Friday, September 25, 2020

သခင်သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက် ရေးသူ - ဒဂုန်တာရာ

0 comments
သခင်သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက် ရေးသူ - ဒဂုန်တာရာ
လူငယ်လည်း ဖြစ်ရမည်၊ အဝတ်အစား ခပ်စုတ်စုတ် ခပ်နွမ်းနွမ်းနှင့်၊ (ဒါမှပစ္စည်းမဲ့ သရုပ်ပေါ်ပေမည်ကိုး) မော်တော်ကားခန့်ခန့်၊ ဆိုဖာ၊ အိုက်စကရင်နှင့်ကိတ်မုန့်၊ စန္ဒယား စသည်တို့နှင့် မနီးစပ်ရ။ (တောအောင်းနေနိုင်က ပိုကောင်းမည်) အကြမ်းပတမ်း လက်နက်ကိုင်ထကြွမှုကို လိုလားသူ။ ယေဘူယျ လူအများက ကွန်မြူနစ်ဆိုလျှင် ဤသို့ဘဲဟု အောက်မေ့လျက် ရှိကြသည်။
ကွန်မြူနစ်ဆိုသူမှာလည်း စင်စစ်၊ သွေးနှင့်သားနှင့် ပြုလုပ်ထားသော သတ္တဗေဒ အကောင်အထည် လူပင်ဖြစ်ပါသည်။ လူဆိုသည်မှာ တဏှာပေမကို မပယ်နိုင်သူ၊ ဆန့်ကျင်ဘက်လိင်ကို တောင့်တသော သွေးစိတ်သားစိတ်၊ မိမိသာလျှင် တွင်ကျယ်ချင်သော အတ္တစိတ်၊ တခါတရံ အမှောင်ကဲ့သို့ မိုက်မဲတတ်သော မောဟစိတ် စသည်တို့နှင့် ပြည့်စုံသော လူပင် ဖြစ်သည်။ အဘိဓမ္မာဆရာကြီး ဒေါက်တာဂျုတ် ပြောသကဲ့သို့ 'လူသည် မိမိသာ လူတွင်ကျယ်ဖြစ်ကြောင်း ပြလိုသည်' ဆိုသော လူပင်ဖြစ်သည်။ လူဆိုသည်မှာ ဘယ်သူပဲဖြစ်ဖြစ်၊ အတူတူချည်းပဲ ဖြစ်သည်။
သို့သော်၊ သို့သော်…. လူတွေထဲမှာဘဲ လူညံ့၊ လူတော်၊ ပညာတတ်၊ ပညာမဲ့ စသော အသွေးအရောင် ကွဲပြား ခြားနားတာတွေကား ရောထွေးရှက်လိမ်လျက် ရှိနေပေသည်။
ကျွန်တော့်အဖို့ရာကား၊ မိုက်မဲတတ်၊ လိမ္မာတတ်၊ ညံ့တတ်၊ တော်တတ်သော လူများကိုသာ တွေ့မြင်နေသည်။ သည်အထဲ ကွန်မြူနစ် ဆိုသူလည်း လူ၊ အခြားသူတွေလည်း လူပင်မဟုတ်လော။ ဒါကိုဘဲ မြင်သည်။
သို့ရာတွင်၊ ကွန်မြူနစ်ဆိုသူသည်ကား တခုကို ယုံကြည် ကိုးကွယ်သူဖြစ်သည်။ ကွန်မြူနစ်ဝါဒကို ကိုးကွယ်ယုံကြည်နိုင်ရန် လူ့အတ္ထုပ္ပတ္တိ ရာဇဝင်၊ လူ့အတွေးအခေါ် အဘိဓမ္မာ၊ လူ့နေမှု ထိုင်မှု နိုင်ငံရေး ဘောဂဗေဒ စသည်တို့ကို ကမ္ဘာဦးရာဇဝင်ပေါ်စမှ ယနေ့ အနုမြူခေတ်အထိ အဖြစ်အပျက်များကို သိရှိ နားလည်ရပေမည်။
ကွန်မြူနစ်ဝါဒကို ကားလ်မာက်စ်က ဖော်စပ်ခဲ့၏။ ကားလ်မာက်စ်သည် အင်္ဂလိပ်နိုင်ငံရေး ဘောဂဗေဒပညာ၊ ပြင်သစ်တော်လှန်ရေး နိသျှပညာ၊ ဂျာမန် ရုပ်ပိုင်း အဘိဓမ္မာ စသည်များကို သူ့အမြင်ဖြင့် ပေါင်းစပ်၍ ကွန်မြူနစ်ဝါဒဆိုတာကို ဖော်ပေးလိုက်ခြင်း ဖြစ်သည်။ သူ့ အရင်ခေတ်ကလည်း လူ့အဖြစ်အပျက်များ ကို မှီး၍ အတွေးအမြင်များ ရှိခဲ့ပေမည်။ သို့သော် သူက အားလုံးကို ရှာဖွေစူးစမ်းကာ ယထာဘူတ စနစ်တကျ သိပ္ပံပညာရပ်အဖြစ် ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။
နောက် လီနင်က မာက့်စ်၏ဝါဒကို လေ့လာကာ တဖန် စူးစမ်းပြီး လက်တွေ့လုပ်လိုက်၏။ ရုရှားပြည်ကြီး ကို ဆိုရှယ်လစ်နိုင်ငံတော်အဖြစ် တည်ထောင်လိုက်၏။ သူ၏ နိသျှကို ကြည့်ရှုဆင်ခြင်ပြီး လီနင်ဝါဒဟု ခေါ်ကြ၏။ နောက်တဖန် စတာလင်က ဆိုရှယ်လစ်နိုင်ငံတော် တည်တံ့ခိုင်မြဲအောင် လက်တွေ့ လုပ်ကိုင်၏။ ထိုနည်းကိုပင် 'စတာလင်ဝါဒ' ဟု ခေါ်စပြုပေပြီ။
ကမ္ဘာဦး သမတခေတ်က အနုမြူခေတ်အထိ၊ လူ့နေထိုင်မှု စသည်တို့၏ အဖြစ်အပျက်များ ပြောင်းလဲလာခြင်းများကို စနစ်ကျကျ မှန်ကန်စွာ လေ့လာရှုကြည့်ပြီးမှ ရှေ့ကို ဘယ်လိုနည်းဖြင့် ဘယ်လိုလုပ်လျှင် ဘယ်လိုခေတ်ကို ရောက်မည်ဟု ကြံဆတွေးခေါ်ကာ ယုံကြည်ချက်အတိုင်း လုပ်ခြင်းသည် ကွန်မြူနစ် ဖြစ်လေသည်။
လောကတွင် ထမင်းရက်ချန် စားနေရသူနှင့် ဧည့်သည်များဖိတ်၍ နေ့လည်စားပွဲဖြင့် တည်ခင်းကျွေးမွေး နေနိုင်သူ၊ လက်ထဲတွင် နှစ်ပြားမျှ ပြည့်အောင်မရှိသူနှင့် အပိုရွှေဒင်္ဂါး ကုဋေတရာကို ဘဏ်တွင်အပ်ထားသူ စသဖြင့် ကွာလှမ်းလှသော အဆင့်အတန်းကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လောကဓါတ်ပညာ ထွန်းကားနေသည့်အကျိုးကို လူတိုင်းခံစားနိုင်အောင် အဘယ်ပုံ လုပ်မည်လဲ စသော လူ့ လောကကြီးဝယ် မညီမျှမှု၊ အလွန်တရာ ကွာလှမ်းမှုတို့ကို ဖြေစွမ်းနိုင်မည့် အဖြေကို ရှာသူတို့သည် ကွန်မြူနစ်နိသျှနှင့် သွားတွေ့ကြပေသည်။
ဥပမာ- တိုင်းပြည်တွင် လူ ၁၀၀ ရှိသည် ဆိုကြပါစို့။ ထိုပြည်၏ တနေ့ဝင်ငွေသည် ၁၀၀ ကျပ် ဆိုကြပါစို့။ လူ ၁၀ ယောက်မှာ ဓနရှင်များဖြစ်၍ သူ၏ အလုပ်သမား လယ်သမားများကို လုပ်ခိုင်းရာမှ ၈၀ ကျပ် ရ၏။ (ပျမ်းမျှကြေး တဦးလျှင် ၈ ကျပ်) ကျန် လူ ၉၀ ၏ ဝင်ငွေမှာ ၂၀ ကျပ် ဖြစ်ပေမည်။ (ပျမ်းမျှကြေး ၄ ပဲ ဖြစ်၏) ဤကဲ့သို့ မညီမျှသော ဂ ကျပ်နှင့် ၄ ပဲကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လူ ၁၀၀ လုံး အလုပ် လုပ်၍ ဝင်ငွေ ၁၀၀ ရသည်ဆိုလျှင်၊ တဦးလျှင် ပျမ်းမျှကြေး ၁ ကျပ် ရကြပေမည်။ အကြမ်းအားဖြင့် ဤသဘောသို့ ရောက်အောင် ကျိုးစားသူသည် ဆိုရှယ်လစ် ဘောဂဗေဒ သဘောကို ယုံကြည်နိုင်ပေမည်။
ဆိုရှယ်လစ်နှင့် ကွန်မြူနစ်မှာ ပဌမအဆင့်နှင့် ဒုတိယအဆင့် ဖြစ်လေသည်။ ဖူးပြီးမှ သီးပွင့်ရသကဲ့သို့၊ ၁ ပြီးမှ ၂ လာရသကဲ့သို့၊ ဆိုရှယ်လစ်ခေတ်မှ ကွန်မြူနစ်ခေတ်သို့ ကူးမြောက်ရပေမည်။
တန်းတူညီမျှခြင်းကား မဖြစ်နိုင်ပေ။ လီနင်ကလည်း ဤသို့ ပြောခဲ့ပေသည်။ တခါက အင်္ဂလိပ် အဘိဓမ္မာ ဆရာကြီး တဦးက ပြောခဲ့ပေသည်။ 'ဆိုရှယ်လစ်လုပ်ခြင်း ဆိုသည်မှာ မညီမညာရှိနေတဲ့ မြေပြင်ကို ညှိပေးရတာပဲ။ တောင်ကမူစာကလေးကို နဲနဲနှိမ့် ဖြိုချ၊ ချိုင့်ဝှမ်းကို မြေနဲ့ ဖို့တင်၊ အဲဒါပါပဲ။ တပြေးညီနေအောင် လုပ်တာ မဟုတ်ပါဘူး'
သူပြောသကဲ့သို့ပင် ကမ္ဘာရှိ လူ့နေမှု ထိုင်မှု စနစ်ကြီးကို သမအောင် ညီအောင် ညှိပေးခြင်းသည် ဆိုရှယ်လစ်လုပ်ခြင်းပင် ဖြစ်ပေသည်။
ဆိုဗီယက်ရှိ ကွန်မြူနစ်ဆောင်ပုဒ်တခုမှာ "သူ့ထံမှ သူ့အရည်အချင်းအလျောက် အလုပ်ကို ရ၍၊ သူလိုတာ (နေမှုထိုင်မှု) ကို သူ့အား ပေးရမည်" ဟု ဖြစ်သည်။ အချုပ်မှာ လူတိုင်း အလုပ်လုပ်ရ၍၊ လုပ်သလောက် စားရပေမည်။ တံမြက်စည်း လှဲတတ်သူကလည်း လမ်းအမှိုက် ရှင်းလင်းပေး၍၊ ဆရာဝန်ကလည်း ပြည်သူအတွက် ဆေးစပ်ပေးပြီး နှစ်ယောက်စလုံး ဝဝလင်လင် စားနိုင် နေနိုင်သော နေမှုထိုင်မှုကို ရရှိကြပေသည်။
ဤကား အကြမ်းအားဖြင့် ဆိုရှယ်လစ်၊ ကွန်မြူနစ် သဘောများ ဖြစ်၏။ ကွန်မြူနစ်ဝါဒ၏ အနုပဋိလောမ၊ ရုပ်ပိုင်းရာဇဝင်၊ ရုပ်ဝါဒ စသော သဘောတရာများ ရှိသေး၏။ ဤအတွေးအခေါ်များကို- သိရှိနားလည် ယုံကြည်နိုင်ရန်၊ လူ့ရာဇဝင်၊ အဘိဓမ္မာ၊ ဘောဂဗေဒ စသော ပညာအခြေခံများ ရှိရပေမည်။ ဤအခြေခံရဘို့ တော်တော်တတ်သိ နားလည်ရပေမည်။
ထို့ကြောင့်ပင်၊ အထက်တန်းပညာတတ်သူများသည် အများအားဖြင့် ကွန်မြူနစ်ဆံကြပေ၏။ တက္ကသိုလ်မှ ကမ္ဘာကျော် ပါမောက္ခများ၊ စာရေးဆရာကြီးများသည် ကွန်မြူနစ်ဆံကြပေ၏။
ကျွန်တော့်အဘို့ရာကား ကွန်မြူနစ်ဆိုလျှင် အစက ဖော်ပြသကဲ့သို့ သူများကို မမြင်ဘဲ၊ တကယ့်ပညာ တတ်များကို မြင်နေ၏။ သခင်သန်းထွန်းဆိုလျှင် ပညာတတ်အဖြစ်သာ မြင်နေမိ၏။
[၂]
သခင်သန်းထွန်းကို လူချင်း မသိမီ ကတည်းက အမည်ကို ကြားဘူးနေ၏။ ကိုဘဟိန်းက သခင်သန်းထွန်း၏ အကြောင်းကို မကြာခဏ ကျွန်တော့်အား ပြောပြ၏။
ထိုအခါက ကိုဘဟိန်းသည် တက္ကသိုလ်ရိပ်သာရှိ သထုံကျောင်းဆောင်တွင် မရှိဘဲ၊ မြို့ထဲ ၃၈ လမ်းရှိ ဇဝန တို့ စုနေကြသော အိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင်သန်းထွန်းလည်း နေ၏။
"သခင်သန်းထွန်းဆိုတာ တော်တော် စာဖတ်တယ်ဗျ။ မာ့က်စ်စာပေလဲ အတော် ဖတ်တယ်။ စာရေးလဲ ကောင်းတယ်" ဟု ကျောင်းဆောင်သို့ ပြန်ရောက်လျှင် ကိုဘဟိန်းက ကျွန်တော့်အား ပြောပြလေ့ ရှိ၏။ စိတ်ထဲတွင် သခင်ပေါက်စ တဦးဘဲဟုသာ အောက်မေ့လိုက်၏။
တနေ့တွင် ကိုဘဟိန်းနဲ့အတူ ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာနသို့ ရောက်သွားရာ၊ သခင်သန်းထွန်းနှင့် သွားတွေ့၏။ ကိုဘဟိန်းက ကျွန်တော့်ကို သခင်သန်းထွန်းနှင့် အသိဖွဲ့ပေး၏။
"သြ…. သြ… ခင်ဗျား အကြောင်းလဲ ကိုဘဟိန်းက ခဏခဏ ပြောပြပါတယ်ဗျာ….." ဟု သခင်သန်းထွန်းက ပြုံးကာ ပြောလေသည်။
သူသည် မန္တလေးပိုးအပေါ်ဖုံး၊ ပိုးလုံချည် ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး အရုပ်ဆိုးသည်ဟု ခေါ်ရပေမည်။ အသားကား ဝါလဲ့လဲ့၊ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်း ဖြစ်၏။ အမူအရာမှာ ပြော့ပျောင်း၏။ စကားပြောသောအခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာ ပြော၏။
အစက ထင်ထားသကဲ့သို့ အာပေါင်အာရင်းသန်သန် ဟစ်အော်သူ မဟုတ်။ ညှင်းညှင်ညံညံ လေသံနှင့်၊ ကဗျာဆရာမီလတန်၊ လီနင်ဝါဒ၊ ကိုလိုနီတော်လှန်ရေး၊ ဘားနတ်ရှောပြဇာတ်၊ ချာလ်ဒစ်ကင်း၏ဝတ္ထု၊ ဗြိတိသျှ ပါလီမန်၊ ဦးကုလားရာဇဝင်၊ သိပ္ပံမောင်ဝ၏ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။
နောက်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ်ကျောင်းမှ ထွက်ကြောင်း၊ သူသည် (၁၀)တန်းတွင် အင်္ဂလိပ်စာ၊ ရာဇဝင်၊ ဗမာစာ စသည့် ဂုဏ်ထူးများဖြင့် အောင်ခဲ့သည်ဟု သိရ၏။ ကျောင်းနေစဉ်က စာတော်သူ ဖြစ်ခဲ့၏။ ထိုစဉ်ထိုအခါက သူသည် ရန်ကုန်အရှေ့ပိုင်း ကုလားကျောင်း တကျောင်းတွင် အင်္ဂလိပ်စာပြဆရာ လုပ်လျက်ရှိသည်။
တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါးတစောင်ကို တက္ကသိုလ်သမဂ္ဂဇင်းဟောင်း တစောင်တွင် ဘတ်ရဘူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာ ရေးသားနိုင်သူ တဦးဖြစ်၏။ ဂျပန်ခေတ် သူ ဝန်ကြီးဖြစ်စဉ် သူ ရေးထားသော အင်္ဂလိပ်စာကို ဖတ်၍၊ ယခု ဆိုရှယ်လစ်ဝန်ကြီး ကိုကျော်ငြိမ်းက 'အင်္ဂလိပ်စာ ရေးတာ မြန်သလောက် ကောင်းတာပါဘဲ' ဟု ချီးကျူးသည်ကို ကြားရဘူး၏။
၁၉၃၉ က ဒို့ဗမာအစည်းအရုံးမှ ကိုယ်စားလှယ်အဖွဲ့သည်၊ ကွန်ဂရက်၏ ဘိတ်ကြားချက်အရ အိန္ဒိယပြည် ရမ်းဂါးသို့ သွားကြ၏။ သခင်အောင်ဆန်း၊ ကိုဘဟိန်း၊ သခင်သန်းထွန်းတို့ ပါသွားကြ၏။ တက္ကသိုလ် ကျောင်းသားသမဂ္ဂများက သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ကို မကြာခဏ ဘိတ်၍ စကားပြောစေသည်ဟု သိရ၏။ သခင်သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။
ဂျပန်ခေတ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များသည် သူ့ကို လေးစားကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လယ်ယာစိုက်ပျိုးရေးကို လေ့လာနားလည်ပြီး၊ ညာဝါး ဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက်စွက်ဖက်ခြင်း မလုပ်သောကြောင့် ဖြစ်သည်။
သခင်စိုး၏ 'ဆိုရှယ်လစ်ဝါဒ' ကျမ်းစာအုပ်၏ အမှာကို သခင်သန်းထွန်းက ရေးသည်။ သူ့ ဗမာစာမှာ တိုတို၊ လိုရင်းနှင့် အဓိပ္ပါယ်ပေါ်၏။ သတင်းစာဆံ၏။ ဘတ်သူစွဲပြီး အနက်ပေါက်လွယ်၏။ အဖြတ်အတောက် ကလေးများမျာ ခေတ်ဆန်၏။ ရှင်းလင်းပြီး လှပ၏။ သတင်းစာဆရာလုပ်လျှင် သတင်းစာဆရာကောင်း တယောက် ဖြစ်မည်ဟု ထင်၏။
သူသည် နဂါးနီစာအုပ်အသင်းကို တည်ထောင်သူ တဦးဖြစ်သည်။ သခင်စိုးနှင့် သူသည် ဗမာပြည်တွင် မာက့်စ်ဝါဒ၊ ကွန်မြူနစ်ဝါဒကို ပဌမ ဖြန့်ချိသူများ ဖြစ်ကြ၏။ သခင်းစိုးက စကားလုံး အသစ်ထွင်၍ ခံ့ညာသော စာကြီးပေကြီး၊ ပိဋိကတ်စာပေဖြစ်အောင် လုပ်ပေး၏။ သခင်သန်းထွန်းကား ဆိုရှယ်လစ်ဝါဒနှင့် ဗမာပြည်၊ ကမ္ဘာစသည်တို့နှင့် ယှဉ်ကာ လူအများ နားလည်အောင် ပြောပြသူ ဖြစ်၏။ အဓိပ္ပါယ်ကို ဖွင့်ပြကာ ရှင်းလင်း၏။
ယခုခေတ် ကွန်မြူနစ်ဝါဒကို လေ့လာသူတိုင်း သခင်စိုး၊ သခင်သန်းထွန်းတို့ ပြုစု စိုက်ပျိုးခဲ့သော အသီးအပွင့်နှင့် မကင်းနိုင်ကြ။ သူတို့၏ ကွန်မြူနစ်စာပေများကို ဖတ်ပြီး လူများသည် ကွန်မြူနစ်ကို သိလာကြ၏။ သူတို့ စကားလုံးတွေကိုပင် သင်အံပြီး၊ ဖေါက်ပြန်ရေး၊ ကလပ်စည်း၊ လူမှုဆက်ဆံရေး စသည်ဖြင့် ကြွေးကြော်နေကြ၏။
ခက်သည်မှာ အတုအယောင်များက နိုင်နိုင်နေတတ်၏။ အတုအယောင်တို့က လွှမ်းမိုးတွင်ကျယ်သဖြင့်၊ လက်ဦးစွန့်၍ တည်ထွင်သူ အစစ်တို့မှာ ဖုံးကွယ်ခြင်း ခံနေရတတ်၏။ လူထုမှာ အတုအယောင်များက ကာထားသဖြင့် အစစ်ကို မမြင်ကြရပေ။
သခင်စိုး၊ သခင်သန်းထွန်းတို့က စွန့်ကာ စလိုက်သော ကွန်မြူနစ်လမ်းစဉ် စာတမ်းများကို ဘတ်ပြီး နိုင်ငံရေး ဇာတ်ခုံပေါ် ရောက်လာကြ၏။ အာဏာတွေ ရလာကြ၏။
ကွန်မြူနစ်နိုင်ငံရေး စာပေတွင် ဝေါဟာရကို ကြွယ်ဝစေသော သခင်စိုးကား ထောင်နံရံထဲတွင် တိမ်မြုပ်နေ၏။ လူအများ ရှင်းလင်းနားလည်အောင် အဓိပ္ပါယ်ကောက်ပြသော သခင်သန်းထွန်းကား ချုံနွယ်ပိတ်ပေါင်းများ အကြားတွင် ရောက်နေရလေပြီ။
(၃)
တက္ကသိုလ်သမဂ္ဂ အမှုဆောင်အခန်းတွင် သခင်သန်းထွန်းကို မကြာခဏ တွေ့ရတတ်၏။ သခင်အောင်ဆန်း ပင်းယဆောင်တွင် ရှိစဉ် သူသည် မကြာခဏ လာလည်ကာ နိုင်ငံရေးများကို ဆွေးနွေးလေ့ရှိ၏။ သူ့ကိုတွေ့တိုင်း မန္တလေးအပေါ်ဖုံး၊ မန္တလေးလုံချည်နှင့် ပြောင်ပြောင်လက်လက် တွေ့ရတတ်၏။ စကားကို ညှင်းညှင်းညံ့ညံ့ ပြော၏။
