Thursday, July 18, 2019

ကိုယ်တွေ့သခင်အောင်ဆန်း (ညိုမြ)

0 comments
ကိုယ်တွေ့သခင်အောင်ဆန်း(ညိုမြ)
ဗိုလ်ချုပ်အောင်ဆန်း နှင့် မောင်သုမန တို့ မှာ ကျောင်းနေဘက် သူငယ်ချင်း အရင်းအချာများ ဖြစ်ကြ ပေသည်။ ကျောင်းနေဘက် ဟု ဆိုရာ၌ ပုဆိုးကွင်းသိုင်းလျက် ဖင်မလုံခေါင်းမလုံ ဘုန်းကြီးကျောင်း တွင် ခုံညင်း ထိုးခဲ့ကြခြင်း မဟုတ်ပေ။ မြန်မာပြည် ၌ အကြီးကျယ်ဆုံးဖြစ်သော အဓိပတိ ထိပ်သီးဧရာမ ရန်ကုန် တက္ကသိုလ်ကြီး ၌ စာပေအတူသင်ကြားနေထိုင်ခဲ့ကြရာမှ သူ နှင့် ကျွန်တော် ပူးပေါင်း၍ ထိုကျောင်းတော်ကြီး ကို မီးရှို့ ကာ ၁၉၃၆ခု သပိတ်ကြီးအား လှုံ့ဆော်ပေါ်ပေါက်စေခဲ့သူများ ဖြစ်ကြပေသည်။
ကိုအောင်ဆန်း နှင့် ကျွန်တော် စတင်တွေ့ဆုံပုံကို ယနေ့တိုင် မှတ်မိပါသေးသည်။ ပဲခူးကျောင်းဆောင် အပေါ်အထပ် ရှိ ကျွန်တော်၏ ဝမ်း ကွဲအစ်ကို ကိုတင်ထွတ် နေထိုင်ရာ လက်ထောက် အဆောင်မှူး အခန်း ရှည် ကလေး အတွင်း တစ်ည၌ စကားပြောနေကြစဉ် ကိုအောင် ဆန်း ရုတ်တရက်ဝင်လာသည်။ ယောင်လည်လည် မချိုမချဉ် မျက်နှာထားဖြင့် ကျွန်တော်အား သူက အတန်ကြာ ကြည့်နေပြီး နောက် ''ဒီနှစ် အတွင်း ကိုယ့်လူ ကိို တက္ကသိုလ် သမဂ္ဂ မှာ အယ်ဒီတာအဖြစ် နဲ့ ခန့်ထားချင်တယ်'' ဟု ပြောလေ တော့သည်။
ထိုနေ့ မတိုင်မီက သူနှင့် ကျွန်တော် ကောင်းစွာ သိကျွမ်းခြင်းမရှိခဲ့ပေ။ ထိုသို့ရင်းနှီးခြင်း မရှိပါဘဲလျက် ယခု လို အရေးကြီးသော အလုပ်တစ်ခုကို ကျွန်တော်အား ယုံကြည်စွာ လာရောက် ပုံအပ်ခြင်း ကြောင့် အတော်ပင် အံ့သြ သွားမိ လေသည်။
သုမန ။ ။ ထိုင်ပါဦးဗျ၊ အခုလို ကျွန်တော့်ကို ရွေးချယ်ချီးမြှင့်တာကတော့ ဟုတ်ပါပြီး။ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်က အိုင်အေတောင် မအောင်သေးဘူးဗျ။ အယ်ဒီတာ ဆိုတာ ဘီအေ အထက်တန်း ကျောင်းသားကြီး တွေ ဘာတွေသာ လုပ်ဖို့ကောင်းတယ်''
ကိုအောင်ဆန်း ။ ။''စာပေဘက်မှာ ဝါသနာပါပြီး ရေးတတ်ဖတ်တတ် တဲ့ လူကိုခန့်ရင် အကောင်းဆုံး ပဲ။ ခင်ဗျား က (ညိုမြ) ကလောင်အမည်နဲ့ ဂန္တလောက မဂ္ဂဇင်းမှာရေးတဲ့ စာ တွေကို ကျွန်တော်ကြိုက်တယ်''
သုမန ။ ။ကျေးဇူးပါပဲဗျာ၊ နို့ပေမယ့် အိုင်အေ မအောင်သေးတဲ့ ချာတိတ် ကို ခန့်ရင် တက္ကသိုလ် သမဂ္ဂကြီး တစ်ခုလုံး ဂုဏ်ငယ် သွားလိမ့်မယ်''
