Wednesday, June 29, 2011

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၁၇)

0 comments
စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၁၇) ၆ လပိုင်း ၂၉ ရက် ၂ဝ၁၁ နေ့ အာရ်အက်ဖ်အေ အပတ်စဉ်အသံလွှင့်အစီအစဉ်မှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
ကျနော်တပ်ကထွက် အိမ်ပြန်ရောက်ပြီး စစ်မှုထမ်းဟောင်းနဲ့မြို့နယ်ပါတီယူနစ် ကို သတင်းသွားပို့တော့ တပ်ထွက်လက်မှတ်ကမွေးနေ့နဲ့ မှတ်ပုံတင်ကမွေးနေ့မတူ တဲ့ပြဿနာလေးတခုဖြစ်ပါတယ်။ နောက်ဆုံးတော့ တပ်ထွက်လက်မှတ်ကမွေးနေ့ကိုပဲ အတည်ပြုလိုက်ကြပါတယ်။ ဟုတ်ပါတယ်။ အဲဒီ ၂ ခုက တကယ့်ကို မတူတာပါ။ ကျနော့်ကိုမွေးတာက ၁၉၆၃ ခုနှစ်ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့ပါ။ တပ်ထွက်လက်မှတ်မှာ က ၁၉၆၂ ခုနှစ် ဧပြီလ ၃ ရက် ဖြစ်ပါတယ်။ ဆိုတော့ အသက်က ၁ဝ လနဲ့ ၇ ရက်ကွာနေတာပေါ့။ ဖြစ်ပုံက ဒီလိုပါ။

            ကျနော် စုဆောင်းရေးသွားပြီးစာချုပ်ချုပ်တော့ တပ်ကြပ်ကြီးတယောက်က ကျနော့်မှတ်ပုံတင်ကိုကြည့်ပြီး “မင်းအသက်က နည်းနည်းလိုသေးတာပဲ။ ဒါပေမယ့်..ရပါတယ်ကွာ..ကိစ္စမရှိဘူး။ မင်းက အကောင်ထွားတာပဲ” ဆိုပြီး စာချုပ်ပေါ်မှာ တခုခုရေးလိုက် ပါတယ်။ ကျနော်လည်း မေးမနေတော့ပါဘူး။ ပျော်တောင်ပျော်သွားတယ်။ စိတ်ထဲမှာ အသက်မပြည့်လို့ဆိုပြီး ပြန်လွှတ်လိုက်ရင် ဒုက္ခပဲလို့တွေးနေတာကိုး။ ကျနော့်တပ်ဝင်ရက်စွဲက ၁၉၈ဝ ခုနှစ် ဇွန်လ ၃ ရက်ဖြစ်ပါတယ်။ သူပြင်ပေးလိုက်တဲ့ အသက်နဲ့ဆိုရင်တော့ ၁၈ နှစ်နဲ့ ၂ လသားပေါ့ လေ။ တကယ်က ၁၇ နှစ် ၃ လနဲ့ ၂၇ ရက်သား ဖြစ်ပါတယ်။

            ဒီ့နောက်တော့ လက်မှတ်တွေထိုးရပါတယ်။ နောက်တော့ လူသစ်တွေထဲကနေ ကျနော်အပါအဝင် လူ၂ဝ လောက်ကို မေမြို့ ဗဟို အင်္ဂျင်နီယာတပ်မှာ သင်တန်းတက်ဖို့ဆိုပြီး ပို့လိုက်ပါတယ်။ ဟိုရောက်တော့ ကိုယ့်ရှေ့ကရောက်နှင့်သူတွေနဲ့အတူ သင်တန်း သားအဆောင်တွေမှာနေရင်း နောက်ရောက်လာမယ့်သူတွေကို စောင့်ရပါတယ်။ စောင့်နေရင်း တယောက်ကိုတယောက် မိတ်ဖွဲ့ ကြရတာပေါ့။ ဒီတော့မှ ကျနော်တို့အသုတ် လူ ၁ဝဝ မှာ အသက် ၁၈ နှစ်အောက်လူသစ်က ကျနော်အပါအဝင် ၃၈ ယောက်ဖြစ်နေ တာ သတိထားမိတာပါ။ ၃ ပတ်လောက်ရှိတော့ လူစုံပြီဆိုတဲ့အတွက် စစ်ဝတ်စုံတွေထုတ်ကြ၊ တပ်စု၊ တပ်စိတ်တွေခွဲကြ၊ အချင်း ချင်းထဲက နည်းနည်းလူရည်လည်သူတွေကို စုမှူး၊ စိတ်မှူးတွေရွေးကြ၊ အလှည့်ကျအဖွဲ့ခေါင်းဆောင်တွေ ရွေးကြနဲ့ပေါ့။ အဲဒါတွေ ပြီးတာနဲ့ သတိ၊ သက်သာ၊ အေးစေကနေစလို့ အခြေခံစစ် ပညာသင်ရပါတယ်။ ကျနော်တို့တက်ရတဲ့ အခြေခံစစ်ပညာဆိုတာ ခြေ လျင်ကရဲဘော်တွေနဲ့စာရင် ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့  မအေ၊ နှမ မိုး မွှန်တာ၊ ပါးရိုက်နားရိုက်၊ ထိုးကြိတ်ကန်ကျောက်လုပ်တာနဲ့ အပြစ်ပေးနည်းတွေမှာတော့ အတူတူပါပဲ။

