်နဲ့မဖြေရှင်းနိုင်ဘူး။ ဒီမိုကရေစီဆိုတာ အာဏာရှင်စနစ်ထက် စာရင်တော့ နည်းနည်းပိုပြီး နှေးတယ်လေ ဆိုတာကတော့ လစ်ဘရယ်ရင်ကြားစေ့ ပေါ်လစီရဲ့ ကျဆုံးခန်းကို ဖာထေးဖို့ ဆင်ခြေပေးနေတာ ဖြစ်ပါတယ်။

ပြဿနာကို ဖြေရှင်းပုံ၊ ဖြေရှင်းနည်းနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ပြဿနာရဲ့ဇာစ်မြစ်ဖြစ်တဲ့ စစ်အုပ်စုကို ဘယ်လို သဘောထားသလဲ ဆိုတဲ့ ရပ်တည်ချက်ပေါ်မှာ မူတည်တယ်။
ငြိမ်းချမ်းရေးဟာ လွယ်လွယ်နဲ့ မရနိုင်ဘူး၊ နိုင်ငံရေးနည်းနဲ့အပြောင်းအလဲကို ဖော်ဆောင်ချင်တယ်ဆိုရင် နဂိုကတည်းက လက်နက်မကိုင်သင့်ဘူး လို့ဆိုတဲ့ ဒေါ်စုဟာ သူရင်ကြားစေ့ဖို့ကြိုးစားနေတဲ့ အကြမ်းဖက်သမား စစ်အုပ်စုကိုတော့ တရားဝင် အကြမ်းဖက်ခွင့်ရှိတယ်လို့ယူဆထားသလား သို့မဟုတ် စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေကိုတော့ တရားတယ်လို့ထင်သလား ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သင့်ပါတယ်။

ဘဝရှိမှ အသိရှိတယ်။ တော်လှန်ရေးအသိကို အဖိနှိပ်ခံဘဝက ပြဋ္ဌာန်းတယ်။
လက်နက်နဲ့ဗိုလ်ကျ အနိုင်ကျင့်ခံရတဲ့ဘဝ ရှိမှ လက်နက်ကိုင်ခုခံ ဆန့်ကျင်တော်လှန်တဲ့ ဘဝကို နားလည်နိုင်မယ်။ ကားတင်ခံရပြီး ရွှေပေါ်မြတင် နေရတဲ့ဘဝနဲ့တော်လှန်ရေးအင်အားစုတွေကို စော်ကားပြီး အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူတွေရဲ့ဘဝနဲ့ကင်းကွာကာ စစ်အုပ်စုအလိုကျ အပြုတ်တိုက်ရေး လက်နက်ချရေးဘက်က ရပ်ခံနေရင် သမိုင်းမလှဘဲ ဖြစ်ပါလိမ့်မယ်။

အုပ်စိုးသူက အကြမ်းဖက်ရင် မှန်တယ်၊ အုပ်စိုးခံက အကြမ်းဖက် ခုခံတုံ့ပြန်ရင်မှားတယ်ဆိုတာ အုပ်စိုးသူ လူတန်းစားရဲ့အဘိဓမ္မာပါ။ စစ်အုပ်စုမင်းဆက် အဆက်ဆက်အောက် အကြမ်းဖက်သတ်ဖြတ် လုယက်ရမ်းကား ဖိနှိပ်တာတွေကို ခံကြရကာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကင်းမဲ့ခဲ့တဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးကို ဒူးထောက်အညံ့ခံခိုင်းနေတဲ့ အချောင်သမား အတွေးအခေါ်ပါ။
ဒေါ်စုရဲ့ ဂျပန်ခရီးမှာပြောတဲ့ နောက်ထပ် သတင်းစကားကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ မဖြစ်နိုင်ကြောင်းပဲ ဖြစ်ပါတယ်။ ဒီစကားက လူထုကိုထက် စစ်အုပ်စုကိုပေးချင်တဲ့ သတင်းစကား ဖြစ်ပါလိမ့်မယ်။

ဗမာပြည်နိုင်ငံရေးမှာ သူတို့ရဲ့ နိုင်ငံရေးအခင်းအကျင်းက နောက်ပြန်လျှောနေပြီ။

Friday, October 25, 2019

(၈၈ နဲ့ မပြောကြေး)

0 comments
(၈၈ နဲ့ မပြောကြေး)
ဒေါ်စုရဲ့ လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံပြင်ရေးကို ကိုမင်းကိုနိုင် ထောက်ခံတာဟာ သူတကယ်ယုံကြည်လို့လည်း ဖြစ်ရင်ဖြစ်မှာပါ။ နိုင်ငံရေးမှာ လူဟာ ကိုယ်ယုံကြည်တာကို လုပ်ကြရတာမဟုတ်လား။ ဒီတော့ သူတကယ်ယုံကြည်လို့ ထောက်ခံတာဆို ကောင်းပါတယ်။ လုပ်ပါစေ။ အဲ့သလိုမဟုတ်ပဲ အလှည့်အပြောင်းတခုခုနဲ့ တည့်တည့်တိုးချိန်ကျမှ ကျနော်တော့ ကြုံတဲ့ကွေ့မို့ ကျတဲ့တက်နဲ့ ကောက်လှော်ခဲ့တာပါဆိုရင်တော့ သူ ကွဲမှာပါ။ ကျနော့်သဘောကတော့ သဘောမတူရင်မတူဘူး တူရင်တူတယ်။ မကြိုက်ရင် မကြိုက်ဘူး ကြိုက်ရင်ကြိုက်တယ် စတာေတွကတော့ မိမိတို့ရပ်ခံချက်တွေအရ ရပ်တည်ချက်တွေအရ ပြောလို့ရပါတယ်။ ပြောလည်း ပြောရပါတယ်။ ဒါပေမယ့် ပြောတဲ့နေရာမှာ မိမိရပ်တည်ချက် ရပ်ခံချက်နဲ့ သူ့ရပ်တည်ချက်ရပ်ခံချက်မတူတာကို တိတိလင်းလင်း ရှင်းရှင်းပြတ်ပြတ်ပြောမှဖြစ်တယ်လို့ ယူဆပါတယ်။ အဲ့သလိုမဟုတ်ပဲ ၈၈ လူထုအုံကြွမှူကြီး၊ ၈၈ အရေးတော်ပုံကြီးကပေါက်ဖွားလာတဲ့မျိုးဆက်မို့လို့၊ အဲ့ဒီမျိုးဆက်ကို ထိခိုက်မှာစိုးလို့ပြောရတယ်ဆိုရင်ဖြင့် မပြောပဲနေတာက ပိုကောင်းသလို ရန်လည်းနည်းပါတယ်။ အရေးအကြီးဆုံးအချက်က ကိုမင်းကိုနိုင်ဟာ ၈၈ မျိုးဆက်ကို ကိုယ်စားပြုနေသယောင်ယောင် မိမိဘာသာယုံမှတ်မှားနေမှူပါ။ ကျနော်တို့တွေ ပြည်ပနိုင်ငံတွေထွက်လာကြချိန်မှာ သူတို့တတွေ ပြည်တွင်းမှာနေပြီး ၈၈ အလံနဲ့ ၈၈ စိတ်ဓာတ်ကို ယိမ်းယိုင်မသွားရအောင် ရပ်ခံကာကွယ်ရင်း အကျဉ်းထောင်အသီးသီးမှာ ဒုက္ခမျိုးစုံခံနေရတာပါ။ ဒါကို မမေ့ဖို့လိုသလို ဒီကျေးဇူးကိုလည်း အမွန်အမြတ်ထားရမှာပါ။ ဒါကြောင့်ပဲ သူတို့တွေ (အထူးသဖြင့် ကိုမင်းကိုနိုင်)ဟာ ၈၈ ကိုကိုယ်စားပြုတယ်လို့တော့ တချက်လွှတ်ပြောလို့မရနိုင်ပါဘူး။ ဆိုတော့ ကိုမင်းကိုနိုင်ဟာ ၈၈ မျိုးဆက်ကို ကိုယ်စားပြုခြင်း/မပြုခြင်းကြောင့် သူ့နိုင်ငံရေးကို ဝေဘန်စောကြောရတာပါဆိုတဲ့ဆင်ခြေဟာ မခိုင်လုံဘူးထင်ပါတယ်။ ပြောကြကြေးဆို ဒေါ်အောင်ဆန်းစုကြည်လည်း ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးပေါက်ဖွားလာတဲ့ ၈၈ မျိုးဆက်ပဲမဟုတ်လား။ ဒေါ်စုကို ဒီနေ့ ကျနော်တို့ ပြောဆို ဝေဘန်နေတာတွေဟာ ၈၈ မျိုးဆက်ကို ကိုယ်စားပြုခြင်း မပြုခြင်းကြောင့်မဟုတ်ကြပါ။ ၈၈ ပုံရိပ်ကို ထိခိုက်ခြင်း မခိုက်ခြင်းတွေကြောင့် မဟုတ်ပါ။ ဒေါ်စုရဲ့နိုင်ငံရေးရပ်တည်ချက် ရပ်ခံချက်တွေအပေါ်မှာ ပြောနေကြတာမဟုတ်ပါလား။
မျိုးမြင့်ချို
အောက်တိုဘာ ၂၅၊ ၂ဝ၁၉

လှကျော်ဇော်ရေး ဗိုလ်မှူးကျော်ဇော ရာပြည့် အထိမ်းအမှတ် တပ်ပြုပြင်ပြောင်းလဲရေး စာအုပ်ကို အကြောင်းပြုပြီး…မောင်စွမ်းရည်

0 comments
မောင်စွမ်းရည် - လှကျော်ဇော်ရေး ဗိုလ်မှူးကျော်ဇော ရာပြည့် အထိမ်းအမှတ် တပ်ပြုပြင်ပြောင်းလဲရေး စာအုပ်ကို အကြောင်းပြုပြီး…
(မိုးမခ) ဩဂုတ် ၁၅၊ ၂၀၁၉

လှကျော်ဇော ဆိုတာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောရဲ့ သမီး ဒေါက်တာလှကျော်ဇော ဖြစ်ပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေဝင်းရဲ့ ချောင်ပိတ် တွန်းထုတ်မှုကြောင့် မိသားစုလိုက် တောခိုသွားကြရာမှာ ဗိုလ်ကျော်ဇောနဲ့အတူ သမီး လှကျော်ဇောလည်း ပါသွားရပါတယ်။ သမီး ဆရာဝန် ပါသွားတဲ့အတွက် မိဘတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်နိုင်တဲ့အပြင် အဖေ ရေးချင်ရာ ရေးဖို့ကိုလည်း အကူအညီပေးနိုင်တဲ့ အတွက် လွတ်လပ်ရေးသမိုင်း၊ ဖက်ဆစ်တော်လှန်ရေးသမိုင်း၊ ဗမာ့တပ်မတော်သမိုင်း စတဲ့ သမိုင်းဆိုင်ရာ အထောက်အထား အချက်အလက်တွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။
အခုစာအုပ်ဟာ မြန်မာပြည်၊ ရန်ကုန်မြို့၊ ယဉ်မျိုးစာအုပ်တိုက်က ၂၀၁၉ ခုနှစ် မတ်လထဲမှာ တရားဝင် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ စာရေးသူကတော့ ဗမာ့လွတ်လပ်ရေး သက်တမ်းနဲ့အမျှ မတရားအသင်း ကြေညာခံထားရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက ကွန်မြူနစ်တဦး ဖြစ်ပါတယ်။ ကွန်မြူနစ်လို့ ဆိုလိုက်ရင် မြန်မာအစိုးရ အဆက်ဆက်က တဖက်သတ် ရေးသားမှုတွေကြောင့် ဒီခေတ်လူငယ်များက (လူကြီးများပါ) မိစ္ဆာဒိဋ္ဌိ ကြောက်စရာကြီးတွေလို့ ထင်မှတ်ခံရသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ မကြောက်ပါ။ သမိုင်း သိနေလို့ပါ။ ဒေါက်တာသန်းထွန်း ပြောဖူးသလိုပဲ ‘သမိုင်းသိတော့ မအဘူးပေါ့’။
လွတ်လပ်ရေး တိုက်ပွဲတွေကို ဦးဆောင်ခဲ့တဲ့ ဖ.ဆ.ပ.လ(ဖ.တ.ပ.လ) ဆိုတာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပထမကလာပ်စည်း အတွင်းရေးမှူး သခင်အောင်ဆန်းနဲ့အတူ ကွန်မြူနစ် သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ဗဟိန်း စသူတို့က ဦးစီးတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ရဲဘော်သုံးကျိပ်ဝင်များ ဖြစ်ကြတဲ့ ဗိုလ်အောင်ဆန်း၊ ဗိုလ်လကျာ်၊ ဗိုလ်ရန်နိုင်၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ဇေယျ၊ ဗိုလ်တာရာ စတဲ့ ဗိုလ်တွေဟာလည်း ကွန်မြူနစ်တွေပဲ ဖြစ်ပါတယ်။ ဖ.ဆ.ပ.လ မှာ သဘောကွဲလွဲကြပြီး အထက်စီးရတဲ့ ဦးနု၊ ဦးကျော်ငြိမ်းတို့ ဆိုရှယ်လစ် အုပ်စုက တောထဲကို မောင်းထုတ်တာ ခံရလို့ (ခံရကတည်းက ညံ့လို့ပေါ့ဗျာ) တောထဲ ရောက်နေကြရတာ ဒီနေ့အထိပါပဲ။ လွတ်လပ်ရေး သက်တမ်းနဲ့အမျှ ဆိုပါတော့။ ဒီသမိုင်းကို ကျွန်တော်တို့ သိထားပါတယ်။
ဗိုလ်ချုပ်ကျော်ဇော ဆိုတာ ရဲဘော်သုံးကျိပ်ထဲမှာ အသက်အငယ်ဆုံး တယောက် ဖြစ်ပေမယ့် ကျောင်းဆရာဘဝက လာသူ ဖြစ်လို့ အစ စနစ်ကျတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းက မျက်စိကျပါတယ်။ စစ်သားတွေ၊ စစ်ဗိုလ်တွေ လေ့ကျင့်သင်ကြားစရာ ရှိရင် ပဲခူးမှာရှိတဲ့ ဗိုလ်ကျော်ဇောရဲ့ တပ်ရင်း (၄) ကို ပို့ပြီး လေ့ကျင့်သင်ယူစေပါတယ်။ ဗြိတိသျှအစိုးရက လွတ်လပ်ရေး ပေးခါနီးမှာ ဗမာ့တပ်မတော် ဖွဲ့စည်းရေးအတွက် ဆွေးနွေးဖို့ ကန္ဒီစာချုပ် ချုပ်ဆိုဖို့ သွားရာမှာ ဗိုလ်ချုပ်ကျော်ဇော ပါဝင်ခဲ့ရပါတယ်။ လွတ်လပ်ရေး ရခါနီး ရွှေတိဂုံခြေရင်း ဖ.ဆ.ပ.လ လူထုစည်းဝေးပွဲကြီးမှာတောင် ဗိုလ်ချုပ်အောင်ဆန်းက သူနဲ့အတူ ညီညွတ်ရေး အဆိုကို တင်သွင်းဖို့ တာဝန်ပေးခံရသူလည်း ဖြစ်ပါတယ်။
ဗိုလ်နေဝင်း ဆိုတာ ရဲဘော်သုံးကျိပ်ထဲမှာ ဘယ်သူ ကွန်မြူနစ်၊ ဘယ်သူ ဆိုရှယ်လစ် ဆိုတာ အတွင်းသိ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ အသုံးချစရာ ရှိသမျှ လက်ကုန်နှိုက်ပြီး အသုံးချပြီးတဲ့အခါမှာ တပ်တွင်းမှာ သူ ထင်ရာလုပ်လို့ရအောင် အတွင်းသိ လူဟောင်းတွေကို တယောက်ချင်း တဖြည်းဖြည်းချင်း အကုန်ထုတ်ပစ်ခဲ့ပါ တယ်။ တရုတ်ဖြူ တွန်းလှန်ရေးနဲ့ အင်းစိန်တိုက်ပွဲလို သူ့နဲ့ သူ့လူတွေ မတိုက်နိုင်တဲ့ တိုက်ပွဲမျိုးတွေမှာ ဗိုလ်ကျော်ဇောကို တိုက်ခိုင်းပြီးနောက် သူ အလိုမရှိတော့တဲ့အတွက် ကွန်မြူနစ်ပုဒ်မနဲ့ အရေးယူပြီး ထုတ်ပယ်ပစ်ပါတယ်။ ဒါလည်း ဖြောင့်ဖြောင့်မနေနိုင်အောင် စောင့်ကြည့်ပြီး နှောင့်ယှက်နေတဲ့အတွက် ဗိုလ်ကျော်ဇောတို့ မိသားစုဟာ မြေပေါ် မနေနိုင်ဘဲ တောထဲကို ထွက်သွားခဲ့ရပါတယ်။
ဒီနေ့ လူငယ်တွေ သိအောင် ပြောရရင် ဗိုလ်ကျော်ဇော တပ်က ထွက်လာတော့ မြုပ်မသွားဘဲ ဗမာပြည်သူတွေ ကြားမှာ ငြိမ်းချမ်းရေးဖခင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လက်ရုံးတဆူအဖြစ် လူထုဦးလှ၊ လူထုဒေါ်အမာ၊ စာရေးဆရာ ဗန်းမော်တင်အောင်၊ ရှေ့နေကြီး ဦးထွန်းအောင်၊ စာရေးဆရာ လင်းယုန်မောင်မောင် စတဲ့ နိုင်ငံရေးလောကထဲက လူပုဂ္ဂိုလ်အမျိုးမျိုးနဲ့အတူတူ လှုပ်ရှားပေါ်ထွက်လာခဲ့ပါ တယ်။ ဒါ့ကြောင့် ဗိုလ်နေဝင်းက ပိုပြီး ကြည့်မရ ဖြစ်လာခဲ့ရာ မြို့ထဲနေ တောထဲကို သွားအောင် လုပ်ခဲ့ပါတယ်။ ဒါမှ တရားဝင် လိုက်ပြီး သေနတ်နဲ့ပစ် အပြတ်ရှင်းလို့ ရမှာ မဟုတ်လား။
ဗိုလ်ကျော်ဇောဟာ မြန်မာပြည် တောတွေ တောင်တွေထဲကတဆင့် တရုတ်ပြည်ထဲ ရောက်သွားပြီးနောက် ကွန်မြူနစ်တယောက်အဖြစ်နဲ့ တသက်လုံး နေထိုင်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကျော်ဇော ကွယ်လွန်ခါနီးမှာ ရွှေတိဂုံဘုရား ဖူးချင်တယ်လို့ တမ်းတတယ်ဆိုလို့ ကွန်မြူနစ် ဆိုတာ ဘာသာတရား မရှိဘူးလို့ ဦးကျော်ငြိမ်းတို့က မိစ္ဆာဒိဋ္ဌိအဖြစ် ဝါဒဖြန့်ထားတာလောက်ကိုသာ တဖက်နားနဲ့ ကြားဖူးသူများက အံ့ဩကြပါတယ်။ ကျွန်တော် ဗမာပြည်မှာ ရှိစဉ်က ဆရာကြီးမှိုင်းရဲ့ ဂူဗိမာန် စောင့်ရှောက်ရေး ကော်မတီဝင်များအဖြစ် ဆုံဖူးကြရာက ဗိုလ်ချုပ်ကျော်ဇောနဲ့ ကျွန်တော်နဲ့ သိကျွမ်းရင်းနှီးတာကို သိတဲ့ မိတ်ဆွေများက မေးလို့ ရှင်းပြရတယ်။
ကွန်မြူနစ်တွေမှာ ဘာသာတရား မရှိဘူးဆိုတာ ကားလ်မာ့က်စ်တို့၊ အိန်ဂျယ်တို့၊ လီနင်၊ စတာလင်တို့က ပြောကြတယ်။ သူတို့ဘုရားက ‘ဖန်ဆင်းရှင်’၊ ‘ထာဝရဘုရား’မို့ သူတို့က သူတို့ဘုရားကို မကြိုက်ဘူး။ တို့ဘုရားက ဖန်ဆင်းရှင်လည်း မဟုတ်၊ ထာဝရဘုရားလည်း မဟုတ်။ လူစင်စစ် ဖြစ်လို့ သက်တော် ရှစ်ဆယ်မှာ ပရိနိဗ္ဗာန်စံခဲ့တာလို့ ရှင်းပြရပါတယ်။
“ကွန်မြူနစ် မကြိုက်တဲ့ ဘုရား(God) ထဲမှာ ဂေါတမ မပါဘူး”လို့။
ဗိုလ်ချုပ်ကျော်ဇောနဲ့ ကျွန်တော်ဟာ လူပုဂ္ဂိုလ်အရ သိကျွမ်းရင်းနှီးလို့ သူ့စာအုပ်တွေလည်း အားလုံး ဖတ်ရဖူးပါတယ်။ အမေ လူထုဒေါ်အမာက “ရှင့်အတွေ့အကြုံတွေကို စာရေးဖြစ်အောင် ရေးပါလို့ တဖွဖွ မှာလို့တဲ့။ ဗိုလ်ချုပ်ကျော်ဇောဟာ သူ့အတ္ထုပ္ပတ္တိကိုသာမက တခြား အတွေ့အကြုံတွေကိုပါ ရေးသား ထုတ်ဝေသွားခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မင်းခေါင်၊ ဗိုလ်တာရာ စသူတွေလို ရဲဘော်သုံးကျိပ်ဝင် စာရေးသူတယောက် ဖြစ်သွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ရဲဘော်သုံးကျိပ်ဝင်ထဲမှာ ဗိုလ်ချုပ်ကျော်ဇောဟာ အသက် အငယ်ဆုံးထဲမှာ ပါဝင်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲပြီး တပ်မတော် ထူထောင်ရာမှာ ရှေ့တန်းက ပါဝင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တပ်မတော်ထဲမှာလည်း တပ်တည်ထောင်စကနေ ထုတ်ပစ်ခံရတာအထိ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ကြောင့် တပ်မတော်အပေါ် သံယောဇဉ်ကြီးပြီး တပ်ပြုပြင်ရေးကို အထူးအာရုံစိုက်ပြီး အခွင့်ကြုံတိုင်း တပ်မတော်သားတွေကို တပ်မတော် ပြုပြင်‌ရေး စကားတွေ ပြောကြားခဲ့ပါတယ်။
‘တော်လှန်ရေးနေ့’ကို ဗိုလ်နေဝင်းက တပ်မတော်နေ့အဖြစ် အပိုင်ယူထားပါတယ်။ အမှန်က ၁၉၄၁၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗမာ့တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တာပါ။ ဗိုလ်နေဝင်းက ‘တော်လှန်ရေးနေ့’ကို ဖျောက်ဖျက်ချင်တာကြောင့် တကြောင်း၊ သူ့မိတ်ဆွေ ဂျပန်တွေ ကြိုက်အောင် ဖက်ဆစ်တော်လှန်ရေးနေ့ ဆိုတာ မှေးမှိန်သွားစေချင်တာကြောင့် တကြောင့် မတ်လ တော်လှန်ရေးနေ့ကို တပ်မတော်နေ့ လုပ်ပစ်ခဲ့တာပါ။
ဘာပဲဖြစ်ဖြစ် မတ်လ ၂ ရက်နေ့ ရောက်ရင်တော့ ‘ဖက်ဆစ်တော်လှန်ရေး’ ဆိုတဲ့ သမိုင်းဝင် စကားလုံးဟာ ထင်းထင်းကြီး ပြန်ပေါ်လာရစမြဲပါပဲ။ ပြည်သူတရပ်လုံး တညီတညွတ်တည်း ပါဝင်ဆင်နွှဲခဲ့ကြတာ မဟုတ်လား။ သတင်းဌာနတွေကလည်း တာဝန်ကျေကြတယ်။ တော်လှန်ရေးနေ့ ရောက်တိုင်း ဗိုလ်ကျော်ဇောကို သူ ရှိရာ တရုတ်ပြည် လှမ်းပြီး ‘ဗျူး’ကြလို့ ဗမာပြည်သူတွေက တော်လှန်ရေးသမိုင်းကို မပြတ် ကြားနေကြရတဲ့အပြင် ‘တပ်ပြုပြင်ရေး’ကိုလည်း မပြတ် ကြားနေကြရပါတယ်။ “တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ”က ကြားကြရဲ့လား၊ မကြားချင်ယောင်ဆောင်နေကြသလား မသိ။
တပ်ဟာ ဗိုလ်နေဝင်းရဲ့ တလက်ကိုင် အသုံးချတာ ခံရလို့ ပြည်သူ့တပ် ဆိုတာ မေ့သွားခဲ့ပြီး ပြည်သူ့အထက်က ပြည်သူ့ ကိုးကွယ်ဆည်းကပ်ရာလို့ သူတို့ဘာသာ အထင်ရောက်သွားခဲ့ပါပြီ။ ‘မိဘ’ကို မေ့သွားခဲ့ပြီး ‘တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ’လို့ပဲ အမြင်စွဲသွားခဲ့ကြပါပြီ။ ပြည်သူ့ဝင်ငွေ အများစုကို သူတို့ကပဲ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက် ကယ်တင်နေရတယ်လို့ မှတ်စွဲပြီး အကြွေးတောင်းသလို အမြဲ တောင်းသုံးနေလေရဲ့။ ပြည်သူ့ကျန်းမာရေးနဲ့ ပညာရေးစရိတ် တိုးဖို့ကို မငဲ့ကွက်နိုင်ဘူး။ သူတို့ တပ်ဟာ ကမ္ဘာမှာ(အာရှမှာ) အဆင့်အမြင့်ဆုံးထဲမှာ ပါတယ်လို့ပဲ ကြွားဝါချင်နေကြရှာပါတယ်။ တိုင်းပြည် နိမ့်ကျနေတာကိုတော့ မရှက်ကြပါဘူး။
တိုင်းပြည်ကို ဘယ်သူကမှ မကျူးကျော်ဘဲ ကာကွယ်နေကြရသတဲ့။ ချောက်ထဲကျဖို့ လက်တလုံး အလိုမှာ သူတို့ ကယ်လို့ပဲ ချောက်ထြ မကျသွားခဲ့ရတာတဲ။ ကမ္ဘာမှာ စီးပွား၊ ကျန်းမာ၊ ပညာ အဘက်ဘက်က အနိမ့်ကျဆုံး ဖြစ်သွားခဲ့တာပဲ ကျော်မကောင်း ကြားမကောင်း ဖြစ်သွားခဲ့ရပါတယ်။ သူတို့ ဗိုလ်ချုပ်တွေကတော့ ကမ္ဘာ့အချမ်းသာဆုံးထဲမှာ မိသားစုလိုက်၊ ဆွေမျိုးအုပ်စုလိုက် ချမ်းသာသွားကြလေရဲ့။ ဒါ ဂုဏ်ယူစရာတဲ့လား။
သူတို့က တိုင်းရင်းသားတွေကို သတ်ပစ်လို့ ကမ္ဘာက ကန့်ကွက်ရှုတ်ချရင်တော့ လူသတ်တာက ‘ပြည်တွင်းရေး’တဲ့။
ဗိုလ်နေဝင်းဟာ တိုင်းရင်းသား ပြည်သူချင်း သတ်ဖြတ်ရေး၊ ပြည်တွင်းစစ်ကို ဆွဲဆန့်ပြီး လူသတ်မှုနဲ့ လုပ်စားခဲ့တာ ကမ္ဘာအသိပါ။ စစ်တပ်ကြီးတတပ်ရဲ့ ဗိုလ်ချုပ်က လက်နက်မဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေကို (၁) ‘ဓား ဓားချင်း၊ လှံ လှံချင်း’လို့ စိန်ခေါ်ခဲ့ပြီး (၂) စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်၊ မိုးပေါ် ထောင်မပစ်ဘူး’လို့ ခြိမ်းခြောက်ခဲ့ပြီး ၁၉၆၂ ဇူလိုင် ၇ ရက်နေ့ အရေးအခင်း၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးအခင်းနဲ့ ၂၀ဝ၇ ရွှေဝါရောင်အရေးအခင်းတို့မှာ ကမ္ဘာကျော်အောင် လူသတ်ပြသွားခဲ့ကြပါတယ်။ ဒါတွေကြောင့် သူတို့ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီး နာမည်ပျက်ညွန်ထဲက ဆွဲထုတ်ဖို့ ဗိုလ်ကျော်ဇောတို့ အားထုတ်ခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းခဲ့တာ သုံးကြိမ်ရှိခဲ့ပါပြီ။ ခုထိလည်း ဒါကို ရှက်စရာလို့ သဘောမထားကြသေးဘဲ ဂုဏ်ယူပြီး နောက်ထပ် အာဏာသိမ်းဖို့ လက်ယားနေကြပါသေးတယ်။
စစ်တပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကို ဖျက်ခဲ့၊ ပြင်ခဲ့ပြီး သူတို့စိတ်ကြိုက် စစ်တပ် ဗဟိုပြု ၂၀ဝ၈ ဥပဒေကို မိုးထဲ လေထဲ မုန်တိုင်းထဲမှာ ရေးဆွဲခဲ့ပါတယ်။ ဒါကိုတော့ ပြင်ရဲ ပြင်ကြည့် ဆိုတာမျိုး လုပ်နေပါတယ်။ လူ ရေးဆွဲတဲ့ ဥပဒေဟာ လူတွေက ပြင်ချင်ရင် ပြင်ပေးရမှာပေါ့။ ဥပဒေဟာ အများအကျိုးနဲ့ ဆန့်ကျင်ပြီး တဦး တယောက် တဖွဲ့တစည်းအတွက်သာ ဖြစ်နေရင် မပြင်လို့ ဖြစ်မလား။ ပြင်တာကို နှောင့်ယှက်နေရင် မူလရေးဆွဲတာက အပြစ်တခု၊ ပြင်တာကို နှောင့်ယှက်တာက အပြစ်တခု၊ ပြစ်မှု နှစ်ခု ထပ်နေပြီလို့ သမိုင်းမှာ မော်ကွန်းအတင်ခံရတော့မှာပေါ့။
စစ်တပ် ဆိုတာ ကမ္ဘာ့စစ်ရေးအတွက်ပဲ ဖွဲ့ရိုးထုံးစံ မဟုတ်လား။ အာဏာသိမ်း စစ်တပ်များကတော့ အရူး အမဲသား ကျွေးမိသလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အရေးကိစ္စမျိုးစုံမှာ ‘ကိုပါရာ’ လုပ်ချင်၊ ခြယ်လှယ်ချင်နေကြပြန်ပါတယ်။ သူ့နေရာနဲ့သူ၊ ကိုယ့်နေရာနဲ့ကိုယ် ရှိဖို့ လိုပါတယ်။ ဘုန်းကြီးကို စစ်တိုက်ခိုင်းလို့ မဖြစ်သလို စစ်သားကို သီလပေးခိုင်းလို့ မဖြစ်နိုင်ပါဘူး။ စစ်သားက စစ်သားနေရာ နေရမှာပေါ့။
ဗိုလ်ချုပ်ကျော်ဇောက ငါတို့ အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့တာဟာ တိုင်းပြည် လွတ်လပ်ပြီး ပြည်သူလူထု ကြီးပွားတိုးတက်အောင်လို့ ဆိုတာ အမြဲ ပြောပါတယ်။ ဒါပေမဲ့ ရာစုနှစ်ဝက်ကျော်အောင် ပြည်တွင်းစစ်ညွန်ထဲမှာ နစ်ပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေရတာကို တသက်လုံး စိတ်မကောင်း ဖြစ်သွားရရှာပါတယ်။ သူတို့ တည်ထောင်ခဲ့တဲ့ စစ်တပ်ဟာ တရားခံ ဖြစ်နေလို့ တပ်ပြုပြုင်‌ရေး စကားတွေကို တသက်လုံး ပြောသွားခဲ့ရှာပြီး နောင်လာနောက်သားတွေအတွက် သမိုင်းကြွေးအဖြစ် ပခုံးလွှဲပေးရတာကို စိတ်မကောင်း ဖြစ်သွားခဲ့ရရှာပါတယ်။
တပ်မတော် တည်ထောင်စက “ရဲဘော်သည် တိုင်းပြည်အတွက်၊ တိုင်းပြည်သည် ရဲဘော်အတွက် မဖြစ်စေရ” လို့ ဗိုလ်ချုပ်အောင်ဆန်းတို့က တဖွဖွ ဩဝါဒပေးခဲ့ရှာပါတယ်။ ‘ပြည်သူသာ အမိ၊ ပြည်သူသာ အဖ’လို့ ဆိုခဲ့တဲ့ ဆောင်ပုဒ်ကို စစ်တပ်က ပြင်ခဲ့တယ်။ ‘တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ’တဲ့။
ခုမျက်မှောက် တပ်မတော်က မိဘ နေရာက မဆင်းချင်ပါဘူး။ သူတို့ ကြွေးကြော်သံကို မပြင်ပါဘူး။ ပြင်ဖို့ စိတ်မကူးသေးပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်ကျော်ဇောက ပြည်သူတွေနဲ့အတူ အဖိနှိပ်ခံ အောက်ခြေ စစ်သားတွေကို ‘စွန့်သာ စွန့်ရပြီး မစားရသူတွေ’ဘဝက ရုန်းထွက်ကြဖို့ ကြုံတိုင်း တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။
‘တပ် ပြုပြင်ရေး’ဟာ အခုတော့ အပေါ်ယံ ကြွေးကြော်သံတောင် မပြင်နိုင်သေးတကား။ စစ်တပ်ဟာ အမိ အဖ အရာက နေချင်ကြဆဲပါတကား။ ဘုရားက အောက်၊ မျောက်ကား အထက် ဆိုသလိုပါပဲ။ ဒါပေမဲ့ သဘာဝမကျဘဲ ‘ဓမ္မ’နဲ့ ဆန့်ကျင်ခြင်းဟာ ထာဝရ မဖြစ်နိုင်ပါဘူး။
ပြည်သူတွေက ပြည်သူ့တပ်မတော် ဖြစ်လာရေး တောင်းဆိုနေတာကို ငြင်းဆန်လို့ မဖြစ်နိုင်။ ပြည်သူက ကျွေးထားတာ မဟုတ်လား။ ဗိုလ်ချုပ်ကျော်ဇောတို့ လိုလားတဲ့ တပ်ပြုပြင်ရေး၊ ပြည်သူ့တပ်မတော် ပြန်လည် တည်ဆောက်နိုင်ပါစေ။
မောင်စွမ်းရည်
၂၀၁၉