ထိုအချိန် က တက္ကသိုလ်မှ ထုတ်ဝေသော ကောလိပ်မဂ္ဂဇင်း နှင့် သမဂ္ဂမှ ထုတ်ဝေသော မဂ္ဂဇင်းတို့မှာ အပြိုင် အဆိုင် ဖြစ်လေသည်။ ကောလိပ် မဂ္ဂဇင်းအယ်ဒီတာ ကို ကျောင်းအုပ်ကြီး မစ္စတာစလော့ ကိုယ်တိုင် ရွေးချယ် ခန့်ထားလေ့ရှိသဖြင့် အလိုတော်ရိသံ ပါလေသည်။ သမဂ္ဂမှာကား လူဆူလူပူတို့၏ စုဝေးရာ အရပ် ဖြစ်၍ တော်လှန်ရေးစာပေများ မွေးထုတ်ရာဌာန ဖြစ်၏ ထိုနှစ်အဖို့သမဂ္ဂဥက္ကဋ္ဌ မှာ သခင်နု ဖြစ်လေသည်။
ကိုအောင်ဆန်း မှာ ကျွန်တော်နှင့် ရွယ်တူဖြစ်သော်လည်း သူက ကျွန်တော်ထက်တစ်တန်းပိုမြင့်၏ ထိုကြောင့် သူပင် အယ်ဒီတာ လုပ်ရန် ကျွန်တော်က မဂ္ဂဇင်းမန်နေဂျာလုပ်ရန် သဘောတူညီကြ၏ သမဂ္ဂ မဂ္ဂဇင်း ဟု ခေါ်တွင်ခြင်း ကို သူက မကြိုက်သဖြင့် နာမည်အသစ် ရွေးချယ်ကြရာ၌ ကျွန်တော်က အကြံပေးသည့် အတိုင်း ' အိုးဝေမဂ္ဂဇင်း' ဟူသော အမည်ဖြင် ထိုနှစ်မှစ၍ ထုတ်ဝေခဲ့ကြလေသည်။
အိုးဝေမဂ္ဂဇင်း
ကိုအောင်ဆန်းကား စာပေါသနာပါ၏ သူများလို ၀တ္ထုများ၊ ကဗျာများ ရေးချင် ကြောင်း ကျွန်တော် အား ပြောဖူးပါ၏ သို့သော် ကျွန်ဘဝမှ လွတ်မြောက်ရေးစိတ်ဓာတ်များနှင့် အထူးလွှမ်းမိုး နေသူဖြစ်ရကား ဆန်းသစ်နုယဉ် စာပေများကို ရေးသားလေ့ကျင့်ရန် အချိန်မရဘဲ သမဂ္ဂ၏ဝါဒ ထုတ်ပြန်ချက် ကြေငြာ စာတမ်း များကို ရေးရခြင်းဖြင့် အချိန်ကုန်သူဖြစ်သည်။ အိုးဝေ မဂ္ဂဇင်း ကို အတူလုပ်ကြရာတွင် အမြဲနီးကပ်စွာ တိုင်ပင်နိုင်ကြရန် ကိုအောင်ဆန်းသည် ကျွန်တော် ၏ ထမင်းစားပွဲ သို့ ပြောင်းရွှေ့လာကာ ထိုအချိန်မှစ၍ ထမင်းအတူတူ စားသောက် ခဲ့ကြလေသည်။
သခင်သန်းထွန်း
ထမင်းအတူ စားကြရာတွင် ကိုအောင်ဆန်းမှာ ကျွေးသမျှဟင်းနှင့် တင်းတိမ် ရောင့်ရဲတတ်သည်။ အခြားသူများ အတွက် ဘာမှ မကျန် အောင် အစားကြီးသူ မဟုတ်ပေ။ ထိုအခါက သခင်သန်းထွန်းသည် ကုလား ကျောင်းတစ်ခု ၌ ကျောင်းဆရာ လုပ်လျက်ရှိရာမှ ထမင်းဝဝ မစားရ၍ လားမသိ၊ ကျွန်တော်တို့၏ ထမင်းစားပွဲ သို့ မကြာ ခဏ လာ၍ စားတော် ခေါ်တက်ပေသည်။ ထို့သိုဧည့်သည်များ လာသော အခါ တရုတ်ဆိုင် မှ ဟင်းများအပိုမှာယူကာ ကျွန်တော်နှင့် ကိုအောင်ဆန်းတို့က ဝေခွဲ၍ ဒကာခံရ စမြဲပင်။ (ဘုရားလည်းပြီး- ပြည်ကြီးလည်းပျက်) ဆိုသော စကားပုံကဲ့သို့ ကျွန်တော်တို့နှစ်ဦး တကုပ်ကုပ် လုပ်ကိုင် ခဲ့ကြသော အိုးဝေမဂ္ဂဇင်း ထွက်လာသောအခါ တစ်ကျောင်းလုံး ပွက်လောရိုက်လျက် ရာဇဝင်တွင်သော ၁၉၃၆ ခု၊ တက္ကသိုလ်သပိတ်ကြီးမှောက်သွားတော့၏။
