Tuesday, July 30, 2019

ဗြူရိုကရက်အရင်းရှင်စနစ်(သမိုင်းအကျဉ်း) (ရန်သူကြီး ၃ ဦးမှ)

0 comments
ဗြူရိုကရက်အရင်းရှင်စနစ်(သမိုင်းအကျဉ်း) (ရန်သူကြီး ၃ ဦးမှ)
ဗြူရိုကရက်အရင်းရှင်လူတန်းစားသည် ဗမာပြည်လွတ်လပ်ရေးရမှပေါ်လာခြင်းဖြစ်၏။ ကိုလိုနီခေတ်က လက်ဝေခံဓနရှင် လူတန်းစားသာရှိသည်။ တိုင်းရင်းသား ဗြူရိုကရက်အရင်းရှင် လူတန်းစားမရှိနိုင်။
အင်္ဂလိပ်လက်ဝါးကြီးအုပ် အရင်းရှင်ကုမ္ပဏီများသည် ဗမာပြည်၏ စီပွားရေးအသက်သွေးကြော မှန်သမျှကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားကြသည်ဖြစ်ရာ တိုင်းရင်းသားလက်ဝါးကြီအုပ် အရင်းရှင် လူတန်းစားအဖြစ် ပေါ်လာခွင့်မပေးပါ။
သူတို့ဖြစ်စေချင် ခွင့်ပြုချင်သည်မှာ အင်္ဂလိပ် လက်ဝါးကြီးအုပ်ကုမ္ပဏီများ၏ လက်ဝေခံ လူတန်းစားသာဖြစ်သည်။ ခွင့်မပြု၍လည်း မဖြစ်ပါ။
သဘာဝသယံဇာတပစ္စည်းများကို ထုတ်ယူနိုင်ဘို့ဆိုလျှင် တိုင်းရင်းသားကံထရိုက်များ ထားရမည်။
လယ်ယာထွက်သီးနှံများကို လက်ဝါးကြီးအုပ်ဝယ်ယူနိုင်ရန် တိုင်းရင်းသားပွဲစားများ ထားရမည်။ ဤကန်ထရိုက်ပွဲစားများကို လက်ဝေခံများဟုခေါ်သည်၊
သဘာဝသယံဇာတထုတ်ယူရေးတိုင်းတွင် လက်ဝေခံထားစရာမလိုပါ။ လက်ဝေခံကို အရိုး အရင်းသာ ပေးသည်ဆိုစေဦးတော့ ပေးရပါသည်။ ဖြစ်နိုင်လျှင် နယ်ချဲ့ကုမ္ဗဏီများက မပေးလိုပါ။ ရာနှုန်းပြည့်အကျိုးအမြတ်ကို သူတို့သာ ယူလိုသည်။
သို့သော် သစ်ထုတ်လုပ်ခြင်း၊ သီးနှံများသိမ်းသယ်ခြင်းတို့လို တောထဲတောင်ထဲလုပ်ရသော လုံခြုံမှုမရှိသည့် အလုပ်ကို သူတို့မလုပ်နိုင်ပါ။ မလုပ်ဝံ့ပါ။ ပွဲစား ကံထရိုက်ထားရပါသည်။
ဖက်ဆစ်ဂျပန်ခေတ်သည် ဘာမျှမကြာလိုက်ပါ။ သို့သော် သူတို့လည်း လက်ဝေခံထားရပါသည်။ အဝယ်တော်၊ ဆပ္ပလိုင်း စသဖြင့်ခေါ်ပါသည် ။
နယ်ချဲ့ကိုလိုနီဖြစ်လျှင် လက်ဝါကြီးအုပ်ကုမ္ဗဏီရှိရမည်။ ရှိလျှင် လက်ဝေခံလူတန်းစားရှိမည် ဖြစ်သည်။
လက်ဝေခံလူတန်းစားတွင် အာဏာမရှိပါ။ သို့သော်အာဏာရှိသူများနှင့်နီစပ်သည်။ ဆွေမျိုးလည်း တော်နိုင်သည်။ ဗြူရိုကရက်မျက်နှာဖြူများ၏ တစုံတရာအရေးပေးခြင်းခံရ၍ အာဏာ တံစက်မြိတ်မှ လူတန်းစားဟုခေါ်ရမည်။
ဗြူရိုကရက်အရင်းရှင်လူတန်းစား