(နိုင်ငံရေးစာရိတ္တကောင်းဖို့ဆို)

0 comments
(နိုင်ငံရေးစာရိတ္တကောင်းဖို့ဆို)
ဘုန်းကြီးသိန်းစိန်လက်ထက်က ရွေးကောက်ပွဲကော်မရှင်ကို ဗိုလ်တင်အေးကစီးထားတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲနီးတော့ ကော်မရှင်ကနေ (၃၁/၂ဝ၁၅)ဆိုပြီး အမိန့်ညွှန်ကြားချက်တခု ထုတ်တယ်။ အဲ့ဒီအမိန့်ညွှန်ကြားချက်က သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီး စတဲ့လူတွေလည်း ရာထူးလက်ကိုင်ကနေပဲ ရွေးကောက်ပွဲမှာ ဝင်မဲဆွယ်ခွင့်ရှိတယ်လို့ဆိုထားတယ်။ အဲ့ဒီတုန်းက ဒီချုပ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အကြီးအကျယ်ကန့်ကွက်ခဲ့လို့ ဟိုးလေးတကြော်ဖြစ်ခဲ့တယ်။ ပြတဲ့ဆင်ခြေက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်လို့ဖြစ်တယ်။ ရွေးကောက်ပွဲမှာ ဘုန်းကြီးသိန်းစိန်ကိုယ်တိုင်ဆင်းပြီး မဲဆွယ်တယ်။ ဒါပေမယ့် ခွက်ခွက်လန်အောင်ရှူံးပြီး လူလုံးမလှဖြစ်သွားတယ်။ ဒီချုပ်က ဝက်ဝက်ကွဲနိုင်ခဲ့တယ်။ ၂ဝ၁၅ နောက်ပိုင်း ဒီချုပ် အာဏာမစို့မပို့ရလာတော့ ဘာတွေဖြစ်ခဲ့တယ် ဖြစ်နေတယ်က လူတိုင်းသိပြီးမို့ ဒီနေရာမှာ ဘာမှမပြောလိုပါ။

ခု ၂ဝ၂ဝမှာ အထွေထွေရွေးကောက်ပွဲတွေ ပြန်လုပ်တော့မယ်။ နီးသထက်နီးနီးလာပြီ။ နီးလာတော့ ဘာဖြစ်လဲ။ ဒီချုပ်ခန့် ကော်မရှင်က ဗိုလ်တင်အေးကော်မရှင်ထုတ်ခဲ့တဲ့ (၃၁/၂ဝ၁၅)ကိုပြန်သုံးမယ်လို့ အတိအလင်းကြေငြာတယ်။ တချိန်တုန်းက သူတို့ ခါးခါးသီးသီး ပြင်းပြင်းထန်ထန် ရွံရွံမုန်းမုန်း ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ အမိန့်ညွှန်ကြားချက်ဖြစ်တယ်။ ဒီအတိုင်းသွားမှာဆိုတော့ ဦးဝင်းမြင့်ရော ဒေါ်စုပါ မဲဆွယ်စည်းရုံးရေးလုပ်မယ်ဆိုတာ ဗြောင်ထွက်ပြောတာဖြစ်တယ်။ ဦးဝင်းမြင့်ကတော့ ထားပါတော့ ဘာမှမဟုတ်ဘူးလို့ပဲ။ ဒေါ်စု ဒီချုပ်မှာ အခရာပဲ။ သူက ဝိညာဉ်ပဲ။ သူရှိနေလို့ ဒီချုပ် ခုလောက် ထောင်ထောင်မတ်မတ်ဖြစ်နေသေးတာ။ သူကိုယ်တိုင်မဲဆွယ်မယ်ဆိုတော့ ၂ဝ၂ဝ ရွေးကောက်ပွဲက ပြည်မဒေသလို့ဆိုတဲ့ ဗမာလူမျိုးစုအများစုနေထိုင်ရာ မဲဆန္ဒနယ်တွေမှာ အခြေအနေကောင်းမှာပဲ။ သူကိုယ်တိုင် မဲမဆွယ်ပဲ ကားပေါ်ကနေ လက်ပြခြေပြလောက်လုပ်ရင် တိုက်အိမ်တအိမ်အိမ်ပေါ်ကနေ မျက်နှာလောက်ထွက်ပြရင်ကိုပဲ ကိစ္စကပြီးနေပြီ။

ဒီနေရာမှာ ထောက်ပြချင်တာက လစ်ဘရယ်လ်ဒီမိုကရေစီမှာ ရွေးကောက်ပွဲဖြစ်စဉ်ဟာ မဖြစ်မနေကို ဖြတ်သန်းရတယ်။ ရွေးကောက်ပွဲနည်းမှတပါး အခြားလမ်းနဲ့ အာဏာရဖို့ဆိုတာက စိတ်ကူးယဉ်တဲ့သဘော ဒြပ်မဲ့သဘောအထိ ယုံကြည်ယူဆသူတွေရှိတယ်။ ဒီတော့ ပါတီတွေထောင်ကြ၊ ရွေးကောက်ပွဲဝင်ကြ၊ အပြိုင်အဆိုင် မဲမြှူကြ မဲဆွယ်ကြရတာပဲ။ မဲဆွယ်တဲ့နေရာတွေ မဲပေးဖို့စည်းရုံးရေးဆင်းတဲ့အခါတွေမှာ ငွေဘယ်လောက်သုံးနိုင်သလဲက အလွန်စကားပြောပါတယ်။ ငွေများတိုင်း မဲနိုင်တာမဟုတ်ပေမယ့် လူကြိုက်များတာချင်းတူရင် ငွေပိုသုံးနိုင်တဲ့လူ စင်ပေါ်ရောက်သွားတာတွေက အနမတဂ္ဂပါ။ ဆိုတော့ မိမိ အတိုက်အခံဘဝတုန်းက မတရားဘူး မမျှတဘူး ဒီမိုကရေီကျင့်စဉ်နဲ့မညီညွတ်ဘူး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့(တကယ်လည်း မညီညွတ်ပုံရပါတယ်) ကိုယ်တိုင်ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ အမိန့်ညွှန်ကြားချက်တရပ်ကို ကိုယ်တိုင်ကပြန်သုံးမယ်ဆိုတော့ ဒီချုပ်ရဲ့ နိုင်ငံရေးသိက္ခာ၊ နိုင်ငံရေးသမာဓိ၊ နိုင်ငံရေးသီလတွေ စင်ကြယ်မကြယ်ကို ခနထားပါဦး နိုင်ငံရေးစာရိတ္တကောင်းမကောင်းဆိုတာအထိ ပြန်ဆန်းစစ်ကြည့်ကြဖို့လိုလာပါပြီ။

သူတို့တောင်လုပ်သေးတာပဲ ကိုယ်လည်းလုပ်မယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံရာထူး တီထွင်ခဲ့တာလည်း အိုးရွဲ့ကိုစလောင်းရွဲ့နဲ့ဖုံးတာလားဆိုပြီးစွပ်စွဲခံရတာကို ပြန်ဖြေရှင်းဖို့ ခုထိခက်နေတယ်။ မပြေးသော်လည်း ကန်ရာရှိနေတယ်။ ခုလည်း တခါ သူတောင် ကလိန်ကျသေးတာပဲ ငါလည်းကလိန်ခြုံမှာပေါ့ဆိုတဲ့ သဘောဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ဒီချုပ်နိုင်ဖို့လိုတယ်၊ အခြားပါတီတွေမနိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့အမြင်နဲ့ ရပ်ခံပြီး ဒီလုပ်ရပ်ကို ဗြောင်ပဲထောက်ခံခံ ကြိတ်ပဲထောက်ခံခံ ထောက်ခံတယ် သဘောတူတယ်ဆိုရင် လူဟာ မိမိရဲ့နိုင်ငံရေးသီလနဲ့ နိုင်ငံရေးစာရိတ္တကိုပြန်ဆန်းစစ်ဖို့လိုနေတာတော့ အမှန်ပဲ။
(ဒီစာကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥဒေကို လက်ခံသိမှတ်ပြီး အဲ့ဒီအောက်ကနေပဲ ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်ဆိုတဲ့ရပ်ခံချက်ရှိသူတွေ ပိုမြင်တွေ့စေချင်ပါတယ်)
မျိုးမြင့်ချို
အောက်တိုဘာ ၂၅၊ ၂ဝ၁၉

Wednesday, October 23, 2019

(မိကျောင်းမျက်ရည်တောင် အတု)