ကျောင်းသားအုံကြွချိန်
ထိုနှစ်က သမဂ္ဂဥက္ကဋ္ဌရာထူးကို သခင်နု ရချိန်မှ စ၍ (ဒီနှစ်တော့ သပိတ်မှောက်ကြ လိမ့်မယ်) ဟု ကျောင်းသား အများပင် ထင်ကြေးပေးခဲ့ကြ၏ ကျွန်ပညာနှင့် မျက်နှာဖြူ ဆရာများ ကိုလည်း အနှစ်နှစ် အလလ က မုန်းတီးခဲ့ကြရာမှ ထိုနှစ် တွင် ကျောင်းသားအများအုံပွင့်ကာ ရဲရဲဝံ့ဝံ့ အတိုက်အခံ ပြုလုပ်ကြချိန် ဖြစ်ပေသည်။
နယ်ချဲ့တိုက်ဖျက်ရေးမှာ နိုင်ငံရေးနယ်ပယ်မှ ကျောင်းသား လောကသို့ ကူးစက်လာ၏ တက္ကသိုလ် ၌ အလိုတော်ရိ ကျောင်းသားများကို အထူးအခွင့် အရေးများပေး၍ မျိုးချစ်စိတ်ရှိသော ကျောင်းသား များကို အထူးဖိနှိပ်သော စနစ် မှာလည်း တစ်နေ့တစ်ခြား ဇက်ရဲ လာချိန်ဖြစ်ပေသည်။
တက္ကသိုလ် ပညာ ကို မရမက ဆည်းပူးလို၍ မိဘများက အထူးခြိုးခြံထောက်ပံ့ခဲ့သော ကျောင်းသား အချို့ တို့မှာ လူဖြူဆရာ အား (ဆာ)ဟု မထူး၍သော်လည်းကောင်း၊ ကျောင်းတက်ရက်မမှန်ဟု ဆို၍ သော် လည်းကောင်း ဘာမဟုတ်သော ပြစ်ချက်တို့ဖြင့် မတရား အပြစ်ရှာကာ တစ်ချက်လွှတ် ကျောင်းထုတ် ခံကြရချိန် ဖြစ်ပေသည်။ နောက်ဆုံး၌ ကျောင်းအုပ်ကြီး ဒီဂျေစလော့ အထူး မျက်မုန်းကျိူးသူ သခင်နု ကို လည်း ဆရာများ ကို ပုတ်ခတ်သော မိန့်ခွန်းများပြောသည်ဟုဆိုကာ ကျောင်းထုတ်လိုက် ပြန်လေသည်။
ထို့ကြောင့် ကျောင်းသားများ တလှုပ်လှုပ်တရွရွ ဖြစ်နေချိန် ၌ အိုးဝေမဂ္ဂဇင်း ပေါ်ထွက်လာကာ ဒီဂျေစလော့ တို့ လူစု အား အပြင်းအထန် ဆော်ထည့်လိုက်ရာ တစ်ကျောင်းလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားခြင်း ဖြစ်လေ သည်။
မှတ်မိသေးသည်
အိုးဝေမဂ္ဂဇင်း မထွက်ခင်တစ်ရက်က ကိုအောင်ဆန်းနှင့် ကျွန်တော်တို့သည် စာပုံနှိပ်တိုက် သို့ သွားကာ စာအုပ်များ အချိန်မီ ချူပ်လုပ်ပြီးစေရန် ကုလားများကို ချော့မော့လျက် ကူညီ လုပ်ပေး ကြ၏ ညနေ ၆နာရီလောက်တွင် အားလုံးပြီးစီး၏ ထို့ကြောင့် ကျွန်တော်တို့ နှစ်ယောက်မှာ ဝမ်းသာ အားရ နှင့် မကြုံစဖူး အထူးဇိမ်ခံကာ တက္ကစီကားတစ်စင်း ငှား၍ စာအုပ်ထုတ်များတင်ဆောင်ပြီး လေညှင်းခံ လျက် ကျောင်းသို့ပြန်ခဲ့ကြလေသည်။ သမဂ္ဂတိုက်သို့ မဝင်မီ ကျွန်တော်တို့နှင့် အလွန် ရင်းနှီး ခင်မင် သော အင်္ဂလိပ်စာ ပါမောက္ခ မစ္စတာရုတ်စ် အိမ်သို့ ဝင်ကာ အိုးဝေတစ်အုပ်ကို ဦးဦးဖျားဖျား လက်ဆောင် ပေးကာ သူ့ထံမှ ဘိလပ်ရည်များ တောင်းသောက်ခဲ့ကြသေး၏။
