Wednesday, July 31, 2019

(၃ မိနစ်စာကိစ္စကို နာရီဝက်သာသာ ပြောတဲ့လူတွေ)

0 comments
(၃ မိနစ်စာကိစ္စကို နာရီဝက်သာသာ ပြောတဲ့လူတွေ)
ညက ပြည်တွင်းနိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါနေသူတဦးနဲ့ စကားလက်ဆုံမိပါတယ်။ ထုံးစံအတိုင်း နေကောင်းလားဘာညာပဋိသန္တာရဆိုပြီးတာနဲ့ အခြေအနေဘယ်လိုလဲကနေ စပါတယ်။ ပြောတာတွေ နာရီဝက်စာလောက်ရှိပါတယ်။ ကိစ္စကတခုတည်းပါ။ ကိစ္စတခုကို နာရီဝက်စာ ပြောတယ်ဆိုကတည်းက တော်တော်တော့ ကိစ္စရှိနေလို့မှန်း ရိပ်မိမှာပါ။ ကိစ္စက စစ်အုပ်စုက စစ်အသုံးစားရိတ်တွေ တိုးတောင်းတဲ့အကြောင်းပါ။ အဲ့ဒီကိစ္စကို နာရီဝက်စာပြောကြတယ်ဆိုတာဟာ တော်ရုံတန်ရုံလေးနက်မှုမဟုတ်လောက်ပါဘူး။ အဲ့သလောက်လေးနက်တဲ့ကိစ္စကို ရောက်လွယ်အောင် ချုပ်ပြောရရင်....
သူက... စစ်တပ်က အရင်တုန်းကလို စစ်အသုံးစားရိတ်ကို သုံးချင်သလိုသုံး၊ တိုင်းပြည်နဲ့လူထုက မသိရ၊ လွှတ်တော်တွေ ဘာတွေလည်းမရှိတော့ တိုင်းသိပြည်သိဖြစ်အောင် မေးလို့လည်းမရဘူး၊ ခု ရပြီ။ လွှတ်တော်မှာ တင်တောင်းလို့လူထုသိပြီ။ တိုးတောင်းတာပါသိပြီ။ ဒါ့အပြင် မသုံးဖြစ်လို့ ပိုနေတဲ့ငွေတွေပြန်အပ်ပါလို့ပါ ပြောလို့ရနေပြီ ဒါ ကောင်းတဲ့လက္ခဏာ၊ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှု(သူ့စကားအရ) “အရွေ့“ ဖြစ်တယ်။
ကျနော်က ဟုတ်တယ် အရင်လို လူမသိသူမသိ ခိုးမလုပ်တော့ဘူး။ ခိုးထုတ်ခိုးထည်နဲ့မိစရာ မလိုတော့ဘူး။ ဗြောင် “လုပ်တယ်ကွာ ဘာဖြစ်လဲ“ လုပ်ခွင့်ရသွားပြီ။ မေးလို့ရလာပြီ ပြန်ဖြေတာကြားရပြီ။ နားရှိလို့ကြားရတဲ့သဘောထက် တက်မလာသေးဘူး။ အရင်လို ဓမြတိုက်သလိုတိုက်ယူစရာ မလိုတော့ဘူး။ တောင်းယူရတယ်။ ဒါပေမဲ့ သူတောင်းစားတောင်း တောင်းတာမဟုတ်ဘူး။ ပြန်ပေးတောင်း တောင်းတာ။ “ရွေ့“တော့ ရွေ့သွားတယ်။ သူရွေ့တာမဟုတ် ကိုယ်ရွေ့တာ။ ကိုယ်က ဓမြကင်းစောင့်ကနေ “လက်ထောက်ချအဖြစ်“ရွေ့သွားတာ။
နိဂုံးချုပ်တော့ သူက ကျနော့်ကို အဆိုးမြင်သမားလို့ပြောတယ်။ ကျနော်က “မင်း ဗော်လ်တဲယားရေးပြီး ဆရာကျော်အောင် ဘာသာပြန်တဲ့ အကောင်းမြင်သမား“ဖတ်ဖူးလားနဲ့စကားစသတ်တယ်။ ဒီညလည်း ပြောဖြစ်ကြမှာပါ။

အဲ့ဒါသာကြည့်။ ကျနော်တို့နှစ်ယောက် ဒီ ၃ မိနစ်စာလောက်ကို ကိစ္စကို နာရီဝက်သာသာကြာအောင်ပြောကြတာ။ လူနှစ်ယောက်ဟာ ကိစ္စတခုကို တထိုင်တည်းမှာ နာရီဝက်သာသာပြောနိုင်တယ်ဆိုကတည်းက ပြောစရာက တော်တော့်ကိုရှိနေပြီ။ မျိုးမြင့်ချို
ဂျူလိုင် ၃၁၊ ၂ဝ၁၉

(ဝမ်းနည်းကြေကွဲသတဲ့လား)

0 comments
(ဝမ်းနည်းကြေကွဲသတဲ့လား)
ကျနော်လည်း စစ်သားလုပ်ခဲ့တယ်၊ စစ်သားတွေ စစ်ပွဲမှာသေတာလည်း တွေ့ခဲ့တယ်၊ ကိုယ်လည်း မသေရုံတမယ်ကျန်တယ်၊ ဝမ်း တခါမှမနည်းမိဘူး။ ကြေကွဲဖို့ဆိုတာ ဝေလာဝေး။ အဲ့ဒါ သွေးမတော်သားမစပ်ထဲက ဘယ်သူက ဘာကိစ္စဝမ်းနည်းကြေကွဲကြတာမှန်း ငယ်ငယ်က နားမလည်ခဲ့ဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်ဘဝတွေနဲ့ကိုယ် နေ နေကြတာမဟုတ်လား။ စစ်သားလည်း အခြားအလုပ်လို ဝမ်းရေးမဟုတ်လား။ လက်ထဲသေနတ်ရှိတော့ ဘာမှမရှိတဲ့လူတွေအပေါ် ဗိုလ်ကျလို့ရတော့ သာယာစိတ်တော့ ဖြစ်မှာပေါ့။ လူဟာ ဘယ်သူမှ ဘိတ်မကျချင်ပါဘူး။ ထမင်းစားတဲ့အလုပ်ဆိုပေမယ့် သိတ်လိုအပ်လာရင် ခင်ဗျားလည်း စစ်သားလုပ်ရမှာပဲမဟုတ်လား။ သူကလည်း သူ့အတွက် သူသေနေတာပါ။ ခင်ဗျားလည်း ခင်ဗျားအတွက်သေရမှာပါ။ လူတိုင်းဟာ ကိုယ့်အတွက် ကိုယ်သေနေကြတာပဲဟာ။ အဲ့သလို သေနေတာကို စာလေးတရွက်ပေါ် “ဝမ်းနည်းကြေကွဲပါတယ်ပဲ ရေးရေး“၊ “.....ဘွဲ့ဆံဆိပ်ချီးမြှင့်လိုက်သည်ပဲ ပြောပြော“ အဲ့သလိုပြောလာပြီဆိုရင် အဲ့ဒီလူမှာ စစ်သားသေရာကနေရတဲ့ “ကိုယ်ကျိုးစီးပွား“ရှိနေပြီဆိုတာကတော့ ကျိန်းသေနေပြီ။ စစ်သားဟုတ်ဟုတ် မဟုတ်ဟုတ် သူနဲ့ဘဝတူလူတွေအတွက် ကိုယ့်ဘဝ ကိုယ့်အချိန် ကိုယ့်အသက်ပေးသွားတဲ့လူတွေတောင် သူတို့ဘဝတူတွေကပဲ ဂုဏ်ပြုကြ ဂုဏ်ယူကြတာမဟုတ်လား။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို စတာလင်ငြိမ်းချမ်းရေးဆုပေးတယ်။ ဒေါ်စုကိုငြိမ်းချမ်းရေးဆုပေးတယ်။ ဗမာပြည်မှာ အောင်ဆန်းသူရိယခြောက်ယောက်ရှိတယ်။ အာဇာနည်တွေ များတယ်။ သူရဲကောင်းတွေ ပေါတယ်။
မျိုးမြင့်ချို
ဂျူလိုင် ၃၁၊ ၂ဝ၁၉

Tuesday, July 30, 2019

ဗြူရိုကရက်အရင်းရှင်လူတန်းစားအတွင်းသို့ စစ်အုပ်စုတိုးဝင်ခြင်း(ရန်သူကြီး ၃ ဦး)မှ

0 comments
ဗြူရိုကရက်အရင်းရှင်လူတန်းစားအတွင်းသို့ စစ်အုပ်စုတိုးဝင်ခြင်း(ရန်သူကြီး ၃ ဦး)မှ
ဖဆပလ အစိုးရခေတ်တွင် အစိုးရထည့်ဝင်ငွေနှင့်ပုဂ္ဂလိကငွေ စုပေါင်းကာ ထူထောင်သော ဖက်စပ်ကော်ပိုရေးရှင်းများ ပေါ်ခဲ့သည်။ ဤကော်ပိုရေးရှင်းများက သွင်းကုန်ထုတ်ကုန်လုပ်ငန်း များ လုပ်ကြသည်။ ဖက်စပ်ကော်ပိုရေးရှင်းများကို ဖဆပလအစိုးရအဖွဲ့မှဝန်ကြီးများက ဦးစီးကြသည်။ ပါလီမန်ဒီမိုကရေစီခေတ်ဖြစ်၍ ကိုယ့်မဲဆန္ဒနယ်။ ကိုယ့်ကျောထောက်နောက်ခံ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်း စသည်တို့ကို အခြေခံပြီးဖွဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ဟု စကားလှလှ သုံးကြသည်။ တကယ်က လူထုဖွံ့ဖြိုးတိုးတက်ရေးအတွက်မဟုတ်ပဲ သူ့ ဗြူရိုကရက် အသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးသာ ဖြစ်သည်။ ဖက်စပ်များသည် ဒေသန္တရလက်ဝါးကြီးအုပ် များဖြစ်လာခဲ့သည်၊ ဗြူရိုကရက်အရင်းရှင်များ အလွန် စားသာကြသည်။
ဤသည်ကို စစ်ဗိုလ်များ အားကျကြသည်။ မနာလိုဝန်တိုမှုလည်းရှိသည်။ အထူးသဖြင့်သူတို့ အထင်မကြီးသော မလေးစားသော ဖဆပလဝန်ကြီးများကို မနာလိုဝန်တိုဖြစ်သည်။ သို့သော် ဝန်ကြီးများက အာဏာပါဝါရှိနေသည်။ (စစ်ဗိုလ်များ အထင်မကြီးသူများမှာ သန့်ရှင်းဖဆပလ အဖွဲ့ဝင်များ ဖြစ်ကြတာများသည်)
ဖက်စပ်ကော်ပိုရေးရှင်းများ ထူထောင်ကြသောကာလတွင် စစ်အုပ်စုကလည်း သူတို့ကိုယ်ပိုင် “ဖက်စပ်” ကော်ပိုရေးရှင်း တခုထောင်သည်။ ဘီအီးဒီစီ (B.E.D.C) ဟုခေါ်သည်။ ဤ ကော်ပိုရေးရှင်းက လုပ်ငန်းပေါင်းစုံလုပ်သည်။ ကြော်ငြာလုပ်ငန်းလို အသေးစားမှသည် ပင်လယ်ကူးသင်္ဘောကုမ္ပဏီထိ လုပ်သည်။ ဘီအီးဒီစီမှာ “ဖဆပလ” အစိုးရဝန်ကြီးများဦးစီးသည့် ဖက်စပ်ကော်ပိုရေးရှင်းများလို ဒေသန္တရသဘောမျိုးမဟုတ်ဘဲ တပြည်လုံးသဘောဆောင်သည်။
စစ်တပ်က စီးပွားရေးမလုပ်ဘို့ ဘီအီးဒီစီ ဖျက်သိမ်းဘို့ အတိုက်အခံများ၊ ပြည်သူများက တောင်းဆိုလာကြသည်၊ ပြည်သူများသည် အလွန်အမြော်အမြင်ကြီးသည်။ လက်နက်ကိုင်တပ်က စီးပွားရေးလုပ်လာလျှင် တိုင်းပြည်အတွက် ဆိုးကျိုးတွေတသီကြီးဖြစ်တော့မှာကို မြင်သည်။
ဘီအီးဒီစီလုပ်ရင်း စစ်အုပ်စုသည် စီးပွားရေးအတတ်ပညာများတတ်လာသည်။ နိုင်ငံခြား အဆက်အသွယ်များရလာသည်။ စစ်ဗြူရိုကရက်အရင်းရှင်များဖြစ်လာသည်။
ထိုအချိန်နှင့်မရှေးမနှောင်းမှာပင် ဖဆပလအဖွဲ့ ကွဲသွားသည်။ သူတို့အထင်မကြီးသော ဝန်ကြီးများပါသည့် သန်ရှင်း ဖဆပလအဖွဲ့က အနိုင်ရကာ အစိုးရဖွဲ့လာသည်။ ဘီအီးဒီစီ ဖျက်သိမ်းရမည်ဟု ကြွေးကြော်ထားသော အတိုက်အခံနိုင်ငံရေးအင်အားစု(ပမညတ)၏ ထောက်ခံမှုဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စု ယမ်းပုံမီးကျ ဖြစ်တော့သည်။ စစ်တပ်အာဏာသိမ်းပွဲဖြင့် အကြပ်ကိုင်ကာ အာဏာကို “လွှဲ”ယူလိုက်သည်။ “အိမ်စောင့်အစိုးရ” ဟူ၍တက်လာခဲ့သည်။
အိမ်စောင့်အစိုးရ ဖွဲ့သောအခါ စစ်ဗြူရိုကရက်အနည်းစုကိုအခြေခံကာ စစ်သားမဟုတ်သော ဗြူရိုကရက်အများအပြားထည့်သွင်းပြီး အစိုးရဖွဲ့သည်။ ဗြူရိုကရက်အချင်းချင်း မဟာမိတ်ဖွဲ့သည့် သဘောဖြစ်၏။ ဤသို့ဖြင့်စစ်အုပ်စု၏အင်အားကို တောင့်တင်းစေခဲ့သည်။ အိမ်စောင့်အစိုးရ ဖွဲ့စည်းစဉ်ကာလက စစ်အုပ်စုသည် အင်အားမတောင့်တင်းသေး ထို့ကြောင့်သူတို့၏ ဆရာသမားဟောင်းများဦးစီးသည့် တည်မြဲဖဆပလကို မှီခိုရသည်။ သန့်ရှင်းဖဆပလကို ဖြုတ်ပြီး လွှတ်တော်တွင် မဲရှုံးသွားသော သူတို့ဆရာသမားများကို အစိုးရအဖွဲ့ထဲထည့်လျှင် ပြည်သူက ခံမည်မဟုတ်သောကြောင့်သာ မထည့်ခြင်းဖြစ်သည်။
“ဖွတ်မိကျောင်းဖြစ် - မြစ်မချမ်းသာ” ဆိုရိုးစကားအတိုင်း ဘီအီးဒီစီ က စခဲ့သော စစ်ဗြူရိုကရက် အရင်းရှင်လူတန်းစားသည် ၁၉၆၂ ခုနှစ်တွင် မိကျောင်းစစ်စစ်ဖြစ်ခဲ့၏။ မြစ်နှင့်တူသော ဗမာပြည်သည်လည်း မချမ်းသာဖြစ်ရပေတော့မည်။ ဗမာပြည်အတွက် ကြမ္မာဆိုးဝင်ခဲ့ချေပြီ။