0 comments
(မိကျောင်းမျက်ရည်တောင် အတု)
Senate Majority Leader Mitch McConnell ဟာ ကျနော်တို့ ဒီမိုကရေစီရေးအတွက် အတော့်ကို အလေးထား အားပေးကူညီခဲ့သူပါ။ စစ်အုပ်စုကိုပစ်မှတ်ထားပိတ်ဆို့မှူတွေလုပ်ဖို့ ဆော်လည်းဆော်သြ အထက်လွှတ်တော်မှာအဆိုတင်တာ ဥပဒေပြဌာန်းဖို့တွေလည်းလုပ်ခဲ့သူပါ။ ဆိုရှယ်လစ်တံဆိပ်ကပ်ပြီးတက်လာတဲ့ နေဝင်းစစ်အုပ်စုနဲ့တုန်းက ရွှေလမ်းငွေလမ်းပေါက်ခဲ့တဲ့အမေရိကန်ဟာ ဒီမိုကရေစီတွင်တွင်အော်နေတဲ့ စောမောင်၊ သန်းရွှေတို့ခေတ်ကျမှ ဘယ့်နှယ်လို့ တဇောင်းစေးနဲ့မျက်ချေးဖြစ်ရသလဲက မျက်စေ့လည်သူတွေအတွက် လည်ချင်စရာပါ။ အလားတူပါပဲ ခုလည်း ဗမာပြည်အရေးနဲ့ပတ်သက်လို့ မစ်ချ်မက်ကောနယ်လ် ရပ်ခံပေးပုံတွေဟာ လူတချို့အတွက် နားမလည်နိုင်စရာတွေ ဖြစ်နေပါလိမ့်မယ်။ ရိုဟင်ဂျာအရေးနဲ့စပ်လို့ ဗမာပြည်အစ်ရှူှူးတက်လာတိုင်း ဆီးနိတ်လူများစုခေါင်းဆောင်အနေနဲ့ ကာဆီးကာဆီးလုပ်နေတာမျိုးလည်း တွေ့ရမှာပါ။ ပြည်တွင်းမှာကျတော့လည်း သမတထရမ့်ဘက်က အပြတ်ရပ်ခံပြီး မျက်နှာပြောင်တိုက်လွန်းလို့ လူကြိုက်နည်းနေတာပါ။ အောက်လွှတ်တော် House of Representatives က အတည်ပြုပြီး အထက်လွှတ်တော်အနေနဲ့ အတည်ပြုပေးဖို့တင်လိုက်တဲ့ ဥပဒေကြမ်းတိုင်းလိုလိုကို လွှတ်တော်သဘာပတိပါဝါသုံးပြီး ပယ်ပယ်ချနေတာပါ။
ခုတော့ ထရမ့်ကိုပြစ်တင်စကားပြောတာ လူတွေစကြားရပါပြီ။ တကယ့်ကို ဒါဟာ ပထမဆုံးအကြိမ်ပါ။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းက အမေရိကန်တပ်တွေရုပ်ဖို့ ထရမ့်ချလိုက်တဲ့ဆုံးဖြတ်ချက်ဟာ မဟာဗျူဟာမြောက် သေလောက်တဲ့အမှားပဲလို့ ပြောလာတာပါ။ ISIS တွေကို အမေရိကန်နဲ့တွဲတိုက်ပြီး စစ်သည်ပေါင်း သောင်းတထောင်လောက်ကျဆုံးခဲ့ရတဲ့ အမေရိကန့်မဟာမိတ်ကာ့ဒ်တွေကို လက်လွတ်စပယ်ပစ်ထားခဲ့လို့ အပြစ်တင်တာတော့ မဟုတ်ပါ။ ကာ့ဒ်တွေကို တူရကီကတိုက်လို့ မရှူမလှခံနေရတာကိုလည်း စာနာစိတ်နဲ့ပြောနေတာ မဟုတ်ပါ။ မကောင်းတတ်လို့ ထည့်ပြောရတဲ့သဘောလောက်တော့ ပြောပါတယ်။ တကယ့်တကယ် သူထောက်ပြပြီး ပြစ်တင်သွားတာက ကာ့ဒ်အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ISIS အဖွဲ့ဝင်တွေ ပြန်လွတ်လာတဲ့ကိစ္စကိုဖြစ်ပါတယ်။ ISIS တွေထဲမှာ နိုင်ငံစုံကလူတွေ ပါပါတယ်။ ကာ့ဒ်အကျဉ်းထောင်တွေက ISIS တွေမှာ တိုက်ပွဲတွေမှာ လက်ရသုံ့အဖြစ်ဖမ်းမိတာတွေရော လက်နက်ချလာတာတွေရော ပါပါတယ်။ မိသားစုဝင်တွေလည်း ရောထွေးပါနေတာပါ။ စုစုပေါင်း တသောင်းကျော်တယ်လို့ ဆိုပါတယ်။ တူရကီက ကာ့ဒ်တွေကို ထိုးစစ်ဆင်တော့ ကာ့ဒ်တွေက “အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေကို တာဝန်မယူနိုင်တော့ဘူး“ဆိုပြီး ပစ်ထားလိုက်ရတာလည်းရှိသလို လွှတ်ပေးလိုက်ရတာနဲ့ လွတ်ထွက်ကုန်တာတွေလည်း ရှိပါတယ်။ အဲ့ဒီ နိုင်ငံစုံက ISIS တိုက်ခိုက်ရေးသမားတွေ တမဟုတ်ချင်း ပြန်စုဖွဲ့မိပြီး ဒေသတွင်းကအမေရိကန်နဲ့ သူ့မဟာမိတ်တွေကို တိုက်ခိုက်လာနိုင်ပါတယ်။ ဒါတင်မက အမေရိကန်မြေအထိလာပြီး ဖေါက်ခွဲဖျက်စီးတာတွေ ခြိမ်းခြောက်သတ်ဖြတ်တာတွေ အကြမ်းဖက်တာတွေလည်း လုပ်လာနိုင်တယ်လို့ မက်ကောနယ်လ်က ထောက်ပြပြီး သမတထရမ့်ကို အပြစ်ပြောနေတာပါ။
ခြိမ်းခြောက်သတ်ဖြတ်တာ အရပ်သားတွေနဲ့ အကာအကွယ်နည်းတဲ့ပစ်မှတ် Soft Targets တွေကိုတိုက်ခိုက်တာဟာ သူရဲဘောကြောင်ရာ သတ္တိနည်းရာကျသလို လူမဆန်တဲ့အပြုအမူလည်းဖြစ်တာမို့ လူအများက စက်ဆုပ်ရွံရှာကြ ဆန့်ကျင်ရှူတ်ချကြပါတယ်။ အဲ့သလိုလုပ်လာခဲ့ရင် အမေရိကန်ကိုမှမဟုတ် ဘယ်သူ့ကို ဘယ်နိုင်ငံကိုလုပ်လုပ် ကျနော်လည်း ပြစ်တင်ရှူတ်ချပါတယ်။ ပြတ်ပြတ်သားသားလည်း ဆန့်ကျင်ပါတယ်။
ခု မက်ကောနယ်လ် ထရမ့်ကို အပုတ်ချပြောဆိုနေတာကတော့ ကာ့ဒ်တွေကြောင့်လည်းမဟုတ်၊ ဒေသတွင်းမတည်ငြိမ်မှူတွေ ပိုဆိုးရွားပျက်စီးလာမှာစိုးလို့လည်းမဟုတ်ပဲ အမေရိကန်မြေပေါ်ကို လာတိုက်ခိုက်ခံရမှာစိုးလို့ဆိုတဲ့အကြောင်းပြချက် ကွက်ကွက်လေး ဖြစ်နေတာပါ။ တကယ့်လက်တွေ့မှာ အခိုင်အမာသုတေသနပြုထားပြီး ကိုးကားလို့လည်းရတဲ့စစ်တမ်းတွေအရဆိုရင် အမေရိကန်မှာ အကြမ်းဖက်တိုက်ခိုက်ခံနေရတာဟာ အစ္စလာမ်းမစ်အစွန်းရောက်တွေကြောင့်ထက် ပြည်တွင်းက လူမျိုးရေးအစွန်းရောက်သမားတွေကြောင့်က ပိုများနေတာပါ။ ၉/၁၁ ဖြစ်ပြီးကတည်းက ပြည်ကနေ အမေရိကန်မြေပေါ် လာတိုက်ခိုက်နိုင်ဖို့ဆိုတာ အတော့်ကိုခဲယဉ်းသွားပါတယ်။
ဆိုတော့ မက်ကောနယ်လ်ပြောသလို ဆီးရီးယား ကာ့ဒ်ဒေသအကျဉ်းစခန်းတွေကလွတ်လာတဲ့ ISIS တွေ အမေရိကန်မြေပေါ်လာတိုက်မှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်ဟာ ဆယ်ရေးတရေး ကိုးရေးတရာပါ။ ဒီလိုအကြောင်းပြတာဟာ မိကျောင်းမျက်ရည်ဖြစ်ဦးတောင် မျက်ရည်တုဖြစ်ဖို့ပဲရှိပါတယ်။ တချို့ကတော့ ဒါဟာ မစ်ချ်မက်ကောနယ်လ်ရဲ့ နိုင်ငံရေးကစားကွက်လို့ပြောသလို အယုံအကြည်မရှိအဆို အတင်ခံရမယ့်ကိန်းဆိုက်နေတဲ့ ထရမ့်ဘက်မှာ “နေရာတိုင်းတော့ သူ လိုက်မရပ်ပါဘူး“ဆိုတာလောက်ပြပြိး နိုင်ငံရေးအမြတ်ထုတ်တာလို့ ယူဆကြပါတယ်။
ဒါနေ့လည်ပိုင်း ပြည်တွင်းသတင်းလေးတွေ နားထောင်မိရာက ရတဲ့အချက်အလက်လေးတွေနဲ့ ကျနော့်အတွေးကို ပြောပြတာဖြစ်ပါတယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၁၈၊ ၂ဝ၁၉

(စိတ်နှောင့်ဗျာပွေ)

0 comments
(စိတ်နှောင့်ဗျာပွေ)
ဇော်ဂျီနဲ့ယူနီကုဒ်လည်း ခုလိုပဲ လိမ်ဖယ်လိမ်ဖယ်နဲ့ ဘယ်လောက်ကြာနေဦးမလဲမသိဘူး။ Users တွေကတော့ ဖောင့်ပြောင်းရ ဆက်တင်ပြောင်းရနဲ့ အချိန်တွေကုန်လှပြီ။
Apple ကွန်ပြူတာမှာ ယူနီကုဒ်စနစ်နဲ့ရေးထားတာဖတ်ရဖို့ Font Book ထဲဝင်လိုက် မြန်မာဖောင့် ၂ ခုကို Able လုပ်လိုက်၊ ဇော်ဂျီမြင်ရဖို့ Disable လုပ်လိုက်ကလည်း လက်တော့မဝင်ပေမယ့် ကုန်လိုက်ရတဲ့အချိန်တွေအတွက် သမြောမိတာပါပဲ။ တခါတလေ အဲ့ဒါတွေလုပ်မနေချင်တော့ ဖောင့်ပြောင်း Converter နဲ့ ပြောင်းပြောင်း ဖတ်နေရတော့လည်း အလုပ်ကရှူပ်ရတာပါပဲ။ Windows မှာတော့ ဖောင့်တွေလည်းစုံအောင်သွင်းထား၊ Converter လည်း အင်စတော်လ်လုပ်ထား၊ MUA Add on Extension လည်း ချိတ်ထားဆိုတော့ နည်းနည်းတော့ တော်သေးတယ်။ ဒါတောင် စိတ် ကသိကအောက်တော့ ဖြစ်ရပါတယ်။
ကျနော်က စာတိုပေစလေးလည်း ရေးတဲ့သူဆိုတော့ တယ်လီဖုန်းနဲ့သုံးတာထက် ကွန်ပြူတာနဲ့သုံးတာက ပိုပါတယ်။ ဖုန်းသမားတွေအတွက်တော့ သိတ်မထောင်းတာပေမယ့် ကွန်ပြူတာသမားအတွက်တော့ ကိစ္စကမသေးပါ။
ဇော်ဂျီကလည်း ယူနီကုဒ်စနစ်နဲ့ပြန်လာမယ်လို့ ပြောသံဆိုသံတွေကြားပေမယ့် တယ်တော့မထင်လှပါဘူး။ တကယ်ပြန်လာမယ်ဆိုရင်တော့ ဇော်ဂျီပဲပြန်သုံးဖြစ်မယ် တွေးမိပါတယ်။ ဇော်ဂျီ့ကျေးဇူးနဲ့ ကျနော် တော်တော်လေးရေးဖြစ်ခဲ့တာမို့ ဇော်ဂျီလုံးဝကွယ်ပျောက်သွားတောင် ကျေးဇူးတင်ခြင်းနဲ့အတူ အောက်မေ့သတိရနေမှာပါ။
ယူနီကုဒ်စနစ်ဟာ မရှိမဖြစ်လိုအပ်မှန်း လူတိုင်းသိသလို အဲ့ဒီစနစ်ထဲဝင်ဖို့ ကျနော်တို့တိုင်းပြည် အများကြီး နောက်ကျကျန်ခဲ့တယ်ဆိုတာလည်း လူတိုင်း သိမြင်နားလည်ပါတယ်။ ဘယ်သူ့ကြောင့် ဘယ်လက်ချက်ကြောင့်လည်းလဲ လူတွေသိပါတယ်။
နောက်ကျနေလို့ တွန်းလိုက်ရတာ ကောင်းတယ်ဆိုပေမယ့် လိုအပ်တဲ့သက်လုံနဲ့ လုံလောက်တဲ့အချိန်ယူပြီး စနစ်တကျပြင်ဆင်မှူမရှိရင်တော့ အမီလိုက်ရင်း လမ်းတဝက်မှာ ခါးပြတ်တတ်ပါတယ်။ ခုက အစိုးရကိုယ်တိုင်ကဝင်ပါတာဖြစ်နေတော့ ခါးပြတ်ပြိး လမ်းတဝက်မှာ ပွဲကနေထွက်သွားဖို့တော့ အကြောင်းမမြင်ပါဘူး။ အာဏာရော ငွေကြေးရော လုပ်နိုင်စွမ်းရော လက်ဝယ်ရှိနေတာဆိုတော့ တပမ်းတင်မက အပမ်းပေါင်းများစွာ အသာရနေတာပါ။
ခု ကျနော်တို့တွေ အဆင်မပြေကြတာ စိတ်ကသိကအောက်ဖြစ်ရတာ အချိန်တွေ အလသဟကုန်နေရတာတွေဟာ မြန်မြန်ဆန်ဆန် တွန်းတွန်းထိုးထိုးနဲ့ လုပ်စရာရှိတာတော့လုပ်ပါရဲ့၊ လုံလောက်တဲ့အချိန်လည်း ယူတော့ယူပါရဲ့၊ ဒါပေမယ့် ဖိဖိစီးစီးမရှိခဲ့တာနဲ့ User Friendly ဖြစ်အောင်ပျိုးမယူပဲ အလောတကြီးထ လုပ်ချလိုက်တာရဲ့အကျိုးဆက်ဒဏ် ခံနေရတာပါ။
ကျနော်တို့တင်မဟုတ်ပါဘူး နည်းပညာလုပ်ငန်းတွေပါ ဒရောသောပါးဖြစ်ကုန်တာပါ။ ဖေ့စ်ဘွတ်ဆို အလိုအလျှောက်ဖောင့်ပြောင်းတဲ့စနစ်သုံးပြီး ဖြေရှင်းပေးပေမယ့် ဒါကလည်း ယာယီသဘောဖြစ်မယ်ထင်ပါတယ်။ သစ်မရှိခင်စပ်ကြား ဝါးကူသဘောလည်းမဟုတ်ပါ။ ကိုင်းကူးကိုင်း ဆက်လုပ်ပေးတာလို့ ပြောရမလားမသိပါ။
ထားပါတော့လေ ခုထိတော့ ဇော်ဂျီနဲ့ ယူနီကုဒ်ကလည်း လိမ်ဖယ်လိမ်ဖယ်ဖြစ်နေသလို ကျနော်တို့လည်း ဒီ ၂ ခုကြား လူးကာလိမ့်ကာနဲ့ သာခွေယိုင်ဖြစ်နေရဆဲပါပဲ။ ဗျာများနေရဆဲပါပဲ။ တခုခုကို စိတ်ရှင်းရှင်းနဲ့ ကြည်ကြည်လင်လင်သုံးရမယ့်နေ မြန်မြန်ရောက်စေ့ချင်တာပါပဲ။
မျိုးမြင့်ချို
အောက်တိုဘာ ၁၉၊ ၂ဝ၁၉

(ဆန်ပေးမှဆေးရ)

0 comments
(ဆန်ပေးမှဆေးရ)
ကျနော့်အနေနဲ့ quid pro quo ကို အနီးစပ်ဆုံးအနက်ကောက်ပြရရင် ဆန်ပေးမှဆေးရဆိုတဲ့သဘောလောက်ပဲဖြစ်မယ်ထင်ပါတယ်။ အဲ့သလောက်ပဲ ကောက်ချင်ပါတယ်။ ခုတလော အမေရိကန်နိုင်ငံရေးနယ်ပယ်မှာနဲ့ မီဒီယာတွေများ အသုံးအတော်တွင်ကျယ်နေပါတယ်။ တွင်ကျယ်ရတာက သမတ ထရမ့်၊ ယူကရိန်း သမတ၊ ဂျိုးဘိုင်ဒန်သားအဖ သုံးပွင့်ဆိုင်ဇာတ်လမ်းကြောင့်ပါ။
ယူကရိန်းကို အမေရိကန်ကနေ စစ်ရေးအထောက်အပံ့ အပါအဝင် အခြားအကူအညီတွေ ပေးနေကြပါ။ ဒီလိုပေးဖို့ကို သမတက(အစိုးရက)လွှတ်တော်တွေမှာ တင်တောင်း၊ လွှတ်တော်တွေက မီးစိမ်းပြလိုက်ရင် သမတလက်မှတ်ထိုးပြီး သတ်မှတ်ချိန်အတွင်း အပြီးအပြတ်ပေးရပါတယ်။
အိုဘားမားလက်ထက်က ဒုသမတလုပ်ခဲ့တာက ဂျိုးဘိုင်ဒန်ပါ။ သူက အခု လာမယ့် ၂ဝ၂ဝ သမတရွေးကောက်ပွဲမှာ ထရမ့်ရဲ့အဓိကပြိုင်ဘက် စိတ်ခေါ်သူဖြစ်လာဖို့ တစ်ပြေးနေပါတယ်။ ဂျိုးဘိုင်ဒန်ကို ပြိုင်ဘက်နေရာကနေလွင့်စင်သွားအောင်လုပ်ဖို့က ထရမ့်အတွက် အတော်အရေးကြီးနေပါတယ်။ ဟီလာရီတုန်းက အီးမေးလ်ကိစ္စနဲ့ အလဲထိုးခဲ့သလို ဂျိုးဘိုင်ဒန်ကိုလည်း နောက်ကောက်ကျအောင် ထိုးမှဖြစ်မှာပါ။
ဂျိုးဘိုင်ဒန်ရဲ့သားက ယူကရိန်းမှာ စီးပွားရေးလုပ်နေတာတွေရှိပါတယ်။ စီးပွားရေးလုပ်တာလည်းဖြစ် ယူကရိန်းအာဏာပိုင်တွေရဲ့ အကျင့်ပျက်ခြစားမှူလဘယ်စားမှူတွေကလည်း အပုတ်နံ့တထောင်းထောင်းဆိုတော့ ထုံးစံအတိုင်း စီးပွားရေးသမားနဲ့ အာဏာပိုင်ကြား မသမာမှူတွေရှိနိုင်တာကို ထရမ့်က မြွေမြွေချင်းခြေမြင်တဲ့သဘောရှိပါတယ်။ ဒါပေမယ့် လက်ဆုပ်လက်ကိုင်ပြနိုင်လောက်တဲ့ သက်သေအထောက်အထားတော့ သူ့မှာမရှိပါ။ တကယ်လို့ ဒီမသာမှူတွေဟာ ရှိလည်းရှိတယ် သူလည်းထုတ်ရှိူးနိုင်တယ်ဆို ဂျိုးဘိုင်ဒန် ကွဲဖို့သေချာပါတယ်။
ဒီတော့ သူက ယူကရိန်းကို ပေးဖို့ရက်သတ်မှတ်ပြီးသား၊ လွှတ်တော်ကလည်းခွင့်ပြုပြီးသား၊ သူကိုယ်တိုင်လည်းလက်မှတ်ထိုး အတည်ပြုပြီးသား အကူအညီ(ငွေကြေး)တွေကို ခနဆိုင်းထား Withhold ပြီး ယူကရိန်းသမတကို ဖုန်းဆက်ပါတယ်။ အကြောင်းအရာ ဂျိုးဘိုင်ဒန့်သား လုပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေမှာ မသာမာမှူတွေရှိမရှိနဲ့ ရှိတယ်ဆိုရင် အဲ့ဒါတွေကိုဖော်ထုတ်ပေးဖို့ ပြောတာပါ။ သဘောက အဲ့ဒါတွေအရင်ဖော်ထုတ်ပေး ဒါမှ ပေးမယ့်ငွေကိုပေးမယ်ဆိုတဲ့သဘောမျိုး လုပ်လိုက်တာပါ။ ပေးစရာငွေကို မပေးဘူးလို့မပြောသလို ဟိုဟာတွေဖော်ထုတ်ပေးမှ ဒီဟာပေးမယ်လို့လည်း ယတိပြတ်ပြောတာတော့လည်းမဟုတ်ပါ။ ပြန်ပြေးဆွဲပြီး ငွေနဲ့ရွေးခိုင်းတဲ့သဘောတော့ မဟုတ်ပါ။
ဒါကို နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ မီဒီယာတွေက Quid Pro Quo လို့ပြောကြ သုံးကြတာဖြစ်ပါတယ်။ ဗမာစကားမျာ သမိးပေးမှ သားမက်ရတို့ ဆန်ပေးမှ ဆေးရတို့ရှိပါတယ်။ ဆန်ပေးလို့ သမီးပေးလို့သဘောလည်း မဟုတ်ပါ။ အရပ်သုံးဖြစ်ပေမယ့် အခြားနယ်ပယ်တွေမျာလည်း သုံးလို့ဖြစ်မယ်ထင်ပါတယ်။ နောက်ပြီး ရပ်ထဲရွာထဲကစကားမို့ သုံးမယ်ဆိုလည်း လူထုကြား အကျမြန်မယ်တွေးမိပါတယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၁၉၊ ၂ဝ၁၉

(နဂိုရှိမှ အဂိုင်းထွက်တာပါ)

0 comments
(နဂိုရှိမှ အဂိုင်းထွက်တာပါ)
ကိုယ်ကျိုးစီးပွားသမားဆိုတာ သိုက်သမားတွေလို အရထူးရင် ဘနဖူးတောင် သိုက်တူးပါတယ်၊ ဗမာပြည်က လှေသမားတွေက သိုက်ဆရာတွေလှေပေါ်တင်ခေါ်ဖို့ကြီုးစားပေမယ့် အရသိတ်မထူးတော့ သိုက်ဆရာတွေစိတ်ပါလက်ပါမရှိကြပါ။ အင်းချထားဖို့သဘော အစီအမံလုပ်ထားဖို့သဘော မြေဦးထားဖို့သဘောနဲ့ စည်းသားကြ ရာဇမတ်ကာကြလောက်ကို FDI တွေလာနေပြီလို့ပြောနေရတာလည်း ပြည့်သိက္ခာပွန်းပါတယ်။ စက်မှူလုပ်ငန်းတွေ ကုန်ထုတ်လုပ်မှူတွေမှာ ရင်းနှီးမြှုပ်နှံကြတာထက် အရင်းနည်း အမြတ်လွယ်ပြီး ရှူံှူးလည်းမမှူလောက်တဲ့ ခရီးသွားလုပ်ငန်းတို့ ဟော်တယ်တို့ ပင်လယ်ငါးဖမ်းလုပ်ငန်းတို့ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတို့ စတိုးဆိုင်ကြီးတွေလာဆောက်ပြီး ဈေးဆိုင်တည်ဈေးလာရောင်းတာတို့ အရောင်းပြခန်းတို့ဆိုတာတွေက လက်ခံနိုင်ငံအတွက်အကျိုးရှိတာထက် လာလုပ်သူကအမြတ်ပိုများပါတယ်။ တိုင်းပြည်ရေရှည်ဖွံ့ဖြိုးဖို့ဆိုတာ စက်မှူလုပ်ငန်းတွေ နည်းပညာနယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံမှ ကိုယ့်တွက်ကျန်မှာပါ။ အဲ့ဒါတွေရဖို့ ဖြစ်ဖို့ဆိုတာကလည်း ကိုယ့်ဆီမှာ အခံရှိမှပါ။
အလုပ်သမားဈေးပေါလို့ တရုတ်ပြည်မှာ ဥရောပနဲ့ အမေရိကန်က သွားရင်းနှီးမြုပ်နှံတာမဟုတ်ပါ။ အလုပ်သမားဈေးပေါတိုင်း မြှုပ်နှံကြကြေးဆို တရုတ်ထက်ဈေးပေါတဲ့ဗမာပြည်လို ပြည်တွေမှာ ဘာလို့ မမြှုပ်နှံတာလဲက ထောက်ချင့်စရာပါ။ နိုင်ငံရေးတည်ငြိမ်တာတွေ ပြည်တွင်းစစ်မရှိတာတွေ သယံဇာတ(ကုန်ကြမ်း)လွယ်လွယ်ရနိုင်တာတွေ ဘာတွေညာတွေ ခနထားပါ။ စက်မှူနဲ့နည်းပညာလုပ်ငန်းတွေလိုအပ်မယ့် ပညာတတ်အလုပ်သမား၊ ဝန်ထမ်း၊ အခြေခံအဆောက်အဦ၊ စွမ်းအင် စတာတွေ ကုံလုံနေလို့ပါ။ အဲ့ဒါတွေ ကုံလုံနေဖို့ တရုတ်ဟာ ဈေးကွက်တံခါးမဖွင့်ခင်ကတည်းက နှစ်သုံးဆယ်လောက် အချိန်ယူပြင်ဆင်နေလာခဲ့တာပါ။ နောက်တချက်က တံခါးဖွင့်ဖွင့်ချင်းမှာပဲ ပြည်နိုင်ငံတွေကို အကြောင်းအမျိုးမျိုးနဲ့ရောက်နေကြတဲ့ တရုတ်လူမျိုးတွေကို ပြန်လာနိုင်ဖို့ အတားအဆီးတွေဖယ်ပေးရုပ်ပေးလိုက်တာပါ။ ဒီတော့ ပြည်ပရောက်နေတဲ့ တရုတ်ပညာတတ်တွေနဲ့ တရုတ်စီးပွားရေးသမားတွေ ပြန်လာကြပါတယ်။ ဦးနှောက်နဲ့အရင်းအနှီးတွေ စီးဝင်လာခဲ့တာပါ။
ကျနော်တို့ဟာ လက်ရှိတရုတ်သွားနေတဲ့လမ်းကြောင်း(ဆိုရှယ်လစ်စီးပွားရေးပဏမအဆင့်)ဆိုတာကိုကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ခံနေရတာပါ။ တရုတ်လုပ်တာမှန်ရင်ကောင်းရင် နမူနာယူပြီး မှားရင်ဆိုးရင် သင်္ခန်းစာယူရမှာပါ။ ကျနော်တို့တိုင်းပြည် ပြန်တည်ဆောက်တာမှာ တရုတ်ဆီကနေ အတွေ့အကြုံရော သင်္ခန်းစာပါယူရမှာပါ။
အတွေ့အကြုံဆိုတာက ကောင်းမွန်မှန်ကန်တဲ့ရလာဒ် ထွက်အောင်လုပ်ခဲ့တဲ့လုပ်ရပ်ဖြစ်ပြီး သင်္ခန်းစာဆိုတာက သူမှားသလို ကိုယ်မမှားဖို့ ဆင်ခြင်ချိန်ဆမှူပါ။
မျိုးမြင့်ချို
အောက်တိုဘာ ၂၁၊ ၂ဝ၁၉

(သံဝေဂရဖို့မဟုတ်ပါ)