ထိုကားပေါ် တွင် မဂ္ဂဇင်း စာအုပ်များတင်လျက် လေညှင်းခံကာ လိုက်ပါလာသော ကိုအောင်ဆန်းနှင့် ကျွန်တော် ကား နက်ဖြန် မဂ္ဂဇင်း ထွက်လျှင် ဗုံးပေါက်ကွဲသလို တစ်ကျောင်းလုံး တစ်ပြည်လုံး ဂယက်ရိုက် သွားမည် ကို လားလားမျှ မမျှော်လင့်ခဲ့ကြပေ။ ထိုမဂ္ဂဇင်း စာအုပ်များ တင်ဆောင်လာခြင်းမှာ အမှန်အားဖြင့် လုံးဝ ပေါက်ကွဲစေတက်သော လက်နက်ပုန်းများကို ခိုးယူတင်ဆောင်လာသကဲ့သို့ပင် ဖြစ်လေသည်။ သို့သော် ကလောင်တည်း ဟူသော လက်နက်ဖြင့် ထိုသို့ပေါက်ကွဲစေမည့် ဆောင်းပါးကို စီစဉ် ရေးသား လိုက်သော တရားခံဖြစ်သူ ကျွန်တော်ပင်လျှင် မိမိ၏ လက်နက်ကြောင့် ဤမျှပြင်းထန်စွာ ပေါက်ကွဲ လိမ့်မည် ဟု မထင်မိခဲ့ပေ။
ထိုဆောင်းပါး မှာ အင်္ဂလိပ်ဘာသာဖြင့် တိုတိုတုတ်တုတ်နှင် နာမည်ဝှက်ကာ ရေးလိုက်သော ဆောင်းပါး ဖြစ်၏ ထိုအချိန်က ကျောင်းအုပ် စလော့နှင့်ကပ်ကာ မျိူးချစ်ကျောင်းသားများကို အထူး ချောက်တွန်း နေသော ဆရာတစ်ဦး အား ကျွှန်တော် က ငရဲခွေးနှင့် နှိုင်းယှဉ်ကာ ပက်ပက်စက်စက် ဆော်ထည့်လိုက်၍ ပေါက်ကွဲလေပြီ။
ထိုဆောင်းပါး ကို ရေးရာ၌ ကျွန်တော်သည် တက္ကသိုလ်တွင် ရှုပ်ထွေးနေပုံတို့ကို အတွင်းသိတစ်ဦး ဖြစ်သည့် အလျောက် ကလောင်ရှင်တို့၏ ၀တ္တရားအတိုင်း ဆော်သင့်သောသူကို ထုတ်ဖော် ဆုံးမလိုက် ခြင်း ဖြစ်ပေသည်။ မည်သူမျှ ကျွန်တော်အား မြှောက်ပေးခြင်း မရှိပေ။ ကျောင်းသားနှင့် ဆရာတိုက်ပွဲတွင် သခင်နု နှင့် တကွ မျိုးချစ်ကျောင်းသား ၁၁ဦးတို့မှာ ကျောင်းအုပ်ကြီး၏ အာဏာပြင်းထန် မှုကြောင့် ကျောင်းထွက် ရခြင်း တည်း ဟူသော ဒဏ်ရာများရရှိလျက် နေလေပြီ။ အခြားကျောင်းသားများလည်း တစ်ဗိုလ် ကျရင် တစ်ဗိုလ်တက် လမ်းစဉ်အတိုင်း စစ်ကြေညာလျက် အလှည့်ကျ ချီတက် တိုက်ခိုက်ကြရန် သာရှိ တော့၏။
ထိုသို့ အိုးဝေမဂ္ဂဇင်းမှ တင်သွင်းလိုက်သော ထိုဆောင်းပါးမှာ ကျောင်းအုပ်ကြီး ရုံးခန်းတွင် နောက်တစ်နေ့ သိုက်မြိုက် စွာ ပေါက်ကွဲ လေသည်။အယ်ဒီတာဖြစ်သူ ကိုအောင်ဆန်းအား မစ္စတာစလော့က ဆင့်ခေါ် စစ်ဆေးတော့၏ ထိုဆောင်းပါး ရေးသားသူ ကို အပြင်းအထန် အရေးယူရမည်ဖြစ်၍ ၎င်း၏အမည်ကို ထုတ်ဖော် ပြောရမည်။ မပြောလျှင်ကို အောင်ဆန်း ကို ကျောင်းမှထုတ်ပစ် လိမ့်မည်ဟု စလော့ က ဆို၏ စာ-နယ်-ဇင်းထုံးတမ်းအရ အယ်ဒီတာ လုပ်သူ က ထုတ်ဖော်ပြောခွင့် မရှိသဖြင့် ထုတ်ဖော် မပြောနိုင်။ လုပ်ချင်ရာ လုပ်ပါ ဟု ကိုအောင်ဆန်း က ဘုပြောခဲ့ လေသည်။
