Sunday, July 28, 2019

NLD လမ်းစဉ်နှစ်ရပ်ရဲ့ ကိုယ်တွင်း ပဋိပက္ခ (ဇော်ဝင်း ၈၈ ကျောင်းသားဟောင်း)

0 comments
NLD လမ်းစဉ်နှစ်ရပ်ရဲ့ ကိုယ်တွင်း ပဋိပက္ခ
===================
NLD အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို အင်မတန်ထိန်းထိန်းသိမ်းသိမ်းနဲ့ သတိကြီးကြီးထား လုပ်နေရပါတယ်ဆိုတာ တကယ်တော့ ဘာမှ အဓိပ္ပာယ် မရှိဘူး။
NLD အနေနဲ့ ရွေးစရာ ၂ လမ်းပဲ ရှိတယ်။ အခြေခံဥပဒေကို ထိထိရောက်ရောက် ပြင်မလား၊ မပြင်ဘူးလား။
ထိထိရောက်ရောက်ဆိုတာက စစ်တပ် ၂၅ ရာနှုန်းတို့၊ ကာလုံတို့၊ အာဏာသိမ်းခွင့်တို့ လိုဟာမျိုးတွေကို ဆိုလိုပါတယ်။ အဲဒါမျိုးတွေမပြင်ရင်တော့ ပြင်တယ်လို့တောင် ပြောမနေပါနဲ့တော့။
NLD အနေနဲ့ အဲသလို အချက်မျိုးတွေကို တကယ်ထိထိရောက်ရောက် မပြင်သေးသမျှ စစ်အုပ်စုနဲ့ ဘာမှ ကြီးကြီးမားမား ပြဿနာ တက်စရာ မရှိပါဘူး။ စစ်အုပ်စုက မာန်ဖီရုံ၊ ဟိန်းရုံ၊ ခြောက်လှန့်ရုံလောက်ပဲ လုပ်ပါလိမ့်မယ်။ (အခုလုပ်နေသလိုမျိုး။ အဲဒါ တကယ်ကိုက်မလို့ပြင်နေတာ မဟုတ်ပါဘူး။ ဒီလောက်လည်း ကြောက်မနေပါနဲ့။) ဒါပေမယ့် အဲသလို အချက်တွေ တကယ်ထိထိရောက်ရောက်ပြင်ပြီဆိုတာနဲ့ စစ်အုပ်စုနဲ့ သေချာပေါက် ထိပ်တိုက်တွေ့ပါမယ်။ ထိန်းထိန်းသိမ်းသိမ်းပဲလုပ်လုပ်၊ လက်လွတ်စပယ်ပဲလုပ်လုပ် လုပ်ချင်သလိုလုပ် သူတို့ အကျိုးစီးပွား တကယ်မထိသေးရင် ဘာမှ မဖြစ်ဘူး။ သူတို့ အကျိုးစီးပွား တကယ်ထိပြီဆိုရင်တော့ ထိန်းထိန်းသိမ်းသိမ်းလုပ်ရုံမကလို့ ကန်တော့ပွဲကြီး ရှေ့မှာထား၊ ဦးတော်အခါခါတင်ပြီးလုပ်ရင်တောင် ပြဿနာတက်မှာ အသေအချာပဲ။
ဒီတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်နေတယ်ဆိုတာ ဘာမှ အဓိပ္ပာယ်မရှိဘူး။ ရွေးချယ်ရမှာက တကယ်ပြင်မလား၊ မပြင်ဘူးလားဆိုတဲ့ ၂ ချက်ပဲ။
တကယ်ပြင်မယ်ဆိုရင်
========