ကိုဘဟိန်း အယ်ဒီတာချုပ်လုပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ကြွေးကြော်သံ 'မျိုးညွန့်' မဂ္ဂဇင်း (၁၉၃၈) တွင် သခင်သန်းထွန်း၏ အရင်းရှင်ဆန့်ကျင်ရေး ဆောင်းပါးများကို ဘတ်မိ၏။ သူသည် ကိုလိုနီတော်လှန်ရေးကို လှုံ့ဆော်ခဲ့၏။ ကျောင်းသားပိုင်းသည် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဝင်စားလာကြလေပြီ။
သူသည် ကိုဘဟိန်းကို အတော်ခင်၏။ ခလေးလို အလိုလည်း လိုက်၏။ ကိုဘဟိန်း၏ 'ဓနရှင်လောက' စာအုပ် အမှာတွင် သူသည် ကိုဘဟိန်းအကြောင်းပါ ရောဘက်ကာ ရေးထားရာ၊ အတော်ဘတ်၍ ကောင်း၏။ သူသည် အမှာစာ ရေးကောင်းသူ ဖြစ်၏။
အိုးဝေမဂ္ဂဇင်းတွင် ကျွန်တော် အယ်ဒီတာဖြစ်စဉ်က သခင်သန်းထွန်း၊ သခင်စိုးတို့ထံမှ ဆောင်းပါးများ တောင်းဘူး၏။ သခင်စိုး၏ 'လွတ်လပ်ရေးတိုက်ပွဲ' မှာ၊ မထုတ်မီ ပြည်ထဲရေးဌာနက ဆင်ဆာလုပ်ရာတွင် ပါသွား၏။ သခင်သန်းထွန်း၏ 'နိုင်ငံရေး လက်တွေ့လုပ်လိုသူများအဘို့ စကားလက်ဆောင်' ကား ပုံနှိပ်ဖြစ်၏။
ထိုဆောင်းပါးကား ထိုခေတ်က ဝါဒဖြန့်ပြီး အသိုင်းအဝိုင်းနှင့် နာမည်ကြီးအောင်လုပ်ကာ နိုင်ငံရေး လိုက်စားကြသော ပေါ်ပင်နိုင်ငံရေးသမားများကို ပြောင်လှောင်၍ထားသည်။ သရော်ချက်ပါ၏။ ဘတ်ယင်း ရယ်မောမိသည်။
ထိုဆောင်းပါး အိုးဝေမဂ္ဂဇင်းတွင် ပါလာသောအခါ သခင်သန်းထွန်းမှာ နဂါးနီစာအုပ်အသင်းလူကြီး။ ဒို့ဗမာအစည်းအရုံး အမှုဆောင်အဖြစ်တွင် ထောင်ထဲရောက်နေပေပြီ။
နောက် ဂျပန်အဝင် ဒိုင်အိုကျောင်း စစ်ဆေးရုံ၌ သူနှင့်တွေ့သောအခါ အိုးဝေမဂ္ဂဇင်းအကြောင်း စကားစပ်မိရာ….
'အဲဒီဆောင်းပါး ထည့်တာ ခင်ဗျားကို ကျေးဇူးတင်တယ်' ဟု ကျွန်တော်အား ပြောသည်။
'ကျွန်တော်လဲ အဲဒီတုံးက မထည့်ဘူးလို့ နေသေးတာ။ သခင်သန်းထွန်းဆောင်းပါးဘတ်ပြီး သခင်တွေဟာ ဒီလိုဘဲ၊ နိုင်ငံရေးသမားလုပ်နေတာလို့ ထင်မှာစိုးလို့ဘဲ။ နောက်တော့ ဟာသ ပါတာ၊ စာပြောင်တာနဲ့ ထည့်လိုက်တာဘဲ' ဟု ကျွန်တော်က ပြော၏။
သခင်သန်းထွန်းကား ပြုံးနေပေသည်။
သခင်သန်းထွန်းသည် တက္ကသိုလ်ကျောင်းသားများကို နိုင်ငံရေးဘက်ပါအောင်၊ နယ်ချဲ့ဆန့်ကျင်ရေးကို ပြုအောင် ဆွဲဆောင်ခဲ့သည်ဟု ထင်၏။ ၁၉၃၉- ခု လောက်က မြေနီကုန်းရှိ ကိုဘဟိန်း၏အိမ်တွင် သူ့ကို မကြာခဏ တွေ့ရတတ်၏။ သခင်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်သန်းထွန်းနှင့် ဂိုရှယ်(ထိုအခါက ဘောဂဗေဒဂုဏ်ထူးတန်း ကျောင်းသား) တို့ကို တွေ့ရတတ်၏။
သခင်သန်းထွန်းတို့သည် ၁၉၃၉ ခုလောက်ကတည်းက ဗမာပြည်တွင် ကွန်မြူနစ်ပါတီကို ဖွဲ့စည်းနေကြ သည်။ ကိုဘဟိန်းက ကျွန်တော့်ကို မာ့က်စ်ကျမ်းစာအုပ်များကို ပေးဘတ်စေပြီး ကွန်မြူနစ်ဘက်ပါရန် မကြာခဏ ပြော၏။ သို့သော် ကျွန်တော်ကား စာပေကို ပိုချစ်၏။ ကဗျာကို ပိုစပ်ချင်နေ၏။
လျှို့ဝှက်၍ ထုတ်ဝေသော အရေးတော်ပုံအမည်ရှိ စာတမ်းကို ၁၉၃၉ လောက်က ဘတ်လိုက်ရလေ၏။ ထို 'အရေးတော်ပုံ' ကား ပဌမဆုံးသော ကွန်မြူနစ်ဂျာနယ် ဖြစ်ပေ၏။
(၄)
ဂျပန်ခေတ်က ရွှေတောင်ကြားလမ်းရှိ စိမ်းညို့မှိုင်းမှုန်သော တောရိပ်မြိုင်ခြေကလေးသည် တရေးရေး ထင်လာ၏။
ရွှေတောင်ကြားလမ်းနှင့် လောင်းဝစ်လမ်းအဆုံတွင် ပိန်းပင်၊ ရေမြက်ရှည်ပင်၊ မှော်ပင်များဖြင့် နောက်ကျိသော ရေအိုင်တအိုင်ရှိ၏။ ရေအိုင်မှာ ရေညှိများ လွှမ်းနေသဖြင့် ထိုပတ်ဝန်းကျင်မှ ဘာအရောင်မျှ လာမထင်၊ မှုန်ညို့ညို့၊ စိမ်းဝါဝါသာ လဲ့လဲ့ပေါ်နေသည်။
ထိုရေအိုင်ရှိ ကုန်းမြင့်ကလေးတွင် ခေတ်ဆန်သော တိုက်တတိုက်သည် မော်ကြွားနေ၏။ ခရမ်းပွင့်များ တွဲလွဲခိုနေသော ဆင်ဝင်ရှေ့တွင် အမြောက်ကလေးနှစ်လက် ဆင်ထား၏။ အိမ်ရှေ့မျက်နှာစာရှိ မြက်ခင်းကား အနီအဝါ အဖြူစသော ပန်းမာလာတို့ဖြင့် ပြောက်ကျားနေသည်။
ဂျပန်ခေတ်က ထိုနေရာတဝိုက်တွင် ဘီအိုင်အေ သခင်များ နေထိုင်ကြ၏။ ဗိုလ်စကြာ၊ ကိုလှမောင် (ယခု သံအမတ်) ဗိုလ်လက်ျာ၊ သခင်တင်၊ ကိုကျော်ငြိမ်း၊ သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင်လင်း၊ သခင်ကိုယ်တော်မှိုင်း စသူတို့သည် ဤပတ်ဝန်းကျင်တွင် တိုက်များနှင့် နေကြ၏။
ထို အမြောက်နှင့်အိမ်တွင် ပဌမ ဗိုလ်ချုပ်အောင်ဆန်း နေ၏။ နောက် ဗိုလ်ချုပ်အောင်ဆန်း ဒေါ်ခင်ကြည် နှင့် လက်ထပ်၍ ပြည်လမ်း ပြောင်းသွားသောအခါ သခင်သန်းထွန်း လာနေ၏။ သခင်သန်းထွန်းမှာ ထိုအခါက လူပျိုဖြစ်လေသည်။
ယခင်က အင်္ဂလိပ်အထက်တန်း အရာရှိကြီးများနေသော တိုက်ဖြစ်၍၊ ခမ်းနား ထယ်ဝါသော ဓနရှင် အဆောင်အယောင်များဖြင့် တောက်ပလျက်ရှိသည်။
ဖက်ဖူးရောင်ခံတွင် သရက်ထည်ပွင့် ပန်းနွယ်ပန်းခက်တို့ဖြင့် ရှက်လိမ်သော ဆိုဖာများသည် အဝါနုနံရံနှင့် အသွေးချင်း အပြန်အလှန် တုံ့ပြန်နေကြ၏။ ဆိုဖာ ဆက်တီ၏ အလယ်မှာ မဟော်ဂနီရောင် ထနေသော ပန်းအိုးတင်စားပွဲသည် တူရကီကော်ဇောပေါ်တွင် အဝင့်သား ထင်နေ၏။ မှန်ပြတင်းမှ အစိမ်းပုတ်ရောင် ဇာခန်းဆီးသည်အပြင်ဘက် ကောင်းကင်ပြာ သစ်စိမ်းရွက်ညိုတို့ကို မှုန်ရေးရေး မြင်လာအောင် ကာယင်း လေအဝှေ့တွင် ဆွေ့ဆွေ့ခုန်လျက်ရှိ၏။
သခင်သန်းမြိုင်သယ်လာသော ဂျာမန် စန္ဒယားကြီးကား အခန်းဒေါင့်တွင် ရှိပေသည်။ အပေါ်မှာ ပဒေသာ မီးပွင့်သည် လရောင်ကဲ့သို့ ကြည်အေး မြစိမ်းသော ရောင်ခြည်ဖြင့် သ, ပေးနေသည်။ စိမ်းစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်။
ဤစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှာပင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်းသည် မာက့်စ်၏ 'အရင်း' စာအုပ်ကို ဘတ်နေ၏။ သခင်တင်သည် ညနေဆိုလျင် ရောက်လာကာ စန္ဒယားခုံတွင် ဝင်ထိုင်ပြီး ထူးမခြားနား အစပိုဒ်ကို စမ်းပြီး မပြီကလာ တီးကြည့်တတ်၏။ တီးယင်း အသံပျောက်နေသဖြင့် 'လုပ်ပါဦးဗျ… တီးစမ်းပါအုန်း' ဟုဆိုကာ ကျွန်တော့်ဘက်ကို လှည့်၍ ပြောတတ်၏။
သခင်လင်းကား ဆိုဖာတွင် ကိုယ်တခြမ်းမြှုပ်ကာ ရယ်စရာပြောနေ၏။ ဗိုလ်စကြာ၏ ကြွယ်ဝသော စကားသံသည် ပဲ့တင်ထပ်လျက်ရှိ၏။ ဗိုလ်ချုပ်အောင်ဆန်း ကားနှင့် ရုတ်တရက် ရောက်လာသည်လည်း ရှိ၏။
သခင်သန်းထွန်းသည် မာက့်စ်စာအုပ်ကို ချလိုက်ပြီး 'လုပ်ပါဦးဗျ၊ သီချင်းတပုဒ်လောက်…. သက်ဝေဆိုတာလေ……' ဟုပြောကာ ကျွန်တော့်ကို မေးငေါ့ပြ၏။ သူသည် 'သက်ဝေ' သီချင်းကို အလွန်နှစ်သက်၏။
ဘယ်တော့မှ မညှိသဖြင့် အသံကြောင်နေသော စန္ဒယားကြီးမှာ ဂီတသံ ထွက်လာရ၏။ သခင်သန်းမြိုင်သည် ဘေးမှ ရပ်ကာ လိုက်ဆိုနေ၏။ သူသည် ဘင်ဂျို အတီးကောင်းသူလည်း ဖြစ်သည်။
လှသထက်လှမယ်ဆိုယင်
ဆေးဘက်ဝင်ပါသလားလို့
မောင့်အသဲတွေ မောင့်အသွေးတွေ
မောင့်နှလုံးတွေ
အသုံးပြုပါလေ……..
သခင်တင်သည် ဂီတသံဝယ် ငေးမောနေလေပြီ။
ညအမှောင်ကူးစတွင် ကိုကျော်ငြိမ်း ရောက်လာကာ သခင်သန်းထွန်းနှင့် စကားပြောကြပြီး၊ မကြာမီ ကားနှင့် အတူ အပြင်ဘက် အမှောင်ထဲသို့ ထွက်သွားကြ၏။
ကျွန်တော်သည် ကပ်လျက်ရှိသော တဘက်အိမ်တွင် ကိုဘဟိန်းနှင့် အတူနေရာ လူစုံတတ်သဖြင့် သခင်သန်းထွန်းတို့ ဧည့်ခန်းသို့ ကူးကာ လည်ပတ်နေတတ်၏။
ဤစိမ်းလဲ့လဲ့ ဓနရှင်ဆန်သော ဧည့်ခန်းဆောင်မှပင် ဖက်ဆစ်ဆန့်ကျင်ရေး လှုံ့ဆော်စာတမ်းများကို ရေးကြသည်။ ဤဧည့်ခန်းဆောင်မှ ထွက်လာသော ကွန်မြူနစ်တယောက်သည် 'ပုန်ကန်ထကြွလော့' ဟူသော စာတမ်းများကို လွယ်အိပ်နှင့်ထည့်ကာ အိမ်ရှေ့လမ်းပေါ်တွင် လမ်းသလာားနေသော ဂျပန်စစ်သားလေးတဦးကို တိုးမိမတတ် ဖြတ်ကျော်လွန် သွားခဲ့လေသည်။
ဤအခန်းဆောင်တွင် အတူဆုံကြ တွေ့ကြ ရယ်စရာ မောစရာပြောခဲ့ကြသော သူများသည်ပင် ဖဆပလကို ဖွဲ့စည်းကာ၊ တော်လှန်ရေး ပြုခဲ့ကြသည်။
ဤစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှပင်၊ အနီထဲမှ ကြယ်ဖြူပွင့် ပေါ်နေသော ဖဆပလ အလံကို နွေလယ်အခါ အိပ်မက်နေကြသည်။
(၅)
ဤ စိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်တွင် ဆုံခဲ့ကြသော သူများသည်ပင် အချင်းချင်း ဆန့်ကျင်ကုန်လျက် သွေးစီးနှင့် ကိုင်ကာ စိုက်ခဲ့ကြသော ဖဆပလအလံကို နှဲ့နေကြပေပြီ။
သူတို့အားလုံးသည် လူပင်ဖြစ်သည်။ လူတို့၏ မိုက်မဲခြင်း၊ လိမ္မာခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ တိုင်းပြည်အကျိုးကြည့်ခြင်း၊ ယုတ်မာခြင်း၊ သန်ရှင်းဖြူစင်ခြင်း တို့ဖြင့် ရောပြွမ်းကာ နေပေမည်။
သခင်သန်းထွန်းလည်း သည်လူများအလည်မှ လူပင် ဖြစ်လေသည်။
ဂျပန်ခေတ်က ကျွန်တော်၏ ငရှင့်သွေး ကတ္တီပါ ဂျာကင်အင်္ကျီကို ကိုဘဟိန်းက ကြိုက်သည်ဆို၍ ယူထား၏။ နောက် သခင်သန်းထွန်းက ကိုဘဟိန်းထံမှ ယူကာ ဝတ်၏။
သခင်သန်းထွန်းသည် ထို ငရှင့်သွေး ဂျာကင်အင်္ကျီကို အတော်နှစ်သက်သည်။ ချမ်းသည့်အခါတိုင်း ငရှင့်သွေးအင်္ကျီကို ဝတ်ကာနေတတ်၏။ သူနှင့်အတူ နေကြသော သခင်တင်ထွန်း၊ သခင်လှကွန်းတို့ကား သခင်သန်းထွန်း ရုံးကအပြန် ကားဆိုက်လျင် ဆိုက်ခြင်း အဝမှ ကြိုကာ ငရှင့်သွေး ဂျာကင်ကို ဆီးပေးပြီး၊
'သခင်သန်းထွန်း ဒီဟာလေး ဝတ်ထားပါ' ဟု စလေ့ရှိ၏။ လူဆိုတာ အလှအပကို ချစ်တတ်ကြပေသည်။
ဒိုင်အိုကျောင်းရှိ ပြည်သူ့ဆေးရုံ အပေါ်ထပ်အခန်းတွင် သခင်သန်းထွန်းသည် မကျမ်းမာသဖြင့် ဆေးဝါး မှီဝဲနေသည်။ နေ့လည်ဆိုလျှင် ဧည့်သည်များသည် သူ့အခန်းတွင် စုံလှ၏။
ဆရာမဒေါ်ခင်ကြီး (ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏အစ်မ)သည် သူ့ကို ပြုစုနေ၏။ ဧည့်သည်ကား မစဲ။ ထိုအခိုက် ကျွန်တော်လည်း ဝင်မေးရာ မကြာမီ ဆရာမဒေါ်ခင်ကြီးသည် ကာဖီ ယူလာ၏။
'သောက်ပါအုန်း'
ကျွန်တော်က 'ဟာ… ဒုက္ခ၇ှာလို့' ဟုဆိုကာ အားနာဟန် ပြုနေ၏။
'သခင်သန်းထွန်းဧည့်သည်ဆိုယင် ကော်ဖီနဲ့ ဧည့်ခံပါတယ်' ဟု ဗိုလ်စကြာက ပြောကာ နောက်နေ၏။ သခင်သန်းထွန်းကမူ ရှက်နေ၏။
နောက်တလခန့် ကြာသောအခါ သခင်သန်းထွန်းနှင့် ဒေါ်ခင်ကြီးတို့သည် လက်ထပ်လိုက်ကြသည်။ လူတို့၏ ဘဝဇာတ်လမ်းသည် သည်လိုပဲ ဖြစ်ကြပေမည်။
ဂျပန်တော်လှန်ရေး ပြီးစက ကျွန်တော်သည် တောတွင် ရောက်နေရာ၊ ဖဆပလ၏ သတင်းများကိုသာ နားထောင်နေရသည်။ ကွန်မြူနစ်ပါတီမှ ပြည်သူ့အာဏာဂျာနယ်ကို ဘတ်ရသည်။ ဖဆပလ၏ အမည်မှာ ကမ္ဘာ့သတင်းစာ ကော်လံထိပ်တွင် မျက်နှာမဲဖြင့် ပါနေလေပြီ။ သခင်သန်းထွန်း အမည်ကို နိုင်ငံခြားသတင်းစာများ တွင် မကြာခဏ တွေ့ရ၏။ ထိုအခါက သူသည် ဖဆပလ အထွေထွေအတွင်းရေးမှူး ဖြစ်လေ၏။
သူဖဆပလမှ ထွက်သောအခါ၊ သူ့နေရာတွင် တွဲဘက်အတွင်းရေးမှူး ကိုကျော်ငြိမ်းရောက်လာ၏။
တာရာမဂ္ဂဇင်း ထွက်ခါစက သခင်သန်းထွန်းထံ ဆောင်းပါးတောင်းဘူး၏။ သို့သော် သူလည်း မရေးဖြစ်၊ ကျွန်တော်လည်း မရောက်တော့။
နောက်ဆုံး ဘုန်းကြီးလမ်း ကွန်မြူနစ်တရားပွဲတွင် တူတဇင်အလံနီကို နောက်ကျောခံလျက် ဓါတ်ခွက်ရှေ့တွင် တရားဟောနေသော သခင်သန်းထွန်းကို ပရိသတ်အလယ်မှ မြင်လိုက်ရ၏။ သခင်သန်းထွန်း၏ တရားကား ပဌမတော့ ခြောက်သွေ့ပြီး၊ နောက်… တဖြေးဖြေး အချက်အလက်များ ပါလာကာ ဆုံးခါနီးတွင် သွေးကြွလာစေသည်။ ဒါဘဲ သိလိုက်သည်။
သူသည် (၃) နာရီခန့် မရပ်မနား စမ်းရေယဉ်မှ ရေများ စီးသွန်ကျသလို ပြော၏။ သူ၏ စကားများထဲတွင် လူအများ ရုတ်တရက် အသိခက်သော စာအုပ်ဆံဆံ စကားကြီး စကားကျယ်များ မပါ။ ရိုးရိုးနှင့် လူတိုင်းနားလည်သော၊ ရှင်းလင်း ပြတ်သားသော စကားလုံးများနှင့်သာ ပြော၏။ ဗမာ့လက်ရှိ နိုင်ငံရေး အခြေအနေကို ကမ္ဘာ့အခြေအနေများနှင့် ယှဉ်ကာ နောက်ခံကား ပေးလိုက်ပြီးနောက် အကိုးအကားနှင့်တကွ ပြော၏။
လူအများသည် စိုက်ကာ နားထောင်နေကြ၏။
ဂျစ်ကားနှင့် အထက်တန်းအရာရှိဟု ထင်ရသော သူတဦးက 'တယ်တော်တဲ့ လူဘဲ။ အချက်အလက်တွေ ချည်းဘဲ….. ကျုပ်အစက လက်သီးလက်မောင်းတန်းပြီး ကြိမ်းမယ် မောင်းမယ် ထင်နေတာ' ဟု ခပ်တိုးတိုး သူ့အဖော်အား ပြောနေလေသည်။
ဓါတ်ခွက်မှ သခင်သန်းထွန်း၏ အသံသည် ညိုမှောင်မှိုင်းမြသော ညည့်ဝယ် ပဲ့တင်ထပ်လျက် ရှိသည်။
ယခု ပြည်တွင်းစစ်၊ ပြဿနာကိုကား ကျွန်တော်သည် ဘာမျှ ထင်မြင်ချက် မပေးလိုသေး။ ဘာဘဲ ပြောကြ အော်ကြ၊ နောက်ဆုံး သည်လူတွေဟာ အတူတူ လူချည်းပါဘဲ။
ကျွန်တော့်အဖို့ရာကား၊ တော်သူတွေ နေရာကောင်းတွင် ရောက်စေချင်သည်။ လက်တွဲ၍ တော်လှန်ရေးကို လုပ်လာသူတွေ၊ ယခုလည်း လက်တွဲကာ အုတ်သစ်ကလေးများကို သယ်စေချင်နေ၏။ နောက်ပြီး လူအများဆန္ဒအရ လုပ်စေချင်၏။ မလိုတာကို အတင်းကြပ် ပေးတာလည်း မကြိုက်၊ ဒီမိုကရေစီ စင်မြင့်တွင် လွတ်လပ်မှု အခွင့်အရေးသည် ပျံဝဲနေစေချင်၏။
တကယ့် အမြုတေများ ပါဝင်သော အမျိုးသားတပ်ပေါင်းချုပ် ပြည်သူ့အစိုးရကို လိုချင်၏။ ။
ဒဂုန်တာရာ။
၁၉၄၈ ဇွန်လ။
{ဂျာနယ်ကျော်မမလေး စာပေဖြန်ချိရေးမှ ပထမအကြိမ် ထုတ်ဝေတဲ့ 'ဒဂုန်တာရာ- ရုပ်ပုံလွှာ'၊ ၁၉၅၅ခုနှစ်၊ စာအုပ်မှ ကူးယူဖော်ပြပါတယ်။}