ခေါင်က မိုးမလုံ ဆိုသကဲ့သို့ ကျောင်းဆရာလုပ်သူများက မတရားလုပ်ခဲ့ကြသဖြင့် ထိုမတရားမှုများ ကိုပြုပြင် စေရန် လူထုအား ရေးသားတိုင်တန်းခဲ့ရာ မတရားမှုဖန်တီးသူများကို အရေးမယူဘဲ တိုင်တန်းသူကိုသာ အပြစ် ရှာတတ်ခြင်း မှာ အာဏာပိုင်တို့၏ ထုံးဓလေ့ပင် ဖြစ်ပေသည်။ ကိုအောင်ဆန်းကို ကျောင်းထုတ် လိုက်သောအခါ ၌ ကား ကျောင်းသားများသည် ထိုဓလေ့ဆိုးကို ကွက်ကွက်ကွင်းကွင်းကြီး သဘော ပေါက်ကာ အထူးလှုပ်လှုပ်ရွရွ မခံမရပ်နိုင် ဖြစ်ကုန်ကြတော့၏။
နောက်တစ်နေ့ ၌ သမဂ္ဂခန်းမကြီးတွင် မစ္စတာရာရှစ်၊ ကိုထွန်းအုံနှင့် ကိုအုံး အစရှိသော ကျောင်းသား ခေါင်းဆောင် များ က မည်သို့အရေးယူသင့်ပုံကို စည်းဝေးဟောပြောကြသောအခါ ကျောင်းလုံးကျွတ် ပရိတ်သတ် များက (သပိတ် သပိတ်-မှောက်မှောက်) ဟု သံပြိုင်အော်ကြလျက် အားလုံးပင် တက္ကသိုလ်ကြီး ကို စွန့်ပစ်ကာ ရွှေတိဂုံကုန်းတော်ပေါ်သို့ ပြောင်းရွှေ့ သပိတ်မှောက်ခဲ့ ကြသည်မှာ ရာဇဝင်၌ စာတင ်ပြီးဖြစ် ၍ အထူးရေးရန် မလိုတော့ပေ။
အပြောနှင့်အရေး
ထိုအချိန်၌ သခင်နု၊ ရာရှစ်၊ ကိုအောင်ဆန်းစသော ကျောင်းသားခေါင်းဆောင်များက သပိတ်မှောက်ရန် ကျိတ်၍ ကြိုးဆွဲ၊ ခြေထိုး စီမံခဲ့ကြသည်ဟု စွပ်စွဲခြင်းခဲ့ရ၏။ သို့သော် အမှန်အားဖြင့် ကျွန်တော်တို့ အချင်းချင်း ဘာမှ တိုင်ပင်ခြင်း မရှိခဲ့ပေ။ ကျောင်းသားခေါင်းဆောင်တိုင်း မိမိတို့ ၏ တာဝန်၏များကို ခပ်အေးအေးနှင့် မကြောက်မရွံ့ ဆောင်ကြရာတွင် အခြေအနေမှာ လည်း အလိုလိုပင် တစ်ဆင့်ပြီးတစ်ဆင့် ကျွနိုပ်တို့ဘက်မှ အရေးသာ စေဖွယ် ဖြစ်ပေါ်လာခဲ့ရ လေသည်။
ရာရှစ်စသော ကျန်သမဂ္ဂခေါင်းဆောင်များကလည်း တာဝန်အတိုင်း ကျောင်းသားထု ကြီးထံသို့ ထိုပြဿနာ ကို ဆုံးဖြတ်ကြရန် ရှင်းလင်းစွာ တင်ပြခဲ့၏။ ကျောင်းသားထုကြီးကလည်း အထိရောက်ဆုံးဖြစ်သော သပိတ်လမ်းစဉ် ကို ချက်ချင်း စွန့်စားဆုံးဖြတ်ကာ တက္ကသိုလ်မှ ထွက်ခွာခဲ့ကြ၏။