၂၀၀၈ အခြေခံဥပဒေရဲ့ အရေးကြီးဆုံး အချက်တွေဖြစ်တဲ့ စစ်တပ် ၂၅ ရာနှုန်းတို့၊ ကာလုံတို့၊ အာဏာသိမ်းခွင့်တို့ စတဲ့ အချက်တွေကို ပြင်တော့မယ်ဆိုရင် NLD အနေနဲ့ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တချက်က စစ်အာဏာရှင်တွေကို ရင်ဆိုင်ဖို့ပဲ။ ဘယ်လိုရင်ဆိုင်မလဲ။ အနိုင်ရအောင် ဘယ်လိုလုပ် မလဲ။ (လူထုအကာအကွယ် ယူတဲ့နည်းက လွဲပြီး တခြားနည်းမရှိဘူး။ AA ရခိုင့်တပ်မတော်တောင် လူထု အကာအကွယ် ယူထားတော့ စစ်အာဏာရှင်တွေ ခွေးကျိုးကြီး လှည်းနင်းသလို တအိုင်အိုင်နဲ့ ဖြစ်နေတာကိုကြည့်။)
တကယ်မပြင်ဘူးဆိုရင်ရော
=============
တကယ်မပြင်ဘူးဆိုရင်လည်း NLD အနေနဲ့ ဘာမှ မဖြစ်ဘူး။ သူတို့လိုချင်တဲ့ အာဏာရနေပြီ။ သူတို့ ရည်မှန်းချက်ကြီး ပေါက်မြောက်အောင်မြင်သွားပြီ။ လစာကောင်းကောင်းရ၊ ကားကောင်းကောင်းစီး၊ နိုင်ငံတော်ခေါင်းဆောင်ကြီးတွေ အမည်ခံနိုင်နေပြီ။ အာဏာတကယ်မရပေမယ့် သူတို့ ပုဂ္ဂလိက ဘဝတွေကတော့ မြင့်မား ကောင်းစားနေပြီ။ အာဏာတကယ်မရရင်သာရှိမယ် ကမ္ဘာမှာ ငါတို့ ခေါင်းဆောင်ဖြစ်နေပြီလို့ ကြွားနိုင်နေပြီ။ အခြေခံဥပဒေပြင်ခြင်း မပြင်ခြင်းသည် သူတို့ NLD ခေါင်းဆောင်များအတွက် ဘာမှ သိပ်မထူးဘူး။ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးအတွက်သာ အမှန်တကယ်ထူးခြားတယ်။
ဒါပေမယ့် တကယ်မပြင်ဘူးဆိုရင်တော့ မပြင်တော့ဘူးလို့ တုံးတိကြီး ပြောချလိုက်လို့ မဖြစ်ဘူး။ အဲသလိုပြောရင် ကွဲသွားမယ်။ ပရိယာယ်သုံးဖို့ လိုလာပြီ။ ပထမအဆင့် အခြေခံဥပဒေကို မဖျက်တော့ဘူး၊ ပြင်ရုံပဲ ပြင်တော့မယ်ဆိုတာမျိုး အသာလေး လျှောချတတ်ဖို့လိုတယ်။ (NLD ခေါင်းဆောင်တွေ အာဏာ မရခင်ကတည်းက ညီလာခံခေါ်ပြီး “မဖျက်တော့ပါဘူး၊ ပြင်ရုံပဲ ပြင်ပါတော့မယ်”လို့ ဆုံးဖြတ်ခဲ့ပြီးပြီ။ ဦးဝင်းတင်နဲ့ ဦးကိုနီ ၂ ယောက်မှအပ ကျန် NLD ခေါင်းဆောင် အားလုံး မဖျက်တော့ပါဘူးလုပ်ခဲ့ပြီးပြီ။)