Monday, September 21, 2020

ရွေးကောက်ပွဲဆိုတာကြီးလာပြန်ပြီ (ရဲဘော်ဖိုးသံချောင်း)

0 comments

ရွေးကောက်ပွဲဆိုတာကြီးလာပြန်ပြီ (ရဲဘော်ဖိုးသံချောင်း)

လူ့သမိုင်းမှာလူသားတွေတဦးချင်းနေထိုင်လှုပ်ရှားရာကနေ အစုအစည်းလိုက် (ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ) နေထိုင်လာတဲ့အချိန်ကစပြီး အများစုမဲနဲ့ဆုံးဖြတ်ချက်တွေချတယ်ဆိုတဲ့အစဉ်အလာ ထွန်းကားခဲ့တယ်ဆိုရင်မမှားဘူးထင်ပါတယ်။ ကိုယ့်အမဲလိုက်ဖက်တွေအကြားမှာ ဘယ်လမ်းလိုက်မလဲ ဆုံးဖြတ်တာမျိုးကနေ ကိုယ့်အမျိုးစုထဲမှာဘယ်သူ့ကိုခေါင်းဆောင်တင်မယ်ဆုံးဖြတ်တာ၊ ရွာလူကြီး၊ ဘာသာရေးခေါင်းဆောင်စတာတွေရွေးချယ်တာအထိ မဲပေးဆုံးဖြတ်တဲ့အစဉ်အလာဟာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပါတယ်။ ဒီလိုကနေ ပဒေသရာဇ်စနစ်ကနေ အရင်းရှင်စနစ်ကိုကူးပြောင်းလာတဲ့နောက် မှာတော့ နိုင်ငံ့အကြီးအကဲကိုမဲပေးဆုံးဖြတ်တယ်ဆိုတာအထိ မဲနဲ့ဆုံးဖြတ်တာလုပ်လာတာတွေ့ရပါ တယ်။ အပြောင်းအလဲဟာ အရင်းရှင်စနစ်ပီပီပြင်ပြင်ဖြစ်လာတဲ့ ၁၈ရာစုအစပိုင်းနဲ့ ၁၉ရာစုနှစ်ထဲမှာ ပိုပုံပေါ်လာတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဥရောပကစတာပါ။ 
ကမ္ဘာသမိုင်းမှာရွေးကောက်ပွဲအတွက်၊ အမျိုးသမီးမဲပေးခွင့်၊ အသားအရေကွဲပြားသူမဲပေးခွင့် စတာ တွေအတွက် ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်းတွေရှိခဲ့တာမငြင်းနိုင်ပါဘူး။ အလားတူ ဗမာပြည်ရဲ့ ဖဆပလလက်ထက်ရွေးကောက်ပွဲတွေမှာ အသတ်ခံရ၊ အဖမ်းခံရတဲ့ ပြည်သူတွေရဲ့ အရေ အတွက်ဟာနည်းသမို့လား။ ဒါပေမဲ့ ရွေးကောက်ပွဲဆိုတာဟာအရာရာလား။ နိုင်ငံတခုမှာရွေးကောက်ပွဲ ကျင်းပတယ်ဆိုရင် ဒီမိုကရေစီအပြည့်အဝရှိရောတဲ့လား။ 
နယ်ချဲ့ဥရောပနိုင်ငံတွေဟာ သူတို့ကိုလိုနီပြုတဲ့နိုင်ငံတွေဆီကို သူတို့ရဲ့ရွေးကောက်ပွဲအလေ့အထ သယ်ပို့ပေးခဲ့ကြပါတယ်။ ဒါကြောင့်ဗမာပြည်မှာတော့ ၁၉၂ဝခုနှစ်သပိတ်ကြီးကြောင့် ဘေးကျပ်နံကျပ် ဖြစ်သွားတဲ့ ဗြိတိသျှကိုလိုနီသခင်တွေဟာ ဒိုင်အာခီရွေးကောက်ပွဲဆိုတာကိုဖန်တီးပွဲထုတ်ပြီး သပိတ်ကြီး ကြောင့်အရှိန်ရနေတဲ့ ဗမာနိုင်ငံသားတွေရဲ့နိုင်ငံရေးတိုက်ပွဲအဟုန်ကိုဖြိုခွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ရှစ်လေးလုံး အရေးတော်ပုံကြီးနောက်မှာအုပ်စိုးသူအစိုးရကလုပ်ပေးတဲ့ ၁၉၉ဝခုနှစ်ရွေးကောက်ပွဲနဲ့ရည်ရွယ်ချက်ချင်း မကွာလှပါဘူး။ 
အုပ်စိုးသူများဟာ ရွေးကောက်ပွဲတွေလုပ်နေကြပေမယ့် ဒီရွေးကောက်ပွဲတိုင်းလိုလို ဟာသူတို့ရဲ့ရှိနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဘောင်အတွင်းမှာချည်းလုပ်ရတာမို့ နိုင်ငံ့အာဏာဟာ အုပ် စိုးသူလူတန်းစားအသိုင်းအဝိုင်းအတွင်းမှာပဲ လက်ပြောင်းနေပါတယ်။ ပြည်သူကိုကိုယ်စားပြုသူတွေ ရွေးကောက်ပွဲကတဆင့် အာဏာရတယ်ဆိုတာ ဘယ်တုန်းက၊ ဘယ်မှာမှမရှိခဲ့ပါဘူး။ အုပ်စိုးသူတွေရဲ့ ရွေးကောက်ပွဲဆိုတာတွေ နာမည်ကောင်းရအောင် အမတ်(ကိုယ်စားလှယ်)နေရာအနည်းအပါး ရခဲ့တာပဲရှိပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်က သူ့ရဲ့စစ်တပ်တွေပို့ပြီး ကိုယ်ထိလက်ရောက် ပါဝင်ခဲ့တဲ့၁၉၆၁ခုနှစ် သမတ ဂျွန်ကင်နေဒီ(၁၉၆၁-၆၃ခုနှစ်) ကနေ ၁၉၇၅ခုနှစ်၊ ဧပြီလ ၃ဝရက်၊ ဆေးဂုံ မြို့ကိုတော်လှန်ရေးတပ်တွေကသိမ်းပိုက်တဲ့အချိန်အထိ ၁ဝနှစ်ကျော်ကာလအတွင်း အိမ်ဖြူတော်မှာ ရီပတ်ဘလစ်ကင်သမ္မတတွေ၊ ဒီမိုကရက်သမ္မတတွေ တယောက်ပြီးတယောက်ပြောင်းလဲခဲ့ပေမယ့် သူတို့ရဲ့ဗီယက်နမ်စစ်ပွဲပေါ်လစီဟာ လုံးဝအပြောင်းအလဲမရှိခဲ့ပါဘူး။ ဝေါလမ်းမ၊ စတော့စျေးကွက် တို့မှာလည်း ဘာမှသိသာတဲ့အပြောင်းအလဲမရှိခဲ့ပါဘူး။ 
ဗမာပြည်မှာလည်း လွတ်လပ်ရေးရပြီးနောက်မှာ ဖဆပလအစိုးရဟာ ရွေးကောက်ပွဲနဲ့လူထုကို ညာ စားလို့ရတုန်းညာစားနေပြီး ၁၉၅၆ခုနှစ်ရွေးကောက်ပွဲမှာ ပမညတကအမတ်နေရာလေးဆယ်ကျော်ရ တော့မှ မျက်လုံးပြူးသွားခဲ့ပါတယ်။ ဖဆပလ(တည်မြဲ-သန့်ရှင်းမကွဲသေး)တုန်လှုပ်သွားတယ်ဆိုတော့ သူတို့နောက်ကွယ်က ဗိုလ်နေဝင်းတို့စစ်အုပ်စုလည်းသတိထားစရာဖြစ်သွားပါတယ်။ ဒီလိုနဲ့ ၁၉၅၈ခုနှစ် မှာဗမာပြည်ရဲ့ပထမဆုံးစစ်အာဏာသိမ်းပွဲပေါ်ပေါက်ခဲ့ပြီး လက်ဝဲသမားတွေကိုထောင်ထဲထည့်၊ ကိုကိုး ကျွန်းပို့တာတွေဖြစ်ကုန်ပါတော့တယ်။ အဲဒီနောက်တော့ ဖဆပလကွဲပြီးတည်မြဲနဲ့သန့်ရှင်းတို့ အပြန် အလှန် မျက်နှာအိုးမဲသုတ်ကြရင်း လူထုအထင်သေးစရာဖြစ်လာတော့ ဦးနုကသာသနာကိုအသုံး ချပြီးမဲတောင်းတာလုပ်ပါတော့တယ်။ ဒီအခါမှာ ၅၈ခုနှစ်အာဏာသိမ်းပွဲနဲ့ တည်မြဲတွေနဲ့တတွဲထဲ ဖြစ် တယ်ဆိုတာကိုသိတဲ့ ဗမာပြည်ပြည်သူလူထုဟာ ဦးနုကိုမဲတွေပုံပေးခဲ့ပါတယ်။ ဒါပေမဲ့အဲဒီသန့်ရှင်း အစိုးရဟာသက်ဆိုးမရှည်လိုက်ပါဘူး။ သူ့လူဖဆပလ(တည်မြဲ)တွေ အာဏာလက်လွတ်သွားပြီဖြစ်လို့ ဗိုလ်နေဝင်းကတိုင်းပြည်ကြီးကို“ချောက်ထဲကျလုဆဲဆဲ လက်နှစ်လုံးအလိုကနေကယ်တင်”လိုက်ပါ တယ်။ ဒီလိုနဲ့ပဲ ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဦးနုအစိုးရဟာ စစ်တပ် အာဏာသိမ်းပွဲနဲ့နိဂုံး ချုပ်သွားပါတယ်။ 
၁၉၈၈ခုနှစ်လူထုအုံကြွမှုကြီးပေါ်လာတော့ ပြည်သူတွေဟာဒီမိုကရေစီကိုတောင်းဆိုကြပါတယ်။ ဒီမိုကရေစီနဲ့ရွေးကောက်ပွဲဟာ ခွဲမရတာအမှန်ပါ။ ဒါပေမဲ့ ဒီအရေးတော်ပုံကြီးကတောင်းဆိုခဲ့တဲ့ဒီမိုကရေ စီဆိုတာမှာ စစ်အာဏာရှင်ဖျက်သိမ်းရေးဟာ အဓိကအချက်ဖြစ်ပါတယ်။ စစ်အာဏာရှင်မဖျက်သိမ်းဘဲ ဒီမိုကရေစီရမယ်၊ လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာမယ်လို့ ဗမာပြည်သူတွေဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ 
ဒီလိုနဲ့ စစ်သားတွေ၊ ရဲတွေပါ စတင်ပါဝင်လာနေတဲ့ ဒီအရေးတော်ပုံကြီးဆက်ဖြစ်ပွားနေရင် ငါတို့ (စစ်အုပ်စု) အာဏာပါအန္တရာယ်ရှိလာတော့မယ်လို့တွက်မိတဲ့ စစ်ဗိုလ်ချုပ်တွေဟာ (သူ့တပ်ကို ပြန်ထိန်းချုပ်တာ လုပ်တယ်။ ဒီနောက်မှာ အရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲပါတယ်။ အကြမ်းဖက်ဖြိုခွဲနည်းသက်သက်နဲ့ မပြီးမှန်းသိတာမို့) ရွေးကောက်ပွဲကတိနဲ့ အရေးတော်ပုံနဲ့“စေ့စပ်”လိုက်ပါတယ်။ ၁၉၉၀ခုနှစ်မှာ ရွေးကောက်ပွဲဆိုတဲ့ဇာတ်တခုခင်းပြီးလူထုကို အာရုံလွှဲလိုက်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့လူတွေအရှုံးကြီးရှုံးတော့ ရွေးကောက်ပွဲကိုအသိအမှတ် မပြုဘူးကြေညာပြီး စစ်တပ်ကပဲအာဏာကိုဆက်ချုပ်ကိုင်သွားပါတယ်။ ၂ဝဝ၈ခုနှစ်မှာနာဂစ်မုန်တိုင်းကြီး အကြား ဆန္ဒမဲပေးစေခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးအတည်ဖြစ်သွားတော့ စစ်အုပ်စုအဖို့သူတို့ အာဏာတည်မြဲရေးဟာ အာမခံချက်ရှိသွားပြီဖြစ်လို့ ၂ဝ၁ဝရွေးကောက်ပွဲကိုကျင်းပပေးပြီး တကောင် တည်းပြေးတဲ့မြင်းလိုဖြစ်တဲ့ ဗိုလ်သိန်းစိန်ဟာ တိုင်းပြည်ရဲ့နံပတ်ဝမ်းလိုလို ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်တော့ စစ်အုပ်စုအဖို့ရွေးကောက်ပွဲဆိုတာဟာ သူတို့အတွက်လူထုကိုလှည့်စားစရာ ကစားကွက်တခုဖြစ်လာပြီး ၂ဝ၁၅ခုနှစ်ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်ဆိုတဲ့ပါတီကြီးဟာလည်း နိုင်ပြီးတယ်ဆိုတာနဲ့ပဲ ဗိုလ်မင်းအောင်လှိုင်ရဲ့ လက်အောက် ကိုသောင်ပြိုကမ်းပြိုပါချသွားပါတော့တယ်။ 
အခုလည်း လာပြန်ပြီရွေးကောက်ပွဲ။ နာဂစ်အခြေခံဥပဒေလို့နာမည်ဆိုးနဲ့ကျော်ကြားသလို ကိုဗစ် ရွေးကောက်ပွဲလို့ကျော်ကြားဦးမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ မှန်တာပြောရရင် ဒီရွေးကောက်ပွဲမှာ ပြည် ခိုင်ဖြိုးတို့လို စစ်ထွက်ပါတီတွေအတွက် မျှော်လင့်စရာသိပ်မရှိပါဘူး။ ဒါပေမဲ့ စစ်အာဏာရှင်များကတော့ ဒီရွေးကောက်ပွဲကိုအတင်းဂုဏ်တင်၊ တွန်းဆော်နေပါတယ်။ သူတို့မှာက ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတဲ့ ပြဒါးရှင်လုံးရှိနေတာကိုး။ ဘယ်သူတက်တက်ငါ့ဘက်သားချည့်ပဲလေ။ 
တကယ်တော့ ဒီကနေ့နိုင်ငံရေးမှာ ဒီမိုကရေစီ=ရွေးကောက်ပွဲဆိုတာလောက်နဲ့မပြည့်စုံပါဘူး။ ဒီမို ကရေစီ= ပြည်သူ့ဆန္ဒအရပြုလုပ်ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒါကတဆင့်ရွေးကောက်ပွဲ ဆိုမှပိုမှန်ပါ လိမ့်မယ်။ 
ရဲဘော်ဖိုးသံချောင်း