ကျွန်တော် မှတ်မိသလောက်တွင် ထိုမျှ အပူတပြင်း အရေးကြီးလှသော ရက် အနည်းငယ်အတွင်း၌ ကိုအောင်ဆန်း သည် ကျွန်တော်အား ထိုအရေးတော်ပုံကြီး နှင့် ပတ်သက်၍ (အေးဆေးနေပါ) ဟူသော စကားတစ်ခွန်း သာ ပြောဖူးလေသည်။ ကျွန်တော်တို့ အချင်းချင်း ထို့ထက်နှိုက်နဲရှုပ်ထွေး သော စည်လား ရိုက်မှု၊ စက်ပုန်းခုတ်မှု များ ဘာမျှ မရှိခဲ့ချေ။ ဤမျှရှင်းလင်းပြတ်သားစွာ ခပ်အေးအေး နှင့် တစ်ခုပြီး တစ်ခု အလိုကျ ဖြစ်မြောက်သွားသော ကိစ္စမျိုးကို ယခုတိုင်တစ်ခါမျှ မတွေ့ကြုံဖူးပေ။
တက္ကသိုလ် ၌ အတူစား၊ အတူသွား၊ အတူတူတိုက်ပွဲဆင်လျက် လေးနှစ်ကြာမျှ ကိုအောင်ဆန်း နှင့် ပေါင်းသင်း နေထိုင်နေရာ တွင် ကျွန်တော်သည် အောက်ပါအဖြစ်အပျက်ကလေး များကို သတိရမိ၏။
ကိုအောင်ဆန်း၏ စိတ်ဓာတ်
ကိုအောင်ဆန်း ကား စိတ်တိုတတ်၏။ အပြောအဆို မလိမ္မာသဖြင့် ဓာတ်သိသော သမဂ္ဂရဲဘော်များ မှ အပ သူ့ အဖို့ မိတ်ဆွေ များများ မရှိပေ။ သမဂ္ဂ၌လည်းသူနှင့် ဘုမကျသူဟူ၍ မရှိချေ။ တစ်ခါက ရွှေတိဂုံ သပိတ်စခန်း မှ အပြန်တွင် ထိုနှစ်အတွက် သူ့မှာ တခြားအလုပ်ကိစ္စများ ရှိနေသဖြင့် သူလုပ်ရန်ရှိသော အလုပ် များကို ကျွန်တော်က လုံးဝ တာဝန်ယူရန် လွှဲအပ်လေသည်။ ကျွန်တော်က လည်း ထိုနှစ်အဖို့ အိုးဝေ အယ်ဒီတာ အဖြစ် တာဝန်ယူပြီးဖြစ်၍ နောက်ထပ်လက်မခံနိုင်ကြောင်း ပြောသောအခါ ရှူးရှူးရှဲရှဲ လုပ်သဖြင့် ထသက်ကြရန် ဟန်ပြင်လေသည်။
အခြားအမှုဆောင်များ က ဝိုင်းဝန်းဖြန်ဖြေသဖြင့် ပြီးသွား၏။ ထိုနေ့ညနေ၌ ကျွန်တော့်အခန်းသို့ သူ ရောက်လာကာ သူက စိတ်မကောင်းဖြစ်နေသဖြင့် လွန်ကျူးမိကြောင်းကို ဝန်ချတောင်းပန်လေသည်။ သူက မတောင်းပန် လျှင်လည်း ကျွန်တော်က အကြောင်းသိချင်း ဖြစ်၍ ကျေနပ်ပြီး ဖြစ်လေသည်။ သို့သော် သူက ကလေး သဖွယ် ဖြူစင်သော စိတ်ဓာတ် နှင့် မိမိမှားသည်ကို သိရှိချိန်၌ အကြွေးမထားဘဲ မာန်မာနများကို လုံးဝ ပယ်ဖျောက် ကာ ချက်ချင်းဖွင့်ဟ ပြောဆိုသည်ကို ကျွန်တော်ဝမ်းမြောက်စွာ နှင့်မှတ်သားမိ၏။
ဤကား ကိုအောင်ဆန်း၏ ချီးကျူးဖွယ် အချက်ကြီးတစ်ရပ်ပေတည်း။ ထိုနှစ်က မစ္စတာရာရှစ် သည် သမဂ္ဂဥက္ကဌအဖြစ်နှင့် ဆောင်ရွက်ရာတွင် ၎င်းကို ကုလားဖြစ်၍ မလိုမှန်းထား အပြစ် ရှာသူများ ပေါများခဲ့လေသည်။ တစ်ခါကစည်းဝေးပွဲ တစ်ခုတွင် ရာရှစ်အား အယုံအကြည်မရှိ အဆို တင်သွင်း ရန် စီစဉ်ကြသည်ကို ကျွန်တော်က ကြိုတင်ကြားသိလေသည်။ ထိုအချိန်၌ အခြားသော သပိတ်ရဲဘော် ကျောင်းသားခေါင်းဆောင်တို့မှာလည်း နယ်ထွက်နေကြ၏။ ကိုအောင်ဆန်း မှာလည်း ဖျားနေ ၍ ဆေးရုံတက်နေ၏။ ကျွန်တော်ကလည်း အရေးသမားဖြစ်ပြီး စကားမပြောတတ်၍ ထိုစည်းဝေးပွဲ တွင် ဝင်ရောက်ပြောဆိုရန် မဖြစ်နိုင်ချေ။