0 comments
(သံဝေဂရဖို့မဟုတ်ပါ)
ပြည်ပကနေဆန္ဒပြကြတယ်ဆိုတာက အစိုးရပြုတ်ကျဖို့တို့ အာဏာရှင်တွေ တိုင်းပြည်ကနေ ခွေးပြေးဝက်ပြေး ပြေးရဖို့စတာတွေအပေါ်မှာ တိုက်ရိုက်သက်ရောက်မှူရရေး မဟုတ်ပါ။ International Awareness နိုင်ငံတကာအလေးထား အာရုံစိုက်မှူရဖို့ဖြစ်ပါတယ်။ တပြိုင်တည်းမှာ Media Awareness လည်း ရပါတယ်။
ဆန္ဒပြကြတာမှာ ထောက်ခံနှစ်သက်လို့ပြတာနဲ့ ဆန့်ကျင်ကန့်ကွက်လို့ပြတာရှိပါတယ်။ တခါတလေမှာ အဲ့ဒီ ဆန့်ကျင်ဘက်အင်အားနှစ်ရပ်လုံးက အစိုးရတရပ်တည်းကို တပြိုင်တည်းပြကြရင်း ထိပ်တိုက်တိုးကြတာတွေလည်းရှိပါတယ်။
ဒါပေမယ့် ဆန္ဒကိုဘယ်လိုပြရမယ်လို့ ပုလိပ်ကိုင်ပြီး စည်းကမ်းထုတ်ထားတဲ့ပြည်တွေဆိုတော့ ပြည်ပတွေမှာ ဒီ နှစ်စုဟာ လက်ပါခြေပါတွေ တုတ်ဆွဲဓားဆွဲတွေလုပ်မရပါ။ သက်ဆိုင်ရာပြည်တွင်းတွေမှာတော့ လုပ်ကြပါတယ် ဖြစ်ကြပါတယ်။ ဥပမာ ထိုင်းက အဝါဝတ်နဲ့အနီဝတ်တွေလို။
နောက်တချက်က လူတယောက် ဒါမှမဟုတ် အစိုးရတဖွဲ့ဖွဲ့ဟာ တချိန်က သူ့ကိုထောက်ခံခဲ့သူတွေရဲ့ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြန်အပြခံရတာတွေလည်းရှိပါတယ်။ ရှားပါတယ်။
တခါ တချိန်က သူ့ကို ဆန့်ကျင်ခဲ့တဲ့အင်အားစုတွေက နောက်တချိန်မှာ သူ့ကိုပြန်ပြီး ထောက်ခံဆန္ဒပြတာမျိုးကတော့ မရှိသလောက်လို့ပြောရမှာပါ။
သိန်းစိန် ဖိနပ်နဲ့အပေါက်ခံရဖူးပါတယ်။ ပေါက်ဖို့အားထုတ်ခဲ့သူတွေထဲကတယောက်က သိန်းစိန်တို့ကိုပြန်ပြီး “တောင်းပန်ဖို့ တောင်းပန်ပါတယ်“လို့ တောင်းပန်ခဲ့တာလည်းရှိပါတယ်။
ဒေါ်စုလွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ ဆန္ဒပြပွဲတွေတခြိမ်းခြိမ်းဖြစ်ခဲ့ပါတယ်။ ပြည်တွင်း နော်အုန်းလှဦးစီးတဲ့ ဒေါ်စုလွတ်မြောက်ရေး အင်္ဂါနေ့တိုင်း ရွှေတိဂုံတက်ဆုတောင်းပွဲလှူပ်ရှားမှူဟာ လူသိများပါတယ်။ ခု ဒေါ်စု အစိုးရက နော်အုန်းလှကိုဖမ်းပြီး ထောင်ပြန်ချပါတယ်။ ခု ဒေါ်စု ဂျပန်မှာ ဆန့်ကျင်ဆန္ဒ ပြန်အပြခံရပါတယ်။
နိုင်ငံရေးလောကဓံတို့ နိုင်ငံရေးသံဝေဂတို့ယူဖို့ မဟုတ်ပါ။ အာဏာသဘောစောကြောမိဖို့ပါ။
မျိုးမြင့်ချို
အောက်တိုဘာ ၂၂၊ ၂ဝ၁၉

(စည်းကျိုးတဲ့စကား)

0 comments
(စည်းကျိုးတဲ့စကား)

အဲ့ဒီစကားဟာ စစ်အုပ်စုနှုတ်ထွက်စကားဖြစ်တယ်။ ဒီစကားကို စစ်အုပ်စုပေါ်လစီဖြစ်အောင် တနည်းပြောရရင် အစိုးရပေါ်လစီဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အာဘော်ဖန်တီးဖို့ ခြေလှမ်းပြင်တာဖြစ်နိုင်တယ်။ နိုင်ငံရေးသဘောမှာ အောက်ခြေထုနဲ့လူထု လက်ခံနိုင်ခြေရှိမရှိ မသေချာရင် စကားပစ်တာ စကားခွံ့တာ အရင်လုပ်ပါတယ်။ ဒါနဲ့မှတုန့်ပြန်မှုက မထုံတက်တေးဖြစ်နေသေးရင် အာဘော်ဖန်တီးရပါတယ်။ အာဘော်ဖန်တီးကြည့်လို့ အခြေအနေဟန်ရင် ပေါ်လစီဖြစ်လာရေး ဆက်တွန်းတင်ရပါတယ်။ အာဘော်ဖန်တီးကြည့်လို့ ဟန်ပုံမပေါ်ရင် အသာပြန်လက်လှျိုနေလိုက်ရုံပါ။

ခုက စကားခွံ့တဲ့သဘောထက် တောက်ကြည့်တဲ့သဘောလို့မြင်ပါတယ်။ တပ်ချုပ်လေးနှုတ်ထွက်ဆိုတော့ ခွံ့စရာမလိုတော့ပါ။ အာဘော်ဖန်တီးတဲ့အဆင့်တော့လည်း မဟုတ်သေးပါ။ စစ်တပ်ပိုင် မီဒီယာတွေမှာ လှိုင်လှိုင်ပြောလာရင် တွင်တွင်ပြောလာရင်တော့ အာဘော်ဖန်တီးတဲ့အဆင့်လို့ ပြောရမှာပါ။ အခြေအနေဟန်ရင် ပေါ်လစီဖြစ်သွားအောင်လုပ်ဖို့က မခက်ပါ။ အစိုးရဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအောက်က စစ်အုပ်စုခါးပိုက်ထောင်ထဲမှာပါ။ ဥပဒေဖြစ်အောင်လုပ်ဖို့ထက် ပေါ်လစီသဘော လိုင်းကျသွားအောင်လုပ်ဖို့က ပိုများပါတယ်။ ဥပဒေဖြစ်အောင်လုပ်နေရင် အဆင့်တွေခံပြီး ကြန့်ကြာနေမှာပါ။ ပြီးတော့ မလိုတော့တဲ့အချိန်ကျ ပြန်ဖျက်ဖို့ နောက်ဥပဒေတခု ထပ်ပြုရပါတယ်။ ဒါ့ကြောင့် အစိုးရကကျင့်သုံးလိုက်နာစေရမယ့် စစ်အုပ်စုရဲ့ပေါ်လစီဖြစ်ရေး လုပ်မယ်ထင်ပါတယ်။ လုပ်ခဲ့ရင် ရိုဟင်ဂျာတွေအတွက် ခနလေးဖြစ်ဖြစ် အသက်ရှူချောင်မှာပါ။
သတိကြီးကြီးထား၊ အားရှိတဲ့နိုင်ငံကြီးတွေ သက်သေသက်ကာယပြု၊ ခိုင်မာတဲ့စာချုပ်စာတမ်းတွေနဲ့ ခြေမမြဲလက်မြဲအောင်လုပ်ပြီး အခွင့်အလမ်းကို မိမိရရဆုပ်ကိုင်အပေးအယူလုပ်သွားနိုင်တယ်ဆို ကောင်းပါတယ်။ စစ်အုပ်စုဟာ အာဏာလက်မလွတ်ရေးအတွက်ဆို သူပေးခဲ့တဲ့နှုတ်ကတိတွေကို အလွယ်တကူချိုးဖေါက်ရုံမက သူကိုယ်တိုင်ရေးဆွဲခဲ့တဲ့ စာချုပ်စာတမ်းတွေပါဖျက်ဖို့ ဝန်မလေးဘူးဆိုတာကိုတော့ နှလုံးပိုက်ထားပါ။
ရိုဟင်ဂျာတွေကို ဘာ့ကြောင့် ဒီလိုပြောရသလဲဆိုတော့ ဒီ စကားက ရိုဟင်ဂျာတွေကို ဦးတည်တဲ့စကားဖြစ်နေလို့ပါ။ နိုင်ငံတကာဖိအားက ထင်ထားတာထက် မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် မြိုင်မြိုင်ဆိုင်ဆိုင် လာနေလို့ပါ။ ကုလသမဂ္ဂမှာ ဟောက်ဒိုစွမ်းခံစစ်စည်း ကျိုးနေပါပြီ။ တရုတ်လည်း အရှည်ကြီးဆက်ရပ်ခံရမယ်ဆို အီသွားမှာပါ။ အနောက်ဖက်တွေ ဥရောပတွေဆိုတာထက် တရုတ်တို့ ဂျပန်တို့ အာဆီယုံတို့ဆီကလာတဲ့ တိုးတိုးတိတ်တိတ်ဖိအားက စစ်အုပ်စုအတွက် ပိုအလေးထားစရာပါ။ အိန္ဒိယလည်း ရိုဟင်ဂျာအရေးထဲ တဘက်တလမ်းကနေပါလာတာ သတိထားမိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် အိန္ဒိဝန်ကြီးချုပ်နဲ့တွေ့အပြီးမှာ မိုဒီ လေသံ နည်းနည်းပြောင်းလာပါတယ်။
ဘာပဲဖြစ်ဖြစ် ရိုဟင်ဂျာအရေး ပြည်တွင်းမှာဖြစ်ခဲ့တဲ့ နိုင်ငံတကာအရေးပါ။ နောက်မှ ဖြည်ဖြည်ဖြန့်ဖြန့်ပြောပါဦးမယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၂၁၊ ၂ဝ၁၉

(ထင်းဖြစ်တာကိုက အလုပ်ပါ)

0 comments
(ထင်းဖြစ်တာကိုက အလုပ်ပါ)
ကျနော်တို့ခေတ်က စစ်အာဏာရှင်စနစ်ကို ဘယ်ပုံစံနဲ့ ဘယ်နည်းနဲ့ ဆန့်ကျင်ဆန့်ကျင် ဆန့်ကျင်မှူမှန်သမျှဟာ နိုင်ငံရေးမည်ပါတယ်။ နိုင်ငံရေးမြောက်ပါတယ်။ ဆန္ဒပြသူ၊ တက်ကြွလှူပ်ရှားသူ၊ နိုင်ငံရေးသမား စသည်ဖြင့်နိုင်ငံရေးအဆင့်အနေတွေ ကွဲကောင်းကွဲဦးတောင် အဖမ်းခံရလို့ ထောင်ကျလာပြီဆို စစ်အစိုးရက ဒီလူတွေဟာ တည်ဆဲဥပဒေတွေချိုးဖေါက်လို့ ဘာလို့ညာလို့ ဘယ်လိုပဲပြောပြော ဘယ်လိုပဲအသိအမှတ်ပြုပြုမပြုပြု ကျနော်တို့အားလုံးဟာ နိုင်ငံရေးအကျဉ်းသားစာရင်းဝင်ပါတယ်။ ဒါကို ဘယ်သူမှ ခွဲခြားခွဲခြားလုပ်ခဲ့တာမရှိပါ။
နိုင်ငံတကာကလည်း ကျနော်တို့အားလုံးကို နိုင်ငံရေးအကျဉ်းသားတွေ ဒါမှမဟုတ် ယုံကြည်ချက်အတွက် အကျဉ်းချခံရသူတွေလို့ အတိအလင်းသုံးစွဲပါတယ်။ ဆိုတော့ ကျနော်တို့ဟာ နိုင်ငံရေးအဆင့်နေရာတွေအရ ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ် ဖြစ်ကြပေမယ့် နိုင်ငံရေးအကျဉ်းသားတွေပါ။ ဘာပုဒ်မတပ်ပြီးပဲဖမ်းဖမ်း ဂုဏ်သိက္ခာရှိပါတယ်။
ထောင်ထဲနေခဲ့ရတဲ့ ၁၅ နှစ်ကျော်ကာလမှာ ပထမဆယ်နှစ်ဟာ စာရေးစာဖတ် ဘာမှလုပ်ခွင့်မရပါ။ အုတ်ခဲကျိုးသွေး ရည်ဖျော်ပြီး သမံတလင်းပေါ် နံရံပေါ်ရေးမှတ် ပြန်ဖျက်လုပ်ပြီး အပတ်တကုပ်လေ့လာရေးလုပ်ခဲ့ရတာပါ။ မိတဲ့အခါ မချိမဆန့်အရိုက်ခံပြီး တိုက်ပိတ် ခြေကျဉ်းခတ်တွေထိ အလုပ်ခံရတာပါ။ ဒါပေမယ့် ကျနော်တို့ အလျှော့မပေးခဲ့ကြပါဘူး။ လေ့လာရေး မပြတ်ပါဘူး။ အခွင့်သာတဲ့အခါ ထောင်ဝင်စာဟင်းထုတ်ထားတဲ့ ပလပ်စတစ်အကြည်အိပ်ကို ဆပ်ပြာနဲ့လျှော်ဖွပ် နှီးကျောနဲ့ခွဲ့ဖြတ်ပြီး ပြန့်အောင်ဖြန့်၊ အဲ့ဒီအပေါ်မှာ သံချောင်း မတုံးမချွန်ကို ကညစ်လုပ်ပြီး နှစ်ဖက်မပေါက်တပေါက်ဖြစ်အောင် အဖိအဖေါ့ချိန်ပြီး စာရေးပါတယ်။ အလင်းရောင်မှာထောင်ဖတ်ရင် ကောင်းကောင်းမြင်ရပါတယ်။
အဲ့ဒီလိုရေးထားတဲ့ ပလပ်စတစ်စာရွက်ပြန့်တွေကိုဖေါက်ပြီး ကြွပ်ကြွပ်အိတ်ကနေကျစ်ထားတဲ့ကြိုးနဲ့ သီတွဲပြီး စာအုပ်လုပ်ပါတယ်။ စာမူတွေ အချင်းချင်းတောင်းပါတယ်။ လက်ရေးလှသူ ကောင်းသူက ဒိုင်ခံရေးပါတယ်။ လှည့်ဖတ်ပါတယ်။ ပြောရရင်များမှာပါ။ ပြောသူတွေလည်း မနည်းပြောခဲ့ကြပြီးပါပြီ။ ဒါပေမယ့် ပြောစရာတွေကတော့ ကျန်နေတုန်းပါပဲ။
ကျနော်တို့ဟာ ဘယ်လောက်ကျပ်တည်းကျပ်တည်း အကျပ်အတည်းကြားကပဲ လေ့လာရေးလုပ်ရင် ကိုယ့်ကိုယ်ကိုယ် အတွေးအခေါ်အရ နိုင်ငံရေးအရ တည်ဆောက်ခဲ့ကြရတာပါ။ ကျနော်တို့အထဲမှာ သင်ကြားပြသပေးနိုင်သူတွေ၊ အတွေ့အကြုံကောင်းတွေရှိတဲ့ လူကြီးသူမတွေပါနေတာက ကျနော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးပါ။ သူတို့ဟာ ကျနော်တို့ ဘယ်တော့မှ ဖတ်မကုန်မယ့်စာအုပ်တွေဖြစ်သလို သူတို့ဟာသမိုင်းလူအစစ်တွေလည်း ဖြစ်ပါတယ်။
ဒါက လုပ်နိုင်တဲ့အနေအထားလေးတွေမှာ ကျဉ်းထဲကျပ်ထဲက လုပ်ခဲ့ရတာပါ။ တခါတလေမှာ ဘာဆိုဘာမှ မလုပ်နိုင်အောင် လုပ်မရအောင် အခြေအနေဆိုးတွေဲ့လည်း ကြုံရပါတယ်။ လုပ်မရဆိုတာ ဘယ်လောက်အထိလုပ်မရတာလဲလို့မေးလာရင် ၁၂ ပေ ၈ ပေ အခန်းတခန်းတည်း အတူပိတ်ထားပြီး အချင်းချင်း စကားပါပြောမရအောင်လုပ်ထားတာမျိုးပါ။ တခန်းတည်းအတူနေပြီး တယောက်နဲ့တယောက် မျက်စမျက်နနဲ့ လက်ပြခြေပြနဲ့ကိုသွားနေရတဲ့ဘဝမျိုးပါ။ အဲ့ဒီအခါမျိုးဆို ကျနော်တို့ ဘာမှလုပ်မရတော့ပါ။ လှူပ်မရတော့ပါ။ ၉ဝ စက်တင်ဘာ ၂၅ နောက်ပိုင်းကာလမှာ တထောင်လုံးဒီအခြေအနေကြံုရပါတယ်။ ဒါက သိသာထင်ရှားတဲ့ဖြစ်ရပ်မို့ ထုတ်ပြတာပါ။ လူမသိသူမသိဖြစ်ခဲ့တာတွေကတော့ နိစ္စဓူဝပါ။
ထားပါတော့ ကျနော် လုပ်ရရင်လုပ်တယ်။ လှူပ်ရရင် လှူပ်ပါတယ်။ လုပ်မရ လှူပ်မရတော့ဘူးဆို ဒီအတိုင်း ထိုင်နေပါတယ်။ ဒီအတိုင်းထိုင်နေတာဟာ ဘာမှမလုပ်တာတော့ မဟုတ်ပါ။ ဒီအတိုင်း ထိုင်နေတာကိုက “အလုပ်“ ဖြစ်နေတာပါ။ “ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရှိနေတယ်“ဆိုတာကိုက ကျနော်တို့ အလုပ် လုပ်နေတာပါ။ စစ်အစိုးရ ဘယ်လိုပဲ ဘူးခံငြင်းငြင်း ကျနော်တို့ထောင်ထဲမှာရှိနေတဲ့အတွက် သူ ပြည်တွင်းပြည်ပမှာ ဖြေရှင်းနေရ၊ ဘူးကွယ်နေရ၊ လိမ်ညာနေရတာပါ။ ဒီလိုလုပ်နေရတာက သူ့နိုင်ငံရေးပါ။ သူ့နိုင်ငံရေး သူလုပ်နေရတာပါ။ နိုင်ငံရေးသဘောမှာက ကိုယ်ကလုပ်နိုင်ရင် လုပ်ရပါတယ်။ ကိုယ်က မလုပ်နိုင်ရင်တောင် အနည်းဆုံးတော့ သူ့ကိုတော့ “အလုပ်“ပေးထားရပါတယ်။ ကျနော်တို့ထောင်ထဲမှာ ဘာမှ လုပ်မရပဲ ငုတ်တုတ်ထိုင်နေတာကိုက သူ့ကို “အလုပ်“ပေးထားတာဖြစ်လို့ ကျနော်တို့ “အလုပ်“ လုပ်နေတာပါ။ နိုင်ငံရေးသဘောမှာ တခါတလေ ထိုင်နေတာကိုက “အလုပ်“ ဖြစ်နေတာပါ။
ခုခေတ် ထောင်ကျတဲ့သူတွေ ကျနော်တို့ထက် အပုံကြီးသာပါတယ်။ နှိူင်းပြစရာများတာမို့ မနှိူင်းပြတော့ပါ။ ခုလည်း နိုင်ငံရေးမှူတွေကို အစိုးရကရော စစ်အုပ်စုကပါ ပုဒ်ထီးပုဒ်မအမျိုးတပ် အမျိုးမျိုးလည်ဆည်ပြီး ဖမ်းဆီးထောင်ချနေတာပါ။ ဒါပေမယ့် ကျနော်တို့ခေတ်ကလို တိုင်းကျော်ပြည်ကျော် ကမ္ဘာကျော်နိုင်ငံရေးအကျဉ်းသားတွေလို့ သတ်မှတ်တာမျိုး အသိအမှတ်ပြုတာမျိုး လွှတ်ပေးရေးအတွက် ကမ္ဘာအနှံ့ ဝိုင်းဝန်းတောင်းဆိုကြတာမျိုးတွေတော့ မရှိတော့ပါ။
တချိန်တုန်းက ဒေါ်စုလွတ်ရေး အင်္ဂါနေ့တိုင်း ရွှေတိရုံစေတီတက်ပြီး ဆုတောင်းပွဲလှူပ်ရှားမှူလုပ်လို့ စစ်အစိုးရရဲ့ အဖမ်းအဆီးကိုခံခဲ့ရတဲ့ နော်အုန်းလှလို အာဂအမျိုးသမီးကြီးတောင် ခု ဒေါ်စုဦးဆောင်တဲ့အင်န်အယ်လ်ဒီအစိုးရလက်အောက်မှာ ကရင့်အာဇာနည်နေ့နဲ့ပတ်သက်လို့ ဥပဒေချိုးဖေါက်တယ်ဆိုပြီး အနှိပ်ကွပ်ပြန်ခံရတာလည်း ရှိပါတယ်။ သူအဖမ်းခံရချိန် ရုံးထုတ်ချိန်တွေမှာ လူမျိုးစုတွေထဲ လာရောက်ဝန်းရံအားပေးတာတွေရှိပေမယ့် သူ့ကို ခြွင်းချက်မရှိချက်ခြင်းလွှတ်လို့ တင်းတင်းရင်းရင်းတောင်းဆိုသံဟာ အားပျော့လွန်းလှတာ သတိထားမိပါတယ်။ ကေအင်န်ယူကတာဝန်ရှိသူ မန်းငြိမ်းမောင်တောင် လွှတ်ပေးဖို့မေတ္တာရပ်ခံတယ်ဆိုတဲ့သဘောနီးနီးပြောသွားတာပါ။
ထားပါတော့လေ ကျနော်ပြောချင်တာက ဟိုတုန်းကလည်း နိုင်ငံရေးအကျဉ်းသားရှိတယ် ခုလည်းရှိတယ် နောင်လည်းရှိဦးမှာပါပဲ။ နိုင်ငံရေးသဘောဆောင်တဲ့လုပ်ရပ်တွေကြောင့် ထောင်ကျရတယ်ဆို ဘာပုဒ်မတွေတပ်ဖမ်းဖမ်း နိုင်ငံရေးအကျဉ်းသားဟာ နိုင်ငံရေးအကျဉ်းသားပါ။ နိုင်ငံရေးဆိုတာ မိမိယုံကြည်ရာကိုလုပ်ကြတာမို့ မှန်ကင်းတလှည့် ထင်းတလှည့်တွေလည်းရှိတတ်ပါတယ်။ ဒီတော့ ကိုယ်ထင်းဖြစ်လို့ ထောင်ထဲရောက်ရင် လေ့လာရေး တည်ဆောက်ရေးတွေ တတ်နိုင်သမျှလုပ်ကြစေချင်ပါတယ်။ လုပ်ဖို့လည်း အခွင့်သာနေတုန်းမို့ပါ။ အတွင်းနေတုန်းလည်း အတွင်းမှာ ရသလောက်အားထုပ်ပါ ကြိုးကုပ်ပါ။ ပြန်ထွက်လာကြတဲ့အခါလည်း အပြင်ကအခင်းအကျင်းနဲ့ လိုက်ပါနိုင်အောင်အားထုတ်ပါ။ အတွင်းအခြေအနေတွေပြောင်းသလို အပြင်အခြေအနေတွေလည်း အလှည့်အပြောင်းဖြစ်နေတာ အားလုံးအသိပါ။
အတွင်းမှာရော အပြင်မှာပါ ကျနော်တို့တုန်းက မရခဲ့တဲ့အခြေအနေတချို့ ခင်ဗျားတို့ရနေပါတယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၂၂၊ ၂ဝ၁၉

(ပွဲလယ်မတင့်တော့တာ)