Sunday, September 20, 2020

စတာလင်(အောင်ဇံ)

0 comments

စာရေးဆရာ အောင်ဇံက အိန်ဂျယ်၊ လီနင်၊ ချူအင်လိုင်း၊ တိန်ရှောက်ဖိန်၊ မော် တို့အကြောင်းရေးသားပြီးနောက် မကြာမီမှာပင် စတာလင် ကို ပြုစုထုတ်ဝေရန် ပြင်ဆင်နေပြီဖြစ်ပါသည်။ထိုသို့ပြင်ဆင်ဆဲ အချိန်မှာပင် စတာလင် နှစ်(139-140) ပြည့်အထိမ်းအမှတ်ကို ရောက်ရှိနေခြင်းကြောင့် စတာလင်အကြောင်း တစိတ်တပိုင်းကို ထုတ်နှုတ်ဖော်ပြလိုက်ပါသည်။

#စတာလင်(ေအာင္ဇံ)

စတာလင် မွေးနေ့ကို တချိန်က ၁၈၇၈-ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့ဟု
ရေးကြသည်။ ၁၈၇၉-ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့ဟု အချို့ကရေးကြသည်။
မည်သို့ဆိုစေ စတာလင်၏အသက်မှာ ၁၃၉-နှစ်(သို့မဟုတ်) ၁၄၀ နှစ်မြောက်
မွေးနေ့သို့ ၂ဝ၁၈ ဒီဇင်ဘာလတွင် ကျရောက်ပြီဖြစ်သည်။

၂ဝ-ရာစု ကမ္ဘာ့ခေါင်းဆောင်ကြီးများတွင် စတာလင်သည်အငြင်း အထွက်ဆုံးသော ပုဂ္ဂိုလ်များထဲတွင် တဦးအပါအဝင်ဖြစ်သည်။
မကြိုက်သူများ၊ လူတန်းစားရန်သူများ၏ အဆိုးချည်းအပြောခံရဆုံးသော ခေါင်း
ဆောင်ဖြစ်သည်။ စတာလင်အား အဖိနှိပ်ခံလူတန်းစားတို့၏ အကျိုးစီးပွားကို
လျစ်လျူရှုကာ မိမိပုဂ္ဂိုလ်ရေး သြဇာအာဏာကို တည်ထောင်ခဲ့သူ၊
လူ့အသက်ပေါင်းများစွာကို စတေးခဲ့သူဟု လူတန်းစားရန်သူများ၏
တိုက်ခိုက်မှုသည် အမှန်တရားနှင့် နီးစပ်ပါ၏လော။ ဤသည်ကိုခြေခြေမြစ်မြစ်သိဖို့ဆိုလျှင် စတာလင်၏ဘဝကို ပြည့်ပြည့်စုံစုံနှင့်
စေ့စေ့ငုငု လေ့လာဖို့လိုမည်ဖြစ်သည်။

စတာလင်၏အဆိုးအကောင်းကို စဉ်းစားကြရာ၌
နိုင်ငံရေးသုခမိန်ကြီးတဦး၏ စကားကို ငှား၍သုံးစွဲရ လျှင် ၁ဝ-၉ဝ လား၊၂ဝ-၈ဝ လား၊ ၃ဝ-၇ဝ လား။ ယေဘူယျချင့်ချိန်စဉ်းစားကြရာ၌
လူပုဂ္ဂိုလ် တဦးချင်း အဖွဲ့အစည်းတခုချင်းကိုလိုက်၍ လူတန်းစားအသိ၊
ထိုလူတန်းစားအသိ၏ စိတ်ခံစားမှုအပေါ် လိုက်ကာ ကွဲပြားကြလိမ့်မည်ဖြစ်သည်။
စတာလင်၏ လူတန်းစားရန်သူများကမူ အဆိုးဘက်သို့ အလေး ပေးကာ
စဉ်းစားကြမည်ဆိုသည်မှာ အငြင်းထွက်ရန်မလိုသည့် ကိစ္စဖြစ်သည်။

၂ဝ၁၄-ခုနှစ် ရုရှား၌ Levada Centre၏ ကောက်ယူသည့်စာရင်းအရ
ရုရှားနိုင်ငံ၏ လူတဝက်ကျော် (၅၂ ရာခိုင်နှုန်း)က စတာလင်၏ ရုရှားနိုင်ငံသမိုင်းရေး အခန်းကဏ္ဍကို အကောင်းမြင်ကြသည်။ အဆိုးမြင်သူမှာ
သုံးပုံတပုံ (၃ဝရာခိုင်နှုန်း) ထက်ပင် နည်းသည်ဟုဆိုသည်။ ဤရလဒ်ကို
ထူးခြားသည့်ရလဒ်အဖြစ် ယူဆကြ သည်။ အနှစ် ၆ဝ ခန့် စတာလင်၏ဘဝကို
မေ့ပျောက်အောင်၊ ပျက်စီးအောင် လုပ်ခဲ့သည့်တိုင် သူ၏သြဇာမှာ
ယနေ့တိုင်ရှိနေဆဲဖြစ်၍ ဖြစ်သည်။

ဖက်ဆစ်ဝါဒအပေါ် အောင်ပွဲခံသည့် အနှစ် ၇ဝ မြောက် အခါသမယကို
မကျင်းပမီ စတာလင်၏ သြဇာမှာ အကြီးအကျယ်တက်လာခဲ့သည်။ စတာလင်၏
ရုပ်ပုံများပါရှိသော ကြော်ငြာပိုစတာများ ကရာစနိုဒါ၊ မာကာချာကာလာ၊ ယီကာတီရင်ဘတ်နှင့် အခြားသောမြို့ကြီးများတွင်လည်းကောင်း၊
စိန့်ပီးတားစ်ဘတ်ရှိ ဘတ်စ်ကားများတွင်လည်းကောင်း တွေ့ကြရသည်။
လိုင်ပက်ဆစ်နှင့် ခရိုင်းမီးယားတွင် စတာလင် အထိမ်း အမှတ်များစိုက်ထူကြသည်။ (စိန့်ပီးတားစ်ဘတ်နှင့် ယာကာတီရင်ဘတ်တို့တွင်
စိုက်ထူရန်စီစဉ်နေကြသည် ဟုဆိုသည်။) စင်ဖီရိုပိုလ်း နှင့်
အူဆူရီဆစ်တို့တွင် အထိမ်းအမှတ်မော်ကွန်း ကျောက်ပြား ဖွင့်ပွဲများပြုလုပ်ကြ သည်ဟုဆိုသည်။ ဤသည်များမှာ လစ်ဘရယ်မီဒီယာများနှင့်
နိုင်ငံရေးသမားများကို စိတ်အနှောင့်အယှက်ဖြစ် စေခဲ့သည်။ ဤသည်ကို
အနောက်နိုင်ငံများနှင့် ဆိုဗီယက်ပြည်ထောင်စုတွင် စတာလင်ကိုဆန့်ကျင်ကာ
မဟုတ် တမ်းတရားဝါဒဖြန့်ခဲ့သည့်ကြားမှ ပေါ်ပေါက်လာသည့်
အံ့သြစရာအဖြစ်အပျက်အဖြစ် မှတ်ယူကြသည်။

စတာလင်သည် သူကွယ်လွန်ချိန်အထိ မာ့က်စ်၊ လီနင်ဝါဒအပေါ်သစ္စာစောင့်သိခဲ့သူဖြစ်သည်။ ဤ သည်မှာ Amsterdam University မှ
စတာလင်၏ကိုယ်ပိုင်စာကြည့်တိုက်ရှိ မာ့က်စ်၊ အိန်ဂျယ် နှင့် လီနင်တို့၏စာအုပ်များတွင် သူရေးမှတ်ထားသည့် မှတ်ချက်များအပေါ် သုတေသနပြုကာ
ကောက်ချက်ဆွဲခဲ့ခြင်းဖြစ်သည်။ ဒပ်ချ်သုတေသနအဖွဲ့က အထောက်အပံ့ပြုသည့်
ပရောဂျက်ဖြင့် သုတေသနပြုခဲ့ခြင်းဖြစ်သည်။ လူအတော်များ များက သူ့ကိုယ်သူ
လီနင်၏သစ္စာအရှိဆုံးတပည့်အဖြစ် စတာလင်ကပြောကြားခဲ့ခြင်းကို လက်မခံခဲ့ကြ။
သူ အာဏာရသည်နှင့် မာ့က်စ်၊ လီနင် ဝါဒ အခြေခံမူများအပေါ် သစ္စာဖောက်ခဲ့သည်ဟု
စွပ်စွဲခဲ့ကြသည်။ သို့ရာတွင် ဤသုတေသနပြုသူများ အဆိုအရ စတာလင်သည်
အပြောနှင့်အလုပ် ညီသည်ဟု ထောက်ခံခဲ့ကြသည်။

ဂျိုးဇက်ဖ်စတာလင် ( Joseph Stalin ) (ဂျူဂါရှာဗီလီ)၊ (ငယ်နာမည် ရိုဆစ်ဖ် ဗီဆာရီယိုဘိုဗစ်ချ် ဂျူကာ ရှာဗီလီ) ကို ၁၈၇၉-ခုနှစ် ဒီဇင်ဘာ
(၂၁)ရက် (၁၈၇၈-ခုနှစ် ဒီဇင်ဘာလ ၁၈) နေ့တွင် ကော့ကေးရှပ်တောင်တန်းများပေါ်ရှိ ယခင်ဆိုဗီယက် ပြည်ထောင်စု၏ ပြည်နယ်တခုဖြစ်သည့်
ဂျော်ဂျီယာ (ယခု ဂျော်ဂျီယာ နိုင်ငံ) တွင် မွေးဖွားခဲ့သည်။ ဖခင်အမည်မှာ
ဗီဆာရီယွန်ဂျူဂါရှာဗီလီဖြစ်ပြီး လယ်သမားမျိုးရိုးဖြစ်သည်။
ဖိနပ်ချုပ်သမားအဖြစ် အသက်မွေးဝမ်းကြောင်းသည်။ နောက်ပိုင်းတွင်အာဒဲလ်ခါးနော့ဖ်ဖိနပ်စက်ရုံတွင် အလုပ်သမားအဖြစ် အလုပ်လုပ်သည်။
မိခင်အမည်မှာ အီဘာတာရီးနားဖြစ်ပြီး မြေကျွန်၏သမီးဖြစ်သည်။

တော်လှန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သောအခါမှ
စတာလင်ဟူသော အမည်ကို ယူခဲ့ခြင်း ဖြစ်သည်။ '' သံမဏိ '' ဟု အဓိပ္ပါယ်ရသည်။
ဆိုဗီယက်ပြည်ထောင်စုကို ၂၅-နှစ်တာကာလမျှ ဦးဆောင်မှုပေးခဲ့သည်။
ဆိုဗီယက်ပြည်ထောင်စုကို ကမ္ဘာ့အလယ်တွင် တန်ခိုးသြဇာတက်စေခဲ့သူဖြစ်ပြီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီဂျာမဏီများကို အနိုင်တိုက်ခဲ့သူအဖြစ်
သူ၏ကျေးဇူးကို အသိအမှတ်ပြုခဲ့ကြ ရသည်။ စတာလင်ကဆိုဗီယက်ပြည်ထောင်စုကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး
အဖြစ် ၁၉၂၂ မှ ၁၉၅၃ ခုနှစ် ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့သည်။

စတာလင် ၁၁-နှစ်သားအရွယ်တွင် ဖခင်ကွယ်လွန်သည်။ မိခင်ဖြစ်သူက
သားဖြစ်သူကို သာသနာ့ ဘောင်ဝင်ကာ ဘုန်းကြီးလုပ်စေချင်သည်။ မိခင်ဖြစ်သူ၏
ဆန္ဒအရ ကိုးနှစ်သားအရွယ်၌ ကျမ်းစာသင်ကျောင်းသို့ တက်ရောက်ပညာသင်ကြားခဲ့သည်။ ထိုကျောင်း၌ ပညာဆုံးခန်းတိုင်ပြီးနောက် အသက်
၁၅-နှစ်အရောက်တွင် ဂျော်ဂျီယာပြည်နယ်၏ မြို့တော်ဖြစ်သော တစ်ဖလစ်၌
သာသနာ့ဝန်ထမ်းဆိုင်ရာကျောင်းကို တက်ခဲ့ရသည်။