“မပြင်တော့ဘူးကွာ။ စစ်တပ်နဲ့ ပြဿနာ အတက်မခံနိုင်ဘူး၊ အဆင်ပြေပြေပဲ ခွဲဝေစားတော့မယ်”လို့ ပြောလိုက်လို့လည်း မဖြစ်ဘူး။ အဲသလိုပြောလိုက်ရင် ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့မယ်။ ရွေးကောက်ပွဲမှာ ကတိပေးထားတာလည်း ရှိတော့ ပြင်ဖို့ အရိပ်အယောင်လေးမှ မပြရင် နောက်ရွေးကောက်ပွဲ အတွက် မဲဆွယ်ရာမှာ မျက်နှာကောင်းရဖို့ မရှိဘူး။ အနည်းဆုံးအဆင့် “ကျမတို့ ကြိုးတော့ ကြိုးစားတာပဲ။ အောင်မြင်အောင် လုပ်နိုင်ဖို့ ကျမတို့ကို ဆက်ပြီး မဲပေးပါ”လို့ ပြောလို့ ရနိုင်မယ့် အနေအထား အခင်းအကျင်း တခုလိုတယ်။ ဒီတော့ တကယ်မပြင်ချင်ရင်တောင် ပြင်မယ်လို့တော့ ပြောရမယ်။
မပြင်ဘဲလည်း မနေနဲ့။ တကယ်လည်း မပြင်နဲ့
=========================
“တကယ်မပြင်ချင်ဘူး၊ စစ်အာဏာရှင်နဲ့ ထိပ်တိုက်မတွေ့ချင်ဘူး၊ အာဏာတော့ ဆက်ရချင်တယ်”ဆိုရင် NLD အတွက် အကောင်းဆုံးရွေးချယ်ရမယ့်နည်းက “မပြင်ဘဲလည်း မနေနဲ့။ တကယ်လည်း မပြင်နဲ့” ဆိုတဲ့ နည်းလမ်းပဲ။ မပြင်ဘဲနေရင် လူထုစိတ်ဆိုးမယ်။ လူထုပေါက်ကွဲမယ်။ အဲဒီတော့ မပြင်ဘဲတော့ မနေနဲ့။ ပြင်မယ်ဆိုရင်လည်း စစ်အာဏာရှင်တွေ စိတ်ဆိုးမယ်။ စစ်အာဏာရှင်တွေနဲ့ ထိပ်တိုက်တွေ့မယ်၊ ဒီတော့ တကယ်လည်း မပြင်လေနဲ့။ အဲဒါ NLD ရဲ့ အခုသွားနေတဲ့ နည်းပရိယာယ်လို့ ဆိုချင်တယ်။
ဒီအခြေခံဥပဒေနဲ့ ပတ်သက်ပြီး သူတို့ သဘောထားအမျိုးမျိုးကို ပြန်ကြည့်ပါ။
ပထမတုန်းက ပြောတာက ၂၀၀၈ အခြေခံဥပဒေဟာ စစ်ကျွန်ဥပဒေတဲ့။ စစ်ကျွန်ဥပဒေအောက် ဒူးမထောက်နိုင်ဘူးတဲ့။ ခေါင်းမမာပေမယ့် ဒူးကတော့မာတယ်တဲ့။ ရွှေဂုံတိုင် ညီလာခံသဘောထားအထိ ပြန်ကြည့်ပါ။ ဒေါ်စုလွတ်မလာခင် အချိန်ထိ။
ဒုတိယအဆင့်ကျ မဖျက်တော့ဘူးတဲ့။ ပြင်ရုံပဲ ပြင်တော့မယ်တဲ့။ ညီလာခံခေါ်ပြီး ပါတီခေါင်းဆောင် အားလုံးက ဆုံးဖြတ်ချက်ချလိုက်တာ။ ဒေါ်စုကို အာခံရဲတာ ဦးဝင်းတင်နဲ့ ဦးကိုနီ ၂ ယောက်ပဲ ရှိခဲ့တယ်။