ဗြူရိုကရက်အရင်းရှင် လက်ဝေခံလက္ခဏာဆောင်ခြင်း (ရန်သူကြီး ၃ ဦး)မှ

0 comments
ဗြူရိုကရက်အရင်းရှင် လက်ဝေခံလက္ခဏာဆောင်ခြင်း (ရန်သူကြီး ၃ ဦး)မှ
လွတ်လပ်သော ဗမာပြည်တွင် လက်ဝေခံလူတန်းစားဟူ၍ (ကိုလိုနီခေတ်ကအတိုင်း) မရှိနိုင်တော့ ပါ။ အာဏာရဓနရှင်လူတန်းစားက လက်ဝေခံအလုပ်မျိုးလုပ်ကြခြင်းသာ ရှိနိုင်သည်။
လက်ဝေခံအလုပ်မျိုးဟူ၍သုံးရခြင်းမှာ ကိုလိုနီခေတ်လက်ဝေခံကဲ့သို့ ကန်ထရိုက်များ၊ ပွဲစားကြီး များအဖြစ် ပြောင်ပြောင်တင်းတင်းလုပ်ခြင်းမဟုတ်၍ ဖြစ်သည်။
ကိုလိုနီခေတ်က လက်ဝေခံသည် အာဏာမရှိပါ။ နယ်ချဲ့တဦးတည်း (ကိုလိုနီပိုင်ရှင်) အပေါ် လုံးဝမှီခိုသည်။ စတီးပွဲစား၊ ဘုံဘေဘားမားကန်ထရိုက်သည် တခြားနယ်ချဲ့(ဥပမာ) ဂျပန်ကုမ္ပဏီ ၏ ပွဲစားကန်ထရိုက်မလုပ်နိုင်ပါ။
စစ်ကြီးမဖြစ်မီက ဝါလုပ်ငန်း၊ ပဲလုပ်ငန်း၊ သစ်လုပ်ငန်းနှင့်ကုန်သေး တင်သွင်းရောင်းချခြင်း လုပ်ငန်များတွင် ဂျပန်၊ ဂျာမဏီ၊ အမေရိကန်ကုမ္ပဏီများနှင့်ဆက်စပ်လုပ်သူ တိုင်းရင်းသား အနည်းအကျဉ်းရှိသည်။ သို့သော် သူတို့သည် စတီးပွဲစား၊ ဘုံဘေဘားမားကန်ထရိုက်နှင့် ရိုးကုမ္ပဏီတို့ကို မလွှမ်းနိုင်ပါ။ လက်ဝါကြီးအုပ်အနေအထားကို အင်္ဂလိပ်နယ်ချဲ့ကုမ္ပဏီများကသာ ယူထားကြ၍ဖြစ်သည်။ ကုန်းလမ်း ရေလမ်းသယ်ယူပို့ဆောင်ရေး၊ ရေနံစိမ်းထုတ်လုပ်ရေး၊ ရေနံချက်လုပ်ငန်းများကို တခြားနယ်ချဲ့သမား အလုံးအရင်းနှင့်မဝင်နိုင်ပါ။
တိုင်းရင်းသားများဖြစ်သော ရခိုင်၊ မွန်၊ ဗမာ စသည်များကတော့ လုပ်ခွင့်ရှိသည်။ အိန္ဒိယသား များလည်း လုပ်ခွင့်ရှိသည်။ (ဗြိတိသျှအင်ပါယာ၏ ကျေးတော်ကျွန်တော်မျိုးဖြစ်၍) အမျိုးသား အရင်းရှင်များဝင်လုပ်ခဲ့ပြီး အင်္ဂလိပ်ကုမ္ပဏီကို ပြိုင်ကြပါသည်။
နောက်ဆုံးတော့ဖိနှိပ်မှုအမျိုးမျိုးကြောင့်အရှုံးပေးလိုက်ရပါသည်။ ဧရာဝတီကုမ္ပဏီ၊ ဘီအိုစီ ကုမ္ပဏီကို မပြိုင်နိုင်ပါ။ ချည်စက်၊ ပုဂံစက် စသဖြင့်လည်း ကြိုးစားကြပါသည်။ ပြုတ်ကုန်ကြ ပါသည်။ အကြမ်းစား ပန်းကန်စက်လောက်ကိုတော့ အင်္ဂလိပ်ကုမ္ပဏီက ရေးကြီးခွင့်ကျယ် မထားပါ။
လက်ဝါးကြီးအုပ်အနေအထားကို အင်္ဂလိပ်ကုမ္ပဏီများမှတပါး မည်သူမျှမရနိုင်ပါ။ စီးပွားရေး အသက်သွေးကြောမှန်သမျှကို သူတို့သာ လုပ်ကိုင်ပါသည်။ သူတို့သာ “လက်ဝေခံ” ထားနိုင် ပါသည်။
နိုင်ငံရေး လွတ်လပ်ရေးရလာသောအခါ ကိုလိုနီခေတ်ကလို မဟုတ်တော့ပါ။ အင်္ဂလိပ်တဦးတည်း လက်ဝါကြီးအုပ်ချုပ်ကိုင်ခွင့်မရှိတော့ပါ။ အာဏာရလူတန်းစားသည် နယ်ချဲ့ပေါင်းစုံနှင့်ဆက်ဆံ၊ နယ်ချဲ့ပေါင်းစုံ၏ “အကူအညီ”၊ “အထောက်အပံ့” ချေးငွေတွေယူကာ စီးပွားရေး အသက်သွေး ကြောမှန်သမျှကို လက်ဝါးကြီးအုပ်လုပ်ကိုင်သည်။
ဂျာမဏီ၊ ဂျပန်၊ ပြင်သစ်၊ အမေရိကန် စသဖြင့်အဆင်သင့်သလို ဆက်ဆံလုပ်ကိုင်ရာတွင် လက်ဝေခံလူတန်းစားလုပ်သလို ပွဲခ၊ ကန်ထရိုက်ကြေး စသဖြင့် ဗြောင်မယူကြပါ။ ပြန်ခွံ့တာကို လျှို့ဝှက်ပြီး စားပါသည်။
ဗိုလ်နေဝင်းနှင့်ဖရဇ်ဝါနာ၏ ဆက်ဆံရေး၊ ဘီအီဒီစီအကြီးအကဲများနှင့် ဂျပန်ကုမ္ပဏီများ၏ ဆက်ဆံရေး၊ ယခု နဝတခေတ်တွင် ဝန်ကြီး ဗိုလ်ချုပ်များနှင့်ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ဟောင်ကောင်၊ အင်္ဂလန် စသည်တို့မှ ကုမ္ပဏီများ ဆက်ဆံရေးတွင် ပြန်ခွံ့တာတွေရှိပါသည်။ ပြန်ခွံ့သည်များမှာ မဖုံးနိုင်မဖိနိုင်တော့မှ ဘူးပေါ်သလိုပေါ်သည်။ အလှူငွေထည့်ခြင်း၊ ရံပုံငွေထည့်ခြင်း၊ အာဏာပိုင် များ၏ ဆွေမျိုးသားချင်းများကို အခွင့်ထူးပေးခြင်းလည်းရှိသည်။ လုပ်သောနည်းများမှာ စုံလင် လှသည်။

ဗြူရိုကရက်အရင်းရှင်စနစ်(သမိုင်းအကျဉ်း) (ရန်သူကြီး ၃ ဦးမှ)