စက်မှုအရင်းရှင်စနစ် ဖွံ့ဖြိုးလာသည်နှင့်အညီ
အလုပ်သမားလူတန်းစားလှုပ်ရှားမှုလည်း တိုးတက် ပေါ်ပေါက်လာသည်။
၁၈၉ဝ-ဆယ်စုနှစ်ကာလများ၌ ထရန်စ်ကော့ကေးရှားသို့ နယ်နှင်ဒဏ်ခံနေကြရသည့်
ရုရှား မာ့က်စ်ဝါဒီများက ထိုဒေသတွင် မာ့က်စ်ဝါဒကို ဝါဒဖြန့်ချိကြသည်။
တစ်ဖလစ်ရှေးရိုးစွဲ သာသနာ့ဝန်ထမ်း ကျောင်းသည် ထိုအချိန်၌ လူငယ်များအကြား
အမျိုးမျိုးသော လွတ်မြောက်ရေးအတွေးအခေါ်များ ကျက်စားရာ နေရာဖြစ်ခဲ့သည်။
အမျိုးသားရေး နရော့ဒ်နစ်ဝါဒမှသည် နိုင်ငံတကာ မာ့က်စ်ဝါဒအထိဖြစ်သည်။
အဆိုပါကာလ အသက် ၁၅-နှစ် အရွယ်မှအစပြု၍ စတာလင်သည်
တော်လှန်ရေးသမားတဦးဖြစ်လာခဲ့သည်။

၁၈၉၆-ခုနှစ်နှင့် ၁၈၉၇-ခုနှစ်ကာလများတွင် စတာလင်ကမာ့က်စ်ဝါဒလေ့လာရေးအစုအဖွဲ့လေးတခု ကိုဖွဲ့သည်။ ၁၈၉၈-ခုနှစ် သြဂုတ်လတွင်
တစ်ဖလစ်ဌာနခွဲရှိ ရုရှားဆိုရှယ်ဒီမိုကရက်တစ်ပါတီသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့သည်။ မီဆာမဲ့ဒက်စီဟု သိကြသည့် ပထမဂျော်ဂျီယန် ဆိုရှယ်ဒီမိုကရက်တစ်အဖွဲ့သို့ ဝင်ရောက်သည်။ ဤအဖွဲ့က ၁၈၉၃-၁၈၉၈ခုနှစ်များတွင် မာ့က်စ်ဝါဒအတွေးအခေါ်များကို ထိထိရောက်ရောက်
ဖြန့်ချိခဲ့သည်။

စတာလင်က သူ၏အသိပညာများ ကျယ်ပြန့်လာရေးအတွက် ကြိုးစားသည်။
အရင်းကျမ်းနှင့် ကွန်မြူနစ်ကြေညာစာတမ်းတို့အပြင်
မာ့က်စ်နှင့်အိန်ဂျယ်တို့၏အခြားကျမ်းများကိုလေ့လာသည်။ နရော့ဒ်နစ် ဝါဒ၊'' ဥပဒေအတွင်း မာ့က်စ်ဝါဒ'' နှင့် '' စီးပွားရေးဝါဒ'' တို့ကိုတိုက်ခိုက်ဆန့်ကျင်သည့် လီနင်၏ရေးသား ချက်များကိုလည်း လေ့လာသည်။
ထိုကာလတွင် အလုပ်သမားများ၏ လေ့လာရေးအဖွဲ့များ၌ ဝါဒဖြန့်ချိရေးကို
ဇောက်ချလုပ်သည်။ အလုပ်သမားများ၏ တရားမဝင် လျှို့ဝှက်ပြုလုပ်သည့်
အစည်းအဝေးများသို့တက်သည်။ ဖြန့်ဝေစာများကိုရေးသည်။
သပိတ်တိုက်ပွဲများကိုဆင်နွဲသည်။ တစ်ဖလစ်ရှိ တက်ကြွသည့် ပစ္စည်းမဲ့များကြား
တွင် စတာလင်သည် သူ၏လက်တွေ့တော်လှန်ရေး လုပ်ငန်းများကိုသင်ယူခဲ့ခြင်းဖြစ်သည်။

သာသနာ့ဝန်ထမ်းဆိုင်ရာကျောင်းက
စတာလင်၏လျှို့ဝှက်တော်လှန်ရေးလှုပ်ရှားမှုများကို သိသွားခဲ့ သည့်အတွက်
၁၈၉၉-ခုနှစ် မေလ ၂၉-ရက်နေ့တွင် သူ့ကိုကျောင်းထုတ်ခဲ့သည်။
ထို့နောက်စတာလင်က တစ်ဖလစ်မြို့၌ပင်
စာရေးအလုပ်ကိုဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သို့ရာတွင်
သူကတော်လှန်ရေးလုပ်ငန်းများနှင့် မကင်းကွာခဲ့။ ယခုအခါ စတာလင်သည်
တစ်ဖလစ်ဆိုရှယ်ဒီမိုကရက်တစ် လှုပ်ရှားမှုတွင် အတက်ကြွဆုံးနှင့်
ထင်ရှားသည့်ခေါင်းဆောင်တဦးဖြစ်လာပြီဖြစ်သည်။

စီးပွားရေးအကျပ်အတည်း တဖြည်းဖြည်းချင်းပေါ်ပေါက်လာသည့် ၁၉ဝဝ
ပြည့်နှစ်နှင့် ၁၉ဝ၁-ခုနှစ် ကာလများတွင် ရုရှားနိုင်ငံတွင်း
အလုပ်သမားလူတန်းစားလှုပ်ရှားမှု၏ သြဇာနှင့် ဆိုရှယ်ဒီမိုကရက်တစ်တို့၏
လှုပ်ရှားမှုများကြောင့် တစ်ဖလစ်တွင် ဆန္ဒပြပွဲများ ဆက်တိုက်ပေါ်ပေါက်လာသည်။
စက်ရုံတရုံပြီးတရုံကူး စက်သည်။ ၁၉ဝ၁-ခုနှစ် တစ်ဖလစ်မြို့လယ်တွင်
စတာလင်စည်းရုံးဦးဆောင်သည့် မေဒေးနေ့ ဆန္ဒပြပွဲကြီး ပေါ်ပေါက်သည်။
အဆိုပါဆန္ဒပြပွဲကြီးကို လီနင်က အစ္စကာရာသတင်းစာမှနေ၍ ကော့ကေးဆပ်ဒေသကြီး
တခုလုံးအတွက် သမိုင်းဝင်အရေးပါသည့် အဖြစ်အပျက်ကြီးအဖြစ်
ချီးကျူးရေးသားသည်။

၁၉ဝ၁-ခုနှစ် နိုဝင်ဘာလတွင် စတာလင်ကို
ရုရှားဆိုရှယ်ဒီမိုကရက်တစ်အလုပ်သမားပါတီ၏ ပါတီကော် မတီဝင်အဖြစ်ရွေးချယ်ခြင်းခံရသည်။ ဘာတွန်းမြို့သို့စေလွှတ်ခြင်းခံရသည်။ ဘာတွန်းမြို့၏
လူဦးရေတဝက် မှာ တူရကီလူမျိုးများဖြစ်ကြသည်။ ၁၉ဝ၂-ခုနှစ် ဖေဖော်ဝါရီလ
၂၇-ရက်နေ့တွင် ရေနံချက်စက်ရုံအလုပ်သမား ခြောက်ထောင်မြို့လယ်သို့ချီတက်ဆန္ဒပြကြသည်။ စစ်တပ်ကပစ်ခတ်သဖြင့် ၁၅-ဦး ကျဆုံးပြီး၊
၅ဝဝ အဖမ်းခံရ သည်။ နောက်တလကြာသောအခါ စတာလင်ကိုယ်တိုင် အဖမ်းခံရသည်။
၁၉ဝ၃-ခုနှစ် ဧပြီလအထိ အကျဉ်းချ ခံရသည်။ ထို့နောက် ဆိုက်ဗေးရီးယားသို့နယ်နှင်ဒဏ်ခံရသည်။ ၁၉ဝ၄-ခုနှစ် ဖေဖော်ဝါရီလတွင် ဆိုက်ဗေး ရီးယားမှ
တစ်ဖလစ်သို့ စတာလင် ထွက်ပြေးခဲ့သည်။

၁၉ဝ၃-ခုနှစ် သြဂုတ်လတွင်ပြုလုပ်သည့်
ဆိုရှယ်ဒီမိုကရက်တစ်အလုပ်သမားပါတီ၏ ကွန်ဂရက်တွင်ဘော်လ်ရှီဗစ်နှင့်မင်ရှီဗစ်တို့ ကွဲသည်။ လီနင်၏ What is to be Done ?
ကို ဖတ်ပြီးပြီဖြစ်သည့် စတာလင်က နှောင့်နှေးခြင်းမရှိဘဲ
ဘော်လ်ရှီဗစ်တို့ကို ထောက်ခံခဲ့သည်။

၁၉ဝ၅-ခုနှစ်တွင် ' Armed Uprising and our Tactics ''ကိုရေးကာ စတာလင်က မင်ရှီဗစ်တို့၏ တိုက်ခိုက်လာမှုကို ကာကွယ်ခဲ့သည်။
ဇာဘုရင်စနစ်ကို ဖြုတ်ချရန်အတွက် လက်နက်ကိုင်တိုက်ပွဲလိုအပ်ကြောင်း
စတာလင်ကရေးသည်။

၁၉ဝ၅-ခုနှစ် ဒီဇင်ဘာလတွင် ဖင်လန်နိုင်ငံ၌ကျင်းပသည့်
ဘော်လ်ရှီဗစ်ကွန်ဂရက်၌ လီနင်နှင့် ပထမဦးဆုံးအကြိမ်အဖြစ် တွေ့သည်။
ထိုအချိန်၌ စတာလင်၏အသက်မှာ ၂၆-နှစ်ဖြစ်သည်။

၁၉ဝ၅-ခုနှစ်နှင့် ၁၉ဝ၈-ခုနှစ် ကာလများအတွင်း ကော့ကေးဆပ်မှာတော်လှန်ရေးလှုပ်ရှားမှုများ၏ အချက်အချာဒေသဖြစ်သည်။ စတာလင်က
အရေးပါသည့်အခန်းမှပါခဲ့သည်။ ၁၉ဝ၇-၁၉ဝ၈-ခုနှစ်တွင် ဘာကူးရေနံမြေမှအလုပ်သမား ၅ဝ,ဝဝဝ ကို အခြားရဲဘော်များနှင့်အတူ ဦးဆောင်ကာ
တရားဝင်ဆန္ဒပြခဲ့ သည်။ ကွန်ဖရင့်များ၌ အလုပ်သမားကိုယ်စားလှယ်များအား
ခန့်အပ်တာဝန်ပေးရေးတောင်းဆိုချက်ရခဲ့သည်။ ဤတိုက်ပွဲကိုလီနင်ကကောင်းချီးပေးသည်။ ထိုအချိန်၌ ရုရှားနိုင်ငံတွင်တော်လှန်ရေးကလာပ်စည်းအများစုမှာ လှုပ်ရှား မှုများရပ်တန့်နေချိန်ဖြစ်သည်။

၁၉ဝ၈-ခုနှစ်တွင် စတာလင်ဒုတိယအကြိမ်အဖမ်းခံရသည်။ ၂-နှစ်
နယ်နှင်ဒဏ်ပေးသည်။ သို့ရာတွင် ၁၉ဝ၉-ခုနှစ် ဇွန်လ၌ စတာလင်ဘာကူးသို့ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထိုအချိန်တွင် ပါတီမှာ အကျပ်
အတည်းတွေ့နေသည်။ သတင်းစာကိုထုတ်ဝေနိုင်ခြင်းမရှိတော့။ သူပြန်ရောက်အပြီး
သုံးပတ်အကြာတွင် စတာလင်က သတင်းစာကိုပြန်ထုတ်သည်။ ရေနံမြေအလုပ်သမားများ
အထွေထွေသပိတ်အတွက် ပြင်ဆင်ခြင်း ကို အကူအညီပေးနေသည့်အချိန်တွင်ပင်
၁၉၁ဝ-ခုနှစ် မတ်လ၌ စတာလင် တတိယအကြိမ်အဖမ်းခံရသည်။ ဆိုက်ဗေးရီးယားသို့
အပို့ခံရသည်။ ၅ နှစ်အပို့ခံရခြင်းဖြစ်သည်။ ၁၉၁၂-ခုနှစ်တွင်စတာလင်ထပ်မံထွက် ပြေးကာ ဘာကူးသို့ပြန်လာသည်။

ပရပ်ဂ်ကွန်ဖရင့်တွင် ဘော်လ်ရှီဗစ်တို့က
သီးခြားပါတီခွဲထောင်ကြောင်း စတာလင်ကြားရသည်။ ရုရှား ဗြူရိုဖွဲ့ရာတွင် သူ့ကိုအဖွဲ့ဝင်တဦးအဖြစ်ခန့်ထားသည်။ ၁၉ဝ၁၂-ခုနှစ် ဧပြီလ ၂၂ ရက်နေ့၊
စိန့်ပီးတားစ်ဘတ် တွင် ပထမဦးဆုံးပုံနှိပ်ထုတ်ဝေသည့် သတင်းစာ ''ပရာဗဒါ''
ကို စတာလင် ထုတ်ဝေသည်။ ထို့နေ့တွင်ပင် စတာလင် စတုတ္ထအကြိမ် အဖမ်းခံရသည်။
အယ်ဒီတာအဖွဲ့အတွင်းရေးမှူး မိုလိုတော့ဖ်နှင့်အတူဖြစ်သည်။
ဆိုက်ဗေးရီးယားသို့ သုံးနှစ်အပို့ခံရသည်။ သို့ရာတွင် စတာလင်ကထွက်ပြေးလွတ်မြောက်လာပြီး '' ပရာဗဒါ'' ကို ဦးစီးခဲ့သည်။

မင်ရှီဗစ်တို့နှင့်လမ်းခွဲရန် လိုအပ်သည်ဟု ခံယူသည့်အတွက်လီနင်နှင့်နည်းပရိယာယ်ပိုင်းတွင် စတာလင်သဘောကွဲခဲ့သည်။ မင်ရှီဗစ်တို့ကို
တိုက်ရိုက်တိုက်ခိုက်ခြင်းမပြုဘဲ ဘော်လ်ရှီဗစ်တို့၏လမ်းစဉ်ကို
ကာကွယ်ရမည်ဖြစ်သည်။ အလုပ်သမားများက ညီညွတ်ရေးကို လိုလားနေကြသဖြင့်
ဤသို့ယူဆခြင်းဖြစ်သည်။ စတာလင်၏ဦးဆောင်မှုအောက်တွင် ''ပရာဗဒါ''သည် စောင်ရေ ၈ဝဝဝဝ အထိ ရိုက်နှိပ်ထုတ်ဝေခဲ့ရသည်။

၁၉၁၂-ခုနှစ် နှစ်ကုန်ပိုင်းတွင် လီနင်က စတာလင်နှင့်
အခြားခေါင်းဆောင်များကို ခရာကောင်းသို့ ခေါ်လိုက်သည်။ သူ၏လမ်းစဉ်ဖြစ်သည့်
မင်ရှီဗစ်တို့နှင့် ချက်ခြင်းလမ်းခွဲရန်ဖြစ်သည်။ ထို့နောက် လီနင်ကစတာလင်ကို ဗီယာနာသို့လွှတ်သည်။ Marxism and National Question
ရေးရန်ဖြစ်သည်။ မတူကွဲပြား သည့်လူမျိုးစုများသည်
ဗဟိုချုပ်ကိုင်မှုတခုတည်းရှိသည့် ပါတီအတွင်း၌ညီညွတ်ရေးကို စတာလင်က ခုခံကာ
ကွယ်သည်။

စတာလင် စိန့်ပီးတားစ်ဘတ်သို့ ပြန်ရောက်လာသောအခါ
ပ ဉ္စမကြိမ်အဖမ်းခံရပြန်သည်။ ယခုအကြိမ် သူ့ကို ပိုမိုဝေးလံသီခေါင်သည့်ဆိုက်ဗေးရီးယားမှ ဒေသတခုသို့ပို့လိုက်သည်။ သူ ၅-နှစ်နေခဲ့ရသည်။

၁၉၁၇-ခုနှစ် ဖေဖော်ဝါရီတော်လှန်ရေး ပြီးသွားပြီးသည့်နောက်မှ
စတာလင် စိန့်ပီးတားစ်ဘတ်သို့ ပြန် ရောက်ခဲ့သည်။ ရုရှားဗြူရို၏သဘာပတိအဖွဲ့တွင် ရွေးချယ်ခြင်းခံရသည်။ '' ပရာပဒါ'' သတင်းစာကို စတာလင်
ပြန်၍ ဦးစီးခဲ့သည်။ ၁၉၁၇-ခုနှစ် ဧပြီလတွင် ပြုလုပ်သည့် ပါတီကွန်ဖရင့်၌ဗဟိုကော်မတီရွေးချယ်ရာတွင် စတာလင် မဲ တတိယအများဆုံးရခဲ့သည်။ ဇူလိုင်လတွင်
ယာယီအစိုးရက ''ပရာပဒါ''ကို ပိတ်လိုက်သောအခါ
ဘော်လ်ရှီဗစ်ခေါင်းဆောင်အတော်များများ အဖမ်းခံရသည်။ လီနင် ဖင်လန်တွင်
ပုန်းအောင်းနေရသည်။ စတာလင် က ပါတီကို ဦးဆောင်မှုပေးသည်။

လီနင်ပါ စိန့်ပီးတားစ်ဘတ်သို့ပြန်ရောက်လာသည်။ လီနင်က သူ၏ ''ဧပြီစစ်တမ်း'' (April Theses) တွင် ပါတီလျှောက်လှမ်းရမည့်လမ်းကို
ရေးသားထားသည်။ ဓနရှင်ဒီမိုကရေစီတော်လှန်ရေးမှ ဆိုရှယ်လစ်တော် လှန်ရေးသို့
ကူးပြောင်းရန်အတွက် အလုပ်သမားများအား အသင့်ပြင်ထားရန်ဖြစ်သည်။ စတာလင်က
လီနင်၏အမြင်ကို အပြည့်အဝထောက်ခံခဲ့သည်။ ပါတီတွင်း လီနင်၏ပေါ်လစီကို
ဆန့်ကျင်သူများအား တိုက် ခိုက်ခဲ့သည်။ အဆိုပါ ရှုပ်ထွေးလှသည့်ကာလတွင်
စတာလင်က လူထုကြီးကို အင်တိုက်အားတိုက် စည်းရုံး သည်။ ၁၉၁၇-ခုနှစ်အတွင်း
စတာလင်က ဆောင်းပါးအမြောက်အမြားရေးကာ လူထုကြီးအား တော်လှန်ရေး
အခြေအနေကိုရှင်းပြသည်။ '' The Soviets of Workers and Soldiers Deputies"
နှင့် The War ဆောင်း ပါးများအပါအဝင်ဖြစ်သည်။ ထို့အပြင် စတာလင်က ပါတီဗဟိုကော်မတီအတွက် အရေးကြီးသည့် မိန့်ခွန်းများနှင့်
အစီရင်ခံစာအမြောက်အမြားကိုပါ ပြင်ဆင်သည်။