တတိယအဆင့်ကျ လူထုအားနဲ့ ပြင်မယ်တဲ့။ လက်မှတ် ၅ သန်းကောက်တယ်။ ပြီးတော့ လက်မှတ်တွေ ချောင်ထိုးထားလိုက်တယ်။ (ပြတိုက်ထဲထားဖို့မှ ရှိပါသေးလေစ။)
စတုတ္ထအဆင့် လွှတ်တော်ထဲဝင်ချင်၊ အစိုးရလုပ်ချင်လာတော့၊ ထိန်းသိမ်းစောင့်ရှောက်တာမျိုးတော့ မလုပ်နိုင်ဘူး။ လေးစားလိုက်နာတာလောက်တော့ လုပ်မယ်တဲ့။
ပဥ္စမအဆင့် မထိန်းသိမ်းမစောင့်ရှောက်ရင် လွှတ်တော်ထဲဝင်ခွင့်မပေးဘူးကွာဆိုတော့ အဲဒါဆိုရင်လည်း ထိန်းသိမ်းစောင့်ရှောက်လိုက်ပါတော့မယ်တဲ့။ ဖြစ်မှဖြစ်ရလေ။
အဲဒီနောက်ပိုင်းမှာ အခြေခံဥပဒေပြင်ကြောင်း လေသံတောင် မဟတော့တာ နောက်ထပ်ရွေးကောက်ပွဲနဲ့ နီးလာတဲ့ အချိန်အထိပါပဲ။
ဟော.... အခုရွေးကောက်ပွဲလည်းလာတော့မယ်။ မပြင်ဘဲထားလို့တော့ မဖြစ်တော့ဘူး။ ပြင်ရင်လည်း မဖြစ်ဘူး။ အဲဒီတော့ အရေးကြီးတာတွေ မပြင်နဲ့။ အပေါ်ယံလေးတွေပြင်။ မြန်မြန်မပြင်နဲ့ ဖြည်းဖြည်းပြင်။ အချိန်ဆွဲ။ ကြာကြာဆွေးနွေး။ NLD တင်ပြထားတဲ့ စစ်သားတမတ်သား လွှတ်တော်က ထွက်ရေးလမ်းစဉ်လည်းကြည့်ဦး။ ၅ နှစ်တခါမှာ ၅ ရာနှုန်းလောက်လျှော့သွားတဲ့နည်းတဲ့။ ၂၀၃၅ မှာတောင် လွှတ်တော်ထဲမှာ စစ်သား ၅ ရာနှုန်းကျန်ဦးမှာတဲ့။ အဲဒါပါပဲ။ “မပြင်ဘဲလည်း မနေနဲ့၊ တကယ်လည်း မပြင်နဲ့” ဆိုတဲ့နည်း။ (အဲဒီအချိန်ကျမှ နင်တို့ဆဲချင်လည်းဆဲ၊ ငါတို့လည်းသေလောက်ပြီလို့များ စိတ်ထဲတွေးပြီး လုပ်ကြသလားတော့ မသိ။)
တကယ်တော့ NLD ရဲခြေဥပြင်ရေးဆိုတာဟာ သားစဉ်မြေးဆက် ကျွန်သက် အဓွန့်ရှည်ရေး လမ်းစဉ်ကြီးပါလား။
NLD ရဲ့ ကိုယ်တွင်း ပဋိပက္ခ
=============
NLD မှာ တခုနဲ့ တခု အချင်းချင်းပိတ်ဆို့နေတဲ့ လမ်းစဉ်အကျပ်အတည်း ရှိတယ်။ သူ့လမ်းစဉ်အချင်းချင်းဟာ ဝိရောဓိဖြစ်ပြီး တခုနဲ့ တခုဆန့်ကျင်နေတယ်။ အဲဒီဆန့်ကျင်ဘက် ၂ ခုဟာ တခုကို လုပ်ရင် တခြားတခုနဲ့ ပဋိပက္ခလာဖြစ်နေတယ်။