နိုင်ငံရေးလွတ်လပ်မှုရှိမှသာ ဗြူရိုကရက်အရင်းရှင်လူတန်းစား ဖြစ်ပေါ်နိုင်ပါသည်။ သူတို့သည် လက်ဝေခံလူတန်းစားမှ ဘဝပြောင်းလာသူများမဟုတ်ပါ။ လက်ဝေခံလူတန်းစားတွင် နယ်ချဲ့ ဆန့်ကျင်ရေးလက္ခဏာ နည်းနည်းမျှမရှိ။ နယ်ချဲ့ဆန့်ကျင်ရေးလည်း မလုပ်ခဲ့ပါ။ နယ်ချဲ့သမားနှင့် အတူတူရပ်တည်ကြသည်။
ဗြူရိုကရက်အရင်းရှင်လူတန်းစားဖြစ်လာမည့်သူများကတော့ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ခဲ့ကြသည်။ အမျိုးသားအရင်းရှင်လူတန်းစား၏ အတွေးအခေါ်ရှိကြသည်။ လွတ်လပ်သည့် ဓနရှင်နိုင်ငံတော် တည်ထောင်ရေးသို့ တိမ်းညွှတ်သည်။
ဤနေရာတွင် ဗမာပြည်အမျိုးသား အရင်းရှင်လူတန်းစားအကြောင်း အကျဉ်းမျှဖေါ်ပြရန် လိုပါသည်။
ကိုလိုနီတိုင်းပြည်မှ အမျိုးသားအရင်းရှင်လူတန်းစားများလိုပင် စီးပွားရေးအင်အားနည်းကြသည်။ အရင်းအနှီးအင်အား နည်းခြင်းသာကမသေး ထုတ်လုပ်ရေးနည်းပညာ၊ လုပ်ငန်းဦးစီးကြီးကြပ် သည့် အတွေ့အကြုံ နိုင်ငံတကာကုန်သွယ်ရေးအတွေ့အကြံုနှင့်အဆက်အသွယ် စသဖြင့် အဖက်ဖက်မှအားနည်းသည်။
ဗမာပြည်၏ထူးခြားချက်မှာ ဗမာပြည်၏ လက်ဝေခံအရင်းရှင်လူတန်းစားအတွင်း၌ လူမျိုးခြားများ ပါဝင်နေသလို အမျိုးသားအရင်းရှင်များအတွင်းတွင်လည်း ၎င်းတို့ပါဝင်ကြသည်။ အိန္ဒိယ အမျိုးသားအရင်းရှင်များအတွင်းတွင် အိန္ဒိယ ကွန်ဂရက်ပါတီ၏ နိုင်ငံရေးအတွေးအခေါ်နှင့် သြဇာလွှမ်းသည်။ တရုပ်လူမျိုးများအတွင်းတွင် ဆွန်ယက်စင်၏ ကူမင်တန်ဝါဒ လွှမ်းသည်။ အိန္ဒိယလူမျိုးများမှာ တရုပ်လူမျိုးများထက်များပြားရုံမက ဗမာပြည်လူတန်းစားလူ့အလွှာ အသီးသီးတွင် ဖြန့်ကျက်ကာရှိနေကြသဖြင့် အိန္ဒိယကွန်ဂရက်ပါတီ၏ အတွေးအခေါ်က ဗမာပြည် အမျိုးသားအရင်းရှင်လူတန်းစားအပေါ် ပိုမိုသြဇာသက်ရောက်သည်။ (အိန္ဒိယနှင့်ဗမာပြည် အခြေအနေချင်း တူညီကြ၍လည်းဖြစ်သည်)
၁၉၄၈ - နိုင်ငံရေးအရ လွတ်လပ်ရေးရလာသောအခါ ဖဆပလအဖွဲ့ အာဏာရလာသည်။ စီးပွားရေး၊ ဘဏ္ဍာရေး ၊ စစ်ရေးအနှောင်အဖွဲ့များဖြင့်ရလာသည့် လွတ်လပ်ရေးဖြစ်သောကြောင့် ဤအနှောင်အဖွဲ့များ၏ သက်ရောက်မှုကိုခံရသည်။ အင်္ဂလိပ်လက်ဝါးကြီးအုပ်ကုမ္ပဏီများ ဆက်လက်ရှိနေ၍ ၎င်းတို့နှင့်ပတ်သက်ရသည်။