အောက်တိုဘာတော်လှန်ရေးအတွက် ပြင်ဆင်မှုများပြုလုပ်ရာတွင်
ပုန်ကန်မှုကို ညွှန်ကြားသည့် လက်တွေ့ခေါင်းဆောင်မှုအဖွဲ့တွင် စတာလင်ကို
ခန့်အပ်သည်။ အောက်တိုဘာဆိုရှယ်လစ်တော်လှန်ရေးကို စည်းရုံးရာတွင် စတာလင်သည် လီနင်နှင့်အနီးကပ်ဆုံးဖြစ်သည်။ ပုန်ကန်မှုအတွက်
ပြင်ဆင်မှုများအားလုံးကို စတာလင်က တိုက်ရိုက်ဦးစီးသည်။ အောက်တိုဘာလ
၂၄-ရက်နေ့မနက် ၁၁ နာရီတွင် ဗဟိုပါတီသတင်းစာ တွင် စတာလင်ရေးသည့် '' What Do We Need ? ’’ဆိုသည့် ခေါင်းစီးဖြင့် ဆောင်းပါးတစောင်ပါလာသည်။
လူထုကြီးအား အရင်းရှင် ယာယီအစိုးရကိုဖြုတ်ချရန် ဆော်သြထားခြင်းဖြစ်သည်။
တော်လှန်ပုန်ကန်ရန် အချိန် ကျရောက်ပြီဖြစ်သည်။ အောက်တိုဘာလ ၂၅-ရက်နေ့တွင်
တပ်နီတော်က ဘူတာရုံများ၊ စာတိုက်၊ ကြေးနန်းရုံး၊ ဝန်ကြီးများရုံးနှင့်
အစိုးရဘဏ်တိုက်တို့ကို သိမ်းပိုက်သည်။ ဘော်လ်ရှီဗစ် ရေတပ်သားများ၏ ''
Aurora " (အော်ရိုးရာ) သင်္ဘောမှ အမြောက်သံပေးသည်။ အောက်တိုဘာလ
၂၅-ရက်နေ့ညတွင် ဆောင်းရာသီနန်းတော် ကို တရကြမ်း ဝင်ရောက်သိမ်းပိုက်သည်။
ယာယီအစိုးရကို ဖမ်းဆီးသည်။

ထိုနေ့ညတွင်ပင် ရုရှားပြည်လုံးဆိုင်ရာ ဆိုဗီယက်များ၏ကွန်ဂရက်ကို ကျင်းပသည်။ အမိန့်ဒီကရီများ ထုတ်ပြန်သည်။ စစ်ပွဲကိုရပ်ကာ
ငြိမ်းချမ်းရေးဆွေးနွေးရန် မြေရှင်များ၏မြေယာများကို လျှော်ကြေးမပေးဘဲသိမ်းရန်တို့ဖြစ်သည်။ ပထမဦးဆုံး ဆိုဗီယက်အစိုးရအဖွဲ့ကိုလည်း
ဖွဲ့စည်းသည်။ ကမ္ဘာ့သမိုင်းနှင့် ဥရောပ သမိုင်းတွင် ကဏ္ဍသစ်ဖွင့်လိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းပိုက်ပြီးသည့်နောက်တွင် စတာလင်အလုပ်အလွန်များခဲ့သည်။
တော်လှန်သောအစိုးရ အာဏာ၏ ပေါ်လစီကို အကောင်အထည်ဖော်ခြင်းနှင့်
ပြည်တွင်းပြည်ပရန်သူများ၏ တိုက်ခိုက်လာမှုကို အလုပ်သမားအစိုးရသစ်အနေနှင့်
ကာကွယ်ရခြင်းတို့ကြောင့်ဖြစ်သည်။ ၁၉၁၈-ခုနှစ်တွင် အမေရိကန်၊ ဗြိတိန်၊ပြင်သစ်နှင့် ဂျပန်နိုင်ငံတို့က ဆိုဗီယက်ယူနီယံကို အပ်ချ်အိန်ဂျယ်နှင့်
ဗလာဒီဗေါ့စ်တော့ အရပ်များ၌ ကျူးကျော်သည်။ တပ်ဖြူများနှင့်ချိတ်ဆက်၍
ဆိုဗီယက်အစိုးရကို စစ်ပွဲဆင်နွဲလာခြင်းဖြစ်သည်။ အဓိက တိုက်ပွဲကြီးသုံးပွဲ ဆင်နွဲခဲ့ရသည်။ နောက်ဆုံး ၁၉၂၂-ခုနှစ်၌ တပ်နီတော်ကအနိုင်ရခဲ့သည်။

၁၉၁၈-ခုနှစ် ကာလတလျှောက် စတာလင်က နိုင်ငံရေးနှင့်စစ်ရေး
စည်းရုံးရေးသမားအဖြစ် အရည်အချင်းကို ပြသခဲ့သည်။ ဇွန်လတွင်တန်ပြန်တော်လှန်ရေး တပ်ဖြူများ၏ မဟာဗျူဟာမြောက် ဇာရစ်ဇင်(စတာလင်ဂရက်)
မြို့အား တိုက်ခိုက်လာမှုကို ခုခံကာကွယ်ခဲ့သည်။ ဤအောင်ပွဲက ဘာကူးမှ
မော်စကိုသို့ ရိက္ခာနှင့်ရေနံပေးပို့ခဲ့သည့် အဓိကလမ်းကြောင်းကို
ထိန်းသိမ်းနိုင်ခဲ့သည်။ နိုဝင်ဘာလတွင် ဗဟိုကော်မတီက စတာလင်ကို ယူကရိန်းရှေ့တန်းကို စုစည်းရန်တာဝန်ပေးသည်။ ဂျာမန်တို့သိမ်းပိုက်ထားခြင်း
ကို တိုက်ပွဲဝင်နေကြသည့် ယူကရိန်း အလုပ်သမားများနှင့် လယ်သမားများကို အထောက်အကူပေးရန်ဖြစ် သည်။ ၁၉၁၉-ခုနှစ် မေလတွင်
ပီထရိုဂရက်(စိန့်ပီးတားစ်ဘတ်)ကို အောင်မြင်စွာ ခုခံကာကွယ်ခဲ့သည်။
ထိုနှစ်နွေရာသီတွင် ပိုလန်တို့၏ ထိုးစစ်ဆင်လာမှုကိုခုခံရန်
အနောက်ဘက်စစ်မျက်နှာသို့ စတာလင်ကိုပို့ခဲ့ သည်။

၁၉၂ဝ-ပြည့်နှစ် မေလတွင် နိုင်ငံခြားနယ်ချဲ့များက
ဆိုဗီယက်ယူနီယံကို တတိယအကြိမ် ထိုးစစ် ဆင်သည်။ ရန်သူများ၏ တိုက်ခိုက်လာခြင်းကို စတာလင်၏ စစ်ရေးနှင့်စည်းရုံးရေးခေါင်းဆောင်မှုဖြင့်
တွန်းလှန်ခဲ့သည်။ ၁၉၂၂-ခုနှစ်သို့ရောက်သည့်တိုင် အရှေ့ဖျားဒေသကို ဂျပန်တို့ ကျူးကျော်ခဲ့သော်လည်း ကျူးကျော်သည့်အဓိကတပ်ဖွဲ့များကို
၁၉၂ဝ-ပြည့်နှစ်၌ အကွဲကွဲအပြားပြားဖြစ်စေခဲ့ပြီး၊ နောက်ဆုံး၌ ဆိုဗီယက်တို့ အောင်ပွဲရခဲ့သည်။

ရှည်ကြာလှသည့် ပြည်တွင်းစစ်နှင့်
နိုင်ငံခြားကျူးကျော်မှုကာလများ၌ လီနင်နှင့်စတာလင်တို့ နီးကပ်စွာ အလုပ်အတူလုပ်ခဲ့ကြသည်။ ၁၉၁၈-ခုနှစ်မှ ၁၉၂၁-ခုနှစ်အထိ ပြည်တွင်းစစ်ကာလအတွင်း လူ ကိုးသန်း ခန့်သေဆုံးခဲ့သည်။ အများစုမှာ
ငတ်မွတ်ခြင်းဘေးကြီးကြောင့် သေဆုံးခဲ့ကြခြင်းဖြစ်သည်။ အဓိကအားဖြင့်
နိုင်ငံခြားကျူးကျော်မှုကြောင့်ဖြစ်သည်။ အနောက်တိုင်း
အင်အားကြီးနိုင်ငံများက ဝိုင်းပတ်ပိတ်ဆို့ ထားသည့် အတွက်ဖြစ်သည်။
လကျ်ာသမားများကမူ '' ဘော်လ်ရှီဗစ်ဝါဒ၏သားကောင်များ'' ဟု
ဝါဒဖြန့်ခဲ့ကြသည်။

ဓနရှင်တို့၏ရေးသားထုတ်ဝေမှုများ၌ လီနင်နှင့်တန်းတူထားကာ ထရော့စကီးကို '' တပ်နီတော်ကို ဖန်တီးသူ၊ စည်းရုံးတည်ထောင်သူ''
အဖြစ်ရေးသားခဲ့ကြသည်။ ဘော်လ်ရှီဗစ်တို့၏အောင်ပွဲမှာ သူတို့နှစ်ဦးကြောင့်ဟုရေးကြသည်။ စတာလင်၏ တပ်ဖြူများကို ဆန့်ကျင်တိုက်ပွဲဝင်သည့်
အခန်းကဏ္ဍကို အများအား ဖြင့်လျစ်လျှူရှုခဲ့ကြသည်။ သို့ရာတွင် ၁၉၁၈ နှင့်
၁၉၂ဝ-ပြည့်နှစ်အတွင်း ပါတီ၏အဓိကခေါင်း ဆောင်များအနက် တဦးဖြစ်သည့်
စတာလင်သည် အဆုံးအဖြတ်ပေးသည့် ရှေ့တန်းအများအပြားမှ စစ်ဆင်ရေးများကို
ကိုယ်တိုင် ဦးဆောင်ခဲ့သည်။

၇-နှစ်တာကာလ ကြာရှည်သည့် စစ်ကိုဖြတ်သန်းပြီးနောက်မှ
ရုရှားအလုပ်သမားများသည် စီးပွားရေး ပြန်လည်ထူထောင်ရေးဘက်သို့
ဦးလှည့်နိုင်ခဲ့သည်။ ဤတကြိမ်တွင်လည်း စတာလင်သည် လီနင်နှင့်အတူစီးပွားရေးပြန်လည်ရှင်သန်လာစေရန်အတွက် စီးပွားရေးပေါ်လစီသစ် (New
Economic Policy) အကောင် အထည်ဖော်ရေးတွင် ခိုင်မာစွာရပ်တည်ခဲ့သည်။
သို့ရာတွင် လီနင်၏ ကျန်းမာရေးမှာ ယို့ယွင်းလာပြီဖြစ်သည်။ ၁၉၂၁-ခုနှစ်
နှစ်ကုန်ပိုင်းမှအစပြု၍ ပါတီနှင့်နိုင်ငံတော်အား ဦးဆောင်ရန်တာဝန်မှာ
စတာလင်၏ ပုခုံးပေါ်သို့ ပို၍ပို၍ကျရောက်လာခဲ့သည်။ ၁၉၂၂-ခုနှစ် ဓပြီလတွင်
ပြုလုပ်သည့် ၁၁ ကြိမ်မြောက် ပါတီကွန်ဂရက်တွင် လီနင်၏အဆိုပြုချက်အရ စတာလင်ကို ဗဟိုကော်မတီ၏အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ ထိုရာထူးကို သူကွယ်လွန်သည့် ၁၉၅၃-ခုနှစ် အထိ စတာလင်က
ထမ်းဆောင်ခဲ့သည်။

၁၉၁၇-ခုနှစ်မှ ၁၉၂၃-ခုနှစ်အထိ စတာလင်က
လူမျိုးစုရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။ ဤရာထူးဖြင့် စတာလင်က အမျိုးသားရေးပြဿနာနှင့် စပ်လျဉ်းသည့် မာ့က်စ်၊ လီနင်ဝါဒ အခြေခံမူများကို
လက်တွေ့ဆောင်ရွက်ရာ၌ ဦးဆောင်မှုအခန်းမှ ပါခဲ့သည်။

စတာလင်၏အကူအညီနှင့် ဦးဆောင်မှုဖြင့်
အောက်တိုဘာတော်လှန်ရေးဖြင့် လွတ်မြောက်ခဲ့ကြသည့် လူမျိုးစုများသည် ဆိုဗီယက်သမ္မတနိုင်ငံများကို တည်ထောင်ခဲ့ကြသည်။ ၁၉၂၂-ခုနှစ် ဒီဇင်ဘာလတွင်
သမ္မတ နိုင်ငံများကို ပူးပေါင်းကာ ဖက်ဒရေးရှင်းဖွဲ့ခဲ့ကြသည်။ ဤသို့ဖြင့်
ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စုသမ္မတနိုင်ငံ 
( The Union of Soviet Socialist Republict / USSR) ပေါ်ပေါက်လာခဲ့သည်။

လီနင် မကွယ်လွန်မီ တနှစ်အလိုတွင် လီနင်က နိုင်ငံရေးသေတမ်းစာဟု နောင် ခေါ်ခဲ့ကြသည့်စာကို ရေးခဲ့သည်။ ထိုစာတွင် စတာလင်ကို
ပါတီအထွေထွေအတွင်းရေးမှူးအဖြစ်မှ ဖယ်ရှားရန်ပါသည်ဟုဆိုသည်။

လီနင်၏သေတမ်းစာဆိုသည်နှင့် စပ်လျဉ်း၍လည်းကောင်း၊
လီနင်နှင့်စတာလင်တို့၏ ဆက်ဆံရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ စတာလင်နှင့်
လီနင်၏ဇနီး ကရုစကားယားတို့၏ ဆက်ဆံရေးနှင့် စပ်လျဉ်း၍လည်း ကောင်း
လီနင်၏နှမဖြစ်သူ မာရီယာက ၁၉၂၆-ခုနှစ်တွင် ဗဟိုကော်မတီနှင့်
ဗဟိုထိန်းချုပ်မှုကော်မရှင်တို့ ပူးတွဲ ကျင်းပသည့် အစည်းအဝေးသို့စာနှစ်စောင်ရေးခဲ့သည်။ ၎င်းစာများကို '' ပယ်ရီစတွိုက်ကာ'' နှင့် '' ဂလက်စ်နောဖ်'' (စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့်
ပွင့်လင်းရေး) ကာလတွင် ပထမဦးဆုံးအကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့သည်။

ပထမစာတွင် မာရီယာအူလျာနိုဗာက အတိုက်အခံများ ( ဆန့်ကျင်သူများ)၏
လီနင်ကွယ်လွန်ကာ နီးတွင် လီနင်နှင့်စတာလင်အကြား
ကွဲပြဲမှုများရှိသည်ဆိုသည့် စွပ်စွဲချက်ကို ပယ်ချထားသည်။ ထို့အပြင် ဘော်လ်ရှီဗစ်ခေါင်းဆောင် နှစ်ဦးတို့အကြားတွင် နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေးအရပါ ရင်းနှီးသည့် ဆက်ဆံရေးရှိကြောင်း ရေးထားသည်။ ဇီနိုဗစ်က
သူ၏ ၁၉၂၆-ခုနှစ် ဇူလိုင် ၂၁-ရက်နေ့တွင် ဗဟိုကော်မတီနှင့် ဗဟိုထိန်းချုပ်မှု ကော်မရှင် ပူးတွဲကျင်းပသည့် မျက်နှာစုံညီအစည်းအဝေး၌
မိန့်ခွန်းပြောရာတွင် '' ကွန်ဂရက်သို့ပေးစာ'' (သေတမ်းစာ)
ဒုတိယအပိုင်းတွင်ပါရှိသည့် လီနင်၏ စတာလင်အပေါ် အကဲဖြတ်ချက်နှင့် '' လူမျိုးစုပြဿနာ (သို့) ကိုယ်ပိုင်အုပ်ချုပ်ရေးပြုလုပ်ခြင်း''
ဆောင်းပါးအကြောင်းကို ရည်ညွှန်းပြောကြားသည်။
စတာလင် ''ရိုင်းပျသည်'' ဆိုသည့် ပြဿနာကို မာရီယာကပြောကြားရာတွင် စတာလင်နှင့်
နားဒက်ဒ်ဒါကရုစကားယား တို့ကြား ပေါ်ပေါက်သည့် အဖြစ်အပျက်မှာ
လုံးဝပုဂ္ဂိုလ်ရေးဖြစ်သည်။ နိုင်ငံရေးနှင့် မည်သို့မျှ မသက်ဆိုင်'' ဟု
ဖော်ပြထားသည်။ ဤုပြဿနာ ပေါ်ရခြင်းမှာ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အရ စတာလင်က
လီနင် နေထိုင် မကောင်းဖြစ်နေစဉ်ကာလအတွင်း လီနင့်ထံ ဆရာဝန်များ၏
ညွှန်ကြားချက်အရ နိုင်ငံရေးသတင်းများ မရောက် ရန် တာဝန်ယူရသည်။ ကရုစကားယားက
ဤဆုံးဖြတ်ချက်ကို ချိုးဖောက်သဖြင့် စတာလင်၏ ဝေဖန်ခြင်းကို ခံရသည်။
အတုံ့အလှည့်အဖြစ် ဤသည်ကို လီနင်က မကျေမနပ် တုံ့ပြန်သည်။
မာရီယာအီရှာနိုဗာက '' အ ကယ်၍ လီနင်သာ အကြီးအကျယ်နာမကျန်းမဖြစ်ခဲ့လျှင်
ဤအဖြစ်အပျက်ကို ကွဲပြားခြားနားစွာ တုံ့ပြန်လိမ့် မည်'' ဟု ယူဆသည်။
စတာလင်က တောင်းပန်လိုက်သည့်အခါ ထိုကိစ္စပြီးသွားသည်ဟုဆိုသည်။ ဤအဖြစ်
အပျက်နှင့်စပ်လျဉ်း၍ စာရွက်စာတမ်းအထောက်အထားများရှိသည်။ အကယ်၍
ဗဟိုကော်မတီက တောင်းဆိုခဲ့ လျှင် ''သူမ'' ထုတ်ပေးရန် အသင့်ရှိသည်ဟု
မာရီယာအီလျာနိုဗာကဆိုသည်။