NLD ဟာ ဒီမိုကရေစီ အရေးတော်ပုံကြီးထဲကနေ ပေါက်ဖွားလာတဲ့ပါတီ။ ဒီမိုကရေစီဖော်ဆောင်ပါမယ်လို့ အာမဘန္တေခံထားတဲ့ပါတီ။ ဒီတော့ ဒီမိုကရေစီနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းကို ဖျက်သိမ်းမှ ဖြစ်မယ်။ ဒါက သူတို့ရဲ့ ပထမလမ်းစဉ်။
NLD ဟာ စစ်အာဏာရှင်နဲ့ ထိပ်တိုက်မတွေ့ချင်ဘူး။ confrontation မလုပ်ပါနဲ့လို့ ဗိုလ်စောမောင်တို့ ဗိုလ်ခင်ညွန့်တို့ ကြိမ်းမောင်းပြီးကတည်းက ထိပ်တိုက်မတွေ့ရေးလမ်းစဉ်ဖြစ်သွားတာပဲ။ ဒီတော့ NLD ရဲ့လမ်းစဉ်က သင့်မြတ်ရေးလမ်းစဉ်၊ ရင်ကြားစေ့ရေး လမ်းစဉ်။ ဒါက သူတို့ရဲ့ ဒုတိယလမ်းစဉ်။
NLD အနေနဲ့ ဒုတိယလမ်းစဉ်ဖြစ်တဲ့ သင့်မြတ်ရေးကို ရွေးချယ်မယ်ဆိုရင် စစ်တပ်မကြိုက်တာ လုပ်လို့ မဖြစ်ဘူး။ အဲဒါဆို အခြေခံ ဥပဒေပြင်လို့ မဖြစ်ဘူး။ ပြင်ရင် စစ်တပ်နဲ့ ထိပ်တိုက်တွေ့မှာပဲ။ ဒါပေမယ့် NLD ရဲ့ ပထမလမ်းစဉ်အရ အခြေခံဥပဒေကို ပြင်မှဖြစ်မယ်။ မပြင်လို့ မဖြစ်ဘူး။ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ ဒီအခြေခံဥပဒေကို မပြင်ရင် ဒီမိုကရေစီပါတီလို့ ကြေညာထားတာဟာ ဘာမှ အဓိပ္ပာယ် မရှိတော့ဘူး။
ဒီတော့ NLD ဖြစ်နေတဲ့ ကိုယ်တွင်း ပဋိပက္ခက အခြေခံဥပဒေကို ပြင်ရင်လည်း မဖြစ်ဘူး၊ မပြင်ရင်လည်း မဖြစ်ဘူးဆိုတဲ့ ပဋိပက္ခပဲ။ အဲဒီပဋိပက္ခကို မရှင်းနိုင်ရင် NLD ဟာလူထုကို လိမ်ညာတာတွေ၊ ဝေ့လည်ကြောင်ပတ်ပြောတာတွေ၊ မျက်လှည့်ပြတာတွေကို မလွှဲမရှောင်သာ ဆက်ကာဆက်ကာ လုပ်နေရမှာပဲ။
NLD ဟာ တခုမဟုတ်တခုကို ရွေးမှသာ လမ်းစဉ်အရ သန့်ရှင်းစင်ကြယ်တဲ့ ပါတီတရပ်ဖြစ်နိုင်လိမ့်မယ်။ ဒီမိုကရေစီကို ရွေးချင်ရင် စစ်တပ်နဲ့ ထိပ်တိုက်တွေ့ပြီး အခြေခံဥပဒေကို မရရအောင်ပြင်ပါ။ ဒါမှ မဟုတ် စစ်တပ်နဲ့ ထိပ်တိုက်မတွေ့ဘဲ သင့်မြတ်ချင်တယ်ဆိုရင်တော့ ဒီမိုကရေစီလမ်းစဉ်ကိုသာ စွန့်လွှတ်လိုက်ဖို့သာ ရှိပါတော့တယ်။
ဇော်ဝင်း
၈၈ ဗကသ

0 comments:

Post a Comment