0 comments
ဗြူရိုကရက်အရင်းရှင်စနစ်(သမိုင်းအကျဉ်း) (ရန်သူကြီး ၃ ဦးမှ)
ဗြူရိုကရက်အရင်းရှင်လူတန်းစားသည် ဗမာပြည်လွတ်လပ်ရေးရမှပေါ်လာခြင်းဖြစ်၏။ ကိုလိုနီခေတ်က လက်ဝေခံဓနရှင် လူတန်းစားသာရှိသည်။ တိုင်းရင်းသား ဗြူရိုကရက်အရင်းရှင် လူတန်းစားမရှိနိုင်။
အင်္ဂလိပ်လက်ဝါးကြီးအုပ် အရင်းရှင်ကုမ္ပဏီများသည် ဗမာပြည်၏ စီပွားရေးအသက်သွေးကြော မှန်သမျှကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားကြသည်ဖြစ်ရာ တိုင်းရင်းသားလက်ဝါးကြီအုပ် အရင်းရှင် လူတန်းစားအဖြစ် ပေါ်လာခွင့်မပေးပါ။
သူတို့ဖြစ်စေချင် ခွင့်ပြုချင်သည်မှာ အင်္ဂလိပ် လက်ဝါးကြီးအုပ်ကုမ္ပဏီများ၏ လက်ဝေခံ လူတန်းစားသာဖြစ်သည်။ ခွင့်မပြု၍လည်း မဖြစ်ပါ။
သဘာဝသယံဇာတပစ္စည်းများကို ထုတ်ယူနိုင်ဘို့ဆိုလျှင် တိုင်းရင်းသားကံထရိုက်များ ထားရမည်။
လယ်ယာထွက်သီးနှံများကို လက်ဝါးကြီးအုပ်ဝယ်ယူနိုင်ရန် တိုင်းရင်းသားပွဲစားများ ထားရမည်။ ဤကန်ထရိုက်ပွဲစားများကို လက်ဝေခံများဟုခေါ်သည်၊
သဘာဝသယံဇာတထုတ်ယူရေးတိုင်းတွင် လက်ဝေခံထားစရာမလိုပါ။ လက်ဝေခံကို အရိုး အရင်းသာ ပေးသည်ဆိုစေဦးတော့ ပေးရပါသည်။ ဖြစ်နိုင်လျှင် နယ်ချဲ့ကုမ္ဗဏီများက မပေးလိုပါ။ ရာနှုန်းပြည့်အကျိုးအမြတ်ကို သူတို့သာ ယူလိုသည်။
သို့သော် သစ်ထုတ်လုပ်ခြင်း၊ သီးနှံများသိမ်းသယ်ခြင်းတို့လို တောထဲတောင်ထဲလုပ်ရသော လုံခြုံမှုမရှိသည့် အလုပ်ကို သူတို့မလုပ်နိုင်ပါ။ မလုပ်ဝံ့ပါ။ ပွဲစား ကံထရိုက်ထားရပါသည်။
ဖက်ဆစ်ဂျပန်ခေတ်သည် ဘာမျှမကြာလိုက်ပါ။ သို့သော် သူတို့လည်း လက်ဝေခံထားရပါသည်။ အဝယ်တော်၊ ဆပ္ပလိုင်း စသဖြင့်ခေါ်ပါသည် ။
နယ်ချဲ့ကိုလိုနီဖြစ်လျှင် လက်ဝါကြီးအုပ်ကုမ္ဗဏီရှိရမည်။ ရှိလျှင် လက်ဝေခံလူတန်းစားရှိမည် ဖြစ်သည်။
လက်ဝေခံလူတန်းစားတွင် အာဏာမရှိပါ။ သို့သော်အာဏာရှိသူများနှင့်နီစပ်သည်။ ဆွေမျိုးလည်း တော်နိုင်သည်။ ဗြူရိုကရက်မျက်နှာဖြူများ၏ တစုံတရာအရေးပေးခြင်းခံရ၍ အာဏာ တံစက်မြိတ်မှ လူတန်းစားဟုခေါ်ရမည်။
ဗြူရိုကရက်အရင်းရှင်လူတန်းစား
နိုင်ငံရေးလွတ်လပ်မှုရှိမှသာ ဗြူရိုကရက်အရင်းရှင်လူတန်းစား ဖြစ်ပေါ်နိုင်ပါသည်။ သူတို့သည် လက်ဝေခံလူတန်းစားမှ ဘဝပြောင်းလာသူများမဟုတ်ပါ။ လက်ဝေခံလူတန်းစားတွင် နယ်ချဲ့ ဆန့်ကျင်ရေးလက္ခဏာ နည်းနည်းမျှမရှိ။ နယ်ချဲ့ဆန့်ကျင်ရေးလည်း မလုပ်ခဲ့ပါ။ နယ်ချဲ့သမားနှင့် အတူတူရပ်တည်ကြသည်။
ဗြူရိုကရက်အရင်းရှင်လူတန်းစားဖြစ်လာမည့်သူများကတော့ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ခဲ့ကြသည်။ အမျိုးသားအရင်းရှင်လူတန်းစား၏ အတွေးအခေါ်ရှိကြသည်။ လွတ်လပ်သည့် ဓနရှင်နိုင်ငံတော် တည်ထောင်ရေးသို့ တိမ်းညွှတ်သည်။
ဤနေရာတွင် ဗမာပြည်အမျိုးသား အရင်းရှင်လူတန်းစားအကြောင်း အကျဉ်းမျှဖေါ်ပြရန် လိုပါသည်။
ကိုလိုနီတိုင်းပြည်မှ အမျိုးသားအရင်းရှင်လူတန်းစားများလိုပင် စီးပွားရေးအင်အားနည်းကြသည်။ အရင်းအနှီးအင်အား နည်းခြင်းသာကမသေး ထုတ်လုပ်ရေးနည်းပညာ၊ လုပ်ငန်းဦးစီးကြီးကြပ် သည့် အတွေ့အကြုံ နိုင်ငံတကာကုန်သွယ်ရေးအတွေ့အကြံုနှင့်အဆက်အသွယ် စသဖြင့် အဖက်ဖက်မှအားနည်းသည်။
ဗမာပြည်၏ထူးခြားချက်မှာ ဗမာပြည်၏ လက်ဝေခံအရင်းရှင်လူတန်းစားအတွင်း၌ လူမျိုးခြားများ ပါဝင်နေသလို အမျိုးသားအရင်းရှင်များအတွင်းတွင်လည်း ၎င်းတို့ပါဝင်ကြသည်။ အိန္ဒိယ အမျိုးသားအရင်းရှင်များအတွင်းတွင် အိန္ဒိယ ကွန်ဂရက်ပါတီ၏ နိုင်ငံရေးအတွေးအခေါ်နှင့် သြဇာလွှမ်းသည်။ တရုပ်လူမျိုးများအတွင်းတွင် ဆွန်ယက်စင်၏ ကူမင်တန်ဝါဒ လွှမ်းသည်။ အိန္ဒိယလူမျိုးများမှာ တရုပ်လူမျိုးများထက်များပြားရုံမက ဗမာပြည်လူတန်းစားလူ့အလွှာ အသီးသီးတွင် ဖြန့်ကျက်ကာရှိနေကြသဖြင့် အိန္ဒိယကွန်ဂရက်ပါတီ၏ အတွေးအခေါ်က ဗမာပြည် အမျိုးသားအရင်းရှင်လူတန်းစားအပေါ် ပိုမိုသြဇာသက်ရောက်သည်။ (အိန္ဒိယနှင့်ဗမာပြည် အခြေအနေချင်း တူညီကြ၍လည်းဖြစ်သည်)
၁၉၄၈ - နိုင်ငံရေးအရ လွတ်လပ်ရေးရလာသောအခါ ဖဆပလအဖွဲ့ အာဏာရလာသည်။ စီးပွားရေး၊ ဘဏ္ဍာရေး ၊ စစ်ရေးအနှောင်အဖွဲ့များဖြင့်ရလာသည့် လွတ်လပ်ရေးဖြစ်သောကြောင့် ဤအနှောင်အဖွဲ့များ၏ သက်ရောက်မှုကိုခံရသည်။ အင်္ဂလိပ်လက်ဝါးကြီးအုပ်ကုမ္ပဏီများ ဆက်လက်ရှိနေ၍ ၎င်းတို့နှင့်ပတ်သက်ရသည်။
အုပ်ချုပ်ရေးကိစ္စတွင်၊ အစိုးရပေါ်လစီချမှတ်ရာတွင် အင်္ဂလိပ်ကထားရစ်ခဲ့သည့် ဗြူရိုကရေစီ ယန္တရားနှင့်ဗြူရိုကရက်များကို မှီခိုရသည်။ စစ်တပ်ကိစ္စတွင် စစ်ကော်မရှင်ကို ဆရာတင်ရသည်။ ဤသို့ဖြင့် ဗြူရိုကရေစီအကျင့်စရိုက်များနှင့် ကျွမ်းဝင်ရင်းနှီးလာသည်။
ကိုလိုနီအစိုးရကချန်ထားရစ်သော ပရိုဂျက်စီမံကိန်းများ၊ ဘုတ်အဖွဲ့များအတွင်းသို့ အာဏာရ လူတန်းစား ဝင်ရောက်ကြသည်။ ဆန်စပါးရောင်းဝယ်ရေးဘုတ်အဖွဲ့၊ သစ်ထုတ်လုပ်ရေးဘုတ် အဖွဲ့များတွင် ပါဝင်သူများ စားသာကြသည်။ ဆပ္ပလိုင်း ထောက်ပံ့ရေးတွင် ပါဝင်သူများလည်း စားသာကြသည်။ ကိုလိုနီခေတ်လက်ဝေခံများလိုမဟုတ်ပဲ အရိုးအရင်းသာမကပဲ အသားရော အဆီပါ ဝါးမြိုကြရသည်။
ဖဆပလအတွင်းမှအုပ်စုများသည် ဤအလွန်စားသာသောနေရာများတွင် အာဏာပိုင်ဖြစ်ရန် အလုအယက် ကြိုးစားလာကြသည်။ ကြိုးစားကြရင်း အုပ်စုတိုက်ပွဲများလည်း အတောမသတ် ဖြစ်လာသည်။ နောက်ဆုံးတွင် ဖဆပလ ၂ ခြမ်း ကွဲတော့သည်။ အကွဲအပြဲဖြစ်လာသောအခါ သူတို့ချင်း အပြန်အလှန်အပုတ်ချကြသဖြင့် အာဏာရလူတန်းစားများ၏ ဗြူရိုကရက်အရင်းရှင် လူတန်းစား၏လက္ခဏာကို ပြည်သူတို့ကြားနာ သိမှတ်လိုက်ရတော့သည်။
ခေတ်ဟောင်း လက်ဝေခံအရင်းရှင်လူတန်းစားသည်လည်း ခေတ်ပြောင်းသွားပြီဆိုသည်ကို ရိပ်မိသည်။ သူတို့မှီခိုလဲလျောင်းရာ အင်္ဂလိပ်ကိုလိုနီစနစ် ယိမ်းယိုင်ခဲ့ပြီကို သိရှိပြီး၊ မှီခို လဲလျောင်းရာအသစ်အဖြစ် အာဏာရ ဖဆပလကို ချဉ်းကပ်ကြသည်။
ဝန်ကြီးချုပ် ဘာကြိုက်သည်။ ဒုဝန်ကြီးချုပ်များ ဘာ ဝါသနာပါသည်ကို လေ့လာသည်။ တခြားဝန်ကြီးများ၏အထာကို စူးစမ်းသည်။ အံခွအောင် စားဖူးသူများပီပီ ဤကိစ္စတွင် ကျွမ်းကျင် ကြသည်။ နောက်အာဏာပိုင်တို့၏ အကြိုက် လိုက်လုပ် ကသည် ။ အကြိုက်ကို ပေးကြသည်။
ဖဆပလ ခေတ်တခေတ်လုံးတွင် အလှူအတန်းပြုခြင်းများ၊ တန်ဆောင်တိုင်ပွဲ အပြိုင်ကြဲခြင်းများ မှအစ ဘော်လုံးပွဲအဆုံးလှုပ်ရှားမှုများတွင် သူတို့ကို ဝန်ကြီးချုပ်၊ ဝန်ကြီးမျာနှင့်တွဲ၍တွေ့ရမည်။ (စစ်ဗိုလ်များ အာဏာချုပ်ကိုင်သည့် ကာလတွင် ဂေါက်သီးအတူကစားခြင်းလည်း ပါမည်။ နိုင်ငံရေးသမားများက ဂေါက်သီးမကစားဝံ့ကြ၊ တခြားလောင်းကစားသာ ဝါသနာပါသူများက လုပ်၏)
လွတ်လပ်ရေးခေတ် အာဏာရလူတန်းစားသည် ဗြူရိုကရက်အရင်းရှင်များအဖြစ်သို့ တစတစ ပြောင်းလဲခဲ့ပြီ။

(မြေရှင်စနစ်ကိုမဖျက်သိမ်းလျှင် လယ်သမားများ ဆင်းရဲတွင်းက မလွတ်မြောက်နိုင်)

0 comments
(မြေရှင်စနစ်ကိုမဖျက်သိမ်းလျှင် လယ်သမားများ ဆင်းရဲတွင်းက
မလွတ်မြောက်နိုင်) လုပ်ငန်းစဉ်နှင့် ရန်သူကြီး ၃ ဦး)မှ
မြေရှင်စနစ်သည် အားနည်းသွားသည်မှာ မှန်သော်လည်းလုံးဝမရှိတော့သည်မဟုတ်။ ဆက်တိုက် မတိုက်ဖျက်နိုင်လျှင် မုချ ခေါင်းပြန်ထောင်လာမည်။
ကျေးလက်တွင် မြေပေါင်ယာပေါင်ကိစ္စများ၊ မတန်တဆ အတိုးကြီးစာမှှုများ တိုးပွားလျှက်ရှိ သည်။ သီးစားချခြင်းလည်း အနည်းအများရှိနေသည်။ ကိုလိုနီအစိုးရ၏ ပေါ်လစီများသည် မြေရှင် စနစ်ပေါ်ထွက်အောင် လုပ်ပေးကာ၊ သားကြီးအောင် လုပ်ပေးခဲ့သလို (နဝတ) စစ်အစိုးရပေါ်လစီ များက မြေရှင်စနစ်ကို ပြန်လည်ခေါင်းထောင်လာအောင် လုပ်ပေးနေသည်။
လယ်သမားများ ချမ်းသာလာပြီ၊ တီဗွီ အထက်စက်၊ အောက်စက်နဲ့ဟူသော အပြောသည် မည်မျှ အောက်ခြေလွတ် လိုက်ပါသနည်း။ ကျေးလက်တွင်နေသူတိုင်း လယ်သမားမဟုတ်ပါ၊ မြေရှင်နှင့် ချမ်းသာများလည်းနေကြပါသည်။ ကိုလိုနီခေတ်က ဘိလပ်သို့ ပညာသင်လွတ်နိုင်သောသူများ၊ ပိုလ်ဆင်ကော်ဖီ၊ ထောပတ်၊ ဂိုးလ်ဒင်းပတ်ဖ်စားသုံးပြီး၊ ရိုး တိုက်က ပစ္စည်းဝယ်သုံးကာ စန္ဒားတီး သောသူများလည်း ကျေးလက်တွင်ရှိပါသည်။ သူတို့သည် လယ်သမားများမဟုတ်ပါ။ မြေရှင်များ ဖြစ်ပါသည်။
လယ်သမား၏ စားဝတ်နေရေး အဆင့်အတန်းကို စာရင်းကောက်ကြည့်ပါ။ မသေရုံစား၊ အရှက် လုံရုံဝတ်ပြီး ဖြစ်ကတတ်ဆန်း အိုးအိမ်များတွင် နေကြရသူများဖြစ်ပါသည်။ နဝတ၏ ၁၂ မှုမျှ မကသေး နဝတစေခိုင်းသည့် မင်းတိုင်းကလည်း ကြေအောင်လုပ်ရပါသည်။ (မြိ့ုနေအလတ် အောက်လွှာ၊ ဆင်းရဲနှင့်အလုပ်သမားများလည်း လယ်သမားလိုပင် ကြပ်တည်း ကြပါသည်)
သူတို့ကို ချမ်းသာနေပြီဟုသွားပြောလျှင် အသားလွတ်စော်ကားခြင်းသာဖြစ်သည်။
လွတ်လပ်ရေးတိုက်ပွဲတွင် အနစ်နာအခံရဆုံး၊ စွန့်လွတ်ရဆုံးသော လူတန်းစားမှာ လယ်သမား လူတန်းစား ဖြစ်ပါသည်။ အကြမ်းဖက်တော်လှန်မှုများတွင် သူတို့သာ အများဆုံးပါဝင်ကြသည်။ လွတ်လပ်ရေးရလျှင် သူတို့ဘဝ တိုးတက်တော့မည်ဟူသော စိတ်ကူးစိတ်သန်းများလည်း အများကြီးရှိခဲ့ပါသည်။
လွတ်လပ်ရေးရသောအခါ အစိုးရအဆက်ဆက်သည် ဘဝတိုးတက်ရေးအတွက်ဆိုကာ စီမံကိန်း အမျိုးမျိုး လုပ်ခဲ့သည်။ ပြည်တော်သာ၊ လယ်သမားဘဏ်၊ ကျေးလက်သမဝါယမ၊ စက်မှု လယ်ယာ စသည်ဖြင့်လုပ်ခဲ့သည်။ နည်းပညာအသစ်များ၊ မျိုးကောင်းမျိုးသန့်များလည်း တင်သွင်း ပါသည်။ သို့သော် လယ်သမားဘဝ တိုးတက်မလာပါ။ ဆုတ်ယုတ်လာပါသည်။
ဘာကြောင့်ဤသို့ဖြစ်ရသနည်။ ပဌမအားဖြင့် ပဒေသရာဇ်စနစ်ကို မဖျက်သိမ်းသောကြောင့် ဖြစ်သည်။ ဒုတိယ တိုင်းပြည်၏ ဥစ္စာဘဏ္ဍာများ ဗြူရိုကရက်အရင်းအနှီး ဖြစ်သွားသောကြောင့် ဖြစ်သည်။
တောင်သူလယ်သမားများ ဆင်းရဲတွင်းကလွတ်မြောက်စေရန် -
- မြေရှင်စနစ်ကို အကြွင်းမဲ့အကုန်အစင် ဖျက်သိမ်းရမည်။
- ကျေးလက် စက်မှုလုပ်ငန်းကလေးများဖြစ်ပေါ်ရေး အစိုးရကနမူနာပြရမည်။ အစွမ်းရှိသမျှ အားပေးရမည်။
- မြေလွတ်မြေရိုင်းတိုးချဲ့ရေးကို အစိုးရအစီအမံဖြင့်ငွေအား၊ လူအားသုံးကာလုပ်ရမည်။
- စက်မှုလက်မှုလုပ်ငန်း အလတ်အသေးများကို အစိုးရကစီမံကိန်းချပြီးလုပ်ရမည်။
- အမျိုးသားအရင်းရှင်များလုပ်သည်ကိုလည်း အားပေးရမည်။
အာဏာသုံးကာ အစိုးရက လျှော့စျေးဖြင့်ဝယ်ယူနေခြင်းများကို လုံးဝရပ်စဲပစ်ရမည်။ သီးနှံများ အားလုံး သင့်တင့်မျှတသော စျေးနှုန်းရရှိစေမည်။