'' ထို့ကြောင့် လီနင်က စတာလင်အပေါ် ဆက်ဆံရေးနှင့်ပတ်သက်၍
အတိုက်အခံလုပ်သူများ၏ ပြောကြားချက်မှာ အမှန်တရားနှင့် ကိုက်ညီခြင်းမရှိကြောင်း ကျွန်မအခိုင်အမာပြောဆိုပါသည်။ ဤဆက်ဆံ ရေးများမှာ အရင်းနှီးဆုံးနှင့် အခင်မင်ဆုံး ဆက်ဆံရေးဖြစ်ခဲ့ပါသည်။
ဆက်လက်၍လည်းဖြစ်ပါသည် '' ဟု မာရီယာအီရှာနိုဗာက ဆိုသည်။

၁၉၂၄-ခုနှစ်တွင် လီနင်ကွယ်လွန်သည်။ ဆိုဗီယက်ပြည်ထောင်စုအတွက်
ကြီးမားသည့် ဆုံးရှုံးမှုကြီးဖြစ်သည်။ အလုပ်သမားများနှင့်
ကမ္ဘာ့အဖိနှိပ်ခံပြည်သူများအတွက်လည်း ကြီးမားသည့်ဆုံးရုံးမှုကြီး ဖြစ်သည်။
ထိုအချိန်အထိ စတာလင်၏ လေ့လာထားမှုများနှင့် တော်လှန်ရေးလှုပ်ရှားမှုများက
လီနင်၏ခြေရာ အတိုင်းလှမ်းရန် အဆင်သင့်ဖြစ်စေခဲ့သည်။ စတာလင်က လီနင်၏
သိပ္ပံနည်းကျနည်းနာနှင့် လီနင်၏ တော်လှန်ရေး အမြင်အယူအဆကိုလက္ခံသည်။
စတာလင်က သူ့ဆရာလီနင်၏ အစဉ်အလာကို အောင်မြင်စွာ ဆက်လက်
သယ်ဆောင်နိုင်ခဲ့သည်။

စတာလင်က ထရော့စကီးဝါဒီများ၊ ဘူခါရင်နှင့် '' လကျ်ာအချောင်သမား
အတိုက်အခံ'' များ၏ သစ္စာမဲ့ လှသည့် အချောင်သမားဝါဒကို ပိုင်းဖြတ်မှုရှိစွာ
ချေမှုန်းသည်၊ သူကဆိုဗီယက်ပြည်သူများကို ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးနှင့် လူတန်းစားတိုက်ပွဲ ဆက်လက်ဆင်နွဲရေးကို
ဦးဆောင်မှုပေးသည်။

ဆိုရှယ်လစ်စနစ်တည်ဆောက်ရေး နှစ်ကာလများမှာ ခက်ခဲလှသည်။
ဆိုဗီယက်ပြည်သူများအနေနှင့် စွန့်လွှတ်အနစ်နာခံရမှုများနှင့်
အခက်အခဲများကို ကျော်ဖြတ်ကြရသည်။ သို့ရာတွင် စတာလင်၏ဦးဆောင်မှုဖြင့်
ဆိုဗီယက်အလုပ်သမားများနှင့် လယ်သမားများသည် ခေတ်နောက်ကျသောမြေရှင်ပဒေသရာဇ်တပိုင်းနိုင်ငံကို ခေတ်မီစက်မှုနိုင်ငံအဖြစ်
ပြောင်းလဲပစ်နိုင်ခဲ့သည်။ အလုပ်လက်မဲ့၊ စာမတတ်မှု၊ ဆင်းရဲမွဲတေမှုနှင့်
ငတ်မွတ် ခေါင်းပါးမှုများကို ဖျက်သိမ်းခဲ့သည်။ အလုပ်လုပ်သော ပြည်သူများ၏
လူနေမှုအဆင့်အတန်းနှင့် လူမှုဘဝမှာ အရည်အချင်းအရ မြင့်တက်လာသည်။

စတာလင်က နိုင်ငံတကာကွန်မြူနစ်လှုပ်ရှားမှုကိုလည်း
ဦးဆောင်မှုပေးခဲ့သည်။ သူက စဉ်ဆက်မပြတ် “လက်ဝဲ” “လကျ်ာ” သွေဖီမှုများကို
တိုက်ခိုက်သည်။ အခြားပါတီများကို ညီနောင်အကူအညီများပေးသည်။
နိုင်ငံတကာအရင်းရှင်စနစ်နှင့် ပြန်လည်ပြင်ဆင်ရေးဝါဒကို
ဆန့်ကျင်တိုက်ခိုက်သည့် တော်လှန်ရေးအင်အားစု များကို
အင်အားတောင့်တင်းစေခဲ့သည်။

၁၉၄၁-ခုနှစ်တွင် ဟစ်တလာ၏တပ်များက ဆိုဗီယက်ပြည်ထောင်စုကို
ကျူးကျော်တိုက်ခိုက်သည်။ သတ္တိပြောင်မြောက်လှသည့် စစ်ပွဲဖြင့်
ဂျာမန်နာဇီများကို စတာလင်၏ ဦးဆောင်မှုဖြင့် ဆန့်ကျင်သည်။
ဆိုဗီယက်ပြည်သူများက ကျူးကျော်သူများကို ချေမှုန်းနိုင်ခဲ့သည်။ ကမ္ဘာတဝန်း
ဖက်ဆစ်ဝါဒချေမှုန်းရေးတွင် အဓိကအခန်းမှ ပါခဲ့ကြသည်။ ဤအောင်မြင်မှုက
စတာလင်ကို သမိုင်းတွင် အကျော်ကြားဆုံးသော ခေါင်းဆောင်အဖြစ်
ထင်ရှားစေခဲ့သည်။ သူ၏ဦးဆောင်မှုအောက်တွင် တပ်နီတော်နှင့်
ဆိုဗီယက်ပြည်သူများက ဖက်ဆစ်များကိုချေမှုန်းရာ၌
အဆုံးအဖြတ်ပေးသည့်အခန်းမှပါခဲ့သည်။ စတာလင်ဂရက်တိုက်ပွဲသည် ကမ္ဘာ့
သမိုင်းတွင် အကြီးကျယ်ဆုံးသောတိုက်ပွဲဖြစ်သည်။ ဤတိုက်ပွဲက ဟစ်တလာ
ဆန့်ကျင်ရေးတိုက်ပွဲကို အလှည့် အပြောင်းဖြစ်စေခဲ့သည်။ ၁၉၄၃-ခုနှစ်
နိုဝင်ဘာလတွင် အသိမ်းခံခဲ့ရသည့် ဆိုဗီယက်နယ်မြေ သုံးပုံနှစ်ပုံကို
လွတ်မြောက်စေခဲ့သည်။ ၁၉၄၄-ခုနှစ်တွင် ဆိုဗီယက်တို့၏ အောင်ပွဲများက
စစ်ပွဲကို ဂျာမဏီနှင့် သူ၏မဟာမိတ်များ၏ နယ်မြေများထဲအထိ
တိုးချဲ့နိုင်ခဲ့သည်။ ရူမေးနီးယား၊ ဖင်လန်နှင့်ဘူလ်ဂေးရီးယားတို့
လက်နက်ချကြသည်။ ဆိုဗီယက်တပ်များသည် ဂျာမဏီကိုသိမ်းပိုက်ရန်နှင့်
ပြင်သစ်ကိုလွတ်မြောက်စေရန် အဆင်သင့်အနေအထားတွင်ရှိနေသည်။ ထိုအချိန်
ထိုအနေအထားသို့ ရောက်လာသောအခါကျမှသာ ဗြိတိသျှနှင့် အမေရိကန်တို့က ဥရောပ
ဒုတိယစစ်မျက်နှာကို ဖွင့်ခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် နာဇီဂျာမဏီ
အပေါ်အောင်ပွဲကို နာမည်ယူကြသည်။ တပ်နီတော်က
ဘာလင်ကိုသိမ်းပိုက်လိုက်သောအခါ ၁၉၄၅-ခုနှစ် မေလ ၂-ရက်နေ့၌ ဥရောပ၌
စစ်ကြီးပြီးသွားခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးတွင် ဆိုဗီယက်နိုင်ငံသား သန်း ၂ဝ နီးပါး
သေဆုံးခဲ့သည်။ ရုရှားနိုင်ငံ ပြုတ်ပြုတ်ပြုန်း ပျက်စီးခဲ့သည်။ စတာလင်က
ခက်ခဲလှသည့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်ခဲ့သည်။
အရှေ့ဥရောပနှင့် တရုတ်နိုင်ငံမှ ပြည်သူ့ဒီမိုကရေစီသစ်အစိုးရများကို
ရုပ်ဝတ္ထုအကူ အညီများ နှင့် သဘောတရားရေးဦးဆောင်မှုပေးသည်။

၁၉၅၃-ခုနှစ် မတ်လ ၅-ရက်နေ့တွင် စတာလင်ကွယ်လွန်ခဲ့သည်။
စတာလင်သည် ဘော်လ်ရှီဗစ်စစ်စစ်ဖြစ်သည်။ တော်လှန်ရေးတိုက်ပွဲဖြင့်
ထုသားပေသားရနေသူဖြစ်သည်။ သူ၏စိတ်ဓာတ်ကို သူ၏ရေးသားချက်များတွင် တွေ့ရသည်။
စတာလင် ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သည့် ကမ္ဘာ့နယ်ချဲ့စနစ်
ချေမှုန်းရေးအတွက် တိုက်ပွဲဝင်နေကြသော ရှင်သန်နေသည့်
တော်လှန်ရေးလှုပ်ရှားမှုများတွင် စတာလင် စိတ်ဓါတ်ကို တွေ့ရသည်။

နိုင်ငံရေးသမားတဦးအနေဖြင့် စတာလင်၏အကျိုးပြချက်မျာမှာ
ကြီးမားလှသည်။ ပထမကမ္ဘာ စစ်ကြီးနောက်ပိုင်း ရှရှားနိုင်ငံကို
ပျက်ပြုန်းမည့်ဘေးမှလည်းကောင်း၊ တော်လှန်ရေး၊
ပြည်တွင်းစစ်နှင့်နိုင်ငံခြား ကျူးကျော်စွက်ဖက်မှုများနောက်ပိုင်း
ပျက်ပြုန်းမည့်ဘေးများမှလည်းကောင်း ကယ်တင်ရာတွင် လီနင်နှင့်
အတူပါဝင်ခဲ့သည်။ မဟာမိတ်များက တိုင်းပြည်ကို အစိတ်စိတ်အမွှာမွှာ
ခွဲပစ်မည်ကို ခွင့်မပြုခဲ့။ ထို့အပြင် ရုရှားတနိုင်ငံလုံးကို
ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စုသမ္မတနိုင်ငံ နယ်နိမိတ်အတွင်း
ပြန်လည်သွတ်သွင်းခဲ့ သည်။ ရုရှားလူမျိုးမဟုတ်သည့် သမ္မတနိုင်ငံများကို
စီးပွားရေးအရ၊ ယဉ်ကျေးမှုအရ ဖွံ့ဖြိုးသည့်နိုင်ငံများ ဖြစ်လာအောင်
အခြေအနေများ ဖန်တီးပေးခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စုသမ္မတနိုင်ငံမတိုင်မီက
၎င်းနိုင်ငံများရှိ ပြည်သူများသည် လွတ်လပ်၍ဖွံ့ဖြိုးသည့်
နိုင်ငံတော်များကို မပိုင်ဆိုင်ခဲ့ကြ။

အမျိုးသားပြန်လည်ထူထောင်ရေးကဏ္ဍတွင်လည်း စတာလင်၏အကျိုးပြုချက်များမှာ
မနည်းပေ။ ရှရှား နိုင်ငံ၏ စစ်ပွဲနောက်ပိုင်းပျက်စီးနေမှုများမှနေ၍
သူကအင်အားကြီးမားသည့် ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင် စုသမ္မတနိုင်ငံကို
ဖန်တီးခဲ့သည်။ သမိုင်းတွင် နှိုင်းယှဉ်စရာမရှိသည့် အမျိုးသားရေးလွန်
အစုအစည်းကြီးကို
ဖန်တီးခဲ့ခြင်းဖြစ်သည်။ဆီုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စုသမ္မတနိုင်ငံအတွင်း၌
အချိန်တိုအတွင်း ပုပုရွရွ လူ သားများအားလုံး အခွင့်အရေးများ ရခဲ့ကြသည်။
အထူးသဖြင့် ဗဟိုအာရှဒေသမှ ပြည်သူများအတွက် ပို၍မှန် ကန်သည်။ ၎င်းတို့သည်
လွတ်လပ်သည့်နိုင်ငံတော်များကို ပိုင်ဆိုင်ခဲ့ကြသည်။ ၁၉၃၆ ခုနှစ်တွင်
အခမဲ့ ပညာရေး၊ အခမဲ့ဆေးဝါးကုသခွင့်၊ အခမဲ့ အပန်းဖြေအနားယူခွင့်များကို
ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စု သမ္မတနိုင်ငံက အာမခံချက်ပေးခဲ့သည်။
ကျောင်းများ၊ ကောလိပ်များ၊ နည်းပညာကျောင်းများ၊ တက္ကသိုလ်များ၊
သုတေသနအဖွဲ့အစည်းများနှင့် သိပ္ပံအကယ်ဒမီများ နိုင်ငံအနှံ့ လျင်မြန်စွာ
ပေါ်ပေါက်ခဲ့သည်။

စီးပွားရေးတွင် စတာလင်ဦးဆောင်သည့် နှစ်များ၌
ရုပ်ဝတ္ထုတန်ဖိုးများကို အကြီးအကျယ် ဖန်တီးပေးခဲ့သည်။
ဆိုဗီယက်ပြည်ထောင်စုကြီးသည် ရှေ့တန်းရောက် စက်မှုနိုင်ငံကြီးဖြစ်လာသည်။
သွင်းကုန် အစားထိုး စီးပွားရေးမဟာဗျူဟာကို အောင်မြင်စွာ
အကောင်အထည်ဖော်နိုင်ခဲ့သည်။ မည်သည့်စက်ကိုမဆို၊
မည်သည့်အသုံးအဆောင်ပစ္စည်းကိုမဆို၊ ထုတ်လုပ်နိုင်ခဲ့သည်။ အနုမြူစွမ်းအင်
အသုံးအဆောင်များကိုပင် ထုတ်လုပ်နိုင်ခဲ့သည်။ ဆိုဗီယက်သိပ္ပံအကယ်ဒမီများ ၊
သိပ္ပံပညာရှင်များဖြင့် အာကာသနှင့် ဒုံးပျံအတတ်ပညာ ကိုလည်း
စတာလင်က ခေါင်းဆောင်ကာ အုတ်မြစ်ချပေးနိုင်ခဲ့သည်။ နည်းပညာမြင့်မားသည့်
လယ်ယာစိုက်ပျိုး ရေးအခြေခံကိုလည်း ချမှတ်နိုင်ခဲ့သည်။

ဒုတိယကမ္ဘာ့စစ်ကာလအတွင်း မိမိ၏အချုပ်အချာအာဏာကို
ကာကွယ်နိုင်မည့် နိုင်ငံတရပ်ကို စတာလင်က တည်ထောင်ခဲ့ရုံသာမက
ဥရောပနှင့်ကမ္ဘာကြီးကိုပါ ဖက်ဆစ်ဝါဒမှ ကယ်တင်နိုင်ခဲ့သည်။ ဒုတိယ
ကမ္ဘာစစ်ကာလအတွင်း စတာလင်က သူ့ကိုယ်သူ အရည်အချင်းရှိသည့်
စစ်ဦးစီးမှူးတဦးဖြစ်ကြောင်း ပြသခဲ့ သည်။ ဥရောပနှင့်
အာရှတိုက်နိုင်ငံများရှိ မြို့အများအပြားတွင် ဖက်ဆစ်ဝါဒအပေါ်
အောင်ပွဲခံခဲ့သည့် ကမ္ဘာ့အကြီးအကျယ်ဆုံးသော တပ်မတော်ကြီးကို
ဦးဆောင်သူအဖြစ် စတာလင်ကို ဂုဏ်ပြုသည့်အထိမ်း အမှတ်များ ထားခဲ့ကြသည်။
လမ်းများ၊ ရင်ပြင်များကို သူ၏အမည်ပေးကြသည်။ ဥရောပနှင့်
အာရှတိုက်မြို့ကြီး အများအပြားတွင် တခါတရံသူ၏ရုပ်တုများကိုပင်
တွေ့ကြရသည်။ ၁၉၉ဝ ဆယ်စုနှစ်များအတွင်း စတာလင် အထိမ်းအမှတ် အဆောက်အဦများ၊
မော်ကွန်းများ၊ ရုပ်ထုများ အဖျက်အဆီးခံခဲ့ရသည်။

၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်နေ့တွင် ယာနာယက်ဖ်၏ မအောင်မြင်သည့်
ကာဏာသိမ်းခြင်းကို ပြုလုပ်သည်။ ဆိုဗီယက်တွင်
အကြွင်းအကျန်လောက်သာရှိတော့သည့် ကွန်မြူနစ်ဝါဒကို ဖျက်သိမ်းရေးအတွက်
နောက်ဆုံးခြေလှမ်းဖြစ်သည်။ လီနင်၏ ရုပ်တုများ ဆွဲအချခံရကာ သူ၏အယူအဆ
အတွေးအခေါ်များကို တိုက်ခိုက်လာကြသည်။ ဤအဖြစ်အပျက်များက ကွန်မြူနစ်နှင့်
တော်လှန်ရေးလှုပ်ရှားမှုများတွင် အငြင်းပွား စရာအများအပြား ပေါ်ပေါက်ခဲ့သည်။

ယဲလ်ဆင်က အခွင့်ကောင်းယူကာ အာဏာသိမ်းပြီး အရင်းရှင်စနစ်ကိုပြန်လည်အသက်သွင်းကြောင်း အားတက်သရော ကြေညာသည်။