            အခြေခံစစ်ပညာ ၂ လခွဲသင်ပြီးတဲ့နောက် စစ်အင်္ဂျင်နီယာဘာသာရပ်တွေ စသင်ရပါတယ်။ ကျနော်က လမ်း၊ တံတား၊ လေ ယဉ်ကွင်း စတဲ့ဘာသာရပ်တွေကို စိတ်ဝင်စားပေမယ့် သင်တန်းသားတိုင်းအတွက် မိုင်းနဲ့ထောင်ချောက်ဆိုတဲ့ ဘာသာရပ်ကိုသာ အဓိကထားပြီးဖိဖိစီးစီး သင်ပေးတာပါ။ မိမိရော ရန်သူ့ဘက်ကပါသုံးတဲ့ လူသတ်မိုင်းတွေ၊ ယဉ်ဖျက်မိုင်းတွေ၊  ရေမြှုတ် မိုင်းတွေ၊ထောင်ချောက်ဆင်နည်းတွေ၊ စက်ခလုပ်ပိုင်းတွေ၊ ယမ်းအမျိုးအစားတွေ၊ ဖေါက်ခွဲစက်တွေ၊ မိုင်းရှာစက်တွေ စတာတွေနဲ့ ပတ်သက်လို့ တော်တော်လေးကို အသေးစိတ်သင်ပေးပါတယ်။ မိုင်းကွင်းတွေခင်းတာ၊ ရှင်းလင်းတာ၊ မြေပုံမှတ်တမ်းတင်တာတွေကို စာတွေ့ရောလက်တွေ့ပါလုပ်ရပါတယ်။ တခါတခါ ပင်ပန်းလို့၊ အစားအသောက်မကောင်းလို့၊ ဆရာတွေညစ်လို့၊ အချင်းချင်းပြဿ နာဖြစ်လို့ စိတ်ညစ်ရတာကလွဲရင် ပျော်စရာမကောင်းပေမယ့် စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတလည်းရပါတယ်။

            မိုင်းတလုံးတည်းဖြစ်ဖြစ် မိုင်းအလုံးရေသိန်းချီထောင်တာကိုပဲဖြစ်ဖြစ် မိုင်းကွင်းတခုခင်းတယ်လို့ သတ်မှတ်ပါတယ်။ မိုင်း ကွင်းတခုမခင်းခင်မှာ အရင်ဆုံးသိထားရမှာက (တစ်) မိုင်းတပ်သားဖြစ်တဲ့ မိမိအန္တရယ်မဖြစ်ရေး။ (နှစ်) မိမိလူတွေ အန္တရာယ် မဖြစ်ရေး။ (သုံး) ရန်သူထိရေး ဖြစ်ပါတယ်။ မိုင်းကွင်းမခင်းခင်မှာ ရန်သူ့အခြေအနေ၊ မိုင်းနဲ့မိုင်းရဲ့စက်ခလုပ်ပိုင်းတွေစိတ်ချရမှု၊ ရာသီဥတုနဲ့ မြေပြင်အနေအထား စတာတွေအားလုံးကိုတွက်ချက်ပြီး ကိုယ့်အတွက်စိတ်ချရတယ်ဆိုမှ ထောင်ရမှာပါ။ အဲသလို မဟုတ်ရင် ငြင်းခွင့်ရှိပါတယ်။  မိုင်းထောင်ပြီးတဲ့နောက် ကိုယ့်လူတွေ မတော်တဆထိခိုက်တာမဖြစ်ရအောင် မြင်သာထင်သာမယ့် အမှတ်အသား၊ သင်္ကေတနဲ့အတားအဆီးတွေ လုပ်ပေးရပါတယ်။ နောက်ပိုင်း မိုင်းပြန်ဖေါ်မယ့်သူတွေ၊ မိုင်းကွင်းကြံ့ခိုင်ရေး လုပ်မယ့်သူတွေ အန္တရာယ်မဖြစ်အောင် မိုင်းကွင်းမြေပုံတွေကို တိတိကျကျနဲ့ စနစ်တကျရေးဆွဲမှတ်တမ်းတင် သိမ်းဆည်းရပါတယ်။ ရန်သူထိရေးက နောက်ဆုံးမှဖြစ်ပါတယ်။

အဲဒီ သင်ခန်းစာမှာ မိုင်းသုံးစွဲမှုနဲ့ပတ်သက်တဲ့ နိုင်ငံတကာသဘောတူညီချက်ဆိုတာကို နည်းနည်းလောက်သင်ရပါရဲ့။ အတိုချုပ် ပြောရရင်တော့။ မိုင်းခင်းပြီဆိုတာနဲ့ မိုင်းအန္တရာယ်သတိပေး နိုင်ငံတကာသင်္ကေတနဲ့အတူ မိုင်းအမျိုးအစားကိုဖေါ်ပြ ထားတဲ့ဆိုင်းဘုတ်ကို ထင်းနေတဲ့အရောင်နဲ့ရေးပြီး မြင်သာလောက်မယ့်မယ့်နေရာမှာ စိုက်ထားထောင်ထားရပါတယ်။ ဆိုင်းဘုတ်က ကိုယ့်ဘက်ရော ရန်သူ့ဘက်ကပါ မြင်သာထင်သာရှိရပါ့မယ်။ မိုင်းရှိမှန်းသိသိနဲ့ တက်လာတိုက်လာလို့ ထိတာကတော့ စစ်ဆိုတဲ့ သဘောနဲ့ပဲဆိုင်ပါတယ်။  ဒီလိုလုပ်ရတာရဲ့ အဓိကကျတဲ့ရည်ရွယ်ချက်တခုကတော့ အရပ်သားတွေကို မိုင်းအန္တရာယ်ကနေ အကာ အကွယ်ပေးရေးအတွက် ဖြစ်ပါတယ်။
သင်ခန်းစာအဆုံးမှာ ဆရာက “ဘာမရှင်းတာရှိလဲ” လို့မေးတော့ ရဲဘော်တယောက်ကထပြီး “ဆရာ နိုင်ငံတကာနဲ့ ကျနော် တို့ဆီမှာ ရော အဲဒီအတိုင်းပဲလား” လို့မေးပါတယ်။ ဆရာက လက်ထဲကစာအုပ်ကို ဘုန်းကနဲပစ်ချလိုက်ပြီး “အလကားလျှောက် ပြောနေတာတွေပါကွာ။ စာအုပ်ထဲသာရေးထားတာပါ။ ဘယ်သူမှလည်း လိုက်လုပ်မယ်မထင်ပါဘူး။ မင်းပဲ စဉ်းစားကြည့်လေကွာ ဒီထဲကအတိုင်းသာ လိုက်လုပ်နေလို့ကတော့ လူမပြောနဲ့ဟေ့ကောင်၊ မျောက်တောင်မထိဘူး။ မင်းတို့ ရှေ့တန်းရောက်တဲ့အခါ တွေ့ပါလိမ့်မယ်”လို့ပြောပြီး တန်းဖြုတ်လိုက်ပါတယ်။