0 comments
(ပွဲလယ်မတင့်တော့တာ)
လွတ်လောက်တယ်ထင်ပြီး ဂျပန်ပွဲပြေးတက်တာ ရှင်ဇိုအာဘေးက ရိုဟင်ဂျာအမည်နဲ့တကွ ပညာပေးလွှတ်လိုက်တယ်၊ သူတို့ပေးမယ့်အကူအညီကို ဗမာ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သူတို့ခန့်ထားတဲ့ဂျပန်ကိုယ်စားလှယ်ကြီးနဲ့ ချိတ်ဆက်ပြီးဆောင်ရွက်မှာဖြစ်တယ်လို့ သတိပေးလိုက်တယ်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM နဲ့ပူးပေါင်းဆောင်ရွက်ပါလို့ နင်းနင်းဖိဖိပြောလိုက်တယ်။ သတင်းသမားမေးတော့လည်း အောက်စီးကနေ မချေမငံပြန်ဖြေရတဲ့ဘဝ ရောက်ခဲ့တယ်။ အပြင်ထွက်ပြီးမှ ဗမာပြည်သူအတွက်ပေးဝံ့တဲ့သတင်းစကားက လာမယ့်ရေွးကောက်ပွဲမတိုင်မီ ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်နိုင်ဖို့မရှိပါတဲ့။ ပါတီဗဟိုကော်မတီအစည်းအဝေးကထုတ်ပြန်တဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲကြုံးဝါးသံမှာ ဖွဲ့စည်းပုံပြင်ရေး ပါမလာတော့ပါ။ ဆိုတော့ ၂ဝ၂ဝ နောက်ပိုင်းမှာ ဖွဲ့စည်းပုံပြင်ရေးအသံထုတ်တာ လုပ်မယ့်ကိန်း သိတ်မမြင်ပါ။ မဲမြှူဖို့လိုအပ်လာရင်တော့ လွှတ်တော်ထဲက ပြင်ရေးကော်မတီအစည်းအဝေးလုပ်တာတို့၊ ပြင်မယ်ဘာညာ သင်္ကြန်အမြောက်ဖေါက်တာတို့၊ ဘယ်ခြောက်ကာ ဘယ်မှမလှမ်းတဲ့ မီးရှူးမီးပမ်းဖေါက်တာတို့ လုပ်မယ်ထင်ပါတယ်။ အင်န်အယ်လ်ဒီပြင်ချင်တာကလည်း “ကိုယ့်အတွက် ကိုယ်ပြင်ချင်တာ“လောက်ပါ။ ဒီဖွဲ့စည်းပုံထဲက အရေးကြီးပုဒ်မတွေဟာ စစ်အုပ်စုမီးစိမ်းမပြရင်ပြင်မရမှန်း လူတိုင်းသိသလို စစ်အုပ်စုကိုယ်တိုင်လည်း သူ႔အတြက္သူပြင်ချင်တာရှိတဲ့အခါ ပြင်ဖို့မလွယ်တဲ့ကိစ္စပါ။ ဖွဲ့စည်းပုံပြင်မရတာက ကိုယ်တင်မဟုတ်ပါ။ ဆွဲခဲ့တဲ့ သူတိုံကိုယ်တိုင်လည်းပြင်မရပါ။ ဖွဲ့စည်းပုံအကျပ်အတည်းဆိုတာက ကိုယ်တွေတင် ကျပ်တည်းတာမဟုတ်ပါ။ သူတို့လည်း ကျပ်တည်းပါတယ်။ ကိုယ့်ဘက်ကလည်း ဘာမှမလုပ်နိုင်၊ သူ့ဘက်ကလည်း ဘာမှမလုပ်ပဲ ဒီအတိုင်းဆက်သွားရင်း သူတို့ဘက်က မဖြစ်မနေပြင်ရမှာတွေရှိတဲ့အခါကျ သူတို့ပေးတဲ့နည်းလမ်း တခုခုထွက်လာမှာပါ။ အဲ့ဒီအခါ အဲ့ဒါလေးနင်းပြီး ကိုယ်ပြင်ချင်တာလေး ကျွဲကူးရေပါလိုက်ပြင်ရမယ့်ကိန်းပါ။ ကိုယ့်အတွက်ကိုယ်ပြင်ချင်တာတွေထဲက ပုဒ်မ ၅၉(စ) ကိုတော့ ယောင်လို့တောင် တို့ခွင့်ရမယ့်လမ်းမမြင်ပါ။ သမတကြီးစုလို့ ခေါ်လိုက်ချင်စမ်းတယ်ဆိုသူတွေတော့ ခေါ်ခွင့်ကြံဳသွားခဲ့စေချင်ပါတယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၂၃၊ ၂ဝ၁၉

Friday, October 18, 2019

အာဏာအကြောင်း(၂၀၁၉ ခုနှစ်၊ သြဂုတ် ၃၀ ရက်) ဇော်လတ်

0 comments
အာဏာအကြောင်း(၂၀၁၉ ခုနှစ်၊ သြဂုတ် ၃၀ ရက်)
ဇော်လတ်
အရေးတော်ပုံ ဂျာနယ်ဆောင်းပါး
အခြားသော အရာကိစ္စတွေကို လေ့လာသလိုပါပဲ၊ “အာဏာ” အကြောင်းလေ့လာတဲ့ အခါ ဘက်နှစ်ဖက်ကနေ ဆက်စပ်ပြီး လေ့လာဖို့လိုပါတယ်။ ဘာနဲ့မှ မဆက်စပ်ဘဲ သီးခြား လေ့လာနားလည်လို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ “အာဏာ” ဟာ သူနဲ့ဘယ်လိုမှ ခွဲခြားလို့ လုံးဝမရတဲ့ အစိတ်အပိုင်း ၂ ခုနဲ့ စနစ်တကျ စုဖွဲ့ ထားတာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
“အာဏာ” ရဲ့ ပုံပန်းသဏ္ဌာန်ကို အထင်အရှားဆုံးနဲ့ အကျယ်ပြန့်ဆုံး မြင်ရတဲ့ မျက်နှာစာဟာ နိုင်လိုမင်းထက်လုပ်မှုပဲ။ အတင်းအကျပ်လုပ်မှုပဲ၊ ခြိမ်းခြောက်အကျပ် ကိုင်မှုပဲ၊ ဖိနှိပ်မှုပဲ ဖြစ်တယ်။
ဒီနေရာမှာ မေးရမယ့်မေးခွန်းကပေါ်လာပါတယ်။ ဘယ်လူတန်းစားအပေါ် ဘယ်လူ တန်းစားက နိုင်လိုမင်းထက်လုပ်မှုလဲ၊ ဘယ်လူတန်းစားအပေါ် ဘယ်လူတန်းစားက အတင်းအကျပ် လုပ်မှုလဲ၊ ဘယ်လူတန်းစားကအပေါ် ဘယ်လူတန်းစားက ခြိမ်းခြောက် အကျပ်ကိုင်မှုလဲ၊ ဘယ်လူတန်းစားအပေါ် ဘယ်လူတန်းစားက ဖိနှိပ်မှုလဲ ဆိုတဲ့ မေးခွန်း တွေပဲဖြစ်တယ်။ ဒီမေးခွန်းတွေကို ရှင်းလင်းကြည်လင်အောင်ဖြေရှင်းနိုင်တာနဲ့ “အာဏာ”ရဲ့ အသွင်သဏ္ဌာန်နဲ့ အနှစ်သာရကို ကျကျနနနားလည် သဘောပေါက်သွားမှာ ဖြစ်ပါ တယ်။
အာဏာရဲ့ အစိတ်အပိုင်း ၂ ခုအနက် တခုက အမာထည်ဖြစ် တဲ့ တရားဥပဒေနဲ့တရားရုံး၊ ပုလိပ်နဲ့ အကျဉ်းထောင်၊ ထောက်လှမ်းစစ်ကြောရေးနဲ့ စစ်တပ်တို့ပဲဖြစ်တယ်။ ဒါကို အပျော့ထည် ဖြစ်တဲ့ ပညာသင်ကြားရေး၊ သတင်းစာ၊ ရေဒီယို၊ ရုပ်သံ၊ စာအုပ်စာပေထုတ်ဝေရေး စတဲ့ ပြည်သူလူထုရဲ့အတွေးအခေါ်နဲ့ သိမြင်မှုကို အမှောင်ချ ကမောက်ကမဖြစ်စေတဲ့ ဝါဒဖြန့်ချိရေးယန္တရားမျိုးစုံနဲ့ အပြန်ပြန်အလှန်လှန်တွဲဖက်ထားတာပဲဖြစ်တယ်။ ဒါဟာ အာဏာကို ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ အမာထည်နဲ့ အပျော့ထည်ပဲဖြစ်တယ်။
ဥပမာအားဖြင့် ဓား နဲ့ သံလျက်၊ လေးနဲ့မြား၊ သေနတ်နဲ့တင့်ကားတို့ဟာ အာဏာကို ဖော်ပြနိုင်တဲ့ အမှတ်အသားတွေ ဟုတ်ပေမယ့် သူတို့ချည်းသက်သက်တော့ ဘာမှ အစွမ်းအစ မပြသနိုင်ပါဘူး။ သူတို့ကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်တဲ့ စနစ်တကျ စုဖွဲ့ ထားတဲ့ (တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်း၊ တပ်မ၊ ဝါဒဖြန့်ချိရေး၊ စိတ်ဓာတ်စစ်ဆင်ရေး၊ တပ်မတော် စသဖြင့်) ရှိရလိမ့်မယ်။
အဲဒီမှာ သော့ချက်အကျဆုံးတဲ့အချက်ကတော့ အဲဒီလို ကျွမ်းကျင်စွာ စုဖွဲ့ထားတဲ့ အင်အားစုတွေကို ဘယ်သူက၊ ဘယ် လူတန်းစားက ချုပ်ကိုင်အမိန့်ပေးစေခိုင်းနိုင် သလဲဆိုတဲ့အချက်ပါပဲ။ အဲဒီလို အမိန့်ပေး စေခိုင်းနိုင်သူဟာ အာဏာပိုင်ပဲ၊ အာဏာကိုင်ပဲ၊ အာဏာရှင်ပဲ။ အာဏာဟာ သူ့လက်ထဲမှာရှိတယ်လို့ တထစ်ချ ပြောနိုင်တယ်။
ဗမာပြည်လက်တွေ့အရ ပြောရရင် ၁၉၆၂ ကနေ ၁၉၈၈ ခုနှစ် စက်တင်္ဘာလ ၁၈ အထိ ဗိုလ်နေဝင်းလက်ထဲမှာ အဲဒီလို အာဏာရှိနေတာဖြစ်တယ်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေဝင်းကနေ (မဆလ) ပါတီဥက္ကဋ္ဌ ဦးနေဝင်းထံ အာဏာ လွှဲပြောင်း ပေး တော့လည်း အေးအေးဆေးဆေးပဲ။ ဗိုလ်နေဝင်းခန့်တဲ့ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ၊ ကာချုပ်တွေဆိုတာ ဗိုလ်နေဝင်းက သေဆိုသေ ရှင်ဆိုရှင် မီးကိုသေနေတာပါပဲ။
နောက်ဆုံးမှာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးအရှိန်အဝါကြောင့် နိုင်ငံရေးဇာတ်ခုံ ကပေါ်ကနေ ဗိုလ်နေဝင်းနဲ့ (မဆလ) စစ်အုပ်စု ဆင်းသွားရတဲ့အခါမှာတောင် “ဗိုလ်စောမောင် မင်းတို့တပ်က အာဏာသိမ်းကြ၊ မောင်မောင် မင်းက ဥပဒေကြောင်းနဲ့ ညီညွတ်အောင် လုပ်ရမယ့်
လုပ်ငန်းတွေကို ရှင်းပြပြီး စနစ်တကျဖြစ်အောင်၊ ဥပဒေနဲ့ ညီညွတ်အောင် လုပ်ပေးလိုက်ပါ” ဆိုတဲ့စကားကို ပြောနိုင်တာဖြစ်တယ်။ ဒီစကားက အာဏာဟာ ဘယ်သူ့လက်ထဲမှာ ရှိတယ်။ စစ်တပ်ဟာ ဘယ်သူ့ခါးပိုက် ထဲမှာရှိနေ တယ် ဆိုတာကို အထင်အရှားမြင်ရတဲ့ စကားဖြစ်တယ်။ [ ဒီအကြောင်း အကျယ်သိချင်ရင်တော့ ဗိုလ်ခင်ညွန့်ရဲ့ “ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ” စာအုပ် ကို ဖတ်ကြည့်ကြပါ။ စကားချပ်]
တနည်းအားဖြင့် ဒီပြောစကားက စစ်အုပ်စုထိပ်သီးဖြစ်တဲ့ ဗိုလ်နေဝင်းလက်ထဲမှာ အကြွင်းမဲ့အာဏာရှိနေတာကို ဖော်ပြတဲ့စကားဖြစ်တယ်။ အခုအချိန်မှာတော့ ဗိုလ်နေဝင်း လက် ထဲက အဲဒီအာဏာဟာ ဗိုလ်သန်းရွှေကတဆင့် ဗိုလ်မင်းအောင်လှိုင်ကို ရှေ့ထွက် အဖြစ်ထားတဲ့ စစ်အုပ်စု
လက်ထဲမှာ ရောက်နေပြီဖြစ်တယ်။ အပျော့အထည်အပိုင်း အရဆိုရင် ၂၀၀၈ အခြေခံဥပဒေနဲ့ ဖော်ပြပြီး၊ အမာထည်ပိုင်းမှာတော့ စစ်အုပ်စုက ခါးပိုက်ဆောင်လုပ်ထားတဲ့ စစ်တပ်ကြီးကို ချုပ်ကိုင်ထားနိုင်မှုနဲ့ ဖော်ပြနေပါတယ်။
ဒါကြောင့် လူတစု လူတန်းစားတရပ်က အာဏာကို စနစ်ကျန ပိုင်နိုင်စွာ ချုပ်ကိုင် ထားပြီး အများတကာ့အများစုကြီးဖြစ်တဲ့ ပြည်သူတွေကို ခေါင်းမထူနိုင်အောင် ဖိနှိပ်ထားတာဖြစ်တယ်။ ကြာရှည်ကြာများ ဖိနှိပ်ထားနိုင်တာလည်း ဖြစ်တယ်။ တော်လှန်မှု ဆိုတာ အဲဒီလို ဖိနှိပ်ထားမှုတွေကို တော်လှန်အန်တုရတာဖြစ်တယ်။ အဲဒီအနေအထားမှာ အာဏာရဲ့ ပိုင်ဆိုင်မှုနဲ့အနှစ်သာရ လက္ခဏာဟာ စစ်အုပ်စု၊ စစ်ဗျူရိုကရက် လူတန်း စားရဲ့ပိုင်ဆိုင်မှုလက္ခဏာဆောင်ပြီး၊ စစ်အုပ်စု၊စစ်ဗျူရိုကရက်လူတန်းစားရဲ့ အကျိုးစီးပွား ကို ထိန်းသိမ်း ကာကွယ်တိုးချဲ့စေဖို့ဆိုတဲ့အနှစ်သာရဆောင်မြဲဆောင်ပါတယ်။
ဒါကြောင့် အဲဒီလိုအချိန်အခါမှာ အာဏာရဲ့ သွင်ပြင်ဟာ စစ်အုပ်စုနဲ့ စစ်ဗျူရိုက ရေစီလူတန်းစားအကျိုးစီးပွားဘက်ကို အစဉ် မျက်နှာမူထားပြီး အများတကာ့အများစုဖြစ်တဲ့ အဖိနှိပ်ခံ ပြည်သူလူထုကြီးရဲ့ အကျိုးစီးပွားကို ထာဝစဉ် ကျောခိုင်း လျစ်လျူရှုထားတာ ဖြစ်ပါတယ်။ ဒီအနေအထားကြောင့်ပဲ ပြည်သူတွေဟာ အာဏာရဲ့ ဖိနှိပ်ရက်စက်မှု ဆိုတဲ့မျက်နှာကို အစဉ်အမြဲမြင်တွေ့နေရပြီး အာဏာဟာ တစ္ဆေသရဲ တကောင်ပမာ ရွံမုန်းစရာ ထိတ်လန့်စရာဖြစ်စေပါတယ်။ ဒီလိုမြင်နေအောင်လည်း ဝါဒဖြန့်ချိရေး ယန္တရား မျိုးစုံက အဆက်မပြတ် အမှောင်တိုက်ပါတယ်။
တော်လှန်တဲ့ အတွေးအခေါ်၊ အမြင်သဘောထား၊ အမှုအကျင့်မှန်သမျှကို ရိုက်ချိုး ချေဖျက်ပစ်ပါတယ်။ ကဗျာ၊ စာပေ၊ သီချင်း၊ ပြဇာတ်၊ ရုပ်ရှင် စတဲ့ ယဉ်ကျေးမှု အနုပညာနယ်ပယ်တွေမှာ တော်လှန်တဲ့အငွေ့အသက်တွေ ပါမလာအောင်၊ ဖော်ပြ လို့မရအောင် ဆင်ဆာ အမျိုးမျိုးနဲ့ ကန့်သတ် တားမြစ်ချုပ်ချယ်ပါတယ်။
အာဏာဟာ ဘုန်းကံရှိသူတွေနဲ့သာ သက်ဆိုင်လေဟန်၊ အာဏာဟာ လူကိုပျက်စီးစေ တတ်ကြောင်း၊ အကြွင်းမဲ့အဏာဟာ လူကို အကြွင်းမဲ့ပျက်စီးစေတတ်ကြောင်း အညွန့်တုံး အတွေးအခေါ်မျိုးတွေကို ပြည်သူတွေရဲ့ နားတွေ မျက်စိတွေ အသိအမြင်တွေထဲကို ရိုက်သွင်းပါတယ်။ ဒီတာဝန်ကိုတော့ အာဏာရဲ့ အပျော့ထည်ပိုင်းက အဆက်မပြတ် လုပ်ဆောင်ပါတယ်။
ဒီလိုနည်းပေါင်းစုံနဲ့ သူတို့ လူတန်းစားနဲ့ လူတန်းစားအကျိုးစီးပွားကို တည်မြဲ ရှည်ကြာနေအောင် ထိန်းသိမ်းကာကွယ် ထားတာပါ။
ကျွန်တော်တို့ဟာ အုပ်စိုးသူလူတန်းစားလက်ထဲက အာဏာကို တော်လှန်ရေးနည်းနဲ့ လုယူပြီး အာဏာရဲ့ပိုင်ဆိုင်မှုနဲ့ အနှစ်သာရလက္ခဏာကို
ပြောင်းပြန် ပြောင်းလဲပစ် ဖို့ဖြစ်ပါတယ်။ မိမိတို့လက်ထဲကို ရောက်ရှိလာတဲ့ အာဏာရဲ့ ပိုင်ဆိုင်မှုနဲ့ အနှစ်သာရလက္ခဏာဟာ ပြည်သူတွေရဲ့
ဘက်ပေါင်းစုံ အကျိုးစီးပွားရပ်ခံ ကာကွယ်တိုးချဲ့ ထားရေး ဆိုတဲ့ အခြေခံပေါ်ကနေ ဖိနှိပ်အုပ်စိုးသူဟောင်းတွေနဲ့ ထိပါးသွေးတိုး စမ်းလာသူမှန်သမျှကို မသက်ညှာစတမ်း ဖိနှိပ်ရမှာဖြစ်ပါတယ်။ ဒါဟာအာဏာဟောင်းနဲ့ အာဏာသစ်ရဲ့ အရင်းခံလက္ခဏာနဲ့ အနှစ်သာရလက္ခဏာကွာခြားချက်ဖြစ်ပါတယ်။ အာဏာ ဟောင်းဟာ စစ်ဗျူရိုကရက်လူတန်းစားကို အစဉ်မျက်နှာမူတယ်။ အာဏာသစ်က ပစ္စည်းမဲ့လူတန်းစားနဲ့ အဖိနှိပ်ခံပြည်သူတွေဘက်ကို ထာဝစဉ်မျက်နှာမူတယ်။ စစ်ဗျူရိုကရက် လူတန်းစားရဲ့ အဖျက်အမှောင့် လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသား နှိမ်နင်းပစ်ရမယ်။ ပစ္စည်းမဲ့လူတန်းစားနဲ့ အဖိနှိပ်ခံပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ တီထွင်ဖန်တီးမှုထုတ်လုပ်မှု မှန်သမျှကို ပြတ်ပြတ်သားသား အားပေးကူညီ ကာကွယ် သွားမယ်ဆိုတာပါပဲ။
ဒီအခါမှာ အာဏာဟာ စကားလုံးအရတူပေမယ့် အနှစ်သာရနဲ့ လက္ခဏာအရ အခြား နားကြီးခြားနားသွားပြီ ဖြစ်တယ်။ ဒါကြောင့် ဒီအာဏာကို “ပြည်သူ့အာဏာ”လို့ ထိုက်တန်စွာ မှန်ကန်စွာခေါ်ဆိုရမှာဖြစ်တယ်။
ဇာဘုရင်ခေတ်ရုရှ၊ ပဒေသရာဇ်အမှောင်တိုက်ထဲက ရုရှကို ခေတ်မီဆိုရှယ်လစ်နိုင်ငံတော်ကြီးဖြစ်လာအောင်၊ ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်း တရုတ်ပြည်လူမမာကို ယနေ့တရုတ်ပြည်ဖြစ်လာအောင် စွမ်းဆောင်ခဲ့တာဟာ အဲဒီလို အာဏာမျိုးဖြစ်ပါတယ်။ ဒါကြောင့် အာဏာဟာ ပြည်သူတွေရဲ့လက်ထဲမှာ ရှိနေရင် နှစ်လိုဖွယ် လက္ခဏာဆောင်ပြီး၊ ပဒေသရာဇ်၊ စစ်ဘုရင်တွေ၊ စစ်အုပ်စုတွေ၊ ဓနရှင် လူတန်းစားတွေရဲ့လက်ထဲမှာဆိုရင်တော့ စက်ဆုပ်ဖွယ်လက္ခဏာဆောင်မြဲဆောင်ပါတယ်။ သဘောကတော့ တိုင်းချစ်ပြည်ချစ် ခုခံရေး သမားတစ်ယောက်ရဲ့လက်ထဲက ဓား လှံ သေနတ်ဟာ တိုင်းပြည်နဲ့ပြည်သူလူထုအကျိုးစီးပွားကို ထိန်းသိမ်း ကာကွယ်ဖို့ ဖြစ်ပြီး၊ ပဒေသရာဇ်တွေ၊ စစ်ဘုရင်တွေ၊ စစ်အုပ်စုတွေ ဓနရှင်လူတန်းစားတွေ ချုပ်ကိုင်ထားတဲ့ သေနတ်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ ဒုံးပျံတွေ၊ တင့်ကားတွေ၊ စစ်တပ်တွေ ကတော့ ပြည်သူတွေရဲ့ ဖိနှိပ်
အုံကြွတော်လှန်မှုတွေကို ပစ်ခတ်နှိမ်နင်းဖို့ ဗိုလ်ကျ ကျူးကျော်စော်ကား ဖို့ သာဖြစ်ပါတယ်။
ဒါကြောင့် အာဏာကို ကြည့်တဲ့အခါမှာ ဘယ်လူတန်းစားလက်ထဲက အာဏာ လဲ၊ ဘယ်လူတန်းစားအကျိုးကို အစဉ် ထိန်းသိမ်းကာကွယ်ပေးနေတဲ့ အာဏာလဲ ဆိုတဲ့အချက်ကို ရှင်းလင်း ပြတ်သား ကြည်လင်စွာ
ကြည့်တတ် မြင်တတ်ဖို့ဟာ ပထမဆုံးနဲ့ အရေးကြီးဆုံး ဖြစ်ပါတယ်။
ဒါဟာ အာဏာနဲ့ ပတ်သက်တဲ့ ဘက်နှစ်ဖက်ကနေ နားလည်ချက် အကျဉ်းပဲဖြစ်ပါတယ်။