ယာနာယက်ဖ်၊ ဂေါ်ဘားချက်ဖ်နှင့် ယဲလ်ဆင်တို့၏ ရှုပ်ထွေးလှသည့်
နောက်ဆုံးမျက်နှာချင်းဆိုင်မှု (၁၉၉ဝ ပြည့်နှစ် ဇူလိုင်လတွင် ပြုလုပ်သည့်
၂၈-ကြိမ်မြောက် ပါတီကွန်ဂရက်) က ဆိုရှယ်လစ်စနစ်နှင့် လမ်းခွဲကာ
အရင်းရှင်စနစ်သို့ ပြန်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ကတိပြုလိုက်သည်။
ဂေါ်ဘားချက်ဖ်က ဖြည်းဖြည်းချင်းရှေ့သို့တိုး၍ စနစ်ကျစွာ အရင်းရှင်စနစ်
ပြန်လည်အသက်သွင်းရေးကို တဆင့်ချင်းလုပ်နေ ခြင်းဖြစ်သည်။ ဂေါ်ဘားချက်ဖ်မှာ
ချောင်ပိတ်မိနေပြီဖြစ်သည်။ နယ်ချဲ့ကမ္ဘာမှနေ၍ နိုင်ငံရေးနှင့်စီးပွားရေး
အကူအညီများကို ရှာဖွေနေရသည်။ အတုန့်အလှည့်အဖြစ် သူက အနောက်ကို
ဆိုဗီယက်ယူနီယံအား စိတ်ကြိုက်ပြုလုပ်ရန် ခွင့်ပြုခဲ့သည်။

၁၉၈၅ ခုနှစ်မှအစပြု၍ ဂေါ်ဘားချက်ဖ်သည် နိုင်ငံရေးအနေအထားကို
ခိုင်ခိုင်မာမာ၊ ပြတ်ပြတ် သားသား၊ စဉ်ဆက်မပြတ် ကာကွယ်ခြင်း မပြုတော့။
လက်ယာဖက်မှနေ၍ လှိုင်းလုံးများသဖွယ် တလုံးပြီးတလုံး တိုက်ခိုက်ခဲ့သည်။
လှိုင်းလုံးအသစ်တိုင်း က ဂေါ်ဘားချက်ဖ်ကို လကျာ်ဖက်သို့ ဆွဲသွားခဲ့သည်။
ယဲလ်ဆင်က အထောက်အကူပြုသည့် အမျိုးသားရေးဝါဒီများနှင့် ဖက်ဆစ်များ၏ တိုး၍
တိုက်ခိုက်မှုကိုပါ ဂေါ်ဘားချက်ဖ် ရင်ဆိုင်ရသည်။

အာဖရိကနှင့် အာရပ်ကမ္ဘာအား မျက်နှာချင်းဆိုင်မရသည့်
နိုင်ငံများအဖြစ် ခွဲလိုက်ခြင်း (Balkanization) က
နယ်ချဲ့တို့လွှမ်းမိုးရေးအတွက် အခြေအနေကောင်းများ ဖန်တီးခဲ့သည်။
တတောင်ပြလျှင် တလံလောက်မြင်သော အနောက်ကရုရှားနိုင်ငံတွင်
အရင်းရှင်စနစ်ပြန်လည်အသက်သွင်းရေးထက် ကျော်လွန် ကာစိတ်ကူးနေပြီဖြစ်သည်။
နိုင်ငံရေးနှင့်စီးပွားရေးအရ ရုရှားနိုင်ငံအား လက်အောက်ခံပြုရေးဖြစ်သည်။

လီနင်၏ရုပ်တုများအား
ယမ်းဘီလူး(ဒိုင်းနမိုက်)ဖြင့်ခွဲခြင်းနှင့်အတူ မာ့က်စ်လီနင်ဝါဒအပေါ်
လိုရာဆွဲ၍ ဝါဒဖြန့်ချိကြသည်။ ''လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး၊ဂလပ်စ်နော့နှင့် ပယ်ရယ်စတွိုင်ကာ အစရှိသည့် လူကြားကောင်းအောင်
ပြုလုပ်သည့် ကြွေးကြော်သံများအောက်ရှိ တကယ့်လူမှုအင်အားစုများ၏
အနေအထားကို မာ့က်စ်လီနင်ဝါဒကသာ ရှင်းလင်းအောင် စိတ်ဖြာပြနိုင်မည်ဖြစ်သည်။

၁၉၅၆ ခုနှစ်တွင် ဟန်ဂေရီ၏
သွေးထွက်သံယိုတန်ပြန်တော်လှန်ရေးပေါ်ပေါက်ခဲ့သည်။ စတာလင်၏ ရုပ်တုများအဖျက်အစီးခံခဲ့ရသည်။ နောက် ၃၅ နှစ်ကြာသောအခါ လီနင်၏ ရုပ်တုများကို
အမှုန့်ဖြစ်အောင် လုပ်ခဲ့ကြသည်။ စတာလင်နှင့် လီနင်တို့၏ ရုပ်တုများကို အစိတ်စိတ်အမွှာမွှာဖြိုခွဲပစ်ခြင်းက မာ့က်စ်ဝါဒမှ ခွဲထွက်ကြောင်းပြလိုက်ခြင်းဖြစ်သည်။ ၁၉၅၆ ခုနှစ်တွင် ခရူးရှက်ဖ် က စတာလင်၏ အောင်မြင်မှုများကို တိုက်ခိုက်လိုက်ခြင်းမှာ ကွန်မြူနစ်ပါတီ၏
အခြေခံလမ်းစဉ်ကို ပြောင်းလဲပစ်နိုင်ရန်အတွက်ဖြစ်သည်။ နိုင်ငံရေးနှင့်စီးပွားရေးစနစ်ကို အစိတ်စိတ်အမွှာမွှာခွဲပစ်လိုက်ပြီးနောက်
ဖြစ်ပွားခဲ့သည့်အရာများက ၁၉၉ဝ ပြည့်နှစ်တွင် ဂေါ်ဘားချက်ဖ်၏
ဆိုရှယ်လစ်စနစ်နှင့်နောက်ဆုံးလမ်းခွဲလိုက်ခြင်းသို့
ရောက်ရှိသွားစေခဲ့သည်။

ကမ္ဘာတဝှမ်း ကွန်မြူနစ်စနစ်အရေးနိမ့်နေခြင်းအကြောင်းကို
ဓနရှင်စာနယ်ဇင်းများက နားစွင့်နေခဲ့ကြသည်။ သို့ရာတွင် နားလည်ထားရမည့်မှာ
အကယ်၍ ဆိုဗီယက်ပြည်ထောင်စု၌ အရေးနိမ့်နေမှုနှင့်ရင်ဆိုင်ခဲ့ရ သည်ဆိုလျှင်
လွန်ခဲ့သည့် ၃၅-နှစ်က ခရူးရှက်ဖ်စတင်ခဲ့သည့် ပြန်လည်ပြင်ဆင်ရေးဝါဒ
အရေးနိမ့်ခြင်းသာ ဖြစ်သည်။ ဤ ပြန်လည်ပြင်ဆင်ရေးဝါဒက နိုင်ငံရေးအရ
လုံးဝရှုံးနိမ့်ခြင်းကို ဦးတည်စေခဲ့သည်။ အရင်းရှင်စနစ် ကို
အရှုံးပေးခြင်းနှင့် စီးပွားရေးအရ ကပ်ဆိုက်ခြင်းကို ဦးတည်စေခဲ့သည်။

၁၉၅၆ ခုနှစ်၌ စတာလင်ဆန့်ကျင်ရေးကို ခရူးရှက်ဖ်က
စတင်ပြုလုပ်လာသောအခါ တရုတ်ပြည်ကွန်မြူနစ်ပါတီက ရဲဝံ့စွာ
စတာလင်၏လုပ်ရပ်များကို အကာအကွယ်ပေးခဲ့သည်။ တရုတ်ပြည် ကွန်မြူနစ်ပါတီ၏
ပစ္စည်းမဲ့အာဏာရှင်စနစ် သမိုင်းအတွေ့အကြုံထပ်မံတင်ပြချက် ( More on the
Historical Experience of the Dictatorship of Proletarian) အမည်ရှိ
စာတမ်းက ကမ္ဘာပေါ်ရှိ မာ့က်စ်လီနင်ဝါဒီများ ကို တစုံတရာအကူအညီပေးခဲ့သည်။
၎င်းတို့၏ အတွေ့အကြုံအပေါ်အခြေခံကာ တရုတ်ပြည်ကွန်မြူနစ်ပါတီက စတာလင်၏
အချို့သောလုပ်ရပ်များကို ဝေဖန်ခဲ့သည်။ ဤသည်မှာ ကွန်မြူနစ်များအကြား
ဆွေးနွေးရန် လုံးဝ သဘာဝကျသည့် လိုအပ်ချက်ဖြစ်သည်။ သို့ရာတွင်
အချိန်ရလာသည်နှင့်အမျှ တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ ဝေဖန်ချက်များမှာယေဘူယျအလွန်ကျလာခဲ့သည်။ ဥပမာ-တရုတ်ပြည်ကွန်မြူနစ်ပါတီက စတာလင်သည်
ပဋိပက္ခနှစ်မျိုးနှစ်စားရှိခြင်းကို အခါခတ်သိမ်း ခွဲခြမ်းမပြုခဲ့၊ ရန်ဘက်ပဋိပက္ခနှင့် ပြည်သူတွင်းပဋိပက္ခတို့ကို ခွဲခြမ်းခြင်းမပြုခဲ့ဟု
ဝေဖန်ခဲ့သည်။ ဤယေဘူယျ ဝေဖန်ချက်ကို တချို့က စတာလင်သည်ဘူခါရင်နှင့်ဖြစ်ပွား သည့် ပဋိပက္ခများကို မှန်မှန်ကန်ကန် မကိုင်တွယ်ခဲ့၊
ဘူခါရင်၏ ဆိုရှယ်ဒီမိုကရက်တစ် နိုင်ငံရေးလမ်းစဉ်ကို အဆုံးသတ်ပစ်ခဲ့သည်ဟု
ကောက်ချက်ဆွဲခဲ့ကြသည်။

တရုတ်ပြည်ကွန်မြူနစ်ပါတီက စတာလင်သည် အခြားပါတီများ၏ အရေးကိစ္စများကို
ဝင်ရောက် စွက်ဖက်သည်။ ၎င်းပါတီများ၏ လွတ်လပ်ခွင့်ကို ငြင်းပယ်ခဲ့သည်ဟု
ဝေဖန်ခဲ့သည်။ ဤယေဘူယျဝေဖန်ချက် က စတာလင်သည် တီးတိုး၏နိုင်ငံရေးကို
ရှုတ်ချသည်မှာ မှားသည်ဟု ဆိုလာကြသည်။ တီးတိုးဝါဒကို သီးခြားဖြစ်သည့်
ယူဂိုဆလပ်ပုံစံ၊ ''မာ့က်စ်လီနင်ဝါဒ''အဖြစ် လက်ခံသင့်သည်ဟု
ကောက်ချက်ဆွဲခဲ့ကြသည်။ ယူဂိုဆလပ်တွင် ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များက
ဘောလ်ရှီဗစ်ပါတီနှင့် လမ်းခွဲပြီးသည့်နောက်ပိုင်းမှ အစပြု၍ တီးတိုးသည် ဓနရှင်အမျိုးသားရေးဝါဒလမ်းစဉ်နောက်သို့ လိုက်သွားခဲ့ပြီးနောက်ဆုံး အမေရိကန်တို့ ၏ အိတ်ထောင်ထဲသို့ ရောက်သွားသည်ကို တွေ့ရမည်
ဖြစ်သည်။

နှစ်ပေါင်းများစွာတိုင်မျှ ပြန်လည်ပြင်ဆင်ရေးဝါဒီများက
စတာလင်ကို ချေမှုန်းပစ်ရန် လုပ်ဆောင်ခဲ့ကြသည်။
စတာလင်ကိုချေမှုန်းပြီးသည်နှင့် လီနင်ကိုဖယ်ရှင်းပစ်ရန်မခက်တော့။
ဂေါ်ဘားချက်ဖ်က သူ၏ ၅ နှစ်တာ ကာလ ဂလက်စီနော့အတွင်း ဦးစီးဦးဆောင်ပြုကာ ''
စတာလင်ဝါဒ'' ကို စစ်ပွဲဆင်နွဲခဲ့သည်။ လီနင်၏ကျမ်းများ၊ အယူအဆများကိုအရင်တိုက်ခိုက်ပြီးမှ လီနင်၏ရုပ်တုများကို ဖျက်ဆီးခြင်းမဟုတ်ကြောင်း
တွေ့ရမည်ဖြစ်သည်။ ဤသည်မှာ စတာလင်ကို တိုက်လျှင် လုံလောက်နေ၍ဖြစ်သည်။
စတာလင်၏အယူအဆ များကို တိုက်ခိုက်ကာ သေးသိမ်အောင်လုပ်ပြီးဖျက်ဆီးပစ်လိုက်သည်နှင့် လီနင်၏အယူအဆများသည်လည်း အလားတူကံကြမ္မာနှင့်
ရင်ဆိုင်ရမည်မှာ ရှင်းနေ၍ဖြစ်သည်။

စတာလင်၏အမှားဆိုသည်ကို ဝေဖန်ခြင်းဖြင့် အဖျက်လုပ်ငန်းများကိုခရူးရှက်ဖ်က စလိုက်ခြင်းဖြစ်သည်။ သူက လီနင်ဝါဒကို နဂိုမူလပုံစံသို့ပြန်ရောက်စေရန်၊ ကွန်မြူနစ်စနစ်ကို ဖွံ့ဖြိုးတိုးတက် စေရန်ဟု ဆိုသည်။
ဂေါဘားချက်ဖ်က လက်ဝဲအင်အားစုများ နဝေတိမ်တောင်ဖြစ်သွားစေရန်အတွက် အလား တူ
လူကြားကောင်းသည့် ကတိစကားများကိုပေးခဲ့သည်။ ယနေ့မြင်တွေ့နေရသည်များမှာ
ရှင်းလင်းလွန်းလှ သည်။ ''လီနင်သို့ပြန်သွားရန်''
ဆိုသည့်အကြောင်းပြချက်အောက်တွင် ဇာဘုရင်က ပြန်ပေါ်လာသည်။
''ကွန်မြူနစ်ဝါဒဖွံ့ဖြိုးတိုးတက်စေရန်'' ဆိုသည့် အကြောင်းပြချက်အောက်တွင်
ရက်စက်ရိုင်းစိုင်းသည့် အရင်းရှင် စနစ် ပေါ်ပေါက်လာသည်။

သားနားသပ်ရပ်သည့် ယနေ့ဓနရှင်နှင့် ဓနရှင်ပေါက်စတို့၏ ပုံနှိပ်ထုတ်ဝေသူတိုင်းလိုလို၌ ဒုတိယ ကမ္ဘာစစ် နာဇီစာနယ်ဇင်းများမှ
စတာလင်အကြောင်းမဟုတ်တမ်းတရားနှင့် လိမ်ညာရေးသားမှုများအတိုင်း
ပြန်တွေ့ရသည်။ ဤသည်မှာ ကမ္ဘာကြီး ၌ လူတန်းစားတိုက်ပွဲပြင်းထန်လာနေသည်ကို
ထင်ဟပ်ခြင်းဖြစ်သည်။ ကမ္ဘာ့ဓနရှင်များက သူတို့၏ ''ဒီမိုကရေစီ'' ဆိုသည်ကိုကာကွယ်ရန် သူ၏အင်အားများကို စုဆောင်း နေခြင်းဖြစ်သည်။ ၁၉၈၉၊ ၁၉၉၁ခုနှစ်အတွင်း အနောက်''ဒီမိုကရေစီ''နိုင်ငံများ၏ စတာလင်ဆန့်ကျင်ရေး
တိုက်ပွဲမှာ ၁၉၃ဝ ခုနှစ်များအတွင်းက နာဇီတို့ပြုလုပ်ခဲ့သည်များထက်ပင်
ပို၍ပြင်းထန်၊ ပို၍မဟုတ်တမ်း တရား နိုင်ခဲ့သည်။

ယနေ့အဖို့ပြောရလျှင် ၁၉၃ဝ
ခုနှစ်များအတွင်းက ကွန်မြူနစ်တို့၏ အောင်မြင်မှုများကို မဟုတ်တမ်း တရားတိုက်ခိုက်လာမှုများအား တုံ့ပြန်ရန်အတွက် ရုပ်ဝတ္ထုအထောက်အထားများအနတ္က
ရှိနေသေးဆဲဖြစ် သည်။ သို့ရာတွင် စတာလင်လက်ထက် အတွေ့အကြုံများ၊ သဘောတရားများကို ရပ်ခံကာကွယ်ပေးရန်မူ အားကိုးလောက်သည့် အင်အားစုများလည်းမရှိတော့ပေ။

ကမ္ဘာတဝှမ်းရှိ အလုပ်လုပ်သော ပြည်သူလူထုကြီး၏
အလုပ်လက်မဲ့ဖြစ်မှု၊ ဆင်းရဲမွဲတေမှု၊ သွေးစုပ်ခံရမှုနှင့််
စစ်ပွဲများ၏ခြောက်လှန့်ခြင်းကို ရင်ဆိုင်ကြရသောအခါ မာ့က်စ်လီနင်ဝါဒကသာလျှင် ၎င်းတို့ကို ထွက်ရပ်လမ်းညွှန်ကြနိုင်လိမ့်မည်ဟု
ကွန်မြူနစ်မာ့က်စ်ဝါဒီတို့က စွဲမြဲစွာယုံကြည်ကြသည်။ အရင်းရှင်ကမ္ဘာရှိအလုပ်လုပ်သော ပြည်သူလူထုကြီးနှင့် တတိယကမ္ဘာမှ အဖိနှိပ် ခံပြည်သူများကို
မာ့က်စ်လီနင်ဝါဒကသာလျှင် လက်နက်တပ်ဆင်ပေးနိုင်မည်ဖြစ်သည်။

ကွန်မြူနစ်ဝါဒ
အဆုံး သတ်သွားပြီဆိုသည့် မဟုတ်တမ်းတရားလိမ်ညာချက်များမှာ တကမ္ဘာလုံးရှိ
အဖိနှိပ်ခံလူထုကြီးကို အနာဂါတ် တိုက်ပွဲ၌ လက်နက်မဲ့ဖြစ်သွားစေရန်
ရည်ရွယ်ရင်းဖြစ်သည်ဟု မာ့က်စ်လီနင်ဝါဒီတို့က ထောက်ပြသည်။
မာ့က်စ်လီနင်ဝါဒီတို့က စတာလင်၏ ရေးသားချက်များ၊ တနည်းအားဖြင့်
မာ့က်စ်လီနင်ဝါဒကို ကာကွယ်ရေးမှာ ကမ္ဘာ့အခြေအနေသစ်အောက်တွင်
လူတန်းစားတိုက်ပွဲဆင်နွှဲရန်အတွက် မိမိတို့ကိုမိမိတို့
ပြင်ဆင်ထားခြင်းဖြစ် သည်ဟု ခံယူကြလေသည်။

ေအာင္ဇံ (၁ဝ-၁၂-၂၀၁၈)