ကျနော်လည်း ခေါင်းနည်းနည်းတော့ခြောက်သွားပါတယ်။ လိုက်နာဆောင်ရွက်သင့်တာမှန်ပေမယ့် ဘယ်သူမှလည်း မလိုက်နာ၊ လိုက်လည်းမလုပ်တဲ့ကိစ္စတခုကို ဘာလို့များဥပဒေတွေလုပ်၊ အချိန်တွေအကုန်ခံပြီး သင်ပေးနေရသလဲပေါ့။ ကျနော် မိုင်းတပ်သားအဖြစ်နဲ့ ရှေ့တန်းရောက်တော့မှ အဲဒီနေ့က သင်တန်းဆရာပြောလိုက်တဲ့စကားတွေဟာ တကယ့်လက်တွေ့ မှာ သွေးထွက်အောင်မှန်တာပါလားလို့ သိလိုက်ရပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား

Tuesday, June 28, 2011

ပြည်တွင်းစစ်သံသရာ (ရဲဘော်ဖိုးသံချောင်း)

0 comments
ပြည်တွင်းစစ် သံသရာ
ရဲဘော်ဖိုးသံချောင်း | အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၀၇ မိနစ်
ဗမာနိုင်ငံ နေရာအနှံ့အပြားမှာ စစ်ရိပ်စစ်ငွေ့တွေကို စိတ်မချမ်းမြေ့ဖွယ် ရာတွေ့နေရပြန်ပါပြီ။ ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်ဒဏ်ကို အရှည်ကြာ ဆုံးခံရဖူးတဲ့ နိုင်ငံတခုနဲ့ပြည်သူတရပ်အဖို့ ဒီအခြေအနေထက်ဆိုးတာ မရှိတော့ဘူးလို့တောင်ဆိုနိုင်ပါတယ်။ ဒီအခါမှာ ဘာကြောင့် သေနတ်သံတွေ ပြန်ကြားရတာလဲလို့ မေး သံတွေ ကိုပြည်တွင်းပြည်ပ နေရာတကာကကြားလာနေရပါတယ်။ အားလုံးက စိတ်မကောင်း စွာ၊ စိုးရိမ်ပူပန် ကြီးစွာနဲ့မေးကြတာပါ။

တကယ်ကပြည်တွင်းစစ်ဟာ ဘယ်တုန်းကပြီးဆုံးသွားလို့လဲလို့မေးစရာ ရှိနေပါတယ်။ အပစ်အခတ်ရပ်စဲကြောင်း၊ ထာဝရ ရပ်စဲကြောင်းရေးထားတာ၊ လက်မှတ်ရေးထိုးထားတာ ဘယ်မှာများရှိလို့လဲ။ တိုင်းပြည်တပြည်ထဲမှာ ဘာသဘောတူညီချက်မှ တိတိကျကျ၊ ရေရေရာရာမရှိပဲ လက်နက်ကြီးငယ်ကိုင်ထားတဲ့ အုပ်စုတွေအများကြီးတည်ရှိနေတာဟာ ငြိမ်းချမ်းရေးလား။

ဗမာပြည်လို ဆယ်စုနှစ်ပေါင်းတိုက်လာကြတာမပြောနဲ့ သာမန်ရန်ပွဲလေးတခုတောင်မှသွေးထွက်ဖူးတယ်၊ အသက်ထွက်ဖူးတယ် ဆိုရင် ရန်စ က ပြေခဲလှပါတယ်။ အာဖရိကနိုင်ငံတွေက ပြည်တွင်းစစ်တွေ၊ ပါလက်စတိုင်းနဲ့အစ္စရေးတို့ရဲ့စစ်ပွဲ၊ ကျေအေးကြောင်း အကြိမ်ကြိမ်ပြောခဲ့ကြပေမယ့် ပြန်တိုက်နေကြတာပဲ မဟုတ်လား။