ထို့ကြောင့် နောက်ဆုံး၌ ဆေးရုံတွင် ငှက်ဖျားတိုးနေသော ကိုအောင်ဆန်း ထံသို့ ပင် သွားရောက်ကာ (ကိုယ့်လူ ထပါဦး၊ ခင်ဗျားမရှိရင် မဖြစ်ဘူး) ဟုဆိုကာ သူ့ကို ဆေးရုံမှ သမဂ္ဂအထိ ဖက်တွဲခေါ်ဆောင်ခဲ့ရလေ သည်။ သမဂ္ဂလက်ဖက်ရည်ဆိုင်ခန်းသို့ ရောက်မှ ကွီနိုင် နှင့် လက်ဖက်ရည်အနည်းငယ်တိုက်ကာ စည်းဝေးရာ ခန်းမကြီး သို့ တွဲတက်ခဲ့ရလေသည်။ ထို့နေ့အဖို့ ကိုအောင်ဆန်းမှာ နေမကောင်းသော် လည်း ရာရှစ် ၏ ကောင်းသော အချက်များ ကို ဖော်ထုတ်၍ အထူးလေးနက်စွာ ပြောဆိုရာတွင် အတိုက်အခံလူစု က ၎င်းတို့ အဆိုကို ရုပ်သိမ်းသွားကြလေသည်။ ကိုအောင်ဆန်း သည် ရဲဘော် လူကောင်းများ အတွက် မယိမ်း မယိုင် ထောက်ခံကူညီတတ်ခြင်း၊ မိမိကျမ်းမာရေးကို ဂရုမစိုက်ဘဲ တာဝန်ရွက်ဆောင်ခြင်းတို့မှာ ကျောင်းသားဘဝ ၌ပင် ထင်ရှားခဲ့လေသည်။
ထောင့်မကျိုးလို့
ရာရှစ်၏ ဥက္ကဌသက်တမ်း ကုန်းဆုံးခဲ့ပြီးနောက် ဥက္ကဌသစ်ရွေးချယ်ရန် အချိန်ကျရောက်ခဲ့ရာတွင် ဒုတိယ ဥက္ကဌ ဖြစ်သူ ကိုအောင်ဆန်း ကို ထုံစံအတိုင်း တင်မြှောက်ကြရန်ပင် ဖြစ်လေသည်။ သို့သော် ထိုအချိန်၌ သူ့အား အမှုဆောင်အဖွဲ့၌ ထောက်ခံသူမှာ ကျွန်တော် တစ်ယောက်သာ ရှိလေတော့၏။ အဘယ်ကြောင့် ဆိုသော် သူ့အား ထောင့်မကျိုးသူဖြစ်၍ သူရသင့် ရထိုက်သောနေရာတွင် ကိုဘဂျမ်း (ယခုဝန်ကြီး) အား ရွေးချယ် တင်မြှောက် လိုက်ကြလေသည်။ ဦးထွန်းအုံ၊ ကိုလှရွှေ၊ ကိုသန်းအောင်၊ ကိုဗဟိန်း စသည်တို့က သူ့အား တစ်နှစ်လောက် စောင့်ဆိုင်း ၍ ပေါင်းသင်းဆက်ဆံ ရေးလေ့လာရန် ပြောဆိုခဲ့ကြလေသည်။ ကိုအောင်ဆန်း သည် သူငယ်ချင်းများ၏ ဆုံးမချက်ကို ဘာမျှပြန်မပြောဘဲ စည်းကမ်းသေဝပ်စွာ ကြိုးစား လိုက်နာ ခဲ့ပေသည်။ နောင်တစ်နှစ် တွင် ထိုသို့အများ၏ ဆန္ဒ ကို မသွေမဖည် လိုက်နာတတ်သော အရည်အချင်း ကိုပင် အထူးထုတ်ဖော် ချီးကျူးကာ ကိုအောင်ဆန်း ကို အားလုံးက ဥက္ကဌအဖြစ် ရွေးချယ် လိုက်ကြ လေသည်။
နိုင်ငံရေးသို့