(ဇရှိရင် ဝင်ကြည့်ပါ)

0 comments
(ဇရှိရင် ဝင်ကြည့်ပါ)
ကောင်းတဲ့နိုင်ငံရေးဖြစ်ဖြစ် ဆိုးတဲ့နိုင်ငံရေးဖြစ်ဖြစ် စစ်ဗိုလ်ဟောင်းတွေ နိုင်ငံရေးလုပ်ဖို့ပါတီထောင်တာကို အားပေးပါတယ်။ ပါတီဝင်နိုင်ငံရေးလုပ်တော့ နယ်လှည့်ပါးရိုက်လာတယ်ဆိုတဲ့အကောင်တောင် အောင့်သီးအောင့်သက်နဲ့ တိုင်းသိပြည်သိ တောင်းပန်ရပါသေးတယ်။ တိုင်းပြည်ကိုနှိပ်စက်ခဲ့တာချင်းလည်းတူတယ် ကိုယ်ကျိုးစီးပွားရှာခဲ့ကြတာချင်းလည်းတူတယ် ကလိန်ခြုံခဲ့ကြတာချင်းလည်းတူတယ် ပခုံးပေါ်အပွင့်အခက်တွေမရှိ ခါးမှသေနတ်မရှိတော့တာချင်းလည်းတူတယ် တပ်ကိုအမိန့်မပေးနိုင်တော့တာချင်းလည်းတူတယ်ဆိုရင်တောင် ရွှေမန်းကမှ တခြားကောင်တွေထက် နိုင်ငံရေးသွေး ရှိသေးတယ်ပြောရမယ်ထင်တယ်။ မကြိုက်တာတော့ တကောင်ကိုမှ မကြိုက်တာပါ။ အကောက်တွေထဲမှာ အကွေးမရှိပါ။ နာဇီတွေထဲမှာ နာဇီကောင်းမရှိပါ။ စစ်အာဏာရှင်တွေထဲမှာ လူစိတ်ရှိတဲ့ကောင် မရှိပါ။
မျိုးမြင့်ချို
ဂျူလိုင် ၂၆၊ ၂ဝ၁၉

(နာဇီလို့ ဘာလို့ပြော)

0 comments
(နာဇီလို့ ဘာလို့ပြော)
နာဇီဆရာဝန်လို့ ဒေါက်တာစိုးကြည်ကို ဘာလို့ပြောရဆိုတာပြောပြမယ်။ တစ်တချက် သူဟာ အရပ်သားဖြစ်တယ်။ လက်နက်ကိုင်အဖွဲ့အစည်းက တသွေးတသံတမိန့်နဲ့စုဖွဲ့ထားတဲ့လူ မဟုတ်ဘူး။ သဘောက သူ့ကို အမိန့်နဲ့ခိုင်းလို့မရဘူး။
နှစ်တချက် သူဟာ အကျဉ်းစီးလက်အောက်ကဝန်ထမ်း မဟုတ်ဘူး။ ကျန်းမာရေးဦးစီးကခန့်ထားတဲ့ဝန်ထမ်း ဖြစ်တယ်။ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်လိုပဲနှိပ်ကွပ်ခိုင်း နှိပ်ကွပ်ခိုင်း သူမလုပ်ချင်ရင် မလုပ်ပဲနေလို့ရတယ်။ အမိန့်နာခံစရာ မလိုဘူး။
သုံးတချက် သူဟာ ဆရာဝန်ဖြစ်တယ်။ တခြားတခြားသောပညာတတ်တွေထက် လူစိတ်ပိုရှိတယ် ပိုကြင်နာတတ်တယ်ဆိုတဲ့ဂုဏ်နဲ့ပြည့်ပြီးသူလို့ လူ့အသိုင်းအဝိုင်းက သတ်မှတ်တယ်။ သူဟာ ဟစ်ပိုကရေးတီးစ်ကျမ်း ကျိန်ထားသူဖြစ်တယ်။
အမိန့်ကိုလွန်ဆန်လို့ရတဲ့သူ၊ အမိန့်မနာခံဘဲနေလို့ရသူ၊ ကြင်နာစိတ်ရှိရမယ့်လူဖြစ်နေပါလျှက်က စစ်အာဏာရှင်နဲ့ပေါင်းပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ စိတ်ပါလက်ပါ ကိုယ်တိုင်ကိုယ်ကျ နှိပ်စက်ညှဉ်းပမ်းခဲ့သူဖြစ်တယ်။
မတော်တဆဖြစ်ခဲ့တာ မဟုတ်ဘူး။
တာဝန်အရလုပ်ခဲ့တာတောင် မဟုတ်ဘူး။
ဒါ့ကြောင့် သူဟာ နာဇီဆရာဝန်ဖြစ်တယ်။
မျိုးမြင့်ချို
ဂျူလိုင် ၂၉၊ ၂ဝ၁၉

(ဘွယ်ကြီးနဲ့ဆရာကြီး)

0 comments
(ဘွယ်ကြီးနဲ့ဆရာကြီး)
စိုးကြည်ကိစ္စ စိတ်တိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဖြေလျှော့တဲ့အနေနဲ့ ထောင်ထဲက စိတ်ကြည်စရာတခုပြောပြမယ်။
ကိုဇော်ထွန်းဆိုတာရှိတယ်။ သင်္ကန်းကျွန်းက။ ဆရာကြီးဇော်ထွန်းဆို လူအတော်များများ သိတယ်။ ခု ဖင်လန်နိုင်ငံမှာနေတယ်။ ဗကသတွေစဖွဲ့တော့ သူလည်းပါတယ်။
ကိုအံ့ဘွယ်ကျော်ဆိုတာရှိတယ်။ ဆရာမင်းကျော်ရဲ့သား။ ရန်ကင်းက။ ဘွယ်ကြီးလို့ အချင်းချင်းကြားမှာ အခေါ်များတယ်။ ခုဗမာပြည်မှာနေတယ်။ သူလည်း ကျောင်းသားလှုပ်ရှားမှုတွေကနေပါလာလိုက်တာ ခု ပြည်သူ့ပါတီက လူကြီး။
သူတို့ ၂ ယောက်က ဓမ္မမိတ်ဆွေတွေ။ တနေ့ လမ်းလျှောက်ရင်း ငြင်းကြတယ်။ ဆရာကြီးကပြောတယ် မနုဿတ္တဘာဝေါဒုလ္လဘော..ဆိုပြီး။ ဘွယ်ကြီးက ပြန်ပြောတယ် အဲ့အတိုင်းဆို ကမ္ဘာမှာ လူဦးရေ တနေ့ထက်တနေ့ တိုးလာစရာအကြောင်း မရှိဘူး။ ဖြစ်ချင်းဖြစ် နည်းသွားဖို့ပဲဆိုပြီး။
ဒီတော့ ဆရာကြီးက ဒါဆို ဘာလဲတဲ့။ ဘွယ်ကြီးက ပန်ဒါသတ္တဘာဝေါဒုလ္လဘောဖြစ်နိုင်တယ်။ ကမ္ဘာပေါ်မှာ ပင်န်ဒါဝက်ဝံလေးတွေ တနေ့တခြား နည်းနည်းလိုက်လာပြီတဲ့။
ဒီတော့ ဆရာကြီးက မနုဿတ္တဘာဝေါဒုလ္လဘောက ဘုရားဟောဗျဆိုပြီး ဘုရားနဲ့ကိုင်ပေါက်တယ်။ ဘွယ်ကြီးက အေးပါ ဒါဆိုလည်း ပြီးတာပါပဲတဲ့။ ဒါပေမယ့် ပင်န်ဒါလေးတွေကတော့ နည်းလာတာအမှန်ပဲတဲ့။ ဆရာကြီးက အေးပါ အေးပါတဲ့။
ကြည့်စမ်း ဘယ်လောက်ချစ်စရာကောင်းတဲ့ ဆွေးနွေးမှုလဲ။ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ရင်ကြားစေ့ရေးတို့ အပစ်အခတ်ရပ်စဲရေးတို့ ငြိမ်းချမ်းရေးတို့ပြောနေသူတွေ ဘယ့်လောက်များ နည်းနာယူသင်ကြားဖို့ကောင်းထားလဲ။
ခု တယောက်က ဖင်လန်၊ တယောက်က ဗမာပြည်၊ ကျနော်က အမေရိကန်မှာ။ အဲ့လူတွေကို လွမ်းမိတာပါပဲ။ ချစ်ဖို့ကောင်းတဲ့လူတွေ။
မျိုးမြင့်ချို
ဂျူလိုင် ၂၉၊ ၂ဝ၁၉

(လုပ်တဲ့ကောင် ခံ ပဲ)

0 comments
(လုပ်တဲ့ကောင် ခံ ပဲ)
တရုတ်ပြည်တော်လှန်ရေးကြီးအောင်မြင်တော့ ချန်ကေရှိတ်ခေတ်က လူထုအပေါ်ယုတ်မာဆိုးသွမ်းဖိနှိပ်ခဲ့တဲ့ အစိုးရယန္တယားထဲကလူတွေကို လူထုကရော ပါတီကပါ ဖမ်းမိထားတယ်။
ဒီလူတွေအပေါ်စီရင်ချက်ချရာမှာ အခြေခံရမယ့်သဘောထားလိုလာတယ်။ ပါတီဥက္ကဌမော်စီတုန်းလက်ထဲ အပ်လိုက်တယ်။ သူက ၃ မျိုးခွဲဖို့ပြောတယ်။ တစ်တမျိုးက Policy and Decision Makers (မူဝါဒချမှတ်သူ ဆုံးဖြတ်ချက်ပေးသူ)။ နှစ်တမျိုးက အဲ့ဒီ မူဝါဒနဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ကိုယ်ကျ စိတ်ပါလက်ပါ တက်တက်ကြွကြွအကောင်အထည်ဖော်ခဲ့သူ။ သုံးတမျိုးက မလွဲသာမရှောင်သာအခြေအနေမှာ တာဝန်ကြေသဘောလုပ်ခဲ့သူ။
ပထမအမျိုးအစားနဲ့ ဒုတိယအမျိုးအစားအတွက် သေဒဏ်အပါအဝင်ပြင်းထန်တဲ့ပြစ်ဒဏ်တွေစီရင်ဖို့။ တတိယအမျိုးအစားအတွက် ပညာပေးတာ ခတ်ပေါ့ပေါ့အရေးယူတာကနေ သက်ညှာတာတွေအထိလုပ်ဖို့။ ကွန်မြူနစ်ပါတီဦးဆောင်မှုနဲ့ ပြည်သူ့တရားရုံးတွေဖွဲ့စည်းတယ်၊ ခံခဲ့ရတဲ့လူထုက အချက်အလက်အခိုင်အမာ သက်သေသက်ကာယအတိအကျနဲ့ စွဲချက်တင်တယ်၊ အစွပ်စွဲခံရသူတွေကို ရထိုက်တဲ့အခွင့်အရေးတွေပေးတယ်၊ ခုခံချေပတယ်။ လူထုကဆုံးဖြတ်တယ်။ ဆုံးဖြတ်တဲ့အတိုင်း အရေးယူတယ်။
ခု ကျနော်တို့ ထောင်ဆရာဝန် ဒေါက်တာစိုးကြည်အကြောင်းပြောကြတယ်။ သူဟာ အပေါ်ကပြောခဲ့တဲ့ သုံးမျိုးသုံးစားမှာ ပထမအမျိုးအစားထဲမပါသလို တတိယအမျိုးအစားလည်း မဟုတ်ဘူး။
မျိုးမြင့်ချို
ဂျူလိုင် ၂၇၊ ၂ဝ၁၉