စစ်ပွဲတရပ်ကိုဖြေရှင်းမယ်ဆိုရင် စစ်ဖြစ်တဲ့အကြောင်းရင်းကိုဖြေရှင်းမှ တကယ်တမ်းပြေလည်ပါတယ်။ တခါတလေ တဘက်က အပြတ်နိုင်၊ တဘက်ကအပြတ်ရှုံးသွားရင်လည်းပြတ်တတ်ပါတယ်။ ဗမာပြည်ပြည်တွင်းစစ်က အဲဒီအခြေအနေ မဟုတ်ပါ ဘူး။ နိုင်ငံရေးပြဿနာကို မဖြေရှင်းပဲ ငြိမ်းချမ်းရေးမရနိုင်ပါဘူး။ စစ်အစိုးရအဆက်ဆက် သမိုင်းအတွင်းမှာ သူတို့နဲ့ပြေလည်သွားတဲ့ လက်နက်ကိုင်အင်အားစုတွေ ရှိဖူးပါတယ်။ ဥပမာ မူဆိုးကော့ကဆာဟံတာသာမွှေး တို့တတွေ။ ဒါပေမဲ့ အဲဒါတွေက နိုင်ငံရေး အရ   ဖြေရှင်းခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့် အဲဒီ အင်အားစုတွေ လှုပ်ရှားခဲ့တဲ့နေရာတွေမှာ အဲဒီလူတွေမရှိတော့ပေမယ့် လက်နက် ကိုင်တိုက်ပွဲတွေ ဆက်ရှိနေတာဖြစ်ပါတယ်။

ဒီနေ့ ဗမာပြည်မှာတွေ့မြင်နေရတဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့ စစ်အစိုးရအကြားက “အပစ်အခတ်ရပ်စဲရေး” ဆိုတာ ကိုပြန်စဉ်းစားကြည့်ပါ။ စပေါ်လာကတည်းက နိုင်ငံရေးပြဿနာဖြေရှင်းပြီးပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ပထမဆုံးပေါ်လာတဲ့ “အပစ်အခတ်ရပ်စဲရေး” ဆိုတာတွေဟာ ဗကပကိုချေမှုန်းဖို့အတွက် ဗိုလ်ချုပ်အောင်ကြီး၊လော်စစ်ဟန်တို့အကူအညီနဲ့ဖော်ထုတ် ခဲ့တာပါ။ ဘာစာချုပ်စာတန်း၊ ဘာတရားဝင်ရေးသားချက်မှမရှိပါဘူး။ အကုန်နှုတ်နဲ့ပါ။နောက်ပီး “နိုင်ငံရေးကိစ္စကို နောက်တက်လာ တဲ့ နိုင်ငံရေးအစိုးရနဲ့မှဆွေးနွေးကြပါ” ဆိုတဲ့ နှစ်သိမ့်စကားလည်း ပါဝင်ပါတယ်။ အဲဒီနောက်ပေါ်လာတဲ့ “အပစ်အခတ်ရပ်စဲရေး” ဆို တာတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးတည်တိုက်နိုင်ရေးအတွက် ယာယီဖြေရှင်းခဲ့တာတွေဖြစ်ပါတယ်။ အထက်တုန်း ကဟာလိုပဲ ဘာတရားဝင်ရေးသားချက်မှ မရှိပါဘူး။
တကယ်ကျတော့ နအဖစစ်အစိုးရရဲ့ နိုင်ငံရေးအမွေကိုဆက်ခံထားတဲ့ ကြံ့ဖွတ်အစိုးရဟာ နအဖရဲ့အဓိက ဦးတည်ချက်ရန်သူ သတ် မှတ်ချက်ကိုလည်း ဆက်ခံထားပါတယ်။ ဒါကြောင့် သူတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချေမှုန်းရေးဦးတည်ချက်ကိုလည်း ကိုင် စွဲမြဲကိုင်စွဲထားပါတယ်။ ဒီတော့ နဝတ-နအဖ ဖန်တီးခဲ့တဲ့ “အပစ်အခတ်ရပ်စဲရေး” စကားကိုလည်း အခုအထိတော့ ဆက်ပြောနေ ရဆဲ ဖြစ်နေပါတယ်။ လောလောဆယ်ဆယ်တော့ ပိုနေမြဲကျားနေမြဲနဲ့ ထိန်းထားဖို့ ကြိုးစားနေပါတယ်။

ဒီနေရာမှာဖြတ်ပြောဖို့လိုတာတခုက စစ်အစိုးရတွေလုပ်ခဲ့တဲ့ ဒီ “အပစ်အခတ်ရပ်စဲရေး”တိုင်း၊ “ငြိမ်းချမ်းရေး”တိုင်းမှာ ရုပ်ဝတ္ထု အခွင့် အရေးတွေနဲ့ ချွေးသိပ်တာဖြစ်ပါတယ်။ စောဟံတာသာမွှေးကို သံအမတ်ရာထူးပေးခဲ့သလိုလော်စစ်ဟန်ကိုငွေစက္ကူတွေ တရားဝင် ခဝါချခွင့်၊ မြို့တက်သူဌေးလုပ်ခွင့်တွေပေးခဲ့ပါတယ်။ အလားတူပဲ လက်ရှိ “အပစ်ရပ်”အဖွဲ့တွေကိုလည်း စီးပွားရေး လုပ်ကိုင် ခွင့်ပေါင်းများစွာနဲ့ အာစေးထည့်ခဲ့ပါတယ်။ ဆိုလိုတာ စစ်အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ “အပစ်အခတ်ရပ်စဲရေး”တို့၊ “ငြိမ်းချမ်းရေး”တို့ ဆိုတာတွေဟာ `ရိုးသားမှု လုံးဝမရှိဘူးဆိုတာဖြစ်ပါတယ်။