(ဂတုံးပေါ် ထိပ်ကွက်တာ)

0 comments
(ဂတုံးပေါ် ထိပ်ကွက်တာ)
ဘယ်သူကမှ ရွေးကောက်တင်မြှောက်ထားတာမဟုတ်တဲ့ စစ်အမတ်တွေက အရပ်ဝတ် ဝတ်ပြီး လူထုနဲ့ထွက်တွေ့တယ်။ အဲ့ဒီတွေ့တဲ့မဲဆန္ဒနယ်တွေမှာက လူထုကရွေးကောက်တင်မြှောက်ထားတဲ့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်။ မီဒီယာတခုက ခုလို ဘာလို့တွေ့တာလဲမေးတော့ တပ်ချုပ်အမိန့်ပေးလို့တဲ့။ တွေ့ပြီး ဘာတွေလုပ်လဲဆိုတော့ လူထုမှာ ဘာတွေလိုအပ်နေတယ်ဆိတာသိဖို့နဲ့ လူထုဘာပြောချင်တယ်ဆိုတာ နားထောင်ကြည့်ဖို့တဲ့။ ဖြေတဲ့အဖြေကတော့ ထိုင်တောင် ဦးချချင်စရာကောင်းတယ်။ လက်တွေ့အရတော့ ခါးတောင်းကျိုက်တခြား ဖင်တခြား။
ကောင်းပြီ ဒါဆို ဒီကိစ္စဟာ လွှတ်တော်တွေနဲ့ဆိုင်တဲ့အတွက် လွှတ်တော်တွေက ဘာပြောမလဲ ဘယ်လိုဆုံးဖြတ်ချက်ပေးမလဲ။ တခါ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာတရားရုံးကရော ဘာပြောမလဲ။ ခုထိတော့ လွှတ်တော်တွေရော ဖွဲ့စည်းပုံတရားရုံးကရော တုံဏှိဘော။ တုတ်တုတ်မှ မလှူပ်သေးဘူး။ စစ်အုပ်စု အလစ်အငိုက် ချုံခိုတိုက်တာခံလိုက်ရလို့ လူနာကောက်တုန်း ဖွဲ့စည်းပုံပြန်လုပ်တုန်း ဖြစ်နေပုံပဲ။ အဲ့ဒါတွေပြီးလို့ "တပ်တည်" နေရာကျပြီးရင်တော့ အသံတခုခုထွက်လာလိမ့်မယ်ထင်ရတယ်။ မာမာချာချာ တင်းတင်းရင်းရင်းအသံမျိုးတော့လည်း မမျှော်လင့်အပ်ပါဘူး။
ဒါကိုစောင့်နေတုန်းမှာ ငြမ်းမီဒီယာက ပြည်သူ့လွှတ်တော်အမတ် ဦးရည်မွန်(မောင်တင်သစ်)ကို အင်တာဗျူးလုပ်ထားတာတွေ့တော့ သိလိုစိတ်နဲ့ သေသေချာချာဖတ်ပါတယ်။
ဘာမှ ထူးထူးခြားခြား မှတ်ချက်ချသွားတာ ထောက်ပြဝေဘန်သွားတာ မတွေ့ရပါ။ ဥပဒေကိစ္စဖြစ်တယ်တို၊့ ဖွဲ့စည်းပုံမှာ အဲ့လိုမတွေ့ရဘူးလို့ပြဌာန်းမထားဘူးတို့တွေပြောပြီး ဆင်ဝှေ့ရန်ရှောင်လုပ်သွားတာ သတိထားမိတယ်။ သူလည်း အထက်အမိန့်စောင့်နေပုံပါပဲ။ မိမိမဲဆန္ဒနယ်မြေက မိမိကိုမဲပေးရွေးချယ်ခဲ့တဲ့လူထုကိုတောင် မိမိအမြင် မိမိသဘောထား ဝံ့ဝံ့စားစားပြောခွင့်ရှိပုံမရဘူး။ ပိုဆိုးတာက မီဒီယာက "အဲ့လိုတွေ့တာ ဘာရည်ရွယ်ချက်လို့ထင်လဲ" ဆိုတော့ ကျနော်တို့လည်း စဉ်းစားနေတဲ့အချက်ဖြစ်တယ်လို့ ဖြေသွားတာပဲ။ လွှတ်တော်အမတ်တယောက်အနေနဲ့တော့ မိမိကိုမဲပေးရွေးချယ်ခဲ့တဲ့လူထုကို မိမိအမြင် မိမိသဘောထားတော့ တိတိလင်းလင်းပြောနိုင်မှဖြစ်မယ်ထင်တယ်။ အဲ့လိုမဟုတ်ပဲ ပါတီက ဘာမှမပြောသေးလို့၊ လွှတ်တော်ကြီးက ဘာမှမဆိုသေးလို့၊ ဖွဲ့စည်းပုံဆိုင်ရာတရားရုံးက တခုခုမဆုံးဖြတ်သေးလို့ လို့ ဆင်ခြေပေးရတယ်ဆို အမတ်တယောက်အနေနဲ့လည်း မဲဆန္ဒရှင်တွေကြားမှာ မျက်နှာအထားရခက်မှာပါ။ ဦးကျော်ဇေယျပြောသလို “အမတ်တွေဟာ ငပေါကြီးတွေဖြစ်နေတယ်“ဖြစ်နေမှာအသေအချာပါ။ ဒါက ကိုယ့်ဘက်ကိုတွေးပြိးပြောတာပါ။
သူ့ဘက်(စစ်အုပ်စုဘက်)ကိုပြောရရင်တော့ လူထုကရွေးကောက်ထားတဲ့အစိုးရကိုရော လွှတ်တော်တွေရောကိုပါ ဂတုံး တုံးလို့ အားမရသေးပဲ ထိပ်ပါ ထပ်ကွက်တာပါ။ လူထုက သူတို့ကိုလက်မခံတာသိပြီးသားမို့ လူထုသဘောထား ဆန်းစစ်ဖို့လုပ်တာတော့ မဟုတ်ပါ။ ရွေးကောက်ခံအမတ်တွေနဲ့ လူထုနဲ့ကြားက မကြေလည်တဲ့ မပြေလည်တဲ့ကိစ္စမျိုးတွေကို ရအောင်အစဆွဲထုတ်ပြီး ပြဿနာဖော်ဖို့၊ ခလောက်ဆန်ဖို့၊ လူထုနဲ့အမတ်ကို ရန်စဖော်ပေးဖို့ ရန်တိုက်ပေးဖို့၊ လိုအပ်ရင် အမတ်ကိုအညှာကိုင် လည်မြိညှစ်ပြီး လွှတ်တော်ထဲမှာ အသံကောင်းဟစ်ဖို့တွေလည်း ပါနိုင်ပါတယ်။ ဒါ့ထက်ပို ဆိုးညစ်တဲ့အကြံအစည်တွေလည်း ရှိနိုင်ပါတယ်။ ဒီလုပ်ရပ်ကို ဘာဆင်ခြေပေးပေး၊ ဘယ်လို အကြောင်းပြပြ ဒါဟာ နိုင်ငံရေးမသမာမှူဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ သန္ဓေပါဗီဇသဘောနဲ့အညီ နိုင်ငံရေးအရ မသာမာတဲ့အစီအစဉ်၊ မရိုးဖြောင့်တဲ့ခြေလှမ်း၊ လက်တလုံးခြားလှည့်ဖျားဖို့ကြံစည်ချက် ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ဒီလုပ်ရပ်နဲ့စပ်လျဉ်းပြီး မိမိတို့သဘောထား မိမိတို့အမြင် မိမိတို့ရပ်တည်ချက်စတာတွေကို လွှတ်တော်အမတ်တွေအနေနဲ့ အများအနေနဲ့ရော၊ တဦးချင်းအနေနဲ့ရော၊ လွှတ်တော်တွေအနေနဲ့ရော တိုင်းပြည်ကို လူထုကို တခုခုတော့ ရှင်းရှင်းလင်းလင်း တည်တည်ကြည်ကြည် ခိုင်ခိုင်မာမာ တင်ပြရှင်းလင်းဖို့လိုပါလိမ့်မယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၁၇၊ ၂ဝ၁၉

Tuesday, October 15, 2019

(ဇာတိမြေ)

0 comments
(ဇာတိမြေ)
ကျနော် ဗမာပြည်ကို အမိမြေလို့ တခါမှမသုံးစွဲဖူးပါ။ သုံးသူတွေသုံးတာ ဘာမှပြောစရာမရှိပေမယ့် ကိုယ်တိုင်သုံးဖို့ကြ စိတ်ထဲမသိုးမသန့်ဖြစ်လို့ပါ။ အမိမြေကတော်ပါသေးတယ်၊ အမျိုး ဘာသာ သာသနာလောက်နဲ့ ပြည်တွင်းဖြစ်ဖက်ဆစ်ပုံစံနဲ့ ပြည်တွင်းတင် လုယက်သတ်ဖြတ် မီးရှိူံအကြမ်းဖက်တာလောက်မို့ပါ။ အဖနိုင်ငံတော်ကတော့ ပြည်ပအထိ နိုင်ငံတကာအထိပါ လုယက်သတ်ဖြတ် စစ်မီးကြီးနဲ့ ကမ္ဘာမြေကို လောင်တိုက်သွင်းတာပါ။ အဖနိုင်ငံတော်တို့ဆိုတဲ့အသုံးကြားရင်း ကျောရိုးထဲကစိမ့်တက်လာပြီး သွေးတွေချောင်းစီး မြိ့ုကြီးတွေမီးလောင်နေတာ မြင်ယောင်လာပါတယ်။ ကျနော် အမေရိကန်နိုင်ငံသားမဖြစ်ခင်တုန်းက လိုအပ်လို့ပြောရရင် ဗမာပြည်ကို My Country လို့ပြောတဲ့အခါပြော The country i loved and served လို့ ပြောတဲ့အခါပြောပါတယ်။ တခါမှ အမိမြေတို့ အဖနိုင်ငံတော်တို့ဆိုပြီး ဗမာလိုရော အင်္ဂလိပ်လိုပါမပြောဖူးပါ။ အမေရိကန်နိုင်ငံသားဖြစ်ပြီးတဲ့နောက်တော့ United States of America ကို My country လို့ပြောပြီး ဗမာပြည်ကိုတော့ My native land or the country where i was born and raised လို့ပဲပြောပါတော့တယ်။ မွေးရပ်မြေကို အခင်အတွယ်နည်းတာလို့ ထင်မယ်ဆိုလည်း ခုခံချေပစရာတော့ဖြင့်မရှိပါ။ အဲ့ဒီတိုင်းပြည်ကို ဘယ်လောက်တွယ်တာခဲ့၊ အဲ့ဒီတိုင်းပြည်အတွက် ဘယ်လောက်ပင်ပမ်းဆင်းရဲခံခဲ့ကိုလည်း သီးသီးသန့်သန့် ဂုဏ်တခုလိုဖော်ပြီးပြောမယ်ဆိုလည်း မိမိထက်မက အဆင်းရဲအပင်ပမ်းခံ ရုန်းကန်ကြိုးပမ်းခဲ့သူတွေ ကြိုးပမ်းနေသူတွေကို မျက်နှာထောက်ရပါတယ်။ ခုထိတော့ ဗမာပြည်ဆိုတဲ့ ချက်မြုပ်မြေကို အကြောင်းတိုက်ဆိုင်တဲ့အခါတိုင်း လွမ်းကောင်းတုန်း အောက်မေ့ကောင်းတုန်း သတိရကောင်းတုန်းပါ။ ချက်မြုပ်မြေမှာ ခေါင်းချခွင့်ကြုံရကောင်းစေလို့တော့ တခါတခါ တောင့်တမိတာတော့အမှန်ပါ။
မျိုးမြင့်ချို
အောက်တိုဘာ ၁၅၊ ၂ဝ၁၉

(ကြေးတန်းတိုက်သူများ)

0 comments
(ကြေးတန်းတိုက်သူများ)
လက်ရှိကာချုပ်ရာထူးကိုင်ထားတဲ့ တပ်ချုပ်လေးမင်းအောင်လှိူင်က ၂ဝဝ၈ ဖွဲ့စည်းပုံအရ အပ်နှင်းထားတာမဟုတ်လို့ တရားမဝင်ဘူးလို့ပြောတယ်။ ဟုတ်မှာပါ။ ကာချုပ်ရာထူးကို ကာ/လုံထောက်ခံချက်နဲ့ သမတက အတည်ပြုပေးရမယ်ဆိုထားတယ်။ ဗိုလ်သိန်းစိန်နောက် တက်လာတဲ့ သမတ ၂ ယောက်(ဦးထင်ကျော်နဲ့ဦးဝင်းမြင့်) လက်ထက်မှာ ကာ/လုံခေါ်ခဲ့တာလည်းမရှိ ကာချုပ်ရာထူးတာဝန် အပ်နှင်းတာလည်းမရှိတော့ သူ့ဖွဲ့စည်းပုံအရကို တရားဝင်မဟုတ်ဆိုတဲ့အနက် သက်ရောက်ပါတယ်။
အလားတူပဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအရ အပ်နှင်းထားတာမဟုတ်လို့၊ဖွဲ့စည်းပုံထဲက နိုင်ငံတော်အင်္ဂါစဉ်မှာမပါလို့ တရားမဝင်ဘူးလို့ ထောက်ပြသူထောက်ပြပါတယ်။ ပိုဆိုးတာက ဒီ နိုင်ငံတော်၏အတိုင်ပင်ခံရာထူးက လူတယောက်တည်းအတွက် တီထွင်ထားတာဖြစ်ရုံမက အချိန်အကန့်အသတ်ကို အစိုးရသက်တမ်းဆိုတဲ့သဘောနဲ့ပါ ကန့်သတ်ထားတာဖြစ်နေပြန်တယ်။ နိုင်ငံတော်အဆင့်လူပုဂ္ဂိုလ်များစဉ်ရာမှာ နံပတ် ၂ ဆိုပေမယ့် ဗိုလ်ရှူသဘင်တက်တဲ့အခါ နံပတ် ၈ ဖြစ်တဲ့ ကာချုပ်ရဲ့အလေးပြုခံနေရာမှာ မရှိပြန်ဘူး။
ဆိုတော့ ဘက်အသီးက ထောက်ပြပြောဆိုနေကြတာတွေက ၂ဝဝ၈ ဖွဲ့စည်းပုံကိုင်ပြီး ပြောနေကြတာမို့လို့ အဲ့ဒီဖွဲ့စည်းပုံကို အသိအမှတ်ပြု လက်ခံရုံတင်မက လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ပါ့မယ်လို တိုင်းသိပြည်သိ လူသိရှင်ကြား တရားဝင်ကျမ်းသစ္စာ ကျိန်ဆိုထားသူတွေဖြစ်နေတယ်။ အပြန်အလှန်ဖြစ်နေကြ လက်ညှိုးထိုးနေကြတဲ့သဘောက ဘယ်သူက ဖွဲ့စည်းပုံကို ပိုနာခံ ပိုသစ္စာစောင့်သိပြိုင်ပွဲဝင်နေကြတာ ဖြစ်နေတယ်။ ဖွဲ့စည်းပုံ ဘောင်ထဲကနေ အရည်မရအဖတ်မရ အငြင်းပြိုင်ပွဲလိုဖြစ်နေတယ်။ ကြေးတန်း တိုက်နေကြတာပါ။
တကယ့်တကယ်မှာ အဲ့ဒီ ဖွဲ့စည်းပုံဟာ ရေးဆွဲခွင့်မရှိသူတွေရေးဆွဲပြီး မတရား မမှန်ကန်တဲ့နည်းနဲ့ အတည်ပြုပြဌာန်းခဲ့တယ်ဆိုတာကို ပြောရမှာဖြစ်ပါတယ်။ ခက်တာက လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ပါ့မယ့်ပြောထားတော့ နိုင်ငံရေးအရ ချည်မန်းကွင်းစွပ်မိရုံကမ နဖါးကြိုးပါအထိုးခံထားရသလိုဖြစ်နေကြတာပါပဲ။
ဒီမိုရေစီဘက်သားတွေအနေနဲ့ တကယ့်တကယ်ပြောရမှာက ၂ဝဝဖွဲ့စည်းပုံကိုယ်တိုင်က တရားမဝင်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေတခုရဲ့ ရှိရမယ့်ဂုဏ်အင်္ဂါနဲမပြည့်စုံလို့ တရားမဝင်ဘူးလို့ဖြစ်ရမှာပါ။
ခုက လက်ခံစောင့်သိပြီးသားဖြစ်နေတော့ “ပြင်မယ်“ပဲပြောရတော့မယ့် အခြေဆိုက်နေတာပါ။ ပြင်တာတောင်မှ လူထုနည်း (လွှတ်တော်တွင်း လွှတ်တော်ပ ပူးပေါင်းနည်း) နဲ့မဟုတ်ပဲ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေကခွင့်ပြူုထားသောဥပဒေများနှင့်အညီ လွှတ်တော်တွင်းကနေပဲပြင်ပါ့မယ်၊ ဘောင်မကျော်စေရပါဘူးလို့ အာမဘန္တေခံရတဲ့ဘဝ ရောက်သွားတာပါ။
မျိုးမြင့်ချို
အောက်တိုဘာ ၁၅၊ ၂ဝ၁၉

Monday, October 14, 2019

(ကာ့ဒ်တို့ရဲ့အမျိုးသားနိုင်ငံတော်စိတ်ကူး ဘယ်သို့ရှိမလဲ)

0 comments
(ကာ့ဒ်တို့ရဲ့အမျိုးသားနိုင်ငံတော်စိတ်ကူး ဘယ်သို့ရှိမလဲ)
ကာ့ဒ်တွေ မရှူနိုင်မကယ်နိုင်ဖြစ်နေတာမြင်တော့ စိတ်မကောင်းတာအမှန်ပါ။ အတိတ်တချိန်တုန်းက ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်ထီးကိုယ့်နန်းနေခဲ့တဲ့လူမျိုးတမျိုးဟာ ခေတ်စနစ်အလှည့်အပြောင်းမှာ ထီးကျိုးစည်ပေါက်ရုံမက နေစရာဘုံပါပျောက်ခဲ့ရတာမို့ သူတို့အနာလည်း သည်းမှာအမှန်ပါ။
လူဦးရေ ၅ သန်းလောက်ရှိတဲ့ လူ့အစုအစည်းကြီးဟာ တူရကီ၊ ဆီးရီးယား၊ အီရန်၊ အီရတ် စတဲ့နိုင်ငံတွေမှာ နိုင်ငံမဲ့တွေလိုလိုဘဝနဲ့နေနေရတာပါ။ ဆီးရီးယား-တူရကီနယ်စပ်က ကာ့ဒ်ဒေသဆိုတာကလည်း အမည်ခံထက်နည်းနည်းလေးပိုတာပါ။ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ပြဌာန်းခွင့်တွေရှိတယ်ဆိုပေမယ့် ဆီးရီးယား-အမေရိကန်-တူရကီ စတာတွေရဲ့မျက်နှာကြည့်နေနေရတာပါ။
တူရကီကတော့ သူနဲ့ဆီးရီးယားနယ်စပ်က ကာ့ဒ်သူပုန်တွေဟာ အကြမ်းဖက်သမားတွေဖြစ်တယ်၊ အဖွဲ့အစည်းက အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်။ တူရကီရဲ့နိုင်ငံရေးတည်ငြိမ်မှုကို တူရကီထဲကကာ့ဒ်တွေနဲ့ပေါင်းပြီး ဖျက်လိုဖျက်ဆီးလုပ်နေတာ ဖြစ်တယ်။ ဒေသတွင်း မတည်ငြိမ်မှုတွေကို ဖန်တီးနေတဲ့ လက်သည်ဖြစ်တယ်လို့ တရားဝင်အတိအလင်းကြေညာထားသလို တောက်လျှောက်လည်း တိုက်နေတာပါ။ နောက်ပြီး ကာ့ဒ်တွေနေတဲ့ အဲ့ဒီဒေသကို တူရကီက ဘေးကင်းဇုန်ဆိုပြီး နယ်မြေတခုကြားခံ တည်ဆောက်ချင်တာပါ။ အဲ့ဒီ ဘေးကင်းဇုန်မှာ ဆီးရီယားကနေထွက်ပြေးပြီး တူရကီပိုင်နက်ထဲရောက်နေတဲ့ ဆီးရီးယားဒုက္ခသည် ၂ သန်းလောက်ကိုလည်း နေရာချထားပေးချင်တာပါ။ အဲ့ဒီ ဘေးကင်းဇုန်မှာ ကာ့ဒ်တွေအတွက် ဘေးတကယ် ကင်းမကင်း အန္တရာယ်တကယ်ရှိမရှိကတော့ ဘယ်သူမှ တာဝန်ခံနိုင်မှာတော့မဟုတ်ပါ။
အီရတ်ကိုတိုက်တုန်းက ကာ့ဒ်တွေအသေခံခဲ့လို့ အမေရိကန်ကချတဲ့ဆုလဘ်အနေနဲ့ အီရတ်မှာ ကာ့ဒ်တွေ အသက်ရှူ နည်းနည်းချောင်ခဲ့တာ တပ်နဲ့သေနတ်နဲ့၊ နယ်မြေနဲ့ဘာနဲ့ အထိုက်အလျှောက် ဟန်ကျခဲ့တာမှန်ပေမယ့် အမေရိကန့်အလိုကျနေရတဲ့ဘဝမျိုးထက် နည်းနည်းလေးသာ ပိုတာပါ။
ခုလည်း အမေရိကန်ကို ထီမထင်လုပ်နေတဲ့ ဆီးရီးယားက သမတ အာဆာ့ဒ်ကိုဖြုတ်ချဖို့လုပ်တော့ ဆီးရီးယားနယ်စပ်က ကာ့ဒ်တွေရဲ့အခန်းက အကြီးကြီးပါလာတာပါ။ အာဆာ့ဒ်ဖြုတ်ချရေးကို အမေရိကန်က ခေါင်းစဉ်ပေးတော့ ဆီးရီးယားရှိ ISIS တွေကိုချေမှုန်းရေးဖြစ်ပါတယ်။
မပြေးသော်လည်းကန်ရာရှိဆိုသလိုပဲ ဆီးရီးယားကိုခြေကုပ်ယူထားတဲ့ ISIS လက်နက်ကိုင်တပ်တွေ နေရာဒေသတွေလည်း ရှိနေတာပါ။ အမေရိကန်နဲ့က ကာ့ဒ်မဟာမိတ်တပ်ဖွဲ့တွေကဖမ်းမိတဲ့ ISIS သုံ့ပန်းတွေနဲ့ လက်နက်ချလာတဲ့ ISIS တွေလည်း ထောင်နဲ့ချီရှိပါတယ်။ အဲ့ဒီလူတွေကို ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ချုပ်နှောင်ထားတာဖြစ်ပါတယ်။ ခု တူကီက အဲ့ဒီဒေသတွေက ကာ့ဒ်တွေကိုတိုက်တော့ အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေက ISIS တွေလွတ်လာကြပါတယ်။ ကာ့ဒ်တွေက တာဝန်မယူနိုင်တော့လို့ လွှတ်ပေးလိုက်တာတွေရှိသလို ထောက်ဖေါက်ပြီး ထွက်လာသူတွေလည်းရှိတယ်လို့ဆိုပါတယ်။ ဒီ ISIS တွေဟာ အချိန်တိုအတွင်း ချက်ခြင်းပြန်စုဖွဲ့ပြီး ဒေသတွင်းက အမေရိကန်နဲ့အပေါင်းအပါတွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်လာနိုင်တယ်လို့ စိုးရိမ်နေသူတွေလည်း စိုးရိမ်နေကြပါတယ်။
ဆီးရီးယားအရေးဟာ တော်တော်နဲ့ မငြိမ်းမယ့်မီးပါ။ အဲ့ဒီအရေးမှာ အမေရိကန်-ရုရှ-တူရကီအပြင် အစ္စရေးလ်တို့ ဆော်ဒီတို့ကလည်း အရန်လူတွေအနေနဲ့ ဝင်ကစားနေကြတာပါ။ လောလောဆယ်မှာတော့ ဥရောပသမဂ္ဂက တူရကီကို ထိုးစစ်တွေရပ်ဖို့ သတိပေးသလို ဂျာမဏီတို့ပြင်သစ်တို့ကလည်း တူရကီကို လက်နက်ရောင်းချတာတွေ ရပ်ဆိုင်းလိုက်ပါတယ်။ ဒါဟာ ကောင်းတယ်ဆိုးတယ်ပြောဖို့ခက်ပေမယ့် တူရကီဟာ ပင်ကိုယ်ကစစ်အင်အားကြီးတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တယ်ဆိုတာရယ် လောလောဆယ်မှာ ရုရှနဲ့အလွမ်းသင့်နေတယ်ဆိုတာရယ်ကိုတော့ မမေ့ဖို့လိုမှာပါ။ သူလိုတဲ့လက်နက်က ဝယ်ရတဲ့နေရတွေ အများကြီးရှိသလို သူကိုယ်တိုင်လည်း ထုတ်နိုင်သလောက်ထုတ်နေတာပါ။
သမတထရမ့်ရဲ့ အဆင်အခြင်မဲ့တဲ့ဆုံးဖြတ်ချက်နဲ့လုပ်ရပ်လို့ ဘယ်လိုပြောပြော၊ မဟာမိတ်ကာ့ဒ်တွေကို တူရကီ့လက်မှာ သေရစ်ပေတော့လို့ ပေယျာလကံပြုတယ်ဆိုဆို ဖြစ်သွားတဲ့အဖြစ်ကတော့ ဖြစ်သွားပါပြီ။ ပြန်ဆုတ်ဖို့လည်း ခက်သွားပါပြီ။ ဒီဆုံးဖြတ်ချက်ကြောင့် တူရကီဟာ အမေရိကန်နဲ့ ပြန်နီးလာမလား၊ ရုရှနဲ့ ခွာပြဲသွားမလား၊ အမေရိကန်စစ်လက်နက်ပစ္စည်း မပြတ်ဝယ်တဲ့ ဖောက်သည်ကောင်းအဖြစ် ပြန်ဖြစ်လာမလား၊ နေတို့အဖွဲ့ထဲက(ပထဝီနိုင်ငံရေးနဲ့ စစ်ရေးပထဝီအရ) အရေးပါတဲ့နိုင်ငံအဖြစ် ပြန်ရောက်လာမလားကလည်း မသေချာပါ။
သေချာတာတခုကတော့ ကာ့ဒ်တွေကြမ္မာငင်ပြီဆိုတာပါပဲ။ ဒီစစ်ပွဲထဲကနေ ကာ့ဒ်နိုင်ငံတော်ပြန်လည်ထူထောင်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့စိတ်ကူးလည်း တစစီကြေမွသွားခဲ့ပြီလားကတော့ တွေးစရာပါ။
မိမိအတွက်အချက် မိမိဇယားအလှည့်အပြောင်းနဲ့တွက်ချက်ပြီး ခင်းခဲ့တဲ့ဇယားမှာ အမေရိကန်ရဲ့ဗီဇသဘာဝကို မှန်မှန်ကန်ကန် အကဲမဖြတ်နိုင်တာအတွက် ကာ့ဒ်ခေါင်းဆောင်တွေကိုပဲ အပြစ်တင်ရမလား အမေရိကန်ရဲ့ ကိုယ်ကျိုးစီးပွား အလွန်အကျွံကာကွယ်ရေးဝါဒကိုပဲ အပြစ်ဖို့ရမလားကတော့ ဘက်သဘောတွေ ရပ်ခံချက်တွေအလိုက် ကွားခြားကြမှာပါ။
မျိုးမြင့်ချို
အောက်တိုဘာ ၁၄၊ ၂ဝ၁၉