အုပ်ချုပ်ရေးကိစ္စတွင်၊ အစိုးရပေါ်လစီချမှတ်ရာတွင် အင်္ဂလိပ်ကထားရစ်ခဲ့သည့် ဗြူရိုကရေစီ ယန္တရားနှင့်ဗြူရိုကရက်များကို မှီခိုရသည်။ စစ်တပ်ကိစ္စတွင် စစ်ကော်မရှင်ကို ဆရာတင်ရသည်။ ဤသို့ဖြင့် ဗြူရိုကရေစီအကျင့်စရိုက်များနှင့် ကျွမ်းဝင်ရင်းနှီးလာသည်။
ကိုလိုနီအစိုးရကချန်ထားရစ်သော ပရိုဂျက်စီမံကိန်းများ၊ ဘုတ်အဖွဲ့များအတွင်းသို့ အာဏာရ လူတန်းစား ဝင်ရောက်ကြသည်။ ဆန်စပါးရောင်းဝယ်ရေးဘုတ်အဖွဲ့၊ သစ်ထုတ်လုပ်ရေးဘုတ် အဖွဲ့များတွင် ပါဝင်သူများ စားသာကြသည်။ ဆပ္ပလိုင်း ထောက်ပံ့ရေးတွင် ပါဝင်သူများလည်း စားသာကြသည်။ ကိုလိုနီခေတ်လက်ဝေခံများလိုမဟုတ်ပဲ အရိုးအရင်းသာမကပဲ အသားရော အဆီပါ ဝါးမြိုကြရသည်။
ဖဆပလအတွင်းမှအုပ်စုများသည် ဤအလွန်စားသာသောနေရာများတွင် အာဏာပိုင်ဖြစ်ရန် အလုအယက် ကြိုးစားလာကြသည်။ ကြိုးစားကြရင်း အုပ်စုတိုက်ပွဲများလည်း အတောမသတ် ဖြစ်လာသည်။ နောက်ဆုံးတွင် ဖဆပလ ၂ ခြမ်း ကွဲတော့သည်။ အကွဲအပြဲဖြစ်လာသောအခါ သူတို့ချင်း အပြန်အလှန်အပုတ်ချကြသဖြင့် အာဏာရလူတန်းစားများ၏ ဗြူရိုကရက်အရင်းရှင် လူတန်းစား၏လက္ခဏာကို ပြည်သူတို့ကြားနာ သိမှတ်လိုက်ရတော့သည်။
ခေတ်ဟောင်း လက်ဝေခံအရင်းရှင်လူတန်းစားသည်လည်း ခေတ်ပြောင်းသွားပြီဆိုသည်ကို ရိပ်မိသည်။ သူတို့မှီခိုလဲလျောင်းရာ အင်္ဂလိပ်ကိုလိုနီစနစ် ယိမ်းယိုင်ခဲ့ပြီကို သိရှိပြီး၊ မှီခို လဲလျောင်းရာအသစ်အဖြစ် အာဏာရ ဖဆပလကို ချဉ်းကပ်ကြသည်။
ဝန်ကြီးချုပ် ဘာကြိုက်သည်။ ဒုဝန်ကြီးချုပ်များ ဘာ ဝါသနာပါသည်ကို လေ့လာသည်။ တခြားဝန်ကြီးများ၏အထာကို စူးစမ်းသည်။ အံခွအောင် စားဖူးသူများပီပီ ဤကိစ္စတွင် ကျွမ်းကျင် ကြသည်။ နောက်အာဏာပိုင်တို့၏ အကြိုက် လိုက်လုပ် ကသည် ။ အကြိုက်ကို ပေးကြသည်။
ဖဆပလ ခေတ်တခေတ်လုံးတွင် အလှူအတန်းပြုခြင်းများ၊ တန်ဆောင်တိုင်ပွဲ အပြိုင်ကြဲခြင်းများ မှအစ ဘော်လုံးပွဲအဆုံးလှုပ်ရှားမှုများတွင် သူတို့ကို ဝန်ကြီးချုပ်၊ ဝန်ကြီးမျာနှင့်တွဲ၍တွေ့ရမည်။ (စစ်ဗိုလ်များ အာဏာချုပ်ကိုင်သည့် ကာလတွင် ဂေါက်သီးအတူကစားခြင်းလည်း ပါမည်။ နိုင်ငံရေးသမားများက ဂေါက်သီးမကစားဝံ့ကြ၊ တခြားလောင်းကစားသာ ဝါသနာပါသူများက လုပ်၏)
လွတ်လပ်ရေးခေတ် အာဏာရလူတန်းစားသည် ဗြူရိုကရက်အရင်းရှင်များအဖြစ်သို့ တစတစ ပြောင်းလဲခဲ့ပြီ။

0 comments:

Post a Comment