နောက်ပြောသင့်တဲ့အချက်တခုက နဝတ၊ နအဖ၊ ကြံ့ဖွတ်စတဲ့ စစ်အစိုးရတွေအနေနဲ့ အဲဒီ “အပစ်အခတ်ရပ်စဲမှု”တွေကနေ ပိုမိုပြည့်ဝတဲ့၊ ပီပြင်တဲ့ အပစ်အခတ်ရပ်စဲမှု၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးကို တည်ဆောက်မယ်၊ တက်လှမ်းမယ် စသဖြင့်စကားမျိုးကို သူတို့ပါးစပ်က မကြားရတော့တာပါ။ နိုင်ငံရေးစကားပြောရေးဆိုတာမျိုးကတော့ ပိုလို့တောင်ဝေလာဝေးဖြစ်ပါတယ်။ ဗိုလ်ခင် ညွန့် ပြောခဲ့တဲ့ နောက်တက်လာတဲ့အစိုးရနဲ့ကျမှဆွေးနွေးကြပါဆိုတဲ့ စကားဟာလေထဲမှာပဲပျောက်ကွယ်သွားပြီလို ဆိုရတော့ မလို ဖြစ်ပါတယ်။
စစ်အစိုးရတွေဘက်က တဆင့်တက်လှမ်းလာတာက နယ်ခြားစောင့်တပ်လုပ်ရေးဆိုတာဖြစ်ပါတယ်။ ဒါဟာ ၁၉၄၈ ခုနှစ်ကစလို့ ကနေ့အထိ အစိုးရအဆက်ဆက်၊ စစ်အုပ်စုအဆက်ဆက်တို့ကိုင်စွဲထားတဲ့ လက်နက်ချခိုင်းတဲ့ သဘောထားကို ပုံစံတမျိုးနဲ့ အကောင် အထည်ဖော်တာသာ ဖြစ်ပါတယ်။ နိုင်ငံရေးစကားတခွန်းမှမပါ၊ နိုင်ငံရေးအရစေ့စပ်ညှိနှိုင်းတဲ့ လက္ခဏာလုံးဝမပါတဲ့ ဖြေရှင်းနည်း သာဖြစ်ပါတယ်။ ဒီသဘောထားကို ကြံ့ဖွတ် “အစိုးရသစ်”ဟာ ၏-သည်မချန် အကုန် ဆက်ခံထားပါတယ်။

အထက်ကရေးခဲ့တာတွေကို ပြန်ချုပ်ရရင် စစ်အစိုးရအဆက်ဆက်ဟာ ပြည်တွင်းစစ်ကို တကယ်ပြေလည်အောင်ဖြေရှင်းဖို့ဆန္ဒ လုံး ဝမရှိဘူး၊ သူတို့ဟာ ဘယ်နေရာမှာမဆို၊ ဘယ်အချိန်မှာမဆို၊ စစ်တိုက်လို့ရအောင်၊ စစ်ဖြစ်လို့ရအောင် ဖန်တီးထားပါ တယ်။ နိုင်ငံရေးပြဿနာကိုမဖြေရှင်းတာဟာ လောင်စာတွေကိုချန်ထားတာပါပဲ။ ဒီလို စစ်လည်းမဟုတ်၊ ငြိမ်းချမ်းရေးလည်းမဟုတ် တဲ့ အခြေအနေတရပ်ကို ဖန်တီးထားခြင်းအားဖြင့် သူတို့စစ်အုပ်စုရဲ့ပြည်သူအပေါ် စိုးမိုးမှုကိုပိုခိုင်မြဲစေမယ်၊ သူတို့ အကျိုးစီးပွားတွေ အတွက် ပိုအကျိုးရှိစေမယ်လို့ ယူဆနေသရွေ့တော့ သူတို့ဟာ အခုလို အခြေအနေကို ထိန်းသိမ်းထားမှာသာ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ကြောင့် ပြည်သူလူထုနဲ့ အောက်ခြေ တပ်မှူးတပ်သားတွေ သေကြေဒုက္ခရောက်လည်း အဲဒီလိုလူတွေ၊ ကြပ်ပြေးက လူတွေထဲမှာကပြည်တွင်းစစ်ကြောင့်အိပ်ရေးပျက်တဲ့ လူဆိုတာတောင်မရှိပါဘူး။ ဒါနဲ့ပြောင်းပြန် ဒီပြည်တွင်းစစ်ကြီးကြောင့် ကိုယ့် အတွက် ဘယ်လိုအကျိုးရှိတယ်ဆိုတာကို ဒီနေ့ဗမာပြည်မှာ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့လောက် သဘောပေါက်နားလည်တာ ဘယ်သူမှ မရှိပါဘူး။

မုန့်သာတဖဲ့စီဝေစားမယ်၊ အာဏာကို တပြားဖို့မှဝေမစားနိုင်တဲ့စစ်အုပ်စုဟာနောင်မှာလည်း နိုင်ငံရေးအရဖြေရှင်းနည်းတွေ ကို ငြင်းပယ်နေအုန်းမှာပါ။ ဒီအတိုင်းသာဆိုရင် ဗမာပြည်မှာ စစ်အုပ်စုဆိုတာရှိနေသရွေ့ပြည်တွင်းစစ်ဆိုတာလည်း ဆက်လက်တည် ရှိနေအုန်းမယ့်သဘော ဖြစ်နေပါတယ်။