ထိုနှစ်အတွင်း တစ်ညနေတွင် ကိုအောင်ဆန်းနှင့် ကျွန်တော်သည် သထုံကျောင်းဆောင်ရှေ့၌ လမ်းလျှောက် လျက်ရှိကြစဉ် သူက ရုတ်တရတ် ''ကိုယ့်လူ၊ ကိုယ်တော့ သွားတော့မယ်၊ ကျောင်းထွက်ပြီး နိုင်ငံရေး ထဲ ကို ခြေစုံပစ် ဝင်တော့မယ်'' ဟုပြော၍ သခင်ပါတီသို့ဝင်ကာ တကယ့်တိုက်ပွဲများတွင် ဝင်နွှဲတော့ မည်ဖြစ်ကြောင်းများကို ပြောလေသည်။ သူက ထိုသို့ ပြောပြနေစဉ် ကျွန်တော် သည် အထူး ဝမ်းနည်း လာ၏။ ကျွန်တော်တို့ သူငယ်ချင်းများ လေးနှစ်ကြာမျှ ဥမကွဲသိုက်မပျက် နေထိုင် အလုပ် လုပ်ခဲ့ကြသည် မှာ ကမ္ဘာကလေးတစ်ခုကဲ့သို့ပင် မှတ်ထင်ကာ ထိုကမ္ဘာ သည် မည်သည့် အခါမျှ ပျက်မည် မဟုတ် ဟူ၍ မှတ်ထင်နေခဲ့ကြ၏။ သို့သော် အချိန်သည် ကုန်မှန်းမသိ ကုန်ဆုံးခဲ့၍ ကိုအောင်ဆန်း ကား ဘီအေ အောင်ပြီး ဖြစ်လျက် ကျွန်တော့်အဖို့လည်း ထိုနှစ်မှာ နောက်ဆုံးနှစ်ပင်ဖြစ်ကြောင်းကို သတိရ လေသည်။
ကျွန်တော်တို့နှစ်ဦး ရင်းနှီးခင်မင်စွာ သွားအတူ လာအတူ နေထိုင်ခဲ့ကြသော လေးနှစ်ရာသီခေတ် ကလေး ကား ကုန်ဆုံးလေပြီ။ လောကတွင် အပျော်ဆုံး၊ အရွှင်ဆုံး၊ အရူးဆုံး၊ အမိုက်ဆုံး ဖြစ်သော ကျောင်းသား ဘဝ ကား ဆုံးခန်းတိုင်လေပြီ။
ကျွန်တော် က စိတ်ဓာတ်မွန်မြတ်စွာ တိုင်းပြည်အတွက် စွန့်စားရန် အဓိဌာန်ကို ချီးကျူးမိသော လည်း သူ့အတွက် စိုးရိမ်မကင်း ရှိမိပုံကို ပြောပြ၏။ ''နိုင်ငံရေးလောကဟာ သိပ်ပြီးရှုပ်တယ်၊ ဆိုးတယ်။ ဒီမှာဆိုယင် ကျွန်တော် တို့ အချင်းချင်း ခင်ဗျား ကို နားလည်တယ်၊ အစစအရာရာမှာ သူငယ်ချင်းတွေမို့ ခင်မင်ယုယ ရှိကြတယ်။ နိုင်ငံရေးထဲကို ခြေစုံပစ်ဝင်ရင် ခြေထိုးတာတွေ ကြမ်းတမ်း ယုတ်မာတာ တွေနဲ့တွေ့ပြီး နေရာတကာ ခင်ဗျားပဲ ဒုက္ခ ရောက်စရာ တွေများတယ်ဗျ။ ခင်ဗျားကလည်း ငယ်သေးတယ်'' ဟု ကျွန်တော် က ပြောမိလေသည်။ ဗိုလ်ချုပ်ကား ဆည်းဆာချိန် ကောင်းကင်သို့ မော်ကြည့်လျက် ''အမေ့အတွက် ဘာမျှ ကျေးဇူးမဆပ် ရသေးဘူး၊ လခစားလုပ်ဖို့ကို လည်း စိတ်မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ်လေ သွားမယ့်လမ်းကို သွားရမှာပဲ'' ဟု လွမ်းစိတ် နှင့် အဓိဌာန် စိတ်များရောပြွမ်းကာ အသံခပ်မာမာ နှင့် ပင် ပြောလေသည်။
''သွားတော့မယ်'' ဟုသူကပြောလိုက်သဖြင့် ကျွန်တော်အဖို့ ထိုသမဂ္ဂကမ္ဘာကလေးနှင့် တကွတိုတောင်းလှသော တက္ကသိုလ်ကျောင်းသား ခေတ် ကလေး ကို ကားလိပ်ချလိုက်သလို ဖြစ်သွားတော့၏။
စာရေးသူ - ညိုမြ

0 comments:

Post a Comment