(အရင်းဟာ အာဏာ)

0 comments
(အရင်းဟာ အာဏာ)
လစ်ဘရယ်လ်ဒီမိုကရေစီဆိုတဲ့နိုင်ငံတခုက အာဏာပြဿနာကိုစဉ်းစားတဲ့အခါ အရင်းအနှီးကို အခြေခံရပါတယ်။ ဒီနိုင်ငံမျိုးမှာ အာဏာကိုဘယ်သူကိုင်ထားသလဲပြောရင် အရင်းအနှီးကိုင်ထားနိုင်သူသာ ကိုင်ထားနိုင်ပါတယ်။
တကယ့် ဒိတ်ဒိတ်ကြဲ လစ်ဘရယ်လ်ဒီမိုကရေစီနိုင်ငံကြီးတွေမှာ အရင်းအနှီးကိုင်ထားနိုင်သူတွေဟာ နားလည်မှုရှိရှိ သိမ်သိမ်မွေ့မွေ့နဲ့ အာဏာကို အလှည့်ကျလက်လွှဲယူကြဖို့ သင့်သင့်မြတ်မြတ် လုပ်ယူထားပါတယ်။ ဒါကို Syetem လို့ ပြောရမယ်ထင်ပါတယ်။ ဒီစစ္စတမ်က ဒီမိုကရေစီကျရွေးကောက်ပွဲမှာ အခြေခံထားပါတယ်။
ဒီအခြေခံဟာ လွယ်လွယ်နဲ့ဖြစ်လာတာတော့ မဟုတ်ပါ။ ပဒေသရာဇ်စနစ်ကို ပင်ပင်ပမ်းပမ်းဖြိုချပြီးမှ ခက်ခက်ခဲခဲ တည်ဆောက်ယူခဲ့ရတာပါ။ အချိန်လည်း အတော်ကြာ ယူခဲ့ရပါတယ်။ အချိန်ကြာလာလေလေ အာဏာလက်လွှဲယူမှုသဏ္ဍန်ဟာ တည်ငြိမ်သိမ်မွေ့လာလေလေ ခိုင်ခံ့လာလေလေ ဖြစ်လာပါတယ်။ ဘယ့်လောက်အထိ အခြေတကျ အခိုင်အခံ့ဖြစ်နေလဲဆိုတော့ လူတွေပြောင်းသွားတယ်၊ အဆောက်အဦ ပြောင်းသွားတယ်၊ ပါတီတွေပြောင်းသွားတယ်၊ အစိုးရတွေအမည်တွေပြောင်းသွားပေမယ့် အရင်းအနှီးကို ကိုင်လှုပ်လို့မရတဲ့အထိ ဖြစ်သွားပါတယ်။ အရင်းအနှီးကို မကိုင်လှုပ်နိုင်တော့ဘူး။
ဒါကိုပဲ လစ်ဘရယ်လ်ဒီမိုကရေစီ/အရင်းရှင်ဒီမိုကရေစီလို့ ရောက်လွယ်အောင် အမည်ပေးကြတာပါ။ ဒီမိုကရေစီဟာ အရင်းရှင်စနစ်က ရှာတွေ့သမျှထဲမှာ အကောင်းဆုံး အကာ ဒါမှမဟုတ် အခွံလို့ ဆိုနိုင်ပါတယ်။ အပြောင်းအလဲဟာ အဲ့ဒီ အခွံထဲမှာဖြစ်နေတာပါ။ အပြင်ကို ဖောက် မထွက်ပါ။ ဆိုတော့ အပြောင်းအလဲတော့ဖြစ်တယ်။ ဒီမိုကရေစီဆိုတဲ့အခွံထဲမှာ(အကာထဲမှာ) လူပြောင်း၊ အဆောက်အဦပြောင်း၊ ပါတီပြောင်း၊ အစိုးရနံမည်တွေပြောင်းသွားတယ် ဒါပေမယ့် အာဏာအထိုင်ဟာ ပြောင်းမသွားဘူး။ အရင်းအနှီး ပြောင်းမသွားဘူး။ အရင်းအနှီးဟာ အရင်းရှင်တွေလက်ထဲမှာပဲ ရှိနေတယ်။ တိုးပွားသထက် တိုးပွားနေတယ်။ အစိုးရအလုပ်က အဲ့ဒီအရင်းရှင်တွေရဲ့ ကိုယ်စားလှယ်အလုပ် လုပ်ရတာမျိုးလို့ သဘောကျလို့ရမယ် ထင်ပါတယ်။
ဒီအထိုင်ပေါ်ကနေ ဗမာပြည်ကိုကြည့်ရင် ဗမာ့လူ့အဖွဲ့အစည်းမှာရှိတဲ့ ဓနဥစ္စာ၊ ဘဏ္ဏာငွေကြေးနဲ့ အရင်းအနှီး တွေဟာ ဘယ်သူတွေလက်ထဲမှာ စုပုံနေသလဲကိုမြင်ရတာနဲ့အမျှ အာဏာဘယ်သူ့လက်ထဲရှိသလဲ၊ ဘယ်သူက အာဏာကို ခြယ်လှယ်နေသလဲကို တွေ့ရမှာဖြစ်ပါတယ်။
(နိုင်ငံတော်အစိုးရနှင့်တော်လှန်ရေး State and Revolution by VI Lenin) ဘာသာပြန်ဖတ်စဉ်က သိခဲ့လေ့လာခဲ့ရတာကို နားလည်မှတ်မိသလို ပြန်ဆွေးနွေးကြည့်တာဖြစ်ပါတယ်)
မျိုးမြင့်ချို
ဂျူလိုင် ၂၉၊ ၂ဝ၁၉

(လက်ပစ်ဗုံးက ပေါ်တာ ကြာပြီ)

0 comments
(လက်ပစ်ဗုံးက ပေါ်တာ ကြာပြီ)
ဟိုတလောက အင်န်အယ်လ်ဒီရုံးရှေ့မှာ လက်ပစ်ဗုံးတွေ့တယ်။ တနေ့က ရခိုင်က အင်င်ဂျီတခုမှာလုပ်နေတဲ့လူတယောက်ကို ပစ်ဖမ်းပြီး လက်ပစ်ဗုံးတွေ တယ်ပြောတယ်။ လက်ပစ်ဗုံးခေတ် တခေတ်များပြန်ရောက်ဦးမလား မသိဘူး။ ၂ဝ၂ဝ လည်း နီးပြီဆိုတော့။ နောက်ကြောင်းပြန်ကြည့်တော့လည်း လက်ပစ်ဗုံးဟာ ဗမာအာဏာပိုင်တွေနဲ့ ယဉ်ပါပြီးသားကိစ္စဖြစ်နေပြန်တယ်။

အိုင်စီအက်စ် ဦးတင်ထွဋ်ဟာ ဗမာ့နိုင်ငံရေးမှာ ထင်ရှားသူဖြစ်တယ်။ ဖိုးဂေါ်ရခါးလို့ခေါ်တဲ့ မန်းတောင်ရိပ်က တပ်ရင်း (၄)ဟာ သူ့အတွက် နယ်ချဲ့သမားက ဖွဲ့ပေးတာ။ အရပ်သားကနေ ချက်ခြင်းစစ်ဗိုလ်လုပ် တပ်ကိုင်ဖို့ရည်ရွယ်တာ။ သူက စစ်မတိုင်က လန်ဒန်မှာနေပြီး ဘုရင်ခံဆြာဒေါ်မန်စမစ်အတွက် အလုပ် လုပ်လာခဲ့လူ။ အင်္ဂလိပ်ကလည်း သူ့ကြိုက်တယ်။ ကြိုက်ရတာက ဗိုလ်ချုပ်အောင်ဆန်းမရှိတော့တဲ့နောက် ဗမာတတပ်ကိုကိုင်ဖို့ ကြိုက်တာ။ လက်ပါးစေလည်း လက်ပါးစေကိုး။ နေဝင်းကခံနေတော့ နည်းနည်းခက်နေတယ်။

နေဝင်းကိုအင်္ဂလိပ်က သိတ်မယုံဘူး။ မယုံတာက နိုင်ငံရေးကြောင့်မဟုတ်ဘဲ စာရိတ္တကြောင့်။ နောက်တချက်က ဗစိန်-ထွန်းအုပ်က နယ်ချဲ့လက်ဝေခံ ကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေဆိုပေမယ့် အစွန်းရောက်မျိုးချစ်စိတ်ရှိတော့ စိတ်ချလက်ချ ထားမရတာလည်းပါတယ်။ နေဝင်းက အဲ့အချိန်က ကျော်ငြိမ်း-ဗဆွေ ဆီ တပည့်မခံသေးဘူး။ ခံရအောင်လည်း ကျော်ငြိမ်းတို့က မတွင်ကျယ်သေးဘူး။ ဒီတော့ နေဝင်းက ဗစိန်-ထွန်းအုပ်နောက် လိုက်တယ်။

ဗိုလ်ချုပ်အောင်ဆန်းရှိတုန်းကတော့ အင်္ဂလိပ်က နေဝင်းကိုကိုင်ပြီး ဗိုလ်ချုပ်နဲ့ကစားချင်တာ။ လုပ်ကြည့်သေးတယ် မရလို့ ဆုတ်လိုက်တာ။ အထင်ရှားဆုံးသက်သေတခုက ဘီအိုင်အေဝင်လာတော့ အင်္ဂလိပ်သတင်းပေးလုပ်တယ် ဒလျှိုလုပ်တယ်ဆိုပြီး သထုံခရိုင် သဲဖြူကုန်းသူကြီး အဗ္ဒူရာရှစ်ကို လက်ပြန်ကြိုးတုတ် ဇက်စင်းခိုင်းပြီး ဂျပန်ဓားနဲ့ ဗိုလ်ချုပ်ကိုယ်တိုင် ကွပ်မျက်ခဲ့တာရှိတယ်။ စစ်ပြီးလို့ အင်္ဂလိပ်စစ်ပြေးအစိုးရ ဆင်းမလားကပြန်လာတော့ ဗိုလ်ချုပ်အောင်ဆန်းကို ကိုင်ဖို့လုပ်တယ်။ သူတို့တွက်တာက ခေါင်ကိုဖြိုနိုင်ရင် အကုန်ပြိုမယ်တွက်တာ။ အောင်ဆန်းကိုဖြိုပြီးရင် ဘီအိုင်အေကိုဖြိုရတာ မခဲယဉ်းဘူး။ သူ့အလိုလိုတောင် ဦးကျိုးသွားနိုင်တယ်။ ဒီလိုတွက်တာ။

အောင်ဆန်းကို လူသတ်မှုနဲ့တရားစွဲဖို့လုပ်တယ်။ မျက်မြင်သက်သေထွက်ပေးမယ့်လူကလည်းအဆင်သင့် ရှိတယ်။ သခင်ထွန်းအုပ်ပဲ။ အောင်ဆန်းသာ အဲ့အချိန်က အဖြိုခံရရင် အင်္ဂလိပ်က နေဝင်းလက်ထဲ တပ်အပ်ပြီး ကစားမယ်လို့ လူကြီးတွေတွက်ချက်ပြတာ မှတ်သားဖူးတယ်။ ထားပါတော့ အဲ့ကိစ္စက မဖြစ်လိုက်ဘူး။ အင်္ဂလိပ်က အခြေအနေဟန်ပုံမပေါ်လို့ နောက်ဆုတ်သွားတာ။