Wednesday, June 22, 2011

ဖေ့စ်ဘွတ်ခ်ကရတဲ့ဆောင်းပါးပါ။

0 comments

[By Boston Cat]
အချိန်ကား ၁၆၃၃ ခုနှစ်။ ဂယ်လီလီယိုဆိုသူဟာ ရောမမြို့မှာ မိစ္ဆာဒိဌိဆိုတဲ့စွဲချက်နဲ့ တရားခွင်မှာ အစစ်ဆေးခံနေရပါတယ်။ ဖြစ်ရပုံက အခုကျွန်တော်တို့ သင်နေကြရတဲ့ နေစကြ၀ဠာမှာ နေကိုဗဟိုပြုပြီး ကျန်တဲ့ဂြိုဟ်တွေကလှည့်ပတ်နေကြတယ်ဆိုတဲ့ သူ့ရဲ့ အမြင်ကြောင့်ပါ။ နေဗဟိုပြု နေအဖွဲ့အစည်း (Heliocentric) လို့ခေါ်ပါတယ်။ ဒီစနစ် မတိုင်ခင်က လူသားများဟာ ကမ္ဘာကိုသာ နေနဲ့တကွအခြားသောဂြိုဟ်တွေက လှည့် ပတ်နေကြတယ်လို့ ယူဆခဲ့ကြတာပါ။ ကမ္ဘာဗဟိုနေအဖွဲ့အစည်း (Geocentric) လို့ ခေါ်နိုင်ပါတယ်။ ဒီ ကမ္ဘာဗဟိုပြုနေအဖွဲ့အစည်းအယူအဆကို လူသားတွေဟာ (၁၈) ရာစု မတိုင်ခင်အထိ နှစ်နှစ်ကာကာ လက်ခံလာခဲ့ကြတာပါ။ ဂယ်လီလီယို တရားခွင်ရောက် ရတဲ့အဖြစ်ကိုပဲကြည့်ပေါ့။ (၁၆) ရာစုလောက်ကဆိုရင် ကျွန်တော်တို့ ယနေ့ခေတ် လက်ခံကျင့်သုံးနေတဲ့ နေဗဟိုပြုစကြ၀ဠာစနစ်အယူအဆဟာ လူသားတွေနဲ့ ဘာသာတရားကိုစော်ကားတဲ့ မိစ္ဆာ ဒိဌိအယူအဆလို့ ခါးခါးသီးသီးသတ်မှတ်ခံခဲ့ရပါတယ်။ ဂယ်လီလီယိုက ကိုပါးနီးကပ်စ်နဲ့အယူအဆချင်း တူညီခဲ့တယ်။ တကယ်တော့ ဂယ်လီလီယိုဟာ ၁၆၁၆ ခုနှစ်ကထဲက ဘုရားကျောင်းတော်နဲ့ အမြင်မကြည်မှုရှိခဲ့တာပါ။ အဲဒီအချိန် ကထဲက သူ့ရဲ့အမြင်တွေကို ဘယ်သူ့ကိုမှမပြောဖို့နဲ့မသင်ပေးဖို့ ကျောင်းတော်က တားမြစ်ခဲ့ပါတယ်။ တားမြစ်ချက်ကို ဂယ်လီလီယိုက သဘောမတူရင် သူဟာ ဘုရားကျောင်းရဲ့ ထောင်သွင်းအကျဉ်းချအပြစ်ပေးခံရမှာ ဖြစ်ပါတယ်။ ဂယ်လီလီယိုရဲ့အမှုမှာ သူ့ကိုအပြစ်ပေးနိုင်ဖို့အတွက် အဓိကအချက်ကြီး သုံးချက်ရှိပါတယ်။

ပထမဆုံးအနေနဲ့ ဂယ်လီလီယိုအမှုမှာ သူရဲ့ နေဗဟိုပြုအယူအဆကို စွန့်လွှတ်ဖို့လိုအပ်ပါတယ်။ သူ့အယူအဆတွေ ဟာ ဒဿနအစစ်အမှန်မှာ အခြေခံထားခြင်းမရှိဘဲ အမှားတွေသာဖြစ်ကြောင်း ၀န်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် သမ္မာ ကျမ်းစာရဲ့ အလိုနဲ့လည်း ဆန့်ကျင်နေပါတယ်။ ဒီအတွက်ကြောင့်ပဲ သူဟာ ကမ္ဘာမြေအပေါ်မှာထားတဲ့ သူ့ရဲ့အမြင်ကို လည်း စွန့်လွှတ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ သူ့ရဲ့အမြင်အရ ကမ္ဘာဟာ ကောင်းကင်ဘုံနဲ့ အလွန်ဝေးကွာနေပြီး အနည်း ဆုံးအားဖြင့် မှားယွင်းစွာယုံကြည်နေမှုသာဖြစ်တယ်လို့ ဆိုပါတယ်။ ဂယ်လီလီယိုဟာ ပထမ အကျဉ်းချခံခဲ့ရတယ်၊ နောက်တော့ သူ့ရဲ့ပြစ်ဒဏ်ကို တစ်စုံတစ်ခုသောအကြောင်းကြောင့် နေအိမ်အကျယ်ချုပ်အဖြစ် လျှော့ချခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့နောက်ပိုင်းဘ၀ တစ်လျှောက်လုံးပါပဲ။ ဂယ်လီလီယိုရဲ့အမှုကြောင့် သူ့ရဲ့စာအုပ်တွေအားလုံးဟာ ပိတ် ပင်ခြင်းခံခဲ့ရပြီး ပုံနှိပ်ထုတ်ဝေခွင့်ကိုလည်း လုံးဝတားမြစ်ခံခဲ့ရပါတယ်။

ဂယ်လီလီယိုရဲ့ အမှုဟာ ၁၉၉၀ ပြည့်မတိုင်မီအထိ ဘာသာရေးနဲ့ သိပ္ပံပညာတို့ရဲ့တိုက်ပွဲအဖြစ် တည်ရှိနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ (၁၅) ရက်နေ့မှာတော့ ကာဒီနယ် ရာဇင်ဂါ (Cardinal Ratzinger) က ဂယ်လီလီယို၏ တရားခွင်နဲ့ပတ်သက်တဲ့ တွေ့ရှိချက်တစ်ခုကို တစ်စွန်းတစ်စဖွင့်ဟခဲ့ပါတယ်။ မော်ဒန်ကာလက လူတွေဟာ ဘယ်လောက် သံသယအတိုင်းအဆရှိတယ်ဆိုတာပြသတဲ့ ဖြစ်ရပ်တစ်ခုလို့ သူက ဆိုခဲ့ပါတယ်။