(မုန်ညင်းဟင်းခါး)

0 comments
(မုန်ညင်းဟင်းခါး)
ဆောင်းဦးပေါက်ကား ပီပီမြည်လေပြီ။ အိမ်တွင်းအနွေးဓာတ် အလုံအလောက်ပေးထားသော်လည်း သူတို့ လှောင်အိမ်လေးများတွင် မအိပ်ချင်၊ လူနှင့်အိပ်ချင် လူငွေ့ထွေးလိုသဖြင့် ခွေးလေးတွေ အိပ်ခန်းပေါက်မှ တပူပူတဆာဆာ တအီအီတအင်အင်လုပ်သေး၏။ တံခါးဖွင့်မပေးမည်မှန်း သေချာသွားတော့မှ ညည့်လယ်ကောင်တွင်ထကာ ကိုယ့်နေရာကိုယ်သွားအိပ်ကြ၏။ မတတ်နိုင် သို့သော် စိတ်ထဲမကောင်းလှ။ သူတို့ထွက်သွားမှ မိမိလည်း အိပ်နိုင်တော့၏။
ညက အတော်ကလေးအေးပြီး အပြင်မှာ မြူတွေ ခတ်ထူထူကျခဲ့သည်မို့ မနက်လင်းတော့ မြက်ခင်းတွေ စိုတိစိုဖတ်။ ခဝဲပင်လေးကြည့်တော့ ရွက်ရင့်တချို့ အအေးကိုက်ခံရပြီး ညိုမည်းမည်းဖြစ်နေ၏။ ရွက်နုများနှင့် အညွန့်များကား အအေးဒဏ်ကို ပီဘိ မထီလေဟန်၊ စိမ်းစိမ်း ဖားဖား သန်သန်မာမာပင်။ စားလို့ရသည့်အရွယ် ၃ လုံးတွေ့တော့ “မနက်ဖြန်မှခူးပြီး အမေ့ကိုပေးရမယ်“ ဟု စိတ်တွင်ဖြစ်၏။ နောက်တချီလောက်အေးလိုက်လျှင် ခုသန်သန်ဖားဖား အညွန့်ကြီးတွေ အအေးလောင်မသွားဟု မည်သူမှ အာမ မခံနိုင်။ “ဒါဆို အညွန့်တွေလည်း ဖြတ်ယူသွားဦးမှပါ“ ဟု အတွေးရပြန်၏။ မျိုးခံထားသည့် အသီးကြီး ၂ လုံးကတော့ စိမ်းရင့်မှောင်နေပြီ။ ခြောက်တော့ မခြောက်သေး။ အခွံကို လက်နှင့်ခေါက်ကြည့်တော့ ဂေါင်ဂေါင် ဂေါင်ဂေါင်မြည်၏။ ဂီတသံလိုလို ဘာလိုလို။
နောက်ဘက်က သစ်လုံးအိမ် Cabin လေးထဲမှာ သိမ်းစရာတွေရှိသဖြင့် သွား၏။ အနားရောက်တော့ Cabin အောက်က ယုန်တကောင် ဟုတ်ကနဲခုန်ထွက်ကာ လန့်ဖြန့်ပြီး ခြေဦးတည့်ရာပြေး၏။ သစ်လုံးအိမ်ထဲက ကော်ဖီ သကြား နို့မှူန့်တွေ အိမ်မကြီးထဲပြန်ယူရမည်။ Cabin ထဲတွင် Heater မရှိ။ ထင်းမီးဖိုမထား။ နံရံအထပ်ကြားတွင် Insulation ပင်ထည့်မထား။ သည်တော့ ပူစရာရှိပူပြီး အေးစရာရှိ အေး၏။ ဆောင်းတွင်းဆို နေလို့မရ။ မုန့်ထုတ်တွေတွေ့လို့ သက်တမ်းကြည့်တော့ နောက် ၆ လကျန်သေး၏။ ဒါတွေလည်း အိမ်ထဲယူသွားမှ ဆောင်းတွင်းဆို အလကားဖြစ်ကုန်မယ်ဟုတွေးပြီး အိပ်ထဲထည့်၏။ ပြီးတော့ ခြံအနောက်ထောင့်က ပေါက်ခြမ်းဆွေးတွေကိုဘာလုပ်ရကောင်းမလဲတွေးရင်း ဟိုကြည့်ဒီကြည့် ကြည့်တော့ တနှစ်က ပလပ်စတစ်ယုန်ကာလေးတွေတပ်ရင်း မေ့ကျန်ခဲ့သည့် ပလိုင်ယာတချောင်းကို Sugar Maple ပင်အောက်မှာတွေ့၏။ သံချေးတက်နေပြီ။ ဟလို့ပင်မရတော့။ Recylcle အမှိူက်ပုံးထဲထည့်လို့ရမည်ထင်၍ ကောက်ယူလာခဲ့သည်။
အိမ်ထဲဝင်ဖို့ Breezeway တံခါးဆွဲဖွင့်တော့ ခွေးလေး ၂ ကောင်က အပြင်ထွက်ချင်၍ ငုတ်တုတ်လေးတွေ ထိုင်စောင့်နေတာနှင့်ကြုံ၏။ ယုန်လေးလည်း အပြင်ထွက်ပြေးသွားပြီပဲလေဟု စိတ်ချလက်ချတွေးကာ တံခါးဖွင့်ပေးလိုက်တော့ ခုန်ပေါက်မြူးတူးကား တကောင့်တကောင်တွန်းရင်း ပြေးထွက်သွား၏။ ပြူတင်းပေါက်လေကာထောင့်တွင် စာကလေးတွေ ဘာပြဿနာတက်နေသည်မသိ ဆူညံပွက်နေ၏။ ကြည့်နေရင်းတန်းလန်း နှစ်ကောင် လုံးထွေးကုပ်ဖဲ့ဆိတ်ဆွကာ မြေပြင်ပေါ်ကျလာ၏။ တကောင့်တကောင် ခြေသည်းနှင့်ကုပ် တောင်ပံနှင့်ရိုက် နှူတ်သီးဖြင့်ထိုးကာ မြေကြီးပေါ် လုံးထွေးနေ၏။ ဟဲ့ ရွှေးရွှေးဟု ဗမာလိုမောင်းထုတ်လိုက်တော့မှ မျက်ကလဲဆန်ပြာထပြေးကြ၏။ ကြည့်ရင်း ပြံုးမိသေး၏။
အိမ်တွင်းအနွေးဓာတ်ရတော့မှ “ဟ ငါ အတော်အေးနေပါလား“ဟု သတိထားမိ၏။ လက်ထဲဆွဲလာသည့်အိပ်ကို Counter top ပေါ်တင်ရင်း အဖန်ရည်တခွက်တော့ ကျိုဦးမှပါဟုစိတ်ကူးရ၏။ ဒါနှင့် အိုးထဲရေထည့်ပြီး မီးခလုပ်ဖွင့်တော့ အနားမှာချထားသည့် ငရုပ်ကောင်းမှူန့်ပုလင်းကို လက်နှင့်တိုက်မိလိုက်၏။ ဤခနတွင် ရေနွေးအစား မုန်ညင်းဟင်းခါးသောက်ချင်စိတ်ဖြစ်လာ၏။ “မဆိုးဘူး ပူပူနွေးနွေး ငရုပ်ကောင်းနံ့လေးနဲ့ဆို“ဟုတွေးကာ အိမ်ပြင်ပြန်ထွက် ခြံထဲပြန်ဆင်းကာ မုန်ညင်းခင်းဘက် ခြေဦးလှည့်၏။ မုန်ညင်းပွင့်တွေ အတော်ကျဲသွားပြီး ငရုပ်သီးစိမ်းပုံသ္ဌန် မုံညင်းသီးလေးတွေသီးနေသည်မှာ ချစ်ဖို့ပင်ကောင်း၏။ တို့စားလျှင်ကောင်းသည်ဟုဆိုသော်လည်း မခူးရက်စရာ။ ဒါပေမယ့် မနက်ဖြန်ကျ ခူးရမည်။ ညီမက တို့စရာ အလွန်ကြိုက်သည်မို့လား။ ဟိုတလောက ဖြတ်ထားသည့် မုန်ညင်းငုတ်တိုနေရာတွေမှာ သားတက်အသစ်လေးတွေ ရွှမ်းရွှမ်းစိုစို ထိုးထိုးထောင်တွေ့ရ၏။ ဒါနှင့် မုန်ညင်းသားတက်လေးတွေ လက်၂ဆုပ်စာလောက်ချိုးခဲ့၏။ နုဖတ်နေသည်မို့ ချိုးလိုက်တိုင်း ဖြောက်ကနဲဖြောက်ကနဲနေ၏။ ဘေးက ကြက်သွန်ဖြူတွေလည်း အမြိတ်စထွက်နေပြီ။ စထရော်ဘယ်ရီတွေလည်း ပင်ပွားတွေမနည်းမနော။ မျက်စေ့ထဲရိပ်ကနဲလိုဖြစ်လို့ ကြည့်လိုက်တော့ ခွေးလေး Rocky က အနားရောက်နေ၏။ အိုကေ အထဲပြန်ဝင်မယ် အေးတယ်၊ နင်တို့လည်း အီးပါသေးပေါက်ပြီးပြီ“ဟုဗမာလိုပြောတော့ ၂ ကောင်သား လူရှေ့ကဦးအောင်ပြေးကာ အိမ်တံခါးမှာ ပဒပ်သွားရပ်ပြီး တွန်းဖွင့်ပေး၏။
ရေနွေးကရားထဲကရေကို ဟင်းရည်သောက်ချက်သည့်အိုးထဲပြောင်းထည့်ပြီး မုန်ညင်းလေးတွေကို ရေစင်စင်ဆေးကာ အရင်းနားကို သွားဖျားဖြင့်ကိုက်ကာ အမျှင်လေးတွေသင်၏။ နုဖတ်နေသည်မို့ အကြောအမျှင်သိတ်မရှိ။ ကြက်သွန်နီအခွံသင်ပြီး ထက်ခြမ်းခြမ်းကာ တခြမ်းစာကို ဖြစ်သလိုလှီးချလိုက်၏။ ကြက်သွန်ဖြူ ၄ တက်လောက်ကို ဓားပြားရိုက်ပြိး အခွံချွတ်၏။ ထိုအချိန်တွင် ရေးနွေးက ပွက်ပွက်ဆူချေပြီ။ ဆားနှင့်ပုဇွန်ခြောက်ခပ်၏။ ခနလေးနေတော့ ကြက်သွန်ဖြူ ကြက်သွန်နီတွေထည့်ပြီး အိုးကိုပြန်ဖုံး၏။ မုန်ညင်းဟင်းခါးတွင် ငန်ပြာရည်ထည့်ရကောင်းလား မကောင်းလား မဝေခွဲတတ်သဖြင့် မထည့်ဖြစ်တော့။ အိုးထဲက ကြက်သွန်နံ့ ပုဇွန်ခြောက်နံ့တွေ ထောင်းထောင်းထလာ၏။ ဒါနှင့် မုန်ညင်းလေးတွေပစ်ထည့်ကာ တချက်နှစ်ချက်မွှေပြီး ပစ်ထားလိုက်၏။ တမိနစ်လောက်နေတာ့ အိုးဖုံးဖွင့်ကြည့်ရာ အငွေ့တထောင်းထောင်း အနံ့တလှိူင်လှိူင်သင်းနေသည့် ဟင်းချိုတခွက်ဖြစ်နေပေပြီ။ သို့သော် မိမိသောက်ချင်သည်က ဟင်းခါး။ သည်တော့ ငရုပ်ကောင်းမှူန့် အလောတော်လောက် ဖြူးထည့်ပြီး အဖုံးပြန်အုပ် မီးခလုပ်ပါပိတ်လိုက်၏။ ငရုပ်ကောင်းနံ့တသင်းသင်းဖြင့် အငွေ့တထောင်းထောင်းထနေသည့် ဟင်းခါးရည်ထဲတွင် အရောင်လုံးဝမပြယ်သေးသည့် မုန်ညင်းစိမ်းဖတ်လေးများ ဝဲလည်လျှက်။ ခပ်မြည်းကြည့်တော့ အားလုံးအိုကေ၊ အားလုံးအနေတော်၊ ဘာမှထပ်လုပ်စရာမလိုတော့။ ငါလည်း မဆိုးပါဘူး ကိုယ့်ဟာကိုယ်တော့ဖြစ်သားဟုတွေးကာ ပြုံးမိသေး၏။
နောက်တော့ ဟင်းရည်သောက်ပန်းကန်လုံးကြီးတလုံးအပြည့် ခပ်ထည့်ကာ ပူပူလောလောကို တဖူးဖူးမှူတ်သောက်ရင်း ကိုယ်ထဲနွေးလာတာကိုခံစားရင်း စိတ်ထဲပါနွေးလာတာကို သိလာ၏။
မျိုးမြင့်ချို
အောက်တိုဘာ ၁၂၊ ၂ဝ၁၉

(အလုပ် လုပ်သည့် တနင်္ဂနွေ)

0 comments
(အလုပ် လုပ်သည့် တနင်္ဂနွေ)
ဒီနေ့ ဇနီးသည်က သူအချိန်ပိုင်း အလုပ်လုပ်နေသည့်နေရာတွင် Cider Press ပန်းသီးနယ်စရာရှိသည် လိုက်မလားမေးတော့ ကောင်းသားပဲဟု ပြန်ဖြေရင်း ဂျပန်မုန်တိုင်းသတင်းတွေ လိုက်ရှာဖတ်နေမိပါသည်။ Cider သို့မဟုတ် Apple Cider ဆိုသည်မှာ ပန်းသီးအမှည့်များကို အစိမ်းလိုက်အတိုင်းကြိတ်ချပြီး ထွက်လာသည့်ပန်းသီးအရည်ဖြစ်ပါသည်။ ပန်းသီးတလုံးကြိတ်လျှင် အရည် တကျိုက်စာမရှိတတ်ရပြီး ပန်းသီး လေးငါးခြောက်လုံးလောက်ကြိတ်မှ အရည် တဖန်ခွက်စာလောက်ရပါသည်။ ထို့ကြောင့် Cider အစစ်မှာ ဈေးကြီးပြီး တဖန်ခွက်စာလောက်ကို ပျမ်းမျှ ၂ ဒေါ်လာလောက်ရှိပါသည်။ တကယ့် Cider ရည်ထဲ သကြားနှင့်အတူ စား၍ရသည့်ဓာတုအနံ့အရသာရောနှောကာ ဂါလန် သိန်းသန်းချီရောင်းချနေသည့် Apple Cider များကို စတိုးဆိုင်ကြီးများတွင် အချိန်မရွေးဝယ်ယူရနိုင်သလို တဂါလန်ပုံးတပုံးမှ လေးငါဒေါ်လာလောက် ပေးရပါသည်။ တကယ့် Cider အစစ်ကို လက်လှမ်းမမီသူတို့ သိသိနှင့် အာလျပြေသောက်ကြရပါသည်။
Apple Cider ကို တဆေး Yeast ဖြင့် ကဇော်ဖေါက် Fermentation ပြီး ကဇော်ရည် အကြည်ခံကာသောက်လျှင် ရီရီဝေဝေ နေပါသည်။ များများသောက်လျှင် အရက်နည်းတူ မူးပါသည်။ ခေါင်ရည်လိုလို စိမ်ရည်လိုလိုဖြစ်ပါသည်။ သူ့တွင် အရက်ဓာတ်ပါဝင်မှူနှူန်းမှာ ၉ ရာခိုင်နှူန်းမှ ၁၃ ရာခိုင်နှူန်းလောက်အထိ အပြင်းအပျော့ ခြားနားတတ်ပါသည်။ ထိုရောအခါ ထို Cider ကို Hard Cider ဟုခေါ်ပါသည်။ အရသာမှာ ခတ်ချဉ်ချဉ်နှင့် ပန်းသီးနံ့မွှေးနေပါသည်။ ပန်းချီကျော် ဂေါ်ဂင်တို့သောက်ခဲ့သည့် အရက်ချဉ်ဆိုသည်မှာ ဒါများလားဟု တခါတခါတွေးမိပါသည်။ တချို့ကတော့ ပန်းသီးနံ့ထက် မိမိနှစ်သက်ရာ အနံ့ Flavor တခုခုထည့်၍ သောက်တတ်ကြပါသည်။ အမြည်းမလိုသော်လည်း Beef Jerky ခေါ်သည့် အမဲကျပ်တင်နှင့် လိုက်ဖက်ပါသည်။
ထို Hard Cider ကို ပေါင်းခံ Distill လျှင် အရက်ဖြစ်သွားပါသည်။ ပန်းသီးအရက်ဟုခေါ်ရမည်ထင်ပါသည်။ လူသောက်၍ရသည့် အရက်ဓာတ်ကို စနစ်တကျခွဲထုတ်လိုက်လျှင် သောက်ရန်အသင့်ဖြစ်နေမည့် သုရာဖြစ်ပါတော့သည်။ အရက်တွင်လည်း ဦးရည် အလယ်ရည် လက်ဖျားရည်များရှိပါသည်။ ပေါင်းအိုးပြွန်မှ အဦးဆုံးထွက်ကျလာသည့် ဦးရည်မှာအရက်ပါဝင်မှူနှူန်းအများဆုံးမို့ အပြင်းဆုံးဖြစ်ကြောင်း လူတိုင်းသိကြပါသည်။ ထိုအရည် ၃ မျိုးကို သမအောင်မျှကာ လူ သောက်သာအောင် စပ်ဟပ်ပြီး ဝက်သစ်ချသားစည်ကြီးများတွင် ထည့်ကာ နှပ်ရပါသည်။ ထိုစည်ကြီးများမှာ အတွင်းတွင် မီးတိုက်ထားသဖြင့် မီးကျွမ်းကာ မဲနက်နေပါသည်။ စည်သက်တမ်းရင့်လေလေ အရက်နှပ်သားကောင်းလေလေဖြစ်ပြီး အရက်နှပ်ချိန်ကြာလေလေ အရက်သား အိလေလေညက်လေလေ အဝင်ကောင်းလေလေဖြစ်ပါသည်။ ထို့ကြောင့် တံဆိပ်တခုတည်း ကုမ္ပဏီတခုတည်းက ထုတ်တာချင်းတူလျှင်တောင် အရက်သက် ဘယ်လောက်ကြာကိုကြည့်ကာ စျေးကွာသွားပါသည်။ တချို့ အရက်ချက်စက်ရုံကြီးများမှ နှစ်ချို့အရက်နှပ်စည်ကြီးများမှာ ကိုင်လို့ရွှေ့လို့ပင်မရတော့အောင် ဆွေးမြေ့နေပါသည်။ နေရာရွှေ့ရန် မ လိုက်သည်နှင့် တစစီကြေမွသွားမည့် အနေအထား ဖြစ်နေပါသည်။ သို့သော် နေရာမရွှေ့ပဲ စည်ကို စိုးစဉ်းမျှမလှုပ်စေရပဲ အရက်ထည့်နှပ်လို့တော့ရနေပါသည်။ ထိုစည်ကြီးများနှင့်နှပ်၍ ထွက်လာသည့်အရက်မှာ တန်ဘိုးအလွန်ကြီးပါသည်။ ကျနော် ကင်န်တပ်ကီပြည်နယ်ကို စတုတ္ထအကြိမ်ရောက်ချိန်က ကမ္ဘာကျော် ဘာဘွန်းဝီစကီချက်ရုံကြီးကို ၄ နာရီလောက်ကြာအောင်လျှောက်ကြည့်တော့ မြေအောက် အရက်နှပ်ခန်းကြီးများတွင် မထိမိမကိုင်မိစေရန် တင်းတင်းကျပ်ကျပ်တားမြစ်စာများကပ်ထားသော ထို စည်အိုစည်ဆွေးကြီးများကို တွေ့ရပါသည်။
ဇနီးသည်က တပတ်လျှင် ၁ဝ နာရီလောက် Hard Cider ထုတ်သည့်နေရာတွင်အလုပ်လုပ်ပါသည်။ Hard Cider လုပ်ရန် ပန်းသီးများကို အရည်ကြိတ်ရပါသည်။ ကြိတ်ရကို လုပ်ငန်းသုံးစကားတွင် ညှစ် Press ဟုသုံးပါသည်။ ထို့ကြောင့် Cider Press လုပ်သည်ကို ပန်းသီးရည်ညှစ်သည် သို့မဟုတ် ပန်းသီးနယ်သည်ဟု သုံးရမည်ဖြစ်ပါသည်။ ရှေးစာဟောင်းနှင့် ခရစ်ယာန်ကျမ်းများတွင်ပါသည့် စပျစ်နယ်သည်ဆိုသည်မှာလည်း စပျစ်သီးတွေကို အင်တုံအကြီးစားကြီးထဲထည့်ပြီး သန့်ရှင်းစင်ကြယ်အောင်ဆေးထားသည့် ခြေထောက်များနှင့် နင်းခြေခြင်းဖြစ်ပါသည်။ ထိုသို့ နယ်ပြီးသား ပန်းသီးများ သို့မဟုတ် စပျစ်သီးများကို တဆေးနှင့်ရောကာ ကဇော်ဖေါက်ပါသည်။ ပြီးနောက် ဝိုင် ဗျစ်ရည် အရက်စသည်များ ထုတ်ယူရပါသည်။
ဒီနေ့သည် တနင်္ဂနွေဖြစ်ပြီး ဖန်ဆင်းရှင်ဆိုသော God ပင်လျှင် ဘာမှမလုပ်ပဲ အနားယူသည့် The God day off ဖြစ်ပါသည်။ ကျနော့်ဇနီးမှာ ရိုမန်ကက်သလစ်ဘာသာဝင်ဖြစ်လင့်ကစား တနေ့လုပ် တနေ့စားမဟုတ်သည့်တိုင် အလုပ်တော့လုပ်ရပါသည်။ ဘာသာရေးဆရာများက တနင်္ဂနွေနေ့တွင် အလုပ်မလုပ်ရန်ပြောသည်မှာ သူတို့သည် စားရန်အလုံအလောက်ရှိနေသည့် တနေ့လုပ်တနေ့စားများ မဟုတ်သောကြောင့်ဟု ထင်ပါသည်။ ဘုရားသခင်လည်း ထို့နေ့အလုပ်မလုပ်သည်မှာ ပထမ ခြောက်ရက်လုံး ဖန်ဆင်းစရာမှန်သမျှဖန်ဆင်းပြီး ခြေကုန်လက်ပမ်းကျသွားခြင်းကြောင့် ဖြစ်မည်လား မပြောတတ်ပါ။ တချို့ကတော့ ဘုရားသခင်သည် သူဖန်ဆင်းထားသည့် ပြီးပြည့်စုံသောအရာများကိုကြည့်ကာ ပီတိအဟုန်ဖြင့်ကြည်နူးလိုသောကြောင့်ဟု ပြောပါသည်။ သူတို့ အဘယ့်ကြောင့် ထိုသို့ပြောနိုင်သည်ကို ကျနော်မသိသော်လည်း ခရစ်ယာန်ဘာသာမကိုးကွယ်သည့် နိုင်ငံများမှာပင်လျှင် တနင်္ဂနွေသည် အများပြည်သူ အားလပ်ရက်ဖြစ်နေတာတော့ သေချာပါသည်။
မျိုးမြင့်ချို
အောက်တိုဘာ ၁၃၊ ၂ဝ၁၉။