ဦးတင်ထွဋ်ကိစ္စပြန်ဆက်ရရင် ဗိုလ်အောင်ဆန်းမရှိတော့တဲ့နောက် ဗမာ့တပ်မတော်ထဲမှာ လူမျိုးစုထဲက အိန္ဒိပြန်စစ်ဗိုလ်ကြီးတွေကို သူကောင်းပြု ထိပ်တန်းနေရာတွေပေးတယ်။ နေဝင်းကိုလည်းထိန်းရင်း ဘီအိုင်အေကိုလည်း မျက်နှာသာ မပေးရင်းပေါ့။ ဒါပေမယ့် လူတွေ အသဲစွဲနေတာ သည်းသည်းလှုပ်နေတာ ပျိုတိုင်းကြိုတဲ့နှင်းဆီခိုင်ဖြစ်နေတာက ဘီအိုင်အေဖြစ်နေတယ်။ “တိုင်းရင်းသားသစ္စာရှိ“တပ်မှူးကြီးတွေ ပွဲထုတ်ဖို့သိတ်မလွယ်ဘူး။ နေဝင်းကို အဲ့ဒီလူတွေနဲ့ကိုင်ကစားရင် ဗမာအကုန်လုံးက နေဝင်းဘက်ထွက်ရပ်ကုန်မှာ အင်္ဂလိပ်ကသိတယ်။ ဒီတော့ တပ်တွေပြန်ဖွဲ့ချိန်မှာ အိုင်စီအက်စ်ဦးတင်ထွဋ်အတွက် နီပေါလ်စစ်သားတွေနဲ့ တပ် တတပ်လုပ် တပ်မှူးခန့် စစ်ဗိုလ်ရာထူးပေးလိုက်တယ်။ နေဝင်းနဲ့ မဲတင်းဖို့။ ဒါလည်း မလွယ်ဘူး။

ဘာလို့ဆို ဦးတင်ထွဋ်က နေဝင်းလောက် ရုပ်ထွက်မကောင်းဘူး။ နေဝင်းမှာက “ရဲဘော်သုံးကျိပ်ဝင်“ဆိုတဲ့ဂုဏ်က လှနေတယ်။ အရှိန်ကရှိနေတယ်။ နောက်တချက်ကလည်း ဦးတင်ထွဋ်က “ဗိုလ်ချုပ်“သာဆိုတယ် စစ်မတိုက်တတ်ဘူး။ နောက်ပြီး ဆိုရှယ်လစ်တွေ(ကျော်ငြိမ်း-ဗဆွေ)တို့နဲ့လည်း မတည့်ဘူး။ အစေးမကပ်ရုံမဟုတ်ဘူး တည့်ကိုမတည့်တာ။ ဒါပေမဲ့ သူက ဟုတ်ဟုတ်မဟုတ်ဟုတ် “ဗိုလ်ချုပ်“။ ပြီးတော့ နိုင်ငံခြားရေးဝန်။ အင်္ဂလိပ်က “ပစား“ပေးထားတာ။

ဒီတော့ သူဟာ နေဝင်းအတွက် ဆိုရှယ်လစ်အုပ်စုအတွက် အာဏာကိစ္စရှင်းတော့ ခလုပ်ကန်သင်းဖြစ်လာတယ်။ အဲ့ဒါနဲ့ပဲ သူဟာ လက်ပစ်ဗုံးစာမိပြီး သေတယ်။ ခုထိ ဘယ်သူသတ်မှန်း လက်သည်မပေါ်ဘူး။ ဝန်ကြီးချုပ်ဦးနုလက်ထက်မှာ အဲ့ကိစ္စပြန်စုံစမ်းရေးကော်မတီတွေဘာတွေ ဖွဲ့ဖက်ပြီး ဟန်ပြလုပ်သေးတယ်။ နောက် ဖျောက်လိုက်တယ်။ ဦးတင်ထွဋ် လက်ပစ်ဗုံးစာ မမိခင်က “ဗမာ့ခေတ်“ သတင်းစာတိုက်လည်း မိဖူးတယ်။ အဆောက်အဦးထဲပစ်သွင်း တာ။ ဦးတင်ထွဋ်တုန်းက ကားထဲပစ်သွင်းတာ။ ဗမာခေတ် ဗုံးစာမိတာလည်း လက်သည် မပေါ်ဘူး။ လူတွေကတော့ ဒါ ဆိုရှယ်လစ်ဂိုဏ်းသားတွေလို့ပြောကြ ရေးကြတယ်။

ထားပါတော့ ပြန်ကောက်ရရင် လက်ပစ်ဗုံးကိစ္စက ခုမှ ခေတ်ထတာမဟုတ်ဘူးဆိုတာရယ်၊ လက်သည်မပေါ်တဲ့အမှုဆိုတာက ခုမှ ထ ရှိတာမဟုတ်ဘူးဆိုတာရယ်၊ အဲ့ဒီကိစ္စတွေနောက်မှာ နေဝင်းရယ်၊ သူ့ဆရာ လက်ယာစွန်း ဗစိန်-ထွန်းအုပ်တို့၊ သူ့ဆရာ ဆိုရှယ်လ်ဖက်ဆစ် ကျော်ငြိမ်း-ဗဆွေတို့ရှိခဲ့တယ်ဆိုတာပါ။ နေဝင်းလို့ပြောလိုက်ရင် ခုလက်ရှိ စစ်အုပ်စု ပဥ္စမမျိုးဆက် မင်းအောင်လှိုင်အထိ အနက်ပါတယ်ဆိုတာလည်း မမေ့ကြပါနဲ့။ စစ်အုပ်စုက ထောင့်စေ့အောင် မွှေနှောက်နေတာလည်း သတိရှိကြပါ။
မျိုးမြင့်ချို
ဂျူလိုင် ၃၁၊ ၂ဝ၁၉

Sunday, July 28, 2019

“နယ်ချဲ့စနစ် ဆန့်ကျင်ရေး ခေတ်မကုန်သေး”

0 comments
“နယ်ချဲ့စနစ် ဆန့်ကျင်ရေး ခေတ်မကုန်သေး”
နယ်ချဲ့စနစ်ကို စကားတလုံးတည်းဖြင့်ဖေါ် ပြပါဟုဆိုလျှင် “စစ်” ဟူ၍ဖြေရပါမည်။
နယ်ချဲ့စနစ် စတင်ပေါ်လာကတည်းက ယခုအထိ “ စစ် ” အမျိုးမျိုးတိုက်ခဲ့ကြသည်။ ၁၉၁၄ ခုနှစ် မတိုင်မီတွင် အများ အားဖြင့် ကိုလိုနီသိမ်းပိုက်ရေးအတွက် ကျူးကျော်စစ်တိုက်ခဲ့ကြသည်။ ဤစစ်အမျိုးအစားတွင် အင်္ဂလိပ်- ဗမာစစ်ပွဲလည်း ပါသည်။ သည့်ထက်ကြီးပြီး၊ သည့်ထက်ပြင်းထန်သော စစ်များ တကမ္ဘာလုံးတွင် အများအပြားဖြစ်ခဲ့သည်။ နယ်ချဲ့ကျူး ကျော်ရေးစစ်အပြင် နယ်ချဲ့အချင်းချင်းဖြစ်သော စစ်များလည်းဖြစ်ခဲ့သည်။ ထိုစဉ်ကဖြစ်သော စစ်များသည် ဒေသန္တရအကန့်အသတ်အတွင်းဖြစ်သော စစ်များဖြစ်ကြသည်။ ကမ္ဘာစစ်အဖြစ် ဖြစ်ပွားရန် အခြေအနေအချက်အလက်အဖြစ် မရှိသေးပေ။
၁၉၁၄ ခုနှစ်တွင်ကား ကမ္ဘာစစ်ဖြစ်ရန် အခြေအနေအချက်အလက်များ ပြည့်စုံခဲ့ပြီ။ တကမ္ဘာလုံးတွင် လက်တဆုပ်စာ နယ်ချဲ့သမားတို့က ခွဲဝေပြီးခဲ့ပြီ။ အသစ်ထပ်ပြီးခွဲဘို့သာ ရှိတော့သည်။ ဤသို့ဖြင့် အသစ်ထပ်ခွဲရန် စစ်တိုက်ကြသည်။ ကမ္ဘာစစ်တွင် ကျွန်ဝယ်ရာအဆစ်ပါသလို ဗမာပြည်ကလည်း အင်္ဂလိပ်ဘက်ကပါရသည်။ ဥရောပစစ်မြေပြင်တော့မရောက် မက်ဆိုပိုတေးမီယား(ယခု အီရတ်)ရောက်သည်။ စစ်မတိုက်ရ၊ ပေါ်တာလုပ်ငန်းလုပ်ရသည်။
စစ်သားစုရာတွင် ဆင်းရဲသားလယ်သမားများ၊ မြို့နေဆင်းရဲသားများကို ရပ်ရွာလူကြီးများက ထည့်လိုက်ကြသည်။ တချို့ ငွေပေးပြီး ထည့်သည်။ ဆင်းရဲသားများက ထိုစဉ်မှစ၍ “ပေါ်တာ” ဇာတာပါလာသည်ဟု ပြောရမလိုပင်… ။
စစ်ပြီးတော့ စစ်ပြန်များအဖြစ် အင်္ဂလိပ်က မဖြစ်စလောက် မ, စသည်။ ထို ပေါ်တာတွင် “ ဆပ္ပါးမိုင်းနားတပ် ” ကို အုပ်ချုပ် သွားသူများကိုကား နယ်ဘက်၊ ပုလိပ်ဘက်တွင် နေရာကောင်းပေးသည်။ စစ်သားစုပေးသူများလည်း ဘွဲ့ထူးဂုဏ်ထူးရကြ၏။
ဤကား ပဌမကမ္ဘာစစ်တွင် ဗမာပြည်ပြည်သူများ ရလာသော ပဌမအတွေ့အကြုံဖြစ်၏။

၁၉၃၉ ဒုတိယကမ္ဘာစစ်သည် ပဌမကမ္ဘာစစ်၏ အဆက်ပင်ဖြစ်သည်။ သဘောချင်းအတူတူပင်ဖြစ်သည်။ ဂျာမဏီ၏ အခဲမကြေပွဲအဖြစ် စခဲ့ခြင်းဖြစ်သည်။
ပဌမကမ္ဘာစစ်တုန်းက ဗမာပြည် ပြည်သူများသည် မတက်ကြွသည့်အခန်းမှပါဝင်ခဲ့ကြသော်လည်း ဒုတိယကမ္ဘာစစ်ပွဲတွင်ကား တက်ကြွသည့် အင်အားဖြစ်လာခဲ့သည်။ တကမ္ဘာလုံးတွင်လည်း ဤအတိုင်ပင်ဖြစ်သည်။ တတိယ ကွန်မြူနစ်အင် တာနေရှင်နယ်၏ အတွေးအခေါ် ရှေ့ဆောင်မှု ( တနည်း ) “လီနင်ဝါဒ” ခေါင်းဆောင်မှုမှ ပေါ်ထွက်လာသောရလဒ်ဖြစ်သည်။
လီနင်ဝါဒက “နယ်ချဲ့စစ်ကို ပြည်တွင်းစစ်အဖြစ်ပြောင်းပစ်” ဖို့ နယ်ချဲ့နိုင်ငံရှိ ပြည်သူများကို ရှေ့ဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော် ကိုလိုနီနိုင်ငံများတွင် “နယ်ချဲ့စစ်ကို အမျိုးသားလွတ်လပ်ရေးစစ်အဖြစ်ပြောင်းပစ်ရေး” တွင်ကား အကြီးအကျယ်အောင်မြင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် နိုင်ငံအများအပြား လွတ်လပ်ရေးရလာသည်မှာ ဖက်ဆစ်ဆန့်ကျင်ရေးစစ်၏ အသီးအပွင့်များကြောင့်ဖြစ်သည်။ ဗမာပြည်တွင် ဖက်ဆစ်ဆန့်ကျင်ရေးစစ်မရှိလျှင် လွတ်လပ်ရေးမရနိုင်ပေ။
“စစ်” ကြေင့်ပြည်သူများနိုးကြားလာပြီး နည်ချဲ့စနစ်အားနည်းသွားသည်။ အမျိုးသားနိုင်ငံတော်များ ဖြစ်ပေါ်လာနိုင်ခဲ့သည်။
သို့သော် စစ်မြေပြင်ဖြစ်ခဲ့သည့် ဥရောပ၊ အာရှမှ နယ်ချဲ့နိုင်ငံများသာ အားနည်းသွားခြင်းဖြစ်သည်။ စစ်ဒါဏ်ကို သူ့နယ်မြေတွင် လုံးလုံးမခံခဲ့ရ သော အမေရိကန်နယ်ချဲ့သည်ကား အားကြီးလာခဲ့သည်။

ဤတွင် အမေရိကန်နယ်ချဲ့၏ ထူးခြားချက်ကို တင်ပြစရာရှိပေသည်။
သူ၏ ပထဝီအနေအထားကြေင့် “စစ်” မှ အမြဲတမ်း အမြတ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဥရောပတွင် နပိုလီယံစစ်ပွဲများဖြစ်ပြီး ဥရောပတိုက်ကြီး ဖွတ်ဖွတ်ကျေနေစဉ်က အမေရိကန်သည် နပိုလီယံ၏ အခက်တွေ့နေမှုကို ချက်ယူ၍ နယ်မြေဒေသကြီးတခုလုံးကို နပိုလီယံထံမှ ဝယ်ယူခဲ့သည်။ ဒေါ်လာ ၁၅ သန်းပေးပြီး ဝယ်ယူခဲ့ရာ သူ့ ရှိရင်းစွဲနယ်မြေကို တဆ တိုးချဲ့နိုင်ခဲ့သည်။
ရုရှား အခက်တွေ့နေတုန်းမှာလည်း အလာစကာပြည်နယ်ကြီးတခုလုံးကို ဈေးပေါပေါနှင့်ဝယ်ခဲ့သည်။