ရာဇင်ဂါရဲ့အဆိုအရ ဂယ်လီလီယိုရဲ့တရားခွင်ဟာ ထိုအချိန်ကာလအနေနဲ့ကြည့်ရင် ကျိုးကြောင်းဆီလျော်မှုရှိပြီး ယုတ္တိကျတဲ့ စီရင်မှုတစ်ခုသာဖြစ်ပါတယ်။ ဘုရားကျောင်းတော်ဟာ ဂယ်လီလီယိုထက်စာရင်တောင်မှ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိခဲ့ပါတယ်။ ကျင့်ဝတ်ပိုင်းအရ၊ လူမှုရေးပိုင်းအရ ကောင်းကျိုးဆိုးပြစ်တွေကို အသေအချာ တွက် ဆခဲ့တာပါလို့ဆိုတယ်။ ဒါဟာ ဘာသာရေးဆိုင်ရာ ပြစ်ဒဏ်တစ်ခုမျှသာမဟုတ်ပါဘူးလို့ ရာဇင်ဂါက သူ့ရဲ့ယုတ္တိအရ ဆိုပါတယ်။ ဤနည်းအားဖြင့် သူက ဘုရားကျောင်းတော်ရဲ့ဆုံးဖြတ်ချက်ကို ဖာထေးဖို့ကြိုးစားခဲ့ပါတယ်။ ပုပ်ဂျွန်ပေါ () (Pope John Paul II) ပုပ်ရဟန်းမင်းကြီးနေရာ ရလာတဲ့အချိန်မှာတော့ ဘုရားကျောင်းတော်ရဲ့ အနေအထား ဟာ နူးညံ့ပျော့ပြောင်းလာခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာတော့ ကက်သလစ်ကျောင်းတော်က ဂယ်လီလီယိုရဲ့အမှုကို တောင်းပန်ခြင်းအားဖြင့် ပယ်ဖျက်ခဲ့ ပါတယ်။ သူဟာ မှားယွင်းစွပ်စွဲခံရခြင်းသာဖြစ်ပြီး အပြစ်မရှိကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ထောင် စုနှစ်တစ်စုအကျော်က ကျောင်းတော်ကကျူးလွန်ခဲ့တဲ့ ကြမ်းတမ်းရက်စက်မှုနဲ့ တရားမမျှတမှုအတွက် ၀န်ချတောင်း ပန်ကြောင်း ပုပ်ဂျွန်ပေါ () က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

အမှန်တရားတစ်ခုကို လူသားများလက်ခံနိုင်ဖို့ အချိန် ဘယ်လောက်ယူရပါသလဲ။ အကယ်၍ နှစ်ပေါင်း ၁၀၀၀ ဟု ဆိုလျှင် အရမ်းကြာလွန်းမယ်ထင်ပါတယ်။ အဲဒီအမှန်တရားကရော သေချာမှုပမာဏ ဘယ်လောက်ရှိပါသလဲ။ ခေတ်သစ် ဂယ်လီလီယိုများ ထပ်ပေါ်လာလျှင် ပြောင်းရဦးမှာလား။ ဒီလိုတွေ တွေးမိရင်း ဖတ်ခဲ့ဖူးတဲ့ ဟာသလေး တစ်ခုကို သွားသတိရမိပါတယ်။

ဆရာ နေဟာ ကမ္ဘာကြီးရဲ့အထက်ကနေဖြတ်ပြီး အရှေ့မှအနောက်သို့ သွားလေ့ရှိတယ်။ ထူးခြားတာကတော့ နေ့ အခါမှာသာ ဖြတ်သွားလေ့ရှိပြီး ညအခါ လုံးဝဖြတ်မသွားတာပဲ။

တပည့် အဲလိုမဟုတ်ဘူးဆရာ။ ကမ္ဘာကြီးက မိမိရဲ့ဝင်ရိုးပေါ်မှာ ၂၃ ဒီဂရီတိမ်းစောင်းပြီး ၂၄ နာရီလျှင် တစ်ပတ်နှုန်း နဲ့ လည်ပတ်

ဆရာ တိတ်စမ်း။ မင်းပြောတာက စာအုပ်ထဲကဟာတွေ၊ ဆရာအားလုံးသိတယ်။ ခု ဆရာပြောတာက စာတွေ့မ ဟုတ်ဘူး။ ကိုယ်တွေ့ကွကိုယ်တွေ့

ကိုယ်တွေ့အားဖြင့်ပြောကြေးဆိုရင် ကမ္ဘာကြီးလုံးတယ် ဆိုရာမှာတောင် လက်ခံနိုင်ဖို့ခက်ပါလိမ့်မယ်။ လက်တွေ့ မြင်နေရတဲ့ ကမ္ဘာမြေပြင်ကတော့ ပြားပြားကြီးပဲမဟုတ်လား။ ဒီလိုဆို ကမ္ဘာကြီးပြားတယ်လို့ပဲ (The World is Flat ကမ္ဘာပြားဖြစ်စဉ်နှင့် မသက်ဆိုင်ပါ) ကိုယ်တွေ့အားဖြင့် ဇွတ်ပြောနေရမှာလား။ ဒီလိုတော့ တော်မည်မထင်ပါ။ ယခုလောလောဆယ်အခြေအနေတွင် ကမ္ဘာက နေကိုလှည့်ပတ်နေသည်ဟူသော သိပ္ပံပညာကပေးသည့် အဖြေ ကိုသာ လက်ခံထားခြင်းဟာ အကျိုးအကြောင်းဆီလျော်ပါတယ်။