ကာချုပ်နဲ့ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်

0 comments
ကာချုပ်နဲ့ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်
(သတင်းနဲ့မှတ်ချက်)
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်အနေနဲ့ ဝိုင်အမ်ဘီအေ အသင်းကြီးက ပေးတဲ့ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်ပေးအပ်ခံရပြီး စလွယ်တော်၊ လည်ဆွဲတံဆိပ်တော်၊ ရင်ထိုးတံဆိပ်တော်နဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်တို့ကို လက်ခံရယူအပြီး အခုအခါမှာတော့ ထိုင်ရမလို ထရမလို၊ ပြုံးရမလို မဲ့ရမလို မထွေးနိုင် မအန်နိုင် အနေအထားသို့ ကျရောက်နေရပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ဒီလို ဘွဲ့တံဆိပ်ပေးတဲ့ ဗုဒ္ဒဘာသာကလျာနယုဝအသင်းချုပ် ကြီးကိုယ်တိုင်က သက်တမ်း ၁၁၃ ရှိပြီဆိုသည့်တိုင် အခုအခါမှာ ပြဿနာအရှုပ်အထွေးတွေနဲ့ ရစ်ပတ်နေဆဲ ရှုပ်ထွေးနေဆဲကာလဖြစ်တဲ့အပြင် အခု ဘွဲ့ပေးအပ်သူတွေဟာ ဒီအသင်းမှာ တာဝန်ခံမှု တာဝန်ရှိမှု မရေရာမသေချာ၊ တရားဝင်မှု မရှင်းမလင်းဖြစ်နေလို့ အဲဒီက အရှုပ်မီးက ဘွဲ့တံဆိပ်လက်ခံရယူသူ ဗိုလ်မင်းအောင်လှိုင်ကို ကူးစက်ရစ်ပတ်လာတာကြောင့် အရူးမီးဝိုင်းသလို ဖြစ်လာရလို့ပါပဲ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ပြည်တွင်းမှာ သိက္ခာကျဆင်းသထက် ကျဆင်းလာနေတဲ့အထဲ နိုင်ငံတကာက ဝိုင်းဝန်းရှုတ်ချခြင်းခံရတဲ့အပြင် အိုင်စီစီက စစ်ရာဇဝတ်သားအဖြစ် အရေးယူခြင်း ခံရမယ့် အနေအထား ကျရောက်နေတာကြောင့် ဇောက်ထိုးကျနေတဲ့ သူ့ဂုဏ်သိက္ခာနဲ့ သူ့နာမည်အဖတ်ဆယ်ရေးအတွက် ဂုဏ်သိက္ခာ မွမ်းမံမြှင့်တင်ရေး၊ နာမည်ကောင်း ရယူရေးအတွက် အခွင့်အလမ်းကောင်းတွေကို အငမ်းမရ သဲကြီးမဲကြီး ရှာဖွေကြိုးပမ်းခဲ့ပါတယ်။ ဗလီတွေကို သွားရောက် လှူဒါန်းထောက်ပံ့တဲ့နည်းနဲ့နာမည်ကောင်း ပြန်ရရေး ကြိုးပမ်းနေဆဲကာလမှာ ဝိုင်အမ်ဘီအေ အသင်းကြီးရဲ့ ဘွဲ့တံဆိပ်တော် ပေးအပ် တဲ့ကိစ္စဖြစ် လာတာပါ။
ဒီအဖွဲ့ က ဗိုလ်မင်းအောင်လှိုင်ကို ဘွဲ့တံဆိပ်ပေးအပ်ပွဲမှာ ဗိုလ်မင်းအောင်လှိုင်ကို အသားလွတ်မြှောက်ပင့်ချီးကျူးထားပုံကိုလည်း ကြည့်ကြပါ။
- အမျိုးဘာသာ သာသနာနဲ့ ပညာကို စောင့်ရှောက်ခြင်း။ (ဗိုလ်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ ဗမာပြည်တွင်း လူမျိုးရေးအမုန်းတွေ၊ ဘာသာရေးအမုန်းတွေနဲ့ မီးမွှေးပေးတာ၊ စစ်တက္ကသိုလ်ပညာရေးသာ ဦးစားပေးပြီး တပြည်လုံးပညာရေးကို ချိုးနှိမ်ထားတာတို့ကို မျက်ကွယ်ပြုထားပါတယ်။)
- နိုင်ငံတော်၏ ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခြင်း(ဗိုလ်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းနေမှုကို ကာချုပ်မူ ၆ ချက်နဲ့ ဟန့်တားပြီး ပြည်တွင်းစစ်ကို မွေးမြူထိန်းသိမ်းထားသူပါ။)
- သာသနာရေးကိစ္စများကို စွမ်းစွမ်းတမန် ဆောင်ရွက်ခြင်း(ဦးဝီရသူကို ဆည်းကပ်တာကိုပဲ သာသနာရေးမှာ စွမ်းစွမ်းတမန်ဆောင်ရွက်နေတယ်လို့ ယူဆနေတာလား မသိပါ။)
- အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားအောင် တပ်မတော်အား ခေတ်မီတပ်မတော်ဖြစ်အောင် ဆောင်ရွက်ခြင်း(ပြည်တွင်းစစ် အဆင့်မြှင့် တိုးချဲ့ ဖို့ အတွက် ဘတ်ဂျက်တိုး သုံး ပြီး တပ်မတော်ကို တည်ဆောက်ထားတယ်ဆိုမှ အမှန်နဲ့ နီးစပ်ပါလိမ့်မယ်။)
- - ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်း(စစ်ဖြစ်နေတဲ့ ရခိုင်မှာ အရှေ့မြောက်မှာ ဒီစစ်တပ်က လူအမြောက်အမြား သေကြေဒဏ်ရာရ အနာတရဖြစ်အောင် ညှဉ်းပန်းနှိပ်စက်နေတာတွေ၊ နေ့စဉ်နဲ့အမျှ အရပ်သားတွေ သေကြေနေရတာကို ပြောင်းပြန်ပြောနေသလား မသိပါ။)
- ဘာသာလူမျိုးမခွဲခြားဘဲ လူသားချင်းစာနာသော ခေါင်းဆောင်ကောင်း စိတ်ဓာတ်ရှိခြင်း( ရခိုင်မှာ မင်းအောင်လှိုင်စစ်တပ်က တခြားဘာသာဝင်တွေအပေါ်လူမျိုးတုန်းအောင် ကျူးလွန်မှုနဲ့ သတ်ဖြတ်မှုကြောင့် ဗိုလ်မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုနဲ့အရေးယူဖို့ ပြင်နေတယ်ဆိုတာ ဒီအဖွဲ့သစ်က လုံးဝ မကြားသိတာလား၊ သိလျက်နဲ့ လျစ်လျူရှုပြီး ဗိုလ်မင်းအောင်လှိုင်ကို အချက်အလက်မဲ့ မြှောက်ပင့်နေတာလားဆိုတာ သူတို့မှ သိပါလိမ့်မယ်။)
ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းထဲမှာ ဒီလို အရှုပ်အထွေးတွေ ရှိကြောင်း ဗိုလ်မင်းအောင်လှိုင် လုံးဝမသိတာတော့ မဟုတ်ပါ။ ဒီအသင်းကြီးရဲ့ ယခင် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က (၂၀၀၉ အောက်တိုဘာ ၄) က ဗိုလ်မင်းအောင်လှိုင်ထံ စာတစောင်ပေးပို့ပြီး အခု ဘွဲ့တံဆိပ်ပေးအပ်တဲ့ ဒီအသင်းရဲ့ အမှုဆောင်သစ်ဆိုတာ တရားမဝင်တဲ့အဖွဲ့သာ ဖြစ်လို့ သူတို့ပေးအပ်တဲ့ ဘွဲ့တံဆိပ်ကို လက်ခံဖို့ မသင့်ကြောင်း စာတစောင် ပေးပို့ခဲ့ပါတယ်။ ဒီစာကို ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်အရာရှိတဦးကိုယ်တိုင် လက်ခံရယူသွားခဲ့ပါတယ်။
- ဗိုလ်မင်းအောင်လှိုင်ဟာ သိသိကြီးနဲ့ သူ့အတွက် သူ့ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်မယ်လို့ သူထင်နေတဲ့အခွင့်ကောင်းကို လက်လွတ်မခံနိုင်ဘူး ထင်ပါတယ်။ ဒါပေမဲ့ ဒီ- ဂုဏ်ထူးဆောင်ဆုကြီးက ဗိုလ်မင်းအောင်လှိုင်အဖို့ ( ၂၀၂၀ လွန် ပုဂ္ဂိုလ်ရေး မျှော်မှန်းချက် ဖြစ်တဲ့) တက်လမ်းနဲ့တက်ကျမ်း ဖြစ်မလာပဲ - အရှုတ်ထုပ် ခေါင်းပေါ်ရွက်မိလျက်သား ဖြစ်နေပါတယ်၊
ကာချုပ်နဲ့ (မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်) အရှုပ်တော်ပုံ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ
(အရေးတော်ပုံဂျာနယ်မှ ကူးယူဖော်ပြပါသည်)

Saturday, October 12, 2019

(လူတွေ ထု ဖြစ်မှာ စိုးကြတာ)

0 comments
(လူတွေ ထု ဖြစ်မှာ စိုးကြတာ)
ကျနော်တို့ဆီမှာ အောက်လွှတ်တော် House of Representatives နဲ့ သမတ ဘတပြန်ကျားတပြန်ချနေကြတာပါ။ ကိစ္စကလူတိုင်းသိပြီးသားမို့ ဝိတ္တာရချဲ့စရာမလိုတော့ပါ။ လစ်ဘရယ်လ်ဒီမိုကရေစီနိုင်ငံမို့ လူထုပါလာမှာကို ၂ ဘက်လုံးက လန့်နေပါတယ်။ ထရမ့်လည်း လူထုစည်းဝေးပွဲတွေ တင်းကြမ်းလုပ်ပြီး လူတွေ လမ်းပေါ်ထွက်မလာအောင် လိုက်လှည့်ဖျားနေရတာပါ။ အောက်လွှတ်တော်က နန်စီတို့လည်း လူတွေလမ်းပေါ်ထွက်မလာအောင် မီဒီယာတွေနဲ့ပင်းပြီးတော့ရော သူတို့နဲ့မကင်းရာမကင်းကြောင်းအဖွဲ့အစည်းတွေကို သုံးပြီးတော့ရော Poll လူထုသဘောထားကောက်ယူမှူတွေ တွင်တွင်လုပ်နေရတာပါ။ လွှတ်တော်အမတ်တွေကိုလည်း မိမိတို့မဲဆန္ဒနယ်မြေတွေက ဒေသနေ ကိုယ်စားလှယ်ရဲ့ကိုယ်စားလှယ်တွေကနေတဆင့် လွှတ်တော်တွင်းနည်းနဲ့ သမတကို ဖြုတ်ချဖယ်ရှားနိုင်တဲ့အလားအလာရှိကြောင်း နားချခိုင်းနေတာပါ။
၂ ဘက်စလုံးက လူထုပါလာမှာကို သေမလောက်ကြာက်နေစိုးရိမ်နေတာပါ။ စကားလေးတခွန်းမှားပြီး ပြောမိလိုက်လို့၊ လူတွေကိုစည်းရုံးလိုက်သလိုဖြစ်သွားလို့ လူတွေလမ်းပေါ်ထွက်လာမှာကို အတော့်ကိုလန့်နေကြတာပါ။ သူတို့ချင်းချတဲ့ပွဲအဖြစ်ပဲ လူထုကိုမြင်စေချင်တာပါ။ အဲ့လိုမြင်အောင်လည်း ပုံဖော်ထားတာပါ။ သူတို့ချင်းချတဲ့ပွဲထဲ မတော်တဆလူထုကို ဆွဲမသွင်းမိအောင် ၂ ဘက်လုံးသတိကြီးကြီးထား ပြောဆိုလုပ်ကိုင်နေတာပါ။ သဘောကတော့ လွှတ်တော်နဲ့ သမတ တိုက်ပွဲထဲ လူထုကိုဆွဲမသွင်းမိအောင် တနည်းပြောရရင် လွှတ်တော်ပြင်ပနိုင်ငံရေးဖြစ်မလာအောင် မနည်းထိန်းနေရတာပါ။ လူထုနည်းနဲ့ တိုက်ပွဲဖော်ဖို့ကို ၂ ဘက်လုံးက အသည်းအသန်ရှောင်နေကြတာပါ။
သူတို့လိုချင်တဲ့လူထုဟာ အချိန်တန်ရင်မဲလာပေးဖို့၊ သူတို့လုပ်တဲ့လူထုအစည်းအဝေးတွေလာတက်ဖို့၊ မကျေနပ်တာရှိရင် လွတ်လွတ်လပ်လပ်ပြောဖို့ဆိုဖို့၊ ဒီ့ထက်မကျေနပ်ရင် ဆဲဖို့အထိပါပေးထားတဲ့လူထုမျိုးပါ။ နိုင်ငံရေးအသိ နိုင်ငံရေးရေချိန်ရှိတဲ့ အခြေခံလူတန်းစားတွေ အလုပ်သမားလူတန်းစားတွေရဲ့ စုဖွဲ့မှူမျိုး စုစည်းညီညွတ်မှူမျိုးလုပ်တဲ့လူထုမျိုးသူတို့မလိုချင်ပါ။ အဲ့ သလို လူတွေ စုပြီး ထု ဖြစ်သွားမှာ သူတို့မလိုလားပါ။ မကြခင်ကဖြစ်ခဲ့တဲ့ Occupy Wall street ဝေါစထရိကိုသိမ်းကြလှူပ်ရှားမှူတုန်းက ၂ ပါတီလုံးရဲ့ရပ်တည်ချက်ကိုကြည့်ရင် မြင်သာပါတယ်။ ဒါတောင် ဒီလှူပ်ရှားမှူဟာ Mass Movement လို့ပြောရလောက်တဲ့အထိ ကြီးကျယ်မသွားခဲ့ပါ။ ဒါနဲ့တောင် ဒီလှူပ်ရှားမှူကို ပြတ်ပြတ်သားသားကိုင်တွယ်ဖို့ ၂ ပါတီလုံးမှာ သဘောထားတူပါတယ်။ အလားတူပဲ ဥရောပမှာဖြစ်နေတဲ့ Yellow Vest လှူပ်ရှားမှူ ဒီကိုကူးစက်လာမှာလည်း ၂ ပါတီလုံးက မလိုလားပါ။
အဲ့သလိုအခြေအနေတွေ အာဘော်တွေကို ကမ္ဘာချီတဲ့မီဒီယာကြီးတွေ၊ နိုင်ငံနဲ့အမျှအပြန့်ကျယ်တဲ့ မီဒီတွေအပြင် ဒေသဆိုင်ရာမီဒီယာတွေမှာပါ ထင်ဟပ်နေတာ ဖတ်တာ ကြည့်တာ နားထောင်တာနဲ့တင် သိသာပါတယ်။ နန်စီနဲ့ ချာပ်ခ်ရှူးမားဟာ တဘက်ကနေလည်း လူသစ်တန်းလွှတ်တော်အမတ်တွေကို ထိန်းရပါသေးတယ်။ အဲ့ဒီအထဲမှာ ထိပ်ဆုံးကပြေးနေတာက အလက်ဇန်ဒရီယာ အော့တက်စီယို ကောတက်ဇ် ဖြစ်ပါတယ်။ သူက သမတကို အယုံအကြည်မရှိအဆိုတင်ဖို့ စောကြီးကတည်းက ပြောနေသူဖြစ်တဲ့အပြင် သူ့မဲဆန္ဒနယ်ကလူထုနဲ့ရော မီဒီယာတွေနဲ့ပါ မပြတ်ထိတွေ့နေသူပါ။ သူတင်ထားတဲ့ ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းရေးဦးစားပေးစွမ်းအင်ထုတ်လုပ်ရေး ဥပဒေကြမ်းကလည်း လူထုသဘောတွေ့နေတာပါ။
သဘောက သူဟာ လူငယ်ဖြစ်တယ်။ လူကြိုက်များတယ်။ တက်ကြွဖျတ်လတ်တယ်။ ပါတီတွင်းပြုပြင်ပြောင်းလဲမှူ လိုလားတယ်။ ရီပတ်ဘလီကင်န်တွေရဲ့ မလညရှူပ်ဇာတ်လမ်းတွေ ကလိန်စေ့ငြမ်းစင်တွေကို ပြတ်ပြတ်သားသားဆန့်ကျင်တယ်။ သူလုပ်တဲ့အလုပ် သူသွားချင်တဲ့လမ်းကို လွှတ်တော်ပြင်ပက လူထုအားကိုယူပြီး လုပ်ချင်သွားချင်သူဖြစ်နေတယ်။ သူ့လို အမတ်တွေလည်းရှိတာမို့ နန်စီတို့မနည်းထိန်းနေကြရတာပါ။
ချုပ်ရရင် လွှတ်တော်နဲ့ သမတ ချနေကြတယ်။ လူထုနဲ့မဆိုင်ဘူး သူတို့ချင်းရှင်းတဲ့ပွဲဖြစ်အောင် နှစ်ဘက်လုံးက ပုံဖော်ထားတယ်။ လူထုကို လက်ခုပ်တီးပေးမယ့်ပရိသတ်သဘောထက် တက်မလာစေချင်ဘူး။ စကားမှားပြီး လူထုကို တိုက်တိုပွဲထဲမခေါ်မိအောင် တိုက်ပွဲထဲ ဆွဲမသွင်းမိအောင် သတိထားနေကြတယ်။ လူတွေ လမ်းပေါ်ထွက်လာမှာ လန့်နေကြတယ်။ လမ်းပေါ်ထွက်လာမယ့်လူတွေဟာ အရင်းရှင်လစ်ဘရယ်လ်ဒီမိုကရေစီစနစ်ကိုပါ ထိပါးလာမှာ သူတို့သိပါတယ်။ တဘက်မှာ ပါတီတွင်းမှာလည်း ဇက်သတ်ရတာ ပါးချပ်တပ်ရတာတွေလုပ်ရပါတယ်။ ဒါက လက်ရှိ အောက်လွှတ်တော်နဲ့ သမတကြားကဖြစ်နေတာအပေါ် ကျနော့်အတွေးအမြင်ကို ပြောပြတာပါ။
ရွှေပြည်ကြီးမှာလည်း လူတွေ လမ်းပေါ်ထွက်လာမှာ စစ်အုပ်စုရော အင်န်အယ်လ်ဒီပါလန့်နေကြတာပါ။ ဖွဲ့စည်းပုံကို လွှတ်တော်ပြင်ပနည်းနဲ့ပြင်မှာကို ၂ ဘက်လုံးက သေမလောက်ကြောက်နေတာပါ။ ၂ဝ၂ဝ မှာ လူတွေကို မဲရုံလာ မဲပေးဖို့လောက်ပဲ လိုချင်တာပါ။ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ထဲ လူထုပါလာမှာခွင့်မပြုနိုင်ပါ။ ပါတာနဲ့ ဖမ်းပါတယ်။ အင်န်အယ်လ်ဒီပါတီတွင်းက လူထုနဲ့နီးတဲ့ လူထုဘက်တော်သား အစိတ်အပိုင်းတွေကို ဘယ် လူထုလှူပ်ရှားမှူ ဘယ်လူထုတိုက်ပွဲ ဘယ်လမ်းမပေါ်က လူထုစုဖွဲ့မှူတွေမှမပါအောင် ပါတီစည်းကမ်းပြပြီး ချော့လိုက်ခြောက်လိုက် ထုတ်ပယ်လိုက် အရေးယူလိုက်လုပ်နေရတာပါ။ ပါတီနဲ့ လူထုလှုပ်ရှားမှုနဲ့ တထပ်တည်းကျမသွားအောင် အပ်စပ်မသွားအောင် အသေအလဲထိန်းနေရတာပါ။
ကျနော်တို့လိုချင်တဲ့ လစ်ဘရယ်လ်ဒီမိုကရေစီဟာ ဒါဆိုရင်တော့ ကျနော်တို့ ဒီမိုကရေစီရနေပြီလို့ လက်မထောင်လို့ရနေပါပြီ။ စစ်အုပ်စု ခြယ်လှယ်လွှမ်းမိုးနေသေးလို့သာ မကောင်းတတ်လို့ ဒီမိုကရေစီအပင်ပေါက်လေးတို့ အသီးကင်းလေးတို့ ပြောနေရပုံပေါ်ပါတယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၁၂၊ ၂ဝ၁၉