ကမ္ဘာစစ်နှစ်ခုဖြစ်သောအခါတွင် စစ်ပစ္စည်း၊ ရိက္ခာအသုံးအဆောင်များ အစွမ်းကုန်ထုတ်လုပ်ရောင်းချပြီး အရင်းအနှီး၊ ဥစ္စာဘဏ္ဍာများ စုဆောင်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ကမ္ဘာ့ဥစ္စာဓန၏ အများစုအပိုင်းသည် အမေရိကန်လက်ထဲ ရောက်သွားခဲ့သည်။ အခြားနိုင်ငံများတွင် စစ်ကြေင့် စက်မှုလုပ်ငန်းများပျက်စီးခဲ့သော်လည်း အမေရိကန်တွင်ထွန်းကားခဲ့၏။ ကမ္ဘာ့စက်မှုလုပ်ငန်းအားလုံး၏ သုံးပုံ နှစ်ပုံမှာ အမေရိကန်တွင် ဖြစ်၏ ။
ဥရောပ ပြန်လည်ထူထောင်ရေးလုပ်ကြသောအခါ မာရှယ်စီမံကိန်းဖြင့် အမြတ်ထုတ်ပြန်သည်။
စစ်ဖြင့် အမြဲအမြတ်ထွက်ခဲ့သော အမေရိကန်နယ်ချဲ့သည် ကိုရီးယားစစ်၊ ဗီယက်နမ်စစ်များတွင်မှ အရှုံးထွက်ခဲ့ခြင်းဖြစ်သည်။ ဤအရှုံးသည် သမိုင်းတလျှောက် အမြတ်ရခဲ့သည်နှင့်စာလျှင် မပြောပလောက်ပေ။
အမေရိကန်နယ်ချဲ့ကား “စစ်” ကြေင့်ကြီးပွားခဲ့သူဖြစ်၍ “စစ်” ကို ခုံမင်လှသည်။ အဆုံးစွန်ပြောရလျှင် “စစ်” ဆိုသော ဝေါဟာရကိုပင ခုံမင်သည်။
ထို့ကြောင့်ငြိမ်းချမ်းရေး ကာလကြီးမှပင် “စစ်အေး”၊ “ကုန်သွယ်စစ်” စသဖြင့် “စစ်” ဝေါဟာရကို ရေလဲသုံးပြီး ဗိုလ်ကျလွှမ်းမိုးနေသည်။
ကိုယ့်ဘာသာ သေကြောင်းကြံသလို ဆိုဗီယက်ခေါင်းဆောင်စုများက နှစ်ရှည်လများလုပ်ခဲ့သည်၏အကျိုးဆက်အဖြစ် ဆိုဗီယက်ယူနီယံ ပြိုကွဲသောအခါ အမေရိကန်သည် ပို၍ပင်မောက်မာနေသည်။ အမေရိကန်လွှတ်တော်ကပြဌာန်းသော ဥပဒေအချို့သည် သူ့မဟာမိတ်များ ကိုပင် မကျေမနပ်ဖြစ်စေလေပြီ။ အမေရိကန်သည် ကမ္ဘာ့ပုလိပ်ကြီးသာမက ကမ္ဘာ့လွှတ်တော်ချုပ်ပင် လုပ်ချင်နေသည်။ အမေရိကန်လက်ဝါးကြီးအုပ်အရင်းရှင်များ၏ ကိုယ်စားလှယ်ဖြစ်သော အမေရိကန်မှ ပါတီကြီး (၂)ခုသည် သူ့ထက်ငါ “လက်ျာ” ကျမှု ပြိုင်နေကြသည်။
“ပင်လယ်ကွေ့စစ်ပွဲ” ကို ချက်ယူကာ အာရပ်ကမ္ဘာတွင်းသို့ တိုးဝင်ခဲ့သည်။ သူ၏ စစ်ရေးအကာအကွယ်ကို ယူထားရသော အမှီခိုနိုင်ငံများ ဖြစ်အောင်လုပ်လျှက်ရှိသည်။
ကုလသမဂ္ဂကို သူ့အကျိုးစီးပွားအတွက် သုံးနိုင်လျှင်သုံး၊ မသုံးနိုင်လျှင် အလုပ်မဖြစ်အောင် လုပ်နေသည်။ ထည့်ဝင်ရမည့်ငွေများ မထည့်ဘဲ ထား၏။
အမေရိကန်၏ “အကျိုးစီးပွား” ဆိုသည်များကလည်း ကမ္ဘာအနှံ့ များပြားလှသည်။ သူ့အကျိုးစီးပွားကာကွယ်ဘို့ဆိုပြီး နေရာတကာဝင်စွက်၏။ သူ့အတွက်အခွင့်သာခိုက်မှာ သူမပါရဘဲ သူများတွေ စစ်ဖြစ်အောင် မြှောက်ပေး၏။
အင်္ဂလိပ်နယ်ချဲ့သည်လည်း အမေရိကန်နောက်ကွယ်မှ ဖဝါးခြေထပ်လိုက်၍ အမြတ်ထုတ်ရန် ကြိုးစားနေသည်။

အမေရိကန်အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ (၁၉၉၄) တွင် အမေရိကန်ပြည်မကြီးနှင့် သူပိုင်ဆိုင်သည့်နယ်မြေများအတွင်း ကြည်း ရေ လေ စစ်အင်အား တသန်းသုံးသိန်းကျော်ချထား၏။ နိုင်ငံခြားတွင် သုံးသိန်းနီပါးချထား၏။
ဗမာပြည်အနီးတဝိုက် (ထိုင်း ၊ စင်္ကာပူ)တို့တွင်ပင် စစ်တပ်ချထားမှုရှိနေသည်။
ဤသည်များမှာ ငြိမ်းချမ်းရေးကာလတွင် စစ်တပ်များ နိုင်ငံခြားတွင်ချထားခြင်းဖြစ်သည်။ သက်ဆိုင်ရာတိုင်းပြည်တို့၏ သဘောတူညီချက်ဖြင့် ချထားခြင်းဖြစ်သည်ဟု အမေရိကန်ကပြောနိုင်ပါ၏။
ဂျပန်သည် အမေရိကန် နျူကလီယားထီးရိပ်အောက်ခိုကာ စစ်အင်အားစုလျှက်ရှိသည်။
နိုင်ငံအလိုက်စစ်အသုံးစရိတ်များမှာ ကြောက်ခမန်းပင်ဖြစ်၏။ (၁၉၉၄ - ၉၅) စာရင်းအရ နိုင်ငံကြီးများစာရင်း - အမေရိကန်(၂၈၁)၊ အင်္ဂလိပ်(၄၂)၊ ဂျာမဏီ(၃၅)၊ ပြင်သစ်(၃၄)၊ အိန္ဒိယ(၇) ။ အိမ်နီးနားချင်းနိုင်ငံများ - ထိုင်း(၃)အင်ဒိုနီးရှား(၂)ဖြစ်ပြီး ဗမာ(၁) ဖြစ်သည်။ (အားလုံး ဘီလျှံဒေါ်လာ ဖြစ်သည်) ဤစာရင်းကို “ နိုင်ငံတကာ သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့”စာရင်းမှ ယူထားခြင်းဖြစ်သည်။
စာရင်းတခုအရ ၁၉၉၆ ခုနှစ်အတွက် စစ်အသုံးစားရိတ်မှာ တရုပ်(၈ . ၄ ဘီလျှံ) ဒေါ်လာနှင့် ဂျပန်(၄၈ . ၄၅ ဘီလျှံ) ဒေါ်လာတို့ဖြစ်သည်။
ဂျပန်တွင် စစ်ဝါဒ တစခန်းထရန် တာစူနေသည်။ စီးပွားရေးအရမဟာဖြစ်နေသော ဂျပန်တွင် စစ်ဝါဒီများ စိတ်ကြိုက်လုပ်ခွင့်ရသွားပါက တဟုန်ထိုးစစ်အင်အားကြီးနိုင်ငံ ပြန်ဖြစ်သွားမှာ သေချာပါသည်။
ကမ္ဘာတွင် နယ်ချဲ့နိုင်ငံများရှိနေသေးသည်။ နယ်ချဲ့အန္တရာယ်ရှိမြဲရှိနေရာ တမျိုးသားလုံးသည် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်ကို မြှင့်တင်ထားကြရပေမည်။

နယ်ချဲ့ ဆန့်ကျင်ရေး ဒုတိယအဆင့် ( ၁၈၈၅ -၁၉၄၈ )