အိန်းစတိန်းက "Science without religion is lame, religion without science is blind." လို့ ဆိုခဲ့ ပါတယ်။ သိပ္ပံမပါတဲ့ ဘာသာရေးဟာ အကျိုး၊ ဘာသာရေးမပါတဲ့ သိပ္ပံဟာ အကန်းပါတဲ့။ ဒါပေမဲ့ ခက်တာက အဲဒီ အကျိုးနဲ့အကန်းကလည်း အစေးကပ်ကြတာမဟုတ်တော့အကျိုးကလည်း ထော့ကျိုးထော့ကျိုးနဲ့ တရွေ့ရွေ့ ကိုယ့်ဘာကိုယ်ခရီးဆက်၊ အကန်းကလည်း စမ်းတ၀ါးဝါးနဲ့ ယောင်ကန်းကန်း ခရီးနှင်ဖြစ်နေတာပါပဲ။ ဒါပေမဲ့ ဒီ အဆိုကို သိပ်သဘောကျလှတယ်တော့ မဟုတ်ဘူး။ အထူးသဖြင့် ရီးလေးဂျင်းမပါတဲ့ သိပ္ပံပညာဟာ အကန်းဖြစ် တယ်ဆိုတာ သဘာဝမကျလှပါဘူး။ အိန်းစတိန်းကြီးက တင်စားပြီးပြောခဲ့တယ်လို့ပဲ မှတ်ယူပါတယ်။

ယနေ့ခေတ်လူသားများအဖို့ သိပ္ပံပညာတွေ့ရှိချက်တွေကို ဇွတ်တင်းငြင်းဆန်ဖို့ရာ ခက်ပါတယ်။ ငြင်းချင်းငြင်းရင် ဘာသာရေးဆိုင်ရာ အမှန်တရားတွေကိုပဲ ငြင်းပယ်နိုင်မှာပါ။ သိပ္ပံပညာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူ့အဖွဲ့ အစည်းထဲမှာ အသက်ရှင်နေရတော့ ဘုရားသခင်ကဖန်ဆင်းထားတာပါဆိုပြီး ကျေးဇူးတင်နေရင်လည်း အရာရောက် လှမှာမဟုတ်ပါဘူး။ ဒါကို ငြင်းချင်တယ်ဆိုရင်ဖြင့်ဂယ်လီလီယိုရဲ့ တရားခွင်ကို သက်သေအဖြစ် ကြည့်မြင်နိုင်ပါ လိမ့်မယ်။

ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ဟာ နေအဖွဲ့အစည်းမှာတောင် သိပ်အရေးမပါလှတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးပါ။ နေမင်း ကြီးကို ခခယယ ၀ိုင်းကြီးပတ်ပတ်လှည့်နေရတဲ့ဘ၀ပါ။ ဗဟိုမဟုတ်ပါဘူး။ အဲဒီ ပေစုတ်စုတ် ဂြိုဟ်ကလေးပေါ်က ဇနပုဒ်နိုင်ငံလေးတစ်နိုင်ငံမှာ အခြေခံလူတန်းစားဘ၀နဲ့နေရတဲ့ လူတစ်ယောက်ရဲ့အတ္တက ဘယ်လောက်များ အရေးပါပါသလဲ။ နှိုင်းယှဉ်သုံးသပ်နည်းနဲ့ စဉ်းစားကြည့်ရင် လူ့ဖြစ်တည်မှုရဲ့သေးသိမ်မှုကို မြင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အမြဲတမ်းခေါင်းမာခဲ့ကြတယ် မဟုတ်လား။ ဂယ်လီလီယိုကို နှစ်ပေါင်းများစွာ မျက်ကွယ်ပြု ထားခဲ့ကြတယ်မဟုတ်လား။ သူပြောခဲ့တဲ့ အမှန်တရားဆိုတာကို ကျွန်တော်တို့က ဘာသာရေးဆိုတဲ့အမှားနံရံတွေနဲ့ ပိတ်ဆို့ထားခဲ့တယ်မဟုတ်လား။ အချုပ်အားဖြင့် ပြောရလျှင်လူ့ဖြစ်တည်မှုဟာ သေးသိမ်ပါတယ်။ စကြ၀ဠာကြီး ထဲမှာ လူသားများမှာ မြူမှုန်ငယ်ကလေးတွေမျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အတ္တက အရွယ်အစားချင်း မမျှအောင် ကြီးမားပါတယ်။ အမှန်ကိုလက်ခံနိုင်စွမ်းက ကြောက်စရာကောင်းလောက်အောင်ကို အားနည်းပါတယ်။ ကာဆီးထားတဲ့ အမှားနံရံတွေဟာ တဖြည်းဖြည်းပိုကျလာပြီလို့တော့ အကောင်းမြင်ပါတယ်။ ဒါပေမဲ့ အဲဒီနံရံတွေ အားလုံး ပြိုကျပျက်စီးသွားပြီးတဲ့အခါမှာ လူသားဟာ လွင်တီးခေါင် လေကြမ်းကြမ်းကွင်းပြင်မှာ အကာအရံမရှိ အထီးကျန်ဖြစ်တည်မှုအဖြစ်သာ မိမိရဲ့အတ္တကို မြင်တွေ့ရပါလိမ့်မယ်

တေဇာ - လရောင်လမ်းအောက်တိုဘာ (၂၁) ၂၀၀၉