0 comments
နယ်ချဲ့ ဆန့်ကျင်ရေး  ဒုတိယအဆင့် ( ၁၈၈၅ -၁၉၄၈ )
ဤအဆင့်တွင် အဆင့်ခွဲကလေးများရှိသည်။ အင်္ဂလိပ်နယ်ချဲ့ကို ဦးတည်တိုက်ခိုက်ရသော အဆင့်ခွဲနှင့်ဂျပန်ဖက်ဆစ်ကို ဦးတည် တိုက်ခိုက်ရသော အဆင့်ခွဲဟူ၍ နှစ်ပိုင်းခွဲနိုင်သည်။ သို့သော် ခွဲပြီးမတင်ပြတော့ဘဲ လွတ်လပ်ရေးအတွက် တိုက် ခိုက်ရသော ကာလကို တစုတပေါင်းတည်းပင် တင်ပြပါမည်။
လွတ်လပ်ရေးတိုက်ပွဲကာလ ခေါင်းဆောင်မှုအပိုင်း၊ အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေးအပိုင်းနှင့် နိုင်ငံတကာ့အကူအညီရယူမှု အပိုင်းဟူ၍ အပိုင်းကြီး (၃)ပိုင်းခွဲပြီး တင်ပြပါမည်။
“ လွတ်လပ်ရေးတိုက်ပွဲကာလ ခေါင်းဆောင်မှုသမိုင်း ”
( ၁၈၈၅ မှ ၁၉၂ဝ အထိ ) ၂၅ နှစ် ကာလအတွင်းတွင် ပဒေသရာဇ် မင်းမျိုးမင်းနွယ်တို့၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ “ လင်းပင်မင်းသား ပုန်ကန်မှု” တခုမှတပါး လုံးဝမရှိသလောက် ဖြစ်သွားခဲ့သည်။ နေရာအနှံ့အပြားမှ ပုန်ကန်မှုများမှာ မြို့ဝန်၊ မြို့သူကြီး၊ သာမန်ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်တို့ခေါင်းဆောင်သော ပုန်ကန်မှုများဖြစ်သည်။ အားလုံးလောက်ကလည်း မင်းလောင်းဘွဲ့ခံကြသည်။ တပြည်လုံးမဟုတ်၊ ဒေသန္တရလှုပ်ရှားမှု ဖြစ်သည်။ သူတို့လှုပ်ရှားမှုကို ခေါင်းဆောင်သောအတွေးအခေါ်က ပဒေသရာဇ်အတွေးအခေါ်ဖြစ်သည်။ ၁၉၃ဝ ဆရာစံသူပုန်သည်လည်း ဤအထဲတွင်ပါသည်။ အနှစ်သာရအရ သတ်မှတ်လျှင်ကား အားလုံးမှာ လယ်သမားပုန်ကန်မှုများဖြစ်ကြသည်။
မည်သို့ပင်ဆိုစေ မင်းမျိုးမင်းနွယ်များစွန့်ပစ်လိုက်သော ပဒေသရာဇ်အမျိုးသားရေးအလံကို သာမန်ပြည်သူများက ကောက်ကိုင်ကာ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးကို ဆက်လက်လုပ်ဆောင်ကြခြင်းဖြစ်၍ ဂုဏ်ပြုရမည်ဖြစ်သည်။
၁၉၂ဝ ခုနှစ်အထိဟူ၍ သတ်မှတ်ခြင်းမှာ ပဒေသရာဇ်အမျိုးသားရေးအတွေးအခေါ်များ ကွယ်ပျောက်သွားကာ ဓနရှင်အ မျိုးသားရေးဝါဒက ခေါင်းဆောင်မှုနေရာယူခြင်းကို အဓိကထားသတ်မှတ်ခြင်းဖြစ်သည်။ (အတွေးအခေါ်ဖြစ်စဉ်များကို ခုနှစ် သက္ကရာဇ်ဖြင့် ယတိပြတ် ဖြတ်၍မရပေ၊ မှတ်ရသားရလွယ်အောင်သာ သတ်မှတ်ခြင်းဖြစ်သည်)
၁၉၃ဝ ခုနှစ်နောက်ပိုင်းတွင်ကား လွတ်လပ်ရေးတိုက်ပွဲ ခေါင်းဆောင်မှုနေရာကို အမျိုးသားဓနရှင်လူတန်းစား (သို့မဟုတ်) အမျိုးသားဓနရှင် လူတန်းစား၏အတွေးအခေါ်သို့ တိမ်းညွှတ်သော ဓနရှင်ပေါက်စများက ရရှိလာခဲ့သည်။
ဓနရှင်လူတန်းစားက နယ်ချဲ့ဆန့်ကျင်ရေးခေါင်းဆောင်မှုကိုယူလာချိန်မှစ၍ နိုင်ငံတကာအတွေ့အကြုံများကို ဆည်းပူးလာကြသည်။ ပဌမပိုင်းတွင် အိန္ဒိယအတွေ့အကြုံများ နောက်ပိုင်းတွင် အိုင်ယာလန်အတွေ့အကြုံများကို ဆည်းပူးကြသည်။ တခြားအတွေ့အကြုံများလည်း ဆည်းပူးကြသည်။
ဓနရှင်လူတန်းစားခေါင်းဆောင်မှုဖြင့် လှုပ်ရှားသော အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုသည် အင်္ဂလိပ်ပေးသည့်ရာထူး မယူခြင်း၊ ကွဲပြဲခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ အစပိုင်းတွင် စည်းရုံးမိသော်လည်း နောက်တွင် အစည်းပြေသည်။ ပြည်သူလူထုကို တော်လှန်ရေးအသိမပေးနိုင်။ သူတို့ကိုယ်တိုင်မှာပင် တော်လှန်ရေးသဘောတရား မရှိပေ ။
၁၉၃၈ (၁၃ဝဝ ရာပြည့်အရေးတော်ပုံ) ၏ နောက်ပိုင်းတွင်ကား ရုရှားအောက်တိုဘာတော်လှန်ရေးသည် စံပြုစရာ ဆည်းပူးစရာဖြစ်လာ ခဲ့သည်။ အလုပ်သမား၊ လယ်သမား ၊ တော်လှန်သော ပညာတတ် (ကျောင်းသား) တို့၏ တော်လှန်ရေး ခေါင်းဆောင်မှုကို ထူထောင်မိသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးအရေးတော်ပုံ၏ ခေါင်းဆောင်မှုကို တော်လှန်သောလူတန်းစားများက ရရှိခဲ့သည်။ တော်လှန်ရေးသဘောတရားလည်း တစုံတရာပြည့်ဝလာခဲ့သည်။
၁၃ဝဝ ရာပြည့်အရေးတော်ပုံက ရရှိလိုက်သည့်အတွေ့အကြုံနှင့်သင်္ခန်းစာအရ လက်နက်ကိုင်ထားသော နယ်ချဲ့ကို ပြည်သူများက လက်နက်ဖြင့်သာ တိုက်ဖျက်နိုင်ကြောင်းကို အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများက သဘောပေါက်ခဲ့ပြီ။
၁၃၀၀ ရာပြည့်အရေးတော်ပုံမှရရှိသော သင်ခန်းစာနှင့်အတွေ့အကြုံများမှာ အဓိကအားဖြင့် အောက်ပါအတိုင်းဖြစ်၏။
တော်လှန်ရေးလုပ်မည်ဆိုလျှင် တော်လှန်တဲ့သဘောတရားရှိရမည်။ တော်လှန်ရေးသဘောတရားဖြင့်။ လက်နက်တတ်ဆင်ထားသော၊ သံမဏိစည်းကမ်းရှိသော တော်လှန်ရေးပါတီတရပ်ရှိရမည်။
စည်းလုံးနိုင်သမျှသော အင်အားများကို အကျယ်ပြန့်ဆုံး စည်းရုံးထားသည့် တော်လှန်သောတပ်ပေါင်းစုရှိရမည်။
တော်လှန်သောပြည်သူများ၏ လှုပ်ရှားမှုကို ပြတ်ပြတ်သားသားထောက်ခံကာ ပြည်သူ့အကျိုးစီးပွားကို ကြံ့ကြံ့ခိုင်ခိုင် ကာကွယ်မည့် လက်နက်ကိုင်တော်လှန်ရေး တပ်မတော်ရှိရမည်၊ နယ်ချဲ့သမားကို အကြမ်း ဖက်တိုက်ဖျက်ပစ်ရမည်။
ဤသင်ခန်းစာနှင့် အတွေ့အကြုံများအရ နယ်ချဲ့စနစ်နှင့် ပဒေသရာဇ်မြေရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲကို ပြတ်သားစွာ ဆင်နွှဲနိုင်ရမည့် ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဖတပလ(နောင်တွင် ဖဆပလ) ဖွဲ့စည်းခြင်း/မျိုးချစ်တပ်မတော်နှင့် ရဲခေါင်ပျောက်ကျားတပ်များ ဖွဲ့စည်းခြင်း တို့သည်လည်း ၁၃၀၀ ရာပြည့် အရေးတော်ပုံ၏ သင်ခန်းစာနှင့် အတွေ့အကြုံများအရ ဖွဲ့စည်းခြင်းဖြစ် သည်။
(၁၉၃၉ - ၄၅) ဒုတိယကမ္ဘာစစ်ကာလတွင် သဘောပေါက်ထားသည့် အယူအဆကို လက်တွေ့ကျင့်သုံးနိုင်ခဲ့သည်။ ဤသို့ကျင့်သုံးနိုင်သဖြင့်လည်း မနည်းလှသော အကျိုးအမြတ်များ အောင်သီးအောင်ပွင့်များ ရရှိခဲ့သည်။ ရန်/ငါ အခြေ အနေနှင့် အချိုးအစား သည် ပြောင်းပြန်လှန်၍ပြောင်းလဲခဲ့လေပြီ ။

ရန်/ငါ အခြေအနေနှင့် အချိုးအစားပြောင်းလဲသွားခြင်း
မိမိ-
တော်လှန်သော သဘောတရားလက်နက်တပ်ဆင်ထားသည့် လက်ဝဲအင်အားစုတရပ် အကောင်အထည်ဖြင့် ပေါ်ထွက်လာခြင်း။
လက်ဝဲအင်အားစုများ၏ညီညွတ်ရေးကို အခြေခံထားသော အမျိုးသားသွေးစည်းညီညွတ်ရေးတပ်ပေါင်းစုကြီး တရပ်ဖွဲ့ စည်းနိုင်ခြင်း  အမျိုးသားတော်လှန်ရေးတပ်မတော်တခု တည်ထောင်နိုင်ခြင်း။
ဖက်ဆစ်တော်လှန်ရေးတွင် အတွေ့အကြုံများရရှိလိုက်သည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားလူငယ်များ အဓိကဖြစ်သည့် တော်လှန်သော ပြည်သူများရှိနေခြင်း။
အလုပ်သမားသဂ္ဂ ( အစည်းအရုံး ) ၊ လယ်သမားသမဂ္ဂ ( အစည်းအရုံး ) ၊ ကျောင်းသားသမဂ္ဂ လူငယ်အစည်း အရုံး ပြည်သူ့ရဲဘော်အဖွဲ့ စသည်တို့တွင် ဖက်ဆစ်တော်လှန်ရေးသမားဟောင်းများက ခေါင်းဆောင်မှုရကြခြင်း ….. စသည် တို့ဖြစ်သည်။

ရန်သူ -
အင်္ဂလိပ်နယ်ချဲ့သမား အားနည်းသွားခြင်း။
စစ်အပြီးအင်္ဂလိပ်နယ်ချဲ့သည် ဒုတိယတန်းစား နယ်ချဲ့နိုင်ငံဖြစ်သွားသည်။ အမေရိကန်နယ်ချဲ့အကူအညီမပါလျှင် သူချည်းဘာမှ မစွမ်းဆောင်နိုင်တော့ခြင်း။
အိန္ဒိယမှ တပ်သားရေသောက်မြစ်မရတော့ခြင်း၊ (ဤသည်မှာ ဗမာပြည်အတွက် အရေးကြီးသည်)
ဗြိတိသျှအင်ပါယာစတင်ပြိုကွဲလာခြင်း။ နယ်ချဲ့ကွင်းဆက်များ အားလျော့လာခြင်း။

မဟာမိတ် -
ဆိုဗီင်္ယက်ယူနီယံခေါင်းဆောင်သော ဆိုရှယ်လစ်ဂိုဏ်း အားကြီးလာခြင်း။ ထိုစဉ်က ဆိုဗီယက်ယူနီယံသည် အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုများကိုအားပေးထောက်ခံသည်။
တရုပ်ပြည်ပြည်တွင်းစစ်တွင် တော်လှန်ရေးဘက် (တရုပ်ပြည်ကွန်မြူနစ်ပါတီ) က မုချအနိုင်ရပြီး အမေရိကန်နယ်ချဲ့အားပေးထားသော ကေအမ်တီများ မုချရှုံးတော့မည်မှာ သေချာနေခြင်း။
အိန္ဒိယစစ်သားများကို အင်္ဂလိပ်၏ ကိုလိုနီထိန်းသိမ်းရေးစစ်ပွဲတွင် ပါဝင်ခွင့်မပြုဟုအိန္ဒိယပြည်သူများက ယတိ ပြတ်ဆုံးဖြတ်ထားခြင်း။ ဗြိတိသျှကွန်မြူနစ်ပါတီ၊ အိန္ဒိယကွန်မြူနစ်ပါတီ၊ တရုပ်ပြည်ကွန်မြူနစ်ပါတီ၊ အရှေ့တောင်အာရှ လက်တင်အမေရိက၊ အာဖရိကမှ ကွန်မြူနစ်ပါတီများ၏ ဆော်သြမှုကြောင့် ထိုတိုင်းပြည်အသီးသီးမှ ပြည်သူများသည် ဗမာပြည်၏အမျိုးသားလွတ်လပ်ရေးတိုက်ပွဲကို ထောက်ခံအားပေးစာနာကြခြင်း။
ဗြိတိသျှလေဘာပါတီတွင်းမှ လက်ဝဲဂိုဏ်း၊ အိန္ဒိယ ကွန်ဂရက်ပါတီစသည့် အင်အားစုများ၏ ထောက်ခံစာနာမှု ရရှိခြင်း။
ဤသို့သောအခြေအနေတွင် ဗမာပြည်သည် လွတ်လပ်ရေးရခဲ့သည်။ မှန်ကန်တော်လှန်သောခေါင်းဆာင်မှုနှင့် ပြည်သူတို့၏ အားထုတ်မှု ရှိခြင်း၊ ပြတ်သားသောရည်ရွယ်ချက်နှင့်သန္နိဌာန်ရှိခြင်း၊ တမျိုးသားလုံး သွေးစည်းညီညွတ်မှုရှိခြင်း၊ နိုင်ငံတကာ၏ အကူအညီရခြင်းတို့ကား အတွေ့အကြုံကောင်းများဖြစ်သည်။
ရဲဘော်မော်စီတုန်း၏ ကျော်ကြားသော “တရားရှိရင် ကူသူများတယ်။ တရားမဲ့ရင် ကူသူရှားတယ်” ဆိုသောစကားမှာ ထာဝရပင် မှန်ကန် နေပေလိမ့်မည်။
အထက်ဖေါ်ပြပါ ရန်/ငါ အချိုးအစား ပြောင်းလဲခြင်းများကား သူ့အလိုလိုဖြစ်လာသည်မဟုတ်။ ဒုတိယကမ္ဘာစစ်ကြီးကြောင့် အလိုလိ ပြောင်းလဲသွားခြင်းလည်းမဟုတ်ပေ။ ဗမာပြည် ပြည်သူများ နှစ်ပေါင်းတရာ့အစိတ်နီးနီးဆင်နွှဲခဲ့သော နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများ၏ ရလာဒ်ဖြစ်သည်။ အထူးသဖြင့် ဖက်ဆစ်တော်လှန်ရေးကြောင့်ဖြစ်သည်။ ဤတော်လှန်ရေးက မှန်ကန်သောခေါင်းဆောင်မှုကို ထူထောင် နိုင်ခဲ့၏။ တမျိုးသားလုံး သွေးစည်းညီညွတ်စေခဲ့၏။ ဗမာပြည်၏ တရားသောတိုက်ပွဲကို ကူညီမှုများ (နိုင်ငံတကာ့အကူအညီ) ကိုရရှိစေခဲ့၏။
အင်္ဂလိပ်နယ်ချဲ့သမားသည် အဘက်ဘက်မှတွက်ပြီး မတတ်သာ၍ ဗမာပြည်ကိုလက်လွှတ်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးတိုက်ပွဲကို အကြမ်းဖက်ပြီးဖိနှိပ်ပါက အရာရာကို သူတို့ဆုံးရှုံးလိမ့်မည်။ စေ့စပ်ပြီးလွတ်လပ်ရေးပေးလိုက်ပါက အကျိုးစီးပွားတချို့ကို ထိန်းသိမ်းနိုင် ဦးမည်ဟု တွက်ပြီးလက်လွှတ်ခဲ့ခြင်းဖြစ်သည်။
အင်္ဂလိပ်အောက်မှလွတ်လပ်ရေးကား ရခဲ့ပြီ။ နယ်ချဲ့စနစ်၏ အန္တရာယ်မှလွတ်မြောက်ခဲ့ပြီလော။